..............................

Tuesday, October 4, 2011

မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းလိုက်ခြင်းနှင့် ပတ်သက်ပြီးဆွေးနွေးရန် တရုတ်တောင်းဆို

Saturday, 01 October 2011

အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလျံတန်ဖိုးရှိ မြစ်ဆုံတွင် ဆည်ဆောက်မည့် စီမံကိန်းကို ရပ်ဆိုင်း လိုက်ခြင်းနှင့် ပတ်သက်ပြီး ဆွေးနွေးရန် တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာနက အောက်တိုဘာလ ၁ ရက်နေ့တွင် တောင်းဆို လိုက်သည်။

မြစ်ဆုံတွင် ဆည်ဆောက်မည့်ကိစ္စကို မြန်မာနိုင်ငံတွင် လူထုက ကန့်ကွက်ခဲ့ကြပြီးနောက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြည်သူ့ ဆန္ဒအတိုင်း ဆောင်ရွက်ကာ ဆည်စီမံကိန်းကို ရပ်နားထားမည်ဟု ကြေညာခဲ့သည်။

၂၀၀၆ ခုနှစ်တွင် ထိုစဉ်က မြန်မာအစိုးရနှင့် စတင်အဆိုပြု ဆွေးနွေးခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် သဘောတူ ကန်ထရိုက် စာချုပ်ကို အေးရှားဝါးလ် ကုမ္ပဏီနှင့် တရုတ် စွမ်းအင်ကုမ္ပဏီ (CPI) တို့က ဆည်ဆောက်ရန် သဘော တူညီခဲ့ကြခြင်း ဖြစ်သည်။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ''တရုတ်ကုမ္ပဏီများ၏ တရားဝင်မှု အခွင့်အရေးကို နိုင်ငံများက အာမခံ သင့်ကြောင်း၊ မြစ်ဆုံဆည်သည် တရုတ်နှင့် မြန်မာအကြား ပူးတွဲ ဆောင်ရွက်ခဲ့သည့် စီမံကိန်း ဖြစ်ကြောင်း၊ နှစ်ဖက်စလုံးက ဆက်လက် လေ့လာ ဆုံးဖြတ်သင့်ကြောင်း'' ထုတ်ပြန်ခဲ့သည်။

''နှစ်ဖက်စလုံးက ခင်မင်းရင်းနှီးစွာ အကြံပြုပြီးတော့ ဒီလုပ်ငန်းစဉ်နဲ့ ဆက်နွှယ်တဲ့ ကိစ္စတွေကို သင့်တော်သလို ဆောင်ရွက် သင့်ပါတယ်'' ဟု နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟောင်လေက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမြောက်ဖျားတွင် တည်ဆောက်ရန်စီစဉ်ခဲ့သည့် ဆည်သည် အိမ်နီးချင်း တရုတ် အတွက် အဓိက ပံ့ပိုးပေးရန် ရည်ရွယ်သည့် ကိစ္စ ဖြစ်ခဲ့ပြီး ထွက်ရှိမည့် စွမ်းအင် ၉၀ ရာခိုင်နှုန်းကို ပံ့ပိုးရမည်ဖြစ်ကာ စင်ကာပူ နိုင်ငံ အရွယ်အစားရှိ ရေလွှမ်းဧရိယာ ၇၆၆ စတုရန်း ကီလိုမီတာ (၂၉၆ စတုရန်းမိုင်) မျှ ရှိမည်ဖြစ်သည်။

မကြာသေးမီနှစ်များအတွင်း မြန်မာနိုင်ငံသည် တရုတ်မှ ရင်းနှီးမြှုပ်နှံမှုများကို နိုင်ငံတကာ၏ အရေးယူ ပိတ်ဆို့မှုကြောင့် မဖြစ်မနေ လက်ခံခဲ့ရသော်လည်း မကြာသေးမီ ရက်သတ္တပတ်များ အတွင်း မြန်မာ ခေါင်းဆောင်များသည် မြန်မာပြည် သူတို့၏ ဆန္ဒကို ဦးစားပေး ဆောင်ရွက်စရာ အဖြစ် မှတ်ယူ လာခဲ့ကြသည်။

Ref: EMG News

Read More...

မြစ်ဆုံအရေး တရုတ်အစိုးရ တုံ့ပြန်

ခင်ဦးသာ
Monday, 03 October 2011

ဧရာဝတီမြစ်ဆုံစီမံကိန်းလုပ်ငန်းများ ဆိုင်းငံ့ထားမည်ဟု သမ္မတ ဦးသိန်းစိန်က ပြောဆိုခဲ့ပြီး နောက်တနေ့တွင် တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာနက စီမံကိန်းတွင် ပါဝင်သည့် ကုမ္ပဏီတို့၏ အကျိုးစီးပွားရေးကို ထိန်းသိမ်း ပေးရန် မြန်မာ အစိုးရကို တုံ့ပြန် ပြောဆို လိုက်သည်။

စီမံကိန်းအတွက် နှစ်နိုင်ငံ အပြန်အလှန် ဆွေးနွေး ညှိနှိုင်းပြီးမှ လုပ်ဆောင်ခဲ့ကြောင်း၊ လိုအပ်သော သိပ္ပံဆိုင်ရာ လေ့လာမှုများကို သေချာ ကျနစွာ ဆောင်ရွက်ပြီးမှ စီမံကိန်း စတင်ခဲ့ခြင်း ဖြစ်ကြောင်း စနေနေ့က ထွက်ပေါ်လာသည့် တရုတ် နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်က ဆိုသည်။ စီမံကိန်းအား ပြည်တွင်း၊ ပြည်ပရှိ မြန်မာနိုင်ငံသားများ အဆက်မပြတ် ဆန့်ကျင် ကန့်ကွက်နေခြင်းနှင့် ပတ်သက်၍ တစုံတရာ ဖော်ပြထားခြင်းမရှိပေ။

ဦးသိန်းစိန်၏ ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက ထိုသို့ တုံ့ပြန်သော်လည်း အမေရိကန် အစိုးရကမူ မြန်မာ ပြည်သူတို့၏ အသံကို အလေးထားပြီး ထိုသို့ ဆုံးဖြတ်ခြင်းကို ကြိုဆိုသည်ဟု ထုတ်ပြန် ကြေညာခဲ့သည်။

မြစ်ဆုံစီမံကိန်းကို ဒေါ်လာ ၃ ဒဿမ ၆ ဘီလီယံ အကုန်အကျခံ တည်ဆောက်ရန် စီစဉ်ခဲ့ပြီး မေခ၊ မလိခ မြစ်များပေါ်ရှိ ရေကာတာ စီမံကိန်းများ အတွက် တရုတ်နိုင်ငံက ဒေါ်လာ ဘီလီယံ ၂၀ အထိ ရင်းနှီး မြှုပ်နှံထားသည်။

တရုတ်နှင့်မြန်မာ အစိုးရတို့သည် ထိုစီမံကိန်းအတွက်၂၀၀၆ ခုနှစ်တွင် သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ဆောက်လုပ်ရေး လုပ်ငန်းများ စတင်ခဲ့သည်။ တည်ဆောက်ရေး လုပ်ငန်း မည်မျှအထိ ပြီးစီး နေကြောင်းကို နှစ်နိုင်ငံ အစိုးရများက ထုတ်ပြန်ခြင်း မရှိသေးပေ။

ဤအတောအတွင်း မြစ်ဆုံဒေသ စီမံကိန်းကို ဦးဆောင်ခဲ့သော တရုတ် China Power Investment (CPI) ကုမ္ပဏီက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အစီရင်ခံစာ တစောင် ထုတ်ပြန်လိုက်သည်။ ထိုအစီရင်ခံစာတွင် မြစ်ဆုံ စီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု နည်းပါးကြောင်း၊ ဒေသစီးပွား တိုးတက်လာမည် ဖြစ်၍ စီမံကိန်းကို ဒေသခံ ကချင် လူထု ၈၀ ရာခိုင်နှုန်းကျော်က ထောက်ခံကြောင်း ဖော်ပြထားသည်။ စီမံကိန်းပြီးစီးသည့် အခါ ပြောင်းလဲလာသည့် သဘာ၀၀န်းကျင် အနေအထားကြောင့် ခရီး သွားလာရေး လုပ်ငန်း ဖွံ့ဖြိုး လာမည်ဟု ဆိုသည်။

ထိုအစီရင်ခံစာပါ အချက်များကို ကမ္ဘာ့မြစ်များ ကာကွယ် ထိန်းသိမ်းရေး အဖွဲ့ (International Rivers Network - IRN) က လက်ခံခြင်း မရှိပေ။

“အစီရင်ခံစာမှာ ပြောထားတဲ့ ဇီဝမျိုးစိတ်တွေကို နေရာပြောင်းလို့ရတယ် ဆိုတာဟာ မဖြစ်နိုင်တဲ့ကိစ္စပါ၊ ဇီဝ မျိုးစိတ်တွေ၊ ရှားပါးတဲ့ ရေနေ၊ ကုန်းနေ သတ္တ၀ါတွေ၊ အပင် မျိုးစိတ်တွေ စတဲ့ ဂေဟစနစ်တွေကို တနေရာက တနေရာကို ပြောင်းရွှေ့လို့ မရပါဘူး” ဟု IRN မှ ဥပဒေပညာရှင် တရုတ်အမျိုးသမီး Ms. Grace Mang က ဧရာဝတီကို ပြောသည်။

မြစ်ဆုံ စီမံကိန်းများ တည်ဆောက်ရာ၌ အဆင့် ၅ ဆင့် ပါဝင်ပြီး ၎င်းတို့ ရရှိသည့် မှတ်တမ်းများအရ အဆင့် ၂ ဆင့် ပြီးမြောက်နေပြီဟု သိရကြောင်း၊ CPI ကုမ္ပဏီက နောက်ဆုတ်ပေးရန် အလားအလာ မရှိကြောင်း သူက ရှင်းပြသည်။

မြန်မာပြည်မှ သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား ဦးအုန်းကလည်း CPI ကုမ္ပဏီ၏ အစီရင်ခံစာကို ရေးသား ထုတ်ပြန် သူများသည် ပညာရှင် အစစ်အမှန်များ မဟုတ်ဘဲ ကုမ္ပဏီ ကိုယ်စားပြုသူများသာ ဖြစ်သည့်အတွက် ထိုသို့ တာဝန်မဲ့ စကား ပြောဆိုခြင်း ဖြစ်သည်ဟု သုံးသပ်လိုက်သည်။

“မြစ်ဆုံတ၀ိုက်မှာ ရှားပါးမျိုးစိတ် ရာချီရှိတယ်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ဆုံးရှုံးမှု ပမာဏများတယ်၊ ဒါ့အပြင် တရုတ် (နိုင်ငံ) ရဲ့လုပ်ရပ်ဟာ မြန်မာတွေရဲ့ ယဉ်ကျေးမှု၊ ရိုးရာဒေသ ဓလေ့တွေပါ စော်ကားတဲ့ သဘောပါပဲ၊ ကျနော် နောက်ဆုံး ပြောချင်တာကတော့ မြစ်ဆုံ တ၀ိုက်ကို တရုတ် တပြည်လုံးနဲ့ မလဲနိုင်ဘူးလို့ပဲ ပြောချင်ပါတယ်” ဟု ဦးအုန်းက ဧရာဝတီကို ပြောသည်။

မြစ်ဆုံစီမံကိန်းကြောင့် ပျက်စီးဆုံးရှုံးနိုင်မည့် ပမာဏ ကြီးမားသည်ဟု တရုတ်ပညာရှင် အစစ် အမှန်များက လေ့လာ သုံးသပ် ထားပြီး ဖြစ်ကြောင်း ဦးအုန်းက ဆက်လက် ရှင်းပြသည်။

တရုတ်နိုင်ငံခြားရေးဌာန၏ တုံ့ပြန်ချက် စနေနေ့တွင် ထွက်ပေါ်လာသော်လည်း သမ္မတဦးသိန်းစိန်၏ အကြံပေး တဦး ဖြစ်သူ ဒေါက်တာ နေဇင်လတ်ကမူ နှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်ဖွယ် မရှိဟု ဆိုသည်။

စီမံကိန်းနှင့်ပတ်သက်၍ နှစ်နိုင်ငံအစိုးရအကြား လုပ်ထုံးလုပ်နည်းအရ ဆွေးနွေးမှုများ ရှိကြောင်း၊ ရေရှည်အရ ကောင်းသည့် ဘက်ကိုသာ ဦးတည်မည် ဖြစ်ကြောင်း၊ တရုတ် ကုမ္ပဏီများ နှင့် မြန်မာ အစိုးရကြား ဆက်လက် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ဒေါက်တာ နေဇင်လတ်က ဘီဘီစီ သတင်းဌာနကို ပြောသည်။

သမ္မတဦးသိန်းစိန်ကလည်း စီမံကိန်းကို လက်ရှိအစိုးရသက်တမ်းတွင် ဆိုင်းငံ့ထားမည်ဟုသာ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“အစိုးရအဖွဲ့ဆိုတာက တဖွဲ့နဲ့တဖွဲ့က မူဝါဒတွေ မတူပါဘူး၊ ဒီတော့ နောက်လာမယ့် အစိုးရက ဆက်လုပ်မယ် မလုပ်ဘူး ဆိုတာတော့ မသိပါဘူး” ဟူသော ဒေါက်တာ နေဇင်လတ်၏ ပြောဆိုချက်ကို ဘီဘီစီမြန်မာပိုင်းက ယနေ့ နံနက်ပိုင်းတွင် ထုတ်လွှင့်သွားသည်။

တရုတ်အစိုးရသည် ၎င်းတို့၏ စွမ်းအင်လိုအပ်မှုအတွက် မြန်မာနိုင်ငံတွင် ရေအား လျှပ်စစ်စီမံကိန်းများ စီစဉ် နေရုံသာမက ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံသို့ သွယ်တန်းမည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း ကဲ့သို့သော စီမံကိန်းကြီးများကို ဒေါ်လာ ဘီလီယံ ဆယ်ချီ၍ ရင်းနှီး မြှုပ်နှံထားသည်။

တရုတ်နိုင်ငံသည် စွမ်းအင်လိုအပ်ချက် ၈၀ ရာခိုင်နှုန်းကျော်အတွက် အရှေ့အလယ်ပိုင်းဒေသမှ ရေနံကို ပင်လယ် ဓားပြ ထူထပ်သည့် မလက္ကာ ရေလက်ကြားကို ဖြတ်ကာ တင်သွင်းနေရသည့် ကုန်ကျစရိတ် များသည့်အပြင် စိန်ခေါ်မှုများ၊ အခက်အခဲများနှင့် ကြုံတွေ့နေရသည်။

ကျောက်ဖြူဆိပ်ကမ်းစီမံကိန်းပြီးစီးသွားပါက မလက္ကာရေလက်ကြားကို ဖြတ်ရန် မလိုတော့ဘဲ ရေနံကို ကျောက်ဖြူ ဆိပ်ကမ်း ကြားခံထား၍ တင်သွင်း နိုင်မည်ဖြစ်သည်။ ထို့အပြင် ရခိုင် ကမ်းလွန်ဒေသမှ သဘာဝ ဓာတ်ငွေ့ အများအပြား ကိုလည်း တရုတ် နိုင်ငံက နှစ် ၃၀ ထုတ်ယူရန် မြန်မာ အစိုးရနှင့် စာချုပ် ချုပ်ထားပြီးဖြစ်သည်။

ကျောက်ဖြူစီမံကိန်းသည် တရုတ်နှင့်မြန်မာအစိုးရတို့ အတွက် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး မဟာဗျူဟာ ကျသည့် စီမံကိန်း ဖြစ်သည့် အပြင် သဘာဝ ဓာတ်ငွေ့စီမံကိန်း၊ အမြန်ရထားလမ်း စီမံကိန်းတို့ သည်လည်း နှစ်နိုင်ငံ အစိုးရ၏ အကျိုးစီးပွား အတွက် အရေးပါသည်ဟု ရွှေသဘာဝ ဓာတ်ငွေ့ လှုပ်ရှားမှု ဆန့်ကျင်ရေးအဖွဲ့ တာဝန်ခံ ကိုဝင်းအောင်က ဧရာဝတီကို ပြောသည်။

ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့်ဆက်စပ်နေသော ရေနံသိုလှောင်ရုံ၊ သဘာဓာတ်ငွေ့ သိုလှောင်ကန်၊ ဓာတ်ငွေ့ သန့်စင်စက်ရုံ စသည့် ဓာတု စက်ရုံများကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှု၊ ဒေသခံတို့၏ ထိခိုက် နစ်နာမှုများ ကြီးမားသော်လည်း ထိုကိစ္စကို ပြည်သူများ သိခွင့် မရကြောင်း ကိုဝင်းအောင်က ဆိုသည်။

ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း စာချုပ်အရ စီမံကိန်းမှ ထွက်သည့် သဘာဝဓာတ်ငွေ့အားလုံးကို တရုတ်နိုင်ငံသို့ တင်ပို့မည်ဟု သိရသည်။

ရခိုင်ကမ်းလွန် သဘာဝဓာတ်ငွေ့ ၁၀၀ မီလျံကုဗမီတာအား အစိုးရ၏ လုပ်ငန်းများ၊ အစိုးရနှင့် နီးစပ်သည့် ကုမ္ပဏီများ အတွက် အသုံးပြုသွားရန် ရှိကြောင်း ကိုဝင်းအောင်က ပြောသည်။

Ref: ဧရာဝတီ

Read More...

Monday, October 3, 2011

KNU ပြည်ထောင်စုအစိုးရနဲ့ ဆွေးနွေးလို

သိင်္ဂီထိုက်
တနင်္ဂနွေ, 02 အောက်တိုဘာ 2011

ကရင်အမျိုးသားအစည်းအရုံး KNU က ငြိမ်းချမ်းရေးအတွက် ပြည်ထောင်စုအစိုးရနဲ့သာ တိုက်ရိုက် ဆွေးနွေး နိုင်မယ်လို့ ပြောပါတယ်။ ဒီလို ဆွေးနွေးမယ် ဆိုရင်တောင် တစ်ဖွဲ့တည်း ဆွေးနွေးတာမျိုး လက်မခံဘဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ပူးပေါင်း ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အနေနဲ့သာ ဆွေးနွေးမယ်လို့ ဆိုလိုက်ပါတယ်။ မကြာခင်ကပဲ KNU ကို ငြိမ်းချမ်းရေးစကား ပြောဖို့ အစိုးရဘက်က ကမ်းလှမ်း ခဲ့တဲ့အပေါ် KNU က အခုလို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။ အပြည့်စုံကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

မကြာခင်ရက်ပိုင်းက မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ကို ငြိမ်းချမ်းရေး ဆွေးနွေးဖို့ သွားရောက်တွေ့ဆုံ ကမ်းလှမ်းခဲ့တာပါ။ KNU အနေနဲ့ အစိုးရသစ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးလိုရင် ကရင်ပြည်နယ် အစိုးရနဲ့ ဆက်သွယ် ဆောင်ရွက်ဖို့လည်း ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ KNU ဘက်ကတော့ တန်းတူ ညီမျှရေးနဲ့ ငြိမ်းချမ်းရေး အတွက် ပြည်ထောင်စု အစိုးရနဲ့ပဲ တိုက်ရိုက် ဆွေးနွေးနိုင်မယ့် အကြောင်းနဲ့ KNU တဖွဲ့တည်းမဟုတ်ဘဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သာ တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ UNFC အနေနဲ့ပဲ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ လုပ်ဆောင်နိုင်မယ့် အကြောင်း အကြောင်းပြန်လိုက်တယ်လို့ KNU ရဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေက ပြောဆိုလိုက်ပါတယ်။

“ကျနော်တို့ ဒီဘက်မှာ အတူရပ်တည်နေကြတဲ့ UNFC နဲ့ ပြောကြဆိုကြတဲ့အတိုင်း ကျနော်တို့က နိုင်ငံရေးအရပဲ ဆွေးနွေးချင်တယ်။ ဗဟိုအစိုးရနဲ့ပဲ ကျနော်တို့ ဆွေးနွေးမယ်။ ဒီလိုမျိုး အဆင့်နဲ့ မလုပ်ဘူးဆိုတာကိုတော့ ကျနော်တို့ ပါးစပ်နဲ့ပဲ ပြောလိုက်တယ်။”

မြန်မာအစိုးရနဲ့ လွန်ခဲ့တဲ့နှစ်ကာလတွေအတွင်း ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကနေ တိုင်းရင်းသားတွေ အမှန်တကယ် တောင်းဆို တာတွေ မရခဲ့ဘူးလို့လည်း KNU က ပြောဆိုပါတယ်။ မြန်မာအစိုးရဟာ တိုင်းရင်းသားတွေကို တန်းတူညီမျှရေး အနေအထားမျိုးနဲ့ မဟုတ်ဘဲ လက်နက်စွန့်စေလိုတဲ့ သဘောထားမျိုး အစဉ်အဆက် လုပ်ဆောင်ခဲ့တယ်လို့လည်း ဗိုလ်မှူး စောလှငွေက ပြောဆိုပါတယ်။

“ကျနော်တို့ရဲ့ ဖြတ်သန်းချက်တွေအရ လေးငါးကြိမ်လောက်၊ ကျနော်တို့ သမိုင်းတလျှောက်လုံးမှာ ဆွေးနွေးခဲ့တဲ့ ကျနော်တို့ရဲ့ အတွေ့အကြုံတွေအရဆိုရင်တော့ ကျနော်တို့ ရည်မှန်းချက်မပေါက်ဘဲနဲ့ ကျနော်တို့လိုချင်တဲ့ အပြန်အလှန် လေးစားရေး အပေါ်မှာ နိုင်ငံရေး ပြဿနာကို ဆွေးနွေး တာမျိုးထက် အင်အားကြီးတဲ့ လက်ရှိအာဏာရထားတဲ့ အစိုးရတွေက နေပြီးတော့ သူတို့ ကိုင်ထားတဲ့ ဥပဒေဘောင် အတွင်းကနေပြီးတော့ သူတို့အကြိုက် လိုက်ပြီးတော့၊ နောက်ဆုံး ပြောရမယ်ဆိုရင် လက်နက်ချရေး ကိုပဲ ဦးတည် သွားတာတွေက များတဲ့ အခါကျတော့ နိုင်ငံဆွေးနွေးတဲ့ ဆီကို ကျနော်တို့ တခါမှ မရောက်ခဲ့ဘူး။”

ကရင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် KNU ကို ငြိမ်းချမ်းရေးစကားပြောဖို့ ကမ်းလှမ်းနေတဲ့ တချိန်တည်း မှာပဲ တိုင်းရင်းသား ဒေသတွေမှာ မြန်မာ စစ်တပ်တွေရဲ့ စစ်ရေးပြင်ဆင်မှုတွေ၊ အင်အား ဖြည့်တင်းမှုတွေ ဆက်တိုက်ဆိုသလို ရှိနေတယ် လို့လည်း KNU က ပြောဆိုလိုက်ပါတယ်။

လအတော်ကြာ မြန်မာအစိုးရတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့လည်း ရှေ့တန်း စစ်မျက်နှာမှာ နေ့စဉ်ဆိုသလို ကြိုကြား တိုက်ပွဲတွေ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် KIO ဌာနချုပ် လိုင်ဇာ ဘက်ကိုလည်း မြန်မာ စစ်တပ်က စစ်အင်အား ဖြည့်တင်းမှုတွေ လုပ်ဆောင် နေတယ်လို့ KIO က ကိုဟင်နရီ က အခုလို ပြောပါတယ်။

“မနေ့ကအထိတော့ အင်အား ၃ ထောင်ကျော်ပြီ။ ဒီ လိုင်ဇာ ဘက်ကို ဦးတည်လာတဲ့ စစ်ကြောင်းတွေပေါ့။ သူတို့ မြစ်ကို ကျော်နေပြီ။ လိုင်ဇာကိုတော့ မရောက်သေးဘူး။ ထိန်ညောင်ပင် တ၀ိုက်နဲ့ တောထဲမှာ သူတို့ တပ်အင်အား ဖြန့်ထားတယ် လို့ပြောတယ်။ လိုင်ဇာနဲ့ ဘယ်လောက်ဝေးလဲ ဆိုတော့ မြစ်ကြီးနားနဲ့ လိုင်ဇာနဲ့ အလယ်ခေါင်လောက်မှာ ကျတယ်။”

တိုင်းရင်းသား အပစ်ရပ်အဖွဲ့ ၀ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် UWSA နဲ့ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်တွေ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေလည်း ဒီရက်ပိုင်းအတွင်းမှာပဲ ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသေးတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကတော့ မြန်မာအစိုးရဟာ နိုင်ငံရေးအရ ငြိမ်းချမ်းရေးစကား ပြောဆိုဖို့ ကမ်းလှမ်းနေတဲ့ တချိန်တည်းမှာပဲ တိုင်းရင်းသား ဒေသတွေမှာ စစ်ရေးအရလည်း အရှိန်မြင့် ဆောင်ရွက်နေတာတွေကြောင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အမှန်တကယ် ဖော်ဆောင်နိုင်ပါ့မလား ဆိုတာကို သတိထား စောင့်ကြည့် နေကြရတယ်လို့ ပြောဆိုကြပါတယ်။

Ref: VOA News

Read More...

KIA နှင့် အစိုးရတိုက်ပွဲ ပိုမိုတိုးပွားလာ

သန်းထိုက်ဦး
Friday, 30 September 2011

အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အကြား တိုက်ခိုက်မှုများ ရှမ်း နှင့် ကချင်ဒေသတွင် ပိုမို တိုးပွား လာကြောင်း KIAက ပြောသည်။

တိုက်ပွဲများက ကချင်ပြည်နယ် မိုးညှင်းမြို့ရှိ ငှက်ပျောတောကျေးရွာ၊ မံစီမြို့အနီးအနားအထိ ဖြစ်ပွားလာနေကြောင်း ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ဧရာဝတီကို ပြောသည်။

KIA ၏ အမှတ် ၄ တပ်မဟာ လှုပ်ရှားခွင်ဖြစ်သည့် ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်ရှိ ပန်ဆိုင်း၊ တာမိုးညဲ စသည့် ဒေသများတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ဦးလနန်က ပြောသည်။

“တပ်မဟာ ၄ ဘက်မှာတော့ တိုက်ပွဲဟာ လုံးဝ ကျယ်ပြန့်သွားပြီး အစိုးရတပ်ဖွဲ့တွေရှိတဲ့ နေရာတွေကို ကျနော်တို့ ပြောက်ကျား တပ်ဖွဲ့ဝင်တွေက ပြန်တိုက်နေကြတယ်” ဟု ဦးလနန်က ဧရာဝတီကို ပြောသည်။

တပ်မဟာ ၄ ဒေသသည် စက်တင်ဘာလ ၂၃ ရက်နေ့မှ စတင်၍ အပြင်းအထန် ထိုးစစ်ဆင် ခံရခြင်း ဖြစ်သည်။

ယမန်နေ့က ကချင်ပြည်နယ် လိုင်ဇာဒေသသို့ ဦးတည်လာသော အစိုးရတပ်တို့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ KIA ဒေသ အသီးသီးကို စစ်ရေးပြင်ဆင်မှု တိုးလာသည်ဟု ဆိုသည်။

“မြစ်ကြီးနားကနေပြီတော့ ရွှေညောင်ပင် ဘက်ကို သူတို့ တပ်အင်အား ဖြည့်တာရှိတယ်၊ နောက်ပြီးတော့ မြစ်ကြီးနား ကနေ ဧရာဝတီမြစ် လမ်းကြောင်း ဆင်းပြီး တာလောကြီးဘက်က ၀င်လာဖို့ ရှိတယ်၊ ဗန်းမော်မြို့ အနောက်ဘက်ခြမ် အဲဒီကနေလည်း တက်လာဖို့ အစီအစဉ်ရှိတယ်၊ ဒါကို ကြည့်ခြင်းအားဖြင့် သူတို့တပ် ဦးတည်လာတာကို စုလိုက်ရင် ကျနော်တို့ဘက်ကို ဖြစ်နေတယ်” ဟု ဦးလနန်က ရှင်းပြသည်။

KIA ဘက်ကလည်း ကြိုတင် ပြင်ဆင်ထားကြောင်း သူက ပြောသည်။

“လိုင်ဇာဒေသကို ၀င်လာမယ်ဆိုရင် ဒီဒေသတော့ သူတို့အတွက် သတ်ကွင်း ဖြစ်သွားပါလိမ့်မယ်၊ သူတို့ သိမှာပါ။ ဒါကြောင့်မို့ သူတို့က အဝေးကနေ လက်နက်ကြီးတွေကို အားကိုးပြီးတော့ ပစ်ကြမယ်လို့ ထင်တယ်” ဟု ဦးလနန်က ဆိုသည်။

KIA က တိုက်ပွဲအခြေအနေများ၊ ၎င်းတို့၏ သဘောထားများကို သတင်းဌာနများသို့ ပြောဆိုနေချိန်တွင် အစိုးရက စစ်သတင်းကို အမှောင် ချထားသည်။

နှစ်ဖက် အကျအဆုံး စာရင်း၊ ထွက်ပြေးနေရသည့် ဒေသခံ အရေအတွက်တို့ကို မသိရှိရသေးပေ။

Ref: ဧရာဝတီ

Read More...

မြန်မာဘောလုံးအဖွဲ့ချုပ်ကို FIFA အရေးယူ

ရန်ပိုင် Friday, 30 September 2011 18:24
E-mail Print
ကမ္ဘာ့ဖလား ခြေစစ်ပွဲ မြန်မာ- အိုမန် ပွဲစဉ်တွင် မြန်မာပရိသတ် တချို့၏ ရမ်းကားမှုကြောင့် ပွဲဖျက်သိမ်း လိုက်ရခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ကို ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် (FIFA) က အရေး ယူလိုက်ပြီ ဖြစ်သည်။

ထိုဖြစ်ရပ်အတွက် FIFA က မြန်မာ ဘောလုံးအသင်းကို ရုရှားနိုင်ငံတွင် ပြုလုပ်မည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ပိတ်ပင်လိုက်ပြီး ဒဏ်ငွေအဖြစ် ဆွစ်ဖရန့် ၂၅၀၀၀ (ဒေါ်လာသုံးသောင်းခန့်) ချမှတ်ခဲ့သည့် အပြင် ကြားနာမှု အတွက် တရားစရိတ် ဆွစ်ဖရန့် ၂၀၀၀ ကို ဒဏ်ငွေအဖြစ် ပေးဆောင်ရန် အမိန့် ချမှတ်ခဲ့ကြောင်း ယနေ့ထုတ် AFP သတင်းတွင် ဖော်ပြထားသည်။

ပြီးခဲ့သည် ဇူလိုင်လအတွင်းက ၂၀၁၄ ကမ္ဘာဖလား ခြေစစ်ပွဲတွင် အိမ်ရှင် မြန်မာအသင်းက အိုမန် အသင်းအား ၂ ဂိုးပြတ် ရှုံးနိမ့်စဉ် မြန်မာ ပရိသတ်တချို့က ကွင်းအတွင်း ခဲများ၊ ရေဗူးများ၊ သံချွန်များ၊ ထီး၊ ဖိနပ် အစရှိသည့်တို့နှင် ပစ်ပေါက်ခဲ့သည့် အတွက် ပွဲဖျက်သိမ်း ခဲ့ရသော အဖြစ်အပျက်နှင့် ပတ်သက်၍ FIFA က အရေး ယူလိုက်ခြင်းဖြစ်သည်။

ထိုသို့ ပရိသတ်တချို့၏ ရမ်းကားမှုကြောင့် အိုမန် ဘောလုံးသမားများနှင့် နည်းပြတချို့ ထိခိုက် ဒဏ်ရာရကာ ပွဲကို ရပ်ဆိုင်းခဲ့ရပြီး FIFA မှ တာဝန်ရှိသူများက အိုမန်အသင်းအား အနိုင်ပေးခဲ့သည်။

အရေးယူမှုနှင့် ပတ်သက်၍ ဧရာဝတီမှ MFF သို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။

Ref: ဧရာဝတီ

Read More...

Friday, September 30, 2011

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် တတိယအကြိမ်တွေ့ဆုံမှု သတင်းတို


ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီး ဦးအောင်ကြည်တို့ အရပ်သား အစိုးရသစ် လက်ထက်တွင် တတိယ အကြိမ်မြောက် တွေ့ဆုံမှု အဖြစ် ယနေ့ မွန်းလွဲပိုင်း ၁ နာရီမှ ၂ နာရီ ၁၇ မိနစ်အထိ စိမ်းလဲ့ကန်သာ ဧည့်ရိပ်သာတွင် တစ်နာရီကျော်ကြာ တွေ့ဆုံခဲ့ပြီး လွတ်ငြိမ်း ချမ်းသာခွင့်၊ ထာဝရ ငြိမ်းချမ်းရေး အပါအဝင် အရေးကိစ္စ လေးခု ဆွေးနွေးခဲ့ကြသည်။

Ref: The Voice

Read More...

သူတို့ရနေတဲ့ ဒီမိုကရေစီ

လွှတ်တော် အမတ်တွေ ဒီမိုကရေစီ ရရှိနေပြီဖြစ်ပြီး ရင်းနှီးမတည်ထားရတဲ့ ကျပ်ငွေ ငါးသိန်း နဲ့ ထိုက်တောင်အောင်၊ လွှတ်တော်နဲ့ အံဝင်ခွင်ကျ ဖြစ် အောင် လွှတ်တော်ထဲကအမတ်မင်းအတော်များများ အတော့်ကိုတက်တက်ကြွကြွနဲ့ လုပ်ကိုင်နေကြတာကို လွှတ်တော်ရေးရာတွေကို မလှမ်းမကမ်းမှ စောင့်ကြည့်အကဲခတ်နေသူတယောက်က ပြောပါတယ်။

အဆိုပါ အကဲခတ်က ဆက်လက်ပြီး ... အတိုက်အခံပါတီဖြစ်တဲ့ NDF လွှတ်တော်အမတ် ဒေါက်တာမြတ်ဥာဏစိုး ဆိုရင် စက်သုံးဆီ မှောင်ခို ရောင်းဝယ်မှုနှင့် ပတ်သက်သည့် မေးခွန်း ကို စွမ်းအင်ဝန်ကြီးအား လွှတ်တော်ထဲမှာ စိတ်ပါလက်ပါ မေးမြန်းခဲ့ဖူးကြောင်း၊ ဆည်မြောင်း ၀န်ကြီးဌေးဦး ရဲ့ စီးပွားရေးပိတ်ဆို့မှု ကန့်ကွက်ရေးအဆိုကို လွှတ်တော်ထဲမှာ စိတ်ပါလက်ပါ ထောက်ခံခဲ့ဖူးကြောင်းတွေကိုပြောပြပါတယ်။

မသိလို့ပဲဖြစ်ဖြစ် သိသိချည်းပဲဖြစ်ဖြစ် မေးခွန်းတွေကို လွှတ်တော်မှာ လွပ်လွပ်လပ်လပ် မေးလို့ရနေပြီဖြစ်ကြောင်းနဲ့ အဆိုပြုချက်တွေကို လွပ်လွပ် လပ်လပ် ထောက်ခံခွင့် ရနေပြီဖြစ်ကြောင်း၊ လွှတ်တော်အမတ်တွေ ဒီမိုကရေစီရနေပြီဖြစ်ကြောင်း၊ သူကတော့ ဗယာကြော်အရောင်းမပျက်ကြောင်း သို့သော် အတိုက်အခံအမတ်မင်းအနေနဲ့ ဘာဖြစ်လို့ အစိုးရရဲ့ အဆိုတွေကို လိုက်ပြီးထောက်ခံနေရတာ သူ့အနေနဲ့ နားမလည်ပါကြောင်း၊ လွှတ်တော် ထဲတွင် အတိုက်အခံပါတီများအပြင် အထောက်အခံပါတီများပါ ရှိနေနိုင်ကြောင်း၊ သူသည်နိုင်ငံရေးသမားမဟုတ်ရပါကြောင်း၊ သတင်းစာနေ့တိုင်း ဖတ်ပါကြောင်း၊ ဖတ်ပြီးသတင်းစာစက္ကူများ ဗယာကြော်တွေ ထုပ်လို့ရပါကြောင်း၊ အလေးအပေါ့သွားရာတွင်လည်း အဆိုပါသတင်းစာစက္ကူများ အလွန်အသုံးဝင်ပါကြောင်း၊ လွှတ်တော်အနီးအနားတွင် ဗယာကြော်ရောင်းရင်း လွှတ်တော်ကိုတစေ့တစောင်း လေ့လာနေတာသာဖြစ်ကြောင်း လူတွေ့မေးမြန်းရာတွင် အဆိုပါ ပုဂ္ဂိုလ်က အိန္ဒိယကုလားများပြောလေ့ရှိသည့် လေယူလေသိမ်းဖြင့် ရိုက်စားဂျာနယ်ကို ကျိန်တွယ် ပြောကြား သွားပါ တယ်။ (အာဒေး .... အားကို .... ကာလားနော်.. ကာလား ကျိန်ပြောရဲဒယ်... ကာလား ဗယာ့ကြော်ရောင်းတယ် ... ကာလားနော် ကာလား လွှတ်ဒေါ် ကို ကာလား လေ့လာတယ်...........အာကိုနော် ....ရိုက်စားတယ် ...........ကာလားနော် ရိုက်မစားဘူး ... ကာလား ဗယာကြော်ပဲ လုံးစားတယ်....)

လွှတ်တော်အမတ်တွေ ဘယ်လိုဒီမိုကရေစီမျိုးရနေပြီလဲဆိုတဲ့မေးခွန်းကိုတော့ အအေးပုလင်းတွေ ရေသန့်တွေ ဖော့ဘူးထဲ ထည့်ရောင်းနေသည့် ခေတ်သစ်ရေခဲရည်သည် ကိုရေချမ်းက အခုလိုပြောပါတယ်။ “အမတ်တွေက ဆွေးနွေးချင်တာ တင်ပြချင်တာရှိရင် လွှတ်တော်ကို ကြိုတင် တင်ပြရတယ်အကို၊ ကြိုပြီးတင်ပြမှ ပြောခွင့် ဆွေးနွေးခွင့်ရှိတယ်၊ အဲဒါ ကျနော့်ရေခဲရေဆိုင်ဘေးမှာ ဘေထုပ်ရောင်းတဲ့လူက ဘယ်လိုပြောလဲဆိုတော့ သူတို့ရနေတဲ့ဒီမိုကရေစီက ကြိုတင်ဒီမိုကရေစီ လေကွာတဲ့။

အစိုးရလုပ်နေတဲ့အပြောင်းအလဲ

အစိုးရသစ်ဟာ အပြောင်းအလဲတွေ လုပ်ဖို့ဆန္ဒရှိနေကြောင်း လုပ်လည်းလုပ်နေကြောင်း ပြပါတယ်။ ဘယ်လိုပြသလဲဆိုတော့ ... ဒေါ်အောင်ဆန်းစုကြည်ကို ဦးအောင်ကြည်နဲ့ တဖန်ပြန်ပေးတွေ့တာက အစ၊ ၊ သတင်းစာထဲက မဟုတ်တမ်းတရားကြွေးကြော်သံတွေ ဖြုတ်ပေး လိုက် တာက အလယ် နဲ့ အခုနောက်ဆုံး ဒေါ်အောင်ဆန်းစုကြည် - သိန်းစိန် တွေ့ဆုံခဲ့တာ အဆုံး တိုးတက်မှုတွေအဖြစ် ဖော်ဆောင်နေတာနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲလို့ သာကေတနေ ချဲထိုင်ကိုင်သူတယောက်ကို မေးကြည့်ရာ... အဆိုပါ ချဲရော၊ နှစ်လုံးထီပါ လက်လီလက်ကား ရောင်းနေသူက .... “သူတို့လုပ်နေတာ ပြဇာတ်တပုဒ် ကနေသလိုပဲ ခင်ဗျ၊ မပြီးခင် ဗမာမမြင်စေနဲ့လို့တော့ ကျနော်ပြောချင်ပါတယ်၊ ငွေရောင်ပိတ်ကား ပေါ်မှာ ဆက်လက်ရှူစားဖို့ပဲ ပြောချင်တယ်ဗျာ .. ဒီလောက်ပါပဲ.... အခု စကားပြော နေရတာကိုက ကျနော် နေ့တွက်လျော့တယ်.. ပြောရင်းဆိုရင်း .. ဟိုမှာ နှစ်လုံးထီထိုးမယ့်ဖောက်သည်လာနေပြီ ... သွားတော့မယ် ...။” ဟုပြောပြီးဖုန်းချသွားပါတယ်။

ပြဇာတ်ကြိုက်သူ


အစိုးရအပြောင်းအလဲတွေကို စိတ်ရှည်လက်ရှည်ထိုင်စောင့်ရင်း ပလာတာ ရိုက်နေသည့် လက်ဖက်ရည် ဆိုင်မှ မုန့်ဖုတ်ဆရာ ကိုအညာသား က .... “ကျနော့် အမြင်ပြောရရင်တော့ ကျနော်က ဇာတ်တွေ အငြိမ့်တွေ ကြိုက်တယ်ဗျ၊ ရွာမှာတုန်းကဆို လာသမျှဇာတ် မလွတ်စေရဘူး ..ညလုံးပေါက်ရှေ့ ဆုံးကနေ ထိုင်ကြည့်တာ... မိုးလင်းလို့ ဇာတ်ပွဲပြီးသွားပြီဆို ကျနော့်မှာ အားမလိုအားမရ ဖြစ်ကျန်ခဲ့တာ၊ ဆက်ကြည့်ချင်သေးတယ်... ကျနော်က ဇာတ်ဆို နေ့ရောညရော မနားတမ်းထိုင်ကြည့်ချင်တာ ..... အခု အစိုးရ ကနေတဲ့ ဇာတ်က ကျနော့်စိတ်ကြိုက်ပဲ.... ရသေ့ရှစ်သောင်းဇာတ် ဆိုတော တော်တော်နဲ့ မပြီးနိုင်ဘူး” ဟု ပြောပါတယ်။

နွားနို့သည်

NLD ပါတီမှတ်တင်မှာလားဆိုသည့်မေးခွန်းကိုတော့ ရန်ကုန်မှာနွားနို့ရောင်းသည့် နွားနို့သည်က အခုလို ပြောပါတယ်။ ... “ကျနော် နွားနို့ရောင်း တယ်နော်. ... ကျနော် ရေမရောဘူး. ... ကျနော် ရေရောတယ်နော် ကျနော် နွားနို့မရောဘူး .. ကျနော်တမျိုးတမျိုးပဲရောတယ်... နှစ်မျိုးမရောဘူး .. အခု ကျနော် ရေထဲကို နွားနို့ရောတယ်နော် ... ကျနော် နွားနို့ထဲရေမရောဘူး ... တခြားနို့သည်တွေနော် .. နွားနို့ထဲရေရောတယ်.... အဲဒီလိုပဲနော .. အကျဉ်းသားတွေမလွှတ် ပါတီမှတ်ပုံမတင်ဘူး၊ ပါတီမှတ်ပုံမတင်ဘူးနော် အကျဉ်းသားတွေမလွှတ်ဘူး .. တမျိုးတမျိုးပဲလုပ်မယ်နော် ... နှစ်မျိုး မလုပ်နိုင်ဘူး” ဟု သူ့အမြင်ကို ရဲရဲရင့်ရင့် ဖြေကြားသွားပါတယ်။


သတင်းထောက် မောင်ပေါက်ကျိုင်း - ရိုက်စားဂျာနယ်

Read More...

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ကို သတင်းစာဆရာကြီးများ၊ တက်ကြွလှုပ်ရှားသူများ၊ ပြည်သူများအားလုံးက လှိုက်လှဲစွာ ကြိုဆို

Thursday, 29 September 2011

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု အစိုးရ အဖွဲ့၏ ဆုံးဖြတ်ချက်ကို သတင်းစာ ဆရာကြီးများ၊ တက်ကြွစွာ လှုပ်ရှားသူများ၊ ပြည်သူများ အားလုံးက လှိုက်လှဲစွာ ကြိုဆိုကြကြောင်း သတင်း ရရှိပါသည်။

ယနေ့ (စက်တင်ဘာလ ၃၀ ရက်နေ့) ရက်စွဲဖြင့် လွှတ်တော်သို့ ပေးပို့ခဲ့သော မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းကြောင်း နိုင်ငံတော်သမ္မ၏ သ၀ဏ်လွှာ သတင်းကို သိရှိရပြီးနောက် ယခုကဲ့သို့ ၀မ်းမြောက်စကား ပြောကြားခဲ့ခြင်း ဖြစ်သည်။

လူထုစိန်ဝင်း

အခုအချိန်အထိ ကြားရသမျှ သတင်းတွေထဲမှာတော့ ဒီသတင်းဟာ မင်္ဂလာအရှိဆုံး ဖြစ်တယ်။ ဒါကြောင့်မို့ ၀မ်းသာအားရ လှိုက်လှိုက် လှဲလှဲ ကြိုဆိုပါတယ်။ ဒီလုပ်ရပ်ဟာ အစိုးရအနေနဲ့ ပြည်သူလူထုရဲ့ ဆန္ဒအပေါ် တန်ဖိုးထား လေးစား၊ ပြည်သူကို မဆန့်ကျင်တဲ့ သဘောကိုလည်း ဆောင်တဲ့အတွက် အစိုးရရဲ့ အပေါ်မှာ ပြည်သူလူထုရဲ့ သဘောထား အမြင်တွေ အများကြီး ပြောင်းလဲ သွားနိုင်ပါတယ်။ နှစ် ၅၀ အစိုးရနဲ့ ပြည်သူအကြား အတားအဆီး ဖြစ်နေတဲ့ နံရံတွေကို ဖြိုလှဲချနိုင် လိမ့်မယ်လို့ ယူဆပါတယ်။ ဒီ ဧရာဝတီ ကိစ္စကို အခုလို မြန်မြန်ဆန်ဆန် အစိုးရက ဆုံးဖြတ်ချက် ချခဲ့တာဟာ ပြည်သူ တစ်ရပ်လုံး မကြုံဖူးတဲ့ စည်းလုံး ညီညွတ်မှု ပြသနိုင်လိုက်တာ ဖြစ်တယ်လို့ ယူဆပါတယ်။ ဒီကိစ္စမှာ ပြည်သူတွေဟာ ဘယ်ပါတီ ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ်ရဲ့ စည်းရုံးမှုမပါဘဲ သူတို့ကိုယ်ပိုင် အသိဆန္ဒနဲ့ သူတို့ရဲ့ ဆန္ဒသဘောထားတွေကို ဖော်ထုတ် ခဲ့ကြတာဟာ အားလုံးသော ပြည်သူ တစ်ရပ်လုံး အတွက် တူညီသော အမျိုးသား အကျိုး စီးပွားဖြစ်တယ်လို့ သိနားလည်တဲ့အတွက် အခုလို စည်းရုံးမိကြတာ ဖြစ်တယ်။ ဒီလိုစည်းရုံးမှုမျိုးကို ဆက်လက်ကိုင်တွယ် ထိန်းသိမ်းသွားမယ်ဆိုရင် ဘယ်လို အတားအဆီးမျိုးကိုမဆို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ အခုချိန်မှာ ပြည်သူတစ်ရပ်လုံးက ကမ္ဘာမကြေ မြန်မာပြေ တို့ဘိုးဘွား အမွေအနှစ်မို့ ချစ်မြတ်နိုးပေ စတဲ့ နိုင်ငံတော် သီချင်းကို တစ်နိုင်ငံလုံး အုံးအုံးကြွက်ကြွက် ကြွေးကြော်သီဆိုပြီး ဧရာဝတီမြစ်ကြီးနဲ့ တစ်ကွ အမိနိုင်ငံတော်ကြီးကို ကိုလိုနီလက်ဟောင်း လက်သစ် မှန်သမျှရဲ့ အန္တရာယ်က တွန်းလှန်ကြပါလို့ နှိုးဆော် လိုက်ချင်ပါတယ်။

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းပေးရန် CPT ကုမ္ပဏီနှင့် Asia World ကုမ္ပဏီ တို့ကို တရားဝင် မေတ္တာရပ်ခံ ကန့်ကွက်ခဲ့သည့် Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်

လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်၊ သမ္မကြီး ဦးသိန်းစိန် အစိုးရအနေနဲ့ ပြည်သူလူထု ဆန္ဒကို လိုက်လျှော ပေးခဲ့ခြင်းဟာ အစိုးရ တစ်ရပ်အနေနဲ့ နှစ်ပေါင်း ၅၀ ကာလအတွင်း အရဲရင့်ဆုံး ခြေလှမ်းဖြစ်ပါတယ်။ ပြည်သူတွေရဲ့ ဆန္ဒဆိုတာ ပြည်သူတွေရဲ့ စိတ်ခံစားမှုထက် ပိုမြင့်ပါတယ်။ မိမိတို့ရဲ့ ဆန္ဒအမှန်ကို ရဲရင့်တည်ကြည်စွာ ဖော်ထုတ် ခဲ့ကြသူတွေ အားလုံးနဲ့ ဒီဆုံးဖြတ်ချက်ကို ရဲရင့်စွာ ဆုံးဖြတ်ခဲ့ကြသူ အားလုံးကိုလည်း EMG အနေနဲ့ အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ နှစ်ပေါင်း ၆၀ ကျော် သွေးကွဲနေခဲ့ရတဲ့ ကျွန်တော်တို့ ပြည်ထောင်စုကြီးအတွက် ကောင်းမွန်တဲ့ ပထမဆုံး ခြေလှမ်းပဲ ဖြစ်ပါတယ်။ သမ္မတကြီးရဲ့ ဦဆောင်းမှုနဲ့ ကျွန်တော်တို့အားလုံး မြစ်ဆုံမှာ ပြန်ဆုံတွေ့ကြနိုင်ဖို့ မျှော်လင့်ပါတယ်။

ဦးအုန်း(ဒုဥက္ကဌ ၊ FREDA)

ပါတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်နေတဲ့သူတစ်ဦး အနေနဲ့ ၂၀၁၁ခုနှစ်ရဲ့ အကောင်းဆုံး သတင်းတစ်ခုလို့ သုံးသပ် ပါတယ်။ မြစ်ဆုံဆိုတာ ကချင်ပြည်နယ်ရဲ့ ယဉ်ကျေးမှုတစ်ခုပါ၊အဓိကအားဖြင့် ကချင်ပြည်နယ်က ဒေသခံတွေက သူ တို့ရဲ့ ယဉ်ကျေးမှုတွေကို ဖျက်ဆီးတာကို မကျေနပ်နိုင်သလို မျိုးချစ်စိတ်ရှိတဲ့ ပြည်သူတွေအားလုံးကလည်း ဒီကိစ္စကို လက်ခံချင်ကြမှာ မဟုတ်ပါဘူး။ ဒါပြည်သူအားလုံးရဲ့ ဆန္ဒပါ။ဒါ့ကြောင့် ကျွန်တော်တို့ အနေနဲ့လည်း ရာဇ၀င်မှာ အမဲစက် မထင်အောင် ချင့်ချင့်ချိန်ချိန် လုပ်ကြဖို့ တတ်နိုင်သလောက် မေတ္တာရပ်ခံမှုတွေ ပြုလုပ်နေကြရတာ ဖြစ်ပါတယ်။ ဒီဆန္ဒကို သမ္မတကြီးက လိုက်လျော ပေးတဲ့အတွက် လေးစားပါတယ်။ အရမ်းကိုကျေနပ်ပါတယ်။ ဆက်ပြီး အကြံပြုချင်တာ တစ်ခုက ကချင် ပြည်နယ်တစ်ခုလုံးက biodiversity အလွန်ပေါ်တဲ့နေရာ ဖြစ်ပါတယ်။ သစ်ခွမျိုးစိတ်ပေါင်း ၈၀၀ကျော် ရှိတယ်။ဆင်၊ကျား၊ကျားသစ်၊သက်ဝံ ကအစရှိတဲ့ နေရာတွေရှိတယ်။အင် မတန်တန်ဖိုးရှိတဲ့ နေရာဖြစ်ပါတယ်။ ဒီနေရာမျိုးကို ecotourism အဖြစ် ပြုလုပ်ပြီး ပိုက်ဆံရှာလို့ရပါတယ်'' ဟု FREDA မှ ဒုတိယဥက္ကဌ ဦးအုန်းက ပြောကြားခဲ့သည်။

ဦးစိုးညွန့်(ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံငှက် နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း)

"မြစ်ဆုံစီမံကိန်းရပ်တာ ၀မ်းသာစရာအကောင်းဆုံး သတင်းပါပဲ။ ဒီစီမံကိန်းရပ်ဖို့ အားလုံးပူးပေါင်း ဆောင်ရွက်ခဲ့ကြတယ်။ ပူးပေါင်းမှု အားကြောင့်သာ ဒီလိုရလဒ်ရလာတာပါ။ မြစ်ဆုံကို ချစ်တဲ့သူ၊ ဧရာ ၀တီကိုချစ်တဲ့သူ၊ မြန်မာနိုင်ငံကို ချစ်တဲ့သူအားလုံးက မဖြစ်သင့်တဲ့ စီမံကိန်းကို ၀ိုင်းဝန်းကာကွယ်ခဲ့ကြတယ်။ ဒီလိုအောင်မြင်မှု ရလာတာကတော့ အားလုံးအတွက် ၀မ်းသာစရာပေါ့။ ကြိုဆိုပါတယ်"

ဆရာအော်ပီကျယ်

“၀မ်းသာပါတယ် သမ္မတတစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တစ်ခုကို လုပ်လိုက်တယ်လို့ ယူဆပါတယ်။ ဒီအစိုးရ လက်ထက်မှာ ရပ်ဆိုင်းလိုက်တဲ့ အတွက် ဒီအစိုးရ လက်ထက် တစ်ခုစာတော့ သေချာ သွားတာပေါ့။ အဓိကကတော့ Eleven အပါအ၀င် ဧရာဝတီကို အားလုံး ပြည်သူ တစ်ရပ်လုံး ၀ိုင်းလုပ်တဲ့ အောင်မြင်မှုပဲလို့ ယူဆပါတယ်။”

ဒေါက်တာတူးဂျာ(မြစ်ကြီးနားမြို့)

မြစ်ဆုံစီမံကိန်းကို ရပ်လိုက်တဲ့ သတင်းက အရမ်းကို ၀မ်းသာကြိုဆိုပါတယ်။ ဒါဟာ  သမ္မတကြီးရဲ့ သဘောထားကြီးမှု၊ အမြော်မြင် ကြီးမှုကို မြင်ရပါတယ်။ နောက်ပြီး ပြည်သူတွေရဲ့အသံကို အလေးထားတယ် ဆိုတာကိုလည်း ပြလိုက်တဲ့ သဘောပါ။ ပြည်သူတွေရဲ့ အသံကို အလေးထား၊ နားထောင်ပေးတဲ့ အတွက် ဒီမိုကရေစီ နိုင်ငံကို ဦးတည်နေပြီလို့လည်း မြင်ပါတယ်။ ဒါကိုကြိုဆိုပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီး

ဒီမနက်ကြားရတဲ့ သတင်းကတော့ တကယ့် မင်္ဂလာသတင်းပါပဲ။ ပြည်သူတွေရဲ့ တကယ့်ဆန္ဒ သဘောထားကို နားထောင်ပြီး ဆုံးဖြတ်လိုက်တဲ့ ကိစ္စပဲလေ။ ဒီကိစ္စက လွှတ်တော်မှာ မဲခွဲပြီး ဆုံးဖြတ်မယ် ဆိုရင်တောင် လွှတ်တော်အတွင်းမှာ ရှိနေတာက အစိုးရ တစ်ရပ်ရဲ့လူတွေပဲလေ။ အဲဒီထဲက လူတွေအနေနဲ့ ကိုယ့်ဆန္ဒကြောင့်ပဲဖြစ်စေ၊ အဂတိမကင်းတဲ့ ကိစ္စ တစ်ခုခုကြောင့်ပဲ ဖြစ်စေ ထောက်ခံတယ် ဆိုတာမျိုး ဖြစ်လာ နိုင်သေးတယ်။ အဲဒီလို ဖြစ်လာခဲ့ရင်လည်း ပြည်သူရဲ့ တကယ့် အသံ စစ်စစ်ကတော့ မြစ်ဆုံ စီမံကိန်းက မဖြစ်သင့်ဘူးဆိုတာ ဖော်ညွှန်း နေမှာပါပဲ။ မြန်မာနိုင်ငံသား အားလုံးအတွက် အရေးပါတဲ့ ဧရာဝတီရယ်၊ ကချင်လူမျိုးတွေအတွက် အထွတ်အမြတ်ထားရာ မြစ်ဆုံလို ဒေသမှာ လုပ်မယ့်ကိစ္စက လုံးဝမဖြစ်သင့်တာလေ။ အဲဒါကို ပြည်သူ့ဆန္ဒတစ်ခု တည်းကြည့်ပြီး ရပ်ဖို့ ဆုံးဖြတ် လိုက်တာဟာ အင်မတန် ၀မ်းသာစရာ ကောင်းတဲ့၊ ကြည်နူးစရာကောင်းတဲ့ သတင်းလို့ ခံစားမိပါတယ်။ ကြားရတာ အင်မတန် မင်္ဂလာရှိတဲ့ သတင်းပါပဲ။

ဒေါက်တာ ဖုန်းဝင်း

“အစိုးရအဖွဲ့က ဒီလိုဆုံးဖြတ်လိုက်တာ ကောင်းပါတယ်။ ကျွန်တော်ကတော့ အချက် သုံးချက်နဲ့ ပြောချင်တယ်။ ပထမတစ်ချက်ကတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကိုချင့်ချိန်ပြီး လုပ်နိုင်မယ် ဆိုရင် နိုင်ငံဟာ ရေရှည်တည်တံ့ပြီး sustainable development ဖြစ်တဲ့ နိုင်ငံဖြစ်လာမှာပဲ။ ဒီလို မူဝါဒမျိုးချ မှတ်ရင် အစိုးရအတွက်၊ ပြည်သူအတွက်၊ တိုင်းရင်းသားတွေအတွက် ကောင်းတယ်။ ဒုတိယတစ်ချက်ကတော့ ဒီလိုရပ်ထားတာဟာ အရင်က လုပ်ချင်တဲ့သူနဲ့ မလုပ်ချင်တဲ့ သူတွေကြားက ပဋိပက္ခတွေကို ပြီးသွားစေတယ်။ နည်းသွားစေတယ်။ နောက်ဆုံး အချက်ကတော့ မြစ်ဆုံစီမံကိန်းဟာ မလုပ်သင့်တဲ့ ကိစ္စမို့လို့ ပြန်စဉ်းစားပါလို့ အားလုံးက ကန့်ကွက်ခဲ့ ကြတယ်။ နိုင်ငံသား တာဝန်ကျေပွန်အောင် ရပ်တည်ခဲ့ကြတယ်။ ရလာ တဲ့ရလဒ်ကလည်း ကောင်းတယ်။ ကျွန်တော့် အမြင်ကတော့ တခြား ကိစ္စတွေမှာလည်း ဒီလိုသာ ဆက်လုပ်သွားနိုင်မယ် ဆိုရင် တစ်နေ့မှာ သွားချင်တဲ့ ရည်ရွယ်ချက်ဆီ ရောက်မယ်ဆိုတာပါပဲ”

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်နေသူတစ်ဦး
မြန်မာနိုင်ငံက ပြည်ထောင်စု တိုင်းရင်းသားတွေ အတွက် မင်္ဂလာ သတင်းပါ။ မြစ်ဆုံကို ရပ်ပေးတဲ့ အတွက် အတိုင်းမသိ ၀မ်းသာတယ်။ ဒေသခံတွေ နောင်လာ နောက်သားတွေ အတွက် ရတက်မအေးဘူး ဖြစ်နေရတာတွေ မဖြစ်တော့ဘူးပေါ့။ မြစ်ကြီး မကောတော့ဘူးပေါ့။ ဒါဟာ ဧရာဝတီကို အသက် ဆက်ပေးလိုက်ရုံတင် မဟုတ်ပါဘူး။ တိုင်းရင်းသား အားလုံးကိုပါ အသက် ဆက်ပေးလိုက်တာပါ။
 

ကိုသီဟ၊ စီးပွားရေးလုပ်ငန်းရှင်၊ အသက် ၃၀ နှစ်၊ မြစ်ကြီးနားမြို့

မြစ်ဆုံစီမံကိန်း ရပ်တယ်ဆိုတဲ့သတင်းကို ကြားရတော့ ပြောမပြတတ်အောင်ပဲ ၀မ်းသာပါတယ်။ မြစ်ကြီးနားမြို့က ဒေသခံအားလုံးအတွက် သာမကပဲ ကချင်ပြည်နယ် တစ်ပြည်နယ်လုံးက တိုင်းရင်းသား တွေအားလုံးအတွက်ပါ ၀မ်းသာတာပါ။ မြစ်ဆုံစီမံကိန်း လုပ်နေတဲ့ကာလက စိုးရိမ်ပူပန်မှုတွေလည်း အခုတော့ ပျောက်သွားရတာပေါ့။ သတင်းကောင်းပါပဲ။ နောက်ဘယ်တာ့မှ ထပ်မဆောက်ပါစေနဲ့လို့လည်း ဆုတောင်းပါတယ်။

ဒေါ်ငွေကြိုင်(အသက် ၆၀ နှစ်၊ ရှမ်း စုတောင်ရပ်ကွက်၊ မြစ်ကြီးနားမြို့)

“ရပ်လိုက်ပြီလား။ တကယ်ရပ် လိုက်ပြီလား။ ၀မ်းသာလိုက်တာကွယ်။ မြစ်ဆုံကို လုပ်နေတုန်းက စိတ်ပူတာ မပြောပါနဲ့တော့။ ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။ တစ်မြို့လုံးပဲ။ တစ်ပြည်လုံးပဲ။ ဒါက သဘာဝပျက်စီးမှာလေ။ အားလုံး ဒုက္ခရောက်မှာ။ အခုလိုကြားရတာ ၀မ်းသာလိုက်တာ။”

ကိုမရစ်နော်ဆန်း(မြစ်ကြီးနားမြို့)

“ကျွန်တော့်အမြင် ပြောရရင်တော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာလည်း ပါဝင်ဆောင်ရွက်နေတော့ သဘာဝအတွက်လည်း အလွန်အရေးကြီးတာ နားလည်ထားတယ်။ ကိုယ်က သစ်ပင်တစ်ပင်တောင် မနည်း စိုက်နေရတဲ့အချိန်မှာ သူ့ဘာသာသူ သဘာဝအရ ဖြစ်ထားတဲ့ ရှုခင်းလှပတဲ့ နေရာတစ်ခုကို ဘာလို့ဖျက်ဆီးမလဲ။ ဒီဆည်ကြီးဆောက်လိုက်လို့ ရလာမယ့် အကျိုးထက် ဆုံးရှုံးရ မှာက ပိုနေပါတယ်။ နောက်ပြီး ကျွန်တော်တို့ ကချင်တိုင်းရင်းသားတွေ အတွက်လည်း ယဉ်ကျေးမှု အမွေတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကို ရပ်လိုက်တာ လုံးဝ ထောက်ခံတယ်။ ကြိုဆိုတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တားကြပြုကြတဲ့သူတွေ အားလုံးကိုလည်း ကျေးဇူးတင်တယ်။”

ဦးပေါဟိန်း(နာယက၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများ အသင်း)

“အင်မတန်ဝမ်းသာပါတယ်။ ဆည်တည်ဆောက်မှုကြောင့် နှစ်ရှည်လများ ခံစားရမယ့် အများပြည်သူနဲ့ ပြည်သူလူထုအားလုံးရဲ့ စိုးရိမ်စိတ်ကို အလေးထားပေးတဲ့အတွက် ၀မ်းသာတယ်။ ဒီမိုကရေစီ ရဲ့ အနှစ်သာရဖြစ်တဲ့ အများဆန္ဒဆိုတာကို ရှေ့တန်းတင်ထားတဲ့အတွက်လည်း ဒီမြစ်ဆုံကိစ္စဟာ နိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းမှာ ပထမဆုံး မှတ်ကျောက်တင်ရမယ့် ကိစ္စလို့တောင် မြင်မိတယ်။ မြစ်ဆုံဆည် ကိစ္စနဲ့ပတ်သက်ပြီးတော့ အချက်အလက်ခိုင်ခိုင်လုံလုံနဲ့ ထောက်ပြသွားကြတဲ့ ပညာရှင်တွေကိုလည်း လေးစားပါတယ်။ အထူးသဖြင့် EMG နဲ့ ဒေါက်တာသန်းထွဋ်အောင်ကို လည်း ကျေးဇူးတင်ပါတယ်။ အချုပ်အနေနဲ့တော့ ဒီမိုကရေစီအရသာ ကို စပြီး ခံစားလိုက်ရတာပါပဲ။”

ဦးကျော်သူ(အတွင်းရေးမှူး၊ ဒဂုံဆိပ်ကမ်း စက်မှုဇုန်)
“ကြားရတာ အရမ်းဝမ်းသာဖို့ ကောင်းပါတယ်။ တိုင်းရင်းသားတွေ ဒေသခံတွေလည်း အရမ်းကို ပျော်ရွှင် သွားကြမှာပါ။ ပြည်သူ တစ်ရပ်လုံးလည်း သူတို့ရဲ့ဆန္ဒ၊ စိုးရိမ်စိတ်တွေကို အလေးထားပေးတာ တွေ့ရလို့ ၀မ်းသာကြမှာပါ။ ပြည်သူက ရွေးကောက်လို့ ပြည်သူဆန္ဒကို ပြန်အလေးထားတယ်ဆိုတဲ့ အချက်ကတော့ တော်တော်ကို အားတက်စရာပါပဲ။ မြစ်ဆုံဆည်ကိစ္စအတွက် မလုပ်သင့်ဘူး၊ ပြန်လည် စဉ်းစားပေးပါဆိုပြီး ရဲရဲဝံ့ဝံ့သတ္တိရှိရှိ ပြောခဲ့လုပ်ခဲ့ကြတဲ့ EMG နဲ့အခြားမီဒီယာ အချို့နဲ့ ပညာရှင်တွေ အားလုံးကို လေးစားမိပါတယ်။ အစိုးရသစ်အနေနဲ့လည်း ပြည်သူအတွက် ပြည်သူ့ဆန္ဒ ကို အလေးထားကြောင်း မြစ်ဆုံကိစ္စက မှတ်ကျောက်တစ်ခုအဖြစ် ထင်ကျန်တော့မှာပါ။ အရမ်းဝမ်းသာပါတယ်။”

ဦးရဲမင်းအောင်(အတွင်းရေးမှူး၊ မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းရှင်များ အသင်း)

“မင်္ဂလာရှိတဲ့ သတင်းပါပဲ။ ဒီလိုဖြစ်လာအောင် တိုက်တွန်းပေးတဲ့ EMG အပါအ၀င် လေ့လာ ပြောကြားခဲ့တဲ့ ပညာရှင်တွေ အားလုံးကိုလဲ လေးစားပါတယ်။ အထူးသဖြင့် အစိုးရရဲ့ အများပြည်သူ စိတ်ချမ်းသာမှု၊ ကျေနပ်မှုအပေါ် အလေးအနက်ထား လုပ်ဆောင်ပေးတဲ့ အချက်ကိုလည်း အားရ ကျေနပ်မိပါတယ်။ ဆက်ပြီးတော့လည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား တွေကိုသာ လွှတ် ပေးခဲ့မယ် ဆိုရင် အများပြည်သူ အားလုံး ထပ်ပြီး ပျော်ရွှင်ရဦးမှာပါ။ ဒီမိုကရေစီ လမ်းစဉ်ဖြစ်တဲ့ အများပြည်သူ ဆန္ဒကို ဦးထိပ်ထား လုပ်ဆောင်ပေးတယ်။ အိမ်နီးချင်းနိုင်ငံနဲ့လည်း ရေရှည် ဆက်ဆံနိုင်အောင် သိမ်မွေ့စွာ ဖြေရှင်းသွားဦးမယ် ဆိုတာကိုလည်း ထည့်ပြောသွားတဲ့ အတွက် အစိုးရနဲ့ ပြည်သူကြားမှာ သားရွှေအိုးထမ်းတဲ့ ကိန်းပါပဲ။ မြစ်ဆုံဆည်ဆောက်မှ သားရွှေအိုးထမ်းတဲ့ကိန်း မဟုတ်ပဲ အခုမှ တကယ့် ရွှေအိုး ထမ်းတဲ့ကိန်းပါပဲ။”

ဦးအောင်လှထွန်း (Reuters)

ကျွန်တော့်အတွက် ဒီအစိုးရ လက်ထက်မှာ ဒီထက်ဝမ်းသာစရာ ကောင်းတဲ့သတင်း မကြားဖူး သေးဘူး။ ဒါဟာ ၀မ်းသာစရာ အကောင်းဆုံးပါ။ ဒုတိယက ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတကြီး တွေ့တဲ့ သတင်းပဲ။

Ref: EMG News

Read More...

မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့

Thursday, 29 September 2011

မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့ အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း သတင်းရရှိပါသည်။

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က စက်တင်ဘာလ ၃၀ ရက်နေ့တွင် လွှတ်တော်သို့ အချက် (၁၀)ချက်ပါသည့် သ၀ဏ်လွှာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

အဆိုပါအချက် ၁၀ ချက်ထဲတွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့ အစိုးရ လက်ထက်တွင် ရပ်ဆိုင်း ထားမည် ဆိုသည့် အချက် ပါဝင်ကြောင်း၊ နိုင်ငံတော် သမ္မတ ဦသိန်းစိန်မှ မြစ်ဆုံဆည် တည်ဆောက်ခြင်း ရပ်ဆိုင်းရသည့် အပေါ် မိမိတို့ အစိုးရသည် ပြည်သူဆီမှ ဆင်းသက်လာသည့် အခွင့် အာဏာအရ တာဝန်ယူ လုပ်ဆောင်ကြခြင်း ဖြစ်၍ အများပြည်သူ ဆန္ဒအရ မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့ အစိုးရ လက်ထက်တွင် ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ပေးပို့ထားခြင်း ဖြစ်သည်။

“မိမိတို့အစိုးရသည် ပြည်သူမှ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရ ဖြစ်သည်နှင့် အညီ ပြည်သူများ၏ ဆန္ဒကို အလေးထား ရပါသည်။ ပြည်သူများ၏ စိုးရိမ် ပူပန်မှုများကို အလေးထား၍ ဖြေရှင်း ဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်။ သို့ပါ၍ မိမိတို့ အစိုးရ လက်ထက်တွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်း ထားမည် ဖြစ်ပါသည်။ နိုင်ငံတော် အတွက် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် အန္တရာယ် မရှိနိုင်သည့် အခြားသော ရေအား လျှပ်စစ် စီမံကိန်းများ ကိုသာ စနစ်တကျ လေ့လာဆန်းစစ်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အိမ်နီးချင်း မိတ်ဆွေနိုင်ငံ ဖြစ်သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ချုပ်ဆိုထားသည့် အဆိုပါစီမံကိန်းနှင့် သက်ဆိုင်သော စာချုပ်စာတမ်းများကို မိတ်ဝတ်မပျက်စေဘဲ သဘောတူညှိုနှိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေး အကြောင်းကြား အပ်ပါသည် “ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ လွှတ်တော်သို့ ပေးပို့သော သ၀ဏ်လွှာတွင် ဖေါ်ပြပါရှိပါသည်။

Ref: EMG News

Read More...

ဂျပန်အမျိုးသမီး ကျောက်ပန်းတောင်းအနီး အသတ်ခံရ

ဦးဝင်းမင်း
ကြာသပတေး, 29 စက်တင်ဘာ 2011

ကမ္ဘာလှည့်ခရီးသည်တွေ အသွားအလာများတဲ့ ပုဂံ၊ ညောင်ဦး ဒေသနားမှာ ဂျပန် အမျိုးသမီး ကမ္ဘာလှည့် ခရီးသည်တယောက် စက်တင်ဘာလ ၂၈ ရက်နေ့တုန်းက အသတ် ခံလိုက်ရပါတယ်။ ပုဂံကို လာလည်တဲ့ အသက် ၃၁ နှစ်အရွယ် ဂျပန် အမျိုးသမီးကို ဆိုင်ကယ် အငှားမောင်းသမား တယောက်က အဓမ္မကျင့်ပြီး သတ်ပစ်ခဲ့ပုံ ရတယ်လို့ ဒေသခံ လုံခြုံရေး အရာရှိ တယောက်က ပြောပြပါတယ်။ အဲဒီ မသင်္ကာသူကို အနီးအနားမှာ ရှိတဲ့ ကျေးရွာသားတွေက ၀ိုင်းဖမ်းပြီး ရဲလက် အပ်ခဲ့ကြတယ်လို့ သတင်းတွေ မှာလည်း ဖော်ပြ ထားပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ညနေပိုင်းတုန်းက ဖြစ်ပျက်ခဲ့တဲ့ ဒီအမှုမျိုးက ဖြစ်ခဲ လှတာမို့ မြန်မာနိုင်ငံရဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကို ထိခိုက် သွားနိုင်တယ်လို့ စိုးရိမ် ပူပန်စရာတွေလည်း ရှိလာတယ်လို့ သိရပါတယ်။ အပြည့်အစုံကို ကိုဝင်းမင်းက တင်ပြ ပေးထားပါတယ်။

ကမ္ဘာလှည့် ခရီးသည်တွေ အသွားများတဲ့ ပုဂံဘုရားဒေသမှာ အခုလို နိုင်ငံခြား ခရီးသွားတဦး သတ်ဖြတ် ခံရတာမျိုး အရင်က မဖြစ်ခဲ့ဖူးဘူးလို့ ဒေသခံ အရာရှိတွေနဲ့ Tourist Guide ဧည့်လမ်းညွှန် တွေက ဆိုကြပါတယ်။ သူ့လုံခြုံရေး အတွက် အမည် မဖော်လိုတဲ့ ဒေသခံ အရာရှိတဦးက ညောင်ဦးနဲ့ ကျောက်ပန်းတောင်းကြား ညောင်နီကျင်း ကျေးရွာလမ်းခွဲမှာ လူသူ ပြတ်လပ်ချိန် ဂျပန် အမျိုးသမီး ချိဟာရု ချီအီးရာမတ်ဆုကို အသက် ၃၉ နှစ်အရွယ် မင်းသိုက်က သတ်ခဲ့တာလို့ ဆိုပါတယ်။

“လမ်းကတော့ ညောင်ဦး လာပြီးတော့မှ ပုပ္ပားကို မနေ့က ထွက်သွားပြီ။ ပုပ္ပားကနေ ကျောက်ပန်းတောင်း ရောက်တယ်။ ကျောက်ပန်းတောင်း ရောက်တော့ ဆိုင်ကယ်ငှားပြီးတော့ ဆိုင်ကယ် ကယ်ရီသမားနဲ့ သွားတယ် ပြောတယ်ဗျ။ အဲဒီအခါမှာ အခင်းဖြစ်တယ်ပေါ့။ အဓမ္မပြုကျင့်တယ် ဆိုတဲ့ လက္ခဏာတွေကိုတော့ ကြားမိတယ်။ အရင်တုန်းကတော့ မရှိဖူးပါဘူး။ ဒါ ထူးထူးခြားခြား တကယ့်ကို ဖြစ်ရပ်ပါ။ နောက်တချက်က ပုဂံ၊ ညောင်ဦးလို နိုင်ငံခြားသားနဲ့ ထိတွေ့နေတဲ့ နေရာမျိုးမှာ ဆိုရင်တော့ ဒါ ဖြစ်ခဲပါတယ်။”

အဲဒီတော့ လုံခြုံရေး အားနည်းသွားတာကြောင့် အခုလို ဖြစ်သွားရပါသလားလို့ မေးရာမှာတော့ ဒေသခံ လုံခြုံရေး အရာရှိကပဲ…

“လုံခြုံရေး အားနည်းတာတော့လည်း မဟုတ်ဘူးဗျ။ ဒီဘက်မှာကျတော့လည်း နည်းနည်း လူပြတ်တာလည်း ပါမှာပေါ့။ ကျောက်ပန်းတောင်းနဲ့ ညောင်ဦးကြားက တော်တော်လေး ဝေးတယ်လေ။ ဒါက အဝေးမှာ မို့လို့လည်း ဖြစ်သွားတာ ဖြစ်နိုင်ပါတယ်။”

အခုလို နိုင်ငံခြား ခရီးသည် အသွားအလာများတဲ့ မြန်မာ့ ယဉ်ကျေးမှုဆိုင်ရာ ဒေသဘက်မှာ ဖြစ်တာဆိုတော့ ဘယ်လို အကျိုးဆက်တွေ ဖြစ်နိုင်ပါသလဲလို့ မေးရာမှာတော့ ဒီဒေသကို အခုလက်ရှိ ရောက်နေတဲ့ ခရီးသွား လမ်းညွှန်တဦးဖြစ်တဲ့ ကိုစိုးဦးက…

“ဒီဟာကတော့ မကောင်းတဲ့ သက်ရောက်မှုပဲ လာမှာ။ အခုမှ Tourism က ကောင်းမလားလို့ အောက်မေ့တာ ရှိသေးတယ်၊ ဒီလိုမျိုး မကောင်းတဲ့ လက္ခဏာကြီးက ပေါ်လာတော့ ကျနော်တို့ ဒီ Tourism က မျက်နှာပျက်ရသလို ပြန်ဖြစ်တာပေါ့။ ကျန်တဲ့လူကလည်း နည်းနည်း ကြောက်သွားမှာပေါ့။”

Tourist Guide ကိုစိုးဦးကပဲ မြန်မာ့ ရှေးဘုရားဟောင်းတွေနဲ့ ထင်ရှားတဲ့ ဒေသမျိုးမှာ ဖြစ်တာမို့ မြန်မာနိုင်ငံ အတွက်လည်း နိုင်ငံတကာမှာ အကြီးအကျယ် သိက္ခာကျစရာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီဟာက ကျနော်တို့အတွက် လုံးဝကို သိက္ခာမရှိတာဗျ။ အမှန်တကယ် ကျနော်တို့က စောင့်ရှောက်ရမှာ အမျိုးသမီးကို။ ပြောပြောနေတဲ့ ဗုဒ္ဓဘာသာ တိုင်းပြည်ဆိုတာ ယဉ်ကျေးတယ်၊ သိမ်မွေ့တယ် ဆိုတာ၊ ကျနော်တို့က မိန်းကလေးတွေကို စောင့်ရှောက်ရမှာ။ သူက ဒီလိုမျိုး လုပ်လိုက်တော့ ကျနော်တို့အတွက် တော်တော်ကို သိက္ခာကျစရာ ဖြစ်ပါတယ်။”

နောက်ထပ် အခုလို မဖြစ်ရအောင် ဘယ်လို သတိထား ရှောင်ကြဉ်မှုတွေလုပ်ဖို့ အကြံ ပေးနိုင်ပါသလဲလို့ မေးရာမှာတော့ ကိုစိုးဦးကပဲ…

“အဲဒီဟာတော့ နှစ်ပိုင်းရှိမယ်ဗျ။ တပိုင်းကလည်း ဧည့်သည်တွေ ကိုယ်တိုင်က ညနေစောင်း အချိန်မတော်ကြီးမှာ ယောက်ျားလေး တယောက်တည်းနဲ့ မိန်းကလေး တယောက်တည်း ဒီလိုသွားတာမျိုး ဆင်ခြင်ဖို့ လိုတာပေါ့။ ဗမာတွေ ဘက်ကလည်း အဲဒါမျိုး မလုပ်ဖို့ စောင့်ထိန်းဖို့တော့ လိုတယ်ဗျ။”

ဒီ ဂျပန်အမျိုးသမီး ချိဟာရု ချီအီးရာမတ်ဆုကို သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ ကိုမင်းသိုက်ကို အခု လောလောဆယ် မှာတော့ ကျောက်ပန်းတောင်း ရဲစခန်းမှာ ဖမ်းဆီး စစ်ဆေး နေတယ်လို့ ဒေသခံ အရာရှိတွေက ဆိုပါတယ်။

Ref: VOA News

Read More...

လက်နက်မှောင်ခိုမဟုတ် ဟု ဦးတေဇပြောပြီ

ရန်ပိုင်
Thursday, 29 September 2011

လက်နက်မှောင်ခို ရောင်းဝယ်မှုကြောင့် ချမ်းသာလာခြင်း မဟုတ်ကြောင်း မြန်မာပြည်၏ အချမ်းသာဆုံး စီးပွားရေး လုပ်ငန်းရှင် ဦးတေဇက အမေရိကန်နိုင်ငံ နယူးယောက် အခြေစိုက် FORBES ASIA မဂ္ဂဇင်းနှင့် တွေဆုံ မေးမြန်းခန်းတွင် ပြောဆို လိုက်သည်။

လက်ရှိ စင်ကာပူနိုင်ငံတွင် နေထိုင်နေသည့် ဦးတေဇက Forbes မဂ္ဂဇင်း သတင်းထောက် Simon Montlake ကို ကြယ်ငါးပွင့် အဆင့်ရှိ မရီနာဘေးလ် ဟိုတယ်တွင် လက်ခံတွေဆုံကာ အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

အဆိုပါ တွေ့ဆုံခန်းတွင် ဦးတေဇက အနောက်နိုင်ငံ အစိုးရများ ပြောဆိုနေသကဲ့သို့ လက်နက်ကုန်သည် တဦး မဟုတ်ကြောင်း၊ လူအများက ၎င်းကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သားမက်အဖြစ် ပြောဆိုနေမှုသည်လည်း ကောလာဟလများသာ ဖြစ်၍ မမှန်ကန်ကြောင်း ငြင်းဆိုသွားသည်။

“လက်နက်ကုန်သည်မဟုတ်ဘူး။ ဟယ်လီကော့ပတာ တမျိုးပဲ စစ်တပ်ကို ရောင်းတာ။ ကျည်ဆန်တွေ သေနတ်တွေ ဘယ်တော့မှ အရောင်း အ၀ယ်မလုပ်ဘူး။ ဗိုလ်ချုပ်မှူးကြီး သားမက်လည်း မဟုတ်ခဲ့ဘူး” ဟု ဦးတေဇက အဆိုပါ တွေ့ဆုံ မေးမြန်းခန်းတွင် ပြောသည်။

ယခင်စစ်အစိုးရနှင့် နီးစပ်သည်ဟု လူသိများသည့် စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးတေဇကို ၁၉၆၄ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ၎င်းသည် ဗိုလ်ချုပ်ကြီးနေ၀င်း လက်ထက် ရှမ်းကြီးမြင့်ဆွေဟု လူသိများသည့် ဒု ဗိုလ်မှူးကြီးမြင့်ဆွေ၏ ဒုတိယ သားဖြစ်သည်။

ဒဿမတန်း အောင်မြင်ပြီးနောက် စစ်တက္ကသိုလ်သို့ တက်ရောက် ခဲ့သော်လည်း တတိယနှစ်တွင် ပြည်ခရိုင် ကြို့ပင်ကောက်မြို့ ထူး ဆန်စက်ပိုင်ရှင် ဒေါ်ထူး၏ သမီး ဒေါ်သီတာမြင့်နှင့် လက်ထပ်ခဲ့သည့် အတွက် စစ်တက္ကသိုလ်မှ ထွက်ခဲ့ရသည်။

ဦးတေဇသည် ကျောင်းမှ ထွက်ပြီးနောက်ပိုင်း ရန်ကုန်မြို့တွင် ပြန်လည်နေထိုင်ကာ စီးပွားရေး လုပ်ငန်းကို စတင် လုပ်ကိုင်ခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုတွင် ၎င်းလည်းပါဝင် ဆန္ဒပြခဲ့ကြောင်း အဆိုပါ မဂ္ဂဇင်းတွင် ဖော်ပြထားသည်။

“၈၈ ဆိုတာ ကျနော်တို့ မျိုးဆက်လေ။ အဲဒီတုန်းက လမ်းပေါ်ထွက် ဆန္ဒပြခဲ့တာပေါ့” ဟု သူက ဆိုသည်။

၁၉၈၉ ခုနှစ် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် အချ မခံရမီက သွားရောက်ခဲ့သည့် နယ်ခရီးစဉ် များတွင် ၎င်းပိုင် မော်တော်ကားကို ပေးအပ် အသုံးပြု စေခဲ့ကြောင်းလည်း ဦးတေဇက ပြောသည်။

၁၉၉၄ - ၉၅ ခုနှစ်ခန့်တွင် ရန်ကုန်မြို့ ရွှေတောင်ကြားရပ်ကွက်၌ ထူးကုမ္ပဏီကို တည်ထောင်ကာ ထိုင်း- မြန်မာ နယ်စပ် မြိတ်- ထားဝယ် ဒေသ၌ သစ်ကွက်များကို လေလံဆွဲ၍ သစ်ထုတ်လုပ်ရေး လုပ်ငန်း စတင် လုပ်ဆောင်ခဲ့သည်။

၂၀၀၇ ခုနှစ်တွင်မူ သစ်ထုတ်လုပ်ခြင်း လုပ်ငန်းကို ရပ်ဆိုင်းခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် သဘာဝ ပတ်ဝန်းကျင် ပျက်ဆီးမှု များပြား လာသည့်အတွက် ထိန်းသိမ်းရန် လိုအပ်လာခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ယခုအခါ ဦးတေဇသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်များတွင် ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

စင်ကာပူနိုင်ငံတွင်သာ အနေများသည့် ဦးတေဇသည် ထူး ကုမ္ပဏီကို တဦးတည်းပိုင်အဖြစ်မှ ကုမ္ပဏီ အရာရှိကြီး များကိုပါ ရှယ်ယာ ပိုင်ဆိုင်စေသည့် ကော်ပိုရေးရှင်း သဘော ဖွဲ့စည်းကာ လုပ်ငန်းများကို စိတ်ချရသည့် ၀န်ထမ်းများဖြင့် လွှဲအပ်ထားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနားယူပြီး နောက်ပိုင်းကာလ သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ဦးတေဇ တဦးတည်းကို လုပ်ပိုင်ခွင့်များ ချထားပေးခြင်း မရှိတော့ဘဲ၊ တခြားသော စီးပွားရေး လုပ်ငန်းရှင်ကြီးများ ဖြစ်သည့် အေးရှားဝေါလ် ကုမ္ပဏီပိုင်ရှင် ဦးထွန်းမြင့်နိုင်၊ မက်စ်မြန်မာ ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်း၊ ဒေါက်တာကိုကိုကြီး၊ ဒဂုံအုပ်စုမှ ဦးဝင်းအောင် စသည့် လုပ်ငန်းရှင်များ ကိုပါ လုပ်ငန်းများ ခွဲဝေ လုပ်ကိုင်ခွင့်ပြုထားသည်။

“ကျနော်တို့က စီးပွားရေးမှာ တရားသဖြင့် ပြိုင်ဆိုင်ရတာကို သဘောကျတယ်။ အဲဒီလိုမျိုးပဲ ပြိုင်ချင်တယ်” ဟု ဦးတေဇက သတင်းထောက်ကို ဆက်လက် ပြောဆိုသည်။

Forbes မဂ္ဂဇင်း သတင်းထောက်က ထူးကုမ္ပဏီ၏ တနှစ်ဝင်ငွေ၊ အကျိုးအမြတ်၊ ရှယ်ယာအများဆုံး ပိုင်ဆိုင်သည့် ဥက္ကဋ္ဌ တဦး၏ တနှစ်ဝင်ငွေ စသည့် အသေးစိတ် မေးမြန်းချက်များ ကိုမူ ဦးတေဇက ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။

ထိုကြောင့် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းကြီး အများစုသည် ကုမ္ပဏီ၏ ဘဏ္ဍာရေးနှင့် ပတ်သက်၍ ထုတ်ပြန် ကြေညာခြင်း မရှိသကဲ့သို့ လုပ်ငန်းရှင်များ အနေဖြင့် ၎င်းတို့ မည်မျှ ချမ်းသာ ကြွယ်သည်ကိုလည်း ထုတ်ဖော် ပြောဆိုလေ့ မရှိကြောင်း အဆိုပါ မဂ္ဂဇင်းတွင် ကောက်ချက်ချ ရေးသားထားသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက ရန်ကုန်မြို့၌ အီတလီသတင်းထောက် တဦးနှင့် တွေဆုံမေးမြန်းခန်း တွင်မူ ၎င်း ပိုင်ဆိုင်သည့် ထူး ကုမ္ပဏီသည် တနှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့် ၀င်ငွေရှိသည်ဟု ပြောဆိုခဲ့ဖူးသည်။

မကြာသေးမီက Wall Street ဂျာနယ်၏ အင်တာနက် စာမျက်နှာတွင်လည်း အရှေ့တောင်အာရှရှိ အချမ်းသာဆုံး ပုဂ္ဂိုလ် ၃၀ ဦး၌ ဦးတေဇသည် အဆင့် ၁၂ တွင်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

သို့သော် ပြီးခဲ့သည့် မေလအတွင်း ပြည်ပမှ စားအုန်းဆီ တင်သွင်းဖြန့်ဖြူးခွင့်နှင့် ပတ်သက်၍ ဦးတေဇ တဦးတည်းသာ တင်သွင်းခွင့် ပေးထားသည်ကို အစိုးရက ရုတ်သိမ်းခဲ့သည့် နောက်ပိုင်း ဦးတေဇ၏ ဥစ္စာဓန ကြွယ်ဝ ချမ်းသာမှုသည် တဖြည်းဖြည်း ကျဆင်း လာကြောင်း၊ ထိုအတွက် ၎င်းပိုင်ဆိုင်သည့် ဟိုတယ်များကို ရောင်းချနေကြောင်း ရန်ကုန်စီးပွားရေး အသိုင်းအ၀န်းတွင် ပြောဆိုနေသည်။

လက်ရှိ ဦးတေဇပိုင် ထူးကုမ္ပဏီ၌ ၀န်ထမ်းပေါင်း ၄ သောင်းဖြင့် လည်ပတ်နေပြီး ဦးတေဇသည် ၀န်ထမ်းများ၏ အကျိုး ခံစားခွင့်ကို အပြည့်အ၀ ပေးထားကြောင်း၊ ပထမဆုံး မြန်မာ အမျိုးသမီး လေယာဉ်မောင်း တဦးအပါအ၀င် ရာနှင့်ချီသည့် ၀န်ထမ်းကောင်း များကို နိုင်ငံခြား ပညာတော်သင် အပါအ၀င် ခရီးစဉ်များကိုလည်း စီစဉ်ပေးသည့် အတွက် ၀န်ထမ်းများ အကြား နာမည်ကောင်း ရရှိ နေကြောင်း သိရသည်။

Ref: ဧရာဝတီ

Read More...

ဇာဂနာ ထောင်ထဲမှာပင်ရှိနေသေး

ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၉ ရက် ၂၀၁၁

ရန်ကုန် (မဇ္ဈိမ) ။ ။ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က နယူးယောက်မြို့တွင် ကျင်းပ နေသည့် ၆၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မကြာခင် အကျဉ်းသားများ လွတ်ပေးရန် ရှိသည်ဟု ပြောကြားခဲ့ပြီးနောက် နိုင်ငံရေး အကျဉ်းသားများလည်း လွတ်လာဖွယ် ရှိသည်ဟု နိုင်ငံရေး ပါတီများကလည်း မျှော်လင့် နေကြသည်။

လူပြောများနေသော ကောလဟတခုကတော့ ကိုသူရ ခေါ် ဇာဂနာ သည်လည်း လွတ်လာပြီဆိုခြင်း ဖြစ်သည်။

နာဂစ်မုန်တိုင်း တိုက်ပြီးနောက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်ရင်း ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသူ မြစ်ကြီးနားထောင် ကြိုးတိုက်တွင် ရှိနေသော ဇာဂနာအား သူ၏ ခယ်မ မငြိမ်း ခေါ် မစန္ဒာနှင့် မဇ္ဈိမ သတင်းထောက်က မေးမြန်း ခဲ့သည်ကို တင်ပြ လိုက်ပါသည်။
----------------------------------------------------------------------------------------------------------------------

ကိုဇာဂနာသာလွတ်မယ် ဆိုရင် မိသားစု အနေနဲ့ ဘယ်လို ဝမ်းသာခံစားမှုမျိုး ရမလဲ အမ။

“အမတို့ အနေနဲ့ မိသားစု အနေနဲ့တော့ လွတ်တယ်ဆိုရင် ပျော်ရမှာပါ ဒါပေမယ့် အခုသတင်းက ပျံ့နေတာ နေ့တိုင်းလည်း ဖုန်းတွေ ဖြေနေ ရတာပေါ့နော်။ မြစ်ကြီးထောင်ကို မေးပြီးပြီ ကိုသူရက ထောင်မှာပဲ ရှိနေပါတယ်တဲ့။ အမ ကတော့ ကိုသူရကို ၂၀၀၈ က ဖမ်းကတည်းကပဲ ၂၀၀၉ ကစပြီးတော့ စက်တင်ဘာကို ရောက်တိုင်း လွတ်လာပြီဆိုတဲ့ သတင်း ထွက်နေတာ အခုဆိုရင် ၃ နှစ် ရှိနေပြီ ဆိုတော့ ဒီစက်တင်ဘာမှ ထွက်တဲ့ သတင်းအပေါ်တော့ ဘာမှ မဖြစ်တော့ဘူး။ ဒါပေမယ့် ကိုသူရကို လွတ်စေချင်တယ်။ မျှော်လည်း မျှော်လင့်ပါတယ်”

မိသားစုဝင် တယောက်အနေနဲ့ ကိုဇာဂနာ လွတ်လာပြီးနောက် ပိုင်းမှာ နိုင်ငံရေး ဆက်လုပ်စေချင်လား။ ဒါမှမဟုတ် အမတ် အရွေးခံ စေချင်လား။

“ကိုသူရက နိုင်ငံရေးကို ဆက်လုပ်မယ်လို့ အမတို့ကို ပြောဖူးတယ်။ အဲဒီတော့သူက နိုင်ငံရေးကို ဆက်လုပ်မယ် လို့ပဲ ယူဆ ရတာပေါ့။”

ပါတီတခုခုကိုကော ဝင်စေချင်တာမျိုး ရှိလား။

“ကိုသူရက အရင်ကပဲ ပါတီ နိုင်ငံရေးကို မကြိုက်ဘူး။ အဲဒီအတွက် ပါတီတခုခုမှာ သူဝင်မှာ မဟုတ်ဘူး။ အခု အဖမ်း ခံရတာကိုကလည်း လူမှုရေး လုပ်ရင်း အဖမ်းခံရတာလေ သူက လူမှုရေးကို တောက်လျှောက် လုပ်မယ့် သဘောရှိပါတယ်။”

တကယ်လို့ နောက်ထပ် ထောင်ကျတဲ့အဖြစ်မျိုးရှိခဲ့မယ် ဆိုရင် မိသားစုအနေနဲ့ ရင်ဆိုင် နိုင်ပါ့မလား။


“နောက်ထပ် ထောင်ကျတာမျိုး ကိုတော့ မလိုချင်တော့ဘူးပေါ့။ ဒါပေမယ့် တကယ်တမ်း ရင်ဆိုင်ရပြီ ဆိုရင်လည်း အမတို့ မိသားစု အနေနဲ့ ကြံ့ကြံ့ခံနိုင်စွမ်း ရှိပါတယ်။ မဖြစ်တော့ မဖြစ်စေချင်တော့ဘူးပေါ့။”

အခုထောင်ကျနေလို့ ဘာတွေထိခိုက်နစ်နာမှုတွေ ဘာတွေဖြစ်ခဲ့လဲ။

“ထိခိုက်နစ်နာမှု ဆိုတော့ ဒါက ကိုယ်တယောက်တည်း မဟုတ်ဘူး။ အကျဉ်းကျခံရတဲ့ နိုင်ငံရေး အကျဉ်းသား မိသားစုတိုင်း သောကတွေ ဒုက္ခတွေရှိမှာပဲ ဒါကို နစ်နာတယ်လို့လည်း ပြောလို့မရဘူးပေါ့။ နစ်နာတယ်လို့ မသုံးရက်ဘူး နိုင်ငံရေး အကျဉ်းသား မိသားစုတိုင်း အတွက်ပါ”

ကိုသူရ လွတ်လာတယ်ဆိုရင် သူ့မိသားစုတွေ ရှိတဲ့ ပြည်ပနိုင်ငံကို သွားလို့ရနိုင်မယ့် အနေအထား ရှိလား။

“အရင်က အစိုးရ လက်ထက်ကတော့ နိုင်ငံကူးလက်မှတ် မရခဲ့ဘူး။ တကယ်လို့သာ လွတ်လာ ရင်တော့လည်း ကိုသူရမှာ ဇနီး၊ သား၊ သမီးတွေက ပြည်ပမှာ ဆိုတော့ အလည် သွားရင်လည်း သွားနိုင်အောင် နိုင်ငံကူး လက်မှတ် လုပ်ကြည့်ရမှာပေါ့။ ရမယ်၊ မရဘူးတော့ မသိဘူးပေါ့နော်။”

အခု မြစ်ကြီးနားထောင်က ကိုဇာဂနာရဲ့ အခြေအနေ ဘယ်လိုရှိပါသလဲ။

“အရင်က အင်းစိန်အကျဉ်းထောင်မှာဆိုရင် မိသားစုနဲ့တွေ့ရင် ဆန်ခါ(ဇကာ) အပေါက်လောက်ပဲရှိတဲ့ သံဇကာ အပေါက်လေး တွေကနေ လက်ထိပ်လေးတွေ ထိရတာမျိုးရှိခဲ့တာရယ်။ ကိုသူရကို မိသားစုနဲ့ပေးတွေ့ဖို့ ခေါ်လာရင် အိတ်နက်ကြီးကို ခေါင်းမှာ စွပ်ပြီးတော့ ခေါ်လာတာတွေကို အမ ရဲ့ အမ ဖြစ်တဲ့ ကိုသူရဇနီးက ပြောခဲ့ဖူးတယ်။ အခုတော့ မြစ်ကြီးနားထောင်မှာ ကိုသူရနေရတာ ကြိုးတိုက်လို့ ခေါ်တဲ့နေရာမှာ ကြိုးပေးပြီး သတ်မယ့် သူတွေကို ထားတဲ့နေရာမှာ ထားတယ်လို့ သိရပါတယ်။ နေကောင်းပါတယ်။ ခုနကပဲ မြစ်ကြီးနားထောင်နဲ့ အဆက် အသွယ်ရတယ်။ ထောင်ထဲမှာပဲ ကိုသူရ ရှိနေပါတယ်တဲ့။ အရင်က အစားအစာတွေ ပို့တာနဲ့ စာရင်တော့ အဆင်ပြေတယ်ပဲ ပြောရမှာပါ။ အရင်က အစားအစာ။ ပစ္စည်းတွေကို လအလိုက်နဲ့ ကန့်သက်ပြီးတော့ ပို့ရတာမျိုး ရှိခဲ့တယ်လေ။ အခုတော့ များများပို့လို့ ရတာပေါ့နော် ဥပမာ တလကို ကော်ဖီမစ် အထုပ် ၃ဝ ပဲ ပို့ ရတာ မျိုး ရှိခဲ့တာ ကနေ အခု ကျတော့ အများကြီးပေါ့ အမတို့ကတော့ အရင်ထက် ပို ပို့ပေးတယ်ပေါ့။ အဲဒါမျိုးလေးတွေတော့ ရှိတယ်။

Ref: မဇ္ဈိမ

Read More...

အပေါ်သို့