သန်းထိုက်ဦး
Tuesday, July 20, 2010
ဒေါ်အောင်ဆန်းစုကြည် ရေးသားခဲ့သော “Freedom From Fear” စာအုပ်နှင့် ဦးဝင်းတင်၏ “ဘာလဲဟဲ့ လူ့ငရဲ” စာအုပ် တို့ကို လက်ဝယ် တွေ့ရှိမှုဖြင့် အသက် ၁၄ နှစ်အရွယ်ရှိ ကလေး တဦးကို အာဏာပိုင်များက ယမန်နေ့တွင် ဖမ်းဆီးထားကြောင်း သိရသည်။
ရန်ကုန်မြို့ တာမွေမြို့နယ်မှ ဦးစံသိန်း၏သား မောင်နေလင်းသည် အဆိုပါ စာအုပ်များကို မန္တလေးတိုင်း ကျောက်ပန်းတောင်း မြို့သို့ ပါဆယ်ဖြင့် ပို့ရန် အသွားတွင် တောင်ဥက္ကလာပမြို့နယ်ရှိ ပါရမီ ရွှေမန်းသူ ကားဂိတ်၌ အဖမ်းခံရခြင်း ဖြစ်ကြောင်း အမည် မဖော်လိုသူ လူငယ် တဦးက ဧရာဝတီသို့ ပြောသည်။
“ဦးဝင်းတင် ရေးတဲ့ ဘာလဲဟဲ့ လူ့ငရဲ စာအုပ်က ၆ အုပ်၊ နောက် ဒေါ်အောင်ဆန်းစုကြည် ရေးတဲ့ Freedom From Fear ဆိုတဲ့ စာအုပ်က ၅ အုပ်၊ အဲဒါတွေကို မိလို့ ကလေးကို ဖမ်းထားတယ်”ဟု ၎င်းက ဆိုသည်။
ဖမ်းဆီး ခံထားရသော ကလေးငယ်ကို မည်သည့် နေရာတွင် ထိန်းသိမ်း ထားကြောင်း မသိရဘဲ ယခုအထိ ပြန်လည် လွတ်မြောက် လာခြင်း မရှိသေးကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က ဧရာဝတီသို့ ပြောသည်။
“ပြန်လွတ်လာတယ်လို့ မကြားသေးဘူး။ သူတို့က ဒီကလေးကို နှိပ်စက် ညှဉ်းပန်းပြီးတော့ နောက်ဆက်တွဲ သတင်းတွေကို စုံစမ်း စစ်ဆေးမှာကို စိုးရိမ်တယ်”ဟု ၎င်းက ပြောဆိုသည်။
“Freedom From Fear” စာအုပ်ကို ဒေါ်အောင်ဆန်းစုကြည်က အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့ပြီး ခင်ပွန်းဖြစ်သူ ဒေါက်တာ မိုက်ကယ် အဲရစ်က တည်းဖြတ်၍ ၁၉၉၁ ခုနှစ်တွင် ထုတ်ဝေသည်။ “ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး” အမည်ဖြင့် ဒေါက်တာ အောင်ခင်က မြန်မာ ပြန်ဆိုခဲ့သည်။
“ဘာလဲဟဲ့ လူ့ငရဲ” စာအုပ်ကို ဟံသာဝတီ ဦးဝင်းတင်၏ အသက် ၈၀ ပြည့် အထိမ်း အမှတ် အဖြစ် ယခုနှစ် မတ်လ ၁၂ ရက်နေ့တွင် စတင် ထုတ်ဝေခဲ့သည်။
ထိုစာအုပ်တွင် အနှစ် ၂၀ ကာလ အတွင်း ဦးဝင်းတင်ခံစား ခဲ့ရသော ကာယဒုက္ခ၊ စိတ္တဒုက္ခများကို ဖော်ပြထားပြီး ထောင်တွင်း မတရားမှုများ၊ အာခံမှုများ၊ အကျဉ်းသား အချင်းချင်း ရိုင်းပင်း ကူညီမှုများ၊ ထောင်တွင်း နိုင်ငံရေး လှုပ်ရှားမှုများ၊ ထောင်ကျဖော်များ အကြောင်းနှင့် ထောင်တွင်း အမြင်မတော်မှုများကို ရေးသားထားသည်။
“ဘာလဲဟဲ့ လူ့ငရဲ” ကို ဒီမိုကရက်တစ် မြန်မာ့ အသံ က ထုတ်ဝေပြီး AAPP က ဖြန့်ချိပေးခြင်း ဖြစ်သည်။
Ref: ဧရာဝတီ်
Wednesday, July 21, 2010
နိုင်ငံရေးစာအုပ် တွေ့ရှိမှုဖြင့် ကလေးငယ်တဦး အဖမ်းခံရ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment