..............................

Monday, September 12, 2011

လူထုခေါင်းဆောင်အား လက်တွေ့ကျကျ ၀န်းရံခြင်း

ခင်မမမျိုး
December 14, 2010

နိုင်ငံတခု၊ တိုင်းပြည်တခုမှာ ကိုလိုနီနယ်ချဲ့စနစ်၊ ဖက်ဆစ်စနစ်၊ စစ်အာဏာရှင်စနစ်၊ ရွေးကောက်ခံ အာဏာရှင် စတဲ့စနစ်ဆိုးတွေ ပေါ်ထွက်လာခဲ့ရင် နိုင်ငံအတွင်းမှာ မှီတင်း နေထိုင် ကြတဲ့ တိုင်းရင်းသား ပြည်သူတွေ ဒုက္ခရောက်ကြရပါတယ်။ နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ စီးပွားရေး အခြေအနေ ပျက်ယွင်းယိမ်းယိုင်မှုတွေကြောင့် တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး နှောင့်နှေးသွားလေ့ ရှိပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ ခေတ်ပျက်ကို အခွင့်ကောင်းယူပြီး နိုင်ငံရေးအာဏာ၊ စီးပွားရေးချုပ်ကိုင်ခြယ်လှယ်နိုင်မှု စတဲ့ အခွင့်အလမ်းတွေကို ရယူလေ့ရှိတဲ့ မသူတော် လူတန်းစားတွေ ထွက်ပေါ်လာလေ့ ရှိသလို၊ စနစ်ဆိုးကို တွန်းလှန်တဲ့ တော်လှန်သော လူတန်းစား တရပ်လဲ ပေါ်ထွက် လာတတ်ပါတယ်။ ဒီတော်လှန်သော လူတန်းစားထဲမှာလဲ ဖောက်ပြန်သော ကိုယ်ကျိုးရှာ သမားတွေ ပေါ်လာတတ်သလို၊ ပြည်သူ့ အကျိုးစီးပွားကို အမှန်တကယ် ရှေးရှုတဲ့ တော်လှန်ရေး သမားတွေလဲ ပေါ်ထွက် လာပါတယ်။

ဒီတော်လှန်ရေးသမားတွေထဲမှာလဲ တော်လှန်ရေး လှုပ်ရှားမှုတွေကို ခေါင်းဆောင်ဖို့ အများက ယုံကြည် သတ်မှတ်ထားတဲ့ ခေါင်းဆောင်တွေ၊ ခေါင်းဆောင် စင်မြင့်ပေါ်ကို တွန်းထိုး တိုက်ခိုက်ပြီး တက်ကြတဲ့ ခေါင်းဆောင်တွေ၊ မည်သူမျှ ခေါင်းဆောင်လို့ သတ်မှတ်ထားခြင်း မရှိပဲ မိမိဘာသာ ခေါင်းဆောင်လို့ ထင်နေကြသူတွေပါ ရှိနေပြန်ပါတယ်။ ဒီလိုခေါင်းဆောင်တွေ အများကြီးထဲမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ လူထု ခေါင်းဆောင် ဖြစ်ပါတယ်။ ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံကြီးက မွေးဖွား ပေးလိုက်တဲ့၊ လူထု တိုက်ပွဲထဲမှာ ပေါ်ထွက် လာခဲ့တဲ့ လူထုခေါင်းဆောင် ဖြစ်ပါတယ်။

တော်လှန်ရေးတရပ်ကို အောင်မြင်စွာ ဆင်နွှဲနိုင်ဖို့ အရေးမှာ ခေါင်းဆောင်ကောင်းတွေ ပေါ်ထွက် လာနိုင်မှုက အရေးကြီးသလို၊ ဒီခေါင်းဆောင်ကို လက်တွေ့ကျကျ ၀န်းရံ ပေးနိုင်မှုကလဲ အရေးပါတဲ့ အချက် တရပ်ဖြစ်ပါတယ်။ ဒီလို ၀န်းရံပေးမှုလို့ ပြောတဲ့အခါ အချို့က ဒီခေါင်းဆောင် ပါဝင်တဲ့ အဖွဲ့အစည်းတွေ၊ ပါတီတွေမှာ အဖွဲ့ဝင်အဖြစ် ၀င်ရောက်တာ၊ ဒီခေါင်းဆောင်ရဲ့ အနီးမှာ နေတာလို့ ယူဆ တတ်ကြပါတယ်။ ယေဘုယျအားဖြင့် မှန်သလိုလို ရှိပေမယ့် လက်တွေ့မှာ ခဲယဉ်းပါတယ်။ မြေပေါ် လှုပ်ရှား တက်ကြွသူ တဦးအနေနဲ့ လူထုခေါင်းဆောင် ဦးဆောင်ပါဝင်တဲ့ အဖွဲ့အစည်း တွေမှာ အဖွဲ့ဝင်အဖြစ် ၀င်ရောက်ဖို့ လွယ်ပေမယ့် မြေအောက် လှုပ်ရှား တက်ကြွသူ တဦးအနေနဲ့ ကတော့ မြေအောက်ယူဂျီ စည်းကမ်းကို တိတိကျကျ လိုက်နာဖို့ လိုအပ်ပါတယ်။ မလိုအပ်ပဲ လိုင်းပူး၊ လိုင်းဆက်တာတွေ မလုပ်ရပါဘူး။

ဒီလိုမဟုတ်ရင် မြေအောက်ယူဂျီ ကလာပ်စည်းတွေကို ဒုက္ခဖြစ်စေရုံ မက လူထုခေါင်းဆောင် ကိုပါ ဒုက္ခ ရောက်စေ တတ်ပါတယ်။ လက်နက်ကိုင် တော်လှန်ရေးသမား၊ နိုင်ငံတကာ ကင်ပိန်း လှုပ်ရှားမှု တွေမှာလဲ ဒီအတိုင်းပါပဲ။ မလိုအပ်တဲ့ လိုင်းပူး၊ လိုင်းဆက် မှုတွေဟာ မြေအောက် ယူဂျီသမား တွေလောက်တော့ မိမိအပေါ်မှာ အန္တရာယ် မများပေမယ့်၊ လူထု ခေါင်းဆောင်နဲ့ မြေပေါ် အဖွဲ့အစည်း တွေမှာ မလိုလားအပ်တဲ့ အန္တရာယ်တွေ ကျရောက် စေနိုင်ပါတယ်။ တာဝန် ယူမှုဟာ တာဝန် သိ တတ်မှုနဲ့ ဒွန်တွဲ နေပါတယ်။ မိမိရဲ့ တက်ကြွမှု၊ တာဝန်ယူလိုမှု တွေကို အချိန်အခါ၊ အခြေအနေနဲ့ ကိုက်ညီတဲ့ သတိတရား၊ တာဝန်သိတတ်မှု တို့နဲ့ ထိန်းညှိနိုင်ဖို့ လိုအပ်လှပါတယ်။ လူထုခေါင်း ဆောင်ကို ၀န်းရံမှု ဆိုတာဟာ ခေါင်းဆောင်နဲ့ ထိတွေ့ ဆက်ဆံမှုတွေ လုပ်တာ၊ အနီးကပ် တွေ့ဆုံ ဆက်သွယ်တာတွေ ကိုတင် ဆိုလိုတာ မဟုတ်ပါဘူး။ ခေါင်းဆောင် ကိုင်စွဲထားတဲ့ နိုင်ငံရေး လမ်းစဉ်နဲ့ ဦးတည်ချက်ကို တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်တဲ့လမ်းစဉ်၊ ဦးတည်ချက်၊ မိမိတို့ ယုံကြည်တဲ့ နိုင်ငံရေးလမ်းစဉ်၊ ဦးတည်ချက်တို့နဲ့ ချိန်ထိုး လေ့လာမှုတွေ ပြုလုပ်ပြီး တူညီတဲ့ ဘုံလုပ်ငန်းစဉ်၊ ကွဲပြားတဲ့ လုပ်ငန်းစဉ်တွေကို ခွဲခြားပြီးမှ လုပ်သင့်တာတွေကို လုပ်ဆောင်ကြခြင်း ဖြစ်ပါတယ်။ အဲဒီမှာမှ လိုအပ်ချက်အရ ချိတ်ဆက်ထိစပ်မှု၊ တာဝန်ခွဲဝေမှု၊ တွေ့ဆုံမှု ဆိုတာတွေက ပါဝင်လာတာ ဖြစ်ပါတယ်။

စာရေးသူရဲ့ လေ့လာချက်အရ လူထုခေါင်းဆောင်ရဲ့ နိုင်ငံတော် အရေး ဦးတည်ချက် တွေမှာ အတွေးအခေါ် သုံးရပ်ကို အခြေခံ ထားပါတယ်။ ပထမတခုက မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ် ထွန်းကားရေး ဖြစ်ပါတယ်။ ဒီအတွက် သူမ ကိုင်စွဲထားတဲ့ လမ်းစဉ်က အကြမ်း မဖက်ရေး လမ်းစဉ် ဖြစ်ပါတယ်။ ဒုတိယတခုက အမျိုးသား ပြန်လည် သင့်မြတ်ရေး (၀ါ) အမျိုးသား ရင်ကြားစေ့ရေး ဖြစ်ပါတယ်။ ဒီအတွက် သူမကိုင်စွဲတဲ့ လမ်းစဉ်က တွေ့ဆုံ ဆွေးနွေး အဖြေရှာရေး (၀ါ) ဒိုင်ယာလော့ခ် ဖြစ်ပါတယ်။ တတိယ ဦးတည်ချက်က ဖွံ့ဖြိုး တိုးတက်ရေး ဖြစ်ပါတယ်။ တိုင်းပြည်တခု ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ပတ်သက်ပြီး ဘက်ပေါင်းစုံက လမ်းစဉ်တွေ၊ လုပ်ငန်းစဉ်တွေ အများအပြား ရှိပါတယ်။ တနိုင်တပိုင် ကိုယ်စိတ်ပါဝင်စားတဲ့၊ စွမ်းဆောင်နိုင်တဲ့ တာဝန်တွေ ထမ်းဆောင် ကြရမှာပါ။

လူထုခေါင်းဆောင် စိတ်ပါဝင်စားတဲ့ နယ်ပယ်ကတော့ ပညာရေး၊ ကျန်း မာရေးနဲ့ လူငယ်ထု စွမ်းအား တိုးတက်မြင့်မားရေး ဖြစ်မယ်လို့ ယူဆရပါတယ်။ ဒီအချက်တွေကို လေ့လာကြည့်မယ်ဆိုရင် လူထုခေါင်းဆောင်ရဲ့ နိုင်ငံတော် အရေး ဦးတည်ချက် တွေဟာ အနာဂတ် မြန်မာနိုင်ငံတော်ရဲ့ လိုအပ်ချက်တွေနဲ့ တသားတည်း ကိုက်ညီ နေတာကို တွေ့မြင် နိုင်ပါတယ်။ ဒီလို သန်းငါးဆယ်ကျော် လူဦးရေရှိနေတဲ့ တိုင်းပြည် တခုအတွက် လိုအပ် နေတဲ့ ဦးတည်ချက် တွေကို ခေါင်းဆောင် တယောက်တည်းက အကောင် အထည် မဖော်နိုင်ပါဘူး။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ထွန်းကားရေးကို လူထု ခေါင်းဆောင်က မလုပ်ပေး နိုင်ပါဘူး။ ဒီမို ကရေစီစနစ် ထွန်းကား လာအောင် လူထု ခေါင်းဆောင်နဲ့ အတူ လက်တွဲပြီး ပြည်သူ တရပ်လုံးက ၀ိုင်းဝန်း တည်ဆောက်ရမှာ ဖြစ်ပါတယ်။

အမျိုးသား ပြန်လည် သင့်မြတ်ရေးကို လူထု ခေါင်းဆောင်က မလုပ်ပေး နိုင်ပါဘူး။ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်လာဖို့ လူထု ခေါင်းဆောင်ရဲ့ ဦးဆောင်မှု နဲ့အတူ မြန်မာ တမျိုးသားလုံးက ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ တိုင်းပြည်မှာ ဖွံ့ဖြိုး တိုးတက်လာဖို့ တဦး၊ တယောက်၊ တဖွဲ့တည်းက မလုပ်နိုင်ပါဘူး။ မြန်မာ တမျိုးသားလုံးရဲ့ ရင်ထဲမှာ တို့နိုင်ငံ၊ တို့တိုင်းပြည်ကြီး ဖွံ့ဖြိုး တိုးတက်လာစေရမယ် ဆိုတဲ့ စိတ်ဓာတ်ကို အရင်းတည်ပြီးမှ ကျရာ ကဏ္ဍ ကနေ ၀ိုင်းဝန်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီလို တိုင်းပြည်ရဲ့ လက်တွေ့ကျတဲ့ နိုင်ငံတော် အရေး ဦးတည်ချက်တွေကို ကိုင်စွဲ ထားတဲ့ လူထု ခေါင်းဆောင်ကို ၀န်းရံကြရာမှာလဲ လက်တွေ့ ကျကျ ၀န်းရံနိုင်ကြဖို့ အလွန် အရေးကြီးပါတယ်။

Ref: ခင်မမမျိုး

Read More...

ဒီမိုကရေစီရပြီလား . . .

လူထုစိန်ဝင်း
Saturday, 10 September 2011

"ဒီမိုကရေစီရပြီလား"
နယ်က စာဖတ်ပရိသတ်မိန်းကလေးတွေနဲ့ လူငယ်လေးတွေ ရောက်လာတဲ့ အခါတိုင်း ဒီမေးခွန်းကို မေးတတ် ကြတယ်။ စာစုံအောင် ဖတ်လေ့ရှိတဲ့ လူငယ် တချို့ကတော့ "ရွှေပြည်ကြီးကို ရောက်ပြီလား အဘ"လို့ မေးကြတယ်။

မှန်ရာကိုသာ ပြောချင်
တစ်ခါက လောကပါလတရားနဲ့ ပြည့်စုံတဲ့ ရွှေပြည်ကြီးကို ရောက်ဖို့ မဝေးတော့ပါဘူးလို့ ရေးခဲ့ ဖူးတာကို ရည်ညွှန်းပြီး 'ရွှေပြည်ကြီး' ရောက်ပြီလားလို့ မေးတာပါ။ သူတို့ ဒီလိုမေးတာဟာ တကယ်သိချင်လို့ မေးကြတာ ဖြစ်တယ်။ ခနဲ့ပြီး၊ ကလိပြီးမေးတာ မဟုတ်ပါဘူး။ အသက်အရွယ် ငယ်ကြသေးပြီး အတွေ့အကြုံ နုနယ်ကြလေတော့ ဝေဖန် ပိုင်းခြားမှုမှာ အားနည်းကြတယ်။ ဒါကြောင့် သူတို့ ယုံကြည် လေးစားမှု ရှိတဲ့ ပုဂ္ဂိုလ် တစ်ယောက် အဖြစ် သဘောထားပြီး လာရောက် မေးမြန်းကြတာ ဖြစ်တယ်။ ဒီလို လူငယ်လေးတွေကို မှားယွင်းတဲ့ မျှော်လင့်ချက်တွေ မပေးချင်ဘူး။ အလိမ္မာဖက်ပြီး အဓိပ္ပာယ် နှစ်ခွထွက်တဲ့ ယောင်ဝါးဝါး စကားမျိုးလည်း မပြောချင်ဘူး။ မျက်မှန်စိမ်း တပ်ပြီး ကြည့်တဲ့ အဆိုးမြင် သက်သက် စကားတွေပြောပြီး သူရဲကောင်းလည်း မလုပ်ချင်ဘူး။ သူတို့လေးတွေရဲ့ ယုံကြည် လေးစားမှုကို တန်ဖိုးထားပြီး ကိုယ်မြင်တဲ့အတိုင်း မှန်ရာကိုသာ ပြောချင်တယ်။

ရပ်ကြည့်နေလို့မဖြစ်ဘူး
"ဒီမိုကရေစီမရသေးပါဘူး။ အခုမှ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ခြေတစ်လှမ်း ချမိရုံပဲ ရှိပါသေးတယ်။ ရှေ့ဆက်ပြီး ခြေလှမ်း သွက်သွက် လှမ်းနိုင်ဖို့ အတွက် အားလုံးဝိုင်းပြီး လမ်းရှင်းတာတွေ၊ ချုံနွယ် ပိတ်ပေါင်း ဖယ်ရှားပေးတာတွေ လုပ်ဖို့ လိုတယ်။ ကိုယ်နဲ့ မဆိုင်ဘူးဆိုပြီး ဘေးက ရပ်ကြည့်နေလို့တော့ မဖြစ်ဘူး" နိုင်ငံတစ်ခု တည်ဆောက်ရာမှာ တစ်တိုင်း တစ်ပြည်လုံး တက်တက် ကြွကြွနဲ့ ၀ိုင်းဝန်း လုပ်ဆောင်ကြဖို့ လိုတယ်။ ပြည်သူလူထု မပါဝင်ရင် ဘယ်စနစ်မှ မအောင်မြင်ဘူး ဆိုတာ နှစ် ၅၀ သမိုင်းကြောင်းက သက်သေ ပြပြီးဖြစ်တယ်။ အရင်ကတော့ မြန်မာ့ ဆိုရှယ်လစ် စနစ်တို့၊ အာဏာရှင် စနစ်တို့ ဆိုတာတွေကို ပြည်သူက လက်မခံတဲ့ အတွက် ပူးပေါင်းပါဝင်မှု မပြုဘဲ နေခဲ့လို့ အဲဒီစနစ်တွေ မအောင်ခဲ့ဘူး။

စောင့်ကြည့်နေတဲ့မျက်လုံးများ
အခုတော့ ဒီမိုကရေစီစနစ်ကို သွားမယ်လို့ အတိအလင်း ပြောဆို ထားတာကြောင့် ပြည်သူ လူထုက ရင်ထဲမှာ သဘောကျ နှစ်ခြိုက် နေကြတယ်။ ဒါပေမယ့် နှစ် ၅၀ အတွေ့အကြုံက ရှိနေလေတော့ သံသယစိတ်ကို ဖျောက်လို့ မရသေးဘူး။ စောင့်ကြည့် အကဲခတ် ချင်သေးတယ်။ အဲဒီလို စောင့်ကြည့်နေတဲ့ မျက်လုံးတွေ အောက်မှာ ခြေလှမ်းမှန်မှန် လျှောက်လှမ်းနိုင်ဖို့၊ အထူး သတိထားဖို့ လိုတယ်။ ခေတ်အဆက်ဆက် အတွေ့အကြုံများ အရ အခွင့်ထူးခံ လူတန်းစားနဲ့ အပယ်ခံ လူတန်းစားဆိုပြီး ကွဲပြား ခြားနားမှု ရှိနေရင် ဘယ်နည်းနဲ့မှ ဒီမိုကရေစီ ပန်းတိုင်ကို မရောက်နိုင်ဘူးလို့ ထောက်ပြ ချင်တယ်။

ပြည်တွင်းစစ်နဲ့ ခြစားမှု
၁၉၄၈ က ၁၉၆၂ ခုနှစ်ကြားမှာ ဒီမိုကရေစနစ်ကျင့်သုံးတဲ့ အစိုးရ ပေါ်ပေါက် ခဲ့တယ်။ ဒါပေမယ့် ရည်မှန်းတဲ့ အတိုင်း ဒီမိုကရေစီ ပန်းတိုင်ကို မရောက်ခဲ့ဘဲ ၁၉၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပွဲ ဖြစ်ပြီး အဆုံးသတ် သွားခဲ့တယ်။ ဘာ့ကြောင့် ဒီမိုကရေစီစနစ် မအောင်မြင် ခဲ့သလဲ ဆိုတော့ အဓိက အချက်ကြီး နှစ်ချက်ကြောင့်လို့ ယူဆတယ်။ ပထမ အချက်က တစ်ပြည်လုံး အနှံ့ ပြည်တွင်းစစ်ကြီး တိုက်ခိုက် နေရတာ ဖြစ်တယ်။ ဒုတိယ အချက်ကတော့ အာဏာရ ဖဆပလ အဖွဲ့ကြီးအတွင်း အကျင့်ပျက်ခြစားမှုတွေ တစ်နေ့တခြား ကြီးထွား သထက် ကြီးထွားလာပြီး သူတစ်လူ ငါတစ်မင်းနဲ့ ထိန်းမနိုင် သိမ်းမရ အခြေအနေထိ ဆိုက်ရောက် သွားတာဖြစ်တယ်။

ခြတွင်းကြီးတစ်ခု
အကျင့်ပျက်ခြစားမှုက ဘယ်လောက်အထိ ဆိုးဝါးသလဲဆိုရင် ဖဆပလ အဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်တဲ့ ၀န်ကြီးချုပ် ဦးနု ကိုယ်တိုင်က "ဖဆပလ အဖွဲ့ကြီးဟာ ခြတွင်းကြီး တစ်ခုလို ဖြစ်နေပြီ။ ထင်းရှူး သေတ္တာ တစ်လုံး ပစ်ချလိုက်ရင် ခြတွေ ၀ိုင်းစားကြလို့ မျက်စိတစ်မှိတ် အတွင်းမှာ မြင်ကွင်းက ပျောက်ကွယ် သွားသလို အခြေအနေမျိုးထိ ဆိုက်ရောက်နေပြီ"လို့ ထုတ်ဖော် ပြောကြားရတဲ့ အထိ ဖြစ်လာခဲ့တယ်။ အဲဒီလို ပြောပြီးတဲ့နောက် ဦးနုဟာ ၀န်ကြီးချုပ် ဘ၀က အနားယူပြီး ဖဆပလ ပြန်လည် တည်ဆောက်ရေးကို ဇောက်ချ လုပ်ဖို့ ဖဆပလ ဥက္ကဋ္ဌ တာဝန် တစ်ခုတည်း ထမ်းဆောင်ခဲ့တယ်။ ဒုတိယ ၀န်ကြီးချုပ် ဦးဘဆွေကို ၀န်ကြီးချုပ် တာဝန် လွှဲပေးခဲ့တယ်။

စသုံးလုံးဘုတ်အဖွဲ့ကြီးဖွဲ့
အဲဒီနောက် ဦးချမ်းသာကို ဥက္ကဋ္ဌနေရာမှာ တာဝန်ပေးပြီး အထူးစုံစမ်း စစ်ဆေးရေး အဖွဲ့ (စစစ) ဆိုတဲ့ ဘုတ်အဖွဲ့ကို ဖွဲ့စည်းခဲ့တယ်။ စီးပွားရေး မသမာမှုတွေနဲ့ လာဘ်ပေး လာဘ်ယူမှုတွေကိုချည်း ကိုင်တွယ် စစ်ဆေးဖို့ အထူး တာဝန် ပေးခဲ့တယ်။ အစိုးရ ဌာနဆိုင်ရာ ၀န်ထမ်း ကြီးငယ်များအကြား လာဘ်ပေး လာဘ်ယူ ကိစ္စတွေ ဖော်ထုတ် စစ်ဆေးပြီး ထောင်ချ အပြစ်ပေး ခဲ့တာတွေ ရှိတန်သလောက် ရှိခဲ့ပေမယ့် ခြတွင်းကြီးကတော့ ရှိမြဲ ရှိနေဆဲဖြစ်တယ်။ လာဘ်ပေး လာဘ်ယူမှုတွေလည်း ရှိနေတာပါပဲ။ ဘာ့ကြောင့်လဲ ဆိုတော့ ခြစားမှု ကိစ္စတွေက ၀န်ထမ်း အဖွဲ့အစည်းတွေ ကြားမှာ စတင် သန္ဓေတည်ခဲ့တာ မဟုတ်ဘဲ ဖဆပလ အစိုးရ အဖွဲ့ကြီးရဲ့ ထိပ်ဆုံး နေရာတွေမှာ စတင် သန္ဓေ တည်ခဲ့တာကြောင့်ဖြစ်တယ်။

လိုင်စင်ခေတ်
အဲဒီခေတ်က ဒီမိုကရေစီနဲ့ လွတ်လပ်တဲ့ပုဂ္ဂလိက စီးပွားရေးစနစ် ဆိုပေမယ့် တိုင်းပြည် ထူထောင်စ အချိန် ဖြစ်တာကြောင့် သွင်းကုန် ထုတ်ကုန် လုပ်ငန်းတွေကို အစိုးရက ကြီးကြပ်ထားပြီး လိုင်စင် ရသူများကိုသာ သွင်းခွင့် ထုတ်ခွင့် ပေးခဲ့တယ်။ အဲဒီမှာ ခြစားမှုတွေ စတင် သန္ဓေတည်ခဲ့တယ်။ ဖဆပလ ၀န်ကြီးတွေက သူတို့ကို ရန်ပုံငွေဆိုပြီး ပံ့ပိုးငွေ များများပေးတဲ့ မြန်မာ ကုန်သည်တွေနဲ့ သူတို့နဲ့ နီးစပ်သူတွေကို လိုင်စင် ချပေးခဲ့တယ်။ အဲဒီလူတွေ အများစုက တကယ် အရောင်းအ၀ယ် လုပ်ကြတာ မဟုတ်ဘဲ၊ လိုင်စင် လျှောက်ခွင့် မပြုတဲ့ တရုတ်နဲ့ ကုလား ကုမ္ပဏီကြီးတွေ လက်ထဲ လိုင်စင်ကို လက်လွှဲ ရောင်းချ လိုက်ကြတယ်။

အခွင့်ထူးခံနဲ့အပယ်ခံ
အဲဒီအချိန်ကစပြီး အခွင့်ထူးခံ (လိုင်စင်ရ) လူတန်းစားနဲ့ အပယ်ခံ လူတန်းစား ဆိုပြီး ကုန်သည် လောကမှာ ပေါ်ပေါက် လာတယ်။ အပယ်ခံ လူတန်းစားတွေ ကလည်း သူတို့ စီးပွားရေး လုပ်နိုင်ဖို့ အတွက် ပုံစံ အမျိုးမျိုးနဲ့ အစိုးရ စက်ယန္တရားကြီး အတွင်း ထိုးဖောက် ၀င်ရောက်ပြီး အခွင့်အရေးရအောင် လုပ်ကြတယ်။ ဒီလိုနဲ့ပဲ ခြတွင်းကြီးဟာ ပြန့်သထက်ပြန့်၊ ကျယ်သထက် ကျယ်လာပြီး နှိမ်နင်းလို့ မနိုင်တဲ့ အခြေအနေထိ ရောက်သွားတယ်။ နောက်ဆုံးကျတော့ ဖဆပလ အစိုးရကြီးနဲ့အတူ ဒီမိုကရေစီ ပန်းတိုင်ပါ လုံးဝ ပျောက်ကွယ် သွားခဲ့ရတယ်။

လေမဟုတ် အလုပ်နဲ့ပြ
အခုအစိုးရသစ်က ဒီမိုကရေစီလမ်းကြောင်းပေါ် ခြေလှမ်း စတင်ချတဲ့ အချိန်မှာ အကျင့်ပျက် ခြစားမှု အားလုံးရဲ့ အရင်းအမြစ် ဖြစ်တဲ့ အခွင့်ထူးခံ လူတန်းစားနဲ့ အပယ်ခံ လူတန်းစားဆိုပြီး ကွဲပြား ခြားနားမှုကို အထူးသတိထား ရှောင်ကြဉ်ဖို့ လိုတယ်လို့ အကြံပြု ချင်ပါတယ်။ ပြည်သူတွေ အားလုံးနဲ့ ကမ္ဘာ တစ်ခုလုံးက စောင့်ကြည့်နေတဲ့ သံသယ မျက်လုံးတွေကို ဖယ်ရှားနိုင်ဖို့ အတွက် တာဝန်ရှိသူတွေ အားလုံး "လေမဟုတ် အလုပ်နဲ့ သက်သေပြ"ဖို့ လိုပါတယ်။ ဒီအချိန်မှာ ဒီမိုကရေစီ မရသေးပါဘူး။ ပြည်သူတွေ အားလုံး ဒီမိုကရေစီ အခွင့်အရေးတွေကို ပီပီပြင်ပြင်မခံစားရ သေးပါဘူး။

နေစရာမရှိတဲ့ဝန်ကြီးချုပ်
ဒီလိုခြေလှမ်းပြင်စရှိသေးတဲ့ အချိန်မှာ အစိုးရ၊ လွှတ်တော်၊ တရားစီရင်ရေး ဆိုတဲ့ ယန္တရားကြီး သုံးရပ် စလုံးမှာ ပါဝင်ကြသူ မှန်သမျှ၊ ပြည်သူတွေ မခံစား ရသေးတဲ့ ဒီမိုကရေစီ အခွင့်အရေးတွေကို အခွင့်ထူးခံ ယူခွင့် မပြုဖို့ သတိထား ဆင်ခြင် ကြသင့်တယ်။ အကြောင်း တိုက်ဆိုင်လို့ ခေါင်းထဲမှာ စွဲနေတဲ့ အကြောင်းလေး တစ်ခုကို ပြောပြပါရစေ။ ကြာတော့ကြာပါပြီ။ နိုင်ငံခြားက သတင်းတစ်ပုဒ် ဖတ်မိခဲ့တာပါ။ အင်္ဂလန်နိုင်ငံက ၀န်ကြီးချုပ် အက်ဒ၀ပ်ဟိသ် (Edward Health) ဟာ လေဘာပါတီက ဟာရိုးဝီလဆင် (Harold Wilson)ကို ရှုံးနိမ့်ပြီး ၀န်ကြီးချုပ် ရာထူးက ဆင်းပေးရပါတယ်။ ၀န်ကြီးချုပ် စံအိမ် အမှတ် ၁၀ ဒေါင်းနင်းလမ်းက ဖယ်ပေးရမယ့် ရက်မှာ နေစရာအိမ် မရှိလို့ ဖယ်မပေးနိုင်ဘူး ဖြစ်နေပါတယ်။

သူလိုဖြစ်ကြရင်ကောင်းမှာပဲ
အဲဒီအချိန်မှာ သူ့မိတ်ဆွေတစ်ယောက်က လန်ဒန်မှာရှိတဲ့ သူပိုင်အိမ်ခန်း တစ်ခန်းမှာ ခေတ္တ နေထိုင်ဖို့ ပေးခဲ့တာကြောင့် လူပျိုကြီး ဖြစ်တဲ့ မစ္စတာဟိသ်ဟာ တစ်ယောက်တည်း ပြောင်းရွှေ့ နေထိုင်ခဲ့ပါတယ်။ အခန်းက ခပ်သေးသေး ဆိုတော့ သူပိုင်ပစ္စည်းတွေ ထားစရာ မရှိလို့ တခြား မိတ်ဆွေ တစ်ယောက်ရဲ့ တောပိုင်းက စံအိမ်မှာ ပို့ထားရပါတယ်။ အဲဒီသတင်းလေး ဖတ်ခဲ့ရတာ ကြာလှပြီ ဖြစ်ပေမယ့် ခုအချိန်ထိ ခေါင်းထဲမှာ မှတ်မိ နေပါသေးတယ်။ ကျွန်တော်တို့ နိုင်ငံရေးသမားတွေ အားလုံး မစ္စတာဟိသ်လို ဖြစ်ကြရင် ကောင်းမှာပဲလို့ စိတ်ထဲမှာ အောက်မေ့ မိပါတယ်။

ဘယ်သူ့ကိုမှချန်မထားဘူး
နိုင်ငံရေးသမားတွေကိုသာပြောပြီး ခင်ဗျားတို့ စာနယ်ဇင်းသမား တွေတော့ မပြောတော့ ဘူးလားလို့ မေးနိုင် ပါတယ်။ ပြောမှာပါ။ အမြင်မတော်ရင် ဘယ်သူ့ကိုမှ ချန်မထားပါ ဘူး။ စာနယ်ဇင်း သမားတွေကို ပြောချင်တာ ကတော့ တိုင်းပြည်က ဒီမိုကရေစီ နိုင်ငံ မဖြစ်သေးပါဘူး။ ပြည်သူတွေထက် ထူးပြီး ဒီမိုကရေစီ အခွင့်အရေးတွေ မယူချင်ပါနဲ့။ ပြည်သူတွေ အားလုံး လွတ်လွတ် လပ်လပ်နဲ့ သူတို့ ၀ယ်စီးချင်တဲ့ မော်တော်ကား ၀ယ်မစီးနိုင်သေးတဲ့အ ချိန်မှာ ကိုယ်ကအခွင့်ထူး လိုချင်တာမျိုး၊ ကားဝယ်ခွင့် ပေးပါလို့ တောင်းဆိုတာမျိုး မလုပ်သင့်ပါဘူး။ လွှတ်တော် ကိုယ်စားလှယ်တွေလည်း အတူတူပါပဲ။ အခွင့်ထူးခံ လူတန်းစား မဖြစ်ချင်ပါနဲ့။

ကိုယ်ကျိုးရှေ့တန်းတင်လွန်း
ဒီအချိန်မှာ ကျွန်တော်တို့အားလုံးလုပ်ရမှာက ဒီမိုကရေစီ ပန်းတိုင်ကို မြန်မြန် ရောက်ဖို့ ၀ိုင်းကြိုးစား ကြဖို့ ဖြစ်တယ်။ တိုင်းပြည်က ဒီမိုကရေစီ မရသေးခင်မှာ ဒီမိုကရေစီ ရပြီးမှ လုပ်ရမယ့် အလုပ်တွေကို လုပ်တာဟာ ကိုယ်ကျိုးစီးပွား ရှေ့တန်း တင်လွန်းရာ ကျတယ်။ အခွင့်ထူးခံ လူတန်းစားနဲ့ အပယ်ခံ လူတန်းစား ကွဲပြားမှု ကြီးမားလွန်းရာက ခြတွင်းကြီး အဖြစ် ရောက်ရှိ သွားပြီး ဖဆပလ အဖွဲ့ကြီးနဲ့ ဒီမိုကရေစီ ပန်းတိုင်ကြီးပါ နိဂုံး ချုပ်သွားရတာကို မမေ့ကြဖို့ သတိပေး လိုက်ပါတယ်။

Ref: EMG News


Read More...

အာဏာရှင်စိတ်ဓာတ်တွေ အလွှာတိုင်းက စွန့်လွှတ်ဖို့ လိုတယ်

Sunday, 11 September 2011

ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ စက်တင်ဘာ ၁၁၊ ၂၀၁၁

ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာကြံ့ဖွံ့အစိုးရက လူ့အခွင့်အရေးကော်မရှင် တရပ်ကို ဖွဲ့စည်း လိုက်တယ်။ မြန်မာပြည်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အာမခံချက်တွေ ရှိကြောင်း ပြသနိုင်ဖို့၊ မြန်မာပြည် အထွေထွေ ပြုပြင် ပြောင်းလဲမှုတွေ အကောင်းဖက်ကို ဦးတည်တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်နိုင်ဖို့ လက်ရှိ အာဏာပိုင်တွေက အစီအစဉ်တွေ ဖော်ဆောင် လာနေတဲ့ အပေါ်မှာ အတိုက်အခံ ခေါင်းဆောင် ဦးဝင်းတင်ရဲ့ သဘောထားကို မေးမြန်း ဖြစ်ခဲ့ပါတယ်။

- အခု သူတို့ဖွဲ့စည်းလိုက်တဲ့ လူ့အခွင့်အရေးကော်မရှင်အပေါ်မှာ ဆရာ့အနေနဲ့ ဘယ်လိုမြင်သလဲ။

- အခု လက်ရှိအစိုးရက လူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့လိုက်တယ်။ ဒါကို ထူးခြားတယ်လို့ တချို့ လူတွေက ထင်မြင်ပြီးတော့ ကျနော့်ဆီကို ဖုံးဆက်ပြီးတော့ သတင်းဖတ်ပါ၊ နားထောင်ပါ စသည်ဖြင့်တောင် တိုက်တွန်း ကြတယ်။ တကယ်တမ်း နားထောင်လိုက်တော့၊ ဖတ်ကြည့်လိုက်တော့ သူတို့ ဖွဲ့လိုက်တာက ဘာမှ ထူးခြားတာ မတွေ့ရဘူး။ သူတို့ရဲ့ သံအမတ်ဟောင်းတွေ၊ ဥပဒေပညာရှင် တချို့နဲ့ အစိုးရ ၀န်ထမ်း အရာရှိကြီးတွေ ဘာတွေပဲ ဖြစ်နေတယ်။ သူတို့ရဲ့ နောက်ကြောင်း ရာဇ၀င်တွေ၊ ပရိုဖိုင်းတွေလည်း ဘာမှ မသိရ သေးဘူးလေ။ သူတို့တွေ ဘယ်လို ရပ်တည်ခဲ့ သူတွေလဲ၊ ဘယ်လို လူစားတွေလည်းဆိုတာ မသိကြရ သေးဘူးလေ။

- အရင်တုန်းက စစ်အုပ်စုက အာဏာကို တိုက်ရိုက်ကိုင်စွဲ ထားတုန်းက သူတို့ ကောင်းကြောင်းကို နိုင်ငံတကာကို လှည်ြ့ပီး ပြောဖို့ ခိုင်းထားတဲ့ အဖွဲ့တွေ ရှိဖူးတယ်လေ ဆရာ။ မြန်မာပညာရှင်တွေ၊ ဗြူရိုကရက် တွေကို စစ်တပ်က ခိုင်းဖူး သေးတယ်လေ။ အဲသည်လိုမျိုး သည်လို အဖွဲ့ကို လက်ရှိ အစိုးရ အသစ်က ရည်ရွယ်ပြီး ဖွဲ့တယ်လို့လဲ တချို့က ထင်မြင်ချက် ပေးကြတယ် ဆရာ။

- ကျနော်ထောင်ထဲမှာ ကျနေစဉ်တုန်းက ကြားခဲ့ဖူးတယ်။ သူတို့လို အဖွဲ့မျိုးတွေကို ကမ္ဘာ လှည့်နေတဲ့ မြန်မာ လူပျက်ကြီးများ လို့တောင် ဝေဖန်ကြတယ်လို့ ပြောသံကြားတယ်။ အခု ဖွဲ့စည်းလိုက်တဲ့ အဖွဲ့ဝင်တွေရဲ့ နောက်ကြောင်းနဲ့ သဘောထားတွေက ပေါ်လာ မှာပေါ့လေ။ အခု မသိရသေးပေမယ့် နောက်တော့ သိလာ ကြမှာပါ။ သူတို့ လုပ်ရပ်တွေကိုလည်း ကြည့်ရင်း ပေါ်လာမှာ ဖြစ်ပါတယ်။

- ဆရာအနေနဲ့ ပါဝင်တဲ့ လူအမျိုးအစားတွေပေါ်မှာ ဘယ်လိုမျိုးမြင်သလဲ၊ လက်ရှိ တွေ့ရ သလောက် ပေါ့လေ။

- ကျနော့်အမြင်ကတော့ မြန်မာပြည်ရဲ့ လူ့အခွင့်အရေး ကော်မရှင်မှာ ၀န်ထမ်းတွေ၊ သံအမတ် ဟောင်းတွေထက် ဥပဒေ ပညာရှင်တွေ များများ ပိုပြီး လိုအပ်တယ် ထင်တယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး မြန်မာပြည်တွင်း မှာကော၊ ပြည်ပကကော မေးမြန်းစုံစမ်း တဲ့ဆီမှာ၊ တွေ့ဆုံ ရှင်းလင်းရတဲ့ ဆီမှာ သူတို့က ရင်ဆိုင် ပြောဆိုနိုင်မှာ ဖြစ်တယ်။ အဲသည်လိုမျိုး အတွေ့အကြုံတွေကို ပြနိုင်ရမယ် ထင်တယ်။

- လက်ရှိအစိုးရက သူတို့ခန့်လိုက်တဲ့ အဖွဲ့တွေ၊ လူတွေတိုင်းမှာ သူတို့စိတ်တိုင်းကျ ခန့်အပ် တာတွေချည်း ဖြစ်နေတယ်။ ရွေးကောက်ပွဲ တုန်းကလည်း ပြည်သူလူထုရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး တဖက်သတ် ကျင်းပခဲ့တယ်လို့ နိုင်ငံတကာက ပြောဆိုခဲ့ကြတယ်။ နောက်ပြီးတော့ လွှတ်တော်တွေ၊ ကော်မရှင် အဖွဲ့တွေ၊ အစိုးရ အဖွဲ့တွေမှာလည်း ယခင် စစ်အုပ်စုရဲ့ လက်ဝေခံ အဆင့်ဆင့် တွေက နေရာ ယူထားတယ်လို့ပဲ အများက ပြောဆို နေကြတယ်။ အဲသည်လို လူတွေ အဆင့်ဆင့် ခန့်အပ် ထားတာတွေချည်း ဖြစ်နေတာကို ဆရာက ဘယ်လို ပြောချင်ပါသလဲ။

- အခုလက်ရှိ လူ့အခွင့်အရေးကော်မရှင်က အပေါ်ဆုံးအလွှာမှာ ဖွဲ့ထားပြီး ပြထားရုံ သက်သက် ပဲလား၊ အောက်ခြေ အဆင့်ဆင့်မှာ ကော်မရှင်ခွဲတွေ ခန့်အပ်ပြီး လည်ပတ်မှာလား။ အပေါ်မှာပဲ အစုတစုလောက် ဖွဲ့ထားပြီး ပေးစာတွေ၊ ပစ်စာတွေ တိုင်ကြားလာမှပဲ အရေးယူ ဆောင်ရွက်ဖို့ လုပ်မယ် ဆိုရင်လည်း ဆင့်ခေါင်း ခွေးမချီနိုင် ဖြစ်လာလိမ့်မယ် ထင်တယ်။ အောက်ခြေ အဆင်ဆင့် အဖွဲ့ခွဲတွေ ဖွဲ့ကြမယ် ဆိုရင်လည်း မြို့နယ်၊ ခရိုင်၊ ကျေးရွာ အဆင့်ဆင့် ဖွဲ့ကြမယ် ဆိုရင်လည်း သူတို့က ဘယ်လို လူစားတွေကို ခန့်မှာလဲ ဆိုတာကို စဉ်းစားစရာ ဖြစ်လာတယ်။ လက်ရှိမှာ သူတို့ လုပ်ရပ်တွေကို ပြန်ကြည့်ရင် အစိုးရအသစ် ဖွဲ့ပြီး သွားပြီးနောက်ပိုင်း အုပ်ချုပ်ရေး အဖွဲ့တွေ မြို့နယ်၊ ကျေးရွာ အဆင့်ဆင့် ဖွဲ့တာကို ပြန်ကြည့်လိုက်ရင် ကြံ့ဖွံ့တွေ၊ အရင်ကလုပ်ခဲ့ ကိုင်ခဲ့ဖူးတဲ့ လူတွေကိုပဲ ပြန်ခန့်တာကို တွေ့ရတယ်။

အဲသည်တော့ ဘာဖြစ်သလဲဆိုတော့ … မြန်မာပြည်တွင်းမှာ ပြသနာတွေ ဖြစ်နေတာကို အမြဲတန်း ကြားနေရတယ်။ ကျေးရွာက လူကြီးက အလွဲသုံးစား လုပ်တာ၊ ရွာသားတွေကို နှိပ်စက်တာ၊ မတရား လုပ်တာတွေ အမြဲ ကြားနေရတယ်။ အောက်ခြေ အဆင့်ဆင့်မှာ အုပ်ချုပ်နေတဲ့ သူတွေဟာ အဲသည်လို အာဏာကို အလွဲသုံးစား လုပ်တဲ့သူတွေ၊ လူ့အခွင့်အရေး ကျုးလွန်သူတွေ ဖြစ်နေရင် အဲသည် လူတွေကို ဘယ်လို တိုင်ကြား အရေးယူမှာလဲ။ တိုင်ကြားတဲ့ နေရာမှာလည်းပဲ လူ့အခွင့်အရေး ကော်မရှင်က အောက်ခြေမှာ ခန့်ထားတဲ့ သူတွေကလည်း လူ့အခွင့်အရေး ချိုးဖောက်တဲ့ နေရာမှာ ရှေ့တန်းက ပါခဲ့တဲ့ သူတွေ ဆိုရင်ကော ဘယ်လို လုပ်ကြမှာလဲ။ ဒါတွေကို စဉ်းစားရမယ့် အချက်ဖြစ်တယ်လို့ ပြောချင်တယ်။

- ဟုတ်ကဲ့ပါဆရာ။ အထက်ကတင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေရုံတင် သာမကဘဲ အောက်ခြေ အဆင့်ဆင့် မှာလည်းပဲ ပြုပြင် ပြောင်းလဲတဲ့ ဆီမှာ လူတဦးချင်း စီမှာလည်း တာဝန် ရှိနေတယ်လို့ ပြောချင် တာပေါ့နော်။ လက်ရှိမှာ အာဏာပိုင်တွေ အုပ်ချုပ်သူတွေ အဆင့်ဆင့်မှာ ဒီမိုကရေစီ စနစ်ကို လေ့ကျင် ထိန်းသိမ်း လိုတဲ့ တန်ဖိုး ထားလိုတဲ့သူတွေ အများအပြား ရှိနေပြီလား။

- အုပ်ချုပ်ရေးယန္တယားမှာ ပါဝင်တဲ့ ရဲတွေ၊ မီးသတ်တွေ၊ စစ်သားတွေ၊ စစ်သားဟောင်းတွေ၊ စည်ပင် သာယာရေးက ၀န်ထမ်းတွေ စတဲ့ လူထု အရေးကို ဆောင်ရွက်နေရမယ့် ကူညီရမယ့် သူတွေကို ကြည့်လိုက်လို့ ရှိရင် သူတို့တွေ ကိုယ်တိုင်က အာဏာရှင် ပေါက်စလေးတွေ ဖြစ်နေရင် ဟန်မကျဘူး။ မလွယ်ဘူး။ သူတို့တွေ ကိုယ်တိုင်က လူတွေဆီက အနိုင်ကျင့်ပြီး ငွေတောင်းတာမျိုး၊ အပိုင်စီးတာ မျိုးတွေ လုပ်နေတာတွေ ကြားနေ မြင်နေရတယ်။ ပြောရလို့ရှိရင် နိုင်ငံရေး အကျဉ်းသား ၂ ထောင်ကျော်ကို လွှတ်ပေးလိုက်လို့ တိုင်းပြည်မှာ မတည်မငြိမ် ဖြစ်လာမယ်တို့၊ ဒေါ်အောင်ဆန်းစုကြည် တို့က အာမခံချက် ဘယ်လို ပေးမှာလဲတို့တွေ မေးခွန်း ထုတ်နေတာတွေ ခဏ ထားလိုက်ပါဦး။ အခု မြန်မာပြည် ဒေသအနှံ့ အလွှာတိုင်းမှာ အာဏာရှင် ပေါက်စတွေကို ဘယ်လိုမျိုး ထိန်းသိမ်း ဖြေရှင်းကြမှာလဲ။ နိုင်ငံရေး အကျဉ်းသား ၂ ထောင်ကို လွှတ်ပေးဖို့က ပြသနာ မဟုတ်ပါဘူး။ အပြင်မှာ လက်ရှိ အောက်ခြေ အဆင့်ဆင့်နဲ့ အလွှာ တိုင်းမှာ ရှိနေတဲ့ အာဏာရှင် ပေါက်စတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်နေတာတွေ ဖြစ်ပွား နေတာတွေက အရေးတကြီးကို ရင်ဆိုင်နေရတဲ့ ကိစ္စဖြစ်တယ်။

- ထိပ်ပိုင်း အပေါ်ပိုင်းကတော့ အခြေခံဥပဒေထဲမှာ လွတ်လပ်စွာ ရေးသားခွင့်ကို ပြဋ္ဌာန်း ပေးလိုက်ပြီ၊ ဒါဆိုရင် ပြည်သူတွေမှာ စာပေ လွတ်လပ်ခွင့်တွေ ရပြီပေါ့လို့ ပြောရုံတင် ပြောလို့ မရဘူးဆိုတဲ့ သဘောပေါ့ ဆရာ။

- ဟုတ်တယ်။ အပေါ်ကတော့ စာနယ်ဇင်းလွတ်လပ်ခွင့် ရှိပါတယ်လို့ လွှတ်တော်ထဲမှာ၊ ၀န်ကြီး အဆင့်မှာ ပြောလိုက်တယ်။ ဒါပေမယ့် အောက်ခြေမှာ ကျတော့ ဥပမာ အားဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်တာဗျူးကို ထည့်ခွင့် မပေးဘူး၊ ဆောင်းပါးကို စာပေ စိစစ်ရေးက ဆင်ဆာဖြတ်နေတယ်။ ပြောနေတာက တမျိုး၊ လုပ်နေတာက တမျိုး ဖြစ်နေတာတွေ တွေ့နေရတယ်။ အာဏာရှင် ပေါက်စန လေးတွေက နေရာတိုင်းမှာ ကြီးစိုး လွှမ်းမိုးပြီးတော့ သူတို့ လုပ်ချင်တာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေ လုပ်နေတာတွေ မြင်နေရတယ်။ ပြောချင်တာကတော့ အခုလို လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်း လိုက်ပြီ ဆိုပြီးတော့ ပြည်သူတွေက တကယ်ကို သွားရောက်ပြောကြား တိုင်ပင် တင်ပြလို့ ရပြီလား။ ဒါကို ကျနော်တို့ အနေနဲ့က မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ ပြောချင်ပါတယ်။

- ကျေးဇူးတင်ပါတယ် ဆရာရေ။ ။

Ref: မိုးမခ

Read More...

ကိုမင်းကိုနိုင် အိမ်သို့ ဒေါ်အောင်ဆန်းစုကြည်သွားရောက်အားပေး

Sunday, 11 September 2011


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နေ့လည် ၁၂း၁၅ မိနစ်တွင် ကျိုင်းတုံ အကျဉ်းထောင်တွင် ထောင်ဒဏ် ၆၅ နှစ် နှင့် ၆ လ အကျဉ်းချထားခြင်း ခံနေရသော ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၏ နေအိမ်သို့ သွားရောက် အားပေးစကား ပြောခဲ့ပါတယ်။

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်က ကိုမင်းကိုနိုင်၏ မိသားစုများနှင့် အားပေးစကား ပြောကြား ခဲ့စဉ်တွင် ကိုမင်းကိုနိုင်၏ ဖခင်ဖြစ်သူ ပန်းချီဆရာကြီး ဦးသက်ညွန့်က ၄င်းကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီကား ကိုလည်း လက်ဆောင်အဖြစ် ပြန်လည် ပေးအပ်ခဲ့သည်။ ယခုကဲ့သို့ မိသားစုများကို လာရောက် အားပေးစကား ပြောကြားသည့်အတွက် မိသားစုဝင် များမှာ ၀မ်းမြောက် ၀မ်းသာ ဖြစ်ရကြောင်း မိသားစုဝင်များက ပြောသည်။ ထို့အပြင် တခြား ၈၈ မျိုးဆက်ကျောင်း သား ခေါင်းဆောင် များ၏ မိသားစု နေအိမ်များသို့လည်း သွားရောက် အားပေးမည် ဟု မျှော်လင့်ကြောင်း သိရပါသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် လုပ်ဖော်ကိုင်ဖက်များသည် အကျဉ်းထောင်များ ထဲတွင် ၁၉၈၈ ခုနှစ် နောက်ပိုင်း ၁၄ နှစ် ကျော် အနည်းဆုံး နေထိုင် ခဲ့ကြရသူများ ဖြစ်ကြသည်။

ကျောင်းသားခေါင်းဆောင်များဖြစ်ကြသည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာ စသည့် ကျောင်းသား ခေါင်းဆောင်များသည် အကျဉ်းထောင်များက ပြန်လည် လွတ်မြောက် လာပြီးနောက် မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး၊ လူ့အခွင့်အရေး မှတ်တမ်းများ ကောင်းမွန်စေရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့ အတွက် ငြိမ်းချမ်းသော နည်းလမ်းဖြင့်သာ လုပ်ဆောင် ခဲ့ကြသည်။

၎င်းတို့သည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရ အဓိက ၀န်းရံ နေကြသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင် မဟုတ်သည့် ကျောင်းသားများ ဖြစ်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၄င်းကို အဓိက ထောက်ခံသည့် NLD ပါတီပြင်မမှ ၈ လေးလုံး ဦးဆောင်သူများ ဖြစ်သည့် ကျောင်းသား ခေါင်းဆောင်များနှင့် တသားတည်း ရှိကြောင်း ပြသသည့် သွားရောက် အားပေးမှုလည်းဖြစ်သည်။

မြန်မာအစိုးရ အာဏာပိုင်များနှင့် မကြာသေးမီက တွေ့ဆုံမှုတချိုက လုပ်ဆောင်ခဲ့ပြီးနောက် ပါတီရပ် တည်ရေး၊ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး စသည့် အကြောင်းအရာ များကို ဆွေးနွေး ခဲ့ပြီးနောက် နိုင်ငံရေး အကျဉ်းသားများလည်း ပြန်လည် လွတ်မြောက်လာမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ထားသည်။

အကျဉ်းထောင် အသီးသီးရှိ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များကလည်း ဒေါ်အောင်ဆန်းစုကြည် ၏ အစိုးရနှင့် ပူးပေါင်း လုပ်ဆောင် တွေ့ဆုံ ဆွေးနွေးမှုများကို ကြိုဆို ကြသော်လည်း အစိုးရ ဘက်မှ ဒေါ်အောင်ဆန်းစုကြည်၏ စေတနာကို မရိုးမသား လုပ်၍ အသုံးချ သွားမည်ကို စိုးရိမ်ကြောင်း မကြာမီက အကျဉ်းထောင် အသီးသီးက ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များက ဖော်ပြခဲ့သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အသုံးချခံရမည်ဟု မထင်မိကြောင်း။ အကယ်၍ နိုင်ငံနှင့် နိုင်ငံသူ နိုင်ငံသားများ အတွက် ကောင်းကျိုး ဖြစ်မည်ဆိုလျှင် သူမ အနေဖြင့် အသုံးချခံ ဖြစ်ချင်ဖြစ်ပါစေ ဟု လည်းပြောဆို ခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လုပ်ဆောင်နေသော အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရေး လမ်းကို ယုံယုံ ကြည်ကြည် ဆက်လက် လျှောက်လှမ်းနေကြောင်း၊ အကယ်၍ မိမိမှားယွင်းခဲ့လျှင် မိမိတာဝန်ယူမည် သာ ဖြစ်ကြောင်း မကြာသေးမီးက ထုတ်ဖော် ပြောဆိုထားသည်။


Read More...

အမေရိကန်အထူးကိုယ်စားလှယ် နာရေးကူညီမှုအသင်းနဲ့ HIV ဂေဟာ သွားရောက်

2011-09-11

အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Derek Mitchell နဲ့ အဖွဲ့ဟာ ဒီကနေ့ ရန်ကုန်မြို့က လူမှုရေး အသင်း အဖွဲ့တွေကို သွားရောက်တွေ့ဆုံပြီး လက်ရှိ ဆောင်ရွက်နေမှု အခြေအနေတွေကို မေးမြန်းခဲ့ပါတယ်။

Mr. Mitchell နဲ့ အဖွဲ့ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ရန်ကုန်တိုင်း တောင်ဒဂုံမှာ ဖွင့်လှစ်ထားတဲ့ HIV-AIDS ဂေဟာကို ဒီကနေ့ နံနက် ၉ နာရီလောက်က သွားရောက်ခဲ့ပြီး လူနာတွေရဲ့ လက်ရှိ အခြေအနေတွေကို မေးမြန်းခဲ့ကြောင်းနဲ့ သူ့ရဲ့ နိုင်ငံရေးခရီးစဉ်က အမြင်တွေကို ပြောကြားခဲ့တယ်လို့ ဂေဟာ တာဝန်ခံ မဖြူဖြူသင်းက ပြောပါတယ်။

“HIV နဲ့ ပတ်သက်ပြီး အခု အခြေအနေ ဘယ်လောက်အထိ ဆိုးဝါးလာသလဲ၊ ပိုကောင်းလာသလား အဲဒါတွေ မေးတယ်။ နောက် နိုင်ငံရေး ကိစ္စတွေ၊ နေပြည်တော်သွားပြီး ပြန်လာတဲ့ အခြေအနေလေးတွေ ရှင်းပြတယ်။ နောက်တခု ကတော့ ရှေ့အနာဂတ် မှာလည်း အခုလိုပဲ ဆက်ပြီး ပွင့်ပွင့်လင်းလင်း လုပ်ကိုင် ဆောင်ရွက်နိုင်ဖို့ သူ မျှော်လင့်တဲ့ အကြောင်း၊ သူတို့အနေနဲ့ မြန်မာပြည်ရဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေ အတွက် စောင့်ကြည့်နေတဲ့ အကြောင်း ပြောပါတယ်”

သူ့အနေနဲ့ မြန်မာပြည်က လက်ရှိ အခြေအနေတွေကို သိရှိပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင် နေပြီး မြန်မာ့ အရေးကို အားလုံး ပူးပေါင်းဆောင်ရွက်မှ ရမယ်လို့ နားလည် ထားကြောင်းလည်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် Mr. Derek Mitchell က လူနာတွေကို အားပေးစကား ပြောကြားခဲ့ပြီး ကလေး လူနာတွေကို ကစားစရာ ပစ္စည်းတွေနဲ့ အသုံးအဆောင် ပစ္စည်းတွေကို လက်ဆောင်အဖြစ် ပေးခဲ့တယ်လို့လည်း မဖြူဖြူသင်းက ပြောပါတယ်။

ဒီကနေ့ မနက်မှာပဲ အမေရိကန် အထူးကိုယ်စားလှယ်နဲ့ အဖွဲ့ဟာ ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်က ရုပ်ရှင် သရုပ်ဆောင် ဦးကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှု အသင်းကို သွားရောက်ပြီး အသင်းရဲ့ လက်ရှိ ဆောင်ရွက်နေတဲ့ အခြေအနေတွေကို မေးမြန်း ခဲ့တယ်လို့ အသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောပါတယ်။

“သူ မသိတာတွေ မေးတယ်။ နာရေးအသင်းဆိုတာ ဘယ်တုန်းက စပြီး ဖွဲ့ခဲ့လဲ၊ ဘယ်လိုဖွဲ့ခဲ့လဲ ဒါတွေ မေးတယ်။ နောက် နာရေး ကူညီမှု အကြောင်းတွေ၊ ဆေးကုသမှု အကြောင်းတွေ၊ ပညာရေး ကိစ္စတွေကို လာပြီး လေ့လာ သွားပါတယ်”

Mr. Derek Mitchell ဟာ နာရေးကူညီမှုအသင်းက ပညာဒါနအဖြစ် ဖွင့်လှစ်တဲ့ အင်္ဂလိပ်စာသင်တန်းတွေကို လိုက်လံ ကြည့်ရှု လေ့လာခဲ့ပြီး သင်တန်းသူ ကလေးငယ်တွေကို “မင်္ဂလာပါ … တွေ့ရတာ ဝမ်းသာပါတယ်” ဆိုပြီး မြန်မာလို ပြန်လည် နှုတ်ခွန်း ဆက်ခဲ့တယ်လို့ ဆိုပါတယ်။ ‘သုခအလင်း’ စာကြည့်တိုက်အတွက် အင်္ဂလိပ်စာပေ စာအုပ် စာတမ်းတွေကို ထပ်ပြီး လှူဒါန်း ပို့ဆောင် ပေးဖို့လည်း ပြောကြား ခဲ့တယ်လို့ သိရပါတယ်။

Ref: RFA News

Read More...

ဧရာဝတီမြစ်ဆုံ စီမံကိန်း ဆက်လက် ဆောင်ရွက်မယ်လို့ ၀န်ကြီး ပြောဆို

2011-09-11

ဧရာဝတီမြစ်ဆုံ စီမံကိန်းကို ကန့် ကွက်မှုတွေ ရှိနေပေမဲ့ ဆက်လက်အကောင်အထည် ဖေါ်သွားမှာ ဖြစ်ကြောင်း အမှတ် (၁) လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန ၀န်ကြီး ဦးဇော်မင်းက မနေ့က နေပြည်တော်မှာ ပြောကြား ခဲ့တယ်လို့ သိရပါတယ်။

မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေက မေးမြန်းရာမှာ ၀န်ကြီး ဦးဇော်မင်းက အခုလို ပြန်လည် ဖြေကြား ခဲ့တာလို့ ဆိုပါတယ်။

မြစ်ဆုံ ရေကာတာ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ သဘာဝ ပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှု ရှိမရှိ အတွက် အစိုးရက ကုမ္ပဏီ တစ်ခုကို အမေရိကန် ဒေါ်လာ ၁.၂၅သန်း နဲ့ ငှားရမ်းပြီး သုတေသန လုပ်ခဲ့ကြောင်း၊ ကြိုတင် တွက်ဆမှု အတွက် အချိန် ၃ နှစ်ခန့် ယူခဲ့ကြောင်း ၀န်ကြီးက ပြန်လည် ဖြေကြားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဘီလူးချောင်း ရေအား လျှပ်စစ်စီမံကိန်းဟာ ဒီနေ့ အချိန်အထိ ဆက်လက် လည်ပတ်ဆဲ ဖြစ်ပြီး (၅၂) နှစ်ရှိနေပြီ ဖြစ်ကြောင်း၊ ဘီလူးချောင်းကြီးလည်း မပျက်စီးဘဲ ဒီနေ့ အထိ ရှိနေကြောင်း ၀န်ကြီးဦးဇော်မင်းက နှိုင်းယှဉ် ရှင်းလင်း သွားတယ်လို့ ပြည်တွင်း သတင်းထောက် တစ်ဦးက ပြောပါတယ်။

ဒီအတွင်း ဧရာဝတီ မြစ်ဆုံ ဒေသက တရုပ် အစိုးရရဲ့ ရေအားလျှပ်စစ် ရေကာတာ ဆောက်လုပ်ရေး စီမံကိန်း တွေကို ဖျက်သိမ်းပေးဖို့ မနေ့က အမေရိကန် နိုင်ငံ ၀ါရှင်တန် ဒီစီမြို့ က တရုပ်သံရုံး ရှေ့မှာ မြန်မာ့ အရေး လှုပ်ရှားသူတွေက တောင်းဆို ဆန္ဒပြခဲ့ကြ ပါတယ်။

တရုပ် အစိုးရ အနေနဲ့ အိမ်နီးချင်းကောင်း ပီသစွာ ရေရှည် အကျိုးစီးပွားကို ကြည့်ဖို့ တောင်းဆို ဆန္ဒပြခဲ့ ကြတာလို့ စီစဉ် ဆောင်ရွက်သူ တဦးဖြစ်တဲ့ ဒေါက်တာ မောင်မောင်လွင်က ပြောပါတယ်။

မြစ်ဆုံဒေသက ရေအားလျှပ်စစ် ရေကာတာ စီမံကိန်းတွေ အပါအ၀င် ကျန်တဲ့ မြစ်တွေတလျှောက် ဆောက်လုပ် နေတဲ့ စီမံကိန်းတွေကို ဖျက်သိမ်းပေးဖို့နဲ့ မြန်မာနိုင်ငံရဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှုတွေဟာ တရုပ် အစိုးရမှာ တာဝန်ရှိကြောင်း စတဲ့ စာတမ်းတွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတာလို့ သိရပါတယ်။

Ref: RFA News

Read More...

9/11 တိုက်ခိုက်မှု ၁၀ နှစ်အကြာ အမေရိကန် ပိုသန်စွမ်းလာ

တနင်္ဂနွေ, 11 စက်တင်ဘာ 2011

အမေရိကန်ပြည်ထောင်စုမှာ လူပေါင်း ၃,၀၀၀ နီးပါး သေဆုံးခဲ့ရတဲ့ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်မှုရဲ့ ၁၀ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွေကို တနင်္ဂနွေနေ့က ကျင်းပ ခဲ့ကြပါတယ်။ ဒီ တိုက်ခိုက်မှုကြောင့် နာကျင် ခဲ့ကြရပေမဲ့ အဲဒီနောက်မှာ ပိုပြီး သန်မာ လာခဲ့ရပါတယ်လို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောကြားသွားပါတယ်။

၂၀၀၁ ခုနှစ်မှာ တိုက်ခိုက် ခံခဲ့ကြရတဲ့ နယူးယောက်မြို့၊ ၀ါရှင်တန်မြို့တော် အပြင်ဘက်က ပင်တဂွန် စစ်ဌာနချုပ်နဲ့ ပင်ဆယ်လ်ဗေးနီးယား ပြည်နယ်က ရှန့်က်စ်ဗီးလ် (Shanksville) မြို့တို့မှာ အောက်မေ့ဖွယ် အခမ်းအနားတွေ ကျင်းပ ကြတာပါ။

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက တိုက်ခိုက်ခံခဲ့ရတဲ့ နေရာ ၃ ခုလုံးကို သွားရောက်ပြီး ဝမ်းနည်းခြင်း အထိမ်း အမှတ် အခမ်း အနားတွေကို တက်ရောက်ခဲ့ပါတယ်။

နယူးယောက်မြို့မှာတော့ သမ္မတ အိုဘားမားနဲ့ သူ့မတိုင်ခင် သမ္မတဟောင်း ဂျော့ခ်ျ ဒဗလျူ ဘုရှ် (George W. Bush) တို့က တိုက်ခိုက် ခံခဲ့ရလို့ ပြိုကျ ပျက်စီးသွားတဲ့ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံ နေရာမှာ မကြာခင်ကပဲ ဆောက်လုပ် ပြီးစီးခဲ့တဲ့ ဝမ်းနည်းခြင်း အထိမ်းအမှတ် ရေကန်နေရာကို လမ်းလျှောက် ကြည့်ခဲ့ပါတယ်။

ကမ္ဘာ့ကုန်သွယ်ရေး မျှော်စင်ညီနောင်ကို ပြန်ပေးဆွဲခံရတဲ့ ခရီးသည်တင် လေယာဉ်တွေ ဝင်တိုက်ခဲ့တဲ့ ဖြစ်ရပ် အတွင်း သေဆုံး သွားရသူ ထောင်ကျော်ရဲ့ တဦးချင်း နာမည်တွေကို သူတို့ရဲ့ မိသားစုဝင်တွေက ရွတ်ဖတ်တဲ့ အခမ်းအနားကို သမ္မတ ၂ ဦးလုံး တက်ရောက်ခဲ့ပါတယ်။

ပင်ဆယ်လ်ဗေးနီးယားပြည်နယ်က ရှန့်က်စ်ဗီးလ်မြို့ပြင် ကွင်းထဲ လေယာဉ်ပျက်ကျပြီး သေဆုံးခဲ့ရသူ ၄၀ အတွက်တော့ သမ္မတ အိုဘားမားနဲ့ သမ္မတကတော် မစ်ရှဲလ် အိုဘားမား (Michelle Obama) တို့က လွမ်းသူ့ပန်းခွေ ချခဲ့ပါတယ်။

သူတို့က ကွယ်လွန်သူတွေရဲ့ မိသားစုတွေကို ဝမ်းနည်းစကား ပြောကြားခဲ့ပြီး လေယာဉ်ပေါ် ပါသွားတဲ့ ခရီးသည်တွေနဲ့ လေယာဉ် အမှုထမ်း တဦးချင်းစီရဲ့ နာမည်တွေ ကမ္ပည်း ထိုးထားတဲ့ ကျောက်သား နံရံဆီလည်း သွားရောက်ခဲ့တာပါ။

မွန်းလွဲပိုင်း ပင်တဂွန် စစ်ဌာနချုပ်မှာ ကျင်းပတဲ့ အခမ်းအနားမှာတော့ လေယာဉ်အမှတ် ၇၇ က ပင်တဂွန်ကို ဝင်တိုက်ပြီး သေဆုံးခဲ့ရသူ ၁၈၄ ဦးအတွက် သမ္မတနဲ့ သမ္မတ ကတော်တို့က လွမ်းသူ့ပန်းခွေ ချခဲ့ပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ် ရင်ပြင်မှာ သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်ခံရမှုမှာ ဗြိတိန်နိုင်ငံက ၆၇ ဦး အပါအဝင် တခြား နိုင်ငံပေါင်း ၉၀ က သေဆုံး သွားကြသူတွေ အတွက် ဝမ်းနည်း ကြေကွဲမှု အထိမ်းအမှတ် အခမ်းအနားတွေကို နိုင်ငံ အသီးသီးမှာ ကျင်းပ ခဲ့ကြပါတယ်။

Ref: VOA News

Read More...

ဂဒါဖီ ခြေကုပ်စခန်းသိမ်းတိုက်ပွဲ ပြင်းထန်

စနေ, 10 စက်တင်ဘာ 2011

လစ်ဗျားနိုင်ငံမှာ မိုမာဂဒါဖီကို သစ္စာခံတဲ့တပ်ဖွဲ့တွေရဲ့ နောက်ဆုံးကျန်နေတဲ့ ခြေကုပ် စခန်းတွေ ထဲက တခုကို နေတိုး တပ်ဖွဲ့ရဲ့ နောက်ခံ ပံ့ပိုးမှုတွေနဲ့ လက်ရှိ အသွင် ကူးပြောင်းရေး အစိုးရ တပ်ဖွဲ့တွေက တိုက်ခိုက် နေကြပါပြီ။ ဘနီဝါလစ်ဆိုတဲ့ သဲကန္တာရမြို့ကို အသွင် ကူးပြောင်းရေး တပ်ဖွဲ့တွေက သောကြာနေ့ ကတည်းက စတင် ၀င်ရောက် တိုက်ခိုက်နေတာ မနေ့တုန်း ကတော့ ဂဒါဖီ သစ္စာခံ တပ်တွေဘက်က အပြင်းအထန် ပြန်ခုခံ ခဲ့ကြပါတယ်။

နေတိုးတပ်ဖွဲ့တွေဘက်က လေကြောင်းကနေ ဂျက်လေယာဉ်တွေနဲ့ ကူညီ တိုက်ခိုက်ပေးနေပြီး အသွင် ကူးပြောင်းရေး တပ်ဖွဲ့တွေ ဘက်ကလည်း အိမ်တွေ တအိမ်ပြီး တအိမ် ၀င်ရောက် စီးနင်းပြီး ကဒါဖီ သစ္စာခံ လက်ဖြောင့် သေနတ် သမားတွေကို ရှာဖွေ ခဲ့ကြပါတယ်။ တိုက်ပွဲတွေ ဆက်ပြီး ရှိနေသေးတယ် ဆိုပေမဲ့လည်း သူတို့တွေ အောင်ပွဲနဲ့ နီးလာနေပြီလို့ အသွင် ကူးပြောင်းရေး တပ်ဖွဲ့တွေက ပြောနေပါတယ်။

အဲဒီ ဘနီဝါလစ် မြို့နားမှာရောက်နေတဲ့ ဗွီအိုအေ သတင်းထောက် အဲလီးဇဘက် အားရော့တ် (Elizabeth Arrott) ပြောပြတာက သူမြင်နေရတဲ့ နေရာကနေ လက်နက်ကြီး တွေနဲ့ ပစ်ခတ်တဲ့ အသံတွေကို ကြားနေရတယ်လို့ ဆိုပါတယ်။ အသွင် ကူးပြောင်းရေး ကောင်စီ NTC ဘက်က ပြောတာကတော့ သောကြာနေ့တုန်းက အဲဒီမြို့ အပြင်ဘက်မှာ ဂဒါဖီ သစ္စာခံတွေ ဘက်က ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီး နောက်ပိုင်း အသွင် ကူးပြောင်းရေး တပ်တွေ အဲဒီ ဘနီဝါလစ်မြို့ကို ၀င်တိုက် ခဲ့ကြတာပဲလို့ ဆိုပါတယ်။

မနေ့က စနေနေ့ကို နောက်ဆုံးထားပြီး လက်နက်ချဖို့ အသွင်ကူးပြောင်းရေး ကောင်စီကနေ ဂဒါဖီရဲ့ တပ်ဖွဲ့တွေကို ရာဇသံ ပေးထားတာပါ။ ဂဒါဖီရဲ့ဇာတိမြို့ အပါအ၀င် တခြား မြို့တော်တော်များများမှာ မနေ့တုန်းက တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ကြတယ်လို့ အယ်လ်ဂျာဇီးရား ရုပ်မြင်သံကြားက ပြောပါတယ်။

Ref: VOA News

Read More...

အသုံးချခံရမည်ကို ဒေါ်အောင်ဆန်းစုကြည် မမှု

Friday, 09 September 2011

မြန်မာအစိုးရ၏ အသုံးချမှုကိုခံနေရခြင်း မရှိကြောင်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်သည်ဟု လွတ်လပ်တဲ့ အာရှအသံ (RFA) ၏ အင်တာနက် စာမျက်နှာတွင် ကြာသပတေး နေ့က ဖော်ပြထားသည်။

မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရခေါင်းဆောင်များ တွေ့ဆုံကြပြီးနောက်ပိုင်း သိသာ ထင်ရှားသည့် ပြောင်းလဲ တိုးတက်မှုများ ဖြစ်ပေါ် မလာသေးသဖြင့် ထိုသို့ သုံးသပ်နေကြချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ တုံ့ပြန်ချက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

“အသုံးချခံနေရတယ်လို့ မမြင်ပါဘူး၊ ပူးတွဲပြီးတော့ လုပ်ဆောင်တယ်လို့ မြင်ပါတယ်” ဟု RFA ပရိသတ်များနှင့် အမေး အဖြေ ကဏ္ဍ တခုတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်သည်။

ပြည်တွင်းပြည်ပ ဖိအားပေးမှုများနှင့် ရင်ဆိုင်နေရသည့်အစိုးရ၏ အသုံးချခံ ဖြစ်သွားမည် ကိုလည်း စိုးရိမ်ခြင်း မရှိဟု ဆိုသည်။

“တကယ်ပဲ အသုံးချခံရတယ် ဆိုရင်တောင်မှ တိုင်းပြည် အတွက် အသုံးချခံရတယ်ဆိုရင် မနှစ်မြို့စရာ အကြောင်း မရှိပါဘူး၊ ယုံကြည်ချက် အတွက် ဆက်လုပ်သွားမှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်နှင့် လူမျိုးအပေါ် သစ္စာဖောက်မည် မဟုတ်ဟု ယုံကြည်ကြောင်း မိတ္ထီလာခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စည်းရုံးရေး ကော်မတီဝင် ဒေါ်မြင့်မြင့်အေးက ဧရာဝတီသို့ ပြောသည်။

“လမ်းကြောင်းမှန် ပေါ်လာအောင် တီထွင် ကြံဆပြီး လုပ်နေတဲ့ဟာကို ကျမတို့က ထောက်ခံပြီးတော့ အတိုင်းအတာ တခုအထိ ပံ့ပိုး ပေးသွားရမယ်” ဟု ဒေါ်မြင့်မြင့်အေးက ဆိုသည်။

ပြီးခဲ့သည့် ၂ လ အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဦးသိန်းစိန်၊ အလုပ်သမား ၀န်ကြီး ဦးအောင်ကြည် တို့နှင့် တွေ့ဆုံ စကား ပြောခဲ့သည်။ ဆွေးနွေးမှုအကြောင်းအရာ အသေးစိတ် နှင့် သဘော တူညီချက်များကို နှစ်ဘက် စလုံးက ထုတ်ပြန်ခြင်း မရှိ သေးပေ။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ တွေ့ဆုံမှု နှင့် ပတ်သက်၍ အစိုးရမီဒီယာများက ထုတ်ပြန်ရာတွင် မတူ ကွဲလွဲချက် များကို ရှောင်ရှားပြီး တူညီချက်များကို တိုင်းပြည် အကျိုးစီးပွား အတွက် လက်တွဲ လုပ်ဆောင်သွားမည် ဟု ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း တွေ့ဆုံမှုနှင့် ပတ်သက်၍ ကျေနပ်အားရမှုရှိကြောင်း ပြောကြား ခဲ့သည်။

မြန်မာအစိုးရက ၂၀၁၄ ခုနှစ် အာဆီယံ ခေါ် အရှေ့တောင်အာရှနိုင်ငံများအသင်း၏ အလှည့်ကျ ဥက္ကဋ္ဌ ရာထူး ရလိုသဖြင့် နိုင်ငံတကာ ဖိအား လျော့နည်းစေရန် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြခြင်း ဖြစ်နိုင်သည်ဟု နိုင်ငံရေး လေ့လာသူ တချို့က ပြောဆိုနေကြသည်။

Ref: ဧရာဝတီ

Read More...

ပြည်ထောင်စု လွှတ်တော်တွင် ဒီမိုကရေစီနေ့ စာတမ်းများ ဖတ်မည်

မျိုးသန့်
သောကြာနေ့၊ စက်တင်ဘာလ ၀၉ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ယခုလ ၁၅ ရက်နေ့တွင် လွှတ်တော်နှစ်ရပ်ပေါင်း အစည်းအဝေး လုပ်မည် ဖြစ်ပြီး ယင်းနေ့တွင် ကျရောက်မည့် "အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့" အတွက် လွှတ်တော်ဝင်ပါတီများက ဒီမိုကရေစီနေ့ ဆိုင်ရာ စာတမ်းများကို ဖတ်ကြားကြမည်ဟု လွှတ်တော် အမတ်များက ဆိုသည်။

မြန်မာနိုင်ငံတွင် ပထမဆုံး ပြုလုပ်မည့် "အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့" စာတမ်းအတွက် ရုံးသုံးစက္ကူ နှစ်မျက်နှာ ပါရှိသည့် ရေးသားချက်များ ပါတီ တခုချင်းစီမှ ရေးသားပေးပို့ရန် လွန်ခဲ့သည့် သောကြာနေ့တွင် လွှတ်တော်ရုံးမှ အမတ်များထံ အကြောင်းကြား ခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ လွှတ်တော် အမတ်တဦးဖြစ်သူ ဦးခိုင်မောင်ရည်က အစိုးရသစ်၏ ဒီမိုကရေစီနေ့ ကျင်းပမှုကို ကြိုဆို လိုက်ပြီး အစိုးရသစ်မှ ဒီမိုကရေစီ စနစ်ကို အမှန်တကယ် လက်ခံ ကျင်သုံးရန် လိုကြောင်း သုံးသပ်ပြသည်။

"အစိုးရက ပြည့်ဝတဲ့ ဒီမိုကရေစီ စနစ်ကို ဖေါ်ဆောင်မယ် ဆိုပြီးတော့ ပြောတယ်၊ တဘက်က ဒီမိုကရေစီ လှုပ်ရှားမှု တွေကိုတော့ သူတို့ကို အန္တရာယ်ပြုတဲ့ သဘောမျိုးမြင်တယ်၊ ဒါပေမယ့် မြန်မာပြည်မှာ ပထမဆုံး စပြီးကျင်းပတာ ဆိုတော့ သူတို့ကိုယ်တိုင် ဒီမိုကရေစီကို လက်ခံ ကျင့်သုံးဖို့ဆိုတဲ့ အနေအထား ရောက်လာပြီပေါ့ သူတို့ဟာ အကောင်း သဘောနဲ့ အပြုသဘောနဲ့ လုပ်တာ ဆိုရင်တော့ ကျနော်တို့က ကြိုဆိုပါတယ် ဒီမိုကရေစီ ဆိုပြီးတော့ ပြည်သူလူထုကို မလိမ်စေချင်ဘူး" ဟု ဦးခိုင်မောင်ရည်က မဇ္ဈိမကို ပြောသည်။

အဖွဲ့ဝင် နိုင်ငံများတွင် ဒီမိုကရေစီအရေး ထွန်းကားနိုင်ရန် စက်တင်ဘာ ၁၅ ရက်နေ့ကို ဒီမိုကရေစီနေ့ အဖြစ် သတ်မှတ်ရန် ကုလ သမဂ္ဂမှ ၂၀၀၇ ခုနှစ်တွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။

၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ ပါတီများမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က"ဒီမိုကရေစီ ဆိုတာက ဒီလို နေ့တနေ့ သတ်မှတ်ပြီးတော့ သတင်းစာထဲမှာ ဒီမိုကရေစီနေ့လို့ ပြောရုံနဲ့ ဒီမိုကရေစီ ဖြစ်လာတာ မဟုတ်ဘူး။ တကယ်တော့ ဒီမိုကရေစီအရေးနဲ့ အခွင့်အရေးတွေကို ဖေါ်ဆောင်ပေးဖို့ လိုတယ်၊ ဒီတိုင်းပြည်မှာ ဒီအခွင့်အရေးတွေကို လွတ်လွတ်လပ်လပ် ဖေါ်ဆောင်ပေးနိုင်ဖို့ တာဝန်က အစိုးရမှာ တာဝန်ရှိတယ်။" ဟု ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရုံးအဖွဲ့မှူးဖြစ်သူ ဦးဝင်းထိန်မှလည်း စစ်အစိုးရ အဆက်ဆက်သည် ၁၉၈၈ ခုနှစ် ကတည်းက ဒီမိုကရေစီ အရေး လှုပ်ရှားသူများကို ဖိနှိပ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ယခုအစိုးရသစ်၏ ဒီမိုကရေစီနေ့ လှုပ်ရှားမှုနှင့် ပတ်သက်၍ သံသယ ဖြစ်မိကြောင်း ပြောသည်။

"၁၉၈၈ ကတည်းက စစ်အစိုးရကနေပြီးတော့ စစ်အစိုးရကနေပြီးတော့ အမျိုးမျိုး နှိပ်စက်ခံရတယ်။ အမျိုးမျိုး နှိပ်ကွပ်ခံရတယ်။ နောက် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို မရ, ရအောင် အတည်ပြုတယ် ပြုပြီးတဲ့အခါမှာ စစ်မှန်တဲ့ ဒီမိုကရေစီဆိုပြီး လုပ်မယ်ဆိုတာတော့ ကျနော့်အနေနဲ့ သံသယ ရှိတယ်။" ဟု ဦးဝင်းထိန်က ဆိုသည်။

Ref: မဇ္ဈိမ

Read More...

နာဂစ်ကြောင့် သေဆုံးသူ လူဦးရေ သုံးသိန်းနီးပါးရှိဟု စစ်အစိုးရ နံပါတ်နှစ် ခေါင်းဆောင်ပြောခဲ့

ကိုဝိုင်း
သောကြာနေ့၊ စက်တင်ဘာလ ၀၉ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ နာဂစ် ဆိုင်ကလုံး မုန်တိုင်းကြောင့် သေခဲ့ရသူ အရေအတွက်မှာ ၃၀၀,၀၀၀ နီးပါး အထိ ရှိသည်ဟု အစိုးရက တွက်ချက် ခဲ့သော်လည်း ဒုတိယ ဗိုလ်ချုပ်ကြီး မောင်အေးက "သူသေမှ" ဤကိန်းဂဏန်းကို အများပြည်သူသို့ ထုတ်ပြန်မည်ဟု ပြောဆိုခဲ့ကြောင်း သံရုံး အဆက်သွယ်များက တဆင့်စကား ပြောသည်ကို ဝီကီလိခ်မှ ပေါက်ကြားလာသည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန လျို့ဝှက်ကြေးနန်း တစောင်အရ သိရသည်။

မုန်တိုင်းအလွန် ၁ လကျော် ဇွန်လ ၇ ရက်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးက စီးပွားရေး လုပ်ငန်းရှင် ဦးတေဇကို ခေါ်ယူပြီး အစိုးရက ခန့်မှန်းသည့် သေဆုံးသူ ဦးရေကို ပြောဆို ခဲ့သည်ဟု ရန်ကုန် အမေရိကန် သံရုံးမှ ဝါရှင်တန်မြို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးထံ ပေးပို့သည့် ၂ဝဝ၈ ခု ဇွန်လ ၁၁ ရက်စွဲပါ ကြေးနန်းတွင် ပါရှိသည်။

“အစိုးရက သေဆုံးသူ ၃၀၀,၀၀၀ ရှိတယ်လို့ ခန့်မှန်းထားတယ်။ ဒါပေမယ့် သူသေမှပဲ ဒီအရေအတွက်ကို ထုတ်ပြန် ရမယ် ” ဟု သံအရာရှိက စီးပွားရေးသမား တဦး၏ ပြောပြချက်ကို ကြေးနန်းတွင် ပြန်လည် ပြောဆိုထားသည်။

ဆိုင်ကလုံးမုန်တိုင်းတိုက်ပြီး သုံးရက်အကြာ ၂၀၀၈ ခု မေလ ၅ ရက်အထိ သေဆုံးသူ ၁၀,၀၀၀ နှင့် ပျောက်ဆုံး ၃,၀၀၀ ရှိ သည်ဟု မြန်မာဝန်ကြီးတချို့က ရန်ကုန်အခြေစိုက် သံတမန်များနှင့် စည်းဝေးရာတွင် ပြောဆိုခဲ့ကြောင်း ကြေးနန်းတွင် တွေ့ရှိရသည်။

ဇွန်လမကုန်မီ အစိုးရက အများပြည်သူသို့ တရားဝင် ထုတ်ပြန်ချက်တွင် သေဆုံးသူ ၈၄,၅၃၇ ဦး၊ ပျောက်ဆုံးသူ ၅၃,၈၃၆ ဦးရှိပြီး ဒဏ်ရာရသူ ၁၉,၃၅၉ ဦး ရှိသည်ဟုဆို ပြန်သည်။ နောက်ပိုင်းတွင် သေဆုံးဦးရေနှင့် ပျောက်ဆုံး ကိစ္စကို ထပ်မံ ရှင်းပြခြင်း မပြုတော့ပေ။

ကုလသမဂ္ဂကမူ သေဆုံးသူ ၁၄၀,၀၀၀ ဦးခန့်ရှိသည်ဟု ခန့်မှန်းပြီး မုန်တိုင်း ဒဏ်ကို လူ ၂.၄ သန်း ဆိုးဆိုးရွားရွား ခံခဲ့ရကြောင်း ထုတ်ပြန်သည်။ နိုင်ငံတကာ ကယ်ဆယ်ရေး လုပ်သားများ ဗီဇာ အခက်အခဲ ဖြစ်စေရန် အမိန့်ပေး ခဲ့သည်မှာ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး ဖြစ်ကြောင်းကို ဦးတေဇ မိသားစုနှင့် နီးစပ်သူထံမှ ရန်ကုန် အမေရိကန် သံရုံးက သိလိုက်ရသည်။

နိုင်ငံတကာ သတင်းမီဒီယာများနှင့် အင်တာနက် စာမျက်နှာများမှ ဆိုးရွားလှသော သေကြပျက်စီးမှုများကို ဗီစီဒီများ မှ တဆင့် မြန်မာ လူထုက ကျယ်ကျယ်ပြန့်ပြန့် သိလာချိန်တွင် စစ်ဗိုလ်ချုပ်ကြီးများ အတွက် စိတ် အနှောက်အယှက် ဖြစ်လာခဲ့တော့သည်။

“အကျိုးဆက်အနေနဲ့ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးက ဧရာဝတီမြဝကျွန်းပေါ် ဒေသကို နိုင်ငံတကာ ကယ်ဆယ်ရေး လုပ်သားတွေ ဝင်ထွက် နေတာကို တင်းကျပ်ဖို့ အမိန့်ပေးလိုက်တယ်” ဟု သံရုံး ကြေးနန်းတွင် ပြန်ပြောပြထားသည်။

ဗီဇာတောင်းခံသည့် လုပ်ငန်းအဆင့်များကို တိုးမြှင့်လိုက်သည်။ ကုလသမဂ္ဂ တာဝန်ရှိသူများကမူ “လက်မခံနိုင်သည့် အပြုအမှု” ဟု ရန်ကုန် အမေရိကန် သံရုံးကို ပြောဆိုကြသည်။

နိုင်ငံတကာ အကူအညီ လက်ခံရေးနှင့် ပတ်သက်၍ ထိုစဉ်က ဝန်ကြီးချုပ် ဦးသိန်းစိန်၊ နအဖ ကောင်စီဝင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ လယ်ယာ/ စိုက်ပျိုး ဝန်ကြီး ဦးဌေးဦးတို့က သဘောထား ပျော့ပြောင်းပြီး၊ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး တို့က တင်းမာသည်ဟု သံရုံး အဆက်သွယ်က ပြောဆိုသည်။

နာဂစ်မုန်တိုင်း ဝင်ပြီး နောက်ပိုင်း ထူးခြားမှု တခုမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး နှင့် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ကို စိတ်ဝမ်း ကွဲနေစေရန် ကုန်သွယ်ရေး ကောင်စီ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူး ကြီးမောင်အေးကို ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးနှင့် အစားထိုးလိုက်ပြီး တချိန်တည်းတွင် အတွင်းရေးမှူး ၁ နေရာပေး၍ သဘာထား ပျော့ပြောင်းသည့် ဗိုလ်ချုပ်ကြီး သူရရွှေမန်းကို ထိန်းညှိထားလိုက်သည်ဟု ရန်ကုန် အမေရိကန် သံရုံး ကြေးနန်းတွင် ပါရှိသည်။

"သူရဲ့ အတွင်းစည်းမှာ အာဏာ ချိန်ခွင်လျှာကို ထိန်းညှိပြီးသား ဖြစ်ပြီး သစ္စာခံမှုရအောင် (ဗိုလ်ချုပ်မှူးကြီး) သန်းရွှေက ဒီလိုလုပ်တာ” ဟု သံရုံး အဆက်သွယ် စီးပွားရေး လုပ်ငန်းရှင် တဦးက ပြောသည်ကို ကြေးနန်းတွင် ဖော်ပြ ထားသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဝင်မပြိုင်ပါက သူရရွှေမန်းကို သမ္မတ လျာထားပြီး ဒုသမ္မတ ၁ ကို လယ်ယာ/ စိုက်ပျိုးဝန်ကြီး ဦးဌေးဦး၊ ဒုသမ္မတ ၂ ကို အပစ်ရပ် ပအိုဝ်း တိုင်းရင်းသား ဦးအောင်ခမ်းထီတို့ကို လျာထားခဲ့ကြောင်း “သူရရွှေမန်းကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သာမက ဇနီးဒေါ်ကြိုင်ကြိုင်ကလည်း အဲဒီလို လျာထားဖို့ သဘောကျနေတာ” ဟု သံရုံး ကြေးနန်းတွင် ပြန်ပြော ဆိုထားသည်။

သို့သော်လည်း ရွေးကောက်ပွဲ အပြီးတွင် သဘောထား ပျော့ပြောင်းသူ ဦးသိန်းစိန်က သမ္မတ ဖြစ်လာခဲ့ပြီး သူရ ဦးရွှေမန်း ကတော့ အောက်လွှတ်တော် ဥက္ကဋ္ဌသာ ဖြစ်လာခဲ့သည်။ နအဖကိုလည်း ၂၀၁၁ ခုနှစ် မတ်လကုန်တွင် တရားဝင် ဖျက်သိမ်း လိုက်တော့သည်။

နာဂစ်မုန်တိုင်းကို အခြေခံပြီး အနောက်နိုင်ငံများနှင့် မြန်မာ့ အိမ်နီးချင်းနိုင်ငံတို့ ပူးပေါင်း ဆောင်ရွက်မှုကြောင့် မြန်မာ ဗိုလ်ချုပ်များ အနေဖြင့် ယခင်က ခွင့်မပြုခဲ့သည့် နိုင်ငံတကာ ကယ်ဆယ်ရေး လုပ်သားများကို ပြည်တွင်းတွင် ဆောင်ရွက်ခွင့် ပေးလာသည်ကို တွေ့ရသည်ဟု ၂ဝဝ၈ ခု ဇွန်လ ၁၁ ရက်စွဲပါ ရန်ကုန် အမေရိကန်သံရုံး မှတ်ချက်တွင် ပါရှိသည်။

Ref: မဇ္ဈိမ

Read More...

မြန်မာအစိုးရသစ် လူမျိုးစု လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းချင်ကြောင်း EU သံတမန် ပြော

တနင်္ဂနွေ, 11 စက်တင်ဘာ 2011

မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစုတွေနဲ့ နှစ်ပေါင်းများစွာ ရင်ဆိုင်နေရတဲ့ ပြည်တွင်းစစ် အဆုံး သတ်ရေး လုပ်ဆောင်ဖို့ မြန်မာ အစိုးရက သန္နိဋ္ဌာန် ချထားတယ်လို့ EU ကော်မရှင်နာ မင်းကြီးက တနင်္ဂနွေနေ့မှာ ပြောကြား လိုက်ပါတယ်။

မြန်မာနိုင်ငံကို သောကြာနဲ့ စနေနေ့တွေက ၂ ရက်ကြာ သွားရောက်ခဲ့တဲ့ ခရီးစဉ်ကအပြန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီကနေ့ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်း နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးနဲ့ လူသားချင်း စာနာမှု အကူအညီ ပေးရေး ဆိုင်ရာ EU ကော်မရှင်နာ မင်းကြီး ခရစ်စ်တယ်လီနာ ဂျော်ဂျီဗာ (Kristalina Georgieva) က အခုလို ပြောကြား လိုက်တာပါ။

ကော်မရှင်နာမင်းကြီးဟာ နယ်စပ်ရေးရာ ၀န်ကြီးဌာနနဲ့ စက်မှုဖွံ့ဖြိုးရေး ၀န်ကြီးဌာန ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး အပါအ၀င် တခြား အစိုးရ ၀န်ကြီးတွေနဲ့ နေပြည်တော်မှာ သောကြာနေ့က တွေ့ဆုံခဲ့ပြီး ဒီနေ့ ရန်ကုန်ကနေ ပြန်မထွက်ခွာခင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း တွေ့ဆုံ ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရ အနေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ မကြာခင်မှာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ရှိတယ်လို့လည်း ဒီသတင်းစာ ရှင်းလင်းပွဲမှာ ပါဝင်တဲ့ မြန်မာနဲ့ ထိုင်းနိုင်ငံ ဆိုင်ရာ EU သံအမတ်ကြီး ဒေးဗစ် လစ်ပ်မန်း (David Lipman) ကလည်း ပြောကြား ခဲ့ပါတယ်။

မြန်မာအစိုးရသစ် အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ လိုလားကြောင်း ပြောဆို နေပေမဲ့ တဘက်မှာ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေလည်း ပြုလုပ်နေဆဲပဲ ဖြစ်ပါတယ်။

Ref: VOA News

Read More...

အပေါ်သို့