..............................

Friday, September 18, 2009

ရန်ကုန်မြို့၌ အချိန် (၂) နာရီအတွင်း ဗုံးပေါက်ကွဲမှု (၆) ခုဖြစ်ပွား

မျိုးချစ်သူ/ ၁၇ စက်တင်ဘာ ၂၀၀၉

ရန်ကုန်မြို့တွင် အချိန် (၂) နာရီခန့်အတွင်း ဗုံးပေါက်ကွဲမှု (၆) ခု ဆက်တိုက် ဖြစ်ပွားကြောင်း ရန်ကုန် မြို့ခံများ ထံမှ သိရသည်။

ပေါက်ကွဲမှု ဖြစ်ပွားရာနေရာများမှာ လှိုင်သာယာမြို့နယ်နှင့် ရွှေပေါက်ကံ မြို့နယ်တို့ရှိ စက်မှုဇုန်များတွင် ဖြစ်ကြောင်း စက်မှု လုပ်ငန်းရှင် တဦးက ပြောသည်။

ဖြစ်ပွားမှုနှင့် ပတ်သက်၍ လှိုင်သာယာ မြို့နယ်ရဲစခန်းသို့ ခေတ်ပြိုင်က ဆက်သွယ် မေးမြန်းရာ တာဝန်ကျ ရဲအရာရှိ တဦးက ဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားသည်။

“ပေါက်ကွဲမှုတွေ ဖြစ်တယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် ချိန်ကိုက် အသေးစား ဗုံးလေးတွေ ပါပဲ။ ထိခိုက် ဒဏ်ရာရတာတော့ မရှိဘူး” ဟု အဆိုပါ ရဲအရာရှိက ပြောသည်။

လှိုင်သာယာမြို့နယ် စက်မှုဇုန် အမှတ် (၃) ရှိ ပုဂ္ဂလိက ကားဝင်းနှင့် ကားနှင့် ဆက်စပ်ပစ္စည်းများ သိုလှေင်ရာဝင်း တို့တွင် စက်တင်ဘာ (၁၆) ရက်နေ့ (၁၁) နာရီ (၅၀) မိနစ်ခန့်နှင့် ည (၁၂) နာရီခန့်တို့တွင် ဆက်တိုက် ပေါက်ကွဲကြောင်း၊ ယင်းအချိန်၌ပင် ရွှေပေါက်ကံ စက်မှုဇုန်ရှိ ဂျိုနာ အထည်ချုပ် စက်ရုံ ၀င်းအတွင်းတွင်လည်း စက်တင်ဘာ (၁၇) ရက်နေ့အကူး ည (၁၂) နာရီခွဲကျော်တွင် ပေါက်ကွဲမှု ဖြစ်ကြောင်း လှိုင်သာယာ ရဲစခန်းနှင့် ရွှေပေါက်ကံ ရဲစခန်း မှတ်တမ်းများ အရ သိရသည်။

“ပေါက်ကွဲမှုကြောင့် ကျနော်တို့စက်ရုံက ဘယ်သူမှ ထိခိုက်မှုဖြစ်တာ မရှိဘူး။ ကျနော်တို့ ထင်တာက ထရန်စဖော်မာ ပေါက်တာထင်လို့ လျှပ်စစ်ကို အကြောင်းကြားတာ။ သူတို့တွေလာမှ ဗုံးပေါက်မှန်း သိရတာပါ။ ပေါက်ကွဲတဲ့ နေရာ အနီးမှာတော့ စက်ရုံနံရံကို ထိသွားတယ်၊ ပြိုကျသွားတယ်” ဟု ရွှေပေါက်ကံ စက်မှုဇုန် ဂျိုနာ အထည်စက်ရုံ ၀န်ထမ်းတဦးက ပြောသည်။

ထို့အပြင် လှိုင်သာယာ စက်မှုဇုန်ရှိ ပုဂ္ဂလိက သစ်အချောထည် စက်ရုံ ဘေးလမ်းနှင့် အမှတ် (၅) ရဲကင်း ဘေးလမ်း တို့တွင်လည်း ပေါက်ကွဲမှု တချိန်တည်း ဖြစ်ခဲ့ကြောင်း၊ နောက်ဆုံးပေါက်ကွဲသော ဗုံးမှာ စက်တင်ဘာ (၁၇) ရက် (ယနေ့) နံနက် (၁) နာရီခွဲ၌ အိုင်အန်ဂျီအို တခု၏ ရုံးခန်းဘေးတွင် ပေါက်ကွဲခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

လှိုင်သာယာစက်မှုဇုန်၏ တာဝန်ရှိသူက အဆိုပါ ဗုံးပေါက်ကွဲမှုများ အပေါ် အစိုးရက သံသယ ဖြစ်ဖွယ် လူများကို လိုက်လံ စစ်ဆေးနေပြီ ဖြစ်ကြောင်း ပြောသည်။

“ဘယ်သူ့ လက်ချက်လဲဆိုတာတော့ လောလောဆယ် မသိရသေးဘူး။ စက်မှုဇုန်တွေကိုမှ ဘာလို့ အဲဒီလို လုပ်တယ် ဆိုတာကို ကျနော်တို့လည်း စဉ်းစားနေတယ်” ဟု စက်မှုဇုန်၊ စီမံခန့်ခွဲရေး လုပ်ငန်းပိုင်း ဆိုင်ရာ ဆောင်ရွက်သူ အကြီးအကဲ တဦးက ပြောသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့