Tuesday, 09 March 2010
ဖေဖေါ်ဝါရီ ၄ ရက်နေ့ အပစ်ရပ် သျှမ်းပြည်တပ်မတော် ဥက္ကဌ ဗိုလ်ချုပ်လွယ်မောဝ်၊ စ၀်ခေးတိုင်း၊ စ၀်လှမြင့်၊ စ၀်စိုင်းအွမ်တို့ လားရှိုးတိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်နှင့် သွားရောက် တွေ့ဆုံခဲ့၏။ နအဖ ရာဇသံပေးသည့် နယ်မြေစောင့်တပ် အသွင်ပြောင်းရေး ကိစ္စ ဆွေးနွေးဖွယ် ရှိသည်ဟု ဆိုပါသည်။
အပစ်ရပ် သျှမ်းပြည်တပ်မတော်အပေါ် ကန့်သတ် ပေးထားသည့် အဓိက အကြောင်းရင်း ခြောက်ချက်မှာ -
၁။ ဒေသခံလူထု ဦးဆောင်မှုအမည်ခံ စေ့စပ်ရေးနာယကအဖွဲ့ ဖွဲ့စည်းရန်၊
၂။ ပြည်သူ့စစ် အသွင်ပြောင်းပြီးပါက လက်ရှိတပ်မဟာ ၁ ဌာနချုပ် ၀မ့်ဟိုင်းတွင်သာ အခြေစိုက်ရန်။
၃။ ဆိုင်ကျော့ဝ် (စိန်ဂျော့) ဌာနချုပ်နယ်မြေ အပါအ၀င် မူလ ပြည်သူ့စစ် တပ်ဖွဲ့များ ရှိပြီးသား အပစ်ရပ် SSA ဒေသအားလုံး လက်လွတ် တပ်ရုပ် ဆုတ်ခွါရန်၊
၎။ အုပ်စု/ရပ်ရွာ အကြီးအသေးအလိုက်စစ်အစိုးရ အမာခံ လူထုကိုယ်စားလှယ် ၁၀ ယောက်မှ အယောက် ၃၀ အထိ ထားရှိရန်၊ ၅။ စေ့စပ်ရေးနာယက အဖွဲ့ဖြင့် ဆက်သွယ် ဆက်ဆံကြရန်၊
၆။ နာယကအဖွဲ့၏ အလုပ်လုပ်မည့် ရုံးနေရာနှင့် အလုပ်အမှုဆောင် အရည်အတွက် သတ်မှတ်ရေး အတွက် ဆက်လက် ဆွေးနွေးကြရန် စသည်တို့ ဖြစ်သည်ဟု ဆို၏။
အဆိုပါ ကန့်သတ်ချက် အားလုံးမှာ နအဖက တဘက်သတ် ချမှတ်ထားခြင်း ဖြစ်သည်ဟု အမည် မဖေါ်လိုသည့် အပစ်ရပ် သျှမ်းပြည်တပ်မတော် အရာရှိတဦးက ဤကဲ့သို့ ပြောပြပါသည်။
“အခုပြောတဲ့ ၆ ချက်က ဗမာအစိုးရကဘဲ တဘက်သတ် ပြောသွားတာ၊ ကျနော်တို့ ဘက်က ဘာဆိုဘာမှ မဆုံးဖြတ် သေးဘူး။ ကျနော်တို့ ခေါင်းဆောင်တွေလဲ ၀ တို့ မိုင်းလားတို့ ရပ်တည်ချက် အတိုင်း ဆက်သွားမှာ ဘဲ”
သျှမ်းပြည်တပ်မတော် (အပစ်ရပ်) အနေဖြင့် တပ်အသွင်ပြောင်းရေး ကိစ္စကို မူအားဖြင့်သာ လက်ခံထားသည်ဟု ဆိုသော်လည်း အဖွဲ့အစည်း နာမည်ပြောင်းရေး ကိစ္စ /တပ် တံဆိပ် ပြောင်းရေး ကိစ္စများ လက်မခံနိုင်ကြောင်း ဆက်ပြော၏။
“အပစ်ရပ်စဉ်တုန်းက နောက်တက်လာမဲ့ အရပ်သား အစိုးရသစ် လက်ထက်ကျမှ နိုင်ငံရေး ကိစ္စတွေ ဆွေးနွေး အပေး အယူလုပ်ကြမယ် - ဆိုပြီး သဘောတူထားတယ်။ စစ်အစိုးရ လုပ်ရပ်က ရှေ့သွားနောက်လိုက် မညီဘူး၊ အခုချိန်ကတည်းက အသွင်ပြောင်းဖို့ လက်နက်ချဖို့ ဖိအားပေးလာတာက နှစ်ဘက် သဘောတူညီချက်ကို ဖောက်ဖျက်တာဘဲ”
ဖေဖ်ါဝါရီလနှောင်းပိုင်းမှ မတ်ခ်ျလဆန်းပိုင်း အထိ နအဖ ကိုယ်စားလှယ် လားရှိုးတိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ် နှင့် အပစ်ရပ် သျှမ်းပြည် တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်လွယ်မောဝ် တို့ ၃ ကြိမ်တိတိ တွေ့ဆုံ ဆွေးနွေး ခဲ့သော်လည်း ယနေ့ထိ တစုံတရာ သဘောတူညီမှု မရှိဘဲ ပန်ဆန်း/မိုင်းလားတို့ ကဲ့သို့ပင် လိပ်ခဲတည်းလည်း ဖြစ်နေဆဲဖြစ်သည်။
Ref: သျှမ်းသံတော်ဆင့်
Wednesday, March 10, 2010
တပ်အသွင်ပြောင်းရေးအတွက် အပစ်ရပ် SSA အား ကန့်သတ်ချက်များ ချမှတ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment