..............................

Friday, December 23, 2011

နိုင်ငံရေးအကျဉ်းသား ထပ်လွှတ်မည်

ပြည်တော်မြင့်
December 22, 2011

မြန်မာနိုင်ငံ အကျဉ်းထောင်များ အတွင်း ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများကို လာမည့် နှစ်ဆန်း ဇန်န၀ါရီလ ၄ ရက်နေ့မှ စတင်၍ နှစ်ကြိမ်ခွဲ လွှတ်ပေးမည်ဟု အစိုးရ ရထား ပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ပြောသည်။

ဦးအောင်မင်းသည် အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင်လည်း ဖြစ်သည်။

ယမန်နေ့က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် နှစ်ဘက် ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စရပ်များ လာရောက် ဆွေးနွေးစဉ် ဦးအောင်မင်းက အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်သည်။

ဆွေးနွေးပွဲတက်ရောက်သူ KNU ကိုယ်စားလှယ်တဦးက“၀န်ကြီး ဦးအောင်မင်းပြောတာက နိုင်ငံရေး အကျဉ်းသား တွေကို လာမယ့် နှစ်ဆန်း ဇန်န၀ါရီလ ၄ ရက်နေ့မှာ တကြိမ် ၁၂ ရက်နေ့မှာ တကြိမ် ၂ ကြိမ်ခွဲပြီး အားလုံးနီးပါးကို အစိုးရက လွှတ်ပေး ဖို့ ရှိတယ်လို့ ကျနော်တို့ကို အလွတ်သဘော ပြောခဲ့ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဆွေးနွေးပွဲတွင်ပါရှိသည့် KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ပဒိုဒေးဗစ်ထော ကလည်း အလွတ် ဆွေးနွေး ပြောဆို ကြရာတွင် နိုင်ငံရေး အကျဉ်းသား လွှတ်မည့် ကိစ္စများအပြင် ပဒိုမန်းငြိမ်းမောင် အပါအ၀င် အဖမ်း ခံထားရသည့် အဖွဲ့ ၀င်များနှင့် ပတ်သက်သည့် ကိစ္စရပ်များလည်း ပါရှိသည်ဟု ပြောကြားသည်။

KNU ခေါင်းဆောင်တဦးကလည်း“ဒီကိစ္စကိုကျနော်တို့ဘက်က ဆွေးနွေး တောင်းဆိုမှု မရှိပါဘူး၊ ဦးအောင်မင်း ပြောတာက ပဒို မန်းငြိမ်းမောင်ကို ပြန်လွှတ်ပေးရင် KNU အတွက် အကျိုးဖြစ်မှာလား ဆိုပြီးတော့ မေးပါတယ်၊ ကျနော်တို့ ဘက်ကပြန်ပြော တာက သူ့ကို လွတ်ပေးရင်တော့ လက်ရှိ နှစ်ဘက် ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး ဆိုင်ရာကိစ္စတွေကို အထောက်အကူ ဖြစ်စေမှာ ဖြစ်ပြီး ပဒို မန်းငြိမ်းမောင် အပါအ၀င် အခြား အဖမ်းခံထားရတဲ့ KNU အဖွဲ့ဝင် တွေကိုလည်း လွတ်စေချင်တယ်လို့ ကျနော်တို့ဘက် က သဘောထား ပြန်ပေးခဲ့ပါတယ်”ဟု ပြောသည်။

မန်းငြိမ်းမောင်သည် ဇူလိုင်လ ၂၄ ရက်နေ့က စတင်ပျောက်ဆုံးသွားပြီးနောက် တရုတ်ပြည် ကူမင်း လေဆိပ်မှ တဆင့် မြန်မာ နိုင်ငံ ရန်ကုန် လေဆိပ်သို့ ပို့ဆောင်ခံရပြီး လူဝင်မှု ကြီးကြပ်ရေး ဥပဒေ၊ တရားမ၀င် စာရွက်စာတမ်း ကိုင်ဆောင်မှု၊ မတရား အသင်း ဆက်သွယ်မှုများဖြင့် မကြာသေးခင်က ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံထားရသည်။

ယနေ့ရက်စွဲဖြင့် ထွက်ရှိလာသည့် ပြည်တွင်း အပတ်စဉ်ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်တွင် ပြည်သူ့လွတ်တော် ဥက္ကဌ ဦးရွှေမန်း က ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများ လွတ်မြောက်ရန် ပိုနီးကပ်လာပြီ ဖြစ်သည်ဟု ရန်ကုန်တွင် ပြုလုပ်သည့် ပြည့်သူ့လွတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်(ရန်ကုန်-ရုံးခွဲ) ဖွင့်ပွဲ အခမ်း အနားတွင် ပြောကြား သွားသည်ဟု ဖော်ပြထားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်နေ့က သမ္မတ ဦးသိန်းစိန် ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် အကျဉ်းသား ၆၃၅၉ ဦး ကို လွှတ်ပေးရာတွင် နိုင်ငံရေး အကျဉ်းသား၂၀၀ ခန့် ပါဝင်သည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) ၏ နောက်ဆုံးရ စာရင်းများအရ မြန်မာ နိုင်ငံ အကျဉ်းထောင် များတွင် နိုင်ငံရေး အကျဉ်းသား ၁၅၄၆ ဦးရှိပြီး မြန်မာ အစိုးရ၏ စာရင်းတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသည့် အကျဉ်းသား ၂၀၀ ကျော်သာ ရှိသည်ဟု သိရသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့