..............................

Tuesday, August 24, 2010

ရခိုင်နိုင်ငံရေးပါတီဝင်များ နှောင့်ယှက်ခံနေရ

ခင်ဦးသာ
Monday, August 23, 2010

ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) အား ဒေသဆိုင်ရာ ရဲတပ်ဖွဲ့များက စစ်ဆေး မေးမြန်းခြင်းများ ဆက်လက် လုပ်ဆောင်မည် ဆိုပါက ရွေးကောက်ပွဲ ကော်မရှင် (ဗဟို) သို့ အကြောင်းကြားစာပို့ တိုင်ကြား သွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ဧရာဝတီသို့ ပြောသည်။

“တကယ်လို့ ပါတီကိုလာစစ်ဆေးတာတွေ၊ ပါတီဝင်တွေနဲ့ မိသားစုတွေကို စစ်ဆေးတာ၊ စောင့်ကြည့်တာတွေ ဆက်လုပ်နေ ဦးမယ် ဆိုရင် ရွေးကောက်ပွဲ ကော်မရှင်ကို စာတင်ပြီး ကြေညာချက်တွေပါ ထုတ်သွားဖို့ ရှိပါတယ်” ဟု သူက ရှင်းပြသည်။

ဒေသဆိုင်ရာ အာဏာပိုင်များသည် RNDP ပါတီဝင်များအားစောင့်ကြည့်မှု၊ ပါတီဝင်မိသားစုများအား ခေါ်ယူ စစ်ဆေး မေးမြန်း မှု၊ ခြိမ်းခြောက် ပြောဆိုမှု များကို သြဂုတ်လဆန်းပိုင်းမှ စ၍ ဆက်တိုက် လုပ်ဆောင်ခဲ့ကြောင်း၊ ထိုသို့ လုပ်ဆောင်ခြင်းကြောင့် မိသားစုများမှာ စိတ်အနှောင့်အယှက် ဖြစ်ကြရသည့် အပြင်၊ ပါတီဝင်လိုသည့် ဒေသခံများကိုလည်း အတားအဆီး ဖြစ်စေကြောင်း ပါတီ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောသည်။

“မင်းပြားမှာနေတဲ့ ကျနော့်အစ်မကိုလည်း မြို့နယ်ရဲတပ်ဖွဲ့က ခေါ်ပြီးစစ်ဆေးတာ၊ မေးမြန်းတာ လုပ်တယ်၊ စစ်တွေမှာရှိတဲ့ ကျနော့်အစ်ကို ကိုလည်းခေါ်ယူစစ်ဆေးမေးမြန်းတယ်။ သူတို့တွေက နိုင်ငံရေးလုပ်နေတဲ့ လူတွေလည်းမဟုတ်ဘူး” ဟု သူက ဆိုသည်။

ဦးခိုင်ပြည်စိုး၏ မိသားစုများအပြင်တခြားသော ပါတီဝင်များ၏ မိသားစုများကိုပါ ခေါ်ယူစစ်ဆေး ခဲ့ကြကြောင်း သိရသည်။

RNDP သည် ရခိုင်ပြည်နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့) ၏ အဓိက ပြိုင်ဘက် ပါတီတခု ဖြစ်နေခြင်းကြောင့် အာဏာပိုင်များက ထိုသို့ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဒေါက်တာအေးမောင်က သုံးသပ်သည်။

RNDP သည် ဇူလိုင်လ ၂၇ ရက်နေ့တွင် အာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရသော အရှင် ဦးပညာစာရနှင့် ပတ်သက်၍ ပါတီ၏ သဘောထား များကို ကြေညာချက် ထုတ်ခြင်း၊ ပါတီဝင်များ၊ ပါတီဝင် မိသားစုများအား ခေါ်ယူစစ်ဆေးမှုများနှင့် ပတ်သက်၍ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက်စာပို့ခြင်းတို့ လုပ်ဆောင်ပြီးနောက်တွင် အာဏာပိုင်များ၏ စောင့်ကြည့်ခြင်းကို နေ့စဉ်ကြုံတွေ့ နေရကြောင်း သိရသည်။

ရခိုင်ပြည်နယ် စစ်တွေဒေသ၌ ရွေးကောက်ပွဲတွင် ၀င်ရောက်အရွေးခံမည့် ပါတီများမှာ RNDP အပါအ၀င်ကြံ့ဖွံ့၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည) နှင့် ကမန်ပါတီ၊ မြို၊ ခမီ စသည့် ပါတီငယ်များ စုစုပေါင်း ၁၀ ခု ၀န်းကျင် ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခြင်းကို ကြံ့ဖွံ့ပါတီက အစောဆုံး လုပ်ဆောင်နေပြီး ယခုအခါ တစည ပါတီ သည်လည်း မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော စသည့် မြို့နယ်တချို့တွင် အတိုးနှုန်း သက်သာစွာဖြင့် ငွေချေးပေးခြင်း၊ အ၀တ်အထည်များ ပေးကမ်းခြင်း၊ သက်ကြီး ရွယ်အိုများအား ထောက်ပံ့ငွေ ကျပ် တထောင်စီပေးခြင်း စသည်ဖြင့် လုပ်ဆောင်၍ စည်းရုံးနေကြောင်း မင်းပြားဒေသခံ တဦးကပြောသည်။

သို့ရာတွင် တပြိုင်နက်တည်း၌ ကျောက်ဖြူ၊ မာန်အောင် စသည့် မြို့နယ်များတွင် “ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီ အလိုမရှိ၊ တစည ပါတီ အလိုမရှိ” အစရှိသဖြင့် ကန့်ကွက် လှုပ်ရှားမှုများကို သြဂုတ်လ ဒုတိယပတ်တွင် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Ref: ဧရာဝတီ်

Read More...

KSPP ကချင်ပါတီ မှတ်ပုံတင်ခွင့်ကျဖို့ မရေမရာဖြစ်နေဆဲ

ဦးကျော်ထင်
တနင်္လာ, 23 သြဂုတ် 2010

နိုဝင်ဘာလ ၇ ရက်နေ့ ကျင်းပတော့မယ့် ရွေးကောက်ပွဲအတွက် ၀င်အရွေးခံမယ့် ကိုယ်စားလှယ်လောင်း နာမည်စာရင်း တင်သွင်းဖို့ တပတ်ပဲ လိုတော့တဲ့ အချိန်အထိ ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP) ကတော့ မှတ်ပုံတင်ခွင့်တောင် မရသေးပါဘူး။ ဒီပါတီဟာ ရွေးကောက်ပွဲ ကော်မရှင်ဆီမှာ တရားဝင် ပါတီမှတ်ပုံတင်ခွင့် အစောဆုံး လျှောက်ထားခဲ့တဲ့ ပါတီတခု ဖြစ်ရုံမက ဒီကိစ္စ အတွက်လည်း ပါတီခေါင်းဆောင်တွေဟာ နေပြည်တော်ကို တကြိမ်မက သွားရောက် ပြောဆိုမှုတွေ လုပ်ခဲ့တာပါ။ အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင်ဟောင်း တွေပါတဲ့ ကချင်ပါတီ တခုက မှတ်ပုံတင်ခွင့် မရချိန်မှာ မှတ်ပုံတင် ခွင့်ပြုချက် ရထားကြတဲ့ တိုင်းရင်းသားပါတီ တချို့ဟာလည်း အခက်အခဲတွေနဲ့ ရင်ဆိုင် နေကြရပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

လာမယ့် တနင်္လာနေ့မှာ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းဖို့ နောက်ဆုံးရက် ဖြစ်လာပေမဲ့ အစောဆုံး ပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့တဲ့ တိုင်းရင်းသား ပါတီဖြစ်တဲ့ ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP) ကို မှတ်ပုံတင်ခွင့် မပြုသေးပါဘူး။ ဆက်လက် စောင့်ဆိုင်းဖို့ပဲ အာဏာပိုင်တွေက အကြောင်းကြား လာတယ်လို့ ပါတီဥက္ကဋ္ဌ ဒေါက်တာ တူးဂျာက အခုလို ပြောပါတယ်။

“အခုက စောင့်ဆိုင်းနေရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ သက်ဆိုင်ရာကလည်း စောင့်ဆိုင်းဖို့ပဲ မှာကြားထား လိုက်တယ်။ ဆက်လက် စောင့်ဆိုင်းဖို့ပဲ ပြောပါတယ်။ အဲဒါကြောင့် ကျနော်တို့က စောင့်ဆိုင်းနေရတဲ့ အခြေအနေ မျိုးပေါ့။ ဒါ အချိန် တိုတောင်းတာလည်း သိတယ်။ ဒါ သက်ဆိုင်ရာကလည်း သိပါတယ်။ အကြောင်းကြောင်းကြောင့်လေ ကျနော်တို့က စောင့်ဆိုင်းနေရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။”

စစ်အစိုးရက ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့မှာ ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ခဲ့ပြီး ကချင်ပြည်နယ် တိုးတက်ရေး ပါတီဟာ ဧပြီလ ၅ ရက်နေ့မှာ ပါတီထူထောင်ခွင့် လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ KSPP ခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့ ဧပြီနဲ့ ဇူလိုင်လတွေမှာ မှတ်ပုံတင်ခွင့် ရဖို့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ တွေ့ဆုံခဲ့ပေမဲ့ အဖြေမရခဲ့ပါဘူး။ ပြီးခဲ့တဲ့ လကုန်ပိုင်းမှာတော့ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက နှုတ်အားဖြင့် မဲဆွယ်စည်းရုံးခွင့် ပြုခဲ့ပါတယ်။

ဒီကြားထဲမှာ မှတ်ပုံတင်ခွင့် ကျလာရင်လည်း မြို့နယ်တချို့မှာပဲ ယှဉ်ပြိုင်နိုင်တော့မယ်လို့ ဒေါက်တာတူးဂျာက ဆက်ပြောပါတယ်။

“ဒါကတော့ အတိအကျ ပြောလို့မရဘူး။ လက်တွေ့ လုပ်ကြည့်မှ သိမယ့်အနေထား ဖြစ်ပါတယ်။ အခု ကျနော်တို့ ပါတီက အခုတောင်မှ ပါတီ တရားဝင် မတည်ဆောက် နိုင်သေးဘူး ဆိုတော့ ဒါ ကျနော်တို့ စည်းရုံး လှုပ်ရှားခွင့် အချိန်ကလည်း အင်မတန် တိုတောင်း သွားပြီ။ ဒါကြောင့် ရွေးကောက်ပွဲကာလလည်း သတ်မှတ်ထားပြီးပြီဆိုတော့ ပြည်သူလူထုရဲ့ ထောက်ခံ အားပေးမှုက ဘယ်လောက် အတိုင်းအတာပဲ ရှိတော့လဲဆိုတာ ကျနော်တို့ အတိအကျ ပြောလို့မရဘူး။ ထောက်ခံ အားပေးမှုတော့ ရှိကောင်း ရှိမယ်ပေါ့လေ။ ဒါပေမဲ့ ကိုယ်စားလှယ် လောင်းတွေကို ရွေးချယ်သတ်မှတ်ဖို့ အခက်အခဲ တစုံတရာ ရှိလာနိုင်တယ်။ အချိန်အတွက်ကြောင့်လေ၊ အဲဒါကြောင့်မို့ မြို့နယ် တချို့လောက်ကိုပဲ ၀င်ရောက်ပြီး ယှဉ်နိုင်မယ့် အနေအထားမျိုး ဖြစ်နေတယ်။”

ကော်မရှင်ဟာ မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ ၄၂ ပါတီထဲက KSPP ပါတီ တခုတည်းကိုပဲ မှတ်ပုံတင်ခွင့် မပြုတာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ မှတ်ပုံတင် ကျပြီးသား တိုင်းရင်းသားပါတီ တချို့လည်း ဘဏ္ဍာရေး အခက်အခဲနဲ့ အာဏာပိုင်တွေရဲ့ ဟန့်တားမှု ကြုံနေရပါတယ်။

ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီဝင်တွေနဲ့ ဆွေမျိုးတွေကို အာဏာပိုင်တွေက စစ်ဆေး မေးမြန်းမှုတွေ ရှိနေတယ်လို့ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောပါတယ်။

“အဲဒါမျိုးဟာ လက်ရှိအစိုးရနဲ့ ပတ်သက်နေတယ်လေ။ လက်ရှိအစိုးရကလည်း ကြံ့ခိုင်ရေး ပါတီမှာ ပါတဲ့ ပုဂ္ဂိုလ်တွေ ဦးဆောင် ဖွဲ့စည်းထားတာ။ ဆိုတော့ ကျနော်တို့ ပြည်သူတွေ အမြင်မှာလေ ပါတီ တခုမှာပါတဲ့ အစိုးရအဖွဲ့ရဲ့ လက်အောက်မှာတဲ့ လုံခြုံရေး အဖွဲ့အစည်း တွေက ပါတီတခုရဲ့ ပါဝင်နေတဲ့ ပုဂ္ဂိုလ်တွေ၊ သူ့ရဲ့ ဆွေမျိုးတွေ ပေါ့ဗျာ၊ အဲဒါတွေကို စုံစမ်း စစ်ဆေးတယ် ဆိုတော့ တခုခု Press ပေးသလိုပေါ့။ အာဏာရပါတီက သူ့လက်အောက်ခံ အဖွဲ့အစည်းကို အသုံးချနေတဲ့ သဘောလို့ ပြည်သူကြားမှာ၊ ပါတီဝင်တွေ ကြားမှာ ဖြစ်နေတာပေါ့။ ဆိုတော့ အဲဒီဟာလေးကို ကွင်းဆက်ဖြတ်ပေးဖို့ လိုပါလိမ့်မယ်။”

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဟာ ဒေသခံ ပြည်သူလူထု ၇၀% နီးပါး ထောက်ခံမှု ရနိုင်တယ် လို့လည်း ဒေါက်တာအေးမောင်က ခန့်မှန်း ပြောဆိုပါတယ်။

ချင်းအမျိုးသား တိုးတက်ရေး ပါတီကတော့ ဘဏ္ဍာရေး အခက်အခဲ ရှိပေမဲ့ ချင်းပြည်နယ်မှာ အနိုင်ရမယ်လို့ ယုံကြည်နေကြောင်း ဥက္ကဋ္ဌ နိုကန်းခန်က ပြောပါတယ်။

“ပြည်သူရဲ့ ယုံကြည်မှုတော့ ရရှိထားပါတယ်။ ငွေရေးကြေးရေး အခက်အခဲတော့ တော်တော်လေးရှိတယ်။ အချိန်က အရမ်း ကပ်နေတဲ့ အခါကျတော့ ဥပမာ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကို မ၀င်ခဲ့ရဘူး။ ၀င်ဖြစ်ရင်တော့ ဘယ်လိုဖြစ်လာမယ် မသိနိုင်ဘူး။ ကျနော်တို့ ချင်းလူမျိုးထဲ ကနေ ချင်းတိုးတက်ရာ တိုးတက်ကြောင်း ရည်မှန်းပြီး ဖွဲ့စည်းထားတဲ့ ပါတီ ဆိုတော့ ပြည်သူရဲ့ ထောက်ခံမှုက တော်တော် များတယ်လို့ မြင်တယ်။ ဒီတော့ ငွေအင်အားနဲ့ သုံးရင်လည်း ချင်းပြည်သူရဲ့ ထောက်ခံမှုကို ရမယ်လို့ မယုံကြည်ဘူး။”

ဒါကတော့ တိုင်းရင်းသားပါတီတချို့ရဲ့ လက်ရှိ အခြေအနေတွေကို ပါတီခေါင်းဆောင်တွေ ရှင်းပြသွားတာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

DKBA ခေါင်းဆောင်များ နိုင်ငံရေးပါတီ ထောင်ဖွယ်ရှိ

သန်းထိုက်ဦး
Monday, August 23, 2010

စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်ခံလိုက်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) မှ ခေါင်းဆောင်တချို့သည် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရေးအတွက် နိုင်ငံရေးပါတီ ထူထောင်ဖွယ်ရှိကြောင်း သတင်းရရှိသည်။

အမည် မသိရသေးသည့် အဆိုပါ ပါတီကို DKBA ၏ နိုင်ငံရေး တောင်ပံ အဖွဲ့ဖြစ်သော ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ အဖွဲ့ (DKBO) မှ ဥက္ကဋ္ဌ ဦးသာထူးကျော်၊ ကရင်တိုင်းရင်းသား ပညာတတ်များဖြစ်သော ဦးစောအောင်ငွေနှင့် ဦးစောသန်းမြတ်တို့က ဦးဆောင်၍ ပါဝင်ယှဉ်ပြိုင်မည်ဟု ကရင် အသိုင်းအဝန်းက ဆိုသည်။

ကရင်ပြည်နယ် ဘားအံမြို့ အခြေစိုက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဌာနခွဲမှ ခေါင်းဆောင် ဒေါ်နန်းခင်ထွေးမြင့် ကလည်း ဦးသာထူးကျော် ခေါင်းဆောင်မည့် ပါတီသည် ကရင်ပြည်နယ် မဲဆန္ဒနယ်များမှ ၀င်ရောက် ယှဉ်ပြိုင်မည်ဟု ကြားရကြောင်း ဧရာဝတီသို့ ပြောသည်။

DKBA နှင့် နီးစပ်သူတဦးကလည်း “ဦးသာထူးကျော်တို့က ပါတီထောင်ပြီး ရွေးကောက်ပွဲ ၀င်မယ်လို့ ကြားတယ်”ဟု ပြောသည်။

ဦးသာထူးကျော်နှင့် အဖွဲ့သည် အသက်အရွယ် အိုမင်းပြီး လက်နက်ကိုင် တော်လှန်ခြင်း ပြုလုပ်နိုင်မည် မဟုတ်သောကြောင့် နိုင်ငံရေးပါတီ ဖွဲ့ခွင့်ပေးကာ ရွေးကောက်ပွဲကို ၀င်စေခြင်း ဖြစ်ပုံရကြောင်း၊ DKBA အများစု နေထိုင်သော ကရင်ပြည်နယ် မြဝတီ၊ မြိုင်ကြီးငူ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးနှင့် လှိုင်းဘွဲ့မြို့နယ် စသည့် နေရာများတွင် အနိုင်ရရှိနိုင်ကြောင်း ဒေသခံများက ခန့်မှန်းနေကြသည်။

မဲဆန္ဒနယ် အသီးသီးတွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်းကို သြဂုတ်လ ၁၆ ရက်နေ့မှ ၃၀ ရက်နေ့ အတွင်း တင်သွင်းရမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ် အမျိုးသားများ အဖွဲ့ချုပ် (KSNO)၊ ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ် (UKL) နှင့် ကရင် အမျိုးသား ဒီမိုကရေစီ ကွန်ရက် (KNCD) ဟူ၍ ကရင်နိုင်ငံရေးပါတီ ၃ ခု ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ယင်းတို့အနက် KSNO သည် ကရင်ပြည်နယ်ရှိ မဲဆန္ဒနယ်မြေ တခု၌ အနိုင်ရရှိခဲ့သည်။

အဓိက အတိုက်အခံ ပါတီဖြစ်သည့် NLD သည် ကရင်ပြည်နယ်ရှိ မဲဆန္ဒနယ်မြေ ၁၄ ခု အနက် ၁၀ ခုတွင် အနိုင်ရရှိခဲ့သည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့သည်။ DKBA ၏ နယ်ခြားစောင့်တပ် တပ်ဖွင့်ပွဲ အခမ်းအနားများကို စစ်အစိုးရ ဦးဆောင်၍ သြဂုတ်လ ၁၉ ရက်နေ့တွင် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ ဒေသ၊ သြဂုတ်လ ၂၀ ရက်နေ့တွင် မြ၀တီမြို့နယ် မဲပလဲ့ဒေသတို့၌ ကျင်းပ ပြုလုပ် ပေးခဲ့ကြောင်း စစ်အစိုးရပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

“တိုင်းရင်းသား အဖွဲ့အစည်းများအား ဖြစ်ပေါ်လာမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တရားဝင် လက်နက် ကိုင်ဆောင်ခွင့် ရရှိသည့် နယ်ခြားစောင့် တပ်များ အဖြစ် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ လုပ်ဆောင်လျက်ရှိသည်” ဟု သတင်းစာတွင် ရေးသားထားသည်။

သို့သော် နယ်ခြားစောင့်တပ်အဖြစ် အသွင်းပြောင်းခဲ့သော DKBA တပ်ဖွဲ့များမှ ခေါင်းဆောင်များ၏ အမည်များကို ဖော်ပြထားခြင်း မရှိပေ။

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်ကို စစ်အစိုးရက လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် ဧပြီလတွင် စတင်ခဲ့ခြင်းဖြစ်သည်။

၁၉၈၉ ခုနှစ်မှ စတင်၍ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။

ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်နေ့တွင် လွှတ်တော် အသီးသီးအတွက် ကျင်းပ သွားမည်ဟု သြဂုတ်လ ၁၃ ရက်နေ့တွင် စစ်အစိုးရက ထုတ်ပြန် ကြေညာထားသည်။

Ref: နေ့သစ်

Read More...

NDF ရဲ့ ခမောက် စာပေကင်ပေတိုင် ပိတ်ပင်

ခိုင်စု
တနင်္လာနေ့၊ သြဂုတ်လ ၂၃ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ ပါတီအမှတ်တံဆိပ် ခမောက်ပုံကို စာပေစိစစ်ရေးက သတင်းဂျာနယ်များ တွင် ဖော်ပြခွင့် မပြုကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောဆိုသည်။

ယခုလ ပထမပတ်မှစ၍ ရန်ကုန်ရှိ အပတ်စဉ်ထုတ် သတင်းဂျာနယ်များဖြစ်သည့် Monitor ၊ The Hot News နှင့် The Voice Weekly တို့တွင် NDF ခေါင်းဆောင်များ၏ အင်တာဗျူးနှင့် ပါတီတံဆိပ် ခမောက်ပုံကို စာပေ စိစစ်ရေးသို့ တင်ပြရာတွင် ခမောက်ပုံကို ဖော်ပြခွင့် မရရှိခဲ့ကြောင်း ပြောဆိုခြင်း ဖြစ်သည်။

“တချို့ဂျာနယ်တွေမှာဆိုရင် အင်တာဗျူးရော ခမောက်ရော၊ တချို့ဂျာနယ်တွေမှာ ဆိုရင် အင်တာ ဗျူးပါတယ်၊ ခမောက်ပုံ မပါဘူး။ ဂျာနယ်တွေကို သွားမေးတဲ့ အခါမှ စိစစ်ရေးက ဖြုတ်လိုက်တာကို သိရတာ” ဟု NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

ခမောက်တံဆိပ်ကို စာပေစိစစ်ရေးက ဖော်ပြခွင့် မပြုကြောင်း ပိတ်ပင်ခံရသည့် ဂျာနယ်များနှင့် နီးစပ် သူများကလည်း ပြောဆိုကြသည်။

“ကျနော်တို့က NDF နဲ့ အင်တာဗျူးရော ခမောက်ပုံရော တွဲတင်ပါတယ်။ ဒါပေမဲ့ စာသားရော၊ ခမောက်ရော ဖြုတ်လိုက်ပါတယ်” ဟု ပိတ်ပင် ခံရသည့် ဂျာနယ်များနှင့် နီးစပ်သည့် အယ်ဒီတာတဦးက ပြောသည်။

“တခြားပါတီတံဆိပ်တွေ ဖော်ပြခွင့် ရပါတယ်။ ခမောက်ကိုကျမှ မရတာပါ။ သိရသလောက် ဆိုရင် ခမောက်ပုံပါတဲ့ နိုင်ငံပိုင် သတင်းစာ ဖြတ်ပိုင်းနဲ့ တွဲတင်တာတောင် မရဘူး” ဟု The Hot News နှင့် နီးစပ်သူ တဦးက မဇ္ဈိမကို ပြောသည်။

တရားဝင် မှတ်ပုံတင်ခွင့်ပြုချက် ရရှိပြီးသည့် ပါတီတခုအနေဖြင့် ပါတီတံဆိပ်ကို လွတ်လပ်စွာ အသုံးပြု နိုင်ကြောင်းနှင့် အခြား ပါတီများ၏ အမှတ် တံဆိပ်များကို ဖော်ပြခွင့် ရနေသော်လည်း ၎င်းတို့ ပါတီကိုမှ ဖော်ပြခွင့် ကန့်သတ်ကြောင်း NDF အဆိုအရ သိရသည်။

သို့သော် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် NDF အကြား ခမောက်တံဆိပ် အသုံးပြုခြင်းနှင့် ပတ်သက်၍ အငြင်းပွား စဉ်ကသာ သတင်းစာထဲတွင် ဖော်ပြခွင့် ရရှိခဲ့ပြီး၊ နောက်ပိုင်းတွင် မရရှိတော့ကြောင်း NDF က ပြောဆိုသော်လည်း Monitor ဂျာနယ်ကမူ ဖော်ပြခွင့် ရရှိသည်ဟု ဆိုသည်။

“ကော်မရှင်က ခွင့်ပြုထားတဲ့ တံဆိပ်ကို ဘာလို့ ဖော်ပြခွင့်မရမှာလဲ။ တခြားဂျာနယ်တွေရော၊ ကျနော်တို့ ဂျာနယ်ရော ဖော်ပြခွင့် ရပါတယ်” ဟု Monitor သတင်းဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်က မဇ္ဈိမကို ပြောသည်။ ပြီးခဲ့သည့် လထုတ် Monitor တွင် NDF ပါတီ အကြောင်း သတင်းတရပ်တွင် ခမောက်ပုံကို ပူးတွဲဖော်ပြခွင့် ရရှိခဲ့သေးသည်။

စာပေစိစစ်ရေးဌာနမှ ဌာနစုမှူး ဒေါ်ယုယုဝင်းကလည်း “ကျမ အထင်တော့ ဂျာနယ်တွေထဲမှာ ပါနေပါလိမ့်မယ်။ ကော်မရှင်က တရားဝင် ခွင့်ပြုထားရင်တော့ အသုံးပြုခွင့် ပေးပါတယ်။ ကျမ ဒီလောက်ပဲ ပြောနိုင်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

NDF အနေဖြင့် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားစဉ်က ခမောက်တံဆိပ် အသုံးပြုမှုနှင့် ပတ်သက်၍ အငြင်းပွားမှု ဖြစ်ပေါ်ခဲ့ရာ၊ ရွေးကောက်ပွဲ ကော်မရှင်က ဆက်လက်အသုံးပြုခွင့် ပေးခဲ့သည်ကို စာပေစိစစ်ရေးသို့ အကြောင်း မကြားသဖြင့် သတင်း ဂျာနယ်များတွင် ခမောက်တံဆိပ် ဖော်ပြခွင့် ပိတ်ပင်ထားခြင်း ဖြစ်နိုင်ကြောင်း စာပေစိစစ်ရေးနှင့် နီးစပ်သူတဦးက ပြောဆိုသည်။

ယင်းအပြင် လွန်ခဲ့သည့် ၂ လ ခန့်က NDF ပါတီ ဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းနှင့် အင်တာဗျူးကို အလင်းတန်း ဂျာနယ်တွင် ဖော်ပြခွင့် မရခဲ့ကြောင်း သိရသည်။

“ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ ဒီလို ကန့်သတ်ပိတ်ပင်တာဟာ မဲဆွယ်စည်းရုံးရေးကို မပြုလုပ်နိုင်အောင် လုပ်နေတဲ့ သဘော သက်ရောက်နေတယ်” ဟု ဦးခင်မောင်ဆွေက ပြောဆို လိုက်သည်။

ယခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် NDF သည် လွှတ်တော် ကိုယ်စားလှယ်လောင်း ၁ဝဝ ဝန်းကျင်ဖြင့် ယှဉ်ပြိုင် သွားမည့် ပါတီဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

နိုင်ငံရေးပါတီများ အခက်တွေ့စေရန် ဖန်တီးခံရဟု ဦးသုဝေ ပြောကြား

မျိုးချစ်သူ
၃ သြဂုတ် ၂၀၁၀

နိုင်ငံရေးပါတီများ အခက်အခဲကြုံတွေ့စေရန် စစ်အစိုးရက တမင်ရည်ရွယ် ဖန်တီးလိုက်ကြောင်း ဒီမိုကရက်တစ် ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ပြည်တွင်းပြည်ပ သတင်းထောက်များကို ပြောကြားသည်။

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် (၅၂) လမ်းရှိ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဌာနချုပ်တွင် သြဂုတ် (၂၂) ရက် နံနက် (၉) နာရီက ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ယင်းသို့ ပြောကြား လိုက်ခြင်းဖြစ်သည်။

“ကျနော်တို့အနေနဲ့ အခုပြောနိုင်တာက ကြံ့ဖွံ့ပါတီက အနိုင်ရနေပြီဆိုတာပဲ။ ပြီးတော့ သူတို့က ပါတီ ရုံးတွေကိုလည်း တနေ့တည်း ဖွင့်နိုင်တယ်လေ။ ကျနော်တို့က ရွေးကောက်ပွဲ အတွက် ငွေအဓိက ဆိုတာ သိပါတယ်။ ဒါပေမယ့် ကျနော်တို့မှာ ငွေရှာနိုင်မယ့် အခွင့်အရေး မရှိဘူး။ အလှူခံခွင့်လည်း မရှိဘူးလို့ တားမြစ် ထားတယ်။ အခု ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကိုလည်း ကပ်ပြီးမှ ကြေညာတယ် ဆိုတော့ ကိုယ်စားလှယ် လောင်းတွေအတွက် လုံးဝ အခက်တွေ့တာပေါ့။ ရည်ရွယ်ထားတဲ့ အတိုင်း မရောက်တော့ ပေမယ့် ရှိတဲ့ ကိုယ်စားလှယ်တွေနဲ့ပဲ လွှတ်တော်ကို ရောက်ပြီး ပြည်သူတွေအတွက် တထောင့်တနေရာ ကနေ ပါဝင်ရမယ့် အနေအထားပါ။ အဲဒီလိုဖြစ်လာအောင် အကွက်ချပြီး သူတို့က စီမံခဲ့တာလို့ပဲ ပြောချင်တယ်” ဟု ဦးသုဝေက ပြောသည်။

ယခင်ကတွေ့ကြုံခဲ့ရသော ရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲအတွက် တင်ရသောငွေကို ပြန်ရကြောင်း၊ ယခု ရွေးကောက်ပွဲတွင် ပြန်မရသည့် အပြင် လွှတ်တော် ကိုယ်စားလှယ် အမတ်လောင်း တဦးလျှင် မှတ်ပုံတင်ကြေး ကျပ် (၅) သိန်းဆိုသည်မှာ အလွန်များသည့် အတွက် အမတ်လောင်းများ အနေဖြင့် ငွေ (၅) သိန်း မတတ်နိုင်ကြဘဲ ပါဝင်ခွင့် မရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ကြံ့ဖွံ့မှာကတော့ ငွေရှိတာပေါ့ဗျာ၊ အစိုးရပဲလေ။ အဲဒီလိုလုပ်တာကိုက တရားသလား မတရားသလား ဆိုတာ အားလုံး သိကြပါတယ်” ဟု ဦးသုဝေက ပြောကြားပြီး ရွေးကောက်ပွဲ ကော်မတီ၏ ဥပဒေ စည်းမျဉ်းများနှင့် ကြံ့ဖွံ့ပါတီကြောင့် အခြား ပါတီများ အနေဖြင့် မဲဆွယ် စည်းရုံးခွင့် အပြည့်အ၀ မရဟုလည်း ၎င်းက ဆိုသည်။

“ပါတီတွေအားလုံး အခက်အခဲရှိတယ်။ ပါတီတွေအနေနဲ့ မဲဆန္ဒနယ်အားလုံးမှာ ပါဝင် ချင်ကြပေမယ့် ငွေကြေး အခက်အခဲ ကြောင့်ရော စည်းရုံးခွင့်တွေ အခက်အခဲ ရှိတာကြောင့်ပါ မပါဝင်နိုင်ကြဘူး” ဟု ဦးသုဝေက ဆက်လက် ပြောကြားသည်။

နိုင်ငံရေးပါတီများအနေဖြင့် အမတ်လောင်းအမည်စာရင်း တင်သွင်းရန် အခက်အခဲရှိသည့် အတွက် စစ်အစိုးရ ကျောထောက် နောက်ခံ ကြံ့ဖွံ့ ပါတီ အနေဖြင့် အလိုအလျောက် မဲဆန္ဒနယ်များတွင် ယှဉ်ပြိုင်မဲ အနိုင်ရ လိမ့်မည်ဟုလည်း ဦးသုဝေက ပြောသည်။

၎င်းက “ကိုယ်စားလှယ် (၁,၀၀၀) ကျော်မှာ ကြံ့ခိုင်ရေးက တ၀က်ကျော် ပါဝင်မှာ ဖြစ်တယ်။ အဲဒီတော့ အခြား ပါတီတွေက တ၀က်လောက် ပါမှာပေါ့။ ကိုယ်စားလှယ်တွေ မလုံလောက်ဘဲနဲ့ မနိုင်မှန်းကို သိလျက်နဲ့ ဘာ့ကြောင့် ၀င်ရတာလဲလို့ မေးစရာတွေ ရှိလာပါတယ်။ ဒါပေမယ့်လည်း ကျနော်တို့က ဒီမိုကရေစီ ပန်းတိုင်ကို မရောက်မချင်း သွားမယ့်သူတွေ ဖြစ်နေလို့ အခုလို ၀င်တာဖြစ်တယ်။ တကယ်ဆိုရင် ကျနော်တို့ ပါတီကသာ ကိုယ်စားလှယ်တွေ များများစားစား တင်နိုင်ရင် ကျနော်တို့ အနိုင်ရမယ် ဆိုတာ ပြောရဲပါတယ်” ဟု ဆိုသည်။

လွှတ်တော်ကိုယ်စားလှယ် အမတ်လောင်းများ အမည်စာရင်း တင်သွင်းရန် အတွက် ရွေးကောက်ပွဲ ကော်မရှင်က ကိုယ်စားလှယ်လောင်း အဖြစ် ၀င်ပြိုင်မည့် သူများကို မဲစာရင်းများ ရယူပြီးမှသာ တင်သွင်းရမည်ဟု ပြောဆိုကြောင်း၊ သက်ဆိုင်ရာ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ရုံးများတွင် ယခုတိုင် မဲစာရင်း မရောက်သေးကြောင်းလည်း ၎င်းက ပြောသည်။

“အခက်အခဲတွေကတော့ အဲဒီအတိုင်းပဲ။ ကော်မရှင်အဖွဲ့ခွဲရုံးမှာ မဲစာရင်းကိုယူပြီးမှ ရပ်ကွက်က ထောက်ခံချက် ပေးမယ်တဲ့။ အဲဒီအတွက် မဲစာရင်းကတော့ ရဖို့ မမြင်သေးဘူး။ ကိုယ်စားလှယ် စာရင်း တင်ဖို့အတွက် အခု အဲဒီကိစ္စတွေကို ဆောင်ရွက်နေရတယ်” ဟု ၎င်းက ရှင်းပြသည်။

နိုင်ငံရေးပါတီများအနေဖြင့် အမတ်လောင်းအမည်စာရင်း တင်သွင်းရန် ခက်ခဲသည့်အတွက် စစ်အစိုးရ ကျောထောက် နောက်ခံ ပြုထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက မဲဆန္ဒနယ် အများအပြားတွင် ယှဉ်ပြိုင်သူမရှိ အနိုင်ရရှိမည်ဟု ဦးသုဝေက သုံးသပ်သည်။

နအဖ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လာမည့် နိုဝင်ဘာ (၇) ရက်နေ့တွင် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို ကျင်းပမည်ဟု တရားဝင် ကြေညာထားသည်။

Ref: ခေတ်ပြိုင်

Read More...

ဗကပ က ဘုံလုပ်ငန်းစဉ်အတွက် တိတ်တဆိတ် ညှိနှိုင်းလို

ကိုဝိုင်း
တနင်္လာနေ့၊ သြဂုတ်လ ၂၃ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) က ရွေးကောက်ပွဲလွန် ကာလအတွက် ယာယီ အစိုးရ ဖွဲ့စည်းရေး ပါဝင်သည့် ဘုံလုပ်ငန်းစဉ် တခုအား အဖွဲ့အစည်းများနှင့် တိုးတိုးတိတ်တိတ် ဆွေးနွေး ညှိနှိုင်းလိုကြောင်း ယခုလ ၁၈ ရက်နေ့က ထုတ်ပြန် တင်ပြခဲ့သည်။

ကြံ့ဖွံ့ပါတီ အနိုင်ရရေးကိုသာ လုပ်ဆောင်နေသည့် ရွေးကောက်ပွဲကို လက်မခံသည့် ဗကပ က “အနိမ့်ဆုံး ဘုံလုပ်ငန်းစဉ် Minimum Common Programme” ခေါင်းစဉ်ဖြင့် ထုတ်ပြန်လိုက်ပြီး ပြည်သူ့အင်အား People Power စုဆောင်းရေးကို “ရည်မှန်းချက်” ထားရမည် ဟုလည်း ဆိုသည်။

နိုဝင်ဘာ ရွေးကောက်ပွဲတွင် ငွေကြေးအဆင်ပြေပြီး စစ်အစိုးရ ကျောထောက်နောက်ခံ ရထားသော ကြံ့ဖွံ့ပါတီကသာ အမတ် အများစု ရသွားမည်ဟု ရွေးကောက်ပွဲဝင်မည့် ပါတီများကလည်း ပြောဆိုနေကြသည်။

ရွေးကောက်ပွဲအပြီး၌ လူထုလှုပ်ရှားမှုကြီးကို ဖော်ဆောင်၍ အရှိန်ရလာပြီး သင့်လျော်သည့် ကာလ တခုတွင် ၁၉၉ဝ အနိုင်ရ NLD နှင့် CRPP တို့က “ယာယီအစိုးရ” ဖွဲ့သင့်ကြောင်း ဗကပက အကြံပြုထားသည်။

ဗကပ ပြောခွင့်ရ ရဲဘော်ဖိုးသံချောင်းက “အရင်ဆုံးလုပ်ရမယ့်ဟာက ပြည်သူလူထု ထောက်ခံမှုရတဲ့ လှုပ်ရှားမှုကြီး တခု ဖြစ်လာဖို့ပါ။ ပြည်သူ ထောက်ခံမှု မရှိရင် ပြိုကွဲသွားမှာပဲ။ နအဖ စစ်အုပ်စုရဲ့ အုပ်စိုးမှု အောက်မှာပဲ မြေအောက် သဏ္ဌာန်နဲ့ရော မြေပေါ် သဏ္ဌာန်နဲ့ပါ ပြန်ပြီး လုံးပန်း ကြရမှာပါ” ဟု ပြောသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP အဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးအေးသာအောင်ကမူ “ယာယီ အစိုးရ” ဖွဲ့စည်းရေး ကိစ္စ ပြောရန် အချိန်စောသေးသည် ဆိုသော်လည်း ရွေးကောက်ပွဲပြီးလျှင်လည်း ပြည်သူများ ပေးထားသည့် ၉ဝ ပြည့် ရလဒ်ကို ဆက်လက် ကိုင်စွဲသွား မည်ဟု ပြောသည်။

လာမည့်ရွေးကောက်ပွဲသည် ဒီမိုကရေစီနိုင်ငံသို့ ဦးဆောင်ပေးမည့် လုပ်ငန်းစဉ်တရပ် မဟုတ်ဟု သုံးသပ်ပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးကို တည်ဆောက်နိုင်မည် မဟုတ်ဟု ရွေးကောက်ပွဲကို သပိတ်မှောက်သည့် CRPP က ယုံကြည် ထားသည်။

ရွေးကောက်ပွဲပြီးသော်လည်း ပြည်သူနှင့် နအဖကြား၊ တိုင်းရင်းသား အင်အားစုနှင့် နအဖ ကြား၊ နအဖနှင့် နိုင်ငံတကာ ကြားရှိ ပဋိပက္ခများကို ဖြေရှင်းနိုင်ရန် ရွေးကောက်ပွဲကို သပိတ်မှောက်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဦးဆောင်မှုကို ခံယူပြီး ဆက်လက် ကြိုးပမ်းသွားမည်ဟု ဦးအေးသာအောင်က ဆိုသည်။

“အဲဒီမှာ ပြည်သူတွေ ပါလာအောင် ပြည်သူတွေနဲ့လက်တွဲမယ်။ ပြည်သူတွေဟာ စီးပွားရေးအရ ကျပ်တည်း သထက် ကျပ်တည်း လာတယ်။ ငြိမ်ခံနေမှာ မဟုတ်ဘူး။ ဆန့်ကျင် တိုက်ပွဲ ဝင်ကြဦး မယ်” ဟု ဦးအေးသာအောင် ကပြောသည်။

NLD အနေဖြင့်လည်း မြို့နယ်၊ တိုင်းနှင့် ပြည်နယ်အသီးသီးသို့ ကွင်းဆင်းပြီး ပါတီကျစ်လစ် ခိုင်မာရေး တည်ဆောက်နေပြီး အခြား အင်အားစု များနှင့်လည်း ဆက်စပ်စည်းရုံး လှုပ်ရှားနေကြောင်း၊ ရွေးကောက်ပွဲ အပြီး၌လည်း လှုပ်ရှား နေဦးမှာ ဖြစ်ကြောင်း ထောက်ပြသည်။

ဗကပ၏ “အနိမ့်ဆုံး ဘုံလုပ်ငန်းစဉ်” တင်ပြချက်အတွင်း၌ လက်ရှိစစ်ခေါင်းဆောင်များနှင့် ဆွေးနွေး မှုသည် “ကျွဲပါးစောင်းတီး” သာဖြစ်သဖြင့် တပ်မတော်အား ပြုပြင်လိုသည့် အရာရှိ အရာခံများကို “စေ့စပ် ဆွေးနွေးဘက်” အဖြစ် စည်းရုံးရမည် ဟုဆိုသည်။ သို့သော် အသေးစိတ်ကို ကြိုတင်ပြော ရန် မဖြစ်နိုင်ကြောင်း ရဲဘော် ဖိုးသံချောင်းက ပြောသည်။

သို့သော် ယခုနှစ် ရွေးကောက်ပွဲမှ ရွေးချယ်ခံရမည့် အမတ်များနှင့်ပတ်သက်၍မူ “အဲဒီလှုပ်ရှား မှုကြီးမှာ သူတို့ ဘယ်လို ပါဝင်မလဲ။ သေချာတာ တခု ကတော့ ဒီ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ နိုင်တယ်ဆိုပြီး သူတို့ကို နေရာပေးမယ် ဆိုတာတော့ မဖြစ်နိုင်ဘူး။ ဒီဟာက ၂ဝ၁ဝ နဲ့ လုံးဝမဆိုင်တဲ့ လှုပ်ရှားမှုဖြစ်ပါတယ်” ဟု သူကဆိုသည်။

ရွေးကောက်ပွဲ၌ ဝင်ရောက်အရွေးခံမည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကမူ သပိတ်မှောက်ပြီး လူထုလှုပ်ရှားမှုကြီး ဖြစ်ပေါ်လာရေး ဆက်လက် ကြိုးပမ်းရမည် ဆိုသည့် ယူဆချက်များနှင့် မတူပဲ လွှတ်တော် အတွင်းမှသာ ဆက်လက် ကြိုးပမ်းသွားမည်ဟု ဆုံးဖြတ်ထားသည်။

“ကိုယ့်ယုံကြည်ချက်အတိုင်း လုပ်ရမှာပေါ့။ ကျနော်တို့လည်း ရွေးကောက်ပွဲပြီးလည်း ကိုယ့် နည်းကိုယ့်ဟန်နဲ့ လွှတ်တော် အားဖြင့် လုပ်ရမှာပဲလေ။ ဘာလို့လဲဆိုတော့ ဒီမိုကရေစီ သွားတဲ့လမ်းမှာ အဝေးကြီး လိုသေးတာကိုး” ဟု ပါတီဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။

ငွေကြေး အခြေအနေကြောင့် အမတ်လောင်း ၁ဝဝ ဝန်းကျင်သာ တင်သွင်းနိုင်မည်ဟု ဆိုသည့် ဒီမိုကရက်တစ် ပါတီက သူတို့ ပါတီနည်းတူ အခြားပါတီများလည်း အခက်ခဲ ကြုံနေရသဖြင့် လွှတ်တော် အတွင်း၌ ကြံ့ဖွံ့ ပါတီကသာ အမတ်အများစု ရသွားမည်ဖြစ်ကြောင်း ယမန်နေ့က “ရွေးကောက်ပွဲ ကြေညာစာတမ်း” ထုတ်၍ ဖော်ပြထားကြောင်း သိရသည်။

ရွေးကောက်ပွဲတွင် ပါတီများ ယှဉ်ပြိုင်ရမည့် အမတ်ဦးရေမှာ ပြည်သူ့လွှတ်တော် အတွက် ၃၃ဝ ၊ အမျိုးသား လွှတ်တော် အတွက် ၁၆၈ ဦး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အတွက် ၆၈၉ ဦး ဖြစ်ပြီး စုစုပေါင်း ၁၁၈၇ ဦး ရှိ မည်ဖြစ်သည်။


Ref: မဇ္ဈိမ

Read More...

ဦးရွှေအုံး ကွယ်လွန်သော်လည်း ၎င်း၏ပါတီ ဆက်လက်လှုပ်ရှားမည်

မျိုးချစ်သူ
၂၃ သြဂုတ် ၂၀၁၀

ပြည်ထောင်စုစစ်စစ်မူကို သေသည့်တိုင် ကိုင်စွဲခဲ့သည့် ဝါရင့် ရှမ်းနိုင်ငံရေးခေါင်းဆောင်တဦး ဖြစ်သည့် ဦးရွှေအုံး၏ ဈာပနာသို့ နိုင်ငံရေး ခေါင်းဆောင်ကြီးများ တက်ရောက်ခဲ့သည်။

ဦးရွှေအုံးသည် သြဂုတ် (၂၀) ရက် ညနေ (၄) နာရီကျော်တွင် ရန်ကုန်မြို့၊ စမ်းချောင်း၊ ရှင်စောပုလမ်း နေအိမ်တွင် အသည်း ကင်ဆာဖြင့် ကွယ်လွန် ခဲ့ခြင်းဖြစ်ပြီး ဦးရွှေအုံး၏ ရုပ်အလောင်းအား သြဂုတ် (၂၂) ရက် ယမန်နေ့တွင် ရေဝေး သုသာန်၌ မီးသင်္ဂြိုဟ်ခဲ့သည်။

အဆိုပါ ဈာပနသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်ဦး၊ နိုင်ငံရေးသမား ဟောင်းကြီး သခင်ချန်ထွန်း၊ ၀ါရင့် နိုင်ငံရေး သမားများနှင့် ပါတီ အသီးသီးမှ ပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

ဦးရွှေအုံး ကွယ်လွန်သည့်အတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိသူက သူ့ကျွန်ဘ၀ ရောက်ခဲ့ရသည့် ရှမ်းပြည် အပါအ၀င် တောင်တန်းမြေပြန့် ဒေသတို့ကို အတူတကွ ပူးပေါင်းလက်တွဲကာ လွတ်လပ်ရေး တန်းတူ ရရှိရန် ကြိုးပမ်းခဲ့သည့် တိုက်ပွဲဝင် မျိုးချစ်ပုဂ္ဂိုလ်တဦး ကွယ်လွန်သည့်အတွက် ဒီမိုကရေစီ ဘက်တော်သားများ အတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်ကြောင်း ပြောကြားသည်။

“ကျနော်တို့အနေနဲ့ အဘဦးရွှေအုံး ကွယ်လွန်ပေမယ့် ဒီမိုကရေစီပန်းတိုင်ကို သွားနေတဲ့သူတွေ အဖို့ မရောက်မချင်း သွားကြရမှာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ပြည်ထောင်စုဒီမိုကရေစီပါတီမှ ဥက္ကဋ္ဌဟောင်း ဦးဖြိုးမင်းသိမ်းနှင့် ဥက္ကဋ္ဌသစ် ဦးသိန်းဌေးတို့လည်း ဈာပနသို့ တက်ရောက် ကြခဲ့ကြပြီး ဦးသိန်းဌေးက ဦးရွှေအုံး ဖြစ်စေချင်သော ပြည်ထောင်စု စစ်စစ်မူကို ၎င်းတို့ပါတီ အနေဖြင့် ဆက်လက် ဆောင်ရွက်နိုင်ရန် ကြိုးပမ်း သွားမည်ဟု ဆိုသည်။

“အဘ ဖြစ်စေချင်တဲ့ ပြည်ထောင်စု တိုင်းရင်းသားတွေ အားလုံး တညီတညွတ်တည်း လွတ်လပ်တဲ့ ဒီမိုကရေစီ တိုက်ပွဲကို ဆက်လက် ဆောင်ရွက် ပါဝင်သွားမှာပါ” ဟု ၎င်းက ပြောသည်။

၁၉၃၆ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ပထမ ကျောင်းသားသပိတ် ဖြစ်ပွားချိန်တွင် အသက် (၁၃) နှစ်သား အရွယ်သာ ရှိသေးသည့် ဦးရွှေအုံး ပါဝင်ခဲ့ပြီး ရှစ်တန်း ကျောင်းသား အရွယ်ကပင် တောင်ကြီးမြို့ ကျောင်းသားများ ညီညွတ်ရေး အသင်းကို တည်ထောင်ခဲ့သူ ဖြစ်သည်။

ရန်ကုန်တက္ကသိုလ် ကျောင်းသားများ လှုပ်ရှားမှုတွင်လည်း ပါဝင်ခဲ့သူဖြစ်ကာ ဂျပန်ခေတ်အတွင်း ရှမ်းပြည် မြောက်ပိုင်း အာရှလူငယ် ခရိုင် စည်းရုံးရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည့် လုပ်ဆောင်ချက်များကြောင့် လွတ်လပ်ရေး မော်ကွန်းဝင် တတိယ အဆင့် ရရှိခဲ့ခြင်း ဖြစ်သည်။

၂၀၀၅ ခုနှစ် ဖေဖော်ဝါရီ (၅) ရက်နေ့တွင် ရှမ်းပြည်နယ် အတိုင်ပင်ခံကောင်စီ ရွေးကောက်ပွဲနှင့် ပတ်သက်၍ တောင်ကြီးမြို့တွင် ဗိုလ်ချုပ် ဆေထင်တို့နှင့် အတူ ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခံခဲ့ရကာ ယင်းနောက် လွတ်မြောက်လာပြီး ပြည်ထောင်စု ဒီမိုကရေစီ ပါတီတွင် နာယကအဖြစ် တာဝန် ယူခဲ့သူဖြစ်သည်။ ဦးရွှေအုံးသည် ကွယ်လွန်ချိန်တွင် (၈၉) နှစ်အရွယ် ရှိပြီဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

ရွေးကောက်ပွဲအတွက် ဆိုက်ရောက်ဗီဇာ ပိတ်မည်

မျိုးဝင်းဇော်
၂၃ သြဂုတ် ၂၀၁၀

လာမည့်နိုဝင်ဘာ ရွေးကောက်ပွဲ ကျင်းပပြုလုပ်နေစဉ်အတွင်း နိုင်ငံခြားသားများ ပြည်တွင်း၌ နည်းနေစေရန် ဆိုက်ရောက် ဗီဇာ ထုတ်ပေးခြင်း ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း စုံစမ်းသိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တာဝန်ကျသည့် ရဲသတင်းတပ်ဖွဲ့မှ အရာရှိတဦးက “ဆိုက်ရောက်ဗီဇာ ထုတ်ပေးတာကို စက်တင်ဘာ (၁) ရက်နေ့က စပြီး ရပ်တော့မယ်။ သိတဲ့အတိုင်း ရွေးကောက်ပွဲ အကြို ပြင်ဆင်တဲ့ အနေနဲ့ လုံခြုံရေးအရ လုပ်တာပါ။ အထက်က ပိတ်ဖို့ပဲ ညွှန်ကြားထားတယ်။ ဘယ်တော့ ပြန်ဖွင့်မယ် ဆိုတာကိုတော့ ညွှန်ကြားတာ မရှိသေးဘူး” ဟု ပြောသည်။

အလားတူ လေဆိပ်တာဝန်ကျ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန အရာရှိတဦးကလည်း အဆိုပါ သတင်း မှန်ကန်ကြောင်း၊ အထက်မှ ဆိုက်ရောက်ဗီဇာနှင့် ပတ်သက်ပြီး Review ပြန်လုပ်ရန် ယာယီ ပိတ်ထားပေးပါဟု ပြောကြောင်း၊ ရွေးကောက်ပွဲ ကာလတွင် နိုင်ငံခြားသား များများစားစား ရှိမနေစေရန် ကြိုတင် ဆောင်ရွက်ခြင်း ဖြစ်နိုင်ကြောင်း ပြောသည်။

မြန်မာစစ်အစိုးရသည် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည့် နိုင်ငံခြားသားများအား ဆိုက်ရောက် ဗီဇာ ထုတ်ပေးခြင်းကို ပြီးခဲ့သည့် မေလတွင် စတင်ခဲ့ပြီး ဇူလိုင်လတွင် နိုင်ငံခြားသား ခရီးသည် ၀င်ရောက်မှု များပြားခဲ့ကြောင်း သိရသည်။

ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်းကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ဆိုက်ရောက် အဆောင်တွင် သီးသန့်ကောင်တာ တခု ဖွင့်လှစ် ဆောင်ရွက်ပေးကြာင်း၊ ယခုနောက်ပိုင်း ဝင်ရောက်သူ နိုင်ငံခြားသားများ အနက် ဗီဇာလုပ်ပြီးမှ လာသူများနှင့် ဆိုက်ရောက်ဗီဇာ ယူသူတို့ကို နှိုင်းယှဉ်ပါက ဆိုက်ရောက်ဗီဇာ ယူသူ သိသိသာသာများကြောင်း လေဆိပ် လဝက အရာရှိက ပြောသည်။

စစ်အစိုးရက ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်းကို ယာယီ ရပ်ဆိုင်းတော့မည်ဖြစ်သကဲ့သို့ မြန်မာပြည်တွင်း အလုပ် အကိုင်နှင့် မှီခို နေထိုင်သူများကိုလည်း စိစစ်မှု ပိုမိုလုပ်လာကြောင်း ကာယကံရှင်များက ပြောကြသည်။

ပြည်တွင်းခရီးသွားအေဂျင်စီမှ တာဝန်ရှိသူတဦးက ဆိုက်ရောက်ဗီဇာကြောင့် ကမ္ဘာလှည့် ခရီးသွား တိုးတက် လာသည်ကို စာရင်း ဇယားတို့တွင် ကြည့်ပါက ငြင်းမရနိုင်ကြောင်း၊ ယခု ကမ္ဘာလှည့်ခရီးသည် လည်ပတ်သည့်ရာသီ မဟုတ်သော်လည်း ခရီးသည် မှန်မှန် ဝင်နေကြောင်း၊ ဟိုတယ်များတွင်လည်း ယခင်နှစ်များကဲ့သို့ အခြေအနေ မဆိုးကြောင်း ပြောသည်။

၎င်းက “အခုအတိုင်းဆို ဆိုက်ရောက်ဗီဇာ ပိတ်ပင်ရုံမက ရိုးရိုးဗီဇာ ရယူဖို့လည်း ခက်ခဲလာမှာ သေချာတယ်။ ဒီအတွက် ခရီးသွား လုပ်ငန်းကို ထိခိုက်မှာ ဖြစ်တယ်” ဟု ဆိုသည်။

အစိုးရထုတ်ပြန်သည့် စာရင်းဇယားများအရ မေ၊ ဇွန် (၂) လအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ နိုင်ငံခြား ခရီးသည် (၄,၅ဝဝ) နီးပါးကို ဆိုက်ရောက်ဗီဇာ ထုတ်ပေးခဲ့ကြောင်း၊ တရက်လျှင် ပျမ်းမျှ ခရီးသည် (၇ဝ) မှ (၁၁ဝ) ကျော် ထုတ်ပေးခဲ့ပြီး ဇူလိုင်နှင့် သြဂုတ်တို့တွင် ခရီးသည် ပိုမိုလာကြောင်း သိရသည်။

ယခု ကြေညာချက်ကြောင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများ စိတ်ပျက်နေကြသကဲ့သို့ နိုင်ငံရေး သမားများကလည်း ရွေးကောက်ပွဲကို နိုင်ငံတကာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့များ လာရန် မဆိုထားနှင့် ရိုးရိုး ခရီးသည်များကိုပင် ပြည်ဝင်ခွင့် တင်းကျပ် လာသည့် အတွက် ရွေးကောက်ပွဲ တရားမျှတမှု ရှိနိုင်မည်မဟုတ်ဟု မှန်းဆနိုင်ကြောင်း ပြောဆိုကြသည်။

Ref: ခေတ်ပြိုင်

Read More...

Monday, August 23, 2010

ရွေးကောက်ပွဲပြီးလည်း စစ်အစိုးရပဲ အာဏာရှိမယ်လို့ ဦးသုဝေ ဝေဖန်

တနင်္ဂနွေ, 22 သြဂုတ် 2010

မြန်မာနိုင်ငံမှာ ကျင်းပမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ အတိုက်အခံတွေ ပါဝင်ယှဉ်ပြိုင်ဖို့ အတွက် ခက်ခဲအောင် စီမံထားတာမို့ ရွေးကောက်ပွဲ နောက်ပိုင်းမှာ စစ်အစိုးရကသာ အာဏာကို ဆက်လက် ချုပ်ကိုင်ထားနိုင်မှာ ဖြစ်တယ်လို့ ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ပြောကြား လိုက်ပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်း ဥပဒေသစ်တွေဟာ ပါဝင်ယှဉ်ပြိုင်မယ့် အမတ်လောင်း အများအပြား အတွက် ငွေကြေး အရရော၊ အာဏာပိုင်တွေ ဘက်က စနစ်တကျ စီမံကိန်းချ တားဆီးမှုတွေ လုပ်နိုင်ဖို့ပါ ရွေးဆွဲထားတာမို့ အခက်အခဲတွေ ဖြစ်စေတယ်လို့ ဆိုပါတယ်။

ဒီလို အတားအဆီးတွေကြောင့် လက်ရှိ စစ်အစိုးရက မဲမသမာမှုတွေ လုပ်စရာ မလိုဘဲ အာဏာကို ဆက်လက် ဆုပ်ကိုင် ထားနိုင်မှာ ဖြစ်တယ်လို့ တနင်္ဂနွေနေ့က ရန်ကုန်မှာ ဦးသုဝေက သတင်းထောက်တွေကို ပြောပါတယ်။

နိုဝင်ဘာလ ၇ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် နိုင်ငံရေးပါတီ ၄၁ ပါတီက မှတ်ပုံ တင်ထားပါတယ်။ ဒါပေမဲ့ လွှတ်တော်အမတ် နေရာ ၁,၁၀၀ ထဲက ၅၀၀ လောက်ဟာ ယှဉ်ပြိုင်စရာ မလိုတဲ့ အနေအထား ရောက်နေမယ်လို့ မျှော်လင့်ရပြီး ဒါဟာ လက်ရှိ စစ်အစိုးရရဲ့ပါတီ လက်ထဲမှာပဲ ရှိနေတယ်လို့လည်း တွက်ပါတယ်။

ဒီရွေးကောက်ပွဲဟာ နှစ်ပေါင်း ၂၀ အတွင်း မြန်မာနိုင်ငံမှာ ပထမဆုံး ကျင်းပပေးတာ ဖြစ်ပြီး ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းက ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက အပြတ်အသတ် အနိုင်ရခဲ့ပေမဲ့ စစ်အစိုးရက အာဏာကို လွှဲပြောင်း မပေးခဲ့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ အခုထိ နေအိမ်အကျယ်ချုပ် ကျခံနေရတာမို့ အသစ်ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲ ဥပဒေတွေ အရ ပါဝင်ယှဉ်ပြိုင်ခွင့် မရှိပါဘူး။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ကလည်း ရွေးကောက်ပွဲ ကော်မရှင်က ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ် လောင်းတွေ မဲဆွယ်ဖို့ အတွက် လူထု ဟောပြောပွဲတွေ လုပ်မယ်ဆိုရင် ၇ ရက် ကြိုတင် ခွင့်ပြုချက် ရယူရမယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် အရင်ကလည်း ကြွေးကြော်သံတွေ၊ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး လူထု စုဝေးချီတက်မှုတွေ လုပ်ဆောင်ဖို့ တားမြစ်ထားပြီး အာဏာပိုင်တွေ ဘက်က လူထု လုံခြုံရေးအရလို့ အကြောင်းပြပြီး အချိန်မရွေး ၀င်ရောက် တားမြစ် ပိုင်ခွင့်တွေ ရှိနေပါတယ်။

Ref: VOA News

Read More...

Sunday, August 22, 2010

ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပို့စကတ်နှင့် ဓာတ်ပုံများ ဖြန့်ဝေ

ဇာနည်မာန်
Saturday, August 21, 2010

စစ်အစိုးရ ပြုလုပ်မည့် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပို့စကတ် နှင့် ဓာတ်ပုံများကို တက်ကြွ လှုပ်ရှားသူ လူငယ် တစုက ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်တချို့တွင် ယမန်နေ့ညက ဖြန့်ဝေကြောင်း သတင်းရ ရှိသည်။

“နိုင်ငံသားတိုင်း မဲပေးခွင့်ရှိသလို မဲမပေးခွင့်လည်းရှိတယ်” “မဲရုံမသွားနဲ့ မဲမပေးနဲ့” အစရှိသည့် စာသားများ ပါရှိသော ဓာတ်ပုံ၊ ပို့စကတ်များကို လှိုင်မြို့နယ်၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ဒေါပုံမြို့နယ်၊ သာကေတ မြို့နယ်၊ သုံးခွမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ရှိ ဘုန်းတော်ကြီး ကျောင်းများ၊ စာသင်တိုက်များသို့ အဓိကထား ဖြန့်ဝေခဲ့ပြီး သံဃာတော် များကလည်း ကူညီ ဖြန့်ဝေ ပေးခဲ့သည်ဟု ဖြန့်ဝေသည့် လူငယ်အဖွဲ့က ပြောသည်။

“အဓိကကတော့ ဒီရွေးကောက်ပွဲဟာ တိုင်းပြည်ကို ချောက်ကမ်းပါးထဲ တွန်းပို့မယ့်၊ စစ်ကျွန်စနစ် ရှည်စေမယ့် ရွေးကောက်ပွဲ ဖြစ်တယ် ဆိုတဲ့ အချက်ကို သံဃာတော်တွေ ကနေတဆင့် သူတို့ ဆွမ်းခံကြွတဲ့ ပြည်သူတွေဆီကို ရောက်သွားဖို့၊ ဒီရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ ရည်ရွယ်ပါတယ်”ဟု လူငယ်တဦးက ပြောဆိုသည်။

အဆိုပါ လူငယ်များအနေဖြင့် တခြားမြို့နယ်များသို့လည်း ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာရွက်စာတမ်း၊ ဓာတ်ပုံ၊ ပိုစတာ များ ဆက်လက် ဖြန့်ဝေ သွားမည်ဟု ဆိုသည်။

ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပို့စကတ်များ ရသည့်ပြည်သူများကမူ မဲပေးရန် ဆန္ဒမရှိကြောင်းနှင့် မဖြစ်မနေ မဲပေးရမည် ဆိုပါကလည်း မည်သူ့ကို ပေးရမည်မှန်း မသိကြောင်း ပြောဆိုကြသည်။

ရန်ကုန်မြို့ခံတဦးက “အစကတော့ မဲသွားပေးရရင် ဘယ်လိုလုပ်ရမလဲပေါ့။ ကျနော်တို့ဆီကို မနက်တိုင်း ဆွမ်းခံကြွတဲ့ ကိုယ်တော်တွေ ဆီကနေ မဲမပေးဖို့ အခွင့်အရေးလည်း ရှိတယ်ဆိုတာ သိရတော့ သွားမပေးတော့ဘူးဗျာ။ ဒါပေမယ့် သူတို့က သူတို့ နိုင်အောင် လုပ်ထားပြီးသား နေမှာပါပဲ”ဟု ပြောသည်။

စစ်အစိုးရက ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၇ ရက်နေ့တွင် ပြုလုပ်မည်ဟု ထုတ်ပြန် ကြေညာထားပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်း ကလည်း လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ရန် တိုက်တွန်းမှုများ ရှိနေသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ကမူ ၂၀၀၈ အခြေခံဥပဒေကို ပြန်လည်ရေးဆွဲရန်၊ တွေ့ဆုံ ဆွေးနွေးရေး ပြုလုပ်ရန် တိုက်တွန်းသည့် ရွှေဂုံတိုင် ကြေညာ စာတမ်းကို လက်ကိုင်ထား၍ ရွေးကောက်ပွဲ ၀င်ရောက်ခြင်းလည်း မပြုသည့် အပြင် ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်၍ မဲပေးမည် မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။

နေအိမ်အကျယ်ချုပ် ကျခံနေရသည့် NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မဲဆန္ဒရှင်များ အနေဖြင့် မဲမပေးဘဲ နေပိုင်ခွင့် ရှိကြောင်း ပြီးခဲ့သည့်လ အတွင်း ရှေ့နေများနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။။

မြန်မာ့ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများကလည်း ရွေးကောက်ပွဲသည် စစ်အစိုးရ တဖက်သတ် ရေးဆွဲထားသည့် ၂၀၀၈ အခြေခံ ဥပဒေကို အခြေခံထားသော ရွေးကောက်ပွဲ ဖြစ်သည့်အတွက် တရားမျှတမှု ရှိမည် မဟုတ်ကြောင်း ဝေဖန် ပြောဆိုကြသည်။

ပြည်တွင်းရှိ ဒီမိုကရေစီရေး လှုပ်ရှားသူများက ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုများကို နိုင်ငံတ၀န်း လုပ်ဆောင်နေကြ ရာ ပြီးခဲ့သည့် အပတ်ကလည်း Generation Wave အဖွဲ့က ရန်ကုန်တိုင်းအတွင်း လူစည်ကားရာ အရပ်များတွင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး နံရံကပ်စာစောင်များ ဖြန့်ဝေ ခဲ့သေးသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင်လည်း အမည်မသိသူများ ဖြန့်ဝေထားသည့် လက်ကမ်းစာစောင်များ၊ ပိုစတာများ၊ နံရံကပ် စာစောင်များကို လူစည်ကားရာ အရပ်များတွင်သာမက ကျောက်ဖြူမြို့ ပတ်ဝန်းကျင်ရှိ ရွာများတွင်ပါ တွေ့ရှိခဲ့ ကြောင်း သိရသည်။

ထို့အတူ မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) အတွင်းရေးမှူး၏ ရွေးကောက်ပွဲ စည်းရုံးရေး ခရီးစဉ်ကိုလည်း ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ဒေသခံများက အလိုမရှိကြောင်း ပိုစတာများ ကပ်၍ ကန့်ကွက်ခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။

လာမည့် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် ပါတီဆက်လက် တည်ထောင်ခွင့်နှင့် တည်ထောင်ခွင့် လျှောက်ထားသည့် နိုင်ငံရေး ပါတီ ၄၇ ပါတီ ရှိသည်။ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီမှာ ၄၂ ပါတီ ရှိပြီး ပါတီ ၄၁ ပါတီ ကို မှတ်ပုံတင် ချပေးပြီး ဖြစ်သည်။

စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ခေါင်းဆောင်သည့် USDP ပါတီသည် ယမန်နေ့က နိုင်ငံတ၀န်း ပါတီရုံးများ ဖွင့်လှစ်ခဲ့သည်။


Ref: ဧရာဝတီ်

Read More...

ရခိုင်မှာ ကြံ့ခိုင်ရေး ရုံးဖွင့်ချိန် ကန့်ကွက် ဆန္ဒပြမှုများရှိ

ဦးအောင်စံမင်း
စနေ, 21 သြဂုတ် 2010

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို လုံခြုံရေး အစောင့် အရှောက် တွေနဲ့ ကျင်းပ ခဲ့ပါတယ်။ တချိန်တည်းမှာပဲ ရခိုင်ပြည်နယ် တောင်ပိုင်း မြို့တချို့မှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကို ဆန့်ကျင်မှုတွေ ဆက်တိုက်လိုလို ဖြစ်ပွား ခဲ့ပါတယ်။ ဒီအကြောင်း အသေးစိတ်ကို ဘင်္ဂလားဒေ့ရှ် နယ်စပ်ကနေ သတင်းထောက် ဦးအောင်စံမင်းက အစီရင် ခံထားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ၂၀ ရက်နေ့ နေ့လည်က ပြည်ခိုင်ဖြိုးပါတီရုံး ဆိုင်းဘုတ်တင်ပွဲနဲ့ ရှင်းလင်း စည်းရုံးပွဲကို ကျင်းပပါတယ်။ စစ်တွေ မြို့တော်ခမ်းမမှာ ကျင်းပတာဖြစ်ပြီး လူပေါင်း ၁,၀၀၀ ကျော် တက်ရောက် ခဲ့ကြတယ်။ တက်ရောက် ကြတဲ့ ပြည်သူတွေ ကိုလည်း အဲဒီ ပြည်ခိုင်ဖြိုး ပါတီက ကားတွေနဲ့ အခမဲ့ အကြိုအပို့ လုပ်ပေးတယ်။ အဲဒီ ပတ်ဝန်းကျင် မှာလည်း ရဲနဲ့ အရပ်ဝတ်တဲ့ ထောက်လှန်းရေး တွေက ၄၀၀ ကျော် ၅၀၀ နီးပါးလောက် ကင်းလှည့် နေခဲ့ပါတယ်။

အဲဒီလိုပဲ စစ်တွေမြို့တော်မှာ ပါတီ ဆိုင်းဘုတ်တင်ပွဲနဲ့ ရှင်းလင်းပွဲတွေ လုပ်နေတုန်းမှာပဲ ၁၉၉၀ ပြည့် ရွေးကောက်ပွဲ ကာလက NLD ကို အင်တိုက် အားတိုက် မဲပေးခဲ့ကြတဲ့ ကျောက်ဖြူ၊ မာန်အောင် မြို့တွေမှာ ရွေးကောက်ပွဲတွေကို ဆန့်ကျင် သပိတ်မှောက်ဖို့ စာစောင်တွေ ဖြန့်နေကြတာကို မကြာမကြာ လုပ်နေကြကြောင်း ကျောက်ဖြူမြို့သား တဦးက အခုလို ပြောပါတယ်။

“၁၈ ရက်နေ့က ကျောက်ဖြူမြို့လယ်နေရာတချို့မှာ ရွေးကောက်ပွဲကို ဆန့်ကျင်ကြ၊ ဒေါ်စုနဲ့အတူ ဆန့်ကျင်ကြ ဆိုတဲ့ စာရွက်တွေကို လမ်းတွေမှာ ကျဲချထားတယ်။ မီးစက်ကြီး၊ ငပွေး စတဲ့ ရပ်ကွက်တွေနဲ့ တခြား နေရာတွေမှာတော့ မီးတိုင်တချို့နဲ့ သစ်ပင်တွေမှာ အဲဒါတွေကို ကပ်ထားကြတယ်။ အဲဒါကို ရဲတွေနဲ့ ရယက တွေက မနက်စောစော လိုက်ခွာနေကြတာ ကျနော်တို့ ကိုယ်တွေ့ပါပဲ။”

အခုလ ၈ ရက်နေ့ကလည်း ကျောက်ဖြူမြို့ ဈေးအတွင်းက ဈေးဆိုင်တချို့မှာ အဲဒီလို စာရွက်တွေ ကပ်ထားလို့ ရဲတွေက ခွာယူ သွားကြပေမဲ့ ဖမ်းတာ ဆီးတာတွေတော့ မရှိကြောင်း သိရပါတယ်။

အခုလ ၁၅ ရက်နေ့ကလည်း မာန်အောင်မြို့နယ်က အိမ်ခြေ ၁,၀၀၀ ကျော်ရှိတဲ့ ကျေးရွာကြီး တရွာကို ပြည်ခိုင်ဖြိုး ပါတီက မြို့နယ် အတွင်းရေးမှူး ဦးမောင်မြင့် စည်းရုံးရေး ဆင်းလာစဉ်က ဘယ်လို ကြုံသွား ခဲ့ရသလဲ ဆိုတာကိုလည်း ကိုယ်တွေ့ မြင်ခဲ့တဲ့ ကျောက်ဖြူက ကုန်သည်ကြီးက ခုလို ပြောပါတယ်။

“ကျနော်က ကုန်ဝယ်သွားတာလေ။ သစ်ပုံရွာကြီးမှာဗျာ။ အုန်းပင်တွေမှာ ကပ်ထားကြတာက တစည နဲ့ ကြံ့ဖွံ့ကို အလိုမရှိ၊ ဒေါ်စုကိုပဲ လိုတယ်၊ ထောက်ခံတယ် ဆိုတဲ့ စာရွက်တွေ အများကြီးပဲ ကပ်ထားတယ်။ အဲဒါကို လိုက်ခွာနေကြတုန်း မာန်အောင်က ပြည်ခိုင်ဖြိုး ပါတီက မြို့နယ် အတွင်းရေးမှူးကြီး ဦးမောင်မြင့် ရောက်လာတယ်။ အဲဒီစာရွက်တွေကို ရယကတွေကို ခေါ်ပြီးတော့ ဆူ၊ ရဲတွေကိုဆူ။ ကပ်တဲ့သူတွေကို ဖော်ထုတ်ဖို့ ပြောပြီးတော့ ချက်ချင်း ပြန်သွားတယ်။ သူတို့နဲ့အတူ ရဲတွေလည်း အစောင့် ပါလာတော့ လူတချို့ အော်ကြဟစ်ကြ ပြောင်ကြနဲ့ ပြည်ခိုင်ဖြိုးက မြို့နယ် အတွင်းရေးမှူးကြီး ရှက်စရာ ကြုံသွားရတယ်။”

ရခိုင်ပြည်နယ်တောင်ပိုင်းက မြို့နယ်တွေဟာ NLD ကို လိုလိုလားလား ထောက်ခံကြတဲ့ မြို့တွေ၊ စစ်အစိုးရရဲ့ လုပ်ရပ်တွေကို မကြာခဏ အခွင့်သာတိုင်း လမ်းကိုထွက်ပြီး ကန့်ကွက် ဆန္ဒပြကြတဲ့ မြို့တွေ ဖြစ်ကြတယ်။ အဲဒီမြို့နယ်တွေက တက်ကြွစွာ လှုပ်ရှားကြသူ NLD ခေါင်းဆောင်တွေ လူငယ်အဖွဲ့ဝင် ၁၀ ကျော်ဟာတော့ အခုထိ နှိပ်စက်ခံရပြီး ထောင်ဒဏ်တွေ ကျနေဆဲ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်ကနေ ဗွီအိုအေသတင်းထောက် ဦးအောင်စံမင်း သတင်းပေးပို့ခဲ့တာ ဖြစ်ပါတယ်။ အခုလို ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ရွေးကောက်ပွဲ အတွက် မဲဆွယ် စည်းရုံးတာတွေ၊ ပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားတွေကို လွတ်လွတ် လပ်လပ် ဆောင်ရွက်ခွင့် ရပေမဲ့လို့ - တဖက်မှာတော့ ရွေးကောက်ပွဲ ၀င်ကြမယ့် ပါတီတချို့ကို ဒေသခံ အာဏာပိုင်တွေက ခေါ်ယူ စစ်ဆေး မေးမြန်းတာတွေ ရှိနေပါတယ်။ စစ်တွေ အခြေစိုက် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီက ပါတီဝင် တချို့နဲ့ သူတို့ မိသားစုဝင်တွေကို အာဏာပိုင်တွေ ကနေ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိဘဲ ခေါ်ယူ စစ်ဆေး မေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။ ဒါကြောင့် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ က သြဂုတ်လ ၂၀ ရက်နေ့ရက်စွဲနဲ့ စစ်တွေမြို့ အခြေစိုက် ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲကို တိုင်ကြား ထားတယ်လို့ သိရပါတယ်။

Ref: VOA News

Read More...

ဝါရင့် ရှမ်းခေါင်းဆောင် ဦးရွှေအုံး အသည်း ရောဂါနှင့် ကွယ်လွန်

မြင့်မောင်
စနေနေ့၊ သြဂုတ်လ ၂၁ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ)။ ။ ဝါရင့် ရှမ်းနိုင်ငံရေး ခေါင်းဆောင်တဦးဖြစ်သူ ဦးရွှေအုံး ယမန်နေ့ ညနေ ၆ နာရီကျော်တွင် အသည်း ကင်ဆာဖြင့် ရန်ကုန်မြို့တွင် ၈၉ နှစ်အရွယ်၌ ကွယ်လွန်ကြောင်း သိရသည်။

ဦးရွှေအုံးသည် လွန်ခဲ့သည့် တလကျော်က စ၍ ကျန်းမာရေးအတွက် ပြည်ထောင်စု ဒီမိုကရေစီ ပါတီ မဟာမိတ်အဖွဲ့ နာယက အဖြစ်မှ အနား ယူပြီးနောက် ယနေ့ ညနေ ၆ နာရီ ၁၂မိနစ် တွင် ရန်ကုန်မြို့ အမှတ် ၅ ရှင်စောပုလမ်း စမ်းချောင်း နေအိမ်တွင် ကွယ်လွန်ခဲ့သည်။

“အဖေ အသည်း ကင်ဆာဖြစ်နေတာ ကုလို့ မရတော့တဲ့ အခြေအနေမှ သိရတာပါ ။ သူ့ကို ဆရာဝန်က တလလောက် အနားယူဖို့ ပြောတယ်။ တဖြေးဖြေးနဲ့ အခြေအနေ ဆိုးလာပြီး ဒီနေ့ ညနေက ဆုံးသွားပါတယ်။ တနင်္ဂနွေနေ့ ညနေ ၃နာရီ ရေဝေး သုသာန်မှာ သင်္ဂြိုဟ်ပါမယ်” ဟု ဦးရွှေအုံး၏ သား ဦးကျော်မင်းက ပြောသည်။

စစ်အာဏာရှင်စနစ် ကြီးစိုးသော မြန်မာနိုင်ငံတွင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် သက်ထက်ဆုံး နှိုးဆော်ခဲ့သူ အဖြစ် ဦးရွှေအုံးကို လူသိများခဲ့ကြသည်။

သူငယ်ဘဝ စစ်ကြီးမဖြစ်ခင် ၁၉၃၆ ကျောင်းသား သပိတ်တွင် ပါဝင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ် ရှမ်းပြည် ကျောင်းသားများ အသင်း၏ တွဲဖက် အတွင်းရေးမှူး၊ အတွင်းရေးမှူး တာဝန်များ ယူခဲ့သည်။

၁၉၄၅ တွင် အာရှလူငယ်အဖွဲ့၏ ရှမ်းပြည်မြောက်ပိုင်းခရိုင် စည်းရုံးရေး တာဝန်ခံဖြစ်ခဲ့ကာ ၁၉၄၅-၄၆ မြေအောက် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။ ၁၉၄၆-၄၇ တွင် ရှမ်းပြည် ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ် ဘဏ္ဍာရေးမှူးနှင့် ၁၉၄၇တွင် မြန်မာ့အလင်း သတင်းစာတိုက် ညအယ်ဒီတာ လုပ်ခဲ့သည်။ သတင်းစာ ကိုယ်စားလှယ် အဖြစ် ၁၉၄၆ ပထမ ပင်လုံညီလာခံ၊ ၁၉၄၇ ဒုတိယ ပင်လုံ ညီလာခံတို့၌ လွတ်လပ်ရေး တောင်တန်းပြည်မ ပူးပေါင်းရေး တို့တွင် တက်ကြွစွာ ပါဝင်ခဲ့သည်။

၁၉၈၉တွင် ရှမ်းပြည်တိုင်းရင်းသား လူမျိုးစုများ ဒီမိုကရေစီအဖွဲ့ချုပ် (ရ.တ.ဒ.ဖ)ကို ဥက္ကဋ္ဌအဖြစ် တည်ထောင် ခဲ့ပြီးနောက် ၁၉၉ဝ တွင် တသီးပုဂ္ဂလ အမတ် အဖြစ် ရှမ်းပြည်နယ်မှ အရွေးခံခဲ့သည်။

ထိုနောက် ဦးရွှေအုံးသည် စစ်အစိုးရက မတရားအသင်းအဖြစ် ဖျက်သိမ်းခဲ့သည့် တိုင်းရင်းသား ညွန့်ပေါင်းပါတီ တခု ဖြစ်သော စည်းလုံး ညီညွတ်သော ဒီမိုကရေစီ အဖွဲ့ချုပ် နာယကလည်း ဖြစ်ခဲ့သည်။

၁၉၉၃ က “တတိယ ပြည်ထောင်စု ဘယ်သို့ဘယ်ပုံ” အမည်ရှိ စာအုပ်ကို ရေးသား ထုတ်ဝေခဲ့သည်။ ထိုနှစ်တွင်ပင် စစ်အစိုးရ အမျိုးသား ညီလာခံသို့ ၈ ပြည်နယ် ပြည်ထောင်စု မူ စာတမ်းကို တင်ပြခဲ့သဖြင့် ထောင် တနှစ် ကျခဲ့သည်။

၂ဝဝ၅ က ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ခွန်ထွန်းဦး၊ အတွင်းရေးမှူး စိုင်းညွန့်လွင် အပါအဝင် ရှမ်းခေါင်းဆောင် များအား ဖမ်းဆီး ထိန်းသိမ်းရာတွင် ဦးရွှေအုံး ပါသွားသည်။ သူ့ကို ပြန်လွှတ် ပေးလိုက်သော်လည်း ကျန်ခေါင်းဆောင်များကို စစ်အစိုးရက နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

ဦးရွှေအုံး ရေးသားခဲ့သည့် “မပြိုကွဲနိုင်သော ပြည်ထောင်စုကြီးကို တည်ဆောက်ကြပါစို့” စာအုပ်သည် ၃၁၁ မျက်နှာရှိပြီး အခန်းပေါင်း ၁၇ ခန်းနှင့် မြန်မာပြည်တွင် နေထိုင်သော လူမျိုးများ ဆင်းသက်လာပုံ၊ ပုဂံနိုင်ငံတော် ပေါ်ပေါက်လာပုံ၊ သမိုင်းဝင် ပင်လုံစာချုပ်နှင့် မြန်မာနိုင်ငံတွင် ပေါ်ပေါက်ခဲ့သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေများအပေါ် စာရေးသူ၏ အမြင်ကို ရေးထားသည်။

ထိုစာအုပ်သည် ၂ဝဝ၈ ခုနှစ်အတွင်း နိုင်ငံရေးလှုပ်ရှားသူများ အကြား ပျံ့နှံ့ခဲ့ပြီး တရားဝင် ပုံနှိပ်ထုတ်ဝေရန် စာပေ စိစစ်ရေးကို တင်ပြ ခဲ့သော်လည်း ယနေ့ထိ ခွင့်ပြုချက် မရသေးကြောင်း သိရသည်။

ဦးရွှေအုံးသည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ရန် ပြည်ထောင်စုနှင့် ဒီမိုကရေစီ စနစ်ကို အခြေခံမည့် “ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ်အဖွဲ့” ကို ပြီးခဲ့သည့် ၂ဝဝ၈ နှစ်ဦးပိုင်းက ဖွဲ့စည်းခဲ့သည်။

ဦးရွှေအုံး ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ဒေါ်တင်နီနှင့် သားကြီး ဒေါက်တာလှချို၊ ဦးကျော်မင်း နှင့် မြေး ၅ ယောက် ကျန်ရှိကြောင်း သိရသည်။

Ref: မဇ္ဈိမ

Read More...

အပေါ်သို့