..............................

Friday, June 18, 2010

အရေးတော်ပုံမီးလျှံကြားက သူရဲကောင်း

မောင်သြ
၁၆ ဇွန် ၂၀၁၀

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ (၆၅) နှစ်ပြည့် မွေးနေ့ ဂုဏ်ပြုဆောင်းပါး။

ဒီကနေ့ ကမ္ဘာပေါ်က ထင်ရှားကျော်ဇောတဲ့ အမျိုးသမီးခေါင်းဆောင်တွေ ထဲမှာ မြန်မာနိုင်ငံက လူထု ခေါင်းဆောင်လည်းဖြစ်၊ ဒီမိုကရေစီ တိုက်ပွဲခေါင်းဆောင်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချန်လှပ် ထားလို့ မရနိုင်သလို ကမ္ဘာ့ နိုင်ငံအသီးသီးက ခေါင်းဆောင်တွေကလည်း သူမကို လေးစားယုံကြည် ထောက်ခံလျက်ရှိတာ တွေ့နေရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်နေ၀င်းရဲ့ (၂၆) နှစ်ကျော်ကြာ စစ်အာဏာရှင် အုပ်ချုပ်မှု အောက်ကနေ မြန်မာနိုင်ငံ လွတ်မြောက်စေဖို့ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လူထုတိုက်ပွဲ အရေးတော်ပုံကြီး အတွင်းမှာ မမျှော်လင့်ဘဲ ပါဝင် ပတ်သက်လာခဲ့သူ တဦး ဖြစ်ပါတယ်။ အရေးတော်ပုံကြီးနဲ့ အတူ မွေးဖွားလာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထုနဲ့ တိုင်းရင်းသား အားလုံး စစ်ကျွန်ဘ၀က လွတ်မြောက်ပြီး အခြေခံ လူ့အခွင့်အရေးများ အပြည့်အ၀ ခံစားနိုင်ဖို့နဲ့ ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော်သစ်ကို ထူထောင်ဖို့ ကြိုးစား ခဲ့ပါတယ်။

အဲဒီလိုကြိုးစားခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံမှု၊ သတ္တိရှိမှု၊ ဉာဏ်ရည် ဉာဏ်သွေး ကောင်းမွန်မှု၊ မေတ္တာတရား ကြီးမားမှု၊ အကြမ်းမဖက်ဘဲ နိုင်ငံရေးကို နိုင်ငံရေး နည်းဖြင့် ငြိမ်းချမ်းစွာ တွေ့ဆုံ ဆွေးနွေး အဖြေရှာလိုမှု … စတဲ့ အမြော်အမြင် ကြီးမားမှုတွေကြောင့် ၁၉၉၁ ခုနှစ်မှာ ကမ္ဘာပေါ်မှာ အမြင့်မားဆုံးဆု ဖြစ်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကြီးကို ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ ဒီနောက်မှာလည်း ဆက်တိုက် ဆက်တိုက်ဆိုသလို ကမ္ဘာ့နိုင်ငံအသီးသီးမှ ဆုတံဆိပ်/ဒေါက်တာဘွဲ့များ အပါအ၀င် ဆုပေါင်း (၉၀) ကျော် ချီးမြှင့်ဂုဏ်ပြုခြင်းခံခဲ့ရပါတယ်။

ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံရဲ့ ထူးချွန်ထက်မြက်တဲ့ အမျိုးသမီး သူရဲကောင်း အဖြစ် ကမ္ဘာ့ အလယ်မှာ ဂုဏ်ပြု မှတ်တမ်းတင် သမိုင်းမော်ကွန်း ကမ္ပည်းရေးထိုး ပေးလိုက်တာပဲဖြစ်ပါတယ်။ အဲဒီလို တိုင်းရင်းသား လူမျိုးပေါင်းစုံ အပါအ၀င် မြန်မာပြည်သူ တရပ်လုံး၊ ကမ္ဘာ့ ပြည်သူအားလုံးနဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေကပါ ဒေါ်အောင်ဆန်းစုကြည်ကို လေးလေးစားစား ထောက်ခံ အားပေး လာတဲ့အခါ စစ်အာဏာရှင် ကြီးများဟာ အလိုလို ကမ္ဘာ့အလယ်မှာကော မြန်မာ့ အလယ်မှာပါ မျက်နှာငယ်သေးသိမ်၊ ဂုဏ်ရောင်မှိန်ပြီး နာမည်ဆိုးနဲ့ ကျော်ကြား လာခဲ့ပါတော့တယ်။ စစ်ခေါင်းဆောင်တွေဟာ ဆင်ဖြူ့မျက်နှာ ဆင်မဲ မကြည့်သာ ဆိုသလို ဒေါ်အောင်ဆန်းစုကြည်ကို ရှိန်လာတယ်၊ ရွံ့လာတယ်၊ မနာလို ၀န်တို ဣဿာမစ္ဆရိယစိတ် ကြီးလာတယ်၊ နောက်ဆုံး အာဃာတပါ ကြီးလာတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာ သမားဆိုတော့ အာဃာတ ကြီးသူတွေရဲ့ အကျဉ်းစံဘ၀မှာ နေရတာတောင်မှ သူ့ဂုဏ်ရောင်ဟာ ကမ္ဘာအနှံ့ လင်းပ တောက်ပြောင် နေပါတယ်။

လာမယ့် ၂၀၁၀ ခုနှစ် ဇွန်လ (၁၉) ရက်နေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၅) နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။ တိုင်းပြည်နဲ့ လူမျိုး အကျိုးအတွက် ကိုယ်ကျိုး၊ ကိုယ့်ဆွေမျိုး သားချင်း အကျိုးကို မကြည့်ဘဲ ဘ၀ တလျှောက်လုံး စွန့်လွှတ် အနစ်နာခံကာ နေအိမ် အကျယ်ချုပ်ဘ၀နဲ့ အထီးကျန်စွာ ကြံ့ကြံ့ခံ ရပ်တည် ရင်ဆိုင် လာခဲ့တာလည်း နှစ်ပေါင်း (၁၄) နှစ်ကျော်ရှိခဲ့ပါပြီ။ သို့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က ဒူးမထောက် လက်မမြှောက်ခဲ့။ သူ့ ယုံကြည်ချက်ကို ခွပ်ဒေါင်း အလံတော်အောက်မှာ လှေခွက်ချည်းကျန် အလံမလှဲ၊ အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဓာတ် အခိုင်အမာနဲ့ သစ္စာရှိစွာ ရပ်တည်ပြနိုင်ခဲ့တယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့ အကြိမ်ကြိမ် ကြေညာချက်ထုတ်ပြီး တောင်းဆိုခဲ့သလို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၊ အီးယူ-ဥရောပအဖွဲ့ချုပ်၊ အာဆီယံ-အရှေ့တောင်အာရှနိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့၊ ကုလသမဂ္ဂ လူ့အခွင့်အရေး အဖွဲ့နဲ့ အမေရိကန်၊ ဗြိတိန်၊ ဂျပန်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံတွေက ခေါင်းဆောင်တွေကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့ အကြိမ်ကြိမ် တောင်းဆိုနေကြတာဟာ ဒီကနေ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး အကျပ်တည်း အခက်အခဲတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ နအဖ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ ငြိမ်းချမ်းစွာ တွေ့ဆုံ ဆွေးနွေး အဖြေရှာနိုင်ဖို့နဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို တည်ဆောက်နိုင်ဖို့ ရည်ရွယ်ခြင်းသာ ဖြစ်ကြောင်း ထင်ရှားပါတယ်။

ကမ္ဘာ့နိုင်ငံကြီးတွေက ခေါင်းဆောင်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်း ခေါင်းဆောင်တွေက ဒေါ်အောင်ဆန်း စုကြည်အပေါ် အဲဒီလို ထဲထဲဝင်ဝင် အလေးထား ပြောဆိုနေကြခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပညာဂုဏ်၊ နိုင်ငံရေး သိက္ခာဂုဏ်၊ တိုင်းပြည်နဲ့ လူထုအကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံမှု သတ္တိဂုဏ်တို့ကို ယုံကြည်လေးစားတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဗိသုကာလည်းဖြစ်၊ တပ်မတော် ဖခင်ကြီးလည်း ဖြစ်တဲ့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တဲ့ အားလျော်စွာ ဗိုလ်ချုပ်ရဲ့ သွေး၊ ဗိုလ်ချုပ်ရဲ့ စိတ်ဓာတ် အပြည့်ရှိသူ ဖြစ်ပါတယ်။

တပ်မတော်သားတဦးရဲ့ သွေးရင်းသားရင်း သမီးပီပီ မြန်မာ့တပ်မတော် အပေါ်မှာ အဆိုးမြင် တိုက်ခိုက်မှုတွေ မပြုလုပ်ဘဲ လူတစုရဲ့ အုပ်ချုပ်မှု စစ်ယန္တရား စနစ်ကိုသာ ဝေဖန် ထောက်ပြတာမျိုး ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ နအဖ စစ်အစိုးရအပေါ်မှာ အာဃာတ မထားဘဲ သဘောထားကြီးစွာ ပြုမူ ပြောဆိုခဲ့တာကို တွေ့ရပါတယ်။ ဥပမာ ၂၀၀၃ ခုနှစ် မေလ ဒီပဲယင်း အကြမ်းဖက် လုပ်ကြံခံရမှုမှာ အသက်ဘေးကနေ သီသီကလေး လွတ်မြောက် လာပြီးနောက် အင်းစိန် အကျဉ်းထောင်ကို အပို့ ခံထားခဲ့ရပါတယ်။ အဲဒီတုန်းက အရိုက်ခံရတဲ့ အန်အယ်လ်ဒီ ခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေက အဖမ်းခံ၊ ထောင်ကျ ခံခဲ့ရပြီး ရိုက်တဲ့ ကြံ့ဖွံ့၊ စွမ်းအားရှင်တွေကိုတော့ အရေးယူမှု မရှိတာကို တွေ့ရပါတယ်။ ဒါဟာ အင်မတန်မှ ကြီးလေးတဲ့ ရာဇ၀တ်မှုကြီး တခုကို နအဖ စစ်အစိုးရက မျက်ကွယ်ပြုပြီး မတရား လုပ်လိုက်တာပါပဲ။

ဒါကို ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂအထူး ကိုယ်စားလှယ် မစ္စတာ ရာဇာလီအစ္စမေးလ်နဲ့ တွေ့ဆုံစဉ်မှာ “ဖြစ်ပြီးခဲ့တာတွေ ပြီးခဲ့ပါပြီ။ ပြည်သူလူထု အကျိုးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး အကျိုးအတွက် အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ကျမဘက်က အဆင်သင့်ရှိပါတယ်” လို့ ပြောကြားခဲ့တဲ့ အပြင် ၂၀၀၆ ခုနှစ်က ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူး မစ္စတာဂမ်ဘာရီနဲ့ တွေ့ဆုံစဉ်မှာလည်း “တိုင်းပြည်နှင့် လူမျိုး အကျိုးအတွက် အားလုံးနှင့် လက်တွဲ ဆောင်ရွက်သွားရန် အသင့်ရှိကြောင်း” ပြောကြား ခဲ့တာကိုကြည့်ရင် စစ်အာဏာရှင်များ အပေါ် အာဃာတ မထားဘဲ နိုင်ငံနဲ့လူမျိုးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရိုးသားဖြူစင်မှုကို တွေ့မြင် နိုင်ပါတယ်။

ဒါ့အပြင် ၂၀၀၇ ခုနှစ် နိုဝင်ဘာလက မစ္စတာ ဂမ်ဘာရီနဲ့ ပေးလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား စာတမ်းမှာ “ဒီမိုကရေစီနည်းကျ သွေးစည်းခိုင်မာရေးနှင့် အမျိုးသား စည်းလုံးညီညွတ်ရေး မရှိမဖြစ် လိုအပ်နေသည့် ယခုကဲ့သို့ အချိန်အခါမျိုးတွင် အကျယ်ပြန့်နိုင်သမျှ အကျယ်ပြန့်ဆုံးသော နိုင်ငံရေး အဖွဲ့အစည်းများ၊ အင်အားစုများ၊ အထူးသဖြင့် တိုင်းရင်းသား လူမျိုးစု အဖွဲ့အစည်းများ၏ အကျိုးစီးပွားနှင့် သဘောထား အမြင်များကို အခိုင်အမာ အလေးအနက် ထည့်သွင်းစဉ်းစား ဆောင်ရွက်သွားရန် အတွက်လည်း ကျမတွင် တာဝန်ရှိပါသည်” ဟု ပြောကြား သွားခဲ့တာကို ကြည့်ရင် ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံး အပေါ်မှာ ထားရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား ရပ်တည်ချက်အမှန်ဟာ တိုင်းရင်းသား အားလုံးနဲ့ အေးအတူ ပူအမျှ တသွေးတည်း တသားတည်း နေထိုင်လိုခြင်းသာ ဖြစ်တယ်ဆိုတာကို အထင်းသား တွေ့မြင်နိုင်ပါတယ်။ အဲဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် ကချင်၊ ကရင်၊ ကယား၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း တိုင်းရင်းသား သွေးချင်းအားလုံးက ချစ်ခင်လေးစား ယုံကြည်မြတ်နိုး တန်ဖိုး ထားခဲ့ကြတာကို တွေ့ရပါတယ်။

၁၉၉၈ ခုနှစ်က ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ထံ ဒေါ်အောင်ဆန်းစုကြည် ပေးပို့တင်ပြခဲ့တဲ့ အကြောင်း အရာတခုမှာ “ဒီမိုကရေစီရွေးကောက်ပွဲကို ၁၉၉၀ ခုနှစ်က ကျင်းပခဲ့ပါတယ်။ မြန်မာပြည်သူများက မိမိတို့ နှစ်သက်တဲ့ အစိုးရကို ရဲဝံ့စွာ ရွေးချယ်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ပေမယ့် ရွေးကောက်ပွဲကို သွားခဲ့ရတဲ့ လမ်းကြောင်းကတော့ ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံတွေမှာ မျှော်လင့်နိုင်တဲ့ အခြေအနေ မဟုတ်ဘူး။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို အမျိုးမျိုး ချုပ်ချယ်ခြင်း ခံရပါတယ်။ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ အထွေထွေ အတွင်းရေးမှူးဖြစ်တဲ့ ကျမတို့ကို ရွေးကောက်ပွဲ မပြုလုပ်မီ တနှစ်ခန့်က ဖမ်းဆီးခဲ့ပါတယ်။ နှောင့်ယှက်မှု အများအပြားလည်း ရှိခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာပြည်သူ ပြည်သားတွေက ကျမတို့ကို တခဲနက် မဲပေးခဲ့ကြတယ်။ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်အရ ပြည်သူတို့ရဲ့ ၉၀ ခုနှစ်က ရွေးကောက်ပွဲမှာ ပေးခဲ့တဲ့ဆန္ဒကို လေးစားလက်ခံဖို့ လက်ရှိ မြန်မာနိုင်ငံ အစိုးရကို တောင်းဆို ထားပါတယ်။ နိုင်ငံတကာ မိသားစုများကလည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ ဆုံးဖြတ်ချက်တွေကို အကောင်အထည် ဖော်နိုင်ဖို့၊ မြန်မာပြည်မှာ ဒီမိုကရေစီ စနစ်ကို အမြန်ထူထောင်နိုင်ဖို့၊ မြန်မာပြည်သူ ပြည်သားတွေကို ကူညီဖို့ လိုပါတယ်” လို့ တင်ပြသွားတာဟာ ယနေ့လက်ရှိ တွေ့ကြုံ ခံစားနေရတဲ့ စားဝတ်နေရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး … စတဲ့ အကျပ်အတည်း ဒုက္ခအပေါင်းနဲ့ အကြောက်တရားနဲ့ အုပ်ချုပ်ခံနေရလို့ စိတ်ဓာတ် ချွတ်ခြုံကျနေရတဲ့ ပြည်သူတွေ စစ်ကျွန်ဘ၀မှ လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင် မီးမောင်း ထိုးပြလိုက်တာပဲ ဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံအများစုကရော ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေ အပါအ၀င် ကမ္ဘာ့ အဖွဲ့အစည်း အားလုံးကပါ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုနေတဲ့ကြားက အမေရိကန်နိုင်ငံသား မစ္စတာ ယက်တောကို အကြောင်းပြုပြီး ၁၈-၅-၂၀၀၉ နေ့မှာ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများရဲ့ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေပုဒ်မ (၂၂) အရ အင်းစိန်ထောင် အတွင်းရှိ အထူး သီးသန့်တရားရုံးမှာ ထပ်မံတရားစွဲဆိုကာ ပြစ်ဒဏ်(၃)နှစ် ထပ်ချခဲ့ပါတယ်။ ဒါဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ ကမ္ဘာ့နိုင်ငံတွေက အဖွဲ့အစည်းတွေကို မျက်ကွယ်ပြု အထင်အရှား ဆန့်ကျင် လိုက်ခြင်းနဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်း ဆောင်ရွက်လိုစိတ် မရှိကြောင်း ပြသ လိုက်တဲ့ သဘော သက်ရောက် စေပါတယ်။

နအဖစစ်အစိုးရဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘယ်လိုပဲ မလိုမုန်းထား၊ အကြောက် တရားများနဲ့ အာဃာတ ကြီးနေစေကာမူ မန်လည် ဆရာတော်ကြီး ရေးသားခဲ့တဲ့ …

ပြစ်မရှိ ပြစ်ရှာ

လမင်းကို ခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျက်ပင်သာ။

မြရွှေဂူ ပတ္တမြားကိုလ
ဝက်များက ငြူစူစွာ
ညွန်လူးကာ တိုက်နဲ။

ပွတ်လေလေ
ဂူရွှေမှာ အရောင်ထွက်တယ်
ရှေးကထက်ကဲ။

ဆိုတဲ့ “ပတ္တမြားရွှေဂူ” ကဗျာလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်ရောင်ကတော့ ထာဝရ ထွန်းလင်း တောက်ပ နေတာပါပဲ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး သမိုင်းလမ်းကြောင်းဟာ ဖဲမွေ့ရာ ရွှေကော်ဇောနဲ့ ပန်းခင်းလမ်းလို ချောမွေ့ သာယာ ဖြောင့်ဖြူးခြင်း မရှိခဲ့ပါဘူး။ ဆူးခင်းလမ်းမှာ မုန်တိုင်းကြမ်းကို အဖော်ပြုပြီး သွားနေရတာက များပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်နဲ့ လူထု အကျိုးအတွက် ဆူးခင်းလမ်းကိုလည်း မတွန့်၊ မုန်တိုင်းကြမ်း ကိုလည်း မရွံ့၊ မိမိအသက်ကိုပင် စွန့်စားဝံ့သူ ဖြစ်တယ်ဆိုတာ သူရဲ့ တိုင်းနဲ့ပြည်နယ် စည်းရုံးရေး ခရီးစဉ်တွေမှာ တွေ့ခဲ့ရပါတယ်။

ဧရာဝတီတိုင်းခရီးစဉ်၊ ဓနုဖြူမြို့မှာ စစ်ဗိုလ်တဦးရဲ့ သေနတ်ပြောင်းဝက ကျည်ဆန်ကို မကြောက်မရွံ့ အာခံ နိုင်ခဲ့သလို ၂၀၀၃ ခုနှစ် ဒီပဲယင်း ခရီးစဉ်မှာ တုတ်ဓားကိုင်ဆောင် လုပ်ကြံ တိုက်ခိုက်ကြတဲ့ ကြံ့ဖွံ့၊ စွမ်းအားရှင် လက်မရွံ့ လူသတ်သမားတွေရဲ့ ဘေးရန်ကိုလည်း ရဲရဲရင့်ရင့် ရင်ဆိုင်ခဲ့တယ်။ တရုတ် ပညာရှင်ကြီး တိန်တီးရဲ့ “မိမိကိုယ်ကို အနစ်နာခံလျက် ပြည်သူပြည်သားတို့၏ ကောင်းကျိုးကို ဆောင်နိုင်သူသည် ကောင်းမြတ်သော ခေါင်းဆောင်ဖြစ်၏” လို့ ဆိုထားတဲ့ နီတိအရ ဒေါ်အောင်ဆန်းစုကြည်ဟာ တကယ့် ခေါင်းဆောင်ကောင်း ပီသတဲ့၊ လူကြီး လူကောင်း ပီသတဲ့ အမျိုးသမီးတဦး ဖြစ်ကြောင်း တွေ့မြင်နိုင်ပါတယ်။

မိမိအသက်ကိုပင် လုပ်ကြံရန်ရှာခဲ့တဲ့ ကြံ့ဖွံ့၊ စွမ်းအားရှင် လူမိုက်တွေကိုရော၊ အသွားစေခိုင်းသူ အာဏာရှင်တွေ အပေါ်မှာပါ သည်းခံခွင့်လွှတ် သဘောထား ကြီးပုံတွေဟာ သူမရဲ့ မေတ္တာစိတ် ဖြူစင်မြင့်မြတ်ခြင်းကို ဖော်ပြတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ စိတ်သဘောထား ဖြူစင်သလောက် တရားမျှတမှု၊ လွတ်လပ်မှု၊ ညီမျှမှုဆိုတဲ့ လောကပါလ တရားကိုလည်း အစဉ် လေးစားမြတ်နိုးသူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အန်အယ်လ်ဒီ အဖွဲ့ချုပ်က ထုတ်ပြန်ခဲ့တဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းကို သဘောတူ လက်ခံခဲ့တယ်။ မဆန့်ကျင်ခဲ့ဘူး။ ပြီးတော့ ၂၉-၃-၂၀၁၀ နေ့က တပြည်လုံးရှိ အန်အယ်လ်ဒီ ဗဟို ဦးစီး ကော်မတီ အားလုံးရဲ့ တခဲနက် အများသဘောတူ ဆုံးဖြတ်ချက်ကိုလည်း သဘောတူ လက်ခံခဲ့ပါတယ်။ ပြည်တွင်းက ဒီမိုကရေစီ အင်အားစုများ၊ ၀ါရင့် နိုင်ငံရေးသမားကြီးများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ ပြည်ပရောက် ဒီမိုကရေစီ အင်အားစုများကလည်း ရွှေဂုံတိုင် ကြေညာစာတမ်း အပေါ် သစ္စာမဖောက်ဘဲ ၀ိုင်းရံ ထောက်ခံခဲ့ကြပါတယ်။ နောက်ဆုံးမှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပြတ်သားရဲရင့်တဲ့ ဆုံးဖြတ်ချက်တွေဟာ မြန်မာပြည်တွင်းမှာ သာမက ကမ္ဘာအနှံ့ တိုင်အောင် ပဲ့တင်ရိုက်ခတ် မြည်ဟိန်း သွားပါတော့တယ်။

ဒီမိုကရေစီကျင့်စဉ် စံနှုန်းများနဲ့ မညီညွတ်တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေမူကြမ်းကို လက်မခံ နိုင်ကြောင်းနဲ့ တရားမျှတမှု မရှိဘဲ တဖက်သတ် ရေးဆွဲထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအရ ပါတီ မှတ်ပုံတင်ရမယ် ဆိုတာကို သူမ လုံးဝ လက်မခံဘူး။ ဘယ်တော့မှ မှတ်ပုံတင်မှာ မဟုတ်ဘူး။ ဒီဆုံးဖြတ်ချက် အပေါ်မှာ သစ္စာရှိတဲ့ အမာခံ အဖွဲ့ချုပ် အဖွဲ့ဝင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တသားတည်း တစိတ်တည်း ၀န်းရံ လက်တွဲလျက် ရှိနေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတ္တိ၊ စိတ်ဓာတ်၊ ဇွဲ၊ ဉာဏ်ပညာရှိပုံကို ဟံသာဝတီ သတင်းစာဆရာကြီးလည်းဖြစ်၊ အန်အယ်လ်ဒီ အဖွဲ့ချုပ် ဗဟိုကော်မတီဝင်လည်း ဖြစ်တဲ့ ဆရာကြီး ဦးဝင်းတင်က ကဗျာလေးနဲ့ ဂုဏ်ပြုထားတာ တွေ့ရပါတယ်။

၁၉၈၉ အာဏာဖီဆန်ရေးမှာ
“တာဝန်အရ” လုပ်ဟန်
ဒေါ်စု ညွှန်းခဲ့တယ်။

ခုလည်း “တာဝန်အရ စိတ်ဓာတ်” နဲ့ လုပ်ကြ။
စံနှုန်းကောင်းနဲ့ စည်းကမ်း၊ တာဝန်၊ စိတ်ဓာတ်၊
ဒေါ်စု ကိုင်စွဲတယ်။

“ရဲ … ဇွဲ … ဉာဏ် … စည်း …တာ၊
မကြောက်တရား တေးကဗျာ …
မီးလျှံထဲက ကြာ”

နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတချို့ထဲက “၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို လျစ်လျူရှုထား သရွေ့ မြန်မာ့နိုင်ငံရေးမှာ တိုးတက်မှု ရှိလာနိုင်မှာ မဟုတ်ဘူး။ နိုင်ငံရေးတိုးတက်မှု မရှိရင် နိုင်ငံလည်း တိုးတက်မှာ မဟုတ်ဘူး။ ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် မဖော်ဘဲ နောက်ထပ် ရွေးကောက်ပွဲ အသစ် ထပ်လုပ်မှာကို လက်ခံနိုင်ဖွယ် မရှိဘူး” ဆိုတဲ့ အမှန်တရားတွေဟာလည်း ဒီကနေ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဒီမိုကရေစီ အင်အားစုတွေ အလေးအနက်ထား စဉ်းစားဖို့အတွက် တပ်လှန့် နှိုးဆော် နေသလိုပါပဲ။

ကျနော်တို့အားလုံးရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (၆၅) နှစ်မွေးနေ့မှသည် နှစ် (၁၂၀) တိုင် ကျန်းကျန်းမာမာနဲ့ တိုင်းပြည်နဲ့ လူထုအကျိုးကို စွမ်းစွမ်းတမံ သယ်ပိုး နိုင်ပါစေသတည်း။ ။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့