..............................

Monday, June 22, 2009

ဦးဝင်းတင်ပြောတဲ့ ဒေါ်စုအတွက် ၆၄ မွေးနေ့စကား

ဇွန် ၂၀၊ ၂၀၀၉
ကိုဇော်မိုးအောင် (ကိုရီးယား)က ပို့ပေးပါတယ်




ဒေါ်စုမွေးနေ့မှာ ဒေါ်စုအကြောင်း အထူးသဖြင့်ကတော့ ဒေါ်စုရဲ့ အရည်အချင်း သို့မဟုတ်လည်း ဂုဏ်သတ္တိ သို့မဟုတ်လည်း စိတ်ဓာတ်ကို ကျွန်တော် ပြောချင်ပါတယ်။ ဒ်ါစုရဲ့ နိုင်ငံရေးဆောင်ရွက်ချက်တွေ ဆိုတာကတော့ ကမ္ဘာသိ ဖြစ်နေတဲ့အတွက် ကျွန်တော် မပြောတော့ဘူး။ ဒေါ်စုရဲ့ စိတ်ဓာတ် အရည်အချင်းလေး ပြောချင်တယ်။

အဲဒီဟာက ဘာလဲ ဆိုလို့ရှိရင် ဒေါ်စုရဲ့စိတ်ဓာတ် အရည်အချင်းဟာ မကြောက်တရား ဆိုတာ ဒါ အဓိကတခု ဖြစ်ပါတယ်။ ဒါ ထိပ်ဆုံးကနေ ရှိတဲတရားပဲ။ ဒါအပြင်ကို သူ့မှာ ဇွဲသတ္တိတွေ ရှိတယ်၊ ဉာဏ်ပညာတွေ ကြီးတယ်၊ ရဲစွမ်းသတ္တိတွေ ရှိတယ်။ တာဝန် သိမှုတွေ ရှိတယ်။ စည်းကမ်း ရှိမှုတွေ ရှိတယ် ဆိုတာဟာ ဒါ အလွန် အရေးကြီးတဲ့ သူရဲ့ စိတ်ဓာတ် သတ္တိတွေပဲလို့ ကျွန်တော် သတ်မှတ်ပါတယ်။

အဲဒီအတွက်လည်း ဒါကြောင့်လည်း ဒီလို သတ္တိတွေ၊ ဂုဏ်သတ္တိတွေ ကြီးမားခြင်း ကြောင့်လည်း ကျွန်တော်တို့ တွေဟာ နိုင်ငံရေးအရ သူ့ထက် ဝါရင့်တဲ့ ပုဂ္ဂိုလ်တွေရော၊ ဝါနုတဲ့ ပုဂ္ဂိုလ်တွေရော၊ အသက်ကြီးတဲ့ ပုဂ္ဂိုလ်တွေရော၊ အသက်ငယ်တဲ့ ပုဂ္ဂိုလ်တွေရော၊ တိုင်းသူ ပြည်သား အားလုံးရောက၊ နောက်တခါ ဒါ့အပြင်ကို ကမ္ဘာကပါ သူ့ကို ထောက်ခံ နေကြတာ၊ ဝိုင်းဝန်းနေကြတာ၊ ဝန်းရံနေကြတာ ဖြစ်တယ်လို့ ကျွန်တော် ပြောချင်ပါတယ်။

အဲဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော် ဂျပန်ကဗျာနည်းပေါ့၊ ဟိုက္ကူကဗျာ စပ်နည်းနဲ့ ဒေါ်စုရဲ့ အရည်အချင်းတွေကို စပ်ထားတဲ့ ကဗျာလေးကို ကျွန်တော် ရွတ်ပြချင်ပါတယ်။ အဲဒါက ဘာလဲဆိုရင် …

‘ရဲ’ ‘ဇွဲ’ ‘ဉာဏ်’ ‘စည်း’ ‘တာ’

မကြောက်တရား တေးကဗျာ

မီးပုံထဲက ကြာ

ဆြိုပီးတော့ ရေးထားပါတယ။် အဲဒီကဗျာလေးက ဂျပန်ဟိုက္ကူ ကဗျာ ပုံစံနည်းနဲ့ ရေးထားတဲ့ ကဗျာ ဖြစ်ပါတယ်။ အဲဒီထဲမှာ ရှေ့ဆုံးမှာပါတဲ့ ‘ရဲ’ ‘ဇဲ’ွ ‘ဉာဏ်’ ‘စည်း’ ‘တာ’ ဆိုတာက

‘ရဲ’ ရဲစွမ်းသတ္တိရှိခြင်း၊ အလွန်ရဲရင့်ခြင်း၊

နောက်ပြီးတော့ ‘ဇွဲ’ဆိုတာကတော့ ဇွဲသတ္တိ ကြီးမားခြင်း၊ ဒီနေ့အထိ မြန်မာပြည် အရေးကို နှစ်မြုပ်ပြီးတော့၊ ဘဝကို နှစ်မြုပ်ပြီးတော့၊ ဒီလောက် နှစ်ပေါင်း များစွာကြာအောင်၊ နှစ်ပေါင်း(၂ဝ)ကျော် ဟုတ်လား ကြာအောင် လုပ်နေတဲ့ ဇွဲ သတ္တိ၊

နောက်တခါ ‘ဉာဏ်’ ဆိုတာကလည်း အလွန်ကြီးမားတဲ့ ဉာဏ်ပညာ ရှိပါတယ်။ ဒါ ကျွန်တော်တို့ အားလုံးက အသိအမှတ် ပြုပါတယ်။ ကျွန်တော် စောစောက ပြောခဲ့သလိုပဲ နိုင်ငံရေး ဝါရင့်တဲ့ ပုဂ္ဂိုလ်ကရော၊ ဝါနုတဲ့ ပုဂ္ဂိုလ်ကရော၊ အသက်ြကီးတဲ့ ပုဂ္ဂိုလ်ကရော၊ အသက်ငယ်တဲ့ ပုဂ္ဂိုလ်ကရော အားလုံးကနေပြီးတော့ ဒေါ်စုရဲ့ ဉာဏ်ပညာ ကြီးမားမှု၊ ဉာဏ်ပညာ ဆိုတဲ့ နေရာမှာလည်း နိုင်ငံရေး ဉာဏ်ပညာပေါ့ဗျာ၊ နိုင်ငံရေး ဉာဏ်ပညာ ကြီးမားကြောင်းကို ပြောတာ ဖြစ်ပါတယ်။

‘စည်း’ ဆိုတာက ဒေါ်စုဟာ စည်းကမ်းရှိပါတယ်။ စည်းကမ်းရှိတယ်ဆိုတာ ခု စစ်အစိုးရ ကတော့ စည်းကမ်း ရှိတယ်ဆိုတာကို ပြော ပြော နေတာပေါ့။ စည်းကမ်း ပြည့်ဝသောတို့ ဘာတို့။ သူတို့ စည်းကမ်းပြည့်ဝတဲ့ ဆိုတာက လူတွေကို ဖိနှိပ်ဖို့၊ ချုပ်ချယ်ဖို့၊ ကန့်သတ်ဖို့ အတွက် စည်းကမ်းကို သူတို့ ပြောနေတာ။ စည်းကမ်းဆိုတဲ့ စကားလုံးကို ယူပြီးတော့။ ဆိုလိုတာကတော့ သူတို့ရဲ့ သံဆူးကြိုး သို့မဟုတ်လည်း သူတို့ရဲ့ လက်ထိပ်တွေကို သူတို့က စည်းကမ်းနဲ့ ထပ်တူပြောနေတယ်။ ကျွန်တော်တို့က စည်းကမ်းလို့ မမြင်ဘူး၊ လက်ထိပ်လို့ မြင်တယ်။ ကျွန်တော်တို့က စည်းကမ်းလို့ မမြင်ဘူး၊ သံ ဆူးကြိုးလို့ မြင်တယ်။ အဲဒါ။

အဲဒီတော့ ဒေါ်စုက စည်းကမ်းဟာ၊ ကျွန်တော် နည်းနည်းလေး ဆက်ပြော လိုက်အုန်းမယ်။ ကျွန်တော်တို့ အရေးတော်ပုံ ကာလ ၁၉၈၈မှာ ဒေါ်စုကို စင်တင်ပြီးတော့၊ ပထမဦးဆုံး ပွဲဦးထွက်ပေါ့ဗျာ။ ဟို နောက်ထပ် နှစ်ရက်ကြာမှာ ကျင်းပမယ့်၊ သြဂုတ်လ (၂၆)ရက်နေ့မှာ ကျင်းပမယ့် ဟိုဒင်းကို ပြောတာ မဟုတ်ဘူး။ ရွှေဂုံတိုင်ပွဲ ၁ မဟုတ်သေးဘူး။ အဲဒီ မတိုင်ခင်မှာ စာရေးဆရာ စာနယ်ဇင်း သမဂ္ဂရဲ့ စင်မြင့်ပေါ်မှာ ဒေါ်စု ပထမဆုံးအကြိမ် လူထုနဲ့ ထိတွေ့ပြီးတော့၊ မြန်မာပြည်မှာ ပထမဦးဆုံး အကြိမ် လူထုနဲ့ ထိတွေ့ပြီးတော့ စကားပြောတဲ့ စကား။

အဲဒီစကားမှာ သူဘာပြောလဲ၊ တိုတိုလေးပဲ ပြောသွားတယ်။ “ဒီမိုကရေစီ လိုချင်ရင် စည်းကမ်းရှိကြပါ”ဆိုတဲ့ စကားကို ပြောသွားတယ်။ အဲဒါကို ကျွန်တော်က ဒီ ‘စည်း’ ဆိုတဲ့ဟာကိုလည်း ထည့်ထားပါတယ်။ ဒေါ်စုဟာ စည်းကမ်း ပြည့်ဝဖို့ စည်းကမ်း ကြီးဖို့ စည်းကမ်း လိုက်နာဖို့ စည်းကမ်းကို လေးစားဖို့ ဆိုတာကို အလွန် တန်ဖိုးထားတယ် ဆိုတာ သူ့ရဲ့ ဂုဏ် အရည်အချင်းတခု ဖြစ်ပါတယ် လို့ ပြောချင်ပါတယ်။

နောက်တခုကတော့ ‘တာ’ဆိုတာကတော့ တာဝန်သိဖို့။ တာဝန်သိဖို့ကို စည်းကမ်း ရှိပြီးတော့၊ ခု ဒီစစ်အစိုးရက အမြဲတမ်း ပြောတယ်။ စည်းကမ်းရှိဖို့ကိုပဲ ပြောနေတယ်။ ခုနက ပြောသလို သူတို့က လက်ထိပ် ခတ်ချင်တယ်၊ သံဆူးကြိုး ကာချင်တယ်၊ ဒါအတွက် သူတို့က စည်းကမ်းပဲ ပြောနေတယ်။ သူတို့ကြတော့ တာဝန်ယူမှုတို့၊ တာဝန်ခံမှုတို့၊ တာဝန် သိမှုတို့ ကြတော့ စစ်အစိုးရမှာ လုံးဝ မရှိဘူး။ ဒေါ်စုက အဲဒီလို မဟုတ်ဘူး။ ဒေါ်စုက စည်းကမ်း ပြည့်ဝမှု၊ စည်းကမ်း လိုက်နာမှု၊ စည်းကမ်း လေးစားမှု ဆို တာတွေကို တန်ဖိုး ထားသလိုပဲ၊ တချိန်တည်းမှာပဲ တာဝန်သိခြင်း၊ တာဝန်ယူခြင်း၊ တာဝန်ခံခြင်း ဆိုတဲ့ ဟာတွေကို အများကြီး အလေးထားပါတယ်။ ဒါကြောင့် ကျွန်တော်က ‘တာ’ဆိုတဲ့ စကားလုံးကို သုံးတာပါ။ အဲဒါကြောင့် ကျွန်တော်ကဗျာရဲ့ အစမှာ ‘ရဲ’ ‘ဇဲ’ွ ‘ညဏ်’ ‘စည်း’ ‘တာ’ဆိုပြီးတော့ အဲဒီ စကားလုံးနဲ့ ဖွင့်ထားတာ ဖြစ်ပါတယ်။

‘မကြောက်တရား တေးကဗျာ’ ဆိုတာကတော့ အားလုံးသိတဲ့ အတိုင်းပဲ။ မကြောက်တရားကို ဒေါ်စုက ကိုင်ဆွဲတဲ့ နေရာမှာ ရိုးရိုး နိုင်ငံရေး ဆောင်ပုဒ်လို၊ ကြွေးကြော်သံလို ဒီလို မဟုတ်ဘူး။ ရင်ထဲ အသဲထဲမှာ စြွဲပီးတော့ ဦးနှောက်ထဲမှာ စွဲသွားအောင် ရှိစေတဲ၊့ ရသ သဘောဆောင်တဲ့၊ အလင်္ကာသဘော ဆောင်တဲ့  တေးကဗျာ တပုဒ်ပဲ။

ဒေါ်စုရဲ့ မကြောက်တရားဆိုတာ ကျွန်တော်တို့ လူတိုင်းရဲ့ ရင်ထဲအသဲထဲမှာ စွဲသွားစေတဲ့  တရားမျိုးကို သူက ပြောတာ။ နိုင်ငံရေး ဆောင်ပုဒ်ကို ပြောတာ မဟုတ်ဘူး၊ မကြောက်တရားဟာ။ ဒါကြောင့် ကျွန်တော် မကြောက်တရား တေးကဗျာလို့ ပြောပါတယ်။

နောက်တခု ‘မီးပုံထဲက ကြာ’ ဆိုတာကတော့ အားလုံး သိကြတဲ့အတိုင်းပဲ။ မြန်မာပြည်ဟာ မီးပုံကြီးလို ဖြစ်နေပါတယ်။ အဲဒီ မီးပုံကြီး ကြားထဲမှာ လူတိုင်းဟာ အကုန်လုံးဟာ ညိုးနွမ်း ကြေမွပြီးတော့ ပြာပုံ, ပြာတွေ ဖြစ်လုမတတ် ဖြစ်နေတဲ့ အချိန်မှာ ဒေါ်စုဟာ အဲဒီ ပြာထဲကနေပြီးတော့ ဒီကြားထဲကနေ ရုန်းထွက်လာတ့၊ဲ မီးပုံထဲက ဖီးနစ်ငှက် လိုပေါ့ဗျာ့၊ မီးပုံထဲက ရုန်းထွက်လာတဲ့ ငှက်လိုပဲ၊ မီးပုံထဲက နေပြီးတော့ သူက ကြာပွင့် တပွင့်လို ပွင့်လာတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်လို့ ကျွန်တော်ပြောပါတယ်။

ဒါပါပဲ ခင်ဗျာ။

ကျွန်တော် ပြောချင်တာကတော့ ဒေါ်စုဟာ၊ ဒေါ်စု သူရဲ့ ဂုဏ်ရည်သတ္တိတွေဟာ စိတ်ဓာတ်တွေဟာ အလွန်ကို ကောင်းပါတယ်။ ကျွန်တော်တို့ကို လမ်းပြကြယ်ကြီး လိုကို ဖြစ်နေတယ်။ အထူးသဖြင့်ကတော့ ကျွန်တော် စောစောက ကျွန်တော့် ကဗျာလေးထဲမှာ ပါတဲ့ အတိုင်းပဲ။ မကြောက်တရားဟာ ဒေါ်စုရဲ့ တကယ့် အရေးအကြီးဆုံး ဘဝ လောက အမြင်ပါပဲ။ သို့မဟုတ်ရင်လည်း ဘဝ ဒဿနပါပဲလို့ ကျွန်တော် ပြောချင်ပါတယ်။

အဲဒီအတိုင်းပဲ ကျွန်တော်တို့ ပြည်ပမှာရောက်နေတဲ့ မြန်မာအမျိုးသားတွေ အမျိုးသမီးတွေ အားလုံးဟာလည်း မကြောက်တရား ကိုတော့ ကိုင်စွဲကြပါ။ မကြောက်တရားကို ဖေါ်ထုတ်ကြပါ။ ကျွန်တော်တို့ ပြောနေတာ ကျွန်တော်တို့ နိုင်ငံရေး အတွက်တွင် ပြောတာ မဟုတ်ပါဘူး။

လူ့ဘဝတခုလုံးမှာ ကျင့်သုံးတဲ့နေရာမှာလည်း ကျွန်တော်တို့တွေဟာ အားနာတယ်ဆိုတဲ့ စကားကို အကြောင်းပြု ပြီးတော့ ကြောက်တဲ့ ဘက်ကို ရွေ့ရွေ့, ရွေ့ရွေ့ သွားတယ်။ အဲဒီတော့ ကျွန်တော်တို့ကတော့ မကြောက်ပါနဲ့၊ ဘာဖြစ်ဖြစ် အကုန်လုံးကို။

ကျွန်တော်တို့ ပြောပြောနေတဲ့ စကားရှိပါတယ်။ ဘာလဲဆိုတော့ သည်းခံကြပါ။ ဒီမိုကရေစီ လုပ်တဲ့နေရာမှာ သည်းခံရမယ်၊ စိတ်ရှည်ရမယ်၊ ခွင့်လွှတ်ရမယ်၊ လိုက်လျောရမယ် ဆိုတာတွေဟာ ကျွန်တော်တို့ရဲ့ သည်းခံခြင်း တရားတွေပဲ။ ဒါ ဒီမိုကရေစီ ပါရမီ ဖြည့်တာပဲ။

သို့သော် ကျွန်တော်တို့ဟာ ခေါင်းငုံတော့ မခံဘူး။

အဲဒါက ဘာလည်းဆိုတော့ မကြောက်တရားပါပဲ။

ဒီမိုကရေစီ ကျင့်သုံးခြင်းဟာ ကျွန်တော်တို့က ဒီ သည်းခံလိုက်လျောခြင်းကို လုပ်သော်ငြားလည်း၊ ကျွန်တော်တို့က ဒီမိုကရေစီ ကျင့်သုံးတဲ့ နေရာမှာပဲ တဖက်က နေပြီးတော့ ကျွန်တော်တို့ လိုအပ်တဲ့ စွမ်းရည်တခု၊ လက်နက်တခုက ဘာလဲဆိုရင် မကြောက်တရား ပါပဲ။ မဟုတ်လျှင် ခေါင်းငုံ မခံခြင်းပါပဲ။

အဲဒါနှစ်ခုစလုံးကို ပေါင်းစည်းလိုက်လျှင် ခုနကလို ဒီမိုကရေစီ ခန္တီတရားနဲ့ တိုက်ပွဲဝင်တဲ့ ခေါင်းငုံမခံတဲ့ တရား နှစ်ခု ပေါင်းလိုက်လျှင် ဒါ မကြောက်တရားရဲ့ လက္ခဏာတွေပဲ ဖြစ်လာပါလိမ့်မယ်လို့ ကျွန်တော်တို့ ပြောချင်ပါတယ်။

နောက်တချက် ကျွန်တော်ပြောချင်တာကတော့ ဒေါ်စုရဲ့ မွေးနေ့မှာ ဒေါ်စုဟာ ဒုတိယ အရေးအကြီးဆုံး၊ ဒုတိယ အကြီးမားဆုံးသော စိတ်ပိုင်းဆိုင်ရာ သတ္တိက ဘာလဲဆိုရင် အနစ်နာ ခံခြင်းပါပဲ။ အနစ်နာ ခံခြင်းဆိုတာ အားလုံးသိကြတဲ့ အတိုင်းပါပဲ။ ဒေါ်စု ဘယ်လောက် အနစ်နာခံတယ် ဆိုတာ ကျွန်တော်တို့ အနီးကပ်တဲ့ လူတွေက ပိုသိပါတယ်။

သူရဲ့ ကိုယ်ရေးကိုယ်တာတွေ အကုန်လုံး စွန့်လွှတ်ထားတယ်၊ သူရဲ့ ဘဝတခုလုံး ဒီမှာ မြုပ်နှံထားတယ်။ လူတိုင်းက ထင်တာ ဒေါ်စုက မြန်မာပြည် လာပြီးတော့ နည်းနည်းပါးပါး တောပြောတောင်ပြော ပြောမယ်၊ နိုင်ငံရေးလေး ဘာလေး လုပ်လို့ရရင် လုပ်မယ်၊ လုပ်မရ ပြန်သွားမယ်ဆိုတဲ့ လူစားမျိုးလို့ သူတို့က ဘယ်လောက်ပဲ ပုံဖေါ်နေနေ၊ ဒေါ်စုက အဲဒီလို လူမျိုး မဟုတ်ဘူး ဆိုတာကို ခု နှစ်ပေါင်း ၂၀ တိတိ သက်သေပြခဲ့ပြီ။

ဒေါ်စုရဲ့ အရည်အချင်းတွေဟာ ပုလဲလုံးမှာ အဆီတက် သလို ဂုဏ်ရည်တွေ တနေ့တခြား တက်လာတယ်။ အဲဒီ ဂုဏ်ရည်တွေထဲမှာ အခိုင်မာဆုံး ဂုဏ်ရည်ကတော့ စွန့်လွှတ်ခြင်း ပေါ့။ ကိုယ်ရေး ကိုယ်တာတွေကော အကုန်လုံးကို စွန့်လွှတ်ခြင်း၊ ဒါဟာလည်း အရေးကြီး ပါတယ်။ အဲဒီတော့ ဒီစိတ်ဓာတ် မျိုးကိုလဲ ကျွန်တော်တို့ တန်ဖိုးထားဖို့ လိုပါတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။

ကျွန်တော်ပြောချင်တာကတော့ ဒေါ်စုကို ပြောတဲ့နေရာမှာ ခုနက ပြောတဲ့ နိုင်ငံရေး စကားတွေ ပြောတာထက်၊ သို့မဟုတ် နိုင်ငံရေး လုပ်ရပ်တွေက ဒါတွေ တကမ္ဘာလုံး သိနေတဲ့ကိစ္စမို့လို့ ကျွန်တော် မပြောတော့ပါဘူး။ ကျွန်တော် ပြောချင်တဲ့ ဟာကတော့ အဲဒီ နှစ်ခုပါပဲ။

ကျွန်တော်ကဗျာထဲမှာပါတဲ့ ‘ရဲ’ ‘ဇဲ’ွ ‘ဉာဏ်’ ‘စည်း’ ‘တာ’တွေ ဆိုတာတွေဟာလည်း ကိုယ့်က လိုက်နာ၊ ဒေါ်စုလိုပဲ နမူနာယူပြီး လုပ်ရင်လဲ အကောင်းဆုံး ပေါ့ဗျာ။ လုပ်ကြဖို့ပေါ့။ အထူးသဖြင့် ကတော့ မကြောက်တရား ဆိုတာကို ကိုင်စွဲကြပါ။

နောက်တခုကတော့ စွန့်လွှတ်မှုဆိုတာ - အများအတွက် စွန့်လွှတ်ရမယ်၊ တိုင်းပြည် အတွက် စွန့်လွှတ်ရမယ်၊ မိတ်ဆွေ အပေါင်းအသင်း အတွက် စွန့်လွှတ်ရမယ်၊ မိသားစုအတွက် စွန့်လွှတ် ရမယ်ဆိုတာ၊ စွန့်လွှတ်တဲ့ စိတ်ဓာတ်ကတော့ ကျွန်တော်တို့ ဘယ်အဆင့်မှ ဖြစ်ဖြစ် ကျင့်သုံးလို့ ရပါတယ်။ အနိမ့်ဆုံး ကိုယ်ရဲ့ ဒီဘဝ အတွက်တောင်မှ ကိုယ့်တဘဝ ကိုယ်တယောက်တည်း အတွက် တောင်မှ ဆိုလိုတာ ကတော့ နောင်သံသရာ အတွက်ကို မျှော်ကိုးပြီးတော့ ကိုယ့်ရဲ့ လက်ရှိ ဘဝမှာ စွန့်လွှတ်မှုတွေ လုပ်ရပါတယ်။ အနစ်နာခံမှုတွေ လုပ်ရပါတယ်။ ပါရမီ ဖြည့်ရပါတယ် ဆိုတဲ့ သဘောပဲဗျ။

ချုပ်လိုက်ရင်တော့ (ဒေါ်စုရဲ့) ကျွန်တော် ဒီနေ့ တိုက်တွန်းချင်တာကတော့ ဒေါ်စုမှာ အကောင်းဆုံးဖြစ်တဲ့  စိတ်ဓာတ် စိတ်ပိုင်းဆိုင်ရာ ဂုဏ်ရည်ဟာ ဒီ မကြောက်တရားနဲ့ စွန့်လွှတ်မှုပဲ ဖြစ်ပါတယ်။ အဲဒါကိုလည်း တတ်နိုင်သမျှ ကျင့်သုံးကြပါ။ အဆင့်ဆင့် ကျင့်သုံးကြပါ။ ပုံစံ အမျိုးမျိုးနဲ့ ကျင့်သုံးကြပါ။ နည်းမျိုးစုံနဲ့ ကျင့်သုံးပါ။ အခါခပ်သိမ်းလည်း ကျင့်သုံးကြပါ။ နေရာတိုင်းမှာလည်း ကျင့်သုံးကြပါ။ ခု ပြည်ပမှာတင် မဟုတ်ဘူး၊ ပြည်တွင်းမှာလည်း ကျင့်သုံးပါ။

ခုပြည်တွင်းမှ မဟုတ်ဘူး၊ ပြည်ပမှာလည်း ကျင့်သုံးပါလို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်။ ဒီလောက်ပါပဲ ခင်ဗျ။

Ref: မိုးမခ

Read More...

ထူးထူးဆန်းဆန်း တပ်တွင်း သင်တန်း နအဖ စစ်တပ်က ဖွင့်လှစ်

6/21/2009

မင်းအောင် (နိရဉ္စရာ) နအဖ စစ်တပ်မှ ထူးထူး ဆန်းဆန်း တပ်တွင်း သင်တန်း တခုကို စစ်တွေမြို့ တိုင်းဗဟို (၉) လေ့ကျင်းရေး ကျောင်းတွင် ဇွန်လ ၁၇ ရက်နေ့က စတင် ဖွင့်လှစ်လိုက်သည်ဟု သတင်း ရရှိသည်။

အမည်မဖေါ်လိုသူ ရခိုင် တပ်ကြပ်ကြီး တဦးက “ကျနော် ကတော့ ဒီလို သင်တန်းမျိုးကို ခုလို တကူးတက ခေါ်ပြီး ပို့ချတယ် ဆိုတာ တခါမှ မကြားမိပါဘူး။ သင်တန်းနာမည်က “တပ်သားသစ် စည်းရုံး သိမ်းသွင်းရေး နည်းနာ သင်တန်း” ဖြစ်ပါတယ်” ဟုပြောသည်။

ယခု ဖွင့်လှစ်သည့် သင်တန်းမှာ ပထမဆုံး အကြိမ်ဖြစ်ပြီး ဒုဗိုလ်မှူးကြီး အဆင့်ရှိသူ တဦးက ပို့ချ နေသည်ဟု သိရသည်။

“သင်တန်းကို တပ်ရင်း တရင်းက အကြပ် အဆင့် အထက် စစ်သည် ၄ ဦးကျ တက်ရောက်နေပါတယ်။ အားလုံး သင်တန်းသား ၇၀ ကျော် ဖြစ်ပါတယ်။ ပို့ချတာက တပ်သား သစ် ရရှိရေးဟာ တပ်မတော်ကို အစဉ်နုပျို နေဖို့ ဖြစ်တယ်။ တပ်မတော် အတွက် တပ်သားသစ်တွေ ရရှိအောင် စည်းရုံးရေး လမ်းညွန်တွေကို ပို့ချပါတယ်” ဟု သူက ပြောသည်။

ရခိုင်ပြည်နယ်တွင် ယခင်က လူငယ် အများအပြား ဆင်းရဲ ကျပ်တည်းမူကြောင့် စစ်တပ်ထဲသို့ ၀င်ရောက် ခဲ့သော်လည်း ၂၀၀၅ ခုနှစ် နောက်ပိုင်းမှ စပြီး စစ်တပ်ထဲသို့ ၀င်ရောက်သည့် လူငယ် အရေအတွက် အထူး ထိုးကျခဲ့သည်ဟု သိရသည်။

သို့အတွက် တပ်ထဲသို့ ၀င်လိုသည့်လူငယ် တဦးစီကို ကျပ်ငွေ တသိန်းနှင့် ဆန်တအိတ်စီ စစ်တပ်မှ ထုတ်ပေးသည်ဟု သိရသည်။

သို့သော် တပ်ထဲ ၀င်ရောက်သူ လူငယ်နုန်းထားမှာ လျော့ကျမြဲ လျော့ကျနေသဖြင့် ယခုကဲ့သို့ တပ်သားသစ် စည်းရုံး သိမ်းသွင်းရေး နည်းနာ သင်တန်းကို ဖွင့်လှစ် ပို့ချလာရခြင်း ဖြစ်သည်ဟု သိရသည်။

သင်တန်းကာလမှာ စုစုပေါင်း တပတ်ဟု သိရသည်။

Ref: နိရဉ္စရာ

Read More...

မြန်မာကိုသွားမည့် မြောက်ကိုရီးယား သင်္ဘောကို အမေရိကန် ဖျက်သင်္ဘော နောက်ယောင်ခံ

တနင်္ဂနွေနေ့၊ ဇွန်လ 21 2009 21:15 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံသို့ ဦးတည် ခုတ်မောင်းနေသည် ဟုဆိုသော မြောက်ကိုရီးယား ကုန်တင် သင်္ဘောတစင်းကို အမေရိကန် ရေတပ် ဖျက်သင်္ဘောက နောက်ယောင်ခံ လိုက်လျှက်ရှိကြောင်း နယူးယောက်တိုင်းမ် သတင်းစာက ဖော်ပြထားသည်။

တန်ချိန် ၂၀၀၀ ရှိ ကန်နမ် အမည်ရ သင်္ဘောသည် မြောက်ကိုရီးယားမြို့တော် ပြုံယမ်း အနီး နန်ပို ဆိပ်ကမ်းမှ ဗုဒ္ဓဟူးနေ့က စတင် ထွက်ခွာခဲ့ကြောင်း အမေရိကန် အရာရှိများက ပြောကြားထားသော်လည်း သင်္ဘောသည် မည်သည့် အရပ်သို့ ဦးတည် ခုတ်မောင်းနေပြီး မည်သည့် ကုန်ပစ္စည်းများ တင်ဆောင်သွားသည်ကို ပြောကြားရန်ကိုမူ ငြင်းဆန် ထားသည်ဟု နယူးယောက်တိုင်းမ် သတင်းစာ၏ ဝဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

ယခုဖြစ်ရပ်သည် မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂ၏ လက်နက်ရောင်းချမှု ပိတ်ပင်ရေး အသစ် ပြုလုပ်ပြီးနောက် အမေရိကန်နှင့် မဟာမိတ်များ အတွက် ဗွေဆော်ဦး စမ်းသပ်ချက်တခု ဖြစ်လာသည်။

Fox သတင်းဌာနက အမေရိကန် စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက် တခုကို ကိုးကား ဖော်ပြထားရာတွင် အမေရိကန် ဖျက်သင်္ဘော ဂျွန် အက်စ် မက်ကိန်းသည် ကြားဖြတ် ဟန့်တားရန် အမိန့်ရလျှင် အရေးယူ ဆောင်ရွက်နိုင်ရန် နေရာယူထားသည်ဟု ပါရှိသည်။

တောင်ကိုရီးယား၏ YTN သတင်းဌာန၏ တနင်္ဂနွေနေ့က ထုတ်ပြန်ချက်တွင် သင်္ဘောသည် မြန်မာနိုင်ငံသို့ ဦးတည်နေသည် ဟုဆိုသည်။ မြန်မာနိုင်ငံသည် မြောက်ကိုရီးယားထံမှ လက်နက်များ ဝယ်ယူနေသော နိုင်ငံတခုဖြစ်သလို မြောက်ကိုရီးယား သင်္ဘောများ တရားမဝင် ကုန်သွယ်မှု လုပ်ငန်းများ လုပ်ရာတွင် ခရီး တထောက်နားသည့် အရပ်လည်း ဖြစ်သည်။

သင်္ဘောပေါ်တွင် ဒုံးကျည်များ သို့မဟုတ် ဒုံးကျည် အပိုပစ္စည်းများ တင်ဆောင်ထားဖွယ် ရှိသည်ဟု အမေရိကန် အာဏာပိုင်များက သံသယ ရှိနေကြောင်း အမည်မဖော်ပြထားသော ထောက်လှမ်းရေး သတင်းရပ်ကွက် တခုကို ကိုးကား ဖော်ပြထားသည်။

မြောက်ကိုရီးယားက မြေအောက် နူကလီးယား စမ်းသပ်ဖောက်ခွဲမှု တခု မေ ၂၅ ရက်နေ့က ပြုလုပ်ခဲ့သဖြင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မြောက်ကိုရီးယား အပေါ် အရေးယူရေး ဆုံးဖြတ်ချက် တခုကို ဇွန် ၁၂ ရက်နေ့က ချမှတ်ခဲ့သည်။

ဆုံးဖြတ်ချက်တွင် မြောက်ကိုရီးယား၏ လက်နက်ရောင်းချမှုကို ပိတ်ပင်ရေး ပါဝင်ပြီး သံသယ ဖြစ်ဖွယ်ရှိသော မြောက်ကိုရီးယား သင်္ဘောများကို စစ်ဆေးရေးတို့ ပြုလုပ်သွားမှာ ဖြစ်သည်။

မြောက်ကိုရီးယားကတော့ သူ၏သင်္ဘောများကို ကြားဖြတ် ဟန့်တားမှု ပြုလုပ်လျှင် စစ်ကြေညာသည့် လုပ်ရပ် ဖြစ်ကြောင်း ပြောဆိုထားပြီး ဖြစ်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ဗီတို အာဏာပိုင်ရှင် နိုင်ငံ တခုဖြစ်သော တရုတ်က မြောက်ကိုရီးယား သင်္ဘောများကို ကြားဖြတ် ဟန့်တားလျှင် အင်အား အသုံးပြုစေလိုခြင်း မရှိဟု ပြောဆိုထားသည်။

Ref: မဇ္ဈိမ

Read More...

Friday, June 19, 2009

ဆင်ခေါင်း ခွေးမချီနိုင် ဖြစ်နေတဲ့ နအဖ စစ်အစိုးရ

ရဲဘော်ဖိုးသံချောင်း
၁၇ ဇွန် ၂၀၀၉

ဒီကာလအတွင်း ဗမာပြည် နိုင်ငံရေးအခြေအနေမှာ ပြောင်းလဲမှု တွေ့နေရပါတယ်။

ဗမာပြည်ရဲ့ ပတ်ဝန်းကျင် နိုင်ငံတကာခွင်မှာလည်း အပြောင်း အလဲတွေ ပေါ်နေပါတယ်။

ဘိန်းပစ်ပြီး ဆင်ဖဲနဲ့ ထောင်ချဖို့ စနစ်တကျပြင်ဆင်ထားတဲ့ ဒေါ်အောင်ဆန်း စုကြည်ကို ရုံးတင်တဲ့ ကိစ္စမှာ အဲဒီ ပြည်တွင်းပြည်ပ အပြောင်းအလဲတွေရဲ့ ဂယက်ရိုက်မှုတွေ တွေ့နေရပါတယ်။ အားလုံး သိတဲ့အတိုင်း နအဖစစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို တခြား နိုင်ငံရေး အကျဉ်းသားတွေ တုန်းကလိုပဲ ထောင်ထဲမှာ အကျဉ်းရုံး ပိတ်စစ်၊ အမြန်ဆုံး စီရင်ချက်ချဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမယ့် အခုတော့ နအဖကိုယ်တိုင်က အမှုကို တမင်အချိန်ဆွဲ တာတွေ တွေ့လာနေရတော့ စဉ်းစားစရာတွေ အများကြီး ဖြစ်လာပါတယ်။

ဒီအမှုကို နအဖစစ်အစိုးရအနေနဲ့ သူတို့လက်ရာ မပေါ်အောင် သေသေချာချာ ပြင်ဆင်ပြီး ပိုင်ပြီဆိုမှ ရုံးတင် ခဲ့တာပါ။ အမြန်ပြီးသွားမယ့် တရားစီရင်မှုမှာ သူတို့ ဘာမှထပ်ပြီး ဝင်ပါဖို့ မလိုအောင် စီစဉ်ပြီး ဖြစ်မှာပါ။ ဒါပေမယ့် သူတို့ တွက်ထားတာနဲ့ ပြောင်းပြန် အခြေအနေတွေက ဗြောင်းဆန်အောင် ပြောင်းကုန်ပါတယ်။

ဂျွန်ယက်တောက သူဟာ မင်းကြီးတာက ထွက်လာတာ ဖြစ်ကြောင်း အစစ်ခံလိုက်တဲ့ အချိန်ကစပြီး တရားခွင်မှာ အခြေအနေတွေ တမျိုး ပြောင်းကုန်ခဲ့ပါတယ်။ တခါတည်း ဒီအမှုမှာ နအဖဟာ ခံစစ်လို ဖြစ်သွားပါတယ်။ ဒီတော့မှပဲ အမှုမှာ မျက်နှာ မပြဘူးဆိုတဲ့ နေပြည်တော်က ဗိုလ်ချုပ်တွေ အလုပ် ရှုပ်ကုန် ကြတော့တာပါ။ ဒီလိုနဲ့ တရားရုံး တရုံးအနေနဲ့ လုပ်ခဲလှတဲ့ တရားခံပြ သက်သေတွေကို ပယ်တယ်ဆိုတာ လုပ်လာရပါတယ်။ ပယ်တာမှ (၇၅) ရာခိုင်နှုန်းကို ပယ်တာပါ။ ဟန်မဆောင်နိုင်၊ မရှက်နိုင်တော့ပါဘူး။ ဒီမှာပဲ နအဖ ဗိုလ်ချုပ်တွေ မျှော်လင့် မထားတဲ့ ကိစ္စတွေ တခုပြီးတခု ပေါ်လာပါတော့တယ်။

အဲဒါတွေကတော့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပြင်းထန်လှတဲ့ ဆန့်ကျင်မှုတွေ ဖြစ်ပါတယ်။ ဒီအကြိမ် ကြုံရတာဟာ ဘယ်တုန်းကမှ မကြုံဖူးတဲ့ ဆန့်ကျင်မှုမျိုးလို့ ပြောရင်တောင် ရပါတယ်။ တရုတ်၊ စင်ကာပူ၊ ထိုင်း စတာတွေအပါ သူတို့ ထင်မထားတဲ့ နိုင်ငံတွေရဲ့ ဆန့်ကျင်မှု ဖြစ်လို့ နအဖ တကယ်ပဲ ဖြုံသွားပါတယ်။ တချိန်တည်းမှာ အမေရိကန် သမ္မတ အိုဘားမား (၁၈ဝ) ဒီဂရီ ပြန်လှည့် သွားတာကိုလည်း တွေ့ကြရပါတယ်။

တခါ ပြည်တွင်းမှာကျတော့လည်း မကျေနပ်သံတွေ၊ မကျေနပ်ကြောင်း ဖော်ပြချက်တွေဟာ နေရာတကာမှာ နည်းမျိုးစုံနဲ့ ပေါ်ထွက် လာနေပါတယ်။ အင်းစိန်ထောင်ဘူးဝ ကနေ နိုင်ငံ့ အရှေ့ ဖျားက မူဆယ်၊ ဧရာဝတီ မြစ်ဝကနေ မြစ်ဖျားဖြစ်တဲ့ မြစ်ကြီးနား အထိ ပြန့်သွားပါပြီ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အပါ ပြည်တွင်း အင်အားစုတွေလည်း သက်ဝင် လှုပ်ရှားနေကြပါတယ်။ ဒါ့အပြင် နှစ်ပေါင်း နှစ်ဆယ်ကျော် အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့တွေနဲ့လည်း ပစ်ရ ခတ်ရတော့မလို ဖြစ်လာနေပါတယ်။ သေသေချာချာ မသိနိုင်တာကတော့ သူတို့တပ်တွင်း၊ သူတို့ခေါင်းဆောင် တွင်းက အခြေအနေပဲ ဖြစ်ပါတယ်။ ဗိုလ်သန်းရွှေတို့ကို ထိုင်နေ အကောင်းသားလို့ အပြစ်တင်နေကြမှာ ကတော့ မလွဲပါဘူး။

ဒီလိုနဲ့ သက်သေတွေထဲက တဦးကို ထပ်ထွက်ဆိုခွင့် ပြုတယ်ဆိုတာ ဖြစ်လာပါတယ်။ သက်သေကိစ္စ အယူခံဝင်တော့ အယူခံကိစ္စကို နေ့လယ် (၁) နာရီလောက်မှာ (၁၇) ရက်နေ့ကို ရက်ချိန်ကြောင်း တရားဝင် ပြောပါတယ်။ ဒီလိုနဲ့ ညနေ (၄) နာရီလောက် ကျတော့ ရက် အကန့်အသတ် မရှိ ရွှေ့ဆိုင်းကြောင်း ဖြစ်သွားပါတယ်။ တရားသူကြီးက နေ့လယ် အိမ်ပြန် ထမင်းစားတော့ မိန်းမနဲ့အတူ ထမင်းစားရင်း ဒီလို ရက်အကန့်အသတ် မရှိ ရွှေ့ဆိုင်းဖို့ ခေါင်းထဲမှာ အကြံပေါ်လာပြီး ပြင်လိုက်တာတော့ မဟုတ်နိုင်ပါဘူး။ နေပြည်တော်က အမိန့်တွေ လာနေတာပါ။ ဒေါ်အောင်ဆန်း စုကြည်ရဲ့အမှုကို စီရင် ဆုံးဖြတ်နေတာဟာ အင်းစိန် ထောင်ထဲရှိ တရားရုံးက မဟုတ်ဘူး။ နေပြည်တော်ကနေ စီရင် ဆုံးဖြတ်နေတယ် ဆိုတာ ပို-ပို ရှင်းသွားပါတယ်။

အဲဒီလိုကနေ နအဖထိပ်သီးတွေ တရုတ်ပြည်ကို သွားတယ်ဆိုတာ ဖြစ်လာပါတယ်။ ပထမတော့ ဗိုလ်ရွှေမန်း သွားတယ်လို့ သတင်းထွက်တာပါ။ နောက်တော့ ဗိုလ်မောင်အေး တကယ်ပဲ သွားပါတယ်။

တိုက်ဆိုင်လိုက်တာ။
နအဖ ဒု-ဥက္ကဋ္ဌ ဗိုလ်မောင်အေး ဘာကြောင့် တရုတ်ပြည်ကို သွားတယ်ဆိုတာ သိဖို့ မလွယ်ပါ။ ထုံးစံကတော့ အခုလိုအချိန်မှာ သွားတာဟာ နအဖအနေနဲ့ ဒေသ တခုလုံးနဲ့ ဆိုင်တဲ့ ခြေလှမ်း တခုကို လှမ်းမလို့၊ ဒါမှမဟုတ် တရုတ်-ဗမာနယ်စပ်နဲ့ ဆိုင်တဲ့ ခြေလှမ်း တခုခုကို ယူမလို့ ဖြစ်တတ်ပါတယ်။ ဥပမာ ငြိမ်းအဖွဲ့တွေကို တိုက်မယ်ဆို တာမျိုး သူတို့ ဆုံးဖြတ်ရင် ဖြစ်ပါတယ်။ ဒါမှမဟုတ်လည်း တရုတ်နဲ့ ထိပ်တိုက်ဖြစ်နေတဲ့ နိုင်ငံတွေနဲ့ သဘောတူညီ မှုတွေ၊ စာချုပ်ချုပ်ဆိုမှုတွေ ရှိရင်လည်း သွားတတ်ပါတယ်။ ဒါပေမယ့် အခုအခါမှာ တရုတ်အဖို့ အဲဒီလို ထိပ်တိုက် ဖြစ်နေတဲ့ နိုင်ငံ မရှိပါဘူး။ ဒီလို အနေအထားအောက်မှာ အများအားဖြင့် ကိုယ့်ဘက်က ရှင်းပြစရာရှိရင်၊ ဒါမှမဟုတ် တောင်းဆိုချင်တာ ရှိရင် သွားကြလေ့ ရှိပါတယ်။

ဒီလိုမှမဟုတ်ဘဲ တရုတ်က လာစေချင်လို့၊ တနည်း- ခေါ်လို့သွားတာလား။ ဒါဆိုရင်တော့ ဒီနေ့ ဒီအခြေအနေမှာ ဒါဟာ နအဖအတွက် သိပ်ကောင်းတဲ့ ကိစ္စ မဖြစ်နိုင်ပါဘူး။ ဒီရက်ပိုင်း အတွင်းမှာပဲ တရုတ်ဟာ နိုင်ငံတကာ အရေးအခင်းတွေမှာ ထူးခြားတဲ့ ရပ်တည်ချက် နှစ်ခု ဖော်ပြခဲ့တယ် ဆိုတာကို အားလုံး သတိထားမိ ကြမှာပါ။ တခုက ဗမာ နိုင်ငံအရေးနဲ့ နောက်တခုက မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက် အရေးတို့ ဖြစ်ပါတယ်။ တကယ်လို့ တရုတ်က နအဖကို သူတို့ဘာလို့ အဲဒီလို ရပ်တည်ရတယ် ဆိုတာကို ရှင်းပြတာဆိုရင်တော့ နအဖအတွက် ပျော်စရာ ကောင်းမယ် မဟုတ်ပါဘူး။ သံတမန်နည်း၊ ပညာရှိ နည်းတွေနဲ့ ပညာပေးတာ၊ ဆုံးမတာတွေ ဖြစ်ပါလိမ့်မယ်။ သူတို့ဆီကို ခေါ်ပြောတာ ဆိုတော့ ပီကင်းက ပြောတာဟာ ဂိုချောက်ထောင် လောက်တော့ ရှင်းရှင်းပြတ်ပြတ် ဖြစ်ကောင်းမှ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ရွှေဖော့လုံးနဲ့ ရိုက်တာက ပိုဆိုးတယ် ဆိုတာမျိုး ဖြစ်နေရင်တော့ မပြော တတ်ပါ။ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို ရက် အကန့်အသတ် မရှိ ရွှေ့ဆိုင်းတာဟာ ဒီခရီးစဉ်နဲ့များ ဆက်နေသလားလို့လည်း တွေးတော စရာလည်း ဖြစ်လာပါတယ်။

ဒီလိုလှုပ်ရှား ပြောင်းလဲနေတဲ့ အခြေအနေမှာ နအဖအနေနဲ့ သူတို့အတွက် မလုပ်မဖြစ် အရေးကြီး လုပ်ငန်းစဉ်အဖြစ် ချမှတ်ထားတွေက များလွန်းနေပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ကို စီရင်ချက် ချရေး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကို ရွေးကောက်ပွဲ မတိုင်မီ နှိပ်ကွပ်ရေး၊ သို့မဟုတ် ဦးချိုးရေး၊ အပစ်အခတ် ရပ်စဲရေး အဖွဲ့တွေကို “စည်းကမ်းရှိတဲ့ ဒီမိုကရေစီ” ဘောင်ထဲကို ကျုံးသွင်းယူရေး၊ ရွေးကောက်ပွဲ ဥပဒေနဲ့ ပါတီတွေ မှတ်ပုံတင်တဲ့ ဥပဒေတို့ကို ပြဋ္ဌာန်းရေး၊ နောက်ပြီး သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ပိပိရိရိ ကျင်းပရေး၊ အချိန်က တနှစ်တောင် မကျန် တော့ပါဘူး။ နောက်ပြီး ဒီကိစ္စတွေအားလုံးက ဘယ်လိုမှ ရှောရှောရူရူ မဖြစ်နိုင်တဲ့ ကိစ္စတွေချည်း ဖြစ်ပါတယ်။ ကိစ္စ တခုချင်းမှာ သူတို့ကို ပြန်ထိခိုက်မယ့် အချင်းအရာတွေ ပြွမ်းတီးလို့ နေပါတယ်။ နောက်ပြီး ကိစ္စတိုင်း ကိုလည်း နိုင်ငံတကာက ဂရုစိုက် စောင့်ကြည့် နေကြတာပါ။ နအဖ ခေါင်းမီလောင် နေချိန်မှာ နိုင်ငံတကာ ဖိအားကလည်း မြွေပူရာ ကင်းမှောင့်လို ဖြစ်နေပါတယ်။ နောက်ပြီး ဟုတ်ပါရဲ့၊ လူပုံလယ်မှာ သူတို့ကို အရှက်ခွဲခဲ့တဲ့ ထိုင်းတို့၊ ကမ္ဘောဒီးယား တို့ကို အခွင့်သင့်ရင် ပြန်နှိပ်ဖို့ ကလည်း ရှိသေးတယ်။

ဒီနေ့ လက်တွေ့အခြေအနေကို အသေအချာ ပြန်ကြည့်လိုက်တော့ လား-လား၊ ဒေါ်အောင်ဆန်း စုကြည်ကို ချောက်ချမယ် ပြင်နေတဲ့သူတွေ အခု သူတို့ကိုယ်တိုင် ချောက်ကျနေပါတယ်။ အပစ်အခတ် ရပ်စဲရေးကို အကြီးအကျယ် ဂုဏ်ယူ ဝါဒဖြန့်နေတဲ့ စစ်ဗိုလ်တွေ အခု သူတို့ကစပြီး အပစ်အခတ် ရပ်စဲရေးကို ချိုးဖောက်ရတော့မယ့် ကိန်းဆိုက်နေ ပါပြီ။ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆိုတာနဲ့ ပြည်တွင်း ပြည်ပမှာ ဝါဒဖြန့် မင်္ဂလာယူနေတဲ့ စစ်အာဏာရှင်တွေ အခု ရွေးကောက်ပွဲကို ကျင်းပရမလား၊ ရက်ရွှေ့ရမလား စဉ်းစားနေရပါပြီ။ “(၉၃) ရာခိုင်နှုန်း ထောက်ခံမှု ရခဲ့တဲ့” ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကြီးနဲ့ မိန့်မိန့်ကြီး အစိုးရ လုပ်မယ်၊ သမ္မတ လုပ်မယ် တွေးထားတဲ့ ဗိုလ်ချုပ်တွေ အာဏာသိမ်းပွဲ ထပ်လုပ် ရမလား စဉ်းစား နေရပါပြီ။

ဒီတော့ ၂၁ ရာစုနှစ်ရဲ့ ပထမဆုံးဆယ်စုနှစ် ကုန်တော့မယ့်အချိန် ဒီတကွေ့မှာ နအဖ ဗိုလ်ချုပ်တွေ ဆင်ခေါင်းခွေးချီ နိုင်ပါ့မလား စောင့်ကြည့်ကြပါစို့။

ရဲဘော်ဖိုးသံချောင်း

Ref: ခေတ်ပြိုင်

Read More...

ဒေါ်စုမွေးနေ့ ကမ္ဘာတ၀န်း ကျင်းပ

19 June 2009

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ကျရောက်မယ့် သူ့ရဲ့ ၆၄ နှစ်မြောက် မွေးနေ့ကို ရန်ကုန်မြို့က အင်းစိန် အကျဉ်းထောင်ထဲမှာ ကျော်ဖြတ် ရမှာ ဖြစ်ပါတယ်။

မေလအစောပိုင်းမှာ အမေရိကန် နိုင်ငံသားတယောက် မဖိတ်ခေါ်ဘဲ ဒေါ်အောင်ဆန်း စုကြည်ရဲ့ နေအိမ် ခြံဝင်းထဲကို ရေကူး ၀င်ရောက်ခဲ့တာကြောင့် ဒေါ်အောင်ဆန်း စုကြည်ဟာ သူ့ကို နေအိမ် အကျယ်ချုပ် ဖမ်းဆီးထားတဲ့ စည်းကမ်း စည်းမျဉ်းတွေကို ချိုးဖောက် ခဲ့ပါတယ် ဆိုပြီး စစ်အစိုးရက တရားစွဲပြီး သူ့ကို အင်းစိန် အကျဉ်းထောင်ထဲမှာ ဖမ်းဆီး ထားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် နိုင်ငံတကာက နိုင်ငံ့ခေါင်းဆောင် တွေ၊ နိုင်ငံရေး သမားတွေ၊ အနုပညာ ရှင်တွေက လူထု အစည်းအဝေး ပွဲတွေ၊ ဆုတောင်း ပွဲတွေ၊ မိန့်ခွန်း ပြောကြားမှုတွေ ပြုလုပ် ခဲ့ကြပါတယ်။

www.64forsuu.com ဆိုတဲ့ ၀က်ဘ်ဆိုက်မှာလည်း ဒေါ်အောင်ဆန်းစုကြည် အတွက် မွေးနေ့ ဆုတောင်းတွေ ရေးသား ပေးပို့ကြတာ အခုဆိုရင် မွေးနေ့ ဆုတောင်းပေါင်း ၁၀,၀၀၀ ကျော်သွားပါပြီ။ အီးယူ ဥရောပ သမဂ္ဂက ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကားချပ် အကြီးကြီးကို ဘရပ်ဆဲလ်မြို့တော် လူဇင်ဘတ်က အီးယူ ပါလီမန် အဆောက် အအုံမှာ ချိတ်ဆွဲမှာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာတော့ ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) ရဲ့ ဇနီးဖြစ်သူ ဆာရာ ဘရောင်း (Sarah Brown) က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကြိုးပမ်းမှု အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ရုပ်ရှင်တကား ပြသမှာ ဖြစ်ပါတယ်။ ဒီလို ၀န်ကြီးချုပ် နေအိမ်မှာ ရုပ်ရှင်ပြသမှု ပြုလုပ်တာဟာ ရာဇ၀င်မှာ ပထမဦးဆုံး ပြသမှု ဖြစ်ပါတယ်။

Ref: VOA News

Read More...

ကေအိုင်အေ ကချင်တပ်ဖွဲ့နဲ့ ၀တပ်ဖွဲ့တွေ စစ်ရေးလေ့ကျင့် ပြင်ဆင်

18 June 2009

ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ကို နယ်ခြားစောင့်တပ် အဖြစ် အသွင် ပြောင်းရေး အတွက် မြန်မာ စစ်အစိုးရက တောင်းဆို လိုက်တဲ့နောက်မှာ ကေအိုင်အေက သူတို့နယ်မြေ အတွင်းမှာ စစ်ရေး လေ့ကျင့်တာတွေ ပိုမိုလုပ်ဆောင်လာ သလို မြန်မာ စစ်အစိုးရရဲ့ တပ်တွေ ဘက်ကလည်း လှုပ်ရှားမှုတွေ ရှိလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအခြေအနေမှာ ကချင်ပြည်နယ်က လူထုတွေက ၁၉၉၄ အပစ်အခတ် မရပ်စဲခင် ကာလကလို တိုက်ပွဲတွေ ပြန်ဖြစ်မှာကို စိုးရိမ်နေပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ထိုင်း အခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြ ထားပါတယ်။

ကေအိုင်အေနဲ့ မြန်မာစစ်တပ်တွေရဲ့ စစ်ပြင်ဆင်မှု အခြေအနေကို ကချင်ပြည်နယ်က ဒေသခံတွေက အခုလို ပြောပါတယ်။

“ပြင်ဆင်တာတော့ ရှိပါတယ်။ ဒီ စစ်သင်တန်းတွေ ပိုပြီးမှ ရက်တွေ ပြန်တိုးချဲ့၊ အဲလိုမျိုး တွေပေါ့။ အခုတလော တောထဲဝင်ပြီးတော့ လေ့ကျင့်တာတွေလည်း လုပ်နေကြပါတယ်။ ကေအိုင်အေ တပ်မဟာ ၂ ဘက်မှာပေါ့။ အရင်ကတည်းက လုပ်လာတာတော့ မရှိဘူး။ အခုမှလုပ်တာ။ ဒီစစ်သားတွေ စုဆောင်းတာလည်း ပိုပြီးမှ စုဆောင်း တာပေါ့နော။ လေ့ကျင့်ရေးစခန်းမှာဆို စစ်သားတွေ ခါတိုင်းထက် အဆမတန် များနေတာပေါ့။ ရွာတွေ ဘာတွေဆိုရင်လည်း တချို့ စစ်သားမလုပ်ချင်တဲ့လူဆို မြို့မှာပဲနေပြီးမှ ရွာတောင် မပြန်လာဘူး။ ဘာဖြစ်လို့လဲ ဆိုရင် ရွာရောက်ရင် စုဆောင်းခံရမှာ စိုးလို့ပေါ့။

ဒီ နအဖဘက်က စစ်တပ်တွေတောင်မှ ကေအိုင်အေတွေက ဒီလို ကျင့်တော့ သူတို့လည်း မြို့ထဲမှာ သေနတ် တွေပစ်၊ အဲလိုမျိုး သူတို့လည်း လေ့ကျင့်နေတယ်။ နှစ်ဖက်စလုံး အပြိုင်အဆိုင် လေ့ကျင့် နေတာပေါ့။ ဒီ တနိုင်းဘက်မှာ။”

“အခုက ပြင်ဆင်တာပါပဲ။ လိုအပ်လာလို့ ရှိရင် ဆိုတဲ့ အခြေအနေမျိုး ပြင်ဆင်တာပါပဲ။ ကြားတာ ကတော့ နအဖ အစိုးရ ဘက်ကလည်း အဆင်သင့်ပဲ။ အခုတောင် ကျမတို့ ကြားတာ အဲဒီ ဗန်းမော်နဲ့ လွယ်ဂျယ် လမ်းပေါ့နော်၊ အဲဒီ လမ်းဘက်မှာ ညညဆိုရင် စစ်အစိုးရ ကားကြီးတွေ လက်နက် သယ်တယ်လို့၊ သူတို့က ညမှပဲ ဖြတ်တယ်၊ အဲဒီ ကားတွေက ဘယ်မှာ ရပ်သွားလဲဆို ဆင်ဒုံမှာ။ ဗန်းမော်ကိုလည်း မကျော်ဘူး။ လွယ်ဂျယ်ကနေ ဆင်ဒုံကို ရောက်တယ်။ ဆင်ဒုံမှာက သူတို့ရဲ့ဗျူဟာလို့ ပြောလို့ရမယ့် စစ်တပ်ရှိတော့ လက်နက်တွေ အဲဒီမှာပဲ စုတယ်လို့ အားလုံးက သုံးသပ်နေတယ်။ ရွာကလူတွေ၊ ရွာသား ပြည်သူတွေပေါ့။”

နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးအတွက် မြန်မာ စစ်အစိုးရက တောင်းဆို ထားတာကို ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို) က လူထုဆီက သဘောထား ရယူပြီး အကြောင်း ပြန်မယ်လို့ ဆိုခဲ့ပါတယ်။ ဒီလို သဘောထား ရယူရာမှာ ကချင် ပြည်သူတွေနဲ့ ကေအိုင်အေ တပ်ဖွဲ့ဝင် အတော်များများက နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရေးကို လက်မခံကြောင်း စာတွေ ရရှိပြီးတဲ့ နောက်မှာ အခုလို စစ်ရေးအရ ပြင်ဆင်တာတွေ ဆောင်ရွက် လာတာ ဖြစ်ပါတယ်။ ကေအိုင်အေနဲ့ မြန်မာစစ်တပ် ကြားမှာ တိုက်ပွဲတွေ ပြန်ဖြစ် လာမှာကိုတော့ ကချင်လူထု အများစုက မလိုလားကြောင်း ဒေသခံ ကချင် အမျိုးသမီးက အခုလို ဆက်ပြောပါတယ်။

“အကယ်၍သာ ပြန်ပြီးတင်းမာလာမယ်၊ ပစ်ကြမယ် ခတ်ကြမယ် ဆိုရင်တော့ ပညာရေး က အစ၊ လုပ်ကိုင် စားသောက်တဲ့ စီးပွားရေး လုပ်ငန်းက အစ၊ အခြေခံ ပြည်သူ လူထုတွေ ကတော့ အများကြီး ဒုက္ခ ရောက် နိုင်တယ်။ နအဖ ဘက်ကလည်း ဘယ်နားမှာ ဘာရှိတယ်၊ ဘယ်သူတွေနဲ့ ဘယ်သူတွေ ဆက်သွယ်တယ် ဆိုတာက သူတို့ အကုန်လုံး သိနေပြီးသားလေ။ မြို့မှာပဲဖြစ်ဖြစ်၊ တောမှာပဲဖြစ်ဖြစ် ပြည်သူတွေ အားလုံးက အရင်ကထက် စာရင် ပိုပြီးတော့ ဒုက္ခရောက်မယ်၊ တိုက်မလား မတိုက်ဘူးလား ဆိုတာက အများကြီး ပြန်စဉ်းစားဖို့ လိုပြီလို့ ဒီမှာ ဆုံကြတဲ့လူတွေ ဆွေးနွေးကြတာပေါ့။”

ကချင်ပြည်နယ်တောင်ပိုင်း မိုးညှင်း မိုးကောင်းဒေသက ရှမ်းအမျိုးသား တယောက် ကလည်း သူ့အမြင်ကို အခုလို ပြောပါတယ်။

“စစ်ဖြစ်တယ်ဆိုတာကတော့ မကောင်းဘူးပေါ့ဗျာ။ တကယ်ပြောမယ် ဆိုရင် ပြည်သူတွေ နာတယ်လေဗျာ။ စစ်မဖြစ်ဘဲနဲ့ ရှောင်လွှဲတဲ့ နည်းနဲ့ စေ့စပ် ဆွေးနွေးနိုင်ရင်တော့ ကောင်းတာပေါ့ဗျာ။ အပစ် မရပ်ခင် တုန်းကတော့ ဒါကတော့ နှစ်ဖက်ပေါ့ဗျာ၊ တဖက် ကလည်း ကေအိုင်အေကို ထောက်ပံ့တယ်၊ ပံ့ပိုးတယ် ဘာညာဆိုပြီးမှ အစိုးရဘက် ကလည်း သံသယ မကင်းဘဲနဲ့ ချော၊ ပေါ်တာ ဘာညာ ခေါ်တာတမျိုး၊ ဖမ်းဆီးနှိပ်စက် ခံရတာတမျိုး။ တခါ ဟိုဘက်ကလည်း ထိုနည်း လည်းကောင်း အတိုင်းပဲ၊ ဒါတွေဟာ အစိုးရသူလျှို ဘာညာ ဆိုပြီးမှ လုပ်တာတမျိုး၊ နှစ်ဖက်စလုံး ပါပဲ။ ခံရတော့ ပြည်သူလူထု ခံရတာပါပဲ။ အဲဒါတွေ ဖြစ်ခဲ့တာပါပဲ။”

ကေအိုင်အေနဲ့ မြန်မာစစ်တပ် အပစ်ရပ်ပြီးတဲ့နောက်မှာ ပြည်သူတွေ အေးအေး ချမ်းချမ်း နေရတာကို မပျက်စီးလိုဘူးလို့ သူက ဆက်ပြောပါတယ်။

ကေအိုင်အိုအဖွဲ့က ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဗိုလ်မှူးကြီး ဂျိမ်းလွန်ဒေါင်း ကတော့ စစ်ရေး ပြင်ဆင်မှုတွေ လုပ်နေတယ်ဆိုတာနဲ့ စစ်ပွဲတွေ ပြန်ဖြစ်လာမယ် ဆိုတဲ့ သတင်းတွေကို လက်မခံပါဘူး။ ကေအိုင်အေကို အသွင်ပြောင်းရေးနဲ့ ပတ်သက်လို့ မြန်မာ စစ်အစိုးရနဲ့ ကေအိုင်အေ ကြားမှာ ညှိနှိုင်းလို့ ရနိုင်မယ်လို့ ယုံကြည် ထားပါတယ်။

“နအဖကနေ ဒီလိုတင်ပြလာတာ ဒါ သဘာဝကျပါတယ်။ ဒါပေမယ့် လက်တွေ့ ပိုင်းမှာကြ ဒီ Military ကို Reform လုပ်တာကို နောက်မှထားပါ၊ ရွေးကောက်ပွဲကို ပထမထားပါ။ အဲဒီ အစီအစဉ်ကိုလည်း အရှေ့ကဟာ အနောက်ထားလိုက်၊ အနောက်ကဟာ အရှေ့ထားလိုက်၊ အဲဒါပဲဟာ။ ဒါလည်း ကျနော်တို့ ဆွေးနွေးလို့ ရနိုင်တဲ့ဟာ၊ ဖြစ်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်တယ်။”

ဗိုလ်မှူးကြီး ဂျိမ်းလွန်ဒေါင်းက ပြည်သူတွေ တင်မြှောက်တဲ့ အစိုးရ တက်လာပြီးရင် ပြည်သူတွေ အတွက် အာမခံချက် အပြည့်အ၀ ရပြီဆိုရင်တော့ ကေအိုင်အေဟာ အစိုးရ တပ်မတော် ဖြစ်လာနိုင်တယ်လို့ ဆက်ပြော ပါတယ်။

မြန်မာစစ်အစိုးရက ကေအိုင်အေ အပါအ၀င် အပစ်ရပ်အဖွဲ့တွေကို နယ်ခြားစောင့်တပ် အသွင် ပြောင်းရေးနဲ့ ပတ်သက်ပြီး ဧပြီလကုန်ပိုင်းက စတင် အကြောင်းကြား ခဲ့ပါတယ်။ ကေအိုင်အေဟာ လူထု သဘောထား ရယူပြီး ဒီလပိုင်း အတွင်းမှာ မြန်မာစစ်အစိုးရနဲ့ ထပ်မံဆွေးနွေး ဖြစ်မယ်လို့ ခန့်မှန်း ထားပါတယ်။

ဒါကတော့ ကချင်ပြည်နယ်အတွင်းက အခြေအနေတွေ ဖြစ်ပါတယ်။ ရှမ်းပြည်နယ် အတွင်းမှာလည်း ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံ မိုင်းဆတ်နယ်မှာ အခြေစိုက်တဲ့ ၀ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် တောင်ပိုင်းကလည်း ကချင်တပ်ဖွဲ့တွေလို စစ်ရေး လေ့ကျင့်တာတွေ လုပ်ဆောင် လာနေတယ်။

တချိန်တည်းမှာလည်း မြန်မာ စစ်အစိုးရ ဘက်ကလည်း တပ်အင်အား တိုးမြှင့် ချထားတာတွေ ရှိနေတယ်လို့ ထိုင်း-မြန်မာ နယ်စပ်က ဒေသခံ တယောက်က အခုလို ပြောပါတယ်။

“အခုက နအဖနဲ့ ၀ သိပ်အယုံအကြည် မရှိကြတော့ဘူး။ အဲဒါကြောင့် နယ်စပ် ဒေသမှာ ရှိတဲ့ ၀ အဖွဲ့အစည်း ကလည်း သူတို့ ဒီ မြန်မာပြည် ထိုင်းနယ်စပ်မှာ နီးနီးလေး နေရာမှာ အဲဒီမှာ စစ်ရေးတွေ တအား လေ့ကျင့်နေပြီ အခုက။ ဒီ မိုင်းကျွတ်မှာ မိုင်းတုံ အနောက် ပိုင်းက တပ်စခန်း အဲဒီနေရာကို စစ်ရေး လေ့ကျင့်နေတယ် အခုက။ နအဖကလည်း သံလွင်မြစ်ကမ်း နားမှာတော့ တပ်မ ၂ခု ချထားတယ်တဲ့၊ ၆၆နဲ့ ၈၈။ အဲဒီတပ်မ ၂ခုက သံလွင်မြစ် အဲဒီဘက်က နေရာယူထားတယ်တဲ့။ တာဆန်းတံတားနား ဒီဘက်ပိုင်းပေါ့။ တပ်မ ၈၈နဲ့ ၆၆က သူတို့ကလည်း အင်အား အပြည့်နဲ့ သံလွင်မြစ် ဒီဘက်က ကျော်လာ ပြီးပြီပေါ့။ ဒီဘက် ကျနော်တို့ ပြောတဲ့နေရာတော့ သိပ် မဝေးကြဘူးပေါ့။ မြို့နယ်တခု အတွင်းမှာပဲ။ ဒါဆို ဒီမှာလည်း စစ်ရေး တအားလေ့ကျင့်နေတယ်။ ဟိုမှာလည်း စစ်အင်အားနဲ့ လာတယ်ဆိုတော့ သူတို့က ဘာလုပ်ကြမှန်း မသိသေးဘူးလေ။”

ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်ရဲ့ ဌာနချုပ်ကတော့ တရုတ်-မြန်မာနယ်စပ် ပန်ဆန်းမှာ အခြေစိုက်တာ ဖြစ်ပါတယ်။

သူတို့ရဲ့ တောင်ပိုင်းတပ်ဖွဲ့ဟာ မိုင်းတုံ မိုင်းဆတ် နယ်မြေမှာ အခြေစိုက် ထားတာ ဖြစ်ပါတယ်။ မြန်မာ စစ်အစိုးရဘက်က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ကမ်းလှမ်းတာကို ၀တပ်ဖွဲ့က ငြင်းပယ်လိုက်တဲ့ နောက်မှာ တောင်ပိုင်း ၀တပ်ဖွဲ့တွေကို တရုတ်-မြန်မာ နယ်စပ်ဘက် ပြောင်းရွှေ့ဖို့ မြန်မာ စစ်အစိုးရဘက်က တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ အခုလို တင်းမာမှုတွေ ဖြစ်လာတာပါ။

Ref: VOA News

Read More...

ကရင်တပ်များ ဆုတ်ခွာနေရ

လာရီဂျေဂင်
ကြာသပတေးနေ့၊ ဇွန်လ 18 2009

မဲဆောက် (မဇ္ဈိမ)။ ။ အစိုးရတပ်နှင့် သူတို့၏ ပြိုင်ဘက် ပြောက်ကျား တပ်များအကြား အလွန် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံ၏ အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့သည် ထိုင်း-မြန်မာ နယ်စပ်ရှိ ၎င်းတို့၏ အမာခံ စခန်းများကို စွန့်ခွာနေရပြီ ဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး - KNU ၏ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သော ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် - KNLA သည် ယခုအခါ မြန်မာနိုင်ငံ အရှေ့ပိုင်းရှိ သူတို့၏ အခြေခံ စခန်းများကို အသက်ပေါင်း များစွာ စတေး၍ ခုခံ ကာကွယ်နေသည်ထက် ပြောက်ကျား နည်းဗျူဟာသို့ ပြောင်းလဲ တိုက်ပွဲ ဝင်သွားမည်ဟု KNLA တပ်မှူး ဂျော်နီက ကြာသပတေးနေ့က ပြောသည်။

''ကျနော်တို့ရဲ့ တပ်မဟာ ၇ အခြေခံ စခန်းကနေ ဆုတ်ခွာရလို့ ကျနော်တို့ ရှုံးသွားတာ မဟုတ်ပါဘူး။ ဒါ နည်းဗျူဟာ အရ ပြန်လည်နေရာယူ တပ်စွဲတာ ဖြစ်ပါတယ်။ ကျနော်တို့က ကိုယ့် ကရင် အချင်းချင်း ဒီစစ်ပွဲမှာ မသတ်ချင်ပါဘူး'' ဟု သူက ပြောသည်။

သို့သော် လေ့လာသုံးသပ်သူ အများအပြားကမူ ယင်းသည် မြန်မာအစိုးရကို လွတ်လပ်ရေးနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် အတွက် နှစ်ပေါင်း ၆၀ မျှ တိုက်ပွဲ ဝင်လာခဲ့သော KNLA အတွက် နိဂုံး၏ နိဒါန်း ဖြစ်နိုင်ကြောင်း ပြောဆို နေကြသည်။

မည်သို့ပင်ဖြစ်စေ KNU နှင့် KNLA ခေါင်းဆောင်များကမူ တိုက်ပွဲ အဆုံးသတ် သွားရန် အဝေးကြီး လိုသေးကြောင်း ပြောကြသည်။

''ကျနော်တို့ နောက်ဆုံး ခါးသီးတဲ့ အဆုံးသတ်ထိ တိုက်ပွဲဝင်သွားမယ်။ ကျနော်တို့မှာ တခြား ရွေးချယ်စရာလမ်း မရှိဘူး။ ဆက်တိုက်ရမှာပဲ။ နယ်မြေ အစိတ်အပိုင်းတိုင်းကို ဆက်ထိန်းသွားမယ်'' ဟု KNU ပြောရေး ဆိုခွင့်ရှိသူ ဒေးဗစ်သာကပေါက မဇ္ဈိမကို ပြောသည်။

''ဘာတွေ အန္တရာယ်ကျရောက်တော့မယ်ဆိုတာ ကျနော်တို့ သိတယ်။ ကျနော်တို့သာ ဆက် မခုခံရင် မြန်မာစစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ကျူးလွန်မယ်၊ ကျနော်တို့ နယ်မြေတွေကို သိမ်းမယ်၊ ကျနော်တို့ သယံဇာတတွေကို ထိန်းချုပ်ထားမယ်'' ဟု သူက ဆက်ပြောသည်။

မြန်မာစစ်တပ်က ကရင်လက်နက်ကိုင်များအပေါ် တိုက်ခိုက်မှုများ တိုးမြှင့် ပြုလုပ်လာသည့် အတွက် တိုင်းရင်းသား ကရင် ရွာသူရွာသား ထောင်ပေါင်းများစွာသည် လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်က နယ်စပ် ဖြတ်ကျော်ကာ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေး ခိုလှုံခဲ့ကြရသည်။

မြန်မာစစ်တပ်က ထိုင်းနယ်စပ်အနီး စိန်ပြောင်းများဖြင့် ဆက်တိုက် ပစ်ခတ်နေခြင်း၊ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားနေခြင်းတို့ကြောင့် တိုင်းရင်းသား ကရင်ကျေးရွာသား ၄၀၀၀ ကျော်သည် သူတို့၏ လုံခြုံမှုအတွက် ထွက်ပြေး လာခဲ့ကြရသည်ဟု ဒေသတွင်းရှိ အကူအညီပေးရေး လုပ်သားများ၏ အပြောအရ သိရသည်။

လွန်ခဲ့သော နှစ်ပတ်က မြန်မာစစ်တပ်နှင့် အစိုးရအား ထောက်ခံသော တပ်ဖွဲ့ဖြစ်သည့် ဒီမို ကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် - DKBA တို့သည် KNLA ကို အပြီးသတ် ဖျက်ဆီးရန် နောက်ဆုံး ကြိုးပမ်းသည့် အနေဖြင့် ထိုင်းနယ်စပ် တနေရာတွင် အဓိက ထိုးစစ်ဆင် တိုက်ခိုက်မှုကြီး တရပ် ပြုလုပ်ခဲ့သည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း မြန်မာစစ်တပ်သည် KNU ၏ လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သော KNLA ကို ထိုးစစ် အရှိန်မြှင့် ပြုလုပ်ခဲ့ရာ ယင်း၏ အားအကောင်းဆုံး တပ်ဖွဲ့ဖြစ်သော တပ်မဟာ ၇ ကို အဓိကထား တိုက်ခိုက် ခဲ့သည်။

ဤသို့ ဘက်ပေါင်းစုံမှ ထိုးစစ်ဆင်လာသည်ကို တပ်မဟာ ၇ သည် ရက်သတ္တပတ်ပေါင်း များစွာ ပြန်၍ ခုခံ တိုက်ခိုက် နိုင်ခဲ့သည်။ သို့သော် ယခုအခါ မဟာဗျူဟာ ဆက်ဆံရေးမှာ ပြောင်းလဲ သွားရတော့မလို ဖြစ်နေသည်။ ''ကျနော်တို့ ကျနော်တို့နယ်မြေကို ထိန်းမထား နိုင်တော့ဘူးဆိုရင် ခွာပေးရမှာပဲ။ မလိုအပ်ဘဲ ကျနော်တို့ ရဲဘော်တွေ အသေမခံနိုင်ဘူး'' ဟု သာကပေါက အလေးပေး ပြောကြားသည်။

ယခုရက်သတ္တပတ်ကုန်တွင် ကရင်ပြည်နယ်မြို့တော် ဘားအံမှ နောက်ထပ် အင်အား ၃၀၀ ကို DKBA တပ်ဖွဲ့များက ခေါ်ယူ အင်အား ဖြည့်တင်းထားသည်။ ယခုလောလောဆယ် မြန်မာစစ်တပ်နှင့် တွဲတိုက်နေသော DKBA တပ်ဖွဲ့အင်အားမှာ ၆၀၀ ရှိသည်ဟု မြန်မာနိုင်ငံတွင်းရှိ ကရင် သတင်းရပ်ကွက်များက ပြောသည်။

''KNLA ကို အခြေပြုတ်သွားအောင် နှစ်ဖက်ညှပ်တိုက်ဖို့ သူတို့ ရည်ရွယ်တာ'' ဟု အမည် မဖော်လိုသူ ထိုင်းစစ်ထောက်လှမ်းရေး အရာရှိတဦးက မဇ္ဈိမကို ပြောသည်။ ''ဒီတိုက်ပွဲထဲမှာ ဝင်တိုက်နေတာ မြန်မာစစ်တပ်က တပ်ရင်း ၆ ရင်း ရှိတယ်။ အင်အား ၂၀၀၀ လောက်က တဝက်စီခွဲပြီး တပ်မဟာ ၇ နယ်မြေရဲ့ မြောက်ဘက်စွန်းနဲ့ တောင်ဘက်စွန်း ကနေ တိုက်နေတာ'' ဟု သူက ဆိုသည်။

''ဒါပေမဲ့ အင်အား ၉၀၀ ရှိတဲ့ DKBA တပ်ဖွဲ့က ဒီတိုက်ပွဲမှာ အခံရဆုံးပဲ။ သူတို့က ရှေ့ကနေ ဦးဆောင် တိုက်ရတာ။ ဗမာစစ်တပ်က တဖက်တချက်က ထောက်ပို့ အကူအညီပဲ ပေးတာ'' ဟု သူက ဆက်ပြောသည်။

တပ်မဟာ ၇ သည် KNLA ၏ အင်အားအကြီးမားဆုံးနှင့် လေ့ကျင့်မှု အကောင်းဆုံးတပ် ဖြစ်သည်။ ပို၍ အရေးပါသည်မှာ KNLA တောင်ပိုင်းနှင့် မြောက်ပိုင်း တပ်ဖွဲ့များအကြား ရှည်လျား၍ မဟာဗျူဟာ ကျသော နယ်မြေကို ထိန်းထားသည့် တပ်ဖြစ်နေခြင်း ဖြစ်သည်။

ယခု သူတို့ ဆုတ်ခွာသွားရလျှင် အခြား ကရင်အမာခံ နယ်မြေ နှစ်ခုမှာ တသီး တခြားစီ အဖြတ်ခံ ထားလိုက်ရမည် ဖြစ်ပြီး အလွယ်တကူ အဝိုင်းခံရမည့် အန္တရာယ် ရှိနေသည်ဟု ဒေသတွင်းရှိ စစ်ရေး လေ့လာသူများက ပြောသည်။

KNU သည် လွတ်လပ်ရေးအတွက် မြန်မာနိုင်ငံအရှေ့ဘက် တောင်ကုန်းများ ပေါ်တွင် တိုက်ခိုက် နေသော အဖွဲ့ဖြစ်ပြီး ကမ္ဘာ့သက်တမ်း အရှည်ဆုံး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည်။ စစ်အစိုးရနှင့် ငြိမ်းချမ်းရေး စာချုပ် မချုပ်ဆိုရသေးသည့် လက်တဆုပ် စာမျှသာ ကျန်သော လက်နက်ကိုင် တပ်ဖွဲ့များ အနက် တခုဖြစ်သည်။

''စစ်အစိုးရက DKBA ရဲ့ အကူအညီနဲ့ နယ်စပ်တလျှောက်ကို KNU လက်ထဲကနေ လုယူပြီး ထိန်းချုပ် နိုင်တော့မှာက သံသယ ဖြစ်စရာ မရှိပါဘူး'' ဟု မြန်မာ့စစ်ရေး ကျွမ်းကျင်သူ ဦးဝင်းမင်းက မဇ္ဈိမကို ပြောသည်။

ဤသို့ KNLA ကို တိုက်ခိုက်သည့် စစ်ရေးလှုပ်ရှားမှု အသစ်များ ဖြစ်ပေါ်လာရခြင်းသည် စစ်အစိုးရက နောက်နှစ်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲများ ကြောင့်နှင့် နယ်စပ်တလျှောက် ထားရှိမည့် နယ်ခြားစောင့် တပ်ဖွဲ့များကြောင့် ဖြစ်သည်။ အဆိုပါ နယ်ခြားစောင့် တပ်ဖွဲ့များကို စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသည့် တိုင်းရင်းသား အပစ်ရပ် အဖွဲ့များကို လက်နက်ဖြုတ်ပြီး ဖွဲ့စည်းမည် ဖြစ်သည်။

သို့သော် စစ်အစိုးရ၏ အစီအစဉ်ကို တိုင်းရင်းသားအဖွဲ့ အများစုက ပယ်ချထားကြပြီး၊ DKBA ကမူ ထိုသို့ နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် အသွင်ပြောင်းလဲရန် မူအားဖြင့် သဘောတူထားပြီး ဖြစ်သည်။

KNLA လှုပ်ရှားနယ်မြေဖြစ်သော ထိုင်းနယ်စပ်တလျှောက် တပ်စခန်း ၁၀၀ အနက် ၃၀ ခန့်ကို မြန်မာစစ်တပ်က DKBA သို့ လွှဲမပေးမီ လွန်ခဲ့သော လအနည်းငယ် အတွင်း ပိတ်ပစ်နိုင်ခဲ့ပြီ ဖြစ်ကြောင်းဖြင့် မြန်မာနိုင်ငံအတွင်း လှုပ်ရှားနေသော ဖရီးဘားမား ရိန်းဂျားအဖွဲ့က ပြောသည်။

''သူတို့က KNU ကို အပြတ်ရှင်းပစ်ချင်တာ။ ဘာလို့လဲဆိုတော့ ကျနော်တို့က ကရင်တွေ အားလုံး ရွေးကောက်ပွဲ ကို သပိတ်မှောက်ဖို့ ပြောတာကိုး'' ဟု သာကပေါက ခန့်မှန်းပြောဆိုသည်။ ''သူတို့ မလိုချင်ဆုံးက တိုင်းရင်းသား အဖွဲ့အစည်းတွေ အားလုံး ကျနော်တို့ ခေါင်းဆောင်မှုနောက်ကို ပါသွားမှာကိုပဲ'' ဟု သူက ဆိုသည်။

နောက် ရက်အနည်းငယ်အတွင်း မြန်မာစစ်တပ်က သူတို့၏ စစ်ဆင်ရေးကို အရှိန်မြှင့် ပြုလုပ် လာနိုင်သဖြင့် မြန်မာနိုင်ငံ နယ်စပ်တလျှောက်ရှိ ကျေးရွာသားများမှာ နောက်ထပ် စစ်ပွဲများ ဖြစ်လာမှာကိုနှင့် အမြောက်ကျည်များ ကျလာမည့် အရေး ပူပန်နေကြရသည်။

တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေလျှင် ကရင်ဒုက္ခသည်များ လုံခြုံရာ ထိုင်းဘက်ခြမ်းသို့ ထွက်ပြေး ခိုလှုံလာရမည်မှာ သေချာပေါက်ပင် ဖြစ်သည်။ ယခုထိ စစ်ဆင်ရေး နယ်မြေအတွင်းရှိ ကျေးရွာပေါင်း ၇ ရွာမှ ဒုက္ခသည်များ ထွက်ပြေး ခိုလှုံလာခဲ့ပြီး ဖြစ်သည်။ သို့သော် လက်ရှိ တိုက်ခိုက်မှုများအတွင်း ကျရောက်၍ ဘေးအန္တရာယ် ရှိနေသော ကျေးရွာပေါင်းမှာ ၄၀ ကျော် ရှိသည်။

''တိုက်ပွဲတွေသာ ဆက်ဖြစ်ရင် အနည်းဆုံး ရွာသား ၈၀၀၀ ကျော် နယ်စပ်ဖြတ်ပြီး ပြေးလာရ ဦးမှာပဲ။ ဒါမှမဟုတ်ရင် စစ်သားတွေ လက်ထဲမှာ သေမှာပဲ'' ဟု KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က မဇ္ဈိမကို ပြောသည်။

Ref: မဇ္ဈိမ

Read More...

Thursday, June 18, 2009

BGF အဖြစ်ပြောင်းလဲရန် လက်မခံသော အဖွဲ့များကို နအဖမှ နည်းပြောင်း စည်းရုံး မည်ဟု ပစ်ခတ် အဖွဲ့များဆို

ကွန်းဟဒေ့
Wed 17 Jun 2009,

၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် အပစ်ခတ်ရပ်စဲအဖွဲ့များကို နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် လက်မခံသော အဖွဲ့များကို နအဖမှ နည်းပြောင်း စည်းရုံးရန် ရှိသည်ဟု လက်ရှိ နအဖနှင့် ပစ်ခတ်နေသော သျှမ်းပြည် တပ်မတော် တောင်းပိုင်းနှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ခေါင်းဆောင်များက ဆိုသည်။

“နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ လက်မခံအဖွဲ့တွေကို နည်းပြောင်း စည်းရုံး သိမ်းသွင်းမယ် ဒါမဟုတ် တိုက်မယ် ဆိုတဲ့ နည်းပေါ့နော်၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့အခြေခံ ဥပေဒေထဲ မှာလည်း နိုင်ငံတော်မှာ တပ်မတော် တစ်ခုတည်းပဲ ရှိရမယ်ဆိုတော့ ဖြစ်အောင် လုပ်မယ်လို့ ကျနော်မြင်တယ်” ဟု သျှမ်းပြည် တပ်မတော် တောင်ပိုင်း ပြောရေးဆိုခွင့်ရှိသူ ဆိုင်မိန်းက လွတ်လပ်သော မွန်သတင်း အေဂျင်စီကို ပြောပြခဲ့သည်။

အပစ်ခတ်ရပ်စဲအဖွဲ့များကို တကယ်တိုက်ဖျက်ရန် အတွက်သာ နအဖ ရည်ရွယ်သောကြောင့် ထိုရည်ရွယ်ချက် အတိုင်း အပြတ်တိုက်မည် ဖြစ်သည်။ အခုလောလောဆယ် အပစ်ခတ် ရပ်စဲ အဖွဲ့များကို နယ်ခြားစောင့်တပ် အဖြစ် ပြောင်းရန် စည်းရုံးနေသည်မှာ အနုနည်း သဘောနှင့် အချောသတ် နေခြင်းသာ ဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး ခူဦးဒယ်ကမူ “စည်းရုံးလို့ မရတဲ့ အဖွဲ့တွေကို မရ ရတဲ့ နည်းနဲ့ လုပ်မှာပဲလို့ ကျနော်မြင်တယ်။ နောက်ဆုံး စည်းရုံးလို့ မရတဲ့အဖွဲ့တွေကို စစ်ရေးအရ အကျပ်အကိုင် ဖြေရှင်းမယ်လို့ ကျနော်မြင်တယ်” ဟု သူက ပြောသည်။

သို့သော် ကေအင်ယူဒုဥက္ကဌ ဒေးဗစ်တာကဘောကမူ လက်မခံသော အဖွဲ့များကို နအဖက စစ်ရေးနှင့် တိုက်ဖျက် ဖြေရှင်းမည်ကို ၄င်းအနေဖြင့် မမြင်ကြောင်း ပြောသည်။ အဘယ်ကြောင့် ဆိုသော် နိုင်ငံတကာ အဖွဲ့အစည်း ဖိအားရှိနေခြင်းနှင့် ကေအင်ယူ တစ်ဖွဲ့တည်းကို နအဖမှ နိုင်အောင် မတိုက်နိုင်ပဲ ကျန်သော အဖွဲ့များကို တိုက်ရန်မှာ မလွယ်ကူဟု ပြောသည်။

စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် အပစ်အရပ်အဖွဲ့ ၁၇ ဖွဲ့ကို စည်းရုံးနေ သည်မှာ အများစုက နအဖ ဆန္ဒအတိုင်း လိုက်လျောနိုင်မည် မဟုတ်ဟု ၄င်းအနေဖြစ်လည်း မြင်ကြောင်း KNPP အတွင်းရေးမှူး ခူဦးဒယ်က ပြောသည်။

Ref: မွန်သတင်းအေဂျင်စီ

Read More...

ကချင်အဖွဲ့ စစ်အင်အား တိုးချဲ့

အေးလဲ့
Wednesday, 17 June 2009

ငြိမ်းချမ်းရေး ယူထားသည့် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) က စစ်သား စုဆောင်းရေးကို တိုးချဲ့ လုပ်ဆောင် နေကြောင်း KIA နှင့် နီးစပ်သူများက ပြောသည်။

“အခု KIA က တပ်ပြေးတွေရော၊ တပ်ဖွဲ့ဝင်ဟောင်းတွေကိုပါ ပြန်ခေါ်တယ်၊ သူတို့ကို အပြစ်မပေး၊ အရေး မယူဘဲ တပ်ထဲ ပြန်လာဖို့ ခေါ်တယ်” ဟု KIA နှင့် နီးစပ်သူ တဦးက ပြောသည်။

တရုတ် - မြန်မာ နယ်စပ် ဒေသခံများကလည်း KIA သည် ကချင်ပြည်နယ်မှ လူငယ်များကို ခေါ်ယူ စုဆောင်းပြီး စစ်ရေး ဆိုင်ရာ သင်တန်းများ တက်ရောက် ခိုင်းနေကြောင်း ဧရာဝတီကို ပြောပြသည်။

ဤသို့ စစ်သားစုဆောင်းနေခြင်းသည် KIA အား နယ်ခြားစောင့် တပ်ဖွဲ့ အဖြစ် အသွင် ကူးပြောင်းရန် မြန်မာ စစ်အစိုးရက ဖိအားပေးနေခြင်းနှင့် ဆက်စပ်မှု ရှိနိုင်သည်ဟု အကဲခတ်များက သုံးသပ်နေကြသည်။

နယ်ခြားစောင့်တပ်ဖွဲ့ အဖြစ် အသွင် ကူးပြောင်းရေးနှင့် ပတ်သက်ပြီး KIA ၏ နိုင်ငံရေး ဦးဆောင် အဖွဲ့ ဖြစ်သော ကချင် အမျိုးသား လွတ်လပ်ရေး အဖွဲ့ (KIO) ခေါင်းဆောင်များသည် မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် စိုးဝင်း နှင့် ၂ ကြိမ် တွေ့ဆုံ ခဲ့ပြီးဖြစ်သည်ဟု သိရသည်။ ဧပြီလ ၂၈ ရက်နေ့ နှင့် မေလ ၂၁ ရက်နေ့တို့တွင် တွေ့ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဒုဗိုလ်ချုပ်ကြီး ဂေါ်ရီ ဇော်ဆိုင်း၊ ဒေါက်တာ လဂျာ၊ ဗိုလ်မှူးချုပ် ဂွမ်မော်၊ ဗိုလ်မှူး ဂေါ်လုလအောင်၊ ဒုဗိုလ်မှူးကြီး လဖိုင်လအောင်၊ ဒုဗိုလ်မှူးကြီး လဇိန်ဂျီးနော်၊ ဦးကွမ်ထတ်ထိန်နန် စသည့် KIO ဗဟို ကော်မတီ အဖွဲ့ဝင်များ ပါဝင်သည့် ကော်မတီ တခုကို ဖွဲ့စည်းထားကြောင်း၊ ထိုကော်မတီက ကချင်လူထု နှင့် မြန်မာ စစ်အစိုးရကြား ကြားနေ ဆွေးနွေးပေးမည် ဖြစ်ကြောင်း သိရသည်။

လာမည့် စနေနေ့၌ ထိုကော်မတီသည် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် နှင့် မြစ်ကြီးနားမြို့တွင် တွေ့ဆုံ ဆွေးနွေးမည်ဟုလည်း သိရသည်။ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်သည် အပစ်အခတ် ရပ်စဲရေး အဖွဲ့များကို နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲ နိုင်ရေးအတွက် လိုက်လံ ဆွေးနွေးနေသူ ဖြစ်သည်။

နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေး ကိစ္စကို KIO ခေါင်းဆောင်များက ယခုလ နောက်ဆုံးထားပြီး ကချင် လူထု အကြား ဆန္ဒခံယူသွားမည် ဟု သိရသည်။ ကချင် ပြည်နယ် ဒေသခံ အများစုက ထိုသို့ အသွင် ကူးပြောင်းရေးကို လက်မခံကြကြောင်း အကဲခတ်များက ပြောသည်။

“ကချင်လူထု အများစုက ဒီ နယ်ခြားစောင့်တပ်ကို လက်မခံကြဘူး၊ ကချင် အမျိုးသား အတိုင်ပင်ခံ ကောင်စီ ကလည်း လက်မခံပါဘူး” ဟု KIA နှင့် နီးစပ်သူတဦးက ပြောသည်။

“ကျနော်တို့ကတော့ အခုလို နိုင်ငံရေး အခြေအနေ ဆိုးနေတဲ့ အချိန်မှာ တပ်ပြောင်းဖို့ ကို လက်မခံနိုင်ဘူး၊ နိုင်ငံရေး ပြဿနာကို အရင် မဖြေရှင်းဘဲနဲ့ လက်နက်ဖြုတ်၊ တပ်ပြောင်းဖွဲ့တာမျိုး လက်မခံနိုင်ပါဘူး” ဟု ၎င်းက ဆက်လက် ပြောပြသည်။

KIO ခေါင်းဆောင်တချို့ကလည်း ရှမ်းပြည်မြောက်ပိုင်းရှိ ကချင် တိုင်းရင်းသားတို့၏ သဘောထားကို သွားရောက် မေးမြန်း နေသည်ဟုလည်း သိရသည်။

“ KIO ရဲ့ ဒုတိယ ဥက္ကဋ္ဌ (၁) ဒေါက်တာ လဂျာက ရှမ်းပြည်နယ် မြောက်ပိုင်း တပ်မဟာ ၄ ဘက်မှာ လူထု သဘောထား ကောက်ယူဖို့ သွားပါတယ်၊ အများစုက လက်မခံကြဘူး” ဟု အထက်ပါ KIA နှင့် နီးစပ်သူက ပြောသည်။

KIO အဖွဲ့သည် ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်နိုင်ခဲ့သည်။

ဤအဖွဲ့ကို ၁၉၆၁ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ကချင် ကျောင်းသား ခေါင်းဆောင် ဇော်တူး နှင့် ဇော်ဆိုင်းတို့ နှစ်ဦးက စတင် ဖွဲ့စည်းကာ ကချင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးကို စတင်ခဲ့ခြင်း ဖြစ်သည်။

KIA တွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း အခြေစိုက် တပ်မဟာ ၅ ခု ရှိပြီး စစ်သည် အင်အား ၄၀၀၀ ခန့် ရှိသည်ဟု သိရသည်။ KIO ဌာနချုပ် ရှိရာ တရုတ် မြန်မာ နယ်စပ်မြို့ လိုင်ဇာတွင်လည်း စစ်သင်တန်းကျောင်း၊ အရာရှိ လေ့ကျင့်ရေး သင်တန်းကျောင်း၊ ရွှေ့ပြောင်း တပ်တို့် ရှိကြောင်း သိရသည်။

Ref: ဧရာဝတီ

Read More...

ဗဟိုတရားရုံးမှ တရားခံပြ သက်သေများကို လက်ခံရန် ပြင်ဆင်မှု လက်ခံ

မုံပီး
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 17 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက တင်ပြသော တရားခံပြသက်သေ ၂ ဦး ကို လက်ခံရန် လျှောက်ထားမှုကို ဗဟိုတရားရုံးက ယနေ့ လက်ခံလိုက်ပြီ ဖြစ်သည်။ သူတို့သည် အင်းစိန်ထောင်ရှိ အောက်ရုံးနှင့် ရန်ကုန်တိုင်း တရားရုံးတို့က ပယ်ချခဲ့သည်။

အဆိုပါ တရားခံပြသက်သေ ၂ ဦးကို ပယ်ချခဲ့သည့် အောက်ရုံးဖြစ်သည့် ခရိုင်ရုံး၏ အမိန့်ကို ပြင်ဆင်ပေးရန် ဗဟို တရားရုံးတွင် ပြင်ဆင်မှု တင်သွင်းခဲ့ကာ ယနေ့ လျှောက်လဲချက် ပေးခဲ့သည်ဟု ဒေါ်အောင်ဆန်း စုကြည်၏ ရှေ့နေ တဦးဖြစ်သော ဦးဉာဏ်ဝင်းက ပြောသည်။

''သူတို့ ဒီအမှုကို လက်ခံလိုက်တယ်လို့ ဗဟိုတရားရုံးက ပြောပါတယ်။ ဒါကြောင့် ခရိုင်ရုံးရဲ့ အမိန့်ကို ပြင်ဆင်ဖို့ စဉ်းစားမှာ ဖြစ်ပါတယ်'' ဟု ဦးဥာဏ်ဝင်းက ပြောသည်။

သူတို့အနေဖြင့် လျှောက်လဲချက်ကို ယနေ့ ဒေသစံတော်ချိန် ၁ဝ နာရီက ဗဟို တရားရုံးတွင် ပေးနိုင်ခဲ့ပြီး ဤအမှုကို လက်ခံကြောင်း ဗဟို တရားရုံးက ဒေသစံတော်ချိန်တွင် မွန်းလွဲ ၂ နာရီတွင် အမိန့် ချခဲ့သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

အဆိုပါ သက်သေ ၂ ဦးကို လက်ခံထိုက်၊ မထိုက် နှစ်ဖက်ရှေ့နေများ လျှောက်လဲချက် ပေးရန် နေ့စွဲကို ဗဟိုတရားရုံး ကြော်ငြာ သင်ပုန်းတွင် ကပ်ထားမည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။ ဤသို့ နှစ်ဖက် လျှောက်လဲချက် ပေးပြီးမှ နောက်ဆုံးအမိန့် ချမှတ်မည်ဖြစ်သည်။

အစောပိုင်းကလည်း တရားခံဘက်မှ လျှောက်ထားချက်ကို ရန်ကုန်တိုင်း တရားရုံးက လက်ခံကြားနာခဲ့ပြီး နောက်ထပ် သက်သေ တဦးဖြစ်သည့် ဒေါ်ခင်မို့မို့ကို လက်ခံကြောင်း အမိန့်ချမှတ်ခဲ့သည်။ နောက်ထပ် သက်သေ ၂ ဦးဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်နှင့် ဝါရင့် သတင်းစာဆရာဖြစ်သူ ဦးဝင်းတင်နှင့် ဒီချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးတို့ကိုမူ အောက်ရုံးဖြစ်သည့် ခရိုင်ရုံးတွင် သက်သေအဖြစ် ထွက်ဆိုခွင့် မပေးဘဲ ပယ်ချခဲ့သည်။ ဦးတင်ဦးသည်လည်း နေအိမ် အကျယ်ချုပ် ကျခံနေရသူ ဖြစ်သည်။

တရားခံပြသက်သေ ဒေါ်ခင်မို့မို့ကို စစ်ဆေးရန် ဇွန်လ ၂၆ ရက်နေ့ကို ချိန်းဆို လိုက်ကြောင်း အင်းစိန်ထောင်ရှိ ခရိုင်ရုံးက ဇွန်လ ၁၂ ရက်နေ့တွင် ရက်ချိန်းပေးခဲ့သည်။ သို့သော် ''တရားရုံးရက်ချိန်းက ဗဟိုတရားရုံးရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်ပြီး ပြောင်းနိုင် ပါသေးတယ်။ ဗဟိုတရားရုံးက အမိန့် မချနိုင်သေးရင် နောက်ထပ် ထပ်ပြီး ရက်ရွှေ့ရ ဦးမှာပါ'' ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဤအမှုသည် နောက်ထပ် ဇူလိုင် သို့မဟုတ် သြဂုတ်လအထိ ကြာသွား နိုင်ကြောင်းနှင့် တဖြည်းဖြည်း တိုးပွား လာနေသော နိုင်ငံတကာ ဖိအားနှင့် ပြည်တွင်း မငြိမ်မသက်မှုများ လျော့ပါး သွားသည်အထိ စစ်အစိုးရက စောင့်နေလိုကြောင်း တရားခံဘက်မှ အဆိုပြု တင်ပြထားသည့် သက်သေ တဦးဖြစ်သည့် ဦးဝင်းတင်က အစောပိုင်းက မဇ္ဈိမကို ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်ဝင်းအတွင်း ထိန်းသိမ်းထားပြီး သူမသည် သူမနှင့် အတူ နေထိုင်သူ ပါတီဝင် နှစ်ဦး၊ အမေရိကန် နိုင်ငံသား ဂျွန်ဝီလျံ ယက်တောနှင့်အတူ အင်းစိန်ထောင်ရှိ အထူး တရားရုံးတွင် အမှုရင်ဆိုင်နေရသည်။

သူမ၏ အင်းယားကန်ဘေးနေအိမ်တွင် အဆိုပါ အမေရိကန် နိုင်ငံသားကို လာရောက် လည်ပတ်ခွင့် ပေးခဲ့၍ဟုဆိုကာ နေအိမ်အကျယ်ချုပ် စည်းကမ်း ဖောက်ဖျက်မှုဖြင့် တရားစွဲဆို ခံနေရသော ဒေါ်အောင်ဆန်းစုကြည်သည် ပြစ်မှု ထင်ရှားသည်ဟု စီရင်ဆုံးဖြတ်ခံရပါက ထောင်ဒဏ် ၅ နှစ်အထိ ကျခံရနိုင်သည်။

Ref: မဇ္ဈိမ

Read More...

ထုလုပ်ဆဲ ဗုဒ္ဓဆင်းတုတော်၏ ဦးခေါင်းတော်တွင် လူ ဦးနှောက် ပုံသဏ္ဍာန် ပေါ်ထွက်လာ

NEJ / ၁၇ ဇွန် ၂၀၀၉

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရှိ သစ္စဝေဒဂူ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာဝင်း အတွင်းတွင် ထုလုပ်နေသော လျောင်းတော်မူ ဗုဒ္ဓ ဆင်းတုတော်၏ ဦးခေါင်းတော်နေရာ၌ လူ၏ ဦးနှောက်ပုံသဏ္ဌာန် ပေါ်ထွက် လာသောကြောင့် လူအများအပြား သွားရောက် ဖူးမြော်လျက် ရှိကြသည်။

ပြီးခဲ့သည့်မေလအတွင်း လေပြင်းတိုက်သဖြင့် လဲကျသွားသည့် ကုက္ကိုပင်ကြီးကို ဘုရား ဆင်းတုတော် ထုလုပ် နေခြင်းဖြစ်ပြီး ယင်းသို့ ဆင်းတုတော် ထုလုပ်နေသည့် ကုက္ကိုပင်ကြီး၏ ပင်စည် အတွင်းတွင် ထူးဆန်းစွာ အမြစ်များဝင်ရောက် ဆန်တက်နေကြကာ အမြစ်များက လူဦးနှောက်ပုံ ဖြစ်နေခြင်း ဖြစ်ကြောင်း မျက်မြင်
ကိုယ်တွေ့ ဖူးမြော်ခဲ့ရသူ ပုသိမ်ကြီးမြို့ခံတဦးက ရှင်းပြသည်။

မန္တလေးသားတဦးကလည်း “ကျနော်တို့ကတော့ ဦးနှောက် ပေါ်တယ်ဆိုလို့ သွားတယ်။ တကယ်လည်း ကြည်ညိုစရာ ကောင်းတယ်။ ပန်းပုထုနေသူတွေကတော့ မကြာခင် ပြီးမယ် ပြောပါတယ်” ဟု ပြောသည်။

အသက် (၆၀) အရွယ်ရှိ ပန်းပုဆရာတဦးက “ဒီအပင်က လွန်ခဲ့တဲ့ မေလတွင်းက လေပြင်း တိုက်တော့ မန္တလေး အောင်မြေသာဇံရပ်၊ ယွန်းဝင်းဓမ္မာရုံဝင်းအတွင်းမှာ လဲကျသွားတဲ့ အပင်ကြီးပဲ။ အနှစ် (၁၀၀) ကျော်လောက်ပြီ။ ထူးဆန်းတာက အမြစ်က မြေကြီးမှာပဲ ရှိရမှာ ဖြစ်ပေမယ့် အခုက အမြစ်တွေ အားလုံး အပင်ရဲ့ အတွင်းထဲမှာပဲ ပြန်ဝင်နေကြတယ်။ ဆန်တက်နေကြတဲ့ သဘောပေါ့။ လောကီ သဘောအရတော့ ဒီလိုဖြစ်စဉ်မျိုးကို အကောင်း သဘောပြတယ်။ ဒါ့ကြောင့် လောကီသားတွေ အနေနဲ့ အဆောင်လို အသုံးပြုဖို့ကို အားသန်ကြတယ်” ဟု ပြောသည်။

အနှစ် (၃၀) ခန့်  ပန်းပုထု အတွေ့အကြုံရှိသူတဦးက “ဒီလို ကိစ္စမျိုးဆိုတာက သဘာဝအရ ဖြစ်တတ်တယ်။ ဒါပေမယ့် တွေ့ဖို့က ခဲယဉ်းတယ်။ အသက် (၈၀) လောက် လူတွေတောင် ဒီလို ဖြစ်ရပ်မျိုးကို မကြုံဖူးကြဘူး။ ပန်းပုဆရာတွေ ဆိုရင်လည်း ဒီအတိုင်းပါပဲ။ မန္တလေးမှာကတော့ မကြုံဖူးကြတာ အမှန်ပါ” ဟု ပြောသည်။

ယခုအခါ အဆိုပါ ဘုရားဆင်းတုတော် ထုလုပ်နေသော ပင်စည်အတွင်းသို့ ဆန်တက် နေသော အမြစ်တို့အား မန္တလေးမြို့ ကြံ့ဖွံ့ အဖွဲ့အစည်းတို့က လာရောက် ကြည့်ရှုကြကြောင်း၊ ဗုဒ္ဓ ဆင်းတုတော်နဲ့ ပတ်သက်၍ မည်သို့ ညွှန်ကြားမည်ကို မသိရသေးကြောင်း ဘုရား ထုလုပ်နေသူများနှင့် နီးစပ်သူများထံမှ သိရသည်။

“အခု ကြံ့ဖွံ့တွေ လာတယ်လေ။ အဆောင်လိုမျိုး ဆောင်ဖို့အတွက် အမြစ်တွေကို လိုချင်သူတွေ ရှိနေတယ်လို့ သိရတယ်။ ရာထူး၊ အာဏာတွေ တည်မြဲရေးအတွက်ကျတော့ ဒီလိုဖြစ်ရပ်တွေက လောကီ အယူအဆ အရတော့ အဆောင်ကောင်း တခုပါပဲ” ဟု မန္တလေး မဟာမြတ်မုနိ ဘုရားကြီးအနီးမှ ဗေဒင်ဆရာ တဦးက ပြောသည်။

စစ်ဖက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် အပေါ်သို့ ဆန်တက်သော အမြစ်အား အဆောင်အဖြစ် ယူလိုဟန် ရှိပြီး ဗုဒ္ဓ ဆင်းတုတော်အားလည်း တနေရာတွင် ပင့်ဆောင် ပူဇော်လိမ့်မည်ဟု ဒေသခံများက ယူဆနေကြသည်။

Ref: ခေတ်ပြိုင်

Read More...

အပစ်ရပ်များ အကြားနားယောင်စေရန် စစ်အစိုးရ သပ်လျှိုစည်းရုံး

ဗုဒ္ဓဟူးနေ့၊ 17 ဇွန်လ 2009

ဧပြီလနှောင်းပိုင်းမှစ၍ ဂျွန်လဆန်းပိုင်းအထိ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အတွက် ဗိုလ်သန်းရွှေ၏ သံတမန် ဗိုလ်ရဲမြင့် က အပစ်ရပ် ခေါင်းဆောင်များနှင့် သီးခြားစီ တွေ့ဆုံ စည်းရုံး ဖြောင်းဖျစဉ် အပစ်ရပ်အဖွဲ့ အချင်းချင်း နားလည်မှု လွဲစေရန်လည်း လံကြုပ် ပရိယာယ်များ သုံးခဲ့သည်ဟု အပစ်ရပ် SSA (မြောက်ပိုင်း) တပ်ဖွဲ့နှင့် ရင်းနှီးသည့် ဆို့စ်က ဆိုသည်။

သျှမ်းပြည်တပ်မတော် SSA (မြောက်ပိုင်း) ခေါင်းဆောင်များအား လားရှိုး ရမခ တိုင်းရုံး၌ ခေါ်တွေ့စဉ် နယ်ခြားစောင့် တပ် ကိစ္စကို မိုင်းလား ခေါင်းဆောင်များ လက်ခံဖို့ သဘောတူထားကြောင်း ပြောပြသကဲ့သို့ မိုင်းလားသို့ ရောက်သွား စဉ်ကလည်း SSA-N က အကောင်းမြင် ထောက်ခံထားကြောင်း တစ်စိတ်ကို တအိတ် လုပ်ခဲ့သည်ဟု - မြောက်ပိုင်း သျှမ်း အပစ်ရပ် ခေါင်းဆောင် တဦး ပြောပြချက်အရ အဆိုပါဆိုစ့်က ဆို၏။

မြောက်ပိုင်းသျှမ်းအပစ်ရပ်အဖွဲ့လည်း မိုင်းလားအဖွဲ့နည်းတူ ဂျွန် ၁၀ နှင့် ၁၁ ရက်များ၌ တပ်မဟာ ၁ ဌာနချုပ် ၀မ့်ဟိုင်း (ကျေးသီးမြို့နယ်) ၌ လည်းကောင်း၊ ၁၃ နှင့် ၁၄ ရက်က တပ်မဟာ ၇ ဌာနချုပ် ကာလိ (ကွန်ဟိန်းမြို့နယ်) ၌ လည်းကောင်း တပ်အသွင် ပြောင်းရေး ကိစ္စလက်ခံ/မခံ စစ်ကြောင်းမှူး၊ တပ်မဟာမှူး၊ တပ်မှူး နှင့် ဌာနအကြီး အကဲများအား အစည်းအဝေး ခေါ်ယူ ရှင်းလင်းပြီး ဆန္ဒ ကောက်ယူခဲ့ကြောင်း သိရသည်။

မိုင်းလားအဖွဲ့ဒေသအသီးသီး တွင်လည်း ၂ ရက်မှ ၆ ရက်နေ့အထိ ကေဒါ တပ်သားထုနှင့် လူထုအကြား ဆန္ဒမေးမြန်း ခဲ့ပြီး ၉၅ % က လက်မခံကြောင်း ပြောပါသည်။

“ကျနော်တို့ လက်နက်ကိုင်လာတာ အမျိုးဘာသာအတွက်၊ တန်းတူ အခွင့်အရေးရဖို့ တော်လှန်ရေး လုပ်ခဲ့တာဘဲ။ အကြောင်း အမျိုးမျိုး ကြောင့်သာ အပစ်ရပ်ခဲ့ရတာ။ အသွင်ပြောင်းဖို့ လက်ခံ/မခံ မေးနေစရာတောင် မလိုဘူး” - ဟု SSA အပစ်ရပ်အဖွဲ့ အရာရှိ တစ်ယောက်က ပြောပါသည်။

ဂျွန် ၃ ရက်၌ စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး ဖေါ်ဆောင်မှု ကော်မတီ အကြီးအကဲ/ စရဖ ချုပ် ဗိုလ်ရဲမြင့် - အပစ်ရပ် SSA ဥက္ကဌ စ၀်လွယ်မောဝ်၊ ဒုဥက္ကဌ စ၀်ကိုင်ဖ တို့နှင့် လားရှိုး၌ တွေ့စဉ် SSA ခေါင်းဆောင်များက -“ကျနော် တို့ အောက်ခြေ အရာရှိတွေ အသွင်ပြောင်းဖို့ နားမလည် သဘော မတူချင်ကြသေးတဲ့ အတွက် အချိန်ယူ သိမ်းသွင်း ဖြောင်းဖျ ရဦးမယ်။ ဒီကိစ္စကို ၂၀၁၀ ရွေးကောက်ပွဲ အပြီး အစိုးရသစ် ဖွဲ့စည်းပြီးမှသာ ပြန်လည် ဆွေးနွေးစေချင် ပါတယ်” - ဟု ပြောဆို ခဲ့ကြောင်း သိရပါသည်။

သျှမ်းပြည်အရေးလေ့လာသူတဦးက- “စစ်အစိုးရပြောစကားအရ အပစ်ရပ်တွေ ဂျွန်လကုန်မှာ သက်တမ်း ဆုံးပြီလို့ ပြောထား တဲ့အတွက် အင်မတန် အရေးကြီးတဲ့ အချိန်ဖြစ်တယ်။ တဘက်ထဲကို နားမထောင်ဘဲ အဘက်ဘက် သတင်းမှန် ရဖို့ သတိကြီး ထား နားစွင့် နေရမှာဖြစ်တယ်။ နို့မို့ရင် စစ်အစိုးရရဲ့ မုသား ကျော့ကွင်းထဲ လုံးလုံး ကျရောက်သွားမယ်” - ဟုဆို၏။

Ref: သျှမ်းသံတော်ဆင့်

Read More...

အပေါ်သို့