..............................

Tuesday, February 14, 2012

အလုပ်အကိုင်ရရှိရေး ဦးစားပေးမယ်လို့ ဒေါ်စု ပြော

ကျော်ခ
တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၁၃ ရက် ၂၀၁၂

ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် အလုပ်အကိုင် ရှားပါးနေသည့် ကော့မှူးမြို့နယ်တွင်း ရှိ ပြည်သူများ အတွက် အလုပ်အကိုင် ရရှိရေး ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က စနေနေ့က ပြောဆိုခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ကိုယ်စားပြု ယှဉ်ပြိုင်မည့် ကော့မှူးမြို့နယ်သို့ စနေနေ့က သွားရောက်သည့် မဲဆွယ် စည်းရုံးရေး ခရီးစဉ် အတွင်း ဝါးသင်္ခကျေးရွာ၌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ဆောင်ရွက်နိုင်ရန် လူထု အနေဖြင့် ပါတီအား ထောက်ခံခြင်းဖြင့် ပါဝင်နိုင်ကြောင်း စည်းရုံး ပြောဆိုသွားသည်။

“ကော့မှူးမြို့နယ်မှာဆိုရင် အရေးအကြီးဆုံး ကိစ္စကတော့ အလုပ်အကိုင် မရှိခြင်းပါပဲ။ အလုပ်အကိုင်ကို ပြည်သူတွေ အတွက် လုံလုံ လောက်လောက် ရှိအောင်လို့ လုပ်ပေးရမှာဟာ ပထမဦးဆုံး တာဝန်တခု ဖြစ်တယ်ဆိုတာ ကျမတို့ နားလည်ပါတယ်” ဟု NLD ဥက္ကဋ္ဌက ပြောဆိုသည်။

သူက ဆက်၍ “ကော့မှူးမြို့နယ်မှာ ဆိုလို့ရှိရင် ဘွဲ့ရပြီးသား လူငယ်များဟာ အများစုက အခုထက်ထိ အလုပ်အကိုင် မရရှိ သေးဘူးဆိုတာ ကျမတို့ သိရပါတယ်။ ဘွဲ့ရလူငယ်တွေ၊ ဘွဲ့မရသေးတဲ့ လူငယ်တွေ၊ လူလတ်တွေ၊ လူကြီးတွေ၊ အလုပ် လုပ်ချင်တဲ့ လူတွေ၊ အလုပ်လုပ်ဖို့ လိုတဲ့လူတွေ အလုပ်လုပ်နိုင်ဖို့ဟာ ပထမ ဦးစားပေးပြီးတော့ ကျမတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က လုပ်သင့်တယ်လို့ ဒီလိုပဲ ကျမတို့ ခံယူပါတယ်” ဟု ထည့်သွင်း ပြောဆိုသွားသည်။

ကြမ်းတမ်းခက်ခဲမည့် နိုင်ငံရေးခရီးရှည်အတွင်း ပြည်သူလူထုအနေဖြင့် NLD ပါတီနှင့် လက်တွဲဆောင်ရွက် သွားမည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပြီး ပြည်သူများ၏ လိုအပ်ချက်များ၊ စိုးရိမ် ကြောင့်ကြမှုများနှင့်
မျှော်လင့် ချက်များကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား အသိပေး စေလိုကြောင်း ပြောဆို သွားခဲ့သည်။

ပါတီ၏ တတိယမြောက် မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် ကော့မှူးမြို့နယ်သို့ သွားရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ၏ ခရီးစဉ်တွင် ဒေသခံများ သာမက ရန်ကုန်၊ ဒလ၊ တွံတေး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ စသည့် မြို့နယ်များမှ ပြည်သူများပါ လိုက်လံ အားပေး ကြိုဆို နှုတ်ဆက်ခဲ့ကြသည်။

ရန်ကုန်မြို့မှ အထွက် လှိုင်သာယာမြို့နယ် အစပ်မှ စ၍ အိုးစည်ဒိုးပတ်ဝိုင်းများ၊ ကရင်ဒုံးယိမ်း အကများဖြင့် ကြိုဆို နှုတ်ဆက်သူများ၊ လိုက်လံ ပို့ဆောင်သည့် ယာဉ်တန်းများ များပြားသဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ယာဉ်တန်းသည် ရန်ကုန်မြို့မှ မိုင် ၄၀ ဝန်းကျင် ခန့်သာ ကွာဝေးသည့် ကော့မှူးမြို့နယ် ဝါးသင်္ခ ကျေးရွာသို့ ၆ နာရီခန့်မျှ သွားခဲ့ရသည်။

“လိုက်ပို့တဲ့ ယာဉ်တန်း ကားစီးရေ ၂၀၀ ကျော် ၃၀၀ လောက်ရှိမယ် ဆိုင်ကယ်တွေက ထောင်နဲ့ချီရှိမယ်။ ယာဉ်တန်း အရှည်ကိုက ၁ မိုင်ခွဲ ၂ မိုင်လောက် အရှည်နဲ့ ရှိတယ်။ လမ်းတလျှောက်လုံး နှုတ်ဆက်နေတဲ့ သူတွေနဲ့ အန်တီကလည်း ပြန်နှုတ်ဆက်တာနဲ့ ဆိုတော့ ကားကို ဘီးလှိမ့်ယုံပဲ မောင်းလို့ရတယ်။” ဟု သွားရောက် သတင်းယူသည့် မဇ္ဈိမ သတင်းထောက်က ပြောသည်။

ဝါးသင်္ခကျေးရွာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောဆိုရာသို့ လာရောက်သည့် ပရိသတ် ၂ သောင်းဝန်းကျင်ခန့် ရှိပြီး ဝါးသင်္ခ ကျေးရွာမှ အပြန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် မဆည်ဆိပ်၊ ငှက်အော်စမ်း စသည့် ကျေးရွာများသို့ သွားရောက် ခဲ့သေးကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပမီ တရက်အလို မတ်လ ၃၁ ရက် ည တွင် ဝါးသင်္ခ ကျေးရွာ၌ ညအိပ် တည်းခိုမည် ဖြစ်ပြီး နောက်တရက်တွင် ဝါးသင်္ခကျေးရွာ ကိုယ်စားပြု၍ မဲပေးမည် ဖြစ်သည်။

ကော့မှူးမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဓိက ယှဉ်ပြိုင်မည့် အာဏာရ ကြံ့ခိုင်ရေးပါတီမှ ဒေါက်တာ စိုးမင်းသည် ပါတီမှ ဖွင့်လှစ် ထားသည့် ဖြိုးစေတနာ ဆေးခန်းတွင် လုပ်ကိုင်ပြီး လူထု စည်းရုံးမှုအဖြစ် ၂၀၁၀ ရွေးကောက်ပွဲ ကာလ နောက်ပိုင်းတွင် အခမဲ့ နယ်လှည့် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်နေကြောင်း သိရသည်။


Ref: မဇ္ဈိမ

Read More...

တိုင်ရီစက်ရုံ ထိုင်သပိတ် ပြေလည်မှုမရသေး

ကျော်ခ
တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၁၃ ရက် ၂၀၁၂

ချင်းမိုင် (မဇ္ဈိမ) ။ ။ တပတ်ကျော် ကြာသွားပြီဖြစ်သော တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားများ၏ ထိုင်သပိတ် ဆန္ဒပြပွဲမှာ အလုပ်ရှင်နှင့် အလုပ်သမားများ အကြား လုပ်ခလစာ ညှိနှိုင်းမှု မပြေလည်နိုင်သေးဘဲ ဖြစ်နေပြီး ဆန္ဒပြပွဲ ရက်ဆက် သွားမည့် အခြေအနေတွင် ရှိနေသည်။

တနင်္လာနေ့မနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန် အပါအဝင် တိုင်းနှင့် မြို့နယ် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ စက်ရုံပိုင်ရှင်နှင့် အလုပ်သမားများ ဖက်မှ ကိုယ်စားလှယ် ၃၈ ဦးတို့ တွေ့ဆုံဆွေးနွေး ခဲ့ကြသော်လည်း ထိုက်သင့်သည့် လစာနှုန်းထားထိ မရရှိ၍ ညှိနှိုင်းမှု မအောင်မြင်ခဲ့ပေ။

အလုပ်သမားများသည် မူလက စက်ရုံက သတ်မှတ်ပေးထားသည့် တနာရီလျှင် ၇၅ ကျပ်နှုန်းကို ၂၁၆ ကျပ်သို့ တိုးမြှင့် ပေးရန် တောင်းဆို ခဲ့သော်လည်း မရသဖြင့် ၁၅၀ ကျပ်သို့ လျှော့ချ တောင်းဆိုခဲ့သည်။ သို့သော် ထိုတောင်းဆိုချက်ကို အလုပ်ရှင်ဘက်မှ ၁၀၀ ကျပ်ထက် ပိုမပေးဘဲ တင်းမာနေ၍ အဆင်မပြေရခြင်း ဖြစ်သည်။

“သူ့အနေနဲ့လည်း ထပ်တိုးမပေးနိုင်ဘူး။ သူပေးတဲ့ လစာကို ကျေနပ်မှ အလုပ်လာဆင်း၊ မကျေနပ်ရင် မဆင်းနဲ့၊ ဒီလို ပုံစံမျိုး သူတို့က ပြောတော့ ဆွေးနွေးမှုက အဆင်မပြေ ဖြစ်သွားတာ” ဟု အလုပ်သမား ခေါင်းဆောင် တဦးဖြစ်သူ မမိုးဝေ က မဇ္ဈိမကို ပြောသည်။

အလုပ်သမများက အခြေခံ လစာ တိုးပေးရန်အပါအဝင် ရက်ပျက်ကြေး မဖြတ်တောက်ရန်၊ လုပ်ငန်းခွင်အတွင်း ဖိနပ်များ မတော်တဆ ပျက်စီးပါက လစာငွေ ဖြတ်တောက်ခြင်း မပြုရန်၊ သောက်ရေ လုံလောက်စွာ ပေးရန်၊ အလုပ်သမား အယောက် ၅ဝ ကို အိမ်သာတလုံး
ထားပေးရန်၊ သဘာဝ ဘေးအန္တရာယ် ကျရောက်ခြင်းနှင့် မိသားစု အရေး ကိစ္စများတွင် ခွင့်ပေးရန်များကို တောင်းဆို ထားကြသည်။

တိုင်ရီတွင် တနင်္လာနေ့မှ သောကြာနေ့ထိ မနက် ၇ ခွဲမှ ၉ နာရီထိ အလုပ်ဆင်းရသော်လည်း လုပ်အားခမှ ထိုက်တန်သည့် ခံစားခွင့် မရရှိသဖြင့် အလုပ်သမများ အနေဖြင့် တောင်းဆိုရခြင်း ဖြစ်ကြောင်း သိရသည်။

“မိန်းခလေးတယောက် အဆောင်ငှားနေမယ်ဆိုရင် အဆောင်ခက အနည်းဆုံး ၈ ထောင် ရှိတယ်။ ထမင်းစရိတ်က ၂ သောင်းခွဲလောက် ရှိတယ်။ တခြား အထွေထွေ စားရိတ်နဲ့ဆိုရင် ၄ သောင်းကျော်လောက် ကုန်တယ်။ ရတဲ့လစာက လူဟောင်းမှ အမြင့်ဆုံး လစာက ၇ သောင်းပဲ ရှိတော့ အလုပ်လုပ်ပြီး ခံစားခွင့်က ဘာမှမရှိဘူး” ဟု မမိုးဝေ က မဇ္ဈိမကို ပြောသည်။

စက်ရုံအလုပ်သမားများမှာ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ရခိုင်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းတို့မှ အများဆုံးဖြစ်ပြီး ၎င်းတို့ ဒေသများ အတွင်း အလုပ်အကိုင် မပြေလည်မှုများကြောင့် ရန်ကုန်မြို့ပေါ်တက်၍ အလုပ် လုပ်ကိုင်နေသူများ ဖြစ်ကြောင်း အလုပ်သမားများ ထံမှ စုံစမ်း သိရှိရသည်။ လုပ်အားခ တိုးမြှင့်ပေးရေးကိုလည်း ထိုက်သင့်သည့် တောင်းဆိုမှု ရရှိသည်အထိ ဆက်လက် တောင်းဆိုသွားမည် ဖြစ်ကြောင်းလည်း သူတို့က ပြောဆိုကြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ လှိုင်သာယာမြို့နယ် အလုပ်သမားညွှန်ကြားရေးမှူး ရုံးနှင့် တိုင်ရီစက်ရုံ တို့ကို မဇ္ဈိမက ဆက်သွယ် မေးမြန်သော်လည်း ဖြေကြားရန် ငြင်းဆို ခဲ့ကြသည်။

အလုပ်သမားအရေး ဆောင်ရွက် ပေးနေသည့် ရှေ့နေ ကိုဖိုးဖြူကလည်း အလုပ်သမားများ၏ ထိုက်သင့်သည့် အကျိုးခံစားခွင့် ရရှိသွားသည် အထိ ဥပဒေဘောင် အတွင်းမှ ဆောင်ရွက် ပေးသွားမည်ဟု ဆိုသည်။

တိုင်ရီစက်ရုံသည် တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး အခြေခံလစာနှင့် အချိန်ပိုကြေးများနှင့် အခြား တင်းကြပ်သည့် စည်းမျဉ်း များကြောင့် ၂ဝ၁ဝ ခုနှစ်မှ စတင်ကာ ၃ နှစ်ဆက်တိုက် အလုပ်သမား များ၏ ဆန္ဒပြ တောင်းဆိုမှုများဖြင့် ကြုံတွေ့ ခဲ့ရကြောင်း သိရပြီး ယခုအကြိမ် ဆန္ဒပြမှုသည် ရက် အရှည်ကြာဆုံးဖြစ်သည်။

ဖေဖေါ်ဝါရီလ ၆ ရက်နေ့က စတင်ခဲ့သော တိုင်ရီ ဖိနပ်စက်ရုံအလုပ်သမားများ ဆန္ဒပြမှု ၃ ရက်မြောက် အကြာတွင် ယင်း စက်မှုဇုန် အတွင်းရှိ New Way ဖိနပ် စက်ရုံနှင့် သုံးထပ်ကြီး အထည်ချုပ် စက်ရုံ တို့တွင်လည်း လုပ်အားခ တိုးပေးရန် အလုပ် မဆင်းဘဲ ဆန္ဒပြ တောင်းဆိုမှုများ ဖြစ်ပွားခဲ့ပြီး အလုပ်ရှင်များနှင့် ညှိနှိုင်း ပြေလည် သွားကြသည်။

Ref: မဇ္ဈိမ

Read More...

ရွှေညဝါဆရာတော် တရားဟောခွင့် တနှစ်ထပ်ပိတ်

မျိုးသန့်
တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၁၃ ရက် ၂၀၁၂

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရွှေညဝါဆရာတော်ဟု လူသိများသည့် ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် သာဓုပရိယတ္တိ စာသင်တိုက်၏ ဦးဆောင်နာယက အဖွဲ့ဝင် စာချဆရာတော် ဦးပညာသီဟကို နိုင်ငံတော် သံဃာ့မဟာနာယကမှ တရားဟောခွင့် ပိတ်ပင်မှု တနှစ်ထပ်မံ တိုးမြှင့်လိုက်သည်ဟု ဆရာတော် ဦးပညာသီဟက မဇ္ဈိမကို မိန့်သည်။

ထပ်မံပိတ်ပင်မှုတားမြစ်စာကို မြန်မာတနိုင်ငံလုံးရှိ သံဃာ့နာယက၊ သာသနာရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးတို့ ထံ ပေးပို့ ထားသည်ဟု သိရကြောင်းလည်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။ သို့သော် အဆိုပါစာကို ကာယကံရှင် ဖြစ်သည့် ဆရာတော်ထံ တိုက်ရိုက် ရောက်ရှိခြင်း မရှိသေးဟု ဆရာတော်က မိန့်ကြားသည်။

"၂ဝ၁၃ အထိ မြန်မာတနိုင်ငံလုံး ထပ်မံပိတ်လိုက်သည် ဆိုပြီးတော့ တခြားနေရာကနေ မိတ္တူလေး ကျုပ်ဆီ လာပို့လို့ ကျုပ်လက်ထဲ ရောက်တယ်လေ။ တနေ့က ညက ရပါတယ်။ မိတ္တူတော့ ရပြီးပြီ" ဟု ဆရာတော်က မိန့်သည်။

ဤသို့ ပိတ်ပင်ခံရမှု ထပ်မံတိုးမြှင့်လိုက်ခြင်းကြောင့် ယခုလ ၁၁၊ ၁၂ ရက်နေ့များတွင် တာချီလိတ်နှင့် ၁၃၊ ၁၄၊ ၁၅ ရက်များ အတွင်း ခင်ဦး မြို့များတွင် ဟောပြောရန် စီစဉ်ထားသည့် တရားပွဲများလည်း ပျက်ပြယ် သွားခဲ့ရသည်။

ဆရာတော်သည် ဗုဒ္ဓဘာသာနှင့် သက်ဆိုင်ခြင်းမရှိသည့် ဝေါဟာရ၊ အသုံးအနှုန်းများကို တရားပွဲများ အတွင်း ထည့်သွင်း ဟောကြားသည် ဟူသည့် စွပ်စွဲချက်များဖြင့် ၂ဝ၁၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့မှ ၂ဝ၁၂ ဖေဖေါ်ဝါရီလ ၁ဝ ရက်နေ့အထိ တနှစ်တာ တရားဟောခွင့် ပိတ်ပင် ခံရပြီးဖြစ်သည်။

ယခုကဲ့သို့ တနှစ်ထပ်မံတိုးမြှင့်လိုက်ခြင်းမှာ ‘ဆိုဆုံးမ၍ မရသူ’အဖြစ် သတ်မှတ်ခံရခြင်းကြောင့်ဟုလည်း ရွှေညဝါ ဆရာတော်က မဇ္ဈိမကို ဆက်လက် မိန့်ကြားသည်။

ဆရာတော်သည် ပထမတနှစ် တရားပွဲ ပိတ်ပင်ခံနေရစဉ် ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလ အတွင်း မန္တလေးတိုင်း NLD ရုံးတွင် တရားဟောသည်ဟု စွပ်စွဲကာ သံဃာ့ ဆိုဆုံးမှုမကို မနာခံသူ အဖြစ် သတ်မှတ်ခံခဲ့ရပြီး ကြည့်မြင်တိုင်ရှိ သာဓု ပရိယတ္တိ ကျောင်းတိုက်မှ ဖယ်ရှားရန်နှင့် ကျောင်းတိုက်တွင်း မည်သည့် သင်တန်းမှ မပြုလုပ်ရန်လည်း မဟနမှ ဒီဇင်ဘာလ ၁၂ ရက်နေ့က စာပေးပို့ ညွှန်ကြားခဲ့သည်။

အဆိုပါ ညွှန်ကြားချက်ကြောင့် ဆရာတော်သည် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့တွင် သာဓုကျောင်းတိုက် အတွင်းမှ ထွက်ခွာ ပေးရန် လက်မှတ် ထိုးထားရပြီး ‘ဆိုဆုံးမ၍ မရသူ’ဟု သတ်မှတ်ခံရမှုနှင့် ပတ်သက်၍ "ဝန်ခံကတိ လက်မှတ် လည်း ထိုးခဲ့တယ်။ အဲဒီ အတိုင်းအတာ အထိ လုပ်ပေးခဲ့ပြီးပြီ။ နောက်ထပ်ဘာများ လုပ်ပေးရ ဦးမှာလဲ။ နောက်ထပ် ဘာလုပ်ပေးမှ အဲဒီ စကားလုံး အသုံးအနှုန်းက ပျက်ပြယ်မှာလဲ။ စဉ်းစားလို့ မရအောင် ဖြစ်နေပါတယ်။ " ဟု မဇ္ဈိမကို မိန့်ကြားသည်။

ဖေဖေါ်ဝါရီလ ၁၅၊ ၁၆၊ ၁၇၊ ၁၈ ရက်နေ့များတွင် ကြည့်မြင်တိုင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်များရှိ ဒါယိကာ၊ ဒါယကာ မများကို နှုတ်ဆက်သည့် အနေဖြင့် ဆွမ်းခံ ထွက်မည်ဟုလည်း သိရသည်။

သာဓု ကျောင်းတိုက်မှ ထွက်ရမည်နှင့် ပတ်သက်၍ ဆရာတော်က "၁၉ ရက်နေ့ကျတော့ အချိန်တန်ရင် ကျုပ် ထွက်သွားမှာပါ။ လွမ်းစရာ မရှိပါဘူးဗျာ။ လောကကြီးမှာ ပြီးရင် အားလုံးက ထားခဲ့ရမှာပါ" ဟု မဇ္ဈိမကို မိန့်ကြားခဲ့သည်။

Ref: မဇ္ဈိမ

Read More...

ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးရုံးခန်း ဖွင့်လှစ်

ရန်ပိုင်
February 13, 2012

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ဖြစ်မြောက်ရေးရုံးခန်း ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ရန်ကုန်မြို့ ကမာရွတ် မြို့နယ် ဓမ္မစေတီလမ်း အမှတ်၁၀၁ (ဘီ) တွင် ကျင်းပသည်။

ထိုအခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေးအတွက် နာယကဖြစ်သူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင် အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များဖြစ်သည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ တက်ရောက်ကြပြီး ဆရာတော် အရှင်ဆန္ဒာဓိက၊ စာရေးဆရာ ဦးမိုးသူ၊ ရုပ်ရှင်နယ်ပယ်မှ ဒါရိုက်တာ ကြည်ဖြူသျှင်၊ မင်းထင်ကိုကိုကြီး၊ ဝေဠုကျော်၊ ထွန်းအိန္ဒြာဗိုလ်၊ ဇင်ဝိုင်း၊ လူမင်း၊ ဒါရိုက်တာဝိုင်း၊ လူရွင်တော် အရိုင်းနှင့် သီးလေးသီး အငြိမ့် အဖွဲ့ဝင်များလည်း တက်ရောက်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်က “အမှန်အတိုင်း ပြောရရင် ဒီလို ရုံးခန်းလေးက စရတာကို သိပ်သဘောကျတယ်။ ဘာကြောင့်လဲ ဆိုတော့ ဖေဖေဟာ ဇာတိ နတ်မောက်နယ်လေးကစပြီး ပြည်ထောင်စု ခေါင်းဆောင်ကြီး ဖြစ်လာတယ်။ ဒါကြောင့် ဒီလို ကျဉ်းမြောင်းတဲ့ ရုံးခန်းကလေးက စပြီး ကမ္ဘာကျော်မယ့် ရုပ်ရှင်တခုကို ထုတ်လုပ်ချင်တယ် ” ဟု အခမ်းအနားတွင် ပြောသည်။

မိမိတို့အနေဖြင့် သမိုင်းဆိုသည်မှာ အတိတ်တွင် ကျန်ရစ်ခဲ့သည့် အရာတခု မဟုတ်ကြောင်း၊ ထိုကြောင့် မှန်မှန် ကန်ကန် သုံးသပ်တတ်ရန် လိုအပ်ကြောင်း၊ သို့မှာသာ အနာဂတ်နှင့် ပစ္စုပ္ပန်တွင် မှန်ကန်စွာ ဦးဆောင်နိုင်မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောဆိုသည်။

ယခုရုပ်ရှင်တွင် ဗိုလ်ချုပ်၏ ကလေးဘ၀မှ စတင်သည့် တာဝန်သိစိတ်၊ တက္ကသိုလ်ကျောင်းသားဘ၀ နိုင်ငံရေး တာဝန် အရ လွတ်လပ်ရေး လှုပ်ရှားမှု၏ ကျောင်းသား ခေါင်းဆောင်တယောက် ဖြစ်လာခြင်း၊ ထိုမှစတင်ကာ ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် အခန်းကဏ္ဍများကို ဦးစားပေး ဖော်ပြသွားမည်ဟု သိရသည်။

“ဖေဖေဘ၀မှာ အရေးအကြီးဆုံး ဆောင်ရွက်ခဲ့တာကတော့ တိုင်းရင်းသား သွေးစည်း ညီညွတ်ရေး ကိစ္စပဲ။ ပြည်ထောင်စု စိတ်ဓာတ်ကို စပျိုးခဲ့တယ်။ ကျမတို့နိုင်ငံဟာ ပြည်ထောင်စုနိုင်ငံ ဖြစ်တယ်၊ တိုင်းရင်းသားတွေ အားလုံး သွေးစည်း ညီညွတ်ရေးဟာ အရေးကြီးဆုံး ဖြစ်တယ်၊ ဒါကိုအဓိက ထားပြီး ဒီရုပ်ရှင်မှာ ဖော်ပြစေချင်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ယခုဇာတ်ကားကို အနုပညာအရ အဆင်မြင့်မြင့် ဖြစ်စေချင်ပြီး အနုပညာရှင်များတွင်လည်း ထိုသို့ အရည် အချင်းများနှင့် ပြည့်စုံသည်ဟု ယူဆကြောင်း၊ အောင်မြင်ရန်လည်း အားလုံး ၀ိုင်းဝန်း ကြိုးစားမည်ဟု ယုံကြည်ကြောင်း၊ ရဟန်းရှင်လူ ပြည်သူများ ကလည်း အားပေးမည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထိုအခမ်းအနားတွင် ကိုမင်းကိုနိုင်က ဗိုလ်ချုပ်အောင်ဆန်းသည် တက္ကသိုလ်ကျောင်းသားဘ၀ ကတည်းက အမျိုးသား နိုင်ငံရေးကို စတင် လုပ်ဆောင်သူ ဖြစ်သည့်အတွက် ကျောင်းသားများ၏ အခန်းကဏ္ဍကို ထည့်သွင်း ရိုက်ကူးရန် အကြံပြု ပြောကြားခဲ့သည်။

ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် ဆရာတော် အရှင်ဆန္ဒာဓိကက ဗိုလ်ချုပ်အောင်ဆန်းသည် အသက် ၃၂ နှစ်အရွယ်တွင် တိုင်းပြည် အတွက် အသက် ပေးလှူ ခဲ့ရသောကြောင့် ငွေကျပ် ၃၂ သိန်းကို လှူဒါန်းကြောင်း၊ ယင်းအလှူငွေ ပမာဏ အတိုင်း လေးကြိမ် တိုင်တိုင် လှူဒါန်းမည် ဖြစ်ကြောင်းလည်း သိရသည်။ ထို့အပြင် ဇာတ်မင်းသား ဖိုးချစ်ကလည်း အလှူငွေ ကျပ်သိန်း ၄၀ လှူဒါန်းခဲ့သည်။

ရန်ကုန် နာရေးကူညီမှုအသင်းမှ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ၏ဖခင် အမျိုးသားရုပ်ရှင် ထုတ်လုပ်ရေး ကုမ္ပဏီမှ ပိုင်ရှင် ဦးစိန်တင် ကလည်း ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ရိုက်ကူးရေးနှင့် ထုတ်လုပ်ရေး အတွက် ၎င်းမိသားစုပိုင် ကုမ္ပဏီကို ဒေါ်အောင်ဆန်းစုကြည်အား ပေးလှူခဲ့ကြောင်း သိရသည်။

“အမျိုးသားရေးကိစ္စလည်း ဖြစ်သလို ကိုယ်နိုင်ငံအတွက်လည်း တကယ်အဓိက ကျတယ်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း အမျိုးသား ဆိုတဲ့ နာမည်ကို အရမ်းကြိုက်တယ်၊ ဒါကြောင့် လှူဖြစ်လိုက်တယ်” ဟု ဦးကျော်သူက ပြောသည်။

အဆိုပါ ရုပ်ရှင်ကုမ္ပဏီကို ဒေါ်အောင်ဆန်းစုကြည်အား အပြီးအပိုင် လှူဒါန်းခြင်းဖြစ်ကြောင်း၊ ယခု ရုပ်ရှင်ဇတ်ကား ရိုက်ကူးရေး သာမက နောင်ရိုက်ကူးမည့် ရုပ်ရှင်များနှင့် ပတ်သက်ပြီး ခံစားခွင့် အ၀၀သည်လည်း ဒေါ်အောင်ဆန်းစုကြည် နှင့်သာ သက်ဆိုင်တော့ကြောင်း ကိုကျော်သူက ရှင်းပြသည်။

Ref: ဧရာဝတီ

Read More...

တပ်များမလှုပ်ရှားရေး အစိုးရတပ်နှင့် SSA တောင်ပိုင်း သဘောတူ

သန်းထိုက်ဦး
February 13, 2012

တြိဂံတိုင်း စစ်ဌာနချုပ်မှ စစ်ဦးစီးပထမတန်း (G 1) ဒု ဗိုလ်မှူးကြီး ခင်မောင်ထွေးနှင့် ရှမ်းပြည် တပ်မတော် (SSA) တောင်ပိုင်းမှ ဗိုလ်မှူးကြီး အောင်မောင်း တို့သည် အပစ်အခတ် ရပ်စဲရေး သဘောတူထား သော်လည်း နှစ်ဘက်တပ်များ တိုက်ပွဲ ပြန်လည် ဖြစ်ပွားမှုနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၈ ရက်နေ့က တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

မည်သည့်နေရာ၌ တွေ့ဆုံဆွေးနွေးကြောင်း အတိအကျ မသိရသော်လည်း ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် စစ်ရေး ပဋိပက္ခ ဖြစ်ပွားသည့် ဒေသများ၌ လှုပ်ရှားနေသော အစိုးရ တပ်များ နယ်မြေ ရှင်းလင်းရေး မပြုလုပ်ရန် သဘော တူညီခဲ့ကြောင်း ဗိုလ်မှူးကြီး အောင်မောင်း ထံမှ သိရကြောင်း သျှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးခွန်စိုင်းက ဧရာဝတီသို့ ပြောသည်။

“ဒု ဗိုလ်မှူးကြီး ခင်မောင်ထွေးကလည်း အခုနယ်မြေ ရှင်းလင်းရေးလုပ်နေတဲ့ သူတို့တပ်ဖွဲ့တွေကို ရပ်ဆိုင်းဖို့ သဘော တူသွားတယ်” ဟု ၎င်းက ဆိုသည်။

SSA တောင်ပိုင်းတပ်ဖွဲ့နှင့် အစိုးရတပ်များ၂ ရက်ခန့်အကြာ ပြန်လည်ဖြစ်ပွားခဲ့သည့် အကြောင်းကိုမှု SSA တောင်ပိုင်း ဘက်က တစုံတရာ မှတ်ချက်ပေးခြင်း မရှိကြောင်း ဦးခွန်စိုင်းက ဆက်ပြောသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းပြင်းမြို့နယ်အတွင်း အခြေစိုက် လှုပ်ရှားနေသော SSA တောင်ပိုင်း တပ်ဖွဲ့ဝင်များနှင့် မိုင်းတုံ မြို့နယ်ရှိ အစိုးရ တပ်များ ဖေဖော်ဝါရီလ ၇ ရက်နေ့မှစ၍ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းနေ့တွင် SSA တောင်ပိုင်း ဌာနချုပ် တည်ရှိရာ လွယ်တိုင်းလျန်း၌ ၆၅ ကြိမ်မြောက် ရှမ်းပြည် နယ်နေ့ အခမ်းအနား ကျင်းပ နေချိန်ဖြစ်သည်။

နှစ်ဘက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည့် အကြောင်းကို အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ် ခေါင်းဆောင် ဦးအောင်မင်းထံ ယခုလ ၉ ရက်နေ့က စာပေးပို့ ခဲ့သော်လည်း တစုံတရာအကြောင်း ပြန်ကြားချက် မရရှိသေးကြောင်း သိရသည်။

၂၀၁၁ ဒီဇင်ဘာ၂ ရက်နေ့က ဦးအောင်မင်းနှင့် SSA တောင်ပိုင်းအဖွဲ့ ကိုယ်စားလှယ်များ တောင်ကြီးမြို့တွင် တွေ့ဆုံ ဆွေးနွေးပြီး အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်။

Ref: ဧရာဝတီ

Read More...

Monday, February 13, 2012

ချိတ်ပိတ်ခံရသည့် ဘုန်းကြီးကျောင်း နှစ်ကျောင်း ပြန်ဖွင့်ခွင့်ရ

လင်းသန့်
February 10, 2012

၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအပြီး ချိတ်ပိတ်ခံခဲ့ရသည့် ရန်ကုန်မြို့ရှိ မဂ္ဂင်ကျောင်းတိုက်နှင့် ပြည်ကျော် ရွှေတောင် ကျောင်းတိုက် တို့ကို ယနေ့ နေ့လည်ပိုင်းက တရားဝင် ပြန်လည်ဖွင့်ခွင့် ပေးလိုက်ကြောင်း သတင်းရရှိသည်။

“ဒီနေ့ ဦးဇင်းတို့ရဲ့ မဂ္ဂင်ကျောင်းကို ပြန်ဖွင့်ပေးလိုက်တယ်။ အားလုံးပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်းပါပဲ” ဟု မဂ္ဂင် ကျောင်းတိုက် ဆရာတော် ဦးဣန္နက ဧရာဝတီသို့ မိန့်ကြားသည်။

သင်္ကန်းကျွန်းမြို့နယ်ရှိ လယ်တီ ဝိပဿနာကျောင်းတိုက်တွင် ခေတ္တသီတင်းသုံးနေစဉ် ယနေ့ နံနက်က ခေါ်ဆောင်သွားခြင်း ခံရသည့် ဦးဂမ္ဘီရနှင့် ပတ်သက်၍ CNN သတင်းဌာနနှင့် အင်တာဗျူး နေချိန်၌ သက်ဆိုင်ရာက အကြောင်းကြားလာခြင်း ဖြစ်ကြောင်း၊ မဂ္ဂင် ကျောင်းတိုက် အရှေ့ သွားရောက်ခဲ့ပြီး မကြာခင် သာသနာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ အပါအ၀င် အာဏာပိုင်များက လာရောက် ဖွင့်လှစ် ပေးသွားခဲ့ခြင်း ဖြစ်ကြောင်း ဦးဣန္နက ဆက်လက် မိန့်ကြားသည်။

မဂ္ဂင်ကျောင်းတိုက် ပြန်လည်ဖွင့်ခွင့် လျှောက်ထားပြီး ၅ ရက်အကြာတွင် ယခုကဲ့သို့ ပြန်လည် ဖွင့်လှစ် ပေးခြင်းဖြစ်ကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ကျော် ရွှေတောင်ကျောင်းတိုက် ဆရာတော် ဦးပဏ္ဍ၀ံသက “အခုလေးတင်ပဲ လာဖွင့်ပြီးတော့ ပြန်သွားကြတယ်။ လူမှု ကယ်ဆယ်ရေး ၀န်ကြီးဌာန ဒု ၀န်ကြီးနဲ့ ရန်ကုန်တိုင်း သာသနာရေး ညွှန်ကြားရေးမှူး ပေါ့နော်။ သူတို့ လာဖွင့်သွားပါတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ပေါ့” ဟု ဧရာဝတီသို့ မိန့်ကြားသည်။

သင်္ကန်းကျွန်းမြို့နယ်ရှိ ချိတ်ပိတ်ထားသော မဂ္ဂင်ကျောင်းတိုက်ကို အကျဉ်းထောင်မှ မကြာမီက ပြန်လည် လွတ်မြောက် လာသည့် ၂၀၀၇ ခုနှစ် ရွှေဝါရောင် ဦးဆောင်ရဟန်းတပါး ဖြစ်သည့် ဦးဂမ္ဘီရက သက်ဆိုင်ရာသို့ အကြောင်း မကြားဘဲ ဖွင့်လှစ် နေထိုင်သည့် အတွက် သာသနာရေး ဝန်ကြီးဌာနမှ ယခင်အပတ်က ပြန်လည် ချိတ်ပိတ်ခဲ့သည်။

မဂ္ဂင်ကျောင်းတိုက် ပြန်လည် ချိတ်ပိတ်ခံရပြီးနောက် မဂ္ဂင်ကျောင်းဆရာတော်နှင့် ဦးဂမ္ဘီရ အပါအ၀င် နိုင်ငံရေး အကျဉ်းသားဟောင်း ရဟန်း တော်များသည် လယ်တီ ၀ိပဿနာ ကျောင်းတိုက်သို့ ပြောင်းရွှေ့သီတင်းသုံး နေခဲ့ ရသည်။

ယနေ့ နံနက် ၂ နာရီခန့်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရဲများက ဦးဂမ္ဘီရကို လယ်တီ ဝိပဿနာ ကျောင်းမှ လာရောက် ခေါ်ဆောင်သွားခဲ့ကြောင်း၊ ခေါ်ယူသွားစဉ်က ဖမ်းဆီးခြင်း မဟုတ်၊ ခေတ္တမေးမြန်းရန် ဟုသာ ပြောဆိုကြောင်း ဦးဣန္နကက မိန့်သည်။

သို့သော် ခေါ်ဆောင်သွားပြီးနောက် ဦးဂမ္ဘီရ၏ လက်ကိုင်ဖုန်းသို့ ဆက်သွယ်၍ မရဘဲဖြစ်နေကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရက အာဏာစက်နှင့် တရားစွဲ အရေးယူမည့်ကိစ္စကို သံဃမဟာနာယက အဖွဲ့က တားမြစ်ပြီး ဓမ္မစက်ဖြင့် တာဝန်ယူ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီကိုယ်တော်က မဟာနာယက ဆရာတော်ကြီးတွေရဲ့ ပင့်လျှောက်လွှာ ၃ ကြိမ်ရတာတောင်မှ တခါမှ မသွားလို့ ပျက်ကွက်တယ် ဆိုတာ ရှိတယ်။ သို့သော်ငြားလည်း လုပ်ထုံး လုပ်နည်းအရ ဆိုရင် သက်ဆိုင်ရာ ပင့်လျှောက်မယ့် ရဟန်းတော်ကို တိုင်းရုံးက သော်လည်းကောင်း၊ မဟနက သော်လည်းကောင်း၊ လာရောက်ဖို့ ပင့်ဖိတ်တဲ့ နေရာမှာ တပတ် သို့မဟုတ် ၂ ပတ်ခန့် ကြိုပြီး အကြောင်းကြား ရပါတယ်။ အခုဟာ အကြောင်းကြားစာကို ညနေခင်းပို့ မနက်ခင်းခေါ် ဆိုတာကြောင့် နှစ်ဖက်စလုံးက လုပ်ဆောင်ချက် အားနည်းချက်တွေ ရှိနေပါတယ်” ဟု ဦးပဏ္ဍ၀ံသက ဆက်လက်မိန့်ကြားသည်။

ရန်ကုန်မြို့ရှိ ခြောက်ထပ်ကြီး ဘုရားကြီးတိုက်ဝင်းအတွင်းရှိ သာသနာ့သိပ္ပံကျောင်းနှင့် သာသနာ့ဂုဏ်ရည် ကျောင်းတိုက် တို့ကိုလည်း တံခါးသော့များ ရိုက်ဖွင့်ထားသည့် အတွက် ယနေ့ နေ့လယ်ပိုင်းတွင် သာသနာရေး ဦးစီးဌာနက ပြန်လည် ချိတ်ပိတ် လိုက်ကြောင်း၊ ကျောင်းပြန်လည် ဖွင့်လှစ်ရန်အတွက် သက်ဆိုင်ရာ ရဟန်းတော်များက လျှောက်ထားဆဲ ဖြစ်ကြောင်း သိရသည်။

Ref: ဧရာဝတီ

Read More...

ပင်လုံစိတ်ဓာတ် ခိုင်မာဖို့ NLD တိုက်တွန်း

2012-02-12

စစ်မှန်တဲ့ ပြည်ထောင်စုစနစ်ပေါ်ပေါက်ရေးအတွက် ပင်လုံစိတ်ဓာတ်ခိုင်မာဖို့ လိုအပ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ဒီကနေ့ ကျရောက်တဲ့ (၆၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကြေညာချက်မှာ တိုက်တွန်း လိုက်ပါတယ်။

အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ပင်လုံစိတ်ဓါတ် ရှင်သန်ဖို့ အမှန်တကယ် လိုအပ် နေတယ်လို့လည်း ထောက်ပြ ထားပါတယ်။

ရွှေဂုံတိုင် ပါတီ ရုံးချုပ်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားမှာ ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု စိတ်ဓာတ် ရှင်သန်ရေး အတွက် သဘောထားကြီးဖို့ အရေးကြီးတယ် လို့လည်း ပြောပါတယ်။ ဒါ့အပြင် စစ်မှန်တဲ့ ပြည်ထောင်စုနိုင်ငံ ထူထောင်နိုင်ဖို့ အတွက် တိုင်းရင်းသား အားလုံးနဲ့အတူ လက်တွဲလုပ်ဆောင် သွားမယ်လို့လည်း ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်ထောင်စုနေ့အခမ်းအနားကို ပါတီဝင်တွေနဲ့ အတူ ဖိတ်ကြားထားတဲ့ ဧည့်သည်တော် တွေလည်း တက်ရောက် ခဲ့ကြပါတယ်။ ။

Ref: RFA News

Read More...

ငြိမ်းချမ်းရေးအတွက် တံခါးဖွင့်ထားဆဲလို့ သမ္မတဦးသိန်းစိန် ပြောကြား

2012-02-12

မြန်မာနိုင်ငံမှာ ထာဝရ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ စေ့စပ် ညှိနှိုင်းရေး လုပ်ဆောင် နေသလို တိုင်းရင်းသား ပြည်သူ တရပ်လုံးကလည်း ပူးပေါင်း ပါဝင်ဖို့ (၆၅) နှစ်မြောက် ပြည်ထောင်စုနေ့ သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းမှာ ဖေါ်ပြ ထားပါတယ်။

ပြည်ထောင်စုအစိုးရ အဖွဲ့သစ်အနေနဲ့ ငြိမ်းချမ်းရေးတံခါးကို ဖွင့်လှစ်ထားဆဲ ဖြစ်တယ်လို့လည်း ဖေါ်ပြ ထားပါတယ်။ ဒီမိုကရေစီ စနစ်ဟာ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး စနစ်နဲ့ အကောင်အထည် ဖော်မှသာ အောင်မြင်နိုင်တာကြောင့် အစိုးရ အနေနဲ့ အလေးထား အကောင်အထည် ဖော်နေကြောင်းလည်း ပြောထားပါတယ်။

တရားဥပဒေစိုးမိုးရေးအတွက် သက်ဆိုင်ရာပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ၊ အစိုးရ ၀န်ထမ်းတွေနဲ့ ပြည်သူ အားလုံးက တရား ဥပဒေကို လေးစား လိုက်နာရမယ် လို့လည်း ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ ရရှိနေပေမယ့် ကချင် ပြည်နယ်မှာ စစ်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး ဒေသခံတွေ တရုတ်-မြန်မာ နယ်စပ်ကို ထွက်ပြေး ခိုလှုံနေကြတဲ့ အပြင် အဲဒီဒေသ တွေမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ဆက်လက် ဖြစ်နေကြောင်းလည်း လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်နေကြပါတယ်။

သမ္မတရဲ့ ပြည်ထောင်စုနေ့ သ၀ဏ်လွှာထဲမှာ နိုင်ငံတော် တည်ငြိမ်ရေးနဲ့ ထာဝရ ငြိမ်းချမ်းရေးကို ဖော်ဆောင်လိုတဲ့ အတွက်၊ နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ အားလုံး ပါဝင်နိုင်ရေး အတွက် အကျဉ်းထောင် အသီးသီးကနေ အကျဉ်းသားတွေကို လေးကြိမ် တိတိ လွှတ်ပေး ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ ။

Ref: RFA News

Read More...

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် လူမှုရေးအဖွဲ့ ဖွဲ့စည်း

2012-02-12

စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်းနဲ့ ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်ဟာ ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ရံပုံငွေ ကျပ်သိန်း ၁၀၀ မတည်ပြီး "ရွှေမှော်ဝန်း" လူမှုရေး အဖွဲ့ကို ဒီနေ့ ဖွဲ့စည်း လိုက်တယ်လို့ သိရပါတယ်။

ဆိုင်းငံ့ပြစ်ဒဏ် ၄၄ နှစ်ချမှတ်ခံရထားတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ဟာ သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်နဲ့ နေအိမ် အကျယ်ချုပ်ကနေ ပြီးခဲ့တဲ့လက လွတ်မြောက်လာပြီး ပထမဆုံး အကြိမ် အဖြစ် ဇာတိဖြစ်တဲ့ ကျောက်တန်းမြို့ကို ဒီနေ့ သွားရောက်ခဲ့ပြီး သူလှူဒါန်းထားတဲ့ သိမ်တခုမှာ ရပ်ဆွေ ရပ်မျိုးတွေ ဖိတ်ခေါ်ပြီး ခုလို ဖွဲ့စည်း လိုက်တာလို့ ဒေသခံ တဦးက ပြောပါတယ်။

ဒီအဖွဲ့မှာ ဦးခင်ညွန့်ရဲ့ ငယ်ဆရာ ၀န်ကြီးချုပ်ဟောင်း တဦးဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း ဦးတင့်ဆွေကို နာယက အဖြစ် ထားရှိပြီး ဦးခင်ညွန့်နဲ့ ဇနီး ဒေါက်တာ ဒေါ်ခင်ဝင်းရွှေ၊ သား ဗိုလ်မှူးကြီးဟောင်း ဇော်နိုင်ဝင်း၊ ဦးခင်ညွန့်ရဲ့ ဆရာမ ဒေါ်တင်တင်နွယ် စတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်တယ်လို့ သိရပါတယ်။ ။

Ref: RFA News

Read More...

ဖွံ့ဖြိုးရေးလုပ်ရန် ဗဟု ခေါင်းဆောင်တို့ ပြည်တော်ပြန်

မျိုးသန့်
သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၁၀ ရက် ၂၀၁၂

ချင်းမိုင်(မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံ အခြေစိုက် ဗဟု ဖွံ့ဖြိုးရေးအဖွဲ့ကို တည်ထောင်သူများ ဖြစ်သည့် ဦးဇော်ဦး၊ ဦးတင်မောင်သန်း၊ ဦးအောင်သူငြိမ်းနှင့် ဦးအောင်နိုင်ဦး တို့သည် ဖွံ့ဖြိုးရေး လုပ်ငန်းများ တိုးမြှင့် လုပ်ဆောင်ရန် မြန်မာနိုင်ငံသို့ သောကြာနေ့တွင် ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။

ဗဟု ဖွံ့ဖြိုးရေးအဖွဲ့သည် ရပ်ရွာဖွံ့ဖြိုးရေး လုပ်ငန်းများမှအစ နိုင်ငံ၏ စီးပွားရေး မူဝါဒများအထိ လိုအပ်သည်များကို ပြင်ဆင် ဖြည့်စွက် မြှင့်တင်နိုင်ရန် သင်တန်းများကို မြန်မာနိုင်ငံ အတွင်း ပို့ချပေးနိုင်ရန်လည်း ရည်ရွယ်သည်ဟု အဖွဲ့၏ Senior Staff ဦးအောင်သူငြိမ်းက မဇ္ဈိမကို ပြောသည်။

“မူဝါဒနဲ့ ပါတ်သက်တဲ့ သုတေသန၊ မူဝါဒတွေနဲ့ ပတ်သက်လို့ တိုက်တွန်း၊ စည်းရုံး ပြောဆိုတာပေါ့။ အရည်အသွေး မြှင့်တင်ရေး သင်တန်း တွေပေါ့။ ဖွံ့ဖြိုးရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ မြန်မာပြည်ထဲမှာ ကျနော်တို့ ဒီကိစ္စတွေ တိုးပြီးတော့ လုပ်လို့ရမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

ဦးအောင်သူငြိမ်းက ဦးသိန်းစိန် အစိုးရသည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အမှန်တကယ် လုပ်ဆောင်နေသည် ဟု ယူဆပြီး၊ အောက်ခြေ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၏ အရည်အသွေးများ မြှင့်တင်ရန် လိုအပ်သည်ဟုလည်း ပြောသည်။

“ဒေသန္တရ အုပ်ချုပ်ရေးပေါ့။ အထူးသဖြင့် အပေါ်မှာ ပြောင်းတာ တပိုင်းပေါ့၊ အောက်ခြေမှာ ကိုယ်တိုင်ကိုယ်က အားကောင်းလာဖို့ လိုတာပေါ့။ အောက်ခြေစနစ် အုပ်ချုပ်ရေးတွေကစလို့ ပိုပြီးတော့ လုပ်နိုင် ကိုင်နိုင်အောင်လို့ အဲဒီလို သင်တန်းတွေ ပေးဖို့ရှိပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

သောကြာနေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်သည့် ဦးအောင်နိုင်ဦးနှင့် ဦးအောင်သူငြိမ်းတို့သည် ၁၉၈၈ အရေးအခင်း အပြီးတွင် ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တွင် ခေါင်းဆောင်များ အဖြစ် ပါဝင် ဆောင်ရွက်ခဲ့သူများလည်း ဖြစ်သည်။

သူတို့နှစ်ဦးသည် မြန်မာနိုင်ငံသို့ ပြန်မရောက်သည်မှာ ၂၃ နှစ်ကျော် ရှိပြီးဖြစ်ပြီး ယခုခရီးသည် ပထမဆုံး ပြည်တော်ပြန် ခရီး ဖြစ်သည်ဟုလည်း သိရသည်။

မြန်မာနိုင်ငံတွင် သီတင်းနှစ်ပတ်ကြာနေထိုင်မည့် ဦးအောင်သူငြိမ်းနှင့် ဦးအောင်နိုင်ဦး တို့သည် ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင်၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ၊ အစိုးရ တာဝန်ရှိသူများနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် ဗဟု မှ မည်သို့ ကူညီနိုင်မည်ကို တိုင်ပင် ဆွေးနွေး သွားမည်ဟုလည်း သိရသည်။

နိုင်ငံရေး အကျဉ်းသားအချို့ကို လွှတ်ပေးခြင်း၊ NLD ပါတီကို မှတ်ပုံတင်ခွင့်ရရန် ရွေးကောက်ပွဲ ဥပဒေများ၏ အချို့ အပိုင်းများကို ပြင်ဆင်ပေးခြင်းတို့ကို ရည်ညွှန်း၍ မြန်မာနိုင်ငံသည် ပြုပြင် ပြောင်းလဲရေး လမ်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး အစိုးရ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများကို ယုံကြည်သည်ဟုလည်း ဦးအောင်သူငြိမ်းက မဇ္ဈိမကို ပြောသည်။

“အစိုးရ ကိုယ်တိုင်ကလည်း အားတိုက်အင်တိုက်ပေါ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတာပေါ့။ ကျနော် အခု လက်ရှိ သမ္မတ ဦးသိန်းစိန်တို့ တချို့ခေါင်းဆောင်တွေက သူတို့ ပြောင်းချင်တယ် ဆိုတာကို တစိုက်မတ်မတ် လုပ်နေတယ် ဆိုတာတော့ ကျနော်ယုံပါတယ်" ဟု ပြောသည်။

အဆိုပါ အပြောင်းအလဲများအတွက် အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များတွင်သာ မူတည်မနေဘဲ တည်ငြိမ်သည့် အပြောင်း အလဲများ ဖြစ်ရန်၊ ယခုထက် ပိုမိုတိုးတက်ရန်တို့ အတွက် လူအများ၏ ပညာအရည်အချင်းနှင့် အရည်အသွေး များလည်း မြှင့်တင် ပေးရန် လိုသည်ဟု ဦးအောင်သူငြိမ်းက ယူဆသည်။

ဗဟု ဖွံ့ဖြိုးရေးအဖွဲ့သည် ပြည်တွင်းမှ သင်တန်းသားများကို ခေါ်ယူ၍ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ဘာသာရပ်များကို ထိုင်းနိုင်ငံ ချင်းမိုင် တက္ကသိုလ်နှင့် ချိတ်ဆက်၍ သင်တန်းများ ပေးနေသည်ဟုလည်း သိရသည်။

ထို့အပြင် ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်တွင် ဖွင့်လှစ်ထားသည့် လူမှုဖွံ့ဖြိုးရေး အစီအစဉ် Community Development and Civic Empowerment (CDCE) တွင်လည်း ပြည်တွင်းမှ သင်တန်းသားများ ခေါ်ယူ၍ သင်တန်းများ ဖွင့်လှစ် ပို့ချပေးနေသည်။

ဗဟုအဖွဲ့တွင် ဒေါက်တာဇော်ဦး၊ ဦးအောင်နိုင်ဦး၊ ဦးတင်မောင်သန်း၊ ဦးအောင်သူငြိမ်း တို့ ပါဝင်ပြီး မြန်မာနိုင်ငံ၏ ပညာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၀၅ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည်။

Ref: မဇ္ဈိမ

Read More...

ABSDF နှင့် အစိုးရ ကိုယ်စားလှယ်တို့ အကြိုဆွေးနွေးပွဲ ပြုလုပ်

ကျော်ခ
သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၁၀ ရက် ၂၀၁၂

ချင်းမိုင်(မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF (ကျောင်းသား တပ်မတော်) နှင့် မြန်မာ အစိုးရတို့အကြား ငြိမ်းချမ်းရေး ဖေါ်ဆောင်နိုင်ရန် အကြိုတွေ့ဆုံဆွေးနွေးပွဲကို နှစ်ဖက် ကိုယ်စားလှယ် အဖွဲ့များက ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် ဖေဖေါ်ဝါရီ ၉ ရက်နေ့က တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်။

ABSDF ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့၊ အဖွဲ့ဝင် ဒုဗိုလ်မှူးကြီးဟောင်း စောခင်စိုး ဦးဆောင်သော ကိုယ်စားလှယ်များက ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖေါ်ဆောင်နိုင်ရေး တို့ကို အကြိုသဘောဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း ဆွေးနွေးပွဲတွင် ပါဝင်သူ ABSDF ဒုဥက္ကဋ္ဌ ဦးမျိုးဝင်း က ပြောသည်။

“အခြေခံအားဖြင့်တော့ ရှေ့ဆက်ပြီး နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့၊ ပြည်တွင်း ငြိမ်းချမ်းရေး ပြဿနာတွေ ဆွေးနွေးနိုင်ဖို့အတွက် အဓိကထားပြီး အကြိုသဘော ဆွေးနွေးဖြစ်တယ်” ဟု မဇ္ဈိမကို ပြောသည်။

ယခုဆွေးနွေးပွဲသည် ပဏာမ တွေ့ဆုံခြင်းဖြစ်ပြီး အပစ်ရပ်ရေး အပါအဝင် နိုင်ငံရေးအရ နှစ်ဖက် ညှိနှိုင်း ဖေါ်ဆောင်ရ မည့် ကိစ္စရပ်များကို အကောင် အထည် ဖေါ်နိုင်ရန် ဒုတိယအကြိမ် တွေ့ဆုံပွဲတွင် ဆွေးနွေး သွားကြမည် ဖြစ်ကြောင်း ABSDF ထံမှ သိရသည်။

“ကျနော်တို့ အစစ်အမှန်ဆွေးနွေးရမယ့် ညှိနှိုင်းရမယ့် နိုင်ငံရေးကိစ္စတွေ အားလုံးကို ဒုတိယ အဆင့်မှာပဲ ဆွေးနွေးမယ်။ အခု ဆွေးနွေးပွဲကလည်း ဒုတိယအဆင့်ကို သွားနိုင်ဖို့ ပြင်ဆင်တဲ့ အနေအထားပဲ ရှိပါတယ်။ ရက်ကိုတော့ နှစ်ဖက် အားတဲ့ရက်ကို ညှိနှိုင်းပြီး လုပ်ကြမှာပါ။ ခုတော့ သတ်မှတ်ထားတာ မရှိသေးပါဘူး” ဟု ဦးမျိုးဝင်း က ပြောသည်။

ယင်းသို့တွေ့ဆုံရာတွင် တင်ပြဆွေးနွေးကြမည့် အချက်များကို ABSDF တာဝန်ရှိသူများအကြား ဆွေးနွေးဖလှယ်မှုများ ပြုလုပ် ရဦးမည်ဟု သိရသည်။

အစိုးရဘက်မှ ငြိမ်းချမ်းရေး စားပွဲဝိုင်းတွင် ‘တန်းတူညီတူ’ ဆွေးနွေးမည်ဟု ဖော်ပြပါရှိသော ကမ်းလှမ်း စာကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ခေါင်းဆောင် ဦးအောင်သောင်း ကိုယ်စား ဒုဗိုလ်မှူးကြီးဟောင်း စောခင်စိုး လက်မှတ်ထိုး၍ ဇန်နဝါရီ ၁၀ ရက်နေ့စွဲဖြင့် ကမ်းလှမ်းမှု ပြုလုပ်ခဲ့သည်။

ABSDF ကလည်း ၎င်းတို့အနေဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စသည့် နိုင်ငံရေး လုပ်ငန်းစဉ်များကို ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း အကြောင်းပြန်စာ ပို့ခဲ့ပြီးနောက် ယခုကဲ့သို့ ဆွေးနွေးပွဲ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ABSDF အတူ လက်တွဲ တိုက်ပွဲဝင်ခဲ့ကြသည့် ကရင်အမျိုးသား အစည်းအရုံး KNU နှင့် အစိုးရတို့ ဇန်နဝါရီ ၁၂ ရက် နေ့က ဘားအံမြို့တွင် အပစ်ရပ်ရေး ဆွေးနွေး သဘော တူခဲ့ကြသည်။

၁၉၈၈ ဒီမိုကရေစီအုံကြွမှုကြီးမှ ကျောင်းသားလူငယ်များဖြင့် ဖွဲ့စည်းခဲ့သည့် ABSDF အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အတွက် မိမိအဖွဲ့တွင်းနှင့် ပြည်တွင်း/ပြည်ပ ကျောင်းသားလူထု၏ သဘောထား အကြံဉာဏ်များ ရယူခဲ့ပြီးမှ ယခုကဲ့သို့ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Ref: မဇ္ဈိမ

Read More...

SSA တောင်ပိုင်းနှင့် အစိုးရတပ်များ တိုက်ပွဲ ပြန်ဖြစ်

သန်းထိုက်ဦး
February 10, 2012

အပစ်အခတ်ရပ်စဲရေး သဘောတူထားသည့် ရှမ်ပြည်တပ်မတော် (SSA) တောင်ပိုင်းနှင့် အစိုးရတပ်များ ယခုတပတ် အင်္ဂါနေ့မှ စ၍ ၂ ရက်ကြာ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းပြင်းမြို့နယ်အတွင်း အခြေစိုက် လှုပ်ရှားနေသော SSA တောင်ပိုင်း တပ်ဖွဲ့ဝင် များနှင့် မိုင်းတုံ မြို့နယ်ရှိ အစိုးရ တပ်များ တိုက်ခိုက်ကြခြင်း ဖြစ်ကြောင်း SSA တောင်ပိုင်း ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလောင်ဆိုင်းက ဧရာဝတီသို့ ပြောသည်။

“အဲဒီဒေသမှာ ဒီတကြိမ်နဲ့ဆိုရင် တိုက်ပွဲတွေ ၃၊ ၄ ကြိမ်လောက် ပြန်ဖြစ်ခဲ့ပြီး အစိုးရ တပ်တွေကသာ ကျနော်တို့ အခြေ ချထားတဲ့ နေရာမှာ လာဝိုင်းပြီးတော့ ပစ်တယ်။ အဆိုးဆုံးကတော့ ၇ ရက်နေ့မှာပါ” ဟု ၎င်းက ဆိုသည်။

အစိုးရတပ်များ တိုက်ခိုက် ခဲ့သောနေ့သည် SSA တောင်ပိုင်းဌာနချုပ် တည်ရှိရာ လွယ်တိုင်းလျန်းတွင် ၆၅ ကြိမ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနား ကျင်းပနေချိန်ဖြစ်သည်။

အစိုးရတပ်က ၆၀ မမ အမြောက်များနှင့် ပစ်ခတ်သည့်ဒဏ်ကို မခံနိုင်သောကြောင့် နောက်ဆုတ်ပေးသော SSA တောင်ပိုင်း တပ်ဖွဲ့ဝင် များကို အစိုးရ စစ်သည်အင်အား ၂၀၀ ခန့်ဖြင့် လိုက်လံ တိုက်ခိုက် ခဲ့သေးကြောင်း စိုင်းလောင်ဆိုင်းက ဆက်ပြောသည်။

“ဆုတ်ခွာသွားတဲ့ ဘက်ကို သူတို့ စစ်ကြောင်းနဲ့ လိုက်ပြီးတော့ နောက်တကြိမ် ပြန်တိုက်ခိုက်တယ်၊ အဲဒီမှာ ကျနော်တို့ သေနတ် တလက် ဆုံးရှုံး သွားပါတယ်” ဟု ၎င်းက ဆိုသည်။

၃ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက်အကျအဆုံးကို မသိရှိရသေးပေ။ ယင်းဒေသကို လတ်တလောတွင် အစိုးရ တပ်များက ထိန်းချုပ် ထားကြောင်း သိရသည်။

“ကျနော်တို့ အပစ်အခတ် ရပ်စဲရေး ဧရိယာ သဘောတူတွေ လက်မှတ် ရေးထိုးထားပြီဆိုတော့ အခု ဘယ်လိုပုံစံ ဘယ်နည်း ဖြစ်ကြတာလဲ ဆိုတဲ့ အကြောင်းကို ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်မင်းကို မေးမြန်းကြည့် ထားပါတယ်” ဟု စိုင်းလောင်ဆိုင်းက ပြောသည်။

ယမန်နေ့က ဦးအောင်မင်းထံ စာပေးပို့ခဲ့ပြီး တစုံတရာ အကြောင်း ပြန်ကြားချက် မရရှိသေးကြောင်း သိရသည်။

ရှမ်းပြည်နယ်နေ့ အခမ်းအနားတွင် SSA တောင်ပိုင်းမှ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်က အစိုးရနှင့် ယခုကဲ့သို့ အပစ်အခတ် ရပ်စဲခြင်းသည် စစ်ဘေး စစ်ဒဏ်မှ ကင်းဝေးစေရေး၊ အသက် မွေးဝမ်းကျောင်း လုပ်ငန်း ကောင်းမွန်စွာ လုပ်ကိုင် စားသောက် နိုင်ရေး ရည်ရွယ်ကြောင်း၊ သို့သော် ဦးသိန်းစိန် အစိုးရတပ်က လူထု အသက်အိုးအိမ် လုံခြုံမှု ထိခိုက်လာပါက လူထုဘက်မှ ရပ်တည်၍ ပြန်လည် ဆန့်ကျင် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၁၁ ဒီဇင်ဘာ၂ ရက်နေ့က အစိုးရနှင့် SSA တောင်ပိုင်းအဖွဲ့ ကိုယ်စားလှယ်များ တောင်ကြီးမြို့တွင် တွေ့ဆုံ ဆွေးနွေးပြီး အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုး ခဲ့ကြသည်။ ရထားဝန်ကြီး ဦးအောင်မင်းနှင့် အမှတ် (၂) လျှပ်စစ် စွမ်းအား ၀န်ကြီး ဦးခင်မောင်စိုးတို့က သက်သေခံအနေနှင့် လက်မှတ် ရေးထိုးပေးခဲ့ကြောင်း သိရသည်။

SSA တောင်ပိုင်းသည် ရှမ်းပြည် ညီညွတ်ရေးနှင့် တော်လှန်ရေးတပ် (SURA) မှ ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြောင်းလဲ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ SURA သည် ၁၉၉၆ ခုနှစ်တွင် စစ်အစိုးရထံ လက်နက်ချခဲ့သော ခွန်ဆာဦးဆောင်သည့် မော်ထိုင်း တပ်မတော် (MTA) မှ ခွဲထွက် အဖွဲ့ဖြစ်သည်။

Ref: ဧရာဝတီ

Read More...

အပေါ်သို့