..............................

Wednesday, March 17, 2010

ရွှေပြည်သာစက်မှုဇုံ (၂) မှ 'OK' ကြာဇံစက်ရုံတွင် ဆန္ဒပြမှုဖြစ်ပွား

ကောင်းမြတ်ကျော်
Tuesday, 16 March 2010

ရန်ကုန်းတိုင်းအတွင်းရှိ ရွှေပြည်သာစက်မှုဇုံ (၂) မှ 'OK' ကြာဇံစက်ရုံတွင် အလုပ်သမား (၁၀၀) ခန့် ယမန်နေ့ မွန်းတည့် (၁၂) နာရီမှစ၍ အလုပ်မဆင်းဘဲ ဆန္ဒပြနေကြသည်။

အလုပ်အားခ နည်းပါးသည့်အတွက် အရေးဆိုပေးရန် ရွှေပြည်သာ အလုပ်သမားရုံးသို့ အလုပ်သမ (၁၀) ဦး သွားရောက် တိုင်တန်းရာမှ ယခုကဲ့သို့ ဆန္ဒပြနေခြင်း ဖြစ်သည်။

"ပထမတော့ ၁၀ ယောက်၊ နောက်တခါကျတော့ လေးငါးဆယ်ယောက်။ ရွှေပြည်သာ အလုပ်သမားရုံးကို ချီတက်ပြီး သွားတိုင်တာ။ တစ်နေ့ (၁၇၀၀) ရတာကို (၂၅၀၀) တိုးပေးဖို့ သူတို့ကို လာပြောပေးဖို့။ အဲလိုမျိုးမှ တိုးမပေးလို့ရှိရင် သူတို့ အလုပ် မဆင်းတော့ဘူးပေါ့။ အဲဒါ အခု ဒီမနက် (၉) နာရီထိတော့ အလုပ်ရှင်ဘက်က ဘာမှ လိုက်လျောတာ မရှိသေးဘူး" ဟု ဆန္ဒပြ အလုပ်သမားများနှင့် နီးစပ်သူ အမျိုးသမီးတဦးက ပြောသည်။

အဆိုပါ ဆန္ဒပြအလုပ်သမား (၁၀၀) ခန့်တွင် အများစုမှာ အမျိုးသမီးများ ဖြစ်ကြောင်းနှင့် စက်ရုံရှိ အလုပ်သမား များသည် နယ်မှ လာရောက် လုပ်ကိုင်ကြသူ အများစုဖြစ်ကြောင်း အဆိုပါ ဆန္ဒပြ အလုပ်သမားများနှင့် နီးစပ်သူ အမျိုးသမီးက ဆက်ပြောသည်။

"နယ်က အလုပ်သမားတွေများတော့ အလုပ်ရှင်က လိုင်းခန်းလေးတွေ ပေးထားတာပေါ့နော်။ အခု မပေးတော့ဘူးဆိုတဲ့ အခြေအနေမှာ ရှိနေတယ်။ ပြီးတော့ အလုပ်က နေ့ရောညရော ဆင်းရတယ်။ မနက် (၈) ရှစ်နာရီကနေ ညနေ (၆) နာရီ။ (၆) နာရီနောက်ပိုင်း မီးလာရင် လာသလို ဆက်လုပ်ရတာပဲ။ သူတို့မှာ ဘိုးနပ်စ်ကြေးတွေ ဘာတွေလည်း မရှိဘူး" ဟု သူမက ဆက်လက်ပြောဆိုသည်။

အဆိုပါ ဆန္ဒပြအလုပ်သမားများသည် အလုပ်ရှင်ဘက်မှ တစုံတရာ လိုက်လျောမှု မရှိသေးသဖြင့် အလုပ်မဆင်းဘဲ စက်ရုံရှေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြပြီး တောင်းဆိုချက် အနေဖြင့် အခမဲ့ ဆေးကုသ ခံယူခွင့်နှင့် တနေ့လုပ်ခ (၁၇၀၀) မှ (၂၅၀၀) သို့ တိုးမြှင့်ပေးရန် တောင်းဆိုထားကြောင်း သိရသည်။

Ref: ရိုးမ ၃

Read More...

ဦးဝင်တင်နှင့် ဗွီအိုအေ အင်တာဗျူး (မတ်လ ၁၅ ရက် ၂၀၁၀ ပြည့်နှစ်)

မတ် ၁၅၊ ၂၀၁၀

“ပါတီမရှိလည်း နိုင်ငံရေးရှိနေဖို့က အရေးကြီးတယ်။ ပါတီကို သံခြေကျဉ်း ခတ်တဲ့ လုပ်ငန်းမျိုးကို ကျနော် လက်မခံနိုင်ဘူး”

ဒီကနေ့ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ ကျင်းပခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ စီအီးစီ အစည်းအဝေးက နေပြီးတော့ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်မှာ အန်အယ်လ်ဒီပါတီ မှတ်ပုံတင်ရေး မတင်ရေး အဆုံးအဖြတ်ကို မချမှတ်သေးဘဲ လာမယ့်မတ်လ ၂၉ ရက်နေ့မှာမှ စီအီးစီ အဖွဲ့တင်မက တနိုင်ငံလုံးမှာ ရှိတဲ့ ဗဟိုဦးစီး အဖွဲ့ဝင် စီစီတွေကိုပါ အစည်းအဝေး ဖိတ်ခေါ်ပြီး သဘောထားတွေကို ဆွေးနွေးခြင်း၊ ချပြခြင်းတွေ လုပ်ပြီးမှ အားလုံး လျှို့ဝှက်မဲပေးပြီး ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်က ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။

မတ်လ ၂၉ ရက်နေ့ အစည်းအဝေးမှာ ပါတီ ရပ်တည်ရေးအတွက် ဦးစားပေးပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနေ အထားကိုပါ ထည့်သွင်း ဆွေးနွေးကြရင် ဦးဝင်းတင်က သူ့ရဲ့ သဘောထားကတော့ ပါတီမရှိလည်း နိုင်ငံရေး ရှိနေဖို့က အရေးကြီးတယ်လို့ ပြောကြားပါတယ်။ ဦးဝင်းတင်နဲ့ ဗွီအိုအေ ဝိုင်းတော်သား ကိုရော်နီညိမ်းတို့ရဲ့ ဆက်သွယ် မေးမြန်းချက်ကို တင်ဆက် ပေးလိုက်ပါတယ်။

ဗွီအိုအေ။ ။ လာမယ့်မတ်လ ၂၉ ရက်နေ့အစည်းအဝေးဟာ အကယ်၍များ ဆရာ၊ ပါတီ ရပ်တည်ရေးကို ဦးစား ပေးပြီးတော့ အများက ရွေးချယ်လိုက်တယ် ဆိုရင် ဆရာ့အနေနဲ့ ဘယ်လို သဘောထား ရှိပါသလဲ ဆရာ။

ဦးဝင်းတင်။ ။ ကျနော်ကတော့ ဒီလိုရှိပါတယ်။ ကျနော်တို့ ဒီအဖွဲ့အစည်းကို တည်ထောင်တဲ့သူ ထဲမှာ ကျနော်လည်း တယောက် အပါအဝင် ဖြစ်ပါတယ်။ ကျနော် ပါတီအပေါ်မှာ သံယောဇဉ် ရှိပါတယ်။ ဒီပါတီရဲ့ အရှည် တည်တံ့ရေး၊ ခိုင်မြဲရေးကို လိုလားပါတယ်။ သို့သော် ကျနော်ကတော့ ဘယ်လိုတွက်လဲ ဆိုတော့ ဘာပဲပြောပြော ဒီစစ်အစိုးရက အခုလုပ်နေတာက ကျနော်တို့ရဲ့ ပါတီတွင်း ကိစ္စကို ဒေါ်အောင်ဆန်း စုကြည်လို ပုဂ္ဂိုလ်မျိုးကို မောင်းထုတ်ဖို့ လုပ်တယ်။ ဘာပြလဲ ဆိုလို့ရှိရင် ကျနော်တို့မှာ ဘာမှကို နိုင်ငံရေး မရှိလောက်အောင် လုပ်တာ။ ကျနော့်သဘောက ဘာလဲဆိုတော့ ပါတီတရပ်ဟာ နိုင်ငံရေးရှိရမယ်။ နိုင်ငံရေးမရှိရင် ဒီပါတီဟာ ဘာမှ အသုံးမကျဘူးလို့ ယူဆတယ်။ ကျနော့် ပုဂ္ဂိုလ်သဘော ခံယူချက်။ အဲတော့ နိုင်ငံရေး ရှိပြီးတော့ ပါတီ မရှိရင်တောင်မှ လှုပ်ရှားလို့ ရတယ်လို့ ကျနော်ယုံတယ်။ နိုင်ငံရေး မရှိဘဲနဲ့ ပါတီ ရှိနေလို့ အလကားပဲ။ ပါတီသာ ရှိပြီးတော့ နိုင်ငံရေး မရှိရင်လည်း ခေါင်းမရှိတဲ့ လူလိုပဲဖြစ်မှာပဲ လို့ ကျနော် ပြောခဲ့တယ်။ အဲဒါကြောင့် ပါတီကို သံခြေကျဉ်း ခတ်တဲ့ လုပ်ငန်းမျိုးကို ကျနော် လက်မခံနိုင်ပါဘူး။ ကျနော့် သဘောထားက ဒါပါပဲ။

ဗွီအိုအေ။ ။ ဆရာ ဒီကနေ့အစည်းအဝေးအခြေအနေ ကျနော်တို့ကို နည်းနည်း ပြောပြပေးပါလား ခင်ဗျ။

ဦးဝင်းတင်။ ။ CEC ကနေ ဆုံးဖြတ်တာမဟုတ်ဘဲနဲ့ တပြည်လုံးမှာရှိတဲ့ မကြာခင်တုန်းက ဖွဲ့လိုက်တဲ့ CC တွေနဲ့ အကုန်လုံး ပေါင်းပြီးတော့ CC ရယ်၊ CEC ရယ် အားလုံး စုစုပေါင်း ၁၂၈ ယောက် ရှိမှာပေါ့၊ အဲဒီပုဂ္ဂိုလ်တွေ အကုန်လုံး စုပေါင်း ဆွေးနွေးပြီးတော့ ကျနော်တို့ မှတ်ပုံတင်မယ် သို့မဟုတ်ရင်လည်း မတင်ဘူးပေါ့ဗျာ၊ အဲဒါကို ဆုံးဖြတ်မယ် ဆိုပြီးတော့ ကျနော်တို့ စီမံတယ်၊ အဲ ရက်က မတ်လ ၂၉ ရက်နေ့ပေါ့။ ၂၉ ရက်နေ့ ၃၀ ပေါ့။

ဗွီအိုအေ။ ။ အဲတော့ ဆရာ မတ်လ ၂၉ ရက်နေ့ကို ခုန ဆရာပြောသလို တပြည်လုံးမှာရှိတဲ့ NLD၊ ကျန်တဲ့ CC အဖွဲ့ဝင်တွေကော အစုံအညီ လာရောက်နိုင်မယ့် အနေအထား ရှိပါသလား ဆရာ။

ဦးဝင်းတင်။ ။ စစ်အစိုးရကလည်း သူတွက်မှာပေါ့ဗျာ၊ ဒီဟာက ကျနော်တို့က နေပြီးတော့ မှတ်ပုံမတင်ဘူး ဆိုပြီးတော့ ဆုံးဖြတ်မယ့် ပွဲမျိုး ဖြစ်မယ်လို့ ထင်ရင် သူတို့ မပေးဘဲ နေကောင်း နေမယ်ပေါ့ဗျာ။ အဲ သို့မဟုတ်ရင်လည်း မှတ်ပုံတင်မယ့် အနေအထားရှိမယ် ဆိုရင် မှတ်ပုံ မတင်ချင်တဲ့သူက နည်းနည်းပဲ ရှိမယ်ထင်ရင်လည်း လွတ်ပေးရင် ပေးမှာပေါ့၊ ဒါကတော့ စစ်အစိုးရရဲ့ လုပ်ထုံး လုပ်နည်း ပုံသဏ္ဍာန်ပဲ ဖြစ်မှာပဲ။ သို့သော် ကျနော်တို့ကတော့ စစ်အစိုးရရဲ့ စရိုက် လက္ခဏာတွေ၊ အကျင့် တွေကိုတော့ ထည့်မတွက်တော့ဘူး။ ကျနော်တို့ တွက်နေတာက ဘာလည်းဆိုရင် ဒီဟာက ဘာပဲပြောပြော ဒီမိုကရေစီနည်းကျ လုပ်ရမယ်။ ကျနော်တို့ အဖွဲ့က ဒီမိုကရေစီ အဖွဲ့အစည်း။ အဲတော့ ဒီကိစ္စကလည်း အခုဟာ ဒီမှတ်ပုံတင် ဥပဒေတို့ ဘာတို့ ဆိုတာကြီးက ဒီမိုကရေစီ နည်းကို လုံးဝ မကျဘဲနဲ့ ဘယ်လိုမှ လက်ခံနိုင်ခြင်း မရှိဘူး၊ ဒါကြောင့် ကျနော်တို့က ဒီဟာကို ဒီမိုကရေစီနည်းကျ ပါတီအောက်ခြေက အခုဖွဲ့လိုက်တဲ့ CC တွေနဲ့ ဆုံးဖြတ်မယ် ဆိုပြီးတော့ ကျနော်တို့က ခေါ်ခြင်းပဲဗျ။ ဒါပဲ။ အဓိကက ဒါပဲ။

ဗွီအိုအေ။ ။ ဟုတ်ကဲ့ပါဆရာ၊ အဲ့တော့ ပြန်ပြီးတော့ မတ်လ ၂၉ ရက်နေ့ကိစ္စကို ပြန်ပြီး ကောက်မယ် ဆိုလို့ရှိရင် အဲဒီ မတိုင်ခင်ကော ဆရာတို့ CEC အနေနဲ့ ကျတော့ရော ဘယ်လိုများ ပြင်ဆင်ထားမယ်လို့ CEC မှာ စိတ်ကူး ထားပါသလဲ ဆရာ။

ဦးဝင်းတင်။ ။ ဒီလိုရှိတယ်ဗျ၊ ကျနော်တို့ ဆွေးနွေးမှာကတော့ ဒီအတောအတွင်းမှာ ကျနော်တို့ CEC တွေကြားထဲမှာ အထပ်ထပ် ဆွေးနွေးရမယ့် အကြောင်းကိစ္စကတော့ ဒီဥပဒေတွေဟာ လက်ခံနိုင်တဲ့ ဥပဒေတွေလား၊ လက်မခံနိုင်တဲ့ ဥပဒေတွေလား၊ အဲ လက်မခံနိုင်ရင် ဘာကြောင့်လဲ။ လက်ခံနိုင်ရင် ဘာလဲဆိုတာ ဒါ ကျနော်တို့ လုပ်မှာပဲ။ သို့သော် ကျနော်တို့ CEC တွေက နေပြီးတော့ ဟာ … မှတ်ပုံတင်မယ်၊ မတင်ဘူးဆိုတာကို ဆုံးဖြတ်ပြီးတော့ အောက်ခြေထုကို ချပြမှာ မဟုတ်ဘူး။ အောက်ခြေထုကလည်း သူတို့ သဘောထားတွေ သူတို့ တက်လာခဲ့၊ ကိုင်စွဲပြီး တက်လာခဲ့။ ကျနော်တို့ CEC တွေကလည်း ကျနော်တို့ရဲ့ သဘောထားတွေကို ကျနော်တို့ ညှိနှိုင်းပြီးသား လုပ်ထားမယ်၊ အဲဒါတွေ အကုန်လုံးနဲ့ ပေါင်းစည်းပြီးတော့ ဒီ ၁၂၀ သော ပုဂ္ဂိုလ်များ ဒါ မဲခွဲ ဆုံးဖြတ်မှာပဲဗျ။ လျှို့ဝှက်မဲနဲ့ ဆုံးဖြတ်မှာပဲ။

ဒီကနေ့ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပခဲ့တဲ့ အစည်းအဝေး တက်ရောက်ခဲ့တဲ့ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်ကို ဗွီအိုကေက ဆက်သွယ် မေးမြန်းခဲ့တာ ဖြစ်ပါတယ် ခင်ဗျာ။

Ref: မိုးမခ

Read More...

မြန်မာ့ ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာ စိုးရိမ်မှု အပြောသက်သက် မဖြစ်ဖို့ NLD မျှော်လင့်

16 March 2010

မြန်မာနိုင်ငံမှာ ဒီနှစ်ထဲ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် စစ်အစိုးရရဲ့ ဥပဒေ ထုတ်ပြန် ကန့်သတ်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်းဘက်က ထောက်ပြ ဝေဖန်နေတာနဲ့တင် ရပ်တန့်မနေဘဲ လေးလေးနက်နက် အရေးယူ ဆောင်ရွက်လာဖို့ အတိုက်အခံ ပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မျှော်လင့်ထားတဲ့ အကြောင်း ပြောဆိုပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ တင်ပြ ဆွေးနွေးဖို့ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) က တနင်္လာနေ့က တောင်းဆိုလိုက်သလို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) ကိုယ်တိုင်ကလည်း ဒီရွေးကောက်ပွဲ အတွက် ဥပဒေတွေဟာ နိုင်ငံတကာ အသိုင်းအ၀န်းက မျှော်လင့်ထားသလို အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်းမျိုး မတွေ့ရဘူးလို့ ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တိုးမာ့စ် အိုဟေး ကင်တားနား (Mr. Tomas Ojea Quintana) က ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ မပါဝင်သ၍ စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲကို နိုင်ငံတကာက အယုံအကြည်ရှိမှာ မဟုတ်ဘူးလို့ လူ့အခွင့်အရေး ကောင်စီမှာ တင်ပြခဲ့သလို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အရှေ့အာရှရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ် (Mr. Kurt Campbell) ကလည်း ရွေးကောက်ပွဲအတွက် ကန့်သတ်ချုပ်ချယ်တဲ့ ဥပဒေတွေ ထုတ်ပြန်လိုက်တာဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ဖော်ဆောင်ဖို့အတွက် အထောက်အကူ မပြုဘူးလို့ ဝေဖန်လိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့ ကျင်းပမယ့် ဘက်မလိုက် ထိပ်သီးညီလာခံကို တက်ရောက်မယ့် မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့ရဲ့ ပူပန်မှုတွေကို ဖိလစ်ပိုင် နိုင်ငံခြားရေး ၀န်ကြီးက ပြောဆိုဖို့ ရှိပါတယ်။ ဒီလို နိုင်ငံတကာ အသိုင်းအ၀န်းရဲ့ ပူပန်မှုတွေ အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကျေးဇူးတင်ပေမဲ့ ဒီတခါမှာ လေးလေးနက်နက် ဆောင်ရွက်ဖို့တော့ မျှော်လင့်ထားတယ်လို့ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။

“ပြောတာဆိုတာတွေ အားလုံးကတော့၊ ဥပမာ မစ္စတာ ကင်တားနား ပြန်သွားပြီးတော့ ပြောတာတွေရော၊ အဲဒီအရင်က မစ္စတာ ဘန်ကီမွန်း အနေနဲ့ ဒီမှာရှိတဲ့ တပ်မတော် အကြီးအကဲဆီကို စာပို့ထားတဲ့ ကိစ္စတွေ အကြောင်းအရာ တွေရော၊ အခု အာဆီယံက ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ဖိလစ်ပိုင်ကိုယ်စား ပြောတာတွေရော လာမယ့် အာဆီယံ အစည်းအဝေးပွဲမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး အာဆီယံ ခေါင်းဆောင်တွေ ပြောမယ်ဆိုတဲ့ အနေအထားတွေကတော့ သူတို့ပြောတာ ဆိုတာတွေကတော့ ဒီမိုကရေစီ ရှေ့အလားအလာ ကောင်းဖို့အတွက်ကို ပြောတယ်ဆိုတဲ့ အနေအထား ရှိတယ်လို့ပဲ မှတ်ယူပါသေးတယ်။

“အရင်တုန်းကလည်း ပြောကြတာပါပဲ။ ပြောလာပြီးတော့ နောက်ပိုင်းကျတော့လည်း ဒီလိုနဲ့ပဲ ပြီးဆုံးသွားတာတွေက အများကြီး ရှိတာပေါ့လေ။ သို့သော် ဒီတခါတော့လည်း သူတို့ လေးလေးနက်နက် ပြောကြမယ်လို့တော့ ကျနော်တို့ ယုံကြည်ပါတယ်။ အဲဒီဟာတွေ အတွက်ကတော့ ကျနော်တို့အတွက် အကောင်းအဖြစ် ပြောရမယ်လို့တော့ ဆိုရမှာပေါ့လေ။ သို့သော်လည်း ဖြစ်လာမယ့်ဟာ ရှေ့အလားအလာ ဘယ်လိုရှိမယ် ဆိုတာကိုလည်း လူစုံတဲ့အခါ ချဆွေးနွေးပြီးတော့ ဒါကို ယတိပြတ် ဆုံးဖြတ်ချက် ချမယ်ဆိုတဲ့သဘော ဖြစ်ပါတယ်။”

NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဗဟိုဦးစီး အဖွဲ့ဝင်တွေနဲ့ အောက်ခြေ အဖွဲ့အစည်းတွေရဲ့ သဘောဆန္ဒကိုပါ သိရဖို့ ကြိုးစားနေတယ်လို့လည်း ပြောပါတယ်။

“သူတို့ပြောတဲ့ ထုတ်ပြန်တဲ့ ဥပဒေတွေထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ မြန်မာတနိုင်ငံလုံးရဲ့ ဒီမိုကရေစီခေါင်းဆောင်၊ နိုင်ငံတကာမှာလည်း တကယ့် ဒီမိုကရေစီနဲ့ ပတ်သက်ပြီးတော့ ခေါင်းဆောင် မီးရှူးတန်ဆောင်ဖြစ်တဲ့ အမျိုးသမီး ခေါင်းဆောင်ကြီးကိုမှ ပြစ်ဒဏ် ချထားတယ်ဆိုတာ အကြောင်းပြုပြီး ပါဝင်ပြီး မရွေးရေးတို့၊ ထုတ်ပယ်ပစ်ရေးတို့၊ ဒါတွေကလည်း အကျိတ်အခဲ ကျေကျေလည်လည် ဆွေးနွေးရမယ့် ကိစ္စတွေ ဖြစ်နေတယ်။

“ဒီကြားထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဘက်က ရှေ့နေတွေ သွားတုန်းက ပြောလိုက်တဲ့ စကားတွေထဲမှာလည်း ပါလာတာ ရှိပါတယ်။ အခုလောလောဆယ်မှာတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖြစ်ပေါ်လာအောင် လုပ်လိုက်တဲ့ ကိစ္စတွေ အပေါ်မှာ တရားမျှတမှု မရှိဘူး ဆိုတာတွေလည်း အရင်တုန်းက ပြောပြီးသား ဆိုပြီးသား ရှိတဲ့ အပေါ်မှာသော်လည်းကောင်း၊ နောက်တခုက ရွှေဂုံတိုင် ကြေညာစာတမ်း အပေါ်မှာသော်လည်းကောင်း အခုရှိပြီးသား မြို့နယ်တွေနဲ့ ပြည်နယ်တွေမှာ ပြန်လည်ဖွင့်ခွင့်ရထားတဲ့ အဖွဲ့ချုပ်ရဲ့ အဖွဲ့အစည်းတွေကိုလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးကြဖို့ ဆိုပြီးတော့လည်း ပြောဆိုထားတာရှိတော့ အဲဒီလှုပ်ရှားမှုကလည်း ရှိနေသေးတယ်လေ။

“အဲဒါတွေအပေါ်မှာ ဆောင်ရွက်ပြီးတော့မှ အဖြေရလာရင် ကျကျနနလေး ဒီမိုကရေစီနည်းအရ ဆွေးနွေးပြီးတော့ ဆုံးဖြတ်ချက် ချမှာပဲ။”

NLD အဖွဲ့အတွက် ဆွေးနွေးချိန် သိပ်မရတော့ပေမဲ့ ဆုံးဖြတ်ချက် တခုခုကို ချပြနိုင်မယ်လို့ မျှော်လင့်ထားကြောင်းလည်း ပြောပါတယ်။

“မျှော်လင့်ထားတယ်၊ မျှော်လင့်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရက်တွေလည်း ကပ်နေပြီ၊ ပြောရတော့မယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ မေလ ၆ ရက်ဆိုရင် ရက်ပေါင်း ၆၀ ပြည့်ပြီ။ ဒီကြားထဲမှာလည်း သင်္ကြန်တို့ ဘာတို့က ၁၀ ရက်လောက် ရှိသေးတယ်။ ကျနော်တို့က အမှန်အတိုင်း ပြောရရင် အချိန်ယူတော့ လုပ်ချင်တာပေါ့ဗျာ။ သို့သော်လည်း အချိန်ယူ လုပ်ဖို့ဆိုတာက အခုဟာ Time is running out ဖြစ်နေတော့ ဒါကို ကျနော်တို့ကတော့ တက်သုတ်ရိုက်ပြီး လုပ်ရမှာပဲလေ။

“ကျေကျေလည်လည်လည်း ဖြစ်အောင်၊ ၀င်ချင်လည်းပဲ ကျနော်တို့က အားလုံး ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေကတဆင့် သိရတဲ့ အကြောင်းကတော့ ၀င်ချင်လည်းပဲ အကုန်လုံး တပြိုင်နက်တည်း ၀င်မယ် ဆိုပြီးတော့ ဆုံးဖြတ်ပြီးရင် အားလုံး တက်တက်ကြွကြွ လုပ်ကြမှာပဲ။ မ၀င်ဘူးဆိုရင်လည်း မ၀င်တဲ့အကြောင်း တက်တက်ကြွကြွနဲ့ ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးနဲ့ လုပ်ကြရမှာပဲ ဆိုတဲ့ဟာပဲ။

“အဲဒီတော့ ဒီကိစ္စနဲ့ ပတ်သက်တဲ့အပေါ်မှာ အခု ၀င်မလား၊ မှတ်ပုံတင်မလား၊ မတင်ဘူးလားဆိုတာ၊ မှတ်ပုံတင်မယ် ဆိုပြန်ရင်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ကိစ္စအရပ်ရပ်က အင်မတန်ကို တင်းလွန်း ကျပ်လွန်း၊ အနိုင်ကျင့်လွန်းတယ်လို့ ထင်တယ်ဗျာ။ အဲဒါကြောင့် ဒါတွေက အတော်ကို ကျေကျေလည်လည် စဉ်းစားရမယ့်ကိစ္စတွေ ဖြစ်နေတဲ့သဘော ဖြစ်ပါတယ်။”

NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦး ပြောသွားတာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

Tuesday, March 16, 2010

KIA ကို ကချင်တပ်မတော်အဖြစ် ထားလိုကြောင်း KIO ပြောဆို

ဖနိဒါ
တနင်္လာနေ့၊ မတ်လ ၁၅ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ)။ ။ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကို နယ်ခြားစောင့်တပ် BGF အစား ကချင် တပ်မတော်အဖြစ် ထားလိုကြောင်း ယခုလ ၁၂ ရက်နေ့တွင် မြောက်ပိုင်းတိုင်းမှူးထံ တင်ပြခဲ့သည်ဟု KIO ဗဟို ကော်မတီဝင်တဦး အဆိုအရ သိရသည်။

မြစ်ကြီးနားအခြေစိုက် မပခ စစ်ဌာနချုပ်တွင် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် KIO မှ ဒု-ဥက္ကဋ္ဌ ဂေါင်ရီ ဇော်ဆိုင်း ဦးဆောင်ကာ အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာ၊ ဗိုလ်မှူးကြီး ဆွမ်းလွတ် ဂွမ်မော် အပါအဝင် ၈ ဦးတို့ ယခုလ ၁၂-၁၃ ရက်များတွင် တွေ့ဆုံခဲ့စဉ် ထိုသို့ တင်ပြခဲ့ခြင်း ဖြစ်သည်။

နအဖ စစ်တပ်အောက်သို့ KIA အား သွတ်သွင်းမည့် BGF ကိစ္စနဲ့ ပတ်သက်ပြီး ဌာနချုပ်လိုင်ဇာမြို့၌ KIO ဗဟို ကော်မတီဝင်များ အကြား ယခုလဆန်းမှစ၍ ၆ ရက်ကြာ ဆွေးနွေးပြီးနောက် ကချင် တပ်မတော်အဖြစ် ထားရှိရေး ဆုံးဖြတ် ခဲ့ကြသည်။

စစ်အစိုးရ ညှိနှိုင်းရေးတာဝန်ခံ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က KIO အနေဖြင့် ယခင်လ ၂၈ ရက်နေ့တွင် နောက်ဆုံးထားကာ နယ်ခြားစောင့် BGF ကိစ္စကို အဖြေပေးရန် သတ်မှတ်ခဲ့သော်လည်း တိကျသည့် အဖြေမရသဖြင့် ဆက်လက် ဆွေးနွေးနေရဆဲ ဖြစ်သည်။

KIO က နယ်ခြားစောင့်တပ်အစား ကချင်ဒေသလုံခြုံရေးတပ် KRGF အဖြစ် ဖွဲ့လိုကြောင်းနှင့် စစ်တပ်သာ မဟုတ်ဘဲ အခြား ဌာနဆိုင်ရာများလည်း ပူးပေါင်းလိုကြောင်း တင်ပြ ခဲ့သော်လည်း စစ်အစိုးရဘက်က တုံ့ပြန် ဖြေကြားခြင်း မရှိခဲ့ရာမှ ကချင် တပ်မတော် အမည်ဖြင့် ထားပေးရန် ယခုလို တင်ပြခြင်းလည်း ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

ဝ နယ်စပ်တလျှောက် တရုတ်လုံခြုံရေးတပ် ထောင်ချီ အင်အားထပ်ဖြည့်

Monday, 15 March 2010

တန့်ယန်းတွေ့ဆုံပွဲ နောက်ပိုင်း ၀ နှင့် နအဖ နှစ်ဘက် စစ်ရေး တင်းမာလာချိန်မှစ၍ တရုတ်လုံခြုံရေး တပ်ကနယ်စပ် တလျှောက် အင်အားထောင်ချီ ထပ်မံ ဖြည့်တင်းထားသည်ဟု စုံစမ်းသိရှိပါသည်။ “ဆီးမော်(၀်) က လာတဲ့တပ်ဖွဲ့ ၂၀၀၀ ကျော်လောက် အရင်ကတည်းက ရှိနေပြီးသား၊ ပြီးခဲ့တဲ့ အပတ်ကစပြီး ချိန်တူး ကနေ အင်အား ထပ်ဖြည့်တယ်။ ၀ နယ်စပ် တကြောမှာ တရုတ်တပ် အင်အား ၆၀၀၀ ထက်မနည်း ရှိလိမ့်မယ်”- ဟု လူလတ်ပိုင်း သျှမ်းအမျိုးသား တဦးက ပြောပါသည်။

နအဖ နှင့် ၀ တပ်ဖွဲ့ တိုက်ပွဲဆင်နွဲရန် တရက်ထက်တရက် ရာနှုန်းပိုများလာသည်ကို တရုတ်က အကဲခတ်မိသောကြောင့် ဖေဖေါ်ဝါရီ ၆-၇ ရက်မှစ၍ စစ်အင်အား ပိုမိုဖြည့်တင်းလာခြင်း ဖြစ်ကြောင်း ၎င်းကပြော၏။ ဖေဖေါ်ဝါရီ ၁၀ ရက်နေ့တွင် ချိန်တူး (တရုတ်ပြည် အနောက်တောင်ပိုင်း စစ်ဌာနချုပ်) မှ စစ်ယာဉ်တန်း ခါလီကား အစီး ၇၀-၈၀ ကြားလုံခြုံရေး တပ်ပို့ဆောင်ပြီး လှည့်ပြန် သွားကြောင်း - လင်ချန်းမြို့နယ်အတွင်း မြင်တွေ့ရသည့် ဒေသခံများက လည်းပြောပါသည်။

“၀ ကို ကူတိုက်ဖို့ တရုတ်မှာ ပေါ်လစီမရှိဘူး၊ ဘာလို့လဲဆိုတော့ သူတို့က ရေနံတွေ ဂက်စ်တွေ အရမ်းလိုနေတယ်။ ဒါပေမဲ့ စစ်ဖြစ်လာရင် ကိုးကန့် အရေးအခင်းလို ဒုက္ခသည်တွေ ကမောက်ကမ မဖြစ်အောင်၊ ဒုက္ခသည်ယောင် ဆောင်သူတွေ ပါမလာအောင်၊ စစ်ဆေးဟန့်တားဖို့ အင်အား ဖြည့်ထားတာဖြစ်တယ်”- ဟု ဒေသခံ တဦးက ပြောဆိုသုံးသပ်ပြ ပါသည်။

မတ်ခ်ျလဆန်းပိုင်းမှစ၍ တန့်ယန်းမြို့နယ် မိုင်းကောင်ဝ် အခြေစိုက် ခလရ ၃၃ က ဒေသခံ လားဟူပြည်သူ့စစ် များနှင့် ရှေ့တန်း အခြေစိုက် တပ်စခန်းများအား (သံလွင်မြစ်တကြော) ၀ နယ်ခြားတလျှောက် ၀ နယ်အ၀င် အထွက်လမ်းကြော များအားလုံး မျက်ခြေမပြတ် စောင့်ကြည့် တားမြစ်ရန် ညွှန်ကြားခဲ့၏။ တန့်ယန်းမြို့နယ် နမ့်လောင်(၀်)း ကျေးရွာ အုပ်စုဝင် ၄-၅ ရွာအားလည်း မတ်ခ်ျ ၁၄ ရက်နေ့မှစ၍ သံလွင်မြစ် အတွင်း ဖြတ်သန်း သွားလာခြင်း မပြုရန် အမိန့် ထုတ်ထားသည်ဟု ဒေသခံ တဦးက ဤကဲ့သို့ ပြောပြပါသည်။

“၁၃ ရက်နေ့က နမ့်ပန်ချောင်းက ကျပ်သိန်း ၃၀ တန် သံကိုယ်ထည် စက်လှေ အကြီးစား တစီးကို ခလရ ၃၃ က ၇ သိန်းနဲ့ အဓမ္မ ၀ယ်သွားတယ်။ နောက်ပြီး ဒေသခံ အယောက် ၅၀ ကျော် ချောဆွဲပြီး သရီးကရောင်းကား တစီး ပေါ် တင်ခိုင်းတယ်။ အဲဒီ စက်လှေကို တာ့ပိန်းဖိ ခေါ် တာ့ဝမ့်ဆို့(မ်) သံလွင်မြစ် ကူးတို့ဆိပ်မှာ သွားထားနေပြီလို့ ပြောတယ်”

ထို့အတူ ထိုဒေသရှိ နအဖ ခြေကုပ်စခန်းများနှင့် လားဟူပြည်သူ့စစ် တပ်စခန်းများအား လက်နက်ကြီး တပ်ဆင်ထား ကြကြောင်း၊ နအဖ စစ်အင်အား အယောက် ၃၀ နှင့် လားဟူ ပြည်သူ့စစ် ၂၀ ကျော်ပါအဖွဲ့ တဖွဲ့ကလည်း တာ့ကောင်း အက်တံတား အထက်ဘက် ၀ နယ်တကြော တပ်စခန်းများနှင့် မျက်နှာချင်းဆိုင် ကူးတို့ဆိပ်များအား စစ်ဆေးခဲ့ကြောင်း ဆက်ပြောပြပါသည်။

“အခုစစ်ရေးအခြေအနေကိုကြည့်ရင် နအဖ စစ်ပြင်ဆင်မှုက သံလွင်အရှေ့ခြမ်းကို မတိုက်ဘဲနဲ့ အနောက်ဘက် ခြမ်းက အပစ်ရပ် သျှမ်းတပ်ကို အရင်တိုက်ဖို့လဲ ဖြစ်နိုင်တယ်။ အဲဒါမှ ၀ ကို တိုက်ဖို့ သူတို့အတွက် ပိုလွယ်ကူမယ်” - ဟု သျှမ်းပြည်မြောက်ပိုင်း စစ်ရေး လေ့လာသူ တဦးက သုံးသပ်ပါသည်။

နအဖ နှင့် တရုတ်တို့ စစ်အင်အားဖြည့်ထားသကဲ့သို့ ၀ တပ်ဖွဲ့ကလည်း မတ်ခ်ျ ၁၂ ရက် ၌ ပန်ဆန်း ဌာနချုပ်တွင်း အစည်းဝေး ထိုင်ကြကြောင်း၊ နယ်ခြား တလျှောက်ရှိ အ၀င်အထွက်ဂိတ် တပ်စခန်းများ အနီး (ပုံမှန်မဟုတ်ဘဲ) နအဖ တပ်များ ကြိတင် အကြောင်းကြားမှု မရှိဘဲ ပေ ၁၅၀ အတွင်း နယ်ကျွံ လာပါက ပစ်မိန့် ပေးထားကြောင်း၊ စားနပ်ရိက္ခာ လက်နက်ခဲယမ်း အဆင်သင့် ဖြည့်ထား သကဲ့သို့ စစ်ဘက်ရေးရာ ၀ ထိပ်တန်း အရာရှိ များကလည်း ၀ နယ် အနောက်တောင်ခြမ်း၊ အနောက်ဘက်ခြမ်း မှ နမ့်တစ် (မြောက်ဘက်စွန်းပိုင်း) အထိ သွားရောက်စစ်ဆေး နေကြောင်း စုံစမ်း သိရှိရပါသည်။

ဖေဖေါ်ဝါရီ ၂၅ ရက်နေ့ ၀ နှင့် နအဖ တွေ့ဆုံပွဲမှ တစုံတရာအဖြေ မထွက်သည့်အတွက် အောင့်အီး သည်းခံ၍ အချိန် တိုးပေးရန် ၀ ဘက်မှ တောင်းဆိုထား၏။ နအဖ ဘက် အကြောင်းမပြန်သည့် အပြင် မတ်ခ်ျ ၁၃ ရက် က ရန်ကုန်ရှိ ၀ ကိုယ်စားလှယ် ရုံးအား ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၏ လက်ထောက် စစ်ဗိုလ်တဦးက - ‘၀ တောင်းဆိုထား သည့်နယ်မြေများ မပေးနိုင်ကြောင်း၊ ပေးလျှင် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပိုမို ပြိုကွဲစေနိုင်ကြောင်း၊ ၀ တောင်း ဆိုချက် ၉ ချက်ကိုလည်း မလိုက်လျော နိုင်ကြောင်း ပြောကြားပြီး ဖေဖေါ်ဝါရီ ၂၅ ရက် ညနေပိုင်း တန့်ယန်း ဆွေးနွေးပွဲ အတိုင်း အတည် ဆုံးဖြတ်ချက် ဖြစ်ကြောင်း’- ဖုန်းဆက် ပြောကြားသည်ဟု ၀ အရာရှိ တဦးက ပြောပြပါသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

စစ်အာဏာရှင်လက်ခုပ်ထဲက ၂၀၁၀ ရွေးကောက်ပွဲနဲ့ လွှတ်တော်

ဟံသာဝတီဦးဝင်းတင်နဲ့ စကားလက်ဆုံ

မတ် ၁၅၊ ၂၀၁၀

မတ်လ ၈ ရက် စစ်အစိုးရက သူ့ရဲ့စိတ်တိုင်းကျ ရေးဆွဲ ချုပ်ချယ်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေ အရပ်ရပ်နဲ့ အချိန်ဇယားကို ထုတ်ပြန်အပြီး မတ်လ ၁၂ ရက်နေ့မှာ ဆရာ ဦးဝင်းတင်ရဲ့ ထောင်စာအုပ် ထွက်ရှိလာပါတယ်။ စစ်အာဏာရှင်တွေက အမှန်တရားနဲ့ ဒီမိုကရေစီ ဘက်တော်သားတွေကို အကျဉ်းစခန်း၊ ငရဲခန်းတွေနဲ့ ဘယ်လိုမျိုး နင်းချေနှိပ်စက် ဖျက်ဆီး နှိမ်နင်းခဲ့တယ်၊ အဲသည် ငရဲခန်းတွေကို ဆရာဦးဝင်းတင်နဲ့ တကွ ဒီမိုကရေစီ ဘက်တော်သား နိုင်ငံရေး အကျဉ်းသားတွေ ဘယ်ကဲ့သို့ ရင်ဆိုင်ဖြတ်သန်း ကျော်လွှား ခဲ့ကြရတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ကွင်းကွင်းကွက်ကွက် အမှန်အတိုင်း ရဲရဲကြီး ဖော်ပြထားတာ ဖြစ်ပါတယ်။

မတ်လ ၈ ရက်နေ့ နောက်ပိုင်း စစ်အစိုးရထုတ် ပြန်တဲ့ ရွေးကောက်ပွဲ ဥပဒေတွေ၊ စည်းကမ်း နည်းလမ်းတွေကို အချိန်အကုန်ခံ ဖတ်ရှုလေ့လာပြီး အတွေး သံသရာလည်ပြီး မျက်စိသူငယ် နားသူငယ် ဖြစ်နေကြမယ့် သူတွေအတွက် ဆရာဦးဝင်းတင်ရဲ့ ထောင်တွင်းက လူ့ငရဲခန်း အကြောင်းစာအုပ်ဟာ အမြင်မှန် အတွေးမှန်ကို အလင်း ထိုးပြလိုက်တဲ့ စာအုပ်ပဲ ဖြစ်တယ်လို့ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို ပြောပြမိတော့ ဆရာက ပြုံးရယ်လို့သာ နေပါတယ်။

မတ်လ ၁၄ ရက်နေ့မှာ ဆရာနဲ့ ခေတ္တ ခဏ တွေ့ဆုံခိုက် ပြောဆိုမိသမျှကို ကောက်နုတ် ဖော်ပြလိုက်ပါရစေ။

ထောင်စာအုပ် ဘာလို့ ရေးရတာလဲ ဆိုတော့ …

မြန်မာပြည်မှာ ထောင်စာအုပ် မရှိဘူး။ ထောင်အကြောင်း၊ ထောင်ထဲက အတွေ့ အကြုံတွေကို အပြင်ကလူတွေ အမှန်အတိုင်း သိအောင် ရေးရတာ ဖြစ်တယ်။ ပြီးတော့ ထောင်ထဲက လူတွေကို အပြင်က မမေ့မလျော့ သတိရ အားပေးနေကြတယ် ဆိုရင် အတွင်းကလူတွေက အားရှိတယ်၊ ၀မ်းသာတယ်။ သူတို့က အထဲမှာလည်း စိတ်တွေ မနာဘဲ ဖြတ်သန်းကြတဲ့ အခါ အပြင်ရောက်လာတဲ့ အခါမှာလည်း ဆက်လက်ပြီး သတ္တိရှိရှိ ရပ်တည် ဆောင်ရွက်ကြတယ်။

ရွေးကောက်ပွဲ ၀င်မှာလား …
အင်န်အယ်ဒီပါတီက ရွှေဂုံတိုင်ကြေညာချက် ထုတ်ပြန်ထားပြီး ဖြစ်တယ်။ ရွေးကောက်ပွဲ ၀င်မယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေကို ထောက်ခံကြောင်း၊ သဘောတူကြောင်း ခံဝန်ချက် ထိုးရမယ်။ အဲဒါဆိုရင် စစ်အစိုးရရဲ့ အခြေခံဥပဒေကို ပြန်လည်ညှိနှိုင်းဖို့ တောင်းဆိုခွင့် မရှိတော့ဘူး။

ပါတီက မှတ်ပုံပြန်တင်မှာလား …
ပါတီ ရှင်သန်ရေးက အဓိကကျတယ်လို့ ပြောကြသလို၊ တချို့ကကျတော့ ပါတီက ဘာမှ မလုပ်နိုင်ဘဲနဲ့တော့ ဆက်ရှိနေဖို့ လိုသေးလား စသည်ဖြင့် ပြောကြတယ်။ ပါတီကို မှတ်ပုံတင်မယ် ဆိုရင် အခုချိန်ကစပြီး ရေတွက်မယ် ဆိုရင် ဆွေးနွေးတိုင်ပင် ပြင်ဆင်ဖို့ ရက်ပေါင်း ၂၉ ရက်ပဲ ရှိတယ်။ ဧပြီလမှာ သင်္ကြန်ရက်တွေ၊ ပိတ်ရက်တွေ ရှိနေတယ်။ အခြား ရုံးပိတ်ရက်တွေကိုပါ နှုတ်လိုက်ရင် အခု အချိန်မှာ သည်ရက် အချိန်တိုတို အကန့် အသတ်အတွင်း လုပ်ရမှာက ပြသနာ ဖြစ်တယ်။

ပါတီက မှတ်ပုံပြန်တင်မယ်ဆိုရင် ပါတီက နိုင်ငံရေး အကျဉ်းသားတွေ၊ အကျယ်ချုပ် ခံရသူတွေကို ထုတ်ပစ်မှာလား …
ယခင်တုန်းက (အမျိုးသားညီလာခံ) ပါတီက အကျဉ်းကျနေသူတွေ၊ အကျယ်ချုပ် ခံနေရသူတွေကို ပေးအပ်ထားတဲ့ တာဝန်တွေကနေ ဖယ်ရှားခဲ့ရတယ်။ ပြီးတော့ ပြန်လည် လွတ်မြောက်လာချိန်မှာ မူလတာဝန် ၀တ္တရားတွေ ပြန်လည် ပေးအပ်ခဲ့တာပါပဲ။ ကျနော်သည်လည်း သည်လိုပဲ တာဝန်တွေ ပြန်လည် လက်ခံရရှိခဲ့တာ ဖြစ်တယ်။ ဒါပေမယ့် ဒီထက်အရေးကြီးတာက - ယခင်ကနဲ့ မတူတော့တာက - ခုချိန်မှာ ၁၉၉၀ ရွေးကောက်ပွဲနဲ့ လွှတ်တော် ကိုယ်စားလှယ်များကိုပါ ပစ်ပယ် လိုက်ရတော့မှာ ဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပါတီကို မှတ်ပုံပြန်တင် လိုက်တာနဲ့ အဲသည် ပစ်ပယ်မှုတွေကို ပြန်လည်ရယူလို့ မရတော့ဘူး။ ပြည်သူလူထုရဲ့ ယုံကြည် ကိုးစားမှုကိုပါ ပစ်ပယ်ရာ ရောက်သွားမှာ ဖြစ်ပါတယ်။

၁၉၉၀ နဲ့ ၂၀၁၀ ရွေးကောက်ပွဲ ၂ ခု က ဘာကွာလို့လဲ …
ရွေးကောက်ပွဲချင်းက မတူဘူး။ ၁၉၉၀ တုန်းက ၈၈ အရေးတော်ပုံရဲ့ အရှိန်အ၀ါ ရှိတယ်။ အဲသည်တုန်းက ဒေါ်အောင်ဆန်းစုကြည် တဦးတည်းကိုပဲ ရွေးကောက်ပွဲမှာ ကန့်သတ်ခဲ့တာ ဖြစ်တယ်။ ပါတီတခုလုံးက ၉၀ ရွေးကောက်ပွဲမှာ တပြည်လုံး အတိုင်းအတာနဲ့ ပါဝင် ယှဉ်ပြိုင်ခွင့်ရှိတယ်။ အခြား နိုင်ငံရေးပါတီ အများ အပြားလည်း ၁၉၉၀ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့ကြတယ်။

အခု ၂၀၁၀ မှာ လက်ရှိနိုင်ငံရေးပါတီဆိုလို့ အင်န်အယ်ဒီပါတီ တခုတည်းသာ ရှိတော့တယ်။ အခု ရွေးကောက်ပွဲက ၈၈ အရေးတော်ပုံနဲ့ ဝေးသွားခဲ့ပြီ။ ပါတီအနေနဲ့ကလည်း စစ်အစိုးရရဲ့ အကန့်အသတ် အတားအဆီးတွေ အဆင့်ဆင့်ကြောင့် လူထုနဲ့လည်း ဝေးကွာနေရတဲ့ အခြေအနေမှာ ရှိတယ်။

ဘယ်လိုမျိုးကြောင့် လူထုနဲ့ ဝေးတယ်လို့ ပြောရတာလဲ …
အင်န်အယ်ဒီ ပါတီက ကျေးလက် တောရွာတွေကို လွတ်လွတ်လပ်လပ် သွားလာခွင့် မရှိဘူး။ ပါတီအနေနဲ့ မဟုတ်ဘဲ အလည်အပတ်မျိုးပဲ သွားနိုင်တယ်။ မြို့တွေကို သွားရောက် လည်ပတ်ဖို့က အခွင့်အရေး နည်းနည်း ပိုရှိသေးတယ်။ သို့သော် စစ်အစိုးရက သူတို့ဖက်က အင်အားတွေ၊ စည်းရုံးရေးတွေနဲ့ ကျေးလက်တောရွာ နယ်တွေမှာ ဖိထား စုထားတယ်။ ကြံ့ခိုင်ရေး၊ အမျိုးသမီး၊ ကြက်ခြေနီ၊ ပြည်သူ့စစ်၊ အရန်မီးသတ် … နည်းမျိုးစုံပဲ။

လူထုရဲ့ ဆန္ဒမဲတွေကို မရနိုင်တော့ဘူးလား …
လွတ်လပ်သန့်ရှင်းစွာ မဲပေးနိုင်ခွင့်က အာမခံချက် ရှိသလား။ ဒီလိုအခြေအန အကြပ်အတည်းတွေ ဖန်တီး ထားမှတော့ … ။ ပြီးတော့ ၀န်ထမ်းတွေ၊ ၀န်ထမ်းမိသားစုတွေကို စာရင်းကောက်ယူပြီး ကြိုတင် မဲစာရင်း ကောက်ယူထားတာ၊ ဒီလိုမျိုးနဲ့ အခြား အသိုင်းအ၀ိုင်းတွေဆီက ကြိုတင်မဲတွေကို စုဆောင်းပြီး ထုတ်သုံးတာ မျိုးတွေလည်း ရှိနိုင်တယ်။

အဲသည်ကြားထဲက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့မယ် ဆိုရင်ကော …
ရွေးကောက်ပွဲလွန် ကာလမှာ စစ်အစိုးရ အခြေခံ ဥပဒေအရ အနိုင်ရတဲ့ ပါတီက အစိုးရဖွဲ့ခွင့် မရှိဘူး။ ပါတီဝင် တဦးက အစိုးရ၀န်ကြီး (အစိုးရ၀န်ထမ်း) ဖြစ်လာရင်တောင် ပါတီက ထွက်ပြီး တာဝန်ထမ်းဆောင်ရမယ်။ အခြေခံဥပဒေအရ အဲသည်မှာ ကန့်သတ်တားဆီးထားမှုတွေ အများကြီးကို ရင်ဆိုင်နေရမှာ ဖြစ်တယ်။

အင်န်အယ်ဒီပါတီ ရှိနေဖို့ …
ပါတီက ခုချိန်မှာ လုပ်စရာတွေ၊ ရင်ဆိုင်စရာတွေ အများကြီး ရှိပြီးသားဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ပြောလိုက်သလို ပါတီဝင်တွေက တရား ဥပဒေတွေနဲ့ အညီ ရင်ဆိုင်ကြမယ်။ ညီညီညွတ်ညွတ် ရင်ဆိုင်ကြမယ်။ စစ်အစိုးရဖက်က ပျက်ကွက်ခဲ့တာ၊ လူ့အခွင့်အရေးဆိုင်ရာ ပြစ်မှုတွေ ကျုးလွန်ခဲ့တာ၊ ၉၀ ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီးနောက် အနှစ် ၂၀ ကြာတဲ့အထိ ပြည်သူတွေရဲ့ အချိန်တွေနဲ့ ပြည်သူ့ ဘဏ္ဍာတွေကို ဖြုံးတီး ပစ်ခဲ့တာတွေ ဒါတွေကို စစ်အစိုးရကို ရင်ဆိုင်ပြီး မေးခွန်း ထုတ်သင့်တယ်။ ဒေါ်အောင်ဆန်းစုကြည် မှာကြား လိုက်သလို ပါတီရုံးခန်းတွေမှာ အခြေခံဥပဒေတို့၊ ရွေးကောက်ပွဲ ဥပေဒေတို့ကို ၀ိုင်းဝန်း ဆွေးနွေးကြပါ၊ တရားမျှတမှု မရှိဘူးဆိုတာ ထင်ရှားသည်ထက် ထင်ရှားလာမှာ ဖြစ်ပါတယ်။

ပါတီရဲ့ အင်အား၊ လူထုရဲ့ အင်အားတွေက ဘယ်လိုလဲ၊ ဘာလဲ …
အချိန်က အခု စကားပြောနေချိန်မှာတောင် ရုံးဖွင့်ရက်အားဖြင့် ၂၉ ရက်ပဲ ရှိတော့တယ်။ အချိန်က လုံးဝ မရှိတော့ဘူး။ ဘာပဲဖြစ်ဖြစ် အင်န်အယ်ဒီဟာ လူထုနဲ့ တသားတည်း ရပ်တည်ရမှာ ဖြစ်တယ်။ အခုအချိန်ဟာ သေရေး ရှင်ရေး ဖြစ်ပါတယ်။ သူသေကိုယ်သေ လို့ ဆိုတာထက်၊ သူသေ ကိုယ်ရှင် ဖြစ်ရမှာပေါ့။ တတ်နိုင်ရင်တော့ သူသေ ကိုယ်သေ မလုပ်ချင်ပါဘူး။ အခုချိန်မှာ အင်န်အယ်ဒီနဲ့ ပြည်သူလူထုဟာ အဖက်ဖက်က ကန့်သတ် ချုပ်ချယ်ခြင်း ခံထားရတဲ့ကြားက၊ အစစအရာရာ ဖိနှိပ်မှုတွေ ကြားထဲကနေပြီး စိတ်ဓာတ် ခွန်အား တခုတည်းနဲ့ ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။

အင်န်အယ်ဒီက ဘယ်လိုမျိုး ဆုံးဖြတ်ချက် ချကြမှာလဲ …
ယခင်တုံးကဆိုရင်တော့ CEC က ဆုံးဖြတ်ချက် ချပြီးတော့ အောက်ခြေကို ဦးဆောင်မှု ပေးရုံဖြစ်တယ်။ သို့သော် အခုချိန်မှာ CC အဖွဲ့ကို ဖွဲ့စည်းပြီးပြီ ဖြစ်တဲ့အတွက် ဗဟိုဦးစီးအဖွဲ့ (CC) နဲ့ ဆွေးနွေးရမယ်။ အဲသည်လို အားလုံး ပါဝင်တဲ့ ဆွေးနွေးမှု၊ ဆုံးဖြတ်မှုတွေကို လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။ မှတ်ပုံတင်မယ် ဗျာတို့၊ ဘာတို့ ဇွတ်လုပ်လို့ မရပါဘူး။

အင်န်အယ်ဒီပါတီရဲ့ လက်ရှိအခြေအနေကို သုံးသပ်ရရင် …
လူငယ်တွေရဲ့ အခန်းကဏ္ဍကို အခုထက်ပိုပြီး မြှင့်တင်ဖို့လိုပါတယ်။ အခုအချိန်မှာ သူတို့တွေရဲ့ အရည်အချင်းတွေ တိုးတက်လာအောင် အစွမ်းကုန် လုပ်နေကြပြီ ဖြစ်ပါတယ်။ သင်တန်းတွေ၊ စာဖတ်ဝိုင်းတွေ၊ ဆွေးနွေးပွဲတွေနဲ့ ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ လူငယ်တွေရဲ့ စွန့်လွှတ် စွန့်စားမှုတွေကိုလည်း ထုတ်ဖော် ပြောဆိုနေရမယ်။ အခုဆိုရင် ထောင်ကျနေတဲ့ အင်န်အယ်ဒီပါတီဝင် လူဦးရေတွေထဲက ထက်ဝက်ကျော်ဟာ လူငယ်တွေ ဖြစ်ပါတယ်။

နောက်တခုကတော့ အင်န်အယ်ဒီကနေပြီးတော့ လူထု လူတန်းစား အသီးသီး၊ အလွှာ အသီးသီး အပေါ်မှာ ဘယ်လိုမျိုး သဘောထားတယ်၊ ဘယ်လိုမျိုး ရပ်တည်တယ် ဆိုတာတွေကို အများ သိရှိအောင်၊ အင်န်အယ်ဒီ ပါတီဝင်တွေ အချင်းချင်းမှာလည်း သိရှိ နားလည်မှုရှိအောင် ပိုမိုပြီး ဆောင်ရွက်ဖို့ လိုပါတယ်။ ဥပမာအားဖြင့် - အလုပ်သမား လူတန်းစားတွေ အပေါ်မှာ ကျောင်းသား လူငယ်တွေ၊ ရဟန်းသံဃာတွေ အပေါ်မှာ စသည်ဖြင့် သဘောထားတွေ၊ ရပ်တည်ချက်တွေ ရှင်းရှင်းလင်းလင်း ထုတ်ဖော် ပြသထားဖို့ ဆောင်ရွက်ရမယ်။
ပြန်ပြီး ရှင်းပြရရင် - ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၉က အင်းစိန်ထောင်မှာ ချုပ်နှောင်ပြီး တရားစွဲဆို နေစဉ်ကဆိုရင် အင်န်အယ်ဒီက လူထုနဲ့အတူ အင်းစိန်ထောင်ရှေ့မှာ သွားရောက်ပြီး ဆန္ဒထုတ်ဖော်ဖို့ လုပ်ကိုင်ခဲ့တာ ဖြစ်တယ်။ ဆန္ဒပြဖို့ ဆူပူဖို့ သွားခဲ့တာ မဟုတ်ဘူး။ လူထုနဲ့အတူ၊ လူထုကိုယ်စား ဆန္ဒ ထုတ်ဖော်ကြမယ်လို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ကြောက်စိတ်ကို ထုတ်ဖော်ပြသခဲ့တာ မဟုတ်ပါဘူး။ ကိုယ့်အချင်းချင်းမှာ ကိုယ်တိုင် ဒါကို ရှင်းရှင်း သိဖို့လိုပါတယ်။

အခုအချိန်မှာ ပါတီတွင်းပြန်ကြားရေးအတွက်ကိုတောင် ပါတီပြန်ကြားရေး စာစောင် ထုတ်နိုင်ဖို့ အခက်အခဲတွေ အများကြီး ရှိနေတယ်။ အတားအဆီးတွေ ရင်ဆိုင် နေကြရတယ်။ အဲသည်တော့ ကျနော်နဲ့ စကားပြောလာတဲ့၊ မေးမြန်းလာတဲ့ မီဒီယာတွေနဲ့ပဲ စကားပြောဆို နေရတယ်။ အများ သိရှိကြရအောင် သူတို့ကနေ တဆင့် ဆွေးနွေး ပြန်ကြားနေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။

အများပြည်သူကို ဘာပြောချင်တာလဲ …
နံပါတ် ၁ ကတော့ “မကြောက်တရား” ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ဟာ မတရားတဲ့ စနစ်တခု ဖြစ်တယ်။ အဲသည် မတရားမှုတွေကို မကြိုက်ဘူး၊ လက်မခံနိုင်ဘူး ဆိုရင် အဲဒါကို “အကြောက်” နဲ့ မရင်ဆိုင်ဘဲ “မကြောက်တရား” နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြောကြားခဲ့သလို လူတွေ မကြောက်ကြပါနဲ့၊ မကြောက်တဲ့ အနေအထားကနေ ရင်ဆိုင်ပါ။ မရဘူး … ကြောက်တာပဲ ဆိုရင်လဲ ကြောက်ကြောက်နဲ့ပဲ လုပ်ကြပါ။ ကျနော်ကိုယ်တိုင်လည်း သူများကို မကြောက်နဲ့ မကြောက်ကြနဲ့လို့ ပြောနေရုံတင် မဟုတ်ဘဲနဲ့ မကြောက်တရားကို ကိုင်စွဲပြီး အခုလိုမျိုး လုပ်ကိုင် ရင်ဆိုင် နေရတာပဲလို့ ပြောချင်ပါတယ်။

နံပါတ် ၂ ကတော့ “သွေးစည်းညီညွတ်ရေး” ဖြစ်ပါတယ်။ ကျနော်တို့ ပြည်သူတွေ အားလုံးမှာ စားဝတ် နေရေးတွေ အလွန် ကြပ်တည်းလာတယ်။ ဆင်းရဲ ဒုက္ခနဲ့ ရင်ဆိုင်နေရတယ်။ ရှေ့ကို သည်အတိုင်း ကြပ်တည်း ဆင်းရဲတဲ့ အတိုင်း သွားကြရင် စစ်အာဏာရှင် စနစ်ကပဲ ဆက်လက် အောင်ပွဲခံသွားမှာ ဖြစ်တယ်။ အခုချိန်မှာ နည်းမျိုးစုံနဲ့ လှည့်ဖျားတာတွေ၊ ချိန်းခြောက်တာတွေ၊ အချိုသတ်တာတွေ၊ ကျောသတ်တာတွေ စတဲ့ သွေးခွဲမှုတွေ၊ ခွဲခြားမှုတွေ လုပ်လာနေပါတယ်။ အဲသည်အတွက် ကျနော်တို့အားလုံးက တသွေးတည်း တသားတည်း တသံတည်းဖြစ်မှသာ အဲသည်လက်နက်နဲ့ ရင်ဆိုင် ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။
နံပါတ် ၃ ကတော့ “စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး” ဆိုတဲ့ တခုတည်းသော ပန်းတိုင် ဖြစ်ပါတယ်။ ခုချိန်မှာ ဖြစ်ပျက်နေတဲ့ အရေးအခင်းတွေ၊ အဖြစ်အပျက်တွေကို ကျနော်ကတော့ ၁၉၈၈ အရေးတော်ပုံရဲ့ သမိုင်း မှတ်တမ်းတွေ၊ မှတ်တိုင်တွေ၊ ကြွေးကြော်သံတွေနဲ့ နှိုင်းယှဉ်ပြီး မီးမောင်းထိုးပြပါတယ်။ ဒါဟာ ကျနော်တို့ အားလုံးနဲ့ မဝေးသေးတဲ့ နီးစပ်တဲ့ အဖြစ်အပျက်တွေ၊ အကြောင်းအရာတွေ ဖြစ်ပါတယ်။
အာဏာရှင် စနစ်ဆိုတာ ဟိုးအပေါ်ဆုံးက နေပြီးတော့ အောက်ခြေအဆုံးက အလွှာအထိ ဘာမှ အစအန မကျန်ရစ်အောင် ချုပ်ငြိမ်းဖို့ လိုအပ်နေပြီ ဆိုတာ သဘောပေါက်ရတော့မယ်။ မဆလခေတ်က အာဏာရှင်တွေ ဆိုတာ အုပ်ချုပ်သူ လူတန်းစား အလွှာထဲမှာသာ ရှိခဲ့တာလေ။ အလယ်အလတ် တန်းလွှာမှာ၊ အောက်ခြေ လူတန်းစားမှာ အာဏာရှင်တွေ မရှိပါဘူး။ နေ့စဉ် နေ့တဓူဝ သွားလာ လှုပ်ရှားနေလို့ ရသေးတယ်။ အာဏာရှင်တွေနဲ့ မပတ်သက်အောင် နေလို့ ရခဲ့သေးတယ်။

အခုကတော့ လူထု လူတန်းစားအလွှာ အသီးသီးမှာ အာဏာရှင်စနစ်ရဲ့ စိတ်ဓာတ်တွေ အကျင့် စရိုက်ဆိုးတွေက တိုးပွား အမြစ်တွယ် လာနေပြီ ဖြစ်တယ်။ ဟိုးအောက်ခြေက ထောင်ဝန်ထမ်း ကလည်း အာဏာရှင်ပဲ။ ရပ်ကွက်ထဲက သာမန် လူတဦးကလည်း စစ်အစိုးရ သွေးထိုးမှု၊ ဖျက်ဆီးမှုကြောင့် သူလည်းပဲ အာဏာရှင်ပဲ။ အဲသလို အခြေခံနဲ့ မြန်မာပြည် တ၀ှမ်းလုံးမှာ အာဏာရှင် ပေါက်စတွေ တိုးပွားလာနေပြီ။ သူတလူ ငါတမင်းနဲ့ မင်းမဲ့ စရိုက်ဖြစ်ပြီး မည်းမည်းမြင်ရာ အနိုင်ကျင့်နေ စော်ကားနေကြပြီ။ အဲဒါကြောင့် ခုချိန်မှာ “အာဏာရှင်စနစ် ချုပ်ငြိမ်းရေး” ဆိုတာ အားလုံးက ၀ိုင်းဝန်း ဆောင်ရွက်ကြမှ ဖြစ်တော့မယ်ဆိုတာ သဘောပေါက် ကြရပါမယ်။
အဲဒါကြောင့် ကျနော်တို့ အပါအ၀င် အားလုံးသော ပြည်သူလူထုက မကြောက်တရား လက်နက်ကို ကိုင်စွဲပြီး အားလုံး သွေးစည်း ညီညွတ်စွာနဲ့ တစုတစည်း တသံတည်း - အာဏာရှင်စနစ် ချုပ်ငြိမ်းအောင် တခုတည်းသော ပန်းတိုင်အဖြစ် ရင်ဆိုင်ကြဖို့ ချီတက်ကြဖို့ ပြောလိုက်ချင်ပါတယ်။

Ref: မိုးမခ


Read More...

တရုတ်နယ်စပ် အပစ်ရပ်ဒေသများ အခြေအနေတင်းမာ

ရန်ပိုင်
Monday, 15 March 2010

ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) က ရုံးများ၊ အရေးကြီး စာရွက် စာတမ်း များနှင့် လက်နက်ကိုင် တပ်ဖွဲ့များကို လိုင်ဇာမြို့မှ ယခင်ဌာန ချုပ်ဟောင်း လိုင်စင် စခန်းသို့ ရွှေ့ပြောင်း လိုက်ကြောင်း KIO အဖွဲ့နှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် သောကြာနေ့က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့် ပတ်သက်၍ KIO အဖွဲ့နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့ မြစ်ကြီးနား မြို့တွင် တွေ့ဆုံ ဆွေးနွေး နေစဉ် အတော အတွင်း ရွှေ့ပြောင်းခြင်း ဖြစ်သည်ဟု အဆိုပါ နီးစပ်သူက ပြောသည်။

“ပါဂျောင် နောင်ဘို တောင်တန်း ပေါ်က စခန်းဟောင်းကို ပြောင်းလိုက်တာ၊ စစ်အစိုးရ ဘက်က ငြိမ်းချမ်းရေး ဘယ်လိုပဲ ပြောပြော တဘက်က မယုံတာကို ပြတာပဲ” ဟု ၎င်းက ဆိုသည်။

နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ ဆွေးနွေးမှု မအောင်မြင်ပါက စစ်အစိုးရက စစ်ရေးအရ တိုက်ခိုက် ခဲ့လျှင် KIO အနေဖြင့် အသင့် ပြင်ဆင် ထားခြင်း ဖြစ်နိုင်ကြောင်း၊ စခန်း တောင်ကုန်း ပေါ်ရှိ တပ်များလည်း ပြောင်းရွှေ့ သွားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ လိုင်စင်စခန်းသည် စစ်အစိုးရနှင့် KIO အဖွဲ့ အပစ်အခတ်ရပ်စဲရေး မပြုလုပ်မီက စခန်းဟောင်း ဖြစ်သည်ဟု သိရသည်။

KIO အဖွဲ့နှင့် မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်တိုင်းမှူးတို့ မြစ်ကြီးနားမြို့တွင် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ပြီးခဲ့သည့် သောကြာ နေ့မှ စတင်၍ တွေ့ဆုံ ဆွေးနွေးနေကြောင်း၊ မည်သည့် ရလဒ်မှ ထွက်ပေါ် မလာသေးသည့်အတွက် KIO အနေဖြင့် စစ်ရေးအရ ပြင်ဆင်ထားခြင်း ဖြစ်နိုင်ကြောင်း ကချင်သတင်းစဉ်မှ အယ်ဒီတာ ကိုနော်ဒင်ကလည်း ပြောသည်။

တရုတ်မြန်မာနယ်စပ်ရှိ ၀ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့(UWSA)အတွင်း ပြီးခဲ့သည့် သောကြာနေ့က အရေးပေါ် အစည်း အဝေး ပြုလုပ်ခဲ့ပြီး စစ်ရေးအရ အသင့် အနေအထား ဖြစ်ရန်အတွက် ညွှန်ကြား ထားကြောင်းလည်း သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။

“အစိုးရစစ်တပ်တွေနဲ့ မျက်နှာချင်းဆိုင်ထားတဲ့ နယ်မြေတွေမှာ နယ်ခြားမျဉ်းကို ကျော်လာရင် အထက် အမိန့် တောင်းမနေဘဲ ပစ်ခတ်ဖို့ပါ ညွှန်ကြားထားတယ်”ဟု ၎င်းကဆိုသည်။

စစ်အစိုးရ ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် UWSAတပ်ဖွဲ့ ဥက္ကဋ္ဌ ဦးပေါက်ယူချန်းတို့ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ အတွင်း က ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့စဉ်က UWSA အဖွဲ့၏ တောင်းဆိုခဲ့သည့် အချက် ၉ ချက် ကိုလည်း စစ်အစိုးရက မလိုက်လျော နိုင်ကြောင်း၊ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိုသာ ခြွင်းချက်မရှိ လုပ်ဆောင်ရန် ပြီးခဲ့သည့် စနေနေ့က အကြောင်း ပြန်ခဲ့သည်ဟု ဦးစိန်ကြည်က ပြောသည်။

UWSA အဖွဲ့မှ တောင်းဆိုခဲ့သည့် အချက် ၉ ချက်မှာ မိုင်းပေါက် နှင့် မိုင်းဖြန် ဒေသကို ပေါင်း၍ မိုင်းပေါက်မြို့နယ် အဖြစ်သတ်မှတ် ပေးပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ၀ တိုင်း ဒေသကြီးအတွင်း ထည့်သွင်းပေးရန်၊ ထိုင်းမြန်မာ နယ်စပ်ရှိ ၀မ်ဟုန် စစ်ဒေသကို စစ်တိုင်းကြီး အဖြစ် သတ်မှတ် ပေးရန်၊ အဆိုပါ စစ်တိုင်းကြီးများ၏ စစ်ဒေသမှူးနှင့် စစ်ဦးစီးမှူးကို UWSA တပ်ဖွဲ့မှ တာဝန်ယူ၍ ဒုတိယ စစ်ဦးစီးမှူးများကို စစ်အစိုးရဘက်မှ တာဝန်ယူရန်၊ တပ်ဖွဲ့များကို ၀ တပ်သား များဖြင့်သာ ဖွဲ့စည်းရန်၊ ကျန်းမာရေး၊ ထောက်ပံ့ရေး တို့ကို စစ်အစိုးရဘက်မှ တာဝန်ယူရန်၊ နယ်ခြားစောင့်တပ် ဖွဲ့စည်းရာတွင် မပါဝင်တော့သည့် တပ်သားများကို ပင်စင်လစာ ၅နှစ်စာ ထောက်ပံ့ရန်၊ ကိုယ်လက်အင်္ဂါ ချွတ်ယွင်းနေသည့် သူများနှင့် မိဘမဲ့ ကလေးများကို စစ်အစိုးရက တာဝန်ယူပေးရန်၊ အသွင် ကူးပြောင်း ပြီးသည့် နောက်ပိုင်းတွင် ယခင်က ပြစ်မှု ကျူးလွန်သူများကို အရေးမယူရန်တို့ ပါရှိသည်။

စစ်အစိုးရကလည်း ကိုးကန့်နယ်အတွင်းရှိ ၀ နယ်မြေနှင့် ထိစပ်နေသည့် UWSA တပ်မဟာ ၄၁၈ ထိန်းချုပ်ဒေသတွင် ဒေသ အနီးတွင် တပ်မ ၃၃နှင့် တပ်မ ၇၇ တို့ကို အင်အား ဖြည့်ထားပြီး လာရှိုး၊ တန့်ယန်း နှင့် မိုင်းရှူး မြို့နယ်များတွင် တပ်မ ၇၇ နှင့် ၉၉၊ သံလွင်မြစ် အနောက်ဘက် မော်ဖဒေသတွင် တပ်မ ၅၅ နှင့် ဒေသခံတပ်များ၊ ပြည်သူ့စစ်များကို အင်အား ဖြည့်ထားကြောင်း နယ်စပ်ဒေသ သတင်းများအရ သိရသည်။

မကြာသေးမီကလည်း စစ်အစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှ ရှမ်းပြည်နယ် အတွင်းရှိ မိုင်းယောင်း၊ မိုင်းဖြတ်၊ တာချီလိတ်နှင့် လောက်ကိုင်၊ ကုန်းကြမ်း ဒေသများသို့ လှည့်လည်၍ စစ်ရေးအရ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ရန် ပြုလုပ်ခြင်း၊ နယ်မြေခံ လူထုကို စည်းရုံးခြင်းများကို ပြုလုပ်ကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံကလည်း နယ်စပ်ဒေသတလျှောက်တွင် တိုက်ပွဲများ ဖြစ်ပွားလာပါက ထွက်ပြေးလာသည့် ဒုက္ခသည်များကို ကူညီရန် အတွက် ကိုးကန့်ဒေသမှ ကချင်ပြည်နယ် နယ်စပ်တလျှောက် တပ်ဖွဲ့များကို ဖြန့်ကျက်ထားကြောင်း သိရသည်။

ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)( SSA-N) တပ်ဖွဲ့များအတွင်းတွင်လည်း နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့် ပတ်သက်၍ စစ်အစိုးရနှင့် ဆက်လက် ဆွေးနွေးနေဆဲ ဖြစ်ကြောင်း သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းကလည်း မွန်ပြည်သစ် ပါတီကို နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ရန် မော်လမြိုင်မြို့သို့ ခေါ်ယူထားကြောင်း၊ မွန်ပြည်သစ် ပါတီ အနေဖြင့် မည်သည့် နေ့ရက်တွင် သွားရောက် တွေ့ဆုံမည်ကို မဆုံးဖြတ်ရ သေးကြောင်း မွန်ပြည်သစ် ပါတီနှင့် နီးစပ်သူတဦးက ပြောသည်။

နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ စစ်အစိုးရက အပစ်ရပ် အဖွဲ့အစည်းများကကို ယခုလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး အကြောင်းပြန်ရန် ပြောကြားထားကြောင်း သိရသည်။

Ref: ဧရာဝတီ်

Read More...

ကချင်ပါတီ ရွေးကောက်ပွဲဝင်ရန် အသင့်ဖြစ်ပြီ

ဆလိုင်း ဟံသာစန်း
တနင်္လာနေ့၊ မတ်လ ၁၅ ရက်

နယူးဒေလီ (မဇ္ဈိမ) ။ ။၂ဝ၁ဝ ရွေးကောက်ပွဲမှာ ပါတီ မှတ်ပုံတင်ရန် လိုအပ်သော ဗဟို ကော်မတီဝင် ၁၅ ဦးနှင့် ပါတီဝင် အင်အား ၅ဝဝ ကျော် အရန်သင့် ရှိနေပြီး ပါတီကို မကြာမီ မှတ်ပုံတင်ကာ ရွေးကောက်ပွဲ ဝင်ရောက်မည်ဟု ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP) က ဆိုသည်။

“ပါတီဝင်အင်အား ၅ဝဝ ကျော် အရန်သင့် ရှိပါတယ်။ ပါတီတရပ် ဖွဲ့စည်းဖို့အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားပါပြီ။ အစိုးရက ရက်ပေါင်း ၆ဝ အတွင်းမှာ ပါတီမှတ်ပုံတင်ဖို့ လျှောက်ထားရမယ် ဆိုတော့ ဒီသတ်မှတ်ထားတဲ့ ကာလအတွင်းမှာ ပါတီကို မှတ်ပုံတင်သွားဖို့ ကျနော်တို့ အခု ပြင်ဆင်နေပါတယ်” ဟု ပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက မဇ္ဈိမကို ပြောသည်။

KSPP ပါတီသည် ကချင်ပြည်နယ်မှ ရွေးကောက်ပွဲ ဝင်ရောက်ကာ၊ အာဏာရလာခဲ့ပါက ကချင်ပြည်နယ်သားများ ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှု အဆင့်အတန်းများ တိုးတက်လာအောင် ဆောင်ရွက်သွားမည်ဟု သူက ဆိုသည်။

ဒေါက်တာတူးဂျာသည် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တွင် ဒု-ဥက္ကဋ္ဌ ၂ အဖြစ် ၁၉၇၅ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်အထိ ၃၅ နှစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ပါတီထောင်ရန် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၃ ရက်နေ့က KIO မှ တရားဝင် နုတ်ထွက်ခဲ့သည်။

“တပ်မတော်က ပြုပြင်ပြောင်းလဲရေးအတွက် တတ်နိုင်သလောက် လုပ်ပေးနေတယ်လို့ မြင်တယ်။ အာဏာ ၇၅ ရာခိုင်နှုန်းကို ပြည်သူတွေကို အပ်ပြီး ၂၅ ရာခိုင်နှုန်းကို သူတို့က ယူထားတယ် ဆိုတော့ ပြည်သူတွေက အခွင့်အရေးကို ကောင်းကောင်း အသုံးချတတ်ဖို့ အရေးကြီးပါတယ်” ဟု သူက ဆိုသည်။

သို့သော် ရွေးကောက်ပွဲတွင် မည်သည့်ပါတီ အနိုင်ရသည်ဖြစ်စေ ကချင်လူထု အကျိုးကို ဆောင်ရွက် ပေးနိုင်မည်ဟု မထင်ကြောင်း တရုတ်-မြန်မာ နယ်စပ်အခြေစိုက် ကချင် လူမှု ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ KDNG က ဆိုသည်။

KDNG ဥက္ကဋ္ဌ ကိုအောင်ဝါက “ရွေးကောက်ပွဲမှာ ကချင်ပြည်နယ် ကိုယ်စားပြုတဲ့ အဖွဲ့အစည်း၊ ပါတီပဲဖြစ်ဖြစ် နိုင်ခဲ့လည်း ကချင် လူထု အတွက်တော့ သိပ်ထူးထူးခြားခြား ဖြစ်လာမယ်လို့ မမျှော်လင့်ဘူး။ ဘာလို့လဲဆိုတော့ အခြေခံ ဥပဒေထဲမှာ စစ်တပ်က အစိုးရအဖွဲ့ထဲ ပါဝင်အောင် လုပ်ထားတဲ့အတွက် ဘယ်သူပဲနိုင်နိုင် လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့်ရမှာ မဟုတ်ဘူး” ဟု ပြောသည်။

ပြည်တွင်းပြည်ပ ကချင်ပြည်သူများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များ ဝိုင်းဝန်း ကန့်ကွက်နေသော ပျက်စီး ဆုံးရှုံးမှု ပမာဏ ကြီးမားနိုင်သည့် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို ကချင်ပြည်နယ်တွင် တည်ဆောက်နေသည်။

ထို့အပြင် ၁၉၉၄ ခုနှစ်မှာ ငြိမ်းချမ်းရေး ရယူခဲ့သည့် KIO ကိုလည်း နယ်ခြားစောင့်တပ် ပြုလုပ်ရန် စစ်အစိုးရက ဖိအား ပေးနေဆဲဖြစ်သည်။

စစ်အစိုးရက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို ယခုလ ၉ ရက်နေ့မှ စတင်ကာ ထုတ်ပြန်ခဲ့ပြီးနောက် KSPP ပါတီ အပါအဝင် ဦးသုဝေ ဦးဆောင်သည့် ဒီမိုကရက် တစ်ပါတီ၊ ဦးရွှေအုန်း ဦးဆောင်သည့် ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ်အဖွဲ့၊ ကိုအေးလွင် ဦးဆောင်သည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်စသည့် ပါတီတို့ကလည်း ရွေးကောက်ပွဲ ဝင်ရောက်ရန် ပြင်ဆင်နေကြသည်။

စစ်အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်ခြင်းနှင့် အတူ ၁၉၉ဝ ခုနှစ်ရွေးကောက်ပွဲ ရလဒ်များကိုလည်း တပါတည်း ပယ်ဖျက်ခဲ့သည်။

Ref: မဇ္ဈိမ

Read More...

Monday, March 15, 2010

မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် (၉) ဦးနှင့် တွေ့ခွင့်ရရန် ရတခ တိုင်းမှူး အကြောင်းကြား

ဝီရ/ ၁၂ မတ် ၂ဝ၁ဝ


မွန်ပြည်သစ်ပါတီဥက္ကဋ္ဌကြီးအပါအဝင် ထိပ်ပိုင်းခေါင်းဆောင် (၉) ဦးနှင့် မော်လမြိုင်မြို့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တွင် ယခုလအတွင်း တွေ့ဆုံနိုင်ရန် အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းက တောင်းဆိုထားကြောင်း မွန်ပြည်သစ်ပါတီမှ သိရသည်။

“ပါတီရဲ့ ဗဟိုအလုပ်မှုဆောင် (၉) ဦးစလုံးနဲ့ တွေ့နိုင်ဖို့ ရတခတိုင်းမှူးက အကြောင်းကြားလာတာ ဖြစ်တယ်။ ကျနော်တို့က အထက်ကို တင်ပြထားပါတယ်။ ဒီလအတွင်း အဆင်ပြေမယ့်ရက် တရက်ပေါ့။ ဆွေးနွေးဖြစ်မယ့် အဓိက အကြောင်းအရာက နယ်ခြားစောင့်တပ်ကို ဘာလို့ လက်မခံတာလဲ ဆိုတဲ့အချက် ဖြစ်မယ်ထင်တယ်။ မွန်ပြည်သစ်ဘက်က ဘယ်အချက်တွေ တင်ပြချင်သလဲ ဆိုတာလည်း ပါပါတယ်” ဟု မော်လမြိုင်မြို့ မွန်ပြည်သစ် ပါတီမှ ခရိုင်အဆင့် အရာရှိတဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် အားလုံးနှင့် တွေ့ခွင့်ရရန် ရတခတိုင်းမှူး၏ ယခုတောင်းဆိုမှုသည် ဒုတိယအကြိမ် ဖြစ်ကာ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ဇူလိုင်လက တကြိမ် တောင်းဆိုခဲ့သော်လည်း မွန်ပြည်သစ် ပါတီဘက်က လက်ခံခြင်း မရှိခဲ့ပေ။

“အခု လတ်တလော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေက ကျနော်တို့ပါတီရဲ့ သဘောထားကို ပြောင်းလဲစေမှာ မဟုတ်ပါဘူး။ လက်ရှိ ပါတီရဲ့ သဘောထားဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ရေး၊ နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေးနဲ့ အားလုံးပါဝင် ဆွေးနွေးနိုင်တဲ့ တွေ့ဆုံ အဖြေရှာရေးပါ။ အခု ထွက်လာတဲ့ ရွေးကောက်ပွဲ ဥပဒေတွေဟာလည်း လက်ခံနိုင်တဲ့ အချက်တွေ မရှိဘူးလို့ပဲ ပြောချင်တယ်။ ရတခ တိုင်းမှူးရဲ့ တွေ့ဆုံဖို့ တောင်းဆို ထားတာတွေရော ဒီရွေးကောက်ပွဲ ဥပဒေတွေကိုပါ လာမယ့် ဗဟိုအလုပ်မှူဆောင် အစည်းအဝေးမှာ သုံးသပ်သွားမှာပါ” ဟု မွန်ပြည်သစ် အရာရှိက ပြောသည်။

ယခုမတ်လ တတိယအပတ်အတွင်းတွင် မွန်ပြည်သစ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ကျင်းပရန် ရှိကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီသည် မြန်မာစစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး ရယူခဲ့ပြီး ၎င်းတို့နှင့် အခြားအပစ်ရပ် တိုင်းရင်းသားတို့၏ တောင်းဆိုချက်များကို မြန်မာစစ်အစိုးရ၏ အမျိုးသား ညီလာခံတွင် တင်ပြခဲ့သော်လည်း ပယ်ချခံရပြီး နောက်ပိုင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံကြောင်းနှင့် ပါတီအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ပြီးခဲ့သည့် ၂၀၀၉ ခု သြဂုတ်လကတည်းက သဘောထား ထုတ်ပြန်ထားသည်။

ရတခ တိုင်းမှူးနှင့် လာမည့် တွေ့ဆုံပွဲတွင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာနယ်မြေအတွင်း မြန်မာ စစ်အစိုးရ၏ တပ်ဖွဲ့များ ဝင်ရောက် ကျူးကျော်နေမှု အတွက် ဆွေးနွေးသွားရန် စီစဉ်ထားကြောင်း သိရသည်။

တနင်္သာရီတိုင်း ကမ်းရိုးတန်းတပ် စကခ (၈) လက်အောက်ခံ တပ်ရင်းတို့က ပြီးခဲ့သည့် သီတင်းပတ်တွင် မွန်ပြည်သစ် ထိန်းချုပ်ရာ ကြာအင်းဆိပ်ကြီး မြို့နယ်သို့ လည်းကောင်း၊ ပြီးခဲ့သည့် ဇန်နဝါရီလက ထားဝယ်ခရိုင်သို့ လည်းကောင်း ဝင်ရောက် အခြေချ နေသကဲ့သို့ ဘုရားသုံးဆူ နယ်စပ်ဒေသ အချို့တွင်လည်း မြန်မာစစ်တပ်က ဝင်ရောက်မှုများ ရှိခဲ့သည်။

Ref: ခေတ်ပြိုင်

Read More...

နယ်ခြားစောင့်အရေး နအဖနှင့် ကေအိုင်အို တွေ့ဆုံ

Saturday, 13 March 2010

နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိစ္စ ကေအိုင်အို (ကချင်ပြည် လွတ်လပ်ရေးအဖွဲ့) ကိုယ်စားလှယ်များနှင့် မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းတို့သည် မြစ်ကြီးနားတွင် ယနေ့ ထပ်မံ တွေ့ဆုံကြောင်း သိရသည်။ မတ်လ ၁ ရက်မှ ၈ ရက်နေ့ အထိ ကေအိုင်အို ဗဟိုကော်မတီ အစည်းအဝေးကို ဋ္ဌာနချုပ် လိုင်ဇာမြို့တွင် ကျင်းပခဲ့အပြီး နယ်ခြားစောင့်တပ် ကိစ္စ ဆွေးနွေးရန် တွေ့ဆုံခြင်း ဖြစ်ကြောင်း ကေအိုင်အိုနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ ဒီနေ့ ကေအိုင်အိုက ၈ ဦးပါ ကော်မတီအဖွဲ့နဲ့ တိုင်းမှူးစိုးဝင်းတို့ နယ်ခြားစောင့်တပ် ကိစ္စ ဆွေးနွေးဖို့ မြစ်ကြီးနားမှာ တွေ့တယ် သူတို့ ဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက် အကြောင်းပြန်တာပါ အချက် ၃ ချက်ပါတယ် အဓိက ကတော့ နယ်ခြားစောင့်တပ်ကို လက်မခံဘူး ဆိုတဲ့ အကြောင်းပေါ့ ” ဟု သူက ပြောသည်။

ကေအိုင်အိုက နအဖထံတောင်းဆိုမည့် အချက်များမှာ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး လက်မခံ၊ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းပါက ကေအိုင်အို အနေဖြင့် ကချင် တပ်ရင်းများ ဖွဲ့စည်းမည်၊ ၂၀၁၀ ခုနှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲကို လေ့လာနေဆဲ စသည်တို့ ပါဝင်ကြောင်း သိရသည်။

ဖေဖေါ်ဝါရီလပိုင်းက ကေအိုင်အိုနှင့် နအဖတို့ နောက်ဆုံး တစ်ခေါက် တွေ့ဆုံခဲ့အပြီး ယခု တွေ့ဆုံမှုသည် ၁၂ ကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ကြောင်း သိရသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

Sunday, March 14, 2010

နိုင်ငံရေး ပါတီ ၇ ဖွဲ့မှတ်ပုံတင်ရန် စောင့်ဆိုင်းနေ

Saturday, 13 March 2010

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို စစ်အစိုးရက ထုတ်ပြန် ကြေညာခဲ့ပြီးနောက် နိုင်ငံရေးပါတီ ၇ ဖွဲ့ခန့်က မှတ်ပုံတင်ရန် အတွက် ပြင်ဆင်ထားကြောင်း ၎င်းပါတီများမှ တာဝန်ရှိသူများက ပြောသည်။

နိုင်ငံရေးပါတီ အသစ်များ မှတ်ပုံတင်ရမည့် နေ့ရက်နှင့် ပတ်သက်ပြီး ယင်း ဥပဒေ က ဖော်ပြထားခြင်း မရှိသေးသော်လည်း အသစ် ဖွဲ့စည်းမည့် နိုင်ငံရေး ပါတီများ အနေဖြင့် ယခုလကုန်ပိုင်းနှင့် ဧပြီလအတွင်း မှတ်ပုံတင်ရန် စီစဉ်ထားသည်ဟု အမျိုးသား နိုင်ငံရေး မဟာမိတ် အဖွဲ့ချုပ်မှ သဘာပတိ အဖွဲ့ဝင် ဦးကြည်ဝင်းက ဧရာဝတီသို့ ပြောသည်။

အမျိုးသား နိုင်ငံရေး မဟာမိတ်အဖွဲ့ချုပ် အပါအ၀င် ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်၊ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း(ကြံဖွံ့)၊ ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ် အဖွဲ့ စသည့် နိုင်ငံရေး ပါတီ ၇ ဖွဲ့ ခန့်က မှတ်ပုံတင်ရန် အစီအစဉ် ရှိကြောင်း ၎င်း ဆိုသည်။

ရန်ကုန်မြို့ရှိ အစိုးရနှင့် နီးစပ်သူတဦးကလည်း ၂၀၁၀ ရွေးကောက်ပွဲ၌ ပါဝင်ရန်အတွက် ကြံ့ဖွံ့ အဖွဲ့က ပါတီ ၃ ခုဖွဲ့စည်းရန် သတင်းများ ထွက်ပေါ်နေသည်ဟု ပြောသည်။

“ကြံ့ဖွံ့က ၃ပါတီ ဖွဲ့မယ်လို့ ကျနော်တို့ကြားတယ်၊ ဒါပေမယ့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည)ကတော့ သူတို့ လှုပ်ရှားမှုတွေကို မတွေ့ရသေးဘူး၊ လွန်ခဲ့တလက လှည်းကူး မြို့နယ်ဘက်မှာ စည်းရုံးရေး ဆင်းနေတာကိုတော့ တွေ့ရတယ်”ဟု ၎င်းက ဆိုသည်။

တစည ပါတီသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ နဝတ စစ်အစိုးရက လွှတ်တော်တွင် အမတ်နေရာ ရရှိရေးအတွက် မဆလ ပါတီ လူဟောင်းများကို အသုံးပြုကာ ရွေးကောက်ပွဲ ဝင်ခဲ့ဖူးသည်။

ဒီမိုကရက်တစ်ပါတီမှ ဒေါ်သန်းသန်းနုက ပါတီမှတ်ပုံတင် ဖြစ်ပါက ယခုလအတွင်း တင်ဖြစ်မည် ဖြစ်ကြောင်း၊ ယခုလက်ရှိ ရွေးကောက်ပွဲ ဥပဒေများကို လေ့လာနေကြောင်း ပြောသည်။

ယင်း ဒီမိုကရက်တစ် ပါတီကို ၀ါရင့် နိုင်ငံရေးသမားကြီး ဦးသုဝေက ပြီးခဲ့သည့်နှစ် စက်တင်ဘာလ အတွင်း၌ ယခင် ပါလီမန် ဒီမိုကရေစီခေတ် ၀န်ကြီးချုပ်များ ဖြစ်ခဲ့သည့် ဦးနု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့၏ သားသမီးများဖြစ်သော ဒေါ်သန်းသန်းနု၊ ဒေါ်ချိုချို ကျော်ငြိမ်းနှင့် ဒေါ်နေရီဗဆွေ တို့ဖြင့် ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်သည်။

ပါတီ မှတ်ပုံတင်ရန် အတွက် ဗဟိုဦးစီး အဖွဲ့ဝင်များနှင့် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များ မကြာခင် ရက်ပိုင်းက အစည်းအဝေး ပြုလုပ်၍ ၈၈ မျိုးဆက်ကျောင်းသား လူငယ်များ ပြည်ထောင်စု မြန်မာနိုင်ငံနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ် ပါတီ နာမည်များဖြင့် တင်ရန် စီစဉ်ထားသည်ဟု ၎င်းအဖွဲ့များ၏ ခေါင်းဆောင် ကိုအေးလွင်က ဆိုသည်။

“ပါတီ အလံကျတော့ ကျနော်တို့က ဒီ ၈၈ မျိုးဆက်ကျောင်းသား လူငယ်များ ပြည်ထောင်စု မြန်မာနိုင်ငံ အတွက် ခွပ်ဒေါင်း အလံကို သုံးတယ်၊ နောက်ခံ အနီရောင်၊ ပါတီ တံဆိပ် အနေနဲ့ကတော့ ခွပ်ဒေါင်း တခုအနေနဲ့ပဲ သုံးတယ်၊ နောက်တခါ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ် အလံကတော့ အပေါ်က အ၀ါ၊ အလည်က အစိမ်း၊ အောက်က အနီလေ သုံးရောင်ချယ်၊ ပါတီ တံဆိပ် အနေနဲ့ကတော့ အစိမ်းရောင်နဲ့ အဲဒီ ကဒေါင်းလေးကိုပဲ သုံးလိုက်တယ်”ဟု ၎င်းက ရှင်းပြသည်။

ထိုသို့ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသူများရှိနေသော်လည်း အဓိက နိုင်ငံရေး ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့သော တိုင်းရင်းသား ပါတီ တချို့က ရွေးကောက်ပွဲ ၀င်ရန် ဆန္ဒမရှိ ဖြစ်နေကြောင်းလည်း သိရသည်။

ဥပဒေတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အရ တည်ရှိနေသော ပါတီများသည် ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားရန် ပျက်ကွက်ပါက နိုင်ငံရေးပါတီ အဖြစ်မှ အလိုအလျောက် ပျက်ပြယ်သွားမည်ဟု ပါရှိသည်။

Ref: ဧရာဝတီ်

Read More...

အန်အယ်ဒီအတွက် ထောင်ချောက်သတိ

သောကြာနေ့၊ မတ်လ ၁၂ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမသတင်းဌာန)။ ။ ၂၀၁၀ ရွေးကောက်ပွဲ အတွက် ရွေးကောက်ပွဲ ဥပဒေ ထွက်လာချိန်တွင် ဥပဒေအပေါ် သုံးသပ်ချက်နှင့် လွန်ခဲ့သော နှစ် ၅၀ ကျော်ကာလ ပါလီမန် ဒီမိုကရေစီ ခေတ်ကာလနှင့် ခြားနားမှု သုံးသပ်ချက်များကို မြန်မာ့နိုင်ငံရေး ခေတ်အဆက်ဆက် ဖြတ်သန်း လာခဲ့သော ၀ါရင့် နိုင်ငံရေးသမားကြီး နှစ်ဦးကို မေးမြန်းထားပါသည်။

အယူဝါဒမတူသူ သူတို့နှစ်ဦးအနက် လက်ရှိအချိန်တွင် ပထမ တဦးက ပြည်တွင်းမှာ၊ ကျန်တဦးက ပြည်ပမှာ နေထိုင်နေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရုံးများကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးခြင်းသည် ထောင်ချောက် ဖြစ်နိုင်သည်ဟု သတိ ပေးလိုက်သူက ဗမာပြည် ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သည်။

သခင် ချန်ထွန်း
မေး။ စစ်အစိုးရက ထုတ်ပြန်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥပဒေနဲ့ ပတ်သက်ပြီး ဘယ်လို မြင်ပါသလဲ။

''အဲဒါနဲ့ ပတ်သက်ပြီး စိတ်မဝင်စားလို့ မဖတ်မိဘူး။ ဒါကတော့ သူကြိုက်သလို ရေးမှာပဲ၊ သူထည့်ချင်သလို ရေးမှာပဲ၊ သူကြိုက်သလို လုပ်မှာပဲဆိုတော့ လူထုတရပ်လုံးက ကြိုက်တဲ့ဟာတော့ မဖြစ်နိုင်ဘူး။ ဖြစ်စေချင်တဲ့ သဘောထားတော့ မဖြစ်နိုင်ဘူး။ လက်ရှိ နိုင်ငံရေး ပါတီတွေက လက်ခံနိုင်မယ့် ဟာတော့ မဟုတ်နိုင်ဘူး။ သူတို့ ဥပဒေနဲ့ သူတို့ ကြိုက်သလို လုပ်နေတာပဲ။ တပ်မတော်က အလိုလိုကို နေရာပါရမယ် ဆိုပြီးတော့ အခြေခံ ဥပဒေမှာကိုက ရှိနေတော့ ဒါက ဒီမိုကရေစီနဲ့ တခြားစီ ဖြစ်နေတယ်''

''စစ်အစိုးရက အလိုအလျောက် နေရာက ရနေတယ်။ ရွေးကောက်ပွဲမှာလည်း ကြံ့ခိုင်ရေးတို့ ဘာတို့က နာမည် အမျိုးမျိုးနဲ့ ဝင်ရွေးတာတို့၊ တစညတို့ ဘာတို့က စည်းရုံးရေးဆင်းပြီး ဝင်ရွေးတာတို့ လုပ်မှာပေါ့ဗျာ။ အသစ် ဖွဲ့စည်းဖို့ စောင့်နေတဲ့ ပါတီတွေလည်း ရှိနေတယ်''

မေး။ ၂၀၁၀ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေထဲမှာပါတဲ့ ပုဒ်မတွေထဲက ပုဒ်မ ၆ နဲ့ ပုဒ်မ ၁ဝ မှာပါတဲ့ အချက်တွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လို ပြောချင်ပါသလဲ။

''ဒေါ်အောင်ဆန်းစုကြည်ကို မပါစေချင်တဲ့သဘော ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာမှာ လွှတ်လာမယ် ဆိုတော့ စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲကို ဧပြီ၊ မေ၊ ဇွန် တလလမှာ လုပ်လိုက်လို့ ရှိရင် ဝင်ရောက် အရွေးခံပိုင်ခွင့် မရှိတော့ဘူး။ ဒါကတော့ အာဏာရှိနေတဲ့ သူဆိုတော့ သူတို့ ကြိုက်သလို ရေးဆွဲမှာပဲ။ ဒီမိုကရေစီ အစိုးရမှာ မဟုတ်ဘဲနဲ့၊ ရွေးကောက်ပွဲက တက်လာတဲ့ အစိုးရမှာ မဟုတ်ဘဲနဲ့၊ အာဏာသိမ်း အစိုးရ ဆိုတော့ ဥပဒေကို သူကြိုက်သလို သူရေးဆွဲမှာပဲ။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သူတို့ လုပ်မှာကတော့ သေချာတယ်။ ရွေးကောက်ပွဲကို ကန့်ကွက်တဲ့ သူတွေကလည်း ကန့်ကွက်ပြီး၊ မဝင်ဘဲ နေကြသလို၊ တခြား ပါတီအသစ်တွေ ထောင်ပြီးတော့ ဝင်ကြမယ့် ပါတီတွေလည်း ရှိနေတယ်''

မေး။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေထဲမှာပါတဲ့ အခန်း၂ ပုဒ်မ တွေထဲက ပုဒ်မ ၆ အရ ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေကို ထိန်းသိမ်း စောင့်ရှောက်ဖို့ ဆိုထားတဲ့ အချက်ကိုရော။

''အဲဒီပုဒ်မတွေအရဆိုရင် နိုင်ငံရေးကို တက်တက်ကြွကြွလုပ်ပြီး၊ အဖမ်းခံနေရတဲ့ ကျောင်းသား ခေါင်းဆောင်တွေနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ ပါဝင်ခွင့် မရအောင် လုပ်ထားတယ်''

မေး။ ရွေးကောက်ပွဲ အတော်များများ မီခဲ့တယ်ဆိုတော့ အခုကျင်းပမယ့် ရွေးကောက်ပွဲနဲ့ အရင်တုန်းက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေ ဘယ်လို ကွာခြားလဲ ခင်ဗျ။

''ဖဆပလ ခေတ် ဒီမိုကရေစီ ကျင့်သုံးတဲ့ အစိုးရ လက်ထပ်တုန်းက ရွေးကောက်ပွဲ လုပ်တာတွေ ရှိတယ်။ ၁၉၅၂ ခုနှစ်၊ ၁၉၅၆ ခုနှစ်နဲ့ ၁၉၆ဝ ခုနှစ်မှာ လွတ်လပ်စွာ ဟောပြော၊ ဆွေးနွေး၊ စည်းရုံးပြီးတော့ မဲတောင်းကြတယ်။ မဲတောင်းပြီးတော့ အာဏာကို လွှဲပြောင်းရေးတွေ လုပ်ဆောင်ခဲ့ကြတယ်။ အခုကျတော့ ဒီမိုကရေစီနည်းအရ မဟုတ်ဘဲ ဘာလုပ်မှာ၊ ဘယ်လိုဖြစ်မှာဆိုတဲ့ သဘောမျိုးတွေ၊ အကန့်အသတ်တွေ ရှိတယ်။ အမှန်ကတော့ ဒီမိုကရေစီ အစိုးရဆိုရင် ဒီမိုကရေစီကို အပြည့်အဝပေးပြီး ရွေးကောက်ပွဲ လုပ်သင့်တယ်။ အခု ကြေညာချက်တွေ ထောင်ကျနေရင် မဝင်ရဘူး၊ အဖမ်းခံရရင် မဲပေးလို့ မရဘူး။ အရွေးမခံဘူး ဆိုတာတို့ ပါနေတယ်။ ဖဆပလ လက်ထက်တုန်းက ပမညတ က အမတ်တွေက ထောင်ကျနေတယ်။ ဒါပေမဲ့ သူတို့ကို လွှတ်တော်မှာ လာပြီးတော့ လွှတ်တော်တက်ခွင့် ပြုတာတွေ ရှိတယ်။ အခုဟာက ထောင်ကျရင် အလိုလို အရွေးခံခွင့်တို့၊ မဲပေးခွင့်တို့ မရတော့တဲ့ သဘော ရှိနေတယ်။ အဲဒီအတွက် ပြည်သူလူထု အနေနဲ့ စဉ်းစားပြီး ဆောင်ရွက်ဖို့ လိုတယ်''



ရဲဘော် ဖိုးသံချောင်း
ပြောရေးဆိုခွင့်ရှိသူ (ဗမာပြည် ကွန်မြူနစ်ပါတီ)

မေး။ စစ်အစိုးရက ထုတ်ပြန်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေနဲ့ ပတ်သက်လို့ ဗမာပြည် ကွန်မြူနစ် ပါတီ အနေနဲ့ ဘယ်လို မြင်ပါသလဲခင်ဗျ။

''နအဖ က သူ့ရဲ့ ရွေးကောက်ပွဲ ဥပဒေကို တခုပြီးတခု ထုတ်လာတယ်။ ထုတ်လာတဲ့ ဟာတွေက ပစ်မှတ်တခုကို ဦးတည်ပြီးတော့ ပစ်တဲ့ သဘောကို တွေ့မြင်ရပါတယ်။ နအဖ ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောထားတဲ့ ဟာတွေ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်သန်းရွှေဆီ ပေးထားတဲ့ စာ၊ နောက်ပြီးတော့ အမျိုးသား ဒီမိုကရေအဖွဲ့ချုပ်က ထုတ်ပြန်ထားတဲ့ ရွှေဂုံတိုင် ကြေညာချက်၊ အဲဒီနှစ်ခုကို နအဖ က လုံးဝ လက်မခံဘူး၊ ပယ်ချ လိုက်တယ်လို့ ကြေညာလိုက်တဲ့ အဓိပ္ပာယ် ဆောင်တယ်။ ဒီဥပဒေတွေနဲ့ ပတ်သက်ပြီးတော့ ပြည်တွင်းမှာ ရှိတဲ့၊ ပြည်ပမှာ ရှိတဲ့ နိုင်ငံခြား အင်အားစု နှစ်စုမှာ ပြောကြတဲ့ ဟာတွေ၊ ဥပဒေနဲ့ ပတ်သက်ပြီး ပြောကြတဲ့ သူတွေက တော်တော်လေးကို စုံနေပါပြီ။ ကျနော်တို့ အနေနဲ့ ဖြည့်ပြီး ပြောစရာ မရှိတော့ပါဘူး''

''ဒါပေမဲ့ ကျနော်တို့ ပြောချင်တာ၊ ဖြည့်ချင်တာလေးတခုကတော့ ကျနော်တို့အားလုံး သတိရှိကြဖို့ ပြောချင်တာပါ။ နအဖ ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးတွေ ဖွင့်ပေးပြီ ဆိုတာကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရုံးတွေ ဖွင့်ကြ၊ အလုပ်တွေ လုပ်ကြဆိုတာက ကောင်းတဲ့ ကိစ္စပါ။ နအဖ က ဖွင့်ပေးတယ် ဆိုတာ ထောင်ချောက်တွေ ရှိနိုင်ပါတယ်။ ကျနော်တို့ အတွေ့အကြုံအရ - ၁၉၄၈ ခုနှစ်မှာ ကျနော်တို့ ပါတီကို ချေမှုန်းမယ် လုပ်တဲ့အခါမှာ၊ အင်္ဂလိပ် ချန်ထားခဲ့တဲ့ မှတ်တမ်းကို ကိုင်ပြီးတော့ ကွန်မြူနစ်ပါတီက တက်ကြွတဲ့ လူတွေ လိုက်ဖမ်းပြီးတော့ ပါတီကို နှိမ်နှင်းတာပါ။ နယ်တွေမှာ ရှိတဲ့ ကွန်မြူနစ် ပါတီဝင်တွေ အများကြီး အဖမ်းခံရတယ်။ အခုလည်းပဲ NLD ကို ထပ်ချေမှုန်းရေး အတွက် နအဖ ဟာ NLD ထဲမှာ ဘယ်သူတွေ တက်ကြွနေတယ်၊ ဘယ်သူတွေက ထိုင်သွားပြီးတော့ ရှင်းအောင်လုပ်တဲ့ ထောင်ချောက်တွေကို ထောင်နေတာ ဖြစ်နိုင်တယ်။ အဲဒါကို ကျနော်တို့ အားလုံး သတိပြုကြပါ။ NLD တခုထဲကို ပြောတာ မဟုတ်ဘူး၊ ကျန်တဲ့ နိုင်ငံရေး အင်အားစုတွေရောကို ကျနော်တို့ ပါတီရဲ့ အတွေ့အကြုံအရ သင်္ခန်းစာကို ဝေငှတဲ့ သဘော ပြောချင်ပါတယ်''

မေး။ ၂၀၁၀ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေထဲမှာပါတဲ့ ပုဒ်မတွေထဲက ပုဒ်မ ၆ နဲ့ ပုဒ်မ ၁ဝ မှာပါတဲ့ အချက်တွေနဲ့ ပတ်သက်ပြီးတော့ သဘောထားလေး ပြောပြပေးပါခင်ဗျ။

''သူများတွေ ပြောသွားတာ စုံပါတယ်။ ကျနော်တို့က သူတို့နဲ့ အမြင် တူပါတယ်၊ သဘောထား တူပါတယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ နအဖ အစိုးရက လုပ်တာ ဖြစ်တယ်။ ပစ်မှတ်ရှိရှိနဲ့ ဒီဥပဒေကို ထုတ်တာ ဖြစ်တယ်။ အဖွဲ့အစည်းတခု၊ လူပုဂ္ဂိုလ် တဦးတယောက်ကို တိုက်ရိုက် ချိန်ရွယ်ပြီးတော့ ပစ်နေတာ ဖြစ်တယ်။ နာမည်ကို မခံဘဲနဲ့ ချိန်ပြီးတော့ ပစ်နေတာဖြစ်တယ်။ ဗမာပြည် နိုင်ငံရေးမှာ ထောင်နဲ့ ကင်းလို့ မရဘူး။ နအဖ လုပ်လာတဲ့ တလျှောက်လုံး၊ နအဖ မတိုင်ခင် ဖဆပလ လက်ထပ်တုန်းက စပြီး နိုင်ငံရေးလုပ်တဲ့ သူတွေ၊ ထောင်ထဲ ရောက်ကျတဲ့ သူတွေချည်းပဲ။ ဒီလို ပုဒ်မ တပ်ပြီး နိုင်ငံရေးလုပ်တဲ့ သူတွေ ဘယ်သူမှ ကျန်မှာ မဟုတ်ဘူး။ ဟိုအရင်ကဆိုရင် ထောင်ထဲကနေ ရွေးကောက်ပွဲ ဝင်ပြီးတော့ အရွေးခံတဲ့သူတွေ ကျောင်းသား အမတ်တွေတောင် ပေါ်ခဲ့တာ ဖြစ်တယ်။ ထောင်ထဲကနေ ကျောင်းသား အမတ်တွေက ရွေးကောက်ပွဲကို အရွေးခံတဲ့ အခါမှာ သံယောဇဉ် ဖြစ်ပြီး မဲပေးလို့မို့ အမတ် ဖြစ်လာတာတွေ ရှိတယ်။ အခုခေတ်ကျတော့ ထောင်ထဲနေလို့ အမတ်ဖြစ်ဖို့ နေနေသာသာ နိုင်ငံရေးပါတီကနေ ထုတ်ပစ်ရမယ့် အနေအထား လုပ်ထားတာဟာ နအဖ အနေနဲ့ ဘယ်သူ့ကို ဦးတည်ပြီးတော့ လုပ်တယ်၊ ဘယ် အဖွဲ့အစည်းကို ဦးတည်ပြီး လုပ်တယ် ဆိုတာ သိပ်ရှင်းတယ်''

Ref: မဇ္ဈိမ

Read More...

အပေါ်သို့