ကိုပေါက်
တနင်္လာနေ့၊ အောက်တိုဘာလ ၂၄ ရက် ၂၀၁၁
နယူးဒေလီ (မဇ္ဈိမ) ။ ။ အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒ ညှိနှိုင်းရေးမှူး မစ္စတာ ဒဲရက်ခ် ဂျေ မစ်ချဲလ် Derek J. Mitchell သည် ၎င်း၏ နှစ်ရက်ကြာ ခရီးစဉ်အဖြစ် ရန်ကုန်မြို့သို့ တနင်္လာနေ့ က ရောက်ရှိနေသည်။
မကြာမီ နေပြည်တော်ရှိ အစိုးရ အရာရှိများနှင့် တွေ့ဆုံနိုင်ရန် သွားရောက်မည်ပြီး ခရီးစဉ် အတွင်း နိုင်ငံရေး အကျဉ်းသားများ ထပ်မံ လွှတ်ပေးရေး ဖိအား ပေးသွားရန်နှင့် လူမျိုးစု ဒေသများ အတွင်း စစ်မက်ဖြစ်ပွားမှု ကိစ္စများနှင့် စပ်လျဉ်း၍လည်း ဆွေးနွေး သွားမည်ဖြစ်ကြောင်း AP သတင်းတပုဒ်တွင် ရေးသားထားသည်။
ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် တွေ့ဆုံ နိုင်လိမ့်မည်ဟု ပြောခွင့်ရ ဦးအုန်းကြိုင်က မျှော်လင့်သည်။
“ ဘယ်တော့တွေ့မယ် ဆိုတာတော့ မပြောတတ်သေးဘူး။ ခုချိန်ထိတော့ ဘာမှမသိသေးဘူးဗျ” ဟု ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။
ယခုခရီးစဉ်သည် Derek Mitchell ၏ ဒုတိယအကြိမ် ဖြစ်ပြီး စက်တင်္ဘာလအတွင်းက လာရောက်စဉ် နေပြည်တော် အစိုးရ အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ခေါင်းဆောင်များနှင့်ပါ တွေ့ဆုံခဲ့ပြီး မြန်မာ့ နိုင်ငံရေးတွင် ပြောင်းလဲ တိုးတက်မှု ရှိကြောင်း ပြောဆိုခဲ့သည်။
မစ္စတာမစ်ချဲလ်သည် သံအမတ်ကြီး အဆင့်ရှိသည်ဟု အမေရိကန် နိုင်ငံခြားရေးဌာနက ကြေငြာထား သည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာ လတွင် မြန်မာ စစ်တပ်က အာဏာသိမ်းသည့်နောက် အမေရိကန်နိုင်ငံက မြန်မာနိုင်ငံရှိ သံအမတ် ကို ပြန်လည်ခေါ်ယူပြီး သံတမန် ဆက်ဆံရေးကို အဆင့် လျှော့ချ ထားခဲ့သည်။
မစ္စတာ မစ်ချဲလ်အား မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် ခန့်အပ်ရန် လွှတ်တော်၌ စာရင်း သွင်းစဉ်က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုခဲ့ပြီး မြန်မာ့ ဒီမိုကရေစီရေး အတွက်စစ်မှန်သည့် ကူညီမှုမျိုး ရနိုင်ရန် မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်။
မစ္စတာ မစ်ချဲလ်သည် အာရှနှင့် ပစိဖိတ်ဒေသ လုံခြုံရေးရာ ကာကွယ်ရေး ဝန်ကြီးဌာန၏ ဒု-လက်ထောက် ကာကွယ်ရေး ဝန်ကြီး တာဝန်ကို ၂ဝဝ၉ ခုနှစ် ဧပြီလ မှ ၂ဝ၁၁ ခုနှစ် သြဂုတ်လအထိ ထမ်းဆောင်ခဲ့သည်။
ထိုသို့ အာရှ အတွေ့အကြုံနှင့် တရုတ်နိုင်ငံ အတွေ့အကြုံများရှိသူ မစ္စတာ ဒဲရက်ခ် မစ်ချဲလ်ကို မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ်နှင့် မူဝါဒ ညှိနှိုင်းရေးမှူး အဖြစ် ခန့်ထားရန် အမေရိကန် သမ္မတ ဘားရက် အိုဘားမား၏ အဆိုပြုခဲ့ပြီး၊ အမေရိကန် အထက် လွှတ်တော်မှ သြဂုတ်လ ၁၅ ရက်နေ့တွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။
Ref: မဇ္ဈိမ
Tuesday, October 25, 2011
အမေရိကန် ကိုယ်စားလှယ် ထပ်မံရောက်ရှိ
Monday, October 24, 2011
အရင်ရှင်းရမှာက အရင်းရှင်မဟုတ် ကပ်ပါးကောင်တွေပါ
မြန်မာလူမျိုးတွေ သည်းခံနိုင်လွန်းတာနဲ့ မြန်မာနိုင်ငံ တိုးတက်သင့်သလောက် တိုးတက် မလာဘဲ နောက်ကျန် နေရစ်တာဟာ ကိုးကွယ်တဲ့ ဘာသာတရားနဲ့များ သက်ဆိုင်နေမလား ဆိုတဲ့ မေးခွန်းကို နိုင်ငံခြားသား သတင်းသမားတွေ၊ စာရေးဆရာ တွေနဲ့ တွေ့တဲ့အခါတိုင်း အမေးခံရလေ့ ရှိတယ်။
ပါဝင်စွက်ဖက်မှုမရှိတဲ့ဘာသာ
မြန်မာလူမျိုး ပညာတတ်လူငယ်တချို့လည်း တစ်ခါတစ်လေ ဒီလို မေးတတ်တယ်။ ဗုဒ္ဓဘာသာက ဘယ်အရာမဆို မိမိပြုလုပ်ခဲ့တဲ့ ကုသိုလ်၊ အကုသိုလ်ကံ အလျောက် ဖြစ်ရတယ်လို့ ဆိုတဲ့အတွက် ကြိုးစား သင့်သလောက် မကြိုးစားကြဘဲ ရောင့်ရဲ တင်းတိမ် နေကြတယ်လို့ ထင်နေကြတယ်။ တကယ်တော့ ဘာမှ မဆိုင်ပါဘူး။ ဗုဒ္ဓဘာသာဟာ 'ဃရာဝါသ ကိစ္စများမြောင် လူတို့ဘောင်နှိုက်' ဆိုတဲ့အတိုင်း ရှုပ်ထွေးပွေလီ လှတဲ့ လူ့လောကရဲ့ လောကီ ကိစ္စတွေထဲ ပါဝင် စွက်ဖက်ခြင်း လုံးဝမရှိတဲ့ ဘာသာဖြစ်တယ်။ ကလေး မွေးဖွားတဲ့ ကိစ္စမှာ မပါသလို၊ မင်္ဂလာဆောင် ကိစ္စမှာလည်း ၀င်မပါဘူး။ ကွာရှင်းပြတ်စဲ ကိစ္စမှာလည်း ၀င်မပါဘူး။ လူသေတဲ့အခါ ဘုန်းကြီး ပင့်ပြီး 'သရဏဂုံ' တင်ကြတာလည်း ဗုဒ္ဓဘာသာက သတ်မှတ်ထားတာ မဟုတ်ဘူး။ လူတွေက ဆန္ဒရှိကြလို့ လိုက်လုပ်ပေးတာသာ ဖြစ်တယ်။ ဗုဒ္ဓဘာသာက သေမှ သရဏဂုံ တင်ခိုင်းတာ မဟုတ်ဘူး။ အသက်ရှင် နေသမျှ ကာလပတ်လုံး၊ အခါမလပ် သရဏဂုံသုံးပါး ဆောက်တည်နေဖို့သာ ဆုံးမတာဖြစ်တယ်။ တင်လို့ ဘာမှမထူးသလို မတင်လို့လည်း ဘာမှမဖြစ်ဘူး။
အမျိုးသမီးတွေ ဓားဆွဲထကြ
သည်းခံစိတ်ရှိတယ်ဆိုတဲ့ကိစ္စမှာလည်း အများထင်ကြသလို တခြားလူမျိုး တွေထက် ထူးထူးခြားခြားကြီး ပိုနေတယ်လို့ မထင်ပါဘူး။ တခြားလူတွေရဲ့သည်းခံနိုင်မှုမှာ အတိုင်းအတာ ရှိသလို မြန်မာလူမျိုးတွေမှာလည်း အတိုင်းအတာ ရှိတာပါပဲ။ သည်းခံနိုင်မှုရဲ့ အမြင့်ဆုံး အတိုင်းအတာက ကျော်လွန်သွားပြီ ဆိုရင်တော့ အမျိုးသမီးတွေတောင် ဓားဆွဲပြီး ထတတ်ကြတယ်။ နယ်ချဲ့စစ်တပ်တွေ မန္တလေးကို သိမ်းပြီးနောက် အညာကျေးလက် ဒေသတွေကို ငြိမ်ဝပ် ပိပြားရေး အတွက်ဆိုပြီး ခုခံ တိုက်ခိုက်သူရှိတဲ့ ကျေးရွာ မှန်သမျှ မြေလှန်မီးရှို့ လုပ်တဲ့အခါမှာ အမျိုးသမီးတွေ ဓားဆွဲပြီး ကုလားဖြူတွေကို ၀င်ခုတ်ပြီး ခုခံ တိုက်ခိုက်ခဲ့ကြတယ်။
အထူးအဆန်းမဟုတ်
ဆရာစံရဲ့ တောင်သူလယ်သမား သူပုန်ထမှုကြီးမှာလည်း အမျိုးသမီးတွေရော ၀င်ရောက် တိုက်ခိုက်ကြတယ်။ ရေနံမြေ အလုပ်သမား သပိတ်ကြီးမှာလည်း အလားတူ ပါဝင်ကြတယ်။ ဂျပန်ခေတ် ရောက်တော့လည်း ပါးရိုက် နားရိုက် အနိုင်ကျင့်မှုတွေ လွန်လွန်း လာတဲ့အခါရောက်တော့ သည်းခံနိုင်မှု ဂိတ်ဆုံးဖြစ်ပြီး တစ်နိုင်ငံလုံး အမျိုးသား၊ အမျိုးသမီး၊ ရဟန်းရှင်လူ မှန်သမျှ လှည်းနေ လှေအောင်း မြင်းစောင်းမကျန် ရရာလက်နက် စွဲကိုင်ပြီး အုံကြွ တော်လှန်ခဲ့ကြတယ်၊ ဒါအထူးအဆန်းတော့ ဟုတ်မထင်ဘူး။ တခြား လူမျိုးတွေလည်း ဒီလိုပဲရှိမှာ သေချာတယ်။
ဒုက္ကရစရိယာခြောက်နှစ်ကြာ
နောက်ပြီးတော့ ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင်က ရောင့်ရဲတင်းတိမ် မနေဘဲ အချိန်ရှိသမျှ ကြိုးပမ်း အားထုတ်ဖို့ အမြဲ ဟောပြော ဆုံးမနေခဲ့တယ်။ ဘယ်သူမဆို ကြိုးစားရင် ဘုရားဖြစ်နိုင်တယ်လို့ လမ်းညွှန်ခဲ့တယ်။ ကိုယ်တော် တိုင်လည်း ကပ်ကမ္ဘာပေါင်း အသင်္ချေနဲ့ အနန္တ ကြိုးစား အားထုတ်ခဲ့ရပြီး နောက်ဆုံး ဘ၀မှာတောင် ပင်ပန်းကြီးစွာနဲ့ ခြောက်နှစ်ကြာ ဒုက္ကရစရိယာ ကျင့်ကြံ ခဲ့ရတယ်။ တခြားဘာသာများမှာက ဘုရားသခင် ဆိုတာ ဘယ်က လာတယ်၊ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ ဘယ်သူမှ မသိကြဘူး။ ဘယ်လောက် ဆင်းရဲ ပင်ပန်းခံပြီး ကျင့်ကြံ အားထုတ်လဲ ဘယ်သူမှ ဘုရားမဖြစ်နိုင်ဘူး။ ကြိုးစား အားထုတ်ရင် ဘုရား ဖြစ်နိုင်တယ် ဆိုတာ ဗုဒ္ဓဘာသာ တစ်ခုပဲရှိတယ်။
ထိုးတော့မယ့်ဆင်
ဗုဒ္ဓဘာသာက မှန်တယ်၊ ကောင်းတယ်လို့ဆိုချင်တာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာကြောင့် လူတွေ သည်းခံ ရောင့်ရဲပြီး လည်းစင်း ခေါင်းငုံ့ ခံနေကြတာ မဟုတ်တဲ့ အကြောင်း ပြောချင်တာပါ။ ငြိမ်နေတိုင်း ဘာမှ မလုပ်ဘူးလို့တော့ မထင်နဲ့။ ပင်လယ်ပြင်မှာ လေလုံးဝ မတိုက်ဘဲ ငြိမ်သက်နေရင် သိပ်ကြောက်ဖို့ ကောင်းတယ်။ မကြာခင်မှာ ကြောက်စရာကောင်းတဲ့ မုန်တိုင်းကြီး လာတော့မယ် ဆိုတဲ့ နိမိတ် လက္ခဏာပဲ။ ထိုးတော့မယ့် ဆင်ဟာလည်း နောက်တစ်လှမ်း ဆုတ်ပြီး ငြိမ်နေလေ့ ရှိတယ်။ ဗုဒ္ဓဘာသာ အကြောင်း၊ မြန်မာလူမျိုးများ အကြောင်း သေသေချာချာ မသိတဲ့ နိုင်ငံခြားသားများက ဘာသာတရားကြောင့် မြန်မာတွေ ဒီဘ၀က မကျွတ် မလွတ်သေးတာလို့ ပြောတာကို နားလည် သည်းခံ နိုင်ပါတယ်။ မြန်မာ လူမျိုးတွေ ကိုယ်တိုင်က သံယောင် လိုက်ပြောတာမျိုးကိုတော့ နည်းနည်းမှ သည်းမခံနိုင်ဘူး။ အားကြီး စိတ်ဆိုးတယ်။
လက်ချိုးရေတွက်ကြည့်ပါ
စီးပွားရေးမဖွံ့ဖြိုးတာလည်း လူတွေက ရောင့်ရဲ တင်းတိမ်နေလို့ မဟုတ်သလို၊ ပျင်းလို့ ဖျင်းလို့လည်း မဟုတ်ပါဘူး။ နှစ်ကာလတွေကို လက်ချိုး ရေတွက် ကြည့်လိုက်ပါ။ လွတ်လပ်ရေး ရပြီးတာ ၆၃ နှစ်ရှိပြီ ဆိုပေမယ့် တကယ်တမ်း လွတ်လွတ် လပ်လပ် စီးပွားရေး လုပ်ခွင့်ရှိတာ ဘယ်နှနှစ်ရှိလို့လဲ။ ၁၉၄၈ခုနှစ်က ၁၉၆၂ ခုနှစ်တွင်း ၁၄ နှစ် လုပ်ခဲ့ရတယ်။ ရန်ကုန် အစိုးရ ခေတ်လို အချိန်ကာလတွေ ကြုံတွေ့ ခဲ့ရတာတောင် အများကြီး တိုးတက်ခဲ့တယ်။ အဲဒီခေတ်က 'တက်ထရွန်' ဆိုတဲ့ ပိတ်စချောချော ဖြူဖြူ ထုတ်လုပ်နိုင်တာ အာရှတိုက် တစ်ခုလုံးမှာ ဂျပန်ပြီးရင် မြန်မာပဲရှိတယ်။ အဲဒီနောက် 'ဒက်ကရွန်' တို့ 'နိုင်လွန်' တို့လည်း ထုတ်နိုင်တယ်။
တွေ့သမျှပြည်သူပိုင်သိမ်း
စီးကရက်မှာတော့ အာရှတစ်ခွင်လုံးမှာ မြန်မာကို ဘယ်သူမှ မမီဘူး။ ဂျပန်လည်း မမီဘူး။ ဘားမား စတိတ်၊ ကပ္ပီတန်၊ လန်ဒန်ရိုး ဖလိတ်၊ ဘလက်ကက် ဆိုတဲ့ စီးကရက် တံဆိပ်တွေကို အိမ်နီးချင်း နိုင်ငံ အားလုံးဆီ တင်ပို့ ရောင်းချရတယ်။ အဲဒီအချိန်က စက်မှု လုပ်ငန်းအများကြီး တိုးတက်ခဲ့တယ်။ နောက်တော့ မြန်မာ့ ဆိုရှယ်လစ်ဆိုတဲ့ ခေတ်ရောက်သွားပြီး၊ ရပ်ကွက်ထဲက ကုန်ခြောက် ဆိုင်ကလေးတောင် အရင်းရှင်လို့ သတ်မှတ် လိုက်တယ်။ တွေ့သမျှ မြင်သမျှ ပြည်သူပိုင် သိမ်းပစ် လိုက်တယ်။ စာသင် ကျောင်းတွေတောင် မချန်ဘူး။ ငါးဆယ်ခုနစ်များ အတွင်း အရှိန်အဟုန်နဲ့ တိုးတက်လာတဲ့ တိုင်းရင်းသား လုပ်ငန်းရှင်တွေ အားလုံး ပြိုလဲ ကျဆင်း သွားခဲ့ရတယ်။
စီးပွားရေး
၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ ဈေးကွက်စီးပွားရေး စနစ်ကို ပြန်လည် အသက်သွင်းခဲ့တယ်။ ဒါပေမဲ့ အဓိကကျတဲ့ နိုင်ငံရေး စနစ်က စစ်တပ် အုပ်စိုးတဲ့ အာဏာရှင် စနစ် ဆိုတော့ စနစ်နှစ်ခု သဟဇာတ မဖြစ်တဲ့အတွက် အောင်မြင် သင့်သလောက် မအောင်မြင်ခဲ့ဘူး။ အာဏာရှင် စနစ်များနဲ့ ဖွားဖက်တော်လို အမြဲ တွဲပါလာတတ်တဲ့ 'ကပ်ပါးကောင်' လူတန်းစားသစ် တစ်မျိုးကြောင့်၊ ဈေးကွက် စီးပွားရေးဟာ မျက်စိကြီး၊ နားကြီးတို့ရဲ့ 'ဇီးကွက်စီးပွားရေး' ဖြစ်သွားခဲ့ရတယ်။ အကျိုးဆက်က ချမ်းသာ ဆင်းရဲကွာဟမှု အလွန့်အလွန် ကြီးမားသွားပြီး မြန်မာ လူ့အဖွဲ့အစည်းရဲ့ အစဉ်အလာ 'ကျောရိုး' ဖြစ်တဲ့ 'လူလတ်တန်းစား' လုံးဝ ကွယ်ပျောက် သွားတယ်။
မရှိမရှားဘဲ
မြန်မာနိုင်ငံမှာ ဘယ်ခေတ်ဘယ်အခါကမှ အိမ်နီးချင်းနိုင်ငံတွေမှာလို ငတ်သေလောက်အောင် ဆင်းရဲ မွဲတေတဲ့ လူတန်းစား မရှိခဲ့ဘူး။ အလားတူပဲ သူတို့ဆီမှာလို 'ဘီလျံနာ' သူဌေးတွေလည်း မရှိဘူး။ လူလတ်တန်း စားတိုင်း ပြည်ဖြစ်တယ်။ အားလုံး 'မရှိမရှား' ဘဲ။ အခုတော့ တစ်ပါတီတစ်ဖွဲ့ အာဏာရှင် စနစ်နေရာမှာ ဒီမိုကရေစီ အစိုးရမျိုးနဲ့ အစားထိုးဖို့ စတင် လုပ်ဆောင်နေပြီ ဖြစ်တယ်။ အာဏာရှင် စနစ်ကို စွန့်လွှတ်လိုက်သလို 'ကပ်ပါးကောင်' တွေကိုပါ တစ်ပါတည်း ဖယ်ရှား ရှင်းလင်းပစ်ဖို့ မဖြစ်မနေ လုပ်ဆောင်ဖို့ လိုတယ်။ ဒါမှ ဈေးကွက် စီးပွားရေး ပီပီပြင်ပြင် ပေါ်ထွက် လာနိုင်လိမ့်မယ်။ ကပ်ပါး ကောင်များအစား ရိုးရိုးသားသား စီးပွားရှာစားတဲ့ တိုင်းရင်းသား လုပ်ငန်းရှင်များ အများအပြား ပေါ်ထွက်လာအောင် တွန်းအား ပေးရမယ်။
ချုပ်ကိုင်ခဲ့တယ်
မြန်မာနိုင်ငံ လွတ်လပ်ရေးရချိန်က ဆိုရှယ်လစ် 'ဒီရေမြင့်ချိန်' ဖြစ်တယ်။ ဖဆပလ အစိုးရကလည်း ဆိုရှယ်လစ်နိုင်ငံ ထူထောင်မယ်လို့ ကြွေးကြော်ခဲ့တယ်။ လယ်ပိုင်ရှင် ကလေးတွေနဲ့ တိုင်းရင်းသား လုပ်ငန်းရှင်လေးတွေကို မြေရှင် ယာရှင်ကြီးတွေ၊ အရင်းရှင်ကြီးတွေ အဖြစ်သတ်မှတ်ပြီး လုပ်စားကိုင်စားခွင့်တွေကို ချုပ်ကိုင်ခဲ့တယ်။ ၁၉၆၂ ခုနှစ်နောက်ပိုင်း မြန်မာ့ ဆိုရှယ်လစ် အစိုးရလက်ထက် ရောက်တော့ ချုပ်ကိုင်ရုံ မကတော့ဘဲ လုံးဝ နှိပ်ကွပ် ပစ်လိုက်တယ်။ ကွမ်းယာ ဆိုင်ကအစ ပြည်သူပိုင် သိမ်းလိုက်တယ်။ တိုင်းရင်းသား လုပ်ငန်းရှင် မျိုးဆက်လုံးဝ ကွယ်ပျောက် သွားခဲ့တယ်။
ကူညီထောက်ပံ့ပေး
၁၉၈၈ နောက်ပိုင်းမှာ ဈေးကွက်စီးပွားရေးစနစ် စတင်ကူးပြောင်းခဲ့တယ်ဆိုပေမယ့် တိုင်းရင်းသား လုပ်ငန်းရှင် မျိုးဆက် ကွယ်ပျောက်ခဲ့ပြီ ဆိုတော့ အင်တိုက် အားတိုက် ပါဝင်လာမယ့်သူ မရှိတော့ဘူး။ အဲဒီနေရာမှာ 'ကပ်ပါးကောင်' တွေ ပေါ်ထွက်လာပြီး ရသမျှ လက်ဝါးကြီး အုပ်ကြတယ်။ ဒီမိုကရေစီ စနစ်ကို ကူးပြောင်းတဲ့ အခါမှာ နိုင်ငံရေး စနစ်နဲ့ စီးပွားရေးစနစ် သဟဇာတ ဖြစ်ဖို့လိုတယ်။ နိုင်ငံသား အားလုံး အားတက်သရော ပါဝင်လာဖို့ လည်း မရှိမဖြစ် လိုအပ်တယ်။ အထူး သဖြင့် တိုင်းရင်းသား လုပ်ငန်းရှင်တွေ ယုံကြည်စိတ်ချစွာနဲ့ ပါဝင်လာဖို့ လိုတယ်။ တိုင်းရင်းသား လုပ်ငန်းရှင်တွေ အနေနဲ့ နိုင်ငံခြားသား တွေနဲ့ ယှဉ်ပြိုင် နိုင်အောင် အစိုးရက ကူညီ ထောက်ပံ့မှု တွေ ပေးရမယ်။ အရေးကြုံတဲ့ အခါ တိုင်းရင်းသား လုပ်ငန်းရှင်က သာ အားကိုးရမှာ ဖြစ်တယ်။ နိုင်ငံခြားသား ဆိုတာကတော့ သာတုန်း နားပြီး မသာရင် ခွာသွားကြတာပဲ။
အရင်းရှင်အရင်ရှင်း
တိုင်းရင်းသားလုပ်ငန်းရှင်တွေ နိုင်ငံခြားသားတွေနဲ့ ပခုံးချင်းယှဉ် လုပ်နိုင်ကိုင်နိုင်ဖို့၊ အစိုးရ ဘက်တွေက ငွေလုံးငွေရင်း ထုတ်ချေးမှု မျိုးတွေ လုပ်ပေးဖို့လိုတယ်။ လုပ်သာ ကိုင်သာဖြစ်အောင် အတိုးနှုန်း နည်းနည်းနဲ့ နှစ်ရှည် ချေးငွေမျိုး ဖြစ်ဖို့ လည်းလိုတယ်။ တကယ် အလုပ်လုပ်တဲ့ အခါ ငါးနှစ်၊ ခြောက်နှစ် အတွင်း အပြီးဆပ် ဆိုတာမျိုးနဲ့ ဘယ်လိုမှ လုပ်လို့ မဖြစ်နိုင်ဘူး။ အရေးကြီးတာက တိုင်းရင်းသား လုပ်ငန်းရှင်တွေကို ရှေးယခင် မြန်မာ့ဆိုရှယ်လစ် ခေတ်ကလို အရင်းရှင်ကြီးတွေလို မြင်ပြီး 'အရင်ရှင်း' မပစ်ဖို့ ဖြစ်တယ်။ 'အရင်ရှင်း' ပစ်ရမှာက တိုင်းရင်းသား အရင်းရှင် မဟုတ်ဘဲ 'ကပ်ပါးကောင်' ဇီးကွက် စီးပွားရေး သမားတွေသာ ဖြစ်ပါတယ်။
Ref: EMG News
မြန်မာ့ပြုပြင်ပြောင်းလဲရေး နဲ့ ဒေါက်တာဇာနည်
ကိုဇာနည် ။ ။ နံပတ်တစ် သင်ခန်းစာကတော့ ပြည်သူ့ရဲ့  ထောက်ခံမှု၊ ပြည်သူ့ရဲ့  ကြည်ညိုမှု၊ လေးစားမှု မရှိဘဲနဲ့။ ဆိုလိုတာ ကတော့ ပြည်သူ့မေတ္တာ ခံယူမှု မရှိဘဲနဲ့ အာဏာ ယူထားတဲ့ ခေါင်းဆောင်တွေ ဗမာပြည်မှာ ဖြစ်ဖြစ်၊ တခြားနိုင်ငံမှာပဲ ဖြစ်ဖြစ် သူတို့မှာ ကြောက်လန့်၊ ကျီးလန့်စာစာ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ ဘယ်လောက်ပဲ လက်နက်အင်အား တောင့်တောင့် ကျီးလန့်စာစား နေရတဲ့ ဘဝက ဘယ်တော့မှ လွတ်မှာ မဟုတ်ဘူး။ အဲဒါကတော့ ရှင်းတယ် – ဆဒမ်ဟူစိန် (Saddam Hussein) ကြိုးပေး ခံရတာကိုပဲ ကြည့်ကြည့်၊ နောက်တခါ ကဒါဖီ (Gaddafi) ခွေးသေ၊ ဝက်သေ သေတဲ့ ပုံစံမျိုးပဲ ဖြစ်ဖြစ်။ အာရှတိုက်မှာ ဆိုရင် ပတ်ချုံဟီး(Park Chung Hee) ဆိုရင် ၁၉၇၀ ပတ်ဝန်းကျင်မှာ ညစာ ထမင်းစားပွဲမှာ သူ အသတ်ခံရတယ်။ ဆူဟာတို (Suharto) ဆိုရင်လည်း အကျယ်ချုပ် ခံရတယ်။ ပြည်သူ့မေတ္တာ ခံယူမှု မရှိတဲ့ ခေါင်းဆောင်တွေကတော့ အထူးသဖြင့်တော့ ကျီးလန့်စာစား နေရတယ်လို့ မြင်မိတယ်။
ဦးသန်းလွင်ထွန်း ။ ။ အခု ဒီအခြေအနေမှာ စိတ်ဝင်တစားနဲ့ သုံးသပ်လာကြတာက အထူးသဖြင့် အာရပ် ဘက်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက် တွေကို ကြည့်မယ် ဆိုရင် ဒါက နှစ်ပေါင်းကြာရှည် အာဏာရှင်တွေရဲ့  ဖိနှိပ်မှုအောက်မှာ နေနေရတာ ကနေ အပြောင်းအလဲ တစုံတရာကို တောင့်တ လာပြီးတော့ ဖိနှိပ်ခံရလို့ အုံကြွလာတဲ့ လူထုအနေနဲ့ အာဏာရှင်တွေကို ဖြုတ်ချ လိုက်တဲ့ အနေအထားအထိ တချို့နိုင်ငံတွေမှာ ရောက်ခဲ့တယ်။ အနောက်နိုင်ငံတွေရဲ့  ကူညီ အားပေးမှုတွေ၊ ပြင်ပဘေး နိုင်ငံတွေရဲ့  ကူညီမှုတွေလည်း ပါကောင်း ပါလိမ့်မယ်။ ဒါပေမဲ့ ဒီလို အခြေအနေမျိုးတွေဟာ အာရှတိုက်၊ မြန်မာနိုင်ငံလို မြောက်ကိုရီးယား လို နိုင်ငံမျိုးတွေမှာ အလားတူ ဖြစ်လာနိုင်မယ့် အနေအထားတွေ ရှိသလား။
ကိုဇာနည် ။ ။ ကျနော် ထင်တာကတော့ လူထု ထကြွပြီးတော့ ပုန်ကန်လို့၊ လက်နက် ကိုင်တာပဲဖြစ်ဖြစ်။ အနုနည်းနဲ့ ဂန္ဒီ (Gandhi) ပုံစံမျိုး၊ မာတင်လူသာကင်း (Martin Luther King) တို့လို့ ပုံစံမျိုး၊ အနုနည်းနဲ့ အာဏာဖီဆန်ပြီး။ ကျနော်တို့ ဆီမှာလည်း ရှိပါတယ်။ ဝံသာနု ဂျီစီဘီအေ ခေတ်ထဲက စပြီး ရှိခဲ့တာ – သပိတ်မှောက်တယ် ဆိုတာ။ အဲဒီလို အနုနည်းနဲ့ ဖြစ်ဖြစ်၊ အကြမ်းဖက်နည်းနဲ့ ဖြစ်ဖြစ် အုပ်ချုပ်မှုက ယိုယွင်း ပျက်စီးပြီး၊ မတရား ပြည်သူကို ဖိနှိပ်ပြီး ပြည်သူ့ စားဝတ်နေရေး အဆင်မပြေဘူး၊ နောက် – နိုင်ငံရဲ့  ဂုတ်သွေးစုပ်တဲ့ အနေအထား ရောက်လာရင်တော့ ဒါ အမြဲတမ်း အဲဒီအခြေအနေက ရှိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သံဃာ အရေးအခင်း ၂၀၀၇ မတိုင်ခင်လေးမှာ သြဂုတ်၊ စက်တင်ဘာလမှာ ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ် နဲ့ တခြား ၈၈ ကျောင်းသား ခေါင်းဆောင်ဟောင်း တွေနဲ့ တခြား ပုဂ္ဂိုလ်တွေ ပေါင်းပြီးတော့ ကုန်ဈေးနှုန်းတွေ ကျရေး လုပ်ခဲ့တာ ရှိတယ်။ အဲဒါပြီးတဲ့ နောက်မှာ သံဃာတော်တွေရဲ့  အရေးအခင်း ၂၀၀၇ မှာ လာတယ်။ အဲဒီတော့ အဲဒီအချိန်တုန်းက ဘယ်သူကမှ ပညာရှင်တွေ ဆိုရင် ကျနော် အပါအဝင် David Steinberg, ကျနော် ပညာရှင် ၉၉ ဒဿမ ၉ ရာခိုင်နှုန်းက ဗမာပြည်မှာ လူထုအုံကြွမှု လုံးဝ မဖြစ်နိုင်ဘူးလို့ သတ်မှတ် ထားပြီးသား။ အဲဒီအချိန်မှာ ထ ဖြစ်တယ် ဆိုတော့ ကျနော်တို့လည်း ရှင်းရှင်း ပြောရရင် လူထုထက် နှစ်ရက် သုံးရက် ကြိုသိတဲ့ အနေအထားက လွှဲလို့ရှိရင် တကယ်တမ်းမှာ ကျနော်တို့မှာလည်း ဒိဗ္ဗစက္ခုဉာဏ် မရှိတော့ အဲဒါကို ဖြစ်မလား မဖြစ်ဘူးလား ဆိုတာကို မပြောနိုင်ဘူး။ ဒါပေမဲ့ ဖြစ်ဖို့ အခြေအနေ ရှိလား ဆိုရင်တော့ လုံးဝ ရှိတယ်။
ဦးသန်းလွင်ထွန်း ။ ။ နိုင်ငံတနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို အသွင်ပြောင်းကြဖို့ အခြေ အနေတွေ စေ့ဆော်လာပြီ ဆိုရင် တချို့ ကတော့ အောက်ခြေ လူတန်းစားကနေ အုံကြွပြီးတော့ တောင်းဆိုလာတဲ့ အတွက်ကြောင့် ဖိနှိပ်တဲ့ စနစ်ကြီးတရပ် ပြိုလဲပြီး ဒီမိုကရေစီ စနစ်ကို ပြောင်းလဲသွားတယ်။ နောက်တမျိုးကတော့ ခေါင်းဆောင်တွေ ပိုင်းက သဘောပေါက် နားလည်လာပြီး လူထုတွေလည်း သိပ်မကျေနပ်ဘူး၊ အဲဒီတော့ သူတို့ကိုယ်တိုင်က ပြုပြင် ပြောင်းလဲရေးကို လိုလားပါတယ် ဆိုပြီးတော့ အထက်ပိုင်းကတော့ သဘော ပေါက်ပြီးတော့ အပြောင်းအလဲတွေ စ လုပ်လာတဲ့သဘော။ ဒီလို အတွေးအခေါ် နှစ်ရပ်။ အဲဒီလို အခြေအနေမျိုးမှာ ပညာရှင် တချို့ကတော့ မြန်မာနိုင်ငံမှာ စစ်တပ်ခေါင်းဆောင် တွေက ဗမာနိုင်ငံမှာ ပြောင်းလဲမှုကို လိုနေပါပြီ ဆိုတာကို သဘောပေါက်တဲ့ အတွက်ကြောင့် ပြောင်းလဲမှုတွေကို တဖြည်းဖြည်း လုပ်နေပြီ။ အလားတူပဲ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုတွေ ဘာတွေ လုပ်လာနေပြီ။ တဖြည်းဖြည်းပေါ့။ အခုအခြေအနေမျိုးမှာ လူထု ဆန္ဒပြမှုတွေ လမ်းမပေါ်ထွက် အုံကြွမှုတွေ ဖြစ်လာရင် ဒီလို ပြုပြင် ပြောင်းလဲမှုအရှိန်ကို ထိခိုက် သွားစေလိမ့်မယ်လို့တောင် တွေးခေါ်ပြီး ပြောလာကြတာ ရှိတယ်။ ဒါနဲ့ ပတ်သက်ပြီး ဒေါက်တာဇာနည် အနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ကိုဇာနည် ။ ။ အောက်ခြေက ဆန္ဒပြတာ၊ အောက်ခြေက မကျေနပ်မှု၊ ခံစားမှုတွေနဲ့ အုံကြွလာလို့ ပြောင်းတာက တမျိုး။ နောက်တခါ အထက်ကနေ ဦးစီး ဦးဆောင်လုပ်ပြီးတော့ တိုင်းပြည်ကို ပြောင်းဖို့ လုပ်တဲ့နေရာမှာ ကျနော်ထင်တယ် idea နှစ်ခု။ အတွေးအခေါ် နှစ်ခုက တကယ်တမ်းကျတော့ အဲဒီ နှစ်ခုကို ခွဲဖို့ ဆိုတာ ရေကို ဓါးနဲ့ ခုတ်သလိုပဲ။ အဲဒီ နှစ်ခုက လုံးဝ ဆက်နွယ် နေတယ်။ ကျနော်တို့ နိုင်ငံ အနေအထားမှာ ကြည့်လိုက်လို့ရှိရင် အခုပြောနေတဲ့ သမ္မတ သိန်းစိန်တို့၊ သူ့အနားမှာ ရှိတဲ့ သူရရွှေမန်းတို့ တခြားလူတွေ အကုန်လုံးက ထိပ်ပိုင်းကနေ သမ္မတရဲ့  အကြံပေးဆိုတဲ့ ပုဂ္ဂိုလ်တွေ ပြောတာကိုလည်း နားထောင်ကြည့်လိုက်ပါ။ နေဇင်လတ်၊ ဦးကိုကိုလှိုင် တို့ပြောတာကို နားထောင်ကြည့်လိုက်ရင် ကျနော်တို့ နိုင်ငံက သူများနိုင်ငံတွေနဲ့ မတူတာက ဘာလဲဆိုတော့ လူကြီးတွေ ကိုယ်တိုင်က တိုင်းပြည်ကို ကောင်းလာအောင် ပြောင်းနေပါတယ် ဆိုတာ တကယ်တမ်းက အဲဒါက မှားတယ်။ အတိအကျ မမှန်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့က ဒီလူကြီးတွေက တိုင်းပြည်မှာ အာဏာ ယူထားတဲ့ ပုဂ္ဂိုလ်တွေက ထိပ်ကနေ ပြောင်းဖို့ လုပ်နေတယ် ဆိုတာ တကယ်တမ်း အောက်ကနေ တက်လာတဲ့ ဖိအား၊ ပြည်တွင်းမှာရှိတဲ့ ပြည်သူတွေရဲ့  စားဝတ်နေရေး၊ နိုင်ငံရေး မကျေနပ်မှုတွေ ဒါတွေ အဲဒီ ဖိအားတွေကို ပြည်တွင်း ဖိအားတွေကို တုံ့ပြန်တာ ဖြစ်တယ်။ အဲဒါမျိုးတော့ ကျနော်တို့က Georgetown က David Steinberg တို့ဘာတို့ ပြောတဲ့ဟာမျိုးကို မှန်တယ်လို့ ပြောလို့ မရဘူး။ ကျနော့်အနေနဲ့ လုံးဝ လက်မခံဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အောက်ကလာတဲ့ ဖိအားနဲ့ အထက်ကနေ တုံ့ပြန်မှု အဲဒီနှစ်ခုက အမြဲတမ်း ဆက်နွယ်နေတယ်။ အဲဒါကို ကျနော်တို့ ခွဲကြည့်လိုက်ပြီးတဲ့ အခါကျတော့ အထက်ကလူတွေ လုပ်နေလို့ အောက်ကလူတွေ ခေါင်းလေးငုံ့ပြီး နောက်ကနေပြီး ဘယ်လိုပြောမလဲ ရှေ့ ကနွား သွားတာကို နောက်က ဖြောင့်ဖြောင့်လိုက်ပါ ဆိုတဲ့ ဗမာရှေးထုံး ပုံစံနဲ့ လုပ်ရင် မှားမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီမိုကရေစီ ဖြစ်တယ် ဆိုတာ ပြည်သူက ကိုယ့်အား ကိုယ်ကိုး ကိုယ့်အမြင်နဲ့ ကိုယ့်ရဲ့  ဂုဏ်သိက္ခာနဲ့ ကိုယ့်ရဲ့  idea နဲ့ ငါတို့က လူသား အစစ်အမှန် ဖြစ်တဲ့ လူစိတ်နဲ့ သွားနေတဲ့အခါမှာ ရှေးတုန်းက ပြောသလို အစိုးရဆိုတာ ဘဝရှင် မင်းတရားကြီးက တိုင်းသူပြည်သားတွေ အားလုံး၊ ပြည်သူပြည်သားတွေ အားလုံးကို ကျောသားရင်သား မခွဲဘဲနဲ့ဆိုပြီး သူ့ကိုယ်သူ အဖေလိုလို၊ ပထွေးလိုလို အမြင်နဲ့ ဆက်ဆံတယ်။ အဲဒီ စိတ်၊ အဲဒီ ခေါင်းဆောင်မှု model မျိုးနဲ့ ကျနော်တို့က သွားလို့။ အဲဒါကို လိုက်လို့မရဘူး။ ဒီမိုကရေစီစနစ် ဆိုတာ ပြည်သူက ဦးဆောင်တဲ့စနစ်။ အရေးကြီးဆုံးက ဘာလဲဆိုတော့ Steinberg တို့ တခြား ပညာရှင်တွေဆိုတဲ့ ဗမာပြည်ရဲ့  အရေးကို လေ့လာတဲ့လူတွေ အကုန်လုံး ပြောနေကြတာ ဘာလဲ ဆိုတော့ ပြုပြင်ပြောင်းလဲရေး reform လုပ်တဲ့လူတွေကို နားလည်ကြည့်၊ အဲဒီလုပ်တဲ့ လူတွေကို ထပ်မတွန်းပါနဲ့ ဖိအားမပေးပါနဲ့ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒါဆိုရင် hardliner ဆိုတဲ့ မပြောင်းချင်တဲ့ လူတွေရဲ့  လက်ထဲကို အာဏာ ပြန်ရသွားမယ်ဆိုတာ တကယ်တမ်း အဲဒါမှားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပြည်သူရဲ့  ဖိအားကြောင့်၊ ပြည်သူရဲ့  မကျေနပ်မှုကြောင့် သူတို့က ဒါကို တုံ့ပြန်တာကို လိုအပ်တာက ပြည်သူက ပိုပြီး ထပ်တွန်းရမယ်။ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်ရမယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့လည်း အဲဒီလို တွန်းတဲ့အခါမှာ တွန်းတဲ့နေရာမှာ လမ်းမထွက် ဆန္ဒပြမှုတွေ ပေါ်လာတယ်။ ဒါမှမဟုတ် ရုန်းရင်း ဆန်ခတ်မှုတွေ ဖြစ်လာတယ် ဆိုလို့ရှိရင် အခြေအနေက ပိုမဆိုး သွားနိုင်ဘူးလား။
ကိုဇာနည် ။ ။ ကျနော်ထင်တယ် ဆန္ဒပြတယ်ဆိုတာ အမျိုးမျိုးရှိတယ်။ ဆန္ဒပြတယ်ဆိုတာ ဒီမိုကရေစီ စနစ်ကို ရောက်အောင် သွားနေတယ်၊ အဲဒီ ဒီမိုကရေစီဘက်ကို ဦးတည်ပြီးတော့ စသွားနေပြီ၊ ဦးတည်ထားရုံ မကဘူး။ ဦးကိုကိုလှိုင်၊ ဦးနေဇင်လတ် တို့ ပြောနေတာကို ကြည့်လိုက်မယ် ဆိုရင် ရထားကြီးက ဘူတာထဲက ထွက်သွားပါပြီ – သူတို့ ဆိုလိုတာက ကျနော်တို့ နိုင်ငံမှာ လက်ရှိ စနစ်ကြီးက ဒီမိုကရေစီဘက် ခေါင်းတည် စသွားနေပြီ။ သွားနေတဲ့ အခါကြရင် ကျနော်တို့ ဒီမိုကရေစီ ဘယ်နေ့ ဘယ်အချိန်မှ နက္ခဗေဒ ပညာတွေနဲ့ တွက်ပြီးမှ ဒီမိုကရေစီရပါပြီ ဆိုပြီး ကြေညာပြီး စည်တွေမောင်းတွေနဲ့ လုပ်စရာအကြောင်း မရှိဘူး။ ဒီမိုကရေစီ ဘက်ကို စသွားပြီးဆိုရင် ဒီမိုကရေစီနည်းအရ ပြည်သူတွေကလည်း လိုက်ရမယ်။ ပြည်သူလိုက်မယ် ဆိုရင် ဒီမိုကရေစီ နည်းထဲမှာ ဘာပါလဲဆိုရင် ပြည်သူက လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် ရှိတယ်။ ဆန္ဒပြပိုင်ခွင့် ရှိတယ်။ အစိုးရ အဆောက်အအုံတွေကို မီးရှို့ မယ်၊ ရဲတွေကို ခဲနဲ့ပေါက်မယ်။ ဒါဆိုရင်တော့ အကြမ်းဖက်တဲ့ လိုင်းကို ပါသွားမယ်။ ဒါပေမဲ့ ပြည်သူက နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးပါဆိုပြီး ဆန္ဒပြတာမျိုး။ ဒါမှမဟုတ်လို့ရှိရင် အလုပ်ပြုတ်တာ မတရားလို့ ဒါကို ဆန္ဒပြမယ်။ နောက်တခါ လုပ်ခနည်းတာကို တိုးပေးဖို့ ဆန္ဒပြမယ်။ လုပ်ခွင့်ရအောင်။ နောက်တခါ မြစ်တွေမှာ ဆည်တွေ မတရား ဆောက်ပြီးတော့ ပြည်သူတွေ ဒုက္ခရောက်မယ့် စီမံကိန်းတွေကို စိုးရိမ်လို့ ဆန္ဒပြမယ်။ ဒါတွေ ဆန္ဒပြတယ်ဆိုတာက ဒီမိုကရေစီ အစိုးရ အနေနဲ့ ဒါကို လက်မခံဘဲနဲ့ လုံးဝမရဘူး။ ကျနော်ဆိုလိုတာက ဆန္ဒပြတာက ပြဿနာ မဟုတ်ဘူး။ ဒီမိုကရေစီ လိုလားတဲ့ အစိုးရ ဆိုလို့ရှိရင် ဆန္ဒပြတာက ပြည်သူ့ရဲ့  အခွင့်အရေး။ ဆန္ဒပြသူကိုလည်း ရိုက်စရာလည်း မလိုဘူး။ အိပ်တဲ့အချိန်မှာ သွားဖမ်းစရာလည်း မလိုဘူး။ ၅ (ည) နဲ့ ထောင်ချစရာလည်း မလိုဘူး။ အာဏာကို ပြည်သူ့လက်ထဲမှာပဲ ရှိတယ် ဆိုတဲ့ စိတ်ဓာတ်ကို နိုင်ငံရေး အဆောက်အအုံ ထဲမှာရော၊ နိုင်ငံရေး ခေါင်းဆောင် လုပ်တဲ့ တပ်မတော် ပုဂ္ဂိုလ်တွေရဲ့  ခေါင်းထဲကို မရောက်မချင်း ဒီမိုကရေစီဘက်ကို သွားနေတယ်လို့ ပြောရမှာက အတော်ခက်နေမယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒေါက်တာဇာနည်ရဲ့  သဘောက လက်ရှိအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် တို့လို အတိုက်အခံ ခေါင်းဆောင်တွေ၊ ဒါမှမဟုတ်ရင် ပြည်သူ့ လွှတ်တော်ထဲမှာ ရောက်နေတဲ့ နိုင်ငံရေး သမားတွေ အနေနဲ့ အစိုးရနဲ့ ညှိနှိုင်းပြီးတော့ ဒီမိုကရေစီ လမ်းဘက်ကို ရောက်အောင် ညှိနှိုင်းယူ လုပ်နေတဲ့အချိန်မှာ ပြည်သူတွေ အနေနဲ့လည်း ကိုယ့်ရဲ့  ရပိုင်ခွင့်၊ အခွင့်အရေး တွေကို သုံးပြီး ဆန္ဒပြစရာ ရှိတာပြ၊ လုပ်စရာရှိတာ လုပ်။ ဒါပေမဲ့ စည်းကမ်းတကျ လုပ်ဆောင်ကြဖို့ ဆိုတဲ့ အချက်ကို မီးမောင်း ထိုးပြချင်တဲ့ သဘောပေါ့။
ကိုဇာနည် ။ ။ ဟုတ်တယ်။ ၁၉၄၆-၄၇ အင်္ဂလိပ် ပြန်ဝင်လာပြီး အင်္ဂလိပ်နဲ့ လွတ်လပ်ရေး စတင် ဆွေးနွေးတဲ့ အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း၊ ဦးသိန်းဖေမြင့်၊ သခင်စိုး တို့ အကုန်ပါတယ်။ အားလုံးက အစောပိုင်းမှာ ဒီဟာကို ပေါင်းပြီး။ ဦးနုတို့ ဖဆပလခေတ်မှာ လုပ်တဲ့ဟာကို ကြည့်ပါ။ လူတွေက ကိုယ့်အလုပ်ကို ကိုယ်လုပ်နေကြတာ။ ဗိုလ်ချုပ်အောင်ဆန်းမှာ ပြည်သူ့ ရဲဘော်ဆိုပြီး ဖွဲ့ထားတဲ့ တပ်လည်းရှိတယ်။ နောက်တခါ ဗမာပြည်ရဲ့  Burma Army ဆိုပြီး ထပ်ပေါ်လာတယ်။ နောက်တခါ သခင်သန်းထွန်းတို့၊ သခင်စိုးတို့ ကလည်း အလုပ်သမား၊ လယ်သမားတွေကို စည်းရုံးတာတွေ ရှိနေတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကလည်း ဘုရင်ခံရဲ့  အတိုင်ပင်ခံ အဖွဲ့ထဲမှာ ဝင်ပြီးတော့ ဒုတိယ ဥက္ကဋ္ဌအနေနဲ့ ဝင်လုပ်နေတယ်။ အဲဒီတော့ ဆိုလိုတာက ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည် က သမ္မတဦးသိန်းစိန် နဲ့ ထိုင်စကားပြောနေလို့ ကျန်တဲ့လူတွေက ငြိမ်နေရမယ်၊ ကိုဇာဂနာက ဘာလုပ်နေလို့ ကျန်တဲ့လူတွေက ကိုဇာဂနာ ဆီက ပြောတာက နားထောင်ပြီး နားစွန့်ပြီး သူပြောသမျှကို နောက်က လိုက်လုပ်ပါဆိုတာ ဒါက ဒီမိုကရေစီ လှုပ်ရှားမှုလည်း မဟုတ်ဘူး။ ဒီမိုကရေစီ ထိုက်တန်တဲ့ လူထု သဘောမျိုးလည်း မဟုတ်ဘူး။ ခေါင်းဆောင် လုပ်သမျှကို ထိုင်စောင့်ပြီး ခေါင်းဆောင်လုပ်မှ ခေါင်းဆောင် ခြေလှမ်းလှမ်းမှ နောက်က လိုက်တယ် ဆိုတာ အဲဒါက နောက်လိုက်ပြည်သူဗျ၊ ဒီမိုကရေစီနဲ့ တန်တဲ့ ပြည်သူ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီမိုကရေစီစနစ်ကို ရောက်ဖို့က ပြည်သူက ဒီမိုကရေစီစနစ် အတွေးအခေါ်မျိုး၊ စဉ်းစားမှုမျိုး မရှိဘဲနဲ့ နေ့တိုင်း အဲဒီလိုမျိုး မလုပ်ဘဲနဲ့ ဘယ်တော့မှ မဖြစ်နိုင်ဘူး။
ဦးသန်းလွင်ထွန်း ။ ။ ဗြိတိန်နိုင်ငံ ဗဟာဗျူဟာ လေ့လာရေးဌာနက မြန်မာ့အရေး သုံးသပ်သူ ဒေါက်တာဇာနည် ကို ဆက်သွယ် မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
Ref: မိုးမခ
မစုစုနွေးနှင့် အင်တာဗျူး
ကျော်ခ
စနေနေ့၊ အောက်တိုဘာလ ၂၂ ရက် ၂၀၁၁
တောင်သူလယ်သမား၊ အလုပ်သမားနှင့် ကလေးစစ်သားအရေး ဆောင်ရွက်သူ မစုစုနွေး အင်းစိန်ထောင်၊ ကလေးထောင်နှင့် ခန္တီးထောင် တို့တွင် ၁၂ နှစ်ခွဲ ထောင်ကျနေစဉ် သမ္မတ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် လွတ်မြောက် လာခဲ့သည်။
အကျဉ်းထောင်များအတွင်း တဦးထဲ အခန်းကျဉ်း၌ သီးသန့် ပိတ်လှောင် ခံခဲ့ရသည့်ကြားမှ ထောင်ဝန်ထမ်း နှင့် ထောင်သား အခွင့်အရေးများကို ရရှိအောင် ထောင်အာဏာပိုင်များထံ တောင်ဆိုခဲ့သူ မစုစုနွေး လွတ်မြောက် လာပြီးနောက် မဇ္ဈိမ သတင်းထောက် ကျော်ခ က တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းထားသည်။
ဘယ်လို လွတ်လာခဲ့သလဲဆိုတာ သိပါရစေခင်ဗျ။
"ကျမကို သီတင်းကျွတ်လပြည့်နေ့၊ အင်္ဂလိပ်လို့ ၁၂ ရက်နေ့ မနက် ခုနှစ်နာရီထိုးလောက်က ခန္တီးထောင်ပိုင်ကြီး က နေပြီးတော့ ကျမကို နောက်တခါ ဒါမျိုးလုပ်ရင် ကျန်တဲ့ နှစ်တွေနဲ့ ပေါင်းပြီး ကျခံရမယ်ဆိုတဲ့ ဝန်ခံကတိ ၄ဝ၁ နဲ့ လက်မှတ် လာထိုး ခိုင်းပါတယ်။ လက်မှတ် ထိုးရမယ်လို့ ပြောပါတယ်။"
"ကျမကနေ ပြောတယ်။ ဘာဖြစ်လို့ လက်မှတ် ထိုးရမလဲပေါ့။ ၄ဝ၁ နဲ့ လက်မှတ်ထိုးမှ လွှတ်ပေးမှာလားလို့ လက်မှတ်ထိုးမှ ထွက်ရမယ် ဆိုရင် ကျမ မထွက်နိုင်ပါဘူးလို့။ ကျမကို ချထားတဲ့ နှစ်အပြည့်ပဲ နေမယ်။ နှစ်ပြည့် သွားလို့မှ ကျမကို ထပ်ပြီး လက်မှတ်ထိုးမှ ထွက်ရမယ် ဆိုရင်လည်း ကျမကို နောက်ထပ် ၁ဝ နှစ် ထပ်ချလိုက်ပါ ကျမ မထိုးနိုင်ဘူးလို့ အဲလိုပြောတော့ ထောင်ပိုင်ကြီးက အဲဒါဆိုလဲ ရပါတယ် ဆိုပြီးတော့ ပြန်သွားတယ်။"
"ပြန်သွားပြီး ကိုးနာရီ လေးဆယ့်ငါးလောက်မှာ ကျမကို လတ်မှတ်မထိုးလည်း ပြန်လွှတ်ပါ့မယ်။ ပစ္စည်းတွေ သိမ်းပြီး လာခဲ့ပါလို့ လာပြော ပါတယ်။ အဲဒါနဲ့ ကျမလည်း လက်မှတ် မထိုးရဘဲနဲ့ ထွက်လာတာပေါ့။"
မလွတ်ခင်မှာရော အာဏာပိုင်တွေဘက်က လာပြီး ညှိနှိုင်းတာမျိုးရော ရှိလား။
"မရှိပါဘူးရှင့်။ ကျမကိုတော့ ၁ဝ လပိုင်း မကုန်ဘူး လွှတ်ပေးပါ့မယ်။ ကျန်းမာရေး ဂရုစိုက်ပါဆိုပြီး ရှစ်လပိုင်းလောက် ကတည်းက နိုင်ငံတော် အနေနဲ့ လွှတ်တော့မှာ ဆိုပြီးတော့ ပြောပါတယ်။ ၁ဝ လပိုင်းထဲမှာလည်း ဒီလပိုင်းမှာ လွှတ်မယ်ဆိုတာ အားပေးစကား ပြောပါတယ်။ ညှိနှိုင်းတာတွေ ဘာတွေတော့ မရှိပါဘူးရှင့်။"
မစုစုနွေး အဖမ်းခံရပြီး အကျဉ်းကျသွားခဲ့ရတဲ့ ဖြစ်ပုံလေး ရှင်းပြပါဦးခင်ဗျ။
"အဖမ်းခံရတာကတော့ ပုလဲ အားကစားကွင်းမှာ ရှိတဲ့ အမေရိကန် အားကိုး ပုဆိန်ရိုးဆိုတဲ့ ဆိုင်းဘုတ် အောက်မှာ အဆိုးမြင် ဝါဒီများအား ဆန့်ကျင်ကြ ဆိုတဲ့ ဆိုင်းဘုတ်အောက်မှာ ကျမရဲ့ မောင်လေးတွေက ဆန့်ကျင်စာ ရေးထား တယ်ပေါ့နော်။ အဲဒီ ဆန့်ကျင်စာ ရေးထားတဲ့ ပိတ်စကို၊ အဲဒီဟာအောက်မှာ ကပ်တယ်။ ကျမက အဲဒါ ကပ်တဲ့ ဥစ္စာကို မှတ်တမ်းတင် ဓါတ်ပုံရိုတ်တာ ရိုက်နေရင်း တန်းလန်းကြီးနဲ့ပေါ့။ ရဲတွေက ကား နှစ်စီးနဲ့ ရောက်လာပြီး ကျမတို့ကို ဖမ်းတာပါ။ ကျမကို ဖမ်းခဲ့စဉ် အခါတုန်းက ရဲမေ မပါ,ပါဘူး။"
"ဝင်ဖမ်းနေတဲ့ အချိန်မှာ ကျမမောင်လေးတွေက ထွက်ပြေးတဲ့ အခါကြတော့ ဘိုဘိုဝင်းလှိုင်ကို သွားမိတယ်။ ပစ်လဲ သွားတဲ့ ဘိုဘိုဝင်းလှိုင်ကို ခြေထောက်နဲ့ နင်းထားတယ်။ ကျမက ကျမမောင်လေးတွေကို အသားမထိပါနဲ့၊ ကျမ မစုစုနွေးပါ။ ကျမအဖမ်း ခံပါတယ်။ ကျမ ကလေးတွေကို မလုပ်ပါနဲ့ ဆိုတော့ တယောက်ကတော့ လွတ်သွားတယ်။ တယောက်ကတော့ အဖမ်း ခံလိုက်ရတယ်။ အဲဒါနဲ့ ကလေးကို မရိုက်တော့ဘူး။"
"ကျမက အဖမ်းခံပါတယ် ဆိုတော့ သူတို့က ချက်ချင်း လာမဖမ်းဘူး။ ကျမကို ကြောင်ကြည့်နေပြီး ခဏနေမှ သူတို့ အထက်ကို သတင်းပို့သံ ကြားတယ်။ ပစ်မှတ်တစ် မစုစုနွေးက အဖမ်းခံနေပါတယ်။ မစုစုနွေးကို မိထားပါတယ်။ သူတို့ ဘာဆက်လုပ်ရမလဲတဲ့။ ဟိုဘက်က ဘာပြန်ပြောသလဲတော့ မသိဘူး။ ကျမနဲ့ မောင်လေး ဘိုဘိုဝင်းလှိုင် ကို ကားတစီးစီ တင်လိုက်ပြီး ဗဟန်း ရဲစခန်းကို ခေါ်သွားတယ်။"
"သူတို့ တရားရုံးမှာ ထွက်တာနဲ့၊ ကျမကို ဖမ်းခဲ့စဉ် အခါတုန်းက အခြေအနေနဲ့က ထွက်ဆိုတာက ကွာဟချက် ရှိနေတယ်။ သူတို့ ကျမကို ဖမ်းတုန်းက အမျိုးသမီးရဲမေ ပါ,ပါတယ်လို့ ပြောတယ်။ တကယ်တော့ ဖမ်းတုန်းက အမျိုးသမီး ရဲမေ မပါ,ပါဘူး။ ရဲမှူးကြီး ဦးကျော်စိန် ခေါင်းဆောင်သော ယောက်ျားလေး ရဲသား အဖွဲ့ ၁၃ ယောက်က ဖမ်းတာပါ။"
"ကျမကိုဖမ်းပြီး ထောင်ချတဲ့ ပုဒ်မတွေတော့ ကျမ မမှတ်မိတော့ပါဘူး။ သူတို့လည်း ဖမ်းချင်သလို ဖမ်းပြီး တပ်ချင် တဲ့ ပုဒ်မတွေ တပ်ပြီးချတာ ဆိုတော့ တရားရုံးမှာလည်း ကျမက ထုချေလွှာ မပေးခဲ့ဘူး။ ကျမကို ချထားတာကတော့ နှစ်မှုပေါင်း ၁၂ နှစ်နဲ့ ခြောက်လပါ။ ပထမ အမှုက ဆန့်ကျင်လွှာ ကပ်တဲ့ အမှုနဲ့ ရှစ်နှစ်။ ဒုတိယအမှု ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသား လွှတ်မြောက်ရေးလုပ်လို့ အမှုထပ်တပ်တာပေါ့။ အဲဒါက လေးနှစ် ဓါတ်ပုံ ရိုက်လို့ဆိုပြီး ခြောက်လ တပ်တာလေ။"
လူ့အခွင့်အရေး လှုပ်ရှားသူ တယောက်ရဲ့အနေနဲ့ ထောင်ထဲမှာ စပြီး အခက်အခဲတွေ ရင်ဆိုင်ခဲ့ရပုံကို ပြောပါဦး။
"ကျမ ပထမဦးဆုံး စပြီး အဖမ်းခံရပြီးကတည်းက ပြောမယ်ဆိုရင် အင်းစိန် ထောင်မှာလည်း ကျမ တယောက်တည်း နေရတယ်လေ။ ကျမနဲ့ အတူတူ ထောင်ထဲကို ဝင်လာတဲ့လူတွေ။ ကျမရှေ့က ဝင်လာတဲ့ လူတွေကို ထောင်ဝင် စာ တွေ့ခွင့် ပေးတယ်။ ပါဆယ် ပို့ခွင့်လည်း ပေးတယ်။ ကျမ ကျတော့ ပါဆယ်လည်း ပေးခွင့် မရှိဘူး။ ထောင်ဝင်စာလည်း တွေ့ခွင့် မရှိဘူး။"
"အဲဒီတော့ မိသားစုနဲ့လည်း တွေ့ခွင့်မရဘူး။ ပါဆယ်လည်း ပေးခွင့် မရတဲ့ အခါကျတော့ ကျမက အစာငတ်ခံ ဆန္ဒပြတယ်လေ။ တရက်ပြည့်လို့ ညဘက် ခုနှစ်နာရီ ထိုးလောက်မှာ ညွှန်မှူးနဲ့ ထောင်ဝန်ထမ်းတွေ အကုန်လုံး ကျမကို အစာငတ်ခံ ဆန္ဒပြတယ် ဆိုတာ ဟုတ်သလား၊ မေးတယ်။ ဟုတ်ပါတယ် ဆိုတော့၊ ဟုတ်ရင် ဒီမှာမထားဘူး။ ရွှေ့မယ် ဆိုပြီးတော့ ကျမကို သီးခြားတိုက်ကို ရွှေ့ပြီးတော့ တယောက်တည်း ထားပါတယ်။ ကျမကလည်း ထောင်ဝင်စာ တွေ့ခွင့်မရရင်၊ ပါဆယ်ပို့ခွင့် မရရင် ထမင်း မစားဘူးလို့ ပြောတော့ သူတို့က တွေ့ခွင့်ရပါမယ်။ ပါဆယ်ရခွင့် ရှိရပါမယ် ဆိုတော့ သုံးရက်ပြည့်တဲ့ နေ့မှာ ပါဆယ်ရတဲ့နေ့မှာ ထမင်း ပြန်စား လိုက်ပါတယ်။"
"အဲဒီကနေပြီးတော့ တိုက်ထဲကနေပြီးတော့ အပြင်လည်း မထွက်ရပါဘူး။ တိုက်ထဲမှာ လမ်းလျှောက်တဲ့ အခန်းတွေ၊ မိလ္လာခန်း၊ ရေချိုးခန်းတွေ သူ့အခန်းလေးတွေနဲ့သူ ထားတယ်။ ကျမကို အပြင်မထွက်ရဘူး။ ရုံးထွက်တဲ့ အချိန်ရယ်။ ထောင်ဝင်စာ တွေ့တဲ့ အချိန်ရယ်ကိုတော့ ကျမ အပြင်ထွက်ခွင့် ရတယ်ပေါ့။ အမိန့်ချပြီးတဲ့ အထိ တနှစ်လုံးလုံးကို တိုက်ထဲမှာပဲ နေရတယ်။"
"အဲဒီကနေပြီး ကလေးကို ပြောင်းရတယ်။ အဲဒီမှာလည်း ကျမ တယောက်တည်းပဲ နေရတယ်လေ။ အဲဒီမှာ ကျတော့ ကျမ ထောင်ဝင်စာ တွေ့ခွင့်ရတယ်။ ဒုချုပ်ကြီးကလည်း ကျမဆီလာတယ်၊ ကလေးကို ရောက်တော့။ သမီးတဲ့ သမီး ထောင်ဝင်စာတွေ့ခွင့် ရရေးကို အစည်းအဝေးမှာ တင်ပြလို့တဲ့။ သမီး အခုထောင်ဝင်စာ တွေ့ခွင့်ရတယ်။ မိသားစုနဲ့ တွေ့ခွင့် ရတယ်တဲ့။ မိသားစုလည်း လာတော့မှာတဲ့။ ဒီကအေးတယ်တဲ့၊ ကျန်းမာရေးကို ဂရုစိုက်ပါတဲ့။ ဒီကိုပို့တာ အန်ကယ်တို့ ပို့တာ မဟုတ်ပါဘူးတဲ့။ အထက်က လူကြီးတွေက အစည်းအဝေး ထိုင်ပြီးပို့တာတဲ့။ အန်ကယ်တို့လည်း ဘာမှ လုပ်လို့ မရပါဘူးတဲ့။ ကျန်းမာရေးကို အထူး ဂရုစိုက်ပါတဲ့။ မိသားစုနဲ့ ဝေးတယ်တဲ့။ အဲလို အားပေးစကား ပြောသွား ပါသေးတယ်။"
မစုစုနွေးကို ဖမ်းတုန်းကနဲ့ စစ်ဆေးတဲ့အခါမှာ ညှင်းပန်းနှိပ်စက်တာတွေ ရှိလားခင်ဗျ။
"မရှိပါဘူး။ ကျမကို စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဝေလွင် လာကြည့်ပါတယ်။ ကျမကိုကြည့်ပြီးတော့ ကျမ အတွက် စားရေး သောက်ရေးတွေ လုပ်ပေးဖို့ သူတို့ လူတွေကို မှာပြီးတော့ ပြန်သွားပါတယ်။ နောက်တော့ ဗိုလ်ချုပ်လှဌေးဝင်း လာကြည့်ပါတယ်။ လာကြည့်ပြီးတော့ စားရေးသောက်ရေး ကျန်းမာရေးတွေ မေးပါတယ်။ နောက်ပြီးတော့ နိုင်ငံခြားက စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး ဖွင့်ပေးနိုင်အောင် လုပ်မလားဆိုပြီး ကျမကို မေးပါတယ်။ ကျမက ပြောပါတယ် အဲဒါ ကျမတို့အနေနဲ့ ဘာမှ လုပ်လို့ မရပါဘူးလို့ ပြောလိုက်ပါတယ်။"
"အဲဒီည ဗဟန်း ရဲစခန်းမှာ ၁၂ နာရီထိုးလောက်က အကိုကြီး မင်းကိုနိုင်ကို အရင်တွေ့ပြီးမှ ကျမကို လာတွေ့တာပါ။ ကျမနဲ့ အကိုကြီး မင်းကိုနိုင်ကို တွေ့တာပါ။ သူတို့ပြောတာတော့ ကိုမင်းကိုနိုင်ကို တွေ့ပြီးမှ ကျမဆီကို လာတာလို့ ပြောပါတယ်။ သူတို့ကတော့ အေးအေးဆေးဆေး ဆွေးနွေးတာပါ။ ကျမကတော့ ပြောလိုက်တယ်။ ဒီစီးပွားရေး ပိတ်ဆို့တာတွေက လူကြီးတွေနဲ့ပဲ ဆိုင်တယ်။ ကျမတို့နဲ့ မဆိုင်ဘူးပေါ့နော်။"
မစုစုနွေး တယောက်တည်းနေရတာက ပြောင်းသွားတဲ့ ထောင်နှစ်ခုလုံးမှာပဲလား ခင်ဗျ။
"ကျမက ပထမဦးဆုံး ကလေးကို ပြောင်းတယ်လေ။ ကလေးမှာက ဆရာဝန်တွေ ဘာတွေ ဆေးရုံတွေ ရှိပါတယ်။ ဘာဆိုးလဲ ဆိုတော့ ကျမက နေ့ရောညရော တယောက်တည်း နေရတယ်။ ကျမကလည်း (၅) ည နဲ့ ကျတဲ့ လူတွေနဲ့ တွဲထားပေးဖို့ တောင်းဆိုပါတယ်။ ထောင်ပိုင်ကြီးက ပြောတယ်။ မိန်းကလေး တယာက်တည်း ထားရတာ သူတို့ အတွက်လည်း တာဝန် ကြီးပါတယ်တဲ့။ ဒါပေမယ့် အထက်က မပို့ပေးတဲ့ အတွက် သူတို့မှာ ဘာမှ လုပ်လို့ မရပါဘူးတဲ့။"
"ဒါပေမယ့် လေးလ ကျော်ကျော်လောက်မှာ အချွဲတွေဆို့ပြီး၊ အပြင်မှာ လမ်းလျှောက်နေရင်းနဲ့ မူးလဲသွားတော့ သမားတော် တွေနဲ့ ကုလိုက်ရတယ်။ အဲဒီနောက် ကျမကို ECG ရိုက်တာပေါ့။ ရိုက်တော့ အင်္ကျီတွေအကုန် ချွတ်ပြီးတော့ ရိုက်တာပေါ့လေ။ ကျမက ပြောတယ်။ မှတ်တမ်း မတင်ပါနဲ့လို့ ပြောတာကို သူတို့ ရိုက်တော့ ကျမက ထောင်ပိုင်ကြီးကို နောက်နေ့ကြတော့ တိုင်တယ်။ ကျမက အပျို မိန်းကလေး ဖြစ်ပါတယ်။ မိကောင်းဖခင် သားသမီးပါ။ မိန်းကလေးဆိုတာ အရှက်တရားနဲ့ အသက် ရှင်ရတာ ဖြစ်တဲ့ အကြောင်းနဲ့ နောက်တခါ ECG ရိုက်မယ်ဆိုရင် ကြိုတင် ခွင့်တောင်းပြီး မိန်းကလေး ဆရာဝန်မတွေနဲ့ စီစဉ်ပေးပါလို့ တင်ပြခဲ့ရတယ်။"
"ကျမက မိန်းကလေးတယောက်တဲ့ ဖြစ်နေတဲ့အတွက် လုံခြုံရေး အရ (၅) ညနဲ့ ကျတဲ့ အဖေါ် တယောက်လောက် ထားပေးပါလို့ ကျမက တောင်းဆိုပါတယ်။ မရဘူး။ နောက်ပြီး ကျမ အခန်းဖေါ် တောင်းလို့ ဆိုပြီး ကျမနေတဲ့ တိုက်နဲ့ တခန်းကျော် လောက်မှာ စိတ်ငြိမ်ဆေးတွေ သောက်နေရတဲ့ စိတ်မနှံ့တဲ့၊ မိန်းကလေး တယောက်ကို ပို့ထားတယ်။"
"တရက်ကြတော့ သမားတော် ဒေါက်တာ ဦးကိုကိုလွင်ကနေ ကျမကို ကျန်းမာရေး လာစစ်တာ။ ကျမက အမြဲတမ်း အားက နည်းနေတော့ ဒေါက်တာ ဦးကိုကိုလွင်က ကဲ .. အဘွားကြီးလည်း ဖြစ်နေပြီတဲ့ အော်ရာမင်းဂျီ အွန်မှ ရတော့မယ်တဲ့ အဲဒါနဲ့ အိပ်ဆေးနဲ့ အော်ရာမင်းဂျီ သောက်ဖို့ ရေးထား ပေးခဲ့တယ်။ ဒါပေမယ့် ထောင်ပိုင်ကြီးက သူတို့ထောင်ခွဲဖြစ်တဲ့ ကျွန်းတော အလုပ်စခန်းကို ငါးရက်ကြာ သွားစစ်နေတဲ့ အချိန်မှာ ကျမကို ထောင်က ဆေးမှူးကနေပြီးတော့ အော်ရာမင်းဂျီနဲ့ အိပ်ဆေး မပေးဘဲနဲ့ ဟိုဘက်အခန်းက စိတ်မနှံ့တဲ့ ကောင်မလေးကို တိုက်နေတဲ့ စိတ်ငြိမ်ဆေးတွေ ကျမကို လာပေးတယ်။"
"ကျမပြောတယ် ဆရာဝန်ကျမကို ရေးပေးခဲ့တဲ့ ဆေးက အော်ရာမင်းဂျီနဲ့ အိပ်ဆေးပေါ့ အခု လာတိုက်တာက စိတ်မကောင်းတဲ့ လူတွေကို တိုက်တဲ့ဆေး ဖြစ်တယ်လို့၊ ဒါပေမယ့် သက်သေဖြစ်အောင် ဆိုပြီး အဲဒီ စိတ်ငြိမ်ဆေးတွေကို ကျမ သောက်လိုက်တယ်။ သောက်လိုက်တော့ စိတ်ထတဲ့လူကို တိုက်တဲ့ဆေးကို ပုံမှန်လူက သောက်လိုက်တော့ ကျမ ပျော့ပြဲ ကျသွားတာပေါ့။"
"ကျမက ဒီထောင်မှ ဘယ်သူ့ကိုမှ ဒုက္ခမပေးဘဲ ဘာကြောင့် ဒီလို လုပ်ကြံရတာလဲ ဆိုပြီး နောက်နေ့ ထောင်ပိုင်နဲ့ ကျမ သွားရှင်း ခဲ့တော့ သူဒီကိစ္စနဲ့ ပတ်သက်ပြီး အစည်းအဝေးမှာ တင်ပြဆွေးနွေးမယ် ပြောတယ်။ နောက် နှစ်ရက်လောက်မှာတော့ ဆေးအမှန် လာပြန်ပေးပါတယ်။ အဲဒီဆေးမှူးလည်း ပြုတ်သွားတယ်။ အဲဒီနောက် ကျမလည်း ဆေးဖြတ်ရင်းနဲ့ ခန္တီးထောင် ရောက်သွားတယ်။"
ခန္တီးထောင်ထဲမှာရော ကျန်းမာရေး စောင့်ရှောက်မှု၊ စာဖတ်ခွင့်နဲ့ စားဝတ်နေရေး အခြေအနေတွေ ကောင်းမွန်ရဲ့လားခင်ဗျာ့။ ဘယ်ကဏ္ဍတွေမှာ အခက်အခဲရှိလဲ။
"ကျမ လေးလလောက် ဆေးဖြတ်ထားပြီး ခန္တီးရာက်တော့ ကျမ ကျန်းမာရေးက ပိုဆိုးသွားပြန်ရော။ ခန္တီးကြတော့ ဆရာဝန်လည်း မရှိဘူး။ ဆေးရုံလည်း မရှိဘူး။ ဆေးမှူးနဲ့ပဲ နေရတာလေ။ အဲဒီမှာလည်း တယောက်တည်းပဲ ထားတော့ တယောက်တည်းပဲ နေရတယ်။"
"အဲဒီလိုနေရာမျိုးမှာ တယောက်တည်းနေရတော့ တော်တော်လေးကို စိတ်ပိုင်းဆိုင်ရာ မထိခိုက်အောင် ကျမ ရပ်တည် ခဲ့ရတာပါ။ ကျမမှာလေ တယောက်တည်း လုံးဝကို စကားပြောဖေါ် မရှိတာပါ။ တခါ တလေကျရင် ကိုယ့်စိတ်နဲ့ ကိုယ်တောင်မှ ဒေါသ ဖြစ်မိတယ်။ ဘာသာရေးကို များများလုပ်။ ဘုရားစာပဲ အမြဲတမ်း ရွတ်ပြီးတော့ ဘယ်အချိန် ဘုရားရှိခိုးမယ်။ ဘယ်အချိန် လမ်းလျှောက်မယ်။ ဘယ်အချိန် ထမင်းစား၊ စာဖတ်ချိန်၊ ရေချိုးချိန် ဆိုပြီး အချိန်ဇယားလေး လုပ်ပြီးတော့ နားရီလေး အမြဲတမ်း ဘေးမှာ ချထားတယ်။ အဲလို အချိန်ဇယားလေးနဲ့ ပုံမှန်လုပ်နေမှ ခံနိုင်ရည်ရှိလာတယ်။"
အဲဒီလို အကျဉ်းထောင် အခန်းကျဉ်းထဲက အထီးကျန်နေရတဲ့ အချိန်မျိုးမှာ အမ အနေနဲ့ အတောင်းတဆုံးက ဘာဖြစ်မလဲ။
"ဟုတ်တယ်။ အဲဒီအချိန်တွေမှာ ကျမအဖြစ်ချင်ဆုံးက အခန်းဖေါ်တယောက်လိုချင်တာ။ စကားတွေ ပြောချင်တယ်။ ထမင်းလည်း အတူတူ စားချင်တယ်။ အဲဒါတွေ အဖြစ်ချင်ဆုံးပဲ။"
အကျဉ်းထောင်ထဲမှာ အမျိုးသမီးတယောက်အနေနဲ့ ဖြတ်သန်းရတဲ့ အဓိက အခက်အခဲက ဘာဖြစ်မလဲ ခင်ဗျ။
"ကျမဆိုရင် ထောင်ထဲမှာ ကိုယ်ကျင့်တရားတွေ တိုက်ခိုက် ခံရတာတွေ ရှိပါတယ်။ အဲဒါတွေက ကျမအတွက် အခက်အခဲ ဖြစ်စေတယ်လေ။ အဲဒါတွေက ကျမအတွက် ဖြေရှင်းမှုလည်း မရဘူး။ ဖြေရှင်း ပြန်ရင်လည်း ကျမဘက်က သက်သေ ရှိသလား။ ဘယ်မှာ သက်သေရှိလို့လဲ အမှန်တရားကို ပေါ့နော် ကျမက အမှန်းအတိုင်း ပြောလိုက်ပေမယ့် ကျမဘက်က သက်သေမရှိဘူး။ ဒါတွေက တယောက်တည်း နေရတဲ့ ကျမရဲ့ အခက်အခဲဆုံး အရာတွေပဲ။"
အစိုးရသစ်က ဘာကြောင့် လွှတ်ပေးလိုက်တယ်လို့ ထင်လဲ။
"ဒါကတော့ရှင် သမ္မတကြီး ဦးသိန်းစိန်နဲ့ပဲ ဆိုင်မယ်လို့ ထင်ပါတယ်။ ကျမတို့ အကုန်လုံးကတော့ ယုံကြည်ချက်နဲ့ ခံယူချက်နဲ့ အကျဉ်း ကျခံနေရတယ်။ အဲဒါကို လွှတ်ပေးပါလို့ တကမ္ဘာလုံး ကရော၊ မြန်မာ တနိုင်ငံလုံးနဲ့ အန်တီ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တောင်းဆို ထားတာပဲရှင်။ ကျမတို့ကို အကုန်လုံး မလွှတ်ပေးဘဲနဲ့ အခုလို ကျမတို့ကို ရွေးပြီးတော့မှ လွှတ်ပေးလိုက်တယ်။ တကယ် ကျန်းမာရေး မကောင်းတဲ့ လူတွေရော။ သက်ကြီးရွယ်အို တွေရော ဆေးရုံတွေ ဘာတွေ ထွက်ကုနေရတဲ့လူတွေ ကျန်နေခဲ့တယ်။ ဒီလိုလူမျိုးတွေ လွှတ်ရမယ်။ အားလုံးက ကိုယ်စီကိုယ်စီ ကျန်းမာရေးက မကောင်းတဲ့ လူတွေချည်းပဲ။"
"အားလုံးက လွှတ်သင့်တဲ့ လူတွေချည်းပါပဲ။ အားလုံး လွှတ်သင့်တာကို မလွှတ်ဘဲ ခုလိုရွေးလွှတ် နေတာကြောင့် သမ္မတကြီး ဦးသိန်းစိန်နဲ့ပဲ ဆိုင်ပါတယ်လို့ပဲ ပြောချင်ပါတယ်။"
ကိုမင်းကိုနိုင် အပါအဝင် အမရဲ့ လုပ်ဖေါ်ကိုင်ဖက်တွေဖြစ်တဲ့ အရေးပါတဲ့ အခြား နိုင်ငံရေး အကျဉ်းသား တွေကို လွှတ်မပေး သေးတာနဲ့ ပတ်သက်ပြီး တော့ရော ဘယ်လိုပြောမလဲ။
"အကျင့် စာရိတ္တကောင်းမွန်တဲ့ လူတွေကို လွှတ်ပေးမယ်လို့ အဲဒီညက သတင်းက ကြေညာတာကို ကျမ ကြားလိုက် ရတာပေါ့။ နိုင်ငံရေးကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဒီမိုကရေစီ ရရှိရေးအတွက် တိုက်ပွဲဝင်နေတဲ့ ကိုမင်းကိုနိုင် အပါအဝင်ပေါ့နော်။ အကျဉ်းကျ ခံနေရတဲ့ ရဟန်းသံဃာတွေ အပါအဝင် နိုင်ငံရေး အကျဉ်းသူ အကျဉ်းသားတွေ အားလုံးဟာ အစကတည်းက ကိုယ်ကျင့်တရားတွေက ကောင်းပြီးသားပါ။"
"ကိုယ်ကျင့်တရား ကောင်းလို့လည်း ကျမတို့ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိဖို့ အတွက်ကို စီးပွားရေးတွေ၊ လူမှုရေးတွေ၊ ပညာရေးတွေ၊ မိသားစု အရေးတွေ အကုန်လုံးကို စွန့်ပြီး သေရမယ်ဆိုတာ သိတယ်။ ထောင်ကျရမယ် ဆိုတာ သိလျက်နဲ့ ကျမတို့ နိုင်ငံ စစ်မှန်တဲ့ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ ရရှိရေးအတွက် တောင်းဆိုရင်းနဲ့ အကျဉ်းကျ ခံနေရတာပါ။"
"အဲတော့ ကျမတို့ လွတ်လာခဲ့ပေမယ့် ကျမတို့ မပျော်နိုင်ပါဘူး။ အကုန်လုံးကို လွှတ်ပေးမှ သာလျှင် ကျမတို့ ပျော်နိုင်မှာ ဖြစ်ပါတယ်။ အဲဒါကြောင့် နိုင်ငံတော် သမ္မတကြီးအနေနဲ့ ကျမတို့အကိုကြီး မင်းကိုနိုင် အပါအဝင် ကျန်နေခဲ့တဲ့ ကျမတို့ရဲ့ လုပ်ဖေါ်ကိုင်ဖက် နိုင်ငံရေး အကျဉ်းသူ အကျဉ်းသားအားလုံးကိုခြွင်းချက်မရှိ အမြန်ဆုံ လွှတ်ပေးပါလို့ ကျမ တောင်းဆို ချင်ပါတယ်ရှင်။"
အစိုးရသစ်ရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီးတော့ ဘာများပြောချင်တာ ရှိမလဲ။
"အစိုးရသစ်ရဲ့ လုပ်ဆောင်ချက်တွေကတော့ ကျမထောင်ထဲမှာနေတဲ့ လေးနှစ်တာအတွင်းမှာ ဂျာနယ်နဲ့ သတင်းစာ အပေါ်မှာပဲ သိရတာ။ ပြည်သူ တယောက် အနေနဲ့ပေါ့နော်။ အစိုးရသစ် အနေနဲ့ ပြည်သူတွေအပါ် သဘောထား ကြီးစွာနဲ့ တိုင်းပြည် အကျိုး ပြည်သူ့အကျိုးကို ဆောင်ရွက်တယ် ဆိုရင် ကျမတို့က လှိုက်လှိုက်လှဲလှဲ ဝမ်းသာပြီးတော့ အမြဲတမ်း ထောက်ခံ သွားမှာပါ။ အခု ကျမတို့ ထောက်ခံတဲ့ ပြည်သူလူထု ထောက်ခံတဲ့ အစိုးရသစ်ပဲ ဖြစ်စေချင်ပါတယ်။ ဥပမာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတယ် ဆိုရင်လည်း အားလုံးကို သဘောထားကြီးစွာနဲ့ လွှတ်ပေးမယ် ဆိုရင်လည်း အတိုင်းထက်အလွန် နိုင်ငံတော် သမ္မတကြီး အပေါ်မှာ တကယ်ကို လှိုက်လှိုက်လှဲလှဲ ထောက်ခံသွားမှာပါ။ ခုနည်းနည်းပဲ လွှတ်တော့ ကျမတို့က ထောက်ခံရမှာ နည်းနည်း အားပျော့ နေတယ်ရှင့်။"
အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ အချိန်ထောင်ထဲက အကျဉ်းသားတွေရဲ့ ဖြစ်ပျက်နေတဲ့ အခြေနေတွေက ဘယ်လိုရှိလဲ။ ရှိရင်မျှဝေပါဦး။
"ပြည်သူလူထုတွေရဲ့စကားကိုနားထောင်တယ်ဆိုရင် နိုင်ငံတော်သမ္မတကြီးကို ပြောချင်တာကတော့ ကျမကိုယ်တွေ့ ထောင်ထဲက အခြေအနေ လေးပဲ နမူနာထား ပြောပါရစေ။ ပထမ လွတ်ငြိမ်း ချမ်းသာခွင့် ကြေညာတဲ့အခါမှာ ခန္တီးထောင်ရဲ့ တီဗွီကတဆင့် ကြားလိုက်ရတဲ့ အချိန် ဟေး ခနဲ အော်လိုက်တာ ကျမကြားပါတယ်။ နောက်တော့ သမ္မတကြီး လွတ်ငြိမ်း ချမ်းသာခွင့်က တနှစ်လည်း ဆိုရော အားလုံးက ဟင် .. ခနဲဆို ဖြစ်သွားကုန်ပြီး လွတ်တဲ့လူတွေက ကျန်ခဲ့တဲ့လူတွေ အတွက်ကို အကုန်လုံး ခွက်တွေ၊ ခုံတွေ ခေါက်ပြီးတော့ သီချင်းတွေဆိုပြီး အားပေး ကြတာပေါ့နော်။"
"အဲဒီမှာ ကျမတို့ ခန္တီးထောင်က တခါချက်ရင် ဆန် နှစ်တင်းချက်ကတာ။ အကုန်လုံး ငိုတဲ့လူတွေ ကလည်း မိန်းကလေးတွေ ဆိုရင် တခါတည်း ထောင်ကြမ်းပြင်ပေါ်မှာ လူးလိမ့်နေအောင် ဝမ်းနည်းပြီး ငိုကြတာ။ ကျမကတော့ အားပေးတယ်။ အားတင်းထားပါ။ နောက်တခါ လာမှာပါရှင် အားတင်းထားပါ။ စုစုနွေး တယောက်လုံး ခန္တီးထောင်ထဲမှာ ကျန်ပါသေးတယ်။ အားတင်း ထားကြပါ။ ထမင်းတွေလည်း မစားကြဘူး။"
"စားကြပါ အမတို့ရယ်၊ ထမင်းမစားရင် ကျန်းမာရေးတွေ ထိခိုက်ကုန်မှာပေါ့ ဆိုပြီး ကျမက ဒီဘက်က တိုက်ကနေ အော်ပြီးတော့ သူတို့ကို အားပေးရပါတယ်။ သူတို့က နိုင်ငံတော်ရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်ကို မျှောလင့်နေကြတယ်။ ဟိုက ပေးတာ တနှစ်လို့လည်း ဆိုရော စိတ်ဓါတ်တွေ ကျကုန်ကြတာပေါ့။"
"ထမင်းတွေမစားကြဘူး။ ဆန် နှစ်တင်း ချက်နေကြထောင်မှာ တတင်းကို လေး၊ ငါး ရက်လောက် ချက်လိုက် ရတယ်။ ထောင်အာဏာပိုင် တွေနဲ့ (၅) ည တွေကလည်း အားပေး ကြတာပေါ့ နောက်တခါ လာမှာပါ ဆိုတာကို။ နောက်ပိုင်းတော့ ထမင်းတွေ ပြန်စား လာကြပါတယ်။ နောက် နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့် ဆိုတာကို မျှော်လင့် နေကြပါတယ်။"
"အခုလည်း ကျတော့ရော သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေး မကောင်းတဲ့ လူတွေနဲ့ သူတို့ လွှတ်ချင်တဲ့ လူတွေကိုပဲ ရွေးလွှတ်တဲ့ အခါကြတော့ အကုန်လုံးက အားတွေလည်း ပျက်ပြီး၊ မျက်နှာတွေလည်း မှိုင်ပြီးတော့ အားပြတ် ကုန်ကြ တာပေါ့နော်။ သမ္မတလည်း အားမကိုးတော့ဘူး။ နိုင်ငံတော်လည်း အားမကိုးတော့ဘူး ဆိုတဲ့ အသံတွေကို ကျမကြား ခဲ့ရပါတယ်။ အဲတော့ ပြည်သူလူထုရဲ့ အသံကို နားထောင်ပြီးတော့ ရှေ့ဆက်ပြီး လုပ်ဆောင်မယ့် သမ္မတဆို့ရင် အဲဒီအတွက် ခန္တီးထောင်မှာ ကျမကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို ကျမက စကားလက်ဆောင် ပေးလိုက်တာပါ။"
လူအခွင့်အရေး လှုပ်ရှားသူတယောက် ထောင်ထဲရောက်သွားတော့ ထောင်ထဲမှာရော လူ့အခွင့်ရေး ကိစ္စတွေ ဆက်လုပ် ဖြစ်တာမျိုးများ ရှိသေးလား။ ထောင်ထဲမှာရော အဓမ္မ စေခိုင်းမှုတွေ မရှိဘူးလား။
"ဒီအစိုးရက အလုပ်သမားအရေးနဲ့ ပတ်သက်ပြီး ထောင်ထဲမှာ တော်တော်လေး ကျမကို အသိအမှတ် ပြုထားတာ ရှိပါတယ်။ ကျမ ILO နဲ့ အလုပ်လုပ်တယ်။ ကျမ ရောက်သွားတဲ့ အကျဉ်းထောင် တွေမှာက ကျမရောက်သွားရင် အကျဉ်းထောင် ဝန်ထမ်းတွေကိုရော၊ အကျဉ်းသား အလုပ်သမား တွေကိုရော သတိထားပြီး ခိုင်းပါတယ်ရှင့်။"
"ထောင်ဝန်ထမ်းတွေ ဆိုတာလည်း ပြည်သူတွေပါပဲ။ သူတို့ကလည်း လခစား ပြည်သူတွေပါပဲ။ ကျမက ထောင်ပိုင်တွေကို ပြောပါတယ်။ ဌာနဆိုင်ရာ အသီးသီးမှာ တာဝန် ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းတွေကလည်း၊ လစာ လိုချင်လို့ အလုပ် လုပ်နေကြတဲ့ လူတွေပါပဲလို့။ အဲဒီတော့ သူတို့ကို မတရားခိုင်းရင်လည်း ကျမနဲ့ ဆိုင်ပါတယ်လို့ အဲဒီတော့ မတရား မခိုင်းပါနဲ့လို့ နေ့ရော၊ ညရော ခိုင်းတာကို ကျမ လက်မခံဘူးလို့ နေ့ဂျူတီ၊ ညဂျူတီ ခိုင်းတာကို သူတို့မှာလည်း မပြောရဲလို့သာ နေကြတာပါလို့၊ ဝန်ထမ်းဟာလည်း ဝန်ထမ်း အခွင့်အရေး ရှိပါတယ်လို့။"
"ငါတို့ဝန်ထမ်း ငါတို့ မတရားခိုင်းတာ၊ နင်နဲ့ မဆိုင်ပါဘူးဆိုတဲ့ စကားကို ကျမကို လာမပြောပါနဲ့လို့။ ရှင်တို့ မတရား ခိုင်းရင်လည်း ကျမရှေ့မှာ ခိုင်းတာတွေ့တဲ့ အတွက် ၁/၉၉ နဲ့ ငြိတယ်လို့ ကျမကတော့ ဝင်ပြောရမှာပဲလို့။ အခါကြီး ရက်ကြီးတွေမှာ ဝန်ထမ်းတွေကို နားခွင့် ပေးရမယ်လို့။ တနင်္ဂနွေ နေ့တွေမှာ ဝန်ထမ်းတွေကို နားခွင့် ပေးရမယ်လို့။ ဝန်ထမ်းတွေကို နေ့ရောညရော မခိုင်းဘဲနဲ့ နေ့ဂျူတီ၊ ညဂျူတီ ခိုင်းရမယ် ဆိုတာကို ကျမ တောင်းဆိုပေးတော့ တနင်္ဂနွေနေ့နဲ့ ခါကြီး၊ ရက်ကြီးတွေမှာ ဝန်ထမ်းတွေ နားခွင့် ရသွားတယ်။"
"အကျဉ်းသားတွေကိုလည်း စနေ၊ တနင်္ဂနွေတွေမှာ အလုပ်ခိုင်းလို့ ရှိရင်လည်း အထူး လျှော့ရက်တွေ ပေးရမယ်။ ၁၂ နာရီကနေ နှစ်နာရီ နားချိန် အတွင်းမှာ အလုပ် မခိုင်းရဘူး။ ကလေးထောင်မှာ တုန်းကလည်း အဲဒီနားချိန်မှာ သံပုံးတွေ အလုပ်ခိုင်းတယ်။ ကျမ မမြင်ရပေမယ့် နားချိန်မှာ အလုပ် လုပ်နေရတဲ့ အသံတွေ ကြားနေရတဲ့ အတွက် ကျမ ထောင်အာဏာပိုင်တွေ ဆီမှာ တောင်းဆိုတယ်။ ဒီ ၁၂ နာရီကနေ နှစ် နာရီအတွင်း ထောင်တိုင်း အိပ်ခွင့်ပေးရတဲ့ နားချိန်ကို အလုပ် လုပ်ခိုင်းတဲ့ အတွက် ၁/၉၉ ဥပဒေနဲ့ ငြိတဲ့ အကြောင်း ထောင်ပိုင်ကြီးကို ပြောပြီးတော့ တောင်းဆိုတော့ အဲဒီအချိန်ကို နောက်အမြဲတမ်း နားချိန် ပေးလိုက်ပါတယ်။ အိပ်ချိန်တန် အိပ်ခွင့် ပေးရမယ်။ နားချိန်တန် နားခွင့်ပေးရမယ်။ စနေ၊ တနင်္ဂနွေမှာ အချိန်ပိုခိုင်းရင် လျှော့ရက်ပေးရမယ် ကျမက ဒါတွေ တောင်းဆိုတာပါ။"
"ထောင်အာဏာပိုင်တွေကလည်း သူတို့ အလုပ်ခိုင်းတဲ့ ဥစ္စာကို ကျမသိမှာလည်း တော်တော် စိုးရိမ်တာပါ။ အကျဉ်းသူ အကျဉ်းသား တွေကို ကျန်တဲ့ (၅) ညတွေနဲ့ ပတ်သက်ခွင့် ရှိတယ်။ ကျမနဲ့ မပတ်သက်ရဘူး ဆိုတာ။ အလုပ်ခိုင်းတဲ့ အခါမှာ မပြေလည်တဲ့ အကျဉ်းသူ အကျဉ်းသားတွေ ရှိပါတယ်။ ကျမကို ပြောလို့ရှိရင် ကျမ သိမှာစိုးလို့ သူတို့ကို ထိမှာ စိုးလို့ ကာတာပါ။ အဲဒီတော့ အလုပ်သမား ကိစ္စနဲ့ ပတ်သက်ရင် ကျမသိမှာ စိုးတာတွေ ကာတာတွေတော့ ရှိပါတယ်။ တောင်းဆို တာတွေကို လိုက်လျော ပေးတာတွေလည်း ရှိပါတယ်။"
ထောင်ကလွတ်လာတဲ့နောက်မှာ အခု အပြင်မှာ အသုံးပြုနေတဲ့ လက်ကိုင်ဖုန်းတို့၊ အင်တာနက် တို့ အသုံးပြုဖို့ရော ရှိလားခင်ဗျ။
"ဖုန်းကတော့ လောလောဆယ် ကျမအတွက် လိုအပ်ပါတယ်။ အင်တာနက်တွေ ဘာတွေကတော့ ကျမ မောင်လေးတွေ ကနေ တဆင့်ပဲ သွားပါတယ်။ အခုတော့ မသုံးဖြစ်သေးဘူး။ ကျမရဲ့ လုပ်ငန်းပိုင်း ဆိုင်ရာနဲ့ ဆက်စပ်တဲ့ အရာ အားလုံးကိုတော့ လုပ်တတ် ကိုင်တတ်အောင် ကျမ လုပ်သွားမှာပါ။"
"ကျမ ဘာပဲလုပ်လုပ် အရင်တုန်းက ကျမတို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မရှိတုန်းကတောင်၊ ရုံးက လူကြီးတွေနဲ့ တိုင်ပင်ပြီး လုပ်ပါတယ်။ ကျမတို့ထက် တော်တဲ့၊ တတ်တဲ့ အကိုတွေဖြစ်တဲ့ ကိုမင်းကိုနိုင် တို့နဲ့လည်း တိုင်ပင်ပြီး လုပ်ပါတယ်။ အခု အကိုတွေ မရှိတဲ့ နောက်မှာလည်း ကျမတို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်ပြီး လုပ်မှာပါ။ ဘာပဲလုပ်လုပ် အန်တီကို တိုင်ပင်ပြီး လုပ်မှာပါ။ အန်တီ့ ညွှန်ကြားမှု အောက်မှာပဲ လုပ်သွားမှာပါ။"
မစုစုနွေးမွေးနေ့က ဘယ်တော့လဲ ခင်ဗျ။
"ကျမ အသက်က ၃၉ နှစ်။ မွေးနေ့က ၁၂ လပိုင်း ၁၆ ရက်နေ့ရှင့်။ ကျမမွေးနေ့ကို ခန္တီးထောင်မှာ သွားလုပ်မှာပါ။ ထောင် အာဏာပိုင်တွေ ကိုလည်း ခွင့်တောင်း ထားပါတယ်ရှင့်။"
အခု လွတ်လာပြီဆိုတော့ ရှေ့ဆက် ဘာတွေ ဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ။
"ကျမ အရင်တုန်းကလည်း အလုပ်သမား၊ လယ်သမား၊ ကလေးစစ်သားနဲ့ ပတ်သက်ပြီး တာဝန် ယူထားတာလေ။ ရုံးမှာလည်း ဒီတာဝန်ပဲ ယူထားတယ်။ ကျမတို့က အသက် ၃၅ နှစ်မှာ မြို့နယ် တာဝန်ခံကနေ နားလိုက်ရတယ်လေ။ ကျမ ကျွမ်းကျင်တာ ကလည်း အလုပ်သမား၊ လယ်သမား၊ ကလေးစစ်သား ဒါတွေ ကျွမ်းကျင်တယ်လေ။ အဲဒီတော့ ကျမကို သူတို့ အဲဒီနေရာမှာ ထားပါတယ်။ အဲဒီတော့ ကျမ ရှေ့ဆက်ပြီးတော့လည်း ကျမ ကျန်းမာရေး အရ နားပြီးရင် လုပ်နေကျ အလုပ်တွေကိုပဲ ကျမ ဆက်လုပ်သွားမှာပါ။ ကျမမရှိတဲ့ အချိန်မှာ အလုပ်သမား လယ်သမား ကိစ္စတွေ လုပ်ထားတဲ့လူတွေက အခုကျမကို ဆက်သွယ်နေပါတယ်။ ကျမ ဒါတွေကို ဆင်းပြီးတော့ သူတို့နဲ့ ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်သွားဖို့ရှိပါတယ်။"
ထောင်ကျနေတုန်းက အပြင်မှာ ကျန်နေတဲ့ လုပ်ဖေါ်ကိုင်ဖက်တွေ၊ မိဘဆွေမျိုး မောင်နှမတွေကို သတိရရင် ဘယ်လို ဖြေသိမ့်လဲ။
"ကျမက ညီကိုမောင်နှမတွေကို အလုပ်နဲ့ ခွဲထားပြီးသားပါ။ ထောင်ဝင်စာ လာတွေ့တဲ့ ကျမ အမတွေက ပြောပါတယ်။ ထောင်ကျမှ၊ ထောင်ဝင်စာ လာတွေ့မှ ကျမ မျက်နှာကို တွေ့ရတယ်လို့ ပြောတယ်။ ကျန်တဲ့ အကျဉ်းထောင်တွေ ထဲမှာ ကျနေသူတွေ၊ အန်တီစုနဲ့ တကွ နိုင်ငံရေး လှုပ်ရှား နေသူတွေ၊ ယုံကြည်ချက်ကြောင့် တိုင်းတပါးကို ရောက်နေကြရတဲ့ ကျမတို့ရဲ့ နိုင်ငံရေး အင်အားစုတွေကို ကျမ မနက်တိုင်း အိပ်ယာကထတိုင်း ဘုရားမှာ ဆုတောင်း မေတ္တာပို့ပါတယ်။"
သမ္မတ ဦးသိန်းစိန်ကတော့ အကြောင်းကြောင်းကြောင့် ပြည်ပနိုင်ငံတွေကို ရောက်နေကြတဲ့ မြန်မာနိုင်ငံ သားတွေကို ပြန်လာဖို့ နှုတ်အားဖြင့် ခေါ်ဆိုတာတွေ ရှိတယ်။ တချို့တွေလည်း ပြန်လာသူတွေ ရှိနေပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ မစုစုနွေး အမြင်က ပြန်လာသင့် မလာသင့် ဘယ်လိုမြင်မိလဲ။
"သူတို့ပြောတဲ့ စကားထဲမှာ ဥပဒေနဲ့ မငြိစွန်းတဲ့ လူတွေကိုပေါ့။ လာခွင့်ရပြီးတော့ ဥပဒေနဲ့ ငြိစွန်းတဲ့ လူတွေကြတော့ ဒီဘက်မှာ လျော့ပေါ့ ပြစ်ဒဏ် ကျခံရမယ်လို့ ပါတယ်လေ။ အဲဒီတော့ ကျမပြောချင်တာက တကယ်လို့ ပြင်ပမှာ ရောက်ရှိနေတဲ့ ကျမတို့ရဲ့ နိုင်ငံရေး အင်အားစုတွေက ကျမတို့နိုင်ငံ ဒီမိုကရေစီ ရရှိအောင် ဆောင်ရွက်ရင်းနဲ့ပေါ့။ ကျမတို့ ဒီပြည်တွင်းမှာ နေလို့မရလို့ အစိုးရက ဖမ်းနေလို့ ဟိုဘက်ကနေ အလုပ်လုပ်နေရတာလေ။"
"သူတို့က ဒီမိုကရေစီနိုင်ငံ ဖြစ်နေပြီးတော့ ပြည်တွင်းကို ပြန်ခေါ်တယ်ဆိုရင် မည်သူမဆို ပြန်လာလို့ ရပါတယ်။ ဒီမိုကရေစီ နိုင်ငံ ဖြစ်နေပါပြီ။ ကျနော်တို့နဲ့ အတူတူ လက်တွဲ ဆောင်ရွက်ရအောင်၊ ပြန်လာပါလို့ အဲလိုမျိုးခေါ်တာ မဟုတ်ဘူးလေ။ ပြစ်ဒဏ် ကျခံရမယ်ဆိုတဲ့ ခေါ်တာမျိုးတော့ ကျမအနေနဲ့ မလာစေချင်ဘူး။ တကယ်လို့ ပြစ်ဒဏ် လည်း မကျခံရဘူး။ တိုင်းပြည်နဲ့ ပြည်သူလူထု ကောင်းစားဖို့ လက်တွဲပြီး အတူတူလုပ်မယ် ဆိုတဲ့ ခေါ်တာမျိုး ဆိုရင်တော့ ကျမကတော့ ပြန်လာစေချင်တာပေါ့။ အဲလိုမျိုးပေါ့။"
အလုပ်သမား အခွင့်အရေး ဥပဒေတော့ ထွက်လာပြီ။ ဆန္ဒပြလို့ရပြီ ဆိုတော့ မစုစုနွေး အနေနဲ့ အဲဒီ ဖြစ်ထွန်းမှုအပေါ် ဘယ်လို သုံးသပ်လဲ။
"ကျမ ဒီရန်ကုန်မှာရှိတဲ့ ILO ရုံးကိုလည်း ဖုန်းဆက် ထားပြီးပါပြီ။ ကျမ လွတ်လာတဲ့ အတွက် သူတို့လည်း ဝမ်းသာ နေပါတယ်။ အလုပ်သမား အခွင့်အရေး အတွက် ဆန္ဒပြလို့ရတယ် ဆိုတာမျိုး သူတို့ဘက်က သတင်းတွေထဲမှာ ရေးထားတာတွေ ရှိပါတယ်။ ကျမကတော့ အခုမှ ရန်ကုန်ထဲကို ရောက်လာတာဆိုတော့ သိပ်ပြီးတော့ ဘာမှ မသိရသေးဘူးလေ။ ကျမ ILO သွားမှ သူတို့နဲ့ သဘောတူညီ စာချုပ်မှာ ဘာတွေ ထည့်ထားတယ် ဆိုတာက ILO ရုံးကို သွားပြီးမှ သိမှာလေ။ အခုတော့ ကျမ ကျန်းမာရေးကြောင့် မသွားဖြစ် သေးပါဘူး။"
ခန္တီးထောင်ထဲ နိုင်ငံရေး အကျဉ်းသား ဘယ်သူတွေ ရှိသေးလဲ။ သူတို့ရဲ့ ကျန်းမာရေး အနေအထား ကကော။
"ကျမတို့ ခန္တီးထောင်မှာဆို မိန်းကလေး တယောက်၊ ယောက်ကျားလေး ၁ဝ ယောက်ရှိတယ်။ မန္တလေးက နေပြီး ၈၄ နှစ် ကျထားတဲ့ ဘုန်းဘုန်း တပါးလည်း ရှိတယ်။ အားလုံးက ငှက်ဖျားရောဂါ မိထားတဲ့ လူတွေချည်းပါပဲ။ ကျန်းမာရေးကတော့ ဆေးရုံထွက်ရတဲ့ လူတွေလည်း ရှိပါတယ်။"
"ခန္တီးထောင်က ကျန်းမာရေးစောင့်ရှောက်မှု ဆိုးရွားတဲ့ထောင်ဆိုတော့ ငှက်ဖျားတွေ မိထားကြတဲ့ သူတို့ကို ကျမ တော်တော်လေး စိုးရိမ် ပါတယ်ရှင့်။ ထောင်ဝန်ထမ်းတွေက အစ ဦးနှောက်ထဲ ငှက်ဖျားပိုး ဝင်တာ ခဏခဏ ဖြစ်လို့ လေး၊ ငါး ရက်လောက် သတိလစ် နေလို့ ဆေးရုံတင်ရတဲ့ အခြေအနေတွေ ခဏခဏဖြစ်တယ်။"
"ကျမတို့ (၅) ညတွေလည်း မကြာခဏဖြစ်တော့ ကျမမှာ တတ်နိုင်သလောက် ဗောဇ္ဈင်္ဂသုတ်ကို မကြာခဏ ရွတ်ပေး ရတယ်။ ကျမ အခန်းက နေပြီးတော့။ ငှက်ဖျားပိုးက ဝင်လို့ရှိရင် ဦးနှောက်ထဲ ရောက်တာတို့ ဘာတို့ လုံချည်တွေ ကျွတ်တာတွေ ကျွတ်နဲ့ တော်တော်ဆိုးတယ်။ ဒီထောင်က တခြားထောင်တွေနဲ့ မတူဘူး။ အဲဒါကြောင့် အရမ်း စိတ်ပူတယ်။"
အလုပ်သမားအခွင့်အရေးလိုဟာမျိုးတွေ ရှေ့တန်းတင်ရင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လာဖို့ စိတ်ဝင်စားတာ နည်းသွား လိမ့်မယ်လို့ စောဒက တက်ကြတာအပေါ် မစုစုနွေးက ဘယ်လိုမြင်လဲခင်ဗျ။
"ဒါကတော့ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်သမားက အလုပ်သမား အခွင့်အရေး ဆိုတာ အက်ဥပဒေမှာ ပါပြီးသားပါ။ ဒီရင်းနှီး မြှုပ်နှံတဲ့ လူတွေကို ထိခိုက်နိုင်တဲ့ ဥပဒေ ပြဋ္ဌာန်းထားတာ ရှိတာမှ မဟုတ်တာရှင့်။ အဓမ္မ ခိုင်းစေမှုတွေ အလုပ်တခုကို ခိုင်းတော့မယ်ဆိုရင် သူတို့ကိုခိုင်းတယ်။ သူတို့ ရပိုင်ခွင့် အခွင့်အရေးကို မပေးဘူးဆိုရင် ဒီဘက်က အလုပ်သမား အခွင့်အရေးကို ရှေ့တန်းတင်ပြီး တောင်းဆိုရမှာဖြစ်တယ်။"
"သူတို့ကလည်း အလုပ်သမားအခွင့်အရေးကို လိုက်နာတယ်။ မချိုးဖောက်ဘူး ဆိုလို့ရှိရင်လည်း ကျမတို့က ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူးလေ။ အလုပ်သမားတွေ အခွင့်အရေး လုပ်နေတဲ့ လူတယောက် အနေနဲ့ ကျမက ပြောချင်ပါတယ်ရှင့်။"
Ref: မဇ္ဈိမ
ကလေးမြို့ ကြေညာစာတမ်း ဆက်လက် ရပ်ခံသွားမည်
ကိုပေါက်
သောကြာနေ့၊ အောက်တိုဘာလ ၂၁ ရက် ၂၀၁၁
နယူးဒေလီ (မဇ္ဈိမ) ။ ။ တိုင်းရင်းသားပေါင်းစုံ ပါဝင်သော ညီလာခံ တခု ထပ်မံ ခေါ်ယူလိုသည့် တနှစ် ကြာမြင့်ခဲ့ပြီ ဖြစ်သော ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာ စာတမ်းပါ မူများအတိုင်း ဆက်လက် ရပ်ခံသွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောသည်။
“၂၁ ရာစု ပင်လုံညီလာခံ သို့မဟုတ် ပြည်ထောင်စု စိတ်ဓါတ် ညီလာခံကတော့ မဖြစ်ဖြစ်အောင် လုပ်ရမယ့် ကိစ္စပဲ။ အခု ဖြစ်နေတာတွေလည်း tension လျော့အောင် ဝိုင်းဝန်းပြောကြဆိုကြ၊ လှုပ်ရှားညှိနှိုင်းကြရမှာပဲလေ” ဟု မဇ္ဈိမကို ပြောသည်။
ဦးတင်ဦးနှင့် ဦးဝင်းတင် အပါအဝင် လွှတ်တော်ပြင်ပ တိုင်းရင်းသားပါတီများ၊ ဝါရင့်နိုင်ငံရေး သမားကြီးများ ၁၁ ဦး လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့် အဆိုပါ ကြေညာစာတမ်းတွင် “မြန်မာနိုင်ငံကို တပြည်ထောင် စနစ်လည်း မဟုတ်၊ ခွဲထွက်ရေး စနစ်လည်း မဟုတ်၊ ဒီမိုကရေစီနှင့် လူမျိုးတိုင်း တန်းတူအခွင့်အရေးကို အခြေခံသော ဖက်ဒရယ် ပြည်ထောင်စု စနစ်ဖြင့် တည်ဆောက်ရန် တိုင်းရင်းသား ပြည်သူအားလုံး အတူတကွ လက်တွဲပြီး ဒုတိယ ပင်လုံညီလာခံ ခေါ်ယူ ကျင်းပ သွားကြရမည်။” ဟု ဖော်ပြ ပါရှိသည်။
၂ဝ၁ဝ အောက်တိုဘာ ၂၄ ရက်နေ့တွင် ကျရောက်သည့် ဇိုမီး အမျိုးသားကွန်ဂရက် ZNC တည်ထောင်ခြင်း ၂၂ နှစ် ပြည့်တွင် ‘ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်း’အား ထုတ်ပြန်လိုက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာသည်တွင် ‘၂၁ ရာစု ပင်လုံညီလာခံ’ ဟု ခေါ်တွင် လှုပ်ရှားလာခဲ့ကြသည်။
NLD ရုံးချုပ်တွင် ဟောပြောပွဲများ၊ နှီးနှော ဖလှယ်ပွဲများ ပြုလုပ်ခဲ့ကြသော်လည်း လက်တလော ဖြစ်ပေါ်နေသည့် အရေး ကိစ္စများနှင့် အလုပ်များနေကြောင်း သိရသည်။
ယခုနှစ် ZNC နှစ်ပါတ်လည် အခမ်းအနားကိုလည်း ကလေးမြို့တွင် ကျင်းပရန် စီစဉ်ထားကာ NLD (CEC) နှင့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ALD တို့အား ဖိတ်ကြားထားပြီး NLD လူလတ်ပိုင်း ခေါင်းဆောင်များ တက်ရောက် နိုင်လိမ့်မည်ဟု သိရသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် လက်ရှိအခြေအနေအပေါ် “အရေးအကြီးဆုံး နံပါတ်တစ် ကတော့ဗျာ ဒီလို ပစ်ခတ် တိုက်ခိုက် နေရင်တော့လည်း ဘယ်လိုလုပ်ပြီး ယုံကြည်မှု ရမလဲ။ ဒါကြောင့် အပစ်ရပ်ကြပါ။ မူလနေရာ status quo ပြန်နေပြီးတော့ ဆွေးနွေး နိုင်မယ် ဆိုရင်တော့ အဖြေကောင်း ရနိုင်တယ်လို့ ပြောဆို လှုပ်ရှား နေတာတွေ ရှိပါတယ်” ဟု ဦးတင်ဦးက ပြောသည်။
လွှတ်တော်တွင်းပါတီတခုဖြစ်သည့် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ RNDP နှင့် ပုဂ္ဂိုလ်ချင်း ဆက်ဆံရေးတခု ရရှိ ထားပြီး စစ်ဘက် အပါအဝင် အခြား ပါတီအဖွဲ့အစည်းများ နှင့်ပါ common ground များ တည်ဆောက် သွားခြင်းအားဖြင့် တတိုင်းပြည်လုံး စည်းလုံး ညီညွတ်ရေး တည်ဆောက် သွားမည်ဖြစ်ကြောင်း ဦးတင်ဦးက ပြောသွားသည်။
Ref: မဇ္ဈိမ
ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကို ဖျက်သိမ်းရန် ဒီငြိမ်းတိုင်ကြား
ညီသစ်
သောကြာနေ့၊ အောက်တိုဘာလ ၂၁ ရက် ၂၀၁၁
ရန်ကုန် (မဇ္ဈိမ) ။ ။ လက်ရှိအာဏာရပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအား နိုင်ငံပိုင် ပစ္စည်းများ သုံးစွဲခဲ့သည့် အတွက် နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေနှင့် ငြိစွန်းနေကြောင်း ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားထားကြောင်း သိရသည်။
ကြံ့ခိုင်ရေးပါတီမှာ မူလ မှတ်ပုံတင်စဉ် ကတည်းကပင် မှတ်ပုံတင်ခွင့် မရထိုက်သည့် ပါတီဖြစ်ကြောင်းနှင့် ရွေးကောက် ပွဲတွင် အနိုင် ရခဲ့သည့် ရလဒ်များနှင့် တကွ ပယ်ဖျက်သိမ်းရမည့် ပါတီဖြစ်ကြောင်း အောက်တိုဘာလ ၁၄ ရက်က ရွေးကောက်ပွဲ ကော်မရှင်သို့ ပေးပို့ခဲ့သည့် တိုင်ကြားစာတွင် ပါရှိသည်။
“ဘာကြောင့်ဒီလိုပြောရလဲဆိုတော့ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၂နဲ့ ငြိစွန်းနေတယ်။ အဲဒါက နိုင်ငံပိုင် ငွေကြေး၊ အဆောက်အအုံ၊ ယာဉ် အစရှိတာကို သုံးစွဲနေတဲ့ ပါတီလို့ ဆိုတယ်။ ကြံခိုင်ဖွံ့ဖြိုးရေး အသင်းကနေ ပြောင်းပြီး ပါတီဖွဲ့တာ ဖြစ်တဲ့အတွက် နိုင်ငံငွေကြေး များစွာ ပါဝင်တယ်။ ကျပ်သန်း ကုဋေများစွာနဲ့ အသင်းကို ပါတီအဖြစ် ဖွဲ့စည်းထားတာ” ဟု ဒီငြိမ်းပါတီ အတွင်းရေးမှူး ဦးမျိုးညွန့်က မဇ္ဈိမကို ပြောသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ (က) တွင် “နိုင်ငံတော်ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက် အအုံ၊ ယာဉ်၊ ပစ္စည်း တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့် ဖြစ်စေ ရယူသုံးစွဲသည့် အဖွဲ့အစည်း ဖြစ်ကြောင်း တွေ့ရှိခြင်း” ပါက ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိဟု ပြဋ္ဌာန်းထားသည်။
ယင်းအချက်နှင့် ကိုက်ညီပါက ကော်မရှင်သည် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ယင်း ပါတီကို လည်း ဖျက်သိမ်း ရမည် ဖြစ်သည်။
“ဒီကိစ္စနဲ့ ပတ်သတ်ပြီး တရားဝင် စာရင်းရှင်းတာ မတွေ့ရဘူး။ အရင်ခေတ်က မဆလကနေ အသွင် ပြောင်းလာတဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည) ဆိုရင် ပါတီဖွဲ့တော့ စာရင်းရှင်းတာ ရှိခဲ့တယ်“ ဟု ဦးမျိုးညွန့်က အောက်တိုဘာလ ၁၇ ရက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။
တိုင်ကြားမှုနှင့် ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ မည်သည့် တုံ့ပြန်မှုမှ ပြုလုပ်သေးခြင်း မရှိသေးပေ။
ဒီငြိမ်းပါတီက သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ၂ဝ၁ဝ ရွေးကောက်ပွဲ တခုလုံး အား ခြုံငုံ သုံးသပ်ပါက လွတ်လပ် တရားမျှတသော ရွေးကောက်ပွဲ မဟုတ်ကြောင်းလည်း ဖော်ပြထားသည်။
အာဏာသိမ်းအစိုးရက ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလတွင်းက ရွေးကောက်ပွဲများ ကျင်းပပေးခဲ့သော်လည်း အသွင်ပြောင်း ကြံ့ခိုင်ရေး ပါတီမှာ အငြင်းပွားဖွယ်ရာ မဲရလဒ်ဖြင့် အနိုင်ရသွားခဲ့သည်။
ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီသည် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ကာလက ကိုယ်စားလှယ် ကိုးဦး ပါဝင် ယှဉ်ပြိုင် ခဲ့သော်လည်း တဦးမျှ အနိုင် မရရှိခဲ့ချေ။
ပါတီ၏ ကြေညာချက်တွင် သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှု၊ စီးပွားရေးပြုပြင် ပြောင်းလဲမှုများ အတွက် အလုပ်ရုံ ဆွေးနွေးပွဲများ ဆောင်ရွက်ပေးခြင်းနှင့် နိုင်ငံရေးအကျဉ်းသား လွှတ်ပေးမှုတို့အပေါ် ကြိုဆိုကြောင်း လည်း ပါရှိသည်။
ယင်းအပြင် “တူတာတွဲလုပ်၊ မတူတာ ညှိနှိုင်းလုပ်” မူဖြင့် ပြည်ထောင်စုအစိုးရနှင့် အားတက်သရော ပူးပေါင်း ဆောင်ရွက် သွားမည်ဟုလည်း ကြေညာချက်က ဆိုသည်။
အာဏာသိမ်းအစိုးရက ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလတွင်းက ရွေးကောက်ပွဲများ ကျင်းပပေးခဲ့သော်လည်း အသွင်ပြောင်း ကြံ့ခိုင်ရေး ပါတီမှာ အငြင်းပွားဖွယ်ရာ မဲရလဒ်ဖြင့် အနိုင်ရ သွားခဲ့ခြင်း ဖြစ်သည်။
Ref: မဇ္ဈိမ
ကတိတည်ကြရန် တရုတ်က မြန်မာကို သတိပေး
ကိုပေါက်
သောကြာနေ့၊ အောက်တိုဘာလ ၂၁ ရက် ၂၀၁၁
နယူးဒေလီ (မဇ္ဈိမ) ။ ။ တရုတ်-မြန်မာ ပူးတွဲ စီမံချက်များအား အကောင်အထည် ဖော်ရန်အတွက် နှစ်နိုင်ငံ ကတိကဝတ်များ တည်ကြရန် တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်က ပြောဆို လိုက်သည်။
တရုတ်နိုင်ငံသို့ ရောက်ရှိနေသော မြန်မာ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးအား ကြာသပတေးနေ့က လက်ခံ တွေ့ဆုံပြီး ယခုကဲ့သို့ ပြောကြား လိုက်ခြင်း ဖြစ်ကြောင်း တရုတ်ပြည်သူ့ နေ့စဉ် သတင်းစာတွင် ဖော်ပြ ပါရှိသည်။ မြန်မာ သမ္မတ ဦးသိန်းစိန်က ဧရာဝတီ မြစ်ဖျားရှိ မြစ်ဆုံ ရေကာတာ စီမံကိန်းကို ရပ်ဆိုင်းကြောင်း ရုတ်တရက် ကြေညာလိုက်သည့် နောက်ဆက်တွဲ အနေဖြင့် ထွက်ပေါ် လာခြင်းဖြစ်သည်။
“နှစ်နိုင်ငံခေါင်းဆောင်များ ကျေလည် သဘောတူထားသည့် စီမံချက်များ အကောင်အထည် ဖော်ရန် အတွက် ကတိ တည်ကြရန်နှင့် ကျန်းမာစွာ ဖွံ့ဖြိုးနေတဲ့ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ခိုင်မာစေရန် နှစ်နိုင်ငံလုံး အလေးထား လုပ်ဆောင်ကြဖို့ လိုပါတယ်” ဟု ဝမ်ကျားပေါင်က ပြောသည်။
မကြာမီက ရပ်နားထားရသည့် မြစ်ဆုံ စီမံကိန်းဟု ထည့်သွင်း မပြောဆိုသော်လည်း ဤကိစ္စ ဆွေးနွေးဖွယ် ရှိကြောင်း မြန်မာ အရာရှိများက တင်ကြို ခန့်မှန်းထားကြသည်။
တရုတ်ပြည်တောင်ပိုင်း နန်ကင်းမြို့ရှိ တရုတ်-အာဆီယံ ကုန်စည်ပြပွဲသို့ တက်ရောက်ရန် ရောက်ရှိနေသော ဦးတင်အောင်မြင့်ဦးက “ပြဿနာများ ဖြေရှင်းနိုင်ရန် နည်းလမ်းများအား ကြိုတင် ရှာကြံသွားမည် ဖြစ်ကြောင်း” ပြောဆိုခဲ့သည်ဟု သတင်းစာတွင် ဖော်ပြပါရှိသည်။
ဒေါ်လာ သန်း ၃.၆ ထောင်တန် မြစ်ဆုံ စီမံကိန်းအား ချောင်ထိုးထားရသည်မှာ မြန်မာပြည်ရှိ များပြားလှသော တရုတ် အကျိုး စီးပွားများအား မကြုံစဖူး စိန်ခေါ်ချက် တခုဖြစ်ကြောင်း ပီကင်းမှ လာသည့် Reuters သတင်း တပုဒ်တွင် ရေး သားထားသည်။
မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်သည့် အပေါ် ဥပဒေအရ ရင်ဆိုင် ဖြေရှင်းသွားမည်ဟု တာဝန်ယူ အကောင်အထည် ဖော်နေသည့် တရုတ် ကုမ္ပဏီ CPI က အတိအလင်း ပြောဆိုခဲ့ပြီး ဖြစ်သည်။ အလားတူ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာနကလည်း ၎င်းတို့ ကုမ္ပဏီများ၏ အကျိုးစီးပွား အတွက် ထည့်သွင်း စဉ်းစားပေးရန် ထုတ်ပြန် ခဲ့သေးသည်။
CPI နှင့် မြန်မာအမှတ် ၁ လျှပ်စစ်ဝန်ကြီးဌာနတို့ ဒီဇင်ဘာ ၂၀၀၆ ခုနှစ်တွင် နားလည်မှု စာချွန်လွှာ ရေးထိုး ခဲ့ပြီး မတ်လ ၂ဝဝ၉ ခုနှစ်တွင် ရေအားလျှပ်စစ် ထုတ်လုပ်ရေး သဘော တူညီချက်များပါ နှစ်နိုင်ငံ အကြား ရေးထိုး ခဲ့ကြသည်။
ဖိအားအမျိုးမျိုးကြောင့် သမ္မတ ဦးသိန်းစိန်က လွန်ခဲ့သည့် စက်တင်္ဘာ ကုန်ပိုင်းမှစကာ စီမံကိန်းအား ရပ်ဆိုင်း ထားစေခဲ့ရသည်။
စီမံကိန်း ဆောက်လုပ်ရေး လုပ်ငန်းများ ရပ်ဆိုင်းလိုက်ရပါက မူလရင်းနှီးမြှုပ်နှံမှု တန်ဖိုးထက် အကုန်အကျ ပိုလာ မည်ဖြစ်ပြီး မြန်မာ အစိုးရက စီမံကိန်းမှ ရရှိမည့်ငွေဖြင့် ပြန်ဆပ်ရန် ရည်ရွယ်ထားသော ၂ဝ၁၁ ခု နှစ်ဆန်းပိုင်း တရုတ် နိုင်ငံထံမှ ချေးငွေ သဘော တူညီချက်ကို ထိခိုက်မည်ဟု CPI ဥက္ကဋ္ဌက အောက်တိုဘ ၃ ရက်နေ့တွင် ထည့်သွင်း ပြော ဆိုထားသည်။
Ref: မဇ္ဈိမ
ယုံကြည်ချက်အတိုင်း ဆက်လျှောက်ရန် ဒေါ်စုတိုက်တွန်း
ထွန်းထွန်း
သောကြာနေ့၊ အောက်တိုဘာလ ၂၁ ရက် ၂၀၁၁
နယူးဒေလီ (မဇ္ဈိမ) ။ ။ လွတ်မြောက်လာသူ အကျဉ်းသားများအနေဖြင့် မိမိယုံကြည်ချက် လမ်းကြောင်း အတိုင်း ဆက်လုပ် သွားမည်ဟု မျှော်လင့်ကြောင်းနှင့် ဆက်လုပ်ရန် အတွက်လည်း အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။
ဝါရင့်နိုင်ငံရေး သမားကြီးများ ကန်တော့ပွဲနှင့် လွတ်မြောက်လာသူ အကျဉ်းသားများ ကြိုဆိုပွဲ နှစ်ခုကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရုံးတွင် အောက်တိုဘာလ ၂၁ ရက် ကျင်းပခဲ့ရာ၌ ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“အကျဉ်းထောင်ထဲမှာလည်းပဲ ကြံ့ကြံ့ခံပြီးတော့ ရပ်တည်ပြီးတော့ အခု လွတ်မြောက်လာတယ်။ လွတ်မြောက် လာတဲ့ နေရာမှာ မိမိ မူလ ယုံကြည်တဲ့ နိုင်ငံရေး တာဝန်တွေကို ဆက်လက်ပြီးတော့ ထမ်းဆောင် ကြမယ်လို့ သူက မျှော်လင့် ပြီးတော့ ကြိုဆိုပါတယ်တဲ့။ အဲဒီလို ထမ်းဆောင် ပါလို့လည်း တိုက်တွန်း ချင်ပါတယ်” ဟု လူထု ခေါင်းဆောင်က ပြောဆိုခဲ့ကြောင်း NLD ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။
သက်ကြီးပူဇော်ပွဲကို စတင် ကျင်းပခဲ့ဖြစ်ကာ လွတ်လပ်ရေး တိုက်ပွဲများမှ ယနေ့ အချိန်အထိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ဒီမိုကရေစီရေး လုပ်ဆောင်နေသည့် ဝါရင့် နိုင်ငံရေးသမားကြီး ရှစ်ဦးကို ဖိတ်ကြား ဂုဏ်ပြုခဲ့ခြင်း ဖြစ်သည်။
ဂုဏ်ပြုခံ နိုင်ငံရေး သမားကြီးများမှာ ဦးနိုင်ငွေသိန်း၊ သခင်လှကွန်း၊ ဦးသာဘန်း၊ ဗိုလ်အောင်နိုင်၊ ဦးအုန်းမောင် (ရွှေတောင်)၊ ဦးကျော်စိန်နှင့် ဦးထွေးမြင့်တို့ ဖြစ်သည်။
ယင်းပွဲသို့ NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဝါရင့်နိုင်ငံရေး သမားကြီးများ၊ ပြည်နယ်/ တိုင်းများမှ ပါတီအဖွဲ့ဝင် စုစုပေါင်း ၁,၅၀၀ ခန့် တက်ရောက်ခဲ့ကြသည်။ ယင်းတို့ထဲတွင် မကြာမီက လွတ်မြောက်လာသည့် လူရွှင်တော် ကိုသူရ (ခ) ဇာဂနာ၊ NLD ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည့် ဦးကျော်ခင် (တောင်ကြီး) နှင့် ဦးစောလှိုင် (အင်းတော်) အပါအဝင် အကျဉ်းသား ၁၀၀ ခန့်လည်း ပါရှိသည်။
“အခု ထောင်ထဲမှာ သူလွတ်ပေမယ့်လို့ လုပ်ဖော်ကိုင်ဘက်တွေပေါ့ဗျာ။ လုပ်ဖော်ကိုင်ဘက်တွေ အားလုံးပေါင်း၊ နိုင်ငံရေး သမားတွေ အားလုံးပေါင်း (၁၈၀၀) လောက် ကျန်နေ သေးတယ်တဲ့။ အဲဒီ ၁၈၀၀ လောက်ကို မကြာခင် ပြန်လွှတ် ပေးမယ်လို့ သူယုံကြည် နေတယ်တဲ့။ လွှတ်ပေးပါလို့လည်း တောင်းဆိုတယ်တဲ့” ဟု ကိုဇာဂနာက ပြောဆို ခဲ့သည်။
ယင်းအပြင် မကြာခင်တွင် ကျန်ရှိနေသည့် အကျဉ်းသားများ လွတ်မြောက်လာမည်ဟု မျှော်လင့်ကြောင်းနှင့် ကြိုဆို ပွဲကိုလည်း အောင်ဆန်းကွင်းတွင် ကျင်းပမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။
“သူ အခု တခါတည်း ကြေညာလိုက်ချင်ပါတယ်တဲ့။ နောင် လွတ်လာမယ့် ညီတော်နောင်တော်တွေ ကြိုဆိုပွဲကို မကြာခင် လုပ်ပါမယ်တဲ့။ အောင်ဆန်းကွင်းမှာ ပါတဲ့။ ဖိတ်ပါတယ်တဲ့” ဟု ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ဆိုသည်။
အောက်တိုဘာလ ၁၂ ရက်နေ့က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ထောက်ခံချက်ဖြင့် နိုင်ငံတဝန်း အကျဉ်းသား (၆၃၅၉) ဦးလွှတ်ပေးသည့် အစီအစဉ်အောက်တွင် နိုင်ငံရေး အကျဉ်းသား (၂၀၀) ကျော် ပါဝင်ခဲ့သည်။
NLD အနေဖြင့် လူမှု အထောက်အကူပြု လုပ်ငန်း ရန်ပုံငွေနှင့် နိုင်ငံရေး လှုပ်ရှားမှု အဖြစ် ပန်းချီပြပွဲ တခုကို အောက်တိုဘာလ ၂၃ မှ စ၍ သုံးရက်ကြာ ပြုလုပ်သွားမည်ဟု သိရသည်။
“အဖွဲ့ချုပ်ရဲ့ လူမှုကူညီရေး ကိစ္စတွေ အတွက် ရန်ပုံငွေ ရရှိဖို့လည်း ဖြစ်တယ်။ နောက်တခုကတော့ နိုင်ငံရေး လှုပ်ရှားမှု တခု အဖြစ်နဲ့ ရည်ရွယ်ပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု ပါတီပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြော သည်။
“The Portraits of Myanmar People Art Show” ဟု အမည်ပေးထားသည့် ယင်းပြပွဲကို ပါတီ သတင်းနှင့် ပြန်ကြားရေးနှင့် ပြင်ပ ပန်းချီ ပညာရှင်များ ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်ကာ ပန်းချီဆရာများ ဖြစ်သည့် ဦးဝင်းဖေမြင့်၊ တင်အောင်ကျော်၊ ထင်လင်းနိုင်၊ သန္တာခိုင်၊ ကြည်သာအေး၊ ကျော်လင်း၊ ဖိုးစံတို့၏ ဆီဆေး၊ Acrylic ၊ ခဲပန်းချီ လက်ရာ ပန်းချီးကားများ ပါဝင်မည်သည်။
လက်ရှိ စုဆောင်းထားမှု အရ ပန်းချီကား (၅၀) ခန့်ရှိနေပြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ လူထု စိန်ဝင်း၊ တေးရေးဆရာ ကိုနေဝင်း စသူတို့၏ ပုံတူ ပန်းချီကားများလည်း ပါဝင်မည် ဖြစ်သည်။
ပြည်ပမှ ဝယ်ယူလိုသူများ အနေဖြင့်လည်း ပါတီသတင်းနှင့် ပြန်ကြားရေးသို့ ဆက်သွယ်နိုင်ကာ ပါတီမှ ကူညီ ဆောင်ရွက် ပေးနေသည့် ပညာရေး၊ ကျန်းမာရေးနှင့် အကျဉ်းသား ကူညီရေး လုပ်ငန်းများတွင် အသုံးပြုသွားမည် ဖြစ်သည်။
Ref: မဇ္ဈိမ
တူရကီငလျင် လူတရာကျော်သေဆုံး
တနင်္ဂနွေ, 23 အောက်တိုဘာ 2011
တူရကီနိုင်ငံ အရှေ့တောင်ပိုင်းမှာ ပြင်းထန်တဲ့မြေငလျင်တစ်ခု လှုပ်သွားတာကြောင့် လူအနည်းဆုံး ၁၃၈ ဦး သေဆုံးပြီး လူ ၃၅၀ ဒဏ်ရာ ရရှိ သွားပါတယ်။ ဗန် ပြည်နယ်မှာ မနေ့ကနေ့လည်ပိုင်းက ပြင်းအား ၇ ဒဿမ ၂ ရှိတဲ့ ငလျင် လှုပ်သွားပြီး နာရီပေါင်းများစွာ ကြာတဲ့အထိ ကယ်ဆယ်ရေး လုပ်သားတွေဟာ အမှောင်ထဲမှာ မီးအားပေးစက်တွေ သုံးပြီး ပျောက်ဆုံး နေသူတွေကို ရှာဖွေ နေကြပါတယ်။
ငလျင်ကြောင့် လျှပ်စစ်မီးတွေလည်း ပြတ်တောက်ခဲ့ရသလို အထပ်မြင့် အဆောက်အဦး တွေလည်း ပြိုကျ ခဲ့ရပါတယ်။ Ercis ဆိုတဲ့မြို့ကတော့ အထိအနာဆုံး ဖြစ်ပြီး နောက်ပိုင်းမှာ အင်အားပြင်း နောက်ဆက်တွဲ မြေငလျင်တွေလည်း လှုပ်ခဲ့ ပါသေးတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ အစ္စရေး အပါအဝင် နိုင်ငံတွေက အကူအညီ ပေးထားကြပြီး ဒီမြေငလျင် သတင်းကို အမေရိကန် ပြည်ထောင်စုက ဂရုတစိုက် စောင့်ကြည့်နေ ပါကြောင်းနဲ့ ဒီလို ဒုက္ခကြုံရတဲ့ အချိန်မျိုးမှာ တူရကီနဲ့အတူ ရင်ဘောင်တန်း ရပ်တည် နေပါကြောင်း အမေရိကန်သမ္မတ ဘရက်အိုဘားမားက ပြောပါတယ်။
ပြိုကျတဲ့အဆောက်အဦးတွေထဲမှာ ဟော်တည်တွေနဲ့ အဆောင်တစ်ခုလည်း ပါဝင်ပါတယ်။ ငလျင်လှုပ်ပြီး နာရီပေါင်း များစွာ ကြာတဲ့အထိ အပြိုအပျက် ပုံအောက်တွေထဲမှာ ပိမိ နေသူတွေရဲ့ ညည်းညူသံတွေ ကြားနေ ရတယ်လို့ ကိုယ်တွေ့ ကြုံခဲ့သူတွေက ပြောကြပါတယ်။ Ercis မြို့တော်ဝန်က အရေးပေါ် အကူအညီပေးဖို့ တောင်းဆိုထားပြီး သူ့မြို့မှာ သေဆုံးသူ တော်တော် များတယ်လို့ ပြောသွားပါတယ်။
Ref: VOA News
ပခုက္ကူ ရေဘေး ၅၈ ဦးသေ၊ ၃၂၀ ပျောက်ဆုံး
ဖနိဒါ
သောကြာနေ့၊ အောက်တိုဘာလ ၂၁ ရက် ၂၀၁၁
ချင်းမိုင်(မဇ္စျိမ) ။ ။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မကွေးတိုင်း ပခုက္ကူမြို့ အရှေ့ဘက် ရွှေချောင်းချောင်း ထဲ မျောပါ သေဆုံးသူမှာ သောကြာနေ့ မွန်းတည့်ချိန်အထိ ၅၈ ဦးအထိ ရှိသွားပြီဖြစ်ကာ လူ ၃၂၀ ပျောက်ဆုံး နေဆဲ ဖြစ်သည်ဟု အစိုးရအရာရှိများက ပြောသည်။
မိုးရွာသွန်းမှုကြောင့် ရွှေချောင်းနံဘေးမှ ကွက်သစ် ခေါ် ကျူးကျော်ရပ်ကွက်ဟု ခေါ်တွင်သည့်ဒေသမှ အိမ်ခြေ အနည်းဆုံး ၅၀၀ ခန့် ချောင်းထဲ မျောပါသွားခဲ့သည်။ ပျောက်ဆုံးနေသူပေါင်း ၃၂၀ ကျော်ရှိ နေသေးသည်ဟု ပခုက္ကူ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်က မဇ္ဈိမ သတင်းထောက်ကို ပြောသည်။
“ချောင်းရိုးတလျှောက်က အိမ်ခြေတွေက တချို့နေရာတွေမှာ ကိုက် ၄၀၀၊ ၅၀၀ လောက် မြေကြီး ပြိုသွားတာ။ ၁၅ ပေ၊ ၂၀ လောက် မြေက နိမ့်ပြီးတော့ ရေတိုက်စားပြီးတော့ အိမ်တွေ ပြိုသွားတာ။ အားလုံးပေါင်း အိမ်က ၅၀၀ လောက်က ပါသွားတယ်” ဟု ဒေသခံ တဦးက ပြောသည်။
ရေဘေး ဒုက္ခသည်များ အတွက် ပခုက္ကူမြို့တွင် တိလောကရာမ၊ မိုးကုတ်ကျောင်း၊ မသတောင်၊ ကျောက်မီးကျောင်း စသည့် ဘုန်းကြီးကျောင်း လေးကျောင်းတွင် ဖွင့်လှစ်ထားသည်။
ယင်းအပြင် ပခုက္ကူမှ မန္တလေးမြို့ဘက်ထွက်ခွာရာတွင် အဓိကဖြစ်သည့် ရွှေချောင်းချောင်း ကွန်ကရက် တံတား မှာလည်း ကျိုးပြတ် သွားသဖြင့် ခရီးသည်တင် ကားများ သွားလာမှု ရပ်ဆိုင်း ထားရသည်ဟု ဒေသခံများထံမှ သိရ သည်။ ပခုက္ကူမြို့ မီးသတ် တပ်ဖွဲ့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများက အရေးပေါ်လမ်း တခု ဖောက်လုပ်လျက် ရှိပြီး ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်လျက် ရှိသည်။
ပေါက်မြို့နယ် ယောချောင်းဘေးရှိသော ရွာများဖြစ်သည့် မြစ်ဖျား ၊ ပျဉ်းကျောင်း၊ ကျောင်းကုန်း၊ နသာ၊ကျွန်ပင်း၊ မီးချောင်းတွင် ၊ လေးတိုင်း၊ လှည်သာ၊ ကမွန်းထောင့်၊ သဖန်းထောင့် ၊စညောင်း၊ ဒဲ့ဖျား ၊ လျည်းကျ ၊ ကျကွဲ။ အရှေ့ကဖြူ ၊အနောက်ကဖြူ ၊ တောင်ဘလူ၊ ရမာ ၊ ကျခန်း ကျေးရွာများ ရေဘေးသင့်ခဲ့သည်ဟု ဆိုသည်။
ကြာသပတေးနေ့ညနေပိုင်းက ပခုက္ကူမြို့ပေါ် ရပ်ကွက်ထဲတွင် မုန်းတိုင်း အဖျားခတ် လိမ့်မည်ဟု ပခုက္ကူမြို့ ရပ်ကွက် အာဏာပိုင်များက သတိထားကြရန် သတိပေး ကြေငြာ ခဲ့သေးသည်။
Ref: မဇ္ဈိမ
ဂဒါဖီအုပ်စိုးမှု အဆုံးသတ်ကြောင်း လစ်ဗျားကြေညာ
တနင်္ဂနွေ, 23 အောက်တိုဘာ 2011
လစ်ဗျားနိုင်ငံဟာ ဂဒါဖီရဲ့ ၄၂ ကြာအုပ်ချုပ်မှုကနေ လွတ်မြောက်ခဲ့ပြီလို့ နိုင်ငံအရှေ့ပိုင်း ဘန်ဂါဇီမြို့က အခမ်း အနားမှာ လစ်ဗျား ယာယီ ခေါင်းဆောင်တွေက ကြေညာ လိုက်ပါတယ်။ အဲဒီ အခမ်းအနားကို လူပေါင်း သောင်းနဲ့ချီပြီး တက်ရောက် ခဲ့ကြပါတယ်။
အမျိုးသား အသွင်ကူးပြောင်းရေးကောင်စီရဲ့ ခေါင်းဆောင် မူစတာဖာ အဗ္ဗဒဲလ် ဂျလေး (Mustafa Abdel Jalil) က “ဂဒါဖီခေတ်လွန် ကာလတွေမှာ အစ္စလာမ် ဥပဒေတွေကသာ ဥပဒေပြုဖို့ အတွက် အဓိက အရင်းအမြစ်တွေ ဖြစ်မယ်လို့” - လစ်ဗျား ပြည်သူတွေကို တနင်္ဂနွေနေ့က ပြောလိုက်ပါတယ်။ လစ်ဗျားနိုင်ငံကို စတင် ပြန်လည်တည်ဆောက်မှာ ဖြစ်တဲ့အတွက် လစ်ဗျား ပြည်သူတွေ အနေနဲ့ အမုန်းတရား တွေကို ပယ်ဖျက်ဖို့ သူက တိုက်တွန်း လိုက်ပါတယ်။
လစ်ဗျားပြည်သူတွေဟာ ၁၉၆၉ ခုနှစ်တုန်းက ဂဒါဖီ ဖြုတ်ချခဲ့တဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်တုန်းက သုံးခဲ့တဲ့ လစ်ဗျား အလံတွေကို ဝှေ့ယမ်းပြီး အောင်ပွဲ ခံခဲ့ကြပါတယ်။ သူ့ရဲ့ မိန့်ခွန်းထဲမှာတော့ မစ္စတာဂျလေးက ဒီတော်လှန်ရေး အတွင်း အသက် ပေးသွားခဲ့တဲ့ အတိုက်အခံ တပ်ဖွဲ့ဝင်တွေနဲ့ ထောင်ပေါင်းများစွာသေ ဆန္ဒပြသူတွေကို ဂုဏ်ပြုခဲ့ပြီး သူတို့ဘက်က ကူပြီး တိုက်ပေးခဲ့တဲ့ နေတိုးနဲ့ အာရပ် နိုင်ငံတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။
တခြားသတင်းတစ်ပုဒ်မှာတော့ ဆီရီးယားအစိုးရအနေနဲ့ ဆန္ဒပြသူတွေကို ဆက်ပြီး အကြမ်းဖက် ဖြိုခွင်းနေမယ် ဆိုရင် အရေးယူ ပိတ်ဆို့တာတွေကို ဆက်လုပ် သွားမယ်လို့ ဥရောပ သမဂ္ဂက ခြိမ်းခြောက် လိုက်ပါတယ်။
Ref: VOA News
ကဒါဖီ ဇာတ်သိမ်းအပေါ် မြန်မာများ သံဝေဂယူ
ခင်ဦးသာ
October 21, 2011
ပြည်သူလူထုကို မတရားဖိနှိပ် အုပ်ချုပ်ခဲ့ကြသော အာဏာရှင်များ၏ နောက်ဆုံး အချိန် ဘ၀ ခရီးလမ်းသည် ဇာတ်သိမ်း မကောင်း တတ်ကြောင်း ကဒါဖီ သေဆုံးမှုနှင့်ပတ်သက်၍ သတင်းဆရာကြီး ဦးဝင်းတင် က ဧရာဝတီ ကို ပြောသည်။
“အာဏာရှင်တွေဟာ ကဒါဖီလို၊ ဆက်ဒမ်ဟူစိန်လိုမျိုး အသေဆိုးနဲ့သေရင်သေ၊ မဟုတ်ရင်လည်း နိုင်ငံရေးမှာ အညတရ ဘ၀ နဲ့ လူမသိ၊ သူမသိ ဘ၀နဲ့ နိဂုံးချုပ်ရပါတယ်၊ သမိုင်းရဲ့ ဒဏ်ခတ်တာခံရတယ်၊ ခေါင်းမာတဲ့ အာဏာရှင်ဟောင်း ဦးနေ၀င်း လိုမျိုးပေါ့”ဟု ၎င်းက ဆိုသည်။
လစ်ဗျားနိုင်ငံအား နှစ်ပေါင်း ၄၂ နှစ်နီးပါး အုပ်ချုပ်ခဲ့သော ဗိုလ်မှူးကြီး ကဒါဖီသည် မနေ့က သေဆုံး သွားခဲ့ပြီ ဖြစ်သည်။
လစ်ဗျားပြည်သူလူထုအပေါ် အာဏာရှင်အဖြစ် အချိန်ကြာမြင့်စွာ အုပ်ချုပ်ခဲ့ပြီး ၎င်း၏ ဇာတိဖြစ်သော ဆာ့တ် မြို့၌ လက်ရှိ အာဏာရ ကြားဖြတ် အစိုးရ စစ်တပ်၏ တပ်ဖွဲ့ဝင်များက အရှင် ဖမ်းမိခဲ့ပြီးမှ အသေ သတ်ပစ်ခဲ့ဟန် ရှိသည်။
လစ်ဗျားနိုင်ငံ ကြားဖြတ်အစိုးရ သစ်က ကဒါဖီ သေဆုံးသွားပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည့် အပြင် လစ်ဗျားပြည်သူ ထောင်ပေါင်း များစွာကလည်း အောင်ပွဲခံမှုများ ပြုလုပ်ခဲ့ကြသည်။
ဗိုလ်မှူးကြီး ကဒါဖီသည် ၎င်း၏ အသက် ၂၇ နှစ်အရွယ် ၁၉၆၉ ခုနှစ်တွင် လစ်ဗျားနိုင်ငံအား အာဏာ သိမ်းပိုက်၍ အုပ်ချုပ် ခဲ့ပြီး ယခု အသက် ၆၉ နှစ်အရွယ်တွင် ဘ၀နိဂုံး ချုပ်သွား ခဲ့ရခြင်းဖြစ်သည်။
အာဏာသိမ်းပြီးနောက် အနောက်နိုင်ငံများ အပါအ၀င် ကမ္ဘာ့နိုင်ငံအများစုတို့နှင့် ဆက်ဆံရေး အဆင်မပြေ ခဲ့သည့်အပြင် နိုင်ငံ တကာ အကြမ်းဖက် မှုများ ကျူးလွန်ခဲ့ခြင်း၊ နောက်ကွယ်မှ ထောက်ပံ့ ပေးခြင်းများ လုပ်ခဲ့ကြောင်း သတင်းများ ထွက်ခဲ့သည်။
အီရတ်အာဏာရှင် ဆက်ဒမ်ဟူစိန် ပြုတ်ကျခဲ့ပြီးနောက် ဗိုလ်မှူးကြီး ကဒါဖီသည် သဘောထား ပြောင်းလဲ လာဟန် ပြသခဲ့ပြီး ၂၀၀၃ ခုနှစ် ၀န်းကျင်က စ၍ အမေရိကန် အစိုးရ၊ အနောက် အုပ်စုများနှင့် ဆက်ဆံရေး ပြန်လည် ကောင်းမွန်ခဲ့ကာ နိုင်ငံတကာ မီဒီယာများနှင့် ထိတွေ့မှု များလာခဲ့သည်။
ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ တူနီးရှားနိုင်ငံက စတင်ခဲ့သော အရှေ့အလယ်ပိုင်း ဒေသ နိုင်ငံများအတွင်း အာဏာရှင် ဆန့်ကျင် ရေး လူထု အုံကြွမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံကို နှစ်ပေါင်း ၃၀ ၀န်းကျင် အုပ်ချုပ်လာခဲ့သူ အီဂျစ် သမ္မတ အာဏာရှင် မူဘာရက် နုတ်ထွက် ပေးခဲ့ရသည်။
လစ်ဗျား ပြည်သူလူထုကလည်း အာဏာရှင် ကဒါဖီအား ရာထူးမှ ဆင်းပေးရန် တောင်းဆိုခဲ့ကြရာ ပြည်သူများအား စစ်တပ်ဖြင့် နှိမ်နင်းခဲ့ခြင်း၊ ၎င်းအား ဆန့်ကျင်သူများကို တအိမ်တက် တအိမ်ဆင်း ချေမှုန်းပစ်မည်ဟု ကြိမ်းဝါးခြင်း များကို ကဒါဖီက ပြုလုပ် ခဲ့သည်။
လူထုအုံကြွမှုကြောင့် ပြည်သူများ သတ်ဖြတ်ခံခဲ့ရပြီး စစ်တပ်၊ အစိုးရ အဖွဲ့တို့အကြား သဘောကွဲလွဲမှုများ ဖြစ်ပေါ်ကာ ၀န်ကြီး တချို့နှင့် သံတမန် တချို့ နုတ်ထွက်ခဲ့ကြသည်။ ကဒါဖီ ၏ ဇနီး၊ သမီး၊ သားနှင့် မိသားစုဝင် များကမူ ပြည်ပသို့ ထွက်ပြေး တိမ်းရှောင် လွတ်မြောက် ခဲ့ကြသည်။
အာဏာရှင် ကဒါဖီ သေဆုံးမှုနှင့်ပတ်သက်၍ ပြည်သူ့ခေတ် ဂျာနယ်၏ အတိုင်ပင်ခံ အယ်ဒီတာနှင့် သတင်းစာ ဆရာ မောင်ဝံသ က“ပြည်သူက ရွေးကောက် တင်မြှောက်တာ မဟုတ်ဘဲ အာဏာသိမ်းပြီး တက်လာတယ်၊ ပြည်သူတွေကို ညှဉ်းပန်း နှိပ်စက်ခဲ့ တယ်၊ ပြည်သူ့ဆန္ဒကို ဆန့်ကျင်တဲ့ အာဏာရှင်တိုင်းဟာ ဇာတ်သိမ်း မကောင်းခဲ့ကြပါဘူး”ဟု ဧရာဝတီ ကိုပြောသည်။
ဖေဖော်ဝါရီလမှစတင်ကာ လစ်ဗျားနိုင်ငံတ၀န်း ဆူပူ အုံကြွမှုများ ဖြစ်ပေါ်ပြီးနောက် အစိုးရတပ်နှင့် သူပုန် တပ်ဖွဲ့များ အကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး အမေရိကန် စစ်တပ်နှင့် နေတိုး တပ်ဖွဲ့တို့ကလည်း သူပုန်တပ်များ ဘက်မှ ပါဝင် တိုက်ခိုက် ပေးခဲ့ကြ သည်။ အောက်တိုဘာလ၂၀ ရက်နေ့တွင် ဗိုလ်မှူးကြီး ကဒါဖီနှင့်အတူ သားတဦး သေဆုံးခဲ့ကြောင်း သိရသည်။
ကဒါဖီသေဆုံးမှုနှင့်ပတ်သက်၍ မြန်မာ့သမိုင်းကြောင်းများရေးသားနေသော သမိုင်းပညာရှင် ဦးသန့်မြင့်ဦးက “အာဏာရှင် တဦး ကျဆုံးပြီဆိုရင် အာဏာရှင် စနစ်တွေဟာလည်းပဲ ကျဆုံးတော့မယ်လို့ ကျနော်တို့ စိတ်တွေ ခိုင်မြဲလာတယ်”ဟု ဧရာဝတီ ကို ပြောသည်။
ဦးနေ၀င်းကဲ့သို့ အာဏာရှင်ဟု သတ်မှတ်ခြင်းခံထားရသော ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေသည်လည်း မည်ကဲ့သို့ ဘ၀ နိဂုံး ချုပ်ရမည် ဆိုသည်ကို မသိသေးကြောင်း၊ ၎င်း၏ အနာဂတ် စိတ်ချရရေး အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲခြင်း၊ အစိုးရသစ် ဖွဲ့ပေး၍ အာဏာ လွှဲပေးခြင်းတို့ လုပ်ဆောင်ခဲ့သည့်တိုင် သမိုင်း၏ ဒဏ်ခတ်မှု ခံရမည်ဖြစ်ကြောင်း ၎င်း၏ ဘ၀နိဂုံး ကို ပြောမရ သေးကြောင်း ဦးဝင်းတင် က ပြောဆိုသည်။
“ဦးသန်းရွှေက သူ့ဘ၀နိဂုံးကောင်းဖို့အတွက် ဘာတွေပဲ လုပ်လုပ်ပေါ့၊ သမိုင်းကြွေးက ခေါင်းပေါ်မှာ ဓားဝဲ နေသလိုပဲ ရှိနေ ပါတယ်၊ ဒါကို ရှောင်ပြေးလို့ လွတ်မလား၊ မလွတ်ဘူးလား ဆိုတာကို ဘယ်သူမှ မပြောနိုင်သေးပါဘူး”ဟု ဦးဝင်းတင် က ဆို သည်။
ကမ္ဘာ့နိုင်ငံများ၌ ၁၉၅၀ ၀န်းကျင်မှ စ၍ စစ်ဗိုလ်ချုပ်ကြီးများ၏ အာဏာသိမ်းမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီး အာဏာရှင် အများအပြား ပေါ်ပေါက် လာခဲ့ကာ ယခုတဖန် အာဏာရှင်များ၏ ဘ၀နိဂုံး ချုပ်ငြိမ်းမှုများ ဆက်တိုက် ဖြစ်ပေါ်လာသည်။
ပြည်သူလူထုအပေါ် အာဏာရှင် ဆန်စွာ အုပ်ချုပ်ခဲ့ကြသော အီတလီမှ အာဏာရှင် မူဆိုလီနီ၊ ဂျာမနီမှ ဟစ်တလာ၊ ဖိလစ်ပိုင် မှ ဖာဒီနန် မားကို့စ်၊ ဆက်ဒမ်ဟူစိန်၊ မူဘာရက် စသည့် အာဏာရှင်များသည် ဇာတ်သိမ်း မကောင်းစွာဖြင့် ဘ၀နိဂုံး ချုပ်ခဲ့ကြ ရ သည်။
၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းယူခဲ့ပြီး မြန်မာပြည်သူလူထုကို တပါတီ အာဏာရှင် စနစ်ဖြင့် အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်ကြီး ဟောင်း ဦးနေ၀င်းသည်လည်း ဘ၀ဇာတ်သိမ်း မကောင်းခဲ့ပေ။
ဗိုလ်မှူးကြီး ကဒါဖီ၏ ဘ၀နိဂုံး ဇာတ်သိမ်းမကောင်းစွာဖြင့် သေဆုံးရခြင်းသည် နိုင်ငံရေး သမိုင်း ဇာတ်ခုံပေါ်မှ ကြည့်ရှုမည် ဆိုပါက သင်ခန်းစာ ယူစရာ၊ သံဝေဂရစရာ ကောင်းသော ဖြစ်ရပ်တခုဟု ရန်ကုန်မီဒီယာ ဂရု(ပ်)၏ အမှုဆောင် အရာရှိချုပ် ကိုကို ( စက်မှုတက္ကသိုလ်) က ပြောသည်။
“မင်းကျင့်တရားနဲ့အညီ တိုင်းပြည်ကို အုပ်ချုပ်မယ်၊ ပြည်သူတွေကို ပျော်ရွင်အောင် လုပ်ပေးနိုင်မယ် ဆိုရင်တော့ ပြည်သူတွေ ရဲ့ ချစ်ခင်လေးစားမှု၊ မြတ်နိုးမှု ခံရမှာပဲ၊ မင်းကျင့်တရားနဲ့ မညီဘူး ဆိုရင်တော့ နိဂုံး မကောင်းတာတွေ ကတော့ သံဝေဂ ရစရာ၊ သင်ခန်းစာ ယူစရာတခုပေါ့”ဟု ၎င်း က ဆိုသည်။
အာဏာရှင် များ၏ ဘ၀နိဂုံး ဇာတ်သိမ်းမကောင်းမှုကိစ္စနှင့်ပတ်၍ နိုင်ငံတကာ မီဒီယာများက အကျယ်တ၀င့် ရေးသား ဖော်ပြ ကြသော်လည်း မြန်မာ အစိုးရ သင်းစာများက ရေးသားခြင်း မရှိပေ။ ပြည်တွင်း ဂျာနယ်များ၌ ဆက်ဒမ်ဟူစိန်၊ မူဘာရက် စသည့် အာဏာရှင်များနှင့် ပတ်သက်၍ အတိုင်းအတာ တခုအထိ ဝေဖန် ရေးသားခွင့်ရခဲ့ပြီး ကဒါဖီနှင့် ပတ်သက်၍ ရေးသားမှု မရှိကြသေး ကြောင်း သိရသည်။
ဆရာမောင်ဝံသက“အသက် ၈၀ ကျော်ရှိတဲ့ အာဏာရှင်မူဘာရက်ဟာ ၀က်ခြံလို လှောင်အိမ်ထဲက ကျန်းမာရေး မကောင်းတဲ့ကြား က တရားခံ အဖြစ်နဲ့ ရုံးတင် စစ်ဆေးတာ ခံရတယ်၊ အာဏာ မစွန့်ရခင် အချိန်ထိ သူ့ဘ၀မှာ ဒီလိုမျိုး ဖြစ်လာလိမ့်မယ် ဆို တာ မျှော်လင့် ထားခဲ့ပုံ မရဘူး ဆိုတာတွေ ရေးခဲ့ကြတာရှိတယ်”ဟု ပြောသည်။
၎င်းက ဆက်၍ “ဦးနေ၀င်းနဲ့ ပတ်သက်ပြီးတော့ မရေးဖူးသေးပါဘူး၊ မီဒီယာတွေက လွတ်လပ်စွာ ရေးခွင့်ရမယ် ဆိုရင်တော့ ဦးနေ၀င်း အကြောင်း ရေးမယ့်လူတွေ အများကြီး ရှိမှာပါ”ဟုလည်း ပြောသည်။
Ref: ဧရာဝတီ