..............................

Tuesday, August 24, 2010

နိုင်ငံရေးပါတီများ အခက်တွေ့စေရန် ဖန်တီးခံရဟု ဦးသုဝေ ပြောကြား

မျိုးချစ်သူ
၃ သြဂုတ် ၂၀၁၀

နိုင်ငံရေးပါတီများ အခက်အခဲကြုံတွေ့စေရန် စစ်အစိုးရက တမင်ရည်ရွယ် ဖန်တီးလိုက်ကြောင်း ဒီမိုကရက်တစ် ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ပြည်တွင်းပြည်ပ သတင်းထောက်များကို ပြောကြားသည်။

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် (၅၂) လမ်းရှိ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဌာနချုပ်တွင် သြဂုတ် (၂၂) ရက် နံနက် (၉) နာရီက ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ယင်းသို့ ပြောကြား လိုက်ခြင်းဖြစ်သည်။

“ကျနော်တို့အနေနဲ့ အခုပြောနိုင်တာက ကြံ့ဖွံ့ပါတီက အနိုင်ရနေပြီဆိုတာပဲ။ ပြီးတော့ သူတို့က ပါတီ ရုံးတွေကိုလည်း တနေ့တည်း ဖွင့်နိုင်တယ်လေ။ ကျနော်တို့က ရွေးကောက်ပွဲ အတွက် ငွေအဓိက ဆိုတာ သိပါတယ်။ ဒါပေမယ့် ကျနော်တို့မှာ ငွေရှာနိုင်မယ့် အခွင့်အရေး မရှိဘူး။ အလှူခံခွင့်လည်း မရှိဘူးလို့ တားမြစ် ထားတယ်။ အခု ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကိုလည်း ကပ်ပြီးမှ ကြေညာတယ် ဆိုတော့ ကိုယ်စားလှယ် လောင်းတွေအတွက် လုံးဝ အခက်တွေ့တာပေါ့။ ရည်ရွယ်ထားတဲ့ အတိုင်း မရောက်တော့ ပေမယ့် ရှိတဲ့ ကိုယ်စားလှယ်တွေနဲ့ပဲ လွှတ်တော်ကို ရောက်ပြီး ပြည်သူတွေအတွက် တထောင့်တနေရာ ကနေ ပါဝင်ရမယ့် အနေအထားပါ။ အဲဒီလိုဖြစ်လာအောင် အကွက်ချပြီး သူတို့က စီမံခဲ့တာလို့ပဲ ပြောချင်တယ်” ဟု ဦးသုဝေက ပြောသည်။

ယခင်ကတွေ့ကြုံခဲ့ရသော ရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲအတွက် တင်ရသောငွေကို ပြန်ရကြောင်း၊ ယခု ရွေးကောက်ပွဲတွင် ပြန်မရသည့် အပြင် လွှတ်တော် ကိုယ်စားလှယ် အမတ်လောင်း တဦးလျှင် မှတ်ပုံတင်ကြေး ကျပ် (၅) သိန်းဆိုသည်မှာ အလွန်များသည့် အတွက် အမတ်လောင်းများ အနေဖြင့် ငွေ (၅) သိန်း မတတ်နိုင်ကြဘဲ ပါဝင်ခွင့် မရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ကြံ့ဖွံ့မှာကတော့ ငွေရှိတာပေါ့ဗျာ၊ အစိုးရပဲလေ။ အဲဒီလိုလုပ်တာကိုက တရားသလား မတရားသလား ဆိုတာ အားလုံး သိကြပါတယ်” ဟု ဦးသုဝေက ပြောကြားပြီး ရွေးကောက်ပွဲ ကော်မတီ၏ ဥပဒေ စည်းမျဉ်းများနှင့် ကြံ့ဖွံ့ပါတီကြောင့် အခြား ပါတီများ အနေဖြင့် မဲဆွယ် စည်းရုံးခွင့် အပြည့်အ၀ မရဟုလည်း ၎င်းက ဆိုသည်။

“ပါတီတွေအားလုံး အခက်အခဲရှိတယ်။ ပါတီတွေအနေနဲ့ မဲဆန္ဒနယ်အားလုံးမှာ ပါဝင် ချင်ကြပေမယ့် ငွေကြေး အခက်အခဲ ကြောင့်ရော စည်းရုံးခွင့်တွေ အခက်အခဲ ရှိတာကြောင့်ပါ မပါဝင်နိုင်ကြဘူး” ဟု ဦးသုဝေက ဆက်လက် ပြောကြားသည်။

နိုင်ငံရေးပါတီများအနေဖြင့် အမတ်လောင်းအမည်စာရင်း တင်သွင်းရန် အခက်အခဲရှိသည့် အတွက် စစ်အစိုးရ ကျောထောက် နောက်ခံ ကြံ့ဖွံ့ ပါတီ အနေဖြင့် အလိုအလျောက် မဲဆန္ဒနယ်များတွင် ယှဉ်ပြိုင်မဲ အနိုင်ရ လိမ့်မည်ဟုလည်း ဦးသုဝေက ပြောသည်။

၎င်းက “ကိုယ်စားလှယ် (၁,၀၀၀) ကျော်မှာ ကြံ့ခိုင်ရေးက တ၀က်ကျော် ပါဝင်မှာ ဖြစ်တယ်။ အဲဒီတော့ အခြား ပါတီတွေက တ၀က်လောက် ပါမှာပေါ့။ ကိုယ်စားလှယ်တွေ မလုံလောက်ဘဲနဲ့ မနိုင်မှန်းကို သိလျက်နဲ့ ဘာ့ကြောင့် ၀င်ရတာလဲလို့ မေးစရာတွေ ရှိလာပါတယ်။ ဒါပေမယ့်လည်း ကျနော်တို့က ဒီမိုကရေစီ ပန်းတိုင်ကို မရောက်မချင်း သွားမယ့်သူတွေ ဖြစ်နေလို့ အခုလို ၀င်တာဖြစ်တယ်။ တကယ်ဆိုရင် ကျနော်တို့ ပါတီကသာ ကိုယ်စားလှယ်တွေ များများစားစား တင်နိုင်ရင် ကျနော်တို့ အနိုင်ရမယ် ဆိုတာ ပြောရဲပါတယ်” ဟု ဆိုသည်။

လွှတ်တော်ကိုယ်စားလှယ် အမတ်လောင်းများ အမည်စာရင်း တင်သွင်းရန် အတွက် ရွေးကောက်ပွဲ ကော်မရှင်က ကိုယ်စားလှယ်လောင်း အဖြစ် ၀င်ပြိုင်မည့် သူများကို မဲစာရင်းများ ရယူပြီးမှသာ တင်သွင်းရမည်ဟု ပြောဆိုကြောင်း၊ သက်ဆိုင်ရာ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ရုံးများတွင် ယခုတိုင် မဲစာရင်း မရောက်သေးကြောင်းလည်း ၎င်းက ပြောသည်။

“အခက်အခဲတွေကတော့ အဲဒီအတိုင်းပဲ။ ကော်မရှင်အဖွဲ့ခွဲရုံးမှာ မဲစာရင်းကိုယူပြီးမှ ရပ်ကွက်က ထောက်ခံချက် ပေးမယ်တဲ့။ အဲဒီအတွက် မဲစာရင်းကတော့ ရဖို့ မမြင်သေးဘူး။ ကိုယ်စားလှယ် စာရင်း တင်ဖို့အတွက် အခု အဲဒီကိစ္စတွေကို ဆောင်ရွက်နေရတယ်” ဟု ၎င်းက ရှင်းပြသည်။

နိုင်ငံရေးပါတီများအနေဖြင့် အမတ်လောင်းအမည်စာရင်း တင်သွင်းရန် ခက်ခဲသည့်အတွက် စစ်အစိုးရ ကျောထောက် နောက်ခံ ပြုထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက မဲဆန္ဒနယ် အများအပြားတွင် ယှဉ်ပြိုင်သူမရှိ အနိုင်ရရှိမည်ဟု ဦးသုဝေက သုံးသပ်သည်။

နအဖ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လာမည့် နိုဝင်ဘာ (၇) ရက်နေ့တွင် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို ကျင်းပမည်ဟု တရားဝင် ကြေညာထားသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့