2012-10-11
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီကနေ့ မနက်ပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး ၊ သုံးခွမြို့နယ်ကို သွားရောက်ခဲ့ပြီး မြို့နယ်တွင်းက ပါတီဝင်တွေကြား သဘောထား ကွဲလွဲမှုတွေ အတွက် သူ့အနေနဲ့ ပြည်သူတွေကို တောင်းပန်ပါတယ်လို့ သုံးခွမြို့နယ် ဒေသခံပြည်သူတွေကို ပြောကြား ခဲ့ပါတယ်။
သုံးခွမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ စောင့်ဆိုင်းနေကြတဲ့ သုံးခွမြို့နယ် ဒေသခံပြည်သူတွေ ကို မိန့်ခွန်းပြောရာမှာ အဲဒီလို ထည့်သွင်းပြောဆို ခဲ့တာပါ။
"အခု သုံးခွမြို့နယ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ထဲမှာ ကွိကျိကွိကျိနဲ့ စကားများနေကြတယ် ဆိုတာ ကြားကြလား ၊ (ကြားပါတယ်) ၊ အဲဒါအတွက် တောင်းပန်ပါတယ်၊ ကျွန်မတို့ရဲ့ အဖွဲ့ချုပ်က ဒီလိုပဲ ပြည်သူလူထုတွေ စိတ်မချမ်းသာအောင်လို့ အချင်းချင်း စကားများတာတွေ ၊ အချင်းချင်း မတည့်တာတွေ ဖြစ်တာတွေ အတွက်ကို တောင်းပန်ပါတယ်၊ ဒါပေမယ့်လည်း ဒါအတွက်လည်း သိပ်ပြီးတော့ မစိုးရိမ်ပါနဲ့လို့ ကျွန်မပြောချင်ပါတယ်၊ ဒါဟာ ဖြစ်ရိုးဖြစ်စဉ်ပါပဲ ၊ ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အဖွဲ့အတွင်း မှာတော့ တစ်ယောက်နဲ့ တစ်ယောက် စကားများကြတယ် ဘာတယ်ဆိုတာ ပြည်သူတွေက ကြားတယ်ဆိုတော့ ဒါ ကျွန်မတို့ အတွက် အင်မတန်မှ ဝမ်းနည်းစရာဖြစ်တယ်၊ ဒါပေမယ့်လည်း အဲဒီ့ဟာဟာ စိုးရိမ်စရာ မဟုတ်ပါဘူးဆိုတာ ကျွန်မပြောချင်ပါတယ်၊ ထိန်းသွားပါ၊ ကျွန်မတို့ အဖွဲ့ချုပ်ကိုရော ဘယ်အဖွဲ့အစည်းကိုရော မဆို ပြည်သူတွေက ထိန်းသွားရမယ်၊"
သုံးခွမြို့နယ်ဟာ သောက်သုံးရေး ရှားပါးတဲ့ ပြဿနာကို နှစ်စဉ် ကြုံတွေ့ရတဲ့ မြို့နယ် တစ်ခုလည်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ရေကိစ္စကို အရေးကြီး ကိစ္စလို့ သတ်မှတ်ပြီး စတင်ဆောင်ရွက်တော့မယ်လို့ ပြောပါတယ်။
"ရေကတော့ ကျွန်မကတော့ အရေးအကြီးဆုံးလို့ သတ်မှတ်ပါတယ်၊ သဘော တူရဲ့လား ၊ (တူပါတယ်) အဲဒီ့တော့ ရေနဲ့ ပတ်သတ်လို့တော့ ကျွန်မတို့ အဓိက ထားပြီးတော့ စပြီးတော့ ကူညီဖို့ ကြိုးစားပါမယ်၊ နောက် တတ်နိုင်သမျှ တဖြည်းတဖြည်းပေါ့နော် ၊ ကျွန်မတို့ ဒီဟာတွေကို လုပ်နိုင်ဖို့ ကြိုးစား သွားပါမယ်၊ အခု ခြောက်သွေ့ ရာသီလည်းရောက်တော့မယ် ဆိုတော့ ကျွန်မတို့ မြန်မြန်ဆန်ဆန် လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်"
ဒေါ်အောင်ဆန်းစုကြည်ဟာ သုံးခွမြို့ အမှတ်(၄)ရပ်ကွက်မှာ ရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ရုံးခန်းကနေ သုံးခွမြို့ ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံးကို သွားရောက်ခဲ့ပြီး တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။
Ref: RFA News
Friday, October 12, 2012
သုံးခွမြို့နယ် အန်အယ်လ်ဒီ အဖွဲ့တွင်း ကိစ္စတွေ အတွက် ပြည်သူတွေကို တောင်းပန်ကြောင်းပြော
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment