..............................

Tuesday, April 28, 2009

လူရွှင်တော် ဇာဂနာ ထောင်ပြင်ထုတ် ဆေးစစ်ခွင့်ရ

NEJ /၂၇ ဧပြီ ၂၀၀၉

ယနေ့မွန်းလွဲပိုင်းက သရုပ်ဆောင် ဒါရိုက်တာ မောင်သူရခေါ် လူရွှင်တော် ဇာဂနာကို မြစ်ကြီးနား အကျဉ်းထောင်မှ ထောင်ပြင်ဆေးရုံသို့ ထုတ်လာပြီး ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း မိသားစုဝင် တဦးက ပြောသည်။

မိသားစုဝင်တဦးက “မွန်းလွဲပိုင်းမှာ ထောင်ထဲကနေ ဗင်ကားတစီးနဲ့ မြစ်ကြီးနား ဆေးရုံကို ခေါ်ထုတ်လာတယ်။ နောက် အထူးကု ဆရာဝန်တွေနဲ့ ဆေးစစ်တာခံတယ်။ နောက် သိပ်မကြာဘူး။ ထောင်ထဲကို ပြန်ခေါ်သွားတယ်။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အဖြေကိုတော့ မကြာခင် သိရလိမ့်မယ်” ဟု ပြောသည်။


ကိုဇာဂနာသည် ထောင်တွင်းတွင် အသည်းရောင်အသားဝါ၊ နှလုံးနှင့် အခြားရောဂါများ ရရှိကာ သတိလစ် မေ့မျောသည် အထိ ဖြစ်ခဲ့ပြီး နောက်ပိုင်း ထောင်ဝင်စာ သွားတွေ့သည့် ခယ်မ မငြိမ်းက ကိုဇာဂနာအတွက် လိုအပ်သည့် ဆေးဝါးနှင့် အသုံး အဆောင်များကို ထောင်ပြင်ပမှ ဝယ်ယူ ပို့ပေး နေခဲ့ရကြောင်း၊ နောက်ပိုင်း ကိုဇာဂနာ၏ ကျန်းမာရေး အခြေအနေ ကောင်းမလာ၍ ထောင်ပြင်ထုတ်ပြီး ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများ လုပ်ခွင့်ပေးရန်၊ ဆရာဝန်ကြီးများနှင့် ကုသခွင့်ပေးရန် ထောင် အာဏာပိုင်မှ တဆင့် ပြည်ထဲရေး ဝန်ကြီးအထိ အဆင့်ဆင့် တင်ပြခဲ့ကြောင်း၊ မြစ်ကြီးနားထောင်တွင် ထောင်ဆေးရုံ မရှိသည့်အပြင် ဆရာဝန်ပင် မရှိဘဲ ကျန်းမာရေး ကိစ္စများကို ဆေးမှူး တဦးကသာ တာဝန်ယူထားကြောင်း အဆိုပါ မိသားစုဝင်က ပြောသည်။

ထို့ပြင် ထောင်တွင်း၌ ဆေးဝါး ထောက်ပံ့မှုလည်း မရှိ၍ လိုအပ်သမျှ ဆေးဝါးမှန်သမျှ ထောင်ပြင်ပမှ မိသားစုများကပင် ဝယ်ယူ ဖြည့်တင်း ပေးနေရကြောင်း အဆိုပါ မိသားစုဝင်က ပြောပြသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့