NEJ / ၁၇ စက်တင်ဘာ၂၀၀၉
ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၁) ကိုးကန့်နယ်မြေအတွင်း ဖုန်ကြားရှင် ဦးစီးသည့် မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့် အပစ်ရပ် တပ်ဖွဲ့ကို နအဖ စစ်အစိုးရက ပြီးခဲ့သည့် သြဂုတ်(၂၇) ရက်တွင် တိုက်ခိုက်ခဲ့သဖြင့် နအဖ တပ်များနှင့် ကိုးကန့် တပ်ဖွဲ့တို့ အကြား (၃) ရက်ကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့မှု နယ်စပ် အခြေအနေများနှင့် ပတ်သက်၍ တရုတ်-မြန်မာနယ်စပ် အခြေစိုက် စစ်ရေး လေ့လာအကဲခတ်သူ ဦးအောင်ကျော်ဇောနှင့် ခေတ်ပြိုင် ဆက်သွယ်မေးမြန်းချက်။
မေး။ ။ နအဖစစ်အစိုးရက ကိုးကန့်တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့တဲ့ အပေါ် ဘယ်လို ထင်မြင် ယူဆပါသလဲ။
ဖြေ။ ။ တစ်အချက်က ဦးဖုန်ကြားရှင်က နယ်ခြားစောင့်တပ် အသွင်ပြောင်း ဖွဲ့စည်းရေး ကိစ္စကို မာမာတင်းတင်း ဆက်ဆံတာ တခု။ နောက်တခုက သူက တရုတ်ဖြစ်တာ တခု။ သူ့ကို ဘာလို့ ရွေးတယ် ဆိုတာပေါ့။ သူတို့ အဖွဲ့မှာလည်း အက်ကြောင်းက သူများထက် ပိုတယ်။ မြန်မာအစိုးရက စောစောကတည်းက ပိုင်စုံချိန်ကို ၀ယ်ထားနိုင်တယ်။ အဲလို အခြေအနေတွေ အောက်မှာ နအဖက သူတို့ အဖွဲ့ကို ရွေးချယ်လိုက်တာ ဖြစ်တယ်။ အဓိက အချက်ကတော့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံတာ။ အဲဒီမှာ အချိန်ကာလနဲ့ အဖွဲ့အစည်းနဲ့ နေရာကို ရွေးတဲ့အခါမှာ သူတို့အတွက် အင်မတန် ကိုက်ညီတဲ့ဟာကို ရွေးလိုက်နိုင်တယ်။
တရုတ်-မြန်မာ နယ်စပ်မှာရှိနေတဲ့ ဗကပက ခွဲထွက်သွားတဲ့ လက်နက်ကိုင် အဖွဲ့တွေထဲမှာ အနည်းနဲ့ အများဟာ မိသားစု စနစ်လို ဖြစ်နေကြတာ များတယ်။ နဂိုကလည်း ပဒေသရာဇ် အစဉ်အလာရှိတဲ့ လူမျိုးစု ဒေသတွေဖြစ်တယ်။ အဲလိုရှိတဲ့ ဓမ္မတာ အောက်မှာပဲ ဒီမိုကရက်တစ် ခေါင်းဆောင်မှုက နည်းတယ်။ အဲတော့ အနည်းနဲ့ အများဆိုသလို အဲဒီမှာ အက်ကြောင်းတွေ ရှိတယ်။ အဲဒီထဲမှာ အက်ကြောင်း အများဆုံးဖြစ်တဲ့ ကိုးကန့်အဖွဲ့ကို ရွေးလိုက်တာပဲ။ အဲတော့ ကိုးကန့် တရုတ်တွေကို တိုက်တာရှင်းတယ်။
ပြီးခဲ့တဲ့လ (၂၇) နဲ့ (၂၈) ရက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနက ပြောရက်သားနဲ့ ထပ်ပြီးတော့ လုပ်တယ်။ ဒါက ဘာကို ပြတာလည်းဆိုရင် သာမန် ကိုးကန့် ကိစ္စ တခုတည်း မဟုတ်ဘူး။ သူတို့မှာ ရည်ရွယ်ချက် နှစ်ခု သုံးခုရှိတယ်။ တခုက ဘော်ဒါကိစ္စကို အကြပ်ကိုင် လုပ်ခိုင်းတဲ့ သဘောဖြစ်တယ်။ မင်းတို့ နယ်ခြားစောင့်တပ် မလုပ်ဘူးလား။ မလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတာ ပြလိုက်တာပဲ။ နောက်ပြီး သူတို့က ကမ္ဘာကိုလည်း ပြချင်တယ်။ တရုတ်ပြည်နဲ့ ပတ်သက်လို့ ငါတို့လုပ်ချင်တာ လုပ်လို့ ရတယ်ဆိုတဲ့ ဟာကို ပြတာ။ နောက်တခုက အမေရိကန်ကိုလည်း ပြတာ ငါတို့က တရုတ်တပြည့် မဟုတ်ဘူး။ မလွဲသာလို့ ပေါင်းနေတာ ဆိုတာကို ပြတယ်။ ကိုးကန့်ကို တိုက်တာဟာ အဓိက နိုင်ငံရေးအရ တိုက်တာပဲ။
မေး။ ။ နအဖစစ်အစိုးရဘက်က ကိုးကန့်တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်တဲ့ အခါ တရုတ်နိုင်ငံ ဘက်က သတင်းပေး ပူးပေါင်း ဆောင်ရွက် ပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ နအဖဘက်က တရုတ်ပြည်က ပေးတဲ့သတင်းနဲ့ ကိုးကန့်ကို လုပ်တာပါလို့ ပြောတယ်။ တရုတ်ပြည် ဘက်က လက်နက်ကိစ္စကို နှစ်နိုင်ငံ လုံခြုံရေး ကိစ္စကို ထည့်တွက်တာ ရှိတယ်။ ပြောခဲ့တယ်။ ကျနော်တို့ မေးစမ်းတဲ့အခါ တရုတ်ပြည်က မနှစ်က ပြောတာဖြစ်တယ်။ လုံခြုံရေး ၀န်ကြီးကလည်း ပြောတယ်၊ မန္တလေး ကောင်စစ်ဝန် ကလည်း ပြောတယ်။ ဒီနှစ်နိုင်ငံ နယ်စပ်ကို ကျနော်တို့ သေချာ ကြပ်ကြပ်မတ်မတ် ထိန်းသိမ်းရအောင် ဆိုတဲ့ အနေအထားပေါ့၊ သတိထားပြီးတော့ လက်နက် အရောင်းအ၀ယ်တွေ ဆက်ရှိနေသေးရင် မကောင်းဘူး ဆိုတာပေါ့။ နောက်ဆုံးပြောတာက မန္တလေး ကောင်စစ်ဝန် ကနေပြီးတော့ ဒု-ရဲချုပ်ကို မန္တလေးမှာ ထမင်းစားပွဲမှာ တွေ့တော့ ပြောတာက နယ်စပ်ဒေသမှာ လက်နက် အရောင်းအ၀ယ် ကိစ္စတွေကိုတော့ နှစ်ဘက် ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ ကောင်းတယ်ပေါ့။ ဒါကိုယူပြီး နအဖက ချလိုက်တာ။ တရုတ်ပြည်ကလည်း သူ့ရဲ့ နိုင်ငံခြားရေး မူဝါဒ အမှားပေါ့နော်၊ အဲဒါကို မြိုးမြိုးမြက်မြက် ခံစားလိုက်ရတယ်။
မေး။ ။ အခု ကိုးကန့်ဒေသအခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ အခုအခြေအနေကတော့ ဘယ်လိုမှ ပြောလို့ မရသေးဘူး။ ခုတော့ အေးချမ်းတယ်၊ ဒါပေမယ့် အနာရှိန် ကျန်ခဲ့တယ်။ ပြောက်ကျား တပ်ဖွဲ့တွေ ကျန်ရစ်ခဲ့တယ်။ အနီးအနား လက်နက်ကိုင် တပ်ဖွဲ့ အဖွဲ့အစည်း တချို့မှာလည်း ကိုးကန့်ထဲက တပ်ဖွဲ့ဝင်တချို့ ကျန်တယ်။
မေး။ ။ တရုတ်ဘက်မှာ ခိုလှုံနေတဲ့ စစ်ပြေးဒုက္ခသည်တွေရော နေရပ် ပြန်ကုန်ကြ ပြီလား။
ဖြေ။ ။ စစ်ပြေးဒုက္ခသည် စုစုပေါင်း (၃၇,၀၀၀) ကျော်ရှိတယ်။ ဒီထက်မက ရှိနိုင်ပါတယ်။ အခုဟာက စာရင်းလုပ်တဲ့ နေရာကပါ။ ဧရိယာက နည်းတဲ့ ဧရိယာ မဟုတ်ဘူး။ ဒါကို မ၀င်နိုင်အောင် သူတို့ဘယ်လို ထိန်းသိမ်းပြီး တားဆီးလို့ ရမလဲ။ အများစုက (၂) သောင်း နီးပါးလောက် အိမ်ကို ပြန်ကြတယ်။ တချို့လည်း မပြန်ကြသေးဘူး။ (၃) သောင်းကျော်ထဲမှာ လူ (၁) သောင်းနီးပါး လောက်ကတော့ ပြန်သွားမှာ မဟုတ်တော့ဘူးလို့ ထင်တယ်။ တရုတ်တွေ ဖြစ်နေလို့။
မေး။ ။ အခုဖုန်ကြားရှင် ဘယ်မှာရှိနေပါလဲ။
ဖြေ။ ။ တရုတ်-ဗမာနယ်စပ်မှာတော့ မဟုတ်တော့ဘူး။ ဗမာပြည်ထဲ မှာပါ။ လုံခြုံတဲ့ တနေရာမှာ ရှိနေပါတယ်။
မေး။ ။ UWSA ၀တပ်ဖွဲ့တွေ ထိန်းချုပ်ရာဟိုပန်နဲ့ ရှမ်းပြည်အရှေ့ပိုင်း မိုင်းလား ဒေသမှာလည်း နအဖဘက်က စစ်အင်အားတွေ တိုးချဲ့ ချထားတယ်လို့ သိရပါတယ်။ အဲဒီအပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ကျနော်ထင်တယ်လေ။ နအဖဘက်ကတော့ ဆက်တိုက်မှာပဲ။ နှစ် (၂၀) အတွင်းမှာ သူတို့ စစ်တပ် အင်အား တည်ဆောက် ခဲ့တာဟာ အင်အားနဲ့ ဖိဖို့ ကြိုးစားတာ။ လက်နက်ကြီးတွေ ဘာတွေ သုံးအုံးမှာပဲ။
မေး။ ။ UWSA ၀တပ်ဖွဲ့တွေနဲ့ ကေအိုင်အိုတို့ အနေအထား ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ အများစုက ကျနော်တွေ့တာတော့ ပြင်ထားတာပဲ။ တကယ်တမ်း တိုက်မလား။ သူတို့ တိုက်ရမှာက သူတပြန် ကိုယ်တပြန် တိုက်တဲ့ မျိုးချစ်စိတ်နဲ့ အမျိုးသားစိတ်နဲ့ တိုက်ရမှာ ဖြစ်တယ်။ ဒီလိုတိုက်ဖို့ ဆုံးဖြတ်ချက် ချထားမှ၊ တိုက်မှသာလျှင် တကယ်တမ်း တိုက်နိုင်မယ်။ အဲလိုမှ မဟုတ်ရင်တော့ နအဖက လက်နက် အင်အားတွေ သုံးမှာပဲ။ နအဖဘက်က မတိုက်ခင်မှာ ဒီဘက်က အဖွဲ့တွေက လျှော့မလား၊ မုန်းလားလို အနေအထားက သူတို့ တစုံတရာ အလျှော့အတင်း လုပ်ချင်လုပ်မယ်။ ၀နယ်ကြတော့ ခက်နေတယ်။ သူ့တို့ရဲ့ အမျိုးသား အလံကြီးကို လွှတ်ပစ်ပြီး ဒူးထောက်မလား။ ၀တို့ ကေအိုင်အေတို့ ပေါ့လေ။ ကေအိုင်အေဆို ၁၉၆၀ ခုနှစ် ပတ်ဝန်းကျင်က စပြီး နှစ်ပေါင်း (၅၀) ကျော် ကိုင်စွဲခဲ့တဲ့ ကေအိုင်အေ အလံပေါ့။ ကချင်အမျိုးသားပေါင်း ရာနဲ့ ထောင်နဲ့ ချီတဲ့ သွေးတွေနဲ့ ရင်းထားခဲ့တဲ့ သူတို့ အလံကို ဗမာအစိုးရလက် အပ်မလား။ အပ်ရင် အပ်တဲ့ ခေါင်းဆောင်ဟာ သမိုင်းတရားခံ ဖြစ်လိမ့်မယ်။
တကယ်လို့ နအဖက ဖိအားပေးပြီး တိုက်လို့ရှိရင်လည်း သူယာယီပဲ ရနိုင်မယ်။ အမျိုးသား ပြဿနာဟာ ဘယ်တော့မှ မငြိမ်းသွားဘူး။ ဒီနေ့ ကေအိုင်အို မရှိတော့ဘူးဆိုရင် နောက်နေ့မှာ ကေအိုင်အို အသစ်တမျိုး ထွက်လာမှာပဲ။ UWSA က ဘယ်လိုမှ တိုက်မနိုင်လို့ အပ်လိုက်ရရင်လည်း နောက်ဝတပ်ဖွဲ့ တဖွဲ့ ပေါ်လာမှာပဲ။ ဒါမုချဖြစ်တယ်။ ငြင်းလို့မရဘူး။
မေး။ ။ နအဖက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူခဲ့ပြီး အခုလို အပစ်ရပ် အဖွဲ့တွေ အပေါ် စစ်ရေးအရ တိုက်နေတာ ဘယ်လို မြင်ပါသလဲ။
ဖြေ။ ။ နအဖရဲ့ အပစ်ရပ်အဖွဲ့တွေနဲ့ မူလသဘောတူညီ ချက်က နောက်တက်လာတဲ့ အစိုးရနဲ့ကျမှ ခင်ဗျားတို့ရဲ့ အုပ်ချုပ်မှုကိစ္စ ဆွေးနွေးပါ။ ခုလောလောဆယ် ခင်ဗျားတို့ တပ်ကို အသိအမှတ် ပြုထားတယ်။ ခင်ဗျားတို့ရဲ့ ဒေသကို အသိအမှတ် ပြုထားတယ်။ အခုကျတော့ နအဖ ထုတ်ပြန်လာတဲ့ နယ်ခြားစောင့်တပ် ပေါ်လစီဟာ ဒီနှစ်ခုနဲ့ လုံးဝ ဆန့်ကျင်တယ်။ အခုလည်း တိုင်းရင်းသား တွေက လက်နက် မအပ်ဘူး ပြောတာ မဟုတ်ဘူး။ ရွေးကောက်ပွဲပြီးမှ တက်လာတဲ့ အရပ်သား အစိုးရနဲ့ တရားဝင် အစိုးရနဲ့ စကားပြောပြီး ကျနော်တို့ အပ်ပါမယ်လို့ ပြောတာဖြစ်တယ်။ ဘာဖြစ်လို့ လက်မခံနိုင်တာလဲ။ သူတို့ကတော့ အလိုမကျရင် လုပ်ချင်တာ လုပ်မှာပဲ။ သူတို့က ရွေးကောက်ပွဲ အတွက် ပြင်ဆင်ရတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတိုင်း လုပ်ဖို့ ရည်ရွယ်တာပေါ့။ သူတို့ ရည်ရွယ်ချက်က ဘယ်သူ့ဆီမှ လက်နက် မထားချင်တော့ဘူး၊ တက်လာတဲ့ အစိုးရ လက်ထဲမှာပဲ သေနတ်တွေ ရှိဖို့လိုတယ်။ သူတို့ဘက်က ကြည့်ရင်တော့ အမှန်တရားပေါ့။ သူတို့က အာဏာရှင်ကိုး။
နအဖထုတ်ပြန်ထားတဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ဆိုတာဟာ တချက်တည်းနဲ့ အကုန်လုံးကို အပြီးသတ်တာပဲ။ ဒီ အစီအစဉ် အရဆို သေနတ်တွေ လက်နက်တွေ အားလုံး သူတို့ကို အပ်ရတာ။ ရိုးရိုးသားသား သေနတ် အပ်ပြီး အိမ်ပြန်သွားရမှာ မဟုတ်ဘူး။ စစ်သားလည်း ပေးရမယ်၊ တပ်လည်း ပေးရမယ်။ သူတို့အတွက် လက်နက်ကိုင် အင်အား ထပ်တိုးလာရင် စစ်သား စုဆောင်းနေရတဲ့ အခက်အခဲ အင်မတန် ရှင်းသွားမယ်။ နောက်တခုက လက်နက်တွေ အားလုံးကလည်း သူတို့လက်ထဲ ရောက်လာမယ်။ ကျန်တဲ့ ဒေသတွင်းမှာ ဖွဲ့ထားတဲ့ အုပ်ချုပ်မှုဆိုင်ရာ အဖွဲ့အစည်း တွေကိုလည်း ဖျက်ပစ်လိုက်ရမယ်။ ဖျက်ပြီးတော့ ပါတီရုံးတွေ ထောင်ပြီးတော့ ပါတီပဲ လုပ်ရမယ်။ ရွေးကောက်ပွဲမှာ နိုင်မနိုင်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ ဒါကြောင့် နအဖက တချီတည်းနဲ့ အားလုံးကို တွယ်လိုက်တဲ့ နည်းကို သုံးလိုက်တာ။ ဒါပေမယ့် တိုင်းရင်းသားတွေရဲ့ အနေအထားက သူတို့ ထင်ထားသလို မလွယ်ဘူး။ အဖွဲ့တွေက လက်မခံကြဘူး။
မေး။ ။ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တွေနဲ့ နအဖတို့ အကြား ရှေ့ အနာဂတ်မှာ ဘာဖြစ်နိုင်ပါသလဲ။
ဖြေ။ ။ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းတွေက ဒူးမထောက်ဘဲနဲ့ သူတို့ ရသင့် ရထိုက်တဲ့ အကျိုး စီးပွားအတွက် ဆက်လက် ခုခံ ကာကွယ်ကြမယ် ဆိုရင် ပြည်တွင်းစစ် အကြီးစားတခု ထပ်ဖြစ်လာမှာပဲ။ အခုလည်း ဖြစ်နေတာပဲ။ ပိုပြီး အဆင့်မြင့်တဲ့ ပြည်တွင်းစစ် ဖြစ်လာမှာပဲ။ ပြည်တွင်းမှာရှိတဲ့ အမျိုးသားတွေကို ချေမှုန်းနေတာပဲ။ ပြည်တွင်းစစ် အသစ် ဖြစ်လာမှာ မဟုတ်ဘူး၊ ဒီထက် ပြင်းထန်တဲ့ ကျယ်ပြန့် ပြည်တွင်း စစ်ကြီးကို မြင်ရမှာဖြစ်တယ်။ ပြည်သူပေါင်းများစွာ သေကျေ ပျက်စီး ကြအုံးမှာ ဖြစ်တယ်။ ဒါပေမယ့် ဒီမီးက ငြိမ်းမသွားဘူး၊ ဗမာအစိုးရက ၀တွေကို ရချင်ရမယ်။ အေအိုင်အို အမြစ်ပြုတ်အောင် လုပ်ချင် လုပ်လို့ရမယ်။ ဒါပေမယ့် သူတို့ ကချင် အမျိုးသားတွေရဲ့တန်းတူရေး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရေး လွတ်လပ်ခွင့် ရရေးနဲ့ ၀ပြည်သူတွေရဲ့ ၀ပြည်နယ် ရရေး၊ ၀ပြည်နယ် တန်းတူညီတူ နေထိုင်ခွင့် ရရေးတွေ အတွက် ဆက်တိုက်မယ့် မျိုးဆက်တွေ ထပ်ခါထပ်ခါ ပေါ်လာအုံးမှာပဲ။ သမိုင်းကြောင်းမှာ မြေကြီး လက်ခတ် မလွဲတဲ့ ကိစ္စတွေပဲ။ တရုတ်-မြန်မာနယ်စပ်က လက်နက်ကိုင် အဖွဲ့အစည်း အမျိုးသား ခေါင်းဆောင်တွေ အားလုံးဟာ သူတို့ ဘာမှ မရသေးဘဲနဲ့ နအဖ အလိုလိုက်ပြီး ဒူးထောက်မယ် ဆိုရင်တော့ သမိုင်းမှာ သူတို့ တရားခံတွေ ဖြစ်ကြမှာပဲ။ ဒါကြောင့် တကယ်တမ်း တိုက်ဖို့ ဆုံးဖြတ်ချက် ရှိရင်လည်း ပြတ်ပြတ်သားသား ပြင်ပါ။ နိုင်ငံတကာနည်းနဲ့ ၀င်နိုင်ပြောနိုင် ပြောသင့်တာပြော၊ ကိုယ့်ဘာသာ ခံတိုက်တဲ့နည်းက ခံတိုက်မှ ဖြစ်မှာ။
မေး။ ။ တရုတ်နိုင်ငံရဲ့သဘောထားကရော မြန်မာစစ်အစိုးရ အပေါ် ဘယ်လို ရှိတယ်လို့ ယူဆနိုင်ပါသလဲ။
ဖြေ။ ။ တရုတ်ကတော့ ဗမာကို ပိုက်လိုင်းနှစ်လိုင်းနဲ့ လည်ပင်းကို လည်စင်း ပေးထား ရသလို ဖြစ်နေတယ်လေ။ သူ ဘယ်လောက် အတိုင်းအတာ အထိ သည်းညည်းခံမလဲ။ ပိုက်လိုင်းကို အပျက်ခံမလား၊ ပိုက်လိုင်း အပျက်ခံပြီးတော့ ဘယ်ဘက်က ရပ်မလဲ။ အစောကြီး ကတည်းက ဗမာပြည်သူတွေ ဘက်က၊ အမှန်တရား ဘက်က ရပ်ခဲ့ရင် တနေ့ ဒေါ်အောင်ဆန်းစုကြည် ဦးစီးတဲ့ အန်အယ်လ်ဒီ အစိုးရသာ ရှိခဲ့ရင်လည်း ဒီပိုက်လိုင်း နှစ်လိုင်းကို ခွင့်ပြုမှာပဲ။
Ref: ခေတ်ပြိုင်
Friday, September 18, 2009
သူတို့ရည်ရွယ်ချက်က ဘယ်သူ့ဆီမှ လက်နက်မထားချင် တော့ဘူး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment