Monday, 21 June 2010
နအဖ တပ်မတော်အင်္ဂျင်နီယာ အရာရှိ ဗိုလ်မှူး စိုင်းသိန်းဝင်း နိုင်ငံခြားသို့ ထွက်ပြေး ခိုလှုံပြီးသည့်နောက် လေတပ်အရာရှိ အနည်းဆုံး နှစ်ဦး ထပ်မံ ထွက်ပြေး တိမ်းရှောင်ခဲ့ကြောင်း စုံစမ်း သိရှိရပါသည်။
“ကျနော်တို့ သိရသလောက် ဗိုလ်မှူး စိုင်းသိန်းဝင်း သတင်းဖြစ်ပြီး နောက်ပိုင်း ဗမာ့တပ်မတော် အရာရှိ နှစ်ယောက် ထပ်ပြီး ထွက်ပြေး ကြတယ်။ ဗိုလ်ကြီးအဆင့်ဘဲ” - ဟု အမည် မဖေါ်လိုသည့် ထိုင်းလုံခြုံရေး အသိုင်းအ၀ိုင်းက ပြောပါသည်။
မေ ၂၁ က လေတပ် အမှတ် ၃၀၃၆ (လစခ ၄ လက်အောက်ခံ) တပ် မှ ဗိုလ်ကြီးအောင်ကိုကို နှင့် မေ ၃ ရက်နေ့က အမှတ် (၄) လစခ လေကြောင်းရန် ကာကွယ်ရေး တပ်ဌာနချုပ်မှ ဗိုလ်ကြီး အေးမင်းမောင်တို့ တပ်မှ ထွက်ပြေးကြခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ယခုလ ၁၆ ရက် ရက်စွဲဖြင့် လေကြောင်းရန် ကာကွယ်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်လှိုင်က တပ်ပြေး နှင့် ဆိုင်သည့် အမိန့်တခု ထုတ်ပြန်ခဲ့သည်ဟု ဆို၏။
“ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်လှိုင် က ဆိုင်ရာလေတပ် တပ်မှူးတွေကို ‘မည်သည့်တပ်မှ မဆို အရာရှိများ ထပ်မံ ထွက်ပြေးပြီး အခြား ဆန့်ကျင်ဘက် အုပ်စုများနှင့် ပူးပေါင်းခဲ့လျှင် တပ်မှူး တပ်ကဲတွေကို ကြီးလေးသည့် ပစ်ဒဏ်ပေးမည်’ လို့ပြောတယ်။ တပ်မှ ထုတ်ပစ်မယ်၊ ရာထူးမှ အနားပေးလိုက်မယ် စသဖြင့်ပေါ့”- ဟု နယ်စပ်ရှိ ထောက်လှမ်းရေး အရာရှိတဦးက ပြောပါသည်။
ယခုကဲ့သို့ တပ်တွင်း အရာရှိများ ထွက်ပြေးနိုင်ခြင်းမှာ ခွင့်ပြန်ချိန်၌ တပ်မှူးတပ်ကဲများက ကောင်းစွာ မစိစစ်ခြင်းကြောင့် ဖြစ်ရသည်ဟုလည်း သျှမ်းသံတော်ဆင့်သို့ ပြောပြ၏။
မြိုင်လက်နက်လျှို့ဝှက်ထုတ်လုပ်ရေး စက်ရုံ ဒုတိယ အကြီးအကဲ ဗိုလ်မှူးစိုင်းသိန်းဝင်း ပြည်ပသို့ ထွက်ပြေး ခိုလှုံပြီး နိုင်ငံခြား အခြေစိုက် မီဒီယာများထံ နအဖ၏ နျူကလီးယား လက်နက် စီမံကိန်း သတင်းဖြန့်ခဲ့၏။ သို့သော်နောက် ပိုင်းမှ ထပ်မံ ထွက်ပြေးသည့် နအဖ အရာရှိ နှစ်ဦးမှာမူ မည်သည့်နိုင်ငံ/ အဖွဲ့အစည်း/ ဒေသသို့ တိမ်းရှောင် ရောက်ရှိနေသည်ကို ယခုတိုင် မသိရှိရသေးပေ။
Ref: သျှမ်းသံတော်ဆင့်
Tuesday, June 22, 2010
အရာရှိထပ်မံထွက်ပြေး တပ်မှူးများအားအပစ်ပေးမည်ဟု လေတပ်ချုပ်ပြော
လူကုန်ကူးမှု တိုက်ဖျက်ရေး အမေရိကန် အစီရင်ခံစာ ရဲချုပ် မကျေနပ်
နရီလင်းလက်
Monday, June 21, 2010
မြန်မာ နိုင်ငံသည် နိုင်ငံ တကာတွင် လူကုန်ကူးမှု တိုက်ဖျက်ရေး အဆိုးဆုံး အဆင့် ၃ တွင် ရှိနေကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာန၏ ၁၀ နှစ်မြောက် အစီရင် ခံစာတွင် ထုတ်ပြန် လိုက်သည့် အတွက် ဗိုလ်မှူးချုပ် ရဲချုပ်ခင်ရီက မကျေမနပ် ဖြစ်နေကြောင်း နေပြည်တော် စစ်တပ် အသိုင်းအ၀န်းနှင့် နီးစပ်သူများထံမှ သိရသည်။
“လူကုန်ကူးမှု တားဆီး ကာကွယ်တဲ့ သင်တန်းတွေ ဖွင့်တာ၊ ရဲတပ်ဖွဲ့ အောက်မှာ ရှိတဲ့ နိုင်ငံဖြတ်ကျော် မှုခင်းဌာနက လူကုန် ကူးမှု တားဆီး ကာကွယ်ရေး ဌာနတွေနဲ့ ပေါင်းပြီး လှုပ်ရှား တာတွေ လုပ်နေရဲ့ သားနဲ့ စစ်အစိုးရက အရေးယူ ကိုင်တွယ် တာတွေ လျော့ရဲ နေတယ် ဆိုတော့ ရဲချုပ်က အရမ်းကို ဒေါသထွက် နေတယ်” ဟု နေပြည်တော် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲ အရာရှိ တဦးက ပြောသည်။
အဆိုပါ ထုတ်ပြန်ချက်ကို မကျေနပ်သဖြင့် ရဲချုပ်ခင်ရီက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း နေပြည်တော် သတင်း ရပ်ကွက်တွင် ပြောဆိုနေ ကြသည်။
ယင်းကဲ့သို့ ပြောဆိုချက်များရှိသော်လည်း အာဏာပိုင်များက အမေရိကန်နိုင်ငံခြားရေး ဌာနသို့ စာပို့၍ တုန့်ပြန်ခြင်း မရှိသေးသကဲ့သို့ စစ်အစိုးရပိုင် သတင်းစာများတွင် ယခုအချိန်အထိ တရားဝင် ဖြေရှင်းခြင်း မရှိသေးပေ။
ဇွန်လ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့သော လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာတွင် နိုင်ငံတကာ စံနှုန်း သတ်မှတ်ချက်ကို လိုက်နာခြင်း မရှိသည့် ၁၃ နိုင်ငံ၌ အီရန်၊ မြောက်ကိုရီးယား၊ မြန်မာနှင့် ကျူးဘားနိုင်ငံများ ပါဝင်ပြီး အမေရိကန် ပြည်ထောင်စု၏ ဒဏ်ခတ် အရေးယူမှုနှင့် ရင်ဆိုင်ရဖွယ် ရှိသည်ဟု ဖော်ပြထားသည်။
မြန်မာနိုင်ငံသားများသည် ၎င်းတို့ ရင်ဆိုင်နေရသော နိုင်ငံရေးနှင့် စီးပွားရေး ပြဿနာများကြောင့် အိမ်နီးချင်း နိုင်ငံများတွင် တရားဝင် နည်းလမ်းများ၊ တရားမ၀င် နည်းလမ်းများဖြင့် အလုပ်ရှာဖွေလုပ်ကိုင်ရင်း တချို့မှာ လူကုန်ကူးသူ များ၏ သားကောင်ဖြစ်ကာ ပြည့်တန်ဆာ ဖြစ်သွားရသည့် အမှုများကို အထက်ပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ကြောင့် မြန်မာစစ်အစိုးရသည် နိုင်ငံရေးနှင့် စီးပွားရေးပြဿနာများကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်း အစီရင်ခံစာက ဆိုထားသည်။
“နယ်စပ်ဒေသတွေမှာက ဖမ်းတယ်၊ လွတ်လာတော့ ပြန်လုပ်တယ်။ ဒီလို ဖမ်းပြီး လူကုန်ကူးမှုကို လျော့ကျအောင် လုပ်တာက နည်းလမ်းမှန် မဟုတ်သေးဘူးလို့ မြင်မိတယ်။ ကိုယ့်နိုင်ငံတွင်းမှာပဲ စားဝတ်နေရေး အတွက် လောက်ငတဲ့ စီးပွားရေး အခြေအနေတွေကို ဖန်တီး ပေးနိုင်မယ်ဆိုရင် ဒီလိုပြဿနာတွေ လျော့နိုင်သွားနိုင်မယ်” ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဌာနမှ အရာရှိတဦးက ပြောသည်။
မလေးရှားနိုင်ငံနှင့် ထိုင်ဝမ်နိုင်ငံတို့သည် လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ပတ်သက်၍ တိုးတက်မှုရှိလာကြောင်း၊ အစီရင် ခံစာအရ အဆင့် ၂ မှ အမြင့်ဆုံး အဆင့် ၁ သို့ တိုးမြှင့်ပေး ခံခဲ့ရကြောင်း ယင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
အစီရင်ခံစာအရ မြန်မာနိုင်ငံ လူကုန်ကူးခံရမှုများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့အား အမေရိကန်နိုင်ငံ၏ စောင့်ကြည့်ခြင်း ခံရသော နိုင်ငံများအဖြစ် ထည့်သွင်း ထားကြောင်းလည်း သိရသည်။
ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနက ၎င်းနိုင်ငံကို လူမှောင်ခိုကူးသည့် စောင့်ကြည့်နိုင်ငံ စာရင်းတွင် ထည့်သွင်း ခံရခြင်းကြောင့် စိတ်ပျက် မိကြောင်း ထုတ်ဖော် ပြောကြားထားသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ Thani Thongphakdi က “လူမှောင်ခို ကူးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံအနေနဲ့ တိုးမြှင့် ဆောင်ရွက်နေတာတွေ၊ ကြိုးပမ်း ဆောင်ရွက်နေတာတွေကို အမေရိကန် နိုင်ငံအနေနဲ့ ထည့်သွင်း စဉ်းစားတာတွေ မရှိဘူး။ အမေရိကန်နိုင်ငံက ထိုင်းနိုင်ငံကို ဘယ်အဆင့်မှာပဲ သတ်မှတ် သတ်မှတ် ထိုင်းနိုင်ငံ အနေနဲ့ ဒီကိစ္စတွေကို ဆက်လက် ကိုင်တွယ် ဖြေရှင်းသွားဖို့ ရှိပါတယ်” ဟု ပြောကြားခဲ့သည်။
စင်ကာပူအစိုးရကလည်း ၎င်း နိုင်ငံကို စောင့်ကြည့်စာရင်းတွင် ထည့်သွင်းထားခြင်း အပေါ် အလားတူ မေးခွန်း ထုတ်ခဲ့သည်။
စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းသို့ ထည့်သွင်းထားခြင်းအား စိတ်ရှုပ်ထွေးမိကြောင်း၊ နောက်ရက်များတွင် အစီရင်ခံစာနှင့် ပတ်သက်၍ သင့်လျော်သော နည်းလမ်းများဖြင့် အသေးစိတ် တုန့်ပြန် သွားရန်ရှိကြောင်း၊ ယင်း အစီရင်ခံစာသည် လေ့လာသုံးသပ်ချက် တခုဆိုသည်ထက် အမေရိကန်နိုင်ငံ၏ လုပ်ရိုးလုပ်စဉ် နိုင်ငံရေး လုပ်ဆောင်ချက် တရပ်အဖြစ် မြင်မိကြောင်း ပြောခဲ့သည်။
Ref: ဧရာဝတီ်
Monday, June 21, 2010
အမျိုးသားဒီမိုကရေစီ ဒု-ဥက္ကဌ ဦးတင်ဦး ရဲ့  စစ်အာဏာရှင်များအား တိုက်တွန်း ပြောဆိုချက်
ရော်နီညိမ်း
တနင်္ဂနွေ, 20 ဇွန် 2010
ဦးရော်နီညိမ်း ။ ။မြန်မာစစ်အစိုးရက နိုင်ငံရေးပါတီဟောင်းတွေ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ရက် နောက်ဆုံးရက် သတ်မှတ်ခဲ့ပြီး တဲ့နောက်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် ၁၉၉၀ ရွေးကောက်ပွဲ မတိုင်ခင်က မှတ်ပုံတင် တည်ရှိခဲ့တဲ့ နိုင်ငံရေး ပါတီတချို့ ဟာ ပါတီဆိုင်းဘုတ်တွေ ဖြုတ်ချတာကို ကိုယ့်ဘာသာ မလုပ်ခဲ့သလို၊ အာဏာပိုင်တွေကလည်း ဆိုင်းဘုတ်တွေ လာဖြုတ်ချတာ မရှိသေးပါဘူး။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း လူမှုရေးလုပ်ငန်းတွေကိုပဲ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေ ဦးစီး လုပ်ကိုင် ဆောင်ရွက် နေကြ ပါတယ်။ လက်ရှိ အခြေအနေအရ တရားဝင်ပါတီ မဟုတ်တော့ဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်အစိုးရက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေကို ဖမ်းဆီးတာတွေ လုပ်လာတာလည်း မတွေ့ရသေးပါဘူး။ လောလောဆယ်မှာ မြန်မာ စစ်အစိုးရရဲ့  နျူကလီးယား အကြံအစည် လူသိရှင်ကြား ဖြစ်သွားတဲ့ကိစ္စ၊ မြောက်ကိုရီးယား နိုင်ငံနဲ့ စစ်ရေးအရ ဆက်ဆံမှုတွေ ရှိနေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး တော့ နိုင်ငံတကာ ဖိအားတွေ ကြုံရနိုင်တဲ့ အလားအလာ ရှိနေတဲ့အချိန်မှာ ပြည်တွင်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် အတိုက် အခံနိုင်ငံရေး အင်အားစုတွေကို ဘာမှ မလုပ်သေးဘဲ ထားတယ်လို့ ယူဆစရာ အကြောင်းက ရှိနေပါတယ်။ ဖမ်းတာ ဆီးတာတွေကို လုပ်တဲ့ အခါမှာ စစ်အစိုးရ အသုံးပြုလေ့ရှိတဲ့ ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောက်ယှက် ဖျက်ဆီးသူများရဲ့  ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေနဲ့ ပတ်သက်ပြီးတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရဲ့  ဒုဥက္ကဌ အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရဦးတင်ဦးကို ဆက်သွယ် မေးမြန်းကြည့်ခဲ့ပါတယ်။
ဦးတင်ဦးက သူကာကွယ်ရေးဦးစီးချုပ်ဖြစ်နေစဉ်မှာ ကရင်အမျိုးသား အစည်းအရုံး(KNU) ရဲ့  လူတွေ မြစ်ဝကျွန်းပေါ်မှာ စိမ့်ဝင် လာနေပြီ ဆိုပြီး တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှုးက လူဖမ်းပွဲကြီး လုပ်ဘို့ စီစဉ်တဲ့အခါ အဲဒီအချိန်က ဝန်ကြီးချုပ် ဦးစိန်ဝင်း ရုံးခန်းမှာ သူနဲ့ ထိပ်တိုက် တွေ့ခဲ့ပုံကို အောက်ပါအတိုင်း ပြောဆိုပါတယ်။
ဦးတင်ဦး ။ ။ ၁၉၇၅ ခုနှစ်မှာထုတ်တဲ့ နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးသူများ ကာကွယ်တဲ့ ဥပဒေက ထွက်တယ်။ အဲဒီမှာ ရုံးမတင်ဘဲ ဖမ်းတာဆီးတာ လုပ်စရာတွေရှိတယ်။ အဲဒါနဲ့ ပတ်သက်လို့ ကျနော်က ဗဟိုအဖွဲ့ထဲ ပါတယ်ဆိုတော့ ဗဟိုအဖွဲ့မှာ ဥက္ကဌက ပြည်ထဲရေး ဝန်ကြီး၊ ကျနော်က အဖွဲ့ဝင်၊ နိုင်ငံခြားရေး ဝန်ကြီးက အဖွဲ့ဝင်၊ ကုန်သွယ်ရေး ဝန်ကြီးကလည်း အဖွဲ့ဝင်၊ ကျန်တဲ့ ဝန်ကြီးတွေက အခါအားလျော်စွာ ခေါ်ပြီး လုပ်နိုင်တယ်။ အဲဒီအခါမှာ လေသတင်း ကြားပြီးတော့ အဲဒီမှာရှိတဲ့ လူတွေကို ဖမ်းတာဆီးတာ လုပ်တယ်ဗျ။ ထောက်လှမ်းရေး ဘက်က သတင်းရပြီးတော့ ဖမ်းတာ ဆီးတာလုပ်ပြီးတော့ အဲဒီ လူတွေနဲ့ ပတ်သက်တာကို ရုံးမတင်ဘဲနဲ့ ကျနော်တို့ရဲ့  ဗဟိုအဖွဲ့ကို ထိန်းသိမ်း ပေးဖို့ တင်တယ်။ ကြည့်လိုက်တော့ လူတွေက သိပ်များတယ်။ ကရင်အမျိုးသားတွေ တော်တော်များတယ်။ များတော့ ကျနော်က ပြောမိတယ်။ တချို့ ဟာတွေက အသေးအမွှားလေးတွေ နေမှာပါ။ တချို့ ဟာတွေလည်း မှန်ချင်မှ မှန်တော့မယ်။ ဒါနဲ့ ပတ်သက်ပြီး သတင်းကြားလို့ ဖမ်းတာ သိပ်များလွန်းကြီးတော့ ဒီအရေအတွက် ကတော့ မကောင်းဘူး ထင်တယ်လို့ ကျနော့်ရဲ့  အမြင်ကို ပြောမိတယ်။ အဲဒါကို ဒေါသ ထပြီးတော့ ဒီအလုပ်က ကျုပ်အလုပ်၊ ကျုပ်ဘာသာ ကျုပ်လုပ်မယ်။ ခင်ဗျား အလုပ်ကို ခင်ဗျားလုပ်ပေါ့ ဆိုတဲ့ သဘောမျိုးတွေပြောတယ်။ ဒါကို ကျနော်က သည်းခံ လိုက်ပါတယ်။
ဦးရော်နီညိမ်း ။ ။ ကကလှမ်းဒါရိုက်တာ(ကာကွယ်ရေးဝန်ကြီးဌာန တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှုး) က ပြောတာလား။
ဦးတင်ဦး ။ ။ ဟုတ်ပါတယ်။ နံမည်တွေလည်း မပြောတော့ပါဘူး။ သူလည်း မရှိတော့ပါဘူး။ အဲဒါနဲ့ ပတ်သက်တာကို ဗိုလ်ချုပ်စိန်ဝင်း အခန်းမှာ ပြောမိတယ်။ ပြည်ထဲရေး ဝန်ကြီးနဲ့ လုပ်ခဲ့တာတွေ သိပ်များတယ်။ များတာကြောင့်လည်း သူကလည်း အဲဒီတုန်းက NIB (အမျိုး သားထောက်လှမ်းရေးအဖွဲ့) နဲ့ ပတ်သက်ပြီး လာတင်တုန်းမှာ သူလည်း ကြုံနေတာမို့ သူ့စာရင်းကို ကျနော်က ဝေဖန် လိုက်တာပေါ့။ နိုင်ငံတော် ဝန်ကြီးချုပ်ကို ပြောရင်းနဲ့ သူကိုလည်း ပြောလိုက်တယ်။ “ခင်ဗျား များလွန်းအားကြီးတယ်။ တချို့ ဟာတွေက သတင်းအရ အနေနဲ့ အသေးအမွှားလေးတွေ များတယ်။ အရေအတွက်တွေ သိပ်များတော့ ယုတ္တိမရှိဘူး”။ သိပ်တော့ မကောင်းလှဘူး။ အမြင်လည်းမကောင်း အကြားလည်းမကောင်း ဒီလောက်များနေတော့။ ဖြစ်ဖို့မသင့်ဘူး။ စီစစ်ဖို့ ကျနော်က ပြောမိတယ်။ အဲဒီမှာ ဒေါတွေကန်ပြီး ကျနော့်ကို ဒေါနဲ့မောနဲ့ ပြောတယ်။ ကျနော်ကတော့ သည်းခံလိုက်တယ်။ ဒေါနဲ့မောနဲ့ သူပြန်သွားတယ်။ ဝန်ကြီးချုပ်က ပြောတယ် “ကိုတင်ဦး စကား ပြောရင် ကြည့်ပြော။ ခင်ဗျားကလည်း စိတ်ထဲရှိတာ ပြောတတ်တယ်။” အဲဒါနဲ့ ပတ်သက်ပြီး သတိထားဖို့ သူကပြောတယ်။ ကျနော်လည်း သူ့ကို ပြောလိုက်ပါတယ် “ဝန်ကြီးချုပ် ခင်ဗျားလည်း သတိထား။” အပြင်မှာလည်း ဖြစ်နေတာက ဆန္ဒပြပြီး အော်နေတာကလည်း ကြွေးကြော် သံတွေက ပြောင်းလာတယ်။ ပထမ ကြွေးကြော် သံတွေမှာက နေဝင်း၊ စန်းယု ကျဆုံးပါစေ။ နောက်တော့ စိန်ဝင်း၊ တင်ဦး အသက်ရာကျော် ရှည်ပါစေ။ အဲဒီလိုအော်တော့ ကျနော်လည်း စိုရိမ်တာပေါ့။ ကျနော်ကလည်း သူ့ကို သတိပေးတာပေါ့။ အဲဒီတုန်းက အဲဒီလို ဖြစ်ခဲ့တာတွေ ရှိခဲ့တယ်။ ကျနော်ရဲ့  သမိုင်းရေးတဲ့ အထဲမှာလည်း အဲဒီ အကြောင်းတွေ ရေးထားပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူက ဒီလို ဖြစ်လာတာကိုး။ one and half ဖြစ်လာတော့ တန်းခိုး နည်းနည်းထွားလာတော့ သည်းခံ လိုက်ရတာပေါ့။ အဲဒါတွေနဲ့ ပတ်သက်လို့လည်း မေ့မေ့ ပျောက်ပျောက်ပါ ဘဲ။ အဲဒါကတော့ ရှိခဲ့ဘူးတာပေါ့။ ဒါက absolute power corrupt absolutely ဆိုသလိုပဲ တန်းခိုး အရှိန်အဝါ ရှိလာတဲ့ အခါကျတော့ ဒီလိုဟာမျိုးက လူ့သဘောအရ ဖြစ်တတ်တာလေး တွေပေါ့။ အဲဒါလေးတွေ ဖြစ်ခဲ့တာတော့ ရှိခဲ့တာပေါ့။
ဦးရော်နီညိမ်း ။ ။ နိုင်ငံရေး အတိုက်အခံတွေကို ဖမ်းတဲ့ဆီးတဲ့နေရာမှာ လွယ်လွယ်ကူကူ အသုံးပြုနိုင်ဖို့ ၁၉၇၅ ခုနှစ်မှာ ထုတ်တဲ့ နိုင်ငံတော်အား နှောက်ယှက် ဖျက်ဆီးသူများရဲ့  ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေကို မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဌ ဦးနေဝင်းက အဲဒီ အချိန်က နိုင်ငံတော် ရှေ့ နေချုပ်ဖြစ်သူ ကွယ်လွန်သူ သမ္မတဟောင်း ဒေါက်တာမောင်မောင်ကို ဦးစီး ရေးဆွဲခိုင်းတာ ဖြစ်ပြီးတော့ ဒီဥပဒေဖြစ် မြောက်ရေးကို လုပ်ဆောင်ခဲ့သူတွေ ထဲမှာ သူလည်း တဦးအပါအဝင် ဖြစ်ခဲ့တယ်လို့ ဦးတင်ဦးက ပြောပြပါတယ်။
ဦးတင်ဦး ။ ။ ကျနော့်ကိုယ်ကျနော် အမြဲတမ်း စဉ်းစားကြည့်တယ်။ ဟိုတုန်းက ထုတ်ခဲ့တဲ့ ဥပဒေတွေ အားလုံးမှာ ကျနော်တို့တတွေ လုပ်ခဲ့ ကြတာတွေ ရှိခဲ့တယ်။ အဲဒီလိုဖြစ်တော့ အခု ထုတ်ပြန်ထားတဲ့ ဥပဒေတွေ ထုတ်ခဲ့တုန်းကလည်း ကျနော်တို့ပဲ။ ဥပမာ ၁၉၇၅ခုနှစ် နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးသူများ ဘေးအန္တရာယ်မှ ကာကွယ်ရေး ဥပဒေ ဆိုတာကလည်း တကယ်ပြောရင် ကျနော်တို့ ပါခဲ့တယ်။ အဲဒီတုန်း က ဒေါက်တာမောင်မောင်က တော်တော်လေး ပူပန်မှုရှိခဲ့တော့ သူပြောတဲ့စကားရှိတယ် “ကိုတင်ဦး ခင်ဗျား ဒါနဲ့ ပတ်သက်လို့ ဆောင်ရွက်ရရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ ပါတဲ့၊ လူတွေနဲ့ ပတ်သက်ပြီး သူတို့ ရရှိတဲ့ အခွင့်အရေးကို မထိခိုက် မနှောက်ယှက် မပျက်စီးးစေဘဲ ကြိုးစားပြီး လုပ်ပါဗျာ။” အဲဒီတော့ ဒီဥပဒေကြီး ထုတ်လိုက်ရတဲ့ အတွက်တော့ သူအနေနဲ့ စိတ်ထဲမှာ အင်မတန်မှ မသက်မသာ ဖြစ်တာကိုတော့ ဖွင့်ဟ ပြောခဲ့ဘူးတာတွေ ရှိတယ်။ ဦးနေ၀င်းက ဆရာသမားကြီး အနေနဲ့ လုပ်ခဲ့တဲ့ ခေတ်တုန်းက ကျုပ်တို့တတွေက အစဉ်အလာနဲ့ ပါခဲ့ပြီး ထိန်းထိန်း သိမ်းသိမ်း လုပ်ခဲ့ပေမယ့်လည်း ဒီဟာကြီးက အသက်ရှင် ကျန်ရစ်ခဲ့ပြီး နောင်လုပ်တဲ့ လူတွေကြရင် အရမ်းကာရော ဗရမ်းဗတာ လုပ်လိုက်ရင်တော့ ပြည်သူလူထုတွေ သိမ်းကျုံး ခံရတော့မှာပဲ ဆိုတာ ရှိလာနိုင်တယ်။ ခင်ဗျားလုပ်တာနဲ့ ပတ်သက်တာ အားလုံးကိုလည်း အဲဒီလုပ်တာကို တော့၊ ဒါကို နောင်လူနောင်သား ခင်ဗျားလည်း တပ်မတော်ထဲကနေ အရပ်သား ဖြစ်မှာပဲ။ အဲဒီအခါကျရင် ဒီဥပဒေနဲ့ ပတ်သက်လို့ ခင်ဗျားကို ခြိမ်းခြောက်နေတာ မဖြစ်ဘဲနဲ့ တတ်နိုင်သမျှ လုံခြုံအောင် လုပ်ခဲ့စမ်းပါဗျာလို့ ပြောဘူးတယ်။
ဦးရော်နီညိမ်း ။ ။ ဦးနေဝင်း အမိန့်နဲ့ ဖန်တီးတီထွင်ခဲ့တဲ့ ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေအရ ဦးနေဝင်းကိုယ်တိုင် အရေးယူ ခံခဲ့ရတဲ့ အဖြစ်ကို ကြုံမသွားရ ပေမဲ့လည်း ဦးနေဝင်းရဲ့  နောင်လာ နောင်သားတွေဟာ ဦးနေဝင်း ထွင်ခိုင်းလို့ ထွင်လိုက်ရတဲ့ ဒီဥပဒေနဲ့ မလွတ်ဘဲ ရှိခဲ့သလို၊ ဒီဥပေဒ တီထွင် ပြဌာန်းစဉ်က ပါဝင်ခဲ့တဲ့ ဦးတင်ဦး ကိုယ်တိုင်လည်း ၁၉၈၈ နောက်ပိုင်း အာဏာပိုင်တွေက သူကို အရေးယူတဲ့အခါမှာ ဒီ ဥပဒေနဲ့ အရေးယူတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဦးတင်ဦးက တိုင်းသူပြည်သား မြန်မာနိုင်ငံသားတွေကို မလိုရင် မလိုသလို စိတ်ကြိုက် ဖမ်းဆီး ထောင်ချနေတဲ့ လက်ရှိ အာဏာပိုင်တွေကို သင်ခန်းစာ ယူစေချင်ပါတယ်။
ဦးတင်ဦး ။ ။ အားလုံးနဲ့ ပတ်သက်ပြီးလုပ်တဲ့ကိစ္စတွေကို အားလုံးသည် ချင့်ချင့်ချိန်ချိန်၊ ချိန်ချိန်ဆဆ လုပ်ပါ။ ဒါကြီးက အသက်ဝင်ပြီး ရှင်သန်နေရင် ကိုယ်မရှိတဲ့ အခါ ကိုယ့်သားသမီး မြေးမြစ်တွေနဲ့ ပတ်သက်ပြီး ဒါကြီးက ခြိမ်းခြောက် နေမယ့် ဟာကြီး ဖြစ်တယ် ဆိုတာကို သဘော ပေါက်စေချင်ပါတယ်။ ပြည်သူလူထု အရိပ်ဆိုတာ ညောင်ညိုပင်ကြီးနဲ့ တူပါတယ်။ အရိပ်က အေးမြပါတယ်။ ညောင်ညိုပင် အရိပ်အောက်မှာ အေးချမ်း သာယာတယ် ဆိုတဲ့သဘောကို သက်ရောက်ပြီးတော့။ ဒီညောင်ညို ပင်ရိပ်ကို ငါ့အရိပ်လို့ ထင်ပြီးတော့ လွဲမှားစွာ ထင်မှတ်ပြီး ဆောင်ရွက်ရင်တော့ အဲဒါဟာ အကျိုး ကျေးဇူးများမှာထက် အကျိုးကျေးဇူး ယုတ်စရာသဘော ရှိတာပေါ့။ အဲဒီတော့ အဓိပ္ပါယ်ကတော့ ပြည်သူလူထုရဲ့  ဆန္ဒ တရားမျှတတဲ့ ဆန္ဒအရ ပြည်သူ့ အရိပ်အာဝါသ အောက်မှာ ဝန်ထမ်းကောင်း ပီပီသသ ပြည်သူတို့သည် အမိ၊ ပြည်သူတို့သည် အဖ။ ပြည်သူအများစု စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်နိုင်အောင် လုပ်ကိုင် ပေးနိုင်အောင် ကျနော်တို့ ကြိုးစားရင်း မိမိတို့ ကိုယ်တိုင်ပင် ပြည်သူ ပြည်သားအဖြစ် ပါဝင်တဲ့အတွက် မိမိတို့လည်း အေးချမ်း ပါလိမ့်မယ်လို့ ဒီလိုပဲ မှတ်ယူရမှာပါ။ ကျနော့် ဘဝက ဘယ်လိုဖြစ်နေသလည်း ဆိုရင် တပ်သား ဘဝကနေ ဒီအထိ ရောက်လာတဲ့ အခါဆိုတော့ သမိုင်းတခုတော့ ရှိခဲ့တာပေါ့။ ဒီသမိုင်းထဲမှာ ပြီးဆုံးတဲ့အထိ မှန်မှန်ကန်ကန်နဲ့ ပြီးဆုံးချင်တယ်။ တိုင်းပြည်အတွက် လုပ်သွားရင် ပြီးဆုံးချင်တယ်။ ပြည်သူလူထုရဲ့  စစ်မှန်တဲ့ တကယ့်ဆန္ဒဖြစ်တဲ့ လွတ်လပ်ရေး၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး လိုချင်တာပဲ။ ကျနော်တို့လည်း လိုချင်တယ်။ ကျနော်တို့ သားသမီးတွေလည်း အဲဒီလို ဖြစ်စေချင်တယ်။ အဲဒါကို လုပ်ဖို့အတွက် ဒီလို လုပ်ကိုင် ပေးခြင်းသည် အခုလက်ရှိ ရှိနေတဲ့ အကြီးအကဲ ပုဂ္ဂိုလ်တွေလည်း ဒီလို ဆောင်ရွက်ပေးသွားမှ သူတို့လည်း နောင်အေးချမ်းတဲ့ အရိပ် အာဝါသ အောက်မှာ နေကြရမှာပါ။ ဒီလိုမှ မဟုတ်ဘဲ မည်သူ့ အရိပ်အာဝါသကို ကိုယ့်ရဲ့  အရိပ်လို့ ထင်မှတ် မှားပြီး လိုက်လုပ် သွားခဲ့သည်ရှိသော်၊ ပြည်သူလူထု တရပ်လုံးမှာတော့ ကြိမ်မီးအုံးသလို ခံရပြီးတဲ့နောက် အင်မတန်မှ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ အစစ အရာရာ ဆင်းရဲခြင်းနဲ့ ပြည့်နေပြီးတော့၊ ဒုက္ခသုက္ခတွေကလည်း အတော မသတ်နိုင်ပဲ၊ မကောင်းမှု သံသရာကြီးထဲမှာ လည်နေတာ ကြီးကိုတော့ လွတ်အောင် လုပ်ကြပါလို့ ပြောချင်ပါတယ်။
Ref: VOA News
တပ်မတော်အတွင်းက ကြီးနိုင်ငယ်ညှင်း သတ်ဖြတ်မှု
20 June 2010
မေမြို့ တပ်မတော်နည်းပညာ တက္ကသိုလ် (DSTA) က ဒုတိယနှစ်ကျောင်းသား ဗိုလ်လောင်း အောင်ကျော်ဖြိုးကို ဘုရင့်နောင်တပ်ခွဲ(၉ ) က ဗိုလ်လောင်း သုံးရောက်က ဝိုင်းဝန်း ထိုးကြိတ်ကြလို့ ဇွန်လ (၆) ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။
ကျောင်းသားကြီးက ကျောင်းသားငယ်ကို စစ်တပ်အစဉ်အလာအတိုင်း အပိုးကျိုးအောင် ပုံစံပေး ထိုးကြိတ်ရာမှာ ဗိုလ်လောင်း အောင်ကျော်ဖြိုးဟာ အစာစားပြီးစ ဖြစ်တဲ့အတွက် အစားအစာတွေ ပြန်အန်ထွက်ပြီး သေဆုံးခဲ့တယ်လို့ တက္ကသိုလ်နဲ့ နီးစပ်သူ တယောက်က ဘီဘီစီကို ဆက်သွယ် သတင်းပေးပါတယ်။
ညှင်းပန်း သတ်ဖြတ်မှုနဲ့ စွတ်ဆွဲခံရသူ နှစ်ကြီးသမား သုံးယောက်ကို ဖမ်းဆီး ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။
ဒီတလ အတွင်းမှာပဲ နောက်ထပ် အလားတူ ဖြစ်ရပ်တခုလည်း ဖြစ်ပွားခဲ့ပါတယ်။
မလွန်ကို ကွင်းဆင်းလေ့လာတဲ့ ကျောင်းသားထဲက ဘုရင့်နောင် တပ်ခွဲ (၁) က ကျောင်းသား ဗိုလ်လောင်း စိုးမိုးအောင်ကို ဝိုင်းဝန်း ထိုးကြိတ် ကြရာကနေ လက်လွန်ပြီး သေဆုံးသွားလို့ မနေ့ကပဲ ရက်လည်ဆွမ်း သွပ်ခဲ့ပါတယ်။
ဗိုလ်လောင်းသင်တန်းတွေမှာ အကြီးတန်းတွေက အငယ်တန်းတွေကို ညီအကို စနစ်နဲ့ ဆုံးမပညာပေး အုပ်ချုပ်ကြတဲ့ စနစ်ရှိတယ် ဆိုပေမယ့် ဒီလိုသေဆုံးမှုတွေ ဗိုလ်လောင်းသင်တန်း တော်တော်များများမှာ တွေ့လာရတဲ့ အတွက် လေ့ကျင့် သင်တန်းပေးမှုနဲ့ ညှင်းပန်းနှိပ်စက်မှု ခွဲခြားမရအောင် ဖြစ်နေပြီလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာနေပါတယ်။
Ref: BBC News
ooooo0000
ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ရန် ကမ္ဘာ့ခေါင်းဆောင်များ တောင်းဆို
ခက်ထန် Friday, June 18, 2010
စစ်အစိုးရနှင့် အတိုက်အခံများ၊ တိုင်းရင်းသား အုပ်စုများ၊ ဘာသာရေး အဖွဲ့အစည်းများ အကြား ရင်ကြား စေ့ရေးအတွက် ကုလသမဂ္ဂ၏ ဆောင်ရွက်နေမှုကို အာဆီယံနှင့် နိုင်ငံတကာက အသိုင်းအဝိုင်းက ပံ့ပိုးကူညီကြပါရန် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ကမ္ဘာ့ ခေါင်းဆောင် ဟောင်းများအဖွဲ့ (The Elders) က တိုက်တွန်းကြောင်း သိရသည်။
“တဦးနဲ့ တဦးအကြား ဆွေးနွေးမှုနဲ့ ရင်ကြားစေ့ရေး မလုပ်ဘဲ ငြိမ်းချမ်းရေးနဲ့ ရသင့် ရထိုက်တဲ့ သာယာ ဝပြောမှုကို ဘယ်တော့မှ ရနိုင်မှာ မဟုတ်ပါဘူး”ဟု The Elders အဖွဲ့ ဥက္ကဋ္ဌ ဒက်စ်မွန် တူးတူးက ပြောကြောင်း အဆိုပါအဖွဲ့၏ ထုတ်ပြန် ကြေညာ ချက်တွင် ဖော်ပြ ထားသည်။
ဂျိုဟန်နက်စ်ဘတ်တွင် ပြုလုပ်သည့် အစည်းအဝေးပြီးနောက် ဒေါ်အောင်ဆန်း စုကြည်အတွက် ပြင်ဆင်ထားသော လစ်လပ်နေသော ခုံနေရာနှင့် The Elders အဖွဲ့ဝင်များ (ဓာတ်ပုံ - theelders.org)
ယမန်နေ့က တောင်အာဖရိက နိုင်ငံ၊ ဂျိုဟန် နက်စ်ဘတ်၌ ပြုလုပ်သော အစည်း အဝေးတွင် The Elders အဖွဲ့သားများ ဖြစ်သည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးဟောင်း ကိုဖီအာနန်၊ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ၊ အာဖရိကန် ဘုန်းတော်ကြီး ဒက်စမွန် တူတူး စသူတို့ တက်ရောက် ကြသည်။ ဒေါ်အောင်ဆန်း စုကြည်အတွက် ထိုင်ခုံနေရာ ကိုလည်း ပြင်ဆင်ထားပြီး ထိုနေရာမှာ လစ်လပ်နေသည်။
The Elders အဖွဲ့ကို တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မင်ဒဲလားက ၂၀၀၇ တွင် စတင် တည်ထောင်ခဲ့ပြီး သြဇာ တိက္ကမ ရှိသော ကမ္ဘာ့ ခေါင်းဆောင်ဟောင်းများ ပါဝင်သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ အိုဟေး ကင်တားနား ကလည်း ကြေညာချက်တစောင် ထုတ်ပြန်၍ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးရန် တောင်းဆို လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးရန် ကုလသမဂ္ဂမှ လွတ်လပ်သော လူ့အခွင့်အရေး အဖွဲ့အနေဖြင့် မြန်မာ အစိုးရကို တိုက်တွန်းလိုကြောင်း၊ အားလုံး ပါဝင်နိုင်သည့် ရွေးကောက်ပွဲ ဖြစ်ရန် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသည့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးစေလိုကြောင်း ကင်တားနား၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ကင်တားနား၏ တိုက်တွန်းချက်ကို ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးက ကြိုဆိုလိုက်ပြီး နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်ကို ခြွင်းချက် မရှိ လွှတ်ပေးရန် ထပ်မံ တိုက်တွန်းထားသည်။
ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာနက လူမှုကွန်ရက် Face Book စာမျက်နှာ (http://www.facebook.com/fcoburma) တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အမှတ်တရအတွက် စကားလက်ဆောင် လာရောက် ရေးသား ကြပါရန်လည်း ဖိတ်ခေါ်ထားသည်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် မွေးနေ့ပွဲ ဆိုင်ရာ အခမ်း အနားကို ပြည်ပအခြေစိုက် ဒီမိုကရေစီ တပ်ပေါင်းစု ၁၀ စုတို့မှ ဦးဆောင်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရှိရသည်။
Ref: ဧရာဝတီ်
နအဖ တပ် - ၀ တပ် အပြိုင်အဆိုင်နယ်ခြားဂိတ်စခန်းများ စစ်ဆေး
မွေခေါဝ်
Saturday, 19 June 2010 16:48
လားရှိုး - တန့်ယန်း မှ ပန်ဆန်း ခရီးသည်များအား နယ်ခြားစောင့် ဂိတ်စခန်း ၀ တပ် နှင့် နအဖတပ်တို့ နှစ်ဖက်ပြိုင်ဆိုင် တင်းကြပ် စစ်ဆေးလျက် ရှိကြောင်း စုံစမ်း သိရှိရသည်။
“၀ ဘက်ကော နအဖ ဘက်ကော စစ်တယ်။ ဒီလထဲမှာ နအဖ ဘက်က အစစ်အဆေး ပိုထူလာတယ်။ ခရီးသည်တွေကို ည ၆ နာရီ ကနေ မနက် ၆ နာရီထိ ဂိတ်စခန်း ဖြတ်သန်းသွားလာခွင့် မပေးဘူး” - ဟု တန်းယန်းမြို့ခံ ၀ အမျိုးသား တဦးက ပြောပါသည်။
ဝ အာဏာပိုင် ဘက်ကမူ နတလ ၀န်ထမ်းများအား နအဖ အာဏာပိုင်များ ပြန်ခေါ်ချိန်မှစ၍ လူဝင်လူထွက် စာရင်း ကြပ်မတ် စစ်ဆေးခဲ့ကြောင်း၊ နအဖဘက်ကမူ သံလွင်မြစ် တဘက်ကမ်း လွယ်ပန်လုံစောင့် စစ်သားများကိုယ်တိုင် မှတ်ပုံတင်များ စစ်ဆေး နေကြောင်း ၀ နယ်သို့ ခရီးသွားသူ လားရှိုးသား တဦးက ပြောပါသည်။
“ပန်ဆန်းကနေ (3 နာရီကြာ ကားစီးရတဲ့ခရီး) မန်းဆိုင်မြို့မရောက်ခင် နမ့်ပန်ရေအားလျှပ်စစ်/နမ့်ပန် နယ်ခြား စစ်ဆေးရေး ဂိတ်စခန်းမှာ ၀ တပ်ဖွဲ့က စစ်တယ်။ ည 6 နာရီကျော်ရင် ဖြတ်သန်းလို့ မရဘူး။ 2 နာရီ လောက်ဝေးတဲ့ ၀ိန်းကောဝ်ကို ပြန်အိပ်ခိုင်းတယ်။ အဲဒီ့နားမှာလဲ အိပ်ခွင့်မပြုဘူး” ဟု ၎င်းက ဆက်ပြော၏။
ထိုနည်းတူ နအဖစစ်တပ်ဘက်မှလည်း လွယ်ပန်စုံနှင့် မျက်နှာချင်းဆိုင်ရှိ လွယ်ပန်လုံ ဂိတ်တွင် စစ်ဆေးရေး တင်းကြပ်ရာ နမ့်ပန် စစ်ဆေးရေး ဂိတ်ကဲ့သို့ ည ၆ နာရီမှ မနက် ၆ နာရီထိ ဖြတ်သန်းခွင့် မပေးကြောင်း။ ခရီးသွားများအား လ၀က ၀န်ထမ်းများ သာမက စစ်သားများကပါ မှတ်ပုံတင် စစ်ဆေးမှု ပြုလုပ် နေကြောင်းလည်း ပြော၏။
“အရင်တုန်းက လ၀က ဘဲစစ်တာလေ။ အခု ဗမာစစ်သားတွေရောဘဲ။ သူတို့က - ဘယ်သွားမလဲ ဘယ်မှာအိပ်လဲ ဘယ်နှစ်ရက်ကြာ မလဲ ဘာတွေ သွားလုပ်မလို့လဲ စသဖြင့် ခရီးသည်တွေကို မေးခွန်းပေါင်း များစွာနဲ့ စစ်ဆေးမေးမြန်းတယ်။” - အဆိုပါ လားရှိုးသား ခရီးသွားက ပြောပါသည်။
မည်သို့ပင်ဆိုစေ နအဖ နှင့် ၀ အာဏာပိုင်တို့မှ အစစ်အဆေး ထူပြောသော်လည်း ကားများ၊ ခရီးသည်များ ယခင်ကဲ့ သို့ပင် မပြတ် သွားလာနေသေးကြောင်း၊ ပန်ဆန်းတွင်လည်း စည်ကားလျက်ရှိပြီး စီးပွါးရေးလည်း ကောင်းမွန်နေကြောင်း သိရှိရသည်။
“မတ်ခ်ျလတုန်းက နအဖက နတလ ၀န်ထမ်းတွေကို မပြောမဆိုနဲ့ ၀ နယ်မြေကနေ ရုတ်တရက် ထွက်ခိုင်းတော့ ၀ ကို အားချင်း ထိုးစစ်ဆင် တိုက်ခိုက်တော့မလို ထင်ရတော့ ဒေသခံလူထု အပါအ၀င် ခရီးသွားတွေ ကုန်သည်တွေပါ ထိတ်လန့်ကြ ကုန်တာပေါ့။ အခုမှာတော့ နအဖ ဘယ်လိုဘဲ ခြိမ်းခြောက်ခြိမ်းခြောက် ဘယ်သူမှ မကြောက်တော့ဘူး။ ပုံမှန်ပဲ သွားလာ ကူးသန်း ရောင်းဝယ်နေကြတယ်။ နအဖ ခြောက်လှန့်မှုက အရာ မထင်တော့ဘူး။ အခုအခြေအနေ မှာတော့ စီးပွားရေးလဲ ပုံမှန်ဘဲ” ဟု ပန်ဆန်းနေ ကုန်သည်တစ်ယောက်က ပြောပါသည်။
Ref: သျှမ်းသံတော်ဆင့်
Sunday, June 20, 2010
ဒေါ်စုမွေးနေ့တွင် နာရေးအသင်းက ဓာတ်မှန်ခန်း ဖွင့်လှစ်
ညိမ်းသူ
စနေနေ့၊ ဇွန်လ ၁၉ ရက် ၂၀၁၀
ရန်ကုန် (မဇ္ဈိမ)။ ။ နာရေးကူညီမှုအသင်း (ရန်ကုန်) က အခခဲ့ ရိုက်ကူးပေးမည့် ဓာတ်မှန်ခန်းကို ယနေ့ ကျရောက်သည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် စတင် ဖွင့်လှစ် လိုက်သည်။
ဒဂုံမြို့သစ်မြောက်ပိုင်းရှိ သုခဆေးခန်းတွင် ကုသပေးနေသော ဆရာဝန်ကြီးများက ဓာတ်မှန်ရိုက်ရန် လိုအပ်သော လူနာများ အတွက် အခမဲ့ ရိုက်ပေးသည့် ဓာတ်မှန်ခန်းကို ယနေ့နံနက် ၉ နာရီတွင် ချိုးငှက်နှင့် စာကလေးများကို လွှတ်ပေးကာ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
‘’အင်မတန် ထူးမြတ်တဲ့ နေ့ထူးနေ့မြတ်မှာ အများပြည်သူတွေကို အခမဲ့ ကုသပေးနေတဲ့ သုခဆေးခန်း အနေနဲ့ ဓာတ်မှန် ခန်းကိုပါ ဖွင့်လှစ်ခွင့် ရတဲ့အတွက် မတည် အလှူရှင်တွေကို များစွာ ကျေးဇူးတင်မိတယ်’’ ဟု ပြည်တွင်း သတင်းထောက်များကို နာရေး ကူညီမှုအသင်း (ရန်ကုန်) ၏ ဥက္ကဋ္ဌဖြစ်သူ ရုပ်ရှင်မင်းသား ဦးကျော်သူက ပြောသည်။
ဓာတ်မှန်ခန်းကို ယခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ စတင်တည်ဆောက်ခဲ့ရာ ဓာတ်မှန်ခန်း အဆောက်အအုံ အတွက် ကုန်ကျငွေ ကျပ်သိန်း ၂၇၀ ခန့်နှင့် မီးစက်ဖိုး သိန်း ၅၀ အပါအ၀င် စုစုပေါင်း သိန်း ၃၀၀ ကျော် ကုန်ကျကြောင်းနှင့် ဓာတ်မှန် ရိုက်ကူးစက်ကိုမူ ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၂ သောင်းခွဲ (ကျပ်သိန်း ၂၅၀ ခန့်) ဖြင့် ၀ယ်ယူခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စေတနာ့ဝန်ထမ်း ဓာတ်မှန်ကျွမ်းကျင် ဆရာဝန်တဦးရှိပြီး ဓာတ်မှန်းခန်း ကျွမ်းကျင် ဆရာဝန်များကို ခန့်ထား သွားဦးမည်ဟု သိရသည်။
နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ အတွင်းရေးမှူး စာရေးဆရာမ သန်းမြင့်အောင်က ‘’သုခဆေးခန်းမှာ ရှိတဲ့ ဆရာဝန်တွေက ဓာတ်မှန်ရိုက်ဖို့ လိုတယ်ဆိုရင် ရိုက်ပေးပါမယ်။ ဓာတ်မှန် ကျွမ်းကျင်သူတွေ လျှောက်ထား တာတွေ ရှိပါတယ်’’ ဟု ပြောသည်။
ယခင်က နာရေးအသုဘတခုကိုသာ ဆောင်ရွက်ပေးနေသော်လည်း နောက်ပိုင်းတွင် ပြည်သူများ လိုအပ်ချက်အရ ကျန်းမာရေးကိုပါ ဆောင်ရွက် ပေးလာခဲ့သည့် ၎င်းတို့အသင်းသည် ယခုဆိုလျှင် ဓာတ်မှန်ကိုပါ ရိုက်ပေး နိုင်တော့မည် ဖြစ်သဖြင့် အလွန် ၀မ်းသာကြောင်း သူက ဆက်ပြောသည်။
‘’ကျန်းမာရေး၊ ပညာရေး စတာတွေကို ဖြည့်စွမ်းပေးနေရတာ ဖြစ်တဲ့အတွက် ကျေနပ်တယ်။ အများပြည်သူ အတွက် အများပြည်သူ ကောင်းမှုဆိုတာ နာရေးကူညီမှုအသင်းရဲ့ နောက်ဆုံး ဆောင်ပုဒ်ပါ။ ပြည်သူတွေ လိုအပ်တာကို ဖြည့်ဆည်းပေးနိုင်ဖို့ အမြဲ ဆောင်ရွက်သွားမယ်’’ ဟု ဆရာမ သန်းမြင့်အောင်က ဆိုသည်။
နာရေးကူညီမှုအသင်း (ရန်ကုန်) က အခမဲ့ ကုသပေးသည့် သုခဆေးခန်းကို ၂၀၀၇ ခုနှစ် မတ်လ ၂ ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ မဖွင့်လှစ်မီက ဆေးကူညီမှုကော်မတီကို ဖွဲ့စည်းကာ ၂၀၀၃ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ ကျန်းမာရေးနေ့မှ စတင်ကာ မြောက်ဥက္ကလာ ဆေးရုံကြီး၊ တောင်ဥက္ကလာပ မိခင်နှင့် ကလေးဆေးရုံ၊ အင်းစိန် ဆေးရုံကြီး၊ စံပြ ဆေးရုံကြီးတို့တွင် ကျန်းမာရေး ဆေးဝါးကူညီမှုလုပ်ငန်းကို လိုက်လံ ကူညီ ဆောင်ရွက် ပေးခဲ့ရသည်။
အသင်းကြီးသည် ၂၀၀၁ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်ကာ ၂၀၁၀ ဇွန်လ ၁၅ ရက်နေ့အထိ ကူညီခဲ့သော နာရေးပေါင်း ၈၉၁၆၁ ရှိခဲ့ပြီဖြစ်သည်။
သုခဆေးခန်းတွင် လာရောက်ကုသသည့် လူနာများမှာ တနေ့လျှင် ပျမ်းမျှအားဖြင့် ၂ဝဝ ခန့်ရှိရာ ယင်းတို့ကို ပြည်တွင်း ပြည်ပရှိ အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် အခမဲ့ကူညီနေခြင်း ဖြစ်သည်။
သုခအလင်းအမည်ရှိ စာကြည့်တိုက်ကိုလည်း ယခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်သည့် ဗိုလ်ချုပ်ဆောင်ဆန်း မွေးနေ့တွင် အသင်းရုံး အပေါ်ထပ်တွင် ဖွင့်လှစ်ခဲ့သေးသည်။
Ref: မဇ္ဈိမ
NLD နိုင်ငံရေးဆက်လုပ်မည်
ကိုဇော်ဝင်းလှိုင်
စနေ, 19 ဇွန် 2010
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ လူမှုရေးလုပ်ငန်းတွေကို တဘက်မှာ လုပ်ကိုင်နေသလို နိုင်ငံရေး လုပ်ငန်း တွေကိုလည်း ဆက်လက် လုပ်ဆောင် သွားမယ်လို့ ပြောကြား လိုက်ပါတယ်။ ဒီကနေ့ ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ ကျင်းပတဲ့ အခမ်းအနားမှာ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က အခုလို ပြောကြားသွားတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
ဒီကနေ့ ကျရောက်တဲ့ ၆၅ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲ အခမ်းအနားကို ရန်ကုန်မြို့ ၁၀ မိုင်ကုန်းမှာရှိတဲ့ မိုးကုတ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေနှင်းကြည်ရဲ့ နေအိမ်မှာ ကျင်းပ ခဲ့ကြတာပါ။ အခမ်းအနားမှာ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး NLD အနေနဲ့ နိုင်ငံရေးကို ဆက်လက် လုပ်ဆောင်သွားမယ့် အကြောင်း ရှင်းလင်း ပြောကြား ခဲ့တယ်လို့ ဒီကနေ့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။
“သဘာပတိ ဦးဝင်းတင်က မိန့်ခွန်းပြောတယ်။ အပိတ်လဲ မိန့်ခွန်းပြောတယ်။ ဆရာဦးဝင်းတင် ပြောတဲ့ဟာကတော့ လက်ရှိ NLD ရဲ့ ရပ်တည်မှု နိုင်ငံရေးအရ ရပ်တည်မှုနဲ့ နိုင်ငံရေးကို ဆက်လက်လုပ်သွားမယ်ဆိုတာကို သူက ရှင်းလင်း ပြောကြားတာကို လုပ်ပါတယ်။”
NLD ဟာ အရင်ကတည်းက မှတ်ပုံတင်ထားပြီး ဖြစ်တာကြောင့် နိုင်ငံရေးပါတီအဖြစ်နဲ့ ဆက်လက် ရပ်တည်သွားမယ့် အကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြောပါတယ်။
“ကျနော်တို့ ဒေါ်စု လူမှုရေးနဲ့ပတ်သက်ပြီးပြောတဲ့ စကားတခုရှိပါတယ်။ မကြာခင်က ကျနော့်ကို ပြောလိုက်တာ၊ လူမှုရေးကို နိုင်ငံရေးက ခွဲထုတ်ပြီး ပြောလို့ မရဘူးတဲ့။ လူမှုရေးဆိုတာ နိုင်ငံရေးပဲတဲ့။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့က အခုချိန်မှာ ပြန်လည် မှတ်ပုံ မတင်တဲ့အတွက် ဥပဒေအရ မရှိတော့ဘူးလို့ တချို့လူတွေက ယူဆပေမဲ့ ကျနော်တို့တွေ အနေနဲ့တော့ မှတ်ပုံတင်ပြီးသား ပါတီတခု ဖြစ်တယ်။ နိုင်ငံရေးကိုလဲ ဆက်လုပ်နေဖို့၊ ကျနော်တို့ လက်ရှိကို မိမိပါတီ ရှိတယ်ဆိုတဲ့ ရပ်တည်ချက်နဲ့ပဲ ကျနော်တို့ ဆောင်ရွက် နေတာဖြစ်ပါတယ်။
ဒီအခမ်းအနားမှာပဲ လူငယ်တွေနိုင်ငံရေးမှာ ရိုးသားစွာ ပါဝင်လုပ်ဆောင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့ဖူးတဲ့ မိန့်ခွန်း ကောက်နှုတ် ချက်တွေကို လူငယ် အဖွဲ့ဝင်တွေက ဖတ်ကြား ခဲ့ကြတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“အခမ်းအနားမှာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကောက်နုတ်ချက်တွေကို လူငယ်များက ဖတ်ကြားပါတယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ပြု ကဗျာများကိုလဲ ရွတ်ဆိုကြပါတယ်။ နောက် လူငယ်များက မိန့်ခွန်း ကောက်နုတ်ချက် ဆိုတာလည်း ကျနော်တို့ ဒီနေ့ ဒီအချိန်ခါနဲ့ ကိုက်နေဆဲ လွန်ခဲ့တဲ့ ၁၂ နှစ်ကပြောလာခဲ့တဲ့ မိန့်ခွန်းတွေရဲ့ ကောက်နုတ်ချက်ပါ။ ဥပမာ - လူငယ်များကို နိုင်ငံရေးမှာ ပါဝင်ဖို့ တိုက်တွန်းထားတယ်၊ နိုင်ငံရေးကို ရိုးသားစွာလုပ်ဖို့ တိုက်တွန်းထားတယ်။ လူငယ်များ လုပ်မှပဲ အနာဂတ် နိုင်ငံရေးဟာ ကောင်းစားမယ်။ လူကြီးများက ဘာပဲဖြစ်ဖြစ် အသက်အရွယ်အရ လူငယ်များ ဆက်ခံနိုင်ဖို့၊ လူငယ်များကို ပြုစုပျိုးထောင်ဖို့ လိုတယ်ဆိုတဲ့ မိန့်ခွန်း ကောက်နုတ်ချက်တွေ ဖြစ်ပါတယ်။ တော်တော်လေးလည်း ကောင်းပါတယ် ဒီမိန့်ခွန်း ကောက်နုတ်ချက်တွေက။”
ဒီကနေ့ကျင်းပတဲ့ ၆၅ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲ တိုင်းနဲ့ပြည်နယ်က ကိုယ်စားလှယ်တွေ အပြင် ဒီနှစ်မှာ ဧည့်ပရိသတ်တွေ တမူ ထူးခြားစွာ တော်တော်များများ တက်ရောက်ခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“ဒီလိုမွေးနေ့ အခမ်းအနားမျိုးကို ကျနော်တို့ အမြဲတမ်းကျင်းပတယ်။ တခါမှ ဒီလောက်များများစားစား တက်ရောက် လာတာကို မတွေ့ဘူး။ ဒီနေ့က အတော်ကို များပါတယ်။ ကျနော်တို့ ဧည့်ပရိတ်သတ်ကတော့ တက်ရောက်လာတာ ၅၀၀ အထက်မှာ ရှိတယ်။ ခြံဝင်းတခုလုံး ပြည့်သွားပါတယ်။ အဲဒီတော့ကျနော် ပြောချင်တာက ဒီအချိန်အခါမှာကို ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ယုံကြည် အားကိုးမှု၊ ထောက်ခံမှုတွေ အများကြီး ရှိနေတယ်ဆိုတာ ရောင်ပြန် ဟပ်တာပဲလို့ ကျနော် အဲဒီလို ပြောချင်ပါတယ်။”
NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောပြသွားတာပါ။
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် အခမ်းအနားတွေကို ပြည်တွင်း ပြည်ပမှာရှိနေကြတဲ့ မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေက ဒေသအလိုက် ကျင်းပကြတာ ဖြစ်ပါတယ်။ ရန်ကုန်မှာကျင်းပတဲ့ မွေးနေ့ပွဲလိုပဲ မန္တလေးမြို့မှာကျင်းပတဲ့ အခမ်အနား ကိုလည်း ဧည့်ပရိသတ် အများအပြား တက်ရောက်ခဲ့သလို နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေကို စာအုပ်စာတမ်းနဲ့ တကွ ငွေသားတချို့ကိုလည်း ပညာသင်စရိတ် အဖြစ်နဲ့ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Ref: VOA News
ဒေါ်စု မွေးနေ့တွင် NLD က ပညာသင်စရိတ် ထောက်ပံ့
မြင့်မောင်
စနေနေ့၊ ဇွန်လ ၁၉ ရက် ၂၀၁၀
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက်မွေးနေ့ ကျရောက်သည့် ယနေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အမျိုးသမီးအဖွဲ့က ရန်ကုန်တိုင်းရှိ နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုဝင် ကျောင်းသား ၉၄ ဦးအား ပညာသင်စာရိတ် ထောက်ပံ့ခဲ့သည်။
မူလတန်းမှ တက္ကသိုလ်အထိ ကျောင်းသား ၉၄ ဦးအား အင်းစိန်မြို့နယ် ၁ဝ မိုင်ကုန်းရှိ မန္တလေးတိုင်း မိုးကုတ်မြို့နယ် NLD လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေနှင်းကြည်၏ နေအိမ်တွင် တဦးလျှင် စာအုပ်တဒါဇင်၊ ခဲတန်တဒါဇင်၊ စာရေးကိရိယာနှင့် ငွေကျပ် တသောင်းစီ ထောက်ပံ့ခဲ့ခြင်း ဖြစ်သည်။
“အမစုရဲ့ မွေးနေ့တိုင်းမှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ သားသမီးတွေအတွက် ပညာရေး ထောက်ပံ့မှု ပေးနေကျပါ။ ဒီနှစ်မှာ မူလတန်း ကနေ တက္ကသိုလ်အထိ တက်နေတဲ့ ကျောင်းသား ၉၄ ယောက်ကို ပေးပါတယ်။ အသက် ၆၅ နှစ်ပြည့်လို့ စာကလေး ၆၆ ကောင် လွှတ်ပါတယ်။ အမစုကို ဂုဏ်ပြုတဲ့အနေနဲ့ ကဗျာတွေ ရွတ်ဆိုကြပါတယ်။ အမစုရဲ့ မိန့်ခွန်း ကောက်နုတ်ချက်တွေကို အမျိုးသမီး အဖွဲ့ဝင်တွေက ဖတ်ကြားခဲ့တယ်” ဟု NLD ဗဟိုအမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မေ၀င်းမြင့်က မဇ္ဈိမကို ပြောသည်။
သံဃာ ၅ ပါးအား ဆွမ်းကပ်လှူပြီးနောက် သောက်သုံးရေ ရှားပါးနေသည့် ပဲခူးတိုင်း အင်းတကော်မြို့နယ် ငှက်ပျောရွာတွင် လက်လှုပ်တွင်း ၂ တွင်း၊ အလျား ၆ ပေ၊ အမြင့် ၆ ပေ ရှိ ရေလှောင်ကန် ၂ ကန်၊ ကော့ချင်းရွာတွင် လက်လှုပ်တွင်း ၂ တွင်းကို ရေစက်ချ လှူဒါန်းခဲ့ကြသည်။
ယနေ့နံနက် အရုဏ်တက်ချိန်က NLD အမျိုးသမီးအဖွဲ့ဝင်များသည် ရွှေတိဂုံဘုရား အင်္ဂါဒေါင့်တွင် နှင်းဆီပန်း အ၀ါ ၆၅ ပွင့်နှင့် ရေလှူဒါန်းမှုများ ပြုလုပ် ခဲ့ကြသေးသည်။
မွေးနေ့ပွဲကျင်းပရာ အင်းစိန် ၁၀ မိုင်ကုန်း အ၀င်လမ်းမထိပ်၌ ရဲသား ၁၀၀ ကျော် လိုက်ပါလာသည့် ရဲကား ၆ စီး ထားရှိကာ၊ စစ်ဖက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်နှင့် အထူးရဲ သတင်းတပ်ဖွဲ့ဝင် ဦးရေ ၆၀ ခန့်ကလည်း ဒေါ်မေနှင်းကြည်၏ နေအိမ်အနီးတွင် စောင့်ကြည့်နေပြီး ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းတင်မှုများ ရှိကြောင်း NLD လူငယ် ကိုရာဇာက မဇ္ဈိမကို ပြောသည်။
သူက “ဒီနေ့ လုံခြုံရေး အခြေအနေက တော်တော်ကို ဆိုးတယ်။ တချိန်လုံးပဲ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ပြီး သတင်းယူနေတဲ့ သူတွေ ရှိတယ်။ တချို့ကျတော့လည်း သတင်းယူတယ်။ အန်တီ ဒေါ်မေနှင်းကြည် အိမ်နားလေးကို ကပ်ပြီးတော့ သတင်းယူနေတဲ့ သူတွေ ရှိတယ်” ဟု ပြောသည်။
လွန်ခဲ့သည့်နှစ်များတွင် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲ အခမ်းအနားများအား ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ NLD ရုံးချုပ်တွင် ကျင်းပခဲ့သော်လည်း ယခုနှစ်တွင်မူ နေရာပြောင်းလဲ ကျင်းပ လိုက်ခြင်း ဖြစ်သည်။ ယခုနှစ်ကျင်းပမည့် ရွေးကောက်ပွဲ အတွက် စစ်အစိုးရက ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ကော်မရှင်ဥပဒေအရ ရက် ၆၀ အတွင်း ပါတီ ပြန်လည် မှတ်ပုံ မတင်လျှင် ပါတီ ပျက်ပြယ်မည်ဟု ဆိုထားသော်လည်း NLD က ပြန်လည် မှတ်ပုံတင်ခြင်း မရှိခဲ့ပါ။
မန္တလေးတိုင်း NLD အဖွဲ့ဝင်များကမူ တိုင်းစည်း ဦးကိုကိုကြီး၏ နေအိမ်တွင် သံဃာတော် ၁၇ ပါးအား ပင့်ဖိတ်ကာ ဆွမ်းကပ်လှူခြင်း၊ ခတ္တာပန်းပင် ၆၆ ပင်ကို ဘုရားကျောင်းကန်နှင့် ဘုန်းကြီးကျောင်းများတွင် စိုက်ပျိုးရန် ဝေငှခြင်း၊ စာကလေး ၆၆ ကောင် လွှတ်ခြင်း၊ မန္တလေးတိုင်းရှိ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်များထဲမှ ပညာသင်ကြားနေသည့် ကျောင်းသား ၁၇ ဦးအား တဦးလျှင် ကျပ် ၂ သောင်းစီ ထောက်ပံ့ခဲ့ကြောင်း မန္တလေး တိုင်းစည်းအဖွဲ့ဝင် ကိုမျိုးနိုင်က မဇ္ဈိမကို ပြောသည်။
ထို့အပြင် မန္တလေးတိုင်းရှိ အရှေ့မြောက်၊ အရှေ့တောင်၊ အနောက်တောင်၊ အရှေ့မြို့သစ်၊ ပြည်ကြီးတံခွန်၊ စဥ့်ကိုင်၊ စဥ့်ကူး၊ ပြင်ဦးလွင်၊ သပိတ်ကျင်း၊ ပုသိမ်ကြီး၊ မိတ္ထီလာ၊ သာစည်၊ ၀မ်းတွင်း၊ မလှိုင်၊ တောင်သာ၊ ကျောက်ပန်းတောင်း၊ ပျော်ဘွယ်၊ ရမည်းသင်း၊ လယ်ဝေး၊ တပ်ကုန်း စသည့် မြို့နယ် ၂၀ တွင် NLD အဖွဲ့ဝင်များက မွေးနေ့ပွဲအတွက် ရည်စူးကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် မန်ကျည်း၊ မယ်ဇလီ၊ ကုက္ကို၊ တမာ၊ စိန်ပန်း၊ ယူကလစ်၊ ဗာဒံနှင့် သရက်ပင်များ ပါရှိသည့် အပင် ၆၆ ပင်စီ စိုက်ပျိုးခဲ့ကြသည်။
ပြည်သူလူထုကို ပညာပေး စည်းရုံးမှုများပြုလုပ်ပြီး သစ်ပင်များကို ရှင်သန်ဖွံ့ဖြိုးစေရန်နှင့် ထပ်မံ စိုက်ပျိုးသွားရန် စီစဉ်ထားကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် NLD ကလည်း မိတ္ထီလာထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၆ ဦး၊ တောင်ကြီးထောင် (၁၂ ဦး)၊ မန္တလေး အိုးဖိုထောင် (၄ ဦး) အား ကျပ် ၅ ထောင်စီနှင့် ဆိတ်သားနှပ်၊ ပါလချောင်ကြော်၊ သွားတိုက်ဆေး၊ သွားတိုက်တန်၊ ဆပ်ပြာတုံး၊ ဆပ်ပြာမှုန့်၊ ကော်ဖီမစ် အသေး ၁၀ ထုပ်စီ ပေးခဲ့ကြောင်း မိတ္ထီလာ NLD အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက ပြောသည်။
အပင် ၆၆ ပင် စိုက်ပျိုးမှုကို ယခုလ ၁၂ ရက်နေ့တွင် မကွေးတိုင်း ပခုက္ကူ၊ ကမ္မ၊ မြစ်ခြေ၊ ၁၃ ရက်နေ့တွင် မင်းဘူးနှင့် စကုမြို့နယ်ရှိ ကျေးရွာများ၊ ၁၄ ရက်နေ့တွင် ရန်ကုန်တိုင်း တောင်ဒဂုံ၊ လှိုင်သာယာနှင့် တောင်ဥက္ကလာပ မြို့နယ်များတွင် NLD လူငယ်များက စိုက်ပျိုး ခဲ့ကြသေးသည်။
ထို့ပြင် ရန်ကုန်တိုင်း NLD လူငယ်များ၊ ပါတီကို ထောက်ခံသော လူငယ်များ၊ ပဲခူးတိုင်း ပါတီလူငယ်များက ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် သွေးပုလင်း ၆၆ ပုလင်း လှူဒါန်းကြကြောင်းနှင့် မွေးနေ့ဂုဏ်ပြုပွဲ အခမ်းအနားများကို အိန္ဒိယ၊ မလေးရှား၊ ကနေဒါ၊ အမေရိကန်၊ ဗြိတိန်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် နယူးဇီလန် နိုင်ငံများ အပါအ၀င် ကမ္ဘာ့နိုင်ငံ အများအပြားတွင် ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် နှစ် ၂ဝ အတွင်း ၁၄ နှစ်ထက်မနည်း နေအိမ် အကျယ်ချုပ်ဖြင့် နေထိုင် ခဲ့ရသူဖြစ်ကာ ယခုနှစ် မွေးနေ့ပွဲကိုလည်း ရန်ကုန်မြို့ တက္ကသိုလ်လမ်းမရှိ နေအိမ်၌ပင် ဖြတ်သန်း ရမည်ဖြစ်သည်။
Ref: မဇ္ဈိမ
Saturday, June 19, 2010
အကယ်၍
June 19, 2010
ဆုတောင်းလျှက်..............
အကယ်၍
မင်းအသိုင်းအ၀ိုင်း တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်းအပြစ်တင်ကြတဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင် . . .
အကယ်၍
အားလုံးက မင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင် . . .
အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်း နေနိုင်မယ်ဆိုရင် . . .
ဒါမှမဟုတ်
မင်းရဲ့အကြောင်း မဟုတ်မတရား မုသားစကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင် . . .
ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းကလည်း အမုန်းတွေ ပြန်မပွားဘူးဆိုရင် . . .
အကယ်၍
စိတ်ကူးယဉ်အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ
စိတ်ကူးနိုင်မယ်ဆိုရင် . . .
ပြီးတော့
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ
တွေးခေါ်နိုင်မယ်ဆိုရင် . . .
အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလားရယ်လို့
ခံယူထားနိုင်မယ်ဆိုရင် . . .
အကယ်၍
မင်းရဲ့ အမှန်စကားတွေကို
လူလိမ်လူညာတွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင် . . .
အကယ်၍
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်
အင်မတန်မှသေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင် . . .
အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံး
ကြွေတလှည့်ကြက်တခုန်ပမာ
တလှည့်တခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင် . . .
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင် . . .
ပြီးတော့တခါ
ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင် . . .
အကယ်၍
သူများတကာတွေ လုပ်ပြီးသွားကြလို့
အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင် . . .
အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့ ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်အင်အားကို ခိုင်မာစွာနဲ့ပဲ
လက်ဆုပ်လက်ကိုင် ထားနိုင်မယ်ဆိုရင် . . .
အကယ်၍
လူတွေနဲ့ ထိတွေ့ဆက်ဆံ ပြောဆိုတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင် . . .
ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့အတူ လမ်းလျှောက်နေရပေမယ့်
မာန်၊ မာန သွေး မကြွဘူးဆိုရင် . . .
အကယ်၍
ရန်သူကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ
မင်းကို နာကျည်းအောင် မလုပ်နိုင်စေရင် . . .
အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင် . . .
အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ် အသုံးချနိုင်မယ်ဆိုရင် . . .
ငါ့သားရေ
မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့
အဲဒီတော့ မင်းဟာလည်း ယောက်ျားကောင်းတယောက်ပဲပေါ့။ ။
ဒေါ်အောင်ဆန်းစုကြည်မှ NLD လူငယ်များအား ၁၉၈၉ ခုနှစ်တွင် အမှာစကားပြောကြားရင်း ဒီ IF ကဗျာကို ပြန်ဆိုပြခဲ့ခြင်း ဖြစ်ပါသည်။
Friday, June 18, 2010
ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကို မြန်မာအာဏာပိုင်တို့မှ ပိတ်ပင်
မင်းအာသံ၊ ဂျူရီချိုင်း
ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံထားကို ယနေ့နံနက် ၉ နာရီမှစပြီး မြဝတီ အာဏာပိုင်တို့မှ သွားလာခွင့် ပိတ်ပင်လိုက်သည်ဟု ဒေသခံတို့က ပြောသည်။
မြဝတီမြို့မှ အစိုးရဝန်ထမ်းတစ်ဦးက “အခုလို ပိတ်ထားရတဲ့ရဲ့ ကြောင်းကတော့ နှစ်နိုင်ငံ နယ်နမိတ်အဖြစ် ခြားထားတဲ့ မြစ်မှာ ရေတိုက်စားလို့ ထိုင်းဘက်ကမ်းမှာ သွားပုံနေတဲ့အတွက် တနှစ်နဲ့တနှစ် ဗမာဘက်ကမ်းက မြေတွေလျော့ပြီး ထိုင်းဘက်မှာ တိုးတိုး လာနေတယ်၊ အဲဒါကြောင့် အဲဒီပြဿနာကို ဖြေရှင်းဖို့ တံထားကို ခဏတဖြုတ် ပိတ်လိုက်တာ” ဟု ပြောသည်။
ယခုကဲ့သို့ နယ်စပ်ဖြတ်ကျော်မှု ပိတ်ထားရခြင်းသည် ထိုင်း-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေး တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပြဿနာ ဖြစ်ပွားမှုတစ်ရပ် ဖြစ်လာသောကြောင့် ဖြစ်သည်ဟု မြို့ခံအာဏာပိုင်နှင့် နီစပ်သော သူတစ်ဦးက ပြောသည်။
“ဒီနေ့ မနက်ကပဲ တံတားပိတ်လိုက်တယ်၊ အာဏာတော်တော်များ ပြောတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ပြေလည်မှုမရှိလို့ အခုလို ပိတ်ထားရတယ်၊ ဗမာဘက် ကမ်းမှာတော့ ကားအတက်အဆင်းတွေ ရှိနေဆဲပဲ ဒါပေမဲ့ ပစ္စည်းတွေ သွားလာမရတော့ ဗမာဘက်ကမ်းမှာ တောင်တင်နေရတာပေါ့” ဟု ၄င်းက ပြောသည်။
ထို့အတူ အခြားတရားဝင်မဟုတ်သော ဂိတ်များမှာလည်း မြန်မာအာဏာပိုင်များက ပိတ်လိုက်သဖြင့် ကုန်သည်များ၏ ကုန်သွယ်မှုကို ရပ်တန့် စေခဲ့သည်ဟု ထိုင်းဘက်ကမ်းမှ ဗမာဘက်ကမ်းသို့ ကုန်သွယ်နေသော ကုန်သည်တစ်ဦးက ပြောသည်။
“ထိုင်းဘက်က ဗမာဘက်ကို ပို့ဆောင်မယ့် ကုန်ပစ္စည်းတင်ထားတဲ့ကားတွေ တော်တော်များများက ထိုင်းဘက်ကမ်းက လှေဆိပ်တွေမှာ စုနေတယ်၊ ပြီးတော့ ချစ်ကြည်ရေးတံတား အနီးမှာလည်း မော်တော်ကားတွေ တန်းပြီး ရပ်ထားရတယ်” ဟု အဆိုပါ ကုန်သည်က ဆက်လက် ပြောပြသည်။
မြန်မာအာဏာပိုင်တို့ဘက်မှ မည်သည့်အကြောင်းကြောင့် ပိတ်လိုက်ရသည်ကိုလည်း တစုံတရာ ထုတ်ဖေါ် ပြောကြားခြင်း မပြုသလို မည်သည့် ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်ပေးမည့် ရက်များကိုလည်း မည်သူမှ မသိရှိရသေးပေ။
အတည်မပြုနိုင်သော သတင်းတစ်ရပ်အရ မြဝတီမြို့သို့ရောက်ရှိနေသော နေပြည်တော်မှ အထူးစစ်ဆေးရေး အဖွဲ့က ထိုင်းဘက်မှ တရားမဝင် တင်သွင်းလာသည့် ကုန်ပစ္စည်းများကို ရှာဖွေ စစ်ဆေးနေသဖြင့် (၃) ရက်ခန့် ဂိတ်ပိတ်ထားမည်ဟု အမည် မဖော်လိုသူ မြန်မာ ကုန်သည် တစ်ဦးက ပြောသည်။
မဲဆောက်-မြ၀တီချစ်ကြည်ရေးတံတားသည် ထိုင်းနိုင်ငံမှ အကုန်ကျခံကာ ၁၉၉၅ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး ၁၉၉၇ တွင် စတင် ဖွင့်လှစ်ခဲ့သည်။ အကယ်၍ ချစ်ကြည်ရေးတံတား တစ်ရက်ပိတ်လျှင် ထိုင်းဘက်မှ ဘတ်သန်း (၄၀) ခန့် နစ်နာမူ ရှိသည်ဟု တာ့ခ်ခရိုင် ကုန်သည်ကြီးများ အသင်း၏ မှတ်တမ်းတွင် ဖော်ပြခဲ့သည်။
Ref: မွန်သတင်းအေဂျင်စီ
တပ်တွင်း အမိန့်မနာခံမှုတွေဖြစ်နေ
17, June 2010
မြန်မာစစ်တပ်အတွင်းမှာ အောက်ခြေတပ်သားတွေက သူတို့ရတဲ့ လစာနဲ့ မိသားစု စားဝတ်နေရေး မပြေလည်တဲ့ အတွက် အခက်အခဲတွေ ရှိနေတယ်လို့ ရန်ကုန်ကို ခွင့်နဲ့ပြန်လာတဲ့ တပ်ကြပ်ကြီး တယောက်က ဘီဘီစီကို ပြောပါတယ်။
ထိုင်းမြန်မာနယ်စပ် မြဝတီ ကားလမ်းတလျှောက်မှာ လုံခြုံရေးတာဝန် ထမ်းဆောင်ကြရတဲ့ ခြေမြန်တပ်ရင်း တခုဖြစ်တဲ့ ၃၅၅ တပ်ရင်းက အဲဒီ တပ်ကြပ်ကြီးက အရင်တုန်းကဆိုရင် တပ်သားတွေ ဝင်ငွေလစာ မလောက်ပေမဲ့ အပိုဝင်ငွေ ရအောင်ရှာနိုင်တဲ့ ရပေါက် ရလမ်းတွေတော့ ရှိတယ်လို့ပြောပါတယ်။
အခုတော့ ဂိတ်ကြေးကောက်ခံတာမျိုးလို အပိုဝင်ငွေရှာနိုင်တဲ့ လုပ်ပိုင်ခွင့်တွေ အားလုံးကို DKBA ကရင် ဗုဒ္ဓဘာသာ အဖွဲ့ပဲ ရရှိလို့ တပ်သားတွေ လုပ်ပိုင်ခွင့် အခွင့်အလမ်း ဆုံးရှုံး နေတယ်လို့လည်း သူကပြောပါတယ်။
အခက်အခဲတွေကို အထက်အရာရှိတွေဆီ တင်ပြခဲ့ပေမဲ့ အရေးယူ ဆောင်ရွက်ပေးတာ မရှိလို့ တပ်ထဲက အကြပ် စစ်သည်တွေနဲ့ ရဲဘော်တွေ အမိန့် မနာခံမှု ဖြစ်နေပြီလို့ အမည်မဖော်လိုတဲ့ အဲဒီ တပ်ကြပ်ကြီးက ပြောပါတယ်။ သူ့တပ်ရင်း တခုထဲမှာတင် ဒီလို ဖြစ်နေတာ မဟုတ်ပဲ တပ်ရင်း ၃၅၆ နဲ့ ၃၅၇ တို့မှာလည်း အလားတူ မကြေနပ်မှုတွေ ဖြစ်နေတယ်လို့ သူက ပြောပါတယ်။
အခုတော့ ကင်းစောင့်ခိုင်းတာကို မစောင့်ပဲ နေတာမျိုးလို အမိန့်တိုင်း လိုက်နာ ဆောင်ရွက်ခြင်း မရှိရုံသာ ဖြစ်နေပေမယ့် တပ်သားတွေရဲ့ စားဝတ်နေရေး ဖူလုံအောင် တစုံတရာ ဖြေရှင်းမှု မရှိပဲ ဒီအတိုင်း ဆက်ထားမယ် ဆိုရင်တော့ ကြာရင် ဒီ့ထက်ပိုတဲ့ မကျေနပ်မှုတွေ ဖြစ်လာပြီး ဆူပူမှုတွေ အာဏာဖီဆန်မှုတွေ ပိုဖြစ်လာနိုင်တယ်လို့ အဲဒီ တပ်ကြပ်ကြီးက ဘီဘီစီကို ပြောပါတယ်။
Ref: BBC News