မင်းနိုင်သူ / ၁၆ စက်တင်ဘာ ၂၀၀၉
ယခုရက်ပိုင်းများအတွင်း သံဃာတော်များအား ဖမ်းဆီးစစ်မေးခြင်း၊ ဘုန်းကြီး ကျောင်းတိုက်များအား လုံခြုံရေးချ စောင့်ကြည့်ခြင်းများ လုပ်နေသော်လည်း လာမည့် သီတင်းကျွတ် လပြည့်နေ့မှ စကာ ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲ ဖြစ်မြောက်အောင် လုပ်ဆောင်သွားမည်ဟု သံဃာ့ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) နိုင်ငံခြားရေးရာ တာဝန်ခံ ဆရာတော် အရှင်ပါရမီ ခန္တီက ခေတ်ပြိုင်သို့ မိန့်ကြားသည်။
“စစ်အစိုးရရဲ့ ထင်ရာလုပ်နေတဲ့ လုပ်ရပ်တွေကို ဦးဇင်းတို့ သံဃာ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ပြင်းထန်စွာ ကန့်ကွက်ပြီး၊ သံဃာတော်တွေကို ဆက်လက် စော်ကားပြီး သံဃာတော်တွေ တောင်းဆိုထားတဲ့ တောင်းဆိုချက်တွေကို မလိုက်လျောရင် စစ်အစိုးရ အနေနဲ့ ကြီးစွာသော ဆုံးရှုံးမှုကြီးနဲ့ ရင်ဆိုင်ရမယ်လို့ အသိပေးချင်ပါတယ်” ဟု အထက်ပါ သံဃာတော်က မိန့်သည်။
တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်မည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့၏ ကြေညာချက် ထွက်လာပြီးနောက် နအဖ စစ်အစိုးရက သံဃာတော်များအား မျက်ခြည်မပြတ် စောင့်ကြည့် စစ်ဆေးလျက်ရှိကြောင်း ဒေသခံများက ပြောသည်။
“တခြားမြို့ကြီးတွေမှာ မပြောနဲ့၊ ကျနော်တို့လို နယ်မြို့တွေမှာတောင် ကျေးရွာတွေကနေ မီးသတ် (၃) ယောက် မြို့ပေါ် ပို့ပေးရမယ် ဆိုပြီး မြို့နယ်မီး သတ်စခန်းမှာ လူစုပြီး စစ်သင်တန်း ပေးတယ်။ နောက် ဘုန်းကြီးကျောင်းတွေ၊ သံဃာတွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့် ခိုင်းနေတယ်။ သူတို့ရဲ့ စားဝတ်နေရေးကို မြို့နယ် မယက က တာဝန် ယူထားတယ်”ဟု တောင်တွင်းကြီးမြို့ခံ တဦးက ပြောသည်။
ရေနံချောင်းမြို့ ရွှေစေတီကျောင်းတိုက်မှ လက်ထောက်ဆရာတော် ဦးဝါယမကို နအဖ စစ်အစိုးရက သြဂုတ် (၂၇) ရက်တွင် ဖမ်းဆီးခဲ့ပြီး ရန်ကုန် ငါးထပ်ကြီး ဘုရားမှ ဆရာတော် အရှင်ဃောသိတ ကိုလည်း ထိုင်ဝမ်နိုင်ငံမှ ပြန်လာစဉ် လေဆိပ်၌ပင် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။
အဆိုပါ ဆရာတော်များအပါအ၀င် ယခုလပိုင်းအတွင်း ခေါ်ယူစစ်မေး ခံရသော သံဃာတော် (၈) ပါးရှိနေပြီဟု သတင်းရထား ကြောင်း သံဃာ့ အဖွဲ့ချုပ်မှ အရှင်ပါရမီခန္တီက မိန့်သည်။
အရှင်ပါရမီခန္တီက “ဒီလုပ်ရပ်တွေဟာ စစ်အစိုးရအနေနဲ့ ဘုရားသားတော် အရှင်သူမြတ်တွေကို စော်ကားနေတဲ့ လုပ်ရပ်တွေပါပဲ။ ဘုရားသားတော်တွေကို စော်ကားနေတာဟာ မြတ်စွာဘုရားရှင်ကို စော်ကား နေတာနဲ့ အတူတူပါပဲ။ ဒါ့အပြင် မြန်မာပြည်ရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး စနစ်ကြီးဟာလည်း ကိုယ်ထင် ရာစိုင်းပြီး လုပ်နေတဲ့ အတွက် တရားမျှတမှု မရှိကြောင်း သက်သေ ပြနေတာပါပဲ” ဟု မိန့်သည်။
မြို့နယ်သံဃာ့နာယက၊ မယက၊ ရဲမြို့နယ်မှူး၊ မြို့နယ် သာသနာရေးမှူး၊ မြို့နယ်သတင်း တပ်ဖွဲ့မှူး၊ စရဖ၊ နယ်ထိန်းနှင့် ကျောင်းထိုင် ဆရာတော် အချို့ပါဝင်သော သံဃာ့ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ကို နအဖစစ်အစိုးရက ဖွဲ့စည်း နေကြောင်းလည်း အရှင်ပါရမီခန္တီက မိန့်သည်။
ယခုရက်ပိုင်းများအတွင်း သံဃာ့လှုပ်ရှားမှုများအား စောင့်ကြည့်ရန် နအဖ စစ်အစိုးရက စွမ်းအားရှင်များ စုဆောင်းနေပြီး ၎င်းတို့အတွက် ကုန်ကျစရိတ်ကို တရားမ၀င် လုပ်ငန်းရှင်များထံမှ တောင်းယူနေသည်ဟု မန္တလေးမြို့ခံ စာနယ်ဇင်း သမားတဦးက ပြောသည်။
၎င်းက “လုံခြုံရေးကို ကျွေးဖို့ ရန်ပုံငွေကို ပြင်ဦးလွင် အတက်လမ်းမှာ ရှိတဲ့ ဓာတ်ဆီဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ချဲဒိုင်တွေ၊ ရဲသိပ္ပံ နားမှာရှိတဲ့ အနှိပ်ခန်းတွေ ဆီကနေ တဆိုင်ကို အနည်းဆုံး (၅) သောင်းကနေ (၃) သိန်းအထိ တောင်းနေတယ်” ဟု ပြောသည်။
မန္တလေးမြို့ရှိ တောင်ခွင်မင်းကြီး ကျောင်းတိုက်၊ မိုးတားတိုက်၊ မန္တလေးတောင်ခြေ၊ မန္တလေးတက္ကသိုလ်အနီးတ၀ိုက်နှင့် သံဃာ့တက္ကသိုလ်တို့အနီးတွင် လုံခြုံရေးများ ချထားကြောင်း သိရသည်။
ထိုကဲ့သို့ လုံခြုံရေးတင်းကျပ်မှုများရှိသော်လည်း သံဃာတော်များအနေဖြင့် ဆောင်ရွက်ရန်ရှိသည်များကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အရှင်ပါရမီခန္တီက မိန့်ကြားသည်။
“ဦးဇင်းတို့ ရှေ့ဆောင်ဆရာတော် တွေဖြစ်တဲ့ ဆရာတော် ဦးဥတ္တမ၊ ဦးဝိစာရ၊ ဦးတိလောက ဉာဏ-ပီ-ကေ၊ အရှင် ဂမ္ဘီရတို့လို သံဃာ အာဇာနည်တွေ ဆောင်ရွက်သွားတဲ့ လမ်းစဉ်တွေ အတိုင်း မြန်မာပြည်ကြီး စစ်ဘီလူးများ လက်မှ လွတ်မြောက်အောင် ဘုရားသားတော် သံဃာ တော်တွေမှ ဆောင်ရွက်နေတာကို မြန်မာပြည် အတွင်းရှိ တိုင်ရင်းသား ပြည်သူများ အားလုံးမှ သံဃာ့ကံဆောင်သပိတ်ကို အမျိုးသားရေးလှုပ်ရှားမှုကြီးအသွင်ဖြင့် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းကြောင်း ပြည်တွင်းရှိ သံဃာတွေကိုယ်စား မိန့်ကြား အပ်ပါတယ်” ဟု အရှင်ပါရမီခန္တီက မိန့်သည်။
၂၀၀၇ ခု စက်တင်ဘာ ဒုတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲတွင် သံဃာတော်များအား စစ်အစိုးရက ပစ်ခတ် နှိမ်နင်းခဲ့ပြီး သံဃာတော်နှင့် သီလရှင်များအား ဖမ်းဆီး ထောင်ချခဲ့သည်။
Ref: ခေတ်ပြိုင်
Thursday, September 17, 2009
ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲ အထမြောက်စေရမည်ဟု သံဃာ့ အဖွဲ့ချုပ်မှ မိန့်ကြား
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment