NEJ / ၈ မေ ၂၀၀၉
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွင် ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် အဖွဲ့ပြီးလျှင် ဒုတိယ အင်အားအကြီးဆုံး ဖြစ်သည့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) အနေဖြင့် နိုင်ငံရေးပါတီ ထူထောင်မှု မရှိကြောင်း ယင်းအဖွဲ့က ပြောသည်။
ကချင်အတိုင်ပင်ခံကောင်စီကဲ့သို့ ကချင်ပြည်နယ် ပြည်သူလူထု အကြီးအကဲများနှင့် ညှိနှိုင်း ဆွေးနွေးသည့် လုပ်ငန်း ကော်မတီသာရှိပြီး ထိုကော်မတီတွင် ကိုယ်စားလှယ် အနေဖြင့်ပါရှိကာ နိုင်ငံရေး ပါတီမဖွဲ့ကြောင်း ကေအိုင်အို ဗဟိုကော်မတီဝင် ဒေါက်တာ လဂျာက ပြောသည်။
“နိုင်ငံရေးပါတီ မထောင်ပါဘူး။ ကေအိုင်အိုအနေနဲ့ မပါပါဘူး။ ကြားလုပ်ငန်း ကော်မတီဆိုပြီး ပါတာတော့ရှိတယ်။ ဒါနိုင်ငံရေး ပါတီမဟုတ်ဘူးဗျ။ သူတို့က Process ကို ဘယ်လို သွားကြမယ်ဆိုတာ ညှိနှိုင်းတဲ့သဘောပေါ့ဗျာ။ ကျနော်တို့ လူကြီးပိုင်း၊ ပြည်သူလူထု လူကြီးပိုင်းတွေရဲ့ သဘောထားတွေ ရှင်းလင်း ညှိနှိုင်းကြတဲ့ အဖွဲ့ပါ။ အတိုင်ပင်ခံ ကောင်စီလိုမျိုးပါ” ဟု ၎င်းက ပြောသည်။
အဆိုပါလုပ်ငန်းကော်မတီကို ယမန်နှစ်က လိုင်ဇာမြို့တွင် ဖွဲ့စည်းခဲ့ပြီး ကချင်ပြည် ဒီမိုကရေစီ တပ်မတော်မှ ကိုယ်စားလှယ်များ၊ ကချင်လူမျိုး ရပ်မိရပ်ဖများ၊ ဘာသာရေး ခေါင်းဆောင်များဖြင့် ဖွဲ့စည်းခဲ့သည်။
အခြားသော အပစ်ခတ်ရပ်အဖွဲ့များကဲ့သို့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို နအဖဘက်က ပြောဆို ထားသော်လည်း ကေအိုင်အို အနေဖြင့် အကြောင်း ပြန်ကြားခြင်း မရှိသေးကြောင်း၊ ထို့ပြင် လူအင်အား သတ်မှတ်ပေးခြင်း၊ စာရင်း တောင်းခြင်းလည်း မရှိသေးဘဲ ယခုလအတွင်း ၎င်းတို့ဘက်မှ အဆင်သင့်ဖြစ်ပါက နအဖနှင့် ထပ်မံ ဆွေးနွေးရန် ရှိကြောင်း ဒေါက်တာလဂျာက ပြောသည်။
ယခင်လ (၂၈) ရက်က ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ အပါအ၀င် တရုတ်-မြန်မာ နယ်စပ် တလျှောက်ရှိ အပစ်ရပ် အဖွဲ့အစည်းများကို စစ်ဘက်ရေးရာ အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် တိုင်းမှူးများက သီးခြားစီ ခေါ်ယူတွေ့ဆုံကာ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး၊ နိုင်ငံရေးပါတီ ထူထောင်ကာ ရွေးကောက်ပွဲ ၀င်ရေးတို့ကို ပြောဆိုခဲ့သည်။
အင်အား (၃) သောင်းဝန်းကျင်ရှိသည့် ၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ကို အင်အား (၃) ထောင်အထိ လျှော့ခိုင်း နေသော်လည်း အင်အား (၅) ထောင် ၀န်းကျင်ရှိသည့် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့၏ တပ်ဖွဲ့ကိုမူ အင်အားလျှော့ခိုင်းခြင်း မရှိသေးဟု သိရသည်။
ယခုနှစ်ဖေဖော်ဝါရီ (၅) ရက်တွင် ကျရောက်ခဲ့သည့် (၄၈) နှစ်မြောက် ကေအိုင်အို တော်လှန်ရေးနေ့တွင် ကေအိုင်အို ဒု-ဥက္ကဋ္ဌနှင့် စစ်ဦးချုပ်ဖြစ်သူ ဗိုလ်ချုပ်အင်ဘန်လက ကေအိုင်အို အနေဖြင့် နိုင်ငံရေး ပါတီထောင်ကာ ရွေးကောက်ပွဲ ၀င်မည် မဟုတ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအား မကြိုက်သော်လည်း နောင်တက်လာမည့် အစိုးရနှင့် ဆက်လက် ဆွေးနွေး တောင်းဆိုမည် ဖြစ်ကြောင်း ပြောဆိုခဲ့ဖူးသည်။
ကေအိုင်အိုအဖွဲ့သည် ၁၉၆၂ ခုမှစ၍ လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့ပြီး ၁၉၉၄ ခု၊ ဖေဖော်ဝါရီ (၂၄) ရက်တွင် မြန်မာ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့သည်။
အပစ်ရပ်အဖွဲ့များအနေဖြင့် နအဖဘက်မှတောင်းဆို ထားသကဲ့သို့ နိုင်ငံရေး ပါတီ ထူထောင်ပြီး ၂၀၁၀ ရွေးကောက်ပွဲ ၀င်မည်ဆိုပါက ရွေးကောက်ပွဲ ခိုင်မာမှု ရှိသွားပြီး နအဖအတွက် နိုင်ငံရေး အမြတ်ရသွား နိုင်သည်ဟု တရုတ်-မြန်မာ နယ်စပ် စစ်ရေး အကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်ပြောဆိုသည်။
Ref: ခေတ်ပြိုင်
Saturday, May 9, 2009
ကေအိုင်အို နိုင်ငံရေးပါတီဖွဲ့မည်မဟုတ်၊ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး နအဖနှင့် ထပ်မံ ဆွေးနွေးမည်
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်မှု ရှေ့နေကြီး ဦးကြည်ဝင်းနှင့် တွေ့ဆုံ မေးမြန်းခန်း
NEJ / ၈ မေ ၂၀၀၉
အချိန်ကြာမြင့်စွာ လိပ်ခဲတည်းလည်း ရှိနေခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အကျယ်ချုပ် အယူခံအမှုကို နအဖ စစ်အစိုးရက ဧပြီ (၃၀) ရက်တွင် ယတိပြတ် ပယ်ချ လိုက်ပြီဖြစ်သည်။ ယင်း အခြေအနေ များနှင့် စပ်လျဉ်း၍ ခေတ်ပြိုင်က ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကြီး ဦးကြည်ဝင်းကို ဆက်သွယ် မေးမြန်းခဲ့သည်။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် တောင်းထားတဲ့ အပေါ် သတင်း တပ်ဖွဲ့က ဘယ်လို တုံ့ပြန်ပါသလဲ ဆရာ။
ဖြေ။ ။ တောင်းတာက (၄) ရက်နေ့က တောင်းတာဗျ။ (၄) ရက်နေ့ တနင်္လာနေ့က ရုံးဖွင့်ရက်ဆိုတော့ ကျနော်က သွားပြီး စာတင်လိုက်တယ်။ ကျနော်ကလည်း မြန်မြန် ထက်ထက်သွားပြီး သတင်း ပို့ချင်တာကိုး။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့က ဦးဦးဖျားဖျား သိသင့်တဲ့ ပုဂ္ဂိုလ်ကိုး။ အဲဒါကြောင့် (၄) ရက်နေ့က (၅) ရက် (သို့မဟုတ်) (၆) ရက်နေ့မှာ တွေ့ခွင့်ပြုပါ ဆိုပြီး တင်လိုက်တာ။ အခုချိန်ထိတော့ ဘာမှ အကြောင်း မပြန်သေးဘူးဗျ။ ဆိုတော့ ဒီနှစ်ရက်ကတော့ မရဘူးထင်ပါရဲ့။ ရန်ကုန်သတင်း တပ်ဖွဲ့ကလည်း နေပြည်တော်ကို ဆက်တင်ရဦးမယ် ထင်ပါတယ်။ ဒီကနေ ခွင့်ပြုနိုင်တဲ့ အနေအထား မဟုတ်ဘူးဗျ။ နေပြည်တော်တင်ရင် နေပြည်တော်မှာ ရှိတဲ့ သတင်းတပ်ဖွဲ့မှူး ကလည်း ဆက်ပြီး ပြည်ထဲရေးကို တင်ရဦးမယ် ထင်တယ်။ ဆိုတော့ဗျာ… ကြာဦးမယ် ထင်ပါတယ်။
မေး။ ။ ၂၀၀၈ ခုနှစ် ဒီဇင်ဘာ (၃) ရက်တုန်းကလည်း အယူခံလွှာကို နေပြည်တော် တင်ထားပြီး ဖြစ်ကြောင်းနဲ့ ပြင်ဆင် ဖြည့်စွက်လိုတာတွေ ပြင်ဆင် ဖြည့်စွက်နိုင်အောင်လို့ ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်း တာတောင် မရခဲ့ဘူးဆိုတော့ ဒီကြားကာလမှာရော အမှုနဲ့စပ်လျဉ်းပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရခဲ့ပါ သေးလား။
ဖြေ။ ။ ကျနော်တို့ အယူခံလွှာကို ၂၀၀၈ ခုနှစ် အောက်တိုဘာ (၉) ရက်နေ့မှာ ရှေ့နေ ဦးလှမျိုးမြင့်က နေပြည်တော်ကို သွားတင်ပါတယ်။ တင်ပြီးတော့ အဲဒီအချိန် ကတည်းက ကျနော်လည်း ဒီလို တင်ထားတဲ့ အကြောင်း သတင်းပို့ဖို့တို့၊ နောက် ညွှန်ကြားလွှာ ယူဖို့တို့အတွက် တွေ့ခွင့်တောင်းတယ်။ တော်တော်များများ တောင်းပါတယ်။ တောင်းပေမယ့်လည်း ဘာမှမရခဲ့ဘူး။ ကြားကာလအတွင်းမှာ တွေ့ဆုံခွင့် လုံးဝ မရခဲ့ပါဘူး။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ဖမ်းဆီးထိန်းသိမ်း ထားတာဟာ ပြည်တွင်း အက်ဥပဒေအရ
(၅) နှစ်အထိပဲ ချုပ်နှောင်ပိုင်ခွင့် ရှိတယ်ဆိုပြီး ဆရာတို့ဘက်က တင်ပြတာကို အစိုးရဘက်က လက်မခံဘူး။ အယူခံကို ကြားနာမှုတောင် မရှိဘဲ ပယ်ချခဲ့တယ် ဆိုတော့ ဥပဒေကြောင်းအရ ဆက်လက် လုပ်ဆောင်နိုင်စွမ်း ရှိပါဦးမလား။
ဖြေ။ ။ ကျနော်တို့ကတော့ ဥပဒေကြောင်းအရ ရှိရင်ရှိသလို လုပ်မှာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါတာဝန်ကို ဖြစ်နေပြီဗျာ။ အခုအဆင့်ကျတော့ ဖြေသာ ဖြေလိုက်တာပေါ့။ အခုဟာက ဒေါ်အောင်ဆန်းစုကြည်ကို တားဆီးထားတဲ့ အချိန်က (၂၁) ရက်ပဲ ကျန်တော့တယ်ဗျ။ အဲတော့ဒါက သူတို့ပြောတဲ့ (၆) နှစ်အရကိုပဲ (၂၇) ရက် မေလ ၂၀၀၉ ဆိုရင် ကုန်ပြီ။ ကုန်ပြီဆိုတော့ကား လွှတ်ရမယ်။ လွှတ်ပေးလည်း လွှတ်ပေးမှာပါ။ ဟိုတုန်းကလည်း ပထမအကြိမ် အရေးယူ တုန်းကလည်း ဒီလိုပဲ လွှတ်ပေးတာပဲ။ လွှတ်ပေးမှာပါ။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ် ကာလအတွင်း ဆရာဝန်နဲ့ တွေ့ဆုံခွင့်၊ ရှေ့နေနဲ့ တွေ့ဆုံခွင့် တွေဟာ အာဏာပိုင်တွေကို အဆင့်ဆင့် တင်ပြပြီးမှ တွေ့ဆုံနေရတယ်။ တွေ့ဆုံခွင့် ပြုခဲ့တာလည်း အင်မတန်မှ နည်းတယ်ဆိုတော့ ဒီ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ ဥပဒေပုဒ်မ (၁၀/ခ) မှာ ဒီအခွင့် အရေးတွေနဲ့ စပ်လျဉ်းပြီး အသေးစိတ် ဖော်ပြထားတာမျိုး မရှိဘူးလား။
ဖြေ။ ။ (၁၀/ခ) နဲ့ လုပ်ထားတာက အချက်က (၄) ချက်ကိုးဗျ။ ဘယ်မှာသာ နေထိုင်ရမယ်။ ဘယ်မှာ မနေထိုင်ရဘူး။ ဘယ်သူတွေနဲ့ မတွေ့ရဘူး။ ဘာတွေ မထားရဘူး စတဲ့ အချက်လေးချက်ကို ကန့်သတ် ထားပါတယ်။ စတာတွေက လွဲလို့ရှိရင် ကျန်တဲ့ဟာ အားလုံးခံစားခွင့် ရှိတယ်။ တားဆီးတဲ့အထဲ မပါသော နိုင်ငံသား အခွင့်အရေး မှန်သရွေ့ သူခံစားပိုင်ခွင့် ရှိတယ်။ အခုတော့ ဆရာဝန်နဲ့ တွေ့ဆုံခွင့်မှာတော့ ဘာမှအခက်အခဲ မရှိတော့ဘူးဗျ။ (၈.၈.၂၀၀၈) ရက်နေ့ကတည်းက လတိုင်းလိုလို ပုံမှန် တွေ့သွားပါပြီ။ ရှေ့နေနဲ့သာ။ ဥပဒေမှာ ဆိုထားတာက ပြည်တွင်းဥပဒေ ရော၊ ပြည်ပ ဥပဒေရောမှာပေါ့ဗျာ။ အမှုသည် တယောက်ဟာ သူရဲ့ရှေ့နေနဲ့ တွေ့ပိုင်ခွင့် ရှိတယ်ဆိုပြီးတော့ ဖော်ပြထားတော့ တင်ပြတော့ထားတာပဲ။ ဒါပေမယ့် ခွင့်မပြုဘူးဗျာ။
မေး။ ။ အယူခံပယ်ချခြင်းမပြုမီ အယူခံကို ကြားနာပေးဖို့ ၀န်ကြီးချုပ် ဆီကို မေတ္တာရပ်ခံစာ ပေးပို့မှု ဘယ်နှစ်ကြိမ် လောက်များ ပြုလုပ်ခဲ့ရ ပါသလဲဆရာ။
ဖြေ။ ။ လေးကြိမ်။ ပထမပိုင်းကတော့ ကျနော်တို့က သတင်း တပ်ဖွဲ့အဆင့် ကိုပဲ ဆက်သွယ်ပြီးတော့ လုပ်နေတာ။ နောက်တော့ ကဲမထူးဘူး။ သတင်းတပ်ဖွဲ့ ကလည်း အထက်ကို ပြန်ပြန် တင်ပြနေရတာ ရှိတော့ ကျနော်တို့က အယူခံအဖွဲ့ရဲ့ အကြီးအကဲ ၀န်ကြီးချုပ်ဆီကို တိုက်ရိုက်တင်တယ်။ ကျနော်တို့ အယူခံတင်တာက ပြီးခဲ့တဲ့နှစ် အောက်တိုဘာ (၉) ရက်မှာ တင်ပြီး နိုဝင်ဘာလ ဘာမှ မထူးသေးဘူး။ ဒီဇင်ဘာလ ဘာမှ မဖြစ်သေးဘူး ဆိုတော့ အယူခံတင်ပြီး နှစ်လတိုင်တိုင် ဘာမှ ဖြစ်မလာတော့ ဒီဇင်ဘာလကုန် (၃၀) ရက်နေ့ကျတော့ ၀န်ကြီးချုပ်ဆီ မေတ္တာရပ်ခံစာ စရေးပါတယ်။ နောက်တခါ နောက်နှစ် ၂၀၀၉ ဇန်န၀ါရီ (၂၀) ရက်မှာ နောက်တကြိမ် ထပ်ရေးပို့ ပါတယ်။ နောက် ဖေဖော်ဝါရီကျတော့ မရေးဖြစ်ဘူးဗျ။ မရေးဖြစ်ရတဲ့ အကြောင်းက အဲဒီလထဲမှာ မစ္စတာ ဂမ်ဘာရီနဲ့ မစ္စတာ ကင်တားနားတို့ လာတော့ ကျနော်တို့ ဘက်က အချိန်ကိုက်ပြီး လုပ်တယ်လို့ ထင်မှာစိုးလို့ မရေးခဲ့တာ။ နောက် မတ်လရောက်တော့ (၁၃) ရက်နေ့မှာ ထပ်တင်တယ်။ အဲဒါလည်း ဘာမှ အကြောင်း ပြန်ကြားမှု မရှိတော့ ဧပြီ (၁၀) ရက်မှာ နောက်တစောင် ထပ်တင်တယ်။ အဲဒါလည်း မထူးတော့ (၂၈) ရက်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီကို တိုက်ရိုက် တင်ပြလိုက်တာ။ တိုက်ဆိုင်လို့လားတော့ မသိဘူး။ သူတို့ နဂိုကတည်းကပဲ လုပ်နေလား။ ကျနော်လည်း မသိဘူးပေါ့လေ။ အဲဒီမှာ ချက်ချင်း အရေးယူ ဆောင်ရွက် လာပြီးတော့ အယူခံကို ပယ်လိုက်တာပဲ။ ဧပြီ (၃၀) ရက်မှာ ပယ်လိုက်တယ်။
မေး။ ။ အဲဒီ ဧပြီ (၃၀) ရက်မှာ အယူခံ ပလပ်လိုက်ကြောင်း အကြောင်းကြားစာနဲ့ အတူ ရှေ့နေ ဦးလှမျိုးမြင့် ဆီမှာ ချိပ်ပိတ် စာတစောင် ပါလာတယ်လို့ ကျနော်တို့ ကြားထားရပါတယ်။ အဲဒီစာထဲမှာ ဘာတွေ ဖော်ပြရေးသား ထားပါသလဲ။
ဖြေ။ ။ အော်..အဲဒီစာက စောစောကပြောသလိုပေါ့လေ။ (၃၀) ရက်နေ့မှာ ဟိုက ပလပ်တယ် ဆိုတဲ့ ဆုံးဖြတ်ချက် ချလိုက်ရော။ ဦးလှမျိုးမြင့် နေပြည်တော် လာခဲ့ပါလို့ ခေါ်လို့ သူ နေပြည်တော် သွားရတယ်ဗျ။ ဟိုရောက်တော့ ကျနော့်ဆီကို လိပ်မူထားတဲ့ ချိပ်ပိတ်စာကို ဦးလှမျိုးမြင့်ကို ပေးတယ်။ အဲဒီမှာ ဦးလှမျိုးမြင့်က ကျနော့်ဆီကို ဖုန်းလှမ်းဆက်တယ်။ စာတစောင်တော့ ရထားတယ် ဖွင့်ဖောက်ပြီး ကြည့်ရမလားလို့ မေးတယ်။ ကျနော်က ဒီရောက်မှ အတူ ဖောက်ကြတာပေါ့ဗျာလို့ ပြန်ပြောတော့ ရန်ကုန်ကို ယူလာပြီး အတူတူ ဖွင့်ဖောက် ကြည့်ကြတယ်။ စာထဲမှာ ဘာပါလာလဲဆိုတော့ အယူခံ စိစစ်ရေးအဖွဲ့ ဖွဲ့လိုက်တယ်တဲ့။ အဲဒီအယူခံ စိစစ်ရေးအဖွဲ့က ဌာနပေါင်းစုံမှာ ရှိတဲ့ စာတွေ ဓာတ်ပုံတွေကို ကြည့်တယ်တဲ့။ အဲလို ကြည့်ပြုပြီးတော့မှ အကြံပြုတာက ဥပဒေနဲ့အညီ ခိုင်လုံသော အထောက်အထားများ မတွေ့ရှိရတဲ့ အတွက် ပလပ်တယ်တဲ့။ အဲဒါတွေ ပါပါတယ်။
Ref: ခေတ်ပြိုင်
Friday, May 8, 2009
မီးစတဖက်၊ ရေမှုတ်တဖက် နအဖရဲ့ စီမံချက် (အပိုင်း-၂)
ဗိုလ်ထက်မင်း
၇ မေ ၂၀၀၉
တခြား အပစ်ရပ်အဖွဲ့တွေနဲ့ မတူဘဲ သမိုင်းကြောင်းကြီးမားတဲ့ KNU ကို စည်းရုံးဖို့ ခက်ခဲနိုင်လို့ နအဖရဲ့  သတင်းစာတွေမှာ စိတ်ဓာတ်စစ် ဆင်ရေး နည်းဗျူဟာအရ ယခင်က ဆောင်းပါးများတွင် “ငမြ” လို့ ရေးသားခဲ့ရာမှ ဗိုလ်ချုပ် “မြ” လို့ ပြောင်းလဲခေါ်ကာ “ဖား” လာခဲ့ရ ပြန်ပါတယ်။ ဗိုလ်ခင်ညွန့် ကိုယ်တိုင် “ဖထီး”လို့ ရိုရိုသေသေ ခေါ်လာရပြီး မွေးနေ့ပွဲ ကျင်းပပေးတဲ့ အထိ ဖြစ်လာပါတယ်။
KNU နဲ့ နအဖရဲ့  တွေ့ဆုံဆွေးနွေးပွဲမှာ ဗိုလ်ချုပ်မြဟာ နှစ်ဖက်စလုံး ရိုးသားဖို့ လိုကြောင်း၊ ဒီဆွေးနွေးပွဲဟာ ဗိုလ်ချုပ်ခင်ညွန့် အပြင် ထိပ်ပိုင်းက နှစ်ဦးကပါ သိရှိ သဘောတူညီဖို့ လိုကြောင်း၊ DKBA အပါအ၀င် နအဖနဲ့ ပူးပေါင်းထားတဲ့ KNU ခွဲထွက်များကို KNU လက်အောက်သို့ ထည့်သွင်းရန် ရှိ မရှိ ဗိုလ်ခင်ညွန့် အား မေးမြန်း ပြောကြား ခဲ့ပါတယ်။
ဗိုလ်ချုပ်ခင်ညွန့်က ဒီဆွေးနွေးပွဲဟာ ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးတို့ နှစ်ဦးစလုံး သဘောတူညီ ခဲ့ပြီး ဖြစ်ကြောင်း၊ ဖြစ်ပျက်ခဲ့တဲ့ သမိုင်းကြောင်းကို တတ်နိုင်သမျှ သင်ပုန်းချေဖို့ လိုကြောင်း၊ သူ့အနေနဲ့ လက်နက်ကိုင် တိုင်းရင်းသား တွေ တော်တော် များများကို စည်းရုံး သိမ်းသွင်းနိုင်တဲ့ အချိန်မှာ တခုတည်းသာ ကျန်ရှိတဲ့ KNU ကို ငြိမ်းချမ်းရေး အတွက် ပါဝင်ဖို့ ဆန္ဒ ပြင်းပြလျက်ရှိကြောင်း ပြန်လည် ပြောကြားခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ဗိုလ်ချုပ်မြရဲ့  ဇာတိချက်မြေ ထီးမူးခီးရှိတဲ့ တပ်မဟာ (၅) နယ်မြေ၊ တပ်မဟာ (၇) နယ်မြေ၊ တပ်မဟာ (၆) နယ်မြေ အချို့ကို KNU အား ကရင်ပြည်နယ် ဒေသဖွံ့ဖြိုးရေး အတွက် အကြမ်းဖျင်းပေးရန် လျာထား ညှိနှိုင်း ဆွေးနွေးခဲ့ကြပြီး ရွာရှောင် လူထုများ မိမိတို့ နေရပ်သို့ ပြန်လည် အခြေချခွင့် ပြုရေးကို ဆွေးနွေးခဲ့ကြပါတယ်။
ဒီနေရာမှာ ဗိုလ်သန်းရွှေရဲ့  တင်းမာတဲ့ မူဝါဒတွေ အတိုင်း ဆက်လက် ဆွေးနွေးမယ် ဆိုရင် ရိုးသားမှုနဲ့ ယုံကြည်မှု မရှိသရွေ့ KNU နဲ့ ဘယ်တော့မှ ငြိမ်းချမ်းရေး ရနိုင်မှာ မဟုတ်သလို အပစ်ရပ်အဖွဲ့တွေရဲ့  လုံခြုံရေး၊ ရပ်တည်ရေးအရ အချိန် အတိုင်းအတာ တခုအထိ လက်နက် ကိုင်ဆောင်ခွင့် ဆက်လက် ပြုပေးရမှာဖြစ်ကြောင်း၊ နိုင်ငံရေး အရ နာမ်နှိမ် ဦးချိုးတဲ့ အကျင့်ဆိုးကို KNU အား လုပ်လို့ မရကြောင်း ဗိုလ်ခင်ညွန့် အနေနဲ့ ကောင်းစွာ နားလည်သဘော ပေါက်ခဲ့ပါတယ်။
ဒါကြောင့်လည်း ဆွေးနွေးပွဲ အစီအစဉ် အသေးစိတ်ကို မတင်ပြသေးဘဲ ဗိုလ်ခင်ညွန့်ဟာ ဗိုလ်သန်းရွှေရဲ့  စိတ်လက် ကြည်လင်မှု အခြေအနေအား စောင့်ဆိုင်းပြီး နောက်ကျမှ နိုင်ငံရေး အမြတ်ရရှိမှု အကျိုးရလဒ် တွေနဲ့ နှိုင်းယှဉ် ရှင်းလင်းကာ KNU လိုလားချက်ကို လိုက်လျောအောင် ဖျောင်းဖျ ပြောဆိုမည်ဟု ကြံရွယ်ထားပြီး လောလောဆယ် ငြိမ်းချမ်းရေး အမြန်ရယူ risk ယူဖို့သာ “ဇော” ကပ် နေခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗိုလ်ခင်ညွန့် ဖမ်းဆီး ခံသွားရချိန်မှာ ဗိုလ်ရွှေမန်းတို့က KNU နဲ့ ဗိုလ်ခင်ညွန့်တို့ ညှိနှိုင်း ဆွေးနွေးချက်တွေဟာ လျှို့ ဝှက်လွန်းပြီး ထိပ်ပိုင်းကို အသိမပေးခဲ့ဘူးလို့ မတရား စွပ်စွဲခဲ့ပါသေးတယ်။ နအဖရဲ့  ကမ်းလှမ်းချက်အရ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ် မူတူးကို ကော့ကရိတ်မြို့သို့ ထပ်မံခေါ်ယူ ဆွေးနွေး ခဲ့ပါသော်လည်း ဗိုလ်ခင်ညွန့် ဖမ်းဆီး ခံလိုက်ရလို့ ဆွေးနွေးပွဲ ရေချိန်ကျသွားခဲ့ ပါတယ်။
အဲဒီ ဆွေးနွေးပွဲသို့ သွားရမယ့် ခရီးစဉ်မှာ ဗိုလ်ချုပ်မူတူးနဲ့ ဗိုလ်ချုပ်မန်းကျော့ဖေ တို့အား တပ်မဟာ (၆) နယ်မြေမှာ ရှိတဲ့ ကရင်ပြည်သူ လူထုက သောင်းသောင်းဖြဖြ ကြိုဆိုလက်ခံကာ ကော့ကရိတ်မြို့သို့ ခြေကျင် လိုက်ပါ ပို့ဆောင်ဖို့ ကြိုးစားကြတဲ့ အတွက် နအဖက စိုးရိမ် တကြီး တားဆီးကာ ဗိုလ်ချုပ်မူတူးတို့အား မူလ လာမယ့်လမ်းကို ခွင့်မပြုတော့ဘဲ မြ၀တီမှ တဆင့်သာ ပြန်ဝင်ခိုင်းခဲ့ ပါတယ်။
ဗိုလ်ခင်ညွန့် မရှိတော့တဲ့နောက်ပိုင်းမှာတော့ နအဖ ဗိုလ်ချုပ်များက ဗိုလ်သန်းရွှေကို ပြန်လှန် မပြောရဲကြလို့ Gentlemen agreement ဟာလည်း ပျက်ပြယ်သွားပြီ ဖြစ်ကြောင်းကိုသာ မျက်နှာပြောင်တိုက်ကာ KNU ကို ပြောကြားခဲ့ပါတယ်။
နအဖဟာ KNU ကို နယ်မြေပေးမည်ဆိုရာတွင် ဘုရားသုံးဆူ မြောက်ခြမ်း တပ်မဟာ (၆) နယ်မြေဟု ကြားသိရသော်လည်း အဲဒီ နယ်မြေမှာ DKBA နဲ့ NMSP တပ်ဖွဲ့များ ရှိနေရာ အိမ်ကြက်ချင်း အိုးမည်းသုတ် ခွပ်ခိုင်းရုံ စိတ်ထား မူမမှန်တာကြောင့် နအဖရဲ့ ငြိမ်းချမ်းရေးဟာ အတုအယောင်သာ ဖြစ်ကြောင်း တွေ့ရပါတယ်။ ကရင် ခွဲထွက်တွေနဲ့ တွေ့ဆုံပွဲ တခုမှာ စရဖ အကြီးအကဲ ဗိုလ်ရဲမြင့်က အပစ်ရပ်တွေ ကိုင်ထားတဲ့ လက်နက်တွေဟာ သူတို့ လက်နက်တွေ လောက် အစွမ်း မထက်ကြောင်း ခြိမ်းခြောက်တဲ့ လေသံမျိုး ပြောခဲ့ပါ တယ်။
နအဖရဲ့  သဘောထား မူမမှန်ကြောင်း KNU ခေါင်းဆောင် ဗိုလ်ချုပ်မြ သိရှိသွားပြီးတဲ့နောက် သူ့ကျန်းမာရေး မကောင်းလို့ ဆေးရုံတက် နေချိန်မှာ နအဖက ဆေးကုသခွင့် စရိတ်ပေးပြီး ရန်ကုန်မှာ ဆေးကုဖို့် မြူဆွယ် စည်းရုံးမှုအား ပြတ်သားစွာ ငြင်းပယ် ခဲ့ပါတယ်။
DKBA အား နယ်ခြားစောင့်တပ် အဖြစ် တာဝန်ပေးမယ်လို့ သိရလို့ KNU အနေနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိပြီး ၀င်သွားခဲ့ရင်တောင် DKBA လို အခွင့်အရေး တန်းတူ နအဖက ပေးမှာ မဟုတ်သလို DKBA ကိုယ်နှိုက်ကလည်း KNU နဲ့ ပေါင်းစပ်ဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တော့ကြောင်း ပြောကြားလာနေပြီ ဖြစ်ပါတယ်။
DKBA ဟာ KNU ၀င်ရောက်လာပါက ရရှိထားတဲ့ အခွင့်အရေးများ လက်လွတ် ဆုံးရှုံးသွားမှာ စိုးရိမ်ကာ နအဖအား မျက်စိမှိတ် ထောက်ခံခဲ့ပြီး ယခုအခါ နယ်မြေ ဧရိယာ ချဲ့ထွင်တဲ့ အနေနဲ့ သမိုင်းကြောင်းအရ ခြေမချခဲ့ဖူးတဲ့ တပ်မဟာ (၆) နယ်မြေ ဝေါလေခီး စခန်းကိုတောင် ရအောင် နအဖဘက်က ကူညီ တိုက်ခိုက်ခဲ့ပါတယ်။
အခုနောက်ပိုင်းမှာ နိုင်ငံတကာအနေနဲ့ လက်နက်ကိုင် တော်လှန်ရေးကို အားပေးမှု မပြုတော့တာလည်း နအဖအတွက် အားတက်စရာ ဖြစ်ခဲ့ပြီး KNU နဲ့ အစစ်အမှန် ငြိမ်းချမ်းရေး အတွက် မကြိုးစားတော့တာ တွေ့ရပါတယ်။
သို့သော်လည်း နိုင်ငံတကာနဲ့ ပြည်သူလူထုက ထောက်ပြစရာ ဖြစ်မှာမို့ နအဖဟာ KNU ကို တိုက်ရိုက် ဆွေးနွေးရင် ရရက်သားနဲ့ ထိုင်းနိုင်ငံမှတဆင့် KNU အား ဖိအားပေးစေကာ ဟန်ပြ ငြိမ်းချမ်းရေး စကားပြောနေပါတယ်။ ဆွေးနွေးပွဲ ပျက်ရင်တောင် နအဖက သူ့ကြောင့် မဟုတ်ဘဲ ထိုင်းနိုင်ငံနဲ့ KNU ကိုသာ လက်ညှိးထိုးဖို့ ကြံရွယ်ပြီး ဖြစ်ပါတယ်။ တဖက်ကလည်း နအဖဟာ KNU ကို ထိုးစစ် ဆင်နေပြန်ပါတယ်။
KNU နဲ့ ငြိမ်းချမ်းရေး ရသွားရင် စစ်အာဏာရှင်တွေ အနေနဲ့ စစ်ရေး အကြောင်းပြပြီး နိုင်ငံရေးမှာ စစ်တပ် ကြီးစိုးဖို့ အခွင့်အလမ်း မရှိတော့မှာကို အထူး စိုးရိမ်နေပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး လုပ်လို့ ရလျက်သားနဲ့ မလုပ်ဘဲ ထားတာဟာ စစ်အာဏာရှင်တွေ အနေနဲ့ နိုင်ငံတကာအား မြန်မာနိုင်ငံဟာ “မငြိမ်းချမ်းသေး” ဆိုတဲ့ အကြောင်းပြချက် ကောင်းအောင် KNU ကို မွေးထားခြင်းသာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
Ref: ခေတ်ပြိုင်
ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်မှူးတဦး KNU ထံ ပြန်လည် ရောက်ရှိ
Thursday, 07 May 2009 21:16 ဖြိုးကြီး
ဗိုလ်ချုပ်စောထင်မောင်ဦးဆောင်သည့်ကရင်ခွဲထွက် အဖွဲ့ ငြိမ်းချမ်းရေး ကောင်စီ တပ်ရင်း (၇၀၄) မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး စောလေးမူး မိသားစုဝင်များနှင့် အတူ KNU အဖွဲ့သို့ ပြန်လည် ရောက်ရှိလာသည်။
စစ်အစိုးရ၏ ငြိမ်းချမ်းရေးအဖွဲ့များ အပေါ် ထားရှိသည့် သဘောထားကို မယုံကြည် ရတော့သည့် အပြင် ၂၀၁၀ နောက်ပိုင်း နယ်ခြားစောင့် တပ်ဖွဲ့ပြီးပါက မိမိလူမျိုးနှင့် ပြည်သူလူထု တရပ်လုံး အတွက် အာမခံချက် မရှိတော့သည့် အတွက် ယခုလ (၄) ရက်နေ့က ကေအန်အဲလ်အေ တပ်မဟာ (၇) သို့ ပြန်လည် ရောက်ရှိလာခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
“ကျနော်တို့ရပ်တည်ဖို့ အာမခံချက်မရှိဘူး၊ သူတို့ခိုင်းတာပဲ အကုန်လုပ်ရမှာ၊ ငြိမ်းချမ်းရေး လုပ်တယ် ဆိုတာက ကိုယ့် အမျိုးသားတွေ အတွက် ငြိမ်းချမ်းဖို့ လုပ်တာဆိုပြီး အဖိုး ထင်မောင်ပြောတာ၊ အခုတော့ ကျနော်တို့ ကာကွယ်ရေး ဦးစီးချုပ် ခိုင်းတာ လုပ်ရမယ်ဆိုတော့ ကျနော်တို့ ရည်ရွယ်ချက်နဲ့ တခြားဖြစ်သွားမယ်၊ အဲဒါကြောင့်မို့ ကျနော်ထွက်လာခဲ့တာ” ဟု ဗိုလ်မှူး စောလေးမူးက ပြောသည်။
ပြီးခဲ့သည့်လ (၂၈) ရက်နေ့က ငြိမ်းချမ်းရေးကောင်စီ အဖွဲ့များကို နအဖ အာဏာပိုင်များက ဖားအံမြို့တွင် ခေါ်ယူကာ အသက်ကြီး သူများကို ပါတီဖွဲ့ ရွေးကောက်ပွဲ ဝင်ခိုင်းပြီး ကျန်တပ်ဖွဲ့ဝင်များကို အင်အားလျော့ချကာ နယ်ခြားစောင့်တပ် ပြန်လည် ဖွဲ့စည်းပြီး ကာကွယ်ရေး ဦးစီးချုပ် လက်အောက်တွင် ထားရှိမည်ဖြစ်ကြောင်း ပြောဆို ဖိအားပေးခဲ့ သည်ဟု ၎င်းက ပြောသည်။
လက်ရှိ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင်များ အခြေအနေနှင့် ပတ်သက်၍ “၂၀၁၀ ပြီးရင် တပ်တွေကို ပြန်ဖွဲ့စည်းပြီး နယ်ခြားစောင့်တပ် အဖြစ် ထားမယ်၊ နအဖတပ်လို နေရမယ် ဆိုရင်တော့ ကျနော့်လူတွေ တယောက်မှ ရှိတော့မှာ မဟုတ်ဘူး၊ ပါတီဖွဲ့ဖို့ ကလဲ ငြိမ်းချမ်းရေးအဖွဲ့ ထဲမှာ ပါတီ ဖွဲ့နိုင်လောက်တဲ့သူ တယောက်မှ မမြင်ဘူး၊ အဖိုး ထိန်မောင်ဆိုရင်လဲ အသက်က ကြီးလာပြီး သူ ပါတီထောင်ပြီး ဘယ်လို ရွေးကောက်ပွဲ ဝင်နိုင်မလဲ” ဟု ပြောသည်။
နအဖစစ်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးအဖွဲ့ဝင်များ အပေါ် ထားရှိသည့် သဘောထားနှင့် ပတ်သက်၍လည်း “တစုံလုံ အတိုင်းအတာ ပြောရရင် ကျနော်တို့ လူထုတွေ နစ်နာတာပဲ ရှိတယ်၊ နအဖ လုပ်ရပ်သာ အောင်မြင်ရင် တိုင်းသူ ပြည်သားတွေ ပိုပြီး နစ်နာမှာပါ၊ အားလုံး အခြေအနေက ပရုပ်လုံးလို လုံးပါးပါးသွားမှာပဲ၊ သူတို့ပြောတဲ့ ဒီမိုကရေစီ ဆိုတာလဲ တိုင်းသူ ပြည်သားတွေ အတွက် ဖြစ်လာမှာ မဟုတ်ပါဘူး၊ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေ အားလုံးဟာ ၂၀၁၀ ပြီးရင် အားလုံး ပျက်သုဉ်း သွားမှာပါ” ဟု ပြောသည်။
နအဖမီဒီယာများက ငြိမ်းချမ်းရေးအဖွဲ့များမှ ပြန်လည် ရောက်ရှိလာသူများကို KNU မှ သတ်ဖြတ်ပစ်ကြောင်း ပြောဆို နေခြင်းသည် လိမ်လည်မှု များသာဖြစ်ပြီး တကယ်တမ်း လက်တွေ့တွင် နွေးထွေးစွာ ကြိုဆို ဆက်ဆံကြောင်း ၎င်းက ဆက်လက်ပြောသည်။
“သူတို့ပြောတာ တခြားစီပါဗျာ၊ သူတို့သတင်းမှားတယ် ဆိုတာ ကျနော်ကိုယ်တိုင် ကြုံနေရပြီ၊ ကျနော် အေးအေးဆေးဆေးပဲ လက်ထိပ်ခတ် တာတောင် မရှိဘူး၊ နွေးထွေးစွာ ကြိုဆိုတယ်၊ စားဖို့သောက်ဖို့ ကအစ သူတို့လုပ်ပေးတယ်၊ အခုလို ပြောတာကလဲ ဘယ်သူမှ ဖိအားပေးလို့ မဟုတ်ဘူး၊ နအဖ မီဒီယာတွေက သတင်းအမှားတွေပဲ ဖြစ်တယ်ဆိုတာ ကျနော် ပြောချင်ပါတယ်” ဟု ပြောသည်။
လက်ရှိ ဗိုလ်ချုပ်ထင်မောင်ဦးစီးသည့် ငြိမ်းချမ်းရေး ကောင်စီတွင် တပ်ရင်း ၉ ရင်းနှင့် အထူးတပ်ရင်း ၁ ရင်း ထားရှိကာ လက်နက်ကိုင် အင်အား ၃၀၀ ဝန်းကျင်သာ ရှိကြောင်း ၎င်းက ပြောသည်။
လက်ရှိ ငြိမ်းချမ်းရေးကောင်စီတွင် ကျန်ရစ်ခဲ့သူများကို ၎င်းအနေဖြင့် “ကျနော့် လုပ်ဖော် ကိုင်ဖက်တွေကို မှာချင်တာက အခြေအနေ အရပ်ရပ်ကို အားလုံး သိတဲ့အတွက် ခြေမကျွံခင် ပြန်လာခဲ့ကြပါလို့ မှာချင်တယ်၊ ရှေ့လှမ်းရမှာ ကလဲ ချောက်ကမ်းပါးပဲ ဆိုတာကို သိလျှက်နဲ့ ဆက်မမှား စေချင်တော့ဘူး၊ မိခင် KNU ရဲ့ရင်ခွင်ကို ပြန်လာဖို့ ပြောချင်ပါတယ်” ဟု ဗိုလ်မှူး စောလေးမူးက တိုက်တွန်း ပြောဆိုသည်။
ဗိုလ်မှူးစောလေးမူး မိခင် KNU သို့ ၎င်း၏မိသားစုဝင် ၄ ဦးနှင့်အတူ ပြန်လည် ရောက်ရှိလာသည့် အပေါ် တပ်မဟာ (၇) တပ်မဟာမှူး ဗိုလ်မှူးချုပ် ဂျော်နီက “ဟိုမှာနေလို့ အခြေအနေ မကောင်းတော့ဘူး၊ အများအတွက် အမျိုးသားအတွက် အကျိုး မရှိဘူးဆိုတာကို သိလို့ ပြန်လာတာ၊ သူ့မိသားစုတွေရော အရင်ကအတိုင်း အေးအေးဆေးဆေး ပြန်လာနေပါ နွေးထွေးစွာပဲ ကြိုဆိုပါတယ်” ဟု ပြောသည်။
Ref: ရိုးမ ၃
ဆီဆိုင်မြို့နယ်တွင် စစ်တပ်က ရွာသူကြီးကိုသတ်၍ ရွာသား ၈၀ ကျော် ဖမ်းဆီးထား
ခွန်အောင်မြတ်။
မေလ ၇ ရက်၊ ၂၀၀၉ ခုနှစ်။
ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ မြန်မာစစ်အစိုးရ တပ်က ကျေးရွာ သူကြီးကို သတ်ပြီး ရွာသား (၈၀) ကျော် ဖမ်းဆီး စစ်ဆေးနေသည်ဟု ဒေသခံရွာသား တယောက်က ပြောသည်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့နှင့် ကရင် တပ်မတော်ပူးပေါင်း တပ်ဖွဲ့တို့က ခြေမြန်တပ်ရင်း ၄၂၆ ကို ခြုံခို တိုက်ခိုက် ပြီးသည့်နောက် ယခုလို သတ်ဖြတ်ဖမ်းဆီး ခြင်းသည်။
“ကျနော်တို့ရွာက နောင်တဗန်ရွာနဲ့ စောဆားရွာပေါ့နော် ကျနော်တို့ ရွာသူကြီးနာမည် ကတော့ ဦးကျော်ဗဲ့ပေါ့ ရွာရဲ့အနောက်ဖက် တောင်ကုန်းပေါ်မှာ ဗမာစစ်တပ်က ပစ်သတ် သွားတယ်လေ။ ပြီးတော့မှ ကျနော်တို့ ရွာသား နောင်တဗန်ကျေးရွာ ပြီးတော့ စောဆား ရွာသား ၈၀ ကျော်ကိုလည်း အဲဒီ ခမရ ၄၂၅ ပေါ့နော် တပ်ရင်းက ရွာသားတွေကို ဖမ်းထား ပြီးတော့မှ သူတို့က ရိုက်နှက်တယ်။ ကျနော်တို့ ရွာသားတွေဆို တချို့သွေးတွေ အန်တယ်။ အခုထိ ဘုန်းကြီးကျောင်းမှာပဲ ဖမ်းထားဆဲပဲ ရှိသေးတယ်အခု။ ” ဟု ဒေသခံ ရွာသား တဦးက ပြောသည်။
မြန်မာစစ်အစိုးရ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) ၇ လက်အောက်ခံ ခမရ ၄၂၆ တပ်ရင်းကို ပအိုဝ်းနှင့် ကရင် ပူးပေါင်း တပ်ဖွဲ့က ခြုံခို တိုက်ခိုက်သဖြင့် ဗိုလ်မှူး မျိုးမင်းထွန်း အပါအ၀င် အင်အား ၁၂ ကျဆုံးပြီး လက်နက်များကို ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်း ရမိသည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ သတင်း ထုတ်ပြန်သည်။
ယင်းတိုက်ပွဲ ဖြစ်ပွားပြီးနောက် တရက်အကြာတွင် ရပခ ဒုတိုင်းမှူးက လာရောက် စစ်ဆေး ပြီးနောက် ခမရ ၄၂၅ က တိုက်ပွဲ ဖြစ်ပွားသည့် အနီးရှိ ကျေးရွာသူကြီးကို ဖမ်းဆီးသတ်ဖြတ် ကာ ကျေးရွာသား ၈၀ ကျော်ကိုလည်း ဖမ်ဆီးပြီး ရိုက်နှက် စစ်ဆေးမှု ပြုလုပ်နေသည်ဟု အဆိုပါ ရွာသားက ပြောသည်။
“ကျနော်တို့ ရွာသားတွေမှာတော့ အပြစ်ကင်းပြီးတော့မှ လက်နက်ကိုင်လည်း မရှိဘူး။ ပြီးတော့မှ ရိုးရိုး စားသောက် လုပ်ကိုင်နေတဲ့ လူတွေလည်း ဖြစ်တယ်။ သူတို့ စစ်အစိုးရ မကောင်းတာတွေ လုပ်တဲ့ အတွက်ကြောင့်မို့ ကျနော်တို့ရဲ့ ဒီပအိုဝ်း စစ်တပ်အဖွဲ့က သူတို့ကို တိုက်တာဖြစ်တယ်။ သူတို့ မကောင်းတာ လုပ်တဲ့ အတွက်ကြောင့်ပေါ့နော်။ ဒါပေမယ့်လည်း ကျနော်တို့နဲ့ မဆိုင်ဘူး။ အဲဒီဥစ္စာ ကျတော့ ကျနော်တို့ကပဲ သူတို့တိုက်တာကို ကြားထဲမှာ ကျနော်တို့က ဓားစာခံ ဖြစ်နေရတဲ့ အခြေအနေမျိုး ဖြစ်နေလို့ ကျနော်တို့ တခြား အဖွဲ့ အစည်းကိုလည်း အပြစ်မတင်ဘူး သို့သော်လည်း ပဲ စစ်အစိုးရ ဒီလိုမျိုးလုပ်တာ ကျနော်တို့ရဲ့လူထုအပေါ်မှာ ညှင်းပမ်း နှိပ်စက်တာလို့ပဲ ကျနော်တို့ မြင်တယ်ဗျ။”
ယခုတိုက်ပွဲဖြစ်ပွားမှုကြောင့် စကခ ဗျူဟာမှူး ဗိုလ်မှူးချုပ်မျိုးအေးက ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်အား ၎င်းတို့ အုပ်ချုပ်ပိုင်ခွင့် ဒေသကို မထိန်းထားနိုင်လျှင် ပြန်လည် ရုပ်သိမ်းမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့သည်။
Ref: Network Media Group
ကရင်ခွဲထွက်များ ပျောက်ကွယ်စေရန် နအဖ လုပ်ဆောင်ဟု ငြိမ်းချမ်းရေး ကောင်စီ ပြောကြား
NEJ / ၇ မေ ၂၀၀၉
မြန်မာစစ်အစိုးရကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲပြီးလျှင် ကရင် ခွဲထွက်များ အားလုံး အလိုအလျောက် ပျောက်ကွယ် သွားမည့် အစီအစဉ်ကို နအဖမှ စနစ်တကျ လုပ်ဆောင်နေသည်ဟု ကေအန်ယူ /ကေအန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိသူ တဦးက ပြောသည်။
စောဌေးမောင် ဦးဆောင်သည့် ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီကို တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့က ခေါ်ယူကာ အနုနည်းဖြင့် အကြပ်ကိုင် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ဆက်စပ်ပြောကြားခြင်းဖြစ်သည်။
ယခုလ (၄) ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် တပ်မဟာ (၇) တပ်စခန်းသို့ လာရောက် ပူးပေါင်းသည့် ငြိမ်းချမ်းရေး ကောင်စီအဖွဲ့၏ တပ်ရင်း (၇၀၄) မှ ဗိုလ်မှူး စောလေးမူးက “အရင်လ (၂၈) ရက်နေ့က ဘားအံမှာ ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့က လူကြီးတွေကို နအဖ စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) က ခေါ်တွေ့ပြီး ဖူးဌေးမောင်ကို အဖွဲ့တွင်းမှာရှိတဲ့ အသက်ကြီးတဲ့ လူတွေကို အဖွဲ့က ထွက်ခိုင်းပြီး ကျန်တဲ့လူတွေနဲ့ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့ ပြောတယ်။ ၂၀၁၀ ကျရင် နယ်ခြားစောင့် အဖြစ် အကန့်အသတ်နဲ့ အသွင်ပြောင်းပေးမယ်။ အဲဒီကိစ္စကို စဉ်းစားခိုင်းတယ်” ဟု ပြောသည်။
၎င်းဆွေးနွေးပွဲတွင် မြန်မာစရဖအရာရှိများနှင့်အတူ ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့မှ စောဌေးမောင် (ဥက္ကဋ္ဌ)၊ ဗိုလ်ချုပ်ကြီး ထော့လေး (ဒုတိယစစ်ဦးစီးချုပ်)၊ နော်ကပေါ်ထူး (အတွင်းရေးမှူး) နှင့် ဗိုလ်မှူးချုပ်ယဉ်နု (စစ်ထောက်ချုပ်) တို့ ပါရှိသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ စောဌေးမောင်က အဖွဲ့ဝင်များအား ယနေ့ထိ ပြန်လည်ရှင်းလင်း ပြောဆိုခြင်း မရှိသည့် အပေါ် အဖွဲ့ဝင်များက စိုးရိမ်နေပြီး ၎င်းတို့အားလုံးကို နအဖလက်ထဲ ဝကွက်အပ်မည်ကို စိုးရိမ် နေကြသည်။
ကရင်ခွဲထွက်များ၏ အခြေအနေနှင့်ပတ်သက်၍ ရွေးကောက်ပွဲ ပြီးလျှင် ခွဲထွက်အဖွဲ့ အားလုံးကို နယ်ခြားစောင့် အဖြစ် အသွင်ပြောင်းပြီး ကာကွယ်ရေး ဦးစီးချုပ်၏ အကန့်အသတ် အောက်တွင် ရပ်တည်ရမည် ဖြစ်သောကြောင့် ကရင် ခွဲထွက်အဖွဲ့များ အားလုံး အလိုအလျောက် လုံးပါးပါးပြီး ပျောက်ကွယ်သွားမည် ဖြစ်သည်ဟုလည်း စောလေးမူးက ပြောသည်။
၎င်းက “စစ်မှန်တဲ့ငြိမ်းချမ်းရေး ရမယ်ထင်ပြီးလုပ်ခဲ့တာ လက်တွေ့မှာ တခြားစီပဲ။ နအဖ လက်အောက်မှာ ဘာနိုင်ငံရေး၊ ဘာငြိမ်းချမ်းရေးမှ လုပ်လို့ မရဘူး။ ဒါကြောင့် မိခင် အဖွဲ့အစည်းဖြစ်တဲ့ ကေအန်ယူဆီ ပြန်လာတာပါ” ဟု ပြောသည်။
ကေအန်ယူခွဲထွက်အဖွဲ့အစည်းများမှာ ဒီကေဘီအေ၊ ကေအန်ယူ ငြိမ်းချမ်းရေး ကောင်စီအဖွဲ့၊ ပဒိုအောင်ဆန်း ဘုရားကုန်းအဖွဲ့၊ စောသမူဟဲ ဟောင်သရောအဖွဲ့၊ သံတောင် အထူးဒေသ တောင်နှင့်မြောက် (၂) ဖွဲ့ နှင့် (၁၀၁) အဖွဲ့တို့ ဖြစ်သည်။
ငြိမ်းချမ်းရေးကောင်စီတွင် တပ်ရင်း (၁၀) ရင်းရှိပြီး (၁) ရင်းလျှင် (၃၀) ဦးခန့်ရှိကာ ၎င်းတို့လက်ရှိ လက်နက်ကိုင် အင်အားမှာ (၃၀၀) ခန့် ရှိသည်ဟု သိရသည်။
လက်နက်ကိုင်အင်အားနည်းပါးရခြင်းမှာ နအဖက လက်နက်ဝယ်ယူ စုဆောင်းခွင့်နှင့် တပ်အင်အား တိုးချဲ့ခွင့် မပြုသဖြင့် ဒီကေဘီအေ အဖွဲ့ကဲ့သို့ အင်အားတောင့်တင်းမှု မရှိကြောင်း၊ ဒီကေဘီအေ အဖွဲ့ လက်နက်လူသူ စုဆောင်းမှုကို နအဖက မသိချင်ယောင် ဆောင်ထားပြီး ဒီကေဘီအေနှင့် ကေအန်ယူ ဖြစ်သည့် တိုက်ပွဲများတွင် လိုအပ်သည့် လက်နက် ခဲယမ်း မီးကျောက်နှင့် ရိက္ခာများကို လိုသလောက် ထုတ်ပေးသည်ဟုလည်း မိသားစုဝင် (၄) ဦးနှင့်အတူ ပြန်ဝင်လာသည့် စောလေးမူးက ပြောသည်။
ငြိမ်းချမ်းရေးအဖွဲ့များထံမှ ရရှိသောအချက်အလက်များ အရ နအဖ ဖွဲ့စည်း ပေးမည့် နယ်ခြားစောင့်တပ် တတပ်တွင် ငြိမ်းချမ်းရေး အဖွဲ့ဘက်မှ အရာရှိ (၁၅) ယောက် အပါအဝင် အင်အား (၂၉၆) ယောက်နှင့် နအဖဘက်မှ အရာရှိ (၃) ဦး အပါအဝင် အင်အား (၃၀)၊ စုစုပေါင်း အင်အား (၃၂၆) ယောက် ပါဝင်မည်ဖြစ်ကာ လစာနှင့် အခြား ခံစားခွင့်များကို နအဖမှ ထုတ်ပေးမည် ဖြစ်ပြီး စစ်သင်တန်းကိုလည်း နအဖက ပေးမည်ဟု သိရသည်။
Ref: ခေတ်ပြိုင်
Thursday, May 7, 2009
ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ အမေရိကန်တဦး ရေကူးသွား
ကြာသပတေးနေ့၊ မေလ 07 2009 10:01 - မြန်မာစံတော်ချိန်
ချင်းမိုင် (မဇ္ဈိမ) ။ ။ အမေရိကန်နိုင်ငံသား Mr. John Willian Yeattaw သည် နေအိမ်အကျယ်ချုပ် ကျခံနေသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဝင်းသို့ မေလ ၃ ရက် ညပိုင်းတွင် အင်လျားကန်တွင်းမှတဆင့် ရေကူး၍ သွားရောက် နေထိုင်ခဲ့ကာ ၂ ရက်ကြာ နေထိုင်ခဲ့သည်ဟု မြန်မာ့အလင်း သတင်းစာက ရေးသားထားသည်။
မစ္စတာ ဂျွန် ဝီလီယံသည် ဒေါ်ဆောင်ဆန်းစုကြည် နေအိမ်ဝင်းမှ မေလ ၅ ရက်ညပိုင်းတွင် ရေကူး၍ ပြန်ထွက်လာခဲ့သည်ဟု ယနေ့ထုတ် စစ်အစိုးရအာဘော် သတင်းစာက ရေးသားထားသည်။
သို့သော် နောက်တရက်နံနက် ၅း၃ဝ နာရီတွင် အင်ယားကန်အတွင်း ငါးလီတာဝင် ရေသန့်ဗူး အကူအညီဖြင့် ရေကူးနေစဉ် လုံခြုံရေး တပ်ဖွဲ့ဝင်များက သူ့ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
မစ္စတာ ဂျွန် ဝီလီယံသည် အမေရိကန်ပတ်စ်ပို့ (PP.No-4397677222/28.4.200) ကိုင်ဆောင် ထားသူဖြစ်ပြီး မြန်မာနိုင်ငံသို့ မေလ ၂ ရက်နေ့က ရောက်ရှိခဲ့သည်ဟု ပါရှိသည်။ ဖမ်းဆီး ရမိစဉ်က နိုင်ငံကူး လက်မှတ်နှင့် ကင်မရာတလုံး၊ ခေါက်ပလာယာ တလက်တို့ကိုပါ သိမ်းဆည်း ရမိခဲ့သည် ဆိုသည်။
Ref: မဇ္ဈိမ
မီးစတဖက်၊ ရေမှုတ်တဖက် နအဖရဲ့ စီမံချက် (အပိုင်း-၁)
ဗိုလ်ထက်မင်း
၅ မေ ၂၀၀၉
ဒီအပိုင်းမှာတော့ မြန်မာ့နိုင်ငံရေး၊ စစ်ရေးသမိုင်းကြောင်းတွေမှာ တိုင်းရင်းသား အခွင့်အရေး တန်းတူ ရရှိဖို့ တစိုက်မတ်မတ် အရှည်ကြာဆုံး တိုက်ပွဲဝင်နေတဲ့ ကရင် အမျိုးသား အစည်းအရုံး (ကေအန်ယူ) အပေါ် ထားရှိသော နအဖရဲ့  မူဝါဒတွေနဲ့ အတွင်းရေး ဇာတ်လမ်းတွေ၊ ပြုမူ ဆောင်ရွက်ခဲ့ပုံတွေ၊ ထိပ်ပိုင်း သဘောထား ကွဲလွဲ ခဲ့ပုံတွေကို ဆက်လက် ဖော်ထုတ် တင်ပြသွားပါ့မယ်။
ကေအန်ယူရဲ့ တော်လှန်ရေး သမိုင်းတလျှောက်ကို ကြည့်ရင် စစ်အာဏာရှင် များအား စစ်မြေပြင်တွင် သာမက အစိုးရရုံးစိုက်ရာ ရန်ကုန်မြို့ တော် အထိ တိုက်ရိုက် ခြိမ်းခြောက်နိုင်ခဲ့တဲ့ စစ်ရေးစွမ်းရည် စွမ်းဆောင်မှုတွေ ရှိခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။
ဦးနေ၀င်းလက်ထက်တွင် ရန်ကုန်မြို့တော်ရှိ မြန်မာ့ အသံလွှင့်ဌာန အဆောက်အဦးကို ကေအန်ယူ တပ်မဟာ (၇) မှ ကွန်မန်ဒိုများက ပစ်ခတ်နိုင်ခဲ့ပြီး “စိန်ခေါ်နေတဲ့ ဧရာဝတီ” ဆိုတဲ့ ခေတ်ပြိုင်ဂျာနယ် ဆောင်းပါးတပုဒ်တွင် တင်ပြပြီးခဲ့သလို ဧရာဝတီတိုင်း လိုမျိုး အဖြူရောင် နယ်မြေကိုတောင် ကေအန်ယူက ထိုးဖောက် တိုက်ခိုက် နိုင်သည်အထိ ထက်မြက်ခဲ့ပါတယ်။
တပ်မတော်ရဲ့  တိုက်ပွဲကြီးများနဲ့ ပတ်သက်ပြီး စစ်ရုံးရှိ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ရုံးရဲ့ သင်ခန်းစာ ဖော်ထုတ် လေ့လာ သုံးသပ်ချက်များ အရ အခက်အခဲဆုံး စံချိန်တင် ထိုက်တဲ့ တိုက်ပွဲတွေထဲမှာ ကေအန်ယူနဲ့ တိုက်ခဲ့တဲ့ မဲသဝေါ၊ ၀မ်ခ (အသစ်၊ အဟောင်း) တိုက်ပွဲကြီးများဟာ ထိပ်ဆုံးက ပါဝင်ခဲ့ပါတယ်။
ဗကပဟာ သမားရိုးကျ စစ်ကို ကျွမ်းကျင်သော်လည်း စစ်တပ်ရဲ့  ဖြတ်လေးဖြတ် နည်းဗျူဟာကြောင့် ကျဆုံး ခဲ့ရပါတယ်။ ကေအန်ယူ အနေနဲ့တော့ မဆုတ်တမ်း ခံစစ် နည်းဗျူဟာကဲ့သို့ သမားရိုးကျ စစ်ရော မိုင်းစစ်ဆင်ရေး အပါအ၀င် ပြောက်ကျားစစ်ပါ ရောမွှေသုံး တိုက်ခိုက်နိုင်ခဲ့တဲ့ အပြင် ကရင်ပြည်သူ လူထုကပါ ထောက်ခံခဲ့တဲ့ အတွက် နအဖရဲ့  ဖြတ်လေးဖြတ် နည်းဗျူဟာ မအောင်မြင်ခဲ့ဘဲ ယနေ့အထိ ရှင်သန် ရပ်တည်နိုင်တာကို တွေ့ရမှာ ဖြစ်ပါတယ်။
ကေအန်ယူဟာ နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ဆက်စပ်ကာ လက်လှမ်းမီ ပေါက်ရောက်ခဲ့သလို ပညာတတ် ပုဂ္ဂိုလ်များစွာလည်း ပါရှိနေပြီး ထိုင်းနိုင်ငံကို အကျိုးကျေးဇူး များစွာ လုပ်ပေးခဲ့ပါတယ်။ ကေအန်ယူ အနေနဲ့ အတိုက်အခံ အဖွဲ့အစည်းများ အားလုံးရဲ့ မှီခိုရာ အရိပ်ဖြစ်ခဲ့ပြီး တော်လှန်ရေးရဲ့  ဗဟို ဟန်ချက် အဖြစ်လည်း ရပ်တည် ပေးခဲ့ပါတယ်။
ဒါ့အပြင် အာရှလမ်းမကြီး ဖောက်လုပ်မှု စီမံကိန်းနဲ့ ဟတ်ကြီး (သံလွင်) ရေအား လျှပ်စစ် စီမံကိန်းအပေါ် ကေအန်ယူရဲ့  ကန့်ကွက်ချက်၊ မဲသရောထ ကြေညာချက် တွေကြောင့် နအဖက ရန်သူ့စာရင်း ပစ်မှတ် အမျိုးအစားထဲမှာ ကေအန်ယူအား ထိပ်ဆုံးနားမှာ သတ်မှတ်ထားခဲ့ ပါတယ်။
ပထမတော့ အမျိုးသားညီလာခံ ကျင်းပခါနီးမှာ စစ်အာဏာရှင် တွေဟာ မဟာဗျူဟာ (Strategy) အရ ကေအန်ယူ အနေနဲ့ နအဖလက်အောက်သို့ ၀င်လာပါက အပစ်ရပ် တိုင်းရင်းသားတွေ အားလုံးရဲ့  legitimacy ထောက်ခံအား ဖြင့် ပြည်တွင်း ထောက်ခံမှု ရနေတဲ့ အန်အယ်လ်ဒီကို နိုင်ငံရေး အပေါ်စီးရယူကာ အပြုတ်“ချ” ဖို့ ကြံရွယ်ခဲ့ပါတယ်။
ဒါ့အပြင် မဟာဗျူဟာ ဒုတိယရည်မှန်းချက်ကတော့ နအဖဟာ ကြည့်လို့ မရဖြစ်နေတဲ့ နယ်စပ်က အတိုက်အခံ အဖွဲ့အစည်းတွေရဲ့  လှုပ်ရှားမှုကို သေသွားအောင်၊ အထီးကျန် ဖြစ်သွားအောင် ကေအန်ယူကို ဆွဲခေါ်ဖို့ ဖြစ်ပါတယ်။
အရင်ကနဦး နအဖအနေနဲ့ မာနယ်ပလောဌာနချုပ်အား သိမ်းလိုက်နိုင်ပြီ ဖြစ်လို့ ကေအန်ယူကို အလွယ်တကူ စည်းရုံးလို့ ရမယ်လို့ ထင်ခဲ့ပါတယ်။ တကယ်တမ်း ဆွေးနွေးကြည့်တော့ ကေအန်ယူဟာ နိုင်ငံရေး ရင့်ကျက်မှုနဲ့ စိတ်ဓာတ် ကြံ့ခိုင်မှုတွေ ရှိနေပြီး စကားလုံး အသုံးအနှုန်း သုံးစွဲပုံ၊ စာလုံး အကျအနက အစ စိစစ်ခဲ့တာကြောင့် နအဖအနေနဲ့ အံ့သြခဲ့ရပါတယ်။
၁၉၉၆ ခုနှစ် ကေအန်ယူနဲ့ နအဖတို့ တတိယအကြိမ် ဆွေးနွေးပွဲ လုပ်ပြီးချိန်မှာ တရားဝင် သတင်း ထုတ်ပြန်ရမယ့် ခေါင်းစဉ်ဖြစ်တဲ့ လက်နက်နဲ့ ငြိမ်းချမ်းရေး စကားလုံး အထူးသဖြင့် လက်နက်ကိုင် လမ်းစဉ် စွန့်လွှတ်ပြီး တရားဥပဒေ ဘောင်ထဲ ၀င်ရောက် လာတယ်ဆိုတဲ့ စကားလုံးအား ပြန်လည် စဉ်းစား ပါရစေအုံးလို့ ဆိုကာ ကေအန်ယူက အချိန်တောင်းဆို ခဲ့ပါတယ်။
လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ခြင်းဟာ ကရင့်ခေါင်းဆောင် စောဘဦးကြီး မူနဲ့ ဆန့်ကျင်နေပြီး တရား ဥပဒေဘောင်ထဲ ၀င်တယ် ဆိုတာကလည်း နအဖရဲ့  တရားဥပဒေ တွေဟာ မတရားတာကြောင့် အဲဒီလို စဉ်းစားခဲ့တာ မှန်တယ်လို့ ယူဆမိပါတယ်။
အဲဒီနောက် နအဖရဲ့  ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးခွန်မြတ်တို့ဟာ ကေအန်ယူနဲ့ နှစ်ဖက် ငြိမ်းချမ်းရေး ပြန်လည် ရစေလိုတဲ့ ဆန္ဒနဲ့ နယ်စပ်သို့ ထွက်လာခဲ့ရာ အတိုက်အခံ အဖွဲ့အစည်း တချို့ က နအဖရဲ့  လှည့်ဖြားမှုကို သိနေလို့ ထောက်ပြကြတဲ့ အတွက် အောင်မြင်မှု မရဘဲ ပြန်သွားခဲ့ရပါတယ်။
အဲဒီအချိန်မှာ ဗိုလ်သန်းရွှေဟာ ကကလှမ်းမှ ဗိုလ်ကျော်ဝင်း၊ ဗိုလ်ကျော်သိန်းနဲ့ အဖွဲ့ကို ထပ်မံခေါ်ယူပြီး ကေအန်ယူ အား မရိုးမသား လှည့်ဖြားလိုကာ တင်းမာတဲ့ သဘောထား မူဝါဒတွေနဲ့ ပြင်ဆင်ချက်တွေ ပေးခဲ့ပြန်ပါတယ်။ အဲဒါကတော့ “ဒီတခါ ကေအန်ယူပြန်လာရင် ယခင်ကလို ကေအိုင်အေ၊ ယူဒဗလျူအက်စ်အေ “၀”နဲ့ ကိုးကန့်တွေလိုမျိုး အဆင့်အတန်းမျိုး မပေးနိုင်တော့ကြောင်း၊ ကေအန်ယူကို အင်အား ချည့်နဲ့စေဖို့ တပ်မဟာ အလိုက် ခွဲထုတ်ဖို့ စည်းရုံး ဖဲ့ထုတ်ဖို့ လိုကြောင်း၊ ကေအန်ယူကို လက်ခံ ခဲ့ရင်တောင် စောသမူဟဲလိုမျိုး လက်နက်ချခိုင်းတဲ့ အခမ်းအနား ပုံစံမျိုး လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်တဲ့ အဆင့်မျိုးလုပ်ရန် လိုကြောင်း” ညွှန်ကြားခဲ့ပါတယ်။
အဲဒီ လက်နက်ချအခမ်းအနားမှာ ကေအန်ယူအလံကို နင်းချေပြီး ဦးကျိုးသွားအောင် လုပ်ခြင်းဖြင့် နိုင်ငံတကာနဲ့ ပြည်တွင်းမှာပါ စောသမူဟဲအား နိုင်ငံရေး သေသွားအောင် ရိုက်ချိုးပြီးမှ ၀င်ခွင့်ပြုခဲ့တာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီကေဘီအေနဲ့ ဖဒိုအောင်ဆန်း၊ စောသမူဟဲ အဖွဲ့တွေကိုလည်း ကေအန်ယူရဲ့ လက်အောက်ခံ အဖြစ် ထားခွင့်ပြုမှာ မဟုတ်တော့ကြောင်း ထည့်သွင်းပြောကြားရာ ဗိုလ်သန်းရွှေ ပြင်ဆင် ညွှန်ကြားလိုက်တဲ့ အဲဒီလို စည်းကမ်း သတ်မှတ်ချက်မျိုးတွေဟာ တင်းမာ ပြင်းထန်တဲ့ စည်းကမ်းချက်တွေ ဖြစ်နေပါတယ်။
ဗိုလ်သန်းရွှေရဲ့  ညွှန်ကြားချက်အရ ကကလှမ်းဟာ တပ်မဟာ (၄) မှူး ဗိုလ်အော်လီဗာနဲ့ တပ်မဟာ (၆) မှူး ဗိုလ်ရွှေဆိုင်း တို့ကို တိုက်ရိုက် ချဉ်းကပ် စည်းရုံး ဖဲ့ထုတ်ဖို့ ကြိုးစား ခဲ့ပြန်ပါတော့တယ်။ ဒါပေမယ့် အဲဒီ တပ်မဟာမှူးတွေ ကတော့ ကေအန်ယူ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမြ အပေါ် သစ္စာရှိကြပြီး ပြတ်သားစွာ ငြင်းဆန်လိုက်တဲ့ အတွက် နအဖဟာ ဗိုလ်ချုပ်ကြီးမြ ကိုပဲ ထပ်မံ စည်းရုံးဖို့ ကြိုးစားရ ပြန်ပါတယ်။
နအဖရဲ့  ပရိယာယ် အခင်းအကျင်းတွေကို အပိုင်း (၂) မှာ ဆက်လက် တင်ပြသွားပါမယ်။
Ref: ခေတ်ပြိုင်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသကို ပြန်ရုပ်သိမ်းမည်ဟု နအဖ ဗျူဟာမှူး ခြိမ်းခြောက်
ခွန်အောင်မြတ်။
မေလ ၆ ရက်၊ ၂၀၀၉ ခုနှစ်။
ရှမ်းပြည်တောင်ပိုင်းရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပီအဲန်အို) ၏ အထူးဒေသ(၆) ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဒေသကို မထိန်းချုပ်နိုင်လျှင် ပြန်ရုပ်သိမ်းမည်ဟု စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (၇) (စကခ) ဗျူဟာမှူးက ပြောသည်ဟု ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် အရာရှိတဦးက ပြောသည်။
ယခု မေလ ၃ ရက်နေ့တွင် ပအိုဝ်းနှင့် ကရင် ပူးပေါင်းတပ်ဖွဲ့တို့သည် စကခ ၇ လက်အောက်ခံ ခမရ ၄၂၆ တပ်ရင်းမှ စစ်ကြောင်းတခုကို ခြူံခိုတိုက်ခိုက်ခဲ့ရာ တဖွဲ့လုံး ကျဆုံးသွားပြီး နောက်ပိုင်းတွင် စကခ (၇) ဗျူဟာမှူး ဗိုလ်မှူးချုပ် မျိုးအေးက ယင်းသို့ ပြောလာသည်ဟု ပီအဲန်အို အရာရှိတဦးက ပြောသည်။
“အခု သူတို့ ဘယ်လိုစိုးရိမ်နေလဲဆိုတော့ ပအိုဝ်းဒေသတွေမှာ သူတို့ တအား စည်းရုံးနေတယ်လေ။ ၂၀၁၀ နီးကပ် နေပြီဆိုတော့။ သူတို့နည်းပရိယာ အမျိုးမျိုး သုံးနိုင်တယ်လေ နော်။ သူတို့ပြောနေတဲ့ စကားကတော့ စကခ (၇) ဗိုလ်မှူးချုပ် မျိုးအေး ကလေ သူပြော နေတာကတော့ ဒီပအိုဝ်း (ပီအဲန်အို) တွေက သူတို့ဒေသကို မထိန်းနိုင်ဘူးလား။ အဲလို ပီအဲန်အိုကို ကြိမ်းမောင်းနေတယ်။ မင်းတို့ဒေသကို မထိန်းနိုင်ရင် အဲဒီ အထူးဒေသကို ပြန်ရုပ်သိမ်းဖို့ လိုနေပြီ။ အဲလို ခြိမ်းခြောက်လာတယ်။”
ဆီဆိုင်မြို့နယ် ဆိုက်ခေါင်နှင့် ဘန်းယဉ်ကြားရှိ ကျေးရွာများကို အခွန်လိုက်ကောက် နေသည့် ခြေမြန်တပ်ရင်း ၄၂၆မှ ဗိုလ်မှူး မျိုးမင်းထွန်း ဦးဆောင်သည့် အင်အား ၁၂ ဦး အဖွဲ့ကို ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့ ပူးပေါင်းပြီး ခြုံခိုက် တိုက်ခိုက်ရာ ဗိုလ်မှူး မျိုးမင်းထွန်း အပါအ၀င် အားလုံးကျဆုံးပြီး လက်နက်ကြီးငယ် ၁၃ လက်ကို သိမ်းဆည်း ရမိသည်ဟု ပီအဲန်အယ်လ်အို က သတင်း ထုတ်ပြန်ခဲ့သည်။
ပီအဲန်အို အရာရှိက မေလ ၄ ရက်နေ့တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ဒု-တိုင်းမှူး ဗိုလ်မှူးချုပ် ချစ်ဦးက တိုက်ပွဲ ဖြစ်ပွားသည့် နေရာကို လာရောက်ကြည့်ရှု စစ်ဆေး ခဲ့သည်ဟု ပြောသည်။
“အဲဒီနေရာမှာ နအဖ တပ်ရင်းငါးရင်းနဲ့ လိုက်ရှင်းနေတယ်။ အဲဒီ တပ်ရင်း ငါးရင်းက စကခ (၇) ကလေ။ စကခ ဗျူဟာမှူး ဗိုလ်မှူးချုပ် မျိုးအေး သူက ဘန်းယဉ်မှာ ထိုင်နေတယ် အခု။ သူက အဓိက အဲမှာ ကွပ်ကဲနေတယ်။ ရွာသားတွေ အခြေအနေ ကတော့ အခု သူတို့ ရွာတိုင်းကို ခေါ်ပြီး စစ်ဆေး နေတယ်။”
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (ပီအဲန်အယ်လ်အို)မှ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်သူရိန်က မြန်မာစစ်အစိုးရ စကခ ဗျူဟာမှူး ဗိုလ်မှူးချုပ် မျိုးအေးက ပီအဲန်အိုကို ခြိမ်းခြောက် ပြောဆိုသည်မှာ မှန်ကန်ကြောင်း သို့သော် ပီအဲန်အိုအတွက် ထူးခြားမှု တစုံတရာ မရှိနိုင်ကြောင်း ပြောသည်။
“ဘာဖြစ်လို့လဲဆိုတော့ အဲဒီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဆိုတဲ့ဟာ သတ်မှတ်ပေးတာ ပြောရရင်တော့ သူတို့ စကခ (၇) စစ်ဒေသ ကွပ်ကဲရေးမှူး တယောက်အနေနဲ့ သတ်မှတ် ပေးတာ မဟုတ်ဘူး။ ရန်ကုန် ညောင်နှစ်ပင် ညီလာခံမှာ ၁၃ နှစ်ကြာအောင်မှ အစည်းအဝေး လုပ်ပြီးတော့မှ ချမှတ်ထားတဲ့ ဟာဖြစ်တယ် ဆိုတဲ့ အချိန်ကျတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အမြင်ကတော့ ပီအဲန်အို အနေနဲ့ တုန်လှုပ်လည်း မတုန်လှုပ်နိုင်ဘူး။ တုန်လှုပ်နိုင်စရာ အကြောင်းလည်း မရှိဘူးလို့ ကျနော်တို့ တော့ ဒီလိုပဲ မြင်ပါတယ်။”
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်သည် ဗိုလ်မှူး ခွန်အောင်ခမ်းထီ ဦးဆောင်ပြီး ၁၉၉၁ ခုနှစ်တွင် မြန်မာ စစ်အစိုးရနှင့် အပစ်ခတ် ရပ်စဲရေး လုပ်ထားသည့် အဖွဲ့ဖြစ်သည်။
ပြီးခဲ့သည့် လကုန်ပိုင်းက ကချင်၊ ရှမ်းပြည်မြောက်ပိုင်း၊ ကယားပြည်နယ်ရှိ အပစ်ရပ် အဖွဲ့များကို မြန်မာ စစ်အစိုးရက သီးခြားတွေ့ဆုံပြီး လက်နက်ကိုင် တပ်ဖွဲ့မှ နယ်ခြားစောင့်တပ် ရဲတပ်ဖွဲ့အသွင် ပြောင်းရန် ခေါ်ယူ ဆွေးနွေးချိန်တွင် ပီအဲန်အိုအား ခေါ်ယူဆွေးနွေးခြင်း မရှိသေးဟု သိရသည်။
Ref: Network Media Group
အပစ်ရပ်အဖွဲ့များအားနယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရန် နအဖပြော၊ ၀ တပ်ဖွဲ့ မကျေ မနပ် ဖြစ်နေ
NEJ / ၆ မေ ၂၀၀၉
တရုတ်-မြန်မာနယ်စပ်တလျှောက်ရှိ နအဖနှင့် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရန် နအဖ စစ်ဘက် အရာရှိများက ဧပြီ (၂၈) တွင် သီးခြားစီ တွေ့ဆုံခဲ့ရာ အင်အား အဆမတန် လျှော့ချခံရမည့် ၀ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (ယူဒဗလျူအက်စ်အေ) က မကျေမနပ် ဖြစ်နေသည်။
ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့တွင် စစ်ဘက်ရေးရာ အရာရှိချုပ် ဗိုလ်ချုပ်ရဲမြင့်က ၀ ခေါင်းဆောင်များအား ခေါ်ယူတွေ့ဆုံပြီး ၀ ခေါင်းဆောင်များ အနေဖြင့် နိုင်ငံရေးပါတီ ထောင်ပြီး ရွေးကောက်ပွဲ ၀င်ရန်နှင့် အင်အား (၃) ထောင်အထိ လျှော့ချပြီး နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရန် ပြောဆိုမှုအပေါ် ၀ ခေါင်းဆောင်များ အနေဖြင့် လက်ခံမည် မဟုတ်ကြောင်း ၀ တပ်မှူးတဦးက ပြောသည်၊
၎င်းက “အင်အား (၂) သောင်းကျော် (၃) သောင်းလောက်အထိ ရှိတဲ့ ဒီ တပ်မတော်ကြီးကို သွေးတွေ၊ ချွေးတွေနဲ့ နှစ် (၃၀) ကျော်ကြာ တည်ဆောက် ထားခဲ့တာဗျ။ (၃) ထောင်သာချန်ပြီး ပြည်သူ့စစ်လို လုပ်မယ့် အပေါ်တော့ လက်မခံနိုင်ဘူး။ ကျနော်တို့ ၀ ပြည်နယ် ပြည်သူ့ အစိုးရက လက်ခံမှာ မဟုတ်ဘူး။ အခုထိ ကျနော်တို့ ဗဟိုကော်မတီ တွေလည်း အကြောင်း မပြန်သေးပါဘူး” ဟု ၎င်းက ပြောသည်။
ဝတပ်မဟာ (၁၇၁) အခြေစိုက်ရာ ၀ ပြည် တောင်ပိုင်းနယ်မြေကိုလည်း ၀ ဒေသအတွင်း မထည့်ဘဲ ခွဲထုတ် လိုက်သည့် အပေါ် ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်က လက်ခံမည် မဟုတ်ကြောင်း အဆိုပါ ၀ တပ်မှူးက ပြောသည်။
၎င်းက “အခုက ကျနော်တို့ကို ကေအန်ယူကို သွေးခွဲသလိုမျိုး လုပ်နေတာ။ (၁၇၁) ဆိုတာ ကျနော်တို့ တပ်မဟာပဲ။ ဗဟိုတခုတည်း ရှိပါတယ်။ ကျနော်တို့ အနေနဲ့ အလံနှစ်လက် ကိုင်ထားတယ်။ ပထမ အလံက ငြိမ်းချမ်းရေးပဲ။ ဒုတိယကတော့ ၀ ပြည်ကို ကာကွယ်ရေးပဲ။ ကျနော်တို့က သူတို့ကို အရင် စမတိုက်ဘူး။ ဒါပေမယ့် ကိုယ့်နယ်မြေကို ထိပါးလာရင် ခုခံ ကာကွယ်ပိုင်ခွင့်ဟာ ကျနော်တို့ အခွင့်အရေးပဲ” ဟု ဆက်လက်ပြောသည်။
အလားတူ ကိုးကန့်အဖွဲ့၊ ရှမ်းပြည်အရှေ့ပိုင်းအထူးဒေသ (၄)၊ ဦးစိုင်းလင်း ဦးဆောင်သည့် မိုင်းလားအဖွဲ့၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်းအဖွဲ့၊ ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော်နှင့် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ များအား ကျိုင်းတုံ၊ တန်ယန်း၊ မြစ်ကြီးနားတို့တွင် စစ်တိုင်မှူးများနှင့် စစ်ဘက် အရာရှိများက ဧပြီ (၂၈) ရက်၌ သီးခြားစီ ခေါ်ယူတွေ့ဆုံပြီး နယ်ခြားစောင့် တပ်ဖွဲ့စည်းရန် ပြောဆိုခဲ့သည်။
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) မှ ဥက္ကဋ္ဌ ဦးဇောင်းဟရား ဦးဆောင်သည့် အဖွဲ့နှင့် မပခ တိုင်းမှူး ဗိုလ်မှူးချုပ် စိုးဝင်းတို့ မေ (၂၈) ရက်၌ မြစ်ကြီးနားတွင် တွေ့ဆုံခဲ့ပြီး ၎င်းတို့အနေဖြင့် မေလကုန်ပိုင်းတွင် မြစ်ကြီးနားသို့ ကိုယ်စားလှယ် လွှတ်ကာ ထပ်မံ ဆွေးနွေးရန် ရှိကြောင်း ကေအိုင်အို ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး ဂွမ်မော်က ပြောဆိုပြီး အသေးစိတ် ပြောဆိုရန်ကိုမူ ငြင်းဆိုသည်။
“တပ်မတော်အစိုးရအနေနဲ့ နောင်တက်လာမယ့် အရပ်သား အစိုးရကို ငြိမ်းချမ်းရေး လက်နက်ကိုင် အဖွဲ့တွေနဲ့ ပတ်သက်ပြီး ရှင်းပြဖို့၊ လိုအပ်တဲ့ဟာ ဆောင်ရွက်ဖို့ သူတို့မှာ တာဝန်ရှိပါတယ်။ ဥပမာ လက်နက်ကိုင် အဖွဲ့တွေကို ဘယ်လိုထားမယ်၊ ဘယ်လို ဖွဲ့စည်းမယ်ဆိုတာကို စဉ်စားဖို့ လိုတယ်လို့ ပြောတာပါ။ ဆွေးနွေးတဲ့ အဆင့်ထိ မရောက် ပါဘူး။ မေလနောက်ဆုံး၊ မေလ မကုန်မီမှာ ဆွေးနွေးတဲ့ခါ ဒါတွေ ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တို့အနေနဲ့ ဒါကို လေးလေးနက်နက် ဆွေးနွေးသွားမှာပါ” ဟု ဗိုလ်မှူးကြီး ဂွမ်မော်က ပြောသည်။
၁၉၈၉ ခု မတ်လတွင် ကိုးကန့်တိုင်းရင်းသားများက ဗမာပြည် ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီး အပစ်ခတ် ရပ်စဲရေး စတင် ပြုလုပ်ချိန်မှစ၍ တရုတ်-မြန်မာ နယ်စပ်တလျှောက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဆက်တိုက် ဆိုသလို စစ်အစိုးရနှင့် အပစ်ခတ် ရပ်စဲရေးပြုလုပ်ကာ ဒေသအတွင်း လက်နက် ကိုင်ဆောင်ပြီး တပ်ဖွဲ့အဖြစ် ရပ်တည်ခွင့်၊ စီးပွားရေးလုပ်ခွင့်၊ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ခွင့် ရရှိ ခဲ့ကြသည်။
Ref: ခေတ်ပြိုင်
အပစ်ရပ်အဖွဲ့များ အသွင်ပြောင်းရေး စစ်အစိုးရက နောက်ဆုံးရက် သတ်မှတ်
ဆော်လမွန်
ဗုဒ္ဓဟူးနေ့၊ မေလ 06 2009
နယူးဒေလီ (မဇ္ဈိမ)။ ။ မိမိတို့ တပ်ဖွဲ့များကို အသွင်ပြောင်းလဲ ဖွဲ့စည်းရန် ယခုနှစ် စက်တင်ဘာလ အထိ အချိန်ရကြောင်း တိုင်းရင်းသား ငြိမ်းချမ်းရေး အဖွဲ့များကို မြန်မာ စစ်အစိုးရက ပြောဆိုခဲ့သည်ဟု တိုင်းရင်းသား ဝ တပ်ဖွဲ့က မဇ္ဈိမကို ပြောသည်။
မြန်မာစစ်အစိုးရနှင့် အပစ်ရပ်ထားသော အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုဖြစ်သော ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ၏ ထိပ်တန်း အရာရှိတဦးက စစ်အစိုးရက မိမိတို့ကို အသွင်ပြောင်း ဖွဲ့စည်းစေကြောင်းနှင့် အနိမ့်ဆုံးအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့အင်အား လျှော့ချ စေလိုကြောင်း ပြောခဲ့သည်ဟု သိရခြင်းဖြစ်သည်။
“ကျနော်တို့ တပ်မတော်ကို အသွင်ပြောင်း ဖွဲ့စည်းဖို့ နောက်ဆုံးရက်ကို စက်တင်ဘာ အပြီးလုပ်ရမယ်လို့ သူတို့ (စစ် အစိုးရ) က ရက်သတ်မှတ် ပေးလိုက်တယ်” ဟု အမည် မဖော်လိုသူ အဆိုပါ UWSA အရာရှိက ပြောသည်။
ဤသတင်းစကားကို ဧပြီလ ၂၈ ရက်နေ့က ရှမ်းပြည်နယ် အရှေ့မြောက် တန့်ယန်းမြို့၌ စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ (MAS) အကြီးအကဲ ဗိုလ်ချုပ်ရဲမြင့်နှင့် တွေ့ဆုံစဉ် ပြောကြားလိုက်ခြင်း ဖြစ်သည်။
တပ်ဖွဲ့ အရွယ်အစား လျှော့ချရန်နှင့် သူတို့အဖွဲ့တွင်းသို့ မြန်မာစစ်သားများ သွတ်သွင်းခြင်းကို စစ်အစိုးရက ပြုလုပ်လိုသည်ဟု အဆိုပါ အရာရှိက ပြောသည်။ ထို့ပြင် စစ်အစိုးရက အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် စစ်တပ်ဖွဲ့များကို အပြည့်အဝ ဦးစီးကွပ်ကဲခွင့်ကိုလည်း ရရှိလိမ့်မည်ဟု ပြောသည်။
တပ်ရင်းတရင်းအတွက် တပ်သားဦးရေ ၃၂၆ သာ ထားရှိစေလိုပြီး ထိုအထဲတွင် မြန်မာစစ်တပ်မှ စစ်သား ၃ဝ ဦးကို ထည့်သွင်းမည်ဟု ဆိုသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ထိန်းချုပ်ရန် ကြိုးပမ်းမှုတွင် ဤသို့ စစ်အစိုးရ၏ တောင်းဆိုမှုသည် နောက်ဆုံး တောင်းဆိုမှုဖြစ်သည်။ ဧပြီလအတွင်း စစ်အစိုးရက ဝပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA) နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အပါအဝင် အပစ်ရပ်အဖွဲ့ အများအပြားကို တွေ့ဆုံခဲ့သည်။
စစ်အစိုးရက ယခုလို ထိန်းချုပ်ထားလိုပြီး သူတို့ကိုယ်တိုင် စီမံခန့်ခွဲလိုကာ၊ တပ်ဖွဲ့ဝင်များကို လစာပေးခြင်းဖြင့်လည်း တာဝန်ယူစေလိုသည်ဟု အဆိုပါ အရာရှိက ပြောသည်။
အဆိုပါ တောင်းဆိုချက်များကို ဗိုလ်ချုပ်ရဲမြင့် ခေါင်းဆောင်သည့် မြန်မာစစ်တပ် ကိုယ်စားလှယ်အဖွဲ့နှင့် ဒုဥက္ကဋ္ဌ ရှောက် မီလျံ ခေါင်းဆောင်သော ဝခေါင်းဆောင်များ တန့်ယန်းမြို့၌ တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း အရာရှိက ဆိုသည်။
“ဗိုလ်ချုပ်ရဲမြင့်က လူသစ်စုဆောင်းတဲ့ နေရာမှာ အသက်ကန့်သတ်ချက် လုပ်ဖို့လည်း ပြောတယ်။ အသက် ၁၈ နှစ်က ၅ဝ အထိပဲ လက်ခံရမယ်။ ၅ဝ ကျော်ရင် အနားယူရမယ်လို့ ပြောတယ်” ဟု သူက ဆက်ပြောသည်။
ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) မှ ခွဲထွက်လာသော UWSA တပ်ဖွဲ့က စစ်အစိုးရ၏ အဆိုပြုချက်များနှင့် စပ်လျဉ်း၍ မဆုံးဖြတ်ရသေးကြောင်းနှင့် ဆွေးနွေးညှိနှိုင်းမှုများ၊ အစည်းအဝေးများ ကျင်းပပြီးမှသာ မကြာခင် ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြောသည်။
“အခုတော့ ဘာမှ ကျနော်တို့ မဆုံးဖြတ်ရသေးဘူး။ ကျနော်တို့ စစ်သားတွေ၊ ပြည်သူတွေအားလုံးနဲ့ ဆွေးနွေးဖို့ အခု စီစဉ်နေပါတယ်။ သူတို့သဘောထားတွေ ယူဖို့နဲ့ သူတို့ဆန္ဒတွေကို မှတ်သားရယူထားဖို့ လိုပါတယ်” ဟု သူက ဆိုသည်။
အဆိုပါ ဝအဖွဲ့ကဲ့သို့ပင် ကချင်လွတ်မြောက်ရေးအဖွဲ့နှင့် တပ်မတော် (KIO/KIA) ကလည်း ဧပြီလ ၂၈ ရက်နေ့က ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနား၌ KIO ခေါင်းဆောင်များနှင့် မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းတို့ တွေ့ဆုံစဉ် စစ်အစိုးရဘက်မှ အဆိုပြုတင်ပြချက်များနှင့် စပ်လျဉ်းသည့် သဘောထားများကို တောင်းခံရယူနိုင်ရန် လူထုအစည်းအဝေးကြီးတရပ် ကျင်းပရန် ပြင်ဆင်နေကြောင်း ပြောသည်။
“မေလ ၁ဝ ရက်နေ့ နောက်ပိုင်းမှာ လူထုအစည်းအဝေးတွေ ကျင်းပပါမယ်” ဟု KIO မှ အမည်မဖော်လိုသူ ဗိုလ်မှူးအဆင့်ရှိ အရာရှိတဦးက မဇ္ဈိမကို ပြောသည်။
ပြည်သူလူထုနှင့် KIO အဖွဲ့ဝင်များက စစ်အစိုးရ၏ အဆိုပြုချက်များကို သဘောတူဖွယ်မရှိကြောင်း အဆိုပါ ဗိုလ်မှူးက ပြောသည်။ အဆိုပါ သဘောထား တောင်းခံသည့် လူထုအစည်းအဝေးကို တရုတ်-မြန်မာ နယ်စပ်ရှိ KIO ထိန်းချုပ်ထားသောနယ်မြေ လိုင်ဇာတွင် ကျင်းပမည်ဖြစ်သည်။
“စစ်အစိုးရ တောင်းဆိုသမျှသာ လိုက်လျောလိုက်ရင် ကျနော်တို့ လက်နက်ကိုင်တိုက်ပွဲ လုပ်တာ ဘာအ"ိပ္ပာယ် ရှိမှာလဲ။ နှစ်ပေါင်း ၄ဝ ကျော် လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်ခဲ့တာလည်း ဘာမှ အ"ိပ္ပာယ် မရှိတော့ဘူး” ဟု ထိုဗိုလ်မှူးက ပြောသည်။
သို့သော် KIO က မည်သို့ဆုံးဖြတ်ဖွယ်ရှိသည် ဆိုသည့်အချက်ကို ပြောကြားရန်မူ သူက ငြင်းဆိုသွားသည်။
အလားတူ အစည်းအဝေးများကို စစ်အစိုးရက ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ၊ ဒီမိုကရေစီသစ် တပ်မတော်-ကချင် (NDA-K) နှင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA) တို့နှင့်လည်း သီးခြားစီ ပြုလုပ်ခဲ့သည်။
ယခု စစ်အစိုးရ၏ တောင်းဆိုချက်ဖြစ်သော အပစ်ရပ်အဖွဲ့များ အသွင်ပြောင်းလဲ ဖွဲ့စည်း၍ စီမံခန့်ခွဲမှုကို စစ်အစိုးရလက်သို့ လွှဲပြောင်းပေးရန် တောင်းဆိုချက်သည် ယခင်မူလ စီမံကိန်းဖြစ်သော ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပရန် စီစဉ်ထားသည့် အထွေထွေ ရွေးကောက်ပွဲမတိုင်ခင် လက်နက်ကိုင်အပစ်ရပ်အဖွဲ့များ လက်နက်ဖြုတ်ရန် တောင်းဆိုချက်နှင့်စာလျှင် တဆင့်နိမ့်နေသည်။
စစ်အင်အားနည်းပါးသော အဖွဲ့များအနေဖြင့်မူ စစ်အစိုးရ၏ ဤတောင်းဆိုချက်ကို ထွက်ပေါက်အနေနှင့် လက်ခံစဉ်းစားနိုင်သည်။
“အင်အားတောင့်တဲ့ အဖွဲ့တွေကတော့ ဒီတောင်းဆိုချက်ကို လိုက်နာမယ်လို့ ကျနော် မထင်ဘူး။ ဒါပေမဲ့ ဒီမိုကရက်တစ် ဗုဒ္ဓဘာသာတပ်မတော် (DKBA) လို အဖွဲ့တွေကတော့ အစကတည်းက စစ်အစိုးရဘက် ရောက်နေပြီးသားဆိုတော့ လိုက်နာဖွယ် ရှိနေပါတယ်” ဟု တရုတ်-မြန်မာ နယ်စပ်ရှိ မြန်မာ့စစ်ရေးနှင့် နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။
“အပစ်ရပ်အဖွဲ့တွေ စစ်အစိုးရရဲ့ တောင်းဆိုချက်အတိုင်း လိုက်နာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အခုပဲ ဒီအဖွဲ့တွေက တခုတည်းထွက်ဖို့၊ တဖွဲ့တည်းအဖြစ် စုပေါင်းရပ်တည်ကြဖို့ ပြင်ဆင်နေကြတယ်” ဟု သူက ဆက်ပြောသည်။
Ref: မဇ္ဈိမ
“ဆန်ရှင်” မထိရောက်ဟု စာရေးဆရာကျော်ဝင်း ပြော
NEJ / ၆ မေ ၂၀၀၉
လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အမေရိကန်အစိုးရက မြန်မာ စစ်အစိုးရ အပေါ် ချမှတ်ထားသည့် ဆန်ရှင် (sanction) ကို သိပ် ထိရောက်သည်ဟု မထင်ကြောင်း ဘာသာပြန် စာရေးဆရာ ကျော်ဝင်းက ထုတ်ဖော် ပြောဆိုသည်။
ပြည်တွင်း၌ ယနေ့ထုတ်ဝေသည့် ရန်ကုန်တိုင်းမ် ပုဂ္ဂလိက ဂျာနယ်တွင် ဖော်ပြထားသည့် မြန်မာ- အမေရိကန် ဆက်ဆံရေး ဆိုသည့် ဆောင်းပါးတွင် ဆရာကျော်ဝင်းက ပြောဆိုခြင်းဖြစ်သည်။
ယင်းဆောင်းပါးတွင် sanction နှင့်ပတ်သက်ပြီး အမေရိကန်သံရုံး ယာယီတာဝန်ခံ Larry Dinger ၊ စာရေးဆရာ ကျော်ဝင်းနှင့် ဗိုလ်မှူးဟောင်း ဦးကိုကိုလှိုင်တို့၏ ဆွေးနွေးချက်များကို ဖော်ပြထားသည်။
အဆိုပါဆောင်းပါးတွင် “တည့်တည့်ပြောရရင်တော့ sanction က သိပ် ထိရောက်တယ် မထင်ဘူး။ ဥပမာ တောင်အာဖရိက ဆိုရင် sanction လုပ်ထားတာကြာပြီ၊ ဒါပေမယ့်ဘာမှ ဖြစ်မလာဘူး။ နောက်ဆုံးဖြစ်လာ တော့လည်း sanction ကြောင့်လို့ ကျနော် မထင်ဘူး။ မင်ဒဲလားကိုယ်တိုင်က radical ဆန်ဆန် တော်လှန်ရေး နည်းတွေ မလုပ်တော့ဘူး။ နှစ်ဖက် အမြော်အမြင်ရှိရှိ ညှိနှိုင်းတာကြောင့်လို့ ပြောရမှာပေါ့။ sanction သာ တကယ်တမ်း ထိရောက်တယ်ဆိုရင် ကျူးဘား democracy ဖြစ်ဖို့ကောင်းပြီ။ sanction ကြောင့် ပြောင်းသွားတဲ့ ကိစ္စတခုမှ မရှိဘူး” ဟု ဆရာကျော်ဝင်းက ပြောသည်။
စာရေးဆရာကျော်ဝင်း၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး ပြည်တွင်းမှ ၀ါရင့် သတင်းစာဆရာကြီး တဦးက “ sanction ဟာ ထိရောက်တယ် မထိရောက်ဘူး။ sanction ကြောင့် မြန်မာပြည်တွင်းမှာ အပြောင်းအလဲ ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာ ဆွေးနွေးရမယ့် ကိစ္စတောင် မဟုတ်ဘူး။ မြန်မာပြည်မှာ နိုင်ငံရေး အပြောင်းအလဲ ဖြစ်ဖို့ဆိုတာ ပြည်တွင်းက အခြေအနေနဲ့ပဲ သက်ဆိုင်တယ်။ အတိုက်အခံ အင်အားစုတွေ ဘယ်လောက် စွမ်းဆောင်နိုင်သလဲ၊ သူတို့ကို ပြည်သူတွေ ဘယ်လောက် ထောက်ခံသလဲ၊ သူတို့ကို အာဏာ ရယူထားတဲ့ စစ်တပ်ထဲက ဘယ်အတိုင်း အတာအထိ ထောက်ခံသလဲ ဆိုတဲ့ပေါ်မှာ အဓိက မူတည်တယ်” ဟု ပြောသည်။
sanction တို့၊ အပြုသဘောဆောင် ဆက်ဆံရေးတို့မှာ ပြည်တွင်းက ဒီမိုကရေစီ ပေါ်ထွန်းရေး လှုပ်ရှားမှုကို အထောက်အကူ ပေးရုံမျှသာ စွမ်းဆောင်နိုင်ကြောင်း၊ sanction မည်မျှလုပ်လုပ်၊ အပြု သဘောဆောင် မည်သို့ပင် ချဉ်းကပ် ချဉ်းကပ်၊ ပြည်တွင်း အတိုက်အခံများက မစွမ်းဆောင်နိုင်ပါက မည်သည့် အပြောင်းအလဲမှ ဖြစ်လာမည် မဟုတ်ကြောင်း အဆိုပါ ၀ါရင့် သတင်းစာဆရာကြီးက ပြောသည်။
“ဒါပေမယ့် ဆရာတခုတော့ ပြောနိုင်တယ်။ တကယ်လို့ အမေရိကန်နဲ့ အနောက် ဥရောပက sanction သာမရှိခဲ့ရင် ဒီနေ့ စစ်အစိုးရဟာ အန်အယ်လ်ဒီ ပါတီကို ဖျက်သိမ်းပြီးသား ဖြစ်နေလောက်ပြီ။ လူ့ အခွင့်အရေး ချိုးဖောက်မှုတွေ ဒီထက်မက ဆိုးဝါး နေလောက်ပြီလို့ ထင်တယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
စာရေးဆရာကျော်ဝင်းက sanction နှင့်ပတ်သက်၍ ယခုကဲ့သို့ ထုတ်ဖော် ပြောဆိုမှုသည် မြန်မာ့ နိုင်ငံရေးနှင့် ပတ်သက်၍ ပထမဆုံး အကြိမ် တရားဝင် ပြောဆိုခြင်း ဖြစ်သည်။
ယခင်က ကျော်ဝင်းနာမည်နှင့် မြန်မာ့နိုင်ငံရေး စာတမ်းများ ထွက်ပေါ်ခဲ့၊ အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ ဖူးသော်လည်း သူမဟုတ်ကြောင်း၊ မည်သည့် ထင်မြင်ချက်မှ မပေးနိုင်ကြောင်း တရားဝင် စာမျက်နှာထက်မှ ထုတ်ဖော်ခဲ့သူ ဖြစ်သည်။
Ref: ခေတ်ပြိုင်