ဇာနည်မာန်
Wednesday, 14 September 2011
ရန်ကုန်မြို့တွင် ၂၀၁၀ ပြည့်နှစ် သင်္ကြန် ကာလအတွင်း X2O ရေကစား မဏ္ဍပ် ဗုံးပေါက်ကွဲမှု၌ ဓာတ်ပုံရိုက်ကူး မှုကြောင့် ထိန်းသိမ်း ခံရသူ ကိုစည်သူဇေယျကို ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးက ထပ်တိုးပြစ်ဒဏ် ၁၀ နှစ် ယနေ့ ချမှတ်လိုက်သည်။
ကိုစည်သူဇေယျသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလက မတရားအသင်း ဆက်သွယ်မှု၊ တရားမ၀င် နယ်စပ် ဖြတ်ကျော်မှု တို့ဖြင့် ထောင်ဒဏ် ၈ နှစ် ချမှတ် ခံရပြီးဖြစ်ရာ ယခုထပ်မံ ချမှတ်လိုက်သည့် အီလက်ထရောနစ် ပုဒ်မ ပြစ်ဒဏ် အပါအ၀င် စုစုပေါင်း ထောင်ဒဏ် ၁၈ နှစ် ကျခံရမည်ဖြစ်သည်။
“စုစုပေါင်း ၁၈ နှစ် ကျသွားတယ်ဗျာ။ လောလောဆယ်တော့ အင်းစိန်ထောင်မှာပဲ။ ကျနော်တို့ ကတော့ ဥပဒေကြောင်း အရ အယူခံ ထပ်တက်ဖို့ လုပ်နေတယ်” ဟု ကိုစည်သူဇေယျ၏ ဦးလေးဖြစ်သူက ဧရာဝတီသို့ ပြောသည်။
X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ သံသယဖြင့် ကိုစည်သူဇေယျနှင့် ဖခင်ဖြစ်သူ ဦးဇေယျ (စာရေးဆရာ သားကြီးမောင်ဇေယျ) တို့ ထိန်းသိမ်း ခံခဲ့ရပြီး ၂၀၁၁ ဖေဖော်ဝါရီ လတွင် ဦးဇေယျကို မတရားအသင်း ဆက်သွယ်မှု၊ တရားမ၀င် နယ်စပ် ဖြတ်ကျော်မှု၊ အီလက်ထရောနစ် ပုဒ်မများဖြင့် ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့သည်။ ဦးဇေယျသည် ယခုအခါ ရှမ်းပြည်နယ်ရှိ သီပေါထောင်တွင် အကျဉ်းကျ ခံနေရသည်။
၁၀ ဦးသေဆုံး၍ ၁၇၀ ကျော် ဒဏ်ရာရရှိကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည့် အဆိုပါ သင်္ကြန် အတက်နေ့ ဗုံးကွဲမှုကြောင့် ဖမ်းဆီး ခံရသူများတွင် ကိုစည်သူဇေယျ၊ ဦးဇေယျတို့ အပြင် ကိုဘိုဘိုသိန်းနှင့် အင်ဂျင်နီယာ တဦးဖြစ်သူ ကိုဖြိုးဝေအောင် စသူတို့လည်း ပါဝင်သည်။
ကိုဘိုဘိုသိန်း အပါအ၀င် ၅ ဦးကို ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ကမာရွတ်မြို့နယ်နှင့် အလုံမြို့နယ် တရားရုံး တို့က ထောင်ဒဏ် ၂ နှစ်မှ ၁၁ နှစ်အထိ ချမှတ်ခဲ့သည်။
အာဏာပိုင်များက ကိုဖြိုးဝေအောင်ကို ဗုံးပေါက်ကွဲမှုတွင် ပါဝင် ပတ်သက်သည်ဟု စွဲချက်တင် စစ်ဆေး နေဆဲ ဖြစ်သည်။
Ref: ဧရာဝတီ
Thursday, September 15, 2011
စည်သူဇေယျကို ထောင်ဒဏ် ၁၀ နှစ် ထပ်တိုး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment