..............................

Friday, July 27, 2012

ဟန်ပြပါလီမန်အတု (သို့) စစ်အာဏာရှင်စနစ်ရဲ့ ခံကတုတ်

July 26, 2012

တကယ်တော့ စစ်အစိုးရက ပြောပြောနေတဲ့ လွှတ်တော်၊ ပါလီမန်ဆိုတာ ပြည်သူတွေကို ကိုယ်စားပြုရာ နေရာမဟုတ် သလို လူထု အကျိုးကို ကာကွယ်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်ရာနေရာ မဟုတ်ပဲ စစ်အာဏာရှင် စနစ် တိုက်ပွဲတွေကို တွေဝေ အောင် လမ်လွှဲအောင် လုပ်တဲ့နေရာ တခုပဲလို့ သတ်မှတ်မိပါတယ်။ လူထုကို လိမ်ညာနေတဲ့ နေရာတခုကို နိုင်ငံရေးပုံစံ ကျကျ ဖန်တီးထားတာပါ။ လွှတ်တော်ထဲက ပြုပြင်ပြောင်းလဲမယ် ဆိုတဲ့ သူတွေအတွက် မကြာခင် အဖြေပေါ်တော့မှာပါ။ လက်ဗလာ အချိန်ကုန် လူပန်း ပြန်လာကြတာ မြင်ရောင် မိပါသေးတယ်။

ပါလီမန်တွင်းက ပြုပြင်ပြောင်းလဲရေးဟာ ဒီမိုကရေစီရေး၊ လူ့အခွင့်ရေး၊ စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းရေးနှင့် အဖိနှိပ်ခံ လူထု လွတ်မြောက်ရေး အတွက် အဓိကကျတဲ့ မဟာဗျူဟာ လုပ်ငန်းစဉ်လို့ သွေးနထင်ရောက်ပြီး အဲဒီလမ်းစဉ် တခုတည်း ဖြင့် လုပ်မယ် ဆိုလျှင်တော့ မှားလိမ့်မယ်လို့ သတိပေးချင်ပါတယ်။ ယိုပေါက် မရှိ လုပ်ထားတဲ့ ခေတ်သစ် စစ်အာဏာရှင် ဖွဲ့စည်းပုံတခုပါ။

ဒီနေ့ဖြစ်နေတဲ့ အလုပ်သမား၊ လယ်သမားနဲ့ ကျောင်းသားစတဲ့ လူထု လူတန်းစား တိုက်ပွဲတွေနဲ့ ဘယ်လိုပေါင်းစပ် ချိတ် ဆက်မလဲ အားကောင်းအောင် ဘယ်လိုပြင်ဆင်ကြမလဲ ဆိုတာ နည်းလမ်း ရှာကြရတော့မှာဖြစ်ပါတယ်။ လူထုလူတန်းစား တိုက်ပွဲများနဲ့ နိုင်ငံရေးခေါင်းဆောင်မှု ဘယ်လိုပေါင်းစပ် ပေါင်းကူး ဆက်သွယ်မှုတွေ လုပ်ကြမလဲဆိုတာ စဉ်းစားရမယ်လို့ ထင်ပါတယ်။

နိုင်ငံရေးခေါင်းဆောင်တွေ များပါတယ်။ အခြေအနေတွေကို ရှင်းရှင်းလင်းလင်း လူထုကို ချပြရှင်းလင်းပြီး နိုင်ငံရေးခေါင်း ဆောင်မှုကို တည်ဆောက်ဖန်တီးရ လိမ့်မယ်လိုထင်ပါတယ်။ လူထုနဲ့ အတွေးညှိကြရမယ်ထင်ပါတယ်။

ဗမာပြည်က စစ်အာဏာရှင်စနစ်ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရရော၊ သီးခြား လက်ဝါးကြီးအုပ် အာဏာပိုင် စိုးမှုအပါအ၀င် ဖွဲ့စည်းပုံပြင်ပ လုပ်ပိုင်ခွင့်ရှိတဲ့၊ နောက်ပြီး စစ်အုပ်စုလိုက် လိုက်ပိုင်ခွင့်ရှိတဲ့ စစ်အာဏာရှင် စနစ်ဖြစ်ပါ တယ်။

တိုင်းပြည်ရဲ့ အဓိကကျတဲ့ သဘာဝအရင်းအမြစ် ထုတ်ယူရောင်းချမှုတွေနဲ့ စီမံကိန်းကြီးတွေမှာ တမတ်သား စစ်တပ် ကိုယ်စားလှယ်တောင် မသိလိုက်ဘဲ လက်တဆုပ် စစ်အာဏာရှင် လက်ဝေခံ စီးပွါးရေးသမားတွေ စစ်အာဏာရှင်တစုက သာ လုပ်ချင်သလို ဆက်လုပ်နေတာပါ။

အစိပ်အပိုင်းလိုက် ပြုပြင် ဖြုတ်တတ် လဲလှယ်လို့မရတဲ့ စစ်အုပ်ချုပ်ရေး ယန္တရားကြီးဖြစ်နေတာပါ။ ချစားမှုတွေ အာဏာ အလွဲသုံးစားလုပ်မှုတွေကလဲ ဒုနဲ့ဒေ နေရတကာမှာဖြစ်နေဆဲပါ။ တချို့က ပါလီမန်ထဲက အော်ကြမယ်ဆိုတော့ အသံကြားရင် အားပေးကြမှာမှန်ပေမဲ့ ကိုယ်လိုချင်သလောက် ခရီးပေါက်ကြမလားဆိုတာတော့ သံသယဖြစ်မိတယ်။

ကိစ္စတော်တော်များများမှာ လက်သိပ်ထိုးပြီး ပါလီမန်တခုလုံးတောင်မသိလိုက်တဲ့ စစ်အာဏာရှင်စနစ်လုပ်ဟန်တွေကို ဆက်လက် မြင်တွေ့နေရ မှာတော့သေခြာပါတယ်။ ချမှတ်လိုက်တဲ့မှုအပေါ် အောက်ခြေက ဋ္ဌာနတွေက အကောင်အ ထည်ဖေါ်ပေးတဲ့ စီစစ်မှုတွေနဲ့ အခြားနိုင်ငံက အစိုးရကျင့်စဉ်တွေနဲ့ ယှဉ်တွဲစဉ်းစားရင် တက်တက်ဆင်အောင်လွဲမှာပါ။

အားလုံးက စစ်အာဏာရှင်တွေရဲ့ ပရိယာယ်ကြွယ်ဝမှုကို သတိရှိဖို့ ညီညွတ်တဲ့ နိုင်ငံရေးခေါင်ဆောင်မှုကို ရှာဖို့ လူထု အားကိုယူဖို့ ပါလီမန်ပြင်ပက လူထုလှုပ်ရှားမှုတွေ၊ လူတန်စားတိုက်ပွဲတွေဟာ ဒီမိုကရေစီတော်လှန်ရေးရဲ့ ပင်မကျောရိုး တိုက်ပွဲတွေအဖြစ် သဘောထားဖို့ အရေးကြီးလာပါတယ်။

ချုပ်မယ်ဆိုရင်တော့ အရေးကြီးတဲ့ နိုင်ငံရေး ဆိုင်ရာပြောင်းလဲမှုက မရေရာသေးချာသေးပါဘူး။

ဒီနေ့ဖြစ်နေတဲ့ အလုပ်သမား၊လယ်သမား၊ ကျောင်းသားစတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ၊ လူထုလူတန်းစားတိုက်ပွဲတွေဟာ ဒိမိုကရေစီတော်လှန်းရေးအတွက် အရေးကြီးတဲ့ ကျောရိုးသဖွယ် နိုင်ငံရေးလှုပ်ရှားမှုတွေဖြစ်ပါတယ်။ ပြောင်းလဲမှုတွေရှိ တယ်လို ဆိုနေကြသူတွေကို သိန်းချီရှိနေတဲ့ နိုင်ငံရေးဒုက္ခသည်တွေ၊ စစ်ပွဲတွေ၊ နေစဉ်နဲ့အမျှဖြစ်နေတဲ့ ဆန္ဒပြမှုတွေ၊ လူတွေရဲ့ဆင်းရဲမွဲတေမှုတွေ၊ လုံခြုံစိတ်ချမှုနှင့် နိုင်ငံရေအရ ယုံကြည်မှုကင်းမဲ့နေတာတွေဟာ ပြောင်းလဲပါတယ်လို့ဆိုတဲ့ စစ်အုပ်စုနဲ့ အမြီးစားဖက် ခေါင်းစားဖက်တွေကို စိန်ခေါ်နေတဲ့ကိစ္စတွေပဲ ဖြစ်ပါတယ်။

စစ်အာဏာရှင်တွေဟာ သူတို့အာဏာ သူတို့အကျိုးစီးပွားကို တိုက်ရိုက်ထိပါးလာရင် လက်ခံမှာမဟုတ်ဘူးဆိုတာ မကြာ ခင်အချိန်တခုမှာ ပြလာမှာပဲ။ ဟန်ဆောင် ငုတ်နေတတ်ရင်လည်း ခဏတာပါ။ လူထုကို ထိပ်တိုက်ရင်ဆိုင်အကြမ်းဖက် ပြီး ကာကွယ်ကြလိမ်ဆိုတာ ကြိုတွေးထားရပါမယ်။

လူထုညီရင် အရာရာပြီးမြောက်ပါတယ်။

ရဲဘော်သံဒုတ်

Ref: နေ့သစ်

0 comments:

အပေါ်သို့