..............................

Wednesday, February 17, 2010

ဂုဏ်ပြောင်တဲ့ အလုပ်သမားသပိတ်ကို ဝန်းရံကြ

ရဲဘော်ဖိုးသံချောင်း
၁၆/ ဖေဖော်ဝါရီ ၂၀၁၀

ရန်ကုန် လှိုင်သာယာစက်မှုဇုန်မှာ အလုပ်သမားသပိတ်တွေ တနေရာပြီးတနေရာ ဆက်ကာဆက်ကာ ပေါ်ထွက်လာနေတယ်။
တန့်သွားမယ့်သဘော မရှိသေးပါဘူး။ ကျယ်ပြန့် လာနေတယ်လို့တောင် ဆိုရမလိုပါပဲ။

တိုက်ဆိုင်လှပါတယ်။

နအဖစစ်အစိုးရက ရွေးကောက်ပွဲအတွက် သူတို့တွင်းမှာ နေရာအတွက် ခွက်စောင်း ခုတ်နေကြချိန်၊ နောက်အစိုးရ လက်ကို
ပြောင်းမပေးမီ ဒင်းတို့တတွေ နိုင်ငံပိုင် ပစ္စည်းတွေကို တိုက်ရာပါပစ္စည်း ခွဲသလို ခွဲနေကြချိန်၊ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး
ကိုယ်စားလှယ် တောမတ်စ် ကင်တားနား မြန်မာပြည်ကို ရောက်နေချိန်၊ နအဖကို ဖားနေတဲ့လူတွေ လျှာကုန် လက်ပန်း ကျနေချိန်၊
ပြည်သူ လူထုကြီးဟာ ကိုယ့်ဘက်က လှုပ်ရှားမှု၊ အနည်းဆုံး တခုခုကို မြင်လိုလှနေချိန်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အသည်းနှလုံး၊ အလုပ်သမား လူတန်းစားရဲ့ ဗဟို ဌာနချုပ်တည်ရှိရာ မဟာရန်ကုန်မှာ အလုပ်သမတွေဟာ လက်သီး လက်မောင်းတန်း နေကြပါတယ်။

တဆက်တည်းပြောသင့်တဲ့ တိုက်ဆိုင်မှုကတော့ ၁၉၇၄ ခုနှစ်က ပြည်လုံးကျွတ် အလုပ်သမား သပိတ်ကြီးကို ပြန် သတိရစေတယ်
ဆိုတာပါပဲ။ မဆလစစ်အစိုးရက သူတို့ရဲ့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကြေညာလိုက်တော့ ဥပဒေဘောင် အတွင်းမှာ ရှိတဲ့ မဆလအစိုးရရဲ့ သဘောတူညီချက်နဲ့ ဖွဲ့စည်းထားတဲ့ ကောင်စီမျိုးစုံနဲ့ မီဒီယာ ပေါင်းစုံတို့က ခြိမ့်ခြိမ့်သဲ ထောက်ခံခဲ့ကြ ပါတယ်။ ဘယ်သူကမှ ဆန့်ကျင်ကြောင်း၊ သဘော မတူညီကြောင်း မပြောနိုင်ကြတဲ့ အချိန်ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ မြစ်ငယ် မီးရထားစက်ရုံက စလိုက်တဲ့ အလုပ်သမား သပိတ်တွေဟာ တပြည်လုံးအနှံ့ကနေ မဆလ တဖက်သတ် အတည်ပြုထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သဘောမတူ၊ လက်မခံကြောင်း ပြတ်ပြတ်သားသား၊ ပြက်ပြက်ထင်ထင် ဖော်ပြ လိုက်ကြပါတယ်။ အခုလည်းပဲ နအဖစစ်အစိုးရက သူတို့ရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရွေးကောက်ပွဲက တဆင့် အကောင်အထည် ဖော်ဖို့ လုပ်နေတဲ့အချိန်မှာ ပြည်သူလူထုကို ဘယ်တော့မှ သစ္စာမဖောက်တဲ့ အလုပ်သမား လူတန်းစားဟာ တခါ ထရပ်ပြလိုက်ကြ ပြန်ပါပြီ။ ပြည်သူလူထုကြီး တရပ်လုံးရဲ့ ကိုယ်စားပါ။

တကယ်က မြန်မာပြည်ထဲကို ဒီလို ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်သွင်းယူလာတဲ့ နအဖ စစ်ဗိုလ်ချုပ်တွေဟာ အလုပ်
သမားတွေရဲ့ အရေးကို ဘယ်တုန်းကမှ ထည့်မစဉ်းစား ခဲ့ပါဘူး။ သူတို့အတွက် ဘာစားကွက်ရှိမလဲ၊ ဘယ်လို အကျိုးခံစားရမလဲ ဆိုတာလောက်ကိုသာ စဉ်းစားပြီး ခေါ်သွင်း လာတာဖြစ်ပါတယ်။ ဒီစက်ရုံ၊ အလုပ်ရုံတွေ တည်ဆောက်ဖို့ စာချုပ်တွေ ချုပ်ဆိုရာမှာ အလုပ်သမား အခွင့်အရေး၊ အလုပ်ခွင် သာယာပြည့်စုံရေး၊ အန္တရာယ် ကင်းစင်ရေး၊ သက်ဆိုင်ရာက ပုံမှန် ဝင်ရောက်စစ်ဆေးရေး စတဲ့အချက်တွေကို သာမန်ကာ လျှံကာ လောက်သာ ထည့်သွင်းလေ့ရှိပါတယ်။ သတ္တုမိုင်းတွေမှာတောင် သာမန်ဟန်ပြ စည်းကမ်းချက်လောက် ထားရှိတာပါ။ မဆလစစ်အစိုးရ လက်ထက်တုန်းကတော့ မဆလအစိုးရဟာ သူတို့ ပြည်သူပိုင် မသိမ်းချင်တာနဲ့ ကျန်ကောင်းလို့ကျန်တဲ့ ပုဂ္ဂလိကလုပ်ငန်းတွေမှာ သူတို့ရဲ့ လုပ်သားကောင်စီ ဆိုတာတွေကတဆင့် အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေကို ရန်တိုက်ပေးတဲ့အခါမှာ ၁၉၂၄ ခုနှစ်က အလုပ်သမား ဥပဒေဆိုတာနဲ့ အလုပ်သမားဥပဒေ တလှေကြီးကို ကိုးကားပြီး လုပ်ငန်းရှင်တွေကို အနိုင်ကျင့်လေ့ရှိပါတယ်။ (၁)နေ့ အလုပ်ချိန် ဘယ်နှနာရီ၊ (၁) ပတ် ဘယ်နှနာရီထက် မကျော်လွန်ရ ဆိုတာတွေကိုလည်း ပြင်းပြင်းထန်ထန်၊ တိတိကျကျ တောင်းဆိုပါတယ်။ အဲဒီတုန်းက သူတို့အဖို့မှာ အဲဒီအလုပ်ရှင်တွေဟာ သူတို့ရဲ့ အကြီးဆုံးရန်သူ၊ ဗမာပြည်မှာ အဆိုးဆုံး သွေးစုပ်သူတွေလို့ သတ်မှတ်ထားတာကိုး။ အခုတော့ နအဖဟာ သူတို့ပင့်လာတဲ့ နိုင်ငံခြားက အရင်းရှင်တွေကို အစစ အခွင့်အရေးတွေပေး၊ အလုပ်သမားတွေကို အချိန် အကန့်အသတ် မရှိ၊ အလုပ်ရက် အကန့်အသတ်မရှိခိုင်း၊ သွေးစုပ် နေတာတွေကိုတော့ လက်ပိုက် ကြည့်နေကြပါတယ်။ မနက် (၇) နာရီကနေ ည (၁၁) နာရီ၊ နေ့လယ် (၁) နာရီနား၊ တနေ့ (၁၅) နာရီ အလုပ်ချိန်ဆိုတာ ဒီနေ့ ခေတ်ကမ္ဘာမှာ ရှာမှရှားပါ။ ကျွဲတွေ နွားတွေကိုသာ ဒီနှုန်းနဲ့ခိုင်းရင် အစောကြီး သေကုန်ကြမှာပါ။ ဒါပေမယ့် နအဖခေတ်မှာတော့ ဒါဟာ လုပ်ရိုး လုပ်စဉ် တရားတခုတောင် ဖြစ်နေပါတယ်။

အခုအခါ ဗမာပြည်တွင်းမှာ လုပ်ငန်းရှင်ချင်းအတူတူ နအဖနဲ့ သူတို့ အသိုင်းအဝိုင်းက လူတွေပိုင်တဲ့ စက်ရုံတွေ (သူများ နာမည်တွေနဲ့ ထားတာ၊ အများစုက ပြည်ပနဲ့ ဖက်စပ်တွေ)၊ လုပ်ငန်းတွေကိုကျတော့ အခွန်အပါအဝင် အထူးအခွင့်အရေးတွေ အမြောက်အမြား ခံစားခွင့်ပေးထားပြီး တခြားစက်ရုံတွေ လုပ်ငန်းတွေကိုတော့ အခွန်အမျိုးမျိုး၊ ကန့်သတ်ချက် အမျိုးမျိုးနဲ့ ဖိနှိပ်ထားပါတယ်။ ဒါကြောင့် ဒီတိုင်းပြည်မှာ စီးပွားရေး အခြေအနေကောင်းတဲ့ စက်ရုံလုပ်ငန်းတွေနဲ့ စီးပွားရေး အခြေအနေ မကောင်းဘဲ မသေမရှင် တဲတဲလေး ရပ်တည်နေရတဲ့ စက်ရုံ လုပ်ငန်းရယ်လို့ နှစ်မျိုးနှစ်စား သိသိသာသာ ကွဲနေပါတယ်။ ဘယ်ဟာမျိုးကို ဘယ်လိုလူမျိုးက ပိုင်တယ်ဆိုတာ အထူးမေးနေ၊ ပြောနေစရာ မလိုတော့ပါဘူး။

ဒီတခါ အလုပ်သမားသပိတ်တွေ ပေါ်တယ်ဆိုတော့ နအဖတာဝန်ရှိသူတွေက ကြားကနေ ဝင်ရောက် ဖျန်ဖြေပေးတယ် ဆိုတာ
လုပ်ခဲ့ပါတယ်။ ဒီနေရာမှာ မေးစရာပေါ်လာတာက တကယ်လို့များ သပိတ်တွေဟာ အစိုးရပိုင် လုပ်ငန်းတွေ၊ စက်ရုံတွေမှာ၊ ဒါမှ
မဟုတ် နအဖ ထိပ်သီးတွေနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ၊ စက်ရုံတွေမှာ ပေါ်တယ်ဆိုရင် နအဖက ကြားဝင် ဖျန်ဖြေတယ် ဆိုတဲ့နည်းနဲ့ ဖြေရှင်းပါ့မလားဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။

သေချာတာက ဒီအချိန်မှာ နအဖ အကြမ်းမကိုင်နိုင်ဘူး ဖြစ်နေပါတယ်။ ဦးတင်ဦးကို ပြန်တောင်လွှတ်ပေး နေရတယ် မဟုတ်ပါလား။ လာမယ့် ရွေးကောက်ပွဲ အတွက် သူတို့တွင်း ခြေပုန်းခုတ်တာ၊ အမြီးချင်းလိမ်တာ၊ ချောင်ထိုးတာတွေ လုပ်နေရတဲ့ ကိစ္စတွေက သူတို့အတွက် ပိုအရေးကြီးတယ် ဆိုတာ ငြင်းစရာ မလိုပါဘူး။ ဒီလိုအချိန်မှာ အလုပ်သမား သပိတ်တွေက “သခွတ်ပင်က မီးတကျည်ကျည်” ဖြစ်နေတာမျိုး သူတို့ မတွေ့ချင်ပါဘူး။ ဒါပေမယ့် ဒါကို အကြမ်းဖက် နှိမ်နင်းလိုက်ရင်လည်း သူတို့အတွက် လွယ်လွယ်ကူကူ မပြီးဘဲ ယမ်းပုံထဲ မီးပွား ချလိုက်သလို ဖြစ်သွားရင် သူတို့ရဲ့ ရွေးကောက်ပွဲ အစီအစဉ်တွေ၊ သူတို့ချင်း ထိန်းညှိထားတာတွေ၊ ဝေစုခွဲထားတာတွေ၊ အားလုံး ပိုကမောက်ကမ ဖြစ်ကုန်နိုင်ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်တွေဟာ ထိန်းထိန်းသိမ်းသိမ်း လုပ်နေကြတာဖြစ်ပါတယ်။

ဒီလိုအချိန်အခါကောင်းမှာ ပေါ်လာတဲ့ အလုပ်သမားသပိတ်ကို ပြည်သူလူထုကြီးနဲ့ အတူ အတိုက်အခံ အင်အားစုတွေ (ပြည်
တွင်းပြည်ပ အားလုံး) ဝန်းရံကြဖို့ လိုပါတယ်။ နအဖဟာ ဒီကိစ္စကို တမင်သေးငယ်အောင်၊ သူများတွေ သတိ မထားမိအောင် လုပ်နေချိန်မှာ အာရုံ စိုက်ကြရပါမယ်။ အထောက်အကူ ဖြစ်နိုင်မယ့် လုပ်ငန်းတွေကို ကြံဆ လုပ်ကိုင်ကြရပါမယ်။ ဒါပေမယ့် သူတို့မှာ ဆေးအတွက်ကြောင့် လေးဆိုတာမျိုးတော့ မဖြစ်သင့်ပါ။

Ref: ခေတ်ပြိုင်

Read More...

နယ်ခြားစောင့်ပေါ်လစီ လက်နက်ကိုင် ပဋိပက္ခသို့ ပြန်သွားနိုင်

အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၁၆ ရက် ၂၀၁၀ ခုနှစ်

ဘန်ကောက် ။ ။ မြန်မာစစ်အစိုးရအနေဖြင့် ငြိမ်းအဖွဲ့များ၏ စစ်တပ်များကို မြန်မာ့ တပ်မတော် အောက်သို့ အဓမ္မ သွတ်သွင်းနေမှု မအောင်မြင်လျှင် ပြည်တွင်းစစ် တကျော့ပြန် ဖြစ်ပွားလာနိုင်ဖွယ် ရှိနေကြောင်း ထိပ်တန်း လူ့အခွင့်အရေး အဖွဲ့တခုက ပြောဆိုလိုက်သည်။

အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရေး စစ်အစိုးရက ကြိုးပမ်းနေမှုမှာ ခရီးမတွင်ဘဲ ရှိနေစဉ် အင်အားသုံး လုပ်ဆောင်လာလျှင် ဖြစ်နိုင်ချေနှင့် ပတ်သက်၍ မဇ္ဈိမက မေးမြန်းရာ လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ - AI မှ မြန်မာနိုင်ငံဆိုင်ရာ သုတေသနမှူး Benjamin Zawacki က ''သိပ်ဖြစ်နိုင်တာပေါ့။ ဒါကို နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့လည်း သူတို့ရဲ့ ကိုယ်ကျိုး စီးပွားအနေနဲ့ရော၊ လူ့အခွင့်အရေး ရှုထောင့်က အနေနဲ့ရော အာရုံပြုသင့်တယ်'' ဟု ဖြေကြားခဲ့သည်။

တပ်မတော်မှ ဦးစီးပြီး အင်အားချုံ့ကာ နယ်ခြားစောင့်တပ်အဖြစ် ယခုနှစ်အတွင်း ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ အသွင်ပြောင်းရန် ကြိုးစား နေသော်လည်း ဝ၊ ကချင်၊ ရှမ်းနှင့် မွန်၊ ကိုးကန့် တိုင်းရင်းသားများ ထဲမှ ငြိမ်းအဖွဲ့များက လက်မခံဘဲ ပယ်ချထားသည်။

အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်စဉ်က နောင်တက်လာသော အရပ်သား အစိုးရလက်ထက်တွင် နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန်ဟု ကတိစကား ရှိထားခဲ့သော်လည်း ကိုးကန့်အဖွဲ့ တခုဖြစ်သော မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်က နယ်ခြားစောင့် အဖြစ် တပ်ကို မဖျက်သိမ်းလိုသော အခါ တိုက်ခိုက်ချေမှုန်းခြင်း ခံခဲ့ရသည်။

''ဒီပေါ်လစီက အပစ်ရပ်အဖွဲ့တွေကို အခက်တွေ့စေတယ်။ အစိုးရတောင်းဆိုသလို လိုက်လုပ်ရမှာလား၊ ဒါမှမဟုတ် ရွေးကောက်ပွဲ အကြိုကာလ ဖိနှိပ်ရမ်းကားမှု အဆိုးဆုံးတခုအပေါ်ကနေ အခွင့်လမ်းကောင်း ဖြစ်နိုင်မလားပေါ့။ တကယ်လို့များ သိပ်ပြီး တွန်းလာရင်တော့ စစ်ပွဲ ပဋိပက္ခတွေကို ပြန်ဖြစ်လာစေဖို့ ဖြစ်လာနိုင်တယ်'' ဟု Benjamin Zawacki က ပြောသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူနည်းစု တက်ကြွလှုပ်ရှားသူများအပေါ် ဖိနှိပ်ရမ်းကားမှု ဆိုသော စာမျက်နှာ ၆၆ ရှိ အစီရင်ခံစာတခု ယနေ့ ဖြန့်ချိလိုက်သည်။

၂ဝဝ၇ ခုနှစ် သြဂုတ်လကတည်းက စတင်ခဲ့သော ၂ နှစ်တာ သုတေသနပြုလုပ်ပြီး တက်ကြွလှုပ်ရှားသူ ၇ဝဝ ကျော် တွေ့ဆုံမေးမြန်း ပြုစုထားသည်ဆိုသော AI ၏ အစီရင်ခံစာထဲတွင် ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်မှု၊ တရားမျှတမှု ကင်းမဲ့သော တရားခွင်များ၊ ထောင်သွင်းအကျဉ်းချ နှိပ်စက်မှုပြုလုပ်မှုများအကြောင်း ပါရှိသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားပေါင်း ၁၃၅ မျိုး ရှိသည်ဟု အစိုးရက ထုတ်ပြန်ထားသည်။ တိုင်းရင်းသားအဖွဲ့ အတော်များများက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် လက်နက်ကိုင် တော်လှန်နေခဲ့ကြသလို ၁၉၆၂ ခုနှစ်ကတည်းက ပုံစံအမျိုးမျိုးဖြင့် စစ်တပ်အုပ်ချုပ်သော နိုင်ငံတွင် နိုင်ငံရေးသမား လှုပ်ရှားတက်ကြွသူ အများအပြား ပေါ်ထွက်လာသည်။

''တိုင်းရင်းသားအဖွဲ့တွေကို သောင်းကျန်းသူတွေ သို့မဟုတ် ဘိန်းကုန်ကူးသူတွေအဖြစ်ပဲ သမုတ်နေခဲ့ကြတာ'' ဟု AI အစီရင်ခံစာတွင် ရေးသားပါရှိသည်။

''တိုင်းရင်းသား လူနည်းစုတွေဟာ အရေးပါပေမယ့် မြန်မာအတိုက်အခံ နိုင်ငံရေးမှာ တခါတခါမှ အသိမှတ်ပြုကြတာ'' ဟု Benjamin Zawacki က ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အနည်းဆုံး ၁၇ ဖွဲ့ အပစ်ခတ်ရပ်စဲခဲ့သည်ဟု စစ်အစိုးရက ကြေညာထားသော်လည်း အဖွဲ့အချို့မှာ အမည်ခံသာဖြစ်သည်ဟု လေ့လာသူများက ပြောသည်။

ထိုအနက်မှ အဓိကကျသော အင်အား ၂ သောင်းရှိ ဝ' ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) (SSA-North)၊ မိုင်းလားအဖွဲ့ ခေါ် ရှမ်းပြည်အရှေ့ပိုင်းရှိ အထူးဒေသ ၄ ၊ မွန်ပြည်သစ်ပါတီတို့က နိုင်ငံရေးအာမခံချက် မရှိမချင်း လက်နက်ကိုင်တပ်ကိုစွန့်ရန် ငြင်းပယ်ထားကြသည်။

တိုင်းရင်းသားပြည်နယ် ၇ ပြည်နယ်စလုံးတွင် စစ်အစိုးရ၏ အတိုက်အခံများနှင့် တက်ကြွ လှုပ်ရှားသူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု ရှိနေသော်လည်း အဖွဲ့အနေဖြင့် အများဆုံး စာရင်းကောက်ယူရရှိမှုမှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားသည့် အမှုကိစ္စဖြစ်သည်ဟု Benjamin Zawacki က မဇ္ဈိမကို ဖြေကြားသည်။

AI က အစီရင်ခံစာ ထုတ်ပြန်ချိန်သည် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန် သောမတ်စ် အိုဂျေး ကွင်တားနားက မြန်မာပြည်အနောက်ဘက်ခြမ်း ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးရှိ စစ်အစိုးရက ဖိနှိပ်ရမ်းကားမှုခံရသော ရိုဟင်ဂျာများ နေထိုင်ရာဒေသကို သွားရောက်နေချိန်လည်း ဖြစ်သည်။

''နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော်ရှိနေတဲ့၊ အတိုက်အခံတွေကို ဖိနှိပ်ရမ်းကားနေတဲ့ မြန်မာနိုင်ငံမှာ ကျင်းပလုပ်မယ့် ရွေးကောက်ပွဲကတော့ ယုံကြည်ကိုးစားမှုရမှာတော့ မဟုတ်ဘူး'' ဟု Benjamin Zawacki က ပြောသည်။

Ref: မဇ္ဈိမ

Read More...

Tuesday, February 16, 2010

အမေရိကန်ကူလျှင် အပစ်ရပ်တပ်ဖွဲ့အားလုံးကို ရှင်းနိုင်မည်ဟု သျှမ်းပြည် တိုင်းချုပ်ပြော

တနင်္လာနေ့၊ 15 ဖေဖော်ဝါရီလ 2010

ဖေဖေါ်ဝါရီ ၁၄ ရက် တြိဂံစစ်တိုင်းရုံး တပ်တွင်းအရာရှိ အစည်းအဝေး၌ ဒုတိယ ဗိုလ်ချုပ်မင်းအောင်လှိုင် က‘အမေရိကန် ကူလျှင် အပစ်ရပ်များအား ချက်ချင်း ရှင်းပစ်နိုင်သည်’ - ဟု ပြောကြောင်း စုံစမ်း သိရှိရပါသည်။

“မနေ့တုန်းက ရဟတ်ယာဉ်နဲ့ ကျိုင်းတုံကို ရောက်လာတယ်။ မနက် ၁၀ နာရီကနေ ၁၁ နာရီကျော် အထိ အစည်းအဝေး လုပ်တယ်။ တိုင်းချုပ်ကြီးက‘ ဗမာ့ တပ်မတော်ကို အာခံနေတာ ၀ ၊ ကေအိုင်အို နဲ့ မိုင်းလား။ သူတို့က တရုတ်အတွက် ခြံစည်းရိုး ဖြစ်နေတော့ အမေရိကန်ကူမှ ရမယ်’ လို့ ပြောသွားတယ်” - ဟု ကျိုင်းတုံ တပ်တွင်း အရာရှိနှင့် ရင်းနှီးသူ တဦးက ပြောပါသည်။

အစည်းအဝေးတွင် တိုင်းချုပ်ကြီးက-
၁။ အပစ်ရပ် ၀ ၊ ကေအိုင်အို၊ မိုင်းလား တပ်ဖွဲ့တို့သည် တပ်မတော်ကို အာခံနေကြောင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းဝယ် မှုကြောင့် သူတို့ကို အမေရိကန်က အလိုရှိနေကြောင်း၊ အမေရိကန်သာ ကူညီပါက ၎င်းတို့အား လွယ်လွယ် နှင့် ရှင်းလင်း သုတ်သင်နိုင်ကြောင်း၊

(၂) တရုတ်ပြည်က အဆိုပါ အပစ်ရပ်များအား နယ်ခြား ခြံစည်းရိုး အဖြစ် အသုံးပြုနေသဖြင့် ဗမာ့ တပ်မတော်၏ စေတနာကို နားလည်ပြီး ဥပဒေဘောင် အတွင်း ၀င်ရောက် လာစေရန် နိုင်ငံတော် အကြီးအကဲများက အနုနည်းနှင့် စည်းရုံးသိမ်းသွင်း နေကြောင်း၊

(၃) လာမည့်ရွေးကောက်ပွဲတွင်လည်း နိုင်ငံတော် ဖွံ့ဖြိုးရေး၌ ကူညီသည့် အဖွဲ့အစည်းများအား ထောက်ခံမဲ ထည့်ပေးရန် အလွန်ပင် အရေးကြီးကြောင်း၊ တိုင်းပြည် နေ့စဉ်နှင့်အမျှ ဖွံ့ဖြိုး လာသောကြောင့် နေရာဒေသမရွေး နေ့ချင်းပေါက် သွားရောက်နိုင်ကြောင်း စသဖြင့် ထည့်သွင်း ပြောကြားသွားသည်ဟု အဆိုပါပုဂ္ဂိုလ်က ဆက်ရှင်း ပြပါသည်။

“ဒု ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က အဆင့် ပိုမြင့်လာတယ်ထင်တယ်။ အရင်က သူတယောက်ထဲ ရယာဉ်နဲ့ ခရီး မသွားစဖူး- အခု ရွေးကောက်ပွဲ အတွက်၊ အပစ်ရပ်တွေကို ရှင်းပစ်ဖို့၊ အခွင့်အာဏာ ပိုရလာပြီးတော့ သြ၀ါဒပေးဖို့ သက်သက် နေ့ချင်း ပြန်လာ သွားတယ်” - ဟု တိုင်းရုံး အရာရှိတဦးက ဆိုကြောင်း အဆိုပါပုဂ္ဂိုလ်က ပြန်လည် ပြောပြ၏။

ဒုတိယ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်သည် သျှမ်းပြည် စစ်တိုင်းချုပ် - အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ)၊ အရှေ့မြောက် ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) နှင့် ကျိုင်းတုံ အခြေစိုက် တြိဂံတိုင်း စစ်ဌာနချုပ် အပြင် ရပခ တိုင်း လက်အောက်ခံ ကရင်နီပြည်(ကယား) ကိုပါ ပူးတွဲ တာဝန်ယူသူ ယခင် တြိဂံတိုင်းမှူး ဖြစ်သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

နအဖ၏ ထပ်မံကမ်းလှမ်းချက် ဝခေါင်းဆောင် ပယ်ချပြန်

ပေါက်ပေါက်/၁၅ ဖေဖော်ဝါရီ ၂ဝ၁ဝ

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝ တပ်ဖွဲ့ ဥက္ကဋ္ဌ ပေါက်ယူချန်းအား ရှမ်းပြည်မြောက်ပိုင်း၊ စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ယခုလ (၁၄) ရက်တွင် လားရှိုးမြို့၌် တွေ့ဆုံရန် ကမ်းလှမ်းမှုအား ဝတပ်ဖွဲ့က ထပ်မံ ပယ်ချလိုက်သည်။

ယခုလ (၁၁) ရက်နေ့က နေပြည်တော်၊ စစ်ဘက်ရေးရာလုံခြုံရေးဌာန (စရဖ) ရုံးချုပ်မှ ဝတပ်ဖွဲ့ထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့ပြီး ယခုလ (၁၄) ရက်တွင် ဝ တပ်ဖွဲ့ ဥက္ကဋ္ဌ ပေါက်ယူချန်း အနေဖြင့် လားရှိုးမြို့သို့ လာရောက်ရန် ကမ်းလှမ်းခဲ့မှုကို ဝ တပ်ဖွဲ့က ပယ်ချခဲ့ခြင်း ဖြစ်သည်ဟု ဝ တပ်ဖွဲ့ ခေါင်းဆောင်များနှင့် နီးစပ်သူ တဦးက ပြောသည်။

၎င်းက “သူတို့ပြောတဲ့နေ့ဟာ တရုတ် နှစ်သစ်ကူးနေ့လည်း ဖြစ်တယ်၊ နောက်တခုက ဥက္ကဋ္ဌက ကျန်းမာရေးလည်း မကောင်းဘူး။ အဲဒါကြောင့် အခုလ (၂ဝ) ရက်နေ့ ပန်ဆန်းကို ဗိုလ်ရဲမြင့် ကိုယ်တိုင်လာဖို့၊ တကယ်လို့ ပန်ဆန်း လာမယ်ဆိုရင် အဆင်သင့် ပြင်ထားမယ်၊ အစစအရာရာ တာဝန်ယူမယ်ဆိုပြီး အကြောင်း ပြန်လိုက်တယ်။ အဲဒါနဲ့ ပတ်သက်လို့ သူတို့ဘက်ကတော့ ဘာမှ အကြောင်း မပြန်လာသေးဘူး” ဟု ပြောသည်။

ယခုကဲ့သို့ ဝ တပ်ဖွဲ့က ငြင်းဆိုမှုအပေါ် နေပြည်တော်၊ စရဖရုံးချုပ်မှ မကျေမနပ် ဖြစ်သွားခဲ့သည်ဟု အဆိုပါ ဝ တပ်ဖွဲ့ ခေါင်းဆောင်များနှင့် နီးစပ်သူက ပြောသည်။

၎င်းက “တရုတ်နှစ်သစ်ကူးက မြန်မာပြည်က ဝ တွေနဲ့ ဘာဆိုင်လို့လဲ။ ပေါက်ယူချန်းက လားရှိုးကိုတော့ မလာနိုင်ဘူး။ တရုတ်ပြည်၊ ကူမင်းတော့ သွားနိုင်တယ်ဆိုပြီး စကားနာ ထိုးသွားတယ်တဲ့။ အမှန်ကတော့ဗျာ တရုတ်နယ်စပ်မှာ ရှိနေတဲ့ အဖွဲ့အစည်း ဆိုတော့ စီးပွားရေး၊ လူမှုရေးအရ ဟိုဘက် ဒီဘက် ကူးလူး ဆက်ဆံရတာ ရှိတယ်။ နှစ်သစ်ကူး ကာလမှာ အပြန်အလှန် လည်ပတ် စားသောက်ကြတာ ရှိတယ်။ ဒါကြောင့် လာမယ့် (၂ဝ) ရက်နေ့မှ လာဖို့ ချိန်းလိုက်တာ။ နယ်ခြားစောင့်တပ် ကိစ္စ ဆွေးနွေးချင်တယ် ဆိုရင် သူကိုယ်တိုင် လာတွေ့လို့ ရတာပဲ။ ဗိုလ်ရဲမြင့် ပန်ဆန်းကို လာဖူးသေးတာပဲ။ (၃) ည လာအိပ်သွားသေး တာပဲ” ဟု ပြောသည်။

ဇန်နဝါရီ (၅) ရက်နှင့် ယခုလ (၆) ရက်ကလည်း လားရှိုးမြို့သို့ လာရောက်ရန် ဝ တပ်ဖွဲ့ဥက္ကဋ္ဌ ပေါက်ယူချန်းအား ကမ်းလှမ်းခဲ့ပြီး ဝ တပ်ဖွဲ့ကမူ ပေါက်ယူချန်း ကျန်းမာရေး မကောင်းသဖြင့် မလာရောက်နိုင်ကြောင်း ငြင်းဆိုခဲ့သည်။

ဥက္ကဋ္ဌ ပေါက်ယူချန်းအား ဆက်တိုက်ဆိုသလို လာရောက်ရန် ကမ်းလှမ်းနေမှုမှာ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိစ္စ ဆွေးနွေးရန်မျိုး မဟုတ်တော့ဘဲ အခြား အကြောင်းများလည်း ရှိနိုင်ကြောင်း စစ်ရေး အကဲခတ်တဦးက ခန့်မှန်းသည်။

၎င်းက “ကိုးကန့်အဖွဲ့က ဖုန်ကျားရှင် မိသားစုကို လားရှိုး ရဲစခန်းက ဆင့်ခေါ်သလိုမျိုး ဝ ကို သွားလုပ်လို့ မရဘူး။ လားရှိုး သွားလိုက်လို့ တကယ်လို့ ပေါက်ယူချန်းကို ဖမ်းထားလိုက်ရင် နအဖ အသာစီးရပြီ။ အမေရိကန်က မူးယစ်ဆေးဝါး ကိစ္စနဲ့ ဝရမ်း ထုတ်ထားတာလည်း ရှိတော့ အမေရိကန်နဲ့ ဆက်ဆံရေး ပြေလည်ချင်လို့ ထိုးအပ်လိုက်ရင် ဘယ်သူတွေက ကန့်ကွက်ကြမလဲ။ ဟိုတချိန် လိုအပ် နေတုန်းကတော့ ဖုန်းကျားရှင်ကို တိုင်းရင်းသား ခေါင်းဆောင်ဆိုပြီး ကင်ပွန်း တပ်ထားရာ ကနေ မလိုအပ်တော့ မူးယစ်ဆေးဝါး တရားခံပြေးဆိုပြီး တံဆိပ် ကပ်ခဲ့သေးတာပဲ။ အခုအချိန်မှာ တိုင်းရင်းသား ခေါင်းဆောင် ဆိုတာမျိုး နအဖက မလိုအပ်လို့လည်း သူတို့အောက်မှာ နယ်ခြားစောင့်တပ် လာလုပ်ခိုင်းနေတာ” ဟု ပြောသည်။

ဝ တပ်ဖွဲ့ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် နအဖက ဖိအားပေးပြောဆို နေပြီး ဝတပ်ဖွဲ့ ဒု-ဥက္ကဋ္ဌ ဦးရှောက်မီလျှံ ဦးဆောင်သည့် ဝ ကိုယ်စားလှယ်များနှင့် နအဖ ကိုယ်စားလှယ်များ အကြား တွေ့ဆုံဆွေးနွေးမှု အကြိမ်ကြိမ် ရှိခဲ့သော်လည်း အဆင် မပြေနိုင်ဘဲ ဖြစ်နေချိန်တွင် ယခုကဲ့သို့ ဝ ခေါင်းဆောင် ပေါက်ယူချန်းအား ဆက်တိုက် ဆိုသလို ကမ်းလှမ်းနေခြင်း ဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

ဒေါ်စုအမှု ကိစ္စ ကွင်တားနား မေးမြန်း

စိုင်းဇွမ်ဆိုင်း
တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၁၅ ရက် ၂၀၁၀ ခုနှစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကွင်တားနားသည် ဒေါ်အောင်ဆန်းစုကြည် အမှုနှင့် ပတ်သက်၍ မေးမြန်းခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးကြည်ဝင်းထံမှ သိရသည်။

သူမ၏ ရှေ့နေများဖြစ်သည့် ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်း၊ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ် တို့နှင့် ကုလ အထူးသံတို့ ရန်ကုန်မြို့ရှိ မြရိပ်ညို ရွိုင်ရယ်ဟိုတယ်၌ ယနေ့မွန်းလွဲ ၃ နာရီမှ ၄နာရီထိ တနာရီကြာ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

“သူကပဲ ကျနော်တို့ကို မေးတာပါပဲ။ ကျနော်တို့က ရှင်းပြရတာပေါ့။ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ အရေးယူ အပြစ်ပေးထားတာတွေ။ ကျနော်တို့ ဘက်က ပြင်ဆင်မှုတို့ အယူခံမှုတို့နဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ရှုထောင့်က သူလေ့လာတာပါပဲ” ဟု ရှေ့နေ ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။

မစ္စတာ ကွင်တားနားသည် မြန်မာနိုင်ငံတွင် ရှေ့နေလိုက်ခွင့်၊ တရားစီရင်ရေးဆိုင်ရာ အချက် အလက်များကိုလည်း မေးမြန်း သွားသည်။

ကုလသမဂ္ဂ အထူးသံသည် မြန်မာနိုင်ငံသို့ ယနေ့နံနက်တွင် ရောက်ရှိခဲ့ပြီး ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ ရုံးမှ တာဝန်ရှိသူများ၊ သံတမန်အဖွဲ့ဝင်များ၊ တရားသူကြီး ဦးသောင်းညွန့်တို့နှင့်လည်း ယနေ့ တွေ့ဆုံခဲ့ကြောင်း ရန်ကုန် ကုလရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။

မစ္စတာ ကွင်တားနားသည် မနက်ဖြန်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ဘူးသီးတောင်သို့ ၂ ရက်ကြာ ထွက်ခွာမည် ဖြစ်ကြောင်းလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရေး တောင်းဆိုထားမှုနှင့် ပတ်သက်၍ ရန်ကုန် ကုလရုံး ပြောခွင့်ရှိသူက “ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ ဆိုတာက ကျနော်တို့ မသိသေးပါဘူး ခင်ဗျာ။ မစ္စတာ ကွင်တားနား တောင်းဆို ထားတာပဲ ရှိပါသေးတယ်။ ဘာမှ တိတိကျကျ ဖြေလို့မရသေးပါဘူး ခင်ဗျာ” ဟု မဇ္ဈိမကို ပြောသည်။

မစ္စတာ ကွင်တားနားသည် ရန်ကုန်မြို့ရှိ သံရုံးများမှ သံတမန်အချို့နှင့် တွေ့ဆုံခဲ့သော်လည်း ဗြိတိန် သံအမတ်ကြီးနှင့် တွေ့ဆုံခဲ့ခြင်း မရှိသေးကြောင်း ရန်ကုန်မြို့ ဗြိတိန်သံရုံးမှ ဒုတိယ အတွင်းရေးမှူး Ms. Jones က ပြောသည်။

“မစ္စတာ ကွင်တားနားဟာ ဗြိတိန်သံအမတ်ကြီးနဲ့ မတွေ့ရသေးပါဘူး။ သူ့ခရီးစဉ်ကနေ ပြန်ရောက်ပြီး ဘန်ကောက်ကို ပြန်မသွားခင်တော့ တွေ့ဖို့ရှိပါတယ်။ ဒါပေမဲ့ ကျမတို့အနေနဲ့ တိတိကျကျ အတည်ပြုချက် တခုကို စောင့်ရဦးမှာပါ” ဟု သူက မဇ္ဈိမကို ပြောသည်။

“သူနဲ့ တွေ့ရရင်တော့ မနှစ်က သူတောင်းဆိုထားတဲ့ အချက်လေးချက်နဲ့ ပတ်သက်ပြီး ကျမတို့ ဆွေးနွေး ဖြစ်ကြပါလိမ့်မယ်” ဟု Ms. Jones ကပင် ဆက်ပြောသည်။

မစ္စတာ ကွင်တားနားသည် မြန်မာစစ်အစိုးရအား အခြေခံ လူ့အခွင့်အရေးများကို ကန့်သတ်ထားသည့် ပြည်တွင်း ဥပဒေများကို ပြန်သုံးသပ်ရန်၊ ရွေးကောက်ပွဲ မတိုင်မီ ထိန်းသိမ်းခံ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်၊ စစ်တပ်အတွင်းတွင် လူ့အခွင့်အရေး အသိပညာပေးရန်၊ လွတ်လပ်သော တရားစီရင်မှုစနစ် ကျင့်သုံးရန် စသည့် အချက် ၄ ချက်ကို ယမန်နှစ်က တောင်းဆိုထားသည်။

သူသည် ယခု ခရီးစဉ်မှ ရရှိလာမည့် အချက်အလက်များအပေါ် အခြေခံ၍ လာမည့်လတွင် ကုလသို့ အစီရင်ခံစာ တင်သွင်းမည်ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

နအဖ ဆက်ဆံရေး အေးကျဲလာ၍ အပစ်ရပ်တပ်ဖွဲ့ ပိုသတိထား

တနင်္လာနေ့၊ 15 ဖေဖော်ဝါရီလ 2010

နအဖ၏ စရဖ ညွှန်ချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်အား သွားရောက်တွေ့ဆုံရန် ၀ ခေါင်းဆောင် ဒုတိယအကြိမ် ငြင်းဆန်ပြီး နောက်ပိုင်း နအဖဘက် ဆက်ဆံရေး နှုတ်ဆိတ် အေးကျဲ လာသောကြောင့် ပိုမို သတိထားမည်၊ ပြင်ဆင်မှု ပိုမို ပြုလုပ်သွားမည် ဟု စုံစမ်း သိရှိရပါသည်။

“သူတို့ဘက်ကတွေ့ဆုံဖို့ ဘာမှ ထပ်ပြောမလာတော့ဘူး၊ သူတို့ငြိမ်နေလေ ပိုသတိထားရလေဘဲ။ ကျနော်တို့ ဘက်ကလဲ ပြင်ဆင်မှုတွေ သတိ ၀ိရိယတွေ ပိုထားရလိမ့်မယ်” - ထိပ်ပိုင်းစစ်ဘက် ၀ အရာရှိတဦးက ပြောပါသည်။

ဖေဖေါ်ဝါရီလဆန်းပိုင်း လားရှိုးစစ်တိုင်းရုံး၌ တွေ့ဆုံရန် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က ၀ နှင့် သျှမ်း အပစ်ရပ်အား ဆင့်ခေါ်ခဲ့၏။ ဗိုလ်ချုပ် လွယ်မောဝ် သွားရောက် တွေ့ဆုံခဲ့သော်လည်း ၀ တို့ကမူ ခေါင်းခါ ငြင်းဆန်ခဲ့၏။ ထိုနောက်ပိုင်း တွေ့ဆုံရန် ထပ်မံပြောဆိုခြင်း မရှိတော့ဘဲ နအဖ စစ်အုပ်စုဘက် ရေငုံ နှုတ်ဆိတ် နေခဲ့ကြောင်း ထို ၀ အရာရှိက သျှမ်းသံတော်ဆင့်သို့ ပြောပြ၏။

“လားရှိုးမှာသွားတွေ့ဖို့ ၀ ခေါင်းဆောင်ပိုင်းက ထပ်ငြင်းပြီး နောက်ပိုင်း တန့်ယန်း အခြေစိုက် ခလရ ၃၃ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ကျော်ကျော်နိုင်က မြောက်ပိုင်း ၀ နယ်နဲ့ မျက်နှာချင်းဆိုင် သံလွင်မြစ် တာ့ဆိုင်းလျဲန် ကူးတို့ဆိပ်၊ တာ့ဆုပ်ဆွေ ကူးတို့ဆိပ် ၂ - ၃ နေရာ သွားစစ်တယ်” - ဟု သျှမ်းအပစ်ရပ် နယ်မြေမှ အမည် မဖေါ်လိုသူ ဒေသခံတဦးက ပြောဆိုသည်။

လားရှိုးတွေ့ဆုံပွဲ၌ အပစ်ရပ် SSA ခေါင်းဆောင် ဗိုလ်ချုပ်လွယ်မောဝ်းအား သတ်မှတ်ထားသည့် ပြည်သူ့စစ် အသွင်ပြောင်း အင်အားစာရင်း ယခုလ နောက်ဆုံး မပေးပို့ပါက အင်အားသုံး တိုက်သင့်က တိုက်မည် ဟု အဓိပ္ပါယ်ပါသော ဗိုလ်ရဲမြင့်၏ လေသံအပေါ် အပစ်ရပ် SSA တပ်မှူးများ ဂရုစိုက် အလေးထားပုံ မရှိဟု SSA အရာရှိတဦးက ဤကဲ့သို့ ပြောပါသည်။

“အသွင်ပြောင်းဖို့ဘယ်သူမှ စိတ်မ၀င်စားဘူး၊ နအဖ က အင်နဲ့ အားနဲ့ ကျူးကျော်လာလဲ ကျနော်တို့ ဘက်က အဆင်သင့်ဘဲ၊ လောလောဆယ် နအဖ သဘောထား မပြောင်းရင် ကျနော်တို့ ဒုဥက္ကဌလဲ မြို့ထဲ ပြန်ဝင်မဲ့ အလားအလာ မရှိဘူး၊ နအဖ လုပ်လေ့ရှိတဲ့ အတိုင်း အပြစ်တွေ လျှောက်ဖို့ပြီး ဖမ်းဆီးမှာစိုးလို့”

အသွင်ပြောင်းရေးမူ နအဖ သဘောထား မပျော့ပြောင်းလျှင် ဒုဥက္ကဌ ဗိုလ်ချုပ်ကိုင်ဖှ လားရှိုးနေအိမ် ပြန်တော့မည် မဟုတ်ကြောင်း၊ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် တွေ့ဆုံစဉ်လည်း သူမပါကြောင်း၊ ထိုအချိန်မှစ၍ ယနေ့တိုင် စစ်ဦးစီးချုပ် ရှိရာ တပ်မဟာ ၁ နယ်မြေ၌သာ ရှိနေကြောင်း ဆက်ပြောပြပါသည်။

အပစ်ရပ်တပ်ဖွဲ့ အားလုံး နယ်ခြားစောင့်တပ်ဖွဲ့ အဖြစ် အသွင်ပြောင်းရန် စစ်အစိုးရက အကြိမ်ကြိမ်ခေါ်ယူ ဖိအားပေး၍ နောက်ဆုံး ကန့်သတ်ရက် ဒက်လိုင်း ပေးခဲ့သော်လည်း UWSA, SSA, KIA, NDAA-ESS တို့က လက်မခံဘဲ ခေါင်းခါ ငြင်းဆန် အချိန်ဆွဲ လာခဲ့ခြင်း ဖြစ်သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

Monday, February 15, 2010

လူသတ်သမား နိဗ္ဗာန်ပို့တဲ့ ဦးညွန့်ရွှေသို့ ပြန်ကြားချက်

February 15, 2010

အိတ်ဖွင့်စာ-

"လူသတ်သမား နိဗ္ဗာန်သွားသတဲ့ မိုက်လုံးကြီးပေ မောင်ညွန့်ရွှေ" ဦးညွန့်ရွှေရဲ့ စာတွေ ကိုဖတ်ပြီး အလိုလို ခေါင်းထဲ ၀င်လာတဲ့ သံပေါက်ပါ။

မိတ်ဆွေတချို့ရဲ့ တိုက်တွန်းချက်နဲ့ ဦးညွန့်ရွှေရဲ့ စာတွေကို လိုက်ဖတ်မိပါတယ်။ အစ ပိုင်းတော့ ဟုတ်မလိုလိုနဲ့ အဆုံးသတ်ကျတော့ ဦးညွန့်ရွှေဟာ ဟင်းအိုးမွှေတဲ့ ယောက်မဖြစ် သွားတယ်။ ယောက်မဆိုတာက မွှေနေတဲ့ဟင်း ဘယ်လောက် ကောင်းကောင်း ဆိုးဆိုး ချို၊ ချဉ်၊ ငန်၊ ဖန်၊ စပ်၊ ခါး ဘာအရသာမှ မသိနိုင်ဘူးလေ။

သူစာတွေက ကြည့်လိုက်ရင် ကျမ်းကိုးကျမ်းခံတွေနဲ့ ဆိုတော့ အတော် ဟုတ်သလိုပဲ။ အနှစ်ချုပ် တော့မှ ပြောပုံက ဗုဒ္ဓ ဘာသာကောင်း ပီပီ တဖက်သားကို သိသွားပါစေတော့ ဆိုတဲ့ စေတနာထက် ငါသိငါတတ် မာနသံ ထူလွန်းသလို၊ တရားကောက်ပုံက ခါးတောင်းကျိုက် တခြား ဖင်တခြားပဲ။ အကြောင်းနဲ့ အကျိုးကို ဆက်စပ် ဆင်ခြင်တာ မဟုတ်ပဲ ကိုယ်ပြောချင်တဲ့ အချက်ကို အထောက်အခံ ဖြစ်မဲ့ အချက်အလက်တွေကိုပဲ လိုသလို ဆွဲစပ်ထားတဲ့ ဆင်ခြေတွေပဲ။ ယုတ္တိဗေဒ သဘောနဲ့ ပြောရရင် အဖေါက်ပြန်ဆုံး ဆင်ခြေတည်ဆောက်မှုပဲ။ ဆင်ခြေဆိုတာ အချက်အလက် (နိဒါန်း) တွေကို အခြေခံ တွက်ဆ ဆင်ခြင်ပြီး အကျိုးတရား (နိဂုံး) ဆွဲယူရ တယ်။ ဦးညွန့်ရွှေကတော့ ကိုယ်ပြောချင်တဲ့ နိဂုံးအတွက် အချက်အလက် နိဒါန်းတွေကို ရှာပြီး ဖြည့်ထားတဲ့ ဆင်ခြေ ယုတ္တိတွေပဲ ဖြစ်တယ်။ လူဗိန်းပြော ပြောရရင်တော့ နွားရှေ့ထွန်ကျူး ဆင်ခြေ ယုတ္တိတွေပဲ။

လူသတ်သမား ဒုစရိုက်ကောင်တွေလည်း နိဗ္ဗာန်ရောက်နိုင်တယ် ဆိုတာ ပြောချင်ဇော နဲ့ လောကြီးပြီး မှားသွားတယ် ထင်ပါတယ်။ န၀တ/ နအဖ စစ်မိစ္ဆာ မင်းဆရာတွေရဲ့ အယူ အကောက် နဲ့ တထပ်တည်း သွားတူနေတယ်၊ မဆီမဆိုင် ကွန်မြူနစ်တွေ၊ ဘာသာမဲ့တွေကိုပါ ဆွဲထည့် ပုတ်ခတ် လိုက်သေးတယ်။ တကယ်တော့ မိစ္ဆာ စစ်အုပ်စုဟာ နိုင်ငံရေး နိုးကြားတဲ့ ရဟန်းသံဃာတို့ ကွန်မြူနစ်တို့ကို သေမလောက် ကြောက်ကြတယ်။

ဦးညွန့်ရွှေရဲ့ စာတွေကိုသတ္ထု ချကြည့်လိုက်တော့ နှစ်ချက်ပဲတွေ့ပါတယ်။ တိုက်ဆိုင်စွာပဲ အဲဒီနှစ်ချက်စလုံးက ဒုစရိုက် ဆယ်ပါးကို ပြောင်ပြောင် မြောက်မြောက် ထမင်းစားရေသောက် ကျူးလွန်နေကြတဲ့ သန်းရွှေ စစ်အုပ်စုရဲ့ သဘော စရိုက်နဲ့ဆန္ဒကို ထင်ဟပ်နေတယ်။ ဗိုလ်နေ၀င်း ကစလို့ ယနေ့အထိ စစ်အာဏာရှင် အဆက်ဆက်ကို သူတို့ရဲ့ ဘာသာရေး အပေါ် ကျူးလွန် ဖောက်ဖျက်မှုတွေ အတွက် ဒိုင်ခံ ဆင်ခြေရှာ တရားထောက် ပေးနေရတဲ့ လူပျံတော် ဘုန်းကြီးလူထွက် သာသနာဖျက် ဦးအံ့မောင်ရဲ့ အယူအကောက်တွေနဲ့ အတူတူပါပဲ။

(၁) ဒုစရိုက်ဆယ်ပါး ကြိုက်ရာကျူးလွန် တရားကျင့်ပြီး ကျွတ်ချိန်တန်ကျွတ်မယ်။ (၂) ရဟန်းသံဃာတွေ နိုင်ငံရေးမလုပ်ရဆိုတာပဲ ဖြစ်တယ်။

ဦးညွန့်ရွှေ ကျောင်းသားဘ၀က ကွန်မြူနစ်တွေကို အထင်ကြီးပြီး ဘာသာမဲ့ လုပ်ဖူး တယ်လို့ ၀န်ခံထားတယ်၊ အခုတော့ အဲဒီအရာတွေကို ဆန့်ကျင် ကဲ့ရဲ့လာတယ်။ ဗုဒ္ဓ၀ါဒနဲ့ ကွန်မြူနစ် စနစ်ရဲ့အခြေခံ မာ့က်စ်ဝါဒကို ဘယ်လို သဘောပေါက်ထားလို့ ဒီလိုဖြစ်သွားရ တာလဲ။ အတွေးအမြင် ယုံကြည်ချက် ပြောင်းလဲတယ်ဆိုတာ (၁) အမှန်တကယ် နားလည်သဘောပေါက်မှု ပြောင်းလဲခြင်းကြောင့် ပြောင်းလဲခြင်း၊ (၂) လိုဘ တခုခုရလေနိုးနဲ့ လောဘအခြေခံတဲ့ ပြောင်းလဲခြင်း၊ (၃) အသက်ဘေးကို ကြောက်ရွံ့လို့ ပြောင်းလဲခြင်းနဲ့ (၄) စိတ်နေရူးသွပ် ဖောက်ပြန်မှုကြောင့် ပြောင်းလဲခြင်းရယ်လို့ ရှိပါတယ်။ ဦးညွန့်ရွှေရဲ့ ပြောင်းလဲခြင်းက ဘယ်အမျိုးစားလဲ၊ ကိုယ့်ကိုကိုယ် ဆန်းစစ်ဖို့ လိုပါတယ်။

နားလည်မိသလောက် ပြောရရင် ဗုဒ္ဓ၀ါဒဟာ ကိုးကွယ်ယုံသက်သက် ဘာသာ မဟုတ်ပါဘူး။ လိုက်နာ ကျင့်ကြံရတဲ့ ကျင့်စဉ် လမ်းစဉ်တွေပါ ပါတယ်။ လိုက်နာကျင့်ကြံ ဖို့လိုတယ်။ လောကီ အတွက်ရော၊ လောကုတ္တရာ အတွက်ပါ ကျင့်ကြံစရာ လမ်းစဉ်တွေကို ဖော်ထုတ်ထားတဲ့ ဗုဒ္ဓ ဘုရားရှင်ရဲ့ တရားတွေပါ။ တက္ကသိုလ်တွေမှာ အတွေးခေါ်ဒဿန တွေကို သင်တဲ့အခါမှာ အခြားဘာသာတွေ အယူဝါဒတွေကို ပုံမှန် လေ့လာတဲ့ပုံစံနဲ့ သင်ကြား ပို့ချ သော်လည်း ဗုဒ္ဓ၀ါဒ ကိုတော့ အသုံးချ အတွေးအခေါ် (Apply Philosophy) လို့ ခွဲခြား သတ်မှတ် သင်ကြားပို့ချပါတယ်။ ခေတ်အဆက်ဆက်က ဆရာတော်ကြီးများ ကလည်း ခက်မသုံးဖြာနဲ့ သာသနာရယ်လို့ပဲ ပြောဆို သုံးနှုန်းကြပါတယ်။ ဗုဒ္ဓဘာသာလို့ သုံးနှုန်း ခဲပါတယ်။ အဲဒါတွေကတော့ (၁) ပရိယတ္တိ၊ (၂) ပဋိပတ္တိ၊ (၃) ပဋိဝေဓရယ်လို့ သုံးမျိုးကွဲပါတယ်၊ ဘယ်လမ်းကိုလိုက်လို့ ဘယ်ကျင့်စဉ်ကို ကျင့်ချင်ပါသလဲ။ နောက် ဗုဒ္ဓ၀ါဒဟာ ဥာဏ်ကစား ရတဲ့၊ ဝေဖန်ဥာဏ်သုံးရတဲ့ ကြောင်းကျိုးဆက် တရားဝါဒ ဖြစ်ပါတယ်။ ၀ိဘဇ္ဇ၀ါဒ ဖြစ်ပါတယ်။ ကာလာမသုတ်ဟာ ဗုဒ္ဓရဲ့ဝိဘဇ္ဇ၀ါဒ ကြေငြာချက်လို့ ပြောရမှာပါ။

ထို့အတူပဲ မာ့က်စ်ဝါဒကလဲ အကြောင်းကျိုးဆက် ဆင်ခြင်ရတဲ့ ၀ါဒဖြစ်တယ်။ ပကတိ ဘာဝ အခြေအနေ အကြောင်းတရား တွေကို အခြေခံပြီး လောကသဘာဝကို ချဉ်းကပ်တယ်။ ယုတ္တိကျတဲ့ အဖြေကိုယူပြီး လောကလူ့ရွာ သာယာရေး နေနည်း ထိုင်နည်းတွေကို သဘောတရား ထုတ်ထားတဲ့ လောကီရေး သက်သက် ၀ါဒဖြစ်တယ်။ ဦးညွန့်ရွှေ ကိုးကားနေတဲ့ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးက သူ့ရဲ့စာအုပ်တအုပ် (အနာဂါတ်သာသနာရေး ထင်ပါတယ်) မှာ ဆိုရှယ်လစ် ကွန်မြူနစ်ဝါဒကို လောကီးရေးမှာ သမမျှတ အရှိဆုံးလို့ ပြောထား ခဲ့ပါတယ်။ ဒါကြောင့် ဖေါက်ပြန်တဲ့အုပ်စိုးသူတွေက ဆရာတော်ကြီးကို ကွန်မြူနစ်လို့စွပ်စွဲ ခဲ့ကြောင်း ဆရာတော်ရဲ့ တဘ၀ သာသနာ စာအုပ်မှာ ဖော်ပြထားတယ်။ ဒီလိုပဲ ဗုဒ္ဓ၀ါဒနဲ့ မာ့က်စ်ဝါဒရဲ့ အခြေခံ တူညီချက်တွေကို နှိုင်းယှဉ်ပြခဲ့တဲ့ ဆရာတော်တွေ၊ လူပုဂ္ဂိုလ်တွေ ကမ္ဘာမှာရော ဗမာမှာပါ အမြောက်အများ ပေါ်ထွက်ခဲ့ပါတယ်။ အဲဒီထဲမှာ ရာဟုလာသံကစ္စည်းတို့ ဆရာကြီး ရွှေဥဒေါင်းတို့ဟာ ထင်ရှားပါတယ်။ ဒါကြောင့်လည်း အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲတွေ မှာ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ကွန်မြူနစ်ဝါဒ လက်ခံသူ ခေါင်းဆောင်များနဲ့ ထေရ်ကြီး ၀ါကြီး ဆရာတော်တွေ လက်တွဲ လုပ်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဗမာပြည်လို ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် သီရီလင်္ကာမှာ မာက်စ့်ဝါဒီ JVP ပါတီမှာ ဘုန်းကြီး အမြောက်အများ ပါတီဝင် ဖြစ်နေတာ တွေ့ရတယ်။

ကွန်မြူနစ်တွေဟာ ကိုးကွယ်ရာဘာသာမရှိပေမဲ့ သူတို့သက်ဝင်ယုံကြည်ရာ အတွေး အခေါ်ရှိတယ်၊ ၀ါဒရှိတယ်။ လောကလူ့ရွာမှာ အပြန်အလှန် လေးစားမှု၊ တန်းတူညီမျှမှုကို အခြေခံတဲ့ လူမူအကျင့်အကြံ စည်းကမ်းတွေ စံတွေရှိတယ်။ လောကအကျိုး အများအကျိုး အတွက် ဘ၀ကို တိတိကျကျ ထိထိရောက်ရောက် အသုံးချဖို့ လမ်းညွန်ပါတယ်။ အိန္ဒိယဟာ ဒီမိုကရေစီ နိုင်ငံဖြစ်ပါတယ်။ ဗဟိုနဲ့ ပြည်နယ် အစိုးရတွေကို လူထု ရွေးကောက်ပွဲတွေနဲ့ ရွေးချယ် တင်မြောက် ဖွဲ့စည်းပါတယ်။ မကြာသေးမီက အသက် (၉၅) နှစ်အရွယ်မှာ ကွယ်လွန် သွားတဲ့ ကွန်မြူနစ်ခေါင်းဆောင် မစ္စတာ ဂျိုတီဘာဆူး (Jyoti Basu) ဟာ အနောက်ဘင်္ဂလား ပြည်နယ်မှာ လူထု ရွေးကောက်ပွဲနဲ့ (၁၉၇၇) ခုနှစ်မှာ အာဏာရခဲ့တယ်၊ (၂၀၀၁) ခုနှစ်မှာ သူ့ပါတီက တခြားရဲဘော်ကို အာဏာ လွဲပြောင်းပေးသည် အထိ (၂၃) နှစ် အုပ်ချုပ်ခဲ့ပါတယ်။ ခုထိလည်း သူ့ပါတီက အာဏာရထား ဆဲပါပဲ။ အယူအစွဲကြီးတဲ့ ဟိန္ဒူတွေက (၇)ကြိမ်ဆက်တိုက် ရွေးကောက်တာကို ခံယူခဲ့ရပါတယ်။

ပြည်သူလူထုအများစုရဲ့ ယုံကြည်မှုကို (၇)ကြိမ် ဆက်တိုက် နှစ်အားဖြင့် (၃၅)နှစ် အပ်နှင်း ခံရတယ်ဆိုတာ အံ့မခန်း မှတ်တမ်း ဖြစ်ပါတယ်။ သူ မကွယ်လွန်မီ နာမကျန်း အချိန်မှာရော၊ ကွယ်လွန်ပြီး အချိန်မှာပါ ကွန်မြူနစ် မဟုတ်တဲ့ သမ္မတ တို့၊ ၀န်ကြီးချုပ်တို့ အာဏာရ ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဆိုနီယာဂန္ဒီ အပါအ၀င် နိုင်ငံတ၀ှန်းက ခေါင်းဆောင်တွေ တတ်သိ ပညာရှင်တွေက လာရောက် သတင်းမေးကြ၊ ဂါရ၀ပြုကြပါတယ်။

ဒီလို ကာလရှည်ကြာလူထုရဲ့ ယုံကြည်ကိုးစားမှု၊ တတ်သိနားလည်တဲ့ ခေါင်းဆောင် တွေရဲ့ ကြည်ညို ဂါရ၀ပြုမှု ဆိုတာ လူမှု ဆက်ဆံရေး ဘ၀ရဲ့ အမြင့်ဆုံး တန်ဘိုး ဂုဏ်တွေ မဟုတ်ပါလား။ ဒီလိုအမြင့်ဆုံး လူမှုတန်ဘိုးတွေ ဂုဏ်တွေကို ရယူနိုင်ခဲ့တဲ့ မစ္စတာ ဘာဆူးကို ထောက်ချင့်ခြင်း အားဖြင့် တချိန်က ဦးညွန့်ရွှေ အထင်ကြီးခဲ့တဲ့ ကွန်မြူနစ်တွေရဲ့ နေထိုင်မှု စံစည်းကမ်း ဆိုတာ အခု ဦးညွန့်ရွှေ တွေးထင်နေသလို ကဲ့ရဲ့ ရှုတ်ချဖွယ် မဟုတ်၊ လေးစား ကြည်ညိုဖွယ်တွေ ရှိနေတယ် ဆိုတာကို လက်ခံ သင့်ပါတယ်။

ဘာသာမဲ့တွေကိုလည်း ကဲ့ရဲ့စရာလို့ ဦးညွန့်ရွှေ မြင်ပုံရတယ်။ ကမ္ဘာမှာ ကွန်မြူနစ်မဟုတ်တဲ့ ကိုးကွယ်ရာ ဘာသာမထား၊ မရှိတဲ့ ဘာသာမဲ့တွေ သန်းနဲ့ချီပြီး ရှိပါတယ်။ ခေတ်မီ သိပ္ပံနည်း ပညာတွေ တိုးတက်လာလေ တိုးပွားလေပါပဲ။ ဘာသာမဲ့( Non-Religion, Atheist, Free Thinker ) ဆိုတာကိုက ဘာသာတခု၊ ဘ၀နေထိုင်မှု ပုံစံတခုအနေနဲ့ တစထက်တစ လက်ခံ လာကြပါပြီ၊ အဲဒီပုဂ္ဂိုလ်များဟာ ပညာအခြေခံလည်း ကောင်းပြီး ကြွယ်ဝတဲ့ အသိတရားနဲ့ ကိုယ်ပိုင်ဆင်ခြင်တုံတရားတွေ အပေါ်မှာ သူတို့ရဲ့ ဘ၀ကို တည်ဆောက် ထားကြတယ်။ သဘာဝတရားကို ချစ်မြတ်နိုးတယ်၊ လူသားဖြစ်မှုကို တန်ဘိုး ထားတယ်၊ သက်ရှိသက်မဲ့တွေရဲ့ ဖြစ်တည်မှုကို အသိအမှတ်ပြု လေးစားတယ်၊ ဒီအချက်တွေ အပေါ် အခြေခံပြီး သူတို့ရဲ့ ဘ၀နေထိုင်မှု စံကို ထူထောင်ထားတယ်။ နှစ်ဆယ်ရာစုရဲ့ အတော်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်းတို့၊ တွေးခေါ်ရှင် ယန်းပေါဆတ်တို့၊ ဘာထရန်ရတ်ဆယ်တို့ဟာ ဘာသာမဲ့တွေဖြစ်တယ်။

အများထင်နေတဲ့ အနောက်တိုင်းရုပ်ရှင်တွေထဲက အရူးချီးပန်း ပရမ်းပတာ လူရမ်းကား တွေဟာ စံကျတဲ့ ဘာသာမဲ့တွေ မဟုတ်ပါဘူး။ အကြမ်းစား ဘာသာမဲ့ လို့ ပြောရင်တော့ ရလေ မလားမသိပါ။ အဲဒီပုဂ္ဂိုလ်များဟာ ဘုရားစကားနဲ့ ပြောရရင် စစ်အုပ်စုလို သံသရာ ၀န်လေးတဲ့ နိဗ္ဗာန်မှ အချည်းနှီးသော ဗာလာနံ လူမိုက်တွေပဲ ဖြစ်ပါတယ်။ စိတ်အား ကိုယ်အား သန်စွမ်းတဲ့ ဘ၀အစိတ်အပိုင်းမှာ တရားလက်လွတ် စိတ်ထင်တိုင်းကြဲ နေထိုင် ကျင့်ကြံတယ်၊ အစွမ်းအစ ခွန်အားတွေ ယုတ်လျော့ လာချိန်မှာ ကိုယ့်ရဲ့မကောင်းမှု အကုသိုလ် တွေကို သတိရ ကြောက်ရွံ့လာပြီး နီးစပ်ရာဘာသာတရားတွေမှာ ခိုလှုံလေ့ရှိကြပါတယ်။ သူတို့ကို ဘာသာမဲ့ လို့ ပြောလို့မရပါဘူး၊ ဘ၀ကို တိရိစ္ဆာန်များလို ကောင်းမှု( ကုသိုလ် ) မကောင်းမှု (အကုသိုလ်) မခွဲခြား စိတ်ကြိုက် ပျော်ပါးမှု သက်သက် ပရမ်းပတာ အသက်ရှင်နေထိုင်တဲ့ အန္ဓပုထုဇဉ်များ လို့ပဲ ပြောရမှာဖြစ်ပါတယ်။

တကယ်စံကျတဲ့ ဘာသာမဲ့ဆိုတာ ဘ၀လမ်းညွန် အတွေးအခေါ်ရှိတယ်။ ကိုယ်ပိုင်ဘ၀ နေထိုင်မှု စံ စည်းကမ်းတွေ ရှိတယ်။ တမလွန် အကျိုးကို မမျှော်ကိုးဘဲ ယုံကြည်ချက်အတွက် အရာရာကို စွန့်လွှတ်ဖို့ အဆင်သင့်ရှိတယ်။ ဗုဒ္ဓရဲ့အဆုံးအမကို တိုက်ရိုက်ကြားနာခွင့် မရ သော်လည်း ဗုဒ္ဓ၀ါဒအနှစ်ချုပ် သူတော်ကောင်းတရားတွေကို သူ့နည်းသူ့ဟန်နဲ့ ဆင်ခြင် တွေ့ရှိ ပြီး ကျင့်ကြံ နေထိုင်နေကြသူ အများ လောကကြီးထဲမှာ ရှိနေတတ်ပါတယ်။ ဘုရားဟော ကျမ်းဂန်များမှာလည်း သာသနာပ ကာလမှာ ပေါ်ထွန်းခဲ့ကြတဲ့ ပစ္စေကဗုဒ္ဓတွေ အကြောင်း၊ သူတော်ကောင်းတရား ကျင့်ကြံသူတွေ အကြောင်း ပုံဝတ္ထုတွေ အများကြီးရှိ ပါတယ်။ ဂေါတမ မြတ်စွာဘုရားရှင်ကိုယ်တိုင်က သစ္စာလေးပါး အမြိုက်တရားကို ဆရာမကူဘဲ သယမ္ဘူဥာဏ်နဲ့ ထိုးထွင်းသိမြင် ရှာဖွေ တွေ့ရှိခဲ့တာပါ။ ဗုဒ္ဓ၀ါဒ အနှစ်သာရ သစ္စာလေးပါး တရားဆိုတာ ဗုဒ္ဓက ဖန်တီးခဲ့တာ ဖန်ဆင်းခဲ့တာ မဟုတ်ပါဘူး၊ ရှာဖွေ တွေ့ရှိခဲ့တာပါ။ သစ္စာလေးပါး အမြိုက်တရားဆိုတာ မူလကတည်းက ရှိနေပြီးသား ပရမတ်တရား ဖြစ်ပါတယ်။ ဒီအခြေခံကို နားလည်လက်ခံတယ်ဆိုရင် ဗုဒ္ဓထားခဲ့တဲ့ သာသနာရဲ့ အပြင်အပမှာလည်း သူတော်ကောင်း တရားတွေ (အပြည့်အစုံမဟုတ်သော်လည်း) ကို သိမြင် ကျင့်ကြံနေသူတွေ ရှိနေတယ်ဆိုတာ ကို လက်ခံယုံကြည်ဖို့ မခက်တော့ပါဘူး။ ရေဆိုတာ ရေပါပဲ၊ မြစ်ချောင်းကပဲရရ ရေတွင်း ရေကန်ကပဲရရ ရေရဲ့သဘာဝကတော့ အတူတူပါပဲ။

ဒီတော့ ကွန်မြူနစ်တွေ ဘာသာမဲ့တွေ အပါအ၀င် ကိုယ်မသိတဲ့၊ ကိုယ်နဲ့ အယူကွဲပြား တဲ့ သူတွေကို ဝေဘန်ချင်ရင် သူတို့ အကြောင်း သူတို့အယူကို အရင် သိအောင်လုပ်ပါ ပြီးမှ အဆိုးအကောင်းကို အတ္တစွဲ ကင်းကင်းနဲ့ ဝေဘန်ပါ၊ ချီးမွမ်းပါ၊ ကဲ့ရဲ့ပါ။ ဒီလိုမှ မဟုတ်ရင်တော့ အတိတ်ဘ၀က ပစ္စေကဗုဒ္ဓါကို(မသိဘဲ) မီရှို့သတ်မိခဲ့တဲ့ ဥတိန္နမင်းမိဘုရား သာမာဝတီနဲ့ အပေါင်းအပါတွေရဲ့ ကံကြမ္မာဆိုးမျိုးနဲ့ ကြုံရပါလိမ့်မယ်။ သိမှတ်ခြင်း၊ ဆင်ခြင်ခြင်း၊ တွေးခေါ် ခြင်း၊ ကောက်ချက် ဆွဲယူဆခြင်း၊ သဘောတရား ထုတ်နုတ်ခြင်းဆိုတာ သတ္တ၀ါအားလုံးထက် ထူးကဲတဲ့ လူသားရဲ့ ၀ိသေသအရည်အသွေးပါ။ ဒီလို မြင့်မားတဲ့ ကိစ္စတွေကို ဆွေးနွေးတင်ပြ နေတဲ့ ဦးညွန့်ရွှေဟာ ကိုယ်ဥာဏ်မမီလို့ ဒါမှမဟုတ် ကိုယ်သိတာနဲ့ မကိုက်လို့ တခြားကွဲပြားတဲ့ အမြင်တွေ ဘ၀စံတွေကို ကဲ့ရဲ့ရှုတ်ချစရာလို့ မြင်နေရင် " မြောက်ကျောင်းဘုန်းကြီးက ကကြီး ရေးကသတ်ရှိသေးတယ်" ဆိုတဲ့ အဖြစ်မျိုး ရောက်သွားမှာ စိုးရိမ်ပါတယ်။

ဖေါက်ပြန်တဲ့ အုပ်စိုးသူ အဆက်ဆက်ဟာ သူတို့နဲ့ မပေါင်းတဲ့ နိုင်ငံရေးစကား ပြောတဲ့သူတွေကို ကွန်မြူနစ်လို့ တံဆိပ်ကပ်တယ်၊ ကိုယ်အခွင့်အရေး ပြောတဲ့ တိုင်းရင်းသားကို ခွဲထွက်ရေး သမား နယ်ချဲ့ အလိုတော်ရိလို့ သမုတ်တယ်။ လွတ်လပ်ရေးရပြီး ထဲက အုပ်စိုးသူ အဆက်ဆက်က ပြည်သူကို မှိုင်းတိုက်တဲ့ တံဆိပ်ကပ် အပုပ်ချ နိုင်ငံရေး ဖြစ်တယ်။ သူတို့ရဲ့ ဖေါက်ပြန်မှုတွေကို ဖုံးကွယ်ဖို့ ပြည်သူကို ကွန်မြူနစ်တစ္ဆေ ခွဲထွက်ရေး သရဲနဲ့ ခြောက်လှန်ခဲ့တယ်။ ပြည်သူအများက ဒီဖေါက်ပြန်ရေး သမားတွေရဲ့ တံဆိပ်ကပ် အပုတ်ချ နိုင်ငံရေးက မလွတ်မြောက်နိုင်သေးပဲ၊ ကွန်မြူနစ်တစ္ဆေ ခွဲထွက်ရေးသရဲကို ဘုမသိဘမသိ အခုထိ ကြောက်လှန့် နေဆဲပဲ။ ပြည်သူများအကြားက သွေးကွဲမှုရဲ့အရင်းခံ အကြောင်းတရားပဲ ဖြစ်ပါတယ်။ ဦးညွန့်ရွှေ ကိုယ်တိုင်လည်း ဒီအပုပ်ချ နိုင်ငံရေးက မလွတ်မြောက်နိုင်သေးဘူး လို့ ယူဆတာကြောင့် ဦးညွန့်ရွှေ စကားနဲ့ပြောရရင် လေနဲ့ ၀မ်းနဲ့ ကွဲသွားအောင် ဒီလောက် ရှည်ရှည်ပြောနေရတာပါ။

တကယ်တမ်း ကဲ့ရဲ့ရှုတ်ချရုံတင်မက ဆန့်ကျင်တိုက်ဖျက်ပစ်ရမှာက ကိုယ့်ကိုကိုယ် ဘုန်းရှင် ကံရှင်လို့ တလွဲထင်ပြီး ငါသာပဓာန၊ တိုင်းပြည်တွင်းက လောကသဘာဝ ဓနမှန်သမျှ ငါသာ လျှင်စံစားမယ်၊ အာခံသူမှန်သမျှ ရက်စက်ယုတ်မာ နည်းစုံစွာနဲ့ ချေမှုန်းတာဟာ တရား တယ်လို့ ယူဆနေတဲ့ လူ့ဘောင်လောကကို အရုပ်ဆိုး အကျည်းတန်စေတဲ့ န၀တ/ နအဖလို အတ္တ၀ါဒီ၊ အဓမ္မ၀ါဒီ မိစ္ဆာတွေပဲဖြစ်တယ်။ အဲဒီမိစ္ဆာတွေကို မင်းလိုလိုက် မင်းကြိုက်ဆောင် နေတဲ့ ဒုဿီလ အလဇ္ဇီတွေပဲဖြစ်တယ်။

ဒီနေ့ တိုင်းပြည်နဲ့လူမျိုးပေါ်သာမက သာသနာနဲ့ ရဟန်းသံဃာတွေ အပေါ်မှာပါ သတ်ဖြတ်ခိုးဆိုး အဓမ္မ အမှုတွေကို ကျူးလွန် နေသူဟာ န၀တ/ နအဖ စစ်အုပ်သာ ဖြစ်ပါတယ်။ လူထုရဲ့ အသက်အိုးအိမ် စည်းစိမ် လယ်ယာမြေတွေကို သတ်ဖြတ် လုယက်တယ်။ အာခံတယ် ထင်ရင် ရဟန်းသံဃာကအစ ဖမ်းဆီးသတ်ဖြတ် နှိပ်ကွပ်တယ်။ ရှေးဘုရားတွေကို ပြုပြင်သလို နဲ့ ဋ္ဌာပနာတိုက်ဖောက် လူထုကို အဓမ္မပြင်ခိုင်း ခြောက်လုံးပြူး ခါးထိုး ရေစက်ချတယ်။ တန်ခိုးကြီး ဘုရားမှန်သမျှက ဂေါပကတွေမှာ လက်ပါးစေတွေ သွင်းပြီး ဘုရားဘဏ္ဍာတွေကို ခိုးဝှက်နေတယ်။ ပရိယတ္တိစာမေးပွဲတွေမှာ ၀င်စွက်ဖက်တယ် ဖျက်ဆီးတယ်။ သံဃာ့အစည်း အရုံးထဲမှာ သူလျိုသွင်းပြီး ဖြိုခွဲတယ်။ ဒုဿီလတွေကို ချီးမြောက်ပြီး၊ သုသီလ ရဟန်းတွေကို ချိုးနှိမ်တယ်။ ဒီလို ဒုစရိုက်တွေကို ကျူးလွန်နေတာ ကွန်မြူနစ်တွေ ဘာသာမဲ့တွေ ဘာသာခြားတွေ မဟုတ်ပါဘူး၊ န၀တ/ နအဖ စစ်အုပ်စုသာ ဖြစ်တယ်။ သာသနာကိုဖျက်ဆီး နေတဲ့ မိစ္ဆာဟာ ဗိုလ်သန်းရွှေနဲ့ အပေါင်းပါ များသာဖြစ်တယ်။

တကယ်တော့ အဆက်ဆက်သော ဗမာစစ်အုပ်စုခေါင်းဆောင်များဟာ ဗုဒ္ဓဘာသာကို အရေခြုံပြီး ဗမာ လူ့ဘောင် လောကကြီးကို အရုပ်ဆိုး အကြည်းတန်အောင် ဖျက်ဆီးနေတဲ့ အဓမ္မ၀ါဒီ မိစ္ဆာတွေဖြစ်တယ်။ သာသနာဖျက်တွေဖြစ်တယ်။

သို့သော်လည်း သူတို့ဟာ မီရိုးဖလာဗုဒ္ဓဘာသာမိဘများက ပေါက်ဖွားခဲ့တော့ ဗုဒ္ဓရဲ့ အဆုံးအမကို တစုံတရာ သိမှတ် ယဉ်ပါးကြတယ်။ သူတို့ရဲ့ အဓမ္မလုပ်ရပ်တွေကို ဒုစရိုက်အဖြစ် သိမြင်ပြီး သူတို့အတွင်းစိတ် (လိပ်ပြာ)က ခြောက်လှန့်တယ်။ ဒီတော့ သူတို့အတွက် စိတ်သက်သာရာ ရဖို့ စိတ်ဖြေဖို့ ဦးအံ့မောင်လို ဘုန်းကြီးလူထွက် သာသနာဖျက်တွေ၊ သားသုံးသားနဲ့ သတ်ဖြတ်ကွပ်ညှပ် သြ၀ါဒပေးခဲ့တဲ့ စာသာသိ၊ တရားမရှိတဲ့ ကြက်ခတ်ဝိုင်း ဘုန်းကြီးလို ပုဂ္ဂိုလ်တွေကို အားထားရပါတယ်။ မင်းပါးစိုးကပ် အတ္တ၀ါဒီ အလဇ္ဇီများကလည်း မိစ္ဆာတွေရဲ့ ဒုစရိုက်မှုတွေကို ကျမ်းကိုးကျမ်းခံတွေနဲ့ မင်းလိုလိုက် မင်းကြိုက်ဆောင် ထောက်ခံ ပေးကြတယ်။ ဦးညွန့်ရွှေ ယူကောက်တဲ့ လူသတ်သမား နိဗ္ဗာန်ရောက်တယ်ဆိုတာ အဲဒီအလဇ္ဇီ တွေက မိစ္ဆာတွေကိုပေးတဲ့ တရားအယူအကောက်နဲ့ တထပ်တည်းတူပါတယ်။ သတိထားပါ အယူအကောက်မှားရင် အပယ်လားတတ်ပါတယ်။

ဦးညွန့်ရွှေပြောတဲ့ လူသတ်သမား အရက်သမားနဲ့ ကာမဂုဏ်သမားတွေလည်း အမြင် မှန်ရလို့ တရားကျင့်ရင် နိဗ္ဗာန်ရောက်နိုင်တယ် ဆိုတာ မှန်သယောင်နဲ့ တက်တက်စင်လွဲပါ တယ်၊ မှားပါတယ်။ ဦးညွန့်ရွှေရဲ့ စကားထဲမှာကိုဘဲ " အမြင်မှန်ရပြီး အကျင့်မှန်ရင်" ဆိုတဲ့ စကား ကတ္တားခြား ထားတာကို သတိမူပါ။ လူသတ်သမား နိဗ္ဗာန် မရောက်နိုင်ပါဘူး။ လူသတ် သမား အဖြစ်ကနေ ပြောင်းလဲသွားတဲ့ အမြင်မှန်ရသူ အကျင့်မှန်သူသာ နိဗ္ဗာန်ရောက်နိုင် ပါတယ်။ အမြင်မှန်ရသူ အကျင့်မှန်သူဟာ လူသတ်သမား မဟုတ်တော့ပါဘူး။ လူသတ်သမား ဆိုတာ သူ့ရဲ့ အတိတ်ဖြစ်ပါတယ်။ သူတော်စင်တိုင်းမှာ အတိတ်ရှိသလို ဒုစရိုက်ရာဇ၀တ်သား တွေမှာလည်း အနာဂါတ်ရှိတယ် (Every Saint has past, Every criminal has future) ဆို တဲ့ စကားလိုပေါ့။ သို့သော် အဲဒီသူတော်စင်၊ အမြင်မှန်ရလို့ အကျင့်မှန်သူဟာ သူ့ရဲ့အတိတ်နဲ့ ကင်းလွတ်ခွင့်ရှိသလား၊ မရှိပါဘူး။ သူ့ရဲ့အတိတ်က ကောင်းမှု မကောင်းမှုအလိုက် စံစား ခံစား ရပါတယ်။ ၀ဋ်ကြွေးကြမ္မာကို ဘုရား ရဟန္တာများသော်မှ မရှောင်လွဲနိုင်ဘူးလို့ ကျွန်တော်တို့ ဆရာများ က မပြတ်သွန်သင်တာခံခဲ့ ရပါတယ်။ မဟာ ပရိနိဗ္ဗာန သုတ်မှာ အတိတ်ကံကြွေး ကြောင့် မြတ်စွာဘုရားရှင်ကိုယ်တိုင် ပရိနိဗ္ဗာန်စံဝင်ခါနီးမှာ ရေကြည်တော်သောက်ခွင့် မရခဲ့ ဘူးလို့ ဆိုပါတယ်။

ဗုဒ္ဓသာသနာ ဗုဒ္ဓ၀ါဒဟာ ခိုလှုံကိုးကွယ်ရာသက်သက် ဘာသာမဟုတ်၊ ကျင့်ကြံပွားများရာ လမ်းစဉ်လို့ အထက် တနေရာမှာ ပြောခဲ့ပြီးပါပြီ၊ လူပိန်းပြောနဲ့ ဥပမာဆောင် ရရင် ရလာတဲ့ ကိုယ့်ဘ၀ ကိုယ့်အစွမ်းအစကို အဟုတ်ကြီးထင်ပြီး ကျားဆိုးကြီးတွေကို သွားစ သွားကစား ကျားဆိုးကြီး ၏တွေ နိုးလာမှ ကြောက်လန့်တကြား ပြေးဝင်ခိုလှုံစရာ ရဲတိုက် (ကိုးကွယ်ရာ ဘာသာ) မဟုတ်ပါဘူး။ ဗုဒ္ဓတရား ဗုဒ္ဓ၀ါဒဟာ လောဘ၊ ဒေါသ၊ မောဟ မာန်မာန ဆိုတဲ့ ကျားဆိုးကြီးတွေရဲ့ လက္ခဏာက ဘယ်လိုရှိတယ်၊ ဘယ်လိုနေရာမျိုးမှာ ရှိတတ်တယ်၊ ဘယ်လိုရှောင်ကွင်းပြီးတော့ လိုရာခရီး (နိဗ္ဗာန်)ကို ဘယ်လို သွားရတယ်ဆိုတာ လမ်းညွန် ဟောကြားထားတဲ့ လမ်းညွန်တရားဖြစ်ပါတယ်။ ဘယ်သူမဆို ဗုဒ္ဓဘုရားရှင်ရဲ့ သွန်သင်ချက် တွေကို မျက်ကွယ်ပြုပြီး ထင်ရာကြဲကျင့်ကြံ၊ ဒီ ကျားဆိုးကြီးတွေကို သွားစ သွားကစားလို့ သူတို့ရဲ့ အကိုက် ခံရရင်တော့ ဒုစရိုက်ဆယ်ပါး အကုသိုလ် ဒဏ်ရာ အနာများနဲ့ ဘ၀ဆုံးပါး အပါယ် လားရတော့တာပါပဲ။ ဗုဒ္ဓ၀ါဒဟာ အရပ်စကားနဲ့ ပြောရရင် လောကဓံမှာ ကိုယ်ဖြစ် ကိုယ်ခံပါပဲ။ ကိုယ်လုပ်ရင် ကိုယ်ခံရမှာ မလွဲပါဘူး။ ဒီတော့ ဦးညွန့်ရွှေရဲ့ လူသတ်သမား နိဗ္ဗာန်ရောက်တယ်ဆိုတာ ဘုရားဝါဒ နဲ့ လုံးဝ ဆန့်ကျင်တဲ့ သံသရာဝန်လေးကြောင်း လူသတ် အားပေးမိစ္ဆာ အယူဝါဒ သာဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ စပ်လျဉ်းပြီး ဓမ္မပဒ၀တ္ထုတော် ယမက၀ဂ် စက္ခုပါလမထေရ် ၀တ္ထုမှာ မြတ်စွာဘုရားရှင်က..

မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။
မနုဿာစေ ပဒုဋ္ဌေန၊ ဘာသတိဝါ ကရောတိဝါ။
တတောနံ ဒုက္ခမနွေတိ၊ စက္ကံ ၀ဟတော ပဒံ။ လို့ ဟောခဲ့ပါတယ်။

အဓိပ္ပါယ်က လောကဖြစ်စဉ်တရားတို့တွင် စိတ်သာလျှင် ပြဋ္ဌာန်းခြင်းရှိကုန်၏။ စိတ် သာလျှင် ရှေ့ဆောင် အကြီးအမှုး ဖြစ်၏၊ စိတ်ဖြင့်သာ ပြီးကုန်၏။ ဖျက်ဆီးလိုသော စိတ်ဖြင့် ပြောဆိုခြင်း၊ ပြုမူခြင်း၊ ရှိသည်ဖြစ်အံ့။ ထိုသို့သောပြောဆို ပြုမူခြင်း၏ မကောင်းမှုသည် ထမ်းပိုး ထမ်းသော နွား၏ ခြေရာခွက်နောက်သို့ လှည်းဘီးသည် ထပ်ကြပ်မကွာ လိုက်သည့် နည်းတူ ဒုက္ခဆင်းရဲသည် ထိုမကောင်းမှု၏ နောက်သို့ အစဉ်သဖြင့်လိုက်၏။ အလားတူပဲ ကောင်းမှု ကုသိုလ်နဲ့ ပတ်သက်လို့ မဋ္ဌကုဏ္ဍရီ ၀တ္ထုမှာ..

မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။
မနသာစေ ပသန္နေန၊ ဘာသတိဝါ ကရောတိဝါ။
တတောနံ သုခမနွေတိ၊ ဆာယာဝ အနပါယိနီ။

အဓိပ္ပါယ်က တရားဓမ္မက္ခန္ဓာအပေါင်းတို့တွင် စိတ်သာလျှင် ပြဋ္ဌာန်းခြင်းရှိကုန်၏၊ စိတ်သာလျှင် အကြီးအမှုး ရှိကုန်၏၊ စိတ်ဖြင့်သာ ပြီးကုန်၏။ သဒ္ဓါ၊ စေတနာစိတ်ဖြင့် ပြောဆိုခြင်း ပြုမူခြင်းရှိ သော ထိုကောင်းမှုသည်၊ အရိပ်သည် ကိုယ့်နဲ့မကွာ လိုက်ပါသကဲ့သို့ သုခချမ်းသာသည် ထိုကောင်းမှုနှင့် အစဉ်သဖြင့်လိုက်၏။

မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ။ ကိုယ့်ရဲ့ အကုသိုလ်တရားများမှ ပြေငြိမ်းလွတ် မြောက်ရာ မရှိဆိုတာ ထင်ရှားလောက်ပါပြီ။ ဒီတော့ လူသတ်သမား နိဗ္ဗာန်မသွားနိုင်၊ သွားနိုင်တယ် ဆိုတဲ့ တရား မှားတယ်ဆို ထင်ရှားပါတယ်။
(နောက်တပိုင်းမှာ ရဟန်းသံဃာတွေ နိုင်ငံရေး လုပ်သင့် မလုပ်သင့် ဆက်လက် ဆွေးနွေးပါမယ်)

ရဲဘော်ကျော်သန်း
Kyaw_than2004@yahoo.com


Read More...

ဦးတင်ဦးနှင့် ဆက်သွယ်မေးမြန်းချက်

စနေနေ့၊ ဖေဖေါ်ဝါရီလ ၁၃ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ)။ ။ နေအိမ် အကျယ်ချုပ်သက်တမ်း ၆ နှစ်သက်တမ်း ကုန်ဆုံးပြီး ယနေ့တွင် စစ်အစိုးရက ပြန်လည် လွှတ်ပေးလိုက်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးကို မဇ္ဈိမက ဆက်သွယ် မေးမြန်းထားသည်။

လွှတ်ပေးလိုက်သည်နှင့် နေအိမ်အတွင်းသို့ အန်အယ်ဒီ အကြီးတန်း ခေါင်းဆောင်များ အပါအဝင် ပါတီဝင်များနှင့် သူ့ကို ထောက်ခံ သူများက ဝမ်းသာအားရ ကြိုဆိုကြသလို သတင်းထောက်များ၏ မေးခွန်းများ မနားတမ်း ဖြေကြားနေရသော အသက် ၈၂ နှစ်အရွယ် ဗိုလ်ချုပ်ကြီးဟောင်းကို မေးခွန်း ၃ ခု မေးမြန်းခွင့် ရရှိခဲ့သည်။

အခုလို လွတ်လာတော့ ဘယ်လိုခံစားရပါသလဲရှင်။

ဘယ်လိုများ ခံစားရလဲဆိုတော့ ဝမ်းမသာပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုပ်ဖော်ကိုင်ဘက်နဲ့ ပတ်သက်တဲ့ လူတွေက အခုထက်ထိ အကျဉ်းကျ နေတာပဲ။

ဆက်ပြီးတော့ ဘာတွေ လုပ်မယ်လို့ စဉ်းစားထားပါသလဲရှင်။

အဖွဲ့ချုပ်ကိုသွားပြီး၊ သတင်းပို့ပြီးတော့ ပေးတဲ့တာဝန်ကို လုပ်ရမှာပေါ့ဗျာ။ ပါတီ CEC (ဗဟိုအလုပ်အမှုဆောင်အဖွဲ့) အမိန့်ကို နာခံ ရမှာပေါ့ဗျာ။ ပါတီ့ရှေ့ရေး ညီညီညွတ်ညွတ် တိုင်ပင်ပြီးတော့ လုပ်ရမှာပေါ့။

၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဘဘရဲ့ ရပ်တည်ချက် သဘောထားက ဘယ်လိုပါပဲရှင်။

ဆက်လက်ပြီးတော့ လုပ်စရာရှိတာက ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ကိစ္စက ဆုံးခန်းတိုင်အောင် မရောက်သေးဘဲကိုး။ အဲဒီတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရအောင်တော့ လုပ်ရမှာပေါ့။

Ref: မဇ္ဈိမ

Read More...

ဒီပဲယင်းဖြစ်ရပ်သည် နိုင်ငံရေးလှုပ်ကြံမှုဟု ဦးတင်ဦးပြောကြား

NEJ / ၁၄ ဖေဖော်ဝါရီ၂၀၁၀

ဖေဖော်ဝါရီ (၁၃) ရက်နေ့ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသော အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနှင့် ည (၁၀) ခန့်တွင် သွားရောက်တွေ့ဆုံ စကားပြောဆိုခဲ့သည့် အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် တဦးဖြစ်သူ ဦးဝင်းတင်အား ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းကာ ဦးဝင်းတင်၏ ပြန်လည် ပြောကြားချက်များကို တင်ပြထားပါသည်။

ပထမဆုံး ကျနော်ပြောချင်တာကတော့ သူ့ကျန်းမာရေး အခြေအနေ ကောင်းပါတယ်တဲ့။ သူ့မှာ မျက်စိထဲကနေ သွေးယိုတာ ပေါ့ဗျာ။ အဲဒါ ရှိတာက အပ သူ့ကျန်းမာရေး ကောင်းပါတယ်တဲ့။ ကျနော်လည်း ၀မ်းသာ ရတာပေါ့ဗျာ။

နောက်တခုက သူပြင်ပနိုင်ငံရေးတွေနဲ့ ပတ်သက်ပြီး in touch ဖြစ်ပါတယ်တဲ့။ ဘာလို့လဲဆိုတော့ သူ့အိမ်မှာ စလောင်းတို့ ဘာတို့ ရှိနေတဲ့ အခါကျတော့ ပြည်သူလူထုက လွှင့်တဲ့ ဟာတွေရော၊ အာအက်ဖ်အေတို့ ဗွီအိုအေတို့ ဘာတို့က လွှင့်တာတွေရော မပြတ် နားထောင်နေပြီးတော့ ပြည်ပ နိုင်ငံရေးကို သိရှိနေပါတယ်တဲ့။ တချိန်တည်းမှာပဲ ကျနော်တို့ရဲ့ ရပ်တည်ချက် တွေကိုလည်း သူကောင်းကောင်း သဘောပေါက်တယ်လို့ ပြောသွားပါတယ်။ ဦးတင်ဦးဟာ နိုင်ငံရေးနဲ့ မပြတ်မလပ် မကင်းမကွာ ရှိနေတယ် ဆိုတာ သိရပါတယ်။

နောက်တခုက သူ ဒီပဲယင်းကိစ္စကို တော်တော်များများ ပြောပါတယ်။ ဒီပဲယင်းမှာ သူပုန် သတ်ဖြတ်မှုကြီးကို ကျော်လွှားတဲ့ နေရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူနဲ့ နှစ်ယောက် ရှိတာကိုး။ သူ့ရဲ့ သုံးသပ်ချက်က ဘာလဲဆိုတော့ ဒီ ဒီပဲယင်းဖြစ်ရပ်ဟာ အမှန်တော့ နိုင်ငံရေး လှုပ်ကြံမှုပဲတဲ့။ ဘာလို့လဲဆိုတော့ သူတို့ ရန်ကုန်၊ မန္တလေး၊ မုံရွာတို့ကို ကျော်ဖြတ်လိုက်တဲ့ အခါကျတော့ ဘာသွားတွေ့သလဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်တဲ့ စာတမ်းတွေ၊ နယ်ချဲ့ လက်ကိုင်တုတ်တို့ ပုဆိန်ရိုးတို့ ဆိုတဲ့ ကြွေးကြော်သံတွေ၊ ဆောင်ပုဒ်တွေ၊ စာတမ်းတွေ ကိုင်ဆောင်ပြီးတော့ ကြံ့ဖွံ့တွေက ကန့်ကွက် ကြတယ်ပေါ့။ ကန့်ကွက် ပေမယ့်လို့ ဒီမြို့ သုံးမြို့ကို ကျော်ဖြတ်လိုက်တဲ့ အခါကျတော့ သူဘာသွား သတိထားမိလည်း ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို အဖွဲ့အစည်းတွေနဲ့ ရင်ဆိုင်ရတိုင်း အဲဒီအဖွဲ့အစည်းရဲ့ နောက်မှာ တယောက်မှ မရှိလောက်အောင် ဒေါ်အောင်ဆန်းစုကြည်ဘက် ပါလာတယ်တဲ့၊ နောက်တခါ အဖွဲ့ထဲက အဖွဲ့ဝင်များ ကိုယ်တိုင်လည်း ဒေါ်အောင်ဆန်းစုကြည် နောက်ကို လိုက်လာတယ်။ လူငယ်တွေ ကျောင်းသားတွေ ဆိုတာကို သူတို့ အကြောင်းအမျိုးမျိုးနဲ့ စည်းရုံးပြီး ခိုင်းစေထားသော် ငြားလည်း အဲဒီ ကြံ့ခိုင် ဖွံ့ဖြိုးရေးအဖွဲ့ထဲမှာ ပါနေတဲ့ လူငယ်တွေကိုက လိုက်လာကြတယ် ဆိုတာ သူတွေ့တယ်ပေါ့၊ ဒါက သူရဲ့ သုံးသပ်ချက်ပေါ့။

အဲဒီအချိန်ကစပြီး ကြံ့ဖွံ့ဆိုတဲ့ စစ်အစိုးရက ခိုင်းစေထားတဲ့ လက်ကိုင်တုတ်များ ဖြစ်တဲ့ အဖွဲ့အစည်းများ၊ နိုင်ငံရေး အရောင်ပြများ၊ လူမှုရေး အရောင်ပြ အဖွဲ့အစည်းရဲ့ အင်အားတွေဟာ အကုန်လုံး ပြိုဆင်းသွားတယ်လို့ သူက သတ်မှတ်ပါတယ်။ ဒါက အရေးကြီးတဲ့ သုံးသပ်ချက်လို့ ကျနော် သဘောထားတယ်။

ဒီလို ပြိုဆင်းသွားတာကို သူတို့မြင်သွားတဲ့ အခါမှာ ဒီပဲယင်းလို နေရာမျိုး ညဖြတ်ရမယ့် နေရာမျိုးမှာ နိုင်ငံရေး လုပ်ကြံမှု၊ အကြမ်းဖက်မှုကို လုပ်တော့မယ်လို့ ဆုံးဖြတ်တယ်လို့ သူ ထင်မြင် ယူဆတယ်ပေါ့။ ဒါကတခုပေါ့၊ ဒီပဲယင်းရဲ့ အကြောင်းရင်းခံပေါ့။

နောက်တချက်က ဒီပဲယင်းမှာ အကုန်လုံး ၀ိုင်းရိုက်ကြတယ်။ လမ်းတလျှောက်လုံး ကြားလာခဲ့ရတဲ့ ကြွေးကြော်သံတွေကိုပဲ မှောင်ထဲမည်းထဲမှာ ကြားရတယ်။ ကြားပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားကိုလည်း ရိုက်တယ်။ သူ့ကားကိုလည်း ရိုက်တယ်။ အဲဒီအခါမှာ သူ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းတယ်။ လွတ်ရာကျွတ်ရာကို သွားပါလို့ ဆိုတာကို မသွားဘူးလို့ ပြောတယ်တဲ့။ ကျမရဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်း အများကြီး အရိုက်ခံရတယ်။ အဲဒီ အချိန်အခါမျိုးမှာ ကျမ ထွက်မသွားနိုင်ဘူး ဆိုပြီး အကြိမ်ကြိမ်ငြင်းတယ်။ အဲလို ငြင်းနေတုန်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် ကားဘေးမှာ မတ်တတ်ရပ်နေတဲ့ လူငယ်တွေလည်း အရိုက်ခံရတယ်။ အကုန်လုံး ၀ရုန်းသုံးကား ဖြစ်သွားတဲ့ အခါကျတော့ အဲဒီမှာ သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကား မောင်းတဲ့ ကလေးတွေကနေ ဒေါ်အောင်ဆန်းစုကြည် အသက်ကို ကယ်လိုက် တာပဲတဲ့။ အတင်းဖြစ်တဲ့နည်းနဲ့ ဖြတ်သန်း မောင်းသွားရတယ်ပေါ့။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသတ္တိ၊ ဓမ္မ သတ္တိကိုလည်း သူချီးမွမ်းတယ်တဲ့။ ဒါတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားဓမ္မ ဘက်မှာ ရပ်တည်နေတဲ့ စိတ်ဓာတ် ကြောင့်လည်း ကျော်ဖြတ်နိုင်တာ ဖြစ်တယ်လို့လည်း သူသုံးသပ်ပါတယ်။

နောက်သူကိုယ်တိုင်လည်း ဒေါ်အောင်ဆန်းစုကြည်တို့ လွတ်သွားပြီ ဆိုတဲ့အခါကျမှ သူ့ကားလည်း မောင်းသွားရတယ်။ အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်သူတွေနဲ့ သူကိုယ်တိုင် ရင်ဆိုင်ခဲ့ရတယ်။

အဓိက အရေးကြီးဆုံးကတော့ ဒီပဲယင်းကို သူက (၁) ကြံ့ဖွံ့လို ဟာမျိုးတွေ ဆိုးဝါးတဲ့ဟာ၊ (၂) ကတော့ ဒါဟာ နိုင်ငံရေး အကြမ်းဖက်မှု ဖြစ်တယ်လို့ သူက သုံးသပ်ပါတယ်။ ကာယကံရှင် ကိုယ်တိုင် ပါးစပ်က ပြောတာ ကြားရပါတယ်။

နောက်တခုက ရွှေဂုံတိုင်ကြေညာစာတမ်းနဲ့ ပတ်သက်လို့ ပါတီရဲ့ မူဝါဒဖြစ်တယ်၊ ပါတီရဲ့ တောင်းဆိုချက်တွေ ဖြစ်တယ်လို့ သူသတ်မှတ်တယ်။ ဒါကို တစုံတရာ အကြောင်းပြန်ခြင်း မရှိသရွေ့ကာလပတ်လုံး ဒီမူပေါ်မှာ စွဲစွဲမြဲမြဲ ရပ်တည် သွားမယ်လို့ ပြောပါတယ်။

နောက်တခု အရေးကြီးတဲ့တချက်က လူငယ်တွေနဲ့ပတ်သက်ပြီး သူ့စကားထဲမှာ ပါလာတဲ့ ကိစ္စက ကျနော် အမှန်အတိုင်း ပြောရမယ်ဆိုရင် မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ ဆိုတဲ့ ကျောင်းသားလူငယ်တွေ ထောင်ထဲမှာ ရှိနေတာ မကြိုက်ဘူးတဲ့။ အမြန်ဆုံး သူတို့ လွတ်မြောက်ရေးကိုလည်း ကျနော်တို့ ဖော်ထုတ် ဆောင်ရွက်ပေးရမှာ ပဲတဲ့။ ဘာလို့လည်းဆိုတော့ လူငယ်တွေဟာ ရှစ်လေးလုံးကာလ ဒီမိုကရေစီ အရေးတော်ပုံကြီးကို ဦးဆောင်ခဲ့သူတွေ ဖြစ်တယ်။ ဒါကို ကျနော် အသိအမှတ် ပြုတယ်တဲ့။ သူကိုယ်တိုင်က အငြိမ်းစားယူပြီး အိမ်မှာ ထိုင်နေတဲ့အချိန်၊ အဲဒီအချိန်မှာ ကျောင်းသားလူငယ် လှုပ်ရှားမှုတွေ၊ လူထုကြီးက နေပြီးတော့ သူ့ကို ချဉ်းကပ်လာပြီးတော့ သူ့ကို နိုင်ငံရေးလောကထဲ ပြန်ခေါ်သွားတယ်၊ နိုင်ငံရေး စင်မြင့်ပေါ် ပြန်တင်ပေးတယ် ဆိုတဲ့ အနေအထား ရှိတယ်တဲ့။ ဆိုတော့ ဒီလူငယ်တွေရဲ့ ကြိုးပမ်းမှုတွေ လူငယ်တွေရဲ့ အားထုတ်မှုတွေ၊ ဒီမိုကရေစီ မျှော်မှန်းချက်တွေကို ကျနော်တို့ အသိအမှတ် ပြုရမှာပဲတဲ့။ သူတို့ ခံစားနေရတဲ့ ဒုက္ခ သုက္ခတွေကိုလည်း အမြန်ဆုံး ပြေငြိမ်းအောင် လုပ်ရမှာပဲလို့ သူက ပြောပါတယ်။

အဲဒါနဲ့ ပတ်သက်ပြီးလည်း ကျနော်ကလည်း သူ့ကို ပြောပါတယ်။ ဥက္ကဋ္ဌကြီး ကျနော်လည်း ဒီအတိုင်းပဲ သဘောထားပါတယ်။ ကျနော့်ကိုယ် ကျနော်လည်း အရေးတော်ပုံ တပ်သားဆိုပြီး ကိုယ့်ကိုယ်ကိုယ် ခံယူပြီးတော့ လုပ်နေပါတယ်။ အရေးတော်ပုံကို ကျနော် တန်ဖိုးထားတဲ့ အတွက် ဒေါ်စုနဲ့ကျနော် ပြောဖူးတဲ့ စကားရှိပါတယ်။ အဲဒါဘာလဲဆိုရင် ကျနော်တို့ ပါတီဟာ အရေးတော်ပုံ ကနေ ပေါက်ဖွားလာတဲ့ ပါတီ ဖြစ်တယ်။ ဒေါ်စုကိုယ်တိုင်၊ ဦးတင်ဦး ကိုယ်တိုင်၊ ကျနော်တို့ ကိုယ်တိုင်ဟာ အရေးတော်ပုံကြီး ကနေ ပေါက်ဖွားလာတဲ့ ခေါင်းဆောင် မျိုးဆက်များ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျနော်တို့များ ရွေးကောက်ပွဲတွေ ဘာတွေများ ၀င်ကြမယ်။ နောက်တခါ လူထုက တင်မြှောက်တဲ့ အတွက် အစိုးရ အဖွဲ့လိုမျိုး ဖြစ်မယ်ဆိုရင် ကျနော်တို့ စဉ်းစားရမှာ (၃) မျိုးရှိပါတယ်။ ပထမက ဘာလဲဆိုရင် ကျနော်တို့ အဖွဲ့ချုပ်ရဲ့ အာဏာပိုင် အဖွဲ့ဖြစ်တဲ့ စီအီးစီ အဖွဲ့လိုမျိုး သို့မဟုတ် စီစီ အဖွဲ့လိုဟာမျိုးဟာ ကျနော်တို့ အရေးတော်ပုံမှာ ပါဝင်တဲ့ ပုဂ္ဂိုလ်များနဲ့ အခြေခံပြီးတော့ ဖွဲ့ရလိမ့်မယ်။ အကယ်၍ အရေးတော်ပုံမှာ ရှေ့တန်းကနေ ကိုယ်တိုင်ကိုယ်ကျ ပါဝင်တာမဟုတ်တောင်မှ တစုံတရာပါဝင်မှု ဒီလှုပ်ရှားမှုမှာပါဝင်တဲ့ အဖွဲ့ဝင်များနဲ့ ဖွဲ့စည်းရမယ်။ အနည်းဆုံး ဒီအရေးတော်ပုံ ထောက်ခံတဲ့သူတွေ ဒီအရေးတော်ပုံရဲ့ ရည်မှန်းချက်များကို လက်ခံတဲ့သူတွေနဲ့ ကျနော်တို့ ဖွဲ့စည်းရမယ်။ ဗဟို အလုပ်အမှုဆောင် အဖွဲ့လို ဟာမျိုးက အရေးတော်ပုံ တပ်သားတွေနဲ့သာ ဖွဲ့စည်းရမယ်။ အရေးတော်ပုံမှာ ပါဝင် ဆောင်ရွက်ခဲ့တဲ့ သူတွေနဲ့သာ ဖွဲ့စည်းရမယ်၊ အရေးတော်ပုံ ရည်မှန်းချက်များကို လက်ခံတဲ့ သူများနဲ့သာ ဖွဲ့စည်းရမယ်။

ဒုတိယ အချက်ကတော့ လွှတ်တော်လိုဟာမျိုး၊ ရွေးကောက်ပွဲလို ဟာမျိုး လုပ်တဲ့ အခါမှာလည်း ဘာပဲပြောပြော အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ သူတွေ၊ ဦးဆောင် လှုပ်ရှားခဲ့တဲ့ သူတွေနဲ့သာ ကျနော်တို့ ကျင်းပဖို့လိုမယ်။ နောက်တချက်ကတော့ ကျနော်တို့ အာဏာတို့ ဘာတို့ ရခဲ့သော် သို့မဟုတ် ပြည်သူက လွှဲအပ်လို့ ကျနော်တို့ အစိုးရ အဖွဲ့ လုပ်ငန်းတာဝန်တွေကို ထမ်းရွက်ရမယ် ဆိုရင်လည်း အဲဒီ အစိုးရလိုဟာမျိုးဟာ အရေးတော်ပုံ ကက်ဘိနက်ပဲ ဖြစ်ရလိမ့်မယ်လို့ ကျနော် ဆွေးနွေးခဲ့ဖူးတဲ့ အကြောင်း သူ့ကိုလည်း ပြောပြပါတယ်။

နောက်ဆုံးအချက်အနေနဲ့ သူပြောတဲ့ဟာကတော့ သူရဲ့ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ သဘောထားပေါ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရိပ်ကို ခိုပြီးတော့ နိုင်ငံရေး လုပ်နေတာပဲ ဆိုတဲ့စကားကို၊ ဒါလည်း သူအလွန် နှိမ့်နှိမ့်ချချနဲ့ ပြောတာ တခုဖြစ်တယ်။ နောက်တခုကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို လုံးဝဥဿုံ ခံယူတယ် ဆိုတဲ့ဟာကို ကမ္ဘာသိကို ကြေညာလိုက်တာပဲ။ ဒါက သူဘီဘီစီမှာ ပြောတဲ့စကားလည်း ပါတာကိုး။ ဒါကြောင့် ကျနော်က ဥက္ကဋ္ဌရဲ့ ပြောဆို ချက်တွေဟာ နိုင်ငံရေး ရိုးသားမှုရှိတယ်၊ နိုင်ငံရေး အမြော်အမြင်ရှိတယ်၊ ခေါင်းဆောင် တင်ရမယ့်လူကို ခေါင်းဆောင် တင်ရမှာပဲဆိုတဲ့၊ ခေါင်းဆောင် သွားတဲ့နောက်ကို လိုက်ရမှာပဲ ဆိုတာကို ထွန်းလင်းပြတဲ့ သဘောဆောင်တယ်လို့ ကျနော် ယူဆပါတယ်။

ကျနော်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုး ရထားတာဟာ ဗုဒ္ဓဘာသာ စကားနဲ့ပြောရင် ဗုဒ္ဓဘာသာ ဒေသနာ ကျမ်းတွေမှာ သုံးလေ့ သုံးထရှိတဲ့ စကားနဲ့ ပြောရင် အတော်ကို အရ တော်တယ်လို့ ငါတို့ဘ၀မှာ အရတော်လေစွ လို့ပဲ ပြောရမှာပဲလို့ ကျနော် ပြောခဲ့ပါတယ်။

Ref: ခေတ်ပြိုင်

Read More...

Sunday, February 14, 2010

အမေရိကန်မူဝါဒကို ထောက်ခံကြောင်း ဦးတင်ဦးပြော

စနေနေ့၊ ဖေဖေါ်ဝါရီလ ၁၃ ရက် ၂၀၁၀

ချင်းမိုင်။ ။ ၆ နှစ်ကြာ အချုပ်အနှောင်ခံခဲ့ရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက အမေရိကန် ဘားရက် အိုဘားမား အစိုးရ၏ မြန်မာနိုင်ငံအပေါ် ထားရှိသော မူဝါဒကို ထောက်ခံ ပြောဆိုလိုက်သည်။

၈၂ နှစ်အရွယ် ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးက အမေရိကန်၏ မြန်မာ စစ်အစိုးရအပေါ် ထိတွေ့ဆက်ဆံရေး မူဝါဒကို ကြိုဆိုကြောင်း သတင်းထောက်များ၏ အမေးကို ဖြေကြားခဲ့သည်ဟု အတူတကွ ရှိနေခဲ့သော အန်အယ်ဒီ ဗဟို အလုပ်အမှုဆောင်နှင့် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဝင်းနိုင်က မဇ္ဈိမကို ပြောပြသည်။

''ဒါ ကောင်းတဲ့ကိစ္စပါ။ လုပ်သင့်တာလည်း ကြာပါပြီတဲ့။ အိုဘားမား တက်လာကတည်းက ဒါကိုလည်း ပြောနေတယ်တဲ့။ သူအနေနဲ့ ကြိုဆိုတယ်ပေါ့'' ဟု ဒေါက်တာဝင်းနိုင်က ပြောသည်။

ထို့ပြင် ၁၄ နှစ်ကျော်ကြာ အချုပ်အနှောင်ခံနေခဲ့ရသော ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာလိမ့်မည်ဟု ဦးတင်ဦးက မျှော်လင့်နေသည်။

''သူလွတ်ပြီးရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ ကြိုးစားပါမယ်တဲ့။ အဲဒီအပြင် သူလွတ်ပြီးလို့ ရှိရင် ဒေါ်အောင်ဆန်းစုကြည်က မကြာခင် လွတ်တတ်တယ်တဲ့'' ဟု ဒေါက်တာဝင်းနိုင်က ပြန်ပြောသည်။ ကိုယ်တိုင် လွတ်မြောက် လာသော်လည်း နိုင်ငံရေး အကျဉ်းသားများ အကျဉ်းထောင် အတွင်း ရှိနေခြင်းက ဝမ်းမသာနိုင်ဘဲ ဖြစ်နေသည်။

“ ဘယ်လိုများ ခံစားရလဲဆိုတော့ ဝမ်းမသာပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုပ်ဖော်ကိုင်ဘက်နဲ့ ပတ်သက်တဲ့ လူတွေက အခုထက်ထိ အကျဉ်းကျနေတာပဲ။” ဟု ဦးတင်ဦးက မဇ္ဈိမသို့ ဖြေကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုကို ဆက်လက်ခံယူသွားမှာဖြစ်သလို ဒီမိုကရေစီ ရရှိသည့်အထိ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြား သွားသည်ဟု သိရသည်။

မျက်စိကုသမှု ခံယူနေရသော ဦးတင်ဦးကို လွှတ်ပေးရန်အတွက် စနေနေ့ည ၈ နာရီခွဲကျော်တွင် ရဲများ ရောက်ရှိလာပြီး နေအိမ် အကျယ်ချုပ်ကို ရုပ်သိမ်းကြောင်း ကြေညာကာ လုံခြုံရေးများ ပြန်လည် ရုပ်သိမ်းသွားသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းက လွတ်မြောက်လိမ့်မည်ဆိုသော ခန့်မှန်းချက်များကြောင့် ယနေ့ညနေ ၆ နာရီ မတိုင်ခင်ကပင် အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ အပါအဝင် ထောက်ခံသူများ၊ သတင်းထောက်များမှာ စိုးတထိတ်ထိတ်နှင့် စောင့်ဆိုင်းနေကြပြီး ခြံဝင်းတံခါး ပွင့်သည်နှင့် ပျော်ရွှင်စွာ ဝင်ရောက် သွားကြသည်။

''သူ့ကို မြင်လိုက်တော့ စိတ်ထဲမှာတော့ စိတ်မကောင်းဘူး။ နည်းနည်း ပိန်သွားတယ်။ အသံလည်း မှိန်သွားတယ်။ ကျန်းမာရေး အတွက် စိတ်မကောင်းပေမယ့် သူ့စိတ်ဓာတ်ကိုတော့ အားတက်မိတယ်။ ဝမ်းသာပါတယ်'' ဟု အခြားသော ပါတီ CEC တဦးဖြစ်သော ဦးခင်မောင်ဆွေက ပြောသည်။

ဦးတင်ဦးက မနက်ဖြန်တွင် ပါတီဥက္ကဋ္ဌဖြစ်သူ ဦးအောင်ရွှေထံ သွားရောက် တွေ့ဆုံမည်ဟု သိရသည်။ ထို့ပြင် ကျန်းမာရေး မကောင်းသော ပါတီခေါင်းဆောင်များဖြစ်သော ဦးလွန်းတင်နှင့် အတွင်းရေးမှူး ဦးလွင်တို့ကိုလည်း နှုတ်ခွန်း ဆက်သကြောင်း သတင်း ပါးလိုက်သည်။

Ref: မဇ္ဈိမ

Read More...

အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်

NEJ/ ၁၃ ဖေဖော်ဝါရီ ၂ဝ၁ဝ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဒု-ဥက္ကဋ္ဌ ဦးတင်ဦးသည် ယနေ့ ည (၈ ) နာရီခွဲကျော်တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီဖြစ်သည်။

နေအိမ်အကျယ်ချုပ် သက်တမ်း (၆) နှစ်ပြည့်သည့် ဖေဖော်ဝါရီ (၁၃ ) ရက်နေ့တွင် လွတ်မြောက်လာခြင်း ဖြစ်သည်။

ဦးတင်ဦး လွတ်မြောက်လာသည်ကို သားဖြစ်သူ ဦးသန့်ဇင်ဦး (ဥက္ကဋ္ဌ၊ အန်အယ်လ်ဒီ လွတ်မြောက်နယ်မြေ -ဂျပန်ဌာနခွဲ) မှ အတည်ပြု ပြောကြားသည်။

အန်အယ်လ်ဒီ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်သူ ဦးတင်ဦးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ၂၀၀၃ ခုနှစ် မေလတွင် အထက် မြန်မာပြည်သို့ စည်းရုံးရေးခရီး ထွက်နေစဉ် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့အနီး ကျည်ရွာတွင် နအဖ စစ်အစိုးရကို အားပေး ထောက်ခံသူ လူအုပ်ကြီးက ၀ိုင်းဝန်းရိုက်နှက် တိုက်ခိုက်ခံရပြီးနောက် ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်အကျဉ်းထောင်သို့ လည်းကောင်း၊ ဦးတင်ဦးအား စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်သို့ လည်းကောင်း စစ်အစိုးရ အာဏာပိုင်များက ဖမ်းဆီးပို့ဆောင်ခဲ့ပြီး နောက်ပိုင်းတွင် ၎င်းတို့အား နေအိမ် အသီးသီးသို့ ပြန်လည်ပို့ဆောင်ကာ အကျယ်ချုပ် ချထားခြင်းဖြစ်သည်။

ဦးတင်ဦးသည် ကလေးမြို့အကျဉ်းထောင်တွင် (၁) နှစ်နီးပါး နေခဲ့ရပြီး ၂၀၀၄ ခု ဖေဖော်ဝါရီ (၁၃) ရက်တွင် နေအိမ်သို့ ပြန်လည် ရောက်ရှိကာ အကျယ်ချုပ် ချထားခံခဲ့ရသည်မှာ ယနေ့ (၆) နှစ်ပြည့်မြောက်ပြီ ဖြစ်သည်။

အသက် (၈၃) နှစ်ရှိပြီဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးသည် ဗိုလ်ချုပ်ကြီးဟောင်း တဦးလည်း ဖြစ်ပြီး မြန်မာ့တပ်မတော်တွင် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့ဖူးကာ အများက ချစ်ခင်လေးစားခြင်း ခံရသူဖြစ်သည်။

ယခုလောလောဆယ်တွင် ကျန်းမာရေးအရ စိုးရိမ်ရသည့် အနေအထား မရှိသော်လည်း မကြာသေးမီက မျက်စိ ခွဲစိတ်ကုသမှု ခံယူခဲ့သည်ဟု သိရသည်။

မြန်မာစစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ဒေါ်အောင်ဆန်းစုကြည်အား လာမည့် နိုဝင်ဘာ လကုန်တွင် နေအိမ်အကျယ်ချုပ် သက်တမ်းစေ့ပါက ပြန်လွှတ်ပေးမည်ဟု ပြောကြားခဲ့ပြီး အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးအားလည်း ဖေဖော်ဝါရီ (၁၃) ရက်တွင် လွှတ်ပေးမည်ဟု ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်း၌ ပြောကြားခဲ့သည်။

ယင်းသို့ ပြောကြားခဲ့ပြီးသည့်နောက် ယခုကဲ့သို့ ဦးတင်ဦး လွတ်မြောက် လာခြင်းဖြစ်သည်။

ဦးတင်ဦး လွတ်မြောက်လာမှုအပေါ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ကြိုဆိုကြောင်း၊ အန်အယ်လ်ဒီအတွက် အင်မတန် ကောင်းမွန်ကြောင်း၊ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပါက ပိုမို ကောင်းမွန်မည် ဖြစ်ကြောင်း ပြောကြားသည်။

“လွတ်မြောက်ချိန်မှာ လွတ်လာတဲ့ ခေါင်းဆောင်အတွက် ကျနော်တို့က ကြိုဆိုပါတယ်။ ကျနော်တို့ အတွက်လည်း အများကြီး အားတွေ တိုးလာမယ်၊ ခေါင်းဆောင်မှုတွေ မြင့်မားလာမယ်၊ နောက် စည်းရုံး လှုပ်ရှားမှုတွေလည်း မြင့်မားလာမယ်လို့ ယူဆပါတယ်” ဟု ဦးဝင်းတင်က ပြောသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦး လွတ်မြောက်ရေး အတွက်သာ မဟုတ်ဘဲ ကျန်သည့် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရန်လည်း လိုအပ်ကြောင်း ဦးဝင်းတင်က ပြောကြားသည်။

Ref: ခေတ်ပြိုင်

Read More...

အပြုသဘော တွေ့ဆုံဆွေးနွေးရေးသည်သာ အဖြေ

ဦးဝင်းတင်
Saturday, 13 February 2010

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် စစ်အစိုးရ၏ သမိုင်းကြောင်းအရ ရွေးကောက်ပွဲဖြင့် မိမိတို့၏ ပြဿနာ အကျပ် အတည်းကို ဖြေရှင်းနိုင်မည် မဟုတ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင်များ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များကို မကြာသေးမီက ပြောသော မိန့်ခွန်းများတွင်၂၀၀၈ ခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်၍ သုံးသပ်စရာ အကြောင်းမရှိ။ ၂၀၁၀ ရွေးကောက်ပွဲကို ၎င်းတို့၏ အဆင့် ၇ ဆင့်ပါ "လမ်းပြမြေပုံ" အတိုင်း ကျင်းပသွားမည် ဟူ၍ ဖြစ်သည်။ သို့ဆိုလျှင် ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ်၏ ပထမ ၆ လ ပိုင်းတွင် ကျင်းပဖြစ်လိမ့်မည်လော။ အချိန်က သိပ်မကျန် လှတော့ပေ။

အရေးကြီးသည်မှာ ရွေးကောက်ပွဲ မကျင်းပမီနှင့် ရွေးကောက်ပွဲပြီး နောက်ပိုင်း ကာလများတွင် ဒီမိုကရေစီ ရှိနေစေရေး ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုခဲ့သည့် ဆန္ဒခံယူပွဲ နှစ်ခုလုံးမှာ လွတ်လပ်မှုနှင့် တရားမျှတမှု ကင်းမဲ့၍နေသည်။

၁၉၉၀ ရွေးကောက်ပွဲကာလက စနစ်တကျ ကြိုတင်ပြင်ဆင်မှုများ မရှိသကဲ့သို့ ဆန္ဒမဲ ပေးရာတွင်ဖြစ်စေ၊ မဲရေတွက်ရာတွင် ဖြစ်စေ တရားမျှတမှု ကင်းမဲ့နေခဲ့သည်။ အလားတူပင် ၂၀၀၈ ခု ဖွဲ့စည်းပုံ အတွက် ဆန္ဒခံယူပွဲသည်လည်း ဖော်မပြ နိုင်သော ဆိုးရွား ပြင်းထန်သည့် နာဂစ်ဆိုင်ကလုန်း မုန်တိုင်း အပျက်အစီးများ အကြား ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ တနိုင်ငံ လုံးက မည်သို့ တုံ့ပြန်ရမှန်း မသိ ဖြစ်နေခဲ့ကြသည်။

ဤသို့ နောက်ခံသမိုင်းကြောင်းကို ကြည့်၍ စစ်အစိုးရ၏ အစီအစဉ်အတိုင်း ကျင်းပမည့် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ရွေးကောက်ပွဲ ၀င်သည် ဖြစ်စေ၊ မ၀င်သည် ဖြစ်စေ၊ နိုင်ငံတကာ မိသားစုက ရွေးကောက်ပွဲ အတွင်း လွတ်လပ်မှုနှင့် တရားမျှတမှု ရှိစေရန် သေချာ ကြပ်မတ် ပေးသင့်သည်။

ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲဝင်သည် ဖြစ်စေ၊ မ၀င်သည်ဖြစ်စေ၊ ရွေးကောက်ပွဲပြီးနောက် ဖွဲ့စည်းမည့် အစိုးရသည် ဒီမိုကရေစီ နည်းကျ ဖြစ်လိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ ၎င်းအစိုးရကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဖွဲ့စည်းကြရမည် ဖြစ်သောကြောင့်ပင်။ ဤဖွဲ့စည်းပုံ ဥပဒေမှာ ဒီမိုကရေစီ အနှစ်သာရများကို ပုံဖျက်ထားပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အလိုကျ စစ်တပ်က ဗိုလ်ကျ စိုးမိုးရေးကိုသာ ရည်ရွယ်ထားသည်။

တက်လာသည့် အစိုးရသစ်က တိုင်းရင်းသားအုပ်စုများထံမှ ပူးပေါင်းဆောင်ရွက်မှု အနည်းငယ်မျှသာ ရရှိလိမ့်မည် ဖြစ်သည်။ ဤသို့ တင်းကျပ် ဖိနှိပ်ထားသည့် အခြေအနေများအောက် ဖွဲ့စည်းသည့် အစိုးရသစ်က မည်သို့ယုံကြည်မှု တည်ဆောက်နိုင်လိမ့်မည်၊ မည်သို့ တည်ငြိမ်မှုရအောင် ဆောင်ရွက်နိုင်မည် ဆိုသည်မှာ မေးခွန်း ထုတ်ဖွယ်ပင် ဖြစ်သည်။

ရွေးကောက်ပွဲပြီးနောက် ထွက်ပေါ်လာမည့် အာဏာဖွဲ့စည်းပုံကို မိမိတို့က လက်မခံနိုင်ပေ။ အကယ်၍ ရွေးကောက်ပွဲကို စီစဉ်ထားသည့် အတိုင်း ကျင်းပခဲ့ပါက မိမိတို့၏ ပြဿနာ အကျပ်အတည်းများ ဖြေရှင်း လွတ်မြောက်နိုင်စရာ အကြောင်း မမြင်မိပေ။ ပြဿနာများကို ဖြေရှင်းလိုလျှင် တလမ်းသာရှိသည်။ နိုင်ငံရေးအရ တွေ့ဆုံညှိနှိုင်း၍ ဖြေရှင်းရန်သာ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီရေး လှုပ်ရှားသူများ ဘက်မှ ကိုယ်စားပြု ဦးဆောင်သူ တဦးအနေနှင့် ပြည်သူလူထု ကိုယ်စားပြု ခေါင်းဆောင်လည်း ဖြစ်သင့်သည်။ တိုင်းရင်းသား အင်အားစုများကလည်း သူ၏ ဦးဆောင်မှုကို လက်ခံကြမည်မှာ မလွဲပေ။ ဒေါ်အောင်ဆန်းစုကြည်၏ စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းသည့် နောက်ဆုံး လုပ်ဆောင်ချက် သည်ပင် ရှေ့ခရီး ဆက်နိုင်စရာ လမ်းစဖြစ်သည်။

ရွေးကောက်ပွဲတခုတည်း သက်သက်ဖြင့် တိုင်းပြည်၏ ပြဿနာများကို ဖြေရှင်းနိုင်မည်ဟု ယူဆပါက မှားယွင်းသည့် ယူဆ ချက်သာ ဖြစ်သည်။ အပြုသဘောဆောင်သည့် တွေ့ဆုံ ဆွေးနွေးရေးသည်သာ လက်ရှိ အကျပ်အတည်းများမှ တခုတည်းသော လွတ်မြောက်ရာလမ်း ဖြစ်တော့သည်။

ဦးဝင်းတင်ရေးသားသည့် Constructive Dialogue is the Solution ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

ဦးဝင်းတင်သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို စတင်တည်ထောင်ခဲ့သူ တဦးဖြစ်ပြီး ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လူထုအုံကြွမှုပြီးနောက် စစ်အစိုးရ၏ ၁၉ နှစ်ကျော် ထောင်သွင်းအကျဉ်းချထားခြင်း ခံခဲ့ရသူဖြစ်သည်။

Ref: ဧရာဝတီ်

Read More...

အပေါ်သို့