ဖေဖော်ဝါရီ ၄၊ ၂၀၁၁
ယနေ့ နေ့ခင်းတွင် မြန်မာစစ်အစိုးရ၏ ပြည်သူ့လွှတ်တော်က ဒုတိယသမ္မတ ဗိုလ်ချူပ်ကြီးဟောင်း သိန်းစိန်ကို သမ္မတ အဖြစ် မဲ ၆၅၉ အနက်က ထောက်ခံမဲ ၄၀၈ မဲနှင့် ခန့်အပ်လိုက်ပြီဟု သတင်းများ ထွက်ပေါ် လာသည်။ သိန်းစိန်သည် လက်ရှိ အာဏာရှင် နအဖ စစ်ကောင်စီက ခန့်အပ်ခဲ့သော ၀န်ကြီးချုပ် ရာထူး လက်ရှိဖြင့် ကြံ့ဖွံ့ပါတီမှ ရွေးကောက်ပွဲ ၀င်ခဲ့သူ စစ်ဗိုလ်ချူပ်ဟောင်း ဖြစ်သည်။
၎င်းက မည်သို့သော ၀န်ကြီးချုပ်၊ ၀န်ကြီး များဖြင့် အစိုးရ တရပ် မည်သို့ ဖွဲ့မည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။ သမ္မတသည် လက်နက်ကိုင် စစ်တပ်နှင့် ပတ်သက်သည့် နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီကို ဦးဆောင်ရမည် ဖြစ်သည်ဟု ၂၀၀၈ စစ်အစိုးရ၏ အခြေခံ ဥပဒေက ဆိုထားသည်။
လက်ရှိ ဒုတိယ သမ္မတ ၂ ဦးမှာ စစ်တပ်က တင်အောင်မြင့်ဦး နှင့် ကြံ့ဖွံ့ပါတီက စိုင်းမောက်ခမ်းတို့ ဖြစ်သည်ဟု သိရသည်။
လက်ရှိ အာဏာရှင် နအဖစစ်ကောင်စီ၏ ဥက္ကဋ္ဌ သန်းရွှေ နှင့် ဒုတိယစစ်ခေါင်းဆောင် မောင်အေး တို့က အသစ် ပေါ်ထွန်းလာသည့် လွှတ်တော် ကြီးများနှင့် အစိုးရ အသစ်တွင် မည်သို့ပါဝင် ပတ်သက်လာမည် သို့မဟုတ် မည်သို့ ကြိုးကိုင်မည်လဲကို အများက စိတ်ဝင်တစား စောင့်ကြည့်လျက် ရှိသည်။
လွန်ခဲ့သည့် နှစ်ကုန်ပိုင်း ရွေးကောက်ပွဲ မတိုင်မီ စစ်ဗိုလ်ချုပ်များ အနားယူစဉ် ချန်ထား ခဲ့သည့် ဒု-ဗိုလ်ချုပ်ကြီး မြင့်အောင်နှင့် ဒု-ဗိုလ်ချုပ်ကြီး ကိုကို တို့မှာ တပ်မတော် ရာထူးများ ရှိနေဆဲဖြစ်ပြီး ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒုချုပ် ရာထူးပေးမည် ဆိုသည့် မှန်းဆချက် များလည်း ပေါ်ထွက်လျက် ရှိသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ အနေဖြင့် လာမည့် အရပ်ဝတ် အစိုးရ အဖွဲ့၏ ကာကွယ်ရေး ၀န်ကြီး လက်အောက်တွင် ကာကွယ်ရေး ဦးစီးချုပ် အဖြစ် နေရာ ယူရန်မှာလည်း အဆင့်အတန်း အရ (ပရိုတိုကောလ်) အရ နိမ့်ကျ လွန်းနေပြီး အခြား ရှုထောင့်မှ ကြည့်လျင် တပ်ကို တရားဝင် ရာထူး ကြီးများဖြင့် တိုက်ရိုက် မကိုင်တွယ်လျင် ရေရှည်တွင် သစ္စာ စောင့်သိခြင်း မရှိတော့ပဲ ဖြုတ်ချ ခံရမည့် (မဆလ ခေါင်းဆောင် ဦးနေ၀င်းလို) ကံကြမ္မာနှင့်လည်း ကြုံတွေ့ရဖွယ် ရှိသည်ဟု နိုင်ငံရေး စောင့်ကြည့် သူတို့က ပြောဆိုလျက် ရှိသည်။
“တကယ်တမ်းကတော့ သိန်းစိန် သမ္မတ ဖြစ်တာထက်၊ လက်ရှိ စစ်ခေါင်းဆောင်ကြီး ၂ ဦး ဖြစ်တဲ့ သန်းရွှေနဲ့ မောင်အေးတို့က သူတို့ရဲ့ လက်နက်ကိုင် တပ်မတော်ကို ဘယ်လို ဆက်လက် ထိန်းချုပ် သွားမှာလဲ ဆိုတာက ပိုစိတ်ဝင်စားစရာ ကောင်းမယ် ထင်တယ်။ ” ဟု အကဲခတ်တဦးက မိုးမခသို့ ပြောကြားသည်။
Ref: မိုးမခ
Friday, February 4, 2011
ကြံ့ဖွံ့လွှတ်တော်က ကြံ့ဖွံ့နိုင်ငံတော်သမ္မတအဖြစ် သိန်းစိန်ကို ရွေးလိုက်ပြီ
နိုင်းမြစ်ကမ်းပေါ်က အာဏာရှင် တော်လှန်ရေး
ဘကောင်း ။
Thursday, 03 February 2011 ။
နှစ်ပေါင်း ၃၀ ကြာ အီဂျစ်နိုင်ငံကို အာဏာရှင်အဖြစ် အုပ်စိုးခဲ့သော သမ္မတမူဘာရက်အား ချက်ချင်း ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့သည့် နိုင်ငံတဝန်း လူထုအုံကြွ ဆန္ဒပြမှုကြီး ၁၀ ရက် တိုင်ခဲ့ပြီ ဖြစ်သည်။
အစွန်းရောက် အစ္စလာမ် ဆိုသူ များအား နှိပ်ကွပ်ပြီး တဘက်၌ အမေရိကန် အစိုးရနှင့် အလွန် သင့်မြတ် သော်လည်း တိုင်းသူ ပြည်သားများအား အာဏာရှင် ဆန်ဆန် အုပ်ချုပ်ခဲ့သော မူဘာရက် ပြုတ်ကျမည်လော၊ သို့တည်းမဟုတ် facebook၊ twitter တို့ဖြင့် လူငယ်တို့ စတင်ခဲ့သည့် ဆန္ဒပြမှု ကြီးသည် နှိပ်ကွပ် မှုများကြောင့် ရှုံးနိမ့် ရတော့မည်လော ဆိုသည့် အဖြေသည် မကြာမီ ရက်ပိုင်းအတွင်း ထွက်လာ ပေတော့မည်။
ဆန္ဒပြပွဲကြီး စတင်ပြီး ရက်ပိုင်းအကြာ မူဘာရက်သည် ဝန်ကြီးအဖွဲ့ တဖွဲ့လုံး အစားထိုး ခန့်အပ်ခြင်း ပြုလုပ်သည့် အပြင် ဒုသမ္မတ နေရာ တခုကို ဖန်တီးကာ သူ့လူယုံ တဦးအား ခန့်အပ်လိုက်သည်။ အတိုက်အခံ အင်အားစုများနှင့် ဆွေးနွေးပွဲများ ကျင်းပကာ လိုအပ်သည့် ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်မည်ဟုလည်း စကား ကမ်းလှမ်းခဲ့သည်။
ထိုပြောင်းလဲချက်များသည် ဆန္ဒပြပွဲများကို အရှိန်တန့်စေရန် မည်သို့မျှ မလုပ်ဆောင် နိုင်သည်ကို တွေ့မြင် ရသည့် အခါ မူဘာရက်က စက်တင်ဘာလ၌ သူ၏ သမ္မတ သက်တမ်း ကုန်ဆုံးပါက ဆက်လက်၍ အရွေး ခံတော့မည် မဟုတ်ကြောင်း၊ ပြည်သူလူထု၏ လုံခြုံရေးအတွက် အာမခံနိုင်မည့် နိုင်ငံရေးအပြောင်းအလဲ တခုအတွက် သူ လုပ်ဆောင်တော့မည် ဖြစ်ကြောင်း အင်္ဂါနေ့ ညက တိုက်ရိုက်ထုတ်လွှင့်သည့် ရုပ်မြင်သံကြား မိန့်ခွန်းတွင် ပြောဆိုသွားခဲ့၏။
“ဒီတိုင်းပြည်ဟာလည်း ကျုပ်တိုင်းပြည်ပဲ။ ဒီမြေမှာပဲ ကျုပ်နေထိုင်လာခဲ့တယ်။ ဒီတိုင်းပြည်ရဲ့ အချုပ်အချာအာဏာနဲ့ အကျိုးစီးပွားကို ကျုပ် ထမ်းရွက်ကာကွယ်ခဲ့တယ်။ ဒီမြေမှာပဲ ကျုပ်သေသွားမယ်” ဟု တိုက်လေယာဉ် မောင်းသူဘဝမှ သမ္မတ ဖြစ်လာခဲ့သော မူဘာရက်က ပြောသည်။
၁၉၈၁ ခုနှစ်တွင် သမ္မတ ဖြစ်လာခဲ့သော မူဘာရက်သည် အသက် ၈၂ နှစ် ရှိနေပြီ ဖြစ်သော်လည်း အားမာန် အပြည့်ဖြင့် မိန့်ခွန်း ခြွေသွားသည်ကို မြင်တွေ့ရသည်။
သူ၏ ကမ်းလှမ်းချက်အား ဆန္ဒပြသမားတို့ လက်မခံသည်ကို တွေ့ရသည့်အခါတွင် မြန်မာပြည်ရှိ အာဏာရှင်တို့ လုပ်နည်းအတိုင်း သူ့အား ထောက်ခံသည် ဆိုသူတို့နှင့် တန်ပြန်ဆန္ဒပြပွဲများကို မနေ့က စတင်၍ မြို့တော် ကိုင်ရိုနှင့် ဒုတိယမြို့တော် ဖြစ်သော အလက်ဇန်းဒရီးယားတို့တွင် ပြုလုပ်နေပြီဖြစ်၏။
မနေ့ နေ့လယ်ခင်းက ရာနှင့်ချီသော “မူဘာရက်ကိုထောက်ခံသူ” ဆိုသူတို့က မြင်းများ၊ လားများကို စီး၍ ကိုင်ရိုမြို့လယ်ရှိ ဆန္ဒပြသမားတို့ သန်းနှင့်ချီ စုဝေးရာ တဟီရာ ရင်ပြင်သို့ဝင်ရောက်လာပြီး ထိပ်တိုက် ရင်ဆိုင်မူများ ပြုလုပ်ခဲ့သည်။ မူဘာရက် ထောက်ခံသူ တို့က အနီးရှိ အဆောက်အဦး မြင့်များပေါ်တက်၍ ခဲများဖြင့် ပစ်ပေါက်ကြပုံ၊ ဓာတ်ဆီ ပုလင်းများ ကိုမီးရှို့၍ ပစ်ချကြပုံကိုလည်း အယ်ဂျားလ်ဇီးယား ရုပ်သံမှ အဆက်မပြတ်ထုတ်လွှင့် နေသည်။
သမိုင်းဝင် နိုင်းမြစ် နံဘေးရှိ တဟီရာရင်ပြင်က အနိဌာရုံ မြင်ကွင်းတခုဖြစ်လာ၏။ မြေပြင်တွင် မူဘာရက် ထောက်ခံသူတို့နှင့် ဆန့်ကျင်သူတို့ အပြန်အလှန် ထိုးကြိတ်နေကြဆဲ ဖြစ်သည်။
မူဘာရက်ကို ဆန့်ကျင်သူတို့က သူတို့ကို တိုက်ခိုက်လာသူတို့သည် မူဘာရက်၏ အမျိုးသားဒီမိုကရက်တစ် ပါတီဝင်များ၊ အရပ်ဝတ်ရဲများနှင့် ပိုက်ဆံပေး စေခိုင်းထားသော လူဆိုးသူခိုးတို့ ဖြစ်ကြောင်း ငိုယိုပြောဆိုကြသည်။
၂၀၀၇ ခုနှစ်က မြန်မာပြည်တွင် သံဃာတော်များ ဦးဆာင်သော ဆန္ဒပြပွဲများ နှိမ်နင်းရာတွင် တွေ့ခဲ့ရသည့် တနေ့ ကျပ် ၂၀၀၀ နှင့် ဒံပေါက် တထုပ်အတွက် ပုဆိုး ကပိုကရိုဝတ်ကာ ဝါးရင်းတုတ် ကိုင်ထားသော စွမ်းအားရှင်ဆိုသူ များနှင့် နှိုင်းလိုက နှိုင်းလို့ရ၏။
မူဘာရက်ကတော့ မြန်မာပြည် အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အတုခိုးကာ ပြည်သူအချင်းချင်း တိုက်ပေးသော နည်းကို အသုံးပြုနေပြီဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကဲ့သို့ပင် မူဘာရက်သည် အလွန်ဆင်းရဲ၍ ဆန္ဒပြမှုများတွင်ပင် မပါဝင် နိုင်လောက်အောင် မွဲတေနေသော၊ မြို့နယ် ရပ်ကွက်များတွင် ဆိုးပေ့တေပေ့၊ အသိဥာဏ်ချို့တဲ့ပေ့ ဆိုသော သူများအား ငွေဖြင့်စည်းရုံး၍ ဆန္ဒပြသမားများကို ရိုက်ခိုင်းသည်၊ လူစုပြီး တန်ပြန်ဆန္ဒပြပွဲများကို ပြုလုပ်ခိုင်းသည်။
ထိုအခြေအနေကို အနောက်နိုင်ငံ အစိုးရများနှင့် နိုင်ငံရေး ကျွမ်းကျင်သူများက နားလည်ရန် ခက်ခက်ခဲခဲ သုံးသပ် နေကြရသော်လည်း အာဏာရှင် လက်အောက်တွင် လူလားမြောက်ခဲ့ရသော မြန်မာပြည်သူတို့မှာ အခြေအနေမှန်ကို ကောင်းစွာ နားလည်ကြမည် ဖြစ်ပါသည်။
တဟီရာ ရင်ပြင်တွင် ရောက်ရှိနေသော ဒိုမင်းနစ်ကာဗာကစ် ဆိုသည့် ဆန္ဒပြ လူငယ်တဦးက “မီဒီယာတွေက မူဘာရက် ဆန့်ကျင်သူနဲ့ ထောက်ခံသူဆိုပြီး သတင်း လုပ်နေတာတွေကို ကျနော် တော်တော် ဒေါကန်နေပြီ။ ကျနော်တို့ အီဂျစ် နှစ်ခြမ်း ကွဲသွားတာ မဟုတ်ဘူး။ အစိုးရက ကျနော်တို့ကို နှိပ်ကွပ်တိုက်ခိုက် နေပြီဆိုတာ သိစေချင်တယ်။ ဟောဟိုမှာ မူဘာရက် ပါတီဝင်တွေ။ အမှတ် ၂ လမ်းထဲကနေ ရင်ပြင်ထဲကို လာနေကြပြီ။ သူတို့ လာလို့မရအောင် ကျနော်တို့ လမ်းသွားပိတ်လိုက်ဦးမယ်” ဟု သူ၏ အင်တာနက် twitter တွင် ယနေ့ မနက် အစောပိုင်းက ရေးသားထားသည်ကို တွေ့ရသည်။
အီဂျစ်နိုင်ငံရှိ ဘဏ်များလည်း ပိတ်ထားပြီး ဈေးဆိုင်များတွင်လည်း စားကုန်များ စတင်ပြတ်လပ်နေပြီဟု သိရသည်။ တချို့နေရာများတွင် လုယက်မှုများ ဖြစ်ပေါ်နေပြီး အကျဉ်းထောင် များတွင်လည်း အဓိကရုဏ်းများ ဖြစ်ကာ အကျဉ်းသားများ ထောင်ချီ လွတ်မြောက်လာ၏။ ရပ်ကွက် လုံခြုံရေး၊ လမ်းလုံခြုံရေးအတွက် သက်ဆိုင်ရာ မြို့သူ မြို့သားတို့က တာဝန်ယူ ဆောင်ရွက်နေကြပြီဖြစ်သည်။
အခြေအနေမှာ မြန်မာပြည်တွင် ဖြစ်ပျက် ခဲ့သော ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးနှင့် ခပ်ဆင်ဆင် ဖြစ်နေသလို ရှိပြီး အခြေခံ ပြဿနာများကတော့ အတူတူပဲဖြစ်သည်။ အထွေထွေလူမှု ပြဿနာများ ဖြစ်သည့် အုပ်ချုပ်သူ လူတန်းစား လက်တဆုပ်စာ၏ အဆမတန် ခြစားမှု၊ အစိုးရ၏ ဖိနှိပ်မှု၊ အလုပ်လက်မဲ့ ပေါများမှု၊ အဆမတန် ငွေကြေး ဖောင်းပွမှုနှင့် ဆင်းရဲ မွဲတေမှု တို့သည် လူထု အုံကြွမှု၏ ရေသောက်မြစ်များ အဖြစ် တွေ့မြင် နေရသည်။
အီဂျစ်နိုင်ငံ၏ ပျမ်းမျှ တနေ့ ဝင်ငွေသည် အမေရိကန် ၂ ဒေါ်လာ (ကျပ် ၂ ထောင်ဝန်းကျင်) အောက်သာ ရှိပြီး မြန်မာ ပြည်ရှိ ပြည်သူတို့၏ ဝင်ငွေမှာ တနေ့ ၁ ဒေါ်လာ (ကျပ် ၁ ထောင် ဝန်းကျင်) အောက်သာ ရရှိသည်။
အီဂျစ်တွင် ယခုအချိန်ထိ အလွန်ထူးခြားသည်က စစ်တပ်၏ အခန်းကဏ္ဍ ဖြစ်သည်။ ကိုင်ရိုမြို့၏ ကောင်းကင်ယံတွင် စစ်သုံး ရဟတ်ယာဉ်များ ပျံဝဲနေပြီး မြေပြင်တွင်လည်း တင့်ကားများက နေရာ ယူထားကြသည်။
အီဂျစ် စစ်တပ်က ဆန္ဒပြသမားများအပေါ် အင်အားသုံး နှိမ်နှင်းမည်မဟုတ်ကြောင်း ပြည်သူလူထု၏ ငြိမ်းချမ်းသော နည်းဖြင့် ဆန္ဒထုတ်ဖော်ခြင်းကို အာမခံသွားမည်ဖြစ်ကြောင်း တနင်္လာနေ့တွင် ကြေညာချက် တစောင် ထုတ်ပြန် ပြောကြားထားသည်။
ယနေ့နံနက် အရုဏ်တက်၌ တဟီရာရင်ပြင်အနီး သေနတ်သံများ ကြိုကြားကြိုကြား ပေါ်ထွက်နေသော်လည်း အီဂျစ် စစ်တပ်က ၎င်းတို့ ပစ်ခတ်ခြင်း မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
သြဇာတိက္ကမကြီးမားသည့် နိုင်ငံရေး သုံးသပ်သူ Fareed Zakaria ကမူ အီဂျစ်နိုင်ငံသည် အပေါ်ယံ အရပ်သား ထိန်းချုပ်မှု အသွင်ဆောင်သော်လည်း စစ်တပ် အာဏာရှင် အုပ်စိုးနေသည့် နိုင်ငံဖြစ်ကြောင်း၊ ထို့ကြောင့် စစ်မှန်သည့် ဒီမိုကရေစီ စနစ်တခု ပေါ်လာပြီး ၎င်း၏ သြဇာအာဏာ လုပ်ပိုင်ခွင့်များ ဆုံးရှုံးမည့်အရေးကို စစ်တပ်က အသာတကြည် ခွင့်ပြုမည်မဟုတ်ကြောင်း မနေ့က ပြုလုပ်သော မေးမြန်းခန်း တခု၌ သုံးသပ်ထားသည်။
မြန်မာပြည်က ၈ လေးလုံး အရေးတော်ပုံတွင် ခေါင်းဆောင် တဦးအဖြစ် ပေါ်ထွက်လာခဲ့သော ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ ပုဂ္ဂိုလ်တဦးကို အီဂျစ်ဆန္ဒပြသမားတို့ ရရှိလိုက်ခြင်းက အီဂျစ်နှင့် မြန်မာပြည် တိုက်ဆိုင်စွာ တူညီသည်ဟု ဆိုရမည် ဖြစ်သည်။
ထိုသူသည် အီဂျစ်နိုင်ငံတွင် ငယ်စဉ်က ၁၅ နှစ်ကြာသာ နေထိုင်ဖူးပြီး နောင်တွင် အနောက်နိုင်ငံများ၌ ဘဝကိုနှစ်မြှုပ်ခဲ့သူ နိုင်ငံတကာ အနုမြူအေဂျင်စီ (IAEA) မှ အကြီးအကဲဟောင်း အသက် ၆၈ နှစ်အရွယ်ရှိ အီဂျစ်နိုင်ငံသား မိုဟာမက် အယ်လ်ဘာရာဒေးပင် ဖြစ်သည်။
IAEA တွင်သူ၏ ကြိုးပမ်း လုပ်ဆောင်မှုများအတွက် နိုဘဲလ်ငြိမ်းချမ်းရေးဆုကို ရရှိခဲ့သူဖြစ်သည်။ သူသည် ယခု အီဂျစ်နိုင်ငံတွင် ရောက်ရှိနေပြီး မူဘာရက် လုံးဝနုတ်ထွက်သွားရန် တောင်းဆိုနေပြီဖြစ်သည်။
သူက “တည်ငြိမ်မှုကို ဗန်းပြပြီး ပြည်သူလူထုကို နှိပ်စက်နေတဲ့ စစ်အာဏာရှင်စနစ်ကြီး ရပ်တန့်ဖို့အတွက် အချိန် ကျရောက် နေပါပြီ” ဟုလည်း ပြောဆိုထားသည်။ သူ၏ တောင်းဆိုချက် ၃ ခုမှာ အပြောင်းအလဲ ကာလ အစိုးရတရပ် ဖွဲ့စည်းရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ပေါ်ပေါက်ရေးနှင့် အစိုးရသစ် တရပ်ပေါ်ပေါက်ရေးတို့ ဖြစ်သည်။
အီဂျစ်နိုင်ငံအား တနှစ်လျှင် စစ်ရေးအကူအညီ အမေရိကန် ဒေါ်လာ သန်း ၁၅၀၀ ထောက်ပံ့သော အမေရိကန် အစိုးရသည် ၎င်းနှင့် ဆယ်စုနှစ်များစွာ မဟာမိတ်ဖြစ်ခဲ့သော မူဘာရက် ပြုတ်ကျသွားပြီး အစွန်းရောက် အစ္စလာမ်များ အာဏာရလာမည်ကို စိုးရိမ်နေသည်။
အမေရိကန် ဒုသမ္မတ ဂျိုးဘိုက်ဒန် သည်ပင် မူဘာရက်အား အာဏာရှင်ဟူ၍ မခေါ်ဆိုနိုင်ကြောင်း ယခင်တပတ်က ပြောဆိုခဲ့သည်။ အမေရိကန်တို့၏ သဘောထားများအပေါ် အီဂျစ် ဆန္ဒပြသမားများနှင့် မိုဟာမက် အယ်လ်ဘာရာဒေးက မကျေမနပ် ဖြစ်ခဲ့ကြသည်။
မိုဟာမက် အယ်လ်ဘာရာဒေးက မူဘာရက်အား နုတ်ထွက်ရန်ပြောဆိုသည့် နိုင်ငံ့ခေါင်းဆောင်များထဲတွင် အမေရိကန် သမ္မတ အိုဘားမား အနေဖြင့် နောက်ဆုံးမှ ပြောဆိုသည်ဆိုလျှင် မကောင်းနိုင်ကြောင်း ပြောဆိုသည်။
သို့ရာတွင် အမေရိကန် သမ္မတ အိုဘားမားက အီဂျစ်နိုင်ငံ၏ အခြေအနေသည် ဆက်၍ ထိန်းထားနိုင်တော့သည့် အခြေအနေ၌ မရှိတော့ကြောင်း၊ အပြောင်းအလဲသည် မလွဲမသွေ ကျရောက်လာရတော့မည် ဖြစ်ကြောင်း၊ ထို့အပြင် အပြောင်းအလဲ ဖြစ်ပေါ်ပြီးနောက်တွင်လည်း လိုအပ်သည့် အကူအညီများကို ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း အင်္ဂါနေ့က ပြောဆိုလိုက်သည်။
“အပြောင်းအလဲဟာ စနစ်ကျပြီး အနှစ်သာရရှိတဲ့ အပြောင်းအလဲ၊ ငြိမ်းချမ်းတဲ့ အပြောင်းအလဲပဲ ဖြစ်ရမယ်။ အဲဒီ အပြောင်းအလဲဟာ အခုကိုပဲ စတင်ရမယ်” ဟု အိုဘားမားက ပြော၏။ သို့ရာတွင် အပြောင်းအလဲသည် ရှည်လျားပြီး အခန့်မသင့်လျှင် သွေးထွက်သံယို ဖြစ်နိုင်ကြောင်း အရိပ်အမြွက် ဆိုသည့် အနေဖြင့် လာမည့်ရက်တို့သည် အီဂျစ်ပြည်သူတို့အတွက် ခက်ခဲမည့် နေ့ရက်များ ဖြစ်မည်ဟု ဖြည့်စွက် ပြောဆိုသွားသည်။
ထိုမှန်းဆချက် ပြုလုပ်ပြီး နာရီပိုင်း အကြာတွင် မူဘာရက် ထောက်ခံသူဟု ဆိုသူများ ထွက်လာပြီး သွေးထွက် သံယို အဖြစ်အပျက်များကို တွေ့မြင် ကြရတော့သည်။
အပြောင်းအလဲအတွက် သွေးထွက်သံယို အဖြစ်အပျက်ကို မလိုလားသည့် အနေဖြင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က “လူထုဆန္ဒပြပွဲတွေဟာ အပြောင်းအလဲ ဖြစ်စေတဲ့ နည်းလမ်းတခုတော့ ဟုတ်ပါတယ်။ ဒါပေမယ့် အဲဒါဟာ အကောင်းဆုံး နည်းလမ်းလို့တော့ မဆိုနိုင်ပါဘူး” ဟု အင်္ဂါနေ့က ပြုလုပ်သော BBC မေးမြန်းခန်း တခုတွင် ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၀ နိုဝင်ဘာလက အကျယ်ချုပ်မှ လွတ်မြောက်ခဲ့ပြီး ရက်ပိုင်းအတွင်းတွင် တော်လှန်ရေး ဆိုသည်မှာ တိုင်းပြည်၌ ကောင်းမွန်သော အပြောင်းအလဲများ အရှိန်အဟုန်ဖြင့် ဖြစ်ထွန်းခြင်းကို ဆိုလိုသည်ဟု အဓိပ္ပာယ် ဖွင့်ဆိုခဲ့ သည်ကို မှတ်မိကြပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ နိုင်းမြစ်မှ တော်လှန်ရေးသည် အနှစ် ၃၀ ကြာမြင့်ခဲ့သည့် မူဘာရက်၏ အာဏာရှင်စနစ်ကို အပြင်းအထန် ထိုးနှက်လိုက်ရုံမက အာဏာရှင်တို့ ကြီးစိုးသော အာရပ်ကမ္ဘာရှိ ရီမင်၊ ဂျော်ဒန်၊ ဆီးရီးယားနှင့် ဆော်လ်ဒီအာရေဗျ နိုင်ငံများအား တုန်ခါစေခဲ့ပြီဖြစ်သည်။
ရီမင်နိုင်ငံ၌လည်း နှစ် ၃၀ ကျော် အုပ်စိုးခဲ့သော သမ္မတ အလီအဒူဆလက် ရာထူးမှ နုတ်ထွက်ရန် အစိုးရဆန့်ကျင်သူတို့ ထောင်နှင့်ချီ ဆန္ဒပြနေကြသည်။ မနေ့ကမူ သမ္မတက သူသည် လာမည့် ၂၀၁၃ တွင်ဆက်လက်၍ သမ္မတရာထူးကို အရွေးခံတော့မည် မဟုတ်ကြောင်း၊ ထိုရာထူးအား သူ့သားဖြစ်သူလည်း ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ပြောဆို လိုက်သည်။
တဟီရာ ရင်ပြင်တွင်တော့ ဓားများ၊ တုတ်များ၊ ကျောက်ခဲများ၊ မီးလောင်ဗုံးများ စွဲကိုင်ထားသော မူဘာရက် ထောက်ခံသူ “စွမ်းအားရှင်တို့” နှင့် ဆန္ဒပြသမားတို့ အဓိကရုဏ်းများ ဆက်လက်ဖြစ်ပွားနေသည်။ ထိုအဓိကရုဏ်း များအတွင်း လူ ၈ ယောက် သေဆုံးပြီး ၈၃၆ ဦးကျော် ဒဏ်ရာရရှိကြောင်း ယနေ့နေ့လယ်က နိုင်ငံပိုင် ရုပ်မြင်သံကြားတွင် ကြေညာသွားသည်။ ၏
တဟီရာရင်ပြင်သည် အီဂျစ်နိုင်ငံ၏ သမိုင်းဝင် နေရာ တနေရာဖြစ်သည်။ ၁၉၅၂ ခုနှစ် စစ်တပ် အရာရှိရာများက စည်းမျဉ်းခံ ဘုရင်စနစ်အား ဖြုတ်ချပြီး အီဂျစ် သမ္မတ နိုင်ငံအဖြစ်ထူထောင်စဉ် ထိုနေရာကို လွတ်လပ်ရေး ရင်ပြင်အဖြစ် ပြောင်းလဲ သမုတ်ခဲ့သည်။ ၂၀၀၃ ခုနှစ် အမေရိကန် နိုင်ငံက အီရတ်ကို ဝင်ရောက်တိုက်ခိုက်သည့် အခါတွင်လည်း စစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ထိုနေရာ၌ ဖြစ်ပျက်ခဲ့သေးသည်။
“တဟီရာကို ရောက်မလာတဲ့သူဟာ ကိုယ့်သမိုင်းကိုယ် ကြည့်ပြီး တဘဝလုံး အရှက်ရနေမယ့် သူပဲ ဖြစ်မယ်” ဟုအခင်း ဖြစ်ပွားရာတွင် ရောက်ရှိနေသော မာဝါအယ်ဆာလာ ဆိုသူ အမျိုးသမီးက သူ၏ twitter ဆိုက်တွင် ရေးသားပြီး တော်လှန်ရေးကို ဆက်လက်ဆင်နွှဲရန် ဆော်သြလိုက်သည်။
Ref: ဧရာဝတီ်
အီဂျစ်အခြေအနေ မူဘာရက်ခ် စိတ်ကုန်ပေမဲ့ နိုင်ငံက မထွက်ခွာနိုင်
ကြာသပတေး, 03 ဖေဖော်ဝါရီ 2011
အီဂျစ်နိုင်ငံမှာ ညမထွက်ရ အမိန့်ကို အာခံပြီး ဆန္ဒပြပွဲတွေ အကြီးအကျယ် ဆက်ဖြစ်နေ ချိန်မှာပဲ သမ္မတ ဟို့စ်နီ မူဘာရက်ခ် (Hosni Mubarak) က နိုင်ငံခေါင်းဆောင် လုပ်ရတာ စိတ်ကုန်လာပြီ၊ အခု သမ္မတ အဖြစ်က နှုတ်ထွက်ချင်ပြီ၊ ဒါပေမဲ့ သူ အခုလို ထွက်လိုက်ရင် အီဂျစ်နိုင်ငံဟာ ထိန်းမနိုင်၊ သိမ်းမရ ပိုဆိုးသွားမှာ စိုးရိမ်တယ်လို့ ပြောလိုက်ပါတယ်။
မနေ့က အမေရိကန် ရုပ်မြင်သံကြား ABC က သတင်းထောက် ခရစ်စ်တင်း အမန်ပူးဝါး (Christiane Amanpour) နဲ့ အင်တာဗျူး လုပ်ရာမှာ မစ္စတာ မူဘာရက်ခ်က မြို့တော်မှာ မကြာခင် ရက်ပိုင်း အတွင်းက ဖြစ်ခဲ့တဲ့ အကြမ်းဖက် မှုတွေဟာ အတိုက်အခံ မွတ်ဆလင် ညီနောင်များ အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ အပြစ် ပုံချလိုက်ပါတယ်။
ကိုင်ရိုမြို့တော်မှာ ခဲတွေနဲ့ ပစ်ပေါက်ပြီး ဆန္ဒပြသူတွေဟာ ညမထွက်ရ အမိန့်ကို ဂရုမစိုက်ဘဲ ဆက်ဆန္ဒပြ နေကြပြီး လမ်းမတွေ ပေါ်မှာ ပြတ်တောင်း ပြတ်တောင်း နေရာကွက်ကျား သေနတ်သံတွေ ကြားနေရချိန်မှာ သမ္မတက အခုလို အင်တာဗျူးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
ဆန္ဒပြသူတွေဘက်ကတော့ ဒီနေ့ သောကြာနေ့ကို မူဘာရက်ခ် ထွက်ရမယ့်နေ့လို့ ကြေညာလိုက်ပြီး သူ အခုလို အမြန် ရာထူးက ဆင်းပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေကို နိုင်ငံအနှံ့ ကြီးကြီးမားမား လုပ်သွားဖို့ ပြင်ထားတယ်လို့ ဆိုပါတယ်။
ဒီအပတ် အစောပိုင်း နိုင်ငံကို မိန့်ခွန်းပြောရာမှာတော့ မစ္စတာ မူဘာရက်ခ်က သူ့ရဲ့ သက်တမ်း ကုန်အောင် တာဝန် ဆက်ထမ်း ဆောင်သွားမယ်၊ ဒါပေမဲ့ နောက်ထပ်တော့ အရွေးခံမှာ မဟုတ်ဘူးလို့ ကတိပြုခဲ့ပါတယ်။
ဒု-သမ္မတ အိုမာ အူလီမန် (Omar Suleiman) က သမ္မတ မူဘာရက်ခ်ကို အမြန် ရာထူးက ဆင်းပေးဖို့ တောင်းဆို တာတွေကို ပယ်ချ လိုက်ပါတယ်။ အခုလို ရာထူးက ဆင်းသွားရင် ထိန်းမနိုင် သိမ်းမရ အခြေအနေကို တွန်းပို့ လိုက်သလို ဖြစ်သွားမယ်လို့ သူက ဆိုပါတယ်။
မစ္စတာ ဆူလီမန်ကပဲ ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေကို ဖြေရှင်းပေးနိုင်ဖို့ သမ္မတက လမ်းပြမြေပုံ တခုကို ပြင်ဆင်နေတယ်လို့ နိုင်ငံပိုင် ရုပ်မြင်သံကြားမှာ ပြောခဲ့ပါတယ်။ ဒု-သမ္မတကပဲ သူဟာ လူငယ် ကိုယ်စားလှယ်တွေ၊ အတိုက်အခံ အုပ်စုတွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေ စလုပ်နေပြီလို့ ဆိုခဲ့ပါတယ်။
Ref: VOA News
ဆာဖာရီကို ပြည်ထောင်စုနေ့ ဖွင့်လှစ်မည်
မျိုးသန့်
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၀၃ ရက် ၂၀၁၁
ချင်းမိုင် (မဇ္ဈိမ) ။ ။ နေပြည်တော်ရှိ ဆာဖာရီ တိရစ္ဆာန်ဥယာဉ်ကို ပြည်ထောင်စုနေ့ ကျရောက်သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ဖျော်ဖြေရေး အစီအစဉ်များဖြင့် တခမ်းတနား ဖွင့်လှစ်ရန် စစ်အစိုးရက စီစဉ်ထားသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးဖွယ်ရှိသော ဆာဖာရီ ဥယျာဉ်တွင် အာရှပြကွက်၊ အာဖရိက ပြကွက် နှင့် သြစတြေးလျ ပြကွက် ၃ မျိုးဖြင့် ခွဲခြားထားသည်။
ပြည်ပနိုင်ငံတချို့မှ မှာယူခဲ့သော တိရစ္ဆာန်များအပါအဝင် တိရစ္ဆာန် ၂ဝဝ ကျော် ဆာဖာရီတွင် ထားရှိသည်။ သားပိုက်ကောင်၊ ငှက်ကုလားအုတ်၊ အာဖရိကသမင်၊ ဆိတ်သမင်၊ ခြင်္သေ့၊ ကျား၊ ကြံ့ဖြူ၊ ငှက်ကုလားအုတ်၊ သစ်ကုလားအုတ်၊ မြင်းကျား၊ မြင်းပုတို့ ပါဝင်သည်။
နယ်သာလန်နိုင်ငံမှတင် တိရစ္ဆာန် ၆ဝ ဝယ်ယူ တင်သွင်းခဲ့သည်။ ထိုဆာဖာရီ ပြကွက် ၃ကွက်၏ စုစုပေါင်း အကျယ် အဝန်းမှာ ၉၈.၂၇ ဧကဖြစ်သည်။
စက်မှု ၁ ဝန်ကြီး ဦးအောင်သောင်း၏သားဖြစ်သူ ဦးနေအောင်ပိုင်ဆိုင်သည့် IGE ကုမ္ဗဏီမှ ထိုဆာဖာရီကို ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလ အတွင်းက စတင် တည်ဆောက်ခဲ့သည်။
ဥယျာဉ်တွင်း လှည့်လည်ကြည့်ရှုနိုင်ရန် မီနီဘတ်စ် ၂ စီးနှင့်၊ ဆာဖာရီ ဂျစ် ၆ စီးတို့ကိုလည်း စီစဉ် ပေးထားကြောင်း မြန်မာပို့စ် ဂျာနယ်က ရေးသားထားသည်။
မြန်မာအစိုးရ၏ အသုံးစရိတ်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ အမေရိကန် အစိုးရသို့ ၂ဝဝ၉ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ ရက်စွဲဖြင့် ပေးပို့သည့် လျှို့ဝှက်မှတ်တမ်းတွင် မြန်မာ အစိုးရ၏ အထိန်းအကွပ်မဲ့ သုံးစွဲမှု၊ ကာကွယ်ရေးနှင့် ဆောက်လုပ်ရေး ကဲ့သို့သော ဝင်ငွေမရနိုင်သည့် လုပ်ငန်းများကြောင့် ဘဏ္ဍာရေး လိုငွေ ပြမှုများ ဖြစ်ပေါ်နေကြောင်း ရေးသား ထားသည်။
Ref: မဇ္ဈိမ
ဒုသမ္မတများအဖြစ် ကြံ့ဖွံ့ကိုယ်စားလှယ်များကို ရွေးချယ်
ခင်ဦးသာ
Thursday, 03 February 2011
ယနေ့ကျင်းပသော လွှတ်တော်အစည်းအဝေးမှ ဒုတိယ သမ္မတများအဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) မှ ကိုယ်စား လှယ်များ ဖြစ်ကြသော ဦးသိန်းစိန်နှင့် ဒေါက်တာ စိုင်းမောက်ခမ်း တို့အား ရွေးချယ် လိုက်သည်။
လက်ရှိဝန်ကြီးချုပ် ဦးသိန်းစိန်သည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်ပြီး ဒေါက်တာ စိုင်းမောက်ခမ်းသည် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။
ဒုတိယ သမ္မတ ၃ ဦးအနက် တပ်မတော်သား ကိုယ်စားလှယ်အား တရားဝင် မကြေညာ သေးသော်လည်း ကိုယ်စားလှယ် များ၏ ပြောဆိုမှုအရ တပ်မတော်သား ကိုယ်စားလှယ်မှား ကြံ့ဖွံ့ပါတီဝင် သီဟသူရ ဦးတင်အောင် မြင့်ဦး ဖြစ်သည်ဟု သိရသည်။
တိုင်းရင်းသား ပါတီများနှင့် ဒီမိုကရက်တစ် ပါတီများမှ ကိုယ်စားလှယ်များသည် ဒုတိယ သမ္မတ တနေရာ အတွက် ကြံ့ဖွံ့ ပါတီဝင် မဟုတ်သော တိုင်းရင်းသား ကိုယ်စားလှယ်များ ဖြစ်သည့် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) မှ ဒေါက်တာ အေးမောင်နှင့် ဖလုံ-စဝေါ် ပါတီမှ ဦးစောသိန်းအောင် တို့အား အဆိုပြု တင်သွင်း ခဲ့ကြသော်လည်း ကြံ့ဖွံ့ပါတီနှင့် စစ်တပ် ကိုယ်စားလှယ် များ၏ မဲအရေအတွက်ကို ယှဉ်ပြိုင်နိုင်ခြင်း မရှိသောကြောင့် မအောင်မြင်ခဲ့ပေ။
“ကျနော်တို့က တိုင်းရင်းသား အစစ်အမှန်ကို ဒုတိယသမ္မတ ဖြစ်စေချင်လို့ ဒေါက်တာ အေးမောင်ကို ထောက်ခံ အဆိုပြု ခဲ့ကြတာပါ။ အခုတော့ အတုအယောင် တိုင်းရင်းသား၊ ကြံ့ဖွံ့ကို ကိုယ်စားပြုထားတဲ့ တိုင်းရင်းသားပဲ ရသွားတယ်” ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ၏ ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောသည်။
ဒုတိယ သမ္မတ ရာထူးရရှိသွားသူ ကြံ့ဖွံ့ ကိုယ်စားလှယ် ဒေါက်တာစိုင်းမောက်ခမ်းသည် အသက် ၆၁ နှစ် ရှိပြီ ဖြစ်ပြီး ရှမ်းပြည်နယ် မူဆယ် ဇာတိ ဖြစ်ကာ လားရှိုးမြို့၌ အထူးကု ဆေးခန်း ဖွင့်ထားသူ ဖြစ်သည်။
“ဒုသမ္မတ ဆိုပေမယ့် စစ်ရေးတို့၊ လုံခြုံရေးတို့လို အရေးကြီးတဲ့ ကိစ္စတွေကို လုပ်ပိုင်ခွင့်ရမှာ မဟုတ်ဘူး။ ရှမ်းပြည်သူတွေက လည်း သူ့အပေါ်မှာ အများကြီး မျှော်လင့် ထားတာတော့ မရှိသေးဘူး” ဟု သျှမ်းသံတော်ဆင့် အယ်ဒီတာ ဦးခွန်ဆိုင်းက ပြောသည်။
ဒေါက်တာ စိုင်းမောက်ခမ်းသည် ပညာရေး၊ ကျန်းမာရေး၊ စာပေ ယဉ်ကျေးမှု ဆိုင်ရာများကို ရှမ်းလူမျိုးများ အတွက် လုပ်ပေး နိုင်ဖွယ် ရှိကြောင်း ၎င်းကဆိုသည်။
စစ်အစိုးရသည် မနက်ဖြန်ခေါ်ယူမည့် လွှတ်တော် အစည်းအဝေး၌ နိုင်ငံတော် သမ္မတကို ရွေးချယ်မည် ဖြစ်ပြီး ယခု ရက်ပိုင်း အတွင်း အစိုးရသစ် တရပ် ဖွဲ့စည်းကာ အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ၊ ပြည်နယ်နှင့်တိုင်း များ၏ ၀န်ကြီးချုပ်များကို သမ္မတက တိုက်ရိုက် ရွေးချယ် ခန့်အပ်မည်ဖြစ်သည်။
ဒုတိယ သမ္မတ ၃ ဦးထဲမှ တဦးအား နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်မည် ဖြစ်သော်လည်း စစ်တပ်၏ ကိုယ်စားလှယ် အမည်ကို ထုတ်ပြန်ခြင်း မရှိသေးပေ။ စစ်တပ် ကိုယ်စားလှယ် ဒုတိယ သမ္မတသည် ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦး ဖြစ်ပါက နိုင်ငံတကာ အတွေ့အကြုံ ရှိသော လက်ရှိဝန်ကြီးချုပ် ဦးသိန်းစိန်သည် သမ္မတ ဖြစ်ရန် အလား အလာရှိသူ ဖြစ်ကြောင်း လေ့လာသူတို့က ပြောသည်။
စစ်တပ် ကိုယ်စားလှယ်အား တရားဝင် မကြေညာ သေး၍ သမ္မတ ရာထူးကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ရယူနိုင်သည်ဟု မှန်းဆ နေကြသော်လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ကိုယ်စား လှယ်များ ထဲကသာ သမ္မတ ရွေးချယ်သွားမည်ဟု လွှတ်တော် မိန့်ခွန်း၌ ပြောဆိုခဲ့သဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သမ္မတ မဖြစ်နိုင်တော့ပေ။
ပြည်နယ်၊ တိုင်း ၀န်ကြီးချုပ်များ အားလုံးသည်လည်း စစ်ဗိုလ်ချုပ်ထွက် ကြံ့ဖွံ့ ကိုယ်စားလှယ်များသာ ဖြစ်သည်ဟု သိရသည်။
Ref: ဧရာဝတီ်
Thursday, February 3, 2011
မူဘာရခ် အလွန်
Wednesday, 02 February 2011
သမ္မတမူဘာရခ် က နောက်တစ်ကြိမ် ရွေးကောက်ပွဲ မ၀င်တော့ပါဘူးဟု ကြေငြာခဲ့သည်။ သို့သော် နောက် ကျသွားခဲ့ပြီ။ အီဂျစ် ဘာဖြစ်သင့်တယ် ဆိုတာ လူထုက ဆုံးဖြတ်နေပြီ။ အမေရိကန်သမ္မတ အိုဘားမားရဲ့ အထူး သံတမန်က မူဘာရခ်နဲ့ သွားတွေ့ပြီး ရာထူး ထပ်မယူဖို့ တိုက်တွန်း ပြီးတဲ့နောက်၊ မူဘာရခ် က လူထုကို ရုပ်သံကနေ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
အိုဘားမားက “တည်ငြိမ်သေ၀ပ်တဲ့ အသွင်ကူးပြောင်းမှုဟာ အဓိပ္ပါယ် ပြည့်ဝရမယ်၊ ငြိမ်းချမ်းရမယ်၊ အခု စတင်ရမယ်” လို့ မူဘာရခ်ကို အင်္ဂါနေ့ညနေတွင် ပြောခဲ့ကြောင်း ကြေငြာခဲ့သည်။ မူဘာရခ် ရဲ့ အချိန် ပြီးဆုံးသင့်ပြီ ဖြစ်ကြောင်း မိတ်ဆွေ ရင်း အမေရိကန် သမ္မတက သတိ ပေးလိုက်ခြင်း ဖြစ်သည်။
ထိုမက်ဆေ့ခ်ျက မူဘာရခ်အတွက် အများကြီး အဓိပ္ပါယ်ရှိသည်။ နောက်က ရပ်ခံမပေးနိုင်တော့၊ နားမှ အားလုံးအတွက် မျက်နှာ လှမည် ဖြစ်သည်။ အမေရိကန် အစိုးရက နှစ်စဉ် အီဂျစ်ကို စစ်ရေး အကူအညီ ဒေါ်လာ ၁.၅ ဘီလီယံ ဖိုး ထောက်ပံ့ ပေးနေကြ ဖြစ်သည်။ အီဂျစ်စစ်တပ် ခေါင်းဆောင်ပိုင်းကို အိုဘားမားက ဘာလုပ်သင့်တယ် ဆိုတာ မက်ဆေ့ခ်ျ ပေးလိုက်သည်။ မူဘာရခ်က စက်တင်ဘာ ရွေးကောက်ပွဲမှ ထွက်ပေးပါရစေဟု ပြောခဲ့သည်။
ကိုင်ရိုမြို့ Liberation ရင်ပြင်တွင် ရှစ်ရက်နေ့ သန်းချီ ဆန္ဒပြမှုများမှာ အာရပ် သမိုင်းမှာ မကြုံဘူးအောင် များပြားလှသည်။ ဆန္ဒပြမှုများတွင် အကြမ်းဖက်မှု မရှိ။ အသေခံ ဗုံးဖောက်ခွဲမှုတွေ ထွက်တတ်တဲ့ အရပ်ကမ္ဘာမှာ သန်းချီတဲ့ လူထုကြားတဲ့ ဘာပေါက်ကွဲမှုမှ မရှိဘဲ မူဘာရခ် နှုတ်ထွက်ရေးကိုပဲ တညီတညွတ်ထဲ တောင်းဆိုကြသည်။ ကိုင်ရိုတွင် အင်တာနက် လိုင်းများ ပြန်လည် ကောင်းမွန်သွားပြီ။
အိုဘားမားမှာ အမေရိက သမ္မတ အဆက်ဆက် အားကိုးအားထား ပြုရတဲ့ မိတ်ဆွေကြီးကို သံယောဇဉ် ဖြတ်ဖို့ ခက်နေသောကြောင့် ရှစ်ရက်အတွင်း ဆက်တိုက် ဝေဖန် ခံခဲ့ရသည်။ အရှေ့ အလယ်ပိုင်းတွင် အစ္စရေးနဲ့ အပြေလည်ဆုံး ခေါင်းဆောင်မှာ မူဘာရခ် ဖြစ်သည်။ ယခု အီဂျစ်ရဲ့ ဖရိုဖရဲ အခြေအနေကို အစိုးရိမ်ဆုံး နိုင်ငံမှာ အစ္စရေး ဖြစ်နေသည်။ မူဘာရခ် အလွန် ကွက်လပ်ဖြည့်ဖို့ အမေရိကန်၊ အီးယူ၊ အစ္စရေး ခေါင်းဆောင်များ ခေါင်းပူနေကြသည်။ အရှေ့အလယ်ပိုင်း နိုင်ငံရေး သံတမန် အခင်းအကျင်း ပါရာဒိုင်း ပြောင်းတော့မည်။
အမေရိကန်အစိုးရအနေနှင့် မူဘာရခ်မှာ အပျော့ပြောင်းဆုံး အာရပ် ခေါင်းဆောင်ဟု မြင်ထားသည်။ မူဆလင် ဘရားသား ဟုဒ် အဖွဲ့လို အမေရိကန် စိုးရိမ်တဲ့ အဖွဲ့များကို ထိန်းချုပ်ဖို့ မူဘာရခ်ကို အကာအကွယ် ပေးရခြင်း ဖြစ်သည်။ မူဘာရခ် အလွန် အနောက်နဲ့ အရှေ့ အလယ်ပိုင်း ဆက်ဆံရေး၊ အစ္စရေး-အာရပ် ပဋိပက္ခတို့ အတွက် အပြုသဘော ပြောသူများနဲ့ အဆိုးမြင် သူများကြား ဒီဘိတ် ဖြစ်လာသည်။
သို့သော် ယနေ့ ကိုးရက်မြောက်နေ့ ညနေပိုင်းတွင် ကိုင်ရိုနှင့် အလက်ဇန်းဒါးမြို့ များတွင် ဆန္ဒပြသူများ အကြား ပဋိပက္ခများ စတင် ဖြစ်လာသည်။ ပထမဆုံး အကြိမ် သေနတ် ပစ်ဖောက်မှုများ ရှိလာသည်။ နိုဘယ်ဆုရှင် မိုဟာမဒ် အယ်လ် ဘာရာဒေး က အစိုးရက ဆန္ဒပြသူတွေကို ဖြိုခွဲဖို့ စတင် အကောက်ကြံ ရန်တိုက် ပေးနေပြီဟု စွတ်စွဲ လိုက်သည်။ မတည်ငြိမ်မှု များကို ကြိုသိနေသည့် အလား အမေရိကန် အစိုးရက ကိုင်ရိုရှိ အမေရိကန် သံဝန်ထမ်းများကို အရေးပေါ် ထွက်ခိုင်းနေပြီ ဖြစ်သည်။
မောက္ခနိုင်ငံတကာရေးရာ (Source: The New York Times’ opinions)
Ref: မောက္ခ
နေပြည်တော် အိမ်တိုင်းတွင် သန်းခေါင်စာရင်းနှင့်ဓာတ်ပုံ ချိတ်ဆွဲရမည်
Wednesday, 02 February 2011
နေပြည်တော်တွင် နေထိုင်သည့် မိသားစုအားလုံး လုံခြုံရေးကတ်ပြား သန်းခေါင်စာရင်း များကို အိမ်တိုင်းတွင် ချိတ်ဆွဲ ထားရမည်ဆိုသော ညွှန်ကြားချက် တရပ်အား နေပြည်တော်တိုင်း စစ်ဌာနချုပ်က ဇန်န၀ါရီ လကုန်ပိုင်းတွင် ထုတ်ပြန် လိုက်သည်။
နေပြည်တော်တိုင်း စစ်ဌာနချုပ်တွင် ပါဝင်သော မြို့နယ်များဖြစ်သည့် ဇေယျာသီရိ၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ဇမ္ဗူသီရိ နှင့် ဒက္ခိဏသီရိ မြို့နယ်များတွင် နေထိုင်သော အိမ်ထောင်စုများ အားလုံးသည် နေထိုင်သော လူဦးရေ အရေ အတွက်နှင့် တကွ မိသားစု ဓာတ်ပုံများကို အိမ်ရှေ့ လူမြင်သာသော နေရာများတွင် ချိတ်ဆွဲ ထားရမည်ဖြစ်ကြောင်း၊ နေပြည်တော်တိုင်း အတွင်း နေထိုင်သော လူဦးရေ အရေအတွက်ကို စတင် ကောက်ခံလျက်ရှိကြောင်း ဒေသခံများက ပြောသည်။
“အဓိက လုံခြုံရေးအတွက်ပါ။ နေပြည်တော်က လွှတ်တော်၊ အစိုးရနဲ့ တပ်မတော် ကွပ်ကဲရေးတွေ ရှိတဲ့ သမ္မတ ကိုယ်တိုင် အုပ်ချုပ်မယ့် အထူးဒေသ ဖြစ်တာကြောင့် ဒီအစီအစဉ်ကို အကောင်အထည် ဖော်တာလို့ သိရတယ်။ လောလော ဆယ်တော့ လူဦးရေ စာရင်း စကောက်နေပြီ။ ပြီးရင် မိသားစု ဓာတ်ပုံ ရိုက်ရမယ်။ နေထိုင်တဲ့ လူဦးရေနဲ့ ဓာတ်ပုံကို တွဲဖက်ပြီး မြို့နယ်၊ ရပ်ကွက်ရဲ့ အသိအမှတ်ပြု ထောက်ခံစာ ထုတ်ပေးမယ်” ဟု ပုဗ္ပသီရိမြို့နယ်မှ မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုရေး ကောင်စီဝင် (မယက) တဦးက ပြောသည်။
ထိုကဲ့သို့သော ညွှန်ကြားချက်ကို ရန်ကုန်နှင့် မန္တလေးမြို့တို့တွင်၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ပြီးဆုံးစက လုပ်ဆောင် ခဲ့ဖူးသည်။
ယခုညွှန်ကြားချက်သည် နေပြည်တော်တွင် လာရောက်နေထိုင်သော ရွှေ့ပြောင်း အလုပ်သမားများ အပေါ်တွင်လည်း အကျူံး ၀င်ကြောင်း သိရှိရသည်။
“ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေရှိလို့ လာနေတဲ့ အလုပ်သမား တွေလည်း ဒီညွှန်ကြားချက် အတိုင်း လုပ်ရမယ်။ ရွှေ့ပြောင်း အလုပ်သမား အားလုံးပါတယ်” ဟု နေပြည်တော်ရှိ ရယက ဥက္ကဋ္ဌတဦးက ဆိုသည်။
လွှတ်တော် အစည်းအဝေးများ ကျင်းပနေသော ယခုအချိန်တွင် နေပြည်တော်၌ လုံခြုံရေး အထူး တင်းကျပ်ထားပြီး ဧည့်စာရင်း များကိုလည်း အထူး စိစစ်လျက်ရှိကြောင်း၊ ဈေးဆိုင်များ အားလုံး ညနေ ၆ နာရီတွင် ပိတ်ရပြီး လုံခြုံရေး စစ်ကားများ၊ ရဲကားများက နေပြည်တော် လမ်းမများ ပေါ်တွင် လှည့်လည်လျက် ရှိသောကြောင့် ညဦးပိုင်း အပြင်ထွက်သူ နည်းပါးကြောင်း သိရသည်။
“လုံခြုံရေး တအားကျပ်တယ်။ အရေးအခင်းဖြစ်ထားတဲ့ အတိုင်းပဲ။ ည ၁၁ နာရီကျော်ရင် လမ်းသွား လမ်းလာတွေ အားလုံး အစစ်ဆေး ခံရတယ်။ တခါမှ ဒီလောက်ကြီး လုံခြုံရေး မတင်းကျပ်ဖူးဘူး” ဟု နေပြည်တော်ရှိ အစိုးရ ၀န်ထမ်းတဦးက ပြောသည်။
စစ်အစိုးရ ဦးဆောင်ကျင်းပလျက်ရှိသော လွှတ်တော်အစည်းအဝေးများက ဒုတိယ သမ္မတလောင်း စာရင်းကို ယမန်နေ့က ထုတ်ပြန် လိုက်ပြီး ယနေ့ လွှတ်တော် တရက် နားကာ မနက်ဖြန်တွင် ဒုတိယ သမ္မတ ၃ ဦးကို မဲခွဲ ရွေးချယ်မည်ဖြစ်သည်။
ဒုတိယ သမ္မတလောင်းများအဖြစ် ပြည်သူ့လွှတ်တော်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားလှယ် ဦးသိန်းစိန်နှင့် ဖလုံ - စဝေါ် ပါတီကိုယ်စားလှယ် ဦးစောသိန်းအောင်၊ တပ်မတော်သား ကိုယ်စားလှယ် သီဟသူရ ဦးတင်အောင်မြင့်ဦး၊ အမျိုးသား လွှတ်တော်မှ ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ် ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ရခိုင် တိုင်းသားများ တိုးတက်ရေး ပါတီ (RNDP) ကိုယ်စားလှယ် ဒေါက်တာအေးမောင် တို့ကို အဆို တင်သွင်းထားသည်။
ဦးသိန်းစိန်မှာ သမ္မတ အဖြစ်တာဝန်ယူရန် အလားအလာ အကောင်းဆုံးဖြစ်နေသည်ဟု လွှတ်တော် အမတ်များက ပြောသည်။
Ref: ဧရာဝတီ်
လွှတ်တော်သစ်ကို စိတ်ဝင်စားမှုနည်း
ဖနိဒါ |
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၀၂ ရက် ၂၀၁၁
ချင်းမိုင်(မဇ္ဈိမ)။ ။ စစ်အစိုးရ ကျင်းပနေသော ပြည်ထောင်စု လွှတ်တော် အစည်း အဝေးနှင့် တက်လာမည့် အစိုးရ ခေါင်းဆောင်များကို စိတ်မဝင်စားကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း၊ ရဲဝန်ထမ်းနှင့် နိုင်ငံရေး သမားများက ပြောသည်။
နအဖ စစ်အစိုးရက စနစ်တကျ အကွက်ချ စီမံကာ ရွေးကောက်ပွဲ ကျင်းပပြီး လွှတ်တော် ခေါ်ယူခြင်း ဖြစ်သလို တက်လာမည့် အစိုးရကလည်း စစ်တပ် ခေါင်းဆောင်များသာ ဖြစ်နိုင်သဖြင့် ထူးထူးခြားခြား မပြောင်းလဲနိုင်၍ စိတ်ဝင်စားမှု မရှိကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း တဦးက ပြောသည်။
“ကျနော် စိတ်မဝင်စားဘူးဗျ။ ဒါက စနစ်တကျလုပ်ပြီးတော့ သွားနေတဲ့ ကိစ္စလေ။ ကြိုက်သည်ြ ဖစ်စေ၊ မကြိုက်သည် ဖြစ်စေ စနစ်တကျနဲ့ သွားနေတာ ဆိုတော့ ဒီအတိုင်းဘဲ ဖြစ်လာမှာပါ။ ဖောင်ဒေးရှင်း ပေါ်မှာဘဲ ဆက်သွား နေကြတာကိုး။ ကျနော့မှာ ပြင်းထန်တဲ့ ခံစားချက်တော့ ရှိတာပေါ့” အသက် ၅ဝကျော် နိုင်ငံရေး အကျဉ်းသားဟောင်း တဦးက ပြောသည်။
သူသည် နိုင်ငံရေး ယုံကြည်ချက်ကြောင့် နှစ်ရှည်ထောင်နှစ်ခါကျခဲ့ ဖူးပြီး ၁ဝ တန်း ကျောင်းသားများကို ကျူရှင် သင်လျက် ရှိသည်။
ဒုသမ္မတလောင်း အမည်စာရင်း တင်သွင်းရာ၌ ကြံ့ဖွံ့ပါတီ ခေါင်းဆောင် ဦးသိန်းစိန်က အသာစီး ရထားသဖြင့် လွှတ်တော် ၂ ရပ်နှင့် အစိုးရ အဖွဲ့အစည်း များတွင်လည်း ကြံ့ဖွံ့များသာ ရွေးချယ် ခံရဖွယ်ရှိသည်ဟု လေ့လာသူများက ခန့်မှန်း ပြောဆိုနေကြသည်။
သို့သော် စားဝတ်နေရေးအတွက် ရုန်းကန်နေရခြင်းကြောင့် တက်လာမည့် သမ္မတလောင်း အရေး၊ လွှတ်တော် အစည်း အဝေးများကို စိတ်ဝင်စားမှု မရှိကြောင်း ဧရာဝတီတိုင်း ဘိုကလေးမြို့မှ ရဲတပ်ဖွဲ့ဝင်ဟောင်း တဦးက ပြောသည်။
“ဘာမှ စိတ်ဝင်စားမှု မရှိတော့ဘူး။ ဒီလို လွှတ်တော်လုပ်နေတာနဲ့ ပတ်သက်လို့ ကျနော်တို့ မြို့မှာ ကျနော် အပါအဝင် အများစုက တီဗီ လာရင်တောင် နားထောင်ရမှာ အလေးအနက် မရှိဘူး။ တီဗီလာရင် ပိတ်လိုက်တာဘဲ။ ကျနော်တို့မြို့က နာဂစ်ရဲ့ ဒဏ်တွေလဲ ခံရတယ်။ ဖွံ့ဖြိုးမှုလဲ မရှိဘူး။ ဆုတ်ယုတ်တာဘဲ ရှိတယ်။ မြို့သူမြို့သား တွေက နာလန်ထူနိုင်ရုံ အဆင့်တောင် မရှိသေးဘူး။ ဝမ်းဝဖို့နဲ့ လူတကိုယ်စာ အတွက် ရုန်းကန် နေရတော့ ရွေးကောက်ပွဲ လောက်တောင် စိတ်မဝင်စားဘူး”ဟု သူက မဇ္စျိမကို ပြောသည်။
ဦးသိန်းစိန် သမ္မတ ဖြစ်လာလျှင်လည်း မည်သည့် မျှော်လင့်ချက်မှ မရှိဟု လက်ရှိ ဈေးရောင်းနေသော အသက် ၃ဝ ကျော် ထို ရဲဝန်ထမ်းဟောင်းက ဆိုသည်။
“တချိန်လုံးဒီလိုဘဲ သွားနေတော့ ဒီအလေ့အကျင့်အတိုင်းဘဲ သွားမှာပါ။ လွှတ်တော် ထဲမှာလဲ ဘယ်သူ့မှ ညှိနှိုင်းမှာ မဟုတ်ဘူး။ သူတို့လုပ်တဲ့ ကိစ္စမှန်သမျှ အရာခပ်သိမ်း အားလုံး ကောင်းပါတယ်ဘဲ သွားမှာပါ” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ် ပါတီဥက္ကဌ ဦးအေးလွင်က မဇ္စျိမကို ပြောသည်။
မွန်ပြည်သစ်ပါတီဝင်ဟောင်း နိုင်တင်အောင်ကတော့ “သူတို့က စစ်တပ်က လာတယ် ဆိုတော့ နိုင်ငံရေး အတွေ့ အကြုံက မရှိကြဘူးလေ။ စစ်ရေး အတွေ့အကြုံတွေတော့ ရှိမှာပေါ့။ ”ဟု ပြောသည်။
ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အတွင်းရေးမှူး ဒေါ်သန်းဝင်းကတော့ “နည်းနည်းတော့ ပြောင်းလဲမှု ရှိမှာဘဲ။ စစ်ကောင်စီနဲ့ လွှတ်တော်နဲ့ အားပြိုင်မှုတွေ ရှိလာမှာပါ။ အပြောင်း အလဲကြီးဖြစ်မှာ မဟုတ်ဘူး။ စီးပွားရေး ကဏ္ဍ ဆိုရင်လဲ သူတို့ လုပ်ပိုင်ခွင့်တွေ ပေးပြီးသားဘဲလေ။ နိုင်ငံတကာက စီးပွားရေးက ယုံကြည်မှု အတိုင်းအတာ တခုရှိမှ ဝင်လာမှာပေါ့။ နိုင်ငံရေးကတော့ ဒေါ်စုပြောသလိုဘဲ ပေါ်လာမယ့် အစိုးရနဲ့ ပြန်ဆွေးနွေးဖို့ သူကြိုးစား ပါလိမ့်မယ်”ဟု မဇ္စျိမကို ပြောသည်။
လားရှိုးအခြေစိုက် ဝ' အမျိုးသားစည်းလုံးညီညွတ်ရေး ပါတီ ဥက္ကဋ္ဌ ဦးလုပ်ပေါင်းကတော့ စစ်တပ်သည် အစကတည်းက စနစ်တကျ ကြိုတင် ပြင်ဆင်ထားသဖြင့် တက်လာမည့် အစိုးရ လက်ထက်တွင် အပြောင်းအလဲ ဖြစ်လာမည်ကို မမျှော်လင့်ကြောင်း ဆိုသည်။
Ref: မဇ္ဈိမ
သမ္မတနှင့် အခွင့်အာဏာ
ကိုဝိုင်း
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၀၂ ရက် ၂၀၁၁
ချင်းမိုင် (မဇ္ဈိမ)။ ။ လွှတ်တော်တွင် စာရင်းသွင်းထားသည့် ဒုတိယ သမ္မတလောင်းများမှာ ကြံ့ဖွံ့ပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန် (ဗိုလ်ချုပ်ကြီးဟောင်း) နှင့် ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီမှ စောသိန်းအောင်၊ ဒေါက်တာ စိုင်းမောက်ခမ်း (ကြံ့ဖွံ့ပါတီ) နှင့် ရခိုင် RNDP မှ ဒေါက်တာ အေးမောင်တို့ ဖြစ်သည်။ တပ်မတော် အမတ်များက သီဟသူရ တင်အောင်မြင့်ဦးကို ရွေးချယ် ထားသည်ဟု နေပြည်တော်ရှိ စစ်ဘက်နှင့် နီးစပ်သော သတင်း ရပ်ကွက်များက ပြောသည်။ သို့သော် နိုင်ငံပိုင် မီဒီယာများတွင် မည်သူဖြစ်သည်ကို ချန်လှပ်ထားသည်။
သမ္မတအရည်အချင်း စိစစ်ရေးအဖွဲ့ကို ကြံ့ဖွံ့အမတ်များဖြစ်သည့် သူရဦးရွှေမန်း (ဗိုလ်ချုပ်ကြီးဟောင်း)၊ ဦးနန္ဒကျော်စွာ၊ ဦးသောင်း၊ ဦးခင်အောင်မြင့် (ဗိုလ်ချုပ်ဟောင်း)၊ ဦးမျိုးမြင့်၊ ဦးမြညိမ်း တို့အပါအဝင် တပ်မတော်အမတ် တဦး စုစုပေါင်း ၇ ဦးဖြင့် ဖွဲ့ထားသည်။
ထို့ပြင် ဖွဲ့စည်းပုံ အခန်း-၃၊ ပုဒ်မ ၅၉ ပါ အချက်များဖြင့် ချိန်ထိုး၍ ရွေးချယ်ရမည် ဖြစ်သဖြင့် သမ္မတ လောင်းများသည် အပိုဒ် (ဃ) “နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး” အမြင်များလည်း ရှိရမည် ဖြစ်သည်။
သမ္မတနှင့် ဒုသမ္မတများ၏ သက်တမ်းသည် ၅ နှစ်ဖြစ်သော်လည်း နောက်တကြိမ် သမ္မတအသစ် ရွေးချယ် တင်မြှောက် ပြီးသည်အထိ လုပ်ငန်းများ ဆက်လက် လုပ်ဆောင်နိုင်ခွင့် ရှိသည်။
ဖွဲ့စည်းပုံ ပုဒ်မ ၅ဝ အရ နေပြည်တော်ကို “ပြည်ထောင်စုနယ်မြေ” အဖြစ် သမ္မတက တိုက်ရိုက် အုပ်ချုပ်သွားမည် ဖြစ်သည်။ နိုင်ငံတော် ကာကွယ်ရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး စသည်တို့နှင့် စပ်လျဉ်းပြီး “ထူးခြားသော အခြေအနေ” ရှိသည့် နယ်မြေများကိုလည်း ဥပဒေပြဋ္ဌာန်းပြီး သမ္မတက တိုက်ရိုက် အုပ်ချုပ်ခွင့် ရှိနေသည်။
နယ်ခြားစောင့်တပ် လက်မခံသည့် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့များနှင့် လက်နက်ကိုင် တိုက်နေဆဲ တိုင်းရင်းသား အဖွဲ့များ၏ နယ်မြေများတွင် ရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ပိုင်ခွင့် ပြဋ္ဌာန်းချက် “နယ်မြေလုံခြုံရေး” အခြေအနေအရ ရွေးကောက်ပွဲများ မကျင်းပခဲ့ပေ။
သမ္မတ၏ အခြားလုပ်ပိုင်ခွင့်များကို ၂ဝဝ၈ ဖွဲ့စည်းပုံကို အခြေခံသည့် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၅၉၊ ၆ဝ၊ ၆၁ တို့ တွင် ဖော်ပြထားရာ လွှတ်တော်၏ အတည်ပြုချက် ယူရန် မလိုပဲ သမ္မတက တိုက်ရိုက် ဆောင်ရွက်နိုင်မည့် စာချုပ်နှင့် သဘောတူညီချက် ၃ဝ ရှိနေသည်။
ထိုလုပ်ပိုင်ခွင့်များအနက် အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာစာချုပ် သဘောတူညီချက်၊ ကွန်ဗင်းရှင်းများ ကိစ္စ၊ ဆည်မြောင်း တာတမံနှင့် စိုက်ပျိုးရေ ရရှိရေး လုပ်ငန်းများ၊ ရေနက် ပင်လယ် ဆိပ်ကမ်း တည်ဆောက်ရေး၊ လမ်းတံတား တည်ဆောက်ရေး၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး၊ အခွန်ကိစ္စ၊ အနုမြူ စမ်းသပ်မှု ပိတ်ပင်ရေး၊ နိုင်ငံတော် အတွင်း ခိုလှုံခွင့်ပေးရေး၊ ရေကြောင်း လေကြောင်း သွားလာမှု၊ စာတိုက်၊ ကြေးနန်း၊ တယ်လီဖုန်း၊ ဖက် (စ်)၊ အီးမေး၊ အင်တာနက်၊ အင်ထရာနက်နှင့် အလားတူ ဆက်သွယ်ရေး ဆိုင်ရာကိစ္စ၊ သဘာဝ စွမ်းအင် သယံဇာတ ပစ္စည်းများ ထုတ်ဖော်မှု၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးရေး စသည်တို့လည်း ပါဝင်နေသည်။
လက်ရှိ စစ်အစိုးရက မြန်မာ့ကမ်းရိုးတန်းတလျှောက် ကျောက်ဖြူရေနက် ဆိပ်ကမ်း၊ ထားဝယ် ရေနက် ဆိပ်ကမ်း၊ ကုလားဂုတ် ရေနက်ဆိပ်ကမ်း၊ ဘုတ်ပြင်း ရေနက်ဆိပ်ကမ်းတို့ တည်ဆောက်ရန် စီစဉ်နေသည်။
ကျောက်ဖြူရေနက်ဆိပ်ကမ်းကို တရုတ်နိုင်ငံနှင့်လည်းကောင်း၊ ထားဝယ်ရေနက် ဆိပ်ကမ်းကို ထိုင်းနိုင်ငံနှင့် လည်းကောင်း စတင် ပူးပေါင်း ဆောင်ရွက်နေပြီ ဖြစ်သည်။
လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁ဝ က “ဖွဲ့စည်းပုံအခြေခံဥပဒေ” ကို ဆန့်ကျင်၍ လွတ်လပ် စွာ ပြောဆို ဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့် ရှိကြမည် မဟုတ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည်။
ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ အရလည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်း ကျော်က ဖွဲ့စည်းပုံကို ပြင်ဆင်မည်ဟု သဘော တူပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှ ဆန္ဒမဲပေးခွင့် ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ဖော်ပြ ထားသည်။
လက်ရှိလွှတ်တော်တွင် စစ်တပ်နှင့် စစ်တပ်ကထောက်ခံသည့် ကြံ့ခိုင် ဖွံ့ဖြိုးရေးက အများစု ဖြစ်သဖြင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ မလွယ်ကြောင်း ဝေဖန်သူများက ပြောသည်။
Ref: မဇ္ဈိမ
အမေရိကန်မူဝါဒ အပြောင်းအလဲ မြန်မာအစိုးရသစ် အပေါ် မူတည်
ဦးသားညွန့်ဦး
ဗုဒ္ဓဟူး, 02 ဖေဖော်ဝါရီ 2011
မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုရဲ့ လက်ရှိ တိုက်ရိုက်ထိစပ် ဆက်ဆံရေး မူဝါဒဟာ ရလဒ်ကောင်း မရသေးဘဲ စိတ်ပျက် စရာတွေ ရင်ဆိုင် နေရပေမဲ့ နောက်တက်လာမယ့် မြန်မာ အစိုးရသစ်ရဲ့ တုံ့ပြန်မှုကိုတော့ စောင့်ကြည့် သွားမယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောပါတယ်။ လက်ရှိ အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာအပေါ် မူဝါဒဟာ မြန်မာ အစိုးရသစ် အတွက် စမ်းသပ်ချက် ဖြစ်တယ်လို့လည်း အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ့်ဘဲလ် (Kurt Campbell) က ၀ါရှင်တန်ဒီစီ နိုင်ငံခြား သတင်းထောက်များ အသင်းတိုက်မှာ ပြောသွားတာပါ။ အပြည့်အစုံကို ကိုယ်တိုင် သတင်းသွားရောက် ယူခဲ့တဲ့ ကိုသားညွန့်ဦးက တင်ပြ ပေးထားပါတယ်။
အခု ၂၀၁၁ ခုနှစ်အတွင်း မျှော်မှန်းထားတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ အရှေ့တောင်အာရှ ဆိုင်ရာ မူဝါဒတွေကို အာရှ၊ ပစိဖိတ်ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ့်ဘဲလ်က ရှင်းလင်း သွားရာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ လက်ရှိ မူဝါဒတွေ ရလဒ်ကောင်း မထွက်တဲ့အပေါ် စိတ်ပျက်ရတယ်လို့ ပြောသွားပါတယ်။ ဒါပေမဲ့လည်း လာမယ့် အစိုးရသစ် အနေနဲ့ အမေရိကန် ပြည်ထာင်စုက ထားရှိတဲ့ မူဝါဒနဲ့ ပတ်သက်လို့ ဘယ်လို တုံ့ပြန်လာမလဲ ဆိုတာကိုတော့ အရေးတယူ စောင့်ကြည့် သွားမယ် ဆိုတာကို အသေအချာ ပြောသွားပါတယ်။
“တိုက်ရိုက်ထိစပ် ဆက်ဆံရေး မူဝါဒ တခုလုံးအရ ရလဒ်တွေဟာ စိတ်ပျက်စရာတွေချည်း ဆိုတာ ငြင်းစရာ မရှိပါဘူး။ ဒီမူဝါဒကို သမ္မတ အိုဘားမား အစိုးရက ချမှတ်ပြီး နိုင်ငံခြားရေး ၀န်ကြီး ကလင်တန်က မနှစ်တုန်းက ရေးဆွဲခဲ့တာပါ။ မြန်မာ အစိုးရက ဘယ်လို ဆောင်ရွက်နိုင်မလဲ၊ ပြီးတော့ ကျနော်တို့ ဘက်က ဒီအပေါ်မှာ ဘယ်လိုတုံ့ပြန် ဆောင်ရွက်မလဲ ဆိုတဲ့ လုပ်နိုင်ချေ အဆင့် ရှင်းရှင်း လင်းလင်း ဖြစ်အောင် ကြိုးပမ်း နေပါတယ်။ ဒါပေမဲ့ အခြေခံအားဖြင့် အခြေအနေ အားလုံးကို ခြုံကြည့်ရင်တော့ ကျနော်တို့ စိတ်ပျက်ရပါတယ်။”
တိုက်ရိုက်ထိစပ် ဆက်ဆံရေး မူဝါဒဟာ အခြေခံအားဖြင့် အလုပ်မဖြစ်သေးဘူး ဆိုတာ ၀န်ကြီး ကာ့တ် ကမ့်ဘဲလ်က ၀န်ခံ ပြောခဲ့ပေမဲ့ အခြား တဘက်မှာတော့ ဒီမူဝါဒဟာ အစိုးရသစ် အတွက် စမ်းသပ်မှု ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။
“ဒါပေမဲ့လည်း တိုက်ရိုက်ထိစပ် ဆက်ဆံရေး မူဝါဒဟာ တစိတ်တပိုင်း အားဖြင့်တော့ ဒေသတွင်း မူဝါဒ အတွက်ရော အမေရိကန် ပြည်ထောင်စု အတွက်ပါ အကောင်းဆုံး အကျိုးစီးပွား ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ အနည်းဆုံးတော့ လာမယ့် အစိုးရသစ်ကို စမ်းသပ်မယ့် အခွင့်အလမ်းတခု ဖြစ်ပါတယ်။ အစိုးသစ် အနေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ပြန်ဆက်စပ်နိုင်အောင် ဘာတွေ လုပ်မလဲ၊ အမေရိကန် ပြည်ထောင်စုနဲ့ အခြားနိုင်ငံတွေနဲ့ အနီးကပ် ပူးပေါင်း ဆောင်ရွက်နိုင်အောင် အစိုးရသစ် အနေနဲ့ ဘာတွေ လက်တွေ့ ဆောင်ရွက်မလဲ၊ အခွင့်အလမ်းတွေ ပေးထားပါတယ်။”
အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံကို ယခင်က ပိတ်ဆို့ အရေးယူမှု တခုတည်းကနေ မနှစ်တုန်းက မူဝါဒ ပြောင်းပြီး ပိတ်ဆို့ အရေးယူမှုရော အစိုးရနဲ့ တိုက်ရိုက်ထိစပ် ဆက်ဆံမှုရော နှစ်ခုလုံးကို ကျင့်သုံးလာတာပါ။ မြန်မာအစိုးရ အနေနဲ့က အပြောင်းအလဲတွေ အတွက် ပြည်တွင်းကပဲ ကြိုးပမ်း ဆောင်ရွက် သွားမယ်လို့ နိုင်ငံတကာကို ကတိပေးပြီး ဖွဲ့စည်းပုံဆွဲ၊ ရွေးကောက်ပွဲလုပ်၊ အခုနောက်ဆုံး လွှတ်တော်တွေပါ ခေါ်ယူခဲ့ပါတယ်။
ဒါပေမဲ့ အမေရိကန် ပြည်ထောင်စု အနေနဲ့ကတော့ ဒီကြိုးပမ်းချက်တွေမှာ အားနည်းမှုတွေ ရှိတယ်လို့ မြင်တဲ့ အကြောင်း မစ္စတာ ကမ့်ဘဲလ်က ပြောပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲ မတိုင်မီ အာဏာပိုင်တွေရဲ့ ပြင်ဆင် ဆောင်ရွက်ချက်တွေ အပေါ်မှာ စိတ်ပျက် မိတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ ဖြေရှင်းရမယ့် ပြဿနာရပ် အတော် များများရှိတယ် ဆိုတာကိုလည်း မစ္စတာ ကမ့်ဘဲလ်က ထောက်ပြ သွားပါတယ်။
“မြန်မာနိုင်ငံမှာ ပြဿနာ အတော်များများ ကြုံနေရတယ်လို့ အမေရိကန် ပြည်ထောင်စုက အသိ အမှတ်ပြု နားလည် ထားပါတယ်။ အဓိက ကျတဲ့ လူနည်းစု တိုင်းရင်းသားတွေနဲ့ တွေ့ဆုံ ညှိနှိုင်းတာမျိုးတွေ မရှိပါဘူး။ နိုင်ငံရေး အကျဉ်းသား အတော်များများ မလွတ်မြောက် သေးပါဘူး။ လူထုအခြေပြု လူမှု အဖွဲ့အစည်းတွေ လုပ်ကိုင် ဆောင်ရွက်မှုမှာလည်း အခက်အခဲ ကြီးကြီး မားမားကို ရှိနေပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု အတွက် အရေးပါတဲ့ လက်နက်ပြန့်ပွားမှု ကိစ္စတွေမှာ ဆက်လက်ပါဝင် ပတ်သက် နေတာတွေ ရှိပါတယ်။”
အမေရိကန် ပြည်ထောင်စု အနေနဲ့ တိုက်ရိုက်ထိစပ်ရေးမူကြောင့် ရလဒ်ကောင်းတွေ မတွေ့ရသေး ပေမဲ့ မြန်မာ နိုင်ငံမှာ ရွေးကောက်ပွဲ ပြီးကတည်းက ပြည်တွင်းရော ပြည်ပမှာပါ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ပြန်လည် ရုပ်သိမ်းဖို့ ပြောဆို တိုက်တွန်းမှု တွေကတော့ ပိုများလာပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီး အစည်းအဝေးမှာ အာဆီယံ တိုင်းပြည်တွေက မြန်မာအပေါ် ပိတ်ဆို့ အရေးယူတာတွေကို ရုပ်သိမ်းပေးဖို့ အနောက်နိုင်ငံတွေကို တိုက်ရိုက် တိုက်တွန်း လာပါတယ်။
မစ္စတာ ကမ့်ဘဲလ်ကတော့ အခုလို အရေးယူမှုတွေ ပြန်လည်ရုပ်သိမ်းဖို့ ကိစ္စဟာ အချိန် စောသေးတယ်လို့ မြင်ပါတယ်။ အခုနက လိုပဲ လာမယ့် အစိုးရသစ်ရဲ့ ဆောင်ရွက်ပုံကို စောင့်ကြည့်ချင်တဲ့ သဘော တွေ့ရပါတယ်။
“ပြီးခဲ့တဲ့ ဒေသတွင်း ခရီးစဉ်ရဲ့ ရည်မှန်းချက်တခုက အရှေ့တောင်အာရှ ဒေသက ကျနော်တို့ မိတ်ဆွေ တွေနဲ့ ပိုပြီး နီးနီးကပ်ကပ် ဆောင်ရွက်ဖို့ပါ။ အရှေ့တောင်အာရှနိုင်ငံ အတော်များများက အခုအချိန်မှာ ပိတ်ဆို့ အရေးယူမှုကို ရုပ်သိမ်းဖို့ အချိန် ရောက်နေပြီလို့ ပြောကြ ဆိုကြပါတယ်။ ဒါပေမဲ့လည်း အရေးယူမှုတွေ ရုပ်သိမ်းဖို့ အချိန်ကာလ စောလွန်းတယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ အစိုးရသစ် တရပ် ပေါ်လာပြီး အစိုးရသစ်ရဲ့ မူဝါဒတွေကို ချမှတ်တဲ့ အခါမှာ ဘယ်လို သိသာ ထင်ရှားတဲ့ ခြေလှမ်းတွေ လှမ်းမလဲဆိုတာ ကျနော်တို့ စောင့်ကြည့် နေပါတယ်။”
အခြားတဘက်မှာ အမေရိကန် ပြည်ထောင်စု အနေနဲ့ အခြားနိုင်ငံတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ် ထဲထဲဝင်ဝင် တိုင်ပင် ညှိနှိုင်းမှုတွေ လုပ်နေတယ်လို့ မစ္စတာ ကမ့်ဘဲလ်က ပြောပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တရားဝင် ရပ်တည်နိုင်ရေး အတွက်လည်း အာဏာပိုင်တွေကို ဆက်ပြီး ဖိအားပေး တိုက်တွန်း သွားမယ်လို့ ပြောပါတယ်။ လာမယ့် အစိုးရသစ် အနေနဲ့ အကြောင်းရပ် အတော်များများကို ဘယ်လို သဘောထားမယ်၊ ဘယ်လို ဆောင်ရွက်မလဲ ဆိုတာကို အခွင့်အလမ်းပေး စောင့်ကြည့်လိုတယ် ဆိုတာဟာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ တသဘောတည်း ဖြစ်တယ်လို့ ပြောသွားပါတယ်။
Ref: VOA News
လူကြီးလူငယ် ပူးပေါင်းရန် ဒေါ်စု တိုက်တွန်း
မျိုးသန့်
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၀၂ ရက် ၂၀၁၁
ချင်းမိုင် (မဇ္ဈိမ) ။ ။ နိုင်ငံ့ကောင်းကျိုးအတွက် လူကြီးနှင့် လူငယ် ပူးပေါင်းရန် ဒေါ်အောင်ဆန်း စုကြည်က ယနေ့ ဝါရင့် နိုင်ငံရေး သမားကြီး သခင်သိန်းမောင် (ဝါးခယ်မ) ၏ ၉၂ နှစ်မြောက် မွေးနေ့ပွဲတွင် ပြောကြားခဲ့သည်။
လူကြီးနှင့် လူငယ် အပြန်အလှန် လေးစားပြီး၊ နိုင်ငံ့ကောင်းကျိုးအတွက် ပူးပေါင်း လုပ်ကိုင်ရန် တိုက်တွန်း ပြောဆိုခြင်း ဖြစ်သည်။
“ဒီခေတ်လူငယ်တွေဟာ နောင်တခေတ်ရဲ့ ခေါင်းဆောင်ဖြစ်ရမယ်၊ ခေါင်းဆောင်ဖြစ်မယ့် လူတွေဟာ အရည်အချင်း ရှိဖို့၊ လူကြီးနဲ့ လူငယ် အပြန်အလှန် လေးစားဖို့ လိုတယ်၊ လူငယ်တွေက ခေတ်မီ နည်းပညာတွေ ပိုပြီးတော့ နားလည် ကျွမ်းကျင်မယ်၊ အဲဒီလို ကျွမ်းကျင်မှုနဲ့ လူကြီးတွေရဲ့ အတွေ့ အကြုံတွေ ဆက်စပ်ပြီးတော့ ကောင်းမွန်အောင် ဆောင်ရွက်သွားဖို့ တိုက်တွန်းတယ်” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဗဟို အလုပ်အမှုဆောင်ဝင် ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။
သခင်သိန်းမောင်၏ မွေးနေ့ပွဲကို ရန်ကုန်မြို့ တာမွေနတ်ချောင်းရှိ မဟာသန္တိသုခ ဘုန်းကြီး ကျောင်းတွင် ယနေ့မနက် ကျင်းပရာ စာရေးဆရာကြီးများ ဖြစ်သည့် ဒဂုန်တာရာနှင့် ပါရဂူ၊ NLD မှ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးဥာဏ်ဝင်း၊ ဦးအုန်းကြိုင်၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဖြိုးမင်းသိန်းနှင့် ဧည့်ပရိသတ် ၄ဝဝ ခန့် တက်ရောက်ခဲ့သည်။
Ref: မဇ္ဈိမ
အီဂျစ် ဆန္ဒပြသူများကို ဒေါ်အောင်ဆန်းစုကြည် အားပေး
Wednesday, 02 February 2011
အရှေ့အလယ်ပိုင်းဒေသ အီဂျစ် နိုင်ငံ အတွင်း သီတင်းတပတ် ကြာသည်အထိ အစိုးရကို ဆန့်ကျင် ဆန္ဒပြ နေသူများ အပေါ် စာနာကြောင်းနှင့် ၄င်းတို့နှင့် တသားတည်း ရှိကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်သည်။
BBC သတင်းဌာန ၏ ယမန်နေ့က ပြုလုပ်သော တိုက်ရိုက် ဆက်သွယ် မေးမြန်းမှု အစီအစဉ် အတွင်း အီဂျစ် နိုင်ငံသား တဦး၏ တိုက်ရိုက် မေးမြန်းချက်ကို ဖြေကြားစဉ် ယင်းကဲ့သို့ ပြောဆို သွားခြင်း ဖြစ်သည်။
အီဂျစ် သမ္မတ အာဏာရှင် မူဘာရက် ကို နုတ်ထွက်ပေးစေလိုပါသလား ဆိုသော အီဂျစ်နိုင်ငံသား တဦး၏ အမေးကိုမူ ယင်းကိစ္စသည် အီဂျစ် ပြည်သူများ ဆုံးဖြတ်ရမည် ဖြစ်ကြောင်း၊ အီဂျစ်အရေး ကိစ္စကို ၎င်းအနေဖြင့် စိတ်ဝင်စားမှု ရှိကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
အီဂျစ်ပြည်သူများအနေဖြင့် မိမိတို့ ဆန္ဒရှိရာကို အကောင်အထည် ဖော်နိုင်ရေး အတွက် ခေါင်းအေးအေး ထားကာ ၊ ဇွဲမလျှော့ဘဲ ဆက်လက် ဆောင်ရွက်သွားရန် လိုသည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည် က အကြံပြုသွားသည်။
ယမန်နေ့က ကျင်းပခဲ့သော မြန်မာ့ လွှတ်တော်သစ် အစည်းအဝေးတွင် တင်သွင်းခဲ့သည့် ဒုတိယ သမ္မတ လောင်း အမည်စာရင်း၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမည် ပါမလာမှုသည် သတင်းကောင်းလား ဟူ၍ မေးခွန်း ထုတ်ခဲ့ခြင်း အပေါ် ဗိုလ်ချုပ်မှူးကြီးသည် မည်သည့် နေရာကို ဆက်ယူထားမည်ကို မသိနိုင်ကြောင်း ၊ စစ်တပ် အကြီးအကဲသည် သမ္မတ နီးပါး အာဏာ ရှိနေသည့် အတွက် စစ်တပ် အကြီးအကဲ မည်သူဖြစ်လာမည် ဆိုသည်ကလည်း အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့သည်။
၎င်းအနေဖြင့်လည်း ပါလီမန်ပြင်ပမှ ဒီမိုကရေစီရေး အတွက် အလုပ်များ လုပ်နေနိုင်ကြောင်း ၊ လူငယ်များနှင့်လည်း ကွန်ယက် ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က BBC ၏ အစီအစဉ်အတွင်း ပြောဆိုသည်။
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ ခုနှစ်တွင် ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဗဲလ်ဆု ချီးမြှင့်ခြင်း ခံခဲ့ရသည်။
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို စစ်အစိုးရက အာဏာ လွှဲပြောင်းပေးခြင်း မပြုဘဲ ၎င်းကိုလည်း နှစ် ၂၀ နီးပါး နေအိမ် အကျယ်ချုပ် ချထား ခံခဲ့ရသည်။
Ref: ဧရာဝတီ်
Wednesday, February 2, 2011
အာရပ်ကမ္ဘာ တော်လှန်ရေး အယ်လ်ဂျားဇီးရား ရုပ်သံ နှိုးဆွပေးနေ
Tuesday, 01 February 2011
ယခုရက်သတ္တပတ်များမှာ အယ်ဂျာဇီရား ဆန်းထနေတဲ့ ကာလဖြစ်သည်။ ကာတာနိုင်ငံ အခြေစိုက် အယ်ဂျာဇီးရား ရုပ်သံ ချန်နယ်လ် က အာရပ် တစ်နိုင်ငံမှ တစ်နိုင်ငံ၊ မြို့ ကြီး တစ်မြို့မှ တစ်မြို့ တော်လှန်ရေး မီးကူးသွားအောင် လူထုရဲ့ ပေါက်ကွဲသံတွေကို တာဝန်ကျေကျေ ဆွပေးသည်။
အစ္စရေးကို အလျှော့ပေး ဆွေးနွေးထားတဲ့ ပါလက်စတိုင်း အစိုးရ ရဲ့ လျှို့ဝှက် မှတ်တမ်း ၁၆၈၄ ခုကို အယ်လ်ဂျာဇီးယား က လွှင့်ပေးတော့ ဂါဇာမှ ပါလက်စတိုင်းတွေ သူတို့ အစိုးရကို ဒေါသပုန် ထကုန်သည်။
တူနီရှား တော်လှန်ရေးမှာ ၀င်ရောက်မွှေပြီး သတင်းဦး ထူးထူးတွေက တစ်ကမ္ဘာလုံး စိတ်လှုပ်ရှား စေသည်။ အခြား အာရပ် နိုင်ငံတွေ သူတို့ အာဏာရှင် ဖြိုချဖို့ အားကျ ကုန်သည်။
လက်ဘနွန်နဲ့ ဂျော်ဒန်မြစ် အနောက်ဖက်မှာ အနောက်တိုင်း လိုလားတဲ့ နိုင်ငံရေး အုပ်စုတွေက အယ်လ်ဂျာဇီးယား ကို ဖွလွန်းတယ်ဟု စွပ်ဆွဲပြီး၊ သတင်းဌာန ရုံးတွေနဲ့ ကားတွေကို မီးရှို့၊ သတင်းထောက် တွေကို ရိုက်နှက် ကုန်တဲ့အထိ ဖြစ်ကုန်သည်။
သာမန် မီဒီယာလုပ်ငန်း စွမ်းဆောင်ချက်ထက် ပိုပါသည်။ အမေရိကန် ကျောထောက် နောက်ခံ ပေးထားတဲ့ ဖိနှိပ်တဲ့ အာရပ် အာဏာရှင် အစိုးရများကို အာရပ်လူထု ဖြုတ်ချအောင် ဆွပေးနိုင်လို့ ဖြစ်သည်။ အယ်လ်ဂျာဇီးယားရဲ့ မင်္ဂလာရှိသော လုပ်ရပ်များကို အမေရိကန် အစိုးရနဲ့ အာရပ် အာဏာရှင်တို့မှ လွဲလို့ နတ်လူ အားလုံး သာဓု ခေါ်နေကြသည်။ အာရပ်လူထုရဲ့ ဒုက္ခအဖုံဖုံ၊ နိုင်ငံရေး ကလိမ်ကျမှု အရှုပ်တော်ပုံတွေကို ၂၄ နာရီ ပုံအော ဖွင့်ချပေးနေသည်။
ဂျော့ဝါရှင်တန် တက္ကသိုလ်မှ အရှေ့အလယ်ပိုင်းရေးရာ ကျွမ်းကျင်သူ ပါမောက္ခ Marc Lynch က “အာရပ်ကမ္ဘာ အနှံက မတရားမှုတွေ နာကြည်းချက်တွေ ဖော်ထုတ်ဖို့ ကူညီပေးနေတာ အယ်လ်ဂျာဇီးယား ပဲ။ ဒါ မီဒီယာသစ် အခန်း ကဏ္ဍကို ဖန်တီး နေတာပဲ။ အယ်လ်ဂျာဇီးယား မကူညီဘဲနဲ့ ဒီဖြစ်ရပ်တွေ ဆက်တိုက် ပေါ်ထွက်ဖို့ မဖြစ်နိုင်ဘူး” ဟု သုံးသပ်သည်။
အယ်လ်ဂျာဇီးရားက မီဒီယာသစ်ဖြင့် ‘လူထုပါဝါ’ နဲ့ တရားမျှတမှုကို ဖော်ဆောင်နေသည်။ ရုပ်သံ တည်ထောင်ခဲ့တဲ့ ၁၅ နှစ်အတွင်း အာဏာရှင် မျိုးစုံကို ကြိမ်မီးအုံးအောင် ဒုက္ခအမျိုးမျိုး အပေးနိုင်ဆုံး မီဒီယာ ဖြစ်သည်။ အယ်လ်ဂျာဇီးရား ရဲ့ မကြာခင်က တူနီရှား သမ္မတ ဖြုတ်ချမှုနဲ့ အီဂျစ်ဆန္ဒပြပွဲတွေမှာ ဦးဆောင်နိုင်စွမ်းကြောင့် လာမယ့်နှစ် ငြိမ်းချမ်းရေး နိုဘယ်ဆု အတွက် ထိုက်ထိုက် တန်တန် စာရင်း အတင်ခံရမယ့် မီဒီယာချန်နယ်လ် ဟု သတင်းဌာနအချင်းချင်း လက်တို့ ပြောနေကြသည်။
Ref: မောက္ခ
သံပတ်ပေးထားသော စက်ရုပ်များကြောင့် ဒီမိုကရေစီ ပညာရေး အလှမ်း ဝေးနေဆဲ
Wednesday, 02 February 2011
“အဆင့်ဆင့်တိုင်းမှာ ဒီမိုကရေစီဖြစ်ထွန်းဖို့အတွက် အခြေအနေ လုံးဝ မပေးသေးပါဘူး။ လွှတ်တော် ဖွင့်ပွဲမှာတင်ပဲ ဒီမိုကရေစီလမ်းစ ပျောက်ဆုံးနေတာ ထင်ရှား လှပါတယ်။ ဒီမိုကရေစီ ပညာရေးစနစ် ဖြစ်ဖို့အတွက် မျှော်လင့်လို့ မရသေးဘူး။”
မန္တလေးတိုင်းမှ အထက်တန်းပြ ကျောင်းဆရာ ဦးမျိုးသိဏ်းက မောက္ခသို့ ပြောပြခဲ့သည်။
“လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော် အစည်းအဝေးများတွင် သူဖြူရင် ငါမည်းမှာပဲ ဆိုသည့် စိတ်မျိုး မထားရန်၊ စကားနိုင်လု ပြောခြင်း မပြုရန် လိုကြောင်းနှင့် လွှတ်တော် အစည်းအဝေး များသည် စကားရည်လုပွဲမျိုး မဖြစ်စေရန် လိုအပ်ကြောင်း” ဦးခင်အောင်မြင့်ကို ကိုးကား၍ အင်္ဂါနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြသည်။
တောင်ကြီး ဆရာအတတ်ပညာကောလိပ် နည်းပြတစ်ဦးဖြစ်သူ နန်းမိုခမ်းက ဆရာ အတတ် ပညာရေး သင်တန်းများတွင် ကလေးများကို ပြောဆို တတ်အောင်၊ မိမိ အမြင်တို့ကို ရဲတင်း ပွင့်လင်းစွာ၊ ယုံကြည်ချက်ဖြင့် ပြောတတ်အောင် လေ့ကျင့် သင်ကြား ပေးခြင်းတို့မှာ အရေးကြီးသော သင်ရိုးများ ဖြစ်သော်လည်း လွှတ်တော်အတွင် တုံဏှိဘာဝေ ငြိမ်သက်စွာ နေထိုင်ကြပုံတို့မှာ ရီစရာ ကောင်းသော သံပတ် ပေးထားသည့် စက်ရုပ်များနှင့် တူနေကြောင်းကို မောက္ခသို့ ပြောပြခဲ့သည်။
မြန်မာ့ပညာရေး သုတေသီတစ်ဦးဖြစ်သည့် ဆရာမောရက မောက္ခသို့ ပြောပြရာတွင် “အချေအတင် ဆွေးနွေး ပြောဆိုခြင်းကို စာသင် ခန်းများအတွင်း လေ့ကျင့် ပေးရမည်ဖြစ်ကြောင်း။ ဤသည်မှာ ဒီမိုကရေစီ စနစ် ဖွံ့ဖြိုးစေရန် အတွက် ပျိုးထောင်မှု အခြေခံပင် ဖြစ်ကြောင်း၊ အနာဂတ် ကာလများတွင် လူ့ အဖွဲ့အစည်းအတွင်း ဆွေးနွေး ပြောဆိုခြင်း၊ မတူသော အမြင်များကို တင်ပြ တတ်ခြင်းနှင့် အပြန်အလှန် နားထောင် တတ်ခြင်းတို့အတွက် အထူး အရေးကြီးကြောင်း၊ သို့ရာတွင် လွှတ်တော်တွင် ဤအခွင့် အလမ်းများကို ပိတ်ပင် ထားရှိခြင်းမှာ စံပြုစရာ မရှိသေးသော လူ့အဖွဲ့အစည်း အတွင်း ကလေးများ ပညာသင်ကြား နေရခြင်းဖြစ်ကြောင်း၊ စကားနိုင်လု ပြောဆိုခြင်း debate မှာ ပညာသင်ကြားရေး နည်းလမ်း တစ်ခုဖြစ်သည့် အတွက် စာသင်ခန်းများတွင် လမ်းဖွင့် ပေးရမည်ဖြစ်ကြောင်း ဆိုပါသည်။
Ref: မောက္ခ
လူသန်းချီ ချီတက်ပွဲအတွက် အီဂျစ် ဆန္ဒပြသူတွေ စတင်စုဝေး
အင်္ဂါ, 01 ဖေဖော်ဝါရီ 2011
ဒီနေ့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်ရဲ့ တဟီရီရင်ပြင်မှာ လူတွေ ထောင်သောင်းချီ ရောက်ရှိနေပြီး နောက်ထပ်လည်း သမ္မတ ဟို့စ်နီ မူဘာရက် (Hosni Mubarak) နှုတ်ထွက် ပေးရေး ဆန္ဒပြသူတွေ တဖွဲဖွဲ ရောက်လာမစဲ ရှိနေပါတယ်။
အသစ်ခန့်အပ်ခံရတဲ့ ဒု-သမ္မတ အိုမာ ဆူလေမန် (Omar Suleiman) က နိုင်ငံရေး အင်အားစုတွေ အားလုံးနဲ့ အခြေခံ ဥပဒေရေးရာ ဥပဒေပြုမှု ဆိုင်ရာတွေ တွေ့ဆုံ ဆွေးနွေးဖို့ ပြောဆို လိုက်ပါတယ်။
အီဂျစ် တပ်မတော်ကလည်း ပြည်သူတွေရဲ့ တရားဥပဒေနဲ့ ညီညွတ်သော တောင်းဆို ချက်တွေကို အသိအမှတ် ပြုမှာဖြစ်ပြီး ဆန္ဒပြ ပြည်သူတွေကို ပစ်ခတ် နှိမ်နင်းမှာ မဟုတ်ဘူးလို့ ဒီနေ့ ကြေညာ ထားပါတယ်။
Ref: VOA News
စကားနိုင်မလုရတဲ့ လွှတ်တော်
မျိုးသန့် |
အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၀၁ ရက် ၂၀၁၁
ချင်းမိုင် (မဇ္ဈိမ) ။ ။ လွှတ်တော် အစည်းအဝေးများအတွင်း သူနိုင်ကိုယ်နိုင် စကားရည်လု ပြောခြင်းမျိုး မဖြစ်အောင် ထိန်းသိမ်း ရမည်ဟု အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က အမတ်များကို သတိပေး ပြောကြား လိုက်သည်။
နေပြည်တော် အမျိုးသားလွှတ်တော် အဆောက်အအုံတွင် တနင်္လာနေ့က ကျင်းပသည့် အမျိုးသား လွှတ်တော် အစည်း အဝေး အတွင်း ဥက္ကဋ္ဌ ယဉ်ကျေးမှု ဝန်ကြီး ဦးခင်အောင်မြင့်က လွှတ်တော် ကိုယ်စားလှယ်များကို နှုတ်ခွန်းဆက် စကား ပြောကြားရင်း သတိပေး သွားသည်။
“လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်အစည်းအဝေးများတွင် သူဖြူရင် ငါမည်းမှာပဲ ဆိုသည့် စိတ်မျိုး မထားရန်၊ စကားနိုင်လု ပြောခြင်း မပြုရန် လိုကြောင်းနှင့် လွှတ်တော် အစည်းအဝေး များသည် စကားရည်လုပွဲမျိုး မဖြစ်စေရန် လိုအပ်ကြောင်း” ဦးခင်အောင်မြင့်ကို ကိုးကား၍ အင်္ဂါနေ့ထုတ် နိုင်ငံပိုင် ကြေးမုံ သတင်းစာက ဖော်ပြသည်။
စစ်ခေါင်းဆောင်များ ဂုဏ်ယူဝံ့ကြွားနေသော နေပြည်တော်က လွှတ်တော် အဆောက် အဦးသစ်များ အနက် ပြည်သူ့ လွှတ်တော်တွင် ထိုင်ခုံနေရာ ၄၄ဝ နေရာ၊ အမျိုးသား လွှတ်တော်တွင် ၂၂၄ နေရာ ပါရှိသည်။ ထိုအထဲတွင် စစ်တပ် ယူနီဖောင်းဝတ် စစ်ဘက် ကိုယ်စားလှယ်များ သုံးပုံတပုံ ဖြစ်သည်။
“နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဟာ ဥပဒေတွေ ပြဋ္ဌာန်းပေးရုံ သာမက အမြော်အမြင် ကြီးမားပြီး စေတနာ ထက်သန်စွာနဲ့ ကြီးကျယ်ခမ်းနားလှတဲ့ လွှတ်တော် အဆောက်အအုံနဲ့ အသုံးအဆောင်များ၊ ကိုယ်စားလှယ်တော်များ အတွက် အစစ အဆင်ပြေအောင် စီစဉ်ပေးမှုများကို ဆောင်ရွက်ထားကြောင်း တွေ့ကြရပါတယ်။ ဒါကြောင့် ဤပြည်ထောင်စု လွှတ်တော်ကြီးက နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီကို အထူးကျေးဇူး ဥပကာရ တင်ရှိပါကြောင်း လေးစားစွာ ပြောကြား လိုပါတယ်။” ဟု ဦးခင်အောင်မြင့်က ပြောကြားသွားသည်။
တပ်မတော် စိတ်ဓာတ် စစ်ဆင်ရေးဌာန အကြီးအကဲဟောင်း အငြိမ်းစား ဗိုလ်ချုပ် ခင်အောင်မြင့်မှာ သဘောထား တင်းမာသူဟု လူသိများပြီး ၂ဝဝ၃ ဒီပဲယင်း အရေးအခင်း ကွပ်ကဲရာတွင် ပါဝင်ခဲ့သူဟု စွပ်စွဲခံရသည်။
သို့သော်လည်း ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီ ဥက္ကဋ္ဌ ဦးရဲထွန်းကမူ လွှတ်တော်တွင် အများစု သဘောတူတိုင်း ခေါင်းညိတ်စရာ မလိုဟု ပြောသည်။
“ဖြူသင့်တဲ့ဟာကတော့ ဖြူတဲ့အကြောင်း ပြောရမှာပေါ့၊ မဲတဲ့ဟာကတော့ မဲတဲ့အကြောင်း ပြောရမှာပေါ့၊ အဲဒါမျိုး ဖြစ်ဖို့ လိုတယ် ဒါပေမဲ့ အခုကတော့ လွှတ်တော် ဆိုပေမယ့် ပါတီတခုထဲက အင်အား များတယ်လေ၊ အဲဒီတော့ သူဖြူရင် ငါမည်း မဆန့်ကျင်ရဘူး ဆိုတဲ့ သဘောမျိုး သက်ရောက်ပြီး လန့်သွားကြတာ၊ အများစုဆိုပြီး လူတဦးတယောက်က ဦးဆောင် ပြောတဲ့ ဟာမျိုးကို ကျန်တဲ့ လူနည်းစုတွေက လက်ခံပေးရမယ် ဆိုပြီး ကြောက်သွားတာမျိုးတော့ မဖြစ်သင့်ဘူးပေါ့ဗျာ” ဟုပြောသည်။
၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီသည် ရွေးကောက်ပွဲတွင် လွှတ်တော် ၃ ရပ် အတွက် ကိုယ်စားလှယ်လောင်း ၃၉ ယောက် ဝင်ပြိုင်ပြီး တိုင်းဒေသကြီး လွှတ်တော်အတွက် ၁ ယောက် အရွေးခံရသည်။
သို့သော် လွှတ်တော်အမတ်များ အနေဖြင့် လွှတ်တော် အတွေ့အကြုံ နည်းပါးသေးသည့် အတွက် ထိုကဲသို့ သတ်မှတ် ချက်များ ချမှတ်ခြင်းမှာ ကောင်းမွန်ကြောင်း ရွေးကောက်ပွဲတွင် လွှတ်တော်အမတ်ဦးရေ အများဆုံးရသည့် ကြံ့ဖွံ့ပါတီ အမျိုးသား လွှတ်တော်အမတ် ဦးခင်ရွှေက ဆိုသည်။
“ကျနော်တို့ဆီမှာ Practice ကသိပ်မရှိသေးဘူးလေ၊ မရှိတော့ သတ်မှတ်ချက် စည်းကမ်းတွေနဲ့ လုပ်ထားမှပဲ တော်ရုံ ကျမှာပဲ၊ Practice မရှိတဲ့အချိန်မှာ မလိုလား အပ်တဲ့ ပြဿနာတွေ ဖြစ်သွား နိုင်တဲ့ အနေအထားမျိုး ဖြစ်သွား နိုင်ပါတယ်၊ ဒါကြောင့် ကြိုပြီး ကာကွယ်တဲ့ သဘောမျိုး ဖြစ်ပါလိမ့်မယ်” ဟု သူက ဆိုသည်။
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဆွေးနွေးပွဲများတွင် အကျိုးအကြောင်း ခိုင်လုံစွာ တင်ပြ ဆွေးနွေးမည် ဖြစ်ပြီး လမ်းဘေး ရန်ပွဲများ ကဲ့သို့ ပြုလုပ်ရန် အကြောင်း မရှိကြောင်း ကျားဖြူပါတီ ပြည်သူ့ လွှတ်တော် အမတ် စိုင်းဆောင်စီက ပြောသည်။
“ဆွေးနွေးစဉ်မှာ သူပြောငါပြောနဲ့ ကြုံသလို လမ်းဘေး စကားရည် လုပွဲလို၊ လမ်းဘေးမှာ ရန်ဖြစ်နေတာလို ပြောစရာ အကြောင်းလဲ မရှိဘူး။ နောက်ပြီးတော့ လွှတ်တော်မှာ ဖြစ်တဲ့အတွက် အကျိုး အကြောင်းနဲ့ ပြောရမှာ ဖြစ်တဲ့အတွက် ပြောတဲ့ စကားတွေ အားလုံးဟာ အကုန်သိမ်မွေ့မယ်၊ အကျိုးအကြောင်း ခိုင်လုံမယ်” ဟုဆိုသည်။
မြန်မာ့ရုပ်မြင်သံကြားက လွှတ်တော်အစည်းအဝေးများကို ယမန်နေ့က ပြသသွားရာ မဟော်ဂနီရောင် ခြုံလွှမ်း ထားသော ထိုင်ခုံ နေရာများတွင် အဖြူရောင် တိုက်ပုံ ဝတ်များနှင့် စစ်ယူနီဖောင်းဝတ် အမတ်များအကြား တိုင်းရင်းသား ဝတ်စုံဝတ် အမတ် အချို့ကို ကျိုးတိုးကျဲတဲ တွေ့မြင်ရသည်။
ငြိမ်သက်လွန်းလှသော အစည်းအဝေးများအတွင်း အမတ်အချို့က လွှတ်တော် ဥက္ကဋ္ဌများ အမှာစကား ပြောနေချိန်တွင် မှတ်စု စာအုပ်များဖြင့် လိုက်လံ မှတ်သား နေခဲ့ကြသည်။
နောက်လာမည့် အနာဂတ် လွှတ်တော်တွင်လည်း မိမိတို့ လွှတ်တော် ကိုယ်စားလှယ်များက အကျိုး အကြောင်း ခိုင်လုံသည့် ဥပဒေ မူကြမ်းများ တင်သွင်းမည်ဖြစ်ပြီး ထိုဥပဒေ မူကြမ်းများအပေါ် မေးခွန်း ထုတ်ပိုင်ခွင့်လည်း ရှိကြောင်း ကျားဖြူပါတီမှ ပြည်သူ့ လွှတ်တော်အမတ် စိုင်းဆောင်ဆီ ကဆိုသည်။
“အနာဂတ် လွှတ်တော် ၂ ရပ်လုံးမှာ ဥပဒေမူကြမ်းတို့ အဆိုတင်သွင်းတာတို့ မေးခွန်း ထုတ်တာတွေကို အန်ကယ်တို့ စလုပ်လို့ ရပြီ။ အကျိုးအကြောင်းနဲ့ တင်သွင်းမယ်၊ မေးခွန်းတွေ ထုတ်မယ်၊ ဒါက တရားဝင် လုပ်မှာလေ၊ ရန်ဖြစ်ပြီး လုပ်မှာ မဟုတ်ဘူး” ဟု စိုင်းဆောင်စီက ပြောသည်။
ယခု လွှတ်တော်တက်ရောက်နေကြသည့် အမတ်များအနေဖြင့် မြန်မာရိုးရာ ဝတ်စုံများ ဝတ်ဆင်ရန် လိုအပ်ပြီး လွှတ်တော်တွင်း ဝင်ရောက် ရာတွင်လည်း လက်ကိုင်ဖုန်း၊ ကင်မရာ၊ အသံဖမ်းစက် စသည်တို့ ယူမလာရန် ရွေးကောက်ပွဲ ကော်မရှင်က ကန့်သတ် ထားသည်။
Ref: မဇ္ဈိမ
ဒုသမ္မတလောင်းအတွက် ဗိုလ်ချုပ်ဟောင်း ၂ ယောက်နှင့် တိုင်းရင်းသားများ ဝင်ပြိုင်
အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၀၁ ရက် ၂၀၁၁
ပြည်ထောင်စု လွှတ်တော်တွင် ယနေ့ ဒုသမ္မတလောင်း အမည်စာရင်း တင်သွင်းရာ လက်ရှိ ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် အာဏာသိမ်း စစ်ကောင်စီ အတွင်းရေးမှူး ၁ တို့လည်း ပါဝင်နေသည်။
ပြည်သူ့လွှတ်တော်အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီမှ စောသိန်းအောင်တို့ တင်သွင်း ခံရသည်။
စစ်ဘက် ကိုယ်စားလှယ်များက နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး (၁) သီဟသူရ ဦးတင်အောင်မြင့်ဦးကို ရွေးချယ်ကြသည်။
အမျိုးသား လွှတ်တော်တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ဒေါက်တာ အေးမောင်တို့ ယှဉ်ပြိုင် နေကြသည်။
ဆန်ကာတင်စာရင်းဝင် ဒုသမ္မတလောင်းများကို အရည်အချင်း စိစစ်နေပြီး ကြာသပတေး နေ့တွင် သမ္မတနှင့် ဒုသမ္မတများ ရွေးချယ်မည် ဖြစ်သည်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးက အသာစီးရထားသဖြင့် ဦးသိန်းစိန်နှင့် ဒေါက်တာ စိုင်းမောက်ခမ်းတို့ လွှတ်တော် ၂ ရပ်မှ ဒုသမ္မတများ ဖြစ်လာဖွယ် ရှိသည်။
ဒေါက်တာစိုင်းမောက်ခမ်းမှာ လားရှိုးမှ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် (၃) အတွက် ကြိုတင်မဲ တသောင်းကျော်နှင့် အနိုင်ရသူ ဖြစ်ပြီး ဗဟို ရှမ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်သည်။ ကြံ့ဖွံ့ အတွက် မဲဆွယ်စဉ်က ကြံ့ဖွံ့ မထောက်ခံလျှင် ထောင်ထဲ တောထဲ ရောက်သွားမည်ဟု ခြိမ်းခြောက် မဲဆွယ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
အစိုးရအဖွဲ့ ယခုအပတ်ထဲ ဖွဲ့နိုင်မည်ဟု လွှတ်တော်တက်နေသော အမတ်တဦးက မဇ္ဈိမသို့ ပြောသည်။
Ref: မဇ္ဈိမ
တိုက်ပွဲကြောင့် ထိုင်း နှင့် မြန်မာ ၁၀၀၀ ခန့် တိမ်းရှောင်ရ
Tuesday, 01 February 2011
ကရင်ပြည်နယ် မြ၀တီခရိုင်အတွင်း ယနေ့နံနက်က ဖြစ်ပွားသည့်တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ ဖုတ်ဖရ မြို့နယ် မိုးကဲရွာ နယ်စပ်သို့ ၁၂၀ မမ လက်နက်ကြီးကျည် ၁၀ လုံးကျော် ကျရောက် ပေါက်ကွဲ ခဲ့သဖြင့် ဒေသခံ ထိုင်းရွာသား ၇၀၀ ခန့်ထွက် ပြေး တိမ်းရှောင် ကြရသည်။
မြ၀တီခရိုင် အူးကလေးထာ့ ဒေသရှိ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုး သားတပ်မတော် (DKBA) တပ်မဟာ ၅ ၏ စစ်ရေး အချက်အခြာ ကျသည့် တပ်စခန်း တခုကို ယနေ့နံနက်က နအဖ တပ်တပ်များက လက်နက်ကြီး များဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ရာမှ လက်နက်ကြီး ကျည်များ ထိုင်းဘက် ကျရောက်ခြင်း ဖြစ်သည်။
တိုက်ပွဲကြောင့် မြ၀တီခရိုင် အူးကလေးထာ့ဒေသရှိ သေ့ဘောဘိုး၊ ၀ါးမီထာ့၊ ဘလယ်ဒို့၊ ရွာသစ် အပါအ၀င် ရွာပေါင်း ၁၀ ရွာ ခန့်မှ ရွာသား ၃၀၀ ကျော်လည်း ထိုင်းနိုင်ငံ မိုးကဲရွာသို့ ထွက်ပြေး ရောက်ရှိလာသည်။
ထွက်ပြေးရောက်ရှိလာသည့် မြန်မာရွာသားများကို ထိုင်းဘက်က ယာယီခိုလှုံခွင့် ပေးထားပြီး တိုက်ပွဲများ ပြီးဆုံးလျှင် နေရပ်သို့ ပြန်ကြရမည်ဟု ထိုင်းအာဏာပိုင် များက ပြောကြားသည်။ ယနေ့ ရောက်ရှိ လာသူများကို ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အပါအ၀င် အစိုးရ မဟုတ်သည့် အဖွဲ့အစည်း တချို့က အကူအညီများ ပေးထားသည်။
ယနေ့နံနက်ပိုင်းက စတင်သည့်တိုက်ပွဲမှာ ပြီးဆုံးခြင်းမရှိသေးသည့်အတွက် ဘေးလွတ်ရာ တိမ်းရှောင် နေရသည့် ထိုင်းနှင့် မြန်မာနိုင်ငံသား ၁၀၀၀ ခန့်ကို ထိုင်းအာဏာပိုင်များက ဖုတ်ဖရ မြို့နယ် အတွင်းရှိ ထိုင်းစစ်တပ် အမှတ်(၁၇၄၃) တပ်ရင်း အတွင်း နေရာ ချထားပေးသည်ဟု စစ်ပြေး ဒုက္ခသည်များက ပြောဆိုသည်။
တိုက်ပွဲ အခြေအနေနှင့်ပတ်သက်၍ DKBA တပ်မဟာ ၅ စစ်ဆင်ရေးမှူး တဦးဖြစ်သည့် ဗိုလ်မှူး ဆန်းအောင်က "ဒီနေ့ တိုက်ပွဲက ကြမ်းတယ်၊ ကျနော်တို့ ဘက်ကို ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်တာ အလုံး ၁၀၀ လောက်ရှိပြီ၊ ရင်ဆိုင် တိုက်ပွဲကတော့ အခုချိန်ထိ မပြီးသေးဘူး၊ နအဖဘက်က ညဘက်တွေမှာ ထိုင်း ဘက်ခြမ်းကနေ ကျနော်တို့ကို ၀င်တိုက်ဖို့ ရှိတယ်၊ သူတို့ ဘယ်က ၀င်ဝင် လာတဲ့ ဘက်ကို ကျနော်တို့ တိုက်မှာပဲ"ဟု ဧရာဝတီသို့ ပြောသည်။
ယနေ့ တိုက်ပွဲမှာ ညနေ ၅ နာရီအချိန်အထိ ပြီးဆုံးခြင်း မရှိသေးဟု DKBA တပ်မှူး တဦးက ပြောကြားသည်။ ထိုင်းဘက် နယ်စပ် တလျှောက်တွင်လည်း ထိုင်းစစ်တပ်မှ လုံခြုံရေး တပ်ဖွဲ့ဝင်များကို ပုံမှန်ထက် တိုးမြှင့် ချထားသည်ဟု ထိုင်းကျေးရွာ အုပ်ချုပ်ရေးမှူး တဦးက ပြောသည်။
မြ၀တီခရိုင်အတွင်းဖြစ်ပွားနေသည့် DKBA နှင့် နအဖ တပ်များတိုက်ပွဲတွင် ယနေ့နှင့်ယမန်နေ့ ၂ ရက်အတွင်း နအဖ တပ် ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ၁၅ လုံးခန့် ထိုင်းနိုင်ငံ ဖုတ်ဖရ မြို့နယ် အတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ထိုင်း စစ်ကား ၁ စီး ပျက်စီးကာ စစ်သည် ၂ ဦးဒဏ်ရာ ရရှိခဲ့သည်။
ရွေးကောက်ပွဲကျင်းပနေစဉ် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နှင့် ၈ ရက်များတွင် မြ၀တီမြို့နယ် ရဲစခန်းနှင့် နယ်စပ် ဂိတ်တချို့ကို ဗိုလ်မှူးကြီး စောလားပွယ် ၏ DKBA တပ်ဖွဲ့ဝင်များက ၀ိုင်းထား ခဲ့ပြီးနောက်ပိုင်း ကရင်ပြည်နယ် အတွင်း၂ လ ကျော်ကြာ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်း ဖြစ်သည်။ ယင်းတိုက်ပွဲများကြောင့် ဒေသခံ စစ်ပြေး ဒုက္ခသည်များ ရာနှင့်ချီ၍ ထွက်ပြေး တိမ်းရှောင် ခဲ့ကြရသည်။
Ref: ဧရာဝတီ်
ဗိုလ်ချုပ်မှူးကြီး သမ္မတလုပ်ရန် မသေချာတော့
ခင်ဦးသာ
Tuesday, 01 February 2011
ယနေ့ကျင်းပသည့် လွှတ်တော် အစည်းအဝေးမှရွေးချယ် အဆိုပြုသော ဒုတိယ သမ္မတ အမည်စာရင်းတွင် စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမည်စာရင်း မပါရှိ သောကြောင့် ၎င်း သမ္မတ ဖြစ်ရန် မသေချာတော့ပေ။
ပြည်သူ့ လွှတ်တော်တွင် ဒုတိယ သမ္မတများ အတွက်ဆန်ခါတင် စာရင်းအဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ ဦးသိန်းစိန်နှင့် ဖလုံ-စဝေါ်ပါတီမှ ဦးစောသိန်းအောင် တို့အား အဆို ပြုခဲ့ကြပြီး အမျိုးသား လွှတ်တော်တွင် ကြံ့ဖွံ့ပါတီမှ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) မှ ဒေါက်တာ အေးမောင်တို့ကို အဆို ပြုခဲ့ကြသည်။
တပ်မတော်သား ကိုယ်စားလှယ်အဖြစ် ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ် သီဟ သူရ ဦးတင်အောင်မြင့်ဦးအား တင်သွင်း ထားပြီး ဆန်ခါတင် ၅ ဦး၏ အရည်အချင်းကို လွှတ်တော် စိစစ်ရေး အဖွဲ့က စိစစ်ကာ လာမည့် ကြာသပတေးနေ့၌ မဲစနစ်ဖြင့် ဒုတိယ သမ္မတ ၃ ဦးကို ရွေးချယ်မည်ဖြစ်သည်။
ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဒုတိယ သမ္မတ အမည်စာရင်း တင်သွင်းခံရသူများ ထဲမှသာ သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်မည်ဟု ရေးသား ထားသောကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနှင့် သမ္မတ ဖြစ်ရန်အကြောင်း မရှိတော့ပေ။
သမ္မတ လုပ်မည်ဟု သတင်းများထွက်ပေါ်ခဲ့သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ကာကွယ်ရေး ဦးစီးချုပ် နေရာ၌ ဆက်နေမည်၊ ကြံ့ဖွံ့ပါတီ၏ နာယက အဖြစ် ဆောင်ရွက်မည် သို့မဟုတ် အငြိမ်းစား ယူမည် ဟူ၍ လူအများက အမျိုးမျိုး မှန်းဆ နေကြသည်။
သမ္မတ ရွေးချယ်စိစစ်ရေး အဖွဲ့တွင် စစ်အစိုးရ လူများဖြစ်သော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်မည် ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လူယုံတဦးဟု အများက ယူဆထားသော ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ် ဦးသောင်းက အဖွဲ့ဝင်အဖြစ် ပါဝင်ကြောင်း သိရသည်။
ဒုတိယ သမ္မတ တဦးတွင် ကြံ့ဖွံ့ကိုယ်စားလှယ် မဟုတ်သော တိုင်းရင်းသား တဦးအား ရွေးချယ်ရန် တိုင်းရင်းသား ကိုယ်စားလှယ် များက ဆန္ဒရှိနေကြပြီး RNDP ပါတီ၏ ကိုယ်စားလှယ် ဒေါက်တာအေးမောင်၏ အမည်သည် နံပါတ် တစ်ပြေး နေသည်။
သို့သော် လွှတ်တော်အသီးသီး၌ ကြံ့ဖွံ့ပါတီဝင်များနှင့် စစ်တပ် ကိုယ်စားလှယ်များသည် ၈၀ ရာခိုင်နှုန်းကျော် လွှမ်းမိုး ထား၍ မဲစနစ်ဖြင့် ရွေးချယ်ပါက ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ် မဟုတ်သည့် တိုင်းရင်းသား ကိုယ်စားလှယ်များ အတွက် အခွင့်အရေး နည်းပါးလှသည်။
ပထဆုံး ကျင်းပခဲ့သော လွှတ်တော်အစည်းအဝေးမှ လွှတ်တော်ဥက္ကဋ္ဌ များကိုမဲပေးစနစ်ဖြင့် ရွေးချယ် ကြသော်လည်း စစ်တပ်၏ ထောက်ခံမှုဖြင့် ကြံ့ဖွံ့ပါတီ ၀င်များ ကသာ ရရှိခဲ့သည်။
လွှတ်တော်အစည်းအဝေးအား မနက်ဖြန် ၁ ရက် နားမည်ဖြစ်ပြီး ကြာသပတေးနေ့တွင် ပြန်လည်ကျင်းပမည် ဖြစ်သည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ကြံ့ဖွံ့ကိုယ်စားလှယ် သူရ ဦးရွှေမန်းနှင့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌအဖြစ် ယဉ်ကျေးမှု ဝန်ကြီးဟောင်း ဦးခင်အောင်မြင့်ကို ရွေးချယ်ခဲ့ကြသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ၏ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ နေရာအားလုံးကိုလည်း စစ်တပ်၏ ထောက်ခံမှုဖြင့် ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်များ ကသာ ရရှိခဲ့သည်။
တိုင်းရင်းသား ပါတီများနှင့် ဒီမိုကရက်တစ် ပါတီများသည် ၎င်းတို့ ကိုယ်စားလှယ်များထဲမှ ဥက္ကဋ္ဌ သို့မဟုတ် ဒုတိယ ဥက္ကဋ္ဌ တဦး ရရှိရေး အတွက် အဆိုပြု မဲပေးခဲ့ကြ သော်လည်း ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်များနှင့် စစ်တပ် ကိုယ်စားလှယ် များ၏ မဲကို မယှဉ်နိုင်သောကြောင့် လက်လျှော့ လိုက်ရကြောင်း တိုင်းရင်းသား ကိုယ်စားလှယ်များက ပြောသည်။
တိုင်းရင်းသား ပါတီများအနက် ရာခိုင်နှုန်း အများဆုံးအနိုင်ရထားသော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) ၏ ကိုယ်စားလှယ်များ သည်ပင် ပြည်နယ် လွှတ်တော်၏ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ နေရာများကို မရခဲ့ပေ။
“အခုဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့် လာမယ့်အစိုးရဟာလည်း စစ်တပ်လွှမ်းမိုးတဲ့ အစိုးရဖြစ်မှာပါ” ဟု RNDP ကိုယ်စားလှယ် တဦးက ပြောသည်။
စစ်အစိုးရ၏ ကြိုတင်စီမံထားသည့် အစီအမံများ အတိုင်း လုပ်ဆောင်မည်ဟု ခန့်မှန်းထား ခဲ့သော်လည်း ယခုကဲ့သို့ ဆိုးရွား လိမ့်မည်ဟု မထင်ထားခဲ့ကြောင်း မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ၏ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ပြောသည်။
“ကျနော်တို့ တိုင်းရင်းသားပါတီတွေ၊ ဒီမိုကရက်တစ်တွေ အနေနဲ့ အတိုက်အခံ သဘောနဲ့ နေသွားရုံက လွဲပြီး ဘာမှ လုပ်ပိုင် ခွင့်မရှိ နိုင်တော့ဘူး” ဟု ၎င်းကဆိုသည်။
လွှတ်တော် အစည်းအဝေးများ၌ မေးခွန်းမေးလိုပါက ၁၀ ရက်ကြိုတင် အကြောင်းကြား ရန်နှင့် အဆိုပြု လိုပါက ၁၅ ရက် ကြိုတင် အကြောင်းကြားကာ သက်ဆိုင်ရာက သဘောတူ ခွင့်ပြုမှသာ မေးခွင့်၊ အဆိုပြုခွင့် ရရှိမည်ဟု ဥပဒေ ထုတ်ပြန် ကန့်သတ်ထားကြောင်း ဦးနိုင်ငွေသိန်းက ပြောသည်။
Ref: ဧရာဝတီ်
ဝေဟင်ပစ် ဒုံးလက်နက် ပစ်ခတ်မှု နအဖ တပ်လေ့ကျင့်
Tuesday, 01 February 2011
နအဖ၏လေကြောင်းရန် ကာကွယ်တပ်များ က(ရုရှားလုပ်) S 125 Neva / Pechora အမျိုးအစား မြေပြင်မှ ဝေဟင်ပစ် လက်နက်ကြီးများ ပစ်ခတ်မှုကို ပြီးခဲ့သည့် ဂျန္နဝါရီလ ဆန်းပိုင်းမှ စ၍ ယနေ့အထိ လေ့ကျင့်နေကြောင်း စစ်တပ် အသိုင်းအဝိုင်းမှ လာသော သတင်းအရ သိရသည်။
“လေကြောင်းရန် ကာကွယ်ရေး စခန်း ဌာနချုပ်ရှိတဲ့ နေရာတိုင်းမှာ လေ့ကျင့်နေတယ်။ ရုရှားလုပ် ဝေဟင်ပစ် ဒုံး လက်နက်တွေ ပစ်ကျင့်တာ။ ၂၇ ကီလိုမီတာ အထိရောက်တဲ့ အကွာ အဝေးတဲ့။ ဒုံးကျည်က အသံထက် ၃ ဆကနေ ၃.၅ ဆ အထိ မြန်တယ်” - ဟု တောင်ကြီး စစ်တပ် မိသားစုဝင် တဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။
၁၉၆၃ က စတင်ထုတ်လုပ်သော အဆိုပါ ဒုံးလက်နက်ကို NATO က SA-3 Goa ဟု ခေါ်ဆို၏။
“အဲဒီဒုံးကျည်ကို ကားနဲ့ တနေရာကနေ သယ်ယူလို့ ရတယ်။ တိုက်ပွဲဖြစ်လာရင် သွားကူဖို့ လွယ်တာပေါ့။ ဒါမျိုး လက်နက် ရှိတာ နိုင်ငံပေါင်း ၄ဝ လောက်ဘဲ ရှိတယ်” - ဟု ၎င်းက ဆက်ပြောပြသည်။
အဆိုပါဒုံးကျည်ကို အရှေ့အလယ်ပိုင်း Yom Kippur စစ်ပွဲ၊ ကိုဆိုဗို စစ်ပွဲ၊ အီရန်- အီရဂ် စစ်ပွဲ၊ အင်ဂိုလာ ပြည်တွင်း စစ်ပွဲတို့တွင် အသုံးပြုခဲ့ဖူးကြောင်း ဝီခီပီးဒီးယား၌ ဖော်ပြထားသည်။
ဒီဇင်ဘာလနှောင်းပိုင်းနှင့် ဂျန္နဝါရီလဆန်းပိုင်းက ကျိုင်းတုံ နှင့် နမ့်ဇန်မြို့ နအဖ ရေဒါ တပ်စခန်းတို့မှ အမည်မသိ UAV Unmanned Aerial Vehicle လေယာဉ် တွေ့ရှိပြီး နအဖ ၏ လေကြောင်းရန် ကာကွယ်ရေး စခန်း ဌာနချုပ်တွေက ပစ်ချရန် အမိန့် ပေးခဲ့သည့် နောက်ပိုင်း ယခုကဲ့သို့ S 125 Neva / Pechora အမျိုးအစား လက်နက်ကြီးများ ပစ်ခတ်မှု လေ့ကျင့် လာခြင်းဖြစ်သည်။
Ref: သျှမ်းသံတော်ဆင့်
Tuesday, February 1, 2011
ဆင်ဆာထိ ပြည်သူ့ခေတ်ဂျာနယ်မှ… ယနေ့ လွှတ်တော်နှင့် မီဒီယာ
အင်္ဂါနေ့၊ ဖေဖော်ဝါရီလ ၁၊ ၂၀၁၁
(ပြည်သူ့ခေတ်ဂျာနယ်အတွက် မီဒီယာနှင့်လွှတ်တော် ခေါင်းစဉ်ဖြင့် ဆောင်းပါးအတွက် ဆရာ လူထုစိန်ဝင်းအား မေးမြန်းခဲ့စဉ်က ဆရာ ဖြေကြားပေးခဲ့သော စကားလုံးများအား မူရင်းအတိုင်း၊ အဖြတ်အတောက်မရှိ ဖော်ပြပါသည်။ အဆိုပါ စာပိုဒ်များမှာ စာပေ စီစစ်ရေးမှ ဖြုတ်ထား ခဲ့သော စာပိုဒ်များ ဖြစ်ပါသည်။) ငြိမ်းဆက်လင်း (မြစ်မခ)
`ဆရာတို့ တုန်းကတော့ ၀န်ကြီးများရုံးလေ အဲ့ထဲမှာ လွှတ်တော်ခန်းမ ရှိတယ် လွှတ်တော်မှာ သတင်းထောက် တွေက လွတ်လွတ် လပ်လပ် သတင်း ၀င်ယူခွင့်ရှိတယ်။ ကြိုက်တာကို ရေးခွင့်ရှိတယ်။ လာတတ်တဲ့ လွှတ်တော် အမတ်တွေကိုရော အစိုးရအဖွဲ့က ၀န်ကြီး ၀န်ငယ်လေးတွေ ကိုရော လွတ်လွတ်လပ်လပ် တွေ့ဆုံ မေးမြန်ပြီးတော့ ရေးချင်တာတွေ ရေးလို့ရတယ်။ ဒီလို ဆင်ဆာ မရှိတဲ့ အတွက် တစ်ကယ့် လွှတ်တော်ထဲမှာ ပြောကြ ဆိုကြ ဆွေးနွေးကြတာတွေ ငြင်းခုံကြတာတွေ တစ်ဦးနဲ့ တစ်ဦး ခနဲ့ ကြတာတွေ ပုပ်ခတ် ကြတာတွေက အစ ပြည်သူ လူထုက သတင်းစာတွေမှာ သေချာ ဖတ်ကြရတယ်။ အဲ့တော့ လွှတ်တော်ထဲမှာ သွားပြီး သတင်း ယူရတာကိုက ပျော်စရာ သိပ်ကောင်းတာ။ အမတ်တွေ တစ်ယောက်နဲ့ တစ်ယောက် ကလိကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် ခနိုခနဲ့တွေ ပြောကြတယ် တစ်ယောက်နဲ့ တစ်ယောက် ဝေဖန်ကြတယ် တိုက်ခိုက်ကြတယ် ဆိုတာ လူကြီး လူကောင်းတွေ စကား များနေကြတာပေါ့ ရန်ဖြစ် နေကြတာမျိုးပေါ့ ရန်ဖြစ်တယ် ဆိုတာကလည်း ဟိုလိုမျိုး ဆဲရေး တိုင်းထွာတာတို့ ဘာတို့ မဟုတ်ဘူး ကြံကြံဖန်ဖန် စကားလုံးတွေ သုံးကြတာမျိုးပေါ့ လူကြီးလူကောင်း ရန်ဖြစ်နည်းပေါ့ အဲ့လိုဟာတွေက အင်မတန် ပျော်စရာ ကောင်းတယ်။ အဲ့ဒါတွေကို သတင်းစာထဲမှာ ဖတ်ရတဲ့ အခါကြတော့လည်း ဖတ်ရတဲ့ လူတွေက အင်မတန် ပျော်စရာ ကောင်းတယ်။ နောက်ပြီးတော့ ပြည်သူ လူထုကလည်းဘဲ တို့အမတ်ကတော့ ဘာတွေ ပြောတယ် တို့အမတ် ကတော့ တို့အတွက် လွှတ်တော်ထဲမှာ ဘာတွေ မေးပေးတယ် တို့အတွက် ဘာတွေ ဆောင်ရွက်ပေးဖို့ အစိုးရကို တိုက်တွန်း တောင်းဆို ပေးတယ် တစ်ချို့ ဟာတွေကို မဲဆန္ဒရှင် တွေက သိရတယ်။ သိရတဲ့အတွက် တို့အမတ် ကောင်းတယ် မကောင်းဘူး နောက်တစ်ကြိမ် ကြရင် သူ့ကို ပြန်ရွေးသင့် မရွေးသင့် ဆိုတာ ပြည်သူ လူထုက ဆုံးဖြတ်လို့ ရတာပေါ့ အခုတော့ လွှတ်တော် ဆိုတာ ထားတော့ သူတို့က သိစေချင်လို့ သိစေချင်တဲ့ အတွက် သတင်းစာ ရှင်းလင်းပွဲ တို့ကို သတင်းထောက်တွေကို ဖိတ်ပြီးတော့ ရှင်းလင်း ပြောကြားတာကို တောင်မှ အမှန်အတိုင်း ရေးလို့မရဘူး။ အဲ့တော့ ပြည်သူလူထုက ဘာမှ မသိရတော့ဘူး။ သိသင့် သိထိုက်တာတွေကို ဘာမှ မသိရတော့ဘူး။ သူတို့ သိစေချင်တာကိုဘဲ သိနေရတယ်။ အဲ့ဒါ ဒီမိုကရေစီနဲ့ တံတားတစ်လမ်း၊ သံတစ်လမ်း ဖြစ်နေတယ်။
ဒီမိုကရေစီ ဆိုတာက ပြည်သူလူထုက သာလျှင် အဆုံးအဖြတ် ပေးတယ်။ ပြည်သူသာလျှင် အမိ၊ ပြည်သူသာလျှင် အဖ ဖြစ်နေတယ်။ ဒီတစ်ပတ် ဆရာဆောင်းပါး ရေးထားတဲ့ “အစိုးရက မိဘလား ပြည်သူလူထုက မိဘလား”ဆိုတဲ့ ခေါင်းစဉ်နဲ့။ တော်တော်များများက စာတွေလည်း ရေးတာ တွေ့ရတယ်။ အစိုးရ ဆိုတာ တိုင်းသူ ပြည်သူတွေကို ရင်ဝယ်တိုက်ကဲ့သို့ သနား ချစ်ခင်ရမယ် ဆိုတဲ့ အရေးသား မျိုးပေါ့။ ဒီ အရေးသားမျိုးက လုံးဝ မှားတဲ့ အရေးသားမျိုး ဖြစ်တယ်။ အဲ့တော့ ပြည်သူပြည်သားများကို ရင်ဝယ်သား ကဲ့သို့ ချစ်ခင်ရမယ် ဆိုတော့ အစိုးရက မိဘနေရာ ရောက်သွားတာပေါ့ ဘုရားကအောက် မျောက်က အထက် ဖြစ်နေတယ် တစ်ကယ် တိုင်းပြည်ရဲ့ မိဘက မဲဆန္ဒရှင် ပြည်သူလူထု ဖြစ်တယ်။ အစိုးရဆိုတာ ပြည်သူလူထုက ရွေးချယ်ပြီး တာဝန် ပေးထားတယ်။ အဲ့အတွက် ပြည်သူလူထုက ပြည်သူ့ ဘဏ္ဍငွေက နေပြီး လစာ ရိပ်က္ခာငွေတွေ ပေးထားတယ် ရှေးအင်္ဂလိပ်ခေတ် ကတည်းကိုက အစိုးရနှင့် တကွ အစိုးရ ၀န်ထမ်း အားလုံးကို (Public servent) လို့ ခေါ်တယ် ပြည်သူ့ အစေခံ ခပ်ရင်းရင်းပြောမယ် ဆိုရင် ပြည်သူ့ ၀န်ထမ်းပေါ့ ပြည်သူ့ ၀န်ကို ထမ်းနေရတာ။ အခုတော့ စောစောက ပြောတယ် အစိုးရ ဆိုတာ မိဘနဲ့ တူတယ်တို့ အစိုးရဆိုတာ တိုင်းပြည်ရဲ့ အာဏာပိုင်ဘဲ ဆိုတဲ့ အသုံး အနှုန်းတွေကြောင့် ပညတ်သွားရာ ဓတ်သက်ပါ ဖြစ်သွားပြီးတော့ ၀န်ထမ်းတွေက သူ့တို့ရုံး သူတို့ထံ သူတို့ဌာမှာ သူတို့သာလျှင် အရှင်သခင် ဖြစ်ပြီးတော့ သူတို့ကို လခပေးထားတဲ့ ပြည်သူလူထုကို ကြိမ်းလိုက် မောင်းလိုက် ဆဲလိုက်၊ ဆိုလိုက် အာဏာ အမျိုးမျိုး ပြလိုက် ဆိုတာတွေ လုပ်တယ်။ အဲ့ဒါတွေက ခုဏက စကားလုံးတွေက လူတွေရဲ့ စိတ်ဓာတ်ကို ပြောင်းပစ် လိုက်တာ ဖြစ်တယ်။ ဒါကြောင့်မို့ ဒီစကားလုံး အသုံးအနှုန်း တွေကိုဘဲ အာဏာပိုင်များတို့ အာဏာပိုင် အဖွဲ့အစည်း များတို့ တိုင်းပြည်ရဲ့ မိဘတို့ ဆိုတဲ့ အသုံးအနှုန်း တွေကို ဒီမိုကရေစီ ခေတ်မှာ မသုံးအပ်တော့ဘူး ဒီစကားလုံးတွေကို ဖျောက်ပစ်ဖို့ လိုတယ် ဘာဖြစ်လို့လဲ ဆိုတော့ ဒီအာဏာပိုင် တွေကို မဲဆန္ဒပိုင်ရှင် ဒီ ပြည်သူ လူထုက အာဏာပိုင်ဘဲ ပြည်သူက ရွေးပြီးတော့မှ သူတို့ကို ခန့်ထားတာ ဖြစ်တယ်။ အာဏာပိုင် အဖွဲ့အစည်း ဆိုတာကလည်း ပြည်သူလူထုဘဲ ဖြစ်ရမယ် အာဏာပိုင် ပုဂ္ဂိုလ်များဆိုတဲ့ ပြည်သူလူထုဘဲ ဖြစ်ရမယ်။ ဌာနဆိုင်ရာ အရာရှိတွေက အာဏာပိုင် မဟုတ်ဘူး။ ဌာနဆိုင်ရာ အရာရှိတွေက (Public servent) ပြည်သူ့ အစေခံတွေဘဲ ပြည်သူ့ အစေခံ ဆိုတော့ သူတို့က ပြည်သူကို အမြဲတမ်း ရိုသေနေရမယ်။ ပြည်သူကို ဦးထိပ်ထားရမယ် ပြည်သူကို အလုပ်အကျွေး ပြုရမယ်။ အဲ့ဒါတွေက မင်းတို့ လူငယ်တွေ မကြားရ မမြင်ရ မတွေ့ရတဲ့ စကားလုံးလေးတွေ အဆုံးမ လေးတွေဘဲ အဲ့ဒါတွေကို မင်းတို့ကို သိအောင် ပြောပြတာ။
မေး။ ဆရာတို့ ခေတ်တုန်းက သတင်းယူတဲ့ အခါမှာကော လုံခြုံရေး အရ ဆိုပြီး စစ်ဆေးတာမျိုးတွေ၊ သတင်းသမား မလာရ ဆိုပြီး ပိတ်ပင်တာ မျိုးတွေ ရှိခဲ့ပါသလား ဆရာ။
မရှိပါဘူး ဆရာတို့တုန်းက လွတ်လွတ်လပ်လပ် ဘယ်သတင်း မဆို လွတ်လွတ်လပ်လပ် ယူခွင့် ရှိပါတယ်။ ၀န်ကြီးများ ရုံးမှာတောင်မှ သတင်းထောက် တစ်ယောက်က တံခါးမရှိ ဓားမရှိ ၀င်သွားလို့ရတယ်။ ၀န်ကြီးရဲ့ အခန်းထဲကို ၀န်ကြီး ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ၀င်သွားလို့ရတယ်။ ဘယ်သူ့ကိုမှ ခွင့်တောင်းနေလို့ မရဘူး အသိပေးစရာလည်း မလိုဘူး ၀န်ကြီးကို လွတ်လွတ် လပ်လပ် စကားပြောလို့ ရတယ်။ မေးချင်တာတွေလည်း မေးလို့ရတယ် အဲ့ဒါနဲ့ ပတ်သက်ပြီး ပြန်ရေးလို့ရတယ် အဲ့ဒါ ဒီမိုကရေစီခေတ်။ အခုဟာ ဒီထိန်းချုပ်မှု ပေါ်မှာ ( control) ပေါ့ သူတို့ရဲ့ အစီအမံ ထိန်းချုပ်မှုနဲ့ လိုက်ပြတယ် ဆိုရင် ဒါဟာ လွတ်လပ်တဲ့ သတင်းယူခွင့် မဟုတ်တော့ဘူး။ သူတို့ မြင်စေချင်တာကိုဘဲ ပြတယ် သူတို့ ပြောစေချင်တဲ့ လူတွေနဲ့ဘဲ တွေ့ပေးမယ် သူတို့ပြောခိုင်းတာ ပြောမယ့် လူတွေနဲ့ဘဲ တွေ့ပေးမယ် အဲ့ကတည်းက ပြည်သူလူထုက သတင်းအမှန်ကို မသိနိုင်တော့ဘူး ပြည်သူလူထုက သတင်း အမှန်ကို မသိတော့ဘူး ဆိုရင် ပြည်သူ လူထုက မှန်ကန်တဲ့ ဆန္ဒမဲ ပေးခွင့် ဆန္ဒမဲ ပေးနိုင်ခြင်း ဆုံးဖြတ်နိုင်ခြင်း ဆိုတာလည်း ရှိနိုင်မှာ မဟုတ်တော့ဘူး။ မဲပေး ရွေးကောက်ပွဲ လုပ်နိုင်တယ် ဆိုတာ ပြည်သူလူထုရဲ့ ဆန္ဒအမှန်ကို ဖော်ထုတ်ဖို့ ဖြစ်တယ်။ ပြည်သူလူထုက အခု ရွေးကောက်ပွဲမှာ ၀င်မယ့် ပါတီ တွေရဲ့ (Policy) တွေက ဘာလဲ တိတိကျကျ မှန်မှန်ကန်ကန် သိဖို့ လိုအပ်တယ်။ သူတို့ မေးချင်တာတွေကိုလည်း မေးခွင့်ရှိတယ်။ သူတို့ သိဖို့အတွက် သတင်းထောက်တွေ ကလည်း မေးပေးရမယ်။ လူပုဂ္ဂိုလ်ဆိုင်ရာ တွေကလည်း ဒီလူပုဂ္ဂိုလ်တွေက ဘယ်လို လူပုဂ္ဂိုလ်လဲ တို့ရဲ့ မဲဆန္ဒနယ်ဟာ အမတ်အဖြစ်နဲ့ အရွေးခံမယ့် သူဟာ ဘယ်လို ပုဂ္ဂိုလ်မျိုးလဲ ဘယ်လို အစဉ်အလာ ရှိခဲ့သလဲ တိုင်းပြည်နဲ့ လူမျိုးအတွက် ဘာတွေ လုပ်ပေးခဲ့ ဖူးသလဲ သို့မဟုတ်ရင်လည်း ကိုယ့်အကျိုးစီးပွား အတွက်ဘဲ တစ်သက်လုံး ကိုယ်ကျိုး ရှာလာတဲ့ လူစားမျိုးဘဲလား ဘယ်သူတေတေ ငတေဘဲ ဆိုတဲ့ လူစားမျိုးလား ဆိုတာ ပြည်သူလူထုက သိရှိဖို့အတွက် သတင်းစာတွေက ဒါတွေကို ဖော်ထုတ်ပြီးတော့ ရေးသား ပေးရမယ် အဲ့ဒါမှ သတင်းစာ သမားရဲ့ တာဝန်ကျေတယ်။ သတင်းသမား ဆိုတာ ပြည်သူကို (infrom) လုပ်ဖို့ ပြည်သူ သိချင်တာတွေကို သိအောင်လုပ်ပေးဖို့ ဒါ သတင်းသမားရဲ့ အဓိက တာဝန်ဘဲ အဲ့ဒါ မလုပ်ပေးနိုင်ဘူး ဆိုရင် သတင်းသမားရဲ့ တာဝန် မကျေတော့ဘူးပေါ့။ အခု သတင်းသမားတွေဟာ ပုံစံ အမျိုးမျိုးနဲ့ ကြိုးစားနေကြတယ်။ ကြိုးစား နေသော်လည်း ကြိုးစားသမျှက ပြည်သူလူထုဆီ မရောက်ဘူး အဲ့တော့ သူတို့ ကြိုးစားသမျှဟာ အလကား ဖြစ်သွားတယ် အဲ့လိုဖြစ်အောင် ဖန်တီးတယ် ဆိုကတည်းက အဲ့ဒါ ဒီမိုကရေစီ စနစ်လို့ မခေါ်နိုင်တော့ဘူး။
မေး။ ဆရာတို့တုန်းက ရွေးကောက်ပွဲ အခြေအနေနဲ့ သမီးတို့ ခေတ်ရဲ့ ရွေးကောက်ပွဲ အခြေအနေကို မြင်ရတော့ ဘယ်လို သုံးသပ် မိပါသလဲ ဆရာ။
`၁၉၆၀ ခုနှစ် သန့်ရှင်းတည်မြဲ အဓိကပြိုင်ကျတဲ့ နောက်ဆုံး ပြိုင်ကျတဲ့ ရွေးကောက်ပွဲ ပေါ့နော် အဲ့ရွေးကောက်ပွဲမှာ ဆိုရင် မဲပေးတဲ့နေ့ ညနေစောင်းက စပြီးတော့ ဒီ မြို့တော် ခန်းမကြီးမှာ မဲရေတွက်တယ် မဲရေတွက်တဲ့ အခါမှာလည်း အမတ်လောင်းတွေ သူတို့ရဲ့ ကိုယ်စားလှယ်တွေ ကိုယ်တိုင် မဲရေတဲ့ နေရာမှာ ထိုင်ပြီးတော့ ကြည့်နေလို့ ရတယ်။ မဲဆန္ဒနယ်တစ်ခု ကြေညာပြီးတိုင်း ရေတွက်ပြီးတိုင်း မြို့တော်ခန်းမ အပေါ်ကနေ အသံချဲ့စက် ကြီးနဲ့ မဲစာရင်းတွေ ကြေညာပေးတယ်။ အဲ့နေ့က မြို့တော် ခန်းမရှေ့ ဆူးလေပန်းခြံ တစ်ဝိုက် သိန်းနဲ့ချီတဲ့ လူအုပ်ကြီးက စောင့်ကြည့် နေကြတယ်။ လူအုပ်ကြီးကလည်း တစ်ညလုံး စောင့်ကြည့်တယ်။ မဲရေတဲ့ လူတွေကလည်း တစ်ညလုံး ရေတယ်။ တစ်ညလုံး ရေပြီး မဲဆန္ဒနယ် တစ်နယ်ပြီးတိုင်း ရေပြီးတိုင်း ကြေညာပေးတယ်။ လက်ခုပ် သံတွေလည်း တစ်ဖြောင်းဖြောင်းပေါ့ အဲ့လို ဒီနေ့ မဲပေးတယ် ဒီနေ့ အဖြေက ထွက်လာတယ်။ မဲရေတဲ့ အခါလည်းဘဲ ပြည်သူ လူထုက ခုဏက သိန်းနဲ့ချီတဲ့ လူအုပ်ကြီးက အောက်မှာ စောင့်ကြည့် နေတယ်။ မြို့တော်ခန်းမ ပေါ်က မဲရေတဲ့ နေရာမှာလည်းဘဲ အမတ်လောင်းတွေက သူတို့ရဲ့ ကိုယ်စားလှယ်တွေက မဲရေတာတွေကို ထိုင်ပြီးတော့ စောင့်ကြည့်နေ လို့ရတယ်။ အဲ့လို ပွင့်လင်း လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်တဲ့ အတွက်လည်းဘဲ ဒီရွေးကောက်ပွဲမှာ တရား မမျှတဘူးတို့ ဘာတို့ ဆိုတဲ့ အသံတွေ သိပ်ပြီးတော့ မထွက်ဘူး။ တစ်ချို့ နယ်တွေမှာ ဆိုရင် လက်နက်ပြပြီး ခြိမ်းခြောက်တာတို့ ဘာတို့ အနိုင်ကျင့်တာတို့ ရှိကြတာပေါ့လေ။ ရှိတာနဲ့ ကန့်ကွက်စာတွေ တင်တယ်။ ရွေးကောက်ပွဲ ကော်မရှင်ကနေ အရေးယူခဲ့ရမှုတွေ လည်းရှိတယ်။ အခုခေတ်ကျတော့ မဲပေးပြီး ဘယ်နှစ်ရက်နေမှ ဘာကို ကြေညာမယ် ဆိုတာလည်း ဆိုတာ မသိဘူး။ မဲရေတွက်တဲ့ နေရာမှာ ခုဏက ပြောသလို ပြည်သူလူထုက စောင့်ကြည့်၊ မကြည့်ဆိုတာ မသိရဘူး၊ အဲ့တော့ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တော့လည်း ယုံစားလို့ မရဘူးပေါ့၊ တံခါးပိတ်ပြီး လုပ်ချင်ရာ လုပ်မယ် ဆိုတာကတော့ လုံးဝကို မလုပ်သင့် မလုပ်ထိုက်တဲ့ ကိစ္စတစ်ခုလို့ဘဲ ဆရာက မြင်တယ်။ ဖတ်ရပါတယ် သတင်းစာတွေမှာလဲ ဖတ်ရတယ် ဆက်တိုက်ပေါ့ မဲပေးဖို့ လှုပ်ဆော်တဲ့ ဆောင်းပါးတွေ ဖတ်နေရတယ် ဒီမိုကရေစီ စနစ်ကို သွားဖို့ အတွက် ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် အခင်း အကျင်းလေးတွေက စပြီးတော့ ဒီမိုကရေစီ သဘောသက်ဝင် နေဖို့တော့ လိုအပ်တယ်။ အခုကျတော့ ရွေးကောက်ပွဲကို မဲထည့်နိုင်ဖို့ ကျတော့ လှုပ်ဆော်ကြတယ် စည်းရုံးလို့ရတယ်။ မဲမထည့်ဘဲနဲ့ နေလို့ရတယ် လို့ပြောတယ် အဲ့ဒီလူတွေကျတော့ ဖမ်းတယ်။ အဲ့လို ဆောင်ပါးမျိုး ရေးလို့မရဘူး အဲ့လိုစကားမျိုး ပြောလို့ မရဘူး ဆိုတာက ဒီမိုကရေစီနဲ့ တံတားတစ်လမ်း သံတစ်လမ်း ဖြစ်နေတယ် ဒီမိုကရေစီ ဆိုတာက လူတိုင်း လွတ်လပ်စွာ ပြောဆိုခွင့် ရှိရမယ် တစ်ခြားမှာ ဘင်္ဂလားဒေ့ရှ်က ရွေးကောက်ပွဲတွေ လုပ်သွားတယ်။ အရင်တုန်း ဘနဘီရာပိုတို တို့ ခေတ်တုန်းက ဗိုလ်ချုပ်ကြီးတွေက ရွေးကောက်ပွဲ လုပ်တယ် ဘနဘီရာပိုတို တို့က သပိတ်မှောက်တယ် သပိတ်မှောက်တဲ့ အကြောင်းကိုလည်းဘဲ ဆန္ဒပြကြတယ်။ ထုတ်ဖော်ပြတယ် လုပ်ခွင့်ရှိတာဘဲ ဒီမိုကရေစီဆိုတာက လူတိုင်းက အညီအမျှ ပြောခွင့်ရှိရမယ် အခုဟာက ထောက်ခံတဲ့ လူကျတော့ ပြောနိုင်တယ်။ မထောက်ခံတဲ့ လူကျတော့ ပြောခွင့်မရှိဘူး။ ဆိုကတည်း ကိုက ဒါက ဒီမိုကရေစီစနစ် မဟုတ်တော့ဘူး ဆရာ ဟိုတစ်နေ့က သတင်းစာ လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ မီဒီယာမေးလို့ ဆရာဖြေခဲ့ သလိုပေါ့ သတင်းစာ လွတ်လပ်ခွင့် နဲ့ စစ်တပ်နဲ့ တံတားတစ်လမ်း သံတစ်လမ်းဖြစ်တယ်။ စစ်တပ်ဆိုတာ တစ်သွေးတစ်သံ တစ်မိန့် အုပ်ချုပ်ရတဲ့ အဖွဲ့အစည်းဖြစ်တယ်။ တပ်ထဲမှာ ဒီမိုကရေစီနဲ့ အုပ်ချုပ်လို့ မရဘူး အမိန့် ပေးတာကို အမိန့် ပေးတဲ့အတိုင်း နာခံပြီးတော့ လိုက်နာရမယ်။ စစ်မြေပြင်မှာ အမိန့်ပေးတဲ့ အတိုင်း မလိုက်နာလို့ ရှိရင် စစ်မြေပြင်မှာသာ ဆိုလို့ရှိရင် တာဝန်ရှိတဲ့ စစ်ဗိုလ်က အဲ့ဒီ ငြင်းဆန်တဲ့ စစ်ဗိုလ်က ပစ်သတ်ခွင့်ရှိတယ်။ ဒါစစ်တပ် အဖွဲ့အစည်း သူ့စစ်တပ် အဖွဲ့အစည်းက တစ်သွေး တစ်သံ တစ်မိန့် နဲ့ အုပ်ချုပ်မှရတယ်။ အဲ့ဒါကို (civil society) ဘက်ကို ယူလာလို့ မဖြစ်ဘူး။ အရပ်ဘက် လူ့အဖွဲ့ အစည်းတွေ ဆိုတာက ဒီမိုကရေစီ အရ အုပ်ချုပ် လုပ်ကိုင်ရတာ ဖြစ်တယ်..။ လူတွေမှာ ပြန်လည် မေးခွန်းမေးခွင့် ငြင်းပယ်ခွင့် စောတက တက်ခွင့် ရှိကိုရှိရမယ်။ အဲ့ဒါမှသာ တိုင်းပြည်က ဖွံ့ဖြိုး တိုးတက်တဲ့ တိုင်းပြည်တစ်ခု ဖြစ်တယ်။ အဲ့ဒီလို စောတက တက်ခွင့်တွေ ငြင်းဆန်ခွင့်တွေ ကိုယ့်ဆန္ဒအမှန်ကို ထုတ်ဖော်ခွင့်တွေ မရှိတော့ဘူး ဆိုရင် အရင် မစလ ခေတ်က ဖြစ်ခဲ့ သလိုမျိုးဘဲ ဘ၀ရှင် မင်းတရားကြီး အမိန့်ပေးသမျှ အကုန်လုံးကို ကြိုက်ကြိုက် မကြိုက်ကြိုက် လိုက်နာရတယ်။
အကုန်လုံး ဘ၀ရှင်မင်းတရားကြီးကို မှန်ပါ့ဘုရား ကောင်းပါ့ဘုရား မှန်ပါ့ ဘုရားချည်းဘဲ ကန်တော့ ဦးတင် နေရတယ်။ အဲ့ဒီအတွက် တိုင်းပြည်ဟာ ငါးပါးမှောက်ခဲ့ပြီ ၈၈ က ကျခဲ့ပြီ အခု ဒီဘက် ဆယ့်လေးနှစ် ကာလမှာ လည်းဘဲ ၂၂ နှစ် ကာလမှာ လည်းဘဲ မဆလ ခေတ်ကလိုဘဲ သွားနေပြီ။ လူတွေက အောက်က အဆင့်ဆင့် ကောင်းတာတွေဘဲ (Report) တင်ကြတယ် ဆိုတာတွေ အနိဌာ ရုံတွေ မကောင်းတာတွေ ဆိုလို့ရှိရင် လူကြီးတွေ မသိအောင် ဖုံးကြတယ်၊ ဖိကြတယ်၊ လိမ်ကြတယ်၊ ညာကြတယ်။ ဒါကြောင့်မို့ စာရင်းအင်းတွေ တောင်မှ တိုင်းပြည်ရဲ့ လူဦးရေ ဘယ်လောက်ရှိတယ် ဆိုတာလည်း မသိဘူး တိုင်းပြည်မှာ လယ်ယာ ဘယ်လောက်ဧက တစ်တိုင်းပြည်လုံးမှာ စိုက်ပျိုးဧက ဘယ်လောက်လဲ ဆိုတာလည်း မသိဘူး။ စပါး တစ်ဧကမှာ ဘယ်လောက်ဧက ထွက်တယ် ဆိုတာလည်း အမှန်အတိုင်း မသိဘူး။ သတင်းစာထဲမှာတော့ စပါးတွေက ဧက တစ်ရာ တစ်ဧကကို တင်း ၁၅၀ ထွက်တယ်တို့ တင်း ၂၀၀ ထွက်တယ်လို့ တင်နေကြတာ တကယ့် တစ်ကယ်တော့ ဒါတွေက အမှန် မဟုတ်ဘူး ဆရာတို့က အညာသား ဆိုတော့ အညာ အကြောင်း ကောင်းကောင်း သိတယ် အညာမှာ စပါးတင်း လေး၊ ငါးဆယ် ကိုတောင် အနိုင်နိုင် မိုးမှန်မှ လေမှန်မှ စပါး နဲနဲ ထွက်တာ အဲ့ဒါကို စပါးတင်း ၁၅၀ ထွက်တယ် ၂၀၀ ထွက်တယ် ဆိုပြီး ညာပြီး အစီရင်ခံကြတယ်။ အဲ့ဒီ အခါကျတော့ စီမံကိန်း ရေးဆွဲတဲ့ အခါကျတော့ အလွဲ အမှားတွေ ဖြစ်ပြီး ဒုက္ခ ရောက်ခဲ့ကြရတယ။် အဲ့ဒီလို ဘာကြောင့် ဖြစ်ရလဲဆိုရင် တစ်သွေး တစ်သံ တစ်မိန့် စစ်တပ်ကို အုပ်ချုပ်တဲ့ ပုံစံနဲ့ အရပ်ဘက် အဖွဲ့အစည်းကို အုပ်ချုပ်တဲ့ အတွက် ဒါတွေဖြစ်ရတာ ဒါတွေ မဖြစ်စေချင်ရင် ဒီဟာကို ဆရာတို့က ပြောင်းလဲပစ်မှ ရမယ် ဒီမိုကရေစီ အရပ်ဘက် လူ့အဖွဲ့အစည်းကို စစ်တပ် အုပ်ချုပ်သလို အုပ်ချုပ်လို့ မရဘူး စစ်တပ်ပုံစံ သွင်းလို့ မရဘူး ဆိုတာကို သဘောပေါက် နားလည်ဖို့ လိုတယ်။
မေး။ ရွေးကောက်ပွဲပြီး လွှတ်တော်ခေါ်ပေမဲ့ လက်ရှိအခြေအနေကို ဆရာဘယ်လို မြင်မိပါသလဲ။
ဆရာကတော့ အစောကြီးကတည်းက ဒါတွေကို သိထားပြီးသား မြင်ထားပြီးသား ဖြစ်တယ်။ ဘာ့ကြောင့်လဲ ဆိုတော့ အစောကြီး ကတည်းက ဆရာ ပြောထားပြီးတဲ့ အတိုင်းပေါ့ စစ်တပ်နဲ့ ဒီမိုကရေစီ ဆိုတာ တံတားတစ်လမ်း သံတစ်လမ်း ဖြစ်တယ်။ အဲ့တော့ စစ်တပ်က ဒီမိုကရေစီ ရောက်အောင် ရွေးကောက်ပွဲကို မှန်မှန်ကန်ကန် လုပ်ပေးမယ်လို့ ဆရာက မယုံခဲ့ဘူး။ မယုံခဲ့တဲ့ အတွက် မီဒီယာတွေ မှာလည်း ဆရာပြောခဲ့ပြီ ဆောင်းပါး အဖြစ်နဲ့လည်း ဆရာရေးခဲ့ပြီ ခေါင်းစဉ်ကတောင်မှ ယိမ်းကတဲ့ အထဲ မပါတော့ဘူးတဲ့။ ဒီမိုကရေစီ ယိမ်းကတဲ့ အထဲ ဆရာ ၀င်မပါတော့ဘူးလို့ ဆရာပြောခဲ့တယ်။ အဲ့ဒီနောက်ပိုင်းမှာ ဆရာက ရွေးကောက်ပွဲနဲ့ ပတ်သက် တာတွေ ဒီမိုကရေစီနဲ့ ပတ်သက်တာတွေ ပြောလဲ မပြောတော့ဘူး။ ရေးလည်း မရေးတော့ဘူး။ မသိ ကျိုးကျွန်ဘဲ နေလိုက်တယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်လို့ ဆရာက မယုံကြည်ဘူး။ မယုံကြည်တဲ့ အတွက် ဆရာက အဲ့လို ပျက်ပျက်ဘဲ ပြောခဲ့တယ်။ အခုလည်းဘဲ ဒါက လက်တွေ့ ဖြစ်လာရပြီ။ သူတို့နဲ့ ရသလောက်ကလေး တိုးပြီးတော့ လုပ်ကြတာပေါ့ ဆိုပြီး ၀င်လာတဲ့ နိုင်ငံရေး ပါတီတွေ တောင်မှ နှာဖူးတွေ့ ဒူးတွေ့ တွေ့တဲ့ အခါကျတော့ သူတို့ ကောင်းကောင်းကြီး အကြောင်း သိကုန်ကြပြီး (complain) တွေ အမျိုးမျိုး တက်နေကြတယ်။ ရွေးကောက်ပွဲ ကော်မရှင် ကန့်ကွက်စာတွေ အမျိုးမျိုး ပို့နေကြတယ်။
သို့သော်လည်း ဘာမှ မထူးခြားဘူး အဲ့ဒါကို ဆရာ့အနေနဲ့ ကတော့ ဒီလွှတ်တော် ပြီးသွားရင်လည်း ဘာမှ ထူးမယ်လို့ မထင်ဘူး ရွေးကောက်ပွဲ ပြီးသွားလည်း ဘာမှ ထူးမယ်လို့ မထင်ဘူး။ ဒါကြောင့်မို့ ဆရာက ပြောခဲ့ပြီ အရင်တုန်းကလည်း ဆရာ အကြိမ်ကြိမ် ပြောခဲ့တယ်။ ၇၄ တုန်းကလိုဘဲ ဘာမှ မထူးပါဘူးလို့ ၇၄ တုန်းကလည်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမရှိတာ ထပ်စာရင်တော့ ရှိတာက ကောင်းတာပေါ့ ဆိုပြီးတော့ ထောက်ခံ ခဲ့ကြတာဘဲ။ မဲပေးခဲ့ကြတာဘဲ။ အဲ့ဒီနောက် ရွေးကောက်ပွဲတွေ သုံးလေးကြိမ် လုပ်ခဲ့တာဘဲ တိုင်းပြည်ရဲ့ အခြေအနေက ဘာထူးလဲ ဘာမှမထူးဘူး။ အဲ့လို ရွေးကောက်ပွဲတွေ အခြေ အတင်လုပ်ရင်း တိုင်းပြည်ဟာ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံစာရင်း ၀င်သွားတာဘဲ။ အခုလည်းဘဲ ဒီရွေးကောက်ပွဲ ပြီးလည်းဘဲ အသွင်သဏ္ဍာန် သာလျှင် ပြောင်းသွား တာပေါ့။ အနှစ်သာရက ပြောင်းမသွားဘူး အနှစ်သာရက ပြောင်းသွားတယ်။ ရွေးကောက်ပွဲ ပြီးသွားလည်းဘဲ ဒီလို အခွင့်အရေးတွေ ဒီမိုကရေစီ အခွင့်အရေးတွေ အပြည့်အ၀ ရလိမ့်မယ်လို့ မထင်မိဘူး။ ဒါ ဆရာတစ်ဦးတည်းရဲ့ ထင်မြင်ချက်ဘဲ။ ၇၄ တုန်းက ဗိုလ်ချုပ်ကြီး နေ၀င်းက နေပြီးတော့ ဦးနေ၀င်းကို အာဏာ လွှဲပေးလိုက်ပြီးတော့ ခေါင်းပေါင်းကြီးတွေနဲ့ အရပ်သား အစိုးရ ပေါ်လာခဲ့တာဘဲ အခုလည်းဘဲ ဗိုလ်ချုပ်ကြီး သိန်းစိန်က ဦးသိန်းစိန်ကို အာဏာ လွှဲပေးလိုက်တဲ့ အတွက် ခေါင်းပေါင်းကြီးတွေနဲ့ အစိုးရ ပေါ်လာမှာဘဲ ဒါဘဲ ကွာခြားသွားမှာဘဲ အနှစ်သာရ အားဖြင့်တော့ ဘာမှ ထူးခြားမှာ မဟုတ်ဘူးလေ။
ဗိုလ်ချုပ်ကြီးသိန်းစိန်က စစ်သားဘဲ ဦးသိန်းစိန် ဖြစ်သွားလည်း သူ့ရဲ့ ခံယူချက်တွေ သူ့ရဲ့ အမှု အကျင့်တွေ သူ့ရဲ့စရိုက်တွေ ကတော့ စစ်သား စရိုက်ဘဲ ရှိနေအုန်းမှာဘဲ အဲ့တော့ ဆရာကတော့ အနှစ်သာရ အရ ဘာမှ ထူးမယ် မထင်ဘူး။
မျှဝေသောမြစ်မခ မီဒီယာအားကျေးဇူးတင်ရှိပါသည်။
Ref: ဒေါင်းမာန်ဟုန်
စစ်တပ်ချုပ်ကိုင်တဲ့ လွှတ်တော်ကြောင့် အပြောင်းအလဲအတွက် အခွင့်အလမ်း ဆုံးရှုံး
တနင်္လာ, 31 ဇန်နဝါရီ 2011
မြန်မာနိုင်ငံမှာ မနေ့ကစပြီး ခေါ်ယူကျင်းပခဲ့တဲ့ လွှတ်တော်တွေမှာ စစ်တပ်အရာရှိတွေနဲ့ စစ်အစိုးရရဲ့ USDP ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက လွှမ်းမိုး ထားလိမ့်မယ် ဆိုတာကို မူလကတည်းက မျှော်လင့်ပြီးသား ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဌာနက ပြောပါတယ်။
မနေ့က ကျင်းပတဲ့ လွှတ်တော်တွေမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် သူရ ဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌအဖြစ် ယဉ်ကျေးမှုဝန်ကြီး ဦးခင်အောင်မြင့်တို့ကို ရွေးချယ် ခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက် ပါလီမန် ရွေးကောက်ပွဲတွေဟာ လွတ်လပ်မျှတမှု မရှိဘူးဆိုပြီး အမေရိကန် ပြည်ထောင်စုက ထုတ်ပြန် ကြေညာပြီးသား ဖြစ်ပါတယ်။
“အခု လွှတ်တော် အခြေအနေနဲ့ ပတ်သက်လို့ ဘာမှ အံ့အားသင့်စရာ မရှိပါဘူး။ အမေရိကန် ပြည်ထောင်စု အနေနဲ့ကတော့ အရင်က ပြောထားတဲ့ အတိုင်း နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးပြီး အားလုံး ပါဝင်နိုင်တဲ့၊ လမ်းဖွင့်ပေးထားတဲ့ နိုင်ငံရေး လုပ်ငန်းစဉ် တရပ်ကို မြင်ချင်ပါတယ်။” လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပီ.ဂျေ ခရော်လီ (P.J Crowley) က ပြောသွားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဗဟိုတရားရုံးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို အသိအမှတ် ပြုဖို့ ငြင်းပယ် ခဲ့တာကိုလည်း စိတ်ပျက် မိတဲ့ အကြောင်း ပြောပါတယ်။
တကယ်တော့ NLD နဲ့ တခြား ဒီမိုကရက်တစ် ပါတီတွေ၊ တိုင်းရင်းသား ပါတီတွေကို အသိအမှတ် ပြုတာဟာ မြန်မာ အာဏပိုင်တွေ အတွက် အခွင့်အလမ်း တရပ် ဖြစ်တယ် လို့လည်း ပြောပါတယ်။ ဒါကြောင့် မြန်မာ အာဏာ ပိုင်တွေဟာ နောက်ထပ် အခွင့်အရေး တရပ်ကို ဆုံးရှုံး နစ်နာ ခဲ့ရတယ်လို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ မြင်တဲ့အကြောင်း ပြောသွားပါတယ်။
မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်နဲ့ တပြိုင်တည်းပဲ တိုင်းဒေသ ကြီးနဲ့ ပြည်နယ် လွှတ်တော်တွေ ကိုလည်း ခေါ်ယူ ကျင်းပ ပါတယ်။ နောက်ဆုံး ရရှိတဲ့ သတင်းတွေ အရ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေမှာလည်း ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေပဲ လွှတ်တော် ဥက္ကဋ္ဌအဖြစ် အရွေးခံရပါတယ်။
သူရ ဦးရွှေမန်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် အရွေးခံရတာကြောင့် ဦးရွှေမန်း နိုင်ငံတော် သမ္မတ ဖြစ်လာမယ် ဆိုတဲ့ မျှော်လင့် ခန့်မှန်းမှုတွေ ကုန်ဆုံးသွားပြီး လက်ရှိ ၀န်ကြီးချုပ် ဦးသိန်းစိန် သမ္မတ ဖြစ်လာနိုင်တယ် ဆိုတဲ့ ခန့်မှန်းမှုတွေ ပိုထွက်လာပါတယ်။ ဒီနေ့မှာတော့ ဒုတိယ သမ္မတ ၃ ဦး ရွေးချယ်မှု စတင်မယ်လို့ မျှော်လင့်ရပါတယ်။
အတိုက်အခံ လှုပ်ရှားသူတွေက ဒီလွှတ်တော်ကနေ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ရရှိ လာနိုင်လိမ့်မယ်လို့ မယူဆ ကြပါဘူး။
Ref: VOA News
အောက်လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း
ဖနိဒါ
တနင်္လာနေ့၊ ဇန်နဝါရီလ ၃၁ ရက် ၂၀၁၁
ချင်းမိုင် (မဇ္ဈိမ) ။ ။ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ယနေ့စတင် ကျင်းပရာတွင် လွှတ်တော် အကြီးအကဲများ ရွေးချယ် ခဲ့ကြသည်။
ပထမဆုံး ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော် အကြီးအကဲများ မရွေးခင် လွှတ်တော်ကို ကြီးကြပ်ရန် သဘာပတိများ အဖြစ် လယ်ယာ စိုက်ပျိုးရေးဝန်ကြီး ဦးဌေးဦး နှင့် ဦးခက်ထိန်နန်တို့ကို ရွေးချယ်ကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် သူရဦးရွှေမန်း၊ ဒုဥက္ကဋ္ဌအဖြစ် ဦးနန္ဒကျော်စွာတို့ကို ရွေးချယ် လိုက်ကြသည်ဟု ရခိုင် တိုင်းရင်းသား အမတ် ဒေါက်တာ အေးမောင်က မဇ္ဈိမသို့ ပြောသည်။
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ယဉ်ကျေးမှု ဝန်ကြီး ဦးခင်အောင်မြင့်နှင့် ဒုဥက္ကဋ္ဌ အဖြစ် ဦးမြငြိမ်း (ရှေ့နေချုပ်ရုံး ညွန်ကြားရေးမှူး ချုပ်ဟောင်း) တို့ အရွေးခံရသည်။ လွှတ်တော် အကြီးအကဲ အားလုံး ကြံ့ခိုင်ဖွံ့ဖြိုးရေးမှ ကိုယ်စားလှယ်များ ဖြစ်သည်။
“ တိုင်းရင်းသားပါတီတွေတော့ ဒုဥက္ကဋ္ဌ လောက်ကို ကြိုးစားပန်းစား မှန်းပြီး တင်ကြတယ်။ ဒါပေမဲ့ Majority vote နဲ့ ပျက်ပြား သွားတာပေါ့ဗျာ။ တိုင်းနှင့် ပြည်နယ် အကုန်လုံး ဒီအတိုင်းဘဲ။ အားလုံးက ပြည်ခိုင်ဖြိုးဘဲ ” ဟု ဒေါက်တာ အေးမောင်က မဇ္ဈိမသို့ ပြောသည်။
သူရဦးရွှေမန်းကို သမ္မတ ဖြစ်လာမည် မှန်းခဲ့ ကြသော်လည်း ယခုအခါ သမ္မတ ဖြစ်မည့် အလားအလာ မရှိတော့ပေ။
ဦးနန္ဒကျော်စွာမှာ ရေကူးချန်ပီယံဖြစ်ခဲ့ပြီး ဘိသိက်ဆရာ အဖြစ်လည်း လူသိ များသည်။ ၁၉၆ဝ ကျော်က ဆိုရှယ်လစ် အစွန်းရောက် စီးပွားရေး မူဝါဒများဖြင့် ပြည်သူပိုင် သိမ်းမှုကို ဦးဆောင်ခဲ့သော ဗိုလ်မှူးချုပ် စည်သူတင်ဖေ- စာရေးဆရာမ မမြတ်လေးတို့၏ သားဖြစ်ပြီး ဒဂုံမြို့နယ်မှ ရွေးချယ် ခံရသည်။
Ref: မဇ္ဈိမ
ရခိုင်လွှတ်တော်မှာ ကြံ့ဖွံ့က ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ အရွေးခံရ
ထွန်းထွန်း
တနင်္လာနေ့၊ ဇန်နဝါရီလ ၃၁ ရက် ၂၀၁၁
နယူးဒေလီ (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌကို ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ ရွေးချယ် ခံရကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP က ပြောသည်။
ဥက္ကဋ္ဌ အဖြစ် ဂွမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ဦးထိန်လင်းနှင့် ဒုဥက္ကဋ္ဌအဖြစ် မာန်အောင်မြို့နယ် အမှတ် ၂ မှ ဦးသာညွန့်ကို ယနေ့ စတင် ကျင်းပသည့် ပြည်နယ် လွှတ်တော် အမတ်များက မဲပေး ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
“ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတော့ ရွေးပြီးပြီ ပြောတယ်။ ကြံ့ခိုင်ရေးပဲ ရမှာပေါ့။ ကြံ့ခိုင်ရေးက စစ်တပ်က ထောက်ပေးမှာပေါ့။ ကြံ့ခိုင်ရေးက မဲများတယ်လေ။ ဂွက ဦးထိန်လင်းက ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌက မာန်အောင်က ဦးသာညွန့် ရတယ်” ဟု RNDP ပြည်သူ့ လွှတ်တော် အမတ် ဦးဘရှိန်က မဇ္ဈိမကို ပြောသည်။
ယနေ့ညနေပိုင်းတွင် ထုတ်လွှင့်သည့် စစ်အစိုးရပိုင် MRTV 4 ရုပ်သံကလည်း ဦးဘရှိန် ပြောသကဲ့သို့ ထုတ်ပြန် ကြေညာ သွားသည်။
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ၄၆ ဦး (သို့မဟုတ်) ၄၇ ဦးရှိပြီ၊ ထိုအထဲတွင် တပ်မတော်သား ကိုယ်စားလှယ် ၁၁ ဦး (သို့မဟုတ်) ၁၂ ဦး ရှိသည်။ အရပ်သား ထဲတွင် ၃၄ ရှိသည့်အနက် RNDP မှ ၁၈ ဦး ပါဝင်ပြီး ကျန်နေရာ အများစုမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ ဖြစ်သည်။
ရခိုင်လွှတ်တော် အစည်းအဝေးကို စစ်တွေမြို့ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။
Ref: မဇ္ဈိမ
မြန်မာနိုင်ငံ အကြံပြုချက်များ လူ့အခွင့်အရေးကောင်စီ အတည်ပြု
မခင်ဖြူထွေး
တနင်္လာ, 31 ဇန်နဝါရီ 2011
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ Universal Periodic Review လို့ခေါ်တဲ့ နိုင်ငံတကာက ပထမဆုံး အကြိမ် သုံးသပ်တဲ့ ကြားနာမှုကနေ ထွက်ပေါ်လာတဲ့ နိုင်ငံတွေရဲ့ အကြံပြုချက်ပေါင်း ၁၉၀ ကျော် ပါဝင်တဲ့ အစီရင်ခံစာကို မြန်မာ့အရေး လုပ်ငန်းအဖွဲ့ အစည်းအဝေး ကနေ ဇန်န၀ါရီ ၃၁ ရက်နေ့က အတည်ပြု လိုက်ပါတယ်။ ဒီအကြံပြုချက်တွေ ထဲမှာ မြန်မာ စစ်အစိုးရဘက်က လက်ခံတာတွေ ပါသလို ငြင်းပယ်မှုတွေလည်း ရှိပါတယ်။ ဒီလို ငြင်းပယ်တဲ့ အချက်တွေကို ကြည့်ရင် မြန်မာ စစ်အစိုးရဟာ ရှေ့တမျိုး ကွယ်ရာတမျိုး လုပ်နေတယ်ဆိုတာ ပေါ်လွင်နေတယ်လို့ လူ့အခွင့်အရေး လှုပ်ရှား သူတွေက ဝေဖန်ပါတယ်။ အခု အတည် ပြုလိုက်တဲ့ အစီရင်ခံစာနဲ့ အတူ အကြောင်းစုံကို မခင်ဖြူထွေးက တင်ပြ ပေးထားပါတယ်။
ဂျနီဗာမြို့က လူ့အခွင့်အရေး ကောင်စီမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး နိုင်ငံတွေရဲ့ အကြံပြုချက်တွေကို မြန်မာ့အရေး ဆွေးနွေးတဲ့ လုပ်ငန်းအဖွဲ့ အစည်းအဝေး ကနေ မနေ့တုန်းက အတည် ပြုလိုက်တာ ဖြစ်ပါတယ်။ အတည် ပြုလိုက်တဲ့ အကြံပြုချက်ပေါင်း ၁၉၀ ကျော်မှာ ၆၄ ချက်ကို မြန်မာစစ်အစိုးရက ထောက်ခံပြီး ငြင်းပယ်တဲ့ အချက်ကတော့ ၇၀ ကျော် ရှိပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးဖို့ လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းဖို့ အကြံ ပြုချက်ကို မြန်မာ စစ်အစိုးရ ဘက်က လက်မခံသလို အပြစ် ကျူးလွန်သူတွေကို အပြစ်ပေးဖို့ကိစ္စ၊ မြန်မာ စစ်အစိုးရ ဖွဲ့စည်း အုပ်ချုပ်ပုံမှာ ပါတဲ့ အချက်တွေကို ပြန်လည် သုံးသပ်ပြီး ပယ်ဖျက်သင့်တဲ့ အချက်တွေကို ပယ်ဖျက်ပေးဖို့ ကိစ္စတွေနဲ့ ပတ်သက်ပြီး အကြံပေးချက်တွေကို ပယ်ချခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ တိုင်းရင်းသား နိုင်ငံရေး အင်အားစုတွေ အားလုံးနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဖို့ ကိစ္စကိုလည်း မြန်မာ စစ်အစိုးရ ဘက်က လက်မခံခဲ့ပါဘူး။
တချို့ အကြံပြုချက်တွေဟာ မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရ ရှုမြင်ပြီး ပြောတာ ဖြစ်ပြီးတော့ မြန်မာနိုင်ငံရဲ့ အချုပ်အချာ အာဏာကို ထိပါးစေတဲ့ အချက်တွေ ဖြစ်တဲ့အတွက် လက်မခံနိုင်ဘူးလို့ မြန်မာ ကိုယ်စားလှယ် ဦးထွန်းရှင်က အစည်း အဝေးမှာ ပြောသွားပါတယ်။
“ကျနော်တို့ လက်မခံနိုင်တဲ့ အကြံပြုချက်တွေ ထဲမှာ တချို့ကို ကျနော်တို့က အနက် အဓိပ္ပာယ် အရ ကန့်ကွက်စရာ မရှိပေမဲ့ အဲဒီ အကြံပေးချက် တချို့ရဲ့ ရေးသားပုံ ရေးသားထားချက်တွေ အရ ဒီအချက်တွေကို လက်ခံလိုက်ရင် မြန်မာနိုင်ငံရဲ့ အချုပ်အချာ အာဏာကို ထိပါးရာ ရောက်နိုင်တာ တွေ့ရတယ် ဆိုတာ ကျနော် ထောက်ပြ လိုပါတယ်။”
အခုချိန်မှာ လက်မခံသေးတဲ့ တချို့ အကြံပြုချက်တွေကိုတော့ နေပြည်တော်မှာ ရှိတဲ့ လွှတ်တော်ကို တင်ပြ ဆွေးနွေးပြီးမှ လက်ခံမခံ ဆုံးဖြတ်နိုင်မှာ ဖြစ်တယ်လို့လည်း မြန်မာ ကိုယ်စားလှယ် ဦးထွန်းရှင်က ပြောသွားပါတယ်။
လူ့အခွင့်အရေးကောင်စီ ဥက္ကဋ္ဌ Mr. Sihasak Phuangketkeow ကတော့ မြန်မာ စစ်အစိုးရ အနေနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ရှေ့ဆက်ဆောင်ရွက်ဖို့ တိုက်တွန်း သွားပါတယ်။
“မြန်မာနိုင်ငံ အနေနဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်သွားဖို့နဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖြစ်ပေါ်လာအောင် ကြိုးပမ်း သွားဖို့ ကျနော်တို့ တိုက်တွန်းပါတယ်။ ရှေ့မှာ ကြုံတွေ့ လာမယ့် အခက်အခဲ စိန်ခေါ်မှုတွေ အတွက်လည်း လူ့အခွင့်အရေး ကောင်စီ၊ နိုင်ငံတကာ အသိုက်အ၀ိုင်းနဲ့အတူ လက်တွဲပြီး ပူးပေါင်း ဆောင်ရွက်သွားဖို့ တိုက်တွန်းပါတယ်။”
မြန်မာ့အရေး လုပ်ငန်းအဖွဲ့က အတည်ပြုလိုက်တဲ့ အကြံပြုချက်တွေထဲမှာ မြန်မာ စစ်အစိုးရ လက်ခံတယ်လို့ ပြောတဲ့ အချက်တွေနဲ့ လက်မခံဘူးလို့ ပြောနေတဲ့ အချက်တွေကို ကြည့်ရင် အပြန်အလှန် သဟဇာတ မဖြစ်တာကို တွေ့နိုင်တယ်လို့ လူ့အခွင့်အရေး ကောင်စီက အစည်းအဝေးကို တက်ရောက်နေတဲ့ မြန်မာ့ လူ့အခွင့်အရေး လှုပ်ရှားသူ ဦးအောင်မျိုးမင်းက ပြောပါတယ်။
“ဒီအထဲမှာ သူတို့ လိုက်နာမယ်ဆိုတဲ့ အချက်နဲ့ တကယ်တမ်း မလိုက်နာဘူးဆိုတဲ့ အချက်ထဲမှာ ရှေ့က ပြောသွားပြီး နောက်မှာ တကယ်တမ်း မကိုက်ညီတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဥပမာ ပြောမယ်ဆိုရင် သူ့အနေနဲ့ မြန်မာနိုင်ငံက နိုင်ငံတကာက အဖွဲ့ အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်မယ်၊ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ယန္တရားတွေနဲ့ ပူးပေါင်း ဆောင်ရွက်မယ်လို့ အရှေ့ပိုင်းမှာ ပြောထားပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူတို့ လက်မခံနိုင်ဘူး ဆိုတဲ့ အချက်က ICRC လို အဖွဲ့မျိုးက တရားရုံးတို့၊ အချုပ်ခန်းတို့၊ ထောင်တို့ကို သွားရောက် စုံစမ်းခွင့် သူတို့ ခွင့်မပြုဘူးလို့ ပြောထားတယ်။
“နောက်တခုက မြန်မာနိုင်ငံရဲ့ အထူးစုံစမ်း စစ်ဆေးရေး အရာရှိနဲ့ ပူးပေါင်း ဆောင်ရွက်မယ်လို့ ပြောထားတယ်။ ဒါပေမဲ့ သူတို့ မလိုက်နာနိုင်တဲ့ အချက်က တကယ့်လို လွတ်လပ်တဲ့ နေရာတိုင်းကို သွားလာခွင့်ကိုတော့ ခွင့်မပြုနိုင်ဘူးလို့ ပြောထားတယ်။ အဲတော့ သူတို့ ပြောထားတဲ့ ပထမဦးဆုံး လက်ခံမယ် ဆိုတဲ့ အချက်တွေက ကြည့်လိုက်ရင် ကောင်းသလို ရှိပေမဲ့ သူတို့က ပြန်လည်ပြီး လက်မခံနိုင်တဲ့ အချက်တွေကတော့ ခုနပြောထားတဲ့ အချက်တွေနဲ့ ဆန့်ကျင်နေတာ၊ ကွဲလွဲနေတာ တွေ့ရတယ်။”
မြန်မာ့လူ့အခွင့်အရေး လှုပ်ရှားသူ ဦးအောင်မျိုးမင်း ပြောပြသွားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၇ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ Universal Periodic Review လို့ ခေါ်တဲ့ မြန်မာ နိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ပထမဆုံး အကြိမ် သုံးသပ်တဲ့ ကြားနာမှုတခု အရင်ဆုံး လုပ်ခဲ့တာပါ။ အဲဒီ ကြားနာမှုမှာ မြန်မာ စစ်အစိုးရ ကိုယ်စားလှယ်အဖွဲ့က လူ့အခွင့်အရေး အခြေအနေတွေကို တင်ပြခဲ့သလို ဒီအပေါ် နိုင်ငံတွေက ပြန်လည် မေးခွန်း ထုတ်မှုတွေနဲ့ အကြံပေးချက်တွေ လုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
အဲဒီ အကြံပြုချက်တွေကို အခြေခံပြီးတော့ အမေရိကန်၊ တောင်ကိုရီးယားနဲ့ လစ်ဗျား သုံးနိုင်ငံက ကြီးကြပ် တင်သွင်းတဲ့ အကြံ ပြုချက်ပေါင်း ၁၉၀ ပါဝင်တဲ့ အစီရင်ခံစာကို မြန်မာ့အရေး လုပ်ငန်းအဖွဲ့က မနေ့က အတည် ပြုလိုက်တာ ဖြစ်ပါတယ်။ ဒီ အကြံပြုချက် တွေကိုတော့ လာမယ့် ဇွန်လ လူ့အခွင့်အရေး ကောင်စီ ညီလာခံမှာ ဆက်လက် တင်ပြ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
Ref: VOA News
ဆန္ဒပြသူတွေအပေါ် အီဂျစ်စစ်တပ် အင်အားသုံးမည်မဟုတ်
တနင်္လာ, 31 ဇန်နဝါရီ 2011
အီဂျစ်နိုင်ငံက လူထုဆန္ဒပြမှုတွေကို အင်အားသုံး နှိမ်နင်းမှာ မဟုတ်ဘဲ အီဂျစ် ပြည်သူလူထုကို ကိုယ်စားပြုတဲ့ တောင်းဆို ချက်တွေကိုလည်း အသိအမှတ် ပြုပါတယ်လို့ အီဂျစ် စစ်တပ်က တနင်္လာနေ့က ကြေညာ လိုက်ပါတယ်။
ကိုင်ရိုမြို့ရဲ့ တဟီရီရင်ပြင်မှာ အစိုးရရဲ့ အပြင်မထွက်ရ အမိန့်ကို အာခံပြီး ၄ ရက်မြောက်ည ဆန္ဒပြမှုတွေ လုပ်နေတဲ့ အချိန်မှာပဲ စစ်တပ်က အခုလို အင်အား မသုံးပါဘူး၊ လူထုရဲ့ တောင်းဆိုချက်ကိုလည်း အသိအမှတ် ပြုပါတယ် ဆိုပြီးတော့ ကြေညာချက် ထွက်လာတာ ဖြစ်ပါတယ်။
နှစ် ၃၀ နီးပါးကြာတဲ့ သမ္မတ ဟို့စ်နီ မူဘာရက် (Hosni Mubarak) ရဲ့ အုပ်ချုပ်မှုကို အဆုံးသတ်ဖို့ အတွက် ဆန္ဒ ပြနေသူတွေက ဖိအားပေး တောင်းဆို နေကြတာ ဖြစ်ပါတယ်။ အဲဒီနောက် အသစ် ခန့်လိုက်တဲ့ အီဂျစ် ဒုတိယ သမ္မတရဲ့ ကြေညာချက်လည်း ထွက်လာပါတယ်။
အီဂျစ်နိုင်ငံရဲ့ ဖွဲ့စည်းပုံနဲ့ ဥပဒေ ပြုပြင်ပြောင်းလဲရေးတွေ အတွက် နိုင်ငံရေး အင်အားစု အားလုံးနဲ့ အလျှင်အမြန် ဆွေးနွေးမှုတွေ စတင် အဖြေရှာဖို့ အတွက် သမ္မတ မူဘာရက်က မှာကြား တိုက်တွန်း ထားတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ ဘယ်လို အပြောင်းအလဲတွေ လုပ်မယ်၊ အစိုးရအနေနဲ့ ဘယ်အုပ်စုတွေနဲ့ ဆက်သွယ်ပြီး ဆွေးနွေးမယ် ဆိုတာကိုတော့ မစ္စတာ အိုမာ ဆူလေမန် (Omar Suleiman) က အသေးစိတ် ပြောမသွားပါဘူး။
စစ်တပ်ရဲ့ ကြေညာချက်ထဲမှာလည်း လူထုရဲ့ တောင်းဆိုချက်ကို လေးစား အသိအမှတ်ပြုတယ် ဆိုတဲ့ နေရာမှာ သမ္မတ မူဘာရက်ကို ရာထူးက နှုတ်ထွက်ပေးဖို့ တောင်းဆိုကြတာကို ဆိုလိုသလား၊ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ တောင်းဆိုချက်ကို ဆိုလိုသလား ဆိုတာ ရှင်းရှင်းလင်းလင်း မဖော်ပြပါဘူး။
အီဂျစ်နိုင်ငံ သတင်းတွေမှာတော့ အီဂျစ်အစိုးရရဲ့ ပြည်ထဲရေးဝန်ကြီးနဲ့ ဘဏ္ဍာရေး ၀န်ကြီး အသစ်တွေကို ခန့်အပ်တယ် ဆိုတာ ကြေညာပါတယ်။ ဒါတွေဟာ ဒေါသဖြစ်နေတဲ့ ဆန္ဒပြနေတွေကို အတန်ငယ် စိတ်ပြေလာအောင် လုပ်ဆောင်တဲ့ သဘော ဖြစ်နေပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရေး ၀န်ကြီးနဲ့ ကာကွယ်ရေး ၀န်ကြီးတွေကတော့ အရင်အတိုင်းပဲ ဆက်ခန့် ထားပါတယ်။
Ref: VOA News
Monday, January 31, 2011
အီဂျစ်စစ်တပ် ဘယ်လမ်းရွေးဖို့ ဆုံးဖြတ်မလဲ
Monday, 31 January 2011
အီဂျစ်အစိုးရဆိုတာ ဟို့စ်နီ မူဘာရခ် အစိုးရ သက်သက် မဟုတ်။ ဗိုလ်ချုပ်အဟောင်း၊ အသစ် အများကြီးနဲ့ ဖွဲ့ထားတဲ့ စစ်အစိုးရ ဖြစ်သည်။ သူတို့က အီဂျစ်ရဲ့ အဓိက ဘစ်ဇနက် လုပ်ငန်းများကို အပီ ကိုင်ထားသည်။
၁၉၅၂ ခုနှစ်မှာ စစ်တပ်က အီဂျစ်သက်ဦးဆံပိုင် စနစ်ကို ဖြုတ်ချပြီး၊ စီနီယာ စစ်အရာရှိကြီး တွေက စစ်သူကောင်းပြု စနစ် သစ်ကို ထူထောင် လိုက်ကြသည်။ ၁၉၅၀နဲ့ ၁၉၆၀ ပြည့်လွန် နှစ်များတွင် ဆိုရှယ်လစ် စနစ်၊ နောက်ပိုင်း အရင်းရှင် စနစ် နဲ့ သွားပြီး အခွင့်ထူးခံ ရာထူး နေရာ မှန်သမျှ ဗိုလ်ချုပ် အဟောင်း အသစ်များပင် တောက်လျှောက် ချုပ်ကိုင်ထားသည်။
မူဘာရခ် ဆိုတာက ၁၉၇၃ ခုနှစ်အ အီဂျစ် လေကြောင်းတိုက်ပွဲ အစ္စရေးကို ဆင်နွဲတုန်းက လေတပ် ဗိုလ်ချုပ်။ အီဂျစ် လူထုကလည်း ထိုစစ်ပွဲကို အီဂျစ်စစ်တပ်ရဲ့ ဂုဏ်ရောင်ပြောင်တဲ့ မဟာအောင်ပွဲလို့ မြင်ထားကြသည်။ မူဘာရခ် ကို စစ်အောင်ပွဲကြီး သယ်ဆောင် လာသူလို့ လက်ခံ လိုက်ကြသည်။ ဒီလိုနဲ့ သူက စစ် သူကေင်းပြု စနစ်ရဲ့ အမြင့်ဆုံး ရောက်သွား ခဲ့သည်။
ဒုတိယသမ္မတ အိုမာဆူလမန် ကလည်း စစ်တပ်ထဲက မွေးထုတ် လိုက်တဲ့ ထုတ်ကုန် တစ်ခု။ မူဘာရခ် ထင်ရာ ပြောသမျှ၊ လုပ်သမျှ လိုက်ဖြန့် ပေးတဲ့သူ။ တိုင်းပြည် အုပ်ချုပ်ရေးမှုး သုံးပုံနှစ်ပုံက ဗိုလ်ချုပ်ဟောင်းတွေ၊ ကက်ဘိနတ် အဖွဲ့မှာက ဗိုလ်ချုပ် အသစ်တွေ။ ၀န်ကြီး အဖွဲ့ကဲ စစ်ယူနီဖောင်း ၀တ်ထားသူတွေ။
၂၀၀၈ ခုနှစ် ပေါင်မုန့်ပြတ်လတ်မှု ဝေငှဖို့၊ ၁၉၉၄ ခုနှစ် ရေကြီးတာ ကယ်ဆယ်ဖို့ စတဲ့ လုပ်စရာ ကိစ္စကြီးကြီး ရှိလာရင် မူဘာရခ် က စစ်တပ်ကိုပဲ တာဝန်တွေ ပေးတတ်သည်။ စစ်တပ်ကို သူယုံသည်။ စစ်တပ် အကြောင်း သူ ကောင်းကောင်း သိသည်။ စစ်တပ်ကလည်း သူ့နောက်မှာ ရှိခဲ့သည်။
မူဘာရခ်အစိုးရနဲ့ စစ်တပ်မှာ တသားထဲလို ဖြစ်နေခဲ့သည်။ ၁၉၉၀ ပြည့်နှစ်များ နိုင်ငံပိုင် လုပ်ငန်းတွေ ပုဂ္ဂလိက ပိုင်ပြောင်းတော့ ဗိုလ်ချုပ်ဟောင်း အများစုကိုပဲ လွှဲလိုက်သည်။ ဘဏ်ချေးငွေ ထုတ်ပြီး သူတို့ အကုန် သိမ်းသွားသည်။ စစ်တပ်ပိုင် စက်ရုံ အလုပ်ရုံ မှန်သမျှ အငြိမ်းစား ဗိုလ်ချုပ်ကြီးများပိုင် ဖြစ်သွားသည်။
သို့သော် အီဂျစ်လူထုက စစ်တပ်ကို သူတို့ မျိုးချစ်စိတ်ဓါတ်ပြယုဂ်၊ အမွန်မြတ် အင်စတီကျူ့၊ အမျိုးသား စည်းလုံးရေးနဲ့ ကာကွယ်ရေး မဟာရံ တံတိုင်းကြီး အဖြစ် မြင်ထားသည်။ အီဂျစ်တွင် စစ်တပ်မှာ အလေးစား ခံရဆုံး အင်စတီကျူ့ အဖြစ် ဆက်ရှိ နေသည်။ အီဂျစ်လူထုရဲ့ စစ်တပ် အပေါ် ခရေဇီ ဖြစ်မှုက အခုမှ မဟုတ်။ ၁၉ ရာစုကတည်းက သမိုင်းကြောင်းတွေ ရှိထားသည်။
ယခု အီဂျစ်စစ်အရာရှိများမှာ အကျဉ်းအကျပ်နဲ့ လမ်းဆုံလမ်းခွ ရောက်နေပြီ။ ဗိုလ်ချုပ်ကြီးဟောင်း မူဘာရခ် ကို သစ္စာ ခံမလား၊ အင်စတီကျူးရှင်း ဂုဏ်သိက္ခာကိုပဲ ဆက်ထိန်းကြမလား။ အီဂျစ် လူထုနဲ့ ပြင်ပ ကမ္ဘာအတွက်တော့ ရှင်းနေသည်။ မူဘာရခ် ရာထူးက ဆင်းပေးဖို့ အချိန်ရောက်ပြီ။
လက်ရှိ အီဂျစ်ရဲ့ ၀ရုန်းသုန်းကား အခြေအနေအောက်တွင် စစ်တပ် တစ်ခုသာ ကျယ်ကျယ် ပြန့်ပြန့် တရားဝင်မှု (legitimacy) ဆက်ရှိ နေသည်။ စစ်တပ်အဖို့ ငယ်ထိပ် မြွေပေါက်နေပြီ။ လူထုက တင့်ကားများရှေ့ ၀တ်ပြုနေသည်။ တင့်ကားတွေပေါ် တက်စီးနေသည်။ မနက်ဖြန် သဘက်ခါ ရက်ပိုင်းများအတွင်း စစ်တပ်အဖို့ တစ်ခုခု ရွေးချယ်ဖို့ ဆုံးဖြတ်ရတော့မည်။ ထိုရွေးချယ်မှုက အီဂျစ် လူထုအနာဂတ်၊ တိုင်းပြည် အနာဂတ်၊ စစ်တပ် အနာဂတ် ဖြစ်လိမ့်မည်။ မူဘာရခ် တစ်ဦးအတွက် ရွေးချယ် လိုက်ရင်တော့ အာရပ်ကမ္ဘာ သွက်သွက် ခါနေဦးမည်။
Ref: မောက္ခ
အီဂျစ်ဆန္ဒပြပွဲနဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်
Monday, 31 January 2011
နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ ဒါရိုက်တာ ဟောင်း အီဂျစ်နိုင်ငံသား ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မိုဟာမဒ် အယ်လ်ဘာရာဒေး က “အားလုံးစခဲ့တဲ့ဟာ အတွက် နောက်ကြောင်း ပြန်လှည့်စရာ မရှိဘူး။
မူဘာရခ် ရဲ့ နှစ် ၃၀ စိုးမိုးမှုကို အဆုံးသတ် ပစ်ရမယ်” ဟု ဆန္ဒပြ လူထုကြီးကို ကိုင်ရိုမြို့တော် ရင်ပြင်တွင် တနင်္ဂနွေ နေ့က အားပါးတရ ပြောခဲ့သည်။
Muslim Brotherhood အဖွဲ့အပါအ၀င် အတိုက်အခံ အုပ်စုများက မူဘာရခ်ကို အပြီးတိုင် ဖြုတ်ချဖို့ အယ်လ်ဘာရာဒေး ကို ထောက်ခံ ထားသည်။ အယ်လ်ဘာရာဒေး ပြည်သူ့ ရင်ပြင်ထဲ ၀င်လာတာနဲ့ ဆန္ဒပြ လူထုကြီးမှာ အာဏာရှင် မူဘာရခ် ပြုတ်ကျရေး အသံများ ပို ကျယ်လောင်သွားသည်။
ဆူးအက်နဲ့ အလက်ဇန်ဒါး စတဲ့ မြို့ကြီးများမှ အကျဉ်းထောင်များ ကို ၀င်တိုက်ပြီး Muslim Brotherhood မှ ခေါင်းဆောင် ၃၄ ဦး လွတ်မြောက် လာသည်။ အကျဉ်းထောင် ၀န်ထမ်း အချို့က ဆန္ဒပြသူများနှင့် ပူးပေါင်း လိုက်သည်။ တရားသူကြီး ရာပေါင်း များစွာက မူဘာရခ် ပြုတ်ကျရေး လက်မှတ်စုထိုးပြီ ဆန္ဒပြသူများနဲ့ ပူးပေါင်း လိုက်သည်။
အယ်လ်ဘာရာဒေး ဘယ်သူလဲ
မိုဟာ မူစတာဖာ အယ်လ်ဘာရာဒေး မှာ ကုလသမဂ္ဂ လက်အောက်ခံ နိုင်ငံတကာ အနုမြူ စွမ်းအင် အေဂျင်စီ (IAEA) တွင် ၁၉၉၇ ခုနှစ်မှ ၂၀၀၉ ဒီဇင်ဘာ အထိ အကြီးအကဲ တာဝန် ထမ်းဆောင်ခဲ့သည်။ နျူကလီယား မပြန့်ပွားရေး စွမ်းဆောင်မှုကြောင့် ၂၀၀၅ ခုနှစ်တွင် သူနဲ့ IAEA အဖွဲ့ ပူးတွဲပြီး ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိခဲ့သည်။ နယူးယော့ခ် တက္ကသိုလ်မှ နိုင်ငံတကာ ဥပဒေဖြင့် ဒေါက်တာဘွဲ့ ရရှိခဲ့သည်။
အသက် ၆၈ နှစ်ရှိ ဒေါက်တာ အယ်လ်ဘာရာဒေးမှာ အီဂျစ်နိုင်ငံရေးမှာ ၀င်နွှဲဖို့ ဘယ်တုန်း ကမှ စိတ်ကူး မရှိ။ ကုလသမဂ္ဂ အရာရှိဟောင်းကြီး အဖြစ်နဲ့ ကိုင်ရိုတွင် အေးအေး နေနေသူဖြစ်သည်။ သို့သော် တွစ်တာနဲ့ ဖေ့စ်ဘွတ်များက တဆင့် ဒီမိုကရေစီ မက်ဆေ့ခ်ျတွေ အမြဲ လွှတ်နေသူ ဖြစ်သည်။ အယ်ဂျာဇီးယား ရုပ်သံမှ အာရပ် ကမ္ဘာရဲ့ ဒုက္ခ အ၀၀နဲ့ ခြစားမှုများ ဖော်ထုတ်နေသူ ဖြစ်သည်။ အီဂျစ်ရဲတွေက သူ့ကို လူထုနဲ့ ဝေးဝေးနေဖို့ တားမြစ် ထားသည်။ ဆန္ဒပြမှုများ စတင်ခိုက် နေအိမ် အကျယ်ချုပ် သဖွယ် မထွက်ဖို့ တားထားသည်။ သို့သော် ဘုရားဝတ်ပြုဖို့ ဗလီထွက်ရင်း လူထုကြားထဲ ရောက်သွားသည်။
ဒေါက်တာ အယ်ဘာရာဒေးက “အရိုင်းအစိုင်း အစိုးအရဟာ အခုကြမ္မာ ငင်နေပြီ။ အားလုံး ငြိမ်းငြိမ်း ချမ်းချမ်း ဆက်ဆန္ဒပြ နေကြတယ်။ ဆန္ဒပြတာ အားလုံးရဲ့ အခြေခံ အခွင့် အရေးပဲ။ မူဘာရခ် အစိုးရဟာ ဘယ်လောက် ရက်စက် ကြမ်းကြုတ်တယ်၊ ဘယ်လောက် ကောက်ကျစ် အာဏာရှင် ဆန်တယ် ဆိုတာကို အီဂျစ် လူထုက ကမ္ဘာကို ပြနေကြတယ်” ဟု တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
“နိုင်ငံတကာအသိုင်းအ၀ိုင်းက ဘာလို့ နှုတ်ဆိတ်တာလဲ။ မူဘာရခ် ဘာလို့ နောက်က ထောက်ခံ ပေးနေတာလဲ။ ဘာလို့ နေစိမ့် နေကြတာလဲ။ အရိုင်းအစိုင်း အစိုးရကို ဆက်ထောက်ခံ နေရင်၊ ခင်ဗျားတို့ နိုင်ငံတွေ အီဂျစ်နဲ့ အာရပ် ကမ္ဘာရဲ့ ယုံကြည် လေးစားမှုကို ဇီးရိုးပဲ ရလိမ့်မယ်” ဟု တင်းတင်းမာမာ ပြောရင်း မူဘာရခ်နဲ့ ပါတာနာ လုပ်ခဲ့တဲ့ အမေရိကန် အစိုးရကို ရည်ညွှန်း ပြောဆို သွားသည်။
Source: Aljazeera & CNN
Ref: မောက္ခ
စစ်တပ်နှင့် အမိန့်နာခံမှု - အပိုင်း (၂)
ရော်နီညိမ်း ။
စနေ, 29 ဇန်နဝါရီ 2011။ ။
တပ်မှူးတပ်သား ပြောစကား (၀၄၅)
ကမ္ဘာ့နိုင်ငံတွေက စစ်တပ်တွေနဲ့ အမိန့် နာခံမှု အကြောင်းကို မြန်မာ့ တပ်မတော်ရဲ့ အမိန့် နာခံမှုနဲ့ ယှဉ်တွဲပြီး၊ ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ ဦးရော်နီညိမ်းက “စစ်တပ် နှင့် အမိန့်နာခံမှု - အပိုင်း (၂)” ခေါင်းစဉ်နဲ့ စီစဉ် တင်ဆက် ထားပါတယ်။
ဦးရော်နီညိမ်း။ ။ ၁၉၉၉ ခုနှစ်မှာ မြောက်အတ္တလန္တိတ် စစ်စာချုပ် NATO (North Atlantic Treaty Organization) တပ်ဖွဲ့တွေရဲ့ တပ်မှူးကြီး လည်းဖြစ် ယူဂိုဆလားဗီးယား စစ်ပွဲရဲ့ တပ်မှူးကြီးလည်း ဖြစ်တဲ့ အမေရိကန် ဗိုလ်ချုပ်ကြီး Wesley Clerk ရဲ့ လက်ထောက် ကတော့ ဒုတိယ တပ်မှူးကြီး ဗြိတိသျှ ဗိုလ်ချုပ်ကြီး Michael Jackson ပါ။ ဒီအခြေနေမှာ ဗိုလ်ချုပ်ကြီး Michael Jackson ပါဝင် လာခဲ့ပုံကို အဆိုတော် James Blunt က အခုလို ဆက်ပြီး ပြောပြပါတယ်။
James Blunt ။ ။ ကံကောင်းထောက်မစွာနဲ့ အဲဒီအချိန်မှာ ရေဒီယို ဆက်သွယ်ရေး စက်ပေါ်ကို ဗိုလ်ချုပ်ကြီး Mike Jackson တက်လာ ခဲ့ပတယ်။ အဲဒီတုန်းက အမေရိကန် ဗိုလ်ချုပ်ကြီး Wesley Clerk ကို ဗိုလ်ချုပ်ကြီး Mike Jackson ပြောလိုက်တဲ့ စကားလုံး အတိုင်း အတိအကျ ပြန်ပြောရမယ် ဆိုရင်၊ ကျုပ်ရဲ့ ရဲဘော်တွေက တတိယ ကမ္ဘာစစ်ကြီး ဖြစ်အောင် စပြီး လုပ်လိုက်ကြတဲ့ အဖြစ်မျိုး ကျုပ် အဖြစ် မခံနိုင်ဘူးလို့ သူက ပြောခဲ့တာပါ။ ကျနော့်တပ်ကိုလည်း လေယာဉ်ကွင်းကို သွားပြီး ၀ိုင်းမယ့်အစား ကားလမ်း တလျှောက်မှာပဲ စနစ်တကျ စုစည်းထားဖို့ ဗိုလ်ချုပ်ကြီး Mike Jackson က ပြောခဲ့ပါတယ်။
ဦးရော်နီညိမ်း။ ။ ၁၉၈၃ ခုနှစ် ရန်ကုန်မြို့ အာဇာနည်ဗိမာန် ဗုံးခွဲ တိုက်ခိုက်ခံရစဉ်က တရားခံ မြောက်ကိုရီးယား သူလျှိုတွေကို မိမိစစ်သည် တွေ အသေခံပြီး အရှင်လက်ရ ဖမ်းဆီးရမယ် ဆိုတဲ့ အထက်က အမိန့်ကို သန်လျင်မြို့ ခလရ (၉၀) တပ်စု တစ်စုထဲက commando (ကွန်မန်ဒို) တွေအဖြစ် အရွေးခံ ထားရတဲ့ စစ်သည်တွေက အမိန့်အတိုင်း လိုက်နာ ဆောင်ရွက်ပြီး အသေခံ သွားကြတာဟာ၊ ဘာကြောင့်လဲလို့ ပြန်ပြီးသုံးသပ် ကြည့်လို့ ရပါတယ်။ အထက်ကနေ ဒီအကြောင်း ဒီအကြောင်းတွေကြောင့် အသေခံသင့် ခံရမယ်ဆိုတဲ့ အမိန့်ကို ပေးရတဲ့ ရည်ရွယ်ချက်က မိမိ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို ပြန်ပြီး ဆည်ယူဖို့ ဆိုတဲ့ နိုင်ငံရေး ရည်မှန်းချက် ဖြစ်တာကို၊ လိုက်နာရမယ့် စစ်သည် အားလုံးက လက်ခံ နားလည် နေကြကြောင်း တွေ့ရှိရပါတယ်။ ဒီစစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်ဟာ အငြင်းပွါးစရာ မရှိသလို ဒီစစ်ဆင်ရေးကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက် ဟာ စစ်သည်တွေ အသေခံ သွားရနိုင်ပေမယ့်၊ တိုင်းပြည် အတွက် ဂုဏ်သိက္ခာ ပြန်တက်နိုင်တဲ့ ကောင်းသော အကျိုးဆက် ဖြစ်တယ် ဆိုတာကို အမိန့်ကို လိုက်နာရမယ့် စစ်သည် အားလုံးက နားလည် သဘောပေါက် နေတာကိုလည်း တွေ့ရှိရပါတယ်။ ဗိုလ်ကြီး James Blunt အမိန့် မနာခံခဲ့ သလို ကြားကနေ ဗိုလ်ချုပ်ကြီး Wesley Clerk ရဲ့အမိန့်ကို ၀င်ရောက် ပိတ်ဆို့ခဲ့တဲ့ ဗိုလ်ချုပ်ကြီး Michael Jackson ဟာလည်း အမိန့်နာခံဖို့ ပျက်ကွက် ခဲ့ပါသလားလို့ ဘီဘီစီ ရေဒီယို Channel 5 နိုင်ငံရေးကဏ္ဍ အစီအစဉ် တင်ဆက်သူ John Pienaars က ပြီးခဲ့တဲ့ ၂၀၁၀ နိုဝင်ဘာ လ ၁၄ ရက်နေ့က ဗိုလ်ချုပ်ကြီး Michael Jackson ကို တွေ့ဆုံ မေးမြန်းခန်းမှာ မေးခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး Michael Jackson ။ ။ အမိန့်မနာခံဘူးလို့ ပြောကြကြေးဆိုရင် James Blunt က ဘယ်သို့ ဘယ်ပုံ အမိန့် မနာခံဘူး ဆိုတာတော့ ဗိုလ်ချုပ်ကြီး Wesley Clerk က အသေးစိတ် ပြောလိမ့်မယ် မဟုတ်ဘူးဗျ၊ ရုရှတပ်တွေ ပရစ္စတီးနား (Pristina) လေဆိပ်ကို ဦးတည် ချီတက် နေကြပြီ ဆိုတာကို ရှင်းရှင်းလင်းလင်း သိလိုက်ရတဲ့နေ့ မတိုင်ခင် တစ်ရက်မှာ၊ ဒီအကြပ်အတည်း စပြီးတော့ ဖြစ်ခဲ့တာပါ။ ဒီနေရာမှာ ကျနော့်အထက် ဗိုလ်ချုပ်ကြီး Wesley Clerk က ဒေသခံတွေက တောင်းဆိုလို့ တနည်းအားဖြင့် ကျနော်တို့ကို ဖိတ်ခေါ်လို့ ပရစ္စတီးနား လေ ဆိပ်မှာ ကျနော်တို့ NATO တပ်တွေ အခြေပြုဖို့ ရောက်လာ ကြတာပါ ဆိုပြီး ရုရှားတွေကို ခပ်တင်းတင်း ရင်ဆိုင်ထားတဲ့ အခြေအနေမျိုး ဖြစ်ချင်တယ်။ ဒါက တကယ့်ကို အတိမ်းအစောင်း မခံတဲ့ အခြေအနေပါ။ ကျနော်တို့ ဒီ ကိစ္စကို လက်တွေ့ ကျကျ မျက်နှာချင်းဆိုင် မဖြေရှင်းနိုင်ခင် အထိ ဒီအကြပ်အတည်း ဖြစ်နေတာ (၇၂) နာရီ ကြာခဲ့ပါတယ်။ James Blunt က ဒါဟာ စစ်ပွဲ ကြားမှာ နိုင်ငံရေး အမြတ်ထုတ်ချင်လို့ ဖြစ်လာရတဲ့ အခက်အခဲ အကြပ်အတည်းလို့ ထောက်ပြ ခဲ့တာပါ။ ကျနော်တို့ကလည်း ဒီအလုပ်ဟာ ကျနော်တို့ စစ်သားတွေ လုပ်ရမယ့် အလုပ် မဟုတ်ဘူးလို့ ယူဆခဲ့ပါတယ်။
ဦးရော်နီညိမ်း။ ။ အနောက်နိုင်ငံတွေက သူတို့ရဲ့ အကျိုးစီးပွါးကို ကာကွယ် စောင့်ရှောက်ဖို့ ဖွဲ့စည်းထားတဲ့ မြောက် အတ္တလန္တိတ် စစ်စာချုပ် NATO (North Atlantic Treaty Organization) တပ်ဖွဲ့ တွေမှာ အကွဲကွဲ အပြားပြားသော နိုင်ငံတွေက တပ်မတော်တွေနဲ့ ဖွဲ့စည်းထားတာ ကြောင့် အမေရိကန် ဗိုလ်ချုပ်ကြီးရဲ့ အမိန့်ကို ဗြိတိသျှ စစ်ဗိုလ်က မလိုက်နာတာဟာ NATO ရဲ့ စစ်ခုံရုံးကို ရောက်စရာရှိရင် ရောက်မှာ ဖြစ်ပေမယ့်၊ နိုင်ငံမတူတဲ့ တပ်မတော် နှစ်ခုက စစ်အရာရှိတွေ ကြားက ပြဿနာ လို့လည်း စောဒက တက်လို့ ရပါတယ်။ ဒါကြောင့် ဒါဟာ စစ်တပ်ရဲ့ အမိန့်နာခံမှု မနာခံမှု အကြောင်းအရာနဲ့ နှိုင်းယှဉ်လို့ မရဘူးလို့လည်း ပြောလို့ရပါတယ်။ ဒါပေမယ့် ဒီနေရာမှာ စစ်တပ်ချင်း မတူတာတို့ နိုင်ငံချင်း မတူတဲ့ စစ်အရာရှိ နှစ်မျိုး နှစ်စားကြားက အမိန့်နာခံမှု မနာခံမှု ဆိုတာထက် အထက်က ပေးအပ်လာတဲ့ အမိန့်ဟာ ဘာရည်ရွယ်ချက်နဲ့ ပေးတာ လဲ၊ အကျိုးဆက်က ဘာဖြစ်နိုင်သလဲ ဆိုတာကို အမိန့် ပေးခံရတဲ့ လက်အောက် စစ်သည် တစ်ဦးရဲ့ စဉ်းစား ဆင်ခြင်ပုံကို ရှုမြင် သုံးသပ်ကြည့်လို့ ရပါတယ်။ မြန်မာနိုင်ငံမှာ ၁၉၉၈ ခုနှစ်က တောင်ဘက် အစွန်ဆုံး ခရစ္စတီး (Christie) ကျွန်းပေါ်မှာ အပြစ်မဲ့ သာမန် အရပ်သူ အရပ်သားတွေကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့အမိန့်နဲ့ တသွေမတိမ်း လိုက်နာဆောင်ရွက် သတ်ပစ်ခဲ့ကြတဲ့ မြန်မာ့ တပ်မတော် အရာရှိ ကြီးငယ်တွေကို ပြန်ပြီးလေ့လာ သုံးသပ် ကြည့်တဲ့ အခါမှာလည်း အားလုံးဟာ ဗြိတိသျှ စစ်တပ်က စစ်ဗိုလ်ကလေး ဗိုလ်ကြီး James Blunt လိုပဲ မြန်မာနိုင်ငံရဲ့ ခေတ်ပညာတတ် စစ်အရာရှိတွေ ဖြစ်ကြတာကို တွေ့ရှိရပါတယ်။ ခြားနားမှုကတော့ အထက်က အမိန့်ဟာ ဘာရည် ရွယ်ချက်နဲ့ ပေးတာလဲ၊ အကျိုးဆက်က ဘာဖြစ် နိုင်သလဲ ဆိုတာကို စဉ်းစားဆင်ခြင်မှု မရှိခြင်း ဆိုတာကို တွေ့ကြရပါတယ်။ စစ်မြေပြင်မှာသာ ရန်သူနဲ့ ရင်ဆိုင် တိုက်ခိုက် နေရချိန်မှာ အထက်အမိန့် အတိုင်း တသွေမတိမ်း လိုက်နာ ဆောင်ရွက်ကြဖို့ ဖြစ်ပေမယ့် စစ်မြေပြင် မဟုတ်တဲ့နေရာမှာ မိမိရဲ့ ရန်သူ မဟုတ်တဲ့ သာမန် အရပ်သူ၊ အရပ်သား တွေ အမျိုးသမီးတွေ ကလေးတွေပါ မကျန် သတ်ပစ် လိုက်ကြသူတွေရဲ့ အထက်အမိန့် အတိုင်း နာခံမှုမှာ စဉ်းစား ဆင်ခြင်ပြီး လိုက်နာခဲ့ကြခြင်း မဟုတ်တာကို ၁၉၉၈ခုနှစ် ခရစ္စတီး (Christie) ကျွန်း ကြည်း-ရေ-လေ စစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်း ထွဋ်က ဗီအိုအေကို အခုလို ပြောပြခဲ့ပါတယ်။
ဦးအောင်လင်းထွဋ် ။ ။ ဗိုလ်ချုပ်ကြီးကြည်မင်းက အားလုံးပေါ့လေ ကျနော်တို့ အပါအ၀င် အားလုံးကို ခေါ်ပြီးတော့ ဘာပြောလဲ ဆိုတော့ အခု ဖမ်းထားတဲ့ (၅၉) ယောက်လုံးကို အကုန်လုံးကို ရှင်းပစ်ရမယ် သတ်ပစ်ရမယ် ဆိုပြီး အမိန့်ပေးတယ် ဆိုပြီး ပြောပါတယ်။ ဗိုလ်ချုပ်မြင့်ဆွေက ဗိုလ်ချုပ်ကြီး ကြည်မင်းကို ဆက်သွယ်ရေး စက်နဲ့ လှမ်းပြီး အမိန့်ပေးတာပါ။ ဗိုလ်ချုပ် သူရမြင့်အောင် အခု စစ်ရေးချုပ် လုပ်နေတဲ့ လူက ဘာပြောလဲဆိုတော့ “ဒါ အထက်အမိန့်ပဲ၊ အကုန် သတ်ပစ်ရမှာပေါ့” ဆိုပြီးတော့မှ သူက စပြောပါတယ်။ ဆက်ပြီးတော့ ရှင်းရှင်း ပြောရရင်တော့ အမိန့် ပေးလိုက်တဲ့ အတိုင်းပဲ အဲ့ဒီ့နေ့မှာပဲ အဲ့ဒီ့ အရပ်သူ အရပ်သားတွေကို သောင်ပြင်မှာပဲ အကုန်လုံးက သေနတ်နဲ့ ပစ်သတ် ပြီးတော့မှ သောင်ပြင်မှာ မြှုပ်လိုက် တယ်လို့ ကျနော်တို့ သိရပါတယ်။ အခု သွားပြီး အဲ့ဒီ့ အရိုးတွေကို တူးကြည့်ရင် မြင်ရပါဦးမယ်။ ၁၉၉၇ခုနှစ် လောက်ထဲက၊ စစ်ဆင်ရေး လေးလပတ် (စစ်ရုံးချုပ် အစည်းအဝေး) တခုမှာ “အစိပ်သားတောင် မချန်နဲ့၊ မင်းတို့ အကုန်လုံး ရှင်းပစ်” ဆိုပြီးတော့မှ အမိန့်က တရားဝင်ပေးတာ။ အဲ့ဒီ အမိန့်ကို အကောင်အထည် ဖေါ်တာက ဗိုလ်ချုပ်မောင်ဘို (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်၊ ကာကွယ်ရေး ၀န်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့ (၃) ၏ ကစထမှူး အဖြစ်မှ၊ တပ်မတော် စစ်ဆေးရေး နှင့် စာရင်းစစ်ချုပ် ကြည်း-ရေ-လေ အဖြစ် ရာထူး ချခံရပြီး ကွယ်လွန် သွားခဲ့သူ ဒုဗိုလ်ချုပ်ကြီး မောင်ဘို)။ ဗိုလ်ချုပ်ကြီးမောင်ဘို တိုင်းမှူး (အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်) ဘ၀တုံးက ရွာသူ ရွာသားတွေကို ဘယ်လောက် သတ်ပစ်ခဲ့တယ် ဆိုတာ၊ သူ အသိဆုံးပါ။ “အစိပ်သားတောင် မချန်နဲ့” ဆိုတဲ့ ဥစ္စာက ကိုယ်ဝန်ပေါ့ဗျာ။ ကိုယ်ဝန်ကို တပ်ထဲမှာ “အစိပ်သား” လို့ ကျနော်တို့ ခေါ်တာကိုး။ ဗိုက်ထဲမှာရှိတဲ့ ကလေးတောင် မချန်နဲ့၊ အကုန်လုံး သတ်ပစ် ဆိုပြီးတော့ တရားဝင် အမိန့်ပါ။ တရားဝင် အမိန့်ဆိုတာ စစ်ဆင်ရေး အစည်းအဝေး တစ်ခုမှာ နှုတ်မိန့်ပေါ့ ဗျာ။ စာနဲ့တော့ ဘယ်သူမှ မထုတ်ပါဘူး။ ပြောလိုက်တဲ့ စကားပါ။ အဓိကကတော့ ရှမ်းပြည်နယ်၊ မွန် ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း။ အညိုရောင်လို့ သတ်မှတ်ထားတဲ့ နယ်မြေမှာ။ အဲ့ဒီအချိန်က ဒါ ဘာလို့ ဖြစ်ရလဲဆိုတဲ့ အခါကျတော့ ရှင်းရှင်းပြောရရင်၊ ရွာတွေကို စုတာပါဘဲ။ Replacement လုပ်တယ်။ (မှတ်ချက်။ ။ တိုင်းရင်းသား ဒေသတွေမှ ကျေးရွာတွေကို စစ်အင်အားနှင့် ခြိမ်း ခြောက်ပြီး အတင်းအကြပ် ပြောင်းရွေှ့ ပစ်ခြင်းကို မြန်မာ့ တပ်မတော်တွင် “ရွာစုသည်”ဟု တရားဝင် ခေါ်ဝေါ်သည်။) ရွာတွေကို စုတဲ့အခါမှာ တချို့ရွာတွေက သူတို့ရဲ့အိုးအိမ် သူတို့ရဲ့ တောင်ယာလေးတွေကို မဖျက်ချင်တဲ့ အခါကျတော့ မပြောင်းချင်ဘူး။ မပြောင်းချင်တဲ့ ဥစ္စာကို by force မပြောင်းရင် မရဘူး ဆိုတဲ့ ဟာမျိုးနဲ့၊ လူတွေကို သတ်ပစ်ခဲ့တဲ့ ဖြစ်စဉ်တွေ အများကြီး ရှိပါတယ်။ အဲ့ဒီ့ သက်ဆိုင်ရာ နယ်မြေမှာ ရှိတဲ့လူတွေ အသိဆုံးပါ။
ဦးရော်နီညိမ်း။ ။ ဒီနေရာမှာ မြန်မာ စစ်တပ်ထဲမှာ အရိုးစွဲနေပြီးတော့ ဒီစကားကို ကြားလိုက်ရရင် အထက် အမိန့်ကို “ကျိုးကြောင်းဆင်ခြင်ဖို့ မလို လိုက်ကို လိုက်နာရမယ်” လို့ မှတ်ယူ သွားစေတဲ့ စကား တခွန်းဟာ မြန်မာ့ တပ်မတော်ထဲမှာ နှစ်ပေါင်းများစွာ တည်ရှိ နေခဲ့ပါတယ်။ "ရေဗူး ပေါက် တာမလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်" ဆိုတဲ့ “ကောင်းတာရော မကောင်းတာရော အထက်ကခိုင်းရင် ဘာမှ မစဉ်းစားနဲ့ လိုက်သာ လုပ်" ဆိုတဲ့ အတွေးအခေါ် ဖြစ်ပေါ်စေတဲ့ ဒီစကားရပ်နဲ့ ပတ်သက်ပြီးတော့ ဂျပန်ခေတ် မင်္ဂလာဒုံ စစ်တက္ကသိုလ် အပတ်စဉ် (၃) က ဗိုလ်သင်တန်းဆင်း ခဲ့တဲ့ မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရဦးတင်ဦးကို ဗီအိုအေက မေးကြည့်ခဲ့ပါတယ်။
ဦးတင်ဦး။ ။ ဗိုလ်ချုပ်အောင်ဆန်းတို့က ဟိုင်နန်ကျွန်းမှာ ရဲဘော်သုံးကျိပ် သန္ဓေ တည်ပြီးတော့ ဗမာ့ လွတ်လပ်ရေး တပ်မတော် စဖြစ်လာတာကိုး၊ ဂျပန်မှာက သူတို့ စစ်သားတွေနဲ့ ပတ်သက်လို့ မနက်ကို သစ္စာ ဆိုရတယ်ပေါ့ဗျာ။ သစ္စာ (၄) ချက်က အဲဒီ ဂျပန် တပ်မတော် ကနေပြီးတော့ training ကနေပြီး ဆင်းသက်လာတဲ့ သစ္စာ(၄)ချက် ပဲ။ ပထမ ဦးဆုံးက (ဂျပန်ဘာသာနှင့်) gunjin ha chusetsu wo tsukusu wo honbun to subeshi "နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာကို စောင့်သိ ရိုသေပါမည်" ဆိုတဲ့ စကားပေါ့။ နောက် ဒုတိယကတော့ (ဂျပန်ဘာသာနှင့်) gunjin ha reigi wo tadaskiku subeshi "အမိန့်ကို နာခံပါမယ်" ဆိုတဲ့ သဘောပေါ့။ အဲဒီလို ကျနော်တို့ ဆိုလာ ကြရတာပေါ့နော်။ အဲဒါကို မြန်မာလို ပြန် လိုက်တဲ့ အခါကျတော့ ဒုတိယပိုဒ်က "အထက်မှ ပေးသော အမိန့်ကို ကျေပွန်စွာ ထမ်းဆောင်ပါမည်" ပေါ့။ အဲဒီလို ဖြစ်လာတာပေါ့။ နောက်တခု က ဟိုတုန်းက slogan ကလည်းပဲ ဒီတနိုင်ငံလုံးမှာ ဂျပန်ရဲ့ စစ်အုပ်ချုပ်ရေး အောက်မှာ ဆိုတော့၊ ကျနော်တို့ တိုင်းပြည်ကို ပါလာတာက ဘာလဲ ဆိုတော့ ကြွေးကြော် သံတခုက “တသွေး၊ တသံ၊ တမိန့်” ဆိုတာ ပါလာတာကိုးဗျ။ “တသွေး၊ တသံ၊ တမိန့်” ဆိုတာ စစ် အတောအတွင်း တုန်းက ကြွေးကြော်သံဖြစ်တော့ အဲဒီဟာရဲ့ အရှိန်က ပါလာခဲ့တယ်။ အမိန့်နာခံမှု ဆိုတာမှာ ဂျပန်ကလည်း သိတဲ့ အတိုင်းပဲဗျ၊ သူတို့ စစ်တပ်က လေ့ကျင့်ခန်း ကလည်းပဲ ကျနော်တို့ (ဂျပန်ဘာသာနှင့်) meirei ha meirei da ၊ “meirei” ဆိုတာရှိတယ်။ meirei ဆိုတာ အမိန့်ဗျ။ “meirei ha meirei da” ဆိုတဲ့ စကားလုံးက အမြဲတမ်း စစ်သင်တန်း ပေးတဲ့ အခါတိုင်းမှာ ပြောတဲ့စကား။ “meirei ha meirei da” ရဲ့ အဓိပ္ပါယ်က “အမိန့်ဟာ အမိန့်ပဲ”။ ဘာမှ လျှောက်ပြီးတော့ ပြန်ပြောလို့ မရဘူး၊ ဒါနဲ့ ပတ်သက်တာ အားလုံးကို မင်းက ပေးတဲ့အတိုင်း လိုက်ရမယ်။” ဒီလို ဟာမျိုးပေါ့ဗျာ။ အဲဒီဟာက နေပြီးတော့ လာခဲ့တဲ့ကိစ္စဟာ တောက်လျှောက် ဖြစ်လာတာကိုး။ ဒီ အမိန့်နာခံမှု ဆိုတဲ့ အမိန့်ပေးတဲ့ နေရာမှာ စကားလုံးတွေက ဘာထွင်လာသလဲ ဆိုတော့၊ ပြောတဲ့နေရာမှာ စစ်သား နားလည်အောင် ဆိုပြီးတော့ ပြောရင်းနဲ့၊ အမိန့် ပေးလိုက်လို့ ရှိရင် “အမိန့် အတိုင်းလုပ်၊ ဘာမှ ပြန်မပြောနဲ့” ဆိုတာမျိုး ဖြစ်လာရအောင် အပေါ်က အုပ်ချုပ်တဲ့လူ၊ ခိုင်းတဲ့လူက၊ အမိန့်ပေးတာကို ဘာပဲဖြစ်ဖြစ် ရအောင်လုပ် ရမယ်။ မရတာ မရှိရဘူး။ ဒီဟာဖြစ်အောင် လုပ်ရမယ်ဆိုတဲ့ အခါကျတော့ စကားလုံးဟာ သုံးလိုက်တဲ့ အခါကျတော့ “ရေဗူးပေါက်တာ ငါမလို ချင်ဘူး၊ ရေပါတာ လိုချင်တယ်”၊ စစ်မြေပြင် ထွက်သွားတဲ့အခါမှာ “ရေဗူးပေါက်တာ မလိုချင်ဘူး ရေပါတာ လိုချင်တယ်” အဲဒီလို ဟာတွေက သုံး လာကြတာပေါ့။ အဲဒီ စကားလုံးက အဓိပ္ပါယ်တော့ သိပ်မရှိလှဘူးဗျ။
ဦးရော်နီညိမ်း။ ။ အဲဒီဟာက ခုန အန်ကယ် ပြောသလို အဓိပ္ပါယ် သိပ်မရှိလှ ပေမယ့်လည်း၊ တော်တော်လေးတော့ ထိရောက် ခဲ့ပုံ ရတယ်။ တပ်ထဲမှာလည်းပဲ အဲဒီအတိုင်း အထက်က ပြောလိုက်ရင် အောက်က လိုက်လုပ်ရမယ့် လူကလည်း၊ ဒီစကားလုံးကို ကြားလိုက်တာနဲ့ “ရေဗူး ပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်” ဆိုတဲ့ဟာနဲ့ နှိုင်းယှဉ်ပြီး ပြောဆိုပြီး သူ့ကို တာဝန်တခုခု ပေးလိုက်ပြီ ဆိုရင် သူကလည်း ခေါင်းထဲမှာ အဲဒါက လျှောကနဲ ၀င်သွားပြီးတော့ ဘာမှ စဉ်းစားစရာ မလိုတော့ဘူး။ ဒီဥပမာက ခေါင်းထဲမှာ၊ အဲဒီဟာက တော်တော် ထိထိ ရောက် ရောက်ရှိခဲ့တာပေါ့ နော်။ ဒီ လက်သုံး စကားကြီးနဲ့။
ဦးတင်ဦး။ ။ တခုတာ့ ရှိတာပေါ့ဗျာ၊ ထိထိရောက်ရောက်တော့ ရှိတာပေါ့။ ဒါပေမယ့် စစ်ရဲ့ အောင်မြင်ရာ အောင်မြင်ကြောင်းနဲ့ ပတ်သက်တဲ့ ကိစ္စ အရပ်ရပ် အ၀၀မှာ ထိရောက် အောင်မြင်နိုင်စေဖို့ အတွက် အကောင်းဘက်ကို အကျိုး သက်ရောက်မယ့် ဟာကို ရည်စူးပြီး ပြောတာပဲ ဖြစ်ရ မယ်ပေါ့။
ဦးရော်နီညိမ်း။ ။ သောတရှင်များ ခင်ဗျာ၊ နောက် သီတင်းပတ် စနေနေ့ မနက်နဲ့ ညနေပိုင်း ဗီအိုအေ မြန်မာပိုင်း အစီအစဉ် “တပ်မှူးတပ်သား ပြောစကား အပတ်စဉ်ကဏ္ဍ” မှာ စစ်တပ်နှင့် အမိန့်နာခံမှု အပိုင်း(၃)ကို ဆက်ပြီး တင်ဆက် ပေးသွားပါမယ်။ စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။
Ref: VOA News