ဖနိဒါ
တနင်္လာနေ့၊ ဒီဇင်ဘာလ ၁၉ ရက် ၂၀၁၁
ချင်းမိုင်(မဇ္စျိမ) ။ ။ ပြည်ထောင်စုအဆင့် 'နိုင်ငံရေး ဆွေးနွေးရန်' ဦးအောင်သောင်း ခေါင်းဆောင်သော ၁၁ ဦးပါ အဖွဲ့ ဖွဲ့စည်းထားကြောင်း အသိပေးစာအား ကချင်လွတ် မြောက်ရေးအဖွဲ့ KIO ကို ယမန်နေ့က လက်ခံ ရရှိကြောင်း KIO ပြောခွင့်ရ ဦးလနန်က ပြောသည်။
ကချင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့အား သီးသန့် ဖွဲ့စည်း တာဝန်ပေးအပ်ခြင်း အမိန့်စာကို KIO ကို ယမန်နေ့က အီးမေးလ်မှတဆင့် တရားဝင် အသိပေးလာခြင်း ဖြစ်သည်။
“နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးနိုင်ရန်အတွက် အကြောင်းကြားခြင်းဆိုကာ ဦးအောင်သောင်း၏ လက်မှတ် ရေးထိုး ထားသော ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးအဖွဲ့ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က တာဝန် ပေးအပ်ပြီး ဖြစ်ပါကြောင်း”ဟု ဦးလနန်က ပြောသည်။
အစိုးရဘက်မှ တရားဝင်အကြောင်းကြားလာသဖြင့် KIO အဖွဲ့အနေဖြင့်လည်း ဗဟိုကိုယ်စားလှယ်အဖွဲ့ ပြန်လည် ဖွဲ့စည်းပြီးနောက် အစိုးရထံ တရားဝင် ထပ်မံစာပို့မည်ဟု ဦးလနန်က ပြောသည်။
လက်ရှိ ရှေ့တန်းနေရာများတွင် နှစ်ဘက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီးရဘက်မှ လက်နက်နှင့် စစ်အင်အား များကို ဆက်လက် ပို့တောင်နေသည်ဟု ဦးလနန်က ပြောသည်။
“အင်အားလျော့သွားတာ မရှိဘူး။ နဂိုရှိပြီးသား အခြေစိုက်နေတဲ့နေရာကို လက်နက်တွေ ရိက္ခာတွေ ယာဉ်တန်းနဲ့ ပို့နေပါတယ်”ဟု သူက မဇ္စျိမကို ပြောသည်။
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ၁ ဖြစ်သည့် အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းနှင့် ဒုတိယ ခေါင်းဆောင် ဝန်ကြီး ဦးသိန်းဇော်တို့က ပြီးခဲ့သည့် သောကြာနေ့က ဒီဇင်ဘာလ ၁၆ ရက်နေ့က ရန်ကုန်မြို့ ၈ မိုင်လမ်းဆုံရှိ ဟိုတယ်ရန်ကုန်၌ သတင်းစာ ရှင်းလင်းပွဲတခု ကျင်းပခဲ့ပြီး မြန်မာပြည် မငြိမ်းချမ်း၍ ကမ္ဘာက အထင်သေးကြောင်း၊ ထို့ကြောင့် ယခု အစိုးရ သက်တမ်းအတွင်း ငြိမ်းချမ်းရေးကို ရအောင် လုပ်မည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။
သမ္မတ ဦးသိန်းစိန် က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ထံ ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှု ရပ်ဆိုင်းရန် ဒီဇင်္ဘာ ၁ဝ ရက်နေ့က ထုတ်ပြန် လိုက်သော်လည်း ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ ဦးအောင်သောင်းက ကချင်ပြည်နယ်တွင် ထိုးစစ်ဆင်ခြင်းမဟုတ်ဘဲ စစ်ရေးသဘောအရ ဖြစ်နေခြင်း သာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။
“ဘယ်လိုဟာမျိုးလဲဆိုတော့ ဥပမာ ဝေးလံတဲ့နေရာမှာ သူက ရိက္ခာ ခုနစ်ရက်စာလောက် ရှိတယ်။ ခုနစ်ရက် စာ ကုန်ပြီဆိုရင် ကျနော်တို့က ရိက္ခာကို ငါးရက်မြောက်တဲ့နေ့မှာ စပို့တယ်။ အဲဒီပို့တဲ့အခါမှာ လမ်းခရီးမှာ သူကလည်း မသိဘူး၊ ကိုယ်ကလည်း မသိဘူး ဒီအမိန့်တွေ ထုတ်ပြန်တာ။ အဲဒီအခါမှာတော့ မှားယွင်း ပစ်ခတ်မှု ရှိနိုင်ပါတယ်။ ဒီလိုပစ်ခတ်နေလို့ အမိန့်ပေးတာက တမျိုး၊ ဒီလို ပစ်ခတ်မှုက ရှိနေပါသေးတယ်ဆိုတာ သူတို့ ဝေဖန်လို့၊ အပြစ်တင် လို့ မရပါဘူး။ စစ်ရေးစစ်ရာသဘောမှာ ဒီလို ရှိပါတယ်”ဟု ဦးအောင်သောင်းက သတင်းထောက်များကို ပြောခဲ့ သည်။
“ကိုယ်က သိသော်ငြားလည်းပဲ သူက မသိရင် ခက်တယ်။ အဲဒီတော့ ဒီလို အနေအထားလေးတွေ ရှိတယ်။ ဒီလိုလုပ် လို့ သမ္မတ အမိန့် ပေးပါလျက်နဲ့ ဒီလိုချည်း လုပ်နေတယ်၊ ဒါ မုန့်တမျိုး တုတ်တမျိုးဖြစ်နေတယ်လို့ ဒီလို ပြောလို့မရ ဘူး၊ ဒီလို ဝေဖန်လို့ မရဘူး။ ဒါက သဘာဝရဲ့၊ စစ်ရေး စစ်ရာ သဘောဝနဲ့ စစ်ဆင်ရေး နယ်မြေရဲ့ သဘော သဘာဝလေးကို သိဖို့ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်နေတာ ဖြစ်ပါတယ် ဆိုတာကို ကျနော် ပြောလိုပါတယ်”ဟု ဆက်ပြောသည်။
ငြိမ်းချမ်းရေးအရ တဆင့်ချင်း ဆောင်ရွက်နေသည့် လုပ်ငန်းများအရ ခန့်မှန်းခြေ ၃ နှစ်၊ ၄ နှစ် ကြာမြင့်နိုင်မည်ဟု ဦးအောင်သောင်းက ပြောဆိုသွားသည်။
သို့သော် ထိုသတင်းစာရှင်းလင်းပွဲတွင် ဒုတိယခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်း ပါဝင်ခြင်း မရှိခဲ့ပေ။
KIO နှင့်အစိုးရခေါင်းဆောင်များ ယခင်လ နိုဝင်ဘာလ ၂၉ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံခဲ့စဉ် KIO ဘက်က အပစ်အခတ် ရပ်ဆိုင်းရေး မဟုတ်ဘဲ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးလိုကြောင်း စာပို့ခဲ့သည်။
ပြီးခဲ့သည့် ဇွန်လမှ စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေထိုင်နေရသော စစ်ပြေး ဒုက္ခသည်ပေါင်း တရုတ်-မြန်မာနယ်စပ် လိုင်ဇာ၊ မိုင်ဂျာယန်၊ ဗန်မော်၊ မိုးမောက်၊ မန်စီ စသည့်မြို့နယ်များအတွင်း စစ်ပြေးဒုက္ခသည်ပေါင်း ၄၆ဝဝဝ ကျော် ရှိနေသည်ဟု KIO က ထုတ်ဖော်ပြောဆိုထားသည်။
အလားတူ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော် စသည့်မြို့နယ်များအတွင်းရှိ စစ်ပြေးဒုက္ခသည်များကို ကူညီထောက်ပံ့ခဲ့ သူ ရုပ်ရှင် သရုပ်ဆောင် ဦးကျော်သူ၏ ရန်ကုန်အခြေစိုက် နာရေးကူညီမှုအသင်းမှ သိန်းပေါင်း ၂ဝဝ ကူညီခဲ့မှုခြင်း အား ကျေးဇူးတင်ကြောင်းနှင့် ဆက်လက် ကူညီမည်ဆိုပါက ကြိုဆိုကြောင်းလည်း KIO ဒုက္ခသည်များ ကူညီရေး ကော်မတီက ဒီဇင်ဘာ ၁၇ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားသည်။
Ref: မဇ္ဈိမ
Tuesday, December 20, 2011
KIO နှင့် ဆွေးနွေးရန် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ဖွဲ့ပြီး
နိုင်ငံရေး တွေ့ဆုံဆွေးနွေးရန် KIO ကို အစိုးရ ကမ်းလှမ်း
သန်းထိုက်ဦး
December 19, 2011
ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ခေါင်းဆောင်များနှင့် “နိုင်ငံရေး တွေ့ဆုံဆွေးနွေးရန်” ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့က ယမန်နေ့တွင် ကမ်းလှမ်းစာ ပေးပို့ထားကြောင်း သိရသည်။
နိုဝင်ဘာလ ၂၉ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့၌ ဦးအောင်သောင်း၊ ရထားဝန်ကြီး ဦးအောင်မင်း၊ မြစ်ကြီးနားမြို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်တို့နှင့် KIO ခေါင်းဆောင်များ နောက်ဆုံး တွေ့ဆုံခဲ့ကြသည်။ ထိုသို့ တွေ့ဆုံစဉ် KIO အဖွဲ့ ခေါင်းဆောင်များက အပစ်အခတ် ရပ်စဲရေး သက်သက်ထက် နိုင်ငံရေးအရ ဇောင်းပေး ဆွေးနွေးရန် တိုက်တွန်းမှုအပေါ် အစိုးရ ဘက်မှ ပြန်လည်တုံ့ပြန်ခြင်း ဖြစ်သည်ဟု သိရှိရသည်။
KIO အဖွဲ့နှင့် နီးစပ်သူတဦးက အစိုးရနှင့် KIO တွေ့ဆုံမည့် ကိစ္စနှင့် ပတ်သက်ပြီး လတ်တလော အသေးစိတ် မသိရှိရ သေးကြောင်း၊ တွေ့ဆုံကြမည့် နေရာကိုလည်း မသိရှိသေးကြောင်း ပြောသည်။
ထို့အပြင် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ခေါင်းစဉ်ဖြင့် ကမ်းလှမ်းထားသောကြောင့် အပစ်အခတ်ရပ်စဲရေးအပြင် ဒုက္ခသည် အရေး တို့ကိုလည်း ထည့်သွင်းဆွေးနွေးမည်ဟု ယူဆကြောင်း ၎င်းက ဆက်လက်ပြောသည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်းက သမ္မတ ဦးသိန်းစိန်သည် ဦးအောင်သောင်း ဦးဆောင်သော “ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့”ကို ဖွဲ့စည်းပေးခဲ့ကြောင်း၊ ထိုအဖွဲ့အနေဖြင့် ကချင်ပြည်နယ် ငြိမ်းချမ်းရေး ရရှိသည်အထိ အပြီးဆုံးတိုင် ဆောင်ရွက်ရမည့် အဖွဲ့ဖြစ်ကြောင်း ယမန်နေ့က Eleven Media Group ၏ သတင်း ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။
ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲတွင် ဦးအောင်သောင်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အားလုံးနှင့် ငြိမ်းချမ်းရေး သဘောတူညီချက် ရရန်မှာ နောက်ထပ် ၃ နှစ်အထိ ကြာမြင့်နိုင်ကြောင်း၊ ထာဝရ ငြိမ်းချမ်းရေးရရန် လွှတ်တော် အထူးအစည်းအဝေး၌ တင်သွင်း ဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြား ခဲ့သေးသည်။
ယခုနှစ် ဇွန်လမှစတင်၍ အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် KIA ထိန်းချုပ်ရာ လိုင်ဇာဒေသ တ၀ိုက်၌ လတ်တလောတွင် ဒုက္ခသည် ၃၄၀၀၀ ကျော်ရှိပြီး ၀ိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ မံစီ၊ မိုင်ဂျာယန် စသည်တို့တွင် ဒုက္ခသည် ၇၀၀၀ ခန့် ထပ်မံ တိုးပွားလာကြောင်း သိရသည်။
KIA သည် ၁၉၆၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆို၍ နှစ်ဘက် အပစ်အခတ် ရပ်စဲခဲ့သည်။
အပစ်ရပ်ပြီးနောက်ပိုင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ KIA ထိန်းချုပ် ဒေသများတွင် စစ်ရေးပဋိပက္ခတချို့ ဖြစ်ပွား ခဲ့သော်လည်း ငြိမ်းချမ်းရေး သဘောတူညီချက်ကို ၁၇ နှစ်ကြာ ထိန်းသိမ်း ထားနိုင်ခဲ့သည်။ ပြီးခဲ့သည့် ဇွန်လတွင် စတင်၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီး အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့ခြင်းဖြစ်သည်။
Ref: ဧရာဝတီ
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ် ဂျုံ အီလ် ကွယ်လွန်
Stephanie Ho's report in Burmese
တနင်္လာ, 19 ဒီဇင်ဘာ 2011
လျှို့ဝှက်မှုတွေနဲ့ပြည့်နေတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ် ဂျုံ အီလ် (Kim Jong Il) ဟာ အသက် ၆၉ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ လက်ကျန် အာဏာရှင်တွေထဲက တဦးဖြစ်တဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ရုတ်တရက် ကွယ်လွန် သွားတဲ့အပေါ် အမြင်တွေနဲ့ နိုင်ငံတချို့ရဲ့ တုန့်ပြန်ချက် တွေအကြောင်း တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်ကနေ ဗွီအိုအေ သတင်းထောက် Stephanie Ho သတင်း ပေးပို့ထားတာကို ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြထားပါတယ်။
အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ ရုပ်မြင်သံကြား သတင်းကြေညာသူက ကင်မ် ဂျုံ အီလ် ကွယ်လွန်သွားတဲ့ သတင်းကို တနင်္လာနေ့ မနက်ပိုင်းမှာ မြောက်ကိုရီးယား နိုင်ငံပိုင် ရုပ်မြင် သံကြားကနေ မျက်ရည်တွေ ကျရင်း ငိုသံနဲ့ ကြေညာ သွားခဲ့ပါတယ်။
မစ္စတာကင်မ်ဟာ စနေနေ့က ကွယ်လွန်သွားခဲ့ပြီး ရုပ်မြင်သံကြားကနေ ကြေညာသူရဲ့ စကားအရ စိတ်ပိုင်း ရုပ်ပိုင်း ပင်ပန်း နွမ်းနယ် လွန်းတဲ့အတွက် ကွယ်လွန် သွားတာလို့ ဆိုပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်ဟာ သူတို့အခေါ်အားဖြင့် စစ်ဆေးရေး ခရီးစဉ် တခုသွားရင်း ရထားပေါ်မှာ ရုတ်တရက် နှလုံးခုန် ရပ်ပြီး ကွယ်လွန် သွားခဲ့တာလို့ တရားဝင် ထုတ်ပြန်တဲ့ သတင်းမှာ ဖော်ပြထားပါတယ်။ သူ့အသက်ကို ကယ်တင်ဖို့ လုပ်နိုင်ခြေ ရှိသမျှအားလုံး လုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပေမဲ့ တနင်္ဂနွေနေ့ က ရင်ခွဲ စစ်ဆေးပြီးတဲ့ နောက်မှာတော့ သေဆုံးရခြင်း အကြောင်းရင်းကို အတည်ပြု ခဲ့တာပါ။
မစ္စတာကင်မ်ဟာ ၂၀၀၈ ခုနှစ်တုန်းက လေဖြတ်ခဲ့တယ်လို့ ယုံကြည်ထားကြပြီး မကြာသေးခင်က ထွက်ခဲ့တဲ့ ဓာတ်ပုံ အနည်းအကျဉ်း ထဲမှာတောင်မှပဲ သိသိသာသာကြီးကို ကျုံလှီ ဖျော့လျော့နေတာကို တွေ့ခဲ့ရပါတယ်။
မြောက်ကိုရီးယားဟာ ကွန်မြူနစ်နိုင်ငံတခုဖြစ်ပြီး ခုချိန်ထိတော့ သားစဉ်မြေးဆက် အာဏာဆက်ခံတဲ့ စနစ်ကို ကျင့်သုံး နေဆဲပါပဲ။ မစ္စတာကင်မ်ဟာ ၁၉၉၄ ခုနှစ်က ကွယ်လွန် သွားခဲ့တဲ့ ဖခင်ဖြစ်သူ ကင်မ် အီလ် ဆွန်းဂ် ဆီကနေ နိုင်ငံခေါင်းဆောင် အမွေကို ဆက်ခံခဲ့တာပါ။ သူ့အလှည့်ကျတော့လည်း သူ့ရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူ အဖြစ် သား အငယ်ဆုံးဖြစ်တဲ့ ကင်မ် ဂျုံ အွန်း (Kim Jong Un) ကို ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ ကတည်းက ကြေညာ ထားခဲ့ပါတယ်။
တရုတ်နိုင်ငံ၊ ပီကင်းတက္ကသိုလ်က နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်ဆိုင်ရာ ပါမောက္ခ ဇူ ဖန်းဂ် (Zhu Feng) က မစ္စတာကင်မ် ကွယ်လွန် သွားတဲ့အပေါ် အံ့သြဖွယ်ပါပဲလို့ ဆိုပါတယ်။
“မြောက်ကိုရီးယားနိုင်ငံဟာ မအောင်မမြင်နဲ့ ကျဆုံးနေတဲ့ နိုင်ငံတခုသာ မကပါဘူး၊ နျူကလီးယား လက်နက် ပိုင်ဆိုင် ထားတဲ့အတွက် အန္တရာယ်ကြီးတဲ့ နိုင်ငံတခုလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူတို့ရဲ့ ခေါင်းဆောင်ကြီး ရုတ်တရက် ကွယ်လွန် သွားတာက စိုးရိမ် ပူပန်မှုတွေ၊ မရေရာ မသေချာမှုတွေ အကြီးအကျယ် ဖြစ်စေပြီး မတည်မငြိမ်တောင်မှ ဖြစ်သွားနိုင်ပါတယ်။”
မစ္စတာကင်မ် ကွယ်လွန်သွားပြီလို့ ကြေညာခဲ့အပြီး ချက်ခြင်းလိုပဲ တောင်ကိုရီးယား နိုင်ငံက သူ့ရဲ့ စစ်တပ်ကို တပ်လှန့် ထားလိုက်ပြီးတော့ သမ္မတ အီလ် မြောင်ဂ်-ဘာ့က် က နိုင်ငံတော် လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။ အမေရိကန် သမ္မတ ဘရာ့ခ် အိုဘားမား (Barack Obama) ကို မစ္စတာကင်မ် ကွယ်လွန် သွားတဲ့သတင်း အကြောင်းကြား အသိ ပေးထားပြီးပြီ ဖြစ်ပြီး အမေရိကန် တာဝန်ရှိသူတွေဟာ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့က သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဆက်သွယ် လုပ်ဆောင် နေတယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။
ကင်မ် ဂျုံ အီလ် ကွယ်လွန်သွားတဲ့သတင်းကြောင့် စိုးရိမ်ပူပန်မိပြီး မြောက်ကိုရီးယား လူထုအတွက် ၀မ်းနည်း ကြေကွဲ ရပါကြောင်း တရုတ် အစိုးရအာဘော် ဆင်ဟွာ သတင်းဌာနက ဖော်ပြပါတယ်။ တရုတ်နိုင်ငံကို မြောက်ကိုရီးယားရဲ့ အနီးဆုံး မဟာမိတ်နဲ့ အဓိက ကုန်သွယ်ဘက် နိုင်ငံအဖြစ် မြင်ထားကြတာပါ။
သူတို့နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုဟာ “နှုတ်ခမ်းနဲ့သွား” တွေလောက် အထိကို နီးစပ်တဲ့ ဆက်ဆံရေး အဖြစ် တရုတ်နဲ့ မြောက်ကိုရီးယား နိုင်ငံတို့က အစဉ်အလာ အားဖြင့် ပုံဖော် ပြောဆိုလေ့ရှိပါတယ်။ ဒါပေမဲ့လည်း ကင်မ် ဂျုံ အီလ်နဲ့ ပတ်သက်လို့ တရုတ် ခေါင်းဆောင်တွေမှာ ခံစားချက် အရောရော အထွေးထွေး ရှိခဲ့တယ်လို့ ပီကင်းတက္ကသိုလ်၊ နိုင်ငံတကာ ဆက်ဆံရေးပညာ ပါမောက္ခ ဇူက ပြောပါတယ်။
“တဘက်မှာတော့ သူဟာ အာဏာရှင်တယောက်ဖြစ်ပြီး သူ့တိုင်းပြည်ကို ဆက် အုပ်ချုပ် သွားခဲ့တာပါပဲ။ တခြား တဘက်မှာတော့ မြောက်ကိုရီးယား နိုင်ငံရဲ့ စီးပွားရေးဟာ တည်ငြိမ်နေတယ် ဆိုပေမဲ့ နိုင်ငံတကာမှာ သူ့လုပ်ရပ်က ထိပ်တိုက် ရင်ဆိုင် နေတယ်လို့လည်း သူ့အုပ်ချုပ်ရေး အပေါ် ကျနော်တို့က မြင်ပါတယ်။”
ကင်မ်ရဲ့ နျူကလီးယားဆိုင်ရာ ရည်မှန်းချက်တွေအပေါ် တရုတ်ခေါင်းဆောင် တွေက စိုးရိမ်ပူပန်မှု အဖြစ်ဆုံး ပဲလို့လည်း ပါမောက္ခ ဇူက ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ကမ္ဘာပေါ်က လက်ကျန် ကွန်မြူနစ် ငါးနိုင်ငံထဲမှာ တနိုင်ငံ အပါအ၀င်ဖြစ်ပါတယ်။ အဲဒီထဲမှာမှ အစိုးရက လုံးဝ ထိန်းချုပ်ထားလု နီးပါး၊ နိုင်ငံက စီမံခန့်ခွဲတဲ့ စီးပွားရေး စနစ်ကို ကျင့်သုံးတဲ့ ကွန်မြူနစ် နှစ်နိုင်ငံထဲမှာ ပါဝင်ပါတယ်။ နောက်တနိုင်ငံကတော့ ကျူးဘားပါ။
မစ္စတာကင်မ်အတွက် နိုင်ငံတော်ဈာပနကို ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမယ်လို့ မြောက်ကိုရီးယားက ကြေညာ ထားပါတယ်။ သူ့ရဲ့ သားအငယ်ဆုံးဖြစ်ပြီး သူ့ရဲ့ အာဏာ အရိုက်အရာကို ဆက်ခံမယ့်သူ အဖြစ် သတ်မှတ်ထားတဲ့ ကင်မ် ဂျုံ-အွန်းကို ဈာပန အခမ်းအနား ကျင်းပရေး ကော်မတီရဲ့ အကြီးအကဲအဖြစ် ကြေညာ ထားပါတယ်။
Ref: VOA News
Monday, December 19, 2011
န၀တက တရားဥပဒေ အလွဲသုံးစားလုပ် မဟနက ဘုရားဥပဒေ အလွဲသုံးစား လုပ်
ပံ့သကူ ရှင်ငယ် (ဥတ္တရဒီပ)
ဒီဇင်ဘာ ၁၈၊ ၂၀၁၁
သံဃာဂုဏ်တော်ကိုးပါးတွင် တပါးနှင့်မျှမညီဟု သံဃာ့မဟာနာကက အဖွဲ့ကြီးကို သမိုင်းက စွဲချက် တင်လေတော့မည်။
၁။ လောကဟိတ လောကသုခ ဗဟုဇနဟိတ သုခ အရေးတို့ကို သုပ္ပဋိပန္နဂုဏ်နှင့် အညီ မကျင့်၊ စစ်အာဏာရှင် အရေးကိုသာ တစိုက် မတ်မတ် ပြုကျင့် ခဲ့ကြခြင်းသည် ပထမစွဲချက်၊
ပြည်သူတို့ချမ်းသာရန်၊ အမျိုးသားခြင်းသင့်မြတ်ရန် ၂၀၀၇ စက်တင်ဘာတွင် မေတ္တာပို.ခဲ့ကြသော သံဃာများအား မညှာမတာ ဖိနှိပ် သတ်ဖြတ်မှုကို ၀ိနည်းနှင့် လျှော်ညီစွာ သံဃာခြင်း မယိုင်းပင်းပဲ မိမိတို၏ နေရာမြဲရေးသာ အာဏာရှင် အလိုကျ ဆောင်ရွက် ပေးခဲ့ကြခြင်းက ထိုစွဲချက်အတွက် သက်သေပင်။
၂။ သာသာနာတော်ကြီးအပေါ် သံဃာထုအပေါ်၌ ဥဇုပ္ပဋိပန္နဂုဏ်နှင့် ရိုးဖြောင့်စွာမကျင့်၊ အာဏာရှင်အလိုကျ ၀ိနည်း ဥပဒေတွေကို လိုသလို အသုံးချကာ ရှေးဘာသာခြား မင်းများကဲ့သို့ သာမဂ္ဂီတွေ အပေါ် နှိပ်ကွက် နေခြင်းများ။
ယခုဖြစ်နေဆဲ ရွှေည၀ါဆရာတော် ဦးပညာသီဟ၏ အရေးသည် သာဓကတွေထဲက တခုပင်။ “ဒုဗ္ဗစ”ဟူသည် ၀ိနည်း သိက္ခာပုဒ် များနှင့် ဆုံးမမှုများကို မခံယူခြင်း၊ သုံးကြိမ်တိုင်အောင် မနာယူမှသာ ဒုဗ္ဗစအဖြစ် သတ်မှတ်ရမည် မဟုတ်ပါလား၊ ယခု ရွှေည၀ါ ဆရာတော်သည် တရားဓမ္မကိုသာ ဟောပြောခြင်းဖြစ်၍ ဒုဗ္ဗစ မမည်၊ တရာဟောခြင်းကို တားမြစ် သူများမှာသာ ဓမ္မံ န္တရာယ် ငြိနိုင်ပေသည်။ သမ္မဂ္ဂသုခ ညီ ညွတ်ခြင်းချမ်းသာကို သြ၀ါဒပေးယုံနှင့် ဒုဗ္ဗစဟုယူသော် သံဃာ မဟာနယက အဖွဲ့ကြီး သည်လည်း “သုဝစ”များ ဟုတ်နိုင် ပါတော့မလား။
ထိုသို့နိုင်ထက်ကလူ မင်းမူ၍ ဒုဗ္ဗစအဖြစ် ကျောင်းတိုက်မှနှင်ထုတ်ရန် ဆုံးဖြတ်ကြခြင်းသည် ဆရာတော် ကြီးများသည် အာပတ် ကြီးငယ်ကို ကျူးလွန်ရန် မကြောက်ရွံ့ကြောင်း ပြသရာ ရောက်နေပေသည်။ သံဃာအရံမှ ရဟန်းတပါးကို အပြစ်မဲ့ နှင်ထုတ်လျင် အာပတ် သင့်သည်ဆိုတာ သိသိခြင်းနှင့် ကျူးလွန် နေကြယောင်တကား။ မည်သည့် အာပတ်မဆို ဈန်မက်ဖိုလ်ကို တားမြစ် တတ်ကြောင်း သတိချပ်လျက် ရိုးသားဖြောင့် မတ်စွာ ကျင့်တော်မူကြစေချင်သည်၊ ယခုမူ ငယ်သူကိုတော့ ဒုဗ္ဗစတဲ့၊ သူတို့ ကိုယ်တိုင်ကမူ နတ်လမ်းကို လျှောက်၍ ငရဲသို့ လားရမည့်ကိန်း ပင်။
၃။ ရဟန်းကျင့်ဝတ်၊ တပါးတတ်က၊ လူနတ်ဦးခိုက်၊ ပူဇော်ထိုက်၏တဲ့။ နည်းတူ ရဟန်းကျင့်ဝတ် တပါး ချွတ်လျင်လဲ နရတ်တိုင်ထိ ဆင်းရဲညိ တတ်မြဲ။ သို့နယ် သဘောပေါက်ကာ ကလျာဏ သီလ၀န္တစင်စစ် ဖြစ်အောင် ဥာယပ္ပဋိပန္န ဂုဏ်နှင့် လျော်အောင် ကျင့်ရန် လိုသည်။ နိဗ္ဗာန်နှင့် ထိုက် တန်အောင် ကျင့်တော်မူကြသည် ထေရ်ကြီးများကို ခေတ်အဆက်ဆက် သာသာနာ ၀င်တိုင်းတွင် တွေ့နိုင်ပေသည်။ စစ်အစိုးရခေတ် သာသနာ ၀င်မှာမူ နိဗ္ဗာန်နှင့် လျော်အောင် ကျင့်မူထက်၊ လာဘ-လာဘ်ရအောင်၊ သက္ကာရ ပူဇော် ခံရအောင်၊ သီလောက-ထင်ပေါ်ကျော် ကြားအောင်သာ၊ ကျင့်နေကြကြောင်း သံဃာ မဟာနာယက အဖွဲ့ကြီးက သက်သေခံ နပေသည်။
မင်းကျွမ်းဝင်ရေးအတွက် မင်းအလိုကျ “မလားရောက်အပ်သည်ကို လားရောက် နေကြသည်မှာ” တိုးတိုးတမျိုး ကျယ်ကျယ်တဖုံ ဆိုရပေ တော့မည်။ ဥပမာ တိပိဋက တပါးဖြစ်သည့် ဆရာတော် ဦးသုမင်္ဂလကို ဖမ်းဆီး ထောင်ချစဉ်က အစိုးရကို မဆုံးမရဲ၊ စစ်အာဏာရှင် အတွက်မူ မည်သည့် သံဃာကိုမဆို ဖိနှိပ်ရဲ စွဲချက်တင်ရဲ ကြပေသည်။ ထိုသို့ဖြစ်ခြင်းမှာ သံဃာနာယက အဖွဲ့တွင် လက်ရှိ ပါဝင်နေသူများသည် လဇ္ဇိပေ သလ၊ သိက္ခာကာမ ဖြစ်သော သံဃာတော်က နည်းလှသောကြောင့် ဖြစ်ပေမည်။ အချို့သည် လူပုဂ္ဂိုလ်များ ကဲ့သို့ အာဏာရာထူး မက်မောကာ နေရာရရေး အားထုတ် နေကြသောကြောင့်ပင်။ ဆရာတော် တပါးဆိုလျှင် မူလက သုဓမ္မာဂိုဏ်ဝင် ဖြစ်ပါလျှက်၊ သံဃာ အရေတွက် များသော ကြောင့် မဟနမဖြစ်နိုင်။ ထိုကြောင့် သံဃာ အရေအတွက် နည်းသော ဝေဠုဝန်ဒွါဒဂိုဏ်းသို့ ပြောင်းဝင် လိုက်တော့သည်။ သည်တော့ ပြိုင်ဖက် မရှိ ဒွါဒဂိုဏ်း ကိုယ်စားလှယ် ဖြစ်သွားသည်မှာ လက်ရှိပင် ၀န်ဆောင်နေဆဲ။ ဤသည်ကို ချင့်၍ မဟန အဖွဲ့ကြီးသည် နိဗ္ဗာန်နှင့် လျော်အောင် မကျင့်၊ သာသနာတော်ကို ချစ်၍မဟုတ် နေရာနှင့် ဒါယကာကို ချစ်၍ဆိုသည်မှာ ထင်ရှား လှပေသည်။
၎။ သာမိစိပ္ပဋိပန္နဂုဏ်ဆိုသည့် အရိုအသေခံထိုက်အောင်လည်း သီလသမာ ပညာတို့ဖြင့် မကျင့်ကြ၊ ရာထူးဂုဏ် အာဏာဂုဏ် တို့သာ ကျင့်နေကြသည်ဟု ဆိုလိုက် ချင်ပါသည်။ သူက ဘယ်ဗိုလ်ချုပ် ကိုးကွယ်တာ၊ ငါက ဘယ်ဝန်ကြီး ဆည်းကပ်တာ၊ စသည်ဖြင့် အချင်းချင်း ဂုဏ်ပြိုင် နေကြသည်။
ဗုဒ္ဓဘာသာမြန်မာတို့သည် သံဃာဆိုလျှင် ပုဂ္ဂိုလ်မရွေး ကိုးကွယ်မြတ်နိုးကြမြဲ၊ ရတနာတပါး အဖြစ် ရိုသေကြမြဲ၊ ယခုတော့မူ ထိုသို့ မဟုတ်ပြီ၊ သံဃာ မဟာနာယက အဖွဲ့ကြီးကို မကြည်ညို ကြတော့ပြီ။ ငရဲကြောက်၍ ယခင်က အပြစ်မပြော ကြသော်ငြား၊ သာသနာရေးထက် အာဏာရှင် တည်တံ့ ခိုင်မြဲရေးကိုသာ အဆက်ဆက် အလုပ်ကျွေး ပြုနေကြကြောင်း တွေ့လာရ၍ စိတ်ပျက် သဒ္ဒါပျက် ဖြစ်လာနေကြပြီ။ ဝေဖန်ထောက် ပြသံတွေ ညံလာပြီ။
ပတ္တနိကုဇ္ဇနကံ ဆောင်ရုံနှင့် ဆရာတော်ကြီးများအား ဖမ်းဆီးထောင်ချနှိပ်စက်သည့် ကိစ္စ၊ ၈၈ နောက်ပိုင်း မန္တလေး ကျောင်းတိုက် ကြီးများကို ဖြတ်လေးဖြတ် စနစ်ဖြင့် ပိတ်ဆို့ နှိပ်စက်သည့် ကိစ္စ၊ ရွှေဝါရောင်တွင် သံဃာငယ်များကို ဖမ်းဆီး ညှင်းဆဲသည့် ကိစ္စ၊ ကျောင်းတိုက်ပေါင်း များစွာကို ချိတ်ပိတ်၍ သံဃာတော်များကို နှင်ထုတ်သည့် ကိစ္စ၊ အတင်းအဓမ္မ ၀င်ရောက် စီးနင်းကာ ကျောင်းတိုက် အတွင်းမှ မဖွယ်မရာတွေ တွေ့သည်ဟု လုပ်ကြံစွပ်စွဲ၍ သာသနာ့ အသရေ ဖျက်မှုကိစ္စ စသည်တို့တွင် သံဃာ မဟာနာယက အဖွဲ့ကြီးသည် ရေငုံနေယုံမက ခေါင်းညိတ်၍ပင် နေခဲ့ပေသည် မဟုတ်ပါလား။ ဆိတ်ဆိတ် နေခြင်းသည် သဘောတူခြင်း ဖြစ်ရာ ထိုဖျက်ဆီးသော အရေးတို့၌ ဆရာတော်ကြီးများ အနေဖြင့် ဒုတိယ ပါရာဇိက် အာပတ်ပင် ငြိကောင်း ငြိနိုင်ပေသည်။ နောက်ဆုံးကာလ မရဏသန္နဇောစောချိန်တွင် သီလ ၀ိသုဓီမဖြစ်ဘဲ ၀ိနယ ကုက္ကု စ္စဖြစ် ပျံလွန်တော် မူကြမှဖြင့် မတွေးရဲ စရာပင်။
သို့နှယ် ဆင်ခြင်မိသူတိုင်းက “ကြည်ညို၍မရ” ရှိနေကြပြီ။ မယုံလျှင် နီးစပ်ရာကိုကျော်၍ စူးစမ်း ကြည့်တော် မူကြစေချင်သည်။
ဤသို့ သံဃာဂုဏ်တို့တွင် အကြောင်းဂုဏ်နှင့်မပြည့်စုံဘဲ ဘယ်မှာအကျိုးဂုဏ်တို့ကို ခံယူ ထိုက်ပါတော့အံ့နည်း၊ ထိုသံဃာ့ မဟာနာယက အဖွဲ့ကြီးတွင် ပါဝင်သော သီလသမာ သိက္ခာကြီးမား ဆရာတော်ကြီးများ ကိုသာ သတိတရား ရစေရန် ရည်ရွယ်၍ ထောက်ပြ လျှောက်ထား လိုက်ခြင်းဖြစ်ပါသည်။ သံဃာ့ အဖွဲ့အစည်းကြီးသည် ကမ္ဘာပေါ်တွင် သက်တမ်း အရှည်ဆုံး အဖွဲ့ကြီး ဖြစ်ပါသည်။ အာဏာရှင် ဥပဒေရှင်တို့ တည်ထောင်ခဲ့သော အဖွဲ့အစည်း တို့သည် နှစ် တရာ နှစ်ရာ တန်သည် တည်တံ့သော်ငြား ဗုဒ္ဓမြတ်စွာ၏ မေတ္တာဂရုဏာ သီးခံခြင်း ခွင့်လွှတ်ခြင်း စသည့် လမ်းညွှန်ချက်ဖြင့် တည်ရှိခဲ့သော ဤသံဃာ အဖွဲ့အစည်းကြီးကား နှစ်ပေါင်း ၂၀၀၀ ကျော်ခဲ့ပေပြီ။
ထိုမျှ ဂုဏ်သိမ်မြင့်မားကာ ကျစ်လစ်သောအဖွဲ့အစည်းကြီးကို စစ်အာဏာရှင်နှင့် အလိုတော်ရိ သံဃာ့ မဟာနာယကများ ခေတ်ကြမှ ချိနဲ့ အားနဲ ပြိုကွဲရမည်ဆိုလျှင် ….
သံကို သံဖျက် သံချေးတက်သို့ ငါဘုရား သာသနာကို ငါဘုရား၏ တပည့်သား သံဃာတွေကသာ ဖျက်ကြ လိမ့်မည် ဆိုသည့် စကားတော်ကို သံဃာ နာယက အဖွဲ့ကြီးက သက်သေပြုနေသည်ဟု သမိုင်းတင်ယုံမှတပါး အခြား မရှိပြီ။
Ref: မိုးမခ
ကြားဖြတ်ရွေးကောက်ပွဲ အတွက် မဲဆွယ်နိုင်ပြီဟု ကော်မရှင်ပြော
ထွန်းထွန်း
သောကြာနေ့၊ ဒီဇင်ဘာလ ၁၆ ရက် ၂၀၁၁
နယူးဒေလီ (မဇ္ဈိမ) ။ ။ လာမည့် ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်မဲဆန္ဒနယ်များတွင် ပါတီများ အနေဖြင့် လွတ်လပ်စွာ မဲဆွယ်နိုင်ခွင့် ရှိပြီ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက သောကြာနေ့၌ နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
မဲဆွယ်ရာတွင်လည်း ရွေးကောက်ပွဲကော်မရှင်သို့ အကြောင်းကြားရန်မလိုဘဲ လွတ်လပ်စွာ လုပ်ဆောင် နိုင်ကြောင်း ကိုလည်း ပြောဆို ခဲ့သည်ဟု သတင်းစာ ရှင်းလင်းပွဲ တက်ရောက်ခဲ့သည့် သတင်းထောက်များ ထံမှ သိရသည်။
“ဘယ်တော့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ် ဆိုတာကိုတော့ မပြောနိုင်သေးဘူးပေါ့နော်။ ဒါပေမဲ့ ပါတီတွေ အနေနဲ့ လစ်လပ် မဲဆန္ဒနယ် ၄၈ နေရာဆိုတာ သိပြီးပြီးဆိုတဲ့ အတွက် အဲဒီနေရာတွေမှာ လွတ်လပ်စွာ မဲဆွယ် နိုင်ခွင့် ရှိပြီလို့ ပြောသွားတယ်” ဟု သတင်း တက်ရောက် ယူနေသည့် ပြည်တွင်းဂျာနယ် တခုမှ အယ်ဒီတာတဦးက မဇ္ဈိမကို ပြောသည်။
ယင်းအပြင် ပြည်တွင်းဂျာနယ်တခု၌ ပါတီများအနေဖြင့် ခရီးထွက်မည်ဆိုပါက ကော်မရှင်သို့ တင်ပြရမည် ဆိုသည် မှာလည်း သတင်းမှား တခုသာ ဖြစ်ကြောင်းနှင့် မည်သည့် ညွှန်ကြားချက်မှ မပေးထားကြောင်း ဦးတင်အေးက ပြော ဆိုခဲ့သည်ဟု သိရသည်။
ကြားဖြတ်ရွေးကောက်ပွဲ မည်သည့်နေ့ရက်တွင် ကျင်းပမည်ဆိုသည်ကိုမူ အတိအကျ မထုတ်ပြန်နိုင် သေးသော် လည်း ကြားဖြတ် ရွေးကောက်ပွဲ အတွင်း တရားမျှတစွာ ကျင်းပနိုင်ရေး အတွက် လုပ်ဆောင်သွားမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
ကော်မရှင် အဖွဲ့ဝင်တဦး ဖြစ်သည့် ဦးမြင့်ဦးကလည်း ကြိုတင်မဲ ပေးရန် နည်းလမ်းများအား ပြောဆိုခဲ့သေးပြီး မဲပေးမှုနှင့် ပတ်သက်၍လည်း ပညာပေးမှုများ ပြုလုပ်သွားမည်ဟု သိရသည်။ အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ ပြည်တွင်း အခြေစိုက် ဂျာနယ်များမှ သတင်းထောက် ၃၀ ကျော်နှင့် သတင်းတပ်ဖွဲ့မှ လူတချို့ တက်ရောက်ခဲ့သည်။
“ကြိုတင်မဲတွေကိစ္စကို ပြောတယ်။ ပြောပြီးတော့ မျှမျှတတ သူတို့ သေချာလုပ်မယ်။ အရင် ၂၀၁၀ ရွေးကောက်ပွဲ တုန်းက အားနည်းချက်တွေ၊ အားသာချက်တွေ ရှိတယ်ပေါ့နော်။ အရင်ဖြစ်ခဲ့တဲ့ဟာတွေကိုတော့ ထားလိုက်ပါတော့ တဲ့။ ပြန်ပြန်ပြော မနေပါနဲ့တဲ့။ နောင် သူတို့ တရားမျှတတယ်လို့ ပြောရအောင် ဥပဒေ အတိုင်းကို သေချာလုပ်သွား မယ် ဆိုတာကို ပြောတာ” ဟု အယ်ဒီတာက ပြန်ပြောပြသည်။
သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရခြင်းမှာ ပြည်တွင်းထုတ် သတင်းဂျာနယ်တချို့အား တွေ့ဆုံမေးမြန်းခွင့် ပြုပြီး ကျန် သတင်းဂျာနယ် များကိုလည်း တွေ့ဆုံလိုခြင်း ကြောင့်ဟု သိရပြီး ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှတ်ပုံတင်သည့် ကိစ္စကိုလည်း ထည့်သွင်း ပြောဆိုခဲ့သည်ဟု သိရသည်။
NLD ၏ ပါတီတည်ထောင်သူ ၂၁ ဦးအား နောက်ကြောင်းပြန်လိုက်ရာ၌ ပြစ်ချက် ကင်းရှင်းကြခြင်းကြောင့် ခွင့်ပြုခဲ့ကြောင်း ကိုလည်း ပြည်ထောင်စု ကော်မရှင်က ထုတ်ဖော်ခဲ့သည်။
“နောက်ကြောင်းလိုက်တဲ့ နေရာမှာတော့ ၂၁ ဦးလုံးက Clear ဖြစ်တယ်။ အဲဒီတော့ သူတို့ကို ပါတီမှတ်ပုံတင်ဖို့ ခွင့်ပြုခဲ့တယ် လို့တော့ ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ ဥပဒေ တခုခုနဲ့ ငြိစွန်းတာ လောလော ဆယ်မှာ မရှိသေးဘူးလို့ ပြောသွားတယ်” ဟု ပွဲတက်ရောက်ခဲ့သူ တဦးက ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲအတွင်း လစ်လပ်နေရာပေါင်း ၄၈ နေရာရှိပြီး တိုင်းရင်းသားဒေသ တိုက်ပွဲများကြောင့် မကျင်းပ နိုင်သည့် ၁၇ နေရာ ကိုလည်း ပြောဆိုခဲ့သည်ဟု သိရသည်။ ယင်းအပြင် ကြားဖြတ် ရွေးကောက်ပွဲ အတွက် ကျပ်သန်း ၇၀၀ သုံးစွဲသွားမည် ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲ ကာလက ကျပ် သန်းပေါင်း ၁၁၀၀ နီးပါး သုံးစွဲခဲ့သည် ဟု ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိတွင် မှတ်ပုံတင်ထားသည့် ပါတီပေါင်း ၃၇ ပါတီရှိပြီး မှတ်ပုံတင် လျှောက်ထားသည့် ပါတီ ၁၀ ခုရှိပြီ ဖြစ်ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်များ အရ သိရသည်။
Ref: မဇ္ဈိမ
တရုတ်ဝန်ကြီးချုပ် နေပြည်တော် မဲခေါင် အစည်းအဝေး မတက်နိုင်
ကိုဝိုင်း
သောကြာနေ့၊ ဒီဇင်ဘာလ ၁၆ ရက် ၂၀၁၁
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဒီဇင်ဘာလအတွင်း နေပြည်တော်တွင် ကျင်းပရန်ရှိသည့် မဲခေါင်ဒေသ နိုင်ငံများ ၄ ကြိမ်မြောက် နိုင်ငံတော် အဆင့် အစည်းအဝေးသို့ တရုတ်နိုင်ငံမှ ဝန်ကြီးချုပ် ဝမ်ကျားပေါင် ကိုယ်တိုင် မတက်ရောက် ဘဲ နိုင်ငံတော် ကောင်စီဝင် ဒိုင်ဘန်ဂေါင်း Dai Bungguo သာ တက်ရောက်တော့မည် ဖြစ်သည်။
ဒီဇင်ဘာ ၁၉ နှင့်၂ဝ ရက်နေ့များတွင် ကျင်းပမည့် မဲခေါင်ဒေသနိုင်ငံများ အစည်းအဝေးသို့ တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင် တက်ရောက်မည် ဖြစ်ကြောင်း အစည်းအဝေး အစီအစဉ် ရေးဆွဲ ချမှတ်သူများနှင့် နီးစပ်သူတဦးအား ကိုးကား၍ ဒီဇင်ဘာ ၁၄ ရက်နေ့ထုတ် ရိုက်တာ သတင်းများတွင် ဖော်ပြပါရှိသည်။
သို့သော် တရုတ်အစိုးရ ဆင်ဟွာ သတင်းစာကမူ “ဒိုင်ဘန်ဂေါင်းသည် မဲခေါင်ဒေသနိုင်ငံများ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု အစည်းအဝေးသို့ တက်ရောက်ရန် နေပြည်တော်ကို သွားရောက်မည်” ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Liu Weimin က ကြာသပတေးနေ့က ပြုလုပ်သည့် ပုံမှန် သတင်းစာရှင်းပွဲတွင် ပြောကြား ခဲ့ကြောင်း ဖော်ပြသည်။
တရုတ်-မြန်မာ ဆက်ဆံရေးကို လေ့လာနေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ) NLD/LA နိုင်ငံခြား ဆက်ဆံရေး ကော်မတီ တာဝန်ခံ ဦးညိုအုန်းမြင့်ကမူ တရုတ် ဝန်ကြီးချုပ်၏ လုပ်ငန်းစဉ် အချိန်ဇယား အပြောင်းအလဲကြောင့် ဖြစ်နိုင်သော်လည်း ကချင်ပြည်နယ် အတွင်း တိုက်ပွဲများ ဆက်ဖြစ်နေမှုနှင့် ပို၍ ဆက်စပ်မည် ဟု ယူဆကြောင်း မဇ္ဈိမကို ပြောသည်။
“လောလောဆယ် ကချင်တို့ ဘာတို့ conflict မပြီးမချင်း သူတို့ ဘယ်ဘက်ကိုမှ မပါချင်ဘူး ဆိုတဲ့ဟာလို့ ကျနော် ပိုထင်တယ်။ တကယ်လို့ သူ သွားတက်တယ် ဆိုရင် ဗမာပြည်က အေးဆေးပါပဲ ဒါကြောင့် တရုတ် ဝန်ကြီးချုပ် ကိုယ်တိုင် သွားတယ်ဆိုရင် ကချင်ပေါ်မှာ အစိုးရက ထပ်ပြီး ဖိအား ပေးလာနိုင်တယ်လို့ ထင်တယ်” ဟု ပြောသည်။
အဆိုပါ မဲခေါင်ဒေသ နိုင်ငံများ အစည်းအဝေးသို့ တရုတ်၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအိုတို့မှ ထိပ်သီး ခေါင်းဆောင်များ တက်ရောက်မည် ဖြစ်ပြီး ဒေသတွင်း စီးပွားရေး ကိစ္စများကို အထူးအလေးပေး ဆွေးနွေးကြမည် ဖြစ်သည်။
တရုတ်-မြန်မာ ဆက်ဆံရေးသည် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသည့် ဒေါ်လာ သန်း ၃.၆ ထောင်တန် မြစ်ဆုံ စီမံကိန်းအား ခေတ္တ ရပ်ဆိုင်းကြောင်း သမ္မတ ဦးသိန်းစိန်က စက်တင်ဘာလ၌ ကြေညာခဲ့ အပြီး အေးနေခဲ့သည်ဟု လည်း ဦးညိုအုန်းမြင့်က ထောက်ပြသည်။
“တရုတ်က ဟန်ဆောင်ပြီးတော့ ဘာမှ မဖြစ်ပါဘူးလို့ ပြောပေမယ့် ယူနန်အစိုးရနဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ အပိုင်းတွေလည်း ကြည့်ရမယ်လေ” ဟု ဆိုသည်။
NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အတိုက်အခံ ဘဝဖြင့် နေလာခဲ့ရသည့် နှစ်ပေါင်း ၂ဝ ကျော် ကြာမှ တရုတ် သံအမတ်က ဒီဇင်ဘာ ၈ ရက်နေ့က သွားရောက် တွေ့ဆုံခဲ့သည်မှာလည်း ဦးသိန်းစိန် အစိုးရအား မကျေမနပ် ဖြစ်သည်ကို ပြသရာ ရောက်ကြောင်း သုံးသပ်သည်။
“တရုတ်က သူ့ရဲ့ မကျေနပ်ချက်ကို ဒီနည်းနဲ့ ပြန်ပြတယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ တရုတ်ရဲ့ နိုင်ငံခြားရေး မူဝါဒမှာ သူတို့က Government to Government ပဲ ဆက်ဆံလေ့ ရှိတယ်။ Opposition ကို သူတို့ ဆက်ဆံလေ့ မရှိဘူး” ဟု ဦးညိုအုန်းမြင့်က ပြောသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Liu Weimin ကမူ “ဒေါ်အောင်ဆန်းစုကြည်က တရုတ်နဲ့ တွေ့ချင် တယ်လို့ အကြိမ်ကြိမ် တောင်းလို့ တရုတ် သံအမတ်က သွားတွေ့တာပါ။ တခြား ပြည်တွင်းရေးကို မစွက်ဖက်ရဘူး ဆိုတဲ့ မူကို အခြေခံပြီး တရုတ်-မြန်မာ ချစ်ကြည်ရေးအတွက် အထောက်အကူပြုမယ့် အနေအထား အားလုံးနဲ့ ဆက်စပ်သွားမှာပါ” ဟု သတင်းထောက်များကို ကြာသပတေးနေ့က ပြောသည်။
မြန်မာနိုင်ငံသို့ လာမည့် အပတ်တွင်သွားမည့် အသက် ၇ဝ အရွယ် တရုတ် နိုင်ငံတော် ကောင်စီဝင် ဒိုင်ဘင်ဂိုးသည် ဝါရင့် သံတမန်တဦး ဖြစ်ပြီး ၂ဝဝ၈ ခုမှစ၍ သမ္မတ ဟူကျင်းတောင် အစိုးရ၏ နိုင်ငံခြားရေးမူဝါဒချမှတ်ရေးတွင် အထူး အားကိုးရသူတဦး ဖြစ်လာကြောင်း သိရသည်။
တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး ပမာဏသည် အမေရိကန်ဒေါ်လာ သန်း ၄၄ဝဝ ရှိပြီး၊ တွင်းထွက်နှင့် စွမ်းအင်ကဏ္ဍ အထူးပြုသည့် တရုတ်၏ မြန်မာအတွင်း ရင်းနှီး မြှုပ်နှံမှုသည် ဒေါ်လာ သန်း ၁၂ဝဝ ကျော်ရှိကြောင်း ရိုက်တာ သတင်းတွင် ဖော်ပြပါရှိသည်။
ထို့ပြင် အိန္ဒိယသမုဒ္ဒရာကို ဖြတ်လာမည့် အရှေ့အလယ်ပိုင်းနှင့် အာဖရိကဘက်မှ ရေနံနှင့် ရခိုင်ပြည်နယ်မှ သဘာဝ ဓာတ်ငွေ့ တို့ကို သူ၏ ကုန်းပိတ်ဒေသ ယူနန်ပြည်နယ် အတွင်း တင်သွင်းနိုင်ရန် ကျောက်ဖြူ ရေနက် ဆိပ်ကမ်း စီမံကိန်းကို စတင်နေပြီ ဖြစ်သည်။ ယူနန်ပြည်နယ်မှ ကုန်စည်များကိုလည်း ထိုလမ်းကြောင်းမှ တဆင့် ပြည်ပသို့ ပြန်လည် တင်ပို့နိုင်မည် ဖြစ်သည်။
Ref: မဇ္ဈိမ
ကွယ်လွန်သူ ချက်သမ္မတဟောင်းနဲ့ မြန်မာ့အရေး
ကိုကျော်အောင်လွင်
တနင်္ဂနွေ, 18 ဒီဇင်ဘာ 2011
မနေ့က ကွယ်လွန်ခဲ့တဲ့ ချက်သမ္မတဟောင်း ဗားဆလပ်ဟာဗဲလ်ရဲ့ ဆောင်ရွက်မှုတွေကြောင့် မြန်မာ့ အရေးဟာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအထိ ရောက်သွားခဲ့ရတယ်လို့ သူနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ဖူးတဲ့ အမေရိကန် အခြေစိုက် မြန်မာ့ ရန်ပုံငွေအဖွဲ့ (Burma Fund) ရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။ မြန်မာ့အရေးကို တက်တက်ကြွကြွ ကူညီ အားပေးခဲ့တဲ့ မစ္စတာ ဟာဗဲလ်အကြောင်း ဒေါက်တာသောင်းထွန်းကို ကိုကျော်အောင်လွင်က ဆက်သွယ် မေးမြန်းတဲ့အခါမှာ သူ့ရဲ့ စရိုက် သဘာဝက ဘယ်လို ရှိသလဲဆိုတာကို အခုလိုစပြီး ရှင်းပြပါတယ်။
“သူဟာ နိုင်ငံရေးသမား၊ စာပေသမား၊ အနုပညာရှင်၊ အတွေးအခေါ်ပညာရှင်၊ လူ့အခွင့်အရေးဆိုင်ရာ တက်ကြွ လှုပ်ရှားသူ။ ဒီလက္ခဏာ စရိုက်တွေ အကုန်လုံး ပေါင်းစပ်နေတယ် ဆိုတဲ့သဘောကို ကျနော် တွေ့ရတယ်။ စကားနည်းတယ်။ များသောအားဖြင့် အတွေးထဲမှာ ရှိနေတတ်တယ်။ ဟိတ်ကြီးဟန်ကြီး မရှိဘူး။ ၀တ်တာ စားတာက စ ခပ်ရိုးရိုးပဲ။ သာမန်ပြည်သူ တစ်ယောက်လိုပဲ။ သိပ် တောက်တောက် ပြောင်ပြောင်၊ ထင်ထင်ပေါ်ပေါ် မရှိဘူး။ ဆက်ဆံတဲ့ နေရာမှာ အားလုံးကို တန်းတူ ဆက်ဆံတယ်။ နွေးထွေးမှု ရှိတယ် ဆိုတာကို ကျနော် တွေ့ဆုံဖူးမှုအရ အများကြီး ခံစားရပါတယ်။”
ဒေါ်အောင်ဆန်းစုကြည် နိုဘဲလ်ငြိမ်းချမ်းရေးဆု ရတဲ့ကိစ္စမှာလည်း သူ့ရဲ့တိုက်တွန်းမှုတွေ၊ သူ့ရဲ့ အားထုတ်မှုတွေ တော်တော်များများ ပါပါတယ်။ ဒီအကြောင်း ရှင်းပြပါဦး။ -
“၁၉၉၁ ခုနှစ် နော်ဝေးက နိုဘဲလ်ငြိမ်းချမ်းရေးဆု ကော်မတီကနေပြီးတော့ နောက်ဆုံး ဆန်ကာတင် စာရင်း တက်လာတဲ့ အခါမှာ သမ္မတကြီး ဟာဗဲလ်ကလည်းပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ပါဝင်ပါတယ်။ အဲဒီမှာ ဗားဆလပ်ဟာဗဲလ်က သူ့ကို မရွေးပါနဲ့။ သူတို့နိုင်ငံက လွတ်မြောက်ပြီးပြီ၊ သူကိုယ်တိုင်လည်း လွတ်မြောက်ပြီ၊ လောလောဆယ်မှာ နေအိမ် အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးသင့်တယ် ဆိုပြီးတော့ သူကိုယ်တိုင်ကကို သဘောထား အမြင်တွေ ပေးခဲ့တာကို ကျနော်တို့ တသက်လုံး မေ့လို့မရပါဘူး။”
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးကို ပြောဆိုဆွေးနွေးဖို့ တွန်းအားပေးတဲ့ နေရာမှာ မစ္စတာ ဟာဗဲလ်ကလည်း အဓိကကျတဲ့ ပုဂ္ဂိုလ်တစ်ယောက်လို့ ဆိုပါတယ်ခင်ဗျ။ ဒီအကြောင်းကိုလည်း ရှင်းပြပါဦး။ -
“မြန်မာပြည်ကိစ္စက ပြည်တွင်းရေးကိစ္စ မဟုတ်ဘဲနဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု အပေါ် အထူးသဖြင့် ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံမှုကို ထိခိုက်လာတယ် ဆိုတဲ့ အနေအထား ဖြစ်လာတဲ့အခါ ဒါနဲ့ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာမှာ ချပြဆွေးနွေးဖို့ သုံးသပ်ချက် စာတမ်းတစ်ခုကို ထုတ်ပြန်တဲ့ နေရာမှာ တောင်အာဖရိကက ဘုန်းတော်ကြီး ဒက်စမွန်တူးတူးနဲ့ အတူ သမ္မတကြီး ဗားဆလပ်ဟာဗဲလ်က ပူးတွဲပြီးတော့ ရေးသား ထုတ်ပြန်ခဲ့တယ်။ ဒီဟာရဲ့ သြဇာသက်ရောက်မှုက အင်မတန် ကြီးမားပါတယ်။ ဒီမတိုင်ခင် ကျနော်တို့ ၂၀၀၃ ဒီပဲယင်း ဖြစ်ရပ် ပြီးကတည်းက မြန်မာပြည် ကိစ္စကို ကျနော်တို့လည်း စာတမ်းတွေ ရေးပြီးတော့ တင်ခဲ့တာပဲ။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကနေပြီး ၀င်ရောက်ဆောင်ရွက်ဖို့ ကိစ္စတွေကိုလည်း ကြိုးပမ်းခဲ့တာပဲ။ ဒါပေမဲ့လို့ သမ္မတကြီးတို့ ကိုယ်တိုင် အခုလိုမျိုး သုံးသပ်ချက်တွေ ထုတ်ပြီးတော့ တကယ့် နိုင်ငံတကာ အစည်းအဝေးကြီး တွေမှာ နိုင်ငံတကာ အစိုးရတွေကို ပြောလာတဲ့အခါ ကျတော့ မြန်မာပြည် ကိစ္စဟာ Agenda ပေါ်ကို ရောက်သွားပါတယ်။ ၂၀၀၆ ခုနှစ်မှာ တရုတ်နိုင်ငံနဲ့ ရုရှားကနေ ဗီတိုသုံးလို့ ထိရောက်တဲ့ ဆုံးဖြတ်ချက် ဖြစ်မလာပေမဲ့လည်း ဒီလိုမျိုး ဆွေးနွေးရမယ့် Agenda ပေါ်ကို ရောက်သွားတဲ့ အတွက်ကြောင့် ကနေ့အထိပဲ မြန်မာပြည် အရေးကိစ္စဟာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဆွေးနွေးနေရဆဲ ဖြစ်ပါတယ်။ မစ္စတာ နမ်ဘီးယားတို့ မြန်မာပြည်သွားပြီး ပြန်လာတိုင်းမှာ လုံခြုံရေးကောင်စီမှာ ဒီခေါင်းစဉ်အောက်မှာ ဆွေးနွေးပွဲ ရှိပါတယ်။”
ဒေါက်တာသောင်းထွန်းတို့ တောက်လျှောက် လှုပ်ရှားခဲ့တဲ့ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု တွေနဲ့ မစ္စတာဟာဗဲလ်ရဲ့ ပါဝင် ပတ်သက်မှုတွေနဲ့ဟာ အကျိုး သက်ရောက်မှုတွေ ရှိပါသလားခင်ဗျ။ -
“သူ သမ္မတကြီးဖြစ်တဲ့ အချိန်မှာ ချက်နိုင်ငံခြားရေး ပေါ်လစီကို ရေးဆွဲတဲ့ နေရာမှာ အထူးသဖြင့် လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ နိုင်ငံသုံးနိုင်ငံကို အဓိက ဦးစားပေးပြီးတော့ ချက်နိုင်ငံ အနေနဲ့ လုပ်သွားမယ် ဆိုတဲ့ ပေါ်လစီမျိုး ချပါတယ်။ မြန်မာနိုင်ငံ၊ ကျူးဘားနိုင်ငံ နဲ့ ဘဲလားရု နိုင်ငံတွေပေါ့နော်။ သုံးနိုင်ငံ ရှိပါတယ်။ အဲဒီလိုမျိုး ချထားတဲ့ပေါ်လစီဟာ ဒီနေ့အထိ အစိုးရတွေ ဘယ်လိုပဲ ပြောင်းလဲ ပြောင်းလဲ ချက်နိုင်ငံရဲ့ ပေါ်လစီဟာ ဒီအတိုင်းပဲ ဆက်ရှိနေပြီးတော့ ကနေ့ ဆိုလို့ရှိရင် ချက်နိုင်ငံက ကျနော်တို့ရဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး လှုပ်ရှားမှုတွေမှာ၊ နယူးယောက် အထွေထွေ ညီလာခံမှာပဲဖြစ်ဖြစ်၊ ဂျနီဗာမှာရှိတဲ့ လူ့အခွင့်အရေး ကောင်စီမှာပဲ ဖြစ်ဖြစ်ပေါ့နော်။ ကျနော်တို့ကို အများကြီး အကူအညီ ပေးပါတယ်။ အထူးသဖြင့်ကတော့ မြန်မာပြည် အရေးကိစ္စတွေနဲ့ ပတ်သက်လို့ သံတမန် အသိုင်းအ၀ိုင်းတွေကို ဖိတ်ကြားပြီးတော့ တံခါးပိတ် အစည်းအဝေးတွေ လုပ်ပေးတယ်။ ကျနော်တို့ မြန်မာပြည်အရေး ကိစ္စကို တင်ပြလို့ရအောင် အဲဒီလို ဖန်တီးပေးတယ်။ သူတို့ရဲ့ သံတမန်ရေး လမ်းကြောင်းတွေကို အသုံးပြုပြီးတော့ပေါ့။ ဒီလိုမျိုး လုပ်တဲ့နိုင်ငံက လက်ချိုးရည်လို့ ရပါတယ်။ ကျနော်တို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို စင်တင်ပေးတာဟာ ဒီကနေ့ နိုင်ငံတွေ အားလုံးထဲမှာ ကျနော်တို့ သမိုင်းမှာ တင်ရမှာက ချက်ရီပါ့ပလစ်နဲ့ အိုင်ယာလန်နိုင်ငံတွေ ဖြစ်ပါတယ်။”
Burma Fund လို့ခေါ်တဲ့ အမေရိကန်အခြေစိုက် မြန်မာ့ရန်ပုံငွေအဖွဲ့ရဲ့ ကုလသမဂ္ဂဆိုင်ရာ ညွန်ကြားရေးမှူး ဒေါက်တာ သောင်းထွန်းကို ကျေးဇူး အများကြီးတင်ပါတယ်။
Ref: VOA News
ဖိလစ်ပိုင်မုန်တိုင်းဒဏ် သေဆုံးသူ ၆၀၀ ကျော်ပြီ
စနေ, 17 ဒီဇင်ဘာ 2011
ဖိလစ်ပိုင်နိုင်ငံမှာ တိုက်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့မုန်တိုင်းကျပြီး ရေးကြီးမှု ဖြစ်ပွားခဲ့တာကြောင့် လူပေါင်း ၆၀၀ ကျော် သေဆုံးပြီး ပျောက်ဆုံး နေတဲ့သူ ၈၀၀ ကျော်ကို ကယ်ဆယ်ရေး ၀န်ထမ်းတွေက တနင်္ဂနွေနေ့မှာ ရှာဖွေ နေကြပါတယ်။
အဲဒီ တိုင်ဖုံးမုန်တိုင်း ၀ါရှီ (Washi) ဟာ ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအို (Mindanao) ဒေသကို သောကြာနေ့က တိုက်ခိုက် ခဲ့တာကြောင့် ဒေသတခုလုံးမှာ လေပြင်းနဲ့ မိုးသည်းထန်စွာ ရွာသွန်း နေခဲ့ပါတယ်။ မုန်တိုင်းကြောင့် ရေကြီးမှုတွေ၊ မြေပြိုမှုတွေက Cagayan de Oro နဲ့ Iligan ကျေးရွာတွေ အပါအ၀င် ရွာပေါင်း ဒါဇင်နဲ့ချီ ရေထဲပါသွားပြီး မိသားစုလိုက် သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူ အရေအတွက်ဟာ ၆၅၂ ယောက် ရှိသွားပြီး ပျောက်ဆုံးသူကတော့ ၈၀၀ ကျော်ရှိတယ်လို့ ဖိလစ်ပိုင် ကြက်ခြေနီ အဖွဲ့က ဒီကနေ့ ပြောပါတယ်။ မုန်တိုင်းတိုက်ပြီး ၂၄ နာရီ ကြာတဲ့အထိ အလောင်းတွေကို ဘယ်သူမှ လာမယူသေးတဲ့ အတွက် မိသားစုလိုက် သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ယူဆလို့ရကြောင်း ဖိလစ်ပိုင်အရာရှိ တစ်ဦးဖြစ်သူ Gwen Pang က အေပီ သတင်းဌာနကို စနေနေ့မှာ ပြောပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်း အများစုကို ကုန်းပိုင်းဒေသမှာ အာရုံစိုက် လုပ်ဆောင်နေပေမဲ့ ကယ်ဆယ်ရေး မော်တော်ဘုတ်တွေက အသက်မသေဘဲ ကျန်နေသူ အတော်များများကို မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ကမ်းရိုးတမ်း ဒေသတလျှောက်မှာ ကယ်တင် နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အခု မုန်တိုင်းဒဏ်ခံရတဲ့ မင်ဒါနာအို ဒေသဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ အခြားနေရာတွေနဲ့ မတူဘဲ အခုလို ပြင်းထန်တဲ့ မုန်တိုင်းမျိုး ၀င်ခဲတဲ့အရပ် ဖြစ်တယ်လို့ ဖိလစ်ပိုင် အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူတွေ ထဲက အများစုကတော့ အိပ်ပျော်နေတဲ့ အချိန်မှာ ရေရဲ့ သယ်ဆောင်ရာကို ပါသွားကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ထောင်နဲ့ချီတဲ့ စစ်သားတွေနဲ့ ရဲတွေက ကယ်ဆယ်ရေး လုပ်ငန်းတွေကို ပူးပေါင်း ဆောင်ရွက်နေကြပေမဲ့ လမ်းတွေ ပိတ်ဆို့နေလို့ လျှပ်စစ်မီး မရတဲ့ အခက်အခဲတွေကြောင့် လုပ်ငန်း နှောင့်နှေးမှုတွေနဲ့ ရင်ဆိုင် နေကြရပါတယ်။
Ref: VOA News
မြန်မာပြည် မငြိမ်းချမ်း၍ ကမ္ဘာက အထင်သေးကြောင်း အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ ပြော
မင်းသက်
သောကြာနေ့၊ ဒီဇင်ဘာလ ၁၆ ရက် ၂၀၁၁
ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၆၀ ကျော်ကြာ ငြိမ်းချမ်းမှု မရှိခဲ့ဘဲ လက်နက်ကိုင် ပဋိပက္ခများ ရှိနေဆဲကြောင့် ကမ္ဘာက အထင်သေးကြောင်း ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီက ပြောလိုက် သည်။
အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းနှင့် ဒုတိယခေါင်းဆောင် ဝန်ကြီး ဦးသိန်းဇော်တို့က သောကြာနေ့က ရန်ကုန်မြို့ ၈ မိုင် လမ်းဆုံရှိ ဟိုတယ်ရန်ကုန်၌ သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်ရာတွင် ဦးအောင်သောင်းက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ကျနော်တို့ တိုင်းပြည်လည်း အများသိတဲ့ အတိုင်းပါပဲ။ ငြိမ်းချမ်းမှု မရှိပါဘူး။ မရှိခဲ့တာ နှစ်ပေါင်း ၆၀ ကျော်ပြီ။ နှစ်ပေါင်း ၆၀ ကျော်သည့် တိုင်အောင် လက်နက် ကိုင်ဆောင်သော အဖွဲ့များရှိနေခြင်းမှာ ကမ္ဘာမှာ တခုတည်းသော နိုင်ငံလည်း ဖြစ်ပါတယ်။ အဲတော့ ကမ္ဘာကလည်း အထင်သေးပါတယ်။ ဆိုတော့ တိုင်းပြည် တခုလုံးလည်း အထင်သေးခံရတဲ့ အနေအထား ရှိပါတယ်။ ဒီဘဝကလည်း ကျနော်တို့ လွတ်မြောက်ချင်ပါတယ်။ တနည်းအားဖြင့် ပြည်သူ့ဆန္ဒကို ဖြည့်ဆည်း ပေးလိုပါတယ်” ဦးအောင်သောင်းက ပြောသည်။
ယခုအစိုးရ သက်တမ်းအတွင်း တိုင်းပြည်တွင် ငြိမ်းချမ်းရေး ရအောင် လုပ်သွားမည်ဟုလည်း ပြောဆို သွားသည်။
“ငြိမ်းချမ်းရေးနှင့် ပတ်သက်တဲ့ အပြောအဆိုတွေကို ကျနော်တို့ သတိထားပါတယ်။ ခံယူချက် မှားမသွားအောင်၊ ယူဆချက် ပြောင်းမသွားအောင်၊ ကျနော်တို့ အတတ်နိုင်ဆုံး ကြိုးစား ပါတယ်ဆိုတာ သိစေချင်ပါတယ်။ ဒါတွေကို အခြေခံ လုပ်နေတဲ့အတွက် ကျနော်တို့ အောင်မြင်နေတာလို့ ပြောရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအစိုးရ သက်တမ်း မှာ ငြိမ်းချမ်းရေး ရအောင် လုပ်မယ်လို့ ခိုင်ခိုင်မာမာ ပြောခြင်းဖြစ်ပါတယ်” ဟု ပြောသည်။
ပြည်တွင်း ပြည်ပ မီဒီယာသမားများနှင့်ပတ်သက်၍လည်း “ပြည်ပမီဒီယာ၊ ရှိနေတဲ့ မီဒီယာ အမျိုးမျိုး တွေပေါ့။ ကောင်းတာတွေလည်း အများကြီးပဲ။ အကျိုးပြုတာ တွေလည်း အများကြီးပဲ။ ကြိုဆိုတာတွေလည်း အများကြီးပဲ။ ပြီးတော့လည်း တချို့တလေတွေမှာ ဆွဲခေါ်ပြီးတော့မှ တွန်းတိုက်ပြောဆိုတာတွေလည်း ရှိတယ်။ တချို့ အပြော လေးတွေက တိုင်းရင်းသား တွေထံ မရောက်ဘူး။ ဒါလေးတွေကိုလည်း ရှင်းသွားစေချင်တယ်” ဟု အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းက ပြောဆိုသွားသည်။
မွန်းလွဲ ၂ နာရီမှ စတင်သော အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်း ပြည်ပ မီဒီယာများမှ သတင်းထောက် ၂၅ ဦးခန့် တက်ရောက် ကြပြီး ညနေ ၄ နာရီတွင် ပြီးဆုံးခဲ့သည်။
Ref: မဇ္ဈိမ
သမ္မတ အရပ်ခိုင်းသော်လည်း ကချင်တွင် တိုက်ပွဲများ ဖြစ်နေဆဲ
ဖနိဒါ
သောကြာနေ့၊ ဒီဇင်ဘာလ ၁၆ ရက် ၂၀၁၁
ချင်းမိုင်(မဇ္စျိမ) ။ ။ ကချင်ပြည်နယ်အတွင်း အစိုးရတပ်များ ထိုးစစ်ရပ်ဆိုင်းထားရန် သမ္မတ ဦးသိန်းစိန်က ညွန်ကြား ထားသော်လည်း ကချင် လွတ်မြောက်ရေး တပ်မတော် KIA တပ်များနှင့် နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားနေ သည်ဟု KIO က ပြောသည်။
မန်စီမြို့နယ် KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂၊ ၁၅၊ ၂၇ နှင့် မိုးမောက်မြို့နယ် တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၃ နယ်မြေများအတွင်း ထိုးစစ်ဆင်မှုများလည်း နေ့စဉ် ဖြစ်ပွားနေခြင်း ဖြစ်သည်။
“အင်အားတိုးလာတာက တပ်မ ၉၉ စစ်ဆင်ရေး နေရာမှာ စကခ ၁ဝ လက်အောက်ခံ တပ်ရင်းတွေ ပြန်ဖြည့်တယ်။ တပ်အင်အား လျော့တာလည်း မရှိသေးဘူး။ သူတို့တပ်တွေ ကျနော်တို့ နယ်မြေထဲ ရှိနေသရွေ့ တိုက်ပွဲကတော့ ဖြစ်နေဦးမှာပဲ။ သမ္မတက ညွန်ကြား ထားပေမယ့် ရှေ့တန်း တပ်ဖွဲ့တွေက စစ်မြေပြင်ခွင်မှာ ရောက်နေတော့ တိုက်ပွဲ က ငြိမ်းဖို့မရှိဘူး” ဟု KIO ပြောခွင့်ရ ဦးလနန်က မဇ္စျိမကို ပြောသည်။
ယနေ့ နေ့လယ်ပိုင်းကလည်း မန်စီမြို့နယ် KIO တပ်ရင်း ၁၅ နယ်မြေရှိ အစိုးရတပ်များရှိသည့် လွယ်ရင်းစခန်း ကိုလည်း ရဟတ်ယာဉ် တစီးဖြင့် လက်နက်နှင့် ရိက္ခာများ ဖြည့်တင်း ပေးနေသည်ဟု KIA ရှေ့တန်း သတင်းများအရ သိရသည်။
ဗန်းမော်ခရိုင် ဒေါ့ဖုန်းယန်မြို့နယ်ခွဲရှိ အစိုးရတပ်စခန်းသို့ ရိက္ခာပို့ရန်နှင့် အင်အားထပ်ဖြည့်ရန် ဝင်ရောက်လာသည့် ခလရ ၁၄၂ နှင့် ၃၇ တပ်မှ အင်အား ၁ဝဝ ခန့်နှင့်လည်း ယနေ့နံနက်ပိုင်းက တိုက်ပွဲများ ဖြစ်ခဲ့သည်။
“ကျနော်တို့က စစ်အလုံးအရင်း ဝင်လာပြီဆိုရင် ပစ်ရမှာဘဲ။ ပစ်လိုက်တော့ မဝင်နိုင်ဘူး၊ ဒီမနက် မနက် ၄ နာရီ ကျော်ကနေ ပြန်ပစ်တာ သူတို့ နောက်ဆုတ် လိုက်ရတယ်လို့ ပြောတယ်။ အဲဒီအနောက်မှာ ဒိန်ဂါရွာ ဆိုတာရှိတယ်။ ကျနော်တို့ လိုက်ပစ်တယ်။ အဲဒီမှာ ဒေါ့ဖုန်းယန်ကနေ တောင်ဘက် ၃ မိုင်လောက် ဝေးမှာရှိတဲ့ ဒိန်ဂါရွာက သူတို့က အိမ်တွေ မီးရှို့လိုက်တယ်”ဟု ရှေ့တန်း သတင်းရပ်ကွက်မှ အရာရှိတဦးက ပြောသည်။
ဆုတ်ခွာသွားသည့် အစိုးရတပ်များက ဒေါ့ဖုန်းယန်မြို့နယ်ခွဲ တောင်ဘက်ရှိ ဒိန်ဂါကျေးရွာမှ KIO ဆေးခန်း အပြင် နေအိမ် ခုနစ်လုံးကို ယနေ့နံနက် ကိုးနာရီခန့်က မီးရှို့ဖျက်ဆီးခဲ့သည်။
ကချင်ပြည်နယ်တွင်း ထိုးစစ်ဆင်မှုများ ရပ်တန့်ရန်နှင့် ခုခံကာကွယ်ရန်အတွက် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ထံ ဒီဇင်ဘာလက ၁ဝ ရက်နေ့က သမ္မတဦးသိန်းစိန်က ညွန်ကြားထားခဲ့ခြင်း ဖြစ်သည်။
အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ KIA တပ်မဟာ ၄ နယ်မြေ လက်အောက်ခံ အမှတ် ၈ တပ်ရင်းနှင့် မန်တုံ မြို့နယ် အခြေစိုက် အစိုးရ တပ်များလည်း တိုက်ပွဲများ ဆက်ဖြစ်နေဆဲ ဖြစ်သည်ဟု တပ်မဟာ ၄ တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရော်က မဇ္ဈိမကို ပြောသည်။
KIO အနေဖြင့် နိုင်ငံရေးအရ ဆွေးနွေးမှုကို လိုလားပြီး အစိုးရဘက်ကမှ အကောင်အထည် မဖော်ခြင်းကြောင့်သာ ယခုကဲ့သို့ တိုက်ပွဲများ ဆက်ရှိနေရခြင်း ဖြစ်သည်ဟု ရှုမြင်သည်။ KIO မှာ နိုဝင်ဘာလ ၂၉ ဂက်နေ့ကလည်း တရုတ်နိုင်ငံ၌ အစိုးရ ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာ၌လည်း နိုင်ငံရေးအရသာ ဖြေရှင်းလိုကြောင်း တင်ပြခဲ့ပြီး ဖြစ်သည်။
ဒီဇင်ဘာလ ၉ ရက်နေ့ကလည်း KIO နှင့် သီးခြားတွေ့ဆုံရန်အတွက် ပြည်ထောင်စုအဆင့် ညှိနှိုင်းရေး အဖွဲ့ကို ပြင်လည် ပြင်ဆင် ဖွဲ့စည်း ထားသည်ဟုလည်း KIA သတင်းရပ်ကွက်အရ သိရသည်။
ယင်းအဖွဲ့ကို ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ၁ ဦးအောင်သောင်း ဦးဆောင်ကာ မီးရထားဝန်ကြီး ဦးအောင်မင်း၊ ဦးသိန်းဇော်၊ ဦးအုန်းမြင့်၊ ဦးခက်ထိန်တို့ ပါဝင်သည်ဟုလည်း သိရသည်။
ယခင်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးရန် ပြည်ထောင်စုအဆင့် ညှိနှိုင်းရေးအဖွဲ့ကို မီးရထား ဝန်ကြီး ဦးအောင်မင်း ဦးဆောင်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီး ဦးခင်ရီ၊ သမဝါယမ ဝန်ကြီး ဦးအုန်းမြင့်အပါအဝင် ခုနစ်ဦးဖြင့် ဖွဲ့စည်းထားသည်။
“ကျနော်တို့ KIO ကတော့ ဘယ်သူနဲ့ဖြစ်ဖြစ် နိုင်ငံရေးအရ စကားပြောမယ်ဆိုရင်တော့ ဘယ်သူနဲ့ ဖြစ်ဖြစ် ဆွေးနွေးမှာပါ။ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှုတော့ လုပ်ရတော့မယ်ဆိုတာ သူတို့မှာ ရှိမယ်လို့ ထင်တာပဲ။ အဲဒါကြောင့် ခုလို အဖွဲ့တွေ ဖွဲ့လာတယ်လို့ ထင်တာပဲ” ဟု ဦးလနန်က ပြောသည်။
လက်ရှိတွင် နှစ်ဖက်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဒုက္ခသည် ၄၆,ဝဝဝ ကျော်ရှိနေပြီ ဖြစ်သည်။ ယင်းဒုက္ခသည် များအတွက် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများက ဒီဇင်ဘာလ ၁၂ ရက်နေ့က သွားရောက်ကူညီခဲ့မှုမျာ ရှိပြီး ပြည်နယ် အစိုးရအဖွဲ့မှ လှူဒါန်းသည့် ပစ္စည်းများကိုမူ KIO ဘက်က လက်မခံဘဲ ငြင်းဆန်ခဲ့သည်။
မိုးမောက်မြို့နယ်ခွဲ လွယ်ဂျယ်နှင့်တဖက်ကမ်း လာရိန်းမြို့ရှိ ဒုက္ခသည် ၂,ဝဝ ကျော်နှင့် တရုတ်ဘက်ခြမ်း မန်းဝင်းကြီး နမ်တောင် ဒေသရှိ ဒုက္ခသည် ၇,ဝဝဝ ကျော်မှာလည်း အိမ်သာလုံလောက်မှု မရှိခြင်းကြောင့် ကျန်းမာရေးအတွက် စိုးရိမ်ဖွယ် ရှိနေသည်ဟု သိရသည်။
“သူတို့တွေက တရုတ်ထဲဖြစ်တော့ အခက်အခဲတွေ ရှိတယ်။ တောတွေမှာ ခွင့်ပြုချက်မရဘဲ ထင်း၊ သစ်၊ ဝါးတွေ မခုတ်ရဘူး။ တရုတ်ပြည်ထဲ ဖြစ်တော့ တရုတ် ခွင့်မပြုရင် လုပ်လို့ မရဘူး။ နမ်တောင်းပါဆိုတဲ့ နေရာက လယ်ကွင်းဖြစ် တယ်။ လူများတော့ အိမ်သာတွေ မဆံ့ဘူး။ အိမ်သာ မလုံလောက်တော့ ကျန်းမာရေး ထိခိုက်လာနိုင်တယ်” ဟု ဒုက္ခသည်များ ကူညီရေး ကော်မတီ တာဝန်ခံ ဦးဒွဲပီဆားက ဆိုသည်။
Ref: မဇ္ဈိမ
KNU ခေါင်းဆောင်မန်းငြိမ်းမောင် မတရားအသင်းပုဒ်မနဲ့ ထောင်ချခံရ
ကိုသားညွှန့်ဦး
စနေ, 17 ဒီဇင်ဘာ 2011
ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တစ်ဦးဖြစ်သူ ဖဒိုမန်းငြိမ်းမောင်ကို မတရားအသင်း အဖွဲ့ ပုဒ်မ အပါအ၀င် အခြား စွဲချက်တွေနဲ့ ထောင်ဒဏ် ပြစ်ဒဏ် ချမှတ် လိုက်ပြီးနောက် အခု ရန်ကုန် အင်းစိန် အကျဉ်းထောင် အတွင်းမှာ ပြစ်ဒဏ် ကျခံနေရတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) က ပြောပါတယ်။ ဖဒို မန်းငြိမ်းမောင်ရဲ့ အခြေအနေနဲ့ ပတ်သက်လို့ AAPP ပြောခွင့်ရသူကို ကိုသားညွန့်ဦးက ဆက်သွယ် မေးမြန်း ထားပါတယ်။
KNU ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဖဒိုမန်းငြိမ်းမောင်ဟာ အခုနှစ် ဇူလှိုင်လအတွင်း ထိုင်းနိုင်ငံကနေ တရုတ်နိုင်ငံကို အသွား လမ်းခရီးမှာပဲ ပျောက်ဆုံး သွားတာ ဖြစ်ပြီး အခု သူ့ကို မြန်မာ အာဏာပိုင်တွေ ဘက်က ဖမ်းဆီး ထောင်ချ လိုက်ပြီဆိုတဲ့ အချိန်အထိ မြန်မာ အစိုးရဘက်က သူ့နဲ့ပတ်သက်လို့ တစုံတရာ ထုတ်ဖော်ပြောဆိုမှု မရှိသေးပါဘူး။ ပုဒ်မ (၁၇/၁) မတရား အသင်း အက်ဥပဒေ အပါအ၀င် အခြားစွဲချက်တွေနဲ့ မကြာခင် ရက်ပိုင်းအတွင်း ကပဲ ပြစ်ဒဏ်ချမှတ်ပြီး အခု ရန်ကုန် အင်းစိန်ထောင် အတွင်းမှာ အကျဉ်းချ ခံနေရတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က ဗွီအိုအေကို ပြောပါတယ်။
“ဖဒိုမန်းငြိမ်းမောင်ကို ထောင် ၁၀ နှစ်ကျော် ချလိုက်တယ်လို့ ကျနော်တို့ ကြားပါတယ်။ သူ့ကို (၁၇/၁)၊ (၁၇/၂) မတရား အသင်းဝင် ဖြစ်မှုရယ်၊ မတရားအသင်းနဲ့ ဆက်သွယ်မှုရယ်၊ နောက်ပြီးတော့ တရားမ၀င် ပက်စ်ပို့ စာအုပ် ကိုင်ဆောင်မှုပေါ့။ အဲဒါတွေနဲ့ ထောင်ချ ထားတယ်လို့ ကျနော်တို့ သိရပါတယ်။ အခုဆိုရင် သူဟာ အင်းစိန် အကျဉ်းထောင် တိုက်နံပါတ် (၃) မှာရှိတယ်လို့လည်း ကျနော်တို့ သိထားရပါတယ်။”
လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်တစ်ဦးဆိုတော့ သူ့ကို မြန်မာအာဏာပိုင်တွေ ဘက်က ဖမ်းဆီး စစ်ဆေးတဲ့ အချိန်မှာ ညှင်းပမ်း နှိပ်စက်မှုတွေ ရှိမလား ဆိုပြီးတော့ စိုးရိမ်မှုတွေ အတော်များများ ကျနော်တို့ ကြားရပါတယ်။ ဆိုတော့ အခုလက်ရှိ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့ရော ကိုဘိုကြည်တို့ ဘယ်လို သိထားသလဲခင်ဗျ။ -
“ကျန်းမာရေးအခြေအနေကတော့ ကျနော်တို့ အသေးစိတ်ကတော့ မသိရသေးပါဘူး။ ဒါပေမဲ့ သူ ဆေးစာ ၀ယ်ပြီးတော့ သူ့အတွက် ဆေးသွင်း ပေးနေရတယ်လို့ ကျနော်တို့ သိထားရတယ်။ နောက်ပြီးတော့ သူက အသက်ကလည်း ၇၀ လောက် ဖြစ်နေပြီ။ အဖမ်း ခံရတာကလည်း အခုအကြိမ်က ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ အရင်တုန်းကလည်း ကိုကိုးကျွန်းကို အပို့ခံထားရတဲ့ တကယ့် ကျွန်းပြန် နိုင်ငံရေး အကျဉ်းသား ဟောင်းတစ်ယောက် ဖြစ်ပါတယ်။ ဆိုတဲ့ အခါကျတော့ အသက်ကလည်း ကြီးနေပြီ၊ နောက်တစ်ခုက နှိပ်စက် ညှင်းပမ်း ခံထားမှုတွလည်း ရှိတဲ့ အခါကျတော့ သူ့ရဲ့ကျန်းမာရေး ကိုတော့ ကျနော်တို့ အတော်လေး စိုးရိမ်ပါတယ်။”
အခု ဒီရက်ပိုင်းတွေအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ KNU လည်း ပါတယ်လို့ ကျနော်တို့ ကြားရပါတယ်။ အစိုးရဘက်က ကိုယ်စားလှယ်တွေနဲ့ ငြိမ်းချမ်းရေး အတွက် ညှိနှိုင်း ဆွေးနွေးတာတွေ ရှိတယ်လို့ ကြားနေရပါတယ်။ အဲဒီတော့ ဒီအချိန်မှာ အခုလို သူ့ကို မတရား အသင်းဝင် အဖြစ်နဲ့ ဖမ်းဆီး ထောင်ချတယ်ဆိုတော့ ဒီအလားအလာက တိုင်းရင်းသားတွေ၊ အထူးသဖြင့် KNU နဲ့ ပြန်လည် သင့်မြတ်ရေး လုပ်ငန်းတွေမှာ ထိခိုက်နိုင်ချေ ရှိလားခင်ဗျ။ -
“တိုင်းရင်းသားခေါင်းဆောင်တွေကို အခုလိုမျိုး ဖမ်းဆီးပြီးတော့ နှိပ်စက်တဲ့ ကိစ္စက အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် လုံးဝ အထောက်အကူ မဖြစ်နိုင်တဲ့ ကိစ္စပါ။ ဒီလိုမျိုး နှိပ်စက် ညှင်းပမ်းမှုတွေ လုပ်နေမယ့်အစား တကယ် စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲတွေ လုပ်တာက အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အကောင်းဆုံး ဖြစ်နိုင်ပါတယ်။ အဲဒီအပြင်ကို နိုင်ငံရေး အကျဉ်းသားတွေ ထဲမှာ တိုင်းရင်းသား ခေါင်းဆောင်တွေ ကလည်း ပါဝင်နေတာ ဖြစ်တဲ့အတွက် ဒီ နိုင်ငံရေး အကျဉ်းသားတွေ၊ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ ရှိတယ်ဆိုတာကို အသိအမှတ် ပြုပြီးတော့ သူတို့ကို အမြန်ဆုံး လွှတ်ပေးတာဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။”
နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ဆိုတာက ပြည်တွင်းရော၊ ပြည်ပ ဒီမိုကရေစီ လှုပ်ရှားသူတွေရဲ့ အဓိက လိုလားချက် တစ်ရပ်လို ဖြစ်နေပါတယ်။ တလောကပဲ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကလည်း နိုင်ငံရေးလုပ်တဲ့ သူတွေ လွတ်လာနိုင်တယ် ဆိုပြီး ထပ်ပြီးတော့ ပြောတာ ရှိပါတယ်။ အဲဒီတော့ အခု လောလောလတ်လတ် ထောင်ချခံရတဲ့ ဖဒိုမန်းငြိမ်းမောင် အပါအ၀င် နိုင်ငံရေး လှုပ်ရှားလို့ ပြစ်ဒဏ် ကျခံရသူတွေ ပြန်လွတ်လာနိုင်ချေ အနေအထားကရော ဘယ်လိုရှိလဲ။ -
“အခုချိန်ထိတော့ သူတို့ဘက်ကနေ ဦးသိန်းစိန် အစိုးရဘက်ကနေပြီးတော့ နိုင်ငံရေး အကျဉ်းသားရှိတယ် ဆိုတာကို အသိအမှတ် မပြုသေးဘူး။ အဲဒါကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ အနာဂတ်ဂတ်ဟာ သိပ်ပြီးကောင်းမွန်တဲ့ အလားအလာမျိုး မရှိဘူး။ နောက်တစ်ခုက နိုင်ငံရေး အကျဉ်းသား အကုန် ပြန်လွတ်လာမယ်လို့ ကျနော်တို့ မျှော်လင့်လို့ မရနိုင်သေးပါဘူး။”
ဖဒိုမန်းငြိမ်းမောင် အခုလို ဖမ်းဆီး ထောင်ချခံရတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ ကရင်အမျိုးသား အစည်းအရုံး (KNU) ဘက်ကတော့ သီးခြား အတည်ပြုချက် တုံ့ပြန်ချက် မရသေးပါဘူး။ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံအသွား လေကြောင်းခရီးမှာ ပျောက်ဆုံး သွားတာနဲ့ ပတ်သက်လို့လည်း သူဘယ်လိုဖြစ်တယ်၊ ဒီကနေ မြန်မာ အာဏာပိုင်တွေ ဘယ်လို ဖမ်းဆီးရမိတယ် ဆိုတာလည်း အသေးစိတ် ဘာမှမသိရသေးပါဘူး။
ဖဒိုမန်းငြိမ်းမောင်ဟာ KNU ရဲ့ ဗဟိုကော်မတီဝင်တစ်ဦး ဖြစ်သလို အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ စုဖွဲ့ထားတဲ့ တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှာလည်း တာဝန်ရှိသူတစ်ဦး ဖြစ်ပါတယ်။ သူဟာ အရင်တုန်း ကလည်း နိုင်ငံရေးပုဒ်မနဲ့ ကိုကိုးကျွန်းမှာ အကျဉ်းကျ ခံခဲ့ရသူ ဖြစ်ပါတယ်။ အဲဒီ ကိုကိုးကျွန်းကနေ လှေနဲ့ ထွက်ပြေးခဲ့တဲ့ သူ့ရဲ့ကိုယ်တွေ့ ဖြစ်ရပ်ကိုလည်း မုန်တိုင်းကို ဆန်၍ ပင်လယ်ကိုဖြတ်သောအခါ ဆိုပြီး ပြည်ပမှာ စာအုပ် ထုတ်ဝေ ခဲ့ဖူးပါတယ်။
Ref: VOA News
ရွှေညဝါ ဆရာတော် မဟန ထံ အသနားခံစာ တင်လျှောက်
သဲသဲ
သောကြာနေ့၊ ဒီဇင်ဘာလ ၁၆ ရက် ၂၀၁၁
နယူးဒေလီ(မဇ္ဈိမ) ။ ။ ရွှေညဝါဆရာတော် ဦးပညာသီဟက ၎င်းအား သာဓုကျောင်းတိုက်တွင် ဆက်လက် သီတင်း သုံးခွင့်ပြုကာ သာသနာပြု လုပ်ငန်းများ လုပ်ကိုင်ခွင့် ပြုရန်နှင့် ထေရဝါဒ ထုံးတမ်းနှင့်အညီ ဆရာတော်ကြီး များ၏ ဆုံးမသြဝါဒ ခံယူမည်ဖြစ်ကြောင်း နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ (မဟန)ထံ သောကြာနေ့က အသနားခံစာ ပေးပို့ခဲ့ကြောင်း သိရသည်။
“ဘုရား တပည့်တော်အားလည်း မလိမ္မာ တခါမိုက် တပည့်သားကဲ့သို့ သဘောပိုက်ကာ ဆိုဆုံးမတော် မူပါရန်နှင့် သာဓု ကျောင်းတိုက်၌ ဆက်လက် နေထိုင်၍ သာသနာပြု အခွင့်အလမ်းများ ပြန်လည် ခွင့်ပြု ပေးသနားပါရန်” ဟူ၍ အသနားခံစာတွင် ပါရှိသည်။
ယင်းအပြင် “ဘုရား တပည့်တော်သည် နိုင်ငံ ဥပဒေနှင့် ရဟန်းဥပဒေတို့ကို လေးစား လိုက်နာလျက် မည်သည့် အခါကမျှ ဖောက်ဖျက် မကျူးလွန်ခဲ့ပါ ဘုရား။ အခြားသော ရာဇဝတ် မှုခင်းဆိုင်ရာ ပြဿနာများလည်း လုံးဝ ကင်းရှင်းကြောင်း ကတိပြုပါသည် ဘုရား” ဟုလည်း ယင်းစာတွင် ဖော်ပြထားသည်။
“အထပ်ထပ် ဝေဖန်သုံးသပ်ပြီးတော့ ငြိမ်းချမ်းရေးအတွက် အသိမ်မွေ့ဆုံးနဲ့ အကောင်းဆုံးသော ဆုံးဖြတ်ချက်ကို ဘုန်းကြီး ချလိုက်ပါပြီ။ ထေရဝါဒ သာသနာတော်ရဲ့ အဆုံးအမအတိုင်း ထေရဝါဒ ဦးစီးဦးဆောင်ပြုနေတဲ့ ဆရာတော်ကြီးများရဲ့ အဆုံးအမကို ခံယူဘို့ ဘုန်းကြီး စာတင်လိုက်ပါပြီ” ဟု ဦးပညာသီဟက မဇ္ဈိမကို မိန့်သည်။
ဆရာတော်မှာ ယခင်ကပင် တနှစ်အတွင်း တရား မဟောရန်အတွက် ပိတ်ပင်ခံထားရကာ တားမြစ်ကာလ မပြည့်ခင် မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး NLD တွင် တရားဟောခဲ့သည့်အတွက် ၎င်းသီတင်းသုံး ရာ ကြည့်မြင်တိုင်ရှိ သာဓု ပရိယတ္တိ ကျောင်းတိုက်မှ ဖယ်ရှားရန်နှင့် ကျောင်းတိုက်တွင်း မည်သည့်သင်တန်းမှ မပြုလုပ်ရန် မဟန မှ ဒီဇင်ဘာလ ၁၂ ရက်နေ့က စာပေးပို့ ညွန်ကြားခဲ့ခြင်း ဖြစ်သည်။
ရွှေညဝါ ဆရာတော်မှာ ယခုနှစ် ဖေဖော်ဝါရီ ၁ဝ ရက်မှစ၍ ၂ဝ၁၂ ဖေဖေါ်ဝါရီ ၁၁ နေ့ထိ တရားမဟောရန် အတွက် ရန်ကုန်တိုင်း မဟန က ပိတ်ပင်ထားခဲ့ခြင်း ဖြစ်သည်။
မန္တလေး NLD ရုံး၌ ဟောပြောခဲ့သည်ကို အခြေခံ၍ “သံဃာ အဖွဲ့အစည်း အဆင့်ဆင့်၏ ဆုံးမ ညွှန်ကြားသည်ကို မနာခံ၍ ဒုဗ္ဗ္ဗစပုဂ္ဂိုလ် (ဆိုဆုံးမမှု မနာခံသူ)” အဖြစ် သတ်မှတ်သည်ကို လွန်စွာမှ ကြေကွဲ ဝမ်းနည်းကြောင်း ဦးပညာသီဟ၏ အသနားခံစာတွင် ရေးသား ထားသည်။
မဟန ဆရာတော်ကြီးများက အပြုသဘော တုံ့ပြန်မည်ဟုလည်း ဆရာတော်က မျှော်လင့်ထားသည်။
“အဆုံးအမ ခံယူတာဟာလည်း သတ္တိကြောင်သော ရှက်စရာကောင်းသော အရာ မဟုတ်ဘူး ဆိုတာကို ကောင်းကောင်း နားလည် ထားပါတယ်။ တိုင်းပြည်နဲ့ လူမျိုး ဘာသာ၊ သာသနာအတွက် အလွန်ချစ်လွန်းလို့ ဘုန်းကြီး ဒီလိုလုပ်ရပ်ကို အကောင်အထည်ဖော်ပြီး ငြိမ်းချမ်းအသွင်ကို ပုံဖော်ပေးလိုက်တာ ဖြစ်ပါတယ်”ဟု သံဃာ ညီညွတ်ရေးအတွက် ရည်ရွယ်၍ အသနားခံစာတင်ခဲ့သူ ဆရာတော် ဦးပညာသီဟက မိန့်ကြား ရှင်းလင်းသည်။
ရွှေညဝါ ဆရာတော်အဖြစ် ကျော်ဇောထင်ရှားသူ ဦးပညာသီဟမှာ သာဓုပရိယတ္တိကျောင်းတိုက်၏ အုပ်ချုပ်စီမံ ပညာရေး တာဝန်ခံ တိုက်ကြပ် ဆရာတော်ဖြစ်ပြီး ယင်းကျောင်းတိုက်၌ နှစ်စဉ် မြန်မာတပြည်လုံးရှိ သံဃာပေါင်း ၁ဝဝဝ ကျော်ကို စိစစ်၍ အဘိဓမ္မာ သင်တန်းများ ပို့ချပေးလျက် ရှိသည်။
ဆရာတော်အား ကျောင်းတိုက်မှ ဖယ်ရှားမည်ကို စိုးရိမ်ကြသည့် တပည့်သံဃာ၊ ဒါယိကာ ဒါယကာ ၂ဝဝ ကျော်မှာ ကြာသပတေးနေ့ ကလည်း ကျောင်းတိုက်အတွင်း လာရောက် စုဝေးခဲ့ပြီး ဆရာတော်က ငြိမ်းချမ်းစွာ ဖြေရှင်းမည် ဖြစ်ကာ ပြန်ကြရန်အတွက် မေတ္တာရပ်ခံ လူစုခွဲခဲ့ရသည်။
“ဒေါ်စုတို့နဲ့ တိုင်ပင်သွားတာက တောင်းပန်စာ ပြန်တင်မယ်ဆိုပြီး သွားတယ်။ ဟိုရောက်တဲ့အခါကျတော့ အကျိုးဆောင် ဆရာတော် တွေက အန်တီတို့ဝင်ရင် ပိုပြီး မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာမှာ စိုးတဲ့အတွက် ဆရာတော်တွေ ကပဲ ကြားဝင် ဆောင်ရွက်ပါမယ်လို့ ပြောတဲ့အတွက် အန်တီတို့ ပြန်လာခဲ့တာပါ” ဟု NLD ဗဟို အလုပ်မှုဆောင် ဒေါက်တာ မေဝင်းမြင့်က ပြန်ပြောပြသည်။ ယမန်နေ့က ဒေါက်တာ မေဝင်းမြင့်နှင့်အတူ NLD ဒုဥက္ကဌ ဦးတင်ဦးတို့ ဆရာတော်ထံ သွားရောက် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ဆရာတော်သည် NLD မှ ပြုလုပ်သည့် နိုင်ငံရေးဆိုင်ရာ အခမ်းအနားများ၊ အလှူအတန်းများ ပြုလုပ် ခွင့်များကို ကျောင်းတိုက်၌ ခွင့်ပြု ပေးခဲ့ဖူးကာ ဒေါ်အောင်ဆန်းစုကြည်၏ နိုဗယ် ငြိမ်းချမ်းရေးဆု ရရှိသည့် နှစ် ၂ဝ ပြည့်ပွဲတွင် လည်း ကိုယ်တိုင် အမှာစကား မိန့်ကြားခဲ့သည်။
ထို့ပြင် ဧရာဝတီတိုင်း နာဂစ် မုန်တိုင်းသင့် ဒေသများသို့ ကြွရောက်၍ ကယ်ဆယ်ရေး ပစ္စည်း လှူဒါန်းခြင်း၊ သောက်ရေသန့် ရရှိရေးနှင့် အခြားသော ကူညီရေး လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ မရှင်းလင်း ရသေးသည့် ရုပ်အလောင်းများကို ကိုယ်တိုင် သဂြုင်္ိဟ်ပေးခြင်းနှင့် မကျွတ်လွတ် သူများအတွက် အမျှအတမ်း ပေးဝေခြင်းများ ကိုလည်း ဆောင်ရွက်ပေးခဲ့သည့် ဆရာတော် ဖြစ်သည်။
Ref: မဇ္ဈိမ