ဖနိဒါ
သောကြာနေ့၊ နိုဝင်ဘာလ ၂၅ ရက် ၂၀၁၁
ချင်းမိုင်(မဇ္ဈိမ) ။ ။ သမ္မတဦးသိန်းစိန်၏ အထူးကိုယ်စားလှယ် ရထားဝန်ကြီး ဦးအောင်မင်းနှင့် တွေ့ဆုံခဲ့သော ကချင် လွတ်မြောက်ရေး အဖွဲ့သည် လာမည့် သီတင်းပတ်အတွင်း အစိုးရ၏ နောက်ထပ် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် တရုတ်နိုင်ငံတွင် တွေ့ဆုံရန် သဘောတူထားသည်ဟု သတင်းရပ်ကွက်များက ပြောသည်။
ဦးအောင်မင်းအပါအဝင် အာဏာရကြံ့ခိုင်ဖွံ့ဖြိုးရေး အကြီးတန်းခေါင်းဆောင်များဖြစ်သော တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီဥက္ကဋ္ဌ အောက်လွှတ်တော် အမတ် ဦးသိန်းဇော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦအောင်သောင်း၊ စီးပွားရေးနှင့် ကုန်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဦမောင်မောင်သိန်း တို့နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီတွင် နိုဝင်ဘာ ၂၉ ရက်နေ့၌ ဆွေးနွေးမှာ ဖြစ်သည်ဟု ဆိုသည်။
ဆွေးနွေးပွဲတွင် ပါဝင်မည်ဟုဆိုသည့် သတင်းရပ်ကွက်တခုအရ “ပြည်သူကိုယ်စား ကြားမှာနေဖို့ဘဲ။ ပြည်သူတွေက ငြိမ်းချမ်းရေး လိုချင်တယ်။ စစ်ကြောင်း ထိုးနေတာတွေလည်း ရပ်ပေးပါ။ နိုင်ငံရေး ဆွေးနွေးမယ် ဆိုရင်လည်း အမြန် ဆွေးနွေးပေးပါ။”ဟု ပြောသည်။
“အခုတွေ့တာက အပစ်အခတ် ရပ်ဖို့မဟုတ်ဘူး။ နိုင်ငံရေးစကားပြောဖို့၊ စစ်ရေးအရ မဟုတ်ဘဲ။ နိုင်ငံရေး အရ ဖြေရှင်းဖို့ ဘယ်လို လုပ်ကြမယ်ဆိုတာ ပြန်တွေ့ဆုံမယ်။”ဟု တခြားမြို့ခံ တဦးက ပြောသည်။
ကချင်ပြည်သူ ကိုယ်စားလှယ်များအဖြစ် "Jade Land Company" ပိုင်ရှင် ဦးယွပ်ဇော်ခေါင်၊ ဦးလမိုင်ဂွမ်ဂျာ၊ ဦးအင်စန်းဆန့်အောင်နှင့် အဆိုတော် ဦးခဗျာခွန်းအောင်တို့လည်း ပါဝင်ဆွေးနွေးမည်ဟု သိရသည်။ ယခု သတင်း ပေးပို့ချိန်အထိ KIO ကို ဆက်သွယ်၍ အတည်ပြုချက် မရနိုင်သေးပါ။
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် KIO ခေါင်းဆောင်များနှင့် ဦးအောင်မင်းတို့ နိုဝင်ဘာ ၁၉ နှင့် ၂ဝ ရက်နေ့များတွင် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးကြစဉ် ကချင်ခေါင်းဆောင်များဘက်က ပြည်နယ်အစိုးရ ကိုယ်စားလှယ်များ နှင့် သုံးကြိမ် တွေ့ဆုံခဲ့သော ဗီဒီယို မှတ်တမ်းများ ကိုလည်း သမ္မတ ဦးသိန်းစိန်ထံ လူကြုံပါးပေးပို့ခဲ့သည်။
မြန်မာအစိုးရက အပစ်ခတ်ရပ်စဲမှုကိုစတင်လိုသော်လည်း KIO ကမူ အပစ်အခတ်ရပ်ဆိုင်းရေးနှင့် ပတ်သက်၍ မဆွေးနွေး တော့ဘဲ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးလိုသည်ဟု ထုတ်ဖော် ပြောဆိုထားသည်။ KIO ဘက်မှ ယခင် အတွေ့အကြုံဖြစ်သော ၁၇ နှစ်ကြာ အပစ်အခတ်ကို ရပ်ခဲ့သော်လည်း အစိုးရက ကချင်တပ်များကို နယ်ခြားစောင့် တပ်အဖြစ်ပြောင်းရန် ကြိုးစားရာက တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကို ထောက်ပြကာ နိုင်ငံရေး သဘောတူညီချက် ရရန် လိုအပ်သည်ဟု စောဒက တက်ထားသည်။
ထို့အပြင် လက်ရှိ ဖွဲ့စည်းံပုံအခြေခံဥပဒေမူကြမ်းကို ၁၄ နှစ်ကြာ ရေးဆွဲရာတွင် KIO လည်း တက်ရောက်ခဲ့ပြီး တိုင်းရင်းသား လူမျိုးများ တန်းတူရေးနှင့် ပတ်သက်သော တောင်းဆိုချက် ၁၉ ချက်ကို တင်ပြခဲ့သော်လည်း လျစ်လျူရှု ခံရကြောင်းလည်း ပြောလေ့ရှိသည်။
ဗဟိုအစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီကို ဖွဲ့စည်းကာ လုပ်ဆောင်နေသော်လည်း အဖွဲ့အချို့နှင့်သာ အပစ်ခတ် ရပ်စဲရေး သဘော တူညီချက်ရရှိကာ ဆက်လက် ဆွေးနွေးမှု ပြုနိုင်သေးသည်။ ထိုသို့ နှောင့်နှေး ကြန့်ကြာနေခိုက် ဦးအောင်မင်းမှာ နောက်ထပ် ကိုယ်စားလှယ် ဖြစ်လာခဲ့သည်ဟု လေ့လာသူများက သုံးသပ် ထားကြသည်။
Ref: မဇ္ဈိမ
Monday, November 28, 2011
KIO နှင့် အစိုးရ တရုတ်နိုင်ငံတွင် ဆွေးနွေးမည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment