..............................

Saturday, June 27, 2009

နအဖရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအပေါ် သဘောထားဟာ အဓိကစံဖြစ်တယ်

ရဲဘော်ဖိုးသံချောင်း
၂၄ ဇွန် ၂၀၀၉

ဒီနေ့ဗမာပြည်နိုင်ငံရေးမှာ နအဖစစ်အစိုးရရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအပေါ် ဘယ်လို သဘောထားတယ် ဆိုတာဟာ နိုင်ငံရေး ပါတီတွေ၊ အင်အားစုတွေနဲ့ လူတဦးချင်းရဲ့ ရပ်တည်ချက်ကို တိုင်းတာတဲ့ စံတခု ဖြစ်နေ ပါပြီ။ လွယ်လွယ် အရပ်သားစကားနဲ့ ပြောရရင် စစ်အုပ်စုရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထောက်ခံသူဟာ စစ်အာဏာရှင် စနစ်ရဲ့ဘက်သား၊ ကန့်ကွက်သူ ဟာ ပြည်သူ့ ဘက်သား ဖြစ်ပါတယ်။ တကယ်တော့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ဆိုတာဟာ အဲဒီနိုင်ငံရဲ့လက္ခဏာကို ပြဋ္ဌာန်းတာ၊ ဖော်ပြတာ ဖြစ်တဲ့ အတွက် ဒါဟာ တိုင်းပြည်တခုရဲ့ သေရေးရှင်ရေး ပြဿနာဆိုရင် မမှားပါဘူး။ တိုင်းပြည်ရဲ့ ပစ္စုပ္ပန်၊ အနာဂတ်တို့ကို အဆုံးအဖြတ် ပေးနိုင်တဲ့ အရာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဗမာနိုင်ငံက နိုင်ငံရေး ပါတီတွေ၊ အင်အားစုတွေနဲ့ လူတဦးချင်း အနေနဲ့ ဒီသမိုင်း အကွေ့မှာ နအဖ စစ်အစိုးရက မတရား အတည်ပြု ခဲ့တဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အပေါ် ဘယ်လို သဘောထား ရှိခဲ့တယ် ဆိုတာဟာ နောင် သူ့သမိုင်းမှာ အမြဲ ကပ်ပါသွားမယ့် မှတ်တိုင်တခုလည်း ဖြစ်ပါတယ်။

ဒီ “ဖွဲ့စည်းပုံအခြေခံဥပဒေ” အခြေခံဥပဒေနဲ့ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ သူတို့ရဲ့ သဘောထားကို ရွှေဂုံတိုင် ကြေညာချက်မှာ တိတိလင်းလင်း ဖော်ပြခဲ့ပြီးပါပြီ။ သူတို့ ဘာကြောင့် လက်မခံတယ်၊ ဘာတွေ လက်မခံတယ် ဆိုတာကို အသေးစိတ် မဖော်ပြခဲ့ပေမယ့် သူတို့ရဲ့ ဖော်ပြခဲ့တဲ့ သဘောထား၊ လုပ်ရပ်ဟာ မှန်ကန်တယ်လို့ပဲ ပြည်သူ အများစုကြီးက မြင်ကြပါတယ်။ နအဖရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ပြုပြင်ဖို့ လိုတယ်လို့ ထောက်ပြ လိုက်တာဟာ ဒီနေ့ နအဖရဲ့ ဒီမိုကရေစီ အောက်မှာ လုံလောက်တယ်လို့ အများက နားလည်ကြပါတယ်။

လတ်တလောဗမာပြည်ရဲ့ နိုင်ငံရေးမှာ ရှေ့ဆုံးကို တက်လာနေတဲ့ ပြဿနာ တခုကတော့ အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့အစည်းတွေရဲ့ ကိစ္စဖြစ်ပါတယ်။ ဒီအင်အားစုတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်လို့ သူတို့ရဲ့ သဘောထားကို ညောင်နှစ်ပင် ညီလာခံမှာ စနစ်တကျ တင်ပြခဲ့ပါတယ်။ ဒါပေမယ့် သူတို့ တင်ပြချက်ကို နအဖ အစိုးရဟာ အဲဒီကတည်းက အများပြည်သူ အကြားမှာ အကျယ်အပြန့် ဖြန့်ဖြူးခွင့်၊ ဆွေးနွေးခွင့် မပေးရုံမက ညောင်နှစ်ပင်က ကုလားထိုင်တွေ အကြားမှာပဲ ချောင်ထိုးထား လိုက်ပါတယ်။ ဒီနေ့ နအဖနဲ့ ဒီအပစ်ရပ် အဖွဲ့အစည်း တွေအကြား ဖြစ်ပေါ်နေတဲ့ တင်းမာမှုဟာ အဲဒီလို နအဖက လူကြီး လူကောင်း မဆံခဲ့တာတွေနဲ့ တိုက်ရိုက် ဆက်နေပါ တယ်။ သူတို့ကို နအဖက နိုင်ငံရေးကိစ္စ၊ နိုင်ငံရေး ပြဿနာ တင်ပြခွင့်၊ ပြောကြားခွင့် မပြုဘူးလို့ သူတို့ မှန်ကန်စွာ ခံစား နေရပါတယ်။

၁၉၈၉ ခုနှစ်တုန်းက ဗကပ လက်အောက်ကနေ ခွဲထွက်ကြတုန်းက နဝတ စစ်အစိုးရဟာ တနပ်စားဉာဏ်နဲ့ “ကျုပ်တို့ကတော့ စစ်အစိုးရပဲ၊ ရွေးကောက်ပွဲပြီးလို့ တက်လာတဲ့ အစိုးရနဲ့ကျမှ ခင်ဗျားတို့ နိုင်ငံရေး ကိစ္စဆွေးနွေး ကြပါ။ ၁၉၉ဝ ပြည့်နှစ်မှာ ရွေးကောက်ပွဲ ကျင်းပပေးမှာပဲ” လို့ ချွေးသိပ်ပြီး ပိုနေမြဲ ကျားနေမြဲ နေခဲ့ကြပြီး တလျှောက်လုံး စစ်ရပ်စဲရေး ဆိုတာနဲ့ပဲ တည်ရှိခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ စစ်အစိုးရဟာ သူတို့ရဲ့ ညောင်နှစ်ပင်မှာ ဝါဒဖြန့် ကောင်းအောင်လို့ အတွက် ဒီအပစ်ရပ် အဖွဲ့အစည်းတွေကို တက်ခိုင်းပြီး ဒီလူတွေဟာ “တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေ”၊ “တိုင်းရင်းသား ကိုယ်စားလှယ်ကြီးတွေ” လို့ ဝိသေသနတွေ တပ်ပေး ခဲ့ပါတယ်။ ဒါပေမယ့် လက်တွေ့မှာကျတော့ သူတို့ရဲ့ အဖြစ်ဟာ ရုပ်ပြသက်သက်သာ ဖြစ်နေတယ် ဆိုတာကို သူတို့ရဲ့ စာတမ်း ချောင်ထိုးခံရတဲ့ အဖြစ် အပျက်က ရှင်းလင်းစွာ ဖော်ပြနေပါတယ်။ အခုနောက်ဆုံး ဒီအဖွဲ့တွေကို နယ်ခြားစောင့် ပုလိပ် လုပ်ခိုင်းရာမှာ သူ့ကိုယ်သူ ဗိုလ်သန်းရွှေရဲ့ကိုယ်စားလှယ် ပါလို့ ပြောတဲ့ ဗိုလ်ရဲမြင့်က ဝ ပြည် သွေးစည်းညီညွတ်ရေး ပါတီကို “ခင်ဗျားတို့ရဲ့ တိုက်တွေ တာတွေ မနှမြောဘူးလား” ခနဲ့တဲ့တဲ့နဲ့ ခြိမ်းခြောက်တာဟာ သူတို့ရဲ့ ဒီအဖွဲ့အစည်းတွေ အပေါ် သဘောထား မမှန်မှု၊ အထင်သေး၊ ပြက်ရယ် ပြုလိုမှုတွေကို ဖော်ပြနေတာ ဖြစ်ပါတယ်။

ဒီက တဆင့်တက်ပြီး နအဖစစ်အစိုးရဟာ သူတို့ စိတ်ကြိုက် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲပြီး ဖြစ်ကတတ်ဆန်း အတည်ပြု လိုက်ကြပါတယ်။ ဒီနောက် ဘာမှ မကြာဘူး ဒီအပစ်ရပ် အင်အားစုတွေကို “မင်းတို့တတွေ နယ်စပ် ကာကွယ်ရေးတပ်တွေ လုပ်ကြ၊ ဒေသ ပြည်သူ့စစ်တွေ လုပ်ကြ” ဆိုပြီး ခန့်ခွဲ အမိန့် ပေးလာပါတယ်။ ဒီအခါမှာ နိုင်ငံရေး သူငယ်နှပ်စားတွေ မဟုတ်တဲ့၊ ဆယ်စုနှစ်နဲ့ချီ လက်နက်ကိုင် တိုက်ခဲ့ဖူးကြတဲ့၊ တော်လှန်ရေးသမား ဟောင်းတွေဟာ အနည်းဆုံး ကိုယ့်ဂုဏ်သိက္ခာ အတွက် နအဖကို အာခံ ရပ်တည် လာကြပါတယ်။ သူတို့ပါးစပ်က ထုတ်မပြောပေမယ့် သူတို့ ဖော်ပြနေတာက နိုင်ငံရေးအရ ဆွေးနွေးတာ မလုပ်ဘဲနဲ့တော့ လက်နက်ကို မစွန့်နိုင်ဘူး၊ နအဖ အမိန့်ပေးတိုင်း မလိုက်နာနိုင်ဘူးရယ် လို့ပဲဖြစ်တယ်။ နအဖရဲ့လုပ်ပုံက သူ့လက်အောက်ခံတွေလို နာခံခိုင်းတာ သက်သက် ဖြစ်နေပါတယ်။ “ဒါလုပ်ရင်လုပ်၊ မလုပ်ရင် - - -” ဆိုတာမျိုး ဖြစ်နေပါတယ်။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် လေးစား တန်ဖိုးထားသူတွေ အနေနဲ့ အခုလို ရပ်တည် ရင်ဆိုင်တာ တရားပါတယ်။ ကျိုးကြောင်း ဆီလျော်ပါတယ်။

အပစ်အခတ်ရပ်စဲထားတဲ့ အင်အားစုတွေအနေနဲ့ “ဖွဲ့စည်းပုံ အခြေခံဥပဒေ မရှိတာနဲ့ စာရင် ရှိတာက တော်သေးတယ်” လို့ ပြောနေသူတွေလို မစဉ်းစား နိုင်ပါဘူး။ တချို့လူတွေက ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာလေး ပြစရာရှိတော့ နအဖနဲ့ ပေါင်းဖို့အတွက် အကြောင်းပြစရာ ရတာပေါ့လို့ သဘောထားတာပါ။ တချို့ကတော့လည်း နအဖရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ထဲမှာ ဘာတွေပဲ ပါနေနေ၊ ငါတို့ အမတ်ဖြစ်ရင် ပြီးရောလို့ အောက်မေ့ နေကြပါတယ်။ ဒါမျိုးကို အပစ်ရပ်အဖွဲ့တွေ မလုပ်နိုင်ပါဘူး။ သူတို့မှာ ယုံကြည်ချက် ရှိပါတယ်။ မူရှိပါတယ်။ တော်လှန်တဲ့ နိုင်ငံရေးအခြေခံ နောက်ကြောင်းတွေလည်း ရှိပါတယ်။ ထောက်ထားရမယ့် တိုက်ဖော် တိုက်ဖက် အာဇာနည်တွေ အပြင် အသက်ပေး ကာကွယ်ရမယ့် အမျိုးသား အကျိုးစီးပွားတွေလည်း ရှိပါတယ်။

သူတို့ဟာ မနေ့တနေ့ကမှ နအဖအလိုကျ နိုင်ငံရေး ထလုပ်တဲ့ လူတွေလို စစ်အစိုးရ ကြိုးဆွဲရာ မကနိုင်ပါဘူး။ နအဖ ဗိုလ်ချုပ်တွေက ထားရာနေ စေရာ သွားခိုင်းတဲ့ အတိုင်း မလုပ်နိုင်ပါဘူး။ ဒီ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုသာ မဆန့်ကျင်လိုက်ရင် သူတို့သမိုင်း ဘာဖြစ်သွားမယ် ဆိုတာ သူတို့ သဘောပေါက်ပါတယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုသာ ထောက်ခံမိရင် နောင်မှာ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ပျက်သွားဦးတောင်မှ သူတို့ အပေါ်မှာ တင်နေမယ့် အမည်းစက်ကြီးဟာ ဘယ်လိုမှ မပျက်နိုင်တော့ဘူးဆိုတာ သူတို့ ကောင်းကောင်း သိပါတယ်။

ဒီနေ့ဗမာပြည်မှာ ဖွဲ့စည်းအုပ်ချုပ်ပုံကိစ္စဟာ စေ့စပ်လို့ မရတဲ့ ကိစ္စဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ မလဲနိုင်ပါဘူး။ ဆိုလိုတာ ကိုယ်က သူ့ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသိ အမှတ် ပြုပေးမယ်၊ သူက ကိုယ့်ကို အဲဒီရွေးကောက်ပွဲ ကျင်းပပေး ဆိုတာမျိုး လုပ်လို့ မဖြစ်ပါဘူး။ ဒီနှစ်ခုဟာ ခေါင်းနဲ့ ပန်းလိုပဲ ခွဲခြားလို့ မရတဲ့ အရာနှစ်ခု ဖြစ်ပါတယ်။ နှစ်ခုစလုံးဟာ နအဖစစ်အုပ်စု အာဏာ တည်မြဲရေး အတွက် လုပ်တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအထဲမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ပိုပြီး အခရာကျပြီး ကျောရိုးလည်း ဖြစ်ပါတယ်။ ဒီနအဖ စစ်အုပ်စုရဲ့ ကျောရိုးဖြစ်လာမယ့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို တိုက်ဖျက်ရေးဟာ ဒီနေ့ခေတ် ဗမာပြည်သားတိုင်းရဲ့ သမိုင်းပေး တာဝန်ဆိုရင် မမှားပါဘူး။

Ref: ခေတ်ပြိုင်

Read More...

Friday, June 26, 2009

NDAK ကချင်လက်နက်ကိုင်အဖွဲ့က နယ်ခြားစောင့်တပ် ဖွဲ့ရေး လက်ခံ

ဖနိဒါ၊ မျိုးကြီး
ကြာသပတေးနေ့၊ ဇွန်လ 25 2009 20:03 - မြန်မာစံတော်ချိန်

ချင်းမိုင်၊ ရွှေလီ (မဇ္ဈိမ)။ ။ မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် ကချင် ဒီမို ကရက်တစ် တပ်မတော်က နယ်ခြားစောင့် တပ်အဖြစ် ဖွဲ့စည်းရန် သဘော တူလိုက်ကြောင်း အဖွဲ့ ဥက္ကဋ္ဌက ယနေ့ ပြောဆိုသည်။

ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် - မပခ တိုင်းမှူး ဗိုလ်မှူးချုပ် စိုးဝင်းနှင့် ကချင် ဒီမိုကရက်တစ် တပ်မတော် - NDAK ခေါင်းဆောင်များ အကြား မြန်မာစစ်အစိုးရ သတ်မှတ် ပေးထားပြီး တရုတ်နယ်စပ် အနီး တည်ရှိသော ကချင် အထူးဒေသ (၁) ပန်ဝါမြို့၌ ယခုလ ၂၄ ရက်နေ့က တွေ့ဆုံ ဆွေးနွေးရာ၌ သဘောတူကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ ဌာနချုပ် ပန်ဝါ ဗဟိုဌာနချုပ်မှာပဲ။ အဲဒီအစည်းအဝေးမှာ နေရာ တကာက သိတဲ့၊ ကြားနေရတဲ့ ကျနော်တို့ တပ်ဖွဲ့ကို နယ်ခြားစောင့်တပ် အဖြစ် ပြောင်းသွားဖို့ ဆွေးနွေးတယ်။ လက်ခံ သဘောတူပါတယ်။ ဒီနှစ် မကုန်ခင်တော့ ပြီးမယ်လို့ ထင်တယ်” ဟု NDAK ဥက္ကဋ္ဌ ဆခုန်တိန့်ယိင်းက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ကျနော်တို့အဖွဲ့က ငြိမ်းချမ်းရေးတပ်ဖွဲ့ ဖြစ်တယ်။ နိုင်ငံတော်ကို ဆန့်ကျင်နေတဲ့ လက်နက်ကိုင် တပ်ဖွဲ့ မဟုတ်ပါဘူး။ ကျနော်တို့ဒေသကို ဆက်လက်ပြီးမှ ကာကွယ်ဖို့ နယ်ခြားစောင့်တပ် အဖြစ် ဖွဲ့ဖို့ ပြင်ဆင်ပါတယ်။ သဘောတူတယ်” ဟု ပြောသည်။

ဆွေးနွေးပွဲသို့ မပခ တိုင်းမှူးနှင့် ဌာနဆိုင်ရာ ဦးစီးအရာရှိများ၊ NDAK မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ဦးဆခုန်တိန့်ယိင်းနှင့် အရာရှိများ တက်ရောက် ခဲ့ကြသည်။

နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲသွားမည့် အစီအစဉ်များနှင့် အတူ ရွေးကောက်ပွဲ ဝင်ရောက် နိုင်ရန် ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ကြောင်းနှင့် ကချင်တိုင်းရင်းသား အခွင့်အရေးကို ကချင် ကိုယ်ပိုင် လွတ်လပ်ခွင့်နှင့် နေထိုင်နိုင်ရန် တောင်းဆိုထားကြောင်း ဦးဆခုန်တိန့်ယိင်းက ဆိုသည်။

“ဒီပုံစံကတော့ နိုင်ငံပိုင် တိုင်းရင်းသား သီးခြား အခွင့်အရေးကို တောင်းဆိုတဲ့ အဆင့်ပဲ ရှိသေးတယ်။ ပြောင်းပြီးမှ လက်နက် ကိုင်တဲ့လူက သီးသန့် ဖြစ်သွားမယ်။ ကျန်တဲ့လူတွေက ဘဝသစ် ပြန်ပြီးတော့ ဆောက်ဖို့ လုပ်သွားမယ်” ဟု သူက ပြောသည်။

မြန်မာစစ်အစိုးရနှင့် အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအား နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရန် ပြောဆို ထားသည့်အနက် NDAK က ယခုလို သဘောတူ လိုက်သော်လည်း၊ KIO ခေါ် ကချင် လွတ်မြောက်ရေး အဖွဲ့နှင့် UWSA ခေါ် ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်ကမူ မကြာသေးခင်က ငြင်းဆိုခဲ့ကြသည်။

မပခ တိုင်းမှူးနှင့် KIO ထိပ်တန်းခေါင်းဆောင်များသည် မြစ်ကြီးနား မြို့၌ ယခုလ ၂ဝ ရက်နေ့က ဆွေးနွေးခဲ့ရာ KIO က သဘော မတူကြောင်း ငြင်းဆိုခဲ့သည်ဟု KIO နှင့် နီးစပ်သူများက ပြောသည်။

ထို့အပြင် စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ရဲမြင့်နှင့် အဖွဲ့သည် ယခုလ ၇ ရက်နေ့က UWSA တည်ရှိရာ ရှမ်းပြည်မြောက်ပိုင်း ပန်ဆန်းမြို့ Pang Hsang သို့ သွားရောက် တွေ့ဆုံခဲ့ရာ အသွင်ပြောင်းလဲရေး လက်မခံခဲ့ပေ။ ထိုသို့ ငြင်းဆို ခဲ့ပြီးနောက် စစ်အစိုးရနှင့် သူတို့အကြား နှစ်ဖက်တင်းမာမှုများ ရှိနေကြောင်း အမည် မဖော်လိုသူ UWSA အရာရှိတဦးက ပြောသည်။

KIO နှင့် UWSA နှစ်ဖွဲ့စလုံးက စစ်အစိုးရ၏ နယ်ခြားတပ်အရေး လက်မခံသော်လည်း နောက်တက် လာမည့် အစိုးရသစ်နှင့် ဆက်လက် ဆွေးနွေးမည်ဟု ဆိုခဲ့သည်။

ဦးဆခုန်တိန့်ယိင်း ဦးဆောင်သည့် NDAK သည် ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့၌ ကချင် လူမျိုးများ၏ ကိုယ်ပိုင် အခွင့်အရေးများ ရရှိရန် လက်နက်ကိုင် တော်လှန်ရေး စတင်ခဲ့သည့် KIO ၏ လက်နက်ကိုင်တပ် KIA က ၁၉၆၈ ခုနှစ်တွင် ပန်ဝါဒေသ၌ တပ်မဟာ ၃ စစ်ဌာနချုပ် အဖြစ် ဖွင့်လှစ်သည့် တပ်ဖြစ်သည်။

နောက်ပိုင်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီ - ဗကပ ၏ ၁ဝ၁ စစ်ဒေသ အဖြစ် ပါဝင် လှုပ်ရှားခဲ့ကာ ဗကပမှ ခွဲထွက်ပြီး ၁၉၈၉ ခု ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် မြန်မာ စစ်အစိုးရနှင့် အပစ်ရပ်ခဲ့သည်။

Ref: မဇ္ဈိမ

Read More...

မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံသို့ ထွက်ခွာ

NEJ / ၂၅ ဇွန် ၂၀၀၉

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံသို့ ထွက်ခွာ သွားပြီ ဖြစ်ကြောင်း ကုလသမဂ္ဂကို ကိုးကား၍ နိုင်ငံတကာ သတင်း မီဒီယာများတွင် ဖော်ပြသည်။

မစ္စတာဂမ်ဘာရီသည် ယမန်နေ့က အမေရိကန်နိုင်ငံ နယူးယောခ့်မြို့မှ မြန်မာနိုင်ငံ သို့ ထွက်ခွာ သွားခြင်းဖြစ်ပြီး ၎င်း၏ ခရီးစဉ်သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ခရီးစဉ် မတိုင်မီ အကြို သွားရောက်ခြင်း ဖြစ်နိုင်သည် ဟုလည်း ကုလသမဂ္ဂ သံတမန်များက ထင်မြင် ယူဆနေကြသည်။

မစ္စတာဘန်ကီမွန်းက မြန်မာနိုင်ငံသို့သွားရောက်ရန် သင့်တော်သော အချိန်ကို စောင့်ဆိုင်း နေကြောင်း အေပီသတင်း ဌာနသို့ ပြောကြားခဲ့သည်။ ၎င်းသည် ဇွန်လ (၃၀) မှ ဇူလိုင် (၂) ရက်အထိ ဂျပန်နိုင်ငံသို့ သွားရောက်ရန် အစီအစဉ် ရှိပြီး ထို့နောက် မြန်မာနိုင်ငံသို့ သွားရောက် နိုင်သည်ဟုလည်း သတင်းတွင်ဖော်ပြသည်။

မစ္စတာဂမ်ဘာရီ ယခုမြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်နှင့် စပ်လျဉ်း၍ အန်အယ်လ်ဒီ ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “ဒီခရီးစဉ် အပေါ်မှာ ကျနော်တို့ သိပ်ပြီးတော့ အကောင်းမြင် ပြောလို့လည်း မသင့်ဘူးဗျာ။ အဆိုးမြင် ပြောလို့လည်း မသင့်ဘူးဗျာ။ ဒါပေမယ့် ကမ္ဘာ့ အဖွဲ့အစည်း အနေနဲ့ မြန်မာ့နိုင်ငံရေး ပြဿနာအပေါ်မှာ စိတ်ဝင်စားပြီး လာရောက်တာကိုတော့ ကျနော်တို့ ကြိုဆိုပါတယ်” ဟု ပြောသည်။

မစ္စတာဂမ်ဘာရီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက မြန်မာနိုင်ငံသို့ နောက်ဆုံး လာရောက်ခဲ့ပြီး ယခုအကြိမ် သည် (၈) ကြိမ်မြောက် လာရောက်ခြင်းဖြစ်သည်။

ထိုစဉ်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အန်အယ်လ်ဒီ ဗဟို အလုပ်အမှု ဆောင်များနှင့် တွေ့ဆုံ နိုင်ခဲ့သည်။ တွေ့ဆုံပွဲတွင် အန်အယ်လ်ဒီက နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည် သုံးသပ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် တွေ့ဆုံ ဆွေးနွေးရေး စသည့် အချက် (၃) ရပ်ကို အဓိကထား တင်ပြခဲ့သည်။

ယင်းသို့ အန်အယ်လ်ဒီဘက်မှ အဓိကထား ဆွေးနွေးခဲ့သော အထက်ပါအချက် များမှာ ယခု အချိန်ထိ တခုမျှ ပေါ်ထွန်း အောင်မြင်လာခြင်း မရှိသေးကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီခရီးစဉ်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း လာရောက် နိုင်ရေးအတွက် အကြို ညှိနှိုင်းမှုများ လာရောက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သော်လည်း မစ္စတာဂမ်ဘာရီ အနေဖြင့် အောင်မြင်မှုများ မရခဲ့သဖြင့် မစ္စတာ ဘန်ကီမွန်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ခြင်း မရှိပေ။

Ref: ခေတ်ပြိုင်

Read More...

KNU တပ်စခန်းများ ထပ်မံ ထိုးစစ်ဆင်ခံရဖွယ်ရှိ

သန်းထိုက်ဦး
Thursday, 25 June 2009 19:25

မြန်မာ စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်ဖွဲ့ (DKBA) ပူးပေါင်း တပ်များသည် ကရင် အမျိုးသား အစည်းအရုံး (KNU) ၏ KNLA တပ်မဟာ (၆)ဌာနချုပ်မှ တပ်စခန်းများကို ထပ်မံ၍ ထိုးစစ်ဆင် တိုက်ခိုက်ရန် ရှိကြောင်း သိရှိရသည်။

ဇွန်လ ၂၁ ရက်နေ့တွင် အဆိုပါ ပူးပေါင်းတပ်များသည် KNU ၏ တပ်မဟာ (၇) ဌာနချုပ်မှ တပ်စခန်းများကို သိမ်းပိုက် နိုင်ခဲ့ပြီးနောက် ၎င်းတို့၏ တပ်မဟာ (၆) ဌာနချုပ်ရှိ တပ်စခန်းများကို ထပ်မံ ထိုးစစ်ဆင်တိုက်ခိုက်ရန် သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၆) ဌာနချုပ်မှ တပ်စခန်းများကို တိုက်ခိုက်မှု နှင့် ပတ်သက်၍ DKBA တပ်ဖွဲ့များက အကျိုးစီးပွားရေး အတွက်သော်လည်းကောင်း၊ နယ်မြေ စိုးမိုး ရေး အတွက် သော်လည်းကောင်း သိမ်းပိုက်နိုင်ရေး ဆက်လက် ကြိုးစားသွားရန် ရှိသည်ဟုလည်း DKBA နှင့် နီးစပ်သူ ဒေသခံ တဦးက ဧရာဝတီသို့ ပြောသည်။

“DKBA ၉၉၉ လုံးက နယ်ခြားစောင့်တပ်လုပ်ဖို့ လက်ခံလိုက်ပြီ၊နယ်ခြားစောင့် တပ်ဖွဲ့ လုပ်ဖို့ အတွက် လက်မှတ် လည်း ထိုးလိုက်ပြီး၊ လုပ်မယ်ဆိုတော့ သူတို့ နယ်စပ်မှာ ရှိတဲ့သူတွေ(KNLA)ကို ဒါ နယ်ခြားစောင့် တပ်ရဲ့တာဝန် တိုက်ရမယ် ဆိုတော့ တိုက်လိုက်တာ ဖြစ်တယ်”ဟု ဆိုသည်။

ယင်း KNU တပ်မဟာ (၆) နှင့် တပ်မဟာ (၇) ဌာနချုပ်များသည် ကရင်ပြည်နယ် ဘားအံ ခရိုင်တွင် လှုပ်ရှားနေ ပြီး အဓိက တပ်စခန်းများလည်း ဖြစ်သည်။

KNLA တပ်မဟာ (၇) ဌာနချုပ် တပ်စခန်းများကို သိမ်းပိုက်ရန် ကြိုးစားပြီး နောက်ပိုင်း DKBA တပ်ဖွဲ့ ၀င်များက ထိုဒေသများတွင် ရှိသော သစ်များကို ထိုင်းနိုင်ငံနှင့် ဆက်သွယ်ပြီး စီးပွားရေး လုပ်ရန် ရှိကြောင်းလည်း DKBA နှင့် နီးစပ်သူက ဆက်လက် ပြောဆိုသည်။

“သူတို့က ထိုင်းဘက်မှာပဲ ရောင်းမှာပေါ့၊ ဖောက်သည်တွေ အများကြီး ရှိတာကိုး၊ အခု တိုက်ပွဲမှာတောင် ဒဏ်ရာရ တာတို့ တိုက်ပွဲဖြစ်တဲ့ နေရာကနေ မြဝတီ၊ မြ၀တီကနေ မဲဆောက်အထိ ရောက်လာကြတာပဲ” ဟု လည်း သူက ပြော သည်။

တချိန်တည်းမှာပင် တိုက်ပွဲများသည် KNLA တပ်ဖွဲ့များနှင့် DKBA သိမ်းပိုက် ထားသည့် တပ်မဟာ (၇) ဌာနချုပ် အနီး နှင့် တောင်ငူမြို့ အပါအ၀င် ညောင်လေးပင်၊ သထုံ၊ ဖာပွန် မြို့နယ်များတွင် ပြောက်ကျား တိုက်ပွဲ အငယ်များ ဆက်လက် ဖြစ်ပွား နေကြောင်း သိရသည်။

KNU ဒု ဥက္ကဌ စောဒေးဗစ်တာကပေါကမူ“ မြန်မာ စစ်အစိုးရ အနေနဲ့ အခုလို တိုက်ခိုက် နေခြင်းဟာ KNU လက်အောက်ခံ တပ်စခန်းများကို အပြုတ် ချေမှုန်းရေး ဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာစစ်အစိုးရက DKBA ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ် အရ နယ်ခြား စောင့်တပ် အဖြစ် ပြောင်းလဲရန် ပြောကြားခဲ့ရာ DKBA က သဘောတူခဲ့သည်။

DKBA သည် မြန်မာစစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် အပစ်အခတ် ရပ်စဲရန် သဘောတူညီ ခဲ့သည့် အဖွဲ့ တဖွဲ့ဖြစ်သည်။

မြန်မာစစ်အစိုးရသည် အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ကိုနယ်ခြား စောင့်တပ် အဖြစ် အသွင်ပြောင်းလဲရန် မကြာသေးခင်က ညွှန်ကြားခဲ့သည်။

ဇွန်လဆန်းမှ စတင်၍ မြန်မာစစ်အစိုးရတပ်နှင့် DKBA ပူးပေါင်း တပ်များသည် KNLA တပ်မဟာ (၇) ဌာနချုပ်မှ တပ်စခန်းများကို ဆက်တိုက် ထိုးစစ် ဆင်ခဲ့ရာ ကရင်ရွာသားပေါင်း ၄၀၀၀ ကျော် စစ်ပြေး ဒုက္ခသည် အဖြစ် ထိုင်း နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

Ref: ဧရာဝတီ

Read More...

Thursday, June 25, 2009

မြန်မာနှင့် မြောက်ကိုရီးယား စစ်ရေးလျှို့ဝှက်ချက်များ

အောင်ဇော်
Wednesday, 24 June 2009 17:08

ခေတ်သစ် ဒုံးပျံ ဆိုင်ရာ နည်းပညာများ ရရှိရန် နှင့် သမားရိုးကျ လက်နက်များကို အဆင့်မြှင့်ရန် အသည်း အသန် ကြိုးပမ်း နေသည့် မြန်မာအစိုးရ၏ ရည်ရွယ် လုပ်ဆောင်ချက်များမှာ လျှို့ဝှက် ကိစ္စ တခု မဟုတ်တော့ပါ။ သို့သော်လည်း သည်အတိုင်း လွှတ်ထားပါက ဒေသဆိုင်ရာ တည်ငြိမ်မှုကို ခြိမ်းခြောက်လာဖွယ် ရှိနေသည်ဟု သုံးသပ်ရ ပေလိမ့်မည်။

သမိုင်းကြောင်းအရ အဓိက ရန်သူ ဖြစ်ခဲ့ရသည့် ထိုင်းနိုင်ငံမှ တပ်မတော် ခေါင်းဆောင်များကလည်း မြန်မာနိုင်ငံတွင် တာတို နှင့် တာလတ်ပစ် ဒုံးပျံများ ပိုင်ဆိုင်လာသည်ကို မြင်လိုဖွယ် မရှိကြပေ။ သို့ဆိုလျှင်တော့ သူတင်း၊ ကိုယ်တင်း ဒေသတွင်း လက်နက် အင်အား ဖြည့်တင်း ပြိုင်ဆိုင်ပွဲများလည်း ဖြစ်လာနိုင်ဖွယ် ရှိနေသည်။ ထို့အပြင် မြန်မာ စစ်ဗိုလ်ချုပ်များက အနောက် နိုင်ငံများကို စိုးရိမ် ကြောက်ရွံ့ နေစိတ်ကလည်း နာတာရှည် ရောဂါသဖွယ် ရှိနေရာ၊ ပြီးခဲ့သည့်နှစ်က ဧရာဝတီ မြစ်ဝ ကျွန်းပေါ် ဒေသတွင် လေဘေးသင့် ဒုက္ခသည်များကို အကူ အညီများ ပေးပို့ နိုင်ရေး အတွက် မြန်မာ့ ရေပိုင်နက် အနီးတွင် နိုင်ငံခြား ရေတပ် စစ်သင်္ဘောများ ဆိုက်ရောက်လာသည်မှ စ၍ ပို၍ အဖြစ်သည်း လာခဲ့သည်။

ထိုအချိန်မှ စ၍ မြန်မာ စစ်ခေါင်းဆောင်များက ပြင်ပ ခြိမ်းခြောက်မှု ရန်ကို ကာကွယ် နိုင်ရေးအတွက် တာလတ်ပစ် ဒုံးပျံများ၊ အဆင့်မြင့် လေကြောင်းရန် ကာကွယ်ရေး လက်နက်များ၊ ရေဒါစနစ်များ ရရှိရန် ကြိုးပမ်းလာခဲ့ကြသည်။

စစ်အစိုးရ၏ နံပါတ် ၃ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည်ပင် မြောက်ကိုရီးယား နိုင်ငံသို့ ၂ဝဝ၈ ခုနှစ်၊ နိုဝင်ဘာလတွင် လျှို့ဝှက် ခရီး သွားရောက်ခဲ့သည်။ အထက်ဖော်ပြပါ ခေတ်ပေါ် လက်နက်များသည် သူ၏ ဝယ်ယူရမည့် ပစ္စည်း စာရင်းတွင် ပါဝင်နေမည်ကတော့ အသေအချာပင်။

တပ်မတော် ကြည်းရေလေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ရွှေမန်းက တရုတ်နိုင်ငံမှ တဆင့် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် မြောက်ကိုရီးယား နိုင်ငံ၊ ပြုံယမ်း မြို့တော်သို့ ၇ ရက်ကြာခရီး သွားရောက်ခဲ့သည်။

အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ကို ပြုံယမ်းမြို့တော်နှင့် မြိုယမ်းမြို့ရှိ အရေးပါသည့် နေရာများကို လှည့်လည် ပြသခဲ့ပြီး၊ တောင်ကြောများ အတွင်းရှိ ဥမင်များတွင် သိမ်းဆည်းထားသည့် ဂျက်တိုက်လေယာဉ်များ၊ ဒုံးပျံများ၊ တင့်ကားများ၊ အဏုမြူနှင့် ဓာတု လက်နက်များကို ပြသခဲ့ကြသည်။

ဗိုလ်ချုပ်ရွှေမန်းနှင့်အတူ လေကြောင်းရန် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်လှိုင်၊ ဗိုလ်ချုပ်လှဋ္ဌေးဝင်း၊ ဗိုလ်ချုပ် ခင်အောင်မြင့်၊ ဗိုလ်ချုပ်သိန်းဋ္ဌေး၊ ဗိုလ်ချုပ်မြဝင်း နှင့် အကြီးစား စက်မှုလုပ်ငန်းမှ အခြား အဆင့်မြင့် အရာရှိများ ပါဝင်ကြသည်။ သေချာသည်မှာ ဤကိုယ်စားလှယ် အဖွဲ့၏ ခရီးစဉ်သည် မြောက်ကိုရီးယားနှင့် စစ်ရေးအရ ပို၍ ခိုင်မာစွာ ဆက်ဆံပြီး မဟာမိတ် ဖွဲ့ရန်ပင် ဖြစ်သည်။

နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်ရွှေမန်းနှင့် မြောက်ကိုရီးယားမှ စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ်ကျုတ်ဆစ် (Kim Kyok-sik) တို့ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးကြပြီး၊ မြန်မာနှင့် မြောက်ကိုရီးယား အကြား စစ်ရေး အရ ပူးပေါင်း ဆောင်ရွက်မှု ပြုလုပ်ရန် သဘောတူခဲ့ကြသည်။

မြန်မာနိုင်ငံရှိ အရေးပါသော စစ်ရေး အဆောက်အဦး တချို့ ဆောက်လုပ်ရာ၌ မြောက်ကိုရီးယားက ကူညီ ဆောက်လုပ်ခြင်း သို့တည်းမဟုတ် ကြီးကြပ်ပေးခြင်း ပြုမည်ဟူသော သဘောတူညီချက် အရ ဤသို့သော အဆောက် အဦး များတွင် ဒုံးပျံများ၊ လေယာဉ်များ၊ သင်္ဘောများ သိုဝှက် ထားနိုင်ရန် ဥမင်များ၊ လိုဏ်ဂူများလည်း ပါဝင်မည် ဖြစ်သည်။ ထိုမျှမက မြန်မာ့ တပ်မတော် အထူး တပ်ဖွဲ့များ အတွက် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကိုလည်း မြောက်ကိုရီးယားက ကူညီပေးမည် ဖြစ်သည်။ ဤ သင်တန်းများတွင် လေကြောင်းရန် ကာကွယ်ရေး သင်တန်းများနှင့် နှစ်နိုင်ငံ တပ်မတော် အရာရှိများ အကြား ဘာသာ စကား ဖလှယ်မှု သင်တန်းများလည်း ပါဝင်မည် ဖြစ်သည်။

အနာဂတ်တွင် မြန်မာ့တပ်မတော်ကို ဆက်လက် ဦးဆောင်မည့်သူဟု သတင်း ထွက်နေသည့် ဗိုလ်ချုပ် ရွှေမန်းက ၇ ရက်ကြာ ခရီးစဉ်အတွင်း မြိုယမ်းရှိ ရေဒါနှင့် ကြားဖြတ် ပိတ်ဆို့မှုဌာန (radar and jamming units) များ၊ ပြုံယမ်းရှိ လေကြောင်းရန် ကာကွယ်ရေး တပ်များ၊ လေကြောင်း တပ်ဖွဲ့များ၊ ကွန်ပျူတာဖြင့် ထိန်းချုပ် အမိန့်ပေး ဌာနများသို့လည်း သွားရောက် ကြည့်ရှုခဲ့သည်။

ဤကိုယ်စားလှယ်အဖွဲ့က ပြုံးယမ်းမြို့ပြင်ရှိ ဥမင်လိုဏ်ခေါင်း အတွင်းရှိ အဆောက်အဦး များတွင် ထုတ်လုပ်နေသည့် မြေပြင်မှ မြေပြင်ပစ် စကဒ် (SCUD) ဒုံးကျည် စက်ရုံများသို့ သွားရောက်၍ ဒုံးကျည် ထုတ်လုပ်နေမှု များကိုလည်း လေ့လာ ကြသေးသည်။ ၁၉၈ဝ ပြည့်နှစ်များ နှောင်းပိုင်းမှစ၍ မြောက်ကိုရီးယားက အီရန်၊ ဆီးရီးယားနှင့် အီဂျစ် နိုင်ငံများသို့ စကဒ် ဒုံးကျည်များ၊ ဒုံးကျည် ထုတ်လုပ်သည့် နည်းပညာများကို ပေးပို့ ရောင်းချခဲ့သည်ဟု ယူဆရပေသည်။

D အမျိုးအစား စကဒ်ဒုံးကျည် (SCUD-D) က ကီလိုမီတာ ၇ဝဝ အကွာအဝေးသို့ ပစ်ခတ်နိုင်ပြီး၊ E အမျိုးအစား စကဒ်ဒုံး (SCUD-E) က ကီလိုမီတာ ၁၅ဝဝ အထိ ပစ်ခတ်နိုင်သည်။ သို့ဆိုလျှင် ထိုင်းနိုင်ငံ အပါအဝင် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများကို မြန်မာ စစ်အစိုးရက ကောင်းစွာ ခြိမ်းခြောက် ထားနိုင်လိမ့်မည် ဖြစ်သည်။ မြန်မာ-ထိုင်း နယ်စပ် တလျှောက်တွင် ယခုအခါ လေကြောင်းရန် ကာကွယ်ရေး ရေဒါစခန်း အနည်းဆုံး ၆ ခု တပ်ဆင် နေရာ ချထားပြီး ဖြစ်သည် ဟုလည်း ယုံကြည်ရသည်။

ခရီးစဉ်အတွင်း မြန်မာကိုယ်စားလှယ်များက တာတိုပစ် ၁ဝ၇ မမ နှင့် ၂၄ဝ မမ ဒုံး အများ အပြားကို တပြိုင်နက် ပစ်လွှတ်နိုင်သည့် ပစ်စင်များ၊ နိုင်ငံရပ်ခြားမှ ကျူးကျော်လာပါက ခုခံနိုင်မည့် အထွေထွေသုံး ဒုံးကာကွယ်ရေး စနစ်များကိုလည်း စိတ်ဝင်တစား လေ့လာမှု ပြုခဲ့ကြသည်ဟု လေ့လာ သုံးသပ်သူများက ဆိုကြသည်။

ထို့အပြင် ၎င်းတို့ အထူး စိတ်ဝင်စားခဲ့ကြသည်မှာ ခြေလျင်တပ်ရင်း များတွင် တွဲဖက် သုံးနိုင်သော တင့်ကားဖျက် လေဆာ ပဲ့ထိန်း နည်းပညာသုံး နောက်ဆုံးပေါ် ဒုံးကျည်များ ဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံက မြောက်ကိုရီးယား ထံမှ တာတိုနှင့် တာလတ်ပစ် ဒုံးကျည်များကို ကုန်ဖလှယ်သည့် စနစ်ဖြင့် ဝယ်ယူခဲ့ကြပြီး ဖြစ်သည်ဟုလည်း မြန်မာ့ တပ်မတော် ကာကွယ်ရေး ဆိုင်ရာ လေ့လာ သုံးသပ်သူများက ဆိုနေကြသည်။

စစ်အစိုးရခေါင်းဆောင်များက D အမျိုးအစား စကဒ် ဒုံးကျည်များ၊ သို့မဟုတ် ၎င်းထက် ပြင်းအား များပြီး ကီလိုမီတာ ၃ဝဝဝ မျှ ပြေးနိုင်သည့် F အမျိုးအစား စကဒ် ဒုံးကျည်(SCUD-F) များ မှာယူထားခြင်း ရှိမရှိကိုမူ အတိအကျ မသိနိုင်ပါ။ အကယ်၍ တိုင်းရင်းသား လက်နက်ကိုင် သူပုန်များကို နှိမ်နင်းရန် ဆိုပါက ဤမျှ အဆင့်မြင့်သည့် လက်နက်များ မလိုအပ်ပါ။ သို့သော်လည်း မြန်မာနိုင်ငံက ဒုံးကျည်များ၊ ရေဒါများ၊ လေကြောင်း ကာကွယ်ရေး အေဝက် AWAC စနစ်များ၊ ဂြိုဟ်တု ဆက်သွယ်ရေး ဟန့်တား နှောင့်ယှက်သည့် စက်များ (GPS communication jammers)၊ ရှာဖွေ ရေး ရေဒါများ ရလိုသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် နေပြည်တော်ရှိ စစ်ခေါင်းဆောင်များက ခံစစ် အတွက်ရော၊ ထိုးစစ် အတွက်ပါ ပြင်ဆင်နေသည်မှာ သိသာပါသည်။

သမိုင်းကြောင်းအရ ပြန်ကြည့်လျှင် မြန်မာနိုင်ငံက အနောက်နိုင်ငံများမှ အထူးသဖြင့် အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်၊ ဆွစ်ဇာလန်၊ ဟော်လန် အပါအဝင် ဥရောပနိုင်ငံ တချို့ ထံမှ လက်နက်ငယ်များ၊ ဂျက် တိုက်လေယာဉ်များ၊ စစ်သင်္ဘောများ ဝယ်ယူ ဖြည့်တင်းခဲ့သည်။ သို့သော်လည်း ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အုံကြွ တောင်းဆိုမှု အပေါ် အကြမ်းဖက် ဖြိုခွဲ နှိမ်နင်းပြီးသည့် အချိန်မှစ၍ မြန်မာနိုင်ငံသည် အနောက်နိုင်ငံများ၏ ဒဏ်ခတ် ပိတ်ဆို့မှု ခံခဲ့ရပြီး၊ စစ်တပ်ကို ခေတ်မီစေရန် ပြုပြင်ရေး အတွက် လက်နက်၊ ခဲယမ်းများကို တခြား ရနိုင်သည့် နေရာများမှ အငမ်းမရ ရှာဖွေ စုဆောင်းခဲ့သည်။ တရုတ်နိုင်ငံမှ ဂျက် တိုက်လေယာဉ်များနှင့် စစ်သင်္ဘောများ ဝယ်ယူခဲ့သော်လည်း၊ အရည် အသွေး နိမ့်ခြင်း နှင့် ဝယ်ယူပြီး နောက်ပိုင်း ဝန်ဆောင်မှု ညံ့ဖျင်းခြင်း တို့ကြောင့် အခြား လက်နက်များ ဝယ်ရန် ဈေးကွက်ကိုလည်း ရှာဖွေနေခဲ့သည်။

ယခင်က ရုရှားနိုင်ငံလုပ် "ပီချိုရာ" (Pechora) လေကြောင်းရန် ကာကွယ်ရေး စနစ်မျိုး ဝယ်ယူခဲ့ဖူးပြီး၊ မြေပြင်မှ ဝေဟင်ပစ် လေကြောင်းရန် ကာကွယ်ရေး စနစ်များလည်း ဝယ်ယူခဲ့သည်။ လေ့လာသူများ အဆိုအရ ရုရှားနိုင်ငံက မြန်မာစက်မှု ပညာရှင်များကို နည်းပညာဆိုင်ရာ လေ့ကျင့်ပေးမှုများ၊ ဘာသာစကား သင်တန်းများ ပို့ချခဲ့သည်။

စစ်အစိုးရက ၎င်း၏ စစ်ရေးစွမ်းရည် ပိုမို တိုးတက်လာစေရန် ဆက်လက် ဖြည့်တင်းနေပြီး၊ နိုင်ငံ၏ အဖိုးတန်သည့် နိုင်ငံခြား အရံငွေများကို သုံးပြီး တပ်မတော်ကို ခေတ်မီ တိုးတက်စေရန် ကြံဆောင် နေသည်ဟု ဆိုရမည် ဖြစ်ပေသည်။ ခေတ်ပေါ်လက်နက် အသစ် အဆန်းများကို ပို၍ ဝယ်ယူ ဖြည့်တင်းနေသည်။

ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးက ၂ဝဝ၆ ခုနှစ်၊ ဧပြီလအတွင်း မော်စကိုသို့ သွားခဲ့ရာတွင် သူက ရုရှားနိုင်ငံ၏ ဝန်ကြီးချုပ် မစ်ခေးလ် ဖရက်ကော့ဖ် (Mikhail Fradkov) ကို ရုရှားလုပ် မစ်၂၉ (MiG-29) ဂျက် တိုက်လေယာဉ်များ ပိုမို ဝယ်ယူရန် ဆန္ဒရှိနေကြောင်း ပြောခဲ့သေးသည်။ (ယခင်ဝယ်ယူပြီး မစ် ၂၉ လေယာဉ် ၁၂ စီးအပြင် ထပ်၍ ဝယ်ရန် စိုင်းပြင်း နေခြင်း ဖြစ်သည်။) ထို့အပြင် တပတ်ရစ် အမ်အိုင် ၁၇ (MI-17) ရဟတ်ယာဉ် များလည်း ဝယ်ယူလိုသည်ဟု ပြောခဲ့သေးသည်။

မော်စကို ခရီးစဉ်အတွင်း ဗိုလ်ချုပ်ကြီး မောင်အေးက မြန်မာနိုင်ငံ အလယ်ပိုင်းတွင် တာတိုပစ် ပဲ့ထိန်းဒုံးစနစ်ကို ရုရှားနိုင်ငံ၏ အကူအညီနှင့် တည်ဆောက် လိုသည်ဟု ဆိုခဲ့သည်။

စိတ်ဝင်စားဖွယ်အချက်မှာ တချို့သော လေ့လာသူများ အဆို အရ ဗိုလ်ချုပ်ရွှေမန်း၏ ခရီးစဉ်တွင် မြောက်ကိုရီးယား နိုင်ငံ၊ ပြုံယမ်းမြို့တော်ရှိ မြေအောက်ရထား စနစ်ကိုလည်း လေ့လာခဲ့သည်။ သဘောတရားအရ ပြောမည်ဆိုလျှင် မြေအောက်ရထား စနစ်က မြို့ပြဒေသများတွင် ပဋိပက္ခ စစ်ပွဲ ကာလအတွင်း တပ်များကို ထိထိရောက်ရောက် ရွှေ့ပြောင်း နေရာချနိုင်သော စနစ်လည်း ဖြစ်သည်။

၂ဝဝ၂-၂ဝဝ၃ ခုနှစ်ကတည်းကပင် မြန်မာနိုင်ငံက မြေအောက် ဥမင်များ နှင့် ဂူများ စတင် ဖောက်လုပ်ခဲ့ပြီး၊ လေယာဉ်များနှင့် လက်နက်များကို ဖုန်းကွယ် သိမ်းဆည်း ထားခဲ့သည်။ ထိုမျှမက ဗဟိုစစ်ရုံး အမိန့်ပေးနှင့် ထိန်းချုပ်ရေး စနစ်များကို ဖုံးကွယ် ထားရန် ရည်ရွယ်ခဲ့ခြင်းလည်း ဖြစ်သည်။

နိုင်ငံရပ်ခြား လေ့လာသူများ၏ အဆိုအရမူ ၂ဝဝ၁-၂ဝဝ၂ ခုနှစ် ကာလများ အတွင်းက ထိုင်းနိုင်ငံနှင့် ဖြစ်ပွားခဲ့သည့် နယ်စပ် ပဋိပက္ခများတွင် ရှက်ဖွယ်လိလိ အရေးနိမ့် ခဲ့ရသည့်အပေါ် စစ်အစိုးရက အခဲမကျေ ဖြစ်နေသည်ဟုလည်း ဆိုသည်။ ထိုင်းနိုင်ငံက ဤ တိုက်ပွဲများတွင် အက်ဖ် ၁၆ ဂျက် တိုက်လေယာဉ်များကို နယ်စပ် တလျှောက် အသုံးပြုခဲ့ပြီး၊ မြန်မာ စစ်တပ်များ၏ ရှေ့တန်း တပ်ဖွဲ့များနှင့် ဗဟို ထိန်းချုပ်မှုစနစ် အကြား ဆက်သွယ်ရေးကို ကောင်းစွာ ဟန့်တား နှောင့်ယှက် နိုင်ခဲ့သည်ဟုလည်း ဆိုသည်။

နောက်တကြိမ် ကြုံရလျှင် ပို၍ သာလွန်သောတပ် မဟုတ်လျှင်သော်မှ အင်အားတူ ဆင်နွှဲနိုင်ရန် မြန်မာ စစ်ဗိုလ်ချုပ်များက ကြံစည်ထားကြဟန် ရှိနေသည်။

အောင်ဇော် ရေးသားသည့် Asia’s ‘Axis of Evil’ Flexes Its Muscles ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

Ref: ဧရာဝတီ

Read More...

ဒေါ်အောင်ဆန်းစုကြည်တရားခွင် ရွှေ့ဆိုင်း ရဦးမည်

NEJ / ၂၄ ဇွန် ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်တို့အား ရုံးတင်စစ်ဆေးနေသည့် အင်းစိန်အထူး တရားရုံး၏ သောကြာနေ့ တရားခွင်ကို ရွှေ့ဆိုင်း ရဦးမည် ဖြစ်သည်။

ဗဟိုတရားရုံးချုပ်သို့ တင်ပြထားသော သက်သေထွက်ဆိုခွင့် အယူခံအတွက် နှစ်ဘက် ရှေ့နေများ၏ လျှောက်လဲ ချက်ကို ယနေ့ ကြားနာခဲ့ပြီး တရားရုံးက စီရင်ချက် မချမှတ်သေးသဖြင့် အင်းစိန် တရားခွင် ရုံးချိန်းမှာ အလိုအလျောက် ရွှေ့ဆိုင်း ပေးရလိမ့်မည်ဟု ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

“ဒီနေ့ကတော့ နှစ်ဘက်ရှေ့နေတွေရဲ့ လျှောက်လဲချက်တွေကိုပဲ ကြားနာသွားပါတယ်။ အစိုးရဘက်က ရှေ့နေတွေ တင်ပြသွားတဲ့ အချက်နှစ်ခု ရှိပါတယ်။ အဲဒါက ဦးတင်ဦးဟာ နေအိမ် အကျယ်ချုပ် ချခံထားရတဲ့ အတွက် သက်သေ ထွက်ခွင့် မရှိပါဘူးတဲ့။ နောက် ဦးဝင်းတင်ကိုလည်း ပြည်ပမီဒီယာများကို အင်တာဗျူးများ ပေးနေခြင်းကြောင့် အစိုးရကို ဝေဖန်နေသဖြင့် သက်သေထွက်ခွင့် မပြုထိုက်ပါဘူး ဆိုတဲ့ သဘောမျိုးတွေ ပြောပါတယ်” ဟု ဦးဉာဏ်ဝင်း က တရားခွင် လျှောက်လဲချက်များကို ရှင်းပြသည်။

ယခုကဲ့သို့ သက်သေထွက်ဆိုခွင့် အယူခံ ပြင်ဆင်ခွင့် တင်ရခြင်းမှာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၂၅၇ (၁) ပါ ပြဋ္ဌာန်း ချက်များနှင့် အညီ ဆောင်ရွက်ရန်နှင့် အောက်ရုံးများက ပြဋ္ဌာန်းချက်နှင့် အညီ ဆောင်ရွက်ခဲ့ခြင်း မရှိသဖြင့် တင်ပြရခြင်း ဖြစ်ကြောင်း လျှောက်ထားခဲ့သည်ဟု သိရသည်။

“တကယ်တမ်းက ဥပဒေနဲ့ မလျော်ညီလို့ ထပ်မံလျှောက်ထားတာကို အစိုးရဘက်က ဒီကိစ္စကို တလုံးမှ မပြောဘဲနဲ့ ပုဂ္ဂိုလ်ရေး ကိစ္စတွေပဲ ပြောနေတယ်။ ဦးတင်ဦးကို ပြောတဲ့ (၁၀/ခ) ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော် တရားရုံးကို တင်ပြခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ (၁၄) ရက် (၅) လက အင်းစိန်တရားရုံးကို တရားစွဲတင် ခံရတယ်။ အဲဒီအချိန်ဟာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အကျယ်ချုပ် ခံထားရဆဲ ဖြစ်တဲ့အတွက် အကျယ်ချုပ် ခံထားရသူဟာ ရုံးရှေ့ မရောက်နိုင်ဘူး ဆိုတာ မမှန်ဘူးလို့ တင်ပြခဲ့ပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဦးဝင်းတင် အင်တာဗျူးပေးခြင်းနှင့် စပ်လျဉ်း၍လည်း ၎င်း၏ တသီးပုဂ္ဂလ ပြောဆိုခွင့် ဖြစ်ကြောင်း၊ တရားရုံးအား အနှောင့်အယှက် ပြုနေသည် မဟုတ်ကြောင်း ပြန်လည် လျှောက်ထားခဲ့သည်ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ရှေ့နေများက သက်သေ (၄) ဦး တင်သွင်းခဲ့သော်လည်း အင်းစိန် တရားရုံးက သက်သေ တဦးသာ ခွင့်ပြုခဲ့သည့် အတွက် အထက် တရားရုံးများသို့ တင်ပြရာ ရန်ကုန်တိုင်း တရားရုံးက နောက်သက်သေ ဒေါ်ခင်မိုးမိုးကို ထပ်မံ ခွင့်ပြုခဲ့သည်။

ကျန်သက်သေ (၂) ဦးဖြစ်သည့် ဦးတင်ဦးနှင့် ဦးဝင်းတင်တို့ကို ထွက်ဆိုခွင့် မပြုခဲ့ခြင်းကြောင့် ဗဟို တရားရုံးသို့ ထပ်မံ အယူခံ ၀င်ထားခြင်းဖြစ်သည်။

ယနေ့တရားခွင်တွင် အစိုးရရှေ့နေများ၏ ပြောဆိုချက်နှင့် ပတ်သက်၍ ဦးဝင်းတင်က “ကျနော်က ကျနော့်အမြင် သဘောထား လွတ်လပ်စွာ ပြောတာပဲဗျာ။ ဒီလို ပြောတာဟာလည်း တရားရုံးရဲ့လုပ်ထုံး လုပ်နည်းတွေနဲ့ ပတ်သက်ပြီး ဝေဖန် နေတာလည်း မဟုတ်ဘူး။ တခြား ပါတီအရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောတာတော့ ပြောရမှာပဲလေ။ အဲလိုပြောတာနဲ့ တရားရုံးမှာ သက်သေ ထွက်ခွင့် မပြုနိုင်တာနဲ့တော့ မဆိုင်ဘူးဗျ” ဟု သူ့သဘောထားကို ပြောဆိုသည်။

Ref: ခေတ်ပြိုင်

Read More...

နအဖတပ် နှင့် တပ်ပေါင်းစုအဖွဲ့ တိုက်ပွဲဖြစ်

ခွန်အောင်မြတ်။
ဇွန်လ ၂၄ ရက်၊ ၂၀၀၉ ခုနှစ်။

ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ်အတွင်းတွင် မြန်မာ စစ်အစိုးရ တပ်ဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် စုပေါင်းတပ်ဖွဲ့ တွေ့ဆုံပြီး တိုက်ပွဲဖြစ်ပွားရာ အစိုးရတပ်မှ အရာရှိ တယောက်နှင့် ရဲဘော်တယောက် ကျဆုံးသွား သည်ဟု ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ အရာရှိ တယောက်က ပြောသည်။

မြန်မာစစ် အစိုးရတပ်မှ ဘန်းယဉ်ခြေစိုက် ခမရ ၄၁၂ တပ်ရင်း တပ်ခွဲမှူး ဥာဏ်လင်း ဦးဆောင်သည့် အဖွဲ့သည် မောက်မယ်မြို့နယ် အတွင်းရှိ ကျေးရွာမှ ရွာသူကြီးအား ဖမ်းဆီးပြီး လက်နက်ကိုင် အဖွဲ့များရှိရာသို့ လမ်းပြပေးရန် ခေါ်ဆောင်သွားစဉ် ယမန်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်ခွဲမှူး ဗိုလ်မှူး အောင်ဒင် က ယခုလို ပြောသည်။

“မနက် (၇) နာရီခွဲဗျ။ တိုက်ပွဲအခြေအနေကတော့ ကျနော်တို့ကနေ အရင် ပစ်ရတာပဲ။ သူတို့ စခမ်းထဲကို ၀င်လာတယ်။ ရွာသားကို ကြိုးနဲ့ ချည်ပြီးတော့လေ။ အဲဒါ ကျနော်တို့ ကလည်းပဲ စခန်းဘေး ကနေ ပြောင်းမယ် ဆိုပြီးတော့ ရွေ့ခိုင်းတဲ့ အချိန်မှာ သွားပြီး ဒဲ့တိုး ကြတာပေါ့။ ဒဲ့တိုးတဲ့ အချိန်မှာ အဲမှာ ပစ်ကြတယ်လေ။ အဲမှာ နအဖဘက်က ဗိုလ်ကြီး ဥာဏ်လင်းဆိုတဲ့ တယောက်နဲ့ သူ့ရဲ့ တပ်သာား ဟဲဗီး ဆိုတဲ့ တယောက် ကျတယ်လေ။ ဒဏ်ရာရတာက တယောက်ပေါ့။”

တိုင်းရင်းသားလက်နက်ကိုင် စုပေါင်းတပ်ဖွဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ ၀အမျိုးသား တပ်မတော်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးနှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် တို့ ပါဝင်သည်။

ယင်းတိုက်ပွဲတွင် တပ်ပေါင်းစုအဖွဲ့မှ ထိခိုက်ကျဆုံးမှု မရှိဟု ဆိုသည်။

ရှမ်း-ကရင်နီ နယ်စပ် မောက်မယ်မြို့ မဲုင်းစပ် ကျေးရွာရှိ ရွာသူကြီး အပါအ၀င် ကျေးရွာသား ၁၀ ဦးကို ယမန် နေ့မနက် ၃ နာရီတွင် မြန်မာ စစ်အစိုးရတပ်က ဖမ်းဆီးသွားသည်ဟု အဖမ်းဆီးခံရပြီး ပြန်လည် လွတ်မြောက် လာသူ ရွာသူကြီး ဦးဒီးလယ်က ပြောသည်။

“ကျနော်တို့ကို လာဝိုင်းတာက မနက်ပိုင်း ၃ နာရီလောက်ကပါ။ ကျနော်တို့ ၁၀ယောက် အဖမ်းခံ ရပါတယ်။ အဲမှာ ကျနော့်ကို စစ်ဆေးတာ ဓားမြောင်နဲ့ လှီးတာ သုံးခါ။ ရိုက်တာက ခြောက်ချက်။ ကျနော့် တယောက်ထဲကိုပဲ နာအောင်လုပ်တာ။ ဖမ်းတာကတော့ ၁၀ ယောက်။ ၉ ယောက်ကိုတော့ မနှိပ်စက်သေးဘူး။ ရွာမှာ ဘယ်လို ဆက်ဖြစ်လဲတော့ မသိရသေးဘူး။ ကျနော့်ကို စခမ်းနားကို ခေါ် သွားတာ။”

၎င်းကို ကြိုးဖြင့်ချည်ပြီး ခေါ်သွားချိန်တွင် တပ်ပေါင်းစုအဖွဲ့နှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ရာမှ တပ်ပေါင်းစုထံ ထွက်ပြေး ရောက်ရှိလာခြင်း ဖြစ်သည်ဟု ပြောသည်။

ယခုလဆန်းပိုင်းတွင် ဆီဆိုင်မြို့နယ်ရှိ ဗန်းမပ်က် ကျေးရွာအုပ်စုရှိ ရွာသူကြီး ခြောက်ဦး ကိုလည်း မြန်မာစစ် တပ်က နောင်ထောင်ဝ်သို့ ခေါ်ဆောင်သွားမည်ဟု ပြောဆိုကာ လမ်းတ၀က်တွင် သတ်ဖြတ်လိုက်သည်ဟု ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ ဗိုလ်မှူးကြီး ခွန်သူရိန်က ပြောသည်။

ဟိုနမ်းကျေးရွာအုပ်စုမှ ရွာသူကြီးနှင့် လွယ်ဆမ်ဆစ်ပ် ရွာသူကြီးကိုလည်း အလားတူ ပစ်သတ် ခံခဲ့ရသည်ဟု ဆိုသည်။

ကရင်နှင့်ပအိုဝ်း ပူးပေါင်းတပ်ဖွဲ့က မြန်မာစစ်အစိုးရ တပ်ဖွဲ့ တခုအား မေလဆန်းပိုင်းက ၀င်ရောက် တိုက်ခိုက်ခဲ့ရာ ၁၂ ဦး ကျဆုံးပြီး နောက်ပိုင်း ယင်းဒေသရှိ ဒေသခံများအား မြန်မာစစ်တပ်က ဖမ်းဆီး သတ်ဖြတ်မှုများ ဆက်တိုက် ပြုလုပ်လာခဲ့သည်။

Ref: Network Media Group

Read More...

ဂမ်ဘာရီ မြန်မာနိုင်ငံခရီးစဉ် စတင်

24 June 2009

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေး မစ္စတာ အီဘရာဟင် ဂမ်ဘာရီဟာ မြန်မာနိုင်ငံကို သွားရောက်တဲ့ အကြောင်း ကုလသမဂ္ဂက အတည်ပြုပြောဆိုပါတယ်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို စစ်အစိုးရ ဘက်က တရားစွဲဆိုနေတဲ့ အချိန်မှာ မစ္စတာ ဂမ်ဘာရီ သွားရောက်တာ ဖြစ်ပါတယ်။ ကြိုတင် ကြေညာထားခြင်း မရှိဘဲ သွားရောက်တဲ့ ခရီးစဉ်ဟာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကိုယ်တိုင် သွားရောက်မယ့် ခရီးစဉ်တခု ဖြစ်ကောင်း ဖြစ်နိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ရှိနေပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပါလိမ့်မယ်။

အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး မစ္စတာ ဂမ်ဘာရီဟာ မြန်မာနိုင်ငံကို သွားနေပြီ ဆိုတာကို ကုလသမဂ္ဂက ဒီနေ့ အတည်ပြု ပြောပါတယ်။ ဒီခရီးစဉ်နဲ့ ပတ်သက်လို့ ကြိုတင် မကြေညာ ခဲ့တာကို ကြည့်ရင် ကုလသမဂ္ဂ ဘက်က စစ်အစိုးရနဲ့ စေ့စပ်ညှိ့နိုင်းပြီး ခရီးစဉ်မစခင် အထူး သိမ်သိမ်မွေ့မွေ့ နဲ့ ကိုင်တွယ် နေရပုံရပါတယ်။ အထူးသဖြင့် မစ္စတာ ဂမ်ဘာရီ အနေနဲ ခရီးစဉ်အတွင်းမှာ စစ်အစိုးရ ဘက်က နိုင်ငံရေးအရ အသုံးချခံရတာမျိုး မဖြစ်အောင်၊ ရလဒ် တစုံတရာထွက်ပြီး ခရီးစဉ်က အပြန် မျက်နှာပန်း လှအောင် ကြိုးပမ်း နေရတယ်လို့ မြန်မာ့အရေး လေ့လာသူတွေ သုံးသပ်ကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရိုက်တာသတင်း တပုဒ်မှာတော့ အနောက်တိုင်း သံတမန် တချို့ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး မြန်မာ စစ်အစိုးရက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို လာမယ့် ဂျုလိုင်လအတွင်း မြန်မာနိုင်ငံလာဘို့ ဖိတ်ကြားထားတယ်လို့ ဖေါ်ပြပါတယ်။ အတွင်းရေးမှူးချုပ် ဘက်က ဒီဖိတ်ကြားချက်ကို လက်ခံမယ် လက်မခံဘူးဆိုတာ မသိရသေးပါဘူး။ ဒါပေမယ့်လည်း အတွင်းရေးမှူး ချုပ်ရဲ့ ခရီးစဉ်ကို စစ်အစိုးရဘက် ၀ါဒဖြန့်ဘို့ အသုံးချတာမျိုး ဖြစ်သွားမှာ ကုလသမဂ္ဂက စိုးရိမ်နေတယ်လို့ ကုလသမဂ္ဂ သတင်းရပ်ကွက်က ပြောတဲ့အကြောင်း ကိုးကား ရေးသားထားပါတယ်။

ဒါပေမယ့်လည်း ကမ္ဘာ့ ကုလသမဂ္ဂဟာ စစ်အစိုးရကို ထိထိရောက်ရောက် နားချနိုင်တဲ့ အခြေအနေ မျိုးမှာ မရှိဘဲ၊ စစ်အစိုးရကို အပျော့ဆွဲ ဆွဲနေရတဲ့ အခြေအနေမျိုးမှာသာ ရှိနေတယ်ဆိုပြီး မြန်မာဒီမိုကရေစီ အင်အားစုတွေ အားမလို အားမရ ဖြစ်နေကြပါတယ်။ ဒီလို အားမလို အားမရ ဖြစ်နေသူတွေထဲမှာ အန်အဲလ်ဒီ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်၊ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းတင်လည်း ပါပါတယ်။

"သူတို့ဟာစစ်အစိုးရကို လာများ ချော့ချင်နေလို့လား၊ ချော့ချင်နေတာလား၊ ဒါမှမဟုတ် စစ်အစိုးရကို လာပြီး မျက်နှာချိုသွေးချင် နေလို့လား၊ ဒီလို သဘောနဲ့များဖြစ်လို့ တိုးတိုးတိတ်တိတ် ကြိတ်ကြိတ် လုပ်နေတာလား၊ ဒီလို ကျနော် သံသယ ဖြစ်မိတယ်။ သို့သော် ဒါက ကျနော့ရဲ့ သံသယပေါ့ဗျာ၊ ထားပါတော့၊ ဒါတွေက သူတို့ ကိစ္စဆိုတော့ ကျနော်တို့ ဘာမှ သိပ်ပြီး ပြောစရာ မရှိပါဘူး၊ ဒါက ကျနော့ရဲ့ သံသယပါ။''

ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းက မြန်မာ့အရေးနဲ့ ပတ်သက်လို့ ချဉ်းကပ်တဲ့ နေရာမှာ စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲကို တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင်ပဲ တွန်းအားပေးတဲ့ အဆင့်မှာ ရောက်နေပြီး ဒါဟာ ဒုတိယ အဆင့်ဖြစ်တယ်လို့ ဦးဝင်းတင်က မြင်ပါတယ်။

ဒီမိုကရေစီရေးအတွက် အဓိက အဟန့်အတားဖြစ်နေတာက စစ်အစိုးရ ရေးဆွဲထားတဲ့ အခြေခံ ဥပဒေဖြစ်ပြီး ဒီ အခြေခံ ဥပဒေပါ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ အချက်တွေ ပြင်ဆင်ဘို့ နိုင်ငံတကာအသိုင်းအ၀ိုင်းက စစ်အစိုးကို တွန်းအားပေးဘို့ လိုတယ်လို့ မြင်ပါတယ်။

''နိုင်ငံတကာက အဲဒီ ကိစ္စလေးကို ကျန်ကျန်နေတယ်။ နိုင်ငံတကာက အနောက် နိုင်ငံတွေက ဒီ အစိုးရကို တောင်းဆိုတဲ့ အခါမှာ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုပြီး တောင်းဆိုပါ။ ရွေးကောက်ပွဲ ကျင်းပရေး ကိစ္စတို့ ဘာတို့ ဆိုတာက ဒုတိယ ကိစ္စဖြစ်ပါတယ်။ ဒီ အခြေခံ ဥပဒေက ရွေးကောက်ပွဲနဲ့ ပြည်သူတွေ ကြားထဲမှာ ကန့်လန့်ကြီး ခံနေပါတယ်။ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို တောင်းဆိုပေးပါ၊ ကျနော်က ဒါကို ပြောချင်ပါတယ်။''

ဦးဝင်းတင် ပြောဆိုနေတာပါ။ မစ္စတာ ဂမ်ဘာရီ ဟာ အခုတခေါက် မြန်မာပြည် ခရီးစဉ် အတွင်းမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ခွင့် ရမရ မသေချာ သေးပါဘူး။ အင်းစိန် အကျဉ်းထောင်ထဲမှာ ရောက်နေတဲ့ ဒေါ်အောင်ဆန်း စုကြည်ကိုလည်း တွေ့ဆုံခွင့် တောင်းမှာ သေခြာပါတယ်။

မစ္စတာ ဂမ်ဘာရီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တက္ကသိုလ် ရိပ်သာလမ်းပဲ ဖြစ်ဖြစ်၊ အစိုးရ ဧည့်ဂေဟာ မှာပဲဖြစ်ဖြစ်၊ အင်းစိန်ထောင်မှာဘဲ တွေ့တွေ့ စစ်အစိုးရ ချုပ်နှောင်တာကို ခံနေရဆဲ အခြေအနေမှာ တွေ့နေရတာကိုက ကုလသမဂ္ဂရဲ့ မြန်မာ့အရေး ကြားဝင် ဆောင်ရွက်မှုတွေ အရာမထင်သေးဘူး ဆိုတာ ပြနေတယ်ဆိုပြီး မြန်မာ့အရေး လေ့လာသူတွေ ပြောဆိုနေကြတာပါ။

Ref: VOA News

Read More...

မြောက်ကိုရီးယားသင်္ဘောသတင်း စစ်အစိုးရ ငြင်းပယ်

AFP သတင်းဌာန
ဇွန် ၂၄၊ ၂၀၀၉


နိုင်ငံတကာဆိပ်ကမ်း တခုဖြစ်သော သီလ၀ါ ဆိပ်ကမ်း၏
ယနေ့မြင်ကွင်း။ (AP Photo/Khin Maung Win)

မြောက်ကိုရီးယား ဆန်တင် သင်္ဘောတစီး မြန်မာပြည်သို့ ရောက်လာမည်ဟု စစ်အစိုးရ သတင်းဌာနက ယနေ့ ထုတ်လွှင့် လိုက်သော်လည်း အမေရိကန် ရေတပ်က နောက်ယောင်ခံ လိုက်နေသည့် သင်္ဘောနှင့် ပတ်သက်ပြီး ထည့်သွင်း ဖော်ပြခြင်း မရှိပေ။

မြောက်ကိုရီးယားမှ ကန်နမ် အမှတ် ၁ အမည်ရှိ သင်္ဘော မြန်မာပြည်သို့ ဦးတည် သွားနေသည်ဟု ယူဆရကြောင်း အမေရိကန်တို့က ပြောကြားပြီးနောက် စစ်အစိုးရ သတင်းဌာနက ထိုသို့ ထုတ်လွှင့်လိုက်ခြင်း ဖြစ်သည်။

နျူကလီးယားလက်နက် စမ်းသပ်သည့် မြောက်ကိုရီးယားကို အပြစ်ပေးသည့် အနေဖြင့် ချမှတ်ထားသည့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်များရှိရာ၊ ဤသင်္ဘောသည် အဆိုပါ ဆုံးဖြတ်ချက်များအရ ပထမဆုံး အကြိမ် စောင့်ကြည့် ခံနေရခြင်း ဖြစ်သည်။

မြန်မာအစိုးရ သတင်းဌာနကမူ ယခုတပတ်အကုန်တွင် မြောက်ကိုရီးယား သင်္ဘောတစီး ဂျုံတန်ချိန် ထောင်ပေါင်း များစွာ တင်ဆောင်လာပြီး ရောက်လာမည်ဟု ဆိုသည်။

မြောက်ကိုရီးယားမှ MV Dumangang အမည်ရှိ ကုန်တင် သင်္ဘောသည် မြန်မာနိုင်ငံသို့ ဇွန်လ ၂၇ ရက်နေ့ခန့်တွင် ဆိုက်ရောက်မည် ဖြစ်သည်၊ အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့မှ ဂျုံတန်ချိန် ၈၀၀၀ တင်ဆောင်လာမည်ဟု မြန်မာအစိုးရ သတင်းဌာနက ပြောသည်။

မြောက်ကိုရီးယားမှ ကန်နမ် အမှတ် ၁ အမည်ရှိ သင်္ဘောသည် ဇွန်လ ၁၇ ရက်နေ့မှ စပြီး မြန်မာပြည်သို့ ဦးတည်နေသည် ဟူသော သတင်းများ ပေါ်ထွက်နေသည်ဟု အစိုးရ သတင်းဌာနက ဆိုသည်။

ကန်နမ် သင်္ဘောနှင့် ပတ်သက်ပြီး မည်သည့်သတင်းမျှ မသိရှိရပါဟု ဆိုသည်။

Ref: မိုးမခ

Read More...

မြောက်ကိုးရီးယား သင်္ဘောနှင့် အပစ်ရပ်များ အပေါ်စစ်အစိုးရ ဖိအား ပေးမှု ဆက်စပ်ဘွယ်ရှိ

ဗုဒ္ဓဟူးနေ့၊ 24 ဇွန်လ 2009

မြောက်ကိုးရီးယားသင်္ဘော The Kang Nam I ဗမာပြည်ဘက် ဦးတည်သွား နေပုံ ရကြောင်း ဂျွန် ၂၁ YIM တောင်ကိုးရီးယား ရုပ်မြင် သံကြား၏ သတင်းထုတ်ပြန်ချက်သည် အပစ်ရပ် အဖွဲ့များအပေါ် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး စစ်အစိုးရ ဖိအားပေးမှုနှင့် ပတ်သက် ဆက်နွယ်နိုင်ကြောင်း သျှမ်းပြည်အရေး လေ့လာသူ အချို့က ဆိုသည်။

၂၀၀၉ မကုန်မီ ငြိမ်းအဖွဲ့များအားလုံး ကာကွယ်ရေးဦးစီးချုပ်အောက် ထားရှိမည့် စစ်အစိုးရ၏ အစီအစဉ် အတိုင်း အပစ်ရပ် အဖွဲ့များ အား အကြိမ်ကြိမ် တွေ့ဆုံ သတိပေးခဲ့သော်လည်း အောင်မြင်မှု မရသည့်အပြင် နှစ်ဘက်ဆက်ဆံရေး တင်းမာ လာမှု၊ အပြိုင်အဆိုင် အင်အား တိုးချဲ့မှုများ ဆက်တိုက် ဖြစ်ပေါ်လာခဲ့သည်။ အထူးသဖြင့် ၀ ပြည် သွေးစည်းရေး တပ်မတော်၏ လူသူ လက်နက် ပြင်ဆင် ဖြည့်တင်းနေမှု အပေါ် စစ်အစိုးရ၏ တုန့်ပြန်ချက်မှာ မြောက်ကိုးရီးယား၏ The Kang Nam I သင်္ဘောနှင့် ဆက်စပ်ဘွယ် ရှိသည်ဟု သျှမ်းပြည်အရေး လေ့လာသည့် အကဲခတ်တဦးက ပြောပါသည်။

တောင်ကြီးမှ SB ရဲမှူးတဦး၏ ထုတ်ဖေါ်ချက်ကို ကိုးကားဖူးသည့် လားရှိုး ကုန်သည် တယောက်က - “အပစ်ရပ်တွေနဲ့ မမျှော်လင့်ဘဲ တိုက်ပွဲတွေ ဖြစ်လာရင် တပ်မတော်က မြောက်ကိုးရီးယားက ရလာတဲ့ လက်နက်ဆန်းတွေ သုံးမယ် ထင်တယ်။ လူတွေ များများ သေလိမ့်မယ်” ဟု (မေလလယ်ပိုင်း) ပြောကြားသည့် အချက်၊ ဂျွန် ၉ ရက်နေ့ စရဖ ညွှန်ချုပ် ဗိုလ်ရဲမြင့်က မိုင်းလားထိပ်ပိုင်း ခေါင်းဆောင်များအား -“ခင်ဗျားတို့ နှစ်ပေါင်း ၂၀ အတွင်း ဖွံ့ဖြိုး တိုးတက်ရေးမှာ တော်တော် စွမ်းဆောင် နိုင်ခဲ့တယ်။ ချီးကျူးစရာဘဲ။ အသွင်ပြောင်းဖို့ ဘူးခံငြင်းဆန်နေရင် ဒါတွေကို မနှမြောဘူးလား” ဆိုသည့်အချက်အပေါ် ၎င်းပုဂ္ဂိုလ်က -

“သီရိလင်္ကာသမ္မတ ဂျွန်လဆန်းပိုင်း လာတုံးက တမီးလ်ကျား သပုန်တွေကို အနိုင်ယူနိုင်တဲ့ နည်းနာ အကြောင်းတွေ ပြောပြ ခဲ့တာကို တပ်ချုပ်ကြီးက အရမ်း အားတက်တယ်လို့ ပြောတယ်။ ၀ တို့ မိုင်းလားတို့ အပါအ၀င် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေနဲ့ တိုက်ရရင် မြောက်ကိုးရီးယားက ရလာတဲ့ လက်နက်ဆန်းတွေ သုံးဖို့များတယ် ဆိုတာပေါ့။ အဲဒီလက်နက်တွေ သုံးရင် အပစ်ရပ်တွေ၊ ပြည်သူတွေရဲ့ တိုက်တာ အိုးအိမ် အများအပြား ပျက်စီးဆုံးရုံးမယ်။ လူတွေ အစုလိုက် အပြုံလိုက် သေကျေ ကြမယ် ဆိုတဲ့သဘော”- ဟု ဆို၏။

ဂျွန် ၁၇ ရက်က The Kang Nam Iသင်္ဘောသည် မြောက်ကိုးရီးယား ဆိပ်ကမ်းမှ ထွက်ခွာလာပြီ ဖြစ်ကြောင်း၊ သင်္ဘောပေါ် တင်ဆောင်လာသည့် ပစ္စည်းများ အတိအကျ မသိရသော်လည်း အမေရိကန် ရေတပ်၏ ဖျက်သင်္ဘော USS John S. McCain သတင်း ပေးပို့ချက်ကို ကိုးကားလျှင် ဒုံးလက်နက်နှင့် အပိုပစ္စည်းများ ဖြစ်နိုင်ကြောင်း၊ အဆိုပါ သင်္ဘောသည် စင်္ကာပူဆိပ်ကမ်း မှတဆင့် ဗမာပြည်သို့ တိုက်ရိုက်ဦးတည် ခုတ်မောင်းနေကြောင်း နိုင်ငံတကာ သတင်းများက ဆိုပါသည်။

မြောက်ကိုးရီးယား အစိုးရက အဆိုပါ သူ့နိုင်ငံပိုင် သင်္ဘောကို မည်သည့် နိုင်ငံမဆို နိုင်ငံတကာ ရေပိုင်နက်၌ ဟန့်တား စစ်ဆေးလျှင် သူ့အားစစ်ရေး ကြေငြာခြင်း ဖြစ်သည်ဟု မှတ်ယူမည် ဖြစ်ကြောင်း ထုတ်ဖေါ် ကြေငြာထားသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

Wednesday, June 24, 2009

နေပြည်တော်မှ မြောက်ကိုရီးယား ဥမင်လှိုဏ်ခေါင်းများ အကြောင်း

Tuesday, 23 June 2009 18:43

မြောက်ကိုရီးယားနိုင်ငံက မြန်မာစစ်အစိုးရ၏ မြို့တော်သစ် နေပြည်တော်နှင့် ရှမ်းပြည်နယ် အတွင်း မြေအောက်ဥမင် ကွန်ရက်များ တည်ဆောက်ရန် ကူညီပေးလျက် ရှိနေကြောင်း၊ အမည် မတပ်နိုင်သော ကိစ္စများ အတွက်နှင့် စစ်အစိုးရ ပုန်းခိုစရာကျင်း အဖြစ် တည်ဆောက်နေခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံအရေး ကျွမ်းကျင်သူ၊ သတင်းစာဆရာ ဘာတေးလ် လင့်တနာက ဆိုသည်။

၎င်းလျှို့ဝှက်စီမံကိန်းတွင် မြောက်ကိုရီးယား ကျွမ်းကျင်သူများ ပါဝင် လုပ်ကိုင် နေကြသည်ဟု ယုံကြည်ရပြီး ဓာတ်ပုံများကို ဘာတေးလ် လင့်တနာက ရရှိခဲ့ပြီး အမေရိကန် ပြည်ထောင်စုမှ Yale Global Online မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။

ဧရာဝတီမဂ္ဂဇင်းနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဘာတေးလ် လင့်တနာက မြောက် ကိုရီးယားနှင့် မြန်မာ စစ်အစိုးရအကြား နီးကပ်လာသော ဆက်ဆံရေးကို ဆွေးနွေး ထောက်ပြ ထားသည်။

မေး။ ။ Yale Global Online မဂ္ဂဇင်းမှာ မကြာသေးခင်က ဖော်ပြခဲ့တဲ့ ခင်ဗျားရဲ့ ဆောင်းပါးထဲက မြေအောက် ဥမင် တည်ဆောက်တဲ့ လုပ်ငန်းတွေမှာ မြောက် ကိုရီးယားတွေ ပါဝင် ပတ်သက်နေပုံကို တွေ့ရပါတယ်။ နေပြည်တော်နဲ့ ရှမ်းပြည်နယ် အတွင်း တည်ဆောက်နေတဲ့ ဥမင်တွေကိစ္စ ခင်ဗျား ဘာတွေ သိထားပါသလဲ။ မြန်မာစစ်အစိုးရ အများစုက ပြည်ပ ကျူးကျော်မှုတွေ ဖြစ်လာမှာ ကြောက်နေတယ်လို့ ထင်ပါသလား။ ဒါမှမဟုတ် မြန်မာစစ်ဗိုလ်ချုပ်တွေက အစိုးရိမ် လွန်နေတာ သက်သက်လား။

ဖြေ။ ။ စစ်အစိုးရက မြို့တော်ကို နေပြည်တော်ဆီ ရွှေ့ဖို့ ဆုံးဖြတ်ပြီးတဲ့ ကာလမှာ မြေအောက်ဥမင်တွေ ဖောက်နေတာ အများကြီးပါပဲ။ သူ့ကို ချောင်းနေကြတဲ့ မျက်လုံးတွေ မမြင်သာအောင် အစိုးရက အဲဒီလို အကဲ ဆတ်တဲ့ လုပ်ငန်းတွေ လုပ်နေတတ်တာက အံ့သြစရာတော့ မဟုတ်ပါဘူး။ အမေရိကန် အစိုးရ ကိုယ်တိုင်တောင် ဒီလို လုပ်ငန်းတွေ လုပ်တတ် ပါသေးတယ်။

တချို့ဥမင်တူးနေတဲ့ ကိစ္စကတော့ ရိုးရိုးသားသား ဖြစ်နိုင်ပါတယ်။ ရေအားလျှပ်စစ် လုပ်ငန်း တည်ဆောက်ရေး ကိစ္စ တွေမှာပါ။ အဲဒါအပြင် မြေအောက် အစည်းအဝေး ခန်းမတွေ၊ ပစ္စည်းသိုလှောင် သိမ်းဆည်းမယ့် နေရာတွေလည်း ရှိနိုင် ပါသေးတယ်။

အခုလို ဖြစ်နေတာကတော့ စစ်အစိုးရ အစိုးရိမ်လွန်နေမှန်း သိသာပါတယ်။ သူတို့က လေ ကြောင်းကနေ အမေရိကန် ပြည်ထောင်စုက အီရတ်မှာ ဆဒမ်ဟူစိန်ကို တိုက်ခိုက်သလို၊ အာဖဂန်နစ္စတန်မှာ တာလီဘန်တွေကို တိုက်ခိုက်သလို တိုက်ခိုက်လာမှာကို စိုးရိမ်နေပါတယ်။ ဒီလို စိုးရိမ် နေမှုကတော့ ကျိုးကြောင်း မဆီလျော်လှပါဘူး။ ဒါပေမယ့် စိုးရိမ်နေတာပါပဲ။

နောက်တခုက စစ်အစိုးရကို ဆန့်ကျင်တဲ့ လူထု အုံကြွမှု ဆိုတာကလည်း အမြဲဆိုသလို ဖြစ်နိုင်ခြေ ရှိနေပါတယ်။ ၁၉၈၈ ခုနှစ်တုန်းက လည်း အစိုးရ အဆောက်အဦးတွေကို ဆန္ဒပြသူတွေက သိမ်းပိုက် ခဲ့ကြတာ စစ်အစိုးရက မမေ့နိုင်ပါဘူး။ အခုတော့ စစ်အစိုးရက သူတို့မြို့တော်သစ်မှာ ပိုပြီး လုံခြုံနေပုံ ရပါတယ်။ မြေပေါ်မှာရော - မြေအောက်မှာရောပေါ့။

မေး။ ။ လေ့လာသုံးသပ်သူတွေကတော့ မြောက်ကိုရီးယားနဲ့ မြန်မာအကြား ဆက်ဆံရေး နီးစပ်လာတဲ့ ကိစ္စကို စိုးရိမ် ပူပန်စရာလို့ ယူဆနေပါတယ်။ သူတို့ဆက်ဆံရေး ပိုမို နွေးထွေး နီးကပ်လာရင် အကျိုးဆက် အနေနဲ့ ဘယ်လိုဖြစ်နိုင် ပါသလဲ။

ဖြေ။ ။ နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ မြေအောက်ဥမင်တွေ၊ အဆောက် အဦးတွေ၊ ဒီဇိုင်းပုံစံ ထုတ်ပေးတာ၊ တည်ဆောက် ပေးနေတာ စတဲ့ စွပ်စွဲချက်တွေ ကတော့ သိပ်ကို အရေးပါပါတယ်။ မြောက်ကိုရီးယား တွေက မြေအောက် ဥမင်ဖောက်ရာမှာ တဖက်ကမ်းခတ် ကျွမ်းကျင်ကြသူတွေပါ။ သူတို့ နိုင်ငံတွင်းက ကာကွယ်ရေး အဆောက်အဦးတွေရယ်၊ မြောက်နဲ့ တောင်ကိုရီးယားကို ခြားထားတဲ့ စစ်မဲ့ဇုန်အတွင်း ဥမင်ဖောက်ခဲ့တဲ့ သာဓကတွေရယ်ကို ကြည့်ပြီး ပြောတာပါ။

စစ်အစိုးရနဲ့ စီးပွားရေးလုပ်နေကြတဲ့ သူတွေနဲ့ မတူတဲ့ အချက်က သူတို့က ငွေသားနဲ့ ပေးချေတာကို လိုချင်ပါတယ်။ မြောက်ကိုရီးယားတွေက ပုံမှန်အားဖြင့် ဘာတာစနစ် သဘော ကုန် - ကုန်ချင်း ပေးချေတာကို လိုလားကြပါတယ်။ နအဖ ဘက်ကလည်း ဒီစနစ်ကို ကြိုက်ပါတယ်။

မြောက်ကိုရီးယားနဲ့ မြန်မာ နှစ်နိုင်ငံလုံးက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ တခြား ပုံစံမျိုးစုံနဲ့ ဖိနှိပ် အုပ်ချုပ် တာတွေကြောင့် နိုင်ငံတကာက ပြစ်တင်ဝေဖန်မှု ခံနေကြရပါတယ်။ အဲဒီလို သူတော်ချင်းချင်း သီတင်း လွေ့လွေ့ ပေါင်းဖက်တွေ့ ကြတာတော့ သဘာဝပါပဲ။ ၁၉၈၃ ခုနှစ်က ရန်ကုန်မှာ မြောက်ကိုရီးယား တွေက ဗုံးခွဲခဲ့တာကို မေ့ပစ်နိုင် လိုက်ကြတာနဲ့ တပြိုင်နက်၊ မြန်မာနဲ့ မြောက်ကိုရီးယား အကြား ပိုပြီး နီးကပ်တဲ့ ဆက်ဆံရေးတွေ တွေ့ကြရလိမ့်မယ်လို့ ယူဆထား နိုင်ပါတယ်။

ဒါပေမယ့် ဒေသတွင်းက ကျန်တဲ့နိုင်ငံတွေကတော့ ဒီအခြေအနေကို သဘောကျမှာ မဟုတ်ပါဘူး။ အာဆီယံက ဘယ်လိုအရေးယူ ဆောင်ရွက်မှုတွေ လုပ်လာမလဲ ဆိုတာ ဆက်ပြီး စောင့်ကြည့်ကြရ ပါလိမ့်မယ်။ တကယ်လို့ အရေးယူ ဆောင်ရွက်မှုတွေ ရှိလာရင် သူတို့က မြန်မာနိုင်ငံကို မြောက်ကိုရီးယားနဲ့ ခွဲထုတ်ဖို့ ကြိုးစားကြပါ လိမ့်မယ်။

မေး။ ။ မြန်မာနိုင်ငံက ရုရှားနိုင်ငံကနေ အဏုမြူ ဓာတ်ပေါင်းဖို ၀ယ်ယူခဲ့တယ်။ ဒါပေမယ့် အဲဒီစီမံကိန်း အကြောင်း နောက်ပိုင်းမှာ မကြားကြရတော့ပါဘူး။ စစ်အစိုးရကတော့ အဲသည် စီမံချက်ဟာ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ဖို့ လို့ ပြောပါတယ်။ ရုရှားရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံရဲ့ အစပျိုး အဏုမြူ အစီအစဉ်ကို အခုလို မြောက်ကိုရီးယားက ပါဝင် ပတ်သက်မှုတွေ ရှိလာတဲ့အခါ ဒေသအတွင်း စိုးရိမ် ပူပန်မှုတွေ ရှိလာကြပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် ပြည်ပရောက် မြန်မာ အဖွဲ့အစည်းတွေရဲ့ အဆိုအရ ရုရှားနဲ့ မြောက်ကိုရီးယားက မြန်မာစစ်အစိုးရ အဏုမြူ ထုတ်နိုင်အောင် ကူညီနေကြ တယ်လို့ ဆိုပါတယ်။ အဲသည် စိုးရိမ်မှု၊ သံသယတွေကို ဘယ်လို ယူဆပါသလဲ။

ဖြေ။ ။ မြောက်ကိုရီးယားနဲ့ မြန်မာ ပူးပေါင်းဆောင်ရွက်နေမှု ကိစ္စ အားလုံး အတွက် ပြင်ပက လူတွေက အရမ်းကို စိုးရိမ် နေကြတယ်လို့ ထင်ပါတယ်။ အကယ်၍သာ အဏုမြူ လုပ်ငန်းကဏ္ဍမှာ ကူညီနေတာ ဖြစ်ရင်တော့ ဒေသတွင်း နိုင်ငံတွေရော၊ ပြင်ပက နိုင်ငံတွေပါ အလန့်တကြား ခေါင်းထောင် လာကြမှာပဲလို့ ကျနော်ထင်ပါတယ်။ အဲဒီလို ပူးပေါင်း ဆောင်ရွက်နေတယ် ဆိုတဲ့ သတင်းတွေလည်း ရှိပါတယ်။ ကောလာဟလတွေလည်း အများကြီး ရှိပါတယ်။ ကျနော်တို့က တခုခု ကောက်ချက် မဆွဲခင် အတည်ပြုလို့ ရနိုင်တဲ့ သတင်းတွေ စောင့်ကြည့် သင့်ပါသေးတယ်။

မေး။ ။ လွန်ခဲ့တဲ့ ၃ - နှစ်အတွင်း မြောက်ကိုရီးယား သင်္ဘောတွေက မြန်မာ ဆိပ်ကမ်းကို မသင်္ကာဖွယ် အကြိမ်ကြိမ် ဆိုက်ကပ်ခဲ့ကြ ပါတယ်။ မြောက်ကိုရီးယားက ဒုံးကျည်တွေ အပါအ၀င် သမားရိုးကျ လက်နက်တွေကို နေပြည်တော်က စစ်အစိုးရဆီ ထောက်ပံ့ ပေးနေတယ်လို့ ယူဆပါတယ်။ ၂၀၀၇ ခုနှစ်မှာ မြောက်ကိုရီးယားနဲ့ မြန်မာ သံအဆက်အသွယ် ပြန်လည်စတင် ပြီးတဲ့ အခါမှာတော့ မြန်မာ အရာရှိတွေရဲ့ တရားဝင်ရော၊ တရားမ၀င်ရော မြောက်ကိုရီးယား ခရီးစဉ်တွေ သွားခဲ့ကြတာ အကြိမ်ကြိမ် ရှိခဲ့ပါတယ်။ အခုလို ဆိပ်ကမ်း ကပ်လာတဲ့ သင်္ဘောတွေ၊ ခရီးစဉ်တွေကို ခင်ဗျား ဘယ်လို သုံးသပ်ပါ သလဲ။

ဖြေ။ ။ ဘယ်လိုကုန်မျိုးတွေ တင်လာတဲ့ သင်္ဘောဆိုတာတော့ ကျနော်တို့ မသိပါဘူး။ ဒါပေမယ့် ကျနော်တို့ မျက်မြင်သက် သေတွေရဲ့ ခန့်မှန်းချက် အရတော့ အလွန်လေးလံတဲ့ ပစ္စည်းတွေလို့ ပြောပါတယ်။ အစိုးရက တရားဝင် ရှင်းပြသလို ဘင်္ဂလား ပင်လယ်အော်ထဲ ရာသီဥတု မကောင်းလို့ လာရောက် ခိုနားရတယ် ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ မြောက်ကိုရီးယား သင်္ဘော မြန်မာဆိပ်ကမ်းကို မရောက်ခင်၊ ရောက်နေဆဲ ကာလနဲ့ နောက်ပိုင်း ရာသီဥတု ခန့်မှန်းချက် သတင်းတွေကို ကျနော် လေ့လာကြည့်ပါတယ်။ ရာသီဥတုက ကောင်းနေပါတယ်။ အာဏာပိုင်တွေ ခုလို လိမ်ပြောတာကိုက တခုခု ဖုံးကွယ်စရာ ရှိနေလို့ပါပဲ။ သင်္ဘောက အလွန်လေးတဲ့ လက်နက်တွေလည်း သယ်လာ နိုင်ပါတယ်။ စက်ပစ္စည်းတခုခု၊ ဒါမှမဟုတ် တခြား တခုခုလည်း ဖြစ်နိုင်ပါတယ်။ ကျနော်တို့ မသိနိုင်ပါဘူး။

Mystery Surrounds North Korean Tunnel-building in Burma ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါသည်။

Ref: ဧရာဝတီ


Read More...

မိုင်းလား နှစ် ၂၀ ပြည့်အခမ်းအနား ကျင်းပရက်နီး နှစ်ဘက် လုံခြုံရေး တင်းကြပ်

အင်္ဂါနေ့၊ 23 ဇွန်လ 2009

အထူးဒေသ ၄ မိုင်းလား အဖွဲ့ NDAA ထူထောင်ခြင်း နှစ် ၂၀ ပြည့် အခမ်းအနား ပွဲတော် ကျင်းပရက် နီးလာသည် နှင့်အမျှ စစ်အစိုးရနှင့် မိုင်းလား ဆက်သွယ်ရေး လမ်းကြောင်း တလျှောက် လုံခြုံရေး အထူး တင်းကြပ်ကြောင်း တရုပ်နယ်စပ် သတင်း ရပ်ကွက်က ဆိုပါသည်။

အမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် - သျှမ်းပြည် အရှေ့ပိုင်း NDAA-ESS ခေါ် မိုင်းလား အဖွဲ့ ဗကပမှ ခွဲထွက်ပြီး အပစ်ရပ်ခဲ့ခြင်း နှစ် ၂၀ ပြည့် အခမ်းအနားကို ဂျွန် ၂၉ - ၃၀ ရက် မိုင်းလားမြို့ ဗဟို ဌာနချုပ်၌ ကျင်းပမည် ဖြစ်ကြောင်း၊ အဆိုပါပွဲတော်သို့ အပစ်ရပ် အဖွဲ့အသီးသီး၏ ခေါင်းဆောင်များအား ဖိတ်ကြား ထားသကဲ့သို့ စစ်အစိုးရဘက်မှ ထိပ်တန်း အရာရှိ ကြီးများလည်း ဖိတ်ကြား ထားကြောင်း၊ ကျိုင်းတုံ/ မိုင်းယန်း/ မိုင်းယောင်းတို့မှ မိုင်းလား လမ်းတလျှောက် အ၀င် အထွက် ခရီးသွား ဖြတ်သန်းသူများအား အထူးကြပ်မတ် စစ်ဆေးကြောင်း ခရီးသွားများက ဆိုသည်။

အမည်မဖေါ်လိုသည့်ခရီးသွားတဦးက - “ပုံမှန်သွားလာတဲ့ ကျနော်တို့လို ဒေသခံတွေကတော့ ဆိုင်ရာ အာဏာပိုင်တွေ မျက်မှန်း တမ်းမိပြီလေ၊ ထွေထွေထူးထူး မစစ်ဆေးဘူး။ မျက်နှာစိမ်း၊ အထူးသဖြင့် မိုင်းလား ပွဲတော်သွားမယ့် ဧည့်သည် တွေကို အရမ်း စစ်ဆေးတယ်။ ဘယ်သူလဲ၊ ဘယ်အဖွဲ့အစည်း ကလဲ၊ ဘယ်သွားမလဲ၊ ဘာသွားလုပ်လဲ၊ ဘယ်နှစ်ရက် ကြာမလဲ စသဖြင့် လျှောက်မေးတယ်၊ မိုင်းလား ပွဲတော် သွားလို့မရအောင် ခြိမ်းခြောက်တဲ့ သဘော” ဟုဆို၏။

ထို့အတူမိုင်းလား အာဏာပိုင်များ ဘက်ကလဲ ဒေသအတွင်း ၀င်ရောက်သည့် ခရီးသွား များအား ပြီးခဲ့သည့် ၁၃-၁၄ ရက်နေ့ လောက်မှစ၍ လုံခြုံရေး အတွက် အထူး ကြပ်မတ် စစ်ဆေးနေကြောင်း၊ ခရီးသွား တဦးက -“ကျနော်က သျှမ်းအမျိုးသားပဲ၊ ဒါပေမဲ့ မှတ်ပုံတင်ထဲမှာက ဗမာနာမည်ဆိုတော့ အရမ်း စစ်ဆေးခံရတယ်။ ဘယ်မှာ အိပ်မလဲ ဘယ်သူက ထောက်ခံပေးလဲ စသဖြင့်ပေါ့။ မိုင်းလားမှာ ပေးမအိပ်ဘဲ မောင်းထုတ် တာတော့ မရှိသေးဘူး” - ဟု သျှမ်းသံတော်ဆင့် သို့ပြောပြပါသည်။

ပန်ဆန်းအဖွဲ့ ပွဲတော်ကျင်းပစဉ်က စစ်အစိုးရ၏ ထိပ်တန်းအရာရှိ တက်ရောက်ခြင်း မရှိသောကြောင့် ယခု မိုင်းလားအဖွဲ့ ကျင်းပသည့် ပွဲတော်တွင် စစ်အစိုးရ၏ ထိပ်တန်း အရာရှိများအား နာမည်နှင့် တကွ ဖိတ်ကြား ထားကြောင်း အပစ်ရပ် ထိပ်ပိုင်း ခေါင်းဆောင်နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက ဆိုသည်။

မိုင်းလားအဖွဲ့သည် ၁၉၈၉ ဂျွန်တွင် ဗကပ မှ ခွဲထွက်ပြီး စစ်အစိုးရနှင့် အပစ်ရပ် သဘောတူကာ မိုင်းလားမြို့ ကို ဗဟိုထား ၍ အထူးဒေသ ၄ အဖြစ် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ နှစ် ၂၀ အတွင်း တစိုက်မတ်မတ် ကြိုးပမ်းခဲ့ရာ ၁၉၉၄ တွင် မူးယစ် ကင်းစင် ဒေသအဖြစ် လုပ်ဆောင်နိုင်ခဲ့သည်။ သို့သော် စစ်အစိုးရ လမ်းပြမြေပုံ အရ လက်နက်ကိုင် တပ်ဖွဲ့အားလုံး ကာကွယ်ရေး ဦးစီးချုပ် လက်အောက် ထားရှိမည့် နယ်ခြားစောင့်တပ် အသွင် ပြောင်းရေးအတွက် ဂျွန်လနောက်ဆုံးထား သတင်းပေးပို့ရန် သတိ ပေးထားခဲ့သည့် အပေါ် လက်မခံနိုင်သေးကြောင်း ဂျွန် ၉ ရက် ဗိုလ်ရဲမြင့်နှင့် နောက်ဆုံးတွေ့စဉ် တရားဝင် ခေါင်းခါငြင်းဆန် ထားသည့် အဖွဲ့တဖွဲ့ ဖြစ်သည်။

အထူးဒေသ ၄ မိုင်းလားအဖွဲ့သည် ၁၉၈၉ ကတည်းက ၀ ပြည် သွေးစည်းရေး တပ်မတော် UWSA ၊ ကိုးကန့် အဖွဲ့ MNDAA ၊ ဒီမိုကရေစီသစ် တပ်မတော်- ကချင် NDA-K တို့နှင့်အတူ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ တပ်ပေါင်းစု PDF အဖြစ် စုပေါင်းဖွဲ့စည်း ထားသည့် အဖွဲ့ ဖြစ်သဖြင့် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စကို ပန်ဆန်း နည်းတူ ခေါင်းခါ ငြင်းဆန်သည့် အဖွဲ့ဖြစ်သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

အပေါ်သို့