..............................

Wednesday, August 4, 2010

နယ်စပ်ဂိတ် ပြန်ဖွင့်ရေးအတွက် ထိုင်းက လိုက်လျောမှုလုပ်

ကိုဝိုင်း
အင်္ဂါနေ့၊ သြဂုတ်လ ၀၃ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ မဲဆောက်-မြဝတီ နယ်စပ်ဒေသမှ ချစ်ကြည်ရေးတံတား အပါအဝင် နယ်ခြားကူး ဂိတ်များ ပြန်ဖွင့်ရေး အတွက် လိုက်လျောမှု အနေဖြင့် မြန်မာ ဘက်ခြမ်းတွင်လည်း ကမ်းပါးကာ နံရံ တည်ဆောက်ပေးရန် ထိုင်းဘက်က ဆောက်လုပ်ရေး ပစ္စည်းများ ပို့ဆောင်လျက်ရှိသည်။

နှစ်နိုင်ငံနယ်စပ် သောင်ရင်းမြစ်ပေါ်တွင် ထိုင်းဘက်က ကမ်းပါးကာ နံရံတည်ဆောက်သည်ကို ကန့်ကွက်သည့် အနေဖြင့် မြန်မာ အာဏာပိုင်များက မဲဆောက်-မြဝတီ တံတား အပါအဝင် နယ်စပ်ဖြတ် ဂိတ်ပေါင်း ၂ဝ ခန့်ကို ယခင် လဆန်းမှစ၍ ပိတ်ခဲ့သည်။

မြန်မာဘက်ခြမ်းတွင် ကမ်းပါးကာနံရံ တည်ဆောက်မှု အတွက် ထိုင်းနိုင်ငံမှ အကုန်အကျခံ ပေးလျှင် ချစ်ကြည်ရေး တံတားကို ပြန်ဖွင့်လှစ်ပေးမည်ဟု မြန်မာ စစ်အစိုးရက တောင်းဆိုခဲ့ခြင်း အပေါ် ထိုင်းကုန်သည်ကြီးများ အသင်းက လိုက်လျော ပေးခဲ့သည်ဟု ထိုင်းအရာရှိ တဦး မဇ္ဈိမကို ပြောသည်။

သို့သော် ပစ္စည်းများ အစုံအလင်ရောက်ရှိမှသာ နယ်စပ်ဂိတ်ကို ပြန်ဖွင့်မည်ဟု ဆိုသည်။

“ဒီမြန်မာဘက်ကို ရေတိုက်စားသွားတဲ့ ဥစ္စာကိုလေ ယိုးဒယားဘက်ကနေ အကုန်ကျခံပြီး လုပ်ပေးမှာ။ ကျောက်ခဲတွေ ဘိလပ်မြေတွေတော့ တံတားပေါ်ကနေ သယ်နေတယ်။ မနေ့ကတည်းကနေ ရောက်နေတာ။ ဘိလပ်မြေတော့ သယ်ပြီးသွားပြီ” ဟု အာဏာပိုင်များနှင့် နီးစပ်သည့် မြဝတီမြို့ခံက မဇ္ဈိမကို ပြောသည်။

နှစ်နိုင်ငံတာဝန်ရှိသူများ မြဝတီမြို့၌ နှစ်ကြိမ်တိုင် တွေ့ဆုံပြီး ဖြစ်သည်။

ထိုင်းဘက်မှ ကျောက်နှင့် ဘိလပ်မြေ အစီး ၄ဝ ခန့် ချပေးပြီးဖြစ်သည်ဟု အခြားဒေသခံ တဦးက ပြောသည်။

နယ်စပ်ဂိတ် ပိတ်ထားသောကြောင့် ကုန်သည်များ အတက်အဆင်း နည်းသွားပြီး မြဝတီမှ ကော့ကရိတ်၊ မော်လမြိုင်၊ ရန်ကုန် အဆင်း အတက် ခရီးသည်ပါးသွားသဖြင့် မြဝတီမြို့ “ခြောက်ကပ်” သွားသည်ဟု နယ်စပ်ကုန်သည်များက ပြောသည်။

သို့သော် နယ်စပ်ဖြတ်ဂိတ်များ ပိတ်ထားသော်လည်း သောင်ရင်းမြစ်တလျှောက်ရှိ “မလွယ်ပေါက်” များမှ အသွားအပြန် ကျပ် ၄ဝဝဝ ခန့် တရားမဝင် ပေး၍ ကူးနေသူများ ရှိသည်။

“လက်လုပ်လက်စားတွေပဲ ထိခိုက်တာပေါ့။ ထိုင်းနိုင်ငံကို မှီပြီးလုပ်နေတဲ့ ပရိဘောဂ လုပ်ငန်း အသေးစားတွေ၊ ဈေးသွားရောင်းတဲ့ လူတွေ၊ ပန်းထိမ်လုပ်ငန်း၊ စကားပြန်လုပ်ငန်း၊ ကုန်တင်ကုန်ချ အလုပ်သမားတွေရဲ့ မိသားစုတွေ အားလုံး အခက်ခဲကို ရင်ဆိုင် ရတာပေါ့။ သူတို့က တနေ့လုပ် တနေ့စားတွေ ဆိုတော့” ဟု မြို့ခံ တဦးက ပြောသည်။

မဲဆောက်အခြေစိုက် မြန်မာသတင်းစာ ဆရာတဦးက “မြို့ကတော့ ခြောက်ကပ်ကပ်ပဲပေါ့။ မဲဆောက်ဈေး ကလည်း ခပ်ခြောက်ခြောက်ပဲ။ အဓိကက ဟိုဘက်က လူတွေက ဒီဘက်ကို သိပ်မလာကြတော့ အရောင်းဝယ်က သိပ်မဖြစ်ဘူး” ဟု ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်တလျှောက် ဂိတ်များမှ နှစ်စဉ် ကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ သန်း ၄၃ဝဝ ခန့်ရှိပြီး မဲဆောက်-မြဝတီလမ်းမှ ကုန်သွယ်မှု ပမာဏမှာ ပြီးခဲ့သည့်နှစ်က အမေရိကန်ဒေါ်လာ ၇၂၄ သန်း ရှိခဲ့ကြောင်း ထိုင်းအစိုးရ ထုတ်ပြန်ချက် များတွင် ပါရှိသည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ မုတ္တမပင်လယ်ကွေ့ ရတနာနှင့် ရဲတံခွန် လုပ်ကွက်မှ သဘာဝ ဓာတ်ငွေ့များကို ၁၉၉၈ ခုမှစ၍ ဝယ်ယူနေပြီး၊ မကြာသေးမီကလည်း မုတ္တမ ပင်လယ်ကွေ့မှပင် လုပ်ကွက် အမှတ် M9 နှင့် M11 တစိတ်တဒေသ ပါဝင်သော ဇောတိက သဘာဝ ဓာတ်ငွေ့ နယ်မြေတွင် ဓာတ်ငွေ့တူးဖော်ရန် နှစ် ၃ဝ စာချုပ်ကို နေပြည်တော်၌ လက်မှတ် ရေးထိုး ခဲ့သေးသည်။

Ref: မဇ္ဈိမ

Read More...

Tuesday, August 3, 2010

စာရေးဆရာ သန်းဝင်းလှိုင် ပြောတဲ့ စာပေစိစစ်ရေး

ကိုဝိုင်း
တနင်္လာနေ့၊ သြဂုတ်လ ၀၂ ရက် ၂၀၁၀

ထူးခြားသော လူပုဂ္ဂိုလ်များအကြောင်း ရေးသားမှုကြောင့် ထောင် ၇ နှစ် ကျခံရဖူးသူ စာရေးဆရာ သန်းဝင်းလှိုင်သည် မကြာ သေးမီက ထိုင်း-မြန်မာနယ်စပ်သို့ ရှောင်တိမ်း ရောက်ရှိလာသည်။

နယ်စပ်သို့ မထွက်ပြေးမီ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့် စာအုပ် ၅ အုပ် အပါအဝင် စုစုပေါင်း ၁၅ အုပ်ကို ထုတ်ဝေခွင့် ဆိုင်းငံ့ခြင်း ခံထားရသည်။

၂ဝဝဝ ခုနှစ်တွင် “ရုပ်တုမှပြောသော မြန်မာ့သမိုင်းဝင် ပုဂ္ဂိုလ်ထူးများ စာအုပ်” ကို ထုတ်ဝေခွင့် တင်ထားစဉ် ခွင့်ပြုချက် မရရှိသေးဘဲ ထုတ်ဝေသူက ခိုးထုတ်ခဲ့သဖြင့် အင်းစိန်နှင့် သာယာဝတီ ထောင်တို့၌ ထောင်ဒဏ် (၇) နှစ် ကျခံခဲ့ရသည်။

အသက် ၅၂ နှစ်ရှိ ဦးသန်းဝင်းလှိုင်သည် ၁၉၇၇ ခုမှ နိုဝင်ဘာလထုတ် သင့်ဘဝ မဂ္ဂဇင်းပါ “အနာဂတ် အာကာသ လွန်းပျံယာဉ်” ဖြင့် စာပေနယ်သို့ စတင် ဝင်ရောက်ခဲ့သူ ဖြစ်သည်။ သမိုင်းဆိုင်ရာ စာပေများကို အဓိကထား ရေးသားပြီး လုံးချင်း စာအုပ် ၃ဝ ထုတ်ဝေပြီးဖြစ်သည်။

ဦးသန်းဝင်းလှိုင်သည် အန်အယ်ဒီ ရွှေပြည်သာမြို့နယ်စည်း အမှုဆောင်အဖွဲ့ဝင်ဖြစ်ကာ ၁၉၉ဝ ရွေး ကောက်ပွဲ၌ ဝိဓူရ သခင်ချစ်မောင် ဦးစီးသည့် အမျိုးသား ပြန်လည် တည်ဆောက်ရေး ဒီမိုကရေစီ တပ်ပေါင်းစုမှ သင်္ဃန်းကျွန်းမြို့နယ် အမှတ် ၂ မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ပြိုင်ခဲ့သည်။

စာပေလောကတွင် ၃၃ နှစ်ကြာ ဖြတ်သန်းခဲ့သည့် အတွေ့အကြုံပေါ် အခြေခံ၍ ယနေ့ စာပေနှင့် သတင်း စာနယ်ဇင်း လောကတွင် “စာပေကင်ပေတိုင်” ဟု နာမည်ကြီးနေသည့် စာပေ စိစစ်ရေးနှင့် မှတ်ပုံတင်ဌာန၏ သဘောသဘာဝကို သိရှိနိုင်ရန် မဇ္ဈိမက မေးမြန်းထားသည်။

-----------------------------------------------------------------

စာအုပ်ထုတ်မယ့်လူတယောက်အနေနဲ့ စာပေစိစစ်ရေးမှာ ပထမဆုံး ဘာလုပ်ရမလည်း ခင်ဗျာ။

စာအုပ်ထုတ်မယ်ဆိုရင် ကိုယ့်ရဲ့ကိုယ်ရေးရာဇဝင် ဓာတ်ပုံနှစ်ပုံနဲ့ သူတို့ဆီကို တင်လိုက်ရတယ်။ အဲဒါကို ကိုယ့်ဟာကိုယ် တင်တဲ့လူက ရှားတယ်။ ပွဲစားနဲ့ပဲ တင်လိုက်တယ်။ တသောင်းခွဲနဲ့ နှစ်သောင်းခွဲ ကြားမှာ ပေးရတယ်။ စာမူ ထုတ်ဖို့ဆိုပြီး တင်လိုက်တာ။ ပြီးတော့ ငွေသွင်းရတယ်။ တမျက်နှာကို ၂ဝ နှုန်းနဲ့ တွက်တယ်။ ပုံတပုံပါရင် ၅ဝ ပေးရတယ်။ အပေါ်ထပ်မှာပဲ ငွေစာရင်း ဌာနရှိတယ်။ ပြီးတော့ ကဒ်ပြား ငှားရတယ်။

ကဒ်ပြားငှားရတယ်ဆိုတာ နည်းနည်းလောက် ထပ်ရှင်းပြပေးပါလား။

စာအုပ်ထုတ်ဝေခွင့် ကဒ်ပြားငှားရတာ။ အဲဒီ ကဒ်ပြား ငှားထားတဲ့လူတွေက ဘာစာအုပ်မှ ထုတ်တာ မဟုတ်ဘူး။ ကဒ်ပြား ငှားစားတာ။ အဲဒါကလည်း ၄-၅ မျိုးလောက် ရှိတယ်။ အထွေထွေ ဆိုပြီးတော့ ကြိုက်တဲ့ စာအုပ် ထုတ်လို့ရတဲ့ ကဒ်ပြားက တမျိုး၊ အဲဒါက ဈေးကြီးတယ်။ ကဗျာ၊ ပြက္ခဒိန်၊ ဝတ္တု၊ နိုင်ငံရေး၊ ဘာသာရေး၊ ကာတွန်း ထုတ်ခွင့် ရတဲ့ ကဒ်ပြားတွေက သတ်သတ်။ ကိုယ့်စာမူနဲ့ ကိုက်မယ့် ကဒ်ပြားကို ကျနော်တို့က ငှားရတယ်။ ကဒ်ပြားငှားတဲ့ အတွက် တခါထုတ်ကို ငွေ ၅ဝဝဝ ပေးရတယ်။ ကဗျာတွေ ဘာတွေဆို ၇ဝဝဝ လောက်ပေးရတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ရင် ၆ဝဝဝ-၇ဝဝဝ လောက် ပေးရတယ်။

အဲဒီ ကဒ်ပြား ကိုင်ထားတဲ့လူတွေက ဘယ်သူတွေလည်းဗျာ

ကဒ်ပြားကိုင်ထားတဲ့လူတွေက သူတို့ (အာဏာပိုင်) တွေနဲ့ အလွမ်းသင့်တဲ့ လူတွေ။ စာပေစိစစ်ရေး က အငြိမ်းစားတွေ၊ ဌာနဆိုင်ရာ အငြိမ်းစားတွေ၊ စစ်တပ်က အငြိမ်းစားတွေ၊ စာပေနဲ့ စာနယ်ဇင်းမှာ အရင်က လုပ်ခဲ့တဲ့ အမှုဆောင်တွေ၊ ကုမ္ပဏီကလူတွေ၊ ဝန်ကြီး (ဦးကျော်ဆန်း) နဲ့ပတ်သက်ပြီး ပြေလည်တဲ့ လူတွေပေါ့နော။ အဲဒါကို သူတို့ ကိုယ်စားလှယ်ဆီက ငှားရတယ်။

လျှောက်လွှာတွေဘာတွေ တင်ရသေးလား။

ကဒ်ပြား ငှားပြီးတော့ တိုက်က ရိုက်မယ့်လူကလည်း ဒီစာမူကို ရိုက်ရန် သဘောတူတယ်၊ ခွင့်ပြု ချက်ရရင် ကျနော် ရိုက်ပါမယ် ဆိုတဲ့ ကဒ်ပြားကိုလည်း ငှားရတယ်။ သူကတော့ ပိုက်ဆံပေးစရာ မလိုဘူးပေါ့။ ပုံနှိပ်တိုက် ခွင့်ပြုချက်ကဒ်ပြား မိတ္တူရယ်၊ ဒီစာအုပ် ထုတ်ဝေမယ် ဆိုတာ သဘောတူတဲ့ ထုတ်ဝေသူ လက်မှတ်ပါတဲ့ ကဒ်ပြား မိတ္တူရယ်။ ဖြန့်ဝေသူကလည်း သဘောတူညီချက် စာ ထိုးပေးရသေးတယ်။ စုံပြီဆိုရင် ပုံစံ ဝယ်ရတယ်။ စာပေစိစစ်ရေးရုံးမှာ ၂ဝဝ ပေးပြီး ဝယ်ရတယ်။ ပုံစံက နှစ်မျိုးရှိတယ်။ ဖြန့်ဝေခွင့်နဲ့ စာမူ တင်တဲ့ဟာပေါ့။ စာအုပ်ရဲ့ အမျိုးအစား။ စာမူဘယ်မှာ ထုတ်မလဲ။ ဘယ်မှာရိုက်မှာလဲ။ ယခင် ထုတ်ဝေမှုရှိမရှိ။ ရေးထားတဲ့ အကြောင်းအရာက ဘာတွေလဲ။ စာရေးဆရာရဲ့ ထုတ်ဝေသူ လိပ်စာ အတိအကျ ဖြည့်ရတယ်။ စာမူစစ်ပြီးတော့ အကြမ်းရေးမယ့်ဟာ “ဘေးကပ်” ဆိုတာ ဝယ်ပေးရသေးတယ်။ စက္ကူဖိုင် ဝယ်ရတယ်။ ပြီးတော့ ငွေသွင်းရတယ်။ အဲဒီချလန်နဲ့ တင်လိုက်ရတယ်။

စာမူကို စစ်ဆေးပုံအဆင့်ဆင့်လေး ပြောပြပေးပါအုံး။

ဒီစာစစ်မှူး ဘယ်သူ့ကိုဖတ် ဆိုပြီးတော့ သူတို့က ခွဲတန်း ခွဲလိုက်တယ်ပေါ့။ နောက် ၂ ရက်လောက် နေရင် သိပြီပေါ့။ မောင်ဖြူ မောင်နီဆီ ရောက်သွားပြီ။ ရောက်သွားရင် မြန်မြန်လေး ဖတ်ပေးပါဆရာ ဆိုပြီးတော့ စာအိတ်ထဲထည့်ပြီး ငွေ ၅ဝဝဝ သူ့ကိုပေးရတယ်။ ကိုယ့်ဖာသာကိုယ် ဒါမှမဟုတ် ပွဲစား ကတဆင့်ပေါ့။ ဖတ်တယ်ဆိုတာလည်း ၁ လခွဲကြာမှ ဖတ်တယ်။ သူ့ဖြုတ်ချင်တဲ့ အချက် အလက်တွေကို ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီးလုပ်တယ်။ ပိုက်ဆံ မပေးလို့ကတော့ မဖတ်ဘူး။ နှစ်နဲ့ချီ ကြာသွားလိမ့်မယ်။

နောက် ဌာနစုမှူးဆီ ရောက်သွားတယ်။ ဌာနစုမှူးကိုလည်း ချောချောမွေ့မွေ့ဖတ်အောင်၊ မပယ် အောင်ပေါ့။ သူ့ကျတော့ ဈေးများသွားပြီ။ တသောင်းခွဲနဲ့ နှစ်သောင်းကြား ထပ်ပေးရတယ်။ ဒါမှ မဟုတ်ရင်လည်း ကြိုက်တတ်တဲ့ ထမီတို့၊ ပါတိတ်တို့ ပေးရတယ်။ ခန့်ထားတာ အမျိုးသမီးများ တယ်။ အမျိုးသားလည်း ရှိပါတယ်။ ဌာနစု ၁ ကနေ ၆ အထိရှိတယ်။ ဌာနစု ၃ ကတော့ ဒေါ်သန်းဌေး၊ ၄ က ဒေါ်ကြည်ကြည်၊ ၅ က ဦးနိုင်းနိုင်း၊ ၆ ဒေါ်ခင်သန်းဦးကပေါ့၊ ကျနော်တို့နဲ့ ဆက်ဆံတာကတော့ အဲဒါပဲ။ အခု ၆ ရက်နေ့ကတော့ ဒေါ်သန်းဌေးက ပင်စင်သွားပြီ။ ကျန်သူ တွေက မပြောင်းဘူး။

အဲဒီကနေ လက်ထောက်ညွှန်ကြားရေးမှူး ဆိုတာကို ရောက်တယ်။ သူက နှစ်ယောက်ရှိတယ်။ တယောက်က နိုင်ငံရေး ဖတ်တယ်။ တယောက်က အထွေထွေ ဖတ်တယ်။ ကျနော့် စာအုပ်ဆိုရင် နိုင်ငံရေး Site လက်ထောက်ညွှန်မှူး ဦးစန်းညွန့်ဆီ ရောက်သွားတယ်။ သူက အရပ်သားပဲ။ တခါတလေလည်း ဗိုလ်ကြီး အဆင့်တွေ ထားတယ်ပေါ့။ သူကနေ မှတ်ချက်နဲ့ ဖတ်ပြီးတော့ အပေါ်ထပ်ကို တင်ရတယ်။ အကြံပေး ဆိုတာရှိတယ်။ ဦးတင်ကြည်တဲ့။ သူကနေ သူ့ဘေးခန်းက ဒုညွှန်မှူး အောင်ကျော်ဦးဆီ ရောက်တယ်။ ဗိုလ်မှူး အငြိမ်းစားအဆင့်ပဲ။ အဲဒီကနေ ညွှန်ကြားရေးမှူး။ အရင်တုန်းကတော့ တင့်ဆွေပေါ့။ ခုတော့ ဒုဗိုလ်မှူးကြီး မျိုးမြင့်မောင်။

သူကနေ ဒီစာအုပ်က သမိုင်းနဲ့ပတ်သက်လို့ သမိုင်းဌာနပို့ ဆိုရင် ကျနော်တို့က အဲဒီစာမူကို နောက် တကော်ပီ ထပ်ကူးပြီး သမိုင်း သုတေသနကို ပြည်လမ်းမှာ အမျိုးသား ပြတိုက်နဲ့ တွဲထားတယ်။ သွား ပေးရတယ်။ တမျက်နှာကို ၃ဝ သွင်းရတယ်။ သူတို့က နေပြည်တော်က မြန်မာ့သမိုင်းအဖွဲ့ဝင် ဒီ ဘာသာရပ်နဲ့ သင့်တော်သူ တယောက်ကို ဖတ်ခိုင်းတယ်။ ပြီးတော့ သမိုင်း အချက်မှန်ကန်တယ် ဆိုပြီး အဲဒီက ဒုညွှန်မှူးချုပ်က လက်မှတ်ထိုးရတယ်။ သဘောမတူရင် စာပေစိစစ်ရေးက ထုတ်ခွင့် မပြုတော့ဘူး။

သဘောတူတယ်ဆိုရင်ရော ဘာဆက်လုပ်ရ သေးလည်း ဆရာ။

ထုတ်ဝေသင့်တယ်ဆိုရင် ကျနော်က စာမူကို ကိုယ့်ဖာ့ကိုယ် သွားပြန်ယူရတယ်။ အဲဒါကို စာပေ စိစစ်ရေးကို ပြန်တင်ရတယ်။ သမိုင်းဌာနက ဖြုတ်ခိုင်းတဲ့ အပိုဒ်တွေကိုလည်း ဖြုတ်ပေးရတယ်။ စာပေစိစစ်ရေးက မကြိုက်တာကိုလည်း ဖြုတ်ပေးရတယ်။ ဖြုတ်ပြီးမှ ဒီစာအုပ်ကို ထုတ်ဝေခွင့်ပြုသည် ဆိုတော့မှ စာမူခွင့်ပြုချက် နံပတ်ကလေး ရပြီ။ အဲဒါရမှ အဖုံးတင်ရတယ်။ အဖုံးက ၂ ကော်ပီ ပေါ့။ အဖုံး ဓာတ်ပုံလေးပေါ့။ ၅ဝဝ ပေးရတယ်။ ဌာနစုမှာပဲ ပြန်တင်ရတယ်။ အဲဒီချလန်နဲ့ ပြည့်ပြည့် ရေးပြီး ပြန်တင်လိုက်ရင် တပတ် နှစ်ပတ်လောက် ဆိုရင် အဖုံးခွင့်ပြုချက် ကျမယ်။ ဆိုရင် ဒီစာမူကို ရိုက်လို့ရပြီပေါ့။ ရပြီဆိုရင် စာပေစိစစ်ရေးကို စာအုပ် ၆၄ အုပ် တင်ရတယ်။ တရားဝင်က ၂၆ အုပ် ပဲ။ အဲဒီစာအုပ် အားလုံးကို ညနေ သူတို့က ရောင်းစားတယ်။ ကောက်တဲ့လူရှိတယ်။ ကားနဲ့ကို လာကောက်တာ။ တခြား စာပေသမားတွေရော အကုန်လုံး ပေးရတာ။ အဲဒီထက် ပိုတာပဲရှိတယ်။ ကိုယ်က မရောင်းရသေးဘူးနော်။

နောက်ထပ် ၂ ပတ်လောက်နေရင် ဖြန့်ချိခွင့်ပြုသည် ဆိုရင် ဖြန့်လို့ရပြီ။ မြန်မြန်ကျချင်ရင် ပိုက်ဆံ ၂ဝဝဝ-၃ဝဝဝ ပေးပေါ့။ ဖြန့်ချိခွင့်ပြုသည် ဆိုတဲ့ စာရွက်လေးရတယ်။ အဲဒါဆို နယ်ရော ရန်ကုန်မှာ ရော ဖြန့်လို့ရပြီ။

ညွှန်မှူးတို့ ဒုညွှန်မှူးတို့ကိုရော ပိုက်ဆံမပေးရဘူးလား။

အဲဒါကလည်း လုံးဝကျနိုင်စရာမရှိဘူး ဆိုရင်တော့ သူတို့ကို သိန်းနဲ့ချီပေးရတာပေါ့။ ဥပမာဆိုရင် တက္ကသိုလ်စိန်တင် ရေးတဲ့ ပထမ ခေါင်းစဉ်က အောင်ဆန်း-အက်တလီစာချုပ်။ နောက်ပြင်လိုက် တယ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းဆိုပြီး။ အားမာန်သစ်က ထွက်တယ်။ အဲဒီစာမူကို ကျနော်တင်ပေးတာ။ အဲဒီတုန်းက သူတို့နဲ့ကျနော် ပြေလည်တော့ တသိန်းပဲ ပေးရတယ်။ ထုတ်ခွင့် ရသွားတယ်။ ခုဖြန့်ပြီးသွားပြီ။ တက္ကသိုလ်စိန်တင် တင်တာမရဘူး။ ၁ဝ နှစ်ကြာ တယ်။ ဗိုလ်မှူးအေးထွန်း ခေတ်ကတည်းက။

စာပေစိစစ်ရေးတခုလုံးဖြတ်ဖို့ ပျှမ်းမျှ ဘယ်လောက်ကုန်လဲ။

နှစ်သိန်းနီးပါးလောက်တော့ ရှိတာပေါ့။ စာအုပ်တခုက ခွင့်ပြုချက် မရနိုင်ဘူး။ ကျအောင်လုပ်မယ် ဆိုရင်တော့ အဲဒီလို ပေးနိုင်ရင် ရတာပေါ့။

ဆရာ့ဆိုင်းငံ့ စာအုပ် တွေကျတော့ ကျအောင်မလုပ်ဘူးလား။

ကျနော်တို့နဲ့က မှတ်ချက်က နိုင်ငံခြားသတင်းဌာနတွေနဲ့လုပ်တဲ့ အခါကျတော့ သူတို့ မယူရဲ တော့ဘူးလေ။ ၁ဝ သိန်းပေးလည်း ယူမှာ မဟုတ်ဘူး။ ခွင့်ပြုချက်လည်း ရမှာ မဟုတ်ဘူး။

စာပေလောကမှာ ဆင်ဆာအဖွဲ့ရှိသင့်လား။

မရှိသင့်ဘူးလေ။ ဒီမိုကရေစီသွားရင် ဘာဆင်ဆာမှ မလိုတော့ဘူးလေ။ မှတ်ပုံတင်ဌာနပဲ လိုတာ ပေါ့။ စာမူတွေ ထပ်သွားတာ တယောက်ဟာ တယောက် ခိုးချတာ မဖြစ်အောင်၊ နာမည်မထပ်သွား အောင်၊ အကြောင်းအရာ မထပ်အောင်ပေါ့။ ဒါနိုင်ငံတိုင်းမှာ ရှိတာပဲ။ ပြီးတော့ စာပေ လွတ်လပ်ခွင့် ဆိုတာ ပေးရမယ်လေ။ ငါနဲ့မတူ ငါ့ရန်သူ ဘယ်စာအုပ်မှ မထုတ်နဲ့ဆိုတော့ တရားမျှတမှု ဘယ်လိုလုပ် ရှိမလဲ။

Ref: မဇ္ဈိမ

Read More...

ထိုင်း ကုန်ပစ္စည်းများ ဈေး ၂ ဆတက်

ခိုင်သွယ်
Monday, August 02, 2010

ထိုင်း-မြန်မာ နယ်စပ် ကုန်စည် စီးဆင်းမှု ရပ်ဆိုင်းနေသဖြင့် ပြည်တွင်း ဈေးကွက် အတွင်း ထိုင်းနိုင်ငံဖြစ် လူသုံးကုန်နှင့် စားသောက်ကုန် ပစ္စည်းများ ဈေးနှုန်း ၂ ဆခန့် မြင့်တက်လာပြီး စားသောက်ကုန် တချို့မှာ ပစ္စည်း ပြတ်လပ်လျက်ရှိကြောင်း သိရှိရသည်။

“ပစ္စည်းသစ် ထပ်မ၀င်တာလည်း ပါတယ်။ ရှိပြီးသား ပစ္စည်းတွေကိုလည်း ဈေးမြှင့်လိုက်ကြတဲ့ အတွက် ဈေးတွေက ၂ ဆလောက် ဖြစ်ကုန်တယ်။ ပစ္စည်းသစ် ထပ်မ၀င်ရင်တော့ ဈေးဆက်တက်ဦးမှာပေါ့” ဟု ထိုင်းအလှကုန် ပစ္စည်းများကို မင်္ဂလာဈေးသို့ တင်သွင်းသည့် ကုန်သည်တဦးက ပြောသည်။

ထိုင်းနိုင်ငံထုတ် အလှကုန်များနှင့် လူသုံးကုန်ပစ္စည်းများသည် လွန်ခဲ့သော ဇူလိုင်လ တတိယပတ် ၀န်းကျင်မှစပြီး ဈေးနှုန်း မြင့်တက်လာခြင်း ဖြစ်ကြောင်း၊ ယခင် ထိုင်းနိုင်ငံထုတ် ကျပ် ၄၀၀၀ တန် Body Lotion ကို ကျပ် ၇၅၀၀၊ ကျပ် ၆၀၀၀ တန် အင်္ကျီကို ကျပ် ၁၂၀၀၀ စသည်ဖြင့် ဈေးနှုန်းမြှင့် ရောင်းချလျက် ရှိကြောင်း မင်္ဂလာဈေးနှင့် ယုဇနပလာဇာရှိ ထိုင်းကုန်ပစ္စည်း အရောင်းဆိုင်များမှ သိရှိရသည်။

ဇူလိုင်လ ဒုတိယပတ်မှ စတင်ပြီး ထိုင်းတံဆိပ် ဟင်းခပ် ကြက်သားမှုန့်နှင့် အချိုမှုန့်များအား သက်ဆိုင်ရာက ကျန်းမာရေးနှင့် ညီညွတ်မှု မရှိဟု အကြောင်းပြကာ ညောင်ပင်လေးဈေး၊ မင်္ဂလာဈေးနှင့် သိမ်ကြီးဈေးရှိ စားသောက်ကုန် အရောင်းဆိုင်များမှ လိုက်လံ သိမ်းဆည်းလျက်ရှိပြီး ဆိုင်တင် ရောင်းချခြင်း မပြုရန် နှုတ်မိန့်ဖြင့် တားမြစ် ထားသည်ဟု သိရသည်။

“ဆိုင်မှာတင်ထားတဲ့ ပစ္စည်းတွေအားလုံးကိုလည်း သိမ်းသွားတယ်။ နောက်ထပ်လည်း အသစ်တင် မရောင်းရဘူးလို့ ပြောသွားတယ်။ ဘာကြောင့် ဆိုတာတော့ သေချာမပြောပါဘူး” ဟု ညောင်ပင်လေးဈေးမှ စားသောက်ကုန် ဆိုင်ရှင်တဦးက ဆိုသည်။

“ယိုးဒယား ကြက်သားမှုန့် ဂရမ် အထုပ်ကြီးတထုပ်ကို ၁၆၀၀ ကျပ်ဈေးနဲ့ ၀ယ်သုံးနေကြတာပါ။ အခု အထုပ်ကြီး တွေက ဘယ်မှာမှ ၀ယ်လို့ မရတော့လို့ အထုပ်သေး ဂရမ် ၂၀၀ ထုပ် တထုပ်ကို ကျပ် ၁၀၀၀ ဈေးပေးပြီး ၀ယ်ခဲ့ရတယ်။ အရင်က အဲဒီ ဂရမ် ၂၀၀ ထုပ်တွေက တထုပ်ကို ၅၅၀ ပဲ ရှိတယ်” ဟု ရန်ကုန်မြို့မှ အိမ်ရှင်မတဦးက ပြောပြသည်။

ပြည်တွင်းဈေးကွက်တွင် တရုတ်ပစ္စည်းများ ဈေးနှုန်း သက်သာသဖြင့် အခြေခံ လူတန်းစားနှင့် လူလတ် တန်းစားများ အများဆုံး ၀ယ်ယူ အသုံးပြု ကြသောကြောင့် ဈေးကွက် ဝယ်လိုအား အများဆုံး ရရှိထားပြီး ထိုင်းပစ္စည်းမှာမူ ဒုတိယ ရောင်းအား အများဆုံး နိုင်ငံခြားဖြစ်ပစ္စည်း ဖြစ်လျက်ရှိကြောင်း ကုန်သည်များက ဆိုသည်။

ထိုင်း-မြန်မာ နယ်စပ်ရှိ ချစ်ကြည်ရေး တံတားကို ဇူလိုင်လ ၁၇ ရက်နေ့မှစ၍ ပိတ်ထားခဲ့ပြီး ဇူလိုင်လ ၂၈ ရက်နေ့တွင် မြဝတီ ကုန်သွယ်ရေးဇုန်၌ ကုန်အဝင်အထွက် ဆောင်ရွက်မှု ထပ်မံ ပိတ်ခဲ့သောကြောင့် ထိုင်းပစ္စည်းများ ဈေးတက်ခြင်း၊ ကုန်စည် ပြတ်လပ်ခြင်းများ ထပ်ဖြစ်နိုင်ကြောင်း သိရသည်။

မြန်မာက ထိုင်းသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးမှာ တလလျှင် ဘတ်သန်း ဆယ်ဂဏန်း (ကျပ် သန်း ၃၀၀) ခန့်ရှိပြီး ထိုင်းနိုင်ငံက မြန်မာသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးမှာ ဘတ် သန်း ၁၀၀၀ (ကျပ် သန်း ၃၀၀၀၀) ခန့် ရှိသည်ဟု သိရသည်။

Ref: ဧရာဝတီ်

Read More...

မြန်မာစစ်အာဏာ တည်မြဲရေးအတွက် ၂၀၁၀ ရွေးကောက်ပွဲ ဦးတည်၊ NDI ဝေဖန်

ဒေါ်လှလှသန်း
တနင်္လာ, 02 သြဂုတ် 2010

မြန်မာနိုင်ငံမှာ နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ဒီနှစ်အတွင်း ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲရဲ့ မူဝါဒတွေဟာ အခြေခံ အားဖြင့် ဒီမိုကရေစီ နည်းမကျတဲ့အပြင် စစ်အစိုးရရဲ့ အာဏာ တည်မြဲစေဖို့ ရည်ရွယ်တာ တွေ့ရတယ်လို့ နိုင်ငံတကာ ရွေးကောက်ပွဲ တွေကို စောင့်ကြည့်နေတဲ့ အမေရိကန် အခြေစိုက် NDI ခေါ် အမျိုးသား ဒီမိုကရက်တစ် အဖွဲ့အစည်း ကြီးက ဝေဖန် လိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက တင်ပြ ပေးထားပါတယ်။

မြန်မာစစ်အစိုးရက ဘယ်တော့ ကျင်းပပေးမယ်ဆိုတဲ့ ရက်အတိအကျ မကြေညာ ထားပေမဲ့လည်း ဒီနှစ်အတွင်း ကျင်းပ ပေးမယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲဟာ နိုင်ငံတကာစံနှုန်း အနိမ့်ဆုံးနဲ့တောင် ပြည့်မီခြင်း မရှိဘူးလို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ နှစ်ကစပြီး နိုင်ငံတကာ ရွေးကောက်ပွဲပေါင်း ၁၅၀ ကို လေ့လာ စောင့်ကြည့်နေတဲ့ အမေရိကန် အခြေစိုက် NDI ခေါ် အမျိုးသား ဒီမိုကရက်တစ် အဖွဲ့အစည်းကြီးက တနင်္ဂနွေနေ့က ထုတ်ပြန် လိုက်တာ ဖြစ်ပါတယ်။

မက်သရူး ဖရူမင် (Mathew Frumin) ဟာ အစီရင်ခံစာကို ကြီးမှူး ပြုစုခဲ့သူ ဖြစ်ပါတယ်။

“လက်ရှိမှာတော့ ရွေးကောက်ပွဲ ဥပဒေတွေဟာ ကျနော်တို့ အမြင်အရ ဒီမိုကရေစီနည်း မကျပါဘူး။ ကျနော်တို့ အဖွဲ့အစည်းက ရွေးကောက်ပွဲတွေကို နိုင်ငံတကာ စံနှုန်းတွေအရ လေ့လာ စိစစ်တာပါ။ ဒီနေရာမှာတော့ ကျနော်တို့ တွေ့ရတာက နိုင်ငံတကာ စံနှုန်းနဲ့ဆိုရင် အနိမ့်ဆုံး အဆင့်တောင် မမီတာကို တွေ့ရပါတယ်။”

ဒါ့အပြင် အောက်တိုဘာလ အတွင်းမှာ ကျင်းပပေးမယ်လို့ လူအများစု ယူဆထားတဲ့ လက်ရှိ ရွေးကောက်ပွဲဟာ မြန်မာ စစ်အစိုးရ အာဏာ တည်မြဲရေး အတွက် ကြိုတင် ကြံစည် ပုံစံချ ရေးဆွဲ စီစဉ်ထားတာမို့ အဖြေဟာ ကြိုထွက်ပြီးသား ဖြစ်တယ်လို့လည်း မစ္စတာ ဖရူမင်က ပြောပါတယ်။

“မေးခွန်းထုတ်စရာ တခုကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ဆိုင်ပါတယ်။ လွှတ်တော်အမတ် ၂၅% ကို စစ်တပ် အတွက် လျာထား ပါတယ်။ အဲဒီလွှတ်တော်ကပဲ သမ္မတကို ရွေးမယ်၊ အစိုးရကို ဖွဲ့စည်းမယ် ဆိုတော့ စစ်တပ်က အသာစီးနေရာက ယူထားပြီး အစိုးရကို ထိန်းချုပ်မှာ ဖြစ်ပါတယ်။ နောက်တချက်ကတော့ နိုင်ငံရေး ပါတီတွေမှာ စစ်တပ်က အရာရှိတွေက ယူနီဖောင်းချွတ်၊ အရပ်ဝတ်လဲပြီး ရွေးကောက်ပွဲမှာ ၀င်ပြိုင်ကြမယ် ဆိုတော့ အမတ်နေရာ အများစုကို စစ်တပ်က ချုပ်ကိုင်ထားမှာ ဖြစ်ပါတယ်။ စစ်တပ်ကပဲ တိုင်းပြည်ကို ဆက်ပြီး အုပ်ချုပ်သွားမှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရရှိရေးအတွက် ၁၉၉၅ ခုကစပြီး ကြိုးပမ်းဆောင်ရွက်မှုမှာ ပါဝင်ခဲ့တဲ့ NDI ဟာ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲ ဥပဒေတွေ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေနဲ့ လူ့အခွင့်အရေး ဥပဒေတွေအပေါ် အခြေခံပြီး နိုင်ငံတကာ စံနှုန်းတွေနဲ့ ယှဉ်ကာ လေ့လာ သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။

NDI ရဲ့ လေ့လာချက်မှာ နိုင်ငံတကာ စံနှုန်းတွေနဲ့ မကိုက်ညီတဲ့ အဓိက ချို့ယွင်းချက် ၄ ချက် တွေ့ရတယ်လို့ မစ္စတာ ဖရူမင်က ပြောပါတယ်။

“ခြုံပြီး ပြောရမယ်ဆိုရင်တော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက လူထုရဲ့ သဘောထား ဆန္ဒကို အခြေမခံပါဘူး။ ဒါကြောင့် လူထုသဘောကျ ရွေးကောက် တင်မြှောက်နိုင်တဲ့ အစိုးရမျိုး ဖြစ်မလာနိုင်ပါဘူး။ ဒုတိယကတော့ အဓိပ္ပာယ်ရှိတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ လွတ်လပ်ပြီး တရားမျှတရမယ်၊ လူ့အခွင့်အရေး ခံစားခွင့် ရှိရမယ်၊ လွတ်လပ်စွာ ပြောဆိုနိုင်ခွင့်၊ မဲဆွယ် စည်းရုံးနိုင်ခွင့်၊ ဒါတွေ ရှိရပါမယ်။ အခုတော့ ဒါတွေမရှိဘဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေပဲ ရှိနေပါတယ်။

“တတိယကတော့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ပါ။ စစ်အစိုးရက အတိုက်အခံ နိုင်ငံရေးသမားတွေကို ဖိနှိပ်ထားတယ်၊ ဖမ်းဆီး ထားတယ်၊ ရွေးကောက်ပွဲ ဥပဒေတွေ အရလည်း အတိုက်အခံတွေ ပါဝင်ခွင့်ကို ပိတ်ပင်ထားတယ်။ စတုတ္ထကတော့ ရွေးကောက်ပွဲ ကော်မရှင်က စစ်အစိုးရရဲ့ လက်ကိုင်တုတ် ဖြစ်နေတာပါပဲ။”

လက်ရှိ ရွေးကောက်ပွဲမှာ နိုင်ငံတကာရဲ့ ယုံကြည်ကိုးစားမှု ရရှိပြီး ထင်သာမြင်သာ ရှိနိုင်ဖို့က ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးပြီး ဒီမိုကရေစီ ကူးပြောင်းရေးကာလ ဖော်ဆောင်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ၊ တိုင်းရင်းသား လူနည်းစုတွေကို ရွေးကောက်ပွဲမှာ ပါဝင်ခွင့် ပြုဖို့အပြင် လွတ်လပ်စွာ စည်းရုံးပြောဆို မဲဆွယ်လှုပ်ရှားခွင့် ပြုဖို့နဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ တချို့ အချက်အလက်တွေနဲ့ ရွေးကောက်ပွဲ ဥပဒေ တချို့ အချက် အလက်တွေကို ပြန်လည်ပြင်ဆင်ဖို့ NDI က တိုက်တွန်းထားပါတယ်။

တကယ်လို့ ရွေးကောက်ပွဲဟာ လက်ရှိ အနေအထားတိုင်းသာ ဆက်သွားမယ်ဆိုရင် NDI အနေနဲ့ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာဖို့ ဖိတ်ကြားခြင်း ခံရတောင်မှ မြန်မာစစ်အစိုးရကို တရားဝင်စေမယ့် ရွေးကောက်ပွဲမှာတော့ NDI အနေနဲ့ လက်ခံမှာ မဟုတ်ဘူးလို့ မစ္စတာ ဖရူမင်က ပြောပါတယ်။

NDI ရဲ့ အခုလို ထုတ်ပြန်ကြေညာချက်နဲ့ ပတ်သက်လို့ ဟောင်ကောင် အခြေစိုက် AHRC အာရှ လူ့အခွင့်အရေး ကော်မရှင်ရဲ့ ဥပဒေ အကြံပေးပုဂ္ဂိုလ် ဦးမင်းလွင်ဦးက အခုလို သုံးသပ်ပါတယ်။

“ကျနော်တို့ မြန်မာနိုင်ငံမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာက ဥပဒေပြုကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍ၊ တရားစီရင်ရေးကဏ္ဍ၊ စတဲ့ ကဏ္ဍတိုင်းမှာ စစ်တပ်က လေးပုံတပုံ ပါဝင်နေတဲ့ ကိစ္စရပ်တွေ တော်တော်များများ ရှိနေတယ်။ ပြီးတော့ ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေ ထဲမှာလည်း အခုဆိုရင် ကြံ့ဖွံ့ပါတီက အင်အား အကြီးဆုံး အနေနဲ့ သူက နည်းမျိုးစုံနဲ့ စည်းရုံးပြီး အနိုင်ရဖို့ ၀င်ရောက် ယှဉ်ပြိုင်နေတာ ဖြစ်တယ်။

“ပြီးတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်လည် ပြင်ဆင်မယ် ဆိုရင်လည်း အလွယ်တကူ ပြန်လည် ပြင်ဆင်နိုင်ခြင်း မပြုနိုင်အောင် ရေးဆွဲထားတာ ဖြစ်တဲ့အတွက် ဒါတွေက နိုင်ငံတကာစံကို လုံးဝ မမီဘူးဆိုတာကို သူတို့အနေနဲ့ ထောက်ပြပြီး ပြောဆိုတာ တွေ့ရတယ်။

“နောက်တခါ ရွေးကောက်ပွဲကို ထိန်းကျောင်းပေးမယ့် ကော်မရှင်ကလည်း လွတ်လပ် မျှတတဲ့ ကော်မရှင်အဖွဲ့ မဟုတ်ဘူးဆိုတာ၊ အဓိကအားဖြင့် ကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဦးသိန်းစိုးကလည်း အရင် စစ်ဥပဒေချုပ် ရုံးကနေ ဒုတိယ တရား သူကြီးချုပ် အဖြစ် ပြောင်းရွှေ့လာတာ ဖြစ်တယ်။

“မြန်မာနိုင်ငံရဲ့ တရားရုံး ၂ ခု၊ နေပြည်တော် တရားရုံးချုပ်ရယ်၊ ရန်ကုန် တရားရုံးချုပ်ရယ်မှာ ဒုတိယ တရားသူကြီး အဖြစ် တာဝန် ထမ်းဆောင်နေတဲ့ ဦးသိန်းစိုးရယ်၊ ဦးထွန်းထွန်းဦးရယ် ဆိုတာက စစ်ဥပဒေချုပ် ရုံးကနေ ပြောင်းရွှေ့ လာတဲ့လူတွေ ဖြစ်တယ်။ အကြံဉာဏ် လိုအပ်တယ်၊ တောင်းနိုင်တယ် ဆိုရင်လည်း ပေးမယ့်သူက သူတို့ပဲ ဖြစ်တဲ့အတွက် ဒီဟာက လုံးဝ လွတ်လပ်ခွင့် မရှိဘူး၊ မျှတတဲ့ ဆုံးဖြတ်မှု မဖြစ်နိုင်ဘူး ဆိုတာကို သူတို့အနေနဲ့ ပြောလိုခြင်း ဖြစ်တယ်လို့ ကျနော်ကတော့ ထင်မြင် ယူဆပါတယ်။”

AHRC ဥပဒေအကြံပေး ဦးမင်းလွင်ဦး ပြောပြသွားတာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

အာဏာရှင်ဟောင်း ဦးနေဝင်းပုံ ပြန်လည်ဖော်ပြခွင့်ရ

မျိုးဝင်းဇော်
၀၂ သြဂုတ် ၂၀၁၀

ပြည်တွင်းထုတ် ဂျာနယ် မဂ္ဂဇင်းများတွင် နာမည်နှင့် ရုပ်ပုံဖော်ပြခွင့်ပါ ပိတ်ပင် ခံထားရသည့် အာဏာရှင်ဟောင်း ဦးနေဝင်း၏ ပုံနှင့် အမည်ကို စစ်အစိုးရက ပြန်လည် ဖော်ပြခွင့် ပေးလာကြောင်း သိရသည်။

ပြည်တွင်း သတင်းအယ်ဒီတာတဦးက “အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ပုံကို တနင်္လာနေ့ထုတ် မော်နီတာ ဂျာနယ် မျက်နှာဖုံးမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တွဲလျက် ဓာတ်ပုံ ဖော်ပြထားတယ်။ ဦးနေဝင်းရဲ့ အမည်ကိုရော ဓာတ်ပုံတွေကိုပါ သူ မကွယ်လွန်ခင် ၂ဝဝ၂ မတိုင်ခင် ကတည်းက ဖော်ပြခွင့် ပိတ်ပင်ထားတယ်။ ခုလို ဓာတ်ပုံကို ဂျာနယ်မျက်နှာဖုံးမှာ ဖော်ပြခွင့် ပေးတာ ဒါ ပထမဦးဆုံး အကြိမ်ပဲ” ဟု ပြောသည်။

အဆိုပါ ဓာတ်ပုံသည် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ခုနှစ် ဧပြီ (၅) ရက်နေ့ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲ အတွက် တရားဟောရန် လယ်ဝေးသို့ ရောက်ရှိစဉ်က ဗိုလ်မှူးအဆင့်ရှိ ဗိုလ်နေဝင်းနှင့် တွေ့ဆုံစဉ် ရိုက်ကူးထားသည့် သမိုင်းဝင် ဓာတ်ပုံ ဖြစ်သည်။

မော်နီတာဂျာနယ် စာမျက်နှာ (၄) တွင်လည်း ၁၉၇၁ ခုနှစ်ထုတ် အိုးဝေဂျာနယ်၌ ဖော်ပြထားသည့် သခင် ကြည်ရှိန်၏ ဗိုလ်ချုပ်နှစ်ဦး လယ်ဝေးတွင် ဆုံခဲ့စဉ်က ဆိုသည့် ဆောင်းပါးဟောင်း တပုဒ်ကိုလည်း ပြန်လည် ဖော်ပြထားသည်။

အာဏာရှင်ဟောင်း ဦးနေဝင်း၏အမည်ကို စတင် ဖော်ပြခွင့်ပေးခြင်းသည် ပြီးခဲ့သည့်လက ထုတ်ဝေသည့် ၁၉၉၇ ခုနှစ် ဝန်ကြီး ဘဝမှ အတင်းအကျပ် အငြိမ်းစားပေး ဖယ်ရှားခံခဲ့ရသည့် ဒု-ဗိုလ်ချုပ်ကြီး ထွန်းကြည် ရေးသား ပြုစုသည့် နှစ် (၅ဝ) ကျော် ကိုယ်တွေ့များ ပထမတွဲ (၁၉၄၂-၁၉၇၈) ဖြစ်ကြောင်း ပြည်တွင်း သတင်း အယ်ဒီတာ တဦးက ပြောသည်။

အဆိုပါ စာအုပ်တွင် ဦးနေဝင်း သမ္မတ ရာထူးယူထားခိုက် အင်ဒိုနီးရှား သမ္မတ ဆူဟာတိုနှင့် အတူ ပုဂံကို လာရောက် လည်ပတ်မည့် ခရီးစဉ်တွင် စာရေးသူ လုံခြုံရေး ယူရပုံ အကြောင်းများ ပါဝင်သည့် အပြင် မြောက်ပိုင်းတိုင်း တိုင်းမှူး တာဝန် ထမ်းဆောင်နေသည့် ဖယ်ရှားခံရသော ဗိုလ်ချုပ်ကြီးစောမောင် အမည်ကိုပါ ဖော်ပြခွင့် ပြုထားကြောင်း၊ ယင်း မတိုင်ခင်ကမူ နိုင်ငံရေး အဘိဓာန် ပြုစုရာ၌ပင် ဦးနေဝင်း နာမည်ကို ချန်လှပ်ခဲ့ရကြောင်း ၎င်းက ပြောသည်။

အာဏာရှင်ဟောင်း ဦးနေဝင်း၏ အမည်ကို တားမြစ် ပိတ်ပင်ခြင်းသည် မြန်မာနိုင်ငံ သတင်းစာ သမိုင်းတွင် စံပြုလောက်စရာ ဖြစ်ကြောင်း၊ ၂ဝဝ၂ ဒီဇင်ဘာ (၅) ရက် ဦးနေဝင်း ကွယ်လွန်ချိန်က နောက်နေ့ထုတ် သတင်းစာ နာရေးကဏ္ဍကို နှစ်မျိုး ရိုက်နှိပ်ခဲ့ကြောင်း၊ ရန်ကုန်တိုင်း အတွက် ထုတ်သည့် သတင်းစာ၌ ဦးနေဝင်း နာရေးသတင်းတို ထည့်သွင်းပြီး ကျန် မြန်မာပြည် အရပ်ရပ်သို့ ဖြန့်ဖြူးသည့် သတင်းစာတွင်မူ နာရေးသတင်း ကြော်ငြာကို ဖော်ပြခြင်း မပြုဘဲ ဂါးဒီးယန်း သတင်းစာ ကြော်ငြာကို ထည့်သွင်း ရိုက်နှိပ်ခဲ့ကြောင်း ကြေးမုံ သတင်းစာ အယ်ဒီတာဟောင်း တဦးက ပြောသည်။

၎င်းက “ဦးနေဝင်းကွယ်လွန်တာကို ရန်ကုန် ဧရိယာကလွဲရင် တနိုင်ငံလုံးက ပြည်သူတွေရော၊ တပ်ရင်း တပ်ဖွဲ့ အသီးသီးက တပ်မတော် သားတွေကိုရော မသိစေလို၍ ဖြစ်တယ်” ဟု ပြောသည်။

ယခုကဲ့သို့ အာဏာရှင်ဟောင်း၏ အမည်၊ ဓာတ်ပုံများ ပြန်လည် ဖော်ပြခွင့် ပြုလာခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်မြို့မှ ဝါရင့် သတင်းစာ ဆရာကြီး တဦးက “စစ်တပ်ထဲမှာ အကြောင်းအမျိုးမျိုးနဲ့ ဖယ်ရှား နှိပ်ကွပ် ခံခဲ့ရသူတွေဟာ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲ အပြီးမှာ သူတို့အတွက် အခွင့်အလမ်းလေးများ ရလေမလား ဆိုပြီး လက်ရှိ စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အသနား ခံချင်နေကြတဲ့ သဘောရှိတယ်။ ဒါကို ဗိုလ်ချုပ်သန်းရွှေကလည်း သဘောကျပုံရတယ်” ဟု ပြောသည်။

ယခုလပိုင်းများအတွင်း ဗိုလ်ချုပ်ဟောင်းများ၏ ကိုယ်ရေး အတ္ထုပ္ပတ္တိတို့ တန်းစီ ထွက်လာပြီး ယခင်က ဖယ်ရှားခံရသည့် ဗိုလ်ချုပ်ထွန်းကြည်၊ အတွင်းရေးမှူး (၃) ဗိုလ်ချုပ်ဝင်းမြင့်တို့ အကြောင်းကိုလည်း ပြန်ပြီး ပွဲထုတ်လာကြောင်း အဆိုပါ သတင်းစာ ဆရာကြီးက ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

အန်အယ်ဒီခေါင်းဆောင်များ ရခိုင်ပြည်နယ် ခရီးထွက်

ခိုင်စု
တနင်္လာနေ့၊ သြဂုတ်လ ၀၂ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ ပါတီပယ်ပျက်ခံရပြီးနောက်ပိုင်း အောက်ခြေပါတီဝင်ထုနှင့် တွေ့ဆုံရန် ရခိုင်ပြည်နယ်သို့ ပထမဆုံး ခရီးစဉ်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ဦးအုန်းကြိုင် ခေါင်းဆောင်သည့် ၅ ဦးပါ အဖွဲ့သည် ယမန်နေ့က စတင်လိုက်သည်။

ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သည့် ဦးအုန်းကြိုင်နှင့် ဗဟန်းမြို့နယ် ဥက္ကဋ္ဌ ဦးအောင်မြင့် (ဖျာပုံနီလုံဦး)၊ လူငယ် (ဗဟို) အဖွဲ့ဝင် ကိုဘမောင်၊ ရန်ကုန်တိုင်း လူငယ်ခေါင်းဆောင် ဦးအေးမင်းစိုးနှင့် ရခိုင်ပြည်နယ် စည်ရုံးရေး ကော်မတီဝင် ဦးတင်သိန်းအောင် တို့သည် ရခိုင်ပြည်နယ် ဂွမြို့သို့ ဘတ်စ်ကားဖြင့် ယနေ့နံနက်တွင် ရောက်ရှိလာခြင်း ဖြစ်သည်။

“ပါတီရပ်တည်ချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်တွေကို ဗဟိုအဖွဲ့ဝင်တွေက ပါတီဝင်ထုကို ရှင်းပြဖို့ ရခိုင်ပြည်နယ် ခရီးစဉ်ကို ထွက်လာတာပါ” ဟု ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ် ခရီးစဉ်၏ အစအဖြစ် ဂွမြို့နယ်စည်းရုံးရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိန်ကျော်၏ နေအိမ်တွင် ပါတီဝင်ထု ၄ဝ နီးပါးနှင့် ယနေ့ တွေ့ဆုံကြသည်။

တွေ့ဆုံပွဲတွင် NLD အနေဖြင့် နိုင်ငံရေးဆန်သော အလုပ်များ မပြုလုပ်သော်လည်း ပါတီ ရည်မှန်းချက် ဖြစ်သော အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ လူ့အခွင့်အရေး ရရှိရေး၊ စစ်မှန်သော ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ငြိမ်းချမ်းစွာ ထူထောင်ရေး ဆွဲကိုင်သည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော နိုင်ငံရေး အင်အားစုအဖြစ် လုပ်ကိုင်သွားရန် ဗဟို ခေါင်းဆောင်များက ရှင်းလင်း ပြောကြားခဲ့ကြသည်။

ပါတီအထွေထွေ အတွင်းရေမှူးလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဦးဝင်းတင်တို့၏ မှာကြားချက်များကို ရှင်းပြခဲ့ရာ ပါတီဝင်ထုက အားတက်သရော ထောက်ခံသည်ဟု ဦးအုန်းကြိုင်က ဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်ဖြစ်တဲ့ နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံမတင်ဘဲ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ တရားမျှတမှု ဖော်ဆောင်ရေးတို့အတွက် မူလရပ်တည်ချက်အတိုင်း NLD က ဆက်ပြီး ရပ်တည်နေတယ်၊ ပါတီထုကလည်း ယုံယုံကြည်ကြည်၊ ခိုင်ခိုင်မာမာ ရပ်တည်နေကြပါလို့ မှာကြားချက်၊ နောက် ဦးတင်ဦးရဲ့ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို တက်တက်ကြွကြွ၊ ယုံယုံကြည်ကြည် ဆောင်ရွက်ကြပါလို့ မှာကြားချက်၊ ဆရာဦးဝင်းတင် မှာလိုက်တဲ့ ဘာပဲလုပ်လုပ် ပြည်သူကို အကျိုးပြုမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ပါဆိုတဲ့ မှာကြားချက်တွေကို ပြန်ပြောပါတယ်” ဟု သူက ပြောသည်။

သီတင်းပတ် တပတ်ခန့်ကြာမြင့်မည် ရခိုင်ပြည်နယ် ခရီးစဉ်တွင် ဂွ၊ သံတွဲ၊ တောင်ကုတ်နှင့် စစ်တွေမြို့သို့ သွားရောက် ကြမည် ဖြစ်ရာ မနက်ဖြန်တွင် သံတွဲမြို့သို့ ဆက်လက် ထွက်ခွါကြမည်ဖြစ်သည်။

မိုးရာသီတွင် စတင်သည့် ခရီးစဉ်တွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည်မှအပ အနှောင့်အယှက်များ မကြုံ တွေ့ရကြောင်း ဦးအုန်းကြိုင်က ဆိုသည်။

၂ဝဝ၃ ခုနှစ် ဒီပဲယင်း လုပ်ကြံမှု မတိုင်ခင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ ဦးဆောင်ကာ နိုင်ငံတဝှန်း စည်းရုံးရေးခရီး ထွက်စဉ်က ရခိုင်ပြည်နယ်သို့လည်း ရောက်ရှိ ခဲ့သေးသည်။

ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ ရှေ့နေနှင့် ပါတီဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဥာဏ်ဝင်းနှင့် တွေ့ဆုံခွင့်များ ရရှိစဉ်က အောက်ခြေထုထံ သွားရောက်ရန် မှာကြားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း ပါတီခေါင်းဆောင်များသည် မန္တလေး၊ ကရင်ပြည်နယ်နှင့် ပဲခူးမြို့များသို့ သွားရောက်ကာ ပါတီဝင်ထုနှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြသေးသည်။

Ref: မဇ္ဈိမ

Read More...

သေနတ် ပစ်ဖောက်၍ အပစ်ရပ် အဖွဲ့ဝင် ၂ ဦး အဖမ်းခံရ

ဘစောတင်
Monday, August 02, 2010

ကရင်ပြည်နယ် မြ၀တီမြို့တွင် ယမန်နေ့က အပစ်ရပ် အဖွဲ့ ၂ ခုမှ တပ်သား ၂ ဦး မူးယစ်ပြီး သေနတ် ပစ်ဖောက်သဖြင့် မြဝတီ ရဲစခန်းက ဖမ်းဆီး ထားကြောင်း သိရသည်။

မွန်အမျိုးသား ငြိမ်းချမ်းရေး ကောင်စီ ပါတီ (Mon National Peace Council Party – MNPCP) နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ၉၀၁ တပ်တို့မှ တပ်သား ၂ ဦးသည် အရက်သောက်ရင်း ဝယ်ယူလာသည့် ပစ္စတို သေနတ်ကို ၉ ချက် စမ်းသပ် ပစ်ဖောက်ခြင်းကြောင့် ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း မြဝတီရဲစခန်းက အတည်ပြု ပြောကြားသည်။

“ညက သူတို့ကို ပုဒ်မ ၁၉၁ နဲ့ ချုပ်ထားတယ်။ ကျည် ၃ တောင့်ရတယ်။ နောက် နင်းမိုင်းတခု ပါတယ်။ အဝေးထိန်း ကိရိယာတွေ ကတော့ ဘာမှန်း မသိသေးဘူး။ ရဲစခန်းမှာ ချုပ်ထားတယ်။ သူတို့ အဖွဲ့တွေကလည်း သူတို့လူတွေကို ပြန်ထုတ်ဖို့ ဆက်သွယ်နေတယ်” ဟု မြဝတီရဲစခန်းမှ ရဲတဦးက ဧရာဝတီသို့ ပြောသည်။

မြ၀တီ မြို့ခံတဦးက“ညက သေနတ်သံတွေ ဆက်တိုက်ကြားတယ်။ သေနတ်သံကြောင့် ကျနော်တို့ မိကျောင်းကုန်း ရပ်ကွက် တခုလုံး တညလုံး တိတ်ဆိတ် နေခဲ့တယ်။ မြို့မှာက သေနတ်ကိုင်တဲ့ လူကလည်း စုံတယ်လေ။ စစ်သားရော၊ ပုလိပ်ရော၊ ငြိမ်း တပ်ဖွဲ့တွေရော ဆိုတော့။ ထိခိုက်ဒဏ်ရာ ရတယ်တော့ မကြားမိဘူး” ဟု ဆိုသည်။

MNPCP မှာ မွန်ပြည်သစ်ပါတီမှ ခွဲထွက်လာသူ ဗိုလ်ချုပ်ဟောင်း အောင်နိုင်က ဦးစီးပြီး မြန်မာ စစ်အစိုးရထံမှ စီးပွားရေး လုပ်ပိုင်ခွင့် တချို့ရရှိထားကာ မြ၀တီမြို့တွင် ရုံးခန်း ဖွင့်လှစ်ထားသည်။

ယခင်က အပစ်ရပ်အဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်မှု၊ သေနတ်ပစ်ဖောက်မှု များကို ရဲက ဖမ်းဆီးခြင်း မရှိခဲ့ပေ။ ယခု ဖမ်းဆီး ထားသော အပစ်ရပ် အဖွဲ့ဝင်များအား မြဝတီ ရဲစခန်းက မည်သို့ အရေးယူမည်ကို မြို့ခံများက စိတ်ဝင်စားလျှက် ရှိကြောင်း သိရသည်။

Ref: ဧရာဝတီ်

Read More...

မွန်ပါတီ ရွေးကောက်ပွဲဝင်ရေး ပြန်သုံးသပ်ရန် တိုက်တွန်း

ဝီရ
၀၂ သြဂုတ် ၂၀၁၀

၂၀၁၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ (အေအမ်ဒီပီ) ၏ လုပ်ရပ်သည် မွန်ပြည်သူတို့အား တွေဝေ သွားစေနိုင်သည့် အတွက် ရွေးကောက်ပွဲဝင်ရေး ဆုံးဖြတ်ချက်ကို ပြန်လည် သုံးသပ်ရန် မွန်အမျိုးသား ကောင်စီက ထပ်မံ တိုက်တွန်းလိုက်သည်။

မွန်အမျိုးသားကောင်စီမှ သဘာပတိအဖွဲ့ဝင် နိုင်ဖေသိန်းဇြာက “ပြည်တွင်းက အဓိကျတဲ့ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား ပါတီတွေက ဒီရွေးကောက်ပွဲကို ဆန့်ကျင် ကန့်ကွက်နေတဲ့ ကြားထဲက မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ရွေးကောက်ပွဲဝင်ဖို့ ကြိုးပမ်းခြင်းဟာ မွန်လူထုကို တွေဝေ သွားစေနိုင်တယ်။ အမျိုးသား ညီညွတ်ရေးကိုလည်း ထိခိုက်စေနိုင်တယ်။ ဒါကြောင့် ဝင်ဖို့ ဆုံးဖြတ်တာကို ပြန်သုံးသပ်ဖို့ တိုက်တွန်းရတာ ဖြစ်တယ်။ အချိန် မနှောင်းသေးပါဘူး” ဟု ပြောကြားသည်။

သြဂုတ် (၂) ရက် ရက်စွဲဖြင့် နိုင်ဖေသိန်းဇြာက မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသို့ အိတ်ဖွင့်ပေးစာ အမှတ် (၁) တွင် (က) လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်ရေး၊ (ခ) အဖွဲ့အစည်းပေါင်းစုံ ပါဝင်ရေး၊ (ဂ) တိုင်းရင်းသား ပြည်သူလူထု မိမိတို့ အထိုက်အလျှောက် ပါဝင်ရေး၊ (ဃ) ရွေးကောက်ပွဲ ရလဒ်ကို တိုင်းရင်းသား ပြည်သူလူထု ကြည်ကြည်ဖြူဖြူ လက်ခံရေး ဟူသော အချက် (၄) ချက်အပေါ် အခြေခံ၍ တင်ပြ ဆွေးနွေးထားသည်။

နိုင်ဖေသိန်းဇြာက “ဒီရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတမှု မရှိဘူးဆိုတာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီလည်း တွေ့မြင်နေရပြီလို့ ယုံကြည်ပါတယ်။ စစ်အာဏာရှင်က ကြံ့ဖွံ့အဖွဲ့ကို အစိုးရငွေကြေး ထောက်ပံ့ပေးပြီး ရွေးကောက်ပွဲ ဝင်ခိုင်းတယ်။ သူတို့ လိုလားတဲ့ ပါတီတွေက စည်းကမ်းဥပဒေတွေ ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်။ ဒါတွေကြောင့် အကယ်လို့ မဝင်သင့်ဘူးလို့ မြင်ရင် အချိန်မရွေး နောက်ဆုတ်လို့ ရပါတယ်။ ဘယ်သူကမှ အတင်းအကျပ် ခိုင်းလို့မရပါဘူး။ ဘယ်သူကမှ အပြစ် ယူလို့လည်း မရပါဘူး” ဟု ပြောကြားသည်။

ရွေးကောက်ပွဲ ကော်မရှင်သို့ ပြီးခဲ့သည့်သီတင်းပတ်က ပါတီဝင်အင်အားစာရင်း (၁,၄၀၀) ကျော် တင်ပြ ထားပြီး ဖြစ်သည့် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီသည် အငြိမ်းစား အစိုးရ ဝန်ထမ်းများ ဖြစ်သော ပြည်နယ် ပညာရေးမှူးဟောင်း နိုင်ငွေသိန်း (နိုင်ဇနူမွန်) က ဥက္ကဋ္ဌ၊ ညောင်နှစ်ပင် အမျိုးသားညီလာခံ ကိုယ်စားလှယ် တဦးဖြစ်သူ နိုင်သိုက်က ဒု-ဥက္ကဋ္ဌ၊ ပြည်နယ် ကျန်းမာရေးမှူးဟောင်း ဒေါက်တာ မင်းနွယ်စိုးက အထွေထွေ အတွင်းရေးမှူး အဖြစ် ပါဝင်ကာ မွန်ပြည်သစ် ဗဟိုကော်မတီဝင် ဟောင်းများ ဖြစ်သော နိုင်လဝီအောင်၊ နိုင်တင်လှ စသည့်ပုဂ္ဂိုလ်များလည်း ပါဝင်ပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင် ထားကြသည်။

နိုင်ဖေသိန်းဇြာက “ရွေးကောက်ပွဲမှာ ငါတို့မဝင်ရင် အချောင်သမားတွေ ဝင်ပြီး နေရာယူသွားမယ်။ အချောင် သမားတွေထက် ဒို့က ဝင်ပြီး နေရာယူရင် အနည်းဆုံး မွန်လူမျိုး အကျိုးအတွက် သယ်ပိုးနိုင်တယ်၊ သက်သက်သာသာ ရှိနိုင်တယ်ဆိုတဲ့ အယူအဆဟာ ရွေးကောက်ပွဲဝင်ဖို့ ယတ္တိယုတ္တာ ရှိတဲ့၊ ခိုင်လုံတဲ့ အကြောင်းပြချက် မဟုတ်ဘူး။ ဒီရွေးကောက်ပွဲဟာ အောင်မြင်တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ပဲ စစ်အာဏာရှင်တွေက ကြိုးစားနေတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရမယ်လို့ သူတို့က မပြောဘူး။ ဒါဟာ ပြည်သူကိုရော ကမ္ဘာကြီးကိုပါ လှည့်စားမှာဖြစ်တယ်။ ရွေးကောက်ပွဲဝင်လို့ ကိုယ်က တမတ်တပြားပဲ ရတဲ့အချိန်မှာ စစ်အာဏာရှင်တွေ အတွက် အကျိုးအမြတ်တွေက ပိုများနေတယ်။ သူတို့အတွက် အသုံးချခံ သက်သက် ဖြစ်မှာကို စိုးရိမ်ရမယ်” ဟု ပြောကြားသည်။

ယခုနှစ်အစောပိုင်းက စတင်ဖွဲ့စည်းခဲ့သည့် ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေး ဆုံးဖြတ်နိုင်ရန် အထင်ကရ မွန်ဆရာတော်ကြီးများ၊ မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ နိုင်ငွေသိမ်း၊ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ မင်းစိုးလင်း စသည့်ပုဂ္ဂိုလ်များ ပါဝင်သည့် (၁၅) ဦးကော်မတီက လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုတော့ကြောင်း ဆုံးဖြတ် ခဲ့ပြီးနောက် အဆိုပါ ကော်မတီဝင်အချို့က မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီကို ဖွဲ့စည်း ခဲ့ခြင်းဖြစ်သည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက စည်းရုံးရေး ဆင်းရာတွင် နိုင်ငံရေးသမားများနှင့် မွန်ပြည်သူတို့ အကြား နားလည်မှု လွဲစေနိုင်သော ဖြစ်ရပ်များ ရှိခဲ့ကြောင်း ပြည်တွင်းမှ တက်ကြွ လှုပ်ရှားသူ မွန်လူငယ် တဦးက ဆိုသည်။

၎င်းက “နိုင်ငံရေးသမားတွေက ဒီရွေးကောက်ပွဲကို သပိတ်မှောက်တာ လုပ်လို့ရပေမယ့် ပြည်သူတွေကျတော့ ဒါကို ဖြတ်သန်း ရမှာပဲလေ။ မွန်ပြည်သစ်နဲ့ မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့တို့က ရွေးကောက်ပွဲ မဝင်ကြဘူး။ ကန့်ကွက် ထားကြတယ်။ အခု ပါတီအသစ်ကို ပြည်သူတွေက မဲပေးရမှာလား သို့မဟုတ် မဲရုံကို မသွားဘဲ ကန့်ကွက်ရမှာလား ဆိုတာ ပြည်သူတွေက ဝေခွဲမရ ဖြစ်နေကြတယ်။ ဒါကိုရှင်းဖို့ မွန်နိုင်ငံရေး သမားတွေ စုပြီး အကြံတောင်းတာ လုပ်ခဲ့တယ်။ ဒါပေမယ့် တိကျတဲ့ အဖြေတော့ ထွက်မလာဘူး။ အခုလို မွန်အမျိုးသားကောင်စီရဲ့ ကြေညာချက်ကို ကျနော်တို့ ထောက်ခံတယ်။ ဒါကို မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီက စဉ်းစားဖို့ လိုတယ်” ဟု ပြောသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအနေဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ခြင်းသည် စစ်အာဏာရှင်၏ ရွေးကောက်ပွဲအား ဆန့်ကျင် တိုက်ဖျက်ရေး အတွက် စည်းလုံး ညီညွတ်မှုအားဖြင့် တိုက်ပွဲဝင်နေသော အရှိန်အဟုန်ကို ထိခိုက် ယိမ်းယိုင် စေနိုင်ကြောင်း ပြီးခဲ့သည့် ဇူလိုင် (၂၆) ရက် သြစတြေးလျနိုင်ငံ အခြေစိုက် မွန်အမျိုးသား ကောင်စီက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

Ref: ခေတ်ပြိုင်

Read More...

“ဝ”ဒေသတွင် ရွေးကောက်ပွဲ စည်းရုံးလှုပ်ရှားမှု ကန့်ကွက်

စိုင်းဇွမ်ဆိုင်း
Monday, August 02, 2010

“ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) က ၎င်းတို့ ထိန်းချုပ် နယ်မြေအတွင်းသို့ ရွေးကောက်ပွဲ အတွက် စည်းရုံး လှုပ်ရှား ခြင်းများကို ကန့်ကွက် ထားသော်လည်း ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) နှင့် မွန်ပြည်သစ် ပါတီ (NMSP) တို့က ယင်းသို့ ကန့်ကွက်ရန် ဆုံးဖြတ်ချက်ချခြင်း မရှိသေးကြောင်း သိရှိရသည်။

“ရွေးကောက်ပွဲက သူတို့ဘာသာ သူတို့ လုပ်တာလေ၊ ကျနော်တို့မှ မပါတာ၊ အဲဒါကြောင့် ကျနော်တို့ နယ်မြေထဲမှာ ရွေးကောက်ပွဲနဲ့ ပတ်သက် တာတွေကို လက်မခံပါဘူး”ဟု UWSA မှ ဦးဘွမ်သိမ်းက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို UWSA မှ လက်မခံ သော်လည်း ဝ တိုင်းရင်းသားများ ဖြစ်သော ဦးခွန်ထွန်းလူနှင့် ဦးဖိလစ်ခမ်း တို့က ဝ ဒီမိုကရက်တစ် ပါတီ (WDP) နှင့် ဝ အမျိုးသား စည်းလုံး ညီညွတ်ရေး ပါတီ အမည်တို့ဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီ တည်ထောင်ခွင့်နှင့် ဆက်လက် တည်ထောင်ခွင့် လျှောက်ထား ခဲ့သည်။

“ခွန်ထွန်းလူဆိုတာက ကာကွယ်ရေးဝန်ကြီးဌာနက ဒု- ဗိုလ်ချုပ်ကြီး ကိုကို ရဲ့ ယောက်ဖ၊ ၉၀ ပြည့်နှစ်တုန်းက တစည ပါတီ ကနေ ရွေးကောက်ပွဲ ဝင်ဖူးတယ်လို့ ကြားတယ်၊ ဝ ဒေသအတွက် လူပေါင်း ၅၀၀၀- ၆၀၀၀ လောက်ရဲ့ အသက်တွေ ကို ရင်းထားရတာ၊ အဲလိုနေရာကို သူတို့တွေ ရွေးကောက်ပွဲဝင်ဖို့ ကိုယ်စား ပြုခိုင်းမယ် ဆိုရင် လက်တွေ့ မကျလှဘူး”ဟု တရုတ်- မြန်မာနယ်စပ် အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။

၎င်းတို့နယ်မြေအတွင်းတွင် ရွေးကောက်ပွဲအတွက် စည်းရုံးခွင့်မပြုဆိုသည့်အချက်ကို UWSA မှ တာဝန်ရှိသူများက ဇူလိုင် လဆန်း ပိုင်းကတည်းက တရားဝင် ထုတ်ဖော် ပြောဆိုထားကြောင်း သိရှိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသကြီး ၆ ခု သတ်မှတ် ပေးထားသော်လည်း ရှမ်းပြည် မြောက်ပိုင်း ဟိုပန်မြို့နယ်နှင့် ပန်ယန်းမြို့နယ် တို့သည် စစ်အစိုးရ၏ အုပ်ချုပ်မှု အောက်တွင် ရှိနေသေးသည်။

WDP နှင့် ဝ အမျိုးသား စည်းလုံးညီညွတ်ရေး ပါတီ တို့သာမက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ရွေးကောက်ပွဲ အတွက် စည်းရုံးလှုပ်ရှားမှုများ ပြုလုပ်လာလျှင်လည်း လက်ခံလိမ့်မည် မဟုတ်ဟု ထင်မြင်ကြောင်း ဦးအောင်ကျော်ဇော က ဆက်လက် ပြောဆိုသည်။

KIO ၏ ဒုတိယ နိုင်ငံခြားရေး တာဝန်ခံဖြစ်သော ဗိုလ်မှူးကြီး ဂျိမ်းစ်လွမ်းဒေါင် က ရွေးကောက်ပွဲအတွက် ၎င်းတို့နယ်မြေ အတွင်း စည်းရုံးမှုများ အပေါ်တွင် ယတိပြတ် ဆုံးဖြတ်ခြင်း မရှိသေးကြောင်း ဧရာဝတီသို့ ပြောသည်။

၎င်းကပင် ဆက်လက်၍“ကျနော်တို့က နိုင်ငံတော်အစိုးရနဲ့ ပဋိပက္ခမဖြစ်အောင်၊ ပြီးတော့ ကျနော်တို့ရဲ့ အသွင် ကူးပြောင်းရေး ကာလ အတွက် ချင့်ချိန်ပြီးမှ ပေါင်းသင်း ဆက်ဆံနေရတဲ့ ကာလလည်း ဖြစ်တဲ့ အတွက် ဒါတွေကတော့ အတိအကျ ပြောလို့ မရသေးပါဘူး၊ ကျနော်တို့ရဲ့ မိတ်ဖြစ် ဆွေဖြစ်နေတာတွေကို မပျက်စီးရေး အတွက် ချင့်ချိန်ပြီး လုပ်ရမယ့်အလုပ် ဖြစ်ပါတယ်”ဟု ပြောဆိုသည်။

သို့သော် KIO ၏ ဒုတိယ ဥက္ကဋ္ဌဟောင်းဖြစ်သူ ဒေါက်တာ မနန်တူးဂျာ ဦးဆောင်သည့် ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP) သည် ၎င်းတို့ပါတီ စတင်ဖွဲ့စည်းသည့် ၂၀၀၉ ခုနှစ်ကတည်းက စည်းရုံးမှုများ လုပ်ဆောင် ခဲ့ကြောင်းလည်း ဗိုလ်မှူးကြီး ဂျိမ်းစ်လွမ်းဒေါင်က ပြောဆိုသည်။

အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုဖြစ်သော မွန်ပြည်သစ်ပါတီ (NMSP) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်ချေးမွန်က လည်း ၎င်းတို့ နယ်မြေအတွင်းသို့ ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ စည်းရုံး လှုပ်ရှားမှုများ မရှိသေးသဖြင့် NMSP ဘက်မှ မည်သည့် ဆုံးဖြတ်ချက်ကိုမျှ ချမှတ်ခြင်း မရှိသေးကြောင်း ဧရာဝတီသို့ ပြောဆိုထားသည်။

၁၉၈၉ ခုနှစ်မှ စတင်ကာ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲ ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။

ယင်းအပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် နအဖ စစ်အစိုးရက ၂၀၀၉ ခုနှစ် ဧပြီလမှ စတင် ဖိအားပေးခဲ့ရာ UWSA, NMSP နှင့် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) တို့သည် နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် ငြင်းဆန်နေကြဆဲ ဖြစ်သည်။

Ref: ဧရာဝတီ်

Read More...

Monday, August 2, 2010

စစ်သည်တော်ကျင့်ဝတ်(၆၀) တပ်မတော်မှာ ရှိသေးရဲ့လား

ရော်နီညိမ်း
တနင်္ဂနွေ, 25 ဇူလိုင် 2010

တပ်မှူးတပ်သား ပြောစကား (၀၁၈)

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း ခေတ်သစ် မြန်မာ့တပ်မတော်မှာ စစ်သည်တော် ကျင့်ဝတ်တွေကို အတိအကျ ပြဌာန်းခဲ့ပြီး အရာရှိ စစ်သည်တွေ အနေနဲ့ စစ်သည်တော်ကျင့် ၀တ်တွေကို အပြည့်အ၀ လိုက်နာ စောင့်ထိန်းကြဘို့ အထက် တပ်မှူး အဆင့်ဆင့်တွေက အမြဲလို သွန်သင် ဆုံးမ ခဲ့ကြပါတယ်။ စစ်သည်တော် ကျင့်ဝတ်ပေါင်း(၆၀)ကို အခုအခါ တပ်မတော် ထဲမှာ တည်ဆဲ ပြဌာန်း ထားဆဲ ပဲလားလို့ အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး အေးမြင့်နဲ့ ဗီအိုအေ ၀ိုင်းတော်သား ဦးရော်နီညိမ်းတို့ မေးမြန်း ဆွေးနွေး ထားကြပါတယ်။ ၁၉၆၁ခုနှစ် OTS ဗိုလ် သင်တန်းအပတ်စဉ်(၂၆)က ဆင်းပြီး အရှေ့ မြောက်တိုင်း စစ်ဌာနချုပ်မှာ စစ်ဦးစီးမှူး (ပထမတန်း) တာဝန်ထမ်းဆောင်ခဲ့သူ နဲ့ “မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး” ABSDF ကျောင်းသား တပ်မတော်ရဲ့ လေ့ကျင့်ရေးမှူးချုပ် တာဝန် ယူခဲ့သူလည်း ဖြစ်တဲ့ အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီးအေးမြင့်ရဲ့ပြောစကားတွေကို၊ ဒီတစ်ပတ် “တပ်မှူးတပ် သား ပြောစကား” အပတ်စဉ် ကဏ္ဍမှာ ထုတ်လွှင့် လိုက်ပါတယ်။

ဦးရော်နီညိမ်း။ ။ ဗိုလ်မှူးကြီးအေးမြင့်တို့ခေတ်က စစ်သည်တော်ကျင့်ဝတ်နဲ့ ပတ်သက်ပြီးတော့ အထက် တပ်မှူးတွေက အောက်က တပ်မှူးတွေကို ဘယ်လိုများ ညွှန်ကြားသွန် သင်ပြီးတော့ ဒီအောက်က တပ်မှူး တပ်သားတွေကလည်း စစ်သည်တော် ကျင့်ဝတ်ပေါ်မှာ လိုက်နာ ကြဖို့အတွက် လိုလိုလားလား ရှိခဲ့သလဲ ဆိုတာကို နည်းနည်း ရှင်းပြပေးပါ ခင်ဗျား။
v
ဒုတိယဗိုလ်မှူးကြီး အေးမြင့်။ ။ ကျနော်တို့ တပ်ထဲ ရှိစဉ်တုန်းကတော့ စစ်သည်တော် ကျင့်ဝတ် ဆိုတာ ကာကွယ်ရေး ဦးစီးချုပ်ပေါ့ဗျာ။ စစ်ဦးစီးချုပ် အဲဒီတုန်းက ဗိုလ်ချုပ်ကြီးနေ ၀င်းကိုယ်တိုင်က သတ်မှတ် ညွှန်ကြားပြီးတော့ ပြဌာန်း ထုတ်ဝေထားတဲ့ စစ်သည်တော် ကျင့်ဝတ် (၆၀) ပါ။ လူတိုင်း အရာရှိ အရာခံ အကြပ် တပ်သားတိုင်း အားလုံးကို လိုက်နာဖို့ အ တွက်ကို သူကိုယ်တိုင်က သေသေချာချာ ကွပ်ကဲမှု အဆင့်ဆင့်ကို စေ့ဆော် သွန်သင် ညွှန်ကြားခဲ့တယ် ခင်ဗျ။ အဲ..ဦးစီးချုပ် ကိုယ်တိုင်ကတော့ သူကိုယ်တိုင် ညွှန်ကြားခဲ့တဲ့ စည်းမျဉ်း စည်းကမ်း ဥပဒေတွေကို လိုက်နာရန် ပျက်ကွက် ခဲ့ပေမယ့်လို့လည်းပဲ ကွပ်ကဲမှု အောက်မှာရှိတဲ့ အရာရှိ အရာခံ အကြပ် တပ်သားများ အားလုံး လိုက်နာဖို့ကို တော့ဖြင့် စေ့ဆော်သွန် သင်ခဲ့ပါတယ်။ ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့ ဆိုတဲ့ ညွှန်ကြားချက်နဲ့ လည်းပဲ ကြားဖူးနားဝ ရှိခဲ့ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်မှူးကြီးခင်ဗျား၊ ဒီတော့ စစ်သည်တော်ကျင့်ဝတ်က စစ်ရေးချုပ်ရုံး က လာမယ် ထင်ပါတယ်။ အဲဒီလိုမျိုး သတ်မှတ်ပြဌာန်းတာ ဘယ်ခုနှစ်လောက် မှာ စခဲ့တယ်လို့ ဗိုလ်မှူးကြီး သိထားပါသလဲ၊ နောက် ဗိုလ်မှူးကြီးတို့ တပ်ထဲ ၀င်တဲ့အချိန်မှာ ဒါဟာ ပြဌာန်းပြီးသား ဖြစ်နေပါပြီလား ခင်ဗျား။ ဒီအချက် (၆၀) ဟာ။

ဒုတိယဗိုလ်မှူးကြီး အေးမြင့်။ ။ ၁၉၅၃ ခုနှစ်လောက်က စတင်ပြဌာန်းခဲ့တာ ဆိုတော့ ကျနော်က တပ်ထဲကို ၁၉၅၅ ခုမှာ ရောက်တဲ့ အတွက် ကျနော်တို့ တပ်ထဲ ရောက်တဲ့အ ချိန်မှာ အဲဒီ စစ်သည် တော်ကျင့်ဝတ် (၆၀) ဟာ ပြဌာန်းထားပြီးသား ဖြစ်ပြီးတော့ လိုက်နာ ကျင့်ကြံကြတဲ့ အနေအထားမှာ ရှိတာကို တွေ့ရပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျား။ ဗိုလ်မှူးကြီးရဲ့ အတွေ့အကြုံအရ ဒီစစ်သည်တော် ကျင့်ဝတ်ကို အခြား အဆင့် စစ်သည် အနေ အထားမှာရော နောက်တစ်ခါ အရာရှိ ဖြစ်လာတဲ့ အနေအထားမှာရော ဘယ်လိုတွေ လိုက်နာခဲ့ကြတယ် ဘယ်လိုတွေ ဆောင်ရွက် ခဲ့ကြတယ်ဆိုတဲ့ ကိုယ်တွေ့ လေးတွေနဲ့ပါ ဗိုလ်မှူးကြီး ပြောပြ ပေးပါခင်ဗျား။

ဒုတိယဗိုလ်မှူးကြီး အေးမြင့်။ ။ အဲဒီအချိန်တုန်းက တပ်မတော်ရဲ့အနေအထားက စစ်ရုံးချုပ်ရဲ့ ကွပ်ကဲမှု အောက်မှာ စစ်တိုင်းကြီး နှစ်တိုင်းရဲ့ တိုင်းမှူးတွေရယ်၊ တပ်မဟာ တပ် မင်းတွေရယ် ကွပ်ကဲမှု အဆင့်ဆင့် ရှိခဲ့တယ်ဗျာ။ အဲဒီ ကွပ်ကဲမှု အဆင့်ဆင့် ကနေပြီးတော့ စစ်သည်တော် ကျင့်ဝတ်(၆၀) ကို လိုက်နာကျင့်သုံး လှုပ်ရှားခဲ့ရတဲ့ အနေအထားမှာ ကျနော် တို့ ရဲဘော် ဘ၀တုန်းက ကတည်းက ပေါ့လေ၊ ဒါကို အလေးအနက် ထားပြီးတော့ လိုက်နာ ကျင့်သုံးခဲ့ ရပါတယ်။ အဲဒီတော့ ကွပ်ကဲမှု အဆင့်ဆင့်အရ ဆိုရင် ကျနော်တို့ရဲ့ စစ်ခေါင်းဆောင် အကြီးအကဲများ အနေနဲ့ စစ်သည်တော် ကျင့်ဝတ်ကို သတ်မှတ် ညွှန်ကြား စေ့ဆော် တိုက်တွန်းတဲ့ နေရာမှာ ပညတ်ချက်တွေ၊ အမိန့်ညွှန်ကြား ချက်တွေ အဆိုအမိန့်တွေ နဲ့ပါ ကျနော်တို့ကို စေ့ဆော် ဆုံးမ သွန်သင် ခဲ့ကြပါတယ် ခင်ဗျား။ ဘာပဲလုပ်လုပ် ဘာပဲ ကိုင်ကိုင် ကျနော်တို့ တစ်တွေဟာ စစ်သည်တော် အားလုံးဟာ ပြည်သူလူထုရဲ့ ဆန္ဒကို အစဉ်ထာဝရ ဦးထိပ် ထားရမယ်လို့ သွန်သင်ခဲ့ပါတယ်။ ပြည်သူ့ဆန္ဒနဲ့အညီ နေထိုင် ကျင့်ကြံ သွားကြဖို့ ကိုလည်း ကျနော်တို့ကို စေ့ဆော် ဆုံးမ သွန်သင် ခဲ့ကြပါတယ်။

ဒုတိယဗိုလ်မှူးကြီး အေးမြင့်။ ။ ပြည်သူ့ဆန္ဒနဲ့ ညီရင် မင်းတို့ ရဲ့ လုပ်ရပ်တွေဟာ မှန်တယ်။ ပြည်သူ့ ဆန္ဒနဲ့ မညီတာနဲ့ မင်းတို့ရဲ့လုပ်ရပ်တွေ မှားပြီလို့သာ မှတ်တော့၊ မင်းတို့ ပြည်သူကို ဆက်ဆံတဲ့ နေရာမှာ ပြည်သူတွေရဲ့မျက်နှာ ကြည်သာ ရွှင်ပျဖို့ လိုတယ်။ ပြည်သူတွေရဲ့မျက်နှာ ကြည်သာရွှင်ပျမှု မရှိဘူးဆိုရင် မင်းတို့ရဲ့ ကျင့်ဝတ်တွေဟာ ပျက်ပြားစ ပြုနေပြီ လို့သာမှတ်၊ မင်းတို့ ပြည်သူကို ဆက်ဆံတဲ့ နေရာမှာ ပြည်သူနဲ့ တစ်သားတည်း ရှိနေစေရမယ်။ ပြည်သူတို့ မပြုံးတာဟာ မမဲ့ရဲလို့မှတ်၊ ပြည်သူတို့ မဲ့လာတဲ့ တစ်နေ့ ကျရင်တော့ မင်းတို့ ဟာ စစ်တပ်လို့ တောင် ခေါ်လို့ မရတော့ဘူး၊ လက်နက်ကိုယ်စီ ကိုင်ထားတဲ့ လူရမ်းကား တစ်စု ဖြစ်သွားပြီလို့ အဲဒီလိုကို ကျနော်တို့ကို ဥပမာ၊ ဥပမေယျ တွေနဲ့ ပေါ့ဗျာ၊ သေသေချာချာ လေးကို သွန်သင်ဆုံးမ ညွှန်ကြား ခဲ့ကြပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်မှူးကြီး ခင်ဗျား၊ ဗိုလ်မှူးကြီး အဲဒီ စစ်သည်တော်ကျင့်ဝတ် (၆၀) ထဲမှာ ဗိုလ်မှူးကြီးရဲ့ တပ်တွင်းမှာ ကျော်ဖြတ် လာခဲ့တဲ့ အတွေ့ အကြုံအရ ဘယ်အ ချက်က အရေးအကြီးဆုံးလို့ ဗိုလ်မှူးကြီး ထောက်ပြလိုပါသလဲ ခင်ဗျား။ ဘယ်ဟာကတော့ ဒါသိပ်ကို အရေးကြီးတယ်၊ ကျန်တာက နည်းနည်းပါးပါး ပျက်ကွက်ရင် တောင်ရသေးတယ်၊ ဒါမျိုးကတော့ လုံးဝ မရဘူး ဆိုတာမျိုး ဗိုလ်မှူးကြီး မြင်တဲ့ဟာကို ပြောပြပေးပါလား ခင်ဗျား။

ဒုတိယဗိုလ်မှူးကြီး အေးမြင့်။ ။ အဓိက ကတော့ဗျာ ပြည်သူနဲ့ ဆက်ဆံတဲ့ နေရာမှာ ပြည်သူတွေ အပေါ်မှာ ရေလိုလလို ကျင့်ရမယ်တဲ့၊ ဒါကျနော်တို့ကို သေချာ ညွှန်ကြားတာ၊ ဒါပေမယ့် ဒီနေ့ တပ်မတော်ကတော့ ပြည်သူတွေကို မီးလို နေလို ကျင့်နေတယ်လို့ ကျနော်တော့ အဲဒီလို မြင်တယ်ဗျာ။ အဲဒီတော့ တော်တော့်ကို ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ ဟိုတုန်း ကဆိုလျှင် ကျနော်တို့ရဲ့ခံယူချက်က “ပြည်သူသာလျှင်အမိ ပြည်သူသာလျှင် အဖ”၊ ဒီနေ့ နအဖ တစ်ဖြစ်လဲ န၀တ တပ်မတော် ကတော့ဗျာ “တပ်မတော်သာလျှင် အမိ တပ်မတော်သာ လျှင် အဖ” ဆိုပဲဗျ၊ ဒီနေ့တော့ ဗျ၊ ဟိုတုန်းကနဲ့ မတူ တစ်မူ ထူးပြီးတော့ လုပ်စားနေကြလေရဲ့။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျား ဗိုလ်မှူးကြီး ၊ ဗိုလ်မှူးကြီးရဲ့ အတွေ့အကြုံ အရပေါ့၊ ဗိုလ်မှူးကြီးရဲ့ မျက်စေ့ထဲ မှာ ကိုယ်တိုင် မြင်တွေ့ခဲ့ရတဲ့ ကိုယ့်အထက် တပ်မှူးတွေ ဒီလိုမျိုး စစ်သည်တော် ကျင့်ဝတ်တွေနဲ့ အကုန်လုံး မဟုတ်တောင်မှ ရာနှုန်းပြည့်နီးပါး မဟုတ်တောင်မှ ရာခိုင်နှုန်း တော်တော်များများ အဲဒါတွေနဲ့ ညီညွတ်ပြီးတော့ နေထိုင်ပြုမူ လက်အောက် ငယ်သားတွေကိုလည်း ကျင့်ကြံ ဆောင်ရွက်သွားတဲ့ တပ်မှူး တစ်ယောက်နှစ်ယောက် လောက်ကို ကျနော်တို့ကို နမူနာ ပြောပြပါလား ခင်ဗျား။

ဒုတိယဗိုလ်မှူးကြီး အေးမြင့်။ ။ ဟိုတုန်းကတော့ဗျာ ကျနော်တို့ တပ်ထဲမှာဆိုရင် ဟုတ်လား၊ အများဆုံး စစ်ရေးနဲ့ ပတ်သက်တာရော အုပ်ချုပ်ရေးနဲ့ ပတ်သက်တာရော ဆိုလို့ ရှိရင်တော့ ဟိုတုန်းက ဗိုလ်မှူးကြီး ချစ်မြိုင်တို့ ဗိုလ်မှူးချုပ် ကျော်ဇောတို့ ဗိုလ်ချုပ်ကြီး သူရတင်ဦးတို့ ဒီပုဂ္ဂိုလ်တွေကတော့ တကယ့်ကို စစ်သည်တော် ကျင့်ဝတ်နဲ့အညီ နေထိုင်ကျင့်ကြံ သွားတဲ့ စစ်ခေါင်းဆောင် တွေလို့ ကျနော်တော့ မှတ်ယူခဲ့ပါတယ် ခင်ဗျား။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်မှူးကြီး အဲဒီလိုမျိုး စစ်သည်တော်ကျင့်ဝတ်နဲ့ ပြည့်စုံတဲ့ တပ်မှူးခေါင်းဆောင် တွေလို့ မြင်ခဲ့ သလိုပဲ မပြည့်စုံဘူး၊ မပြည့်စုံတဲ့ ပုဂ္ဂိုလ်ထဲမှာမှ တော်တော် ဆိုးဆိုးရွားရွားပေါ့၊ တပ်မတော် အတွက်ကော တိုင်းပြည် အတွက်ကော တော်တော်လေးကို မကောင်းခဲ့တဲ့ ဒီစစ်သည်တော် ကျင့်ဝတ်(၆၀) နဲ့ ဆန့်ကျင်တဲ့ ပုဂ္ဂိုလ်မျိုးကော ဗိုလ်မှူး ကြီး ပြောပြချင်တာ ရှိပါသေးလား ခင်ဗျား။

ဒုတိယဗိုလ်မှူးကြီး အေးမြင့်။ ။ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ပြောပြရရင်တော့ဗျာ၊ စစ်သည်တော် ကျင့်ဝတ် (၆၀) ကို သူကိုယ်တိုင် ထုတ်ပြီးတော့ သူကိုယ်တိုင် တိတိကျကျ မလိုက်နာခဲ့တဲ့ ပုဂ္ဂိုလ်ကတော့ အဲဒီအချိန်က စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေ၀င်းပေါ့ဗျာ၊ အခု သွားလေသူ ဦးနေ၀င်းလို့ပဲ ပြောရမှာပဲခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်မှူးကြီး၊ အဲဒီတော့ ဒီစစ်သည်တော် ကျင့်ဝတ် လိုက်နာမှု အပိုင်းမှာ၊ မလိုက်နာလို့ ၊ တပ်မှူးတွေက နေမှ မလိုက်နာတဲ့ လက်အောက် ငယ်သားကို အရေးယူ အပြစ်ပေးတာမျိုးကော ဗိုလ်မှူးကြီး ကြုံတွေ့ မြင်ခဲ့ ဖူးပါသလား ခင်ဗျ၊ အတွေ့အကြုံ အရ ပေါ့လေ။

ဒုတိယဗိုလ်မှူးကြီး အေးမြင့်။ ။ ဟိုတုန်းက တပ်မတော်ကတော့ဗျာ ကွပ်ကဲမှု အဆင့်ဆင့်က ပီပြင်တယ်လေ၊ ခေါင်က ဦးစီးချုပ် အသုံးမကျ ပေမယ့်လို့ ဒီ ကွပ်ကဲမှု အောက်မှာရှိ နေကြတဲ့ တိုင်းမှူးတွေ တပ်မမှူးတွေဟာ အဆင့်ဆင့် ကြပ်ကြပ်မတ်မတ် ကွပ်ကဲကြတော့ တပ်မတော်ကြီးဟာ ကနေ့လို ပရမ်းပတာတော့ မဖြစ်ဘူးခင်ဗျ။ အရေးယူစရာ ရှိလည်း အရေး ယူခဲ့တာတွေ အများကြီး ရှိပါတယ်။ ဒီနေ့ တပ်မတော် ကတော့ဗျာ၊ ဘာခေါ်မလဲ၊ ပရမ်းပတာနဲ့ တော်တော့်ကို အောက်ခြေ လွတ်နေတဲ့ အနေအထားမျိုး ရှိနေပါတယ်။ ပြောကြဟေ့ ဆို ရင်တော့ဗျာ၊ ဖက်ဆစ်ဂျပန် ထက်ကို ဆယ်ပြန်မက ရက်စက်တယ်၊ ပြည်တွင်းဖြစ် ဖက်ဆစ်စစ်တပ် သဘောမျိုးကို ဖြစ်နေတာ အင်မတန်မှ ၀မ်းနည်းဖို့ ကောင်းပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ပါ ဗိုလ်မှူးကြီး။ ဗိုလ်မှူးကြီးဟာ အခြားအဆင့်စစ်သည် အဆင့်ကနေမှ အရာရှိ ဖြစ်လာတဲ့ အခါကျတော့ ကွာခြားမှု ဘယ်လိုရှိလဲ ခင်ဗျ။ စစ်သည်တော် ကျင့်ဝတ်နဲ့ ပတ်သက်ပြီး အခြားအဆင့် စစ်သည်တွေ တော်တော် များများတော့ အရာရှိတွေက သွန်သင်ဆုံးမတဲ့ အတွက်ကြောင့် လိုက်နာကြရတာ ပိုများပြီးတော့ အရာရှိတွေ ကိုယ်တိုင် ကျတော့ မလိုက်နာ ကြတာမျိုး ဗိုလ်မှူးကြီး ဘယ်လို နှိုင်းယှဉ်မိခဲ့ ပါသလဲခင်ဗျား၊ တပ်ထဲမှာ နေခဲ့တဲ့ အတွေ့အကြုံ အရ။

ဒုတိယဗိုလ်မှူးကြီး အေးမြင့်။ ။ ဟိုတုန်းက ကျနော်တို့က ဗိုလ်သင်တန်းကျောင်းမှာ ကတည်းက ကျနော်တို့ကို သွန်သင် ညွှန်ကြား လိုက်တာလေး တစ်ခုရှိတယ် ခင်ဗျာ။ “မင်းတို့ အရာရှိဖြစ်သွားတဲ့ အခါမှာတဲ့ အမှားတစ်ခုကို ဘယ်တော့မှ အမှားတစ်ခုနဲ့ ပြန်ပြီး မပြင်နဲ့တဲ့၊ အမှားတစ်ခုကို အမှားတစ်ခုနဲ့ ပြင်နေတဲ့ ကာလပတ်လုံး အမှန် မဖြစ်လာဘဲနဲ့ အမှားနှစ်ခု သာ ဖြစ်သွားမယ်တဲ့ “။ အဲဒီ သွန်သင်ချက် ကလေးက တော်တော့်ကို ကောင်းပါတယ်။ ကျနော်တို့ အရာရှိ ဖြစ်လာတဲ့ အခါလည်း အဲဒီ သွန်သင်ချက် ကလေးကို အတော်လေးကို အလေးထား ဂရုပြုပြီးတော့ အမှားတစ်ခုကို အမှားတစ်ခုနဲ့ မပြင်မိဖို့ ကျနော်တို့ အသေအချာလေး ထိန်းသိမ်း လှုပ်ရှား ခဲ့ကြရပါတယ်။ ကျနော်တို့ ခေတ်တုန်း ကတော့ဗျာ၊ အထက်အရာရှိရဲ့အနေ အထားပေါ့၊ အထက် အရာရှိရဲ့ ဦးဆောင်မှု ခေါင်းဆောင်မှုကို အတုယူပြီး ကျနော်တို့ ကြိုးပမ်း လှုပ်ရှား ခဲ့ကြရတာပဲဗျ၊ ကိုယ်ကိုယ် တိုင်ကတော့ Firm ဖြစ်ဖို့တော့ လိုတာပေါ့ဗျာ၊ အရာ ရှိဖြစ်သွားပြီ တပ်မှူးတစ်ယောက် ဖြစ်သွားပြီးဆိုရင် Firm ဖြစ်ဖို့လိုတယ်၊ Firm ဖြစ်မှလည်းပဲ လက်အောက်ကို ကိုယ်က မှန်မှန်ကန်ကန် ကွပ်ကဲနိုင်တာကိုး။ အခုခေတ်ကတော့ဗျာ၊ ခေါင်က အစ မိုးမလုံတော့လည်း တံစက်မြိတ်မှာ ရွှဲနေတာကိုတော့ ဘယ်လိုမှ အပြစ်တင်လို့ မရတော့ဘူးပေါ့ဗျာ။

ဦးရော်နီညိမ်း။ ။ နောက်တစ်ခုက ဒီဗိုလ်မှူးကြီး ဒီတပ်ထဲကို မ၀င်ခင်ပေါ့နော်၊ ကိုယ်ဝင်မယ် ဆိုတဲ့ အဖွဲ့အစည်း ပေါ့နော်၊ ကိုယ်ယုံကြည် ကိုးစား လေးစားလို့ ၀င်တယ်၊ နောက် တစ်ခါ ဒီအဖွဲ့အစည်းရဲ့ခေါင်းဆောင်တွေကို ယုံကြည်လို့ ၀င်တယ်၊ ၀င်ရုံတင် မကဘူး၊ အထဲရောက်တဲ့ အခါကျတော့ ကိုယ်က ကြိုးစားတယ်၊ တပ်ထဲကို ရောက်တဲ့ အခါကျတော့လည်း အခြားအဆင့် စစ်သည်ကနေ အရာရှိ ဖြစ်အောင် ကြိုးစားတယ်၊ ကြိုးစားတဲ့ အတိုင်းလည်း ဖြစ်လာတယ်။ အဲဒီလိုမျိုး ကိုယ့်ဘ၀ကို တပ်မတော်သား ဘ၀ တကယ့် professional စစ်သား ဘ၀ကို တည်ဆောက် လာရာကနေ၊ ဗိုလ်မှူးကြီး ဘယ်အချိန်မှာ စပြီးတော့ စိတ်ပျက် မိပါသလဲ ခင်ဗျ။ ဒီတပ်မတော်ရဲ့ ဖြစ်ပျက် နေပုံပေါ့နော်၊ ဘယ်လို အနေအထားမျိုး တွေ့ရလို့၊ ဥပမာ ဆိုလို့ရှိရင်၊ ကျနော် ဦးခင်မောင်ညွှန့်ကို မေးကြည့်တဲ့ အခါကျတော့ သူ စိတ်စပျက်တာက တော့ တည်မြဲ-သန့်ရှင်း အကွဲမှာ တပ်က ဘက်လိုက်တာက စပြီးတော့မှ သူ ဒီတပ်ကို စိတ်ကုန်တယ်၊ အဲဒီအချိန်မှာ သူ ဗိုလ်သင်တန်းတောင် မပြီးသေးဘူး၊ ဒုတိယနှစ်လောက်ပဲ ရှိသေးတယ် ပြောပါတယ်ခင်ဗျ၊ အဲဒီလိုမျိုးပဲ ဗိုလ်မှူးကြီးမှာကော မှတ်မှတ်ထင်ထင် ဘယ်အ ချိန်ကစပြီးတော့ စိတ်ကုန် စိတ်ပျက်လာတဲ့ ခံစားမှုမျိုး ဖြစ်ပေါ်မိပါသလဲ ခင်ဗျား။

ဒုတိယဗိုလ်မှူးကြီး အေးမြင့်။ ။ ကျနော့်ရဲ့ စစ်မှုထမ်းသက် နှစ် (၃၀) နီးပါးကာလ တစ်လျှောက်လုံးမှာတော့ဖြင့်ရင် ကျနော်တို့ဟာ ၀ါသနာပါလို့ တပ်ထဲ ၀င်ကြတာကိုးဗျ။ ၀ါဿ နာဆိုတာကလည်းပဲ အဓိက လုံခြုံရေးနဲ့ ကာကွယ်ရေး တာဝန်တွေကို ထမ်းဆောင်ဖို့ ၀ါသနာ ပါတာကိုး၊ နိုင်ငံရေးနဲ့ ပတ်သက်လို့ ဒွေးရောယှက်တင် ပါဝင် ပတ်သက်တာမျိုး ကျနော်တို့ က အစကတည်းက စိတ်မ၀င်စားဘူး၊ လုပ်လည်း မလုပ်ခဲ့ဘူး၊ အဲဒီတော့ ခုနက ၁၉၅၈ ဖ.ဆ.ပ.လ အကွဲ အပြဲမှာ တပ်ထဲက ဆိုရှယ်လစ် တပ်မှူးတွေ တစ်စခန်း ထပြီးတော့ ဘက်လိုက် ကြတာမြင်တော့ နည်းနည်းတော့ စိတ်ပျက်တာပေါ့ဗျာ၊ မှန်တာ ပြောရရင်လည်းဗျာ၊ တပ်မတော်က ၁၉၄၅ ခုနှစ် Kandy စာချုပ်အရ ပေါ့ဗျာ၊ အရာရှိ (၂၀၀) အခြားအဆင့် (၅၂၀၀)နဲ့ နောက်ဆုံး ပြန်လည် စုဖွဲ့ခဲ့တဲ့ ဗမာ့ အမြဲတမ်း တပ်မတော်ကြီးမှာက၊ ဟိုး ဖက်ဆစ်ဂျပန် တော်လှန်ရေး ကာလက မြစ်ဖျားခံပြီး ပါလာခဲ့တဲ့ အုပ်စုဖွဲ့မှုလေး တွေဟာ ရှိခဲ့တာကိုးဗျ။ ကွန်မြူ နစ်တွေရဲ့ စည်းရုံးမှု အောက်မှာ ရှိနေကြတဲ့ ကွန်မြူနစ် အစုအဖွဲ့တွေရယ်၊ ခုနက ကွန်မြူနစ်ကို ဆန့်ကျင်ပြီး စုဖွဲ့ခဲ့တဲ့ ဆိုရှယ်လစ် နွယ်ဝင် အစုအဖွဲ့ တွေနဲ့၊ ကွန်မြူနစ် သြဇာကိုလည်း မခံ ဆိုရှယ်လစ် ကိုလည်းဘဲ မနှစ်မြို့ပဲနဲ့ပေါ့ ဗျာ၊ တိုင်းပြည်အတွက် တပ်မတော် အတွက် ပြည်သူ့အတွက် ဦးထိပ် ထားပြီးတော့ နေခဲ့ကြတဲ့ နိုင်ငံရေး အသွေးအရောင် ကင်းမဲ့တဲ့ အဖြူရောင် မျိုးချစ် တပ်မှူးတပ်သားတွေ သုံးမျိုးသုံးစား ဗျာ။ အဲဒီတုန်းကတည်းက တပ်မတော်ထဲမှာ ရှိခဲ့တာကိုးဗျ။

ဦးရော်နီညိမ်း။ ။ ၁၉၆၁ခုနှစ် OTS ဗိုလ်သင်တန်းအပတ်စဉ်(၂၆) ကနေ ဆင်းခဲ့ပြီးတော၊့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှာ စစ်ဦးစီးမှူး (ပထမတန်း) တာဝန်အထိ ထမ်းဆောင်ခဲ့ ဖူးတဲ့ အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး အေးမြင့်ကို ဆက်သွယ် မေးမြန်းတင်ဆက် ခဲ့တာပါ ခင်ဗျာ။

Ref: VOA News

Read More...

ရွှေတိဂုံစေတီတော်အနီး လုံခြုံရေးများချထား

တက်လူ
၃၀ ဇူလိုင် ၂၀၁၀

ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ရွှေဝါရောင်သံဃာ့အရေးအခင်း ဖြစ်ပေါ်မည်ကို စိုးရိမ်၍ ရွှေတိဂုံ စေတီတော် အနီး တ၀ိုက်တွင် လုံခြုံရေးများ ချထားကြောင်း ရန်ကုန်မြို့ခံ မျက်မြင်များက ပြောသည်။

ရွှေတိဂုံစေတီ အရှေ့ဘက် စောင်းတန်းအနီးရှိ ညောင်တုန်း ပိဋကတ်တိုက်၊ ဒေါ်လှဆင် ပိဋကတ်တိုက်၊ ရွှေဟင်္သာ ပိဋကတ်တိုက်တို့မှ သံဃာတော်များကို ရွှေတိဂုံ ဘုရား ဂေါပကအဖွဲ့က နှင်ထုတ်ကာ တိုက်များကို ချိတ်ပိတ်လိုက်ပြီးသည့် နောက်ပိုင်းတွင် ယင်းသို့ လုံခြုံရေးများ တိုးမြှင့် ချထားခြင်းဖြစ်သည်။

“ပိဋကတ်တိုက်က သံဃာတော်တွေကို ပြောင်းရွှေ့ခိုင်းတာနဲ့ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့ ၂၀၀၇ စက်တင်ဘာလို ဖြစ်မှာစိုးလို့ ကြိုတင် လုံခြုံရေး ချထားတာဖြစ်တယ်။ ဘုန်းကြီးတွေကို လျှော့တွက်ထားလို့ မရဘူး” ဟု ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့ဝင် လူကြီးတဦးက ပြောသည်။

အဆိုပါ ပိဋကတ်တိုက် (၃) တိုက်အပါအ၀င် ရွှေတိဂုံစေတီ အရှေ့ဘက်စောင်းတန်းအနီး ပိဋကတ်တိုက် (၆) တိုက်မှ သံဃာတော်များနှင့် တိုက်ပိုင်ရှင်တို့၏ ဆွေမျိုးများကို ဇွန်လ (၃ဝ) ရက် နောက်ဆုံးထား၍ ကျောင်းတိုက်မှ ထွက်ခွာသွားကြရန် ရွှေတိဂုံ ဂေါပကအဖွဲ့က ညွှန်ကြားခဲ့ကာ ဇူလိုင်လ (၂၅) ရက်နေ့တွင် အပြီး ပြောင်းရွှေ့ခိုင်းခဲ့ခြင်း ဖြစ်သည်။

“ရွှေတိဂုံစေတီဆိုတာ မြတ်စွာဘုရားရှင်ရဲ့ ဓာတ်တော်အစစ်တွေ ကိန်းဝပ်တော်မူတဲ့ နေရာဖြစ်တယ်။ အဲဒီလို စေတီ ပရ၀ုဏ်အနီးမှာ ရဲတွေက လက်နက်တွေ ကိုင်ပြီးတော့ လုံခြုံရေး ယူနေတာ အမြင် မတော်ဘူးပေါ့ဗျာ။ ပြီးတော့ ဘုရားဖူး တွေလည်း စိတ်အနှောင့်အယှက် ဖြစ်ရတယ်လေ” ဟု ဘုရားအရှေ့မုခ် အနီးတွင် ဂိတ်ထိုးရပ်နားသည့် တက္ကစီ ကားမောင်းသူတဦးက ပြောသည်။

ယခုပြောင်းရွှေ့ရသော ကျောင်းတိုက်များမှ သံဃာများနှင့် ရွှေတိဂုံစေတီ ခြေတော်ရင်းရှိ အခြား ကျောင်းတိုက်များမှ သံဃာတော်များမှာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့ကြ ဖူးသည်။

စစ်အစိုးရသည် အဆိုပါ ကျောင်းတိုက်မြေနေရာများအား သီရိင်္လကာ အစိုးရနှင့် တရုတ် အစိုးရတို့ထံ ရောင်းချရန် ရည်ရွယ်ချက် ရှိသည်ဟု သိရကြောင်းလည်း ပြောင်းရွှေ့ရသော ဘုန်းကြီး ကျောင်းတိုက်များနှင့် နီးစပ်သည့် ဒကာ တပည့်များက ပြောကြားသည်။

Ref: ခေတ်ပြိုင်

Read More...

နိုင်ငံရေးတာဝန် ထမ်းဦးမည်ဟု ဦးဝင်းထိန် ပြော

ဖနိဒါ
သောကြာနေ့၊ ဇူလိုင်လ ၃၀ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ ထောင်တွင်း အနှစ် ၂ဝ နီးပါး နေခဲ့ရသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ရုံးအဖွဲ့ တာဝန် ထမ်းဆောင်ခဲ့သူ ဦးဝင်းထိန်က အားမလျှော့ဘဲ နိုင်ငံရေး လုပ်ငန်းများ ဆက်လုပ်ဦးမည်ဟု ပြောသည်။

“ဟိုး လှုပ်ရှားမှု စကတည်းကိုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးကိစ္စတွေ လုပ်ပေးခဲ့ရတာကိုး။ ၉၅ မှာ လွတ်တဲ့ အချိန်လည်း ဒါတွေပဲ လုပ်ခဲ့ရတယ် ဆိုတော့ ဒါတွေပဲ ရှေ့ဆက် လုပ်ရမလား မပြောတတ်ဘူး” ဟု အသက် ၆၉ နှစ်ရှိ ဦးဝင်းထိန်က ပြောသည်။

သို့သော် စစ်ကိုင်းတိုင်း ကသာအကျဉ်းထောင်မှ လွတ်မြောက်လာပြီးနောက် ကျန်းမာရေး ချို့ယွင်းလာခဲ့သဖြင့် အားကျိုးမာန်တက် လုပ်ဆောင် နိုင်ပါ့မလားဟူ၍ မိမိကိုယ်ကို မေးခွန်း ထုတ်နေ မိသည်ဟုလည်း သူက ပြောသည်။

“အဲဒါကို ကိုယ့်ကိုယ်ကို မေးနေတာ။ ဘာဖြစ်လို့လဲဆိုတော့ ၈၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်က တတိုင်းပြည်လုံး တောင်ဖျား၊ မြောက်ဖျား အထိ သွားတာတောင် ကျနော်က လိုက်ပါနိုင်တယ်။ အခုတော့ အဲဒီလောက် လုပ်ပေးနိုင်မလား သံသယ ဖြစ်တယ်။ သို့သော် အဲဒါကြောင့်မလို့ ငြင်းမယ်ဆိုတဲ့ သဘောထားတော့ မဟုတ်ပါဘူး” ဟု သူက ဆက်ပြောသည်။

တပ်မတော်တွင် ဗိုလ်ကြီးအဆင့်အဖြစ် တာဝန်ယူခဲ့ဖူးသူ ဦးဝင်းထိန်သည် ဒေါ်အောင်ဆန်းစုကြည်၏ ရုံးအဖွဲ့ တာဝန် လုပ်ကိုင်ခဲ့ဖူးပြီး၊ ဒုဥက္ကဋ္ဌ ဦးတင်ဦး၏ ကိုယ်ရေး အရာရှိလည်း ဖြစ်ခဲ့ဖူးသည်။

ဦးဝင်းထိန် လွတ်လာချိန်တွင် ရွေးကောက်ပွဲ သပိတ်မှောက်ရေး၊ ဝင်ပြိုင်ရေးနှင့် ပတ်သက်၍ အန်အယ်ဒီနှင့် အန်ဒီအက်ဖ် ခေါ် အမျိုးသား ဒီမိုကရေစီ အင်အားစုတို့ ကွဲပြဲနေချိန်လည်း ဖြစ်သည်။

“အန်ဒီအက်ဖ်နှင့် ပူးပေါင်းရန် အကြောင်းမရှို” ဟု ဦးဝင်းထိန်က ပြောသည်။

ဦးဝင်းထိန်ကို လွှတ်ပေးလိုက်ခြင်းမှာ အန်အယ်ဒီနှင့် အန်ဒီအက်ဖ် အကွဲအပြဲကို ထပ်မံ မီးထိုးပေးလိုက်ခြင်း ဖြစ်သည်ဟု ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းက ပြောသည်။

“အန်အယ်ဒီနဲ့ အန်ဒီအက်ဖ်တို့က အဆင်မချောဘူးလေ။ နှစ်ဖက်ဖြစ်နေတဲ့ “ကြက်လည်းပန်းစေ၊ ယာလည်း ညက်စေ” အခြေအနေ ပဲလေ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကနေ ဒီမိုကရေစီ အင်အားစုတွေ အချင်းချင်း ချကြတဲ့ ပွဲကို ပိုပြီး အားဖြည့် ပေးနိုင်ဖို့လို့ ထင်တာပဲ။ ဦးဝင်းတင်၊ ဦးတင်ဦးတို့ဘက် အားဖြည့် ပေးလိုက်တဲ့ တပ်မှူး တယောက်ပေါ့ဗျ” ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

လွန်ခဲ့သည့် ၂၂ နှစ်အတွင်း ဦးဝင်းထိန်သည် နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်နှစ်ခါကျကာ ၁၉ နှစ်နှင့် ၈ လ နေခဲ့ရသည်။

သူသည် နှလုံး၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုး၊ အစာအိမ်၊ အရိုးကျီးပေါင်း စသည့် ရောဂါများ ခံစား နေရသည်။

သူသည် ၁၉၆၃ ခုနှစ် စစ်တက္ကသိုလ်ကျောင်းဆင်းကာ ၅ နှစ်ကြာ စစ်မှုထမ်းပြီးနောက် တပ်တွင်း အာဏာသိမ်းရန် ကြံစည်မှုတွင် ပါဝင်မှုဖြင့် ထုတ်ပယ် ခံခဲ့ရသည်။

Ref: မဇ္ဈိမ

Read More...

အပေါ်သို့