..............................

Friday, June 3, 2011

မြန်မာနိုင်ငံ ပြောင်းလဲရေး အမေရိကန် တနိုင်ငံတည်း မလုပ်နိုင်

ကျော်ကျော်သိန်း
ကြာသပတေး, 02 ဇွန် 2011

အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒမှာ စိန်ခေါ်မှု အများအပြား ရှိနေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဂျိုးဆက်ဖ် ယွန်း (Joseph Yun) က ပြောလိုက် ပါတယ်။ ဒီစိန်ခေါ်မှုတွေကို အောင်အောင်မြင်မြင် ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ရာ အမေရိကန် တနိုင်ငံတည်း အနေနဲ့ မလုပ်ဆောင်နိုင်ဘဲ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်တယ်လို့လည်း သူက ဆိုပါတယ်။ ဇွန်လ ၂ ရက်၊ ကြာသပတေးနေ့ ဒေသ စံတော်ချိန် မနက်ပိုင်းက အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ကြားနာပွဲ တခုအတွင်း မစ္စတာယွန်းက အဲဒီလို ပြောခဲ့တာပါ။ အောက်လွှတ်တော် ကြားနာပွဲကို ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြ ပေးထားပါတယ်။

အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ကြားနာပွဲမှာ မြန်မာ၊ မြောက်ကိုရီးယား၊ တိဘက်နိုင်ငံတို့နဲ့ ပတ်သက်ပြီး အမေရိကန် ကွန်ဂရက် လွှတ်တော်က အတည်ပြု ပြဋ္ဌာန်း ထားတဲ့ သက်ဆိုင်ရာ ဥပဒေ အသီးသီးကို အကောင် အထည်ဖော် လုပ်ဆောင်နေမှု အခြေ အနေတွေကို ကော်မတီဝင် လွှတ်တော် ကိုယ်စားလှယ်တွေက မေးမြန်း ဆန်းစစ်ကြတာ ဖြစ်ပါတယ်။

မြန်မာ့အရေးနဲ့ဆိုင်တဲ့ ဥပဒေကတော့ ၂၀၀၈ ခုနှစ်မှာ အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့ Block Burmese JADE Act ခေါ် မြန်မာ နိုင်ငံပေါ် ဒဏ်ခတ် အရေးယူမှု ဥပဒေ ဖြစ်ပါတယ်။ ကြားနာပွဲမှာ မြန်မာ့အရေးကို အဓိက ပြောကြား ဖြေဆိုခဲ့သူကတော့ လွန်ခဲ့တဲ့ သီတင်း ၂ ပတ်ကမှ မြန်မာနိုင်ငံကို ဒုတိယအကြိမ် သွားခဲ့တဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ၊ အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဂျိုးဆက်ဖ် ယွန်း ဖြစ်ပါတယ်။

အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဋ္ဌ ရီပတ်ဘလီကန် အထက်လွှတ်တော် အမတ် မစ်စ် အီလီယန်းနား ရော့စ်- လယ်တီနန် (Ileana Ros-Lehtinen) အပါအ၀င် ကော်မတီဝင် လွှတ်တော် အမတ်တွေက သမ္မတ အိုဘားမား (Barack Obama) ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒဖြစ်တဲ့ ထိတွေ့ဆက်ဆံတာရော၊ ဒဏ်ခတ် အရေးယူတာရော လမ်း ၂ သွယ်လုံးပါတဲ့ မူဝါဒကို မေးခွန်း ထုတ်ခဲ့ကြပါတယ်။ အဓိကအားဖြင့် ထိတွေ့ဆက်ဆံရေး မူဝါဒရဲ့ ထိရောက်အောင်မြင်မှု၊ အလုပ်ဖြစ်မှုအပေါ် စိုးရိမ်ချက်တွေကို ဖော်ပြခဲ့ပြီး အောင်မြင်မှုရှိအောင် အစိုးရက ဘာတွေလုပ်နိုင်မလဲ ဆိုတာ မေးခဲ့ကြတာပါ။

မေးခွန်းထုတ်သူတွေထဲမှာ ထိတွေ့ဆက်ဆံရေး မူဝါဒကို လက်မခံတဲ့၊ Tom Lantos’ JADE Act ကို ပူးတွဲ ကမကထ ပြုခဲ့ သူတွေထဲမှာ တဦးဖြစ်တဲ့ လွှတ်တော်အမတ် မစ်စ် အီလီယန်းနားလည်း အပါအ၀င်ပါ။

“ထိတွေ့ဆက်ဆံရေး မူဝါဒကနေ အကျိုးရလဒ် မတွေ့ရသလောက်ပါပဲ။ အဲဒီမူဝါဒကို ချမှတ်ခဲ့ပြီး ကတည်းက အမေရိကန် နိုင်ငံသားကို အကျဉ်းချတာ၊ မြောက်ကိုရီးယားနဲ့ နျူကလီးယား ကိစ္စလို့ ယူဆရတဲ့ အဆက်အဆံတွေ လုပ်ခဲ့တာ၊ တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲ လုပ်ခဲ့တာ၊ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ကို ဆက်ပြီး အကျဉ်းချ ထားတာတွေပဲ တွေ့ရပါတယ်။ ၂ နှစ်ကျော် ကြာလာပြီ ဖြစ်တဲ့ ဒီ လက်တွေ့ကျတဲ့ ထိတွေ့ ဆက်ဆံမှုကနေ တကယ် အစစ်အမှန် ဘာရခဲ့ပါသလဲဆိုတာ သိချင်ပါတယ်။”

ဒီအခြေအနေအောက်မှာမှ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ခန့်ထားမယ်ဆိုရင် အဲဒီသံတမန် အနေနဲ့ ဘာလုပ်ဆောင် နိုင်မှာလဲ ဆိုတဲ့ အပေါ်မှာလည်း မေးခွန်း ထုတ်ခဲ့ကြပါသေးတယ်။

ထိတွေ့ဆက်ဆံရေး မူဝါဒ အောင်မြင်ဖို့ရာ စိန်ခေါ်မှု အများအပြား ရှိနေပြီး နည်းလမ်း ၂ သွယ် မူဝါဒရဲ့ ထိတွေ့ ဆက်ဆံရေး ပိုင်းကနေ ခုချိန်ထိ ရလဒ်တစုံတရာ မရသေးဘူး ဆိုတာကို မစ္စတာယွန်းက ၀န်ခံပေမဲ့ အခြေအနေ တခုလုံးအပေါ် ခြုံငုံ သုံးသပ်ချက်အရ နည်းလမ်း ၂ သွယ်စလုံးကို ဆက်ပြီး ကျင့်သုံး သွားရပါမယ်လို့ မစ္စတာယွန်းက တုံ့ပြန်ပါတယ်။

အမေရိကန် တနိုင်ငံတည်းနဲ့ မြန်မာနိုင်ငံမှာ တိုးတက်မှုတွေ ရလာအောင် လုပ်နိုင်မှာ မဟုတ်ဘဲ နိုင်ငံတကာ အသိုက် အ၀န်းနဲ့ အပြုသဘောဆောင် ဆက်ဆံရေး၊ ကာလရှည်ကြာ ရှိနေခဲ့တဲ့ စိုးရိမ်ချက်တွေကို ဖြေရှင်းပေးရေး မြန်မာ အစိုးရကို တိုက်တွန်းဖို့ရာ ဥရောပ မဟာမိတ်တွေ၊ အရှေ့တောင်အာရှနဲ့ ဒေသတွင်းက မိတ်ဘက် နိုင်ငံတွေနဲ့ ပူးတွဲ လုပ်ဆောင် နေပါတယ်လို့ မစ္စတာယွန်းက ပြောပါတယ်။

“ဒါကို ကျနော်တို့ တနိုင်ငံတည်း မလုပ်နိုင်ပါဘူး။ မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာဖို့ရာ နိုင်ငံတကာ အသိုက် အ၀ိုင်းနဲ့အတူ လုပ်ဆောင်ရမှာပါ။ ဆိုလိုတာကတော့ အထူးသဖြင့် အာရှတိုက် နိုင်ငံတွေ၊ အရှေ့တောင်အာရှ နိုင်ငံတွေ၊ ဥရောပ နိုင်ငံတွေဟာ ကျနော်တို့နဲ့အတူ လုပ်ဆောင် ရပါမယ်။ ကျနော်တို့ချည်းပဲ မလုပ်နိုင်ပါဘူး။ အဲဒါဟာ အထူးသံတမန်ရဲ့ အဓိက အလုပ် ဖြစ်လိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။”

ထိတွေ့ဆက်ဆံတာကို မကန့်ကွက်ပေမဲ့ အတိုင်းအတာ အကန့်အသတ်ရှိဖို့ လိုတယ်လို့ ကြားနာပွဲမှာ ကိုယ်တိုင် သက်သေ ထွက်ဆို ခဲ့သူတွေထဲက တဦးဖြစ်တဲ့ အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ USCB အမှုဆောင် ညွှန်ကြားရေးမှူး ကိုအောင်ဒင်က ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ သူတို့ကို စကတည်းက ပြောပါတယ်။ Engagement လုပ်တဲ့နေရာမှာ တိကျတဲ့ အချိန်ဇယား ရှိဖို့လိုတယ်။ အဲဒီ တိကျတဲ့ အချိန်ဇယား အတွင်းမှာပဲ လိုချင်တဲ့ တောင်းဆိုမှုပေါ့၊ အဓိကကျတဲ့ တောင်းဆိုမှု ရှိဖို့လိုတယ်။ အချိန်ကာလ အကန့်အသတ် တခုတည်းမှာ လိုအပ်တဲ့ တောင်းဆိုချက်တွေ ပြည့်မလာဘူး ဆိုရင် ဘယ်လို တုံ့ပြန်မလဲ ဆိုတဲ့ အဆင်သင့် ဖြစ်ဖို့လည်း လိုတယ်။ တုံ့ပြန်ဖို့ ဆိုတာ အကောင်းရော၊ အဆိုးရောပါ၊ တကယ်လို့ စစ်အစိုးရဘက်က ကောင်းတာတွေ လုပ်တယ် ဆိုရင်လည်း အဲဒါကို ကောင်းတဲ့အလျောက် တုံ့ပြန်ဖို့၊ မကောင်းတာတွေ လုပ်မယ်ဆိုရင်လည်း မကောင်းတဲ့အလျောက် တုံ့ပြန်ဖို့။ အဲဒီအတွက်လည်း အဆင်သင့် ဖြစ်ဖို့ လိုတယ်ပေါ့။ ဒါ ကျနော်တို့ အစကတည်းက ပြောပါတယ်။”

နှစ်လမ်း ၂ သွယ် မူဝါဒရဲ့ ရည်ရွယ်ချက်တွေကတော့ နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့၊ အခြေခံ လူ့အခွင့် အရေးတွေကို လေးစားလိုက်နာဖို့၊ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သက်ဆိုင်သူတွေ အားလုံး ပါဝင်ပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးဆီ ဦးတည်တဲ့ ဆွေးနွေးပွဲတွေ လုပ်ဖို့နဲ့ နျူကလီးယား လက်နက် မပြန့်ပွားရေး ဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်တွေနဲ့ အညီ လိုက်နာ လုပ်ဆောင်ဖို့တို့ ဖြစ်ပါတယ်လို့ မစ္စတာယွန်းက ပြောပါတယ်။

ကြားနာပွဲမှာ မြန်မာ၊ မြောက်ကိုရီးယား၊ တိဘက် ၃ နိုင်ငံ အရေးကိစ္စတွေကို မေးမြန်း ဆန်းစစ် ခဲ့ကြတာ ဖြစ်ပေမဲ့ ဒီ ၃ နိုင်ငံ စလုံးက တရုတ် အစိုးရနဲ့ ဆက်စပ် နေတာမို့ တရုတ်နဲ့ အမေရိကန် ဆက်ဆံရေး၊ တရုတ်ရဲ့ ဒေသတွင်း လွှမ်းမိုးမှု၊ ကမ္ဘာ့ နိုင်ငံတွေပေါ် သြဇာ သက်ရောက်မှု စတာတွေလည်း ပါဝင်ခဲ့ပါတယ်။ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဝင် လွှတ်တော် အမတ်တွေထဲမှာ အမေရိကန် အစိုးရက တရုတ်နိုင်ငံကို ထိထိ ရောက်ရောက် ဖိအား မပေးနိုင်တဲ့ အပေါ် အပြင်းအထန် ပြစ်တင်ဝေဖန် ပြောဆို သူတွေလည်း ရှိနေပါတယ်။

Ref: VOA News

Read More...

မဲလိမ်သည့် ကြံ့ဖွံ့ကိုယ်စားလှယ်အမှု တရားလို ပြန်ရုပ်သိမ်း

Thursday, 02 June 2011

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကိုယ်စားလှယ် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးအုန်းမြင့်သည် ရွေးကောက်ပွဲ ကာလက မဲ မသမာမှုများ ရှိသည်ဟူသည့် စွဲချက်ဖြင့် အတိုင်ကြား ခံခဲ့ရသော်လည်း တရားလို ဘက်က ကုန်ကျစရိတ် မတတ်နိုင်သောကြောင့် အမှုကို မေ ၃၀ ရက်နေ့က ပြန်လည်ရုပ်သိမ်း လိုက်သည်။

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ ကိုယ်စားလှယ် ဒေါ်ဘောက်ဂျာက တရားလိုပြု၍ ဦးအုန်းမြင့်ကို ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်သို့ ပြီးခဲ့သည့်နှစ်က တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

“လာမယ့် အောက်တိုဘာ၊ နိုဝင်ဘာကျရင် ဖားကန့်မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ရှိတော့ ဒေါ်ဘောက်ဂျာက ၀င်ပြိုင်ဖို့ ပြင်ဆင် ထားတယ်။ အဲဒီအတွက် ကုန်ကျ စရိတ်တွေက များမှာနဲ့၊ အမှုအတွက် သက်သေ ခေါ်ရမှာလည်း ကုန်ကျဦးမှာ ဆိုတော့ ဒီအမှုကို ရင်မဆိုင် တော့တာပါ” ဟု ဒေါ်ဘောက်ဂျာ၏ ရှေ့နေ ဦးမြင့်သွင်က ဧရာဝတီကို ပြောသည်။

ဖားကန့် ဒေသ၌ လစ်ဟာနေသော ဝန်ကြီး၊ ဒု ဝန်ကြီး နေရာများအတွက် ဝင်ရောက် ယှဉ်ပြိုင်လိုသည့် လွှတ်တော် ကိုယ်စားလှယ် ၃၀ ကျော် ရှိနေသောကြောင့် အစိုးရက ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပပေးမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဒေါ်ဘောက်ဂျာသည် ၂၀၁၀ ရွေးကောက်ပွဲတွင် NDF ကို ကိုယ်စားပြုပြီး ဖားကန့်မြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ရာ ကြံ့ဖွံ့ပါတီ၏ ကိုယ်စားလှယ် ဦးအုန်းမြင့်ကို ရှုံးနိမ့်ခဲ့သည်။

ရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြားသည့် မဲ မသမာမှု ၂၉ မှုအနက် ၂၇ မှုသည် ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်များက တခြားပြိုင်ဘက် နိုင်ငံရေး ပါတီ ကိုယ်စားလှယ်များကို စွပ်စွဲ တိုင်ကြား ထားခြင်း ဖြစ်ပြီး ၂ မှုကသာ ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ် များကို ပြန်လည် တိုင်ကြားထားခြင်း ဖြစ်သည်။

ကြံ့ဖွံ့ပါတီကို ကန့်ကွက် စွဲဆိုထားသူများမှာ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ အထွေထွေ အတွင်းရေးမှူး (၁) ဒေါ်ချို ချို ကျော်ငြိမ်းနှင့် ကချင်ပြည်နယ် ဖားကန့်မြို့နယ် NDF မှ ဒေါ်ဘောက်ဂျာတို့ ဖြစ်သည်။

ရွေးကောက်ပွဲအပြီး ရက်ပိုင်းကာလ၌ ကြံ့ဖွံ့ပါတီ၏ မဲမသမာမှုများကို တနိုင်ငံလုံးသာမက ကမ္ဘာ့နိုင်ငံ အများအပြား ကလည်း ဝေဖန်မှုများ ရှိခဲ့ပြီး ရွေးကောက်ပွဲရလဒ်အား အသိအမှတ် မပြုဟု ပြောဆိုမှုများ ရှိခဲ့သည်။

နိုင်ငံရေးပါတီအများစုက ကြံ့ဖွံ့ပါတီအား တရားစွဲဆိုမှု များပြားလာပြီးနောက်ပိုင်း ကြံ့ဖွံ့ပါတီကလည်း ပြန်လှန် တရားစွဲဆိုမှုများ ပေါ်ပေါက်ခဲ့သည်။

တရားစွဲဆိုသူက ကျပ် ၁၀ သိန်း အကုန်ခံကာ တရားစွဲဆိုရမည်ဖြစ်ပြီး ရွေးကောက်ပွဲ ကော်မရှင်က စွဲဆိုခံရသူ၌ အပြစ်မရှိ ကြောင်း တွေ့ရှိခဲ့လျှင် တရားစွဲသူသည် ဒဏ်ငွေ ကျပ် ၃ သိန်းနှင့် ထောင်ဒဏ် ၃ နှစ် ကျခံရမည် ဖြစ်ကြောင်း သိရသည်။

ကြံ့ဖွံ့ပါတီသည် ရွေးကောက်ပွဲ၌ လွှတ်တော် သုံးရပ်စလုံး၏ မဲဆန္ဒနယ်စုစုပေါင်း ၁၁၅၄ နေရာအနက် ၈၈၂ နေရာ အနိုင်ရခဲ့ ကြောင်း အစိုးရ မီဒီယာများက တရားဝင်ကြေညာခဲ့သည်။

Ref: ဧရာဝတီ်

Read More...

ကျပ်ငွေ ရှားပါးသောကြောင့် မြန်မာ့စီးပွားရေးအခက်ကြုံ

နရီလင်းလက်
Thursday, 02 June 2011

မြန်မာပြည်တွင်းဈေးကွက်တွင် ဖြစ်ပေါ်နေသော ငွေလဲနှုန်း များကြောင့် ပြည်ပတွင် အလုပ် လုပ်ကိုင်သူများ မိသားစုထံ ငွေလွှဲရာတွင် နစ်နာ ဆုံးရှုံးလျက်ရှိသည်။

အမေရိကန် ဒေါ်လာသည် မြန်မာငွေ ကျပ် ၈၀၀ အောက်သို့ စံချိန်တင် ကျဆင်းနေပြီး ယနေ့ နံနက်ပိုင်း ငွေလဲနှုန်းမှာ တဒေါ်လာလျှင် ၇၈၅ ကျပ် ဖြစ်နေသည်။ ဒေါ်လာတန်ဖိုး ကျဆင်းနေခြင်းသည် လတ်တလော အခြေအနေတွင် ပြည်သူလူထု လက်အတွင်း မြန်မာငွေ ကုန်သွားခြင်းကြောင့် ဖြစ်နိုင်သည်ဟု ဒေါက်တာ ခင်မောင်ညိုက ဧရာဝတီကို ပြောပြသည်။

“ပိုက်ဆံရှိတဲ့ လူတွေက ကိုယ့်မှာရှိတဲ့ ဒေါ်လာတွေ ရောင်းထုတ်ပြီး ကျပ်ငွေတွေနဲ့ အိမ်ခြံမြေ လေလံ ဆွဲတာတွေ တော်တော် လုပ်လိုက်တော့ ဒီအချက်ကြောင့်လည်း ပါတယ်။ သာမန် ပြည်သူ လူထုကတော့ လက်ထဲမှာ ဒေါ်လာ မရှိဘူးလေ” ဟု သူက ပြောသည်။

လက်ရှိ မြန်မာငွေတန်ဖိုး မာနေသောကြောင့် မိသားစုထံ လစဉ် ငွေလွှဲနေခြင်းကို ခေတ္တ ရပ်နား ထားသည်ဟု စင်္ကာပူရှိ ကုမ္ပဏီတခုတွင် စာရင်းကိုင် လုပ်ကိုင်နေသူ မသူဇာထွန်းက ဧရာဝတီကို ပြောသည်။

“မြန်မာပြည်က ကိုယ့်မိသားစု အိမ်လခ ၊ ကျောင်းလခ ပေးရမယ့် အနေအထားမျိုး ဆိုရင်တော့ အရှုံးခံ ပြီး လွှဲရမှာပဲ ” ဟု သူက ပြောသည်။

စင်္ကာပူနိုင်ငံ IT ကုမ္ပဏီတခုတွင် လုပ်ကိုင်နေသည့် ကိုအောင်နိုင်ကလည်း “ စင်္ကာပူ ၁ ဒေါ်လာကို မနေ့က မြန်မာကျပ်ငွေ ၆၄၀ လောက်အထိ ကျသွားတယ်။ စင်္ကာပူငွေ ၁၀၀၀ လွှဲတာ မြန်မာငွေ ၁ သိန်းကျော် လောက် နာတယ်” ဟု ပြောသည်။

ငွေကြေး ဖလှယ်ရာတွင် အရှုံးပေါ်ခြင်းအပြင်၊ ကျဆင်းမှု မရှိသည့် ကုန်ဈေးနှုန်းကြောင့် ပိုမို ကျပ်တည်း နေကြသည်။

“အမ အမျိုးသားက ပြည်ပ သင်္ဘောလိုင်းမှာ အလုပ်လုပ်တာဆိုတော့ ငွေလွှဲရင် ကုမ္ပဏီက ဒေါ်လာ ယူမလား ၊ မြန်မာငွေနဲ့ လဲမလားဆိုပြီး ရွေးချယ်လို့ရတယ်။ များသောအားဖြင့် ဒေါ်လာ ယူတာများတယ်။ လက်ရှိ ဒေါ်လာဈေး ကျနေတော့ တခါလဲရင် ပမာဏများရင် များသလို သိန်းချီ နစ်နာတယ်” ဟု ရန်ကုန်မြို့နေ အိမ်ထောင်ရှင်မ တဦးက ပြောပြသည်။

ငွေလဲနှုန်း အပြောင်းအလဲ များသော်လည်း ငွေလွှဲသည့် လုပ်ငန်းများ ရပ်ဆိုင်းသွားခြင်း မရှိပေ။

“သူ့ ဟာနဲ့ သူ လွှဲနေတဲ့ သူတွေကတော့ ရှိတာပဲ။ မလေးမှာဆို မြန်မာ အလုပ်သမားတွေက အများကြီးပဲ။ နယ်ကရော ရန်ကုန်က လူတွေပါ ပါတော့ တလ တခါ မိသားစုက ဒီကနေ လွှဲမှ လည်ပတ်နိုင်မှာမျိုးတွေ ရှိတယ်လေ။ ဈေးကျလည်း လွှဲရတာပဲ။ လောလောဆယ် မလေးငွေ ၁ ကျပ်ကို မြန်မာကျပ်ငွေ ၂၆၄ ရှိတယ်” ဟု မလေးရှား နိုင်ငံတွင် ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေသူ မသင်းသင်းက ပြောသည်။

ငွေလဲနှုန်း တည်ငြိမ်မှု မရှိသည့် ပြဿနာကို ဖြေရှင်းနိုင်ရန် နိုင်ငံတကာကဲ့သို့ ငွေလဲ ဈေးနှုန်းထားများ တရားဝင် သတ်မှတ် သင့်သည်ဟု ဒေါက်တာ ခင်မောင်ညိုက သုံးသပ်ပြသည်။

“အစိုးရကနေ ၆ ကျပ်နဲ့ ကိုင်ထားတာမျိုးတွေ လုပ်လို့မရဘူး။ ဥပမာ ဓာတ်ဆီ တဂါလံကို သူရောင်းနေတဲ့ ဈေး ၂၅၀၀ ကျပ်ဆို ဒေါ်လာနဲ့ဆို ၄၀ လောက် ဖြစ်သွားပြီ။ ကမ္ဘာမှာ ဈေးအကြီးဆုံး နိုင်ငံ ဖြစ်သွားပြီ။ ဒီတော့ ၁ ဂါလံ ၂ ဒေါ်လာခွဲ ၊ ၃ ဒေါ်လာ လောက်နဲ့ ရောင်း ဒီဈေးတွေနဲ့ ယှဉ်ပြီး ၆ ကျပ်ကနေ သင့်လျော်တဲ့ ဈေး သတ်မှတ် ပေးသင့်တယ်”ဟု သူက ပြောသည်။

ဒေါ်လာ ဈေးနှုန်း ကျဆင်းလာမှုသည် ပြည်တွင်း ၀ယ်လိုအား ကျဆင်းမှု၊ နယ်စပ်ဒေသ မူးယစ်ဆေး လုပ်ငန်းမှ ဒေါ်လာ အမြောက်အမြား ဈေးကွက်တွင်းသို့ ၀င်ရောက်လာမှု ၊ တရုတ်နိုင်ငံနှင့် ပူးပေါင်းလုပ်မည့် လုပ်ငန်းများမှ ရင်းနှီး မြှုပ်နှံငွေများ ၀င်ရောက်လာမှု တို့နှင့် ဆက်နွယ်နေသည်ဟု လုပ်ငန်းရှင်များက ယူဆနေကြသည်။

ထိုင်း-မြန်မာ နယ်စပ်ဒေသတွင် ထိုင်းငွေ ၁ ဘတ်လျှင် မြန်မာငွေ ၂၅ ကျပ်၊ ကျပ် တသိန်းလျှင် ထိုင်းဘတ် ၃၇၀၀ ကျပ်ဈေး ပေါက်နေသောကြောင့် မြန်မာငွေ ၀ယ်ယူ စုဆောင်း နေသည်ဟု တာချီလိတ်-မယ်ဆိုင် ဒေသခံ တဦးက ဧရာဝတီကို ပြောပြသည်။

တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးမှာလည်း လက်ရှိ အခြေအနေတွင် အရောင်းအ၀ယ် အေးနေကြောင်း သိရသည်။

“နယ်စပ်ကုန်သည်တွေကတော့ မြန်မာငွေ တန်ဖိုး မာနေတော့ ဈေးအရောင်းအ၀ယ် မကိုက်ဘူး ဖြစ်နေတာပေါ့။ တရုတ် ဘက်က သွင်းတဲ့ ပစ္စည်းတွေက တရုတ်ငွေနဲ့ ၀ယ်ရတာ ဆိုတော့ အခု မနက်တင် ၈-၁ ဖြစ်သွားပြီ။ ၈ ယွမ်ဆို မြန်မာ ငွေ ၁၀၀၀ ကျပ် ရှိတယ်” ဟု မူဆယ် ကုန်သည်ကြီးများ အသင်းမှ အဖွဲ့ဝင် တဦးက ဆိုသည်။

သူက ဆက်၍ “လောလောဆယ် သွင်းမယ့် ကုန်တွေ ခဏ ရပ်ထားတယ်။ မြန်မာငွေကလည်း ထပ် တက်ဦးမယ့် သဘော ရှိနေတယ်။ တရုတ်ငွေနဲ့ ရောင်းပြီး မြန်မာငွေနဲ့ ပြန်ဝယ်တော့ ရှုံးတယ်၊ မကိုက်ဘူးပေါ့” ဟု ပြောသည်။

ဖြစ်ပေါ်နေသော ငွေလဲနှုန်း၏ ဒဏ်ကို ခံနေရသူများထဲတွင် ကုမ္ပဏီများ၊ အဖွဲ့အစည်းများတွင် ဒေါ်လာဖြင့် လစာ ရရှိနေသည့် ၀န်ထမ်းများလည်း ပါဝင်သည်။

တချို့သော အလုပ်ရှင်တို့က အခမဲ့ ဈေးဝယ်ကတ်ပြား ထုတ်ပေးခြင်း၊ ရှားပါးစရိတ် ထုတ်ပေးခြင်းဖြင့် ၀န်ထမ်းတို့၏ အကျပ်အတည်း ပြေလည်စေရန် ဆောင်ရွက်နေကြသည်။

Ref: ဧရာဝတီ်

Read More...

ဘုရားသုံးဆူ ဒေသခံများ တိမ်းရှောင်

သန်းထိုက်ဦး
Thursday, 02 June 2011

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အကြား တင်းမာမှု တိုးလာသဖြင့် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်ပြီး ထွက်ပြေး တိမ်းရှောင် နေကြကြောင်း သိရသည်။

အိမ်ခြေ ၂၀၀ ခန့်ရှိသည့် မဲကသာ ကျေးရွာတွင် ရွာလုံးကျွတ်နီးပါး ထွက်ပြေးကြကြောင်း ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။

“ရွာသားတွေက ကြောက်လို့ တောထဲမှာ ပုန်းရှောင်နေသူကပုန်း၊ ဘုရားသုံးဆူမြို့ထဲကို ၀င်သူက၀င်၊ ကလေး ကျောင်းနေတဲ့ အရွယ်တွေကျတော့ အခု ကျောင်း မတက်ရဲတော့ဘူး” ဟု သူက ရှင်းပြသည်။

မေလ ၂၇ ရက်နေ့မှ စတင်၍ ကရင် အမျိုးသား အစည်းအရုံး KNU ၏ တပ်ဖွဲ့ဝင်တချို့က မဲကသာ ကျေးရွာတွင် တပ်စွဲ ထားသော ခြေမြန် တပ်ရင်း (ခမရ) အမှတ် ၃၇၃ ၏ တပ်များကို သွားရောက် တိုက်ခိုက်ခဲ့သည်။

ဤအတောအတွင်း မြန်မာ့တပ်မတော်ကဘုရားသုံးဆူမြို့တွင် စစ်အင်အား တိုးချဲ့ချထား လိုက်ကြောင်း ထိုဒေသ အရေးကို လေ့လာနေသည့် လွတ်လပ်သော မွန်သတင်း အေဂျင်စီမှ အယ်ဒီတာ တဦးဖြစ်သည့် ကိုလ၀ီက ပြောသည်။

ရော်ဘာခြံတွင် လုပ်ကိုင်နေသော ဒေသခံများကို မြန်မာ့တပ်မတော်က မကြာခင်ရက်ပိုင်း အတွင်းက အထမ်းသမား ပေါ်တာ အဖြစ် စေခိုင်းရန် လိုက်လံ ဖမ်းဆီးမှုများ ရှိသည်ဟု သူက ဆိုသည်။

ထိုဒေသတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ ၀င်များလည်း လှုပ်ရှားလျက် ရှိသည်။

မေလ ၃၀ ရက်နေ့တွင် DKBA က ဘုရားသုံးဆူမြို့နယ် ချောင်းဆုံကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ် ခဲ့ကြောင်း ဒေသခံ တို့က ပြောသည်။

“လက်နက်ကြီးနဲ့ နှစ်လုံး လှမ်းပစ်တယ်၊ လှမ်းပြီး ပစ်တော့ တလုံး ကွဲတယ်၊ တလုံးကတော့ မကွဲဘူး၊ ကွဲတဲ့ အလုံးက ရွာအလယ် ဈေးတန်းမှာ ကျတယ်၊ ဈေးတန်းမှာ ကျတော့ မောင်သောသော ဆိုတဲ့ သူကို ဘယ်ဘက် ပေါင်မှာ တချက် ထိတယ်၊ ခြေဖနောင့်မှာ တချက် ထိတယ်” ဟု ဒေသခံ တဦးက ပြောသည်။

ဘုရားသုံးဆူ ဒေသတွင် မြန်မာ့တပ်မတော်၏ ခြေလျင်တပ်ရင်း (ခလရ) အမှတ် ၂၈၃ ရှိပြီး ယခုအခါ ခမရ ၃၇၃ နှင့် ခမရ ၅၆၃ တို့ကို တိုးချဲ့ ချထားကြောင်း သိရသည်။

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ ဘုရားသုံးဆူမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ဒေသခံ အများအပြား ထိုင်းနိုင်ငံ ဘက်သို့ ထွက်ပြေး တိမ်းရှောင် ခဲ့ရသည်။

Ref: ဧရာဝတီ်

Read More...

ဂျွန်မက်ကိန်း မြန်မာ့အရေး ဆက်ထောက်ခံမည်

ရန်ပိုင်
Thursday, 02 June 2011

အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့တွင် ယနေ့ တွေ့ဆုံရာ မြန်မာ့ ဒီမိုကရေစီ အရေးကို ဆက်လက် ထောက်ခံ သွားမည်ဟု ပြောဆို လိုက်ကြောင်း သိရသည်။

ညနေ ၄နာရီခန့်က ၎င်းတို့ နှစ်ဦး တနာရီကြာ ဆွေးနွေးရာတွင် ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြည်တွင်း ပြည်ပ သတင်းထောက်များကို ပြောပြသည်။

မစ္စတာဂျွန်မက်ကိန်းသည် ယနေ့ နေ့လယ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒု ဥက္ကဋ္ဌ ဦးတင်ဦး အပါ အ၀င် ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPP) အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် မကြာမီ ခရီးလည့်လည်မည့် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးနှင့် ပတ်သက်၍လည်း ဆွေးနွေးကြကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်တဲ့အခါ လုံခြုံရေးနဲ့ ပတ်သက်လို့ အစိုးရမှာ အပြည့်အ၀ တာဝန်ရှိတဲ့ အကြောင်းကို ဆွေးနွေးတယ်” ဟု ဦးအုန်းကြိုင်က ဆိုသည်။

ဂျွန်မက်ကိန်းနှင့် ယနေ့ ဆွေးနွေးအပြီး သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က မကြာမီ ခရီးထွက်မည် ဖြစ်ပြီး တိုင်းပြည်ကို အသိပေးပြီးမှ သွားရောက်မည်ဟု ပြောပြခဲ့သည်။

ဂျွန်မက်ကိန်းသည် ယမန်နေ့က နေပြည်တော်တွင် ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် တို့နှင့် သီးခြားစီ
တွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ဆွေးနွေးကြသည်ဟု ယနေ့ထုတ် အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

နေပြည်တော်တွင် ဂျွန်မက်ကိန်းက နိုင်ငံရေး အကျဉ်းသားများ အကျဉ်းသား အခွင့်အရေး အပြည်အ၀ ရရှိရေး၊ အကျဉ်းထောင် များသို့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ (ICRC) သွားရောက် စစ်ဆေးခွင့် ပြန်လည် ရရှိရေးတို့ကို တောင်းဆိုခဲ့သည်ဟု သိရကြောင်း ဦးအုန်းကြိုင်က ပြောပြသည်။ မြန်မာပြည် အပေါ် စီးပွားရေး ပိတ်ဆို့မှုများနှင့် ပတ်သက်၍လည်း ဆွေးနွေးသည်ဟု ဆိုသည်။

ဂျွန်မက်ကိန်းသည် ယနေ့နံနက်ပိုင်းက ရန်ကုန်ရှိ HIV/AIDS ဝေဒနာသည်များ စောင့်ရှောက်ရေး ဂေဟာ တခု၊ ဦးကျော်သူ ဦးဆောင်သည့် နာရေးကူညီမှု အသင်းရုံး တို့ကို သွားရောက် လေ့လာခဲ့သည်။

ထို့နောက် ဒု ဗိုလ်မှူးကြီးဟောင်း ဦးကျော်ဆန်း၊ ဦးနိုင်းနိုင်း၊ ကိုသိန်းဆွေ၊ အဆိုတော် ဇေယျာသော် စသည့် မကြာမီက လွတ်မြောက် လာသည့် နိုင်ငံရေး အကျဉ်သားဟောင်း များနှင့် နေ့လယ်စာ စားခဲ့သည်။

ဂျွန်မက်ကိန်းက ဤခရီးစဉ်နှင့် ပတ်သက်ပြီး မနက်ဖြန် နံနက်ပိုင်း ရန်ကုန်မြို့တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်ဟု သိရသည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ ဒု လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ဂျိုးဇက်ယွန်း မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး အစိုးရ အဖွဲ့ဝင်များ၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ NLD ခေါင်းဆောင်များ၊ ၂၀၁၀ ရွေးကောက်ပွဲဝင် နိုင်ငံရေး ပါတီ ခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့သည်။

ဦးသိန်းစိန် အစိုးရသစ် တာဝန်ယူပြီး ၂လကျော်တွင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ်၏ အထူး အကြံပေးပုဂ္ဂိုလ် မစ္စတာဗီဂျေ နမ်ဗီးယား၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေး ဗျူရို အမြဲတမ်း ကော်မတီဝင် ကျာချင့်လင်၊ တရုတ် စစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ရှီချိုင်ဟုန်၊ ဘင်္ဂလားဒေ့ရှ် နှင့် ထိုင်းနိုင်ငံတို့မှ စစ်ခေါင်းဆောင်များ လာရောက် လည်ပတ်ခဲ့သည်။

Ref: ဧရာဝတီ်

Read More...

ရန်ကုန်မှ လူမှုရေးလုပ်ငန်းများ ဂျွန်မက်ကိန်း လေ့လာ

Thursday, 02 June 2011

မြန်မာနိုင်ငံတွင် ရောက်ရှိနေသော အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ HIV/AIDS လူနာ စောင့်ရှောက်ရေး ဂေဟာ တခု နှင့် နာရေး ကူညီမှုအသင်းသို့ သွားရောက် လေ့လာသည်။

ဒဂုံမြို့သစ် တောင်ပိုင်းရှိ HIV/AIDS လူနာ စောင့်ရှောက်ရေး ဂေဟာတွင် ဂျွန်မက်ကိန်းက ဝေဒနာရှင် တဦးချင်းစီကို လိုက်လံ နှုတ်ဆက်ပြီး ရင်းရင်းနှီးနှီး စကား ပြောခဲ့ကြောင်း ဂေဟာ တာဝန်ခံ မဖြူဖြူသင်းက ပြောပြသည်။

“(ဝေဒနာသည်တွေကို) သူတတ်နိုင်သမျှ ကူညီပါမယ်လို့လည်း ပြောတယ်။ ဆင်းရဲ နွမ်းပါးနေတဲ့ ဝေဒနာ သည်တွေကို မြင်တော့ သူ စိတ်ထိခိုက် သွားတဲပုံပဲ” ဟု မဖြူဖြူသင်းက ဆိုသည်။

နံနက် ၁၁ နာရီတွင် ဂျွန်မက်ကိန်းသည် ဒဂုံမြို့သစ် မြောက်ပိုင်းရှိ နာရေးကူညီမှု အသင်းရုံးသို့ သွားရောက်ပြီး ကျန်းမာရေး၊ ပညာရေး လုပ်ငန်းများကို လေ့လာသည်။

ဂျွန်မက်ကိန်းက ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေ၊ သေဆုံးမှုနှုန်း စသည့် အကြောင်း အရာများကို မေးမြန်း ဆွေးနွေးခဲ့ကြောင်း အသင်းတာဝန်ခံ ကိုကျော်သူက ပြောသည်။

မြန်မာပြည် ခရီးစဉ် ပထမနေ့က နေပြည်တော်တွင် အချိန်ပေးခဲ့သည့် ဂျွန်မက်ကိန်းသည် ရန်ကုန်သို့ ရောက်မှသာ ပြည်သူများ၏ လက်တွေ့ ဘ၀ကို စတင် မြင်တွေ့ သွားသည်ဟု ကိုကျော်သူက ပြောသည်။

“မနေ့က နေပြည်တော် ရောက်တော့ အဆောက်အအုံတွေက ခမ်းနား ကြီးကျယ်ပြီး အရောင် တလက်လက်၊ ဒီနေ့ ရန်ကုန်မြို့က ပြည်သူတွေကို မြင်ရတော့ အပြောင်းအလဲ တခု ကြုံရသလိုပဲလို့ သူက ရှင်းပြတယ်” ဟု ဦးကျော်သူက ပြောသည်။

ဂျွန်မက်ကိန်းသည် ယမန်နေ့က နေပြည်တော်တွင် အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။

ရန်ကုန်ရှိ နိုင်ငံရေးလောကမှ ထင်ရှားသူများနှင့် ယနေ့ တွေ့ဆုံမည်ဟု သိရသည်။

အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းသည် အမေရိကန် နိုင်ငံရေး လောကတွင် အစဉ်အလာ ကြီးသည့် နိုင်ငံရေးသမား တဦး ဖြစ်သည်။ မြန်မာပြည် ဒီမိုကရေစီ ရရှိရေးကို ဦးစားပေး ဆောင်ရွက်နေသူလည်း ဖြစ်သည်။

ရေတပ်တွင် နှစ်ပေါင်းများစွာ စစ်မှု ထမ်းခဲ့သည့် ဂျွန်မက်ကိန်းသည် ၁၉၈၂ ခုနှစ်တွင် အရီဇိုးနား ပြည်နယ်ကို ကိုယ်စားပြုပြီး အထက် လွှတ်တော်အမတ် အဖြစ် ရွေးကောက်ခံရသည်။

သူနှင့် ဇနီး ဖြစ်သူ စင်ဒီ တို့တွင် သားသမီး ၇ ဦး၊ မြေး ၄ ဦး ရှိသည်။

Ref: ဧရာဝတီ်

Read More...

အင်တာနက် ဂျီမေးလ်တွေ ၀င်ဖောက်မှု FBI စစ်ဆေး

ကြာသပတေး, 02 ဇွန် 2011

အမေရိကန် အရာရှိတွေ၊ တရုတ်နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေနဲ့ စာနယ်ဇင်း သမားတွေ အပါအ၀င် လူရာပေါင်း များစွာရဲ့ E-mail တွေကို တရုတ်နိုင်ငံက ကွန်ပြူတာ စနစ်ထဲ ခိုးဝင် တိုက်ခိုက်သူ hacker တွေက ထိုးဖောက် ၀င်ရောက် ခဲ့တယ်လို့ Google အင်တာနက် ကုမ္ပဏီက စွပ်စွဲထားတာတွေကို အမေရိကန် အာဏာပိုင်တွေက စုံစမ်း စစ်ဆေး သွားမယ့် အကြောင်း နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောဆိုလိုက်ပါတယ်။

ဒါဟာ ပြင်းထန်တဲ့ စွပ်စွဲချက် ဖြစ်တယ်လို့ ကြာသပတေးနေ့မှာ ပြောဆိုခဲ့ပေမဲ့ မှန်မမှန် အသေးစိတ်တော့ ၀န်ကြီး ကလင်တန်က ပြောမသွားခဲ့ပါဘူး။

တိုက်ခိုက်မှုတွေကို စုံစမ်းသွားဖို့ Google ကုမ္ပဏီနဲ့ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို (FBI) အဖွဲ့ဝင်တွေ ပူးပေါင်း ဆောင်ရွက် နေတယ်လို့လည်း ပြောပါတယ်။

ဂျီမေးလ်အကောင့် သုံးစွဲသူတွေရဲ့ လျှို့ဝှက် password တွေကို ခိုးယူဖို့ ကြိုးပမ်းမှုတွေဟာ တရုတ်နိုင်ငံ အရှေ့ပိုင်း ဂျီနန် (Jinan) ဒေသက မြစ်ဖျား ခံလာတယ်လို့ Google ကုမ္ပဏီက ပြောဆို ထားပေမဲ့လည်း ဘယ် E-mail တွေကို ထိုးဖောက် ၀င်ရောက်ခဲ့သလဲ ဆိုတာကိုတော့ မပြောပါဘူး။

ဘယ်အမေရိကန် အရာရှိတွေရဲ့ E-mail တွေ အဖောက်ခံရတယ်၊ ဘယ်လောက်ကြာကြာ ၀င်ရောက်ခဲ့တယ် ဆိုတာတွေ ကိုလည်း Google ကုမ္ပဏီက အတိအကျ မပြောခဲ့ပါဘူး။

အမေရိကန် သမ္မတ အိမ်ဖြူတော်ကတော့ အစိုးရ E-mail အကောင့်တွေကို တိုက်ခိုက် ခံရတယ်လို့ ယုံကြည် ရလောက်တဲ့ အကြောင်းရင်းမျိုး လောလောဆယ် မတွေ့ရဘူးလို့ အစောပိုင်းမှာ ပြောဆို ထားတာပါ။

တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူကတော့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံကို အပြစ်ဖို့ တာဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ကြာသပတေး နေ့ကပဲ သတင်းစာ ရှင်းလင်းပွဲအတွင်း တုံ့ပြန် ပြောဆို လိုက်ပါတယ်။

Ref: VOA News

Read More...

ငွေလိုတဲ့ DKBA ကားပိုင်ရှင်တွေထံက တောင်း

ကျော်ခ
ကြာသပတေးနေ့၊ ဇွန်လ ၀၂ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ လက်နက်ခဲယမ်းများ ဝယ်ယူရန်အတွက်ဆိုကာ တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် DKBA က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အတွင်း ခရီးသည်တင် ကားပိုင်ရှင်များ ထံမှ ဗုဒ္ဓဟူးနေ့ ညနေတွင် ငွေကြေး တောင်းခံ ခဲ့ကြောင်း တပ်မှူးများက ဝန်ခံ ပြောကြားသည်။

“ကျနော်တို့အတွက် စစ်သုံး လက်နက်ခဲယမ်းတွေ ဝယ်ဖို့ အတွက်လိုလို့ ကားသမားတွေဆီက အကူအညီ တောင်းတာပါ။ သူတို့ နားလည် သဘောပေါက်အောင် ရှင်းပြပြီး တောင်းတာပါ။ ကျနော်တို့က ကားတစီးကို ၁ သိန်းတော့ တောင်းတယ်။ တချို့တော့ ရတယ်။ တချို့က အဆင် မပြေလို့ မရဘူး” ဟု DKBA ကလို့ ထူးဘောဗျူဟာ (၁) ၊ အမှတ် ၉ဝ၇ ဒုရင်းမှူး ဗိုလ်မှူး ကော့ဒိုစိုးက မဇ္ဈိမကို ပြောသည်။

ခရီးသည်များ အပြောအရ အင်အား ၁၀၀ ခန့်ရှိ DKBA တပ်ဖွဲ့ဝင်များက ကော့ကရိတ်-မြဝတီ ကားလမ်းပေါ်တွင် ညနေ ၃ နာရီကျော်မှ စ၍ နှစ်နာရီကြာ လမ်းကို ပိတ်ဆို့ ထားလိုက်ပြီး ဆက်ကြေး တောင်းခြင်း ဖြစ်သည်။ ငွေတောင်းခံသူ များမှာ အစိမ်းရောင် ပြောက်ကျား ဝတ်စုံများ ဝတ်ဆင်ထားပြီး၊ မောင်းပြန် ရိုင်ဖယ်များ ဗုံးသီးများ ကိုင်ဆောင်ထားသည်ဟု ဆိုသည်။

မော်တော်ယာဉ် ပိုင်ရှင်များ ပြောကြားရာတွင် DKBA တပ်မဟာ ၅ ၏ စစ်ဆင်ရေးမှူး ဗိုလ်မှူးစောဆန်းအောင် ဦးစီးသည်ဟု ဆိုသည်။

မှန်လုံကား တစီးလျှင် ကျပ်ငွေ ၂ သိန်း၊ ဟိုင်းလတ်ကား တစီးလျှင် ၁ သိန်းနှင့် ဆိုင်ကယ် တစီးလျှင် ၁ သောင်းစီ တောင်းခံခဲ့ပြီး၊ ခရီးသည်များ ထံမှ တောင်းခံခြင်း မရှိဟု မြဝတီမှ မော်လမြိုင်သို့ ပြေးဆွဲနေသည့် ယာဉ်မောင်းတဦးက ပြောသည်။

“သူပုန်တွေ တောင်းတဲ့အတိုင်း ကားသမား အများစုက မပေးနိုင်ကြဘူးဗျ။ ဒါပေမဲ့ ပေးနိုင်သလောက် ပေးလည်း သူတို့က ပြဿနာ ရှာတာတော့ မရှိပါဘူး။ ခရီးသည်တွေ ဆီကတော့ ဘာမှ မတောင်းဘူး။ အစိုးရကို မကြိုက်ရတဲ့ အကြောင်း အရင်းကိုတော့ သူတို့က တရားဟောသွားတယ်” ဟု ယာဉ်ပိုင်ရှင်က မဇ္ဈိမကို ပြောသည်။

အခင်းဖြစ်စဉ် နေရာနှင့် တမိုင်ခန့်အကွာတွင် အစိုးရတပ်များ ဖြစ်သည့် ခလရ ၅၄၇ နှင့် ၂၃၀ ရှိနေပြီး၊ ဝင်ရောက် ဟန့်တားခြင်း မရှိဘဲ ည ၇ နာရီခန့်တွင် ၆၀ မမ လက်နက်ကြီးများဖြင့် ၉ ကြိမ် ပစ်ခတ်ခဲ့ပြီးနောက် DKBA တပ်ဖွဲ့များ နောက်ကြောင်း ဆုတ်သွားခဲ့သည်။

“အခုလို လုပ်လိုက်တာဟာ ပြည်သူလူထုကို မင်းတို့ စစ်တပ်က ဘယ်လောက်လုံခြုံမှု ပေးနိုင်သလဲ ဆိုတာရယ်၊ ငါတို့ လုပ်မယ်ဆိုရင် ဘယ်နေရာမဆို အချိန်မရွေး လုပ်လို့ရတယ် ဆိုတာကို စစ်တပ်ကို လုပ်ပြလိုက်တာ” ဟု DKBA ဗိုလ်မှူး ကော့ဒိုစိုးက ပြောသည်။

ဆက်ကြေး ကောက်ခံခြင်း ဆိုသော စကားရပ်အစား သူက တော်လှန်ရေးအတွက် အလှူငွေဟု အသားပေး ပြောသွားသည်။

ယင်းအစီအစဉ်တွင် လိုက်ပါခဲ့သည့် ဗိုလ်မှူးစောဆန်းအောင်၏ လက်ရင်းတပည့် အရာရှိ တဦးကမူ “အဓိကတော့ စစ်တပ်က ကျနော်တို့ နယ်မြေတွေကို စိုးမိုးသထက် စိုးမိုးနိုင်အောင် လုပ်လာတယ်။ ထိုင်းနဲ့ စီးပွားရေး ဆက်သွယ်မှုမှာလည်း ဒီလမ်းကြောင်း ကနေ ကျနော်တို့ကို စင်ထွက်သွားအောင် လုပ်လာနေလို့ ကျနော်တို့က အခုလိုလုပ်တာ” ဟု မဇ္ဈိမကို ပြောသည်။

မြဝတီ-ကော့ကရိတ် လမ်းကြောင်းပေါ်တွင် KNU၊ နှင့် DKBA ပူးပေါင်းတပ်များနှင့် စစ်အစိုးရ တပ်များ အကြား မေလလယ် ပိုင်းမှ စ၍ မကြာခဏ တိုက်ပွဲများ ဖြစ်နေခြင်းကြောင့် ယင်းလမ်းကြောင်းတွင် ခရီးသည်များ အသွားအလာ နည်းပါးလာကြောင်း မြဝတီမြို့ရှိ ကားလက်မှတ် အရောင်းဌာန များကလည်း မဇ္ဈိမကို ပြောသည်။

အလားတူ မြဝတီမြို့ပေါ်ရှိ ဈေးများ၊ စားသောက်ဆိုင်များနှင့် လူသုံးကုန် အဝတ်အထည် ဆိုင်များသည်လည်း ရောင်းဝယ်မှု အေးစက် လာခဲ့ကြောင်း မြို့ခံဈေးသည်များက ပြောသည်။

Ref: မဇ္ဈိမ

Read More...

Thursday, June 2, 2011

ရန်ကုန်၌ တရားဝင် ဆန္ဒပြခွင့် တောင်းဆို

လင်းသန့်
Tuesday, 31 May 2011

၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ် ၄ ဦးက နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး အတွက် ရန်ကုန်မြို့တွင် လာမည့် ဇွန်လ ၅ ရက်နေ့၌ “တရားဝင်ဆန္ဒပြခွင့်” ကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ ပြည်ထဲရေး ၀န်ကြီးထံ ခွင့်ပြုချက် တောင်းခံ ထားကြောင်း သတင်းရရှိသည်။

ဆန္ဒပြကြမည့်သူ ၄ ဦးမှာ ဦးဝင်းချို၊ ဦးမင်းအောင်၊ ဦးစိုးကြည်၊ ဦးနေမျိုးဝေ တို့ဖြစ်ပြီး ၄င်းတို့သည် ၂၀၁၀ ရွေးကောက် ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ ကိုယ်စားလှယ်လောင်း များကို ရှုံးနိမ့် ခဲ့သူများလည်းဖြစ် သည်။

ဇွန်လ ၅ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၉ နာရီ ၃၀ မိနစ် မှ နေ့လယ် ၁၁ နာရီ ၃၀ မိနစ်အထိ ရန်ကုန် မြို့တော်ခန်း မ ရှေ့၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ရှေ့၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဘေး ဆိုသည့် နေရာ သုံး နေရာ အနက် သက်ဆိုင်ရာ အာဏာပိုင်များ၏ ခွင့်ပြုသော နေရာ တခုတွင် ဆန္ဒပြမှုကို ပြုလုပ်ရန်အတွက် မေလ၂၆ ရက် နေ့က အစိုးရထံ ခွင့်ပြုချက် တောင်းဆိုထားကြောင်း ဆန္ဒပြမှုတွင် ပါဝင်မည့် ဦးဝင်းချိုက ဧရာဝတီကိုပြောသည်။

ဆန္ဒပြအစီအစဉ်တွင် ဟောပြောခြင်း၊ စာရွက်စာတမ်းဝေငှခြင်းနှင့် အခြားသူများ လိုက်ပါ ပူးပေါင်း ဆန္ဒပြခြင်းများကို လုပ်ဆောင်ခွင့် ပြုမည် မဟုတ်ဘဲ မီဒီယာများနှင့် အင်တာဗျူးခြင်းသာ ရှိမည် ဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ် ၄ ဦး၏ ကြေညာချက် တွင် ဖော်ပြထားသည်။

ယခုလှုပ်ရှားမှုသည် ယခင်စစ်အစိုးရ ရေးဆွဲအတည်ပြုခဲ့သော၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ၏ အခန်း(၈) နိုင်ငံ သား၊ နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် တာဝန်များ၌ ဖော်ပြထားသော အပိုဒ် ၃၅၄ ၏ အပုဒ်ခွဲ (က)“ မိမိ၏ ယုံ ကြည်ချက်၊ ထင်မြင် ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင်၊ ရေးသားဖြန့်ဝေခွင့်”နှင့် (ခ) “လက်နက် မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်း လှည့်လည်ခွင့်”ကို အစိုးရသစ် လက်ထက်တွင် ပထမဆုံး တရားဝင် တောင်းဆိုခြင်း ဖြစ် သည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက အတိုင်း ကျနော်တို့နိုင်ငံသားတွေမှာ အခွင့်အရေး ရှိလား ဆိုတာတော့ သိချင်တာပေါ့ဗျာ။ နိုင်ငံသား အခွင့်အရေးများနဲ့ အညီ အခုလို ဆန္ဒပြပြီး အကျဉ်းကျ ခံနေရတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဇာဂနာ အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေကို အမြန်ဆုံး ခြွင်းချက်မရှိ လွှတ်ပေးဖို့ တောင်းဆို သွားမယ်”ဟု ဦးဝင်းချိုက ရှင်းပြသည်။

ဆန္ဒပြမည့်သူ ၄ ဦးလုံးသည် ၂၀၀၈ ဖွဲ့စည်းပုံအတိုင်း နိုင်ငံသားအခွင့် အရေးများအရ လွတ်လပ်စွာ ဆန္ဒ သဘောထား ထုတ်ဖော်ခွင့် အပေါ် ယုံကြည်ကြောင်း၊ နိုင်ငံသားတိုင်း အဆိုပါအခွင့်အရေးများကို ရပိုင်ခွင့် ရှိကြောင်း၊ ထို့ကြောင့် ဥပဒေ တွင်း ဒီမိုကရေစီ အသွင် ကူးပြောင်းရေး အတွက် လုပ်ဆောင် ကြိုးပမ်းနေသည် ဖြစ်ကြောင်း ဦးမင်းအောင်ကလည်း ရှင်းပြ သည်။

“ကျနော်တို့ကို အခုလိုလုပ်တဲ့အခါမှာ အစိုးရက ဖမ်းဆီးမယ်ဆိုရင် ကျနော်တို့က နိုင်ငံသား အခွင့်အရေး အတွက် လုပ်နေ တာကို ဖမ်းတယ် ဆိုတော့ ဒီအခြေခံ ဥပဒေပါ အတိုင်း လုပ်ဆောင်တာကို လုပ်ခွင့်မရှိဘူး ပြောလိုက်တယ်လို့ ယူဆမယ်။ ဒါဆိုရင် ဖွဲ့စည်းပုံပါ ဒီမိုကရေစီ အခွင့်အရေး၊ နိုင်ငံသား အခွင့်အရေး တွေဟာ စက္ကူလို ဖြစ်သွားမယ်”ဟု ဦးဝင်းချိုက ဆိုသည်။

သက်ဆိုင်ရာအစိုးရအာဏာပိုင်များအနေဖြင့် ယခုကဲ့သို့ ဆန္ဒပြရန် လမ်းညွှန်မှု တောင်းခံခြင်းကို ခွင့်မပြုလျှင်၂၀၀၈ အခြေ ခံဥပဒေပါ ပုဒ်မ ၃၇၇ အရ ပြည်ထောင်စု တရား လွှတ်တော်ချုပ် အထိ ဆက်လက် တောင်းခံ သွားခွင့်လည်း ရှိကြောင်း သိရသည်။

“တိုင်းပြည်ကို အများကြီးကောင်းကျိုးဆောင်ရွက်နိုင်တဲ့ ကျောင်းသား ခေါင်းဆောင်တွေ အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ ထောင်တွေထဲမှာ အများကြီး ကျန်နေသေးတယ်။ သူတို့ လွတ်မြောက်ဖို့ အတွက် ကျနော်တို့က စွန့်ရတာပါပဲ။ ဥပဒေကို တကယ် ကိုင်ဆွဲရင်တော့ ကျနော်တို့ကို ဖမ်းဆီးခွင့် မရှိပါဘူး။ ဖမ်းမယ်ဆိုလည်း အဆင်သင့်ပဲ။ မဖမ်းဘူး လို့လည်း အပြည့် မယုံထားဘူး။ ကျနော်တို့က အစိုးရ သစ်ဟာ အခြေခံ ဥပဒေကို တကယ်လေးစား လိုက်နာသလား ဆိုတာ အပေါ် စမ်းသပ်မှုလို့ ပြောနိုင်တယ်”ဟု ဦးမင်းအောင် က ပြောသည်။

အဆိုပါ ဆန္ဒပြရန်ကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန်မြို့ရှိ နိုင်ငံရေးအကျဉ်းသားများအရေး ကူညီ ဆောင်ရွက် ပေးလေ့ ရှိသည့် ဥပဒေ အကျိုးဆောင် ဦးအောင်သိန်းက“ဒါက သူတို့ ရပိုင်ခွင့်အရ ခံစားမှုကို တင်ပြတာပဲ။ သူတို့ရဲ့ပိုင်ခွင့် အပေါ်မှာ အလုပ် စတင်လုပ်တာပဲ။

သူတို့ရဲ့တောင်းဆိုမှု ဘယ်လောက်ရမလဲဆိုတာတော့ ကျနော်တို့ကစောင့်ကြည့် ရမှာပေါ့” ဟု မှတ်ချက်ပေး ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံအကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား၂၀၀၀ ကျော် ဆက်လက် ရှိနေသေးကြောင်း နိုင်ငံရေး အကျဉ်း သားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) ၏ စာရင်းများတွင် ဖော်ပြထားသည်။

Ref: ဧရာဝတီ်

Read More...

ရန်ကုန် လေကြောင်းလိုင်း ဦးဇော်ဇော် ၀ယ်ယူ

ရန်ပိုင်
Wednesday, 01 June 2011

ပြည်တွင်း ပုဂ္ဂိလက လေကြောင်းလိုင်း တခုဖြစ်သော ရန်ကုန် အဲဝေး (Yangon Airways) လေကြောင်း လိုင်းကို အစိုးရနှင့် နီးစပ် သူဟု လူသိများသည့် စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော် ၀ယ်ယူလိုက်သည်ဟု ရန်ကုန်စီးပွားရေး အသိုင်းအ၀န်းက ပြောသည်။

ရန်ကုန် အဲဝေး လေကြောင်းလိုင်းသည် ယမန်နှစ် နိုဝင်ဘာလ အတွင်းက လေယာဉ်ပျံသန်း ပြေးဆွဲခွင့် လက်မှတ် (Aircraft Operator Certificate) မရှိဟူသော အကြောင်းပြချက်ဖြင့် အာဏာပိုင်များ၏ ပြေးဆွဲခွင့် ရပ်ဆိုင်း ခံထားရသည်။

ယခင်က ရန်ကုန် အဲဝေးကို ပိုင်ဆိုင်သူမှာ “၀” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA) ခေါင်းဆောင် ဦးပေါက်ယူချန်း၏ သားမက် စီးပွားရေး လုပ်ငန်းရှင် ဦးအိုက်ဟော့ ခေါ် စိုင်းဟော့ ဖြစ်သည်။

ပြီးခဲ့သည့်လအတွင်းက ရန်ကုန် အဲဝေးကို မက်စ်မြန်မာ ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်အား ၀ယ်ယူခွင့် ပြုခဲ့ခြင်း ဖြစ်သည်ဟု ထိုကုမ္ပဏီနှင့် နီးစပ်သည့် လုပ်ငန်းရှင်တဦးက ပြောသည်။

“ဦးဇော်ဇော်က ဧရာဝတီဘဏ် အတွက် ဦးအိုက်ဟော့ ပိုင်တဲ့ မေဖလားဝါးဘဏ် အဟောင်းတွေကို ၀ယ်ဖို့ ဆက်သွယ်ရင်း ကနေ လေကြောင်းလိုင်း ၀ယ်ဖို့ ပြောဖြစ်တာ၊ ဒါနဲ့ ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးကို တင်ပြတော့ ၀ယ်ခွင့်ရလိုက်တာ” ဟု ၎င်းက ဆိုသည်။

လာမည့် ပွင့်လင်းရာသီတွင် ပြည်တွင်းခရီးစဉ်များကို ပြန်လည်ပြေးဆွဲနိုင်မည်ဟု မျှော်လင့်ထားပြီး နောင်တွင် ဒေသတွင်း နိုင်ငံများသို့ ပြေးဆွဲရန် ရည်ရွယ်ထားကြောင်း၊ ယခုလောလော ဆယ်တွင် ရပ်နားထားရသည့် လေယာဉ်များ ပြန်လည်
ပြင်ဆင်ရန်နှင့် လေယာဉ် ၀န်ထမ်းများ ခေါ်ယူရန် စီစဉ်ရဦးမည် ဖြစ်ကြောင်းလည်း သူက ပြောပြသည်။

မည်သည့် ပမာဏဖြင့် အရောင်းအ၀ယ် ဖြစ်သွားသည်ကို အသေးစိတ် မသိရသေးပေ။ ရန်ကုန် အဲဝေး လေကြောင်းလိုင်း သတင်းနှင့် ပတ်သက်၍ မက်စ်မြန်မာ ကုမ္ပဏီအား ဧရာဝတီက ဆက်သွယ် မေးမြန်းရာ ဖြေဆိုရန် ငြင်းဆိုသည်။

ဦးဇော်ဇော်သည် ဒု သမ္မတ သီဟ သူရ ဦးတင်အောင်မြင့်ဦးနှင့် ရင်းနှီးသူတဦးဖြစ်ပြီး မော်တော်ယာဉ် တင်သွင်းခြင်း၊ ဧရာဝတီ ဘဏ်လုပ်ငန်း၊ ထားဝယ် ရေနက် ဆိပ်ကမ်း တည်ဆောက်ရေး၊ ၂၀၁၃ ခုနှစ် ဆီးဂိမ်း အားကစားပွဲ အတွက် နေပြည်တော်တွင် တည်ဆောက်နေသည့် အဆင့်မြင့် အားကစားကွင်း တည်ဆောက်ရေး၊ ရန်ကုန်မြို့၊ ရန်ကင်း မြို့နယ်ရှိ ယခင် သတ္တုတွင်း ၀န်ကြီးဌာန ရုံးချုပ်အား ကလေးဆေးရုံ အဖြစ် ပြောင်းလဲ တည်ဆောက်ရေးနှင့် လောင်စာဆီ ဖြန့်ဖြူးရေး၊ ကျောက်မျက် တူးဖော်ရေး စသည့် လုပ်ငန်းများကို လုပ်ကိုင်နေသူဖြစ်သည်။

ရန်ကုန် အဲဝေး လေကြောင်းလိုင်း၏ မူလပိုင်ရှင်ဖြစ်သော ဦးအိုက်ဟော့သည် ၂၀၀၃ ခုနှစ်က တရားမ၀င် ငွေကြေး ခ၀ါချမှု ပြုလုပ်သည်ဟု စွပ်စွဲချက်ဖြင့် ဖျက်သိမ်းခံခဲ့ရသည့် မြန်မာ မေဖလားဝါးဘဏ် ကိုလည်း ပိုင်ဆိုင်ခဲ့သူ တဦးဖြစ်သည်။

ရန်ကုန် အဲဝေး လေကြောင်းလိုင်းကို ထူး ကုမ္ပဏီပိုင်ရှင် ဦးတေဇ နှင့် ကမ္ဘောဇဘဏ် ပိုင်ရှင် ဦးအောင်ကိုဝင်း တို့က ၀ယ်ယူ ရန် ကြိုးစားသော်လည်း အစိုးရက ခွင့်မပြုခဲ့ကြောင်း မက်စ်မြန်မာနှင့် နီးစပ်သည့် လုပ်ငန်းရှင်က ဆက်လက်ပြောသည်။

ယခုအခါ မြန်မာနိုင်ငံရှိ လေကြောင်းလိုင်းများကို ယခင် စစ်အစိုးရနှင့် နီးစပ်သည်ဟု လူသိများသော စီးပွားရေး သမားကြီးများက ပိုင်ဆိုင် ထားသည်ကို တွေ့ရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သည်ဟု အများ ပြောဆိုနေသည့် ဦးတေဇသည် ပြည်တွင်း ပြည်ပ ပြေးဆွဲနေသည့် အဲပုဂံ(Air Bagan) နှင့် ပြည်တွင်း ပြေးဆွဲနေသည့် Asia Wing လေကြောင်းလိုင်းကို ပိုင်ဆိုင်ထားပြီး ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် နီးစပ်သည်ဟု လူသိများသည် ဦးအောင်ကိုဝင်းက ပြည်ပ ခရီးစဉ်များ ပြေးဆွဲသည့် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) နှင့် ပြည်တွင်း ပြေးဆွဲသည့် ကမ္ဘောဇ လေကြောင်းလိုင်း များကို ပိုင်ဆိုင်ထားသည်။

Ref: ဧရာဝတီ်

Read More...

အဖိနှိပ်ဆုံး စာရင်းမှာ မြန်မာ ထိပ်တန်းက ပါရှိ

Lisa Schlein's Report in Burmese
ဗုဒ္ဓဟူး, 01 ဇွန် 2011

ကမ္ဘာတ၀န်း အဖိနှိပ်ဆုံး တိုင်းပြည်တွေထဲ မြန်မာနိုင်ငံလည်း အပါအ၀င် ဖြစ်တယ်လို့ နိုင်ငံတကာက လွတ်လပ်ခွင့် အခြေ အနေတွေကို စောင့်ကြည့် အကဲခတ်နေတဲ့ Freedom House အဖွဲ့က ပြောဆို လိုက်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်နေတဲ့ နိုင်ငံနဲ့ ဒေသပေါင်း ၁၇ ခုထဲမှာ မြန်မာ နိုင်ငံကိုပါ ထည့်သွင်း ဖော်ပြထားတဲ့ အစီရင်ခံစာ တစောင် ထုတ်ပြန်ရာမှာ Freedom House အဖွဲ့က ဖော်ပြ လိုက်တာပါ။ ဒီအကြောင်း အစီရင်ခံစာ ထုတ်ပြန်ရာ ဂျီနီဗာမြို့ကနေ ဗွီအိုအေ သတင်းထောက် လီဆာ ရှလိုင်း (Lisa Schlein) သတင်းပေးပို့ထားတာကို ကိုအောင်လွင်ဦးက တင်ပြ ပေးထားပါတယ်။

နိုင်ငံရေးနဲ့ လူမှုအခွင့်အရေး လွတ်လပ်ခွင့် မရှိဆုံး နိုင်ငံတွေအဖြစ် မြန်မာနိုင်ငံ၊ အီကွေတာဂီနီ၊ အီရစ်ထရီးယား၊ လစ်ဗျား၊ မြောက်ကိုရီးယားနဲ့ ဆူဒန်တို့ကို စာရင်းထဲမှာ ထည့်သွင်း ထားတာပါ။ လူ့အခွင့်အရေး ချိုးဖောက်သူတွေ အဖြစ် ဒီတိုင်းပြည် တွေဟာ နှစ်တိုင်းလိုလို ထပ်တလဲလဲ ပြန်ပါလာ နေတယ်လို့လည်း အစီရင်ခံစာက ထောက်ပြ ထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ဆိုရင် ၂၀၀၁ ခုနှစ်ကစလို့ ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်အထိ နိုင်ငံရေးနဲ့ လူမှုလွတ်လပ်ခွင့် မရှိဆုံး အဆင့်မှာ သတ်မှတ် ခံထားရတာပါ။

ဆီးရီးယား၊ ဆိုမာလီယာ၊ တာ့ခ်မင်နစ္စတန်၊ လစ်ဗျား၊ ကျူးဘားနဲ့ ဆော်ဒီအာရေးဗီးယား တို့လို နိုင်ငံတွေဟာ ဆိုရင် ကမ္ဘာပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စနစ် တကျနဲ့ ပြင်းပြင်း ထန်ထန် ချိုးဖောက်နေတဲ့ တိုင်းပြည်တွေ အဖြစ်လည်း Freedom House က ပြောပါတယ်။ ဒီတိုင်းပြည်တွေက ရှက်စရာကောင်းတဲ့ အခြေအနေတွေကို မီးမောင်းထိုးပြဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ပိုပြီး တက်တက်ကြွကြွ ကြိုးပမ်းလာနေတဲ့ အတွက်ကိုတော့ အားရမိတဲ့ အကြောင်း အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ဖြစ်သူ ပေါ်လာ ရှရီဖာ (Paula Schriefer) က ပြောပါတယ်။

ပြီးခဲ့တဲ့ လအနည်းငယ် အတွင်းမှာပဲ မြန်မာနိုင်ငံ၊ လစ်ဗျား၊ ဆီးရီးယား၊ ဆိုမာလီယာ၊ ဆူဒန်နဲ့ မြောက်ကိုရီးယား တို့အပေါ် လူ့အခွင့်အရေး ကောင်စီက ဆုံးဖြတ်ချက် ချဖို့ ဒါမှမဟုတ်ရင်လည်း အထူး ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ အာရုံစိုက် ဆောင်ရွက် ခဲ့တာတွေ ရှိခဲ့တယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့လည်း အဖွဲ့ရဲ့ စာရင်းထဲမှာ ထည့်သွင်းထားတဲ့ နိုင်ငံ တနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကို လူ့အခွင့်အရေး ကောင်စီက ကိုင်တွယ်ဖို့ လက်တွန့် နေတာကတော့ စိတ်မကောင်းစရာ ဖြစ်ရ တယ်လို့လည်း Freedom House ရဲ့ ညွှန်ကြားရေးမှူး ရှရီဖာက ပြောခဲ့တာပါ။

“ဒီနိုင်ငံမှာ ဆိုးဆိုးရွားရွား ချိုးဖောက်မှုတွေ ရှိနေပေမဲ့လည်း အရင်က ရှိခဲ့တဲ့ လူ့အခွင့်အရေး ကော်မရှင်မှာရော၊ အခု လူ့အခွင့်အရေး ကောင်စီမှာရော ဆုံးဖြတ်ချက် တရပ် အောင်အောင်မြင်မြင် ချမှတ်တာမျိုး၊ အထူး အစည်းအဝေး တရပ် ကျင်းပတာမျိုးလို ပစ်မှတ်ထား ကိုင်တွယ်တာမျိုး မရှိဖူးပါဘူး။ ဖလွန်ဂေါင်း (Falun Gong) လို အဖွဲ့မျိုးတွေ၊ ၀ီဂါတွေ၊ တိဘက်တွေလို လူမျိုးစုတွေ အပေါ် ဖိနှိပ်မှုတွေဟာ အမြဲလို ကြုံနေရတဲ့ ကိစ္စပါ။”

အာဖရိက ၇ နိုင်ငံဟာလည်း လူ့အခွင့်အရေး ချိုးဖောက်မှု အဆိုးရွားဆုံး တိုင်းပြည်စာရင်းမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ ဆူဒန်နိုင်ငံ မြောက်ပိုင်း ဇာတိသား ဖြစ်ပြီး အခုအခါ ယူဂန်ဒါနိုင်ငံမှာ ခိုလှုံနေထိုင်သူ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေး သုတေသန ဌာနရဲ့ အာဖရိက ရေးရာ အမှုဆောင် ညွှန်ကြားရေးမှူး အော့စ်မန် ဟူမိုင်ဒါ (Osman Hummaida) ကတော့ သူ့တိုင်းပြည်ဟာ ထိပ်တန်း စာရင်းဝင် အဖြစ် ဆက်လက် ရှိနေတဲ့ အတွက် စိတ်မကောင်း ဖြစ်ရကြောင်း ပြောပါတယ်။ တူနီးရှားနဲ့ အီဂျစ်နိုင်ငံတွေက အုံကြွ လှုပ်ရှားမှုတွေနဲ့ နောက်ဆက်တွဲ တုံ့ပြန်ချက် အနေနဲ့ အစိုးရက ဖိနှိပ် တင်းကျပ်မှုတွေကို ပိုပြီးတော့တောင် ဆောင်ရွက် လာနေတယ်လို့လည်း သူက ပြောခဲ့တာပါ။

“ဇန်န၀ါရီလကတည်းက အစိုးရက အာဏာမှာ ဆက်နေနိုင်အောင် နည်းဗျူဟာတွေနဲ့ ယန္တရားပုံစံ အပြောင်းအလဲ တွေကို သုံးလာပါတယ်။ အစိုးရအနေနဲ့ အာဖရိက ဦးချိုဒေသနဲ့ အရှေ့အလယ်ပိုင်းက အခြေအနေတွေ အပေါ် စိတ် ကသိကအောက် ဖြစ်နေတာပါ။ အုံကြွမှုတွေ အပေါ် နှိမ်နင်းတာ၊ အရပ်သားတွေ၊ အထူးသဖြင့် ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲတွေမှာ သူတို့ဘက်က တုံ့ပြန်ပုံ တွေဟာ ညှင်းပန်း နှိပ်စက်တဲ့ ပုံစံတွေနဲ့ အစိုးရက ဒီအဖွဲ့တွေအပေါ် အရေးယူ ကိုင်တွယ်ပုံတွေမှာ စိတ်မသက်သာစရာ ကိစ္စတွေ ပါလာပါတယ်။”

လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ကမ္ဘာတ၀န်း ဒီမိုကရေစီ လွတ်လပ်ခွင့် စံတန်ဖိုးတွေဟာ ကျဆင်း လာနေတယ် လို့လည်း Freedom House ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။ ကမ္ဘာပေါ်က ဒေသတိုင်း လိုလိုမှာ ခြိမ်းခြောက်မှု အသစ်တွေ ပေါ်ပေါက် လာနေတယ်လို့လည်း အစီရင် ခံစာက သတိပေး ထားတာပါ။ ဒီအထဲမှာ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက် သူတွေနဲ့ လူမှု အသိုင်း အ၀န်းမှာ တိုက်ခိုက် ခံရတာတွေ၊ စာနယ်ဇင်း လွတ်လပ်ခွင့် အပေါ် ကန့်သတ်မှုတွေနဲ့ သတင်းသမားတွေ အပေါ် တိုက်ခိုက်မှုတွေ တိုးလာတာတွေ ပါဝင်တယ် လို့လည်း ပြောပါတယ်။

မကြာသေးခင်က လူ့အခွင့်အရေး ကျဆင်းမှုတွေ ရှိခဲ့ပေမဲ့လည်း ၂၀၁၁ ခုနှစ်အတွင်း အခြေအနေတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကနဲ့ စာရင်တော့ သိသိ သာသာသာ လွတ်လပ်ခွင့်တွေ ရှိနေပြီလို့လည်း ပြောခဲ့တာပါ။ ဒါဇင်နဲ့ချီတဲ့ တိုင်းပြည်တွေမှာ ဆိုရင်လည်း အာဏာရှင် အစိုးရတွေကို ဒီမိုကရေစီ နည်းကျ ရွေးချယ် တင်မြှောက်တဲ့ အစိုးရတွေနဲ့လည်း အစားထိုး နိုင်ခဲ့တယ်လို့ Freedom House ရဲ့ အစီရင်ခံစာက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

ယီမင် လမ်းပေါ်တိုက်ပွဲ ၄၀ ကျော် သေဆုံး

ဗုဒ္ဓဟူး, 01 ဇွန် 2011

ယီမင်နိုင်ငံမြို့တော် ဆာနာ (Sana’a) မှာ အစိုးရရဲ့ တပ်တွေနဲ့ အတိုက်အခံ လူမျိုးစု အကြီး အကဲဖြစ်သူ ရှိတ်ခ် ဆာဒက်ခ် အယ်လ် အာမာ (Sheik Sadeq al-Ahmar) ကို သစ္စာခံသူတွေကြား လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားနေပါတယ်။

စစ်ဒဏ်ခံနေရတဲ့ တိုင်းပြည်ကနေ နိုင်ငံခြား သံတမန်တွေ ထွက်ခွာနေချိန်မှာပဲ အချက်အချာ နေရာတွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းရင်း တိုက်ပွဲတွေဟာ ဗုဒ္ဓဟူးနေ့ အရုဏ်တက်ချိန်က စလို့ တနေကုန် ဖြစ်ပွားနေတာပါ။

ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ မျက်မြင်တွေ့သူ တွေကတော့ တိုက်ခိုက်မှုတွေ အတွင်း လူပေါင်း ၄၁ ယောက် ထက်မနည်း သေဆုံး ခဲ့ကြောင်း ပြောပါတယ်။

လူမျိုးစု အတိုက်အခံ အဖွဲ့တွေ သိမ်းပိုက်ထားတဲ့ အစိုးရ ၀န်ကြီးရုံးတွေနဲ့ အဆောက်အဦး နေရာ အတော် များများ ရှိရာ မြို့တော် မြောက်ပိုင်းက ဟာဆာဘာ (Hasaba) အရပ်မှာ တိုက်ခိုက်မှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့တာပါ။

အစိုးရတပ်တွေရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် သမ္မတ အလီ အဗ္ဗဒူလာ ဆာလေး (Ali Abdullah Saleh) ရဲ့ အဓိက ပြိုင်ဘက်ဖြစ်သူ အယ်လ် အာမာရဲ့ နေအိမ်ခြံဝန်း အကြီးအကျယ် ပျက်စီး သွားခဲ့သလို ဒီနေရာမှာ အစိုးရက ရေနဲ့ လျှပ်စစ် မီးတွေကိုလည်း ဖြတ်တောက် ထားပါတယ်။

ယီမင်နိုင်ငံရဲ့ အာဏာအရှိဆုံး စစ်တပ်ခေါင်းဆောင် တဦးဖြစ်တဲ့ ဗိုလ်မှူးချုပ် အလီ မိုဆန် အယ်လ် အာမာ (Ali Mohsen al-Ahmar) ရဲ့ ဌာနချုပ်ရုံးရှိရာ နေရာကိုလည်း ဗုဒ္ဓဟူးနေ့တုန်းက သမ္မတရဲ့ သစ္စာခံတဲ့ တပ်တွေက မော်တာတွေ၊ RPG တွေနဲ့ ပစ်ခတ်ခဲ့တာပါ။

ဗိုလ်မှူးချုပ် မိုဆန်ဟာ ယီမင်နိုင်ငံမှာ သြဇာကြီးမားတဲ့ ဟာရှစ်ဒ် (Hashid) လူမျိုးစုဝင် ဖြစ်ပြီး သမ္မတ ရာထူးက ထွက်ပေးရေး ၄ လ နီးပါးကြာ ဆန့်ကျင် အုံကြွနေသူတွေနဲ့ မတ်လထဲမှာပဲ ပူးပေါင်းသွားခဲ့တာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

မက်ကိန်းသည် အားသစ်တခုဟု ဦးဝင်းတင်ပြော

ကိုပေါက် | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၀၁ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ အမေရိကန် ဆီးနိတ်အမတ် ဂျွန်မက်ကိန်း John McCain မြန်မာ့အရေး လာရောက် ဆွေးနွေးသည်မှာ အင်အားသစ် တခု တိုးလာခြင်းဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ခေါင်းဆောင် ဦးဝင်းတင်က ပြောသည်။

“မြန်မာပြည်အရေးကို သံတမန်ချင်း လက်ဝါးရိုက်ပြီး ဗမာပြည်ကိုလည်း ပြန်မပြော၊ အဲလိုလုပ်မယ့် အစား ဂျွန်မက်ကိန်းလို ပွင့်ပွင့်လင်းလင်း ပြောတဲ့ ပုဂ္ဂိုလ်မျိုးဟာ သူဆွေးနွေး သမျှကို လူသိရှင်ကြား ပြန်ပြောမှာပဲ၊ ဖွင့်ချမှာပဲလို့ ယူဆပါတယ်။ တခြားသော သံတမန်တွေထက် ပိုပြီး ပွင့်လင်းမှု ရှိလိမ့်မယ်လို့ ယူဆရပါတယ်။ ဒါကြောင့် မက်ကိန်း လာခြင်းဟာ ဘာပဲပြောပြော အင်အားသစ် တခု တိုးလာတယ်လို့ ကျနော်ကတော့ ယူဆပါတယ်” ဟု ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

၃ ရက်ကြာ မြန်မာပြည် ခရီးစဉ်ကို ဗုဒ္ဓဟူးနေ့တွင် စတင်လိုက်ကာ ဂျွန်မက်ကိန်းသည် ကြာသပတေးနေ့ နေ့လည် ၂ နာရီတွင် NLD ရုံးချုပ်၌ CEC အဖွဲ့နှင့် ဆွေးနွေးမည် ဖြစ်ပြီး၊ ဦးဝင်းတင်မှာမူ ကျန်းမာရေး အခြေအနေအရ တက်ရောက်နိုင်မည် မဟုတ်ပေ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန် တွေ့ဆုံဆွေးနွေးရေး ဖြစ်မြောက် လာရန် အတွက် ကြိုးပမ်းပေးရန် မစ္စတာ ဂျွန်မက်ကိန်းကို NLD ဘက်က ပြောဆိုရန် စီစဉ်ထားသည်။

“ဒီဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟိုဘက်က ဦးသိန်းစိန်တို့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးနိုင်ရေး ကြိုးပမ်း ပေးပါလို့ ပြောရမှာပေါ့။ နောက် ကျနော်တို့ အဖွဲ့ချုပ် ဆက်လက် ရပ်တည်ရေး ကြိုးပမ်းနေတဲ့ ကိစ္စတွေ ရှင်းပြမယ်။ နိုင်ငံရေး အကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးရေးဟာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အတွက် အရေးကြီးတဲ့ အခြေခံဖြစ်တယ်။ ဒါကို ကူညီ ဆောင်ရွက်ပေးပါလို့ ပြောမယ်” ဟု NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

တနေ့တည်းတွင် မစ္စတာမက်ကိန်းက ဦးအေးသာအောင်၊ ပူးကျင့်ရှင်းထန် အပါအဝင် လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPP နှင့်ပါ တွေ့ဆုံဦးမှာ ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း နေအိမ်သို့ သွားရောက် တွေ့ဆုံမည်။

မေလ ၁၈ ရက်နေ့တွင် အမေရိကန် ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Joseph Y Yun မြန်မာနိုင်ငံသို့ ၄ ရက်ကြာ လာရောက်ခဲ့ အပြီး သီတင်းပတ်နှစ်ပတ် အကြာ ဆီးနိတ် အမတ်တဦး ထပ်မံ ရောက်ရှိလာခြင်း ဖြစ်သည်။

“ခက်တာက အမေရိကန်က ဒီမိုကရေစီနိုင်ငံဗျ။ လွှတ်တော်ကလည်း ၂ ရပ်၊ ကဏ္ဍ ကဏ္ဍအလိုက် check and balance လုပ်နေရတော့၊ လွှတ်တော် အမတ်ကလည်း လွှတ်တော် အမတ်တာဝန် လုပ်ရတာ ရှိတော့ သူ့ကဏ္ဍနဲ့သူ ဆောင်ရွက်ကြတာ ဖြစ်တယ်လို့ ထင်ပါတယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။

မစ္စတာကိန်းသည် ကြာသပတေးနေ့ နေ့လည် ၁၂ နာရီတွင် ၂ဝ၁ဝ ရွေးကောက်ပွဲဝင် ပါတီများ ဖြစ်သော အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည)၊ ရခိုင်တိုင်းရင်းသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီ RNDP ၊ ဒီမိုကရက်တစ် ပါတီ (မြန်မာ) မှ ကိုယ်စားလှယ်များ အပြင် ကချင်ဘာသာရေး ခေါင်းဆောင် တဦးနှင့်လည်း တွေ့ဆုံဖို့ ရှိကြောင်း NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

“သူ့အနေနဲ့ စီးပွားရေးပိတ်ဆို့မှုကို ဆက်ထားဖို့သင့်တယ်ဆိုရင် ကျနော်တို့က မေးစရာ ရှိတာပေါ့ဗျာ။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ တိုးတက်ရေး အတွက် ပိတ်ဆို့ ထားတယ်။ ဒီနှစ် ၂ဝ မှာ မရခဲ့ဘူး။ အခု ဆက်ပိတ် ထားမယ် ဆိုရင်ရော ရနိုင်မယ်လို့ ဘယ်သူက အာမခံချက် ရှိလို့လဲ။ ဘယ်အာမခံချက်နဲ့ ဆက်ပိတ်မှာလဲ ဆိုတာ ကျနော်တို့ မေးကောင်း မေးရဖို့ အကြောင်းရှိမှာပါ။ ကျနော်တို့ နိုင်ငံမှာ စီးပွားရေး ပိတ်ဆို့ထားမှုက နံပါတ်တစ် ဖြစ်နေတာကိုး” ဟု သူက ဆိုသည်။

မစ္စတာကိန်းအနေနှင့် အစိုးရ ခေါင်းဆောင်များနှင့်ပါ တွေ့ဆုံမည်ဖြစ်ကာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး၊ နိုင်ငံရေး အကျဉ်းသားများ အရေးနှင့် ဒုက္ခသည်များ အရေးကို ဆွေးနွေး သွားမည်ဟု အင်္ဂါနေ့တွင် ထိုင်းနိုင်ငံ၌ သတင်းထောက် များကို ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ အမေရိကန်ခေါင်းဆောင်များ တလအတွင်း ၂ ကြိမ် လာရောက်ခဲ့သလို၊ အိမ်နီးချင်း တရုတ်နိုင်ငံမှ ကွန်မြူနစ် ပါတီ ပေါလစ်ဗျူရို အဖွဲ့ဝင် ကျာချင့်လင်လည်း ဧပြီ လဆန်းပိုင်းတွင် လာရောက်ခဲ့ပြီး၊ မြန်မာ သမ္မတ ဦးသိန်းစိန်လည်း တရုတ်နိုင်ငံသို့ မေလ ၂၆ ရက်နေ့တွင် သွားရောက် ခဲ့သေးသည်။

“အမေရိကန်အစိုးရနဲ့ တရုတ်နဲ့ ဗမာပြည်ပြင်ပမှာ ဆွေးနွေးစေချင်တယ်။ ဒီစစ်အစိုးရကို မဏ္ဍိုင် ပြုပြီးတော့ တရုတ်က ဆွေးနွေးလိုက်၊ အမေရိကန်က ဆွေးနွေးလိုက် လုပ်နေရင် အရပ် စကားနဲ့ ပြောရရင် လူရာသွင်းပြီး လုပ်နေသလို ဖြစ်နေတယ်။ ဒေသဆိုင်ရာ ဆွေးနွေးပွဲတွေ၊ အာရှမြောက်ပိုင်း၊ အာရှ အရှေ့မြောက်ပိုင်းဒေသပေါ့။ အဲလိုနေရာမျိုးမှာ ခိုင်ခိုင်မာမာ ဆွေးနွေး သင့်တယ်လို့ ယူဆတယ်ဗျ” ဟု ဦးဝင်းတင်က ဆိုသည်။

အမေရိကန် ခေါင်းဆောင်များအနေနှင့် မြန်မာနိုင်ငံသို့ လာရောက်တိုင်း အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ NLD ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးလေ့ရှိသည်။

ရန်ကုန်မြို့ရှိ တရုတ်သံရုံးသည် ၁၉၉ဝ ရွေးကောက်ပွဲ ကျင်းပအပြီး NLD ထံ လာရောက် တွေ့ဆုံသည့် ပထမ ဆုံးသော နိုင်ငံခြား သံရုံး ဖြစ်ခဲ့သော်လည်း ယခုအခါ NLD နှင့် တရားဝင် ဆက်ဆံရေး မရှိတော့ကြောင်း သိရသည်။

Ref: မဇ္ဈိမ

Read More...

အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း မြန်မာနိုင်ငံ ရောက်ရှိ

ဒေါ်ခင်မျိုးသက်
ဗုဒ္ဓဟူး, 01 ဇွန် 2011

ဒီနေ့ မြန်မာနိုင်ငံကို ရောက်လာခဲ့တဲ့ အမေရိကန် ပြည်ထောင်စု အရီဇိုးနားပြည်နယ် ၀ါရင့် ရီပတ်ဘလီကန် အထက် လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) ဟာ မြန်မာအစိုးရ ခေါင်းဆောင်ပိုင်းနဲ့ နေပြည်တော်မှာ တွေ့ဆုံဖို့ ရှိပါတယ်။ မြန်မာနိုင်ငံကို ဒုတိယ အကြိမ်မြောက် ၃ ရက်ကြာ အခုလို လာရောက်တဲ့ ခရီးစဉ် အတွင်းမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပြင် NLD အပါအ၀င် တခြား နိုင်ငံရေးပါတီ အဖွဲ့ဝင်တွေနဲ့ပါ တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ စုံစမ်းထားတဲ့ ဗွီအိုအေ ၀ိုင်းတော်သူ ဒေါ်ခင်မျိုးသက်က တင်ပြ ပေးထားပါတယ်။

အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းဟာ ဗုဒ္ဓဟူးနေ့ကစပြီး သောကြာနေ့အထိ မြန်မာနိုင်ငံကို ၃ ရက်ကြာ ခရီး လာရောက် နေကြောင်းနဲ့ သူ့ခရီးစဉ်အတွင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်လို့ ရန်ကုန် အမေရိကန် သံရုံး ပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။ မစ္စတာ မက်ကိန်းဟာ ဗုဒ္ဓဟူးနေ့မှာ နေပြည်တော်ကို သွားရောက်ပြီး ဒု-သမ္မတ သီဟသူရ တင်အောင်မြင့်ဦး၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရရွှေမန်းနဲ့ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်တို့နဲ့ တွေ့ဆုံမယ်လို့ အမည် မဖော်လိုတဲ့ အစိုးရ အရာရှိတွေကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြကြပါတယ်။

၂၀၀၈ ခုနှစ်က အမေရိကန် သမ္မတလောင်း အဖြစ်နဲ့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ အမေရိကန် အထက် လွှတ်တော်အမတ် မစ္စတာ မက်ကိန်းရဲ့ အခု မြန်မာနိုင်ငံ ခရီးစဉ်ဟာ ဒုတိယမြောက် ခရီးစဉ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အစိုးရသစ် တက်လာပြီးတဲ့နောက် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အာရှဒေသ ဆိုင်ရာ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဖ် ယွန်း (Joseph Yun) မြန်မာနိုင်ငံကို လာခဲ့ပြီး တလလောက် အကြာမှာ ရောက်လာခဲ့တဲ့ မစ္စတာ မက်ကိန်းဟာ မြန်မာ အစိုးရသစ် အဖွဲ့ဘက်က ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး အတွက် ဘယ်လောက် လေးနက်မှု ရှိတယ် ဆိုတာကို အကဲဖြတ်ဖို့ သွားရောက်မှာလို့ အင်္ဂါနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

မြန်မာစစ်အစိုးရအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိတဲ့ မစ္စတာ မက်ကိန်း အနေနဲ့ မြန်မာနိုင်ငံ အကျဉ်းထောင်တွေ ထဲက နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော် လွတ်မြောက်ရေး အတွက် မြန်မာအစိုးရကို တိုက်တွန်း ပြောကြားဖို့ ရှိတယ်လို့ ပြောပါတယ်။ ဗုဒ္ဓဟူးနေ့ မြန်မာ အစိုးရသစ် အဖွဲ့နဲ့ တွေ့ဆုံ အပြီးမှာတော့ ရန်ကုန်ကို ပြန်လာပြီး ကြာသပတေးနေ့မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဝင်တွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ NLD ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောပါတယ်။

“၂ နာရီမှာ ကျနော်တို့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့နဲ့ စတွေ့ပါမယ်။ ဗဟို အလုပ်အမှုဆောင် အဖွဲ့နဲ့အတူ CRPP အဖွဲ့ရဲ့ ခေါင်းဆောင် များလည်း ပါပါမယ်။ CEC နဲ့ တွေ့ပြီးမှ ဒေါ်အောင်ဆန်းစုကြည်က သူ့အိမ်ကနေ လက်ခံ တွေ့မှာပါ။”

အဲဒီတော့ ဦးအုန်းကြိုင်တို့နဲ့ NLD ရုံးချုပ်မှာ တွေ့မှာပေါ့။

“ကျနော်တို့နဲ့က ရုံးချုပ် အစည်းအဝေးခန်းမမှာ တွေ့မှာပါ။”

CEC အဖွဲ့နဲ့ တွေ့ပြီးတော့မှ CRPP နဲ့ တွေ့မှာလား၊ တပြိုင်တည်း တွေ့မှာလား။

“CRPP နဲ့ CEC အဖွဲ့က တပေါင်းတည်း တွေ့မှာပါ။ ၂ နာရီမှာပါ။”

ဘယ်လောက် အချိန်ကြာကြာ တွေ့မယ်လို့ သတ်မှတ်ထားလဲ။

“ကျနော်တို့ အကြမ်းဖျင်း သိတာကတော့ ၃ နာရီခွဲလောက်အထိ ကြာလောက်မယ် ထင်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့တဲ့ အချိန်မှာတော့ ဦးဉာဏ်ဝင်းတို့၊ ဦးဟံသာမြင့်တို့ ရှိနိုင်ပါတယ်။ ကျနော်တို့ CEC နဲ့တွေ့တဲ့ အချိန်မှာတော့ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး၊ နောက် CEC အဖွဲ့ဝင်များပေါ့။ အဲဒီမှာ ဒီနေ့အထိ အခြေအနေကတော့ ဆရာ ဦးဝင်းတင်က ကျန်းမာရေး မကောင်းလို့ တက်ရောက် နိုင်ဖွယ် မရှိပါဘူးခင်ဗျ။ CEC မှာကတော့ ဆရာ မတက်နိုင်ဘူး ဆိုရင် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်ထဲက ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့်ဝေ ရှိပါတယ်။ နောက် ကျနော်၊ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဒေါ်မေ၀င်းမြင့်၊ ဦးဝင်းမြင့်ပေါ့ဗျာ။ အဲဒါ CEC အဖွဲ့ဝင်တွေ ရှိပါတယ်။”

CRPP ထဲက ဘယ်သူ့ကို ဖိတ်ထားပါလဲ။

“CRPP ခေါင်းဆောင်တွေ အားလုံးကို ဖိတ်ထားတာပါ။ ဦးအေးသာအောင်၊ ဦးထောင်ကိုထန်း၊ ဦးစိုးဝင်း၊ ဦးနိုင်ထွန်းသိန်း စတဲ့ပုဂ္ဂိုလ်တွေ ရှိပါတယ်။”

ဦးအုန်းကြိုင် ပြောပြသွားတာ ဖြစ်ပါတယ်။

ဒီတခေါက် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်ခံတွေ အပြင် ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) နဲ့လည်း တွေ့ဆုံမှာမို့ ဒီလို တွေ့ဆုံတဲ့အခါ အရေးအကြီးဆုံး ဖြစ်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် ဖိအားပေး တိုက်တွန်းဖို့ ပြောကြားမယ်လို့ CRPP က ဦးကျင့်ရှင်းထန်က ပြောပါတယ်။

“ပထမဦးဆုံး National Reconciliation လုပ်နိုင်ဖို့ဟာ အရေးကြီးတယ်။ တိုင်းပြည်မှာ စီးပွားရေးလည်း ချွတ်ခြုံ ကျနေတယ်၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို မလုပ်မချင်း ကျနော်တို့ တိုင်းပြည်မှာ တိုးတက်မှုက ဘယ်အစိုးရပဲ တက်တက် ဖြစ်မှာ မဟုတ်ဘူး။ အဲဒါကြောင့် ဒါအရေးကြီးတယ်။ ဒါပေမဲ့ ဒီဥစ္စာ လုပ်ဖို့ဟာက အခု နိုင်ငံရေး အကျဉ်းကျနေတဲ့ ၂,၀၀၀ ကျော်ကို ဒီအတိုင်း ထားနေတာက အဆိုးဆုံး ဖြစ်တယ်။ ဒီလူတွေနဲ့ တွေ့ဆုံဆွေးနွေး စကားပြောကြစို့၊ လွှတ်ဖို့ ဖိအားပေးကြပါ ဆိုတာ ကျနော်တို့ တောင်းဖို့က ဒါ အဓိကပဲ။”

မစ္စတာ မက်ကိန်းဟာ NLD CEC နဲ့ CRPP တို့နဲ့ မတွေ့ခင်မှာ ဒီမိုကရက်တစ်ပါတီ (မြန်မာ) အပြင် တခြား ပါတီတွေက ကိုယ်စားလှယ် ၅ ဦးနဲ့လည်း နေ့လယ် ၁၂ နာရီမှာ တွေ့ဆုံဖို့ ရှိတယ်လို့ ပါတီ ခေါင်းဆောင် ဦးသုဝေက ပြောပါတယ်။

“မနက်ဖြန် နေ့လယ် ၁၂ နာရီ အမေရိကန် သံမှူးရဲ့အိမ်မှာ၊ ကျနော်တို့နဲ့ကတော့ NDF က ဦးခင်မောင်ဆွေ ပါမယ်၊ တစညက ဦးခင်မောင်ကြီး ပါမယ်၊ ပြီးတော့ တခြားပါတီက ၂ ယောက်ပါမယ်၊ နောက် ရခိုင်နဲ့ ၅ ယောက်ပေါ့၊ ကျနော်တို့ ချိန်းထားတာ။“

မစ္စတာ မက်ကိန်းဟာ သောကြာနေ့မနက် ၈ နာရီ ၄၅ မိနစ်မှာ ဒဂုံမြို့နယ် တော်ဝင်လမ်းမှာ ရှိတဲ့ အမေရိကန် စင်တာမှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပဖို့ ရှိတယ်လို့ ရန်ကုန် အမေရိကန် သံရုံးက အတည်ပြု ပြောကြား ခဲ့ပါတယ်။

Ref: VOA News

Read More...

NLD နိုင်ငံရေးသိပ္ပံသင်တန်း ဖွင့်မည်

ထွန်းထွန်း
ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၀၁ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ ပါတီဝင် လူငယ်လူကြီး အရည်အသွေး မြှင့်တင်ရေးအတွက် ၉ ရက်ကြာ နိုင်ငံရေး သိပ္ပံ ဘာသာရပ် သင်တန်းအား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က နိုင်ငံတကာရှိ ပါမောက္ခ ၈ ဦးဖြင့် ဇွန်လအတွင်း ဖွင့်လှစ် သင်ကြားသွားမည် ဖြစ်သည်။

ယခုလ ၂ဝ ရက်မှ ၂၈ ရက်နေ့အထိ ကျင်းပမည့် သင်တန်းသို့ ဟောင်ကောင် စီးတီး တက္ကသိုလ်မှ အာရှနှင့် နိုင်ငံတကာ ရေးရာ ဌာနမှ လက်ထောက် ပါမောက္ခ ဒေါက်တာ ကျော်ရင်လှိုင် အပါအဝင် စင်္ကာပူ အမျိုးသား တက္ကသိုလ် NUS နှင့် အရှေ့တောင်အာရှ လေ့လာရေး ကျောင်းမှ ပါမောက္ခများ ပထမဆုံးအကြိမ် လာရောက် ပို့ချရန် စီစဉ်ထားခြင်း ဖြစ်သည်။

သင်တန်းသားများမှာ ပြည်နယ်နှင့် တိုင်းများမှ ရွေးချယ်ထားသည့် NLD ပါတီဝင် ကိုယ်စားလှယ် ၄ ဦးစီနှင့် ပါတီ ဗဟို အဖွဲ့ဝင်များ စုစုပေါင်း ၈ဝ ဦးခန့် ဖြစ်ပြီး၊ အင်္ဂလိပ် စကားဖြင့် သင်ကြားမည် ဖြစ်ရာ ဦးဟန်သာမြင့်နှင့် ဦးဝင်းထိန် တို့က ဘာသာပြန် အဖြစ် ဆောင်ရွက်ပေးမည်။

“အထွေထွေအတွင်းရေးမှူး (ဒေါ်အောင်ဆန်းစုကြည်) လွတ်မြောက် လာပြီး ကတည်းကိုက ကျနော်တို့ လူကြီးတွေကော၊ လူငယ်တွေကော အကုန်လုံး၊ စည်းရုံးရေးမှူး အားလုံးကို အရည်အချင်း မြှင့်တင်ရေး အတွက် ဆောင်ရွက်ရမယ် ဆိုတဲ့ လမ်းညွှန်ချက် ရှိပါတယ်။ အဲဒီရည်ရွယ်ချက်နဲ့ ကျနော်တို့ သင်တန်းတွေ၊ ဆွေးနွေးပွဲတွေ၊ လုပ်ငန်းနှီးနှော ဖလှယ်ပွဲတွေ အကြိမ်ကြိမ် လုပ်ခဲ့တာပါ။ အခုဟာကတော့ နည်းနည်း အဆင့်မြင့်ပေါ့ဗျာ” ဟု NLD ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

သင်ကြားမည့် ဘာသာရပ်များမှာ Research Method (သုတေသနပြု လုပ်ငန်းလုပ်ဟန်များ)၊ ဖွဲ့စည်းပုံဆိုင်ရာ ဥပဒေ၊ ဥပဒေနည်းကျ တွေးခေါ် မျှော်မြင်ပုံ၊ အသွင် ကူးပြောင်းရေး ကာလဆိုင်ရာ သီအိုရီများ၊ Culture Anthropology (ယဉ်ကျေးမှုဆိုင်ရာ မနုဿဗေဒ) နှင့် Good Governance (ကောင်းမွန်သော အုပ်ချုပ်ရေး) တို့ ဖြစ်သည်။

သင်တန်း ပြုလုပ်ရေးအတွက် NLD အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ထံ ဒေါက်တာ ကျော်ရင်လှိုင်က ဧပြီလ ၂၆ ရက်နေ့တွင် လာရောက် တွေ့ဆုံကာ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

“ဒေါက်တာကျော်ရင်လှိုင်က ကျနော်တို့ဆီကို ကမ်းလှမ်းလာပါတယ်။ ဒီနိုင်ငံရေးသိပ္ပံ ဆိုင်ရာ၊ ဥပဒေဆိုင်ရာ သင်ကြားပေးဖို့ ရည်ရွယ်ချက်ရှိရင် သူ့ဘက်က တတ်နိုင်သမျှ ကူညီ ချင်ပါတယ်လို့ ကမ်းလှမ်း လာပါတယ်။ အဲဒါ ကျနော်တို့ အထွေထွေ အတွင်းရေးမှူးနဲ့ တွေ့ပြီးတော့ အဲဒါကို ဗဟို အလုပ်အမှုဆောင် အဖွဲ့က လက်ခံပြီးတော့ ဆောင်ရွက်တာပါ” ဟု ဦးအုန်းကြိုင်က ဆိုသည်။

ထူးခြားနေသည်မှာ ဒေါက်တာကျော်ရင်လှိုင်သည် ၂ဝ၁ဝ နိုဝင်ဘာ ရွေးကောက်ပွဲကို ထောက်ခံ ခဲ့သဖြင့် ဝေဖန်ခံရသော Myanmar Egress မှ ညွှန်ကြားရေးမှူး တဦးဖြစ်ပြီး၊ Social Science Research Methodology ဘာသာရပ်ကို သင်ကြားပေးသူ ဖြစ်သည်။

အငြင်းပွားဖွယ်ရာ Egress ကို တည်ထောင်သူ တဦးဖြစ်သော ဦးလှမောင်ရွှေသည် အစိုးရသြဇာ လွှမ်းမိုးသော မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI တွင် ဒုဥက္ကဋ္ဌ တဦးလည်း ဖြစ်သည်။ Egress ဥက္ကဋ္ဌ ဦးတင်မောင်သန်း မှာလည်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၏ ဒုဥက္ကဋ္ဌ ဖြစ်သည်။

မေလအတွင်းက Egress ကိုယ်စားလှယ်အဖွဲ့ကို ဆွီဒင်နိုင်ငံ စက်မှုလုပ်ငန်းရှင်များ ဖိတ်ကြားသဖြင့် သွားရောက်ခဲ့ရာ UMFCCI အမည်ကိုပါ ထည့်သွင်း အသုံးချခဲ့သည်ဟု ယုံကြည်ရသည်။

ဒေါက်တာကျော်ရင်လှိုင်သည် မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ "Challenging the Authoritarian State: Buddhist Monks and Peaceful Protests in Burma" စာတမ်း အပါအဝင် စာတမ်းပေါင်း ၁၇ စောင် ရေးသားဖြန့်ချိခဲ့ပြီး၊ စင်္ကာပူ အမျိုးသား တက္ကသိုလ် NUS တွင် ကျောင်းဆရာအဖြစ် ထမ်းဆောင်ခဲ့ဖူးသည်။

NLD မှာ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်၍ မှတ်ပုံမတင်ခဲ့သော်လည်း ဒေါက်တာကျော်ရင်လှိုင် နှင့် လက်တွဲ လုပ်ကိုင်ခြင်းသည် ပါတီမူဝါဒ ပြောင်းလဲသွားခြင်း မဟုတ်ဟု NLD ဘက်က ပြောသည်။

“ကျနော်တို့ကတော့ ဘာမှ မူဝါဒ မပြောင်းပါဘူး။ NLD က ဒီမိုကရေစီရရှိဖို့ လုပ်နေတာပါပဲ။ ကျနော်တို့ကဗျာ... မှတ်ပုံ မတင်ဘူး။ သို့သော် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ဝင်တဲ့ ပါတီတွေနဲ့လည်း ကျနော်တို့ လူမှုရေး ဆိုင်ရာ၊ ပညာရေး ဆိုင်ရာ တချို့ ကိစ္စတွေ တွဲလုပ်နေတာ ရှိပါတယ်။ အဲဒီအစီအစဉ် အတိုင်းပါပဲ။ နိုင်ငံရေးအရ အယူအဆ မတူသော်လည်းဘဲ တူတဲ့ လုပ်ငန်းတွေမှာ ကျနော်တို့ တွဲလုပ်မယ်” ဟု ပါတီ ပြန်ကြားရေး တာဝန်ခံက ဆိုသည်။

ယခုသင်တန်း ဖွင့်လှစ်မည့်အတွက် ပါတီစည်းရုံရေး လုပ်ငန်းများတွင် အသုံးဝင်ကာ၊ သင်တန်းသား များက ပညာရပ်များကို ဆင့်ပွား ဖြန့်ဝေ သွားမည်။

၂ဝ၁ဝ နိုဝင်ဘာ ၁၃ ရက်နေ့တွင် နေအိမ်အထိန်းသိမ်းခံမှ ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီးနောက် ပါတီဝင်များ ဖွံ့ဖြိုးရေး အတွက် အင်္ဂလိပ်စာ၊ ကွန်ပြူတာ၊ သတင်းစာ သင်တန်းများ ပြုလုပ်ခဲ့သလို၊ လယ်သမားများ အတွက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ခေတ်မီ စိုက်ပျိုးနည်းစနစ် သင်တန်း ဖွင့်ခဲ့သည်။ ထို့အပြင် အမျိုးသမီးများ အတွက်ပါ သင်တန်းများ ပြုလုပ် သွားမည်ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

ရန်ကုန်မှာ ရောဂါရှိသော ၀က်သားများ သွေးအတုနှင့် သုတ်လိမ်းရောင်းချနေ

June 2 , 2011

ရန်ကုန် ၃၈ လမ်းဈေး ပုဇွန်တောင်ဈေး သာကေတမြို့ ဈေးအချို့တွင် ယခုရက်ပိုင်း အတွင်း ဝက်သေသား များကို သွေးအတုများ သုတ်လိမ်း ၍ ရောင်းချမှုများ ရှိနေကြောင်း ယင်းမြို့နယ်များရှိ အိမ်ရှင်မတို့က ဆိုသည်။

”ရဲရဲနီနေတဲ့ အသားတွေ၊ ပုံမှန် ဝက်အသွေး အသားမျိုး မဟုတ်ဘဲနဲ့ ဆေးတွေ ဆိုးထားတဲ့ အတိုင်း ဖြစ်နေတာ”ဟု အိမ်ရှင်မ တစ်ဦးက ပြောပြသည်။ မေလ လယ်ပိုင်း အတွင်း ရန် ကုန်မြို့ မြို့နယ် အချို့ရှိ ဝက်ခြံများ တွင် ဝက်များ သေဆုံးမှု ဖြစ်ပေါ်ပြီး နောက်၊ ဝက်သားဈေးများ အဆမတန် စံချိန်တင် လျော့ကျခဲ့ရာ၊ ယခုနောက် ဆုံး မသမာသော နည်းဖြင့် ဆေးဆိုး ရောင်းချသည် အထိ ရှိလာခြင်း ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။ ယခင်က ဝက်သား တစ်ပိဿာ လျှင် ကျပ် ၅ဝဝဝ အထက် ရှိခဲ့ရာမှ ယခု အခါ ဝက်သား တစ်ပိဿာ ကျပ် တစ်ထောင်ဝန်း ကျင်ပင်ရှိလာ ကြောင်း သိရသည်။

”အရင်ရက်တွေတုန်းက ဝက်သား တစ်ဆယ်သားကို ကျပ် ၃ဝဝ နဲ့ ရောင်းနေ သေးတယ်။ ဒီနေ့ ဈေး ထဲရောက်တော့ တစ်ဆယ်သား ၁ဝဝ ကျပ်နဲ့ အော်ရောင်းနေတာ။ အဲဒီလောက် ဈေးလျှော့ ရောင်းတော့ စား တဲ့သူက မစားရဲ တော့ဘူးလေ။ တချို့ကတော့ ကန်စွန်းရွက် တစ်စီးလည်း ကျပ် ၁ဝဝ ဆိုတော့ ဝက်သား တစ်ဆယ်သားပဲ ဝယ်စားမယ် ဆိုတဲ့ သူတွေက ရှိနေတော့ ရောင်းနေရ တာပါပဲ” ဟု သာကေတ (၁) ရပ်ကွက်နေ အိမ်ရှင်မ တစ်ဦးက ပြောပြသည်။ ထို့အပြင် လသားအရွယ် ဝက်သေကောင် တစ်ကောင်ကို မေလ ၂၇ ရက်နေ့က သာကေတ မြို့နယ် ၄။ မြောက်ရပ်ကွက်၊ ရှုခင်းသာ မြို့ပတ်လမ်းနှင့် မြို့မ ၁၂ လမ်း အနီးတွင် ပီနန် အိတ်ထဲထည့် စွန့်ပြစ်ထားသည်ကို သက်ဆိုင်ရာ ရပ်ကွက် တာဝန်ရှိ သူများ တွေ့ရှိခဲ့ သည်ဟု စုံစမ်းသိရှိ ရသည်။ ယင်း လသားအရွယ် ဝက်သေကောင် အား တိရိစ္ဆာန် ဆေးကုနှင့် သားသတ်ရုံများဌာန ဆရာဝန် တစ်ဦးနှင့် စစ်ဆေးပြီး မြို့နယ် စည်ပင်မှ တာဝန် ရှိသူများနှင့် ပူးပေါင်းကာ ဆင်းရဲသား ပြည်သူများကို ရောင်းချလျှက် ရှိသည်။ ၎င်းအပြင် ၃၈ လမ်းဈေး ပုဇွန်တောင်ဈေး များတွင် ၀က်သေသားများအား ရေခဲရိုက် ပုံဖျက်ကာ ရောင်းချမည့် နံနက်တွင် လတ်ဆတ်သော ၀က်သွေး သွေးအတုများ သုတ်လိမ်းပြီး ပြည်သူများကို ရောင်းချလျှက် ရှိကြောင်း သိရှိရသည်။

ထိုကဲ့သို့ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဈေး တာဝန်ခံများကို ငွေပေးလုပ်ဆောင်ကြပြီး ဈေးတာဝန်ခံ များသည် မိမိ ငွေရရေးကိုသာ အဓိကထားပြီး ဆင်းရဲသား ပြည်သူများကို နည်းပေါင်းစုံဖြင့် ဒုက္ခ ရောက်စေလျှက် ရှိသည်။ အချို့ ၀က်သားသည်များမှာ ရောင်းမကုန်သော ၀က်သားများကို ၀က်အူချောင်း ၀က်ပေါင်ခြောက် လုပ်ရန် စီစဉ်လျှက်ရှိကြောင်း သိရှိရသည်။ သာကေတ မြို့နယ်ရှိ အိမ်မွေး ဝက်အချို့မှာလည်း မကြာခဏ သေဆုံးမှုများ ဖြစ်ပေါ်နေကြောင်း စုံစမ်း သိရှိရသည်။


ပေးပို့သူ -- WASP17

Read More...

ရန်ကုန်တွင် ဝက်ရောဂါထ

ကျော်ခ | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၀၁ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရန်ကုန်မြို့အတွင်း ဝက်သေဆုံးမှုများ တွေ့လာနေရသော်လည်း ရောဂါ အမျိုးအစား မဖော်နိုင် သေးကြောင်း ရန်ကုန်တိုင်း မွေး/ကု ဦးစီးဌာန ဌာနမှူး ဒေါက်တာ စိုးဝင်းက ပြောသည်။

မေလတွင်းကတည်းက ရန်ကုန်တိုင်း အင်းစိန်၊ လှိုင်သာယာနှင့် လှည်းကူးမြို့များမှ ဝက်မွေးမြူရေး ခြံနှင့် အိမ်မွေး ဝက်များတွင် ရုတ်တရက် သေဆုံးမှုများ တွေ့ရှိရပြီးနောက် ကူးစက်ပိုး တမျိုးကြောင့် ဖြစ်ရသည်ဟု စစ်ဆေး တွေ့ရှိရသည်။

“ဝက်တွေကတော့ သေနေတာ ဟုတ်ပါတယ်။ ဓာတ်ခွဲခန်းစစ်တော့ အခုထိတော့ ဝက်နားရွက်ပြာလို လက္ခဏာမျိုး မပေါ်ဘူးခင်ဗျ။ ဘက်တီးရီးယားပိုးပဲ ပေါ်တယ်။ အဲဒီပိုးကြောင့်ပဲ သေတာ” ဟု ဒေါက်တာစိုးဝင်းက မဇ္ဈိမကို ပြောသည်။ ရောဂါ ဖြစ်ပွားပုံနှင့် သေဆုံးမှု ပမာဏကို ပြောဆိုရန် ငြင်းဆန်သည်။

ရန်ကုန်နယ်နိမိတ်နှင့် ထိစပ်နေသည့် ပဲခူးတိုင်းတွင် ဝက်နားရွက်ပြာရောဂါ ဖြစ်နေသဖြင့် မေလလယ်၌ ရန်ကုန်မြို့အဝင် လှည်းကူးနှင့် ထန်းတပင် ဂိတ်များတွင် ဝက်နှင့် ဝက်သားများ သယ်ဆောင်ခွင့်ကို ပိတ်ပင်ထားသည်။

ထို့အပြင် တိုင်းအတွင်း ကျေးရွာရပ်ကွက်များအထိ ကွင်းဆင်းကာ ဝက်များသို့ ကူးစက်စေသော ရောဂါ အကြောင်း မွေး/ကု ဌာန တာဝန်ရှိသူများက ယခုအခါ လိုက်လံ ဟောပြောပြီး ထိန်းချုပ်ရန် ကြိုးစား နေကြသည်။

ဝက်များသို့ ကူးစက်သေဆုံးစေမှု မပြန့်ပွားရေး ထိန်းချုပ်နိုင်ရန် မြန်မာနိုင်ငံ၌ ကုသရန် ဆေးဝါးမရှိဟု ဒေါက်တာစိုးဝင်းက ပြောသည်။

“ဇီဝလုံခြုံမှုကို လိုက်နာဆောင်ရွက်ကြဖို့ပေါ့။ ကိုယ့်ခြံထဲကို ဘာမှ အဝင်မခံသလို၊ ကိုယ်ကလည်း ဝက်တွေကို မရွှေ့ မပြောင်းတာ အကောင်းဆုံးပဲ” ဟု သူက ဆိုသည်။

ဝက်များမှာ ရောဂါကူးစက်ခံရပြီး ရက်အနည်းငယ်အတွင်း သေဆုံးမှုများရှိကာ ဝက်နားရွက်ပြာ ရောဂါ လက္ခဏာနှင့် ဆင်တူ တော်လည်း အာဏာပိုင်များက လူအများ စိုးထိတ်မှာ မလိုလားသည့် အတွက် ဝက်နားရွက်ပြာဟု မသုံးလိုသည့် အနေအထား ဖြစ်သည်ဟု ဝက်သေဆုံးမှု သတင်း လိုက်ခဲ့သည့် ရန်ကုန်မှ သတင်းထောက်တဦးက ပြောသည်။

မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနအောက် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနကို မဇ္ဈိမက မေးမြန်း ကြည့်ရာ “အခုဖြစ်နေတဲ့ ဝက်ကူးစက် ရောဂါနဲ့ ပတ်သက်ပြီး ဘယ်သူက မေးမေး မဖြေဖို့ အထက်လူကြီးတွေက ညွှန်ကြား ထားလို့ပါ” ဟု ဝန်ထမ်း တဦးက ပြောဆိုသည်။

အမည်မသိဝက်ရောဂါက လူအများကို ထိတ်လန့်စေပြီး ဝက်သားဈေး နှစ်ပတ်အတွင်း တပိဿာလျှင် ၁၅ဝဝ ကျပ် ကျဆင်း သွားသည်။

“ပြီးခဲ့တဲ့ ၂ ပတ်က ဝက်ပေါင်သား တပိဿာကို ၆ဝဝဝ ဈေးပေါက်တယ်။ တောက်လျှောက် ကျလာတာ။ အခု ၄၅ဝဝ ပဲ ရှိတော့တယ်။ ဝယ်သူတွေ ကလည်း ဝက်နာရောဂါတွေ ရှိတယ်ဆိုပြီး သိပ်မဝယ် မစားရဲကြတော့ဘူး” ဟု သင်္ဃန်းကျွန်း ဈေးတွင် ဝက်သား ရောင်းနေသူ အမျိုးသမီး တဦးက မဇ္ဈိမကို ပြောသည်။

ယခုအခါ သားသတ်ဌာနထံမှ ယူရောင်းသည့် ဝက်သားများကိုသာ ရောင်းချခွင့်ပြုပြီး၊ အပြင်ဝက်များ ရောင်းချပါက စည်ပင်သာယာ ဥပဒေအရ အရေးယူ သွားမည်ဟု ရန်ကုန် စည်ပင်သာယာဌာန တာဝန်ရှိသူ တဦးက ပြောသည်။

“ကျန်းမာရေးဌာနက စစ်ဆေးပြီးတော့ အတည်ပြုထားတဲ့ သားသတ်ရုံက ပေါ်တဲ့ ဝက်သားတွေကိုပဲ ရောင်းရမယ်။ ရက်ကွက်ထဲမှာ သီးသန့် ရောင်းတာတွေ လက်မခံပါဘူး။ ဒီလိုပဲ ဈေးထဲမှာ ဒီက ဈေးတာဝန်ခံတွေနဲ့ ကျန်းမာရေး အဖွဲ့တွေက လိုက်စစ် ရတာပဲ” ဟု သူက မဇ္ဈိမကို ပြောသည်။

၂ဝ၁၁ ဖေဖော်ဝါရီအတွင်း မန္တလေးတိုင်းရှိ ဝက်များတွင် မျိုးပွားအင်္ဂါနှင့် အသက်ရှူ လမ်းကြောင်း ဗိုင်းရပ်စ်ပိုး (ဝက်နားရွက်ပြာ ရောဂါ) ဖြစ်ပွားခဲ့ပြီး၊ ကုသနိုင်ရန် အတွက် မြန်မာနိုင်ငံ၌ ဆေးမရှိဘဲ ဖြစ်နေရာမှ ၃ လအတွင်း စစ်ကိုင်း၊ နေပြည်တော်၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းသို့ပါ ကူးစက်ပျံ့နှံ့ခဲ့ပြီး ထိန်းချုပ် မရနိုင်ဘဲ ဖြစ်နေသည်။


Ref: မဇ္ဈိမ

Read More...

Wednesday, June 1, 2011

ဂျိုးဆက်ဖ် ယွန်း တွေ့ခဲ့ရတဲ့ မြန်မာ့ အခြေအနေ အားတက်ဖွယ် မရှိ

အင်္ဂါ, 31 မေ 2011

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေဟာ စိတ်ပျက်ဖို့ ကောင်းတယ်လို့ အမေရိကန်က ပြောလိုက်ပါတယ်။ အခြေအနေတွေ တိုးတက်လာဖို့ အတွက် စိတ်ရှည်ရှည် ထားပါလို့ မြန်မာ အစိုးရက ပြောခဲ့ပေမဲ့ စောင့်လာတဲ့ အချိန်တွေသာ ကြာလာပေမဲ့ တိုးတက်မှု ရှိမလာဘူးလို့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) က ပြောလိုက်တာ ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာ အမေရိကန်ရဲ့ ထိတွေ့ ဆက်ဆံရေး မူဝါဒနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ အခုလို ပြောသွားခဲ့တဲ့ အကြောင်း အပြည့်အစုံကို ဦးဝင်းမင်းက တင်ပြ ပေးထားပါတယ်။

ဒီနေ့ ၀ါရှင်တန်မြို့တော်က CSIS ခေါ် မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးအဖွဲ့မှာ လုပ်တဲ့ အရှေ့တောင် အာရှဆိုင်ရာ အမေရိကန် ဆက်ဆံရေး ဆွေးနွေးပွဲမှာ အရှေ့အာရှနဲ့ ပစိဖိတ်ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ်းပ်ဘဲလ်က မကြာသေးခင်က မြန်မာနိုင်ငံက ပြန်လာခဲ့တဲ့ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဖ် ယွန်းရဲ့ တင်ပြချက်တွေကို သုံးသပ် ခဲ့ကြတယ်လို့ ဆိုပါတယ်။ အခုလို သုံးသပ်ရာမှာ ယေဘုယျ အားဖြင့်တော့ စိတ်ပျက်ဖို့ ကောင်းတယ်လို့ မစ္စတာ ကမ့်ပ်ဘဲလ်က ဆိုပါတယ်။

“ကျနော်ထင်ပါတယ်၊ ကျနော်တို့ မြင်ခဲ့ရတဲ့ တိုးတက်မှု အနေအထားက ယေဘုယျအားဖြင့်တော့ စိတ်ပျက်ဖို့ ကောင်းပြီး အထင်ကြီးစရာ မရှိဘူးလို့ လုံးဝ ပြောနိုင်ပါတယ်။”

မစ္စတာ ကမ့်ပ်ဘဲလ်ဟာ နှစ်ပေါင်း ၁၄ နှစ်အတွင်း အဆင့်အမြင့်ဆုံး အမေရိကန် အရာရှိအဖြစ် ၂၀၀၉ ခုနှစ်မှာ မြန်မာ နိုင်ငံကို သွားလည်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို သူမ နေအိမ် အကျယ်ချုပ် ကျခံနေရစဉ်မှာ တွေ့ဆုံခဲ့ပါတယ်။ မစ္စတာ ကမ့်ပ်ဘဲလ်ကပဲ မြန်မာနိုင်ငံမှာ မနှစ်က ရွေးကောက်ပွဲတွေ အပြီးမှာ အမေရိကန်နိုင်ငံ အနေနဲ့ စိတ်ပျက် ခဲ့ရပေမဲ့ တွေ့ဆုံ ဆွေးနွေးပွဲတွေ ဖြစ်လာဖို့ မျှော်လင့်ပြီး ကြိုးစားခဲ့ရာမှာ အတိုက်အခံပါတီ အားလုံးနဲ့တော့ ပွင့်ပွင့်လင်းလင်း အတွင်းကျကျ ဆွေးနွေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ရွေးကောက်ပွဲတွေကို ကျနော်တို့က စိတ်ပျက်ခဲ့ရပေမဲ့ ဒီနေရာမှာ တွေ့ဆုံ ဆွေးနွေးနိုင်ဖို့ အလားအလာတွေ ရှိတယ်လို့ ကျနော်တို့ ယုံကြည် ခဲ့ပါတယ်။ ဒါကြောင့် တိုင်းပြည်ထဲက အရေးပါတဲ့ တခြား ပါတီတွေနဲ့ ကျနော်တို့ ထဲထဲဝင်ဝင် ဆွေးနွေးခဲ့တယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ ပါတီနဲ့ နက်နက်ရှိုင်းရှိုင်း အပြန်အလှန် ဆွေးနွေးခဲ့တယ်၊ အလားတူပဲ တခြားအဖွဲ့တွေ ဖြစ်တဲ့ ပါလီမန်ထဲက တိုင်းရင်းသား အုပ်စုတွေ၊ တခြား အုပ်စုတွေနဲ့လည်း အတွင်းကျကျ ဆွေးနွေးခဲ့ပါတယ်။”

သူကပဲ မြန်မာအစိုးရနဲ့လည်း အခုလို တိုက်ရိုက် ညှိနှိုင်းဆွေးနွေးနိုင်ပြီး မြန်မာဘက်က တိုးတက်မှုတွေ စလုပ်ပြ လာရင် အပြုသဘော ပြန်တုံ့ပြန်ပေးဖို့ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) တက်လာ အပြီးမှာ လနဲ့ချီ အချိန်ယူပြီး ဖိအားပေးတာ အပြင် ဆက်ဆံ ဆွေးနွေးတာတွေ လုပ်ဖို့ လမ်းစဉ်သစ် ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အခုတက်လာတဲ့ မြန်မာ အစိုးရသစ် အနေနဲ့လည်း သင့်တော်တဲ့ အပြောင်းအလဲတွေ လုပ်လာရင် အခုလို အပြုသဘော ပြန်တုံ့ပြန်ဖို့ အမေရိကန် ဘက်က အသင့် ပြင်ထားတယ်လို့ မစ္စတာ ကမ့်ပ်ဘဲလ်က ဆက်ပြောပါတယ်။

“ကျနော်ထင်ပါတယ်၊ ကျနော်တို့ ပေါ်လစီ ပြန်သုံးသပ်မှုတွေ လုပ်ခဲ့ရာမှာ နေပြည်တော် ဘက်ကနေ သင့်တော်တဲ့ တိုးတက်မှုတွေ လုပ်ပြလာမယ် ဆိုရင် ကျနော်တို့ ဘက်ကလည်း မြန်မာ အစိုးရသစ်နဲ့ အပြုသဘော ပူးပေါင်း ဆောင်ရွက်သွားဖို့ ပြင်ဆင် ထားပြီးသားပါ။”

ဒါပေမဲ့လည်း အခုလို တိုက်ရိုက် ဆက်ဆံမှုတွေ လုပ်ရာမှာ အမေရိကန်ဘက်ကပဲ လမ်းဖွင့်ပေးလို့ မရဘဲ မြန်မာ အစိုးရ ဘက်ကလည်း တိုးတက်မှုတွေ စပြဖို့ လိုမယ်လို့ သူက ဆိုပါတယ်။ အထူးသဖြင့်တော့ မြန်မာ အစိုးရသစ် ဘက်က တိုးတက်မှုတွေ မပြဘဲ စောင့်ပါဦး၊ တဖြည်းဖြည်းတော့ ဖြစ်လာမှာပါ ဆိုတာ မျိုးနဲ့တော့ မရဘူးလို့ မစ္စတာ ကမ့်ပ်ဘဲလ်က သတိပေး လိုက်ပါတယ်။

“သည်းခံပါ၊ ကျနော်တို့ကို အချိန်ပေးပါဦးလို့ ပြောရုံနဲ့တော့ မလုံလောက်နိုင်ဘူးဗျ။ စောင့်ခဲ့တဲ့ အချိန်ကလည်း အများကြီး ကြာခဲ့ပြီးပြီ။ သည်းခံ ခဲ့ရတာကလည်း မနည်းတော့ဘူးလေ။ ပထမ အနေနဲ့ အာဆီယံမှာပါတဲ့ ကျနော်တို့ မိတ်ဆွေတွေ အနေနဲ့ ဒီလို တိုးတက်မှုတွေ မြင်ရဖို့ မျှော်လင့်ချက်တွေနဲ့ စောင့်ခဲ့တာ နှစ်ပေါင်းများစွာ ပဲလေ။ ဒါပေမဲ့ ထူးထူးခြားခြား တိုးတက်မှုတွေ ရှိမလာခဲ့ပါဘူး။”

အမေရိကန် အစိုးရ အရာရှိတွေ အနေနဲ့ ဖိအားရော ဆက်သွယ် ဆောင်ရွက်မှုတွေကိုပါ နည်း ၂ ခုလုံးကို သုံးပြီး ဆောင်ရွက် ခဲ့ရာမှာ ထူးခြားမှုတွေ မရှိသေးပေမဲ့ ဒီပေါ်လစီ ၂ ခုလုံးကို ဆက်လက် ကျင့်သုံး သွားမယ်လို့ ဆိုကြပါတယ်။

အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဖ် ယွန်းရဲ့ ပြီးခဲ့တဲ့ ၂ ပတ်က ခရီးစဉ် ထဲမှာလည်း အမေရိကန် ဘက်က ပိတ်ဆို့မှုတွေ လျှော့ပေးနိုင်ဖို့ ဆိုရင် မြန်မာဘက်ကလည်း သိသာတဲ့ တိုးတက်မှုတွေ လုပ်ပေး ရလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။ ဒီအပတ်ထဲမှာလည်း အမေရိကန်နိုင်ငံမှာ ၂၀၀၈ ခုနှစ်တုန်းက လက်ရှိသမ္မတ ဘရက်ခ် အိုဘားမားနဲ့ ယှဉ်ပြိုင် အရွေးခံခဲ့တဲ့ လက်ရှိ ရီပတ်ဘလီကန်ပါတီ အထက် လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) ဟာလည်း မြန်မာ နိုင်ငံကိုသွားပြီး အကျဉ်းသားတွေ လွတ်မြောက်မှု အပါအ၀င် တိုးတက်မှုတွေ ရှိလာရေး ကြိုးစားဖို့ ရှိပါတယ်။

တချိန်တည်းမှာပဲ CSIS ခေါ် အမေရိကန်နိုင်ငံက သုတေသနအဖွဲ့ရဲ့ ဆွေးနွေးပွဲထဲမှာ မစ္စတာ ကမ့်ပ်ဘဲလ်ကပဲ အမေရိကန် အစိုးရ အနေနဲ့ မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှနိုင်ငံ အားလုံးနဲ့ ပိုမို ထဲထဲဝင်ဝင် ဆက်ဆံရာမှာ ဒေသတွင်း တည်ငြိမ်ရေး အတွက် အင်အား ကြီးမားလာတဲ့ တရုတ်နဲ့လည်း နီးနီးကပ်ကပ် လက်တွဲဖော် အဖြစ် ပူးပေါင်း ဆောင်ရွက် သွားမယ်လို့ ဆိုပါတယ်။

Ref: VOA News


Read More...

ဒေါ်စုကို လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်ပြုဖို့ ဂျွန်မက်ကိန်း တိုက်တွန်း

ဒေါ်ခင်မျိုးသက်
အင်္ဂါ, 31 မေ 2011

အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) ဟာ မနက်ဖြန် ဇွန်လ ၁ ရက်နေ့ကစလို့ ဇွန်လ ၃ ရက်နေ့အထိ သွားရောက်မယ့် မြန်မာနိုင်ငံ ခရီးစဉ်ကို စတင်တော့မှာ ဖြစ်ပါတယ်။ မြန်မာအစိုးရ အနေနဲ့ အပြောင်းအလဲ ဖော်ဆောင်တဲ့ နေရာမှာ ဘယ်လောက်အထိ လေးနက်မှုရှိမယ် ဆိုတာကို သူ့ခရီးစဉ် အတွင်းမှာ ဆန်းစစ်သွားဖို့ ရည်ရွယ်တယ်လို့ ဘန်ကောက်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ဒါ့အပြင် ရှေ့လထဲမှာ နယ်ခရီးတွေ ထွက်မယ့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း လွတ်လပ်စွာ လှုပ်ရှား သွားလာခွင့် ရှိသင့်တယ် လို့လည်း သူက ပြောသွားပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

သြဇာကြီးမားတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းဟာ ဇွန်လ ၁ ရက်နေ့ကနေ ၃ ရက်နေ့ အထိ မြန်မာ နိုင်ငံကို သွားရောက်မှာ ဖြစ်ပြီး မြန်မာအစိုးရသစ် အဖွဲ့ရဲ့ အနေအထားကို လေ့လာမှာ ဖြစ်သလို သူလေးစားရတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဇွန်လကစပြီး နယ်တွေကို ခရီးထွက်မယ်လို့ မနေ့တနေ့ကစပြီး ကြေညာ ခဲ့တာမို့ ဒါဟာ မြန်မာ အစိုးရသစ်ဘက်က အပြောင်းအလဲကို ဘယ်လောက် လုပ်မယ် ဆိုတာအတွက် ကောင်းကောင်း သိလာနိုင်တဲ့ အချက်လို့ မစ္စတာ မက်ကိန်းက အင်္ဂါနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မှာ သတင်းထောက်တွေကို ပြောကြား ခဲ့ပါတယ်။

“သေချာတာကတော့ အစိုးရကို တခု ပန်ကြားဖို့ ရှိတာက ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်မယ် ဆိုရင် သူ့ကို လွတ်လွတ် လပ်လပ် သွားလာခွင့် ပေးဖို့ပါ။ ဒီအကြံပြုချက်ကို ကျနော်တဦးတည်း ပြောတာတော့ မဟုတ်ပါဘူး။ ဒီအကြံပြုချက် အပေါ်မှာ အစိုးရ အနေနဲ့ လက်ခံ၊ မခံဆိုတာ မသိရသေးပါဘူး။ ဒါပေမဲ့ သူတို့အနေနဲ့ ပြုပြင် ပြောင်းလဲမယ် ဆိုတဲ့ ကတိက၀တ်ကို ပြချင်တယ် ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လွတ်လပ်လပ် သွားလာခွင့် ပေးမပေး ကြည့်ရမယ်လို့ ကျနော် ထင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ့ပြည်သူတွေနဲ့ တွေ့ဖို့ ဆန္ဒ ဘယ်လောက်ရှိတယ်ဆိုတာ ကမ္ဘာက သိနေတာမို့ အခု ပြည်သူတွေနဲ့ ဘယ်လောက်အထိ သူ ထိတွေ့ခွင့်ရတယ် ဆိုတာကို စောင့်ကြည့်ဖို့ လိုတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၈ နှစ် မေလ ၃၀ ရက်နေ့ကလို အဖြစ်မျိုး မရောက်ဖို့ အတွက် အစိုးရသစ် အဖွဲ့က စောင့်ရှောက်မယ်လို့ သူ မျှော်လင့် ထားကြောင်းလည်း ပြောပါတယ်။

ဇွန်လ ၁ ရက်နေ့က စတင်မယ့် သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်မှာ ပထမ နေပြည်တော်မှာ အစိုးရသစ်အဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ မစ္စတာ မက်ကိန်းက ပြောပါတယ်။

“မနက်ဖြန်ကျရင် မြန်မာနိုင်ငံကို သွားမှာပါ။ မနက်ဖြန်မှာပဲ မြို့တော်သစ်မှာ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာပါ။ ဒီနောက်တော့ ရန်ကုန်ကို သွားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ စီစဉ်ထားပါတယ်။ ကျနော် သူ့ကို မတွေ့ရတာ ၁၅ နှစ် ကြာခဲ့ပါပြီ။ လွန်ခဲ့တဲ့ အခေါက် ကျနော် သွားခွင့်ရတဲ့ အချိန်တုန်းက နောက်ဆုံး တွေ့ရတာပါ။

“အစိုးရသစ် လက်ထက်မှာ ဘယ်လို အပြောင်းအလဲတွေ ရှိသလဲ၊ ပြုပြင် ပြောင်းလဲရေး အတွက် ဘယ်လောက် အထိ အလေးအနက် ထားသလဲ ဆိုတာကို ဆန်းစစ်နိုင်ဖို့လည်း မျှော်လင့် ထားပါတယ်။ ဒါ့အပြင် အခြားသူတွေနဲ့ မတူအောင် ကျနော် လေးစား မြတ်နိုးရတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။”

မြန်မာအစိုးရနဲ့ တွေ့ဆုံတဲ့အခါမှာ အခုထိ အကျဉ်းထောင်တွေထဲမှာ ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ကို ပြန်ပြီး လွှတ်ပေးရေး အတွက် တိုက်တွန်း ပြောကြားမယ်လို့လည်း ပြောပါတယ်။

မစ္စတာ မက်ကိန်းဟာ အင်္ဂါနေ့မှာ ထိုင်း၊ မြန်မာနယ်စပ် မဲဆောက်မြို့က မြန်မာဒုက္ခသည်တွေရဲ့ ကျန်းမာရေး အတွက် အားထား နေရတဲ့ မယ်တော် ဆေးခန်းကို သွားရောက်ပြီး ဒေါက်တာ စင်သီယာမောင်နဲ့ တွေ့ဆုံခဲ့သလို မြန်မာ ဒုက္ခသည်တွေ ရှိရာ မယ်လ ဒုက္ခသည် စခန်းကိုလည်း သွားရောက် ခဲ့ပါတယ်။

သူဟာ မြန်မာဒုက္ခသည်တွေ ကြုံတွေ့နေရတဲ့ ဆိုးဝါးတဲ့ အနေအထားကို ကိုယ်တိုင် တွေ့မြင် ခဲ့ရတယ်လို့ ပြောကြား ခဲ့သလို ဒီဒုက္ခသည် တွေကို မြန်မာနိုင်ငံထဲက အခြေအနေ ဆိုးတွေကြောင့် ထိုင်းအစိုးရ အနေနဲ့ နေရပ်ရင်းကို ပြန်ပို့ဖို့ မသင့်သေးဘူး လို့လည်း ပြောပါတယ်။

“ဒီဒုက္ခသည် အခြေအနေဟာ ထိုင်းအစိုးရ အတွက်ရော ဒီလူတွေအတွက်ပါ အတော်လေးကို ခက်ခဲတဲ့ အခြေအနေပါ။ ဒါပေမဲ့လည်း ထိုင်းအစိုးရ အနေနဲ့ ဒီဒုက္ခသည်တွေကို ပြန်မပို့ဘူး ဆိုတာတော့ ကျနော် အခိုင်အမာ ယုံပါတယ်။ ဒီလူတွေ ပြန်ပို့ခံရရင် အရေးယူ ခံရမယ်။ တချို့ အသတ်တောင်မှ ခံရနိုင်ပါတယ်။ ဒီ တိုင်းရင်းသား လူနည်းစုတွေ အပေါ်မှာ မြန်မာ စစ်တပ်က ဘယ်လို လုပ်သလဲ ဆိုတာတွေ ကိုလည်း ကြားရပါတယ်။ ဒါကြောင့် ဒီဒုက္ခသည် စခန်းတွေကို မပိတ်ခင်တော့ ဒါတွေကို သတိတကြီး ထည့်သွင်း စဉ်းစား ရမယ်လို့ ထင်ပါတယ်။”

မစ္စတာ မက်ကိန်း အနေနဲ့ မြန်မာနိုင်ငံကို သွားရောက်ပြီး အစိုးရသစ်လက်ထက် အခြေအနေတွေကို ဆန်းစစ်ဖို့ ရှိနေသလို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အဖွဲ့အစည်း အမျိုးမျိုးနဲ့ တွေ့ဆုံ ဆွေးနွေးပြီး အခြေအနေမှန်ကို လေ့လာမယ်လို့ ဆိုပါတယ်။

ဒီခရီးစဉ်ကနေရတဲ့ အချက်အလက်တွေကို အမေရိကန် လွှတ်တော်နဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနကို ပြန်လည် တင်ပြဖို့ရှိပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ ထွန်းကားရေး အတွက် ဆက်ပြီး ကြိုးစားဖို့ ရှိတယ်လို့လည်း မစ္စတာ မက်ကိန်းက ပြောကြားခဲ့ပါတယ်။

Ref: VOA News

Read More...

နေပြည်တော် မီးရရန် ရွာ ၂၀ ကျော် ရွှေ့ရမည်

သန်းထိုက်ဦး
Tuesday, 31 May 2011

နေပြည်တော်အတွက် လျှပ်စစ်မီး ထုတ်လုပ်မည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်း နယ်မြေရှိ ရွာပေါင်း ၂၃ ရွာမှလူဦးရေ ၈၀၀၀ ကျော်သည် နေရပ်ကို စွန့်ခွာရဖွယ် ရှိသည်ဟု သိရသည်။

လာမည့် အောက်တိုဘာလ နောက်ဆုံးထားပြီး ထိုဒေသမှ ထွက်ခွာကြရန် အာဏာပိုင်တို့က ဖိအား ပေးနေကြောင်း ကယန်းမျိုး ဆက်သစ် လူငယ်အဖွဲ့ (KNGY) က ယနေ့ ထိုင်းနိုင်ငံ တနေရာတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြား လိုက်သည်။

“ဒေသခံတွေက ဘယ်နေရာကို ပြောင်းရွှေ့ရမယ် မသိဘူး၊ ပေါင်းလောင်းဒေသက တောင်ကြီးတွေ ဖြစ်နေတယ်လေ။ အဲဒါကြောင့် သူတို့က ပြောင်းရွှေ့ နေထိုင်ဖို့ အရမ်း ခက်နေတယ်” ဟု KNGY အဖွဲ့ ခေါင်းဆောင် မမူမိုးလေးက ပြောသည်။

နှစ်သက်ရာ နေရာသစ်ကို ရွေးချယ်ခွင့် ပေးထားသော်လည်း ဒေသခံများက ပြောင်းရွှေ့ခြင်း မရှိသေးကြောင်း မမူမိုးလေးက ပြောသည်။

စီမံကိန်းနှင့် ပတ်သက်ပြီး KNGY အဖွဲ့၏ အစီရင်ခံစာတစောင်ကို ယနေ့ ထုတ်ပြန်ရာ ၂၀၀၄ ခုနှစ်တွင် စတင် ခဲ့သော ဤစီမံကိန်းမှ လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ် ၁၄၀ ထုတ်ပေးနိုင်မည် ဖြစ်ကြောင်း၊ စီမံကိန်းသည် စစ်တောင်းမြစ်၏ မြစ်လက်တက် ဖြစ်သော ပေါင်းလောင်း မြစ်ညာပိုင်းတွင် တည်ရှိပြီး နေပြည်တော်နှင့် ကီလိုမီတာ ၅၀ ခန့် အကွာအဝေးတွင် ရှိကြောင်း ဖော်ပြထားသည်။

“၂၀၀၄ ခုနှစ်က စပြီး ကျနော့် အိမ်ဆောက်ဖို့ အတွက် ဘိလပ်မြေတွေ ၀ယ်စုလာခဲ့တာပါ၊ ခုတော့ ဒီပစ္စည်းတွေ ရေအောက် ရောက်ပြီး အဆုံးခံမယ့် အစား ဘုန်းကြီးကျောင်းကို ကျနော် လှူလိုက်တော့တယ်၊ ဘယ်သူမှ အိမ် မဆောက်ဝံ့ ကြတော့ဘူး၊ ကျနော်တို့မှာ ဘယ်ကို ပြောင်းရမယ်မှန်းလည်း မသိပါဘူးဗျာ” ဟု ဒေသခံ ရွာသားတဦးက ပြောဆိုကြောင်း အစီရင်ခံစာတွင် ရေးထားသည်။

ထိုဒေသတွင် နေထိုင်သော မြန်မာ၊ ကယန်း၊ ပအို့ဝ် တို့မှာ စိုက်ပျိုးရေးဖြင့် အသက်မွေးကြကြောင်း၊ စီမံကိန်း လုံခြုံရေး တာဝန် ယူထားသော စစ်တပ်များ ရောက်လာပြီးနောက် ဒေသခံတို့ လုပ်အားပေးရပြီး၊ ဒဏ်ကြေး ကင်းကြေး ခေါင်းစဉ်များဖြင့်
ငွေပေးရသည်ဟု ဆိုသည်။ ဒေသခံတို့၏ တောင်ယာ စိုက်ပျိုးရေး လုပ်ငန်းများ တားမြစ် ခံရကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

လုပ်ငန်း ပြီးစီးမှု ၆၀ ရာခိုင်နှုန်း ရှိပြီ ဖြစ်သော စီမံကိန်းသည် ၂၀၁၂ တွင် အဆုံးသတ်ဖွယ်ရှိသည်ဟု ဆိုသည်။

ပြောင်းရွှေ့နေထိုင်မည့် နေရာသစ်တွင် မြေထိုးစက်ဖြင့် မြေညှိခြင်း၊ ပြောင်းရွှေ့ရွာသစ်တိုင်းအတွက် ရေလှောင်ကန် တကန်နှုန်း တူးဖော်ခြင်း တို့ကို ပြုလုပ်ပေးမည်ဟု အာဏာပိုင်တို့က ကမ်းလှမ်းထားကြောင်း “ပြောင်းစေ အမိန့်ဖြင့် နှင်ထုတ်ခံရခြင်း” ဟု အမည်ပေးထားသည့် အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

ဆွစ်ဇာလန်နိုင်ငံမှ ဆောက်လုပ်ရေး ကုမ္ပဏီ ဖြစ်သော AF-Colenco၊ လန်ဒန်အခြေစိုက် Malcolm Dunstan and Associates နှင့် တရုတ်နိုင်ငံမှ Yunnan Machinery and Export Company တို့ စီမံကိန်းတွင် ပါဝင် ပတ်သက်နေကြောင်း အစီရင်ခံစာတွင် ရေးထားသည်။

Ref: ဧရာဝတီ်

Read More...

ရခိုင်တွင် ဆန်ပြတ်နေ

ခင်ဦးသာ
Tuesday, 31 May 2011

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်နှင့် မြေပုံမြို့နယ်တို့၏ ကျေးရွာအများအပြား၌ ဆန်ရှားပါးမှု ပြဿနာနှင့် ရင်ဆိုင် နေရပြီး ဆန်ဈေးနှုန်း ကြီးမြင့်နေကြောင်း ဒေသခံများက ပြောသည်။

မိုး ဆက်တိုက်ရွာနေသောကြောင့် ဆန်တပြည် ကျပ် ၅၀၀ နီးပါး ဈေးတက်သွားကြောင်း တချို့ရွာများတွင် ဆန်လုံးဝ ပြတ်လပ် သွားသဖြင့် မြို့ပေါ်အထိ စက်လှေများနှင့် သွားဝယ်ရကြောင်း ကျောက်ဖြူမြို့နယ် မြို့ချောင်းကျွန်း ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။

“ဒုက္ခရောက်လို့ ဆန်သွားဝယ်တာ ကမ်းကပ်တာနဲ့ စက်လှေအတွက် သောင်းချီတောင်းတဲ့ အပြင် ကမ်းပေါ် တက်တာနဲ့ လူတယောက်ကို အတက်၂၀၀ ကျပ်၊ အဆင်း ၂၀၀ ကျပ် ပေးရတယ်” ဟု သူက ဆိုသည်။

ဆန်ရှားပါးမှုကို ဂီရိလေဘေးသင့်ဒေသများ ဖြစ်သော မြို့ချောင်းကျွန်းရှိ ကျေးရွာပေါင်း၂၃ ရွာနှင့် မရစိုင်း ကျွန်းပေါ်ရှိ ကျေးရွာ ၁၉ ရွာ အပြင် ကျောက်ဖြူမြို့နယ် အတွင်းမှ ရွှေညိုမ၊ ကွင်းချောင်း၊ ကျောက်ကြီးပြင်၊ လောင်းခေါင်းတောင်၊ ချောင်းကြီးဖျား၊ ရွာသစ်ကေ စသည့် ကျေးရွာများတွင်လည်း ကြုံတွေ့ နေရကြောင်း ဒေသခံများက ပြောသည်။

ဒေသခံများသည် ကျောက်ဖြူမြို့ပေါ်မှ ဆန်များကို စက်လှေများဖြင့် လာရောက် တင်ဆောင် နေကြခြင်းကြောင့် မြို့ပေါ်၌ ဆန်ဈေး ရုတ်တရက် ကြီးမြင့်သွားကြောင်း ကျောက်ဖြူ မြို့ခံ အမျိုးသမီး တဦးက ဆိုသည်။

“အရင်က ဆန်တတောင်း (၄ ပြည်ဆံ့) ကို ကျပ် ၃၂၀၀၊ ၃၄၀၀ ပဲ ရှိတာ။ အခုရက်ပိုင်းမှာ ၅၆၀၀၊ ၅၇၀၀ အထိ ပေးဝယ် နေရတယ်” ဟု ၎င်းက ဆက်ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် ဆန်ကွဲသာသာ အဆင့်ရှိသော အနိမ့်ဆုံး ဆန်တတောင်း (၄ ပြည်ဆံ့) လျှင် ကျပ် ၄၂၀၀ အထိ ပေးဝယ်နေ ကြရကြောင်းလည်း သိရသည်။

ကျောက်ဖြူမြို့နယ်အတွင်း ဆန်ရှားမှုနှင့် ရင်ဆိုင်နေရသော်လည်း ဒေသဆိုင်ရာ အာဏာပိုင်များသည် ဆန်ရှားပါးမှု ကိစ္စထက် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းရှိ တရုတ်လူမျိုးများ လုံခြုံရေး ကိစ္စနှင့် ဆိပ်ကမ်းများ၌ အခွန်အခ ကောက်ခံခြင်း ကိစ္စတို့ကိုသာ အလေးထား လုပ်ဆောင်နေသည်ဟု ကျောက်ဖြူမြို့ခံများက ပြောသည်။

ဆန်ရှားပါးခြင်း၊ အလုပ်အကိုင် မရှိခြင်းတို့ကြောင့် ဒေသခံများမှာ ၎င်းတို့ပိုင်ဆိုင်သည့် ကျွဲ၊ နွား၊ လယ်မြေများကို ရောင်းချကာ အလုပ်လုပ်ရန် တခြားဒေသို့ ထွက်ခွာကြကြောင်း၊ ထိုသို့ ရွှေ့ပြောင်းသူလူဦးရေ တဖြည်းဖြည်း တိုးလာကြောင်း ရွှေညိုမ ဒေသခံ ဆရာတော် တပါးက ဧရာဝတီကို မိန့်ကြားသည်။

“ဂီရိ အပြီးမှာ လူတွေက ရွာကနေ ထိုင်းနယ်စပ်၊ မလေးရှားနယ်စပ်ကို ထွက်သွားတာ ရွှေညိုမ တရွာတည်းမှာ အမျိုးသားရော အမျိုးသမီးပါ ဆိုရင် ၁၁၆ ယောက်ရှိပြီ။ တခြားရွာတွေ မှာလည်း အလားတူပဲ” ဟု ဆရာတော်က ဆိုသည်။

ထိုဒေသအတွင်း ပျက်စီးသွားသော တာတမံ တချို့ကို နိုင်ငံတကာ INGO အဖွဲ့တခုဖြစ်သော Save The Children အဖွဲ့က လုပ်ဆောင် ပေးနေပြီး စားနပ်ရိက္ခာ ထောက်ပံ့ ပေးနေသော အဖွဲ့အစည်းများ အားလုံးမှာ ရပ်နားလိုက်ပြီ ဖြစ်ကြောင်း ဆရာတော်က ဆက်လက် မိန့်ကြားသည်။

ဂီရိလေဘေးဒဏ် အများဆုံးခံခဲ့ရသော မြေပုံမြို့နယ်အတွင်းမှ ကျေးရွာများတွင်လည်း ဆန်ရှားပါးမှုနှင့် ရင်ဆိုင်နေရပြီး ဒေသခံ များမှာ အလုပ်အကိုင် မရှိ၍ စားဝတ်နေရေး ခက်ခဲနေဆဲ ဖြစ်ကြောင်း သိရသည်။

“ဆန်ရှားပါးမှုပြဿနာက ဆက်ဖြစ်ပေါ်နေဦးမှာပါ။ အစိုးရ တာဝန်ရှိသူတွေ အနေနဲ့ ဒီကိစ္စကို အလေးထားပြီး ဖြေရှင်း ပေးသင့်တယ်။ ဥပမာ-ဆန်ဆိုင် တည်ပြီးတော့ ရောင်းချ ပေးတာမျိုးတွေ၊ ဈေးနှုန်း ထိန်းချုပ် ပေးတာမျိုးတွေပေါ့။ ဒီလို မဟုတ်ရင် စီးပွားရေး သမားတွေရဲ့ ချယ်လှယ် ဈေးကစားတာကို ပြည်သူတွေက ခံနေကြရဦး မှာပါ” ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် မြေပုံဒေသခံ ဦးဖေသန်းက ဧရာဝတီကို ပြောသည်။

ပြည်နယ်အစိုးရ အနေဖြင့် ထိုကိစ္စကို စိတ်ဝင်စားမှု ရှိပုံမရကြောင်း၊ ထိုကိစ္စကို လွှတ်တော်၌ တင်ပြဆွေးနွေး သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဆန်ဈေး အဆမတန် ကြီးမြင့်မှုကို ထိန်းချုပ်သည့် နည်းလမ်းအဖြစ် ပုဂ္ဂလိက ဆန်ဆိုင်များ တည်ထောင်ရန် လူမှုရေး အဖွဲ့ အစည်းများကို စည်းရုံးသွားမည် ဟုလည်း ဦးဖေသန်းက ပြောသည်။

“လယ်ယာလုပ်ငန်းတွေ စရတော့မယ့် အချိန်ဖြစ်ပေမယ့် မျိုးစပါးတွေ မရှိတော့ စပါး ပြန်စိုက်နိုင်မှာ မဟုတ်ဘူး။ ဒီတော့ လာမယ့် နှစ်မှာလည်း ဆန်ရှားပါးမှုနဲ့ ရင်ဆိုင်ကြရဦးမှာပါ” ဟု သူက ဆိုသည်။

Ref: ဧရာဝတီ်

Read More...

အထက်ပေါင်းလောင်းကြောင့် လူ ၈ ထောင် ရွှေ့ပြောင်းရမည်

ကျော်ခ
အင်္ဂါနေ့၊ မေလ ၃၁ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဆွစ်ဇာလန်နှင့် ဗြိတိသျှ ဆောက်လုပ်ရေး ကုမ္ပဏီများ ပါဝင် ဆောက်လုပ် ပေးနေသော ရှမ်းပြည်နယ်ရှိ ရေအား လျှပ်စစ် စီမံကိန်းအတွက် ရေကာတာ ဆောက်လုပ်သည့် လုပ်ငန်းကြောင့် လူ ၈ ထောင်ခန့်ကို အဓမ္မ ရွှေ့ပြောင်းခံရမည်ဟု ကယန်း အမျိုးသား လူ့အခွင့်အရေးအဖွဲ့က ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် အတွင်းရှိ ပေါင်းလောင်းမြစ်ပေါ်တွင် တည်ဆောက်နေသော အထက် ပေါင်းလောင်းဆည် စီမံကိန်းအတွင်း ကျရောက်သော ကျေးရွာပေါင်း ၂၃ ရွာမှ လူဦးရေ ၇၉၉၈ ဦးမှာ နေရာသစ်များ ရှာဖွေ နေကြရသည်ဟု ထိုင်းနိုင်ငံတွင် ပြုလုပ်သော Kayan New Generation Youth အဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲ၌ ပြောသည်။

အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ရာပြည့်က ကျေးရွာလူကြီးများကို အောက်တိုဘာလ နောက်ဆုံးထား ပြောင်းရွှေ့ရန် ပြောကြား ထားသည်ဟု KNGY က ဆိုသည်။

“ပြောင်းရမယ့် နေရာတွေကိုလည်း ကိုယ်တိုင်ရှာပြီး ပြောင်းခိုင်းတယ်” ဟု အဖွဲ့မှ မူမိုးလေးက မဇ္ဈိမကို ပြောသည်။

“နောက်ထပ် ပြောင်းရွှေ့ရမယ့် နေရာကလည်း တောင်ကြောတွေပဲ ရှိတယ်။ မြေပြန့်ကို ပြောင်းမယ် ဆိုရင်လည်း ရေအောက်မှာ ရှိနေတယ် ဆိုတော့ ဒေသခံတွေ အနေနဲ့က ဘယ်လို လုပ်ကြရမှန်း မသိဘူး ဖြစ်နေကြတယ်” ဟု သူက ဆက်ပြောသည်။

ရေအားလျှပ်စစ် ၁၄ဝ မဂ္ဂါဝပ် ထုတ်လုပ်မည့် ရေကာတာ တည်ဆောက်မှုကို Af Colenco ကုမ္ပဏီက တည်ဆောက်ရေး အင်ဂျင်နီယာ ဒီဇိုင်းနှင့် တည်ဆောက်ရေး လုပ်ငန်းများကို ကြီးကြပ်လျက် ရှိသည်။ ထို့အပြင် အင်္ဂလန်မှ မိသားစုပိုင် မလ်ကွန် ဒွန်စတန် ကုမ္ပဏီ Malcom Dunstan Associates နှင့် တရုတ်နိုင်ငံမှ ယူနန် အကြီးစား စက်ပစ္စည်းများ ပြည်ပ တင်ပို့ရေး ကုမ္ပဏီ Yunan Machinery and Export Company တို့ ပါဝင် ခလုပ်ကိုင်နေကြသည်။

မလ်ကွန် ဒွန်စတန်ကို အင်္ဂလန်ရှိ ဘားမားကင်မ်ပိန်း (ယူကေ) အဖွဲ့က လူ့အခွင့်အရေး ချိုးဖောက်နေသော မြန်မာ အစိုးရကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ထောက်ပံ့ ကူညီနေသော အဖွဲ့အဖြစ် ၂ဝဝ၈ ခုနှစ်တွင် နာမည်ပျက် စာရင်းထဲ ထည့်သွင်းခဲ့သည်။

”ဥရောပက လာသည်ဖြစ်စေ၊ အာရှက လာသည်ဖြစ်စေ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ အခါ သင့်လျော်တဲ့ စံသတ်မှတ်နှုန်း များကို ပစ်ပယ်လုပ်ဆောင် နေကြတာကို ပြသနေပါတယ်” ဟု မမူမိုးလေးက ပြောသည်။

မလ်ကွန်ဒွန်စတန်သည် ရဲရွာဆည်တည်ဆောက်ခဲ့သူပြီး၊ လက်ရှိတွင် အထက်ပေါင်းလောင်းနှင့် တာဆန်း ရေကာတာ တည်ဆောက်ရေးတို့ လုပ်ကိုင်လျက်ရှိသည်။

ဒေသခံများမှာ မိမိအစီအစဉ်ဖြင့် ရွှေ့ပြောင်းရမှာဖြစ်ပြီး တအိမ်ထောင်လျှင် ကျပ် ၅ သောင်းသာ ပေးမည်ဟု အာဏာပိုင်များက ပြောသည်။

သူတို့သည် နနွင်းကို အဓိကစိုက်ပျိုးကြပြီး ငရုပ်သီး၊ နွေစပါး၊ မိုးစပါး၊ မြေပဲ၊ လိမ္မော်၊ ငှက်ပျောနှင့် လက်ဖက် စသည်များလည်း စိုက်ပျိုးကြသည်။

၂ဝဝ၄ ခုနှစ်မှစ၍ တည်ဆောက်နေသော အမြင့် ၁ဝ၃ မီတာရှိ ရေကာတာစီမံကိန်းသည် ၂ဝ၁၂ ခုနှစ်တွင် ပြီးဆုံးရန် လျာထားသည်။ ဆည်တည်ဆောက်ပြီးလျှင် အကြမ်းမျဉ်း ဘောလုံးကွင်းပေါင်း ၁၁၄ဝဝ နီးပါး အကျယ်ရှိ စိုက်ပျိုးမြေ ၆၁ စတုရန်း ကီလိုမီတာမှာ ရေမြုပ်ကုန်မည်ဟု ကယန်း လူငယ်အဖွဲ့က ပြောသည်။

ထွက်ရှိသော လျှပ်စစ်ကိုမူ စီမံကိန်း၏ အနောက်မြောက်ဘက် ၅ဝ ကီလိုမီတာအကွာရှိ အစိုးရရုံးစိုက်ရာ နေပြည်တော်သို့ ပေးပို့မှာ ဖြစ်သည်။

ယခုအဖြစ်အပျက်များနှင့် ပတ်သက်၍ ရွေးကောက်ပွဲ ကာလတွင် အဆိုပါ ကျေးရွာများက မဲပေးခဲ့ကြသော ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီနှင့် ပအိုဝ့်အမျိုးသားအဖွဲ့ချုပ်ပါတီထံ ဆက်သွယ် ခဲ့သော်လည်း မရရှိခဲ့ပေ။

စီမံကိန်းက အဓမ္မ ရွှေ့ပြောင်းခိုင်းသလို ၆ဝ၆ ခြေမြန် တပ်ရင်းအတွက် နေရာထိုင်ခင်းများ ဆောက်လုပ်ခြင်း၊ လမ်းဖောက်ခြင်း တို့တွင် ဒေသခံများကို ပေါ်တာဆွဲ အသုံးပြုကြသေးသလို တအိမ်ထောင်လျှင် လစဉ်ကြေး ကျပ် ၁ဝဝဝ ကောက်ခံသေးသည်ဟု KNGY ၏ အစီရင်ခံစာတွင် ပါရှိသည်။

မြန်မာနိုင်ငံ မြစ်ကြောင်းများဆိုင်ရာ ကွန်ယက်အဖွဲ့ Burma Rivers Network ခေါင်းဆောင်တဦးဖြစ်သူ စိုင်းစိုင်းက “နိုင်ငံမှာ ထုတ်တဲ့ ရေအားလျှပ်စစ် အများစုပေါ့နော်။ စစ်တပ် နေရာရယ်၊ စစ်တပ်နဲ့ ပတ်သက်တဲ့ စက်မှုလုပ်ငန်းတွေ နေရာရယ်ပဲ အများစု အသုံးပြုတယ်။ ရေကာတာ စီမံကိန်း အနီးမှာရှိတဲ့ မြို့ပဲဖြစ်ဖြစ်၊ ရွာပဲဖြစ်ဖြစ် အများစုက လျှပ်စစ်ဓာတ်အား မရဘူး။ လျှပ်စစ် ရပေမယ့်လည်း မီးရဖို့က တနေ့လာရင် ၃ ရက်ပျက်တယ်ဆိုတဲ့ အခြေအနေ အမြဲတမ်း ရှိနေတယ်” ဟု ပြောသည်။

သမ္မတသစ်၏ ပထမဆုံး မိန့်ခွန်းတွင်လည်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ အကျယ်တဝင့် ပြောကြား သွားပြီး၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လိုအပ်ချက်များကို ဟန်ချက်ညီညီ ထိန်းညှိ ဆောင်ရွက်မည်ဟု ပါရှိသည်။

Ref: မဇ္ဈိမ

Read More...

Tuesday, May 31, 2011

နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေး ဂျွန်မက်ကိန်း ပြောမည်

မစုမြတ်မွန်
တနင်္လာ, 30 မေ 2011

မြန်မာပြည်သူတွေရဲ့ အခြေအနေ တိုးတက် ကောင်းမွန်စေရေးအတွက် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာ အပါအဝင် တိုးတက်မှုတွေ ရှိအောင်လုပ်ဖို့ မြန်မာ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ခဲ့ရင် အဓိက တိုက်တွန်း သွားမယ်လို့ အမေရိကန် ဆီးနိတ် လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) က ပြောလိုက်ပါတယ်။ အခု ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မစ္စတာ မက်ကိန်းက တနင်္လာနေ့တုန်းက ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ (Abhisit Vejjajiva) နဲ့ တွေ့ဆုံ အပြီးမှာ အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးရေးဟာ အရေး အကြီးဆုံး ကိစ္စရပ်တခု ဖြစ်တယ်လို့ အမေရိကန်မှာ နိုင်ငံရေး အစဉ်အလာ ကြီးမားတဲ့ အထက် လွှတ်တော်အမတ် မက်ကိန်းက ပြောကြားခဲ့တာပါ။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြ ပေးထားပါတယ်။

ဒီသီတင်းပတ်ထဲမှာ မြန်မာနိုင်ငံကို သွားဖို့ စီစဉ်ထားတဲ့ အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းက မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ဆီ သွားနေတာကို မြင်လိုတယ်လို့ ပြောခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝနဲ့ တနင်္လာနေ့က တွေ့ဆုံအပြီး သတင်းထောက် တွေကို ပြောကြားရာမှာ မစ္စတာ မက်ကိန်းက နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ လောက်ကို ပြန်လွှတ်ပေးဖို့ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့အခါမှာ တိုက်တွန်းမယ်လို့ ပြောပါတယ်။

“သူတို့အနေနဲ့ ပိုပြီး နောက်ထပ် တိုးတက်မှုတွေဖြစ်အောင် ကျနော် အဓိက ကြိုးစားပြီး နားချပါမယ်။ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးရေး ဟာလည်း သိပ်ကို အရေးကြီးပါတယ်။ ဒါပေမဲ့ မြန်မာပြည်သူတွေရဲ့ ဘဝ ပိုမိုတိုးတက် ကောင်းမွန်ဖို့ ဘယ်လို နည်းလမ်းတွေ ရှိနိုင်မလဲ ဆိုတာကိုလည်း ကျနော် ရှာဖွေမှာ ဖြစ်ပါတယ်။”

အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းဟာ အမေရိကန် အတိုက်အခံ ရီပတ်ဘလီကန် ပါတီထဲက သြဇာ ညောင်းတဲ့ ပုဂ္ဂိုလ် တယောက် ဖြစ်သလို အမေရိကန် နိုင်ငံရေး လောကမှာလည်း အစဉ်အလာ ကြီးမားတဲ့ နိုင်ငံရေး သမား တယောက် ဖြစ်ပါတယ်။ သူ မြန်မာနိုင်ငံ ရောက်တဲ့အခါ အစိုးရဘက်က ဘယ်တာဝန်ရှိသူ တွေနဲ့ တွေ့ဆုံမှာလဲ ဆိုတာကို အတိအကျ မသိရသေးပေမဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ တွေ့ဆုံဖို့ စီစဉ် ထားပါတယ်။

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေနဲ့ တွေ့ဆုံဖို့ ရန်ကုန် အမေရိကန် သံရုံးက အကြောင်းကြား ထားတယ် ဆိုတာကို NLD က ဗွီအိုအေ မြန်မာပိုင်းကို ပြောပြထားပါတယ်။

မစ္စတာ မက်ကိန်းဟာ သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ နိုင်လိမ့်မယ်လို့ မျှော်လင့် ထားပေမဲ့ သိရတဲ့ အချိန်အထိ ကတော့ မြန်မာ အစိုးရဘက်က တစုံတရာ အကြောင်းပြန်တာ မရှိသေးပါဘူး။ ဒါပေမဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့ အခါမှာ သူ့အနေနဲ့ မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံမှုကိုလည်း ထည့်သွင်း ဆွေးနွေးဖို့ ရှိတယ်လို့ တနင်္လာနေ့က ဘန်ကောက်မြို့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“မြန်မာနဲ့ မြောက်ကိုရီးယားကြားမှာ နျူကလီးယားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိတယ်ဆိုတဲ့ ပြောဆိုမှုတွေ ထွက်ပေါ်နေတာ အားလုံး အသိပါ။ ဒီကိစ္စကို ကျနော် သူတို့နဲ့ ဆွေးနွေးတဲ့အခါ ထည့်ပြောမှာပါ။ မြောက်ကိုရီးယားက နျူကလီးယား ဆိုင်ရာ နည်းပညာတွေကို အရှေ့ အလယ်ပိုင်းဒေသ အပါအဝင် တကမ္ဘာလုံးကို ဖြန့်ချိ နေတယ်ဆိုတာ နာမည်ကြီးပါတယ်။ ဒီတော့ ဒီကိစ္စကို ကျနော် မေးခွန်းထုတ်မှာပါ။”

မြန်မာအစိုးရဟာ မြောက်ကိုရီးယားရဲ့ အကူအညီနဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုတွေ ဆောက်လုပ်နေတယ် ဆိုတဲ့ အထောက် အထားတွေ ထွက်ပေါ်လာခဲ့ပြီးနောက်မှာ နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ ကြိုးစားနေသလား ဆိုတာဟာ မေးခွန်း ထုတ်စရာ ဖြစ်လာခဲ့တာပါ။ မကြာခင်ကပဲ အပြင်ကို ပေါက်ကြားခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို ကျွမ်းကျင်သူ ပညာရှင်တွေ တင်ပြတဲ့ အစီရင်ခံစာ တခုထဲမှာလည်း မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေးကို အထူး သတိထားပြီး စောင့်ကြည့်ရမယ်လို့ အကြံပြုထားတာ ဖြစ်ပါတယ်။

လောလောဆယ် ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ မက်ကိန်းဟာ တနင်္လာ နေ့က ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝနဲ့ တွေ့ဆုံစဉ်မှာ ထိုင်း၊ မြန်မာ နယ်စပ်မှာရှိတဲ့ မြန်မာနိုင်ငံ ဘက်က ဒုက္ခသည်တွေ အရေး ကိုလည်း ဆွေးနွေး ခဲ့ကြပါတယ်။ ဒီနေ့ အင်္ဂါနေ့မှာလည်း နယ်စပ်က အကြီးဆုံး ဒုက္ခသည်စခန်း ဖြစ်တဲ့ မယ်လ ဒုက္ခသည်စခန်းကို မစ္စတာ မက်ကိန်း သွားရောက်ဖို့ စီစဉ် ထားပါတယ်။


Ref: VOA News

Read More...

ရင်းနှီးမြုပ်နှံမှု ကော်မရှင် အသစ်ပြန်ဖွဲ့

Monday, 30 May 2011

သမ္မတ ဦးသိန်းစိန်က အစိုးရထိပ်တန်း အဆင့်မြင့်အရာရှိ ၁၆ ဦးပါဝင်သည့် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင် (MIC) ကို အသစ် ပြင်ဆင် ဖွဲ့စည်းလိုက်ကြောင်း သိရှိရသည်။

ယင်း MIC ပြင်ဆင်ဖွဲ့စည်းမှုကို ပြီးခဲ့သည့် ဧပြီလ၂၀ ရက်က အမိန့် ကြေညာချက် အမှတ် ၃၃/၂၀၁၁ ဖြင့် ထုတ်ပြန်၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမို တိုးမြှင့်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းလိုက်ခြင်း ဖြစ်ပြီး အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီး ဌာန နှင့် မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်ဟောင်း ဦးတင်နိုင်သိန်း ကို ဥက္ကဌ အဖြစ် ခန့်အပ်လိုက်ကြောင်း ၀န်ကြီးဌာန အသိုင်း အ၀ိုင်းက ပြောသည်။

“ဦးတင်နိုင်သိန်းက ဥက္ကဋ္ဌ။ ရထားပို့ဆောင်ရေး ဒုဝန်ကြီး သူရဦးသောင်းလွင်က ဒု ဥက္ကဋ္ဌ။ အတွင်းရေးမှူး အဖြစ် အမျိုးသား စီမံကိန်း နဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာန ဒု ၀န်ကြီး ဒေါက်တာ ကံဇော်ကို ခန့်တယ်။ ကျန်တဲ့ ၀န်ကြီးဌာနတွေက ဒု ၀န်ကြီးတွေ၊
ညွှန်ကြားရေးမှူး ချုပ်တွေ ပါတယ်။ ကော်မရှင်မှာ ၀န်ကြီးတဦး၊ ဒုဝန်ကြီး ၁၁ ဦး၊ ညွှန်ကြားရေးမှူးချုပ် ၄ ဦး စုစုပေါင်း ၁၆ ဦးပါတယ်” ဟု နေပြည်တော် ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီးဌာနမှ အဆင့်မြင့် အရာရှိတဦးက ပြောပြသည်။

ယခုပြင်ဆင်ဖွဲ့စည်းလိုက်သော MIC သည် ယခင်နှင့်မတူဘဲ ပြည်ပနိုင်ငံများမှ ရင်းနှီးမြုပ်နှံ လိုသူများကို အဆင် ပြေစေရန် ညှိုနှိုင်း ဆောင်ရွက် ပေးရမည်ဟု သမ္မတဦး သိန်းစိန် က ညွှန်ကြားထားပြီး အထူးသဖြင့် အိမ်နီးချင်း တရုတ်၊ အိန္ဒိယနိုင်ငံ အပါအ၀င် အာရှ နိုင်ငံများ၏ ရင်းနှီးမြုပ်နှံမှုများ ပိုမိုရရှိရန် လုပ်ဆောင်သွားမည်ဟု သိရှိရသည်။

“ပုံစံရော၊ မူရောက အရင်နဲ့မတူဘူး။ မြန်ရမယ်၊ မှန်ရမယ်၊ ရင်းနှီးမြုပ်နှံမှုတွေကို တိုးမြှင့်ရမယ်ဆိုတဲ့ ညွှန်ကြားချက် ရှိတယ်။ နောက်ပြီး ရင်းနှီး မြုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ညွှန်ချုပ် ဦးအေးကို ကို မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်ရဲ့ တွဲဖက် အတွင်းရေးမှူး အဖြစ် ခန့်ထားတော့ ပြည်တွင်းပြည်ပ ကုမ္ပဏီတွေအားလုံးနဲ့ ရင်းနှီးမြုပ်နှံမှုတွေ အားလုံးက မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်ရဲ့ ထိန်းချုပ်မှု အောက်ကို အလိုလို ရောက်သွားတယ်”ဟု နေပြည်တော်ရှိ အစိုးရ အရာရှိတဦးက ဆိုသည်။

ယခင် ကုန်သွယ်မှုကောင်စီ က သွင်းကုန်၊ ပို့ကုန် လိုင်စင်များအား စိစစ် ချထားပေးခဲ့ပြီး ယခုအခါ MIC က ပြည်တွင်း ပြည်ပ ရင်းနှီး မြုပ်နှံမှုများကို စိစစ်ရုံ သာမက သွင်းကုန်လိုင်စင်များ ချထားပေးမှု ရှိကြောင်း သိရှိရသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)မှ ဗဟို အလုပ် အမှုဆောင် တဦး ကမူ အစိုးရ သစ်အနေနှင့် အဖွဲ့အစည်းပိုင်း ဆိုင်ရာ ပြင်ဆင် ဖွဲ့စည်းမှုများ ပြုလုပ်ရုံနှင့် စီးပွားရေး တိုးမြှင့်နိုင်မည် မဟုတ်ဘဲ မူဝါဒပိုင်း ဆိုင်ရာ ပြုပြင်းပြောင်းလဲမှု အဆက်မပြတ် ပြုလုပ်ရန် လိုအပ်ကြောင်း ပြောဆိုသည်။

ထိုသို့ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု ပိုမိုတိုးမြှင့်ရန် ရည်ရွယ်ချက်ဖြင့် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီး ဦးတင်နိုင် သိန်းကို တာဝန် ပေးအပ်သည် ဆိုသော်လည်း အဓိက ကျသည့် ဆုံးဖြတ်ချက် များတွင် ဒု သမ္မတ သီဟ သူရ ဦးတင်အောင်မြင့်ဦး ဆက်လက် ပါဝင်နေသည်ကို တွေ့မြင်ရဆဲ ဖြစ်သည်ဟု ရန်ကုန်မြို့ရှိ စီးပွားရေး လုပ်ငန်းရှင် တဦးက ပြောသည်။

“အခုရက်ပိုင်း ရင်းနှီးမြှပ်နှံခွင့်တွေနဲ့ ပတ်သက်ရင် ခွင့်ပြုတယ်၊ မပြုဘူးဆိုတဲ့ မှတ်ချက်တွေ လက်မှတ်တွေက ဦးတင်အောင်မြင့်ဦး နာမည်တွေနဲ့ ချည်းပဲ တွေ့နေ ရသေးတယ်”ဟု ၎င်းက ဆိုသည်။

ယခုအစိုးရသစ်လက်ထက်တွင် ပြည်တွင်း ပြည်ပ ရင်းနှီးမြှပ်နှံမှုများနှင့်ပတ်သက်လျှင် သမ္မတ ဦးသိန်းစိန်မှ မှတ်ချက်ချ စိစစ်ပေး သည်ဟု သိရှိရပြီး ယခင် စစ်အစိုးရ လက်ထက်က ဖျက်သိမ်း ခဲ့ပြီးဖြစ်သော ကုန်သွယ်မှု မူဝါဒကောင်စီ၏ အကြီးအကဲ ဗိုလ်ချုပ်ကြီး ဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးက ဆုံးဖြတ်ကြောင်း ရန်ကုန်မြို့ရှိ စီးပွားရေး လုပ်ငန်းရှင်က ရှင်းပြသည်။

လေ့လာသူများ အဆိုအရ သမ္မတ ဦးသိန်းစိန်နှင့် သီဟ သူရ ဦးတင်အောင်မြင့်ဦးတို့ အကြား၌ ပဋိပက္ခ အားပြိုင်မှုများ ရှိနေပြီး ဦးသိန်းစိန် အနေဖြင့် သီဟ သူရ ဦးတင်အောင်မြင့်ဦး၏ လုပ်ပိုင်ခွင့်များကို လျှော့ချလိုမှု ရှိနေကြောင်း သိရသည်။

ယခု ဖွဲ့စည်းသည့် MIC တွင် သွင်းကုန်ထုတ်ကုန်လိုင်စင်များကို ချထားပေးသည့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး ဦးဝင်းမြင့် ပါဝင်ခြင်း ရှိမရှိကိုမူ မသိရသေးပေ။

MIC သည် ယခုအထိ မူဝါဒပိုင်းပြောင်းလဲမှု သိသိသာသာမရှိသေးကြောင်း၊ ဈေးကွက် သဘောအတိုင်း လွတ်လပ်စွာ ဖွင့်ပေးမှုမရှိ ဘဲ ထိန်းချုပ်မှုများနှင့် တင်းကျပ်စွာ လုပ်ကိုင် နေသေးကြောင်း UMFCCI ဗဟိုအလုပ်အမှု ဆောင်က ပြောသည်။

ယခင်က MIC ၏ ဥက္ကဋ္ဌ အဖြစ် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး ဦးမောင်မောင်သိမ်းက ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစုစုပေါင်း အမေရိကန်ဒေါ်လာ ၃၆ ဘီလီယံကျော် ရှိပြီး တရုတ်နိုင်ငံက စွမ်းအင်နှင့် သဘာဝ ဓာတ်ငွေ့ ကဏ္ဍတွင် အများဆုံး ရင်းနှီး မြှုပ်နှံထားကြောင်း အစိုးရ တရားဝင် ကိန်းဂဏန်း အချက် အလက်များ အရ သိရသည်။

Ref: ဧရာဝတီ်

Read More...

အရှင် ဂမ္ဘီရ အစာငတ်ခံ ဆန္ဒပြ

လင်းသန့်
Monday, 30 May 2011

စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်တွင် ထောင်ဒဏ် နှစ်ရှည် ကျခံနေရသော၂၀၀၇ ခုနှစ်စက်တင်ဘာ သံဃာ့ လှုပ်ရှားမှု ဦးဆောင် ဆရာတော် တပါးဖြစ်သည့် အရှင်ဂမ္ဘီရ အပါအ၀င် နိုင်ငံရေး အကျဉ်းသားတချို့သည် အကျဉ်းသား အခွင့် အရေးများ အတွက် မေလ ၂၇ ရက်နေ့မှ စတင်ပြီး အစာငတ်ခံ ဆန္ဒပြနေကြောင်း သိရသည်။

ထိုဆန္ဒပြသည့်နေ့တွင် အရှင် ဂမ္ဘီရ၏ နှမဖြစ်သူ မခင်သူဌေးသည် ကလေးမြို့ အကျဉ်းထောင်သို့ ထောင်ဝင်စာ သွားရောက် တွေ့ဆုံစဉ် ထောင်ဝင်စာ တွေ့ခွင့် မရခဲ့ကြောင်း၊ သို့သော် ပါဆယ် ပေးခွင့် ရခဲ့သော်လည်း ပစ္စည်း လက်ခံသည့် အကြောင်းကြား စာ၌ အရှင်မ္ဘီရ ၏ လက်မှတ် မဟုတ်ဘဲ အမည်သာ ရေးထားပြီး မိသားစုမှ ပေးလိုက်သော စာအုပ်များကိုသာ ယူထား လိုက်ကြောင်း၊ အခြား အစားအစာများကို လက်မခံ လိုက်ကြောင်း အရှင်ဂမ္ဘီရ ၏ မိခင်ဖြစ်သူ ဒေါ်ရေးက ဧရာဝတီ ကို ပြောသည်။

“SB (ရဲသတင်းတပ်ဖွဲ့) တွေလည်း အဲဒီနေ့က ဦးပဉ္ဇင်းတို့ အစာငတ်ခံ ဆန္ဒပြတာကို သတင်း လာယူတယ်။ ထောင် ၀န်ထမ်းက ထောင်ဝင်စာ ပိတ်ထားတယ်လို့ ပြောလိုက်တယ်။ ဦးပဉ္ဇင်းတို့ အတွက် အရမ်း စိုးရိမ်တယ်”ဟု ၄င်းက ဆက်လက် ပြောဆိုသည်။

လူချင်း ထောင်ဝင်စာ တွေ့ခွင့်မရခဲ့သည့်အတွက် အရှင်ဂမ္ဘီရနင့် အတူ အစာငတ်ခံ ဆန္ဒပြနေသူများနှင့် ပတ်သက်ပြီး အရေ အတွက်၊ အမည် နာမများကို မသိခဲ့ရဟု ဆိုသည်။

အရှင်ဂမ္ဘီရထံသို့ လွန်ခဲ့သည့်လဆန်းက ထောင်ဝင်စာနောက်ဆုံးတွေ့ခွင့် ရခဲ့စဉ် ထောင်ဝန်ထမ်း တဦးမှ တဆင့် စာ တစောင် မခင်သူဌေးကို တရားဝင် ပေးခဲ့သည်။ အဆိုပါစာမှာ အရှင်ဂမ္ဘီရ အပါအ၀င် ကလေး အကျဉ်းထောင် အတွင်း ရှိ အခြားသော နိုင်ငံရေး အကျဉ်းသားများက သမ္မတသစ် ဦးသိန်းစိန်ထံ လိပ်မူပြီး နိုင်ငံရေး အကျဉ်းသားများ၏ ဆုံးရှုံး နစ်နာ နေသော အစားအသောက် ကောင်းမွန်စွာ ရရေး၊ ကျန်းမာရေး စောင့်ရှောက်မှု ကောင်းမွန်စွာ ရရေး အပါအ၀င် အကျဉ်း သား အခွင့်အရေး များကို တောင်းဆို ထားခြင်းဖြစ်သည်။

အဆိုပါစာကို အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်၊ အာဆီယံ လူ့အခွင့် အရေး ကော်မတီ၊ အာရှ လူ့အခွင့်အရေး ကော်မရှင် များထံ မိတ္တူ ပို့ပေးရန်လည်း အရှင်ဂမ္ဘီရနှင့် နိုင်ငံရေး အကျဉ်းသား တချို့၏ စာတွင် ဖော်ပြထားကြောင်း သိရသည်။

ကလေး အကျဉ်းထောင်ရှိ အရှင်ဂမ္ဘီရအပါအ၀င် နိုင်ငံရေးအကျဉ်းသားများ အနေဖြင့် တောင်းဆို ထားသော အကျဉ်းသား အခွင့် အရေးများကို လိုက်လျောရန် အစိုးရ အာဏာပိုင်များက မည်သို့မျှ အကြောင်းကြားခြင်း မရှိလာသည့် အတွက် နောက်ဆုံး အစာငတ်ခံ ဆန္ဒပြခြင်း ဖြစ်နိုင်သည်ဟု မခင်သူဌေးက ရှင်းပြသည်။

အရှင်ဂမ္ဘီရ(ဘွဲ့အမည်ရင်း ဦးစန္ဒောဘာသ- လူအမည် ညီညီလွင်) သည် သက်တော် ၃၁ နှစ်ရှိပြီ ဖြစ်ပြီး ၂၀၀၇ ခုနှစ် နိုဝင် ဘာလ ၄ ရက်နေ့တွင် ဖခင်ဖြစ်သူ ဦးမင်းလွင် (ပေါက်မြို့နယ် NLD ၏ တသီးပုဂ္ဂလ အမတ်လောင်း) နှင့် အတူ မန္တလေး တိုင်း၊ စဥ့်ကူမြို့နယ်တွင် ဖမ်းဆီး ခံခဲ့ရသည်။ အရှင်ဂမ္ဘီရသည် နယ်စပ်ဖြတ်ကျော်မှု၊ တရားမ၀င် အသင်းနှင့် ဆက်သွယ်မှု အပါအ၀င် ပုဒ်မ ၁၃ ခုတို့ဖြင့် ထောင်ဒဏ် ၆၈ နှစ်ကျခံနေရာမှ ထောင်ဒဏ် ၅ နှစ်လျှော့ချပေးခြင်း ခံခဲ့ရသည်။

အရှင်ဂမ္ဘီရနှင့်အတူ အစ်ကိုအပါအ၀င် မိသားစုဝင်များပါ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရပြီး ယခုထိ အကျဉ်းထောင် အသီးသီးတွင် မိသားစုဝင် ၅ ဦး ဆက်လက် ရှိနေသေးကြောင်း ဒေါ်ရေး က ပြောသည်။

“ဦးပဉ္ဇင်းအတွက် အမေ အရမ်း စိုးရိမ်နေတယ်”ဟု ၄င်းက ဆက်ပြောသည်။

ယခင်စစ်အစိုးရလက်ထက်ကတည်းက မြန်မာနိုင်ငံအကျဉ်းထောင် အသီးသီးတွင် အဓမ္မ သင်္ကန်းချွတ်၍ လူဝတ် လဲကာ အကျဉ်းချ ခံထားကြရသော နိုင်ငံရေး အကျဉ်းသား သံဃာတော် ၂၂၅ ပါးသည် ထောင်ဒဏ်နှစ်ရှည် ကျခံ နေရကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ နောက်ဆုံး ထုတ်ပြန်ထားသော စာရင်းတွင် ဖော်ပြ ထားသည်။

မြန်မာနိုင်ငံသမိုင်းတွင် အင်္ဂလိပ် ကိုလိုနီ လက်အောက်ကျရောက်နေစဉ် အင်္ဂလိပ် အစိုးရ၏ မတရား ဖမ်းဆီး ထောင်ချခံ ရသော သံဃာ့ အာဇာနည် ဆရာတော် ဦးဝိစာရသည် အင်္ဂလိပ် အစိုးရထံ သင်္ကန်း ပြန်လည် ၀တ်ဆင်ခွင့် အပါအ၀င် အကျဉ်းသား အခွင့်အရေးများ အတွက် အစာငတ်ခံ ဆန္ဒပြကာ ရက်ပေါင်း ၁၆၆ ရက်မြောက်နေ့ ၁၉၂၉ ခုနှစ် စက်တင်ဘာ လ ၁၉ ရက်နေ့ သက်တော် ၄၁ နှစ်တွင် ရန်ကုန် ထောင်ကြီးထဲတွင် ပျံလွန်တော် မှုခဲ့ရသည်။

မကြာသေးခင်ရက်ပိုင်းများက အင်းစိန်အကျဉ်းထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသားများ ကလည်း အကျဉ်းထောင် လက်စွဲ ဥပဒေပါ အကျဉ်းသား ရပိုင်ခွင့်များနှင့် ပတ်သက်ပြီး တောင်းဆိုမှုများ မရခဲ့၍ နိုင်ငံရေး အကျဉ်းသား ၁၇ ဦးနှင့် အမျိုးသမီး နိုင်ငံရေး အကျဉ်းသူ ၃ ဦး၊ အခြားအကျဉ်းသူ ၄ ဦးတို့သည် မေလ ၁၈ ရက်နေ့မှ စတင် အစာငတ်ခံ ဆန္ဒပြခဲ့ကြသည်။

အင်းစိန်ထောင်တွင်း အစာငတ်ခံဆန္ဒပြခဲ့ကြသော နိုင်ငံရေးအကျဉ်းသားများထဲမှ ၇ ဦးကို စစ်ခွေးတိုက် ပို့ပြီး အရေးယူ လူစုခွဲမှု လုပ်ခဲ့ပြီးနောက် တချို့ကို ထောင် အာဏာပိုင်များက ခေါ်ယူ ဆွေးနွေးခဲ့သည်။ ထို့နောက် စစ်ခွေးတိုက်မှ ပြန်လည် ခေါ်ထုတ်ကာ အင်းစိန်ထောင် အမှတ် ၅ အဆောင်ဝင်း အတွင်းရှိ တိုက် ၁ သို့ ပို့ဆောင် လိုက်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူ တဦးက ပြောသည်။

သို့သော် မေလ ၂၇ ရက်နေ့တွင် နေပြည်တော်မှ အထူးစုံစမ်းရေး ကော်မရှင်အဖွဲ့တဖွဲ့ ရောက်လာပြီး ၄င်းတို့၏ တောင်း ဆိုချက်များနှင့် ပတ်သက်ပြီး ဆွေးနွေးကြရာ အကျဉ်းသား အခွင့်အရေးအဆိုင်ရာ အချက်ငယ် ၅ ချက်ကို လိုက်လျော ခဲ့သော်လည်း အဓိက ကျသော တောင်းဆိုချက်ကို လိုက်လျောမှု မရှိကြောင်း၊ အဆိုပါ အချက်မှာ နိုင်ငံရေး အကျဉ်းသား များ အနေဖြင့် အခြား အကျဉ်းသားများ ကဲ့သို့ အကျဉ်းထောင် လက်စွဲ ဥပဒေ ပါ ရပိုင်ခွင့်အရ“လျှော့ရက် ခံစားခွင့်”ကို အာဏာပိုင်များက မည်သို့မှ မတုံ့ပြန်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့ နောက်ဆုံးသိရတဲ့ အခြေအနေကတော့ ၂၈ ရက်နေ့ကတည်းက ထောင်ဝင်စာ ပိတ်လိုက်တယ်။ နေပြည် တော်က SB ညွှန်မှူး အဆင့်ရှိသူ အပါအ၀င် စုံစမ်းရေး အဖွဲ့ တဖွဲ့ အစာငတ်ခံ ဆန္ဒပြတဲ့ ၅ ဆောင်ဝန်းထဲက ၁ တိုက်ကို လာ တွေ့တယ်။

လျှော့ရက်ခံစားခွင့်ကို ဘာမှ မတုံ့ပြန်ဘူးလို့ သိရတယ်၊ အဲဒီမှာတင် လာတွေ့တဲ့ သူတွေကို သံပြိုင် အော်ဟစ် ဆန္ဒပြတော့ အားလုံးကို တိုက်ပိတ်လိုက်တယ် ကြားတယ်”ဟု အဆိုပါ အင်းစိန် အကျဉ်းထောင်နှင့် နီးစပ်သူက ဆက်ပြော သည်။

အကျဉ်းထောင်တွင်း ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသားများက အစာငတ်ခံဆန္ဒပြခြင်းသည် သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်း ချမ်းသာအမိန့် ထွက်ပေါ်ပြီးနောက် မကျေမနပ် ဖြစ်ရာက စတင်ခဲ့ခြင်း ဖြစ်သည်။

“သမ္မတရဲ့လွတ်ငြိမ်းချမ်းသာ ခွင့်ကို မကျေနပ်တာက စခဲ့တာပဲ။ အဲဒီအမိန့်ထဲမှာ ပုံမှန် ရရှိ ခံစားရသည့်လျှော့ရက် အပြင် လျှော့ရက် ၁ နှစ် ထပ်မံ လျှော့ပေါ့တယ် ဆိုတဲ့ စကားရပ်ပါတယ်။ အခုဟာက လွတ်လဲမလွတ်၊ ငြိမ်းလည်းမငြိမ်း၊ ချမ်းလည်း မချမ်းသာတဲ့ လွတ်ငြိမ်း ချမ်းသာ အမိန့်ဖြစ်နေတယ်။ သေဒဏ်တွေကို တသက်တကျွန်း ပြောင်းလိုက်တာတော့ ကောင်းပါတယ်။ အမှန်က နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်မှသာလျှင် လွတ်ငြိမ်း ချမ်းသာခွင့် အစစ်ဖြစ်မှာ”ဟု ဒေါ်ရေးက ပြော သည်။

ယခုကဲ့သို့ အရှင်ဂမ္ဘီရနှင့် နိုင်ငံရေးအကျဉ်းသားများကလည်း ကလေးမြို့အကျဉ်းထောင်တွင် အစာငတ်ခံ ဆန္ဒပြခြင်း၊ အင်းစိန် ထောင်တွင်း နိုင်ငံရေး အကျဉ်းသားများ၏ အစာငတ်ခံ ဆန္ဒပြခြင်းများသည် အကျဉ်းသား ရပိုင်ခွင့်များ အတွက် ယခုရက်ပိုင်း ဆက်တိုက် ဖြစ်ပေါ်နေရာ ကုလသမဂ္ဂ နှင့် လူ့ အခွင့်အရေး အဖွဲ့များက အနီးကပ် စောင့်ကြည့်နေကြောင်း ထုတ်ပြန် ထားသည်။

ထို့အပြင် လားရှိုးအကျဉ်းထောင်တွင် ထောင်ဒဏ် ၆၅ နှစ်ကျခံနေရသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျာ ၏ မိခင်ဖြစ်သူ အသက် ၇၉ နှစ်အရွယ် ဒေါ်ချစ်ဖွား သည် မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကမာဝက် နေအိမ် တွင် ကွယ်လွန်သွားခဲ့ရာ မိခင်၏ နောက်ဆုံး ဂါရ၀ပြုခွင့်ကို ပြည်တွင်းရှိ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့နှင့် မိသားစုဝင်များက အာဏာပိုင်များထံ ခွင့်ပြုရန် တောင်းဆို ခဲ့သော်လည်း ခွင့်ပြုခဲ့ခြင်း မရှိကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင်တဦးက ပြောသည်။

ဒေါ်ချစ်ဖွား၏ ဈာပနအခမ်းအနားကို ယမန်နေ့ မေလ ၂၉ ရက်နေ့က ကမာဝက် သုသာန်သို့ ပို့ဆောင် သင်္ဂြိုဟ်ခဲ့ပြီး ကိုမင်းဇေယျာ ၏ ဇနီးဖြစ်သူ မချိုသာလျှင် ခင်ပွန်းဖြစ်သူ ကိုယ်စား နောက်ဆုံး ဂါရ၀ ပြုခဲ့ရသည်ဟု သိရသည်။

မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးတွင် သံဃာတော်များ အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် ဆက်လက် ရှိနေဆဲ ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားများသည် ၄င်းတို့၏ ရပိုင်ခွင့်များ ဆုံးရှုံးနေကြောင်း AAPP ၏ ကြေညာချက်များတွင် ဖော်ပြထားသည်။

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ခြင်းမရှိလျှင် အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ မည်သို့မျှ မဖြစ်နိုင်ကြောင်း AAPP ၏ ဆောင်ပုဒ်တွင် အလေးအနက် ဖော်ပြထားသည်။

မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးရှိ နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးခြွင်းချက် မရှိ လွတ်မြောက်ရေး လက်မှတ်ထိုး လှုပ်ရှားမှု အရှိန် ရလာပြီး ယခုအခါ လက်မှတ်ပေါင်း ၁ သိန်းကျော် ရရှိနေပြီ ဖြစ်ကြောင်း၊ ယနေ့ နေ့လယ်၂ နာရီတွင် သမ္မတ ဦးသိန်စိန်ထံသို့ စာတိုက်မှ တဆင့် တောင်းဆို လက်မှတ်ပေါင်း ၂ သောင်းကျော် တတိယ အသုတ် ပေးပို့မည် ဖြစ်ကြောင်း ဦးဆောင် လှုပ်ရှားသူ တဦးဖြစ်သည့် ကိုတိုးကျော်လှိုင်က ပြောသည်။

Ref: ဧရာဝတီ်

Read More...

NLD လူငယ် ထောင်တွင်း ဆန္ဒပြမည်

ဖနိဒါ
တနင်္လာနေ့၊ မေလ ၃၀ ရက် ၂၀၁၁

ချင်းမိုင် (မဇ္စျိမ) ။ ။ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး အပါအဝင် တောင်းဆိုချက် ၃ ချက်ဖြင့် မေ ၃ဝ ရက်မှ စ၍ အစာငတ်ခံ ဆန္ဒပြသွားမည်ဟု စစ်ကိုင်းတိုင်း ခန္တီးထောင်တွင် အကျဉ်းကျနေသည့် ဘိုကလေးမြို့နယ် NLD လူငယ် ကိုနေဝင်းစိုးက ပြောဆိုကြောင်း မကြာသေးခင်က ယင်းထောင်မှ ပြန်လွတ်လာသည့် ပါတီတူလူငယ် ကိုစိုင်းမင်းသိန်းက ပြောသည်။

တောင်းဆိုချက် ၄ ချက်မှာ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရန် ဖော်ဆောင်ရေး၊ တိုင်းရင်းသား လက်နက်ကိုင်များ အပေါ် တန်းတူညီတူ နွေးဆွေး ညှိနှိုင်းရေး တို့ ဖြစ်သည်။

ပြန်ပြောပြသူ ၃ဝ နှစ်အရွယ် ကိုစိုင်းမင်းသိန်းသည် တိုက်ကြီးမြို့နယ် NLD လူငယ် တဦးဖြစ်ကာ လောင်စာဆီ ကျဆင်းရေး အတွက် ၂ဝဝ၇ ခုနှစ်ထဲတွင် ရန်ကုန်၌ လမ်းလျှောက် ဆန္ဒပြသဖြင့် နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) အပါအဝင် အခြား ပုဒ်မများဖြင့် ထောင်ဒဏ် ၄ နှစ်ခွဲကျခံရမှ မကြာသေးခင်က သမ္မတဦးသိန်းစိန်၏ လျှော့ပေါ့ပြစ်ဒဏ်ဖြင့် ပြန်လွတ်လာခဲ့သည်။

“ဒီနေ့ ဒီပဲယင်းနေ့မှ စပြီးတော့ အစာငတ်ခံ ဆန္ဒပြမယ်လို့ ကျနော့်ကို ကြိုပြီး ပြောပြ လိုက်တာခင်ဗျ။ ပထမ တချက်က စစ်မှန်တဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးရေး၊ ဒုတိယ အချက်က အမျိုးသား ပြန်လည် ရင့်ကြားစေမှု ဖော်ဆောင်ရေး၊ တတိယ အချက်က ပြည်တွင်းငြိမ်းချမ်းမှု ဖော်ဆောင်ရေး အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ လက်နက်ချခြင်း၊ အလင်းဝင်ခြင်းမျိုး မဟုတ်ဘဲနဲ့ တန်းတူ ညီတူဆက်စပ် ညှိနှိုင်းဖော်ဆောင်ရေး ဆိုတဲ့အချက် ၃ ချက်အတွက် တောင်းဆို ထားတယ်ခင်ဗျ” ဟု ကိုစိုင်းမင်းသိန်းက မဇ္စျိမကို ပြောသည်။

နိုင်ငံတကာ ကြက်ခြေနီအဖွဲ့၊ ကုကသကဂ္ဂနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများကို ခန္တီးထောင်သို့ လာရောက်ရန် အကျဉ်းကျခံ အသက် ၂၇ နှစ်အရွယ် ကိုနေဝင်းစိုးက ဖိတ်ခေါ်ကြောင်းပါ သူက ပြောပြသည်။

ခန္တီးထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁၆ ဦး ရှိရာ ၄ ဦးမှာ ကျန်းမာရေးအရ အရေးပေါ် ခွဲစိတ်ကုသမှု လိုအပ်နေပြီး၊ လောင်စာဆီဈေးနှုန်း ကျဆင်းရေး ဆန္ဒပြမှုတွင် ဦးဆောင်ခဲ့သူ ရန်ကုန် အခြေစိုက် MDC ခေါ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လိုလားသူများ အဖွဲ့ဝင် ကိုထင်ကျော်ကို လိပ်ခေါင်းရောဂါ ခံစားနေရသည်ဟု ကိုစိုင်းမင်းသိန်းက ဆိုသည်။

ခန္တီးထောင်တွင် ဦးပါကာလ (ခ) ဇော်မျိုးနိုင်၊ ကိုသန့်ဇော်မြင့်၊ ကိုမျိုးမြင့်ဝေ၊ ကိုဝင်းမြင့်မောင် ခေါ် ပဲပြုတ်၊ ဦးမောင်မောင်စိန်၊ ကိုနေဝင်းစိုး၊ ကိုထင်ကျော်၊ ကိုတင်ထူးအောင်၊ ကိုထင်အောင်၊ ကိုကျော်မိုးဦး၊ ကိုခင်မောင်ချို ခေါ် ကိုဖိုးတုတ်၊ ဦးငြိမ်းမောင်၊ ဦးညီပု(မုံရွာ)၊ သားဖြစ်သူ ကိုကျော်ကြီး၊ လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးနှင့် မထားထားသက် စသဖြင့် နိုင်ငံရေးအကျဉ်းသား ၁၆ ဦး ရှိနေသေးသည်။

မစုစုနွေးသည် မကြာခဏ ဆိုသလို နှလုံးရောဂါ ဝေဒနာခံစားနေရသဖြင့် မိသားစုနှင့် နီးစပ်သည့် အကျဉ်းထောင်သို့ ပြောင်းရွှေ့ စေလိုကြောင်း ကိုစိုင်းမင်းသိန်းက ပြောသည်။

ခန္တီးထောင်သည် မြို့နှင့် ၃ မိုင်ခန့်အကွာတွင်ရှိပြီး မိုးရာသီတွင် ကုန်းလမ်းခရီးနှင့် သွားလာရ ခက်ခဲ သောကြောင့် ရေလမ်းကြောင်းမှ စက်လှေဖြင့် သွားလာရကာ အရေးပေါ် ဆေးကုသမှု လိုအပ်လာပါက အချိန်မီ မကုသနိုင်သဖြင့် သေဆုံး သွားသည့် သာမန် အကျဉ်းသားများလည်း ရှိသည်ဟု ဆိုသည်။

Ref: မဇ္ဈိမ

Read More...

ပညာရေးတန်ဖိုး ဒေါ်စု အလေးပေးပြောကြား

ဒေါ်ခင်မျိုးသက်
တနင်္လာ, 30 မေ 2011

ဟောင်ကောင်တက္ကသိုလ်ဟာ ဒီနှစ်မှာ နှစ် ၁၀၀ ပြည့်သွားခဲ့ပါပြီ။ ဒီနေ့မှာ ကျင်းပတဲ့ ရာစုနှစ် အထိမ်း အမှတ် အဖြစ် ဒေါ်အောင်ဆန်း စုကြည်နှင့် စကားပြောခြင်း အထိမ်းအမှတ် အခမ်းအနား အတွက် ပေးပို့လိုက်တဲ့ ဗွီဒီယို မိန့်ခွန်းထဲမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပညာရေးရဲ့ တန်ဖိုးကို အလေးထားပြီး ပြောဆို သွားခဲ့ပါတယ်။ ဒါ့အပြင် ဒီအခမ်းအနားကို တက်ရောက် လာခဲ့တဲ့ ကျောင်းသား ကျောင်းသူတွေ၊ ပညာရှင်တွေနဲ့ သတင်းထောက်တွေ မေးထားတဲ့ မေးခွန်းတွေကိုလည်း ဗွီဒီယိုလင့်ခ်က တဆင့် ဖြေကြား သွားခဲ့ရာမှာ တရုတ်နိုင်ငံရဲ့ ဒီမိုကရေစီရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ဖြေကြား ပြောဆို သွားခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

အာရှမှာ အစဉ်အလာ ကြီးမားတဲ့ ဟောင်ကောင်တက္ကသိုလ်ရဲ့ နှစ် ၁၀၀ ပြည့် အခမ်းအနား အတွက် ဆေးသိပ္ပံ၊ စီးပွားရေးနဲ့ လူမှုရေး သိပ္ပံဆိုင်ရာ ကမ္ဘာပေါ်မှာ ထူးထူးခြားခြား စွမ်းဆောင် နိုင်သူတွေရဲ့ ဟောပြော ဆွေးနွေးမှုတွေ ပါဝင်ပြီး ဒီအထဲမှာ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟောင်ကောင် တက္ကသိုလ် ကျောင်းသားတွေရဲ့ Centenary Dialogue လို့ခေါ်တဲ့ ရာစုနှစ် အထိမ်းအမှတ် စကားပြောခြင်း အစီအစဉ်လည်း ပါဝင်ပါတယ်။

ဟောင်ကောင်တက္ကသိုလ် လူမှုရေး သိပ္ပံဌာန အကြီးအကဲ အီယန် ဟောလီးဒေး (Ian Holliday) ကိုယ်တိုင် မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ဖိတ်ကြားခဲ့သလို လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်နေတဲ့ နှလုံးသား ဖြူစင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရေပေါ် ပေါ်နေတဲ့ ကြာပန်းအသွင် တင်စားထားတဲ့ စာတမ်းကိုပါ ပေးအပ်ခဲ့ပါတယ်။ ဒီစာတမ်းကို နာမည်ကျော် ခေတ်ပေါ် လက်ရေးပန်းချီ ပညာရှင် ပါမောက္ခ ဂျောင်ဆန်း (Jao Tsung-I) က ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

ဒီဟောပြောပွဲကို တက်ရောက်ဖို့အတွက် စာရင်းပေးသွင်းသူ ၁,၈၀၀ ကျော် ရှိပါတယ်။ ဟောင်ကောင် တက္ကသိုလ်ရဲ့ တိုကျို ခန်းမကြီး အပြင် အနားက အခန်းတွေ ထဲမှာပါ ဗွီဒီယိုနဲ့ ပြသခဲ့သလို ကွန်ပြူတာ အင်တာနက် ပေါ်ကနေ ၀က်ဘ်ကတ်စ်နဲ့ တိုက်ရိုက် ထုတ်လွှင့် ပေးခဲ့ပြီး ဟောင်ကောင်ကေဘယ်လ် တီဗွီကလည်း တိုက်ရိုက် ထုတ်လွှင့် ပေးခဲ့ပါတယ်။

ဗွီဒီယို ရုပ်သံကတဆင့် တိုက်ရိုက် ပြောကြားခဲ့တဲ့ အဖွင့် မိန့်ခွန်းထဲမှာ ပညာရေး ဆိုတာ လူ့ဂုဏ် သိက္ခာနဲ့ လူ့ဘ၀ တိုးတက်ရေး အတွက် လမ်းမှန်ရောက်ဖို့ လမ်းညွှန် ပေးတာမျိုး ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီအနှစ်သာရကို ဟောင်ကောင် တက္ကသိုလ်က လက်တွေ့ ကျင့်သုံးနေတာမို့ ၀မ်းမြောက်သလို ဒီလိုပညာရေးမျိုး မြန်မာနိုင်ငံမှာ ရှိခဲ့ဖူးပါတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ ပညာရေး အဆင့်အတန်းနဲ့ အခြေခံ အဆောက်အအုံတွေကို အာရှတိုက် နိုင်ငံတွေ သာမက ကမ္ဘာကပါ အားကျ စံတင်ရတဲ့ အထိ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

ဟောင်ကောင်တက္ကသိုလ်ထက် ၁၀ နှစ်လောက်ငယ်တဲ့ ရန်ကုန်တက္ကသိုလ် ကနေ ထက်မြက်တဲ့ ပညာတတ်တွေ မွေးထုတ် ပေးရုံတင် မက မြန်မာနိုင်ငံကို ကိုလိုနီ နယ်ချဲ့လက်အောက်ကနေ လွတ်အောင် လုပ်ဆောင်သူတွေကိုပါ မွေးထုတ် ပေးခဲ့တာပါ။ စစ်အစိုးရ လက်အောက် နှစ်ပေါင်း ၂၀ ကြာတဲ့နောက် ဆုတ်ယုတ်မှုတွေ တွေ့လာရပြီး ၁၉၈၈ ခုနှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေ ဦးဆောင်တဲ့ လူထု လှုပ်ရှားမှုတွေနဲ့ တောင်းဆိုခဲ့ပေမဲ့ ကျောင်းသားခေါင်းဆောင် အများအပြား အခုထိ အကျဉ်းထောင်ထဲ ရှိနေခဲ့ပြီး အခု နောက်ထပ် နှစ် ၂၀ နောက်ပိုင်းမှာတော့ ပညာရေးက အစ အစစ သိပ်ကို နောက်ကျနေပြီလို့ ထောက်ပြခဲ့ပါတယ်။

ဒါ့အပြင် ပညာရေးဟာ လူတိုင်း လက်လှမ်းမီခွင့် ရှိသင့်ပြီး လက်တဆုပ်စာ လူနည်းစု အတွက်ပဲ အခွင့်ထူးခံ မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။

“ပညာရေးဟာ လူ့သိက္ခာနဲ့ တိုးတက်ရေးအတွက် အတွေးအခေါ်ကို မြှင့်တင် သင်ကြားပေးနိုင်တဲ့ ဖြစ်စဉ် တခုပါ။ ဒါကြောင့် တရားမျှတမှုနဲ့ လွတ်လပ်ခွင့်ဟာ လူတိုင်းရဲ့ မွေးရာပါ အခွင့်အရေး တရပ် ဆိုတာကို သဘော မပေါက်နိုင်ဘဲ သူများ ပြောတာကို အမှားအမှန် မဝေခွဲနိုင်၊ ခိုင်းတာကိုပဲလုပ်ဖို့ မွေးထုတ်ပေးတဲ့ စက်မျိုး မဖြစ်သင့်ပါဘူး။” လို့ ပြောသွားပါတယ်။

မြန်မာနိုင်ငံသားတွေအတွက် အခုလို ပညာရေးမျိုးနဲ့ ထိတွေ့ခွင့် မရသေးပေမဲ့ တချိန်မှာတော့ ဖြစ်လာ လိမ့်မယ်လို့ မျှော်လင့် ထားကြောင်းလည်း ပြောပါတယ်။

ဟောပြောမှုတွေ အပြီးမှာတော့ ကျောင်းသားတွေ၊ သတင်းထောက်တွေ ရဲ့ မေးမြန်းချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယို ရုပ်သံကနေ တိုက်ရိုက် ဖြေကြား ဆွေးနွေးခဲ့ပါတယ်။ ဒီအထဲမှာ ဒီမိုကရေစီနဲ့ ပညာရေး ဆိုင်ရာတွေကို အများဆုံး ဆွေးနွေး ခဲ့တယ်လို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ဟောင်ကောင် တက္ကသိုလ် ဥပဒေ ကျောင်းသား ဆမ်ဝေါင်းက ပြောပါတယ်။

“သူက ဒီမိုကရေစီအကြောင်းနဲ့ ဒီမိုကရေစီနဲ့ ပညာရေး ဘယ်လို ဆက်နွယ်နေတယ် ဆိုတာတွေကို ပြောသွား ပါတယ်။ ဒီမိုကရေစီကို ရနိုင်အောင် လူထုကို ပညာပေးဖို့၊ လူထုမှာ ပညာတွေ ပြည့်နေဖို့ အရင်ဆုံး လုပ်ရမယ်လို့ ပြောသွားပါတယ်။ ဒါဟာ အများကိုသိအောင် သူ အဓိကပြောချင်တဲ့ အချက်လို့ ကျနော် ထင်ပါတယ်။”

ဆွေးနွေး မေးမြန်းကြတဲ့ အထဲမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ နယ်လှည့်ခရီးစဉ်နဲ့ ပတ်သက်ပြီး ဇွန်လမှာ စလို့ ပထမဆုံး နယ်လှည့်ခရီး ထွက်မှာဖြစ်ကြောင်း ပြောပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေဘက်က လုံခြုံရေးပေးမယ် ဆိုတဲ့ ပြောကြားချက်မျိုး အခုထိ မရသေးဘူးလို့ ဆိုပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောင်ကောင်တက္ကသိုလ် ရာစုနှစ် အထိမ်းအမှတ် ပြောကြားတဲ့နေ့ဟာ မေလ ၃၀ ရက်နေ့ ဖြစ်တာမို့ ဒီပဲယင်း အရေးအခင်း ၈ နှစ်ပြည့်တဲ့ နေ့လည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၈ နှစ်တာ ကာလက စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားသူတွေရဲ့ တိုက်ခိုက်မှုကို ခံရတဲ့ အတွက် ဒီမိုကရေစီရေး လှုပ်ရှားသူ အများအပြား သေဆုံးခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း အသက်ဘေးကနေ သီသီလေး လွတ်မြောက် ခဲ့ရတာ ဖြစ်ပါတယ်။

အယ်လ်ခိုင်းဒါး (Al Qaida) ခေါင်းဆောင် ဘင်လာဒင် (Osama Bin Laden) သေဆုံးမှုနဲ့ ပတ်သက်ပြီး မေးမြန်းချက်ကို ဖြေကြား ရာမှာတော့ အကြမ်းဖက်မှုဟာ အကြမ်းဖက်မှုနဲ့ပဲ အဆုံးသတ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြား ခဲ့ပါတယ်။

ဆွေးနွေး မေးမြန်းကြတဲ့ အထဲမှာ ပရိသတ် သဘောအကျဆုံး သူ့အဖြေကတော့ တရုတ်နိုင်ငံမှာ နိုင်ငံရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့ အမေးပဲ ဖြစ်ပါတယ်။

“တရုတ် ခေါင်းဆောင်တွေကို ကျမ ပါးလိုတဲ့ အမှာစကားက ရှင်းပါတယ်။ တရုတ်နိုင်ငံဟာ အောင်မြင် တိုးတက်နေတဲ့ နိုင်ငံပါ။ ဒါကြောင့် သဘောထား ကြီးနိုင်သလို ခြေလှမ်းသစ်တွေကိုလည်း ယူမယ်ဆိုရင် ယူနိုင်ပါတယ်။ လူတွေဆီက တင်ပြမှု အမျိုးမျိုး ကိုလည်း ခွင့်ပြုသင့်ပါတယ်။ တရုတ်နိုင်ငံဟာ တိုးတက်တဲ့နိုင်ငံ ဖြစ်သလို ကိုယ်တိုင် အောင်မြင်မှုကိုလည်း တခြားသူတွေကို မျှဝေပါ။” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

Ref: VOA News

Read More...

အပေါ်သို့