..............................

Wednesday, September 16, 2009

ပါတီမှ ခွဲထွက်အဖွဲ့ဝင်ကို မွန်ကာကွယ်ရေးတပ်မှ သေနတ် ဖြင့် လုပ်ကြံ

Tue 15 Sep 2009, IMNA

မွန်ပြည်သစ်ပါတီမှ ခွဲထွက်ထားသည့် ဗိုလ်ချုပ်ဟောင်း နိုင်အောင်နိုင် အဖွဲ့ဝင်အား လုပ်ကြံ ပစ်ခတ်သူမှာ မွန်ကာကွယ်ရေး တပ်မှ ဖြစ်သည်ဟု မွန်ပြည်သစ် ပါတီဝင်တစ်ဦးက ပြောသည်။

ပစ်ခတ်ခံရသူက ၄င်းတို့ လုပ်ကြံမခံရမီတွင် သေနတ်ကိုင်ထားသည့် မွန် ကာကွယ်ရေးတပ် (MDF) မှ အဖွဲ့ဝင်များကို မြင်တွေ့ ခဲ့သည်ဟု မော်လမြိုင်မြို့ ဆေးရုံးကြီးတွင် လူနာကြည့်ခဲ့သော အထက်ပါ မွန်ပြည်သစ် ပါတီဝင်က ဆက်ပြောသည်။

မွန်ကာကွယ်ရေးတပ် (MDF) မှ နိုင်အောင်နိုင်အဖွဲ့ဝင် နိုင်အဗိုင်နှင့် နိုင်ချစ်စိန် နှစ်ဦးကို သံဖြူဇရပ် မြို့အဝင် ခလရ (၆၂) တပ်ရင်းရှေ့တွင် စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်မှာ သေနတ်ဖြင့် လုပ်ကြံ သတ်ဖြတ်ခဲ့သည်ဟု သိရသည်။ ၄င်းတို့သည် ယခုအချိန်တွင် မော်လမြိုင် ဆေးရုံတွင် ဆေးကုသ ခံယူနေသည်။

မွန်ကာကွယ်ရေးတပ်ဖွဲ့သည် မွန်ပြည်သစ်ပါတီမှ အနားယူထားသည် ပါတီဝင်များ ဖြစ်ပြီး၊ လက်ရှိ ၄င်းအဖွဲ့သည် ကရင်ပြည်နယ်၊ ကြာအင်း ဆိပ်ကြီးမြို့နယ်နှင့် မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်ကြားမှာ လှုပ်ရှားနေသည့် အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။ ၄င်းအဖွဲ့ထဲတွင် အဓိက အဖွဲ့ဝင် သုံးဦးသာရှိသည်ဟု ခရိုင်အဆင့် မွန်ပြည်သစ်ပါတီ ကော်မတီဝင် တစ်ဦးက ပြောသည်။

မွန်ကာကွယ်ရေးတပ်ဖွဲ့မှ လုပ်ကြံသူတွေမှာ နိုင်သန်းလွင်နှင့် နိုင်သူရဝင်းမြင့်တို့ပါဝင်ပြီး၊ ၄င်းတို့ ကိုင်ဆောင်ထားသည့် သေနတ်သည် မွန်ပြည်သစ် ပါတီ စစ်သားဟောင်းမှ ကိုင်ဆောင်သည့် သေနတ် ဖြစ်ကြောင်းလည်း သိရသည်။

၎င်းသေနတ် မည်သို့မည်ပုံဖြင့် မွန်ကာကွယ်ရေးတပ်ဖွဲ့ လက်ထဲသို့ ရောက်ရှိ သွားသည်ကို မော်လမြိုင်ခရိုင်မှ မွန်ပြည်သစ်ပါတီ တာဝန်ရှိသူတွေက စစ်သားဟောင်းကို စစ်ဆေး မေးမြန်းစုံစမ်း နေဆဲဖြစ်သည်။

မွန်ပြည်သစ်ပါတီမှ တာဝန်ရှိသူတစ်ဦးကလည်း ယခုလို မွန်အချင်းချင်း ပဋိပက္ခဖြစ်အောင် မြန်မာ စစ်အစိုးရ ပြုလုပ်တာလဲ ဖြစ်နိုင်သည်ဟု သုံးသပ် ပြောဆိုသည်။

မွန်ငြိမ်းချမ်းရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ကို ဦးဆောင်သော နိုင်အောင်နိုင်သည် ယခင်က မွန်ပြည်သစ် ပါတီတွင် မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ကို ဦးဆောင်သော စစ်ဦးစီးချုပ် တစ်ဦးဖြစ်ပြီး၊ ၂၀၀၈ ခုနှစ်တွင် ၄င်း၏အဖွဲ့ဝင် အချို့နှင့်အတူ မွန်ပြည်သစ် ပါတီမှ ခွဲထွက်ခဲ့သည်။

လွန်ခဲ့သည့်ဧပြီလကလည်း မွန်ပြည်သစ်ပါတီ ခရိုင်ကော်မတီဝင် နိုင်မင်းနောင် လုပ်ကြံ ခံခဲ့ရပြီး၊ လုပ်ကြံသူများကို မော်လမြိုင် မြို့ပေါ်မှ ရဲအဖွဲ့တို့က ဖမ်းဆီးလိုက်သည်။ ၄င်း လုပ်ကြံသူတို့သည် မွန်ငြိမ်းချမ်းရေးနှင့် ကာကွယ်ရေး တပ်ဖွဲ့မှ ခွဲထွက်သော နိုင်အောင်ချမ်း အဖွဲ့မှ ဖြစ်သည်။ သို့သော် ဖမ်းဆီးရမိသူကို မွန်ပြည်သစ် ပါတီမှ တစ်စုံတစ်ရာ စစ်ဆေး မေးမြန်းခွင့် မရရှိပါ။

ထိုနည်းတူ မေလတုန်းကလည်း မွန်ပြည်သစ်ပါတီ ကော်မတီဝင် နိုင်ရာဇာအား အမည်မသိ သေနတ်သမား တစ်စုက ကားပေါ်မှ ခြောက်ချက်တိတိ ပစ်ခတ်ခဲ့သော်လည်း တစ်စုံတစ်ရာ ဒဏ်ရာ မရရှိကြောင်း သိရသည်။ နိုင်ရာဇာအား မည်သူမည်ဝါ လုပ်ကြံသည်ကို ယခုချိန်ထိ စုံစမ်း သိရှိခြင်း မရှိပါ။

Ref: မွန်သတင်းအေဂျင်စီ

0 comments:

အပေါ်သို့