ကိုပေါက်
တနင်္လာနေ့၊ စက်တင်ဘာလ ၀၅ ရက် ၂၀၁၁
နယူးဒေလီ (မဇ္ဈိမ) ။ ။ ရန်ကုန်မြို့ အိန္ဒိယနိုင်ငံ သံရုံးတွင် ပြုလုပ်နေသည့် ဘင်္ဂါလီ စာရေး ဆရာကြီး ရာဘိန္ဒြာနသ်တဂိုး Rabindranath Tagore ၏ နှစ်၁၅ဝ ပြည့်ပွဲသို့ တနင်္လာနေ့ ညပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က အတည်ပြု ပြောကြားလိုက်သည်။
၁၉၁၃ စာပေနိုဗယ်ဆုရှင် တဂိုး၏ အနုပညာ လက်ရာပြပွဲနှင့် အိန္ဒိယ-မြန်မာ အနုပညာ စခန်းသို့ တက်ရောက်မည်ဟု NLD ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အနောက်နိုင်ငံ သံရုံးများ၏ အခမ်းအနားများ၊ နေ့လည်စာ စားပွဲများသို့ အကြိမ်ကြိမ် တက်ရောက် ခဲ့ဖူးသော်လည်း အိန္ဒိယသံရုံးသို့ ပထမဆုံး အကြိမ် သွားရောက်ခြင်းလည်း ဖြစ်သည်။
ဤသို့ အိန္ဒိယနိုင်ငံ သံရုံးက ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားခြင်းမှာ ထူးခြားချက် အစစ်အမှန် ဖြစ်ကြောင်း နယူးဒေလီမြို့တွင် နေထိုင်သူ ညွန့်ပေါင်း အစိုးရဝန်ကြီး ဒေါက်တာတင့်ဆွေက သုံးသပ်သည်။
“အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံဟာ တသက်လုံး အိမ်နီးချင်းနိုင်ငံ အနေနဲ့ နေရမယ့် နိုင်ငံနှစ်ခု ဖြစ်တယ်။ ဒီလို အိန္ဒိယ နိုင်ငံကြီးရဲ့ အဓိကရ နေ့တခုကို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုမှာ အဓိက ခေါင်းဆောင်တဦးက တက်ရောက် တယ်ဆိုတာက ထူးခြားတယ်ခင်ဗျ။ ဒါဟာ ရေရှည်နှစ်နိုင်ငံ ဆက်ဆံရေး အတွက်လည်း အများကြီး အထောက်အကူ ပြုလိမ့်မယ်လို့ ယူဆပါတယ်” ဟု သူက ပြောသည်။
အိန္ဒိယအစိုးရ၏ အရှေ့မျှော် မူဝါဒအပေါ် နိုင်ငံတကာက ဝေဖန်မှုများ ပြုနေချိန်တွင် ယခုကဲ့သို့ ဒေါ်အောင်ဆန်း စုကြည် အား ဖိတ်ကြားခြင်းမှာ အိန္ဒိယ အစိုးရအတွက် အမှတ်ကောင်း ရစေမည် ဖြစ်ကြောင်းလည်း သူက “အိန္ဒိယနိုင်ငံရဲ့ မြန်မာနိုင်ငံ အပေါ်မှာ ထားတဲ့ ပေါ်လစီနဲ့ ချဉ်းကပ်မှုအပေါ်မှာ တကမ္ဘာလုံးက ဝိုင်းဝန်း ဝေဖန်နေတဲ့ အချိန်မှာ အိန္ဒိယ အစိုးရကို ကိုယ်စားပြုပြီး သံရုံးက ဒေါ်အောင်ဆန်းစုကြည်ကို တလေးတစား ဖိတ်ကြားတယ် ဆိုတာက အိန္ဒိယအတွက် အမှတ် ရမယ်လို့လည်း ယူဆပါတယ်။ ဒါဟာ နှစ်နိုင်ငံ ဆက်ဆံရေး အတွက် ထူးခြားတဲ့ ခြေလှမ်းတခုကို ဦးတည် နေတယ်လို့ ပြောနိုင်ပါတယ်” ဟု ဆက်လက်ပြောသည်။
ဗဟန်းမြို့နယ် NLD ရုံးချုပ်တွင် ကျင်းပလေ့ရှိသည့် အခမ်းအနားများတွင် နိုင်ငံခြားသံရုံးများမှ သံအရာရှိများ တက်ရောက်လေ့ ရှိကြသော်လည်း အိန္ဒိယသံရုံးမှ လာရောက်ခြင်း မရှိခဲ့ကြောင်းလည်း ဦးအုန်းကြိုင်က ပြောသည်။
ယခုနှစ် ဇွန်လအတွင်းက အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး၏ မြန်မာပြည် ခရီးစဉ် အတွင်း နိုင်ငံခြားရေး အတွင်းဝန် မစ္စနီရူပါမာရောင်းက ဒေါ်အောင်ဆန်းစုကြည်အား တနာရီကြာ သွားရောက် တွေ့ဆုံခဲ့ဖူးသည်။
ထိုသို့တွေဆုံးစဉ် နှစ်နိုင်ငံ ဆက်ဆံရေး ရင်းနှီးပွင့်လင်းလာစေရန် နှစ်ဘက် ဆန္ဒရှိကြောင်း ထုတ်ဖော် ပြသခဲ့သည် ဟုသာ သတင်း ထုတ်ပြန်ခဲ့သော်လည်း အသေးစိတ်ကိုမူ မသိရှိရပေ။
တဂိုး နှစ် ၁၅ဝ ပြည့်အထိမ်းအမှတ်ပွဲများကို မြန်မာနိုင်ငံတွင် အိန္ဒိယသံရုံးမှ ကမကထပြု ကျင်းပလျက် ရှိရာ ဇူလိုင်လ အတွင်းတွင် တက္ကသိုလ်များတွင် တဂိုး စာပေ လက်ရာများနှင့် ပတ်သက်၍ စာစီစာကုံး ရေးသားခြင်းနှင့် တဂိုးပြဇာတ်များ ကပြ တင်ဆက်ခဲ့သည်။ သြဂုတ်လတွင် ‘တဂိုး၏ အနုပညာနှင့် ဒဿန နှီးနှောဖလှယ်ပွဲ’ ကို ရန်ကုန် တက္ကသိုလ်တွင် လည်းကောင်း၊ Jeebansmriti 'ပန်းချီစခန်း' ကို ရန်ကုန် သံရုံးတွင်လည်း ဖွင့်လှစ် ဆင်နွှဲခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယနိုင်ငံနှင့် အလွန်နက်ရှိုင်းသော ဆက်နွယ်မှု ရှိသည်။ အထက်တန်း ပညာကို အိန္ဒိယ နိုင်ငံတွင် ဆည်းပူးခဲ့ပြီး ၁၉၆၄ တွင် လေဒီရှရီရမ်ကောလိပ်မှ ဘွဲ့ရရှိခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၃ ခုနှစ် ဂျဝါဟာလာ နေရူး နိုင်ငံတကာ နားလည်မှုဆု၊ ၁၉၉၆ တွင် ရာဂျစ်ဂန္ဓီဆု၊ ၁၉၉၇ တွင် ဒေလီတက္ကသိုလ် ထူးချွန်ကျောင်းသူဆု၊၂ဝဝ၇ တွင် ဆူဘတ်ချန်ဒရာဘို့စ် ဆုတို့ကို ရရှိထားသူ ဖြစ်သည်။
အိန္ဒိယနိုင်ငံကို ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နိုင်ငံကြီးဟူသော ဂုဏ်ပုဒ်နှင့်အညီ နေသည်ကို တွေ့မြင် လိုကြောင်းလည်း ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် သူမ၏ ၆၆ နှစ်မြောက် မွေးနေ့ပွဲသို့ ပေးပို့သည့် ဗီဒီယို သဝဏ်လွှာ တွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။
တဂိုးနှင့် မြန်မာပြည်
တဂိုးသည် ကိုလိုနီခေတ် မြန်မာနိုင်ငံသို့ ၃ ကြိမ် လာရောက် လည်ပတ် ခဲ့ဖူးသည်။ သူ၏ အာရှ ခရီးစဉ်များ အတွင်း ရန်ကုန်မြို့သို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ ၁၉၁၆ မေလ ၅ ရက်တွင် လာရောက်စဉ်က ရွှေတိဂုံ ဘုရားအား ဖူးမြော် ကြည်ညိုခွင့် ရခဲ့သလို သူ၏ မွေးနေ့ မေလ ၈ ရက်ကို ရန်ကုန်မြို့ရှိ အိန္ဒိယ တိုက်သားများက ဂျူဗလီဟောတွင် ဂုဏ်ပြု ကျင်းပ ပေးခဲ့ကြသည်။
၁၉၂၄ မတ်လ ၂၄ ရက်နေ့ ရန်ကုန်မြို့ ‘ဘင်္ဂါလီစာပေညီလာခံ’ သို့တက်ရောက်ပြီး ရန်ကုန်မြို့တွင် ၄ ရက်ကြာ နေထိုင် သွားခဲ့သည်။ သူနေထိုင်သွားခဲ့သည့် ကုန်သည်လမ်းအမှတ် ၃၉၂-၃၉၆ ‘ဂါးဒီယန်း မဂ္ဂဇင်းတိုက်’ အရှေ့ဘက် အတွင်းနံရံ ကျောက်ပြားတွင် ၎င်း ရောက်ရှိ နေထိုင်သွားခဲ့သည့် အထိမ်းအမှတ် အဖြစ် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ရေးထိုးထားသည့် စာတမ်း ယနေ့ထက်တိုင် ရှိသေးကြောင်း သိရသည်။
၁၉၂၇ အောက်တိုဘာ ၂၂ တွင် တတိယအကြိမ် ရောက်ရှိလာပြီး ထိုနှစ်ဒေဝါလီနေ့ ၂၄ ရက်ထိ ရန်ကုန်မြို့တွင် နေထိုင် သွားခဲ့ကြောင်း မှတ်တမ်းများ ရှိခဲ့သည်။
ပထမကြိမ် လာရောက်စဉ်က ရန်ကုန်မြို့တွင် အိန္ဒိယ တိုက်သားများက အများစုဖြစ်ပြီး မြန်မာများက နိုင်ငံခြားသား ကဲ့သို့ မြင်တွေ့ ခဲ့ရပုံကို “ကျနော်ရောက်သွားသော အခါ မြန်မာပြည် ရောက်နေသည်နှင့်ပင် မတူတော့။ ရန်ကုန်သည် မြေပုံပေါ်တွင်သာ ရှိပြီး မြေပေါ်တွင် တကယ် မရှိသလို ဖြစ်နေ၏။ တနည်းပြောရလျှင် မြို့သည် မြေဆီလွှာမှ ပေါက်လာသော သစ်ပင်နှင့် မတူဘဲ ရေစီးတွင် မျောလာသော ရေမြှုပ်နှင့် တူနေသည်” ဟု တဂိုးက ခံစား မှတ်တမ်းတင် သွားခဲ့ဖူးသည်။
တဂိုး၏ စာပေအနုပညာ မြတ်နိုးသူများက ၁၉၅၂ တွင် ‘မြန်မာပြည်တဂိုးအသင်း’ ကို ဖွဲ့စည်း တည်ထောင် ခဲ့ကြသည်။
တဂိုး၏ စာပေလက်ရာများကို ဆရာပါရဂူက ၅ အုပ်ထက် မနည်း ဘာသာပြန်ခဲ့ဖူးပြီး မောင်ဖြူး၊ ဇော်ဂျီ၊ မင်းသုဝဏ်၊
မြသန်းတင့်၊ မြင့်စိုးလှိုင်၊ ဟိန်းလတ် စသူတို့ကလည်း တဂိုး၏ ကဗျာ၊ ဝတ္ထုတို စာအုပ်များ မြန်မာ ဘာသာသို့ ဘာသာပြန်ဆို ပေးခဲ့ကြသည်။
တဂိုး၏ ထင်ရှားသော ကဗျာလင်္ကာများမှာ ‘ဂီတဉ္ဖလီ’၊ ‘ဥယျာဉ်မှူး’၊ ‘တေလေငှက်’၊ ‘သစ်သီးခူးကဗျာများ’၊ ‘စိတြ’ တို့မှာ မြန်မာ စာဖတ်ပရိသတ်နှင့် ရင်းနှီးသည်။
စာပေဆိုင်ရာ နိုဗယ်ဆုကို ၁၉၁၃ တွင် ပထမဆုံးရရှိခဲ့သည့် အာရှတိုက်သား စာရေးဆရာကြီး ရာဘိန္ဒြာနသ် တဂိုး (၁၈၆၁-၁၉၄၁) သည် ဂီတကဗျာ ပေါင်း ၃,ဝဝဝ ကျော် ရေးစပ် သီကုံးခဲ့သည်။ ပြဇာတ်ဆရာ အဖြစ်လည်း သရုပ်ဖော် ပြဇာတ်၊ ဘဲလေးဇာတ်၊ အပြောပြဇာတ်၊ အိမ်ပြောပြဇာတ်၊ အရိပ်ပြဇာတ် ပေါင်းများစွာ ရေးသားခဲ့သည်။
ဝတ္ထတို၊ဝတ္ထရှည်၊ စာတမ်း၊ ဆောင်းပါး များစွာကိုလည်း မိခင် ဘင်္ဂါလီ ဘာသာအပြင် အင်္ဂလိပ် ဘာသာဖြင့်ပါ ရေးသား ခဲ့သည်။ ရာသီဘွဲ့ တေးများကို စာသား/သံစဉ် စပ်ဆို ရေးဖွဲ့နိုင်သော ဂီတပညာရှင်လည်း ဖြစ်သည်။ သူ၏ ပန်းချီကား ၄ဝဝ ကျော်ကို ပြင်သစ်၊ အင်္ဂလန်၊ ဂျာမနီ၊ ရုရှားတို့တွင် လှည့်လည် ပြသနိုင်ခဲ့သည်။
‘ရှန်တိနိကေတန်’ ကျောင်းကြီးကိုလည်း တည်ထောင်ခဲ့ကာ မညီမျှသော ပညာရေး လောကကြီးကို တော်လှန်ခဲ့သူ တဦးလည်း ဖြစ်သည်။
Ref: မဇ္ဈိမ
Tuesday, September 6, 2011
တဂိုး နှစ် ၁၅၀ ပြည့်ပွဲ ဒေါ်အောင်ဆန်းစုကြည် တက်မည်
Monday, September 5, 2011
ဘွဲ့ဖြူလက်နက်အန္တရာယ်
အကျင့်ပျက်ခြစားမှုပပျောက်ရေးနဲ့ တရားရေးမဏ္ဍိုင်ကြံ့ခိုင်ရေးကို အထူးအလေးထား ဆောင်ရွက်ခြင်း မပြုဘဲနဲ့ ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းများ အောင်မြင်မှု မရနိုင်ကြောင်း အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များက နေ့စဉ်နှင့် အမျှ ထုတ်ဖော် ပြောကြား နေကြတာများကို စာနယ်ဇင်းတွေမှာ အခုတလော မပြတ် ဖတ်ရှုနေရတယ်။
ကြောက်စရာချောက်ကြီး
ဒီပြောကြားချက်များဟာ သွေးထွက်အောင်မှန်တဲ့ စကားများဖြစ်တယ်။ တစ်ပါတီ တစ်ဖွဲ့ တစ်စည်း အာဏာရှင် စနစ်ကြီး သက်ဆိုး ရှည်ခဲ့လေတော့ နိုင်ငံအိမ်ကြီးကို ထောက်မထားတဲ့ တိုင်ကြီးလေးလုံး မဏ္ဍိုင်ကြီး လေးခု စလုံးဟာ အတွင်း လှိုက်စားတဲ့ ခြပုန်းတွေ လက်ချက်ကြောင့် မြင်မကောင်း ရှုမကောင်း ဖြစ်အောင်ကို ယိုင်နဲ့ နေတာ တွေ့ရတယ်။ မငြိမ်မသက် ဖြစ်မှုတွေနဲ့ ဆူပူ အုံကြွမှုတွေရဲ့ ရေခံ မြေခံဖြစ်တဲ့ ဆင်းရဲ ချမ်းသာကွာဟမှု ဒါမှမဟုတ် အပယ်ခံနဲ့ အခွင့်ထူးခံ ကွာဟမှု ချောက်ကြီးကလည်း ကြောက်စရာ ကောင်းလောက်အောင် နက်ရှိုင်း လာခဲ့တယ်။ အင်မတန် အန္တရာယ်ကြီးတဲ့ ချောက်ကြီး ဖြစ်တယ်။
တောမီးလောင်သလို
အခုတလော တောမီးလောင်သလို တစ်နေရာက တစ်နေရာကို ရုတ်တရက် ချက်ချင်း ကူးစက်ပျံ့နှံ့ သွားတဲ့ အရှေ့ အလယ်ပိုင်း ဒေသက တော်လှန်ရေး မုန်တိုင်းကြီးကို ကြည့်ပြီး ကောင်းကောင်းကြီး သင်ခန်းစာ ယူသင့်တယ်။ အရှေ့ အလယ်ပိုင်း ဒေသက နိုင်ငံ အားလုံးလိုလိုဟာ မူလက အင်မတန် ဆင်းရဲကြတယ်။ စာတတ်မြောက်မှု ရာနှုန်းလည်း အင်မတန် နိမ့်ကျတယ်။ ခြောက်ဆယ် ခုနှစ်များအတွင်း ရောက်မှ ရေနံတွင်းတွေ ရှာဖွေတွေ့ရှိပြီး လူရာ ၀င်လာကြတာ မြန်တယ်။ လူချမ်းသာတွေ အများကြီး ပေါ်ထွက် လာခဲ့တယ်။ အဲဒီနိုင်ငံတွေရဲ့ နိုင်ငံရေး စနစ်က အာဏာရှင် စနစ်ဖြစ်တယ်။ တချို့နိုင်ငံတွေမှာ ဘုရင်တွေ၊ ပဒေသရာဇ်တွေ အုပ်ချုပ်ပြီး တချို့ နိုင်ငံတွေကျတော့ စစ်တပ်က အာဏာသိမ်းပြီး အုပ်ချုပ်နေကြတာ ဖြစ်တယ်။ ဒေသ တစ်ခုလုံးမှာ ဒီမိုကရေစီ နိုင်ငံလို့ လက်ညှိုး ထိုးပြစရာဆိုလို့ အစ္စရေးနိုင်ငံ တစ်ခုပဲရှိတယ်။
ရေနံဝင်ငွေတွေ
ရေနံဝင်ငွေ ဒလဟောလှိမ့်ဝင်လာပေမယ့် တိုင်းပြည်ရဲ့ လူဦးရေ အများစုက ဆင်းရဲမြဲ ဆင်းရဲ နေကြတယ်။ ဘာကြောင့်လဲ ဆိုတော့ ရသမျ ရေနံ ၀င်ငွေတွေဟာ ဘုရင်တွေ၊ ဆူလတန်တွေ ရှိတ်တွေနဲ့ ဆက်ဒမ်ဟူစိန်လို၊ ကဒတ်ဖီလို အာဏာရှင်တွေရဲ့ နိုင်ငံခြားက ဘဏ်စာရင်းတွေ ထဲပဲ စီးဝင် သွားကြတာကိုး။ အရှေ့အလယ်ပိုင်း ဒေသ နိုင်ငံတွေရဲ့ ချမ်းသာသမျှ တွေဟာ အဲဒီနိုင်ငံတွေရဲ့ ၁၀ ရာခိုင်နှုန်း လောက်သာရှိတဲ့ ကုဋေကြွယ် သူဌေးကြီးများရဲ့ လက်ထဲမှာ ၇၀ ရာခိုင်နှုန်း လောက်ရှိနေပြီး ကျန် ၃၀ ရာခိုင်နှုန်း လောက်ကိုသာ ၉၀ ရာခိုင်နှုန်းလောက် ရှိတဲ့ တိုင်းပြည်သူ ပြည်သူသားများက လှည့်ပတ် သုံးစွဲ နေရတာ ဖြစ်တယ်လို့ ပညာရှင်များက ထောက်ပြကြတယ်။
လက်ဆုပ်မဖြေကြ
ဓနခွဲဝေမှုကို သင့်တင့်မျှတတဲ့ အချိုးအဆ ရောက်အောင် ပြုပြင်ဖို့ လိုတယ်။ ဒီလိုမလုပ်ရင် ထိန်းမနိုင် သိမ်းမရ အုံကြွမှုတွေ ဖြစ်လာနိုင်တယ် လို့လည်း သတိပေး ကြတယ်။ ဒါပေမယ့်ဘုရင်ကြီးတွေ၊ ဆူလတန်ကြီးတွေနဲ့ အာဏာရှင် ကြီးတွေက လောဘ မသတ်နိုင်ဖြစ်ပြီး လက်ဆုပ်ကို မဖြေကြဘူး။ ရုရှားက၊ တရုတ်က၊ အမေရိကန်က၊ ဂျာမနီက၊ ပြင်သစ်နဲ့ အီတလီက ၀ယ်ထားတဲ့ ခေတ်မီ စစ်လက်နက် ပစ္စည်းတွေက သူတို့ကို ကာကွယ်မှု ပေးလိမ့်မယ်လို့ ယုံကြည်ပြီး ရေနံဝင်ငွေတွေကို တိုင်းသူ ပြည်သားများကို မျှဝေ ခံစားစေမယ့် အစား နိုင်ငံပေါင်းစုံက လက်နက် ကုန်သည်ကြီးတွေ လက်ထဲသာ ထိုးအပ် လိုက်ကြတယ်။
နှင်းဘောလုံးလို
လူတွေဆင်းရဲတွင်း နက်သထက်နက်နေရတဲ့ အထဲ ကြီးနိုင်ငယ်ညှဉ်း နိုင်ထက် စီးနင်း ပြုမူမှုတွေက လွန်သလက် လွန်ကဲ လာလေတော့ နောက်ဆုံးမှာ မခံမရပ်နိုင် ဖြစ်ကြပြီး ဒီနေ့ အခြေအနေမျိုးထိ ရောက်ရှိ သွားတော့တာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းအရင်း ကတော့ ဓနခွဲဝေမှု တစ်ဖက်စောင်းနင်း ဖြစ်ရတဲ့ အချက် ဖြစ်တယ်။ ဒီအချက်က သိပ်ကြောက်စရာ ကောင်းတယ်။ တစ်ဖက်စောင်းနင်း ဖြစ်မှု စရှိနေပြီ ဆိုတာနဲ့ တောင်စောင်းက လှိမ့်ချလိုက်တဲ့ နှင်းဘောလုံးများလို ကြာလေကြီးလေ ဖြစ်လာလေ့ ရှိတယ်။ လျော့ပါး သွားတယ်လို့ ဘယ်တော့မှ မရှိဘူး။ ငွေတွေက အာဏာရှိသူနဲ့ ပိုက်ဆံရှိသူတွေ လက်ထဲကိုသာ ပုံစံ အမျိုးမျိုးနဲ့ ရောက်သွား ကြတယ်။ တကယ်လိုအပ်တဲ့ ဆင်းရဲသားတွေ လက်ထဲ ဘယ်တော့မှ ရောက်တယ် မရှိဘူး။ ဒီလို ဓနဥစ္စာ ကွာဟချက် ကြီးမားခြင်းက သြဇာ အရှိန်အ၀ါ ကွာခြားချက်ကို ပေါ်ပေါက်စေတယ်။ အခွင့်ထူးခံ လူတန်းစားနဲ့ အပယ်ခံ လူတန်းစား ဆိုပြီး ဖြစ်ပေါ်စေတယ်။ အခွင့်ထူးခံ တွေက နေရာတိုင်းမှာ အခွင့်ထူးတွေ ခံစားရရှိကြပြီး အပယ်ခံတွေကတော့ တစ်နေ့တခြား ဘေးကို ရောက်သထက် ရောက်ကုန်ကြတယ်။
ငွေများတရားနိုင်
အပယ်ခံတွေကလည်း ပုထုဇဉ်လူသားတွေဖြစ်တဲ့အတွက် ချမ်းသာချင်တယ်။ အခွင့် အရေးတွေ ရချင်တယ်။ အဲဒီတော့ ချမ်းသာ ကြွယ်ဝတဲ့ အခွင့်ထူးခံ စီးပွားရေးသမားများ လုပ်ခဲ့ကြတဲ့ နည်းလမ်းတွေအတိုင်း အခွင့်ထူး ခံစားရဖို့ လာဘ်ပေး လာဘ်ယူတွေ လုပ်လာကြတယ်။ ဒီလိုနဲ့ အကျင့်ပျက် ခြစားမှုတွေ လူတန်းစား အားလုံးဆီ ပျံ့နှံ့သွားပြီး နောက်ဆုံးမှာ ငွေများ တရားနိုင် ဆိုတဲ့ အခြေအနေ၊ ငွေက အရာရာကို ဖန်တီးတယ်။ (money makes everything) ဆိုတဲ့ အခြေအနေမျိုးတွေ အထိရောက်ရှိ သွားတော့တယ်။
လှုပ်လေမြုပ်လေ
ဆင်းရဲသားအပယ်ခံတွေမှာတော့ ငွေကအရာရာကို ဖန်တီးတဲ့ခေတ်မှာ လူနဲ့ သူနဲ့ တူအောင် နေထိုင်နိုင်ဖို့ကို တစ်နေ့တခြား ခက်ခဲသထက် ခက်ခဲ လာကြတယ်။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား လှုပ်လေမြုပ်လေ ဆိုသလို ဆင်းရဲတွင်း ကြီးထဲ နစ်သထက် ပိုနစ် နေကြရတယ်။ ဘယ်လိုမှ မတတ်နိုင်ကြလေတော့ အံတကြိတ်ကြိတ်နဲ့ နာကြည်း မုန်းတီးမှုတွေပဲ ရင်ထဲမှာ တစ်နေ့တခြား ကြီးထွား လာကြတယ်။ အဲဒီလိုနဲ့ ကြာလာတော့ သေမထူးနေ မထူး စိတ်ဓာတ်မျိုးတွေ ဖြစ်လာတယ်။ ခါးသီးတဲ့ အမုန်း ဆူးတောင်ကြီးတွေ တစ်ချောင်းပြီး တစ်ချောင်း ပေါက်လာတယ်။ နောက်ဆုံးတော့ ဖြစ်ချင်ရာ ဖြစ်ဆိုပြီး သွေးရူးသွေးတန်းနဲ့ ထင်ရာဆိုင်းရင်း လုပ်ချင်တာတွေ လျှောက်လုပ် တော့တယ်။ လူသတ်ရမှာလည်း မကြောက်တော့ဘူး။ ကိုယ့်အသက် သေမှာလည်း မကြောက်တော့ဘူး။
သွေးရူးသွေးတန်းလူများ
အဲဒီလို အကြောက်တရားကို လွန်မြောက်သွားတဲ့ သွေးရူးသွေးတန်း (desperate) ဖြစ်နေတဲ့ လူမျိုးတွေကို (desperatedos) လို့ခေါ်ကြတယ်။ သိပ်ကြောက်စရာ ကောင်းတယ်။ ဒီလိုလူမျိုးတွေကို ဘာနဲ့ ခြောက်ခြောက် မကြောက်တော့ဘူး။ ဘယ်လိုတားတား မရတော့ဘူး။ ထင်ရာ လုပ်တော့တာပဲ။ အဲဒါကြောင့်လူတွေကို အဲဒီအဆင့် ရောက်မသွားအောင် ကြိုတင် ကာကွယ် တားဆီးဖို့ လိုပါတယ်။ ဓနခွဲဝေမှု တစ်ဖက်စောင်းနင်း ဖြစ်နေတာကိုလည်း ပြုပြင်ဖို့ လိုတယ်။ အခွင့်ထူးခံ လူတန်းစားနဲ့ အပယ်ခံ လူတန်းစား ဆိုပြီး ရှိနေသမျှ ကာလပတ်လုံး အကျင့်ပျက် ခြစားမှုတွေနဲ့ လာဘ်ပေး လာဘ်ယူ ကိစ္စတွေ ရှိနေဦးမှာ ဖြစ်တယ်။
အဓိကတာဝန်ရှိသူ
အခွင့်ထူးခံလူတန်းစားမရှိဖို့နဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ဖို့အတွက် အဓိကတာဝန် ရှိတာက အုပ်ချုပ်ရေး မဏ္ဍိုင်နဲ့ တရားရေး မဏ္ဍိုင်တို့ ဖြစ်တယ်။
- တရားဥပဒေအပိုင်းက လက်ရှိတည်ဆဲဥပဒေတွေနဲ့တင် လုံလောက်တယ်လို့ ဆိုနိုင်တယ်။ ရှိနေတဲ့ ဥပဒေတွေကို လိုက်နာ စောင့်ထိန်းတဲ့ အပိုင်းက ပျက်ကွက်လို့သာ ဒီလို အခြေအနေမျိုးကို ရောက်နေတာ ဖြစ်တယ်။ အုပ်ချုပ်ရေး မဏ္ဍိုင်နဲ့ တရားရေး မဏ္ဍိုင်နှစ်ခုက ဒီပျက်ကွက်မှုကို ပြုပြင်ဖို့လိုတယ်။ နိုင်ငံတော်သမ္မတ၊ ဒုသမ္မတနဲ့ လွှတ်တော် ဥက္ကဋ္ဌတို့ မကြာမီက ပြောကြားခဲ့ကြတဲ့ အတိုင်း တရားဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိစေရ ဆိုတဲ့အချက်ကို တိတိကျကျ မှန်မှန်ကန်ကန် လက်တွေ့ ကျင့်သုံးကြဖို့ လိုပါတယ်၊ စကားအဖြစ် လေထဲမှာ ကွယ်ပျောက် သွားတာမျိုး မဖြစ်စေသင့်ဘူး။
စံနမူနာပြသင့်
တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ ၀န်ကြီးဌာနနှစ်ခု ပူးတွဲ ကိုင်ဆောင်ရတဲ့ ၀န်ကြီးများ ကိုယ်တိုင်က ကိုယ်ကျိုး စွန့်ပြီး တိုင်းပြည် အကျိုးကြည့်တဲ့ အနေနဲ့ လစာနှစ်ခု ထုတ်ယူ ခံစားခြင်း မပြုဘဲ လစာ တစ်ခုသာ ထုတ်ယူတယ်လို့ သိရပါတယ်။ အင်မတန် ကောင်းပါတယ်။ အားလုံး အတုယူကြပြီး ၀န်ကြီးဖြစ်လို့ လွှတ်တော် အမတ်ဖြစ်လို့၊ အရာရှိ ကြီးဖြစ်လို့၊ တရားသူကြီး ဖြစ်လို့၊ အာဏာရ ပါတီ ဖြစ်လို့ ဆိုပြီး အထူး အခွင့်အရေးများ ရယူတာမျိုး မလုပ်ဘဲ စံနမူနာ ကောင်းပြသသင့်တယ်။ အစိုးရဆိုတာ သမ္မတက စပြီး အောက်ဆုံးအဆင့် ၀န်ထမ်းလေး အထိ ပြည်သူကပေးတဲ့ လစာ ရိက္ခာကိုစားတဲ့ ပြည်သူ့ ၀န်ထမ်းများ ဖြစ်ကြတယ်။ ပြည်သူ လူထုဟာ ကျေးဇူးရှင် ထမင်းရှင်များ ဖြစ်တယ်။ ကိုယ့်ကို ထမင်းကျွေးထားတဲ့ ကျေးဇူးရှင်များထက် အခွင့်ထူး ပိုယူတာမျိုး မရှိသင့်ဘူး။
ပြည်သူက ကျေးဇူးရှင်
လွှတ်တော်အမတ်ဆိုတာလည်း ပြည်သူလူထုက သူတို့ကိုယ်စား တိုင်းရေးပြည်မှု ဆောင်ရွက်ဖို့ ရွေးချယ် တင်မြှောက် ထားသူများဖြစ်တဲ့ အတွက် ပြည်သူလူထုကို ဦးထိပ်ထား လေးစားရမှာ ဖြစ်တယ်။ ရရှိခံစားရတဲ့ အခွင့်အရေး အဆောင်အယောင် မှန်သမျှ ပြည်သူ့ ဘဏ္ဍာငွေက ထုတ်ယူ သုံးစွဲတာ ဖြစ်တဲ့အတွက် ပြည်သူလူထုကို ကျေးဇူးရှင် အဖြစ် ခံယူ စွဲမှတ် ရမှာဖြစ်တယ်။ သာမန် ပြည်သူတိုင်း ခံစားရရှိတဲ့ အခွင့်အရေးများ ထက်ပိုပြီး အခွင့်ထူး ခံစားခွင့် မရှိဘူး။ ကိုယ်ကျိုးထက် တိုင်းပြည်နဲ့ လူမျိုး အကျိုးစီးပွားကို ရှေ့တန်းတင် ဦးစားပေး လုပ်ဆောင်ပါမယ်လို့ ကတိက၀တ် ပဋိညာဉ်ပြုပြီး အရွေးချယ် ခံခဲ့သူများ ဖြစ်တာကြောင့် ကိုယ်ကျိုး မကြည့်ရာမှာ အခွင့်ထူး မခံစားရာမှာ ရှေ့ဆောင်လမ်းပြ စံနမူနာကောင်း ဖြစ်စေရမယ်။
ပြည်ကြီးပခုံး၊ ပြည်ကြီးလက်ရုံး
နောက်ဆုံးကျန်ရှိနေတဲ့ မဏ္ဍိုင်ဖြစ်တဲ့ ကျွန်တော်တို့ရဲ့ စတုတ္ထမဏ္ဍိုင် ဆိုတာလည်း ပြည်ကြီးဝန်ကို ပြည်ကြီးပခုံး၊ ပြည်ကြီး လက်ရုံးအဖြစ် ထမ်းဆောင်ကြရသူများ ဖြစ်တဲ့ အတွက် တစ်နည်းအားဖြင့် ပြည်သူ့ ၀န်ထမ်းများပင် ဖြစ်ကြတယ်။ တခြား ပြည်သူ့ ၀န်ထမ်းများလိုပဲ ပြည်သူကို ဦးထိပ်ထား လေးစားရမှာ ဖြစ်တယ်။ ပြည်သူ့ အထက်က နေချင်လို့ မဖြစ်ဘူး။ ပြည်သူ့ရှေ့က အခွင့်ထူး ရယူချင်လို့လည်း မဖြစ်ဘူး။ အလားတူပဲ သတင်းသမားဟာ အစိုးရ တစ်ရပ်ရဲ့ လက်ကိုင်တုတ် မဖြစ်ရသလို နိုင်ငံရေးပါတီ အဖွဲ့အစည်းနဲ့ နိုင်ငံရေး သမားများရဲ့ အသုံးချခံလည်း မဖြစ်ရဘူး။ စီးပွားရေး သမားများရဲ့ကျေးဇူးခံ ကျေးဇူးစားလည်း မဖြစ်စေရဘူး။ ဒီခေတ်မှာ ခေတ်စားတဲ့ စပွန်ဆာ ဆိုတာဟာ စီးပွားရေး သမားက သတင်း မီဒီယာသမားကို လာဘ်ထိုးတဲ့ သဘောဖြစ်တယ်။ စပွန်ဆာ လက်ခံရယူတဲ့ သတင်းမီဒီယာ သမားဟာ စပွန်ဆာရှင်ရဲ့ မျက်နှာကို အမြဲ ကြည့်နေရမှာ ဖြစ်တဲ့အတွက် ဖြောင့်မတ် မှန်ကန်တဲ့ သတင်းသမား လုံးဝ မဖြစ်နိုင်တော့ဘူး။
ဘွဲ့ဖြူလက်နက်
စပွန်ဆာတွေထဲမှာ အဆိုးဝါးဆုံးကတော့ သံရုံးတွေနဲ့ နိုင်ငံခြားအဖွဲ့အစည်းတွေရဲ့ စပွန်ဆာ ဖြစ်တယ်။ စတိုင်ပင်၊ စကောလားရှစ်၊ ဂရန့်စတဲ့ အမည်အမျိုးမျိုး ပေးထားတဲ့ ထောက်ပံ့ကြေး မှန်သမျှဟာ သံရုံးတွေနဲ့ နိုင်ငံခြား အဖွဲ့အစည်း တွေက သူတို့ရဲ့ သစ္စာတော်ခံများ အဖြစ် မွေးမြူ သိမ်းသွင်းဖို့ အသုံးပြုတဲ့ ''ဘွဲ့ဖြူလက်နက်'' ဖြစ်တယ်။ ''အဏုမြူလက်နက်''လို အလွန်ကြောက်စရာ ကောင်းတယ်။ ဘာကြောင့်လဲ ဆိုတော့ သစ္စာခံဆိုတာ ''ပဉ္စမံတပ်သား'' အငယ်စား (Junior fifth Column) တွေ ဖြစ်ကြလို့ပါပဲ။ အကြောင်းကြီးငယ် ရှိလာခဲ့ရင် သစ္စာခံများဟာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးထက် သူတို့ သစ္စာခံထားတဲ့ နိုင်ငံရဲ့ အကျိုး စီးပွားကိုသာ ထမ်းရွက်ကြလို့ ဖြစ်တယ်။
နားခွက်ကမီးတောက်ပြီးသား
ပြည်သူလူထုကြီးရဲ့ မျက်နှာကလွဲပြီး ဘယ်သူ့မျက်နှာမှ မကြည့်တဲ့ ဘယ်သူ့ စပွန်ဆာတို့ စတိုင်ပင်နဲ့ စကောလားရှစ်တို့ ဂရန့်တို့ ကိုမှ လုံးဝ လက်မခံတဲ့ သတင်း မီဒီယာကိုသာ စတုတ္ထ မဏ္ဍိုင်လို့ သတ်မှတ်တာ ဖြစ်တယ်။ အဲဒါတွေ တစ်ခုခုနဲ့ မလွတ်ကင်းရင် စတုတ္ထ မဏ္ဍိုင်လို့ မခေါ်နိုင်ဘူး။ ကိုယ့်ဟာကိုယ် စတုတ္ထ မဏ္ဍိုင်လို့ ဆိုင်းဘုတ်တပ်ပြီး ဘာတွေပဲ ပြောနေနေ၊ ဘာတွေပဲ ရေးနေနေ မြန်မာ စာဖတ်ပရိသတ်ကို လိမ်လို့ မရပါဘူး။ ရှင်ကြီးဝမ်းလည်း ၀င်ခဲ့ဖူး၊ ရှင်ငယ်ဝမ်းလည်း ၀င်ခဲ့ဖူးတဲ့ မြန်မာ စာဖတ်ပရိသတ် ပြည်သူတွေက ''ချက်ဆိုနားခွက်က မီးတောက်ပြီးသား'' ဖြစ်တယ်။ ဘယ်သူတွေဟာ စတုတ္ထမဏ္ဍိုင် ပီသတယ်။ ဘယ်သူတွေကတော့ ''သစ္စာတော်ခံ''တွေ ဖြစ်တယ်ဆိုတာ ကောင်းကောင်းကြီး သိထားပြီးသားဖြစ်ပါတယ်။
Ref: EMG News
Ref:
နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင် ကွန်ယက်
ကြေငြာချက်အမှတ် ၁/၂၀၁၁
၁၃၇၃ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက်
( ၂၀၁၁ ခုနှစ် ၊ စက်တင်ဘာလ ၄ ရက် )
ပြည်သူလူထုကြီးသည် အမိမြန်မာနိုင်ငံတော်ကြီးနှင့် အမျိုးသား အကျိုးစီးပွား အတွက် နယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ် တော်လှန်ရေးနှင့် ပြည်သူ့ လွတ်မြောက်ရေး လှုပ်ရှားမှုများတွင် အစဉ်တစိုက် ပါဝင်၍ သမိုင်းရေး တာဝန်များကို ကျေပွန်စွာ ဆင်နွှဲခဲ့ ကြပါသည်။ ထိုကဲ့သို့ ပြည်သူ လူထုကြီး၏ တရားသော တောင်းဆို အုံကြွမှုများအား နယ်ချဲ့နှင့် အာဏာရှင် အစိုးရ အဆက်ဆက် တို့သည် နည်းမျိုးစုံ သုံးကာ ဖိနှိပ်ဖြိုခွဲ ခဲ့ကြပါသည်။ သိသာ ထင်ရှားသော ဖိနှိပ်ဖြိုခွဲမှု ပုံစံမှာ လက်နှက်အားကိုး သတ်ဖြတ်ခြင်းနှင့် နှစ်ရှည် ထောင်သွင်း အကျဉ်းချ ညှဉ်းဆဲခြင်းတို့ ဖြစ်ပါသည်။
နယ်ချဲ့နှင့်ဖက်ဆစ်ကိုတော်လှန်ခဲ့သည့်ကာလနှင့်ပြည်သူ့ လွတ်မြောက်ရေး တိုက်ပွဲစဉ်ကြီးတွင် ဆရာတော် ဦးဥတ္တမ၊ အာဠာဝက သခင်ဖိုးလှကြီး၊ ဆရာစံ၊ သခင်ဗဟိန်းတို့ အပါအ၀င် ယနေ့ အချိန်ထိလည်း ဆရာတော် ဦးဣန္ဒက၊ ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်၊ မုံရွာ ဦးတင်ရွှေ၊ ကိုအောင်ကျော်မိုး အပါအ၀င် အာဇာနည် ရာထောင် သောင်း တို့သည် အသက်စွန့် ခဲ့ကြသလို နိုင်ငံရေး အကျဉ်းသားများ၊ စစ်သုံ့ပန်းများ အဖြစ်ဖြင့် ပေးဆပ် စွန့်လွှတ် ခဲ့ကြသည်မှာ သမိုင်း သက်သေ ထင်ရှား ခဲ့ပြီးဖြစ်ပါသည်။
သို့သော်လည်း လူထုသမိုင်းကို ဖျောက်ဖျက် ချင်သူများနှင့် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး များကို ဟန့်တား ပိတ်ပင် လိုသူများသည် မျိုးချစ် သူရဲကောင်းများနှင့် နိုင်ငံရေး အကျဉ်းသားများအား ပုံဖျက် မသိကျိုးကျွံ ပြု၍ ဆူပူရေး သမားများ ဥပဒေ ချိုးဖောက်သူ ရာဇ၀တ် အကျဉ်းသားများ အဖြစ် အစဉ်တစိုက် ပြောဆို သတ်မှတ်နေကြသည်မှာ ပြည်သူ လူထုကြီး၏ ပေးဆပ်မှု အရပ်ရပ် ကို သမိုင်းသိက္ခာမဲ့စွာ ကျေးဇူးကန်း စော်ကားခြင်းပင် ဖြစ်ပါသည်။ သူရဲကောင်း ပြည်သူလူထုကြီး၏ ပေးဆပ်၊ စွန့်လွှတ် အကျဉ်းကျခံ ခဲ့ရမှုများကြောင့် ဖြစ်ပေါ်လာသည့် အသီးအပွင့်များကို ခံစား နားလည်ခံယူရင်း ယနေ့လို အမျိုးသား လွတ်မြောက်ရေးနှင့် ပြန်လည် သင့်မြတ်ရေးကို အကောင်အထည် ဖော်နေချိန်တွင် ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး အစိုးရ အနေနှင့် အာဏာရှင်အုပ်ချုပ်ရေး သမားဟောင်းများ၏ အဆိုးမြင်၊ အသုံးမှားများကို အတုမယူ ရှောင်ရှားရန် လိုအပ်ပါသည်။ ဒီမိုကရေစီရေး လှုပ်ရှားမှုများကြောင့် အာဏာရှင် တို့၏ ထောင်သွင်း အကျဉ်းချ ခံထားရဆဲ ဖြစ်သော ရဟန်းရှင်လူ၊ ကျောင်းသား ပြည်သူတို့၏ တန်ဖိုးများကို ခံယူချက်ပြောင်း အသိအမှတ် ပြု၍ ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် အင်အားစုံ ပါဝင်နိုင်ရန် ချွင်းချက် မရှိ ပြန်လည်လွှတ်ပေးရန် လိုအပ်ပါသည်။
အထူးသဖြင့် နိုင်ငံရေးကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်း၍ နိုင်ငံသားတို့၏ လွတ်လပ်၊ ငြိမ်းချမ်းစွာ သဘောထား ကွဲလွဲခွင့်ကို လက်ခံ ကျင့်သုံးမှသာ တိုင်းပြည်၏ ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးမှု တို့ကို တည်ဆောက် တွေ့မြင်နိုင်မှာ ဖြစ်ပါသည်။ ထို့ကြောင့် ယနေ့ အချိန်အခါလို ဒီမိုရေစီ နိုင်ငံသစ် ပေါ်ထွန်းရေး ကာလတွင် နိုင်ငံရေး အကျဉ်းသား၂၀၀၀ ကျော်အား ဝေးလံလှသော ထောင်များ တွင် ဆက်လက် အကျဉ်းချထားခြင်းနှင့် ထောင်လက်စွဲ ဥပဒေပါ အခွင့်အရေးများ၊ လျှော့ရက်ခံစားခွင့်များ ကို ပိတ်ပင် ထားခြင်းများမှာ ပြည်သူ လူထုကြီးနှင့် အစိုးရကြား ပဋိပက္ခ အမြင်များကို ဆက်လက် ဖြစ်ပေါ်စေပြီး ဟန်ဆောင် ရင်ကြားစေ့ရေးကို ဦးတည် သွားနိုင်ပါ သည်။
သို့ဖြစ်ပါ၍
နိုင်ငံရေးအရလေးနက်အကျိုးရှိသော တွေ့ဆုံဆွေးနွေးပွဲများ ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများအား ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးခြင်းဖြင့် သက်သေပြရန်။
ပြည်သူလူထုကြီးနှင့် အစိုးရတိ့ အပြန်အလှန် ညှိနှိုင်း ဆောင်ရွက်ရေး လုပ်ငန်းများအတွက် နိုင်ငံရေး အကျဉ်းသား များကို လွတ်မြောက် စေခြင်းဖြင့် လွတ်လပ်စွာ ပါဝင်လာစေရန်။
ဥပဒေချိုးဖောက်သော အစိုးရမဖြစ်စေရန် ထောင်လက်စွဲ ဥပဒေပါ လျှော့ရက် ခံစားခွင့်များကို ပြန်လည် ရရှိစေရန်။
ပြည်သူလူထုကြီးနှင့် အစိုးရကြား ယုံကြည်မှု တည်ဆောက်ရေး အဆင့် တစ်ဆင့် အနေဖြင့် ဒီမိုကရေစီရေး လှုပ်ရှား သူများအား ဥပဒေမဲ့၊ ဖမ်းဆီး၊ စစ်ကြော၊ အရေးယူမှု များကို လုံးဝ ရပ်တန့်ရန် လိုအပ်ပါသည်။
ထို့ကြောင့် ပြည်သူလူထုကြီး အနေဖြင့် အမြင်ရှင်း စိတ်ချရသော အစိုးရတစ်ရပ် ဖြစ်ပေါ်လာစေရန် ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေး အစိုးရတွင် အဓိက တာဝန်ရှိကြောင်း တောင်းဆို အသိပေး အပ်ပါသည်။
သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ ( ၄.၉.၂၀၁၁)
ကျနော်တို့ အချိန်ဘယ်လောက်ကြာကြာ စောင့်နေရမှာလဲ
ယခင်အပတ်က ဆရာဦးဝင်းတင်နဲ့ အင်တာဗျူးအပြီးမှာ အစိုးရသစ်ရဲ့ လွှတ်တော်တွင်း အဆို တင်သွင်းမှုများ၊ လှုပ်ရှားမှုများ ဆက်လက် ရှုစားကြရပါတယ်။ သွေးလှူဖို့ စည်းရုံးသူ ကိုနေမျိုးဇင်ကို အစိုးရသစ်က ထောင် ၁၀ နှစ် ချလိုက်ပါတယ်။ တိုင်းရင်းသား များနဲ့ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ် ကလည်း ရပ်ဆိုင်းသွားတယ် မရှိသေးပါဘူး။
အကျဉ်းကျနေတဲ့ နိုင်ငံရေးသမားများ၊ စာနယ်ဇင်း သမားများနဲ့ တိုင်းရင်းသား ခေါင်းဆောင်များ လွတ်မြောက်ရေး အတွက် အစိုးရအဖွဲ့က မည်သို့မျှ ထူးခြားတဲ့ တုန့်ပြန်မှု ထွက်ပေါ်လာခြင်း မတွေ့ရ သေးပါဘူး။ ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် ကွင်တာနား ကိုယ်တိုင်ကလည်း မြန်မာပြည်မှာ ထူးခြားမှုတွေ သိသာစွာ မတွေ့ရဘူးလို့ အစီရင်ခံစာ ထဲမှာ ထည့်ပြော လိုက်ပြီ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရသစ် ခေါင်းဆောင် သမတ ဦးသိန်းစိန်တို့ရဲ့ တွေ့ဆုံပွဲ နောက်ပိုင်း မြန်မာပြည်တွင်း ရင်ကြားစေ့ရေး၊ တွေ့ဆုံဆွေးနွေး အဖြေရှာရေး၊ ပြန်လည် သင့်မြတ်ရေး မျှော်လင့်ချက် အိပ်မက်တွေ မက်မိသူတွေဆီက စိုးရိမ်တကြီး တုန့်ပြန် ချက်တွေ ပြန်လည် ထွက်ပေါ် လာပါတယ်။ မြန်မာပြည် စစ်အာဏာရှင်တွေနဲ့ အပေါင်းအပါ တွေက ဒုံရင်း ဒုံရင်းပဲလား။ အချိန် အကန့်အသတ် တခုခုနဲ့ အခုလက်ရှိ အခြေအနေကို စောင့်ကြည့် သင့်သလား။ ဘယ်လိုလဲ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကကော ဘယ်လိုသဘောထား သလဲ ဆိုတဲ့ မေးခွန်းတွေ တက်လာပါတယ်။ အဲသည် အချက်တွေကို ဆရာ ဦးဝင်းတင်နဲ့ တွေ့ဆုံခိုက်မှာ မေးမြန်းဖြစ်တာ ဖြစ်ပါတယ်။
ကဲ … ဆရာရေ။ မေးမြန်းနေတာ၊ စိုးရိမ်နေတာတွေလည်း ကြားမှာပေါ့။ အချိန်က ကြာဦးမှာလား ဆရာ။
လက်ရှိ အခြေအနေမှာ အရင်တုန်းက ကျနော်ပြောခဲ့သလိုပေါ့။ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံ ဆွေးနွေးမှု တွေကို သူ ယုံယုံ ကြည်ကြည်နဲ့ လုပ်နေတာ ဖြစ်တယ်လို့ အားလုံးကို ထုတ်ပြောပြီး ဖြစ်ပါတယ်။ သူ့ကို အချိန်ပေးပါ။ ထောက်ခံပါ သူက ကျနော်တို့ကို အဲသလို ပြောပြပါတယ်။ ကျနော်တို့ကိုယ်တိုင် ကလည်း ခင်ဗျားတို့ ပြည်သူတွေ မေးနေ၊ စိုးရိမ် နေတာတွေကို ဒေါ်အောင်ဆန်း စုကြည်ကို ပြန်လည် တင်ပြပြီး ဆွေးနွေဖြစ်ပါတယ်။ သူပြော နေတာကတော့ သူက ပြည်သူကို လိမ်ညာပြီး ပြောနေတာ မဟုတ်ဘူး။ သူယုံယုံကြည်ကြည်နဲ့ ဒီကိစ္စကို လုပ်ဆောင် နေတာ ဖြစ်တယ်။ နောက် ဒါက တကယ်တမ်း မအောင်မြင်ခဲ့ရင် သူကိုယ်တိုင်က ဒါကို ဖုံးကွယ် မထားဘဲနဲ့ အားလုံးကို ထုတ်ဖော် ပြောပါ့မယ်လို့ သူက ကျနော်တို့ကို ပြောပါတယ်။
နောက်တခုက စောင့်ကြည့်ဖို့ အချိန်ကလည်း သိပ်မရှိဘူးလို့ ပြောလို့ ရမလားဆရာ။
ဟုတ်ပါတယ်။ စက်တင်ဘာ ထဲမှာတင် ယူအင် အစည်းအဝေးတွေ ညီလာခံတွေ ရှိနေတယ်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံ လာတော့မယ်။ ပြီးရင် ကုလ လူ့အခွင့်အရေး ကောင်စီ ညီလာခံရှိတယ်။ အောက်တိုဘာ မှာ အာဆီယံ ထိပ်သီးတွေ ဆွေးနွေးတာ ရှိမယ်။ နိုဝင်ဘာထဲမှာ IMF အပြည်ပြည် ဆိုင်ရာ ငွေကြေး ရန်ပုံငွေက မြန်မာပြည် အကြောင်း ဆွေးနွေးဖို့ ရှိတယ်။ မြန်မာပြည်က အစိုးရ အဖွဲ့ဖက်က ဘာမှ ထူးထူးခြားခြား မရှိရင် အဲသည် ညီလာခံတွေ ဆွေးနွေးပွဲတွေ မှာလည်း မြန်မာပြည်နဲ့ ပတ်သက်ပြီး ဘာမှ ရလဒ်ကောင်းတွေ ထွက်လာမှာ မဟုတ်ဘူး။
ဒါဆိုရင် တလကျော်လောက် ဆိုရင်ကို လက်ရှိ အစိုးရအဖွဲ့က နိုင်ငံတကာ မျက်မှောက်မှာ ပြောစရာ ပြစရာ တွေတော့ ပြနိုင် ပြောနိုင်အောင် လုပ်မယ်လို့ စောင့်ကြည့်ရမှာပေါ့။
အင်း၊ အဲလိုပဲ ပြောရမလား မသိဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အခုအချိန်မှာ သူ့ဖက်က ကြိုးစားပြီး ဆောင်ရွက် နေတယ်။ သူ့ဖက်က Fail ဖြစ်သွားပြီ၊ မအောင်မြင်ခဲ့ဘူး ဆိုရင် ကျမ ၀န်ခံမယ်၊ ကျမကို အပြစ်တင်လည်း ခံပါ့မယ်။ သို့သော် အချိန်ပေးပါ ဒါမျိုး ပြောတာ ဖြစ်ပါတယ်။ အချိန်ပေးပါလို့ ပြောတယ် ဆိုတာကလည်း ဟိုဖက်မှာက အစိုးရ အဖွဲ့ဆိုတာ ရှိနေတာအပြင် စစ်တပ်၊ လွှတ်တော်၊ ကြံ့ဖွံ့ပါတီ ဆိုတာတွေ ရှိတယ်။ အဲဒါတွေကိုလည်း အချိန်ပေးဖို့ အတိုင်းအတာ ရှိတယ်လို့ ဆိုတယ် ထင်ပါတယ်။ ကျနော်တို့ ဖက်မှာလည်းပဲ အင်န်အယ်ဒီပါတီ ရပ်တည်ရေးပါတယ်၊ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ရှိတယ်။ တိုင်းရင်းသား အရေးတွေ ပါဝင်တယ်။ ဒီကိစ္စတွေ အားလုံးကလည်း ကျနော်တို့ဖက်မှာလည်း အချိန် အတိုင်းအတာနဲ့ အမျှ အရေးကြီး နေတယ်လို့ ပြောရင် ရမယ် ထင်တယ်။
အဲသည်တော့ ခုချိန်မှာ ဒေါ်စုက မေတ္တာရပ်ခံသလိုမျိုး ပေါ့လေ။ သူ့ကို ထောက်ခံပါ၊ အချိန်ပေးပါ ဆိုတာမျိုးကို လက်ခံတဲ့ အာဘော်တွေ၊ သဘောထား ထုတ်ပြန် တာမျိုးတွေ ကြားမိသလောက် ဘယ်သူတွေက ပြောပြ၊ တုန့်ပြန်ကြသလဲ ဆရာ။
ကျနော်တို့ အင်န်အယ်ဒီပါတီက မိတ္ထီလာ ၅ မြို့နယ် ဆွေးနွေးပွဲ လုပ်တဲ့ဆီမှာ၊ လွန်ခဲ့တဲ့ နေ့ကလုပ်တဲ့ ဆွေးနွေးပွဲ ပေါ့လေ။ အဲသည်မှာ ဘာပြောကြသလဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို လက်ခံတယ်ဆိုရင် နံပါတ်တစ် ဒေါ်စုကို အချိန်ပေးပါ။ နံပါတ်နှစ်က အဲသည်ကာလမှာ အငြင်းပွားစရာ၊ သံသယ ဖြစ်စရာ ကိစ္စတွေ၊ စကားတွေကို သည်အချိန် အတွင်းမှာ မပြောဘဲနဲ့ စောင့်ကြည့်ပါ ဆိုတဲ့ သဘောထားကို တင်ပြ ဆွေးနွေးပါတယ်။ အဲသည်လိုမျိုး ထူးခြားမှု ဖြစ်ပေါ် လာမလား ဆိုတာကို စောင့်ကြည့်ကြမှာ ဖြစ်တယ်။
ဟုတ်ကဲ့။ ဒါဆိုရင် စောင့်ကြည့်နေတဲ့ ကာလထဲမှာတင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်က စုံစမ်းရေး ကော်မီတီတွေ ဖွဲ့ဖို့ ဆိုတာတွေ ကလည်း ရှေ့တလ၊ ၂ လမှာ ပေါ်လာမလား ကိုလည်း စောင့်ကြည့် ရမှာပေါ့လေ။ ဒါနဲ့ တိုက်တိုက် ဆိုင်ဆိုင်ပဲ ပေါ့နော်၊ တခုက ဒီသြဂုတ်လ အတွင်းမှာတင် နိုင်ငံတကာနဲ့ လစ်ဗျား ပြည်သူတွေ စုပေါင်းပြီး အုံကြွ ဆန့်ကျင် တိုက်ထုတ်နေတဲ့ လစ်ဗျား အာဏာရှင် ကဒါဖီလည်း မြို့တော် ထရီပိုလီကို စွန့်လွှတ်ပြီး ထွက်ပြေးရတဲ့ အချိန်ဖြစ်နေတယ်။ အာရပ် ကမ္ဘာနဲ့ အာဖရိကက အာဏာရှင်တွေ ကျဆုံးနေတာကို တွေ့နေရတယ်။ လစ်ဗျားမှာ ပြည်သူတွေ အောင်ပွဲ ခံနေပေမယ့် ဆီးရီးယားလို တိုင်းပြည်မှာတော့ ပြည်သူတွေဟာ အစိုးရရဲ့ အကြမ်းဖက် သတ်ဖြတ်ခြင်းကို ခံနေရဆဲပဲ။ အဲဒါနဲ့ ပတ်သက်ပြီး ဆရာ ဘာပြောချင်တာ ရှိသလဲ။
ကျနော့်သဘောကတော့ လောလောဆယ်မှာ နိုင်ငံတကာကော၊ ပြည်တွင်းက ပြည်သူတွေက ၀ိုင်းဝန်း တွန်းလှန်ကြလို့ လစ်ဗျားမှာ အာဏာရှင် ပြိုကွဲ ရတယ်ပေါ့လေ။ ဆီးရီးယားမှာတော့ ပြည်သူတွေကို သတ်ဖြတ် နေပေမယ့် အပြင်က နိုင်ငံတကာက သိသိ သာသာကြီး ၀င်ရောက် ကာကွယ် ပေးတာတွေ မမြင်ရသေးဘူး။ တားမြစ်တာ၊ ပိတ်ဆို့တာမျိုး သိပ်မဖြစ် လာသေးဘူး။ ခေါင်းဆောင် လုပ်တဲ့ အာဆဒ်က ကဒါဖီနဲ့ မတူတာကတော့ သူက ကဒါဖီလိုမျိုး ရှေ့ကနေ ထွက်ပြီး ရန်စတာ၊ ပြောတာ ဆိုတာတွေ မလုပ်ဘူး။ နောက်ကနေ ကြိုးကိုင်ပြီးတော့ အောက်ခြေက လက်နက်ကိုင် စစ်တပ်တွေကို လွှတ်ပြီး ပြည်သူတွေကို သတ်ဖြတ် နှိမ်နှင်းတာ လုပ်နေတယ်။ အဲသည် ကွာခြားချက် ရှိတယ်လို့ ပြောချင်တယ်။ လစ်ဗျားက ၆ လ အတွင်း စခန်း သိမ်းပေးမယ့် ဆီးရီးယားက သည်လိုပုံမျိုးနဲ့ ဆိုရင် ပြည်သူတွေမှာ သည်ထက်ပို အချိန်ကြာမြင့်စွာ ခံစား နေကြရမလားတောင် မသိဘူး ဖြစ်နေတယ် ထင်တယ်။ ဒါနဲ့ ဆက်စပ်ပြီး မြန်မာပြည်ကို ကြည့်လိုက်လို့ရှိရင် အရင်က သန်းရွှေ အစိုးရတို့က နောက်ဆုတ်သွားပြီးတော့ နောက်အစိုးရ အသစ်တခု တက်လာတယ်။ ပြီးတော့ သူတို့က ဒေါ်စုတို့နဲ့ စကားပြောဆိုတာတွေ လုပ်ပြလာတယ်။ ဒီမိုကရေစီအစိုးရလိုလို လုပ်လာတယ်။ ထောင်ကျတွေကို လွှတ်ပေးတယ်။ လွှတ်တော်ထဲမှာ အဓိပ္ဗါယ် ရှိတာ မရှိတာ ဟုတ်တာ မဟုတ်တာ အပထား၊ ပြောကြ ဆိုကြ တာမျိုးတွေ လုပ်တယ်။ ဒါမျိုးတွေနဲ့ ဆိုတော့ မြန်မာပြည် အရေး ကိစ္စဟာ ရေရှည်မှာ ဘယ်လို ဖြစ်လာနိုင်မလဲ။ ကြိုတင် တွေ့းကြည့် သင့်တယ် ထင်တယ်လေ။
ဟုတ်ကဲ့ပါဆရာ။ ကမ္ဘာမှာ လစ်ဗျားလိုမျိုး အာကျယ်တဲ့ အာဏာရှင်တွေ ကျဆုံးကုန်တာ မြင်နေကြရပြီ၊ ဆက်လက်ပြီး စောင့်ကြည့်စရာ အာဏာရှင် နိုင်ငံတွေလည်း ရှိနေတယ်။ အာရပ်နဲ့ အာဖရိက ပြီးရင်တော့ အာရှ နွေဦးပဲလို့ ပြောသူတွေ ကလည်း ပြောနေကြတယ်။ အာမကျယ်သော်လည်း နောက်ကွယ်ကနေ လက်သံပြောင်တဲ့ အာဏာရှင်တွေ ပရိယာယ် ကြွယ်တဲ့ အာဏာရှင်တွေ ကလည်း နေမ၀င်သေးဘူး ဆိုတာကလည်း ထည့်သွင်း စဉ်းစားရမယ့် အချက်ပေါ့လေ။ ကျေးဇူးတင်ပါတယ် ဆရာ။
ဟုတ်ပါပြီ။
Ref: မိုးမခ
အနောက်နိုင်ငံထောက်လှမ်းရေးတွေ ဂဒါဖီအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခဲ့
စနေ, 03 စက်တင်ဘာ 2011
အကြမ်းဖက်သမားတွေရဲ့ သတင်းဖလှယ်ရေးနဲ့ပတ်သက်လို့ လစ်ဗျား ဂဒါဖီအစိုးရနဲ့ အနောက်နိုင်ငံ ထောက်လှမ်းရေး အဖွဲ့တွေကြား အနီးကပ် ပူးပေါင်း ဆောင်ရွက်မှု အနေအထားတွေကို ရေးသား ဖော်ပြထားတဲ့ စာရွက် စာတမ်းတွေကို ထရစ်ပိုလီ (Tripoli) မြို့က လူမရှိတဲ့ ရုံးခန်း တခုထဲကနေ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ Human Rights Watch သုတေသနမှူးတွေက သောကြာနေ့က တွေ့ရှိ ခဲ့ကြပါတယ်။
အဲဒီရုံးခန်းဟာ ဂဒါဖီရဲ့ အနီးကပ် လက်ရုံးတယောက်ဖြစ်တဲ့ လစ်ဗျား ထောက်လှမ်းရေးမှူးချုပ်ဟောင်း Moussa Koussa အသုံး ပြုခဲ့တဲ့ ရုံးခန်း ဖြစ်ပါတယ်။
စာရွက်စာတမ်းတွေနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ဖော်ပြခြင်း မရှိပါဘူး။ စာရွက် စာတမ်းတွေဟာ လစ်ဗျား ထောက်လှမ်းရေး အဖွဲ့နဲ့ အမေရိကန် ထောက်လှမ်းရေး CIA ကြား ဆက်သွယ် ရေးသားထားတဲ့ စာတွေ ဖြစ်ပါတယ်။
ဒီစာတွေထဲမှာ သံသယဖြစ်ဖွယ် အကြမ်းဖက်သမားတွေရဲ့ အမည်၊ စစ်ဆေး မေးမြန်းတဲ့ မေးခွန်းတွေနဲ့ သူတို့ရဲ့ လှုပ်ရှားမှု အစီအစဉ်တွေ အပါအ၀င် တခြား ထောက်လှမ်းရေး သတင်းတွေ ပါဝင်ယုံမက လစ်ဗျား ခေါင်းဆောင် ဂဒါဖီအတွက် CIA က ရေးသားပေးတဲ့ မိန့်ခွန်းတခုလည်း ပါဝင်ပါတယ်။
ဒီမိန့်ခွန်းက အရှေ့အလယ်ပိုင်းဒေသကို ဖျက်အားပြင်း လက်နက် မရှိတဲ့ဒေသ ဖြစ်ရအောင် တောင်းဆိုချက် ပါဝင်ပါတယ်။ နောက်ထပ် စာရွက်တခုမှာ CIA ဒုတိယ ခေါင်းဆောင် Stephen Kapp ဆီကလို့ စွပ်စွဲထားတဲ့ စာတစောင်လည်း ပါဝင်ပြီး လစ်ဗျားမှာ CIA အဖွဲ့ အမြဲတမ်း တည်ရှိရေး ကိစ္စအတွက် လစ်ဗျားနဲ့ အမေရိကန် CIA ခေါင်းဆောင် နှစ်ယောက်ကြား ရင်းရင်းနှီးနှီး ဆက်သွယ် ပြောဆို ထားပုံကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။
Ref: VOA News
ဗိုလ်ကြီးဟောင်း နေမျိုးဇင် နမူနာ နှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး မျှော်လင့်ချက် - အပိုင်း (၁)
ရော်နီညိမ်း
စနေ, 03 စက်တင်ဘာ 2011
ပြီးခဲ့တဲ့ ဧပြီလ(၂)ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လူငယ် အဖွဲ့ဝင်တွေနဲ့ လက်တွဲပြီး သွေးလှူဒါန်းခြင်း လှုပ်ရှားမှုမှာ၊ ပါဝင်ဆောင်ရွက်နေသူ ဖြစ်ပါတယ်။ ဗိုလ်ကြီး ဟောင်း နေမျိုးဇင်ဟာ ရန်ကုန်မြို့ အောင်သပြေ စစ်ကြောရေး စခန်းမှာ နှိပ်စက် ညှင်းပန်းခြင်း ခံခဲ့ရရာက၊ သြ ဂုတ်လ (၂၆) ရက်နေ့မှာတော့ သူ့ကို အင်းစိန် ထောင်တွင်း အထူးတရာရုံးကနေ အီလက်ထရောနစ် ပုဒ်မ ၃၃ (က) နဲ့၊ ထောင်ဒဏ် (၁၀) နှစ်၊ ချမှတ် လိုက်ပါတယ်။ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဖြစ်ပေါ်လာနိုင်တယ် ဆိုတဲ့ မျှော်လင့်ချက်တွေ ရှိလာချိန်မှာပဲ၊ အခုလို ပေါ်ပေါက်လာတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့ ဖြစ်စဉ်ဟာ၊ ဒီမျှော်လင့်ချက်တွေကို ဘယ်လိုထိခိုက် စေနိုင်ပါသလဲ၊ ဒီအကြောင်းကို၊ နှစ်ရှည် နိုင်ငံရေး အကျဉ်းသား ဟောင်း ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်နဲ့ ဆက်သွယ် ဆွေးနွေးပြီး၊ ဦးရော်နီညိမ်း က ဒီသီတင်းပတ် တပ်မှူးတပ်သား ပြောစကား ကဏ္ဍကို၊ စီစဉ် တင်ဆက်ထားပါတယ်။
ဦးရော်နီညိမ်း ။ ။ ဦ၀င်းထိန် ခင်ဗျား၊ ဦးဝင်းးထိန်သည် ပထမအကြိမ် နိုင်ငံရေးအကျဉ်းသား အဖြစ် ကနေ (၆) နှစ်ကြာ အကျဉ်းကျပြီး၊ ၁၉၉၅ ခုနှစ်မှာ ပြန်လွတ် လာပြီးတဲ့နောက်၊ (၁) နှစ်အကြာ၊ ၁၉၉၆ ခုနှစ်မှာ ထပ်ပြီး အဖမ်း ခံရတဲ့ အချိန်မှာ ဘာပုဒ်မနဲ့ ဘာအကြောင်း ပြချက်နဲ့ ဦးဝင်းထိန်ကို ဖမ်းခဲ့ပါသလဲ ခင်ဗျ။ အခု ဗိုလ်ကြီးဟောင်း နေမျိုးဇင် အဖမ်းခံခဲ့ရပုံနဲ့ နှိုင်းယှဉ်ကြည့်ချင်လို့ပါ။
(မှတ်ချက်။ ။ ၁၉၈၉ အာဇာနည်နေ့ လူထုချီတက်ပွဲ စီစဉ်သည့် ကိစ္စနှင့်၊ ၁၉၈၉ ဇူလိုင် (၂၀) ရက်နေ့ ဒေါ် အောင်ဆန်းစုကြည်၏ နေအိမ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံခြားရေးရာ လက်ထောက်ဖြစ်သော ဦးဝင်း ထိန်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ဖမ်းဆီးခံရကာ၊ ထောင်ဒဏ်(၆)နှစ် ကျခံခဲ့ရသည်။ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်၏ ထိုစဉ်က ဥက္ကဋ္ဌ ဦးတင်ဦးလည်း ၁၉၈၉ ဇူလိုင်(၂၀) ရက်နေ့တွင် ဖမ်းဆီး ခံခဲ့ရသည်။ ၁၉၉၅ တွင်၊ ဦးဝင်းထိန် ပထမအကြိမ် ပြန်လည် လွတ်မြောက် လာခဲ့ပြီး မကြာခင် ၁၉၉၅ ခုနှစ် ထဲမှာပင်၊ ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် တို့လည်း၊ နေ အိမ်အကျယ်ချုပ် များမှ၊ ရှေ့ဆင့် နောက်ဆင့် လွတ်မြောက် လာခဲ့သည်။)
ဦးဝင်းထိန် ။ ။ အဲဒီအချိန် ၁၉၉၆ မှာ၊ ဒေါ်အောင်ဆန်းစုကြည်လည်း ပြန်ပြီး လွတ်မြောက်လာပြီ။ လှုပ်ရှားမှုတွေ ပြန်ပြီး လုပ်နေပြီ။ အဲဒီအခါမှာ၊ ကျနော်တို့ NLD နိုင်ငံရေး အရှိန်အဟုန် ပြန်ပြီး ရလာတယ်။ အဲဒီ ရလာတဲ့ နိုင်ငံရေး အရှိန်အဟုန်ကို ချိုးနှိမ်ဖို့၊ သူတို့ဘက်က တဖြည်းဖြည်း လုပ်ငန်းလေးတွေ စလာတဲ့ အခါကျတော့၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးအောင်ရွှေတို့ အနားက လူတွေကို၊ မကြာ ခင်မှာ ဖမ်းတော့မယ် ဆိုတာ၊ ကျနော့်မှာ အာရုံကို ရသလို ဖြစ်နေတယ်။ ဒါကြောင့် ၁၉၉၆ ခုနှစ် မေလ (၂၁) ရက်နေ့၊ ကျနော့်ကို ဖမ်းတဲ့ အခါမှာ၊ လိုအပ်တာ တွေထည့်ထားတဲ့ အထုပ်တထုပ် ကျနော့်အိမ်မှာ အဆင်သင့် လုပ်ထားတာမို့၊ ကောက်ခါငင်ခါပဲ လိုက်သွား ခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုရင်၊ သူတို့ရဲ့ ဖိနှိပ်မှုပုံစံက သိပ်သိသာတာကိုး။ ၁၉၉၀ ရွေးကောက်ပွဲ အပြီး၊ အဖမ်း မခံကြရလို့၊ နိုင်ငံခြားကို ထွက်မပြေးကြလို့ ကျန်နေကြတဲ့ (၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ) လွှတ်တော် အမတ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ စုဝေးပြီး အစည်းအဝေး ကြီး လုပ်တော့မယ်လို့ စနေတဲ့ တပြိုင်ထဲမှာပဲ၊ လူဖမ်းပွဲကြီးက စတာ ပါပဲ။ အဲဒီတုန်းက ပုံစံနဲ့ အခု ဗိုလ်ကြီး နေမျိုးဇင် ဖြစ်တဲ့ ပုံစံကတော့၊ အတူတူပဲဗျ။ အဲဒီတုန်းက ၁၉၉၆ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ပုံစံကတော့ လူအများစုပေါ့။ NLD က အများစုကို ဖိနှိပ်တာ။ အခု ဗိုလ်ကြီးနေမျိုးဇင် ကျတော့၊ တယောက်ထဲ ဖြစ်သော်လည်းပဲ၊ ဖြစ်ပုံဖြစ် နည်းနဲ့ အာဏာပိုင်တွေရဲ့ တွေးခေါ်ပုံ တွေးခေါ်နည်းက အခုထက်ထိ တပုံစံထဲပါပဲ။ ဘာမှ အပြောင်းအလဲ မရှိ ပါဘူး။ ကျနော် အဲဒီလို သတိထားမိတယ်။
ဦးရော်နီညိမ်း ။ ။ အဲဒီတော့ ဦးဝင်းထိန်ကို ၁၉၉၆ ခုနှစ်မှာ၊ ဘယ်လို စွပ်စွဲချက်၊ ဘယ်လို ပုဒ်မနဲ့ ဖမ်းဆီးခဲ့ပါ သလဲ ခင်ဗျ။ ထောင်ဒဏ် (၁၄) နှစ်တောင်မှ ကျခံခဲ့ရတဲ့ ကိစ္စက။
ဦးဝင်းထိန် ။ ။ အဲဒီတုန်းက အဖမ်းခံရတာကို ပြောရင်၊ အဲဒီတုန်းက ဗိုလ်ချုပ်ကြီး ခင်ညွန့်ရဲ့ ထောက်လှမ်းရေးက ပုဂ္ဂိုလ်တွေ အကြောင်းပါ ပြောရမယ်။ အဲဒီတုန်းက နိုင်ငံရေးကိစ္စကို ကိုင်နေတာက၊ ဒုဗိုလ်မှူးကြီး သန်းထွန်းပေါ့။ အခုတော့ ဗိုလ်မှူးချုပ်ဟောင်း သန်းထွန်း၊ ခန္တီးထောင်ထဲမှာ ပေါ့။ ဒီပုဂ္ဂိုလ်က ၁၉၈၈ လူထု အုံကြွမှု စကတည်းက၊ နိုင်ငံရေး သမားတွေနဲ့ ပတ်သက်ပြီး ကိုင်တွယ် ခဲ့တာကြောင့်၊ (နိုင်ငံရေးနဲ့ ပတ်သက်နေတဲ့) လူတွေအားလုံးကို သူ တော်တော်များများ သိတယ်။ အချက်အချာ ကျတဲ့ သူတွေကို သူက သိတယ်။ ကျနော်က ၁၉၉၅ မှာ၊ ထောင်က လွတ်ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDရဲ့ လုပ်ငန်း တွေ အောင်မြင်အောင်၊ ကျနော်က ဆက်လုပ်တယ်။ အဲဒီတော့ ကျနော့်ကို ထောင်ထပ်ချဖို့ ဆုံးဖြတ်တာက တော့၊ သူပါပဲ။ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကလည်း၊ green light ပေးပြီးသားပေါ့။ အဲဒီတော့ သူက ကျနော့်အတွက် အမှုရှာတယ်။ အဲဒီအခါမှာ၊ သူက နှစ်ချက် သွားတွေ့တယ်။ တချက်ကတော့ Australia Broadcasting Corporation ဆိုတဲ့၊ သြစတြေလျ နိုင်ငံက ABC တီဗီ အဖွဲ့နဲ့ အင်တာဗျူးကိစ္စ။ အင်တာဗျူး လုပ်တာက၊ ကျနော့် တယေက်ထဲ မဟုတ်ဘူး။ ဗိုလ်ချုပ် အေဘယ်လ် (၁၉၈၈ စက်တင်ဘာ (၁၈) ရက်၊ စစ်အာဏာသိမ်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ဝင်ဟောင်းနှင့်၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး ၀န်ကြီးဟောင်း အငြိမ်းစား ဗိုလ်မှူးချုပ် ဒေးဗစ် အိုဝင် အေဘယ်လ် - Retired Bigadier General David Owen Abel) ကိုလည်း အင်တာဗျူး လုပ်တယ်။ ဘဏ္ဍာရေး (၀န်ကြီးဌာန) က၊ ဦးဆက်မောင်ကိုလည်း၊ အင်တာဗျူး လုပ်တယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း အင်တာဗျူး လုပ်တယ်။ ကျနော်ကလည်း ထဲထဲဝင် ၀င် အကုန်သိနေတော့၊ ကျနော့်ကိုလည်း အင်တာဗျူး လုပ်တယ်။ အဓိက အားဖြင့် သူတို့ကို ကျနော်က နိုင်ငံရေး သုံးသပ် ပြလိုက်တာက၊ မကြာခင်မှာ ကျနော်တို့ NLD ပါတီဝင် တွေကိုတော့၊ အကြီးအကျယ် ဖမ်းလိမ့်မယ်၊ ဘာနဲ့ တူသလဲဆိုရင်၊ သစ်ပင်ကြီး တပင်ကို ဖြိုတဲ့အခါမှာ၊ သစ်ပင်ကြီးကိုလည်း မလှဲဘူး၊ ပင်စည်ကို လည်း မလှဲဘူး၊ ကိုင်းဖျား ကိုင်းနား မှန်သမျှကို အကုန် ခုတ်ပစ်တော့မယ်လို့၊ ကျနော်က ကြိုတင်ပြီး ဟောကိန်း ထုတ်ခဲ့တဲ့ အကြောင်းက၊ သူတို့ ရိုက်သွားတဲ့ ဗီဒီယို မှာပါတယ်၊ အဲဒါ ခုထိ ဒီအခွေ ကျနော့်အိမ်မှာ ရှိပါသေး တယ်။ နောက်တချက်က၊ သာယာဝတီ ထောင်မှာ နှိပ်စက် ညှင်းပန်း ခံခဲ့ရတဲ့ အီဗား(ခေါ်) ကိုတင်လှိုင်နဲ့ ABC တီဗီ အဖွဲ့နဲ့ အင်တာဗျူးကိစ္စ။ ခုတော့ ကိုတင်လှိုင်က သြစတြေလျနိုင်ငံ မဲလ်ဘုန်း(Melbourne) မြို့ကို ရောက် နေပြီ။ ကိုတင်လှိုင်က ၁၉၈၈ ကတည်းက စပြီး လှုပ်ရှားတဲ့ “သုံးရောင်ခြယ်” ကျောင်းသား အုပ်စုထဲက အဖွဲ့ဝင် ပါ။ ၁၉၈၈ လူထုအုံကြွမှုလည်း စရော၊ “သုံးရောင်ခြယ်” ဟာ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထွေထွေ လုံခြုံရေး နဲ့ ဝေယျာဝစ္စတွေ အကုန်လုပ်ပေးတဲ့ အဖွဲ့ ဖြစ်လာတယ်။ အီဗား(ခေါ်) ကိုတင်လှိုင် ကလည်း ဒေါ်အောင်ဆန်းစု ကြည်အတွက် လုံခြုံရေး တာဝန်ခံတွေထဲက၊ တယောက်ပေါ့။ သူက သူ့ရဲ့ နိုင်ငံရေး လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး၊ ၁၉၈၉ မှာ၊ သာယာဝတီထောင်ကို ရောက်သွားတယ်။ အဲဒီ သာယာဝတီ ထောင်မှာ နှိပ်စက်ညှင်း ပန်းခံရတာ တွေကို သူ့ကို ABC တီဗီက အင်တာဗျူး လုပ်တော့၊ ကျနော်က ဘေးနားကနေ ဘာသာ ပြန်ပေးရတယ်။ အဲဒီ တော့ ABC တီဗီ အဖွဲ့နဲ့ အင်တာဗျူး နှစ်ခု ပေါင်းအတွက်၊ ကျနော့်ကို ထောင်ဒဏ် (၇)နှစ်က တခု။ နောက်တခု က ဟင်္သာတနယ်က ဦးကံရှိန်ဆိုတဲ့ လယ်သမားကြီးက သူ့ရဲ့လယ်မှာ သူ့ပိုက်ဆံနဲ့သူ ပဲစိုက်တယ်။ အဲဒီတော့ မြို့နယ်ကောင်စီ (ထိုအချိန်တွင် မြို့နယ် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ - မ၀တ) ဥက္ကဋ္ဌက၊ နွေစပါးစိုက် ရမယ်လို့ ပြောတဲ့ အခါကျ သူ့မှာ ပဲစိုက်ပြီးသား ဖြစ်နေလို့၊ စပါး မစိုက်ပါရစေနဲ့ လို့ပြောတော့၊ မ၀တ ဥက္ကဋ္ဌ အမိန့်နဲ့၊၊ ပဲခင်းကို ဘူဒိုဇာနဲ့ ထိုးပစ်လိုက်တယ်၊ နွေစပါး (၁၀) ဧက အတင်းစိုက်ခိုင်းလို့ စိုက်ရတယ်။ ဒါပေမဲ့ စပါးက တစေ့မှ မထွက်ဘူး။ အဲဒီလို ဖြစ်နေတာတွေကို၊ လယ်သမားကြီး ဦးကံရှိန်က ဗီဒီယိုရိုက်ပြီး၊ ဒေါ်အောင်ဆန်း စုကြည်ကို တင်ပြလာတယ်။ အဲဒီ ဗီဒီယိုအခွေကို၊ ကျနော်က ယူထားပြီး၊ ဒေါ်အောင်ဆန်းစုကြည် ကို တင်ပြ ပေးမယ်လို့၊ ဦးကံရှိန်တို့ကို ပြောထားတယ်။ အဲဒီကိစ္စမှာ၊ ကျနော်က နွေစပါး စီမံကိန်းကို နှောက်ယှက်တယ် ဆိုပြီး၊ ထောက်လှမ်းရေးက နောက်တမှု ထပ်ဆင်တယ်။ ကျနော်က ဦးကံရှိန်ရဲ့ ဗီဒီယိုကိုလည်း မကြည့်ဖူးဘူး၊ ဦးကံရှိန် ပြောသမျှ ကိုတော့ (ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြဖို့) နားထောင်တယ်။ ဒေါ် အောင်ဆန်းစုကြည် ကိုလည်း တင်ပြပေးဖို့ အချိန် မရသေးဘူး။ နောက်တခုက ဒီ နွေစပါး စီမံကိန်းနဲ့ပတ်သက် လို့၊ လယ်သမားတွေနဲ့ နေရာအနှံ့မှာ ပြဿနာ မျိုးစုံ ဖြစ်နေတာ လူတကာ သိပြီးသားမို့၊ ဒါက အရေးမကြီးလို့၊ ကျနော်က ဦးကံရှိန်ရဲ့ ဗီဒီယိုခွေကို စားပွဲပေါ်မှာပဲ တင်ထားတယ်။ အဲဒီတော့ နွေစပါး စီမံကိန်းကို ဖျက်လို ဖျက်ဆီးလုပ်တယ် ဆိုတဲ့၊ စွပ်စွဲချက်နဲ့က ထောင်ဒဏ် (၇)နှစ်၊ စောစောက သြစတြေလျ ABC တီဗီနဲ့ အင်တာ ဗျူးနှစ်ခုကိစ္စ အတွက်က (၇) နှစ်ဆိုတော့၊ စုစုပေါင်း (၁၄) နှစ်ပေါ့။
(၂၀၀၄ ခုနှစ်တွင်၊ ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် ထောက်လှမ်းရေး တဖွဲ့လုံးကို၊ ဗှိုလ်ချုပ်မှူးကြီး သန်းရွှေက ဖြုတ်-ထုတ်-ရှင်း ပြီး၊ ပုဒ်မ အမျိုးမျိုးနှင့် ထောင်ဒဏ် နှစ်ရှည်များ ချမှတ်ရာတွင်၊ စစ်အစိုးရနှင့် NLD အကြား ဆက်ဆံရေး အရာရှိလည်း ဖြစ်သဖြင့် NLD သန်းထွန်းဟု လူသိများခဲ့ကာ၊ ယခု အခါ လာဘ်စားမှုနှင့် ထောင်ဒဏ် နှစ် (၁၀၀) ကျော် ကျခံနေရသော ဗိုလ်မှူးချုပ်ဟောင်း သန်းထွန်း - DSA 13)
ဦးရော်နီညိမ်း ။ ။ အဲဒီ့ ဦးကံရှိန်ရဲ့ ဗီဒီယိုခွေကို၊ ဦးဝင်းထိန်ကိုယ်တိုင် ခုထိ မကြည့်ရ သေးဘူးပေါ့။
ဦးဝင်းထိန် ။ ။ (ရယ်လျှက်) ခုထိ တခါမှ မကြည့်ရသေးဘူး။ ဒါပေမဲ့ ထူးဆန်းတာက၊ အဲဒီအမှုကို ထောက်လှမ်းရေးက တရားရုံး တင်တဲ့အခါမှာ၊ ဦးကံရှိန်နဲ့ ဦးကံရှိန်ရဲ့လယ်ဘေးက လယ်သမားတွေကိုပါ သက်သေခေါ်တယ်။ ဦးကံရှိန်ကကော၊ အဲဒီ လယ်သမားတွေကကော၊ တရားသူကြီး ရှေ့မှာ၊ ဘာပြောလဲ ဆိုတော့၊ လယ်ထဲကို ရေတင်ဖို့ ရေစုပ်စက် အတွက် ဒီဇယ်ဆီကလည်း အစိုးရက မပေးတော့၊ မှောင်ခိုက ၀ယ်ရ တယ်၊ ဒါလည်း ရေမလောက်ဘူး ဆိုတာတွေ ပြောကြတယ်။ တရားသူကြီးက အဲဒီ နွေစပါးစိုက်ခင်း (၁၀)ဧက မှာ၊ စပါး ဘယ်လောက် ထွက်သလဲလို့ မေးတယ်။ ဦးကံရှိန် ကကော၊ အဲဒီ လယ်သမားတွေ ကကော၊ စပါးတစေ့ မှ မထွက်ဘူး ပြောတော့၊ ကျနော်က ရယ်တာပေါ့။ အဲဒီတော့ တရားသူကြီးက တရားရုံးကို မလေးမခန့် မလုပ် ပါနဲ့လို့ တားမြစ် ခံရသေးတယ်။ စဉ်းစားကြည့်လေ။ နွေစပါးစိုက်လို့ မအောင်မြင်တာကို၊ အကြောင်းပြပြီး ကျနော့်ကို အမှုလုပ် တရားရုံး တင်တယ်၊ သူတို့ S.B. (Police Special Branch of Investigation - ရဲအထူး စုံစမ်းစစ်ဆေးရေး အဖွဲ့) က၊ တရားလိုပြ သက်သေ ခေါ်ထားတဲ့ သူတွေ ကိုယ်တိုင်က နွေစပါး တစေ့မှ မထွက် ဘူးလို့၊ ထွက်ဆိုကြတော့၊ ကျနော်က မရယ်ပဲ ဘယ်နေနိုင်မလဲ။
ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့။ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ပေါ့နော်။ အားလုံး သိထားတာကတော့၊ သူဟာ သွေးလှူဒါန်းခြင်း ကိစ္စကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် လူငယ်တွေနဲ့ အတူ၊ ပထမ ရန်ကုန်မြို့မှာ လုပ်နေတုန်းကတော့၊ ဘာမှ ပြဿနာပေါ်သံ မကြားမိဘူး။ သို့သော် သူဟာ သူ့မိခင်ရဲ့ ဇာတိဖြစ်တဲ့ မြိတ် ဘက်ကိုပါ သွားပြီး၊ ဒီ သွေးလှူဒါန်းခြင်း ကိစ္စကို လုပ်တဲ့ အခါမှာတော့၊ ရန်ကုန်ကို ပြန်လာတဲ့ အခါမှာ၊ သူဟာ ဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က၊ ကိုယ်တိုင်လည်း အင်တာနက် ကဖေးဆိုင် ဖွင့်ထား တယ်၊ အဲဒီတော့ သူသည် အီလက်ထရောနစ် ဥပဒေ ပုဒ်မ ၃၃ (က) နဲ့ ငြိနေတယ် ဆိုရင်၊ လွန်ခဲ့သော ဒီဆိုင် ဖွင့်ကတည်းက၊ သူ့ကို စောင့်ကြည့်ပြီး ဖမ်းဆီးတာ လုပ်လို့လည်း ရတယ်၊ ခုလိုမျိုး ထောင်ချတာလည်း လုပ်လို့လည်း ရတယ်။ သို့သော်၊ အဲဒီတုန်းက မလုပ်ပဲနဲ့၊ ခုမှ လုပ်တာကို၊ ဦးဝင်းထိန်ကော၊ အဲဒီကိစ္စကို ဘယ်လို များ သိရှိထားပါသလဲ ခင်ဗျ။
ဦးဝင်းထိန် ။ ။ ဗိုလ်ကြီး နေမျိုးဇင်နဲ့ ကျနော်နဲ့က၊ ကျနော် ဒီတခေါက် (၂၀၁၀ ဇူလိုင် ၁၅ ရက်) ထောင်က လွတ်ပြီးတော့၊ ကိုဇာဂနာရဲ့ ဖခင်ကြီး (ကွယ်လွန်သူ) ဦးနန်းညွန့်ဆွေရဲ့ ရက်လည် ဆွမ်းကျွေးမှာ၊ တွေ့တာ။ သူက စပြီး မိတ်ဆက်တယ်။ သူဟာ တပ်က ထွက်ခဲ့တဲ့ သူပါ၊ နိုင်ငံရေး ကိစ္စတွေ လုပ်ဖို့၊ ၀ါဿနာ ပါ ပါတယ်၊ ကျနော့် နံမည်လည်း သူ ကြားဖူး နေတာကြောင့်၊ ကျနော်နဲ့ ဆက်နွယ်ပြီး၊ နိုင်ငံရေး ကိစ္စတွေမှာ ပါဝင် ချင်ပါတယ်လို့၊ သူ့ကိုယ်သူ offer လုပ်တယ်၊ volunteer လုပ်တာပေါ့။ အဲဒီတော့ ကျနော်ကလည်း၊ မှတ်ထား ပြီးတော့၊ ဒါဆိုရင် ခေါ်ပါမယ်၊ လုပ်စရာရှိရင် ပြောပါမယ်လို့ သူ့ကို ပြောထားတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီး တဲ့နောက်၊ လှုပ်ရှားမှုတွေ စတင်တဲ့ အခါမှာ၊ ကျနော်ကလည်း အတွင်းရေးမှူးရုံး အဖွဲ့မှာ တာဝန် ပြန်ယူတယ်၊ လူငယ်တွေကလည်း သူ့နေရာနဲ့သူ တာဝန်တွေ ယူကြတဲ့ အခါမှာ၊ သူကလည်း ရုံးကို ရောက်လာ ပြီးတော့၊ ဘာလုပ်ပေးရမလဲ ခိုင်းချင်တာ ခိုင်းပါ၊ ဆိုပြီး ပြောတဲ့ အခါကျတော့၊ ရုတ်တရက် ဆိုတော့ သူနဲ့ ကျနော်နဲ့က သိပ်လည်း မသိသေးဘူး၊ နောက်တခုက ကိုယ့်ရဲ့နေရာ အနေအထား ကလည်း ကောင်းကောင်း မရေရာသေးတော့၊ သူ့ကို “ကောင်းပြီ၊ ဒါဆိုရင် သွေးလှူတဲ့ အဖွဲ့မှာ၊ ၀င်လုပ်လိုက်ပါ၊ လုပ်အားပေးလိုက်ပါ” လို့၊ ကျနော်က ပြောတော့၊ သူဟာ သွေးလှူတဲ့ အဖွဲ့မှာ၊ တက်တက်ကြွကြွ ၀င်ပြီး လုပ်နေတာ တွေ့ရတယ်။ သွေးလှူဒါန်းရေး ကိစ္စတွေ အတွက် သူ့မှာ ရှိတဲ့ကားနဲ့ ဟိုပို့ ဒီပို့တာတွေ၊ သူ လုပ်ပေးတယ်။ ဒါတွေကို ကျနော်လည်း သိနေတယ်။ ဒါပေမဲ့၊ ဖြစ်လာတာက၊ သူဟာ NLDရုံးကို အရောက်အပေါက် များလာတယ်၊ သွေးလှူတဲ့ အဖွဲ့နဲ့ သွားလာ လှုပ်ရှားမှုတွေ ရှိတယ်။ ဒါဟာ အင်မတန် ကောင်းတဲ့အလုပ်။ အားလုံးက လက်ခံတယ်။ နောက်ပြီးတော့၊ သွေးလှူဒါန်းရေး လှုပ်ရှားမှု စတုန်းက၊ အာဏာပိုင်တွေရဲ့ အမျိုးမျိုး စောင့်ကြည့်တာတွေကို ခံရတာတောင်မှ၊ သူက ရဲရဲရင့်ရင့်နဲ့ သတ္တိရှိရှိ ၀င်ပြီး လုပ်ကိုင် ပေးတယ်။ အဲဒီလို လုပ်နေရင်းနဲ့၊ တချိန်မှာ ဘာဖြစ်လာသလဲ ဆိုတော့၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သွားလာ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး၊ လုံခြုံရေး လိုက်တဲ့ ကားကပျက်လို့ အစားထိုးဖို့ လုပ်တဲ့အခါမှာ သူက သူ့ကားကို အသုံးပြုခွင့် ပေးတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် သွားတဲ့ နေရာတိုင်းမှာ၊ လူငယ်တွေက သူ့ကားကို စီးကြတယ်။ အဲဒီမှာ ကျနော် သိလိုက်ပြီ။ သူ ဟာ အာဏာပိုင်တွေရဲ့ ရေဒါ (radar) အောက်တော့ ရောက်သွားပြီ ဆိုတာ သေချာပေါက် ကျနော် တွက်လို့ ရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့က ခံရပေါင်း များနေတော့၊ (ဒေါ်အောင်ဆန်းစုကြည် အနားကို) ဘယ်လို အနေအထားမှာ မဆို နီးကပ်လာတဲ့ ဘယ်သူကို မဆို၊ (အာဏာပိုင်တွေက) ဘယ်သူလဲ ဘယ်ဝါလဲ၊ သိချင်ကြတယ်။ အဲဒီလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး ယာဉ်တန်းမှာ သုံးလေးခေါက်လောက် ပါလိုက်ပြီ ဆိုတာနဲ့၊ မကြာခင်မှာ သူ့ကို ဆွဲတော့တာပဲ။ အဲဒီတော့ ဆွဲတဲ့ကိစ္စဟာ၊ သူ မြိတ်ဘက် သွားခဲ့ တာနဲ့လည်း မဆိုင်ဘူး၊ အင်တာနက် ကဖေးဆိုင် ထောင်ထားတာနဲ့လည်း မဆိုင်ဘူး၊ ဒေါ်အောင်ဆန်းစုကြည် အနားကို တဖြည်းဖြည်းနဲ့ အနီးကပ် ရောက်လာတဲ့ သူဟာ ဘယ်သူလဲဆိုတာ၊ ကြည့်လိုက်တော့၊ စစ်ဗိုလ်ဟောင်းလည်း ဆိုရော၊ သူတို့ (အာဏာပိုင်တွေ) ခေါင်းမွေးတွေ ဘာတွေ ထောင်သွားပြီး၊ ဒီကောင် ဘာကောင်လဲ ဆိုတာ သိဖို့ အတွက်၊ သူ့ကို ဆွဲတယ်။ ဆွဲတဲ့ အခါမှာ၊ သူဟာ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ဘာမှ ထဲထဲဝင်ဝင် မရှိဘူး၊ ပတ် သက်နေတာ မရှိဘူး ဆိုတာကို၊ သိသွားကြတယ်။ သို့သော် သူဟာ အင်တာနက် ကဖေးဆိုင် ဖွင့်ထားတဲ့ အတွက်၊ သူ့ laptop တို့ ဘာတို့ကို ကြည့်စမ်း ဆိုပြီး၊ စစ်လိုက်တော့၊ ထုံးစံ အတိုင်းပေါ့၊ laptop သုံးတယ်၊ အင်တာနက် သုံးတယ် ဆိုတော့၊ နိုင်ငံခြားနဲ့ ဆက်သွယ်မှုတွေ ရှိမှာပေါ့၊ အဲဒါတွေနဲ့ ငြိပြီး ခုလို ထောင်ချခံရတာ။ ဆိုလိုတာက၊ mentality (စိတ်ပိုင်းဆိုင်ရာ တွေးဆမှု) ပေါ့။ အခု ဒေါ်အောင်ဆန်းစုကြည်က (အစိုးရနဲ့) ပြေလည်ရာ ပြေလည်ကြောင်း ကြိုးစားတာက၊ တပိုင်းပေါ့။ အဲဒီအချိန်အထိ ဒေါ်အောင်ဆန်းစုကြည် အနားကို ရောက်လာတဲ့ သူတွေကို၊ ဘယ်သူတွေလဲ၊ ဒီကောင် ဘာနဲ့ငြိနိုင်မလဲ ဆိုတာကို ကြည့်တယ်၊ ပြီးတာနဲ့ ငြိတဲ့ ဟာနဲ့ ဆွဲလိုက်၊ ဆိုပြီးတော့ လုပ်တဲ့ mentality စိတ်အယူအဆ ပေါ့။ အဲဒီ စိတ်အယူအဆနဲ့၊ ကိုနေမျိုးဇင် အဆွဲခံရတာ။ ။
ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ အဲဒါမျိုး ဖြစ်တယ်ဆိုရင်၊ ကျနော်တို့က ဘာထပ်ပြီး မြင်ကြည့်လို့ ရသလဲ ဆိုတော့၊ ဦးဝင်းထိန် တုန်းက ၁၉၇၆ ခုနှစ်မှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး တင်ဦး (ယခု NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး) အတင်းအကြပ် အနားပေး ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့၊ တပ်မတော်ထဲက လူငယ်အရာ ရှိတွေ မခံမရပ်နိုင် ဖြစ်ကြရတဲ့ ကိစ္စ (ဗိုလ်ကြီးအုန်းကျော်မြင့်၏ နိုင်ငံတော် လုပ်ကြံမှု)မှာ၊ ဦးဝင်းထိန်ဟာ ကိုယ် ထိလက်ရောက် ပါဝင်ခဲ့တာ မဟုတ်ပေမဲ့လည်း၊ (ဗိုလ်ကြီးအုန်းကျော်မြင့်က) လာရောက် အသိပေး ထားတာကို ခံရတဲ့အတွက်၊ အဲဒါနဲ့ပဲ အရေးယူ ခံခဲ့ရတယ်။ တခါ ၁၉၈၈ ရှစ်လေးလုံး လူထု အုံကြွမှုကြီး ပြီးသွားတဲ့ အခါမှာ၊ NLD မှာ ဦးဝင်းထိန် ပါဝင်လာတယ်၊ တခါ ခုနပြောကြ သလိုပဲ၊ ဦးဝင်းထိန်ဟာ ဒေါ်အောင်ဆန်းစုကြည် အနား ကို ရောက်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည် စိတ်ချ အားကိုးစွာနဲ့ တာဝန်တွေ ပေးအပ်တာကို လည်း ခံခဲ့ရတယ်။ အဲဒါ ကိုလည်း သူတို့(အာဏာပိုင်တွေ) မကြိုက်ကြတဲ့ အခါမှာ နောက်ထပ်“၀င်းထိန်”မျိုးတွေ တပ်ထဲမှာ မပေါ်ထွက် လာရအောင် ဆိုတဲ့ နမူနာ သဘောမျိုးနဲ့ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ကို ပထမ တခေါက် မှာ ထောင်ဒဏ် (၆)နှစ် ချရာကနေ၊ ဒုတိယ တခေါက်မှာ ထောင်ဒဏ် (၁၄) နှစ် ချတယ်၊ တခါ (၁၄)နှစ် ပြည့် သွားတာတောင်မှ၊ နောက်နှစ်လ ထပ်ထည့် ထားသေးတယ်၊ စတဲ့ အဲဒါမျိုးတွေ ဦးဝင်းထိန် အပေါ် လုပ်ခဲ့တယ် လို့ သုံးသပ် ကြသူတွေလည်း ရှိနေပါတယ်။ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်က စစ်တက္ကသိုလ် ဗိုလ်လောင်းသင် တန်း အမှတ်စဉ် (၅) က၊ ဖြစ်ပါတယ်။ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၃၉) က၊ ဖြစ်ပါတယ်။ အဲဒီတော့ နောက်မျိုးဆက် ထဲမှာလည်း၊ နောက်ထပ် “နေမျိုးဇင်”တွေ တပ် ထဲက ထပ်ပြီး ပေါ်ထွက် မလာစေရ၊ ဆိုတဲ့ နမူနာနဲ့ လုပ်တဲ့သဘောမျိုး ရှိနေပါသလား ခင်ဗျ။၊ ဦးဝင်းထိန်တုန်း က ခံခဲ့ရတာနဲ့၊ အခု ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့ ဖြစ်စဉ်အပေါ်မှာ သုံးသပ်ပေးပါ ခင်ဗျ။
ဦးဝင်းထိန် ။ ။ သူတို့(အာဏာပိုင်တွေ) ရဲ့ ရည်ရွယ်ချက်တွေကတော့၊ အမျိုးမျိုး ရှိတာပေါ့။ ခုန ကျနော် ပြောသလို၊ ဗိုလ်ကြီး နေမျိုးဇင်က ဒေါ်အောင်ဆန်းစုကြည်နားကို တဖြည်းဖြည်း ရောက်လာတော့၊ ဘယ်ကနေ အစ ထွက်သလဲ ဆိုတာကို ဆွဲကြည့်တယ်၊ အစထွက်တာနဲ့၊ “ဒီကောင့်ကို ထောင်ချကွ” ဆိုတဲ့၊ (အာဏာပိုင်တွေရဲ့) စိတ်နေ သဘောထား တွေကြောင့်၊ သူ ခံသွားရတာပဲ။ ဒါက တချက်ပေါ့။ နောက်တချက် က၊ ခင်ဗျား ခုနပြောသလိုပဲ။ ကျနော်တို့ ကိုနေမျိုးဇင်တို့ဟာ တပ်မတော်သားတွေ ဖြစ်ခဲ့ပေမဲ့၊ တပ်မတော်က လုပ်ကိုင် နေတာတွေကို ဘာလို့ ဆန့်ကျင် နေကြရတာလဲ၊ ဆိုတဲ့ အယူအဆ၊ သူတို့မှာ ရှိတယ်။ ခက်တာက၊ သူတို့က ကျနော်တို့ကို နားမလည်တာ။ ကျနော်တို့က တပ်မတော်ကိုလည်း မမုန်းဘူး၊ တပ်မတော်သား တွေကိုလည်း မမုန်းဘူး။ ဒီတပ်မတော်ကို အင်မတန်မှ အဆင့်အတန်း မြင့်မြင့်နဲ့၊ နိုင်ငံတကာမှာ ရင်ဘောင် တန်းနိုင်တဲ့ တပ်မတော် ဖြစ်စေချင်တယ်။ ကြည်း-ရေ-လေ၊ အားလုံးပေါ့။ အထူးသဖြင့် စိတ်ဓါတ် အနေအထား အဆင့်အ တန်းမြင့်စေချင်တယ်။ တိုင်းသူပြည်သား ပြည်သူ လူထုကို ရင်ဝယ်သားကဲ့သို့ သဘောထားနိုင်တဲ့ တပ်မတော် သားတွေ ပါဝင်တဲ့ တပ်မတော် ဖြစ်စေချင်တယ်။ အဲဒီလိုတွေ ဖြစ်စေချင်တဲ့ အတွက်ကြောင့်၊ ကျနော် NLD မှာ၊ ၀င်လုပ်နေတာ။ ဒါကို ကျနော်တို့က တပ်မတော်ကို မုန်းတီးလို့ ဆိုတာမျိုး လုံးဝ မဟုတ်ဘူး။ တပ်မတော်ကို ဆန့်ကျင်နေတယ် ဆိုတာ၊ လုံးဝ မဟုတ်ဘူး။ ကျနော်တို့က စနစ်ကိုပဲ ဆန့်ကျင်နေတာ။ သူတို့က ဘယ်လိုပဲ ယူဆယူဆ၊ ကျနော်ကတော့ ကျနော် ကျရာတာဝန်ကနေ ဆက်ပြီး ထမ်းဆောင် သွားဖို့ရာကို၊ စိတ်ပိုင်းဖြတ်ထား ပါတယ်။
ဦးရော်နီညိမ်း ။ ။ နှစ်ရှည်နိုင်ငံရေးအကျဉ်းသားဟောင်း ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ကို၊ ဆက်သွယ် မေးမြန်း တင်ပြ ခဲ့တာပါ ခင်ဗျာ။ “ဗိုလ်ကြီးဟောင်း နေမျိုးဇင် နမူနာ နှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေး မျှော်လင့်ချက် - အပိုင်း (၂)” ကို၊ နောက် သီတင်းပတ် စနေနေ့ မနက်ခင်းနဲ့ ညနေခင်းတွေမှာ၊ ဆက်ပြီး တင် ဆက်ပေးသွားပါမယ်။ စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။
Ref: VOA News
ဒေါ်စု အင်တာဗျူးနှင့် ဆောင်းပါး ပုံနှိပ် ဖော်ပြခွင့်ရ
မသိင်္ဂီထိုက်
တနင်္ဂနွေ, 04 စက်တင်ဘာ 2011
ပြည်တွင်းထုတ် ဂျာနယ်ဖြစ်တဲ့ မက်ဆင်ဂျာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့ မြန်မာလူငယ်တွေ အပေါ် အမြင် သဘောထားကို အင်တာဗျူး ဖော်ပြထားပါတယ်။ ဒါ့အပြင် အရင် သီတင်း ၂ ပတ်ကျော်က ဆိုင်းငံ့ခံထားခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် ရေးသားတဲ့ ပုဂံ ခရီးသွား ဆောင်းပါးကိုလည်း ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြခွင့် ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒါဟာ ပြည်တွင်းထုတ် ဂျာနယ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်တာဗျူးနဲ့ ဆောင်းပါးကို ပထမဆုံး အကြိမ်အဖြစ် ဖော်ပြခွင့် ရတာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က စုံစမ်းမေးမြန်းပြီး တင်ပြပေးထားပါတယ်။
အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်တဲ့ မက်ဆင်ဂျာ ဂျာနယ်မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူငယ်တွေ အပေါ် အမြင် သဘောထားကို တွေ့ဆုံမေးမြန်းခန်းအဖြစ် စာပေ စိစစ်ရေးက ဖော်ပြခွင့် ပေးလိုက်ပါတယ်။ မက်ဆင်ဂျာ ဂျာနယ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ မေးမြန်းခန်းကို ပထမဆုံး ဖော်ပြခွင့်ရတဲ့ ပြည်တွင်းထုတ် ဂျာနယ်လည်း ဖြစ်ပါတယ်။ ဒီအင်တာဗျူးကို ဖော်ပြခွင့်ရဖို့ စာပေ စိစစ်ရေးက ဆင်ဆာ ဖြတ်တောက်မှု ရှိမရှိ၊ ထုတ်ဝေခွင့်ပြုဖို့ အချိန်ဘယ်လောက် ယူခဲ့တယ် ဆိုတာကိုတော့ ဂျာနယ် တာဝန်ခံတွေက ထုတ်ဖော် မပြောပါဘူး။ ဂျာနယ် တာဝန်ခံ အယ်ဒီတာ တဦးကတော့ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ မေးမြန်းခန်းနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။
“ဟုတ်ပါတယ်၊ ကျနော်တို့ ဒီနေ့ ဖော်ပြထားပါတယ်။ ၅ ရက်နေ့ထုတ် မက်ဆင်ဂျာ ဂျာနယ်မှာပေါ့။ အဓိကတော့ ဒီနေ့ခေတ် လူငယ်တွေပေါ့၊ အဲဒီလူငယ်တွေ အပေါ် အန်တီ့အနေနဲ့ အကျယ်ချုပ်က လွတ်လာပြီး နောက်ပိုင်း ဘယ်လို မြင်သလဲပေါ့၊ အဓိကတော့ လူငယ် အကြောင်းပေါ့။ ဆင်ဆာတင်တာတော့ အင်တာဗျူးခဲ့ ကတည်းက တင်ခဲ့တာပေါ့၊ ဒီအပိုင်းတွေတော့ ကျနော် ဖြေတာထက် စာပေ စိစစ်ကို မေးရင် ပိုကောင်းလိမ့်မယ် ထင်ပါတယ်။ အင်တာဗျူး ခေါင်းစဉ်က ယနေ့ခေတ် လူငယ်တွေအပေါ် ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုမြင်သလဲပေါ့၊ အဲဒီလို ပေးထားပါတယ်။”
မက်ဆင်ဂျာ ဂျာနယ်ဟာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးရဲ့ သားဖြစ်သူ ဦးဇော်မင်းအေး ထုတ်ဝေနေတဲ့ သတင်း ဂျာနယ် တစောင် ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြခွင့် တင်ပြထားတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါးကို စာပေစိစစ်ရေးက ဒီတပတ်ထုတ် ဂျာနယ်မှာ ထုတ်ဝေခွင့် ပေးလိုက်ပါတယ်။ ဆောင်းပါးကို ဆင်ဆာ တည်းဖြတ်တာ မရှိဘူးလို့လည်း ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာချုပ် ဦးဖေမြင့်က အခုလို ပြောပါတယ်။
“ဟုတ်ပါတယ်ခင်ဗျ၊ မဖြတ်ပါဘူးခင်ဗျ။ ခပ်စောစောကတော့ အဆင်မပြေလို့ ကျနော်တို့ စောင့်ဆိုင်း နေရတာပေါ့နော်။ အခုတော့ ကျနော်တို့ တင်လိုက်တဲ့ အတိုင်း ရပါတယ်။ ကျနော်တို့ အရင် ၂ ပတ်၊ ၂ ပတ်ကျော်ကျော်လောက် ဖြစ်မှာပေါ့၊ အဲဒီလောက်က တင်တယ်ဗျ။ အဲဒီမှာ နည်းနည်းလေး ခွင့်ပြုလို့ မရတာလေး အဲဒီအချိန် ကတော့ ရှိတယ်ဗျ။ အဲဒါကြောင့် ကျနော်တို့ ဖော်ပြလို့ မရဘူးပေါ့။ အခုတော့ ကြည့်ရတာ အနေအထားလေးတွေ နည်းနည်းပါးပါး ပြောင်းလဲတယ်လို့ ထင်ပါတယ်။ ကျနော်တို့ကို အဲဒါ ပေးတယ်ပေါ့နော်။ ပေးတော့ ကျနော်တို့ လာမယ့်အပတ် ဒီတရက် နှစ်ရက် ထွက်မယ့် ဂျာနယ်မှာ ပါပါလိမ့်မယ်။”
ပြည်သူ့ခေတ် ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဦးဖေမြင့်ကတော့ အခု စာပေစိစစ်ရေးက ထုတ်ဝေ ဖော်ပြခွင့် ပေးလိုက်တာနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။
“စာပေစိစစ်ရေးကတော့ အရင်တုန်းကလည်း ကျနော်တို့ တခါတရံမှာ တင်လိုက်တယ်၊ အခုလို ဆိုင်းငံ့တို့ ဘာတို့ စသဖြင့်ပေါ့ဗျာ လောလောဆယ် မပေးနိုင်သေးတဲ့ ဟာမျိုးတွေ ရှိတယ်ဗျ။ အဲဒါတွေက နည်းနည်းပါးပါး အခြေအနေ အပြောင်းအလဲ ရှိရင်တော့လည်း သူတို့ ပေးတတ် တယ်ဗျ။ သူတို့က တချို့ကိစ္စတွေပေါ့ဗျာ၊ အဲဒီအချိန် အခိုက်အတန့်မှာ သိပ် Sensitive ဖြစ်တဲ့ဟာမျိုးကို မပေးပေမဲ့ အဲဒီအနေအထားက ပြောင်းလဲ သွားရင်တော့လည်း ပြန်တင်လို့ရှိရင် ရတဲ့ဟာမျိုးတော့ ရှိပါတယ်။ အခုလည်း ဒီသဘောမျိုး ထဲမှာ ကြုံရတာပေါ့။”
ပြည်တွင်း စာပေထုတ်ဝေခွင့်ကို ဆင်ဆာတည်းဖြတ်နေတဲ့ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင် ဌာနဟာ နှစ်ပေါင်းများစွာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ သတင်း၊ သတင်းဓာတ်ပုံတွေကို ပြည်တွင်းထုတ် ဂျာနယ်တွေမှာ ဖော်ပြခွင့် ထိန်းချုပ် ကန့်သတ် ထားခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က လွတ်မြောက်လာပြီး နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းနဲ့ သတင်း ဓာတ်ပုံတွေကို ပြည်တွင်းထုတ် ဂျာနယ်တွေက ရေးသား ဖော်ပြခဲ့ကြတာကြောင့် ဂျာနယ်ထုတ်ဝေခွင့်ကို ယာယီ ပိတ်သိမ်းပြီး အရေး ယူတာတွေလည်း ရှိခဲ့ဖူးပါတယ်။
အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမေးမြန်းခန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရေးသားထားတဲ့ ခရီးသွား ဆောင်းပါး တွေကို ပြည်တွင်းထုတ် ဂျာနယ်တွေမှာ ပထမဆုံး အကြိမ်အဖြစ် ဖော်ပြခွင့်ပြုတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီတပတ်ထုတ် ပြည်သူ့ခေတ် ဂျာနယ်မှာ ဗိုလ်ချုပ်အောင်ဆန်း ရေးသားခဲ့တဲ့ နိုင်ငံရေး ဆောင်းပါးနဲ့ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ ဆောင်းပါး တွေကိုလည်း ဖော်ပြခွင့် ပြုထားတာကို တွေ့ရပါတယ်။
Ref: VOA News
ဒေါ်လာ ဝယ်ယူမှု များလာသောကြောင့် ဈေးတက်
Friday, 02 September 2011
အမေရိကန်ဒေါ်လာကို အစိုးရအာဏာပိုင် အသိုင်းအ၀န်းနှင့် စီးပွားရေးသမားများက ပြန်လည် ၀ယ်ယူစုဆောင်း လာသောကြောင့် ဈေးပြန် တက်လာကြောင်း သတင်းရရှိသည်။
စက်မှု ၂ ၀န်ကြီး ဦးစိုးသိန်းအပါအ၀င် အစိုးရ၀န်ကြီးများနှင့် အစိုးရ ထိပ်တန်းခေါင်းဆောင် အသိုင်း အ၀န်းက အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၉၀၀ နှင့် ၁၀၀၀ ကြား ထားရှိ သတ်မှတ် သင့်သည်ဟု မကြာခဏ ပြောဆိုခဲ့ပြီးနောက် အစိုးရ အာဏာပိုင် အသိုင်းအ၀န်းကြား ဒေါ်လာ ၀ယ်ယူစုဆောင်းမှု ထူးထူးခြားခြား ဖြစ်ပေါ် လာကြောင်း၊ ထို့အပြင် အစိုးရ စစ်ဗိုလ်ချုပ်များ၏ ဆွေမျိုးများနှင့် သားသမီးများ၊ ၎င်းတို့နှင့် နီးစပ်သော စီးပွားရေး သမားများက ဈေးကွက်မှ ဒေါ်လာများကို ၀ယ်ယူကြသဖြင့် ဒေါ်လာဈေး ပြန်တက်နေခြင်း ဖြစ်ကြောင်း ရန်ကုန်စီးပွားရေး အသိုင်းအ၀န်းက ဆိုသည်။
“တဒေါ်လာ ၉၀၀ နဲ့ ၁၀၀၀ ကြား သတ်မှတ်လိုက်ရင် အခုအချိန် ဈေးအနိမ့်နဲ့ ဒေါ်လာဝယ်ထားတဲ့သူက အမြတ်ရဖို့ သေချာတယ်။ အစိုးရ ကလည်း အဲဒီလို သတ်မှတ်နိုင်တယ်ဆိုတဲ့ အရိပ်အရောင်တွေ မကြာခဏဆိုသလို ပြောနေတာ တွေကြောင့် ဒေါ်လာ ၀ယ်လိုအား ပြန်တက်တာ” ဟု ရန်ကုန် ဒေါ်လာငွေလဲဒိုင် တဦးက ပြောသည်။
တရုတ်-မြန်မာနယ်စပ် ဒေါ်လာဈေးကွက်တွင်လည်း ဒေါ်လာဝယ်ယူမှု များပြားလျက် ရှိကြောင်း သိရသည်။
ထို့အပြင် စက်မှု ၂ ၀န်ကြီးဌာနက လိုင်စင်မဲ့ Super Custom ကားများအား အမေရိကန် ဒေါ်လာ ၁၃၀၀၀၊ မော်ဒယ်မြင့် အံစာတုံးပုံစံ Hi-Ace တစီးလျှင် ဒေါ်လာ ၂၀၀၀၀ အသီးသီး လိုင်စင် ဝင်ခွင့်ရရန် ဒဏ်ရိုက်မည်ဟု ဆိုကာ စက်တင်ဘာ လဆန်းပိုင်းတွင် ဒဏ်ကြေး အပြီးသွင်းရန် ညွှန်ကြားထားကြောင်း၊ ကားစီးရေ ၈၀၀ နီးပါးအတွက် တပြိုင်နက်တည်း ဒဏ်ရိုက်မည် ဖြစ်ရာ ကျသင့်သော ဒဏ်ကြေး စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၂ သန်းကျော်ရှိနေကြောင်း၊ ၂ ပတ်အတွင်း ဒေါ်လာ ၁၂ သန်း ၀ယ်လိုအား ကြောင့်လည်း ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာဈေး ပြန်တက်လာခြင်း ဖြစ်နိုင်ကြောင်း စီးပွားရေး အသိုင်း အဝန်းတွင် ပြောဆို နေကြသည်။
“ဒဏ်ရိုက်ခံရတဲ့ ကားပိုင်ရှင်တွေက ဒေါ်လာ မဖြစ်မနေ ၀ယ်ရမှာ။ မ၀ယ်ရင်လည်း ကားက လိုင်စင်ဝင်မရ ဖြစ်သွားမယ်။ အဲဒါ ကြောင့်လည်း ဒေါ်လာဈေး တက်လာတာ ဖြစ်မယ်” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်း ရှင်များ အသင်းချုပ် (UMFCCI) မှ ဗဟို အလုပ်အမှုဆောင် တဦးက ဆိုသည်။
အမေရိကန်ဒေါ်လာ ဈေးနှုန်းသည် သြဂုတ်လကုန်ပိုင်းက တဒေါ်လာ ၆၇၆ ကျပ်အထိ ကျဆင်းခဲ့ပြီး စက်တင်ဘာလ ၁ ရက်နေ့တွင် တစ်ဒေါ်လာ ၇၅၀ ကျပ်အထိ ဈေးတက်ကာ ယနေ့ တဒေါ်လာလျှင် ၇၇၀ ကျပ် အထိ ဈေးမြင့်တက်သွားသည်။ ဒေါ်လာဈေး တက်လာသောကြောင့် ပြည်တွင်းရွှေဈေးလည်း တက်လာပြီး အကယ်ဒမီ အခေါက်ရွှေ တကျပ်သားလျှင် ကျပ် ၇ သိန်း ၁ သောင်းကျော် အထိ ဈေးမြင့်ခဲ့သည်။
ရွှေဈေးတက်မှုကြောင့် ရွှေဆိုင်များနှင့် အခေါက်ရွှေဈေးကွက်တွင် ရွှေဝယ်ယူသူ မရှိသလောက် နည်းပါး သွားပြီး ပြန်လည် ရောင်းချ သူများသာ များပြားနေသည်ဟု သိရှိရသည်။
“တက်ဈေးမှာ ရောင်းတဲ့သူတွေချည်းပဲ။ ၀ယ်သူက မ၀ယ်နိုင်ဘူး။ ဈေးမြင့်လွန်းတော့ မ၀ယ်နိုင်ကြတာ။ ဒေါ်လာဈေး တက်လေ ရွှေဈေး တက်လေ ဖြစ်မှာမို့ ရှေ့လျှောက် ရွှေဈေးက အတက်ချည်းပဲ ဖြစ်နေမယ်” ဟု မန္တလေး ရွှေသန့်စင်ရေး လုပ်ငန်းပိုင်ရှင် တဦးက ဆိုသည်။
သမ္မတဦးသိန်းစိန် အစိုးရသည် နိုင်ငံခြားငွေလဲနှုန်း ပြင်ဆင်သတ်မှတ်ရန် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံ ငွေအဖွဲ့ (IMF) နှင့် ညှိနှိုင်း ဆောင်ရွက် နေသည်ဟု ဆိုထားပြီး လာမည့် အောက်တိုဘာလအတွင်း IMF မှ ပညာရှင်များ မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း သိရသည်။
Ref: ဧရာဝတီ
ဘဏ်တိုးနှုန်းများ လျှော့ချ
ရန်ပိုင်
Friday, 02 September 2011
အစိုးရက သတ်မှတ်ထားသည့် ဘဏ်တိုးနှုန်းများကို ၂ ရာခိုင်နှုန်းစီ လျှော့ချကြောင်း ယနေ့ ဗဟိုဘဏ်မှ တဆင့် တရားဝင် အမိန့် ထုတ်ပြန် လိုက်သည်။
ဘဏ်တိုးနှုန်းများကို စုဆောင်းငွေ အတွက် တနှစ်လျှင် ၁၂ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့လည်းကောင်း၊ ချေးငွေ အတွက် ၁၇ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း သို့လည်းကောင်း ၂ ရာခိုင်နှုန်းစီ အသီးသီး လျှော့ချ သတ်မှတ် လိုက်ခြင်းဖြစ်ကြောင်း၊ ပုဂ္ဂလိကဘဏ်၊ အစိုးရဘဏ် အားလုံး အကျုံးဝင်ပြီး စက်တင်ဘာ ၁ ရက်မှစတင် သတ်မှတ်ကြောင်း ပုဂ္ဂလိကဘဏ် အသိုင်းအ၀န်းမှ သိရသည်။
ဘဏ်တိုးနှုန်းများ လျှော့ချလိုက်ခြင်းသည် စီးပွားရေး လုပ်ငန်းရှင်များ လတ်တလော အရှုံးပေါ်နေခြင်းမှ သက်သာစေရေး၊ ကျဆင်း နှေးကွေး နေသည့် တိုင်းပြည် စီးပွားရေး ဦးမော့လာစေရေး၊ ဘဏ်များတွင် ရောက်ရှိနေသည့် ငွေများ ဈေးကွက် အတွင်းသို့ ပြန်လည် ရောက်ရှိစေရေး လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဘဏ်လုပ်ငန်းရှင် တဦးက ဆိုသည်။
“စီးပွားရေး သွက်လာအောင် လုပ်တာပါ။ အိမ်ပေါင်၊ ခြံပေါင်သမားတွေ နဲနဲတော့ သက်သာသွားတာပေါ့” ဟု ၎င်းက ဆိုသည်။
ယခုအခါ မြန်မာနိုင်ငံတွင် အိမ်နှင့်ခြံမြေ စသည်တို့ကို ဘဏ်များတွင် ပေါင်နှံကာ အလုပ်လုပ်ကိုင်သူ ပိုမို များပြား လာသော်လည်း အရောင်း အ၀ယ်များမှာ တနိုင်ငံလုံး အတိုင်းအတာနှင့် ကျဆင်းလာသည့်အတွက် အိမ်ခြံမြေ ပေါင်နှံ ထားသူများအနေဖြင့် အတိုးပုံမှန် မပေးနိုင်ခြင်း၊ ပြန်လည်ရွေးယူနိုင်မှု မရှိခြင်း ပိုမို များပြားလာသည်ဟုလည်း အဆိုပါ ဘဏ်လုပ်ငန်းရှင်က ပြောသည်။
ငါးလုပ်ငန်း အဖွဲ့ချုပ်မှ စီးပွားရေး လုပ်ငန်းရှင် ဦးလှမောင်ရွှေကလည်း ဘဏ်တိုးနှုန်းများ လျှော့ချခြင်းသည် လုပ်သင့် လုပ်ထိုက်သည့် လုပ်ရပ်တခု ဖြစ်ကြောင်း၊ ယခုထက်ပိုမိုပြီး ဘဏ်အတိုးနှုန်းများ လျှော့ချနိုင်လျှင် ငါးပုစွန် ရေထွက် ပစ္စည်းလုပ်ငန်း ပြည်ပ တင်ပို့မှုတွင် တခြားသောနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်မည်ဟု ထင်မြင်ကြောင်း ပြောသည်။
ယခုကဲ့သို့ ဘဏ်တိုးနှုန်းများ လျော့နည်းသွားသောကြောင့် ဘဏ်တွင်ငွေအပ်နှံသူ များအနေဖြင့် အတိုးနှုန်း ရရှိမှု နည်းပါးသွား မည်ဖြစ်ကာ ဘဏ်တွင် အပ်နှံမှု လျော့ကျ သွားမည်ဖြစ်သည်။ ထိုကြောင့် အမေရိကန် ဒေါ်လာနှင့် ရွှေကို ပိုမို ၀ယ်ယူမှု များပြား လာနိုင်မည်ဖြစ်ပြီး ကျဆင်းနေသည့် အမေရိကန် ဒေါ်လာဈေးမှာလည်း ပိုမို မြင့်တက် လာမည် ဖြစ်သည်။
အမေရိကန်ဒေါ်လာ ဈေးနှုန်းသည် သြဂုတ်လကုန်ပိုင်းက တဒေါ်လာ ၆၇၆ ကျပ်အထိ ကျဆင်းခဲ့သော်လည်း ယမန်နေ့က တဒေါ်လာ ၇၅၀ ကျပ်အထိ တက်ခဲ့ပြီး ယနေ့တွင် တဒေါ်လာ ၇၇၀ ကျပ်အထိ ဈေးမြင့် တက်ခဲ့သည်။ ယနေ့ အကယ်ဒမီ အခေါက်ရွှေ တကျပ်သား ဈေးမှာလည်း ကျပ် ၇ သိန်း ၁ သောင်း ကျော်သွားခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းက နေပြည်တော်တွင် ကျင်းပနေသည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ၂ ရပ် စလုံးတွင် ငွေကြေး လဲလှယ်နှုန်း ကျဆင်းနေသည့် အတွက် ပို့ကုန်များ ကျဆင်းကာ တိုင်းပြည် စီးပွားရေး ထိခိုက်နေကြောင်း၊ ထို့ကြောင့် ငွေလဲနှုန်းကို ပြင်ဆင် သတ်မှတ်ရန်လိုအပ်လာ သဖြင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) အကူအညီ လိုအပ်ကြောင်း ပြောဆို ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
IMF အဖွဲ့မှ ငွေကြေးဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ လာမည့် အောက်တိုဘာလတွင် မြန်မာနိုင်ငံသို့ လာရောက် မည်ဟု သိရသည်။
အတည်မပြုနိုင်သေးသော သတင်းများအရ မြန်မာနိုင်ငံ ဗဟိုဘဏ်ကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန လက်အောက်တွင် ထားရှိတော့မည် မဟုတ်ဘဲ သီးခြားလွတ်လပ်သော ဗဟိုဘဏ် အဖြစ် ထားရှိရန် ပြုပြင်ဆောင်ရွက်မှုများ စတင်နေပြီဟု သိရသည်။
အစိုးရသစ်သည် ကျဆင်းနေသည့် မြန်မာ့စီးပွားရေးလုပ်ငန်းများ ပြန်လည်မြှင့်တင်ရန်အတွက် ပြီးခဲ့သည့် လအတွင်းက ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ရော်ဘာ၊ ရေချိုရေငန်ထွက် ပစ္စည်းများ၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများ ပြည်ပ တင်ပို့မှုအပေါ် ၆ လ ကုန်သွယ်ခွန် စည်းကြပ်ခြင်း မပြုတော့ဟု အမိန့် ထုတ်ပြန်ခဲ့သေးသည်။
Ref: ဧရာဝတီ
ဒေါ်အောင်ဆန်းစုကြည် မျက်နှာဖုံးနဲ့ ပြည်သူ့ခေတ်ဂျာနယ် စာပေစိစစ်ရေး ခွင့်ပြု
2011-09-04
လာမယ့် အင်္ဂါနေ့မှာ ထုတ်ဝေမယ့် “ပြည်သူခေတ်” အပတ်စဉ်ထုတ် ဂျာနယ်မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ရေးသားတဲ့ ဆောင်းပါးနဲ့အတူ ဒေါ်အောင်ဆန်းစုကြည် မျက်နှာဖုံးပြည့် ဓာတ်ပုံကိုပါ ဂျာနယ်မျက်နှာဖုံး အဖြစ် မြန်မာ အစိုးရ စာပေ စိစစ်ရေးအဖွဲ့က ခွင့်ပြု လိုက်တယ်လို့ သိရပါတယ်။
ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာချုပ် ဆရာဖေမြင့်ကို ဒီအကြောင်းနဲ့ ပတ်သက်လို့ ဆက်သွယ် မေးမြန်းရာမှာ အရင်က ခွင့်ပြုချက် မရတဲ့ ဆောင်းပါး အသုံးပြုခွင့်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။
“ကျနော်တို့က အင်တာဗျူးတွေ သွားပြီး လုပ်တာရှိတယ်လေ။ လုပ်ရင်းနဲ့ စကားစပ်မိတာပေါ့ဗျာ။ အင်္ဂါနေ့မှာ ထွက်မှာပါ။ အခုမှ တင်ပြတော့ ခွင့်ပြုချက်ရတော့ အခုမှ ရိုက်ဖို့ စီစဉ်တာပေါ့ဗျာ။ ဟုတ်ကဲ့ ပထမဆုံးပေါ့ဗျာ။ အရင်အခါ မရတဲ့ဟာ အခုရလာတယ်လို့ပဲ ပြောရမှာပေါ့”
ပြီးခဲ့တဲ့လက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂံဘုရားဖူး ခရီးသွားဆောင်းပါး တပုဒ်ကို ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြဖို့ စာပေ စိစစ်ရေးကနေ ခွင့်ပြုချက် တောင်းခံခဲ့ရာ ပထမ အကြိမ်မှာ ခွင့်ပြုချက် မရခဲ့ပါဘူး။ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီး နောက်ပိုင်းမှာ ပြည်သူ့ခေတ် ဂျာနယ်ကနေ အခုလို ပထမဆုံး အကြိမ် ဖော်ပြခွှင့် ရတာလို့လည်း ဦးဖေမြင့်က ပြောပါတယ်။ အခုလို ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဆောင်းပါးကို ဖော်ပြခွှင့် ပြုတဲ့အတွက် ဝမ်းသာပြီး အရင်က အသုံးပြုခွှင့် မရတဲ့ ဆက်သွယ် မေးမြန်းခန်းနဲ့ ပတ်သက်လို့လည်း ဂျာနယ်မှာ ထုတ်ဝေခွင့် ရအောင် တင်ပြသွားလိုကြောင်း ဆရာဖေမြင့်က ပြောပါတယ်။
“ကျနော်တို့ကတော့ ဝမ်းသာတာပေါ့ဗျာ။ ကျနော်တို့က ဖော်ပြချင်တာပေါ့၊ စောစောတည်းက ကျနော်တို့ အင်တာဗျူးတွေ လုပ်နေတာ နှစ်ကြိမ်ရှိတယ်။ ဖော်ပြခွှင့် မရခဲ့သေးဘူး။ ဆောင်းပါးကျတော့ ပထမပိုင်းက ရမလိုလိုနဲ့ နည်းနည်း အဆင် မပြေတာလေး ရှိတယ်။ အခုတော့ ရသွားတယ် ဆိုတော့ ကျနော်တို့ တော်တော် ဝမ်းသာပါတယ်။ အခု တခြား အင်တာဗျူးတို့ ဘာတို့ကိုလည်း ခွင့်ပြုမယ်လို့ ထင်ရတာပေါ့နော်။ ထင်ရတော့ ကျနော်တို့ထပ်ပြီး အရင်ရှိထားတဲ့ အင်တာဗျူး နှစ်ခုကိုလည်း ပြန်တင်ဖို့ စဉ်းစားနေတယ်။ ပြောင်းလဲတဲ့ အပိုင်းတွေကတော့ ပြောင်းလဲနေပါတယ် ပြောင်းလဲ နေတာတွေရှိပါတယ်။ အရင်တုန်းက မရတဲ့ အစိတ် အပိုင်းတွေ ရလာနေတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် အခုလည်းပဲ ကျနော်တို့က ကြိုပြီးတော့ တင်ရတဲ့အထဲမှာ ပါနေ သေးတာပေါ့။ စိစစ်ရေး မှာတော့ တင်စရာ မလိုဘဲ ထုတ်လို့ရတာနဲ့ တင်ပြပြီးမှ ထုတ်လို့ရတဲ့ အစိတ် အပိုင်းတွေကတော့ ရှိပါသေးတယ်”
ပြည်သူ့ခေတ်ဂျာနယ်လိုပဲ ပြည်တွင်းထုတ် သတင်းဂျာနယ်တခု ဖြစ်တဲ့ ဒီကနေ့ထုတ် “မက်ဆင်ဂျာ” သတင်း ဂျာနယ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်တာဗျူး သတင်းနဲ့ အတူ ဓာတ်ပုံကို ပထမဆုံး အကြိမ် ဖော်ပြခွင့် ရရှိခဲ့တယ်လို့ သိရပါတယ်။
Ref: RFA News
နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ရွှေတိဂုံဘုရားမှာ စုပေါင်းဆုတောင်း
2011-09-04
ဒီကနေ့ စက်တင်ဘာလ ၄ ရက်၊ တနင်္ဂနွေနေ့လည် ၁ နာရီမှာ ရွှေတိဂုံဘုရား ရင်ပြင်တော်မှာ မြန်မာပြည် ငြိမ်းချမ်းရေး၊ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးအတွက် ရည်ရွယ်ပြီး မေတ္တာပို့ ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
ဒီဆုတောင်းပွဲကို နိုင်ငံရေးအကျဉ်းကျ မိသားစု အကျိုးဆောင်ကွန်ရက်အဖွဲ့၊ အင်္ဂါမိသားစု ဆုတောင်းအဖွဲ့၊ ၈၈ ကျောင်းသား အဖွဲ့နဲ့ တခြား အဖွဲ့အစည်းတွေ အပြင် ကျောင်းသား ပြည်သူလူထုတွေ ပါဝင်ပူပေါင်းပြီး စီစဉ်ခဲ့တာလို့ သိရပါတယ်။
ဒီဆုတောင်းပွဲမှာ နိုင်ငံရေးအကျဉ်းသား မိသားစုကွန်ရက် အမှတ်တံဆိပ်ပါ ပို့စကဒ်၊ ၂ဝဝ၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး အထိမ်းအမှတ် ပို့စကဒ်၊ နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံး ပြန်လွှတ်ရေး စာတမ်းပါ တီရှပ် အင်္ကျီတွေကို ဝေငှခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသား မိသားစုကွန်ရက်က မခင်မိမိခိုင်က ပြောပါတယ်။
ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး ပြန်လွှတ်ပေးရေးနဲ့ ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသား မိသားစုကွန်ရက်က ဒီကနေ့ ကြေညာချက် ၁/၂ဝ၁၁ ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီကနေ့ ဆုတောင်းပွဲမှာ ပရိသတ် အင်အား ၅ ရာနီးပါး ပါဝင် ဆုတောင်း ခဲ့ကြတယ်လို့ သိရပါတယ်။
Ref: RFA News
မြောက်ကိုရီးယားလက်နက်ဖိုး မြန်မာစစ်အစိုးရ ဆန်နဲ့ ပေးချေခဲ့ကြောင်း Wikileaks ဖော်ပြ
2011-09-04
နောက်ဆုံးထွက်ပေါ်လာတဲ့ Wikileaks အင်တာနက်စာမျက်နှာက အမေရိကန် အစိုးရ သံရုံး သတင်း ပေးပို့ချက်များ ထဲမှာ ၂ဝဝ၆ ခုနှစ်က မြောက်ကိုရီးယားနဲ့ မြန်မာ စစ်အစိုးရ တို့ဟာ လက်နက် အရောင်းအဝယ် ရှိခဲ့ပြီး ဒီအရောင်းအဝယ် အတွက် မြန်မာဘက်က ဆန်နဲ့ ပေးချေခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။
ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ ဒီကနေ့ ကိုရီးယားထုတ် Arirang ရုပ်မြင်သံကြား သတင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် အဲဒီ သံရုံးအစီရင်ခံစာမှာ နောက်ပိုင်း သံရုံးကြေးနန်းစာတွေအရ မြန်မာဘက်က ဆန်တန်ချိန် ၂ သောင်းကို ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလနဲ့ ဇွန်လအကြား မြောက်ကိုရီးယားကို လက်နက်ဖိုး အတွက် ပေးချေ ခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြ ထားပါတယ်။
ဒီသတင်းမှာပဲ မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ ၂ဝဝ၆ ခုနှစ်က အမေရိကန်အစိုးရနဲ့ တောင်ကိုရီးယား အကြား သဘောထား ကွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၂ဝဝ၆ ခုနှစ် ဇူလိုင်လက မြောက်ကိုရီးယားက တေပိုဒေါင်း-၂ ဒုံးပျံ စမ်းသပ်အပြီး အဲဒီအချိန်က တောင်ကိုရီးယား သမ္မတ ယိုမူးယွန် အစိုးရနဲ့ အမေရိကန်သမ္မတ ဂျော့ရှ် ဒဗလျူဘုရှ် အစိုးရတို့ အကြား မြောက်ကိုရီးယားကို ချဉ်းကပ်မှုအပေါ် သဘောထား ကွဲခဲ့တယ်လို့ ဆိုပါတယ်။
Ref: RFA News