ဒေါ်လှလှသန်း
တနင်္လာ, 14 နိုဝင်ဘာ 2011
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးဖြစ်တဲ့ မစ္စတာ ဗီဂျေးနမ်ဘီးယား (Vijay Nambiar) ဟာ မကြာသေးခင်က သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း တွေ့မြင်ခဲ့ရတဲ့ ဖြစ်ပေါ် တိုးတက်မှုတွေကို မနေ့က နိုဝင်ဘာလ ၁၄ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးပိတ် အစည်းအဝေးမှာ တင်ပြ အစီရင်ခံခဲ့ပါတယ်။ မစ္စတာ နမ်ဘီးယားရဲ့ အာရှရေးရာ ပြောရေးဆိုခွင့် ရှိသူ မစ္စ ဆုမ်အား (Sohn Ah) ကို ဒေါ်လှလှသန်းက ဆက်သွယ် မေးမြန်းထားပါတယ်။
မြန်မာအစိုးရသစ်ရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကို အောက်တိုဘာလ ၃၁ ရက်နေ့က စတင်ခဲ့တဲ့ ၅ ရက်ကြာ ခရီးစဉ်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးဖြစ်တဲ့ မစ္စတာ ဗီဂျေး နမ်ဘီးယားဟာ သူ့ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ နိုဝင်ဘာလ ၁၄ ရက်ညနေက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တံခါးပိတ် အစီရင်ခံ ခဲ့တယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ အာရှရေးရာဌာန ပြောခွင့်ရသူ မစ် ဆုမ်အား က ဗွီအိုအေကို ခုလို အတည်ပြု ပြောကြားပါတယ်။
“ဒီနေ့ ညနေမှာ အတွင်းရေးမှူးချုပ်ရဲ့ ရုံးအရာရှိချုပ်လည်းဖြစ်၊ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် လည်းဖြစ်တဲ့ မစ္စတာ ဗီဂျေး နမ်ဘီးယားဟာ လုံခြုံရေးကောင်စီမှာ မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်အရ သူ သွားရောက်ခဲ့တဲ့ ၅ ရက်ကြာ ခရီးစဉ် အကြောင်းနဲ့ ပတ်သက်လို့ အစီရင်ခံခဲ့ပါတယ်။ တံခါးပိတ် အစီရင်ခံခဲ့တဲ့ အတွက်ကြောင့်လည်း ကျမတို့အနေနဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ဖော်ပြောကြားခွင့် မရှိပါဘူး။ ဒါပေမဲ့ အဓိက သူ့ရဲ့ခရီးစဉ်အပြီး နိုဝင်ဘာလ ၄ ရက်နေ့က ကုလသမဂ္ဂက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ဖော်ပြထားတဲ့ အချက်အလက် အားလုံးအကြောင်း ပါဝင်ပါတယ်။ အဲဒီအချက်အလက်တွေနဲ့ ပတ်သက်လို့ သူ အသေးစိတ်ကို လုံခြုံရေးကောင်စီထံ အစီရင်ခံခဲ့တာ ဖြစ်ပါတယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ အာရှရေးရာဌာန ပြောခွင့်ရ မစ် ဆုမ်အားက ပြောသွားခဲ့တာဖြစ်ပါတယ်။
မစ္စတာ နမ်ဘီးယားအနေနဲ့ မြန်မာနိုင်ငံကို တတိယအကြိမ်မြောက် သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရသစ် သက်တမ်း ၇ လအတွင်း ပြုပြင် ပြောင်းလဲရေး ခြေလှမ်းတွေကို ကိုယ်တိုင် အကဲခတ်ဖို့ ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောခဲ့ပါတယ်။ မစ္စတာ နမ်ဘီးယားအနေနဲ့ သူ့ရဲ့ခရီးစဉ်အတွင်း နေပြည်တော်ကို သွားရောက်ခဲ့ပြီး မြန်မာ နိုင်ငံခြားရေး ၀န်ကြီး အပါအ၀င် ထိပ်တန်း မြန်မာ အစိုးရအရာရှိတွေ၊ လွှတ်တော်ခေါင်းဆောင်တွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ အပြင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် အပါအ၀င် နိုင်ငံရေး အဖွဲ့အစည်းတွေ၊ လူမှုရေး အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံခွင့် ရရှိခဲ့ပါတယ်။ သူ့ရဲ့ခရီးစဉ်အပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ မစ္စတာ နမ်ဘီးယားက အခုလို အဓိက တိုက်တွန်း သွားပါတယ်။
“မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေကို ယူခဲ့ရာမှာ ဒေသတွင်းနဲ့ နိုင်ငံတကာမှာ ဒီလို အပြုသဘော ဆောင်တဲ့ အရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်း သွားနိုင်ဖို့က သိပ်ကို အရေးကြီးလှပါတယ်။ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လွတ်ငြိမ်း ချမ်းသာခွင့်ရဲ့ တစိတ်တပိုင်းအဖြစ် ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လွှတ်ပေးဖို့နဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် ဥပဒေနဲ့ ပတ်သက်လို့ အဆိုပြုထားတဲ့ ပြင်ဆင်ချက်တွေကို အတည်ပြုပေးဖို့ စတဲ့ ခြေလှမ်းတွေက ဦးစားပေး လုပ်ဆောင်ရမယ့် အပြင် လုပ်လည်း လုပ်သင့်တဲ့ခြေလှမ်းတွေပါ။”
မြန်မာအစိုးရအနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ အောက်တိုဘာလ သတင်းကျွတ်လပြည့်နေ့က အကျဉ်းသား နှစ်သောင်းကျော် လွှတ်ပေး ခဲ့ရာမှာ နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော်သာ ပါဝင်ခဲ့ပါတယ်။ ဒါကြောင့်လဲ ကျန်ရှိတဲ့ အကျဉ်းသားတွေကို လွှတ်ပေးဖို့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာက တောင်းဆိုနေတာ ဖြစ်ပါတယ်။
မစ္စတာ နမ်ဘီးယား တိုက်တွန်းသွားတဲ့ နောက်တစ်ချက်ဖြစ်တဲ့ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ခြင်း ဥပဒေ ပြင်ဆင်ချက်မှာ အရင်က ထည့်သွင်းထားတဲ့ ထောင်ဒဏ် ကျခံနေရတဲ့ အကျဉ်းသား တွေကို နိုင်ငံရေးပါတီဝင် မဖြစ်ရ ဆိုတဲ့အချက်ကိုလည်း ဖျက်သိမ်းပေးဖို့ လွှတ်တော်က မကြာခင်ကပဲ အတည်ပြု ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လဲ NLD ပါတီအနေနဲ့ ပြန်လည် မှတ်ပုံတင်ရေး မတင်ရေးကို နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ဆုံးဖြတ်မယ်လို့ မျှော်လင့်ရပါတယ်။
မစ္စတာ နမ်ဘီးယားရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမား ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မိုက်ကယ်ပို့စနာ အပြင် မြန်မာနိုင်ငံဆိုင်ရာ အထူး သံကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်တို့ရဲ့ မြန်မာပြည် ခရီးစဉ်နဲ့လည်း တိုက်ဆိုင်နေတာ ဖြစ်ပြီး မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး အပါအ၀င် လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ဖော်ဆောင်ဖို့လည်း မြန်မာနိုင်ငံဟာ ဖိအားပေးခြင်း ခံနေရတာဖြစ်ပါတယ်။
ဒါကြောင့်လဲ ၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် လျှောက်ထားတဲ့ မြန်မာနိုင်ငံအနေနဲ့ လက်ရှိ အာဆီယံ ထိပ်သီး ညီလာခံ ကျင်းပနေစဉ် အတွင်း နိုင်ငံတကာက တောင်းဆို ထားတဲ့အတိုင်း နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လွှတ်ပေးရေးကို လုပ်ဆောင် ပေးနိုင်လိမ့်မယ်လို့လည်း နိုင်ငံတကာက မျှော်လင့်နေကြတာ ဖြစ်ပါတယ်။
Ref: VOA News
Tuesday, November 15, 2011
ကုလ အထူးအကြံပေး မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ တင်ပြ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment