..............................

Tuesday, August 7, 2012

ရပ်ဆိုင်းခံရသည့် ဂျာနယ်နှစ်စောင် ပြန်လည် ထုတ်ဝေခွင့်ရ

ဖနိဒါ
တနင်္လာနေ့၊ သြဂုတ်လ ၀၆ ရက် ၂၀၁၂

ချင်းမိုင်(မဇ္ဈိမ) ။ ။ ထုတ်ဝေခွင့် ပိတ်ပင်ထားခြင်းခံရသည့် အပတ်စဉ်ထုတ် The Voice Weekly နှင့် Envoy ဂျာနယ် တို့ကို ပြန်ကြားရေး ဝန်ကြီးဌာန စာပေ စိစစ်ရေးနှင့် မှတ်ပုံတင် ဌာနက ပြန်လည် ထုတ်ဝေခွင့်ပြုလိုက်ကြောင်း သိရသည်။

၎င်းဂျာနယ်နှစ်စောင်အား စာပေ စိစစ်ရေးဌာန၏ သတ်မှတ် စည်းကမ်းများ ချိုးဖောက်သည်ဟု ဆိုကာ ဇူလိုင်လ ၃၁ ရက်နေ့မှစ၍ အကန့်အသတ် မရှိ ရပ်ဆိုင်း ထားရာမှ ပြန်လည် ထုတ်ဝေခွင့်ပြုလိုက်ကြောင်း စာပေ စိစစ်ရေးနှင့် မှတ်ပုံတင် ဌာနက တနင်္လာနေ့တွင် သက်ဆိုင်ရာ ဂျာနယ် တာဝန်ရှိသူများအား ခေါ်ယူ၍ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ကို ဒီနေ့ နေ့လည် နှစ်နာရီ ပတ်ဝန်းကျင်လောက်မှာ စာပေစိစစ်ရေးက ခေါ်ပြောပါတယ်။ နှစ်ပတ်ပြည့်ရင် ထုတ်ဝေခွင့် ရမယ်လို့ ပြောပါတယ်” ဟု Envoy ဂျာနယ် အယ်ဒီတာချုပ် ဦးဇော်ထွဋ်မောင် က ပြောသည်။

လာမည့် သြဂုတ်လ ၁၅ ရက်နေ့တွင် စာမူများကို စာပေစိစစ်ရေး ဌာနသို့ တင်ပြပြီး ၁၉ ရက်နေ့တွင် ပြန်လည် ထုတ်ဝေ
ဖြန့်ချိမည် ဖြစ်ပြီး သတင်း မီဒီယာများအား ပိတ်ပင်မှုများ ထပ်မံ မဖြစ်ပေါ်စေလိုတော့ကြောင်းလည်း “ဒီလို မဖြစ်အောင် မီဒီယာရဲ့ အခန်းကဏ္ဍဟာ ဘာလဲ ဆိုတာကို သေချာအောင် သိအောင် မြင်အောင် ကြည့်တတ်ဖို့ လိုတယ်လို့ပဲ ယူဆပါတယ်။ နောက်နောင် မီဒီယာတွေကို ဂျာနယ်ပိတ်တဲ့ အထိ အရေးယူတာမျိုး မဖြစ်ဖို့ဘဲ မျှော်လင့်ပါတယ်။ အဲဒီအတွက် မီဒီယာကို ပိတ်တယ် ဆိုတဲ့ ဟာမျိုး မရှိသင့်တော့ဘူးလို့ ပြောချင်ပါတယ်” ဟု Envoy ဂျာနယ် အယ်ဒီတာချုပ် က ပြောသည်။

ယခုကဲ့သို့ ထုတ်ဝေခွင့် ရပ်ဆိုင်းလိုက်သည့်အတွက် ဝန်ထမ်းများ အပတ်စဉ် ရရှိနေသည့် အကျိုး ခံစားခွင့်များ ထိခိုက် နစ်နာမှုများ ရှိပြီး ဂျာနယ် အတွက်လည်း နှစ်ပတ် ထုတ်ဝေခွင့် မရသည့် အတွက် ဆုံးရှုံးမှုများ ရှိသည်ဟု ဦးဇော်ထွဋ်မောင်က ပြောသည်။

အလားတူ The Voice Weekly ကိုလည်း လာမည့် သြဂုတ်လ ၁၈ ရက်နေ့တွင် ပြန်လည် ထုတ်ဝေမည် ဖြစ်ကြောင်း Facebook တွင် စာဖတ် ပရိတ်သတ်များအား အသိပေးကြေညာထားသည်။

ထို့ပြင် ယာယီရပ်ဆိုင်းခံရသည့် ကာလအတွင်း The voice Weekly အား အားပေး ထောက်ခံခဲ့ကြသော စာဖတ် ပရိတ်သတ်များ၊ ပုံနှိပ် သတင်းမီဒီယာ အသိုင်းအဝိုင်းမှ လုပ်ဖော်ကိုင်ဘက်များ၊ နိုင်ငံရေး၊ စီးပွားရေး လူမှုရေး နယ်ပယ်များမှ သတင်း ရင်းမြစ်များနှင့် လူပုဂ္ဂိုလ်များအား အထူးကျေးဇူးတင်ကြောင်း မှတ်တမ်း တင်ထားသည်။

သြဂုတ်လ ၁ ရက်နေ့ထုတ် The Voice ဂျာနယ် မျက်နှာဖုံးတွင် ဝန်ကြီးငါးဦး ဌာနပြောင်းရွှေ့ရန် သတင်းများ ထွက်ပေါ်နေဟု ဖော်ပြ ခဲ့သဖြင့် ရပ်ဆိုင်း ခံလိုက်ရခြင်း ဖြစ်မည်ဟု ယူဆနေကြသည်။

ထိုဂျာနယ်များအား ရပ်ဆိုင်းခံလိုက်ရပြီးနောက် ရန်ကုန်၊ မန္တလေးမြို့ကြီး များတွင် သတင်းမီဒီယာ လွတ်လပ်ခွင့် ရရှိရေး အတွက် သတင်းထောက်များက မီဒီယာဖိနှိပ်မှု ချက်ချင်းရပ်၊ Stop Killing Press စာတတ်းပါ တီရှပ် အနက်ရောင်များ ဝတ်ဆင်၍ ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့