..............................

Friday, December 23, 2011

လွတ်လပ်ခွင့်ဆိုတာ လူတိုင်းအတွက် အတူတူ ဒေါ်အောင်ဆန်းစုကြည် ပြော

2011-12-22

လွတ်လပ်ခွင့်ဆိုတာ ကမ္ဘာပေါ်က ဘယ်နေရာမှာမဆို အတူတူပဲ ဖြစ်ရမှာပါလို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ပြောကြား လိုက်ပါတယ်။

မြန်မာအစိုးရရဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေကို အခုလို ရည်ညွှန်းပြောဆိုတာ ဖြစ်ပြီး အဲဒီ ဥပဒေတွေကို လေ့လာ သုံးသပ်သွားဖို့ ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထပ်မံ ပြောဆို လိုက်ပါတယ်။

“လွတ်လပ်ခွင့်ဆိုတာ မြန်မာနိုင်ငံသားတွေ လွတ်လပ်ခွင့်၊ တခြား နိုင်ငံသားတွေ လွတ်လပ်ခွင့် ရယ်လို့ ခွဲပြီး မမြင် သင့်ပါဘူး။ အန်တီတို့က စစ်မှန်တဲ့ ဒီမိုကရေစီ လွတ်လပ်ခွင့်မျိုးကို မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အတွက် လိုချင်ပါတယ်။ စီတန်းလှည့်လည်ခွင့် ဥပဒေနဲ့ ပတ်သက်လို့ ပြီးပြည့်စုံတဲ့ အဆင့် မရှိသေးဘူးလို့ ဥပဒေပညာရှင်တွေက မှတ်ချက်ချတာကို အခြေခံပြီး အန်တီတို့ လေ့လာ သုံးသပ်ဖို့ ရည်ရွယ်ချက် ရှိပါတယ်”

အာရ်အက်ဖ်အေက သောကြာညတိုင်း ပုံမှန် တင်ဆက်နေတဲ့ “လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်မှာ “မြန်မာ အစိုးက အတည် ပြုလိုက်တဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည် ဆန္ဒပြခွင့် ဥပဒေတွေဟာ မြန်မာပြည်သူတွေရဲ့ လွတ်လပ်ခွင့်နဲ့ ကိုက်ညီပါရဲ့လား” ဆိုတဲ့ သောတရှင်တစ်ဦးရဲ့ အမေးကို ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ဖြေကြားခဲ့တာပါ။

Ref: RFA News

Read More...

ဒေါ်အောင်ဆန်းစုကြည် ပါတီမှတ်ပုံတင်ရန် နေပြည်တော် သွားမည်

ရန်ပိုင်
December 22, 2011

ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှတ်ပုံတင်ရေး အတွက် မနက်ဖြန် နံနက် ၇ နာရီခန့်တွင် လေကြောင်း ခရီးဖြင့် ဒုတိယ အကြိမ်မြောက်နေပြည်တော်သို့ သွားရောက်မည် ဖြစ်သည်။

ယခုခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပါတီခေါင်းဆောင် ဦးတင်ဦး၊ ဦးဉာဏ်ဝင်း၊ ဦးဝင်းမြင့်တို့ လိုက်ပါ သွားမည်ဖြစ်ကြောင်း လုံခြုံရေး တာဝန်ယူထားသည့် ဦးခွန်သာမြင့်က ပြောသည်။

“ကော်မရှင်ကို အရင်သွားမယ်။ ကြိုဆိုတာတွေတော့ ရှိမှာပါ။ ပြီးရင် နေ့ချင်းပြန်မယ်” ဟု ၎င်းက ဆိုသည်။

ယခုတကြိမ် နေပြည်တော်ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဦးသိန်းစိန် တွေ့ဆုံမည် မဟုတ်ဘဲ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်သူလွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း တို့နှင့်သာ တွေ့ဆုံဖွယ် ရှိကြောင်း ဦးခွန်သာမြင့်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပထမအကြိမ်အဖြစ် နေပြည်တော်သို့ ပြီးခဲ့သည့် သြဂုတ်လအတွင်းက စီးပွားရေး ပြုပြင် ပြောင်းလဲမှု ဆိုင်ရာ အမျိုးသား အဆင့် အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်ရန် သွားခဲ့သည်။

ပထမအကြိမ်ခရီးစဉ်တွင် သမ္မတဦးသိန်းစိန် အပါအ၀င် အမှတ် (၁) နှင့် (၂) စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးစိုးသိန်း၊ အလုပ်သမား ဝန်ကြီး ဦးအောင်ကြည်၊ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်းနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်ချုပ် သိန်းဌေး တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ထိုတွေ့ဆုံမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ကျေနပ် အားရကြောင်း ပြောဆိုခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံရာတွင် “ဒီလှိုင်း” (Wave) အမည်ဖြင့် အပတ်စဉ် ထုတ်ဝေမည့် ပါတီစာစောင် အကြောင်းကိုလည်း တင်ပြရန် ရှိကြောင်း ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောသည်။

“မှတ်ပုံတင်ပြီး ပါတီတွေ ဆောင်ရွက်ခွင့်ရှိတဲ့အတိုင်း စာအုပ်စာတန်းတွေ၊ စာစောင်တွေ၊ မူဝါဒတွေထုတ်ဖို့ ပုံနိုပ် ထွက်ဝေခွင့် လျှောက်မယ်” ဟု ၎င်းက ဆိုသည်။

ပါတီမှ ထုတ်ဝေမည့် စာစောင်များ၊ စာအုပ်စာတန်းများ၊ ပြက္ခဒိန်၊ ပို့စကတ် အစရှိသည်တို့အတွက် တာဝန်ခံအဖြစ် မိမိက ဆောင်ရွက်မည် ဖြစ်သည်ဟု ဦးအုန်းကြိုင်က ပြောသည်။

အဆိုပါ ဒီလှိုင်းစာစောင်တွင် ပါတီ အာဘော်များ၊ လှုပ်ရှားမှုများ သာမက နိုင်ငံတကာသတင်းများ ဝေေ၀ဆာဆာ ဖော်ပြ သွားမည် သိရသည်။

NLD ပါတီသည် ၉၀ ခုနှစ်ရွေးကောက်ပွဲ မတိုင်မီကလည်း ပါတီနှင့် ပတ်သက်သည့် လှုပ်ရှားမှုများကို ဖော်ပြသည့် မှတ်တမ်းလွှာ စာစောင်ကို ထုတ်ဝေဖူးသည်။

Ref: ဧရာဝတီ

Read More...

ကင်ဂျုံအွန်းကို မြောက်ကိုရီးယား ခေါင်းဆောင်သစ်အဖြစ် ကြေညာ

ကြာသပတေး, 22 ဒီဇင်ဘာ 2011

မြောက်ကိုရီးယားနိုင်ငံမှာ ကင်ဂျုံအွန်း ဦးဆောင်တဲ့ခေတ် စတင်ခဲ့ပြီလို့ မြောက်ကိုရီးယားက ကြေညာ လိုက်ပါတယ်။

ကွယ်လွန်သူ မစ္စတာကင်ဂျုံအီးရဲ့ အငယ်ဆုံးသားက သူ့ဖခင်ရဲ့နေရာကို ပြည်သူတွေရဲ့ခေါင်းဆောင် အဖြစ် ဆက်ခံ လိုက်တယ်လို့ ဆိုပါတယ်။ ကင်ဂျုံအွန်း အနေနဲ့ ဖခင် ကင်ဂျုံအီးလ်ရဲ့ သင်ကြားမှုတွေ အတိုင်း ဆက်လုပ်ရင်း ကိုယ့်အား ကိုယ်ကိုးပြီး ရှေ့ကို ဆက်သွား သင့်တယ်လို့ မြောက်ကိုရီးယား အစိုးရပိုင် ရိုဒေါင်း ရှင်မွန်း သတင်းစာရဲ့ အယ်ဒီတာ့ အာဘော်မှာ ဖော်ပြ ထားပါတယ်။

မြောက်ကိုရီးယားနိုင်ငံအနေနဲ့ ငယ်ရွယ်တဲ့ခေါင်းဆောင်ရဲ့ ဦးဆောင်မှု အနောက်ကနေ ယုံယုံကြည်ကြည်နဲ့ လိုက်ကြဖို့ ကိုလည်း အစိုးရပိုင် သတင်းစာက တိုက်တွန်း ထားပါတယ်။

၁၇ နှစ်ကြာ တိုင်းပြည်ကို အုပ်စိုးခဲ့တဲ့ ကွယ်လွန်သူ မစ္စတာကင်ဂျုံ အီးလ်လက်ထက်မှာ မြောက်ကိုရီးယား နိုင်ငံရဲ့ ကြီးမားတဲ့ စစ်တပ်နဲ့ နျူကလီယား လုပ်ဆောင်ချက်တွေကြောင့် ဒေသတွင်း နိုင်ငံတွေကရော၊ အနောက် နိုင်ငံတွေကပါ စိုးရိမ် ခဲ့ကြတာပါ။

မြောက်ကိုရီးယားမှာ အခုဖြစ်ပေါ်နေတဲ့အပြောင်းအလဲဟာ တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေး ပြေပြေ လည်လည် ဖြစ်လာဖို့ အလားအလာတွေ တိုးလာနိုင်တယ်လို့ တောင်ကိုရီးယား သမ္မတ အီမြောင်ဘတ်က နိုင်ငံရေး ခေါင်းဆောင်တွေကို မနေ့က ပြောပါတယ်။


Ref: VOA News

Read More...

အမေရိကန်က အယ်လ်ကိုင်းဒါးခေါင်းဆောင်ဖမ်းမိရေး ဒေါ်လာ ၁၀ သန်းဆုငွေထုတ်

ကြာသပတေး, 22 ဒီဇင်ဘာ 2011

အယ်လ်ကိုင်းဒါး (Al Qaida) အဖွဲ့ကြီးအတွက် ငွေကြေးထောက်ပံ့မှုတွေ ပေးနေတဲ့သူဟာ အီရန်နိုင်ငံမှာ ရှိနေမယ်လို့ ယုံကြည်ရတဲ့ အကြောင်းနဲ့ အဲဒီလူနဲ့ ပတ်သက်တဲ့သတင်း အချက်အလက်တွေ ပေးနိုင်သူကို ဆုငွေအဖြစ် အမေရိကန် ဒေါ်လာ ဆယ်သန်း ပေးမယ်လို့ အမေရိကန် ပြည်ထောင်စုက ကြေညာလိုက်ပါတယ်။

အီဇီဒင် အက်ဗဒူ အဇစ် ခါလစ် (Ezedin Abdel Aziz Khalil) လို့ လူသိများတဲ့ ယစင်း အယ်လ် စူရင်း (Yasin al- Surin) ဟာ အီရန် နိုင်ငံထဲကနေ တဆင့် အိမ်နီးချင်း နိုင်ငံတွေမှာရှိတဲ့ အယ်ကိုင်းဒါး ခေါင်းဆောင်တွေကို ငွေကြေး ထောက်ပံ့မှုတွေ၊ လူသစ် စုဆောင်းပေးမှုတွေ လုပ်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနအရာရှိ ရောဘတ် ဟာတန် Robert Hartung က ပြောပါတယ်။

သူက ကြာသပတေးနေ့က ၀ါရှင်တန်မှာရှိတဲ့ သတင်းထောက်တွေကို ပြောကြားခဲ့တာ ဖြစ်ပြီး ဒါဟာ အကြမ်းဘက် အဖွဲ့အတွက် ငွေကြေး ထောက်ပံ့နေသူတွေရဲ့ သတင်း အချက်အလက်တွေကို ရဖို့ အမေရိကန် နိုင်ငံခြားရေး ဌာနက တရားရေး အစီအစဉ်အတွက် ပထမဆုံးအကြိမ် အဖြစ် ဆုငွေ ထုတ်ပြန် ကြေညာတာ ဖြစ်ပါတယ်။

အယ်လ် စူရင်းဟာ အယ်လ်ကိုင်းဒါးအဖွဲ့နဲ့ အီရန်အစိုးရတို့ကြား နားလည်မှု ယူထားတဲ့ ကိစ္စကို လုပ်ဆောင်နေတာ ဖြစ်ပြီး ပါကစ္စတန်နဲ့ အာဖဂန် နစ်စတန် နိုင်ငံတွေမှာရှိတဲ့ အယ်လ်ကိုင်းဒါး ခေါင်းဆောင်တွေကို ငွေကြေး ထောက်ပံ့မှုတွေ၊ လူသစ် စုဆောင်းမှုတွေ လုပ်ပေးနေတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

အယ်လ် စူရင်းဟာ အီရန် အကျဉ်းထောင်တွေထဲက အယ်လ်ကိုင်းဒါး အဖွဲ့သားတွေ လွတ်အောင် လုပ်ပေးပြီး ပါကစ္စတန် နိုင်ငံဘက်ကို ပို့ပေးခဲ့သလို အာဖဂန် နစ်စတန်နဲ့ အီရတ်နိုင်ငံတွေမှာ ရှိတဲ့ အယ်လ်ကိုင်းဒါး ခေါင်းဆောင်တွေကိုလည်း များပြားတဲ့ ငွေကြေးတွေ ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ အယ်လ်ခိုင်းဒါး အဖွဲ့ကို အီရန်အစိုးရရဲ့ ပံ့ပိုးမှုနဲ့ ထောက်ခံ အားပေးပြီး အကြမ်းဘက် လုပ်ရပ်တွေ လုပ်ဆောင် နေသူလို့ အမေရိကန် နိုင်ငံခြားရေးဌာနက သတ်မှတ်ပါတယ်။

Ref: VOA News

Read More...

ပါတီဝင်ဟောင်းများ ပြန်လက်ခံရေး NLD စိစစ်မည်

မသင်းသီရိ
ကြာသပတေး, 22 ဒီဇင်ဘာ 2011

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ အကြောင်းအမျိုးမျိုးကြောင့် နုတ်ထွက် သွားကြတဲ့သူတွေ ဟာ အခု ပါတီဝင်အဖြစ် ပြန်လည် လျှောက်ထားလာရင် စိစစ်ပြီးမှ လက်ခံမယ်လို့ NLD ပါတီက ပြောပါတယ်။ NLD ပါတီဝင် ဟောင်းတွေဟာ ပါတီရဲ့စည်းကမ်းနဲ့ ညိစွန်းခဲ့ခြင်း ရှိမရှိ ဆိုတာကို စိစစ် လက်ခံသွားဖို့ အတွက် NLD ဗဟို အလုပ်အမှုဆောင်တွေ ဆွေးနွေးခဲ့ကြတာပါ။ ဒီသတင်း အပြည့် အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မယ့် NLD ပါတီဟာ တရားဝင် နိုင်ငံရေးပါတီအဖြစ် ခွင့်ပြုချက် ကျပြီဆိုရင် ပါတီရဲ့ ရှေ့လုပ်ငန်းစဉ် ဆိုင်ရာတွေ အတွက် NLD ဗဟို အလုပ်အမှုဆောင်တွေ ဒီကနေ့ ဆွေးနွေးကြတဲ့ အထဲ အဖွဲ့ဝင် စိစစ်ရေး အဖွဲ့ ဖွဲ့စည်းကာ ပါတီဝင် လက်ခံရေးကိစ္စ ညှိနှိုင်း ဆွေးနွေးခဲ့ကြတာပါ။

အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ NLD ပါတီအတွက် အဖွဲ့ဝင်သစ်တွေရော အဖွဲ့ဝင်ဟောင်းတွေပါ ပါတီဝင်အဖြစ် အားလုံး ပြန်လည် လျှောက်ကြရမှာပါ၊ အထူးသဖြင့်တော့ ပါတီဝင် ဟောင်းတွေဟာ NLD ပါတီရဲ့စည်းကမ်းနဲ့ ညိစွန်းခဲ့တာ ရှိမရှိဆိုတာကို စိစစ်နိုင်ဖို့ ဖြစ်တယ်လို့ NLD ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော်တို့ ပါတီစည်းကမ်းဆိုတာ နဂိုရ်ထဲကရှိတယ်။ အဖွဲ့ဝင်တွေလိုက်နာရမယ့် စည်းကမ်းနဲ့ ညိစွန်းခြင်း ရှိမရှိကို စိစစ်မယ်။ အဖွဲ့ဝင် မဟုတ်ခဲ့တဲ့ သူတွေကိုတော့ စိစစ်စရာ မလိုဘူးပေါ့ဗျာ။ အဖွဲ့ဝင် ဟုတ်ခဲ့တယ်၊ ပါတီနဲ့ ကင်းကွာမယ်၊ ပါတီကနေ နုတ်ထွက်မယ်၊ ပါတီက ဘာမှ မပြောမဆို ကင်းကွာမယ်၊ အမျိုးမျိုးပေါ့။ အဲဒီလူတွေနဲ့ ပတ်သက်ရင်တော့ စည်းကမ်း ထိန်းသိမ်းရေးနဲ့ အကျုံးဝင်တာ ရှိသလား၊ အဲဒါ စိစစ်ဖို့ပေါ့။ ပါတီဝင် မဖြစ်ခဲ့ဘူး၊ NLD အဟောင်း မဟုတ်ဘူးဆိုရင် ဘာမှ သိပ်ထွေထွေထူးထူး ပြဿနာ မရှိဘူးပေါ့ဗျာ။ ပါတီဝင် ဖြစ်ခဲ့ရင်တော့ သူတို့နဲ့ ပတ်သက်လို့ စိစစ်ဖို့လိုမှာပေါ့။ အဲဒါပါ”

NLD ပါတီဝင်အဖြစ် ပြည်တွင်းပြည်ပ မြန်မာနိုင်ငံသားအားလုံးလျှောက်ထားနိုင်တယ် လို့လည်း NLD က ပြောပါတယ်။

၂၀၁၀ ရွေးကောက်ပွဲအတွက် NLD ပါတီဟာ မှတ်ပုံမတင်ဘူးလို့ ငြင်းဆိုထားချိန်က NLD ပါတီကနေ နုတ်ထွက်ကာ ရွေးကောက်ပွဲတွင်း တခြား နိုင်ငံရေးပါတီတွေ ကနေ ၀င်ရောက် ယှဉ်ပြိုင်ကာ လက်ရှိမှာလည်း လွှတ်တော် ကိုယ်စားလှယ် ဖြစ်နေကြသူ တချို့NLD ပါတီထဲ ပြန်ဝင်မယ်လို့ ပြောဆိုတာတွေ ရှိသလို လက်ရှိ ပါတီတွေကနေ နုတ်ထွက်ကာ NLD ပါတီဝင် ပြန်လျှောက်မယ်လို့ ပြောနေသူတွေ လည်း ရှိနေပါတယ်။

အခုတော့ NLD ပါတီဟာ မနက်ဖန် ဒီဇင်ဘာ ၂၃ ရက် သောကြာနေ့မှာတော့ တရားဝင်နိုင်ငံရေး ပါတီအဖြစ် လျှောက်ဖို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နေပြည်တော်က ရွေးကောက်ပွဲ ကော်မရှင်ကို သွားမှာ ဖြစ်ပါတယ်။

“မနက်ဖြန်ကာ ကျနော်တို့ မနက် ၇ နာရီလေယာဉ်နဲ့ သွားပါမယ်။ နောက်ဟိုမှာ ကျနော်တို့ ပါတီဝင်ကြေးကို ဘဏ်မှာ သွင်းရမယ်။ အဲဒါ သွင်းပြီးတော့မှာ ကျနော်တို့ ပြည်ထောင်စု ကော်မရှင်ရုံး သွားမယ်။ နေ့ခင်းလောက် နေရင်တော့ ပီးလောက်တာပေါ့။ ညနေ ၃ နာရီ ဖလိုက်နဲ့ပြန်မယ်။ ကျနော်တို့ ပြည်ထောင်စု ကော်မရှင် ပေါ်မှာလည်း တည်ပါတယ်။ လျှောက်လွှာနဲ့ ပတ်သက်ပြီးတော့ ပြီးပြည့်စုံအောင်တော့ သေချာစီစဉ်ပြီးတော့ လုပ်ထားပါတယ်။ တခြားပါတီတွေတော့ တလ၊ နှစ်လ ကြာတာတွေ သတိထားမိတယ်။ အဲဒီတော့ ဒီဟာ ဘယ်လောက်ကြာမလဲ ဆိုတာ ကျနော်တို့တော့ မပြောနိုင်ပါဘူး။ သိပ်တော့ အကြာကြီးတော့ ဟုတ်မယ်မထင်ပါဘူး”

NLD ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်းပါရှင်။

အစိုးရကတော့ ကြားဖြတ်ရွေးကော်ပွဲရက်ကို ၃ လကြိုတင်အသိပေးမှာဖြစ်သလို ပါတီမှတ်ပုံတင်ခွင့် ကျထားပြီးသား နိုင်ငံရေး ပါတီတွေလည်း စည်းရုံးရေးတွေ လုပ်ဆောင်နိုင်ပြီလို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ဒီဇင်ဘာ ၁၆ ရက်နေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။ အခုဆိုရင် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နေတဲ့ နေရာအားလုံးမှာ NLD က ၀င်ပြိုင်မှာ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ယှဉ်ပြိုင်ဖို့လည်း စီစဉ်ထားတာပါ။

ဒါပေမယ့် ဘယ်သူ ဘယ်နေရာကနေ ၀င်ပြိုင်ကြမယ်ဆိုတာကတော့ စာရင်းအတိအကျ မရှိသေးဘဲ စဉ်းစားနေတဲ့ အဆင့်မှာပဲ ရှိပါသေးတယ် လို့လည်း NLD ပါတီခေါင်းဆောင်တွေက ပြောပါတယ်ရှင်။


Ref: VOA News

Read More...

လွှတ်တော်ပြင်ပ ဆွေးနွေးရေးလည်း လမ်းဖွင့်ထား

လင်းသန့်
December 22, 2011

ဒေါ်အောင်ဆန်းစုကြည်က မိမိကိုယ်တိုင် ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ပြင်ဆင် နေသော်လည်း လွှတ်တော်ပြင်ပ တွေ့ဆုံ ဆွေးနွေးရေး လမ်းကိုလည်း ဖွင့်ထားကြောင်း ပြောကြားလိုက်သည်။

ယမန်နေ့ နံနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ကျောင်းသား ၁၀ ဦးတို့ တွေ့ဆုံ ရာတွင် ၈၈ ကျောင်းသားများက ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လွှတ်တော်တွင်း ၀င်သွားလျှင် အစဉ်တစိုက် တောင်းဆိုနေသည့် တွေ့ဆုံ ဆွေးနွေးရေးနှင့် ပတ်သက်၍ မေးမြန်းရာ အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

ထိုတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ကိုစိုးထွန်းက “လွှတ်တော်နိုင်ငံရေး ဖြစ်စဉ်တွေကလည်း ရှိနေရမှာ ဖြစ်သလို လွှတ်တော်ပြင်ပ နိုင်ငံရေး ကလည်း ဆက်ရှိနေရမယ်။ လွှတ်တော်တွင်း နိုင်ငံရေးကို ဆောင်ရွက်တဲ့ကိစ္စ အားလုံး ပူးပေါင်း ဆောင်ရွက်ရေးကြောင့် ပိုပြီး ရင်းနှီးမှုတွေ ရလာမယ်၊ နားလည်မှုတွေ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ရလာမယ်၊ ဒိုင်ယာလော့ဂ် ဖြစ်စဉ်တွေ ပိုပြီး မြန်မြန်ဆန်ဆန် အကောင်အထည် ပေါ်နိုင်အောင် လုပ်နိုင်မယ်လို့ သူယုံကြည်တဲ့ အတွက် သူအခုလို လျှောက်လှမ်းတာ ဖြစ်တယ်လို့ ပြောပါတယ်” ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက်တွေ့ဆုံခဲ့သည့် ၈၈ မျိုးဆက်ကျောင်းသား ကျောင်းသူများမှာ ကိုထွန်းမြင့်အောင်၊ ကိုစိုးထွန်း၊ ကိုကိုကြီး (စမ်းချောင်း)၊ ကိုဇော်ထက်ကိုကို၊ ကိုမြတ်သူ၊ ကိုချစ်ကိုလင်း၊ မမီမီလွင်၊ မနုနုအောင်၊ ကိုရဲဝင်း၊ မစန်းစန်းမော်တို့ ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်က လာမည့်ရွေးကောက်ပွဲများတွင် ၈၈ မျိုးဆက်ကျောင်းသားများ အနေဖြင့် ရွေးကောက်ပွဲ ဆိုင်ရာ ပညာ ပေးရေးနှင့် စောင့်ကြည့် လေ့လာရေး ကိစ္စများတွင် ပူးပေါင်း ကူညီပေးကြရန်လည်း ပြောဆိုခဲ့သည်ဟု သိရသည်။

“အမျိုးသားနိုင်ငံရေးနဲ့ ပါတီနိုင်ငံရေးကို လူတွေ မြင်လာအောင် သူ့အနေနဲ့ ပြောခဲ့တယ်ဆိုတာလည်း အန်တီက ပြောပါတယ်”ဟု ကိုစိုးထွန်းက ဆိုသည်။

ပြည်သူလူထုကို မကြောက်မရွံ့နှင့် ကိုယ်ဆန္ဒကို ထုတ်ဖော်ပြီး ကြိုက်နှစ်သက်သော ပါတီ၊ ပုဂ္ဂိုလ်ကို ရွေးချယ် ပေးတတ်ရန်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်ခံခြင်း၊ လက်မခံခြင်းကိုလည်း အကြောင်းပြချက်နှင့် တကွ ကျယ်ကျယ်ပြန့်ပြန့် နားလည်စေရန် ၈၈ ကျောင်းသားများနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီတို့ ပူးပေါင်း လုပ်ဆောင်ရေး ဆွေးနွေးကြောင်း သိရသည်။

၈၈ မျိုးဆက်ကျောင်းသားများ၏ ဒီဇင်ဘာလ ၅ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်နှင့် ပတ်သက်၍ ကိုစိုးထွန်းက “ကျနော်တို့ မူအရ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ် စတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ ပြန်မလွတ်လာ သေးတဲ့ အတွက်ကြောင့် ရွေးကောက်ပွဲ ၀င်ဖို့ မရှိသလို၊ ရွေးကောက်ပွဲကို ၈၈ မျိုးဆက်အနေနဲ့ ကိုယ်စားလှယ် ပေးဖို့ ဆိုတာလည်း မရှိတာကို ရှင်းပြတယ်။ ဒါကို အန်တီကလည်း နားလည်တယ်လို့ ပြောပါတယ်”ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသားများလည်း လွတ်မြောက် လာမည်ဟု မျှော်လင့် ယုံကြည်ကြောင်း ပြောသည်။

Ref: ဧရာဝတီ

Read More...

မွန်ပြည်သစ်နှင့် အစိုးရ ငြိမ်းအဖွဲ့ ပထမဆုံး ဆွေးနွေး

ခင်ဦးသာ
December 22, 2011

မွန်ပြည်သစ်ပါတီနှင့် အပြန်အလှန် ယုံကြည်မှု ရရှိပြီး ပထမဆုံးအကြိမ် ဆွေးနွေးမှုအပေါ် ရာနှုန်းပြည့် အားရ ကျေနပ်ကြောင်း ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး ခေါင်းဆောင် ဦးအောင်မင်းက ဧရာဝတီသို့ ပြောသည်။

ထိုင်းနိုင်ငံ စံခရဘူရီမြို့ရှိ ဖွန်ဖုံလင်ဟိုတယ်တွင် မွန်ပြည်သစ်ပါတီနှင့် အစိုးရငြိမ်းချမ်းရေးအဖွဲ့တို့ ယနေ့ ကျင်းပသော ဆွေးနွေးပွဲ အပြီး ဦးအောင်မင်းက ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။

မီးရထားပို့ဆောင်ရေး ဝန်ကြီးလည်း ဖြစ်သူ ဦးအောင်မင်းက“ရာနှုန်းပြည့်အားရ ကျေနပ်မှုရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ကလည်း ကျနော့်ကို ယုံတယ်၊ ကျနော်ကလည်းပဲ သူတို့ကို ယုံကြည်တယ်၊ ငြိမ်းချမ်းရေး ဆွေးနွေးတာ အဓိက ယုံကြည်မှုပါပဲ”ဟု ဧရာဝတီသို့ ပြောသည်။

ယနေ့ဆွေးနွေးပွဲသည် ပထမဆုံး စတင်တွေ့ဆုံခြင်းဖြစ်၍ သဘောတူညီမှု တစုံတရာ မရသေးကြောင်း နှစ်ဘက် စလုံးမှ ကိုယ်စားလှယ်များက ဆိုသည်။

ဦးအောင်မင်းက “အခုစပြီဆိုတော့ ဆက်ပြီး ဆွေးနွေးသွားမယ်။ နောက်လထဲမှာ ထပ်ပြီးတော့ ငြိမ်းချမ်းရေး ကိစ္စတွေ စကား ပြောနိုင်ကြမှာပါ” ဟုလည်း ပြောသည်။

ဦးအောင်မင်းနှင့် အတူပါဝင်သော ကိုယ်စားလှယ်တဦးက ငြိမ်းချမ်းရေး တကယ်လိုချင်သောကြောင့် အပင်ပန်းခံ လာရောက်ခြင်း ဖြစ်ကြောင်း၊ ယမန်နေ့က ကရင် အမျိုးအသား အစည်းအရုံး (KNU) နှင့် မဲဆောက်မြို့တွင် ဆွေးနွေး ခဲ့သေးကြောင်း ပြောဆိုသည်။

မွန်ပြည်သစ်ပါတီဘက်မှ ကိုယ်စားလှယ်အဖြစ်ပါဝင်သော ဆရာတော် တပါးကမူ “အခုမှ စတာဆိုတော့ အားရ ကျေနပ်မှု မရှိသေးပါဘူး။ ဒီလိုပဲ အရင်တုန်းကလည်း အပစ်အခတ် ရပ်ခဲ့ပေမယ့် ဘာမှ ပြောင်းလဲမှု မရှိသေးတော့ သံသယတော့ ရှိနေတုန်းပါပဲ” ဟု ဧရာဝတီသို့ မိန့်သည်။

ယခင်က ငြိမ်းချမ်းရေးကိစ္စ ပျက်ပြားရသည်မှာ တဦးတယောက်တည်း၏ အမိန့်အာဏာကို လိုက်နာ ဆောင်ရွက် ခဲ့ကြသောကြောင့် ဖြစ်ကြောင်း၊ လက်ရှိ ဆွေးနွေးပွဲများသည် တဦးတယောက်၏ သဘောထား မဟုတ်ဘဲ အစိုးရတဖွဲ့လုံး အပြင် တခြားသော အဖွဲ့အစည်းများ၊ ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တို့လည်း ပါဝင် လာသောကြောင့် ငြိမ်းချမ်းရေး ကိစ္စများ အောင်မြင် လိမ့်မည်ဟု မျှော်လင့်ကြောင်း ဦးအောင်မင်းက ပြောသည်။

ဆွေးနွေးပွဲတွင် မွန်ပြည်သစ်ပါတီက ကချင်ဒေသတွင် ဆက်လက်တိုက်ခိုက်နေမှုကို တင်ပြခဲ့ပြီး တိုင်းရင်းသားဒေသ အားလုံးတွင် ငြိမ်းချမ်းရေး လုပ်ရန် ပြောဆိုသည့်အခါ ဦးအောင်မင်းက ကချင်ဒေသမှ စစ်ပွဲများသည် အစိုးရကြောင့် မဟုတ်ကြောင်း၊ KIA က စတင် တိုက်ခိုက်ခြင်းကြောင့် ဖြစ်ကြောင်း ကာကွယ် ပြောဆိုသွားသည်ဟု သိရသည်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့်လည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ အဖွဲ့အားလုံးနှင့် ငြိမ်းချမ်းရေး မရမချင်း ဆက်လက် ဆွေးနွေးမည်ဟု ဦးအောင်မင်းက ဆိုသည်။

KIA နှင့် အစိုးရတပ်တို့ ဆက်လက် တိုက်ခိုက်နေခြင်းနှင့် ပတ်သက်၍ ဦးအောင်မင်းက“ဒါက နိုင်ငံတော်သမ္မတက တဖက်သတ် အပစ်အခတ် ရပ်စဲလိုက်ပြီ။ သမ္မတရဲ့လမ်းညွန်ချက်က တပ်တွေအဆင်ဆင့် ရောက်သွားရင်တော့ အားလုံး ပြီးသွားပါပြီ” ဟု ပြောသည်။

အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ် ဦးအောင်မင်းကို သဘောထားပျော့ပျောင်းသူ၊ နားထောင်ပေးတတ်သူ၊ စိတ်ရှည်သူ တဦး အဖြစ် ရှုမြင်ကြောင်း မွန်ဆရာတော်က မိန့်သည်။

“သူကစိတ်ရှည်ရှည်နဲ့ ဒီဘက်က ပြောတာကို နားထောင်ပေးတယ်၊ ဆွေးနွေးတယ်၊ စီးပွားရေးနဲ့ ပတ်သက်ပြီး တော့လည်း သူက ဆွေးနွေး သေးတယ်။ ဒါပေမယ့် မွန်ပြည်သစ်ကတော့ ငြိမ်းချမ်းရေး ကိစ္စကိုပဲ အဓိက လိုချင်တဲ့ အကြောင်းတွေကို ဆွေးနွေးပါတယ်” ဟု ဆရာတော်က မိန့်ကြားသည်။

မွန်ပြည်သစ်အနေဖြင့် ငြိမ်းချမ်းရေးကိစ္စကို ကနဦး ဆွေးနွေးသော်လည်း နိုင်ငံရေး ဆွေးနွေးပွဲကိုမူ တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အနေဖြင့် ဆွေးနွေး လိုကြောင်း ဦးအောင်မင်းသို့ ပြောရာ ထိုကိစ္စကို ဗဟို အစိုးရအဖွဲ့သို့ ပြန်လည် တင်ပြမည်ဟု အဖြေပေးကြောင်း မွန်ပြည်သစ်ပါတီ ကော်မတီဝင် တဦးက ဆိုသည်။

ဦးအောင်မင်း ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့တွင် မြန်မာအီးဂရက်စ်မှ ဦးလှမောင်ရွှေ၊ ဦးတင်မောင်သန်း၊ ဒေါက်တာ နေ၀င်းမောင် စသည့် ပုဂ္ဂိုလ်များနှင့် မွန်ပြည်သစ် ပါတီဘက်မှ ပါတီအတွင်းရေးမှူး ဦးနိုင်ဟံသာ၊ မွန်ဆရာတော် နှစ်ပါးနှင့် အဖွဲ့ဝင် ပုဂ္ဂိုလ်တချို့ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲအပြီး ပြန်ခါနီးတွင် ဦးအောင်မင်းက မွန်ဆရာတော်နှစ်ပါးကို ဂါရ၀ပြု လက်ဆောင်ပေးအပ် ရှိခိုးပြီး “ငြိမ်းချမ်းရေး မြန်မြန် ရအောင် ဆုတောင်း ပေးကြပါဘုရား။ တပည့်တော်လည်း အောင်မြင်အောင် ကြိုးစားပါ့မယ် ဘုရား”ဟု လျှောက်ထားခဲ့ကြောင်း၊ နေ့လယ် ၁၂ နာရီကျော်တွင် ဆွေးနွေးပွဲ ကိစ္စများကို အဆုံးသတ်ခဲ့ကြကြောင်း သိရသည်။

Ref: ဧရာဝတီ

Read More...

ထားဝယ်စီမံကိန်း ၂၁ ရွာရွှေ့ပြောင်းပေးရမည်

ကိုဝိုင်း
ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၂၂ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ထားဝယ်ဖွံ့ဖြိုးမှု စီမံကိန်းနှင့် မလွတ်သဖြင့် လူဦးရေ ၃၂,၀၀၀ ရှိ ရွာပေါင်း ၂၁ ရွာ ဖယ်ရှားရမှာ ဖြစ်သည်ဟု ဒေသခံ လူမှုရေး အဖွဲ့အစည်း ထားဝယ် ဖွံ့ဖြိုးရေးအဖွဲ့ DDA က ပြောသည်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်နှင့် လောင်းလုံမြို့နယ်အတွင်းရှိ အဆိုပါ ၂၁ ရွာမှ ရွာသားများပိုင် ဥယျာဉ်ခြံမြေ ဧက တသိန်းကျော်မှာလည်း စီမံကိန်း နယ်မြေအတွင်း ကျရောက် နေသဖြင့် ဆုံးရှုံးသွားမှာ ဖြစ်သည်။

စီမံကိန်းနယ်မြေ ၂၅၀ စတုရန်း ကီလိုမီတာ အတွင်းမှ ပြောင်းရွှေ့ပေးရမည့်သူများပိုင် ဥယျာဉ်ခြံမြေ ဧက တသိန်းကျော် အတွက် လျော်ကြေး ငွေမှာလည်း နည်းသဖြင့် လက်မခံနိုင်ဘဲ ဖြစ်နေသည်ဟု ဆိုသည်။

နေရာသစ်လေးခုတွင် ပြန်လည် နေရာချထားပေးရန် ရှိနေပြီး ကျေးရွာတစုကို ရေနက်ဆိပ်ကမ်း ဆောက်မည့် နေရာမှ မြောက်ဖက် ၁၀ မိုင်ခန့်အကွာရှိ ထွက်ဝရွာ (၁) (၂)၊ ဘွာရွာ၊ ဒူးတောင်ရွာ (၁) (၂)၊ ဝါးဇွမ်းတောရွာ တို့တွင် နေရာပြန်ချရန် စီစဉ်နေသည်။ ဘွာရွာ၌ တလုံးလျင် သိန်း ၁၅၀ တန် အိမ်အလုံး ၁,၀၀၀ ကျော် ဦးစားပေး စတင်ရန် လျာထားကြောင်း သိရသည်။

ရော်ဘာ၊ သီဟို၊ အုန်းနှင့် ကွမ်းသီးပင် အများစု စိုက်ပျိုးသော ခြံမြေများ နဘုလယ်၊ မင်းဒပ်၊ သပြေဇွန်း၊ ပဂေါဇွန်း၊ မူးဒူး၊ မူးဒူး အနောက်၊ ကမြိုင်ဆွဲ၊ ဝမ်းဇဲ၊ ပိန်းရှောင်၊ ကျောက်ထောက်၊ ရေဖြူမြို့အနောက်ခြမ်း၊ ခမောင်းချောင်း၊ ဝက်ချောင်း၊ ကျခတ္တပင်အင်း၊ မယင်းကြီး၊ လဲရှောင်၊ ထိန်ကြီး၊ ရလိုင်၊ ကျောက်ဝှက်ကုန်း၊ ညောင်ပင်ဆိပ်၊ ဘရိန်း တို့ ပြောင်းရွေ့ရမှာ ဖြစ်သည်ဟု ဆိုသည်။

DDA အဖွဲ့သည် ဒီဇင်ဘာ ၁၅ ရက်နေ့က ရန်ကုန်မြို့တွင် ထားဝယ် စီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများနှင့် ရေရှည် စိမ်းလန်းမည့် စီမံကိန်း အဖြစ် မြင်လိုကြောင်း ဒေသခံများ၏ ဆန္ဒ သဘောထားများကို သတင်းစာ ရှင်းလင်းပွဲ တရပ်ဖြင့် ဖော်ပြခဲ့သည်။

ရွာသားများပိုင် ဥယျာဉ်မြေရှိ ရော်ဘာတပင် ကျပ် ၈,၀၀၀၊ သီဟိုလ်တပင် ၅,၀၀၀ သာ အစိုးရက လျော်ကြေးပေးရန် စီစဉ်ထားရာ ကာလ ပေါက်ဈေးထက် သုံးဆခန့် နည်းသည်ဟုလည်း ဆိုသည်။

ထားဝယ်ဖွံ့ဖြိုးမှု စီမံကိန်း ၁၀ နှစ်ကြာမည့် ထားဝယ်ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်နယ်မြေနှင့် ထိုင်းနိုင်ငံသို့ ကားလမ်း၊ ရထားလမ်းများ ဖောက်ရေး နားလည်မှု စာချွန်လွှာကို ၂၀၀၈ ခု မေလတွင် မြန်မာ စစ်အစိုးရနှင့် ထိုင်းအစိုးရ အကြား ရေးထိုးပြီး၊ ၂၀၀၈ ခု ဇွန်လတွင် မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်နှင့် အီတာလျံ - ထိုင်းကုမ္ပဏီ - ITD အကြား နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးသည်။

စီမံကိန်းမူဘောင် သဘောတူ စာချုပ်ကိုမူ ၂၀၁၀ နိုဝင်ဘာတွင် ပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဦးဆောင် ညွှန်ကြားရေးမှူး ဦးသိန်းဌေးနှင့် ITD ကုမ္ပဏီ ဥက္ကဋ္ဌတို့ စာချုပ်သည်။

ထားဝယ်မြို့မှ ကုန်းလမ်း မိုင် ၂၀ ခန့်အကွာရှိ စီမံကိန်းတခုလုံး ဒေါ်လာ ၅၈ ဘီလီယံအထိ ကုန်ကျမည်ဟု ကနဦး ခန့်မှန်းထားကာ ပထမအဆင့် ၂၀၁၀-၂၀၁၄ ခုတွင် ဆိပ်ကမ်း၊ ကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံ၊ စီးပွားရေးဇုံမြို့နယ်၊ ကားလမ်း၊ ရထားလမ်း ဖောက်လုပ်ရေးတို့ ပါဝင်ကာ ဒေါ်လာ ၈.၆ ဘီလီယံ လျာထားသည်။ နောက်ပိုင်းတွင် အီတာလျံ-ထိုင်း ကုမ္ပဏီက ကုန်ကျမှု လျော့နည်းအောင် နည်းလမ်း ရှာသွားမည်ဟု ပြောဆိုခဲ့သည်။

စီမံကိန်းနယ်မြေမှ ရေဖြူမြို့နယ်ကိုဖြတ်၍ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်သို့ ကီလိုမီတာ ၁၆၀ ရှည်ပြီး မီတာ ၂၂၀ (ပေ ၆၅၆) အကျယ်ရှိ ရှစ်လမ်းသွား ကားလမ်းနှင့် ရထားလမ်းလည်း ဖောက်လုပ်မည် ဖြစ်သည်။ လမ်းနှင့် အပြိုင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း၊ လျှပ်စစ် ဓာတ်အား လိုင်းတို့လည်း သွယ်တန်း တည်ဆောက်ကြမည်။

သဘာဝပတ်ဝန်းကျင် စိုးရိမ်မှု

ထားဝယ်စက်မှုဇုန် စီမံကိန်းဒေသတွင်း လှုပ်ရှားနေသည့် ကရင်အမျိုးသားအစည်းအရုံး KNU ကမူ ITD ကုမ္ပဏီ အနေဖြင့် နိုင်ငံတကာ အဆင့်မီ လေ့လာ စမ်းစစ်မှုများ မပြုလုပ်သဖြင့် လူထုနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများ ရှိနိုင်သည်ဟု အကြောင်းပြကာ ကားလမ်း ဖောက်နေမှုကို တားမြစ် ထားသည်မှာ သုံးလကြာပြီ ဖြစ်သည်။

“အာမခံချက်ပေါ့လေ Environment Impact Assessment တွေ၊ Social impact တွေ တိတိကျကျ မလုပ်ရင် ကျနော်တို့လည်း သူတို့ လမ်းဖောက်ဖို့ ကိစ္စကို ဖွင့်ပေးဖို့ အခက်ခဲ ရှိတယ်လေ။” ဟု KNU တပ်မဟာ-၄ မြိတ်- ထားဝယ်ခရိုင် ဥက္ကဋ္ဌ စောဂွယ်ထူးဝင်းက မဇ္ဈိမကို ပြောသည်။ လမ်းဖောက် နေသည်မှာ နှစ်နှစ်ခန့် ရှိပြီဖြစ်ပြီး ယခုအခါ အူကြောင်းဖောက် တိုင်းထွာသည့် ပထမအဆင့် ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးသွားပြီဟု သူက ပြောသည်။

ထို့ပြင် မယင်းကြီးရွာ၊ ထိန်ကြီး၊ မူးဒူး ရွာတို့နှင့် အနီးကပ်ဆုံးရှိသည့် ထားဝယ် ရေနက်ဆိပ်ကမ်း နယ်မြေ အတွင်း၌ လူနေ အဆောက်အဦး၊ အလုပ်သမား တန်းလျား၊ ရုံး၊ အစည်းအဝေးခန်းမ အပါအဝင် အဆောက်အဦး ၂၀၀ ကျော်
ဆောက်ပြီးပြီ ဟုလည်း ဒေသခံတဦးက ပြောသည်။

ဦးဇော်ဇော်၏ မက်စ်မြန်မာကုမ္ပဏီခွဲ တခုဖြစ်သော ထားဝယ်ဖွံ့ဖြိုးရေး ကုမ္ပဏီ၊ ကမ်းရိုးတန်း တိုင်းမှူးဟောင်း ဗိုလ်ချုပ် ခင်ဇော်ဦး၏ ညီဖြစ်သူ ဦးခင်ဇော်မင်းပိုင် Dawei Princes ကုမ္ပဏီ၊ မြန်မာ အော်ရီဂျင်နယ်ဂရု၊ ကနောင်အေးရှား၊ တနင်္သာရီတိုင်း အမတ် ဦးဌေးမြင့်ပိုင် ယုဇနကုမ္ပဏီ၊ ဆန်းသစ် တို့က စီမံကိန်းတွင် စာချုပ် လက်ခွဲများ ရရှိထားကြသည်။

ထားဝယ်ဖွံ့ဖြိုးမှု စီမံကိန်းပြီးလျင် ထိုင်းနိုင်ငံအနေဖြင့် အရှေ့အလယ်ပိုင်းနှင့် ဥရောပသို့ တိုက်ရိုက် လမ်းပေါက် သွားမည် ဖြစ်ပြီး မလေးရှား ကျွန်းဆွယ်ဘက်မှ ပတ်စရာ မလိုတော့သဖြင့် သယ်ယူစရိတ် ၂ဝ ရာခိုင်နှုန်းကျော် သက်သာသွားမည်ဟု သိရသည်။ ထို့ပြင် လာအိုနှင့် ဗီယက်နမ်တို့မှလည်း ထိုင်းနိုင်ငံကို ဖြတ်၍ အိန္ဒိယ သမုဒ္ဒရာမှ တဆင့် အနောက်နိုင်ငံများသို့ လမ်းပေါက်သွားမည်။

ထားဝယ်ဒေသခံများအတွင်း စီမံကိန်း ဆိုးကျိုးများကို ကျယ်ကျယ်ပြန့်ပြန့် သိစေရန် ထားဝယ် ဖွံ့ဖြိုးရေးအဖွဲ့ - DDA က ပညာပေး လုပ်ငန်းများကို တရားဝင် လုပ်ကိုင်နိုင်ရန် ကြိုးစားနေပြီး စိမ်းလန်း ဖွံဖြိုးမှု အပေါ် အခြေပြုသော စီမံကိန်း ဖြစ်စေလိုကြောင်း ဒေသခံ ၆၀၀ ဦးကျော်က လက်မှတ်ရေး ထိုး၍ သမ္မတ ဦးသိန်းစိန်နှင့် လူ့အခွင့်အရေး ကော်မရှင်ထံ အိပ်ဖွင့်ပေးစာပို့ရန် စီစဉ်နေသည်။

Ref: မဇ္ဈိမ

Read More...

နိုင်ငံရေးအကျဉ်းသား ထပ်လွှတ်မည်

ပြည်တော်မြင့်
December 22, 2011

မြန်မာနိုင်ငံ အကျဉ်းထောင်များ အတွင်း ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများကို လာမည့် နှစ်ဆန်း ဇန်န၀ါရီလ ၄ ရက်နေ့မှ စတင်၍ နှစ်ကြိမ်ခွဲ လွှတ်ပေးမည်ဟု အစိုးရ ရထား ပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ပြောသည်။

ဦးအောင်မင်းသည် အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင်လည်း ဖြစ်သည်။

ယမန်နေ့က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် နှစ်ဘက် ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စရပ်များ လာရောက် ဆွေးနွေးစဉ် ဦးအောင်မင်းက အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်သည်။

ဆွေးနွေးပွဲတက်ရောက်သူ KNU ကိုယ်စားလှယ်တဦးက“၀န်ကြီး ဦးအောင်မင်းပြောတာက နိုင်ငံရေး အကျဉ်းသား တွေကို လာမယ့် နှစ်ဆန်း ဇန်န၀ါရီလ ၄ ရက်နေ့မှာ တကြိမ် ၁၂ ရက်နေ့မှာ တကြိမ် ၂ ကြိမ်ခွဲပြီး အားလုံးနီးပါးကို အစိုးရက လွှတ်ပေး ဖို့ ရှိတယ်လို့ ကျနော်တို့ကို အလွတ်သဘော ပြောခဲ့ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဆွေးနွေးပွဲတွင်ပါရှိသည့် KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ပဒိုဒေးဗစ်ထော ကလည်း အလွတ် ဆွေးနွေး ပြောဆို ကြရာတွင် နိုင်ငံရေး အကျဉ်းသား လွှတ်မည့် ကိစ္စများအပြင် ပဒိုမန်းငြိမ်းမောင် အပါအ၀င် အဖမ်း ခံထားရသည့် အဖွဲ့ ၀င်များနှင့် ပတ်သက်သည့် ကိစ္စရပ်များလည်း ပါရှိသည်ဟု ပြောကြားသည်။

KNU ခေါင်းဆောင်တဦးကလည်း“ဒီကိစ္စကိုကျနော်တို့ဘက်က ဆွေးနွေး တောင်းဆိုမှု မရှိပါဘူး၊ ဦးအောင်မင်း ပြောတာက ပဒို မန်းငြိမ်းမောင်ကို ပြန်လွှတ်ပေးရင် KNU အတွက် အကျိုးဖြစ်မှာလား ဆိုပြီးတော့ မေးပါတယ်၊ ကျနော်တို့ ဘက်ကပြန်ပြော တာက သူ့ကို လွတ်ပေးရင်တော့ လက်ရှိ နှစ်ဘက် ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး ဆိုင်ရာကိစ္စတွေကို အထောက်အကူ ဖြစ်စေမှာ ဖြစ်ပြီး ပဒို မန်းငြိမ်းမောင် အပါအ၀င် အခြား အဖမ်းခံထားရတဲ့ KNU အဖွဲ့ဝင် တွေကိုလည်း လွတ်စေချင်တယ်လို့ ကျနော်တို့ဘက် က သဘောထား ပြန်ပေးခဲ့ပါတယ်”ဟု ပြောသည်။

မန်းငြိမ်းမောင်သည် ဇူလိုင်လ ၂၄ ရက်နေ့က စတင်ပျောက်ဆုံးသွားပြီးနောက် တရုတ်ပြည် ကူမင်း လေဆိပ်မှ တဆင့် မြန်မာ နိုင်ငံ ရန်ကုန် လေဆိပ်သို့ ပို့ဆောင်ခံရပြီး လူဝင်မှု ကြီးကြပ်ရေး ဥပဒေ၊ တရားမ၀င် စာရွက်စာတမ်း ကိုင်ဆောင်မှု၊ မတရား အသင်း ဆက်သွယ်မှုများဖြင့် မကြာသေးခင်က ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံထားရသည်။

ယနေ့ရက်စွဲဖြင့် ထွက်ရှိလာသည့် ပြည်တွင်း အပတ်စဉ်ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်တွင် ပြည်သူ့လွတ်တော် ဥက္ကဌ ဦးရွှေမန်း က ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများ လွတ်မြောက်ရန် ပိုနီးကပ်လာပြီ ဖြစ်သည်ဟု ရန်ကုန်တွင် ပြုလုပ်သည့် ပြည့်သူ့လွတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်(ရန်ကုန်-ရုံးခွဲ) ဖွင့်ပွဲ အခမ်း အနားတွင် ပြောကြား သွားသည်ဟု ဖော်ပြထားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်နေ့က သမ္မတ ဦးသိန်းစိန် ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် အကျဉ်းသား ၆၃၅၉ ဦး ကို လွှတ်ပေးရာတွင် နိုင်ငံရေး အကျဉ်းသား၂၀၀ ခန့် ပါဝင်သည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) ၏ နောက်ဆုံးရ စာရင်းများအရ မြန်မာ နိုင်ငံ အကျဉ်းထောင် များတွင် နိုင်ငံရေး အကျဉ်းသား ၁၅၄၆ ဦးရှိပြီး မြန်မာ အစိုးရ၏ စာရင်းတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသည့် အကျဉ်းသား ၂၀၀ ကျော်သာ ရှိသည်ဟု သိရသည်။

Ref: ဧရာဝတီ

Read More...

Thursday, December 22, 2011

၈၈ မျိုးဆက် နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

ထွန်းထွန်း
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့နှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ ဗုဒ္ဓဟူးနေ့ နေ့လယ် ပိုင်းက ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ဒီဇင်ဘာလ ၅ ရက်နေ့က ထုတ်ပြန်သည့် “လက်ရှိ နိုင်ငံရေး အခင်းအကျင်းနှင့် ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသားများ၏ သဘောထား ထုတ်ပြန်ချက်” နှင့် ပတ်သက်၍ ၈၈ မျိုးဆက်များက ပြန်လည် ရှင်းပြခဲ့သည်။

ယင်းကြေညာချက်တွင် ကျောင်းသားခေါင်းဆောင်များအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး မလွှတ်မချင်း ရွေးကောက်ပွဲ များ၌ မည်သည့် နည်းနှင့်မျှ ပါဝင် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ပါရှိသည်။

ယင်းကြေညာချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ လွှတ်တော်တွင်း ဝင်ရောက်ရေးဖြစ်စဉ်နှင့် ကွဲလွဲနေသည့် အတွက် ဝေဖန်သံများ ထွက်ပေါ်ခဲ့သည်။

နှစ်ဖက်တွေ့ဆုံမှုအတွင်း NLD ဘက်မှ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ကြီးဟောင်း ဦးဝင်းထိန် ပါဝင်ကာ ၈၈ မျိုးဆက်များ ဘက်မှ ကိုစိုးထွန်း၊ ကိုထွန်းမြင့်အောင်၊ စမ်းချောင်းကိုကိုကြီး၊ မမီမီလွင်၊ မနုနုအောင် အပါအဝင် ၁ဝ ဦး ပါဝင်ခဲ့သည်။

တနာရီကျော် ကြာမြင့်သည့် နှစ်ဘက်ဆွေးနွေးမှုအတွင်း ဆွေးနွေးခဲ့သည်များ၊ လွှတ်တော်တွင်း၊ ပြင် နိုင်ငံရေး အခြေအနေ၊ ပူးပေါင်း လုပ်ဆောင်ရန် တိုင်ပင်ခဲ့သည်များနှင့် ပတ်သက်၍ ဆွေးနွေးပွဲတွင် ပါဝင်သူ ကိုထွန်းမြင့်အောင်ကို မဇ္ဈိမ သတင်းထောက် ထွန်းထွန်းက ဆက်သွယ် မေးမြန်းထားသည်။

အခု တွေ့ဆုံမှုက ဘာအတွက် တွေ့ဆုံခဲ့တာလဲ။

“အဓိက ကတော့ တိုင်းပြည်ထဲမှာက နိုင်ငံရေးဖြစ်စဉ်တွေက တအားကို အပြောင်းအလဲ မြန်တယ်လေ။ နောက် တချက်က ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ လိုက်လျောညီထွေပြီးတော့ပေါ့နော်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ကျနော်တို့ ၈၈ မျိုးဆက် ကျောင်းသားတွေ အနေနဲ့လည်း လက်တွဲလုပ်နိုင်မယ့် အနေ အထားတွေကိုလည်း ကျနော် တို့ ဆွေးနွေးကြတယ်။ နောက်တပိုင်းက ကျနော့်တို့ ငါးရက်နေ့က ထုတ်ပြန်ခဲ့တဲ့ လေးယောက်လက်မှတ်ထိုးပြီး တာဝန်ခံပြီးတော့၊ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ကို တာဝန်ခံပြီးတော့ လက်မှတ်ထိုး ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် ကိစ္စလည်း ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ အသေးစိတ် ရှင်းပြတာတွေ ရှိတယ်ပေါ့နော်”

“ဘာကြောင့်လဲဆိုတော့ ဒီလိုဗျ၊ အပိုင်းက နှစ်ပိုင်း ရှိတယ်ပေါ့ဗျာ။ ပြီးခဲ့တဲ့ ငါးရက်နေ့က ကြေညာချက်နဲ့ ပတ်သက်ပြီးတော့ ရှင်းလင်း ပြောဆိုသလို တပိုင်းမှာလည်း ပူးပေါင်းဆောင်ရွက်ရေးအပိုင်းတွေကို ညှိနှိုင်းကြ တယ်ပေါ့နော်။ Statement ကိစ္စကတော့ ဒီလိုဗျ။ ကျနော်တို့က ကျနော်တို့ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ နိုင်ငံရေးရပ်တည်ချက် အခင်းအကျင်းကို ကျနော်တို့က ပြောပြခဲ့တယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ ကြားထဲမှာ နားလည်မှု လွဲနေသလို၊ ကွဲနေသလို။ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ရွေးကောက်ပွဲလမ်းကြောင်းကိုပဲ ကျနော်တို့က ဆန့်ကျင်နေသလို၊ အဲဒီလိုမျိုးတွေ ဖြစ်နေတဲ့ အသံတွေ ရှိတယ်လေ။ ဒါကိုလည်းကျနော်တို့က ရှင်းရှင်းလင်းလင်း ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြတယ်”

“သူက ဒီအပေါ် နားလည်၊ ဒီကြေညာချက်ကိုလည်း သူဖတ်ပြီးသွားပြီ။ ဒီကနေ့လည်း အဲဒီကြေညာချက် ထပ်ပေး တယ်။ ကျနော်တို့ ဒီကြေညာချက်ထုတ်ပြန်တာနဲ့ ပတ်သက်ပြီးတော့ သူ ဒီအပေါ်မှာ ရှင်းရှင်း လင်းလင်း နားလည် တယ်။ ဒါ ပြဿနာ မဟုတ်ဘူး။ ကျနော်တို့ အဓိကပြောချင်တာလည်း နိုင်ငံရေး အကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးဟာ သိပ်အရေးကြီးတယ်ဆိုတဲ့ကဏ္ဍကို ကျနော်တို့က၊ ကျနော်ုတိ့ ၈၈ မျိုးဆက်ကျောင်းသားတွေ အနေနဲ့ ရပ်ခံပြီး ပြောခဲ့တာ။ SNLD ကလည်း ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တွေ ကျန်သေးတဲ့ အတွက်ကြောင့်မို့ လို့ ရွေးကောက်ပွဲကို မစဉ်းစားနိုင်သလို ကျနော်တို့ ၈၈ မျိုးဆက်ကျောင်းသားတွေအနေနဲ့လည်း ၈၈ ကျောင်းသား ခေါင်းဆောင်တွေ ထောင်ထဲမှာ ရှိနေတဲ့အတွက် ကြောင့်မို့လို့ ဒီရွေးကောက်ပွဲကို စဉ်းစားနိုင်မှာ မဟုတ်ဘူး။ စဉ်းစားဖို့အတွက် ကျနော်တို့မှာ အခက်အခဲတွေ အများကြီး ရှိတယ်”

“ဒါကြောင့်မို့ ကျနော်တို့ဟာ ရွေးကောက်ပွဲကို ပါဝင်နိုင်မှာ မဟုတ်သေးဘူးဆိုတဲ့အကြောင်းကို ကျနော်တို့ ပြောတာဗျာ။ အဲဒီပြောတဲ့နေရာမှာ ၈၈ မျိုးဆက်ကျောင်းသားတွေကို ကိုယ်စားပြုပြီးတော့ ရွေးကောက်ပွဲဝင်မှာ မဟုတ်ဘူး။ ရွေးကောက်ပွဲကို ဝင်ချင်တယ်ဆိုလို့ရှိရင် တသီးပုဂ္ဂလအနေနဲ့ ဝင်တဲ့အပေါ်မှာ ဘာမှ မပြောစရာမလိုဘူး။ ဒါဟာ မိမိတို့ရဲ့ တဦးချင်းသဘောဆန္ဒအရ လွတ်လွတ်လပ်လပ် ရွေးချယ်ဆုံးဖြတ်လို့ ရတယ်လေ။ အဲဒီကြေညာချက်နဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းပြပါတယ်”

“ဒီအပေါ်မှာ သူ ကောင်းကောင်းနားလည်တယ်။ နောက်ပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေကိစ္စ အရေးကြီးတယ်ဆို တာကိုလည်း သူသဘောတူတယ်။ ဒီလို သူပြောပါတယ်။ ကျနော်တို့အပေါ်မှာ ဘာမှကို၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ကြားထဲမှာ ဘာမှ ဝိဝါဒကွဲပြားတာ မရှိဘူး။ ကျနော်တို့အနေနဲ့ ၈၈ မျိုးဆက်တွေ ရွေးကောက်ပွဲ မဝင်ရဘူး လို့လည်း ကျနော်တို့ မပြောထားဘူး။ ကျနော်တို့က ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသား အင်အားစုကြီး အနေနဲ့သာ ကိုယ်စားပြုပြီး ကျနော်တို့ ရွေးကောက်ပွဲ ဝင်မှာ မဟုတ်ဘူးဆိုတာကို ပြောတာ။ အဲဒါ ဘာကြောင့်လဲဆိုရင် အဲဒါ ကျနော်တို့ ခေါင်းဆောင်တွေ လွတ်မလာသေးလို့။ ကျနော်တို့က စဉ်းစားဖို့က လုံးဝ မဖြစ်နိုင်သေးဘူး”

အကိုတို့က Statement နဲ့ပတ်သက်ပြီး ရှင်းပြတယ်ဆိုတော့ အန်တီစုကကော ဘယ်လို တုံ့ပြန်သလဲ။

“ဒီဥစ္စာဟာ သူဖတ်ပြီးသွားပြီပေါ့နော်။ ကျနော်တို့ ဒီကနေ့လည်း ထပ်ပေးတယ်။ ကြေညာချက်ကို ထပ်ပေးတယ်။ ဒီဥစ္စာကို သူ နားလည်ပါတယ်တဲ့။ ကျနော်တို့ ရှင်းပြသလိုပဲ ဒီနိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ကျနော်တို့ဟာ နိုင်ငံရေးအကျဉ်းသားတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေကော ပေါ့နော်။ ကိုမင်းကိုနိုင်တို့ကော လွတ်လာဖို့ တအားအရေးကြီးနေတယ်။ အဲဒီတော့ ကိုမင်းကိုနိုင်တို့ လွတ်လာမှ ကျနော်တို့က ရွေးကောက်ပွဲဖြစ်စဉ် အပါအဝင်ပေါ့ဗျာ။ အားလုံးကို စဉ်းစားနိုင်မှာ ဖြစ်တယ်။ အခုအချိန်မှာ စဉ်းစားဖို့ အခက်အခဲရှိတယ်။ အန်တီက အဲဒါတွေကိုလည်း နားလည်တယ်”

“အကျဉ်းသားလွတ်မြောက်ရေးဟာ အင်မတန်အရေးကြီးတယ်ဆိုတာ ဒီအပေါ်မှာ ရပ်တည်ပြီး ပြောတာကိုလည်း သူ သဘောတူပါတယ်တဲ့။ ဒါကို သူ နားလည်တယ်။ ဒီကြေညာချက်နဲ့ ပတ်သက်ပြီးတော့ ဘာမှ မရှိဘူး။ ကျနော်တို့ ဆက်ပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ဥစ္စာတွေကိုသာ ကျနော်တို့ ညှိနှိုင်းခဲ့ကြ သေးတယ်လေ”

ညှိနှိုင်းတယ်ဆိုတော့ ဘယ်လိုကိစ္စတွေမှာ ပူးပေါင်းလုပ်ဆောင်ဖို့ ညှိနှိုင်းတာလဲ။

“ပြောရရင်တော့ ဒီမိုကရေစီရေးကို ကြိုးပမ်းမှုတွေပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးတော့ ဆက်လက်ပြီးတော့ ကြိုးပမ်းသွားမယ့် ကိစ္စတွေမှာ ကျနော်တို့ ညှိနှိုင်းခဲ့တယ်။ သဘောထားတွေလည်း အပြန် အလှန်ပြောဆိုကြ တယ်ပေါ့နော်။ ပြောချင်တာက သူ ဘာပြောသလဲဆိုတော့ ကျနော်တို့ထဲက တယောက်က မေးတယ်။ ဒီ ဒိုင်ယာလော့ခ်က၊ အနေအထားက ဘယ်လိုရှိသွားမလဲပေါ့နော်”

“သူက လွှတ်တော်တွင်းနိုင်ငံရေးဖြစ်စဉ်တခု ပေါ်လာသလို ဒီ လွှတ်တော်ပြင်ပမှာ ဒီနိုင်ငံရေးဖြစ်စဉ်၊ လွှတ်တော်ပြင်ပ မှာ ဒီ ဒိုင်ယာလော့ခ်က ဒီအတိုင်း ဆက်ရှိ နေမှာပါပဲတဲ့။ နောက် လွှတ်တော်ပြင်ပ နိုင်ငံရေး အသွင်သဏ္ဌာန်က ဆက်ရှိနေသလို၊ လွှတ်တော်နိုင်ငံရေးဖြစ်စဉ်ကလည်း ရှိနေမယ်။ ဒီနှစ်ခုဟာ ပေါင်းမိ သွားတဲ့အခါမှာ ပိုပြီးတော့ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ဟာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဖြစ်ပေါ် လာလိမ့်မယ်လို့၊ တိုးတက်လာလိမ့်မယ်လို့ သူက မျှော်လင့် တယ်ဆိုတဲ့အကြောင်းကို ပြောပါတယ်။ အဲဒီတော့ လွှတ်တော်ပြင်ပ နိုင်ငံရေးအသွင်သဏ္ဌာန်ကိုလည်း သူ ပစ်ပယ် ထားတာကို မတွေ့ရဘူး။ ဒီအပေါ်မှာလည်း သူ အာရုံစူးစိုက်ထားတယ်။ ဘာကြောင့်ဆို ဒိုင်ယောလော့ခ်ဟာ လွှတ်တော် ပြင်ပမှာလည်း ရှိနေလိမ့်မယ်။ လွှတ်တော်ထဲကနေ သွားတဲ့ပုံစံကလည်း တမျိုးဖြစ်မယ်လို့ သူ ပြောပါ တယ်”

“နောက်တခုက သူပြောတာ သိပ်ကောင်းပါတယ်။ ကျနော်တို့ဟာ ဒီလွှတ်တော်တွင်း၊ လွှတ်တော်ပ အင်အားစုတွေ ဒီလို ပေါင်းလုပ်ရုံနဲ့တင် မကဘူး။ တပ်မတော်နဲ့ပါ လက်တွဲ ပူးပေါင်းပြီးတော့ လုပ်ဖို့ လိုတယ်ဆိုတာ အဲဒီလိုလည်း ပြောပါတယ်။ ဒါကိုလည်း ကျနော်တို့ အားလုံးက သဘောတူပါတယ်။ ဟုတ်တယ်။ တို့တိုင်းပြည် တိုးတက်ဖို့အတွက် အင်အားစုတွေ အားလုံး ပေါင်းပြီးတော့ လုပ်ရမယ်ဆိုတာ ကျနော်တို့လည်း သဘောတူတယ်။ ဒါ တချက် ပြောတယ်ပေါ့ဗျာ”

“နောက်တချက်က နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးကိစ္စတွေ ပြောတော့ ဒါကတော့၊ သူကတော့ လွတ်လာမှာ ပါတဲ့။ ဒါပေမဲ့ အန်တီ ဒီလောက်ပဲ ပြောပါရစေဆိုပြီး သူကတော့ အဲဒီလို ပြောတယ်”

“နောက်တချက်ကတော့ အခု အနီးဆုံးပေါ့ဗျာ။ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲကိစ္စတွေ ပြောဖြစ်တယ် ပေါ့ဗျာ။ ဘာလို့ဆိုတော့ ဒါက မကြာမီမှာ လက်တွေ့လာတော့မှာကိုး။ အဲဒီမှာဆိုလို့ရှိရင်လည်း ပြည်သူလူထုတွေ အနေနဲ့ ရွေးကောက်ပွဲ တရပ် လုပ်မယ်ဆိုလို့ရှိရင် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ Election Law တွေပေါ့ နော်။ ဒါတွေကိုလည်း ရှင်းရှင်းလင်းလင်း နားလည်ဖို့လိုတယ်။ နောက်တခုက ကိုယ့်ဆန္ဒကို အမှန်အတိုင်း ထုတ်ဖော်ရဲတဲ့ သတ္တိတွေ ရှိဖို့ လိုတယ်။ အဲဒါတွေ အတွက်ကို Voter Education တွေ ဘယ်လိုပေးမယ်၊ သင်တန်းတွေ ဘယ်လိုပေးမယ်ဆိုတဲ့ အကြောင်းတွေကိုလည်း အသေးစိတ် ပြောနိုင်ကြတယ် ပေါ့ဗျာ။ အသေးစိတ် ပြောဖြစ်ကြတယ်။ အပြန်အလှန် အဲဒီနေရာမှာ ပူးပေါင်း ဆောင်ရွက်နိုင်မှု တွေလည်း ပြောဖြစ် ကြပါတယ်”

ဒေါ်စုပြောတဲ့ထဲမှာ လွှတ်တော်ပြင်ပနိုင်ငံရေးကိစ္စ၊ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူတွေ Election Law ကို နားလည်အောင် သင်တန်းပေးဖို့ကိစ္စတွေမှာ အကိုတို့က ဘယ်လို ပုံစံမျိုးတွေ ပူးပေါင်းလုပ်သွား မှာလဲ။

“သူကတော့ ဒီသင်တန်းတွေ ပေးတဲ့အခါမှာလည်း ကျနော်တို့စီက လူတွေလည်း လွှတ်ပြီးတော့ ဒီသင်တန်း တွေမှာ လေ့လာစေချင်တယ်။ ဒီကနေမှ တဆင့်ပွားပြီးတော့ ပြည်သူလူထု တွေက အသိအမြင်တွေ ကျယ်လာအောင်လည်း ပြောစေ ချင်တယ်ပေါ့။ ဥပမာ သူက ဘာထောက်ပြသလဲ ဆိုတော့ Constitution နဲ့ ပတ်သက်ပြီးတော့၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ပတ်သက်ပြီးတော့ မကြိုက်ဘူး ဆိုရင်လည်း ဘာကြောင့် မကြိုက်တာလဲ၊ ဘယ်အချက်ကို မကြိုက် တာလဲ။ ဒီလို တိတိကျကျ၊ သဲသဲကွဲကွဲ ဖြစ်နေဖို့ လိုတယ်ပေါ့နော်။ အရာရာကို ပြည်သူလူထုက ရှင်းရှင်းလင်းလင်း မြင်နိုင်ဖို့လည်း လိုသလို တဖက်မှာလည်း အကြောက် တရားတွေ ကင်းအောင်လုပ်ဖို့ လိုတယ်ဆိုတဲ့ အကြောင်းကို ပြောပါတယ်”

အခု ဒေါ်စုနဲ့ တွေ့ဆုံပြီးတော့ သတင်းစာရှင်းလင်းပွဲ လုပ်မယ်ဆိုတော့ ဘာအတွက် လုပ်မှာလဲ။

“ဘယ်လိုကြောင့်လဲဆိုတော့ ကျနော်တို့ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် နဲ့ဟာ နီးနီးကပ်ကပ်နဲ့ တိုင်းပြည်တိုးတက် ဖြစ်ပေါ်ပြောင်းလဲရေး အတွက်ကို ဒီလို ကြိုးပမ်း နေကြတယ် ဆိုတာကို သိစေချင်တာပါပေါ့နော်။ ဒေါ်စု ဒီကနေ့ ပြောသလို နိုင်ငံရေး အင်အားစုတွေ အားလုံး ပေါင်းစည်းရုံတင် မကဘူး၊ တပ်မတော်သားတွေပါ လက်တွဲ လုပ်ရမယ်။ ဒါ တိုင်းပြည်တိုးတက် ပြောင်းလဲရေး အတွက် ဆိုတဲ့ဟာတွေ ပေါ့နော်။ အဲဒီတော့ ကျနော်တို့ အားလုံး ပူးပေါင်းပြီးတော့ပေါ့နော်။ ရင်းနှီးချစ်ကြည်စွာ အလုပ် လုပ်နေကြတယ် ဆိုတာကိုလည်း တိုင်းပြည်ကို တင်ပြဖို့ လိုလာတယ်လေ။ နောက်ပြီးတော့ ကျနော်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆန့်ကျင်ဘက်မှာ မရှိဘူး။ အတူတကွ ပူးပေါင်း ရပ်တည်နေတယ် ဆိုတာကိုလည်း ကျနော်တို့ ပြောချင်တာပါ”

အကိုတို့ ၅ ရက်နေ့က ထုတ်ခဲ့တဲ့ Statement နဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုတွေ ရှိနေတာကို Facebook တို့ ဘာတို့မှာ တွေ့နေရပါတယ်။ ဒီတော့ Statement ကို လက်မှတ်ထိုး ထုတ်ခဲ့တဲ့ အကိုတို့ အနေနဲ့ ဘာပြောချင်သလဲ။

“ဒီအပေါ်မှာ ကျနော်တို့ မတုံ့ပြန်ပါဘူး။ ဘာကြောင့် တုံ့ပြန်ဖို့မလိုလည်း ဆိုတော့ ကျနော်တို့ ကိုယ်စားပြုပြီး ပြောနေ တာကတော့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများ အင်အားစုကြီးကို ပြောနေတာပါ။ ဒီအစု အစည်းကြီးကို ပြောနေတာပါ။ ဘာလို့လဲဆိုတော့ ဒီကြေညာချက်တွေ ထုတ်တဲ့အခါမှာ တဦးကောင်း၊ တယောက် ကောင်းရေးပြီးတော့ အဲဒီလို ထုတ်လို့ မရဘူးလေ။ ကိုမင်းကိုနိုင်တို့ ရှိစဉ်ကတည်း ကကို ဒီ အစည်းအဝေးတွေ ခေါ်ပေါ့နော်။ ညှိနှိုင်းဆုံးဖြတ်ပြီးတော့ အများသဘောနဲ့ ဒီလို လုပ်ရတာပါ။ ဒါကြောင့်မို့လို့ ဒါဟာ လေးယောက် လက်မှတ်ထိုးတယ်ဆိုတာ လေးယောက်သဘောထားတင် မဟုတ်ဘဲနဲ့ အားလုံးရဲ့ တာဝန်ပေးထားတဲ့ဟာကို တာဝန်ခံပြီးတော့၊ ဆွေးနွေးပြီးတော့ လေးယောက်ကနေ တာဝန်ခံ အနေနဲ့ ထုတ်ပြန်ရတာပါ။ ဒီအတွက် ဒီအပေါ်မှာ အမျိုးမျိုးပြောတာဆိုတာတွေကို ကျနော်တို့ ဘယ်လို စိတ်ထားမျိုးနဲ့မှ မတုံ့ပြန်ပါဘူး။ ဒီကနေ့ဆိုရင်လည်း
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း နားလည်တယ် ဆိုတဲ့အကြောင်းကို ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။ ကျနော်တို့က အတူတကွ ဒေါ်အောင်ဆန်း စုကြည်နဲ့အတူ ရပ်တည် လက်တွဲ နေတယ် ဆိုတာလည်း သူသိပါတယ်။ အရင် ကတည်းကလည်း ကျနော်တို့ လှုပ်ရှားမှုတွေကို သူသိတယ် ဆိုတဲ့ အကြောင်းကိုလည်း သူ ပြောပါတယ်”

ဟုတ်ကဲ့။ ကျနော် မမေးမိတာတွေထဲက ထပ်ပြီး ဆွေးနွေးတာတွေများ ရှိပါသေးသလား။

“တော်တော်တော့ ပြည့်စုံပါပြီ။ ကျနော်တို့ တိုင်းရင်းသား ကိစ္စတွေလည်း ပြောဖြစ် ကြတယ်လေ။ ကျနော်တို့ ၈၈ မျိုးဆက် ကျောင်းသားတွေက မကြာမီက ကချင်ပြည်နယ် အထိကို သွားပြီးတော့ စစ်ဘေးသင့်ပြည်သူ တွေကို အတတ်နိုင်ဆုံး ပေါ့နော်။ ကူညီခဲ့ကြတာတွေ ရှိတယ်လေ။ စိတ်ဓာတ်ရေးရာ အရကော၊ ရုပ်ဝတ္ထု အရကော တတ်နိုင် သလောက်ပေါ့။ ကျနော်တို့ အားပေးကြတယ်။ အဲဒီကို သွားရင်းနဲ့ ကျနော်တို့ ကြားခဲ့ရတဲ့ တိုင်းရင်းသားတွေဟာ တန်းတူညီတူရှိမှုကို သိပ်လိုလားတယ်။ အဲဒီကိစ္စတွေ ကျနော်တို့က ပြောပြတယ်”

“ပြောပြတော့ အန်တီက တန်းတူညီတူရှိမှု ဆိုတာဟာတဲ့၊ ဒီ တိုင်းရင်းသားကိစ္စရယ်တင် မဟုတ်ပါဘူး။ နိုင်ငံသား တိုင်း အားလုံးဟာ တန်းတူ ညီတူတွေ ရှိကြရမယ်။ ဒါဟာ နိုင်ငံသားတိုင်းရဲ့ အခြေခံ အခွင့်အရေးပဲ ဆိုတဲ့ သဘောမျိုး ကို ပြောပါတယ်။

အခု ၈၈ နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့မှု တခုလုံးရဲ့ အနှစ်သာရဆိုရင် ဘာလို့ ပြောနိုင်မလဲ။

“သိပ်ကျေနပ်စရာ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ အခု အသံတွေ ထုတ်နေသလိုပေါ့နော်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းကြောင်းကို ကျနော်တို့က ဆန့်ကျင်နေတယ်၊ ၈၈ တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD နဲ့ ကွဲနေတယ် ဆိုတဲ့ အသံမျိုးတွေ ဒီကနေ့က ဖြေရှင်းပြီးသား ဖြစ်သွားတယ်ဗျ။ ကျနော်တို့ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD နဲ့အတူ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ မြန်မာ့ဒီမိုကရေစီ ဖြစ်ပေါ်ပြောင်းလဲရေးအတွက် ၈၈ မျိုးဆက် ကျောင်းသားတွေကလည်း အတူတကွ ရပ်တည်နေကြတယ်။ ကူညီနိုင်တဲ့ အပိုင်းတွေကို အပြန်အလှန် ကူညီသွားမယ်၊ ပူးပေါင်းသွားမယ် ဆိုတဲ့ အနှစ်သာရကို ရတယ်”

“နောက် ကျနော်တို့နဲ့ ဒေါ်အောင်ဆန်းစုကြည် ကြားထဲမှာလည်း ကွဲလွဲမှုတွေ ဘာတခုမှကို ကျနော်တို့ မရှိဘူး။ ဒီကြေညာချက် အပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က သူ နားလည်ပါတယ်ဆိုပြီးတော့ပဲ ရင်းရင်းနှီးနှီး၊ နွေးနွေး ထွေးထွေးနဲ့ကို ကျနော်တို့ ရယ်ရယ်မောမော ပြောကြဆိုကြတာ။ အဲဒါက ကျနော်တို့ NLD နဲ့ ၈၈ မျိုးဆက် ကျောင်းသား များတင် မကဘူးပေါ့နော်။ ကျနော်တို့ တိုင်းပြည် အတွက်ပါ အားလုံး ပူးပေါင်း ဆောင်ရွက်နိုင်ရေး အတွက်ကို ပိုပြီးတော့ ခွန်အားတွေ ဖြစ်စေတယ်ဗျာ”

“ဘာကြောင့်လဲဆိုတော့ ဒေါ်စု ပြောသလိုပေါ့နော်။ တပ်မတော်နဲ့ပါ အားလုံး လက်တွဲလုပ်ကြရမှာ။ ဒီနိုင်ငံရေး အင်အားစုတွေတင် လက်တွဲထားရုံတင် မရဘူးဆိုတဲ့ဟာမျိုးတွေက ကျေနပ်အားရစရာပေါ့နော်”

Ref: မဇ္ဈိမ

Read More...

ဒေါင်း က တဲ့နေ့ (မောင်စိန်ဝင်း-ပုတီးကုန်း)


ဘယ်တောမှာနေနေ

ဘယ်မြေကိုပြောင်းပြောင်း

အရေးအကြာင်းဆို

သွေးမပြောင်းပါဘူး

ရှေးဒေါင်းတို့ရဲ့သမိုင်းအစဉ်၊

တိုင်းပြည်နဲ့လူမျိုး

ပြည်သူအကျိုးဆိုအကြောင်းမရွေး

ဒေါင်းသွေးနီခေါင်းမညွတ်

ဒေါင်းခွပ်ခဲ့ရာဇ၀င်၊

ပြည်သူတွေနဲ့ထာဝရမခွဲ

ပြည်သူထဲမှာအတူနေ

အပူဝေအတူမျှ

ဒုက္ခအထွေထွေကလွတ်ကြောင်း

ခွပ်ဒေါင်းမှန်လျှင်ရန်မြင်သမျှရင်ဆိုင်တွေ့၊

စမ်းကလေးတွေအေး

ပန်းကလေးတွေမွေး

ငှက်ကလေးတွေတေးဆို
ငြိမ်းချမ်းရေးကိုသူကြိုတော့

မြိုင်ယံညို ဟိုးရိုးအခြေက

အိုးဝေ အိုးဝေ မင်္ဂလာအပေါင်းခရအောင်

(အဲဒီနေ့ဟာ) ဒေါင်းကတဲ့နေ့၊

........

Read More...

အီတာလျံ-ထိုင်း ကုမ္ပဏီကားများ ပြန်ပေးဆွဲခံရ

သန်းထိုက်ဦး
December 21, 2011

တနင်္သာရီတိုင်း ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကို တည်ဆောက်နေသည့် အီတာလျံ-ထိုင်း Italian-Thai Development (ITD) ကုမ္ပဏီမှ ကား ၁၆ စီးနှင့် ကားသမားများကို BBKဟု ဆိုသော လက်နက်ကိုင် တပ်ဖွဲ့ဝင်များက ယမန်နေ့က ပြန်ပေးဆွဲကြောင်း သိရသည်။

ထိုင်းနိုင်ငံ ကန်ချနဘူရီ ခရိုင်နှင့် တနင်္သာရီတိုင်း ထားဝယ်မြို့ကို ဆက်သွယ်ထားသော ကားလမ်းပေါ်တွင် အလုပ်လုပ်နေစဉ် ပြန် ပေးဆွဲခဲ့ခြင်း ဖြစ်သည်။

ပြန်ပေးဆွဲထားသည့် ကားများကို ၆ နာရီခန့် ထိန်းသိမ်းထားပြီး နေ့လယ် ၁၂ နာရီတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ကရင်တိုင်းရင်း သား သတင်းဌာန ကွယ်ကလူမှ အယ်ဒီတာ စောအယ်နာက ဧရာဝတီသို့ ပြောသည်။

“အဲဒီနေ့ မနက်မှာ ပြန်ပေးဆွဲပြီးတော့ နေ့လယ် ၁၂ နာရီမှာ ပြန်လွှတ်ပေးလိုက်တယ်၊ ကားသမားတွေဆီက ဂြိုဟ်တုဖုန်း ၃ လုံးနဲ့ ဘတ်ငွေ ၁၀၀၀၀ သိမ်းယူလိုက်တယ်”ဟု ၎င်းက ဆိုသည်။

BBK လက်နက်ကိုင်အဖွဲ့က ၎င်းတို့၏ ပိုင်နက်အတွင်း၌ အလုပ်သမားများ ကျူးကျော် ၀င်ရောက်ပြီး အလုပ်လုပ်မည်ဆိုလျှင် တဦးကို ဘတ်ငွေ ၁၀၀၀ ပေးဆောင်ရန် သတိပေးခဲ့ကြောင်း စောအယ်နာက ဆက်ပြောသည်။

ယင်းဒေသတွင် ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ ၄ တပ်ဖွဲ့ဝင်များ လှုပ်ရှားနေပြီး ITD ကုမ္ပဏီ က လမ်းဖောက်လုပ် နေခြင်း ဖြစ်သည်။

ITD ကုမ္ပဏီမှ ကားများကို ပြန်ပေးဆွဲခဲ့သော BBK တပ်ဖွဲ့သည် မည်သည့် အဖွဲ့အစည်း ဖြစ်ကြောင်း မသိရှိရသေးပေ။

KNU ထားဝယ်ခရိုင် ဥက္ကဌ စောကွယ်ထူးဝင်းကလည်း ယင်းကိစ္စနှင့် ပတ်သက်၍ ITD ကုမ္ပဏီက အကြောင်းကြားထား သော ကြောင့်၊ ၎င်း၏ KNU တပ်ဖွဲ့ဝင်များကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လကလည်း ITD ကုမ္ပဏီတွင် အလုပ်လုပ်နေသော အလုပ်သမား ၅၀ခန့်သည် အစိုးရတပ်နှင့် KNU တပ်ဖွဲ့ဝင်များ တိုက်ပွဲများ ဖြစ်ပွားခဲ့သောကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ မောင်းမကန် မြောက်ဘက်တွင်ရှိ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ITD ကုမ္ပဏီက အမေရိကန် ဒေါ်လာ ၈. ၆ ဘီလီယံ ရင်းနှီးမြုပ်နှံထားပြီး လျှပ်စစ်ဓာတ်အားပေး စက်ရုံများ၊ သံမဏိစက်ရုံများ၊ ရေနံသန့်စင်ရေး စက်ရုံများ၊ ကားလမ်းနှင့် ရထားလမ်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်း ဧရိယာသည် စတုရန်းမိုင် ၁၀၀ ခန့် (၂၅၀ စတုရန်း ကီလိုမီတာ) အကျယ်အ၀န်း ရှိကြောင်း စီမံကိန်း ဆောက်လုပ်ခွင့်ရ ITD ကုမ္ပဏီ၏ မှတ်တမ်းများ အရ သိရသည်။

မြန်မာအစိုးရ သတင်းစာများတွင် ဖော်ပြထားချက်အရ ထားဝယ်ရေနက်ဆိပ်ကမ်းတွင် ကုန်တင် သင်္ဘောကြီး ၂၅ စင်း တပြိုင်တည်း ဆိုက်ကပ်နိုင်ပြီး တနှစ်လျှင် ကုန်ပစ္စည်း မက်ထရစ် တန်ချိန် သန်း ၁၀၀ နီးပါး အတင်အချ ပြုလုပ်နိုင်မည်ဟု သိရသည်။

ဥရောပနှင့် အင်ဒိုချိုင်းနားကို ဆက်သွယ်ရန် ဖြတ်လမ်းဖြစ်လာပြီး စင်ကာပူထက်သာမည်ဟု ဆိုထားသော ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်း၏ အရေးပါပုံ၊ စီမံကိန်းကြောင့် နိုင်ငံ၏ စီးပွားရေး တိုးတက်လာနိုင်ပုံတို့ကို မြန်မာစာနယ်ဇင်းများတွင် ဖော်ပြခဲ့ကြ သည်။

ပြီးခဲ့သည့် စက်တင်ဘာလတွင် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် ဒေသခံများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ကြုံတွေ့ရဖွယ်ရှိပြီး ဆုံးရှုံးနစ်နာမှုများ ရှိလာမည်ကို စိုးရိမ်သောကြောင့် ITD ကုမ္ပဏီ ယာဉ်များ KNU ထိန်းချုပ်ဒေသတွင် သွားလာနေခြင်း မပြုလုပ်ရန် ပိတ်ပင်ခဲ့ဖူးသည်။

Ref: ဧရာဝတီ

Read More...

ဆီးရီးယားအစိုးရ နေဝင်ချိန် ရောက်လု နီးပြီ

ဗုဒ္ဓဟူး, 21 ဒီဇင်ဘာ 2011

ဆီးရီးယားသမ္မတ ဘတ်ရှား အယ်လ် အာဆတ်ဒ်ရဲ့ အစိုးရကတော့ နောက်ဆုံး နေဝင်ချိန်ကို ရောက်နေပါပြီလို့ အမေရိကန် သမ္မတအိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ်က မနေ့ကပဲ ပြောလိုက်ပါတယ်။

ဆီးရီးယားနိုင်ငံမှာ အစိုးရတပ်ဖွဲ့တွေက ၂ ရက်အတွင်း လူ ၂၀၀ ကျော်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တယ် ဆိုတဲ့ သတင်းတွေ ထွက်လာပြီးတဲ့နောက်ပိုင်း အရေးယူဆောင်ရွက်မှုတွေ လုပ်ပေးဖို့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီနဲ့ အာရပ်နိုင်ငံများ အဖွဲ့ချုပ်တို့ကို အတိုက်အခံ ဆီးရီးယား အမျိုးသား ကောင်စီက တိုက်တွန်း လိုက်ပါတယ်။

ဇဝီယာတောင်၊ အစ်ဒ်လစ်မြို့နဲ့ ဟုမ်းစ်မြို့တွေမှာ မကြာခင်က အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရတဲ့ ကိစ္စကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အရေးပေါ် အစည်းအဝေး ခေါ်ပြီး ဆွေးနွေးဖို့ မနေ့တုန်းကပဲ ဆီးရီးယား အတိုက်အခံ ကောင်စီက တောင်းဆို တိုက်တွန်းလိုက်တာပါ။ ၄၈ နာရီအတွင်း လူ ၂၅၀ သေဆုံးခဲ့ရတယ်လို့ ဆီးရီးယား အတိုက်အခံကောင်စီက ဆိုပါတယ်။

ပြီးခဲ့တဲ့မတ်လတုန်းက စတင်ခဲ့တဲ့ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေအတွင်း အဲဒီ အစုလိုက် အပြုံလိုက် သတ်ဖြတ် ခံခဲ့ရမှုဟာ အသေအပျောက် အများဆုံး အဖြစ်အပျက်တခုပါ။ အခုဖြစ်ခဲ့တဲ့ ဒေသတွေကို လုံခြုံတဲ့ ဇုံနယ်မြေအဖြစ် သတ်မှတ်ပေးပြီး အစိုးရ တပ်ဖွဲ့တွေ ဆုတ်ခွာအောင် လုပ်ဆောင်ပေးဖို့ ကုလသမဂ္ဂကို ဆီးရီးယား အတိုက်အခံတွေက တောင်းဆို ခဲ့ကြပါတယ်။

ဆီးရီးယားအရေးနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချနိုင်ဖို့ ရုရှားနိုင်ငံက တင်သွင်းတဲ့မူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ဒီကနေ့မှာ ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေးမှု ထပ်လုပ်လိမ့်မယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ ရုရှား သံအမတ်ကြီးက သတင်းထောက် တွေကို ပြောပါတယ်။

Ref: VOA News

Read More...

'အဲ့ဒီအခန်းဖြတ်' က ဖြစ်ရပ်မှန်ဟု ဒါရိုက်တာ ဝိုင်း ပြော

မျိုးသန့်
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာ့ ရုပ်ရှင်ဆင်ဆာဘုတ် အဖွဲ့၏ ရုပ်ရှင်နှင့် ဗီဒီယိုများအပေါ် ဆင်ဆာ ဖြတ်တောက်မှု အခြေ အနေများကို ပထမဆုံး သရုပ်ဖေါ် ရိုက်ကူးထားသည့် “အဲ့ဒီအခန်းဖြတ်” ရုပ်ရှင်ကားတိုသည် တကယ့် ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားခြင်းဟု ထိုရုပ်ရှင်ကို ကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ရိုက်ကူးခဲ့သူ ဒါရိုက်တာ ဝိုင်းက မဇ္ဈိမကို ပြောသည်။

“အဲဒီထဲမှာ တကယ်အမှန်အကန် အကုန်ပါတာ။ ကျနော် လုပ်ကြံပြီး ရိုက်ထားတာ တခုမှ မပါဘူး။ တကယ့် ဖြစ်ရပ် မှန်တွေပါ။” ဟု ဒါရိုက်တာ ဝိုင်းက မဇ္ဈိမကို ပြောသည်။ အဆိုပါ ဇာတ်ကားနှင့် ပတ်သက်၍ မိမိတို့ ရုပ်ရှင် လောကသားများ ခံစားနေရသည့် ဆင်ဆာ ဖြတ်တောက်မှုများကို တင်ပြလိုခြင်းဟုလည်း ဒါရိုက်တာ ဝိုင်းက ပြောသည်။

၁၈ မိနစ်ကြာမြင့်သည့် အဆိုပါ ရုပ်ရှင်ကားတွင် ပြန်ကြားရေး၊ ပြည်ထဲရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ သာသနာရေး စသည့် ဝန်ကြီး ဌာနများမှ ဝန်ထမ်းများနှင့် ဖွဲ့စည်းထားသည့် ရုပ်ရှင် ဆင်ဆာဘုတ် အဖွဲ့သည် ယင်းတို့ ကိုယ်စားပြုသည့် ဝန်ကြီးဌာနကို ထိခိုက်စေမည့် ပြကွက်များ စိစစ်ဖြတ်တောက်ပုံကို သရုပ်ဖေါ် ရိုက်ကူးထားခြင်း ဖြစ်သည်။



ဒါရိုက်တာ ရိုက်ကူးတင်ပြလာသည့် သူတောင်းစား အခန်းကို ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ထမ်းမှ “သူတောင်းစားက အပြင်မှာ ရှိချင် ရှိမယ် ရုပ်ရှင်ထဲမှာ မရှိရဘူး။ ဒါ နိုင်ငံတော်ကို သိက္ခာချနေတာ။”ဟု ဆိုကာ ဖြတ်ပစ်သည့် ဇာတ်ဝင်ခန်းကိုလည်း ရိုက်ကူး တင်ပြထားသည်။

ယင်းအပြင် ဝန်ထမ်းများ လာဘ်စားသည်ကို သရော်သည့် ရုပ်ရှင်ဇာတ်ဝင်ခန်း တင်ပြရိုက်ကူး ထားသည်ကိုလည်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ဝန်ထမ်းက “ Good Governance Clean Government လုပ်နေတဲ့ အချိန်မှာ အဲဒီ ပြကွက်တွေ ခွင့်ပြုလိုက်ရင် အကုန်လုံး ကွိုင်တက်ကုန်မှာပေါ့။” ဟုဆိုကာ ဖြတ်ခိုင်းပြန်သည်။

ထိုကဲ့သို့ မိမိတို့ ဖန်တီးထားသည့် အနုပညာကို ဖြတ်တောက်မှုများကြောင့် စိတ်ထိခိုက်ရသည် ဟုလည်း ဒါရိုက်တာ ဝိုင်းက ပြောသည်။

“တခါတလေကျရင် အသေအလဲ သရုပ်ဆောင်ထားတဲ့ ပြကွက်တွေ ဘာမှန်း မသိဘဲနဲ့ ဖြတ်ခံ လိုက်ရတယ်။ ဒီမှာ လုပ်ထားတာက ရင်ဘတ်တွေနဲ့ လုပ်ထားတာ သေရော။ သူတို့တွေက ကျနော်တို့ နှလုံးသားတွေကို ဓါးနဲ့ ဖြတ် လိုက်သလိုပဲ။ အဲဒီ အခါကျတော့ သရုပ်ဆောင်တွေ မှာလည်း အခက်အခဲ၊ ဒီဘက်က စဉ်းစားပြီး လုပ်ထားတဲ့ ဇာတ်ညွန်း ဆရာမှာလည်း အခက်အခဲ၊ ဖန်တီးထားတဲ့ ဒါရိုက်တာ မှာလည်း အခက်အခဲ Felling တွေက သွားပြီပေါ့ဗျ။ လူကိုသတ်တာထက် Felling တွေကို သတ်တာ ပိုဆိုးတယ်။” ဟု ဝိုင်းက မဇ္ဈိမကို ပြောသည်။

အဲဒီအခန်းဖြတ် ဇာတ်ကားတွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းအဖြစ် သရုပ်ဆောင်ခဲ့သူ သရုပ်ဆောင် ကိုဇော်ဝင်းနိုင် ကလည်း “ကိုယ်ရိုက်တဲ့ အခန်းလေး ဖြတ်တဲ့အထဲ ပါသွားတယ်ကွ ဆိုတာ ကျနော်တို့ ကားတွေ တော်တော်များများ ခံစားဖူးပါတယ်။ အဲဒါ ဖြတ်တဲ့အထဲ ပါသွားတယ်ဆို ရင်ထဲ မချမ်းသာဘူးလေ။ ဪ ငါတို့ လုပ်ထားတာ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေးတို့ ဘာတခုမှလည်း မစော်ကားဘူး၊ နောက် ဆဲရေးတိုင်းထွာ တာလည်း မဟုတ်ဘူးဗျ။” ဟု မဇ္ဈိမကို ပြောသည်။

ယင်းအပြင် ဆင်ဆာဘုတ်အဖွဲ့သည် ရိုက်ကွက် တခုတည်းကိုပင် ပေးချင်သည့်သူကိုပေးကာ၊ မပေးချင်သည့် သူကို ဆင်ဆာ ဖြတ်တောက်မှုများ ပြုလုပ်သည်ဟု ဒါရိုက်တာ ဝိုင်းက မဇ္ဈိမကို ပြောသည်။

“အဲဒီအခန်းဖြတ်” ရုပ်ရှင်ဇာတ်လမ်းတိုသည် ဒါရိုက်တာ မင်းထင်ကိုကိုကြီးနှင့် ဒါရိုက်တာ ကိုသူရတို့ ဦးဆောင် ကျင်းပသည့် လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် အတွက် ပြိုင်ပွဲဝင်ကား ဖြစ်သည်ဟုလည်း သိရသည်။

လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်အတွက် ပြိုင်ပွဲဝင်ကားပေါင်း ၁၈၀ ခန့် လက်ခံရရှိပြီး ဇန်နဝါရီလ ၁၊ ၂၊ ၃ ရက်နေ့များတွင် ရွေးချယ်ကာ လေးရက်နေ့တွင် ဆုပေးပွဲ ကျင်းပမည်ဟုလည်း ဒါရိုက်တာ မင်းထင် ကိုကိုကြီးက မဇ္ဈိမကို ပြောသည်။

ဆုပေးပွဲအခမ်းအားကို ရန်ကုန်မြို့ တော်ဝင်စင်တာ ဟိုတယ် အထပ် ခုနှစ်တွင် ကျင်းပမည် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ကာ ဆုချီးမြှင့်မည် ဟုလည်း သိရသည်။ ဆုကြေးကို ကျပ်ငွေ ၁၀ သိန်း ပေးမည်ဟု သိရသည်။

Ref: မဇ္ဈိမ

Read More...

မြန်မာ့ ကုန်းတွင်းရေနံတူးဖော်ခွင့် ထိုင်းနိုင်ငံ ရရှိ

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၁

မဇ္ဈိမသတင်းဌာန ။ ။ မြန်မာနိုင်ငံ ကုန်းတွင်းလုပ်ကွက် နှစ်ခုတွင် ထိုင်းနိုင်ငံ၏ အကြီးဆုံး ရေနံကုမ္ပဏီက ရေနံ တူးဖော်ခွင့် ရရှိကြောင်း သိရသည်။

နိုင်ငံခြားကုမ္ပဏီများအား လုပ်ကိုင်ခွင့်ပြုသော လုပ်ကွက် ၁၈ ခုအနက် ထိုင်းနိုင်ငံမှ PTT ရေနံ ရှာဖွေရေးနှင့် ထုတ်လုပ်ရေး ကုမ္ပဏီ (PTTEP) က လုပ်ကွက် ၂ ခုကို လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီး ပီချိုင်း နာရစ်သန်ဖန်က ဗုဒ္ဓဟူးနေ့တွင် ပြောဆိုခဲ့ကြောင်း ရိုက်တာ သတင်းဌာနတွင် ပါရှိသည်။

“ကျနော်တို့ နှစ်ခုရပါတယ်။ ဒါသေချာပါတယ်” ဟု ပီချိုင်းက ရန်ကုန်မြို့သို့သွား ရောက်ရာမှ ပြန်အရောက်၌ သတင်းထောက် များကို ပြောကြား ခဲ့သည်။ အဆိုပါ လုပ်ကွက်နှစ်ခုမှာ မြို့တော် နေပြည်တော်နှင့် နီးကြောင်း၊ အဆိုပါ သတင်းကို တရားဝင် မကြေငြာ ရသေးကြောင်း၊ လုပ်ခွင့်ရ ကုမ္ပဏီများသည် ဒေသခံကုမ္ပဏီများနှင့် ဖက်စပ် လုပ်ကိုင် ရမည် ဖြစ်ကြောင်းကိုလည်း သူက ပြောဆိုသည်။

အဆိုပါသတင်းသည် ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ထရာ စတုတ္ထအကြိမ်မြောက် မဲခေါင်ဒေသ ထိပ်သီး အစည်းအဝေး တက်ရောက် အပြီး ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

ကမ်းလွန်လုပ်ကွက် MD 7 နှင့် MD 8 တို့တွင်လည်း ရင်းနှီးမြှုပ်နှံရန် ထိုင်းနိုင်ငံက စိတ်ဝင်စားကြောင်း ဆွေးနွေး ခဲ့သည်ဟု ပီချိုင်းက သတင်းထောက် များကို ပြောသည်။

သူက ဆက်ပြီး ရေရှည်တွင် မြန်မာနိုင်ငံ၌ ဓာတ်ငွေ့ခွဲထုတ်သည့် စက်ရုံတရုံတည်ဆောက်ရန်လည်း ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံတို့ ပဏာမ သဘောတူညီချက် ရရှိခဲ့သည်ဟု ဆိုသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်နေသော မြန်မာနိုင်ငံ၌ တရုတ်၊ ထိုင်း၊ အိန္ဒိယ နှင့် စင်္ကာပူ နိုင်ငံတို့သည် ပမာဏ အများဆုံး ရင်းနှီး မြှုပ်နှံထားကြသော နိုင်ငံများဖြစ်သည်။

PTT ကုမ္ပဏီ၏ ရေနံရှာဖွေရေးလုပ်ငန်းကြီးဖြစ်သော PTTEP သည် မြန်မာနိုင်ငံတွင် စီမံကိန်း ၄ ခု၌လုပ်ကိုင်နေပြီး ရဲတံခွန်နှင့် ရတနာ ဓာတ်ငွေ့ တွင်းများ၌လည်း အခြားကုမ္ပဏီများနှင့် တွဲဖက် လုပ်ကိုင်ရာတွင် အနည်းစု ရင်းနှီး မြှုပ်နှံထားသည်။

ထို့ပြင် ထိုင်းကုမ္ပဏီများသည် မြန်မာနိုင်ငံတောင်ဘက် ထားဝယ်မြို့၌ အလွန်ကြီးမားသော စီမံကိန်းဖြစ်သည့် ထားဝယ် ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုံ တည်ဆောက်ရာ၌ အဓိက အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက် နေသည်။ ထိုစီမံကိန်းတွင် ထိုင်းနိုင်ငံသို့ စွမ်းအင်တင်ပို့ရန် ပိုက်လိုင်းများ တည်ဆောက်ခြင်းလည်း ပါဝင်သည်။

မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းတွင် ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ကွက် ၄၇ ခု ရှိသည်။ အဆိုပါ လုပ်ကွက်များအနက် တရုတ်နိုင်ငံက ၂၃ ခုတွင် ရေနံနှင့် ဓာတ်ငွေ့ ထုတ်ယူခြင်း ပြုလုပ်နေပြီး အကြီးဆုံး ရင်းနှီး မြှုပ်နှံထားသည့် နိုင်ငံ ဖြစ်သည်။ မလေးရှားမှာ ဒုတိယ အကြီးဆုံး ရင်းနှီး မြှုပ်နှံထားသည့် နိုင်ငံဖြစ်သည်။

ရေနံထုတ်လုပ်နိုင်သော ရေနံမြေ တွေ့ရှိပါက အဆိုပါ ကုမ္ပဏီသည် ဝန်ကြီးဌာနတွင် ရေနံနှင့် သဘာဝဓါတ်ငွေ့ ထုတ်ယူရေး အတွက် ထုတ်လုပ်ခွင့် လျှောက်ထားရသည်။

“စာချုပ် ချုပ်ပြီးလို့ လုပ်ငန်းလုပ်ကိုင်ရာမှာ စီးပွါးဖြစ်ရေနံနဲ့ ဓါတ်ငွေ့ ထုတ်လုပ်နိုင်တဲ့ ရေနံမြေ တွေ့ပြီဆိုတာနဲ့ အစိုးရနဲ့ ကုမ္ပဏီတွေ အကျိုးအမြတ် ခွဲဝေရေး အတွက် ညှိနှိုင်း ဆွေးနွေးရပါတယ်။ ငွေဘယ်လောက်ပေးမယ် ဆိုတာကိုလည်း ပြောရပါတယ်” ဟု မြန်မာ အရာရှိတဦးက ပြောသည်။

မြန်မာနိုင်ငံတွင် မြန်မာရေနံ အရင်းအမြစ် လီမိတက်ဟူ၍ မြန်မာပိုင် ရေနံကုမ္ပဏီ တခုသာ ရှိသည်။ ယင်းကို မိုက်ကယ်မိုးမြင့်က ပိုင်ဆိုင်သည်။ ဦးတေဇ ပိုင်ဆိုင်သည့် ထူးကုမ္ပဏီနှင့် စက်မှု ၁ ဝန်ကြီးဟောင်း ဦးအောင်သောင်း ၏သား ဦးနေအောင်တို့သည် နိုင်ငံခြား ရေနံနှင့် ဓါတ်ငွေ့ ကုမ္ပဏီများ၌ အစုရှယ်ယာများ ပိုင်ဆိုင်ကြသည်ဟု စွမ်းအင် ဝန်ကြီးဌာနနှင့် နီးစပ်သည့် သတင်း ရပ်ကွက်များ၏ အဆိုအရ သိရသည်။

လက်ရှိတွင် မြန်မာ့ကုန်းတွင်း လုပ်ကွက်များမှ တနေ့လျှင် ရေနံစိမ်းစည် ၉၃၀၀ နှင့် သဘာဝဓါတ်ငွေ့ ကုဗပေ သန်း ၁၀၀ ထုတ်လုပ်လျက် ရှိသည်။ ရတနာနှင့် ရဲတံခွန် ကမ်းလွန် သဘာဝဓါတ်ငွေ့ လုပ်ကွက်များမှ တနေ့လျှင် သဘာဝ ဓါတ်ငွေ့ ကုဗပေ သန်းတထောင်ကျော် ထုတ်လုပ်နေသည်။

စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ ကုန်းတွင်း လုပ်ကွက်များတွင် သဘာဝ ဓါတ်ငွေ့သိုက် ကုဗပေ သန်းထောင်ပေါင်း ၀.၄၆ ရှိပြီး ကမ်းလွန်လုပ်ကွက်တွင် ကုဗပေ ၁၇ ထရီလီယံ ရှိသည်။

Ref: မဇ္ဈိမ

Read More...

မွန်ပြည်သစ်နှင့် အစိုးရ ထပ်မံဆွေးနွေးမည်

ကွန်းချမ်း
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဗဟိုဌာနချုပ်ရှိရာ မွန်ပြည်နယ် ရေးချောင်းဖျားဒေသတွင် ပါတီ ညီလာခံ ကျင်းပနေစဉ် အတွင်း မွန်ပြည်သစ် ပါတီ အနေနှင့် အစိုးရ ကိုယ်စားလှယ်နှင့် ပဏာမ ငြိမ်းချမ်းရေး ဆွေးနွေးမှု ပြုလုပ်ဖွယ်ရှိကြောင်း ပါတီတွင်း သတင်း ရပ်ကွက်များက ပြောသည်။

ယခုရက်ပိုင်းအတွင်း မွန်ပြည်သစ်ပါတီမှ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ ဦးဆောင်အဖွဲ့နှင့် ရထား ပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်းတို့ ထိုင်းနိုင်ငံ တနေရာတွင် တွေ့ဆုံဖွယ် ရှိသည့် အတွက် နိုင်ဟံသာမှာ ညီလာခံသို့ မတက်ရောက် နိုင်သေးကြောင်း အဆိုပါ သတင်း ရပ်ကွက်များက ပြောသည်။

“မနက် ခြောက်နာရီကတည်းက သူ (နိုင်ဟံသာ) ဗဟိုကနေ ဆင်းသွားပြီ၊ ညီလာခံဖွင့်ပွဲကို သူမတက်နိုင်သေးဘူး။” ဟု ဗဟိုဌာနချုပ်ရှိ ပါတီဝင်တဦးက ပြောသည်။

ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ပြည်ထောင်စုအဆင့် ခေါင်းဆောင် ဦးအောင်မင်း ဦးဆောင်သောအဖွဲ့သည် ဗုဒ္ဓဟူးနေ့က ထိုင်းနိုင်ငံ မဲဆောက်တွင် ကရင် အမျိုးသား အစည်းအရုံးမှ ခေါင်းဆောင်များနှင့် အလားတူ ပဏာမ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့အပြီး မွန်ပြည်သစ်နှင့် ဆွေးနွေးရန် ခရီး ဆက်သွားခဲ့သည်ဟု သိရသည်။

ဗုဒ္ဓဟူးနေ့မှ စတင် ကျင်းပလျက်ရှိပြီး သီတင်းသုံးပတ်ကြာမြင့်မည့် မွန်ပြည်သစ်၏ အဋ္ဌမအကြိမ် ပါတီ ညီလာခံသို့ သထုံခရိုင်၊ မော်လမြိုင် ခရိုင်နှင့် ထားဝယ်ခရိုင်မှ ကိုယ်စားလှယ် ၁၂၀ ကျော် တက်ရောက်ကြသည်။

အင်အား ၂,၀၀၀ ကျော် ရှိသည့် မွန်ပြည်သစ်ပါတီတွင် ပါတီဝင်အဖြစ် အသိအမှတ် ပြုခံရသူ ၇၀၀ ခန့် ရှိပြီး၊ ပါတီဝင် ငါးဦးမှ ကိုယ်စားလှယ်တဦးကို လျှို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်ကာ ညီလာခံ တက်ခွင့်ပြုသည်။

ညီလာခံ မပြီးဆုံးမီအတွင်း အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးခြင်းသည် ကောင်းသော လုပ်ရပ် တခုအဖြစ် ရှုမြင်ကြောင်း မွန်ပြည်သစ်၏ စစ်ရေးအကြံပေး အငြိမ်းစား ဗိုလ်မှူးကြီး နိုင်ကောင်းရွတ်က ပြောသည်။

“အပစ်အခတ် ရပ်စဲရေးကို အစိုးရ ကိုယ်စားလှယ်နဲ့ ဆွေးနွေးပြီး ညီလာခံမှာ ချပြနိုင်မယ်၊ ကိုယ်စားလှယ် အားလုံးက အကျယ်တဝင့် ဆွေးနွေးနိုင်မယ် ဆိုတော့ အမှားနည်းမယ်။ တရားဝင်လည်း ဖြစ်မယ်။” ဟု သူက ပြောသည်။ ပါတီဝင်များ အနေနှင့်လည်း ပြည်တွင်း ငြိမ်းချမ်းရေးကို လိုလားကြကြောင်း ပြောဆိုကြသည်။

မွန်ပြည်သစ်ပါတီနှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ တွေ့ဆုံမှု မှတ်တမ်း


ညီလာခံ ကိုယ်စားလှယ်တဦး ဖြစ်သည့် မော်လမြိုင်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းရေးမှူး နိုင်မွန်ချမ်းဒိန်းက “ကျနော်တို့ အားလုံး လိုလိုက ငြိမ်းချမ်းရေးကို လိုချင်တယ်။ ဘယ်သူမှ စစ်မတိုက်ချင်ဘူး။ စစ်ပွဲရဲ့ အနိဋ္ဌာရုံကို ကျနော်တို့ မမြင်ချင်တော့ဘူး။ ဒါပေမဲ့ မနေသာလို့ တိုက်ရမယ် ဆိုရင်လည်း အဆင်သင့်ပါပဲ။” ဟု ပြောသည်။

မွန်ပြည်သစ်ပါတီအနေနှင့် အောက်တိုဘာလ ခြောက်ရက်နေ့တွင် မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဌေးမြင့်အောင် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် ရေးမြို့ အခြေစိုက် ခလရ (၆၁) စစ်တပ် ဝင်းတွင် တကြိမ်၊ နိုဝင်ဘာလ ၁၃ နှင့် ၁၄ ရက်နေ့တွင် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့ပလိုင်ကျေးရွာ ဆရာတော် ဘဒ္ဒန္တ ကေတုမာလာ ဦးဆောင်သည့် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့နှင့် ဗဟိုဌာနချုပ်တွင် တကြိမ် တွေ့ဆုံခဲ့သည်။

ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့နှင့် တွေ့ဆုံရာတွင် အပစ်အခတ် ရပ်ရန်၊ ဆက်ဆံရေးရုံး ထားရှိရန်၊ သတ်မှတ် နယ်မြေ ပြင်ပသို့ လက်နက်ကိုင်ဆောင် သွားလိုပါက ကြိုတင်သဘောတူညီမှု ရယူရန်နှင့် ဒေသဖွံ့ဖြိုးရေး အတွက် ပြည်ထောင်စု အစိုးရနှင့် ညှိနှိုင်း လုပ်ဆောင်သွားရန် ဟူသည့် ပြည်နယ်အစိုးရ၏ ကမ်းလှမ်းချက်ကို မွန်ပြည်သစ်က ဗဟိုကော်မတီ အစည်းအဝေးတွင် တင်ပြမည်ဟုသာ အကြောင်းပြန်ခဲ့သည်။

ညီလာခံ မကျင်းပမီ ဒီဇင်ဘာလ ၁၆ ရက်နေ့မှစ၍ ဗဟိုကော်မတီ အစည်းအဝေး ကျင်းပခဲ့ပြီး၊ ငြိမ်းချမ်းရေး ကိစ္စ ကိုလည်း ဆွေးနွေး ခဲ့သေးသည်။ မွန်ပြည်သစ်အနေနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ မူကို ဆုပ်ကိုင်ထားပြီး တပြည်လုံး အတိုင်းအတာဆောင်သည့် အပစ်အခတ် ရပ်စဲရေးကို ပြုလုပ်လိုသည်။

ညီလာခံတွင် လျှို့ဝှက်မဲဖြင့် ဗဟိုကော်မတီ ရွေးချယ်ခြင်းနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီရွေးချယ်ခြင်း အပါအဝင် ဌာနဆိုင်ရာ တာဝန် ပေးအပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခြင်းများ ပြုလုပ်မည် ဖြစ်သည်။

ပထမအကြိမ် ပါတီညီလာခံ စတင်ကျင်းပခဲ့သည့် ၁၉၈၉ ခုနှစ်မှ စ၌ လေးနှစ်တကြိမ် ကျင်းပလာခဲ့သော်လည်း ၁၉၉၅ ခု အပစ်အခတ် ရပ်စဲပြီး နောက်ပိုင်းတွင် သုံးနှစ်တကြိမ် ကျင်းပခဲ့သည်။

Ref: မဇ္ဈိမ

Read More...

ချင်းအမျိုးသားနေ့ ချင်းဝန်ကြီးချုပ် လက်မခံ

ကိုပေါက်
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ ဖေဖေါ်ဝါရီ ၂ဝ ရက်အား ချင်းအမျိုးသားနေ့အဖြစ် ပြန်လည် သတ်မှတ် ကျင်းပရန် ပြည်ထောင်စု အစိုးရက ခွင့်မပြုသေး၍ ပြည်နယ် ဝန်ကြီးချုပ်က လက်မခံကြောင်း မင်းတပ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးမှ အင်္ဂါနေ့က ခေါ်ယူ အသိပေးလိုက်သည်။

ချင်းအမျိုးသားနေ့ ကျင်းပရေး အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ဦးအောင်မန်း (အငြိမ်းစား ငှက်ဖျား တိုက်ဖျက်ရေးမှူး) လက်မှတ်ထိုး၍ နိုဝင်္ဘာ ၂၃ ရက်နေ့စွဲဖြင့် ပေးပို့လိုက်သည့် ချင်းအမျိုးသားနေ့ ကျင်းပရေး စီမံချက်အား ဝန်ကြီးချုပ် ဦးဟုန်းငိုင်းက ကြေးနန်ဖြင့် ပြန်ကြားလိုက်ခြင်း ဖြစ်သည်။

“ပြည်ထောင်စု အစိုးရက ခွင့်မပြုသေးလို့ ခွင့်ပြုတဲ့ အချိန်ကျမှသာလျှင် ကျင်းပဖို့ဆိုပြီး ပြည်နယ် ဝန်ကြီးချုပ်ရဲ့ ညွှန်ကြားချက် အရ ဘောလုံးကွင်းမှာ ချင်းပြည်နယ်နေ့ပဲ ကျင်းပမယ်လို့ ဒီနေ့ မြို့နယ် ထွေ/အုပ်ရုံးမှာ အစည်းအဝေး ခေါ်ပြီး ကြေးနန်း ဖတ်ပြတယ်။ အမျိုးသားနေ့ ကိုတော့ ရပ်ကွက်အနေနဲ့ ကျေးရွာအနေနဲ့ ကျင်းပလို့ ရပါတယ်တဲ့” ဟု အစည်းအဝေး တက်ရောက်ခဲ့သည့် ကော်မတီဝင် သစ်ကုန်သည်တဦးက မဇ္ဈိမကို ပြောသည်။

ချင်းအမျိုးသားနေ့ ကျင်းပရေး အမြဲတမ်းကော်မတီအား နိုင်ငံရေးပါတီဝင်များမဟုတ်သည့် မင်းတပ်နှင့် ကန်ပက်လက် မြို့နယ်မှ အငြိမ်းစား ဝန်ထမ်းများ၊ ကုန်သည်များ၊ ရပ်မိရပ်ဖ ၆ဝ ကျော်ဖြင့် ဧပြီလ ၁၇ ရက်နေ့က ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ပါလီမန် ဒီမိုကရေစီခေတ်က စတင် ကျင်းပလာခဲ့သည့် ချင်းအမျိုးသားနေ့အား ဦးနေဝင်း ခေါင်းဆောင်သည့် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ်မှသည် ယနေ့တိုင် ပြည်နယ်နေ့ အဖြစ် အစိုးရ အဆက်ဆက်က ပြောင်းလဲ ကျင်းပ လာခဲ့ခြင်းဖြစ်သည်။

“ချင်းအမျိုးသားနေ့က ၁၉၄၉ ကနေ စရေတွက်မယ်ဆို ၆၄ နှစ် ရှိပါပြီ။ ပြည်နယ်နေ့က ၁၉၇၄ ဇန်နဝါရီ ၃ ရက်ကနေ စရေတွက်ရင် ၃၆ နှစ်ပဲ ရှိပါသေးတယ်။ ချင်းပြည်နယ်နေ့ကို ဇန်နဝါရီလ ၃ ရက်နေ့မှာ ကျင်းပမယ်ဆိုရင် ကျနော်တို့ အားလုံး ပါဝင်ပေးမယ်လို့ တင်ပြတာကို လက်မခံဘူး။ ကျန်တဲ့မြို့နယ်တွေမှာလည်း ဒီလိုပဲ ကိုယ့်ဟာကိုယ် ခဲရာခဲဆစ် ကျင်းပကြရတာပါ” ဟု အသက် ၇ဝ ကျော်အရွယ် ကော်မတီဝင်တဦးက ပြောသည်။

အမျိုးသားနေ့ တရားဝင် ကျင်းပနိုင်ရေးအတွက် ဇန်နဝါရီ လဆန်းတွင် သမ္မတထံ ဆက်လက် တင်ပြသွားမည်ဟု သိရသည်။ ၂ဝ၁၂ ခုနှစ် ချင်းပြည်နယ်နေ့ကိုမူ မြို့နယ် ဘောလုံးကွင်း၌ ဖေဖေါ်ဝါရီ ၁၈-၁၉-၂၀ ရက်နေ့များတွင် ပြည်နယ် အစိုးရမှ ဦးစီး ကျင်းပမည် ဖြစ်သည်။

ချင်းတိုးတက်ရေးပါတီများ အနေနှင့် ချင်းအမျိုးသားနေ့နှင့် ပတ်သက်၍ ဆွေးနွေး ဆုံးဖြတ်ချက် မရှိသေးကြောင်း အထွေထွေ အတွင်းရေးမှူး (၁) ဦးဒိုင်းထုံးက ပြောသည်။

“ခုထက်ထိတော့ ကျနော်တို့မှာ အဲဒီကိစ္စ ဆွေးနွေးတာ ဘာမှမရှိသေးဘူး။ ကျောင်းသားတွေနဲ့ ပြန်ညှိနှိုင်းပြီးမှ လုပ်ရမယ် ထင်တယ်။ အမျိုးသားနေ့ ဆိုတာကတော့ ပိုအဓိပ္ပါယ်ရှိတာပေါ့” ဟု ပြောသည်။

ချင်းအမျိုးသားတပ်ဦး CNF မှ ပြောခွင့်ရ ဒေါက်တာဆလိုင်းအင်ဒရူး ငွန်ကျုံးလျန်က “အဲဒီနေ့ဟာ ဘယ်လိုနည်းနဲ့မှ ချင်းပြည်နယ်နေ့ မဖြစ်နိုင်ဘူး။ ချင်းပြည်နယ်ဆိုတာ မဆလ တက်လာပြီး ၁၉၇၄ အခြေခံ ဥပဒေ တည်ပြီးတဲ့ နောက်ပိုင်းမှာမှ ဖြစ်တာ။”

“ အဲဒီနေ့ကို ချင်းပြည်နယ်နေ့လို့ သတ်မှတ်ကျင်းပတာဟာ မှားယွင်းတဲ့ အတွေးအခေါ်လည်း ဖြစ်တယ်၊ အယူအဆ လည်း ဖြစ်တယ်၊ လုပ်ဆောင်မှုလည်းဖြစ်တယ်။ ချင်းအမျိုးသား နေ့ရဲ့အနှစ်သာရက ဘာလို့ နက်ရှိုင်းလဲဆိုရင် ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်ကို ကူးပြောင်းဖို့ ဖြစ်တဲ့အတွက် ဒီဟာက အနှစ်သာရရှိတယ်” ဟု ပြောသည်။

၁၉၄၈ ဖေဖေါ်ဝါရီလ ၁၉ မှ ၂၂ ရက်နေ့ထိ ဖလမ်းမြို့၌ ချင်းဝိသေသတိုင်းလုံးဆိုင်ရာ ညီလာခံ ကျင်းပခဲ့သည်။ ညီလာခံ အတွင်း တီးတိန် ကိုယ်စားလှယ် ထောင်ဇခိုင်း တင်သွင်းခဲ့သော အဆိုအမှတ် ၄ တွင် “လူထုဆန္ဒအရ ဒီမိုကရေစီ စနစ်နှင့် အုပ်ချုပ်သည့်စနစ် ဖွဲ့စည်းရန်” ပါရှိသည်။

အဆိုတွင် နယ်ချဲ့အင်္ဂလိပ်တို့အလိုကျ ခန့်ထားသော တိုက်သူကြီးများမှာ ကောက်ပဲသီးနှံ၊ လူခွန်၊ အမဲခွန်များအား မတရား ကောက်ခံနေ၍ ဖြုတ်ချရန်နှင့် ရွေးကောက် တင်မြှောက်ထားသည့် လူထုကိုယ်စားလှယ်များ ပါဝင်သည့် ကောင်စီဖြင့် အုပ်ချုပ်သင့်ကြောင်း ပါရှိသည်။

ထို့နောက် ချင်းရေးရာကောင်စီက ၁၉၅၀ အောက်တိုဘာ ၉ ရက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဖေဖေါ်ဝါရီ ၂၀ ရက်နေ့အား ‘ချင်းအမျိုးသားနေ့’ အဖြစ် ရွေးချယ်သတ်မှတ် ကျင်းပလာခဲ့ကြသည်။

၁၉၅၁ ခုနှစ်က မင်းတပ်မြို့၌ ကျင်းပခဲ့သော ပထမဆုံးအကြိမ် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးနု ကိုယ်တိုင် တက်ရောက် ချီးမြင့်ခဲ့ဖူးသည်။

Ref: မဇ္ဈိမ

Read More...

KNU နယ်မြေ ဓါတ်သတ္တုတူးဖော်ရန် ကုမ္ပဏီများ မျက်စိကျ

ကျော်ခ
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်ကိုင် တော်လှန်နေသော ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ် နယ်မြေများ အတွင်းမှ ဓါတ်သတ္ထုများ တူးဖေါ်ရန် မြန်မာစီးပွားရေး လုပ်ငန်းရှင်များက ဆက်သွယ် ကြိုးပမ်း လာမှုများ ရှိနေကြောင်း ကရင် ခေါင်းဆောင်များက ပြောသည်။

စီးပွားရေး ကုမ္ပဏီကြီးများက ရွှေ၊ ခနောက်စိမ်းများ လာရောက် စမ်းသပ်ရှာဖွေ ထုတ်ယူမှုများ လုပ်နိုင်ရန် ကြိုးပမ်း လာကြခြင်း ဖြစ်သည်။

“တချို့ကလည်း ကြားပွဲစားတွေလွှတ်ပြီး ညှိခိုင်းတာတွေ ရှိတယ်။ တချို့ကလည်း နယ်စပ်က ပိုင်ရာ ဆိုင်ရာတွေနဲ့ လုပ်လာတာတွေ ရှိတယ်။ ဒီထဲကနေ ခင်ဗျားတို့ကို အကျိုးအမြတ် ဘယ်လို ခွဲပေးမယ်။ သူတို့က ဘယ်လိုယူမယ် စသဖြင့်ပေါ့။ စီးပွားရေးသမား ကုမ္ပဏီတွေ အမျိုးမျိုးက လာဆက်သွယ် ကြတာပေါ့။” ဟု KNU ထိပ်ပိုင်း တာဝန်ရှိသူ တဦးက မဇ္ဈိမကို ပြောသည်။ သို့သော် ကုမ္ပဏီ အမည်များကို ပြောဆိုရန် ငြင်းဆန်သည်။

KNU ထိန်းချုပ်မှုအောက်ရှိ တပ်မဟာ ၇ ခု အနက် တပ်မဟာ ၂၊ ၃၊ ၅ တို့မှာ ရွှေထွက်ရှိပြီး၊ တပ်မဟာ ၁၊ ၄ နှင့် ၆ တို့မှာ ခနောက်စိမ်း ထွက်ရှိရာ နေရာများ ဖြစ်ကာ လတ်တလော တပ်မဟာ ၆ ဒူးပလာယာ ခရိုင်တွင် ခနောက်စိမ်း ထုတ်လုပ်မှုနှင့် ရှာဖွေမှု အများဆုံး ပြုလုပ်နေလျက် ရှိသည်။ အလားတူ တပ်မဟာ ၇ နယ်မြေတွင်လည်း သံနှင့် ခနောက်စိမ်းများ ထွက်ရှိသည်။

နယ်မြေအတွင်း ရွှေနှင့် ခနောက်စိမ်း ရှာဖွေတူးဖေါ်မှုများ ပြုလုပ်နေသည့် ကုမ္ပဏီများကို KNU သတ္ထုတွင်း ဌာနသို့ အခွန် ပေးဆောင်ရသည်။ KNU ၏ ခွင့်ပြုချက်ဖြင့် ထုတ်လုပ်မှု အောင်မြင်သည့် ကုမ္ပဏီများ ရှိသကဲ့သို့ စမ်းသပ်ဆဲ ကုမ္ပဏီများလည်း ရှိကြောင်း သိရသည်။

“အစိုးရဘက်ကနေ အပစ်ရပ်ဖို့ ဆွေးနွေးပွဲတွေလုပ်တဲ့ အခါမှာ ကြားမှာ စီးပွားရေး သမားတွေက ကြားခံ ပါလာတယ်။ အဲဒီ ကြားပွဲစားတွေက ဟိုဘက်ကလည်း ရမယ်။ ဒီဘက်ကလည်း ရမယ် ဆိုပြီးလုပ်တဲ့ အဲဒီလို စီးပွားရေး သမားတွေ လည်း ရှိတယ်။” ဟု KNU ဒုဥက္ကဋ္ဌ ပဒိုဒေးဗစ် သာကပေါက မဇ္ဈိမကို ပြောသည်။

အမေရိကန်ဒေါ်လာ ၅၈ ဘီလီယံအထိ ကုန်ကျနိုင်သော ရေနက်ဆိပ်ကမ်း အပါအဝင် ထားဝယ်ဖွံ့ဖြိုးမှု စီမံကိန်းသည် KNU ၏ တပ်မဟာ ၄ နယ်မြေအတွင်း ကျရောက်လျက် ရှိသည်။

ထို့အတူ ဒူးပလာယာ ခရိုင် တပ်မဟာ ၆ နယ်မြေရှိ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ကော့ကရိတ် မြို့နယ်များတွင် လည်း သုဝဏ္ဏမြေဆီ ကုမ္ပဏီနှင့် လင်းဖုန်းပြည် ကုမ္ပဏီအပါအဝင် ကုမ္ပဏီ ရှစ်ခုထက်မနည်း KNU နှင့် ညှိနိုင်းကာ ခနောက်စိမ်း တူဖေါ်ရေး လုပ်ငန်းများ လုပ်ကိုင် နေကြသည်ဟု ဒေသခံများက မဇ္ဈိမသို့ ပြောသည်။

တပ်မဟာ ၇ နယ်မြေ လှိုင်းဘွဲ့မြို့နယ်တွင် ခနောက်စိမ်းတူးဖော်ရေးလုပ်ငန်း လုပ်လျက်ရှိသော ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီမှ ခွဲထွက်ကာ ကရင် ဒီမိုကရက်တစ်ပါတီ တည်ထောင်ခဲ့သည့် ပါတီ၏ ခေါင်းဆောင် တဦးဖြစ်သူ ဦးစောသန်းကျော်ဦးက “ရတဲ့ ခနောက်စိမ်း ကျတော့ ပြည်တွင်းမှာပဲ ပြန်သွင်း တယ်လေ။ ရတဲ့ဟာကို ကျနော့်ဆီပို့။ ကျနော်ကနေ ရန်ကုန် ပို့တယ်လေ။ အခုတောင်မှ တူးနေတုန်းပဲ။ အများအားဖြင့် ကြာအင်းဆိပ်ကြီး ဘက်မှာ KNU နဲ့ ညှိနှိုင်းပြီးတော့ လုပ်တဲ့ အနေအထားက များတယ်။” ဟု မဇ္ဈိမကိုပြောသည်။

ဗဟိုအစိုးရနှင့် အပစ်ရပ်ဖို့ ဆွေးနွေးသည့်အခါတွင်မူ နယ်မြေတွင်းရှိ ဓါတ်သတ္ထုများအရေး မည်ကဲ့သို့ ရှိမည်ဆိုသည် ကို ဆွေးနွေးပွဲပြီးမြောက်မှ သိရမည်ဖြစ်သော်လည်း ယင်းတို့ဘက်မှ နိုင်ငံရေးအရ စစ်မှန်သည့် အပစ်ရပ်မှုကိုသာ အလေးထား ကြောင်း KNU တွဲဘက်အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေ ကပြောသည်။

“ဒီကိစ္စနဲ့ပါတ်သက်ပြီး အပစ်ရပ်ဖို့ နှောင့်နှေးနေတယ်ဆိုတာနဲ့ ပတ်သက်ပြီး ဘာမှ မပတ်သက်ပါဘူး။ အပစ်ရပ် ပြီးတော့ ဖွံ့ဖြိုးရေး လုပ်ငန်းနဲ့ ပတ်သက်ပြီး ခေါင်းထဲမှာ လုံးဝ ထည့်ထားတာ မရှိဘူး။ အပစ်ရပ်တဲ့ အခါမှာ စစ်မှန်တဲ့ နှစ်ဘက် အပစ်ရပ်ဖို့ကို နိုင်ငံရေးစကား ပြောတာပဲ ဖြစ်လိမ့်မယ်။” ဟု သူက မဇ္ဈိမကို ပြောသည်။

KNU နှင့် အစိုးရ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန်အတွက် နှစ်ဘက် ကိုယ်စားလှယ်များက ထိုင်းမြန်မာ နယ်စပ် တနေရာတွင် ဗုဒ္ဓဟူးနေ့က အကြို တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ သမ္မတ ဦးသိန်းစိန်၏ အထူး ကိုယ်စားလှယ် ဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့က KNU ဘက်က ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ ပဒိုအားတိုးနှင့် ပဒိုဒေးဗစ်ထောတို့ ပါဝင်သော ကိုယ်စားလှယ် အဖွဲ့တို့ ပဏာမ ဆွေးနွေးကြခြင်း ဖြစ် သည်။

၂ဝ၁၂ ဇန်နဝါရီလပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့တွင် အပစ်ရပ်ရေးအတွက် တရားဝင် တွေ့ဆုံဆွေးနွေး မှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

Ref: မဇ္ဈိမ

Read More...

Wednesday, December 21, 2011

ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးချုပ်တွေ့ဆုံ

မသင်းသီရိ
အင်္ဂါ, 20 ဒီဇင်ဘာ 2011

မြန်မာနိုင်ငံကိုရောက်နေတဲ့ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်နဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ ဒီဇင်ဘာ ၂၀ အင်္ဂါနေ့ ညနေပိုင်းက တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ ၁၉၈၈ နောက်ပိုင်း ကာလတွေ အတွင်း ထိုင်းဝန်ကြီးချုပ် အဆက်ဆက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဆုံး တွေ့ဆုံတာလည်း ဖြစ်ပါတယ်။ ရန်ကုန်က ထိုင်းသံအမတ်ကြီး အိမ်မှာ ဒီခေါင်းဆောင် ၂ ဦး တွေ့ဆုံပွဲနဲ့ ပတ်သက်တဲ့ သတင်းကိုတော့ ပြည်တွင်း သတင်းထောက် အများစု သတင်းယူခွင့် မရကြပါဘူး။ ဒီအခြေအနေ အသေးစိတ်ကို မသင်းသီရိက တင်ပြ ပေးထားပါတယ်။

စတုတ္ထအကြိမ်မြောက် မဟာမဲခေါင်ထိပ်သီးအစည်းဝေးကိုလာတက်တဲ့ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ဟာ ဒီကနေ့ အစည်းဝေး အပြီး ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်မှာ ဆုံခဲ့ကြတာပါ။ ဒါဟာ ၁၉၈၈ နောက်ပိုင်းကာလရဲ့ ထိုင်းဝန်ကြီးချုပ် အစဉ်အဆက်တွေထဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

သူ့အနေနဲ့ အိမ်နီးချင်းနိုင်ငံတခုရဲ့ဒီမိုကရေစီရေးကြိုးပမ်းမှု လုပ်ငန်းတွေပေါ် အားပေးကူညီချင်တဲ့ အကြောင်း ပြောတာတွေကိုလည်း နိုင်ငံခြား သတင်းဌာန တချို့ရဲ့ စာမျက်နှာတွေမှာ ရေးသား ထားတာလည်း တွေ့ရပါတယ်။

ဒါပေမယ့် အခု ထိုင်းဝန်ကြီးချုပ် ယင်းလပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ညစာ အတူစားတဲ့ သတင်းကို ပြည်တွင်း အခြေစိုက် သတင်းဌာန ၄ ခုကိုသာ ဓာတ်ပုံ ရိုက်ကူးခွင့် ပြုခဲ့ပြီး ကျန်တဲ့ သတင်းဌာနတွေ အားလုံးကို ထိုင်းသံရုံးက သတင်းယူခွင့်၊ ဓာတ်ပုံ ရိုက်ကူးခွင့်တွေ မပေးခဲ့ဘူးလို့ မြန်မာ့ ဓနမဂ္ဂဇင်း အယ်ဒီတာ ဦးသီဟစောက ပြောပါတယ်။

“ယင်းလပ်ကတော့ ၅ နာရီခွဲလောက်မှာ သံရုံးထဲကို ဝင်လာတယ်။ ဒေါ်စုကတော့ ၅ နာရီ ၄၅ မိနစ်လောက်မှာ သံရုံးထဲ ဝင်သွားတယ်။ အထဲမှာလည်း အစားအသောက်တွေကို dinner လိုမျိုး ခင်းထားတာ တွေ့ရတယ်။ ဆိုတော့ လောလောဆယ် အပြင်မှာ လူတွေတော့ စောင့်နေကြတယ်။ ဒါပေမယ့် ဝင်ခွင့်တော့ မရဘူးပေါ့နော်။ ထိုင်းသံရုံးက မနော်ဟရီလမ်းနဲ့ ပြည်လမ်း ထောင့်မှာပေါ့နော်။ အဲဒီသံရုံးဝင်းထဲမှာ တွေ့တာပါ။ နေ့ခင်းက registration လုပ်တော့လည်း သူတို့က Private meeting လို့ပြောတယ်။ လောလောဆယ် ကျနော် သိသလောက်က AFP ရယ်၊ Reuters ရယ်၊ နောက် Japanese section တခုရယ်၊ မြန်မာတိုင်မ်းစ်ရယ်၊ အဲဒီလေးခုက ဓာတ်ပုံဆရာ ၄ ယောက်ပဲ ပေးဝင်တယ်။ ကျန်တဲ့သူတွေက အထဲဝင်လို့ မရဘူးပေါ့”

သတင်းထောက်တွေ သတင်းယူခွင့်မရသလို ထိုင်းနိုင်ငံ ဘက်ကလည်း ဒီတွေ့ဆုံမှု အတွက် ချက်ချင်း သတင်း ထုတ်ပြန်ဖို့ မရှိဘူးလို့ သတင်းထောက် တွေကို ပြောတယ်လို့လည်း ဦးသီဟစောက ပြောသလို NLD ဘက်ကလည်း ဒီတွေဆုံမှုနဲ့ ပတ်သက်လို့ တစုံတရာ မပြောသေးပါဘူး။

“မေးတယ်။ သံရုံးကိုမေးတဲ့အခါမှာ တွေ့ခွင့်မပေးဘူးဆိုရင် statement ထုတ်မလားပေါ့နော်။ statement ထုတ်ဖို့ မရှိဘူးလို့တော့ နေ့ခင်းကပြောတယ်။ Private meeting မို့လို့ စတိတ်မဲန့် မထုတ်ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် normally ကတော့ ပြန်သွားပြီးလို့ ရှိရင် ဟိုဘက်မှာ ထိုင်းက ပြောပြီးတော့မှ အဲဒီဘက်က သတင်း ပြန်ဝင်တာမျိုးလည်း ရှိတယ်”

ဒါ့အပြင် ပြည်ပကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ၀န်ကြီးချုပ် မစ္စ်ယင်းလပ်ရဲ့ အကိုဖြစ်သူ ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံ လက်ရှိသမ္မတ ဦးသိန်းစိန်နဲ့ အရင်စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့နဲ့ တွေ့ဆုံခဲ့တယ်လို့ ထိုင်းနိုင်ငံက ဘန်ကောက်ပို့စ် သတင်းစာတွေမှာ ရေးသားပေမယ့် ပြည်တွင်း က အစိုးရ သတင်းစာမှာရော ပုဂ္ဂလိက သတင်းမီဒီယာတွေမှာ လုံးဝ ဖော်ပြတာ မရှိပါဘူး။

တခါ ထိုင်းဘုရင့်မြေးတော် Bajrakitiyabha ( ဘာဂျရာ ခတ်တိဘာ) နဲအဖွဲ့ဟာလည်း ဒီဇင်ဘာ ၁၉ ရက်နေ့ကမှ မြန်မာပြည်က ပြန်သွားတာမှာ ပြန်တဲ့ အကြောင်းတွေနဲ့ ပတ်သက်လို့ ဦးသီဟစောပြောပြတာက

“ဒီပြည်တွင်းမှာတော့ လုံးဝ အသိမပေးဘူး။ အသိမပေးဘူး ဆိုတာက ဒီနေ့ အွန်လိုင်းမှာ ဘန်ကောက်ပို့စ်နဲ့ နေရှင်း ဖတ်တော့မှ သူလာ သွားတယ်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့တယ်။ သမ္မတကြီးနဲ့ တွေ့တယ်၊ နောက် မြန်မာ ခရီးစဉ်လည်း သူစီစဉ် သွားတယ်ပေါ့နော်။ ထိုင်းသတင်းစာတွေ ဖတ်မှ ကျနော်သိရတယ်။ သတင်းလုံးဝ မထုတ်ပြန်ပါဘူး။ ထိုင်းဘုရင့် မြေးတော် လာတယ် ဆိုတာတော့ သတင်းစာတွေထဲမှာ brief ရေးတယ်လို့ ပြောတယ်။ ကျနော်တို့ သိသလောက်ကတော့ ဗမာပြည်မှာ ရှိတဲ့ လုပ်ငန်းရှင် တချို့နဲ့လည်း တွေ့တယ်လို့ပြောတယ်။ ကျနော် သိသလောက်တော့ ထွန်းဖောင်ဒေးရှင်း ဘဏ်က ဦးသိန်းထွန်းတို့ ဘာတို့နဲ့ တွေ့တယ်လို့ ကြားတယ်။ ဒါပေမယ့် ကျနော်တို့ လောလောဆယ် မေးလို့တော့ မရသေးဘူး”

မြန်မာ့ဓန မဂ္ဂဇင်းအယ်တီတာ ဦးသီဟစောပါရှင်။ မြန်မာနိုင်ငံကို ၀န်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက် နေ့က မြန်မာပြည်ကို တရက်တာ ခရီးလာစဉ် အတွင်း နေပြည်တော်မှာ သမ္မတ ဦးသိန်စိန်နဲ့ တွေ့ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည် နဲ့တော့ အဲဒီတခေါက်က မတွေ့သွားခဲ့ပါဘူး။

ဒါပေမယ့် လတ်တလော ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့်ရော မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာနေတဲ့ အခန်းကဏ္ဍတွေ ကြောင့်ပါ ၀န်ကြီးချုပ် မစ္စ် ယင်းလပ် တွေ့တာ ဖြစ်တယ်လို့ ဝေဖန် သုံးသပ်ကြတာ ရှိသလို မြန်မာနိုင်ငံကို စီးပွားရေးအရ ထိုင်းအစိုးရ အစဉ်အဆက် အဆင်ပြေအောင် ဆက်ဆံ လာတာမို့ အခုဝန်ကြီးချုပ် ယင်းလပ် လက်ထက်မှာလည်း ဒီအစဉ်အလာတွေ အရ တွေ့တာ ဖြစ်တယ်လို့လည်း မြင်ကြသူတွေ ရှိပါတယ်ရှင်။

Ref: VOA News

Read More...

ဗိုလ်အောင်ကျော်ကျဆုံးခြင်း ၇၃ နှစ်ပြည့် ရန်ကုန်မှာ ကျင်းပ

2011-12-20

ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ကျဆုံးခြင်း ၇၃ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) က ဦးဆောင်ပြီး ရန်ကုန်တိုင်း ဒေသကြီး သမိုင်း မြို့မ ဘုန်းကြီးကျောင်းတိုက်မှာ ဒီနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

၂၀၀၇ ဗကသ မျိုးဆက်သစ်တွေက ဦးဆောင်ပြီ ဒီကနေ့မနက် ၈ နာရီမှာ ကျင်းပ ခဲ့တယ်လို့ ဗကသ အဖွဲ့ဝင် ကိုဇာနည်က ပြောပါတယ်။

“အဓိကကတော့ဗျာ ၂၀၀၇ ကျောင်းသားများသမဂ္ဂက ကျောင်းသားသမဂ္ဂ အလံကို ကျောင်းသားသမဂ္ဂ စိတ်ဓာတ်ကို ပြန်ပြီးတော့ လွှင့်တင်တဲ့ သဘောရယ်၊ နောက်ပြီးတော့ ကျောင်းသား ခေါင်းဆောင် ဗိုလ်အောင်ကျော်ရဲ့ အမှတ်ရဖွယ်နေ့ ဖြစ်တဲ့အတွက် ဒါတွေ မမေ့စေချင်တာရယ်။ နောက်လာမယ့် မျိုးဆက်တွေ အတွက် ထပ်ပြီးတော့ အလင်းရောင်ပြတဲ့ သဘောပါပဲ။ နောက်ပြီးတော့ ထောင်ထဲမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ လုပ်မယ် ဆိုတာကိုလည်း ဒီပွဲမှာ တစ်ခါတည်း ကြေညာလိုက်တဲ့ သဘောပါပဲ”

အခမ်းအနားမှာ ၁၉၆၂၊ ၁၉၇၄၊ ၁၉၈၈၊ ၂၀၀၃နဲ့ ၂၀၀၇ စတဲ့ ခေတ်အဆက်ဆက် တိုက်ပွဲဝင် ကျောင်းသားတွေ အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဟံသာဝတီ ဦးဝင်းတင်၊ စာရေးဆရာကြီး ဒဂုန်တာရာ၊ ဆရာမောင်ဝံသ၊ ဆရာမကြီး ဒေါ်ခင်ဆွေဦးစတဲ့ စာပေနယ်က ထင်ရှားသူတွေနဲ့ ဧည့်ပရိသတ် ၁၅၀၀ ကျော်တက် ရောက်ခဲ့တယ်လို့ ဗကသ အဖွဲ့ဝင်တွေက ပြောပါတယ်။

ဗိုလ်အောင်ကျော်နေ့ အထိမ်းအမှတ်ပွဲ ပြုလုပ်တဲ့အတွက် ဂုဏ်ယူကြောင်း ကျောင်းသား သမဂ္ဂရဲ့အစဉ်အလာ သမိုင်းဟာ မြန်မာ နိုင်ငံမှာ ကြီးမြတ်လှကြောင်းနဲ့ ခွပ်ဒေါင်း အလံကို အမြင့်မားဆုံး ဆက်လွှင့်ဖို့ ဦးဝင်းတင်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားအပြီးမှာ တက်ရောက်လာတဲ့ ကျောင်းသားတွေစုပြီး ခွပ်ဒေါင်းအလံကို ဝှေ့ယမ်းကာ သမဂ္ဂသီချင်းကို သံပြိုင် ဆိုခဲ့တယ်လို့ ကိုဇာနည်က ပြောပါတယ်။

“ခွပ်ဒေါင်းအလံကြီးကို ဝှေ့ယမ်းပြီးတော့ သမဂ္ဂသီချင်းကို သံပြိုင်ဆိုကြတာ အင်မတန် ကြက်သီးထဖို့ ကောင်းတဲ့ မြင်ကွင်းပါ။ ကျွန်တော်တို့ နိုင်ငံမှာ မမြင်တာ ကြာပြီဖြစ်တဲ့ တိမ်းမြုပ် ပျောက်ကွယ်နေတဲ့ မြင်ကွင်းပါ။ ခုလို ခွပ်ဒေါင်း အလံကြီး ပြန်လည်ဝှေ့ယမ်း လာပြီးတော့ သမဂ္ဂ စိတ်ဓာတ်တွေ နိုးကြားလာခြင်းဟာ ကျွန်တော်တို့ နိုင်ငံတိုးတက်မှုမှာ တကယ့်ကို ရှေ့ဆောင်လမ်းပြ ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အဲလိုမြင်ကွင်းမျိုးကို ကိုမင်းကိုနိုင်တို့ ကိုဌေးကြွယ်တို့ ကိုကိုကြီး တို့နဲ့ အတူတူ အမြန်ဆုံးပေါ့ဗျာ၊ နောက်ထပ် တစ်ခေါက် မြင်ချင်ပါသေးတယ်”

ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ဟာ ၁၉၃၈ ခု ဒီဇင်ဘာ ၂၀ တတိယ ကျောင်းသား သပိတ် တိုက်ပွဲမှာ နယ်ချဲ့ မြင်းစီး ပုလိပ်တွေ ရိုက်နှက်တဲ့ ဒဏ်ရာနဲ့ ကွယ်လွန်ခဲ့ပါတယ်။

Ref: RFA News

Read More...

ကင်မ် ဂျုံ အွန်းကို ခေါင်းဆောင်သစ်အဖြစ် တရုတ် အသိအမှတ်ပြု

အင်္ဂါ, 20 ဒီဇင်ဘာ 2011

ကွယ်လွန်သူ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ် ဂျုံ အီလ်ရဲ့ သားအငယ်ဆုံး ဖြစ်သူ ကင်မ် ဂျုံ အွန်းကို မြောက်ကိုရီးယား နိုင်ငံရဲ့ခေါင်းဆောင်သစ် အဖြစ် တရုတ်နိုင်ငံက အသိအမှတ် ပြုလိုက်ပါပြီ။

မြောက်ကိုရီးယား ရုပ်မြင်သံကြား ဌာနကနေပြီး ဖန်ခေါင်းထဲမှာ ထည့်ထားပြီး အနီရောင်စောင် ဖုံးအုပ်ပြီး အနီရောင် ပန်းပွင့်တွေ ပတ်ပတ်လည်မှာ ချထားတဲ့ မစ္စတာကင်မ် ဂျုံ အီးလ်ရဲ့ ရုပ်ကလာပ်ကို ပြသခဲ့ပါတယ်။

၂၈ နှစ်လောက်ပဲ ရှိသေးတဲ့ သားဖြစ်သူ ကင်မ် ဂျုံ အွန်းဟာ သူ့အသက် အရွယ်နဲ့ ပြင်ပ ကမ္ဘာကို ဆက်ဆံ နိုင်ပါ့မလား ဆိုတာနဲ့ တိုင်းပြည်ကို ဦးဆောင် နိုင်ပါ့မလား ဆိုတာကို မသေချာသေးဘဲ ဖြစ်နေပါတယ်။ ပီကင်းမြို့က နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ လျူဝီမိန်က မစ္စတာကင်မ် ဂျုံ အွန်းကို ထိပ်တန်း တရားဝင် တာဝန်ရှိသူ တယောက်အဖြစ် အသိအမှတ်ပြု ပြောကြား ခဲ့ပါတယ်။

ပြောခွင့်ရသူက ပြောခဲ့ရာမှာ ပထမတော့ မစ္စတာ ကင်မ် ဂျုံ အွန်းဟာ တရုတ်နိုင်ငံကို အလည်အပတ် ခရီး လာ မလာ ဆိုတာ ဘာသတင်းမှ မရကြောင်း ပြောခဲ့ပေမယ့် မကြာခင်မှာပဲ ပီကင်းကို အလည်လာဖို့ ဖိတ်ခေါ်ခဲ့တာပါ။

တရုတ်သမ္မတ ဟူကျင်းတောင်ကလည်း ပီကင်းမြို့မှာရှိတဲ့ မြောက်ကိုရီးယား သံရုံးကို သွားရောက်ပြီး သူ့ရဲ့ ဝမ်းနည်းကြောင်း စာချွန်လွှာကို ပေးပို့ခဲ့ကြောင်း တရုတ် အစိုးရပိုင် ဆင်ဟွာ သတင်းဌာနက ကြေညာခဲ့ပါတယ်။ ဒီ သွားရောက်ခဲ့တဲ့ ခရီးစဉ် အသေးစိတ်ကိုတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။

တချိန်တည်းမှာပဲ တရုတ်အစိုးရက မြောက်ကိုရီးယားကို အားပေး ထောက်ခံကြောင်း နိုင်ငံခြားရေး ဝန်ကြီး ယန်ကျီးချီ ကလည်း တောင်ကိုရီးယား၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ ဖုံးကတဆင့် အခိုင်အမာ ပြောကြားခဲ့ပါတယ်။ ဒီ အမေရိကန်၊ တရုတ်နဲ့ တောင်ကိုးရီးယား သုံးနိုင်ငံတို့ဟာ ကိုရီးယား ကျွန်းဆွယ် ဒေသတွင်း တည်ငြိမ် အေးချမ်းမှု ရှိဖို့အတွက် နီးနီးကပ်ကပ် ထိတွေ့ ဆောင်ရွက်သွားကြဖို့ ကိုလည်း တောင်းဆို ခဲ့ကြပါတယ်။

Ref: VOA News

Read More...

ပိတ်ဆို့အရေးယူမှု ဖယ်ရှားရန် ဇာဂနာ ပြော

December 20, 2011

အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှု ဖယ်ရှားပေးရန် ကိုဇာဂနာက တောင်းဆို လိုက်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းထောက်များကလပ် (FCCT) တွင် ယမန်နေ့ညက ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ကိုဇာဂနာက စီးပွားရေး ပိတ်ဆို့မှုကို ဖယ်ရှားပေးခြင်းဖြင့် မြန်မာနိုင်ငံမှ ဆင်းရဲ နွမ်းပါးနေသော ပြည်သူများအတွက် အထောက်အကူ များစွာ ဖြစ်နိုင်ကြောင်း၊ အထူးသဖြင့် အထည်ချုပ် စက်ရုံ အလုပ်သမား ကဲ့သို့သော လူတန်းစားများ အတွက် ဖြစ်ကြောင်း ပြောဆိုသည်။

“ဘန်ကောက်မှာ ကျနော် သံတမန် ၁၆ ယောက်လောက်၊ နောက်ပြီး ကမ္ဘာ့ဘဏ် အရာရှိတွေနဲ့ ဒီကိစ္စ ဆွေးနွေးပြီးပြီ” ဟု ပြည်ပသို့ ပထမဆုံး အကြိမ် ခရီးထွက်လာသူ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဇာဂနာက ဆိုသည်။

ရန်ကုန်တွင် နောက်လ၌ ကျင်းပမည့် “လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်” (The Art of Freedom Flim Festival) အတွက် ရုပ်ရှင်ပညာနှင့် ပတ်သက်၍ လေ့လာရန် ထိုင်းနှင့် ကမ္ဘောဒီးယားသို့ ကိုဇာဂနာ ခရီးထွက်လာခြင်း ဖြစ်သည်။

သူ့ကို နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းနှင့် ပြည်ပခရီးသွားခွင့် ပြုခြင်းသည် ဗိုလ်ချုပ်ဟောင်းများ လွှမ်းမိုး ထားသည့် မြန်မာ အစိုးရသစ်၏ ပြုပြင် ပြောင်းလဲရေးများ စတင် လုပ်ဆောင်နေကြောင်း အထောက်အထားပင် ဖြစ်သည်ဟု ကိုဇာဂနာက ပြောသည်။

သို့သော် သမ္မတ ဦးသိန်းစိန်အစိုးရ၏ လွှတ်တော်နှင့် ပတ်သက်၍ “ကျနော် နေပြည်တော်လည်း မသွားချင်ဘူး၊ လွှတ်တော်လည်း မရောက်ချင်ဘူး၊ လွှတ်တော် အမတ်လည်း မဖြစ်ချင်ဘူး။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို သဘောမပေါက် နားမလည်သေးတဲ့ လူငယ်တွေ အတွက် အလုပ်လုပ်ဖို့ ဆန္ဒရှိပါတယ်” ဟု ကိုဇာဂနာက ဆိုသည်။

တောင်သူလယ်သမား ၇၀ ရာခိုင်နှုန်း ပါဝင်နေသော ဆင်းရဲနွမ်းပါးသည့် ပြည်သူအများစု အတွက် အာရုံစိုက် လုပ်ဆောင်ရန် လိုသည်ဟု ကိုဇာဂနာက ဆက်လက်ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ဧရာဝတီက မေးမြန်းခဲ့ရာ ကိုဇာဂနာက “အန်တီက အန်တီ၊ ဇာဂနာက ဇာဂနာပါ။ မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) ခေတ်တုန်းကလည်း ကိုယ့်စံနဲ့ကိုယ် ခိုင်ခိုင်မာမာ ရပ်ခဲ့တယ်။ အခုလည်း ဒီအတိုင်းပဲ။ သဘော မတူတာတွေတော့ ရှိတာပေါ့လေ” ဟု ပြောသည်။

ပရိသတ် ၁၀၀ ခန့် တက်ရောက်သည့် အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ကိုဇာဂနာက ဟာသ တခုကိုလည်း ပြောပြသဖြင့် ပရိသတ် ပွဲကျခဲ့ကြသည်။

အဆိုပါဟာသမှာ ကင်းကောင်က ပျံသန်းနေသော ခရီးသည်တင် လေယာဉ်ကို လေထဲတွင် လိုက်ဖမ်းနေကြောင်း၊ တရုတ်၊ ရုရှ၊ အမေရိကန် ခေါင်းဆောင်များက ကင်းကောင်ကို ရပ်တန့်အောင် ကြိုးပမ်းသော်လည်း မရဘဲ လက်လျှော့လိုက်ကြ ရကြောင်း၊ သို့သော် မြန်မာ ခေါင်းဆောင်က ခြိမ်းခြောက် ပြောဆိုလိုက်သည့် အခါတွင်မှု ကင်းကောင် ထွက်ပြေးသွားကြောင်း ဟူ၍ ဖြစ်သည်။ မြန်မာခေါင်းဆောင်က ပြောလိုက်သည်မှာ ကင်းကောင်သည် လေယာဉ် လိုက်ဖမ်းနေသည်ကို မရပ်ပါက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) သို့ သွင်းလိုက်မည်ဟု ဖြစ်သည်။

Ref: ဧရာဝတီ

Read More...

သက်ဆင်ရဲ့ မြန်မာခရီး ဝေဖန်ခံရ

ရန်ပိုင်
December 20, 2011

ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင် ရှင်နာဝပ် မြန်မာနိုင်ငံသို့ မကြာသေးမီက သွားရောက်ကာ နိုင်ငံရေး၊ စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်း ဆောင်ရွက်ခဲ့ခြင်းသည် ဆင်ခြင်မှု ကင်းမဲ့သည့် လုပ်ရပ် ဖြစ်သည်ဟု ထင်ရှားသည့် ထိုင်းနိုင်ငံရေး သမားတဦးက ပြောကြား လိုက်သည်။

သူ၏ နှမဖြစ်သူ လက်ရှိ ထိုင်းဝန်ကြီးချုပ် မစ္စ ယင့်လပ် ရှင်နာဝပ်၏ မြန်မာပြည် ခရီးစဉ် ချောမွေ့စေရေး၊ နှစ်နိုင်ငံ ဆက်ဆံမှု တိုးတက်ရေး၊ စွမ်းအင်ကဏ္ဍ ရင်းနှီးမြုပ်နှံရေးတို့ အတွက် မစ္စတာ သက်ဆင် ဆောင်ရွက်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ယခင် ထိုင်း လွှတ်တော်အမတ် မစ္စတာ ခရိုင်ဆတ် ချူနာဝမ်က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“သူက ဘာကြောင့် ဘာကြောင့် နာမည်ကောင်း ၀င်ယူရတာလဲ။ ၀န်ကြီးချုပ်ရဲ့ ခရီးစဉ်အတွက် သံတမန်တွေက စီစဉ်ပေးမှာပါ။ သူ ၀င်ပြီး စီစဉ်ပေးစရာ မလိုပါဘူး” ဟု မစ္စတာ ခရိုင်ဆတ်က ဧရာဝတီကို ပြောသည်။

သူ၏ လုပ်ရပ်သည် မစ္စ ယင့်လပ် ဦးဆောင်သည့် ထိုင်းအစိုးရ၏ ရပ်တည်မှုနှင့် ပုံရိပ်ကို ထိခိုက်စေသည်ဟု မစ္စတာ ခရိုင်ဆတ်က ကောက်ချက်ချသည်။

“ယင့်လပ် ရှင်နာဝပ် နောက်မှာ သူ ရှိမနေဘူးလို့ အရင်တုန်းက သူ ပြောခဲ့တယ်။ အခု ယင့်လပ်ခရီး အတွက် သူက မြန်မာပြည် သွားစီစဉ်ပေးတယ် ဆိုတော့ သူက ယင့်လပ်နောက်မှာ ကြိုးကိုင်နေတယ် ဆိုတာ ပေါ်သွားတာပေါ့” ဟု မစ္စတာ ခရိုင်ဆတ်က ပြောသည်။

လာဘ်စားမှုဖြင့် ၀ရမ်းထုတ်ခြင်းခံထားရသည့် မစ္စတာ သက်ဆင်သည် ပြည်ပတွင် နေထိုင်လျက်ရှိပြီး ကြာသပတေး နေ့က နေပြည်တော်သို့ သွားရောက်ခဲ့သည်။

သူ၏ ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်နှင့် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေတို့ကို တွေဆုံခဲ့သည်ဟု သူက ဘန်ကောက်ပို့စ် သတင်းစာကို ပြောပြခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် သီးခြားစီ တွေ့ဆုံခြင်း ဟုတ်မဟုတ် ဖော်ပြထားခြင်း မရှိပေ။

မစ္စ ယင့်လပ်၏ အောက်တိုဘာလ မြန်မာပြည် ခရီးစဉ် မတိုင်မီကလည်း မစ္စတာ သက်ဆင် နေပြည်တော်သို့ သွားရောက်ပြီး ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် တွေ့ဆုံ ခဲ့သေးကြောင်း သံတမန် သတင်းရပ်ကွက် အဆိုအရ သိရသည်။

ယခုအခါ မစ္စ ယင့်လပ်သည် နေပြည်တော်ရှိ မဲခေါင်ဒေသဆိုင်ရာ ၂ ရက်ကြာ ထိပ်သီးညီလာခံသို့ တက်ရောက်ခဲ့ပြီး ရန်ကုန်တွင် ရောက်ရှိနေကာ ယနေ့ ညနေပိုင်းတွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေဆုံလျက်ရှိသည်။

မစ္စ ယင့်လပ်၏ မြန်မာပြည် ဒုတိယ ခရီးစဉ်တွင် စွမ်းအင် ၀န်ကြီး ပီချိုင်နာရစ်သက်ဖန်၊ နိုင်ငံပိုင် PTT စွမ်းအင် ကုမ္ပဏီမှ အမှုဆောင်များလည်း လိုက်ပါသွားကြောင်း သိရသည်။

တနင်္သာရီတိုင်း စီးပွားရေးဇုန်တွင် ရင်းနှီးမြုပ်နှံထားသည့် ထိုင်းနိုင်ငံသည် မုတ္တမပင်လယ်ကွေ့မှ ထွက်ရှိသည့် သဘာဝ ဓာတ်ငွေ့ကို ၀ယ်ယူလျက် ရှိသည်။

Ref: ဧရာဝတီ

Read More...

အစိုးရနှင့် KNU ထပ်တွေ့ဦးမည်

December 20, 2011

ငြိမ်းချမ်းရေး အတွက် ထပ်မံဆွေးနွေးရန် ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် အစိုးရ ကိုယ်စားလှယ်များ လာမည့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ဒုတိယ အပတ်၌ ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် တွေ့ဆုံမည်ဖြစ်သည်။

တွေ့ဆုံပွဲတွင် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်မည် ဖြစ်ပြီး KNU ငြိမ်းချမ်းရေး ဖော်ဆောင် ရေး ကော်မတီဝင် အနည်းဆုံး ကိုယ်စားလှယ် ၃ ဦးခန့် ပါဝင်မည် ဖြစ်ကြောင်း ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ မှ ပြောရေး ဆိုခွင့်ရှိသူ ဦးစောဒေးဗစ်ထောက ဧရာဝတီသို့ ပြောသည်။

“အပစ်အခတ် ရပ်စဲရေးကို ကျနော်တို့က လုပ်ရင် ကျနော်တို့ အနေနဲ့ ခိုင်မာချင်တဲ့ ဆန္ဒတော့ ရှိတယ်၊ ဒါမှလည်း ထာဝရ ငြိမ်းချမ်းရေးကို သွားမှာကိုး ဆိုတော့ အဲဒီက စပြီးတော့ တဦးကို တဦး ဘယ်လို ပြုမှုဆက်ဆံ နေထိုင်ကြမလဲ ဆိုတာက အစ ဆွေးနွေးကြ မယ်”ဟု ၎င်းက ဆိုသည်။

KNU သည် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အတွက် နိုဝင်ဘာ ၁၀ ရက်က အဖွဲ့ဝင် ၇ ဦးပါရှိသည့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်။

အပစ်အခတ် ရပ်စဲရေး၊ ဆက်ဆံရေးရုံးများ ထားရှိရေး၊ အစိုးရနှင့် KNUထိန်းချုပ်ထားသော နယ်မြေများတွင် နှစ်ဘက် တပ်ဖွဲ့ဝင်များ အပြန်အလှန် အကြောင်းကြားရေး၊ ဗဟိုအစိုးရနှင့် တွေ့ဆုံ ဆွေးနွေးရေး အတွက် နေ့ရက်၊ နေရာ သတ်မှတ်ရန် စသည့် အချက် များကို အစိုးရ ကိုယ်စားလှယ်များက ချပြထားကြောင်း ဦးစောဒေးဗစ်ထောက ဆက်ပြောသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အစိုးရ ကိုယ်စားလှယ် ဦးအောင်မင်းက KNUတပ်ဖွဲ့မှ ကိုယ်စားလှယ်များကို ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးရန် တရားဝင် ကမ်းလှမ်းခဲ့သည်။ ထိုကမ်းလှမ်းမှု ပေါ်ပေါက်လာပြီး နောက်ပိုင်း KNU ကလည်း တွေ့ဆုံရန် ပြင်ဆင် ထားခဲ့သည်။

နိုဝင်ဘာ ၁၉ နှင့် ၂၀ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် တနေရာ၌ အစိုးရ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် KNU ခေါင်းဆောင်တချို့ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုကဲ့သို့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး နောက်ပိုင်း တရားဝင် ထပ်မံ တွေ့ဆုံမည့် သတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

KNUအဖွဲ့သည် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိရေး အတွက် ၁၉၄၉ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့မှ စတင်ကာ အစိုးရ အဆက်ဆက်ကို ဆန့်ကျင် တော်လှန်ခဲ့သည်မှာ ၆၂ နှစ် ရှိပြီ ဖြစ်သည်။

Ref: ဧရာဝတီ

Read More...

နိုင်ငံရေးဆွေးနွေးဖို့ အစိုးရက KIO ထံ အကြောင်းကြား

ကိုမိုးဇော်
အင်္ဂါ, 20 ဒီဇင်ဘာ 2011

ပြည်ထောင်စုအဆင့်နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ဖို့အတွက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟို ကော်မတီက ကိုယ်စားလှယ် အဖွဲ့ ဖွဲ့စည်းဖို့ ပြင်ဆင်နေပါတယ်။ ဒီလို ဖွဲ့စည်းဖို့ ပြင်ဆင်တာကတော့ နိုင်ငံရေး ဆွေးနွေးဖို့ အတွက် မြန်မာ အစိုးရဘက်ကနေ ဦးအောင်သောင်း ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့ကို ဖွဲ့စည်းပြီးကြောင်း တရားဝင် အကြောင်းကြား လာတာကြောင့် ဖြစ်ပါတယ်။ KIO နဲ့ မြန်မာ အစိုးရအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ မကြာခင် စတင်နိုင်မယ့် အလားအလာ ရှိနေပေမဲ့လည်း ကချင်ပြည်နယ် အတွင်းမှာ တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေပြီး စစ်ပြေး ဒုက္ခသည်တွေ သေဆုံး နေရတာတွေလည်း ရှိနေပါတယ်။ ကချင်ပြည်နယ် အတွင်းက နောက်ဆုံး အခြေအနေတွေကို ထိုင်း အခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ စစ်ပွဲတွေ ရပ်ပြီး ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့အတွက် ခြေလှမ်းသစ် တရပ် အဖြစ်နဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ အစိုးရနဲ့ ကချင် လွတ်လပ်ရေး အဖွဲ့ KIO ကြားမှာ စတင် ပြင်ဆင် လာနေပြီ ဖြစ်ပါတယ်။ ဒီရက်ပိုင်းတွေ အတွင်းမှာ KIO က မြန်မာအစိုးရဲ့ ပြည်ထောင်စု အဆင့် ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ ဗဟိုကော်မတီ အစည်းအဝေး ကျင်းပပြီး ကိုယ်စားလှယ် အဖွဲ့ တဖွဲ့ ဖွဲ့စည်းဖို့ ပြင်ဆင် နေပြီဖြစ်ပါတယ်။ ဒီလို နှစ်ဘက် ကိုယ်စားလှယ်တွေ အကြား နိုင်ငံရေး ဆွေးနွေးဖို့ ပြင်ဆင်နေတဲ့ အခြေအနေကို KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က အခုလို ပြောပါတယ်။

“ပြည်ထောင်စုအဆင့်၊ နိုင်ငံရေးဆွေးနွေးမှု ပြုလုပ်ဖို့အတွက် သူတို့ကနေပြီးတော့ ကော်မတီတရပ် ဖွဲ့စည်းတဲ့ အကြောင်း ပေါ့နော်။ သူတို့ အဖွဲ့ထဲမှာ ဦးအောင်သောင်းက ခေါင်းဆောင်ပါတယ်။ အဲဒီစာကို သူတို့ သမ္မတရုံးက နေပြီးတော့ ထုတ်ပြန်ပေးတာ ရှိတယ်။ အဲဒီစာကို တရားဝင် အနေနဲ့ ကျနော်တို့ဘက်ကို ပေးပို့တာပါ။ ကျနော်တို့ ဘက်ကလည်း KIO ဗဟို ကိုယ်စားလှယ် အဖွဲ့၊ ဖွဲ့စည်းပြီးတော့ သူတို့ကို အကြောင်း ပြန်ကြားရမယ်။ ကိုယ်စားလှယ် အဖွဲ့ကို အတည်ပြုဖို့ ကတော့ ၂ ရက်လောက်တော့ အချိန် ယူရအုံးမယ်”

KIO ဘက်က ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းပြီးကြောင်း အကြောင်းပြန်ပြီးတဲ့နောက်မှာတော့ နှစ်ဘက် ကိုယ်စားလှယ်တွေ တွေ့ဆုံပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေ စတင်ဖို့ ရက်သတ်မှတ်ကြမှာ ဖြစ်တယ်လို့ ဦးလနန်က ပြောပါတယ်။ မြန်မာအစိုးရ ဘက်က ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း၊ မီးရထားဝန်ကြီး ဦးအောင်မင်းနဲ့ တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်တို့ ဦးဆောင်ပြီး စုစုပေါင်း ၁၁ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

မြန်မာအစိုးရနဲ့ KIO အဖွဲ့ဟာ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့အတွက် နိုဝင်ဘာလ ၂၉ ရက်နေ့က နောက်ဆုံး တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ မြန်မာ အစိုးရဘက်က အပစ်အခတ် ရပ်စဲရေးကို အဓိက ဆွေးနွေးခဲ့ပြီး KIO ဘက် နိုင်ငံရေး ဆွေးနွေးဖို့ကို အလေးထား ပြောဆိုခဲ့တာကြောင့် သဘောတူညီချက် မရခဲ့ကြပါဘူး။

ဒီဇင်ဘာလ ၁၀ ရက်နေ့က သမ္မတဦးသိန်းစိန်က ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်တာတွေ ရပ်ဆိုင်းဖို့ ညွှန်ကြားကြောင်း သတင်းတွေ ထွက်ပေါ်လာအပြီးမှာတော့ တိုက်ပွဲကြီးတွေ မဖြစ်တော့ပေမဲ့ တိုက်ပွဲငယ် တွေဟာ ဆက်ဖြစ်နေကြောင်း ဦးလနန်က ပြောပါတယ်။

ကချင်ပြည်နယ်အတွင် လတ်တလောအခြေအနေကိုတော့ ဦးလနန်က အခုလို ပြောပါတယ်။

“သူတို့တပ်တွေကို တိုးတာတွေကတော့ ထင်သာမြင်သာအောင်တော့ သူတို့က မလုပ်ဘူးခင်ဗျ။ ဒါပေမယ့် ညဘက်တွေ ကျရင် သူတို့က မော်တော် ယာဉ်တန်းတွေနဲ့ သူတို့ရဲ့ ရှေ့တန်းစခန်းတွေကို လူအင်အား ထပ်ဖြည့်တာမျိုး၊ လက်နက်ခဲယမ်း မီးကျောက်တွေကို ထပ်ပို့တာမျိုး၊ ရိက္ခာ ပို့ပေးတာမျိုးတွေကတော့ နေ့စဉ်နဲ့အမျှ လုပ်နေကြတယ် ခင်ဗျ။ ညကျမှ သူတို့က လှုပ်ရှား တာမျိုးရှိတယ်။ သူတို့ရဲ့တပ်တွေ ဆုတ်သွားတာတော့ အခုထိ ဘာမှမတွေ့ရသေးဘူး။ နဂိုရ်ရှိရင်းစွဲ ရှေ့တန်း စစ်မျက်နှာမှာတော့ တပ်အင်အားတွေက အလုံးအရင်း ရှိနေတယ်။ သူတို့ရဲ့လှုပ်ရှားမှု ငြိမ်နေတဲ့သဘောပဲလို့ တွေ့ရတယ်ခင်ဗျ။ ဒါပေမယ့်လို့ တပ်တွေ ရုပ်သွားတာမျိုးတော့ မရှိသေးပါဘူး။ အဲဒါကြောင့်မို့လို့ ဒီတိုက်ပွဲတွေကတော့ အခုက ပြင်းပြင်းထန်ထန် မဖြစ်ဘူး ဆိုပေမယ့် ပြင်းပြင်းထန်ထန် ပြန်ပြီး ဖြစ်လာဖို့ကလည်း အလားအလာ အများကြီး ရှိပါတယ်။”

ဒီနေ့ထုတ်မြန်မာအလင်းသတင်းစာမှာတော့ ၁၈ရက်နေ့က မိုးကောင်းမြို့နယ်အတွင်း ရထားသံလမ်း ၅ နေရာကို ဗုံးခွဲ တိုက်ခိုက်ထား ကြောင်းနဲ့ ပေါက်ကွဲရာ အနီးမှာ ကချင် လွတ်လပ်ရေးတပ်မတော် KIA ယူနီဖောင်းဝတ် အလောင်း၂ လောင်းတွေ့ရကြောင်း ဖော်ပြ ထားပါတယ်။

ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး KIA က စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ဦးလနန်က ပြောဆိုပြီး အစိုးရ တပ်တွေ ကချင်ပြည်နယ် အတွင်း မီးရထားနဲ့ ၀င်ရောက် လာတာတွေ ရှိနေမယ်ဆိုရင် ဒီလို တိုက်ခိုက်တာ မျိုးတွေကိုတော့ ဆက်ရှိနေမှာ ဖြစ်တယ်လို့ ပြောပါတယ်။

KIA နဲ့ မြန်မာအစိုးရတပ်တွေအကြားမှာ တိုက်ပွဲတွေဖြစ်ပွားနေတာဟာ ၆ လကျော် ကြာမြင့်လာပြီ ဖြစ်ပါတယ်။ ဒီတိုက်ပွဲ တွေကြောင့် ကချင် ဒုက္ခသည် အနည်းဆုံး ၃၀, ၀၀၀ ကျော်ဟာ မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဗန်းမော် စတဲ့ မြို့တွေနဲ့ တရုတ်-မြန်မာနယ်စပ် ဒေသ တွေကို ထွက်ပြေး နေကြရပါတယ်။

တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ်အတွင်းက မိုင်ဂျာယန်ဒေသဘက်မှာ ဒီလအတွင်း သေဆုံးသူ ဒုက္ခသည် အနည်းဆုံး ၅ ယောက် ရှိတယ်လို့ ဒုက္ခသည်အရေး ကူညီဆောင် ရွက်ပေးနေသူ တယောက်က ပြောပါတယ်။

“ဒုက္ခသည်တွေရဲ့ ကျန်းမာရေးအခြေအနေပိုဆိုးလာတယ်။ မနေ့ကလည်းတယောက်၊ အခုပဲ အသုဘ သွားချတယ်။ ကလေး မွေးပြီးတော့ အမေလည်းဆုံး၊ ကလေးလည်းဆုံး ဒီလထဲမှာချည့် ၅ ယောက် ရှိနေပြီ”

တရုတ်-မြန်မာနယ်စပ်ဒေသက ဒုက္ခသည်စခန်းတွေမှာ အဓိကအားဖြင့် ကလေးနဲ့ အမျိုးသမီးတွေ မကျန်းမမာ ဖြစ်နေကြပြီး သူတို့တွေဟာ စိတ်ဖိစီးမှုများတာ၊ အာဟာရ ပြည့်ဝအောင် မစားရတာနဲ့ ကျန်းမာရေး စောင့်ရှောက်မှု မလုံလောက် တာတွေကြောင့် ဖြစ်တယ်လို့ သူက သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်အတွင်းကတော့ ကုလသမဂ္ဂက KIO အခြေစိုက်ရာ လိုင်ဇာမြို့က ဒုက္ခသည်တွေကို ထောက်ပံ့ ကူညီတာတွေ စတင် လုပ်ဆောင် နေပြီဖြစ်ပါတယ်။ ဒါပေမဲ့ မိုင်ဂျာယန် ဒေသဘက်တော့ ပြင်ပက ကူညီ ထောက်ပံ့တာတွေ မရရှိသေးတာကြောင့် ဒုက္ခသည်တွေဟာ စားနပ်ရိက္ခာနဲ့ ဆေးဝါး အခက်အခဲတွေ ရင်ဆိုင်နေတယ်လို့ ဒုက္ခသည်အရေး ကူညီသူတွေက ပြောပါတယ်။


Ref: VOA News

Read More...

Tuesday, December 20, 2011

ပြည်သူတွေ စိတ်ချမ်းသာစေချင်တယ်ဆိုရင် ...

လူထုစိန်ဝင်း
Sunday, 18 December 2011

၂၀၁၁ ခုနှစ်ဟာ နှစ်ပေါင်းနှစ် ဆယ်ကျော်ကာလအတွင်းမှာ သက်ဝင်လှုပ်ရှားမှုအရှိဆုံးနှစ် အဖြစ် သတ်မှတ် ရလိမ့်မယ်။ ၁၉၈၈ အရေးအခင်း ကတည်းက တစ်နှစ်လာ ပြောင်းနိုးနိုး၊ နောက်တစ်နှစ်လာ ကောင်းနိုးနိုးနဲ့ သောင်မတင် ရေမကျ အီလယ်လယ်ကြီး ဖြစ်နေခဲ့ရတာကို အားလုံးက စိတ်ပျက် လက်ပျက် ဖြစ်နေကြရတယ်။

စစ်အုပ်ချုပ်ရေး ဖျက်သိမ်း

၂၀၁၁ ခုနှစ်ရောက်တော့ ရုတ်တရက်ချက်ချင်း ပြောင်းလဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်လာတယ်။ ၁၉၆၂ ခုနှစ် ကတည်းက အာဏာသိမ်းပြီး အုပ်ချုပ်လာခဲ့တဲ့ တစ်သွေးတစ်သံ တစ်မိန့် စစ်အုပ်ချုပ်ရေးကို ဖျက်သိမ်းကြောင်း တရားဝင် ထုတ်ပြန် ကြေညာပြီး ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် က လွှတ်တော်က ရွေးချယ် တင်မြှောက်လိုက်တဲ့ သမ္မတ ဦးသိန်းစိန်ကို အာဏာ လွှဲပေးလိုက်တယ်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလည်း အစိုးရရာထူး တပ်ရာထူး အားလုံးက အငြိမ်းစား ယူသွားတယ်။ သမ္မတ ဦးသိန်းစိန်ရာထူး လက်ခံရယူတဲ့ မိန့်ခွန်းမှာ သူနဲ့တကွ အစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များဟာ ပြည်သူလူထုက ရွေးကောက် တင်မြှောက် လိုက်သူများ ဖြစ်တဲ့အတွက် ပြည်သူများရဲ့ ဆန္ဒ သဘောထားကို အမြဲတမ်း လေးစား လိုက်နာပြီး ပြည်သူများ စိတ်ချမ်းသာစေရန် ဆောင်ရွက်သွားမယ်။ ပြည်သူအားလုံး လိုလားတဲ့ ဒီမိုကရေစီ စနစ်ကို မဖြစ်မနေ အကောင်အထည် ဖော်သွားမယ်လို့ ထည့်သွင်း ပြောကြား သွားခဲ့တယ်။

သမိုင်းဝင်ကြေညာချက်

အဲဒီနောက်ပြီးခဲ့တဲ့နှစ်ကုန်ခါနီးမှာ နေအိမ်အကျယ်ချုပ်က ပြန်လွှတ်ပေးလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရ ၀န်ကြီး ဦးအောင်ကြည်က တွေ့ဆုံခဲ့တယ်။ ဦးအောင်ကြည်နဲ့ နှစ်ကြိမ် တွေ့ဆုံ ဆွေးနွေးပြီး နောက်မှာ သမ္မတ ဦးသိန်းစိန် ကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာ လက်ခံ တွေ့ဆုံခဲ့တယ်။ အဲဒီ နောက် မတူတာတွေ ဖယ်ထားပြီး တူတာတွေ အတူလက်တွဲ လုပ်ဆောင် သွားမယ်ဆိုတဲ့ သမိုင်းဝင် ပူးတွဲကြေညာချက် ထွက်လာတယ်။ ဒေါ်အောင် ဆန်းစုကြည်ကလည်း ပြောင်းလဲမှု လမ်းစကို မြင်တွေ့နေရပြီ၊ သမ္မတ ဦးသိန်းစိန်ဟာ ပြောင်းလဲမှုကို အမှန်တကယ် လိုလားသူ ဖြစ်တယ်လို့ သူယုံကြည်ကြောင်း ထုတ်ဖော် ပြောကြားခဲ့တယ်။

တင်မယ်၊ ၀င်မယ်

အဲဒီနောက်တော့ ရေခဲတောင်ကြီး အရည်ပျော်ကျသလို အပြောင်းအလဲတွေ ဆက်တိုက် တွေ့မြင် လာရတယ်။ ဧရာဝတီ မြစ်ဆုံ ရေကာတာစီ မံကိန်းကို ပြည်သူများရဲ့ဆန္ဒကို လိုက်လျောတဲ့ အနေနဲ့ဆိုပြီး သမ္မတက ရပ်ဆိုင်း ထားဖို့ ညွှန်ကြားခဲ့တယ်။ နှစ်ပေါင်း နှစ်ဆယ်ကျော် အပြင်းအထန် ဆန့်ကျင် ဝေဖန်ခဲ့ကြတဲ့ အမေရိကန်၊ အင်္ဂလန်နဲ့ ဥရောပ နိုင်ငံတွေက ၀န်ကြီး ၀န်ကလေးတွေ ၀င်လာမစဲ တသဲသဲ ဖြစ်လာတယ်။ ကူညီထောက်ပံ့မှု တွေ ပြန်ပေးမယ်။ ချေးငွေတွေပေးမယ် စတဲ့ အသံတွေလည်း ကြားလာရတယ်။ နောက်ဆုံး အပြောင်းအလဲကတော့ လူတိုင်းကို ပါးစပ်ဟောင်းလောင်းနဲ့ မယုံနိုင်အောင် ဖြစ်သွားကြရတဲ့ ကိစ္စဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီက နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ပြီး ကြားဖြတ် ရွေးကောက်ပွဲမှာ နေရာပြည့် ၀င်အရွေးခံမယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပါဝင် အရွေးခံမယ်လို့လည်း တရားဝင် ထုတ်ပြန် ကြေညာခဲ့တယ်။

ယုံကြည်မှုတိုးစေ

ဒီဖြစ်စဉ်တွေအားလုံးဟာ ပြည်သူအားလုံးရွှင်လန်းအားတက်စေတဲ့ အပေါင်းလက္ခဏာ သတင်းတွေ ဖြစ်တယ်။ သမ္မတ ဦးသိန်းစိန် အစိုးရအပေါ်မှာလည်း ယုံကြည်မှု တိုးလာစေတယ်။ နိုင်ငံတကာမှာလည်း မျက်နှာပန်းလှ လာတယ်။ ဒီခြေလှမ်းတွေ အတွက် ဖြောင့်ဖြောင့် တန်းတန်း ဆက်ပြီး လျှောက်လှမ်းသွားရင် ပြည်သူအားလုံး မျှော်လင့်တောင့်တနေကြတဲ့ အကြောက်တရားအားလုံးကင်းစင်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီပန်းတိုင်ကို ရောက်လိမ့် မယ်လို့ ယုံကြည်နိုင်ပါတယ်။ လမ်းချော်မသွားအောင်လည်း သတိရှိကြရပါမယ်။

ပုဆိန်နဲ့ မပေါက်ရအောင်

အပေါင်းလက္ခဏာဆောင်တဲ့ ဆောင်ရွက်ချက်တွေကြောင့် မျက်နှာပန်း လှနေတဲ့အချိန်မှာ ယုံကြည်မှုအပေါ် ဒွိဟ၊ သံသယ ပွားစေတဲ့ အနုတ် လက္ခဏာပြ ကိစ္စရပ်များကို ရှင်းလင်း ဖယ်ရှား ပစ်စေချင်ပါတယ်။ သတင်းသမား တစ်ယောက် အနေနဲ့ ပြည်သူများရဲ့ အသံတွေကို အမြဲ နားစွင့်နေတာ ဖြစ်တဲ့အတွက် ကြားသိ မြင်တွေ့ရတဲ့ ပြည်သူ့ အသံတွေနဲ့ ပြည်သူ့ ဆန္ဒတွေကို သက်ဆိုင်ရာများ သိအောင် တင်ပြချင်ပါတယ်။ အပ်နဲ့ထွင်းရမယ့် ကိစ္စကို ပုဆိန်နဲ့ ပေါက်ရတဲ့ အဖြစ်မျိုး ရောက်မသွား စေချင်လို့ပါ။ ထောင်ထဲမှာ ကျန်ရစ်သူတွေ ကိစ္စနဲ့ ပြည်တွင်းစစ် ရပ်စဲရေး ကိစ္စကတော့ အခုတလော အဆက် မပြတ် ရေးခဲ့တာကြောင့် ဒီတစ်ခါ မရေးတော့ပါဘူး။ သားရွှေအိုး ထမ်းပြီး ပြန်လာမှာကိုပဲ စောင့်မျှော် နေပါတော့မယ်။

ဘယ်သူမှမပြောကြလို့

အခုပြောချင်တာက ဂျာနယ်တွေမှာ သတင်းအမြဲပါနေပေမယ့် ဘယ်ပါတီ ဘယ်အဖွဲ့အစည်း တွေကမှ အရေးထားပြီး ပြောတာ ဆိုတာ မရှိတဲ့အတွက် စာဖတ် ပရိသတ်များက နေ့စဉ်မပြတ် ဖုန်းဆက်ပြီး ရင်ဖွင့်နေကြတဲ့ အကြောင်းတွေပါ။ သူတို့ အတွက်တော့ အင်မတန် အရေးကြီးတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ အရင်ဆုံး ပြောကြတာကတော့ ရထားခတွေ ဆယ်ဆတက်သွားတဲ့ ကိစ္စဖြစ်တယ်။ ဒီခေတ်မှာ မီးရထားက သာမန်ပြည်သူ ပြည်သားများ အတွက် အဓိက အားထားရတဲ့ အရာဖြစ်တယ်။ ရန်ကုန်မြို့နေ လူထုအတွက် ဘတ်စကားခ နှစ်ရာ မတတ်နိုင်လို့ မြို့ပတ်ရထားကို တစ်ဆယ် ပေးစီးရတယ်။ အခုမြို့ပတ်ရထားက အသွားအပြန် နှစ်ရာ ပေးဝယ် စီးရမှာ ဆိုတော့ အများကြီး ခက်ခဲသွားပါတယ်။ ရန်ကုန် - မန္တလေးကားခတွေက တစ်သောင်း အထက် ပေးရတော့ ဆင်းရဲသားများ မစီးနိုင်ကြဘူး။ ရထားစီးရင် တစ်ထောင်တောင် မကျတော့ ရထားပဲ အားကိုးရတယ်။

ဈေးတက် စီးပွားရေး

ရထားခတက်တဲ့ သတင်းနောက်က လိုက်လာတာက စာပို့ခတွေ ပြည်တွင်းဆို နှစ်ဆယ်က တစ်ရာ၊ ပြည်ပဆို သုံးဆယ်က ငါးရာ ဖြစ်သွားတယ် ဆိုတဲ့ သတင်းဖြစ်တယ်။ အဲဒီကိစ္စပြောလို့ ပါးစပ်တောင် မပိတ်ရသေးခင်မှာ နောက်ထပ် ဂျာနယ်တွေထဲ ပါလာတာက မီတာခတွေလည်း နောက်ထပ် တစ်ဆ တိုးပြီး တက်ဦးမယ်ဆိုတဲ့ သတင်းပြီးတော့ ရေခွန်တွေ၊ အမှိုက်ခွန်တွေလည်း တိုးဦးမယ်တဲ့။ ဈေးကွက် စီးပွားရေးဆိုတာ အပြိုင်အဆိုင် ဈေးတွေ လျော့ရောင်းကြလို့ စားသုံးသူတွေ သက်သာ ချောင်ချိစေတယ်လို့ ဆရာကြီးတွေက ပြောကြပေမယ့် လက်တွေ့မှာတော့ ဈေးတွေ တက်ချင်တိုင်း တက်နေလို့ ဈေးကွက် စီးပွားရေးလို့ မခေါ်ဘဲ ဈေးတက် စီးပွားရေးလို့ ခေါ်ချင်တယ်လို့တောင် ညည်းညူ ပြောဆို နေကြရတယ်။

ဝမ်းသာရမှာလား၊ ၀မ်းနည်းရမှာလား

အဲဒီလိုညည်းညူသံတွေ ကြားနေရချိန်မှာ ထူးဆန်းတဲ့ သတင်းတစ်ပုဒ် ဖတ်လိုက်မိတဲ့ အတွက် ၀မ်းသာရမှာလား၊ ၀မ်းနည်း ရမှာလား၊ ခွဲခြား မရနိုင်တဲ့ ခံစားမှုတစ်မျိုး ခံစားလိုက်ရတာကို ပြောပြချင်ပါတယ်။ သတင်းက ၂၄-၁၁-၂၀၁၁ ထုတ် Popular News ဂျာနယ်အတွဲ -၃ အမှတ် ၄၆ မှာပါလာတာပါ။ 'ရန်ကုန်ပြည်သူ့ ဆေးရုံကြီး နိုင်ငံတော်သို့ တစ်နှစ် သိန်းထောင်ချီ ပြန်သွင်းပေးနိုင်' လို့ ခေါင်းစီး တပ်ထားပါတယ်။ လိုရင်းပြောရ ရင်တော့ နိုဝင်ဘာ ၁၅ ရက် နေ့က ပြည်သူ့ ကျန်းမာရေး တက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ ကျန်းမာရေး အသုံးစရိတ်များ ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲမှာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးက ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်နုနုသာက မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် သက်တမ်း အရှည်ဆုံးဖြစ်သည့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ ယခုနှစ်များ အတွင်း နိုင်ငံတော်သို့ တစ်နှစ်လျှင် ကျပ်ငွေသိန်းပေါင်း ထောင်ချီ၍ ပြန်လည် သွင်းပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်လို့ ရေးထားပါတယ်။

စရိတ်မျှပေးက ၀င်ငွေ

"ဖြည့်ဆည်းပေးစရာများ ရှိနေသည့်ကြားကပင် နိုင်ငံတော်သို့ ယခုနှစ် ပထမလေးပတ်က ငွေကျပ်သိန်း ၁၃၀၀ နှင့် ဒုတိယ လေးပတ်တွင် ငွေကျပ်သိန်း ၁၂၀၀ ကျော် ပေးသွင်း နိုင်ခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောကြား သည်။ ယင်းပြန်ပေး သွင်းနိုင်ခဲ့သည့် ငွေကြေးများမှာ စားစရိတ်မျှပေး စနစ် တစ်ခုတည်းက ပြန်လည် ပေးသွင်းခဲ့သည့် ပမာဏဖြစ်ပြီး တခြား ၀န်ဆောင်မှုများ အတွက် ကောက်ခံထားသော ငွေကြေးပမာဏများ မပါလာသေး ကြောင်း ဒေါ်နုနုသာက ဆိုသည်" လို့ ဆက်ပြီး ဖော်ပြထားတယ်။ ဒီသတင်းကို ဖတ်ပြီးတဲ့အခါ မီးရထားဌာနလို လျှပ်စစ်ဌာနလို ဌာနကြီးတွေက နှစ်စဉ် ကျပ်ငွေဘီလျံ ရာနဲ့ချီ အရှုံး ပြနေချိန်မှာ နိုင်ငံတော်ကိုတောင် ငွေပြန်သွင်း ပေးနိုင်တယ်လို့ သိလိုက်ရလို့ တယ်ဟုတ်ပါလား ဆိုပြီး ၀မ်းသာသလို ဖြစ်သွားခဲ့တယ်။ ဒါပေမဲ့လို့ ချက်ချင်းပြန်တွေး ကြည့်လိုက်တော့ ဈေးကွက် စီးပွားရေး ဆိုတဲ့ ထဲမှာ ဆေးရုံတွေပါ ထည့်ထားတာလား ဆိုပြီး စိတ်ထဲ စနိုးစနှောင့် ဖြစ်သွားရတယ်။ အထူးသဖြင့် ပြည်သူ့ ဆေးရုံဆိုတာက ပြည်သူပြည်သားများရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အတွက် နိုင်ငံတော် ဘဏ္ဍာငွေက ထုတ်ယူ ပံ့ပိုး ပေးထားတာဖြစ်တယ်။ ကိုလိုနီခေတ်၊ ဖဆပလခေတ်၊ မြန်မာ့ ဆိုရှယ်လစ်ခေတ် စတဲ့ ခေတ်တိုင်းမှာ ပြည်သူ့ ဘဏ္ဍာငွေနဲ့ ရပ်တည်ခဲ့တာချည်း ဖြစ်တယ်။ ကိုလိုနီခေတ်နဲ့ ဖဆပလ ခေတ်တွေမှာ လူနာတွေ စားရေး၊ သောက်ရေးပါ ဆေးရုံက တာဝန်ယူပါတယ်။ အပြင်က အစားအစာတွေနဲ့ မတည့်မှာစိုးလို့ အိမ်က ထမင်းပို့တာတောင် အားမပေးပါဘူး။ လိုအပ်တဲ့ စွပ်ပြုတ်၊ နွားနို့၊ ဆန်ပြုတ်စတာတွေလည်း ဆေးရုံကပဲ ပေးတယ်။ အဲဒီခေတ်က ရန်ကုန် ဆေးရုံကြီးနဲ့ မန္တလေး ဆေးရုံကြီးမှာ ထမင်းပေါင်း ဘွိုင်လာကြီးတွေနဲ့ အ၀တ်လျှော် ဘွိုင်လာကြီးတွေပါ ထားရပါတယ်။

နားလည်ဖို့ခက်

အဲဒီခေတ်က ပြည်သူအားလုံးအတွက် အခမဲ့ ဆေးကုခွင့်ရှိတယ်။ ငွေကြေး တတ်နိုင်သူများ အတွက် အထူး ပိုက်ဆံ ခန်းတွေလည်း ထားပါတယ်။ အခုခေတ်မှာ အခြေအနေအရ စရိတ်မျှပေး ကျန်းမာရေးဆိုပြီး လုပ်လာတာကို နားလည် နိုင်ပေမယ့် အဲဒီစရိတ်မျှပေးက ရတဲ့ငွေကြေးကို ပြန်ယူတယ် ဆိုတာတော့ နားလည်ဖို့ ခက်ပါတယ်။ ဒီလို ကိစ္စတွေဟာ သမ္မတ ဦးသိန်းစိန် အစိုးရ ရှေ့မျက်နှာစာမှာ ကြိုးစားပမ်းစား လုပ်ပြနေတဲ့ ပြည်သူတွေ စိတ်ချမ်းသာစေဖို့ ဆိုတဲ့ လုပ်ငန်းတွေကို ထိခိုက်စေပါတယ်။ အဲဒါကြောင့် ဒီအချက် တွေကိုလည်း ပြုပြင်ပါဦးလို့ တိုက်တွန်း နှိုးဆော် လိုက်ရပါတယ်။

Ref: EMG News

Read More...

လူ့အခွင့်အရေး ရှေ့နေ ဦးမြင့်သွင် လိုင်စင် ၃ နှစ် အပိတ်ခံရ

2011-12-19

နိုင်ငံရေး အကျဉ်းသားတွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေနဲ့ မြေယာ အသိမ်းခံရတဲ့ တောင်သူ လယ်သမားတွေ အတွက် ဥပဒေ အကျိုးဆောင် အဖြစ် ဆောင်ရွက်ပေးနေသူ မန္တလေးမြို့က ရှေ့နေကြီး ဦးမြင့်သွင်ကို တရား လွှတ်တော်ချုပ်က ရှေ့နေလိုက်ခွင့် သုံးနှစ် ပိတ်လိုက်တယ်လို့ သိရပါတယ်။

ဒီအမိန့်စာကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရကြောင်း ဦးမြင့်သွင်က ပြောပါတယ်။

၂၀၁၁ ခုနှစ် ဆယ်လပိုင်းလောက်က တရားရုံးချုပ် ရုံးချိန်းတစ်ခုမှာ နောက်ကျသွားတဲ့ အတွက် ချိန်းတဲ့နေ့မှာ လျှောက်လဲချက် မပေးနိုင်ခဲ့တာကို အကြောင်းပြပြီး အခုလို လိုင်စင် သုံးနှစ် ရပ်နားခံရတာလို့ ဦးမြင့်သွင်က ပြောပါတယ်။

ဒါပေမယ့် ဦးမြင့်သွင်ဟာ အဲဒီ ပျက်ကွက်တဲ့ ရုံးချိန်း အတွက် အစားထိုး လျှောက်လဲခွင့် ကျမ်းကျိန်ပြီး လျှောက်ထား ခဲ့ရာမှာ တရားရုံးချုပ်က ခွင့်ပြုတဲ့ အတွက် နောက်ပိုင်းမှာ အမှုအတွက် လျှောက်လဲချက် ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဦးမြင့်သွင်ဟာ မန္တလေးက ဒေါ်ဝင်းဝင်းမြ၊ မြင်းခြံက ဒေါက်တာ ဝင့်သူတို့ အပါအဝင် နိုင်ငံရေး အကျဉ်းသား တော်တော် များများရဲ့ အကျိုးဆောင် ရှေ့နေကြီး ဖြစ်တဲ့ အပြင် ဖားကန့်နဲ့ မေမြို့က မြေယာ အသိမ်းခံရတဲ့ တောင်သူများရဲ့ အကျိုးဆောင် ရှေ့နေကြီးလည်း ဖြစ်ပါတယ်။

သူဟာ မြန်မာနိုင်ငံ တရားစီရင်ရေးနဲ့ ပတ်သက်လို့ တရားရေး အာဏာပိုင်တွေရဲ့ ချို့ယွင်းမှုတွေကို ရေဒီယိုကနေ ပြောဆိုအပြီး တစ်ပတ် အကြာမှာ အခုလို လိုင်စင် ပိတ်ခံရတာ လို့လည်း သိရပါတယ်။

Ref: RFA News

Read More...

ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် ပါတီခေါင်းဆောင်လုပ်မည်

မျိုးသိဏ်း
တနင်္လာနေ့၊ ဒီဇင်ဘာလ ၁၉ ရက် ၂၀၁၁

ရန်ကုန် (မဇ္ဈိမ) ။ ။ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပထမ ခေါင်းဆောင် အဖြစ် ဦးတင်ဦး၊ ဒုတိယ ခေါင်းဆောင်အဖြစ် ဒေါ်အောင်ဆန်းစုကြည် တို့ကို အမည်စာရင်း တင်သွင်းမည် ဖြစ်ကြောင်း သိရသည်။

တနင်္လာနေ့ နံနက်ပိုင်းက ပြုလုပ်သည့် အန်အယ်လ်ဒီပါတီ တည်ထောင်သူ ၂၁ ဦး အစည်းအဝေးတွင် ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ကို ခေါင်းဆောင်များအဖြစ် ရွေးချယ်ခဲ့ပြီး ယင်းတို့နှစ်ဦး မကြာမီ နေပြည်တော်သို့ သွားရောက်၍ ရွေးကောက်ပွဲ ကော်မရှင်တွင် ပါတီမှတ်ပုံတင်ခြင်း ပြုလုပ်မည်ဖြစ်ကြောင်း ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

“၂၁ ဦး အစည်းအဝေးမှာ နေပြည်တော်ကိုသွားပြီး ကော်မရှင်မှာ NLD ပါတီကို မှတ်ပုံတင်ဖို့ ပထမခေါင်းဆောင်နဲ့ ဒုတိယ ခေါင်းဆောင် ရွေးတယ်။ ပထမခေါင်းဆောင်က ဦးတင်ဦး၊ ဒုတိယ ခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်။ သူတို့က မကြာခင်မှာ နေပြည်တော်ကို သွားပြီးတော့ ကော်မရှင်နဲ့ တွေ့ဆုံပြီးတော့ NLD ကို တရားဝင် နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်လိမ့်မယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်သို့ သွားရောက် မှတ်ပုံတင်မည့်ရက်ကို ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်ကို ကော်မရှင်က ထုတ်ပြန်ခြင်း မရှိသေးသည့် အတွက် မဲဆန္ဒနယ်များနှင့် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများကို ရွေးချယ်ထားခြင်း မရှိသေးကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

“ကော်မရှင်ကတောင်မှ ရွေးကောက်ပွဲ ဘယ်နေ့လုပ်မယ်ဆိုတာ မပြောသေးတဲ့ အတွက်။ သူဘယ်နေ့ပြောမလဲ ဆိုတာ စောင့်ရမှာပေါ့။ ဒါပေမဲ့ မဲတော့ ဆွယ်ကြလို့ ပြောတယ်။ တို့မှာ ဘယ်နေရာမှာ ဘယ်သူ ဝင်ပြိုင်မယ်ဆိုတာ တိတိကျကျ ဆုံးဖြတ်ထားတာ မရှိသေးဘူး”ဟု NLD ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။

မဲဆွယ်မှုလုပ်ငန်းများ မစသေးသော်လည်း ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် လိုအပ်သည့် ဖွဲ့စည်းမှုများ ပြုလုပ် ပြင်ဆင် ထားကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

Ref: မဇ္ဈိမ

Read More...

ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးချုပ် သီးသန့်တွေ့မည်

ကိုဝိုင်း
တနင်္လာနေ့၊ ဒီဇင်ဘာလ ၁၉ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝါထရာသည် တနင်္လာနေ့က နေပြည်တော်၌ စတင်သော မဲခေါင် မြစ်ဝှမ်းဒေသ ၆ နိုင်ငံ အစည်းအဝေး ခရီးစဉ်အပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သီးသန့် တွေ့ဆုံမည်ဟု သိရသည်။

“မနက်ဖြန်မှ။ အချိန် မသိသေးဘူးခင်ဗျ။ နေရာက ကျနော်တို့ဆီမှာတော့ မဟုတ်ဘူး” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်-NLD ဗဟို အလုပ်အမှုဆောင် ဦးဟံသာမြင့်က မဇ္ဈိမကို ပြောသည်။ မည်သည့်ကိစ္စများ ဆွေးနွေးမည်ကိုမူ မသိရသေးပေ။

ယင်းလပ်သည် ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ တရုတ်၊ လာအို မဲခေါင်ဒေသ ၆ နိုင်ငံ ၄ ကြိမ်မြောက် အစည်းအဝေး အပြီး အင်္ဂါနေ့ ညနေ ၅ နာရီကျော်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့ ထိုင်းသံရုံးတွင် တွေ့ဆုံ မည်ဟု ထိုင်းသတင်း အေဂျင်စီ TNA က တနင်္လာနေ့တွင် ဖော်ပြထားသည်။

မဲခေါင် ၆ နိုင်ငံ ထိပ်သီး အစည်းအဝေးကို ၂ဝဝ၂ ခုနှစ်မှစ၍ သုံးနှစ်တကြိမ်ကျင်းပခြင်းဖြစ်ကာ ကမ္ဘောဒီးယား (၂ဝဝ၂)၊ တရုတ် (၂ဝဝ၅) နှင့် လာအို (၂ဝဝ၈) တို့ ကျင်းပခဲ့ပြီး ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းဝန်ကြီးချုပ်တို့ တွေ့ဆုံရန်ရှိသည်ကို NLD က ကြိုဆိုပြီး မြန်မာနိုင်ငံတွင်း ထိုင်းနိုင်ငံ၏ စီးပွားရေး လုပ်ငန်း ကိစ္စများကို ဒေါ်အောင်ဆန်းစုကြည်အား ချပြဖွယ် ရှိသည်ဟု သုံးသပ်နေသည်။

“နိုင်ငံတခုရဲ့အကြီးအကဲ လာတာတော့ ဝမ်းမြောက်ဝမ်းသာကြိုဆို ခွင့်ပြုရမှာပေါ့။ သူတို့က စီးပွားရေး သမားတွေပဲ။ စီးပွားရေး ကိစ္စနဲ့ ပတ်သက်တာ မြန်မာနိုင်ငံမှာ ဘယ်လို လုပ်ထားတယ်။ သူတို့ဘက်က ဒါကို ပြေလည်အောင် ဘာတွေ လုပ်ပေးရမလဲ ဒေါ်အောင်ဆန်းစုကြည်ကို မေးပြီးတော့ လုပ်ပေးနိုင်တာရှိရင် လုပ်ပေးမှာပေါ့” ဟု NLD ဒုဥက္ကဌ ဦးတင်ဦးက ဆိုသည်။

မစ္စစ်ယင်းလပ်၏ အောက်တိုဘာလ ၅ ရက်နေ့ ပထမခရီးစဉ်အတွင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ခြင်း မရှိဘဲ သမ္မတ ဦးသိန်းစိန် အပါအဝင် ထိပ်တန်း ဝန်ကြီးများနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး ကိစ္စများ ဆွေးနွေးခဲ့ကြသည်။

ယင်းအပြင် ထားဝယ်ရေနက်ဆိပ်ကမ်း၌ လုပ်ပိုင်ခွင့်များရထားသည့် ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင် ဦးဇော်ဇော် နှင့်လည်း တွေ့ဆုံ ခဲ့သေးသည်။

မဲခေါင် မြစ်ဝှမ်းဒေသ ၆ နိုင်ငံ ၄ ကြိမ်မြောက် အစည်းအဝေးသို့ တရုတ်နိုင်ငံမှ နိုင်ငံတော်ကောင်စီဝင် ဒိုင်ဘန်ဂေါင်း၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်း၊ ဗီယက်နမ် ငုရင်တန်ဒေါင်း၊ လာအို ဝန်ကြီးချုပ် ထောင်ဆင် ထမ်မာဗေါင်း Thongsing Thammavong တို့လည်း တက်ရောက်ကြမည် ဖြစ်သည်။

အစည်းအဝေးတွင် ခေါင်းဆောင်များက မဲခေါင် ၆ နိုင်ငံအကြား စီးပွားရေး ကိစ္စများ ဦးစားပေး ဆွေးနွေးကြမည် ဖြစ်ပြီး မဲခေါင် စီမံကိန်းတွင် ပါဝင်သည့် တရုတ်-ထိုင်း၊ မြန်မာ-ထိုင်း-ဗီယက်နမ် လမ်းဖောက်ရေး ကိစ္စလည်း ပါဝင် မည် ဖြစ်သည်။ ထားဝယ် ရေနက်ဆိပ်ကမ်း ကိစ္စလည်း ထည့်သွင်း ဆွေးနွေးဖွယ် ရှိကြောင်း နှင့် ၂ဝ၁၂-၂ဝ၂၂ အထိ လာမည့် ၁ဝ နှစ်အတွက် မဟာဗျူဟာ အစီအစဉ်များ ချမှတ်ကြမည်ဟု သိရသည်။

မြန်မာနိုင်ငံသို့ နှစ်လာကျော်အတွင်း ဒုတိယကြိမ်သွားရောက်မည့် ယင်းလပ်နှင့်အတူ နိုင်ငံခြားရေး ဝန်ကြီး ဆူရာဖုံ တိုဝိကျတ် ချိုင်းကွန်၊ စွမ်းအင်ဝန်ကြီး ဖီချိုင်း နာရစ်ဖထာဖန်တို့ လိုက်ပါ သွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းတွင် ဘန်ကောက်မြို့မှ ထွက်ခွာကာ နေပြည်တော်တွင် သမ္မတဦးသိန်းစိန်နှင့် တွေ့မည်ဟု ထိုင်း TNA သတင်းဌာနတွင် ပါရှိသည်။

ထိုင်းဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံစွမ်းအင်ဝန်ကြီးများအကြား ကုန်းတွင်းရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေး ကိစ္စများ ဆွေးနွေးနိုင်ဖွယ် ရှိသည်ဟုလည်း မြန်မာ့စွမ်းအင် ဝန်ကြီးဌာနထံမှ သိရှိရသည်။

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံအလယ်ပိုင်း ဧရာဝတီမြစ်ကြောင်းတလျှောက်ရှိ ကုန်းတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေး လုပ်ကွက်သစ် ၁၈ ကွက်အချို့ကို လုပ်ကိုင်ခွင့်ရလိုနေပြီး၊ ထိုင်းစွမ်းအင် ကုမ္ပဏီ PTTEP မှ မုတ္တမ ပင်လယ်ကွေ့တွင် အသစ် တွေ့ရှိသည့် M-3 လုပ်ကွက်မှ ဓာတ်ငွေ့များကို ကုန်းပေါ် သွယ်တန်းရေး ကိစ္စများလည်း ပါဝင်နိုင်ကြောင်း ခန့်မှန်းနေကြသည်။

လုပ်ကွက်အသစ် M-3 အောင်သိင်္ခ-၂ စီမံကိန်းမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များ တွေ့ရှိကြောင်း PTTEP က ၂ဝ၁၁ ခုနှစ် မေလက ကြေညာခဲ့သည်။

“ကုန်းတွင်းလုပ်ကွက်ပေါ့ အဲဒါတွေ သူတို့တောင်းထားတာရှိတယ်။ ရှာဖွေရေးလုပ်ရမယ့်လုပ်ကွက် ပေါ့။ M-3 ကတွေ့တဲ့ ဓာတ်ငွေ့ကို ကုန်းတွင်းပိုင်း ယူဖို့ ကိစ္စတွေလည်း ပါနိုင်တာပေါ့လေ” ဟု မြန်မာစွမ်းအင် ဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိ တဦးက မဇ္ဈိမကို ပြောသည်။

M-3 လုပ်ကွက်မှ တွေ့ရှိသည့် ဓာတ်ငွေ့အားလုံးကို နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် စက်မှုကဏ္ဍများသို့ တိုးမြှင့် ဖြန့်ဖြူး ပေးသွားရန် ရှိသည်ဟု အောက်တိုဘာ ၁၈ ရက်နေ့က ကျင်းပသည့် ပြည်သူ့ လွှတ်တော် ဒုတိယအကြိမ် အစည်းအဝေး၌ စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက ပြောဆိုထားသည်။

သို့သော် ထိုင်းဝန်ကြီးချုပ်၏ ယခုခရီးစဉ်သည် မဲခေါင် ၆ ခြောက်နိုင်ငံ ထိပ်သီးအစည်းအဝေးအတွက်သာ အဓိက သွားခြင်း ဖြစ်သည်ဟု လေ့လာသူများက ခန့်မှန်းနေကြသည်။

“ထိုင်းနဲ့မြန်မာ ဆက်ဆံရေးတလျှောက်မှာ ဒီမိုကရက်ပါတီက စစ်အစိုးရကို ဝေဖန်တာ ပိုရှိခဲ့တယ်။ (ယင်လပ်၏ ဖူရာ့ထိုင်းပါတီ) က အရင်တုန်းက ဝန်ကြီးချုပ်ဟောင်း တာ့ဆင် ဦးဆောင်တဲ့ပါတီ။ သူတို့က အမြဲတန်း စီးပွားရေး ဘက်ကိုပဲ အလေးပေးတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့က အခြေအနေပေးလို့ ဝင်တွေ့လိုက်တဲ့ သဘောပဲလို့ ထင်တယ်” ဟု ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့အရေး လေ့လာသူ ဦးအောင်သူငြိမ်းက သုံးသပ်သည်။

ထိုင်းနိုင်ငံသည် ၁၉၉၈ ခုနှစ်မှစ၍ မြန်မာနိုင်ငံ မုတ္တမပင်လယ်ကွေ့ ရတနာနှင့် ရဲတံခွန်လုပ်ကွက်မှ သဘာဝ ဓာတ်ငွေ့များကို ဝယ်ယူခြင်း ဖြစ်သည်။ ယင်းအပြင် အရှေ့အလယ်ပိုင်းနှင့် ဥရောပမှ ကုန်စည်များ တင်သွင်းရန် ရည်ရွယ်၍ ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ ၅၈ ဘီလျံ ကုန်ကျခံ တည်ဆောက်မည့် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူး စီးပွားရေးဇုန် စီမံကိန်းကိုလည်း လုပ်ကိုင်ခွင့် ရထားသည်။

ယင်းစီမံကိန်းမှာ BOT (ဆောက်လုပ်၊ လည်ပတ်၊ လွှဲပြောင်း) စနစ်ဖြင့် လုပ်ကိုင်ရမည်ဖြစ်ကာ နှစ်ပေါင်း ၆ဝ စီမံခွင့်ရမည် ဖြစ်သည်။


Ref: မဇ္ဈိမ

Read More...

အပေါ်သို့