Monday, 19 April 2010
ပြီးခဲ့သည့် စနေနေ့က ဧရာဝတီမြစ်ဆုံ ဗုံးပေါက်ကွဲမှုတွင် နအဖ ကိုယ်တိုင် လုပ်ကြံ စီစဉ်ခြင်းဖြစ် နိုင်သည်ဟု အမည်မဖေါ် လိုသည့် KIA တပ်မှူး တဦးက ပြောပါသည်။
“၁၆ ရက်နေ့က KIO ဦးစီးကျင်းပတဲ့ လူထုတွေ့ဆုံ ဆွေးနွေးပွဲမှာ KIO ရဲ့ ရပ်တည်ချက်ကို လူထုက ထောက်ခံတယ်။ ဆိုတော့ နအဖက မကျေနပ်လို့ တမင် လုပ်ကြံတာဘဲ ဖြစ်နိုင်တယ်။ ကျနော်တို့ လက်ချက်တော့ လုံးဝ မဟုတ်ဘူး” - ဟု KIA တပ်မှူးတဦး ပြောကြားခဲ့သည်။
စနေနေ့မနက် အစောပိုင်း ၀၂း၄၀ တွင် ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်း သတ်မှတ် ဧရိယာအတွင်း ဗုံးဆက်တိုက် ပေါက်ကွဲခဲ့သည်။ ထောင်ထားသည့် ဗုံး ၃၇ လုံး ရှိပြီး ၂၅ လုံး ပေါက်ကွဲခဲ့သည်ဟု တရုတ်နယ်စပ် သတင်းက ပြောပါသည်။
“ဗုံးပေါက်ကွဲမှုကြောင့် အေးရှားဝေါလ် ပိုင်ကား ၄ စီး၊ တရုတ်ပိုင် မိုးလေ၀သ နဲ့ ဇလဗေဒ တိုင်းထွာရေး ဌာနရဲ့ကား ၃ စီး မီးလောင် ပျက်စီးတယ်။ အေးရှားဝေါလ် ကုမ္ပဏီရဲ့ ရုံးခန်းနဲ့ အလုပ်ရုံ - ၄ လုံး ပျက်စီးတယ်”- ဟု ဒေသခံများက ပြောပါသည်။
ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာများတွင် -
၁။ မြစ်ဆုံရေကာတာ တည်ဆောက်စီမံကိန်းအနီး ကျိန်ခန် ရှိ အေးရှား ဝေါလ် ကုမ္ပဏီ၊
၂။ တရုတ်ပြည် မိုးလေ၀သ ဇလဗေဒတိုင်းထွာရေးရုံး (မြစ်ဆုံနှင့် ၉ မိုင်အကွာ)၊
၃။ ရေကာတာ ကြောင့်(ဧရာဝတီ မြစ် လက်တက်) လုံကာချောင်းဝ အနီးသို့ ပြောင်းရွှေ့ ခိုင်းခြင်း ခံရသည့် အိမ်ခြေ ၅၀၀ အတွက် တည်ဆောက်ဆဲ ရွာသစ် စီမံကိန်း (ဒုက္ခသည် စခန်းစီမံကိန်း) မြစ်ဆုံအောက်ဘက် ၈ မိုင် အကွာတို့ ဖြစ်သည်။
“ရေကာတာကြောင့် ပြောင်းရွှေ့ခိုင်းတာက အိမ်ခြေက ၅၀၀ လောက်ရှိတယ်၊ သူတို့ဆောက်လုပ် ပေးထားတာက ၄၀၀ လောက်ပဲ၊ အခုထိ မပြီးသေးဘူး၊ ဆောက်လုပ်နေတုန်း”- ဟု အဆိုပါ ဒေသခံက ပြော၏။
ကချင်သတင်းဌာန KNG က ဗုံးပေါက်ကွဲမှုတွင် လူ ၄ ယောက်သေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိကာ ရေကာတာ တည်ဆောက်ရေး တရုတ်ဝန်ထမ်း အယောက် ၃၀၀ ခန့်က မြစ်ကြီးနားမြို့သို့ ဘတ်စ်ကား ၄ စီးဖြင့် ပြောင်းရွေ့ သွားသည် ဟု ဆိုသည်။
ဗုံးပေါက်ကွဲမှုကြောင့် KIA/KIO ခေါင်းဆောင်များ မြစ်ကြီးနားသို့ ဆင့်ခေါ်ခံရ၍ မပခ (မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်) တိုင်းမှူးက စုံစမ်းမေးမြန်းနေ သည်ဟုလည်း သိရှိရပါသည်။
ဧရာဝတီမြစ်ဆုံ (မေခ နှင့် မလိခဆုံဆည်းရာ) တွင် ရေကာတာ တည်ဆောက်ရန် နအဖက တရုတ် နှင့် အေးရှား ဝေါလ်ကုမ္ပဏီ ဖက်စပ် လုပ်ကိုင်ခွင့် ပေးထားပြီး စီမံကိန်း ပြီးဆုံးပါက လျှပ်စစ်ဓါတ်အား ၃၀၀ kw ထုတ်လုပ်နိုင်မည် ဟု ခန့်မှန်းထားသည်။
၎င်းစီမံကိန်းအား ကချင်လူမှု အဖွဲ့အစည်းများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များက (လုံးဝ) တည်ဆောက်ခြင်း မပြုလုပ်ရန် အကြိမ်ကြိမ် ဆန္ဒပြ ကန့်ကွက်ခဲ့သည်။ လက်သည် မပေါ်သည့် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း စီမံကိန်း ရပ်နားမည် မဟုတ်ဘဲ ဆက်လက် တည်ဆောက်သွားမည်ဟု နအဖ အာဏာပိုင်များ ကပြောသည်။
Ref: သျှမ်းသံတော်ဆင့်
Tuesday, April 20, 2010
မြစ်ဆုံဗုံးပေါက်ကွဲမှု နအဖလုပ်ကြံ - KIA တပ်မှူးပြော
ဗုံးကွဲမှုတွင် တိုင်းစစ်ဒေသမှူး ပြင်းထန်စွာ ဒဏ်ရာရ
မြင့်မောင်
တနင်္လာနေ့၊ ဧပြီလ ၁၉ ရက် ၂၀၁၀
နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်မြို့ ကန်တော်ကြီးရှိ X2O ရေပက်မဏ္ဍပ်တွင် ယခုလ ၁၅ ရက်နေ့ (သင်္ကြန်အကြတ်နေ့) က ဗုံး ၃ လုံး ဆက်တိုက် ပေါက်ကွဲမှုတွင် တိုင်းစစ်ဒေသမှူး တဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်း အမှတ် ၄ စစ်ဒေသမှူး ဗိုလ်မှုးကြီးပြုံးချိုသည် လုံခြုံရေးအရ မဏ္ဍပ်များကို လိုက်လံ စစ်ဆေးနေစဉ် X2O မဏ္ဍပ်အရောက် ဒုတိယဗုံး ပေါက်ကွဲသဖြင့် ဝမ်းဗိုက်တွင် ဗုံးဆံများ ထိမှန်သွားရာ မင်္ဂလာဒုံ စစ်ဆေးရုံတွင် ကုသမှု ခံယူနေရသည်။ ဒဏ်ရာ ပြင်းထန်မှု ရှိသည်ဟု မဇ္ဈိမက စုံစမ်း သိရှိရသည်။
ပေါက်ကွဲမှုများကြောင့် လူ ၈ ဦး သေဆုံးပြီး လူဦးရေ ၁၇ဝ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း စစ်အစိုးရက အစောပိုင်းက ထုတ်ပြန် ကြေညာခဲ့သော်လည်း သေဆုံးသူဦးရေ တိုးလာသည်ဟု ရဲအချို့က ပြောသည်။
ရဲမှူးကြီးတဦးနှင့် ဒုရဲအုပ်အဆင့်ရှိသူ တဦးတို့လည်း သေဆုံးသွားပြီး မင်္ဂလာတောင်ညွန့် မြို့နယ် မယက ဥက္ကဋ္ဌမှာမူ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။
ယခုအခါ ရန်ကုန်ဆေးရုံကြီးတွင် ဒဏ်ရာရရှိသူများ အနက် ၄၄ ဦးသည် ဆက်လက်၍ ဆေးဝါးကုသမှု ခံယူနေရကာ၊ ဒဏ်ရာ ပြင်းထန်သူမှာ ဦးရေ ၂ဝ ခန့် ရှိနေသေးကြောင်း သိရသည်။
ဗုံးကွဲအပြီး ၂ ရက်အကြာတွင် စာရေးဆရာ လင်းယုန်မောင်မောင် (ကွယ်လွန်) ၏ သားဖြစ်သူ ဦးဇေယျနှင့် သူ၏ သားဖြစ်သူ စည်သူဇေယျအား ရဲက မေးမြန်းရန် ခေါ်ဆောင်သွားကြောင်း မိသားစုဝင်များနှင့် နီးစပ်သူတဦးက ပြောသည်။
“နှစ်ဆန်းတရက်နေ့က ညနေပိုင်းက သူတို့ သားအဖ နှစ်ယောက်ကို လာခေါ်သွားတယ်။ ရပ်ကွက်လူကြီးနဲ့ SB တွေ စုစုပေါင်း ၁ဝ ဦးလောက် ပါတယ်။ မေးစရာရှိလို့ ဆိုပြီး ခေါ်သွားတယ်။ ဘာကြောင့် ခေါ်သွားတယ် ဆိုတာကိုတော့ ပြောမသွားဘူး” ဟု အမည်မဖော်လိုသူ မိသားစုဝင် တဦးက ပြောသည်။
အခင်းဖြစ်ပွားသောနေရာကို ဓာတ်ပုံရိုက်သည်ဟု ရဲက သံသယရှိမှုနှင့် ပတ်သက်ဖွယ် ရှိသည်ဟု ရန်ကုန် စာပေ အသိုင်းအဝိုင်းက ယူဆ နေကြသည်။
မြို့နယ်ရပ်ကွက်ရုံးအချို့တွင် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မသင်္ကာသူများအား ဖမ်းဆီးရန် အတွက် ကူညီ သတင်းပေးသူကို ဆုငွေအဖြစ် ကျပ် ၁၀ သိန်း ပေးမည်ဟု အာဏာပိုင်များက ကြေညာထားသည်။
Ref: မဇ္ဈိမ
နယ်ခြားစောင့်တပ် လက်မခံရသည့်အကြောင်း ကေအိုင်အို လူထုအား အသိပေးပြောကြား
ခိုင်လင်း/ ၁၉ ဧပြီ ၂ဝ၁ဝ
နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စများနှင့်ပတ်သက်၍ ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို) က လူထုအား အသိပေး ရှင်းလင်းသည့် အခမ်းအနား တခုကို ကေအိုင်အို ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ယခုလ (၁၆) ရက်၌ ပြုလုပ်ခဲ့သည်။
ကေအိုင်အိုနှင့်နအဖအကြား နှစ်ဘက် တွေ့ဆုံဆွေးနွေးချက်များ၊ ကေအိုင်အိုဘက်က တင်ပြ ထားချက်များ၊ နအဖဘက်က ကမ်းလှမ်း ထားချက်များနှင့် အပစ်ခတ် ရပ်စဲရေး စာချုပ်တို့ကို နံရံကပ် စာစောင်ဖြင့် ပြသထားသကဲ့သို့ ကေအိုင်အို အထွေထွေ အတွင်းရေးမှူး ဒေါက်တာ လဂျာက ကချင်ဘာသာဖြင့် ပြောကြားပြီး တွဲဖက် အတွင်းရေးမှူးက မြန်မာဘာသာ ပြန်၍လည်းကောင်း၊ ကေအိုင်အို ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က မြန်မာ၊ ကချင် နှစ်ဘာသာဖြင့် လည်းကောင်း နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စများနှင့် ပတ်သက်၍ ရှင်းလင်း သွားခဲ့သည်ဟု အခမ်းအနား တက်ရောက်ခဲ့သူ ကေအိုင်အို အုပ်ချုပ်ရေး အရာရှိတဦးက ပြောသည်။
၎င်းက “အရပ်သားတွေ၊ ကေအိုင်အို ဌာနဆိုင်ရာ အရာရှိတွေ၊ တပ်ဖွဲ့ဝင်တွေ (၁,ဝဝဝ) ကျော်လောက် တက်တယ်။ မေးမြန်းချင်တာ ရှိရင် ပြန်မေးလို့ ဖိတ်ခေါ်တယ်။ ကချင်လိုကော၊ မြန်မာလိုကော အကျယ်တဝင့် ရှင်းသွားတယ်။ ပြီးတော့ နံရံကပ် စာစောင်မှာလည်း သူတို့ ရှင်းလင်း ပြောပြတာတွေကို ထုတ်ပြထားတယ်။ နယ်ခြားစောင့်တပ်ကို ဘယ်လို ဖွဲ့စည်းမယ်၊ လစာနဲ့ရိက္ခာ ဘယ်လို ထုတ်ပေးမယ် ဆိုတာက အစ ရေးထားတယ်။ အခုလို ရှင်းပြလိုက်တော့ လူထုတွေ အနေနဲ့ ကေအိုင်အိုက နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ဘာကြောင့် လက်မခံသေးသလဲ ဆိုတာ သိခွင့်ရပါတယ်” ဟု ပြောသည်။
အပစ်ခတ်ရပ်စဲရေးစာချုပ်တွင် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကိစ္စ မပါဝင်ပုံ၊ နောင်တက်လာမည့် အစိုးရနှင့်သာ နိုင်ငံရေးကိစ္စ ဆွေးနွေးရန် နအဖဘက်က ၂ဝဝ၈ ခုနှစ်အထိ တစိုက်မတ်မတ် ပြောလာခဲ့ပုံ၊ အမျိုးသား ညီလာခံအတွင်း ကေအိုင်အို အဖွဲ့၏ တင်ပြချက်များ အလေးထား မခံခဲ့ရပုံ အပါအဝင် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး နှစ်ဖက် ဆွေးနွေးချက်များကို ကေအိုင်အို ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က အခမ်းအနားတွင် ပြောကြားခဲ့သည်။
၎င်းက “ကျနော်တို့ နှစ်ဖက်ဆွေးနွေးနေတာ (၁၅) ကြိမ်ရှိပါပြီ။ (၁၅) ကြိမ်စလုံးမှာ တပ်မတော် အစိုးရက ကျနော်တို့ကို ပြောနေတာ ကတော့ ဘီဂျီအက်ဖ်ကို လက်ခံရေးပဲဖြစ်တယ်။ အဲဒီ (၁၅) ကြိမ်စလုံးမှာ ကေအိုင်အို ပြန်ပြောနေတာက ဘီဂျီအက်ဖ် မဟုတ်ဘဲနဲ့ တခြားသော နည်းလမ်းနဲ့ ကျနော်တို့ရဲ့ ပြဿနာကို ဖြေရှင်းရေး ဖြစ်ပါတယ်” ဟု ပြောသည်။
ကေအိုင်အိုအဖွဲ့အား နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် နအဖက ယခုလ (၂၈) ရက် နောက်ဆုံးရက် သတ်မှတ်ထားပြီး သူတို့ အနေဖြင့် ပြည်ထောင်စု တပ်မတော်အတွင်း တိုင်းရင်းသား တပ်ဖွဲ့ အနေဖြင့်သာ အသွင်ပြောင်းလိုကြောင်း ယခုလ (၁၅) ရက်က ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်ထံ စာရေး တင်ပြ ကမ်းလှမ်းထားသည်ဟု ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။
ယခုရှင်းလင်းပွဲတွင် ကေအိုင်အိုအဖွဲ့က နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို အဘယ်ကြောင့် လက်မခံခြင်း ဖြစ်ကြောင်း လူထုအား အသိပေး ပြောကြားကာ နအဖဘက်မှ တဖက်သတ် လုပ်ဆောင်နေမှု များကိုလည်း ရှင်းလင်း ပြခဲ့ကြောင်း စစ်ရေး အကဲခတ် တဦးက ပြောသည်။
၎င်းက “လျှို့ဝှက်ထားတဲ့ သူတို့ရဲ့ အပစ်ရပ်စာချုပ်တွေ၊ နအဖဆီကို ရေးတဲ့စာတွေ လူထုကို ပြသလာတာက နအဖက တဖက်သတ် အကျပ်ကိုင် ဆောင်ရွက် နေတာတွေကို သည်းမခံနိုင်တာလည်း ပါတယ်။ တဖက်က သူတို့ ရပ်တည်ချက် မှန်တယ်ဆိုတာကို လူထုကို ရှင်းပြချင်တယ်။ တချိန်တည်းမှာ လူထုရဲ့ ထောက်ခံမှုကို ရယူချင်တာလည်း ဖြစ်တယ်” ဟု ပြောသည်။
Ref: ခေတ်ပြိုင်
Monday, April 19, 2010
အာဏာလမ်းဝပေါ်က ပထမဆုံးနေ့များ
19 April 2010
ရှုခင်း
အတိုက်အခံပါတီကြီးဟာ ရွေးကောက်ပွဲမှာ ရှင်းရှင်းလင်းလင်း အနိုင်ရခဲ့ပေမယ့် အာဏာရှင်တွေဟာ တော်တော်နဲ့ ရွေးကောက်ပွဲ ရလဒ်ကို မထုတ်ပြန်ပေးဘဲ နောက်ဆုံးမှာ မလွှဲသာလို့ ထုတ်ပြန် လိုက်ရပြီးနောက် ဒီရွေးကောက်ပွဲဟာ အာဏာ လွှဲမပေးလောက်သေးဘူး၊ နောက်ထပ် ရွေးကောက်ပွဲသစ် လုပ်ဖို့ လိုတယ်ဆိုပြီး ရွေးကောက်ပွဲ ထပ်လုပ်ခဲ့ ပါတယ်။ အာဏာရှင်ကြီးဟာ ရွေးကောက်ပွဲ အသစ်မှာတော့ သေချာပေါက် အနိုင်ရအောင် အဘက်ဘက်က ပြင်ဆင်ခဲ့ပါ တယ်။ ရွေးကောက်ပွဲသစ် အကြိုကာလမှာ အတိုက်အခံ ပါတီကြီးကိုလည်း အမျိုးမျိုး နှိပ်ကွပ် ညစ်ပတ် အကြမ်းဖက်ခဲ့ ပါတယ်။ ဒါကြောင့် အတိုက်အခံ ပါတီကြီးဟာ နောက်ဆုံးမှာ ရွေးကောက်ပွဲ သစ်ကို မဝင်ဖို့ ဆုံးဖြတ် လိုက်ရပါတော့တယ်။ အတိုက်အခံ မရှိတဲ့ ရွေးကောက်ပွဲမှာ အာဏာရှင်ကြီးဟာ မဲ (၈၅) ရာခိုင်နှုန်းကျော်နဲ့ အနိုင် ရသွားပါတော့တယ်။
အတိုက်အခံပါတီကြီးဟာ ရွေးကောက်ပွဲ မဝင်လိုက်တဲ့ အတွက် နောက်ဆုံးနေ့များ ရောက်သွားပြီ၊ နိဂုံး ချုပ်သွားပြီလို့ အာဏာရှင် အောက်ဆွဲတွေက ဝမ်းသာအားရ လက်ခမောင်း ခတ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီပါတီကြီးဟာ မိမိ မူလရပ်တည်ချက် ပေါ်မှာပဲ ခိုင်ခိုင်မာမာ ဆက်လက် တိုက်ပွဲ ဝင်ခဲ့တဲ့အတွက် ရွေးကောက်ပွဲသစ် ပြီးလို့ (၃) လအကြာမှာ အာဏာ ခွဲဝေရေး စာချုပ် ချုပ်နိုင်ခဲ့ပြီး နောက်ထပ် (၆) လ အကြာမှာတော့ အာဏာရ ပါတီနဲ့ အ တိုက်အခံ ပါတီတို့ရဲ့ အမျိုးသား ညီညွတ်ရေး(ညွန့်ပေါင်း)အစိုးရကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့တဲ့ အတွက် ဒီမိုက ရေစီလမ်းကြောင်းပေါ် စတင် ခြေချ နိုင်ခဲ့ပါတော့တယ်။
ဖြစ်စဉ်
အခုဖော်ပြခဲ့တဲ့ မြင်ကွင်းဟာ အာဖရိကတိုက်က ဇင်ဘာဘွေနိုင်ငံမှာ ၂၀၀၈ ခုနှစ်က တကယ် ဖြစ်ခဲ့ပါတယ်။ အတိုက်အခံ MDC ပါတီခေါင်းဆောင် စဗန်ဂီရိုင်က အာဏာရှင် မူဂါဘီကို ၂၀၀၈ ခုနှစ် မတ် (၂၉) ရက် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပေမယ့် မူဂါဘီက မဲလိမ်ပြီး MDC ပါတီဟာ မဲ (၅၀) ရာခိုင်နှုန်းကျော် မရလို့ ဆိုကာ ဒုတိယအချီ ရွေးကောက်ပွဲကို ၂၀၀၈ ခု ဇွန် (၂၇) ရက်မှာ ပြန်လုပ်ခိုင်းခဲ့ ပါတယ် (တကယ်တော့ စဗန်ဂီရိုင်ဟာ မဲ ၅၁ သို့မဟုတ် ၆၇ ရာခိုင်နှုန်း ရခဲ့ပေမယ့် မူဂါဘီက ကလိမ်ကညစ် လုပ်ပြီး အတိုက်အခံက ၄၇.၉ ရာခိုင်နှုန်း၊ မူဂါ ဘီက ၄၃.၂ ရာခိုင်နှုန်း ရတယ်လို့ ရွေးကောက်ပွဲပြီး တလအကြာ မေလ ၂ ရက်နေ့ကျမှ တရားဝင်ကြေညာ ခဲ့တာ ဖြစ်ပါတယ်)။
အဲဒီ ပထမရွေးကောက်ပွဲ ပြီးတော့ အတိုက်အခံ ပါတီဌာနချုပ်ကို ဝင်စီးနင်းပြီး ရုံးချုပ်မှာ ရှိနေသူ အားလုံးကို ဖမ်းသွားတာ၊ လွှတ်တော် အမတ်တွေ အပါအဝင် ပါတီဝင်တွေကို ဖမ်းတာ၊ ရိုက်နှက်တာ၊ သတ်ဖြတ်တာ (ပထမရွေး ကောက်ပွဲနဲ့ ဒုတိယရွေးကောက်ပွဲ ကြားမှာ အတိုက်အခံ ပါတီဝင် အနည်းဆုံး ၄၃ ယောက် အသတ် ခံခဲ့ရပါတယ်)။ ရပ်ထဲရွာထဲ လျှို့ဝှက်ဗုံးခွဲတာတွေ၊ အတိုက်အခံကို မဲပေးခဲ့တဲ့ မဲဆန္ဒရှင် ပြည်သူလူထုတွေ တိုင်းရင်းသား လူမျိုးစုငယ်တွေကို နှိပ်စက်ညှဉ်းပန်းတာ၊ ခြိမ်းခြောက် အကျပ်ကိုင်တာတွေ အကြီးအကျယ် လုပ်ခဲ့တာကြောင့် ဇွန် (၂၂) ရက်မှာ စဗန်ဂီရိုင်ရဲ့ MDC ပါတီက ရွေးကောက်ပွဲ မဝင်ဖို့ သမိုင်းဝင် ဆုံးဖြတ်ချက်ကို ချလိုက်ပါတယ်။ ဒီလိုနဲ့ ဒုတိယအကြိမ် ရွေးကောက်ပွဲမှာ အာဏာရှင် မူဂါဘီဟာ ပြိုင်ဘက် မရှိဘဲ မဲဆန္ဒ ၈၅.၅ ရာခိုင် နှုန်းရပြီး နိုင်သွားပါတော့တယ်။
နိုင်ငံတကာပိုင်းမှာတော့ ကုလသမဂ္ဂမှာ တရုတ်နဲ့ ရုရှားတို့က ဗီတိုအာဏာသုံး ကာကွယ် ပေးပေမယ့် ကမ္ဘာ့ နိုင်ငံတွေက ပြင်းထန် ထိရောက်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ချမှတ်နိုင်ခဲ့ပြီး အဓိက ထောက်ခံ ပေးနေတဲ့ တောင်အာဖရိက နိုင်ငံကိုယ်၌က အင်တင်တင်ဖြစ်လာ၊ (အာဖရိကတိုက်ရဲ့ အာဆီယံဖြစ်တဲ့) အာဖရိက သမဂ္ဂကလည်း ဖိအားပေး၊ အဓိက နိုင်ငံခြားငွေ ရှာပေးနေတဲ့ စိန်တွေလည်း ရောင်းမရအောင် ပိတ်ဆို့ခံရ၊ တနိုင်ငံလုံး ကာလ ဝမ်းရောဂါ ဖြစ်တာကလည်း အာဏာရှင်အစိုးရ ဘယ်လိုမှ ထိန်းမရသလို တရုတ်၊ ရုရှားလည်း မကယ်နိုင်ဖြစ်ခဲ့ ရပါတယ်။
ဒီလိုနဲ့ ဇွန်လ (၂၇) ရက်ရွေးကောက်ပွဲမှာ မူဂါဘီ မဲ “အပြတ်အသတ်” နဲ့ အနိုင်ရပြီး သမ္မတ ဖြစ်ခဲ့ပေမယ့် MDC ပါတီက ပြင်းထန်လှတဲ့ အကြမ်းဖက်မှုကို ရင်ဆိုင်ပြီး ကြံ့ခိုင်တဲ့ ရပ်တည်ချက်နဲ့ တိုက်ပွဲဝင်မှုကြောင့် မူဂါဘီ နိုင်ပြီး တလမပြည့်ခင် ဇူလိုင် (၂၅) ရက်မှာ အိမ်နီးချင်း တောင်အာဖရိက နိုင်ငံ ပရီတိုးရီးယား မြို့တော်မှာ အာဏာရ အစိုးရနဲ့ အတိုက်အခံတွေ အကြား ဒိုင်ယာလော့ စလုပ်ခဲ့ရပါတယ်။ တချိန်က မူဂါဘီကို ထောက်ခံခဲ့တဲ့ တောင်အာဖရိက သမ္မတ အမ်ဘီကီက ကြားဝင် စေ့စပ်ပေးခဲ့တာ ဖြစ်ပါတယ်။ စက်တင်ဘာ (၁၁) ရက်မှာတော့ မူဂါဘီဟာ ဆဗန်ဂီရိုင်နဲ့ အာဏာ ခွဲဝေရေးစာချုပ်ကို လက်မှတ် ထိုးလိုက်ရပါ တော့တယ်။ ဒီစာချုပ်အရ မူဂါဘီဟာသမ္မတရာထူးကို ဆက်ယူထားပေမယ့် ဆဗန်ဂီရိုင်နဲ့ MDC ပါတီကို ဝန်ကြီးချုပ် ရာထူးနဲ့ အစိုးရ ဝန်ကြီး ရာထူးအားလုံး ပေးလိုက်ရပါတော့တယ်။ ဒါပေမဲ့ မူဂါဘီက အမျိုးသား လုံခြုံရေးကောင်စီကို ဆက်ကိုင်ထားပြီး စစ်တပ်ကို ဆက်လက် ချုပ်ကိုင်ထားပါတယ်။ ၂၀၀၉ ဖေဖော်ဝါရီ (၁၃) ရက်မှာတော့ ဆဗန်ဂီရိုင်ဟာ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး တရားဝင် ရာထူး လက်ခံခဲ့ပါတယ်။
အခုအချိန်မှာ ဇင်ဘာဘွေနိုင်ငံဟာ တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီနိုင်ငံ မဖြစ်သေးပါဘူး။ မူဂါဘီနဲ့ လက်ကိုင်တုတ် ကြံ့ဖွတ်တွေ၊ စစ်တပ်၊ ရဲ၊ လုံထိန်းတို့ဟာ လစ်ရင်လစ်သလို MDC ပါတီနဲ့ ပြည်သူပြည်သားတွေ အပေါ် နှိပ်စက်တာ မတရား လုပ်တာတွေ ရှိနေပါသေးတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ မတိုင်မီ ကာလကနဲ့ စာရင်တော့ MDC ပါတီအတွက် အခွင့်အလမ်း အများကြီး ရသွားပါပြီ။ နိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေ ရုပ်သိမ်းပြီး ဝန်ကြီးချုပ် ဆဗန်ဂီရိုင် အစိုးရ အဖွဲ့ အနေနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို အတိုင်းအတာ တခုအထိ အတော်အတန် လုပ်နိုင်လာပါတယ်။ မူဂါဘီအနေနဲ့ အာဏာရှင် စနစ်ကို ဆက်လက် ထိန်းသိမ်းဖို့ ကြိုးစား နေသော်လည်း ရာနှုန်းပြည့် လုပ်ချင်သလို လုပ်လို့ မရတော့ပါဘူး။ ဒီလိုနဲ့ အတိုက်အခံ MDC ပါတီရဲ့ နိဂုံးလို့ မဟာပညာကျော်များ တွက်ဆခဲ့တာဟာ အာဏာလမ်းမ နိဒါန်းအစ ဖြစ်နေတာ တွေ့ရပါတော့တယ်။
နောက်ခံ
ဇင်ဘာဘွေနိုင်ငံဟာ ၁၉၈၀ ခုနှစ်မှာ လက်ရှိသမ္မတ မူဂါဘီ ခေါင်းဆောင်တဲ့ လက်နက်ကိုင် တော်လှန်ရေးနည်း အခြေခံနဲ့ အာဏာရလာပြီး လွတ်လပ်ရေး ရလာခဲ့ပါတယ်။ တချိန်က မာ့က်စ်ဝါဒ မော်စီတုံးဝါဒတွေ ကြွေးကြော်တဲ့ တော်လှန်ရေးသမား ဖြစ်ခဲ့ပေမယ့် အာဏာရလာတဲ့ အခါ ဇိမ်တွေ့သွားလို့ ကုလားထိုင်ပေါ်က မဆင်းတော့ဘဲ အတိုက်အခံတွေ တိုင်းရင်းသား လူမျိုးငယ်တွေ အားလုံးကို ရက်ရက်စက်စက် နှိမ်နင်းခဲ့ပါတယ်။ (၁၉၈၂ နဲ့ ၁၉၈၅ ကြားမှာတင် လူ ၂၀,၀၀၀ ကျော် အသတ်ခံခဲ့ရတယ်။) တိုင်းပြည်ရဲ့ စည်းစိမ်ဥစ္စာ အားလုံးကိုလည်း ကိုယ်ပိုင်လို သဘောထား သုံးဖြုန်းပစ်ခဲ့တဲ့ အတွက် တချိန်က အာဖရိက တိုက်မှာ အချမ်းသာဆုံး စာရင်းဝင်ခဲ့တဲ့ ဇင်ဘာဘွေဟာ စီးပွားရေး ဒလဟောကျဆင်းပြီး ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ နိုင်ငံရေး ဒုက္ခပေါင်းစုံဖိစီးလို့ အာဖရိကတိုက်ရဲ့လူမမာကြီး ဖြစ်လာခဲ့ပါတယ် (တနိုင်ငံလုံး ထမင်းတွေငတ်၊ ကာလဝမ်းရောဂါတွေ ဖြစ်နေချိန်မှာ အာဏာရှင် သမ္မတ မူဂါဘီကတော့ အာဖရိကတိုက်မှာ အခမ်းနားဆုံး နန်းတော်ကြီး ဆောက်ပြီး နေခဲ့ပါတယ်)။
တော်လှန်ရေးအောင်မြင်ပြီး နိုင်ငံလွတ်လပ်ရေး သက်တမ်း အနှစ် (၂၀) သို့မဟုတ် မူဂါဘီ အာဏာရှင်လုပ်နေ ခဲ့တဲ့အနှစ် (၂၀) လုံးလုံး ဘာမြေယာ တော်လှန်ရေးမှ မလုပ်ခဲ့ဘဲ စီးပွားရေးတွေ ချွတ်ခြုံကျလာလို့ ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ အစိုးရ ဝန်ထမ်းတွေ၊ တိုင်းရင်းသား လူနည်းစုတွေရဲ့ နိုင်ငံရေး မကျေနပ်မှုတွေ များသထက် များလာတဲ့ ၂၀၀၀ ပြည့်နှစ် ဝန်းကျင်ကျမှ လူထုကို အာရုံလွှဲဖို့ လူဖြူ မြေရှင်ကြီးတွေ ပိုင်တဲ့ မြေယာတွေကို သိမ်းယူ၊ မြေယာ ဝေခြမ်းရေးတွေ လုပ်ပြီး တော်လှန်ရေး ရဲဘော်ဟောင်းတွေ၊ ကျေးလက် လူထုတွေကို စည်းရုံးချွေးသိပ်ဖို့ လုပ်လာတာ ဖြစ်ပါတယ်။
ဒါပေမယ့် ငွေကြေးဖောင်းပွမှုက (ဒေါ်လာ သန်း ၁၀၀,၀၀၀ - 100 billion dollar တန် သို့မဟုတ် ၁၀၀,၀၀၀, ၀၀၀,၀၀၀ တန် ငွေစက္ကူတွေ ထုတ်ရလောက်အောင်) ရာခိုင်နှုန်း (၂၃၁) သန်း အထိ တက်လာပြီး အလုပ် လက်မဲ့နှုန်းက (၉၀) ရာခိုင်နှုန်းကို ရောက်လာတော့ ဘယ်လိုဘဲ အလိမ်အညာ မှိုင်းတွေ တိုက်ပေမယ့် ဒီမိုကရေစီ လိုလားတဲ့ ပြည်သူ့ ဘက်တော်သားတွေဟာ အကြမ်းဖက် ဖိနှိပ်မှုတွေ အပြင်းအထန် နှိပ်ကွပ်မှုတွေ ကြားကနေ ကြံ့ကြံ့ခံ တိုက်ပွဲဝင်ခဲ့ကြရာက အခု နောက်ဆုံးမှာ ပြည်သူ့ အစိုးရရှေ့ပြေး အာဏာခွဲဝေ ကြားဖြတ် အစိုးရအဆင့်ကို ရောက်လာပြီဖြစ်ပါတယ်။
လက်တွေ့
အခုလည်း ဗမာပြည်မှာ NLD က ၂၀၁၀ ရွေးကောက်ပွဲအတွက် မှတ်ပုံ မတင်ဖို့ ဆုံးဖြတ်လိုက်တဲ့ အတွက် ဆုံးဖြတ်ချက် မှားသွားပြီ၊ ရက် (၆၀) ပြည့်ရင် နိုင်ငံရေး ပါတီအဖြစ်က ပျက်ပြယ် သွားတော့မယ်၊ ပါတီတခု အဖြစ် ရပ်တည်နိုင်မယ့် နောက်ဆုံးနေ့တွေကို ရောက်နေပြီလို့ စစ်ကျွန် အလံရှူးတွေ၊ အာဏာရှင် ပွဲစားတွေက ဟောင်သံ ပေးနေကြပါတယ်။ ဒါပေမယ့် အာဖရိကတိုက်က ဇင်ဘာဘွေနိုင်ငံမှာ အခုလို ရွေးကောက်ပွဲ မဝင်တာ လုံးဝ မှန်သွားပြီး နောက်ဆုံးမှာ အာဏာရှင်က လျှော့ခဲ့ရတာ သာဓက အထင်အရှား ရှိနေပါတယ်။ ဒါကြောင့် NLD ပါတီဝင်တွေ၊ ၉၀ ခုမှာ နိုင်ပြီးသား လွှတ်တော် ကိုယ်စားလှယ်တွေကသာ တကယ်လုပ်မယ် ဆိုရင် လက်ရှိကာ လဟာ NLD ရဲ့ အာဏာလမ်းဝက ပထမဆုံးနေ့များ ဖြစ်သွားပါလိမ့်မယ်။
အဖျက်သမားဘယ်သူလဲ
ရန်ငြိမ်းအောင် (လူငယ်)
တနင်္ဂနွေနေ့၊ ဧပြီလ ၁၈ ရက် ၂၀၁၀
သင်္ကြန်အကြတ်နေ့  ညနေက ကန်တော်ကြီးပတ်လမ်း X2o ရေကစား မဏ္ဍပ် အနီးတွင် ဗုံးသုံးလုံး ဆက်တိုက် ဆိုသလို ပေါက်ကွဲခဲ့၍၊ လူ ၉ ဦး သေဆုံးခဲ့ပြီး၊ ၁၇ဝ ကျော် ဒဏ်ရာ ရရှိခဲ့သည်။ အပြစ်မဲ့ ပြည်သူများ ထိခိုက်ကုန်ပြီ။ ဗုံးဘယ်သူ ဖောက်တာလဲ။ စစ်အစိုးရ မီဒီယာများကတော့ အဖျက်သမားတွေ ဖော်တာဖြစ်သည်ဟု ကြေညာသည်။ မှန်သည် ပြည်သူတွေကို သေကြေထိခိုက်အောင် လုပ်သူကတော့ အဖျက်သမားသာ ဖြစ်သည်။ သို့သော် အဖျက်သမား ဘယ်သူ ဘယ်ဝါဆိုတာ တိတိကျကျသိဖို့ လိုသည်။ အဖျက်သမား ဘယ်သူလဲ။ ဗုံးဖောက်တဲ့ အဖျက်သမားသည် ဘယ်သူများပါလဲ။
န-အ-ဖခေတ် မြန်မာပြည်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ရပ်များ မကြာခဏ ဆိုသလို ရှိခဲ့သည်။ သွားလေသူ န-အ-ဖ အတွင်းရေးမှူး(၂) ဗိုလ်ချုပ်ကြီး တင်ဦးဧ။် သမီးပင်လျှင် အိမ်ထဲတွင် ဗုံးပေါက်ပြီး သေခဲ့သည်။ ဗိုလ်ချုပ်တင်ဦး ကိုယ်တိုင်ပင်လျှင် ရဟတ်ယဉ် ပျက်ကျတာ မဟုတ်ဘဲ ဗုံးပေါက်ပြီး ကွယ်လွန်ခဲ့ သလိုလို သတင်းများ ထွက်ပေါ်ခဲ့သည်။ ထိုသို့ သတင်းထွက်စရာ အကြောင်းကလည်း ရှိခဲ့သည်။ ကမ္ဘာအေး စွယ်တော် ဗုံးပေါက်ကွဲမှုတွင် ဗိုလ်ချုပ်ကြီးတင်ဦး လက်မတင်ကလေး လွတ်ခဲ့သလို၊ နေအိမ်ဗုံး ပေါက်ကွဲမှုတွင်လည်း သမီးဖြစ်သူက ဓားစာခံ ဖြစ်သွားခဲ့ရသည်။
မည်သို့ပင်ဖြစ်စေ ဗုံးပေါက်ကွဲမှုဖြစ်ပြီးတိုင်း စစ်အစိုးရက သတင်းစာ ရှင်းလင်းပွဲ လုပ်၍၊ တရားခံ ဖော်ထုတ်လေ့ ရှိသည်။ ပြည်ပြေး ဘယ်အုပ်စုက ဘယ် ငနီက တခြားအုပ်စုက ငနက်နဲ့ တွဲပြီး ငဖြူကို သင်တန်းပေးကာ ငဖြူက ငကြောင်၊ ငကျားစသူတို့နှင့် ပေါင်းကာ ဖောက်ခွဲခဲ့ကြောင်း စသဖြင့် ၄င်းတို့ မျက်စေ့ရှေ့ မှောက်တွင် လုပ်ဆောင်ခဲ့ သကဲ့သို့ ရှင်းလင်းတတ်ကြသည်။ သို့သော် တရားခံကိုကား တခါမျှ မမိခဲ့ဖူးပေ။
ဗိုလ်ချုပ်ကြီးတင်ဦးကို လုပ်ကြံခဲ့သူ မည်သူပါနည်း။ ယခုထိ တရားခံမပေါ်သေး။ ထို့ထက်ပို၍ စိမ်းလဲ့ကန်သာ နိုင်ငံတော် ဧည့်ရိပ်သာအနီး ဖြစ်ပွားခဲ့သော ကြောက်မက်ဖွယ် တက္ကသိုလ်ရိပ်သာလမ်း လူသတ်မှုကြီး ယခုထိ တရားခံ မပေါ်သေး။ သတင်းစာ ရှင်းလင်းပွဲများတွင် အလွန်တိကျစွာ တရားခံ ဖော်ထုတ်ခဲ့သော စစ်ထောက်လှမ်းရေးများ အထူးရဲတပ်ဖွဲ့ ဝင်များ၊ ဆိုခဲ့ပါ အမူများကို တရားခံပေါ်အောင် ဘာကြောင့် မဖော်ထုတ် နိုင်ခဲ့ပါသလဲ။ အရေးကြီးဆုံး မေးခွန်း နောက်တခုကတော့ န-အ-ဖ စစ်အုပ်စု ဝင်များနှင့် ၄င်းတို့ ဆွေမျိုး မိတ်သင်္ဂဟများ နေထိုင်သော အင်းယားလမ်းတွင် နှစ်စဉ်သင်္ကြန်ပွဲ ချိမ့်ချိမ့်သဲ ကျင်းပခွင့် ပြုထားခဲ့ရာမှ ယခုနှစ်တွင် ကျင်းပခွင့် မပြုတော့ပဲ၊ သင်္ကြန်မဏ္ဌပ်များကို ကန်တော်ကြီးစောင်းသို့  ရွေ့ခဲ့တာ အဘယ်သို့သော အကြောင်းကြောင့်ပါလဲ။
ကန်တော်ကြီး X2o ရေကစားမဏ္ဍပ်၊ ဗုံးကွဲမှုတွင် ပြည်သူ ၉ ဦးသေ၊ ၁၇ဝ ကျော် ဒဏ်ရာ ရခဲ့ပြီ။ ထိုသို့ အပြစ်မဲ့သော ပြည်သူများအပေါ် ရက်ရက်စက်စက် တိုက်ခိုက်တတ်သူ မည်သူ၊ မည်ဝါ ဖြစ်သည်ကို သိနိုင်ရန် အတိတ် ဖြစ်ရပ်များကို ပြန်လည် သုံးသပ် ကြည့်ပါအုံးမည်။ မဝေးလှသော အတိတ် ၂၀၀၃ မေ ၃၀ ဒီပဲရင်း လုပ်ကြံမှုကြီး၊ ပြည်သူများ သေဆုံးခဲ့သော တိုက်ခိုက်မှုကြီး၊ ထိုတိုက်ခိုက်မှုကို ကျူးလွန်ခဲ့သူမှာ န-အ-ဖ အစိုးရ ဖြစ်ကြောင်း တကမ္ဘာလုံးက သတ်မှတ်ထားသည်။ ထိုစဉ်က န-အ-ဖ မီဒီယာများမှာ ဘာအသံမှ မထွက်ခဲ့ကြ။ အပြစ်မဲ့သော ကျေးလက် တောသူတောင်သားများ ရက်ရက်စက်စက် အသတ်ဖြတ်ခံ ခဲ့ရခြင်း ဖြစ်သည်။ ၂၀၀၇- စက်တင်ဘာ ရွှေဝါရောင် မေတ္တာပို့သမှုကြီးကို မြို့လည်ခေါင်တွင် ရက်ရက်စက်စက် ဖြိုခွဲခဲ့သူ၊ ရဟန်းရှင် လူများကို သတ်ဖြတ်ခဲ့သူမှာ န-အ-ဖပင် ဖြစ်သည်။ ထိုသို့ လူသတ်မှုများ သာမက ပြန်ပေးဆွဲပြီး လူသတ်သည့် အမှုများကိုပင် န-အ-ဖအစိုးရ ကျုးလွန်ခဲ့ကြောင်းကို ကိုအောင်လှိုင်ဝင်း သေဆုံးခဲ့မှု၊ အိမ်မဲမြို့က ကရင် အမျိုးသား ကျောင်းဆရာ သေဆုံးခဲ့ရမှုများက သက်သေပြလျက် ရှိသည်။
ပြည်သူတွေပြောနေသော စကားနှင့် ပြောရလျှင် “ဒီကောင်တွေ စစ်အစိုးရ ဘာကြံပြန်ပြီလဲ မသိဘူး” ဟု ပြောရုံသာ ရှိတော့သည်။
Ref: မဇ္ဈိမ
Sunday, April 18, 2010
မြစ်ဆုံရေကာတာ စီမံကိန်းဝန်းကျင် ဗုံးများ ဆက်တိုက်ကွဲ
ရန်ပိုင်
Saturday, April 17, 2010
ကချင်ပြည်နယ်ရှိ မြစ်ဆုံ ရေကာတာ စီမံကိန်း ဆောင်ရွက် နေသည့် အနီးဝန်းကျင်တွင် ယနေ့နံနက်က ဗုံးများ ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
မြစ်ဆုံရေကာတာ စီမံကိန်းကို တည်ဆောက်နေသည့် အေရှားဝေါလ် ကုမ္ပဏီ ဆက်သွယ်ရေးရုံး အဆောက်အဦးနှင့် တရုတ် လူမျိုး ပညာရှင်များ နေထိုင်သည့် နေရာများတွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ကချင်သတင်းစဉ်မှ အယ်ဒီတာ ကိုနော်ဒင်း ဧရာဝတီ သို့ ပြောသည်။
“အလုပ်သမားတွေ နေတဲ့နေရာတော့ မပါဘူး၊ စီမံကိန်း အုပ်ချုပ်တဲ့ရုံးတွေ၊ ဂိုဒေါင်တွေမှာ ပေါက်တာ”ဟု ၎င်းကဆိုသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုတွင် သေဆုံးသူ လေးဦးခန့်ရှိပြီး ထိခိုက်ဒဏ်ရာ ရမှုများလည်း ရှိသည်ဟု ကိုနော်ဒင်းက ပြောသည်။
မြစ်ကြီးနားမြို့ခံတဦးက“ဗုံး ၇လုံးပေါက်တယ်၊ ကားနှစ်စီးပျက်တယ်”ဟု ဆိုသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မြစ်ကြီးနား အမှတ် ၁ ရဲစခန်းသို့ ဆက်သွယ် မေးမြန်းသော်လည်း လုံခြုံရေးအရ မဖြေဆိုနိုင်ကြောင်း ငြင်းဆိုခဲ့သည်။
စုစုပေါင်း ဗုံးအရေအတွက်မှာ ၃၉ လုံးခန့် ဖြစ်ကြောင်း၂၇ လုံးမှာ ပေါက်ကွဲခဲ့ပြီး ၁၂ လုံးမှာ ပေါက်ကွဲခြင်း မရှိကြောင်း အတည် မပြုနိုင်သော သတင်းများအရ သိရသည်။
မြစ်ဆုံရေကာတာ တည်ဆောက်ရေးစီမံကိန်းကို စစ်အစိုးရ၏ အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန လက်အောက်ရှိ ရေအား လျှပ်စစ် အကောင်အထည် ဖော်ရေး ဌာနနှင့် တရုတ် အစိုးရပိုင် CPI ကော်ပိုရေးရှင်းတို့မှ ပူးပေါင်း ဆောင်ရွက်နေခြင်း ဖြစ်ပြီး စီမံကိန်းကို စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် ဦးထွန်းမြင့်နိုင် ခေါ် စတီဗင်လောပိုင် အေရှားဝေါလ် ကုမ္ပဏီက အကောင် အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်သည်။
ယခုဗုံးပေါက်ကွဲသည့် အချိန်သည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲဖွဲ့စည်းရေး အစီအစဉ်ကို ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) က လူထုအစည်းအဝေး ခေါ်ယူ၍ ငြင်းဆန်ထားသည့် အချိန်နှင့် တိုက်ဆိုင်နေသည့် အတွက် စစ်အစိုးရက KIO အဖွဲ့ အပေါ်တွင် အပြစ်ရှာခြင်းလည်း ဖြစ်နိုင်ကြောင်း ကိုနော်ဒင်းက သုံးသပ်သည်။
ပြီးခဲ့သည့် သင်္ကြန်ရက်အတွင်းကလည်း ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ၁၀၅ မိုင်ရှိ အေးရှားဝေါလ် ဂိတ်တွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ သေးကြောင်း နယ်စပ် သတင်းများ အရသိရသည်။
Ref: ဧရာဝတီ်
Friday, April 16, 2010
ကန်တော်ကြီး ဗုံးပေါက်ကွဲမှုတွင် မယက ဥက္ကဋ္ဌ ဒဏ်ရာရရှိ
မင်းသက်
ကြာသပတေးနေ့၊ ဧပြီလ ၁၅ ရက် ၂၀၁၀ ခုနှစ်
ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ယနေ့ကျရောက်သည့် သင်္ကြန်အကြတ်နေ့ ညနေ ၃ နာရီခန့်၌ ဗုံး ၃ လုံး ပေါက်ကွဲခဲ့ရာ မြို့နယ် မယက ဥက္ကဋ္ဌ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ကန်တော်ကြီးစောင်းနှင့် သိမ်ဖြူယာဉ်မောင်းကွင်း အနီး X2O ရေကစားမဏ္ဍပ် လက်ဝဲဘက်ထောင့်၌ ဗုံးများပေါက်ကွဲမှုကြောင့် လူ ၉ ဦး သေဆုံးကာ၊ မင်္ဂလာတောင်ညွန့်မြို့နယ် မယက ဥက္ကဋ္ဌ ဦးကျော်ငြိမ်း အပါအ၀င် ဒဏ်ရာရရှိသူ ၆၃ ဦးအား ရန်ကုန် ဆေးရုံကြီး၌ အတွင်းလူနာ အဖြစ် ကုသနေရကြောင်း သတင်းရပ်ကွက်များ အဆိုအရ သိရခြင်း ဖြစ်သည်။
''ဒဏ်ရာရသူတွေ များတယ်။ အဲဒီအထဲမှာ မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းက ဒုရဲအုပ် မောင်မောင်ဟန်၊ မင်္ဂလာတောင်ညွန့် မြို့နယ်က မယက ဥက္ကဋ္ဌ ဦးကျော်ငြိမ်းတို့ ပါတယ်။ စုစုပေါင်း အခု ၆၃ ဦးက ဆေးရုံကြီးမှာ'' ဟု တိုင်း ရဲချုပ်ရုံး၏ တာဝန်ကျ ရဲအရာရှိတဦးက ပြောသည်။
ရန်ကုန် စည်ပင်သာယာရေးကော်မတီ၏ အရာထမ်းတဦးကမူ ဒဏ်ရာရရှိသူ ဦးရေ ၈၀ ခန့် ရှိနိုင်သည်ဟု ခန့်မှန်း ပြောဆိုသလို၊ မြန်မာ့အသံက ယင်းပေါက်ကွဲမှုနှင့် ပတ်သက်၍ ညနေ ၆ နာရီတွင် သတင်းကြေညာရာ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၃ ဦး သေဆုံးပြီး၊ ၇၅ ဦး ဒဏ်ရာရရှိသည်ဟု ဆိုသည်။ သို့သော် နောက်ဆုံး သတင်းအရ စုစုပေါင်း ၈ ဦးသေဆုံးပြီး ၈၄ ဦး ဒဏ်ရာ ရရှိကြောင်း အစိုးရ သတင်းဌါနက ပြောသည်။
သတင်းကြေညာချက်နှင့် ပတ်သက်၍ တာမွေမြို့နယ် ဒေသခံတဦးက ''တော်တော်ထူးဆန်းတယ်နော်။ အစိုးရက တခါမှ ဒီလို သတင်းမျိုးကို ပြည်သူကို အသိပေးတာ မကြားဖူးဘူး။ အခု ပေါက်ကွဲမှုကို ချက်ချင်းတောင် ကြေညာလို့ ကျနော်တို့ အရမ်း အံ့သြမိတယ်'' ဟု ပြောဆိုသည်။
အခင်းဖြစ်ရာသို့ ဗုံးကွဲပြီးနောက် ၁၅ မိနစ်ခန့်အကြာတွင် ရောက်ရှိသွားသူတဦးက ''၃ နာရီလောက်က အသံ ၃ ခု ဆက်တိုက် ထွက်လာတယ်။ ကားဘီး ပေါက်တာလို့ ရုတ်တရက် ထင်တာ။ ပြီးမှ အသံက တမျိုးဖြစ်နေတဲ့ အတွက် မသင်္ကာလို့ သိမ်ဖြူကွင်းမှာ ရေပက်နေတဲ့ သူငယ်ချင်းတွေကို လှမ်းမေးတော့ ဗုံးပေါက်တာလို့ ပြောတယ်။ သွားကြည့်တော့ ရဲတွေက လူတွေကို အနား မကပ်ရတော့ဘူး။ အားလုံး ကိုးရိုးကားယားတွေ ဖြစ်ကုန်တယ်။ တချို့ ပြေးကြလွှားကြ၊ ငိုကြယိုကြပေါ့။ အဲဒီမဏ္ဍပ်မှာ ရေကစားတဲ့ သားသမီးတွေရှိတဲ့ မအေမိဘတွေကတော့ အဲဒီနားမှာပဲ ငိုနေကြတယ်'' ဟု ပြောသည်။
ပေါက်ကွဲမှုအနီးရှိ တွေ့သမျှ လူများအား ရဲက လိုက်လံ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့် ဒေသခံလူငယ်တဦးက ''လိုက်ဖမ်းနေတာ။ ကျနော်တို့ ပြေးရတယ်။ မလွယ်ဘူး။ အိမ်က ယူသွားတဲ့ ကင်မရာကိုလည်း သိမ်းထားလိုက်တယ်'' ဟု ပြောသည်။
ဗုံးပေါက်ကွဲမှုမှာ မည်သူ့ လက်ချက်ဟု မသိရသေးသော်လည်း မသမာသူများက ဗုံးများ လာရောက် ထားရှိကာ အချိန်ကိုက် ပေါက်ကွဲ စေကြောင်း ရဲများက ယူဆနေသည်။
Ref: မဇ္ဈိမ
Tuesday, April 13, 2010
Strategic Interaction အကြောင်း တစေ့တစောင်း
ခင်မမမျိုး
Monday, April 12, 2010
အင်အားကြီးသူများနှင့် အင်အားနည်းသူတို့ ယှဉ်ပြိုင်ကြရာတွင် အင် အားကြီးသူကသာ အနိုင်ရမည်ဟု လူအများက ထင်တတ်ကြသည်။ သို့ ရာတွင် အနိုင်အရှုံးဆိုသည်မှာ အင်အားတခုတည်း အပေါ်တွင် တည်မှီ သည်မဟုတ်။ နှစ်ဘက် ခေါင်းဆောင်များ၏ Strategic Interaction ပေါ် တွင် မူတည်သည်။ စစ်အာဏာရှင် စနစ်အား ဆန့်ကျင် တော်လှန်ကြရာ တွင် အာဏာရှင်နှင့် ဒေါက်တိုင်များကို အားကြီးသူ (strong actor) ဟု သတ်မှတ်၍ တော်လှန်ရေး သမားများဘက်မှ အားနည်းသူ (weak actor) အဖြစ် သတ်မှတ်ပြီးမှသာ တိုက်ပွဲဝင် နည်းပရိယာယ်များကို မှန်မှန်ကန်ကန် သုံးသပ် ချမှတ်နိုင်မည် ဖြစ်သည်။
အချို့တော်လှန်ရေး ခေါင်းဆောင်များက အဆိုပါ သတ်မှတ်ချက်ကို လက်ခံလိုခြင်း မရှိကြ။ အင်အားကြီးသူဘက်က စစ်တပ်၊ ရဲ အပါ အဝင် ဒေါက်တိုင်များ ရှိသကဲ့သို့ တော်လှန်ရေး သမားများ ဘက်တွင်လည်း လူထုအင်အား အလိုလို ရှိနေပြီးသား ဖြစ်၍ အားနည်းသည့် ဘက်ဟု သတ်မှတ်စရာ မလိုဟု ဆိုတတ်ကြသည်။ သို့ပေမယ့် လူထုနှင့် တော်လှန်ရေး တသားတည်းရှိရန် ကနဦး စည်းရုံးမှုများ ပြုလုပ်ထားရသည်ကို အမှတ်တမဲ့ နေမိတတ်ရာ လှုပ်ရှားမှုများ ပေါ်ထွက် လာချိန်တွင်မှ တော်လှန်ရေး သမားများကသာ ရှေ့ကျွံပြီး လိုအပ်သည်ထက် ပိုမို ဆုံးရှုံးနစ်နာမှုများ ဖြစ်လာ တတ်လေသည်။ တော်လှန်ရေး သဘောသဘာဝ၊ ရန်သူ့အင်အား၊ မိမိအင်အား၊ ရန်သူ့ ပရိယာယ်၊ မိမိ ပရိယာယ်များကို မတွက်ပဲ စိတ်ထဲပေါ်ရာ ထလုပ်နေတတ်သော စိတ်ကူးယဉ် တော်လှန်ရေးသမား ခေါင်းဆောင်များကြောင့် မဆုံးရှုံးသင့်ပဲ ဆုံးရှုံး သွားခဲ့ရသော တော်လှန်ရေးများ ကမ္ဘာတဝှမ်းတွင် အမြောက်အမြား ရှိပါသည်။ အခြေအနေနှင့် အချိန် အခါ၊ လူထု၏ တော်လှန်ရေး ရေချိန် အနိမ့်အမြင့်ကို ထည့်သွင်း မစဉ်းစားတတ်သော သူများသည် သူရဲကောင်း ဖြစ်တတ်သော်လည်း ခေါင်းဆောင်ကောင်း ဖြစ်လေ့မရှိ။ တော်လှန်ရေး ခေါင်းဆောင်ဟူသည် အခြေအနေမှန်ကို လက်ခံစဉ်းစား သုံးသပ်နိုင်သူများ ဖြစ်မှ သာ အောင်မြင်သော တော်လှန်ရေးတခုကို ဦးဆောင်ဆင်နွှဲနိုင်သူများ ဖြစ်လာမည် ဖြစ်သည်။
စစ်ရေး၊ နိုင်ငံရေး လေ့လာသူများက ၁၉ ရာစု နှောင်းပိုင်း လက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှုများ၊ မြေပေါ်မြေအောက် လှုပ်ရှားမှု များနှင့် အကြမ်းမဖက် လှုပ်ရှားမှုများကို လေ့လာကြည့်ကြရာတွင် အင်အားကြီး သူများနှင့် အင်အားနည်းသူများ အကြားမှ Strategic Interaction များကို ဖော်ထုတ် နိုင်ခဲ့ကြပြီး၊ အရေးပါသော hypothesis များ ထွက်ပေါ်လာခဲ့ပါသည်။
လက်နက်ကိုင်တိုက်ပွဲဖြစ်စေ၊ လူထုတိုက်ပွဲဖြစ်စေ၊ မည်သည့်သဏ္ဍာန်ကိုမဆို အသွင် ဆောင်ထားသော တော်လှန်ရေး လှုပ်ရှားမှုများ၏ အရေးပါသော သော့ချက်သည် ချမှတ်ထားသော ဗျူဟာ မှန်ကန်မှုဖြစ်သည်။ ဗျူဟာများတွင် တိုက်ရိုက် ဗျူဟာများနှင့် သွယ်ဝိုက်ဗျူ ဟာများဟူ၍ ရှိသည်။ အင်အားကြီးသော အာဏာရှင်များနှင့် ကျူးကျော်သူများ (strong actors) ကို တော်လှန်သော တော်လှန်ရေး များတွင် တော်လှန်ရေးသမားများသည် weak actors များဖြစ်သည်ဆိုသည့် တော်လှန်ရေးသဘောသဘာဝကို ပဏာမ လက်မခံပဲ ထိရောက်သော တော်လှန်ရေးဗျူဟာများ ချမှတ်လို့မရ။ သို့မဟုတ်လျှင် ရန်သူကို လျှော့တွက်ပြီး မိမိကိုယ်ကို အဟုတ်ကြီးထင်နေ တတ်သော စိတ်ကူးယဉ်တော်လှန်ရေးကိုသာ ဦးတည်သွားတတ်သည်။ ဖရိုဖရဲနှင့် မိုက်ရူးရဲ လုပ်ဆောင်မှုများသာ ပေါ်ထွက်နေတတ် သည်။ သို့ဖြစ်ရာ တော်လှန်ရေးသဘောသဘာဝကို မှန်မှန်ကန်ကန် လက်ခံနိုင်ရန် လိုအပ်လှပေသည်။ အဆိုပါ အင်အားကြီးသူနှင့် အင်အားနည်းသူ အကြား ယှဉ်ပြိုင်ကြရာတွင် ပေါ်ထွက်လာနိုင်သည့် Strategic action လေးမျိုး ရှိတတ်သည်။
(၁) တိုက်ရိုက်ထိုးစစ်နှင့် တိုက်ရိုက်ခံစစ်
အာဏာရှင်မှ တော်လှန်ရေးကို ချေမှုန်းရာတွင် တိုက်ရိုက်ထိုးစစ်ကို အသုံးပြုပြီး တော်လှန်ရေးသမားများ ဘက်မှ တိုက်ရိုက် ခံစစ်ကို အသုံးပြုခြင်း ဖြစ်သည်။ လက်နက်ကိုင် အဖွဲ့ဖွဲ့စည်းပြီး ဆင်နွှဲသည့် တော်လှန်ရေးတွင် နှစ်ဘက်စလုံး အကျအရှုံးများသည်။ တော်လှန်ရေး သမားများဘက်မှ ခြေကုပ်ယူစခန်းများ တခုပြီးတခု ကျဆုံးတတ်သည်။ ကျေးလက်မြို့ပြ များတွင် နိုင်ငံရေး ပါတီများ၊ အဖွဲ့များဖွဲ့စည်းပြီး ထိပ်တိုက် ရင်ဆိုင်သည့် တော်လှန်ရေးတွင်မူ တတိတိနှင့် အတိုက်အခံ အဖွဲ့အစည်း အဖွဲ့ဝင်များ အမှည့်ချွေ ခံရတတ်လေ့ရှိသည်။ လူ ဖမ်းပွဲများ ထွက်ပေါ်လာတတ်ပြီး၊ အောင်ပွဲ၏ အဆုံးအဖြတ်မှာ လူထုတော်လှန်ရေး ရေချိန်အပေါ်တွင် မူတည်သည်။ တော်လှန်ရေး သမားများ အနေဖြင့် လူထုနှင့်တသားတည်း မဖြစ်သေးပဲ ဤ strategic interaction ကို ရွေးချယ်ပါက တော်လှန်ရေးအရှိန် ပြုတ် ကျပြီး အချိန် အတော်ကြာအောင် ပြန်လည်တည်ဆောက်ယူရတတ်သည်။
Hypothesis: အင်အားကြီးမားသူကသာ အနိုင်ရခြင်း (သို့မဟုတ်) တော်လှန်ရေး ကြန့်ကြာနေခြင်းများ ဖြစ်တတ်သည်။
(၂) တိုက်ရိုက်ထိုးစစ်နှင့် သွယ်ဝိုက်ခံစစ်
အင်အားကြီးသောဘက်မှ တိုက်ရိုက်ထိုးစစ်ကို အသုံးပြုပြီး၊ အင်အားနည်းသူဘက်မှ သွယ်ဝိုက်ခံစစ်ကို အသုံးပြုခြင်းဖြစ်သည်။ သွယ်ဝိုက် ခံစစ်ဆိုသည်မှာ မြေအောက် လှုပ်ရှားမှု အသွင်သဏ္ဌာန် ဆောင်သည်။ မြေအောက်လှုပ်ရှားမှု (UG) ဆိုသည်ကို လက်နက်ကိုင် တော်လှန်ရေး A/S နှင့် ရောထွေး ပြောနေတတ်ကြသည်။ မြေအောက်ဆိုသည်မှာ လျှို့ဝှက်မှု အသွင်ဆောင်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ သေးငယ်သော အစုအဖွဲ့လေးများ အပေါ်တွင် အခြေခံပြီး ပြောက်ကျား လှုပ်ရှားမှုဖြစ်သည်။ အဆိုပါမြေအောက် လှုပ်ရှားမှုတွင် လူထုအားလျှို့ဝှက် စည်းရုံးရေး၊ ဝါဒဖြန့်ချိရေး၊ သတင်း အချက်အလက်များ စုဆောင်းရေး၊ ပြောက်ကျား လူထုတိုက်ပွဲများ အကောင်အ ထည်ဖော်ရေး စသည်များ ပါဝင်သည်။ လက်နက်ကိုင် တော်လှန်ရေးနှင့် လူထုတိုက်ပွဲ ပေါင်းစပ်ရေးကို အခြေခံထားပါက လက်နက် ကိုင်တွယ်နည်း သင်တန်းပေးခြင်း၊ လက်နက်များ သယ်ဆောင်ပံ့ပိုးရေး၊ ရန်သူအားချေမှုန်းရေး စသည့် အမာလိုင်း လုပ်ငန်းများလဲ ပါဝင်မည် ဖြစ်သည်။ Non-violent resistance ဖြစ်ပါက လက်နက် ကိုင်တွယ်မှု ဆိုင်ရာ လုပ်ငန်းများ ပါဝင်မည်မဟုတ်။ သို့ဖြစ်ရာ မြေ အောက်ဆိုသည်ကို လက်နက်ကိုင် တော်လှန်ရေးနှင့် မရောထွေးမိစေရန် အရေးကြီးသည်။ သွယ်ဝိုက်ခံစစ်သည် လူထုထဲတွင် အခြေ ခံပြီး တပ်ဖျောက်ထားခြင်း ဖြစ်သည့်အတွက် အထိအရှိ၊ အဖမ်းအဆီး ကြုံရမှုနည်းသည်။ လူထုနှင့် ထိတွေ့မှုပိုများသည်။ လိုအပ်သော sanctuary support နှင့် social support ကိုသာ ရရှိပါက လူထုတိုက်ပွဲများ ဖော်ဆောင်နိုင်ရေး အတွက် အသင့်တော်ဆုံး ဗျူဟာဖြစ် သည်။
Hypothesis: အင်အားကြီးသူမှ အင်အားနည်းသူကို တိုက်ရိုက်ထိုးစစ်ဖြင့် တိုက်ခိုက်သည့်အခါတွင် အင်အားနည်းသူက လူထုထဲတွင် တပ်ဖျောက်ပြီး မြေအောက် လှုပ်ရှားမှုအသွင်ဖြင့် သွယ်ဝိုက်ခံစစ် ပြုလုပ်နိုင်ပါက လူထုကလဲ ထောက်ခံမည်ဆိုလျှင် အင်အားနည်း သူ များဘက်မှ အနိုင်ရသည်။ သို့ဖြစ်ရာ အာဏာရှင် အစိုးရများသည် မြေအောက် အဖွဲ့အစည်းများကို မြေပေါ် အဖွဲ့များထက် ပိုပြီးကြောက်လေ့ ရှိကြသည်။
(၃) သွယ်ဝိုက်ထိုးစစ်နှင့် တိုက်ရိုက်ခံစစ်
အင်အားကြီးသူဘက်မှ သွယ်ဝိုက်ထိုးစစ်အသုံးပြုပြီး၊ အင်အားနည်းသူဘက်မှ တိုက်ရိုက်ခံစစ် အသုံးပြုခြင်း ဖြစ်သည်။ အင်အားနည်း သူများကို တိုက်ရိုက် တိုက်ခိုက်ခြင်း မပြုပဲ သပ်လျှိုဖြိုခွဲခြင်း၊ လူထုနှင့် ရန်တိုက်ပေးခြင်း စသည်များဖြစ်သည်။ ယင်းသို့ ပြုလုပ်ရာတွင် ဝါဒ ဖြန့်ချိရေးမှာ အသက်သွေးကြော ဖြစ်သည်။ အင်အားနည်းသူများ ဘက်မှ အဆိုပါ ဝါဒဖြန့်ချိမှုများကို တန်ပြန် တိုက်ခိုက်မှုများ ပြုလုပ် ရမည်။
Hypothesis: အားနည်းသူများဘက်မှ တိုက်ရိုက်ခံစစ် သုံးနေချိန်သည် အားကြီးသူများအတွက် အခါကောင်း အခွင့်ကောင်း အချိန် ဖြစ်သည်။ အဆိုပါ အခြေအနေတွင် တိုက်ရိုက် ထိုးစစ် မလုပ်ပဲ သွယ်ဝိုက် ထိုးစစ်များနှင့်သာ အချိန်ဖြုန်းနေပါက အားကြီးသူများ ဘက်မှ ရှုံးတတ်လေ့ရှိသည်။
(၄) သွယ်ဝိုက်ထိုးစစ်နှင့် သွယ်ဝိုက်ခံစစ်
နှစ်ဘက်စလုံးမှ ထိပ်တိုက်ရင်ဆိုင်ခြင်း မပြုပဲ သွယ်ဝိုက်တိုက်ခိုက်ကြခြင်းဖြစ်သည်။ Hypothesis: အားကြီးသူများ ဘက်တွင် လူအင်အား၊ ငွေအင်အား၊ နည်းပညာအားများ အစစအရာရာ သာလွန်တတ်သည်ဖြစ်ရာ ရေရှည်တွင် အားကြီးသူများ ဘက်မှ အနိုင်ရလေ့ ရှိသည်။
နိဂုံး
မည်သည့်ပဋိပက္ခများတွင်မဆို နှစ်ဘက်စလုံးတွင် စီမံချက်များ၊ လူအင်အား၊ ငွေအင်အား၊ နိုင်ငံတကာ ထောက်ခံမှုဆိုင်ရာ မျှော်မှန်းချက်များ ရှိလေ့ရှိသည်။ အင်အားကြီးသူနှင့် အင်အားနည်းသူတို့ အကြားမှ ယှဉ်ပြိုင်မှုများတွင် လူအင်အား၊ ငွေအင်အား သာလွန်သည့် ဘက်မှ အနိုင်ရမည်ဟု ယူဆတတ်လေ့ ရှိကြသည်။ သို့ရာတွင် အနိုင်အရှုံးမှာ နှစ်ဘက်စလုံးမှ ချမှတ်သော မဟာဗျူဟာများ၏ stra tegic interaction များအပေါ်တွင် မူတည်နေကြောင်းကို ကမ္ဘာတဝှမ်း တော်လှန်ရေးများမှ ထုတ်နှုတ်ထားသော Hypotheses များမှ သက်သေခံနေလျက် ရှိပါကြောင်း တင်ပြလိုက်ရပေသည်။
(မှတ်ချက်။ ။မြန်မာ့တော်လှန်ရေးတွင် ဤသဘောတရားများ သုံးရန်၊ မသုံးရန် အချက်များကို ထည့်သွင်းထားခြင်း မရှိပါ။ သဘော တရားသည် လက်တွေ့နှင့် ပေါင်းစပ်မှ အသုံးဝင်မည်ဖြစ်ပြီး၊ သဘောတရား မပါသော လက်တွေ့များသည်လည်း မျက်မမြင် ပုဏ္ဍားများ ဥပမာလို ဖြစ်တတ်သောကြောင့် တင်ပြခြင်း ဖြစ်ပါသည်။)
ခင်မမမျိုး
(၁၁၊ ၄၊ ၂ဝ၁ဝ)
Ref: ခင်မမမျိုး
Monday, April 12, 2010
အတိုက်အခံခေါင်းဆောင်ဦးဝင်းတင်နဲ့ မေးခွန်းများ
ဧပြီ ၁၁၊ ၂၀၁၀
မတ်လ ၂၉ ရက် အင်န်အယ်ဒီပါတီက ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေ အလိုအတိုင်း ပါတီကို ထပ်ပြီး မှတ်ပုံတင်နေစရာ မလိုဘူးလို့ ဆုံးဖြတ်တယ်။ အဲသည်တော့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီ အင်န်အယ်ဒီက စစ်အစိုးရ ထပ်မံကျင်းပဦးမှာ ဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ငြင်းပယ်လိုက်တာ ဖြစ်ပါတယ်။
အဲသည်နောက်မှာ မိုးမခမှာ မောင်ရစ်က မြန်မာပြည်သူတွေရဲ့ ခေါင်းဆောင်၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီရဲ့ သဘောထားဟာ တထပ်တည်း ကျတယ်။ လူထုရဲ့ သဘောထားကို ထင်ဟပ်တယ်။ အဲသည် မတ် ၂၉ ဆုံးဖြတ်ချက်ဟာ ဦးဝင်းတင် ပြောသလို မြန်မာပြည် ဒီမိုကရေစီရေး အတွက် အောင်ပွဲတခု ဖြစ်တယ်လို့ ဆိုတာကို ကောက်နုတ်တယ်။ ပြီးတော့ ဒေါ်စု၊ ပါတီ၊ ပါတီဝင်နဲ့ ပြည်သူတွေရဲ့ အများစုဆန္ဒကို ကြားထဲကနေပြီး ၀င်နှောက်နေစရာ၊ သံသယ သွေးထိုးစကားတွေ ပြောနေစရာ မလိုဘူး ဆိုပြီး ဆောင်းပါးက ရေးထားပါသေးတယ်။
နောက် မိုးမခမှာပဲ နောက်ဆောင်းပါးတခုမှာ (မိုက်ခဲစိန်) က အင်န်အယ်ဒီပါတီရဲ့ ပြည်သူလူထုထံ ပြန်ကြားချက် ( အနှစ် ၂၀ လုံးလုံး ဒီမိုကရေစီရေးကို စွန့်လွှတ်အနစ်နာခံပြီး ဆောင်ရွက်ခဲ့ကြတဲ့ အင်န်အယ်ဒီ ပါတီဟာ ပြည်သူလူထုကို တောင်းပန်ပါတယ် ဆိုတဲ့စာ) ကို ပြန်ပြီး သုံးသပ်ပြရာမှာ အင်န်အယ်ဒီ ပါတီဟာ စစ်အစိုးရ ကမ်းလှမ်းခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲလမ်းကြောင်းကို လက်ခံပြီး စစ်အစိုးရရဲ့ စကားအတိုင်း ရွေးကောက်ပွဲဝင်ခဲ့တယ်၊ အနိုင်ရတဲ့ နောက်ပိုင်းမှာလည်း စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ အမြဲကြိုးစားတယ်။ အနှစ် ၂၀ လုံးလုံး မှာ စစ်အစိုးရချပေးတဲ့ ရွေးကောက်ပွဲ လမ်းကြောင်းဟာ မအောင်မြင်တဲ့ လမ်းကြောင်း၊ ဆုံးရှုံးနစ်နာမှုနဲ့ ထိခိုက်ပျက်စီးစေတဲ့ ငရဲလမ်းကြောင်းပဲ ဖြစ်တယ်ဆိုတာကို အင်န်အယ်ဒီက မီးမောင်းထိုးပြပြီးတော့ သတ္တိရှိရှိနဲ့ စစ်အစိုးရရဲ့ ငရဲလမ်းကြောင်းကနေ လမ်းခွဲ လိုက်တာဖြစ်လို့ တောင်းပန်နေစရာ မလိုပါလို့ ဆိုထားခဲ့ပါတယ်။
အဲသည်အချိန်ကာလ မတ် ၂၉ ကနေ ယခု ဧပြီ ၁၀ ရက်အတွင်း ၁ ပတ်ကျော် ကာလ အတွင်းမှာ အင်န်အယ်ဒီ ပါတီရဲ့ ခြေလှမ်းအပေါ်မှာ အမျိုးမျိုးသော တုန့်ပြန်ချက်တွေ၊ ဝေဖန်မှုတွေ၊ အာဘော်တွေ မျိုးစုံ တွေ့ရ ကြုံရ ကြားရပါတယ်။ အဓိကကတော့ အင်န်အယ်ဒီဟာ စစ်အစိုးရ ဖြစ်စေချင်သလို ကိုယ့်တပ်ကို ကိုယ် ဖျက်သိမ်းလိုက်တယ် ဆိုတဲ့ အသံတချို့လည်း ပါဝင်ပါတယ်။
ဖြစ်ချင်တော့ တိုက်တိုက်ဆိုင်ဆိုင် အင်န်အယ်ဒီက ပါတီခေါင်းဆောင်အချို့က နေပြီးတော့ ပါတီကို စနစ်တကျ ဖျက်သိမ်းနိုင်ရေး အတွက် ဦးတင်ဦး ဦးဆောင်ပြီး စီမံခန့်ခွဲရေး အထူးကော်မတီ ဖွဲ့လိုက်တယ်လို့ ထုတ်ပြန် လာပါတယ်။ အတိုက်အခံ ခေါင်းဆောင် ဦးတင်ဦးကလည်း ပါတီပိုင် ပစ္စည်းတွေ၊ စာရင်းတွေကို စနစ်တကျဖြစ်အောင် ပြင်ဆင်တယ်လို့ ဆိုလိုက်ပါတယ်။ အဲသည်မှာ ပါတီကို ဖျက်သိမ်းဖို့ ပြင်ဆင်တာမဟုတ်၊ ပါတီက ဆက်လက် မှတ်ပုံတင်မှာ မဟုတ်လို့ ပြေပြေလည်လည်ဖြစ်အောင် ဆိုပြီး ပြင်ဆင်တာလို့ ပြောထားတော့ အဲသည်ကိစ္စဟာ တဖက်က ထောက်ပြစရာ၊ အင်န်အယ်ဒီရဲ့ တည်ရှိမှုကို မေးခွန်းထုတ်စရာ ဖြစ်လာပါတော့တယ်။
အဲသည်အတွက် ပါတီရဲ့ ခေါင်းဆောင်များထဲက လွတ်လပ်ပွင့်လင်းစွာ ပြောဆိုလေ့ရှိသူ ဦးဝင်းတင် အတွက် မေးခွန်းတွေကို မေးမြန်းပြီး အဖြေရှာကြရန် ကြိုတင် ပြင်ဆင်ကြပါတယ်။ ပါတီက မေလ ၆ ရက်တောင် မရောက်သေးခင်မှာ အစောကြီးကတည်းက ကြိုပြီးတော့ ပစ္စည်းစာရင်းတွေ လုပ်နေရပြီလား။ ဘာလဲ၊ ဘယ်လဲ ဆိုတဲ့ မေးခွန်းပါ။ ပါတီဟာ ၁၉၉၀ မတိုင်ခင် ၁၉၈၈ စက်တင်ဘာ ၂၇ မှာကတည်းက မှတ်ပုံတင်ထားတဲ့ ပါတီဖြစ်တယ်။ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရထားတဲ့ အတိုက်အခံ ပါတီကြီးတခုလည်း ဖြစ်နေတယ်။ ၂၀၁၀ ရွေးကောက်ပွဲဥပဒေက တောင်းဆိုနေတဲ့အတိုင်း မှတ်ပုံ ထပ်မံ တင်နေစရာ မလိုဘူးလို့ သဘောထား ထုတ်ပြန် ထားတာမျှသာ ဖြစ်ပါတယ်။ ဥပဒေစကားအရ ကပ်ပြီး ပြောကြကြေးဟေ့ ဆိုရင် မှတ်ပုံထပ်တင်စရာ မလိုလို့ ပြောရုံနဲ့ တင်ပြီးသား မှတ်ပုံတင်ကို ပြန်အပ်လိုက်ပြီ၊ ရုတ်သိမ်းလိုက်ပြီ ဆိုတာမျိုး ပြောဆိုတာမျိုးလည်း မသက်ရောက်ပါ။ ဒါတွေက ဘာသဘောလဲ။ ပါတီဝင်တွေနဲ့ ပြည်သူတွေက ဘယ်လို နားလည်မှာလဲ ဆိုတဲ့ မေးခွန်းပါ။
ဆရာကို မေးခွန်းမေးဖို့ တွေ့ဆုံရန် ကြိုးစားနေစဉ်ကာလမှာပဲ မိုးမခရဲ့ အတည် မပြုနိုင်တဲ့ သတင်းအရ အဲသည် စီမံခန့်ခွဲရေး ကော်မီတီကို စေခိုင်းသူက ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေ ဖြစ်တဲ့အကြောင်း၊ ပစ္စည်းစာရင်း လုပ်ဖို့ သိမ်းကြ ဆည်းကြဖို့အတွက် ဦးတင်ဦးနဲ့ အဖွဲ့တဖွဲ့ ထူထောင်ပြီး လုပ်တာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အချို့သော ပါတီ ခေါင်းဆောင်တွေက သဘောထား ပေးကြရာမှာ နိုင်ငံရေး ပါတီတရပ်ဟာ စတင် ဖွဲ့စည်းထားစဉ်က အတိုင်း မူလအတိုင်း ရပ်တည်မယ်လို့ ဆိုထားတဲ့အတွက် ဒီအလုပ်တွေ လုပ်နေစရာ မလိုဘူး၊ ပါတီဟာ လက်ရှိ လုပ်ငန်းစဉ်များ၊ လှုပ်ရှားမှုများ၊ အလံတော်များ၊ ဆိုင်းဘုတ်များအတိုင်း ဆက်လက် ရပ်တည် ရှိမြဲ နေမြဲအတိုင်း နေရမှာ ဖြစ်တယ်လို့ ၀ိုင်းဝန်း ပြောဆိုကြတဲ့ အတွက် အဲသည် စီမံခန့်ခွဲမှု ကော်မီတီစခန်းလည်း ရပ်တန်းက ရပ်သွားတယ် ဆိုတဲ့အကြောင်း ကြားသိရပါတယ်။
ဆရာ့ကို အထက်က မေးခွန်းကို မေးရန် ရည်ရွယ်ထားတဲ့အတိုင်း မေးတဲ့အခါမှာတော့ ဆရာက ဒီကိစ္စတွေကို အကျယ်တ၀င့် အသေးစိတ် မပြောနေတော့ဘဲ အခုလို သဘောထားကို ပေးပါတယ်။
“အခုအချိန်မှာ အင်န်အယ်ဒီဟာ အဖွဲ့အစည်း အမည်အားဖြင့် ဒီ/ချုပ် - ဒီမိုကရေစီ အဖွဲ့ချုပ် ဖြစ်တယ်။ ဒီ/ချုပ်မှာ ပါဝင်ကြတဲ့သူတွေဟာ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ - ဒီ/လှုပ် တွေ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒီ/ချုပ် ပဲ ဖြစ်ဖြစ်၊ ဒီ/လှုပ် ပဲ ဖြစ်ဖြစ် ဒီမိုကရေစီ အရေးအတွက် လုပ်စရာတွေက အများကြီး ရှိနေပြီး ဖြစ်တယ်။ ပါတီရဲ့ ရွှေဂုံတိုင် ကြေငြာချက်ကို မူတည်ပြီးတော့၊ ပြီးတော့ ပါတီရဲ့ မူလ ရပ်တည်ချက်တွေဖြစ်တဲ့ ဒီမိုရေစီရေး၊ ငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေး အဖြေရှာရေး အတွက် ထောက်ရမယ့် ဒေါက်တွေကိုလည်း ဆက်လက် တည်တံ့ခိုင်ခန့်အောင် လုပ်နေရမှာ ဖြစ်တယ်။
ပါတီအဖွဲ့အစည်းရဲ့ ပါတီတွင်း ပြန်လည်တည်ဆောက်ရမယ်၊ တိုးတက်အောင် လုပ်ရမယ်။ ပါတီရဲ့ မဟာမိတ်တွေဖြစ်တဲ့ စီအာရ်ပီပီနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ မိတ်ဆွေတွေနဲ့လည်း ဆက်လက် လက်တွဲ ဆောင်ရွက်သွားရမယ်။ ပြီးတော့ နိုင်ငံတကာက မိသားစုတွေ၊ သံတမန်တွေ အားလုံးနဲ့ အရှေ့ အနောက် အားလုံးနဲ့ အပြုသဘောအဖြစ် ဆက်ဆံသွားရမယ်။ တိုးချဲ့ရမယ်။ တပြိုင်နက်တည်းမှာပဲ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး လိုလားတဲ့ မြန်မာပြည်သူတွေရဲ့ အရေး ကိစ္စတွေအတွက်လည်း ပိုပြီးတော့ ထဲထဲဝင်ဝင် ရင်းရင်းနှီးနှီးနဲ့ ၀ိုင်းဝန်းဆောင်ရွက်ရမှာ ဖြစ်တယ်။ ဒါတွေကို ခွင်လေးခွင်၊ ဒေါက်လေးဒေါက်လို့ ပြောပြချင်ပါတယ်။”
အဲသည်မှာ ထပ်မေးတဲ့ မေးခွန်းကတော့ - အဆုံးစွန်ဆုံး တွေးကြတာက ပါတီ ခေါင်းစဉ် မရှိတော့ဘူး။ ပါတီအလံတော် မရှိတော့ဘူး။ ပါတီဖွဲ့စည်းပုံတွေ၊ ခေါင်းဆောင်မှု အဆင့်ဆင့်တွေ မရှိတော့ဘူးလို့ လူတွေက ယူဆလိုက်တဲ့ အခါမှာ အင်န်အယ်ဒီနဲ့ အင်အယ်ဒီ အဖွဲ့ဝင်တွေရဲ့ လမ်းကြောင်းက ဘာလဲ ဘယ်လဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရေး သမိုင်းမှာ အစဉ်အမြဲ ပြောဆိုကြတဲ့ လှုပ်ရှားမှု - ယူဂျီ ဆိုတဲ့ မြေအောက် လှုပ်ရှားမှုတွေ ဖြစ်သွားမှာလား ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။
“ဒီ/ချုပ် ရဲ့ ဒီ/လှုပ်တွေထဲမှာ အထင်ရှားဆုံး ဥပမာကတော့ ဒေါ်အောင်ဆန်းစုကြည်ပဲ။ ပါတီ ရှိနေတာ၊ မရှိတာက သူ့အတွက် အရေးမကြီးဘူး။ သူ့ရဲ့ ရပ်တည်မှုနဲ့ ဆောင်ရွက်ချက်တွေကပဲ အရေးကြီးတယ်။ ဒါကိုပဲ ပြည်သူတွေနဲ့ နိုင်ငံတကာက ထောက်ခံ ရပ်တည်ကြတာ ဖြစ်တယ်။ အခု အဲဒီသဘောက ပါတီနဲ့ ပါတီဝင်တွေ အားလုံးပေါ်ကို အဲသည်လို အခွင့်အရေး ညီတူညီမျှ ကျရောက်လာပြီ ဖြစ်တယ်။ အဲသည်လိုမျိုး ပါတီခေါင်းစဉ်တွေ၊ ပါတီအလံတော်တွေ ရှိနေတဲ့ကြားက သူတို့သဘောနဲ့ သူတို့ ရပ်တည်ပြီးတော့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေ လုပ်ကြတဲ့သူတွေ ပါတီဝင်တွေ ရှိကြတယ်။ စုစုနွေးတို့၊ ဖြူဖြူသင်းတို့၊ ဥပဒေ ပညာရှင် အစုအဖွဲ့တွေ။ တချို့ဆိုရင် ပါတီကို ထိခိုက်မှာ စိုးလို့ဆိုပြီး ပါတီနဲ့ ခပ်ခွာခွာနေပြီး လုပ်ကိုင်ကြရတာတွေ ရှိတယ်။ အရင်တုံးကဆိုရင် အဲသည်လို အပြုအမူတွေအတွက် ပါတီရဲ့ အရေးယူ ခံရတာတွေတောင် ရှိတယ်။ အခုချိန်မှာ သည်လိုမျိုး အတားအဆီးတွေ၊ အဟန့်အတားတွေ မရှိတော့ဘူးပေါ့။ ဒီ/ချုပ်က ဒီ/လှုပ်တွေ တစုတစည်းတည်း ညီညီညွတ်ညွတ်နဲ့ ပိုပြီး လုပ်ကိုင်နိုင်ကြဖို့သာ ရှိပါတယ်။ အဲသည်လူတွေမှာ ပြီးခဲ့တဲ့ အဲသလို အချိန်တွေမှာတုံးက ပါတီ ခေါင်းစဉ်တွေ၊ ပါတီရုံးခန်းတွေ၊ ပါတီ ကျောထောက်နောက်ခံတွေ ရှိခဲ့သလား။ မရှိဘူး။ ဒါပေမယ့် ပြည်သူလူထုကို မျက်နှာမူတဲ့ နိုင်ငံရေးကို လုပ်ခဲ့ကြတာ ဖြစ်တယ်။ အကြမ်းဖက် လုပ်ငန်းတွေ မလုပ်ဘူး။ နေ့စဉ် ပုံမှန် သွားလာရင်း လုပ်ကိုင်ကြတာဖြစ်တယ်။ ခုချိန်နဲ့ ဘာမှ ထူးခြားသွားတာ၊ ပြောင်းလဲ သွားတာတွေ မရှိတဲ့အတွက် မြေအောက် လှုပ်ရှားမှုတို့၊ ယူဂျီတို့ ဖြစ်သွားစရာလည်း မရှိဘူး လို့ ပြောချင်ပါတယ်။”
ဆရာဦးဝင်းတင်ရဲ့ ဖြေကြားချက်ထဲမှာ ဒီ/လှုပ်တွေ ဆိုတဲ့ အသုံးအနှုံးအသစ် တခု ပါလာပါတယ်။ အဲသည် ဒီ/လှုပ် ဆိုတာက နိုင်ငံတကာမှာ ခေတ်စားတဲ့ Activist ဆိုတဲ့ တက်ကြွ လှုပ်ရှားသူ ဆိုတဲ့ သဘောထားနဲ့များ တူသွားသလား။ အဲဒါကို ထပ်မေးဖြစ်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာက Activist နဲ့ အဖွဲ့တွေဆိုတာက နိုင်ငံရေးပါတီ ဆိုတဲ့ အဆင့်မှာ မရှိဘူး။ အာဏာရှိ၊ သြဇာရှိတဲ့ အစိုးရ သို့မဟုတ် လုပ်ငန်းရှင် ကျောရိုးကြီးများရဲ့ မူဝါဒ၊ သဘောထားနဲ့ လုပ်ငန်းစဉ်တွေရဲ့ အချက်တခု သို့မဟုတ် အချက်အချို့တွေ ပေါ်မှာ သဘော မတူသည့် အပေါ်မှာဖြစ်စေ၊ သဘောတူသည့် နေရာတွင်ဖြစ်စေ ကန့်ကွက်တဲ့ အလုပ်၊ ထောက်ခံတဲ့ အလုပ်တွေ ဆောင်ရွက်ခြင်း၊ လူထုလှုပ်ရှားမှုများပြုလုပ်ခြင်း၊ အစီရီခံစာများ၊ ရန်ပုံငွေ လှုပ်ရှားမှုများ ပြုလုပ်ခြင်းတို့နဲ့ ၎င်းတို့ အာဘော်တွေကို ခေတ်စားအောင်လုပ်တဲ့ နေရာကဏ္ဍမှာသာ ရပ်တည်တဲ့ အတွက် Activist ဆိုတဲ့ တက်ကြွ လှုပ်ရှားသူ အဆင့်ကို မြန်မာပြည်ရဲ့ အဓိက နိုင်ငံရေး ပါတီကြီးက ပြောင်းလဲသွားပြီလား ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။
“အခုချိန်မှာ အင်န်အယ်ဒီက ဆုံးဖြတ်ချက်ချပြီး ထုတ်ပြန်တာက နိုင်ငံရေးပါတီ အဖြစ် ထပ်မံ မှတ်ပုံ မတင်တော့ဘူး ဖြစ်တယ်။ အတိုက်အခံ နိုင်ငံရေး အင်အားစု တခုအနေနဲ့ မူလကတည်းက ချမှတ်ထားပြီးသား မူဝါဒတွေ၊ သဘောထားတွေနဲ့ ကြေငြာချက်တွေကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်။ နိုင်ငံရေး လုပ်တယ်ဆိုတာ ပါတီမူဝါဒတွေ၊ လမ်းကြောင်းတွေကို ဖော်ဆောင်ရတာ။ ဒါ့ထက် အရေးကြီးတာက တိုင်းပြည် တပြည်လုံးရဲ့ လူထုအားလုံးကို ကိုယ်စားပြုတဲ့ လူ့အရေး၊ နိုင်ငံ့အရေးတွေ လုပ်နေတာ ဖြစ်တယ်။ အဲသည်အလုပ်တွေဟာ ၂၀၀၉ ခုနှစ် ဧပြီ - ရွှေဂုံတိုင် ကြေငြာစာတမ်း ထုတ်ပြန်စဉ်က ပြောခဲ့တဲ့ ကျနော့်ရဲ့ စကားအတိုင်း ပြောရရင် ပြည်သူကို မျက်နှာမူတဲ့ နိုင်ငံရေးကို လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။ အခုလည်းပဲ အဲသည်အတိုင်း ဒီ/ချုပ်ရဲ့ ဒီ/လှုပ်တွေက ရပ်တည် နေကြတာကို မြင်တွေ့ နိုင်ပါတယ်လို့ ပြောချင်ပါတယ်။”
ဆရာဦးဝင်းတင်နဲ့ စကားပြောခဲ့သမျှထဲက ကောက်နုတ်ဖော်ပြလိုက်ပါတယ်။ ဆရာဦးဝင်းတင်နဲ့ မေးခွန်းများ ဆက်မေးဖြစ်သေးရင် ဆက်လက် ဖော်ပြပါဦးမယ်။
Ref: မိုးမခ
တွေ့ဆုံဆွေးနွေးမှု မလုပ်လျှင် ၂၀၁၀ ရွေးကောက်ပွဲ SNLD မစဉ်းစား
Saturday, 10 April 2010 22:09
(SNLD ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်နှင့် ဆက်သွယ်မေးမြန်း)
သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးများအဖွဲ့က ထောင်ကျခံနေရတဲ့ ဥက္ကဌကြီးနဲ့ အထွေထွေ အတွင်းရေးမှူးကို တွေ့ဆုံခွင့်ရဖို့ စစ်အစိုးရထံမှာ စာတင်ထားတာ အခုဆိုရင် ၂ လ ပြည့်ပြီ။ ဘယ်လို ထူးခြားမှု တုန့်ပြန်မှုတွေ ရှိပါသလဲ။
ဒီနေ့အထိတော့ အပြုသဘောဆောင်တဲ့ တုန့်ပြန်မှုမျိုး တစုံတရာ မကြားသိရသေးပါဘူး ခင်ဗျ။
ဒါဆိုရင် SNLD အနေနဲ့ ဘယ်လို ဆက်လက် လုပ်ဆောင်သွားမလဲ ခင်ဗျ။ လက်ရှိ နိုင်ငံရေး ရပ်တည်ချက်ကိုလဲ ပြောပြပေးပါဦး။
ကျနော်တို့ရပ်တည်ချက်ကတော့ သုံးပွင့်ဆိုင် ဆွေးနွေးရေးအပေါ် မူတည်ပါတယ်။ စစ်မှန်တဲ့ ပြည်ထောင်စုဖြစ်ဖို့၊ ဗမာပြည် ဒီမိုကရေစီ လမ်းကြောင်းမှန်ပေါ် ရပ်တည်နိုင်ဖို့ ဆိုရင် သုံးပွင့်ဆိုင် ဆွေးနွေးရေးကို မဖြစ်မနေ လုပ်ဆောင် ရမှာဖြစ်တယ်။ အဲလို သုံးပွင့်ဆိုင် ဆွေးနွေးရေး ဖြစ်ဖို့ဆိုတာက နိုင်ငံရေး အကျဉ်းကျနေတဲ့ ဥပမာ ကျနော်တို့ ဥက္ကဌ ခွန်ထွန်းဦး၊ အတွင်းရေးမှူး စိုင်းညွန့်လွင်၊ နောက်နေ အိမ်အကျယ်ချုပ် ကျနေတဲ့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရော တခြားထောင်တွေမှာ ရောက်နေတဲ့ နိုင်ငံရေးနဲ့ ပါတ်သက်ပြီး တက်ကြွ လှုပ်ရှားတဲ့ ပုဂ္ဂိုလ်တွေ အကုန်လုံးရော လွှတ်ပေးရမယ်။ ဒါတွေလွှတ်ပေးမှ သာလျှင် တွေ့ဆုံ ဆွေးနွေးရေး လုပ်မှရမယ်။ အဓိကကတော့ ဒီတွေ့ ဆုံဆွေးနွေးရေး လမ်းကြောင်းကို အရင်သွားရမယ်။ ဒါမှသာလျှင် ကျနော်တို့ လိုအပ်နေတဲ့၊ အားလုံး မျှော်လင့်နေတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံကိုသွားလို့ရမှာပါ။ အဲလိုအဟုတ် ဘဲနဲ့ ကျနော်တို့ ဥက္ကဌနဲ့ အတွင်းရေးမှူးကို မလွှတ်ပေးဘူး၊တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်းမှန်ပေါ် မရောက်ဘူး ဆိုလို့ ရှိရင် ရွေးကောက်ပွဲနဲ့ ပါတ်သက်လို့ ကျနော်တို့ မစဉ်းစားဘူး။ ပါတီမှတ်ပုံတင်ဖို့ ကိစ္စ ကျနော်တို့ လုံးဝ မစဉ်းစားပါဘူး။ အဲဒါကျနော်တို့ ပါတီရဲ့ နိုင်ငံရေး ရပ်တည်ချက်ပါဘဲ။
အခုအခြေအနေအရ စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဘယ်တော့လဲ ဆိုတာ နေ့ရက် သိရပြီလားခင်ဗျ။
မသိရပါဘူး။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဖို့ ကိစ္စလောက်ဘဲ သူတို့ ကြေငြာပါတယ်။
အခုထိ ရက်မကြေငြာသေးဘူး ဆိုတော့ ရှေ့ဆက် ဖြစ်လာမယ့် နိုင်ငံရေး အခြေအနေကို သုံးသပ် ပြပါဦးခင်ဗျ။
ရှေ့ဆက် ဘယ်လိုဖြစ်လာမလဲ ဆိုတော့- အတိုက်အခံ ဘက်ကတော့ ဥပမာ SNLD ကလဲ မှတ်ပုံမတင်ဘူး၊ SNLD ကလဲ မှတ်ပုံ ဆက်တင်ဖို့ မစဉ်းစားဘူး ဆိုတဲ့ အခါကျတော့ အတိုက်အခံ မရှိဘဲနဲ့ အပြေးပြိုင်ပွဲမှာ ပြိုင်မယ့်လူမရှိဘဲ တစ်ယောက်ထဲ ၀င်ပြိုင် တစ်ယောက်ထဲ ဗိုလ်စွဲ တစ်ယောက်ထဲ ဘိတ်ချီးပေါ့ဗျာ။ အဲလို အခြေအနေမျိုးဖြစ်လာမယ် ဆိုတော့ နိုင်ငံ့ အခြေအနေ ပြည်သူတွေရဲ့ အနေအထားကတော့ တော်တော်လေးကို စိုးရိမ်စရာ ဖြစ်တာပေါ့ဗျာ။ သူတို့မှာ ရွေးချယ်စရာလမ်း တော်တော်လေး နဲသွားမယ့် အနေအထားဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မြန်မာ ပြည်နိုင်ငံရေး အခြေအနေ ကတော့ ရှေ့လာမယ့် အလားအလာမှာ ကောင်းမယ့် အခြေအနေထက် ဆိုးမယ့် အနေအထား ဖြစ်ဖို့များတယ်လို့ သုံးသပ်နိုင်ပါတယ်။
အခုကြားနေရတာက စစ်အစိုးရဟာ ပြည်နယ်၊ တိုင်းတွေမှာရှိတဲ့ မြို့မျက်နှာဖုံးတွေ ရပ်မိရပ်ဖတွေကို စည်းရုံးရေး ဆင်းနေတယ်လို့ ကြားရတယ်။ ဆရာတို့ အနေနဲ့ကော ဘယ်လို ကြားသိရလဲခင်ဗျ။
ကျနော်တို့ကြားသိရသလောက်က ပြည်ခိုင်ဖြိုး အဖွဲ့ထဲကို စည်းရုံးလို့ ရရင်ရ ပြည်ခိုင်ဖြိုး အဖွဲ့ထဲ စည်းရုံးလို့ မရတဲ့ ပုဂ္ဂိုလ်တွေကို တတ်သိတတ်ကျွမ်း နားလည်တဲ့ လူတွေကို ကော်မရှင် အဖွဲ့ထဲ ထဲ့တယ်ဗျာ။ နိုင်ငံတော် ကော်မရှင်အဖွဲ့ မဟုတ်တာတောင်မှ ပြည်နယ် ကော်မရှင်အဆင့်၊ မြို့နယ်ကော်မရှင်အဆင့် အဲဒီလို တတ်သိနားလည်တဲ့ ပုဂ္ဂိုလ်တွေကို ထိုးထည့်ထားတယ်။ ကျန်တဲ့ စည်းရုံးလို့ ရတဲ့ အနေအထား ရသလောက်ကိုကျတော့ ပြည်ခိုင်ဖြိုးအဖွဲ့ထဲ ထည့်ထားတယ်။ အစိုးရ ဘက်ကတော့ သူတို့ အနိုင်ရအောင် ပြင်ဆင်ထားတယ်။ ပြည်သူတွေ အနေနဲ့ကတော့ ဆုပ်စူးစားရူး အနေအထား မျိုးပေါ့ဗျာ။ ၀င်ပြိုင်ရင်လဲ ကိုယ်က သိပ်သဘောမကျတဲ့ အနေအထားမျိုး။ ၀င်မပြိုင် ပြန်ရင်လဲ တစုံတရာ ဖိအားများလာ မလားဆိုပြီး စိတ်ကသိကအောင့် ဖြစ်စေမယ့် အနေအမျိုး ဖြစ်နေတယ်လို့ တွေ့မြင် နေရပါတယ်ခင်ဗျ။
ပြည်ခိုင်ဖြိုးကနေ နိုင်ငံရေးပါတီပြောင်းဖို့ အခြေအနေ တွေ့နေရပြီလားဗျ။
ကြားရပါတယ်။ ဥပမာ နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင်လဲ ၀န်ခံထားတာ ရှိတယ်လေ။ သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်း ခရီးစဉ်မှာ ပြောတဲ့ မိန့်ခွန်းတွေကို လေ့လာကြည့်ရင် ပြည်ခိုင်ဖြိုး အသင်းအနေနဲ့ တရားဝင် နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံ တင်သွားဖို့ရှိတယ်။ လှုပ်ရှားသွားဖို့ ရှိတယ် ဆိုတာလဲ ကြားသိ တွေ့ရှိ ရတာဘဲလေ။ ဘာဘဲဖြစ်ဖြစ် ဒီအဖွဲ့အစည်းက တရားဝင် နိုင်ငံရေးအဖွဲ့ တည်ထောင် ရပ်တည်လာမှာဘဲ။ သူတို့ရဲ့ ကြိုးပမ်းမှု အပိုင်းကိုလည်း ကျနော်တို့ ကြားသိမြင်တွေ့ နေရတာ ပါဘဲလေ။
နောက်ဆုံး သျှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ လက်ရှိ နိုင်ငံရေးအပေါ် လူထုကို ဘယ်လို စကားမျိုး ပါးပေးချင်ပါသလဲခင်ဗျ။
ကျနော်တို့ လိုအပ်တောင့်တနေတာ စစ်မှန်တဲ့ ပြည်ထောင်စုဖြစ်ပေါ်ရေး၊ အဲဒီလို ပြည်ထောင်စုဖြစ်ပေါ်လာမှသာ သျှမ်းတမျိုးတည်း မကဘူး ကျန်တဲ့ တိုင်းရင်းသားတွေ အကုန်လုံး ဗမာတိုင်းရင်းသား အပါအ၀င်ပေါ့ဗျာ၊ ဒီတိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် မွေးရာပါ လွတ်လပ်ခွင့် ဒီမိုကရေစီ အခွင့်အရေးတွေကို အပြည့်အ၀ ရရှိမှာဖြစ်တယ်။ ဒါကြောင့်မို့လို့ စစ်မှန်တဲ့ ပြည်ထောင်စုကို သွားနေတဲ့ လမ်းကြောင်းမှာ ကိုယ့်ဘက်က တတ်နိုင်သလောက် ထောက်ခံသင့်တာ ထောက်ခံရမယ်၊ ကန့်ကွက်သင့်တာ ကန့်ကွက်ရမယ်။ ဒီသစ္စာကို ကျနော်တို့ ပြတ်ပြတ်သားသား မြင်နိုင်မှသာလျှင် ကျနော်တို့ မျှော်မှန်းတဲ့ ပန်းတိုင်ကို ရောက်ရှိမှာဖြစ်တဲ့ အတွက်ကြောင့် မို့လို့ ပြတ်သားတဲ့စိတ်၊ ရဲရင့်တဲ့စိတ်ကို မွေးကြပါ။ အမှန်ကို အမှန်အတိုင်း မြင်နိုင်အောင် ကြိုးစားကြပါ။
နောက်တစ်ခုထပ်မံသတိပေးချင်တာက သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD အနေနဲ့ ဒီရက်ပေါင်း ၆၀ အတွင်းမှာ ကျနော်တို့ ဥက္ကဌကြီး ခွန်ထွန်းဦး နဲ့ အထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင်ကို မလွှတ်ပေးရင် -ရွေးကောက် ပွဲဝင်ဖို့ ကျနော်တို့ လုံးဝ မစဉ်းစားဘူး။ ပါတီ မှတ်ပုံတင်ဖို့လဲ လုံးဝ စဉ်းစားမှာ မဟုတ်ဘူး။ ဆိုတော့ ရက်ပေါင်း ၆၀ ပြည့်သွားပြီး ပြန်မလွှတ် ပေးရင်တော့ SNLD ပါတီဆိုတာ မရှိတော့ဘူးလို့ အဓိပ္ပါယ် ပေါက်ပါတယ်။ နအဖရဲ့ ရွေးကောက်ပွဲ ဥပဒေအရ ကျနော်တို့ SNLD မရှိတော့ဘူး ဆိုပေမယ့် တတ်နိုင်တဲ့ တဒေါင့်တနေရာကနေ အမျိုးသားရေး အတွက်တော့ လှုပ်ရှားနေမှာပါ။
Ref: သျှမ်းသံတော်ဆင့်
ဝ တောင်းဆိုချက်အသစ် နအဖ ကိုယ်စားလှယ်ပယ်ချ
Saturday, 10 April 2010
ယမန်နေ့က နအဖ ကိုယ်စားလှယ်ဖြစ်သည့် ဂျီဝမ်းများ နှင့် ၀ ခေါင်းဆောင်တို့ ဌာနချုပ် ပန်ဆန်း၌ တွေ့ဆုံခဲ့ ရာ ‘ BGF ရာနှုန်းပြည့် လက်ခံရမယ်လို့ တဘက်သတ် ပြောတယ် ဆိုတော့ ကျနော်တို့ တောင်းဆိုချက်ကို လုံးဝ ပယ်ချတဲ့သဘော’- ဟု အမည်မဖေါ်လိုသည့် ၀ တပ်မှူး တဦးက ပြောပါသည်။
ဧပြီ ၉ ရက် မနက် ၈း၃၀ မှ ၁၀း၀၀ နာရီအထိ တြိဂံတိုင်းဂျီဝမ်း (ဦးစီးအရာရှိ ပထမတန်း စစ်ဖက်ရေးရာ လုံခြုံရေး ဌာန) ဒုဗိုလ်မှူးကြီး သန်းထွဋ်သိန်း၊ လားရှိုးရှိ ရပခ ဂျီဝမ်း နှင့် တန့်ယန်း အခြေစိုက် အမှတ် ၃ အခြေချစစ်ဗျူဟာတို့ အဖွဲ့အား ပန်ဆန်းမှ ၀ ဒု ဥက္ကဌ (၁) ဦးဆောင်သည့် အင်အား ၁၀ ယောက်ပါအဖွဲ့က ပန်ဆန်း ၀ ဌာနချုပ် ၌ လက်ခံ တွေ့ဆုံခဲ့သည်ဟု ကြားသိရပါသည်။
ခင်ဗျားတို့ တောင်းဆိုအချက် အသစ်တွေကို လက်မခံနိုင်ဘူးလို့တော့ တိုက်ရိုက် မပြောဘူး၊ ခင်ဗျားတို့ BGF လက်ခံရင် အခြားဟာတွေ ဘာမှ ထည့်ပြောဖို့ မလိုတော့ဘူး၊ ၀ ပုလိပ်ကိစ္စတို့၊ အုပ်ချုပ်ရေး ယန္တရားအဖွဲ့တို့ ထည့်မပြောနဲ့၊ နယ်မြေကိစ္စလဲ ဖွဲ့စည်းပုံက ၆ မြို့နယ် ပေးထားပြီးပြီ၊ မိုင်းပေါက်ဒေသက မိုင်းယန်းမြို့နယ် အတွင်း မှာ နဂိုကတည်းက ပါပြီးသား”- ဟု နအဖ အဆင့်မြင့် ကိုယ်စားလှယ်များက ပြောကြားသည်ဟု ခိုင်လုံသည့် ပန်ဆန်းသတင်း ကဆို၏။
ဝ တို့၏ တောင်းဆိုချက် အသစ် ၈ ချက်အား နအဖ အဆင့်မြင့်ကိုယ်စားလှယ် စကားလုံးအသုံးအနှုန်းများက တခွန်းတပါဒမှ မပါ မထိမိသော်လည်း -
၁။ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသကြီးအတွက် ၆ မြို့နယ် သတ်မှတ် ပေးထားပြီး ဖြစ်သောကြောင့် မိုင်းပေါက် နှင့် မိုင်းဖျဲန် ဒေသအား ၀ နယ်မြေအတွင်းသတ်မှတ်ဖို့ရန် မဖြစ်နိုင်ကြောင်း၊ ဖွဲစည်းပုံအရ မိုင်းယန်းမြို့ အတွင်း နဂိုကတည်းက ပါရှိထားပြီးဖြစ်ကြောင်း၊
၂။ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ လက်ခံလိုက်ပါက တခြား အကြောင်းကိစ္စများ ( ၀ တို့၏ ရဲတပ်ဖွဲ့ အုပ်ချုပ်ရေး ယန္တရားအဖွဲ့ အကြောင်း) ပြောစရာ မလိုတော့ကြောင်း၊ နအဖ ချထားသည့် အသွင်ပြောင်းရေး လမ်းကြောင်း အတိုင်းသာ သွားရမည် ဖြစ်ကြောင်း၊
၃။ ၀ နယ် အတွင်းစီးပွားရေး လုပ်ငန်းများ၊ သတ္တုတွင်း လုပ်ငန်းရှင် နိုင်ငံခြားသားများ အတွက်လည်း ထည့်ပြောရန်မလို ကြောင်း၊ အဘယ့်ကြောင့် ဆိုသော် ၀ တပ်ဖွဲ့ အသွင်ပြောင်းပြီးပါက နိုင်ငံတော်၏ မူအတိုင်း တသွေမတိမ်း ဆက်လက် လုပ်ကိုင် သွားရမည်ဟု နအဖ ကိုယ်စားလှယ်များက ပြောကြောင်း - သျှမ်းသံတော်ဆင့် သို့ အဆိုပါပုဂ္ဂိုလ်က ပြောကြား၏။
နအဖ အဆင့်မြင့်ကိုယ်စားလှယ်ပြောကြားသည့် အချက်အပေါ် ၀ ဌာနချုပ် က တဖန် အစည်းဝေးထိုင်ပြီးမှ ဆုံးဖြတ်ချက်ချ အကြောင်းပြန်မည်ဟု ဒု ဥက္ကဌ ရှောက်မင်လျှံက ပြန်လည် ပြောကြားခဲ့သည် ဆို၏။
ဝ တပ်ဖွဲ့၏ အဆိုပါ တောင်းဆိုချက် အသစ်က နအဖဆန္ဒကို အများအပြား လိုက်လျောထားသည် ဟုဆိုသော် လည်း ‘နအဖက လက်မခံဘဲ လုံးဝ ပယ်ချလိုက်သည်’ ဆိုသည့် အချက်က မှန်ကန်ကြောင်း - သျှမ်းပြည်တပ်မတော် သတင်းရပ်ကွက်၊ ထိုင်းနယ်စပ် လုံခြုံရေး သတင်းရပ်ကွက်တို့က အသီးသီး အတည်ပြု ပြောဆိုပါသည်။
တဘက်တွင်လည်း နအဖစစ်တပ်သည် သျှမ်းပြည်တပ်မတော် (အပစ်ရပ်မြောက်ပိုင်း တပ်ဖွဲ့) နယ်မြေ၊ တောင်ပိုင်း ၀ မြောက်ပိုင်း ၀ နယ်မြေ ၊ မိုင်းလားနယ်မြေ ဘက်သို့ အသွားလမ်းတလျှောက် စစ်ကြောင်းများ၊ လုံခြုံရေး လမ်းကင်းတဲများ အများအပြား တိုးချထားသည်ဟု နယ်စပ်ဒေသ ခရီးသွားလာသူတဦးက ပြောပါသည်။
Ref: သျှမ်းသံတော်ဆင့်
Sunday, April 11, 2010
မွန်ပြည်သစ်ပါတီ ဧပြီ လကုန်ပိုင်း နယ်ခြားစောင့်တပ် ဖွဲ့ရမည်
သန်းထိုက်ဦး Friday, April 09, 2010
E-mail Print
မွန်ပြည်သစ် ပါတီ (NMSP) ကို ယခုလ၂၈ ရက်နေ့ နောက်ဆုံး ထားပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် စစ်အစိုးရ အာဏာပိုင် များက ညွန်ကြား ထားကြောင်း ၎င်းပါတီနှင့် နီးစပ်သူများက ပြောသည်။
ယခုလ ၇ ရက်နေ့တွင် မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်း စစ်ဌာနချုပ်၌ မွန်ပြည်သစ်ပါတီ ခေါင်းဆောင်များနှင့် စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ တွေဆုံစဉ် ထိုသို့ ပြောကြားခဲ့ကြောင်း ၎င်းတို့က ဆိုသည်။
ဗိုလ်ချုပ် ရဲမြင့်က မွန်ပြည်သစ်ပါတီ အနေနှင့် ယခုလ ၂၈ ရက်နေ့ မတိုင်ခင် နယ်ခြားစောင့်တပ် အသွင်ပြောင်းခြင်း မပြုပါက ပြည်သူ့စစ် တပ်ဖွဲ့အဖြစ် ပြောင်းဖွဲ့ရန် ပြောကြားခဲ့ကြောင်း မွန်ပြည်သစ်ပါတီနှင့် နီးစပ်သူ တဦးက ဧရာဝတီသို့ ပြောသည်။
ယခုလ ၇ရက်နေ့က ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ၏ အခြေအနေများကို ဧရာဝတီ သတင်းဌာနက မော်လမြိုင်မြို့ရှိ မွန်ပြည်သစ်ပါတီ ဆက်ဆံရေး ရုံးသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ၎င်းတို့က ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
ယင်းဆွေးနွေးပွဲတွင် မွန်ပြည်သူသစ်ပါတီမှ ဥက္ကဌ နိုင်ရဿ၊ တွဲဖက်အတွင်းရေးမှူး နိုင်ချမ်းတွဲ့ နှင့် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်များ ပါဝင်ကြောင်း သိရသည်။
မွန်ပြည်သစ် ပါတီသည် စစ်အစိုးရ၏ အမျိုးသားညီလာခံ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတို့ကို သဘောတူခြင်း မရှိခဲ့ပေ။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကိုလည်း ပါဝင် ယှဉ်ပြိုင်မည် မဟုတ်ဟု ကြေညာထားသည်။
ထို့အပြင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းခြင်း မပြုပါက မတရား အသင်းအဖြစ် ကြေညာမည် ဖြစ်ကြောင်း အစိုးရက ခြိမ်းခြောက် ထားသည်။
စစ်အစိုးရသည် ယခုနှစ် ပြုလုပ်မည်ဟု ကြေညာထားသည့် ရွေးကောက်ပွဲ မတိုင်မီ အပစ်ရပ် အဖွဲ့များကို နယ်ခြားစောင့် တပ်များအဖြစ် အသွင် ပြောင်းလဲရေးကို လိုလားနေကြောင်း သိရသည်။ ဤအတောအတွင်း တပ်မတော် ခေါင်းဆောင်များက အပစ်ရပ် အဖွဲ့များနှင့် ဆက်တိုက် တွေ့ဆုံနေခြင်း ဖြစ်သည်။
စစ်အစိုးရက အပစ်ရပ်တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်ပြောင်းလဲ ဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင် ခဲ့သော်လည်း ယခုအချိန်အထိ ကချင်ပြည် ဒီမိုကစီသစ် တပ်မတော် NDA-K ၊ ကယားပြည်နယ် အထူးဒေသ၂ (ကလလတ)၊ ကိုးကန့် အထူးဒေသ ၁နှင့် ကချင် ကာကွယ်ရေး တပ်မတော် (KAD) တို့သာ နယ်ခြား စောင့်တပ်အဖြစ် ပြောင်းလဲခဲ့ပြီးဖြစ်သည်။
၁၉၈၉ ခုနှစ်မှစတင်၍ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ ရှိသည်။
Ref: ဧရာဝတီ်