..............................

Friday, November 14, 2008

အဝေးက ပေးစာတစောင်

၂၀၀၈ခုနှစ၊ မတ် ၂၃။

ကိုဟိုဒင်းရေ -
စိုင်းထီးဆိုင်တယောက် ဆုံးရှာပြန်ပါရော့လားဗျာ။ တနေ့ကပဲ ကျနော်နဲ့ မိတ်ဆွေ တယောက်နဲ့ အီးမေးလ် အပြန်အလှန် ရေးကြရင်း တကယ့် ဂီတ အနု ပညာသည် စစ်စစ် ဖြစ်တဲ့သူက - ဂီတလုလင် မောင်ကိုကို ဆုံးသွားတာ။ ဘယ်သူမှ ဂုဏ်ပြုစာ မရေးကြဘူး။ ပြည်တွင်းမှာလည်း မရေးကြဘူးလို့ ၀မ်းနည်း ဒေါသနဲ့ပြော ပါတယ်။ ကျနော်ကလည်း သူ့ခံစားမှုကို ကိုယ်ချင်းစာမိတာနဲ့ ငိုင်ကျ သွားမိတယ်။ ဟုတ်တယ်ဗျာ။ သူနဲ့ မတိမ်းမယိမ်း ကွယ်လွန်ကြတဲ့ အေ၀မ်းစိုးမြင့်။ ကိုလေးညွန့် စသဖြင့် အစားထိုးမရတဲ့ ပညာရှင်တွေ ကွယ်လွန်တာ ဟာလည်း တကယ်ကို ၀မ်းနည်းစရာပဲ။ ကျနော့်ခေါင်းထဲမှာ (ရင်ထဲမှာလို့လဲ ဆိုနိုင်ပါတယ်) သူတို့ကို ဂုဏ်ပြု တဲ့ ဆောင်းပါးလေး တစောင်လောက် ရေးချင်လိုက်တာလို့ ပေါ်ပါတယ်။ ဒါပေမဲ့ ကိုယ်က သူတို့အကြောင်းကို သူများတကာထက် ပိုသိတာလဲ မဟုတ်၊ သူတို့ပညာ ကိုလဲ လိုက်မီတာ မဟုတ်ပဲနဲ့။ ရေးလိုက်ပါမှ ယောအတွင်းဝန် ဦးဘိုးလှိုင်ရဲ့စာကို ငတာက ချီးကျူးတာမျိုး ဖြစ်နေမှာစိုးလို့ မရေးခဲ့ဘူးလို့ အဲဒီမိတ်ဆွေကို ပြန်ပြော လိုက်မိပါတယ်။ အခုတော့ သူတို့နောက်ကို ထက်မြက်တဲ့ ဂီတာ ပညာရှင် နောက်တယောက် လိုက်သွား ပါပြန်ကောလားဗျာ။

သူကွယ်လွန်တဲ့သတင်းကို ကျေညာပြီးနောက် ရေဒီယိုတွေကနေ သူ့ရဲ့ ‘နေရစ် တော့ကွယ်၊ သွားတော့မယ်’ ဆိုတဲ့ သီချင်းလေး ဖွင့်ပေးတော့ ကျနော်ဖြင့် မျက်ရည်ကျလုတဲတဲ ငေးနေမိ။ ပြန်သတိရ နေမိတယ်။ သတိရဆို ကျနော့်ဘ၀ရဲ့အကြီးမားဆုံး အပြောင်း အလဲကြီး တခု ဖြစ်ပေါ်နေတုန်းမှာ ကျနော့်ရဲ့ဘ၀ အတွင်း ၀င်ရောက်လာတဲ့ သီချင်းများနဲ့ တေးသံရှင်ပေကိုး။ ဘယ်လိုမှ မေ့မရတဲ့ နေ့ရက်များနဲ့ မေ့မရတဲ့ သီချင်းများလေ။ လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်က။

ခင်ဗျားလည်းသိတဲ့အတိုင်းပဲ ကျနော့်လူငယ်ဘ၀ဟာ သာမန် လူ့လောကမှာ တယ်ပြီး နေရတာမှ မဟုတ်တာ။ ထောင်ထဲနဲ့ တောထဲမှာ ဖြတ်သန်းရတဲ့ ကာလက ပိုများတဲ့ဥစ္စာ။ ဒီလိုနဲ့ တခါတော့ ခင်ဗျားတို့ သိကြတဲ့အတိုင်း ပစ္စ န္တရစ် အရပ်မှာ ကျနော်ကာလ တခု သွားနေလိုက်ရတယ်။ အဲဒီက ပြန်ရောက်လာတော့ အင်းစိန် ထောင်ထဲရောက်တယ်။ အဲဒီအချိန်ကျမှ ခေတ်ပေါ် စတီရီယိုတေး တွေကို ကြားရတာကိုးဗျ။ ထောင်ပြင်ကနေ လွင့်ပျံလာတဲ့ လော်သံတွေကပေါ့။ ကျနော် ဖြင့် ဟာ - ငါ့နားများ မှားတာလား။ ဘာသာခြား သီချင်းတွေ လွင့်နေတာလား။ ဂီတကလည်း ဆန်းချင်တိုင်းဆန်း။ စာသားတွေကလည်း မပီပဲကိုးဗျ။ ယဉ်ကျေးမှု ချင်း ဆောင့်မိတာလို့ ဆိုရမလား မသိပါဘူး။ ခေါင်းကို ချာလပတ်လည် ရမ်းသွားတာပဲ။ အဲဒီနောက် အိမ်ပြန်ရောက်မှ နှမနဲ့ ညီကို မေးကြည့်ပြီး သူတို့ ပြောပြလို့သိရ တယ်။ အော် - ဒါစတီရီယိုတေး ဆိုတာတဲ့လားပေါ့။ နို့ပေမဲ့ ကိုယ့်နားနဲ့ စိမ်းလွန်းလို့ ကျနော်က အလှမ်းဝေးဝေး မှာပဲ နေလိုက်မိတယ်။ တပုဒ်မှ စိတ်မ၀င်စားခဲ့ဘူး။ ဒါပေမဲ့ အဲဒီအထဲမှာ ထူးထူးခြားခြား ချွန်ထွက်နေတဲ့ သီချင်းတပုဒ်ကိုတော့ သတိထားလိုက် မိတယ်။ အဲဒါက မနက်ကနေ နေ၀င်အထိ ဆိုရမလောက်နီးပါး ကြားနေရတဲ့သီချင်းက “မန္တလေးရောက် ရှမ်းကလေး တယောက်” ဆိုတဲ့သီချင်း။

အဲဒီနောက်တော့ ကျနော်အိမ်ကိုစွန့်ခွာရရော။ မိဘမောင်နှမနဲ့ ဆွေမျိုး မိတ်ဆွေတွေကို ခွဲခွာရရော။ ရှမ်းပြည်နယ်က တောင်တန်းတွေပေါ် ရောက်သွားတယ်။ ရှမ်း၊ ပအို့၊ တောင်သူ၊ လီရှော၊ အင်းသား၊ ဓနု စတာတွေ နေထိုင်တဲ့ တောင်တန်းတွေ၊ လွင်ပြင် တွေမှာ ပေါ့ဗျာ။ အိုးစည်သံ။ လင်းကွင်းသံတွေ မြိုင်လှတဲ့။ အဲ - မဟုတ်ဘူးဗျ။ အိုးစည်သံ - လင်းကွင်းသံ ဆိုတာက ပွဲလမ်းကျမှ ကြားရတာ။ ၀ါတွင်းဆွမ်းကပ်ဖို့ အဖိတ်နေ့မှာလည်း ကြားရတယ်။ ကျန်တဲ့ အချိန်တွေမှာတော့ အများဆုံး ကြားရတာဟာ စိုင်းထီးဆိုင်နဲ့ စိုင်မော်ဝ်တို့ရဲ့ သီချင်းတွေပဲဗျို့။ ဘယ်နေရာ ရောက်ရောက်၊ ဘယ်လူမျိုးတွေ အကြား ရောက်ရောက် ကာလသား။ ကာလသမီး တွေဟာ ကက်ဆက် ပါလာသူကို စိုင်းထီးဆိုင်နဲ့ စိုင်းမော်ဝ်တို့ရဲ့ သီချင်းတွေ ဖွင့်ခိုင်းကြတာပဲ။ လားရှိုးသိန်းအောင်တို့ ဘာတို့လည်း ကြိုက်ကြပါရဲ့။ ဒါပေမဲ့ ဒီနှစ်ယောက်၊ အထူးသဖြင့် စိုင်းထီးဆိုင်လောက် ပေါ်ပြူလာဖြစ်တာ ဘယ်သူ့မှ မတွေ့ရပေါင်ဗျာ။

ပအို့အမျိုးသားတွေမှာ အပျိုလည်တယ်ဆိုတဲ့ ဓလေ့ရှိတာကိုးဗျ။ အပျိုလည်တယ် ဆိုတာ ထူးထူး ခြားခြားတော့ မဟုတ်ပါဘူး။ တနေ့လုံး သနပ်ဖက်ခြံ။ ကြက်သွန်ခင်းထဲမှာ အလုပ်လုပ်ကြပြီးတဲ့နောက် ညမှာ အပျိုလေးတွေရှိတဲ့ အိမ်တွေကိုသွားပြီး မီးဖိုရှေ့မှာထိုင်၊ လေကန် ကြတာကိုးဗျ။ မီးဖိုဆိုတာက အိမ်ရဲ့အဓိက အခန်း။ ဧည့်ခန်းကြီးထဲမှာ ရှိတာပါ။ နောက်ပြီး ကာလသားနဲ့ ကာလသမီး တယောက်ချင်း စကားပြောတာမျိုး မဟုတ်ပါဘူး။ အိမ်ရှင် အပျိုက လာသမျှ ကာလသားကို ဧည့်ခံ စကားပြောရတာပါ။ ပြောတာက တဖက်က အလုပ်လုပ်ရင်း တဖက်က ပြောတာပါ။ ဥပမာ ကြက်သွန်ချိန်ဆိုရင် ကြက်သွန်မျိုးတွေကို စိုက်ဖို့အတွက် ဥတွေက နေ အမြှောင်းတွေ အဖြစ် ချွေကြရတယ်။ အိမ်ရှင်မိန်းကလေးက သူ့အိမ်က မျိုးတွေကိုချွေ။ လာတဲ့ကာလသားတွေ ကလည်း ကိုယ်ယူလာတဲ့ ကိုယ့်အိမ်က ကြက်သွန် မျိုးတွေကိုချွေ။ အဲဒီလို လေကန်ကြတာပဲဗျ။ အဲ။ ထူးခြားတဲ့ ထုံးစံတခုက ကာလသားတွေက ကောင်မလေးတွေကို နင်ငါ့ကို ကြိုက်သလားလို့ မေးရင် ကြိုက်တယ်လို့ ပြန်ဖြေရတယ်ဗျ။ မကြိုက်ဘူးလို့မဖြေရဘူး။ ဒါပေမဲ့ဒီလိုစကားဝိုင်းမှာ ပြောတာကို ဘယ်သူမှအတည်မယူရဘူးလေ။ သူတို့ထုံးစံပဲ။ ခုနကပြောနေတာနဲ့ ပြန်ဆက် ရရင် အဲဒီလို အပျိုလည်ကြရာမှာ တတ်နိုင်တဲ့ ကာလသားများက ကက်ဆက်လေးတွေ သယ်သွားကြတာကိုးဗျ။ ပြီးမှ အပျိုရှေ့မှာဖွင့်ပြ။ နားထောင်ကြ။ ထင်မြင် ချက်ပေးကြပေါ့လေ။ ဒါကြောင့် သူတို့ရဲ့ကြက်သွန်ထည့်တဲ့ ပလိုင်းတွေထဲမှာ ကက်ဆက်ခွေတွေနဲ့ ဓာတ်ခဲအသစ် အဟောင်း။ တပတ်ရစ်၊ ဓာတ်ခဲ မျိုးစုံပါလာ တတ်သဗျ။ လက်တဖက်မှာတော့ လက်နှိပ်ဓာတ်မီးပေါ့ဗျာ။ မိုးရွာရွာ။ နှင်းကျကျ အဲဒီစတိုင်က မပျောက်ဘူးဗျ။ အဲဒီလို ညတွေမှာ ဖွင့်တဲ့ သီချင်းတွေကတော့ စိုင်းထီးစိုင်၊ စိုင်မောဝ်တို့ရဲ့ ဟာတွေပေါ့ဗျ။

ကျနော်က။ အဲဒီတုန်းကတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့နဲ့အတူနေ။ အတူစား။ အတူလှုပ်ရှား နေတာဆိုတော့ ရွာတကာ လှည့်ပြီး မြို့နယ်အ လုပ်တွေ လုပ်ကြတာပေါ့ဗျာ။ အဲဒီ ကျနော်တို့ရဲ့အဖွဲ့မှာ သေနတ်လိုပဲ မပါမဖြစ် ပါလေ့ရှိတာက ကက်ဆက်နဲ့ ကက်ဆက် ခွေတွေပဲဗျ။ သူတို့က ဒေသခံလူထု။ အထူး သဖြင့် လူငယ်ပိုင်းတွေနဲ့ စကားပြောပြီးရင် ကက်ဆက်လေးဖွင့်။ ထွေရာလေးပါး ပြောကြ တာပေါ့ဗျာ။ ဒီအခါမှာ ကာလသားတွေက ဘာသီချင်းရှိသလား။ ဘယ်သီ ချင်းလေးဖွင့်ပါအုန်း စသဖြင့်ပြောကြ တောင်းဆိုကြတာ။ စိုင်းထီးဆိုင်နဲ့ စိုင်မော်ဝ်တို့ရဲ့ သီချင်းတွေချည်းပဲ။ နောက်ပြီး ကျနော်တို့တတွေ တတောင်ကနေ တတောင်၊ တရွာကနေ တရွာ သွားကြတော့လည်း လက်ထဲပါလာတဲ့ ကက်ဆက်က သူတို့ သီချင်းတွေပဲ ထွက်နေတာကိုးဗျ။ ဒါကြောင့် ကျနော့်အဖို့ ရှမ်းပြည်နယ်က ဒီတော။ ဒီတောင်၊ ဒီမြောင်၊ ဒီစမ်းတွေနဲ့ ဒီသီချင်းတွေဟာ ခွဲလို့ မရဘူးဖြစ်သွားတယ်။ လှေစီးရင်း။ မြင်းစီးရင်း ဒီသီချင်းတွေနဲ့ လွင့်မျောခဲ့ရတဲ့ နေ့ရက်တွေကို ဘယ်တော့မှ မမေ့ပါဘူး။ တခါတလေကိုယ်က သူတို့စကား နားမလည်လို့ ကိုယ့်ကိုရွာထဲက အိမ်တအိမ်မှာ သေနတ်တလက်၊ ကက်ဆက်တလုံးနဲ့ ထားခဲ့တာမျိုးတွေလည်း ရှိတယ်။ ကက်ဆက်နဲ့ ထားခဲ့တယ် ဆိုတာထက် ထီးဆိုင်တို့ စိုင်မောဝ်တို့နဲ့ ထားခဲ့တယ်ဆိုရင် ပိုမှန်မယ်ထင်ပါတယ်ဗျာ။

ကျနော်အဲဒီနေရာတွေကိုခွာရတဲ့အခါမှာ သူတို့သီချင်းတွေ ခေါင်းထဲ ရင်ထဲမှာ စွဲကပ်ပြီး ပါလာတာပေါ့။ အဲဒါလည်း ကြာသွားပြီ။ အခုတော့ ကျနော့် လက်ထဲမှာ သေနတ် မရှိတော့ဘူး။ ရင်ထဲမှာ စိုင်းထီးဆိုင်ရဲ့ သီချင်းတွေတော့ ရှိနေတယ်။

ယာတောကသာဗြော

0 comments:

အပေါ်သို့