..............................

Tuesday, March 22, 2011

လစ်ဗျားအပေါ် လေကြောင်းစစ်ဆင်ရေး နိုင်ငံစုံ ပိုမို ပါဝင်လာ

တနင်္လာ, 21 မတ် 2011

ကုလသမဂ္ဂ ဆုံးဖြတ်ချက်နဲ့ လစ်ဗျားနိုင်ငံအပေါ် လေယာဉ် မပျံသန်းရဇုန် သတ်မှတ် အရေးယူ ဆောင်ရွက်မှုတွေ လုပ်နေတဲ့ မဟာမိတ် တပ်ဖွဲ့တွေ ထဲမှာ နောက်ထပ် အနောက် နိုင်ငံတွေ ထပ်ပြီး ပူးပေါင်း ပါဝင်လာသလို လစ်ဗျားမြို့တော် ထရီပိုလီ (Tripoli) မှာ လေယာဉ်ပစ် လက်နက်တွေနဲ့ ပစ်ခတ်မှုတွေ ရှိနေသလို မြို့တော်ကို တုန်ခါ သွားစေတဲ့ အထိ အနည်းဆုံး ပေါက်ကွဲမှုတခု တနင်္လာနေ့က ဖြစ်ခဲ့ပါတယ်။

တနင်္လာနေ့ည နောက်ပိုင်းကစလို့ ထရီပိုလီမှာ ပေါက်ကွဲ သံတွေနဲ့ လက်ယာဉ်ပစ် လက်နက်သံတွေကို ကြားနေခဲ့ရတာ ဖြစ်ပါတယ်။

နိုင်ငံတကာ စစ်လေယာဉ်တွေရဲ့ နောက်ထပ် တိုက်ခိုက်မှုတွေ အောက်မှာ လစ်ဗျားမြို့တော် ကျရောက် နေတယ်လို့ လစ်ဗျား အစိုးရ ရုပ်မြင် သံကြားတွေက ပြောပါတယ်။

နိုင်ငံတကာ မဟာမိတ် တပ်ဖွဲ့တွေရဲ့ စစ်လေယာဉ်တွေ လစ်ဗျား ဝေဟင်မှာ နေ့ခင်းပိုင်း တွေမှာ ပျံသန်း ကင်းလှည့်ဖို့ အမေရိကန် စစ်တပ်ရဲ့ အာဖရိကဆိုင်ရာ စစ်ဌာန အကြီးအကဲက အမိန့် ပေးထားပါတယ်။

အခု စစ်ရေး လုပ်ငန်းတွေမှာ အမေရိကန်နဲ့ အတူ နိုင်ငံပေါင်း ၇ နိုင်ငံ ပါဝင် လှုပ်ရှား နေကြပါတယ်။

Ref: VOA News

Read More...

ယီမင် စစ်တပ်အကြီးအကဲအချို့ ဆန္ဒပြသူတွေနဲ့ ပူးပေါင်း

တနင်္လာ, 21 မတ် 2011

ယီမင်နိုင်ငံမှာ ပြဿနာတွေ ပတ်လည်ဝိုင်းနေတဲ့ သမ္မတ အလီ အဗ္ဗဒူလာ ဆာလေး (Ali Abdullah Saleh) အပေါ် ထောက်ခံမှုတွေ သိသိ သာသာ ကျဆင်း နေချိန်မှာပဲ အကြီးတန်း စစ်ခေါင်းဆောင် အများစုဟာလည်း သမ္မတ ဆာလေး အာဏာက ဖယ်ရှားရေး တောင်းဆို ဆန္ဒပြနေကြ သူတွေနဲ့အတူ ပူးပေါင်း လိုက်ကြပါတယ်။

ယီမင်နိုင်ငံရဲ့ ထိပ်တန်း စစ်ခေါင်းဆောင် တဦးဖြစ်တဲ့ မစ္စတာ ဆာလေးနဲ့ အချိန် အတော်ကြာ အလုပ် လုပ်ခဲ့သူ ဗိုလ်ချုပ် အလီ မိုဆန် အယ်လ်-အာမာ (Ali Mohsen Al-Ahmar) က ငြိမ်းချမ်းတဲ့ လူထု ဆန္ဒပြပွဲတွေကို သူ ထောက်ခံကြောင်း တနင်္လာနေ့က ကြေညာ ခဲ့သလို ဆန္ဒပြသူတွေ အပေါ် နှိမ်နင်းမှုတွေကို ပြစ်တင် ဝေဖန်ခဲ့ပါတယ်။

နောက်ထပ် နာမည်ကြီး ဗိုလ်ချုပ် ၂ ဦးအပြင် အကြီးတန်း အစိုးရ အရာရှိ အတော် များများဟာလည်း ဆန္ဒပြသူတွေ ဘက်ကနေ ရပ်တည် လာခဲ့ကြပါတယ်။

ဗိုလ်ချုပ် အာမာ ဆန္ဒပြသူတွေနဲ့ ပူးပေါင်းခဲ့ပြီးတဲ့နောက် အတိုက်အခံနဲ့ စစ်တပ် သစ္စာခံတို့ရဲ့ အတိုက်အခံ တင့်ကားတွေကို မြို့တော်ရဲ့ လမ်းမတွေပေါ်မှာ နေရာ ချထားသလို မစ္စတာ ဆာလေးကို ထောက်ခံတဲ့ ရီပတ်ဘလီကန် (Republican) အစောင့် တပ်ဖွဲ့ တွေကလည်း သမ္မတ နန်းတော်ကို ကာကွယ် တပ်စွဲ ထားကြပါတယ်။

အစိုးရ အတိုက်အခံဘက်မှာ ရပ်တည်တဲ့ စစ်တပ်ဖွဲ့က တင့်ကား တွေကို မြို့တော် အ၀င်ဂိတ် တွေမှာလည်း နေရာ ချထားပါတယ်။ သူ့ရဲ့ တပ်ဖွဲ့တွေက ပြည်သူတွေကို အကာအကွယ် ပေးသွားမယ်လို့ ဗိုလ်ချုပ် အာမာက ပြောပါတယ်။ ဆန္ဒပြသူတွေကို ကာကွယ်ဖို့ အတွက် သူ့ရဲ့ တပ်ဖွဲ့အင်အား ထောင်နဲ့ချီကို တနင်္လာနေ့ အစောပိုင်းက နေရာ ချထားခဲ့ပါတယ်။

တချိန်တည်းမှာပဲ ယီမင် ကာကွယ်ရေးဝန်ကြီး မိုဟာမက် နာဆာ အာမက် (Mohammad Nasser Ahmed) ကတော့ စစ်တပ်ဟာ သမ္မတကို သစ္စာခံဆဲ ဖြစ်ပြီး သူ့အဆို ဒီမိုကရေစီနဲ့ ဖွဲ့စည်းပုံအရ ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်တွေကို ဆန့်ကျင်တဲ့ ဘယ်လို လုပ်ဆောင်ချက် ဖြစ်ဖြစ် စစ်တပ်က ဟန့်တား သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာရဲ့ ဝေဖန်ပြစ်တင်မှုတွေ ခံနေရပေမဲ့လည်း ပြည်သူ အများစုဟာ သူ့ကို ထောက်ခံ နေတုန်းပဲလို့ သမ္မတ ဆာလေးကလည်း ဆိုပါတယ်။

နိုင်ငံရဲ့ အရေးပါဆုံး လူမျိုးစုခေါင်းဆောင် တဦးဖြစ်တဲ့ ရှိတ်ခ် ဆာဒက် အယ်လ်-အာမာ (Sheik Sadeq al-Ahmar) ကလည်း ဆန္ဒပြပွဲတွေကို ထောက်ခံတဲ့ အကြောင်း တနင်္လာနေ့က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

Ref: VOA News

Read More...

ပင်လယ်ထဲမျောပါသူ မြန်မာရေလုပ်သားတွေ ကယ်ဆယ်

ဦးကျော်ထင်
တနင်္လာ, 21 မတ် 2011

ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာ ပြီးခဲ့တဲ့ အပတ်က တိုက်ခတ်ခဲ့တဲ့ လေပြင်း မုန်တိုင်း ဒဏ်ကြောင့် မြန်မာ ရေလုပ်သား အများအပြား ပင်လယ်ထဲ မျောပါ သွားခဲ့ပါတယ်။ ဒီအထဲက ပင်လယ်ပြင်ထဲက ပြန်လည် ကယ်ဆယ်နိုင်ခဲ့တဲ့ ရေလုပ်သား အများအပြား ဟာလည်း ဒီကနေ့ထိ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်ထဲကို ပြန်လည် ရောက်ရှိလာဆဲ ဖြစ်ပါတယ်။ ကျန်သူတွေ ကိုလည်း ရှာဖွေ နေကြဆဲပဲလို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြ ပေးထားပါတယ်။

ဧရာဝတီတိုင်း အတွင်းက ရေလုပ်သား အများအပြားဟာ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ ညသန်းခေါင်မှာ ဖြစ်ခဲ့တဲ့ လေပြင်း မုန်တိုင်းကြောင့် ရေထဲ မျောပါသွားရာက အဲဒီအထဲ ရာနဲ့ချီသူတွေကို ပင်လယ်ပြင်ထဲက ပြန်ကယ်တင် နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဖျာပုံ၊ ဒေးဒရဲ၊ လပွတ္တာ မြို့နယ်တွေက ပုစွန်ဖမ်း လုပ်သား အများအပြား အပါအ၀င် ရေလုပ်သား တွေဟာ ပင်လယ်ထဲ မျောပါသွားခဲ့ပြီး အခု လောလောဆယ်မှာ အဲဒီအထဲက ၄၀၀ နီးပါးကို ကော့သောင်းမြို့နယ်မှာ ကယ်တင် နိုင်ခဲ့ပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် ပင်လယ်ထဲ မျောပါသွားပုံကို ဖျာပုံမြို့နယ်က လှေလုပ်သားတဦးက အခုလို ပြောပါတယ်။

“ဗမာလို ၁၁ ရက်နေ့ နေ့ခင်းဘက်က လေတိုက်တယ်။ ည ၁ ချက်၊ ၂ ချက်ထိုးတယ်ဆို ပင်လယ်ပြင် တပြင်လုံး မျောကျတယ်။ မှောက်တဲ့ ဖောင်တွေလည်း မှောက်တယ်။ ရင်ကွဲထွက်သွားတဲ့ ဖောင်တွေလည်း ရှိတယ်။ ဒီ ၀ါးလတ်လှေပေါ် ရောက်တော့ ၂ ညအိပ်၊ ၃ ရက်၊ ညနေ ၄ နာရီလောက်မှ ကယ်ဆယ်ရေး သင်္ဘောတွေပေါ်ကို ပြန်ရောက်လာတာ။”

ရုတ်တရက် တိုက်ခတ်တဲ့လေပြင်း ဖြစ်တာကြောင့် အသေအပျောက် ရှိနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

“ဖောင်တွေ လေတိုက်တော့ သင်္ဘောတွေကလည်း မကယ်နိုင်တော့ဘူးလေ။ သူတို့ကလည်း လက်လွတ် ခွက်လွတ်ကို ပြေးရတဲ့ ဘ၀မျိုး။ တော်တော်လေး ဆော်သွားတဲ့ ဟာကြီးကို။ ပင်လယ်ပြင် တပြင်လုံးကို ဆော်သွားတော့ သူတို့လည်း ငုတ်တုတ် ထိုင်ကြည့်ရတဲ့ ဘ၀မျိုး ဖြစ်သွားတာ။ သင်္ဘောတွေတောင်မှ မှောက်တဲ့ သင်္ဘောကလည်း မှောက်သွားတဲ့ အဆင့်တွေ ဖြစ်သွားတာ။

“အသေအပျောက်ကတော့ အနည်းနဲ့အများတော့ ရှိမှာပေါ့လေ။ ဒီလောက် လူဦးရေက များနေတာကိုး။ အခု သတင်း ကြားတာကတော့ သုံးပုံတပုံ သာသာလောက်ပဲ သတင်းကြားသေးတယ်။ ဖောင်တဖောင်ကို ၃ ယောက်လည်း ပါတယ်၊ ၄ ယောက်လည်း ပါတယ်။”

အခုချိန်ထိ ဘယ်လောက် ပျောက်ဆုံးနေတယ်ဆိုတာ ခန့်မှန်းရ ခက်နေဆဲ ဖြစ်ပြီး မြို့နယ် တခုစီမှာ ပုစွန်ဖမ်းဖောင်ပေါင်း သောင်းချီ ရှိတယ်လို့ သိရပါတယ်။

ဒီမနက်ထိလည်း ဒုက္ခရောက် ရေလုပ်သားတွေ ကော့သောင်းကို ရောက်လာနေဆဲလို့ ဒေသခံ တယောက်က အခုလို ပြောပါတယ်။

“၃၀၀ ကျော်လောက်ရှိတယ်။ ရပ်ကွက်အလိုက် ထမင်းထုပ်တွေ ပို့နေရတယ်။ အခု နောက်ထပ် မိုးလင်းက ၃၀ ကျော်လောက် ရောက်လာ ပြန်ပြီ၊ အဲဒါ လက်ရှိပေါ့။ သူတို့ ဖြစ်ခဲ့တဲ့ဟာတွေကို မေးတော့ သူတို့တွေ ပြောပြတယ် ပေါ့နော်။ သူတို့ အခက်အခဲ ဒုက္ခဖြစ်နေတော့။ ဆေးရုံ ရောက်လာတယ် ဆိုတော့ သူတို့မှာ စောင်လည်းမရှိ၊ ခေါင်းအုံးလည်းမရှိ၊ အ၀တ်အစားလည်း မရှိ ဆိုတော့ နီးရာလူက ပေးကြတယ် ပေါ့နော်၊ ၀ိုင်းဝန်းပြီး။”

ကော့သောင်းမှာ အခုလို ဖောင်နဲ့မျောလာသူ ရာချီတဲ့ ဒုက္ခသည်တွေကို ကူညီရတာမျိုး အရင်က မကြုံခဲ့ဖူးပါဘူး။ ပင်လယ်ထဲ မျောလာသူ အများစုကို ထိုင်း၊ မြန်မာ ဖက်စပ် ဂျွန်နသန် ငါးဖမ်း ကုမ္ပဏီရဲ့ စက်လှေတွေက ကယ်တင်လာတာ ဖြစ်ပါတယ်။ ဖြစ်စက ငါးဖမ်း လှေလေးတွေ စတင် တွေ့တာဖြစ်ပြီး ပင်လယ်ထဲ အစုလိုက် အပြုံလိုက် မျောပါနေတဲ့ သတင်းကြောင့် ငါးဖမ်း လှေကြီးတွေက လိုက်ရှာစဉ် အများအပြားကို ကယ်တင်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ကော့သောင်းရောက် လှေလုပ်သားတွေကို သွားတွေ့ခဲ့သူ ကိုမိုးဝေက သူတို့ အခြေအနေကို အခုလို ရှင်းပြပါတယ်။

“ဟုတ်ကဲ့၊ သူတို့ကြည့်ရတာ အစာရေစာ နည်းနည်း ပြတ်လတ်နေတယ်။ သိပ် အကြောက်ကြီးရယ် လို့တော့ မဟုတ်ဘူး။ တချို့ကလည်း မျက်လုံးတွေ ကြည့်ရသလောက် နည်းနည်း ကြောက်နေ သလိုပဲ။ ဘယ်နေရာ ရောက်လာတယ် ဆိုတာ သူတို့ကိုယ် သူတို့ ဝေခွဲလို့ မရတဲ့ ဟာလိုမျိုး၊ အဲလိုမျိုးတွေလည်း ရှိတယ်။ တချို့ဆို မေးရင်လည်း စကားမပြောဘူး။ အဲလိုမျိုးတွေလည်း ရှိတယ်။ အခု လောလောဆယ်တော့ ရပ်ကွက် တခုကို ထမင်းထုပ် ၃၀၀၊ ၄၀၀ လိုက်မှာပြီးတော့ ရပ်ကွက်က လူတွေက လှူပေးတာပဲ ရှိတယ်။ လောလောဆယ် အစိုးရကလည်း မကျွေးနိုင်ဘူး၊ ဗမာပြည်မှာက သိတဲ့ အတိုင်းပဲ။”

မတ်လ ၁၄ ရက်ထုတ် စစ်အစိုးရ သတင်းစာတွေမှာတော့ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်း အတွင်း လေပြင်း တိုက်ခတ် ခဲ့တာကြောင့် နေအိမ် တချို့ ပျက်စီး ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒီကနေ့ Weekly online ရဲ့ သတင်းမှာတော့ မတ်လ ၁၈ ရက်နေ့က ရေတပ် သင်္ဘောတွေ ကယ်တင်ခဲ့တဲ့ ရေလုပ်သား ၆၀၀ ကျော် မနေ့ညနေက ရန်ကုန်ကို ပြန်ရောက်လာပြီး ကျန်နေသေးတဲ့ ရေလုပ်သား တွေကိုလည်း ရှာဖွေနေဆဲ ဖြစ်တယ်လို့ ပါရှိပါတယ်။


Ref: VOA News

Read More...

ဧရာဝတီတွင် စစ်သင်တန်း ပို့ချနေ

ကျော်ခ
တနင်္လာနေ့၊ မတ်လ ၂၁ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဧရာဝတီတိုင်းတွင် မြို့နယ်အဆင့်မှ အစပြုကာ ရပ်ကွက်/ကျေးရွာများ အထိ တလကြာ အခြေခံ စစ်ပညာ သင်တန်း ပို့ချ ပေးနေကြောင်း တိုင်း မီးသတ် ဦးစီးဌာနနှင့် ဒေသခံများ ပြောသည်။

တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် နှစ်စဉ်နှစ်တိုင်း မီးသတ်ပညာ အခြေခံ သင်တန်းကို သင်ပေး လာရာမှ ယခုနှစ်တွင်မူ စစ်သင်တန်း ကိုပါ ပူးတွဲ ပို့ချပေးပြီး၊ တရွာလျှင် အသက် ၂ဝ နှစ်မှ ၃ဝ နှစ်အတွင်း လူငယ် ၃ ဦးကျစီနှင့် မြို့ပေါ် တရပ်ကွက်လျှင် ၃ ဦးစီ ခေါ်ယူ သင်ကြားပေးခြင်း ဖြစ်သည်။

“မီးသတ်ပညာရော၊ အခြေခံ စစ်သင်တန်းပါ ၂ ခုပေါင်း တလ တက်ရတယ်” ဟု ဧရာဝတီတိုင်း မီးသတ် ဦးစီးဌာန အရာရှိ တဦးက မဇ္ဈိမကို ပြောသည်။ သင်တန်း တကြိမ်အတွက် ဦးရေ ၁ဝဝ စီ သတ်မှတ်ကာ၊ အစားအသောက်နှင့် နေထိုင်စရာ များပါ စီစဉ် ပေးသည်ဟု ဆိုသည်။

မီးသတ်သင်တန်းကို တိုင်းမီးသတ်၏ စီမံခန့်ခွဲမှုဖြင့် မီးသတ် ဝန်ထမ်းများက ကျေးရွာ အုပ်စု အလိုက် ရွာများ၌သာ ပြုလုပ် ပေးခဲ့သော်လည်း စစ်သင်တန်းကိုမူ အနောက်တောင်တိုင်း စစ်ဌာနချုပ်၏ ကွပ်ကဲမှုဖြင့် သက်ဆိုင်ရာ မြို့များပေါ် သီးသန့် ခေါ်ယူကာ ပြုလုပ် ပေးခြင်းလည်း ဖြစ်သည်။

“အခြေခံအဆင့်ပါပဲ။ သေနတ်ကို ဘယ်လိုချိန်ရတယ်၊ ဘယ်လို ပစ်ရတယ်၊ ဘယ်လို ဝပ်ပြီး နေရာ ယူရတယ် စသဖြင့် အဲဒါ လေးတွေပေါ့။ ကျန်တဲ့ ဟာတွေလည်း တသုတ်ပြီး တသုတ် လုပ်သွားမှာပေါ့။ တတိုင်းလုံး ပေါ့နော်” ဟု မီးသတ် အရာရှိက ဆက်ပြောသည်။

မြောင်းမြမြို့နယ်အတွက် ကွမ်းခြံကြီးနှင့် လူတော်ရွာများတွင် မီးသတ် သင်တန်း ပေးပြီး၊ မြို့ပေါ် စစ်သင်တန်း အတွက် ကျေးရွာ ရယကကောင်စီ ဥက္ကဋ္ဌမှ တဆင့် ဆင့်ခေါ်ကာ သွားရောက် သင်ကြားရသည်ဟု ပွတ်ခရိုင် ကျေးရွာ အုပ်စုဝင် ဒေသခံတဦးက ဆိုသည်။

စစ်သင်တန်း တက်သူများ၏ အလုပ်ပျက်ခနှင့် ကုန်ကျစရိတ်ကို ရွာလူထုက တအိမ်လျှင် ကျပ် ၁ ထောင်နှုန်း ကောက်ယူကာ အကုန်အကျ ခံကြရသည်။

“ဒီမှာက အိမ်ခြေ ၇ဝ ကျော် ရှိတယ်လေ။ သင်တန်းလိုက်မတက်နိုင်တဲ့ လူတွေက လိုက်သွားတဲ့ လူ ၃ ယောက် အတွက် ဆိုပြီး တအိမ် တထောင် ကောက်တယ်။ သူတို့ အကုန်ရမရတော့ မသိဘူး။ အခု သူတို့ သင်တန်းပြီးလို့ ပြန်တောင် ရောက်နေပြီ” ဟု ပွတ်ခရိုင် ဒေသခံက မဇ္ဈိမကို ပြောသည်။

သင်တန်းတက်မည့်သူများကို ရပ်ကွက်အတွင်း အလုပ်အကိုင် မရှိသူများကိုသာ ရွေးချယ် ပေးခဲ့ကြသည် ဟု မြောင်းမြမြို့ခံ တဦးကလည်း ပြောဆိုသည်။

နအဖ စစ်ကောင်စီက ပြီးခဲ့သည့် ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် ပြည်သူ့ စစ်မှုထမ်း ဥပဒေ အမှတ် ၂၇/၂ဝ၁ဝ ပြန်တမ်း မိတ္တူအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား အမျိုးသမီးများကို ၂ နှစ်အထိ စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်ဟု ပါရှိသည့် ဥပဒေအား ယခုနှစ် ဇန်နဝါရီလထဲတွင် ထွက်ရှိခဲ့သည်။

Ref: မဇ္ဈိမ

Read More...

ဝ' နှင့် လက်နက်အသင့် ဖွံ့ဖြိုးရေး

ဖနိဒါ |
တနင်္လာနေ့၊ မတ်လ ၂၁ ရက် ၂၀၁၁

ချင်းမိုင်(မဇ္စျိမ) ။ ။ စစ်အစိုးရဘက်က စစ်အင်အားဖြင့် တိုက်ခိုက် လာပါက ပြန်လည် ခုခံ သွားရန်နှင့် ဝ ဒေသ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ တိုးချဲ့ လုပ်ဆောင်သွားမည်ဟု ဝ' ပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP) ၏ တနင်္ဂနွေက ပြီးဆုံးသော၂ဝ၁ဝ စုံညီ နှစ်ချုပ် စည်းဝေးတွင် ဆွေးနွေးခဲ့ကြသည်။

ဝ ပါတီ လက်အောက်ရှိ ၂၇ ဌာနမှ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လယ်ယာ စိုက်ပျိုးရေး စသည့် ဌာနဆိုင်ရာ ကိုယ်စားလှယ် များက အစီရင်ခံ တင်ပြခဲ့ပြီး အဘက်ဘက်မှ ဝ ဒေသ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ဆောင်သွားရန် ဆွေးနွေး ဖြစ်ကြသည်ဟု ဝ' အရာရှိ တဦးက ပြောသည်။

“ကိုယ့်နယ်မြေကိုယ် လုပ်သင့်တဲ့ ဒေသဖွံ့ဖြိုးရေး လုပ်သွားဖို့။ ကျနော်တို့ ဝ' ဒေသ ဖွံ့ဖြိုးဖို့ ဘယ်လို လုပ်မလဲ ဆိုတာတွေ ပါဘဲ။ စစ်ရေး၊ နိုင်ငံရေးက သူတို့ တိုက်လာရင် ကျနော်တို့ ဘက်ကလဲ ခုခံ တိုက်ဖို့က နောက်ဆုံး စကားဘဲ”ဟု ဝ' ဗိုလ်မှူး တဦးက ပြောသည်။

နယ်ခြားစောင့်တပ်ကို လက်မခံသဖြင့် နအဖ တပ်မှ စစ်ရေးဖြင့် ဝ' နယ်မြေ အတွင်း ထိုးစစ်ဆင် တိုက်ခိုက် လာပါက ပြန်လည် ခုခံရန် အဆင်သင့် ပြင်ဆင်ထားပြီး ဖြစ်သည်ဟု သူက မဇ္ဈိမကို ပြောသည်။

ရှမ်းပြည်(မြောက်ပိုင်း) ဝ' ဌာနချုပ် ပန်ဆန်းတွင် ၅ ရက်ကြာ ကျင်းပခဲ့သည်။

၂ဝ၁ဝ နှစ်ချုပ် စုံညီ အစည်းအဝေး ပထမနေ့ ဗုဒ္ဓဟူးနေ့က ဒုဥက္ကဋ္ဌ ကျောက်ဝင်ကွင်းက ဌာန ဆိုင်ရာ ကိုယ်စားလှယ်ပေါင်း ၂ဝဝ ကျော် တက်ရောက် ခဲ့စဉ် ဝ' တပ်ဖွဲ့များ အားလုံး စည်းလုံး ညီညွတ်မှုဖြင့် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖိအားပေးမှုကို ငြင်းဆန် နိုင်ခဲ့သည့် အပေါ် အားရ ကျေနပ်သည်ဟု ပြောဆိုခဲ့သည်။

၂ဝဝ၅ ကစ၍ ဝ နယ်မြေတွင် ဘိန်းစိုက်ရပ်သွားပြီး ဘိန်းအစားထိုးသီးနှံ ရာဘာနှင့် လက်ဖက်များ ကိုသာ အဓိက စိုက်ပျိုး၍ ဝ' နယ်မြေ တိုးတက် ဖွံ့ဖြိုးရေးကို ဆက်လုပ် သွားမည်ဟု ဝ' ဗိုလ်မှူးက ပြောသည်။

ဝ' တပ်ဖွဲ့ စစ်ရေးအရ ပြင်ဆင်မှုများ အဆင်သင့်ရှိနေသလို ဝ ဒေသ ဖွံ့ဖြိုးရေးများ လုပ်သွားရန် အဓိကထား ဆုံးဖြတ် ခဲ့ကြသည်ဟု ဝ' ပါတီ၏ စုံညီ စည်းဝေးကို စောင့်ကြည့်နေသူ တရုတ်-မြန်မာနယ်စပ် စစ်ရေး လေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။

“သူတို့က ဒေသဖွံ့ဖြိုးရေး၊ ကာကွယ်ရေး၊ ကြံ့ခိုင်ရေးတွေဘဲ ပြောတယ်။ စာရွက်စာတမ်းတော့ မထွက်လာ သေးဘူးဗျ။၂ဝ၁၁ လုပ်ငန်းတွေ အတွက် ကြိုတင် ပြင်ဆင်ရေးပါဘဲ။ ဝ' တပ်မှာက ခေတ်မီ တပ်တွေထဲမှာ ရှိတဲ့ ရှိသင့်ရှိထိုက်တဲ့ လက်နက်ကြီးတွေ ရှိပါတယ်။ ဒေသကို လုံလုံခြုံခြုံ ကာကွယ်နိုင်တဲ့ လက်နက် တပ်ဆင်မှုကတော့ အပြည့်အဝ ရှိတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

UWSP ပါတီ၏ စစ်တပ်ဖွဲ့ဖြစ်သော UWSA တွင် တပ်မဟာ ၉ ခု၊ တပ်အင်အား ၃ သောင်းကျော် ရှိပြီး စစ်ရေး တိုက်ခိုက်မှုတွင် အသုံးပြုသော လက်နက်ကြီးများ အပြည့်အစုံ ရှိသည်ဟု သူက ဆက်ပြောသည်။

၂ဝ၁ဝ ရွေးကောက်ပွဲမှ အသစ်တက်လာမည့် စစ်အစိုးရသစ်နှင့် ဆက်လက် ဆွေးနွေးမည့် သဘောရှိသည်ဟု သူက သုံးသပ်သည်။

UWSA သည် ၁၉၈၉ တွင် ဗမာပြည် ကွန်မြူနစ်ပါတီမှ ခွဲထွက်၍ ထိုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရေးအတွက် တော်လှန်နေသော ငြိမ်းအဖွဲ့တခု ဖြစ်သည့် ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) SSA-N နယ်မြေတွင် စစ်အစိုးရ တပ်နှင့် ပြီးခဲ့သည့် အပတ်က တိုက်ပွဲများ ဖြစ်ခဲ့သည်။

Ref: မဇ္ဈိမ

Read More...

ရန်ကုန်လေဆိပ်၌ နိုင်ငံခြားပြန်များကို ခြိမ်းခြောက် ငွေညှစ်နေ

Monday, 21 March 2011

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အကောက်ခွန် ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ လူဝင်မှု ကြီးကြပ်ရေး (လ၀က)၊ စစ်ဖက်ဆိုင်ရာ လုံခြုံရေး အဖွဲ့ (စရဖ) တို့ ပါဝင်သော ပူးပေါင်းအဖွဲ့က ပြည်ပ နိုင်ငံများမှ ပြန်လည် ရောက်ရှိလာသော မြန်မာ အလုပ်သမားများ ထံမှ ခြိမ်းခြောက်၍ ငွေကြေး တောင်းခံမှုများ ပြုလုပ်လျက် ရှိကြောင်း ကြုံတွေ့ ခဲ့ရသူများက ပြောသည်။

မလေးရှား၊ စင်ကာပူ၊ ဂျပန်နှင့် ထိုင်းနိုင်ငံ အပါအ၀င် ပြည်ပ နိုင်ငံများသို့ သွားရောက် အလုပ်လုပ်ပြီး ပြန်လည် ရောက်ရှိလာသော မြန်မာ အလုပ်သမားများကို လေဆိပ် တာဝန်ကျ အစိုးရ ၀န်ထမ်းများက သက်ဆိုင်ရာ မြန်မာ သံရုံးများတွင် ၀င်ငွေခွန် မဆောင် ခဲ့သည့်အတွက် ဖမ်းဆီး အရေးယူနိုင်သည်ဟု အကြောင်းပြ ခြိမ်းခြောက်ပြီး ငွေကြေး တောင်းခံမှုများ ပြုလုပ်ခြင်း ဖြစ်ကြောင်း ပြည်ပ နိုင်ငံများမှ ပြန်လည် ရောက်ရှိလာသော မြန်မာ အလုပ်သမားများက ပြောဆိုကြသည်။

“ရန်ကုန် လေဆိပ်မှာ Channel (နေရာ) တွေခွဲထားတယ်။ အလုပ်လုပ်ပြီး ပြန်လာတဲ့ မြန်မာ နိုင်ငံသားတွေကို စိစစ်တဲ့ channel က သပ်သပ်။ အလည်နဲ့ မှီခို သွားပြီး ပြန်လာတဲ့ မြန်မာ နိုင်ငံသားတွေ စိစစ်တဲ့ Channel က တခု။ နိုင်ငံခြားမှာ အလုပ် သွားလုပ်ပြီး ပြန်လာတဲ့ မြန်မာ အလုပ်သမားတွေ အားလုံးကို လေဆိပ် တာဝန်ကျ လ၀က၊ အကောက်ခွန်၊ ရဲတွေနဲ့ စရဖ တို့ပေါင်းပြီး ငွေတောင်းတယ်။ သူတို့က ခင်ဗျားတို့ နိုင်ငံခြားမှာ နေတုန်းက သံရုံးမှာ ၀င်ငွေခွန် မဆောင်ခဲ့ဘူး။ ဒါကြောင့် တယောက်ကို အနည်းဆုံး ဆယ်ဒေါ်လာ ပေးရမယ် ဆိုပြီး တောင်းတယ်။ လ၀က ကောင်တာ မဖြတ်ခင် ကတည်းက ပိုက်ဆံ ကြိုထုတ်ထားဖို့ လေဆိပ်ဝန်ထမ်း တွေက ပြန်လာတဲ့ သူတွေကို ပေါ်ပေါ်တင်တင် တရားဝင်ကို လိုက်ပြောတာ”ဟု စင်ကာပူနိုင်ငံရှိ သင်္ဘောကျင်း တခုတွင် အထွေထွေ အလုပ် သမားအဖြစ် လုပ်ကိုင်ပြီး ပြန်လည် ရောက်ရှိလာသည့် မြန်မာနိုင်ငံသား တဦးက ရှင်းပြသည်။

မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မြန်မာ အလုပ်သမား အများစုသည် ရန်ကုန်လေဆိပ်၊ လ၀က ကောင်တာကို ဖြတ်သန်းချိန် တဦးလျှင် မလေးရှား ရင်းဂစ် တဆယ် ပေးရကြောင်း၊ ရင်းဂစ် တဆယ် မပေးဆောင်လျှင် အကောက်ခွန် ၀န်ထမ်းများက ခရီးဆောင်အိတ်များ၊ လက်ဆွဲအိတ်များကို ရှာဖွေပြီး နိုင်ငံခြားငွေကို တရားဝင် ကြေညာခြင်း မပြုဘဲ သယ်ဆောင် သည်ဟု ဆိုကာ ဥပဒေအရ အရေးယူရန် ခြိမ်းခြောက်၍ ပါသမျှ ငွေကြေးကို သိမ်းယူခြင်းများ ပြုလုပ်ကြောင်း မလေးရှား နိုင်ငံတွင် သုံးနှစ်ကြာ အလုပ် လုပ်ပြီး မြန်မာနိုင်ငံ ပြန်လာသည့် အလုပ်သမားတဦးက ဆိုသည်။

“မလေးရှားက အလုပ်လုပ်ပြီးပြန်လာတဲ့သူဆိုရင် ရင်းဂစ် တဆယ်၊ စင်ကာပူဆိုရင် စင်ကာပူ ဒေါ်လာ ၂၀ ၊ ဂျပန်ဆိုရင် အမေရိကန် ဒေါ်လာ ၅၀ လောက်ထိ လေဆိပ် ၀န်ထမ်းတွေက တောင်းတယ်။ ပိုက်ဆံ မပေးရင် ရစ်တယ်၊ ပြဿနာရှာတယ်။ တော်တော် များများကလည်း ပြန်လာတဲ့အချိန် ပြဿနာ မတက်ချင်တော့ တောင်းသမျှ ပေးကြတယ်။ လေယာဉ်တစီး ဆိုက်ပြီးရင် မြန်မာ အလုပ်သမားတွေကို စိစစ်တဲ့ လ၀က ကောင်တာမှာ နိုင်ငံခြား ပိုက်ဆံတွေ ကြွပ်ကြွပ်အိတ် အမည်းတွေနဲ့ ကျူံးပြီး သိမ်းရတဲ့ အထိ ပိုက်ဆံတွေက များတယ်”ဟု လေဆိပ် ၀န်ထမ်းတဦးက ပြောပြသည်။

ရန်ကုန်လေဆိပ်တွင် ပြည်ပမှ ပြန်ရောက်လာသူများ အားလုံးကို လ၀က ၀န်ထမ်းများက လုပ်ငန်းနှင့် မသက်ဆိုင်သော မေးခွန်းများ မေးမြန်းပြီး စိစစ် မှုများ ပြုလုပ်ကြကြောင်းလည်း သိရှိရသည်။

“ရန်ကုန်လေဆိပ်မှာ မလိုအပ်တဲ့ မေးခွန်းတွေမေးတယ်။ အလည်သွား တာလား၊ ဟိုမှာ ဘယ်လောက်ကြာလဲ၊ ဘာကိစ္စ သွားတာလဲ၊ ဟိုမှာ ဘယ်သူရှိလဲ ဆိုတဲ့ မေးခွန်းတွေ မေးတယ်။ ဒါတွေက ပုဂ္ဂိုလ်ရေး ကိစ္စတွေကို ၀င်ရောက် စွက်ဖက်တာပဲ။ နိုင်ငံခြား လေဆိပ်တွေ မှာ အဲဒီလိုမမေးဘူး။ ဗီဇာပြပြီး အေးအေးလူလူ ၀င်သွားလို့ ရတယ်။ ကိုယ့်နိုင်ငံ ပြန်ရောက်မှ အမေးခံရ၊ အစစ်ခံရတာ။ လေဆိပ် ၀န်ထမ်းတွေက မလိုအပ်ဘဲ အာဏာ ပြနေကြတယ်”ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ပုံမှန်သွားနေသူ စီးပွားရေး သမားတဦးက ဆိုသည်။

အကောက်ခွန် အသိုင်းအ၀ိုင်း၏ အဆိုအရ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လ၀က ၊ ရဲ၊ အကောက်ခွန် ၀န်ထမ်း နှင့် စရဖ များကို လစဉ် အပြောင်းအလဲ ပြုလုပ်လေ့ရှိပြီး လေဆိပ်တွင် တာဝန် ထမ်းဆောင်ခွင့် ရချိန် ၀င်ငွေ အများအပြား ရရှိခြင်းကြောင့် တာဝန် ထမ်းဆောင်လိုသူ များပြားကြောင်း သိရှိရသည်။

အငြိမ်းစား အစိုးရ ၀န်ထမ်းတဦးကမူ“လာဘ်ပေး လာဘ်ယူ ဆိုတာက ထိပ်ပိုင်းက စပြီးဖြစ်နေတာ။ အောက်ခြေတင် မဟုတ်ဘူး။ အရေးယူမယ် ဆိုရင် ထိပ်ဆုံးက လူတွေကို စပြီး အရေးယူမှ ရမယ်။ ဒါက အလေ့အထ တခုလိုဖြစ်နေပြီ။ ဘယ်သူမဆို လုပ်စားခွင် ရရင် လုပ်ကြမှာပဲ။ အစိုးရ၀န်ထမ်း အသိုင်းအ၀ိုင်းမှာ လာဘ်ပေးလာဘ်ယူ မလုပ်တဲ့သူ ဆိုတာ ခပ်ရှားရှားပဲ”ဟု ဝေဖန်ပြောဆို သည်။

Ref: ဧရာဝတီ်

Read More...

မဏ္ဍပ်တိုင်းတွင် မိုင်းရှင်းဗုံးရှာ ကိရိယာများ ထားရမည်

Monday, 21 March 2011

မြန်မာ့ရိုးရာ အတာသင်္ကြန် ကာလတွင် မဏ္ဍပ်ဆောက်လုပ် လိုသူများ အနေနှင့် လုံခြုံရေး ၀န်ထမ်းများ၊ CCTV ကင်မရာများ၊ အရေးပေါ် မိုင်းရှာ ဗုံးရှင်း ကိရိယာများ မဖြစ်မနေ ထားရှိမှသာ သက်ဆိုင်ရာက ခွင့်ပြုမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါအ၀င် မြို့ကြီးများတွင် ဆောက်လုပ်မည့် ပုဂ္ဂလိက သင်္ကြန်မဏ္ဍပ် အားလုံး လိုက်နာရမည် ဖြစ်သော လုံခြုံရေး ဆိုင်ရာ စည်းကမ်းချက် ၂၅ ချက်အား စည်းကမ်း ထိန်းသိမ်းရေးနှင့် လုံခြုံရေး ကော်မတီမှ မတ်လ ဒုတိယ ပတ်အတွင်း စတင် ထုတ်ပြန် ကြေညာလိုက်ရာ အထက်ပါ အချက်များ ပါဝင်သည်။

မဏ္ဍပ်လုံခြုံရေးအတွက် စောင့်ကြည့်မည့် အဖွဲ့များကိုပါ ဖွဲ့စည်း ထားရမည် ဖြစ်ကြောင်း၊ သင်္ကြန်မဏ္ဍပ် လုံခြုံရေး အတွက် သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေး အဖွဲ့များနှင့် အတူ ပူးတွဲ အကောင်အထည် ဖော်ရမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီး တဦးက ပြောသည်။

“မနှစ်ကလို ဗုံးပေါက်ကွဲမှုမျိုး ဖြစ်မှာစိုးလို့ လုံခြုံရေးကိစ္စ ဆောင်ရွက်ဖို့ ညွှန်ကြားတာပါ။ လုံခြုံရေး ကိစ္စ သေချာ စီစဉ်ရမယ်၊ မဏ္ဍပ်တိုင်း လုပ်ရမယ်။ ဒီနှစ်တော့ မဏ္ဍပ် ဆောက်လုပ်ခွင့်ကိုလည်း သေသေချာချာ စိစစ်သွားမှာ ဆိုတော့ သင်္ကြန်မဏ္ဍပ် အရေ အတွက်လည်း နည်းနိုင်တယ်” ဟု ရန်ကုန်တိုင်း အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီမှ တာဝန်ရှိသူ တဦးက ရှင်းပြသည်။

စည်းကမ်းချက်များတွင် သက်ဆိုင်ရာ ကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက်ရာ၌ ဆက်သွယ်ရေး လွယ်ကူစေရန် မဏ္ဍပ်တိုင်းတွင် တယ်လီဖုန်းများ ထားရှိရန်၊ Light Truck ယာဉ် တစီး ထားရှိရန်နှင့် မိုင်းစွန့်ရန် အတွက် ကျင်း၊ သဲအိတ်၊ တာယာကွင်းများ ထားရှိရန် ဆိုသည့် အချက်များလည်း ပါရှိသည်။ ထို့အပြင် အရေးပေါ် အချိန်တွင် အသုံးပြုနိုင်ရန် လုံခြုံရေး ဝန်ထမ်းများကိုလည်း လုံခြုံရေး ကုမ္ပဏီများမှ အတွေ့အကြုံ ရှိသူများကို သတ်မှတ် ပေးထားသည့် အင်အား အတိုင်း တာဝန်ချ ပေးရမည်ဟု ဆိုထားသည်။

ယခုနှစ် သင်္ကြန်ကာလတွင် အင်းလျားကန်ဘေး တက္ကသိုလ်ရိပ်သာလမ်း တလျှောက်တွင် မဏ္ဍပ် ဆောက်လုပ်ခွင့် ပြုမည် မဟုတ်ကြောင်း၊ ယမန်နှစ်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သော ကန်တော်ကြီး ပတ်လမ်းတွင်လည်း မဏ္ဍပ် အရေအတွက် လျှော့ချမည် ဖြစ်ကြောင်း သိရသည်။

ယမန်နှစ်က မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်ကြီး ပတ်လမ်းရှိ X20 ရေကစား မဏ္ဍပ်တွင် ဗုံးပေါက်ကွဲမှု သုံးခု ဆက်တိုက် ဖြစ်ပွားခဲ့ပြီး လူ ၁၀ ဦး သေဆုံးကာ ၁၇၀ ကျော်ဒဏ်ရာ ရခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။

၂၀၁၁ ခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်တွင် သင်္ကြန်မဏ္ဍပ် ဆောက်လုပ်လိုသူ အရေအတွက် လျော့ကျဖွယ် ရှိပြီး လူငယ် အများစုမှာလည်း ရေပက်ခံ ထွက်ရန် ကြောက်ရွံ့ နေကြကြောင်း သိရှိရသည်။

“ကျနော်တို့ လူငယ်တွေ စုပေါင်းပြီး သင်္ကြန်မဏ္ဍပ် ဆောက်ချင်ကြတယ်။ ဒါပေမယ့် အိမ်က မိဘတွေက ခွင့်မပြုဘူး။ မနှစ်ကလို
ဗုံးပေါက်တာတွေ ဖြစ်မှာစိုးတယ်။ တခြား သူငယ်ချင်းတွေ ကလည်း ဒီနှစ်သင်္ကြန် ခရီးထွက်ဖို့ စီစဉ်နေကြတယ်။ အားလုံးက မနှစ်ကလို ထပ်ဖြစ်မှာ ကြောက်ကြတယ်” ဟု ရန်ကုန်မြို့နေ လူငယ်တဦးက ပြောသည်။

လုံခြုံရေး အစီအမံများ ပါဝင်သောကြောင့် သင်္ကြန် မဏ္ဍပ်ဆောက်ရာတွင် စရိတ်ပိုမို ကုန်ကျနိုင်ကြောင်း သင်္ကြန်ကာလ များတွင် သင်္ကြန်မဏ္ဍပ် ဆောက်လုပ်လေ့ရှိသူ စီးပွားရေး လုပ်ငန်းရှင် တဦးက ဆိုသည်။

“ပုံမှန်ဆိုရင် အသေးစားမဏ္ဍပ်တခုအတွက် အနည်းဆုံး ကျပ်သိန်း ၅၀ လောက်ကနေ စပြီး ကုန်တာလေ။ ဒါတောင် စည်ပင်ကို တင်ထားရတဲ့ စပေါ်ငွေ မပါသေးဘူး။ စပေါ်ငွေ ဆိုတာက ပြန်ရတော့ ကုန်ကျ စရိတ်ထဲ ထည့် မတွက်တော့ဘူး။ ဒီနှစ် မဏ္ဍပ် လုံခြုံရေး အတွက် ၀န်ထမ်း အနည်းဆုံး ၁၀ ဦး ငှားရမယ်။ မဏ္ဍပ်မှာ ကင်မရာတွေ တပ်ရမယ်။ အရေးပေါ် အစီအစဉ်တွေ အကုန်လုံး လုပ်ရမယ် ဆိုတော့ စစ်ဆင်ရေး တခု လုပ်ရသလို ဖြစ်နေတယ်။ ကုန်ကျ စရိတ်လည်း ပိုများမယ့် အပြင် အတော်ကို ခေါင်းရှုပ်ရမှာပါ” ဟု သူက ပြောသည်။

ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်တွင် မြန်မာစာ အထူးပြုဘာသာရပ် တက်ရောက် သင်ကြားနေသူ အသက် ၁၉ နှစ်အရွယ် တက္ကသိုလ် ကျောင်းသူ တဦးကလည်း သင်္ကြန် ကာလတွင် ရေပက်ခံ မထွက်ဘဲ တရားစခန်း ၀င်မည်ဟု ဆိုသည်။

လူအများစုသည် ယမန်နှစ်ကကဲ့သို့ ဗုံးပေါက်ကွဲမည်ကို စိုးရိမ်နေသကဲ့သို့ စက်သုံးဆီဈေးများလည်း မြင့်တက် နေသောကြောင့် ကားငှား လည်ပတ်မည့်သူ နည်းပါးမည်ဟု ရန်ကုန်မြို့ခံ ကားအငှားလုပ်ငန်း လုပ်ကိုင်သူတဦးက ပြောသည်။

“သင်္ကြန်အတွက် နယ်အငှားတွေတော့ စပြီး လက်ခံနေပြီ။ ရန်ကုန်ကတော့ ဒီနှစ် သိပ်မသေချာလို့ လက်မခံ ဖြစ်သေးဘူး။ ရန်ကုန်မှာ စည်မယ့်ပုံ မရှိဘူး။ နယ်ဘက်တွေကိုပဲ အသွားများကြမယ်” ဟု မြန်မာပြည်သား ကားလုပ်ငန်း မန်နေဂျာက ပြောသည်။

မဟာသင်္ကြန်ကျင်းပရန် ရက် ၂၀ ကျော်သာ လိုတော့သော်လည်း ရန်ကုန်မြို့တွင်း မဏ္ဍပ်များ နေရာ ချထားပေးခြင်း မရှိသေးပေ။

မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်ကမူ ယခုနှစ်သင်္ကြန်ကာလ ကျရောက်မည့် နွေတွင် လာနီညာ ရာသီ ဥတုကြောင့် အပူချိန် လျော့နည်းမည် ဖြစ်ပြီး မိုးတိမ်တောင်ကြောင့် မိုးရွာသွန်းမှုများ၊ မိုးကြိုးပစ်မှုများ၊ မိုးသက်လေပြင်း ကျရောက်မှုများ ကြုံတွေ့ နိုင်သည်ဟု ခန့်မှန်း ပြောဆိုထားသည်။

Ref: ဧရာဝတီ်

Read More...

Monday, March 21, 2011

ပြည်သူ့အကျိုးပြု လုပ်ငန်းများ NLD တိုးမြှင့်မည်

ကျော်ခ
သောကြာနေ့၊ မတ်လ ၁၈ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ပါတီရုံးခွဲ မရှိသေးသည့် ကယားပြည်နယ်မှအပ ပြည်နယ်/တိုင်း ၁၃ ခုတွင် ပြည်သူ့ အကျိုးပြု လုပ်ငန်းများ အရှိန်ဟုန်မြင့် လုပ်ဆောင်သွားမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောဆိုသည်။

ဗဟန်းမြို့နယ် NLD ရုံးချုပ်တွင် ဗဟိုအလုပ်မှုဆောင်အဖွဲ့နှင့် ပြည်နယ်နှင့် တိုင်း မြို့နယ်စည်းအဖွဲ့၊ အမျိုးသမီး အဖွဲ့၊ လူငယ် အဖွဲ့ ကိုယ်စားလှယ် စုစုပေါင်း ၅၄ဝ ကျော်တို့ ယခုလ ၉-၁၈ ရက်နေ့အထိ တွေ့ဆုံကာ၊ ၎င်းတို့ ဒေသများ၌ လိုအပ်သည့် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး လိုအပ်ချက်များကို တင်ပြ ဆွေးနွေးအပြီး ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“ပြည်သူလူထုရဲ့ ဘဝက လိုအပ်ချက်တွေ အရမ်းများလာနေပါပြီ။ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားပေါ့။ စတဲ့ လိုအပ်ချက်တွေ များလာနေတဲ့ ပြည်သူလူထုကို ကူညီနိုင်ဖို့ ပြည်နယ်တိုင်းတွေကို ပြည်သူ့ အကျိုးပြု လုပ်ငန်းတွေကို လုပ်ခိုင်း နေပါတယ်။ အခမဲ့ ဆေးခန်းဖွင့်တာတို့၊ ပညာဒါနတို့၊ သွေးလှူဒါန်းတာတို့၊ သောက်သုံးရေ ရရှိရေး ကူညီနိုင်တာတို့ စတဲ့ ဟာတွေ ကူညီပေးစရာတွေ ရှိတယ်” ဟု အဖွဲ့ချုပ်ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

ဆွေးနွေးပွဲသို့ NLD ဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဗဟို အလုပ်မှုဆောင် ဝင်များ၊ ပြည်နယ်/တိုင်း ၁၃ ခုမှ စည်းအဆင့် ၃ ဦးစီ၊ မြို့နယ်စည်း အဆင့် ၂ ဦးစီ၊ အမျိုးသမီးအဖွဲ့ ကိုယ်စားလှယ် ၂ ဦးစီနှင့် လူငယ်အဖွဲ့ ၂ ဦးစီဖြင့် ဆွေးနွေးရက် ၁ဝ ရက်အတွင်း ဦးရေ ၅၄ဝ ကျော် တက်ရောက်ခဲ့သည်။

ပြည်နယ်/တိုင်းများတွင် လုပ်ကိုင်နေသည့် ပြည်သူ့အကျိုးပြုလုပ်ငန်း အားနည်းချက်၊ အားသာချက်များ ဆွေးနွေးခဲ့ပြီး၊ တိုးမြှင့် လုပ်ကိုင် သွားမည်ဖြစ်ကာ၊ လုပ်ဆောင်ပေးမည့် ဒေသများလည်း တိုးချဲ့ သွားမည်ဖြစ်သည်။

“အခုပြည်သူလူထုမှာ အဓမ္မ လယ်ယာမြေသိမ်းမှု ကိစ္စတွေဖြစ်တယ်။ နောက် ဥပဒေမဲ့ လူ့အခွင့်အရေး ချိုးဖောက် ခံရမှု တွေကိုလည်း ဥပဒေ အထောက်အကူပြု အဖွဲ့က ဘယ်လို ကူညီနိုင်မလဲ ဆိုတာ ဆွေးနွေးတယ်။ နောက် ရေရှည် ဆောင်ရွက်သွားဖို့ ကိစ္စတွေကိုလည်း မှတ်သားထားပြီးတော့ ဆက်လက်ဆောင်ရွက် သွားဖို့ရှိတယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။

ပြည်နယ်/တိုင်း၊ မြို့နယ်စည်းများ၏ တင်ပြတောင်းဆိုမှုများကို ဗဟိုက ချက်ချင်းလုပ်ပေးနိုင်မည့် ကိစ္စ များကို ဆုံးဖြတ် လုပ်ဆောင်ပေးခဲ့သလို၊ အချိန်ယူ လုပ်ငန်းများကို ဆက်လုပ်သွားမည် ဖြစ်ကြောင်းနှင့် ယင်းသို့ ကူညီမှုများကို NLD သို့ ပြည်သူက လှူဒါန်းသည့် ငွေများဖြင့် ဖြည်းဖြည်းချင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အထိန်းသိမ်းခံမှ ပြန်လွတ်ပြီးနောက် ပညာရေး၊ ကျန်းမာရေး ကူညီရေး သာမက၊ နိုင်ငံရေး အကျဉ်းသားများကိုပါ ထောက်ပံ့ ပေးနေသည်များလည်း ရှိသည်။

၂ဝ၁ဝ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် ဂီရိမုန်တိုင်းသင့် ပြည်သူများကို ကူညီ ပံ့ပိုးခဲ့သလို၊ ၂ဝဝ၈ ခုနှစ် ဧရာဝတီတိုင်း နာဂစ်မုန်တိုင်းသင့် ဒေသအချို့၌ ရေတွင်းရေကန်များ တူးဖော် ပေးခဲ့သေးသည်။

နောက်ဆုံးရက် ယနေ့၌ ကချင်ပြည်နယ်နှင့် ဆွေးနွေးခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်ပါ ဗဟိုအလုပ် အမှုဆောင် အဖွဲ့၊ ပြည်နယ်/တိုင်း ၁၃ ခုမှ ခေါင်းဆောင် ၅၄ဝ ကျော် တက်ရောက်သဖြင့် အောင်မြင်သည့် ဆွေးနွေးမှုအဖြစ် ပါတီ ခေါင်းဆောင်များက ဆုံးဖြတ်ခဲ့ကြသည်။

“အဖွဲ့ချုပ်ဟာ မှတ်ပုံတင်မထားတော့ဘူး၊ မရှိတော့ဘူးပြောပြော၊ ရှိတယ်ပဲပြောပြောပေါ့ဗျာ။ အဖွဲ့ချုပ်ဟာ ပြည်သူ လူထုကြားမှာ ခိုင်ခိုင်မာမာ ဆက်လက်ပြီးတော့ ရှိနေတယ်ဆိုတာ။ ဒါ အထင်ရှားဆုံး သာဓကပဲ။ ဒါကိုက အဓိက ဒီဆွေးနွေးပွဲရဲ့ အောင်မြင်ချက်ဖြစ်တယ်လို့ အဲလို သုံးသပ်ကြပါတယ်။ ပြည်သူ လူထုကလည်း အားကိုးနေဆဲပဲ ဆိုတာ တောင်းဆိုနေမှုတွေက သက်သေပါပဲ” ဟု ပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ သုံးသပ်ချက်ကို ဦးအုန်းကြိုင်က ပြောပြသည်။


Ref: မဇ္ဈိမ

Read More...

အိမ်သုံးဆားဈေး ၁၀ ဆကျော်တက်

Friday, 18 March 2011

မြန်မာနိုင်ငံတွင် တရုတ်ကုန်သည်များက အိမ်သုံး အိုင်အိုဒင်းဆားများ အလုံးအရင်းဖြင့် ၀ယ်ယူနေမှုကြောင့် မန္တလေး၊ လားရှိုး၊ မူဆယ်ဈေးကွက်များတွင် အိမ်သုံးဆားများ ပြတ်လပ်သွားပြီး ဈေးနှုန်း ၁၀ ဆကျော် မြင့်တက်သွားကြောင်း သိရသည်။

“ဒီနေ့ ဆားဈေးတွေ တအားတက်ပါတယ်။ ၀ယ်လို့လည်းမရဘူး။ လှောင်တဲ့လူတွေကလည်း လှောင်နေ ကြတယ်။ ဈေးက တန်း မရှိဘူး။ ၀ယ်သူရောင်းသူ သဘောတူဈေးပဲ။ လောလောဆယ် အိုင်အိုဒင်းဆား တပိဿာ ကျပ် ၁၀၀၀ ကနေ ၁၅၀၀ အထိ ဈေးတက် ရောင်းနေတယ်” ဟု မန္တလေးမြို့ရှိ အိမ်သုံးဆားသန့်နှင့် အိုင်အိုဒင်းဆား ထုတ်လုပ် ရောင်းချနေသူ စက်ရုံပိုင်ရှင် တဦးက ပြောသည်။

ပုံမှန်အားဖြင့် အိုင်အိုဒင်းဆား တပိဿာလျှင် ၁၁၅ ကျပ်နှင့် ၁၅၀ ကျပ် အကြား ဈေးအတက်အကျရှိသည်။

ဆားဈေးနှုန်းမြင့်တက်ချိန် မန္တလေးမြို့ ဆားဈေးကွက်တွင် ဆား လုံးဝပြတ်လပ်သွားပြီး ရန်ကုန်မြို့ရှိ ဆားစက်များမှ
အိုင်အိုဒင်း ဆားများကိုပါ မှာယူနေကြကြောင်း သိရသည်။

“ရန်ကုန်မှာလည်း ဈေးတွေတက်နေပြီ။ အခု ဈေးသိပ်မဖွင့်ဘူး။ အားလုံးက အခြေအနေကို စောင့်ကြည့် နေတယ်။ နယ်က အမှာစာတွေ တက်နေပြီ” ဟု ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ ဆားလုပ်ငန်းရှင် တဦးက ရှင်းပြသည်။

ဘုရင့်နောင်အခြေစိုက် ဆားပွဲရုံပိုင်ရှင် တဦးကမူ လာမည့်ရက်ပိုင်းအတွင်း ဆားဈေးနှုန်း အလွန် မြင့်တက်နိုင်သည်ဟု ခန့်မှန်းသည်။

ဂျပန်နိုင်ငံရှိ နျူကလီးယား ဓာတ်အားပေးစက်ရုံများ ပေါက်ကွဲပြီး ဓာတ်ရောင်ခြည်များ ပင်လယ်တွင်းသို့ ပျော်ဝင်ကာ ဆားများတွင် ရေဒီယို သတ္တိကြွ ဓာတ်ပစ္စည်းများ ပါဝင်နိုင်သည် ဆိုသော ယူဆချက်များ တရုတ်နိုင်ငံတွင် ပျံ့နေကြောင်း၊ ထို့ကြောင့် တရုတ်ပြည်သူ ထောင်ပေါင်းများစွာက ကုန်တိုက်များ၊ ကုန်စုံဆိုင်များနှင့် ဈေးများတွင် အိမ်သုံးဆားများကို ကြိတ်ကြိတ်တိုး ၀ယ်ယူကြောင်း၊ တရုတ်နိုင်ငံတွင် အိမ်သုံးဆား ပြတ်လပ်မှု ဖြစ်ပေါ်နေခြင်းကြောင့် တရုတ်နိုင်ငံမှ စီးပွားရေး သမားများက မြန်မာနိုင်ငံမှ အိမ်သုံး ဆားများစွာကို မှာယူနေရာ မြန်မာပြည်မှ ဆားဈေးများပါ ထိုးတက်သွားခြင်း ဖြစ်ကြောင်း ဆားကုန်သည် များက ဆိုသည်။

မိုးလေ၀သ ပညာရှင်ဦးထွန်းလွင်ကမူ ဂျပန်နျူကလီးယား ဓာတ်အားပေးစက်ရုံ ပေါက်ကွဲမှုကြောင့် မြန်မာ အပါအ၀င်
အာရှတိုက်တွင် ဓာတ်ရောင်ခြည် သင့်ပြီး အက်ဆစ် မိုးရွာသွန်းနိုင်သည်ဆိုသော သတင်းများမှာ ကောလာဟလ များသာဖြစ်ကြောင်း ပြောသည်။

စစ်အစိုးရပိုင် သတင်းမီဒီယာများကလည်း မြန်မာနိုင်ငံတွင်ရွာသွန်းသော မိုးများကိုတိုင်းတာရာ ဓာတ်ရောင်ခြည် ပါဝင်ခြင်း မရှိကြောင်းနှင့် ဂျပန်နိုင်ငံရောက် မြန်မာများကို တိုကျိုမြို့ရှိ မြန်မာသံရုံးက အကူအညီ ပေးလျက်ရှိကြောင်း ယနေ့ တရားဝင် သတင်းထုတ်ပြန် ထားသည်။

Ref: ဧရာဝတီ်

Read More...

အနောက်နိုင်ငံတွေနဲ့ ရေရှည်စစ် ဆင်နွှဲဖို့ လစ်ဗျားခေါင်းဆောင် ကြေညာ

တနင်္ဂနွေ, 20 မတ် 2011

သူ့ရဲ့တပ်ဖွဲ့တွေကို လေကြောင်းက မစ်ဆိုင်း ဒုံးကျည်တွေနဲ့ တိုက်ခိုက်နေတဲ့ အနောက်နိုင်ငံ တပ်ဖွဲ့တွေနဲ့ ရေရှည် စစ်ပွဲ ဆင်နွှဲဖို့ အဆင်သင့်ပဲလို့ လစ်ဗျား ခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) က ပြောလိုက်ပါတယ်။

အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေက အခုလို လစ်ဗျားနိုင်ငံ အရေးကို ၀င်ရောက် စွက်ဖက် နေတာဟာ လုံးဝ တရားမျှတမှု မရှိဘူးလို့ တိုင်းပြည်ကို ရုပ်မြင် သံကြားက တဆင့် တယ်လီဖုန်းနဲ့ ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ မစ္စတာ ကဒါဖီက ထည့်သွင်း ပြောကြား လိုက်တာပါ။ အခုလို လေကြောင်းက တိုက်ခိုက်မှုဟာ အကြမ်းဖက် သမားတွေရဲ့ တိုက်ခိုက်မှုနဲ့ တူတယ်လို့ ဆိုပါတယ်။

လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ထားတဲ့ ဆုံးဖြတ်ချက်အရ ပြုလုပ်ခဲ့တဲ့ အစောပိုင်း စစ်ဆင်ရေးတွေ အောင်မြင်မှု ရှိခဲ့တယ်လို့ အမေရိကန် ထိပ်တန်း စစ်ဘက်အရာရှိ ရေတပ်ဗိုလ်ချုပ်ကြီး မိုက်ခ် မူလန် (Mike Mullen) က ပြောပါတယ်။

ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားတွေ ထိခိုက်ဒဏ်ရာ ရတယ်လို့ သူ့အနေနဲ့ မကြား သိရဘူးလို့ ဗိုလ်ချုပ်ကြီး မူလန်က ပြောပါတယ်။ ညွန့်ပေါင်း တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် လစ်ဗျားနိုင်ငံသား ၄၈ ဦး သေဆုံးပြီး ၁၅၀ လောက် ထိခိုက် ဒဏ်ရာ ရခဲ့တယ်လို့ လစ်ဗျား အစိုးရပိုင် ရုပ်မြင် သံကြားသတင်းမှာ ဖော်ပြပါတယ်။

လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ထားတဲ့ ဆုံးဖြတ်ချက် အကျိုးသက်ရောက်မှု ရှိစေဖို့ ပြသတဲ့ အနေနဲ့ လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီရဲ့ တပ်တွေကို မဟာမိတ်တပ်တွေနဲ့အတူ ပူးပေါင်းပြီး အမေရိကန် တပ်တွေကလည်း လစ်ဗျား လေတပ်ကို စနေနေ့က ဒုံးကျည်တွေနဲ့ ပစ်ခတ် ခဲ့ကြပါတယ်။

မြေထဲပင်လယ်ထဲမှာ နေရာယူထားတဲ့ အမေရိကန်နဲ့ ဗြိတိသျှ စစ်သင်္ဘောနဲ့ ရေငုပ် သင်္ဘောတွေက လစ်ဗျား တပ်တွေကို ပစ်မှတ် ထားပြီး စနေနေ့မှာ တိုမာဟော့ခ် (Tomahawk) ဒုံးကျည် ၁၁၀ ကျော်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ပန်တဂွန် (Pentagon) စစ်ဌာနချုပ် အရာရှိတွေက ပြောပါတယ်။ မဟာမိတ် တပ်တွေ အတွက် တိုက်ရိုက် အန္တရာယ် ပေးနိုင်တယ်လို့ ယူဆရတဲ့ ပစ်မှတ် ၂၀ ကျော်အပြင် လစ်ဗျား အရပ်သားတွေလည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုဟာ တရားမျှတမှု မရှိတဲ့ ကျူးကျော်ရန်စလိုသူတွေရဲ့ တိုက်ခိုက်မှု ဖြစ်တယ်လို့ မစ္စတာ ကဒါဖီက ပြောပါတယ်။ မြေထဲ ပင်လယ် အတွင်းမှာ ရှိနေတဲ့ စစ်ဘက်နဲ့ အရပ်ဘက်ဆိုင်ရာ နေရာတွေကို လက်တုံ့ ပြန်သွားမယ်လို့ မစ္စတာ ကဒါဖီက ပြောဆိုလိုက်ပြီး အဲဒီဒေသဟာ တကယ့် စစ်တလင်းပြင် ဖြစ်လာနေပြီလို့ ဆိုပါတယ်။

Ref: VOA News

Read More...

လူထုထိခိုက်မည့် ပိတ်ဆို့အရေးယူမှု မလိုလား

မျိုးသန့်
သောကြာနေ့၊ မတ်လ ၁၈ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ပြည်သူလူထု ထိခိုက်စေမည့် နိုင်ငံရပ်ခြား ပိတ်ဆို့ အရေးယူမှုမျိုး တွေ့ရှိလျှင် ယင်းကိစ္စ အပေါ် စဉ်းစား သွားမှာသာ ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ပြောသည်။

စီးပွားရေးပိတ်ဆို့မှု ပြန်လည်ရုပ်သိမ်းရန် ရွေးကောက်ပွဲဝင် ၁ဝ ပါတီက ဥရောပ နိုင်ငံများမှ သံတမန်များ ရန်ကုန်သို့ ရောက်ရှိစဉ် ယခုလ ၁၇ ရက်နေ့တွင် စာပေးခဲ့သည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ရွေးကောက်ပွဲဝင် ပါတီ ၅ ပါတီမှ ခေါင်းဆောင်များ၊ ဥရောပ သံတမန်များသည် စီးပွားရေးနှင့် ပတ်သက်သည့် ဆွေးနွေးပွဲ တရပ်လည်း အီတလီ သံရုံး၌ ကျင်းပ ခဲ့သေးသည်။ ဆွေးနွေးပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က တစုံတရာ သဘောထား မှတ်ချက် မပေးခဲ့ပေ။

ထိုစီးပွားရေး ပိတ်ဆို့မှု ရှိသင့်မသင့်၊ ပစ်မှတ်ထား ပိတ်ဆို့မှု Targeted Sanction အပေါ် သဘောထား၊ ပိတ်ဆို့မှုနှင့် လူ့အခွင့်အရေး ဆက်စပ်မှု၊ ပိတ်ဆို့မှု ရုပ်သိမ်းရေးနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စသဖြင့် NLD ဗဟို အလုပ်အမှုဆောင်ဝင် ဦးဝင်းတင်ကို မဇ္ဈိမ သတင်းထောက် မျိုးသန့်က ဆက်သွယ် မေးမြန်းထားခြင်း ဖြစ်ပါသည်။

စီးပွားရေးပိတ်ဆို့မှုများ ထိရောက်မှုရှိမရှိနှင့် ဆိုးကျိုးများကို ဥရောပ သမဂ္ဂက ပြန်လည် သုံးသပ်ကာ လာမည့်လ အတွင်း ဆုံးဖြတ်မည် ဖြစ်သည်။

ပိတ်ဆို့မှုတွေအပေါ်ဘယ်လိုသဘောထားလဲခင်ဗျ။ ဆက်ထားသင့်လား၊ ရုပ်သိမ်းသင့်သလား။

“ကျနော်ကတော့ ဆက်ထားဖို့ဗျ၊ ဆက်ထားဖို့ သဘောထား၊ ကျနော့်ရဲ့ သဘောထား ကတော့ ဒီပိတ်ဆို့မှု တွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားဖြစ်တဲ့ ပြည်သူတွေကို ထိခိုက် နစ်နာမယ် ဆိုရင် ပြန်လည် စဉ်းစားမယ် ဘာညာဆိုတဲ့ လိုင်းကို ထောက်ခံတယ်၊ ပြည်သူတော့ မနစ်နာ စေချင်ဘူး။ ဘာလို့ဆို ကျနော်တို့ အခုဟာ ကိစ္စ နှစ်ခုထဲ မဟုတ်ဘူး၊ 3rd person ပေါ့ဗျာ၊ ပြည်သူဆိုတာ ရှိတယ်၊ ဒါ့ကြောင့် ကျနော်လက်ခံတယ်”

တချို့တွေယူဆချက်က Targeted Sanction ကိုတော့ ထားသင့်တယ်လို့ ဆိုပါတယ်။ အဲဒီ အပေါ်မှာ ဘယ်လို ယူဆလဲခင်ဗျာ့။

“Targeted Sanction ဆိုတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ၊ နောက်ပြီး သူတို့ရဲ့ အပေါင်းအပါ တွေကိုတော့ Target ထားပြီးတော့ လုပ်ရလိမ့်မယ်။ Targeted sanction ဆိုတာ ရှိကောင်းတယ်။ မရှိလို့ရှိရင် ဒီကောင်တွေဟာ ဘာမှ ကြောက်တော့မှာ မဟုတ်ဘူး။ ဒီဟာကိုပဲ ဆက်ပြီး လုပ်တော့မှာ။ အဲဒါကြောင့် ကျနော်က ၂ ပိုင်း ပိုင်းပြီးတော့ ပြောတယ်။ တပိုင်းက အထွေထွေ Blanket sanction ပေါ့ဗျာ။ ဒီ blanket sanction နဲ့ ပတ်သက်လို့ ရှိရင်တော့ ပြည်သူလူထုကို ထိခိုက်တယ် ဆိုလို့ရှိရင် ပြန်ပြီးတော့ စဉ်းစားပါ့မယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ကျနော်တို့ လက်ခံတယ်။ ကျနော် သဘောတူတယ်။ သို့သော် Targeted Sanction ကတော့ ကျနော်က အခိုင်အမာ လုပ်ချင်တယ်”

“တချို့လူတွေက Targeted Sanction ဆိုတာကြီးကို ထားနေရင် ဒီစစ်ဗိုလ်ချုပ်ကြီးတွေ ကြားထဲမှာ Mentality ပေါ့ဗျာ၊ အဝိုင်း ခံနေရတဲ့ စိတ်ထားမျိုးပေါ်မှာ စိုးတယ်ပေါ့ဗျာ။ အဲဒီတော့ သူတို့ကိုပဲ ပစ်မှတ်ထားတယ် ဆိုရင် သူတို့တွေ ကြောက်ကြ လန့်ကြများ ဖြစ်ကြမလား ဆိုတဲ့ သဘောထားတွေ ရှိတယ်”

Targeted Sanction က ပြည်သူတွေကို ထိခိုက်တာ ရှိနိုင်လား။

“ဘယ်လိုပဲကြည့်ကြည့် ကျနော့်အနေနဲ့ကတော့ Sanction တွေဟာ မရှိလို့ မဖြစ်ဘူး၊ ရှိရမယ်၊ အဲဒီအခါမှာ သူတို့ကို Targeted လုပ်ရမယ်။ ဘာလို့ဆိုတော့ ဒီလူတွေကို Targeted လုပ်ခြင်းဟာ ပြည်သူတွေ အနေနဲ့လည်း ဘာမှ ထိခိုက်စရာ မရှိဘူး။ သူတို့သာ စီးပွားဖြစ်တော့ တေဇတို့ ဘာတို့ သူတို့မှာ ပြဿနာတွေ ပေါ်တယ်ဆိုတာ။ အဲဒါ ပြည်သူလူထုနဲ့ မဆိုင်ဘူး။ နောက်တခါ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ရွှေမန်းတို့၊ ဘာတို့ညာတို့ ထိတာလည်း ပြည်သူလူထုက ဘာမှ မဆိုင်ဘူး။ တခုက Blanket ပေါ့။ ကျနော်တို့ General Sanction ပေါ့။ Blanket Sanction ကိုတော့ ဒေါ်စုပြောသလိုပဲ ပြည်သူလူထု ထိခိုက်ရိုးမှန်ရင် အကြောင်းပြချက်တွေ ဘာညာ ပေါ်လာရင်တော့ ပြန်စဉ်းစားမယ် ဆိုတာ ကျနော်က သဘောထားတယ်”

လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့် ဒီပိတ်ဆို့မှုတွေ လုပ်တာလို့ သိရပါတယ်။ အထင်အရှား လူ့အခွင့်အရေး ချိုးဖောက်မှုက ဘာဖြစ်မလဲ ခင်ဗျာ့။

“တိုင်းပြည်ထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အခု သေဆုံးမှုတွေ အများကြီး ရှိနေတယ်။ အဲဒါတွေ သေဆုံးတာကို အကြောင်း ပြုပြီးတော့ ပြည်ပကနေ ပြီးတော့ အဲလို သေဆုံးတဲ့ နိုင်ငံတွေကို အရေးယူတာ ဖြစ်တယ်။ အဲဒီတော့ သူတို့အနေနဲ့က ဒီ Sanction တွေကို ရုပ်သိမ်းဖို့ စဉ်းစားတယ်ဆိုရင် သူတို့ဘက်ကနေ ကာယကံရှင်တွေ ဖြစ်တဲ့ စစ်အစိုးရ အာဏာရှင်တွေ အနေနဲ့က သူတို့ ပြရမယ်၊ ဟုတ်လား။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဘယ်လောက် သက်သာအောင်၊ လျော့ပါးအောင် လုပ်သလဲ ဆိုတဲ့ အပြောင်း အလဲတွေ လုပ်သလဲ ဆိုတာ သူတို့ ဖော်ပြနိုင်ရမယ်။ နောက်တခုက အလားတူပဲ ဒီသေဆုံးမှုတွေ၊ ဥပမာ သတင်းစာ လွတ်လပ်ခွင့်တို့ ဘာတို့ဆိုတဲ့ ဒီမိုကရေစီ အခွင့်အရေး ဆိတ်သုဉ်းမှုတွေကို၊ အဲဒါတွေကို သူတို့ ပြေလည်အောင် လုပ်ပေးရမယ်၊ သူတို့ ပြရလိမ့်မယ်။ ခုနပြောတဲ့ လူ့အခွင့်အရေး ထဲမှာ ပါတဲ့ဟာကတော့ နိုင်ငံရေး အကျဉ်းသား ၂ ထောင်ကျော် ထောင်ထဲမှာ ရှိနေတာကိုက ဒါ လူ့အခွင့်အရေး ချိုးဖောက်မှုတွေပဲ ဖြစ်တယ်”

တနေ့တုန်းက ဥရောပသမဂ္ဂ နိုင်ငံတွေက သံအမတ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင်ပေါ့ ရွေးကောက်ပွဲ ဝင်တဲ့ ပုဂ္ဂိုလ်တွေလည်း တွေ့ဆုံ ဆွေးနွေးတဲ့အခါ ပိတ်ဆို့မှုနဲ့ ပတ်သက်ပြီးတော့ ဘာတွေပြန်ပြီးတော့ သဘောထား မှတ်ချက် ပေးတယ်လို့ ကြားမိလဲခင်ဗျ။

“သူ သဘောထားပေးတာ မဆိုးပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ဟာ၊ ခုန ပြောသလိုပဲ ပြည်သူကို ထိခိုက်တာနဲ့ ပက်သက်လို့တော့၊ ရှိရင်တော့ ကျမတို့ စဉ်းစားမယ်ပေါ့။ သူက ကျနော်တို့နဲ့ သဘောထား အတူတူပါပဲ၊ ဒီသဘောထားပါပဲ။ ဘာမှ အသစ်အဆန်းမှ မပါပါဘူး”

ပြည်သူလူထုကို ထိခိုက်လား၊ မထိခိုက်လားဆိုတာကို ဘယ်လိုမျိုး ဆက်ပြီးတော့ စုံစမ်းမှုတွေ၊ စစ်ဆေးမှုတွေ လုပ်သွားမလဲဗျ။

“ကျနော်တို့ဘက်ကတော့ ကျနော်တို့လည်း ပြည်သူလူထုရဲ့ အသံတွေကို နားထောင်နေတယ်။ ဆိုတဲ့ အခါကျတော့ ကျနော်တို့ ပါတီကို အကြောင်းကြားတဲ့ စာတွေဘာတွေ အမြဲတမ်း ရှိပါတယ်။ ကျနော်တို့ရဲ့ မြို့နယ်တိုင်း လိုလို၊ တိုင်းနဲ့ ပြည်နယ် အားလုံးမှာပေါ့ဗျာ၊ ကျနော်တို့မှာ မြို့နယ်တိုင်းမှာ ရှိတယ်။ အဲဒီတော့ ဒီဟာတွေက ဘယ်လောက် ထိခိုက်သလဲ ဆိုတာ ကျနော်တို့ကတော့ ရနေမှာပဲ”

“နောက်တခုက ပညာသည်တွေပေါ့။ ကျနော်တို့ ပါမောက္ခတွေ ရှိတယ်။ ပညာသည်တွေ ရှိတယ်။ PhD တွေ ရှိတယ်။ အဲဒီ ပုဂ္ဂိုလ်တွေနဲ့ မကြာခဏ တွေ့ပြီးတော့ သူတို့ဆီက အကြံဥာဏ်တွေပေါ့ဗျာ၊ သူတို့ရဲ့ ထင်မြင်ချက်တွေကိုလည်း တောင်းတယ်”

“အဲဒီတော့ ကျနော်တို့အနေနဲ့ ပြည်သူကို ထိခိုက်ခြင်း၊ မထိခိုက်ခြင်းဆိုတာ သိနေရတာပဲ။ အဲဒါကို ကျနော်တို့က ပြည်သူကို ထိခိုက်ခြင်း ရှိတယ် ဆိုတာကို ခိုင်ခိုင်မာမာ ထောက်ပြဖို့ရာ ပြည်သူတွေဘက်က တောင်းဆိုခြင်း မရှိဘဲနဲ့တော့ ဒီ Sanction တွေကို ရုပ်သိမ်းဖို့ကို လက်မခံဘူး ဆိုတဲ့ ဥစ္စာ ဒေါ်စုလည်း ပြောပါတယ်”

NLD ရုံးချုပ်မှာ တိုင်းနဲ့ ပြည်နယ်က ပါတီခေါင်းဆောင်၊ ကိုယ်စားလှယ်တွေ ဆွေးနွေးတာ ရှိပါတယ်။ ဒီ Sanction နဲ့ ပတ်သက်ပြီးတော့ ဘယ်လို ဆွေးနွေးဖြစ်လဲဗျ။

“Sanction နဲ့ ပတ်သက်ပြီး ဆွေးနွေးတာက သူတို့ကတော့ Sanction ကို နိုင်ငံရေးလက်နက်တခု အဖြစ် ထောက်ခံ ကြတယ် ဆိုတာချည်းပဲ ပြောကြတယ်။ ခုနပြောတဲ့ ပြည်သူတွေဘက်က ထိခိုက်တာ၊ မထိခိုက်တာ ကတော့ သူတို့လည်း Black group ထဲမှာဆိုတော့ အမှန်အတိုင်း ပြောရရင် Sanction ကိစ္စကတော့ လူထုကြားထဲမှာ ဘယ်လို ထိခိုက်မယ်ဆိုတာ မသိနိုင်ဘူးလေ။ သိပ်မသိရပါဘူး။ ကျနော်တို့ ဆီမှာကတော့ Sanction နဲ့ ပတ်သက်လို့ အခု တိုင်းနဲ့ ပြည်နယ် ဆွေးနွေးပွဲမှာ ထွက်လာတဲ့ အသံကတော့ ဒီ Sanction တွေဟာ ရှိပေမယ့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ရှိနေတယ်၊ ဒါ သူတို့ ကိုယ်တိုင်ကလည်း မြင်နေတာကိုး။ နယ်တွေမှာလည်း တွေ့နေတာကိုး”

“နောက်တခုက ဒီမိုကရေစီ အခွင့်အရေး ဆိတ်သုဉ်းမှုတွေကိုလည်း သူတို့ကိုယ်တိုင် မြင်နေတာ၊ ခြိမ်းခြောက် မှုတွေ၊ ဟန့်တား မှုတွေ ဘာညာပေါ့ဗျာ။ နိုင်ငံရေး အကျဉ်းသားတွေ ဆိုတာလည်း သူတို့တွေပဲ မျှပြီးတော့ ထောင်တွေ ထောင်တွေ ထောင်တွေမှာ စီနေရတာဆိုတော့ သူတို့ကတော့ ပိတ်ဆို့မှုကို ဆက်ရှိသင့်တယ် ဆိုတဲ့ အသံပဲ ထွက်တယ်။ ကျန်တဲ့အသံ မထွက်ပါဘူး”

ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေက စီးပွားရေးပိတ်ဆို့မှုကို ပြန်ရုပ်သိမ်းဖို့ တောင်းဆိုနေပါတယ်။ အဲဒီအပေါ် ဘယ်လို သဘောထား ပါသလဲခင်ဗျ။

“ဒီပါတီတွေနဲ့ သဘောမတူဘူးဆိုတာကတော့ ကျနော်တို့ ပြောပြီးသားပါ။ အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ NDF ခေါင်းဆောင်တွေ တွေ့တဲ့ အခါတုန်းကလည်း ဒီသဘောထားတွေ ကျနော်တို့ ပြောခဲ့ပြီးပြီ။ သူတို့ ဘက်ကတော့ Sanction နဲ့ ပတ်သက်လို့ ကျနော်တို့ ဘာသာ ကျနော်တို့ တောင်းဆိုချင် တောင်းဆို၊ ကျမတို့ကတော့ မလုပ်နိုင်ဘူး၊ ဒီဥစ္စာ အမှန်အတိုင်း ပြောရရင် NDF ခေါင်းဆောင်တွေ ဆိုတာ အခု NDF ပါတီ ပေါ်လာမှသာ အခုနောက်ပိုင်းမှာ အစိုးရတွေ ပြောလို့သာ ဒီကိစ္စကို အစိုးရ လေသံအတိုင်း လိုက်ပြောတာကိုး။ Sanction ကို ထားရမယ်၊ ပိတ်ဆို့ရေးကို ချမှတ်ရမယ်၊ ဒီဟာတွေဟာ နိုင်ငံရေး လက်နက်ပဲ၊ နိုင်ငံရေး အားဖြင့် အရေးယူမှုပဲ ဆိုတဲ့ဟာ သူတို့ တလျှောက်လုံး ကိုင်ခဲ့တဲ့ သဘောထားကိုး။ အဲတော့ ကျနော်တို့ NDF နဲ့ တွေ့တဲ့အခါ NDF ကလည်း ဘာမှ မပြောနိုင်ပါဘူး။ သူတို့ရဲ့ ရပ်တည်ချက်ကို ကျနော်တို့ နားလည်ပါတယ် လို့ပဲ ပြောနိုင်တယ်”

စီးပွားရေး ပိတ်ဆို့မှု ပြန်ရုပ်သွားမယ်ဆိုရင် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေက ဝင်လာနိုင်မယ်ဆိုတော့ ကောင်းတဲ့ အချက်တွေ ရနိုင်မလားခင်ဗျ၊။

“ကျနော်တို့က ယုံတယ်။ ကျနော်တို့က Investment (ရင်းနှီးမြှုပ်နှံမှု) နဲ့ ပတ်သက်ပြီး ကျနော်တို့မှာ Sanction ကို နိုင်ငံရေး အားဖြင့် သူတို့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဒီမိုကရေစီ အရေး ကိစ္စတွေကြောင့်သာ ကျနော်တို့က နိုင်ငံရေး လက်နက် အနေနဲ့ ပြောရတာကိုး။ ပုံမှန်အားဖြင့် ဆိုရင်တော့ ကျနော်တို့က ဆင်းရဲတဲ့ နိုင်ငံတခု၊ တိုင်းပြည်မှာ ဆင်းရဲနေတဲ့ နိုင်ငံတခု၊ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတခု အနေနဲ့ Investment ကို၊ Foreign Investment တွေ ဆိုတဲ့ဟာတွေက ကျနော်တို့ လက်ခံတာပဲ။ သူတို့ကို ဒါတွေနဲ့ ပတ်သက်ပြီး ငြင်းစရာ မရှိဘူး။ ရင်းနှီးမြှုပ်နှံမှုကနေ နည်းပညာတွေ ရချင်ရင်၊ အသုံးဝင်တဲ့ ရင်းနှီး မြှုပ်နှံမှုတွေ ဖြစ်သင့်တယ်။ ဝင်လာမယ့် ရင်းနှီးမြှုပ်နှံမှုတွေက ပိတ်ဆို့မှုတွေနဲ့ ဘယ်လောက် ငြိစွန်းမလဲဆိုတာ မသိဘူးလေ။ ရင်းနှီး မြှုပ်နှံမှုတချို့က ပိတ်ဆို့မှုတွေကို ချိုးဖောက်တဲ့ သဘော ဆောင်တာလဲ ရှိတယ်ပေါ့ဗျာ။ အဲဒီလိုမဟုတ်ဘဲ ပိတ်ဆို့မှုကို ချိုးဖောက်တာမျိုး မဟုတ်ဘဲနဲ့ တိုင်းပြည်မှာ လာပြီးတော့ ရင်းနှီးမြှုပ်နှံမှု လုပ်တဲ့ သဘောကလည်း ဖြစ်နိုင်တဲ့အခါ ကျနော်တို့ စဉ်းစားတာက ဒီရင်းနှီး မြှုပ်နှံမှုတွေက တကယ် ထိရောက်ရဲ့လား အဲဒီလို စဉ်းစားပါတယ်”

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးကို ကူညီနေတဲ့ နိုင်ငံတချို့က စီးပွားရေးပိတ်ဆို့မှုတွေ ပြန်ရုပ်ပြီး ရင်နှီးမြှုပ်နှံ မှုတွေ လာလုပ်ကြမယ်လို့ ပြောသံတွေ ကြားပါတယ်။ အဲဒီအပေါ်မှာရော ခင်ဗျ။

“မြန်မာပြည် ဒီမိုကရေစီအရေးကိစ္စနဲ့ ပတ်သက်လို့ ဒီနိုင်ငံတွေက ကျနော်တို့ ဘက်ကနေ အများကြီး ရပ်တည် ပြီးတော့ ထက်ထက် သန်သန် ဆောင်ရွက်တဲ့အခါ ကျနော်တို့ ယူဆချက်တွေနဲ့ ကွဲလွဲပြီး လုပ်လာလိမ့်မယ်လို့ ကျနော်မထင်ဘူး”

Ref: မဇ္ဈိမ

Read More...

မောင်တောတွင် တာလီဘမ် အဖွဲ့ဝင် ၈၀ ဖမ်းဆီးခံရ

3/20/2011

---------------
မင်းဆက်ခိုင်
---------------

ရခိုင်ပြည်နယ် မောင်တောမြို့တွင် အစ္စလာမ်မစ် တာလီဘမ် အဖွဲ့ဝင်ဟု ယူဆရသူ မွတ်ဆလင် ၈၀ ခန့်ကို သက်ဆိုင်ရာမှ ဖမ်းဆီးရမိ ထားကြောင်း နစက သတင်း ရပ်ကွက် အရ သိရသည်။

နစကနှင့် နီးစပ်သူ မောင်တောမြို့ခံ တစ်ဦးက“ လွန်ခဲ့တဲ့ ၄ ရက်လောက်က မောင်တောမြို့ မြောက်ပိုင်းမှာ ရှိတဲ့ ကွမ်းသီးပင် ကျေးရွာ က မူဆလင် အမျိုးသား တဦးဆီက “အစ္စလာမ်မစ် တာလီဘမ်အဖွဲ့” ဆိုတဲ့ ရုံးသုံး တံဆိပ်တုံး တွေနဲ့ တခြား စာရွက် စာတန်းတွေ ဖမ်းဆီး ရမိခဲ့ပါတယ်။ သူ့ကို ဖမ်းဆီး စစ်ဆေးပြီးတဲ့ နောက်မှာ နောက်ထပ် သံသယ ဖြစ်ခံရသူ အဖွဲ့ဝင် တွေကိုလည်း ဖေါ်ထုတ် ဖမ်းဆီး နိုင်ခဲ့ပါတယ်။ အခု ကျီးကန်းပြင် ဌာနချုပ်မှာ အယောက် ၈၀ ခန့်ကို ဖမ်းဆီး ထားတယ်လို့ သိရပါတယ်။” ဟု ပြောသည်။

ဖမ်းဆီးခံ အစ္စလာမ်မစ် တာလီဘမ် အဖွဲ့ဝင်များထံမှ စစ်ဆေး မေးမြန်း ဖေါ်ထုတ်ချက် အရ တခြား ဆက်စပ်သူ များကိုလည်း ဖမ်းဆီး ထားကြောင်း သိရသည်။

“ အခုလောလောဆယ် နယ်မြေ(၁) အောင်သပြေကျေးရွာ၊ ကွမ်းသီးပင် ကျေးရွာ၊ ခမောင်းဆိပ် ကျေးရွာနှင့် တခြား ကျေးရွာများမှ အဖွဲ့ဝင်များကို ယမန်နေ့က မောင်တောမြို့နယ် ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီး ကိုယ်တိုင် သွားရောက်ပြီး ရှာဖွေ ဖမ်းဆီး ခဲ့ပါတယ်။ နောက်ထပ်လည်း ဖမ်းဆီးမူတွေ ရှိနိုင်တယ်လို့ သိရပါတယ်” ဟု သူက ဆက်ပြောသည်။

နောက်ဆုံး ရရှိသော သတင်းအရ တာလီဘန် အဖွဲ့ဝင်များဟု သင်္ကာ မကင်းသူများကို ကျီးကန်းပြင် နစက ဌာနချုပ်မှ အရေး ပေါ် စစ်ဆင်ရေး ပြုလုပ်ကာ ဖမ်းဆီး နေပြီး တခြား ဆက်စပ်မူ ရှိသူများမှာလည်း ထွက်ပြေး တိမ်းရှောင် နေကြကြောင်း သိရသည်။

၎င်း အစ္စလာမစ် တာလီဘမ်များ ဟု ယူဆရသူများ အနေဖြင့် မြေအောက် လှုပ်ရှားသူများ ဖြစ်ပြီး ဖေါက်ခွဲရေး ပစ္စည်းများဖြင့် ဗုံးဖေါက်ခွဲမည့် အစီစဉ်များလည်း ရှိသည်ဟု နစက သတင်း ရပ်ကွက်အရ သိရသည်။

အဆိုပါ ကိစ္စအတွက် လာမည့် အပတ်တွင် မောင်တောမြို့သို့ အနောက်ပိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် စိုးသိန်း လာရောက်မည် ဖြစ်ကြောင်း သိရသည်။

ယခုကိစ္စနှင့် ပတ်သက်၍ သတင်း အသေးစိတ်နှင့် နောက်ဆက်တွဲ သတင်းများကို နိရဉ္စရာမှ ဆက်လက် စုံစမ်းနေ ဆဲဖြစ်သည်။


Ref: နိရဉ္စရာ

Read More...

အပေါ်သို့