..............................

Thursday, September 17, 2009

ရန်ကုန်တိုင်းရဲမှူး အပြောင်းအလဲ ဆက်ကြေးပုံစံပါ ပြောင်းလဲ

NEJ / ၁၆ စက်တင်ဘာ ၂၀၀၉

ရန်ကုန်တိုင်းရဲမှူး ရဲမှူးကြီးဝင်းနိုင်နေရာတွင် ရဲမှူးကြီးအောင်နိုင်သူ တာဝန် ယူပြီးနောက် တိုင်းအတွင်း တရားမဝင် လုပ်ငန်းများမှ ဆက်ကြေး ကောက်ယူမှုပုံစံ ပြောင်းလဲလာကြောင်း ပုံမှန် ဆက်ကြေး ပေးနေရသူများက ပြောသည်။

ဗဟန်းမြို့နယ်မှ ဘောလုံးပွဲ လောင်းကစားဒိုင် တဦးက ၎င်းအနေဖြင့် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးကို နဂိုက တလကျပ် (၂) သိန်း ပေးနေရရာမှ ယခုရဲမှူးကြီး အသစ် ပြောင်းလာပြီးနောက် ကျပ် (၃) သိန်း တောင်းခံလာကြောင်း ပြောသည်။

ဒဂုံမြို့နယ်၌ အနှိပ်ခန်းဖွင့်လှစ်ထားသူတဦးက “ကျနော်တို့က ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးကို တလ ပုံမှန် (၆) သိန်းလောက် ပေးရတယ်။ အခု ရဲမှူးကြီးအသစ် ပြောင်းတော့ ဈေးနှုန်းလည်း ပြောင်းမယ် ပြောတယ်။ နောက် အနှိပ်ခန်းနဲ့ ပြည့်တန်ဆာ ကိစ္စ ရောလုပ်တဲ့ လုပ်ငန်းတွေကိုတော့ လောလောဆယ် ပြည့်တန်ဆာ ကိစ္စတွေ နားထားဖို့ ညွှန်ကြားထားတယ်။ ကျနော်တို့ကတော့ ရိုးရိုး အနှိပ်ခန်းပဲ ဆိုတော့ ကိစ္စမရှိဘူး။ ဆက်လုပ်ပါလို့ ပြောထားတယ်” ဟု ရှင်းပြသည်။

ပန်းပဲတန်းမြို့နယ်ရှိ လမ်းဘေးတွင် တရားမဝင် ဗီစီဒီ၊ ဒီဗွီဒီ ရောင်းချသူ တဦးကလည်း ၎င်းအနေဖြင့် ဌာနဆိုင်ရာ စုစုပေါင်း (၁၁) ဦးခန့်ကို လစဉ် ဆက်ကြေး ပေးရကြောင်း၊ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ တလကို ကျပ် (၂,ဝဝဝ) ကောက်ကြောင်း၊ ယခု ရဲမှူးကြီး ပြောင်း၍ ဆက်ကြေးပမာဏ တိုးမည် ပြောဆိုသော်လည်း ပမာဏ မည်မျှတိုးမည် ဆိုသည်ကို မသိသေးကြောင်း ပြောသည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးအပါအဝင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များ၊ ရဲသတင်း တပ်ဖွဲ့များ၊ စရဖများ အပါအဝင် အာဏာပိုင် အဖွဲ့အစည်း အသီးသီးသည် ရန်ကုန်တိုင်း အတွင်းရှိ တရားမဝင် လုပ်ငန်းများမှ ဆက်ကြေး ကောက်ခံနေကြခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းအတွင်းရှိ အနှိပ်ခန်း၊ ပြည့်တန်ဆာရုံ၊ နိုက်ကလပ်၊ ကာရာအိုကေဘား၊ ဟိုတယ်များ၊ တည်းခိုခန်းများ၊ ဘောလုံးပွဲ လောင်းကစားဒိုင်၊ ချဲထီဒိုင်၊ ဗီစီဒီ၊ ဒီဗွီဒီ ရောင်းချသူများ၊ ပုံနှိပ် လုပ်ငန်းရှင်များ စသဖြင့် ဥပဒေနှင့် ငြိစွန်းပြီး စီးပွား ရှာနေသူများထံမှ ပုံမှန် ဆက်ကြေး ကောက်ခံလေ့ ရှိကြသည်။

ဆက်ကြေးကောက်သည့် အဖွဲ့များအနက် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးသို့ ပေးရသည့် ဆက်ကြေးငွေမှာ အမြင့်ဆုံး ဖြစ်ပြီး ရန်ကုန်တိုင်း ရဲမှူးကြီး ဝင်းနိုင်သည်လည်း မြို့နယ်ရဲမှူးတို့၏ ကတော်များမှ တဆင့် လာဘ်ငွေယူသည် ဆိုသည့် စွပ်စွဲချက်ဖြင့် ထောင်ဒဏ်(၃) နှစ် ကျခံသွားရခြင်း ဖြစ်သည်။

၎င်းနေရာကို ရဲမှူးကြီးအောင်နိုင်သူ တာဝန် ဆက်ယူပြီးနောက် ယခုကဲ့သို့ ဆက်ကြေး ပမာဏ အပြောင်းအလဲ သတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့