..............................

Friday, May 9, 2008

တပြည်ထောင်စနစ် စစ်အစိုးရဖွဲ့စည်းပုံကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်ကြရန် RCSS ဥက္ကဌ တိုက်တွန်း

သောကြာနေ့၊ 09 မေလ 2008

မနက်ဖြန်ကျင်းပတော့မည့် နအဖစစ်အစိုးရ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း လူထုဆန္ဒခံယူပွဲတွင် သျှမ်းပြည်လူထု ၉၉ ရာခိုင်နှုန်း က ကန့်ကွက်မဲ ပေးချင်နေကြသော်လည်း ထောင်ဒဏ် ငွေဒဏ် အပြစ်ဒဏ် အမျိုးမျိုး ချခံရမည့်အရေး တွေးကြောက်နေကြသည်ကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS သျှမ်းပြည်တပ်မတော် SSA ဥက္ကဌ ဗိုလ်မှူးကြီးယွက်စစ်က အားပေးစကား ပြောကြားခဲ့သည်။

“ထောက်ခံမဲ ခြိမ်းခြောက်ထည့်ခိုင်းနေတဲ့ စစ်အုပ်စုရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ ပြည်သူ့ကိုယ်စားလှယ်တွေ မပါဘဲ နအဖ ပင်တိုင်ရေး အခြေခံဥပဒေမူကြမ်း ဖြစ်တယ်။ ကိုယ်က ကြောက်ပြီး သူတို့ ခြိမ်းခြောက်ခိုင်းစေတဲ့အတိုင်း ထောက်ခံမဲ ထည့်လိုက်ရင် ရေရှည်ဒုက္ခရောက်ဖို့ လုပ်လိုက်သလို ဖြစ်မယ်။ ရှေ့ဆက် စစ်အာဏာရှင်စနစ် ဆက်လက်ရှိအောင် လုပ်ပေးလိုက်သလို ဖြစ်မယ်။ လက်နက်ကိုင်တိုက်တာ မဟုတ်တဲ့ တရားသောနည်းလမ်းနဲ့ တိုက်ရင် ဘာမှကြောက်စရာမလိုဘူး။ ကြက်ခြေခတ် ထည့်သင့်ပါတယ်”။

“လက်နက်ကိုင် အပစ်ရပ်အဖွဲ့တွေလဲ နအဖ အခြေခံဥပဒေကို ထောက်ခံလိုက်ရင် ရွေးချယ်စရာလမ်း ၂ လမ်းဘဲရှိတယ်။ လက်နက် ချမလား? သေနတ်ကိုင်တိုက်ပွဲ ဆက်ဝင်မလား? ဒီတစ်ချီမှာ ကျနော်တို့ ပူပေါင်းတိုက်ပွဲဝင်လိုက်ရင် စစ်အစိုးရ ခံနိုင်မှာမဟုတ်ပါဘူး။ အကယ်၍ ထောက်ခံမဲ ထည့်ပေးလိုက်ရင် ကျနော်တို့ ပြည်သူလူထုကို နအဖစစ်သားတွေ ဆက်လက်အနိုင်ကျင့် သတ်ဖြတ်ဖို့ ထောက်ခံပေးလိုက်သလို ဖြစ်သွားမယ်။ ဒါကြောင့် ကြက်ခြေခတ် ကန့်ကွက် ခြစ်သင့်ပါတယ်” - ဟု ပြောပါသည်။

ဒီမိုကရေစီနိုင်ငံ မဟုတ်သောကြောင့် ကန့်ကွက်မဲထည့်ပါက အန္တရာယ် ရှိနိုင်သော်လည်း စည်းလုံးခြင်းသည် အင်အားဆိုသည့်အတိုင်း သွေးစည်းညီညွတ်ကြပါက ကြောက်စရာ မလိုကြောင်း စ၀်ယွက်စစ်က ပြောပါသည်။

လက်ရှိအခြေအနေအရ “ကန့်ကွက်မဲ ထည့်ပါက စစ်အုပ်ချုပ်ရေး ဆက်လက်ရှိသွားမည်” ဟူသော စစ်အာဏာပိုင်များ မဲဆွယ် စည်းရုံးနေမှုနှင့် ပတ်သက်၍ ဗိုလ်မှူးကြီးယွက်စစ်က -

“ဒါတွေက အတွေးသက်သက်သာ ဖြစ်တယ်။ အကယ်၍ စစ်အုပ်စုက အနိုင်ရသွားရင် ကျနော်တို့ တိုင်းရင်းသားတွေကို ဒီ့ထက်မက သွေးခွဲစိတ်ဖြာ ဖျစ်ညှစ် ဖိနှိပ်ဦးမယ်။ သန်းရွှေနဲ့ မောင်အေးတို့ နှစ်ယောက်က မင်းသားဝတ်စုံဝတ်မယ်။ သူရရွှေမန်းတို့ကို စစ်တပ် အနေနဲ့ ဆက်ထားမယ်။ မူလစစ်အုပ်ချုပ်ရေးပုံ အတိုင်းဘဲ ဆက်ဖြစ်သွားမယ်။ နောက်တစ်ခုက သူတို့ ဖွဲ့စည်းအုပ်ချုပ်ပုံ စာအုပ်ထဲမှာ ရေးထားတဲ့ ဥပဒေတွေအားလုံးဟာ လုံးဝ တစ်ပြည်ထောင်စနစ် (ဗမာပြည်) သာဖြစ်တယ်။ ပြည်ထောင်စုပုံစံ မဟုတ်တော့ဘူး။ မကြာတော့တဲ့ကာလမှာ ဗမာပြည်လုံးလုံး ဖြစ်သွားမဲ့ ဥပဒေတွေ ဖြစ်တယ်” ဟု ပြောပါသည်။

သျှမ်းပြည်သူလူထု မိဘပြည်သူအပေါင်းအား စ၀်ယွက်စစ်က “အပစ်ရပ် ၁၃ ဖွဲ့ စုပေါင်းပြီး အခြေခံဥပဒေပြင်ဖို့ တင်ပြတာ၊ ပြင်ခွင့် မရကတည်းက ပြည်သူလူထုအရေးအတွက် ရေးဆွဲထားတာ မဟုတ်ဘဲ စစ်အုပ်စုအတွက် ရေးဆွဲထားတာ ဖြစ်တယ်ဆိုတာ သိသိသာသာကြီးပါ။ ဒါကြောင့် စစ်အစိုးရရေးဆွဲတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြည်သူလူထုတို့ တသွေးတသံတည်း ရဲရဲဝံ့ဝံ့ ဆန့်ကျင်ကြဖို့ တိုက်တွန်းချင်ပါတယ်” - ဟု မေလ ၇ ရက် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် စ၀်ယွက်စစ်က ပြောကြားသည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့