..............................

Monday, January 24, 2011

နအဖ စစ်တပ်၏ တမတ်သား လွှတ်တော်ကိုယ်စားလှယ်များ

တမတ်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ

တမတ်သား အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ

တမတ်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ

Read More...

ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံဆွေးနွေး

မင်းနိုင်သူ
Friday, 21 January 2011

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်ပိုင်းက ထိုင်း နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကဆစ် ဖိရုမ်းနှင့် ရန်ကုန်မြို့ ထိုင်းသံရုံး၌ တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း သိရသည်။

“မနက် ၉ နာရီကနေ ၁၀ နာရီလောက်အထိ ထိုင်းသံရုံးမှာပဲ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ပွင့်လင်း ရင်းနှီးမှုရှိတဲ့ ဆွေးနွေးပွဲ တခု ဖြစ်မြောက်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဆွေးနွေးချက် အသေးစိတ်ကိုတော့ ဒေါ်အောင်ဆန်းကြည်က ပြောဆိုခြင်း မရှိသေးပါဘူး”ဟု NLD ပြန်ကြားရေး တာဝန်ခံ ဦးအုံးကြိုင်က ပြောသည်။

ယခုတွေ့ဆုံမှုသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် ပြန်လည် လွတ်မြောက်ခဲ့ ပြီးနောက် နိုင်ငံခြားရေး ၀န်ကြီး တဦးနှင့် ပထမအကြိမ် လူချင်းတွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်သည်။

မစ္စတာ ကဆစ်သည် လွန်ခဲ့သည့် တနင်္ဂနွေနေ့က အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သော အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေး၌ အာဆီယံ အဖွဲ့ကြီး အနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ပြန်လည် ရောက်ရှိနေပြီ ဖြစ်သည်ဟု ကမ္ဘာသို့ အသိပေးရမည် ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ စစ်အစိုးရအကြား အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆွေးနွေးပွဲများ ဖြစ်ပေါ်လာရန် ၊ တိုင်းရင်းသား အဖွဲ့များ အနေဖြင့် စစ်အစိုးရနှင့် တိုက်ခိုက်မှုများ ရပ်တန့်ရန်တို့ကို တိုက်တွန်းကြရမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထိုင်း နိုင်ငံခြားရေး ၀န်ကြီးနှင့် ဆွေးနွေးပွဲသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး တယ်လီဖုန်း ဆက်သွယ် ပြောဆိုမှုအပြီး ၂ ရက်အကြာတွင် ဖြစ်ပေါ်လာခြင်းလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့က ၄င်း၏ နေအိမ်တွင် စစ်အစိုးရပိုင် ရတနာပုံ တယ်လီပို့ ကုမ္ပဏီမှ အင်တာနက် တပ်ဆင်ခွင့် ရရှိခဲ့ပြီး ယနေ့ အပြီးသတ် တပ်ဆင် နေကြောင်း သိရသည်။

“အခုမြန်မာပြည်မှာ ချထားပေးနေတဲ့ Mcwill ( Multi Carrier Wireless Local Loop ) အမျိုးအစားလိုင်းကို သုံးခွင့် ရတာပါ။ ကနဦး ပေးသွင်းငွေ ဆယ်သိန်း နှစ်သောင်း ကျပ် ပေးရတယ်။ အခု ရက်သတ္တ တပတ်အတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် အင်တာနက် သုံးမယ် ထင်ပါတယ်”ဟု ဦးအုံးကြိုင်က ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီသည် နအဖ စစ်အစိုးရ ကျင်းပသော ၂၀၁၀ ရွေးကောက်ပွဲအတွက် ပါတီထပ်မံ မှတ်ပုံတင်ခြင်း မပြုသောကြောင့်၂၀၁၀ ရွေးကောက်ပွဲကော်မရှင်က NLD ပါတီကို တရားဝင် ရပ်တည်ခွင့် မရှိကြောင်း ကြေညာခဲ့သည်။

ထိုကဲ့သို့ ကြေညာခဲ့သည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် တရားရင်ဆိုင်နေရာ ပါတီရပ်တည်ခွင့် အထူး အယူခံ ကြားနာမှုကို လာမည့် တနင်္လာနေ့တွင် နေပြည်တော် တရားရုံးချုပ်၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Ref: ဧရာဝတီ်

Read More...

Sunday, January 23, 2011

ပြန်ပေးဆွဲခံ မြန်မာသင်္ဘောသားများ ပြန်လည်လွတ်မြောက်

ဆိုမာလီယာ ပင်လယ်ဓားပြများ ပြန်ပေးဆွဲထားတဲ့ ဓာတုဗေဒ ကုန်တင် သင်္ဘော Samho Jewelry ကို တောင်ကိုရီးယား အထူး ကွန်မန်ဒို အင်အား ၃၀၀ လိုက်ပါလာတဲ့ တောင်ကိုးရီးယား ရေတပ်ရဲ့ ဖျက်သင်္ဘော Choi Young က စီးနင်း တိုက်ခိုက် သုတ်သင်လိုက်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး လီဆမ်ဟိုက သတင်းစာ ရှင်းလင်းပွဲမှာ အတည်ပြု ပြောဆိုခဲ့ပါသည်။

ဒီ လျှို့ဝှက် ချေမှုန်းသုတ်သင်ရေး စစ်ဆင်ရေးကို အယ်ထ်ဒန်ပင်လယ်ကွေ့ အာရုဏ်ဦးလို့ အမည်ပေးခဲ့ပြီး၊ ဆိုမာလီယာ ပင်လယ်ကွေ့မှာ စောင့်ကြည့် ကင်းလှည့်နေကြတဲ့ အခြားနိုင်ငံများရဲ့ ရေတပ် အကူအညီဖြင့် ပြန်ပေးဆွဲခံ သင်္ဘောနှင့် သင်္ဘောသားများအား အောင်မြင်စွာ ကယ်တင် နိုင်ခဲ့ကြောင်း ဒုဗိုလ်ချုပ်ကြီး လီဆမ်ဟိုက ထုတ်ဖော်ပြောဆို ခဲ့ပါသည်။

တောင်ကိုးရီးယားရေတပ် အထူးကွန်မန်ဒိုတပ်ဖွဲ့ ရဲ့ ၅နာရီကြာ စစ်ဆင်ရေးမှာ သင်္ဘောရဲ့ ရေယာဉ်မှူး ၀မ်းဗိုက်မှာ ဒဏ်ရာရခဲ့ပြီး၊ ဆိုမာလီယာ ပင်လယ် ဓားပြရှစ်ဦး သေကာ၊ ငါးဦးကို လက်ရ ဖမ်းဆီးနိုင်ခဲ့ကြောင်း Yonhap news agency က သတင်းမှာ ဖော်ပြထား ပါတယ်။

တောင်ကိုရီးယား သမ္မတ အီမြောင်ဘတ်က တောင်ကိုးရီးယား နိုင်ငံသားတွေကို အခုလို အကြမ်းဖက် တိုက်ခိုက်မှု မျိုးကို ဘယ်တော့မှ သည်းညည်း မခံဘူးလို့ ပြောဆိုခဲ့ပြီး ဒီစစ်ဆင်ရေးမှာ ပါဝင်ခဲ့သူအားလုံးကို ချီးကျူး ပြောဆိုခဲ့တယ်။

ပြန်ပေးဆွဲခံထားခဲ့ရတဲ့ Samho Jewelry သင်္ဘောပေါ်မှာ တောင်ကိုရီးယား သင်္ဘောသား ၈ ယောက်၊ အင်ဒိုနီးရှား ၂ ယောက် နှင့် မြန်မာ သင်္ဘောသား ၁၁ ယောက် ပါရှိပြီး၊ သူတို့အားလုံးကို ကယ်တင်နိုင်ခဲ့ပါတယ်။


Read More...

Friday, January 21, 2011

ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ အင်တာနက် တပ်ဆင်ခွင့်ရ

2011-01-20

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းပြည်ပ ထောက်ခံသူတွေနဲ့ အလွယ်တကူ ဆက်သွယ်နိုင်ဖို့ အင်တာနက် တပ်ဆင်ခွင့် လျှောက်ထားခဲ့ရမှာ ဇန်န၀ါရီ (၂၀) ရက် ဒီကနေ့ ညနေမှာတော့ သူမရဲ့ နေအိမ်မှာ အင်တာနက် ဆက်သွယ် တပ်ဆင်ခွင့် ရသွားပြီလို့ သိရပါတယ်။

အင်တာနက် တပ်ဆင်ခွင့်ရနိုင်ဖို့ လွန်ခဲ့တဲ့ တစ်လ၀န်းကျင်ကတည်းက သက်ဆိုင်ရာကို လျှောက်ထား ခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ (၃) ရက် လောက်ကမှ အာဏာပိုင်တွေရဲ့ ခွင့်ပြုမိန့် ကျလာတာကြောင့် NLD ပါတီတွင်းက ကွန်ပျူတာ ကျွမ်းကျင်သူတွေရဲ့ အကူအညီနဲ့ ဒီကနေ့ ညနေမှာ တပ်ဆင်လိုက်ပြီလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးအဖွဲ့မှူး ဦးဝင်းထိန်က ပြောပါတယ်။

လက်ရှိမှာ Facebook နဲ့ Twitter အဆင့်ကို လုပ်နိုင်အုန်းမှာ မဟုတ်ဘဲ သာမန် အင်တာနက်နဲ့ ဆက်သွယ်တဲ့ စနစ်ကိုသာ လုပ်သွားမှာ ဖြစ်တဲ့ အကြောင်း ဦးဝင်းထိန်က ပြောပါတယ်။

Twitter အင်တာနက် လူမှုကွန်ယက်က တဆင့် ပြည်တွင်းပြည်ပ လူငယ်တွေနဲ့ ဆက်သွယ်ပြီး လူငယ်တွေရဲ့ သဘောထားကို သိလိုကြောင်း နေအိမ် အကျယ်ချုပ်က ပြန်မလွတ်ခင် ကတည်းက ဒေါ်အောင်ဆန်းစုကြည် ပြောကြား ခဲ့ဖူးပါတယ်။

Ref: RFA News

Read More...

စစ်မှုထမ်း ဥပဒေမူကြမ်း မသမာမှု လမ်းဖွင့်နေဟု NLD ဝေဖန်

ဖနိဒါ
ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၀ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ အငြင်းပွားဖွယ်ရာ ပြည်သူ့စစ်မှုထမ်းဥပဒေမူကြမ်းမှာ မလွဲမသွေ စစ်မှုထမ်းရန် ဆင့်ခေါ်ရမည့် ဥပဒေတရပ် ဖြစ်နေသည့် အတွက် မသမာမှုများ ဖြစ်ပေါ်အောင် လမ်းဖွင့် ပေးနေကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဝေဖန်လိုက်သည်။

“ ဤဥပဒေ အတည်ပြုပြီးနောက် နည်းမျိုးစုံဖြင့် မသမာမှုများရှိလာစေရန် လမ်းဖွင့်ထား သကဲ့သို့ ဖြစ်ပါသည်။ ထို့အပြင် အဖက်ဖက်က ယိုယွင်းလျက် ရှိသော နိုင်ငံရေး၊ စီးပွားရေးနှင့် ပညာရေး စနစ်များကြောင့် ဒုက္ခမျိုးစုံ ကြုံတွေ့နေရသော အောက်ခြေ လူတန်းစား အတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုးတခု ဖြစ်လာနိုင်ဖွယ် ရှိသည်” ဟု NLD ၏ ယမန်နေ့ထုတ် ကြေညာချက်တွင် ပါရှိသည်။

ထို့ပြင် “၁၉၅၉ ခုနှစ် ပြည်သူ့စစ်မှုထမ်း အက်ဥပဒေတွင် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်ဟု ပြဋ္ဌာန်းထားပြီး ယခု ၂ဝ၁ဝ ထုတ်ပြန် လိုက်သည့် ဥပဒေသည် မလွဲမသွေ စစ်မှုထမ်းရန် ဆင့်ခေါ်ရမည့် ဥပဒေဖြစ်ပါသည်” ဟုလည်း ယမန်နေ့ နေ့စွဲတပ် NLD ကြေညာချက်တွင် ပါရှိသည်။

မနှစ် နိုဝင်ဘာ ၇ ရက် နေ့စွဲဖြင့် အကန့်အသတ်ဖြင့် ဖြန့်ဝေသော စစ်မှုထမ်း ဥပဒေ မူကြမ်းမှာ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌက အမိန့် ကြော်ငြာစာဖြင့် သတ်မှတ်သည့် နေ့ရက်တွင် စတင် အာဏာတည်မည်ဟု ပြန်တမ်းတွင် ပါရှိသည်။

ပြည်သူ့စစ်မှုထမ်း ဥပဒေ အတည်ဖြစ်လာလျှင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း အမျိုးသားတိုင်းနှင့် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသမီးတိုင်း ၂ နှစ်ထိ စစ်မှုထမ်းရမည် ဖြစ်သည်။ အစိုးရက အရေးပေါ် အခြေအနေ သတ်မှတ်ထားလျှင် ၅ နှစ်အထိ စစ်မှုထမ်း ကာလကို တိုးမြှင့်နိုင်သည်။

လွှတ်တော်တွင် ရှုထောင့်အစုံစုံမှ သုံးသပ်ဝေဖန်ပြီးမှ လွှတ်တော်က ဆုံးဖြတ်ပြဋ္ဌာန်းသင့်သည် ဟုလည်း NLD က ပြောသည်။

လွှတ်တော်တရပ်ပေါ်ပေါက်ခါနီးတွင် လွှတ်တော်က ဥပဒေပြု အာဏာကို အဓိက ကျင့်သုံးရမည့် အစား နအဖ က ပြဋ္ဌာန်းခြင်းမှာ ဆန့်ကျင်ဖက် ဖြစ်နေကြောင်းလည်း NLD က ဝေဖန်သည်။

စစ်မှုထမ်း စာရင်းပေးသွင်းရန် ပျက်ကွက်သူမှာ ထောင် ၃ နှစ် ကျနိုင်ပြီး ဟန်ဆောင် ရှောင်လွှဲလျှင် ၅ နှစ်အထိ အပြစ်ပေး ခံရမည် ဟုလည်း ဆိုထားသည်။

မြန်မာနိုင်ငံတွင် စစ်သည်အင်အား စုစုပေါင်း ၅ သိန်းခန့် ရှိသည်ဟု ဆိုသော်လည်း စစ်အစိုးရ တပ်ရင်းများတွင် သတ်မှတ်ထားသည့် တပ်အင်အားထက် လျော့နည်းနေသည်ဟု မြန်မာအရေး လေ့လာသူများက သုံးသပ်ကြသည်။


Ref: မဇ္ဈိမ

Read More...

စစ်တပ်ကရွေးတဲ့ ၂၅% နဲ့ ပြည်ခိုင်ဖြိုးပါတီ အမတ်တွေ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အမိန့် နာခံရဖို့ သေချာ

ဦးဝင်းမင်း
ကြာသပတေး, 20 ဇန်နဝါရီ 2011


မြန်မာနိုင်ငံမှာ ဒီလကုန်ပိုင်းရောက်ရင် ကျင်းပမှာဖြစ်တဲ့ လွှတ်တော်မှာ ပါဝင်ဖို့ စစ်တပ်က ခန့်ထားတဲ့ လွှတ်တော် အမတ် ၂၅% ရဲ့ စာရင်းတွေကို ရွေးကောက်ပွဲ ကော်မရှင်က မနေ့က ထုတ်ပြန် လိုက်ပါတယ်။ ဒီစာရင်းထဲမှာ စစ်တပ်ထဲက ဘယ်လိုအဆင့် ခေါင်းဆောင်တွေ ပါလာနိုင်ပါသလဲ၊ ပါလီမန်ထဲမှာရော ဘာတာဝန်တွေ ယူကြမှာလဲ၊ အမတ်နေရာ အများစု ရထားတဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီနဲ့ ဆက်ဆံရေးမှာရော ဘယ်လို အခြေအနေ ရှိနိုင်သလဲ၊ အကြောင်းစုံ သိနိုင်အောင် အမေရိကန် နိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံရဲ့ ယာယီ သံရုံး တာဝန်ခံ အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ စစ်ထောက်လှမ်းရေး အထက်တန်း အရာရှိဟောင်း ဦးအောင်လင်းထွဋ်ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ကိုအောင်လင်းထွဋ် ခင်ဗျား၊ စစ်တပ်ကခန့်တဲ့ လွှတ်တော်အမတ် စာရင်းကို ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် လိုက်ပြီလို့ မြန်မာ့ အသံက မနေ့ညက ကြေညာခဲ့ပါတယ်။ အဲဒီလို ကြေညာတဲ့ အခါမှာ အထက်လွှတ်တော် ဖြစ်တဲ့ အမျိုးသား လွှတ်တော် အတွက် ၅၆ ဦး၊ အောက်လွှတ်တော် ဖြစ်တဲ့ ပြည်သူ့ လွှတ်တော်အတွက် ၁၁၀၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး အဆင့်တွေ အတွက်တော့ ၂၂၂ ဦးလို့ ကြေညာ သွားတာ တွေ့ရပါတယ်။ အခုလို အရေအတွက်တွေကို ကြေညာ သွားပေမဲ့ စစ်တပ်က အမတ်တွေရဲ့ နာမည် စာရင်းကိုတော့ ထုတ်ပြန် ကြေညာ သွားတာ မရှိပါဘူး။ အဲဒီစာရင်းကို ဒီနေ့ သတင်းစာတွေမှာ ထုတ်ပြန် ကြေညာမယ်လို့ ဖော်ပြသွားတာ တွေ့ရပါတယ်။ အဲဒီတော့ အခုလို ခန့်အပ်လိုက်တဲ့ အမတ်တွေထဲမှာ စစ်တပ်က ဘယ်လို ရာထူး အဆင့်ရှိတဲ့ ခေါင်းဆောင်တွေ ပါလာနိုင်မယ်လို့ မှန်းဆကြည့်လို့ ရပါသလဲ။

“အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ၂ ရပ်မှာတော့ တပ်မတော်ကနေ အနိမ့်ဆုံး ဗိုလ်မှူးကြီးအဆင့် အထက်ရှိတဲ့ လူတွေကို ရွေးချယ် တာဝန်ပေးမယ်လို့ ထင်ပါတယ်။ အဲဒီလို ရွေးချယ် တာဝန်ပေးတဲ့ အခါမှာ တိုင်းမှူးတွေရှိမယ်၊ တပ်မမှူးတွေရှိမယ်၊ ကာကွယ်ရေး ၀န်ကြီးဌာနက အထူးစစ်ဆင်ရေး အဖွဲ့မှူးတွေရှိမယ်၊ ဒီအဖွဲ့မှူးတွေ ကတော့ မပါမနေရ အနေနဲ့ ပြည်သူ့ လွှတ်တော်ထဲမှာ ပါလာ ပါလိမ့်မယ်။

“အလားတူ စစ်ရုံးမှာရှိတဲ့ စစ်ထောက်ချုပ်တို့၊ စစ်ရေးချုပ်တို့၊ ကျန်တဲ့ ညွှန်ကြားရေးမှူး ရုံးတွေမှာရှိတဲ့ ဗိုလ်ချုပ်တွေ ကလည်း ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်တွေမှာ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ပါလာကြမှာ ဖြစ်ပါတယ်။”

အဲဒီတော့ နိုင်ငံတော်အဆင့်မှာ ပါလာမယ့် လူအများစုက ၄ လပတ် အစည်းအဝေးတွေမှာ ပါတဲ့ အဆင့်တွေနဲ့ရော သွားတူနိုင်လား။

“မှန်ပါတယ်ခင်ဗျ။ ၄ လပတ်အဆင့်မှာ ပါတဲ့သူတွေ အားလုံး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ဖြစ်လာဖို့ များပါတယ်။”

ဟုတ်ကဲ့၊ နိုင်ငံတော်အဆင့်မှာပေါ့နော်။

“မှန်ပါတယ်ခင်ဗျ။”

အဲဒါဆိုရင် ပြည်နယ်နဲ့ တိုင်းဒေသကြီး အဆင့်တွေ အတွက်ရော။

“သက်ဆိုင်ရာ စစ်တိုင်းဌာနချုပ်တွေ လက်အောက်မှာ ဗိုလ်မှူးကြီးအဆင့် အမြင့်ဆုံးပေါ့လေ၊ အနိမ့်ဆုံး ဗိုလ်မှူး အဆင့်ပေါ့၊ ဒီပုဂ္ဂိုလ်တွေက တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ သူတို့ ရွေးချယ်ပါလိမ့်မယ်။ အဲဒီလို ရွေးချယ်တဲ့ အခါမှာ တိုင်းစစ်ဌာနချုပ်တွေက အလုပ်နည်းပါးတဲ့ စစ်ဦးစီး ပထမတန်းတွေ ရှိပါတယ်။ စစ်ဦးစီး ပထမတန်း (ရေး၊ ထောက်) အစရှိသဖြင့် ဒီလိုပုဂ္ဂိုလ်တွေက တိုင်းဒေသကြီး၊ ပြည်နယ်ရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ပါမှာဖြစ်ပါတယ်။”

အဲဒီအခါ အခုလို ပါလီမန်အမတ်တွေ ပါလီမန်ထဲမှာ လုပ်ပုံကိုင်ပုံ၊ လုပ်ထုံးလုပ်နည်း အရ ဘယ်လို ဖြစ်လာမယ်လို့ ခန့်မှန်းလဲ၊ မကြာသေးခင်က သင်တန်းတွေ ပေးထား တယ်လို့တော့ ကြားထားပါတယ်။ ကိုအောင်လင်းထွဋ်ရော အဲဒါနဲ့ ပတ်သက်ပြီး ဘယ်လို ထင်ပါသလဲ။

“သင်တန်းတွေပေးတဲ့ သတင်းတော့ ကျနော်လည်း ကြားပါတယ်။ သင်တန်းပေးတဲ့ ရည်ရွယ်ချက် ကတော့ လုပ်ထုံး လုပ်နည်း၊ လုပ်နည်း လုပ်ဟန်တွေ၊ လုပ်တတ် ကိုင်တတ်အောင် ခေါ်ပြီးတော့ ညှိနှိုင်းပေးတဲ့ သဘောပါ။ ရက်တိုသင်တန်း သဘောမျိုးလေးပဲ ဖြစ်ပါတယ်။ အဲတော့ ပါလီမန် တကယ် ထွက်လာတဲ့ အခါမှာ ရေးရာ ကော်မတီတွေ၊ ဆပ်ကော်မတီတွေ၊ အသီးသီး ရှိလာပါလိမ့်မယ်။ ဒီလို ရှိလာတဲ့အခါ အဲဒီ တာဝန်တွေကို ထမ်းဆောင်တဲ့ အခါ အရပ်သား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ် ဆောင်ရွက်တဲ့ အခါမှာ လုပ်တတ် ကိုင်တတ်အောင်လည်း တပိုင်းပေါ့လေ။

“နောက်တခုကတော့ ခပ်ကြမ်းကြမ်းလေး ပြောရရင်တော့ မင်းတို့ လွှတ်လိုက်တဲ့ ၂၅% သော တပ်မတော် သားတွေက မင်းတို့ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ လက်အောက်မှာ ရှိတယ်၊ မင်းတို့ ယူနီဖောင်း ၀တ်ထားတယ်၊ စစ်မှုထမ်းနေဆဲ ဖြစ်တယ်၊ စစ်မှုထမ်းနေဆဲ ဖြစ်တဲ့ အတွက် စစ်စည်းကမ်းကို လိုက်နာရမယ်၊ အမိန့်ပေးရင် အမိန့်ပေးတဲ့ အတိုင်း လုပ်ရမယ် ဆိုတာကို ခေါ်ပြောတာလည်း ဖြစ်နိုင်ပါတယ်။”

လွှတ်တော်ထဲမှာ ၂၅% ရှိလာတဲ့အခါကြတော့ ကျန်တဲ့ အများစု ရထားတဲ့၊ စစ်တပ်ခေါင်းဆောင် ဟောင်း အများစု ပါတဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီက အမတ် အများစုနဲ့ ဘယ်လို ဆက်ဆံရေး အနေအထားမျိုး ရှိမယ်လို့ ထင်ပါသလဲ။

“ဆက်ဆံရေး ကြားထဲကတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ပဲ တိုက်ရိုက် ဆက်ဆံမယ့် အနေအထားမျိုး ရှိပါတယ်။ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်တွေ အနေနဲ့လည်း ဗိုလ်ချုပ်ကြီးတွေ ဆိုသော်လည်း စစ်တပ်က ၂၅% ကို သူတို့ အမိန့်ပေးလို့ မရပါဘူး။ သူတို့ လိုလားချက်ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ညှိပြီး လုပ်ရပါမယ်။ ညှိနိုင်ဖို့ အတွက်ကလည်း အကြီးဆုံး နိုင်ငံ့ ဥသျှောင်ကြီးက ရှိနေပါမယ်။ သူ့ရဲ့ ညှိနှိုင်းပေးချက် အရပဲ အခု ၅ နှစ်သက်တမ်း လွှတ်တော်ကတော့ ရှိနေဦးမယ်လို့ ကျနော် မြင်ပါတယ်။”

ဦးအောင်လင်းထွဋ် ပြောပြသွားတာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

မြောက်ပိုင်း SSA တပ် နှင့် ပါတီ အောင်မြင်စွာ ပြန်လည်ဖွဲ့စည်း

Thursday, 20 January 2011

ဒီဇင်ဘာလကတည်းက စတင်သော သျှမ်းပြည် တပ်မတော်မြောက်ပိုင်း ၀မ့်ဟိုင်း ဌာနချုပ် တပ်မဟာ ၁ ၏ အရေးပေါ် အစည်းအဝေး ယခုလ ၁၅ ရက်နေ့က ပြီးဆုံးသွားကြောင်း တပ်မဟာ ၁ သတင်းရပ်ကွက်က ဆိုပါသည်။

“Special Force အထူးတပ်ဖွဲ့၊ Heavy Weapon Unit လက်နက် ကြီးတပ်၊ Military Police တပ်ထိန်းတို့ ပါရှိတဲ့ စစ်ဖက် ဆိုင်ရာ ကော်မတီကနေ တပ်မဟာ ၅ ခု ဖွဲ့စည်းခဲ့တယ်။ တပ်မဟာ ၁၊ တပ်မဟာ ၂၇ တပ်မဟာ ၇၂ တပ်မဟာ ၃၆ နဲ့ တပ်မဟာ ၇၄။ အတိုင်ပင်ခံ အဖွဲ့ကို ဖွဲ့စည်းတယ်။ ပညာရေး၊ ကျန်းမာရေး၊ သတင်းဌာန စတဲ့ ဌာနတွေ အားလုံး ပြန်ဖွဲ့စည်းတယ်” ဟု ဆို၏။

အဆိုပါအစည်းအဝေးမှ တပ်ဖွဲ့စည်းမှု ၊ စစ်ဒေသ နှင့် တပ်မဟာများ အသစ်ပြန်လည် ဖွဲ့စည်းမှု အပြင် 1995 ကတည်းက လုပ်ငန်း လည်ပတ်မှု ရပ်နားခဲ့သော SSPP သျှမ်းပြည် တိုးတက်ရေး ပါတီကိုလည်း ပြန်လည် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

“၁၉၉၅ ကတည်းက ရပ်တန့် ငုပ်လျှိုးသွားတဲ့ သျှမ်းပြည် တိုးတက်ရေး ပါတီ SSPP ကို ပြန်လည် ဖွဲ့စည်းတယ်။ အလုပ်အမှုဆောင် တွေ ရွေးချယ်တယ်။ ဗိုလ်ချုပ်ပန်ဖှ ပါမယ်။ နောက်ပြီးတော့ စိုင်းတူး၊ စ၀်နော်မိုင်း၊ စ၀်မန်းဟုံ၊ စ၀်ပိုင်ဖှ၊ စ၀်ဆိုင်မိုင်း၊ စ၀်ခေးတိုင်း၊ စ၀်ငေါဝ်ဖှ၊ စိုင်းစိန်မိုင်း၊ စိုင်းဆိုင်ဖှ၊ စ၀်လောင်ဟေ၊ စ၀်ခွန်ဆိုင် တို့ပါတယ်။” ဟု တပ်မဟာ ၁ မှ တပ်မှူးတဦးက သျှမ်းသံတော် ဆင့်သို့ ပြောပြသည်။

Shan State Progress Party သျှမ်းပြည်တိုးတက်ရေးပါတီကို ၁၉၇၁ သြဂုတ်လ ၁၆ ရက်က စတင် ဖွဲ့စည်းခဲ့ပြီး ပါတီ၏ ပထမ ဆုံး ဥက္ကဌမှာ ဦးခွန်ကြာနု (ခေါ်) စ၀်ဆိုင်စစ် ဖြစ်သည်။ ပါတီ ဖွဲ့စည်း တည်ထောင်သူ တယောက်ဖြစ်သည့် ညောင်ရွှေစော်ဘွား စ၀်ရွှေသိုက်၏သား စ၀်ဇန့်ယောင်ဟွေ့က အထွေထွေ အတွင်းရေးမှူး တာဝန် ယူခဲ့သည်။ ဒုဥက္ကဌ ၁ မှာ စ၀်ပင်းတိုင်း ဖြစ်ပြီး ဒုဥက္ကဌ ၂ မှာ စ၀်ဆေခန် ဖြစ်သည်။ (ယခုအခါ အဆိုပါ ခေါင်ဆောင် ၄ ဦးစလုံး ကွယ်လွန်ခဲ့ပြီး ဖြစ်သည်။)

ပါတီ ဦးစီးဦီးဆောင်သူ ၅ ယောက်မြောက်ဖြစ်သော (ဥက္ကဌ စ၀်ဆိုင်စစ်၊ ဥက္ကဌ စ၀်ပင်းတိုင်း၊ နောက်ပိုင်း အမြင့်ဆုံး ရာထူး အထွေထွေ အတွင်းရေးမှူးချုပ် စ၀်ဆေလင်း၊ စ၀်ဆေနွံ၊ စ၀်စိုင်းလိတ်) စ၀်စိုင်းလိတ် ကွယ်လွန်ချိန် ၁၉၉၅ မှစ၍ သျှမ်းပြည်တိုး တက်ရေး ပါတီလည်း ငုပ်လျှိုး သွားခဲ့သည်။

ယခု သျှမ်းပြည်တိုးတက်ရေးပါတီကို ပြန်လည်ဖွဲ့စည်းရာတွင် သျှမ်းပြည် တပ်မတော် မြောက်ပိုင်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ပန်ဖှက SSPP ၏ အတွင်းရေးမှူး တာဝန် ယူထားသည်ဟုလည်း သိရသည်။ ၎င်း၏ မဟာမိတ်များနှင့် ကူးလူး ဆက်ဆံရေး တာဝန်မှာ စ၀်ပိုင်ဖှ က တာဝန် ယူထားသည်။

“Shan State Progress Party သျှမ်းပြည်တိုးတက်ရေးပါတီလေ၊ Shan State Progressive Party တိုးတက်သော ပါတီ မဟုတ်ဘူး။ ခွန်ဆာ့ နယ်မြေအတွင်း စ၀်စိုင်းလိတ် ကွယ်လွန် သွားပြီးနောက်ပိုင်း ပါတီ အနေနဲ့ ဘာမှ လုပ်ငန်း အကောင် အထည် မဖေါ် နိုင်ခဲ့ဘူး။ အခု ပါတီ အထွေထွေ အတွင်းရေးမှူး တာဝန်ကို SSA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ပန်ဖှကပဲ တာဝန် ယူတယ်လေ” ဟု ဆက်၍ ပြောပြပါသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ SSPP သည် ပြီးခဲ့သည့်အပတ် ထိုင်းနယ်စပ်တနေရာ၌ တွေ့ဆုံ ဆွေးနွေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၆) ဖွဲ့ဖြင့် ဖွဲ့စည်းထားသော (Committee for Emergence Of Federal Union) ခေါ် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီတွင်လည်း ပါဝင်ခဲ့သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

လယ်သိမ်းခံရမှု ဦးဆောင်တရားစွဲသူကို ဖမ်းဝရမ်းထုတ်

စိုင်းဇွမ်ဆိုင်း
Thursday, 20 January 2011

ကချင်ပြည်နယ် ဟူးကောင်း ဒေသတွင် ဒေသခံများ၏ လယ်မြေများကို အဓမ္မ သိမ်းယူခဲ့သည့် အမှုနှင့် ပတ်သက်ပြီး ဦးဆောင် တရား စွဲဆိုခဲ့သည့် ဒေါ်ဘောက်ဂျာကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) ၏ ညွှန်ကြားချက်ဖြင့် ဖမ်းဝရမ်း ထုတ်ထားကြောင်း သိရသည်။

မြေသိမ်းမှုများကို ယုဇနကုမ္ပဏီမှ ပြုလုပ်ခဲ့ပြီး ပိုင်ရှင်ဖြစ်သူ ဦးဌေးမြင့်သည် စစ်အစိုးရနှင့် နီးစပ်သူ စီးပွားရေး လုပ်ငန်းရှင် တဦး အဖြစ် လူသိများကာ စစ်အစိုးရ၏ ကျောထောက်နောက်ခံ ပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) ၏ ကိုယ်စားလှယ် တဦးလည်းဖြစ်သည်။

ကချင်သတင်းဌာန၏ အယ်ဒီတာဖြစ်သူ ကိုနော်ဒင်းက ဒေါ်ဘောက်ဂျာကို ဖမ်းဆီးရန်အတွက် မပခ တိုင်းမှူး ဗိုလ်မှူးချုပ် ဇေယျာအောင်က ပြီးခဲ့သည့် တနင်္လာနေ့တွင် အာဏာပိုင်များအား ညွှန်ကြား လိုက်ကြောင်း ပြောဆိုသည်။

ကိုနော်ဒင်းက “ဒေါ်ဘောက်ဂျာရဲ့ အမျိုးတွေကို ဆက်သွယ်စုံစမ်းကြည့်တဲ့အခါမှာ မြေသိမ်းတဲ့ အမှုတွေမှာ ဒေသခံတွေကို ဦးဆောင်ပြီး တရား ပြန်စွဲတဲ့အတွက် အခုလို ဖမ်းဝရမ်း ထုတ်တယ်လို့ သိရပါတယ်။ ယုဇန ကုမ္ပဏီက မြေသိမ်းလိုက်တယ် ဆိုတာက အစိုးရ စီမံကိန်းလို ဖြစ်နေတာလေ။ အခု လောလောဆယ်တော့ ဒေါ်ဘောက်ဂျာလည်း တိမ်းရှောင်နေတယ်” ဟု ဆိုသည်။

ဗိုလ်မှူးချုပ် ဇေယျာအောင်က ဒေါ်ဘောက်ဂျာကို ဖမ်းဆီးရန် ညွှန်ကြားပြီး နောက်တနေ့တွင် ကချင်ပြည်နယ် ရဲတပ်ဖွဲ့ ဝင်များက သုံးဖွဲ့ခွဲကာ ဖားကန့်၊ တနိုင်း နှင့် မိုးညှင်းမြို့နယ်များရှိ ဒေါ်ဘောက်ဂျာ ရှိနိုင်မည့် နေရာများကို ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ကိုနော်ဒင်းက ပြောသည်။

ဒေါ်ဘောက်ဂျာ ကမူ ၎င်းအား အာဏာပိုင်များက မည်သည့်အတွက်ကြောင့် ဖမ်းဆီးမည်ကို မသိရှိကြောင်း၊ သို့သော် ၎င်း ရှိနိုင်သည့် နေရာများသို့ အာဏာပိုင် အဖွဲ့များက ရှာဖွေ စစ်ဆေးမှုများ ပြုလုပ် နေသည်မှာ ၃၊ ၄ ရက်ခန့် ရှိနေပြီ ဖြစ်ကြောင်း၊ ၎င်းအား ဖမ်းဆီးမည့် အကြောင်းအရာကို စုံစမ်းပြီး အာဏာပိုင်များကို ရင်ဆိုင် သွားမည်ဖြစ်ကြောင်း ဘီဘီစီ သတင်းဌာနသို့ ပြောဆိုခဲ့သည်။

ဟူးကောင်းဒေသမှ မြေယာများကို ၂၀၀၇ ခုနှစ်တွင် စတင်သိမ်းယူခဲ့ပြီး ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်ဒေသရှိ ကျေးရွာများမှ မြေဧကပေါင်း ၁၃၀၀ ကျော်ကို မြေပိုင်ရှင် ၆၀၀ ကျော်ထံမှ သိမ်းယူခဲ့သည်။

အစိုးရ စိုက်ပျိုးရေး စီမံကိန်း များအတွက် သိမ်းယူခြင်း ဖြစ်သည်ဟု မြေပိုင်ရှင်တဦးက ဆိုသည်။

နစ်နာကြေးအနေဖြင့် ဒေသခံများ စိုက်ပျိုးရန်မြေယာများ အစားပြန်ပေးသော်လည်း ၎င်းတို့ ပြန်ပေးသည့် မြေများမှာ စိုက်ပျိုးရေး ပြုလုပ်ရန် လုံးဝ မဖြစ်နိုင်သည့် မြေ အမျိုးအစားများသာ ဖြစ်သဖြင့် ဒေသခံများအတွက် များစွာအခက်အခဲ ဖြစ်ရကြောင်း ၎င်းက ပြောသည်။

မြေသိမ်းခံရသူ ၆၀၀ ကျော်အနက်မှ ၂၁၄ ဦးတို့သည် အုပ်စု သုံးစုခွဲကာ ယုဇန ကုမ္ပဏီအား ပြီးခဲ့သည့် ဇူလိုင်လမှ စတင်ပြီး တရားစွဲခဲ့သည်။ မြေစတင် သိမ်းသည့်နှစ်မှ ယနေ့အချိန်ထိ ၎င်းတို့ မြေဆုံးရှုံးသဖြင့် ဒေသခံများက ကျပ်သိန်း ပေါင်း ၉၈၀၀ နစ်နာသည်ဟု ဆိုကာ အဆိုပါ နစ်နာကြေးကို ယုဇန ကုမ္ပဏီထံသို့ တရားရုံးမှတဆင့် တောင်းဆိုခဲ့ကြ ကြောင်း သိရသည်။

ယခုလ ၇ ရက်နေ့တွင် မြေသိမ်းခံ လယ်သမားများအား လယ်တဧကလျှင် ကျပ် ၈ သောင်း၊ ယာတဧက ကျပ် ၆ သောင်း၊ ဥယျာဉ်ခြံမြေ တဧက ၃ သောင်းနှင့် နေအိမ်တအိမ် ၁ သိန်းခွဲနှုန်းဖြင့် အစိုးရ၏ သတ်မှတ် နှုန်းထားများအတိုင်း ယုဇန ကုမ္ပဏီမှ ပေးချေရန် ကချင်ပြည်နယ် တရားရုံးက အမိန့်ချခဲ့ပြီး ယင်းဈေးနှုန်းကို မကျေနပ်သည့် မြေပိုင်ရှင်များက ထပ်မံ တရားစွဲဆိုခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဥပဒေအတိုင်ပင်ခံဖြစ်သူ ရှေ့နေကြီး ဦးအောင်သိန်းကမူ ဥပဒေအရ တစုံ တယောက်အား ဖမ်းဆီးရန် အတွက် စစ်တပ်ဘက်မှ ဝရမ်း ထုတ်ပိုင်ခွင့် မရှိကြောင်း၊ မပခ နှင့် တိုင်းမှူးဖြစ်သူ ဗိုလ်မှူးချုပ် ဇေယျာအောင် တို့သည် ၎င်းတို့နှင့် မဆိုင်သည့် အလုပ်များကို လုပ်နေခြင်းဖြစ်ကြောင်း ဦးအောင်သိန်းက ပြောသည်။

မြစ်ဆုံရေကာတာ စီမံကိန်းကို ကန့်ကွက်သည့် လှုပ်ရှားဆောင်ရွက်မှုများတွင် ဒေါ်ဘောက်ဂျာ ပါဝင် နေခြင်းကလည်း အာဏာပိုင်များ အနေဖြင့် ဖမ်းဆီးရန် အကြောင်းပြချက် တခုဖြစ်သည်ဟု ကိုနော်ဒင်းက ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဒေါ်ဘောက်ဂျာသည် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ကို ကိုယ်စားပြုပြီး ဖားကန့်မြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ကြံ့ဖွံ့ပါတီ၏ ကိုယ်စားလှယ် စစ်ဗိုလ်ချုပ်ဟောင်း ဦးအုန်းမြင့်ကို ရှုံးနိမ့်ခဲ့သည်။

Ref: ဧရာဝတီ်

Read More...

တိုင်းရင်းသား ဒုသမ္မတ ပေါ်ထွက်ရေး ချင်းပါတီ တိုက်တွန်း

ထွန်းထွန်း
ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၀ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ ဒုသမ္မတနှင့် ပြည်နယ်ဝန်ကြီးချုပ် နေရာများတွင် တိုင်းရင်းသားများ ပါတီများ ထဲမှ ခန့်အပ်ပါရန် ချင်းအမျိုးသား ပါတီ CNP က လွှတ်တော် အမတ်များကို တိုက်တွန်း လိုက်သည်။

CNP က ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီတို့နှင့် ပူးတွဲ၍ ရွေးကောက်ခံ အမတ်များကို မေတ္တာ ရပ်ခံခဲ့သည့် ယခုလ ၁၆ ရက်နေ့ ပူးတွဲ ကြေညာချက်ကို ရည်ညွှန်း ပြောဆိုခြင်း ဖြစ်သည်။

“အခုဖြစ်လာမယ့် အစိုးရက ဘယ်သူတွေ ဝိုင်းပါချင်တဲ့ ဆန္ဒရှိတယ်ဆိုတာကို သူတို့ သတိ မထားမိမှာ စိုးရိမ်လို့ပါ။ ပါတီစုံစနစ် ဖြစ်တဲ့ အတွက်ကြောင့် အနိုင်ရတဲ့ ပါတီကပဲ နေရာ ယူတယ် ဆိုတဲ့ဟာ ကျနော်တို့ တိုင်းပြည်ရဲ့ အနာဂတ် အလားအလာ မကောင်းဘူး” ဟု CNP ဥက္ကဋ္ဌ ဦးဇိုဇမ်က မဇ္ဈိမကို ပြောသည်။

“သမိုင်းကြောင်း ပြန်ကြည့်ရင် တော်တော်နာကျည်းစရာကောင်းတဲ့ ဖြတ်သန်းမှုလေးတွေ ကြုံလာခဲ့ ပြီးပြီပေါ့ဗျာ။ ဆိုတော့ အနာဂတ် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမှာ အဲဒီလို နာကျည်းချက်မျိုးတွေ နောက်တခါ ပြန်ပေါ်မလာဖို့ရန် အတွက် အခုကတည်းက အစပိုင်း သေချာမှ” ဟု သူက ဆက်ပြောသည်။

SNDP ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းဆောင်ဆီကလည်း “လွတ်လပ်ရေး တပြိုင်နက်ထဲ ယူမယ်ဆိုတဲ့ ကိစ္စကို ပင်လုံစာချုပ်၊ ပင်လုံ သဘောထားတွေနဲ့ အခြေခံပြီးတော့မှ တိုင်းရင်းသားတွေနဲ့ အပြန်အလှန် လေးစားမှုရှိ၊ အပြန်အလှန် ယုံကြည်မှု ရှိပြီး လျှောက်ခဲ့တာကိုး။ အန်ကယ်တို့ တိုင်းရင်းသားတွေကလည်း တကယ်တမ်း ကျရင်တော့ ပြည်ထောင်စု ကိစ္စမှာ တိုင်းရင်းသားတွေ မပါရင် ဘယ်လိုလုပ် သင့်တော်မလဲ” ဟု မဇ္ဈိမကို ပြောသည်။

၎င်းတို့ကြေညာချက်ထဲတွင် ဒုသမ္မတနှင့် ပြည်နယ်ဝန်ကြီးချုပ်များ သာမက ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ/ဒုဥက္ကဋ္ဌ နေရာများ၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ/ဒုဥက္ကဋ္ဌနှင့် အချိုးကျ ပြည်နယ် ဝန်ကြီးများ အဖြစ် ခန့်အပ် တာဝန်ပေးရန် မေတ္တာ ရပ်ခံထားသည်။

၂ဝဝ၈ အခြေခံဥပဒေအရ သမ္မတရာထူးအတွက် အမျိုးသားလွှတ်တော်၊ ပြည်နယ် လွှတ်တော်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ကိုယ်စားလှယ် တဦးကျစီ တင်သွင်းရမည်ဖြစ်ပြီး ထိုအထဲမှ လွှတ်တော် အမတ်များက သမ္မတကို မဲပေး ရွေးချယ်ကာ ကျန် ၂ ဦးမှာ ဒုသမ္မတ ဖြစ်မည်။

ပြည်နယ်ဝန်ကြီးချုပ် ရာထူးအတွက် သမ္မတက တိုက်ရိုက်ရွေးချယ်ခန့်အပ်မည် ဖြစ်ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် သဘော တူညီချက်ဖြင့်သာ ခန့်အပ်နိုင်မည်။ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ သို့မဟုတ် ဒုဥက္ကဋ္ဌကိုမူ ပြည်နယ် လွှတ်တော် အမတ်များက ရွေးကောက် တင်မြှောက်ရမည်။

ဖွဲ့စည်းပုံ၌ အရေးပေါ်ကာလတွင် အာဏာအရှိဆုံးမှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ ဖြစ်သည်။ ယင်းကောင်စီတွင် သမ္မတ၊ ဒုသမ္မတများ၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌများ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးများ အပါအဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းထားသည်။

ထို့ကြောင့် တိုင်းရင်းသား လူမျိုးများထဲမှ ဒုသမ္မတများ ရွေးချယ်ခံရပါက ယင်းကဲ့သို့ အရေးပါသော ကောင်စီထဲတွင် အလိုလျောက် ပါဝင် သွားမည်ဖြစ်သည်။

’’သမ္မတပြီးရင် ဒုသမ္မတဆိုတော့ ဒီတိုင်းပြည်ကတော့ သမ္မတ အုပ်ချုပ်တဲ့ စနစ်ကိုး။ သမ္မတ အုပ်ချုပ်တဲ့ စနစ်ဆိုတော့ သမ္မတ နေရာမှာ မရရင် ဒုသမ္မတ ဆိုတော့ တိုင်းရင်းသားတွေရဲ့ ပုံရိပ်ပေါ့။ အရေးကြီးမှု၊ မကြီးမှုဆိုတာကတော့ သူ့ရဲ့ တာဝန်နဲ့ ဝတ္တရားနဲ့ သူ ရှိနေတာပဲလေ’’ ဟု ဦးစိုင်းဆောင်ဆီက ပြောသည်။

အခြေခံဥပဒေက သမ္မတ ပါဝင်သော လုံခြုံရေးကောင်စီကို အရေးပေါ်အခြေအနေ ထုတ်ပြန်ခွင့်နှင့် စစ်တပ်ကို အသုံးချခွင့် ပေးထားသည်။

ထို့အပြင် အရေးပေါ်ကာလ ပြဋ္ဌာန်းချက်အတွက် စည်းဝေးရာတွင် ကောင်စီဝင်အားလုံး မစုံညီလျှင်လည်း သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးနှင့် ပြည်ထဲရေး ဝန်ကြီးတို့ဖြင့် နိုင်ငံအဝှမ်း အရေးပေါ် အခြေအနေ ၁ နှစ်ထိ ထုတ်ပြန်နိုင်သည်။

CNP ပါ တိုင်းရင်းသား ၅ ပါတီသည် ပြည်သူ့လွှတ်တော်တွင် ၃၄ နေရာ၊ အမျိုးသား လွှတ်တော်တွင် ၁၉ နေရာ ရရှိထားသည်။

ပြည်သူ့လွှတ်တော်တွင် အမတ် ၄၄ဝ ဦး ရှိသည့်အနက် တပ်မတော် ကိုယ်စားလှယ် ၁၁ဝ ဦးနှင့် အမျိုသား လွှတ်တော်တွင် ၂၂၄ ဦး အနက် ၅၆ ဦး၊ ဒေသဆိုင်ရာ လွတ်တော်များတွင် ၂၂၂ ဦးဖြင့် ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက် ခန့်အပ်သော စစ်သား ဝေစုဖြစ်သည်။ အရပ်သား ဝေစု ဘက်တွင် စစ်အစိုးရ ကျောထောက်နောက်ခံပြု ကြံ့ခိုင်ရေး ပါတီသည် ပြည်သူ့ လွှတ်တော်တွင် ၅၉ ရာခိုင်နှုန်းနှင့် အမျိုးသား လွှတ်တော်တွင် ၅၇ ရာခိုင်နှုန်းဖြင့် လွှမ်းမိုးထားသည်။

ဒေသဆိုင်ရာ လွှတ်တော်များအပါအဝင် လွှတ်တော်အစည်းအဝေးများကို ယခုလ ၃၁ ရက်နေ့ မနက် ၈ နာရီ ၅၅ မိနစ်တွင် တပြိုင်တည်း ကျင်းပမည်ဟု စစ်အစိုးရက ကြေညာထားသည်။

Ref: မဇ္ဈိမ

Read More...

Thursday, January 20, 2011

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး NLD ကြေညာချက်ထုတ်ပြန်

2011-01-19

ပြည်သူ့ စစ်မှုထမ်း ဥပဒေဟာ အများပြည်သူနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ ဥပဒေ ဖြစ်တဲ့အတွက် ပြည်သူ လူထုရဲ့ သဘောထား ဆန္ဒကို ခံယူပြီးမှ ချမှတ်သင့်တဲ့ ဥပဒေတရပ် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဇန်နဝါရီ ၁၉ ရက် ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

ဒီလို ဥပဒေမျိုးကို လွှတ်တော်များ ဘက်ပေါင်းစုံကနေ အပြန်ပြန် အလှန်လှန် ဆွေးနွေးပြီး အများပြည်သူ သဘောထားနဲ့ အညီ ချမှတ် သင့်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့က ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

ကြေညာချက်နဲ့ ပတ်သက်ပြီး ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အခုလို ပြောပြပါတယ်။

“ပြည်သူ့ စစ်မှုထမ်း ဥပဒေမှာက အဓိက ကျွန်တော်တို့ရဲ့ သဘောထားက အများပြည်သူနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ ကိစ္စ ဖြစ်တယ်။ ဒီလို ကိစ္စမျိုးဟာ အများပြည်သူရဲ့ သဘောထား ဆန္ဒတွေကို ယူဖို့ လိုအပ်တယ်။ ပြီးတော့ ပြည်သူ့ လွှတ်တော်ဟာ မကြာခင် ပေါ်ပေါက်တော့မှာ။ လွှတ်တော်မှာ ဥပဒေပြု အာဏာရှိတယ်။ ဒါကြောင့် ပြည်သူ့ လွှတ်တော်မှာ အပြန်အလှန် ဆွေးနွေး တိုင်ပင် ပြီးတော့မှ ထုတ်ပြန်သင့်တဲ့ ဥပဒေ ဖြစ်ပါတယ်လို့ ကျွန်တော်တို့ အဲဒီလို ဖော်ပြပါတယ်။”

ဒီ ပြည်သူ့ စစ်မှုထမ်းဥပဒေကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လက်မှတ်ရေးထိုး ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။ ဒီဥပဒေအရ အသက် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်း စစ်မှုထမ်းဖို့ ဆင့်ခေါ်ပါက စစ်မှုထမ်းရမှာပါ။

ဒါ့အပြင် ဒီ ဥပဒေပါ အချက်အလက်တခုမှာ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌက အမိန့် ကြော်ငြာစာဖြင့် သတ်မှတ်သည့် နေ့ရက်တွင် အတည် ဖြစ်စေရမည်လို့ ပါရှိတဲ့အတွက် လာမဲ့ လွှတ်တော်ဟာ ဥပဒေပြု အာဏာ အပြည့်အဝ မရှိတာကို ထင်ရှား စေတယ်လို့လည်း အန်အယ်ဒီက ထောက်ပြထား ပါတယ်။ တဆက်တည်းမှာ ၂၀၁၀ ခုနှစ် အောက်တိုဘာလ အတွင်း ထုတ်ပြန်ခဲ့သော စစ်အစိုးရရဲ့ ဥပဒေ နှင့် နည်းဥပဒေများနဲ့ ပတ်သက်ပြီး သီခြားကြေညာချက် တစောင်ကိုလည်း အန်အယ်ဒီက ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလအတွင်း ဥပဒေနဲ့ နည်းဥပဒေ ၂၆ ခုကို နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီက ထုတ်ပြန်ခဲ့ပေမဲ့ အများပြည်သူ သိရှိအောင် ကြေညာခဲ့ခြင်း မရှိဘူးလို့ အန်အယ်ဒီရဲ့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ဒုတိယ အပတ်အတွင်း စာပေဗိမာန်ကနေ ဒီ ဥပဒေနဲ့ နည်းဥပဒေတွေကို ရောင်းချမှသာ သိရှိ ခဲ့ရကြောင်း၊ ဒါပေမဲ့ အဲဒီ ရောင်းချခဲ့တဲ့ စာအုပ်များအတွင်း ပြည်သူ့ စစ်မှုထမ်းဥပဒေ အပါအဝင် စစ်ဖက်ဆိုင်ရာ ဥပဒေများ ပါဝင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။ နိုင်ငံတော် အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီကနေ အခုလို ဥပဒေတွေ ပြဋ္ဌာန်းနေတာဟာ လာမဲ့ လွှတ်တော်မှာ ဥပဒေပြု အာဏာ အပြည့်အဝ မရှိကြောင်း ထောက်ပြ နေသကဲသို့ ဖြစ်တယ်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ကြေညာချက်တွေမှာ ဖော်ပြ ထားပါတယ်။

Ref: RFA News

Read More...

ဒေါ်စုနဲ့အတူ မြန်မာ့အရေး ဆောင်ရွက်ဖို့ ၀န်ကြီး ကလင်တန် ကတိပြု

ဗုဒ္ဓဟူး, 19 ဇန်နဝါရီ 2011

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဗုဒ္ဓဟူးနေ့က တယ်လီဖုန်းဆက်ပြီး မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်း အားထုတ်နေမှုကို အမေရိကန်နိုင်ငံက ထောက်ခံ အားပေးတဲ့ အကြောင်း ထပ်လောင်း ပြောဆို လိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က လွတ်မြောက်ခဲ့တဲ့ အချိန်က စလို့ ဒီ တယ်လီဖုန်း ဆက်သွယ်မှုဟာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ကလင်တန်နဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ၂ ဦးကြား ပထမဆုံး တိုက်ရိုက် စကားပြောဆို ဆက်သွယ်မှု ဖြစ်ပါတယ်။ နိုင်ငံခြားရေး ၀န်ကြီး ကလင်တန်က ဒီဇင်ဘာလ အစောပိုင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကို စာရေးသား ပေးပို့ခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ တယ်လီဖုန်း ဆက်သွယ်မှုကို နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပီ.ဂျေ ခရော်လီ (P.J Crowley) က Twitter လူမှုဆက်သွယ်ရေး အင်တာနက် စာမျက်နှာပေါ်မှာ သတင်းထောက်တွေကို ပထမဆုံး ထုတ်ဖော် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အရေး တိုးတက်ဖို့နဲ့ အရပ်ဘက် လူမှု အဖွဲ့အစည်းတွေ ပိုပြီး ခိုင်မာ အားကောင်းလာအောင် ဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ လက်တွဲ ဆောင်ရွက်ဖို့ အမေရိကန်နိုင်ငံ အနေနဲ့ ကတိ ပြုလိုက်ပါတယ်လို့ အဲဒီ အရာရှိကြီးက ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အဆင့်မြင့် အရာရှိကြီး တဦးက ဗွီအိုအေနဲ့ ပြောဆိုရာမှာ ၁၀ မိနစ်ခန့် ကြာတဲ့ အဲဒီ တယ်လီဖုန်း ပြောဆိုမှုဟာ ဒီဇင်ဘာလက နိုင်ငံခြားရေး ၀န်ကြီးရဲ့ စာရေးသား ဆက်သွယ်မှုနဲ့ ပြီးခဲ့တဲ့လက အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ဂျိုးဇက် ယွန်း (Joseph Yun) က ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်ခဲ့တဲ့ တွေ့ဆုံမှု အပြီး နောက်ဆက်တွဲ ဆောင်ရွက်ချက် ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံး သံတမန်တွေနဲ့ မြန်မာနိုင်ငံကို သွားရောက်မယ့် အမေရိကန် ပြည်ထောင်စုရဲ့ တခြား အဆင့်မြင့် အစိုးရ အရာရှိတွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ နောက်ဆက်တွဲ တွေ့ဆုံမှုတွေ ရှိမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရှေ့ကို တိုးပြီး လုပ်ငန်း ဆောင်ရွက်နိုင်ဖို့ ကူညီပေးနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေမယ်လို့ အမေရိကန် ပြည်ထောင်စုက ဆုံးဖြတ်ချက် ချထား ပါတယ်လို့ နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က ပြောဆိုတဲ့အကြောင်း အဲဒီ အဆင့်မြင့် အရာရှိက ပြောပါတယ်။

တဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့ လက်ရှိ အနေအထားနဲ့ ဆောင်ရွက်ချက်တွေကို ၀န်ကြီး ကလင်တန်နဲ့ ဆွေးနွေးခဲ့ပြီး အသေးစိတ်ကိုတော့ သူ့အနေနဲ့ ပြောဆိုမှာ မဟုတ်ဘူးလို့ အမေရိကန် အဆင့်မြင့် အရာရှိကြီးက ပြောဆိုလိုက်ပါတယ်။


Ref: VOA News

Read More...

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု ကိုမင်းကိုနိုင် ကြိုဆို

ရန်ပိုင်
Wednesday, 19 January 2011

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခြင်းကို ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် က ကြိုဆိုကြောင်း ပြောဆို လိုက်သည်ဟု မကြာသေးမီက သွားရောက် တွေ့ဆုံခဲ့သည့် မိသားစုဝင်က ပြောသည်။

အစ်မဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်က“လက်ရှိ နိုင်ငံရေး အခြေအနေတွေကို သူသိတယ်၊ ဒေါ်စု လွတ်လာတာကို ကြိုဆိုတယ်၊ အား လုံး အတွက် ၀မ်းသာတယ်လို့ ပြောတယ်”ဟု ဆိုသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံထောင်ရှိ ကိုမင်းကိုနိုင်အား ပြီးခဲ့သည့် သောကြာနေ့က သွားရောက် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

လက်ရှိ အခြေအနေမှာ အအေးဓာတ် ပိုမိုလွန်ကဲမှုကြောင့် ခြေလက် အရိုးအဆစ်များ ကိုက်ခဲခြင်း ဝေဒနာကို ပြင်းထန်စွာ ခံစားရပြီး မိသားစုမှ ဆေးဝါးနှင့် စောင်များ ပိုမို ပေးအပ် ခဲ့ရကြောင်း၊ ထောင်အာဏာပိုင်များက ရာသီဥတု ဆိုးရွားမှုနှင့် ပတ်သက်၍ မည်သည့် ကာကွယ် စောင့်ရှောက်မှုကိုမှ မပေးကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

ကိုမင်းကိုနိုင်သည် ၁၉၈၉ ခုနှစ် ပထမအကြိမ် စစ်တွေထောင်၌ ထောင်ဒဏ် ၁၆ နှစ် ကျခံခဲ့ရစဉ်က ရရှိခဲ့သည့် အရိုးကျီးပေါင်း တက်သည့် ရောဂါကိုလည်း ခံစားနေရကြောင်း သိရသည်။

ကျိုင်းတုံထောင်တွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ မြန်မာနေးရှင်း ဂျာနယ်မှ ကိုစိန်ဝင်းမောင်၊ ဆရာတော် ဦးဣဿရိယ အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၇ ဦးရှိသည်ဟု ဒေါ်ကြည်ကြည်ညွန့်က ပြောသည်။

ယခင်က ကိုမင်းကိုနိုင်အပါအ၀င် နိုင်ငံရေး အကျဉ်းသားများကို ထောင်ပရိဝုဏ် ကျဉ်းမြောင်းသည် ဟူသော အကြောင်း ပြချက်ဖြင့် လမ်းလျှောက်ခွင့် ပိတ်ပင် ထားသော်လည်း ယခုအခါတွင် လမ်းလျှောက်ခွင့် ပေးကြောင်းလည်း ၎င်းကဆိုသည်။

“အခုတော့ သုံးယောက်တတွဲ လေးယောက်တတွဲ ည၊ မနက် အချိန်ခွဲပြီး လျှောက်ခွင့်၊ လေ့ကျင့်ခန်း လုပ်ခွင့် ပေးတယ်”ဟု ဒေါ်ကြည်ကြည်ညွန့်က ပြောပြသည်။

ကျိုင်းတုံထောင်မှာ ဝေးလံသည့် အတွက် ကိုမင်းကိုနိုင်၏ မိသားစုမှာ သုံးလ တကြိမ်သာ ထောင်ဝင်စာ သွားရောက် တွေ့နိုင်သည်။

ကိုမင်းကိုနိုင် အပါအ၀င် ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုဂျင်မီ၊ ကိုမြအေး၊ ကိုမင်းဇေယျာ၊ ကိုပဏ္ဍိတ်ထွန်း စသည့် ကျောင်းသား ခေါင်း ဆောင် ၁၅ ဦးကို စစ်အစိုးရက ၂၀၀၇ ခုနှစ် သြဂုတ်လအတွင်း လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး လမ်းလျှောက် ဆန္ဒပြ ခဲ့ သည့်အတွက် ထောင်ဒဏ် ၆၅ နှစ်ဆီ အသီးသီး ချမှတ်ပြီး နယ်ဝေး ထောင်များသို့ ပို့ခဲ့သည်။

ထို့အတူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည့် ကိုကိုကြီးမှာလည်း ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်ထောင်သို့ ပို့ဆောင်ခြင်း ခံရပြီး မိသားစု သွားရောက် မတွေ့ဆုံနိုင်သည်မှာ ၂ နှစ်ကျော် ရှိပြီ ဖြစ်သည်ဟု ညီဖြစ်သူ ကိုအောင်ထွန်းက ဧရာဝတီ သို့ပြောသည်။

“လူချင်းမတွေ့ရတာ ကြာပြီ၊ အအေးလှိုင်း ခဏခဏ ဖြတ်တယ် ဆိုတော့ စိုးရိမ်တယ်၊ ဒီနေ့ပဲ အနွေးထည်နဲ့ စားစရာ ဆေးဝါး ပါ ဆယ် ပို့လိုက်တယ်”ဟု ၎င်းကဆိုသည်။

ကိုကိုကြီးသည် အသည်းရောဂါ၊ အစာအိမ် ရောဂါများကို ခံစားနေရပြီး ယင်းရောဂါများ ပျောက်ကင်းရန် ဝေးလံ ခေါင်သီသည့် ဒေသများတွင် ကုသ၍ မဖြစ်နိုင်ကြောင်းလည်း ကိုအောင်ထွန်းက ဆက်လက်ပြောသည်။

ပြီးခဲ့သည်နှစ်က ဖောက်ခွဲရေးပစ္စည်းများ တွေ့ရှိသည်ဟု စွပ်စွဲချက်ဖြင့် ကလေးထောင်တွင် ထောင်ဒဏ် ၈ နှစ် ပြစ်ဒဏ် ကျ ခံနေရ သည့် မှော်ဘီမြို့နယ်မှ ကိုနိုင်လင်းသည်လည်း သွေးအားနည်းသည့် ရောဂါကြောင့် သွေးသွင်းရကြောင်း မကြာသေးခင် ရက်ပိုင်း က သွားရောက် တွေ့ဆုံခဲ့သည့် ဖခင် ဦးခင်မောင်ဝင်းက ပြောသည်။

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး နောက် နိုင်ငံရေး အကျဉ်းသား မိသားစု များနှင့် ၂ ကြိမ်တိုင်တိုင် တွေ့ဆုံ အားပေးခဲ့သည်။

မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁၈၉ ဦး ရှိကြောင်း၊ ပြီးခဲ့သည့် ဒီဇင်ဘာလ အထိ လွတ်မြောက်လာသူ နိုင်ငံရေး အကျဉ်းသား ၁၆ ဦးရှိသည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း(AAPP) မှ ကြေညာချက် ထုတ်ပြန်ထားသည်။

Ref: ဧရာဝတီ်

Read More...

အပေါ်သို့