ရန်ပိုင်
Monday, 17 August 2009 17:53
မြန်မာစစ်တပ်တွင် လက်ရှိအသုံးပြုနေသော လက်နက်ငယ်များ နေရာ၌ ပိုမို ခေတ်မီသော လက်နက် ငယ်များဖြင့် ပြောင်းလဲ အစားထိုး အသုံးပြုနေသည်ဟု သိရသည်။
အင်အားလေးသိန်း ခန့်ရှိ မြန်မာစစ်တပ်တွင် လက်ရှိ အသုံးပြုနေသော G3 ချေမှုန်းရေး ရိုင်ဖယ်များ နေရာတွင် M16 နှင့်ပုံစံတူ MA စီးရီး ချေမှုန်းရေး ရိုင်ဖယ်များဖြင့် အစားထိုး ပြောင်းလဲ တပ်ဆင်ပြီးကြောင်း စစ်တပ် အသိုင်းအဝိုင်းက ပြောသည်။
ယင်း MA အော်တိုမက်တစ် ရိုင်ဖယ်များသည် အစ္စရေး နိုင်ငံလုပ် ဂါလီ ချေမှုန်းရေး ရိုင်ဖယ်နှင့်လည်း ပုံစံတူသည်ဟု သိရသည်။
“ MA 1 နဲ့ MA 2 ကတော့ M 16 နဲ့တူတယ်၊ ဒါပေမယ့် ဒီMA တွေက ကျည်ဆန်ကို M 16မှာ သုံးလို့ ရတယ်၊M 16 က ကျည်ကိုတော့ ဒီသေနတ်တွေမှာ သုံးမရဘူး၊ ပေါ့ပါးတယ်၊ ကျည်ပြင်းအားက G3ကို မမီဘူး၊ အဲ့ဒါ အားနည်းချက်ပဲ” ဟု ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA -S) မှ ပြောခွင့်ရပုဂ္ဂိုလ် စိုင်းဆိုင်မိဏ်းက ဧရာဝတီသို့ ပြောသည်။
နှစ်ပေါင်း ၆၀ ကျော် နယ်စပ်ဒေသများတွင် တိုင်းရင်းသားများနှင့် ဖြစ်နေသော ပြည်တွင်းစစ်တွင် ခေတ်မီ လက်နက်များကို စစ်အစိုးရက အသုံးပြု နေကြောင်းလည်း ၎င်းကပြောသည်။
မြန်မာစစ်တပ်မှ အရာရှိတဦးကလည်း“ တဖြည်းဖြည်းချင်း ပြောင်းပေးနေတယ်၊ အခုဆိုရင် MA 10 ကျော်နေပြီ၊ ကွဲပြားမှုကတော့ တိုင်းတပ်ဆိုရင် ပုံစံတမျိုး၊ တပ်မဆိုရင် ပုံစံတမျိုး၊ ခြေလျင်ဆိုရင် ပုံစံတမျိုး နည်းနည်းစီတော့ ကွဲတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာစစ်တပ် ယခုလက်ရှိကိုင်ဆောင်နေသော G3 အမျိုးအစား ချေမှုန်းရေး ရိုင်ဖယ်များကို ၁၉၅၀ ခုနှစ်ကတည်းက ဂျာမန် နည်းပညာဖြင့် ပြည်တွင်းတွင် စက်ရုံများ ဆောက်လုပ်၍ ထုတ်လုပ်ခဲ့ရာ၊၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ နိုင်ငံများက မြန်မာကို စစ်လက်နက် ပစ္စည်းရောင်းဝယ်ခွင့် ပိတ်ဆို့မှု ပြုလုပ်လာသောကြောင့် ထုတ်လုပ်ခွင့် ရပ်ဆိုင်း သွားရသည်ဟု ယူဆရသည်။
သို့သော် စစ်အစိုးရသည် လက်နက်များကို အစ္စရေး၊ ရုရှား၊ ယူကရိန်း၊ မြောက်ကိုရီးယား နှင့်တရုတ် နိုင်ငံများမှ ၀ယ်ယူနေ နေကြောင်း သိရသည်။
ဂျာမနီ နိုင်ငံလုပ် G3 အော်တိုမက်တစ် ရိုင်ဖယ်များသည် ကျည်ပြင်းအား ကောင်းမွန်သော်လည်း လေးလံ လွန်းသည်ဟု အဆိုပါ စစ်တပ် အရာရှိက ပြောသည်။
မြန်မာနိုင်ငံတွင် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ ) များကို ပြည်မြို့ တဘက်ကမ်း ဆင်တဲ၊ ထုံးဖို ၊ ညောင်ခြေထောက် နှင့် မလွန်တို့တွင် တည်ဆောက်ပြီး ထုတ်လုပ်နေသည်။
၁၀၅မမ ဟောင်ဝစ္စဇာ အမြောက်ကြီးများ၊ မော်တာများကိုပါ ထုတ်လုပ်နေပြီး၊၂၀၀၅ ခုနှစ် စာရင်းအရ မြန်မာနိုင်ငံ၏ စစ် အသုံးစရိတ် သည် အမေရိကန်ဒေါ်လာ သန်းပေါင်း ၇၀၀၀ ရှိသည်ဟု အမေရိကန် နိုင်ငံ အခြေစိုက် မဟာဗျူဟာ နှင့် အပြည်ပြည် ဆိုင်ရာ လေ့လာရေး အဖွဲ့ (CSIS ) ၏ ထုတ်ပြန်ချက်များ အရ သိရသည်။
အစိုးရစစ်တပ်က နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်များအား တိုက်ခိုက် ချေမှုန်းရာတွင် ယခု MA စီးရီး လက်နက်ငယ်များကို တွင်တွင် ကျယ်ကျယ် အသုံးပြုနေကြောင်း နယ်စပ် သတင်းရပ်ကွက်များက ဆိုသည်။
Ref: ဧရာဝတီ
Tuesday, August 18, 2009
မြန်မာစစ်တပ် ခေတ်မီလက်နက်ငယ်များ တပ်ဆင်ပြီးစီး
ဂျွန်ယက်တောအား ပြည်နှင်ဒဏ်ပေးခဲ့ဟု စစ်အစိုးရပြော
ဗထူး
Monday, 17 August 2009 17:45
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ဝင်း အတွင်းသို့ ဝင်ရောက်ခဲ့သူ အဓိက တရားခံ မစ္စတာ ဂျွန်ဝီလီယံ ယက်တောအား စစ်အစိုးရက အပြစ်ဒဏ် လျှော့ပေါ့ကာ ပြည်နှင်ဒဏ်ပေး၍ နေရပ်ရင်းနိုင်ငံသို့ ထွက်ခွာခွင့် ပြုလိုက်သည်။
နိုင်ငံတွင်းသို့ အလည်ပတ်ရောက်ရှိနေသည့် အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်နှင့် အတူ မစ္စတာယက်တောသည် ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မှ လေကြောင်း ခရီးဖြင့် ပြန်လည် ထွက်ခွာသွားသည်ဟု ယနေ့ထုတ် စစ်အစိုးရပိုင် မြန်မာ့ အလင်း သတင်းစာတွင် ဖော်ပြထားသည်။
မစ္စတာ ယက်တောသည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဝင်း အတွင်းသို့ ဝင်ရောက်ခဲ့မှုကြောင့် စစ်အစိုးရ တရားရုံးမှ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ၊ တားမြစ် ဧရိယာအတွင်း ဝင်ရောက်ခဲ့သည့် ဥပဒေများနှင့် အလုပ်နှင့် ထောင်ဒဏ် (၇) နှစ် ပြစ်ဒဏ် ကျခံနေရသူဖြစ်သည်။
ယခုလ (၁၅) ရက်နေ့က အာရှ ၅ နိုင်ငံခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိလာသော အမေရိကန် အထက် လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်နှင့် စစ်အစိုးရ ခေါင်းဆောင်တို့ အကြား တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် ယခုကဲ့သို့ မစ္စတာ ယက်တောအား အမေရိကန် နိုင်ငံသို့ ပြန်လည် ထွက်ခွာခွင့် ပြုလိုက်ခြင်းဖြစ်သည်။
မစ္စတာ ဂျင်မ်ဝက်ဘ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးတို့က သက်ဆိုင်ရာ ဌာနများသို့ မေတ္တာ ရပ်ခံချက် အရ မစ္စတာ ယက်တော၏ ကျန်းမာရေးနှင့် ဘဝရှေ့ရေးတို့ အတွက် စာနာ ထောက်ထား၍ လည်းကောင်း၊ အမေရိကန်နှင့် မြန်မာနိုင်ငံတို့၏ နှစ်နိုင်ငံ ဆက်ဆံရေးကို အလေးအနက် ထားရှိခြင်းကြောင့် လည်းကောင်း မစ္စတာ ဂျွန်ယက်တောအား ချမှတ်ထားသော ပြစ်ဒဏ်များ အနက် ထက်ဝက်ကို လျှော့ပေါ့ပြောင်းလဲကာ ကျန်ပြစ်ဒဏ်ကို ဆိုင်းငံ့ဖြင့် ပြည်နှင်ဒဏ် ပေးခဲ့သည်ဟု ယနေ့ထုတ် သတင်းစာတွင် ဖော်ပြထားသည်။
ယမန်နေ့မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံသို့ ဆိုက်ရောက်လာသည့် အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်က ဘန်ကောက်၌ သတင်းစာ ရှင်းလင်းပွဲ တရပ် ပြုလုပ်ခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်အား ပြန်လည် လွှတ်ပေးရန်နှင့် လာမည့်နှစ်တွင် ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲတွင် ပါဝင်ခွင့် ပြုရန်တို့ကို တောင်းဆိုခဲ့သည်ဟု ပြောဆိုသည်။
မြန်မာနိုင်ငံမှ ထွက်ခွာစဉ် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌လည်း သတင်းထောက်များနှင့် တွေ့ဆုံရာ စစ်အစိုးရ ခေါင်းဆောင်ပိုင်းနှင့် သူ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရေး စဉ်းစားပေးရန် တိုက်တွန်းခဲ့သည်ဟု ပြောဆိုသွားခဲ့သည်။
Ref: ရိုးမ ၃
ကြွက်မြီးတထောင်စီမံချက်ကြောင့် အခက်အခဲဖြစ်
Monday, 17 August 2009 17:21
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်အတွင်း လယ်ယာများတွင် ကြွက်ကြောင့် စပါးပင်များ ပျက်စီး ဆုံးရှုံးမှု ရှိနေသဖြင့် ကြွက်နှိမ်နင်းသည့် အာဏာပိုင်တို့၏ စီမံချက်ကြောင့် လယ်သမားများ အခက်အခဲနှင့် ကြုံတွေ့နေသည်။
မျိုးစပါးများ ကိုက်ဖြတ်စားသောက်သည့် ကြွက်များအား နှိမ်နင်းရန် လယ်သမား တဦးလျှင် နေ့စဉ် သတ်မှတ်ထားသည့် ကြွက်မြီး အရေအတွက် အပ်နှံရန် ခိုင်းစေခဲ့ခြင်း ဖြစ်သည်။
အဆိုပါခိုင်းစေမှုကို (၇၂) ဒိုင်နယ်ရှိသည့် ဘိုကလေးမြို့နယ် တမြို့နယ်လုံး အတွင်း မြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (မယက) မှ ဦးဆောင် လုပ်ကိုင်နေခြင်း ဖြစ်သည်။
“သူတို့ပြောတာကတော့ ကြွက်မြီးတထောင်စီမံချက်တဲ့၊ ပြီးခဲ့တဲ့ တပတ်လောက် ကတည်းက စလုပ်နေတာ၊ ကြွက်မြီး တချောင်းရရင် ကျပ် ၂၀၀ ပေးတယ်၊ လယ်သမား တယောက်ကို တရက် ၅ မြီးရအောင် လုပ်ရမယ်၊ ရှာမရတဲ့ လူက တမြီးအတွက် ၂၀၀ ပေးရတယ်၊ တရက်အတွက် ဆိုရင် ကျပ် ၁,၀၀၀၊ လုံးဝ မရှာပေးနိုင်တဲ့သူ တအိမ်ထောင်ကို ကျပ် ၅,၀၀၀ (ရယက)ကို ပေးရတယ်” ဟု ဒေသခံ လယ်သမားက ပြောသည်။
ယခင် မျိုးစပါးစိုက်ပျိုးပြီးစအချိန်တွင် အဆိုပါမြို့နယ်များ အတွင်း ကြွက်များ ဖျက်ဆီးမှု များပြား လာသဖြင့် အာဏာပိုင်များက ကြွက်နှိမ်နင်းခြင်း လုပ်ငန်းကို စတင်ခဲ့ပြီး စီမံချက်ကာလ မည်မျှကြာမည်ကို မသိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
အာဏာပိုင်များ၏ စီမံချက်ကြောင့် ဒေသခံများအနေဖြင့် တနေ့အတွက် သတ်မှတ်သည့် ကြွက်မြီး အရေအတွက် ပြည့်မှီအောင် ရှာဖွေ နေကြသောကြောင့် လယ်ယာမြေအချို့ ပျက်စီး ဆုံးရှုံမှုများ ဖြစ်ပေါ်ခဲ့ရသည်။
လယ်မြေများ ပျက်စီးပုံနှင့်ပတ်သက်၍ “ကြွက်မြီးရှာတဲ့ တချို့က လယ်ကန်ဇင်းရိုး တွေပါ ပေါက်ပြီး ရှာကြတော့ ကန်ဇင်းတွေပျက်၊ ရေတွေပါ ပေါက်ကုန်ပြီး လယ်ထဲမှာ ရေတွေပါ မရှိတော့ဘူး၊ ဒေသထဲက လယ်အတော် များများမှာ ဖြစ်နေကြတာ၊ ကန်ဇင်းတွေ ပြန်ပေါက်ရ၊ ပြန်လိုက်နဲ့ အလုပ်ကို ရှုပ်နေတာပဲ၊ ပြီးတော့လည်း ကြွက်ရဖို့က တမျိုး” ဟု ကျွန်းသာယာမှ လယ်သမားတဦးက ပြောသည်။
ယခု မျိုးစပါးပင်များမှာ စိုက်ပျိုးရသည့်အရွယ်သို့ ရောက်ရှိနေပြီး အချို့မှာ စိုက်ပျိုး လက်စ ဖြစ်နေသဖြင့် ယခုကဲ့သို့ စီမံချက်ချ လုပ်ကိုင် နေခြင်းမှာ အချိန်အခါနှင့် မကိုက်ညီကြောင်း ဆက်လက် ပြောဆိုသည်။
အချို့ဒိုင်နယ်များမှာ မျိုးစပါးဖျက်ဆီးသည့် ကြွက်မရှိသော်လည်း စီမံချက် နယ်မြေ အတွင်း ပါဝင်နေသောကြောင့် ဒေသခံ လယ်သမားများမှာ ကြွက်ရရှိရေးကို အပူတပြင်း လိုက်လံ ရှာဖွေ နေကြရသည်။
“စက်ဆန်းတိုက်နယ်ထဲက ထော်ပိုင်ဆို ကြွက်က မရှိဘူး၊ မရှိလည်း သတ်မှတ်ချက် ပြည့်မှီအောင် ရှာကြတော့ လယ် အတော်များများ ရေတွေ ပေါက်ထွက် ကုန်တယ်၊ ခုရက်ပိုင်းထဲမှာ မိုးကမရွာဘဲ နေပူတော့ လယ်တွေ ပတ်ကြား အက်ကုန်တယ်၊ ကြိမ်ချောင်းကြီး၊ ကျွန်းသာယာနဲ့ ထော်ပိုင်ဘက်မှာပေါ့” ဟု ဒေသခံ လယ်သမားတဦးက ပြောသည်။
ဒေသခံ လယ်သမားအများစု၏ အတွေ့အကြုံအရ လယ်ယာမြေ အတွင်း ယခုကဲ့သို့ ကြွက်များ ကျလာခြင်းကို နှိမ်နင်းရန် မလွယ်ကူကြောင်း ယခုကဲ့သို့ နည်းလမ်း မမှန်သည့် လုပ်ရပ်ကြောင့် လယ်ယာမြေများ ပျက်ဆီးမှုနှင့် ရင်ဆိုင် ကြုံတွေ့ နေရသည်ဟု ဒေသခံ လယ်သမားက ဆက်လက် ပြောဆိုသွားခဲ့သည်။
Ref: ရိုးမ ၃
Monday, August 17, 2009
သတင်းစာဆရာကြီး ဦးဝင်းတင် ဆေးရုံတင်
16 August 2009
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တဦး ဖြစ်တဲ့ သတင်းစာ ဆရာကြီး ဦးဝင်းတင်ဟာ နှလုံးခုန်နှုန်း ပုံမှန် မရှိတဲ့အတွက် မနေ့က သြဂုတ်လ ၁၅ ရက် စနေနေ့ညက ရန်ကုန်က အာရှတော်ဝင် ဆေးခန်းကို နှလုံး အသေးစား ခွဲစိတ် ကုသဖို့အတွက် ဆေးရုံ တင်လိုက်ရတယ်လို့ ဆရာဦးဝင်းတင် ရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။
“ဘဘက နှလုံးခုန်နှုန်းက အရမ်းနှေးနေတယ်။ ၄၀ လောက်ပေါ့၊ ၄၀ နဲ့ ၅၀ ကြားမှာပဲ ရှိနေတယ်လေ။ အဲဒီလို ရှိနေတဲ့ အတွက်ကို သူ့ကို ဆေးသောက်ပြီးတော့ ထိန်းပြီးတော့ နှလုံးခုန်နှုန်း တက်လာ မလားလို့ လုပ်ကြည့်တယ်၊ နှစ်ပတ်လောက်။ ဒါပေမယ့် တက်မလာဘူး။ တက်မလာတဲ့ အတွက် မနေ့က အီးစီဒီ ဟိုဒါ တက်ပြီး ၂၄ နာရီပြည့်တယ်။ ပြည့်တဲ့ အချိန်မှာလည်း နှလုံးခုန်နှုန်းက ၉၀ % လောက် တကယ်တမ်း နည်းနေတယ်။ ၃၈၊ ၄၀ လောက်အထိပဲ ရှိတော့ ၂၄ နာရီပတ်ဝန်းကျင်မှာ ဘဘရဲ့ နှလုံးခုန်နှုန်းက နည်းနေတဲ့ အတွက်ကို သူတို့က အားချင်းပဲ စက်တပ်ဖို့ လိုတယ် ဆိုပြီးတော့ အခု ကျမတို့ကို အာရှတော်ဝင် ဆေးရုံကို တက်လာတာပေါ့။”
အခု ဆရာ ဦးဝင်းတင်ကို ကြည့်ပေးနေတဲ့ နှလုံးခွဲစိပ် အထူးကု ဆရာဝန်ကြီးက ဆရာ့ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့ နောက်ဆုံး ဘယ်လို ပြောပြတာရှိလဲ။ -
“နှလုံးခုန်နှုန်းက အရမ်းနှေးနေတဲ့အတွက် နှေးနေရာကနေ ရပ်သွားမှာ စိုးတယ်။ ပြီးတော့ အဲဒီလို ရပ်သွားတဲ့ အခြေအနေ ကျမှ တခုခု စီစဉ်မယ် ဆိုရင် အချိန် မရမှာစိုးလို့ အခုလို အခြေအနေ လောက်ကတည်းက ကြိုတပ်ထားမှ စိတ်ချရမယ့် အနေအထား ဖြစ်တဲ့အတွက် ဒီစက်ကို တက်ရတာပါလို့ ရှင်းပြပါတယ်။”
အခု ဆရာဦးဝင်းတင်ရဲ့ ကျန်းမာရေး အခြေအနေကိုရော ဘယ်လို တွေ့ရလဲရှင့်။ ကျန်းကျန်း မာမာ ပဲလား ဘယ်လို အခြေအနေ ရှိလဲ။ -
“ဘဘက အဓိကကတော့ မောတာပေါ့။ အရင်က လှေကား အတက်အဆင်း လောက်ပဲ မောတာ။ အခု ဒီဘက်ရက်ပိုင်းမှာ အ၀တ်အစား ပုဆိုး အင်္ကျီ လဲတဲ့ အချိန်၊ အထိုင်အထ လုပ်တဲ့အချိန်မှာလည်း မောနေတယ်။ ကျန်တာကတော့ အားလုံးကောင်းပါတယ်။ အိပ်တာလည်း မှန်တယ်။ အစား အသောက်လည်း စားနိုင်တယ်။ အဓိက က မောတာပေါ့။ အဲဒီမောနေတဲ့ အတွက်ကို နှလုံးခုန်နှုန်းက တက်လိုက် ကျလိုက် မမှန်ဘူး။”
ဒါကတော့ ဆရာဦးဝင်းတင်ရဲ့ မိသားစုဝင်တဦးက ဆရာရဲ့ နောက်ဆုံး ကျန်းမာရေး အခြေအနေကို ရှင်းပြခဲ့တာပါ။
ဒါ့အပြင် ဒီကနေ့ တနင်္ဂနွေနေ့ ညနေပိုင်းမှာ နှလုံးခုန်နှုန်းကို ထိန်းနိုင်မယ့် စက်ကို ခွဲထည့်မှာ ဖြစ်ပြီးတော့ ဒါဟာ အသေးစား ခွဲစိပ်မှု ဖြစ်တယ်လို့လည်း ပြောပါတယ်။
ဆရာဦးဝင်းတင်ဟာ အခုချိန်မှာ အသက် ၇၉ နှစ်ကျော်နေပြီ ဖြစ်ပြီးတော့ အင်းစိန် ထောင်တွင်းမှာ နှစ် ၂၀ ကျော် အကျဉ်းကျ ခံထားရဖူးတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းလည်း ဖြစ်ပါတယ်။
Ref: VOA News
အဓိက တရားခံ ယက်ထော လွတ်
ကိုစိုး
Sunday, 16 August 2009 17:37
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်မှုဖြင့် ထောင် ၇ နှစ် ပြစ်ဒဏ် ချမှတ်ခံထားရသော အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထောအား စစ်အာဏာပိုင်များ က ပြန်လည် လွှတ်ပေး လိုက်ကြောင်း သိရသည်။
အဆိုပါ မစ္စတာ ယက်ထောကို မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန် အထက် လွှတ်တော်အမတ် မစ္စတာ ဂျင်မ် ဝက်ဘ် ၏ တောင်းဆိုမှုအရ လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။
ယနေ့ ရန်ကုန်မြို့၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် မစ္စတာ ဂျင်မ် ဝက်ဘ်က ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း မစ္စတာ ယက်ထော လွတ်ရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရေး အပြင် ဒေါ်အောင်ဆန်း စုကြည်အား လွှတ်ပေးရန် တောင်း ဆိုခြင်းတို့ကို ဆောင်ရွက်ခဲ့သည်ဟု သတင်းထောက်များကို ပြောဆိုသွားသည်။
၎င်းက “ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့ ကျနော် မျှော်လင့်ပါတယ်” ဟုလည်း ပြောသည်။
ပြည်တွင်း ပြည်ပရှိ လေ့လာသူများကမူ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည် လွှတ်ပေးရန် အလားအလာ မရှိကြောင်း သုံးသပ်သည်။
ယခု မစ္စတာ ယက်ထောကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ပြန်လည် လွှတ်ပေးခြင်း ဖြစ်သည်ဟု ရှေ့နေ ဦးခင်မောင်ဦး ကလည်း ပြောပြသည်။
“နိုင်ငံတော်အကြီးအကဲရဲ့ အမိန့်နဲ့ပေါ့၊ လွှတ်ပေးလိုက်တာ၊ ကျနော် တဆင့် သိရတာပါ၊ အပြုသဘော မြင်ပါတယ်၊ ဝမ်းသာစရာလို့ ပြောရမှာပေါ့”ဟု မစ္စတာ ယက်ထော၏ ရှေ့နေ ဦးခင်မောင်ဦးက ဧရာဝတီသို့ ပြောသည်။
မစ္စတာ ဂျင်မ် ဝက်ဘ်နှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ ယမန်နေ့က တွေ့ဆုံပြီးနောက် ယင်းကဲ့သို့ မစ္စတာ ယက်ထောအား ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။
ယမန်နေ့က မစ္စတာ ဂျင်မ် ဝက်ဘ်သည် ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း ရန်ကုန်မြို့ရှိ အစိုးရ ဧည့်ဂေဟာတွင် တွေ့ဆုံ ခဲ့သေးသည်။
ယနေ့ မွန်းလွဲပိုင်းတွင် မစ္စတာ ယက်ထောသည် မစ္စတာ ဂျင်မ် ဝက်ဘ် နှင့် အတူ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။
ယင်းသို့ မစ္စတာ ယက်ထော ကို ပြန်လည် လွှတ်ပေးပြီး ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက် ချုပ်နှောင်ထိန်း သိမ်းထားပါက အလွန်ဆိုးဝါး၍ မမျှတသော လုပ်ရပ်ပင်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောသည်။
“မစ္စတာ ယက်ထောကို ပြန်လွှတ်လိုက်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလား အလာကတော့ သူတို့ အာဏာ ပိုင်တွေ အပေါ်မှာပဲ မူတည်ပါတယ်၊ တခုတော့ စဉ်းစားမိတာက သူ့ကြောင့် ဖြစ်ရတဲ့ အမှုဟာ သူက ပြန်သွားခွင့် ရပြီးတော့ ကျန်တဲ့ လူတွေက အချုပ်နဲ့ နေရတာကတော့ လုံးဝ ကြည့်မကောင်းတဲ့ ကိစ္စပဲ၊ တကယ်လို့ ဒေါ်အောင် ဆန်းစုကြည်တို့ အပေါ်မှာ လွတ်ဖို့ ဘာမှ မလုပ်ဘူး ဆိုရင်တော့ အတော် ရုပ်ဆိုးတာပဲလို့ ပြောချင်တယ်”ဟု ၎င်းက ဆိုသည်။
ယမန်နေ့က နေပြည်တော်၌ မစ္စတာ ဂျင်မ် ဝက်ဘ်နှင့် ၂၅ မိနစ်ခန့် သီးသန့် တွေ့ဆုံရာတွင် NLD ဗဟို အလုပ် အမှုဆောင်(CEC) အဖွဲ့ဝင်များ ဖြစ်သော ဦးသန်းထွန်း၊ ဦးစိုးမြင့် ၊ ဦးညွန့်ဝေ တို့က ဒေါ်အောင်ဆန်း စုကြည်အား ယခုကဲ့သို့ ပြစ်ဒဏ် ချမှတ်ခြင်းသည် တရားမျှတမှု မရှိကြောင်းနှင့် ပြန်လွှတ်ပေးရေး အတွက် ပြောဆိုခဲ့ကြောင်း သိရသည်။
“ကျနော်တို့ CEC တွေက ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ပေးတာ မတရားဘူး၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထု အများ ယုံကြည်တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့ အတွက် သူ့ကို အချုပ်ထဲမှာ ထားပြီးတော့ နိုင်ငံရေး ပြေလည်မှု ဆိုတာ မရနိုင်ဘူး၊ ဒါကြောင့် သူ့ကို အမြန်ဆုံး လွှတ်ပေးဖို့ လိုတယ် ဆိုတာကိုပဲ အဓိက ပြောခဲ့တယ်လို့ သိရပါတယ်၊ မစ္စတာ ဂျင်မ် ဝက်ဘ် ကတော့ ဒီ အချက်အလက်တွေကို သူအာဏာပိုင်တွေကို ပြောခဲ့မယ်တဲ့” ဟု ဦးဉာဏ်ဝင်း က ပြောပြသည်။
ပြီးခဲ့သည့် သောကြာနေ့ကလည်း ယင်း မစ္စတာ ဂျင်မ် ဝက်ဘ်(Jim Webb) သည် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဦးသောင်း၊ နိုင်ငံခြားရေး ဝန်ကြီး ဉာဏ်ဝင်း ၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း ၊ ယဉ်ကျေးမှု ဝန်ကြီး ဗိုလ်ချုပ် ခင်အောင်မြင့် ၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန ဒု ဝန်ကြီး ဗိုလ်မှူးကြီး သူရိန်ဇော် တို့ အပါအဝင် အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။
ထို့အပြင် တရားသူကြီးချုပ် ဦးအောင်တိုး ဦးဆောင်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မရှင် အဖွဲ့၊ ဗိုလ်ချုပ် ဌေးဦး နှင့် ကြံ့ဖွံ့အဖွဲ့၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းတို့နှင့်လည်း တွေ့ဆုံသည်။
အမေရိကန် အထက်လွှတ်တော်အမတ်နှင့် အထက် လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၏ အာရှ နှင့် ပစိဖိတ် ရေးရာ ကော်မတီ ဥက္ကဌ မစ္စတာ ဂျင်မ် ဝက်ဘ် သည် နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ လာရောက်ခြင်း ဖြစ်သည်ဟုလည်း သိရသည်။ ၎င်း၏ ၂ ပတ်ကြာ အာရှ ၅ နိုင်ငံ ခရီးစဉ်အရ သောကြာနေ့က လာအို နိုင်ငံမှ မြန်မာနိုင်ငံ နေပြည်တော်သို့ ရောက်ရှိလာခြင်းဖြစ်သည်။
ယင်း မစ္စတာ ဂျင်မ် ဝက်ဘ် ၏ မြန်မာပြည် ခရီးစဉ်နှင့် ပတ်သက်ပြီး မြန်မာ့ ဒီမိုကရေစီရေး အတွက် မျှော်လင့်ချက် မထားကြောင်း လေ့လာသူများက ဝေဖန် ပြောဆိုကြသည်။
လွန်ခဲ့သည့် အင်္ဂါနေ့တွင် စစ်အစိုးရ အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ် ၁ နှစ် ခွဲ ပြစ်ဒဏ် ချမှတ်၍ မစ္စတာ ယက်ထော ကို ထောင် ၇ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဂျွန် ၀ီလျံ ယက်ထောသည် အင်းလျား ကန်စောင်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာ နေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီး ခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
Ref: ဧရာဝတီ
Sunday, August 16, 2009
အဏုမြူစွမ်းအားသုံးစွဲရေး စီမံကိန်း
15 August 2009
လွန်ခဲ့တဲ့ (၈) လကျော်ကသွားခဲ့တဲ့ ဗိုလ်ချုပ်ကြီးရွှေမန်းရဲ့  မြောက်ကိုရီးယား ခရီးစဉ် လျှို့ ဝှက် မှတ်တမ်း လူသိရှင်ကြား ဖြစ်လာပြီးတဲ့ နောက်ပိုင်းမှာ ဗမာ စစ်အစိုးရရဲ့  အဏုမြူ လက်နက် စီမံကိန်းအကြောင်း သတင်းဆောင်းပါးတွေ နိုင်ငံခြား စာနယ်ဇင်းမှာ မကြာခဏ ရေးသား ကြတာ တွေ့ရပါတယ်။ ဒီကိစ္စမှာ ခိုင်မာတဲ့ အထောက်အထား မတွေ့ရဘူးလို့ ကျွမ်းကျင်သူတွေက ပြောပေမယ့် ဗမာ စစ်အစိုးရက ရေငုံနုတ်ပိတ် နေတာရယ်၊ လက်နက်ပစ္စည်း မှောင်ခိုရောင်းနေတဲ့ မြောက်ကိုရီးယားရဲ့  အကျင့်ရယ်ကြောင့် အဏုမြူ လက်နက် ထုတ်လုပ်ဖို့ ကြိုးစားနေပြီလို့ ထင်မြင် ယူဆ နေကြတာ ဖြစ်ပုံရပါတယ်။
တကယ်တော့ ဒုတိယဗိုလ်ချုပ်မှုးကြီးမောင်အေး ၂၀၀၆ ခုနှစ်က ရုရှားကို သွားရောက်စဉ် (၁၀) မဂ္ဂါဝပ် ထုတ်နိုင်တဲ့ အဏုမြူ ဓါတ်ပေါင်းဖိုကို ရုရှား အကူအညီနဲ့ တည်ဆောက်ဖို့ စီစဉ်ခဲ့တာ ဖြစ်ကြောင်း ရုရှား-မြန်မာ အစည်းအဝေး လျှို့ ဝှက် မှတ်တမ်းအရ သိရပါတယ်။ ကျန်းမာရေး နဲ့ ပညာရေးသုံး သုတေသန အဏုမြူ ဓါတ်ပေါင်းဖို ဖြစ်ပါတယ်။ အပြည်ပြည် ဆိုင်ရာ အဏုမြူ စွမ်းအား အေဂျင်စီ (International Atomic Energy Agency: IAEA) ကလည်း သဘောတူပြီးပြီလို့ ဆိုပါတယ်။ မြန်မာသင်တန်းသား (၁၀၀၀) ကျော်ကို နျူးကလီးယား သိပ္ပံ နဲ့ ဒုံးလက်နက် ထုတ်လုပ်ရေး အတတ်သင်ပေးပြီး သင်တန်းပြီးဆုံးတဲ့ အခါမှာ လုပ်ငန်းခွင်မှာ လက်တွေ့ လေ့ကျင့်ဖို့လည်း စီစဉ်ပါတယ်။ ရုရှားမြန်မာ သဘောတူချက်ကို ၂၀၀၇ မှာ လက်မှတ် ရေးထိုးပါတယ်။
အဏုမြူစွမ်းအား ထုတ်လုပ်ရေးမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ကမ်းလမ်းသူဟာ တောင်ကိုရီးယား အစိုးရပါ။ လွန်ခဲ့တဲ့ ဇူလိုင်လ (၂၉) ရက်နေ့က မန္တလေးမှာ ထုတ်ပြန် ကြေညာတဲ့ အာဆီယံ-တရုတ်-ဂျပန်-တောင်ကိုရီးယား (၁၃) နိုင်ငံ ပူးတွဲ ကြေညာချက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ၂၀၁၀ က ၂၀၁၇ အထိ (၇) နှစ်ကာလမှာ ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ပါတယ်။ တနေ့တည်း မှာပဲ အာဆီယံ (၁၀) နိုင်ငံ စွမ်းအင်ရေးရာ ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်ကို ထုတ်ပြန် ကြေညာပါတယ်။ ဒီအစီအစဉ်မှာ စီမံကိန်း (၇) ခုရှိပြီး အရပ်ဖက်သုံး အဏုမြူစွမ်းအားလည်း ပါပါတယ်။
မြန်မာနိုင်ငံဟာ အဏုမြူလက်နက် မပြန့်ပွားရေး စာချုပ်ကို ၁၉၅၇ ကတည်းက လက်မှတ်ထိုးထား တာမို့ အဏုမြူ ဓါတ်ပေါင်းဖို စတင် အသုံးပြုမီ (၆) ကြိုတင်ပြီး IAEA ခေါ် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအား အေဂျင်စီ ကို အကြောင်းကြားဖို့ တာဝန်ရှိတယ်လို့ သိရပါတယ်။ Vienna, Austria အခြေစိုက် IAEA က ကျွမ်းကျင်သူတွေကို အချိန်မရွေး စစ်ဆေးခွင့်ပြုတဲ့ သဘောတူချက်ကို လက်မှတ်ထိုးဖို့လည်း ဗမာစစ်အစိုးရကို အကြောင်းကြား ထားတယ်လို့ သိရပါတယ်။
အရပ်ဖက်သုံး အဏုမြူစွမ်းအား စီမံကိန်းကနေ လပိုင်းအတွင်းမှာ အဏုမြူလက်နက် ထုတ်လုပ် နိုင်တယ်လို့ IAEA ရဲ့  ညွှန်ကြားရေးမှုးချုပ် မိုဟာမက် အီလ် ဘာရာဒေး (Mohamed ElBaradei) က ပြောဆိုပါတယ်။ ယူရေးနီယန် (Uranium) ဓါတ်သတ္တုကို အစွမ်းထက်အောင် လုပ်ယူနိုင်ပြီးတော့ ပလူးတိုနီယမ် (Plutonium) ဓါတ်သတ္တု ထုတ်ယူတဲ့ အတတ်ပညာကို ကျွမ်းကျင် သွားပြီဆိုရင် အရပ်ဖက်သုံး ဓါတ်ပေါင်းဖိုတွေဟာ လပိုင်းအတွင်း အဏုမြူလက်နက် ထုတ်လုပ်နိုင်တယ်လို့ IAEA ညွှန်ကြားရေးမှုး ချုပ်က ဆိုပါတယ်။ ဒါပေမယ့် အဏုမြူလက်နက် ကိုင်ဆောင်တာဟာ အန္တရာယ်ကို ဖိတ်ခေါ်သလို ဖြစ်နေတယ်လို့ သုံးသပ်ကြပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှာ အဏုမြူလက်နက်ကိုင်ဆောင်ခွင့် မရှိပါဘူး။ အာဆီယံ ပဋိညာဉ် စာချုပ် အခန်း (၁) အပိုဒ် (၁) မှာ အရှေ့တောင် အာရှသည် အဏုမြူလက်နက် ကင်းရှင်းသောဒေသ ဖြစ်ရမည် အစုလိုက် အပြုံလိုက် သတ်ဖြတ်နိုင်သော လက်နက်မျိုးလည်း မရှိစေရလို့ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒါကြောင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေဟာ အရပ်ဖက်သုံး အဏုမြူ စွမ်းအင်သုံးစွဲရေး စီမံကိန်း ရှိနေပြီး မလေးရှား နဲ့ ဖိလစ်ပိုင်ကတော့ လေ့လာနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
တရုတ်နဲ့အိန္ဒိယမှာ လောင်စာစွမ်းအင် လိုအပ်သလို အရှေ့ တောင်အာရှမှာလည်း လာမယ့်အနှစ် (၃၀) အတွင်းမှာ လျှပ်စစ်ဓါတ်အား မလုံလောက်တဲ့ ပြဿနာကို ကြုံတွေ့ရလိမ်မယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။
လောင်စာစွမ်းအင် အမြဲတမ်းလိုအပ်နေတဲ့ ထိုင်းနိုင်ဟာ မဂ္ဂါဝပ် (၄၀၀၀) စွမ်းအားရှိတဲ့ အဏုမြူဓါတ်အား စက်ရုံကို ၂၀၂၀ မှာ အပြီး တည်ဆောက်မယ်လို့ ၂၀၀၇ ဇွန်လက ကြေညာခဲ့ပါတယ်။ ပထမအဆင့် ဆောက်လုပ်ရေးကို ၂၀၁၅ မှာ စတင်ပြီး ဒေါ်လာသန်း (၅၀) ကျော်သုံးဖို့ ခန့်မှန်းထားပါတယ်။ ဒေါ်လာသန်းပေါင်း (၆၀၀၀) ကျော်အထိ ကုန်ကျနိုင်တယ်လို့ မျှော်လင့်တာမို့ မနှစ်ကစပြီး (၃) နှစ် လေ့လာမှုတွေ စတင် ပြုလုပ်နေပါပြီ။ အင်ဒိုနီးရှား (Indonesia)၊ ဖိလစ်ပိုင် (Philippines)၊ ဗီယမ်နမ် (Vietnam) နဲ့ ထိုင်း (Thailand) နိုင်ငံမှာ သုတေသန အဏုမြူ ဓါတ်ပေါင်းဖိုတွေ ရှိနေတာ ကြာပြီဖြစ်ပေမယ့် အခုမှ အဏုမြူဓါတ်အား သုံးစွဲဖို့ စီစဉ်တာ ဖြစ်ပါတယ်။
ရုရှား-မြန်မာ အစည်းအဝေးတွေရဲ့  ထူးခြားချက်တခုကတော့ ကုလသမဂ္ဂမှာ ဗမာအစိုးရ ဖက်က အမြဲတမ်း ရပ်တည်ပေးတဲ့ ရုရှား အစိုးရကို ကျေးဇူး အထူးတင်ရှိကြောင်း ပြောတာပဲ ဖြစ်ပါတယ်။ တရုတ် နဲ့ ရုရှားကို အားကိုးနိုင်တာမို့ သုတေသန ဓါတ်ပေါင်းဖို့ တည်ဆောင်ပြီး အရှိန်အဝါ တက်လာအောင် ကြိုးပမ်ကြတာလည်း ဖြစ်နိုင်ဖွယ် ရှိတယ်လို့ သုံးသပ်ကြပါတယ်။
Ref: VOA News
Saturday, August 15, 2009
ကေအိုင်အိုက ဝန်ထမ်းများအား စစ်သင်တန်းပေး
မျိုးကြီး
သောကြာနေ့၊ သြဂုတ်လ 14 ရက် 2009 ခုနှစ် 17 နာရီ 57 မိနစ်
ရွှေလီ (မဇ္ဈိမ)။ ။ နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းရေးကို ငြင်းဆန်နေသည့် ကချင် လွတ်လပ်ရေး အဖွဲ့ KIO က ၄င်းအဖွဲ့ ထိန်းချုပ်ရာ ဒေသတွင် အရပ်ဘက် အုပ်ချုပ်ရေး တာဝန် ထမ်းဆောင်နေသော ဌာနဆိုင်ရာ ဝန်ထမ်းများကို ရက်တို စစ်သင်တန်း ပေးလျှက်ရှိသည်။
“ပညာရေးဌာန၊ လဝကဌာန၊ ရဲဌာန၊ အုပ်ချုပ်ရေး ဌာန။ ကျန်းမာရေး ဌာန အဲဒီက ဝန်ထမ်းတွေပေါ့။ ပညာရေးဌာန ဆိုတာက ဆရာ ဆရာမတွေတော့ မပါဘူးပေါ့။ အုပ်ချုပ်ရေး ဌာနတွေဆိုလည်း လူအင်အား (၃၀၀)လောက် ရှိတယ်။ ရုံးအစောင့်ထားပြီး အသုတ်လိုက်ပေါ့ ခွဲပြီး ရက်တို သင်တန်း ပေးနေတယ်” ဟု ကေအိုင်အို သတင်းရပ်ကွက် တခုက ပြောသည် ။
အဆိုပါ စစ်သင်တန်းဆင်းပြီး အရပ်ဘက် ဝန်ထမ်းများအား ကိုယ်စီ လက်နက်ငယ်များပါ တပ်ဆင် ပေးထားကြောင်း သိရသည် ။
ကေအိုင်အို ထိန်းချုပ်ရာ လိုင်ဇာမြို့နှင့် သိပ်မဝေးသည့် ဒုံဖုန်းယန်နှင့် နမ့်ဆန်ယန် ကျေးရွာ အနီးနားထိ မြန်မာ့ တပ်မတော် စစ်အင်အားများ တိုးချ လာခြင်းများ ရှိနေသည်။
နအဖက တရုတ်နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား နယ်ခြားစောင့်တပ်အဖြစ် အသွင် ပြောင်းကြရန် ပြောဆိုပြီး နောက်ပိုင်း အပစ်ရပ် အဖွဲ့များက အဆိုပြုချက်ကို လက်မခံဘဲ ရှိနေသဖြင့် ဘက်နှစ်ဘက်ကြား လိပ်ခဲတင်းတင်း အခြေအနေတွင် ရှိနေသည်။
Ref: မဇ္ဈိမ
မွန်ပြည်သစ်အား ခွဲထုတ်ရန် စစ်အစိုးရ ပြင်ဆင်
ဝီရ/ ၁၄ သြဂုတ် ၂၀၀၉
နအဖကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ်အသွင် ပြောင်းရန် ငြင်းဆန်ခဲ့သည့် မွန်ပြည်သစ် ပါတီ ခေါင်းဆောင် အချို့အား နအဖ အာဏာပိုင်တို့က သွေးခွဲ စည်းရုံးရန် ပြင်ဆင်နေပြီး ပါတီဝင်ဟောင်း များကိုလည်း ရွေးကောက်ပွဲ ဝင်ရောက်ရန် ပြင်ဆင် ခိုင်းနေကြောင်း စုံစမ်း သိရှိရသည်။
ထိုင်း-မြန်မာနယ်စပ်တွင် တာဝန်ကျနေသည့် မွန်ပြည်သစ်ပါတီ ကော်မတီဝင် တဦးက “ပြည်တွင်းမှာ ရှိတဲ့ ကျနော်တို့ ခေါင်းဆောင် တချို့ကို နအဖ အာဏာပိုင်တွေက တိတ်တဆိတ် လာတွေ့နေတာ ရှိတယ်။ အဓိကကတော့ လာစည်းရုံး တာပဲ။ ကျနော်တို့ အချင်းချင်းကြားမှာ အမြင် မကြည်အောင် ကျနော်တို့ ခေါင်းဆောင်တွေက သူတို့နဲ့ ခိုးတွေ့နေသလို အထင်ခံရအောင် လုပ်နေတာ။ အမှန်က သူတို့ပဲ လာတွေ့တာ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
နအဖအာဏာပိုင်တို့က မွန်ပြည်သစ်ပါတီ၏ တပ်အင်အားနှင့် မွန်ပြည်သူများ အကြား အရှိန်အ၀ါ ရှိသည့် မွန်ခေါင်းဆောင်များနှင့် ပတ်သက်သည့် အချက်အလက် များကိုလည်း ကျေးရွာဥက္ကဋ္ဌမှ တဆင့် ကောက်ခံ ခိုင်းနေကြောင်း အဆိုပါ ကော်မတီဝင်က ပြောသည်။
နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် သြဂုတ် (၅) ရက်တွင် မွန်ပြည်သစ်ပါတီမှ ပယ်ချလိုက်သည့် နောက်ပိုင်း ပါတီ၏ တပ်အင်အားကို ကောက်ခံ နေခြင်းဖြစ်ကြောင်း၊ ပါတီ၏ လက်နက်နှင့် တပ်အင်အား စာရင်းကို နအဖက တောင်းခံမှုများ ရှိခဲ့သော်လည်း ပါတီက အကြိမ်ကြိမ် ပယ်ချခဲ့ကြောင်း သိရသည်။
အသက် (၄၀) နှင့် (၅၀) အကြား လူလတ်ပိုင်း မွန်ပြည်သစ် ပါတီဝင် ဟောင်းများ ကိုလည်း ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် ကမ်းလှမ်း နေကြောင်း မော်လမြိုင် ခရိုင်မှ မွန်ပြည်သစ် ပါတီ ဗဟိုကော်မတီဝင် တဦးက ပြောသည်။
၎င်းက “နအဖက ကျနော်တို့အဖွဲ့က ခွဲထွက်သွားတဲ့ စစ်ဦးစီး ချုပ်ဟောင်း ဗိုလ်ချုပ် အောင်နိုင်ကို ဆုံချက်အဖြစ် သုံးပြီး ပါတီဝင် ဟောင်းတွေကို လိုက်စည်းရုံး နေတယ်။ ရွေးကောက်ပွဲ ဝင်ဖို့၊ ပါတီဖွဲ့ဖို့ ကိစ္စတွေ အားလုံး တာဝန် ယူပေးမယ်။ အဲဒီလိုမျိုး စည်းရုံးတာ ရှိတယ်” ဟု ပြောသည်။
မွန်ပြည်သစ်ပါတီမှ ၂၀၀၈ ခု မတ်လက ခွဲထွက်သွားသည့် စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ် အောင်နိုင်၏ လက်နက် အပ်နှံပွဲကို အရှေ့တောင်တိုင်း စစ်ဌာနချုပ်က အကြိမ်ကြိမ် စီစဉ်ခဲ့သော်လည်း အင်အား မပြည့်သေး သဖြင့် ကျင်းပနိုင်ခြင်း မရှိကြောင်း၊ ယခုလ (၅) ရက်တွင် ဗိုလ်ချုပ်အောင်နိုင် အဖွဲ့၏ လက်နက်အပ်ပွဲကို အရှေ့တောင်တိုင်း စစ်ဌာနချုပ်တွင် ကျင်းပရန် စီစဉ်ပြီးမှ ထပ်မံ ပျက်ပြားသွားခဲ့သည်။
“ဗိုလ်ချုပ်အောင်နိုင်ကို သုံးပြီးတော့ ကျနော်တို့ ပါတီဝင်တွေကို တိတ်တဆိတ် ကမ်းလှမ်းနေတာ။ ဒါပေမယ့် နိုင်ငံရေး အမြင်ရှိတဲ့ သူတွေကို စည်းရုံးလို့ရမှာ မဟုတ်ဘူး။ လက်နက်အပ်ပွဲ လုပ်ပြီးရင် စီးပွားရေး လုပ်ခွင့်တွေ၊ နယ်မြေတွေ၊ ဂိတ်တွေကို တရားဝင် သတ်မှတ်ပေးမယ် ဆိုပြီး ပြောလို့ ဗိုလ်ချုပ်အောင်နိုင်က ဒီကိစ္စကို စိုင်းပြင်းနေတာ” ဟု အဆိုပါ ဗဟိုကော်မတီ ၀င်က ရှင်းပြသည်။
အသက် (၆၈) နှစ်ရှိ ဗိုလ်ချုပ် အောင်နိုင်သည် ယခုအခါ သံဃာဝတ်ဖြင့် မုဒုံမြို့နယ်၊ လက်တက် ကျေးရွာ အနီးရှိ ဘုန်းကြီးကျောင်း တကျောင်းတွင် သီတင်းသုံး နေကြောင်း သိရသည်။
မွန်ပြည်သစ်ပါတီအား နအဖက စစ်ရေးအရ ဖိအားပေးခြင်း မရှိသေးသော်လည်း ၎င်းတို့ တပ်များကို ဘုရားသုံးဆူ မြို့တွင် အင်အားထပ်မံ ဖြည့်တင်းရန်ရှိကြောင်း သိရသည်။
မွန်ပြည်သစ်ပါတီသည် စစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီ ခဲ့သည်။
Ref: ခေတ်ပြိုင်
ကိုးကန့်တပ်ဖွဲ့အကျဉ်းထောင် ထောင်ခါ ဒေသအတွင်း စစ်ရေး ပြင်ဆင်မှုများ ရှိနေ
ခိုင်လင်း / ၁၄ သြဂုတ် ၂၀၀၉
ရှမ်းပြည်အရှေ့မြောက်ပိုင်းအခြေစိုက် မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် ခေါ် ကိုးကန့် တပ်ဖွဲ့က ၎င်းဒေသ အတွင်း ရာဇ၀တ်မှု၊ မူးယစ်ဆေးဝါး အမှုများဖြင့် ကိုးကန့်တပ်ဖွဲ့၏ အကျဉ်းထောင် အတွင်း ဖမ်းဆီး ထားသူ အားလုံးကို ပြန်လွှတ် ပေးလိုက်သဖြင့် ဒေသအတွင်း စစ် ဖြစ်တော့မလား ဆိုသည့် စိုးရိမ် ပူပန်မှုများ ပိုမို တိုးပွားလာနေသည်။
ကိုးကန့်ဒေသအတွင်း ပြစ်မှုတခုခု ကျူးလွန်၍ ကိုးကန့်တပ်ဖွဲ့၏ အချုပ်ထောင် အတွင်း ပြစ်ဒဏ်ကျ ခံနေရသူ အားလုံးကို ယခုလ (၁၂) ရက်က ပြန်လွှတ်ပေးလိုက်ပြီး လွှတ်ပေးသူများထဲမှ တပ်ဖွဲ့ဝင် ဟောင်းများအား ပြန်လည် စစ်မှု ထမ်းခိုင်းနေသည်ဟု ရှမ်းပြည် အရှေ့မြောက်ပိုင်း လောက်ကိုင်မြို့မှ ကုန်သည် တဦးက ပြောသည်။
“လောက်ကိုင်မြို့မှာက နအဖစစ်သားတွေလည်း ရှိတယ်၊ ကိုးကန့် စစ်သားတွေလည်း ရှိနေတယ်။ ဆိုတော့ နှစ်ဖက် ပြန်တိုက် ကြပြီ ဆိုရင် ဒီမြို့ထဲမှာကို တိုက်ပွဲဖြစ်နိုင်တယ်။ တရုတ်ဘက်က အလုပ် လာလုပ်တဲ့ သူတွေ အချို့ ပြန်နေကြပြီ။ ဟိုတနေ့ ပစ်မယ်၊ ခတ်မယ် ဖြစ်တဲ့ နေ့ကတည်းက ပြေးသွားတာလည်း ရှိတယ်။ အခုဒီလို ဖြစ်နေတော့ ပိုပြီး သတိထားလာ ရတယ်” ဟု ၎င်းက ပြောသည်။
ယခုလ (၈) ရက်တွင် ကိုးကန့်တပ်ဖွဲ့ ဥက္ကဋ္ဌ ဖုန်ကျားရှင်၏ နေအိမ်မှ ဂိုဒေါင်အား လောက်ကိုင်မြို့ရှိ နအဖ စစ်သား၊ ရဲနှင့် မူးယစ်အဖွဲ့ အင်အား (၇၀) ကျော်ဖြင့် စစ်ဆေးရန် သွားရောက်စဉ် ကိုးကန့်တပ်ဖွဲ့က လမ်းခုလတ်မှ ၀ိုင်းဝန်း ပိတ်ဆို့ တားဆီး ထားသဖြင့် နှစ်ဖက် ပစ်ခတ်လု နီးပါး အထိ အခြေအနေ တင်းမာ သွားခဲ့သည်။
အခင်းဖြစ်ပွားပြီး နောက်တနေ့တွင် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် လောက်ကိုင်မြို့သို့ လာရောက်ကာ ကိုးကန့်တပ်ဖွဲ့ ဥက္ကဋ္ဌ ဖုန်ကျားရှင်အား တောင်းပန်ရာ ထွက်မတွေ့သဖြင့် နှစ်ဖက်အကြား တင်းမာမှု ကြီးထွားလာနေပြီး တရုတ်ဘက်က အာဏာပိုင် များကလည်း လာရောက် စေ့စပ်ပေးမှုများ လုပ်ခဲ့ရသည်ဟု ကိုးကန့် ခေါင်းဆောင်များနှင့် နီးစပ်သည့် ကုန်သည်က ပြောသည်။
ကိုးကန့်နယ်မြေအတွင်း နအဖတပ်နှင့် ကိုးကန့်တပ်ဖွဲ့ကြား ပြဿနာ တက်ပြီး နောက်ပိုင်း ကိုးကန့် နယ်မြေ အနီးရှိ ကချင်ပြည် လွတ်လပ်ရေး အဖွဲ့၊ တပ်မဟာ (၄) နယ်မြေတွင် အရေးပေါ် တပ်လှန့်ထား သကဲ့သို့ ၀ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် အနေဖြင့်လည်း ၀ဒေသ မြောက်ပိုင်း၊ ကိုးကန့် နယ်မြေနား အထိ ၀တပ်များ ရွှေ့ပြောင်းချထားကာ စစ်ရေး အသင့် အနေအထား ပြင်ထားသည်ဟု အဆိုပါ အဖွဲ့များနှင့် နီးစပ်သည့် တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။
၎င်းက “အခုကတော့ ၀င်လာရင် ပစ်ဆိုပြီး တပ်လှန့်ထားတယ်။ နအဖဘက်က တိုက်တော့ မတိုက်သေးဘူး။ လူထုတွေ အထိတ် တလန့်ဖြစ်အောင်၊ ဒေသ မတည် မငြိမ်ဖြစ်အောင် ခြောက်လှန့်တာ။ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် တွေထဲက စည်းရုံးလို့ ရတဲ့သူ စည်းရုံးမယ်၊ ၀ယ်လို့ရတဲ့သူ ၀ယ်မယ်၊ သပ်လျှိုဖြိုခွဲမယ်၊ ဒီလိုပဲ လုပ်မယ်လို့ မြင်တယ်။ တရုတ်ဘက်ကလည်း နယ်စပ်မှာ တိုက်ပွဲ ဖြစ်မှာကို မလိုလားဘူး။ ဟိုတနေ့က ကိုးကန့်နယ်မှာ ဖြစ်သွားတဲ့ကိစ္စမှာ သူ့ဒေသထဲ လူတွေ ၀င်ပြေးလာတာနဲ့ ပတ်သက်လို့ လင်ချန်းခရိုင် အာဏာပိုင်တွေ လောက်ကိုင် အထိ ဆင်းလာပြီး ရမခတိုင်းမှူးကို ကန့်ကွက်တာတွေ လုပ်ခဲ့တယ်” ဟု ပြောသည်။
ကိုးကန့်နယ်မြေအတွင်းရှိ လောက်ကိုင်မြို့တွင် နအဖ စစ်တပ်ဘက်မှ အမြောက် တပ်ခွဲတခု ပါဝင်သည့် ဒေသ ကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ) တခု ဖွင့်လှစ်ထားသကဲ့သို့ ကိုးကန့် တပ်ဖွဲ့ ဌာနချုပ်လည်း တည်ရှိနေသဖြင့် အဆိုပါဒေသသည် နအဖ စစ်သားများနှင့် ကိုးကန့် တပ်ဖွဲ့ဝင်များ နီးနီးကပ်ကပ် ရှိနေသည့် နယ်မြေတခု ဖြစ်သည်။
Ref: ခေတ်ပြိုင်
Friday, August 14, 2009
စစ်အစိုးရ တရားစီရင်ချက်အပေါ် ဦးဝင်းတင် အမြင်
12 August 2009
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် တားဆီး ကန့်သတ်မိန့်ကို ဖောက်ဖျက်တယ် ဆိုပြီး ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးကနေ ထောင်ဒဏ် သုံးနှစ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ တရား စီရင်ချက် ချမှတ်ပြီး အချိန်ပိုင်း အတွင်းမှာ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အမိန့်နဲ့ ပြစ်ဒဏ်ကို ထက်ဝက် လျှော့ချပြီး ဆိုင်းငံ့ ပြစ်ဒဏ် အဖြစ်နဲ့ နေအိမ်မှာ ကန့်သတ်ချက်တွေနဲ့ အညီ ပြန်နေဖို့ ညွှန်ကြားခဲ့ပါတယ်။ ဒီလို စစ်အစိုးရရဲ့  တရားစီရင်မှု လုပ်ရပ်အပေါ် သုံးသပ်ထင်မြင်ချက် နဲ့ တရားဥပဒေအရ၊ နိုင်ငံရေးအရ အမျိုးသား ဒီမိုကရေးအဖွဲ့ချုပ် အနေနဲ့ ဘာတွေ ဆက်လက် လုပ်ကိုင်သွားဖို့ ပြင်ဆင် လုပ်ကိုင်နေသလဲ ဆိုတာတွေကို သိရှိနိုင်ဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင် ကို ဦးကျော်ဇံသာ (ဗွီအိုအေမြန်မာသတင်း) က ဆက်သွယ်မေးမြန်း ဆွေးနွေး တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် ချမှတ်တာနဲ့ ပတ်သက်လို့ ဆရာတို့ အနေနဲ့ ဒီထက်ပို မျှော်လင့် ထားပါသလား၊ ဒီလောက်တော့ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့် ထားပါသလား၊ ဒါထက် သက်သာခွင့် ရလိမ့်မယ်လို့ မျှော်လင့် ထားပါသလား။
ဦးဝင်းတင် ။ ။ ကျနော်တို့ကတော့ မျှော်လင့်တာတော့ ဒါ လွတ်ပေးရမယ်လို့ မျှော်လင့်တာ။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီလိုဗျာ ကျနော်တို့က နဂိုကတည်းကိုမှ ဒီအမှုကို ကန့်ကွက်တာ မဟုတ်ဘူး ဒါ မတရား လုပ်ကြံပြီးတော့ စွပ်စွဲတဲ့ အမှုဖြစ်တယ်လို့ ကျနော်တို့က ပြောတယ်။ ဒါက ကျနော်အနေနဲ့ နိုင်ငံရေးအားဖြင့် ပြောတဲ့ အရာပေါ့။ တဖက်ကနေပြီးတော့ ဥပဒေ အကြောင်း အရလည်း ဒီ ဥပဒေဟာ အသက် မရှိတော့တဲ့ အခြေခံဥပဒေ ၁၉၇၄ အခြေခံ ဥပဒေကို အကြောင်းပြုပြီးတော့ အဲဒီက ကန့်သတ်ချက်တွေနဲ့ ကန့်သတ်တာ အဲဒီက ကန့်သတ်ချက်တွေကို ဖေါက်ဖျက်တယ် ဆိုတဲ့ စွပ်စွဲခြင်းကိုဗျာ အဲဒါကြောင့် ကျနော်တို့က ဒါက လုံးဝ လက်မခံဘူး။ ဒါ ကျနော်တို့ရဲ့  အနေအထား ဥပဒေအရလည်း လက်မခံဘူး၊ နိုင်ငံရေး အရလည်း လက်မခံဘူး။
ဦးကျော်ဇံသာ ။ ။ လက်မခံတာတပိုင်းပေါ့ ဆရာ။ ဒါပေမဲ့လည်း ဒီ စစ်အစိုးရကတော့ သူတို့ လိုချင်တဲ့ မျှော်မှန်းချက် အတိုင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲ ကာလမှာ မရှိစေချင်ဘူး၊ အဲဒီကာလမှာ သူကို ဆက်လျှက်ပြီး ချုပ်ထားချင်တယ် ဆိုတဲ့ သူတို့ရဲ့  မျှော်မှန်းချက်က ရှိနေလေတော့ ဆက်လက်ပြီးတော့ သူတို့ ပြစ်ဒဏ် ချမှတ်လိမ့်မယ်လို့ ဆရာတို့ မျှော်လင့် မထားဘူးလား။
ဦးဝင်းတင် ။ ။ မျှော်လင့်တယ်။ ကျနော်က မျှော်လင့်တယ်။ သို့သော် ကျနော်တို့က ဘယ်လိုလဲ ဆိုတော့ ဒီဟာ နိုင်ငံတကာရဲ့  ဖိအားတွေ၊ ဥပမာ အီးယူတို့ အာဆီယံတို့ အပါအဝင်ပေါ့ဗျာ။ ဒီနိုင်ငံပေါင်း များစွာရဲ့  ကမ္ဘာ့ community တခုလုံးက နေပြီးတော့ ဒီဟာကို ကန့်ကွက်နေတဲ့ အတွက် သူတို့ဟာ ဘာဘဲပြောပြော ထည့်သွင်း စဉ်းစားလိမ့်မယ်၊ ချင့်ချင့်ချိန်ချိန် လုပ်လိမ့်မယ်၊ နှိုင်းနှိုင်းယှဉ်ယှဉ် လုပ်မယ်လို့ ကျနော်က တွက်တယ်။ တခါ ပြည်တွင်းမှာလည်း ကျောင်းသားတွေ၊ ရဟန်းသံဃာတွေ၊ ပြည်သူ လူထုတွေ၊ နိုင်ငံရေး အင်အားစုတွေ၊ အတိုက်အခံ နိုင်ငံရေး အင်အားတွေ၊ လူမျိုးစုတွေ အားလုံးကနေ ဒေါ်စု ကို လွတ်ပေးဖို့ပဲ မျှော်လင့်ကြတယ်၊ တောင်းဆိုကြတယ်။ အဲဒီလိုဆိုတော့ သူတို့က ပိုပြီးတော့ ချင့်ချင့်ချိန်ချိန် လုပ်မယ်လို့ ကျနော် မှန်းတယ်။ အဲဒါကို မလုပ်ဘဲနဲ့ ထောင်ချတယ် ဆိုတဲ့ အတွက် ကျနော်တို့က ဒါကို အကြီးအကျယ်ကို စိတ်ထဲမှာ ကျေနပ်မှု မရှိဘူး။ နောက်ပြီးတော့ ဒါနဲ့ ပတ်သက်ပြီးတော့ ကန့်ကွက်တယ်လို့ ပြောချင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒါပေမယ့် ဆရာ စောစောက ပြောသလို နိုင်ငံတကာကလည်း ဒါကို အပြစ် မရှိဘူး၊ လွတ်စေချင်တယ်၊ ပြည်သူတွေ ကလည်း အပြစ်မရှိဘူး လွတ်စေချင်တယ်ဆိုတဲ့ ဆန္ဒကိုတော့ စစ်အစိုးရ အာဏာပိုင်တွေ သိဟန်တူတယ် ထင်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ရေးထားတဲ့ စာထဲမှာ ကြည့်ရင် ဗိုလ်ချုပ်အောင်ဆန်းရဲ့  သမီးဖြစ်တဲ့ အတွက်ကြောင့် လည်းကောင်း၊ အာဃာတ မပွားစေချင်လို့ အတွက် လည်းကောင်း၊ ဒီမိုကရေစီ အရေးကို ရှေ့ ရှု့ စေချင်တဲ့ အတွက်ကြောင့် လည်းကောင်း သက်ညှာခွင့် ပေးမယ် ဘာညာ ဆိုပြီးတော့ ကြိုးစားထားတာကို တွေ့ရပါတယ်။ ဆိုတော့ သူရဲ့  အားထုတ်မှုကရော ဘယ်လောက် အောင်မြင်သလဲ ဆရာ။ အဲဒီအချက်ကို ဘယ်လို သဘော ရပါသလဲ။
ဦးဝင်းတင် ။ ။ ကျနော်ကတော့ လုံးဝမထင်ဘူးဗျာ။ ကျနော်တို့ ဗမာစကားနဲ့ ပြောမယ်ဆိုရင် ပျားရည်နဲ့ ဝမ်းချတယ် ဆိုတဲ့ စကားလို ဖြစ်နေတယ်။ ဒါကို အရပ်စကားနဲ့ ပြောမယ် ဆိုရင်တော့ ဒါကတော့ လူလည် လုပ်တဲ့စကား ကျနော်တို့ ခပ်ကြမ်းကြမ်းပဲ ပြောသင့် တယ်လို့ ထင်တာပေါ့။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီစကား ဒီစကားတွေကို သုံးတယ် ဆိုင်းငံ ပြစ်ဒဏ် ဆိုတာကို သုံးတယ်။ ဒါပေမယ့် တကယ်ကြတဲ့ အခါတော့ အဓိပ္ပါယ်က ဘာလဲဆိုတော့ လာမဲ့ ရွေးကောက်ပွဲ ကာလ အထိကို ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးကနေ ဖယ်ရှားပြစ်ဖို့ အတွက် လုပ်တာ၊ နဂိုမူလအတိုင်း ကြံရွယ်ချက် အတိုင်းပဲ နဂိုကတည်းက ရှိခဲ့တဲ့ အကြံဆိုးတွေ အတိုင်းပဲ ဒေါ်အောင်ဆန်း စုကြည်ကို အခုလို အမိန့်ချမှတ်တယ်လို့ ကျနော်က ယူဆတယ်။ ဒါကြောင့် ကျနော်က တရားရုံးရဲ့  ဆုံးဖြတ်ချက် ကိုလည်း စီရင်ချက် ကိုလည်း မကျေနပ်ဘူး။ ဒါ အလွန်ကို သူတို့ရဲ့  မူလ အကြံဆိုး အတိုင်း လုပ်တယ်လို့ပဲ ကျနော်က ယူဆတယ်။ နှစ်ကလည်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေရဲ့  ဒီဟာဆိုတာကလည်း ရှင်းရှင်းပြောရရင် လူတွေကို နားလှည့် ပါးရိုက်တာဟာမျိုးလို ဖြစ်နေတယ်။ သို့မဟုတ်လည်း ပျားရည်နဲ့ ဝမ်းချသလို ဖြစ်နေတယ်။ စကားလုံး လှလှသုံးပြီးတော့ ဗိုလ်ချုပ်အောင်ဆန်း နာမည် သုံးတာတို့၊ ဒီမိုကရေစီ စကားလုံး သုံးတာတို့ အမျိုးသား ပြန်လည် သင့်မြတ်ရေး စကားလုံးတွေ သုံးတဲ့ဟာ ဒါဟာ အမှန်တိုင်း ပြောရရင် သူတို့ရဲ့  အကြံဆိုး တွေကို ဖုံးကွယ်ဖို့ အတွက် ဒါ လုပ်တာလို့ ကျနော် ယူဆပါတယ်။ ဒါကြောင့် နှစ်ခုစလုံးကို မူလ တရားရုံးရဲ့  စီရင်ချက်ကို ကျနော်တို့ ဆန့်ကျင်တယ်၊ မကျေနပ်ဘူး၊ ကန့်ကွက်တယ်၊ နောက်တခါ ဗိုလ်ချုပ်မှုးကြီး သန်းရွှေရဲ့  စကားလုံးတွေ နဲ့ ပျားရည်နဲ့ ဝမ်းချတဲ့ နေအိမ် အကျယ်ချုပ် ဆိုတာကို ကျနော်တို့က လုံးဝ လက်မခံပါဘူး။
ဦးကျော်ဇံသာ ။ ။ ဒါပေမယ်လည်း ဒီဖက်က ဆရာတို့ဖက်က ဒေါ်အောင်ဆန်း စုကြည် ဖက်က သူရဲ့  အသုံးအနှုန်း အရ ကြည့်မယ် ဆိုရင် ဒါဟာ ကောင်းကောင်းမွန်မွန် နေမယ်ဆိုတာထက် သူတို့က သူတို့ လုပ်နေတဲ့ လမ်းပြမြေပုံတို့ ရွေးကောက်ပွဲ လမ်းစဉ်တို့ကို နည်းနည်း ကြည်ဖြူတဲ့ သဘော ပြမယ်ဆိုရင် လွတ်ပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက် ပုံစံမျိုးလည်း ပါတယ်လို့ ကျနော်က အဓိပ္ပါယ် ကောက်တယ်။ ဆရာအနေနဲ့ ဘယ်လို သဘောရပါသလဲ။
ဦးဝင်းတင် ။ ။ အဲဒီဟာဆိုရင်လည်း သူတို့ မှားမှာပဲ ခင်များ။ ဒီဟာက ကျနော်တို့က ဥပမာ ဒေါ်အောင်ဆန်း စုကြည်ကို ဒေါ်အောင်ဆန်း စုကြည်ဖက်က သဘောတူခြင်း၊ မတူခြင်း ဆိုတာ ကျနော်ထင်တယ် ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုမှ သဘော မတူနိုင်ဘူး။ ဘာဖြစ်လိုလည်း ဆိုတော့ ဒါ ရှင်းနေတာပဲ။ ဒီ ရွေးကောက်ပွဲဟာ ဘာအတွက် လုပ်တာလည်း၊ ရွေးကောက်ပွဲဟာ လွှတ်တော်ပေါ်ဖို့ လွှတ်တော်က ဘာလုပ်မှာလဲ ဆိုတော့ ဒီ အခြေခံဥပဒေကို အသက်သွင်းဖို့ပဲ။ ဒေါ်အောင်ဆန်း စုကြည်လည်း ပြောခဲ့ပြီးပြီ ဒီ အခြေခံ ဥပဒေဟာ ကျနော်တို့ ဒီ ရွေးကောက်ပွဲနဲ့ ကျနော်တို့ ကြားထဲမှာ ဒီ အခြေခံဥပဒေကြီး ရှိနေတယ်။ ဒီ အခြေခံဥပဒေကြီးကို မပြင်ရင် ကျနော်တို့ကတော့ ဒီ ရွေးကောက်ပွဲဆိုတာ ဘာမှလုံးဝ စဉ်းစားနိုင်စရာ အကြောင်းကို မရှိဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီ အခြေခံ ဥပဒေတွေက ကျနော်တို့ လုံးဝ လက်ခံနိုင်တဲ့ အရာမဟုတ်ဘူး။ ဒီမိုကရေစီလည်း လုံးဝမဆန်ဘူး၊ ဒီမိုကရေစီနဲ့လည်း လုံးဝ ဆန့်ကျင်နေတဲ့ အခြေခံဥပဒေ ဖြစ်တဲ့ အတွက် ဒီ အခြေခံ ဥပဒေကို မပြင်သရွေ့ တော့ ရွေးကောက်ပွဲ ကိစ္စက ဘာမှ စဉ်းစားစရာ အကြောင်း မရှိဘူးလို့ ပြောချင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ ကျနော် ပထမ ဒီ နိုင်ငံရေးအပိုင်းကို မမေးခင်မှာ ဥပဒေ အကြောင်းအရ ဒီကိစ္စ နဲ့ ပတ်သက်ပြီး ဆရာတို့ဖက်က အယူခံဝင်မယ့် အစီအစဉ်တွေများ ရှိပါသလား ခင်များ။
ဦးဝင်းတင်။ ။ ဒါကတော့ ကျနော်တို့က တရားစီရင်ရေးဟာ ဘယ်လောက်ပဲ မှောက်မှား နေပါစေ အောက်ရုံးက တရား စီရင်ရေးတွေ မှောက်မှားနေတယ် ဆိုရင်လည်း အထက်ရုံးက လူတွေကတော့ နှိုင်းနှိုင်းယှဉ်ယှဉ် နဲ့ ပြန်ပြီးတော့ စဉ်းစားမယ့် လူတွေ ရှိကောင်း ရှိလိမ့်မယ် ဒါ တချက်ပေါ့။ နောက်တချက်ကတော့ ကျနော်တို့က ဘာဘဲပြောပြော ဒီမိုကရေစီကို ယုံတဲ့အတွက် တရားစီရင်ရေး ဆိုတာကိုတော့ အဆင့်တဆင့်မှာ မယုံကြည်ရရင်လည်း နောက်တဆင့်ကို တက်တော့ ကျနော်တို့က ယုံကြည် ရလိမ့်မယ်၊ တရားဥပဒေ စိုးမိုးရေးဟာ ရှိလိမ့်မယ်လို့ မျှော်လင့်ချက်နဲ့တော့ ကျနော်ထင်တယ် ဒီအယူခံတို့ ဘာတို့တော့ ဆက်ပြီးတော့ လုပ်မှာပဲ။ ဘာဖြစ်လို့လည်း ဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်းကလည်း သဘော တူပြီးသား ဖြစ်ပါတယ်။ တရား ဥပဒေ အကြောင်းတွေကို လုပ်တဲ့ နေရာမှာတော့ အစအဆုံးတော့ လုပ်မယ်ဆိုတာ ပြောတာတော့ ရှိတယ်။ သို့သော် အခု ကျနော်တို့ မူလ ရည်ရွယ်ချက် တောင်မှ ဒီအတိုင်း ဆိုရင် အခုလုပ်ပုံ လုပ်နည်းနဲ့ ဒီလို လှည့်ကွက်တွေ နဲ့ မရိုးမသား လုပ်တဲ့ဟာတွေ နဲ့ ပြည်သူလူထုကို ပျားရည်နဲ့ ဝမ်းချချင်တဲ့ ပုံသဏ္ဍာန်မျိုးတွေ လုပ်တဲ့ ဟာတွေနဲ့ဆိုရင် ကျနော်တို့ ရှေ့ ဆက်ပြီးတော့ အယူခံဝင်ဖို့ ဘာတို့ကို စဉ်းစားရမယ့် အနေအထားမှာ ရှိနေမယ်လို့ ကျနော် တယောက်တည်း အနေနဲ့ အဲဒီလိုပဲ ထင်မြင် မိပါတယ်။
ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့ အဲဒါ ဥပဒေ အကြောင်းအရ ဘာဆက်လုပ်မှာ။ နိုင်ငံရေး အရရော ဘာဆက်လုပ်မလဲ ဆရာ။ အခု လူတွေ ပြောကြ ပါလိမ့်မယ် ball is in NLD's Court အစိုးရဖက်ကတော့ လုပ်လိုက်ပြီ အန်အယ်လ်ဒီ ဖက်က ဘယ်လို တုံ့ပြန်မယ်ဆိုတာ မေးလာရင် ဆရာ ဘယ်လိုဖြေမလဲ ခင်များ။
ဦးဝင်းတင် ။ ။ နိုင်ငံရေးအရ ဆိုလို့ ရှိရင်တော့ အခုန ပြောသလိုပေါ့ ကျနော်တို့က အခြေခံ ဥပဒေမှာ ပြင်ဆင်ခြင်း မရှိဘူးဆိုရင် ဒီ ရွေးကောက်ပွဲ ဘာညာဆိုတာ သူတို့ရဲ့  road map တို့ ဘာတို့ကို ကျနော်တို့ ဘာမှ ခေါင်းထဲ ထဲ့ပြီး စဉ်းစားစရာ လိုလိမ့်မယ် မဟုတ်ဘူး။ ဒီထဲမှာ ထပ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးလောက ကနေ အနည်းဆုံး တနှစ်ခွဲလောက် ဗမာနိုင်ငံရေးက ဖယ်ထုတ် ထားဖို့အတွက် အကျယ်ချုပ်လို့ ထားဖို့အတွက် လုပ်ခြင်းအားဖြင့်လည်း ဒီ နိုင်ငံရေး လမ်းကြောင်းဟာ ကျနော်တို့ အဖို့ ဘာမှ ရှေ့လျှောက် လမ်းမရှိတော့ဘူး။ အဲဒီတော့ တခုပဲ ရှိတာက ဘာလည်းဆိုတော့ ကျနော်တို့က ကမ္ဘာ့နိုင်ငံများ၊ ကမ္ဘာ့ အင်အားစုများ၊ ကမ္ဘာ့ နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ အတူ နောက်ပြီး ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသား အဖွဲ့အစည်းများ၊ ကျောင်းသားလူငယ်၊ ရဟန်း သံဃာ ဆိုတာတွေ အားလုံးနဲ့အတူ ကျနော်တို့က ဆက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို ဆက်ပြီးတော့ ကန့်ကွက် သွားရမယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်ရေးကို ကန့်ကွက် သွားရမှာပဲ။ အဲဒီတော့ ကျနော်တို့က ဘာပြောချင်သလဲ ဆိုတော့ ဒီကိစ္စမှာ စု၊ လွှတ်၊ တွေ့ ဆိုတဲ့ မူလ မူဝါဒတွေ အတိုင်းပဲ ဒေါ်စု နဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်ရေးကို ကျနော်တို့ ဆက်ပြီးတော့ တောင်းဆိုသွားမယ်။ နောက်ပြီးတော့ ပြည်သူလွှတ်တော် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်များကို တနည်းနည်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  စကားလုံး တနည်းနည်းနဲ့ ကျနော်တို့ ဖြေရှင်းရေးကို အဖြေရှာရေး အတွက် ကိုလည်း ကျနော်တို့ ဆက်ပြီး တောင်းဆိုသွားမယ်။ နောက်ပြီးတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကိစ္စ၊ နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ အတွက် ဒီ တွေ့ဆုံ ဆွေးနွေးရေး ကိစ္စတွေကိုလည်း ကျနော်တို့ ဆက်လက် တောင်းဆို သွားမှာပဲ။ အဲဒါဟာ ကျနော်တို့ရဲ့  နိုင်ငံရေး လမ်းကြောင်း အမှန်ပဲ ဖြစ်မှာလို့ ကျနော် ပြောချင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အခုကတော့ ဆရာအနေနဲ့ တဦးချင်း အနေနဲ့ ပြောနေတာပေါ့။ ဒီ နိုင်ငံရေး လမ်းစဉ်တွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဆုံးဖြတ်ချက် ချအုန်းမယ် ထင်ပါတယ်။ အဲဒီလို လုပ်တဲ့အခါမှာ ဆရာတို့ အခုဆွေးနွေးမယ့် ပုဂ္ဂိုလ်တွေထဲမှာ ဘယ်သူတွေ၊ အထူးသဖြင့် တလောက အနားယူသွားတယ်၊ နေမကောင်းလို့ အနားယူတယ် ဆိုတဲ့ ပုဂ္ဂိုလ်တွေ ဦးအောင်ရွှေတို့၊ ဦးလွင်တို့ အဲဒီ ပုဂ္ဂိုလ်တွေ ပါဝင်ပြီး ဆွေးနွေး ကြအုန်းမလား။ သို့တည်းမဟုတ် အခု အသစ် ရွေးချယ်ထားတဲ့ လူတွေနဲ့ ဆွေးနွေး ဆုံးဖြတ်မလား။
ဦးဝင်းတင် ။ ။ ဒီလိုရှိတယ်ခင်များ ဒီ ကိစ္စက ဒီဟာတွေက ကျနော်တို့ရဲ့  ရွှေဂုံတိုင် ကြေငြာချက်မှာ စု၊ လွှတ်၊ တွေ့ ဆိုတဲ့ဟာက အခြေခံပါပဲ။ စု၊ လွှတ်၊ တွေ့ ဆိုပြီးတော့ အခုနပြောတဲ့ နိုင်ငံရေးသမား ဒေါ်စု နဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်ရေး၊ လွှတ်တော် ရလဒ်များကို လွှတ်တော် ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော် ခေါ်ယူရေးနဲ့ ပတ်သက်ပြီး တနည်းနည်းနဲ့ ဖြေရှင်းပေးရေး၊ တွေ့ဆုံ ဆွေးနွေးပွဲ ဆိုတာ လိုင်းကကျပြီးသာ။ ရွှေဂုံတိုင် တုန်းက ကျပြီးသာ။ နောက်တခါ ရွှေဂုံတိုင်မှာပဲ ကျနော်တို့ တောင်းဆိုခဲ့တာ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်ပေးရေး၊ နောက်တခါ ဒီမိုကရေစီ မဆန်တဲ့ ဒီ အခြေခံဥပဒေက အချက်တွေကို ပြန်လည် သုံးသပ်ရေး၊ နောက်တခုက နိုင်ငံတကာ ကွပ်ကဲမှုရှိတဲ့ ရွေးကောက်ပွဲ ကျင်းပရေးဆိုတဲ့ တောင်းဆိုချက်တွေက ရှိတဲ့ အခါကြတော့ ကျနော်တို့ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ဒီ နိုင်ငံရေး လမ်းကြောင်းကတော့ ကျနော်တို့ သွေဖီစရာ အကြောင်း သိပ်မရှိဘူးလို့ ကျနော်က ထင်တယ်။ အဲဒီတော့ ဒီ တခုပဲရှိတယ် ဒေါ်စုကို မလွတ်ဘူး ဆိုတဲ့ အခါကြတော့ ဒီ စစ်အစိုးရရဲ့  ဇာတိရုပ်က ဘွားဘွားကြီးကို ပေါ်သွားတယ်။
အဲဒီပေါ်တဲ့အပေါ်မှာတည်ပြီးတော့ ကျနော်တို့က ဆက်ပြီးတော့ နိုင်ငံရေးကို အရှိန်မြင့်ခြင်း၊ စသည်ဟာကို ကျနော်တို့ စဉ်းစားဖို့ လိုလိမ့်မယ်လို့ ကျနော်ထင်တယ်။ နောက်တချက်ကတော့ ဒီလို လုပ်တဲ့နေရာမှာ ကျနော်တို့ လူသစ်တွေ ပေါ်လာတဲ့ အဖွဲ့အစည်း ကလည်း ဒါ အင်အားသစ်ကလည်း သူတို့လည်း ပြောခွင့် ဆိုခွင့်နဲ့ သူတို့ရဲ့  ဆွေးနွေးခွင့် တွေနဲ့ သူတို့ရဲ့  အကြံဥာဏ်တွေ နဲ့ သူတို့ ယူသွားမှာပဲ။ သို့သော် လူကြီးတွေပဲလုပ်လုပ် လူငယ်တွေ လူသစ်တွေနဲ့ပဲ လုပ်လုပ် ဘယ်လိုပဲ ပြောပြော ကျနော်တို့ရဲ့  နိုင်ငံရေး လမ်းကြောင်းကတော့ မူလ ရှိပြီးသာ လမ်းကြောင်း ဖြစ်နေတယ်။ မူလ နိုင်ငံရေး လမ်းကြောင်းမှာ ကျနော်တို့ မျှော်လင့်ချက် ထားပါတယ်။ အဲဒီဟာတွေ အကုန်လုံး ဘာမှပေါ်မလာပဲ ဒေါ်စုကို အခုလို နိုင်ငံရေးကနေ ဖယ်ထုတ်မယ် ဆိုရင်တော့ ကျနော်တို့ရဲ့  နိုင်ငံရေး လမ်းကြောင်းဟာ ရှေ့ ဆက်ပြီးတော့ ခိုင်ခိုင်မာမာ ဆက်သွားဖို့သာ ရှိမယ်လို့ ကျနော် ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးတချက် မေးချင်တာကတော့ ဆရာတို့ ရွေးမယ့်လမ်းမှာ လူထု နည်းရော ပါအုန်းမလား။
ဦးဝင်းတင် ။ ။ လူထုနည်းလား။ ပါရမှာပေါ့ဗျာ။ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်တို့ ရွှေဂုံတိုင် အစည်းအဝေးမှာ ကျနော် မိန့်ခွန်း ပြောတဲ့ အထဲမှာ ဒါ ပါပြီးသားပါ။ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်တို့ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေး လုပ်ရမယ်လို့ ကျနော်တို့ ပြောတဲ့ ဟာက ဘာလဲဆိုရင် ကျနော်တို့ လူထုနဲ့ပဲ တွဲလုပ်ရမှာပေါ့။ လူထုနဲ့တင် မကဘူး တခြား တိုင်းရင်းသား အဖွဲ့အစည်းတွေ ကျောင်းသား လူငယ်တွေ၊ ရဟန်း သံဃာများ အားလုံးနဲ့ ကျနော်တို့ တွဲလုပ်ရမယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီ စစ်အစိုးရဟာ သိပ်ပြီးတော့ ကမ္ဘာ တခုလုံးကနေ ပြောဆို နေတာကိုတောင်မှ နားမဝင် နိုင်လောက်အောင် ခေါင်းမာနေတယ် ဆိုရင်တော့ ကျနော်တို့ကလည်း ကျနော့် အနေနဲ့ အန်အယ်လ်ဒီ အစုစုလေးနဲ့ လုပ်လို့ ရမှာ မဟုတ်ဘူး၊ လူထုနည်းနဲ့ပဲ လူထုနဲ့ ချည်းကပ်ပြီးတော့ လူထုနဲ့ အတူ လက်တွဲပြီးတော့ ဒီစစ်အစိုးရရဲ့  ဒီ ခေါင်းမာမှုကို ကျနော်တို့ ဖြေရှင်း သွားရလိမ့်မယ်လို့ ထင်ပါတယ်။
Ref: VOA News
ကိုးကန့်အရေး မြန်မာကို တရုတ်သတိပေး
ရန်ပိုင်
Thursday, 13 August 2009 17:16
ကိုးကန့်ဒေသစစ်ရေးတင်းမာမှု အပေါ်တွင် တရုတ်ပြည်မှ စစ်အစိုးရအား သတိပေး ပြောကြားသည် ဟု သိရသည်။
သြဂုတ်လ ၁၀ ရက်နေ့က အရှေ့မြောက်တိုင်း စစ်ဋ္ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် အား ယူနန်ပြည်နယ် လင်ချန်ဒေသ ဒု အုပ်ချုပ်ရေးမှူးနှင့် ရဲမှူးကြီးတို့က လောက်ကိုင်တွင် တွေ့ဆုံပြီး နယ်စပ်ဒေသ အရေးနှင့် ပတ်သက်၍ သတိပေး ပြောကြားသွားသည်။
“ကိုးကန့်မှာရှိတဲ့ တရုတ်အမျိုးသားတွေ တရုတ်ပြည်ဘက်ကို ထွက်ပြေးတဲ့ ကိစ္စမျိုး နောက်ထပ် မဖြစ်ဖို့ ပြင်းပြင်း ထန်ထန် သတိပေးတယ်၊ တိုင်းမှူးကလည်း နောင် ဒါမျိုး မဖြစ်စေရပါဘူးလို့ ကတိပေးတယ်” ဟု တရုတ်နယ်စပ် စစ်ရေး နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇော က ပြောသည်။
လင်ချန်ဒေသသည် ယူနန်ပြည်နယ်တွင် ခရိုင် ၄ ခရိုင်နှင့်သာ ဖွဲ့စည်း ထားသော တိုင်းတခုဖြစ်သည်။
စစ်အစိုးရဒေသဆိုင်ရာ အာဏာပိုင်များက ချင်းရွှေဟော် ဒေသရှိ စီးပွားရေး လုပ်ကိုင်နေသော မြန်မာ ပြည်သားများကို အတင်းအကျပ် မြန်မာပြည်ထဲသို့ ပြန်ခိုင်း နေသည် ဟုလည်း ၎င်းဆိုသည်။
ယခုရက်ပိုင်းတွင် ကိုးကန့်ဒေသ ချင်းရွှေဟော်အနီးတွင် ကိုးကန့် ၊ ၀ နှင့် KIA အထူးဒေသ ၄ အပါအ၀င် နယ်ခြား ဒေသရှိ အပစ်ရပ် အဖွဲ့အစည်းများ၏ တပ်များအားလုံးသည် ဒေသ ကာကွယ်ရေး အတွက် ညီညွတ်မှု ပိုရှိလာပြီး တပ်များကိုလည်း အသင့် အနေအထားဖြင့် ပြင်ထားသည်ဟု သိရသည်။
“၀ တပ်မဟာ ၃၁၈ ရဲ့အထူးတပ်ရင်း၂ ရင်းကို ချင်းရွှေဟော်နားမှာ ချထားပြီး၊ အခြေအနေကို စောင့်ကြည့်နေတယ်၊ ကိုးကန့် အပေါ်မှာ အရေးယူမှု လုပ်ခဲ့ရင် ချက်ခြင်း ကာကွယ်နိုင်အောင်ဖြစ်တယ်” ဟု ဦးအောင်ကျော်ဇော က ပြောသည်။
တရုတ်ပြည်မှ မြန်မာစစ်အစိုးရအပေါ် ကန့်ကွက်မှု ပြုလုပ်ပြီးသည့် နောက်ပိုင်းတွင် စစ်အစိုးရ တပ်များ နောက်ထပ် စစ်ပြင်မှုများ မရှိတော့ကြောင်း သိရသည်။
“တရုတ်ပြည်က နယ်စပ်ဒေသကို ဆက်ထိန်းထားချင်တယ်၊ လူမျိုးစု လက်နက်ကိုင် တပ်တွေကလည်း စစ်အစိုးရထက် တရုတ်အစိုးရကို ပိုပြီးတော့ အယုံအကြည် ရှိတယ်၊ ဒီဒေသကို တည်ငြိမ် စေချင်တယ်၊ ဒါကြောင့် သတိပေးတာဖြစ်တယ်” ဟု ဦးအောင်ကျော်ဇော ကပြောသည်။
တရုတ်နိုင်ငံသည် မြန်မာပြည်အရေးနှင့်ပတ်သက်၍ ပြည်တွင်းရေးကို ၀င်ရောက် မစွက်ဖက်သော မူကို ကိုင်စွဲထားပြီး၊ နယ်စပ် ဒေသများ တည်ငြိမ်ရေးကို အထူး အလေးထားသည် ဟု သိရသည်။
ကိုးကန့်ဒေသသို့ ရောက်လာသော အရှေ့မြောက်တိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် သည် ကိုးကန့် အပစ်ရပ် အဖွဲ့ ဥက္ကဋ္ဌ ဖုန်ကျားရှင်နှင့် တွေ့ဆုံခွင့် မရရှိဘဲ၊ ခရိုင်အဆင့်ရှိ ကိုယ်စားလှယ်နှင့်သာ တွေ့ဆုံခွင့် ရရှိခဲ့သည်ဟု သိရသည်။
ယနေ့ထုတ်စစ်အစိုးရသတင်းစာများတွင် အရှေ့မြောက်တိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ် လောက်ကိုင် တပ်နယ်သို့ ရောက်ရှိပြီး တိုင်းရင်းသား ခေါင်းဆောင်များ၊ ဋ္ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် တွေ့ဆုံ၍ နယ်မြေဒေသ ဖွံဖြိုး တိုးတက်ရေး ဆိုင်ရာများကို ဆွေးနွေး ညှိနှိုင်းသည်ဟု ဖော်ပြထားသည်။
ပြီးခဲ့သည့် သြဂုတ်လ ၈ ရက်နေ့က ဖုန်ကျားရှင်၏ အိမ်ကို ၀င်ရောက် ရှာဖွေရန် ကြိုးစားခဲ့၍ စစ်အစိုးရ တပ်များနှင့် ကိုးကန့် တပ်ဖွဲ့များ ကြားတွင် စစ်ရေး ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်ပွားသည်။
ကိုးကန့်ဒေသသည် ယူနန်ပြည်နယ် လင်ချန်ဒေသကြီးနှင့် ကပ်လျက်ရှိ၍ ၊တရုတ်လူမျိုးများ အများဆုံး နေထိုင်ကြပြီး၊ ယခင် က မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချမှုနှင့် ပတ်သက်သည် ဟု အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့များက သံသယ ရှိကြသည်။
ဖုန်ကျားရှင်ဦးဆောင်သော ကိုးကန့်အဖွဲ့သည် ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ထားသော အဖွဲ့ ဖြစ်သည်။
Ref: ဧရာဝတီ
ကုလ လုံခြုံရေးကောင်စီ အစည်းအဝေး မြန်မာ့အရေး မဆုံးဖြတ်နိုင်
ကြာသပတေးနေ့၊ သြဂုတ်လ 13 ရက် 2009 ခုနှစ် 18 နာရီ 24 မိနစ်
မဇ္ဈိမ (ချင်းမိုင်)။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ် ၁၈ လ တိုးမြှင့် လိုက်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးနေသော ကုလလုံခြုံရေး ကောင်စီ၏ ပြီးခဲ့သည့် အင်္ဂါနေ့က တံခါးပိတ် အစည်းအဝေးသည် ဆုံးဖြတ်ချက် တစုံတရာ ချမှတ်နိုင်ခြင်း မရှိဘဲ ရပ်ဆိုင်းခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်သော တရားရုံးဆုံးဖြတ်ချက်ကို ရှုတ်ချပြီး နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရန် တောင်းဆိုသည့် အဆိုပြုချက် မူကြမ်းကို အမေရိကန်က ရေးဆွဲပြီး လုံခြုံရေး ကောင်စီသို့ တင်သွင်းခဲ့သော်လည်း ဆုံးဖြတ်ချက် ချမှတ်နိုင်ခြင်း မရှိဘဲ ရပ်ဆိုင်း ခဲ့ရခြင်းဖြစ်သည်။
ထောင်တွင်းတရားရုံးက ဒေါ်အောင်ဆန်းစုကြည်အား အမိန့်ချမှတ်သော ယခုလ ၁၁ ရက်၊ အင်္ဂါနေ့၌ပင် ယင်းကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးရန် ပြင်သစ်နိုင်ငံ၏ တောင်းဆိုချက် အရ အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်သည့် လုံခြုံရေးကောင်စီ အစည်းအဝေးအား ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြသည်။
ဗီဒိုအာဏာရှိသော တရုတ်၊ ရုရှ အပါအဝင် နိုင်ငံအချို့က လုံခြုံရေး ကောင်စီက ဆုံးဖြတ်ချက် တစုံတရာ မချမှတ်မီ ၎င်းတို့၏ အစိုးရများနှင့် ပြန်လည်ဆွေးနွေးရန် လိုအပ်သည်ဟု တင်ပြခဲ့ကြသည်။
ထို့အပြင် တရုတ်အစိုးရက မြန်မာနိုင်ငံ၏ တရားရေးစနစ်ကို အသိအမှတ်ပြု လေးစားရန်နှင့် အင်းအားကြီးနိုင်ငံများ အနေဖြင့် မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် ယမန်နေ့က သတိပေး ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် စီးပွားရေး၊ စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုများ တိုးချဲ့ ပြုလုပ်လျက်ရှိပြီး ကုလသမဂ္ဂမှ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင်လည်း ဗီဒိုအာဏာသုံး၍ အကာအကွယ် ပေးလေ့ ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်အား ယင်းသို့ နေအိမ်အကျယ်ချုပ် ချမှတ်ခဲ့မှုအပေါ် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းက အလွန်အမင်း စိတ်ပျက်ရကြောင်းနှင့် ကုလ၏ ဆုံးဖြတ်ချက်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားအားလုံး အမြန်လွှတ်ပေးရန် ထပ်မံ တောင်းဆိုလိုက်သည်။
အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ကနေဒါ၊ သြစတြေးလျား အစိုးရတို့ကလည်း ယင်းအမိန့်နှင့် ပတ်သက်၍ ရှုတ်ချကြပြီး ဤပုံစံအတိုင်း ဆက်သွားပါက ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပရန် လျာထားသည့် စစ်အစိုးရ၏ ရွေးကောက်ပွဲ ရလဒ်အား နိုင်ငံတကာက အသိအမှတ် ပြုဖွယ် မရှိကြောင်း ထုတ်ဖော် ပြောဆိုကြသည်။
မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်သော အာဆီယံ အဖွဲ့ကြီးကိုယ်စား အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်နေသော ထိုင်းနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရန် ယမန်နေ့က ထပ်မံ တောင်းဆို ခဲ့ပြန်သည်။
အမေရိကန် လွှတ်တော်နိုင်ငံခြားဆက်ဆံရေး ကော်မတီ၏ အရှေ့အာရှနှင့် ပိစိဖိတ် ဒေသဆိုင်ရာ ကော်မတီခွဲ ဥက္ကဋ္ဌဖြစ်သူ အမေရိကန် ဒီမိုကရက်တစ် လွှတ်တော်အမတ် Jim Webb သည် မကြာမီ ကာလအတွင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအဝင် စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း ၎င်း၏ရုံးက ယမန်နေ့တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။
အင်းစိန်ထောင်တွင်းမှ အထူးတရားခွင်က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် စည်းမျဉ်း ချိုးဖောက်သည်ဟု စွပ်စွဲ၍ အင်းစိန်ထောင်အတွင်း ရက်ပေါင်း ၅၀ ကျော် ချုပ်နှောင် ထားပြီးနောက် ယခုလ ၁၁ ရက်နေ့တွင် ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်သည်။
သို့သော် ယင်းနေ့မတိုင်မီ တရက်အလိုတွင် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြည်ထဲရေး ဝန်ကြီးဌာနသို့ ပေးပို့သည့် ကြိုတင် ညွှန်ကြားချက် အရ နေအိမ်အကျယ်ချုပ် ၁၈ လသို့ လျှော့ချခဲ့သည်။
မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် အကျဉ်းချခြင်း ခံထားရသော နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ထောင်ကျော် ရှိသည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) က ထုတ်ပြန်ထားသည်။
Ref: မဇ္ဈိမ