ပညာရွှေအိုး
အင်္ဂါနေ့၊ ဇန်နဝါရီလ 20 2009
(၁)
ဦးသန့်ကြီး ရာပြည့်ပြီဆိုတော့ ပြည်တွင်းပြည်ပ စာပေနဲ့ နိုင်ငံရေးလောကမှာ လှုပ်ရှားမှုတွေ တွေ့လာရပါတယ်။ ကုလသမဂ္ဂ အဖွဲ့ကြီးကတောင် မလုပ်စဖူး တံဆိပ်ခေါင်း ထုတ်မယ်လို့ ဆိုလာပါတယ်။
ဂျာနယ်တခုမှာ ဦးသန့် ကိုယ်ရေးအတ္ထုပ္ပတ္တိထဲက ကောက်နုတ်ဘာသာပြန်နေတာ တွေ့ရပါတယ်။ နောက်ပြီး အတွေးအမြင် စာစောင်မှာ သံအမတ်ဟောင်း ဦးသက်ထွန်းက ဦးသန့်နဲ့ပတ်သက်တဲ့ အကြောင်းအချက်တွေကို ရေးလာပါတယ်။ ဦးသန့်နဲ့ ဗိုလ်ချုပ်ကြီး နေဝင်းတို့ကြားက ဆက်ဆံရေး အကြောင်းကိုလည်း ပိုပြီး သိလာရပါတယ်။
ဒါကြောင့် အရင်တုန်းက ကြားဖူးခဲ့ကြသလို ဦးနုလူမို့လို့၊ မနာလိုလို့ ဗိုလ်ချုပ်နေဝင်းက ဦးသန့်ကို ကြည့်မရဘူးတို့၊ တူတူတန်တန် ဂုဏ်မပြုဘူးတို့ ဘာတို့ ဆိုတာတွေနဲ့ ကွာခြားနေတာကို သတိပြုမိသပေါ့။ ကုလသမဂ္ဂ ရုံးချုပ်က ဦးနုရဲ့ သတင်းစာ ရှင်းလင်းပွဲအကြောင်း တစွန်းတစ အရင်က တွေ့ဖူးပေမယ့် မြန်မာလို မဟုတ်တဲ့အတွက် မြန်မာပြည်မှာ သိကြဖို့ မလွယ်လှပါဘူး။
ဒီအကြောင်းတွေ မြန်မာ မီဒီယာမှာ ဖော်ပြခွင့် ရလာတာဟာ ဗိုလ်ချုပ်နေဝင်း လုပ်ခဲ့တာ ဒို့နဲ့ မဆိုင်ဘူးလို့ ပြချင်ပုံ ရှိပ်ါရဲ့။ တဖက်မှာလည်း သူ့တူမလို ခင်တဲ့ စုစု (ဒေါ်အောင်ဆန်းစုကြည်)နဲ့ ဆက်စပ်ပြီး သူ့ကို အငြိုး ပြေကြသေးဟန် မရပ်ါဘူး။ ဒ်ါကြောင့် ဦးသန့် မျက်နှာဖုံးနဲ့ မဂ္ဂဇင်းကို စိစစ်ရေးက ရစ်နေတာပေါ့။
(၂)
ဒါတွေအသာထား၊ ဦးသန့် ဦးသန့်နဲ့ ပြောနေကြတော့ ဦးသန့်အကြောင်းနဲ့ ဦးသန့် ရေးတဲ့ စာတွေ မြန်မာပြည်မှာ လူငယ်တွေ ဘယ်လောက် ဖတ်ဖူးမှတ်ဖူးကြသလဲဆိုတာ သိချင်မိပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကိုတောင် ပြည်တွင်းမီဒီယာမှာ လွတ်လွတ်လပ်လပ် ဖော်ပြခွင့် မရတာမို့ ဦးသန့်ဆိုတာ ဦးနုနဲ့တောင် ကွဲကြပါမလား မသိပါဘူး။
တက္ကသိုလ်စိန်တင်ရေးတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ စာအုပ်လောက်ပဲ မြန်မာ စာအုပ်ဆိုင်တွေမှာ မြင်နေရတာပါ။ အထောက်တော်လှအောင် ပြန်ဆိုတဲ့ ဗမာ့ဦးသန့်တို့၊ ဦးသန့်၏ စာတို့၊ ပြည်တော်သာ မှတ်တမ်းတို့ ဆိုတာတွေကို အဟောင်းဆိုင်မွှေတဲ့ ပရိသတ်လောက်ပဲ သိကြပါတော့တယ်။ စလေအညာက ပြွေဆရာ၊ ထူးဆန်းသော ကိုရွှေအုပ်တို့၊ From My School Window တို့ဆိုတာတွေကတော့ ထားလိုက်ပါတော့။
ဒီစာတွေကို ဖတ်ခွင့်ရခဲ့ရင်ဖြင့် လွန်ခဲ့တဲ့ အနှစ်၇၀ ကျော် မြစ်ဝကျွန်းပေါ် တောမြို့ကလေးက ကျောင်းအုပ်ဆရာကြီး တယောက်ရဲ့ စိတ်ကူးစိတ်သန်း၊ အတွေးအခေါ်တွေဟာ ဘာကြောင့်များ ဒီလောက် ထက်မြက်ပြီး ခေတ်ရှေ့ပြေးနေတာလဲဆိုတာ အံ့သြကြလိမ့်မယ်။ ပြီးတော့ ဆိုရှယ်လစ်ဘက်ယိမ်းတဲ့ သခင်အောင်ဆန်းနဲ့ လစ်ဘရယ်ပညာတတ်ဖြစ်တဲ့ ဦးသန့်တို့ ကျောင်းဝတ်စုံ ရှိသင့်၊ မရှိသင့် ငြင်းကြတာကလည်း စိတ်ဝင်စားစရာပါပဲ။
(၃)
လက်ဝဲသမားတွေကတော့ ဦးသန့်ဟာ ဦးနု လက်သုံး ပညာရှိကြီးပါပဲ၊ ဗိုလ်နေဝင်း ဒေါက်တာမောင်မောင်ကို မသေမချင်း ဂုတ်ခွစီးသလို အစီးခံရတဲ့ သူပါလို့ ဆိုကြလိမ့်မယ်။ ဦးသန့်ရေးတဲ့ ပြည်တော်သာ မှတ်တမ်းကြီးမှာ ကွန်မြူနစ်သောင်းကျန်းမှုကို တော်တော် အပြစ်ဆို ထားတာကိုး။ ဦးနုရဲ့ လူထုအောင်သံ၊ စာပေဗိမာန်၊ စွယ်စုံကျမ်း၊ ပြည်တော်သာစတဲ့ ပရောဂျက်ကြီးတွေကို ပြန်ကြည့်ရင် ဦးသန့် နဲ့ ကင်းနိုင်တာမှ မဟုတ်ဘဲ ကလား။ဦးသန့်ပြန်ကြားရေး အတွင်းဝန်၊ ဝန်ကြီးချုပ် အတွင်းဝန်ဘဝ အသက် ၄၀-၅၀ အတွင်းက ဆောင်ရွက်ချက်တွေကို ဇော်ဂျီ၊ မင်းသုဝဏ်၊ မောင်ထင်၊ ဒေါက်တာထင်အောင်၊ ဦးခင်ဇော် (K) စတဲ့ ခေတ်ပြိုင် ပညာရှင် မျိုးဆက်တွေရဲ့ စွမ်းဆောင်ချက်တွေနဲ့ ဆက်စပ်ကြည့်မှ ပိုပြီး ရုပ်လုံးကြွလာမှာပါ။
ဆဋ္ဌသဂ်ါင်္ယနာခေတ်၊ နိုင်လွန်ခေတ် မီလိုက်သူ မျက်နှာကြီး အသိုင်းအဝိုင်းကတော့ ဦးသန့်အရင် ကုလသမဂ္ဂမှာ မြန်မာသံအမတ် လုပ်သွားတဲ့ ဂျိမ်းစ်ဘယ်ရင်တန်သာ ဟမ်းမားရှိုး သေတာကို မီလိုက်ရင် ဦးသန့် အတွင်းဝန်ချုပ် ဖြစ်မှာမဟုတ်ဘူးလို့ ဆိုကြပါတယ်။
တကယ်တော့လည်း ဦးသန့် ဒီလိုဖြစ်လာတာကတော့ အဲဒီအချိန်က မြန်မာပြည်ရဲ့ 'ဘက်မလိုက်' တက်ကြွတဲ့ နိုင်ငံခြားရေးဝါဒ ကျေးဇူးကြောင့်၊ ပြီးတော့ ဦးနုရဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် စိုက်ထုတ်တဲ့ ဥဿဟတွေနဲ့လည်း ဆိုင်ပါတယ်။ ပင်ကိုတော်တဲ့လူမို့ ၁ဝ နှစ်တိတိ ကုလသမဂ္ဂမှာ တောင့်ခံနိုင်တာကတော့ ဦးသန့် စွမ်းလို့ပါပဲ။ ဒီခေတ်ဒီအခါမှာတော့ မြန်မာတွေ မျိုးပျံအောင်တော်နေပေမယ့် မြန်မာအစိုးရရဲ့ သိက္ခာကျမှုကြောင့် ကမ္ဘာမှာ နလံထူလှတော့တာ မဟုတ်ပါဘူး။
ဦးသန့်နဲ့ပတ်သက်ပြီး နောက်ထပ်ပြောမိကြတာက သန့်ရှင်း၊ တည်မြဲ ကွဲတဲ့အချိန်မှာ သူ မြန်မာပြည်မှာ ရှိနေခဲ့ရင် ဦးနုက သူ့ကို ပထစထဲပါခိုင်းမှာပဲ ဆိုတာပါ။ ဦးချမ်းသာ၊ ဦးချစ်ဖေတို့လို ICS ကြီးတွေတောင်မှ ပထစကြီးတွေဖြစ်လာ၊ နောက် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်တောင်မှ ပထစအတွက် ဝင်မဲဆွယ်ပေးခဲ့ရတာ မဟုတ်လား။ ဦးသန့်ဟာ ပြန်ကြားရေး၊ ပညာရေး စတဲ့ နေရာတွေမှာ ဒေါက်တာဧမောင်လိုပဲ ဦးနုရဲ့ ပေါ်လစီတွေကို ဖော်ဆောင်နေရပါလိမ့်မယ်။
နိုင်ငံရေးထဲ မဝင်ဘဲ အတွင်းဝန် ဆက်လုပ်နေရင်လည်း ၆၂ အာဏာသိမ်းပြီးနောက်ပိုင်း စောစောစီးစီး နားရဖို့ ရှိပါတယ်။ တော်လှန်ရေးကောင်စီရဲ့ ပြန်ကြားရေး၊ ပညာရေးနဲ့ စီးပွားရေးမှာ ဓာတ်ကြမ်းရိုက်တဲ့ စစ်ဆိုရှယ်လစ်မူတွေနဲ့ ဦးသန့်ဟာ ဘယ်လိုမှ မအပ်စပ်လို့ပါပဲ။ အဲဒီလို စောစောအနားယူလိုက်ရင်လည်း ကုလသမဂ္ဂကို သူ ရောက်သွားမှာပါပဲ။ ဒေါက်တာသာလှတို့၊ ဒေါက်တာညီညီတို့လိုပေါ့။
(၄)
စိတ်ကူးယဉ်လို့မရတဲ့ သမိုင်းမှာတော့ ဖြစ်ခဲ့တာတွေကိုပဲ ကြည့်ရမှာပါ။ အတွင်းဝန်လုပ်ခဲ့တဲ့ ဦးသန့်ဟာ အတွင်းဝန်ချုပ်ဖြစ်လာတော့လည်း ကုသမဂ္ဂဗျူရိုကရက် ယန္တရားကြီးကို နိုင်နိုင်နင်းနင်း ထိန်းချုပ်သွားခဲ့တာပါပဲ။ ကျောင်းဆရာ၊ သတင်းစာဆရာ နောက်ခံကလာသူမို့ ဆက်ဆံရေးညက်တာကလည်း စစ်အေး အထွတ်အထိပ်ရောက်တဲ့ ၆ဝ ပြည့်လွန်နှစ်တွေက ကမ္ဘာ့အခင်းအကျင်းမှာ အသုံးကျလှပါတယ်။ ကျူးဘား၊ မြောက်ဘော်နီယို စတဲ့ ကိစ္စတွေမှာ ဦးသန့် ဝင်လို့ရပေမယ့် ပရက်ဂ်အရေးအခင်းလို၊ အစ္စရေးလို၊ ဗီယက်နမ်လို ကိစ္စမျိုးမှာတော့ ဦးသန့်လည်း မရှင်းနိုင်ခဲ့ပါဘူး။ အင်အားကြီးတွေ လျှော့ပေးမှ ငြိမ်းချမ်းရေးဆိုတာ ပေါ်လာရတာ မဟုတ်လား။
ရင်နာစရာကောင်းတာက ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရဖို့ ကြိုးပမ်းခဲ့တဲ့ ဦးသန့်ဟာ မြန်မာ့ငြိမ်းချမ်းရေး အတွက်တော့ ထိထိရောက်ရောက် မပံ့ပိုးနိုင်ခဲ့တာပါပဲ။
ဦးသန့် အတွင်းဝန်ချုပ်ဖြစ်တဲ့ ၁၉၆၁-၇၁ ခုနှစ်ဟာ မြန်မာပြည်မှာ ဒီမိုကရေစီ ဆိတ်သုဉ်းပြီး ပြည်တွင်းစစ်အရှိန် တက်နေတဲ့အချိန်ပါပဲ။ မြေပေါ်နိုင်ငံရေး လှုပ်ရှားမှုတွေအားလုံးဟာ စစ်အာဏာရှင်စနစ်အောက်မှာ လူးလွန့်လို့မရဘဲ နိုင်ငံရေးလုပ်ချင်တဲ့သူတွေဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဝင်ဖို့ကလွဲပြီး တခြားလမ်းမရှိတဲ့ အချိန်လည်း ဖြစ်ပါတယ်။ (၂ဝ၁ဝ ခုနှစ်မှာ ပါတီစုံရွေးကောက်ပွဲလုပ်မယ့် နအဖ ကတော့ တော်လှန်ရေးအစိုးရထက် ပါးနပ်တယ်ပြောမလား၊ အရပ်သားမျက်နှာတပ်ပြီး စစ်အုပ်ချုပ်ရေးသစ် ထူထောင်မယ့်နေရာမှာတော့ ၁၉၇၄ နဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ ကွာလှမယ် မထင်ပါဘူး။)
မြေပေါ်မြေအောက် နိုင်ငံရေးသမားတွေနဲ့ အာဏာသိမ်းစစ်ကောင်စီ ညှိနှိုင်းပွဲတွေမှာ (၁၉၆၃၊ ၁၉၆၈) ဦးသန့်အနေနဲ့ ပါဝင်ပါရစေလို့ တောင်းဆိုသံ မကြားခဲ့ရဖူးပါဘူး။ ဒါကလည်း အမေရိကန်၊ ဆိုဗီယက် နှစ်အုပ်စုလုံးရဲ့ ထောက်ခံမှုကို ယူနိုင်တဲ့ ဗိုလ်နေဝင်းရဲ့ နိုင်ငံခြားရေးပေါ်လစီကြောင့် ဖြစ်ပါလိမ့်မယ်။ ကွန်မြူနစ်ခြိမ်းခြောက်မှုကို 'မွေး' မထားနိုင်တဲ့ လက်ရှိ အစိုးရလက်ထက်မှာတော့ ဒီလို အားလုံး 'မီးသေ'တဲ့ အခွင့်အရေးမျိုး မရနိုင်တော့ပါဘူး။
(၅)
အခုလို ရာပြည့်တဲ့ အခမ်းအနားကို အခွင့်ယူပြီး ဦးသန့်စာတွေ ပြန်ထုတ်ဖို့၊ ဦးသန့် Institute ကနေပြီး ပြည်တွင်းပြည်ပက မြန်မာနိုင်ငံသား မြန်မာလူငယ်တွေအတွက် ပညာရေး၊ လူမှုရေး အထောက်အပံ့တွေပါ လုပ်သွားဖို့ အားထုတ်ကြလိမ့်မယ်လို့ ယူဆပါတယ်။
ဦးသန့်၊ ဦးညွန့် (ECAFE) ၊ ဦးရွှေမရ၊ ဒေါ်သန်းဧ စတဲ့ မြန်မာပညာတတ်တွေ ကုလသမဂ္ဂမှာ ဘုန်းကြီးခဲ့တဲ့ ခေတ်ကို လွမ်းမိပါသေးရဲ့။ နာဂစ်ဖြစ်တဲ့ အချိန်တုန်းက ကုလသမဂ္ဂမှာ ဦးသန့်လိုလူမျိုး ရှိခဲ့ရင်လို့ တွေးမိသူတွေ နည်းမှာ မဟုတ်ပါဘူး။ လက်ရှိ ကုလသမဂ္ဂက မြန်မာဝန်ထမ်းတွေကလည်း စစ်အစိုးရနဲ့ ကဏ္ဋကောစ တိုက်ဝံ့ကြတာမှ မဟုတ်ဘဲကိုး။ အမျိုးသားပညာရေးက မွေးထုတ်ပေးလိုက်တဲ့ မျိုးချစ်ပညာတတ် လူတန်းစားကတော့ မြန်မာပြည်မှာ မျိုးတုန်းခါနီးပြီထင်ပါရဲ့လေ။
ပညာရွှေအိုး
Ref: မဇ္ဈိမ
Read More...
Collapse...
ကိုဝိုင်း
ဇန်နဝါရီလ 19 2009
ချင်းမိုင် (မဇ္ဈိမ)။ ။ ရွှေဝါရောင် လှုပ်ရှားမှုတွင် ဆုတောင်းမေတ္တာပို့ရာ၌ ဦးဆောင် ဆရာတော်တပါးဖြစ်သူ အရှင်ဂမ္ဘီရသည် မန္တလေးမြို့ အိုးဘိုထောင်အတွင်း အစာငတ်ခံဆန္ဒပြနေကြောင်း ထောင်နှင့်နီးစပ်သူ မန္တလေးမြို့ခံများအပြောအရ သိရသည်။
ဆရာတော်အား ရန်ကုန်မြို့ အင်းစိန်ထောင်မှ စစ်ကိုင်းတိုင်း ခန္တီးထောင်သို့ ပြောင်းရွှေ့ရန် အမိန့်ထုတ်ပြီး ဖြစ်သော်လည်း မန္တလေး ထောင်တွင် လက်ရှိ ချုပ်နှောင်ထားစဉ် လွန်ခဲ့သည့် ရက်သတ္တပတ်မှ စတင်၍ ဆန္ဒပြလာခြင်းဖြစ်သည်။
"အရှင်ဂမ္ဘီရက ဒီလ ၁၃ ရက်နေ့ကနေတဲ့၊ အစာငတ်ခံ ဆန္ဒပြနေတယ်တဲ့။ ဒီနေ့နဲ့ဆို ၇ ရက် ရှိသွားပြီပေါ့။ အဲဒါက သေချာပါတယ်" ဟု ထောင်နှင့် နီးစပ်သူ မန္တလေးမြို့ခံတဦးက မဇ္ဈိမကို ပြောသည်။
သို့သော်လည်း သူက မည်သို့သိရှိရသည်ကိုမူ လုံခြုံရေးအရ ပြောဆိုရန် ငြင်းဆိုသည်။
အိုးဘိုထောင်ရှိ နိုင်ငံရေးအကျဉ်းသားများအား နှစ်ပတ်တကြိမ် ဗုဒ္ဓဟူးနေ့တိုင်း တွေ့ဆုံခွင့်ရသဖြင့် အရှင်ဂမ္ဘီရ၏ မိသားစုက ဆရာတော်ကို နှစ်ကြိမ်မျှ တွေ့ခွင့်ရခဲ့ပြီး၊ ပစ္စည်းများ လှူဒါန်းခွင့်ရခဲ့သည်။ သို့သော် ယခုလ ၁၄ ရက်နေ့တွင်မူ မိသားစုက ထောင်ဝင်စာ သွားတွေ့ခဲ့ရာ၊ လူချင်း တွေ့ခွင့်မရသည့်အပြင် ပစ္စည်းလည်း ပေးသွင်းလှူဒါန်းခွင့် မရခဲ့ပေ။
အခြားမန္တလေးမြို့ခံတဦးက " ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထောင်ဝင်စာ လာတွေ့တယ်လေ။ အဲဒါ မတွေ့ရဘူး။ ပြန်သွားရတယ်။ ဘာ့ကြောင့်လဲ ဆိုတာကိုလည်း အာဏာပိုင်အဖွဲ့အစည်းတွေက မပြောဘူးပေါ့နော်။ နောက်အပတ်မှ လာခဲ့ပါတဲ့။ အဲဒီလိုပဲ ပြောလိုက်တယ်။ သူ့အမေဆိုလည်း 'တခုခုတော့ဖြစ်ပြီနဲ့ တူတယ်ဆိုပြီး ထင့်နေတယ်' လို့ ပြောသွားတယ်တဲ့။ 'ကျန်တဲ့သူတွေကျတော့ တွေ့ရတယ်' တဲ့၊ 'ငါ့သားတယောက်ထဲ မတွေ့ရတာ' တဲ့။ အဲလိုလေး ပြောရှာတယ်၊ သိလား" ဟု ပြောသည်။
အိုးဘိုထောင် အသိုင်းအ၀ိုင်းနှင့် နီးစပ်သူ မြို့ခံများက ယခုလို ပြောဆိုသော်လည်း မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်နေ့က ဆရာတော်အား အင်းစိန်ထောင်တွင်း၌ ကြည့်မြင်တိုင်မြို့နယ် တရားရုံးက သာသနာညှိုးနွမ်းစေသည့် ပြစ်မှုနှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို နှောင့်ယှက်မှု အပါအ၀င် အမှုတွဲ ၃ မှုဖြင့် ထောင်ဒဏ် ၁၂ နှစ် စတင်ချမှတ်ခဲ့သည်။
ထိုလ ၂၁ ရက်နေ့တွင်မူ ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်က စွဲဆိုထားသည့် မှုခင်းပုဒ်မ ၉ ခု၊ အလုံမြို့နယ်က စွဲဆိုထားသော ပုဒ်မ ၄ ခုတို့ဖြင့် ထပ်တိုးထောင်ဒဏ် ၅၆ နှစ်ဖြင့် စုစုပေါင်း ၆၈ နှစ် ချမှတ်ထားရသည်။
နောက်ထပ် ၁၀ ရက်အကြာတွင် စစ်ကိုင်းတိုင်း ခန္တီးမြို့ အကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်ပြီးနောက် မန္တလေး အိုးဘိုထောင်တွင် ခေတ္တထားရှိစဉ် ယခုလို အစာငတ်ခံ ဆန္ဒပြသည့်သတင်း ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။
အသက် ၂၉ နှစ်အရွယ်၌ ဓမ္မာစရိယတန်း စာဝါလိုက်နေရင်း နိုင်ငံရေးတွင် စိတ်ပါဝင်စားခဲ့သည့် ဆရာတော်ဂမ္ဘီရသည် ၂၀၀၇ ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် တော်လှန်ရေးဟု အမည်တွင်ခဲ့သော သံဃာ-လူထုလှုပ်ရှားမှုကြီးတွင် ဦးဆောင်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃတပ်ပေါင်းစုအဖွဲ့ကြီး၏ ဦးဆောင် ဆရာတော်တပါး ဖြစ်ခဲ့သည်။
ဆရာတော်သည် ရွှေဝါရောင်အပြီး အာဏာပိုင်များ၏ ဖမ်းဆီးမှုများမှ တိမ်းရှောင်နေရင်း၊ မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ်တွင် ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့က အာဏာပိုင်တို့၏ ဖမ်းဆီးမှုကို ခံခဲ့ရခြင်းဖြစ်သည်။
အရှင်ဂမ္ဘီရကဲ့သို့ မိသားစုနှင့် တွေ့ခွင့်မရသည့် နောက်ထပ် နိုင်ငံရေးအကျဉ်းသားတဦးမှာ ကော့သောင်းထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုပြုံးချို ဖြစ်သည်။
ထောင်ဝင်စင်သွားတွေ့ရာမှ ရန်ကုန်ပြန်ရောက်နေပြီဖြစ်သော ကိုပြုံးချို၏ ဖခင် ဦးဝင်းမောင်က "ညက ၁ နာရီလောက်က ပြန်ရောက်တယ်။ မတွေ့ခဲ့ရဘူး။ ဘာမှ တိတိကျကျမပြောဘဲ၊ အထက်အမိန့်အရလို့ပဲ ပြောတယ်။ ကျနော်တို့က 'တကယ်လို့ လကုန်ရင် တွေ့ခွင့်ရမယ်ဆိုရင် လကုန်အထိနေမယ်ပေါ့' နော်။ မေးကြည့်တော့ အဲဒါလည်း သူတို့ အာမ မခံနိုင်ဘူးတဲ့။ အထက်က ညွှန်ကြားတဲ့အတိုင်း လုပ်ရမှာပဲတဲ့။ အားတော့ နာပါတယ်တဲ့။ ကျနော်တို့လည်း မတတ်နိုင်လို့ပါတဲ့" ဟု မဇ္ဈိမကို ပြောသည်။
ကိုပြုံးချိုအား ဇနီးဖြစ်သူက ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းက နောက်ဆုံးအကြိမ် တွေ့ဆုံခွင့်ရခဲ့ရာ၊ ထိုစဉ်က သွေးပေါင်တက်ခြင်းမှလွဲ၍ ကျန်းမာရေးအခြေအနေမှာ ဆိုးဆိုရွားရွား မရှိကြောင်းနှင့် ထောင်တာဝန်ရှိသူများကလည်း ထောင်ဆရာဝန်များမှတဆင့် ဆေးတိုက်ကျွေးကြောင်း ဦးဝင်းမောင်က ပြောသည်။
သူက "ဆေးတွေဘာတွေ တိုက်တယ်လို့တော့ ပြောတာပဲ။ ဒါပေမဲ့ ပြီးခဲ့တဲ့အချိန်တုန်းက ရာသီဥတုက သိပ်မအေးသေးဘူးလေ။ ကျနော်သွားတဲ့ အချိန်ကတော့ တော်တော်ကို အေးနေတယ်။ လေကလည်း ၂၄ နာရီ တိုက်နေတယ်။ ပြီးခဲ့တဲ့ အခေါက်သွားကတည်းက လိုမယ်ထင်ပြီး အနွေးထည်တွေ၊ စောင်တွေ ပေးခဲ့တယ်။ အာဏာပိုင်တွေက လက်ခံထားလိုက်တယ်လေ။ အခုတခေါက်လည်း ပစ္စည်းပေးလို့ ရပါတယ်။ ထောင်အာဏာပိုင်တွေကလည်း ပြောတယ်။ လူချင်း ပေးမတွေ့နိုင်တာတော့ သူတို့ကို ခွင့်လွှတ်ပါတဲ့။ ပစ္စည်းကိုတော့ ကျနော်တို့ အကုန်ရောက်အောင် ပို့ပေးပါမယ်တဲ့" ဟု ပြောသည်။
ယခုရက်များအတွင်း၌ နအဖ စစ်အစိုးရက နယ်ထောင်များရှိ နိုင်ငံရေးအကျဉ်းသားများကို မိသားစုနှင့် တွေ့ခွင့်မပေးကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ဦးဝင်းမောင်သည် သားဖြစ်သူ ကိုပြုံးချိုအား တွေ့နိုင်ရန် ရန်ကုန်မှ ကော့သောင်းသို့ ယခုလ ၈ ရက်နေ့က ထွက်သွားခဲ့ခြင်းဖြစ်သည်။
လမ်း၌ ကိုကိုကျွန်းနှင့် မြိတ်မြို့တွင် ၂ ရက်စီ နေထိုင်ခဲ့ကာ၊ မြိတ်နှင့် ထားဝယ် ရောက်စဉ်က နယ်ထောင်ဝင်စာများ ပိတ်သည်ကို ကြားရသော်လည်း အခြားနေရာများနှင့် ကွဲပြားမှုရှိနိုင်မည်လားဆိုသည့် မျှော်လင့်ချက်ဖြင့် ကော့သောင်းအထိ သွားခဲ့ခြင်းဖြစ်သည်။
ဦးဝင်းမောင်က "စိတ်ထဲမှာကတော့ မကောင်းဘူးပေါ့လေ။ စိတ်ကတော့ မချဘူး။ သူတို့ဘယ်လောက်ပဲ နေကောင်းတယ် ပြောပြော၊ မျက်နှာချင်းဆိုင် မတွေ့ရဘဲနဲ့ သူ နေကောင်းတယ်ဆိုတာကို ကျနော် လက်ခံရဖို့ကတော့ သိပ်မလွယ်ဘူး ဖြစ်နေတယ်။ ရာသီဥတု အခြေအနေ အပြောင်းအလဲရှိတယ်။ သူ့ရဲ့ အင်အားချို့တဲ့မှု၊ တိုးတက်မှု၊ စိတ်နေစိတ်ထားတွေ ကျနော်တို့က တွေ့မှပဲ သိလို့ရမှာပေါ့။ ကျနော်တို့ကတော့ ဒီလိုအခြေအနေမျိုး နောက်ထပ်မဖြစ်ပါစေနဲ့လို့၊ တတ်နိုင်ရင် ကျနော်တို့ကို အမြန်ဆုံးတွေ့ခွင့်ပြုဖို့ပဲ သူတို့ (ထောင်အာဏာပိုင်များ) ကိုလည်း တောင်းဆိုခဲ့ပါတယ်" ဟု ပြောသည်။
Ref: မဇ္ဈိမ
Read More...
Collapse...
ဗိုလ်ထက်မင်း / ၁၉ ဇန်န၀ါရီ ၂၀၀၉
နအဖရဲ့  အခြေခံဥပဒေအရ ၂၀၁၀ ရွေးကောက်ပွဲပြီးရင် တခုတည်းသော တပ်မတော် ရှိရမည်ဆိုတဲ့ သတ်မှတ်ချက် ရှိတာမို့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်တွေကို လက်နက် ဖြုတ်သိမ်းခိုင်းမလား၊ ဒါမှမဟုတ် တပ်မတော်ရဲ့  ကွပ်ကဲမှု အောက်ထဲကို ဆွဲထည့်မလား ဆိုတာ နအဖအနေနဲ့ အကျပ်အတည်း ဖြစ်နေတာ တွေ့ရပါတယ်။
နအဖဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပထမဦးဆုံး ငြိမ်းချမ်းရေး ယူခဲ့စဉ်က ပေါ်ပေါ်တင်တင် မလုပ်ရဲဘဲ သံသယ ရှိစွာနဲ့ တိုးတိုးတိတ်တိတ် လုပ်နေရာမှ နိုင်ငံရေး အမြတ်ထုတ်တဲ့ အနေနဲ့ စိတ်ဓာတ် စစ်ဆင်ရေးနဲ့ ၀ါဒဖြန့် နည်းဗျူဟာ တရပ်အဖြစ် အဲဒီသတင်းကို ဦးစားပေး ခေါင်းကြီးပိုင်းတွေမှာ တခမ်းတနား လုပ်လာကြပါတော့တယ်။
တကယ်တမ်းကျတော့ နအဖရဲ့  သဘောထား မမှန်တာတွေ၊ ကတိ ပျက်ကွက်တာတွေ၊ တိုင်းရင်းသား အဖွဲ့အချင်းချင်း အခွင့်အရေး ပေးရာမှာ ဘက်လိုက်မှု ရှိတာတွေ၊ လက်နက်နဲ့ ငြိမ်းချမ်းရေးဆိုပြီး အမှန်တော့ ဦးကျိုးအောင် နာမ်နှိမ်အောင် လုပ်ခဲ့ပုံတွေ၊ တိုင်းရင်းသား အဖွဲ့တွေက ဘိန်းကြောင့် ရရှိလာတဲ့ တရားမ၀င် ငွေမည်းများကို ငွေဖြူဖြစ်ရေး စစ်အာဏာရှင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်ကြပုံတွေ၊ ငြိမ်းချမ်းရေး အဖွဲ့နဲ့ နအဖရဲ့ သဘောတူညီထားချက် (၁၄) ချက်မှာ အများစုကို ဖောက်ဖျက်ကြပုံ စတာတွေကို တင်ပြသွားပါမယ်။
ပထမဦးဆုံး ငြိမ်းချမ်းရေး လုပ်ခဲ့တဲ့ ဖုံကျားရှင်း ဦးစီးသော ရှမ်းမြောက် အထူးဒေသ (၁) ကိုးကန့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နဲ့ ဦးစိုင်းလင်း ခေါင်းဆောင်တဲ့ ရှမ်းအရှေ့ မိုင်းလားဒေသ အထူးဒေသ (၄) အပစ်အခတ် ရပ်စဲရေးအဖွဲ့တို့ဟာ သူတို့ကို မြန်မာတပ်မတော် လက်အောက်သို့ တပ်ရင်းအလိုက် စုစုစည်းစည်း သွင်းပါ။ တပ်ရဲ့  အဆင့်၊ ရာထူး၊ လစာများကို ခံစားပြီး မြန်မာစစ်တပ်ရဲ့  အမိန့်အတိုင်း နာခံမယ်လို့ အဆိုပြုခဲ့ ဖူးပါတယ်။
စစ်ရုံးမှာ ရှိနေတဲ့ မျိုးဆက်သစ် လူငယ်တပ်မတော် အရာရှိများက ဒီအတိုင်းဆို လက်ခံသင့်ကြောင်း မျှော်လင့် နေကြပေမယ့် မူလက မယုံသင်္ကာတွေ ရှိနေကြတဲ့ တင်းမာတဲ့ ဗိုလ်ချုပ်အချို့ က လက်မခံဘဲ တဦးချင်း ခွဲထုတ်ကာ မြန်မာတပ်မတော် တပ်ရင်းတွေရဲ့  လက်အောက်ကို ဖြန့်ခွဲ စေလွှတ်မှာ ဖြစ်ကြောင်း ပြန်ကြားခဲ့ပါ တယ်။ ကိုးကန့်နဲ့ ရှမ်းတပ်တွေက တပ်ရင်းအလိုက်သာ တာဝန် ထမ်းဆောင်လိုတဲ့ အတွက် ညှိမရဘဲ စိတ်ပျက်စရာ ပျက်ပြယ် သွားခဲ့ရပါတယ်။
နအဖဟာ ၂၀၀၇ သံဃာ့အရေးအခင်း မတိုင်ခင်က အန္တရာယ် အရှိဆုံး အနီးကပ်ရန်သူ စာရင်း (၅) မျိုး သတ်မှတ်ထား ပါတယ်။
နံပါတ် (၁) ကတော့ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် နှင့် ထောက်လှမ်းရေးပြုတ်များ၊
နံပါတ် (၂) ကတော့ KNU, KNPP နှင့် လက်နက်ကိုင် သောင်းကျန်းသူများ၊
နံပါတ် (၃) ကတော့ အပစ်ရပ် လက်နက်ကိုင် အဖွဲ့အစည်းများ၊
နံပါတ် (၄) ကတော့ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အဖွဲ့ဝင်များ၊
နံပါတ် (၅) ကတော့ မင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ တို့ပဲ ဖြစ်ကြပါတယ်။
ဒါကြောင့် အဆင့် နံပါတ် (၃) အဖြစ် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား လျှို့ ဝှက်စွာ သတ်မှတ် ထားတာကိုက သံသယစိတ်ရှိပြီး သတိထားနေတာ သိသာလွန်းလှပါတယ်။
အဲဒီ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ထဲမှာ နအဖရဲ့  အကြောက်ရွံ့ဆုံး အဖွဲ့ကတော့ ၀ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA “၀” အဖွဲ့ပင် ဖြစ်ပါတယ်။
ရန်သူတွေ ဖြစ်ခဲ့တဲ့ UWSA “၀” အဖွဲ့က တကယ်တော့ ဗကပ ကွန်မြူနစ် အမာခံတွေ ဖြစ်ခဲ့ကာ မိုင်းယောင်း သိမ်းပိုက်ခဲ့စဉ်က ချင်း (၃) တပ်ရင်း အိမ်ထောင်သည် လိုင်း ရဲမေများကို မုဒိမ်း ကျင့်ခဲ့သူများ ဖြစ်ပြီး ဒီမိုကရေစီကို မလိုလားသူများ ဖြစ်ပါတယ်။
န၀တ တက်လာစဉ်က ဘိန်းဘုရင် ခွန်ဆာရဲ့ MTA တပ်ဖွဲ့ဝင်များဟာ အင်အား ကြီးမားတာကြောင့် နအဖက အသေအလဲ တိုက်ခိုက် နေခဲ့ရပါတယ်။ ဒီအချိန်မှာ “၀” တပ်ဖွဲ့တွေဟာ မရိုးသားတဲ့ အကြံအစည် များနဲ့ နအဖ ဘက်ကို ၀င်ရောက်ကူညီပြီး MTA ခွန်ဆာ တပ်ဖွဲ့များကို တိုက်ခိုက်ပေးခဲ့ပါတယ်။
တဖန် နအဖကလည်း မရိုးသားတဲ့ အကြံအစည်များဖြင့် ခွန်ဆာ လက်နက် ချပြီးတဲ့ အခါမှ “၀” တပ်ဖွဲ့ တို့ကို ထိုင်းနိုင်ငံအား Buffer Zone ကြားခံထားလို၍ လည်းကောင်း၊ MTA မှ ခွဲထွက် SSA ဗိုလ်မှူးကြီး ရွက်ဆစ် တပ်ဖွဲ့တွေကို တိုက်ခိုက်ခိုင်းလို၍ လည်းကောင်း ထိုးကျွေး ခဲ့ပြန်ပါတယ်။
UWSA တပ်ဖွဲ့တွေရဲ့  အကြံအစည်များကတော့ ပြည်နယ် ဖွဲ့လို့ရအောင် (၆) မြို့ နယ် ရရှိရေးအတွက် ရှမ်း အမျိုးသမီးများကို ငွေကြေး အင်အားသုံး၍ တမျိုး၊ လက်နက်အားကိုး အနိုင်ကျင့်၍ တဖုံ အတင်းအကျပ် ပေါင်းသင်း ဆက်ဆံရာမှ လူဦးရေ တိုးပွားစေပြီး “၀” အင်ပါယာကို တိုးချဲ့ စေပါတယ်။
UWSA “၀” တွေဟာ ရှမ်းပြည်နယ်ကို “၀ါး” မျိုရန် ကြံစည်နေပြီး အမျိုးသားညီလာခံမှာ ရှမ်းပြည်နယ် ပြည်မကြီးရဲ့  တိုက်ရိုက် အုပ်ချုပ်မှုအောက်တွင် မနေလိုကြောင်းနှင့် ဗဟိုက တိုက်ရိုက် အုပ်ချုပ်တဲ့ ရှမ်းပြည်နယ်မှ ခွဲထွက်ပြီး သီးခြားပြည်နယ် သတ်မှတ်ပေးဖို့ အမျိုးသား ညီလာခံ ကျင်းပနေချိန် တောင်းဆိုခဲ့ပါတယ်။ တနည်းပြောရရင် ၀ ပြည်နယ် ခွဲထွက်ခွင့် တောင်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် စစ်အစိုးရ ဘက်က လက်မခံခဲ့ပါဘူး။
တဖန် ရှမ်းပြည်နယ်တောင်ပိုင်း ထိုင်း-မြန်မာ နယ်စပ်တွေမှာ ချထားတဲ့ “၀” တပ်ဖွဲ့တွေဟာ သူတို့ရဲ့  အင်အားကို တိုးချဲ့ ကာ အခိုင်အမာ ခြေကုပ်စခန်းများ တည်ဆောက်ခဲ့တာမို့ နအဖလည်း လန့်ဖြန့်ကာ နယ်စပ်က UWSA တွေ ပြန်ရုပ်သိမ်းဖို့ တြိဂံတိုင်း စစ်ဌာနချုပ် တိုင်းမှူးက အမိန့်ပေးတာတောင် ပထမဦးဆုံး အကြိမ် “အာခံ” ခဲ့သူများ ဖြစ်ပါတယ်။
တဖန် AK – 47 လက်နက်စက်ရုံများနဲ့ လေယာဉ်ပစ် ဒုံးပျံများ အပါအ၀င် လက်နက်များ တပ်ဆင်ကာ UWSA “၀” တပ်ဖွဲ့ဝင် အင်အား (၂၀,၀၀၀) ကျော် ရှိလာဖို့ ယောက်ျားလေးတွေကို အရွယ်ရောက် သူတိုင်း စစ်မှုထမ်း ခိုင်းခဲ့ပါတယ်။ တရုတ်နိုင်ငံနှင့် နီးစပ်စွာ ထိတွေ့ ဆက်ဆံခဲ့ရာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရခဲ့ရင်တောင် ထကြွ သောင်းကျန်းမယ့် အရင်ဆုံး သူပုန်များလို့ ဆိုရမှာ ဖြစ်ပါတယ်။
တကယ်တော့ နအဖဟာ ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်တာ ခံနေရပြီး နိုင်ငံတကာမှ မူးယစ်ဆေးဝါး ပြစ်မှုအဖြစ် ၀ရမ်းထုတ် ဆုငွေထုတ်ထား တာတောင် ပေါက်ယူချမ်း၊ ဝေရှောက်ခန်း စတဲ့ “၀” ခေါင်းဆောင် များကို ဖမ်းဖို့ တာဝန် ပျက်ကွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ နအဖနဲ့ ပေါင်းပြီး “၀” အဖွဲ့တွေရဲ့  စီးပွားရေး သောင်းကျန်းပုံ တွေကို ဆက်လက်တင်ပြသွားပါ့မယ်။ တကယ်တော့ နအဖဟာ ဘိန်းဘုရင် ခွန်ဆာဆီမှ “ငွေမည်း” များ ရရှိခဲ့လို့ အလိုတူ အလိုပါ အကြိုက် တွေ့သွားပြီ ဖြစ်ပါတယ်။
နအဖ ဒုတိယ ခေါင်းခဲတဲ့ အဖွဲ့ကတော့ မွန်ပြည်သစ်ပါတီ (NMSP) ဖြစ်ပြီး အမျိုးသား ညီလာခံမှာ ကတည်းက တင်းမာစွာ တုံ့ပြန်တာ ခံခဲ့ရပါတယ်။ ငြိမ်းချမ်းရေး လုပ်ခဲ့စဉ်က NMSP ဥက္ကဋ္ဌ နိုင်ရွှေကျင်ကို တပ်ချုပ် ဗိုလ်သန်းရွှေ ကိုယ်တိုင် လက်ခံ ကြိုဆိုခဲ့ရခြင်းမှာ KNU ကို ထိန်းချုပ်နိုင်အောင် မျှော်မှန်းတာရယ်၊ ထိုင်းနယ်စပ် နှင့် ဆက်စပ်နေပြီး ပင်လယ်ကမ်းခြေ ထွက်ပေါက်ကို ပိုင်စိုးတာရယ်၊ KIA နှင့် UWSA ကဲ့သို့ နောက်ပိုင်း မလုံခြုံတဲ့ အနေအထား မရှိတာကြောင့် အချိန်မရွေး တောထဲ ပြန်ရောက် သွားနိုင်တာမို့ စည်းရုံးခြင်း ဖြစ်ပါတယ်။
ယခုလည်း အမျိုးသားညီလာခံမှာ နအဖက တိုင်းရင်းသား အဖွဲ့တွေ (အပစ်အခတ်ရပ်စဲရေး ၁၃ ဖွဲ့) တင်ပြခဲ့တဲ့ ကိုယ်ပိုင် အခွင့်အရေး ပြဋ္ဌာန်းချက်များကို မလိုက်လျှောခဲ့လို့ တိုင်းရင်းသား အဖွဲ့တွေရဲ့  ကိုယ်စီ ရင်ထဲမှာတော့ မကျေနပ်မှုတွေ အသီးသီး အနည်းနဲ့အများ ရှိနေကြပါတယ်။
နအဖရဲ့  တတိယ အစိုးရိမ်ရဆုံး နောက်တဖွဲ့ကတော့ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်း KIA တပ်ဖွဲ့ဝင်တွေကို နအဖ စစ်တပ်က အကြောင်းမဲ့ ပစ်သတ်တဲ့ ကိစ္စမှာ အစာမကြေ ဖြစ်ခဲ့ပါတယ်။
KIA ဟာ အမျိုးသားညီလာခံတက်နေတဲ့ အချိန်အခိုက်အတန့်မှာ အဲဒီကိစ္စ ဖြစ်တာရယ်၊ ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့ MI အဖွဲ့ အရေးယူ ဖျက်သိမ်းခဲ့ရလို့ အသစ် ဖွဲ့စည်းလိုက်တဲ့ “စရဖ” အကြီးအကဲ ဗိုလ်မြင့်ဆွေရဲ့  ကိုင်တွယ် ဖြေရှင်းမှု ညံ့ဖျင်းတာရယ်ကြောင့် ကျေနပ်မှု မရှိဘဲ တင်းမာမှု အထွဋ်အထိပ် ရောက်နေခဲ့ပါတယ်။
KIA မှ ဒု-ဥက္ကဋ္ဌ ဒေါက်တာ တူးဂျာကိုယ်တိုင် နအဖ အကြီးအကဲတွေကို စစ်ရုံးမှာ တွေ့ခွင့်ရဖို့ အချိန်ကြာမြင့်စွာ စောင့်နေရလို့ စိတ်မရှည် နိုင်တော့ဘဲ ဒေါသတကြီး တုံ့ပြန်တော့မှ ဒု-တပ်ချုပ် ဗိုလ်မောင်အေးက ၀င်ရောက် ဖြေရှင်း ပေးလိုက်ရပါတယ်။
နအဖရဲ့  မပြေလည်နိုင်သေးတဲ့ KNU နှင့် Gentleman Agreement လည်း ယခုအခါ အလှမ်း ဝေးသွားပြီ ဖြစ်ပါတယ်။
KNU ရဲ့  ဗဟိုဌာနချုပ် မာနယ်ပလောကို တိုက်ခိုက်နိုင်ရန် လမ်းပြပေးရတဲ့ ကျေးဇူးကို ထောက်ထားပြီး DKBA ကိုတော့ နယ်စပ်ဂိတ်များမှာ “အစာ” ချကြွေးကာ မြှောက်စား လိုက်ပြန်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် KNU မှာ ယခင်က အရာခံဗိုလ် အဆင့်သာရှိခဲ့ပြီး DKBA မှာ စစ်ဦးစီးချူပ် ဖြစ်နေတဲ့ ဗိုလ်ချုပ်ကျော်သန်းနဲ့ ယခင်က ဆရာ့ ဆရာကြီးများ ဖြစ်ခဲ့တဲ့ နအဖနဲ့ ပူးပေါင်းထားသော ဗိုလ်ချုပ်ထိန်မောင်၊ ရင်းမှူး ဒု-ဗိုလ်မှူးကြီး သမူဟဲ၊ ဖဒို အောင်ဆန်း စတဲ့အဖွဲ့တွေရဲ့  ရပ်တည်ရေး၊ စားဝတ်နေရေး၊ ကရင်ပြည်နယ် လုပ်ပိုင်ခွင့် အာဏာ ခွဲဝေမှု ပြဿနာများကို နအဖဟာ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
တကယ်တော့ ရင်းမှူး ဒု-ဗိုလ်မှူးကြီး စောသမူဟဲနဲ့ အဖွဲ့တွေ လက်နက်အားလုံး ချပြီးမှ အလုံးစုံ အလင်းဝင်ခဲ့တဲ့ ဖြစ်စဉ်အပေါ် နအဖက တအံ့တသြ ဖြစ်ခဲ့ရပြီး တဂူထဲက ခြင်္သေ့နှစ်ကောင် ဖြစ်သော ဗိုလ်မောင်အေးနဲ့ ဗိုလ်ခင်ညွန့်တို့ကတောင် တခါမှ မတွဲစဖူး တွဲလာကာ သူ့အား ကြိုဆိုခဲ့ရဖူးပါတယ်။
စောသမူဟဲကိုတောင် ဦးစားမပေးဘဲ DKBA ဟာ “ဖား” တာ တော်လွန်းရာမှာ ကရင် အချင်းချင်းတောင် သတ်ပေးလို့ နအဖက မျက်နှာသာပေး ဘက်လိုက်တာ သိသာလှပါတယ်။
နအဖအနေနဲ့ အပစ်ရပ်အဖွဲ့တွေကို ကိုင်တွယ်ရာမှာ ဘက်လိုက်မှုများနဲ့ သွေးခွဲမှုများ ရှိနေပါတယ်။ အခွင့်အရေး နည်းနည်း ပေးမိရင်တောင် သတင်းပေါက်ကြားမှု ရှိတာကြောင့် တချို့ကို ဒီထက်ပိုပြီး သာသာ ထိုးထိုး အခွင့်အရေး ပိုပေးထားလို့ အပစ်ရပ် အဖွဲ့ အတွင်းမှာလည်း မကျေနပ်မှု ရှိနေကြကြောင်း သိရပါတယ်။
Ref: ခေတ်ပြိုင်
Read More...
Collapse...
သန်းထိုက်ဦး
တနင်္လာနေ့၊ ဇန်နဝါရီလ 19 2009
ချင်းမိုင် (မဇ္ဈိမ)။ ။ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) တပ်များနှင့် စစ်အစိုးရတပ်များ ယခုလအတွင်း ရှမ်းပြည်တောင်ပိုင်း မြို့နယ် ၃ ခုအတွင်း တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း အဖွဲ့တာဝန်ရှိသူတဦး အဆိုအရ သိရသည်။
ရှမ်းပြည်နယ် တောင်ကြီးခရိုင်အတွင်းရှိ ပင်လုံ၊ ဟိုပုန်း၊ မိုင်းကိုင်မြို့နယ်များတွင် ယခုလ ၁၂ ရက်မှ ၁၅ ရက်အထိ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) – SSA တပ်ဖွဲ့ဝင်များနှင့် ခြေလျင်တပ်ရင်း (ခလရ) ၆၄ ၊ ခြေမြန်တပ်ရင်း (ခမရ) ၅၁၃ တပ်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
"ကျနော်တို့ လှည့်ကင်းနဲ့ သူတို့ (စစ်တပ်) လှည့်ကင်းနဲ့ သွားတိုးပြီးတော့ ဖြစ်ကြတယ်။ ထိပ်တိုက် သွားတိုးလို့ ဖြစ်တဲ့ တိုက်ပွဲမျိုးပါ" ဟု SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်စိုင်းဆိုင်မိန်းက မဇ္ဈိမကို ပြောသည်။
ယခုလ ၁၂ ရက်နေ့က မိုင်းကိုင်မြို့နယ် အနောက်ဘက် တောတွင်းတနေရာ၌ နံနက် ၉ နာရီမှ မွန်းလွဲ တနာရီ အထိ ၄ နာရီအကြာ တိုက်ပွဲဖြစ်ရာ၊ အစိုးရတပ်မှ လူဦးရေ ၅၀ ခန့် ပါဝင်သည့်အနက် တဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ရသွားကြောင်း သူက ဆက်ပြောသည်။ SSA (တောင်ပိုင်း) တပ်ဖွဲ့မှ တဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲဖြစ်ရာ မိုင်းကိုင်ဒေသမှာ တောင်ကြီးမြို့နှင့် မိုင် ၁၀၀ ခန့် အကွာတွင် တည်ရှိသည်။
တိုက်ပွဲများ ဖြစ်ပြီးနောက် နှစ်ဖက် အခြေအနေမှာ တပ်အင်အား တိုးချဲ့ခြင်း မရှိသလို၊ ယခုအခါ အခြေအနေများ တည်ငြိမ်နေသည်။
၁၉၉၆ ခုနှစ်တွင် အင်အားကောင်းသည့် ခွန်ဆာ ဦးဆောင်သည့် မုံးတိုင်း Mongtai တပ်မတော်သည် မြန်မာ စစ်အစိုးရထံ လူဦးရေ ၂ သောင်းကျော်ဖြင့် လက်နက်ချသွားခဲ့သည်။
ခွန်ဆာ လက်နက်ချခဲ့ပြီးနောက် ဗိုလ်မှူးကြီး ယွတ်စစ် ဦးဆောင်သည့် အဖွဲ့က သီးခြား ခွဲထွက်၍ SSA ကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
Ref: မဇ္ဈိမ
Read More...
Collapse...
20 January 2009
ဒီနေ့ကျင်းပမယ့် အမေရိကန်သမ္မတသစ် အိုဘားမားရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် ၀ါရှင်တန်မြို့တော်မှာ ရောက်နေတဲ့ အမေရိကန်
နိုင်ငံသူ နိုင်ငံသားတွေ စိတ်လှုပ်ရှားနေကြပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ၄၄ ယောက်မြောက် သမ္မတ၊ သမိုင်းမှာ ပထမဆုံး အာဖရိက နွယ်ဖွား အမေရိကန်လူမျိုး သမ္မတရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို မြင်ရဖို့ လူတသန်းနဲ့ နှစ်သန်းကြား ၀ါရှင်တန်မြို့တော်မှာ ရှိနေကြမယ်လို့ ခန့်မှန်းကြပါတယ်။ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် ပြင်ဆင် နေကြတာတွေနဲ့ ပတ်သက်လို့ ဗွီအိုအေသတင်းထောက် ဂျင်မ် မလုံး (Jim Malone) သတင်းပေးပို့ ထားတာကို ဦးသိန်းထိုက်ဦးက တင်ပြ ပေးထားပါတယ်။
“ဒီနေ့ တိုင်းပြည်မှာရင်ဆိုင်နေရတဲ့ စိန်ခေါ်အကဲစမ်းမှုတွေဟာ လွယ်လွယ်ကူကူ ဖြေရှင်းလို့ရမယ့် ကိစ္စတွေလို့ ကျနော် ဟန်ဆောင် မပြောချင်ပါဘူး။ တလမက၊ တနှစ်မက၊ ဒီထက်ပိုပြီး အများကြီး ရှည်ကြာနိုင်ပါတယ်” လို့ တနင်္ဂနွေနေ့က ကျင်းပတဲ့ လင်ကွန်း အမှတ်တရ ရုပ်တုရှေ့ ဂီတဖျော်ဖြေပွဲမှာ ဘရက်ခ် အိုဘားမား ပြောသွားတာပါ။
လူထုရဲ့ မျှော်လင့်ချက်တွေ မြင့်မားနေချိန်၊ ဘရက်ခ် အိုဘားမား ဒီနေ့ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပါတော့မယ်။ သူတာဝန်ယူမယ့် ရှေ့ခရီးမှာ စီးပွားရေး၊ နိုင်ငံခြားရေး စိန်ခေါ်မှုတွေလည်း အဆင်သင့် စောင့်နေပါတယ်။
ဝါရှင်တန်မြို့တော်မှာလည်း သမ္မတသစ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ၊ ဒီလို သမိုင်းတွင်မယ့် အဖြစ်အပျက်ကို ကြည့်ခွင့် မြင်ခွင့်ရဖို့ ရာထောင်ချီတဲ့ ရပ်ဝေးက ဧည့်သည်တွေ ရောက်နေကြပါတယ်။ ၀ါရှင်တန်ကိုရောက်လာတဲ့ အမျိုးသမီးတယောက်က အခုလို ပြောပါတယ်။
“ဒီပွဲက သမိုင်းမှာ အမှတ်တရကျန်ရစ်မယ့် အဖြစ်အပျက်ကြီးပါ။ ဒီနေရာကို ဘာကြောင့် လာသလဲလို့ မေးစရာမလိုပါဘူး။ ဘယ်လို ဒီနေရာကို ရောက်အောင်သွားကြမယ်၊ ဘယ်တော့သွားမလဲ၊ ဒါပါပဲ။”
ဒီလို သမိုင်းတွင်တဲ့ အဖြစ်အပျက်ကို မျက်ဝါးထင်ထင် မြင်ချင်ပါတယ်လို့ ပြောနေကြတဲ့ အထဲမှာ အိုင်အိုဝါပြည်နယ်က အလယ်တန်း ကျောင်းသား တယောက်လည်း ပါပါတယ်။ သူလည်း ၀ါရှင်တန်ကို ရောက်နေပါတယ်။
“စိတ်လှုပ်ရှားစရာ တော်တော်ကောင်းပါတယ်။ ဒီအခမ်းအနားကို လာရတာကိုက တကယ့် အတွေ့အကြုံတခုပါ။ ကိုယ်တိုင်ပါဝင်ချင်လို့ အခုလို လာခဲ့တာပါ။”
ကျမ်းသစ္စာကျိန်ဆိုပွဲ မကျင်းပခင်နေ့မှာ အိုဘားမားက ၀ါရှင်တန်မြို့တော်မှာရှိတဲ့ ဝေါ်လ်တာ ရိဒ် (Walter Reed) ဆေးရုံကို သွားရောက်ပါတယ်။ ဆေးရုံမှာ ဆေးကုသနေတဲ့၊ ထိခိုက်ဒဏ်ရာရနေတဲ့ အမေရိကန် စစ်သားတွေကို တွေ့ဆုံခဲ့တာပါ။
မနေ့က တနင်္လာနေ့ဟာ အမေရိကန်ပြည်ထောင်စုမှာ ကွယ်လွန်သူ လူ့အခွင့်အရေး ရဲဘော်ကြီး မာတင် လူသာကင်း (Martin Luther King, Jr.) ကို ဂုဏ်ပြုတဲ့နေ့ ရုံးပိတ်ရက်ဖြစ်ပါတယ်။ သမ္မတသစ်ဖြစ်လာမယ့် အိုဘားမားနဲ့ ဒုတိယသမ္မတ တာဝန် ယူမယ့် ဂျိုး ဘိုင်ဒန် (Joe Biden) တို့နှစ်ယောက် အများအတွက် အကျိုးပြု ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အခမဲ့ ပါဝင်ကူညီ လုပ်ဆောင်ကြပါသေးတယ်။ ဒီအချိန်မှာ ၀ါရှင်တန်မြို့တော် တ၀ိုက်မှာလည်း ကျန်းသစ္စာ ကျိန်ဆိုမယ့်အချိန် နီးကပ် လာနေပြီဆိုတော့ နောက်ဆုံးအဆင့် ပြင်ဆင်မှုတွေ လုပ်နေပါတယ်။
ဝါရှင်တန်မြို့တော်ဝန် အာဒရီယန် ဖန်တီ (Adrian Fenty) က NBC ရုပ်မြင်သံကြားဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဒီမြို့တော်ဟာ အခမ်းအနား တက်ရောက်မယ့် ကြီးမားလှတဲ့ လူအုပ်ကြီးကို လက်ခံကြိုဆိုဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောပါတယ်။ အိုဘားမား ကျမ်းသစ္စာ ကျိန်ဆိုမှာ၊ အဖွင့်မိန့်ခွန်း ပြောမှာတွေကို လူတွေက ကြည့်နိုင်ဖို့ စိတ်အား ထက်ထက်သန်သန် စောင့်ဆိုင်းနေကြပါတယ်။ မြို့တော်ဝန် အာဒရီယန် ဖန်တီက အခုလိုပြောပါတယ်။
“ဒီနေ့ဟာ သိပ်ကို ထူးခြားကောင်းမွန်တဲ့ နေ့တနေ့ဖြစ်မှာပါ။ လူတိုင်းကို ဒီမြို့တော်က လှိုက်လှိုက်လှဲလှဲ စိတ်ရောကိုယ်ပါ ကြိုဆိုပါတယ်။”
ဒီလို လူတွေအများအပြားကို ကြိုဆိုမယ့် တချိန်တည်းမှာ ၀ါရှင်တန်မြို့တော်ရဲ့ လုံခြုံရေးကိုလည်း အထူးတင်းကျပ်ထားပါတယ်။
အိုဘားမားဟာ စနေနေ့ကတော့ ဖီလာဒဲလ်ဖီးယားကနေ ၀ါရှင်တန်မြို့တော်ကို ရထားစီးပြီး လာခဲ့ပါတယ်။ ၁၈၆၁ ခုနှစ်က သမ္မတဟောင်း အီဘရာဟင်မ် လင်ကွန်း (Abraham Lincoln) လာခဲ့တဲ့ ခရီးလမ်းအတိုင်း သူ့အနေနဲ့ ထပ်ချပ်မကွာ သင်္ကေတပြုပြီး ရထားစီး လာခဲ့တာပါ။ တနင်္ဂနွေနေ့ကလည်း လင်ကွန်းအမှတ်တရ ရုပ်တုရှေ့မှာ နာမည်ကြီး အနုပညာရှင်တွေ၊ အဆိုတော်တွေ ဖျော်ဖြေပွဲ ကျင်းပခဲ့ပါတယ်။
တနင်္လာနေ့မှာ ဘရက်ခ် အိုဘားမားက ဒုတိယသမ္မတဖြစ်လာမယ့် ဂျိုး ဘိုင်ဒန်၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ကောလင်း ပေါင်ဝဲလ် (Colin Powell) နဲ့ သမ္မတ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဘက်ဖြစ်ခဲ့တဲ့ အာရီဇိုးနားပြည်နယ် အထက်လွှတ်တော် အမတ် ဂျွန် မက်ကိန်း (John McCain) တို့ကို ညစာစားပွဲနဲ့ ဧည့်ခံပါလိမ့်မယ်။
အမေရိကန် စစ်တပ်မိသားစုတွေကို ဂုဏ်ပြုပြီး လူငယ်တွေအတွက် အခမဲ့ တေးဂီတ ဖျော်ဖြေပွဲတွေလည်း ၀ါရှင်တန်မြို့တော်မှာ ကျင်းပနေပါတယ်။
အဂါင်္နေ့မနက်စောစော အိုဘားမားဟာ အိမ်ဖြူတော်ကိုသွားပြီး သမ္မတဘုရှ်နဲ့ ကော်ဖီ သောက်ပါလိမ့်မယ်။ အဲဒီနောက် သမ္မတဘုရှ်နဲ့ အိုဘားမားတို့နှစ်ယောက် လွှတ်တော်ကိုလာပြီး အိုဘားမား ကျမ်းသစ္စာကျိန်ဆိုမှာ ဖြစ်သလို မိန့်ခွန်းပြောကြားပါလိမ့်မယ်။
Ref: VOA News
Read More...
Collapse...
NEJ/ ၁၉ ဇန်န၀ါရီ ၂၀၀၉
နေပြည်တော်တွင် ယာဉ်စည်းကမ်း ပညာပေးမှု နည်းပါးသည့်အတွက် မော်တော်ဆိုင်ကယ် ထိခိုက်မှုဖြင့် သေဆုံးသူ ပျမ်းမျှ တနေ့ (၈) ဦးနှုန်းရှိသည်ဟု နေပြည်တော် တရားရုံးသတင်းရပ်ကွက်က ပြောသည်။
မော်တော်ဆိုင်ကယ် ထိခိုက်မှုကြောင့် နေပြည်တော်တွင် တနေ့ လူ (၈) ဦးနှုန်းသေနေသည်မှာ ယာဉ်စည်းကမ်းကို နားမလည်ခြင်း၊ ယာဉ်ထိန်းကြီးကြပ်မှု နည်းပါးခြင်း၊ လိုင်စင်မဲ့ ဆိုင်ကယ်များကို လိုင်စင်ချပေးရာ စီးသူများလာခြင်း၊ မော်တော်ဆိုင်ကယ် တက္ကစီ မောင်းသူများကိုယ်တိုင် ယာဉ်စည်းကမ်း နားမလည်ခြင်း စသည့် အချက်များကြောင့် ဖြစ်သည်ဟု နေပြည်တော် တရားရေး ၀န်ထမ်းတဦးက ပြောသည်။
လိုင်စင်မဲ့ဆိုင်ကယ်များကို လိုင်စင်ချပေးပြီးနောက် ဆိုင်ကယ်တစီးကို တလ တသိန်းဖြင့် ငှားပြီး ဆိုင်ကယ်တက္ကစီ မောင်းသူ များလာသည့် အပြင် ကျွမ်းကျင်မှု မရှိသည့် ဆိုင်ကယ် တက္ကစီများက ကားကို ၀င်တိုက်သည့် အမှုများလည်း မကြာခဏ ရှိနေသည်ဟု နေပြည်တော် ခရီးသွားများက ပြောသည်။
နေပြည်တော်ဝန်ထမ်းများမှာလည်း ပျဉ်းမနား ကားလိုင်းများ ကြပ်သည့်အတွက် အဆိုပါ ဆိုင်ကယ်တက္ကစီ များကိုသာ အားထား စီးနေရသည်။ ထို့ကြောင့် နေပြည်တော် ဆိုင်ကယ် ထိခိုက်သေဆုံးမှုတွင် နေပြည်တော် ၀န်ထမ်းများလည်း ပါဝင်သည်ဟု နေပြည်တော် ၀န်ထမ်းတဦးက ပြောသည်။
နေပြည်တော် ဆိုင်ကယ်တက္ကစီ မောင်းသူများသည် တနေ့ ကျပ်ငွေ (၃,၀၀၀) ဆိုင်ကယ်ပိုင်ရှင်ကို ပြန်ပေးရန် ရှာရသည့်အတွက် အလုအယက် အမြန်မောင်းရာမှ ထိခိုက်မှုများ ကြုံရသည်ဟုသည်း တရားရုံး သတင်းရပ်ကွက် က ပြောသည်။ နေပြည်တော် ကုတင် (၃၀၀) ဆေးရုံရှိ လူနာအများစုမှာ ဆိုင်ကယ်တိုက်မှုကြောင့် ရောက်လာသည့် လူနာက အများစုဖြစ်နေသည်ဟု စုံစမ်းသိရသည်။
Ref: ခေတ်ပြိုင်
Read More...
Collapse...
20 January 2009
အမေရိကန်သမ္မတအဖြစ် ဒီနေ့ သက်တမ်းကုန်ဆုံးတော့မယ့် ဂျော့ခ်ျဘုရှ်က သူ့ရဲ့သက်တမ်း ၈ နှစ်တာကာလအတွင်း ချစ်ကြည်စွာ ပူးပေါင်း ဆောင်ရွက်ခဲ့ကြတဲ့ ကမ္ဘာ့ခေါင်းဆောင် အများအပြားကို မနေ့က တယ်လီဖုန်းဆက် ကျေးဇူးတင်စကား ပြောဆိုပါတယ်။
ရုရှားဝန်ကြီးချုပ် ဘလာဒီမာ ပူတင် (Vladimir Putin)၊ ရုရှားသမ္မတ ဒီမီထရီ မက်ဗီ ဒက်ဗ် (Dmitri Medvedev)၊ အစ္စရေးလ်သမ္မတ ရှီမွန် ပီရက်စ် (Shimon Peres)၊ ပြင်သစ်သမ္မတ နီကိုလပ်စ် ဆာကိုဇီ (Nicolas Sarkozy)၊ ဂျာမန်ဝန်ကြီးချုပ် အိန်ဂျလာ မာကဲ (Angela Merkel) တို့ထံ သမ္မတဘုရှ်က ကျေးဇူးတင်စကား ပြောကြားပါတယ်။
မစ္စတာဘုရှ်ဟာ အမေရိကန်သမ္မတအဖြစ် နောက်ဆုံးနေ့မှာ ဘရာဇီးသမ္မတ၊ တောင်ကိုရီးယားသမ္မတ လီမြောင်ဘက်ခ် (Lee Myung-bak)၊ ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown)၊ ဂျပန်ဝန်ကြီးချုပ် တာရို အာဇို (Taro Aso)၊ ဒိန်းမတ်ဝန်ကြီးချုပ်တို့ အပြင် ယခင် မက္ကဆီကိုသမ္မတ ဗင်းဆင့်တေး ဖော့က်စ် (Vicente Fox) တို့ထံ တယ်လီဖုန်းဆက် နှုတ်ခွန်းစကား ပြောဆိုပါတယ်။
ဘရက်ခ် အိုဘားမား အမေရိကန်သမ္မတအဖြစ် ဒီနေ့ ကျမ်းသစ္စာကျိန်ဆိုအပြီး အိမ်ဖြူတော်ကို ပြောင်းလာတော့မှာမို့ မစ္စတာဘုရှ်လည်း ဒီနေ့ပဲ အိမ်ဖြူတော်ကဆင်းပြီး တက္ကဆက်ပြည်နယ်မှာ သွားနေမှာဖြစ်ပါတယ်။
လေးနာရီစောကာ မစ္စတာအိုဘားမားရဲ့ပစ္စည်းများ သယ်ဆောင်လာမှာဖြစ်သလို မစ္စတာဘုရှ်ရဲ့ ပစ္စည်းများကိုလည်း သယ်ဆောင်သွားကြ ပါလိမ့်မယ်။
Ref: VOA News
Read More...
Collapse...
NEJ/ ၁၉ ဇန်န၀ါရီ ၂၀၀၉
Bi Weekly Eleven ဂျာနယ်က ရေးသားသည့်သတင်းကြောင့် ဟစ်ဟော့အဆိုရှင် ဂျောက်ဂျက်အား စာပေစိစစ်ရေးနှင့် မြန်မာနိုင်ငံ ဂီတ အစည်းအရုံးက ခေါ်ယူ၍ ခံဝန်ကတိ လက်မှတ်ထိုးခိုင်းကြောင်း ဟစ်ဟော့သတင်းရပ်ကွက်က သိရသည်။
ပြီးခဲ့သည့် ဇန်န၀ါရီ (၁၅) ရက် ဈေးကွက်တွင်း ဖြန့်ချိခဲ့သော အဆိုပါဂျာနယ်တွင် “မြန်မာ့ယဉ်ကျေးမှု အစဉ်အလာနှင့် လူနေမှုစနစ်အား ထိခိုက်နိုင်သော ဆင်ဆာမဲ့ မြန်မာသီချင်း ညစ်ညမ်းခွေများ သိန်းနဲ့ချီထိ ပျံ့နှံ့လျက်ရှိ၊ နာမည်ရ လူငယ်အဆိုတော်အချို့နှင့် တီးဝိုင်းအချို့ ပတ်သက်မှုရှိ၊ ဖန်တီးသူ ထုတ်လုပ်သူ၊ ဖြန့်ချိသူနှင့် လက်ဝယ်ထားရှိသူ မည်သူမဆို ဆင်ဆာဥပဒေ၊ ညစ်ညမ်းဥပဒေနှင့် အရေးယူခံရနိုင်” ခေါင်းစဉ်ဖြင့် ရေးသားထားခြင်းဖြစ်သည်။
ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ ကာယကံရှင် ဂျောက်ဂျက်အား ဆက်သွယ်မေးမြန်းရာ ၀န်ခံကတိ ထိုးရသည်မှာ ဟုတ်မှန်ကြောင်း၊ သို့သော် အဆိုပါသတင်းတွင် ပါသော ၎င်း၏သီချင်းများအား အခွေအဖြစ်ထုတ်၍ ရောင်းချသူမှာ မိမိနဲ့ မပတ်သက်ကြောင်း၊ လောလောဆယ် သီချင်းခွေ ထုတ်ခြင်းကို ရပ်ထားရကြောင်း ပြောသည်။
စာပေစိစစ်ရေး၏ ၀န်ထမ်းတဦးက “ကျမတို့ စာပေ စိစစ်ရေးရုံးကတော့ ဂျောက်ဂျက်နဲ့ ပတ်သက်တဲ့ အင်တာဗျူး၊ သတင်း၊ ဆောင်းပါးတွေကို ရပ်ဆိုင်းထားဖို့ ညွှန်ကြားထားတယ်” ဟု ဆိုသည်။
ဟစ်ဟော့ နှစ်သက်သူ လူငယ်တဦးက “ဝေဖန်ရေးလုပ်တယ်ဆိုတာ ဝေဖန်မယ့် Subject ကို နားလည်မှ ဝေဖန်သင့်တယ်။ နိုင်ငံတကာမှာ ဟစ်ဟော့တွေရဲ့ သီဆိုမှုဟာ မကျေနပ်တာတွေ၊ စိတ်ထဲရှိတာတွေကို ပေါက်ကွဲတာပဲ။ အာဖရိကက လူမည်းတွေ ဆီကတဆင့် ဒီ ဟစ်ဟော့ ဂီတဆိုတာ စီးဝင်လာခဲ့တာ လူသားတွေကြားကို၊ ဒါ တော်လှန်ရေးဂီတပဲ။ ဂျောက်ဂျက်သီဆိုတဲ့ ဟစ်ဟော့မှာ ညစ်ညမ်းတာပါတယ်၊ ဟုတ်တယ်၊ ဒါ သူ့အသိုင်းအ၀န်းနဲ့ နီးစပ်တဲ့ အရာတွေထဲက သူရထားတဲ့ အတွေ့အကြုံပဲ။ ဘာပဲဖြစ်ဖြစ် ဒီလို သီဆိုမှုတွေကို ဂျောက်ဂျက် တကောင်တည်း ဆိုတာမဟုတ်ဘူး။ မြန်မာ Underground သီဆိုခဲ့သူတွေ၊ ခု နာမည်ရနေတဲ့ ကောင်တွေလည်း လုပ်ခဲ့တယ်။ ဂျောက်ဂျက်က အခုမှ အဆိုတော်တောင် မဖြစ်သေးဘူးဗျာ၊ ဒီကောင့် တယောက်တည်းကို ပစ်မှတ်ထားသလို ဖြစ်နေတဲ့အတွက်တော့ ကျနော် စိတ်မကောင်းဘူး” ဟု ပြောသည်။
ဟစ်ဟော့ တေးသံရှင်များစွာရှိသည့်အနက် ဂျောက်ဂျက်အား လူငယ်အများ နှစ်သက်ကြကြောင်း၊ ဟစ်ဟော့နှစ်သက်သည့် လူငယ်များ၏ ပြောဆိုမှုကို ကိုးကား၍ သိရသည်။
ဂျောက်ဂျက်သည် ဟစ်ဟော့လောကထဲသို့ ၂၀၀၄ ခုနှစ်က စတင်ရောက်ရှိလာကာ Underground အခွေများ ဝေပြီးချိန်မှစ၍ နာမည် ရလာပြီး VIP အဖွဲ့တွင် Ah.Boy၊ ထိန်ဝင်း၊ ကျော်ထွဋ်ဆွေတို့နဲ့အတူ သီဆိုသူတဦးဖြစ်သည်။
Rock Star အဖြစ် ပြောင်းလဲလိုက်ကာ ၂၀၀၉ ခုနှစ် ဇန်န၀ါရီလ အကုန်တွင် တေးစီးရီးထွက်ရန် ရှိကြောင်း၊ ယခု အဆိုပါ တေးစီးရီး ထွက်လာနိုင်တော့မည် မဟုတ်ကြောင်း မြန်မာနိုင်ငံ ဂီတအစည်းအရုံးနှင့် နီးစပ်သူတဦးက ပြောသည်။
ဂျောက်ဂျက်၏အမည်ရင်းမှာ ဇင်မင်းလွင်ဖြစ်ပြီး အသက် (၂၂) နှစ်ခန့်သာရှိကာ တရုတ်-ဗမာ ကပြား လူမျိုးဖြစ်သည်။ ရန်ကုန် ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သူဖြစ်သည်ဟု ရုပ်ရှင်အမြုတေ မဂ္ဂဇင်းအရ သိရသည်။
Ref: ခေတ်ပြိုင်
Read More...
Collapse...
NEJ/ ၁၉ ဇန်န၀ါရီ ၂၀၀၉
အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်က ကြီးမှူးကျင်းပသော ဒုတိယအကြိမ် မြန်မာသိုင်းပညာစဉ် ပြပွဲနှင့် တတိယအကြိမ် ဗန်တို (အတိုက်) ပြိုင်ပွဲ၊ ဗန်တို (အထူး) စိန်ခေါ်ပွဲကို မကြာခင်က အမျိုးသားအားကစား ပြိုင်ပွဲရုံ (၁) သုဝဏ္ဏတွင် အခမဲ့ပွဲ အဖြစ် ကျင်းပခဲ့သော်လည်း ကြည့်ရှုသူ နည်းပါးသည်ဟု စုံစမ်းသိရသည်။
အဆိုပါပွဲကို အစိုးရ ဦးစီးသည့်အတွက် မကြည့်လိုကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
“ထူးဆန်းတဲ့ပြကွက် (၉၀) ကျော် ပြမယ်လို့ သတင်းစာမှာ တွေ့လိုက်တယ်။ ဒါပေမယ့် မကြည့်ချင်ဘူး။ ပြသတဲ့ လူတွေရဲ့ စွမ်းအားကိုတော့ လေးစားပါတယ်” ဟု သုဝဏ္ဏမြို့နယ်အတွင်း နေထိုင်သူတဦးက ပြောသည်။
အဆိုပါပွဲသည် အခမဲ့ဖြစ်သော်လည်း လာရောက်ကြည့်ရှုသည့် ပြည်သူနည်းပါးကြောင်း အဆိုပါပွဲကို သွားရောက် ကြည့်ရှုခဲ့သူ တဦးက ပြောသည်။
“သူတို့ဆီကို လာကြည့်တဲ့လူ မရှိဘူး။ လာကြည့်တဲ့လူတွေက အားကစား ၀န်ကြီးဌာနအောက်က ၀န်ထမ်းတွေ မလာမနေရ၊ ပြီးတော့ အားကစား ပြိုင်ပွဲရုံနဲ့ နီးတဲ့ မြို့နယ်တွေက စာသင်ကျောင်းတွေကို ပြောထားပြီး ကျောင်းသားတွေကို လာပြီးကြည့်ခိုင်းတယ်။ အရေးကြီး ပုဂ္ဂိုလ်တွေဆိုပြီး ဖိတ်ထားတဲ့အစိုးရ လက်ကိုင်တုတ်တွေ လာတယ်။ တကယ်တမ်း ဒီပညာရပ်ကို သေသေချာချာ စိတ်ဝင်စားလို့ လေ့လာချင်လို့ လာကြည့်သူတချို့ရှိတယ်။ ဒါပေမယ့် အံ့သြဖွယ် ပညာရပ်တခုအနေနဲ့ရော၊ မမြင်ဖူးတာတွေ အနေနဲ့ပါ လာကြည့်သူ မရှိဘူး။ ဘာလို့လဲဆိုတော့ အစိုးရကို မနှစ်သက်လို့ပဲ” ဟု ၎င်းက ပြောသည်။
အဆိုပါပွဲကို သုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံ (၁) နှင့် နီးသည့် သင်္ကန်းကျွန်း၊ တာမွေ၊ သုဝဏ္ဏမြို့နယ်တို့မှ အမက၊ အလက၊ အထက ကျောင်းအသီးသီးမှ ဆရာ၊ ဆရာမများ ဦးဆောင်သော ဖယ်ရီဖြင့် အဓမ္မ လာရောက် ကြည့်ရှုခိုင်းခဲ့သည်ဟု တာမွေမြို့နယ် ဆရာမတဦးက ပြောသည်။
“အမှန်ဆိုရင်တော့ ကလေးတွေကို အခုလို ကျောင်းပိတ်ရက်မှာ ဒီလို သိုင်းသင်ကွက်တွေ၊ ကာယသိန္ဓိ စွမ်းရည်တွေကို ပြသရတာထက် ဒေသန္တရ ဗဟုသုတရှာဖို့ ခရီးထွက်တာကို ကျမတို့ နှစ်သက်တယ်လို့ပဲ ပြောပါရစေ” ဟု အဆိုပါ ဆရာမက ပြောသည်။
“လူတွေကို အခမဲ့ ကြည့်နိုင်တယ်လို့ ကြော်ငြာထားရင်လည်း လွတ်လွတ်လပ်လပ် ကြည့်နိုင်အောင် လုပ်ရမယ်လေ။ အခုဟာ ရဲကားက အစီး (၃၀) လောက်ရှိတယ်။ ရဲတွေ၊ စစ်သားတွေကလည်း ခန်းမထဲမှာ အပြည့်။ ပါဝါပြချင်တဲ့ ရဲဘော်တွေက စစ်လား ဆေးလား လာမေးသေးတယ်။ ကျနော်က ပွဲကြည့်စင်ကနေ အောက်ကိုဆင်းပြီး တီဗီရိုက်နေတဲ့ နေရာအနားကို သွားတော့ ရဲတကောင်က ကျနော့်ကို ဘယ်ကလဲ ဆိုပြီးမေးတယ်။ ကျနော့်ကို အပေါ်ကပဲ ကြည့်ပါတဲ့။ ဒါမျိုးတွေကြောင့် နောက်တနေ့ မသွားတော့ဘူး။ စနေနေ့ကပဲ သွားတယ်။ လူတွေ မလာတာ အဲဒါမျိုးတွေကြောင့်ဗျ” ဟု သင်္ကန်းကျွန်းမှ ပျံကျလုပ်သား ကိုလွန်းမောင်က ပြောသည်။
ပြီးခဲ့သည့် ဇန်န၀ါရီ (၁၇) ရက်က ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်ဆွေက လာရောက်သည့်အချိန် နောက်ကျသည့်အတွက် သံချောင်းများ ပေါ်တွင် အသက် (၁၃) နှစ်ခန့်အရွယ် ကလေးများ လှိမ့်ပြသည့်ပြကွက်ကို မတွေ့ လိုက်ရသည့်အတွက် ဒုတိယအကြိမ် ပြန်လည် ပြသခဲ့ရကြောင်း ပွဲကြည့်သူတဦးက ပြောသည်။
ပွဲစဉ်များကို စနေနေ့နှင့် တနင်္ဂနွေနေ့တို့တွင် နံနက် (၈) နာရီမှ နေ့လယ် (၁) နာရီထိ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Ref: ခေတ်ပြိုင်
Read More...
Collapse...