..............................

Saturday, January 30, 2010

ပေါချောင်ကောင်းနဲ့ ခေတ်ကို အမီလိုက်ကြစို့ရဲ့

ဝေလင်း
၂၉ ဇန်န၀ါရီ ၂၀၁၀

နအဖ တပ်မတော် (လေ)

စကတည်းက တော်တော်ကြီးလွဲသွားခဲ့တဲ့ မြန်မာ့တပ်မတော်တွင်း ကိစ္စလေးတခု အကြောင်းပါ။ သူများကို မခံချင်လို့ ထသတ်ပါတယ်၊ ဒါပေမယ့် ကိုယ်က အောက်ကပဲ ဆိုတဲ့ အဖြစ်မျိုးနဲ့ကြုံပြီး နအဖတို့ နှစ်ထပ်ကွမ်း အရှက် ရသွားခဲ့ပုံတွေပါ။ ၂၀၀၁ ခုနှစ် ထိုင်း-မြန်မာနယ်စပ် ပြဿနာမှာ ထိုင်းဘက်က အမေရိကန်လုပ် F 16 တိုက်လေယာဉ် တွေနဲ့ မြန်မာ့နယ်နိမိတ်ကို ဖြတ်ကျော် ပျံသန်း ခြိမ်းခြောက်တာကို နအဖတို့ ခံခဲ့ရပါတယ်။

အဲဒီနောက်ပိုင်း အင်အားတောင့်တင်းတဲ့ ခေတ်မီ တပ်မတော်ကြီး တည်ဆောက်ရေး ဆိုပြီး စစ်တပ်တွေ ထဲမှာ နအဖတို့ အရှက်ပြေ လေသံတွေ ပစ်ခဲ့ကြပြန်ပါတယ်။ F 16 လေယာဉ်တွေတင် မဟုတ်ပါဘူး၊ ထိုင်းတပ်တွေ ဘက်ကနေ GPS စနစ်ကိုသုံးပြီး ပစ်ခတ်လိုက်တဲ့ အမြောက်ဆန်တွေကြောင့် နအဖတို့ တင်မက တာချီလိတ်မြို့ခံ တွေတောင် ထိတ်လန့်သွားပါ သတဲ့။ ဒီကစလို့ ခေတ်မီ တပ်မတော်ဆိုတဲ့ စကားလုံးတွေပဲ နအဖ ဗိုလ်ချုပ်တွေ နေ့စဉ်နဲ့အမျှ တောက်လျှောက် ရွတ်ဖတ်နေ ကြပါတော့တယ်။ စစ်လက်နက် ခေတ်မီရေး ကိစ္စမှာ နအဖတို့အနေနဲ့ ဘယ်လိုများ ဆက်စွမ်းဆောင် နိုင်ခဲ့ကြသလဲ ဆိုတဲ့ အကြောင်းတွေကို ထပ် မိတ်ဆက် ပေးချင်ပါသေးတယ်။

မူးတင်းပဲတင်း ငြင်းမနေနဲ့ အလကားရ မြန်မာ့လေတပ်မတော်

မြန်မာ့လေတပ်မတော်ကို ၁၉၄၇ ခုနှစ် ဇန်န၀ါရီလ (၁၆) ရက်နေ့မှာ စတင် ဖွဲ့စည်းခဲ့ပါတယ်။ လွတ်လပ်ရေး ရပြီး နောက်ထပ် (၁) နှစ်နီးပါး အင်္ဂလိပ်တို့ပဲ မြန်မာ့ လေတပ်မတော်ကို ဆက်ပြီး ကွပ်ကဲ၊ ထောက်ပံ့၊ လေ့ကျင့် ပေးခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် လက်ကျန် အင်္ဂလိပ်၊ အမေရိကန်လုပ် လေယာဉ်တွေနဲ့ အခြား နိုင်ငံတချို့က ၀ယ်ယူထားတဲ့ လေယာဉ်အချို့ပဲ လေတပ်မှာ ရှိခဲ့ပါတယ်။ တိုက်ဂါးမောက် (tiger moths)၊ စပစ်ဖိုင်းယား (spit fires) နဲ့ အော်တာ (otter)၊ ဒါကိုတာ (dakota) စတဲ့ ကမ္ဘာစစ်သုံး လေယာဉ်ပေါင်း (၆၃) စီးနဲ့ ဗမာ့ လေတပ်မတော်ကို စဖွင့်ခဲ့တာပါ။ စွမ်းရည်ကျနေတဲ့ လေယာဉ်တွေ ဖြစ်တာမို့လည်း ၁၉၄၉ ခုနှစ် တနှစ်ထဲမှာ လေယာဉ် ပျက်ကျမှု (၂၄) ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်ရောက်တော့ မြန်မာလေတပ်မှာ အရာရှိ (၂၃၂) ဦး၊ အခြားအဆင့် (၅,၆၇၇) ဦးအထိ အင်အား တိုးလာခဲ့ပါတယ်။

မူလ မင်္ဂလာဒုံ (ပင်မတိုက်ခိုက်ရေး) လေတပ်စခန်းနဲ့ မိတ္ထီလာ (ထောက်ပို့) လေတပ် စခန်းတို့အပြင် နောက်ထပ် လေယာဉ်အုပ်၊ ရေဒါအုပ်တွေကို ဆက်တိုးချဲ့ ခဲ့သလို အရာရှိ (၂၆) ဦးနဲ့ စစ်သည် (၇၅၀) ဦးပါ လေထီးတပ်လို့ ခေါ်တဲ့ လေကြောင်းချီတပ် တခုကိုလည်း မဆလတို့ ခေတ်မှာ တိုးချဲ့ ဖွဲ့စည်း နိုင်ခဲ့ပါသေးတယ်။ ၁၉၈၄ နဲ့ ၁၉၈၆ ခုနှစ်တွေမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စအတွက် ဗီယက်နမ် စစ်ပွဲကျ ရဟတ်ယာဉ် စုစုပေါင်း (၂၁) စီးကို အမေရိကန်ဆီက အလကားရပြီး တပ်မတော်လေရဲ့ ပြည်တွင်း သောင်းကျန်းသူ စစ်ဆင်ရေး ကိစ္စတွေမှာ အသုံးပြုခဲ့ပါတယ်။ ဒါကြောင့် မြန်မာ့လွတ်လပ်ရေး ရပြီးနောက် တလျှောက်လုံး အလကားရတဲ့ စစ်လက်နက်တွေနဲ့ ခေတ်မီအောင် မြန်မာ့ လေတပ်မတော်ကို မဆလ အစိုးရတို့ တည်ဆောက် ခဲ့ပါတယ်လို့ ပြောရမှာပါ။

ဗရုတ်သုတ်ခထဲ တရုတ်ပဲ ကယ်ပေလို့

၁၉၈၈ ခုနှစ်နောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် မြန်မာ စစ်အစိုးရကို နိုင်ငံတကာက ၀ိုင်းဝန်း ပိတ်ဆို့ခဲ့ပါတယ်။ ဒီပိတ်ဆို့မှုတွေထဲမှာ စစ်လက်နက် ၀ယ်ယူခွင့်တွေ အပြင် လေယာဉ်နဲ့ ရဟတ်ယာဉ် အင်ဂျင် ပစ္စတင်တွေမှာ သုံးတဲ့ အေဗီဂက် (avgas) တွေပါ ၀ယ်မရတာကြောင့် အရင် မဆလခေတ်က တစီးစ နှစ်စီးစ ဟန်ပြအဖြစ် ၀ယ်ထားတဲ့ အနောက်နိုင်ငံလုပ် လေယာဉ်တွေ ပျံတက်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဘဲလ် (bells)၊ အော်တာ (otters)၊ ချက်မောက် အမျိုးစား လေယာဉ်တွေကို ကနေဒါ၊ သြစတြေးလျနဲ့ အမေရိကန် နိုင်ငံသား ပုဂ္ဂလိက လေယာဉ်မောင်းသမားတွေ ဆီကို လျှော့ဈေးနဲ့ ပြန်ရောင်း ပစ်ခဲ့ရပါတယ်။ ၁၉၇၅ ကနေ ၁၉၈၈ ခုနှစ်အထိ အီတလီ၊ ဆွစ်ဇာလန်၊ ယူဂိုစလပ်လုပ် လေယာဉ် (၅၇) စီးဟာ ဆက်အလုပ် မဖြစ်နိုင်တဲ့ အခြေကို ဆိုက်သွားပါတယ်။ မပျံနိုင်တဲ့ အနောက်အုပ်စု လေယာဉ်တွေ နေရာမှာ တရုတ်၊ ရုရှနိုင်ငံလုပ် လေယာဉ်တွေနဲ့ အစားထိုးဖို့ နအဖတို့ထပ်ပြီး စဉ်းစားလာရပါတော့တယ်။

အာရှဒေသတွင်း ဒုတိယစစ်အင်အားအကြီးဆုံး တပ်မတော်တခု ဖြစ်အောင် တည်ဆောက်ရာမှာ ကြည်းတပ်၊ ရေတပ်တို့လို ခေတ်မီ လေတပ်ကြီး ဖြစ်လာအောင် နောက်ဆုံးပေါ် လေယာဉ်တွေ အများကြီး လိုပါတယ်။ အရင် မဆလ ခေတ်တုန်းက လေတပ်မှာ လေယာဉ်နဲ့ ရဟတ်ယာဉ်ပေါင်း (၁၃၁) စီး ရှိရာကနေ ၁၉၈၈ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အတွင်း နောက်ထပ် အစီး (၁၀၀) တိုးပြီး စုစုပေါင်း အစီး (၂၃၁) ရှိလာပါပြီ။ မြန်မာ့ အိမ်နီးချင်း ထိုင်းနိုင်ငံက လေယာဉ်ပေါင်း (၃၁၅) စီး၊ ဘင်္ဂလားဒေ့ရှ်က (၂၀၀) စီးစီ အသီးသီး ရှိကြပေမယ့် အဆင့်မြင့် လေယာဉ်တွေ အများစု ဖြစ်ပါတယ်။

နိုင်ငံတကာရဲ့ ပိတ်ဆို့ခံထားရတာကြောင့် စစ်လက်နက် ၀ယ်ယူရေးမှာ ‘တရားအားထုတ် တရုတ်အားထား’ ဆိုသလို နအဖ အစိုးရအဖို့ တရုတ်ကလွဲရင် ဘယ်ကမှ အားကိုးရာ မရခဲ့ပါဘူး။ ၁၉၉၀ ခုနှစ်တုန်းက အမေရိကန် ဒေါ်လာ (၂) ဘီလီယံဖိုး တရုတ်လုပ် လေယာဉ်တွေ နအဖတို့ ၀ယ်ယူခဲ့ပါတယ်။ ၂၀၀၁ ခုနှစ် တရုတ်ဘက်က မှာယူတဲ့ စစ်လက်နက် ပစ္စည်းတွေနဲ့ အတူ ရုရှလုပ် MiG 21 လေယာဉ်ကို တုပြီး တည်ထွင်ထားတဲ့ တရုတ်လုပ် J အမျိုးစား တိုက်လေယာဉ် (၁၂) စီးကို ၀ယ်ယူခဲ့ကြောင်း သိရပါတယ်။ နိုင်ငံစုံကနေ ၀ယ်ထားတဲ့ စုစုပေါင်း လေယာဉ် (၂၃၁) စီးအနက် ထက်ဝက်နီးပါး ပမာဏရှိတဲ့ တရုတ်လေယာဉ် (၁၂၀) စီး ယနေ့ မြန်မာ့ လေတပ်မှာ ရှိနေပါပြီ။

အမျိုးအစားအားဖြင့် ...
ချင်ဒူး (Chengdu) F 7 (၆၀) စီး
ရှင်ယန်း (Shenyang) J (၆) စီး
နန်ချန် (Nanchang) Q 5 (၃၆) စီး
ရှန်စီ (Shaanxi) Y 8 D 2 (၆) စီး
ဟုန်ဒူး (Hongdu) K 8 (၁၂) စီး

… ပေါင်း (၁၂၀) စီး ဖြစ်ပါတယ်။

မြန်မာအစိုးရ၀ယ်ယူခဲ့သမျှ စစ်လက်နက်ပစ္စည်း အားလုံးရဲ့ (၉၀) ရာခိုင်နှုန်းဟာ တရုတ်ဆီကပါပဲ။ ၁၉၈၉ ခုနှစ် နအဖ တက်လာကတည်းက အမေရိကန်ဒေါ်လာ (၁.၂) ဘီလီယံဖိုး လက်နက်တွေကို တရုတ်က ထောက်ပံ့ ပေးခဲ့ပြီး ၁၉၉၀ နောက်ပိုင်း အလတ်စားနဲ့ အပေါ့စား တင့်ကား အစီး (၂၀၀)၊ သံချပ်ကာယာဉ် (၂၅၀)၊ ဒုံးပစ် စနစ်များနဲ့ အမြောက်ကြီး၊ လေယာဉ်ပစ် အမြောက်တွေ၊ မြေပြင်ဝေဟင်ပစ် ဒုံးတွေ၊ ကင်းလှည့် ရေယာဉ်တွေ၊ ဒုံးကျည်တပ် အမြန်တိုက် ရေယာဉ်တွေ၊ ကင်းလှည့်တိုက် ရေယာဉ် … စတာတွေအပြင် တရုတ်ဘက်က သင်တန်း ဆရာတွေပါ ကူညီ ပေးခဲ့ပါတယ်။

ဒုတိယအသုတ် ဒေါ်လာသန်း (၄၀၀) ဖိုးရှိ လက်နက်တွေကို ရောင်းချပေးရာမှာ ရေတပ် ကင်းလှည့် သင်္ဘောတွေ၊ အမြောက်တင် သင်္ဘောနဲ့ ရဟတ်ယာဉ်များစွာ ပါဝင်ခဲ့ပါတယ်။ အင်အား (၄) သိန်းကနေ (၅) သိန်းရှိတဲ့ ဒီကနေ့ အခြေအနေထိ အင်အား တောင့်တင်းလာအောင် မြန်မာ့ တပ်မတော်ကို အဓိက ကူညီ ပံ့ပိုးပေးခဲ့တာ တရုတ်ပါပဲ။ ဒါကြောင့် မြန်မာပြည် နေရာအနှံ့မှာ လူသုံးတရုတ်ကုန်ပစ္စည်းတွေတင် သာမက မြန်မာ စစ်တပ်ထဲ ရှိရှိသမျှ စစ်လက်နက် ပစ္စည်းတိုင်းဟာ တရုတ်ဖြစ်တွေ အများစုပါ။ ၀ယ်ယူပြီး တရက်အတွင်းမှာ ကံမကောင်းရင် အစုတ် ဖြစ်သွားတတ်တဲ့ တရုတ်စက်တွေရဲ့ သဘောအတိုင်း နအဖတပ်ထဲက စစ်လက်နက် ပစ္စည်းတွေ အားလုံး ဘာတခုမှ ရေရှည် အာမခံချက် မရှိကြပါဘူး။ အခု ရောင်းထားတဲ့ တရုတ်လုပ် လေယာဉ်တွေ အားလုံး ရုရှ လေယာဉ်ဒီဇိုင်းကို တုပထားပြီး ၁၉၉၀ ခုနှစ်ထုတ် မော်ဒယ်တွေသာ အများစုပါ။

ဒါကြောင့် ၂၀၀၇ ဒီဇင်ဘာ (၁၈) ရက်နေ့က ပျက်ကျခဲ့တဲ့ တရုတ်လုပ် နန်ချန် Q 5 တစီးဟာ ၁၉၉၄ ခုနှစ်မှာ ၀ယ်ခဲ့တာဖြစ်ပြီး အဲဒီဝယ်ခဲ့တဲ့ လေယာဉ်အားလုံးကို (၅) နှစ်သက်တမ်း အာမခံချက်ပဲ တရုတ် ကုမ္ပဏီတွေက ပေးထားပါတယ်။ ဒါကြောင့် တရုတ်လုပ် လေယာဉ်တွေ စီးဖို့ကို လေသူရဲတိုင်း ထိတ်လန့် နေကြတဲ့ အဖြစ် ရောက်နေရပါပြီ။ လေတပ်ထဲက သက်သာဆိုင်တွေမှာ စစ်ဆင်ရေးရှိရင် ဖယောင်းတိုင်တွေ သိပ်ပြီး ရောင်းကောင်းကြပါတယ်။ လေယာဉ် ပျက်မကျအောင် လေယာဉ်မှူးတွေ ဆုတောင်းဖို့ပါတဲ့။

တပ်မတော်တရပ်ကို အခြေခံကစပြီး ခေတ်မီအောင် မတည်ဆောက်ဘဲ ပေါချောင်ကောင်း ဟန်ရေးပြ ကောင်းလောက်ရုံ အဆင့်သာရှိတဲ့ တပတ်ရစ် စစ်လက်နက်တွေကို ၀ယ်ယူ တပ်ဆင်ခဲ့တာကြောင့် အလွဲလွဲ အမှားမှားတွေဖြစ်ပြီး နအဖတို့ ခေတ်နောက်ကျ ကျန်ရစ်ခဲ့ပုံကို ၂၀၀၁ ခုနှစ် ထိုင်းနယ်စပ် ဖြစ်ရပ်တွေက မီးမောင်း ထိုးပြခဲ့ပြီးပါပြီ။ ၂၀၀၁ ခုနှစ် ထိုင်း-မြန်မာနယ်စပ် အရေးပြီးတဲ့နောက် အရေးပေါ် အဖြစ် ရုရှလုပ် MIG 29 လေယာဉ် (၁၂) စီးနဲ့အတူ အမေရိကန် F 16 တိုက်လေယာဉ်ကို တုပထားတဲ့ တရုတ်လုပ် လေယာဉ်တွေကို နအဖတို့ ၀ယ်ယူခဲ့ပါတယ်။

အခုလည်း မြန်မာ့တပ်မတော် (လေ) က တရုတ်ပြည်လုပ် J အမျိုးစား ရှင်ယန်း တိုက်လေယာဉ် တစင်း ၂၀၀၉ ခုနှစ် ဒီဇင်ဘာ (၃) ရက်နေ့မှာ မှော်ဘီ လေတပ်စခန်းကနေ ပျံသန်း လေ့ကျင့်စဉ် ကြံခင်းမြို့အနီး ပျက်ကျ သွားပြန်ပါတယ်။ ၀ နယ်စပ်မှာ စစ်ပွဲတွေ ဖြစ်လာခဲ့ရင် အသင့်ရှိနေအောင် အမှတ်စဉ် (၁၃) ဦးမြောက် လေချုပ်ကြီး ဗိုလ်ချုပ်မြတ်ဟိန်း အမိန့်အရ အခုလို ပျံသန်းခဲ့ခြင်း ဖြစ်ပါတယ်တဲ့။ ၁၉၈၈ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ လေယာဉ် ပျက်ကျမှု ပေါင်း (၉) ကြိမ်ဖြစ်ခဲ့ပြီး ပျမ်းမျှ တနှစ်ကို တစင်းလောက် ပျက်ကျနေတယ်လို့ ဆိုရမှာပါ။ လေယာဉ်တွေက အဆင့်နိမ့်သလို လေသူရဲတွေ ခမျာလည်း ကျွမ်းကျင်မှု နည်းကြပါတယ်။ လိုအပ်သလို အမြဲတမ်း လေ့ကျင့် ပျံသန်းနိုင်ခွင့်လည်း လေယာဉ်မှူးတွေ မရကြပါဘူး။

သင်တန်းဆင်း ရဟတ်ယာဉ်မှူးကောင်းတယောက် အဆင့်ရောက်အောင် ပျံသန်း လေ့ကျင့်ချိန် နာရီ (၅၀) လောက်သာ ခွင့်ပြု ပေးထားပါတယ်။ ကျန်အချိန်တွေမှာလည်း နေပြည်တော်က အမိန့်ပေးလာမှ လေယာဉ်ပေါ်တက် လေ့ကျင့် ပျံသန်းခွင့် ရှိကြပါတယ်။ လေ့ကျင့်ပျံသန်းစဉ် စစ်လက်နက်၊ ဗုံးသီး၊ မြေပြင်ဝေဟင်ပစ် ဒုံးတွေကို တပ်ဆင်မောင်းနှင်ခွင့် လုံးဝမရှိဘူးလို့ သိရပါတယ်။ တဘက်ကလည်း လေယာဉ် တခါပျံတက်ရင် တနာရီမှာ လေယာဉ်ဆီ PC 7 အတွက် (၃၄) ဂါလန်၊ Mi2 ရဟတ်ယာဉ်အတွက် ဆို (၆၈) ဂါလန်၊ A 5 လေယာဉ်များ အတွက် (၆၂) ဂါလန် လောက်စီ ကုန်ပါတယ်။ လေယာဉ်ဆီ အလွန် ကုန်ကျတာကြောင့် မို့လည်း လေယာဉ်တွေကို အမြဲတမ်း ပျံတက်လေ့ကျင့် ပေးမနေနိုင်ပါဘူး။ မြေပြင်မှာ စက်နှိုး စမ်းသပ်ရုံလေးနဲ့ကို တစီးကို လေယာဉ်ဆီ နေ့စဉ် (၁၀) ဂါလန်ကျော် ကုန်ကျပါတယ်။ ဒါကြောင့် မြေပေါ်မှာပဲ (၁၀) မိနစ်လောက် စက်ကိုပူအောင် စက်နှိုးပြီး မြေပြင် စမ်းသပ် ပျံသန်းခြင်းတွေကိုသာ နေ့တိုင်းနေ့တိုင်း လုပ်နေ ကြရပါတယ်။

မပျံဘဲ အပျံစာရင်းပြပြီး လေယာဉ်ဆီ ထုတ်ရောင်းစားတဲ့ ဖြစ်ရပ်မျိုးတွေကလည်း လေတပ် စခန်းတိုင်းမှာ တပုံကြီးပါ။ ပစ္စည်းတွေက ခေတ်မမီ၊ စစ်သည်တွေက စားဝတ်နေရေး မပြေလည်တော့ ဆီခိုးရောင်းစား အကျင့်ပျက်ကြ၊ ပြုပြင်ထိန်းသိမ်း လေ့ကျင့်ဖို့ နေနေသာသာ လေယာဉ်ဆီဖိုးနဲ့ လေ့ကျင့် ပျံသန်းစရိတ်ကိုတောင် တပ်မတော်လေမှာ လုံလောက်အောင် ချထားမပေးပါဘူး။ မြန်မာ့ ဝေဟင်ကို စိုးမိုးမယ့် တပ်မတော်လေ လေယာဉ်တွေ မြေပေါ်မှာ နေ့တိုင်း အပျံကျင့်ပေး နေရတယ်လို့ လေတပ် ပြုပြင်ထိန်းသိမ်းရေး အုပ်က စစ်သည်တွေ ကိုယ်တိုင် ပြောစမှတ် တွင်နေလေတော့ မခက်ပါလား၊၊

လွဲတာကတော့ အတော့်ကို လွဲနေကြတာပါ။ လေယာဉ်ကို စက်နှိုးပြီး နွားလှည်းလို မြေပြင်မှာ ပျံခိုင်းနေတဲ့ တပ်မတော်ကို ဒါမှ မြန်မာ့ ခေတ်မီတပ်မတော် စစ်စစ်ပါလို့ ပြန်ပြင်ပြီး ခေါ်ရတော့ မလိုပါပဲ။ စစ်ဆင်ရေးရှိလို့ ပျံကြရပြီ ဆိုရင်လည်း ဘုရားတပြီး လေယာဉ်တွေ မောင်းနေကြရတဲ့ အဖြစ်မျိုး။ တနှစ်တယောက် ကံဆိုးသူ မောင်ရှင်စာရင်းထဲ ပါသွားတဲ့ အဖြစ်ဆိုးနဲ့ တပ်မတော်လေက အရာရှိတွေ ရင်ဆိုင် နေရပါတယ်။ ။

Ref: ခေတ်ပြိုင်

Read More...

ထိုင်း-မြန်မာနယ်စပ်ရောက် မြန်မာရဲအရာရှိတဦး ရဲတပ်သားများ ဘ၀ ရင်ဖွင့် ပြောကြား

ရဲရင့်/ ၂၉ ဇန်န၀ါရီ ၂ဝ၁ဝ

မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွင်း ကြီးနိုင်ငယ်ညှဉ်း မတရားဖိနှိပ်မှုဒဏ်များကို မခံနိုင်တော့သဖြင့် ကရင်ပြည်နယ်မှ ရဲအရာရှိတဦး ထိုင်း-မြန်မာ နယ်စပ်သို့ ထွက်ပြေး ရောက်ရှိလာသည်။

ယခုရက်ပိုင်းအတွင်း ရောက်ရှိလာသည့် အဆိုပါ ဒု-ရဲအုပ်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် စစ်အာဏာပိုင်များ၏ စေခိုင်းချက် အတိုင်း လှုပ်ရှားနေရပြီး ရဲတပ်ဖွဲ့ အတွင်း၌လည်း အထက်မှ အောက်ခြေ တပ်ဖွဲ့ဝင်များကို နေ့စဉ် ဖိအားပေးမှုများ ရှိနေသည့်အတွက် တပ်ဖွဲ့ဝင်များ စိတ်ဓာတ် ကျဆင်းနေသည်ဟု ပြောသည်။

၎င်းက “ရဲဆိုတာက ဥပဒေကြောင်းအရ ဘာမှ လုပ်ပိုင်ခွင့် မရှိဘူး။ အထက်အမိန့် အတိုင်းပဲ။ ရဲတပ်ဖွဲ့ဆိုတာက စစ်ဘက် အာဏာပိုင် တွေကို ကြောက်ရတယ်။ သူတို့ကဖမ်းဆိုရင် ဖမ်း၊ တားဆိုရင် တားပဲ။ ဘာဆုံးဖြတ်ပိုင်ခွင့်မှ မရှိဘူး” ဟု ပြောသည်။

တဘက်နိုင်ငံသို့ခိုးထုတ်မည့် မြန်မာရှေးဟောင်းဘုရား ဆင်းတုတော်များ အပြည့် တင်ဆောင်လာသည့် ကားတစီးကို စစ်ဆေး တွေ့ရှိခဲ့သော်လည်း မြန်မာစစ်ဗိုလ်ချုပ် တဦး၏ အမိန့်ကြောင့် ပြန်လွှတ်ပေးခဲ့ရသည် ဟုလည်း အဆိုပါ ဒု-ရဲအုပ်ဖြစ်သူက ပြောသည်။

“ဒေသဆိုင်ရာစစ်ဘက်က ဖိအားပေးရာမှာ ကျနော်ဘားအံက သံလွင် တံတားထိပ်မှာ တာဝန်ကျတော့ အလယ်ပိုင်းတိုင်းမှူး ဗိုလ်ချုပ် ကိုကိုရဲ့ ညီမကားနဲ့ ထိုင်းဘက် ပို့မယ်လို့ ယူဆရတဲ့ ရှေးဟောင်းဘုရား ဆင်းတုတော် (၄၇) ဆူ ဖမ်းမိတယ်။ အဲဒါကို အထက်က မင်းတို့ ဘာမှမလုပ်နဲ့ ပြန်လွှတ်ပေးလိုက် ဆိုတာနဲ့ ကားကို ပြန်လွှတ်ပေးလိုက်ရတယ်” ဟု ပြောသည်။

အမှုရင်ဆိုင်နေရသည့် တရားခံများကို ဥပဒေအရ အရေးယူထိုက်သော်ငြားလည်း ဒေသဆိုင်ရာ အာဏာပိုင်များ၏ အမိန့်ကြောင့် ပြန်လွှတ်ပေးရ မှုများလည်း ရှိသည်ဟု သိရသည်။

ရဲဝန်ထမ်းလစာနည်းပါးသဖြင့် အောက်ခြေရဲဝန်ထမ်း မိသားစုဝင်အများစုမှာ တရားမ၀င် လောင်းကစား ဒိုင်များမှ ပေးသည့် လစဉ် ကြေးများဖြင့် မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေရကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ဒုရဲအုပ်က လစာကျပ် (၃၃,၀၀၀) ပဲရတယ်။ အများထင်သလို အောက်ဆိုက်တွေ ဘာတွေ ရတယ်ဆိုတာက လူတိုင်း မဟုတ်ပါဘူး။ ရုံးမှာ တာဝန်ကျတဲ့ လူဆိုရင် ပိုဆိုးပါတယ်။ အောက်ခြေရဲတွေရဲ့ မိသားစုတွေ ကတော့ (၂) လုံးထီ၊ (၃) လုံးထီ၊ (၁) လုံးထီ ဒိုင်တွေကရတဲ့ အကောက်တွေနဲ့ပဲ ရပ်တည် နေကြရတယ်။ တပ်ဖွဲ့ဝင် အင်အားနည်းတော့ ညဘက်ဆိုရင် စခန်းမှာ ရဲဝတ်စုံဝတ်ပြီး ရဲသား မိန်းမတွေ ညကင်းစောင့် ကြရတယ်” ဟု ထို ရဲအရာရှိက ပြောသည်။

စစ်ဆေးရေးဂိတ်များတွင် တာဝန်ကျပါက ငြိမ်းချမ်းရေး အဖွဲ့ပိုင်ကားများနှင့် မကြာခဏ ပြဿနာများ ဖြစ်ပွားကြောင်း၊ ပြဿနာ ဖြစ်ပါက ရဲတပ်ဖွဲ့ဝင် များသာ အရေးယူ ခံရကြောင်း၊ အလားတူ ဖိနှိပ်မှုဒဏ်များကို ဆက်၍ သီးမခံနိုင်တော့သဖြင့် ထွက်လာခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ ဒု-ရဲအုပ်က တတိယနိုင်ငံသို့ ထွက်ခွာမည် မဟုတ်ဘဲ မိမိတတ်နိုင်သည့် အင်အားဖြင့် မြန်မာပြည် လွတ်မြောက်ရေး အတွက် ပူးပေါင်း ကူညီသွားမည်ဟု ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

Friday, January 29, 2010

နိုဝင်ဘာလွှတ်မည် ပြောကြားမှု တရားဥပဒေနှင့်မညီဟု ဒေါ်အောင်ဆန်းစုကြည်ဆို

ကိုထွေး
Thursday, 28 January 2010

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လာမည့် နိုဝင်ဘာလတွင် လွှတ်ပေးမည်ဟု ပြည်ထဲရေး ၀န်ကြီး ဗိုလ်ချုပ်မောင်ဦး၏ ပြောကြားချက်သည် တရားဥပဒေနှင့် ညီညွတ်မှု မရှိဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“အမှုနဲ့ပတ်သက်ပြီးတော့ တရားရုံးချုပ်မှာ တင်ထားတာ အဆုံးအဖြတ် မပြုရသေးဘူး၊ ဒီလို ပြောခြင်းအားဖြင့် တရားရုံး အဆုံးအဖြတ်ကို အနှောင့်အယှက် ပြုသလို ဖြစ်နေတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း ဦးဉာဏ်ဝင်းက ရှင်းပြသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့က ကျောက်ပန်းတောင်းမြို့၊ မြို့တော် ခန်းမတွင် ကျင်းပသည့် ၀န်ထမ်းများ၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဝင်များနှင့် တွေ့ဆုံခဲ့စဉ် ဗိုလ်ချုပ်မောင်ဦးက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အိမ်ပြင်ဆင်ရေး အတွက် ကိုယ်စားလှယ် လွှဲအပ်ထားခြင်း ခံရသူ ဦးထင်ကျော်နှင့် ဦးဉာဏ်ဝင်းတို့သည် ယနေ့ နေ့လယ် ၁ နာရီမှ ၃ နာရီ ၃၀ ခန့် အထိ ၂း၃၀ နာရီကြာ သွားရောက် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မောင်ဦး၏ ပြောကြားချက် အပေါ် ပြန်လည် ပြောဆိုခြင်း ဖြစ်ကြောင်း ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက ဆိုသည်။

ထို့အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အင်အားတောင့်တင်းရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း အသေးစိတ် ပြောကြား၍ မရနိုင်ကြောင်း ၎င်းက ဆိုသည်။

ဗိုလ်ချုပ်မောင်ဦးသည် ပြည်ထဲရေးဝန်ကြီးဖြစ်သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်၏ အမှုတွင် ဗိုလ်ချုပ်မှူးကြီး၏ ပြစ်ဒဏ် လျှော့ပေါ့ပေးသည့် အမိန့်ကို တရားခွင်၌ လာရောက် ဖတ်ကြား သွားသူလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဉာဏ်ဝင်းတို့သည် နေအိမ် ပြင်ဆင်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

“လုပ်ငန်းသဘောကို အရင်ဆွေးနွေးဖြစ်တယ်၊ ဒီအပေါ်မှာ ဒေါ်စုရဲ့မှတ်ချက်က ဒီကိစ္စက သွေးရိုး သားရိုးဟုတ်ရဲ့လားလို့ သူစိုးရိမ်နေတယ်၊ တခြား ပူးပေါင်းဆောင်ရွက်မှု၊ ညှိနှိုင်းဆောင်ရွက်မှုများ ရှိနေသလားလို့ ခံစားရတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ယခင်က အိမ်ကိစ္စနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်တွင် ကန့်ကွက်စာမိတ္ထူ တောင်းခံထားသည်မှာ ယခုချိန်အထိ မရရှိသေးကြောင်း၊ သို့သော်လည်း အိမ်နှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ဆောင်ရွက်သင့်သည်များကို ဆက်လက် လုပ်ဆောင်ရန် ညှိနှိုင်းခဲ့ကြောင်း၊ အိမ်၏ လက်ရှိအနေအထားမှာ အမိုးများ ပြင်ဆင်ရန်အတွက် တချို့သော အစိတ်အပိုင်းများမှာ ဖြုတ်ထားရသည့် အတွက် မိုးရွာပါက တအိမ်လုံးရေများ စိုရွှဲနိုင်ပြီး မလုံခြုံသည့် အနေအထားတွင် ရှိကြောင်း ၎င်းက ဆက်ပြောသည်။

နေအိမ် လုံခြုံရေးအတွက် ပြင်ဆင်နေမှုကို အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ပြီးခဲ့သည့် ကြာသပတေးနေ့က ပထမဆုံးအကြိမ် တားဝရမ်းဖြင့် ကန့်ကွက်ခဲ့သည်။

အာဏာပိုင်များက ခွင့်ပြုချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အပေါ်ထပ်ရှိ ဝရန်တာကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် စတင် ပြင်ဆင်ခဲ့ရာမှ ဦးအောင်ဆန်းဦး၏ ကန့်ကွက်မှုကြောင့် အိမ်ပြင်ရန် ခေတ္တခဏ ရပ်ဆိုင်း ထားရကြောင်းလည်း သိရသည်။

စက်တင်ဘာလက ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်တွင်း အမှု ရင်ဆိုင်နေရစဉ် ကတည်းက ၎င်း၏ နေအိမ်ကို လုံခြုံရေး အတွက် ပြန်လည် ပြုပြင်ရန် ပြောဆိုသဖြင့် ဆောက်လုပ်ရေး အင်ဂျင်နီယာနှင့် တိုင်ပင်ခဲ့သည်။ အိမ် အပေါ်ထပ်တွင် ရှိသော ၀ရန်တာ နှစ်ခုကို အဓိကထားပြီး ပြုပြင်မည် ဖြစ်ကြောင်း၊ အိမ်ပြင်ရန်အတွက် အာဏာပိုင်များကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အကြောင်း ကြားခဲ့ကြောင်း သိရသည်။

မေလက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ အမေရိကန်နိုင်ငံသားတဦး တိတ်တဆိတ် ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း နေအိမ် လုံခြုံရေးအတွက် ပြုပြင်ရန် ယခုကဲ့သို့ ဆောင်ရွက်ခြင်း ဖြစ်သည်။

Ref: ဧရာဝတီ်

Read More...

ပြည်သူ့စစ်တပ်ဖွဲ့ နယ်ခြားစောင့်တပ်အသွင်ကူးပွဲ လူအားရာချီနှင့် ဆန်များဆင့်ဆို

ကြာသပတေးနေ့၊ 28 ဇန်န၀ါရီ 2010

ယခုလကုန်ပိုင်း၌ ကျင်းပမည့် သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် လားဟူပြည်သူ့စစ် တပ်ဖွဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းပွဲ အတွက် လူထုရာနှင့်ချီ ဆင့်ခေါ်သည့် အပြင် ဒေသခံများထံမှလည်း ပွဲဧည့်ခံကျွေးမွေးရန် ဆန်ပါ ကောက်ခံသည်ဟု နယ်စပ် သတင်းရပ်ကွက်က ပြောပါသည်။

“ဧည့်ခံကျွေးမွေးဖို့ စားဝတ်နေရေးဖူလုံတဲ့အိမ်ကို ဆန်တင်းတစ်ဝက် (၈ ပြည်) ကနေ ၄ တင်းအထိ ကောက်ခံတယ်။ အိမ်တိုင်းတော့ မကောက်ဘူး”- ဟု အမည်မဖေါ်လိုသည့် နားကောင်းမူးဒေခံ တဦးက ပြောပြပါသည်။

မိုင်းတုံမြို့နယ် နားကောင်းမူးကျေးရွာအုပ်စုအခြေစိုက် ဂျပီးကွယ်ဦးဆောင်သည့် လားဟူ ပြည်သူ့စစ် နယ်ခြားစောင့်တပ် အသွင် ကူးပြောင်းပွဲ ပွဲတက်ရောက်ရန် မိုင်းဆတ်၊ မိုင်းတုံ၊ ပုံပါကျင် (မြို့နယ်ခွဲ) ဒေသခံများ တမြို့နယ် အယောက် ၄၀၀ ထက်မနည်း နအဖ ဒေသခံ စစ်တပ်က ဆင့်ခေါ်ထားသည်ဟု ဆိုပါသည်။

“ပွဲက အခုလကုန် ဂျန္န၀ါရီ ၃၁ ရက်နေ့လုပ်မှာ၊ ပွဲတက်ဖို့ သုံးမြို့နယ်ဆို အယောက် ၁၂၀၀ ဖြစ်နေပြီ၊ ဒါတောင် ဗမာ စစ်တပ်မိသားစုနဲ့ ဒေသခံ မပါသေးဘူး၊ ပရိတ်သတ်တွေကို အိမ်ရှင် နားကောင်းမူး ကျေးရွာအုပ်စုက ဧည့်ခံကျွေးမွေး ရေးတာဝန်ယူဖို့ ကျေးရွာ ဥက္ကဌကို ညွှန်ကြား ထားတယ်လို့ သိရတယ်” - ဟု နားကောင်းမူး ဒေသခံ နောက် တဦးက သျှမ်းသံတော်ဆင့်သို့ ပြော၏။

နားကောင်းမူးကျေးရွာအုပ်စု ၅ ရွာထံမှလည်း ဆန်အပြင် လူအား တရွာ အယောက် ၁၀၀ ထက်မနည်း ပွဲတက်ရောက်ရ မည်ဟု နားကောင်းမူး အခြေစိုက် ခလရ ၆၅ က ဆင့်ဆိုထားကြောင်း ဆက်ပြော၏။

နယ်ခြားစောင့်တပ်အဖြစ် အသွင်ကူးပြောင်းမည့် မိုင်းတုံ မိုင်းဆတ်နှစ်မြို့နယ်အတွင်း လားဟူပြည်သူ့စစ် တပ်ဖွဲ့အင်အား ၈၀၀ ခန့်ရှိပြီး တြိဂံတိုင်းမှူးက ၃၀ ရက်နေ့၊ နေပြည်တော် အဆင့်မြင့်အရာရှိများ ၃၁ ရက်နေ့ အသွင်ပြောင်းပွဲသို့ ရောက်မည် ဖြစ်ကြောင်း လားဟူ အမျိုးသားတဦးက ပြောပါသည်။

မိုင်းတုံအခြေစိုက် လားဟူပြည်သူ့စစ် တပ်ဖွဲ့ခေါင်းဆောင် ဂျပီးကွယ်အား နယ်ခြားစောင့်တပ် တပ်ရင်းမှူးအဆင့် တိုးမြှင့် ပေးမည်ဖြစ်ပြီး နအဖ စစ်တပ် တပ်ရင်းမှူး ရာထူးနှင့် ညီသည့် ခံစားခွင့် ရမည်ဟု ဆိုသည်။ မိုင်းဆတ် မြို့နယ် အတွက်လည်း လားဟူ နယ်ခြားစောင့်တပ် တပ်ရင်းတစ်ခု တပြိုင်တည်း ဖွဲ့စည်းဖွယ် ရှိသည်ဟု အဆိုပါ လားဟူ အမျိုးသားက ပြော၏။

“အရင်တုန်းက တင်ဝင်းကို တပ်ရင်းမှူးရာထူးပေးမယ်ကြားရပေမယ့် သူ့ကို တာဆန်းဘက် ပို့ထားလိုက်ပြီ၊ တင်ဝင်းက ၀ နဲ့ ဆက်ဆံရေးမှာ လိမ္မာပါးနပ်မှု မရှိဘူးလို့ကြားတယ်” - ဟု လားဟူပြည်သူ့စစ် အဖွဲ့ဝင် တဦးက ပြောပါသည်။

မြန်မာစစ်အစိုးရတပ်တွင် ရဲဘော်တဦး လစာ ၂၂,၀၀၀ ကျပ် ခံစားရပြီး၊ တပ်ရင်းမှူး တာဝန် ရာထူး ဒုဗိုလ်မှူးကြီး အဆင့် လစာမှာ ၁၈၀,၀၀၀ ကျပ် ရှိ၏။ ထိုင်းနိုင်ငံသား သျှမ်းအမျိုးသား တဦးက - “ကျနော့်သား ထိုင်းရဲ ဘော်တဦး လစာက ဘတ်ငွေ ၈,၂၀၀ ရတယ်၊ ဒေါ် ၂၀၀ ကျော်နဲ့ညီတယ်။ ဗမာစစ်သားရဲ့ ရဲဘော်တဦး လစာက ဒေါ်လာ၂၀ ကျော်ကျော် လောက်ဘဲရတယ်။ ဘယ်လောက်မလဲဗျာ” - ဟု ပြော၏။

နယ်ခြားစောင့်တပ်ရင်းပြောင်းလဲခြင်းခံရသည့် လားဟူပြည်သူ့စစ်များ မှာလည်း စစ်အစိုးရ ပေးသည့် လစာ လောက်ငှမည် မဟုတ်။ သို့သော် စစ်သား ရာနှုန်းပြည့် မဟုတ်သောကြောင့် နယ်စပ်တ၀ိုက် လုပ်ကိုင် စားသောက်ခွင့် အပြည့်အ၀ ရှိကြောင်း၊ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အတွက် အပစ်ရပ် တပ်ဖွဲ့များ ဖိအားပေး ခံနေရချိန် ပြည်သူ့တပ်ဖွဲ့များ ပိုမို အခွင့်ထူးများ ရရှိနေကြောင်း၊ ၀ တပ်ဖွဲ့ပင် ကူးသန်း ရောင်းဝယ်ရေး အတွက်လားပြည်သူ့စစ် တပ်ဖွဲ့ကို ငှားရမ်းရကြောင်း - သျှမ်းပြည် မူးယစ် စောင့်ကြည့် လေ့လာရေးအဖွဲ့က ဆိုသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့နှင့် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ တွေ့မည်

ခိုင်လင်း
၂၈ ဇန်န၀ါရီ ၂ဝ၁ဝ

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) မှ ကိုယ်စားလှယ်အဖွဲ့နှင့် စစ်ဖက်ရေးရာ အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ မနက်ြဖန်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ တွေ့ဆုံရန် ရှိသည်။

အပစ်ရပ်အဖွဲ့များ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး အတွက် အဓိက တာဝန်ယူ ထားသူ ဒု- ဗိုလ်ချုပ်ကြီး ရဲမြင့်အား ဥက္ကဋ္ဌ ဦးဇောင်းဟရား အပါအဝင် ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ် ဂေါ်ရီဇော်ဆိုင်း ဦးဆောင်သည့် ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့က မနက်ဖြန်တွင် မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တွင် တွေ့ဆုံရန် ရှိသည်ဟု ကေအိုင်အို ခေါင်းဆောင်များနှင့် နီးစပ်သူ မြစ်ကြီးနား ဒေသခံတဦးက ပြောသည်။

၎င်းက “မြစ်ကြီးနားမှာ ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ ရောက်နေပြီ။ ဥက္ကဋ္ဌ ဦးဇောင်းဟရားလည်း လိုက်လာတယ်။ နယ်ခြားစောင့် ကိစ္စပဲလို့ ယေဘုယျ ခန့်မှန်းလို့ ရတာပေါ့။ နောက်ဆုံး တွေ့တုန်းက ကေအိုင်အိုက တောင်းဆိုမယ့်အချက်တွေ တရားဝင် စာရေးတင်ပြဖို့ မြန်မာ အစိုးရဘက်က ကမ်းလှမ်း ထားတာရှိတယ်။ အဲဒါကို ဗိုလ်ချုပ်ရဲမြင့်က လာပြီး တီးခေါက်တာလည်း ဖြစ်နိုင်တယ်လေ။ နောက်တခုက အခု ကေအိုင်အို တော်လှန်ရေးပွဲ လုပ်ဖို့ ပွဲမိန့်က မကျလာသေးဘူး။ အဲဒါကိုလည်း ကေအိုင်အို ဘက်က ဆွေးနွေးမယ့်ပုံ ရှိတယ်” ဟု ပြောသည်။

၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ကို နအဖအနေဖြင့် သဘောတူလက်ခံပါက နယ်ခြားစောင့်တပ်ကို ပင်လျှင် မဖွဲ့တော့ဘဲ လက်နက်ကိုင် တော်လှန်ရေးအား စွန့်လွှတ်သွားမည်ဟု ကေအိုင်အို အဖွဲ့က နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ပြီးခဲ့သည့်နှစ် အောက်တိုဘာ အတွင်းက စာရေးတင်ပြခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဒီဇင်ဘာ (၂၉) ရက်က မပခတိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် ကေအိုင်အို ကိုယ်စားလှယ်တို့၏ (၁ဝ) ကြိမ်မြောက် တွေ့ဆုံမှုအတွင်း ပင်လုံ သဘောတူညီချက်အရ တန်းတူညီမျှရေး ဆိုင်ရာ ကချင်တိုင်းရင်းသား တို့၏ တောင်းဆို လိုလားချက်များကို တရားဝင် စာရေးတင်ပြရန် နအဖဘက်က ကမ်းလှမ်းထားခဲ့ရာ ကေအိုင်အို အနေဖြင့် အဆိုပါ လိုလားချက်များအား စာရေး တင်ပြရန်လည်း ရှိနေသည်။

ဖေဖော်ဝါရီ (၅) ရက်တွင် ကျရောက်မည့် ကေအိုင်အိုတော်လှန်ရေးပွဲအား မြစ်ကြီးနားမြို့နယ် အတွင်းရှိ နမ္မတီးချောင်းဖျား ဒေသရှိ ကေအိုင်အေ တပ်ရင်း (၁၁) တွင် လည်းကောင်း၊ အင်ဂျန်း ယန်မြို့နယ်အတွင်းရှိ ကေအိုင်အေ တပ်မဟာ (၁) နယ်မြေတွင် လည်းကောင်း၊ ကချင်ဒေသခံ လူထုများပါ ပါဝင်နိုင်မည့် မနောပွဲနှင့် တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပရန် ကေအိုင်အို အဖွဲ့က စီစဉ်နေရာ ယခုအချိန်အထိ ပွဲကျင်းပခွင့် ခွင့်ပြုမိန့် မကျသေးကြောင်း ကေအိုင်အို တပ်ဖွဲ့နှင့် နီးစပ်သူ မြစ်ကြီးနားမြို့ခံက ပြောသည်။

ကေအိုင်အိုအနေဖြင့် ကချင်တိုင်းရင်းသားများအတွက်သာမကဘဲ ကချင်ပြည်နယ်သူ၊ ပြည်နယ်သားတို့၏ နိုင်ငံရေး၊ စီးပွား၊ လူမှုရေးစသည့် ကဏ္ဍများအလိုက် ရသင့် ရထိုက်သည့် အခွင့်အရေးများကို လေးလေးနက်နက် စဉ်းစား တောင်းဆိုသင့်သည်ဟု မြစ်ကြီးနားမြို့ခံ ကချင် လူငယ်တဦးက ပြောသည်။

၎င်းက “ဒီကိစ္စက သားစဉ်မြေးဆက်အထိ ပါသွားမှာမို့ ပေါ့ပေါ့လုပ်လို့မရဘူး။ တန်းတူညီမျှရေးဆိုတာ တကယ့်လက်တွေ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ ကဏ္ဍနယ်ပယ် အလိုက် တန်းတူ အခွင့်အရေး ရရမယ်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်မယ့် အနေအထား ရှိရမယ်။ ဥပမာ ကချင်ပြည်နယ်ထဲက ရွှေတွင်း၊ ကျောက်တွင်းတွေကို စစ်ဗိုလ်ချုပ် သားသမီးတွေနဲ့ သူနဲ့ နီးစပ်သူတွေကပဲ လုပ်နေတာမျိုး မဖြစ်သင့်ဘူး။ မြစ်ဆုံရေကာတာ ဆောက်တဲ့ကိစ္စဆို ကချင်လူထု၊ ပြည်နယ်လူထုရဲ့ဆန္ဒကို ကောက်ခံသင့်တယ်” ဟု ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

Thursday, January 28, 2010

မွန်ပြည်သစ် ထိန်းချုပ်နယ်မြေအတွင်း ကျူးကျော်ဝင်ရောက်မှု ဆက်တိုက်ဖြစ်ပွား

ဝီရ
၂၇ ဇန်န၀ါရီ ၂ဝ၁ဝ

မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသအတွင်းသို့ နအဖစစ်တပ်က စစ်ရေးအရ ဝင်ရောက်ကျူးကျော် နေမှုများ ယခုတလော၌ ဆက်တိုက် ဖြစ်ပွားနေကြောင်း သိရသည်။

မွန်ပြည်သစ် ဗဟိုဌာနချုပ်နှင့် (၃) မိုင်ခန့် ကွာဝေးသည့် ကျေးရွာတရွာအတွင်းသို့ နအဖစစ်တပ် အင်အား (၃၀) ကျော်တို့က ဇန်နဝါရီ (၁၀) ရက်နေ့တွင် ဝင်ရောက်လာပြီးနောက် (၃) နာရီကြာ စစ်ရေးတင်းမာမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

မွန်ပြည်သစ် ထိပ်ပိုင်းခေါင်းဆောင်တဦးက “အပစ်ရပ်တုန်းက သဘောတူချက် (၁၃) ချက်ထဲမှာ မွန်ပြည်သစ်ရဲ့ အပစ်ရပ် ဒေသအဖြစ် ပင်းပွိုင့်အနေနဲ့ သတ်မှတ်ထားတဲ့ (၁၂) နေရာထဲကို နအဖတပ်က ဝင်ရောက် ကျူးကျော်ခွင့် မရှိရဘူးဆိုတဲ့ အချက်လည်း ပါတယ်။ ဝင်လာရင် အပစ်ရပ်စဲရေး ပျက်ပြီဆိုတဲ့ အဓိပ္ပာယ်ပေါ့။ နအဖဘက်က အခုလို လာစမ်းသလိုလို ကျူးကျော် ဝင်ရောက် လာနေတာ အပစ်ရပ် တုန်းက သဘော တူညီထားချက်ကို ချိုးဖောက်ရာ ရောက်တယ်။ ကျနော်တို့ဘက် ကတော့ ရရှိထားပြီးသား ငြိမ်းချမ်းရေးကိုတော့ တတ်နိုင်သလောက် ထိန်းသိမ်းသွားမယ်” ဟု ပြောသည်။

၁၉၉၅ ခုက စစ်အစိုးရနှင့် အပစ်ရပ်စဲခဲ့သည့် မွန်ပြည်သစ်ပါတီသည် စစ်အစိုးရ တောင်းဆိုထားသည့် နယ်ခြားစောင့်တပ် အသွင် ပြောင်းရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရေး တို့ကို ငြင်းဆိုထားသည်။

နယ်စပ်ကားလမ်း လုံခြုံရေးကို အကြောင်းပြပြီး နအဖစစ်တပ် စကခ (၈) လက်အောက်ရှိ (၄၀၇) ခြေမြန် တပ်ရင်းက မွန်ပြည်သစ် ပါတီ ထိန်းချုပ်ရာ ဘုရားသုံးဆူမြို့အနီးက တဒိန်ကျေးရွာတွင် ယင်းကဲ့သို့ တပ်စွဲထားသည်မှာ (၁) လနီးပါး ကြာမြင့်ပြီ ဖြစ်သော်လည်း တပ်ပြန်လည် ရုပ်သိမ်းခြင်း မရှိသေးကြောင်း သိရသည်။

ဘုရားသုံးဆူမြို့မှ မွန်ပြည်သစ်အရာရှိတဦးက “ခမရ (၄၀၇) က ဘာလှုပ်ရှားမှုမှ မရှိဘဲ မွန်ပြည်သစ် ရှိတဲ့ရွာမှာ လချီ လာနေနေတာ အရင်က မရှိသလောက်ဘဲ။ အခုက ရွာသားတွေ မွေးထား၊ စိုက်ထားတဲ့ သားငါး၊ ဟင်းသီး ဟင်းရွက်တွေကို ခွင့်မတောင်းဘဲ သတ်ဖြတ် စားသုံးတဲ့ အထိ ဖြစ်လာတယ်။ ဒီလိုပဲ ဆက်ပြီး တပ်စွဲထားမယ် ဆိုရင် ရွာသားတွေ အတွက်ရော၊ ပါတီအတွက်ပါ ထိခိုက် လာနိုင်တယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

နအဖတပ်အင်အား (၅၀) ကျော်ဖြင့် လဲလှယ်တပ်စွဲနေသည့် တဒိန်ကျေးရွာသည် ဘုရားသုံးဆူ မြို့မှ (၁၃) မိုင်ခန့် ကွာဝေးပြီး ဘုရားသုံးဆူ-သံဖြူဇရပ် နယ်စပ် လမ်းမပေါ်၌ မွန်ပြည်သစ် အကောက်ခွန်ဂိတ် (၁) ဂိတ် ဖွင့်လှစ်ထားရှိသည်။

အဆိုပါခြေမြန်တပ်ရင်းကို ဒုတပ်ရင်းမှူး အောင်ကျော်မိုး ဦးစီးပြီး ဘုရားသုံးဆူ - သံဖြူဇရပ် ကားလမ်း လုံခြုံရေး အပါအဝင် အနန်းကွင်း ဗျူဟာရုံးနှင့် တပ်ရိက္ခာ ပို့ဆောင်ရာတွင်လည်း တာဝန် ယူထားကြောင်း သိရသည်။

Ref: ခေတ်ပြိုင်

Read More...

KIO နှင့် စစ်အစိုးရ တွေ့ဦးမည်

သန်းထိုက်ဦး
Wednesday, 27 January 2010

စစ်အစိုးရ တာဝန် ရှိသူများနှင့် KIO အဖွဲ့ ခေါင်းဆောင် တချို့ယခုလ ၂၉ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးရန် ပြင်ဆင် ထားကြောင်း အပစ်ခတ် ရပ်စဲထားသော ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) နှင့် နီးစပ်သူတဦး အဆိုအရ သိရသည်။

KIO နှင့် နီးစပ်သူက စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်သည် ကချင် ခေါင်းဆောင်များနှင့် တွေ့ဆုံရန် ပြင်ဆင်နေပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်ကို ထပ်မံ ဆွေးနွေး ဦးမည်ဟု ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ ရက်နေ့က မြစ်ကြီးနားမြို့၌ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်း ဦးဆောင်သည့် စစ်အစိုးရ အရာရှိများနှင့် ကချင်ခေါင်းဆောင်များ နောက်ဆုံး တွေ့ဆုံခဲ့ကြသည်။

KIO မှ ဒု နိုင်ငံခြားရေး တာဝန်ခံ ဂျိမ်းစ်လွမ်းဒေါင် (James Lumdau)ကမူ စစ်အစိုးရနှင့် KIO တွေ့ဆုံမည့် ကိစ္စနှင့် ပတ်သက်ပြီး ယခု မသိရှိရသေးသော်လည်း နောက်ဆုံး အကြိမ် တွေ့ဆုံခဲ့စဉ် ဗိုလ်ချုပ်စိုးဝင်းက ၂၀၁၀ မှာ တွေ့ဆုံရန် ပြောကြားခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။

“နောက်ဆုံး တွေ့ဆုံခဲ့စဉ်က ဘာမှ မပြောခဲ့ဘူး၊ အဲဒီ တော့ သူတို့ပြောတာက ဒီလိုဆိုရင် ဒီနှစ်သစ်မှာ ကျနော်တို့ ပြန်တွေ့ ကြရမယ်၊ အဲဒီလို ပြောထားတာရှိတယ်”ဟု ၎င်းက ဆိုသည်။

KIO အဖွဲ့အနေဖြင့် တစုံတရာ ပြင်ဆင်ထားခြင်း မရှိ သကဲ့သို့ မည်သည့် အချိန်ကမှလည်း မပြင်ဆင်ထားကြောင်း၊ စစ်အစိုးရက မည်သို့ ပြောမည် ဆိုသည်ကို မသိရဘဲ ချိန်းသည့်အတိုင်း သွားရောက် နားထောင်ရကြောင်း သိရသည်။

စစ်အစိုးရက အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလကုန် နောက်ဆုံးထားပြီး အကြောင်းပြန်ရန် သတိပေး ထားသော်လည်း လက်ရှိ အခြေအနေတွင် အချိန်ကာလ ထပ်မံတိုးချဲ့ သတ်မှတ်ခဲ့သည်။

ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) ၏ လက်ရှိ သဘောထားမှာ နိုင်ငံရေး အခက်အခဲ ပြဿနာများကို ၁၉၄၇ ခုနှစ်က ဗိုလ်ချုပ် အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ် သဘောတူညီချက် အတိုင်း ဖြေရှင်းရန်သာ လိုအပ် သည်ဟု စစ်အစိုးရထံ တင်ပြထားကြောင်း သိရသည်။

“ပင်လုံစာချုပ် အတိုင်း ကျနော်တို့ရဲ့ အခွင့်အရေးကို ပြင်ပေးပါ၊ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ မပြောနဲ့ အားလုံး ပြည်လုံးကျွတ် ကျနော်တို့ လက်နက် မကိုင်တော့ပါဘူး၊ ပြည်သူလူထုရဲ့ ရပိုင်ခွင့်တွေကို ပင်လုံစာချုပ်မှာ ပါတဲ့ အတိုင်းပေးပါ၊ ဒီနယ်ခြား စောင့်တပ်ကိစ္စ လုံးဝ လက်နက် မကိုင်တော့ဘူး ဆိုပြီးတော့မှ တင်ပြထားတာရှိတယ်၊ နောက်ဆုံးမှာပေါ့ဗျာ၊ ဒါကို သူတို့ လက်မ ခံနိုင်ဘူး”ဟု ဂျိမ်းစ်လွမ်းဒေါင်က ရှင်းပြသည်။

ပြီးခဲ့သည့် နှစ်အတွင်း KIO နှင့် စစ်အစိုးရတာဝန်ရှိသူများ ၁၀ ကြိမ်ခန့် တွေ့ဆုံခဲ့ကြပြီး တွေ့ဆုံမှု အားလုံးသည် မြစ်ကြီးနား မြို့တွင်ပင် ဖြစ်ကြောင်း၊ ယခုလ ၂၉ ရက်နေ့တွင် တွေ့ဆုံမည် ဆိုပါက ယင်းမြို့တွင် ဖြစ်နိုင်ကြောင်း ဂျိမ်းစ်လွမ်းဒေါင်က ဆိုသည်။

စစ်အစိုးရက အပစ်ရပ်တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင်ခဲ့ သော်လည်း ယခုအချိန်အထိ NDA-K ၊ ကယားပြည်နယ် အထူးဒေသ ၂ (ကလလတ)၊ ကိုးကန့် အထူးဒေသ ၁ တို့သာ နယ်ခြား စောင့်တပ်အဖြစ် ပြောင်းလဲခဲ့ပြီးဖြစ်သည်။

ထို့အပြင် အင်အား အကြီးဆုံးဖြစ်သည့် UWSA တပ်ဖွဲ့ အနေဖြင့် စစ်အစိုးရအား နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို မူအားဖြင့် သဘော တူညီသော်လည်း တပ်ဖွဲ့စည်းလျှင် စစ်အစိုးရဘက်မှ ဒုတိယ တပ်ရင်းမှူး ရာထူး တခုသာ ပါဝင်ခွင့် ပြုမည် ဖြစ်ကြောင်း၊ ရှမ်းပြည် တောင်ပိုင်းရှိ ၀မ်ဟုန်ဒေသအား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတခုအဖြစ် သတ်မှတ်ပေးရန် ပြန်လည် တောင်းဆိုရာတွင် စစ်အစိုးရက ပယ်ချခဲ့သည်။

သို့သော် ယခု အခြေအနေတွင်မူ နှစ်ဘက် စလုံးတွင် စစ်ရေးလှုပ်ရှားမှုများ၊ နှစ်ဘက်တင်းမာမှုများ မရှိကြောင်း၊ တရုတ်နိုင်ငံက နယ်စပ် တည်ငြိမ်ရေးကို အလေးထားသည့် အတွက် ညှိနှိုင်း ဆောင်ရွက်ပေးလိမ့်မည် ဖြစ်ကြောင်း၊ စစ်အစိုးရ၏ လက်ရှိအခြေ အနေမှာ မကြာမီက ဖြစ်ပွားခဲ့သည့် ကိုးကန့် တိုက်ပွဲတွင်ပင် လူအမြောက်အမြား ကျဆုံး ခဲ့ရသည့်အတွက် အင်အား ကြီးမားသော ၀ တပ်ဖွဲ့အား စစ်ဆင်မည် ဆိုလျှင်လည်း လွယ်ကူမည် မထင်ကြောင်း စစ်ရေး လေ့လာသူများက သုံးသပ်ကြသည်။

လွန်ခဲ့သည့်နှစ်အတွင်း တရုတ် ဒုတိယ သမ္မတ ရှီကျင့်ဖျင် နှင့် ချန်ဒူးစစ်ဒေသမှ ဒုတိယ ဗိုလ်ချုပ်ကြီး အိုက်ဟူယောင်တို့ မြန်မာ နိုင်ငံသို့ သွားရောက်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအ၀င် စစ်ခေါင်းဆောင် တချို့နှင့် တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် နယ်စပ် တည်ငြိမ်ရေးကို စစ်အစိုးရက ကတိပြုခဲ့သည်။

၁၉၈၉ ခုနှစ်မှစတင်၍ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ ရှိသည်။

Ref: ဧရာဝတီ်

Read More...

မိုင်းလားတပ်ဖွဲ့ အထွေအထွေ အတွင်းရေးမှူး လုပ်ကြံသတ်ဖြတ်ခံရ

ဗုဒ္ဓဟူးနေ့၊ 27 ဇန်န၀ါရီ 2010

မိုင်းလားတပ်ဖွဲ့ အထွေထွေ အတွင်းရေးမှူး ဦးမင်းအိမ်သည် ယနေ့ မနက်ပိုင်း ၈း၃၀ ခန့်တွင် လုပ်ကြံ သတ်ဖြတ်ခံရသည် ဟု ထိုင်းနှင့် တရုတ်နယ်စပ် သတင်းရပ်ကွက်များ ကပြောပါသည်။

“အခုက ကားတွေ ခရီးတင်ကားတွေ မိုင်းလား နယ်မြေတွေကနေ အပြင်ထွက်ခွင့် မရတော့ဘူး၊ ကျိုင်းတုံကနေ ၀င်လာရင်တော့ ရတယ်။ လူထုလဲ အိမ်ပြင် မထွက်ဖို့ မိုင်းလား အာဏာပိုင်တွေက အမိန့် ထုတ်ထားတယ်”- ဟု အမည်မဖေါ်လိုသူ တဦး က ပြောပါသည်။


NDAA-ESS မိုင်းလားတပ်ဖွဲ့ ဒုဥက္ကဌ ခွန်ဆန်လူ၊ အတွင်းရေးမှူး ဦးမင်းအိမ်(အလယ်)၊ အတွင်းရေးမှူး ၂ ဦးနွေဦး


အခြားသတင်းရပ်များက ယနေ့ မနက် ၆း၃၀ နာရီ တွင် ဦးမင်းအိမ်က အဖေါ်တယောက် နှင့် အိမ်ရှေ့တွင် လမ်းလျှောက်နေစဉ် သေနတ် သမားက ၀င်ရောက် ပစ်ခတ်သွားသည်ဟု ဆိုပါသည်။

ဦးမင်းအိမ် သတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်၍ မည်သူ့လက်ချက် ဖြစ်သည် ဆိုသည်ကို မိုင်းလား အာဏာပိုင်တို့က စုံစမ်းဖေါ်ထုတ် ဆဲဖြစ်သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

‘၀’ တခုတည်း ကိုယ်လွတ်ရုန်းမရဟု ပလောင်ခေါင်းဆောင်ပြော

ဗုဒ္ဓဟူးနေ့၊ 27 ဇန်န၀ါရီ 2010

ဝ ပြည်သွေးစည်းရေးတပ်မတော် UWSA သည် သျှမ်းပြည်အတွင်း လက်နက်ကိုင်တပ်ဖွဲ့ အားလုံးအနက် အင်အား အတောင့်တင်းဆုံး ဖြစ်သည်ဟု ဆိုသော်လည်း မိမိလူမျိုး/ တပ်ဖွဲ့/ နယ်မြေ တခုထဲ အတွက် ကိုယ်လွတ်ရုန်း ထွက်လို့မရ ဟု ပလောင်ခေါင်းဆောင် မိုင်အိုက်ဖုန်းက ပြောပါသည်။

“သျှမ်းပြည်အရေးက တိုင်းရင်းသား အားလုံးနဲ့ဆိုင်တယ်။ အချင်းချင်း အပြစ်ရှာရမယ့် အချိန်မဟုတ်ဘူး၊ ၀ က အင်အားကြီးတယ် ပြောပေမယ့် သူ့အမျိုးသား တခုထဲ လွတ်မြောက်ဖို့ ရုန်းထွက်လို့ ရမှာ မဟုတ်ဘူး”

စစ်မှန်သည့်လွတ်လပ်ခြင်း တန်းတူအခွင့်အရေးရရှိခြင်း အတွက် ယခုအချိန်သည် စုပေါင်း အဖြေရှာ ၊ လက်တွဲဝိုင်းဝန်း ဖြေရှင်းကာ တဦးတယောက် အားနှင့် တွန်း၍ မရသော် အများအားနှင့် တွန်းလျှင် လိုရာပန်းတိုင်သို့ အမှန်ရောက်ရှိမည် ဖြစ်ကြောင်း PSLF ဥက္ကဌ မိုင်အိုက်ဖုန်းက သျှမ်းသံတော်ဆင့်သို့ ပြော၏။

“သျှမ်းပြည်သားအချင်းချင်း တိုက်ခိုက်သတ်ဖြတ်နေမယ် ဆိုရင် စစ်အာဏာရှင် အတွက်ဘဲ အထောက်အကူ ဖြစ်မယ်။ ၂၀၀၁-၂၀၀၂ နဲ့ ၂၀၀၅ တုန်းက နအဖ သွေးထိုး လှုံ့ဆော်မှုကြောင့် သျှမ်းပြည် တပ်မတော် လွယ်တိုင်း လျဲန်း ဌာနချုပ်ကို ၀ တပ်ဖွဲ့က တက်တိုက်ခဲ့တယ်။ PSLF အနေနဲ့ သျှမ်းပြည်သား အချင်းချင်း မတိုက်ခိုက်ကြဖို့ တတ်အားသမျှ ကြားဝင် ပေးသေးတယ်။ မရဘူး။ အခုလဲ နယ်ခြားစောင့်တပ် အသွင် မပြောင်းမချင်း ၀ ကို နအဖ က သပ်လျှိုဖြိုခွဲ နေမှာဘဲ” - ဟု ဆက်ပြောပါသည်။

သျှမ်းပြည်သားများ စည်းလုံးညီညွတ်ရေးအတွက် ပလောင်ခေါင်းဆောင် ဝေဖန်အကြံပေးနေချိန် နအဖ အရာရှိ တို့လည်း ‘အခုအချိန်ဟာ ခေါင်းမာလွန်းတဲ့ ၀ တပ်ဖွဲ့ကို ဆုံးမဖို့ အချိန်တန်ပြီ’ ဟူသည့် ကြိမ်းဝါး ၀ါဒဖြန့် ပြောဆို နေသည်ကိုလည်း ကြားနေရ၏။

သျှမ်း၊ ကချင်တို့ ကဲ့သို့ ပလောင်အမျိုးသား ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် အတွက် ၁၉၆၃ ကစ၍ ပလောင် အမျိုးသား တပ်ဖွဲ့ (PNF) ကို ဖွဲ့စည်း၍ စစ်အာရှင် အုပ်စုကို ဆန့်ကျင် တော်လှန်ခဲ့သည်။ ၁၉၇၆ တွင် ပလောင်ပြည်နယ် လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်မတော် အဖြစ် အမည် ပြောင်းခဲ့သည်။ ၁၉၈၆ တွင် ပလောင်ပြည်နယ် လွတ်မြောက်ရေး ပါတီ (PSLF) ဟုအမည် ပြောင်းလဲ ခဲ့သည်။ ၁၉၉၁ တွင် အထူးဒေသ ၇ ဟူ၍ စစ်အစိုးရနှင့် အပစ်ရပ်ခဲ့ပြီး ၂၀၀၅ တွင် လက်နက် ချလိုက်ရသည်။ PSLA/PSLO အပစ်ရပ်စဉ် မပါဝင်ဘဲ မိုင်အိုက်ဖုန်းတို့ အဖွဲ့ ခွဲထွက်၍ PSLF ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်ဦး ဖွဲ့စည်းထူထောင်ခဲ့သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

Wednesday, January 27, 2010

မြန်မာ့ တပ်မတော်တွင်းက အရာရှိများရဲ့ အခန်းကဏ္ဍ အပိုင်း - ၎

ဗိုလ်ထက်မင်း
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၂၇ ရက် ၂၀၁၀

တပ်မတော်မှာ စီမံခန့်ခွဲမှုအာဏာ၊ လုပ်ပိုင်ခွင့်အာဏာ၊ တရားစီရင်မှုအာဏာ စတဲ့ ဆုံးဖြတ်နိုင်မှု အရှိဆုံး အဆင့်တွေ အထဲမှာ အတော်အတန် အဆင့်ရှိလာပြီ ဖြစ်တဲ့ ဒုတပ်ရင်းမှူး၊ တပ်ရင်းမှူးတွေရဲ့ ဆက်ဆံရေးနဲ့ ဓလေ့ စရိုက်တွေကို ဆက်လက် တင်ပြသွားပါ့မယ်။

ဒုတပ်ရင်းမှူးနဲ့ တပ်ရင်းမှူးတွေဟာ စစ်ကြောင်းမှူးအဖြစ် ကိုင်တွယ်ရပြီး အထက်ဌာနတွေ ဖြစ်ကြတဲ့ ဗျူဟာရုံး၊ တပ်မတွေနဲ့ တိုင်းစစ်ဌာနချုပ်တွေဆီ တိုက်ရိုက် ဆက်သွယ် တင်ပြရပါတယ်။ အထက်ဌာနရဲ့ ညွှန်ကြားချက် တွေကိုလည်း ထိရောက်စွာ အကောင်အထည် ဖော်ရသူတွေလည်း ဖြစ်ပါတယ်။ အနီးကပ် အကြီးအကဲက ဗျူဟာမှူးဖြစ်လို့ သူရဲ့ စစ်ဦးစီးမှူး ဒုတိယတန်း၊ တတိယတန်းတွေနဲ့ ဆက်ဆံ ဆောင်ရွက်ကြရပါတယ်။

စစ်ကြောင်းမှူး ဖြစ်လာတာနဲ့အညီ စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်၊ အချိန်ကာလ၊ အုပ်ချုပ်မှုအတွက် ရိက္ခာ ထုတ်ယူမှု၊ လမ်းကြောင်း၊ နယ်မြေဒေသခံ လူမျိုးတွေနဲ့ ရွာတွေရဲ့ ဓလေ့စရိုက် စတာတွေကို လေ့လာ ဆောင်ရွက်ရပါတယ်။ ဒါ့အပြင် မိမိစစ်ဆင်ရေး ဧရိယာမှာရှိတဲ့ ရန်သူ့ ခေါင်းဆောင်နဲ့ ရန်သူရဲ့ လှုပ်ရှားမှု တွေကိုလည်း လေ့လာ စုံစမ်းရပါတယ်။ နယ်မြေခံ လူထုရဲ့ တပ်အပေါ် ထားရှိတဲ့ သဘောထားကို သက်ဆိုင်ရာ ရွာလူကြီး၊ ရွာခံဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ ပြည်သူ့စစ်၊ ငြိမ်းချမ်းရေး ရယူထားတဲ့ အပစ်ရပ် တိုင်းရင်းသား အဖွဲ့တွေဆီကနေ ဆက်ဆံပေါင်းသင်း တီးခေါက် ကြည့်ရပါတယ်။

အထက်ဌာနက ပေါ်တာခေါ်ဖို့ ဝိနည်းလွတ် ခေါင်းရှောင်ကြပေမယ့် လက်အောက်ခံ လှုပ်ရှား နယ်မြေတွေမှာ တောင်တန်း မတ်စောက်ပြီး တနေ့မှာ မြေပုံတတောင် (မိုင် ၂ဝ ခန့်) သွားရမယ် ဆိုတဲ့ မူဝါဒနဲ့အညီ တကယ်သွားရရင် ဘယ်လိုနည်းနဲ့မှ မရောက်နိုင်တာမို့ ရိက္ခာ သယ်ပို့ နိုင်ရေးအတွက် ဒေသခံ ရွာလူကြီးတွေကို ပေါ်တာရရေး ဖိအားပေး ဆက်ဆံရပါတယ်။

တခါတရံ ငြိမ်းချမ်းရေး ရယူထားတဲ့ အပစ်ရပ်အဖွဲ့တွေဆီ ချဉ်းကပ်ပြီး သူတို့ရဲ့ ကူညီပံ့ပိုးမှုကို ရယူခဲ့ရပါတယ်။ ဝန်စည်စလွယ် ရိက္ခာတွေကို သူတို့က ပို့ဆောင်ပေးရေး၊ လူနာတွေနဲ့ ကလေးစစ်သားတွေ မလိုက်နိုင်ပါက သူတို့ရဲ့ စခန်းတွေမှာ ထားရှိရေးတို့ကို ညှိနှိုင်း ဆောင်ရွက်ရပါတယ်။ ရွာလူကြီးက သဘောကောင်းပါက စေတနာ လုပ်အားပေးဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ပေါ်တာစုရုံးကာ ရှေ့တန်းစခန်းမှာ ရိက္ခာ စုပုံနိုင်ရေးအတွက် နှစ်ပတ် တခါ၊ တလ တခါ ကူညီပေးရတာမျိုးလည်း ရှိပါတယ်။

ဒါ့ကြောင့် စစ်ကြောင်းမှူးတွေဟာ ရွာလူကြီးကို ဖိအားပေးချဉ်းကပ်ရသလို သယ်ဆောင်ပေးတဲ့ ရွာသားတွေကို ကျွေးမွေးရတဲ့ ဒုက္ခလည်း ရှိပါတယ်။ ယခင်က စစ်ကြောင်းမှူးဆိုရင် တောင်ဝှေးကိုင်ပြီး စမတ်ကျကျ လိုက်နိုင်သလောက် အခုခတ်မှာ ၄ လနဲ့ ကျောင်းဆင်းလာတဲ့ စစ်သည်တွေကို စိတ်မချရတော့လို့ စစ်ကြောင်းမှူး ကိုယ်တိုင် ရန်သူရှင်းလင်းဖို့ ရှေ့ပြေး (Point) တပ်စိတ်မှာ ရှေ့ဆုံးကနေ တက်နေရပါတယ်။ ဒါ့အပြင် လက်အောက်ခံ တပ်ခွဲတွေကိုလည်း နယ်မြေ စစ်ဆင်ရေး ဧရိယာအလိုက် ဆက်စပ် လှုပ်ရှားနိုင်ရေး ညှိနှိုင်း ဆောင်ရွက်ရပါတယ်။ နယ်နိမိတ်ချင်း ထိစပ်နေသော အခြားတပ်ရင်းတွေရဲ့ နယ်မြေ စစ်ဆင်ရေး ဧရိယာတွေမှာ ရန်သူ့သတင်း ဖလှယ်မှုနဲ့ ဟန်ချက်ညီ လှုပ်ရှားမှုတို့ကို ဆောင်ရွက်ရပါတယ်။

ဗျူဟာမှူးနဲ့ အထက်လူကြီးတွေ တပ်ရင်းတွေကို တပ်စစ်လာရင် “ဖား” ဖို့ ဆက်ဆံရေး အပိုင်းဟာ အရမ်း အရေးကြီးပါတယ်။ ယာဉ်တန်းကို ကြိုဆိုတာက အစ ကားပေါ်က အဆင်း၊ ဧည့်ခံ ကျွေးမွေးရေးနဲ့ Golf ပွဲ အပါအဝင် အိမ်သာတက်တာ အဆုံး အစစအရာရာ လိုလေသေး မရှိအောင် ဝတ်ကြီးဝတ်ငယ် အရှင်သခင် သဖွယ် “သတိ” ကို မတ်နေအောင် ဆွဲကာ ပြုစုရတဲ့ ဒုက္ခဟာ ကြီးမားလှပါတယ်။ အရာရှိကြီးကတော် ဈေးဝယ် လိုက်တာကအစ အလိုမကျလို့ ငြူစူ ငေါက်ငမ်း သွားတာမျိုးလည်း ကြုံတွေ့ရပါတယ်။

တဖန် တပ်ရင်းမှူးတွေဟာ စိုက်ပျိုးမွေးမြူရေးကဏ္ဍတွေကို နားလည်တာ၊ မလည်တာ အပထားလို့ အထက် ဌာနရဲ့ ညွှန်ကြားချက် အတိုင်း အကောင်အထည် ဖော်ရာမှာ မြို့နယ် စိုက်ပျိုးမွေးမြူရေးဌာန ဝန်ထမ်းတွေနဲ့ တိုင်ပင်ညှိနှိုင်း ဆက်ဆံရတဲ့ ဒုက္ခနဲ့လည်း ကြုံတွေ့ရပါတယ်။ ရှေ့တန်းမှာ တာဝန် ကျေပွန်ပြီး နောက်တန်းမှာ နားချင်နေတဲ့ ရဲဘော်တွေရဲ့ ဆန္ဒကို ချိုးဖျက်ကာ အမိန့်အာဏာသုံးပြီး လယ်ကွက်ထဲဆီ အတင်း ဆင်းခိုင်း နေရပါတယ်။ တချို့တပ်ရင်းမှူးတွေ ကတော့ မိမိရဲဘော် အနားရရေး အတွက် နီးစပ်ရာ လယ်သမားတွေကို ငှားရမ်းကာ သီးစားခ အချိုးအစားအတိုင်း ပေးနိုင်ရေးအတွက် ညှိနှိုင်း ဆောင်ရွက်ကြပါတယ်။

ဒါ့အပြင် တပ်နယ်မှူးရုံးက ခေါ်ယူတဲ့အစည်းအဝေး၊ မြို့နယ် မယက၊ ကြံ့ဖွတ်၊ မိခင်နဲ့ ကလေး၊ ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေက ခေါ်ယူတဲ့ အစည်းအဝေးတွေကို တက်ရောက်ရပြီး သူတို့တောင်းခံတဲ့ အလှူငွေ ထည့်ဝင်ရခြင်းနဲ့ စစ်သည်တွေကို အခမဲ့ လုပ်အားပေးခိုင်းခြင်း စတာတွေကို တပ်ရင်းမှူးဟာ မျက်နှာချိုသွေး ပြုံးပြကာ ဆက်ဆံ လုပ်ကိုင် နေကြရပါတယ်။ အလှူငွေခွဲတမ်းတွေ ကျခံရတာမို့ အပိုငွေ ရရှိရေးအတွက် တပ်မှူးတွေက တရားဝင်တာရော၊ မဝင်တာရော ထောင်နှုတ်ခမ်းပေါ် လမ်းလျှောက်ကာ ငွေရေးကြေးရေး ရှာဖွေနေကြရပါတယ်။

တပ်သားသစ် စုဆောင်းရေးကို စစ်ရုံးနဲ့ တိုင်း၊ တပ်မတွေက ဖိအားပေးမှု ကြီးမားလာတာကြောင့် စစ်ဆင်ရေး သဖွယ် လုံးပန်းရှာဖွေရတဲ့ ဒုက္ခဟာလည်း ကြီးမားလှပါတယ်။ တပ်နယ်မှူးရုံးက အရေးပေါ် ရန်သူ့နယ်မြေ ရှင်းလင်း ခိုင်းတာရယ်၊ လမ်းကင်း လုံခြုံရေး လုပ်ခိုင်းတာရယ် စတဲ့ အပိုတာဝန်တွေ စေခိုင်းလာတာမို့ အနားယူနေတဲ့ စစ်သည်တွေကို ထုတ်နုတ် ဆောင်ရွက် ပေးရတာတွေ ရှိပါတယ်။

စစ်သည်တွေဟာ အထက်ပါ တာဝန်မျိုးစုံကို နောက်တန်းမှာ ပင်ပန်းဆင်းရဲကြီးစွာ လုပ်ရတာမို့ တပ်မှာ မနေချင် ကြတော့ဘဲ မြို့ပေါ်က တပ်တွေမှာပဲ ထွက်ပြေးတဲ့၊ ခွင့်မဲ့ပျက်ကွက် စစ်သည် များစွာရှိတာ ကြုံတွေ့ရပါတယ်။ ဒါကြောင့် ပြန်တမ်းတွေကို လိမ်ညာ ပေးပို့နေရပြီး ထွက်ပြေးသွားတဲ့ စစ်သည်တွေကို သူတို့ရဲ့ ဇာတိချက်ကြွေ မြို့ရွာတွေဆီ လိုက်လံရှာဖွေကာ ချော့မော့ ခေါ်ယူရတဲ့ ဒုက္ခတွေလည်း ရှိပါတယ်။ ရဲဘော်သစ် တယောက် ၁ သိန်းခွဲ ဈေးပေါက်ပါတယ်။ ဒါပေမဲ့ စုတိုင်းမရပါ။ ခွဲတမ်းမပြည့်ပါက တပ်ရင်းမှူးဟာ ဒဏ်ကြေးက တိုင်းစစ် ဌာနချုပ်ကို ရဲဘော်သစ်တယောက် အတွက် ၁ သိန်း ပေးရပါတယ်။ ခွင်မဲ့ပျက်ကွက် စစ်သည်တွေလာလို့ အရေးယူ ခံလိုက်ရတဲ့ တပ်ရင်းမှူး တဦးဟာ စစ်ဦးစီး တက္ကသိုလ် တက်နေရာမှ ပြန်လာရတဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။

ဒါ့အပြင် နောက်တန်းသို့ ပြန်နားပါက လေ့ကျင့်ရေး စံနှုန်းတွေနဲ့အညီ ပြန်လည်စုဖွဲ့မှု လေ့ကျင့်ခန်းတွေ ကိုလည်း တလသာ နားရတဲ့ အချိန်အတွင်း မြေပြင်မှာ ဖြစ်သလို ဆောင်ရွက်ရတာမို့ စာရွက်ပေါ်တွင် လိမ်ညာ တင်ပြရတဲ့ ဒုက္ခလည်း ရှိပါတယ်။

ယခင်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးတွေဟာ မိမိတို့တပ်အပေါ် သက်သာချောင်ချိရေးနဲ့ မိမိကိုယ်ကျိုး အတွက် မျှတအောင် ချိန်ဆပြီး လုပ်ပေးနိုင်ပေမယ့် ယခုခေတ် တပ်တွင်း သက်သာ ရန်ပုံငွေတွေ ဖျက်သိမ်း ခံလိုက်ရပြီး နောက်ပိုင်းမှာ တပ်ရဲ့ ကောင်းရာ ကောင်းကြောင်းတွေကို မလုပ်ပေးနိုင်တော့ဘဲ တဆင့်မြင့် ရာထူးတိုးဖို့ သင်တန်းတွေကို အမြန် တက်ရောက်နိုင်ရေးနဲ့ နယ်ဘက်၊ အရပ်ဘက် ပြောင်းရွှေ့ရေးကိုသာ ကြိုးစား နေကြပါတော့တယ်။

Ref: မဇ္ဈိမ

Read More...

တူကြီးလျှင်ပေ … လူကြီးလျှင်တေ

January 27, 2010


ကျနော်အနေ ဖြင့် ဤကဲ့သို့ ပုဂ္ဂိုလ်ရေး အိတ်ဖွင့် ပေးစာမျိုး ကိုရေးလေ့ ရေးထ မရှိပါ။ သို့ ပေသည့် လည်း ………..

10 January 2009 နေ့ က VOA မြန်မာပိုင်း ရဲ့ တိုက်ရိုက်လေလှိုင်းအစီ အစဉ်မှာ “သမိုင်းမှာ တချက် မှားခဲ့လို့ နှောင်လာ နောက်သားတွေ တသက် လိုက်လို့ မမှီခဲ့တဲ့ အကြောင်း” ဆိုတာကို ဆွေးနွေးတင်ပြ သွားတာကို ကြားလိုက်ရပါတယ်။ (စီစဉ်သူ ဦးကျော်ဇံသာကတော့ ဒီအသုံးအနှုန်းဟာ သူရဲ့အာဘော်မဟုတ်၊ ယနေခေတ် သမိုင်းပညာရှင်များ အသုံးပြု နေသော အသုံးအနှုန်းသာ ဖြစ်ကြောင်းကိုလည်း တင်ကြို စကားပလ္လင် ခံသွားပါတယ်)

ယနေ့ အချိန်အခါလို တကယ်စစ်မှန်တဲ့ လွတ်လပ်ရေး၊ အမျိုးသားညီညွတ်ရေး၊ တန်းတူညီမျှရေး စတဲ့ အခွင့်အရေး တွေရဲ့ အရသာကို ကျနော်တို့ မြန်မာပြည်သူများ မခံစား၊ မတည်ဆောက် နိုင်သေးတဲ့ အချိန်အခါမှာ အတိက်က ဖြစ်စဉ်၊ ဖြစ်ရပ်တွေရဲ့ အကြောင်းမှန် သမိုင်း ဖြစ်ရပ်များကို မှန်မှန်ကန်ကန် သိမြင်ဖို့၊ မှန်ကန်စွာဖြင့် သုံးသပ် ဖို့ရာဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါမှလည်း သမိုင်း သင်ခန်းစာ ဆိုတာကို ယူနိုင်မှာပါ။ အတိတ်ဆိုတာ အနာဂတ်ရဲ့ ပုံရိပ်လို့ ဆိုသလို ၊ အတိတ်ရဲ့ သင်ခန်းစာကို ပစ္စုပ္ပန်မှာ အာရုံပြုပြီး အနာဂတ်ကို တည်ဆောက်ရ မှာလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းရေးရာများကို ပြောဆို ဆွေးနွေးကြတဲ့ အခါမှာ ငါ့စကား နွားရဖြင့် တဖက်သတ် ပြောဆိုခြင်းထက် Big Picture ဆိုတဲ့ သမိုင်းဖြစ်စဉ် တခုလုံးကို ခြုံငုံမြင်နိုင်မယ့် နောက်ခံအချက် အလက် များကို ရှာဖွေ၍ ဖြန့် ကြည့်ခြင်း ကသာ ပိုမိုပြည့်စုံနိုင်တဲ့ အဖြေကို မြင်ရမှာ ဖြစ်ပါတယ်။

ငါတရားလို ငါတရားသူကြီး လုပ်ရင်ဖြင့် သမိုင်းမှန်ကို ထိမ်ချန် ဖျောက်ဖျက်ဖို့ ကြိုးစားခဲ့၊ ကြိုးစားနေသော မြန်မာပြည်က အစဉ်အဆက် အုပ်စိုးသူ လူတန်းစားများထဲမှ အဆိုးဆုံးဖြစ်သော စစ်အာဏာရှင် နအဖနှင့် တကိုင်းထဲ မှာ (သို့) ကိုင်းဖျားကိုင်းနားမှာ…ဟု ဆိုရမလိုပင် ထင်မြင်မိပါတယ်။ ထို့အပြင် သမိုင်းကို လေ့လာ သုံးသပ်ရာတွင်လည်း မင်းဖက်က ကြည့်တော့ လက်ဖမိုး၊ ငါ့ဖက်က ကြည်တော့ လက်ဖ၀ါးဆိုပြီး ဖြစ်မယ့်အစား ပြည်သူ့ဘက်က ဘယ်လို ကြည့်မြင် သုံးသပ်မလဲ ဆိုတာက ပို အရေးကြီးပါတယ်။

အဲဒီ 10 January 2009 နေ့  VOA ရဲ့ ... တိုက်ရိုက်လေလှိုင်း program ကလည်း အစထဲက ယဉ်သကိုး ဆိုသလို စ,စ, ဖွင့်ခြင်းမှာပဲ နော်ဝေး က ဦးဖိုးသာအောင် ဆိုတဲ့သူရဲ့ ကြိုတင် အသံသွင်းပြီး ပေးပို့ထားတဲ့ သူရဲ့ (အသံ file) ပြောဆိုချက်နဲ့ ဖွင့်လှစ်ခဲ့ပါတယိ။ သူကိုယ်တိုင်ပဲ တရားလို၊ သူကိုယ်တိုင်ပဲ တရားသူကြီး လုပ်သွား သလိုပါပဲ။ (တကယ်တော့လည်း လူတိုင်းဟာ ကိုယ့်သမိုင်း ကိုရေး နေကြတာပါပဲ) သမိုင်းဖြစ်ရပ်တွေ ဆိုတာ ရှောင်တခင် ဖြစ်တက်တဲ့ အကြောင်းတွေ မဟုတ်ဘူး ဆိုတာကို သမိုင်းကို လေ့လာ နားလည်သူတိုင်း သိမှာပါ။ အဖြစ် အပျက်တိုင်းမှာ နောက်ခံ အကြောင်းအရင်းတွေ ရှိပါတယ်။ ဒါကြောင့် သမိုင်း အဖြစ်အပျက်တွေနဲ့ အဲဒီ အဖြစ်အပျက် တွေရဲ့ နောက်ခံ အကြောင်းအရင်းတွေကို ဆက်စပ် နားလည်တတ်မယ် ဆိုရင်ဖြင့် သမိုင်းမှန်ဆိုတာကို တွေ့ရှိဖို့ရာ ပိုမိုနီးစပ် လာနိုင်မှာပါ။ အာဃာတတွေ၊ ခံစားချက်တွေနဲ့ အချက်အလက်ဆိုတဲ့ facts နဲ့ ထွေးရော တင်ယှက် မဖြစ်မိဖို့ကတော့ အရေးကြီးပါတယ်။

တကယ်တော့ ကျနော်တို့ မြန်မာပြည်မှာ ပြည်တွင်းစစ်မီးကြီးဟာ အမျိုးသား ညီညွတ်ရေး ပြိုကွဲခဲ့လို့ ဖြစ်ပွားခဲ့ ရတာ ဖြစ်တယ်လို့ အနှစ် သာရအရ ပြောနိုင်ပေမဲ့လည်း ... ဒီပြိုကွဲမှုတွေဟာ ဘယ်ကစလို့ ဘယ်လို အကြောင်း အချက်တွေ ပေါ်မှာ အခြေခံခဲ့တယ်၊ ဘယ်သူတွေက သွေးထိုးခဲ့တယ်၊ ဘယ်သူတွေမှာ တာဝန်ရှိခဲ့တယ်၊ ဘယ်ကိစ္စ တွေက ဒီအခြေအနေတွေထိ ရောက်အောင်ကို တွန်းပို့ ခဲ့တယ် ….. စတဲ့ စတဲ့ အဖြစ်အပျက်တွေ၊ အချက် အလက်တွေ အားလုံး ထည့်သွင်း ဆက်စပ်ကြည့်မှသာ သမိုင်းပုံရိပ်စစ်ကို မြင်နိုင်ဖို့ နီးစပ် ပါလိမ်မယ်။ တကယ်တော့လည်း ပြည်တွင်းစစ် ဘာကြောင့် စဖြစ်ရလည်း ဆိုတဲ့ကိစ္စကို သမိုင်းရေးရာ အရ ပြောမယ်ဆိုရရင် ယခုအချိန်ထိ မပြီးသေး၊ မပြည့်စုံသေးတဲ့ ပန်းချီကား တချပ်လိုပါပဲ။ ဘာကြောင့် ဒီလို ပြောရလည်း ဆိုတော့ အဲဒီဖြစ်စဉ်ထဲမှာ ပါဝင် ကပြခဲ့ကြတဲ့ သူတွေ၊ (အဲဒီထဲက တချို့ကတော့ သက်ရှိထင်ရှား ရှိနေပါသေးတယ်) ၊ အဖွဲ့အစည်းတွေ အနေနဲ့ သူတို့ဘက်က ဖြစ်စဉ်တွေ၊ ခံစားချက်တွေကို ယခုချိန်ထိ ပွင့်ပွင့်လင်းလင်း ပြောဆိုခွင့် လူထုကို တင်ပြခွင့် မရနိုင် သေးသလို၊ ဒီပြည်တွင်းစစ် ဆိုတဲ့ ပန်းချီကားပေါ်မှာ ဒီနေ့အထိ မှုန်းချယ်ထားတဲ့ စုတ်ချက်တွေဟာလည်း ဖဆပလ ဆိုရှယ်လစ်တွေနဲ့ ခေတ် အဆက်ဆက်က စစ်အုပ်စုတွေရဲ့ တဖက်သတ် လက်ဝါးကြီး အုပ်ပြီး တင်ထားတဲ့ စုတ်ချက် တွေချည်းပါပဲ။ ကျန်တဲ့ ပါဝင်ပတ် သက်ခဲ့တဲ့ သူတွေကတော့ အရောင်မှိန်မှိန် ဟိုတစက်၊ ဒီတစက် လောက်ပဲ ၀ိုးတိုးဝါးတား တင်ခွင့် ရကြသေးတာပါ။ ဒီ ကြားထဲမှာလည်း မြန်မာပြည်ကို ၂ ရက် တပိုင်းလောက်, လာ၊ ပြီးတော့ ဟိုလူ ဒီလူနဲ့ ၁၀ မိနစ်စာ ၁၅ မိနစ်စာလောက် interview လုပ်ပြီး တက်သိ တက်ပ လုပ်တတ်တဲ့ Coat အင်္ကျီဝတ် ပညာရှင်ဆိုတဲ့ လူများကလည်း ဒီမပြီးသေးတဲ့ ပန်းချီကားကို အတင်းပြီးပါပြီ ဆိုပြီး ထုပ်ပိုးလို့  ဈေးကွက်ကို တင်ရောင်း နေတာကလဲ ရှိပါသေးတယ်။

အဲဒီနေ့က ပါဝင်ဆွေးနွေးခဲ့တဲ့ သမိုင်းပညာရှင် ဦးအောင်ခင်ကလည်း ယခုအချိန်ဟာ စစ်အစိုးရက မြန်မာ့ သမိုင်းမှာ အဆိုးရွားဆုံးနဲ့ အကြီးမားဆုံး သမိုင်းထိမ်ချန်၊ လိမ်ညာပွဲကြီး လုပ်နေချိန်လို့လည်း သတ်မှတ်သွားပါတယ်။ ထို့အတွက်ကြောင့် လွတ်လွတ်လပ်လပ် ပြောဆိုနိုင်ခွင့် ရှိနေတဲ့ အနေအထားမှာ ရောက်နေ၊ ရှိနေသူတွေ အနေဖြင့် တိုင်းပြည်ရဲ့အကျိုး နောင်လာနောင်သား မျိုးဆက်သစ် တွေရဲ့ အကျိုးကို မျှော်ကိုးရင်း အဲဒီလိုရတဲ့ အခွင့်အရေးတွေကို တန်ဖိုးသိသိ၊ တာဝန်ရှိရှိနဲ့ အသုံးချ သင့်ပါတယ်။ (ဒီနေရာမှာ ကျနော့်အမြင်ကို တချက် ထည့်ပြောရလျှင် internet web site တွေမှာ ပြောဆိုနေ၊ ရေးသားတာတွေထက် မြန်မာပြည်ထဲမှာ တပြည်လုံး အတိုင်းအတာနဲ့ ပျံ့နှံ့ သက်ရောက်တဲ့ ယခုလို လေလှိုင်း မီဒီယာတွေမှာ ပြောဆို နေတာတွေဟာ ပိုပြီး တာဝန်ကြီးတယ်လို့ ထင်ပါတယ်။ ကိုယ့်စကားကိုလည်း ကိုယ်တာဝန်ယူ၍ ပြောဆို ရပါလိမ့်မယ်) အတ္တအစွဲတွေ၊ အညိုးအတေးတွေကို ဖျောက်ပြီး ခံစားချက်နဲ့ facts ကို ခွဲခြားရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဦးဖိုးသာအောင်တို့လို၊ ကျနော်တို့လို တတိယ အရွယ်ကို ဖြတ်သန်းနေ သူတွေ အနေဖြင့် တာဝန် ပိုရှိတယ်လို့ ခံစားမိပါတယ်။ တူကြီးလျှင်ပေ … လူကြီး လျှင်တေ မျိုးမဖြစ်သင့်ပါ။

ဒီ VOA တိုက်ရိုက်လေလှိုင်းမှာပြောခဲ့တဲ့ ဟာလေးတွေ အကြောင်း ပြန်ဆက်ရရင်ဖြင့်… ဦးဖိုးသာအောင် ပြောသွားတဲ့ လူတစု ဆိုတာကိုကပဲ စပြီး တင်ပြချင်ပါတယ်။

ဦးဖိုးသာအောင် က ပြောသွားပါတယ်၊ မြန်မာပြည်ဖြစ်ပျက်ခဲ့သမျှ သမိုင်းတို့ရဲ့ အရင်းခံ အမှားဟာ လူတစုက နေပြီး ၁၉၃၉ သြဂုတ်လ ၁၅ ရက်နေ့မှာ ဗမာပြည် ကွန်မြူနစ် ပါတီကိုကစပြီး ဖွဲ့ခဲ့လို့ ဖြစ်တယ်လို့ ဆိုလာပါတယ်။ (ဒီရာသီက နှာစေး ချောင်းဆိုးရာသီ ကြောင့်လားတော့ မသိပါ။ ဆွေးနွေးပွဲ ၀ိုင်းထဲက သမိုင်းပညာရှင်တွေ ကလည်း အအေးမိနေခဲ့ကြတယ် ထင်ပါတယ်။) အဲဒါကို ပြည့်စုံအောင် ကျနော့်အနေဖြင့် တပ်ပြီး ဖြည့်စွက်ရရင်ဖြင့် …. အဲဒီ လူတစုဆိုတာ သခင်အောင်ဆန်း၊ သခင်ဗဟိန်း၊ ရဲဘော်ဗတင်၊ (ဂိုရှယ်)၊ သခင်စိုး၊ သခင်လှဖေ (ဗိုလ်လက်ျာ)၊ ဒေါက် တာနတ်၊ သခင်ဗိုလ် (ဒုတိယကမ္ဘာစစ်အတွင်း India မှ မြန်မာပြည်တွင်းသို့ လေထီးခုန်၍ ပြန်ဝင်ရန် အသွား လေယာဉ် ပျက်ကျရာတွင် ပါဝင်ခဲ့သူ) တို့ပဲ ဖြစ်ပါတယ်။ သူတို့ဟာ အဲဒီနေ့ အဲဒီရက်မှာ ဘားလမ်းက တိုက်ခန်း တခုမှာ စုဝေး ခဲ့ကြပြီး ဗမာပြည် ကွန်မြူနစ် ပါတီကို စပြီး ဖွဲ့စည်း တည်ထောင်ခဲ့ကြ ပါတယ်။ အဲဒီ ဗမာ ပြည်ကွန်မြူနစ် ပါတီရဲ့ ပထမ ဦးဆုံးသော အတွင်းရေးမှူးးမှာ သခင်အောင်ဆန်း ဖြစ်ပါတယ်။ (… တခါက တဘ၀ ဆိုသလို ဦးဖိုးသာအောင်ကလည်း ယခုလို လူတစုဟု နာမ်စားသုံးသွားတာကို တွေရတဲ့ အခါမှာ အဘယ်ကြောင့် ဟု …….. သို့လော …….. သို့လော ဖြစ်လိုက်မိတဲ့ အပြင် ကိုယ်စီးခဲ့တဲ့မြင်း အထီးလား အမလား မသိနိုင်ခဲ့သူ တယောက်လားဟု ထင်ရမလို ဖြစ်မိပါတယ်။)

တို့ဗမာအစည်းအရုံးနဲ့ ၁၃၀၀ ပြည့် အရေးတော်ပုံက စတင်ခဲ့တဲ့ မြန်မာပြည် လွတ်လပ်ရေး လှုပ်ရှားမှု သမိုင်းမှာ အဓိကကျတဲ့ အင်အားစုကြီး (သို့) ဦးဆောင် တပ်ဦးကြီး ၃ ခု ပါဝင်ခဲ့ပါတယ်။ ဒါကလည်း သမိုင်းရေးရာ အထောက် အထားများအရ ငြင်းလို့ မရနိုင်တဲ့ ဗမာပြည် ကွန်မြူနစ်ပါတီ၊ ပြည်သူ့ အရေးတော်ပုံ ပါတီနဲ့ တပ်မတော် တို့ပဲ ဖြစ်ပါတယ်။ ဒါတွေကလည်း သမိုင်းက တောင်းဆို လိုအပ်ချက် အရ ပေါ်ပေါက်လာရတာ ဖြစ်ပြီး အဲဒီ အဖွဲ့အစည်းတွေမှာ ပါဝင်ဦး ဆောင်ခဲ့ကြတဲ့ သူတွေဟာလည်း နောင်တချိန် မြန်မာနိုင်ငံရေး သမိုင်းမှာ အင်မတန်မှ အရေးပါ အရာရောက်တဲ့ သူတွေ ဖြစ်လာ ခဲ့ပါတယ်။

ကျနော် အနေနဲ့ကတော့ တဖက်သတ် ကောက်ချက်တွေ ချတာမျိုး၊ နိဂုံးတွေချုပ်တာမျိုး မလုပ်ပါဘူး။ တွေးကြည့်စရာ အစလေးတွေ အချက်အလက် လေးတွေကိုပဲ ပြောချင်ပါတယ်။ ပြီးမှ အာဃာတ ကင်းကင်းနဲ့ စဉ်းစားဆုံး ဖြတ်ကြပေါ့ခင်ဗျား။ အဲဒီခေတ် အချိန်အခါရဲ့ ကမ္ဘာနဲ့ မြန်မာ နိုင်ငံရေး အခြေအနေတွေ၊ ၊သခင်ဗဟိန်းနဲ့ ဒဂုန်တာရာရဲ့ အရှေ့မြောက် ခရီးစဉ်၊ သခင်အောင်ဆန်းနဲ့ သခင်လှမြိုင်ရဲ့ အမွိုင် ခရီးးစဉ်နဲ့ ရဲဘော် ၃ကျိပ် ဖြစ်စဉ်၊ မြန်မာပြည် လွတ်လပ်ရေး လှုပ်ရှားမှု လုပ်ငန်းစဉ်တွေမှာ အင်မတန်မှ အရေးပါခဲ့တဲ့ ဗမာ့ တော်လှန်မူ၊ အင်းစိန်စာတမ်း၊ မြင်းခြံ စစ်တမ်း စတဲ့ စာတမ်း စစ်တမ်းတွေ၊ နောင်တချိန် ဖဆပလ လို့ ဖြစ်လာမယ့် ဖတပလ ဟာ ဗိုလ်ချုပ်ကျော်ဇောရဲ့ ကုတင်ပေါ်မှာ ဘယ်သူတွေနဲ့ ဘယ့်အကြောင်းကြောင့် သန္ဓေ တည်ခဲ့တယ် ဆိုတဲ့ ဖြစ်ရပ်မျိုးတွေ၊ နေသူရိန်လူထု အစည်းအဝေး၊ ၁၉၄၆ အထွေထွေသပိတ်၊ လယ်ဝေး လယ်သမား သူပုန်ကြီးနဲ ပြည်သူလူထု တွေရဲ့ လွတ်လပ်ရေး အတွက် ရုန်းကန် လှုပ်ရှားမှုတွေ ၊ အမျိုးမျိုးသော နယ်ချဲ့တွေရဲ့ ပြည်သူလူထုကို ဖိနှိပ်မှု၊ ရက် စက်မှု၊ စတဲ့ ... စတဲ့ ဖြစ်စဉ်တွေနဲ့ အဲဒီနောက်က အခြေခံ အကြောင်းအရင်း တွေကို မှန်မှန်ကန်ကန် ဆက်စပ်တွေး ကြည့်စေချင်ပါတယ်။ ပြီးမှ ဦးဖိုးသာအောင် ပြောခဲ့တဲ့ အဦးဆုံးအမှား ဆိုတဲ့ အဖွဲ့ကြီးက ဘယ်လောက် မြန်မာပြည် လွတ်လပ်ရေး လှုပ်ရှားမှု သမိုင်းမှာ အရေးပါခဲ့တယ်၊ ဦးဆောင်မှု ပေးခဲ့တယ် ဆိုတာကို ဆုံးဖြတ် ပေါ့လေ။ ပတ္တမြားမှန် နွံမနစ်သလို ဆင်စွယ်မှန် ပိုးမထိုးပါဘူး။

နောက်တခုက လွတ်လပ်ရေး ခေတ်ဦးကာလမှာ ပြည်တွင်းစစ် စတင်ပေါ်ပေါက်ခဲရတာနဲ့ ဗိုလ်နေ၀င်းနဲ့ သူ့တလက်ကိုင် စစ်တပ် အင်အား ကြီးထွား လာခဲ့ရမှုပါ။ မြန်မာပြည်မှာ ပြည်တွင်းစစ် စဖြစ်လာတဲ့ အချိန်မှာဘက်တွေ အများကြီး ရှိခဲ့ပါတယ်။ မြန်မာပြည် ပြည်တွင်းစစ်ဟာ ဦးဖိုးသာအောင် ပုံဖေါ်ချင်သလို ဗမာပြည် ကွန်မြူနစ် ပါတီနဲ့ ဖဆပလ ဆိုတဲ့ ဘက်နှစ်ဘက် ထဲနဲ့ ဖြစ်ခဲ့ရတဲ့ ပြည်တွင်းစစ် မဟုတ်ပါဘူး။ ထို့အပြင် ပြည်တွင်းစစ်တို့ လက်နက်ကိုင် တော်လှန်ရေးတို့ ဆိုတာဟာလည်း ဒီမိုကရေစီ အခွင့်အရေးတွေ လုံးဝ ဆိတ်သုဉ်းသွားပြီး၊ မျက်နှာချင်းဆိုင် နိုင်ငံရေး အဖြေရှာမှုတွေကို ဖေါ်ဆောင်နိုင်ဖို့ အခွင့်အလမ်းတွေ ပိတ်ဆို့ သွားတဲ့ အခါမျိုးမှာ ဖြစ်ပေါ် လာရတာပါ။

မြန်မာပြည်ရဲ့ ပြည်တွင်းစစ်မှာ အဓိက ပါဝင်ခဲ့ကြတဲ့ အဖွဲအစည်းတွေ၊ ဘက်တွေကတော့ အာဏာရ ဖဆပလ အစိုးရ၊ အလံနီ၊ ဗမာပြည် ကွန်မြူနစ်ပါတီ၊ ပြည်သူ့ရဲဘော်၊ KNU၊ တော်လှန်သော မြန်မာ့တပ်မတော်၊ နောက်, ရခိုင်ပြည်ဘက်က ဘုံပေါက်သာကျော် တို့လို တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ တခြားလူမျိုးစု တော်လှန်ရေး အဖွဲအစည်းတွေ ပါဝင်ပါတယ်။ ဗမာပြည် ကွန်မြူနစ် ပါတီမှာလည်း လက်နက် စွဲကိုင်ရလောက်အောင် တွန်းပို့ ခံလိုက်ရတဲ့ နောက်ခံ အကြောင်းအရင်းတွေ အဖြစ်အပျက်တွေ ရှိခဲ့ပါတယ်။ ဘယ်သူတွေနဲ့ ဘယ်အခြေအနေ တွေက တွန်းပို့ခဲ့တယ် ဆိုတာကို ခံခဲ့ရတဲ့ ကာယကံရှင်တွေ ဘက်က ပွင့်ပွင့် လင်းလင်း၊ ပြည့်ပြည့်စုံစုံ ရေးသား တင်ပြခွင့် ရပြီလား? လက်ရှိ အခြေအနေမှာတော့ ဖဆပလ ဆိုရှယ်လစ် အုပ်စုဝင်တွေနဲ့ စစ်အုပ်စုရဲ့ အာဘော်တွေပဲ သမိုင်း စာမျက်နှာပေါ်မှာ အများစု နေရာယူထားတာပဲ တွေ့နေရပါတယ်။ ဒီလို အဖြစ် အပျက်မျိုးက ဗမာပြည် ကွန်မြူနစ်ပါတီ တခုတည်းလား ဆိုတော့လည်း မဟုတ်ပါဘူး။ ပြည်သူ့ ရဲဘော်တွေ အနေနဲ့ရော သူတို့ဘာကြောင့် တောထဲကို ရောက်သွားရတယ် ဆိုတာကို အမှန်အတိုင်း ရှင်းပြနိုင်ခွင့် ရပြီလား? KNU ဘက်ကလည်း ပြောစရာတွေ အများကြီး ရှိအုံးမှာပါ။ တခြား တိုင်းရင်သား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေ မှာလည်း ခံစားချက်တွေ ပြောချင်တာတွေ ကိုယ်စီရှိ ကြမှာပါပဲ။ အောင်ပွဲ ပန်းတိုင်ဆီကို မရောက်သေးတဲ့ အတွက် ပြောချင်တာတွေ၊ ပြောသင့်တာတွေကို မျိုသိပ် ထားရတာတွေ၊ ငဲ့ညှာ နေရတာတွေလည်း ရှိအုံးမှာပါပဲ။

နောက်ပြီး အဲဒီခေတ်က အရေးကြီးတဲ့ သမိုင်းရေးရာ အထောက်အထားတွေဖြစ်တဲ့ မှတ်တမ်းတွေ ခေါင်းဆောင်တွေ အခြင်းခြင်း အပြန်အလှန် ပေးစာတွေ၊ အဖြစ်အပျက်တွေကို မှတ်တမ်း တင်ထားတဲ့ သတင်းစာတွေ မပျောက်ပျက်ဘဲ လက်လှမ်းမှီတဲ့ နေရာမှာ ရှိနေပါသေးတယ်။ ဒါကြောင့် ဘယ်သူက ငြိမ်းချမ်းရေးကို လိုလားပြီး စဉ်ဆက်မပြတ် ကမ်းလှမ်းခဲ့လည်း။ ဘယ်သူက ငြိမ်းချမ်းရေးကို ငြင်းပယ်နေပြီး အပြုတ်တိုက်ရေး ဆိုတာ လုပ်ခဲ့ကြတယ် ဆိုတာကိုလည်း သိနိုင်တဲ့ အထောက်အထားတွေ မပျောက်ပျက် သေးပါဘူး ရှိနေပါသေးတယ်။ စစ်တပ်ကို ဘယ်သူ တွေက ကိုယ်ကျိုးအတွက် အသုံးချခဲ့တယ်၊ ကိုယ်ကျိုးတွေ အတွက် အပြိုင်အဆိုင် ဗိုလ်နေ၀င်းကို မြှောက်စားပြီး လုပ်ချင်သလို လုပ်ခွင့်ပြုခဲ့တယ်၊ ….. ဒါတွေဟာလည်း ဖျောက်ဖျက်လို့ရတဲ့ အရာတွေ မဟုတ်ပါဘူး။ သမိုင်းတွေပါ။ ဒါ့အပြင် အဲဒီသမိုင်းတွေကို ကိုယ်တိုင်ပါဝင် ဖြတ်သန်း ခဲ့သူတွေထဲက တချို့ လည်း သက်ရှိထင်ရှား ရှိနေ ပါသေးတယ်။ သက်ရှိထင်ရှား မရှိတော့ပေမယ့်လည်း လွတ်လပ်တဲ့ အချိန်ကြရင် ထုတ်ဝေဖို့ ပြုစုထားခဲ့တဲ့ မှတ်တမ်း၊ မှတ်ရာတွေလည်း ရှိပါတယ်။

ဒီတော့ တနေ့တချိန် ဒီဟာတွေကို တွေပြောခွင့်ရ၊ လူထုလက်ထဲကို ပွင့်ပွင့်လင်းလင်း ချပြလို့ရလာတဲ့ အချိန်မှာ ပြည်သူလူထုကပဲ ဆုံးဖြတ် ပါလိမ်မယ်၊ ဒါ့အတွက်ကြောင့်လည်း ဒီလို သမိုင်းရေးရာ အဆုံးအဖြတ်တွေ နိဂုံးချုပ်ချက် တွေကို ကျနော်လည်း ဆုံးဖြတ်လို့ မရသလို ၊ ဦးဖိုးသာအောင်လည်း ဆုံးဖြတ်လို့ မရနိုင်ပါဘူး။ သမိုင်း ပညာရှင်တွေ ဆိုတာလည်း မရပါဘူး။ လူထုကသာ အဆုံးအဖြတ် ပေးသွားမှာပါ။ ဘာလို့လည်းဆိုရင် လူထုဟာ သမိုင်းထဲမှာ ကိုယ်တိုင် ပါဝင်နေပြီး သမိုင်းကို ဖန်တီးနေသူတွေ ဖြစ်လို့ပါပဲ။ သံမဏိစစ်တွေဟာ မီးတိုက်တာ ခံဝံ့ပါ တယ်။


ချစ်လှိုင်

Read More...

မြန်မာ့ တပ်မတော်တွင်းက အရာရှိများရဲ့ အခန်းကဏ္ဍ (အပိုင်း ၃)

ဗိုလ်ထက်မင်း
အင်္ဂါနေ့၊ ဇန်နဝါရီလ ၂၆ ရက် ၂၀၁၀

တပ်ခွဲမှူးရာထူးမှာ အရာရှိအဆင့်တွေကတော့ ဗိုလ်ကြီးအဆင့်၊ ယာယီတပ်ခွဲမှူး (ဗိုလ်မှူး) လစာစား ဗိုလ်ကြီးအဆင့်နဲ့ တပ်ခွဲမှူး ဗိုလ်မှူး အဆင့်ဆိုပြီး ၃ မျိုး ၃ စား ရှိပါတယ်။ အခုနောက်ပိုင်းမှာ တပ်တတပ်ရဲ့ ဖွဲ့စည်းပုံအင်အား မပြည့်တဲ့အတွက် တပ်ခွဲမှူးတွေကို ဗိုလ်အဆင့်တွေက တာဝန်ယူကြရပါတယ်။ တပ်ခွဲမှူးဖြစ်လာသူ အရာရှိတွေဟာ ဆရာကြီး၊ ဆရာ၊ ရဲဘော်တွေရဲ့ ချစ်ကြောက် ရိုသေ လေးစားမှု၊ ယုံကြည်မှုအား တည်ဆောက် ရရှိပြီးသူတွေ ဖြစ်ပါတယ်။

ဒါ့အပြင် တပ်ခွဲတစ်ခွဲမှာ လစာကြပ်နဲ့ တပ်ကြပ်ကြီးစာရေး၊ လက်နက်တိုက် တာဝန်ခံ၊ အကူရဲဘော်တွေ ပါဝင်ပြီး တပ်ခွဲ၊ ရုံးအဖွဲ့၊ လက်နက်တိုက်ရုံးခန်း၊ အိမ်ထောင်သည်လိုင်းခန်း စသဖြင့် သီးခြားစီ စနစ်တကျ စုဖွဲ့ထားတဲ့ တပ်မတော်ရဲ့ အခြေခံအကျဆုံး အဖွဲ့အစည်း ဖြစ်ပါတယ်။ တခြားအဆင့် ဆရာ၊ ရဲဘော်တွေရဲ့ ရာထူးတိုးမြှင့်ခွင့် အပိုင်းမှာ တပ်ခွဲမှူးရဲ့ ထောက်ခံ တင်ပြချက်ဟာ အရေးပါလို့ တပ်ရင်းမှူးက တပ်ခွဲမှူးကို မေးမြန်းတိုင်ပင်ပြီးမှ တိုးပေးလေ့ ရှိပါတယ်။ တပ်ခွဲမှူးတွေဟာ စစ်ဆင်ရေး ကိစ္စရပ်တွေမှာ တိုက်ခိုက်ရေး တပ်မှူးငယ်တွေ အဖြစ် အားထားရလို့ တပ်ရင်းမှူးရဲ့ လက်ရုံးသဖွယ် ယုံကြည်အားကိုးခြင်း ခံရပါတယ်။

တချို့ (IO) စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိငယ်တွေဟာ အထက်ဌာနနဲ့ ပြောဆိုဆက်ဆံရာမှာ ဆက်သွယ်ရေးစက် အတိုအဝှက်တွေကို ကျွမ်းကျင်စွာ မသုံးတတ်လို့ ရှေ့တန်းမှာ အထက်ဌာနတွေနဲ့ ပြဿနာ မတက်စေရေးအတွက် တပ်ရင်းမှူးရဲ့ (IO) စစ်ဦးစီး အရာရှိ အဖြစ် လုပ်သက်ရင့် တပ်ခွဲမှူးကိုပဲ အစားထိုး ခိုင်းစေတာမျိုးလည်း ရှိပါတယ်။

တပ်ခွဲမှူးဟာ ကိုယ်ပိုင်လက်နှိပ်စက်ရုံးခန်း၊ စာရင်းဇယား၊ စာအုပ်စာတမ်း၊ လယ်ဂျာတွေနဲ့ တကွ ဖွဲ့စည်းပုံတွေကို စနစ်တကျ ထားရှိရပြီး ရုံးလုပ်ငန်း ဦးစီးတာဝန်ကိုလည်း ကျွမ်းကျင်ရပါတယ်။ ရိက္ခာစားအင်အား လချုပ်လုပ်ပေးရပြီး တပ်ရင်းရုံးကို လစဉ် ပြန်တမ်းတွေအဖြစ် အချိန်မီ ပေးပို့နိုင်ရေး စီမံ ဆောင်ရွက်ရပါတယ်။ တပ်ခွဲမှူးဟာ လစာကြပ်နဲ့ လက်နက်တိုက် တာဝန်ခံ အကြပ်တို့ကို ဒုအရာခံဗိုလ်နဲ့ တပ်ခွဲ တပ်ကြပ်ကြီးတို့က တဆင့် ခိုင်းစေရသလို ငွေကြေးရေးရာ ကိုင်တွယ်မှု မှန်၊ မမှန်ကို စိစစ်ရတာလည်း ရှိပါတယ်။

ဒါ့အပြင် တပ်ခွဲမှူးတွေဟာ ခွင့်မဲ့ပျက်ကွက်စစ်သည် (AWL) တွေကို လိုအပ်သလို ထိန်းချုပ်ရပြီး လိုက်လံ ရှာဖွေရတာမျိုး အဆက်အသွယ် မရရင် ဒီစစ်သည်ရဲ့ လစာငွေနဲ့ ရိက္ခာတွေကို ပြန်တမ်းနဲ့ညှိပြီး အကြံအဖန် လုပ်ကာ စီမံရပါတယ်။ တကယ်လို့ ခွင့်မဲ့ စစ်သည် ပြန်ရောက်လာရင် အကြံအဖန် လုပ်ထားတဲ့ လစာ၊ ရိက္ခာငွေတွေကို ပြန်ရှင်းပေးရတာလည်း ရှိပါတယ်။

ဘယ်လိုပဲဖြစ်ပါစေ တပ်ခွဲမှူး ခေါင်းအကိုက်ရဆုံး မကြာခဏဖြစ်တဲ့ ပြဿနာဟာ ခွင့်မဲ့ပျက်ကွက် စစ်သည်တွေရဲ့ လစဉ် ပြန်တမ်းတွေကို လိမ်ညာ ဖန်တီးပေးရခြင်းပဲ ဖြစ်ပါတယ်။ စာရင်းစစ်အဖွဲ့တွေ လာရင် ကျွေးမွေး ဧည့်ခံရတဲ့ ကုန်ကျစရိတ်တွေကို ဒီခွင့်မဲ့ပျက်ကွက် စစ်သည်တွေရဲ့ လစာ၊ ရိက္ခာတွေနဲ့ ဖြည့်ဆည်း ပေးရပါတယ်။

တပ်ခွဲမှူးဟာ ဝန်ထမ်းရိက္ခာတွေကို လိုအပ်သလို ကစားပြီး ရောင်းရတဲ့ငွေတွေနဲ့ တပ်ခွဲအတွက် လိုအပ်တဲ့ စာရေး ကိရိယာတွေနဲ့ သက်သာ ချောင်ချိရေး တို့ကို ဖြည့်ဆည်းပေးရပါတယ်။ အလားတူ ပေါ်တာဝန်ထမ်းခ ငွေတွေကိုလည်း တပ်ရင်းရုံးကနေ ချပေးတဲ့ ခွဲတမ်းအတိုင်း ကျေနပ်ရယူ သုံးစွဲရပါတယ်။ ပေါ်တာဝန်ထမ်းတွေကို နီးစပ်ရာရွာတွေက ဆန်နဲ့ ဆေးလိပ်ကို တောင်းယူ ကျွေးမွေးခြင်းဖြင့် ဝန်ထမ်းရိက္ခာနဲ့ ဝန်ထမ်းငွေတွေ ရယူပြီး လှည့်ပတ် သုံးစွဲရပါတယ်။

တပ်ခွဲမှူးတွေ ဖြစ်ရတဲ့ အဓိက ဆက်ဆံရေးပြဿနာမှာ တပ်ရေးဗိုလ်ကြီးနဲ့ ဖြစ်ပြီး ဝန်ထမ်းခငွေ၊ ဝန်ထမ်းရိက္ခာ၊ ရိက္ခာစိုငွေတွေ ထုတ်ပေးမှုတို့ကြောင့် ဖြစ်ရပါတယ်။ ဒါ့အပြင် သာရေး၊ နာရေး ထည့်ဝင်မှုငွေ အချိုးကျ စရိတ်တွေကို တပ်ခွဲမှူးတွေ အပေါ် တပ်ရေး ဗိုလ်ကြီးက မတရား တောင်းခံမှု ကိစ္စမှာလည်း မကြာခဏ စကား များကြရပါတယ်။ တပ်ရေးဗိုလ်ကြီး ကိုယ်တိုင်က တပ်ရင်းမှူးရဲ့ တပည့်ပီပီ နိုင်ထက်စီးနင်း လုပ်တတ်မှုအပေါ် တပ်ခွဲမှူး အများစုက ကျေနပ်မှု မရှိခဲ့ကြောင်း တွေ့ရပါတယ်။

အဆိုးဆုံး ပြဿနာကတော့ အထက်အဆင့်ဆင့်က ရဲဘော်သစ် ခွဲတမ်းချ စုဆောင်းရေးကိစ္စမှာ အောက်ဆုံး အဆင့်ဖြစ်တဲ့ တပ်ခွဲအဆင့်မှာ တပ်ခွဲမှူးက တလမှာ တပ်ခွဲမှူးအတွက် တဦး၊ တပ်စုမှူး တဦးစီရှိတိုင်း တဦးစီ၊ တပ်ခွဲကိုယ်စား တဦး အနည်းဆုံး စုစုပေါင်း ၃ ဦး အပ်နှံဖို့ ရှိလေရာ မိမိတာဝန်ကျေ စုဆောင်းပေးရမယ့် ရဲဘော်သစ် အရေအတွက် ပြည့်မီရေးကိစ္စပဲ ဖြစ်ပါတယ်။

တပ်ခွဲမှူးက အထက်ညွှန်ကြားချက်အရ မိမိတပ်ခွဲရှိ စစ်သည်တို့ကို ခေါ်ယူတွေ့ဆုံပြီး သူတို့ လိုလားချက် အတိုင်း သာမန်ခွင့် တလ ပေးမှာ ဖြစ်တယ်။ ဒါပေမဲ့ ခွင့်လိုချင်ရင် မိမိနေထိုင်ရာ ဇာတိမြေမှ ရဲဘော်သစ်တဦး မဖြစ်မနေ ခေါ်ဆောင် လာရမယ်လို့ ဖိအားပေး စေလွှတ် ခိုင်းခဲ့ရပါတယ်။ တချို့ ရဲဘော်တွေမှာ ခွင့်ပြန်ချိန်မှာ မိဘဆွေမျိုးတွေနဲ့ အေးဆေးစွာ တွေ့လိုပေမယ့် အခုလို ဆန္ဒမပါဘဲ ရဲဘော်သစ် စုဆောင်းရေးကို ခက်ခဲစွာ လုပ်ဆောင်ရတာမို့ အဆင် မပြေတော့လို့ ရဲဘော်သစ်အစား ဒဏ်ငွေ ပိုက်ဆံ ကျပ် ၄ သောင်း ပေးသွင်းရပါတယ်။ တချို့ရဲဘော်တွေမှာ ခွင့်ပြန်မလာတော့ဘဲ ခွင့်မဲ့ပျက်ကွက် ထွက်ပြေးတဲ့ အဆင့်ထိ ကြုံတွေ့ရပါတယ်။

တဖန် တပ်ခွဲရှိ လုပ်သက်ပြည့် တချို့ရဲဘော်တွေကို တပ်ကနေထွက်ခွင့် ရဖို့ဆိုရင် ရဲဘော်သစ် ၄ ဦး စုဆောင်း ပေးရမယ်ဆိုတဲ့ အထက်ဌာန ညွှန်ကြားချက်နဲ့ တပ်ခွဲမှူးက ကိုင်တွယ်တာမို့ တပ်ကနေ ထွက်ချင်တဲ့ ရဲဘော်တွေ ပိတ်မိ နေကြရပါတယ်။

စစ်သားစုဆောင်းရေးကို စစ်ဆင်ရေးသဖွယ် မဖြစ်မနေ လုပ်ဆောင်ရမယ်ဆိုတဲ့ ညွှန်ကြားချက် အမိန့် အာဏာတွေကြောင့် တပ်ခွဲမှူးတွေက နောက်ဆုံး ကြံရာမရဖြစ်ပြီး ကျေးရွာ၊ ရပ်ကွက်တွေအတွင်း လှည့်ကင်းစေလွှတ်ကာ စစ်သား စုဆောင်းရေး တပ်ဖွဲ့တွေအသွင် ဆောင်ရွက် ကြရပါတယ်။ ကလေး စစ်သားတွေကို အတင်းအဓမ္မ စုဆောင်းပြီး စစ်သား စုဆောင်းရေး တပ်တွေသို့ ငွေကြေး လာဘ်ထိုးခြင်းဖြင့် တပ်သားသစ် စုဆောင်းရေးအတွက် တာဝန်ကျေအောင် ဆောင်ရွက် ကြရပါတော့တယ်။

ရှေ့တန်း တိုက်ခိုက်ရေး (စစ်ထွက်) အင်အား ပြည့်မီရေးအတွက် တပ်ခွဲမှူးနဲ့ တပ်ရင်းမှူးတို့ မကြာခဏ အငြင်း အခုန်ဖြစ်ရတဲ့ ကိစ္စ တရပ်ကတော့ ဆေးကျသူ၊ ဒဏ်ရာရနေသူ၊ သုံးမရသူ၊ ကလေး စစ်သားတွေကို တပ်ခွဲမှူးတွေက ရှေ့တန်းဆီ ဝန်ပိမှာစိုးလို့ မခေါ်ချင်ပေမယ့် တပ်ရင်းတရင်းမှာ ရှိရမယ့် အနည်းဆုံး တိုက်ခိုက်ရေး အင်အား ၂ဝဝ ဦး ပြည့်မီရေးအတွက် ခေါ်သွားဖို့ ဖိအားပေး ခံနေရပါတယ်။

ရှေ့တန်းမှာ ရည်မှန်းချက်နဲ့ အချိန်ကန့်သတ်ချက်အရ မရပ်မနား ခရီးရှည် ထိုးဖောက်ရလေ့ရှိရာ အဲဒီ ရဲဘော်တွေ မလိုက်နိုင်တော့လို့ ပြတ်ကျန်ခဲ့ရတဲ့အပေါ် တပ်ရင်းမှူးက တပ်ခွဲမှူးတွေကို ဆဲဆိုကြိမ်းမောင်းတဲ့ဒဏ် မကြာခဏ ခံနေရပါတယ်။ ရှေ့တန်း ထွက်မယ်ဆိုရင် ကြုံတွေ့ရမယ့် ဝန်စည်စလွယ် လက်နက်ခဲယမ်း၊ ရိက္ခာတွေကို သယ်ဆောင်ပေးရမယ့် ပေါ်တာဝန်ထမ်း အရေအတွက်နဲ့ လား၊ မြင်းတွေ လိုအပ်သလောက်ကို စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိ (IO) နဲ့ ရေးထောက် အရာရှိ (AQ) တို့က မပေးနိုင်တဲ့အပေါ်မှာ တပ်ခွဲမှူးတွေနဲ့ အချေအတင် စကားများကြမှု ရှိကြပါတယ်။

အထူးသဖြင့် စစ်ကြောင်းရုံးတွေက အထက်ရုံးပီပီ ဗိုလ်ကျကာ အနိုင်ကျင့်ပြီး ပေါ်တာ ဝန်ထမ်းတွေကို အများဆုံး ရယူထားတာမို့ တပ်ခွဲမှူးတွေက ပစ္စည်းတွေကို မတန်တဆ ထမ်းပေးရတဲ့အပေါ် မကျေနပ်ကြခြင်း ဖြစ်ပါတယ်။ စီနီယာ လုပ်သက်ရင့် ဗိုလ်ကြီးတွေ ဖြစ်လာပြီဆိုရင် ခြေလျင်တပ်တွေမှာ နေလို့မရတော့ဘဲ သင်တန်းတွေ တက်ပြီးပါက ကာကွယ်ရေး ဝန်ကြီးဌာန၊ တိုင်းစစ်ဌာနချုပ်၊ တပ်မ/စကခ စစ်ဌာနချုပ်၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်တွေမှာ စစ်ဦးစီးမှူး (တတိယတန်း) တွေနဲ့ ကိုယ်ရေး အရာရှိတွေ၊ လုံခြုံရေးတပ်ခွဲမှူးနဲ့ လုံခြုံရေး တပ်စုမှူးတွေ အဖြစ် အရေးကြီး အဆင့်မြင့် တာဝန်တွေကို ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ရပါတယ်။ အဲဒီ စစ်ဌာနချုပ်တွေ မှာတော့ စစ်ဦးစီး အရာရှိတွေ၊ ကိုယ်ရေး အရာရှိတွေဟာ ရုံးအုပ် အရာခံ ဗိုလ်တွေနဲ့ တပ်ကြပ်ကြီး စာရေးတွေကို ဆက်သွယ် ပေါင်းသင်း ဆက်ဆံကြရပါတယ်။

Ref: မဇ္ဈိမ

Read More...

နိုင်ငံရေးလှုပ်ရှားမှုကို ချေမှုန်းဖို့အတွက် ပြင်ဆင်ထားပြီ

ဗထူး
Tuesday, 26 January 2010

ရန်ကုန်တိုင်းစစ်ဌာနချုပ် ညွှန်ကြားချက်အရ ဆန္ဒပြမှုတွေဖြစ်လာခဲ့ပါက မည်သို့ ချေမှုန်းမည်ကို တပ်နယ် အသီးသီးကို ညွှန်ကြား ထားသည်။

“ပြည်သူ့စစ်၊ အရံမီးသတ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် ယနေ့မှစ၍ အသင့်အနေအထားနေရန် ကြက်ခြေနီ၊ အမျိုးသမီးရေးရာ၊ ပြည်ခိုင်ဖြိုး စသည့် အင်အားများ တပ်နယ် အသီးသီးသို့ ပေးပို့ရန် ပြောထားပြီးပြီ” ဟု ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တပ်တွေမှာ အပြောင်းအလဲ ရှိလိမ့်မည်လို့ မြင်တယ်။ တပ်ရင်းတွေအားလုံး လုံခြုံရေး အသေအချာ ဂရုစိုက်ဖို့ ညွှန်ကြားထားသည်။

လာမည့် လှုပ်ရှားမှုတွေအားလုံး ဒီပုံစံအတိုင်းပဲလုပ်ဖို့ စီစဉ်ထားတယ်။



--> ဇယားကို ပုံကြီးချဲ့ကြည့်ရန် ဤနေရာတွင် နှိပ်ပါ။

Ref: ရိုးမ ၃

Read More...

Tuesday, January 26, 2010

ဒေါ်စုကို လွှတ်မည်ဆိုခြင်းမှာ တရားမဝင်ဟု အန်အယ်ဒီ ပြော

ဖနိဒါ
တနင်္လာနေ့၊ ဇန်နဝါရီလ ၂၅ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ)။ ။ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမည်ဟု ပြောဆိုခြင်းမှာ တရားမဝင်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ယနေ့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား ယခုနှစ် နိုဝင်ဘာတွင် ပြန်လွှတ်ပေးမည်ဟု မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့၌ ပြီးခဲ့သည့် ကြာသပတေး နေ့တွင် ဗိုလ်ချုပ်မောင်ဦးက ပြောကြားခဲ့မှု အပေါ် အန်အယ်ဒီ ဗဟို အလုပ်အမှုဆောင် ဦးခင်မောင်ဆွေက သုံးသပ် ပြောဆိုခြင်း ဖြစ်သည်။

“ပါးစပ်နဲ့ ဒီလိုပြောတာက တရားဝင်လို့ ယူဆလို့တော့ မရဘူးပေါ့။ ဥပဒေအရ အထ မမြောက်ဘူးလေ။ တရားဝင် သတင်းစာ ရှင်းလင်းပွဲတို့၊ သတင်း ထုတ်ပြန်ချက်တို့၊ အမိန့်တို့ ထွက်မှသာ ခိုင်မာတဲ့ အချက်လို့ ခံယူရမှာပေါ့” ဟု သူက မဇ္ဈိမကို ပြောသည်။

ယခုလ ၂၁ ရက်နေ့၌ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးသည် မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှ မြို့မိ မြို့ဖများ၊ ကြံ့ဖွံ့များ၊ ပညာရေးဌာန၊ အမျိုးသမီးရေးရာ အဖွဲ့များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို မြို့တော်ခန်းမ (အားကစားခန်းမ) ၌ တွေ့ဆုံစဉ် ယင်းသို့ ပြောကြောင်း ကျောက်ပန်းတောင်းမြို့ အန်အယ်ဒီ အဖွဲ့ဝင် တဦးက ပြောသည်။

အန်အယ်ဒီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာလနှင့် ဒုဥက္ကဋ္ဌ ဦးတင်ဦးအား လာမည့်လတွင် လွှတ်ပေးမည်ဟု ပြောခဲ့ကြောင်း အန်အယ်ဒီ အဖွဲ့ဝင်ထံမှ သိရသည်။

“တပ်မတော်ဟာ ညစ်ပတ်တဲ့ အစိုးရ မဟုတ်ဘူး။ အာဏာမမက်ဘူး။ ဦးတင်ဦးကို အရင်လွှတ်ပေးမယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလမှာ လွှတ်ပေးမယ်လို့ မြို့နယ်ခန်းမမှာ ပြောတာ။ ကျနော့်ကို ဝန်ထမ်းတွေထဲက ပြောပြတာ” ဟု သူက မဇ္ဈိမကို ပြောသည်။

ယနေ့ထုတ် ရိုက်တာသတင်း တပုဒ်တွင်လည်း အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦးကို လာမည့်လ ၁၃ ရက်နေ့တွင် လွှတ်ပေးမည် ဖြစ်ပြီး အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလတွင် လွှတ်ပေးမည်ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ပြောကြားခဲ့သည်ဟု မျက်မြင်များကို ကိုးကား ဖော်ပြထားသည်။

လာမည့်လ ၁၃ ရက်နေ့တွင် ဒုဥက္ကဋ္ဌ ဦးတင်ဦး နေအိမ် အကျယ်ချုပ်သက်တမ်း ၆ နှစ် ပြည့်တော့မည် ဖြစ်ပြီး လွတ်မြောက်ရန် မျှော်လင့်ကြောင်း သားဖြစ်သူ ဦးသန့်ဇင်ဦး (ဥက္ကဌ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ လွတ်မြောက်နယ်မြေ - ဂျပန်ဌာနခွဲ) က မဇ္ဈိမကို ပြောသည်။

အငြိမ်းစား ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးတင်ဦးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့က စည်းရုံးရေး ခရီး လှည့်လည်စဉ် အထက်မြန်မာပြည် ဒီပဲယင်းမြို့၌ စစ်အစိုးရ လက်သပ်မွေး လူအုပ်စုကြီး၏ ရိုက်နှက်ခြင်း ခံရပြီးနောက် ဖမ်းဆီးခံခဲ့ရသည်။

ဖမ်းဆီးခံရပြီးနောက် စစ်ကိုင်းတိုင်း ကလေးမြို့ ကလေးအကျဉ်းထောင်သို့ ပို့ဆောင်ခံရကာ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလမှ စ၍ ရန်ကုန်မြို့ရှိ သူ၏ နေအိမ်တွင် ယနေ့ထိတိုင် အကျယ်ချုပ် ချခံနေရသည်။

ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ အတွင်းက အကျယ်ချုပ် ကျခံနေရသည့် ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦး အပါအဝင် ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၁၁ ဦးနှင့် တွေ့ဆုံခွင့်ပြုရန် စာရေးသား တောင်းဆိုခဲ့သော်လည်း ယခုထိ တွေ့ခွင့် မရသေးပေ။

Ref: မဇ္ဈိမ

Read More...

ရှေ့တန်းစခန်းမှ ထွက်ပြေးသူ တပ်ပြေးများအား ပစ်သတ်မှုရှိ

ပေါက်ပေါက်
၂၅ ဇန်န၀ါရီ ၂ဝ၁ဝ

ရှမ်းပြည်မြောက်ပိုင်း၊ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ခေါ် ဝ တပ်ဖွဲ့ ထိန်းချုပ်ရာ နယ်မြေအနီး တပ်စွဲထားသည့် နအဖ စစ်တပ် ရှေ့တန်း စခန်းများမှ စစ်သည်များ ထွက်ပြေးမှု များပြားလာနေပြီး တပ်ပြေးများအား ပစ်သတ်သည် အထိ ရှိလာနေသည်။

ယမန်နှစ် သြဂုတ်လကုန်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ကိုးကန့်ဒေသ အရေးအခင်းကာလ ကတည်းက ဝ မြောက်ဒေသ အနီး ဟိုပန် မြို့နယ်အတွင်း လာရောက် တပ်စွဲနေသည့် မိတ္တီလာ အခြေစိုက် တပ်မ (၉၉) လက်အောက်ခံ တပ်များမှ စစ်သည်များ ထွက်ပြေး နေကြသည်ဟု စစ်တပ်နှင့် နီးစပ်သူ တရုတ်-မြန်မာနယ်စပ် ဒေသခံ တဦးက ပြောသည်။

၎င်းက “ချူးရွှေ၊ ပန်ကောက်၊ ပန်လုံ အဲဒီဘက်မှာ (၉၉) က ထိုင်နေတာ အခုထိ ပြန်မဆုတ်သေးဘူး။ (၄) လကျော် (၅) လ ပြည့်တော့မယ်။ ကိုးကန့်ထဲက တပ်မ (၃၃) လည်း အဲလောက်ရှိနေပြီ။ အမှန်ဆို စစ်ဆင်ရေး (၃) လ၊ (၄) လဆို နောက်တန်း ပြန်ရပြီ။ အခု လဲဖို့အစီစဉ် မရှိသေးဘူး။ အဲဒီကနေ အရာရှိတွေရောပါ ပြေးနေတာ။ တပ်သားတွေက (၂) ရက်ခြား၊ (၃) ရက်ခြား အဲလို ခွင့်မဲ့ တပ်ပြေးဖြစ်စဉ် ဖြစ်နေတာ” ဟု ပြောသည်။

ယခုလ (၁၅) ရက်နေ့က တပ်မ (၉၉) လက်အောက်ခံ၊ ခမရ (၃၁၅) မှ တပ်သား အောင်မြင့်ထွန်းနှင့် ထွန်းထွန်းနိုင်တို့ (၂) ဦး လက်နက်နှင့် အတူ ထွက်ပြေးခဲ့ရာတွင် ၎င်းတို့ (၂) ဦးအား နမ့်ကျွမ်း ပြည်သူ့စစ် အဖွဲ့မှ ပြန်လည် ဖမ်းဆီးရမိပြီး ခမရ (၃၁၅) ထံ ပြန်လည် အပ်နှံခဲ့ပြီးနောက် ပစ်သတ်ခဲ့သည်ဟု အဆိုပါ စစ်တပ်နှင့် နီးစပ်သူက ပြောသည်။

စစ်တပ်အတွင်း တပ်ပြေးမှု များပြားလာနေ၍ စစ်ကြောင်းရှိ ကျန်စစ်သည်များ အလားတူ ထွက်မပြေးရဲအောင် ရှေ့တန်း စစ်မျက်နှာများတွင် ပစ်သတ် ပြနေခြင်း ဖြစ်သည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေး အကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

၎င်းက “တပ်ပြေးများလာရင် အထက်ကလည်း တပ်ရင်းမှူးတွေကို ဆူတာ ဆဲတာတွေ ဖြစ်မယ်။ ကျန်တဲ့ ကောင်တွေ မပြေးရဲအောင် ပစ်သတ် ပြလိုက်တာဖြစ်တယ်။ တပ်ထဲမှာ ဆက်မနေချင်တော့လို့၊ တိုင်ချင်ခိုက်ချင်စိတ် မရှိတော့လို့ ကိုယ့်အိမ်ကိုယ် ပြန်ကြတာပဲ၊ ရာဇဝတ်မှု ကျူးလွန်ပြီး ထွက်ပြေးရင်တော့ တမျိုးပေါ့ဗျာ။ အခုလို ကိုယ့်ရဲ့ ရဲဘော်ကို ပစ်သတ်တာကျတော့ ကြေးစား စစ်တပ်တွေ ရဲ့ မကောင်းတဲ့ အလေ့အကျင့် ဖြစ်တယ်” ဟု ပြောသည်။

၂ဝဝ၈ ခုနှစ် ဒုတိယ လေးလပတ်အတွင်း မြန်မာတနိုင်ငံလုံးရှိ ခြေလျင်တပ်ရင်း၊ ခြေမြန် တပ်ရင်းများမှ စစ်သည်အင်အား (၃,ဝဝဝ) ကျော် ထွက်ပြေး သကဲ့သို့ ဆက်သွယ်ရေး တပ်ရင်း၊ အမြောက်တပ်ရင်း စသည့် အကူလက်ရုံး တပ်ရင်းများမှ (၂,ဝဝဝ) ကျော် ထွက်ပြေးခဲ့သည်ဟု နအဖ၏ (၄) လပတ် အစည်းဝေး လျှို့ဝှက် မှတ်တမ်းများ အရ သိရသည်။

တပ်ပြေး များပြားရခြင်းမှာ အထက်နှင့်အောက် ကွာခြားမှုကြီးမားခြင်း၊ အောက်ခြေရဲဘော်များမှာ ဆင်းရဲ ကျပ်တည်းခြင်းနှင့် တိုက်ချင်ခိုက်ချင်စိတ် နည်းပါး လာမှုကြောင့် အဓိက ဖြစ်သည်ဟု ဦးအောင်ကျော်ဇောက ပြောသည်။

၎င်းက “စစ်တိုက်ချင်လို့ စစ်ထဲဝင်လာတာမှ မဟုတ်ဘဲ။ ဆင်းရဲကျပ်တည်းလို့၊ ရောင်းစားလို့ ရောက်လာတဲ့သူလည်း ရှိတယ်။ လမ်းဘေးကနေ ဆွဲလို့ ပါလာတဲ့သူလည်း ရှိတယ်။ တိုက်ချင်ခိုက်ချင်စိတ်က ဘယ်ခေတ်ကနဲ့ မတူအောင် အရမ်း နည်းလာတယ်။ ကိုးကန့် အရေးခင်း ကာလတုန်းကပဲကြည့်၊ ရဲတွေ သေနေတဲ့ပုံတွေ အစိုးရက ထုတ်ပြတော့ အတော်ရှောခ့် ဖြစ်သွားတယ်။ ကိုးကန့် ရှေ့တန်းမှာပဲ လူ (၃ဝ) လောက် သေနတ်တွေထားပြီး ထွက်ပြေးခဲ့တယ်။ ကေအိုင်အေ စခန်းနဲ့ ရင်ဆိုင်ထားတဲ့ ခလရ (၃၇) ရှေ့တန်း စခန်းက တပ်စိတ် (၂) စိတ်လည်း သေနတ်တွေ ထားပြီး ထွက်ပြေးခဲ့တယ်။ တိုက်ချင်ခိုက်ချင်စိတ် မရှိရတဲ့အထဲ အဲလို သေတာ ကျေတာ တွေ့ရတော့ ကြောက်လန့် ထွက်ပြေးကုန်တယ်” ဟု ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

Monday, January 25, 2010

နအဖရဲ့ရွေးကောက်ပွဲလွန်တဲ့အခါ

ရဲဘော်ဖိုးသံချောင်း
၂၀ ဇန်န၀ါရီ ၂၀၁၀

ဒီနေ့ဗမာပြည်ရဲ့နိုင်ငံရေးဟာ ဘယ်သူတွေက ဘာတွေပဲ ပြောပြော နအဖနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ အကြားက ပြဿနာဟာ အဓိက ဆုံချက် ဖြစ်တယ်ဆိုတာ ၂ဝ၁ဝ ခုနှစ် အစပိုင်း အဖြစ်အပျက်တွေက အထင်းသား ဖော်ပြနေပါတယ်။ ဒါကို မီဒီယာသမားတွေက အသိဆုံးလို့ ပြောနိုင် ပါတယ်။ ပြည်တွင်းပြည်ပ မီဒီယာတွေမှာ ဒီဆုံချက်ကို ဗဟိုပြုနေတဲ့ ကိစ္စတွေချည်းပဲ မဟုတ်ပါလား။

အထူးသဖြင့် ရွေးကောက်ပွဲ ဆိုတာနဲ့ နီးလာလေလေ ဒီနှစ်ဘက်အကြားက ကိစ္စဟာ ရှေ့တန်း တက်လာလေလေ ဖြစ်နေတာလည်း တွေ့ရပါတယ်။ အမှန်ပြောရရင် ဒီနေ့ နောက်ဆုံး အခြေအနေမှာ ဘောလုံးဟာ နအဖဘက် ရောက်နေတာပါ။ ရွှေဂုံတိုင် ကြေညာချက်အရရော၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗိုလ်သန်းရွှေထံ ပေးစာအရရော နအဖ အနေနဲ့ အဖြေပေးဖို့ တာဝန်တွေ ရှိနေပါတယ်။ ပြည်သူလူထု ကလည်း နအဖဘယ်လို တုံ့ပြန်မယ် ဆိုတာကို အာရုံ စိုက်စောင့်ကြည့် နေပါတယ်။ ဒါပေမယ့် နအဖ ဗိုလ်ချုပ်တွေကတော့ ဒီကိစ္စတွေ မရှိခဲ့လေဟန်၊ သူတို့မှာ ဘာတာဝန်မှ မရှိလေဟန်၊ ပေယျာလကံ ပြုနေပါတယ်။

ဒီကာလအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်အောင်ကြည်နဲ့ တွေ့စေတယ်ဆိုတဲ့ လေပြေထိုးလေးပဲ ဖော်ထုတ် ခဲ့တာကို အားလုံး သတိထား လိုက်မိပါလိမ့်မယ်။ ဒါဟာလည်း သတင်းစာထဲမှာ ဓာတ်ပုံလေးတပုံ၊ စာတိုလေး (၃-၄) ကြောင်းနဲ့ ပြီးသွားတာပါ။ တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ ဘာမှ မသိရတဲ့ ရသေ့ရှစ်သောင်း ဇာတ်တခု ဖြစ်ပါတယ်။ ဒီကိစ္စကို သူတို့ သတင်းစာတွေမှာရော ပြည်တွင်းက တခြား မီဒီယာတွေထဲမှာပါ ဘယ်သူမှ မှတ်ချက်မပေးတာ၊ သဘောထား မဖော်ပြကြတာကို ကြည့်ရင် တနေ့မပြတ်၊ တရံမလပ် စွာလောင်စွာလောင် ရေးနေတဲ့ သူတွေဟာ နအဖက “တိတ်” ဆိုတော့လည်း တိတ်နေကြပါလားလို့ စဉ်းစား မိပါတယ်။

အခုနောက်ပိုင်းမှာ ဆင်ခြေအသစ်တခုကို အတော်လေးကြားနေ၊ တွေ့နေရပါတယ်။ အဲဒါက “တပ်မတော် အစိုးရ လုပ်တာတွေ အပေါ်မှာ သံသယနဲ့ ကြည့်နေကြလို့ ဗမာပြည်ရဲ့ နိုင်ငံရေး အခြေအနေ တင်းမာနေတယ်” ဆိုတဲ့ ပြောစကား ဖြစ်ပါတယ်။ ဒီစကားကို ကြားရတော့ မဆလ လက်ထက်တုန်းက နားကြားပြင်း ကပ်အောင် ကြားခဲ့ရတဲ့ မဆလရဲ့ ဝါဒဖြန့် သီချင်းတပုဒ်ကိုတောင် သွားသတိရမိပါတယ်။ “သံသယဆိုသည်မှာ အလကား၊ မှန်သပဆိုသည်မှာ ပတ္တမြား” ဆိုတာပါ။ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး အတွက် ဆိုပြီး နေရာတကာမှာ လွှင့်နေ၊ ဖွင့်နေတဲ့ သီချင်းဖြစ်ပါတယ်။ ဒါပေမယ့် တကယ်က မဆလ အစိုးရဟာ တိုင်းရင်းသားများက သူတို့ကို မယုံတာသိနေလို့ သူတို့ကို ယုံခိုင်းနေတာ ဖြစ်ပါတယ်။

အခုလည်း ကိုယ့်ကိုယ်ကိုယ် ကြားလူဟန်ဖမ်းနေတဲ့ လူတွေက နအဖအပေါ် မယုံသူတွေကို အပြစ်တင်၊ အပြစ် ပုံချနေကြတာ တွေ့နေရ ပြန်ပါပြီ။ သူတို့ပြောပုံတခုက တဖက်က သံသယ ရှိနေမှတော့ ဘယ်လိုလုပ် ညီညွတ်လို့ ရတော့မလဲတဲ့။ ဒါဟာ နအဖအစိုးရ ဘက်က ဒီသံသယတွေ ပျောက်သွားအောင် လုပ်ဖို့ တာဝန် မရှိဘူးလို့ မျက်စိ စုံမှိတ် ငြင်းနေတာ ဖြစ်ပါတယ်။ နအဖဟာ “သူတို့က အဲဒီလောက် သံသယ ရှိနေမှတော့ ငါ့ဘက်က ဘာမှ မပြင်ဘူးကွာ” ဆိုပြီး လူမိုက်လိုလို၊ ကလေးဆိုးလိုလို လုပ်နေရမယ့်လူ မဟုတ်ပါဘူး။ သူတို့ဟာ အစိုးရ ဖြစ်ပါတယ်။

၂ဝ၁ဝ ရွေးကောက်ပွဲဆိုတာနဲ့ ပတ်သက်လို့ သံသယ ရှိနေတဲ့လူတွေကို သံသယ ပျောက်သွားစေဖို့ ဆိုရင် ဟောဒီအင်မတန် ရိုးစင်း၊ ရှင်းလင်းနေတဲ့ မေးခွန်းတချို့ကို အဖြေပေးစေချင်ပါတယ်။ စစ်ဗိုလ်တမတ်သား၊ စစ်ဗိုလ်သမ္မတ ဆိုတဲ့ ကိစ္စတွေကတော့ သိပ်ကို ဗြောင်ကျ၊ ရှင်းနေတာမို့ ဒီနေရာမှာ မတင်တော့ပါဘူး။

ကဲ… ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲလွန်ရင်…
အစိုးရအဖွဲ့မှာ အရပ်သား ပါဝင်တဲ့အရေအတွက် တိုးလာပါမယ်။ ဒါသေချာပါတယ်။
ဒါပေမယ့်။

ဗမာပြည်မှာ နိုင်ငံရေးအကျဉ်းသားရယ်လို့ ရှိဦးမှာလား။ ဒီလိုအခါမှာ နိုင်ငံရေး အကျဉ်းသား ဆိုတာ ဘာလဲလို့ ငြင်းနေရမယ့် အချိန် မဟုတ်ပါဘူး။ အစိုးရနဲ့ အမြင် မတူတဲ့လူ၊ အဲဒီအမြင်ကို တနည်းနည်းနဲ့ ဖော်ထုတ် မိသူတွေကို ဖမ်းဆီး ထောင်ချဦးမှာလား။ ၁၉၄၈ ခုနှစ်ကစလို့ ဗမာပြည် နိုင်ငံရေးရဲ့ အကြီးမားဆုံး အမည်းကွက်ကြီးဟာ အုပ်စိုးသူတွေဟာ ကိုယ်နဲ့ အယူအဆ မတူသူတွေကို ဆင်ခြေ အမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချ၊ နှိပ်စက် သတ်ဖြတ် နေတာဖြစ်ပါတယ်။ ကိုယ်မှန်တယ် ထင်တာကို ဖော်ထုတ်မိတာနဲ့ ၂၁ ရာစုနဲ့ လုံးဝ မလျော်ညီတဲ့ ဘာစတီး အကျဉ်းထောင်လို နှိပ်စက်မှုမျိုးတွေနဲ့ ဖြည်းဖြည်းချင်း မျှဉ်းသတ်ဖြတ်တာ ခံခဲ့ရတဲ့ သံဃာတော်၊ အမျိုးသမီး၊ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ နိုင်ငံရေးသမား၊ စာပေအနုပညာသည် စာရင်းပြုလို့ မကုန်၊ ရေတွက်လို့ မနိုင်ပါဘူး။

နောက်တခုမေးစရာက အဲဒီအခါကျရင် စာပေ စိစစ်ရေး ဆိုတာရော ရှိဦးမှာလား။ ဗမာပြည်မှာ စာပေ စိစစ်ရေးဆိုတာ စစ်အုပ်ချုပ်မှုနဲ့ အတူ ပေါ်လာတဲ့ အရာ ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ် မတိုင်မီ တုန်းကတော့ စစ်အာဏာရှင် စစ်အုပ်စုရဲ့ အမြုတေ စစ်ဗိုလ်တွေဟာ ဆိုက်ကိုဆိုတဲ့ ဌာနဖွင့်ပြီး စာပေ အနုပညာနဲ့ မီဒီယာ လောကကို အမှောင်ရိပ်ကနေ မပြတ် စောင့်ကြည့်နေခဲ့ပါတယ်။ ဒါပေမယ့် သူတို့က ရှေ့တန်းကိုတော့ ထွက်မလာပါဘူး။ မဆလခေတ် ကျတော့မှ ဗြောင်ရှေ့ကို ခုန်ထွက်လာပြီး စာပေ စိစစ်ရေး ဆိုတာကြီး ပေါ်လာတာ ဖြစ်ပါတယ်။ ဒါဟာ စစ်အုပ်ချုပ်မှုရဲ့ လက္ခဏာ၊ စာပေ အနုပညာရှင်တွေ အပေါ် ဖိနှိပ်တဲ့ စစ်အုပ်စုရဲ့ လက်သုံးတော် ဓားဖြစ်ပါတယ်။ ဒီလိုဟာမျိုး (ဗိုလ်ချုပ်တွေက နာမည် အခေါ်အဝေါ် ပြောင်းတာ ဝါသနာ ပါပါဘိသနဲ့) ဆက်ရှိနေဦးမယ် ဆိုလို့ကတော့ ဒီရွေးကောက်ပွဲက ဖွဲ့လာမယ့် အစိုးရဟာ အစွယ်နဲ့၊ ချို (ဂျို) နဲ့ပဲ ဖြစ်နေမှာပါ။

နောက်မေးဖို့ လိုတာတခုက အဲဒီရွေးကောက်ပွဲကိုလွန်ရင် စီးပွားရေးကို စစ်တပ်က လက်ဝါးကြီး အုပ်ထားတာ၊ စစ်အုပ်စု ထိပ်သီးတွေရဲ့ ဆွေးမျိုး အသိုင်းအဝိုင်းတွေ ခံစားနေရတဲ့ အခွင့်ထူးတွေကို ဖျက်သိမ်း ပစ်မှာလား၊ အကာအကွယ် ပေးမှာလား။ အခုကတည်းက အစိုးရပိုင် လုပ်ငန်းတွေထဲက ကောင်းတာတွေကို ရွေးထုတ်ပြီး အမ်အီးစီခေါ် မြန်မာ စီးပွားရေး ကော်ပိုရေးရှင်းနဲ့ ဦးပိုင်တို့လို စစ်တပ်ပိုင် စီးပွားရေး အဆောက်အအုံတွေအောက် ဆွဲထည့်၊ မကောင်းတဲ့ လုပ်ငန်းတွေကို ချန်ထား လုပ်နေတာဟာ နောက်တက်မယ့် အစိုးရအပေါ် နအဖရဲ့ စေတနာတွေ ဖော်ပြနေတာပါပဲ။ နောက်တက်မယ့် အစိုးရကို ငွေစက္ကူစက်ရုံ တခုသာ အကောင်း ချန်ထားပေးပြီး မင်းတို့ ဒါနဲ့ပဲ လုပ်စား ကြပေရော့လို့ ပြောနေတဲ့ အလား ဖြစ်ပါတယ်။

သာမန်လူထုအနေနဲ့ မမေးမဖြစ် မေးရဦးမယ့် အချက်ကလေးတခုက အဲဒီ ရွေးကောက်ပွဲကြီး ပြီးသွားရင် ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေ အထဲမှာရော၊ ဘယ်ဥပဒေအထဲမှာမှ တရားဝင် မတည်ရှိတဲ့ ကြံ့ဖွံ့တို့၊ စွမ်းအားရှင်တို့က လူထုအပေါ် ရမ်းကား နေကြဦးမှာလား။ ဆက်ရှိနေဦးမယ်၊ သူတို့ကို ဆက်ကြောက် နေရဦးမယ်၊ အရွေးခံရတဲ့ အမတ်ကတောင် ကြောက်နေရဦးမယ် ဆိုလို့ကတော့ ဘူးမှမထာ- ဘာမှမထူးလို့ဘဲ ပြောရမှာ ဖြစ်ပါတယ်။

အဲဒီရွေးကောက်ပွဲကြီးပြီးရင် လယ်ယာတွေကို အဓမ္မသိမ်းတာ၊ စစ်တပ်တွေက တောင်သူ လယ်သမားတွေကို ဆင့်ခေါ်ပြီး စစ်တပ်ပိုင် လယ်တွေကို အခမဲ့ လုပ်ခိုင်းတာ၊ ပေါ်တာ ဆွဲတာတွေ ရပ်ဆိုင်း သွားမလား။

နောက်ဆုံးအနေနဲ့မေးရမှာကတော့ သူတို့ရဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေနဲ့ အညီ ဖွဲ့ထားတဲ့ အစိုးရ တရပ်ကို စစ်တပ်က အာဏာ မသိမ်းတော့ဘူး ဆိုတဲ့ အာမခံချက် ရှိပါသလား ဆိုတာပါပဲ။ မရှိဘူး မဟုတ်ပါလား။

ဒါဖြစ်ရင် ဒီရွေးကောက်ပွဲလုပ်လိုက်လို့ တိုင်းပြည်အတွက်၊ ပြည်သူတွေအတွက် ဘာထူးမှာလဲ။ ဘယ်ဟာကို အပြောင်းအလဲလို့ ပြောမှာလဲ။

သံသယမဟုတ်ဘူး၊ မယုံတာ။


Ref: ခေတ်ပြိုင်

Read More...

မြန်မာ့ တပ်မတော်တွင်းက အရာရှိများရဲ့ အခန်းကဏ္ဍ အပိုင်း - ၂

ဗိုလ်ထက်မင်း
ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၁ ရက် ၂၀၁၀

ကျောင်းဆင်းစ အရာရှိပေါက်စနဲ့ ဆရာ၊ ဆရာကြီးတွေရဲ့ ဆက်ဆံရေးများကို ဆက်လက် တင်ပြပါဦးမယ်။ တပ်ကြပ်ကြီးဖြစ်သူက ငှက်ဖျားရောဂါ ကာကွယ်လိုလို့ ဖြစ်စေ၊ ကြိုက်လို့ ဖြစ်စေ၊ တပ်မတော်အရက် (Army Rum) သောက်သုံး နေပါရင်လည်း အရာရှိပေါက်စက တားဆီးနေတာမျိုး၊ မိမိကိုယ်တိုင်လည်း အရက်သောက်ပြီး မထိန်းနိုင် မသိမ်းနိုင် ဖြစ်နေတာ မျိုးတွေကြောင့် ပြဿနာ ရှိတတ်ပါတယ်။ အဲဒီအခါ ဆရာကြီးက အရက် သောက်နေချိန်မှာတောင် တိုက်ပွဲ ၁ဝဝ အချိန်မရွေး ထတိုက်လို့ ရပါတယ်လို့ ရိသဲ့သဲ့ ပြောတာကို အရာရှိပေါက်စ ခံရပါတယ်။ အရာရှိပေါက်စက စည်းကမ်းများကို မလိုလားအပ်ဘဲ တင်းကျပ် တာမျိုး၊ စည်းကမ်း တကယ်ဖောက်လို့ ဆရာ၊ ဆရာကြီးများက ရဲဘော်များကို အရေးယူ ဆုံးမတာကို ဝင်ရောက် စွက်ဖက်တာမျိုး စတဲ့ ပဋိပက္ခများ ဖြစ်ပွားတတ်ပါတယ်။

ဆရာကြီးဖြစ်သူရဲ့ စစ်ဘက်အတွေ့အကြုံ ရင့်ကျက်မှုအရ စစ်ကစားခိုင်းတာကို အရာရှိ ပေါက်စက လူတတ်ကြီး လုပ်ပြီး ဆန့်ကျင်နေတာမျိုး ရှိပါတယ်။ ရန်သူနဲ့ တိုက်ပွဲဖြစ်ပြီဆိုရင် ဆရာကြီးများက မိမိတပ်စုကို ရန်သူရဲ့ သတ်ကွင်းအတွင်း မရောက်ရှိ စေရေးအတွက် တောင်ပံများ ဖြန့်ကားခြင်း၊ တပ်စိတ်များကို ရန်သူ့နောက်ကျော ပတ်ခိုင်းခြင်း၊ အကူပစ် လက်နက်ကြီးများကို ဆွဲထုတ်၍ ကာပစ် ပစ်ခြင်း၊ စတာမျိုးတွေ စစ်ကစားခိုင်းရာမှာ အရာရှိနဲ့ ပြဿနာ တွေ့ရ တတ်ပါတယ်။

ဒါ့အပြင် စစ်ကြောင်း ခရီးတထောက်နားလို့ အထက်ဌာနကို “စက်” ဆက်သွယ်မှု ယူနေချိန်မှာ ဖြစ်စေ၊ စစ်သုံးအခေါ် “စားချက်” ခေါ်တဲ့ နေ့လည်စာ၊ ညနေစာလိုမျိုး အချိန်ကြာမြင့်စွာ ယူရသည့် အခြေအနေမျိုး စစ်ကြောင်း ခဏ နားနေချိန်မှာဖြစ်စေ၊ နှစ်ယောက်တွဲ ကင်းကို ဆရာကြီးများက ကင်းရှည် ခပ်ဝေးဝေး ထုတ်ခိုင်းချိန်မှာ အရာရှိများက ရဲဘော်တွေကို အမှတ်ယူလိုတဲ့ သဘောနဲ့ မလိုပါဘူး ဆရာကြီး၊ သူတို့ အုပ်ချုပ်မှု (စားသောက်ရေး၊ အနားယူရေး) အဆင်ပြေဖို့ ကင်းကို ကပ် ထုတ်ပါလို့ ဝင်ပြီး ကွန့်တတ်ပါတယ်။ အဲဒီအခါ အတွေ့အကြုံ ရင့်ကျက်တဲ့ ဆရာကြီးတွေက စားချက်လိုမျိုးမှာ အသံဗလံများ ဆူညံနေတာကြောင့် ရန်သူ အဝေးမှပင် ကြားနိုင်သဖြင့် အရာရှိ ပြောစကားကို နားမထောင်ဘဲ ဇွတ်လုပ်တတ်လို့ အရာရှိနဲ့ ဆရာကြီး ထိပ်တိုက်တွေ့ကာ ဆက်ဆံရေး တင်းမာ နေတာမျိုးလည်း ရှိပါတယ်။

ဒါ့ကြောင့် တချို့ရှေ့တန်းမှာ နောက်ကျည်ဆံဟာ ရှေ့ကျည်ဆံထက် ကြောက်စရာ ကောင်းတယ်လို့ ပြောစမှတ် ပြုကြရပြီး မကျေနပ်ချက် ကြီးမားလာပါက တိုက်ပွဲမှာ သေနတ်ဖြင့် အရာရှိ နောက်ကျောကို မသိမသာ ပစ်ထည့် လိုက်တာမျိုးနဲ့ အချင်းချင်း လုပ်ကြံခံရတဲ့ ဖြစ်စဉ်များ ရှိခဲ့ပါတယ်။ တပ်ခွဲရုံးမှာရှိတဲ့ တပ်ခွဲ တပ်ကြပ်ကြီး၊ ဒုအရာခံ ဗိုလ်တွေကို အရာရှိငယ်များက တန်ဖိုးထား လေးစားရကောင်းမှန်း မသိရင် ကွယ်ရာမှာ ရဲဘော်များရဲ့ ဝေဖန်မှု ခံရလေ့ ရှိပါတယ်။ တခါတရံ တပ်ခွဲမှူးက တပ်စုမှူးနဲ့ ဆရာများရဲ့ ကြီးမားလာတဲ့ ဆက်ဆံရေး တင်းမာမှု ပြဿနာကို ဝင်ရောက် ဖျန်ဖြေပေးမှသာ သက်သာမှု ရရှိကြရပါတယ်။

တပ်ခွဲမှူးက တချို့ ကျောင်းဆင်းအရာရှိ ပေါက်စများကို တပ်စုများသို့ မဆင်းစေဘဲ တပ်ခွဲရုံးသို့ တွဲဖက် ခေါ်ထားပြီးမှ အခြေအနေကြည့်ကာ တပ်စုသို့ ဆင်းခိုင်းစေပါတယ်။ နောက်ပိုင်းမှာ လိုအပ်ချက်အရ ကျောင်းဆင်းစ အရာရှိငယ်များကို တပ်ရင်း၊ တပ်ခွဲတွင် တွဲဖက် မခေါ်နိုင်တော့ဘဲ တပ်စုရုံးသို့ တိုက်ရိုက် တာဝန်ပေးရလို့ ဝင်ဝင်ချင်း ဆောက်နဲ့ ထွင်းရတဲ့ အဖြစ်မျိုးတွေ ကြုံရပါတယ်။

တပ်စုရုံးမှာ ရှိနေတဲ့ အကူရဲဘော်များရဲ့ ကြံရည်ဖန်ရည်အပေါ် မူတည်ပြီး တပ်စုရုံးတွင် ဟင်းကောင်း စားရပေမယ့် တချို့ရဲဘော်များမှာ ရှာဖွေမှုညံ့ဖျင်းကာ ဟင်းမချက် တတ်မှုကြောင့် အရာရှိ ပေါက်စများမှာ မတင်းတိမ်နိုင်ဘဲ နိုင်ထက်စီးနင်း လုပ်တတ် ကြပါတယ်။ အဲဒါကတော့ တပ်ခွဲရုံးရှိ လုပ်သက်ရင့် ဆရာ၊ ဆရာကြီးများရဲ့ လုပ်ရည် ကိုင်ရည်ကြောင့် ဟင်းကောင်းကောင်း စိုပြေနေမှုကို အားကျပြီးတော့ အသားပေါ်ရင် ခွဲတမ်းကို ပိုတောင်း တတ်တာမျိုးနဲ့ အမျိုးမျိုး ဂျီကျတတ်တာ မျိုးတွေကြောင့် ဆရာတွေ စိတ်ညစ်ရတာမျိုးလည်း တွေ့ရပါတယ်။

တပ်စုမှူးအချို့ဟာ ကျောပိုးအိတ် မလွယ်ချင်ကြလို့ ဝန်ထမ်းပေါ်တာ ရှားပါးချိန်တွင် တပ်ခွဲရုံးသို့ မကြာခဏ ကျောပိုးအိတ် ပို့ခိုင်းလေ့ရှိရာ တပ်ခွဲရုံးရှိ ဆရာများနှင့် တပ်စုရုံးရှိ အကူရဲဘော်ဟာ မကြာခဏ စကား များရပါတယ်။ အမှန်မှာ တပ်စုမှူးတဦးဟာ ကျောပိုးအိတ်ကို မိမိဘာသာ ရှေ့တန်းသို့ထမ်းပြီး သွားပြခြင်းဖြင့် ရဲဘော်များရဲ့ တိတ်တခိုး လေးစားမှုကို ခံယူနိုင်ရပါမယ်။ တကယ်တော့ ရဲဘော်တွေရဲ့ သည်းခြေကြိုက် ဆေးလိပ်နဲ့ အရက်၊ အသီးအရွက်တွေကို အရာရှိငယ်များက အလေးထား ဖြည့်ဆည်း ပေးလိုက်ရုံနဲ့ တဦးနဲ့တဦး ချစ်ခင်မှု ရရှိသွားနိုင်မှာ ဖြစ်ပါတယ်။

နောက်တပိုင်းအနေနဲ့ အရာရှိငယ်များဟာ လေ့ကျင့်ရေးကျောင်းများမှာ ဆရာ၊ ရဲဘော်များရဲ့ လေ့ကျင့်သား မပြည့်ဝတာကို သိရှိထားပြီး ဖြစ်ပါတယ်။ ဆရာ၊ ဆရာကြီးတွေက အရာရှိတွေကို အသက်ငယ်မှုကို ထောက်ကာ၊ လေးစားမှုသမှု ရှိသင့်တာထက် လျော့နည်းကာ ခြေရာတိုင်းပြီး စကားပြောတာကို လက်မခံနိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာ တိုက်ပွဲများ နည်းပါးသွားလို့ အတူတကွ လက်တွဲ တိုက်ပွဲဝင်မှု နည်းပါး လာသောကြောင့် ရဲဘော်ရဲဘက်စိတ် မရှိကြတော့ဘဲ စကားအချေအတင် များလာရင် နားလည်ပေးမှု၊ အလျော့ပေးမှုများ နည်းပါးလာခြင်း၊ အချို့ရဲဘော်များမှာ တပ်သစ်များ ဆက်တိုက် တိုးချဲ့မှုကြောင့် သတ်မှတ်လုပ်သက် မပြည့်မီ ဆရာများ ဖြစ်ကုန်ကြလို့ အရာရှိများက အထင် မကြီးတော့ခြင်း စတာတွေကြောင့် အချင်းချင်း ယုံကြည်လေးစားခြင်းများ မရှိကြတာတွေကို တွေ့ရှိရပါတယ်။

ရဲဘော်တွေကို အပြစ်ရှိပါက ထိုးကြိတ်ရိုက်နှက် ဆုံးမခြင်းဟာ မင်နီတားပြီး အရေးယူ အပြစ်ပေး ထောင်ချတာထက် ပိုမို ကောင်းမွန်တယ်လို့ ပြောလို့ရပေမယ့် နောက်ပိုင်းမှာ ရဲဘော်များဟာ ထိုသို့ မရတော့ဘဲ နာကျည်းမှု၊ ရန်လုပ်မှုတွေနဲ့ တန်ပြန်လာတာ တွေ့ရပါတယ်။ ထိုးကြိတ်ရိုက်နှက် ဆုံးမခြင်းဟာ ရှေ့တန်းမှာ ၎င်းရဲဘော်ရဲ့ အသက်ကို ကယ်တင်ခဲ့ဖူးတဲ့ ကျေးဇူးရှင်သဖွယ် ဖြစ်နေမှ၊ ပိုင်မှ အရာရှိပေါက်စ အနေနဲ့ ပြုလုပ်သင့်ပါတယ်။ ပြစ်မှုတစုံတရာ ကြီးမားတာကိုပင် အရာရှိ အနေနဲ့ မသိကျိုးကျွံ ပြုသင့်ပြီး ဆရာကြီးများရဲ့ ဆုံးမမှုဖြင့် လုံလောက်တာကို သိသင့်ပါတယ်။ ဒီနေ့ခေတ်ရဲ့ တပ်မတော် အောက်ခြေမှာ ဆင်းရဲ ကျပ်တည်းမှုနဲ့ ဖိနှိပ် အုပ်ချုပ်မှုတွေကြောင့် ပေါက်ကွဲတော့မယ့် မိုင်းဗုံးအလား မကျေနပ်မှုတွေက များပြား နေကြတာမို့ တပ်တွင်း ဆက်ဆံရေးနဲ့ စည်းလုံးညီညွတ်ရေး ဟာလည်း ယိုင်နဲ့နဲ့သာ ဖြစ်နေပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ် ခင်ဗျား။

Ref: မဇ္ဖျိမ

Read More...

အပေါ်သို့