လင်းသန့်
Monday, 25 April 2011
အစိုးရသစ် အောက်လွှတ်တော် ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းသည် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) ၏ ဒု ဥက္ကဌ အဖြစ် မကြာခင်က ပြုလုပ်ခဲ့သော ပါတီ အစည်းအဝေးမှ တဆင့် ရွေးချယ်ခံခဲ့ရပြီး ယာယီ ဥက္ကဌ ရာထူး ကိုပါ ပူးတွဲ တာဝန် ထမ်းဆောင်နေပြီဟု သိရသည်။
ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းသည် ယခင် နအဖ စစ်အစိုးရ လက်ထက်တွင် တတိယ အဆင့်ရှိသူ ဖြစ်သည်။
အစိုးရသစ် မထွက်ပေါ်လာမီက ကြံ့ဖွံ့ပါတီ ဥက္ကဌဖြစ်သူ ဦးသိန်းစိန်မှာ သမ္မတရာထူး ရွေးချယ်တာဝန် ပေးအပ် ခံရသည့် နေ့မှ စတင်ကာ ပါတီဥက္ကဌ ရာထူးကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ စွန့်လွှတ် ခဲ့ရပြီးနောက် ယင်း ပါတီ ဥက္ကဌ လစ်လပ် နေရာတွင် သူရ ဦးရွှေမန်းက ယခုကဲ့သို့ တာဝန် ယူလိုက်ခြင်း ဖြစ်သည်ဟု နေပြည်တော် အသိုင်းအ၀ိုင်း က ဆိုသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတသည် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်နေ့မှစ၍ ရာထူး သက်တမ်း အတွင်း ပါတီ အဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခြင်း မပြုရဟု ဖော်ပြပါရှိသည်။
ကြံ့ဖွံ့ပါတီ ထိပ်ပိုင်းခေါင်းဆောင်ပိုင်းအတွင်း၌ အာဏာလွန်ဆွဲပွဲများ ရှိနေကြကြောင်း၊ မကြာသေးခင်က ကျင်းပခဲ့သော ပါတီ အစည်းအဝေးတွင် သူရ ရွှေမန်းက ပါတီတွင်းမှာ“ဒီမိုကရေစီ”ရှိရန် ပြောကြားခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အလွန် ယုံကြည်ရသူ အဖြစ် သတင်းကြီးသူ ဦးအောင်သောင်းကမူ ပါတီတွင်း စစ်တပ်ပုံစံ စည်းလုံးမူ ရှိရန် အလေးထား ပြောကြားခဲ့သည်ဟု ကြံ့ဖွံ့ ပါတီနှင့် နီးစပ်သူတဦးက ဆိုသည်။
“တသွေး၊ တသံ၊ တမိန့် ဆိုတဲ့ စစ်တပ် ဆောင်ပုဒ်အတိုင်း လုပ်ဆောင်သွားဖို့ အရေးကြီးကြောင်း ဦးအောင်သောင်းက ဆက်လက် ပြောကြားသွားတယ်”ဟု ၄င်းက ဆက်လက် ပြောဆိုသည်။
ယခင်က ကြံ့ဖွံ့ပါတီတွင် မရှိခဲ့သော ဒု ဥက္ကဌ ရာထူးနှင့် အတွင်းရေးမှူး(၁)၊ အတွင်း ရေးမှူး (၂) ရာထူး နေရာ အသစ်များကို မကြာသေးခင်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ထိပ်ပိုင်း ခေါင်းဆောင်တချို့နှင့် သီးခြားတွေ့ဆုံ အပြီး ယခုကဲ့သို့ နေရာ သစ်များ ပေါ်ထွက်လာခြင်း ဖြစ်သည်ဟု နေပြည်တော်တွင် သတင်းများ ထွက်ပေါ်နေသည်။
အတွင်းရေးမှူး(၁) နေရာအတွက် ယခင်စက်မှု(၁) ၀န်ကြီး ဦးအောင်သောင်း၊ အတွင်းရေးမှူး(၂) နေရာအတွက် ယခင် စာတိုက်နှင့် ကြေးနန်း၊ ဆက်သွယ်ရေး ၀န်ကြီးဟောင်း ဦးသိန်းဇော် တို့ကို တာဝန် ပေးလိုက်ကြောင်းလည်း သိရှိရသည်။
ကြံ့ဖွံ့ပါတီ အထွေထွေ အတွင်းရေးမှူး နေရာအတွက် ဦးဌေးဦးက ဆက်လက်တာဝန်ယူဆောင်ရွက်လျက်ရှိပြီး အဆိုပါ တွေ့ဆုံပွဲ အပြီးတွင် ယခင် ၀န်ကြီးဟောင်းများ ဖြစ်ကြသော ဦးသောင်း(သိပ္ပံနှင့်နည်းပညာဝန်ကြီး) အပါအ၀င် ဗိုလ်ချုပ်မှူးကြီး နှင့် အနီးဆုံး သူများက ပါတီထိပ်ပိုင်း ခေါင်းဆောင်တာဝန်များကို ယူကြမည် ဖြစ်ကြောင်းလည်း ပါတီတွင်း သတင်း များက ဆိုသည်။
လေ့လာစောင့်ကြည့်သူများ၏ အဆိုအရ ယခင်ဝန်ကြီးဟောင်းများနှင့် ဗိုလ်ချုပ်ဟောင်းများအကြား ကြံ့ဖွံ့ပါတီ ထိပ်ပိုင်း ခေါင်းဆောင် နေရာရရေး အတွက် အုပ်စုတိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရှိရသည်။
Ref: ဧရာဝတီ်
Tuesday, April 26, 2011
ကြံ့ဖွံ့ ယာယီ ဥက္ကဌ ဦးရွှေမန်း တာဝန်ယူ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment