..............................

Tuesday, October 18, 2011

ဇာဂနာနဲ့ ပြည်တော်ပြန်သီးလေးသီး

တနင်္လာ, 17 အောက်တိုဘာ 2011

မကြာခင်က မြန်မာပြည်ကို ပြန်ရောက်လာခဲ့ကြတဲ့ လူရွှင်တော် ဂေါ်ဇီလာ အပါအ၀င် သီးလေးသီး ဆေးရောင်စုံ အငြိမ့် အဖွဲ့သား တချို့က အခု အောက်တိုဘာလ အတွင်းမှာ အငြိမ့်တစ်ပွဲ ကဖို့ စီစဉ်ထားတာကို လူရွှင်တော် ဇာဂနာက သီးလေးသီး အငြိမ့်အဖြစ် အသိအမှတ် မပြုဘူးလို့ ပြောလိုက်ပါတယ်။ လူရွှင်တော် ဂေါ်ဇီလာနဲ့ အဖွဲ့ကတော့ တခြားနာမည် အသစ်နဲ့ ဒီလထဲမှာ ကဖို့ ဆုံးဖြတ် ထားတယ်လို့ လူရွှင်တော် ဇာဂနာက ဗွီအိုအေကို ရှင်းပြပါတယ်။

“အခုလက်ရှိသူတို့ ၂၉ ရက်နေ့ ကမယ့်ပွဲကို ဖျက်လိုက်။ ဖျက်ရင် ဒီဇင်ဘာမှာ ကျနော်တို့ ကပေးမယ်။ ကျနော်ရယ်၊ မောင်မေတ္တာရယ်၊ အရိုင်းရယ်၊ ကင်းကောင်ရယ်။ ဖိုးဖြူ ကတော့ ကျန်းမာရေး မကောင်းဘူး။ ငှက်ပျောကြော်ရယ်၊ ညောင်ညောင်ရယ် ရှေ့က ကပေးမယ်။ ပြီးရင် နောက်ကနေ သီးလေးသီးထွက် ကျနော်တို့က နေပြီးတော့ အနုပညာ လက်ဆင့်ကမ်း ဆိုပြီးလုပ်မယ်။ ဒီပွဲကိုဖျက်ရင် ဒီဇင်ဘာမှာ ကပေးမယ်။ ဘယ်ဟာကို တန်ဖိုး ထားမလဲပေါ့။

“ကျနော်ပြောတာ အဲဒီမှာ အလဲအလှယ် လုပ်ပါ။ ဒီပွဲကိုဖျက်။ ဖျက်ရင် ဟိုပွဲကို ကပေးမယ်။ ဒီပွဲကို မဖျက်ရင် ဟိုပွဲကိုလည်း ကမပေးတော့ဘူး။ မဖျက်ဘူးတဲ့။ သူတို့က ကမယ်တဲ့။ ကျနော်တို့ကလည်း အဲဒါဆိုလဲ မင်းတို့ဟာ မင်းတို့ကတော့။ မင်းတို့သဘောပဲ။ အဲဒီမှာ ကျနော်တို့က ကြေညာ လိုက်ရတယ်။ တနေ့ညကပဲ။ ကဲ… စောလူးမင်းပဲ၊ မင်းတို့တွေ ခွေးသေ၀က်သေ သေရစ်ပေရော့ ဆိုပြီးတော့။ သူတို့ကလည်း နံမည် ပြောင်းပြီး ကမယ်တဲ့။ ပြည်တော်ပြန် အငြိမ့် ဆိုပြီးတော့။ ဒါနဲ့ပဲ ကင်းကောင်က ကျနော် မပါတော့ဘူး ဆိုပြီး သူတို့ အဖွဲ့ထဲကနေ ကင်းကောင်က နုတ်ထွက်လိုက်တယ်။”

သီးလေးသီး ဆေးရောင်စုံအငြိမ့်ကို လူရွှင်တော် ဇာဂနာက ဦးဆောင် ဖွဲ့စည်း ပေးထားတာ ဖြစ်ပြီး ထိုင်းနိုင်ငံမှာ သီးလေးသီး အဖွဲ့သား တချို့ ရှိနေ ပါသေးတယ်။


Ref: VOA News

Read More...

အိန္ဒိယ-မြန်မာ အပြန်အလှန် ငြင်းချက်ထုတ်ခဲ့ကြ

ကိုပေါက်
တနင်္လာနေ့၊ အောက်တိုဘာလ ၁၇ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ အိန္ဒိယ ဆန့်ကျင်ရေး သူပုန်များ တည်နေရာအား ဂြိုလ်တုမြေပုံ ပေးပါက တိုက်ပေးနိုင်မည် ဖြစ်ကြောင်း မြန်မာဘက်က ပြောကြား လိုက်သကဲ့သို့ အိန္ဒိယဘက်မှလည်း ကချင် လွတ်မြောက်ရေးတပ် KIA နှင့် အဆက်အဆံ မရှိကြောင်း ပြောဆိုခဲ့သည်။

နှစ်နိုင်ငံ ဆက်ဆံရေး အရှိန်အဟုန် တိုးမြှင့်ရန် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သည့် ဝန်ကြီး ၁၃ ဦးပါ ကိုယ်စားလှယ် အဖွဲ့ လေးရက်ကြာ လာရောက်စဉ် မြန်မာ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒု-ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် အိန္ဒိယ အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ Shiv Shanker Menon တို့ နယူးဒေလီမြို့၌ တွေ့ဆုံ ပြောဆိုခဲ့ကြခြင်း ဖြစ်ကြောင်း တနင်္ဂနွေ နေ့ထုတ် Hindustan Times သတင်းစာကြီးတွင် ရေးသား ထားသည်။

စနေနေ့က အဆုံးသတ်ခဲ့သော ဦးသိန်းစိန် ခရီးစဉ်အတွင်း အဓိက ဆွေးနွေးခဲ့သည့် အကြောင်းအရာ တခုဖြစ်သည့် နှစ်နိုင်ငံ နယ်စပ် လုံခြုံရေး ကိစ္စတွင် အပြန်အလှန် စွပ်စွဲချက်များအား အသီးသီး တုန့်ပြန် လိုက်ကြခြင်းလည်း ဖြစ်သည်။

KIA တပ်များသို့ နယူးဒေလီ အစိုးရမှ ရဟတ်ယာဉ်များဖြင့် ရိက္ခာများ ချပေးခဲ့သည် ဟူသော စွပ်စွဲချက်နှင့် အိန္ဒိယ ပိုင် Tirap-Changlang ဒေသတွင်း KIA တပ်များ တပ်စွဲထားသည် ဟူသော မြန်မာဘက်မှ စွပ်စွဲချက်ကို အိန္ဒိယ ဘက်မှ ငြင်းဆို လိုက်သည်။

အောက်တိုဘာလ အတွင်း အိန္ဒိယ Naxelite နှင့် PLA သူပုန်များက မြန်မာ့ မြေပိုင်နက်အတွင်း စစ်သင်တန်း စခန်း များ ဖွင့်လှစ်ရန် စီစဉ် ထားရှိပြီး ဖြစ်ကြောင်း မြေပုံများနှင့်တကွ အိန္ဒိယ အထူးရဲ တပ်ဖွဲ့က မကြာမီက ဖော်ထုတ် သိရှိ ခဲ့သည်။

မြန်မာဘက်မှ အဆိုပါ သူပုန်များအပေါ် အရေးယူ ဆောင်ရွက်မှုများ ရှိပါကြောင်း အိန္ဒိယဘက်မှ ယုံကြည် လက်ခံ လာရန် ကြိုးစားသော်လည်း အိန္ဒိယဘက်မှမူ အခိုင်အမာ သက်သေပြစေလိုသည်။

သို့သော် မြန်မာနိုင်ငံတွင် ဆည်မြောင်း လုပ်ငန်းများ အပါအဝင် စီမံကိန်း လုပ်ငန်းများစွာ အကောင်အထည် ဖော်နိုင် ရန်အတွက် နယူးဒေလီက အမေရိကန်ဒေါ်လာ သန်း ၅၀၀ ချေးယူခွင့် ပြုလိုက်သည်။

စက်တင်္ဘာ လဆန်းပိုင်းက မြန်မာတပ် စစ်ဆင်ရေး တခုအတွင်း အိန္ဒိယ အာသံသူပုန် ULFA စစ်ဦးစီးချုပ် Paresh Buruah သေနတ် ဒဏ်ရာ ရရှိသွားကြောင်း အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနက အတည်ပြု ပြောဆိုခဲ့သည်။

သို့သော် အိန္ဒိယ လုံခြုံရေး သတင်းရပ်ကွက်ကမူ မြန်မာစစ်တပ် အနေဖြင့် အိန္ဒိယ သူပုန်များနှင့် စည်းဝါးရိုက် ပူးပေါင်း ကြံစည်မှုများ ရှိနေနိုင်သည်ဟု သံသယရှိနေကြသည်။ မြန်မာတပ် စစ်ဆင်ရေးများ မဝင်နိုင်မီ တရက် အလိုတိုင်း အိန္ဒိယ သူပုန်များက ရှောင်တိမ်း သွားနိုင်ကာ ဗလာ စခန်းများအား ပစ်ခတ်နေလေ့ ရှိသည်ဟု ဆိုသည်။ နှစ်နိုင်ငံ လေးလပါတ် အစည်းအဝေးများ မကျင်းမမီ မြန်မာဘက်မှ လုပ်ကြံ စစ်ဆင်ရေးများ ခင်းပြလေ့ ရှိကြောင်းလည်း အဆိုပါ စစ်ဘက် သတင်းရပ်ကွက်က ဆိုသည်။

အိန္ဒိယ အစိုးရ အဆိုအရ မြန်မာပိုင် ဒကာ Taga ဒေသတွင် အိန္ဒိယ အရှေ့မြောက် သူပုန်များ ဖြစ်ကြသည့် NSCN (K) , PLA နှင့် ULFA စခန်းများ ကီလိုမီတာ ၂၀-၃၀ ကျော် တည်ရှိနေပြီး PLA နှင့် UNLF တို့ မဏိပူရပြည်နယ် မိုးရေး နယ်စပ်တွင် တောင်မြောက် တပ်စွဲ ထားသည်ဟု ဆိုသည်။

နှစ်နိုင်ငံ တာဝန်ကျ တပ်မှူးများ လစဉ် တွေ့ဆုံလေ့ရှိပြီး တပ်ရင်း တပ်မမှူးများကလည်း သုံးလ တကြိမ် တွေ့ဆုံလေ့ ရှိကာ ပြည်ထဲရေး ဝန်ကြီးဌာန အရာရှိများကလည်း ခြောက်လ တကြိမ် တွေ့ဆုံလေ့ ရှိကြသည်။

အိန္ဒိယအနေနှင့် နယ်စပ်တလျှောက် တပ်မတော်ချင်း ဆက်သွယ်ရေးများ တိုးမြှင့်စေလိုပြီး နှစ်နိုင်ငံ တပ်မကြီးမှူးများ နှစ်နှစ် တကြိမ် တွေ့ဆုံ လိုကြောင်း တင်ပြခဲ့သည်။

နှစ်ဖက် နယ်စပ် တလျှောက် ထိရောက်သော ပူးတွဲစစ်ဆင်ရေးများ မြှင့်တင်ရန်အတွက် ယမန်နှစ်က နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လာရောက်ခဲ့စဉ်က ရရှိခဲ့သည့် သဘောတူချက်များ အပေါ်တွင် အခြေခံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

Monday, October 17, 2011

ဒီပဲယင်း လူသတ်မှုကို ဖွင့်ချခဲ့လို့

ဖနိဒါ
သောကြာနေ့၊ အောက်တိုဘာလ ၁၄ ရက် ၂၀၁၁

ချင်းမိုင်(မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော ကလေး စစ်သားအရေး၊ အဓမ္မ လုပ်အားပေး မှုများ၊ ဒီပဲယင်း အရေးအခင်းကို ဖေါ်ထုတ်ခဲ့၍ ဖမ်းဆီးခံခဲ့ရသူ စာရေးဆရာ ဦလှစိုး ဗုဒ္ဓဟူးနေ့က လွတ်ငြိမ်း ချမ်းသာခွင့်နှင့် လွတ်မြောက် လာခဲ့သည်။

ထို့ပြင် ၂ဝဝ၃ ဒီပဲယင်း အရေးအခင်းတွင် သတ်ဖြတ်ခံခဲ့ရသည် သတင်းအချက်အလက်များကို ဖော်ထုတ်ရန် ပြည်ပ အဖွဲ့များ ထံသို့ သတင်း အချက်အလက်များကို ပေးပို့ရန် ကြိုးပမ်းခဲ့စဉ် စစ်ဘက် ထောက်လှမ်းရေး များက သူနှင့်အတူ ၁၁ ဦးကို ထိုနှစ် ဒီဇင်ဘာလ ၂ဝ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၁၂ နှစ်မှ အများဆုံး ၂၇ နှစ်ထိ ချမှတ်ခဲ့သည်။

ခန္ဓာကိုယ် ညာဘက်ခြမ်း လေဖြတ်နေသော်လည်း မြန်မာပြည် လူ့အခွင့်အရေး ထွန်းကားရေး ဆောင်ရွက်ခဲ့သူ ဦးလှစိုးကို စစ်အစိုးရမှ အရေးပေါ် စီမံချက်ဥပဒေ ၅(ည)၊ ကြိုးမဲ့ကြေးနန်း ဥပဒေ ၆/၁နှင့် သွင်းကုန် ထုတ်ကုန် အက်ဥပဒေ ပုဒ်မ ၅/၁ တို့ဖြင့် ထောင်ဒဏ် ၁၇ နှစ် ကျခံစေခဲပြီး ရှစ် နှစ်ခန့် အကျဉ်းကျ ခံခဲ့ရာမှ ပြန်လည် လွှတ်မြောက် လာခဲ့သည်။

သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မန္တလေးတိုင်း အရှေ့တောင်မြို့နယ် စည်းရုံးရေး ကော်မတီဝင် တဦးလည်း ဖြစ်သည်။ အမရပူရ ကျန်တန်းရပ် နေအိမ်မှ အသက် ၅၈ နှစ် ဦးလှစိုးကို မဇ္စျိမက ဆက်သွယ် မေးမြန်း ထားသည်။

ပထမဆုံး အန်ကယ် အကြောင်းလေး သိချင်ပါတယ်ရှင့်။

“ကျနော်က ပဲခူးဇာတိပါ။ ၁၉၇၂ ခုနှစ်မှာ မန္တလေး ရောက်သွားတော့ မန္တလေးသား ဖြစ်သွားတာပေါ့ဗျ။ ဟိုတုန်းက စာရေးတယ်။ ကဗျာတွေ ရေးတယ်။ မှုခင်းဝတ္ထုတွေ ရေးတယ်။ မောင်ဥဿာ(ပဲခူး)၊ လှစိုး (မန္တလေး) ဆိုပြီးတော့လည်း ကလောင်နာမည် ရှိတယ်။ ထောင်ထဲမှာက လှစိုးခေါ် ဥဿာ(ပဲခူး) လို့ ခေါ်ကြတယ်။ အခုတော့ ကျနော် စာအုပ်ထုတ်ဖို့ အများကြီး ရေးထားပါတယ်။ နောင်ကျရင်
ကျနော် ထုတ်ဖို့ ရှိတယ်။ အဓိကတော့ ဒီမိုကရေစီရေး၊ တရားဥပဒေ စိုးမိုးရေး တွေနဲ့ ပတ်သက်ပြီးတော့ ရေးချင်တယ်။”

လွှတ်ငြိမ်းချမ်းသာခွင့် ရမယ်ဆိုတဲ့သတင်းကို ဘယ်လို ကြားခဲ့ရလဲ။

“၁၁ ရက်နေ့ နေ့လည် တနာရီမှာ တဆောင်လုံး သူတို့က ဟေးဟေး ဆိုပြီးတော့ အသံတွေ ထအော်ကြတယ်။ အားလုံး အော်ကြတော့ လွတ်ငြိမ်း ချမ်းသာခွင့် ဝင်ပြီ ဆိုပြီးတော့ အားလုံးက ဝမ်းသာကြတာ ပေါ့နော်။ ပထမတော့ လွတ်ငြိမ်း သက်သာခွင့်၊ အခုဟာက လွတ်ငြိမ်း ချမ်းသာခွင့် ဆိုတဲ့ အခါကြတော့ လူတွေ အားလုံး ပျော်ကြ တယ်ပေါ့ဗျာ။ ပထမ သမ္မတ ဦးသိန်းစိန်ပေးတဲ့ တနှစ်က ကျနော်တို့က မလွှတ်နိုင်ဘူးလေနော်။ နောက်တခါ တကမ္ဘာလုံးကလည်းတောင်း ပြည်သူတွေကလည်း တောင်းဆိုနေတော့ အားလုံး လွတ်လိမ့်မယ်လို့ မျှော်လင့် ကြတာဗျ။ ပြောဦးမယ် တချို့နိုင်ငံရေး အကျဉ်းသားတွေက ကိုယ့်မှာရှိတဲ့ မုန့်တွေ၊ ဟင်းတွေ အကုန် စားပစ်တာဗျ၊ ပစ္စည်းတွေ အကုန်ပေးပစ်တာ။ ညကျတော့ ကျနော်ဆီ စစ်ဘက် ထောက်လှမ်းရေးက လာပြောတယ်။ ကျနော် အပါအဝင် လေးယောက်ပဲ ပါတယ်ဆိုတော့ ကျန်တဲ့ လူတွေက တော်တော် စိတ်ထိခိုက် သွားကြတယ်။”

ထောင်ဒဏ် ငါးကြိမ်ကျခဲ့တယ်လို့လဲ သိရတယ် ဘယ်လို အကြောင်းကြောင့်ပါလဲ။

“ပထမအကြိမ်- ၁၉၆၉ ခုနှစ် ကျွန်းဆွယ် အရေးအခင်းနဲ့ ပတ်သက်ပြီးတော့ ကျနော်က ဘာသိမှာလဲဗျာ။ ကျနော် အသက် ၁၄ နှစ်ပဲ ရှိသေးတယ်။ ကျနော့် အထက်က လူကြီးတွေက လုပ်တဲ့ အလုပ်ကို ကျနော်က လိုက်လုပ်တော့ ကျနော် ပါသွားတာပေါ့။ စဖြစ်တာက ဘောလုံးပွဲမှာ ရှုပ်ပြီးတော့ ကြီးတဲ့ ကျောင်းသား တွေက စိတ်မထိန်းနိုင်တော့ တံခါးတွေ ဆွဲဖျက်၊ ကျနော်တို့ကိုပါ ဖမ်းသွားပြီးတော့ တောင်ငူထောင်မှာ ငါးလ ထိန်းသိမ်း ခံခဲ့ရတယ်။”

“ဒုတိယအကြိမ်- ၁၉၈၈ ခုနှစ် မန္တလေး ကိုလိုနီသပိတ်မှာ ကျနော်တို့မှာ တာဝန်ရှိတယ် ဆိုပြီးတော့ ကျနော့်ကို ထောင်ချ လိုက်တယ်။ နောက်ဆုံး အယူခံ ဝင်တဲ့အခါ ပုဒ်မ ၅ဝ၅/၅ဝ၆ နဲ့ ထောင်ဒဏ် သုံးလ ထောင်ချ လိုက်တယ်။ ထောင်ဒဏ် သုံးလ ဆိုပေမယ့် နေရတာက တနှစ်ခွဲလောက် ကြာသွားတယ်။”

“တတိယအကြိမ်- ၁၉၉ဝ-၉၁ မှာ ကျနော်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ကနေ စာစောင် ထုတ်တာပါ။ ခွပ်ဒေါင်း (၁) အတွဲ (၁) အမှတ် (၂) ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၄၅ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် နေ့မှာ စာစောင် ထုတ်လို့ ပုံနှိပ် ဥပဒေနဲ့ သွားငြိတဲ့ အတွက် ခြောက်လလောက် နေခဲ့ရတယ်။”

“စတုတ္တအကြိမ်- ၁၉၉၆ ခုနှစ် ဂျင်းရှပ် (Dr. Gene Sharp) ရဲ့ နိုင်ငံရေး အံတုမှု စာအုပ်ကို ပြည်တွင်းမှာ ဖြန့်ဝေလို့ ဝါဒဖြန့်မှု ဆိုပြီးတော့ ဖမ်းခံရတယ်။ အဲဒီတုန်းက ၁၉ ယောက် ဖမ်းဆီး ခံရတယ်။ ခုနှစ် နှစ်ချခံရတယ်။”

အခုနောက်ဆုံး ထောင်ကျခဲ့တာက ဘယ်လိုအကြာင်းတွေနဲ့ ပတ်သက်လို့ ထောင်ချ ခံခဲ့ရတာလဲ။

“၂ဝဝ၁ ခုနှစ်မှာ လေဖြတ်ပြီးတော့ မြစ်ကြီးနား ထောင်ကနေ လွတ်လာခဲ့တယ်။ အိမ်ရောက်ပြီး နိုင်ငံရေး အင်အားစုတွေနဲ့ နိုင်ငံရေး လုပ်ငန်းစဉ် တခု လုပ်ဖို့ ပေါ်ပေါက် လာတယ်ပေါ့နော်။ အထူးသဖြင့် ပြည်ပမှာ ရှိနေတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB ၏ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရ အဖွဲ့ NCGUB ဝန်ကြီးချုပ် ဒေါက်တာ ဦးစိန်ဝင်းတို့၊ NCGUB ၏ ကုလသမဂ္ဂရုံး ကိုယ်စားလှယ် ဒေါက်တာ သောင်းထွန်း၊ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ကရင်အမျိုးသား အစည်းအရုံး KNU အထွေထွေ အတွင်းရေးမှူးဟောင်း ပဒိုမန်းရှာတို့ အဲဒီပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ် မိပြီးတော့ ကျနော် လုပ်နိုင်တဲ့ အတိုင်းအတာနဲ့ လုပ်မယ်ဆိုပြီး ဆုံးဖြတ်ချက် ချထားတဲ့ အတွက် သူတို့နဲ့ ပူးပေါင်းပြီးတော့ နိုင်ငံကို ဆက်ပြီး ဆောင်ရွက် ခဲ့တယ်ပေါ့ဗျာ။”

“အဲဒီအချိန်မှာ ကျနော်က လေဖြတ်ထားတဲ့ အခါကျတော့ ကုတင်ပေါ်မှာ ပက်လက် နေရတယ်ဗျ။ ဒီလိုကြီး လေဖြတ် ထားတာ ဘာမှ မလုပ်နိုင်ဘူး ဆိုပြီးတော့ ထောက်လှမ်းရေး တပ်မှူးတွေက ကျနော့်ကို စိတ်မဝင်စားကြဘူး။ အထူးသဖြင့် ဒီမိုကရေစီ အခွင့်အရေး ပေါ့ဗျာ။ အဲဒါကြောင့် ပြည်ပမှာရှိနေတဲ့ ဒီမိုကရက်တစ် အင်အားစုတွေနဲ့ နိုင်ငံရေး အံတုမှုတွေ လုပ်ငန်းတွေကို ဆောင်ရွက်ဖို့ စီမံချက်တရပ် အနေနဲ့ ကျနော် ပို့ခဲ့တယ်။ အဲဒီ စီမံချက်အတိုင်းပဲ တဘက်ကလည်း ပြည်တွင်းကနေ အကောင်အထည် ဖော်ဖို့ သဘောတူခဲ့ပါတယ်။ အဲဒီ သဘောတူညီချက်နဲ့ ပြည်ပကပြီးတော့ ကျနော့်ဆီကို မီဒီယာနဲ့ ပတ်သက်ပြီးတော့ မိုဘိုင်းဖုန်းတို့၊ ကင်မရာ တို့ ပို့ပေးခဲ့ပါတယ်။”

“ဒီလုပ်ငန်းတွေကို ၂ဝဝ၂ ခုနှစ်ကနေစတာ လုပ်တာ ၂ဝဝ၃ ခုနှစ်ကြတော့ တော်တော်လေးကို အရှိန်မြင့်လာပြီ ပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည် ဒီပဲယင်းမှာ အရိုက်ခံရတဲ့ ကိစ္စတွေ၊ လူတွေ အများကြီး အသတ်ခံရတဲ့ ကိစ္စတွေကို ကျနော်တို့ ဖော်ထုတ် နိုင်ခဲ့တယ်ပေါ့နော်။ ၂ဝဝ၃ ခုနှစ် ဒီဇင်ဘာလထဲ ၂ဝ ရက်နေ့မှာ ထောက်လှမ်းရေးက ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့ထဲက လူတဦးက ဖမ်းဆီး ခံရပြီးတဲ့နောက် ကျနော်တို့ ၁၁ ဦးလုံး ဖမ်းခံရတယ်။”

အန်ကယ်လုပ်ဆောင်မယ်ဆိုတဲ့ နိုင်ငံရေး စီမံချက်ထဲမှာ ဘယ်လို အကြောင်းအရာတွေ ပါပါသလဲ။

“ကျနော်ကလည်း ကျနော့်ရဲ့ စီမံချက်ထဲမှာပါတဲ့။ အထူးသဖြင့် မြန်မာနိုင်ငံ အတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ ကလေးစစ်သား ကိစ္စတွေ၊ အဓမ္မ လုပ်အားပေးမှုတွေ၊ နောက်တခါ ပြည်သူတွေ အပေါ်မှာ အာဏာရှင် အစိုးရရဲ့ တရားမဲ့ ပြုကျင့်မှုတွေကို ကျနော် အများကြီး ဖော်ထုတ် နိုင်ခဲ့ပါတယ်။ အဲဒီလို ဖော်ထုတ်ရင်းနဲ့ ဒီပဲယင်း အရေးအခင်း ပေါ့နော်။ ကျောက်ဆည် အဓိကရုဏ်း ကိစ္စတွေ၊ နောက်တခါ တနိုင်ငံလုံး အတိုင်းအတာ အရ ဘာသာရေး အဓိက ရုဏ်တွေကို အဲဒီအချိန်မှာ ကျနော်တို့ သုံးသပ်ချက်က ဘာသာရေး အဓိကရုဏ် ဖြစ်ဖို့အတွက် လှုံ့ဆော်နေတယ်လို့ ကျနော်တို့ ယူဆခဲ့တယ်။ အဲဒါကြောင့် အဲဒီကိစ္စတွေ မဖြစ်အောင် ကျနော်တို့ အတတ်နိုင်ဆုံး သူတို့ရဲ့ လုပ်ဆောင် ချက်တွေကို ဖော်ထုတ်မယ် ဆိုပြီးတော့ ဖော်ထုတ် နိုင်ခဲ့ပါတယ်။”

အန်ကယ်နဲ့အတူ အဖမ်းခံခဲ့ရသူတွေ ပြန်လွတ်လာပြီလား။

“ဒီနေ့ကျနော်တို့ ဝမ်းနည်းစရာတော့ ကောင်းတာပေါ့ဗျာ။ ကျနော်တို့ အမှုတွဲထဲက ၁၁ ယောက်ထဲက ကျောင်းဆရာ ဦးချစ်လွင်ဦး ပေါ့နော်။ သူက မန္တလေးထောင်ထဲမှာ လေဖြတ်တဲ့ ရောဂါနဲ့ ၂ဝဝ၆ ခုနှစ်မှာ ကွယ်လွန် သွားရှာတယ်။ ၂ဝဝ၆ ခုနှစ်မှာပဲ မန္တလေးက ဒေါ်နှင်းပပနဲ့ သား ကိုအောင်နိုင်သူက လွတ်သွား ကြပြီ။ ကျနော်တို့ ထောင်ထဲမှာ ခုနှစ် ယောက် ရှစ်ယောက် ကျန်တာပေါ့နော်။ ကျနော် ၁၇ နှစ် အပါအဝင် နှစ်နည်းတဲ့ ခုနှစ် ယောက်က ၁၂ နှစ်ကျ သူတွေလည်း မနေ့က လွတ်လာပြီ။ ဦးဝင်းကြည်က ကျန်နေခဲ့တယ်။ သူက ၂၂ နှစ် ကျတာ။ အခု မန္တလေးထောင်မှာ ကျန်နေသေးတယ်။”

လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တဲ့အပေါ် ဘယ်လို မြင်လဲရှင့်။

“ကျနော်ကတော့  ဒီလို လွှတ်ပေးတဲ့အပေါ် အကောင်းဘက်က သိပ်မကြည့် ချင်သေးဘူး။ မကောင်းသေးလို့၊ ကောင်းအောင် လုပ်နေတယ် လို့တော့ အဲဒီလို ပြောချင်တယ်။ လွတ်ပေး သင့်တာတော့ အကုန်လုံးကို လွတ်ပေး သင့်တယ်။ ပြုပြင် ပြောင်းလဲရေး ဆိုတာက ပါးစပ်ကနေ ပြုပြင် ပြောင်းလဲနေလို့ မရဘူး။ လက်တွေ့ ပြုပြင် ပြောင်းလဲဖို့ လိုတယ်။ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုတာလည်း ဒီပြုပြင် ပြောင်းလဲရေး လုပ်မှ အမျိုးသားပြန်လည် သင့်မြတ်ရေး လမ်းကြောင်းကို ရောက်မယ်။ နောက်တခုက အထူးသဖြင့် ကျနော်တို့ တိုင်းပြည်မှာ နိုင်ငံတကာ စီးပွားရေး ပိတ်ထား တယ်။ ပြည်သူလူထု စီးပွားရေး ချွတ်ခြုံ ကျနေတယ်။ ဥပဒေ စိုးမိုးရေးတွေ အားနည်းနေတယ်။ အဲဒါတွေ အားလုံးကတော့ ယုံကြည်ချက်ကြောင့် ကျနေတဲ့ အကျဉ်းသားတွေ၊ ယုံကြည်ချက် ဆိုတဲ့ နေရာမှာ နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေး ယုံကြည်ချက်တွေ ရှိတယ်။ ကိုယ့်အတွက် မပါဘဲ အများအတွက် မိမိယုံကြည်တဲ့ အလုပ်ကို လုပ်တဲ့ လူတွေပေါ့။ အဲဒါကို ယုံကြည်ချက် အကျဉ်းသားလို့ ပြောတယ်။ ဒီလိုတွေကို မြန်မြန် လွှတ်ပေးပါလို့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းကို အလေးအနက် ထားပြီးတော့ တိုက်တွန်း ချင်ပါတယ်။”

နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ဘာကြောင့် မလွှတ်ပေးသေးဘူးလို့ ထင်လဲ။

“အစိုးရသက်တမ်းကလည်း တနှစ်မပြည့်သေးဘူး။ နောက်တခုက အရေးအကြီးဆုံး အချက်က အစိုးရအသစ် ထဲမှာ အားလုံးက တန်းတူ စိတ်ထား မရှိကြဘူး။ အဆိုးအမြင်ကို ပြောတာ မဟုတ်ဘူး။ တချို့က ဒီမိုကရက်တစ် အင်အားစုတွေ အပေါ်မှာ ယုံကြည်မှု အားနည်းနေတဲ့ အနေအထား ရှိလိမ့်မယ်။ တချို့ကလည်း ကိုယ်လုပ်ရမယ့် အလုပ်ကို လုပ်ရမယ်ဆိုတဲ့ ယုံကြည်ချက် ရှိနေတဲ့လူ ရှိလိမ့်မယ်။ ဒါကြောင့် တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေတယ်လို့ ယုံကြည်တယ်။ အဲဒါကြောင့် အစိုးရကို တိုက်တွန်းချင်တယ်။ သတ္တိရှိရှိ ယုံကြည်ချက် အကျဉ်းသားတွေကို တယောက်မကျန် လွှတ်ပေးလိုက်ပါ။ ချွတ်ခြုံကျနေတဲ့ တိုင်းပြည်ကို ကျနော်တို့တတွေ အားလုံး ပူးပေါင်း ဆောင်ရွက်ရမယ် ဆိုတာကို အကျဉ်းသားတွေ အပေါ်မှာ ယုံယုံကြည်ကြည်နဲ့ လွှတ်ပေးဖို့ လိုအပ်ပါတယ်။”

လက်ရှိ အစိုးရအပေါ်မှာရော ဘယ်လို မြင်ပါသလဲ။

“ဒီအစိုးရသစ်ကို အကောင်းမြင်တာကတော့ နည်းနည်းလေး ပြောချင်တယ်။ ဥပမာ ဆိုကြပါစို့။ ကျနော်တို့ ထောင်ထဲမှာ နေရာတာလည်း သတင်းစာတို့၊ မီဒီယာဂျာနယ်တို့ အကုန်လုံး ဖတ်ရတဲ့ အခါကျတော့ အပြင် ကကိစ္စတွေ၊ ဖြစ်နေတာ အားလုံးကို သိနေတယ်။ သိနေတဲ့ အခါကြတော့ အပြင်မှာ ဖြစ်နေတဲ့ ကောင်းတာလေးတွေ ရှိပါတယ်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့တဲ့ ကိစ္စမှာ ကျနော်က ထောင်ထဲမှာ ဘယ်လောက်ထိ ပျော်သလဲ ဆိုတော့ ကျနော်ထောင်က လွတ်လာသလို ပျော်တယ်ဗျ။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ အမျိုးသားပြန်လည် သင့်မြတ်ရေး လမ်းကြောင်းကို မထင်မှတ်တဲ့ အချိန်မှာ သူတို့ ထပြီးတော့ တွေ့ဆုံတဲ့ အတွက် လက်ရှိတက်လာတဲ့ အစိုးရ အပေါ်မှာ ပီတိဖြစ်မိပါတယ်။ ဒါက ပထမ ကိစ္စပါ။”

“ဒုတိယအချက်က မြစ်ဆုံကိစ္စ၊ ကျနော်တို့က မြစ်ဆုံကိစ္စကို ထောင်ထဲမှာ တတိတ်ထိတ် ခံစားနေရတာ၊ ဂျာနယ်တွေ ထဲမှာ မြစ်ဆုံက စီးလာတဲ့ ရေကိုကြည့်၊ ဧရာဝတီမြစ်မှာ ဖြစ်ထွန်းနေတဲ့ တောင်တွေကို ကြည့်ပြီးတော့ ဒီမှာ ကိုယ့် အမေအရင်း ခေါက်ခေါက်ကို ခုတ်ထစ် နေတယ်၊ သွေးတွေ ဖျာကျနေသလို ကျနော်တို့မှာ ခံစား နေခဲ့ရတယ်။ အဲဒီလို ခံစားနေရတဲ့ အချိန်မှာပဲ သမ္မတ သိန်းစိန်ကနေ ပြည်သူတွေရဲ့ အသံ၊ လွတ်တော်ရဲ့ အသံ၊ ဆန္ဒကို လိုက်လျော လိုက်တဲ့ မြစ်ဆုံကိစ္စကို ရပ်ဆိုင်းလိုက်တဲ့ သတင်းပေါ့၊ ဒါကတော့ ဒုတိယ ဝမ်းသာတဲ့ သတင်းပေါ့ဗျာ။ ဒါပေမဲ့ အပြည့်အဝ ဝမ်းမသာ နိုင်သေးဘူး။ ဘာပဲပြောပြော ကျနော်တို့ အခုအရေးနဲ့ ပတ်သက်ပြီးတော့ အိမ်နီးချင်းနိုင်ငံနဲ့ စကားပြောရမယ့် အနေအထားတွေ ဖြစ်လာတယ်။ အဲဒီလို ပြောတဲ့အခါမှာ လက်ရှိ အစိုးရကို ကျနော်တို့ ပြည်သူတွေက မြစ်ဆုံစီမံကိန်း အားလုံးနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်ကြီးနဲ့ အစိုးရအဖွဲ့ ပြတ်ပြတ်သားသား ရဲရဲရင့်ရင့်
ဆောင်ရွက်နိုင်ဖို့ အတွက် ကျနော်တို့ ပြည်သူလူထုက အပြည်အဝ အစိုးရရဲ့ အနောက်မှာ ရှိနေရမယ်လို့ ကျနော် ဒီနေရာကနေ တတိုင်း တပြည်လုံးကို တိုက်တွန်း ချင်ပါတယ်။”

အန်ကယ်က ထောင်ထဲမှာ ရှစ် နှစ်ကျော်ကြာနေခဲ့ပြီးမှ လွတ်လာတယ် ဆိုတော့ အပြင်ကို လွတ်မြောက် သွားတဲ့ အခါ ဘယ်လို ခံစား ရလဲရှင်။

“အခု ခင်ဗျားတို့နဲ့ ကျနော်က စကားပြောနေတာကို ကျနော်ရင်ထဲ ကနေ လှိုက်လှိုက် တက်လာတယ်။ တခါတလေ မျက်ရည်တောင် ဝေ့လာတယ်။ ဘာကြောင့်လည်း ဆိုတော့ ကျနော်တို့ရဲ့ လုပ်ဖော် ကိုင်ဖက်တွေက ထောင်ထဲမှာ ရှိနေတော့ စိတ်မချမ်းသာ ဘူးပေါ့။ မန္တလေး ထောင်ထဲမှာပဲ နိုင်ငံရေး အကျဉ်းသား ၆ဝ လောက် ရှိဦးမယ်။ ကျနော်က ၁၄ နှစ်သားက နေပြီးတော့ စပြီးတော့ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ ငါး ကြိမ် ထိန်းသိမ်း ခံခဲ့ရတာပါ။ လွတ်လာတဲ့ အခါတိုင်း တခါမှ မပျော်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့နဲ့ အတူ လုပ်နေတဲ့ လူတွေက ထောင်ထဲမှာ ကျန်နေခဲ့တယ်။”

ကျန်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက ကျန်းမာရေးအခြေအနေလေး ပြောပြပါဦး။


“တကယ်တမ်းထောင်ထဲကနေ လွတ်ပေးရမယ့် လူတွေကျတော့ ထောင်ထဲမှာ ရှိနေတယ်။ သက်ကြီးတဲ့ လူတွေ၊ ကျန်းမာရေး မကောင်းတဲ့ လူတွေက ထောင်ထဲမှာ ရှိနေတယ်။ အခု ကျနော်တို့ မန္တလေးထောင်မှာ ဆိုရင် ကျောက်ဆည် မင်းကုန်းကျောင်း ဆရာတော်ကြီး ဦးဇဏိတ က ၂ဝဝ၃ ခုနှစ်ကနေ ဘာသာရေး အဓိကရုဏ်းနဲ့ ပတ်သက်ပြီးတော့ ၂၇ နှစ် ထောင်ချ ခံနေရတာ။ ဒီဆရာတော်က အဲဒီအမှုနဲ့ ဘာမှ မပတ်သက်တဲ့ ဆရာတော်ကြီးပါ။ အမှုအခင်းကို ပြေငြိမ်းအောင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းက တောင်းပန်ခိုင်းလို့ ထိန်းသိမ်းခဲ့တဲ့ ဆရာတော်ကြီးပါ။ သက်တော်က ၆၆ နှစ်ရှိပြီ၊ သူက နှလုံးရောဂါကို ပြင်းထန်စွာ ခံစားနေရတယ်။ တလတကြိမ် ဆေးရုံ ထွက်ပြီးတော့ ကုနေရတယ်။ အဲတော့ ဒီလို ပုဂ္ဂိုလ်တွေကို တကယ်တမ်း လွှတ်ပေးသင့် တာပေါ့ဗျာ။ နောက်တယောက်က ၈၈ ကျောင်းသား ကိုလှမျိုးနောင် ဆိုရင်လည်း သိတဲ့ အတိုင်းဘဲ အကြိမ်ကြိမ် ထောင်ကျခဲ့တော့ မျက်စိလည်းကိုက်၊ ခါးကလည်းကိုက် တကယ်ကို ရှုနာရှိုက်ကုန်း ဖြစ်နေတာပါ။ သူတို့လိုလူကို လွှတ်ပေးသင့်ပါတယ်။”

ရှေ့ဆက်သွားမယ့် နိုင်ငံရေး ရပ်တည်ချက်တွေ ပြောပြပါဦးရှင့်။

“ကျနော်ရဲ့ နိုင်ငံရေးရပ်တည်ချက်က ကျနော်တို့ တိုင်းပြည်မှာ တရားဥပဒေ မစိုးမိုးခဲ့တာက ကျနော်တို့ တသက်ရှိပြီ။ ကျနော်တို့ တိုင်းပြည်မှာ ဥပဒေ မစိုးမိုးမချင်း စိုးမိုးတဲ့အထိ၊ ဒီဘဝမှာ မစိုးမိုးသေးရင် နောက်ဘဝထိ ဆက်လုပ်သွားမယ်။ ဒါက ကျနော်ရဲ့ ဆန္ဒပါ။ အခုလည်း ကျနော် ကျန်းမာရေး မကောင်းပါဘူး၊ ကျနော်အခု ထိုင်ပြီးတော့ စကားပြော နေရတာပါ။ ဒါပေမယ့် အခု သန္နိဋ္ဌာန် အတိုင်းပဲ ကျနော်ဆက်ပြီး လုပ်သွားမှာပါ။”

အဓိက ဦးစားပေး လုပ်ဆောင်မယ့် လုပ်ငန်းက ဘယ်လို လုပ်ငန်းလဲရှင့်။

“အဓိကတော့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ကျယ်ပြန့်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးသိန်းစိန်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေး ပွဲကြီးတခုကို မဖြစ်မနေ ကျနော်တို့ လုပ်ရမယ်။ ဒါက အမျိုးသားပြန်လည် သင့်မြတ်ရေး လမ်းအကြောင်းရဲ့ မဖြစ်မနေလုပ်ရမယ့် လမ်းကြောင်းပဲ။ အဲဒါ မလုပ်မချင်းကတော့ ကျနော်တို့ တိုင်းပြည်က ကျနော်တို့ လိုချင်တဲ့ ဥပဒေ စိုးမိုးရေး၊ ဒီမိုကရေစီ စိုးမိုးရေးဟာ ကြာနေဦးမှာပဲ။”

ထောင်ထဲမှာရှိနေတဲ့အချိန် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ သတင်း တွေရော ကြားရလား။

“သတင်းစာတွေကနေ ကြားရပါတယ်။ အထူးသဖြင့် ပုဂ္ဂလိက ဂျာနယ်တွေကနေ ဖတ်ရပါတယ်။”

ကျန်းမာရေးအခြေအနေ သိပါရစေရှင့်။

“ကျနော်က ၂ဝဝ၁ ခုနှစ်မှာ လေဖြတ်တဲ့ ရောဂါက ညာဘက် တခြမ်းက မကောင်းဘူး။ ခုတော့ ချိုင်းထောက်နဲ့ သွားလာ လှုပ်ရှားလို့တော့ ရပါတယ်။ အပေါ်လက်ကတော့ ပျောက်သွားပြီ။ ခြေထောက်မှာက နည်းနည်းကျန် သေးတယ်။ တခါ တလေ သွေးတိုးတဲ့အခါ နည်းနည်း ခံရတာပါဗျာ။”

ပြည်ပမှာရောက်နေတဲ့ အဖွဲ့အစည်းတွေကိုရော ဘာများ အကြံပေးချင်တာရှိလဲ။

“ဟုတ်ကဲ့၊ ပြည်ပအဖွဲ့အစည်းတွေ အားလုံးကို ဆယ်စုနှစ် နှစ်ခု၊ အနှစ် ၂ဝ ကျော်ကြာ လုပ်နေကြတယ်။ ဘာဘဲ ပြောပြော ကိုယ့်မိခင် ရင်ခွင်ကိုတော့ ပြန်ချင်ကြတာပါ။ ဒါပေမယ့် ခက်တာက သက်ဆိုင်ရာ အစိုးရ သမ္မတကြီး အစိုးရ ကြေငြာချက်က သိပ်မလုံလောက်ဘူးဗျ၊ ပြည်ပမှာ ရောက်နေတဲ့ လူတွေကလည်း သူတို့ ယုံကြည်ချက်နဲ့ သူတို့ သွားနေကြတဲ့ ပုဂ္ဂိုလ်တွေပဲ။ ဂုဏ်သိက္ခာတွေ ရှိတယ်။ ဒီဂုဏ်သိက္ခာနဲ့ အညီ တန်းတူရှိတဲ့ ဆိုလိုတာက ဥပဒေလိုဟာမျိုး စနစ်တကျ ပြဋ္ဌာန်းပြီးတော့ ကြေငြာချက် ထုတ်ပြီးတော့ အားလုံးကို ပြန်ခေါ် စေချင်တယ်။ ဒါက ကျနော် ဆန္ဒပေါ့လေ။ အဲဒီလို ဖြစ်လာ မယ် ဆိုရင်တော့ ကျနော် ပြန်စေချင်တာထက် သူတို့လိုချင်တဲ့ အနေအထား မရောက်သေးတဲ့ အတွက် သူတို့ မပြန်ဖြစ် သေးတာ ဖြစ်ပါတယ်။ သူတို့ကို အာမခံချက် ပေးရမယ်။ နိုင်ငံရေး လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့် ပေးရမယ်။ အပြင်မှာ သူတို့ ဆောင်ရွက်ခဲ့ တာတွေ ရှိတယ်။ ဂုဏ်သိက္ခာပိုင်း အရ အသိအမှတ်ပြုတဲ့ သဘောပေါ့နော်။ အဲဒီလိုဟာမျိုးတွေ လိုလိမ့်မယ်လို့ ကျနော်ယုံတယ်။”

တခြားဘာတွေများ ထပ်ဖြည့်ပြောပြချင်သေးလဲ။

“ဆယ်စုနှစ် နှစ်ခုမှာ တရားမမျှတတဲ့ နိုင်ငံတကာနဲ့ ကူးလူးဆက်ဆံဆောက်ရွက်ခဲ့တာတွေ ရှိတယ်။ အထူးသဖြင့် စီမံကိန်း တွေပေါ့ဗျာ။ အဲဒီစီမံကိန်းတွေပေါ့ဗျာ။ တဘက်နိုင်ငံရဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွား၊ ကျနော်တို့နိုင်ငံရဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွား နှစ်ခု တရားမျှတတဲ့ ဆောက်ရွက်ချက်တွေ ဖြစ်စေချင်တယ်။ အထူးသဖြင့် ကျနော်တို့ နိုင်ငံမှာ တရုတ်နိုင်ငံက ကုမ္ပဏီတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့မှာ တရား မမျှတမှုတွေ ရှိတယ်။ ပြောရရင်တော့ ကျနော်တို့က ဘာဖြစ်နေလဲ ဆိုတော့ မန္တလေးမြို့ထဲမှာ မနေနိုင် ကြတော့ဘူး။ ကျနော်တို့က မြို့ပြင်တွေကို ရောက်ကုန် တယ်။ အဲတော့ ကျနော်တို့ မြို့လယ်ခေါင်မှာ ဘယ်သူတွေ ဝင်လာသလဲ ဆိုတော့ တရားနည်းလမ်း ကျကျနဲ့ ဝင်လာ တာရှိတယ်။ တရားမမျှတဘဲ ဝင်လာတာတွေ ရှိတယ်။ ကျနော်တို့ အနေနဲ့ ကတော့ တချို့ လုပ်ထားတဲ့ အလုပ်က ခြေလွန် လက်လွန်တွေ ရှိနေတယ်လေ။ နောင်ကို ဒီလိုမဖြစ်အောင် ဒီလို အလားတူ ဖြစ်ရပ်မျိုးတွေ မဖြစ်အောင် တားဆီးရမယ်။ အထူးသဖြင့် ဥပဒေ စိုးမိုးအောင် ကျနော်တို့ လုပ်ရမယ်။”

Ref: မဇ္ဈိမ

Read More...

ရိုဟင်ဂျာဒုက္ခသည် ၃ သောင်း နီးပါး မြန်မာ လက်ခံမည်

သိင်္ဂီထိုက်
တနင်္ဂနွေ, 16 အောက်တိုဘာ 2011

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကနေ ဒုက္ခသည်အဖြစ် အသိအမှတ် ပြုထားပြီး လတ်တလော ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ခိုလုံနေကြတဲ့ ရိုဟင်ဂျာ ၃ သောင်းလောက်ကို မြန်မာ အစိုးရက ပြန်လက်ခံဖို့ သဘော တူလိုက်ပါတယ်။ ဒုက္ခသည်တွေ ကတော့ သူတို့ရဲ့ အသက်အန္တရာယ်၊ တိုင်းရင်းသား တန်းတူ အခွင့်အရေးနဲ့ တရားဝင်နိုင်ငံသား အဖြစ် မြန်မာ အစိုးရက ပေးအပ်မယ် ဆိုရင် ပြန်မယ်လို့ ပြောဆိုကြပါတယ်။ ဒါပေမဲ့ မြန်မာအစိုးရဘက်ကတော့ ဒီ ဒုက္ခသည်တွေကို ရိုဟင်ဂျာ အဖြစ် လက်ခံမလား။ ဘယ်နေရာတွေမှာ အခြေချ နေထိုင်ခွင့် ပြုမလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး အတိအကျ ပြောဆိုထားတာ မရှိသေးပါဘူး။ ဒီ အခြေအနေတွေနဲ့ ပတ်သက်လို့ မသိင်္ဂီထိုက်က တင်ပြ ထားပါတယ်။

မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ခိုလုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂ သောင်း ၈ ထောင်ကို ပြန်ခေါ်ဖို့ သဘောတူတဲ့ အကြောင်း အောက်တိုဘာလ ၁၅ ရက်နေ့ စနေနေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဌာနက သတင်း ထောက်တွေကို ပြောဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကောက်ဘဇာ ခရိုင်တွင်းက ဒုက္ခသည်စခန်း တစ်ခုမှာ နေထိုင်ကြပြီး ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ရုံးက ဒုက္ခသည် အသိအမှတ် ပြုထားသူတွေကို ပြန်ခေါ်ဖို့ မြန်မာ အစိုးရက သဘော တူလိုက်တာ ဖြစ်ပါတယ်။

စနေနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုသွားတာ ကိုတော့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် ကုလားတန် သတင်း ဂျာနယ်ရဲ့ အယ်ဒီတာ ဦးတင်စိုးက အခုလို ပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးရုံး အတွင်းရေးမှူးက သတင်းစာရှင်းလင်းပွဲ လုပ်တဲ့အခါကျတော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ဆွေးနွေးပွဲမှာ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ရှိနေတဲ့ UNHCR ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီး ရုံးရဲ့ သဘော တူညီချက်နဲ့ အဲဒီမှာရှိနေတဲ့ လူပေါင်း ၂ သောင်း ၈ ထောင်ကို ပြန်ခေါ်သွားမယ်လို့ ပြောတာပဲ။ ဒီ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ရှိနေတဲ့ လူပေါင်း ၄ သိန်းကျော်နဲ့ ၅ သိန်းအတွင်းမှာ ရှိနေတဲ့ လူတွေကို သူတို့ တဖြည်းဖြည်း ခေါ်သွားနိုင်အောင် ကြိုးစားပေးမယ်၊ ဒါပေမဲ့ လောလောဆယ် မပို့နိုင်တဲ့ အခြေအနေမှာ ဒီ ရိုဟင်ဂျာတွေကို သူတို့ အတင်းအဓမ္မ ဘင်္ဂလားဒေ့ရှ် နိုင်ငံကနေ ပြန်ထွက်ခွာ သွားဖို့အတွက် မလုပ်ပါဘူး ဆိုပြီးတော့ သတင်းစာ ဆရာတွေကို အားလုံး ရှင်းပြထားတာ ရှိပါတယ်။”

မြန်မာစစ်အစိုးရ လက်ထက်တုန်းကတော့ မြန်မာတိုင်းရင်းသားတွေထဲမှာ ရိုဟင်ဂျာမပါဘူး ဆိုပြီး နိုင်ငံပိုင် သတင်းစာတွေ ကနေ ကြေညာ ခဲ့တာပါ။ ဒါကြောင့် အခု အစိုးသစ်က ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်ခေါ်မယ် ဆိုပေမဲ့ ရိုဟင်ဂျာ အဖြစ် အသိအမှတ် ပြုမလား၊ ဘယ်ဒေသတွေမှာ အခြေချ နေထိုင်ခွင့် ပေးမယ် ဆိုတာကိုရော ရှင်းရှင်း လင်းလင်း ပြောဆိုထားတာ မရှိပါဘူး။

မြန်မာနိုင်ငံဘက်ကနေ ထွက်ပြေးလာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိနေသူတွေက လူဦးရေ ၃ သိန်းကျော် လောက် ရှိနေတယ် လို့လည်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။ မြန်မာ အစိုးရကတော့ ဒီလူတွေ အားလုံး နေရပ်ရင်း ပြန်လာဖို့ အတွက် နောက်ပိုင်းမှာ ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ ဒီမတိုင်ခင် အထိတော့ ဘင်္ဂလားဒေ့ရှ် အစိုးရက ဒီလူတွေကို အတင်းအကျပ် ဌာနေ ပြန်ခိုင်းတာမျိုးတွေ မလုပ်ဘူးလို့ သဘော တူခဲ့ကြပါတယ်။

မြန်မာအစိုးရဘက်က ပြန်ခေါ်ဖို့သဘောတူထားတဲ့ ဒုက္ခသည် ၂ သောင်း ၈ ထောင်ကို နေရပ်ရင်း ပြန်လည် အခြေချ လိုတဲ့ ဆန္ဒနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က ဒီဒုက္ခသည်တွေ သဘောထားကို မေးမြန်း ခဲ့ပါတယ်။

“ဒုက္ခသည်စခန်းတွေထဲမှာရှိတဲ့ ရိုဟင်ဂျာတွေက ကျနော်တို့ တခြား တိုင်းရင်းသားတွေနဲ့ တန်းတူအခွင့်အရေး ရမယ်။ ကျနော်တို့ရဲ့ နိုင်ငံသား အခွင့်အရေးတွေ ပေးမယ်ဆိုရင် ကျနော်တို့ အချိန်မရွေး သွားမယ် ဆိုတဲ့ စကားလုံးကတော့ သူတို့က ပါးလိုက်တာ ရှိတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရကို သူတို့ အဲဒီလို ပြောထားတာ ရှိတယ်။ အဲဒါတွေပြီးမှ အခုတခါ ဒီနေ့ပဲ သူတို့က ပြန်ပြီးတော့ ကျနော်တို့ကို ပြန်ပို့ပေးမယ်။ မြန်မာ အစိုးရက လက်ခံတော့မယ် ဆိုတဲ့ စကား ထွက်လာတယ်။”

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ အခြေချနေထိုင်ခဲ့ကြတဲ့ ဒီဒုက္ခသည်တွေဟာ ၁၉၇၀ ပြည့်လွန်နှစ် တွေနဲ့ ၁၉၉၁ ခုနှစ်တို့ အတွင်းမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းကို သိန်းနဲ့ချီ ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။ အများစုက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်ဘဇာ ခရိုင်နဲ့ စစ်တကောင်း တို့မှာ နေထိုင်နေကြတာဖြစ်ပါတယ်။

Ref: VOA News

Read More...

အာလူးပူရီ မစားပါနဲ့ သမ္မတကြီး

မျိုးသိဏ်း
စနေနေ့၊ အောက်တိုဘာလ ၁၅ ရက် ၂၀၁၁

(ဇာဂနာနှင့် အင်တာဗျူး)

အကျဉ်းထောင်မှ လွတ်မြောက်လာပြီးသော ပါရမီရှင် လူရွှင်တော် ဇာဂနာကို မဇ္ဈိမ သတင်းထောက်က ရုပ်သံ အင်တာဗျူး လုပ်ထားရာမှ ပြန်လည် ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။

နာဂစ်ပြီးတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ထောက်ခံပွဲကို ကသုတ်ကရက် လုပ်ဖြစ်သွားတယ်။ အဲ့ဒီ အချိန် အကိုတို့က ကူညီမှုတွေ လုပ်နေတဲ့ အချိန်ပေါ့။ အဲ့ဒီအနေအထားအပေါ် အကို့အမြင်လေး ပြောပါဦး။

တကယ့်တကယ် ပြောမယ်ဆိုရင်တော့ အဲ့ဒီ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ဆန္ဒမဲပေးတာ ကျနော်ပေးကို မပေး လိုက်ရဘူး။ အဲ့တုန်းက ကျနော်တို့ ရပ်ကွက်မှာ ကျနော်ရှိတယ်။ ဒါပေမယ့် ကျနော့်ကို မဲစာရင်းထဲ မထည့်တော့ ကျနော်မဲ မပေးလိုက်ရဘူး။ (ရယ်လျက်) အဲ့တော့လဲ နိုင်ငံသား တယောက် အနေနဲ့ ကျနော် ထောက်ခံသည် ဖြစ်စေ ကန့်ကွက်သည် ဖြစ်စေ ကျနော့်မှာ ထောက်ခံမဲကော ကန့်ကွက်မဲကော ပေးပိုင်ခွင့် ရှိပါလျက်နဲ့ ကျနော် မဲပေးခွင့် အဲ့ဒီတုန်းက ဆုံးရှုံးခဲ့တယ်။ ဒါကတော့ သိပ်မကောင်းဘူးပေါ့။ အဲ့တော့ ဒါအပေါ် မှာမဲပေးခွင့် မရခဲ့တာက ကျနော့် မဲပေးခွင့် ဆုံးရှုံးခဲ့တယ်ပဲ ပြောရမှာပဲ။

ဘာကြောင့်များ အကို့ကို မဲစာရင်းမှာ မထည့်ခဲ့တာလဲ။

အဲ့တာကို ကျနော် နားမလည်တာ။ ကျနော်ကလဲ အဲ့ဒီအချိန် မှာ သူတို့ကို မေးဖို့ အချိန်တွေကို မရလိုက် တော့ဘူး။ မရ လိုက်တော့ဘူး ဆိုတာက အဲ့တာလဲ အပြီး ကျနော်လဲ အဖမ်း ခံလိုက်ရတာပဲ ဆိုတော့ မေးဖို့လဲ မသိတော့ဘူး၊ အဲ့တာတွေလဲ မမေးနိုင်တော့ ဘူးပေါ့လေ။ နောက် အဲ့ဒီတုန်းက နာဂစ် ကိစ္စနဲ့ တအား လုံးထွေးနေတဲ့ အခါကြတော့ မဲပေးတဲ့ နေ့မှာ ကျနော့်နာမည် မပါဘူး ဆိုတော့ ‘အေး မပါဘူး ဆိုလဲ နေကွာ’ ဆိုပြီးတော့ မေးဖို့ စခန်းကိုကျနော် မရောက် ခဲ့တာ။ အခုအချိန် ကျတော့ ကျနော် ဘယ်သူ့မှ မေးလို့ ရတော့မှာ မဟုတ်ဘူး။ အဲ့လိုဖြစ်သွားတာ။

အဲ့ဒီအချိန်က မဲပေးခွင့် ရှိခဲ့မယ် ဆိုရင်ကော။

ကန့်ကွက်မဲ ပေးမှာ။ (ရယ်လျက်)

ဒီ ရွေးကောက်ပွဲ ပြီးသွားတော့ ကြံခိုင်ရေး ပါတီက အဓိက အနိုင်ရတယ်။ ပြီးတော့ အစိုးရဖွဲ့ တယ်ပေါ့နော်။ အဲ့ဒီ အပေါ်မှာကော မဲမထည့်လိုက်ရတဲ့ လူတယောက် အနေနဲ့ အကို့အမြင်က။

အဲ့တာပဲ။ ကျနော့်မဲ မပါတဲ့အတွက် ဒီမှာလုပ်နေတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ အမှားအယွင်း လုပ်ခဲ့ရင် ကျနော်နဲ့ မဆိုင်ဘူးလေ။ ကျနော့်မဲမှ မပါပဲ။ ထို့နည်းတူ အစိုးရ အဖွဲ့က တခုခု အမှားအယွင်း လုပ်ခဲ့ရင် ကျနော်နဲ့ မဆိုင်ဘူးလေ။ (ရယ်လျက်) ကျနော် တင်ထားတဲ့သူတွေ တယောက်မှ မဟုတ်ဘူးလို့ ကျနော်ပြောလို့ ရတာပေါ့။ ဒီသဘောပါပဲ။

အခုအစိုးရကတော့ ဒီမိုကရေစီစနစ်ကို ပြောင်းနေပြီလို့ ပြောတယ်။ အဲ့ဒီအပေါ်မှာကော ကိုဇာဂနာ ကြိုဆိုသလား။ ဘယ်လို အမြင်များ ရှိသလဲ။

အဲ့တာနဲ့ ပတ်သတ်လို့ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီမိုကရေစီ စနစ်ကို စတင်ပြီးတော့ ကျနော်တို့ ပြောင်းလဲ နေပြီ ဆိုတဲ့ စကား အပေါ်မှာ ကျနော် ဝမ်းသာပါတယ်။ တကယ်လဲ ဒီမိုကရေစီစနစ်ကို ပြောင်းလဲ လာတယ်လို့ ကျနော် ယုံကြည်တယ်။ ဒါလဲ ကျနော် ယုံကြည်ပါတယ်။ သို့သော် ပြောင်းလဲ လာတယ်လို့ ပိုပိုပြီး ယုံရအောင်၊ ကျနော်တို့တွေရဲ့ စိတ်ထဲမှာ ပိုပြီး ယုံစေချင်တယ်။ ကျနော်တို့က အခုထိ သံသယတွေ ရှိနေတယ်။ ကျနော် တို့ဆီမှာ မယုံကြည်နိုင်သေးတဲ့ စိတ်တွေ ရှိနေတယ်။ မယုံရာကနေ နည်းနည်း၊ နည်းနည်း ယုံလာတယ်။ ပိုပြီးတော့ ယုံရအောင်ဆိုရင် အစိုးရအနေနဲ့ လုပ်ပြဖို့လိုမယ်။ လုပ်ပြဖို့ ဆိုတာက အစိုးရကိုးဗျ၊ အစိုးရဆိုတာ ပြည်သူပြည်သား ယုံကြည်အောင် ပြည်သူပြည်သား ထောက်ခံအောင် ပိုပြီးတော့ လုပ်ပြစရာတွေ ရှိသေး တယ်လို့ ကျနော်ထင်တယ်။

ဥပမာတခုပေါ့ အနီးဆုံး ဥပမာဆိုရင် အကျဉ်းသားလွှတ်တဲ့ ကိစ္စမှာကို ဒီလိုမျိုး လုပ်လိုက်တဲ့ ကိစ္စက ကျနော်တို့ စိတ်ထဲမှာ ယုံရမှာကို မရဲဘူး။ မဝံ့မရဲဘူး ဖြစ်သွားပြီ၊ ယုံဖို့တောင် မရဲတဲ့ အဆင့်ဖြစ်သွားပြီ။ အဲ့တာမျိုးတွေ အစိုးရက လုပ်မယ် ဆိုရင်တော့ ကျနော်တို့ ယုံဖို့ခက်တယ်။ အဲ့တော့ ကျနော်တို့ကို ယုံစေ့ ချင်တယ်ဆိုရင် ပွင့်ပွင့်လင်းလင်း ဖြောင့်ဖြောင့်တန်းတန်း ဖြူးဖြူး ဖြောင့်ဖြောင့်လေး လုပ်ပေးကြ စေချင်တယ်။ တကယ့်ကို ပြောင်းလဲမှုကို မြင်ပါရစေလို့ ကျနော်ကတော့ တောင်းဆိုချင်တယ်။

အခု တဘက်မှာလဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်ကြီး ဦးအောင်ကြည်တို့ အကြိမ်ကြိမ် တွေ့တယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ကို ဖိတ်ပြီး သမ္မတ ဦးသိန်းစိန်တို့နဲ့ တွေ့တယ်။ ဒါတွေက တိုးတက် ပြောင်းလဲလာမှုလို့ ကိုဇာဂနာ ထင်လား။

တခုရှိတာကတော့နော်။ သမ္မတနဲ့ အန်တီနဲ့ တွေ့ပြီးတော့ ဘာတွေ ပြောတယ်ဆိုတာ ကျနော်တို့ မသိရတဲ့ အတွက်။ ဘာတွေ ပြောလဲ ဆိုတာ ကျနော်တို့ ပြန်ပြီး သိခွင့်မရတဲ့ အတွက် ဒါဟာ ဘယ်လို အနေအထားလဲ ဆိုတာ ဝေဖန်ဖို့ ခက်ပါတယ်။ သို့သော် တခုတော့ ရှိပါတယ်။ တွေ့တာ အတွက်ကတော့ ဒါကောင်းတာပေါ့။ ဒီဥစ္စာကတော့ တိုးတက်လာတဲ့ လက္ခဏာ ပြောင်းလဲလာတဲ့ လက္ခဏာလို့ ပြောရမယ်။ သို့သော် ကျနော် နည်းနည်းလေး ဖြည့်ချင်တယ်။ အဲ့တာက ဘာလဲဆိုတော့ မတွေ့တာထက် စာရင် တွေ့တာက ကောင်းတာပေါ့။ တွေ့ပြီးတော့ ဘာမှ မလုပ်တာထက် စာရင်တော့ မတွေ့ပဲနေတာက ကောင်းလိမ့်မယ်။

အခု ဒေါ်အောင်ဆန်းစုကြည်က အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်တယ်။ ဒီအပေါ်မှာ တချို့က ဒေါ်အောင်ဆန်း စုကြည်ကို အစိုးရက အသုံးချနေတယ်လို့ ဝေဖန်တာလဲ ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် ဘက်ကလဲ သူ့အနေနဲ့ တကယ်သာ တိုင်းပြည် ကောင်းမယ်ဆိုရင် အသုံးချခံဖို့ အဆင်သင့်ပဲလို့ ပြန်ဖြေ ထားတာလဲ ရှိပါတယ်။ ကိုဇာဂနာ့ ဘက်ကကော အန်တီစု လျှောက်နေတဲ့ လမ်းစဉ်နဲ့ လှုပ်ရှားမှုတွေ အပေါ် ဘယ်လို အမြင်များ ရှိသလဲ။

အဲ့တာကို နှစ်ခုတော့ ကျနော်ခွဲပြောရလိမ့်မယ် ထင်တယ်။ တစ်က အသုံးချခံနေရတယ်တို့ အသုံးချ နေတယ်တို့ ဆိုတဲ့ စကားအပေါ်မှာ ကျနော့် အနေနဲ့ ချက်ချင်း တုံ့ပြန်ချင်တဲ့ စကား တခွန်းရှိတယ်။ အဲ့တာက ဘာလဲဆိုတော့ ကျနော် တို့က မျောက်လက်ထဲကို ရွှေထည့်လိုက်ရင် မျောက်က ရွှေတန်ဖိုးကို ဘာနားလည် မှာလဲ၊ ပန်းထိမ်ဆရာ လက်ထဲကို ထည့်မှ လက်စွပ်တွေ၊ လက်ကောက်တွေ ဖြစ်လာမှာပေါ့။ အဲ့တော့ အန်တီက အဲ့လို အသုံးချခံရမယ့် လူလား။ ရွှေတုံးကြီးကို မျောက်လက်ထဲ ထည့်လိုက်လို့လား။ အဲ့လိုတော့ ကျနော်မထင်ဘူး လေ။ တန်ဖိုးရှိတဲ့ ပန်းထိမ် ဆရာ လက်ထဲ ရောက်သွားတယ် ဆိုရင်တော့ ဒါကို အသုံးချ ခံရတယ်လို့ မယူဆရပါဘူး။ အန်တီက အဲ့လောက် ညံ့တဲ့ လူမျိုး မဟုတ်ပါဘူး။ ဒါက တပိုင်းပေါ့။

နောက် ဒုတိယတပိုင်း အနေနဲ့ ပြောရမယ် ဆိုရင်တော့ သမ္မတကြီး ဦးသိန်းစိန်နဲ့ အန်တီနဲ့ တွေ့တဲ့ဆုံတဲ့ ကိစ္စက ဘယ်လိုနည်းနဲ့ မဆို ကန့်ကွက်စရာ တစက်မှ မရှိတဲ့ကိစ္စ။ မတွေ့တော့ ဘာလုပ်နေရမလဲ။ သမ္မတကြီး ဦးသိန်းစိန်နဲ့ အန်တီနဲ့ တွေ့တော့ကော ဘာဖြစ်လို့လဲ၊ ဘယ်သူတွေ အကျိုး ယုတ်လျော့လို့လဲ။ တိုးတက်ဖို့ လမ်းကြောင်းပဲရှိတာ။ ကျနော် ပြောဖူးတယ် အန်တီနဲ့၊ ဦးသိန်းစိန်နဲ့၊ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ ဦးခွန်ထွန်းဦးတို့လို လူတွေနဲ့ ဒီလူတွေ အကုန်လုံး ဝန်းဝိုင်းပြီးတော့ လီလီပန်းခင်းကြီးထဲမှာ ပြုံးပြီးတော့ ရပ်နေ ကြတာကြီးများ တွေ့လိုက်ရမယ့် မြင်ကွင်းကြီးကို ကျနော် ဆွဲနေခဲ့တာ ကြာပါပြီ။

သမ္မတ ဖိတ်ခေါ်ချက်အရ ပြည်ပကနေ ပြည်တွင်း ပြန်ဝင်တယ်။ အဲ့ဒီမှာ ကိုဇာဂနာရဲ့… သီးလေးသီးလေ… (ကိုဇာဂနာမှ ဝင်ထောက်ပေးသည်) ဟုတ်ကဲ့။ သူတို့က ပြည်တွင်း ပြန်ရောက် ပြီးတဲ့ အချိန်မှာ ပြည်ပ အတိုက်အခံ အဖွဲ့အစည်းတွေကို ဝေဖန်တာ လုပ်တယ်။ အဲ့တာတွေက ဟိုဘက်ဒီဘက် ပြောစရာ ဖြစ်လာတဲ့ အနေအထားမှာ ရှိနေတယ်။ အဲ့ဒီအပေါ်မှာ အကို့အမြင်က။

ကျနော် အဲ့ဒီဥစ္စာက မနေ့ကလဲ သူတို့ကို တရားဝင် ကျနော် ပြောခဲ့ပြီးပါပြီ။ ကျနော်က လက်မခံဘူး။ ကျနော့် အနေနဲ့ ကတော့။ ကျနော့် ညီတွေလို့ သတ်မှတ်ထားတဲ့ သီးလေးသီး၊ ဂေါ်ဇီလာ စသည်ဖြင့် အခုတော့ သီးလေးသီး မဟုတ်ဘူး ဒီမှာ ရောက်နေတာ သီးနှစ်သီးပေါ့။ ဒီသီးနှစ်သီးတို့ ဂေါ်ဇီလာတို့ဟာ ပြည်ပ ရောက်နေတဲ့ နိုင်ငံရေး အဖွဲ့ အစည်းတွေကို ဒီလိုမျိုး ပုတ်ပုတ်ခတ်ခတ်၊ ဒီလူတွေကို အမနာပ ပြောတယ် ဆိုတာကို ကျနော် ပြင်းပြင်း ထန်ထန် ရှုံချတယ်။ ရှေ့ဆက်ပြီး သူတို့ ပြောမယ် ဆိုရင်လဲ ကျနော်နဲ့ လက်တွဲ ဖြုတ်ဖို့ အဆင်သင့်ပဲ့။

အခု ၂၉ ရက်နေ့မှာ သူတို့ ကမယ်ဆိုတဲ့ ပွဲမှာလဲ ကျနော်တရားဝင် ပြောပြီးသား။ မကနဲ့လို့ ကျနော် မတားပါဘူး။ သီးလေးသီး ဆိုတဲ့ နာမည်ကို အသုံးပြုခွင့် ကျနော်တားတယ်။ သီးနှစ်သီးပဲ လုပ်ချင်လုပ်။ မြပုဏ္ဏမာ ဆိုတဲ့ နာမည်ကိုလဲ ကျနော် တားတယ်။ ကျနော်လုံးဝ ခွင့်မပြုနိုင်ဘူး။ သို့သော် အသီးလေးသီး ဆုံတယ် ဆိုရင်တော့ သီးလေးသီး ကပါ။ သို့သော် ထပ်ပြီးတော့ ကျနော် ပြောချင်တာက ပြည်ပ ရောက်နေတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေကို ပုတ်ပုတ် ခတ်ခတ်လုပ်တဲ့ စကားလုံး၊ ပုတ်ပုတ်ခတ်ခတ် လုပ်တဲ့ ပြက်လုံးတွေ ပြောလာမယ် ဆိုခဲ့ရင်တော့ ရပြီ၊ ကျနော့် ရာဇဝင်နဲ့ ကျနော့်သမိုင်းမှာ အဲ့ဒီနာမည်သုံးခု မရှိတော့ဘူး။ ကျနော်ဖျက်ပြီးသား ဖြစ်သွားပြီ။ ကျနော် တရားဝင် ပြောပြီးသား ဖြစ်တယ်။ ဒီစကားကို ကမ္ဘာသိ ကျနော် ကြေငြာ လိုက်တာပဲ။

ပြည်ပမှာ ကျန်နေခဲ့တဲ့ ကျန်တဲ့ နှစ်သီးက ကိုဇာဂနာ လွတ်တဲ့ အချိန်အထိ စောင့်မယ်လို့ အင်တာဗျူးတွေ မှာ ဖြေထားပါတယ်။ အခု ကိုဇာဂနာ လွတ်လာပြီဆိုတော့ သူတို့ကိုကော ဘာပြော ချင်ပါသလဲ။

မနက်ကတင် သူတို့နဲ့ ကျနော်တွေ့ပြီးပါပြီ။ ပန်းသီးနဲ့ ရော၊ကြယ်သီးနဲ့ရော၊ မြစပယ်ငုံနဲ့ရော မနက်ကတင် ကျနော် တော်တော် ကြာကြာလဲ စကားပြောပြီး ပါပြီ။ သီချင်းတွေ ဘာတွေ သူတို့ ဆိုပြတာလဲ ကျနော် နားထောင်ပြီးပြီ။ သူတို့ အနေနဲ့က ကျနော် ခေါ်မယ် ဆိုရင် ဒီနေ့ခေါ် ဒီနေ့ လာပါမယ်လို့ သူတို့ပြောတယ်။ တကယ်လို့ ကျနော်က ကျနော့် သူငယ်ချင်းတွေ ဖြစ်တဲ့ ကိုမေတ္တာတို့၊ ကိုအရိုင်းတို့၊ ကိုကင်းကောင်တို့ ကိုငှက်ပျောကြော် တို့နဲ့ တိုင်ပင်ပြီးတော့ ကျနော်တို့ ကသာ ပွဲတပွဲ ကမယ်ဆိုရင်၊ ကျနော်တို့ ဦးဆောင်ပြီး လုပ်မယ်ဆိုရင် သူတို့ ပြန်လာပါ့မယ်လို့ ပြောထားပါတယ်။ အဲ့တော့ ကျနော်က ပွဲကနိုင်မယ့် အခြေအနေ ရောက်ရင်တော့ ဒီကလေးတွေကို ပြန်ခေါ်မှာပါ။ လောလော ဆယ်တော့ ဘာအစီအစဉ်မှ မရှိပဲနဲ့တော့ သူတို့ကို သက်သက်မဲ့ကြီး ကျနော် မခေါ်ချင်သေးဘူး။

ပြည်ပခရီးစဉ်တွေကော သွားဖို့ အစီအစဉ်ရှိလား။ ကိုဇာဂနာ့ မိသားစုတွေ အကုန်လုံး ပြည်ပမှာ ရောက်နေ ကြတော့ သွားလည်ဖို့ကော အစီအစဉ် ရှိလား။

ပတ်စပို့တ်ကို မရှိတာ။ ပြီးခဲ့တဲ့ အစိုးရလက်ထက် တောက်လျှောက် ကျနော် ပတ်စပို့တ် လျှောက်လွှာ တင်ခဲ့တိုင်း ကျနော့်ကို ပယ်ချပြီး ပတ်စပို့တ် လုံးဝ ထုတ်မပေးခဲ့တဲ့ အတွက် ကျနော့်မှာ ပတ်စပို့တ်ကို မရှိဘူး။ ကျနော် လောလောဆယ် နိုင်ငံခြားသွားဖို့ ဆိုတာ ပတ်စပို့တ် ရှိမှ ဖြစ်မှာကိုး။ အဲ့တော့ ကျနော် ပတ်စပို့တ်တော့ လျှောက်ချင်တယ်။ ကျနော့် မိသားစုကို တွေ့ဖို့ ဆိုတာက ဒုတိယ ဦးစားပေးပေါ့။ ပထမ ဦးစားပေးကတော့ ကျနော် လေ့လာ ချင်တာလေးတွေ ရှိတယ်။ အဲ့တာလေး တွေကိုတော့ ကျနော် သွားလေ့လာ ချင်သေးတယ်။ အဲ့အတွက်က နှစ်လ သုံးလလောက် ဖြစ်စေပေါ့။ ကျနော့် သူငယ်ချင်း တွေကိုလဲ ကျနော် မေးပြီးပါပြီ။ နိုင်ငံခြား ရောက်နေတဲ့ သူငယ်ချင်း တွေကိုပေါ့။ စာရေးဆရာ၊ ဆရာမတွေလဲရှိတယ် သူတို့တွေကို ကျနော် လေ့လာနိုင်တဲ့ ဟာလေးတွေပေါ့။ ဥပမာ မီဒီယာနဲ့ ပတ်သတ်တာမျိုးတွေ လေ့လာ ချင်တယ်။ ကျနော်ဝါသနာ ပါတာပေါ့နော်။ နောက်တော့ Public Relation နဲ့ ပတ်သတ် တာတွေ ကျနော် လေ့လာချင်တယ်။ အဲ့ဒီ ကျနော် လေ့လာချင်တာ လေးတွေကို တလ တန်သည် နှစ်လတန်သည် လေ့လာလို့ ရတယ်လို့ သူတို့က ပြောတော့ အဲ့လိုလေး သင်တန်းလေး သဘော၊ Workshop လေး သဘောတော့ ကျနော် သွားလေ့လာ ချင်တယ်။ ကျနော် ဘယ်နိုင်ငံမှ မရောက်ဖူးသေးတဲ့ အတွက် သွားချင်တာလဲ ပါတယ်။ ကျနော်တို့ တိုင်းပြည်အတွက် အကျိုး ရှိနိုင်မယ်လို့ ထင်တဲ့ သင်တန်းမျိုး ပေါ့နော်။ ကြာကြာကြီးတော့ မဖြစ်ဘူး။ ကျနော်ဒီမှာ အလုပ်တွေ ပျက်မယ်။ အဲ့လို နှစ်လတန်သည် သုံးလတန် သည် သွားလေ့လာပြီး သင်တန်းလေး ဘာလေး တက်ရမယ်ဆို တက်ချင်တယ်။

ဒီမိုကရေစီအစိုးရလို့လဲ ပြောထားတဲ့ အနေအထားတွေရှိတော့ ဒီတခေါက် ပတ်စပို့တ်တင်ရင် ခွင့်ပြုမယ်လို့ ထင်လား။

ကျနော်ကတော့ ထင်ပါတယ်။ ကျနော်ပြောလဲ ပြောထားတယ်။ ဘာကိစ္စနဲ့မှလဲ ကျနော့်ကို မပိတ်ထားသင့် တော့ဘူးလို့ ထင်ပါတယ်။ အရင်တုန်းက မသွားစေချင်လို့ ပိတ်ထားပေမယ့် အခုတော့ ပေးပြီးတော့ သွားမယ်လို့ ထင်ပါတယ်။ ကိုယ်မှ လျှောက်လွှာ မတင်ရ သေးတော့ မသိဘူးပေါ့။ သို့သော် ပေးမယ်လို့ ယုံကြည်ပါတယ်။ ကျနော် လျှောက်ကြည့်ဦးမယ်။

တက်ကြွတဲ့ လှုပ်ရှားမှုတွေ မလုပ်ဖို့ တားမြစ်ခံရတာတို့၊ လာပြီး အသိပေးတာမျိုးတို့ မလုပ်ဖို့ တိုက်တွန်း တာမျိုးတို့ အဲ့ဒီလို မျိုးတွေ အကို ကြုံခဲ့ဖူးလား မသိဘူး။

မကြုံပါဘူး။ မကြုံဘူးဆိုတာက အဲ့လိုပြောလဲ နားထောင်မယ့်သူ မဟုတ်ဘူးလို့ သူတို့ ထင်ပုံရပါတယ်။ (ရယ်လျက်) မကြုံဖူးပါဘူး။ ပြောလဲ မပြောပါဘူး။

၂ဝဝ၈ မှာ စီရင်ချက် ချခံရတော့ အင်တာနက် အီးမေးလ်နဲ့ ပြည်ပရောက်တွေကို ဆက်သွယ်တဲ့ ပုဒ်မတွေပါတယ်။ အခု အင်တာနက် ပြန်သုံးမယ် ဆိုတော့ ဒီဥပဒေတွေ အပေါ်မှာ အကို့အနေနဲ့ ဘယ်လိုများ မြင်သလဲဗျ။

တခုတော့ရှိတယ်။ ကျနော်ကတော့ ဒီဟာက သုံးရမှာပဲ။ ဒီဟာကြောင့် အဖမ်းခံရတယ်ပဲ ဆိုဆို ဒီဟာကို ကျနော် သုံးရမှာပဲ။ နောက်တခုက ဒါမှမသုံးရင် ကျနော် ဘာသွားသုံးရမှာလဲ။ ကျနော့်မိတ်ဆွေတွေ၊ ကျနော့် သူငယ်ချင်းတွေ၊ နိုင်ငံခြား ရောက်နေတဲ့ သူတွေနဲ့ ကျနော့် ဆက်သွယ်ဖို့ပဲ ဖြစ်ဖြစ် ပြည်တွင်းက လူတွေနဲ့ ဆက်သွယ်ဖို့ပဲ ဖြစ်ဖြစ်၊ ဒီဟာမှ မရှိရင် ကျနော် ဘယ်လိုသွားပြီး ဆက်သွယ် ရမလဲ။ ဒီ့အတွက်ကြောင့် ကျနော်ကတော့ သုံးရမှာပဲ။ ဒီအပေါ်မှာ အပြစ်တွေ အကျဲတွေ လာလုပ်နေရင်လဲ ကျနော် ကတော့ ဂရုစိုက်နေမှာ မဟုတ်ဘူး။

အခုက Facebook လို Social Networking Sites တွေ အရမ်း ဖွံ့ဖြိုးလာတယ်။ ပြည်တွင်းက လူတွေက သတင်း အချက်အလက် ပေးတဲ့ နေရာမှာကော၊ နိုင်ငံရေးနဲ့ ပတ်သတ်တဲ့ လှုပ်ရှားမှုတွေ အကြောင်း အသိပေးတဲ့ နေရာမှာကော ဒီဆိုက်တွေကို သုံးလာတယ်။ ကိုဇာဂနာကော အဲ့လိုဆိုက်တွေ သုံးဖို့ အစီအစဉ် ရှိလားမသိဘူး။

ကျနော် မနက်ကမှ ဖေ့စ်ဘွတ်ခ် မြင်ဖူးတာ။ အဲ့တော့ ကျနော် နည်းနည်း လေ့လာချင်သေးတယ်။ သုံးဖို့ အစီအစဉ် ရှိသလား ဆိုတော့ ဖေ့စ်ဘွတ်ခ်ကို ကျနော် သေသေချာချာ မလေ့လာနိုင် သေးဘူး။ ဂျီမေးလ် ကတော့ တောက်လျှောက် သုံးလာတဲ့ လူဖြစ်တဲ့ အတွက် ဒါကတော့ ပြဿနာ မရှိဘူး။ နောက်ပြီးတော့ ထောင်ထဲမှာ ကျနော် Social Network ဆိုတဲ့ ရုပ်ရှင်ကား ကြည့်လိုက်ရတယ်။ အဲ့လို ကြည့်လိုက်ရတော့ ဖေ့စ်ဘွတ်ခ်ကို ကျနော် တော်တော် စိတ်ဝင်စားတယ်။ သို့သော် ဖေ့စ်ဘွတ်ခ်ရဲ့ အားနည်းချက် အားသာချက် ကို ကျနော် မလေ့လာရသေးတဲ့ အတွက် သုံးဖြစ်မယ် မသုံးဖြစ်ဘူးတော့ ကျနော်အတိအကျ မပြောနိုင်သေးဘူး။ သို့သော် အခု ဖတ်ကြည့် လိုက်တော့ နည်းနည်း ကြောက်နေတယ်။ (ရယ်လျက်) ဘာလို့လဲဆိုတော့ ညစ်တီး ညစ်စုတ်တွေ လျှောက်ရေး ထားတယ်။ ဆဲဆဲ ဆိုဆိုတွေ။ အဲ့တာတွေ တွေ့တော့ သြော် ဒါမျိုးလဲ ရှိနေတာပါလားလို့ ထင်တယ်။ သို့သော် အတိအကျ ကျနော် မလေ့လာရသေးဘူး လို့ပဲ ပြောမှာပေါ့။

ကိုဇာဂနာသာ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ရင် အဲ့ဒီနယ်မှာတော့ ပြိုင်ရဲမယ့်သူ ရှိမှာ မဟုတ်ဘူး ထင်တယ်။ အဲ့ဒီလို ရွေးကောက်ပွဲ ဝင်ဖို့ အစီအစဉ်တွေ ဘာတွေများ ရှိမလားခင်ဗျ။

လောလောဆယ် အခြေအနေမှာတော့ အဲ့ဒီအစီအစဉ် ကျနော့်မှာ မရှိပါဘူး။ တကယ်ကို လွှတ်တော်ထဲ သွားနိုင်မယ့် ရွေးကောက်ပွဲ ဝင်နိုင်မယ့် သူတွေပေါ့။ နောင်တော့လဲ ကြုံလာရဦးမှာပါ။ အဲ့ဒီလူတွေကို လွှတ်တော်ထဲ ပို့ဖို့။ တကယ့် ပြည်သူ့အကျိုး သယ်ပိုး နိုင်တဲ့သူတွေကို လိုက်လံရှာဖွေဖို့။ ဘယ်လိုခေါ်မလဲဗျာ ဘောလုံး စကားနဲ့ ပြော ရင် အာဆင်နယ်မှာ ကင်းထောက် ထားတယ် မဟုတ်လား။ အဲ့လိုပေါ့ ကျနော်ကလဲ နိုင်ငံရေးသမား ကင်းထောက် လုပ်ချင်တာ။ ကျနော် အဲ့ဒီ လွှတ်တော်ထဲ ဝင်ပြီး အမတ် လုပ်ချင်တဲ့သူ မဟုတ်ဘူး။ ဘောလုံးသမားတွေ လိုက်ရှာတဲ့ ကင်းထောက် သမားတွေလို ကျနော်က နိုင်ငံရေး သမားတွေ လိုက်ရှာတဲ့ ကင်းထောက် ကျနော်လုပ်ချင်တယ်။

ကိုဇာဂနာတော့ လွတ်ပြီ။ ထောင်ထဲမှာတော့ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ သူတွေ အများကြီး ကျန်သေးတယ်။ သူတို့ကိုကော အကိုဘာများ ပြောချင်မလဲ။

ထောင်ထဲက သူတွေကိုတော့ စိတ်ဓါတ်မကျ ကြပါနဲ့ဦး၊ အလံမလှဲ ကြပါနဲ့ဦးလို့။ ကျနော်တို့ သူတို့ကို ဘယ်တော့မှ မေ့သွားမယ့် သူတွေမှ မဟုတ်တာ။ သူတို့လဲ မကြာခင် အတော အတွင်းမှာ ဧကန်မုချ မိသားစု ရင်ခွင်ထဲကို ပြန်ရောက် လာကြမှာလို့ ကျနော် ယုံကြည်တယ်။ သူတို့ ကိုလဲ ယုံကြည်စေ့ ချင်တယ်။ အလွန်ဆုံး ဒီနှစ် မကုန်စေ ရဘူးလို့ ကျနော်ပြောချင်တယ်။ ဒီဟာကိုလဲ ဖြစ်အောင် ကျနော်တို့ ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသမျှ လုပ်သွားမယ်လို့ ဆုံးဖြတ် ထားတယ်။

ကိုဇာဂနာကို အနုပညာလုပ်ငန်းတွေ မလုပ်ဖို့ တားမြစ်ထားတာ ရှိသေးလား။

ကျနော် ထောင်ထဲ မရောက်ခင် ၂ဝဝ၆ ခုနှစ်ကတည်းက ကျနော့်ကို အနုပညာ လုပ်ငန်း လုပ်ခွင့် ပိတ်ကို ပိတ်ထားတယ်။ တရားဝင် ပိတ်ထားတယ်။ သူတို့ စာထုတ်ပြီး ပိတ်ထားတာ။ ကျနော့်ကို အဲ့ဒီတုန်း ကတည်းက နာမည်တောင် သုံးခွင့် မပြုဘူး။ ဘယ်ဂျာနယ်၊ ဘယ်စာစောင်မှာမှ မထည့်ရဘူး။ ကျနော့် အသံတောင် မသုံးရဘူးလို့ ဆိုပြီးတော့ သူတို့ အမိန့် ထုတ်ထားတယ်။ အခုကျနော် ထောင်က ထွက်လာတော့ ကျနော်ပုံတွေ ဂျာနယ်တွေတိုင်းမှာ မျက်နှာဖုံး အနေနဲ့ ပါလာတဲ့ အခါကျတော့ ဒါတွေက ပြီးသွားပြီလား မပြီးသေးဘူးလား ကျနော်မသိဘူး။ ခွင့်ပြုလိုက်ပြီလား၊ ခွင့်မပြု သေးဘူးလား ဆိုတာလဲ ကျနော် မမေးရသေး ဘူး။ ကျနော့်ကိုလဲ ဘာမှ အကြောင်း မကြားသေးတဲ့ အတွက် တိတိကျကျ ကျနော် မသိရသေးပါဘူး။ သို့သော် ကျနော့် အနေနဲ့ကတော့ ကျနော့်ရဲ့ အနုပညာကို ဘယ်သူခွင့်ပြုပြု မပြုပြု ဘာမှ ဖြစ်မသွားဘူးလို့ ထင်တယ်။ ကျနော့် အနုပညာက ကျနော် အသက် ရှင်နေသလောက် သူလဲ ရှင်သန်နေမှာပဲ။

ရှေ့လျှောက် အနုပညာရယ်၊ လူမှုရေး လုပ်ငန်းတွေရယ်၊ နိုင်ငံရေးရယ် ဘယ်ဟာကို ဦးစားပေး လုပ်သွားမလဲ ခင်ဗျ။

လတ်တလော အခြေအနေမှာ၊ လောလောဆယ် ဒီစကားကို ပြောနေတဲ့ အချိန်မှာတော့ ပထမ ဦးစားပေးက နိုင်ငံရေးပဲ။ နိုင်ငံရေး ပြီးရင်တော့ ဒုတိယ ဦးစားပေးက အနုပညာပဲ။ လူမှုရေး ဆိုတာကတော့ သူ့ဘာသာသူ တွဲပါသွားပါလိမ့်မယ် ဒီထဲမှာပဲ။

ကိုဇာဂနာကို လွှတ်ပေးလိုက်တဲ့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က အိန္ဒိယနိုင်ငံကို ရောက်နေ ပါတယ်။ အိန္ဒိယနိုင်ငံ နယူး ဒေလီမြို့မှာ အခြေစိုက်တဲ့ မဇ္ဈိမ သတင်းဌာနက တဆင့် ကိုဇာဂနာ ဘာများ ပြောချင်မလဲ။

သမ္မတကြီး… လို့ ။ အိန္ဒိယ ရောက်ရင် ချာပါတီ စားပါလို့။ အာလူးပူရီ မစားပါနဲ့…လို့ ကျနော် ပြောချင်ပါတယ်။

ဘာဖြစ်လို့များလဲ။

ပါသွားပြီလေ။ ဟဲ…ဟဲ…ဟဲ… (ရယ်မောလျက်)

Ref: မဇ္ဈိမ

Read More...

"စိတ်ပျက်တာမဟုတ်ဘူး၊ မကျေနပ်တာ" ဟု ဦးဝင်းတင်ပြော

ထွန်းထွန်းနှင့် မျိုးသန့်
သောကြာနေ့၊ အောက်တိုဘာလ ၁၄ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ လွတ်ငြိမ်းချမ်းသာခွင့်အရ နိုင်ငံရေး အကျဉ်းသား အချို့ ပါဝင် လွတ်မြောက် လာသည်ကို ကြိုဆိုသော်လည်း အနည်းငယ်သာ ပါဝင်သည့် အတွက် မကျေနပ်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်တန်း ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ပြောဆိုလိုက်သည်။

“ကျနော်တို့က ဒါနဲ့ပတ်သက်ပြီးတော့ မကျေနပ်ဘူး။ သို့သော် အချို့သောပုဂ္ဂိုလ်များ ဘာညာကတော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ စိတ်ပျက်တယ်၊ ဘာညာလောက်ပဲ ပြောကြတယ်။ ချိုချိုသာသာ ပေါ့ဗျာ။ လျော့လျော့ ပေါ့ပေါ့ ပြောတယ်။ ကျနော်က စိတ်ပျက်တာ မဟုတ်ဘူးဗျ။ မကျေနပ်တာ”ဟု ၁၉ နှစ်ကြာ ထောင်သွင်း အကျဉ်းချခံခဲ့ရသူ ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ထောက်ခံချက်ဖြင့် အောက်တိုဘာလ ၁၂ ရက်နေ့ နိုင်ငံတဝန်း အကျဉ်းသား ၆,၃၅ဝ ဦး လွှတ်ပေးရာတွင် နိုင်ငံရေး အကျဉ်းသား ၂၁၈ ဦးသာ ပါဝင်ခဲ့မှု အပေါ် တုံ့ပြန် လိုက်ခြင်း ဖြစ်သည်။ ယင်း ၂၁၈ ဦးမှာ NLD မှ ပြုစုထားသည့် စာရင်း ဖြစ်သည်။

“အကြီးတန်းပြဿနာတခုဖြစ်တဲ့ အကျဉ်းသား လွှတ်ရေးကိုတော့ သူတို့ ဘာမှဆောင်ရွက် ပေးနိုင်ခြင်း မရှိတဲ့ အတွက် အကျဉ်းသား လွှတ်ရေး အပေါ်မှာ ကျနော်တို့ ကျေနပ်မှု မရှိသလိုဘဲ ဒီ တွေ့ဆုံဆွေးနွေးပွဲဆိုတဲ့ အပေါ် မှာလည်း ကျနော်တို့ ကျေနပ်မှု မရှိဘူး” ဟု ဦးဝင်းတင်က ပြောသည်။

မတ်လအတွင်းက ဦးသိန်းစိန်သမ္မတအဖြစ် တက်လာပြီးနောက်ပိုင်း အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် အစိုးရ ကိုယ်စားလှယ် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ သုံးကြိမ် တွေ့ဆုံ ဆွေးနွေး ခဲ့ရာတွင် နိုင်ငံရေး အကျဉ်းသား လွှတ်ပေးမှု ကိစ္စသည် အဓိက အကြောင်းရာ တခု ဖြစ်ခဲ့သည်ကို ရည်ညွှန်းခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၁၂ ရက်နေ့ကမှ အောက်တိုဘာ ၁၇ ရက်နေ့အထိ ရန်ကုန်မြို့ တရားစခန်း တခုတွင် ငါးရက်ကြာ တရားထိုင်လျက် ရှိသည်။ တရားစခန်း မဝင်ခင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးနှင့် ပတ်သက်၍ “လူတယောက် လွတ်လပ်ခွင့် ဆိုတာ သိပ်အရေးကြီးတယ်။ အကုန်လုံး လွတ်လပ်ခွင့်ပေးရင် ပိုကောင်းတာပေါ့” ဟု သတင်းထောက် တဦးကို ပြောကြားသွားခဲ့သည်။

“ရိုးသားစစ်မှန်မှုမရှိသော အကျဉ်းသားလွှတ်ပေးမှု”ဆိုကာ လက်ရှိ မြန်မာနိုင်ငံအကျဉ်းထောင်များ ထဲတွင် ကျန်းမာရေး မကောင်းသည့် နိုင်ငံရေး အကျဉ်းသားများ ၁ဝဝ ဝန်းကျင်ခန့် အပါအဝင် အကျဉ်းသား ၁,၇ဝဝ ခန့် ဆက်လက် ကျန်ရှိနေဆဲ ဖြစ်သည်ဟု ပြည်ပအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း AAPP-B က ပြောသည်။ ထိုအဖွဲ့၏ စုဆောင်းချက်အရ လွတ်လာသူ အကျဉ်းသားမှာ ၂၂ဝ ဦး ရှိသည်ဟု သိရသည်။

“မတရားသဖြင့် ဖမ်းတယ်၊ အိမ်တွေမှာ လာဖမ်းတယ်။ ရပ်ဝေးထောင်တွေကို သူတို့ဟာသူတို့ ပြောင်းတယ်။ လွှတ်ပေးတဲ့ အချိန်ကျတော့ ပိုက်ဆံတထောင် ပေးပြီးတော့ မင်းတို့ သွားချင်ရာ သွားတော့ ဆိုပြီး လုပ်လိုက်တဲ့ ဟာမျိုးတွေ ကလည်း ဒါ သာမန် ရာဇဝတ်သား တွေကို လုပ်တဲ့ ကိစ္စမျိုးတွေ” ဟု AAPP-B ၏ တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က ဆိုသည်။

သို့သော် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ထွက်ရှိမည့် ရန်ကုန်ထုတ် The Voice ဂျာနယ်တွင် ပါရှိသည့် တွေ့ဆုံ မေးမြန်းခန်းတွင် သမ္မတ၏ နိုင်ငံရေး အကြံပေး အဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က ပြည်ပမှ ပြောဆို နေသည့် အကျဉ်းသား အရေ အတွက်မှာ မမှန်ကန်ကြောင်း ပြန်လည် စွပ်စွဲထားသည်။

“ဘန်ကောက်က လူတွေက စာရင်းကောက်တာက ဘာနဲ့စာရင်း ကောက်တာလဲ။ အကျဉ်းဦးစီးဌာနက သူတို့ကို စာရင်းပို့ သလား၊ မဟုတ်ဘူး။ သူတို့ လေသံကြားနဲ့ အကုန်လုံး ထည့်ထားတာတွေ အများကြီး ရှိတယ်။ တချို့ကလည်း ပွင့်ပွင့်လင်းလင်း ပြောရလို့ရှိရင် စာရင်းများများ ရလေ ထောက်ပံ့ကြေး များများ ရလေ” ဟု ဦးကိုကိုလှိုင်က The Voice သို့ ပြောသည်။

ထို့အပြင် ပြန်လွှတ်ပေးရန် အတွက် အစိုးရထဲတွင် စိုးရိမ်မှုများ ရှိနေသည်ဟုလည်း စစ်မှုထမ်းဟောင်း ဖြစ်သော ဦးကိုကိုလှိုင်က ပြောသည်။

နိုင်ငံရေးအကျဉ်းသားများအနက် ထောင်ဒဏ်ထက်ဝက် ကျခံပြီးသူများကို ရွေးချယ် လွှတ်ပေးခြင်း ဖြစ်သည်ဟု လွတ်မြောက် လာသူများက ပြောသည်။ ဥပမာအားဖြင့် ၁ဝ နှစ်ထောင်ဒဏ် ကျသူ ဖြစ်လျှင် ငါးနှစ်ကျော် နေပြီးဖြစ်မှ လွှတ်ပေးသည်။ သို့သော်လည်း နိုင်ငံကျော် လူရွှင်တော် ဇာဂနာကဲ့သို့သော လူသိထင်ရှား ဖြစ်သူများကို သီးသန့် ရွေးချယ် ထည့်သွင်း လွှတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

နေပြည်တော်မှ သီးခြား ရရှိသော သတင်းတရပ်တွင် ကက်ဘိနက်နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အပါအဝင် ၁၁ ဦး အဖွဲ့ဝင်ဖြစ်သော အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီအတွင်း နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရန် အထူးတလည် ဆွေးနွေး ခဲ့သည်ဟု ဆိုသည်။ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ အပါအဝင် ထင်ရှားသော နိုင်ငံရေး အကျဉ်းသားများ၏ ဖိုင်တွဲများကို အချိန်ယူ လေ့လာခဲ့သည်ဟု ဆိုသည်။

အခြေခံဥပဒေအရ သမ္မတသည် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ကာလုံဟုခေါ်သော အမျိုးသား ကာကွယ် ရေးနှင့် လုံခြုံရေး ကောင်စီ၏ ထောက်ခံချက် လိုသည်။

သမ္မတ၊ ဒုသမ္မတနှစ်ဦး၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး၊ ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် နှစ်ဦး၊ ကာကွယ်ရေး ဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီး၊ နယ်စပ်ရေးရာ ဝန်ကြီးတို့ ပါဝင်သည်။

“အခုလွတ်တဲ့အထဲမှာဆိုလို့ရှိရင် ကျနော်တို့ နေသားကြာတဲ့သူတွေ၊ နှစ်များတဲ့ လူတွေ၊ ၁၅ နှစ်ကနေ ၁၅ နှစ် အောက်ပေါ့လေ အဲဒီလူတွေကိုပဲ လွှတ်တာပါ။ ကျန်တဲ့လူတွေကို မလွှတ်သေးပါဘူး။ လွှတ်ဖို့ အစီအစဉ် ရှိတယ်လို့လည်း ကျနော်တို့ မကြားခဲ့ရပါဘူး” ဟု ယခု လွတ်ငြိမ်းချမ်းသာခွင့် အရ လွတ်မြောက်လာသူ ကိုမောင်မြတ်က ပြောသည်။

မန္တလေး အိုးဘိုထောင်မှ လွတ်မြောက်လာသူ ကိုမောင်မြတ်မှာ တမူးမြို့နယ် ခယကရုံးအား ဗုံးဖောက်ခွဲမှု အပါအဝင် ပုဒ်မ သုံးခုဖြင့် ၁၉၉၇ ခုနှစ်က စွပ်စွဲ ဖမ်းဆီး ခံရခြင်းဖြစ်ကာ နှစ် ၂ဝ သို့မဟုတ် တကျွန်း ပြစ်ဒဏ်နှင့် ထောင်ဒဏ် ၁ဝ နှစ်၊ စုစုပေါင်း နှစ် ၃ဝ ကျခံရခြင်း ဖြစ်သည်။ ပြန်လည် လွတ်မြောက် လာချိန်တွင် ထောင်ဒဏ် ၁၅ နှစ် ကျခံခဲ့ပြီး ဖြစ်သည်။

သမ္မတဦးသိန်းစိန်သည် ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးသူ တဦးဟု ယခုလ ၁၇ ရက်နေ့တွင် ထွက်ရှိမည့် The Voice အယ်ဒီတာ့ အာဘော်တွင် ဖေါ်ညွှန်းထားကာ နိုင်ငံတကာမှ ချီးမြှင့်သည့် ဆုတခုခုနှင့် ထိုက်တန်ကြောင်း လည်း ရေးသား ထားသည်။

သို့သော် “အခုဟာက ရွေးလွတ်သွားတယ်၊ လွတ်ရင် မဖြစ်ဘူးလို့ထင်တဲ့ လူတွေကိုလည်း ချန်ထားတယ်” ထိုကဲ့သို့ အကွက်ချ စီမံတတ်ခြင်းကြောင့် “အရမ်းပါးနပ်တဲ့ ဆုတော့ ရသင့်တယ်” ဟု လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသည့် မဖြိုးဖြိုးအောင်က ဝေဖန်သည်။

ဦးသိန်းစိန်၏ လုပ်ဆောင်မှုများကို ကာလတိုဖြင့် တိုင်းတာ၍ မရနိုင်ဘဲ၊ ၁၉၉ဝ မှ ယနေ့အချိန်အထိ လုပ်ဆောင်ချက် များကို ကြည့်ပြီးမှသာ ပြောရမည် ဖြစ်ကြောင်း လွတ်မြောက်ရာတွင် ပါဝင်သူ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ အသက် ၇၃ နှစ် ရှိပြီဖြစ်သော တောင်ကြီးလွှတ်တော် အမတ် ဦးကျော်ခင် က ပြောသည်။

“အဘတို့က လက်တွေ့ဖြတ်သန်းလာတာဆိုတော့ အဲ့ဒီအာဘော်နဲ့တော့ ကွဲလွဲချက် ရှိပါတယ်။ အနှစ် ၂ဝ လုံးလုံး တပ်မတော် အစိုးရကနေ ဆောင်ရွက် တာတွေကို ကြည့်ရမှာ ဖြစ်တယ်။ အဘတို့က ခြုံငုံပြီး ကြည့်ပြီးတော့မှ ပြောရမှာ ဖြစ်တယ်။ ဖြတ်ပြီး ပြောလို့မရဘူး။ နောက်တခုက ဦးသိန်းစိန်ဟာ ငြိမ်းချမ်းရေးကို ဖေါ်ဆောင်သူလား၊ စမ်းသပ်နေတာလား ဆိုတာလည်း စောင့်ကြည့် ရဦးမှာဖြစ်တယ်” ဟု ဆိုသည်။

၁၉၉ဝ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရခံသော ဒီချုပ်ကို ယခင် စစ်အစိုးရက အသိအမှတ် မပြုခဲ့ဘဲ နောက်ထပ် နှစ် ၂ဝ အကြာတွင် ရွေးကောက်ပွဲ ကျင်းပရာ အငြင်းပွားဖွယ်ရာ ရလာဒ်ဖြင့် စစ်ဘက် ခေါင်းဆောင် များကပင် ထူထောင် ထားခဲ့သော ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက အနိုင်ရ သွားခဲ့သည်။ အစိုးရ အဖွဲ့ကိုလည်း အရပ်ဝတ်လဲ စစ်ဘက် အရာရှိဟောင်း အများစုဖြင့် ဖွဲ့စည်း လိုက်ကြသည်။

Ref: မဇ္ဈိမ

Read More...

KNU မှ ထွက်ပြေး၊ အစိုးရတပ်မှ ဖမ်းပြီးနောက်

ကိုဝိုင်း
သောကြာနေ့၊ အောက်တိုဘာလ ၁၄ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ရန် ကရင်အမျိုးသား အစည်းအရုံး KNU မှ ထွက်ပြေးပြီး အစိုးရတပ်နှင့် သွားပေါင်းခဲ့ရာမှ ထောင် ရှစ် နှစ် ကျခဲ့ရသူ စောဘားဘယ်က သူ ကြုံတွေ့ခဲ့ရသည့် သပြေညွန့် ငြိမ်းချမ်းရေး စခန်း အကြောင်းနှင့် ထောင်တွင်း အတွေ့အကြုံတချို့ကို မဇ္ဈိမကို ပြောပြ ထားသည်။

နာမည်ဘယ်သူလဲဗျ။ ကရင်အမျိုးသားအစည်းအရုံး KNU ဘယ်တပ်မဟာကလဲ။

“စောဘားဘယ်။ ကျနော်တို့ KNU နှစ်ယောက်ရှိတယ်။ နောက်တယောက်က ကိုမြင့်အောင်။ ကရင်နာမည် မရှိဘူး။ သူက တောင်ငူသား။ ကျနော်က KNU မှာနေတုန်းက တပ်မဟာ-၂၊ တပ်ရင်း-၆၊ တပ်ခွဲ-၂၊ တောင်ငူခရိုင်။ ဇာတိက ကရင်ပြည်နယ်၊ သံတောင်မြို့နယ်၊ ဘောဂလိကြီး ကျေးရွာအုပ်စု၊ ရေသိုးကလေး ရွာကပါ”

နှစ်ယောက်လုံးက အဖြစ်အပျက်က အတူတူလား။

“တကွဲစီပါခင်ဗျ။ ကျန်တဲ့ လူတွေအတွက်တော့ ကျနော် သိပ်မပြောချင်ဘူး။ ကျနော့်ကိစ္စပဲ ပြောချင် တယ်ခင်ဗျ။”

စောဘားဘယ်က အသက် ဘယ်လောက်ရှိပြီလဲ ခင်ဗျ။

“ကျနော့်အသက် ခုဆိုရင် ၂၆ နှစ်။”

အခု လွတ်လာတာ ဘယ်ထောင်ကလဲ။

“အခုလွတ်လာတာ ကသာထောင်မှာ။ ပထမချတာတော့ တောင်ငူထောင်။ မန္တလေးထောင် ပြောင်းတယ်။ ကသာထောင် ပြောင်းတယ်။ စုစုပေါင်း ခြောက်နှစ်နဲ့ နှစ်လလောက် နေလိုက်ရတယ်။ တောင်ငူ ထောင် ထဲမှတော့ သုံး-လေး-ငါး လ လောက်ပဲ ကြာတယ်။ မန္တလေးမှာ ၁၁ ရက်။ ကျန်တဲ့ ကာလကတော့ ကသာထောင်မှာ လွတ်တဲ့ အထိပါပဲ။”

ကသာထောင်ကနေ လွတ်လာပြီး မန္တလေးမြို့ကို ဘယ်လိုရောက်လာလဲ။

“မနေ့ည ၇ နာရီခွဲလောက် ရောက်တယ်။ ရထားနဲ့။ ကသာထောင်မှာ မိတ်ဟောင်း ဆွေဟောင်း ယုံကြည်ချက်ကြောင့်နဲ့ အတူတူ နေခဲ့ဖူးတဲ့လူတွေ လာကြိုပါတယ်။ သူတို့က အရင်ဆုံး လွတ်သွား တာပါ။ သာမန် လွတ်ရက်နဲ့။ ကသာ အန်အယ်ဒီက ဥက္ကဋ္ဌ ဦးမြင့်ကြည်။ ကိုချမ်းအောင်၊ ကိုပေတိုးလည်း ပါတယ်။ မန္တလေးကို သူတို့ပဲ ရထားနဲ့ စီစဉ်ပေး လိုက်တာပါဗျ။ မန္တလေး ရောက်တော့ (အန်အယ်ဒီ မန္တလေးတိုင်းစည်း) ကိုမျိုးနိုင် လာကြို ပေးပါတယ်ခင်ဗျ။”

KNU မှာတုန်းက ဘာတာဝန်လဲ။

“ဆေးမှူး၊ ကျနော်တို့က တပ်ရင်းအနေနဲ့တော့ မထိုင်ဘူး။ ရင်းအောက်ခံ တပ်ခွဲ-၂။ ကျနော်နေတဲ့ ကာလမှာတော့ ထီးသခီး စခန်းမှာ ထိုင်ခဲ့တာ။”

အဲဒီတုန်းက တပ်မဟာ-၂ တပ်မဟာမှူးက ဘယ်သူလဲ။

“ဗိုလ်ချုပ်အားဆီ။ ဗိုလ်မှူးဘောနီကို ကျနော် မမီလိုက်ဘူးဗျ။”

ဖမ်းမိတာလား။ ဘယ်လိုဖြစ်တာလဲ ခင်ဗျ။


“ဖမ်းမိတာ မဟုတ်ဘူး။ လာပြီးတော့ အဖမ်းခံနေသလို ဖြစ်နေတာ။ ကျနော် KNU မှာ တာဝန် ထမ်းဆောင်တာ ၂ဝဝဝ ခုနှစ်က။ ၂ဝဝ၁ ခုနှစ်က ကျနော် ဆေး သင်တန်း တက်ပြီးမှ ဆေးမှူးတာဝန် ထမ်းဆောင်တယ်။ ဆေးသင်တန်း ကတော့ တပ်မဟာ-၂ စစ်ဌာန တနေရာပေါ့။”

“ရှေ့တန်းမှာ ကိုယ့်လူတွေရော ဒုက္ခရောက်တဲ့ ပြည်သူလူထုရော၊ ဆေးနဲ့ ပတ်သက်တာ ကတော့ ကူညီခဲ့ပါတယ်။ KNU ကနေ ကျနော်တို့ကို ဘာဖိအားမှ မပေးဘဲနဲ့၊ ဘယ်ခေါင်းဆောင်မှ မဆူမဆဲဘဲနဲ့ ဒီခေတ် စကားလုံးအ နေနဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်နဲ့ ပေါ့နော်။ အဲဒါကလည်း တကြောင်း၊ နောက် ကိုယ်က အတွေးနည်းနည်း တိမ်တာ တကြောင်းနဲ့ ကျနော်က KNU ကနေ ခွဲထွက်တာ”

“ကျနော် KNU ကနေ ခွဲထွက်ပြီးမှ အစိုးရဘက်က သူတို့သုံးတဲ့ လက်နက်နဲ့ ငြိမ်းချမ်းရေးပေါ့။ ဒါပေမယ့် အဲဒါတွေက အတု အယောင်တွေပါ”

ရှေ့တန်းမှာ ကူညီတယ်ဆိုတာက ဘယ်နေရာတွေမှာလဲ။

“တပ်မဟာ (၂) ထဲက အမဲရောင်လို့ သတ်မှတ်ခံရတဲ့ နယ်မြေတွေပေါ့။ ရေသိုးကြီးရွာ ဂွင်ထဲမှာပေါ့။ ဘောဂလိ ဘက်မှာ။”

KNU ကနေ ခွဲထွက်တယ်ဆိုတာ ဘယ်တုန်းကလဲဗျ။

“၂ဝဝ၅ ခုနှစ်။ ဖေဖော်ဝါရီ ၂၁ ရက်နေ့က။”

ဘယ်သူတွေနဲ့ အတူ ထွက်သွားတာလဲ။

“ကျနော်ရယ်၊ ဆေးမှူး စောဟာဘီးယား ပါတယ်။ နှစ်ယောက်တည်း။ လက်နက်ရော ပါတယ်။ အမ်-၁၆ တလက်၊ (၄၇) တလက်၊ ကျနော့်ရဲ့ သူငယ်ချင်း အိတ်ထဲမှာလည်း ငွေ ဆယ်သိန်း ပါလာတယ်။ ကျနော်တို့ ထီးသခီးစခန်း ကနေ စထွက်လာပြီးမှ အရင် တွေ့တာက ခလရ-၇၃ ဗိုလ်ကြီးလွင်ဦး။ သူတို့ရဲ့ တပ်ရင်းအထိုင် ဌာနက ဇရပ်ကြီး ဘက်မှာ၊ ကျနော်တို့နဲ့ ဆုံတာက ရေသိုးကြီးစခန်း ရှေ့တန်း စခန်းပေါ့ဗျာ။ နောက် ဘောဂလိဗျူဟာကို ပို့တယ်။ ပလက်ဝ တံတားစခန်းကို ပို့တယ်။ အင်္ဂလိပ် လက်ထက်က ဖောက်ခဲ့တဲ့ လမ်းဟောင်း ဘောဂလိ-တောင်ငူပြေးတဲ့ လမ်းပေါ်ကစခန်း။ နောက် ခလရ-၂၆ ဗိုလ်ကြီး တယောက်က စစ်ကားနဲ့ လာကြိုတာ။ စရဖ-တပခ (၁၁) လက်အောက်ခံမှာ ပို့တာ။ တောင်ငူမြို့ပေါ်က။ စရဖ တပ်မှူးက ဗိုလ်မှူးထွန်းထွန်းဝင်း။ ကျနော်တို့နဲ့ သွားတွေ့တာ။ အဲဒီကနေ ဘာမှ မပြောရသေးဘူး အချုပ်ထဲ တန်းထည့်တာ။ တပ်ရင်းအချုပ်။”

လက်နက်နဲ့ ငြိမ်းချမ်းရေး လဲတယ် ဆိုတာကို ဘယ်လိုလုပ် သိတာလဲ။

“သူတို့က မြန်မာ့အသံမှာ အမြဲတမ်း အသံလွှင့်တာကိုး။ အဲဒီ စကားလုံးတွေ ကြားခဲ့တာပေါ့။”

KNU ကထွက်သွားတာက KNU ကို မကြိုက်လို့လား။ ဘယ်လိုကြောင့်လဲ။

“မကြိုက်တာ မဟုတ်ပါဘူး။ ကျနော်တို့က အတွေး တိမ်တာပါ။ အမြော်အမြင် ကျဉ်းတာ။ အေးဆေး ငြိမ်းချမ်းရေး လုပ်မှာပေါ့နော။ တဘက်နဲ့ တဘက် တိုက်တယ်ဆိုတာ နှစ်ဘက်လုံး သေကြေတာ မကောင်းဘူးပေါ့နော။ ဒါ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အမြင်ပေါ့။”

ခုန ဆေးမှူး စောဟာဘီယားနဲ့ပါသွားတဲ့ ဆယ်သိန်းက KNU ပိုက်ဆံလား။

“ဟုတ်တယ်နေမှာ။ သူနဲ့ ကျနော်နဲ့က တကယ်တမ်း ကျတော့ ဌာနမတူဘူး။ ကျနော်နဲ့ အဲဒီညမှာ ဆုံတွေ့တဲ့ အခါကျတော့ ဆေးမှူးချင်း အတူတူဟာ ရင်းနှီးတာ။ သူက နောက်တန်း စခန်းကနေ ရှေ့တန်းကို ဆင်းတဲ့ အချိန်မှာ ထီးသခီး စခန်းမှာ ပေါင်းပြီး ထွက်တာ။ ညခင်းကြီး ထွက်ပြေးတာ။ သူက အဲဒီနေ့ည ပြန်လာ အနားယူတဲ့ အချိန်။”

“သူနဲ့ ကျနော်နဲ့ စကားစပ်မိတဲ့အခါ ကျတော့ ပြေးမယ်၊ ဘာညာ သွားမှာပေါ့နော။ စမ်းကြည့်တာ ပေါ့လို့။ ကိုယ်လိုလားတဲ့ အတိုင်းအတာနဲ့ သူတို့ လုပ်တဲ့ ငြိမ်းချမ်းရေး ဆိုတာ ဘယ်လိုလဲပေါ့။ အဲဒါနဲ့ နှစ်ယောက်သား ဘာမသိ ညာမသိနဲ့ ပြန်လာတယ် ဆိုပါတော့။”

သူက ဘယ်ရောက်သွားပြီလဲ အခု။

“မသိဘူး။ ကျနော် အဖမ်းခံရပြီးတဲ့ နောက်ပိုင်းမှာ အဲဒီကိစ္စတွေက တော်တော် အဆက်ပြတ်သွား တာ။”

စရဖက အချုပ်ထဲ တန်းထည့် လိုက်ပြီးတော့ ဘာဆက်ဖြစ်သေးလဲ။

“စစ်ကြောရေးဝင်တယ်။ ဘယ်စခန်းမှာနေခဲ့လဲ။ ဘာလုပ်ခဲ့လဲ။ ဘယ်နေရာမှာ ဘာရှိလဲပေါ့။ စခန်းတွေ ဘယ်နေရာလဲ။ ဖြေလိုက် ရတယ်။ မဖြေလို့က မရတော့ဘူး။ ရိုက်တာတော့ မရိုက်ဘူး။ ဒါပေမယ့် လက်ခုပ်ထဲက ရောက်သွားတဲ့ ရေလိုမျိုး ဖြစ်နေတာ။ အဲဒါ တညလောက် ကြာတယ်။”

“စစ်ကြောရေးက ခုန တပခ (တောင်ပိုင်းတိုင်း စစ်ဌာနချုပ်) အချုပ်ခန်းထဲမှာ။ လာစစ်တာ နာမည် မေ့နေတယ်။ တပ်ကြပ် အဆင့်တွေလည်း ပါတယ်။ ရဲဘော်တွေလည်း ပါတယ်။ မနက်မိုးလင်းတော့ ပြန်ခေါ်သွားပါတယ်။ သူတို့ နေတဲ့နေရာကို။ အချုပ်ထဲကနေ ပြန်ထုတ်တာ။”

သူတို့နဲ့ အတူတူနေရတာလား။ နှစ်ယောက်ထဲ သတ်သတ်ထားတာလား။

“အတူတူပါပဲ။ တခြားစစ်သားတွေက သူ့နေရာနဲ့ သူပေါ့။ အဆောက်အဦး ကျတော့ တလုံးတည်း ပါပဲ။ လက်နက်တွေ ဘာတွေ သိမ်းကုန်ပြီ။ သူတို့ လက်နက်တွေလည်း မထားဘူး။”

“ပြန်ခေါ်သွားပြီးတော့ ဆက်တိုက်ပဲ စစ်ကြောရေးယူတာ။ အဲဒီအဆောင်ထဲမှာပဲ ယူတယ်ခင်ဗျ။ ပဲခူးတိုင်း တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ရချင်တာလေးတွေ သူတို့က ပြန်မေးပေးတယ်။ ပြန်ဖြေပေး ရတာပေါ့နော်။”

စစ်ကြောရေးဝင်ပြီးတော့ ဘာဆက်ဖြစ်သေးလဲ။


“သူတို့မေးမြန်းတဲ့အခါကျတော့ ရပြီဆိုကာမှ၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ဂျီဝမ်း G-1 အခု အငြိမ်းစားသွားပြီ ခေါ်တွေ့ တာပေါ့။ နာမည် မေ့သွားပြီ။ ကျနော်တို့နဲ့ တွေ့ပြီးတော့ မကြာဘူး အငြိမ်းစား ယူသွားတာ။ အဲဒီတုန်းက ကျနော်တို့ကို သူတို့တပ် အနေနဲ့ ထောက်ပံ့ငွေ တယောက် ၂ဝ,ဝဝဝ။ ကျနော်နဲ့ ဟာဘီးယား နှစ်ယောက်ပေါ့။ ထမင်းဝအောင်လည်း မကျွေးဘူး။ တပခ ဝင်းထဲ မှာပဲ။ သူတို့က စကေး အနေနဲ့ တရက်ကို နှစ်နပ်ပဲ စားရတယ်။ အဲဒီတုန်းက တရက်ကို တယောက် ၅ဝ နှုန်းနဲ့ပဲ ပေးတာ စားစရိတ်က။ အားလုံး အတူတူပဲ ဒါပေမယ့် သူတို့က လစာရှိတယ်။ ကျနော်တို့ က လစာမှမရှိတာ။”

“အဲဒီမှာ ဆက်နေပြီးတော့ နောက်ပိုင်းမှာမှ ငြိမ်းချမ်းရေးတခု ပြန်ထူထောင်မယ်၊ သပြေညွန့်စခန်း မှာ ငြိမ်းချမ်းရေး အထူးဒေသ တခု အနေနဲ့ ဖွင့်မယ်ဆိုပြီးတော့ အစီအစဉ် ဆွဲတာ။ သပြေညွန့်စခန်း က သံတောင်မြို့နယ် ဇရပ်ကြီးဘက်မှာ ကရင်ပြည်နယ်။ သပြေညွန့် ကျေးရွာ အုပ်စုထဲမှာ။ အဲဒီမှာရှိတဲ့ ရွာသားတွေ လယ်ကို သိမ်းပြီးတော့ ဆောက်တာ။ လျော်ကြေးလည်း မပေးဘူး။”

သပြေညွန့် အထူးဒေသ မလုပ်ခင်မှာ တခြားဘာတွေ လုပ်ကြသေးလဲ။

“သပြေညွန့်အထူးဒေသ မလုပ်ခင်မှာ ကျနော်တို့ကို အသုံးချတယ်။ ရှေ့တန်းကို ပြန်ပို့တယ်။ စစ်တပ်နဲ့ ရောပြီးတော့။ ဦးဆောင်တဲ့ လူက ဗိုလ်မှူးဝင်းမင်းညွန့် စစ်ကြောင်း။ KNU စခန်းကို ပြန် တိုက်ချင်တာ။ တပ်မဟာ (၂ ) မှာပဲ။ ကျနော်နေခဲ့တဲ့ တပ်ရင်းပေါ့။ ဒါပေမယ့် စခန်းကို မရောက်ဘူး။ သွားလည်း မသွားရဲဘူး။ အဲဒါနဲ့ လမ်းမှာ ရွာသား နှစ်ယောက်ကို ပစ်သတ်ခဲ့တာ။”

ဘယ်သူက ပစ်သတ်တာလဲ။

“ဗိုလ်မှူးဝင်းမင်းညွန့် ဦးစီးတဲ့ စစ်ကြောင်း အဖွဲ့က။ သူပုန်ဆိုပြီးတော့ ပစ်သတ်တာ။ ပြီးတော့ သူတို့ ဘယ်လိုပြောလဲ ဆိုတော့ ပလိုင်းထဲမှာ ဗုံးပါတယ်တဲ့။ ကျနော်တို့ ကြည့်တော့ ငါးပိဗူးတွေ။ အလုပ်ခင်းထဲမှာ သွားမလို့။ နောက်မှ ကျနော် ပြန်သိရတာ နောက်တယောက် ကျတော့ ရွာမှာ ဖမ်းပြီးတော့ KNU လို့စွပ်စွဲပြီး ကြိုးတွေချည်ပြီး လမ်းမှာ ပစ်သတ်တယ်။ နှစ်ပွင့် အရာရှိက။ အဲဒီ နှစ်ယောက် မသတ်ခင်မှာ အမျိုးသမီး တယောက် ရှိတယ်။ ပိုက်ဆံ တသိန်းကျော် ပါတဲ့ဥစ္စာ ပြန်မပေးဘူး သိမ်းသွားတယ်။ လမ်းမှာ တွေ့သမျှ လူအကုန်ဖမ်း။ တော်တော်လေး နှိပ်စက်တယ် ရွာသားတွေကို အဲဒီနားတဝိုက် ရေတံခွန်ရွာကနေ စတက်တာ၊ အုန်းပင်ချောင်းတို့။”

ရှေ့တန်းကို ခေါ်သွားတော့ စောဘားဘယ်တို့က ဘာလုပ်ပေးရတာလဲ။

“အဓိက က စခန်းပြပေါ့။ ဒါပေမယ့် သူတို့သွားတဲ့ မြေပုံအတိုင်း သွားပေးတာပဲ။ စခန်းလည်း မရောက်ဘူး။ ရှေ့တန်းမှာ ၄-၅-၁ဝ ရက်လား မသိဘူး။ ၂ဝဝ၅ ခုနှစ် မိုးတွင်း။ မှတ်မှတ်ရရ ဒူးရင်းသီးကြွေတဲ့ အချိန်။ ၇ လ (ဇူလိုင်) ပိုင်း၊ ၈လ (သြဂုတ်) ပိုင်းလား မသိဘူး အဲဒီဝန်းကျင်က။ တိုက်ပွဲကတော့ မဖြစ်ဘူး။ KNU မိုင်းဆွဲ ခံလိုက်ရသေးတယ် သူတို့။ ပိုဆိုးသွားတာပါ။ ရေတံခွန်ရွာ ဥက္ကဋ္ဌကို အကြီးအကျယ် ရိုက်တာ။ ခေါင်းကွဲတယ်။ ဆေးလည်း ပြန်မကုပေးဘူး။”

စောဘားဘယ်တို့ကို ငြိမ်းချမ်းရေးအဖွဲ့အစည်း ထူထောင်ပေးတယ် ဆိုတာ ဘယ်တုန်းကလဲ။

“အဲဒါ သူတို့က ငြိမ်းချမ်းရေးလိုလို၊ ပြည်သူ့စစ်လိုလို၊ အတိအကျလည်း မပေးဘူး။ အတိအကျ ပြောတာလည်း မရှိဘူး။ ငြိမ်းချမ်းရေး ဆိုတာ ဟိုလူစု၊ ဒီလူစုပါဗျာ။ တကယ်တန်း ကျတော့ သူနဲ့ ဆန့်ကျင်တဲ့လူ တော်တော်များများ မပါပါဘူး။ ဟိုရွာသား ဒီရွာသား စုတာလိုလို၊ ယူနီဖောင်းဝတ်ပေး တာလိုလို၊ ဓာတ်ပုံရိုက်တာ လိုလို၊ နောက်ဆုံး အနေနဲ့ သတင်းစာ ထဲမှာထည့်တယ်။ တောတွင်း လက်နက်ကိုင် တွေဟာ ပြန်လာတယ်။ လိုတဲ့အကူအညီ သူတို့ဌာနဆိုင်ရာတွေ ကူညီတာပေါ့။ တကယ်တမ်း ကျတော့ အကူအညီ မရှိဘူး။”

“ရှေ့တန်းမှာအသုံးချပြီးမှ။ ရှေ့တန်း နှစ် နေရာသွားတယ်။ နောက်တခါ ဘောဂလိပြန်ပို့တယ်။ ဘောဂလိ ရွာသားရဲ့ ခြံထဲမှာပဲ သွားနေ ပါတယ်။ ရှေ့တန်း မသွားပါဘူး။ ဒူးရင်းသီး ကောက်စားတယ် နောက်ပြီး နောက်တန်းပဲ ပြန်လာတယ်။”

သပြေညွန့်စခန်း ကိစ္စပြောပြပါဦး။

“ကျနော်တို့က ငြိမ်းချမ်းရေးလိုလို၊ ပြည်သူ့စစ်လိုလိုနဲ့ ဟာဘီးယားတို့က ကြောက်သွားပြီ။ သူတို့ ခြိမ်းခြောက်တာ နဲ့ကို ကြောက်နေပြီ။ တကယ်တန်း KNU ငြိမ်းချမ်းရေး လုပ်တဲ့လူ ကျနော့် အနေနဲ့ တွေ့ကြုံခဲ့ရတာက အသိအမှတ်ပြု မခံရဘူး။ မြို့ပေါ်မှာ လည်လည် ဝယ်ဝယ် ရှိတဲ့လူကို ယူနီဖောင်း ပေးဝတ်ပြီးတော့ ဓာတ်ပုံရိုက်ပြီးတော့ သတင်းလွှင့်ပြီးတော့ အသိအမှတ် ပြုတာ။ ကရင်တွေ မဟုတ် ဘူးဗျ။ အဲဒါ မြင့်ဇော်တို့ အုပ်စု။ သူ့ဇာတိက သာယာဝတီကလို့ ပြောတယ်။ သူက အကျိုးဆောင်လို လို ရိက္ခာ ထုတ်ပေးတော့လည်း မလောက်တလောက် စားရတယ်။ သူက စစ်သား မဟုတ်ဘူး။ အရပ်သား။ စရဖနဲ့ ပေါင်းပြီးတော့ ငြိမ်းချမ်းရေး ယောင်ယောင် ဘာယောင်ယောင်။ ယူနီဖောင်း ဝတ်ပြီးတော့ သူ့ကိုယ်သူ KNU အရာရှိလိုလို တကယ်တန်းကျတော့ သူကရွာသား။”

အဲဒီလိုကနေ ထောင်ထဲကို ဘယ်လိုရောက်သွားတာလဲ။

“ကျနော့်ကို ဖမ်းထည့်တာက ၂ဝဝ၅ ခု၊ ၉ လပိုင်း ၁၅ ရက်နေ့ မနက်။ အဲဒါ ကျနော် သတင်းလာပို့ တာ လူတွေကြောက် ကုန်ပြီ၊ ပြေးကုန်ပြီ၊ ဘယ်လို လုပ်ကြမလဲ၊ သတင်းပို့လာ စရဖကို အဲဒါ မြင့်ဇော်နဲ့ ပေါင်းပြီးတော့ မြင့်ဇော်က သူခံရမှာစိုးလို့ ထိုးကျွေးလိုက်တာ ကျနော့ကို။ အရင်တုန်းက ထောက်လှမ်းရေး- (၃) အဟောင်း၊ တောင်ငူမြို့ပေါ်မှာ။ အထက (၁) ဘေးနား။”

“ကျနော်နဲ့ပါလာတဲ့ ဟာဘီးယားရော၊ သူတို့ စုထားတဲ့ ရွာသားတွေရော၊ ကလေးလေးတွေရော၊ သပြေညွန့်မှာ။ ငြိမ်းချမ်းရေး ဆိုပြီးတော့ စုထားတာ။ အမှန်အကန် ပါတာက ကျနော်နဲ့ ဟာဘီးယား နှစ်ယောက်ထဲပဲ။ ကျနော်တို့ကို နာမည်ခံပြီးတော့ သူတို့နဲ့ ပြေလည်တဲ့ အရပ်သားတွေနဲ့ လုပ်စားတာ။”

“သူတို့ထွက်ပြေးတဲ့အချိန် အချိန်မီကျနော်က သပြေညွန့်ကနေ တောင်ငူကို ဆင်းလာတာ။ ထောက်လှမ်းရေး- တပ်စွယ် (၃) ။ ဘာမပြော ညာမပြောနဲ့ စရဖတွေက ဖမ်းထည့်တာ။ ဗိုလ်ကြီး သိန်းမြင့် သူတာဝန် အရှိဆုံးပဲ။ စစ်ကြောရေး လာယူတယ်။ ကျနော်က အဖြစ်မှန် ပြောပြတာကို လက်မခံဘူး။ မြင့်ဇော်ရဲ့ သတင်းပဲ ယူတယ်လို့ သိပါတယ် သူတို့ လုပ်စားသွားတာ။ ကျနော်ကို ၁၇ (၁)၊ ၁၇ (၂) ပုဒ်မတပ်တာ။ သူတို့ကို ပုန်ကန်တယ်လို့ ပြောတာ။ ကျနော် ထောင် ရှစ်နှစ်ကျ သွားတယ်။”

ဘယ်သူက ထောင်ချလိုက်တာလဲ။

“တောင်ငူတရားရုံးက တရားသူကြီး ဦးသန်းစိုးမြင့်။ ဦးသန်းစိုးမြင့်ကလည်း အမိန့်လာချတာ သူ့မှာ အာဏာ မရှိဘူးတဲ့။ တပ်ကလာတဲ့ စာရွက်ကိုပဲ ဖောက်ဖတ်ရတာတဲ့။ ကျနော့်ကို ပြောပြတာ။ တရားရုံးမှာ ကျနော်တို့ ပြန်လျှောက် တာလည်း တခုမှ အတည် မပြုဘူး။ အစိုးရ ဘက်က ထွက်ဆို တာပဲ အတည်ယူပြီး တဘက်သတ် ထောင်ချတယ်။”

“တောင်ငူထောင် အမိန့်ချတာ နိုဝင်ဘာလ ၂၃ ရက်နေ့လား မသိဘူး၊ ၂ဝဝ၅။ တောင်ငူထောင် ရောက်ပြီး ၁ လပိုင်း၊ ၂၁ ရက်နေ့ မန္တလေးထောင် ပြောင်းတာ။ ထောင်းပြောင်းတဲ့ အချိန်လည်း မိသားစုလာတာ ပေးမတွေ့ဘူး။ တော်တော် များများ ပေးမတွေ့ဘူး။ အဲဒီထဲမှာ ကျနော်တို့ KNU ၁၇ (၁)၊ ၁၇ (၂) ပတ်သက်တယ် ဆိုပြီး ဖမ်းထည့်ထားတာ ၁၉ ယောက်ပါတယ်။ ကိုမြင့်အောင်၊ ဦးတီးကလီး၊ စောတာတူးတူး၊ စောအောင်ဝင်း ပါတယ်။ စောအုန်းမောင်ကို သေဒဏ် ချလိုက်တယ်။ သူက ဘယ်တပ်မဟာမှ မဟုတ်ဘူး ရွာသားတွေ။ ဆက်သွယ် ဆိုပြီး ဆွဲထည့်တယ်။ ဘုမသိ ဘမသိ သူတွေပါ။”

ထောင်ထဲမှာ နေရတာရော ဘယ်လို နေထိုင် ကြုံတွေ့ရလဲ။

“မပြေလည်ပါဘူး။ ထောင်ထဲမှာ ဆိုတဲ့ ဥစ္စာက။ ငုံ့ခံပြီးတော့ နေရတာပေါ့။ အဲဒီ ၂ဝဝ၅-ဝ၆ (ခုနှစ်) ဆိုတာ တကယ့် ခေတ်ဆိုး ရှိသေးတာကိုး။ သူတို့ပြောတာကို အကုန်လုံး ဟုတ်ကဲ့ လုပ်ရမှာပေါ့။ ၂ဝ၁ဝ (ပြည့်နှစ်) လောက်မှ နည်းနည်း သက်သာ သွားတာ။”

ထောင်ဝင်စာရောလာလား။

“ဝေးဝေးတခါတော့လာတယ်။ အိမ်ကလည်း ဝေးတာကိုး။ ငွေကြေးလည်း မတတ်နိုင်ဘူး။ ကျနော် ကသာထောင်မှာ နေတော့ သုံးခေါက် လာတွေ့ပါတယ်။ အိမ်ကအဖေ။ ညီအကိုမောင်နှမ ခုနှစ်ယာက် ရှိတယ်။ ကျနော်က သုံးယောက်မြောက်။ အိမ်ပြန်မှ သိရမယ်။”

ထောင်ထဲမှာ နေတုန်းက နိုင်ငံရေးအကျဉ်းသားတွေနဲ့ ဆုံသေးလား

“အင်းတော်က လွှတ်တော်ကိုယ်စားလှယ် ဦးစောလှိုင်နဲ့လည်း အတူတူ နေခဲ့ရတယ်။ အန်အယ်ဒီ စစ်ကိုင်းတိုင်း လွှတ်တော် ကိုယ်စားလှယ်။ ကျနော်နဲ့ အတူတူ တရက်ထဲ လွတ်လာတာ၊ ၁၂ ရက်နေ့ က။ ကျန်တာက ၈၈ (မျိုးဆက် ကျောင်းသားများ အဖွဲ့) က မမီးမီး၊ အီလက်ထရောနစ် ကျတာ (DVB သတင်းထောက်) မလှလှဝင်း။ ကိုအံ့ဘွယ်ကျော်၊ မန္တလေး အုတ်ဖိုဘက်က ဇော်မင်းဦး၊ ပုလဲ လက်ပုကန်ဘက်က အောင်လှိုင်မင်း၊ စစ်တွေ ရခိုင် ထွန်းလင်းကျော် တို့၊ ကျောက်ပန်းတောင်းက ရဲခေါင်တို့ ခုနှစ်ယောက်လောက် ကျန်တယ်။”

“ကျနော်တို့ကို လွှတ်ပေးတယ်ဆိုတာကလည်း အများကြီးနေထား ရပြီးသား လူတွေ၊ လွတ်ခါနီးလူတွေ၊ ကျနော်က ၁ဝ လ၊ ၁၁ လ လောက်ပဲ ကျန်တယ်။ ပထမ လွတ်ငြိမ်းသက်သာ ဆိုပြီးတော့ တနှစ် ပေးတာတော့ ခံစားခွင့် ပေးလိုက်တယ်။”

အခု KNU နဲ့ ပြန်အဆက်အသွယ်လုပ်မှာလား။ ဘာလုပ်မလဲ။
“ကျနော်မလုပ်ပါဘူး။ လောလောဆယ်တော့ ရွာပြန်ရမှာပေါ့။ ပြီးတော့လည်း သူတို့ နအဖရဲ့ ရန်ကို ကြောက်ရသေး တာကိုး။ မကြောက်လို့ မရဘူး။ တအား ခြိမ်းခြောက်ထားတာ၊ အခံတွေ ရှိတဲ့ အခါကျတော့ ပိုးက မသေသေးဘူး။ ဘာလို့လည်း ဆိုတော့ သူတို့က ငြိမ်းချမ်းရေး ပြောပြီး ထောင်ထဲ ဖမ်းထည့်တာ လက်မခံဘဲနဲ့။”

ဆိုတော့ KNU အပါအဝင် လက်နက်ကိုင်လုပ်နေတဲ့လူတွေကိုရော ဘာပြောချင်လဲ။

“ငြိမ်းချမ်းရေးကိစ္စနဲ့ပတ်သက်တာကိုပဲ ပြောချင်ပါတယ်။ ကျနော့်လိုပဲ ဖြစ်ဖြစ်ပေါ့၊ သူတို့ ကိုယ်ပိုင် လွတ်လပ်ခွင့် အရ ဖြစ်ဖြစ်၊ ဒီငြိမ်းချမ်းရေးနဲ့ ပတ်သက်တာ သတိရှိရှိနဲ့ ပေါ့ဗျာ။ ကျနော့်လို အတုအယောင်နဲ့ အဖြစ်ဆိုးမျိုးနဲ့ မကြုံတွေ့ စေချင်ဘူး။”

Ref: မဇ္ဈိမ

Read More...

ထိုင်းရေဘေး မြန်မာ အလုပ်သမားတွေပါ အခက်ကြုံ

အေးအေးမာ
တနင်္ဂနွေ, 16 အောက်တိုဘာ 2011

ဇူလိုင်လကတည်းကစလို့ ရေကြီးမှုတွေဖြစ်နေတဲ့ ထိုင်းနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာ အလုပ်သမား တွေဟာ ကူညီ ကယ်ဆယ်ရေး အဖွဲ့တွေနဲ့ အဆက်အသွယ်ရဖို့ အခက်အခဲ ရှိနေပါတယ်။ ဒီလို ဆိုးဆိုးရွားရွား ရေကြီးမှုကြောင့် နေရေးထိုင်ရေး၊ အစားအသောက် အခက်အခဲအပြင် သွားလာရေး ခက်ခဲမှုတွေကြောင့် တချို့နေရာတွေမှာ ပိတ်မိနေတာတွေ ရှိပါတယ်။ ဒီအခြေအနေ အပြည့်စုံကို မအေးအေးမာက စုံစမ်း မေးမြန်းထားပါတယ်။

ထိုင်းနိုင်ငံက ရေလွှမ်းမိုးခံနေရတဲ့ အယုဒ္ဓယမြို့နဲ့ ပထုံဌာနီမြို့တွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ အလုပ် သမားတွေရဲ့ အခက်အခဲ ကတော့ ရေကြီးတဲ့ အတွက် နေထိုင်စရာ အခက်အခဲ၊ စာသောက်ရေး အခက်အခဲ၊ တစ်နေရာကနေ တစ်နေရာကို သွားလာဖို့ အခက်အခဲတွေ၊ ကူညီကယ်ဆယ်ရေး အဖွဲ့တွေနဲ့ အဆက်အသွယ် မရရှိတာတွေကို ရင်ဆိုင်နေရတာပါ။

ပထုံဌာနီဘက်မှာ စက်ရုံတွေ ပိတ်တဲ့အတွက် လာလုဆဲ ဆိုတဲ့နေရာမှာ အလုပ် လုပ်ကိုင်နေကြတာမှာ ရေတွေနဲ့ ပိတ်မိ နေတာကို ကြုံကြရကြောင်း အလုပ်သမား တစ်ဦးက ပြောပြပါတယ်။

“ရေကြီးတဲ့အခြေအနေကတော့ ပို ပိုပြီး ဆိုးလာတယ်။ ပို များလာတယ်။ အခု ဒီကိုလာတာက သထုံကနေ လာတာ။ ဒီမှာ လိုတက်စ် မှာ အလုပ်ရမယ် ဆိုတာနဲ့ ဒီကို လာလိုက်တာ။ တစ်နေ့ကို ၅၀၀ နဲ့ အလုပ်ရမယ်တဲ့။ ၁၄ ရက် ၁၅ ရက်လောက် လုပ်ရမယ်ပေါ့လေ။ အဲဒါနဲ့ လာလိုက်တာ။ ဟိုမှာလည်း စက်ရုံတွေက ရေမြှုပ် နေပြီလေ။ မြှုပ်လို့ ပိတ်ထားတော့ အဲဒါနဲ့ ရတဲ့အလုပ် လုပ်မယ် ဆိုပြီးတော့ လာလိုက်တာ။ နှစ်ရက်လောက် နေတော့ ရေတွေတက်လို့ ဟိုကလူလည်း လာကြိုလို့မရဘူး။ ဒီကလူလည်း သွားလို့မရဘူး ဆိုတော့ အဲဒါ ဒီမှာ သောင်တင်နေတာပေါ့။”

နွန်ထဘူရီမြို့နယ် ဘက်မှာလည်း ရေတွေကြီးနေပြီး ဒီအတိုင်း ဆက်ပြီး ရေကြီးနေမယ်ဆိုရင် မြန်မာပြည် ပြန်ဖို့ ပြင်ဆင် နေပေမဲ့ ငွေကြေး အခက်အခဲတွေကြောင့် မပြန်နိုင်ကြသေးဘူးလို့ ဆိုပါတယ်။

“အယုဒ္ဓယ ဘက်ခြမ်းကတို့၊ နွန်ထဘူရီ ဘက်ကတို့ ပြန်ကြတယ်လေ။ ရေ ကြောက်လာပြီလေ။ နွန်ထဘူရီ ဘက်မှာလည်း ရေက တရပ်လောက် မြင့်နေတာလေ။ ကျနော်တို့ အိမ်ခန်းတွေက အိပ်လို့ မရတော့ဘူး၊ နေ၀င်နေပြီ။ အဲဒီအိမ်ခန်းတွေ ရှေ့ကနေပဲ ကိုယ်ထူ ကိုယ်ထ မြေကြီးတွေ ဖို့ကြတာပေါ့။ လူအရပ် တရပ်ကျော်လောက်လောက်ကို ရေက တန်းနေပြီ။ ကျနော်လည်း ဘယ်လို စဉ်းစားရမှန်းကို မသိဘူး။ ဒီမှာလည်း ပြန်ဆင်းချင်တဲ့ သူတွေ ရှိတယ်။ ပြန်ဆင်းချင်တဲ့ သူတွေကို အောက်ကလည်း ပိုက်ဆံ တောင်းတယ်ဆိုတော့ အဲဒါတွေကိုလည်း စိတ်ပူနေတာပေါ့။ ပိုက်ဆံမရှိဘဲ ဘယ်လို သွားမလဲဗျာ။ မြန်မာကလည်း ဖြစ်ပြန်ဆိုတော့ ပုလိပ်က ဖမ်းမယ်လေ။ အခု ဒုက္ခတွေရောက်လို့ မြန်မာပြည်ကို ပြန်ဝင်ကြပြီ ဆိုတဲ့ အခါကျတော့ မြ၀တီမှာ ကမ်းနဖူးမှာလည်း ပိုက်ဆံ ထပ်ပေးရ သေးတယ်ဆိုတော့ တအားကြီး နှိပ်စက်လွန်း အားကြီးတာပေါ့။”

ထမာဆပ် ကယ်ဆယ်ရေးစခန်းမှာတော့ မြန်မာ အလုပ်သမား ၄၀ ကျော်လောက် လာရောက် ခိုလှုံ နေကြပါတယ်။ စားသောက်ရေးနဲ့ နေရာထိုင်ခင်း လုံလောက်စွာ ပေးထားပေမဲ့ အဲဒီနေရာကိုလည်း ရေတွေ ၀င်လာနေပြီ ဖြစ်တဲ့အတွက် ပြောင်းရွှေ့ရမယ့် အခြေအနေမှာ ရှိနေတယ်လို့လည်း ပြောပြကြပါတယ်။

ပထုံဌာနီဘက်မှာတော့ ထိုင်းစစ်တပ်က ကားကြီးတွေနဲ့ လှည့်လည်နေပြီး တခြား ကားတွေကတော့ သွားလာလို့ မရတော့ဘူးလို့ ဆိုပါတယ်။ အယုဒ္ဓယ ဘက်မှာတော့ ရေက မြင့်တက် လာပြီးတဲ့နောက် မြန်မာ အလုပ်သမားတွေ အနေနဲ့ မီးလိုင်း၊ တယ်လီဖုန်း လိုင်းတွေ ပြတ်တောက်နေပြီး အဆက်အသွယ် မရ ဖြစ်နေကြပါတယ်။

ကယ်ဆယ်ရေးစခန်းတွေမှာတော့ ထိုင်းလူမျိုးတွေနဲ့ မြန်မာလူမျိုးတွေ အများဆုံး တွေ့ရပြီး တခြား နိုင်ငံခြားသားတွေ နည်းတယ်လို့ ဆိုပါတယ်။ မြန်မာ အလုပ်သမားတွေထဲမှာ ပတ်စ်ပို့ ကိုင်ဆောင် ထားသူတွေကလည်း ပတ်စ်ပို့ သက်တမ်း ကုန်တာတွေ ဖြစ်နေသလို လူဝင်မှုကြီးကြပ်ရေး ရုံးတွေလည်း ရေတွေဝင်လို့ ပိတ်ထားတာကြောင့် သက်တမ်းတိုးဖို့ ခက်ခဲနေပါတယ်။ ထိုင်းနိုင်ငံရှိ မြန်မာသံရုံးကို အကူအညီ ပေးနိုင်မူတွေ ရှိမရှိ ဆက်သွယ်တဲ့အခါ ပြန်လည် ဖြေကြားမယ့်သူ မရှိပါဘူး။ မြန်မာ အလုပ်သမားတွေ ထဲက အလုပ် လုပ်ခွင့်လက်မှတ် ကိုင်ဆောင်ပြီး ထိုင်း-မြန်မာနယ်စပ်ကို ပြန်ဖို့အတွက်လည်း ခက်ခဲနေဆဲ ဖြစ်ပါတယ်။

မြန်မာပြည် ပြန်ဖို့အတွက် နယ်စပ် မြ၀တီဂိတ်ကနေ ပွဲစားတွေက ငွေကြေး အတင်းအကျပ် ကောက်ခံနေ တာကြောင့် မြ၀တီမြို့က ပွဲစားတွေ လက်ထဲကနေ ငွေပေးပြီး မရွေးနိုင်တဲ့အတွက် ရေဘေးဒုက္ခနဲ့ ပြန်လာကြတဲ့ ရာနဲ့ချီရှိတဲ့ မြန်မာတွေဟာ ကိုယ့်နိုင်ငံ ကိုရောက်မှပဲ ပိုပြီး ဒုက္ခတွေ တွေ့ကြုံနေကြရပါတယ်။

ထိုင်းနိုင်ငံမှာ ရေဘေးဒဏ်ကြောင့် လူ ၃၀၀ ခန့် သေဆုံးမှုဖြစ်ရပြီး ထိုင်းအာဏာပိုင်တွေ ကတော့ မြို့တော် ဘန်ကောက်ရဲ့ အရေးကြီးတဲ့ နေရာတွေမှာ ရေမလွှမ်းမိုးနိုင်အောင် ကြိုတင် ပြင်ဆင်မှုတွေကို အပူတပြင်း လုပ်ဆောင် နေကြပါတယ်။ ထိုင်းနိုင်ငံရဲ့ ရေကြီးမူဟာ နှစ်ပေါင်း ၅၀ အတွင်း အဆိုးဆုံးဖြစ်သလို ထိုင်းနိုင်ငံရဲ့ ခရိုင်အတော်များများမှာ ရေလွှမ်းမိုးမှုဒဏ်ကို ခံနေကြရပါတယ်။

Ref: VOA News

Read More...

ဦးအောင်ဆန်းဦးနှင့် မော်နီတာဂျာနယ်အပေါ် ဒေါ်စု စွဲဆိုထားသည့်အမှု လက်ခံရေး ကြားနာတော့မည်

သင်းသီရိ
တနင်္ဂနွေ, 16 အောက်တိုဘာ 2011

ဦးအောင်ဆန်းဦးနဲ့ မော်နီတာဂျာနယ်တို့ကို ဒေါ်အောင်ဆန်းစုကြည်က တရားစွဲဆိုထားတဲ့ အမှုကို လာမယ့် အောက်တိုဘာလ ၂၇ ရက်၊ ကြာသပတေး နေ့မှာ အမှုလက်ခံမခံ ကြားနာမှာ ဖြစ်ပါတယ်။ အမွေဆိုင်အိမ် အမှုရဲ့ အဓိက ငြင်းချက်တွေမှာ တရားရုံးရဲ့ ဆုံးဖြတ်ချက် မချရသေးဘဲ အနိုင်ရထားပြီးပြီလို့ ဦးအောင်ဆန်းဦးရဲ့ ကြိုတင် ပြောဆိုတဲ့ အချက်တွေဟာ တရားရုံးကို မထီမဲ့မြင် ပြုမှုဖြစ်တယ် ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် တရားစွဲဆိုထားတာလည်း ဖြစ်ပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို မသင်းသီရိက တင်ပြ ထားပါတယ်။

နေအိမ်နဲ့ခြံ ပိုင်ဆိုင်လိုမှုနဲ့ ဦးအောင်ဆန်းဦးက ဒေါ်အောင်ဆန်းစုကြည်ပေါ် တရားစွဲဆိုထားတဲ့ အမှုမှာ ရုံးတော်ရဲ့ ဆုံးဖြတ်ချက် တစ်စုံတရာ မရှိသေးဘဲ အဓိက စွဲဆိုချက်တွေမှာ အနိုင်ရထားပြီးပြီလို့ ပြောခဲ့တဲ့ ဦးအောင်ဆန်းဦး ကိုရော၊ ဖော်ပြတဲ့ မော်နီတာ ဂျာနယ်ကိုပါ ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ တရား ပြန်ဆွဲထားတာ ဖြစ်ပါတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက် မတိုင်ခင် အမှုအခြေအနေကို ကြိုတင် ပြောဆိုတာဟာ တရားရုံးကို မထီမဲ့မြင် ပြုတာဖြစ်ပြီး ဒီကိစ္စကို ဥပဒေနဲ့အညီ ဖြစ်ရေး အတွက် ပြန်လည် ဖွင့်ထားတဲ့ ဒီအမှုကို လာမယ့် အောက်တိုဘာ ၂၇ ရက်နေ့မှာ ရန်ကုန်တိုင်း တရားလွှတ်တော်မှာ အမှုကို လက်ခံသင့်မသင့် ကြားနာမှာ ဖြစ်တယ်လို့ ဒီအမှုကို လိုက်ပါ အကျိုးဆောင်နေတဲ့ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဦးအောင်ဆန်းဦးက ပြောတယ်။ သူနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖြစ်တဲ့အမှုမှာ အဓိက ငြင်းချက်တွေပေါ့နော်။ major issue တွေ သူ အနိုင် ရပြီးပြီတဲ့။ တဘက်က မရမက ယူထားလိုတဲ့ ကိစ္စကြောင့်သာ ဖြစ်တယ်။ ဒါဟာ နောင်မှာ ပြေလည် သွားမယ်ပေါ့။ အဲဒီလို ပြောတယ်။ ကျနော်တို့က ဒီတရားရုံးမှာ ဘယ် အကြောင်းအရာကိုမှ အဆုံးအဖြတ် မပြုရသေးဘူး။ အမှုက စစ်ဆဲတန်းလန်းပဲ။ ဒေါ်အောင်ဆန်းစုကြည် ဘက်က ဒီပစ္စည်းကို မရမက ယူထားလိုတယ်လို့ ပြောတယ်။ အဲဒီအချက်တွေဟာ တရားရုံးကို အနှောက်အယှက် ပြုရာ ကျတယ်၊ တရားရုံးကို သြဇာလွှမ်းမိုးတာ ကျတယ်။ မထီမဲ့မြင်ပြုရာ ကျတယ်။ အဲဒါကို ကျနော်တို့ စွဲတာပါ။ မဆုံးဖြတ် ရသေးတဲ့ အချက်အလက်တွေ၊ အဲဒီလိုဟာမျိုးကို ဂျာနယ်တွေ၊ သတင်းစာတွေမှာ ဒီလိုထုတ်ဝေခွင့် မရှိပါဘူး။ အဲဒါကြောင့် ကျနော်တို့က ဥပဒေနဲ့အညီ ဖြစ်ရေးအတွက် ကျနော်တို့ ဦးအောင်ဆန်းဦးနဲ့ အဲဒီ ဂျာနယ်ထုတ်တဲ့ ထုတ်ဝေသူရယ်၊ ရေးသားတဲ့ အယ်ဒီတာရယ်၊ အဲဒါတွေကို ကျနော်တို့ တရား စွဲတင်ခဲ့ပါတယ်။ လက်ခံရေး လက်မခံရေး ကြားနာမယ်။ အဲဒီတော့ ကျနော်တို့ဘက်က လျှောက်လဲချက် ပေးရမှာပေါ့။”

လက်ရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်နေတဲ့ အမှတ် (၅၄) တက္ကသိုလ်ရိပ်သာလမ်းက အိမ်ကို အမွေဆိုင် အဖြစ် ပိုင်ဆိုင် လိုမှုနဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးဟာ ၂၀၀၁ ခုနှစ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို တရားမမှုနဲ့ အမှုစွဲ ဆိုထားတာ ဖြစ်ပါတယ်။

“တရားမမှုတွေမှာ တရားလိုရှိတယ်။ တရားလိုပြ သက်သေရှိတယ်။ တရားပြိုင် ရှိတယ်။ တရားပြိုင်ပြ သက်သေရှိတယ်။ အဲဒီမှာ တရားလို ဘက်ကို စစ်ပြီးပြီ။ တရားပြိုင်ဘက်ကို ဒေါ်အောင်ဆန်းစုကြည် အတွက် ကိုယ်စားလှယ် ဦးထွန်းတင်လည်း စစ်ပြီးပြီ။ တရားပြိုင်ပြ သက်သေတွေ ဆက်စစ်ဖို့အဆင့် ရောက်နေပါပြီ။ ဒါပေမဲ့ ကျနော်တို့ ဒီဥစ္စာက ဥပဒေအရ သိပ် သိသာထင်ရှား မြင်သာတဲ့ကိစ္စပါ။ လက်ခံမယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။”

ဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေ ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ ဒီအမှုကို ဦးဉာဏ်ဝင်းနဲ့ အတူ ရှေ့နေကြီး ဦးကြည်ဝင်း တို့က လိုက်ပါ ဆောင်ရွက် ပေးနေတာ ဖြစ်ပါတယ်။

ဒီအမွေဆိုင်အမှုနဲ့ပတ်သက်တဲ့ ဆောင်းပါးကိုမထုတ်ဝေခင် အချက်အလက်တွေကို ကာယကံရှင်ဖြစ်တဲ့ ဦးအောင်ဆန်းဦး ဆီကို အကြိမ်ကြိမ် ပြပြီးမှ ထုတ်ဝေခဲ့တာ ဖြစ်တယ်လို့ တရားဆွဲ ခံထားရတဲ့ မော်နီတာ ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဦးမြတ်ခိုင်က ပြောပါတယ်။

“ကျနော်တို့ ကိုအောင်ဆန်းဦးကို အကြိမ်ကြိမ် ပြတယ်ခင်ဗျ။ အကြိမ်ကြိမ်ပြပြီး သူ့ဘက်က pass ပေးမှ ကျနော်တို့ ဒီဟာကို ဖော်ပြခြင်း ဖြစ်ပါတယ်။ ဒါဟာ သူ့ရဲ့ voice ပါ။ သူ့ရဲ့ အာဘော်ဖြစ်ပါတယ်။ ဒါက အင်တာဗျူး ဖြစ်ပါတယ်။ အင်တာဗျူးမှာ ဖော်ပြတဲ့ စကားလုံးတွေသည် ကာယကံရှင်ရဲ့ အာဘော်ပဲဖြစ်ပါတယ်။ ကျနော်တို့က ဒါကို ပြင်ဆင် ဖြတ်တောက်ခွင့် မရှိပါဘူး။ ဘာလို့လဲ ဆိုတော့ ကျနော်တို့က ဒီဟာကို ကိုအောင်ဆန်းဦးရဲ့ ခွင့်ပြုချက်နဲ့ ထုတ်ဝေခြင်း ဖြစ်ပါတယ်။”

မော်နီတာဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဦးမြတ်ခိုင် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် ဒီဇင်ဘာတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်လုံခြုံရေးအတွက် အိမ်ပြင်ဆင် တုန်းက ဦးအောင်ဆန်းဦးဟာ ဒီ အိမ်ပြင်ဆင်မှုမှာ သူ့ခွင့်ပြုချက် မပါတဲ့အတွက် ရပ်ဆိုင်းဖို့ တရားရုံးကို ကန့်ကွက် တိုင်ကြားခဲ့ပေမဲ့ တရားရုံးက လက်မခံဘဲ ပယ်ချခဲ့ပါတယ်။

Ref: VOA News

Read More...

အိန္ဒိယက မြန်မာကို သန်း ၅ဝဝ ချေးငွေ ခွင့်ပြု

ကိုပေါက်
သောကြာနေ့၊ အောက်တိုဘာလ ၁၄ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြန်မာကို အိန္ဒိယက ဒေါ်လာသန်း ၅၀၀ ချေးငွေ ယူခွင့် ပြုလိုက်ပြီး လုံခြုံရေး ကိစ္စရပ်များလည်း တိုးချဲ့ ပူးပေါင်း ဆောင်ရွက်သွားမည်ဟု သိရသည်။

သောကြာနေ့ နေ့လည်ပိုင်းက နယူးဒေလီမြို့တွင် မြန်မာသမ္မတ ဦးသိန်းစိန်နှင့် အိန္ဒိယဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်းတို့ တွေ့ဆုံ ဆွေးနွေးမှု လုပ်ခဲ့အပြီး ဆည်မြောင်းလုပ်ငန်း အပါအဝင် မြောက်များလှသော ပရောဂျက်များ အတွက် ယခုကဲ့သို့ ခွင့်ပြု လိုက်ခြင်း ဖြစ်ကြောင်း IANS သတင်းဌာန အင်တာနက် စာမျက်နှာ တွင် ဖော်ပြပါရှိသည်။

အစိုးရအဖွဲ့ဝင် ဝန်ကြီး ၁၃ ဦး ပါဝင်သည့် ဦးသိန်းစိန်၏ လေးရက်ကြာ အိန္ဒိယ ခရီးစဉ်အတွင်း နှစ်နိုင်ငံ စီးပွားရေး၊ စွမ်းအင်နှင့် လုံခြုံရေး ကိစ္စ ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်ရေး အပါအဝင် ကိစ္စရပ် အတော်များများ ဆွေးနွေး ဖြစ်ခဲ့ကြသည်။

“နှစ်နိုင်ငံ ခေါင်းဆောင်များ အနေဖြင့် တဖက်အား ဘေးအန္တရာယ်ဖြစ်စေမည့် မည်သည့် လှုပ်ရှားမှုကိုမျှ နှစ်ဖက် နယ်မြေတွင် ခွင့်မပြုရန်နှင့် အကြမ်းဖက်သမားများ၊ လက်နက်ကိုင် သူပုန်အဖွဲ့များ ခိုလှုံခြင်း၊ သင်တန်းပေးခြင်း နှင့် အခြား လှုပ်ရှားမှုများ ပြုခြင်းကို နှစ်နိုင်ငံ မည်သည့် နယ်နိမိတ် အတွင်းမှာမှ ခွင့်မပြုရန် ပိုင်းဖြတ်ကြောင်း ထပ်လောင်းပြောဆိုသည်” ဟု နှစ်နိုင်ငံ ခေါင်းဆောင်များ ပူးတွဲ ကြေညာချက်တွင် ဖော်ပြ ပါရှိသည်။

စက်တင်္ဘာလအတွင်းက မြန်မာကုန်သွယ်ရေး ဝန်ကြီး ဦးဝင်းမြင့် လာရောက်စဉ်ကလည်း ၂ဝ၁၅ တွင် နှစ်နိုင်ငံ ကုန်သွယ်ရေး ပမာဏအား ဒေါ်လာသန်း သုံးထောင်အထိ နှစ်ဆ တိုးမြှင့်သွားရန် သဘော တူညီ ခဲ့ကြသေးသည်။

နက်ဇယ်လိုက် Naxalites ခေါ် အိန္ဒိယ မော်ဝါဒီသူပုန်များ အနေဖြင့် မြန်မာ့မြေပိုင်နက်ထဲတွင် မကြာမီ ရက်သတ္တပါတ် များ အတွင်း စစ်သင်တန်း စခန်းများ ဖွင့်ရန် စီစဉ်နေသည့် အထောက် အထားများ တွေ့ရှိ ရကြောင်း အောက်တိုဘာ ၁ဝ ရက်နေ့ထုတ် Times of India သတင်းစာကြီးတွင် ရေးသား ထားသည်။

PLA, ULFA, UPLF, PREPAK, KCP, KYKL, RPF နှင့် UNLF တို့အပါအဝင် မြန်မာပိုင်နက် ထဲတွင် အိန္ဒိယ လက်နက် ကိုင်သူပုန် ရှစ်ဖွဲ့ ထက်မနည်း ခိုလှုံနေထိုင်ကြကြောင်း သတင်း စာများတွင် ရေးသား ထားသည်။

မြန်မာ စက်မှု (၂ ) ဝန်ကြီး ဦးစိုးသိန်းနှင့် အိန္ဒိယ အကြီးစား စက်မှုဝန်ကြီး Shri Praful Patel တို့လည်း နှစ်နိုင်ငံ ကုမ္ပဏီများ နှင့် စက်မှုလုပ်ငန်းများ အကျိုးတူပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေး ခဲ့ကြကြောင်း အိန္ဒိယ အစိုးရ သတင်းထုတ် ပြန်ချက်အရ သိရသည်။

Ref: မဇ္ဈိမ

Read More...

တပ်တွင်း အရာရှိနှစ်ဦး ထိုးကြိတ်မှု စစ်ခုံရုံးဖွဲ့စစ်ဆေး

ကျော်ခ
သောကြာနေ့၊ အောက်တိုဘာလ ၁၄ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံ ( ၁၇) ၌ အရာရှိငယ် နှစ်ဦးက တပ်သား တဦးကို ပြင်းထန်စွာ ကိုယ်ထိ လက်ရောက် ကျူးလွန်သည်ဟု စွပ်စွဲထားသည့် အမှုနှင့် ပတ်သက်၍ ပင်မ စစ်လက်နက် ပစ္စည်းတပ် နတ်မောက် (ပပန) မှ ဗိုလ်မှူးချုပ် ဗိုလ်လွင် က ဦးဆောင်ကာ ခုံရုံးဖွဲ့ စစ်ဆေး လျက်ရှိသည်။

မကွေးတိုင်း၊ မြို့သစ်မြို့နယ်အခြေစိုက် ကပစ (၁၇) တွင် တာဝန် ထမ်းဆောင်နေသော ကိုယ်ပိုင်အမှတ် - ကြည်း - ၅၇၄ဝ၃ ဗိုလ်ခင်ဇော်အောင်နှင့် ကိုယ်ပိုင်အမှတ် ကြည်း - ၅၇၃၈၃ ဗိုလ်ဟိန်းဝင်းအောင် တို့က စက်တင်ဘာလ ၁၄ ရက်နေ့က ကိုယ်ပိုင် အမှတ် - ကြည်း ၃၄၃၈၄၁ တပ်သား အောင်ငြိမ်းချမ်းကို ထိုးကြိတ်၊ ကန်ကျောက်ကာ ဝါးစိမ်းတုတ်ဖြင့် ရိုက်နှက်ခဲ့သည်ဟု ဆိုသည်။

အောက်တိုဘာ ၁၁ ရက်နေ့ မွန်းလွဲ တနာရီက ခုံရုံးစတင်ဖွင့်လှစ်ပြီး တရားလိုဖြစ်သူ တပ်သား အောင်ငြိမ်းချမ်းနှင့် မိခင်ဖြစ်သူ ဒေါ်မြင့်ဇူ တို့ကို သီးခြားစီ စစ်ဆေးခဲ့ကြောင်း ဒေါ်မြင့်ဇူက မဇ္ဈိမကိုပြောသည်။

ခုံရုံးကို အောက်တိုဘာ ၁ဝ ရက်နေ့တွင် ဖွဲ့စည်းကာ နတ်မောက်မြို့နယ် ပင်မ စစ်လက်နက်ပစ္စည်းတပ်မှ ကြည်း - ၁၄၃ဝဝ ဗိုလ်မှူးချုပ် ဗိုလ်လွင် က ဥက္ကဋ္ဌ အဖြစ် ဦးဆောင်ကာ၊ စစ်ဆင်ရေးနှင့် ကွပ်ကဲရေးဋ္ဌာနချုပ် အမှတ် - ၁၈ဝ၉ မှ ဗိုလ်မှူး ကိုကိုနိုင်တို့က အတွင်းရေးမှူး၊ ပင်မ စစ်လက်နက် ပစ္စည်းတပ်မှ ဗိုလ်ကြီးမြတ်နိုးက အဖွဲ့ဝင်အဖြစ် ဆောင်ရွက်သည်။

“အဲဒီအရာရှိ သုံး ဦးက ဘေးမှာ စစ်သား ငါး ယောက် ခြံရံပြီးတော့ ကျမကို စစ်တယ်။ တိုင်ရင် ထောင်ကျမယ် ဆိုတာ ခင်ဗျားကို ဘယ်သူ ပြောသလဲတို့။ တိုင်စာကို ရေးပေးတဲ့လူကို အဓိကထား မေးတယ်။ စာစီပေးတဲ့ လူတို့ ဘယ်ကွန်ပြူတာမှာ ရိုတ်တာလဲတို့၊ ကပစ (၁၇) ကို မတိုင်ဘဲနဲ့ သမ္မတကို တိုင်တယ်ဆိုတာ အရာရှိတွေ နစ်နာတယ် ဆိုတဲ့အကြောင်း၊ စက်ရုံကို မတိုင်ဘဲ ကျော်တိုင်တယ်တို့ မေးတယ်” ဟု ဒေါ်မြင့်ဇူက မဇ္ဈိမကို ပြောသည်။

“တိုင်တာကတော့ သတင်းစာတွေ၊ ရေဒီယိုတွေ ထဲကကြားတဲ့သိတဲ့ အတိုင်း ကြည့်ပြီး တိုင်တယ်။ စာစီတာကတော့ ကိုယ်ကပြော ပြတာကို နောက်က ကွန်ပြူတာ သမားက စာရိုက် ပေးတယ်လို့ ကျမက ပြန်ဖြေခဲ့တယ်” ဟု သူက ဆက်ပြောသည်။

တရားခံဖြစ်သူ ဗိုလ်ခင်ဇော်အောင် နှင့် ဗိုလ်ဟိန်းဝင်းအောင် တို့ကို စစ်ဆေးခြင်း ရှိမရှိ မသိခဲ့ရ ဟုဆိုသည်။ ဗိုလ်ဟိန်းဝင်းအောင်မှာ လာမည့် နှစ်ဆန်းတွင် တရုတ်နိုင်ငံသို့ ပညာတော်သင် သွားရန် ရွေးချယ် ခံရထားသူ ဖြစ်သည်။

ထိုးကြိတ်ခံရမှုနှင့် ပတ်သက်ပြီး ကပစ (၁၇) မှ အရေးယူပေးလိမ့်မည် အထင်ဖြင့် စောင့်ကြည့် ခဲ့သော်လည်း မဖြစ်လာသဖြင့် မိခင် ဒေါ်မြင့်ဇူ က စက်တင်ဘာ ၂ဝ ရက်နေ့တွင် သမ္မ တဦးသိန်းစိန် အပါအဝင်၊ ကာကွယ်ရေး ဝန်ကြီး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် မကွေးတိုင်း ဝန်ကြီးချုပ်တို့အား တိုင်ကြားခဲ့သည်။

စက်တင်ဘာ ၁၄ ရက်နေ့ က တာဝန်ပြီး အနားယူ ရေချိုးနေသည့် အောင်ငြိမ်းချမ်း ကို ဗိုလ်ခင်ဇော်အောင် က အပြင်မှ ခေါ်သဖြင့် ထွက်တွေ့သည့် အခါတွင် အင်္ကျီ ကြယ်သီးတလုံး ပြုတ်နေပြီး သတိဆွဲရန် မေ့လျော့ ခဲ့ခြင်းကြောင့် ဗိုလ်ခင်ဇော်အောင်နှင့် ဗိုလ်ဟိန်းဝင်းအောင် တို့က အချက် (၄ဝ) ထက်မက ထိုးကြိတ် ကန်ကြောက်ပြီး ဝါးစိမ်းဒုတ်ဖြင့်ပါ ရိုက်နှက်ခဲ့ကြောင်း ဒေါ်မြင့်ဇူက ပြောသည်။

ဒါဏ်ရာများပြင်းထန်သဖြင့် တပ်တွင်းဆေးခန်းတွင်ပြသသော်လည်း မသက်သာသဖြင့် တောင်တွင်းကြီးမြို့ မဏိမေခလာ ဆေးခန်းသို့ တပ် အစီအစဉ်ဖြင့် သယ်ဆောင်ကာ သွားရောက် ကုသခဲ့ရသည်။ ယခုအခါ တပ်တွင်း ဆေးခန်းတွင် ကုသမှု ခံယူ နေရသည်။

Ref: မဇ္ဈိမ

Read More...

မြစ်ဆုံဆည် စီမံကိန်းတွင် တရုတ်ဝန်ထမ်းများ ရှိနေဆဲ

ဖနိဒါ
သောကြာနေ့၊ အောက်တိုဘာလ ၁၄ ရက် ၂၀၁၁

ချင်းမိုင်(မဇ္ဈိမ) ။ ။ မြစ်ဆုံ ရေကာတာ စီမံကိန်းကို ရပ်ဆိုင်းထားသည်ဟု သမ္မတ ဦးသိန်းစိန်က လွှတ်တော်သို့ ပြောကြား ခဲ့သော်လည်း စီမံကိန်းတွင် တရုတ် ဝန်ထမ်းများ ဆက်လက် ရှိနေသေးကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက် KDNG က သောကြာနေ့က ထုတ်ပြန်လိုက်သည်။

“အခုထိ သွားလာရေး၊ မြစ်ဆုံတဝိုက်မှာဆိုရင် စစ်တပ်လည်း မရုပ်သေးဘူး။ အလုပ်သမားတွေလည်း ရှိသေးတယ်။ တချို့ အလုပ်သမား တွေက မိုးရာသီဖြစ်လို့ သမ္မတ မပြန်ခင် ကတည်းကနေ ပြန်သွားတာ။ ဒါပေမဲ့ သွားရေးလာရေး လုံခြုံရေးက အစ တင်းကြပ်မှုတွေ ရှိတယ်”ဟု KDNG ၏ ပြောခွင့်ရသူ မအနန်က ပြောသည်။

ဦးသိန်းစိန်က မြစ်ဆုံရေကာတာ စီမံကိန်းကို ပြည်သူ့သဘောထားအတိုင်း မိမိအစိုးရလက်ထက်တွင် ရပ်ဆိုင်းထား မည်ဖြစ်ကြောင်း ပြီးခဲ့သည့် စက်တင်ဘာလ ၃ဝ ရက်နေ့က လွှတ်တော် နှစ်ရပ်လုံးသို့ အကြောင်းကြား ခဲ့သည်

“လတ်တလော ကျမတို့သိရသလောက်ဆိုရင် တံတားဆောက်တာတော့ ရပ်ထားတယ်။ တရုတ်ကုမ္မဏီက မြေယာ လာတိုင်းထွာတဲ့ လူတွေရှိတယ်။ နောက် လမ်းဆောက်နေတာတွေ ရှိသေးတယ်။ နောက်တခုက သူတို့ ပစ္စည်းတွေကို စောင့်ဖို့ ဆိုပြီး ရှိနေတဲ့ အလုပ်သမားတွေလည်း ရှိသေးတယ်”ဟု မအနန်က ပြောသည်။ KDNG အဖွဲ့သည် ၂ဝဝ၄ ခုနှစ်မှ စတင်၍ မြစ်ဆုံ စီမံကိန်း ဆောက်လုပ်မှုကို အစဉ် စောင့်ကြည့်နေသော အဖွဲ့ဖြစ်သည်။

တရုတ်နိုင်ငံသား အလုပ်သမား ဝန်ထမ်းအချို့က ဧရာဝတီမြစ် အနောက်ဘက်ကမ်း မြစ်ဆုံ စီမံကိန်းနေရာ ဂွေဒူ ကျေးရွာမှ ဝိုင်းမော်မြို့နယ် ဝါးရှောင် ကျေးရွာ၏ မြောက်ဘက်မှ ကံပိုင်တီအထိ လမ်းဖောက်လုပ်မှု ဆက်လက် ရှိနေကြောင်းကို ညွှန်းဆို လိုက်ခြင်းဖြစ်သည်။

အဆိုပါ လမ်းသည် တရုတ်နိုင်ငံဘက်မှ ဆောက်လုပ်ရေး ပစ္စည်းများကို သယ်ယူရန် အရေးကြီးသည့် ကားလမ်း ဖြစ်သည်ဟု KDNG က မအားနန်က ပြောသည်။

ထို့ပြင် စီမံကိန်းရပ်ဆိုင်းထားသော်လည်း အမှတ် (၂) သတ္တုဝန်ကြီးဌာနနှင့် ဟာခါဘို သတ္တု တူးဖော်ရေး ကုမ္ပဏီ လီမိတက် တို့က သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးစေသော ရွှေတူးဖော်ရေးနှင့် သစ်ထုတ်လုပ်မှုများ ဆက်လက် လုပ်ဆောင် နေသဖြင့် ရပ်ဆိုင်းရန် အစိုးရထံ တောင်းဆို လိုက်သည်။

“ဒေသခံတွေကိုတော့ ခွင့်မပေးဘဲ ဒီကုမ္ပဏီတွေဘဲ မေခ မလိခကြား တြိဂံနယ်မြေထဲမှာ မြစ်အထက်ပိုင်းမှ သစ် ထုတ်လုပ် နေတာတွေ လုပ်နေတာတွေ ရပ်ဖို့ ပြောချင်တယ်။ ညဘက်ပိုင်း တရုတ်တွေ ကားနဲ့ တရုတ်နိုင်ငံဘက် သယ်ဆောင် သွားတယ် ဆိုတာကို ဒေသခံတွေ ပြောပြချက်အရ သိတာပါ။ ကျမတို့ လူတွေက မျက်မြင် သက်သေ ဖြစ်နေတယ်”ဟု မအနန်က ပြောသည်။

သို့သော် မြန်မာကုမ္ပဏီ တခုဖြစ်သော Asia World ကုမဏီမှ လုပ်သားများကတော့ စီမံကိန်းကို ရပ်ဆိုင်းပြီး ပြန်သွား ကြပြီဟု ဒေသခံတဦးက ပြောသည်။

မြစ်ဆုံဆည်စီမံကိန်းနှင့် ကီလိုမီတာ ၅ဝ ခန့်ကွာသောဒေသတွင် ဗဟိုအစိုးရကို လက်နက်ကိုင် တော်လှန်နေသော ကချင် လွတ်မြောက်ရေး အဖွဲ့၏ တပ်မဟာ ၁ တပ်ရင်း ၃ ၏ လဖိုင်ဂိတ် တပ်စခန်း တခု ရှိသည်။ စီမံကိန်းမှ ကီလိုမီတာ ၄ဝ ခန့် ဝေးကွာသော မြစ်ကြီးနားမြို့ ရပ်ကွက် အချို့တွင် စစ်တပ် အသုံးပြုရန် ပေါ်တင်ဆင့်ခေါ်မှုများ လုပ်နေသော်လည်း ရပ်ကွက် အုပ်ချုပ်ရေးမှူး များက ငြင်းဆန် ထားသည်။

စီတာပူ၊ တပ်ကုန်း၊ ဒူကထောင် ရပ်ကွက်များမှ တရပ်ကွက်လျှင် လူ ၅ဝ စီ ပေးပို့ရမည်ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်က တောင်းဆိုထားရာ " ဒါပေမဲ့ ကျနော်တို့က တာဝန်မယူနိုင်ဘူး။" ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးမှ တာဝန်ရှိသူ တဦးက မဇ္ဈိမသို့ ပြောသည်။

မြစ်ဆုံရေကာတာ စီမံကိန်းအနီးတဝိုက်မှ ကျေးရွာသား ဒေသခံများကို မူလ မိမိအိမ် နေအိမ်များသို့ ပြန်လည် နေထိုင်ခွင့် ပေးရန်နှင့် မေခ-မလိခ မြစ်အထက်ပိုင်းရှိ ရေကာတာ စီမံကိန်းများကိုလည်း ရပ်ဆိုင်းရန် KDNG တောင်းဆို လိုက်သည်။

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်သည့်အပေါ် ဥပဒေအရ ရင်ဆိုင်ဖြေရှင်းသွားမည်ဟု CPI က အတိအလင်း ပြောဆို ခဲ့ပြီး ဖြစ်သည်။ အလားတူ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာနကလည်း ၎င်းတို့ ကုမ္ပဏီများ၏ အကျိုးစီးပွား အတွက် ထည့်သွင်း စဉ်းစားပေးရန် ထုတ်ပြန် ခဲ့သေးသည်။

Ref: မဇ္ဈိမ

Read More...

အပေါ်သို့