ခိုင်လင်း / ၁၁ စက်တင်ဘာ ၂၀၀၉
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) က သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့ နယ်မြေများ အတွင်း မကြာသေးမီ ရက်ပိုင်းက စ၍ လူထုထံမှ စစ်စရိတ် ရန်ပုံငွေ (ဆက်ကြေး) ကောက်ခံ နေသကဲ့သို့ မြို့ပေါ်နေ တပ်ဖွဲ့ဝင်မိသားစုများ နေရာ ရွှေ့ပြောင်းမှု ရှိနေ၍ ကေအိုင်အိုနှင့် နအဖအကြား စစ်ဖြစ်တော့မလား ဆိုသည့် စိုးရိမ်မှုများ တိုးလာနေသည်။
၁၉၉၄ ခုနှစ် ဖေဖော်ဝါရီ (၂၄) ရက်တွင် စစ်အစိုးရနှင့် ကေအိုင်အို အကြား အပစ်ခတ် ရပ်စဲရေး ပြုလုပ်ပြီး နောက်ပိုင်း ကေအိုင်အို တပ်ရင်း တပ်ဖွဲ့များက ဒေသအတွင်း စစ်စရိတ် ရန်ပုံငွေများ ကောက်ခံခြင်း မပြုတော့ဘဲ နေခဲ့ရာမှ ယခုမှ စတင် ကောက်ခံလာခြင်း ဖြစ်သည်ဟု ကေအိုင်အို အဖွဲ့နှင့် နီးစပ်သူ ဖားကန့် ဒေသခံ တဦးက ပြောသည်။
၎င်းက “နာမည်ရှိတဲ့ ကျောက်သူဌေးတွေ ဆီမှာ ကေအိုင်အို တပ်ဖွဲ့က ကောက်နေတာ။ ဖားကန့်၊ ဆိုင်းတောင်ထဲက ကုမ္ပဏီတွေ၊ ပိုက်ဆံရှိတဲ့ သူတွေဆီက ကောက်နေတာ။ အသိ တယောက်ဆို ငွေ (၄) သိန်းနဲ့ ဆန် (၄) တင်း တနေ့ကပဲ ပေးလိုက်ရတယ်။ ဟိုတုန်းကလို မှော်ထဲသွားတဲ့ လမ်းတွေမှာ ဂိတ်တွေဖွင့်ပြီး တရားဝင်တော့ မကောက်သေးဘူး” ဟု ပြောသည်။
၁၉၉၄ ခုနှစ် အပစ်ခတ်ရပ်စဲရေး မပြုလုပ်ခင်က ကေအိုင်အို အဖွဲ့သည် ဖားကန့် ကျောက်စိမ်းတွင်း သွားရာ လမ်းများတွင် ဂိတ်များ ဖွင့်၍လည်းကောင်း၊ ကျောက်စိမ်းတွင်း၊ ရွှေတွင်းများတွင် လည်းကောင်း၊ ကေအိုင်အို တပ်ရင်းတပ်ဖွဲ့ နယ်မြေ အနီးရှိ ဆန်စက်၊ ဆီစက် ပိုင်ရှင်များသို့လည်းကောင်း အခွန်ငွေ ကောက်ခံမှုများ လုပ်ခဲ့သည်။
အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်တွင် ပြည်သူများအား ဝန်ထုပ် ဝန်ပိုး ဖြစ်စေမည့် လုပ်ရပ်များ ရှောင်ကြဉ်ရန် ဆိုသည့် နားလည် သဘောတူညီချက် ရှိခဲ့၍ ဆက်ကြေး ကောက်ခံခြင်း ရပ်ဆိုင်းထားရာမှ ယခုကဲ့သို့ ပြန်လည် ကောက်ခံနေခြင်း ဖြစ်သည်။
ကေအိုင်အိုအဖွဲ့အား ထောက်ခံအားပေးနေသည့် စီးပွားရေး လုပ်ငန်းရှင်များ၏ ရန်ပုံငွေ ကူညီ ထောက်ပံ့မှုများသာ ဖြစ်သည်ဟု အမည်မဖော်လိုသည့် ကေအိုင်အို အရာရှိက ပြောသည်။
၎င်းက “ကျနော်တို့မှာ တရားဝင်ကောက်တာမျိုး လုပ်ခွင့် မရှိပါဘူး။ သူတို့ သဘောနဲ့ သူတို့ လာလှူတာ ဖြစ်ပါလိမ့်မယ်။ အတင်းအကျပ် သဘော မရှိပါဘူး။ ကျနော်တို့ဆီမှာ အကောက်ခွန်ဌာန ရှိတယ်လေ။ ကုန်သွယ်ရေး လုပ်တဲ့ခါ အကောက်ခွန် ဌာနက ကောက်တာမျိုးပဲ ရှိပါတယ်၊ နိုင်ငံတော် အစိုးရပိုင်းကလည်း ခွင့်ပြုထားပါတယ်” ဟု ပြောသည်။
ယမန်နှစ်အစောပိုင်းက ကချင်အမျိုးသား စီးပွားရေးသမားများ ထံမှ အလှူငွေ လျှို့ဝှက် ကောက်ခံခြင်းမျိုး ရှိခဲ့ပြီး ဗမာ၊ ရှမ်း တို့ ထံမှလည်း ယခု ငွေကောက်နေခြင်း ဖြစ်ကြောင်း ဖားကန့် ဒေသခံက ပြောသည်။
၎င်းက “အခုကတော့ ကေအိုင်အေက ဆက်ကြေးငွေလည်း ကောက်လာ၊ မြစ်ကြီးနားမှာ ရှိတဲ့ ကေအိုင်အို မိသားစုတွေလည်း တရုတ် နယ်စပ်ဘက်ကို ရွှေ့နေ၊ သူတို့ ကလေးတွေကို စာသင်ကျောင်းတွေ ကပါ နုတ်ပြီး ဒီတရုတ်ဘက် ရွှေ့နေကြတာ ဆိုတော့ ဘယ်နေ့ တိုက်ကြမလဲ ဆိုပြီး စောင့်ကြည့်နေရတော့တာ။ အရပ်သားတွေက ပစ္စည်းတွေ တရုတ်ဘက် ရွှေ့ကြတာလည်း ဒီလို ကိစ္စတွေကြောင့် ဖြစ်နေတာ” ဟု ပြောသည်။
ယခုလ (၉-၁ဝ) ရက်များတွင် မြစ်ကြီးနားမြို့၌ စစ်ဖက်ရေးရာ အရာရှိချုပ် ဒု - ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ကေအိုင်အို ကိုယ်စားလှယ်များ နယ်ခြားစောင့်တပ် အသွင် ပြောင်းရေး အတွက် ဆွေးနွေးပွဲများ ပြုလုပ်နေပြီး ယခု အကြိမ်သည် ၂ဝဝ၉ ခုနှစ်၊ ဧပြီနောက်ပိုင်း (၇) ကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးမှုဖြစ်သည်။
နအဖဘက်က နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် တစိုက်မတ်မတ် ပြောဆို နေသကဲ့သို့ ယခုလ (၅) ရက်နေ့၌ ကေအိုင်အို ထိန်းချုပ်ရာ၊ လိုင်ဇာမြို့တွင် ပြုလုပ်ခဲ့သည့် ကချင် လူထု အစည်းဝေးက နယ်ခြားစောင့်တပ် အစား ကချင်ဒေသ ကိုယ်ပိုင် အုပ်ချုပ်ရေး တပ်အနေဖြင့်သာ လက်ခံရန် ဆုံးဖြတ်ထား၍ ထွက်ပေါ်လာမည့် ဆွေးနွေးပွဲ ရလဒ်အပေါ် ဒေသခံများ စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။
Ref: ခေတ်ပြိုင်
Monday, September 14, 2009
ကေအိုင်အိုက လူထုထံမှ ရန်ပုံငွေကောက်ခံ ဒေသခံ လူထု ပိုမိုစိုးရိမ်မှု ဖြစ်ပွား
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment