..............................

Tuesday, March 30, 2010

အန်အယ်လ်ဒီသည် ပါတီအဖြစ် ထပ်မံမှတ်ပုံတင်မည်မဟုတ်ကြောင်း ကြေညာ

NEJ/ ၂၉ မတ် ၂ဝ၁ဝ

၂၀၁၀ ခုနှစ် နအဖကောင်စီက ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် တရားမျှတမှု လုံးဝမရှိသဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) သည် ပါတီအဖြစ် ထပ်မံ မှတ်ပုံတင်တော့မည် မဟုတ်ကြောင်း ဆုံးဖြတ် လိုက်သည်။

အန်အယ်လ်ဒီရုံးချုပ်တွင် ယနေ့ပြုလုပ်သည့် ဗဟိုဦးစီးအဖွဲ့ဝင်များ၏ ဆွေးနွေးချက်အရ ကန့်ကွက်သူမရှိ အများသဘောတူ ဆုံးဖြတ် လိုက်ခြင်းဖြစ်သည်။

အစည်းအဝေးကို ဥက္ကဋ္ဌ ဦးအောင်ရွှေက ကျန်းမာရေး မကောင်းသဖြင့် မတက်ရောက်နိုင်သည့် အတွက် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက သဘာပတိ ဆောင်ရွက်ပြီး ပြည်နယ်တိုင်း အသီးသီးမှ တက်ရောက်ရန် ရှိသည့် ဗဟို ဦးစီးအဖွဲ့ဝင် (၁၂၈) ဦးအနက် ထောင်ကျနေသည့် သူများမှအပ၊ ကျန်းမာရေး မကောင်း၍ မလာရောက် နိုင်သူများမှအပ စုစုပေါင်း (၁၁၃) ဦး အစည်းအဝေး တက်ရောက်ကြကြောင်း ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်ဖြစ်သူ ဦးအုန်းကြိုင်က ပြောသည်။

“ဥက္ကဋ္ဌက ကျန်းမာရေးမကောင်းလို့ သူမလာနိုင်ဘူးတဲ့။ သူ့သဘောထားကို စာပေးလိုက်ပါတယ်။ ဦးတင်ဦးက ဖတ်ကြားပါတယ်။ သူ့သဘောထားက ဒေါ်အောင်ဆန်းစုကြည်က ပါတီမှတ်ပုံတင်ဖို့ နည်းဥပဒေတွေနဲ့ တရားမျှတမှု မရှိတဲ့ အတွက်ကြောင့်မို့ ပါတီ မှတ်ပုံတင်တော့မှာ မဟုတ်ဘူးလို့ သူသဘောထားကြောင်း ဦးဉာဏ်ဝင်းကတဆင့် သိရတယ်တဲ့။ ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်ဖြစ်တယ်တဲ့၊ ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည် သဘောထား အတိုင်းပဲ သူလည်း ရပ်တည်တယ်တဲ့” ဟု ဦးအောင်ရွှေ၏ စာပါ အကြောင်းအရာများကို ဦးအုန်းကြိုင်က ပြန်လည် ပြောကြားသည်။

အစည်းအဝေးကို နေ့လယ် (၁၂) နာရီနှင့် မွန်းလွဲ (၂) နာရီတွင် နှစ်ပိုင်းခွဲလုပ်ပြီး ပထမပိုင်း အစည်းအဝေးတွင်ပင် အစည်းအဝေး တက်ရောက်သူများက ပါတီ မှတ်ပုံမတင်ရေး အတွက် တသံတည်း သဘောထား ဆန္ဒပေးကြသည့် အတွက် မဲခွဲ ဆုံးဖြတ်စရာ မလိုဘဲ အားလုံး တညီတညွတ်တည်း သဘောတူ ဆုံးဖြတ် လိုက်ကြခြင်းဖြစ်ကြောင်း၊ အစည်းအဝေးအပြီး ညနေပိုင်းတွင် အစည်းအဝေး ဆုံးဖြတ်ချက်များကို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကြောင်း သိရသည်။

အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်အပါဝင် နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုကြောင်း ဆုံးဖြတ်ကြသည်ဟုလည်း ဦးအုန်းကြိုင်က ပြောသည်။

အန်အယ်လ်ဒီအနေဖြင့် ပါတီမှတ်ပုံမတင်ရန် ဆုံးဖြတ်လိုက်သော်လည်း ပါတီကြီး ပျက်စီးသွားမည် မဟုတ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“အဖွဲ့ချုပ်ဆိုတာဟာ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး လိုလားပြီး ကိုယ်ကျိုးစွန့် တက်ကြွစွာ လုပ်ကိုင် ဆောင်ရွက်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ကြီး ဖြစ်တဲ့အတွက် ဥပဒေနဲ့ ဖျက်လို့တော့ အဖွဲ့ချုပ်ကြီးက ပျက်သွားမယ်လို့ မယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါကြောင့် ကျနော်တို့က ဆက်လက် လုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။

ပြီးခဲ့သည့်မတ်လ (၂၃) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်က “မတရားတဲ့ ဥပဒေနဲ့ မှတ်ပုံတင်ခြင်းကို ကျမ ဘယ်တော့မှ လက်မခံဘူး။ ဒါပေမယ့် ဒီလိုပြောတာဟာ အဖွဲ့ချုပ်ကို အမိန့်ပေးတာလည်း မဟုတ်ဘူး၊ ညွှန်ကြားတာလည်း မဟုတ်ဘူး။ အဖွဲ့ချုပ် အနေနဲ့ကတော့ ဒီမိုကရေစီ နည်းလမ်းနဲ့အညီ ဆုံးဖြတ်ကြပါ” ဟု အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီး ဦးဉာဏ်ဝင်းမှ တဆင့် ပြောကြားခဲ့ပြီးသည့်နောက် ယခုကဲ့သို့ ပါတီ မှတ်ပုံတင်တော့မည် မဟုတ်ကြောင်း ဆုံးဖြတ်ချက် ထွက်ပေါ် လာခြင်းဖြစ်သည်။

ပြီးခဲ့သည့်မတ်လ (၈) ရက်တွင် ထုတ်ပြန်ခဲ့သည့် စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများမှ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ပါတီထောင်လိုသူများသည် ထောင်ဒဏ် ကျခံနေရသူ မဖြစ်စေရ၊ ထောင်ဒဏ် ကျခံနေရသူများသည်လည်း ပါတီဝင်ဖြစ်ခွင့် မရှိဟု ဖော်ပြထားသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့