..............................

Tuesday, November 23, 2010

ဒေါ်အောင်ဆန်းစုကြည် သားငယ်နှင့် တွေ့နိုင်တော့မည်

မင်းနိုင်သူ
Monday, 22 November 2010

ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း (ခေါ်) ကင်မ် အဲရစ္စသည် မြန်မာနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာ ရရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

“ကိုထိန်လင်း ဒီနေ့ပဲ လေယာဉ်လက်မှတ်ရဖို့ ကြိုးစားနေတယ်လို့ ကြားတယ်။ ဒီနေ့ မရရင် မနက်ဖြန် လာမယ်ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လေဆိပ်ကို သွားကြိုဖို့ အလားအလာ ရှိပါတယ်” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် တဦးဖြစ်သူ ဦးအုံးကြိုင်က ဧရာဝတီသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သားကြီး အလက်ဇန္ဒား အဲရစ္စနှင့် သားငယ် ကင်မ် အဲရစ္စတို့ကို စစ်အစိုးရက ပြည်ဝင်ခွင့် မပေးခဲ့ခြင်းကြောင့် မိခင်ဖြစ်သူနှင့် ၁၀ နှစ်ကြာ တွေ့ဆုံခွင့် မရခဲ့ဘဲ ယခု ပထမဆုံးအကြိမ် ကင်မ် အဲရစ္စက ပြည်ဝင်ခွင့် ဗီဇာ ရရှိခြင်းဖြစ်သည်။

၂၀၀၃ ခုနှစ် မေလ အတွင်းက စစ်ကိုင်းတိုင်း ဒီပဲယင်း လုပ်ကြံမှုပြီးနောက် နေအိမ် အကျယ်ချုပ် ချခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်ခါနီး ၂၀၀၉ ခုနှစ် သြဂုတ်လ အတွင်းတွင် အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထောက ခြံဝင်းအတွင်း ရေကူး ၀င်ရောက်ခဲ့ခြင်းကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နေအိမ်အကျယ်ချုပ် ၁၈ လ ထပ်မံ ချထားခဲ့ရာ ၇ နှစ်ကျော်ကြာ နေအိမ် အကျယ်ချုပ် ကျခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၃ ရက်တွင် ပြန်လည် လွတ်မြောက်လာမည် ဟူသော သတင်းများ ပေါ်ထွက်ခဲ့ပြီး အသက် ၃၃ နှစ် အရွယ်ရှိ ကင်မ် အဲရစ္စ ဘန်ကောက်မြို့သို့ ရောက်ရှိလာကာ ဘန်ကောက်ရှိ မြန်မာသံရုံးမှ ပြည်ဝင်ခွင့် ဗီဇာရရန် စောင့်ဆိုင်း နေခဲ့ခြင်းဖြစ်သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာသည့် နိုဝင်ဘာ ၁၃ ရက်အထိ ပြည်ဝင်ခွင့် မရခဲ့ဘဲ ဘန်ကောက်ရှိ အင်္ဂလန် သံရုံးမှတဆင့် မိခင်ဖြစ်သူနှင့် ဖုန်းပြောခဲ့ရကြောင်း သတင်းများ ပေါ်ထွက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၁ နှစ်အတွင်း နေအိမ်အကျယ်ချုပ်အဖြစ် ၁၅ နှစ်ခန့် နေခဲ့ရပြီး ခင်ပွန်းနှင့် သား ၂ ယောက်ကိုလည်း ၁၀ နှစ်ကျော်ကြာ တွေ့ဆုံခွင့် မရခဲ့ပေ။

ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ္စသည် ၁၉၉၉ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီး မကွယ်လွန်မီက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရရန် ပြည်ဝင်ခွင့်ဗီဇာ တောင်းခံခဲ့သော်လည်း စစ်အစိုးရက ခွင့်မပြုခဲ့ပေ။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့