စနေနေ့၊ ဇွန်လ ၂၅ ရက် ၂၀၁၁
မြန်မာနိုင်ငံသည် အမျိုးသားလုံခြုံရေးနိုင်ငံ ဖြစ်သည်။ အမျိုးသား လုံခြုံရေး မှန်ဘီလူးကြီးဖြင့်ကြည့်၍ အစိုးရ ဆုံးဖြတ်ချက် မှန်သမျှကို ချမှတ်သည်။ အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေးကို နေပြည်တော်က ဦးစားပေး စဉ်းစား ဆုံးဖြတ်ခြင်းသည် တာဝန်မဲ့ ဆောင်ရွက်မှု ဖြစ်သည်ဟုတော့ ပြော၍မရပါ။ ဝါရှင်တန်၊ လန်ဒန်မှသည် နယူးဒေလီအထိ အစိုးရတိုင်းသည် အမျိုးသားလုံခြုံရေးကို ဦးစားပေး ထည့်သွင်း စဉ်းစားရမြဲ ဖြစ်ပါသည်။ နိုင်ငံတခု၏ အခြေခံကျသော တာဝန်လည်း ဖြစ်ပါသည်။
မြန်မာခေါင်းဆောင်များသည် နိုင်ငံတော် မူဝါဒတခုလုံးတွင် အမျိုးသားလုံခြုံရေးကိစ္စက မည်၍မည်မျှ လွှမ်းမိုး ပါဝင်နေသည်ကို လည်းကောင်း ၊ အမျိုးသား လုံခြုံရေး ကိစ္စတွင် စစ်တပ်အပိုင်းက မည်၍မည်မျှအထိ လွှမ်းမိုး ချုပ်ကိုင် ထားမည်ကို လည်းကောင်း ခွဲခြား သိမြင်ကြရပါမည်။
လက်နက်ကိုင် တပ်ဖွဲ့များသည် အမျိုးသား လုံခြုံရေးတွင် လိုအပ်သောအရာ ဖြစ်သော်လည်း အစိတ်အပိုင်း တရပ်မျှသာ ဖြစ်ပါသည်။ ကာကွယ်ရေးနှင့် နိုင်ငံတော် ညီညွတ်ရေးတို့သည် လူသားလုံခြုံရေး အတွက်လည်း ဖြစ်ရပါမည်။ အကြောင်းမူ နိုင်ငံတော် ဆိုသည်မှာ လူတဦးချင်းကို စုပေါင်း ဖွဲ့စည်း တည်ဆောက် ထားခြင်းကြောင့် ဖြစ်ပါသည်။ ဤလိုအပ်ချက်ကို ဖြည့်ဆည်းရန် အတွက် လူသား လုံခြုံမှုဆိုသော အကြောင်း အရာကြီးတွင် များပြားလှသော ကိစ္စများ ဖြစ်ကြသည့် ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး၊ အလုပ်အကိုင် ရရှိရေး၊ အာဟာရ ပြည့်ဝသော အစားအစာများ ရရှိရေး၊ ကျန်းမာရေး စောင့်ရှောက်မှု ရရှိရေးတို့ ပါဝင်ကြပါသည်။
စီးပွားရေးအရ ချွတ်ခြုံကျပြီး စားဝတ်နေရေး မပြေလည်သည့် သူများက နိုင်ငံတော် ညီညွတ်ရေးနှင့် လုံခြုံရေး ကိစ္စများကို ဆောင်ရွက် ပေးနိုင်ကြပါမည်လား။ ကူးစက်ရောဂါများ၏ ခြိမ်းခြောက်မှုကို အစဉ်တစိုက် ခံနေရသည့်၊ တကိုယ်ရေ ကျန်းမာရေးကို မစောင့်ရှောက် နိုင်သည့် သူများကကော ထိုသို့ လုပ်ဆောင် နိုင်ကြပါမည်လား။ ညစ်ညမ်းနေသော ပတ်ဝန်းကျင်နှင့် သဘာဝ သယံဇာတ ကင်းမဲ့သည့် အခြေအနေကကော ထိုသို့ လုပ်ဆောင် နိုင်ပါမည်လော။ အဖြေမှာ လုံးဝ မလုပ်နိုင်ပါဟုပင် ဖြစ်သည်။
လူသားလုံခြုံရေး ကိစ္စဆိုသည်မှာ အားလုံး ဝိုင်းဝန်းဆောင်ရွက်ကြရမည့် ကိစ္စကြီး ဖြစ်ပါသည်။ ဤတာဝန် ကြီးကို အမျိုးသား လုံခြုံရေး အတွက် အစဉ်အလာ ထမ်းဆောင်နေကျ ပုဂ္ဂိုလ်များသာမက အခြားသူများလည်း ပါဝင်ခွင့် ရှိရန်မှာ အရေးကြီးသော ကိစ္စဖြစ်သည်။ ပျော့ပျောင်းမှုရှိဖို့ လိုအပ်သည်။ နိုင်ငံတကာ၊ ဒေသတွင်းနှင့် သက်ဆိုင်ရာ ဒေသတွင်းမှ သင့်တော်သော တသီး ပုဂ္ဂလများ၊ အဖွဲ့အစည်းများကို ပါဝင်ဆောင်ရွက်ခွင့် ပြုရမည်ဖြစ်ပါသည်။
ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်မှ ထုတ်ပြန်သော လူသားဖွံ့ဖြိုးမှု အညွှန်းကိန်းအရ မြန်မာနိုင်ငံသည် ၂ဝ၁ဝ ခုနှစ်၌ နိုင်ငံပေါင်း ၁၇၂ နိုင်ငံ ရှိသည့်အနက် အဆင့် ၁၃၅ ချိတ်သည်ကို တွေ့ရသည်။ ယင်းသည် ယခင်နှစ်ကနှင့် စာလျှင် တဆင့် တက်လာခြင်း ဖြစ်သည်။ သို့သော် `ဖွံ့ဖြိုးမှုနိမ့်ကျ´ သည်ဆိုသော အဆင့်တွင် ရှိနေဆဲဖြစ်သည်။ အာဖရိကနိုင်ငံ အများအပြားနှင့် ယှဉ်လျှင် သာသည်ဟု ဆိုနိုင်သော်လည်း ဒေသတွင်း နိုင်ငံများနှင့် ယှဉ်လျှင် ဘင်္ဂလားဒေ့ခ်ျနိုင်ငံမှ လွဲ၍ အားလုံး နောက်တွင် ကျန်နေဆဲပင် ဖြစ်သည်။
ယင်းတို့ကိုကြည့်လျှင် မြန်မာနိုင်ငံ၏ အမျိုးသား လုံခြုံရေးတွင် ကွာဟချက်ကြီး ရှိနေသည်မှာမူ ထင်ရှားသည်။ ကံကောင်း သည်မှာ ဤကွာဟမှုကြီးကို တာဝန်သိသော ခေါင်းဆောင်မှု၏ လမ်းညွှန်မှုနှင့် ပါဝင်လက်တွဲ ဆောင်ရွက်မှုတို့ဖြင့် ပိတ်ဆို့ နိုင်သေးသည့် အခွင့်အလမ်း ရှိနေသေးခြင်းပင် ဖြစ်သည်။
လူသားလုံခြုံမှုကို တိုးတက်စေမည့် အစီအစဉ်များကို အောင်မြင်စွာ အကောင်အထည် ဖော်ရင်းဖြင့် အမျိုးသား လုံခြုံရေးတွင် ပါဝင်သော စစ်တပ် အစိတ် အပိုင်းကို နိုင်ငံသား အားလုံးနှင့် သက်ဆိုင်သည့် ကာကွယ်ရေး ကိစ္စများတွင် ပါဝင်ခွင့် ပြုရမည် ဖြစ်သည်။
Ref: မဇ္ဈိမ
Showing posts with label အာဘော်. Show all posts
Showing posts with label အာဘော်. Show all posts
Monday, June 27, 2011
လူသား လုံခြုံရေးသည် အမျိုးသား လုံခြုံရေး ဖြစ်သည်
Labels:
အာဘော်
Subscribe to:
Posts (Atom)