ထွန်းထွန်း
တနင်္လာနေ့၊ ဇန်နဝါရီလ ၃၁ ရက် ၂၀၁၁
နယူးဒေလီ (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌကို ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ ရွေးချယ် ခံရကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP က ပြောသည်။
ဥက္ကဋ္ဌ အဖြစ် ဂွမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ဦးထိန်လင်းနှင့် ဒုဥက္ကဋ္ဌအဖြစ် မာန်အောင်မြို့နယ် အမှတ် ၂ မှ ဦးသာညွန့်ကို ယနေ့ စတင် ကျင်းပသည့် ပြည်နယ် လွှတ်တော် အမတ်များက မဲပေး ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
“ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတော့ ရွေးပြီးပြီ ပြောတယ်။ ကြံ့ခိုင်ရေးပဲ ရမှာပေါ့။ ကြံ့ခိုင်ရေးက စစ်တပ်က ထောက်ပေးမှာပေါ့။ ကြံ့ခိုင်ရေးက မဲများတယ်လေ။ ဂွက ဦးထိန်လင်းက ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌက မာန်အောင်က ဦးသာညွန့် ရတယ်” ဟု RNDP ပြည်သူ့ လွှတ်တော် အမတ် ဦးဘရှိန်က မဇ္ဈိမကို ပြောသည်။
ယနေ့ညနေပိုင်းတွင် ထုတ်လွှင့်သည့် စစ်အစိုးရပိုင် MRTV 4 ရုပ်သံကလည်း ဦးဘရှိန် ပြောသကဲ့သို့ ထုတ်ပြန် ကြေညာ သွားသည်။
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ၄၆ ဦး (သို့မဟုတ်) ၄၇ ဦးရှိပြီ၊ ထိုအထဲတွင် တပ်မတော်သား ကိုယ်စားလှယ် ၁၁ ဦး (သို့မဟုတ်) ၁၂ ဦး ရှိသည်။ အရပ်သား ထဲတွင် ၃၄ ရှိသည့်အနက် RNDP မှ ၁၈ ဦး ပါဝင်ပြီး ကျန်နေရာ အများစုမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ ဖြစ်သည်။
ရခိုင်လွှတ်တော် အစည်းအဝေးကို စစ်တွေမြို့ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။
Ref: မဇ္ဈိမ
Tuesday, February 1, 2011
ရခိုင်လွှတ်တော်မှာ ကြံ့ဖွံ့က ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ အရွေးခံရ
မြန်မာနိုင်ငံ အကြံပြုချက်များ လူ့အခွင့်အရေးကောင်စီ အတည်ပြု
မခင်ဖြူထွေး
တနင်္လာ, 31 ဇန်နဝါရီ 2011
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ Universal Periodic Review လို့ခေါ်တဲ့ နိုင်ငံတကာက ပထမဆုံး အကြိမ် သုံးသပ်တဲ့ ကြားနာမှုကနေ ထွက်ပေါ်လာတဲ့ နိုင်ငံတွေရဲ့ အကြံပြုချက်ပေါင်း ၁၉၀ ကျော် ပါဝင်တဲ့ အစီရင်ခံစာကို မြန်မာ့အရေး လုပ်ငန်းအဖွဲ့ အစည်းအဝေး ကနေ ဇန်န၀ါရီ ၃၁ ရက်နေ့က အတည်ပြု လိုက်ပါတယ်။ ဒီအကြံပြုချက်တွေ ထဲမှာ မြန်မာ စစ်အစိုးရဘက်က လက်ခံတာတွေ ပါသလို ငြင်းပယ်မှုတွေလည်း ရှိပါတယ်။ ဒီလို ငြင်းပယ်တဲ့ အချက်တွေကို ကြည့်ရင် မြန်မာ စစ်အစိုးရဟာ ရှေ့တမျိုး ကွယ်ရာတမျိုး လုပ်နေတယ်ဆိုတာ ပေါ်လွင်နေတယ်လို့ လူ့အခွင့်အရေး လှုပ်ရှား သူတွေက ဝေဖန်ပါတယ်။ အခု အတည် ပြုလိုက်တဲ့ အစီရင်ခံစာနဲ့ အတူ အကြောင်းစုံကို မခင်ဖြူထွေးက တင်ပြ ပေးထားပါတယ်။
ဂျနီဗာမြို့က လူ့အခွင့်အရေး ကောင်စီမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး နိုင်ငံတွေရဲ့ အကြံပြုချက်တွေကို မြန်မာ့အရေး ဆွေးနွေးတဲ့ လုပ်ငန်းအဖွဲ့ အစည်းအဝေး ကနေ မနေ့တုန်းက အတည် ပြုလိုက်တာ ဖြစ်ပါတယ်။ အတည် ပြုလိုက်တဲ့ အကြံပြုချက်ပေါင်း ၁၉၀ ကျော်မှာ ၆၄ ချက်ကို မြန်မာစစ်အစိုးရက ထောက်ခံပြီး ငြင်းပယ်တဲ့ အချက်ကတော့ ၇၀ ကျော် ရှိပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးဖို့ လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းဖို့ အကြံ ပြုချက်ကို မြန်မာ စစ်အစိုးရ ဘက်က လက်မခံသလို အပြစ် ကျူးလွန်သူတွေကို အပြစ်ပေးဖို့ကိစ္စ၊ မြန်မာ စစ်အစိုးရ ဖွဲ့စည်း အုပ်ချုပ်ပုံမှာ ပါတဲ့ အချက်တွေကို ပြန်လည် သုံးသပ်ပြီး ပယ်ဖျက်သင့်တဲ့ အချက်တွေကို ပယ်ဖျက်ပေးဖို့ ကိစ္စတွေနဲ့ ပတ်သက်ပြီး အကြံပေးချက်တွေကို ပယ်ချခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ တိုင်းရင်းသား နိုင်ငံရေး အင်အားစုတွေ အားလုံးနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဖို့ ကိစ္စကိုလည်း မြန်မာ စစ်အစိုးရ ဘက်က လက်မခံခဲ့ပါဘူး။
တချို့ အကြံပြုချက်တွေဟာ မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရ ရှုမြင်ပြီး ပြောတာ ဖြစ်ပြီးတော့ မြန်မာနိုင်ငံရဲ့ အချုပ်အချာ အာဏာကို ထိပါးစေတဲ့ အချက်တွေ ဖြစ်တဲ့အတွက် လက်မခံနိုင်ဘူးလို့ မြန်မာ ကိုယ်စားလှယ် ဦးထွန်းရှင်က အစည်း အဝေးမှာ ပြောသွားပါတယ်။
“ကျနော်တို့ လက်မခံနိုင်တဲ့ အကြံပြုချက်တွေ ထဲမှာ တချို့ကို ကျနော်တို့က အနက် အဓိပ္ပာယ် အရ ကန့်ကွက်စရာ မရှိပေမဲ့ အဲဒီ အကြံပေးချက် တချို့ရဲ့ ရေးသားပုံ ရေးသားထားချက်တွေ အရ ဒီအချက်တွေကို လက်ခံလိုက်ရင် မြန်မာနိုင်ငံရဲ့ အချုပ်အချာ အာဏာကို ထိပါးရာ ရောက်နိုင်တာ တွေ့ရတယ် ဆိုတာ ကျနော် ထောက်ပြ လိုပါတယ်။”
အခုချိန်မှာ လက်မခံသေးတဲ့ တချို့ အကြံပြုချက်တွေကိုတော့ နေပြည်တော်မှာ ရှိတဲ့ လွှတ်တော်ကို တင်ပြ ဆွေးနွေးပြီးမှ လက်ခံမခံ ဆုံးဖြတ်နိုင်မှာ ဖြစ်တယ်လို့လည်း မြန်မာ ကိုယ်စားလှယ် ဦးထွန်းရှင်က ပြောသွားပါတယ်။
လူ့အခွင့်အရေးကောင်စီ ဥက္ကဋ္ဌ Mr. Sihasak Phuangketkeow ကတော့ မြန်မာ စစ်အစိုးရ အနေနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ရှေ့ဆက်ဆောင်ရွက်ဖို့ တိုက်တွန်း သွားပါတယ်။
“မြန်မာနိုင်ငံ အနေနဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်သွားဖို့နဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖြစ်ပေါ်လာအောင် ကြိုးပမ်း သွားဖို့ ကျနော်တို့ တိုက်တွန်းပါတယ်။ ရှေ့မှာ ကြုံတွေ့ လာမယ့် အခက်အခဲ စိန်ခေါ်မှုတွေ အတွက်လည်း လူ့အခွင့်အရေး ကောင်စီ၊ နိုင်ငံတကာ အသိုက်အ၀ိုင်းနဲ့အတူ လက်တွဲပြီး ပူးပေါင်း ဆောင်ရွက်သွားဖို့ တိုက်တွန်းပါတယ်။”
မြန်မာ့အရေး လုပ်ငန်းအဖွဲ့က အတည်ပြုလိုက်တဲ့ အကြံပြုချက်တွေထဲမှာ မြန်မာ စစ်အစိုးရ လက်ခံတယ်လို့ ပြောတဲ့ အချက်တွေနဲ့ လက်မခံဘူးလို့ ပြောနေတဲ့ အချက်တွေကို ကြည့်ရင် အပြန်အလှန် သဟဇာတ မဖြစ်တာကို တွေ့နိုင်တယ်လို့ လူ့အခွင့်အရေး ကောင်စီက အစည်းအဝေးကို တက်ရောက်နေတဲ့ မြန်မာ့ လူ့အခွင့်အရေး လှုပ်ရှားသူ ဦးအောင်မျိုးမင်းက ပြောပါတယ်။
“ဒီအထဲမှာ သူတို့ လိုက်နာမယ်ဆိုတဲ့ အချက်နဲ့ တကယ်တမ်း မလိုက်နာဘူးဆိုတဲ့ အချက်ထဲမှာ ရှေ့က ပြောသွားပြီး နောက်မှာ တကယ်တမ်း မကိုက်ညီတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဥပမာ ပြောမယ်ဆိုရင် သူ့အနေနဲ့ မြန်မာနိုင်ငံက နိုင်ငံတကာက အဖွဲ့ အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်မယ်၊ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ယန္တရားတွေနဲ့ ပူးပေါင်း ဆောင်ရွက်မယ်လို့ အရှေ့ပိုင်းမှာ ပြောထားပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူတို့ လက်မခံနိုင်ဘူး ဆိုတဲ့ အချက်က ICRC လို အဖွဲ့မျိုးက တရားရုံးတို့၊ အချုပ်ခန်းတို့၊ ထောင်တို့ကို သွားရောက် စုံစမ်းခွင့် သူတို့ ခွင့်မပြုဘူးလို့ ပြောထားတယ်။
“နောက်တခုက မြန်မာနိုင်ငံရဲ့ အထူးစုံစမ်း စစ်ဆေးရေး အရာရှိနဲ့ ပူးပေါင်း ဆောင်ရွက်မယ်လို့ ပြောထားတယ်။ ဒါပေမဲ့ သူတို့ မလိုက်နာနိုင်တဲ့ အချက်က တကယ့်လို လွတ်လပ်တဲ့ နေရာတိုင်းကို သွားလာခွင့်ကိုတော့ ခွင့်မပြုနိုင်ဘူးလို့ ပြောထားတယ်။ အဲတော့ သူတို့ ပြောထားတဲ့ ပထမဦးဆုံး လက်ခံမယ် ဆိုတဲ့ အချက်တွေက ကြည့်လိုက်ရင် ကောင်းသလို ရှိပေမဲ့ သူတို့က ပြန်လည်ပြီး လက်မခံနိုင်တဲ့ အချက်တွေကတော့ ခုနပြောထားတဲ့ အချက်တွေနဲ့ ဆန့်ကျင်နေတာ၊ ကွဲလွဲနေတာ တွေ့ရတယ်။”
မြန်မာ့လူ့အခွင့်အရေး လှုပ်ရှားသူ ဦးအောင်မျိုးမင်း ပြောပြသွားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၇ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ Universal Periodic Review လို့ ခေါ်တဲ့ မြန်မာ နိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ပထမဆုံး အကြိမ် သုံးသပ်တဲ့ ကြားနာမှုတခု အရင်ဆုံး လုပ်ခဲ့တာပါ။ အဲဒီ ကြားနာမှုမှာ မြန်မာ စစ်အစိုးရ ကိုယ်စားလှယ်အဖွဲ့က လူ့အခွင့်အရေး အခြေအနေတွေကို တင်ပြခဲ့သလို ဒီအပေါ် နိုင်ငံတွေက ပြန်လည် မေးခွန်း ထုတ်မှုတွေနဲ့ အကြံပေးချက်တွေ လုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
အဲဒီ အကြံပြုချက်တွေကို အခြေခံပြီးတော့ အမေရိကန်၊ တောင်ကိုရီးယားနဲ့ လစ်ဗျား သုံးနိုင်ငံက ကြီးကြပ် တင်သွင်းတဲ့ အကြံ ပြုချက်ပေါင်း ၁၉၀ ပါဝင်တဲ့ အစီရင်ခံစာကို မြန်မာ့အရေး လုပ်ငန်းအဖွဲ့က မနေ့က အတည် ပြုလိုက်တာ ဖြစ်ပါတယ်။ ဒီ အကြံပြုချက် တွေကိုတော့ လာမယ့် ဇွန်လ လူ့အခွင့်အရေး ကောင်စီ ညီလာခံမှာ ဆက်လက် တင်ပြ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
Ref: VOA News
ဆန္ဒပြသူတွေအပေါ် အီဂျစ်စစ်တပ် အင်အားသုံးမည်မဟုတ်
တနင်္လာ, 31 ဇန်နဝါရီ 2011
အီဂျစ်နိုင်ငံက လူထုဆန္ဒပြမှုတွေကို အင်အားသုံး နှိမ်နင်းမှာ မဟုတ်ဘဲ အီဂျစ် ပြည်သူလူထုကို ကိုယ်စားပြုတဲ့ တောင်းဆို ချက်တွေကိုလည်း အသိအမှတ် ပြုပါတယ်လို့ အီဂျစ် စစ်တပ်က တနင်္လာနေ့က ကြေညာ လိုက်ပါတယ်။
ကိုင်ရိုမြို့ရဲ့ တဟီရီရင်ပြင်မှာ အစိုးရရဲ့ အပြင်မထွက်ရ အမိန့်ကို အာခံပြီး ၄ ရက်မြောက်ည ဆန္ဒပြမှုတွေ လုပ်နေတဲ့ အချိန်မှာပဲ စစ်တပ်က အခုလို အင်အား မသုံးပါဘူး၊ လူထုရဲ့ တောင်းဆိုချက်ကိုလည်း အသိအမှတ် ပြုပါတယ် ဆိုပြီးတော့ ကြေညာချက် ထွက်လာတာ ဖြစ်ပါတယ်။
နှစ် ၃၀ နီးပါးကြာတဲ့ သမ္မတ ဟို့စ်နီ မူဘာရက် (Hosni Mubarak) ရဲ့ အုပ်ချုပ်မှုကို အဆုံးသတ်ဖို့ အတွက် ဆန္ဒ ပြနေသူတွေက ဖိအားပေး တောင်းဆို နေကြတာ ဖြစ်ပါတယ်။ အဲဒီနောက် အသစ် ခန့်လိုက်တဲ့ အီဂျစ် ဒုတိယ သမ္မတရဲ့ ကြေညာချက်လည်း ထွက်လာပါတယ်။
အီဂျစ်နိုင်ငံရဲ့ ဖွဲ့စည်းပုံနဲ့ ဥပဒေ ပြုပြင်ပြောင်းလဲရေးတွေ အတွက် နိုင်ငံရေး အင်အားစု အားလုံးနဲ့ အလျှင်အမြန် ဆွေးနွေးမှုတွေ စတင် အဖြေရှာဖို့ အတွက် သမ္မတ မူဘာရက်က မှာကြား တိုက်တွန်း ထားတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ ဘယ်လို အပြောင်းအလဲတွေ လုပ်မယ်၊ အစိုးရအနေနဲ့ ဘယ်အုပ်စုတွေနဲ့ ဆက်သွယ်ပြီး ဆွေးနွေးမယ် ဆိုတာကိုတော့ မစ္စတာ အိုမာ ဆူလေမန် (Omar Suleiman) က အသေးစိတ် ပြောမသွားပါဘူး။
စစ်တပ်ရဲ့ ကြေညာချက်ထဲမှာလည်း လူထုရဲ့ တောင်းဆိုချက်ကို လေးစား အသိအမှတ်ပြုတယ် ဆိုတဲ့ နေရာမှာ သမ္မတ မူဘာရက်ကို ရာထူးက နှုတ်ထွက်ပေးဖို့ တောင်းဆိုကြတာကို ဆိုလိုသလား၊ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ တောင်းဆိုချက်ကို ဆိုလိုသလား ဆိုတာ ရှင်းရှင်းလင်းလင်း မဖော်ပြပါဘူး။
အီဂျစ်နိုင်ငံ သတင်းတွေမှာတော့ အီဂျစ်အစိုးရရဲ့ ပြည်ထဲရေးဝန်ကြီးနဲ့ ဘဏ္ဍာရေး ၀န်ကြီး အသစ်တွေကို ခန့်အပ်တယ် ဆိုတာ ကြေညာပါတယ်။ ဒါတွေဟာ ဒေါသဖြစ်နေတဲ့ ဆန္ဒပြနေတွေကို အတန်ငယ် စိတ်ပြေလာအောင် လုပ်ဆောင်တဲ့ သဘော ဖြစ်နေပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရေး ၀န်ကြီးနဲ့ ကာကွယ်ရေး ၀န်ကြီးတွေကတော့ အရင်အတိုင်းပဲ ဆက်ခန့် ထားပါတယ်။
Ref: VOA News
Monday, January 31, 2011
အီဂျစ်စစ်တပ် ဘယ်လမ်းရွေးဖို့ ဆုံးဖြတ်မလဲ
Monday, 31 January 2011
အီဂျစ်အစိုးရဆိုတာ ဟို့စ်နီ မူဘာရခ် အစိုးရ သက်သက် မဟုတ်။ ဗိုလ်ချုပ်အဟောင်း၊ အသစ် အများကြီးနဲ့ ဖွဲ့ထားတဲ့ စစ်အစိုးရ ဖြစ်သည်။ သူတို့က အီဂျစ်ရဲ့ အဓိက ဘစ်ဇနက် လုပ်ငန်းများကို အပီ ကိုင်ထားသည်။
၁၉၅၂ ခုနှစ်မှာ စစ်တပ်က အီဂျစ်သက်ဦးဆံပိုင် စနစ်ကို ဖြုတ်ချပြီး၊ စီနီယာ စစ်အရာရှိကြီး တွေက စစ်သူကောင်းပြု စနစ် သစ်ကို ထူထောင် လိုက်ကြသည်။ ၁၉၅၀နဲ့ ၁၉၆၀ ပြည့်လွန် နှစ်များတွင် ဆိုရှယ်လစ် စနစ်၊ နောက်ပိုင်း အရင်းရှင် စနစ် နဲ့ သွားပြီး အခွင့်ထူးခံ ရာထူး နေရာ မှန်သမျှ ဗိုလ်ချုပ် အဟောင်း အသစ်များပင် တောက်လျှောက် ချုပ်ကိုင်ထားသည်။
မူဘာရခ် ဆိုတာက ၁၉၇၃ ခုနှစ်အ အီဂျစ် လေကြောင်းတိုက်ပွဲ အစ္စရေးကို ဆင်နွဲတုန်းက လေတပ် ဗိုလ်ချုပ်။ အီဂျစ် လူထုကလည်း ထိုစစ်ပွဲကို အီဂျစ်စစ်တပ်ရဲ့ ဂုဏ်ရောင်ပြောင်တဲ့ မဟာအောင်ပွဲလို့ မြင်ထားကြသည်။ မူဘာရခ် ကို စစ်အောင်ပွဲကြီး သယ်ဆောင် လာသူလို့ လက်ခံ လိုက်ကြသည်။ ဒီလိုနဲ့ သူက စစ် သူကေင်းပြု စနစ်ရဲ့ အမြင့်ဆုံး ရောက်သွား ခဲ့သည်။
ဒုတိယသမ္မတ အိုမာဆူလမန် ကလည်း စစ်တပ်ထဲက မွေးထုတ် လိုက်တဲ့ ထုတ်ကုန် တစ်ခု။ မူဘာရခ် ထင်ရာ ပြောသမျှ၊ လုပ်သမျှ လိုက်ဖြန့် ပေးတဲ့သူ။ တိုင်းပြည် အုပ်ချုပ်ရေးမှုး သုံးပုံနှစ်ပုံက ဗိုလ်ချုပ်ဟောင်းတွေ၊ ကက်ဘိနတ် အဖွဲ့မှာက ဗိုလ်ချုပ် အသစ်တွေ။ ၀န်ကြီး အဖွဲ့ကဲ စစ်ယူနီဖောင်း ၀တ်ထားသူတွေ။
၂၀၀၈ ခုနှစ် ပေါင်မုန့်ပြတ်လတ်မှု ဝေငှဖို့၊ ၁၉၉၄ ခုနှစ် ရေကြီးတာ ကယ်ဆယ်ဖို့ စတဲ့ လုပ်စရာ ကိစ္စကြီးကြီး ရှိလာရင် မူဘာရခ် က စစ်တပ်ကိုပဲ တာဝန်တွေ ပေးတတ်သည်။ စစ်တပ်ကို သူယုံသည်။ စစ်တပ် အကြောင်း သူ ကောင်းကောင်း သိသည်။ စစ်တပ်ကလည်း သူ့နောက်မှာ ရှိခဲ့သည်။
မူဘာရခ်အစိုးရနဲ့ စစ်တပ်မှာ တသားထဲလို ဖြစ်နေခဲ့သည်။ ၁၉၉၀ ပြည့်နှစ်များ နိုင်ငံပိုင် လုပ်ငန်းတွေ ပုဂ္ဂလိက ပိုင်ပြောင်းတော့ ဗိုလ်ချုပ်ဟောင်း အများစုကိုပဲ လွှဲလိုက်သည်။ ဘဏ်ချေးငွေ ထုတ်ပြီး သူတို့ အကုန် သိမ်းသွားသည်။ စစ်တပ်ပိုင် စက်ရုံ အလုပ်ရုံ မှန်သမျှ အငြိမ်းစား ဗိုလ်ချုပ်ကြီးများပိုင် ဖြစ်သွားသည်။
သို့သော် အီဂျစ်လူထုက စစ်တပ်ကို သူတို့ မျိုးချစ်စိတ်ဓါတ်ပြယုဂ်၊ အမွန်မြတ် အင်စတီကျူ့၊ အမျိုးသား စည်းလုံးရေးနဲ့ ကာကွယ်ရေး မဟာရံ တံတိုင်းကြီး အဖြစ် မြင်ထားသည်။ အီဂျစ်တွင် စစ်တပ်မှာ အလေးစား ခံရဆုံး အင်စတီကျူ့ အဖြစ် ဆက်ရှိ နေသည်။ အီဂျစ်လူထုရဲ့ စစ်တပ် အပေါ် ခရေဇီ ဖြစ်မှုက အခုမှ မဟုတ်။ ၁၉ ရာစုကတည်းက သမိုင်းကြောင်းတွေ ရှိထားသည်။
ယခု အီဂျစ်စစ်အရာရှိများမှာ အကျဉ်းအကျပ်နဲ့ လမ်းဆုံလမ်းခွ ရောက်နေပြီ။ ဗိုလ်ချုပ်ကြီးဟောင်း မူဘာရခ် ကို သစ္စာ ခံမလား၊ အင်စတီကျူးရှင်း ဂုဏ်သိက္ခာကိုပဲ ဆက်ထိန်းကြမလား။ အီဂျစ် လူထုနဲ့ ပြင်ပ ကမ္ဘာအတွက်တော့ ရှင်းနေသည်။ မူဘာရခ် ရာထူးက ဆင်းပေးဖို့ အချိန်ရောက်ပြီ။
လက်ရှိ အီဂျစ်ရဲ့ ၀ရုန်းသုန်းကား အခြေအနေအောက်တွင် စစ်တပ် တစ်ခုသာ ကျယ်ကျယ် ပြန့်ပြန့် တရားဝင်မှု (legitimacy) ဆက်ရှိ နေသည်။ စစ်တပ်အဖို့ ငယ်ထိပ် မြွေပေါက်နေပြီ။ လူထုက တင့်ကားများရှေ့ ၀တ်ပြုနေသည်။ တင့်ကားတွေပေါ် တက်စီးနေသည်။ မနက်ဖြန် သဘက်ခါ ရက်ပိုင်းများအတွင်း စစ်တပ်အဖို့ တစ်ခုခု ရွေးချယ်ဖို့ ဆုံးဖြတ်ရတော့မည်။ ထိုရွေးချယ်မှုက အီဂျစ် လူထုအနာဂတ်၊ တိုင်းပြည် အနာဂတ်၊ စစ်တပ် အနာဂတ် ဖြစ်လိမ့်မည်။ မူဘာရခ် တစ်ဦးအတွက် ရွေးချယ် လိုက်ရင်တော့ အာရပ်ကမ္ဘာ သွက်သွက် ခါနေဦးမည်။
Ref: မောက္ခ
အီဂျစ်ဆန္ဒပြပွဲနဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်
Monday, 31 January 2011
နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ ဒါရိုက်တာ ဟောင်း အီဂျစ်နိုင်ငံသား ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မိုဟာမဒ် အယ်လ်ဘာရာဒေး က “အားလုံးစခဲ့တဲ့ဟာ အတွက် နောက်ကြောင်း ပြန်လှည့်စရာ မရှိဘူး။
မူဘာရခ် ရဲ့ နှစ် ၃၀ စိုးမိုးမှုကို အဆုံးသတ် ပစ်ရမယ်” ဟု ဆန္ဒပြ လူထုကြီးကို ကိုင်ရိုမြို့တော် ရင်ပြင်တွင် တနင်္ဂနွေ နေ့က အားပါးတရ ပြောခဲ့သည်။
Muslim Brotherhood အဖွဲ့အပါအ၀င် အတိုက်အခံ အုပ်စုများက မူဘာရခ်ကို အပြီးတိုင် ဖြုတ်ချဖို့ အယ်လ်ဘာရာဒေး ကို ထောက်ခံ ထားသည်။ အယ်လ်ဘာရာဒေး ပြည်သူ့ ရင်ပြင်ထဲ ၀င်လာတာနဲ့ ဆန္ဒပြ လူထုကြီးမှာ အာဏာရှင် မူဘာရခ် ပြုတ်ကျရေး အသံများ ပို ကျယ်လောင်သွားသည်။
ဆူးအက်နဲ့ အလက်ဇန်ဒါး စတဲ့ မြို့ကြီးများမှ အကျဉ်းထောင်များ ကို ၀င်တိုက်ပြီး Muslim Brotherhood မှ ခေါင်းဆောင် ၃၄ ဦး လွတ်မြောက် လာသည်။ အကျဉ်းထောင် ၀န်ထမ်း အချို့က ဆန္ဒပြသူများနှင့် ပူးပေါင်း လိုက်သည်။ တရားသူကြီး ရာပေါင်း များစွာက မူဘာရခ် ပြုတ်ကျရေး လက်မှတ်စုထိုးပြီ ဆန္ဒပြသူများနဲ့ ပူးပေါင်း လိုက်သည်။
အယ်လ်ဘာရာဒေး ဘယ်သူလဲ
မိုဟာ မူစတာဖာ အယ်လ်ဘာရာဒေး မှာ ကုလသမဂ္ဂ လက်အောက်ခံ နိုင်ငံတကာ အနုမြူ စွမ်းအင် အေဂျင်စီ (IAEA) တွင် ၁၉၉၇ ခုနှစ်မှ ၂၀၀၉ ဒီဇင်ဘာ အထိ အကြီးအကဲ တာဝန် ထမ်းဆောင်ခဲ့သည်။ နျူကလီယား မပြန့်ပွားရေး စွမ်းဆောင်မှုကြောင့် ၂၀၀၅ ခုနှစ်တွင် သူနဲ့ IAEA အဖွဲ့ ပူးတွဲပြီး ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိခဲ့သည်။ နယူးယော့ခ် တက္ကသိုလ်မှ နိုင်ငံတကာ ဥပဒေဖြင့် ဒေါက်တာဘွဲ့ ရရှိခဲ့သည်။
အသက် ၆၈ နှစ်ရှိ ဒေါက်တာ အယ်လ်ဘာရာဒေးမှာ အီဂျစ်နိုင်ငံရေးမှာ ၀င်နွှဲဖို့ ဘယ်တုန်း ကမှ စိတ်ကူး မရှိ။ ကုလသမဂ္ဂ အရာရှိဟောင်းကြီး အဖြစ်နဲ့ ကိုင်ရိုတွင် အေးအေး နေနေသူဖြစ်သည်။ သို့သော် တွစ်တာနဲ့ ဖေ့စ်ဘွတ်များက တဆင့် ဒီမိုကရေစီ မက်ဆေ့ခ်ျတွေ အမြဲ လွှတ်နေသူ ဖြစ်သည်။ အယ်ဂျာဇီးယား ရုပ်သံမှ အာရပ် ကမ္ဘာရဲ့ ဒုက္ခ အ၀၀နဲ့ ခြစားမှုများ ဖော်ထုတ်နေသူ ဖြစ်သည်။ အီဂျစ်ရဲတွေက သူ့ကို လူထုနဲ့ ဝေးဝေးနေဖို့ တားမြစ် ထားသည်။ ဆန္ဒပြမှုများ စတင်ခိုက် နေအိမ် အကျယ်ချုပ် သဖွယ် မထွက်ဖို့ တားထားသည်။ သို့သော် ဘုရားဝတ်ပြုဖို့ ဗလီထွက်ရင်း လူထုကြားထဲ ရောက်သွားသည်။
ဒေါက်တာ အယ်ဘာရာဒေးက “အရိုင်းအစိုင်း အစိုးအရဟာ အခုကြမ္မာ ငင်နေပြီ။ အားလုံး ငြိမ်းငြိမ်း ချမ်းချမ်း ဆက်ဆန္ဒပြ နေကြတယ်။ ဆန္ဒပြတာ အားလုံးရဲ့ အခြေခံ အခွင့် အရေးပဲ။ မူဘာရခ် အစိုးရဟာ ဘယ်လောက် ရက်စက် ကြမ်းကြုတ်တယ်၊ ဘယ်လောက် ကောက်ကျစ် အာဏာရှင် ဆန်တယ် ဆိုတာကို အီဂျစ် လူထုက ကမ္ဘာကို ပြနေကြတယ်” ဟု တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
“နိုင်ငံတကာအသိုင်းအ၀ိုင်းက ဘာလို့ နှုတ်ဆိတ်တာလဲ။ မူဘာရခ် ဘာလို့ နောက်က ထောက်ခံ ပေးနေတာလဲ။ ဘာလို့ နေစိမ့် နေကြတာလဲ။ အရိုင်းအစိုင်း အစိုးရကို ဆက်ထောက်ခံ နေရင်၊ ခင်ဗျားတို့ နိုင်ငံတွေ အီဂျစ်နဲ့ အာရပ် ကမ္ဘာရဲ့ ယုံကြည် လေးစားမှုကို ဇီးရိုးပဲ ရလိမ့်မယ်” ဟု တင်းတင်းမာမာ ပြောရင်း မူဘာရခ်နဲ့ ပါတာနာ လုပ်ခဲ့တဲ့ အမေရိကန် အစိုးရကို ရည်ညွှန်း ပြောဆို သွားသည်။
Source: Aljazeera & CNN
Ref: မောက္ခ
စစ်တပ်နှင့် အမိန့်နာခံမှု - အပိုင်း (၂)
ရော်နီညိမ်း ။
စနေ, 29 ဇန်နဝါရီ 2011။ ။
တပ်မှူးတပ်သား ပြောစကား (၀၄၅)
ကမ္ဘာ့နိုင်ငံတွေက စစ်တပ်တွေနဲ့ အမိန့် နာခံမှု အကြောင်းကို မြန်မာ့ တပ်မတော်ရဲ့ အမိန့် နာခံမှုနဲ့ ယှဉ်တွဲပြီး၊ ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ ဦးရော်နီညိမ်းက “စစ်တပ် နှင့် အမိန့်နာခံမှု - အပိုင်း (၂)” ခေါင်းစဉ်နဲ့ စီစဉ် တင်ဆက် ထားပါတယ်။
ဦးရော်နီညိမ်း။ ။ ၁၉၉၉ ခုနှစ်မှာ မြောက်အတ္တလန္တိတ် စစ်စာချုပ် NATO (North Atlantic Treaty Organization) တပ်ဖွဲ့တွေရဲ့ တပ်မှူးကြီး လည်းဖြစ် ယူဂိုဆလားဗီးယား စစ်ပွဲရဲ့ တပ်မှူးကြီးလည်း ဖြစ်တဲ့ အမေရိကန် ဗိုလ်ချုပ်ကြီး Wesley Clerk ရဲ့ လက်ထောက် ကတော့ ဒုတိယ တပ်မှူးကြီး ဗြိတိသျှ ဗိုလ်ချုပ်ကြီး Michael Jackson ပါ။ ဒီအခြေနေမှာ ဗိုလ်ချုပ်ကြီး Michael Jackson ပါဝင် လာခဲ့ပုံကို အဆိုတော် James Blunt က အခုလို ဆက်ပြီး ပြောပြပါတယ်။
James Blunt ။ ။ ကံကောင်းထောက်မစွာနဲ့ အဲဒီအချိန်မှာ ရေဒီယို ဆက်သွယ်ရေး စက်ပေါ်ကို ဗိုလ်ချုပ်ကြီး Mike Jackson တက်လာ ခဲ့ပတယ်။ အဲဒီတုန်းက အမေရိကန် ဗိုလ်ချုပ်ကြီး Wesley Clerk ကို ဗိုလ်ချုပ်ကြီး Mike Jackson ပြောလိုက်တဲ့ စကားလုံး အတိုင်း အတိအကျ ပြန်ပြောရမယ် ဆိုရင်၊ ကျုပ်ရဲ့ ရဲဘော်တွေက တတိယ ကမ္ဘာစစ်ကြီး ဖြစ်အောင် စပြီး လုပ်လိုက်ကြတဲ့ အဖြစ်မျိုး ကျုပ် အဖြစ် မခံနိုင်ဘူးလို့ သူက ပြောခဲ့တာပါ။ ကျနော့်တပ်ကိုလည်း လေယာဉ်ကွင်းကို သွားပြီး ၀ိုင်းမယ့်အစား ကားလမ်း တလျှောက်မှာပဲ စနစ်တကျ စုစည်းထားဖို့ ဗိုလ်ချုပ်ကြီး Mike Jackson က ပြောခဲ့ပါတယ်။
ဦးရော်နီညိမ်း။ ။ ၁၉၈၃ ခုနှစ် ရန်ကုန်မြို့ အာဇာနည်ဗိမာန် ဗုံးခွဲ တိုက်ခိုက်ခံရစဉ်က တရားခံ မြောက်ကိုရီးယား သူလျှိုတွေကို မိမိစစ်သည် တွေ အသေခံပြီး အရှင်လက်ရ ဖမ်းဆီးရမယ် ဆိုတဲ့ အထက်က အမိန့်ကို သန်လျင်မြို့ ခလရ (၉၀) တပ်စု တစ်စုထဲက commando (ကွန်မန်ဒို) တွေအဖြစ် အရွေးခံ ထားရတဲ့ စစ်သည်တွေက အမိန့်အတိုင်း လိုက်နာ ဆောင်ရွက်ပြီး အသေခံ သွားကြတာဟာ၊ ဘာကြောင့်လဲလို့ ပြန်ပြီးသုံးသပ် ကြည့်လို့ ရပါတယ်။ အထက်ကနေ ဒီအကြောင်း ဒီအကြောင်းတွေကြောင့် အသေခံသင့် ခံရမယ်ဆိုတဲ့ အမိန့်ကို ပေးရတဲ့ ရည်ရွယ်ချက်က မိမိ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို ပြန်ပြီး ဆည်ယူဖို့ ဆိုတဲ့ နိုင်ငံရေး ရည်မှန်းချက် ဖြစ်တာကို၊ လိုက်နာရမယ့် စစ်သည် အားလုံးက လက်ခံ နားလည် နေကြကြောင်း တွေ့ရှိရပါတယ်။ ဒီစစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်ဟာ အငြင်းပွါးစရာ မရှိသလို ဒီစစ်ဆင်ရေးကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက် ဟာ စစ်သည်တွေ အသေခံ သွားရနိုင်ပေမယ့်၊ တိုင်းပြည် အတွက် ဂုဏ်သိက္ခာ ပြန်တက်နိုင်တဲ့ ကောင်းသော အကျိုးဆက် ဖြစ်တယ် ဆိုတာကို အမိန့်ကို လိုက်နာရမယ့် စစ်သည် အားလုံးက နားလည် သဘောပေါက် နေတာကိုလည်း တွေ့ရှိရပါတယ်။ ဗိုလ်ကြီး James Blunt အမိန့် မနာခံခဲ့ သလို ကြားကနေ ဗိုလ်ချုပ်ကြီး Wesley Clerk ရဲ့အမိန့်ကို ၀င်ရောက် ပိတ်ဆို့ခဲ့တဲ့ ဗိုလ်ချုပ်ကြီး Michael Jackson ဟာလည်း အမိန့်နာခံဖို့ ပျက်ကွက် ခဲ့ပါသလားလို့ ဘီဘီစီ ရေဒီယို Channel 5 နိုင်ငံရေးကဏ္ဍ အစီအစဉ် တင်ဆက်သူ John Pienaars က ပြီးခဲ့တဲ့ ၂၀၁၀ နိုဝင်ဘာ လ ၁၄ ရက်နေ့က ဗိုလ်ချုပ်ကြီး Michael Jackson ကို တွေ့ဆုံ မေးမြန်းခန်းမှာ မေးခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး Michael Jackson ။ ။ အမိန့်မနာခံဘူးလို့ ပြောကြကြေးဆိုရင် James Blunt က ဘယ်သို့ ဘယ်ပုံ အမိန့် မနာခံဘူး ဆိုတာတော့ ဗိုလ်ချုပ်ကြီး Wesley Clerk က အသေးစိတ် ပြောလိမ့်မယ် မဟုတ်ဘူးဗျ၊ ရုရှတပ်တွေ ပရစ္စတီးနား (Pristina) လေဆိပ်ကို ဦးတည် ချီတက် နေကြပြီ ဆိုတာကို ရှင်းရှင်းလင်းလင်း သိလိုက်ရတဲ့နေ့ မတိုင်ခင် တစ်ရက်မှာ၊ ဒီအကြပ်အတည်း စပြီးတော့ ဖြစ်ခဲ့တာပါ။ ဒီနေရာမှာ ကျနော့်အထက် ဗိုလ်ချုပ်ကြီး Wesley Clerk က ဒေသခံတွေက တောင်းဆိုလို့ တနည်းအားဖြင့် ကျနော်တို့ကို ဖိတ်ခေါ်လို့ ပရစ္စတီးနား လေ ဆိပ်မှာ ကျနော်တို့ NATO တပ်တွေ အခြေပြုဖို့ ရောက်လာ ကြတာပါ ဆိုပြီး ရုရှားတွေကို ခပ်တင်းတင်း ရင်ဆိုင်ထားတဲ့ အခြေအနေမျိုး ဖြစ်ချင်တယ်။ ဒါက တကယ့်ကို အတိမ်းအစောင်း မခံတဲ့ အခြေအနေပါ။ ကျနော်တို့ ဒီ ကိစ္စကို လက်တွေ့ ကျကျ မျက်နှာချင်းဆိုင် မဖြေရှင်းနိုင်ခင် အထိ ဒီအကြပ်အတည်း ဖြစ်နေတာ (၇၂) နာရီ ကြာခဲ့ပါတယ်။ James Blunt က ဒါဟာ စစ်ပွဲ ကြားမှာ နိုင်ငံရေး အမြတ်ထုတ်ချင်လို့ ဖြစ်လာရတဲ့ အခက်အခဲ အကြပ်အတည်းလို့ ထောက်ပြ ခဲ့တာပါ။ ကျနော်တို့ကလည်း ဒီအလုပ်ဟာ ကျနော်တို့ စစ်သားတွေ လုပ်ရမယ့် အလုပ် မဟုတ်ဘူးလို့ ယူဆခဲ့ပါတယ်။
ဦးရော်နီညိမ်း။ ။ အနောက်နိုင်ငံတွေက သူတို့ရဲ့ အကျိုးစီးပွါးကို ကာကွယ် စောင့်ရှောက်ဖို့ ဖွဲ့စည်းထားတဲ့ မြောက် အတ္တလန္တိတ် စစ်စာချုပ် NATO (North Atlantic Treaty Organization) တပ်ဖွဲ့ တွေမှာ အကွဲကွဲ အပြားပြားသော နိုင်ငံတွေက တပ်မတော်တွေနဲ့ ဖွဲ့စည်းထားတာ ကြောင့် အမေရိကန် ဗိုလ်ချုပ်ကြီးရဲ့ အမိန့်ကို ဗြိတိသျှ စစ်ဗိုလ်က မလိုက်နာတာဟာ NATO ရဲ့ စစ်ခုံရုံးကို ရောက်စရာရှိရင် ရောက်မှာ ဖြစ်ပေမယ့်၊ နိုင်ငံမတူတဲ့ တပ်မတော် နှစ်ခုက စစ်အရာရှိတွေ ကြားက ပြဿနာ လို့လည်း စောဒက တက်လို့ ရပါတယ်။ ဒါကြောင့် ဒါဟာ စစ်တပ်ရဲ့ အမိန့်နာခံမှု မနာခံမှု အကြောင်းအရာနဲ့ နှိုင်းယှဉ်လို့ မရဘူးလို့လည်း ပြောလို့ရပါတယ်။ ဒါပေမယ့် ဒီနေရာမှာ စစ်တပ်ချင်း မတူတာတို့ နိုင်ငံချင်း မတူတဲ့ စစ်အရာရှိ နှစ်မျိုး နှစ်စားကြားက အမိန့်နာခံမှု မနာခံမှု ဆိုတာထက် အထက်က ပေးအပ်လာတဲ့ အမိန့်ဟာ ဘာရည်ရွယ်ချက်နဲ့ ပေးတာ လဲ၊ အကျိုးဆက်က ဘာဖြစ်နိုင်သလဲ ဆိုတာကို အမိန့် ပေးခံရတဲ့ လက်အောက် စစ်သည် တစ်ဦးရဲ့ စဉ်းစား ဆင်ခြင်ပုံကို ရှုမြင် သုံးသပ်ကြည့်လို့ ရပါတယ်။ မြန်မာနိုင်ငံမှာ ၁၉၉၈ ခုနှစ်က တောင်ဘက် အစွန်ဆုံး ခရစ္စတီး (Christie) ကျွန်းပေါ်မှာ အပြစ်မဲ့ သာမန် အရပ်သူ အရပ်သားတွေကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့အမိန့်နဲ့ တသွေမတိမ်း လိုက်နာဆောင်ရွက် သတ်ပစ်ခဲ့ကြတဲ့ မြန်မာ့ တပ်မတော် အရာရှိ ကြီးငယ်တွေကို ပြန်ပြီးလေ့လာ သုံးသပ် ကြည့်တဲ့ အခါမှာလည်း အားလုံးဟာ ဗြိတိသျှ စစ်တပ်က စစ်ဗိုလ်ကလေး ဗိုလ်ကြီး James Blunt လိုပဲ မြန်မာနိုင်ငံရဲ့ ခေတ်ပညာတတ် စစ်အရာရှိတွေ ဖြစ်ကြတာကို တွေ့ရှိရပါတယ်။ ခြားနားမှုကတော့ အထက်က အမိန့်ဟာ ဘာရည် ရွယ်ချက်နဲ့ ပေးတာလဲ၊ အကျိုးဆက်က ဘာဖြစ် နိုင်သလဲ ဆိုတာကို စဉ်းစားဆင်ခြင်မှု မရှိခြင်း ဆိုတာကို တွေ့ကြရပါတယ်။ စစ်မြေပြင်မှာသာ ရန်သူနဲ့ ရင်ဆိုင် တိုက်ခိုက် နေရချိန်မှာ အထက်အမိန့် အတိုင်း တသွေမတိမ်း လိုက်နာ ဆောင်ရွက်ကြဖို့ ဖြစ်ပေမယ့် စစ်မြေပြင် မဟုတ်တဲ့နေရာမှာ မိမိရဲ့ ရန်သူ မဟုတ်တဲ့ သာမန် အရပ်သူ၊ အရပ်သား တွေ အမျိုးသမီးတွေ ကလေးတွေပါ မကျန် သတ်ပစ် လိုက်ကြသူတွေရဲ့ အထက်အမိန့် အတိုင်း နာခံမှုမှာ စဉ်းစား ဆင်ခြင်ပြီး လိုက်နာခဲ့ကြခြင်း မဟုတ်တာကို ၁၉၉၈ခုနှစ် ခရစ္စတီး (Christie) ကျွန်း ကြည်း-ရေ-လေ စစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်း ထွဋ်က ဗီအိုအေကို အခုလို ပြောပြခဲ့ပါတယ်။
ဦးအောင်လင်းထွဋ် ။ ။ ဗိုလ်ချုပ်ကြီးကြည်မင်းက အားလုံးပေါ့လေ ကျနော်တို့ အပါအ၀င် အားလုံးကို ခေါ်ပြီးတော့ ဘာပြောလဲ ဆိုတော့ အခု ဖမ်းထားတဲ့ (၅၉) ယောက်လုံးကို အကုန်လုံးကို ရှင်းပစ်ရမယ် သတ်ပစ်ရမယ် ဆိုပြီး အမိန့်ပေးတယ် ဆိုပြီး ပြောပါတယ်။ ဗိုလ်ချုပ်မြင့်ဆွေက ဗိုလ်ချုပ်ကြီး ကြည်မင်းကို ဆက်သွယ်ရေး စက်နဲ့ လှမ်းပြီး အမိန့်ပေးတာပါ။ ဗိုလ်ချုပ် သူရမြင့်အောင် အခု စစ်ရေးချုပ် လုပ်နေတဲ့ လူက ဘာပြောလဲဆိုတော့ “ဒါ အထက်အမိန့်ပဲ၊ အကုန် သတ်ပစ်ရမှာပေါ့” ဆိုပြီးတော့မှ သူက စပြောပါတယ်။ ဆက်ပြီးတော့ ရှင်းရှင်း ပြောရရင်တော့ အမိန့် ပေးလိုက်တဲ့ အတိုင်းပဲ အဲ့ဒီ့နေ့မှာပဲ အဲ့ဒီ့ အရပ်သူ အရပ်သားတွေကို သောင်ပြင်မှာပဲ အကုန်လုံးက သေနတ်နဲ့ ပစ်သတ် ပြီးတော့မှ သောင်ပြင်မှာ မြှုပ်လိုက် တယ်လို့ ကျနော်တို့ သိရပါတယ်။ အခု သွားပြီး အဲ့ဒီ့ အရိုးတွေကို တူးကြည့်ရင် မြင်ရပါဦးမယ်။ ၁၉၉၇ခုနှစ် လောက်ထဲက၊ စစ်ဆင်ရေး လေးလပတ် (စစ်ရုံးချုပ် အစည်းအဝေး) တခုမှာ “အစိပ်သားတောင် မချန်နဲ့၊ မင်းတို့ အကုန်လုံး ရှင်းပစ်” ဆိုပြီးတော့မှ အမိန့်က တရားဝင်ပေးတာ။ အဲ့ဒီ အမိန့်ကို အကောင်အထည် ဖေါ်တာက ဗိုလ်ချုပ်မောင်ဘို (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်၊ ကာကွယ်ရေး ၀န်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့ (၃) ၏ ကစထမှူး အဖြစ်မှ၊ တပ်မတော် စစ်ဆေးရေး နှင့် စာရင်းစစ်ချုပ် ကြည်း-ရေ-လေ အဖြစ် ရာထူး ချခံရပြီး ကွယ်လွန် သွားခဲ့သူ ဒုဗိုလ်ချုပ်ကြီး မောင်ဘို)။ ဗိုလ်ချုပ်ကြီးမောင်ဘို တိုင်းမှူး (အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်) ဘ၀တုံးက ရွာသူ ရွာသားတွေကို ဘယ်လောက် သတ်ပစ်ခဲ့တယ် ဆိုတာ၊ သူ အသိဆုံးပါ။ “အစိပ်သားတောင် မချန်နဲ့” ဆိုတဲ့ ဥစ္စာက ကိုယ်ဝန်ပေါ့ဗျာ။ ကိုယ်ဝန်ကို တပ်ထဲမှာ “အစိပ်သား” လို့ ကျနော်တို့ ခေါ်တာကိုး။ ဗိုက်ထဲမှာရှိတဲ့ ကလေးတောင် မချန်နဲ့၊ အကုန်လုံး သတ်ပစ် ဆိုပြီးတော့ တရားဝင် အမိန့်ပါ။ တရားဝင် အမိန့်ဆိုတာ စစ်ဆင်ရေး အစည်းအဝေး တစ်ခုမှာ နှုတ်မိန့်ပေါ့ ဗျာ။ စာနဲ့တော့ ဘယ်သူမှ မထုတ်ပါဘူး။ ပြောလိုက်တဲ့ စကားပါ။ အဓိကကတော့ ရှမ်းပြည်နယ်၊ မွန် ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း။ အညိုရောင်လို့ သတ်မှတ်ထားတဲ့ နယ်မြေမှာ။ အဲ့ဒီအချိန်က ဒါ ဘာလို့ ဖြစ်ရလဲဆိုတဲ့ အခါကျတော့ ရှင်းရှင်းပြောရရင်၊ ရွာတွေကို စုတာပါဘဲ။ Replacement လုပ်တယ်။ (မှတ်ချက်။ ။ တိုင်းရင်းသား ဒေသတွေမှ ကျေးရွာတွေကို စစ်အင်အားနှင့် ခြိမ်း ခြောက်ပြီး အတင်းအကြပ် ပြောင်းရွေှ့ ပစ်ခြင်းကို မြန်မာ့ တပ်မတော်တွင် “ရွာစုသည်”ဟု တရားဝင် ခေါ်ဝေါ်သည်။) ရွာတွေကို စုတဲ့အခါမှာ တချို့ရွာတွေက သူတို့ရဲ့အိုးအိမ် သူတို့ရဲ့ တောင်ယာလေးတွေကို မဖျက်ချင်တဲ့ အခါကျတော့ မပြောင်းချင်ဘူး။ မပြောင်းချင်တဲ့ ဥစ္စာကို by force မပြောင်းရင် မရဘူး ဆိုတဲ့ ဟာမျိုးနဲ့၊ လူတွေကို သတ်ပစ်ခဲ့တဲ့ ဖြစ်စဉ်တွေ အများကြီး ရှိပါတယ်။ အဲ့ဒီ့ သက်ဆိုင်ရာ နယ်မြေမှာ ရှိတဲ့လူတွေ အသိဆုံးပါ။
ဦးရော်နီညိမ်း။ ။ ဒီနေရာမှာ မြန်မာ စစ်တပ်ထဲမှာ အရိုးစွဲနေပြီးတော့ ဒီစကားကို ကြားလိုက်ရရင် အထက် အမိန့်ကို “ကျိုးကြောင်းဆင်ခြင်ဖို့ မလို လိုက်ကို လိုက်နာရမယ်” လို့ မှတ်ယူ သွားစေတဲ့ စကား တခွန်းဟာ မြန်မာ့ တပ်မတော်ထဲမှာ နှစ်ပေါင်းများစွာ တည်ရှိ နေခဲ့ပါတယ်။ "ရေဗူး ပေါက် တာမလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်" ဆိုတဲ့ “ကောင်းတာရော မကောင်းတာရော အထက်ကခိုင်းရင် ဘာမှ မစဉ်းစားနဲ့ လိုက်သာ လုပ်" ဆိုတဲ့ အတွေးအခေါ် ဖြစ်ပေါ်စေတဲ့ ဒီစကားရပ်နဲ့ ပတ်သက်ပြီးတော့ ဂျပန်ခေတ် မင်္ဂလာဒုံ စစ်တက္ကသိုလ် အပတ်စဉ် (၃) က ဗိုလ်သင်တန်းဆင်း ခဲ့တဲ့ မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရဦးတင်ဦးကို ဗီအိုအေက မေးကြည့်ခဲ့ပါတယ်။
ဦးတင်ဦး။ ။ ဗိုလ်ချုပ်အောင်ဆန်းတို့က ဟိုင်နန်ကျွန်းမှာ ရဲဘော်သုံးကျိပ် သန္ဓေ တည်ပြီးတော့ ဗမာ့ လွတ်လပ်ရေး တပ်မတော် စဖြစ်လာတာကိုး၊ ဂျပန်မှာက သူတို့ စစ်သားတွေနဲ့ ပတ်သက်လို့ မနက်ကို သစ္စာ ဆိုရတယ်ပေါ့ဗျာ။ သစ္စာ (၄) ချက်က အဲဒီ ဂျပန် တပ်မတော် ကနေပြီးတော့ training ကနေပြီး ဆင်းသက်လာတဲ့ သစ္စာ(၄)ချက် ပဲ။ ပထမ ဦးဆုံးက (ဂျပန်ဘာသာနှင့်) gunjin ha chusetsu wo tsukusu wo honbun to subeshi "နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာကို စောင့်သိ ရိုသေပါမည်" ဆိုတဲ့ စကားပေါ့။ နောက် ဒုတိယကတော့ (ဂျပန်ဘာသာနှင့်) gunjin ha reigi wo tadaskiku subeshi "အမိန့်ကို နာခံပါမယ်" ဆိုတဲ့ သဘောပေါ့။ အဲဒီလို ကျနော်တို့ ဆိုလာ ကြရတာပေါ့နော်။ အဲဒါကို မြန်မာလို ပြန် လိုက်တဲ့ အခါကျတော့ ဒုတိယပိုဒ်က "အထက်မှ ပေးသော အမိန့်ကို ကျေပွန်စွာ ထမ်းဆောင်ပါမည်" ပေါ့။ အဲဒီလို ဖြစ်လာတာပေါ့။ နောက်တခု က ဟိုတုန်းက slogan ကလည်းပဲ ဒီတနိုင်ငံလုံးမှာ ဂျပန်ရဲ့ စစ်အုပ်ချုပ်ရေး အောက်မှာ ဆိုတော့၊ ကျနော်တို့ တိုင်းပြည်ကို ပါလာတာက ဘာလဲ ဆိုတော့ ကြွေးကြော် သံတခုက “တသွေး၊ တသံ၊ တမိန့်” ဆိုတာ ပါလာတာကိုးဗျ။ “တသွေး၊ တသံ၊ တမိန့်” ဆိုတာ စစ် အတောအတွင်း တုန်းက ကြွေးကြော်သံဖြစ်တော့ အဲဒီဟာရဲ့ အရှိန်က ပါလာခဲ့တယ်။ အမိန့်နာခံမှု ဆိုတာမှာ ဂျပန်ကလည်း သိတဲ့ အတိုင်းပဲဗျ၊ သူတို့ စစ်တပ်က လေ့ကျင့်ခန်း ကလည်းပဲ ကျနော်တို့ (ဂျပန်ဘာသာနှင့်) meirei ha meirei da ၊ “meirei” ဆိုတာရှိတယ်။ meirei ဆိုတာ အမိန့်ဗျ။ “meirei ha meirei da” ဆိုတဲ့ စကားလုံးက အမြဲတမ်း စစ်သင်တန်း ပေးတဲ့ အခါတိုင်းမှာ ပြောတဲ့စကား။ “meirei ha meirei da” ရဲ့ အဓိပ္ပါယ်က “အမိန့်ဟာ အမိန့်ပဲ”။ ဘာမှ လျှောက်ပြီးတော့ ပြန်ပြောလို့ မရဘူး၊ ဒါနဲ့ ပတ်သက်တာ အားလုံးကို မင်းက ပေးတဲ့အတိုင်း လိုက်ရမယ်။” ဒီလို ဟာမျိုးပေါ့ဗျာ။ အဲဒီဟာက နေပြီးတော့ လာခဲ့တဲ့ကိစ္စဟာ တောက်လျှောက် ဖြစ်လာတာကိုး။ ဒီ အမိန့်နာခံမှု ဆိုတဲ့ အမိန့်ပေးတဲ့ နေရာမှာ စကားလုံးတွေက ဘာထွင်လာသလဲ ဆိုတော့၊ ပြောတဲ့နေရာမှာ စစ်သား နားလည်အောင် ဆိုပြီးတော့ ပြောရင်းနဲ့၊ အမိန့် ပေးလိုက်လို့ ရှိရင် “အမိန့် အတိုင်းလုပ်၊ ဘာမှ ပြန်မပြောနဲ့” ဆိုတာမျိုး ဖြစ်လာရအောင် အပေါ်က အုပ်ချုပ်တဲ့လူ၊ ခိုင်းတဲ့လူက၊ အမိန့်ပေးတာကို ဘာပဲဖြစ်ဖြစ် ရအောင်လုပ် ရမယ်။ မရတာ မရှိရဘူး။ ဒီဟာဖြစ်အောင် လုပ်ရမယ်ဆိုတဲ့ အခါကျတော့ စကားလုံးဟာ သုံးလိုက်တဲ့ အခါကျတော့ “ရေဗူးပေါက်တာ ငါမလို ချင်ဘူး၊ ရေပါတာ လိုချင်တယ်”၊ စစ်မြေပြင် ထွက်သွားတဲ့အခါမှာ “ရေဗူးပေါက်တာ မလိုချင်ဘူး ရေပါတာ လိုချင်တယ်” အဲဒီလို ဟာတွေက သုံး လာကြတာပေါ့။ အဲဒီ စကားလုံးက အဓိပ္ပါယ်တော့ သိပ်မရှိလှဘူးဗျ။
ဦးရော်နီညိမ်း။ ။ အဲဒီဟာက ခုန အန်ကယ် ပြောသလို အဓိပ္ပါယ် သိပ်မရှိလှ ပေမယ့်လည်း၊ တော်တော်လေးတော့ ထိရောက် ခဲ့ပုံ ရတယ်။ တပ်ထဲမှာလည်းပဲ အဲဒီအတိုင်း အထက်က ပြောလိုက်ရင် အောက်က လိုက်လုပ်ရမယ့် လူကလည်း၊ ဒီစကားလုံးကို ကြားလိုက်တာနဲ့ “ရေဗူး ပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်” ဆိုတဲ့ဟာနဲ့ နှိုင်းယှဉ်ပြီး ပြောဆိုပြီး သူ့ကို တာဝန်တခုခု ပေးလိုက်ပြီ ဆိုရင် သူကလည်း ခေါင်းထဲမှာ အဲဒါက လျှောကနဲ ၀င်သွားပြီးတော့ ဘာမှ စဉ်းစားစရာ မလိုတော့ဘူး။ ဒီဥပမာက ခေါင်းထဲမှာ၊ အဲဒီဟာက တော်တော် ထိထိ ရောက် ရောက်ရှိခဲ့တာပေါ့ နော်။ ဒီ လက်သုံး စကားကြီးနဲ့။
ဦးတင်ဦး။ ။ တခုတာ့ ရှိတာပေါ့ဗျာ၊ ထိထိရောက်ရောက်တော့ ရှိတာပေါ့။ ဒါပေမယ့် စစ်ရဲ့ အောင်မြင်ရာ အောင်မြင်ကြောင်းနဲ့ ပတ်သက်တဲ့ ကိစ္စ အရပ်ရပ် အ၀၀မှာ ထိရောက် အောင်မြင်နိုင်စေဖို့ အတွက် အကောင်းဘက်ကို အကျိုး သက်ရောက်မယ့် ဟာကို ရည်စူးပြီး ပြောတာပဲ ဖြစ်ရ မယ်ပေါ့။
ဦးရော်နီညိမ်း။ ။ သောတရှင်များ ခင်ဗျာ၊ နောက် သီတင်းပတ် စနေနေ့ မနက်နဲ့ ညနေပိုင်း ဗီအိုအေ မြန်မာပိုင်း အစီအစဉ် “တပ်မှူးတပ်သား ပြောစကား အပတ်စဉ်ကဏ္ဍ” မှာ စစ်တပ်နှင့် အမိန့်နာခံမှု အပိုင်း(၃)ကို ဆက်ပြီး တင်ဆက် ပေးသွားပါမယ်။ စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။
Ref: VOA News
တူနီးရှားနိုင်ငံ သူရဲကောင်းနဲ့  ပြည်သူဘက်ရပ် တည်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီး တို့ကြောင့် ပြည်သူ့ တော်လှန်ရေး ပေါ်ပေါက်ကာ အာဏာရှင်တွေ ပြုတ်ကြရပြီ
January 30, 2011
ဒီဇင်ဘာလ (၁၇) ရက်နေ့က တူနီရှားနိုင်ငံ ဆစ်ဒီဘိုဇဒ်မြို့က မိုဟာမက် ဘိုအာဇီဇီ (Muhammad ibn Bouazizi ) ဟာ ဆီဒီ ဘောက်ဇစ် ခရိုင် ကောင်စီရုံးရှေ့မှာ မိမိကိုယ်ကို မီးရှို့ သတ်သေရာမှစပြီး တူနီးရှား နိုင်ငံတင် သာမက အာရပ်နိုင်ငံများ ဖြစ်ကြတဲ့ အီဂျစ်နိုင်ငံ အထိပါ လူထု တော်လှန်မှုကြီးတွေ ကူစက် ပြန့်ပွားပြီး တိုင်းပြည်ကို နှစ်ပေါင်းများစွာ အနိုင်ကျင့်ကြီး စိုးနေခဲ့ကြတဲ့ အာဏာရှင်တွေ ထွက်ပြေး ကြရတဲ့အဖြစ်တွေ ရှေ့ဆင့်နောက်ဆင့် ဆက်တိုက် ပေါ်ပေါက် လာပါတော့တယ်။
အသက် (၂၆) နှစ်အရွယ် မိုဟာမက် ဘိုအာဇီဇီ (Muhammad ibn Bouazizi ) ဟာ အထက်တန်းကျောင်း ပညာရေး သင်ကြား နေရာကနေ ရပ်လိုက်ပြီး စားဝတ်နေရေး အဆင်မပြေ ဖြစ်နေတဲ့ သူ့ရဲ့ မိသားစုဝင် (၈) ဦးအား စောင့်ရှောက် ကျွေးမွေး နိုင်ရန်အတွက် သစ်သီးဝလံတွေ လှည့်လည် ရောင်းချခြင်းဖြင့် ဘ၀ကို ရုန်းကန် လှုပ်ရှားကာ မိသားစုကို ထောက်ပံ့နေသူ ဖြစ်ပါတယ်။ သူရဲ့ ဦးလေးဖြစ်သူဟာ လယ်ယာမြေ အသေးလေး တစ်ကွက်ကို ၀ယ်ယူခဲ့ပြီး သစ်သီး ၀လံများ စိုက်ပျိုးကာ မိုဟာမက်က အဆိုပါ စိုက်ပျိုး ရရှိလာတဲ့ သစ်သီး ၀လံများကို လမ်းတွေမှာ လှည့်လည် ရောင်းချပေးနေတာ ဖြစ်ပါတယ်။
အာဏာရှင်ကြီးစိုးနေတဲ့ တူနီးရှားနိုင်ငံမှာ ပြည်သူတွေဘ၀ဟာ အသက်ရှင် ရပ်တည်နိုင်ရေး စားဝတ်နေရေး အခက်အခဲတွေ အဆင်ပြေ သက်သာစေဖို့ အတွက် နေ့စဉ်နဲ့ အမျှ ရုန်းကန် လှုပ်ရှား နေကြရသလို မိုဟာမက်တို့လို လမ်းမများပေါ်မှာ လှည့်လည် ဈေးရောင်း ချကြသူများကိုလည်း မကြာခဏ ဆိုသလို ဖမ်းဆီးကာ မတရား အနိုင်ကျင့်ကြလေ့ ရှိပါတယ်။
မိသားစုကြီးတစုလုံးအတွက် စားဝတ်နေရေးအဆင်ပြေစေဖို့ ရိုးသားစွာ ကြိုးစား ဆောင်ရွက်နေတဲ့ မိုဟာမက် အနေနဲ့  ဒီလို သစ်သီးဝလံ လှည့်လည် ရောင်းချရတဲ့ အလုပ်မှအပ အခြား ရွေးချယ်စရာ လမ်းမရှိတဲ့ သူ့ဘ၀မှာ ဒီအလုပ်လေးကိုသာ မှီခို အားထားနေရတာ ဖြစ်ပါတယ်။
အဲ့ဒီနေ့မနက်မှာတော့ မိုဟာမက်တစ်ယောက် ခါတိုင်းလိုပဲ သစ်သီး ၀လံတွေရောင်းချဖို့ အတွက် တွန်းလှည်းလေး တွန်းကာ လမ်းမပေါ် ထွက်ကာ လှည့်လည် ရောင်းချနေစဉ်မှာ တူနီးရှားနိုင်ငံ အာဏာရှင် လက်အောက်မှာ ဗိုလ်ကျ စိုးမိုးနေတဲ့ ရဲတပ်ဖွဲ့ထဲက ရဲမေဖြစ်သူ ဖာဒါဟမ်ဒီ က သူ့ကို ဖမ်းဆီး ပါတော့တယ်။ သူရဲ့ သစ်သီးဝလံတွေ တင်ထားတဲ့ တွန်းလှည်း လေးကို သိမ်းပိုက် လိုက်ရုံမက မိုဟာမက် မျက်နှာကို ရဲက ထပ်ကာတလဲလဲ ပါးရိုက်ပါတော့တယ်။
ဒီလို မတရားအနိုင်ကျင့်ခံလိုက်ရတဲ့ မိုဟာမက်ဟာ မဟုတ်မခံစိတ်နဲ့  မခံမရပ်နိုင် ဖြစ်ပြီး ခရိုင် ကောင်စီရုံးကို ချက်ချင်း သွားရောက်ကာ ဖြစ်ပွားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တိုင်ကြား ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း တူနီးရှားနိုင်ငံ အာဏာရှင် ကြီးစိုးနေပြီး ဥပဒေ ထင်ရာစိုင်း လာဘ်ပေးလာဘတ်ယူ ချစားမှုတွေ များပြားနေတဲ့ အတွက် ခရိုင်ကောင်စီရုံးက မိုဟာမက် လို သာမန် ဆင်းရဲနွမ်းပါးလှသူ တဦးရဲ့ တိုင်ကြားမှုကို မည်သူ တဦးကမှ အရေးတယူ နားထောင်ဆောင်ရွက် အရေးယူ ပေးတာ မရှိပါဘူး။ ဒီထက် ပိုဆိုးတာကတော့ ရဲက မတရား ပါးရိုက် အနိုင်ကျင့် ခံခဲ့ရသူ မိုဟာမက်ဟာ ခရိုင်ကောင်စီရုံးတွင်း ကနေ အတင်း မောင်းထုတ်ခြင်းကို ထပ်မံ ခံရပါတော့တယ်။
ဒီလို မတရားအနိုင်ကျင့်မှုတွေကို ထပ်မံကြုံတွေ့ရတဲ့အခါမှာတော့ မိုဟာမက်ရဲ့ မခံမရပ် စိတ်ဟာ အမြင့်မားဆုံး ရောက်ရှိပြီး သူ့မှာ ပါရှိလာတဲ့ ရေနံဆီပါ ဆေးချွတ် ဆေးပုလင်း နှစ်ပုလင်းကို ထုတ်ပြီး အဲ့ဒီ ခရိုင် ကောင်စီရုံးရှေ့မှာပဲ ကိုယ့်ကိုကိုယ် မီးရှို့ ဆန္ဒပြ ပါတော့တယ်။ ခန္ဓာကိုယ် မီးလောင်နေတဲ့ မိုဟာမက်ကို ဆေးရုံကို ခေါ်ဆောင်သွားပြီး မိုဟာမက်ဟာ မီးလောင် ဒဏ်ရာနဲ့ ဆေးရုံပေါ်မှာ ဇန်န၀ါရီလ ၄ ရက်နေ့မှာ ကွယ်လွန် သွားပါတော့တယ်။
မိုဟာမက်ရဲ့ မတရားမှုကို ခေါင်းငုံ့မခံ တွန်းလှန်ဆန္ဒပြမှု အဖြစ်အပျက်ကို မျက်မြင် တွေ့ရှိကြသူများ အထူးသဖြင့် လူငယ် များကနေ ဓါတ်ပုံမှတ်တမ်း ဗွီဒီယို မှတ်တမ်းတွေကို ဖုန်းတွေ ကင်မရာတွေနဲ့ ရိုက်ကူးပြီး တူနီးရှား တနိုင်ငံလုံး သာမက အ ခြားသော အာရပ် နိုင်ငံများ အပါအ၀င် ကမ္ဘာတ၀ှမ်းလုံး သိရှိ မြင်တွေ့ကြစေဖို့ အင်တာနက် စာမျက်နှာများ ပေါ်ကနေ တဆင့် ဖြန့်ခဲ့ကြပါတယ်။
အသက်ဆုံးရှုံးကွယ်လွန်သွားတဲ့ မိုဟာမက်ရဲ့ တကယ်တော် ဆန္ဒပြမှုကို လေးစား ဂုဏ်ပြုကြတဲ့ အနေနဲ့ မိုဟာမက် အတွက် အောက်မေ့ လွမ်းဆွတ်ခြင်း အခမ်းအနားကို ကျင်းပ ပြုလုပ်ရင်းနဲ့ အဲ့ဒီနေ့ညက စလို့ ပြည်သူလူထု တော်လှန် အုံကြွမှုကြီးကို စတင် ပါတော့တယ်။
မိုဟာမက်ရဲ့ ဒီလို ရဲရင့်ပြောင်မြောက်တဲ့ တကိုယ်တော် ဆန္ဒပြမှုနဲ့ အာဏာရှင်တွေ မတရား ကြီးစိုး အုပ်ချူပ်မှုရဲ့ အောက်မှာ ပြည်သူ ပြည်သားတွေ ခံစား နေကြရတဲ့ ခါးသီးလှတဲ့ ဘ၀တွေကြောင့် တူနီးရှားနိုင်ငံ ပြည်သူများဟာ အုံကြွ ပေါက်ကွဲကြပြီး တနိုင်ငံလုံး လူထု ဆန္ဒပြမှုများ အရှိန်အဟုန် အပြည့်နဲ့ ပေါ်ပေါက် လာပါတော့တယ်။
တူနီးရှားနိုင်ငံ ပြည်သူပြည်သားတွေရဲ့ လူထုဆန္ဒပြပွဲတွေကို လက်နက်အားကိုးနဲ့ နှိမ်နင်း ခဲ့ပေမယ့် နောက်ဆုံး မှာတော့ မိုဟာမက်ရဲ့ မီးရှို့ ဆန္ဒပြမှု ဖြစ်ပွားပြီးနောက် ရက်သတ္တပါတ် လေးပါတ် အကြာမှာတော့ တူနီးရှားနိုင်ငံကို နှစ်ပေါင်း ၂၃ နှစ် ကျော်ကြာ ဖိနှိပ် အုပ်ချူပ်နေတဲ့ အာဏာရှင်ကြီး ဖြစ်သူ တူနီးရှားနိုင်ငံ သမတ ဟာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို ထွက်ပြေး သွားရပါတော့တယ်။
တူနီးရှားနိုင်ငံက မိုဟာမက်ရဲ့ ရဲဝံ့တဲ့ ဆန္ဒပြမှု၊ တူနီးရှားနိုင်ငံ ပြည်သူပြည်သားတွေရဲ့ ပြောင်မြောက်သော လူထု တော်လှန်ရေး ဆင်နွဲမှုတို့ကို စံနမူနာပြုကြတဲ့ အာဏာရှင် ဆန့်ကျင် တော်လှန်မှုတွေဟာ အီဂျစ်၊ အယ်လ်ဂျီးယား၊ ဂျော်ဒန်၊ ယီမင်နဲ့ အခြား အာရပ်နိုင်ငံတွေ မှာပါ ပြန့်နှံ့ သွားပါတော့တယ်။
တူနီးရှားနိုင်ငံရဲ့ ပြည်သူလူထုဆန္ဒပြမှုကြီးမှာ လူထု လူတန်းစားပေါင်းစုံ ပါဝင်ရုံ သာမက ပြည်သူတွေရဲ့ သစ္စာကို စောင့်သိ ထိန်းသိမ်းပြီး ပြည်သူတွေ လိုလားတဲ့ ဆန္ဒကို အပြည့်အ၀ လိုလားတဲ့ ပြည့်သူ့ အကျိုးကို ရှေ့ထားတဲ့ တူနီးရှားနိုင်ငံရဲ့ စစ်တပ် တပ်မတော်ကြီးက တူနီးရှား ပြည်သူတွေ ရှေ့ကနေ မားမားမတ်မတ် ရပ်တည် ပြသ ပါဝင်လိုက်တာမို့  တူနီးရှားနိုင်ငံ အာဏာရှင် သမတ တိုင်းပြည်ကနေ ခွေးပြေး ၀က်ပြေး ပြေးထွက် သွားရပြီး ကမ္ဘာ တ၀ှမ်းလုံးက ချီးကျူး ထောပနာပြုခြင်း လေးစားခြင်းကို ခံလိုက်ရတဲ့ တူနီးရှားနိုင်ငံ ပြည်သူပြည်သားတွေရဲ့ အောင်ပွဲပဲ ဖြစ်ပါတယ်။
နှစ်ပေါင်းကြာအောင် အာဏာရှင်ကြီး ကြီးစိုးထားတဲ့ တူနီးရှားနိုင်ငံမှာ အာဏာရှင်စနစ် လျင်မြန်စွာ ချက်ချင်းပြုတ်ကျ သွားရခြင်းရဲ့ အဓိက အချက်တွေကို ကြည့်ရင်တော့ …
(၁) သာမန်ပြည်သူတယောက်ဖြစ်သူ မိုဟာမက်ရဲ့ မတရားမှုကို မဟုတ်မခံ ခေါင်းငုံ့မခံဘဲ ရသည့် နည်းလမ်းဖြင့် ဆန့်ကျင် တော်လှန် ဆန္ဒပြခြင်း၊
(၂) မိုဟာမက်တို့လို တဦးတယောက်အနေနှင့်ပင်ဖြစ်စေ ရဲရဲဝံ့ဝံ့ မတရားမှုကို တော်လှန်ခြင်းအား အပြည့်အ၀ အားပေး ထောက်ခံ ပြရုံသာမက၊ အာဏာရှင်တွေရဲ့ ထင်ရာစိုင်း ရိုင်းပြ စော်ကားမှုတွေကို ပြည်သူ ပြည်သား တဦးအနေနဲ့ မိမိတို့မှာ လည်း ဆန့်ကျင် တော်လှန်ရမယ့် တာဝန် ၀တ္တရား ရှိတယ်လို့ ခံယူပြီး ပြည်သူ ပြည်သား တဦးချင်းစီက အသီးသီး စုပေါင်း လက်တွဲကြပြီး လူထု တော်လှန်ရေးကို ပြောင်မြောက်စွာ ဆင်နွဲကြခြင်း၊
(၃) ပြည်သူအပေါ်သစ္စာတရားစောင့်သိပြီး ပြည်သူအကျိုးကို ရှေ့တန်းထားတဲ့ ပြည်သူ့ တပ်မတော် အဖြစ် ခံယူပြီး အာဏာရှင်အား ပြည်သူတွေနဲ့ အတူ လက်တွဲကာ ပြည်သူလူထု တော်လှန်မှုကြီးတွင် ပြည်သူရှေ့မှ မားမားမတ်မတ် ရပ်တည် ပေးခဲ့ကြသော သမိုင်းဂုဏ်ရောင် ထွန်းပြောင်စေသည့် တူနီရှားနိုင်ငံ စစ်တပ် တပ်မတော်ကြီးရဲ့ လေးစားထိုက်ဖွယ် လုပ် ရပ်များကြောင့် – တူနီးရှား နိုင်ငံတနိုင်ငံလုံး အာဏာရှင် လက်အောက်က လွတ်မြောက်ကြရခြင်း ဖြစ်ပါတယ်။
ပြည်သူသစ္စာစောင့်ထိန်းပြီး ပြည်သူတွေ အကျိုးရှေ့ရှုကာ ပြည်သူတွေရှေ့က မားမား မတ်မတ် ရပ်တည် ခဲ့ကြတဲ့ တူနီးရှား နိုင်ငံ ပြည်သူ့ တပ်မတော် ပီသခဲ့တဲ့ စစ်ဦးစီချုပ် ဗိုလ်ချုပ်ကြီး ရစ်ချတ် အမ်မာ (Gen. Rachid Ammar) ကနေ ဆန္ဒပြပြည် သူတွေကို ပြောကြားခဲ့တဲ့ မိန့်ခွန်းကတော့ -
“Our revolution is your revolution,” “The army will protect the revolution.” ပါတဲ့။
“ပြည်သူလူထုရဲ့ အာဏာရှင်တော်လှန်ရေးဟာ ငါတို့တပ်မတော်ရဲ့ တော်လှန်ရေးပဲ ဖြစ်တယ်၊ ငါတို့ တပ်မတော်ဟာ အာဏာရှင်ကို ဆန့်ကျင် တော်လှန်နေကြတဲ့ ပြည်သူတွေ ဘက်က ရပ်တည်ပြီး ပြည်သူတွေကို ကာကွယ် စောင့်ရှောက်ပေး ကြမယ်” ဖြစ်ပါကြောင်း။
Ref: နစ်နေမန်း
၂၀၁၁ လွှတ်တော်ကနေ မြန်မာ့အကျပ်အတည်းတွေ ဖြေရှင်းနိုင်မည်မဟုတ်
မခင်ဖြူထွေး
တနင်္ဂနွေ, 30 ဇန်နဝါရီ 2011
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲ ရလဒ်ပေါ် အခြေခံတဲ့ ပထမဆုံးအကြိမ် လွှတ်တော် အစည်း အဝေးတွေကို ဒီကနေ့ နေပြည်တော်မှာ စတင် ကျင်းပမှာ ဖြစ်ပေမဲ့ မြန်မာ စစ်အစိုးရ ဦးဆောင်တဲ့ အခု လွှတ်တော်သစ်ကနေ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဆောင်ကြဉ်း နိုင်မှာ မဟုတ်သလို မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ နယူးယောက်မြို့မှာ အခြေစိုက်တဲ့ မြန်မာ့ ရန်ပုံငွေအဖွဲ့ (The Burma Fund) က ထောက်ပြ လိုက်ပါတယ်။ မြန်မာနိုင်ငံတွင်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ကာလတွေအတွင်း မဲမသမာမှုတွေနဲ့ အကြမ်းဖက် ကန့်သတ် ချုပ်ချယ်မှုတွေ အပါအ၀င် မြန်မာ စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ပြည်တွင်းပြည်ပ နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ သတင်း မီဒီယာတွေကနေ တလျှောက်လုံး တင်ပြလာခဲ့တဲ့ အချက်အလက်တွေကို စုစည်းပြီး လေ့လာသုံးသပ် တင်ပြထားတဲ့ အစီရင်ခံစာ တစောင်ကို The Burma Fund အဖွဲ့က မနေ့ကပဲ ထုတ်ပြန်လိုက်တာပါ။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြ ပေးထားပါတယ်။
မြန်မာနိုင်ငံမှာ အဓိကကျတဲ့ အမျိုးသား နိုင်ငံရေး ပြဿနာကို မဖြေရှင်းရသေးဘဲနဲ့ အခုလို လွှတ်တော် ခေါ်ယူတာဟာ တကယ် စစ်မှန်တဲ့ ဒီမိုကရေစီရေး အသွင်ကူးပြောင်းမှုကို ဦးတည်တာ မဟုတ်ဘူးလို့ အစီရင်ခံစာ ထုတ်ဝေတဲ့ The Burma Fund အဖွဲ့ တာဝန်ခံ ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။
“ဒီနေ့မှာ ပြည်သူ့လွှတ်တော် ပထမဆုံး အစည်းအဝေး ကျင်းပတာ ဖြစ်ပေမဲ့ ဒါဟာ မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အဖြေ မဟုတ်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ဟာ စကတည်းက နအဖက နေပြီးတော့ စွက်ဖက်မှုတွေ၊ ကန့်သတ်မှုတွေ ရှိခဲ့တယ်။ ရွေးကောက်ပွဲ ကော်မရှင်ကလည်း တကယ့်ကို လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကော်မရှင် မဟုတ်ဘဲနဲ့ ဒီကနေ့ဆိုရင် ရွေးကောက်ပွဲ မသမာမှုတွေနဲ့ ပတ်သက်လို့ တိုင်ကြားချက်တွေ၊ နိုင်ငံရေး ပါတီတွေက နေပြီးတော့ စွပ်စွဲမှုတွေကို လုံးဝ ကျေကျေလည်လည် မဖြေရှင်းရသေးဘဲနဲ့ ဒီ ပြည်သူ့လွှတ်တော် အစည်းအဝေးကို ခေါ်ယူ ကျင်းပတာ ဖြစ်ပါတယ်။”
အမျိုးသားရေး ပြဿနာကို တကယ်တမ်း ဖြေရှင်းဖို့ဆိုရင် မြန်မာစစ်အစိုးရ အနေနဲ့ နိုင်ငံရေး အကျဉ်းသား တွေကို ပြန်လွှတ် ပေးပြီး နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ ပါဝင် လှုပ်ရှားခွင့် ပြုရမှာ ဖြစ်သလို တိုင်းရင်းသား ဒေသတွေက တင်းမာမှု တွေကို ရပ်ဆိုင်းရမှာ ဖြစ်တယ်၊ နိုင်ငံရေး အင်အားစုတွေ အကြား တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဖို့လိုတယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုလည်း နိုင်ငံရေးပါတီ အဖြစ် ဆက်လက် အသိအမှတ်ပြုပြီး ပြည်သူ့အကျိုး ဆောင်ရွက်ခွင့် ပေးရမှာ ဖြစ်တယ်လို့လည်း ဒေါက်တာ သောင်းထွန်းက ထောက်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ပြဿနာဟာ မြန်မာ့နယ်နိမိတ် အတွင်းမှာတင် ပြီးသွားမှာ မဟုတ်ဘူး ဆိုတာကို အိမ်နီးချင်း နိုင်ငံတွေက နားလည်ပြီး မြန်မာ့ အရေးကို ကူညီ ဆောင်ရွက် သင့်တယ်လို့လည်း ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။
“ကျနော်တို့ တင်ပြတဲ့ အချက်အလက်တွေဟာ သေသေချာချာ သုတေသန ပြုလုပ်ထားတဲ့ အချက် အလက်တွေ ဖြစ်တယ်။ ဒါကြောင့် ရွေးကောက်ပွဲဟာ ဘယ်လိုမှ လွတ်လပ်ပြီး တရားမျှတမှု မရှိဘူးဆိုတဲ့ အခြေခံပေါ်မှာ အိမ်နီးချင်း နိုင်ငံတွေကပါ မငြင်းပယ် နိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ ဒီမိုကရေစီရေး အသွင် ကူးပြောင်းမှုဆိုတာ ရွေးကောက်ပွဲတခု ကျင်းပရုံနဲ့ မလုံလောက်ပါဘူး။ တကယ့် အသွင် ကူးပြောင်းမှု ဒီမိုကရေစီရေး အခြေခံ အုတ်မြစ်ကို ချမှတ်နိုင်မယ့် နိုင်ငံရေး ပတ်ဝန်းကျင်တွေကိုလည်း ဖန်တီးဖို့ လိုပါတယ်။
“ဒါတွေကို ဂရုမစိုက်ဘူးဆိုရင် ဗမာနိုင်ငံရဲ့ ပြဿနာဟာ ဗမာနယ်နိမိတ်မှာတင် ရပ်သွားမှာ မဟုတ်ဘဲနဲ့ အိမ်နီးချင်း နိုင်ငံများကို ထိခိုက်မယ့် အနေအထားတွေ ရှိတယ်။ ပြည်တွင်းမှာ နိုင်ငံရေး တင်းမာမှုတွေ၊ အုံကြွမှုတွေ အတွက် ဖြစ်လာမယ့် အနေအထားတွေကို လျစ်လျူ မရှုနိုင်သလို တိုင်းရင်းသား ဒေသတွေမှာ စစ်ရေးအရ တင်းမာမှု အပေါ်မှာလည်း ပြည်တွင်းစစ် ပြန်လည် ဖြစ်ပေါ် လာနိုင်တယ်၊ ဒုက္ခသည် ပြဿနာတွေ ပိုပြီး ကြီးထွား လာနိုင်တယ်။ ဒီအခြေခံတွေ အပေါ်မှာ စဉ်းစားပြီးတော့ အိမ်နီးချင်း နိုင်ငံတွေ အနေနဲ့ ကုလသမဂ္ဂနဲ့ ပိုပြီးတော့ ပူးပေါင်း ဆောင်ရွက်ပြီးတော့ နိုင်ငံရေး အဖြေရှာဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။”
The Burma Fund အဖွဲ့ တာဝန်ခံ ဒေါက်တာသောင်းထွန်း ပြောပြသွားတာ ဖြစ်ပါတယ်။
မြန်မာစစ်အစိုးရ ရွေးကောက်ပွဲနဲ့ လွှတ်တော်သစ် ခေါ်ယူမှုတွေကို အထူးသဖြင့် ကုလသမဂ္ဂနဲ့ မြန်မာ့အိမ်နီးချင်း အာရှ နိုင်ငံတွေက ယတိပြတ် ငြင်းဆို ထားတာ မရှိပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်ဖို့မှာ ရွေးကောက်ပွဲနဲ့ လွှတ်တော် သစ်တွေ ခေါ်ယူပေးရုံနဲ့ မလုံလောက်ဘူး ဆိုတာကို နိုင်ငံတကာက နားလည်ရမှာ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ထောက်ပြ ထားပါတယ်။
ကုလသမဂ္ဂ အနေနဲ့ မြန်မာ့အရေးကို ထိထိထိရောက်ရောက် အာရုံစိုက် ဆောင်ရွက်နိုင်ဖို့ အတွက် အချိန်ပြည့် တာဝန် ထမ်းဆောင်မယ့် အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ရဲ့ ကိုယ်စားလှယ်တဦး ခန့်အပ်ဖို့နဲ့ မစ္စတာ ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံ မိတ်ဆွေများအဖွဲ့ အဆင့်မြင့် နိုင်ငံခြားရေး ၀န်ကြီးအဆင့် အစည်းအဝေး တရပ်ကို အရှေ့တောင် အာရှ ဒေသ အတွင်းမှာ ကျင်းပပေးဖို့ ကိုလည်း အစီရင်ခံစာထဲမှာ တိုက်တွန်း ထားပါတယ်။
Ref: VOA News
NLD အင်တာနက် ၀က်ဘ်ဆိုက်ဒ် စတင်ဖွင့်လှစ်
တနင်္ဂနွေ, 30 ဇန်နဝါရီ 2011
ပြည်တွင်း ပြည်ပ ပြည်သူ့ကွန်ယက် ဖွဲ့ရာမှာ ဆက်သွယ်ရေး လမ်းကြောင်း ကောင်းမွန် ကျယ်ပြန့်တာက အဓိက ဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ စတင်လိုက်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အင်တာနက် စာမျက်နှာမှာ ပြောဆို လိုက်ပါတယ်။
NLD ၀က်ဘ်ဆိုက်ဒ်ကို ပေးပို့တဲ့ နှုတ်ခွန်းစကားထဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောထားတာပါ။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မူဝါဒတွေနဲ့ လှုပ်ရှားမှုတွေကို ဒီအင်တာနက် စာမျက်နှာကနေ ကမ္ဘာတ၀န်း သိအောင် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ NLD အလုပ်အမှုဆောင် အဖွဲ့ဝင် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ဆိုပါတယ်။ ဒါပေမဲ့ ဒီ အင်တာနက် စာမျက်နှာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လုပ်ကိုင်တာတော့ မဟုတ်ဘူးလို့လည်း သူက ဗွီအိုအေကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီ အင်တာနက် စာမျက်နှာက ဆက်သွယ်ကြခြင်း အားဖြင့် ဒီမိုကရေစီ ပြည်ထောင်စုကြီး ပိုပြီး မြန်မြန် ပေါ်ထွန်း လာလိမ့်မယ်လို့ ထင်မြင်တဲ့အကြောင်း နှုတ်ခွန်းဆက် စကားထဲမှာ ပြောကြား သွားခဲ့တာပါ။
အင်တာနက် စာမျက်နှာ လိပ်စာကတော့ Ref: www.nldburma.org ဖြစ်ပြီး အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ တင်ထားတာကို တွေ့ရပါတယ်။
Ref: VOA News
မီဒီယာ ထိန်းချုပ်ရန် ခက်ခဲဟု ဗိုလ်ချုပ်မှူးကြီး ပြောဆို
စည်သူ
Friday, 28 January 2011
စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မီဒီယာများသည် ခွင့်ပြုရန် လွယ်ကူသော်လည်း ထိန်းချုပ်ရန် ခက်ခဲသည် ဟုပြော ကြားကြောင်း သိရသည်။
နေပြည်တော်၌ မကြာမီ ကျင်းပမည့် လွှတ်တော် အစည်းအဝေးများတွင် မီဒီယာများကို ခွင့်ပြုရန်၊ ခွင့်မပြုရန် နှင့် ပတ်သက်ပြီး ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်း ၏ မေးမြန်းမှုကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ယင်းသို့ ပြန်လည် ဖြေကြားခြင်း ဖြစ်သည်ဟု ပြန်ကြား ရေး ၀န်ကြီးဌာနမှ အဆင့်မြင့် အရာရှိတဦး ကပြောပြသည်။
“ကျနော်တို့ ၀န်ကြီးဌာနကို ပြည်တွင်း၊ ပြည်ပ မီဒီယာတွေက လွှတ်တော် တက်ခွင့်ရ၊ မရ မေးကြတယ်။ အဲဒါ နဲ့ ၀န်ကြီးက ဗိုလ်ချုပ်မှူးကြီးနဲ့ တွေ့တုန်း ပြောပြတော့ မီဒီယာ ဆိုတာ ခွင့်ပြုရတာ လွယ်တယ်၊ ထိန်းချုပ်ဖို့ ခက်တယ် လို့ပဲ မှတ်ချက်ပြုတယ်။ ကျန်တာ ဘာမှ ပြန်မပြောဘူးလို့ ၀န်ကြီးက ပြောပါတယ်”ဟု ၎င်းက ဆိုသည်။
ဇန်န၀ါရီ ၂၂ ရက်နေ့က နေပြည်တော်ရှိ လွှတ်တော်၊ သမ္မတအိမ်တော်နှင့် ဒု သမ္မတ အိမ်တော် ၀န်ထမ်းများနှင့် သတင်း ရယူကြမည့် မြန်မာ အစိုးရပိုင် သတင်းစာနှင့် ရုပ်မြင်သံကြားမှ ၀န်ထမ်းတချို့ ဆေးစစ်ခဲ့ကြရကြောင်း စုံစမ်း သိရသည်။
“၀န်ထမ်းတွေကော ၊ သတင်းစဉ်ကလူတွေကော ဆေးစစ်ကြရတယ်။ ဆေးအောင်တဲ့ သူမှ ၀င်ခွင့်ရမယ် ပြောတယ်။ ဒါကိုကြည့်ခြင်း အားဖြင့် ပြည်တွင်းက ဆေးမစစ်ရသေးတဲ့ သတင်းသမားတွေကို ၀င်ခွင့် မပေးသေးဘူးလို့ ယူဆလို့ ရပါတယ်”ဟု သတင်းစဉ် ၀န်ထမ်း တဦးက ပြောသည်။
လွှတ်တော် သတင်း ယူလိုသော ပြည်တွင်း ဂျာနယ် အယ်ဒီတာတဦးက “ကျနော်ကတော့ စာပေ စိစစ်ရေးကော ပြန်ကြားရေး ကိုကော ၀င်ခွင့် အတွက် မေးကြည့်တယ်။ ဘာညွှန်ကြားချက်မှ မလာသေးဘူးလို့ ပြန်ပြောကြတယ်”ဟု ပြောဆိုသည်။
ယခုလ ၁၅ ရက်တွင် ဖွဲ့စည်းခဲ့သော ပုဂ္ဂလိက စာနယ်ဇင်းများ ဖွံ့ဖြိုးရေး ကော်မတီ အနေဖြင့် ယင်းကိစ္စကို တာဝန်ယူ ဆောင်ရွက် နိုင်ပါက များစွာ အဆင်ပြေမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“အဲဒီအဖွဲ့က တစုံတရာစီစဉ်ပေးနိုင်ရင် ကောင်းမယ်။ အဲဒီလို မဟုတ်ရင် ဒီအဖွဲ့ ဖွဲ့တာ အလကားပဲ”ဟု ဂျာနယ် သတင်း ထောက် တဦးက ပြောသည်။
ယင်းသို့သော အခြေအနေများကြောင့် လွှတ်တော် အစည်းအဝေး သတင်းယူရန် အလှမ်းဝေးဖွယ် ရှိနေကြောင်း ပြည်တွင်း မီဒီယာ များက ပြောဆိုကြသည်။
“ကိုယ်စားလှယ်တွေတောင် လွှတ်တော်တွင်းကို အသံဖမ်းစက်၊ ကင်မရာ၊ နောက်ဆုံး ခေါင်းပေါင်းထုပ်တဲ့ ဟာတောင် မယူရတာ။ မီဒီယာကို ခွင့်ပြုဖို့ လိုဦးမယ် ထင်တယ်”ဟု အထက်ပါ ဂျာနယ် အယ်ဒီတာက ဆက်လက် ပြောကြားသည်။
လွှတ်တော်အစည်းအဝေး တက်ရောက်မည့် ကိုယ်စားလှယ်များအနေဖြင့် ၀တ်စား ဆင်ယင်မှု အပါအ၀င် တယ်လီဖုန်း၊ အသံဖမ်း စက်၊ ကွန်ပျူတာ၊ ဘောလ်ပင်၊ စာရွက်စာတမ်း စသည့်အရာများ ယူဆောင်ခွင့် မရှိဟု ကန့်သတ်ထားပြီး လွှတ်တော်ထဲ၌ ဆွေးနွေးကြမည့် အကြောင်းအရာ များနှင့် ပတ်သက်၍လည်း ကန့်သတ်ချက် ဥပဒေများကို စာအုပ် ၁၇ အုပ်ဖြင့် ထုတ်ပြန် ထားသည်။
ဝါရင့် သတင်း အယ်ဒီတာတဦးက“ဒီမိုကရေစီ နိုင်ငံအစစ်ကို သွားမယ်ဆိုရင် မီဒီယာ လွတ်လပ်ခွင့်ကို တန်ဖိုး ထားရပါတယ်”ဟု ဆို သည်။
လာမည့် ဇန်န၀ါရီ ၃၁ ရက်နေ့တွင် နိုင်ငံတ၀န်း တပြိုင်တည်း လွှတ်တော် အစည်းအဝေး ကျင်းပမည် ဖြစ်ကြောင်း စစ်အစိုးရ က ထုတ်ပြန် ကြေညာထားသည်။
Ref: ဧရာဝတီ်
ပင်လုံစိတ်ဓာတ် တည်တံ့ရေး CRPP တိုက်တွန်း
မြင့်မောင် | သောကြာနေ့၊ ဇန်နဝါရီလ ၂၈ ရက် ၂၀၁၁
နယူးဒေလီ (မဇ္ဈိ) ။ ။ ပင်လုံစိတ်ဓာတ် တည်တံ့နိုင်ရေးအတွက် နိုင်ငံသားအားလုံးတွင် တာဝန် ရှိကြောင်း လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPP က ယနေ့ တိုက်တွန်းလိုက်သည်။
ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် တိုင်းရင်းသားခေါင်းဆောင်များ မျှော်မျန်းခဲ့သည့် ပြည်ထောင်စု တိုင်းပြည်မျိုးကို ပြန်လည် ဖော်ဆောင်ရန် ပင်လုံစိတ်ဓာတ် လိုအပ် နေသောကြောင့် ယခုကဲ့သို့ တိုက်တွန်းရကြောင်း ပြောဆိုခြင်း ဖြစ်သည်။
“ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ပြီးနောက် အခြေခံဥပဒေကလည်း သူ့လမ်းညွှန်ချက်တွေအတိုင်း ဖြစ်ပေါ်မလာဘဲ အစိုးရ အဆက်ဆက်က မကျင့်သုံးခဲ့ဘူး။ ယနေ့ခေတ် အာဏာပိုင်များက ပင်လုံစိတ်ဓာတ်ကို ခေါင်းထဲကို ထည့်သွင်း စဉ်းစားမှု မရှိတဲ့အတွက် ယခုအခါ ပင်လုံစိတ်ဓာတ် ကွယ်လုနီးပါးရှိနေတယ်’’ ဟု CRPP အဖွဲ့ဝင် ဇိုမီးအမျိုးသား ကွန်ကရက် ပါတီ ZNC ဥက္ကဋ္ဌ ပူးကျင်ရှင်းထန်က မဇ္ဈိမကို ပြောသည်။
သူက ဆက်ပြီး ’’ကျနော်တို့အနေနဲ့ ပင်လုံစိတ်ဓာတ်ကို ပြန်လည်စဉ်းစားဖို့ လိုအပ်နေတဲ့အတွက် ဒုပင်လုံ ညီလာခံကို ပြန်လည် ခေါ်ယူပြီးတော့ ပြန်လည်သင့်မြတ်ရေး၊ အမျိုးသားပြန်လည် ပေါင်းစည်းရေးကို ပြန်လည် တူးဆွပေးတဲ့ သဘောပါ” ဟု ပြောသည်။
ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ပြုလုပ်သည့် ၆၄ ကြိမ်မြောက် ပြည်ထောင်စုနေ့ အကြို စာပေဟောပွဲကို နေ့လည် ၁ နာရီခန့်တွင် ပြုလုပ်ခဲ့ရာ ပင်လုံစာချုပ်နှင့် ပင်လုံ စိတ်ဓာတ်အကြောင်း ပြောဆိုခဲ့သည်။
ပင်လုံစိတ်ဓာတ်နှင့်ပတ်သက်၍ ပူးကျင်ရှင်းထန်က ’’ဟိုတုန်းက နေမဝင်သော အင်ပါယာ အုပ်ချုပ်သော တိုင်းပြည်ဟာ ကျနော်တို့နဲ့ လက်နက်အားဖြင့် အများကြီး ကွာတယ်။ ဒါပေမဲ့ ကျနော်တို့ လက်နက် မဟုတ်ဘဲနဲ့ နှလုံးရည်အားဖြင့် ပင်လုံ စာချုပ်ရတဲ့ သဘာ တူညီချက်အရ ကျနော်တို့ ညီညီညာညာ လွတ်လပ်ရေး တောင်းတဲ့အခါမှာ လွတ်လပ်ရေး ရတယ်။ အဲဒါ ပင်လုံညီညွတ်ရေး စိတ်ဓာတ်ပဲ’’ ဟု အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။
ဟောပြောပွဲတွင် သဘာပတိအဖြစ် အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦး ဆောင်ရွက်ကာ၊ CRPP အဖွဲ့ဝင် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD မှ စိုင်းစောအောင်ကလည်း ပင်လုံ ညီလာခံအကြောင်း ပြောကြားခဲ့သည်။
ဟောပြောပွဲသို့ မွန်နှင့် ရခိုင်ပြည်နယ်၊ ဧရာဝတီနှင့် ရန်ကုန်တိုင်းတို့မှ NLD ဗဟိုအလုပ်အမှုဆောင်များ အပါအဝင် နိုင်ငံရေး စိတ်ဝင်စားသည့် လူငယ် ၁ဝဝ ခန့် တက်ရောက်ခဲ့သည်။
ဖဆပလ ညီလာခံမှစ၍ ပင်လုံညီလာခံ ဖြစ်တည်မှု၊ ခွဲထွက်ရေး မဟုတ်သည့် ပြည်ထောင်စု စိတ်ဓာတ်နှင့် ပြည်ထောင်စု နိုင်ငံသစ် ပေါ်ပေါက်ရေး ရည်မှန်းချက်များကို CRPP တာဝန်ရှိသူများက ဟောပြောခဲ့ပြီး၊ NLD လူငယ်နှင့် ပြင်ပမှ လူငယ်များ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
“ယနေ့ကာလနဲ့ လျော်ညီတဲ့ ဒုတိယပင်လုံညီလာခံ သို့မဟုတ် ၂၁ ရာစု ပင်လုံညီလာခံ ပေါ်ပေါက်ရေး အတွက် လိုအပ်ချက်တွေ၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ ပင်လုံစိတ်ဓာတ် ဆက်နွှယ်နေပုံ၊ လွတ်လပ်ရေးနဲ့ တန်းတူညီမျှရေး၊ အမျိုးသား စည်းလုံး ညီညွတ်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး ကိစ္စတွေကို အကျေအလည် ရှင်းလင်း ဆွေးနွေးခဲ့ကြတယ်” ဟု NLD ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။
၂ဝဝ၈ အခြေခံဥပဒေ အခြေခံသည့် လွှတ်တော်ခေါ်ရေးသည် လက်ရှိပြည်တွင်းရေး ပြဿနာများ ဖြေရှင်းနိုင်မည် မဟုတ်ကြောင်းနှင့် စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပေါ်ပေါက်ရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် တိုင်းရင်းသား အားလုံး ပူးပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဦးအောက်မှုအောက်တွင် ဆောင်ရွက်မှသာလျှင် ရနိုင်မည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း “စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ထူထောင်ဖို့ပါ။ ဒါကြောင့် ဒီလုပ်ငန်းစဉ်မှာ တတ်နိုင်သမျှ လူများများ ပါရေး ဆိုတာ ကျမတို့ ရည်မှန်း လုပ်ဆောင်နေတဲ့ အချက်ဖြစ်ပါတယ်။ အဓိက,က စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ထူထောင်ဖို့ပါ။ မြန်မာနိုင်ငံအတွင်းက မတူကွဲပြားတဲ့ တိုင်းရင်းသား လူမျိုးစုတွေ အကြားမှာ ညီညွတ်ရေး ရအောင် လုပ်ဆောင်ဖို့ပါ’’ ဟု နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မဇ္ဈိမ သတင်းထောက်နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
ပြည်မနှင့် တောင်တန်းဒေသများ ပူးပေါင်းပါမည်ဆိုသော သဘောတူညီချက်အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင်၊ ချင်း၊ ရှမ်း ခေါင်းဆောင်များက ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ် ပင်လုံမြို့၌ စည်းဝေးခဲ့ရာမှ ပင်လုံညီလာခံ ဖြစ်ပေါ်လာခဲ့သည်။ သို့သော် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရ အပြီး သဘောတူညီမှု ပျက်ပြားကာ ပြည်တွင်းစစ် ဖြစ်လာခဲ့သည်။
ဒုတိယပင်လုံ ကျင်းပရေးကို ပြီးခဲ့သည့် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဇိုမီးအမျိုးသားကွန်ဂရက် ZNC က စစ်ကိုင်းတိုင်း ကလေးမြို့၌ “ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်း” ဟူ၍ ထုတ်ပြန်ကာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ပြည်ထောင်စု တည်ဆောက်ရေး အတွက် ရည်ရွယ်ကာ ကျင်းပရန် စတင် အဆိုပြုခဲ့သည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အထိန်းသိမ်းခံမှ ပြန်လွတ်ခဲ့ပြီးနောက် ဒုတိယ ပင်လုံညီလာခံ ကျင်းပ နိုင်ရေးအတွက် လုပ်ငန်းများ အကောင်အထည်ဖော်ရန် တာဝန် လွှဲပြောင်းပေးခဲ့သည်။
၁၉၄၇ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် တိုင်းပြုပြည်ပြုလွှတ်တော် ပထမညီလာခံ၌ ဗိုလ်ချုပ်အောင်ဆန်း တင်သွင်းခဲ့သော လွတ်လပ်သည့် အချုပ်အခြာ အာဏာပိုင် မြန်မာနိုင်ငံတော် အတွက် ရေးဆွဲရမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေနှင့် ပတ်သက်သည့် လမ်းညွှန် ၇ ချက်မှာ -
(၁) နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်ဟု ခေါ်တွင်စေသော လွတ်လပ်သည့် အချုပ်အခြာ အာဏာပိုင် သမ္မတနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဖြစ်ရမည်။
(၂) ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက သတ်မှတ်ဖော်ပြသည့် တသီးပုဂ္ဂလ ပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် သတ်မှတ်ဖော်ပြထားသည်နှင့်အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာရှိရမည်။
(၃) အချုပ်အခြာအာဏာပိုင် လွတ်လပ်သော သမ္မတမြန်မာနိုင်ငံတော်နှင့်တကွ အပါအဝင်ဖြစ်သည့် ပြည်နယ်များနှင့် အစိုးရအဖွဲ့အစည်း အားလုံးတို့၏ အခွင့်အာဏာဟူသမျှတို့သည် တိုင်းသူပြည်သားတို့ထံမှ ဆင်းသက်စေရမည်။
(၄) ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ တိုင်းသူပြည်သားမှန်သမျှသည် လူမှုရေးရာ၌ လည်းကောင်း၊ စီးပွားရေးရာ၌ လည်းကောင်း၊ နိုင်ငံရေးရာ၌ လည်းကောင်း၊ တရားမျှတမှု ရှိစေလျက်၊ အဆင့်အတန်း အခွင့်အရေးနှင့် ဥပဒေ သက်သေခံမှုတို့တွင် ဆူကြုံနိမ့်မြင့် မရှိ၊ ပကတိ တူညီစေရမည့် အပြင်၊ တရားဥပဒေနှင့် သော်လည်းကောင်း၊ အများပြည်သူတို့ စောင့်စည်း အပ်သော အကျင့် သိက္ခာနှင့် သော်လည်းကောင်း၊ မဆန့်ကျင်သမျှ လွတ်လပ်စွာ ကြံစည်ပိုင်ခွင့်၊ လွတ်လပ်စွာ ဖော်ထုတ် ပြောဆိုပိုင်ခွင့်၊ ယုံကြည်ပိုင်ခွင့်၊ ဘာသာတရား ကိုးကွယ်ပိုင်ခွင့်၊ ဝတ်ပြုပိုင်ခွင့်၊ ပရိယေသနရှာမှီး ပိုင်ခွင့်၊ စည်းရုံးပိုင်ခွင့်၊ ပြုမူဆောင်ရွက် ပိုင်ခွင့်တို့ ရရှိ တည်မြဲစေရန် အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် အခိုင်အလုံ သတ်မှတ် ထားရှိစေရမည်။
(၅) ဤဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် လူနည်းစုများအဖို့ လုံလောက်သော ကာကွယ်ချက်များ ထည့်သွင်း ပြဋ္ဌာန်း ထားရှိစေရမည်။
(၆) လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတမြန်မာနိုင်ငံ၏ နယ်မြေကို တပေါင်းတစည်းတည်း တည်တံ့ ခိုင်မြဲရေးကို လည်းကောင်း၊ နိုင်ငံတော်၏ ကြည်း၊ ရေ၊ လေ တို့ကို အချုပ်အခြာ စိုးမိုးပိုင်ခွင့်ကို လည်းကောင်း၊ တရားဓမ္မနှင့် တကွ ပြည်ထောင် အချင်းချင်း ဥပဒေအရ ထိန်းစောင့်ထားရှိရမည်။
(၇) ရာဇဝင်ထင်ရှားခဲ့သော ဤမြန်မာနိုင်ငံတော်သည် ကမ္ဘာပေါ်တွင် ဂုဏ်ကျက်သရေနှင့် လျော်ညီစွာ ရသင့် ရထိုက်သော အဆင့် အတန်းသို့ ရောက်ရှိစေရမည့် အပြင် လူသတ္တဝါတို့၏ တိုးတက်ရေးနှင့် ကောင်းကျိုးချမ်းသာ ပြည့်ဝရေးတို့ကို တာဝန် အလျောက် စေတနာဖြင့် အစွမ်းကုန် ဖြည့်စွက်ထမ်းရွက်ကာ ပြည်ထောင် အချင်းချင်းဆိုင်ရာ တရားဓမ္မနှင့် ကျင့်ဝတ်သိက္ခာကို အခြေပြု၍၊ ကမ္ဘာ့ ငြိမ်းချမ်းရေးကို ရှေးရှုလျက်၊ နိုင်ငံတကာတို့နှင့် မိတ်ဝတ် မပျက်ဘဲ တွဲဖက် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မြဲသော အဓိဋ္ဌာန်ဖြင့် စောင့်ထိန်းတော့အံ့။
Ref: မဇ္ဈိမ
NLD ရပ်တည်ရေးအမှု ပလပ်ခံရ
သဲသဲ | သောကြာနေ့၊ ဇန်နဝါရီလ ၂၈ ရက် ၂၀၁၁
နယူးဒေလီ (မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဆက်လက် ရပ်တည်ရေး အထူးအယူခံကို ဝင်ခွင့်မပြုဘဲ ပလပ် လိုက်သည်ဟု နေပြည်တော် တရားရုံးချုပ်က ယနေ့ အမိန့် ချလိုက်သည်။
နောက်ဆုံးအဆင့် အထူးအယူခံကို NLD က တင်သွင်းခဲ့ရာ ဇန်နဝါရီ ၁၃ ရက်နေ့တွင် လက်ခံခဲ့ကာ၊ ၂၄ ရက်နေ့တွင် နှစ်ဖက် ကြားနာမှုများ ပြုခဲ့ပြီးနောက် ပလပ်ကြောင်း ယနေ့ အမိန့်ချခြင်း ဖြစ်သည်။
“ကျနော်တို့က တရားစီရင်ရေးဥပဒေ ပုဒ်မ ၇ နဲ့ အထူး အယူခံဝင်ခွင့်ပေးဖို့ လျှောက်ထားတဲ့ လျှောက်လွှာပေါ့။ အဲဒီ့ လျှောက်ထားတဲ့ လျှောက်လွှာကို ပြီးခဲ့တဲ့အပတ် ၂၄ ရက်နေ့က လျှောက်လဲချက် တင်တယ်။ တင်ပြီးတော့ ဒီနေ့ အထူး အယူခံဝင်ခွင့် မပြုဘူးဆိုပြီး ပလပ် လိုက်တယ်ပေါ့’’ ဟု NLD ၏ အကျိုးဆောင်ရှေ့နေ ဦးကျော်ဟိုးက မဇ္ဈိမကို ပြောသည်။
သို့သော် ဥပဒေပုဒ်မ ၈ အရ နိုင်ငံတော် တရားသူကြီးချုပ်ထံ အယူခံတင်ခွင့် ရှိသေးသည်။
တရားဝင် ပါတီဆက်ရပ်ခွင့် အလားအလာ နည်းသွားခြင်းကား စစ်ခေါင်းဆောင်များနှင့် အဓိက အတိုက်အခံ အင်အားစုကြီး အကြား ပေါင်းကူး ဆက်ဆံမှု ဖြစ်ထွန်း လာရေးကို ထိခိုက် သွားစေသည်။
ဦးကျော်ဟိုးက “ကျနော်တို့ကတော့ တင်ခွင့်ရှိတယ်ပေါ့။ တင်တော့ တရားသူကြီးက သူ့လုပ်ပိုင်ခွင့်အရ ဒါ သူ့ဟာသူ ချင့်ချိန် မှာပေါ့။ တရားသူကြီးချုပ် ဆီကို တိုက်ရိုက်တင်ရမှာ။ ဥပဒေ ပြဋ္ဌာန်းချက်မှာတော့ ရှိသေး တယ်ပေါ့လေ။ ဆက်လုပ်ဖို့ မလုပ်ဖို့ကတော့ ဘာမှတော့ မတိုင်ပင်ရသေးဘူး’’ ဟု ဆိုသည်။
ယနေ့ စီရင်ချက်ချမည့်အကြောင်း ရန်ကုန်တရားရုံးချုပ်က ယခုလ ၂၆ ရက်နေ့တွင် ကြိုတင် အသိပေး စာရင်းဖြင့် ကြေညာခဲ့သဖြင့် နေပြည်တော်သို့ ရှေ့နေများ ဖြစ်သည့် ဦးဥာဏ်ဝင်း၊ ဦးကျော်ဟိုးနှင့် NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းမြင့်တို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။
၂ဝ၁ဝ ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီမှတ်ပုံခြင်း မပြုတော့သဖြင့် ပါတီတရားဝင်မှု ပျက်ပြယ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ကြေညာခဲ့သည်။
ယင်းသို့ကြေညာအပြီး ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ တရားဝင် ရပ်တည်ရှိခွင့် ရှိကြောင်း အယူခံ တင်သွင်းမှုများ အဆင့်ဆင့် ပြုလုပ်ခဲ့သည်။ နေပြည်တော် တရား ရုံးချုပ်ကလည်း ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၂၂ ရက်နေ့တွင် ပယ်ချခဲ့ရာမှ အထူးအယူခံ ပြန်တင်ခဲ့သဖြင့် ပြန်လည် လက်ခံခဲ့ခြင်း ဖြစ်သည်။
NLD သည် ၁၉၉ဝ ရွေးကောက်ပွဲတွင် အမတ်နေရာ ၈၂ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့သော်လည်း အာဏာသိမ်း စစ်ခေါင်းဆောင်များက လွှတ်တော် ခေါ်ပေးခြင်း မရှိခဲ့ပါ။
သို့သော် ၎င်းတို့ ဦးစီးကျင်းပခဲ့သည့် ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲ ရလဒ်နှင့် အညီ ယခုလ ၃၁ ရက်နေ့တွင် လွှတ်တော် အစည်းအဝေးများ စတင်ကျင်းပမည်ဟု ကြေညာခဲ့သည်။
Ref: မဇ္ဈိမ