..............................

Saturday, October 13, 2007

ခံစစ်နေရာရောက်နေသောစစ်ဘီလူးငကြောက်များ

Friday, October 12, 2007

နအဖစစ်အာဏာရှင်တို့ခံစစ်နေရာရောက်နေလေပြီ။ နောက်တချီဆိုလျှင် ဒင်းတို့ ဆုတ်စစ်ဖြစ်ပြီး ကျွန်ုပ်တို့ ပြည်သူများ အောင်ပွဲ ရတော့မည်။ မြန်မာပြည်ကြီးပေါ်တွင် အရိပ်မိုးထားသော စစ်အာဏာရှင် စနစ်ကြီးကား နေ၀င်သွားတော့မည် ဖြစ်သည်။ လောကတွင် သဘာဝတရားကို မည်သို့သော အင်အားကြီး အရာကမျှ လွန်ဆန်နိုင်ခြင်း မရှိပါ။ နေဆိုသည် မှာ ထွက်ပြီးလျှင် ၀င်ရမည်။ အမှောင်ပြီးလျှင် အလင်းဆိုသည်မှာ ရောက်လာစမြဲ။

၂၀၀၇ခုနှစ်၊ စက်တင်ဘာတွင် ဖြစ်ပွားခဲ့သော ဘုရားသားတော်များ ဦးဆောင်သည့် စစ်အာဏာရှင် ပြုတ်ကျရေး လူထု တိုက်ပွဲများသည် နအဖအား ခံစစ်နေရာသို့ အပြီးတိုင် တွန်းပို့ခဲ့ပါသည်။ နအဖတို့အနေဖြင့် ဤမျှ ကြီးမားလှသော ထိုးစစ်ကြီးကို ကြုံတွေ့ ရလိမ့်မည်ဟု ခန့်မှန်းခဲ့ကြဟန် မတူပါ။ ထိုနည်းတူစွာပင် အတိုက်အခံများ ဘက်မှလည်း မျှော်လင့် ခဲ့ကြဟန် မတူပါ။ သို့ပေမယ့် သံဃာတော်များ၏ မေတ္တာဓာတ်နှင့် လူထုကြီး၏ အဖိနှိပ်ခံ အားမာန်တို့ ပေါင်းစပ် သွားသည့် အခိုက်၌ အင်အား ကြီးမားလှသော မြားတစင်း ထွက်ပေါ်လာခဲ့သည်။ ထိုမြားသည် စစ်အာဏာရှင်တို့၏ ရင် ၀ကို အရှိန်ပြင်းစွာ စူးနစ် ၀င်သွားသောအခါ ဘုရားမရှိ၊ တရားမရှိသူ သေအံ့မူးမူး လူတို့၏ ထုံးစံအတိုင်း လုပ်မိလုပ် ရာလုပ်၊ အော်မိချင်ရာအော်နှင့် သွေးရူးသွေးတမ်း ဖြစ်ကြတော့သည်။

ကမ္ဘာပေါ်ရှိ မည်သည့်စစ်ပွဲတွင်မဆို အောင်ပွဲသည် သွေးအေးတည်ငြိမ်သူများ အတွက် ဖြစ်လာကာ သွေးရူးသွေးတမ်း ဖြစ်တတ်သူများသည် ကျဆုံး စမြဲပင် ဖြစ်သည်။ မြန်မာပြည်မှ စစ်ဗိုလ်ချုပ် ကြီးများသည် သွေးရူးသွေးတမ်း သမားများ ဖြစ်ကြောင်းကို ဤအရေးတော်ပုံကြီးက မီးမောင်း ထိုးပြနေခဲ့ပြီဖြစ်သည်။

တကယ်တော့ သြဂုတ်-စက်တင်ဘာ အရေးတော်ပုံကြီး မစတင်မီအထိ နအဖ စစ်အာဏာရှင် တို့သည် သူတို့ကိုယ် သူတို့ မြန်မာ့ အရေးတွင် အသာစီး ရနေပြီဟု ထင်ခဲ့ကြသည်။ ငြိမ်းအဖွဲ့များအား မြို့ပေါ်ခေါ်ကာ ရွှေငွေများခွံ့ထား နိုင်ခြင်း၊ အမျိုးဖျက် ညီလာခံအား အဆုံးသတ်၍ လမ်းပြမြေပုံ အဆင့်တဆင့်အား ပြီးဆုံးနိုင်ခြင်း၊ နိုင်ငံတကာ လက်နက်မဲ့ စစ်မျက်နှာတခု ဖြစ်သော ကုလသမဂ္ဂတွင် တရုတ်နှင့် ရုရှားအား အပိုင်ပေါင်း၍ နိုင်ငံတကာမှ ထိရောက်စွာ အရေးယူမည့် အရေးကို ရှောင်ရှား နိုင်ခဲ့ခြင်းတို့အား အောင်ပွဲဟု ထင်ခဲ့ကြပုံ ပေါ်သည်။ ပြည်တွင်းအရေးများတွင်လည်း အထိဂရုဏ်း နှိမ်နင်းရေး ရဲတပ်များနှင့် ကြံ့ဖွတ်၊ စွမ်းအားရှင်များ ရှိလျှင် ဖူလုံပြီဟု မြင်ခဲ့ကြပုံ ပေါ်ပါသည်။ ပြည်သူလူထု ကို သူတို့ အထင်သေး ခဲ့ကြသည်။ ထို့ကြောင့်လည်း ဘုရားသား၊ ကျောင်းသားနှင့် လူထုကြီးသည် နအဖအား ခံစစ် နေရာသို့ တွန်းပို့လိုက်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

သူတို့ကိုယ်သူတို့ ခံစစ်နေရာ ရောက်နေမှန်း သိရသော အချိန်၌ကား ဖရိုဖရဲ ဖြစ်ကြတော့သည်။ ထိုအခါ လေတိုး သည်ကိုပင် ရန်သူထင်ကာ သေနတ် ပစ်ဖောက်တတ်သော သတ္တိနည်းသူ ငကြောက်များ၏ ထုံးစံအတိုင်း တောပစ် တောင်ပစ်နှင့် ကြောက်မဲ မဲနေကြတော့သည်။ လူ့စည်းကမ်းကိုလည်း နားမလည်၊ ကျင့်ဝတ်ဆိုသည်မှာလဲ ဝေလာဝေး နှင့် အဆုံးစွန် ကြောက်စိတ်မှသည် လူစိတ်ကင်းမဲ့ကာ တိရစ္ဆာန်စိတ်နှင့် နွားသိုး ကြိုးပြတ်ကြီးနှယ် ဖြစ်နေလေသည်။ အဆိုပါနွားသိုးကြိုးပြတ်ကြီးအား ပါရမီဖြည့်နေသည့် ပေါက်ဖော်မ ကလည်း ရှိနေလိုက်သေးသည်။ သံဃာတော်များ အား လူမဆန်စွာ အကြမ်းဖက်မှုမလုပ်ခင်တွင် နိုင်ငံခြားရေး ၀န်ကြီးအား ပေါက်ဖော်မ ဆီ လွှတ်ကာ ရွှေလမ်းငွေလမ်း ဖောက်၍ မီးစိမ်းလား၊ မီးနီလား တီးခေါက် လိုက်သေးသည်။ ပေါက်ဖော်မ မီးစိမ်းပြသည်နှင့် အပိုင်ထင်ကာ အဟိတ် တိရစ္ဆာန်များပင် ပြုမည်မဟုတ်သာ အကုသိုလ် ဆိုးကြီးကို ပြုကျင့်ခဲ့ကြခြင်းဖြစ်သည်။

အဟိတ်တိရစ္ဆာန်များပင်လျှင် မေတ္တာဓာတ်ကို ခံစားနိုင်ကြသေးသည်ဖြစ်ရာ ယခု လူရုပ်ကြီးများ၊ လူ့ကိုယ်ခန္ဓာ ကြီးများကို ရရှိ ပိုင်ဆိုင်ထားသော အာဏာရှင်များနှင့် လက်ပါးစေများမှာကား စိတ်ဓာတ် ရေးရာတွင်မူ တိရစ္ဆာန် ထက်ပင် နိမ့်ကျသော မိစ္ဆာကောင်များ ဟုပင် ဆိုရပေမည်။ မေတ္တာပို့သံကို သေနတ်သံနှင့် လွှမ်းသည့် စစ်တပ်မျိုး ဗုဒ္ဓသာသနာ တော် အစဉ်အဆက်တွင် မည်သည့်အခါကမျှ မရှိခဲ့စဖူး။ ဓမ္မကို အဓမ္မဖြင့် အနိုင်ယူရန် ကြိုးစားသူတို့၏ ဘ၀ကြမ္မာဆိုး ကို နအဖတို့ မကြာခင် ကြုံတွေ့ကြရတော့မည်ဖြစ်သည်။

ယခုအခါတွင် နအဖတို့အစွမ်းကုန် စည်းလွတ်ဝါးလွတ် ရမ်းကားမှုများ ကြားတွင် လူထု တိုက်ပွဲများ ခေတ္တငြိမ်သက်နေ သယောင် ရှိပါသည်။ အပြင်ပန်းတွင် ငြိမ်နေသယောင် ရှိသော်လည်း ပြည်သူလူထုကြီး တရပ်လုံး၏ ရင်ထဲမှ ဒေါသနှင့် နာကြည်းမှု မီးလျှံများကား တငွေ့ငွေ့ တောက်လောင် နေပေပြီ။ ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံသည့် နိုင်ငံတော်ကြီးအား စားရမဲ့ သောက်ရမဲ့ ကြမ္မာဆိုးကြီး ဆိုက်ကပ်အောင် အချိန်ယူ ဖျက်ဆီးခဲ့ရုံမက တိုင်းပြည်၏ အလေး အမြတ်ထားရသည့် သာသနာတော်ကိုပင် ထိပါးစော်ကားသူ မိစ္ဆာများကို မည်သည့် လူပီသသော မြန်မာလူမျိုးကမှ ကျေနပ် လက်ခံနေကြမည် မဟုတ်ပါ။ နည်းပရိယာယ် အသွယ်သွယ်ဖြင့် ဆက်လက်တိုက်ပွဲ ၀င်နေကြမည်သာ ဖြစ်သည်။

မုန်တိုင်းမကျမီ လေသည် ခေတ္တငြိမ်နေတတ်ပါသည်။ များမကြာမီသော အချိန်တွင်ကား မြန်မာပြည်တွင် တိုက်ခတ်မည့် သွေးမုန်တိုင်း တရပ်သည် ခံစစ်နေရာသို့ ကျရောက်နေပြီဖြစ်သော စစ်ဘီလူး ငကြောက်များအား အဆုံးတိုင် တိုက်စား ပစ်ပေတော့မည်။
တိုက်စစ်ကို အရှိန်မြှင့်ကြပါစို့။

Ref: ခင်မမမျိုး

0 comments:

အပေါ်သို့